ခန္ဓာကိုယ်၏ ဖြစ်စဉ် တရားတော်
ရှင်အနုရာမေထေရ်ဝတ္ထု(၁)
အသံဖိုင်ခေါင်းစဉ် = ရှင်အနုရာဓ ဥပမာပြ အမှတ်(၁) ဒိဋ္ဌိပြုတ်ရေးတရားတော်
စာအုပ်ထဲမှခေါင်းစဉ်= ခန္ဓာကိုယ်၏ ဖြစ်စဉ် တရားတော် (ရှင်အနုရာဓ မထေရ်ဝတ္ထု(၁))
မှတ်ချက်။ ။ ယောဂီသစ်များသေချာလေ့လာသင့်သောတရားဖြစ်သည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့ ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ခန္ဓာကိုယ်၏ ဖြစ်စဉ် တရားတော်
ရှင်အနုရာမေထေရ်ဝတ္ထု(၁)
(၉-၂-၆၁)
ခန္ဓာကိုယ်၏ ဖြစ်စဉ်
ဒကာ ဒကာမတွေ တရားဟာ ခန္ဓာကိုယ်၏ ဖြစ်စဉ်ကို ရှေးဦးစွာပြရမယ်လို့ မှတ်ထားကြပါ။ ခန္ဓာကိုယ် ယခုဘဝ ဘယ်က စသတုံးလို့ မေးဖို့လိုလာတယ်(မှန်ပါ့)။
ခန္ဓာကိုယ် ယခုဘဝ ဘယ်က စသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ရပြီးသား ပါဠိနဲ့ပဲ မှတ်ထားလိုက်တာပေါ့၊ သင်္ခါရပစ္စယာ ဝိညာဏံက မှတ်ထားလိုက်တာပေါ့ (မှန်ပါ) ဝိညာဏံ ဆိုတော့ အမိဝမ်းခေါင်းထဲမှာ ဖြစ်စေ၊ ပြင်ဘက်မှာဖြစ်စေ စိတ်က စဖြစ်သကိုးဆိုတာတော့ ပေါ်လာကြမှာပေါ့(မှန်ပါ)။
သင်္ခါရပစ္စယာဝိညာဏံ ဆိုတာ ဘယ်သူ့ ဆိုပါလိမ့် ဒကာ ဒကာမတို့ (စိတ်ကိုဆိုတာပါ) ဝိညာဏံဆိုတာ စိတ်ကို ဆိုတာလို့ သေသေချာချာ မှတ်ထားပါ(မှန်ပါ)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘုရားပွင့်လဲရှိ၊ ဘုရားမပွင့်လည်းရှိနေတော့ ဒကာ ဒကာမတွေက တို့ဘယ်က စပါလိမ့်မတုန်းလို့မေးတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတော့ စိတ်ဝိညာဏ်က စတယ်လို့ မှတ်ထားပါ (မှန်ပါ)။
စိတ်ဝိညာဏ်က စပြီး ဪ-ဒါက အစကိုးလို့ဆိုတာ မှတ်ထားလိုက်တော့ ဒီကနေပြီး ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် အဆုံးရတဲ့ ပုဂ္ဂိုလ်တွေကျတော့ ရှင်းပါလိမ့်မယ်(မှန်ပါ)။
ဒုက္ခအစုကြီးဖြစ်တယ်
“ဧဝကတဿကေဝလဿ ဒုက္ခ က္ခန္ဓာသယော ဟောတိ။”
ဒုက္ခအစုကြီးဖြစ်တယ်ဟေ့လို့ ဒီကနေပြီး စကားမပြောဘူးလား(ပြောပါတယ်)
ဒါဖြင့် ဒီကစပြီး ဒီမှာ လျှောက်ဖြစ်တာတွေ ဟာ အကုန်ဒုက္ခချည်းပဲလို့ ဘုရားက နိဂုံးချုပ် ပေးလိုက်ပါတယ်(မှန်ပါ) ဝိညာဏ်ကစပြီး နာမ်ရုပ်တို့ ဘာတို့ဟာ ဘာသစ္စာတွေတုန်းလို့ မေးနေမှာ စိုးတာနဲ့ ဘုရားက ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိတဲ့ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ရွတ်စမ်းပါဦး ဘာတဲ့တုံး (ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ)။
ဒုက္ခက-ဒုက္ခ၊ ခန္ဓက-အစု၊ သမုဒယောက ဖြစ်တာ ဒါတွေဟာ ဟောဒီက စဖြစ်ခဲ့တာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒုက္ခတွေ ဖြစ်ခဲ့တယ်လို့ မှတ်လိုက်စမ်းပါလို့ ဘုရားက အဆုံးမှာ ပြပါတယ်(မှန်ပါ) သဘောကျကြ ပြီလား (ကျပါပြီ)။
ပြန်ပြောရမယ် ဦးခင်မောင် ဒီဥစ္စာက အရေးကြီးတယ်နော်(မှန်ပါ)။ ဒီနေ့ဟာ ဒုက္ခဖြုတ်ခန်းကို သေသေချာချာ ဟောမှာဖြစ်နေတော့ ဒီဟာကို ဒကာသစ်တို့ ထပ်ပြီးမပြောရင်ဖြစ်ကို မဖြစ်ဘူး(မှန်ပါ)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတွေ ဒီဘဝ ဘယ်ကစသတုန်း (ဝိညာဏ်က စပါတယ် ဘုရား)။
ဝိညာဏ်က စတော့ ဒါတွေဟာ အားလုံးဘာတွေတုံးလို့ မေးတဲ့အခါကျတော့ နောက်ဆုံးပိတ် ပါဠိ ရွတ်ကြစမ်းပါ (ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓာဿ သမုဒယော ဟောတိ) ဘာတဲ့တုံးဗျာ အဓိပ္ပါယ်က (ဒုက္ခအစုကြီးသာ ဖြစ်ပါတယ် ဘုရား) ဒီတတန်းလုံးဟာ ဒုက္ခအစုကြီးဖြစ်လာတာလို့ အဖြေ ထုတ်လိုက်ပါတယ်(မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သုံးခေါက်စေ့အောင်တော့ ပြောရမယ်
ကောင်းပြီ ဒါဖြင့်် သုံးခေါက်စေ့အောင်တော့ ပြောရမယ် ဒကာ ဒကာမတွေ အားလုံး နားလည်စေချင်တဲ့ စေတနာ သဒ္ဓါတရားက များတာလဲတစ်ကြောင်း ဒကာ ဒကာမတွေက သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ပြီး သကာလ နေတော့ ဒါတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နိုင်တဲ့ အခြေအနေမရှိတော့ ဘုန်းကြီးတို့ကမှ ရှင်းမပေး လို့ရှိရင် ဦးဇံရင်တို့ ကိုက်ပါ့မလား(မကိုက်ပါဘူး)။
ကိုယ်အရေးကတော့ဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးပဲ အရေးကြီး နေကြတာဘဲ ဝတ်ရေး၊ စားရေးပဲ (မှန်ပါ)။
အဲဒီတော့ ကိုယ်ဘယ်ကစသလဲ ကိုယ့်အစသည်ကားလို့ဆိုရင် ကြားထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ ဥစ္စာသိဖို့ရာ ကျတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတာက သင်္ခါရ ပစ္စယာ ဝိညာဏံကစတယ် ဒီဘဝမှာ (မှန်ပါ) သဘော ကျပြီလား (ကျပါပြီ ဘုရား)။
ဝိညာဏပစ္စယာဘာတဲ့(နာမရူပံပါ ဘုရား) နာမရူပံဆိုတော့ နာမ်တွေ ရုပ်တွေဖြစ်တယ်။ နိဂုံးချုပ်က ဘာတဲ့ (ဧဝမေတဿ၊ ပ။ ဟောတိ) မင်းတို့ ဒီက ဘာပဲဖြစ်ဖြစ် ဖြစ်တာဟူ၍ ဒုက္ခအစုချည့်ဘဲ မှတ်လိုက်(မှန်ပါ)။
ဘာအစုကြီး ပေါ်လာတာတဲ့တုန်း
ဪ-ဒါဖြင့် ဒကာ ဒကာမတွေ ကျုပ်တို့ ပဋိသန္ဓေ နေကတည်းက ခန္ဓာကိုယ်ထဲမှာ နာမ်ရုပ်ပေါ်ပေါ်၊ သဠာ ယတနဆိုတဲ့ စက္ခု သောတ ဃာနာ ဇိဝှါ ကာယ မန ပေါ်ပေါ်၊ ဖဿပေါ်ပေါ်၊ ဝေဒနာပေါ်ပေါ် တဏှာ-ဥပါဒါန် ကံပေါ်ချင်တာပေါ် ဘာအစုကြီး ပေါ်လာတာတဲ့တုန်း (ဒုက္ခအစုကြီး ပေါ်လာတာပါ)
ဒုက္ခအစုကြီးပေါ်လာတာလို့ ဒကာ ဒကာမတွေက ရှင်းထားလိုက်တော့မှ ဪ-တို့သည်ကားလို့ ဆိုရင်ဖြင့်် တို့သန္တာန်ဖြစ်သည့် ဒုက္ခသစ္စာချည့်လို့ မှတ်လိုက်(မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်သန္တာန်ဖြစ်သ၍(ဒုက္ခအစုကြီးပါ ဘုရား) ဒုက္ခသစ္စာချည့်ဘဲလို့ ဒကာ ဒကာမတွေမှတ်။ ကိုယ့်သန္တာန်မှာ စိတ်ပေါ်လဲ ဘာပေါ်တာပါလိမ့် (ဒုက္ခပေါ်တာပါ ဘုရား) နာမ်ရုပ်ပေါ်လဲ (ဒုက္ခပေါ်တာပါ ဘုရား) ဝေဒနာပေါ်လဲ (ဒုက္ခပေါ်တာပါ ဘုရား) တဏှာပေါ်လဲ (ဒုက္ခပေါ်တာပါ) အကုန်ဒုက္ခသစ္စာဘဲ။
ဖြစ်ပျက်တာတွေက ဒုက္ခသစ္စာတွေဘဲ။ ဥပါဒါန်ပေါ်တော့ကော (ဒုက္ခပေါ်တာပါ) ကံပေါ်တော့ကော (ဒုက္ခပေါ်တာပါ) ကဲ ဒကာ ဒကာမတွေ ဒီဘဝပေါ်ချင်တာ ပေါ် ဒကာ ဒကာမတွေ သန္တာန်မှာ တစ်ခုပြီး တစ်ခုတော့ ဆက်ပေါ်မှာပဲ။
ပေါ်တာဟူသ၍ ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ဒကာ ဒကာမတွေ အမှတ်လွဲနေမှာ စိုးသောကြောင့် မင်းတို့ သန္တာန်ပေါ်တာ ဟူသ၍ ဒုက္ခက္ခန္ဓာဿဟေ့ (မှန်ပါ) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ဒုက္ခက္ခန္ဓဿဆိုတာ
ဒကာ ဒကာမတွေ သန္တာန်ပေါ်သ၍ ဘာတဲ့ (ဒုက္ခက္ခန္ဓဿပါ) ဒုက္ခက္ခန္ဓဿဆိုတာ မြန်မာလို ပြန်လိုက်တော့ (ဒုက္ခအစုကြီးပါ ဘုရား) အဲ စိတ်ပေါ်လာတယ်ဆိုလည်း သူနဲ့ယှဉ်ဖော်ယှဉ်ဖက်နဲ့ ပေါ်လာသောကြောင့် ဒုက္ခအစု (မှန်ပါ)။
နာမ်ပေါ်လာတယ်ဆိုလဲ နာမ်တစ်ခုတည်း ဘယ်တော့မှ မပေါ်ဘူး သူနဲ့ယှဉ်ဖော်ယှဉ်ဖက် တရားတွေနဲ့ပဲ ပေါ်သောကြောင့် ဘာပေါ်တယ်ဆိုကြမလဲ (ဒုက္ခအစုကြီး ပေါ်ပါတယ်)။
ရုပ်ပေါ်တယ်ဆိုလဲ တစ်ခုတည်း ပေါ်တာမှ မဟုတ်ဘဲ ဒကာ ဒကာမတို့ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတွေ ပေါင်းပြီး ပေါ်တာမဟုတ်လား (မှန်ပါ)။
ဘာပေါ် တာပါလိမ့် ဒါဖြင့် (ဒုက္ခအစုကြီးပေါ်တာပါ) စက္ခုဒသတ ပေါ်လာတယ်ဆိုတော့လည်း စက္ခုနဲ့တကွ ဆယ်ခုတောင် ပေါ်လာတာဖြစ်သောကြောင့် ဘာအစုတဲ့တုံး (ဒုက္ခအစုပါ ဘုရား) ဒါဖြင့် သဠာယတနတွေ ပေါ်ချင်တာပေါ် ဘာအစု ပေါ်တာပါလိမ့် (ဒုက္ခအစုပေါ်တာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သဠာယတနပစ္စယာ ဖဿလို့ ပေါ်လာတော့ ပြောတော့သာ ဖဿလို့ပြောတာ ဖဿနဲ့ အတူတကွ ဖြစ်ဖော် ဖြစ်ဘက်ကကွ ပေါ်သောကြောင့် ဘာပေါ်လာတာတုန်း (ဒုက္ခအစုပေါ်တာပါ) ဖြစ်ပြီးပျက်တဲ့ ဒုက္ခအစုပဲ ပေါ်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဖဿ ပစ္စယာ ဝေဒနာရယ်လို့ ပေါ်ပြန်တော့လည်း ဘာပေါ်လာသတုံး (ဒုက္ခအစုပဲ ပေါ်ပါတယ်) တဏှာရယ် လို့ ပေါ်လာပြန်တော့လည်း ဘာဆိုကြမလဲ (ဒုက္ခအစုပဲ ပေါ်ပါတယ်) ဖြစ်ပြီးပျက်တဲ့ ဒုက္ခအစုပဲ။ တဏှာသည် သူနဲ့ ယှဉ်ဖော်ယှဉ်ဖက် တရားတွေနဲ့ တွဲပေါ်တယ်။ ဥပါဒါန်ပေါ်ပြန်တော့လည်း ဒကာ ဒကာမတွေ ဘာအစုပေါ်ပြန်သတုန်း (ဒုက္ခအစုပဲပေါ်ပါတယ်) တစ်ခါကံတွေ ပေါ်လာပြန်တော့လည်း ဘာအစုပေါ်သတုန်း (ဒုက္ခအစုပဲပေါ်ပါတယ်)။
အဲဒါတွေကို ဒကာ ဒကာမတွေက ငါသူတစ်ပါး ယောကျာ်းမိန်းမတွေ ထင်မှာစိုးတဲ့အတွက် ဟောဒီကစ၍ ဒီအဆုံးဟာကွာ မင်းတို့ဘာမှ သေသေချာချာ အယူအဆ အတွေးလွဲပြီး မမှားပါနဲ့တော့ ဒုက္ခက္ခန္ဓဿပဲဟေ့ ဒီလိုဆိုလိုရင်း ပဲ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
–မြင်စိတ် ပေါ်လည်း ဒုက္ခပေါ်တာပဲ
ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ တစ်နေ့လုံး မြင်လိုက်တယ်ဆိုတော့ မြင်စိတ်ပေါ်တာပဲ (မှန်ပါ) မြင်စိတ် ပေါ်လည်း ဒုက္ခပေါ်တာပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
မြင်ပြီးလိုချင်ပြန်တယ်လို့ ပေါ်လာပြန်တယ် (ဒုက္ခပဲပေါ် ပါတယ်) လိုချင်ပြီး စွဲလမ်းပြန်တယ်ဆိုပြန်တော့ (ဒုက္ခပဲပေါ်ပါတယ်) စွဲလမ်းတဲ့ ဒုက္ခပေါ်လာတာပဲ။ စွဲလမ်းတဲ့ ဥပါဒါန် ဒုက္ခပေါ့ဗျာ (မှန်ပါ) စွဲလမ်းလို့ အားထုတ်ပြန်တော့ကော (ဒုက္ခပေါ်တာပါပဲ) အားထုတ်တဲ့ စေတနာ ဒုက္ခမပေါ်ဘူး လား (ပေါ်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတွေ တစ်သံသရာလုံး ပဋိသန္ဓေနေကတည်းက စလိုက်တာ သေသည်၏ အဆုံးကျအောင် ဒကာ ဒကာမတွေ ခန္ဓာကြီးတန်းနေတာ ဘာတွေများ တန်းနေပါလိမ့််မလဲလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဒုက္ခတွေ တန်းပါတယ် ဘုရား)။
ဒုက္ခတွေ တန်းနေတယ်ဆိုတော့ ဪ ဒုက္ခသစ္စာဆိုတာ တို့မွေးကတည်းက သေသည်တိုင်အောင် ဆိုတာကိုးလို့ မှတ်ထားလိုက်ပါ (မှန်ပါ) ကြားထဲပေါ်တဲ့ စိတ်တွေလည်း ဘာတွေဆိုကြမလဲ (ဒုက္ခတွေပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဖြုတ်ချင်လို့ ဒါလောက် ချည်းနေတာ
ဦးခင်မောင် ဒီဥစ္စာ ဒိဋ္ဌိဖြုတ်ချင်လို့ ဒါလောက် ချီးကျုးနေတာနော်။ အနုရာဓကို ဟောချင်လို့၊ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်မှာလာတဲ့ အနုရာဓဟာ ဒကာ ဒကာမတွေ ဒီစကားကလေး နည်းနည်းမှတ်လိုက်စမ်း၊ အနိစ္စ ဒုက္ခ အနတ္တဖြစ် ပျက်တွေ မြင်ပါလျက်သားနဲ့ နိဗ္ဗာန်မဂ်ဖိုလ်မရသေးဘူး (မှန်ပါ)။
ဖြစ်ပျက်တွေ မြင်ပါလျက်သားနဲ့ ဘယ်နှယ့်ကြောင့်် နိဗ္ဗာန် မရပါလိမ့်မတုန်းမေးတော့ ဒီဟာတွေကို ဒုက္ခသစ္စာရယ်လို့ ပိုင်ပိုင်နိုင်နိုင်မသိ၊ ဒိဋ္ဌိမပြုတ်တာနဲ့မရဘဲ ဖြစ်နေတယ် (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်မှုသည်ကားလို့ဆိုရင်ဖြင့် ဒီတန်းနေတာကြီးပေါ်၍ ဒုက္ခတွေလို့သိမှ ဪ- ငါသူတစ်ပါး ယောက်ျားမိန်းမ မပါပါကလား၊ ဒုက္ခသစ္စာသာ ဟုတ်ပါကလား ဖြစ်ပျက် ဒုက္ခသစ္စာသာ ဟုတ်ပါကလားဆိုပြီး ဒိဋ္ဌိပြုတ်ပြီး ရှုမှသာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်တယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဖြစ်ပျက်တွေ ဖြစ်ငြားသော်လည်း (နိဗ္ဗာန်မရနိုင် သေးပါဘူး) ဒိဋ္ဌိပြုတ်ပြီးမှ ဖြစ်ပျက်တွေမြင်ရင် (နိဗ္ဗာန်ရနိုင်ပါတယ်)။
ဒါ ဒီနေ့ည ဒကာ ဒကာမတွေကို စပြီး သင်ပြီး ဝတ္ထုသက်သေသာဓကနဲ့တကွ ထုတ်ပြီး သကာလ ဘုရားကိုယ်တိုင် ကိုပဲ အနုရာဓတို့ကို ဒိဋ္ဌိမပြုတ်ပဲရှိနေလို့ ဒိဋ္ဌိပြုတ်အောာင်ဟောမှ ခရီးပေါက်သွားတာတွေ ဦးခင်မောင် ဧကန်ဖြစ်နေ တယ် (မှန်လှပါ)။
ဒိဋ္ဌိပြုတ်မှုကို ရှေ့ထားရပါမယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုမှုနဲ့ ဒိဋ္ဌိပြုတ်မှု ဘယ်သူ့ကို ရှေ့ထားကြမယ် (ဒိဋ္ဌိပြုတ်မှုကို ရှေ့ထားရပါမယ်) ဒိဋ္ဌိပြုတ်မှုကို ရှေ့ထားပြီး သကာလ ဖြစ်ပျက်ကိုနောက်မှရှုပါ။ ဒါအလုပ်သမားမှာ ၁-နံပါတ် အကောင်းဆုံးမှာ ခြင်းပဲ သတိပေးခြင်းပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။
ရှေးဦးစွာ ဘာလုပ်ရမလဲ (ဒိဋ္ဌိဖြုတ်ရပါမယါ) ဒိဋ္ဌိဖြုတ်ပြီးတောမှ (ဖြစ်ပျက်ရှုရပါမယ်) ဒိဋ္ဌိဉာဏ်ထဲမှာ ဖြုတ်ပြီးတော့မှ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။
ကိုင်း-ဒါကြောင့် ဆရာဘုန်းကြီးက ယနေ့ည ဒိဋ္ဌိပြုတ်အောင်ဟောနေတယ်။ ဒကာ ဒကာမတွေ ရုပ်တွေနာမ်တွေ ပေါ်ပြီးလာကြတာတွေ နည်းသလားဗျာ (မနည်းပါဘူး)။
ဒါတွေကို ဘုရားက ဘာတွေလို့ဆိုသလဲ (ဒုက္ခတွေပါ ဘုရား) ဒုက္ခအစုတွေ ပေါ်တာတဲ့ (မှန်ပါ) ဒုက္ခအစုတွေသာ ပေါ်တယ်လို့ ဟောသောကြောင့် သြော် ဒီအထဲမှာ ယောကျာ်းလဲမပါ ဘူး မိန်းမလဲမပါဘူး ငါလဲမပါဘူး သူလဲမပါဘူး၊ ဒကာ ဒကာမတို့ ပါသေးသလား (မပါ ပါဘူး) ဘာတွေပါနေပါလိမ့် (ဒုက္ခတွေပါနေပါတယ်) ဒုက္ခအစုတွေပဲ ပါတယ်ဆိုတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ပေါ်ချင်တာပေါ် ငါ သူ တစ်ပါး ယောကျာ်း မိန်းမ မပေါ်လာ။ ဘာတွေသာပေါ်ပါလိမ့် (ဒုက္ခအစုတွေသာ ပေါ်ပါတယ်)။
ငါတို့သန္တာန်မှာ ယောကျာ်း၊ မိန်းမ မပါ
ဒုက္ခအစုတွေသာ ပေါ်တယ်လို့ သိနေတော့မှ ဒါတွေကို ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးကို သိထား တော့မှ ဪ-ငါတို့သန္တာန်မှာ ယောကျာ်း၊ မိန်းမ မပါ၊ ဒုက္ခသစ္စာသာ ထပ်ပြန်တလဲလဲ ပေါ်နေ၏ဆိုတာ သေသေ ချာချာမှတ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ယောကျာ်း မိန်းမပါရဲ့လား (မပါ-ပါဘူး) ပဋိသန္ဓေနေကတည်းက စလိုက်တာ ဘာသစ္စာတွေလို့ ဘုရားက ဟောသတုန်း (ဒုက္ခသစ္စာတွေလို့ ဟောပါတယ်) ဒီမှာကြည့်လေ နောက်ဆုံးပိတ် ဘာဟောလိုက်သလည်း (ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ) ဒုက္ခက္ခန္ဓဿ ဒုက္ခအစု၏ သမုဒယော ဖြစ်ခြင်းသည် ဟောတိ ဖြစ်၏။
ဦးခင်မောင်တို့ ဒကာသစ် တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) ဘာတွေဖြစ်သတဲ့တုန်း (ဒုက္ခအစုတွေ ဖြစ်ပါတယ် ဘုရား) ဒုက္ခအစုတွေသာ ဖြစ်လာတယ်။ ပဋိသန္ဓေနေကတည်းက ကြားထဲမှာ ဘာမှမရောဘူး ဒုက္ခအစုကြီးသာ တန်းဖြစ်နေတာဘဲ။
ပေါ်သ၍ ဒုက္ခအစုပဲ
နောက်တစ်ခါ ပတ်ပြန်တော့လည်း ဘာတန်းဖြစ်သလဲ (ဒုက္ခအစုကြီးပဲ တန်းဖြစ်ပါတယ်) မျက်လုံးပေါက် ပဋိစ္စသမုပ္ပါဒ် လာတော့လည်း ဘာတွေတုန်း (ဒုက္ခတွေပါ ဘုရား) နားပေါက်က ပဋိစ္စသမုပ္ပါဒ် လာပြန်ကော (ဒုက္ခတွေပါ ဘုရား)။
နှာခေါင်းပေါက်က ပဋိစ္စသမုပ္ပါဒ် လာပြန်ကော (ဒုက္ခတွေပါ ဘုရား)၊ လျှာပေါက်က လာပြန်ကော (ဒုက္ခတွေပါ ဘုရား)၊ ကိုယ်ပေါက်က လာပြန်ကော (ဒုက္ခတွေပါ ဘုရား) မနောပေါက်ကလာပြန်ကော (ဒုက္ခတွေပါ ဘုရား) ဘယ်အပေါက်ကလာလာ ခင်ဗျားတို့ သန္တာန် ဘာတွေပေါ်လေ့ရှိသတုန်း (ဒုက္ခတွေ ပေါ်လေ့ရှိပါတယ်)။
ဒါဖြင့် ဦးခင်မောင်တို့ ဒကာသစ်တို့ စောစောကတည်းက ဆရာဘုန်းကြီးက ရှင်းထားတဲ့အတွက် ဪ-ငါတို့ သန္တာန်စချင်တာကစ ပေါ်ချင်တာကပေါ် ပေါ်သ၍ ဒုက္ခအစုပဲ ဆိုသဖြင့် ပုဂ္ဂိုလ်သတ္တဝါ၊ ယောကျာ်း၊ မိန်းမ ပါသေးရဲ့လား (မပါပါဘူး ဘုရား) ဒီလိုမပါတာသိပြီးတော့မှ နောက်မှဖြစ်ပျက် အရှုခိုင်းတယ်။ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါတွေဘာပါသေးသတုန်း ဒီအထဲမှာ ယောက်ျား၊ မိန်းမ ပုဂ္ဂိုလ်သတ္တဝါ(ဘာမှမပါပါဘူး) ပါတာက ဘာသာပါ သတုန်း (ဒုက္ခအစုပဲပါပါတယ်)။
ဪ-ဒါလည်း ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒီဘက်က နှစ်ခုကော (ဒုက္ခသစ္စာပါ) ဒီဘက် တစ်တန်းလုံး အစဉ်အတိုင်းပေါ်တာကော (ဒုက္ခအစုပါ)ပဲ ခင်ဗျားတို့ စားနေတာ စားစိတ်ကလေး ပေါ်တော့ကော (ဒုက္ခအစုပါ ဘုရား)။
အိပ်နေတာ အိပ်စိတ်ကလေးပေါ်ပြန်တော့ကော (ဒုက္ခအစုပါ) နမ်းနေတာ နမ်းရှုတ်တဲ့ စိတ်ကလေး ပေါ်လာတော့ (ဒုက္ခအစုပါ ဘုရား) စားနေတော့ကော (ဒုက္ခအစုပါ) ယားနေလို့ ယားစိတ်ကလေး ပေါ်ပြန်တော့ကော (ဒုက္ခအစုပါ) နားပြန်တော့ နားစိတ်ကလေးပေါ် တော့ကော (ဒုက္ခအစုပါ ဘုရား) ဝမ်းသာတဲ့ စိတ်ကလေးပေါ်တော့ (ဒုက္ခအစုပါ) ဦးခင်မောင် ပေါ်သ၍ဘာတဲ့တုန်း (ဒုက္ခအစုပါ ဘုရား)။
ဒိဋ္ဌိပြုတ်ပြီး ဒုက္ခသစ္စာသာရှိသဟေ့
အဲ ဒီလိုသိထားတော့မှ ဒိဋ္ဌိက ပြုတ်တယ် (မှန်ပါ) ဒိဋ္ဌိပြုတ်ပြီး ဒုက္ခသစ္စာသာရှိသဟေ့။ ငါသူတစ်ပါး ယောကျာ်း မိန်းမ မရှိဆိုတာ သေချာပြီးလား (သေချာပါပြီ)။
ဒါဟာ ဘုရားက ဒုက္ခသစ္စာလို့ ပြောထားလိုက်သဖြင့် မိမိတို့ သန္တာန်ဖြစ်လေရာရာ ဒုက္ခတွေသာ ပေါ်တယ်လို့ ဆိုတာသိသဖြင့် ဒကာ ဒကာမတွေမှာ ငါ သူတစ်ပါး ယောကျာ်း၊ မိန်းမ ကြားမထိုး ကြပါနဲ့တော့နော်(မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ငါသူတစ်ပါး ယောကျာ်း၊ မိန်းမ(ကြားမထိုးပါနဲ့) ကြားမထိုးပါနဲ့လို့ ဦးဘအုန်းတို့ သတိပေးလိုက်ပါတယ် (မှန်ပါ) မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
ဒီက ကြည့်လေ စားတာ ဘာသစ္စာနဲ့စားသလည်း (ဒုက္ခသစ္စာနဲ့စားပါ တယ်) အလုပ်မှာ ဘာသစ္စာပေါ်သလဲ (ဒုက္ခသစ္စာတွေပေါ်ပါတယ်) အဲဒါတွေ အကုန်မရှင်းမလင်းဘဲ နေမှာစိုးတဲ့အတွက် ဘုရားက နိဂုံးချုပ်ပြောလိုက်တယ် ဧဝမေတဿ ဒုက္ခက္ခန္ဓဿ ဒီကစပြီးအကုန်ဖြစ်လာတာ တောက်လျှောက် ဒုက္ခ က္ခန္ဓဿ သမုဒယောဟောတိ ဒုက္ခအစုချည်း ဖြစ်နေတာပဲကွ၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါသေးပါဘူး) သေချာပြီ လား (သေချာပါပြီ)။
ကောင်းပြီ ဒါက ဒုက္ခသစ္စာဖြစ်ပုံကို ပြလိုက်သဖြင့် ဦးခင်မောင် ဘာကွာသွားသတုန်း (ဒိဋ္ဌိကွာပါတယ်) ဒီ ဘက်က ဒကာ ဒကာမတွေကော (ဒိဋ္ဌိကွာပါတယ် ဘုရား) ဒီထဲမှာငါ သူတစ်ပါး ယောကျာ်း၊ မိန်းမ (မပါပါဘူး) မပါတော့ ဘာရှိပါလိမ့် (ဒုက္ခအစုသာရှိပါတယ် ဘုရား) ဒုက္ခသစ္စာ ရှိတာပဲ(မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ပေါ်တာဟူသ၍သည် ဘာသစ္စာ
ကောင်းပြီ ဒါဖြင့် ဒီဘက်က ပေါ်ချင်တာပေါ် ပေါ်တာဟူသ၍သည် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဘယ်သူက ဟောပါလိမ့် မတုန်းမေးတော့ (ဘုရားကဟောပါတယ်) ဘုရားက ဘယ်လိုဟောသတုန်း (ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ)။
ဒီလို အကွက်ကျကျမပြောရင် ဦးခင်မောင် ရတာကို လျှောက်ပြီးရွတ်နေကြမှာပဲ၊ ကိုယ့်သန္တာန်ဖြစ်တာ ဒုက္ခ ချည်းပဲလို့ စဉ်းစားကြမှာမဟုတ်ဘူး(မှန်ပါ) အခုတော့ဖြင့် မျက်လုံးကလေးပွင့်လိုက်၊ ပွင့်စိတ်ကလေး ပေါ်ရင် ဘာတုန်း (ဒုက္ခသစ္စာပါ) နားကလည်းကြား ကြားစိတ်ကလေးပေါ်လာရင် (ဒုက္ခသစ္စာပါ) ကိုယ့်သန္တာန်ပေါ်ချင်တာပေါ်ဗျာ ဘာတွေ တုန်း (ဒုက္ခသစ္စာတွေပါ) အဲ-ပေါ်သ၍ ဒုက္ခသစ္စာလို့ ပြောလိုက်တော့ ပုဂ္ဂိုလ်သတ္တဝါ ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ ပါသေးရဲ့လား (မပါ-ပါဘူး) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ပဋိသန္ဓေနေကတည်းက သေသည်တိုင်အောင် ဘာသစ္စာတွေချည်း တန်းထွက်နေသတုန်း (ဒုက္ခသစ္စာတွေချည့် တန်းထွက်နေပါတယ်)။
ဟာ-ဒါဖြင့် ဒကာ ဒကာမတွေ သိပ်ကျေးဇူးများသွားပြီ (မှန်ပါ) အထူးဂရုစိုက်ပြီးတော့ မှတ်ပါ။ ဒီဟာကို မသိဘဲနဲ့ စိတ်ကလေးပေါ်လာ ဖြစ်ပျက် ဝေဒနာကလေးပေါ်လာ ဖြစ်ပျက်သညာကလေးပေါ်လာ ဖြစ်ပျက်ဆိုတော့ ရှုတာတော့ မှန်ပါတယ်။ သို့သော် ရှေ့နောက်လွဲနေတယ်(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာလွဲနေသတုန်း (ရှေ့နောက်လွဲနေပါတယ်)၊ ရှေ့ကဘာထားရမှာတုန်း(ဒိဋ္ဌိခွါမှု ရှေ့ထားရပါမယ်) ဒိဋ္ဌိဖြုတ်ပြီး တော့မှ နောက် ဝိပဿနာလိုက်ရမယ် (မှန်ပါ) ဒိဋ္ဌိကို အရင်ဖြုတ် ဝိပဿနာရှုတာ နောက်ထားပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီမှာ အစဉ်တည့်သွားလို့ရှိရင်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အလွယ်တကူနဲ့ ရပါတယ်ဆိုတာ ဆုံးဖြတ်ချက်ချ ပါတော့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝိပဿနာနောက်ထားရပါမယ်
ဒါဖြင့် ယနေ့တရားမှာ ဒကာ ဒကာမတွေ ဘာကို နောက်ထားရမှာပါလိမ့်မလဲဆိုတာ တစ်ပွဲလုံး ဆုံးဖြတ်ချက် ချစမ်းပါ (ဝိပဿနာနောက်ထားရပါမယ် ဘုရား)။
ဒိဋ္ဌိဖြုတ်ချင်တော့ ကိုယ့်သန္တာန်ကြီး တန်းပြီးကြည့်လိုက်၊ ကိုယ်ခန္ဓာမှာပေါ်တဲ့ ဓမ္မတွေကို တန်းပြီးတော့ ဦးခင်မောင်တို့၊ ဦးဇံရင်တို့ ကြည့်ကြနော်(မှန်ပါ) ကိုယ်ခန္ဓာကြီးဟာ တစ်ခုပြီး တစ်ခုတော့ ပေါ်နေမှာပဲဆိုတာ မသေချာ လား (သေချာပါတယ် ဘုရား)။
ပေါ်လာတာဟူသ၍ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဘယ်မှာတုန်း ယောကျ်ား ပေါ်လာတာ မိန်းမပေါ်လာတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) ဒီကတည်းက ဒကာ ဒကာမတွေက ပေါ်လာတာ ကလေးသိတာနဲ့ဘဲ ဒိဋ္ဌိကပြုတ်နေပြီ၊ မပြုတ်သေးဘူးလား (ပြုတ်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ဒုက္ခအစုကြီး ကိုယ့်ခန္ဓာကို ပဋိသန္ဓေနေကတည်းကစပြီး သကာလ ယခုလို ပဝတ္တိအချိန်ကျအောင် ဘာပဲပေါ်ပေါ် ဒကာသစ်တို့ ဦးဇံရပ်တို့၊ ဦးခင်မောင်တို့ ဘာတွေပေါ်ကြတယ် ဆိုကြမလဲ (ဒုက္ခတွေ ပေါ်ပါတယ် ဘုရား)။
ဒုက္ခသစ္စာပဲ ပေါ်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ) ယောကျာ်းကလေး မွေးဖွား လာသလားလို့ မေးရင် ဘယ့်နှယ့်ဖြေကြပါမယ်(မဟုတ်ပါဘူး) ရုပ်နာမ်ကလေး ပေါ်လာတာပဲ။ ဘာသစ္စာလို့ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) မိန်းကလေး ထွန်းကားလာသလားလို့ မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဒုက္ခသစ္စာ ပေါ်လာတာပါ) စားချင်တဲ့ စိတ်ကလေးပေါ်လာတယ်ဆိုတာကော (ဒုက္ခသစ္စာပေါ်တာပါ ဘုရား) အိပ်ချင်တဲ့ စိတ်ကလေး ပေါ်လာတယ် (ဒုက္ခသစ္စာပေါ်တာပါ) တတန်းလုံး ဒုက္ခသစ္စာပေါ်တာ (မှန်ပါ့)။
ဒီလိုသိထားတော့မှ ဒကာ ဒကာမတွေ ဘာပြုတ်သွားသတုန်း (ဒိဋ္ဌိပြုတ်သွားပါတယ်)။
ဪ-ဒါဖြင့် ဆရာဘုန်းကြီးက ဒိဋ္ဌိဖြုတ်ဖို့ကို ရှေ့ထားပါ။ ဝိပဿနာ နောက်ထားပါလို့ သတိပေး လိုက်တယ် (မှန်ပါ)။
ပေါ်တိုင်း မသိရင် ဒိဋ္ဌိပြုတ်ပါမလား
ဒါဖြင့် အားလုံးဒကာ ဒကာမတွေ ဒိဋ္ဌိဖြုတ်တာကို ရှေ့ထားရမယ်ဆိုတော့လည်း ဒီခန္ခာကြီး၏ ပေါ်လာတဲ့ ဖြစ်စဉ်ကို မသိရှိလို့ရှိရင်လည်း ဒိဋ္ဌိကပြုတ်ပါမလား (မပြုတ်ပါဘူး) ပေါ်လာတဲ့ဖြစ်စဉ်ကို ပေါ်တိုင်းပေါ်တိုင်း မသိရင် ဒိဋ္ဌိပြုတ်ပါမလား (မပြုတ်ပါဘူး)
ဒါကြောင့် ဒိဋ္ဌိပြုတ်ချင်ရင် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို ရှေ့ထားပါ (မှန်ပါ) ပေါ်လာကြ ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိပြုတ်ချင်ရင် ဘာရှေ့ထားရမယ် (ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို ရှေ့ထားရပါမယ်) ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကြီးကို ခန္ဓာထဲဖြစ်တာတွေကို ရှေ့ထားကြည့်ရပါလိမ့်မယ် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ မရှုခင် ဘာလုပ်ရမယ်(ဒိဋ္ဌိဖြုတ်ရပါမယ်) ဒိဋ္ဌိမဖြုတ်ခင် ကိုယ့်ခန္ဓာ ဖြစ်စဉ်ကို ကြည့်ရမယ်(မှန်ပါ့)။
ဒိဋ္ဌိမဖြုတ်ခင် (ကိုယ်ခန္ခာဖြစ်စဉ်ကို ကြည့်ရပါမယ်) ဒါဟာ နောက်ကနေပြန်ပြောတယ် ဦးခင်မောင် ကျေနပ် ကဲ့လား (ကျေနပ်ပါတယ်)။
ကောင်းပြီ ဒါဖြင့် ဝိပဿနာမရှုမီ ဘာလုပ်ကြရမယ် (ဒိဋ္ဌိဖြုတ်ရပါမယ်) ဒိဋ္ဌိမဖြုတ်ခင် သိမှုဘယ်ဟာ ရှေ့ ထားရမယ် (ခန္ဓပဋိစ္စသမုပ္ပါဒ်ကြည့်ရပါတယ်) ခန္ဓာပဋိစ္စသမုပ္ပါဒ်ကြီးကို ပေါ်တိုင်းပေါ်တိုင်း သတိထားရမယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်သိမှ ဒိဋ္ဌိပြုတ်တယ်
ခန္ဓပဋိစ္စသမုပ္ပါဒ်ပေါ်တိုင်း ပေါ်တိုင်း (သတိထားရပါတယ်) အဲဒါ ပဋိစ္စသမုပ္ပါဒ်သိမှ ဒိဋ္ဌိပြုတ်တယ်။ ဒိဋ္ဌိပြုတ်မှ ဝိပဿနာရှုလို့ရတယ်၊ ဒိဋ္ဌိပြုတ်ပြီး ဝိပဿနာရှုမှ မဂ်ဉာဏ်ပေါ်နိုင်တယ် (မှန်ပါ) ဒီအတိုင်း ကြည့်လို့မပေါ်နိုင်ဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒါဒီနေ့ဟာ တော်တော်အရေးကြီးတဲ့နေ့ ဦးခင်မောင်(မှန်ပါ့) နောက်က ဒကာ ဒကာမတွေ သာမညကို မှတ်မနေ နဲ့။
ရောက်လာရင် ဝိပဿနာရှုဆိုတာသည် လိုသေးတယ်ဆိုတာ မှတ်ပါ(မှန်ပါ) ဘာ့ကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ဒကာသစ်တို့ ဦးခင်မောင်တို့ ဖြေနိုင်ပြီလား (ဖြေနိုင်ပါပြီ) ဒိဋ္ဌိမပြုတ်ဘဲနဲ့ အရှုခိုင်းလို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ရောက်လာရင် ဖြစ်ပျက်ရှုကွာ မင်းခန္ဓာထဲမှ ဖြစ်ပျက်တွေ မရှိသေးဘဲ။ အဲဒီလိုအရှုခိုင်းတော့ ကိစ္စပြီးပါ့ မလားလို့မေးတော့ ဘယ့်နှယ်ဆိုကြမလဲ (မပြီးပါဘူး ဘုရား)။
ဘာလို့နေသတုံး (ဒိဋ္ဌိခွါမှု လိုနေပါတယ်) ဒိဋ္ဌိဖြုတ်ချင် တော့လည်း ဘာကိုသိမှ ဒိဋ္ဌိပြုတ်သတုံး (ခန္ဓပဋိစ္စသမုပ္ပါဒ် သိမှပါ ဘုရား) ခန္ဓပဋိစ္စသမုပ္ပါဒ်ကြီး ဖြစ်စဉ်ကို ဦးဇံရင်တို့ ဒကာသစ်တို့ သိမှပြုတ်ပါတယ်။ နို့မဟုတ်ရင် ပြုတ်ပါ့မလား (မပြုတ်ပါဘူး)။
ဒိဋ္ဌိကပေါ်လာသ၍ ငါစွဲ စွဲတယ်
ဒါဖြင့် ဒကာ ဒကာမတွေ ကိုယ်ခန္ဓာထဲမှာရှိတဲ့အရာတွေ ပေါ်တာကိုမှ မသိလို့ရှိရင်ဖြင့် ဒိဋ္ဌိကပေါ်လာသ၍ ငါစွဲ စွဲတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ငါစွဲ စွဲတိုင်းလည်း ငါစွဲကြီးတန်းလန်းနဲ့ ဝိပဿနာရှုနေတော့ ဦးခင်မောင် ဖြစ်ပျက်တော့တွေ့ရဲ့ ငါတော့ပြုတ်ကဲ့လား (မပြုတ်ပါဘူး) မပြုတ်တော့ ဝိပဿနာရှုငြားသော်လည်း ဒိဋ္ဌိမပြုတ်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်(မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဒိဋ္ဌိမပြုတ်ရင် (နိဗ္ဗာန်မရနိုင်ပါ ဘူး)
ဒါဖြင့် ပြန်ထားတယ် ဒကာ ဒကာမတို့ ဝိပဿနာမရှုမီ ဘာလုပ်ရမတုံး (ဒိဋ္ဌိဖြုတ်ရပါမယ်) ဒိဋ္ဌိပြုတ်အောင် ဘာကို နားလည်ရမတုန်း (ခန္ဓပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်) ခန္ဓပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို နားလည်ရမယ်ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ)။
ဒါ အစဉ်လိုက်ပြောနေတာ (မှန်ပါ) အစဉ်လိုက်ပြောနေတယ် ဒကာ ဒကာမတို့ (မှန်ပါ့) ဒီအစဉ်လွှတ်လို့ အနုရာဓမှာ ဦးခင်မောင်တို့ ဦးဇံရင်တို့ မဂ်ဉာဏ်ကို မရဘူး(မှန်ပါ့)။
ဘုရားဆီမှာ နည်းယူပြီး အားထုတ်နေတာတောင် ဘုရားကျောင်းတော် အနီးမှာနေတဲ့ အနုရာဓ ကိုယ်တော် ကလေးကို မရနိုင်ဘူး(မှန်ပါ့)။ ဒါ့ကြောင့် ဘုရားက ပြင်ဆင်ပေး ရတယ်။ ဒိဋ္ဌိကို အရင်ပြုတ်ဖို့ ဘုရားထပ်ဟောပေးရတယ်(မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ခန္ဓာထဲမှာ တစ်ခုသော ဓမ္မပေးလာလို့ရှိရင် ဆက်ပြီးတန်းတန်း တန်းတန်း မသွားဘူးလား (တန်းသွားပါတယ် ဘုရား) အဲဒါ ဘာသစ္စာတွေပေါ်လာတာတုန်း (ဒုက္ခသစ္စာတွေ ပေါ်တာပါ) ဒုက္ခသစ္စာ တွေချည်းပေါ်လာတယ်လို့ ပေါ်တိုင်းပေါ်တိုင်း သိနေတော့ ဒိဋ္ဌိက ဦးနိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ-ဒိဋ္ဌိ ဦးနိုင်စရာမရှိတော့မှ ဒကာ ဒကာမတွေ ဝိပဿနာရှုလိုက်တဲ့ အခါကျတော့ ဒိဋ္ဌိပြုတ်ပြီး ရှုတဲ့အတွက် မကြာခင် မဂ်ဉာဏ်ရနိုင်တယ် (မှန်ပါ) ဒိဋ္ဌိတန်းလန်းနဲ့ဖြင့် မရနိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဒုက္ခသစ္စာဖြစ်တာပါ
ကောင်းပြီ ဒါဖြင့် ရှေ့ကို တစ်ဆင့်တက်ကြဦးစို့ ဒကာ ဒကာမတို့ ဒါက ဒုက္ခဖြစ်တာတော့ သိသွားပြီ ဝိညာဏ် ဖြစ်တာလည်း ဘာသစ္စာဖြစ်သတုန်း (ဒုက္ခသစ္စာဖြစ်တာပါ) နာမ်ရုပ်တွေ ဖြစ်တာကော (ဒုက္ခသစ္စာဖြစ်တာပါ) သဠာ ယတနတွေဖြစ်တာ (ဒုက္ခသစ္စာဖြစ်တာပါ) ဖဿတွေဖြစ်တာ (ဒုက္ခသစ္စာဖြစ်တာပါ) ဝေဒနာတွေပေါ်လာတာ (ဒုက္ခသစ္စာ ဖြစ်တာပါ)။
တဏှာတွေပေါ်လာတာ (ဒုက္ခသစ္စာဖြစ်တာပါ) ဒုက္ခသစ္စာတွေ ပေါ်တာချည်းဘဲ၊ ပုဂ္ဂိုလ်သတ္တဝါ ပေးတာ ပါသေးရဲ့လား (မပါ-ပါဘူး) ပုဂ္ဂိုလ်သတ္တဝါပေါ်လာတယ်ဆိုရင် ဦးဘအုန်း ဒိဋ္ဌိဝင်လာလိမ့်မယ်နော် (မှန်ပါ)။ ပေါ်တဲ့ အထဲမှာ ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါဘူး)။
ပြန်ကြည့်ပါဦး ဥပါဒါန် ပေါ်ရင်တာ့ကော (ဒုက္ခသစ္စာပေါ်တာပါ) ကံပေါ်ပြန်တော့ကော (ဒုက္ခသစ္စာပေါ်တာပါ) ဒုက္ခ ဒေါမနဿတွေ ပေါ်ပြန်တော့ကော (ဒုက္ခသစ္စာပေါ်တာပါ)။
ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ပေါ်ချင်တာပေါ် ဘာတွေများပေါ်ပါလိမ့် (ဒုက္ခသစ္စာတွေ ပေါ်ပါတယ် ဘုရား) ဒုက္ခသစ္စာသာပေါ်တယ်ဆိုတော့ ရှိတာကလည်း နာမ်ရုပ်၊ နာမ်ရုပ်ကလည်း ဒုက္ခသစ္စာ၊ နာမ်ရုပ်ကြောင့် ဖြစ်တဲ့ သဠာယတနတွေ ဖဿတွေကော (ဒုက္ခသစ္စာတွေပါ ဘုရား)။
ကဲ-ဒါဖြင့်် ဒကာ ဒကာမတွေ တစ်သံသရာလုံး ဘာတွေတန်းလာခဲ့ကြသတုန်း (ဒုက္ခသစ္စာတွေ တန်းလာပါတယ် ဘုရား) ဒုက္ခသစ္စာတွေတန်းလာကြတာပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဦးခင်မောင် ဒီနေ့ လေးလေးစားစား မှတ်ကြစမ်းပါ(မှန်ပါ) အားလုံး ဒကာ ဒကာမတွေ **ကောင်းအောင် ဟောနေတဲ့ တရားမဟုတ်ဘူးနော်။ မဂ်ဆိုက် ဖိုလ်ဆိုက်ဟောနေတဲ့ တရားလမ်းစဉ် မှန်အောင် ဟောနေတဲ့တရားလို့ ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ)။
**(ကောင်းအောင် ဟောနေတဲ့တရား မဟုတ်ဘူး ဆိုသည်မှာ သာယာနာပျော်ဘွယ်ရှိရုံ၊ သံဝေဂဖြစ်ရုံ ဟောသည်မဟုတ်၊ သင်္ခါရဘုံဘဝထဲမှာ ကောင်းကောင်း မွန်မွန်ခံစားချင်တဲ့ တဏှာနယ်ချဲ့ရုံ ဝဋကုသိုလ် ရရုံဟောတဲ့ တရားမဟုတ် ထိုဝဋသင်္ခါရကုသိုလ်ကား လမ်းလွဲနေသည့် သုခလ္လိကာနုယောဂလမ်းမျှသာဖြစ် သည်ဟု ဆိုလို၏။)
ကိုင်း-တစ်ခါ တစ်ဆင့်ရှေ့ကို တက်ကြဦးစို့ ဒကာ ဒကာမတို့ ဪ ဒါဟာ ဒုက္ခဖြစ်တာတွေဟာ ဒကာ ဒကာမ တွေ သန္တာန်ဘာတွေပဲ ဖြစ်လာဖြစ်လာ ဘာသစ္စာတွေ ဖြစ်ပေါ်လာပါလိမ့် (ဒုက္ခသစ္စာ ဖြစ်ပေါ်လာပါတယ်)။
ပေါ်လာသ၍ ဘာတဲ့တုန်း
ကိုင်း ဒုက္ခသစ္စာတွေ ဖြစ်ပေါ်လာတယ်ဆိုတော့ ရှင်းရောပေါ့ဗျာ ပေါ်လာသ၍ ဘာတဲ့တုန်း(ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာပေါ်လာလို့ရှိရင်ဖြင့် သမုဒယအကြောင်းကင်းသည့် ဒုက္ခကော ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး)
မပေါ်နိုင်တော့ ဝိညာဏ်ကြောင့် ဘာဖြစ်သတုန်း (နာမ်ရုပ်ဖြစ်ပါ တယ်) ဒီတော့ ဝိညာဏ်က သမုဒယသစ္စာ၊ နာမ်ရုပ်က ဘာသစ္စာတုန်း(ဒုက္ခသစ္စာ) နာမ်ရုပ်ကြောင့် သဠာယတန ပေါ်ပြန်တယ်ဆိုတော့ နာမ်ရုပ်ကြောင့် ဆိုတာက သမုဒယသစ္စာ၊ သဠာယတနက (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခသစ္စာ တွေဟာ သမုဒယကြောင့် ဖြစ်တာချည့်လို့ မှတ်လိုက် (မှန်ပါ)။
ခန္ခာကိုယ်ထဲ ပေါ်တဲ့ ဒုက္ခသစ္စာဟူသ၍ ဘယ်နှယ်ကြောင့်ဆိုမယ် (သမုဒယကြောင့်ပါ ဘုရား) ဪ- ဒါဖြင့် စောစောစီးစီးကပဲ သစ္စာနှစ်ပါးသိပြီ (မှန်ပါ) ရှေ့အကြောင်း သမုဒယနောက်အကျိုး ဒုက္ခလို့ မှတ်လိုက် (မှန်ပါ)။
ရှေ့အကြောင်းက (သမုဒယပါ) နောက်အကျိုးတွေဟူသ၍ (ဒုက္ခပါ ဘုရား) ဒုက္ခချည်းပဲ လှည့်ပတ် သွားမယ် ဆိုတော့ အကြောင်းအကျိုး အဝိုင်းကြီးမနေပေဘူးလား (နေပါတယ်) အဲဒီတော့ ဒုက္ခနဲ့ သမုဒယသာ လှည့်နေတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ) ဒုက္ခနဲ့သမုဒယသာ လှည့်နေတာ သေချာတော့ ဪ-ဒို့တစ်သံသရာလုံး ဘာနဲ့ဘာ ဖြစ်လာခဲ့ကြသတုန်း (သမုဒယနဲ့ ဒုက္ခဖြစ်လာပါတယ် ဘုရား) သမုဒယနဲ့ ဒုက္ခဖြစ်တယ်ဆိုသဖြင့် ပုဂ္ဂိုလ်သတ္တဝါ နဂို ကတည်းကမပါဘူး (မှန်ပါ) ပါသေးရဲ့လား (မပါပါဘူး)။
တစ်သံသရာလုံး ဒုက္ခသမုဒယသာဖြစ်ခဲ့တယ်
အဲဒီလို မပါတာသိရတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ-ယခုတရား စတာ နာရီဝက် ရှိသွားပြီ ဒို့သန္တာန်မှာ တစ်သံသရာလုံး ဒုက္ခသမုဒယသာဖြစ်ခဲ့တယ်ဆိုတာ ပေါ်လာတယ်(မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါ တယ်)။
တပည့်တော်တို့ လူတွေ နတ်တွေ ဗြဟ္မာတွေများဖြစ်ခဲ့လေကြရော့လား ဘုရားဆိုတာ သမုတိသစ္စာ နယ်ကနေ မေးလျှင်တော့ ဖြေရမှာပဲ။ တကယ် ပရမတ္တအရှိနဲ့ ပြောရလို့ရှိရင်ဖြင့် လူလဲမတွေ့ပါဘူး၊ နတ်လည်း မတွေ့ပါဘူး၊ ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခချည်းနေတာပဲ(မှန်ပါ) သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ တစ်သံသရာလုံးစွဲလာတဲ့ ဒိဋ္ဌိကို ဖြုတ်နေတာ (မှန်ပါ)။
ဘာတွေဖြုတ်လာပါလိမ့် (တစ်သံသရာလုံး စွဲလာတဲ့ ဒိဋ္ဌိဖြုတ်နေတာပါ) ယခုဘဝပေါ်လာတဲ့ တရားတွေ သိလို့ရှိရင်ဖြင့် ဒါလဲဒိဋ္ဌိပြုတ်တာပဲ၊ ယခုစွဲမည့် ဒိဋ္ဌိကိုလဲ ဦးဘအုန်း ဘာလုပ်လိုက်တုန်း (ဖြုတ်တာပါ) ဦးဘအုန်း ဘာလုပ်လိုက်တာတုန်း (ဖြုတ်လိုက်တာပါ)။
နောက်က ဒကာ ဒကာမတွေ ဒိဋ္ဌိရှိလျက်နဲ့ ဝိပဿနာရှု၊ ဘယ်တော့မှ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရနိုင်ဘူး၊ ဒိဋ္ဌိ ကွာမှပဲ ရမှာပဲ(မှန်ပါ) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒိဋ္ဌိမစင်ပဲ ရှုနေရင်
ဒိဋ္ဌိရှိလျက်နဲ့ ဒိဋ္ဌိမစင်ပဲ ရှုနေရင် ဖြစ်ပျက်တွေ မြင်မြင် မမြင်မြင် နိဗ္ဗာန်မရ(မှန်ပါ) သဘာကျပြီလား (ကျပါပြီ) ဖြစ်ပျက်တွေ မြင်မြင်/မမြင်မြင် ဉာဏ်ထဲမှာ ဒိဋ္ဌိမပြုတ်ခဲ့သော် (မရပါဘူး) မရနိုင်ဘူး ဆိုတာ သေသေချာချာ မှတ်လိုက် စမ်းပါ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။
ကောင်းပြီ ဒါဖြင့် တစ်သံသရာလုံး ဘယ်သစ္စာနှစ်ခုနဲ့ နေခဲ့ကြသတုန်း (သမုဒယနဲ့ ဒုက္ခသစ္စာနဲ့ နေခဲ့ကြပါ တယ်) ဒီဘဝကျတော့လဲ ဘာတွေနဲ့များနေပါလိမ့်။ (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာနဲ့နေပါတယ်) ရှေ့အကြောင်းက သမုဒယနောက်အကျိုးက (ဒုက္ခပါ ဘုရား) ဒါက တစ်ခါသူက ရှေ့အကြောင်း ဖြစ်ပြန်တော့ ဒါက နောက်အကျိုးမဖြစ်ဘူး လား (ဖြစ်ပါတယ်) ရှေ့အကြောင်းက ဘာပါလိမ့် (သမုဒယပါ) နောက်အကျိုးက (ဒုက္ခပါ ဘုရား)။
တစ်ခါ သဠာယတနကြောင့် ဖဿဖြစ်တယ် ဆိုတော့ “ကြောင့်” ပါသောကြောင့် သဠာယတနက ရှေ့အကြောင်း ဖြစ်ပြန်တယ်၊ ဖဿက (နောက်အကျိုးဖြစ်ပါတယ်) နောက်အကျိုးဖြစ်ပြန်တယ်ဆိုတော့ သမုဒယနဲ့ ဒုက္ခပဲမလာဘူးလား (လာပါတယ်) ဒါက လောဘ သမုဒယကိုဆိုသည် မဟုတ်ဖြစ်ကြောင်း ဖြစ်ကျိုးကိုဆိုသည်လို့မှတ် (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဖြစ်ကြောင်းဖြစ်ကျိုးကိုဆိုနေတာ
ဘာဆိုတာပါလိမ့် (ဖြစ်ကြောင်းဖြစ်ကျိုးကို ဆိုတာပါ) ဖြစ်ကြောင်းဖြစ်ကျိုးကိုဆိုနေတာဆိုတာ သေချာကြပြီလား (သေချာပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘဝများစွာ သံသရာက ဘာတွေများဖြစ်ခဲ့ကြသတုန်း (ဒုက္ခနဲ့သမုဒယဖြစ်ခဲ့ပါတယ်) ယခုလည်း ဘယ်လိုများနေကြပါလိမ့် (ဒုက္ခနဲ့သမုဒယနဲ့နေရပါတယ်) သေချာကြပြီလား (သေချာပါပြီ) ဘုရားက ဘယ့်နှယ်ဟောသလည်း (ဒုက္ခက္ခန္ဓဿဟောတိ) ဒုက္ခအစုရယ်သမုဒယရယ် ဒါပဲဖြစ်တတ်တဲ့(မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိတဲ့ ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပဲရှိတယ်တဲ့ ဘာမှမပါဘူးတဲ့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့ ခန္ခာကိုယ်ထဲမှာ သားတွေ သမီးတွေများပါနေသေးသလား (မပါ ပါဘူး) ဘာတွေများပါပါလိမ့် (ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခုဖြစ်ကျိုးပဲ ပါပါတယ်) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုဲးပဲ ပါပါတယ် ဒကာ ဒကာမတို့၊ ယောကျာ်း မွေးလာလို့ ကျုပ်တို့ဖြင့် မင်္ဂလာရှိလိုက်တာလို့ ဆိုကြမလား။ ဘာတွေပေါ်ကသတုန်း (ဒုက္ခသစ္စာပေါ်လာပါတယ်) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပဲ ဒီခန္ဓာကြီးမှာ တန်းပြီး ကြည့်လိုက်လို့ရှိရင် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဒကာ ဒကာမတွေက ထမင်းစားနေရင်း မတ္တနဲ့ စိတ်တွေအမျိုးမျိုး ဖြစ်ပွားတာတွေပဲ ဘာတွေပါလိမ့် (ဒုက္ခဖြစ်ကျိုး နဲ့ ဒုက္ခဖြစ်ကြောင်းပါ ဘုရား)။
သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ မတည့်တဲ့စိတ်တွေ ပေါ်လာပြန်တော့လည်း ဘာတွေတုန်း (ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးပါ ဘုရား) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးတွေ ပေါ်နေတော့ ပုဂ္ဂိုလ်သတ္တဝါပေါ်တဲ့ အချိန်ပါသေးရဲ့လား (မပါပါဘူး) ဒါဖြင့် ဒိဋ္ဌိပြုတ်ပြီလား (ပြုတ်ပါတယ် ဘုရား) အသိနဲ့ပြုတ်တယ်(မှန်ပါ) အသိနဲ့ ပြုတ်ပြီးတော့မှရှု (မှန်ပါ)။
အသိနဲ့ ပြုတ်ပြီးတော့မှရှု
ဦးခင်မောင်ဘာတဲ့ဗျာ(အသိနဲ့ပြုတ်ပြီးတော့မှရှုရပါမယ်) အသိနဲ့ပြုတ်ပြီး သကာလ မှ အရှုနဲ့ပြုတ်ရမှာ ကိုးဗျ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) အသိနဲ့မှ မပြုတ်လို့ရှိရင်ဖြင့် အရှုနဲ့ရှုနေလို့ရှိရင်ဖြင့် ဒိဋ္ဌိကတန်းလန်း တန်းလန်းနှင့် နောက်ကပါနေသောကြောင့် ဖြစ်ပျက်တွေမြင်လျက်နဲ့ ဒကာ ဒကာမတွေ အနုရာဓနိဗ္ဗာန်မရဘူးု(မှန်ပါ) သဘောကျပြီ လား (ကျပါပြီ)။
ဖြစ်ပျက်တွေ မြင်လျက်နဲ့ အနုရာဓ နိဗ္ဗာန်မရဘူး ဆန္ဒမထေရ် နိဗ္ဗာန်မရဘူး၊ သဘောကျပြီလား (ကျပါပြီ) ဒါ ဘုရားလက်ထက်တော်က ဘုရားနဲ့နီးစပ်တဲ့ ကိုယ်တော်တွေကို ပြောနေတာနော် (မှန်ပါ)။
ကိုင်း- ဒါဖြင့် ရှေ့ပိုင်းမှာ တော်တော်ရှင်းပြီ၊ ရှင်းပေမယ့် သမုဒယနဲ့ ဒုက္ခပဲ ဒကာ ဒကာမတွေ သန္တာန်နားလည် သေးတယ်နော် (မှန်ပါ) ရှေ့ဖြစ်တာဘာပါလိမ့် (သမုဒယပါ) နောက်အကျိုးပေါ်တာက (ဒုက္ခပါ ဘုရား)။
နောက်အကျိုးက တစ်ခါအကြောင်းပြန်ဖြစ်ပြန်တော့ (သမုဒယပါ ဘုရား) သူ့ကြောင့် တစ်ခါအကျိုးတရားပေါ်ပြန်တော့ (ဒုက္ခပါ ဘုရား) သူက တစ်ခါအကြောင်းပြန်ဖြစ်ပြန်တော့ (သမုဒယပါ ဘုရား) သူ့ကြောင့်ဖြစ်ပေါ်တဲ့အကျိုးက (ဒုက္ခပါ ဘုရား)။
ဒီလို လှည့်သွားပါတဲ့ ဒကာ ဒကာမတွေ တစ်သံသရာလုံး ယခုဘဝတစ်သက်လုံး ဘာတွေသာ ခန္ဓာထဲပေါ်နေပါလိမ့် (သမုဒယ နဲ့ ဒုက္ခသာပေါ်ပါတယ် ဘုရား) ယောကျာ်းတွေ မိန်းမတွေ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ သားတွေ သမီးတွေ ခင်စရာ မင်စရာ ကြင်စရာတွေပေါ်သေးရဲ့လား (မပေါ်ပါဘူး) ဘာတွေများပေါ်နေသတုံး (သမုဒယနဲ့ ဒုက္ခသာ ပေါ်ပါတယ်)။
ဒုက္ခအစုရယ်၊ ဒုက္ခဖြစ်ကြောင်းရယ်
ကိုင်း-ဘုရားက ဘယ်လိုဟောသတုန်း (ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ) ဒုက္ခနဲ့ သမုဒယ ဒါပဲပေါ်တယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) ဒုက္ခအစုရယ်၊ ဒုက္ခဖြစ်ကြောင်းရယ် ဒါပဲပေါ်တယ်၊ သဘောကျပြီလား (ကျပါပြီ)။
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့အတော် နေရာကျသွားပြီ အသိနဲ့ ဦးခင်မောင် ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ မြင်တယ် လိုချင်တယ် စွဲလန်းတယ် အားထုတ်တယ် မရှိဘူးလား (ရှိပါတယ်) ဘာသစ္စာ တွေပေါ်သလဲ (ဒုက္ခသစ္စာတွေပေါ်ပါတယ်) မြင်တာကအကြောင်းစွဲလန်းတာက (အကျိုးပါ ဘုရား) ဖြစ်ကြောင်းနဲ့ ဖြစ်ကျိုး မလာဘူးလား (လာပါတယ်) သမုဒယနဲ့ ဒုက္ခပဲ မလာဘူးလား (လာပါတယ်) သဘောပါပြီလား (ပါပါပြီ)။
တဏှာကြောင့် ဥပါဒါန် မဖြစ်ဘူးလား (ဖြစ်ပါတယ်) တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က (ဒုက္ခသစ္စာပါ) ဥပါဒါန်ကြောင့်က မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဒီကံက ဘာသစ္စာ(ဒုက္ခသစ္စာပါ) ကမ္မဘဝပစ္စယာဇာတိ ဆိုတော့ ကံက သမုဒယသစ္စာ၊ ဇာတိက ဒုက္ခသစ္စာ လာဦးမှာပဲ(မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒီပါဠိတော် ဒါကလေးကို မမေ့ပါနဲ့။ ခင်ဗျားတို့ ဘုရားရှိခိုးနေကြပေမယ့် အဓိပ္ပါယ်ကို လေးနက်အောင် မသိပါဘူး (မှန်ပါ) ဦးခင်မောင် ခင်ဗျားတို့ ဘုရားရှစ်ခိုးရာ၌ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ကြီး ချည်း ရှိခိုးပေမယ့် ဘယ်လိုများ သိကြသတုန်း (ဒီလိုလေးနက်အောင် မသိခဲ့ပါ ဘုရား) လေးနက်အောာင် မသိကြပါဘူး နှုတ်က ရွတ်တာပဲ ရှိတာပဲ(မှန်ပါ)။
ကြည့်စမ်း အခုသေသေချာချာ ပါဠိရွတ်ကြည့်လိုက်စမ်း(ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ) ခင်ဗျားတို့ သန္တာန် မှာဖြစ်ကြောင်းရယ် ဒုက္ခအစုရယ် ဒါပဲရှိတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုး ပဲရှိတယ်ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါပါသေးရဲ့လား (မပါပါဘူး) သေချာကြပြီလား (သေချာပါပြီ)။
ဒိဋ္ဌိပြုတ်သက်သက်ဟောနေတာ
ဘုရားဟောတာက ဒါလောက်တာရှည်မဟောပါဘူး ဝေနေယျဇ္ဈာသယလိုက်လို့၊ ဘုန်းကြီးတို့ကတော့ ဒကာ ဒကာမတွေကို မရှင်းရှင်းအောင် အထပ်ထပ်ပြန်ပြောနေရတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) အခုနာရီသုံးမိတ် လောက်ရှိသွားတယ်၊ ဒီဥစ္စာခင်ဗျားတို့ ပုဂ္ဂိုလ်သတ္တဝါဖျောက်နေရတာ(မှန်ပါ)။
ဒါဝိပဿနာဉာဏ်ပါပြီလား လို့မေးတော့ မပါသေးဘူး ဦးခင်မောင် ဒိဋ္ဌိပြုတ်သက်သက်ဟောနေတာ (မှန်လှပါ)။
ဘာဟောနေတာတုန်း (ဒိဋ္ဌိပြုတ်သက်သက်ဟောနေတာပါ) ဒိဋ္ဌိပြုတ်သက်သက်ဟောနေတယ်ဆိုတော့ ဘုရားကလည်း ဒါတွေဟာ ဒုက္ခက္ဓန္ဓဿ သမုဒယော ဟောတိလို့ ဟောတော်မူတယ်(မှန်ပါ)။
ခင်ဗျားတို့သန္တာန်မှာ သမုဒယသစ္စာဆိုတဲ့ ဖြစ်ကြောင်းရယ် ဒုက္ခသစ္စာဆိုတဲ့ ဖြစ်ကျိုးရယ် ဒါပဲရှိပါတယ်၊ ဒီပြင့် ဘာမှမရှိပါဘူး၊ သဘောကျပြီ လား (ကျပါပြီ)။
ကိုယ်တော်ကြီးက ဟောပေမယ့် ခင်ဗျားတို့က ကျောကမကြားထဲကဖြစ်နေတာ (မှန်ပါ) ကြားရဲ့လား (မကြားပါ ဘူး) ရွတ်တော့ရွတ်နေတာပဲနော်၊ ဦးဘအုန်းကြီးတို့များ ရွတ်လိုက်တာ မှိုပေါက်လို့ပေါ့ဗျာ (မှန်ပါ) ဦးဇံရင်တို့လဲ မရွတ်ကြဘူးလား (ရွတ်ပါတယ်) ရွတ်သာရွတ်တယ် အဓိပ္ပါယ်က ဘာမှန်း မသိဘဲတောင် ဖြစ်နေကြ သေးတယ်(မှန်ပါ)။
အဲဒီတော့ ဒီလိုယူပါတဲ့ မြင်တဲ့စိတ်ကလေးက စပေါ်လို့ရှိရင် မြင်တာသည် ပေါ်ပေါ်ခြင်းတော့ ဒုက္ခသစ္စာ၊ မြင်ရင်လိုချင် ဆိုတော့ သူက သမုဒယသစ္စာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) မြင်တာက သမုဒယ လိုချင်တာက ဒုက္ခ (မှန်ပါ)
ကဲ လိုချင်တာကလေး တစ်ခါဆက်ပြီး ကျေးဇူးပြုပြန်တော့ လိုချင်တဲ့ တဏှာကလေးက (သမုဒယပါ) ဥပါဒါန်က (ဒုက္ခပါ) ဒီလိုဆက်မသွားဘူးလား (ဆက်သွားပါတယ်) ကဲ မောင်ထွန်းလှိုင်တို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါဘုရားက ဘယ်နှယ်ဟောသလည်း (ဒုက္ခက္ခန္ဓဿသမုဒယောဟောတိ) အဲ ခင်ဗျားတို့ အခုမှ ဒီတစ်လုံးပိုင် သေးတာနော်၊ နဂိုက ပိုင်ကိုမပိုင်ခဲ့သေးဘူး၊ ဒီဥစ္စာ(မှန်ပါ) ဦးခင်မောင်နဂိုက ပိုင်ခဲ့ရဲ့လား (မပိုင်ပါဘူး ဘုရား)။
အလွဲသုံးစားလုပ်လိုက်သေးတယ်
ဒီထဲ မှာ ခင်ဗျားတို့က အလွဲသုံးစားလုပ်လိုက်သေးတယ်၊ ဒါတွေလည်း ရွတ်မှပဲ အန္တရာယ်ကင်းတယ်တဲ့ (မှန်ပါ)၊ အန္တရာယ် တွေ ဖြစ်နေတဲ့ဥစ္စာ အန္တရာယ်ကင်းသတဲ့ လုပ်နေလိုက်ကြသေးတယ်(မှန်ပါ)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ယခုဘဝပဋိသန္ဓေကစ ယခုလို အချိန်မှာပဲ စ စချင်ရာက စဆက်ချင်ရာဆက် ဘာသစ္စာနဲ့ ဘာသစ္စာပေါ်သတုန်း (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပေါ်ပါတယ်) ပုဂ္ဂိုလ်သတ္တဝါတွေ များပေါ်သေးသလား (မပေါ်ပါဘူး) ယောကျာ်း၊ မိန်းမတွေများ (မပေါ်ပါဘူး) ရှင်းပြီလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာတော့ဖြင့် အခုနာရီသုံးမတ်လောက် ဟောခဲ့လို့ ဒကာ ဒကာမတွေ တော်တော်လည်လည် ဝယ်ဝယ်ရှိပါပြီ၊ ဒီပွဲထဲမှာနော်(မှန်ပါ) အိမ်ပြန်ပါ မပါတော့ ကျုပ်မပြောတတ်ဘူး (မှန်ပါ)။
ကဲ-သဘောကျပြီလား (ကျပါပြီ) ဒါဘယ်နည်းနဲ့မဆို တစ်ယောက်နဲ့ တစ်ယောက် မေးမြန်းပြီး သကာလ ကိုယ့်သန္တာန် ဒုက္ခဖြစ်ကြောင်းနဲ့ ဒုက္ခဖြစ်ကျိုးသာ ရှိတယ် ဆိုတာတို့ဖြင့် သေသေချာချာ မှတ်ကြပါတော့၊
ဒါဟာ အသိနဲ့ ဒိဋ္ဌိကွာနေပြီ(မှန်ပါ) အဲဒီကွာပြီးမှ ဝိပဿနာရှုရမယ်(မှန်ပါ) သဘောကျပြီလား (ကျပါပြီ) မကွာဘဲနဲ့ရှုလို့ရှိရင် အနုရာဓ လိုဖြစ်နေပါလိမ့်မယ်(မှန်ပါ)။
အနုရာဓမှာ မကွာဘဲနဲ့ ရှုနေလို့ ရုတ်တရက်မရသေးဘူး (မှန်ပါ) မဂ်ဉာဏ်ဖိုလ်ဉာဏ် မပေါ်လာဘူး (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဝိပဿနာမရှုမီ ဘာလုပ်ရမလဲ
ဒါဖြင့် ဒီဥစ္စာကို ဒကာ ဒကာမတို့ ဒီစကားနိဂုံးချုပ်ပါတော့မယ် ဝိပဿနာမရှုမီ ဘာလုပ်ရမလဲ (ဒိဋ္ဌိခွါရပါ မယ်) ဒိဋ္ဌိကွာအောင် ဘာကိုနားလည်ရမလဲ (ခန္ဓာပဋိစ္စသမုပ္ပါဒ်နားလည်ရပါမယ်) ခန္ဓပဋိစ္စသမုပ္ပါဒ်ထဲမှာ ဘာတွေ သာရှိသတုံး (သမုဒယနဲ့ ဒုက္ခသာရှိပါတယ် ဘုရား)။
တော်တော်တော့ ဘုန်းကြီးကျေနပ်ပြီ ခင်ဗျားတို့ နောက်ကလည်း လိုက်နိုင်ပြီ၊ အဲဒီတော့ ခန္ဓာထဲမှာ ဖြစ်တာတွေ ဖြင့် ဒီအတိုင်းပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဒါက သစ္စာဘယ်နှစ်ပါးပြီးသွားသလည်း (နှစ်ပါးပြီးသွားပါတယ်) နှစ်ပါးပြီးသွားတော့ ဦးခင်မောင်နှစ်ပါး ကျန်သေးတယ်၊ ဘယ်နှစ်ပါးတုံးဆိုတော့ မဂ္ဂနဲ့ နိရောဓကျန်နေတယ် (မှန်ပါ)။
ဘာကျန်နေသတုန်း (မဂ္ဂနဲ့ နိရောဓကျန်နေပါတယ်) မဂ္ဂနဲ့ နိရောဓဆိုတာကတော့ ဒကာ ဒကာမတွေ ဆရာ သမားများ အကူအညီပေးမှပဲရတော့မယ် (မှန်ပါ)။ မဂ္ဂသစ္စာဆိုတာ နိဗ္ဗာန်ရောက်ကြောင်း နိရောဓသစ္စာဆိုတာ ရောက်ရာဌာန နိဗ္ဗာန်ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာ ပေါ်နေတာကတော့ဖြင့် ဘာပေါ်နေသတုန်း (သမုဒယနဲ့ဒုက္ခပေါ်ပါတယ်) ကိုင်း-ဘယ်တော့များ ခင်ဗျားတို့ မဂ္ဂသစ္စာလဲ မပေါ်၊ ရောက်ရာဌာန နိဗ္ဗာန်လဲ မပေါ်လာ မမြင်ရဘူး(မှန်ပါ)။
ဘယ်တော့များ နိဗ္ဗာန်ရပါ့မလဲ
တပည့်တော် တို့ ဘယ်တော့များ ကံကောင်းအကြောင်းသင့်လို့ နိဗ္ဗာန်ရပါ့မလဲ အိုး-ကိုယ့်သန္တာန်မှာ ပေါ်ကို မပေါ်လာဘူးလို့ မှတ်ထား ပါ (မှန်ပါ)။
ကိုယ့်သန္တာန်မှာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာ ဘယ်နှယ်နေသတုန်း (မပေါ်လာဘူးပါ ဘုရား) နောက်ကကော ပေါ်ခဲ့ဘူးလား (မပေါ်လာခဲ့ဘူးပါ ဘုရား) အခုလည်း ပေါ်ပါရဲ့လားလို့မေးတော့ (မပေါ်ပါဘူး) ဦးခင်မောင် ဘာတွေသာ ဖြိုင်ဖြိုင်ပေါ်နေသတုန်း (သမုဒယနဲ့ ဒုက္ခပဲပေါ်ပါတယ်)။
ကိုင်း-ဒါဖြင့် အခုလို ဘုရားသာသနာနဲ့ ကြုံတုန်းပြောပေမယ့် ဆရာနဲ့ကြုံတုန်း ခင်ဗျားတို့မှာ ထောင်နိုင်တဲ့ နားကလေးက ရှိတုန်းမှာဖြင့် လုပ်ယူရင် ပေါ်နိုင်ပါလိမ့်မယ် (မှန်ပါ)။
နောက်သစ္စာနှစ်ပါးက ဘာပေါ်ရမှာပါလိမ့် (မဂ္ဂနဲ့ နိရောဓပေါ်ရမှာပါ ဘုရား) မဂ္ဂကအကြောင်း ဒကာ ဒကာမတို့ နိရောဓက (အကျိုးပါ ဘုရား)။
ကိုင်း-ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ ကံကောင်းအကြောင်းသင့်လို့ ပေါ်ရမှာလား အသိဉာဏ်နဲ့မှ ပေါ်မှာလား မဂ္ဂနဲ့နိရောဓက (အသိဉာဏ်နဲ့ ပေးရမျာပါ) ကံကောင်းလို့ မဂ်ရတယ်လို့များ သွားပြီး အောက်မေ့မနေနဲ့ဦး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ကံကောင်းလို့ နိရောဓရောက်သွားလိမ့်မယ်လို့ကော (မအောက်မေ့ရပါဘူး) မအောက်မေ့ကြပါနဲ့ ဒါဟာ ကံတရားမဟုတ်ပါဘူး စင်စစ်တော့ ဉာဏ်နဲ့ သွားရမယ်ဆိုတာ ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။
နိဗ္ဗာန်သည် ကံအကျိုးပေးလား ဉာဏ်အကျိုးပေးလား (ဉာဏ်အကျိုးပေးပါ ဘုရား) အဲ ဉာဏ်တည်းဟူသော မဂ္ဂသစ္စာကို ကြိုးစားမှ နိဗ္ဗာန်ဆိုတဲ့ တည်နေရာဌာနကြီး ကိုယ်ကိုယ်တိုင် ရောက်ရမယ် ဆိုတာ မသေချဘူးလား (သေချာ ပါတယ်)။
ဒါဖြင့် နိဗ္ဗာန်ကို ဒကာ ဒကာမတို့ အခုမဂ္ဂင်သစ္စာမပေါ်ဘဲနဲ့ ရောက်ပါ့မလား (မရောက်ပါဘူး)။
ကိုင်း-ဒါဖြင့် မဂ္ဂင်သစ္စာပေါ်မှသာလျှင် ရောက်မယ်ဆိုတာ နိရောဓသစ္စာကို သိထားရမယ်နော်(မှန်ပါ)။
ဒကာ ဒကာမတို့ အခုဟောမှာ သစ္စာဘယ်နှစ်ပါးပါလိမ့် (နှစ်ပါးပါ ဘုရား) မဂ္ဂင်သစ္စာနဲ့ နိရောဓသစ္စာကို ဟောမယ်(မှန်ပါ)။
ချုပ်တာဟာဘာသစ္စာ
ဒကာ ဒကာမတို့ ဒါကလေးဟာ ဝိညာဏ်လို့ ခုနင်က ပြောခဲ့တယ် မဟုတ်လား (မှန်ပါ) ဝိညာဏ်ချုပ်သွားလို့ ရှိရင်ဖြင့် ဒီဝိညာဏ်ကလေး ချုပ်တာဟာဘာသစ္စာ (နိရောဓ သစ္စာပါ) ဝိညာဏ်ချုပ်တော့ ဒီနာမ်ရုပ်ကကော(ချုပ်ပါတယ်) ဒါဟာ ဘာသစ္စာတုန်း(နိရောဓသစ္စာပါ ဘုရား)
သဠာယတနချုပ်တာကော (နိရောဓသစ္စာပါ) ဖဿချုပ်တာကော (နိရောဓသစ္စာပါ ဘုရား) ဝေဒနာချုပ်တာကော (နိရောဓသစ္စာပါ) တဏှာချုပ်တာကော (နိရောဓသစ္စာပါ) ဥပါဒါန်ချုပ် တာကော (နိရောဓသစ္စာပါ) ကံချုပ်တာကော (နိရောဓသစ္စာပါ) ဇာတိ ဇရာ မရဏ ချုပ်တာကော (နိရောဓသစ္စာပါ)။
အဲဒီတော့ ဒီကနေပြီး နိဂုံးချုပ်လိုက် ဧဝမေ တဿကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ(မှန်ပါ) ဒုက္ခက္ခန္ဓဿဆိုတာ ဒုက္ခအစု၊ နိရောဓောဟောတိဆိုတာ မင်းကို နောက်ကဟာတွေ အကုန်ချုပ်သွားတာ နိရောဓသစ္စာပဲ (မှန်ပါ) မှတ်မိပြီလား (မှတ်မိပါပြီ)။
ဒါတော်တော်အရေးကြီးပါတယ် ဒကာ ဒကာမတို့ ဒီနားက ပါဠိကလေးကို ခင်ဗျားတို့ အရင်လိုပဲ ရအောင် လုပ်၊ ဒုက္ခက္ခန္ဓဿ နိရောဓေါ ဟောတိ(မှန်ပါ)။
နိဂုံးချုပ် ကြည့်လိုက်ဘာတဲ့တုန်း
ဝိညာဏ်ဟာလည်း ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) အဲဒါကလေးမရှိတော့ ဘူးဆိုရင် ဘာဆိုမယ် (နိရောဓသစ္စာပါ) ဒီတော့ ဒီဟာနဲ့ နိဂုံးချုပ် ကြည့်လိုက်ဘာတဲ့တုန်း (ဒုက္ခက္ခန္ဓဿနိရောဓေါဟောတိ) ဟော မဂ်က ဒုက္ခအစုကြီးဟာ ချုပ်သွားပြီကွ(မှန်ပါ) ဒီဘက်က ချုပ်တာ ဟူသ၍ကို ဘာသစ္စာတဲ့တုံး (နိရောဓသစ္စာပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဘယ်သူက ဟောပါလိမ့် ဒကာ ဒကာမတို့ (ဘုရားက ဟောပါတယ် ဘုရား) ဒုက္ခက္ခန္ဓဿ က ဘာတုန်း (ဒုက္ခအစုပါ) နိရောဓေါက (ဒုက္ခချုပ်တာပါ) ဒုက္ခချုပ်တာ ဟုတ်ပါတယ်လို့ ပြောတာရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီဘက်က တတန်းလုံးချုပ်သွားတာသည် ဘာတွေချုပ်သွားတာတုံး(ဒုက္ခချုပ်တာပါ ဘုရား) ဒုက္ခတွေ ချုပ်သွားတော့ အဲဒါကို ဘာသစ္စာလို့ခေါ်ကြမလဲ (နိရောဓသစ္စာပါ) ဒုက္ခချုပ်သွားတာ နိရောဓသစ္စာဆိုတာလည်း ဟောမဟောလည်း အကဲခတ် ကြည့်စမ်းပါဦး ဘာတဲ့တုန်း (ဒုက္ခက္ခန္ဓဿ နိရောဓေါဟောတိ) ဒုက္ခက္ခန္ဓဿကဘာတဲ့ (ဒုက္ခအစုပါ) နိရောဓေါဟောတိက (ချုပ်တာပါ ဘုရား) ချုပ်သွားတာ ဟုတ်ပြီတဲ့ (မှန်ပါ)။
ဒုက္ခအစုကြီး ချုပ်သွားတာ နိဗ္ဗာန်
ဒုက္ခအစုကြီး ချုပ်သွားတာကို ဘာခေါ်ကြမယ်(နိဗ္ဗာန်ပါ) ဒီဒုက္ခအစုသည်ကား ဒကာ ဒကာမတို့ ချုပ်ချင်လို့ ချုပ်တာလား ကျုပ်တို့က ဒါတွေ ဒုက္ခသစ္စာလို့ အမှန်သိလို့ ချုပ်တာလား (အမှန်သိလို့ ချုပ်တာပါ)။
အမှန်သိတာက ဘာသစ္စာ (မဂ္ဂသစ္စာပါ) ချုပ်သွားတာက (နိရောဓသစ္စာပါ) အခုမှပေါ်လာတော့တယ် ဒကာ ဒကာမတို့ နိဗ္ဗာန်ပေါ်လာပြီ။ မဂ္ဂသစ္စာလည်း ပေးလာတယ် (မှန်ပါ) ရှင်းပါပြီ (ရှင်းပါပြီ)။
ကဲ ဦးခင်မောင် သေသေချာချာ ရှင်းပြီးလား(ရှင်းပါပြီ)။
ပေါ်နေတဲ့တရားတွေ ချုပ်သွားတာက ဒကာ ဒကာမ တို့ အလိုလိုချုပ်သွားတာလား မဂ်နဲ့မလိုချင်လို့ ချုပ်သွားတာလား (မလိုချင်လို့ ချုပ်သွားတာပါ) ဒါဖြင့် မလိုချင်တာက ဘာသစ္စာ(မဂ္ဂသစ္စာပါ) မလိုချင်လို့ ချုပ်သွားတာက(နိရောဓသစ္စာပါ)။
ဒါဖြင့် မဂ်လာမှ ချုပ်မှာပါကလား ဒီဖြစ်ပျက်တွေ ဟာ (မှန်ပါ) သူ့ဟာသူချုပ်တာက ခဏနိရောဓပဲ ဒါကအခြား၊ မဂ်နဲ့မလိုချင်မှ ချုပ်တာမှ နိဗ္ဗာန်ပါ-ပါလား (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ချုပ်တာက ဘာသစ္စာ (နိရောဓသစ္စာ) မလိုချင်တာက (မဂ္ဂသစ္စာပါ) ဒါဖြင့် ရှုမှ ချုပ်မယ်၊ ရိပ်မိကြပြီ လား (ရိပ်မိပါပြီ)။
ရှုမှချုပ်မယ် လုပ်မှရမယ်
ဘယ်လိုမှ ချုပ်မယ် (ရှုမှချုပ်ပါမယ်)ရှုမှချုပ်မယ်ဆိုတာ သေချာပြီလား (သေချာပါပြီ) လုပ်မှရမယ်ဆိုတာကော ပေါ်ပြီလား (ပေါ်ပါပြီ)။
တော်ပဲတော်သေးရဲ့ ခင်ဗျားတို့ ဒါလောက်သိလို့၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ တဏှာလျှာကရှည်ရှည်နဲ့ အတော် ဆုတောင်းရှည်တဲ့ ဒကာ ဒကာမတွေ(မှန်ပါ့) လုပ်ယူမှရမည့်ဟာကြီးကို ရှည်နေလိုက်တဲ့ဖြစ်ခြင်းက ဦးခင်မောင် (မှန်ပါ) အလကားရှည်နေတာ လျှာသာရှည်နေတာ ရစရာအကြောင်းမြင်ရဲ့လား(မမြင်ပါဘူး) မမြင်နိုင်ဘူးဆိုတာ သေချာကြပြီလား (သေချာပါပြီ)။
ကြည့်စမ်း မလိုချင်အောင် ကြည့်တာက ဘာသစ္စာ၊ (မဂ္ဂသစ္စာပါ) မလိုချင်တော့ ချုပ်မသွားဘူးလား (ချုပ်သွား ပါတယ်) ချုပ်သွားတာက ဘာသစ္စာ (နိရောဓသစ္စာပါ) ဒါဖြင့် မလိုချင်တဲ့ ဉာဏ်နဲ့မှ နိဗ္ဗာန်ရမယ် (မှန်ပါ) ခန္ဓာတွေ လိုချင်တဲ့ တဏှာရှိနေရင် (မရပါဘူး) ဘယ်တော့မှ မရနိုင်ဘူး (မှန်ပါ)။
မလိုချင်တာက မဂ္ဂသစ္စာ
ဒါဖြင့် မလိုချင်တာက ဘာသစ္စာ(မဂ္ဂသစ္စာပါ) မလိုချင်လို့ ချုပ်သွားတာက (နိရောဓသစ္စာပါ)။
ကိုင်း-ဒါဖြင့် ခင်ဗျားတို့ ပါဠိရွတ်ပါ (ဒုက္ခက္ခန္ဓဿ နိရောဓေါ ဟောတိ) ဒုက္ခအစု၏ ချုပ်ခြင်း ဖြစ်ခြင်းတဲ့ သူကချုပ်ကြောင်း သူက ချုပ်ကျိုး (မှန်ပါ) ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒုက္ခအစု၏ ချုပ်ကြောင်း ဆိုတာက မဂ္ဂသစ္စာ။ ချုပ်ကျိုးက(နိရောဓသစ္စာပါ) ရှင်းပြီလား(ရှင်းပါပြီ) အဲ မဂ္ဂသစ္စာ လုပ်မှ နိရောဓသစ္စာရမယ်တဲ့။ နို့မဟုတ်လို့ရှိရင် (မရပါဘူး) မရနိုင်ဘူးဆိုတာကို ဘယ်ပါဠိတော် ထောက်ကြည့်မလဲ (ဒုက္ခက္ခန္ဓဿ နိရောဓေါဟောတိ)။
မဂ္ဂလုပ်မှနိရောဓ ရမယ်
ဒါဖြင့် ဒကာ ဒကာမတို့ ချုပ်တာသိပြန်တော့လည်း နိဗ္ဗာန်သိပြန်တော့လည်း နိဗ္ဗာန်နဲ့ မဂ္ဂသစ္စာကလဲ တွဲလျက် (မှန်ပါ) ဒုက္ခနဲ့ သမုဒယကကော (တွဲလျက်ပါ ဘုရား) မဂ္ဂနဲ့ နိရောဓကကော (တွဲလျက်ပါ ဘုရား)။
ဒါဖြင့် မဂ္ဂလုပ်မှနိရောဓ ရမယ်(မှန်ပါ) သမုဒယလုပ်ရင် (ဒုက္ခရမှာပါ ဘုရား)။
ဒကာ ဒကာမတို့ တော်တော်ရှင်းသွားပြီ၊ တစ်ခေါက်ပြန်ပြောဦးမယ်၊ စိတ်ကလေးတစ်ခုပေါ်လာတယ် ချုပ်သွား တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ) ဒုက္ခမျိုးစုံချုပ်တာ ဘာသစ္စာ (နိရောဓသစ္စာပါ) ရှင်းပြီလား(ရှင်းပါပြီ)။
နေရာကျပါပြီတဲ့ နိရောဓသစ္စာကိုသိသဖြင့် ဪ-ချုပ်ချင်လို့ ချုပ်တာမဟုတ်ဘူး၊ မဂ္ဂသစ္စာနဲ့ လိုက်ရှုလို့ မလိုချင်လို့ချုပ်တာ(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) မလိုချင်လို့ချုပ်တော့ မလိုချင်တာ ဘာသစ္စာ(မဂ္ဂသစ္စာ) ချုပ်တာက (နိရောဓသစ္စာပါ) ဒါဖြင့် မဂ်ရမှ နိဗ္ဗာန်ရမယ်(မှန်ပါ) မဂ်မရရင် (နိဗ္ဗာန်မရပါဘူး)။
ကောင်းပြီဒါဖြင့် ခင်ဗျားတို့ တစ်ကိုယ်လုံးမှာရှိတဲ့ ဒုက္ခတွေချုပ်မှ နိဗ္ဗာန်ရမယ်(မှန်ပါ) ဉာဏ်ထဲမှာချုပ်ရင် ပြီးတာပါပဲ၊ ဒီခန္ခာကြီးတော့ ပျောက်မသွားသေးဘူး၊ နိဗ္ဗာန်မြင်တော့ ရှုတုန်းမှာပဲ ခန္ဓာဒုက္ခတွေတော့ မမြင်ရတော့ဘူး (မှန်ပါ) မမြင်ရလို့ရှိရင် နိဗ္ဗာန်ပေါ်လာမှာပဲ ရှင်းပြီလား (ရှင်းပါပြီ)။
ဒုက္ခချုပ်တာ နိဗ္ဗာန်ပဲ
ဘေးကနေကြည့်တော့ ဒီခန္ဓာကြီးရှိလျက်ပဲ၊ ကိုယ့်ဟာကိုယ်ရှုတော့ ကိုယ်ခန္ဓာ ကိုယ်မလိုချင်လို့ရှိရင် ဒုက္ခတွေ ဘယ့်နှယ်ဖြစ်သွားတုန်း (ချုပ်သွားပါတယ်) ချုပ်သွားတဲ့ တစ်ခါကျတော့ ဒုက္ခချုပ်တာ နိဗ္ဗာန်ပဲ မဟုတ်လား (မှန်ပါ)
အဲဒီနိဗ္ဗာန်ကို ဒုက္ခချုပ်တဲ့ဆီကို ဉာဏ်ကရောက်နေတယ် ရှုနေတဲ့ ခန္ဓာဒုက္ခဖြစ်စဉ်ကြီးတော့ တွေ့သေးရဲ့လား (မတွေ့ပါဘူး)။
အဲ ဒုက္ခဖြစ်စဉ်ကို မတွေ့တာသည် ဘာတုံးဆိုလို့ရှိရင်ဖြင့် မဂ်သည် နိဗ္ဗာန်ကိုမြင်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ခန္ဓာကြီးရှိလျက်နဲ့ မမြင်တော့ဘူး ဒကာ ဒကာမတို့ ဒုက္ခတွေ ဉာဏ်ထဲမှာချုပ်သွားတယ်(မှန်ပါ) သဘောပါကြပြီလား (ပါ-ပါပြီ)။
မျက်လုံးမှိတ်ကြည့် မဂ်ရတဲ့ အခါခန္ဓာကြီး ပျောက်ထွက်သွားလိမ့်မယ်၊ ခန္ဓာပျောက်ထွက်သွားရင် ဒုက္ခပျောက် တာပဲ (မှန်ပါ) ကဲ ဒုက္ခပျောက်မယ်ဆိုတော့ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကြီးမရှိတော့ဘူးလို့ မသိဘူးလား (သိပါတယ်) သိတာက မဂ္ဂသစ္စာ၊ ခန္ဓာဒုက္ခသစ္စာကြီး ချုပ်သွားတာက (နိရောဓသစ္စာပါ ဘုရား)။
ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာပဲရှိတယ်
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့သစ္စာလေးပါးကို မသိရဘူးလား (သိရပါတယ်) ခန္ဓာတွေချုပ်သွားရင် ဒုက္ခချုပ် တာ၊ သဘောကျပြီလား (ကျပါပြီ)၊ ခန္ဓာတွေတန်းပြီးပေါ်နေရင် ဒုက္ခပေါ်တာ (မှန်ပါ) ဒီတော့ ခင်ဗျားတို့သန္တာန်မှာ ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာပဲရှိတယ်၊ ယောကျ်ား၊ မိန်းမ လုံးဝမပါဘူး၊ ရှင်းပြီလား (ရှင်းပါပြီ)။
ပေါ်လာရင် ဘာတွေပေါ်လာသတုန်း (ဒုက္ခတွေပေါ်ပါတယ်) လောဘပေါ်ပေါ် ဒေါသပေါ်ပေါ် စားချင်တာ ပေါ်ပေါ် အိပ်ချင်တာပေါ်ပေါ် သွားချင်တာပေါ်ပေါ် ဘာတွေပေါ်တာတုန်း (ဒုက္ခတွေပေါ်တာပါ) အဲဒါကလေးတွေ ချုပ်သွားပြန်တော့လည်း ဘာတွေချုပ်သွားသလည်း (ဒုက္ခတွေချုပ်ပါတယ် ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ယောကျာ်းမပါ၊ မိန်းမမပါဘူး၊ ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာပဲရှိတယ်(မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ဒကာ ဒကာမတွေ သန္တာန်ဘာသာလျှင်ရှိသလည်း (ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာပဲရှိပါတယ်) ဒုက္ခပေါ်တာရှိ တယ်၊ ဒုက္ခချုပ်တာရှိတယ်ဆိုတော့ ယောကျာ်း မိန်းမ ငါ သူတစ်ပါး ရှာတွေ့သေးရဲ့လား (မတွေ့ပါဘူး ဘုရား) ဒိဋ္ဌိ ပြုတ်ပြီလား (ပြုတ်ပါပြီ ဘုရား)။
ဒါ ဒိဋ္ဌိပြုတ်အောင်ဟောနေတာ ဒကာ ဒကာမရိပ်မိပြီလား (ရိပ်မိပါပြီ) ကဲ ဒိဋ္ဌိကော ပြုတ်ကြပြီလား (ပြုတ်ပါ ပြီ ဘုရား)။
ဒိဋ္ဌိပြုတ်ချင်လို့ရှိရင်
ဒါဖြင့် ဒိဋ္ဌိပြုတ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ဖြစ်တာ၊ ပျက်တာသိမှ ပြုတ်မယ်(မှန်ပါ) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒိဋ္ဌိပြုတ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဖြစ်တာလည်း သိရမယ် ပျက်တာလည်း သိရမယ်၊ အဲဒါသိလိုက်လို့ရှိရင်ဖြင့် ခန္ဓပဋိစ္စသမုပ္ပါဒ်၏ ဖြစ်မှုချုပ်မှုသိရင် ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့) ဒါသေသေချာချာမှစမ်းပါ။ တစ်ပွဲလုံးမှာ အင်မတန် အရေးကြီးနေတယ် (မှန်ပါ) ခန္ဓပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာတန်းနေတာကြီးပေါ့ဗျာ၊ အဲဒါဖြစ်မှု ချုပ်မှုသိလို့ရှိရင်ဘာဖြစ် ပါလိမ့် (ဒိဋ္ဌိပြုတ်ပါတယ်)။
ဒါဖြင့် အဲဒီဒိဋ္ဌိပြုတ်ပြီးတော့မှ ဝိပဿနာရှုပါ ဦးခင်မောင် (မှန်ပါ) သဘောပေါက်ကြပြီလား (ပါ-ပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ ဘယ်အချိန်မှရှုရမှာပါလိမ့်(ဒိဋ္ဌိဖြုတ်ပြီးမှ ရှုရမှာပါ)။
ဒိဋ္ဌိပြုတ်ချင်တော့ ခန္ဓပဋိစ္စသမုပ္ပါဒ် ဘာသိရမှာတုံး (ဖြစ်မှုပျက်မှုသိရပါမယ်) ဖြစ်တာနဲ့ ချုပ်တာသိမှ ဒိဋ္ဌိက ပြုတ်မှာ အဲဒိ ဒိဋ္ဌိပြုတ်ပြီးမှ ဖြစ်ပျက်ရှုပါလို့ဆိုတာကို လေးနက်စွာ သတိပေးပါတယ်(မှန်ပါ)။
ဒကာ ဒကာမတို့ အနုရာဓဟာ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဝိပဿနာရှုနေတယ်(မှန်ပါ) ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဝိပဿနာ ရှုနေတော့ ဒကာ ဒကာမတို့ တရားလမ်းစဉ်လွဲနေတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ) ရှေ့နောက်လွဲနေတယ်။
ဘယ်လိုရှေ့နောက်လွဲပါလိမ့် ဒကာ ဒကာမတို့ (ဒိဋ္ဌိအရင်မဖြုတ်ဘဲနဲ့ ဝိပဿနာရှုနေပါတယ် ဘုရား) ဒိဋ္ဌိမပြုတ် ဘဲနဲ့ ဝိပဿနာရှုနေတော့ ၁-ကို အရင်လုပ်ရမှာ ၂-ကို အရင်သွားပြီးလုပ်နေမိတော့ ဦးခင်မောင် ခရီးမရောက်ဘဲ ဖြစ်နေတယ် (မှန်ပါ့)။
ဒိဋ္ဌိပြုတ်ရမှာသည် ၁-နံပါတ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိပြုတ်ရမှာသည် ၁-နံပါတ် ဝိပဿနာရှုရမှာသည် (၂-နံပါတ်ပါ ဘုရား)။
၎င်းဒိဋ္ဌိပြုတ်စေချင်လို့ရှိရင် ခန္ဓပဋိစ္စသမုပ္ပါဒ်၏ ဖြစ်မှုနဲ့ပျက်မှုမှာ ဒုက္ခသစ္စာလို့ သိထားရမယ် (မှန်ပါ) ခန္ဓပဋိစ္စသမုပ္ပါဒ်၏ ဖြစ်မှုပျက်မှုမှာ ဒုက္ခသစ္စာလို့ သိထားမှသာလျှင် ဒိဋ္ဌိက ကွာနိုင်တယ်၊ ကပ်နိုင်သေးရဲ့လား (မကပ်နိုင်ပါဘူး) ဖြစ်တာလည်း (ဒုက္ခသစ္စာပါ) ပျက်တာကော (ဒုက္ခသစ္စာပါ)။
ဘုန်းကြီးက ပြောနေတာ မဟုတ်ပါဘူး ဘုရားဟောကိုကြည့်ပါ ဖြစ်တာဟူသ၍ ဒုက္ခက္ခန္ဓဿသမုဒယော ဟောတိ၊ မဆိုဘူးလား (ဆိုပါတယ်) ပျက်တာကတော့ ဒုက္ခက္ခန္ဓဿ နိရောဓေါ ဟောတိ မလာဘူးလား (လာပါတယ်) ဒါဖြင့် ဖြစ်တာလည်း ဘာသစ္စာလို့ ပြောသတုန်း (ဒုက္ခသစ္စာပါ) ပျက်တာတော (ဒုက္ခသစ္စာပါ)။
ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ပေါ်တာဖြစ်တာ ရုပ်နာမ်ဟူသ၍သည် ပေါ်-ပျက်ပဲ ရှိနေတာပဲ၊ အဲဒါတွေ ဘာ သစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ)။
အဲဒီဒုက္ခသစ္စာတွေသိတော့မှ ဖြစ်တာလဲ ဒုက္ခသစ္စာ ပျက်တာလည်း ဒုက္ခလို့သိတော့မှ ပုဂ္ဂိုလ်သတ္တဝါ နဂိုက မပါပါကလား (မှန်ပါ) နောက်က ဒကာ ဒကာမတွေ ပုဂ္ဂိုလ် သတ္တဝါ ဘယ့်နှယ်တုံး (မပါ-ပါဘူး) နဂိုကကိုပါသေးရဲ့လား (မပါပါဘူး)။
ဒါဖြင့် နဂိုက မပါတာကို အခုဆရာဘုန်းကြီးက ရှင်းပေးလိုက်တဲ့အတွက် သိပြီလား (သိပါပြီ) ထိုကဲ့သို့ သိတဲ့အခါကျတော့ ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်း သိလို့ရှိရင်လည်း ဒိဋ္ဌိပြုတ်တယ်(မှန်ပါ) ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း သိရင်ကော (ဒိဋ္ဌိ ပြုတ်ပါတယ်)။
သစ္စာလေးပါးသိတာပဲ
ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်း သိတာကို ဒုက္ခနဲ့ သမုဒယသိတယ်၊ ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း သိတော့ကို မဂ္ဂနဲ့ နိရောဓသိတယ် (မှန်ပါ) သစ္စာလေးပါးသိတာပဲ မကျဘူးလား(ကျပါတယ်)။
အဲဒီတော့ သစ္စာလေးပါး သိတဲ့ပုဂ္ဂိုလ်ဟာ ဦးခင်မောင်တို့ ဒကာသစ်တို့ ဘယ်မှာဒိဋ္ဌိဝင်ချိန်ရှိသေးရဲ့လား (မရှိပါဘူး) ဒါဟာပဋိစ္စသမုပ္ပါဒ်အပေါ် မမှီဘူးလား (မှီပါတယ်)။
ပဋိစ္စသမုပ္ပါဒ်ဆိုတာ တခြားလား ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်လား (ခန္ဓာဖြစ်စဉ်ပါ) အဲဒီခန္ဓာဖြစ်စဉ်ကို ဖြစ်တာသိ နေရင် ဒါဟာ ဒုက္ခသစ္စာမသိသေးဘူးလား (သိပါတယ်) ခန္ဓာဖြစ်စဉ်မှာ ဪ ဒါကလေးတွေ ချုပ်သွားပြီ ချုပ်သွားပြီလို့ သိနေရင်လည်း ဘာတုန်း (ဒုက္ခသစ္စာသိတာပါ)။
အဲဒီနှစ်ခုကို သိသဖြင့် အကြောင်းပျက်လို့ ဒီအကျိုးပျက်တာပဲလို့ အကြောင်းလှမ်းပြီးကြည့်လိုက်တော့ အေး မသွားဘူးလား (သွားပါတယ်)။
မဂ်ကမလိုချင်လို့ချုပ်တာ
ချုပ်တာသိတော့လည်း နိရောဓသစ္စာ မသိဘူးလား (သိပါတယ်) ချုပ်ချင်လို့ချုုပ်တာလား မဂ်ကမလိုချင်လို့ချုပ် တာလား (မဂ်ကမလိုချင်လို့ ချုပ်တာပါ) ဟာ-ဒါဖြင့် မဂ္ဂသစ္စာလည်း သိသွားတော့ သစ္စာလေးပါးသွားပါတယ်(မှန်ပါ)။
အဲဒီတော့ အနုရာဓမှာ သစ္စာလေးပါးသိမှ ကိစ္စပြီးမှာမို့ ဒိဋ္ဌိတွေက လာမေးတော့ ဒိဋ္ဌိမပြုတ်ဘဲရှိတဲ့အတွက် ဘုရားဆီကို သွားရသေးတယ်(မှန်ပါ) ဒီတော့မှ ဘုရားက အနုရာဓကိုယ်က ဒိဋ္ဌိမပြုတ်ဘဲနဲ့ ဝိပဿနာ ရှုနေလို့ သူကိုယ်တိုင်က မဇ္ဈိမပဋိပဓာလမ်းစဉ် သဘောမသိသေးဘဲကိုးဆိုပြီး ဒိဋ္ဌိဖြုတ်ပေး ရသေးတယ်(မှန်ပါ) ဘောကျပြီလား (ကျပါပြီ)။
ဒိဋ္ဌိဖြုတ်ပေးမှ ကိစ္စပြီးတယ်ဆိုတဲ့ အကျယ်တဝင့်တော့ နက်ဖြန်မှ ဟောကြစို့။