13102

မာတိကာသို့

တဏှာသတ်လျှင် သကဒါဂါမ် တည်နိုင်ကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားတော်မူတော်

တဏှာသတ်လျှင် သကဒါဂါမ် တည်နိုင်ကြောင်း

ပုဏ္ဏမသုတ်(ကံသည် အနတ္တသဘောဖြစ်ပုံ)

တရားတော်

(၂၀-၁-၆၀)

ခန္ဓာဝန်ကြီးထမ်းပြီး တရားပွဲလာကြရတယ်

ဒကာ ဒကာမတွေ ခန္ဓာဝန်ကြီးထမ်းပြီး သကာလ တရားပွဲလာကြရတယ်ဆိုတဲ့ဥစ္စာ ဒီခန္ဓာဝန်ကြီးဟာက သူတစ်ပါး အထမ်းခိုင်းလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ပိုက်ဆံပေးလိမ့်မယ် (မှန်ပါ) မော်တော်ကားနဲ့ အထမ်းခိုင်းလဲ မော်တော် ကားခပေးရတာပဲ (မှန်ပါ့ ဘုရား)။

ကိုယ့်ဟာကိုယ်ဝယ်တဲ့ မော်တော်ကားဆိုတာလဲ ကိုယ့်ထမ်းဖို့ ဝယ်ရတဲ့အတွက် မော်တော်ကားဖိုး ပေးရတာပဲ (မှန်ပါ)၊ ဒီထမ်းဖို့ရာ အထည်ကြီးပေးထားတာသည် ဘယ်သူတုံးလို့ မေးလို့ရှိရင်လဲတဲ့ တဏှာက ပေးထားတာ (မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတွေက တစ်ခါတလေများ အပြေးထမ်းတယ်၊ တစ်ခါတလေ ခပ်ဖြည်းဖြည်းထမ်း တယ်။ ဒကာကြွယ်တို့ ထမ်းတာပေါ့ဗျာ (မှန်ပါ)၊ တစ်ခါတလေ ခပ်သွက်သွက် ထမ်းမသွားဘူးလား (သွားပါတယ်)။

တဏှာက အပြေးလမ်းသွား၊ ဒါမှမီမှာဆိုပြီး တဏှာက မင်းခန္ဓာဝန် မင်းခပ်သွက်သွက်ကလေး သယ်လိုက်စမ်းပါ ဆိုပြီး တဏှာက ခိုင်းလိုက်တော့ ခပ်သွက်သွက်ကလေးများ ဒကာ ဒကာမတွေက သွားကြရတယ် (မှန်ပါ ဘုရား)။

တစ်ခါတလေကျတော့ ခပ်မှန်မှန် သွားပါကွာ၊ မင်းသည်ကားလို့ဆိုရင် တွေ့ရမှာပါပဲ၊ ကြုံရမှာပဲဆိုတာနဲ့ တစ်ခါတလေ ခပ်မှန်မှန်ကလေး ထမ်းပြီးသွားရတယ် (မှန်ပါ ဘုရား)။

အရူးလုပ်ပြီး ခိုင်းတယ်

အဲဒီတော့ တဏှာဆိုတဲ့သဘောသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့အား အရူးလုပ်ပြီး သကာလ ခိုင်းတယ် (မှန်ပါ)၊ ခပ်သွက်သွက် အသွားခိုင်းတာလဲ သူပဲ၊ ခပ်နှေးနှေး အသွားခိုင်းတာကော (သူပါပဲ ဘုရား)။

တစ်ခါတလေကျတော့ ခပ်သွက်သွက်လဲ သွားရသေးတယ်၊ ဟိုကျတော့ ရင်ထုငိုလိုက်စမ်းဟေ့ ခိုင်းလိုက်ပြန် တယ်။ ငိုလိုက်ရသေးတယ် (မှန်ပါ)၊ မင်း ဆွေမျိုးနဲ့ မင်းနဲ့ ကွဲနေတာ မင်းဒီအတိုင်းနေမလား ငိုလိုက်စမ်းပါလားဆိုလို့ ဒကာ ဒကာမတွေက မျက်ရည်ကြီးငယ်များ ကျပြီး ရင်ထုပြီး ငိုလိုက်ရသေးတယ် (မှန်ပါ)။

ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေကို ဘယ်သူက ပေးတာပါလိမ့် (တဏှာပါ ဘုရား)၊ ဖြည်းဖြည်းအသွားခိုင်းတာလဲ သူပဲ၊ မြန်မြန်အသွားခိုင်းတာကော (သူပါ ဘုရား) ဟိုကျတော့ ငိုလိုက်စမ်းဆိုတာကော (သူပါပဲ ဘုရား)။

ဟန်လုပ်ပြီး ပြုံးလိုက်ဦးဟေ့ ဆိုတာကော (သူပါ ဘုရား)၊ တယ်လဲ နိုင်ချက်ကောင်းပါလား (ကောင်းပါတယ် ဘုရား) ဒုက္ခဝတ္ထု ဒုက္ခအမှုတွေ ပေးလေသမျှ တဏှာကဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ ဒကာ ဒကာမတွေ ဒီဇာတ်မျိုးစုံခင်းတာ စုံခဲ့ပလားလို့ ဒကာကြွယ်၊ ဒကာသစ်တို့ မေးလို့ရှိရင် မပြောပါနဲ့ တော့၊ အရှင်ဘုရား ပြောတာက နည်းသေးတယ်၊ တပည့်တော်တို့ တွေ့ကြုံရတာ ဤမျှတော့ မကတော့ပါဘူးလို့ပဲ အဖြေထွက်စရာ အကြောင်းရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

သို့သော် ဒကာသစ်တို့၊ ဒကာကြွယ်တို့က လက်သည်ကို ယခုထက်တိုင် သူကြောင့်ပဲဆိုတဲ့ စွဲချက် မတင်နိုင်ရှာဘူး (မှန်ပါ)၊ မသိလို့ တဏှာရေထဲ မျောနေကြတာ (မှန်ပါ)၊ သူကခိုင်းလို့ ခင်ဗျားတို့က ဖြည်းဖြည်းသွား၊ မြန်မြန်သွား၊ ငိုပွဲဆင်၊ ပြုံးပွဲဆင်ပေါ့ဗျာ (မှန်ပါ) ဘယ်သူက ခိုင်းထားတုံး (တဏှာက ခိုင်းတာပါ ဘုရား)။

ကံကလေးကို အစားထိုးထားတယ်

တော်တော်ကြာတော့ အကြောင်းမညီညွတ်လာပြီဆိုလျှင် တဏှာက သူက ကိုယ်ယောင်ဖျောက်ပြီး သကာလ ကံကလေးကို အစားထိုးထားတယ် (မှန်ပါ)၊ ကံမကောင်းလို့ဆိုပြီး ကံပေါ်ကျစေတယ် (မှန်ပါ)၊ ခင်ဗျားတို့ကလဲ ညည်း လိုက်တာပဲ။ ဖြည်းဖြည်းသွားခဲ့ရ၊ မြန်မြန်သွားခဲ့ရ၊ ဒီကျတော့ မျက်စိ မျက်နှာမသာမယာနဲ့ တွေ့ရကြုံရတယ်၊ ကံများ ခေလိုက်တာတဲ့ (မှန်ပါ)။

ကြည့်စမ်း ဒကာ ဒကာမတို့ ခိုင်းတာ ဘယ်သူတုံး (တဏှာပါ ဘုရား) ခင်ဗျားတို့က လက်သည်ဖမ်းလိုက်တော့ ဘယ်သူ့ကို သွားပြီးမိသတုံး (ကံကိုမိပါတယ် ဘုရား)။

ဪ ခက်ပါဘိတော့တယ်၊ လက်သည်အစစ်ကို မမိဘဲနဲ့ ဘေးကလူကို ရမ်းစွဲနေကြပြန်ပြီ၊ ခိုးတဲ့လူမမိဘဲနဲ့ ပန်းတိမ်သည် သွားဖမ်းလို့တော့ ဘယ်ဖြစ်ပါ့မလဲဗျ၊ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ ခိုင်းတာက ဘယ်သူပါလိမ့် (တဏှာပါ ဘုရား) ခင်ဗျားတို့က စွဲချက်တင်ပြီး ဖမ်းလိုက်တာက (ကံကို ဖမ်းပါတယ် ဘုရား)။

ဪ ဒါကြောင့် ဒကာ ဒကာမတွေ “ဒုက္ခပေးလေသမျှ တဏှာက” ဆိုပါလျက်သားနဲ့ ကံပေါ်များ ခင်ဗျားတို့က စွဲချက်ချလိုက်သေးတယ် (မှန်ပါ ဘုရား)။

လက်သည်ကို မမိဘူး

အဲဒီတော့ ဒီတဏှာကို သတ်ချင်တဲ့စိတ်၊ ပယ်ချင်တဲ့စိတ် ပေါ်ဦးမလား (မပေါ်ခဲ့ပါ ဘုရား) တဏှာကို ရန်သူ ကြီးပဲလို့ စွဲချက်မှန်အောင် မတင်နိုင်ကတည်းက ခင်ဗျားတို့သည် အဖမ်းကလွဲပြီး သကာလ နေတော့ တကယ့်ကိုပဲ ရန်သူစစ်တဏှာကို မမိဘဲဖြစ်ပြီး သကာလ တစ်ရှောင်တည်းရှောင်ကာ သူအစားထိုးခဲ့တဲ့ ကံပေါ်မှာချည်း ဒကာ ဒကာမတွေက စွဲချက်ကတင်နေတော့ တစ်သံသရာလုံး သမုဒယသစ္စာ တဏှာလောဘကို ခင်ဗျားတို့ ဖမ်းလို့မမိခဲ့ဘူး (မှန်ပါ)၊ ဘယ်လောက်များ ဆိုးခဲ့သတုံး (ဆိုးခဲ့ပါတယ် ဘုရား) လက်သည်ကို မမိဘူးနော် (မှန်ပါ့ ဘုရား)။

လက်သည်ကို မမိခဲ့ကြပါဘူး၊ ဒကာ ဒကာမတွေ ဖြစ်ထွေကဖြင့် ဆိုးလိုက်တဲ့ဖြစ်ခြင်း၊ ခလုတ်ကလေး တိုက် တယ်၊ မြန်မြန်သွားလို့ ခလုတ်တိုက်တာ ဒကာသစ်ရေ (မှန်ပါ)၊ ကံများ ခေတော့ဘုရား လမ်းသွားရင်း ခလုတ်က တိုက်လိုက်သေးတယ် (မှန်ပါ ဘုရား)။

ဟာ တဏှာက အမြန်သွားခိုင်းလို့ ခင်ဗျားတို့ တဏှာ့အာရုံက ရှေ့ကိုရောက်ချင်တဲ့တဏှာဇောက စောနေလို့ ခလုတ်ကို မြင်သေးရဲ့လား (မမြင်ပါ ဘုရား) တဏှာခိုင်းလို့ တစ်ခါတည်း ရှေ့လောကြီးပြီး တိုက်ရတော့ တဏှာကြောင့် တိုက်တာပဲ၊ သူအပြေးခိုင်းလို့ တိုက်တာပဲလို့ စွဲသေးရဲ့လား (မစွဲပါ ဘုရား)၊ ကံခေလို့ တိုက်တယ်တဲ့ (မှန်ပါ ဘုရား)။

တဏှာက ပုန်းနေလိုက်တယ်

ကိုင်း တဏှာက ပုန်းနေလိုက်တယ် (မှန်ပါ) ကံကို အစားထိုး စွဲချက်တင်ပြီး ခင်ဗျားတို့က ဖမ်းလိုက်တော့ မလွဲသေးဘူးလားဗျာ (လွဲပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဘာဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ ကမ္မဝါဒီဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ)။

ဘာဖြစ်နေပါလိမ့် (ကမ္မဝါ ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) ကမ္မဝါဒီ ဘာဖြစ်ဖြစ်၊ ကောင်းတာဖြစ်လာပြန်လဲ ကံ ကြောင့်၊ ဆိုးတာ ဖြစ်လာပြန်လဲ (ကံကြောင့်ပါ ဘုရား) ဘယ်ဟုတ်လိမ့်မတုံး ဒကာ ဒကာမတို့ရဲ့၊ တဏှာကြောင့်ချည်းပဲ လို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ်ကို ဆရာဘုန်းကြီး နေ့တိုင်းသင်ပေးနေတာ၊ တဏှာ၊ ဥပါဒန်၊ ကံ၊ ကံဟာ နောက်ဆုံးပိတ်ဗျ (မှန်ပါ) ဒီကံပေါ် ဘယ်သူ အုပ်ချုပ်နေသတုံးလို့ မေးစမ်းပါ ဒကာ ဒကာမတို့၊ တဏှာ၊ ဥပါဒါန်က အုပ်ချုပ်နေတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ကံနဲ့တဏှာ ဥပါဒါန်သည် ဘယ်သူက ဆရာ၊ ဘယ်သူက တပည့်ပါလိမ့် (တဏှာ၊ ဥပါဒါန်က ဆရာပါ ဘုရား)။ ကံကတော့ (တပည့်ပါ ဘုရား)၊ တပည့်ဆိုတော့ ဘယ်သူသည် အရေးပါ အရာရောက်သတုံးလို့ မေးကြည့် တဏှာ၊ ဥပါဒန်က အရေးပါ အရာရောက်တယ်၊ ကံက အစေခံဖြစ်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ အစေခံကို ခင်ဗျားတို့က ဖမ်းမိတယ် တကယ်လက်သည် အရင်းကျကျစီမံတဲ့လူကို (မဖမ်းမိဘူး ဆိုကတည်းက ခင်ဗျားတို့သည် ဒီသမုဒယသစ္စာဆိုတဲ့ တဏှာဥပါဒါန်နှစ်ခု မချုပ်သရွေ့ကာလပတ်လုံး ဒုက္ခသစ္စာ ဘယ်တော့ ရပ်စဲမလဲ (မရပ်စဲပါ ဘုရား) မရပ်စဲနိုင်ဘူးဆိုတာ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ရန်သူအစစ်ကို မဖမ်းမိခဲ့ပါဘူး

အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ တစ်သံသရာလုံး သတိရမည့်တရားကို မသတ်ဘဲနဲ့ စွဲချက်အရင်းကျကျ တင်ထိုက်တဲ့သူကို စွဲချက်မတင်သောကြောင့် ဘယ်တော့မှ ရန်သူအစစ်ကို မဖမ်းမိခဲ့ပါဘူးဆိုတာလဲ သဘောကျလောက် ပါပြီ (ကျပါပြီ ဘုရား)။

အခု ယနေ့တော့ဖြင့် သိကြပြီ၊ ဪ အပြေးသွားလို့ ခလုတ်တိုက်လဲ တဏှာပဲ (မှန်ပါ) အပြေးသွားလို့ ဟို ကျတော့ အာရုံတွေနဲ့တွေ့ရတဲ့ အခါကျတော့ ဆင်းရဲစရာတွေနဲ့ တွေ့ပြန်တော့ ဘယ်သူ့ကြောင့် တွေ့ရတာတုံး (တဏှာကြောင့်ပါ ဘုရား)။

ဝမ်းမြောက်စရာတွေနဲ့ တွေ့ပြန်တော့လဲ အရမ်းဝမ်းမြောက်ရတာလဲ ဝမ်းမြောက်စရာမဟုတ်တာကို သားနဲ့တွေ့ သမီးနဲ့တွေ့လို့ သောမနဿနဲ့ ဝမ်းမြောက်ရပြန်တော့လဲ တဏှာကြောင့် ဝမ်းမြောက်ရတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဝမ်းမြောက်စရာတွေ့လဲ တဏှာ၏နှိုးဆော်ချက်၊ တိုက်တွန်းချက် (မှန်ပါ)၊ ဝမ်းနည်းစရာ ဆွေးစရာတွေ တွေ့ရတာကော (တဏှာ၏ နှိုးဆော်ချက်ပါ ဘုရား) တဏှာ၏နှိုးဆော်ချက်ပဲဆိုတာ သဘောကျပလား (ကျပါပြီ)၊ ကံ ပါပါရဲ့လား၊ (မပါပါဘူး ဘုရား)။

သို့သော်လဲ ခင်ဗျားတို့က ဝမ်းနည်းစရာ တွေ့လို့ရှိရင် ကံများမကောင်းတော့ သွားလေရာမှာ အရာရာနဲ့ အကြောင်းကြောင်းဖြစ်တယ် (မှန်ပါ)။ ခင်ဗျားတို့က ပြောလိုက်သေးတယ် သွားလေရာမှာ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်သွားတယ်၊ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုသလိုပဲ တပည့်တော်တို့ဖြင့် ဖြစ်နေတာပဲ ကံများ ခေလိုက်တာတဲ့ (မှန်ပါ)။ အံမာလေး ကံပေါ်ချည်း ပုံချပြီးနေပါလား (မှန်ပါ ဘုရား)။

ကြည့်စမ်းပါဦး၊ ပဋိစ္စသမုပ္ပာဒ်မှာ တဏှာ၊ ဥပါဒါန်၊ ကံလို့ သုံးချက် မလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒီတော့ တဏှာလဲ တဏှာ၊ ကာမုပါဒါန်လည်း တဏှာပါပဲ၊ အကြီးအသေးကွာပါတယ်၊ နောက်ဆုံးပိတ်ကျတော့ တဏှာကံလို့ ပဋိစ္စသမုပ္ပါဒ်က ရှိတယ် (မှန်လှပါ ဘုရား)။

တဏှာခေါင်းဆောင်ပါ

အဲဒီတော့ တဏှာနဲ့ ကံသည် ဒကာ ဒကာမတို့ ဘယ်သူ ခေါင်းဆောင်ဘယ်သူနောက်လိုက်လဲလို့ မေးလိုက်ပြန် တယ် (တဏှာခေါင်းဆောင်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ကံဆိုတာ သူကလုပ်မှ ဖြစ်ရရှာတာ (မှန်ပါ)။

သူက ခေါင်းဆောင်တိုက်တွန်းလို့သာလျှင် ဒကာ ဒကာမတို့မှာ အမျိုးမျိုး အဖုံဖုံ ဒုက္ခတွေ့ကြုံရတာ (မှန်ပါ) သဘောကျပြီလား (ကျပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ နေ့တိုင်း အလုပ်တွေ လုပ်နေကြတာဟာ ကံကြောင့် လုပ်နေရတာလားလို့ မေးလိုက်တယ် (တဏှာကြောင့်ပါ ဘုရား)။

အိုး ထင်ရှားတယ်၊ ထင်ရှားလှတယ်၊ နေ့တိုင်း ဆိုင်သွားနေကြတာ ဒကာကြွယ်တို့ နေ့တိုင်း ရက်ကန်းတွေ ထောင်ပြီး သကာလ လူလာတိုင်း ပြရောင်းနေကြတာ ဒကာကြွယ် ငွေလိုချင်တဲ့တဏာမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ကံက ခိုင်းလို့လား၊ တဏှာကြောင့် လုပ်နေရတာလား (တဏှာကြောင့် လုပ်နေရတာပါ ဘုရား) တဏှာကြောင့် လုပ်နေရတာ၊ ပိုးလေးက မရ၊ အထည်ဈေးက မတက်လာတော့ ကံခေတယ်၊ တဏှာကြောင့် လုပ်နေတယ် (မှန်ပါ ဘုရား)။

ကံခေတယ်လို့များ ပြောပြီး သကာလ နေလိုက်သေးတယ် (မှန်ပါ) တဏှာက စောစောစီးစီးက မလုပ်မယ်ဆို ကံအကြောင်း ခင်ဗျားတို့ ထည့်မယ်မဟုတ်ပါဘူး (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ၃၁ – ဘုံသားတွေကို တဏှာတည်းဟူသောတရားက ကြိုးကိုင်ဆရာကြီးလုပ်ပြီး သကာလ ကြိုးစုံ ကခိုင်းနေတာဟာ ၃၁ – ဘုံမှာ တဏှာသမု ဒယ၏ချယ်လှယ်သည့်အတိုင်း ခံနေရတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဗြဟ္မာရုပ်လုပ်ပြီး ကရတာလဲ တဏှာပဲ (မှန်ပါ) နတ်ရုပ်လုပ်ပြီး ကရတာလဲ (တဏှာပါ ဘုရား) ငိုပွဲတွေ ဆင်ရတာကော (တဏှာပါ ဘုရား) တဏှာပဲလို့၊ ပြုံးပွဲတွေများ တစ်ခါတစ်ရံ အရမ်းပြုံးများ ပြုံးနေတာကော (တဏှာပါ ဘုရား) တဏှာပဲဆိုတော့ ၃၁ – ဘုံမှာ ကြိုးကိုင်အဖွဲ့ဟာ ဘယ်သူပါလဲမေးတော့ (တဏှာပါ ဘုရား) တဏှာသမုဒယပဲ ဆိုတာ သဘောကျပြီလား (ကျပြီ ဘုရား)။

သစ္စာလေးပါး ဖွဲ့ကြည့်တော့ ကံမပါပါလား

ဒါဖြင့် ဒကာ ဒကာမတွေ တဏှာချုပ်ရင် ဒုက္ခချုပ်တာပဲ (မှန်ပါ့ ဘုရား) ဘုရားက ဟောလိုက်တယ် (မှန်ပါ) တဏှာချုပ်ရင် (ဒုက္ခချုပ်ပါတယ် ဘုရား)၊ တဏှာချုပ်ရင် ဒုက္ခချုပ်တယ်လို့ ဟောတော့၊ သစ္စာလေးပါး ဖွဲ့ကြည့်တော့ ကံမပါပါလားလို့ မေးလိုက်ပါတယ် (မှန်ပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။

နို့ ခင်ဗျားတို့လက်ထက်ကျမှာ ဘာဖြစ်ဖြစ် ကောင်းကံ ဆိုးကံ (မှန်ပါ) တဏှာဖြုတ်ထားတယ် (မှန်ပါ)၊ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ကဲ ယခု ပဋိစ္စသမုပ္ပာဒ်နဲ့ ဆရာဘုန်းကြီး ပြလိုက်ပြန်တော့လဲ ဪ ကံက နောက်က လိုက်ပါလားဘုရား၊ တဏှာက ခေါင်းဆောင်ပါလားဆိုတာလဲ ပဋိစ္စသမုပ္ပာဒ်မှာ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်သေသေချာချာ ကြည့်လိုက်ရင်လဲ ဒကာ ဒကာမတို့ တဏှာခေါင်းဆောင်ဆိုတာ်လဲ သိသွားပြီ (မှန်ပါ) မသိဘူးလား (သိပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တဏှာမသေရင် ဒုက္ခမကုန်ဘူး (မှန်ပါ) မနေ့က ယမက သောတပန်တည်သွားတော့ အပါယ်လေးပါး ဒုက္ခတော့ဖြင့် ဒိဋ္ဌိကြောင့်ဖြစ်တာကုန်ပါရော၊ လူ့ပြည် နတ်ပြည် ခုနစ်ဘဝ ဒုက္ခတွေကျတော့ တဏှာ မသေလို့ ခံနေရတာ (မှန်ပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမယ် (တဏှာမသေလို့ ခံနေရတာပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ) လူ့ပြည် နတ်ပြည် ခု နစ်ခါထိအောင် ဒုက္ခဖြစ်ရမှာက ဘယ်သူ မသေသေးလို့ပါလိမ့် (တဏှာမသေသေးလို့ပါ ဘုရား)။

တဏှာမသေသေးလို့ဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့တဏှာ ဘယ်သူထက်တယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာ ပါပီ ဘုရား) ဘယ်သူထက်သတုံး (တဏှာထက်ပါတယ် ဘုရား)။ ဒီအထဲကျတော့ ကံတောင် မပါတော့ပါဘူး၊ ပါသေး ရဲ့လား (မပါပါဘူး ဘုရား)။

ကံအမိ ကံအဖတွေပဲ အားကိုးပြီးနေကြတော့

အဲဒါကြောင့် ဒကာ ဒကာမတွေက ကံအမိ ကံအဖတွေပဲ အားကိုးပြီးနေကြတော့ တဏှာကတော့ သဘောကျ တာပေါ့ဗျာ (မှန်ပါ) တဏှာက အင်း လုပ်တာကတော့ ငါက၊ စွဲချက်တင်လိုက်တာ ကံပေါ်မှာ စွဲချက်တင်လိုက်တယ်ဆို တော့ ငါက အနေသာချည်းပဲ (မှန်ပါ ဘုရား)။

ငါ့ကို ပြုတ်အောင်မှ မဖြုတ်ဘဲ မင်းတို့ ဒုက္ခမျိုးစုံ ဘယ်တော့မှ မလွတ်စေဘူးလု့ိ သူက ဘေးကနေပြီးတော့ တောင် ပြုံးလိမ့်ဦးမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဘာကို သတ်မှသင့်မယ်ဆိုတာဖြင့် ပေါ်လာပါပြီ (မှန်ပါ)၊ ဘာသတ်ကြမယ် (တဏှာသတ်ရ မယ်) အထက်မဂ်လိုချင်ရင် ဘာလုပ်ကြရမယ် (တဏှာသတ်ရပါမယ်) အောက်ဆုံးမဂ်လိုချင်ရင် (ဒိဋ္ဌိကို ဦးစားပေးပြီး သတ်ရပါမယ်) ဒကာကြွယ် အခုမှ ရှင်းပေးတော့တယ် (မှန်ပါ ဘုရား)

ဒကာ ဒကာမတို့ ဝိပဿနာအလုပ် ဝိပဿနာအလုပ်ဆိုပေမဲ့လဲ ဒကာကြွယ် အလိုသားပါလား (မှန်ပါ့) လိုတယ်တဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရွတ်နေရုံနဲ့လဲ မပြီးသေးဘူး၊ ဒိဋ္ဌိသတ်ရမည့် အဆင့်မှာ ဒိဋ္ဌိကိုဦးတည်ပြီး အားကြိုးမာန် တက်သတ်၊ တဏှာသတ်ရမည့် နေရာကျတော့ တဏှာကို ဦးတည်ပြီး အားကြိုးမာန်တက်သတ်မှာ အထက်မဂ်ကိုရမယ် (မှန်ပါ့) ဒိဋ္ဌိသတ်မှ အောက်ဆုံးမဂ်ကိုရမယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ယမက သောတပန်တည်ပြီးသား ဖြစ်ပါ တယ်၊ ဒိဋ္ဌိသေပြီးသား ဖြစ်ပါတယ် (မှန်ပါ)၊ အဋ္ဌမကောဆိုပြီး ယမိုက်ကျမ်းများမှာ လာပါတယ်၊ သောတာပတ္တိမဂ်က အဋ္ဌမကဖြစ်ပါတယ်၊ ပြောင်းပြန်ပြန်ယူရင် ရှစ်ခုမြောက်ပဲ (မှန်ပါ ဘုရား)။

တဏှာမသတ်ရင် အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်

သူဟာ “ဒိဋ္ဌာနုသယံ ပဇဟတိ” ဆိုပြီး ပဇဟနဝါရများမှာ သေသေချာချာ ဒိဋ္ဌာနုသယ ပယ်ကြောင်း ဟောပါတယ် (မှန်ပါ) တဏှာကို အကုန်မပယ်သေးဘူးဆိုတာလဲ ယမိုက်ကျမ်းများမှာ ရှင်းနေအောင် ပြထားပါတယ် ဘုရားက (မှန်ပါ) အဲဒါတွေ ထောက်ကြည့်တော့မှ ဪ တဏှာမသတ်ရင် အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ပါက လားဆိုတာ ပေါ်လာတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ တဏှာသတ်ချင်တော့ တဏှာဟာ ဘယ်မှာ မှီခိုနေတာဆိုတာ သိဖို့ ဒကာကြွယ် အရေးကြီးတယ် (မှန်ပါ) သူနေတဲ့နေရာ သိဦးမှကိုးဗျ (မှန်ပါ) သူ့သတ်ပါမယ်ဆိုတော့ သူ့နေရာမသိဘဲနဲ့ ကိုယ်က သတ်ချင်လို့လဲ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒါဖြင့် တဏှာ ဘယ်မှာနေသတုံးဆိုတော့ ဘုရားက တဏှာနဲ့ ကာမုပါဒါန်သည် အတူတူပဲနော် (မှန်ပါ) “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတော့ အဲဒီခန္ဓာငါးပါးမှာ တဏှာ ဥပါဒါန်က မှီနေတယ်ကွ (မှန်ပါ) အဲဒီတော့ တဏှာသည် ခန္ဓာငါးပါး မှီနေတယ် (မှန်ပါ ဘုရား)။

တဏှာဘယ်မှာမှီနေပါလိမ့်

တဏှာဘယ်မှာမှီနေပါလိမ့် (ခန္ဓာငါးပါးမှာ မှီနေပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ မှီရာရှိရင် တည်ရာရှိ လိမ့်မယ်ဆိုတာ မှတ်ထားပါ (မှန်ပါ ဘုရား)။

မှီရာရှိရင် (တည်ရာရှိတယ်လို့ မှတ်ရပါ့မယ်) ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးထဲ သူမှီနေတယ်လို့ဆိုတော့ ဓမ္မစကြာမှာ ဟောပြန်တယ်၊ သတိပဋ္ဌာန်ပါဠိတော်မှာလဲ ထို့အတူပဲ ခန္ဓာငါးပါးမှာ မှီနေတယ်ဆိုတဲ့ဥစ္စာ သေသေချာချာ ဟောပါတယ် (မှန်ပါ ဘုရား)။

ဒါကြောင့် ပဉ္စုပါဒါနက္ခန္ဓာဆိုတာ ဥပါဒါနက္ခန္ဓာငါးပါးဆိုတာ တဏှာ၊ ဥပါဒါန်တို့၏ မှီတည် အာရုံပြုနေတဲ့ တရား၊ ဒါ့ကြောင့် ခန္ဓာငါးပါးကို သူမှီနေတယ် (မှန်ပါ ဘုရား)။

ဒါဖြင့် သူ့ကို သတ်ချင်လို့ရှိရင် ဒကာ ဒကာမတို့ သူမှီရာ ခန္ဓာငါးပါးကို ကျုပ်တို့က ရှုရလိမ့်မယ် (မှန်ပါ) သူ အင်မတန်ခင်တွယ်ပြီး အင်မတန် ငြိကပ်နေတဲ့ခန္ဓာကို ဉာဏ်သွင်းပြီး သကာလ ဘုရားဟောနည်းကိုယူပြီး သကာလ ဆရာဘုန်းကြီးက ပေးရတော့မယ် (မှန်ပါ ဘုရား)

မပေးလို့ရှိရင်ဖြင့် ဒီခန္ဓာနားက သူခွါမယ်မဟုတ်ပါဘူး (မှန်ပါ) မခွါသရွေ့ကာလပတ်လုံးလဲ အထက်မဂ် အထက်ဖိုလ်တွေက်ု (မရပါဘူး) မရနိုင်ဘူးဆိုတာ ရှင်းမနေဘူးလား (ရှင်းနေပါတယ် ဘုရား)။

ဒါကြောင့် ယမကရဟန်းကို ရှင်သာရိပုတ္တရာက တဏှာသတ် အကြောင်းကို သေသေချာချာ ဟောတော့တာပဲ (မှန်ပါ ဘုရား)။

ဘယ်သူနဲ့ အတူတူနေကြပါလိမ့်

ကိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ အခု ဘယ်သူနဲ့ အတူတူနေကြပါလိမ့်မလဲလို့ ဒကာသစ် ဘယ်သူနဲ့အတူတူ နေသတုံးဆိုတော့ (ခန္ဓာငါးပါးနဲ့ အတူတူနေပါတယ် ဘုရား) မဖြေရပေဘူးလား (ဖြေရပါတယ် ဘုရား) ခန္ဓာငါးပါးနဲ့ အတူတူနေကြတယ်နော် (မှန်ပါ ဘုရား)။

ဒကာကြွယ်ဆိုတဲ့ ပညတ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ ခန္ဓာငါးပါးဆိုတဲ့ ပရမတ်တရားကြီးနဲ့ အတူတူနေကြတယ် (မှန်ပါ) ဒကာသစ်ဆိုတဲ့ပုဂ္ဂိုလ်ပညတ်နဲ့ ခန္ဓာငါးပါးဆိုတဲ့ ပရမတ်တရားကြီးနဲ့ အတူတူမနေကြဘူးလား (နေပါတယ် ဘုရား) ဪ ငယ်ပေါင်းဖြစ်နေကြတယ် (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ငယ်ပေါင်းဖြစ်ပြီး သကာလ နေကြတော့ ဒီခန္ဓာငါးပါးကြီးထဲက ထမင်းကောင်းကောင်းစားချင်ပါတယ်လို့ ဝေဒ နာက္ဓန္ဓာ တောင်းတလို့ရှိရင်လဲ ဒကာကြွယ်၊ ဒကာသစ်တို့က သူက ကောင်းကောင်းစားချင်သတဲ့၊ ကောင်းကောင်းက လေး ချက်ကြစမ်းပါ (မှန်ပါ ဘုရား)။

အံမယ် ခန္ဓာငါးပါးကြီးကိုခင်ဗျားတို့က တကယ်ကြည်ညိုပြီး သကာလ တကယ်ပူဇော်ပသနေကြတာ (မှန်ပါ) နေ့ဆွမ်း ညဆွမ်းကပ်နေကြတာဆိုရင်ကော လွဲပါ့မလား (မလွဲပါ ဘုရား)၊ နေ့ဆွမ်း ညဆွမ်း ကပ်နေကြတယ်ဆိုတာ ထင်ရှားပါတယ် (မှန်ပါ ဘုရား)။

နေ့ရေတော် ညရေတော်နဲ့ လဲပေးနေကြတယ်ဆိုရင်ကော (မလွဲပါ ဘုရား) အမြဲတမ်း သင်္ကြန်ကျ နေကြတယ်ဆို ရင်ကော (မလွဲပါ ဘုရား)၊ ဘာဖြစ်လို့တုံး၊ ရေနဲ့ပူဇော်နေရတာကိုးဗျ (မှန်ပါ)၊ ဘုရားကိုတော့ တန်ခူးလမှာ ခင်ဗျားတို့ သတိရတာပါ (မှန်ပါ ဘုရား)။

ခန္ဓာငါးပါး ပူဇော်တာပဲ

ဒီတော့ ဒကာကြွယ်ဆိုတဲ့ပုဂ္ဂိုလ်က ခန္ဓာငါးပါး ပူဇော်တာပဲ (မှန်ပါ) နေ့ရေတော် ညရေတော်နဲ့ ဆက်ကပ်နေ တာကော (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါး ပူဇော်နေရတယ် (မှန်ပါ ဘုရား)။

ဘယ်အခါကာလမဆို သင်္ကြန်ကျပြီး ရေပူဇော်ပြီးနေရတာလဲ ခန္ဓာငါးပါးပဲ (မှန်ပါ)၊ ဘုရားနဲ့တောင် ခင်ဗျားတို့ ဘယ်သူ့ကြည်ညိုသတုံး (ခန္ဓာငါးပါးကို ကြည်ညိုပါတယ် ဘုရား)။

ဪ တယ်လဲခင်ကြပါလား၊ တယ်လဲကြင်နာကြပါလားဆိုတာ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) အင်မတန်ခင်တယ်၊ အင်မတန် ကြင်နာကြတယ်ဆိုတော့ မိတ်ဆွေရင်းပေါ့ဗျာ၊ (မှန်ပါ့) ဒီအဓိပ္ပါယ် ရောက်မရောက် (ရောက်ပါတယ် ဘုရား)။

မိတ်ဆွေရင်းစစ်စစ်ဖြစ်နဲ့ ထားတယ်ဆိုတော့ မိတ်ဆွေရင်းဖြစ်တယ်၊ မဖြစ်တယ်ကြည့်ပါ၊ မေတ္တာပို့ရာ၌ “အဟံ အဝေရာ ဟောမိ” ကိုယ့်ကိုယ် ပထမဆုံး မေတ္တာပို့ရပြီး အတော်မေတ္တာရှိနေပြီ (မှန်ပါ့ ဘုရား)။

အဟံ၊ ကျွနု်ပ်သည်၊ အဝေရာ၊ ရန်မရှိသည်၊ ဟောမိ ဖြစ်ရပါလို၏။ ငါတည်းဟူသော ခန္ဓာငါးပါးကြီးဟာ ကျန်းမာပါရစေ၊ ချမ်းသာပါရစေတဲ့၊ ဘုရားကိုတော့ သတိတောင် မရဘူး (မှန်ပါ)။

ရပ်သူရွာသား ကျန်းမာပါစေလို့တောင် လက်ဦးဆုံး မပို့ဘူး၊ ကိုယ်ခန္ဓာကိုယ်တော့ လက်ဦးစွာပင် ပို့ချလိုက် တယ် (မှန်ပါ) အတော်ကြည်ညိုသကိုးဗျ၊ မကြည်ညိုဘူးလား (ကြည်ညိုပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ကလဲ ဒါလောက်ပဲ နားလည်တော့ ဪ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အရင်ပို့ချတယ် ဗျ ပြောကြတယ်၊ ဘယ့်နှယ်ကြောင့် အရင်ပို့ပါလိမ့် ခင်လွန်းလို့ပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ ဘာ့ ကြောင့်ခင်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခင်စရာမဟုတ်မှန်း မသိလို့ ခင်တာ (မှန်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ခင်ပါလိမ့်

ဘယ့်နှယ်ကြောင့် ခင်ပါလိမ့် (ခင်စရာမဟုတ်မှန်း မသိလို့ပါ ဘုရား) ခင်စရာမဟုတ်မှန်း မသိလို့နော် (မှန်ပါ) ခင်တာ ဘယ်လောက်တာရှည်များ ခင်နိုင်ကြသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သူ့ကျန်းမာမှု သူ့ချမ်းသာမှုကို ခင်ဗျားတို့ နေ့ရှိသမျှ အချိန်ရှိသမျှ မညည်းညူ မပင်ပန်းနိုင်ဘဲနဲ့ ပြုစုနေကြရတယ် (မှန်ပါ) ဘုရားကို ခင်ဗျားတို့ တစ်ဆူကိုးကွယ် ပူဇော်ထားတယ်ဆို “အနေကထိုင်” ဘယ်နှစ်ခါလဲသတုံး မေးကြည့်ပါတဲ့ (မလဲပါဘူး ဘုရား) အမေလက် ထက်က ကိုးကွယ်ထားတဲ့ ဘုရားဟာ သားသမီးကြီးပွားရင်ဖြင့် တစ်ခါတလေလဲလိမ့်မယ်၊ မကြီးပွားရင်ဖြင့် ကမ္မဿကာပဲ၊ မတတ်နိုင်ဘူး အထဲကပဲ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့မှာ နေ့တိုင်း – ညတိုင်း ခင်းခင်း ခင်းခင်းပြီး လဲနေရတာ အနေကထိုင်အတော်များများ ဘယ် လောက်လဲရတယ်ဆိုတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ (မရေတွက်နိုင်ပါဘူး) ဘယ်သူ့ထက် ကြည်ညိုနေကြသတုံး (ဘုရားထက် ကြည်ညိုသလိုကျနေပါတယ် ဘုရား) ဒကာကြွယ် ရိပ်မိပလား (မှန်ပါ)။

ဘာဖြစ်လို့ ကြည်ညိုပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သူကျန်းမာမှုဆိုပြီး မေတ္တာပို့တာကြည့်ပါ (မှန်ပါ) သူ ကျန်းမာဖို့ သိပ်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) အိမ်သားတွေများ ကြွားလုံးများ ထုတ်ပေးလိုက်သေးတယ်၊ ငါ့ခန္ဓာသာ ကျန်းမာပါစေကွာ မင်းတို့ ဘာပူစရာရှိသလဲ (မှန်ပါ) ဆိုပြီး ခန္ဓာငါးပါးကြီးများ ငါ့ကိုယ်သာ အရေးတကြီး မင်းတို့သည်ကားလို့ဆိုရင်ဖြင့် ဦးထိပ်ထားကြမယ် ဆိုလို့ရှိရင် မင်းတို့ ဘယ်ဆင်းရဲမတုံးဆိုတော့ တစ်ခါတည်း ကိုယ့်ခန္ဓာ ကိုယ်ကြီးကိုလဲ အားကိုးထားတယ်၊

သူများလဲ ပခုံးလက်ရုံးနဲ့ပဲကွ၊ ငါလဲ ပခုံး လက်ရုံးနဲ့ပဲကွဆိုပြီး ကိုယ့်ဟာကိုယ်များ အားကိုးလိုက်တာ ခန္ဓာငါးပါးကြီး (မှန်လှပါ ဘုရား)။ မကိုးဘူးလား (ကိုးပါတယ် ဘုရား) အင်မတန် ကိုးလိုက်ပါတယ်၊ ဘေးကပုဂ္ဂိုလ်တွေလဲ အားကိုးစေချင်တဲ့သဘောများ လောကွတ်များတောင် ချော်လိုက်သေး (မှန်လှပါ ဘုရား) မချော်ဘူး လား (ချော်ပါတယ် ဘုရား)။ ဒါ မင်းတို့ သွားစရာ မဟုတ်ပါဘူးကွာ၊ ငါသွားမယ် (မှန်ပါ ဘုရား)။

မင်းတို့ ပြောနေစရာ မဟုတ်ပါဘူးကွ၊ ငါပြောပါ့မယ် (မှန်ပါ) လူကြီးတစ်ယောက်ရှိပြီး သကာလ နေတာပဲ၊ မင်းတို့ပြောရင် အတိမ်းအစောင်းတွေနဲ့ (မှန်ပါ) ကိုယ့်ခန္ဓာငါးပါးကြီးများ သူတစ်ပါးအားကိုး ခိုင်းလိုက်သေးတယ် (မှန်ပါ) မလာဘူးလား (လာပါတယ် ဘုရား)။

အခင်ဆုံးဟာ

ဘယ်လောက်ခင်လို့ ဒီလောက်တောင်ပဲ ယုယနေပါလိမ့်မလဲဆိုတာတော့ ပြောဖို့တောင် မလိုတော့ပါဘူး (မလိုပါ ဘုရား)။

ဒါကြောင့် အခင်ဆုံးဟာ “အတ္တသမံ ပေမံ နတ္ထိ”လို့ ဟောတာဆိုပြီး ခင်ဗျားတို့ နောက်ဆုံး ပိတ်တော့ ဘုရားကိုတောင် အကိုးအကားများ ထုတ်လိုက်ကြသေးတယ် (မှန်ပါ)။

အတ္တသမံ၊ မိမိနှင့်တူသော။ ပေမံ၊ ချစ်တဲ့သူ မည်သည်။ နတ္တိ၊ မရှိဘူးလို့ ဘုရားဟောခဲ့တယ်ဆိုပြီး ထုတ်လိုက်ကြ သေးတယ် (မှန်ပါ) ဘုရားဟောတာ အဓိပ္ပါယ်တစ်မျိုး ခင်ဗျားတို့ယူတာ တစ်မျိုးဖြစ်နေတယ် (မှန်ပါ ဘုရား)။

နတ်သားတစ်ဦးက သတ္တဝါတို့ဟာ သားသမီးကို အခင်ဆုံးလို့ လျှောက်တော့ ဘုရားက မဟုတ်ပါဘူး၊ ကိုယ့် ကိုယ်ကိုယ် အခင်ဆုံးလို့ ဟောခြင်းဖြစ်ပါတယ် (မှန်ပါ) ဘုရားက ခန္ဓာခင်တဲ့တဏှာကို သတ်ရမယ်လို့သာ ဟောပါတယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အာဝဇ္ဇန်းတွေကလဲ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် မခင်ရင် ခွေးလားကွ၊ လူကွ ခင် ရလိမ့်မယ် (မှန်ပါ) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ခင်ဗျားတို့က အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကလဲ သင်ပြန်တာပဲ၊ သားကလေး သမီးကလေးတွ မွေးဖွားလာ တဲ့ မြေးကလေးတွေကျတော့ ဒီကလေးလေးဟာ ကိုယ့်ဟာကိုယ်မှ ခင်ရမှန်းမသိကြဘူး၊ ကြင်ရမှန်း မသိကြဘူး၊ လူ့ တိရစ္ဆာန်ကလေးတွေနဲ့၊ အမည်များပေးလိုက်သေးတယ် (မှန်ပါ)၊ သမုဒယသစ္စာဆိုတာကို ဖြတ်ရမယ်ဆိုတာ မသင်ပါဘူး (မှန်ပါ) ပွားရမယ်လို့သာ (သင်ပါတယ် ဘုရား) ဒါက ခုနက “အတ္တသမံ ပေမံ နတ္ထိ” က လာလိုက်တာကိုးဗျ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီခန္ဓာကိုယ်ခင်တဲ့တဏှာကြီးကို သတ်ရမယ်

ဘုရားကလဲ ဒီခန္ဓာကိုယ်ခင်တဲ့တဏှာကြီးကို သတ်ရမယ် မဟုတ်လားဗျာ (မှန်ပါ) ခင်ဗျားတို့ကတော့ မသတ်နဲ့၊ တဏှာဆိုတာ ပွားမှကောင်းတယ် လုပ်နေကြတာ (မှန်ပါ) မြေးကလေးတစ်ယောက် ထွန်းကားလာတယ်ဆိုရင် အင်း ရွှေတုံးရွှေခဲကလေး (မှန်ပါ)။

နောက်တစ်ယောက်ဆိုလို့ရှိရင် မြတုံးမြခဲကလေး ဖြစ်လာတယ် (မှန်ပါ့) ဒါလောက်ဖြစ်လာတယ်ဆိုကတည်းက တဏှာပွားတာကိုပင်လျှင် အလွန်ကျေနပ်ကြီး ကျေနပ်နေတယ်ဆိုတော့ ကောင်းနိုင်သေးရဲ့လား (မကောင်းနိုင်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒိဋ္ဌိနဲ့တဏှာဟာ ဘယ်ဟာက ပိုမိုကျယ်ပါလိမ့် (တဏှာက ပိုပြီးကျယ်ပါတယ် ဘုရား) တဏှာက ပိုမိုကျယ်တယ်ဆိုတာ သဘောကျပလား (ကျပါတယ်)၊ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနဲ့တဏှာ ဘယ်သူက အသတ်ခက်ပါလိမ့် (တဏှာက ခက်ပါတယ် ဘုရား) တဏှာက မဂ်ဓားကို လေးချက်ဖြတ်ယူရတယ်၊ ဒိဋ္ဌိက ဓားတစ်ချက် တည်းနဲ့ ပြတ်သွားတယ် (မှန်ပါ) သောတာပတ္တိမဂ် တစ်ချက်တည်းနဲ့ ဒိဋ္ဌိက အကုန်ပြတ်တယ် (မှန်ပါ)။

တဏှာကတော့ သောတပတ္တိမဂ် ဖြစ်ပြီးရင် သကဒါဂါမိမဂ်နဲ့ တစ်ချက်ထပ်ဖြတ်၊ ဒါတောင် ကျန်သေးတယ်၊ အနာဂါမိမဂ်နဲ့ တစ်ချက်ဖြတ်ရင်ကော (ကျန်ပါသေးတယ်) အရဟတ္တမဂ်နဲ့ နောက်ဆုံးထပ်ဖြတ်လိုက်မှပဲ (ကုန်ပါတယ် ဘုရား)၊ ဘယ်သူက ထက်တုံး (တဏှာက ထက်ပါတယ် ဘုရား) တဏှာက ထက်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ခန္ဓာငါးပါးကို သူသတ်ယောကျ်ား

အဲဒါကြောင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို သူသတ်ယောကျ်ားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ခန္ဓာငါးပါး ဘယ်လိုမှတ်ကြမယ် (သူသတ်ယောကျ်ားပါ ဘုရား) ဒါကို စောစောမှတ်ထားကြပါနော် (မှန်ပါ ဘုရား)။

ခင်ဗျားတို့ စွဲချက်တင်ရင်သာ တင်ရမယ်၊ ဆေးဆရာက ဆေးမှားလို့ သေရတယ်၊ ဆရာဝန်က ဆေးထိုးလွဲလို့ သေရတယ် စသည်နဲ့ စွဲကြတာတွေ (မှန်ပါ) ဆေးမစားဘဲနဲ့ ဆရာဝန်မပါဘဲနဲ့ သေတာတွေကျတော့ ခင်ဗျားတို့ ဘယ့်နှယ်ဆိုကြမလဲ၊ ခန္ဓာက သတ်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။ ဘယ်သူက သတ်တာတုံး (ခန္ဓာက သတ်တာပါ ဘုရား) ခန္ဓာက သတ်တာဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ သူသတ်ယောကျာ်း ငါးပါးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ကိုင်း ပထဝီ ဓာတ်ကို ပြောပါ့မယ်၊ ပထဝီဓာတ်ဆိုတာ မြေဓာတ်ကိုဆိုပါတော့ (မှန်ပါ) ခန္ဓာထဲမှာ မြေဓာတ်တွေရှိတာကိုး၊ အရိုးတွေ အသားတွေဟာ မြေဓာတ်တွေပဲ (မှန်ပါ ဘုရား)။

တစ်ခါတလေ ပထဝီဓာတ်လွန်ပြီး သကာလ မူးမိုက်ပြီး သကာလ သေတာတွေကော မရှိဘူးလား (ရှိပါတယ်) တစ်ခါတလေကျတော့ ပထဝီဓာတ်ပျက်ပြီး ဓာတ်လျှော သေတာတွေကော (ရှိပါတယ် ဘုရား) အဲဒါကျတော့ ရူပက္ခန္ဓက သတ်တာ (မှန်ပါ ဘုရား)။

ဘယ်သူသတ်တာပါလိမ့် (ရူပက္ခန္ဓာကသတ်တာပါ ဘုရား) ဒါဖြင့် ခန္ဓာငါးပါးထဲမှာ ရူပက္ခန္ဓာကလဲ သူသတ် ယောကျ်ားတစ်ယောက်ပဲ (မှန်ပါ ဘုရား)။

တစ်ခါတလေကျတော့ ဒကာ ဒကာမတွေ ကိုယ့်ဒေါနဲ့ကိုယ်များ တက်ပြီး သကာလ မပေါ်လာအောင် ဝိညာဏ် ချုပ်သွားတာတွေ မရှိဘူးလား (ရှိပါတယ်) အဲဒါ ဒေါမနဿဝေဒနာက္ခန္ဓာက သတ်လိုက်တာ (မှန်ပါ) မသတ်ဘူးလား (သတ်ပါတယ် ဘုရား)။

ဝေဒနာက သတ်လိုက်တာနဲ့

တစ်ခါတလေကျတော့ သောမနဿဝေဒနာက စားကောင်းတာ စားလိုက်တာနဲ့ပဲ တစ်ခါတည်း အစာမကျဘဲနဲ့ တေဇောက မချက်နိုင်တာနဲ့ သောမနဿဆိုတဲ့ ဝေဒနာက သတ်လိုက်တာနဲ့လဲ မသေဘူးလား (သေပါတယ် ဘုရား)။

သဘောကျပလား (ကျပါပြီ) အဲဒီတော့ ဒီဝေဒနာက္ခန္ဓာတွေဟာလဲ သူသတ်ယောကျ်ားတွေပဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ခန္ဓာငါးပါး။

သညာက္ခန္ဓာဆိုတာလဲ ဒကာ ဒကာမတွေ မစားကောင်းတဲ့အသီးကို စားကောင်းတယ်မှတ်လို့ စားလိုက်မှတ်လို့ မှားပြီးသောက်လိုက်တာကော (ရှိပါတယ် ဘုရား) သညာကြောင့် သညာသတ်ချလိုက်တာ (မှန်ပါ ဘုရား)။

စေတနာဆိုတဲ့ သင်္ခါရက္ဓန္ဓာက သတ်ချလိုက်တာလဲ ဒီလမ်းကို မသွားသွားအောင် ငှက်သင့်မည့်လမ်းကို မသွားဖြစ်၊ သွားဖြစ်အောင် စေတနာက တွန်းလိုက်တော့ ငှက်သင့်ပြီး သေတာတွေဟာ စေတနာ သတ်ချလိုက်တာ (မှန်ပါ)။

တချို့ ကိုယ့်စိတ်ကိုယ် မနိုင်တာနဲ့ ရေထဲခုန်ဆင်းတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ ဝိညာဏ က္ခန္ဓာက သတ်လိုက်တာ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္ထာန် သူသတ်ယောကျ်ား ဘယ်နှစ်ယောက်ရှိပါလိမ့် (ငါးယောက်ရှိပါတယ် ဘုရား) ဪ ခန္ဓာငါးပါး သူသတ်ယောကျ်ားငါးယောက်ကို ခင်ဗျားတို့က အနေအထိုင်လဲပေးရတာနဲ့ ရေတော်ကပ်ရတာနဲ့ နေ့ဆွမ်း ညဆွမ်းကို တစ်ခါတည်း ရက်မပျက် ပူဇော်ကြရတာတွေကလဲ တယ်လဲကြည်ညိုလွန်းပါလား (မှန်ပါ ဘုရား)။

ဘာကြောင့် ကြည်ညိုလွန်းပါလိမ့်မတုံး အမေးထုတ်တော့ သူသတ်ယောကျ်ားမှန်း မသိလို့ (မှန်ပါ) သဘောကျပ လား (ကျပါပြီ ဘုရား)။

နတ်ပြည်မှာ ဘယ်သူသတ်လို့ သေပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ နတ်ပြည်မှာ ဘယ်သူသတ်လို့ သေပါလိမ့်မလဲလို့ မေးလို့ရှိရင် ဖြေကြစမ်းပါ။ (ခန္ဓာငါးပါးသတ်လို့ပါ) ခန္ဓာငါးပါး တစ်ပါးပါး သတ်ချလိုက်တာ (မှန်ပါ)။

ဗြဟ္မာ့ပြည်မှာ ဘယ်သူသတ်လို့ ဗြဟ္မာတွေ သေကြပါလိမ့် (ခန္ဓာငါးပါး သတ်လို့ပါ ဘုရား) ဘုရားမာရ်ငါးပါး အောင်တယ်ဆိုပြီး ကိုယ်တော်ကြီး ပရိနိဗ္ဗာန်စံတာ ခင်ဗျားတို့ ကြားဖူးကြပါတယ် (မှန်ပါ) ဘယ်သူကများ သတ်ပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အင်း သူ မာရ်ငါးပါးအောင်တယ်နဲ့ အောင်ခြင်းရှစ်ပါးတွေနဲ့ ကိုယ်တော်ကြီးက ကြွားလုံးများ ထုတ်နေသေး (မှန်လှပါ ဘုရား)၊ မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား) ကိုယ်တော်ကြီးက ကြွားလုံးထုတ်တယ်၊ ငါ အောင်ခြင်းရှစ်ပါး သမားကွ၊ မင်းတို့လို မဟုတ်ဘူး၊ တော်တော်ကြာကျတော့ အင်ကြင်းပင်နှစ်ပင်ကြားမှာ စင်းစင်းကြီး ဝမ်းသွားပြီး သကာလ ပရိနိဗ္ဗာန်စံရတယ် (မှန်လှပါ ဘုရား) ဟ ဘယ်သူ သတ်လိုက်ပါလိမ့် (ခန္ဓာငါးပါးက သတ်လိုက်တာပါ ဘုရား) ကြည့်စမ်း ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးဟာ ဘုရားတောင် မခံနိုင်ဘူး (မှန်လှပါ ဘုရား) ဘုရားဆိုတဲ့ ဆိုင်းဘုတ် မာရ်ငါးပါးအောင်တဲ့ ကိုယ်တော်ကြီး သဘောကျပလား (ကျပါတယ် ဘုရား)။

အောင်ခြင်းရှစ်ပါးဆိုတဲ့ ကိုယ်တော်ကြီးမလာဘူးလား (လာပါတယ် ဘုရား) ဒီကိုယ်တော်ကြီးဟာဖြင့် သူများ ချည်း အောင်နေတာပဲ၊ သူ့တော့ဖြင့် သူ့ကိုယ်သူ နိုင်ပလားလို့ မေးလိုက်တဲ့အခါကျတော့ ငါ့ ညီတော်အာနန္ဒာရေ သူတစ်ပါးရွက်ဆောင်တာတောင် ငါ မသွားနိုင်တော့ဘူး ပြောတယ် (မှန်လှပါ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးဟာ ဘုရားတောင် မျက်နှာသာမပေးဘူး (မှန်ပါ) မာရ်ငါးပါးအောင်မြင်တော်မူတဲ့ ကိုယ် တော်ကြီး၊ အောင်ခြင်းရှစ်ပါး အောင်မြင်တော်မူတဲ့ ကိုယ်တော်ကြီးတောင်မှ ခန္ဓာငါးပါးက မျက်နှာသာမပေးဘူး (မှန်ပါ)၊ အဲဒါတွေ ထောက်ကြည့်တော့မှ ဪ ခန္ဓာငါးပါးဟာ သူသတ် ယောကျ်ားပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးများ အဘေဇ္ဇကာယတဲ့၊ အဘေဇ္ဇကာယဆိုတာ ဘယ်သူထိလို့မှ မကွဲမပျက်ဘူး ပေါ့ဗျာ (မှန်ပါ) ပထဝီဓာတ်တော်က ပျက်ပြီး ဝမ်းတော်တွေ လျှောချလိုက်တာ အတွင်းရှိတာတွေ အကုန်ပြောင်ထွက် သွားတယ် (မှန်ပါ) ဟာ တစ်ခါတည်း အကုန်ကွဲပြိုပြီး ကျလာတယ် (မှန်ပါ) မကျဘူးလား (ကျပါတယ် ဘုရား)။

ခင်တဲ့တဏှာသတ်ဖို့ လမ်းခင်းနေတာ

အဲဒါကြောင့် ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ သူသတ်ယောက်ျားအဖြစ်နဲ့ မှတ်ကြပါ (မှန်ပါ) သူ့ကို ခင်စရာရှိ သေးရဲ့လား (မရှိပါ ဘုရား) ဒါဟာ ခန္ဓာကိုယ်ကို ခင်တဲ့တဏှာသတ်ဖို့ လမ်းခင်းနေတာလို့ မှတ်ကြပါ (မှန်ပါ ဘုရား)။

ဘာလမ်းခင်းနေတာတုန်း (တဏှာသတ်ဖို့ လမ်းခင်းနေတာပါ ဘုရား) တဏှာသတ်ဖို့ လမ်းခင်းနေတာ ခင်ဗျား တို့ကလဲ ခန္ဓာငါးပါးကို ဆောင်းထည်နဲ့ နွေထည်နဲ့ မိုးထည်နဲ့ ပူဇော်နေလိုက်ကြတာလဲ လွန်းလို့၊ ပူဇော်နေတဲ့ အထဲတောင် မှ ကျုပ်က ဘယ်လောက်တန်ပူဇော်နိုင်တာ၊ ကျုပ်က နှစ်ရာတန် ပါတိတ်လုံချည် ဝတ်နိုင်တယ် အစရှိသည်နဲ့လာကြသေး တာ၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ ခင်ဗျားတို့က လာပြီး သကာလ နေတော့ တယ်ပူဇော်ရဲပါလား (မှန်ပါ) ဘယ်သူ့ကို ပူဇော်တာတုံး (ခန္ဓာငါးပါးကို ပူဇော်တာ်ပါ) ခန္ဓာငါးပါးက နဂိုက ဘာတရားတုံး (သူသတ်ယောကျ်ားပါ ဘုရား) သူသတ်ယောကျ်ား ဘယ်နှယ်ကြောင့် ပူဇော်ရဲပါလိမ့်မတုံးလို့ မေးတော့ ခင်လွန်းလို့ (မှန်ပါ)၊ ခင်တာ ဘာဖြစ်လို့ ခင်တာပါလိမ့်၊ သူသတ် ယောကျ်ားမှန်းမသိလို့ (မှန်ပါ)။

ဒါဖြင့် သူ့အပေါ်ခင်တဲ့တဏှာကို မသတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့သည် ဘယ်မှာလျှင် အထက်မဂ် အထက်ဖိုလ် ရပါ့မလဲ (မရပါ ဘုရား) ရနိုင်စရာအကြောင်း မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးခင်တဲ့ တဏှာသတ်မှုကို သူသတ်ယောကျာ်းအဖြစ်နဲ့ မသိသရွေ့ ကာလပတ်လုံး ခန္ဓာကို ဆုတောင်းနေကြတာပဲ (မှန်ပါ) နတ်ပြည်များ ဆုတောင်း ပန်း၊ ရေချမ်း၊ ဆီမီးစသည်တွေနဲ့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အကြိမ်ကြိမ်ခံစားရပါလို၏

လူပြည့် နတ်ပြည် အကြိမ်ကြိမ်ခံစားရပါလို၏ အစရှိသည့်နဲ့ ဒကာကြွယ်တို့ လုပ်ချင်လဲ မသိတုန်းကလုပ်တာပေါ့ ဗျာ (မှန်ပါ) လူ့ပြည်မှာတော့ သေရတာ အားရပြီး ခန္ဓာငါးပါးသတ်လို့ပေါ့ဗျာ (မှန်ပါ) နတ်ပြည်ကို မသာကလေးတော့ သွားပြဦးမှ တော်တော့မယ် ဒါကိုးဗျ (မှန်ပါ ဘုရား)။

နတ်ပြည် ဘာသွားပြကြမလဲ (မသာသွားပြကြမှာပါ ဘုရား) မသာဆိုတဲ့ဥစ္စာ ဘယ်နေရာမှာထားလို့ သုဘဖြစ် သတုံး၊ အသုဘလဲ မဟုတ်လား (မှန်ပါ) အဲဒါ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်များ ဆုတောင်းကြ ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ အသုဘပြရတာက ဒီတွင်ပြရတာက ရိုးသွားပြီ (မှန်ပါ) သဘောကျပလား (ကျ ပါပြီ ဘုရား)။

အသုဘပွဲကြီးကို နတ်ပြည်သွားပြီး နွှဲပါရစေဦး၊ ဗြဟ္မာ့ပြည်သွားပြီး သကာလ (နွှဲပါရစေဦး) ဟာ ဒကာကြွယ်တို့ လွန်ပြီ (မှန်ပါ) ခင်ဗျားတို့ အသုဘကို ဘယ်သူကနေပြီး သကာလ ဓာတ်တော်လုပ်ပြီး သကာလ ဘယ်သူက စေတီလုပ်ပြီး များ ကိုးကွယ်မှာတုံး (မကိုးကွယ်ပါ ဘုရား)။

ခင်ဗျားတို့သာ အထင်ကြီးနေတာပါ၊ နတ်ပြည်ရောက်ရင် ကောင်းနိုးနိုးနဲ့၊ ဗြဟ္မာ့ပြည်ရောက်လဲ ကောင်းနိုးနိုးနဲ့ ခင်ဗျားတို့ထင်ပြီး သကာလ နေတာ၊ နတ်ပြည်ကလဲ ဒီအသုဘပွဲကြီးကို ဘယ်သူကများ လိုက်ပို့သေးသတုံး (မပို့ပါ ဘုရား)။

ဗြဟ္မာ့ပြည်မှာလဲ အသုဘပွဲကြီး ကြီးကျယ်လိုက်တာလို့ ကြားဖူးရဲ့လား (မကြားပါ ဘုရား) ဒါကို ခင်ဗျားတို့က ပြချင်သေးတယ်ဆိုတော့ ပွဲကြီးမို့ ထင်နေရင် လွဲပါလိမ့်မယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုရားရှေ့မှာ လူ့ပြည်၊ နတ်ပြည် အကြိမ်ကြိမ် ခံစားလို၍ဆိုပြီး ဆုတောင်းတာဟာ ခန္ဓာကို ခင်လွန်းလို့ပေါ့ဗျာ (မှန်ပါ) သဘောကျပလား၊ (ကျပါပြီ ဘုရား) ဘယ့်နှယ်ကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ်ကြီးကို စွဲစွဲမြဲမြဲချည်း ခင်နေပါလိမ့်မလဲဆိုတော့ အိုး တဏှာ ဥပါဒါန်ဘုရား (မှန်လှပါ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) တဏှာဥပါဒါန်က အခင်ခိုင်းလို့ ခင်နေကြတာ (မှန်ပါ ဘုရား)။

ခန္ဓာငါးပါးဟာ သူသတ်ယောကျာ်းငါးယောက်ကွ

ခင်သာ ခင်ရတယ်၊ အခု သေသေချာချာ ဝေဖန်ပြီး သကာလ အထက်မဂ်၊ အထက်ဖိုလ်ရဖိုရ ဟောဖို့ကျတော့ သေသေချာချာ ဉာဏ်နဲ့ ဆရာဘုန်းကြီးက ဘုရားက ရှင်းပေးတော့ ခန္ဓာငါးပါးဟာ သူသတ်ယောကျာ်းငါးယောက်ကွ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခန္ဓာငါးပါး ဘာတဲ့ (သူသတ်ယောကျာ်းပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးသည် ဘယ်တော့အန္တရာယ် ကင်းလို့ ဘေးရှင်းမလဲ (မရှင်းပါ ဘုရား) မရှင်းဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဆင်းရဲတဲ့ပုဂ္ဂိုလ်က ချမ်းသာတဲ့ပုဂ္ဂိုလ်ကို ဪ သူတို့ကတော့ တိုက်နဲ့တာနဲ့ သွားပြန်လဲ ကားနဲ့၊ သူတို့ကတော့ အသက်ရှည်လိမ့်မယ်လို့ ထင်တယ်၊ တော်တော်ကြာ ကားပေါ်မှာပေမဲ့ ဆရာဝန်ပါလာတယ် (မှန်ပါ) ပါလာတယ် ပါလာတယ် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာဖြစ်လို့တုံးဆိုတော့ ဟို တိုက်ကြီးပေါ်မှာ ဖျားနေတယ်၊ တော်တော်ကြာ တိုက်ကြီးပေါ်မှာ အလောင်းထုတ် သွားပြီ (မှန်ပါ) ဘယ်လိုထားထား မရဘူး (မှန်ပါ)၊ တိုက်ကြီးက အပြင်ကာကွယ်ပေမဲ့ ခန္ဓာထဲက လူသတ်ယောကျ်ားက သတ်လိုက်တာ (မှန်ပါ)။

အဲဒါကြောင့် ခင်ဗျားတို့လိုပုဂ္ဂိုလ်တွေတောင် မဆိုပါနဲ့ ခဏ ခဏ ခင်ဗျားတို့က မနက်မိုးလင်း အောင်ခြင်းရှစ်ပါး ဓာတ်ပြားဖွင့်နေတဲ့ ကိုယ်တော်ကြီးပင်လျှင် ပရိနိဗ္ဗာန် စံတော်မူရသေးတယ် (မှန်ပါ)။

အောင်ခြင်းရှစ်ပါးကိုယ်တော့်ကြီးပင်လျှင် ခံနိုင်သေးရဲ့လား (မခံနိုင်ပါ ဘုရား) ခင်ဗျားတို့ကသာ မင်္ဂလာယူပြီး အောင်ခြင်းရှစ်ပါး အောင်ခြင်းရှစ်ပါးနဲ့ ကိုယ်တော်ကြီး ဘယ်သွားတုံးမေးတော့ ဘယ့်နှယ်ပြောမတုံး၊ ပရိနိဗ္ဗာန်စံတယ် ဆိုတာ အကြီးအကျယ်ပုဂ္ဂိုလ်ကြီးမို့ ယဉ်အောင်သုံးတာ၊ စင်စစ်သေတာပဲ (မှန်လှပါ ဘုရား)၊ ပရိနိဗ္ဗာန်စံတယ်ဆိုတာ စင်စစ်တော့ ခန္ဓာငါးပါး သတ်ချလိုက်လို့ သေရတာပါပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့က မသိတော့ကိုတဲ့ ခန္ဓာဆုတောင်းတော့ ဟိုမှာ သူများအောင်တဲ့ ကိုယ်တော်ကြီးပဲ သူ့ခန္ဓာမှာ မအောင်လို့ ခန္ဓာသတ်လို့ပဲ ဝမ်းလျှောတဲ့ဝေဒနာနဲ့ ပရိနိဗ္ဗာန်စံရှာတယ်ဆိုတာ လူတိုင်းအသိပဲ၊ အဲဒီတော့ ဒကာ ဒကာမတို့ ခန္ဓာဟာ ဘာတရားလို့ ခေါ်ကြမလဲ (သူသတ်ယောကျ်ားပါ) ရှင်းပလား (ရှင်းပါပြီ)။

နောက် ဘာနဲ့ပူဇော်ချင်သေးသတုံး

နောက် ဘာနဲ့ပူဇော်ချင်သေးသတုံး (ဘာနဲ့မှ မပူဇော်ချင်ပါ ဘုရား) ဟုတ်ပါ့မလား ခင်ဗျားတို့ ဆောင်းတွင်းကျ လာလို့ သူက အေးတယ်လို့များညည်းရင် မနေနိုင်ဘူး၊ ရှိတဲ့ပစ္စည်းနဲ့ ကြံဖန် ဝယ်ယူပြီးများတောင် ပူဇော်ရကြတယ် (မှန်ပါ)။

သက္ကလပ်တတ်နိုင်ရင် သက္ကလပ်၊ ကတ္တီပါတတ်နိုင်ရင် ကတ္တီပါ အစရှိသည်နဲ့ မပူဇော်ရဘူးလား (ပူဇော်ရပါ တယ် ဘုရား) တယ်လဲကြည်ညိုပါလား (ကြည်ညိုပါတယ် ဘုရား)။

ဒကာကြွယ်ရေ ဒါ သူသတ်ယောကျ်ားမှန်းမသိလို့ မဟုတ်လား (မှန်ပါ) ကိုင်း ယနေ့တော့ဖြင့် သိကြရပြီ၊ ခန္ဓာငါးပါးဟာ ဘာတရားတဲ့ (သူသတ်ယောကျာ်းပါ) သူသတ်ယောကျ်ားလို့ သိလိုက်လို့ရှိရင်ပဲ ခင်တဲ့စိတ် ဘယ့်နှယ်နေသ တုံး (ပါးသွားပါတယ် ဘုရား)။

အဲဒါကြောင့် ခန္ဓာငါးပါးကို “ဝဓကတော” လို့ ရှင်သာရိပုတ္တရာက ဟောတော်မူတယ် (မှန်ပါ) ခန္ဓာငါးပါးဟာ ဝဓကတဲ့၊ ဝဓကဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ သူသတ်ယောကျ်ားကွ (မှန်ပါ) ယမက မင်း ခန္ဓာငါးပါးကို သူသတ် ယောကျ်ားဖြစ်အောင် ရှုစမ်းပါတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးကို တစ်ပါးပါးကို ဘာရှုရမလဲ (သူသတ်ယောကျ်ားလို့ဖြစ်အောင် ရှုရပါမယ်) ဒါဖြင့် သူသတ် ယောကျ်ားဖြစ်အောင် ရှုလိုက်တဲ့အခါကျတော့ ခင်တဲ့ မင်တဲ့တရားကို အသေခိုင်းတာပဲ (မှန်ပါ)။

ဒါဖြင့် ရှင်သာရိပုတ္တရာက ယမကကို ခန္ဓာငါးပါး သူသတ်ယောကျ်ားအဖြစ်နဲ့ အရှုခိုင်းတဲ့အဖြစ်ဟာ ဒကာ ကြွယ် ရိပ်မိလောက်ပါပြီ၊ ဒိဋ္ဌိသတ်တာလား တဏှာသတ်တာလား (တဏှာသတ်တာပါ ဘုရား) နဂိုက ခင်နေတာကို မခင်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ပူဇော်လေသမျှဖြင့် ခင်ဗျားတို့ သူသတ်ယောကျ်ားကို အားပေးရာလဲ ရောက်တယ် (မှန်ပါ)။

ဒကာကြွယ် အဖိုးတန်တန်နဲ့ ပူဇော်လေလေ ဘာတုံး (အားပေးရာ ရောက်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေလဲ ညည်းရှာကြတယ်၊ ဪ သူများလိုလဲ မချမ်းသာတော့ ပူဇော်ရတာက ကိုယ်က ဂုံအိတ်နဲ့ပူဇော်နေရတယ်ဆိုတော့ မကျေနပ်ဘူး (မှန်ပါ) ချမ်းတဲ့အခါ ဂုံအိတ်နဲ့ ပူဇော်နေရတယ်ဆိုတော့ မကျေနပ်ဘူး (မှန်ပါ)။

ဘာဘူစောင် အညံ့စားတွေနဲ့ ပူဇော်နေရရင်ကော (မကျေနပ်ပါ ဘုရား) ဘာဖြစ်လို့တုံး ကြည်ညိုလွန်းလို့ (မှန်ပါ) ဘာပူဇော်တာတုံး မေးတော့မှ (ခန္ဓာငါးပါးပူဇော်ရတာပါ) ခန္ဓာငါးပါးကို ဘယ်လိုသဘောထားပြီး ကြည်ညို တာတုံး သူသတ်ယောကျ်ားမှန်း မသိလို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်လိုကြောင့် ဒီလိုကြည်ညိုနေပါလိမ့် (သူသတ်ယောကျ်ားမှန်း မသိလို့ပါ)။

ဘုရားကိုပင် ကြည့်လိုက်ကြပါတော့

ကိုင်း ဒါဖြင့် သူသတ်ယောကျ်ား ဟုတ်တယ် မဟုတ်တယ်ကို ဘုရားကိုပင် ကြည့်လိုက်ကြပါတော့တဲ့ (မှန်ပါ) ဘုရားမျာ ပထဝီဓာတ်ပျက်ပြီး ပထဝီဓာတ်က သတ်ချလိုက်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားမှာ ဘာတုံးဗျာ (ပထဝီဓာတ်ပျက်ပါတယ်) ပထဝီဓာတ် ပျက်တယ်ဆိုတော့ ဝမ်းလျှောပြီး ပရိနိဗ္ဗာန်စံ ရတယ် (မှန်ပါ)။

ရှင်သာရိပုတ္တရာလဲ သွေးအန်ပြီး ပရိနိဗ္ဗာန်စံရတယ်ဆိုတော့ တေဇောလွန်ပြီး အာပေါဓာတ်က သွန်ချလိုက်တာ ပဲ (မှန်ပါ) ရှင်မောဂ္ဂလ္လာန် ကိုယ်တော်ကြီး တန်ခိုးကြီးလိုက်တာ လွန်လို့ပါ့ပဲ၊ တန်ခိုးအရာ ဧတဒဂ်ရတယ်၊ ခန္ဓာထဲ ဖောက်ပန်ပြီး ခိုးသွားတွေရိုက်လို့ အရိုးတွေကျေတဲ့ဥစ္စာလဲ ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ကျေစရာရှိလို့ကျေတာပဲ (မှန်ပါ) ကျေစရာမရှိရင်တော့ (မကျေပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ-ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ယနေ့ ဘယ်လိုမှတ်ကြမယ် (သူသတ်ယောကျ်ားလို့ မှတ်ကြရ ပါမယ်) ဒါဖြင့် ဘယ်ဖြစ်ပျက်မြင်မြင် (သူသတ်ယောကျ်ားပါ) သူသတ်ယောကျ်ားတစ်ယောက်ပါလားလို့ ရှုရှုပေးရမယ် (မှန်ပါ) သူက ရှုပုံတစ်မျိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အထက်မဂ်ကို လိုချင်လို့ရှိရင်

အထက်မဂ်ကို လိုချင်လို့ရှိရင် “ဝဓကတော” နဲ့ ရှုရမှာ (မှန်ပါ) ဒါ ယမကကို ဟောတဲ့နေရာမှာ သေသေချာ ချာ လာပါတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဖြစ်တာကလေး မြင်လိုက်ရင်လဲ သူသတ်ယောကျ်ားပါလား သူသတ်ယောကျ်ားတစ်ယောက်ပဲ၊ ပျက်တာကလေး မြင်လိုက်လဲ (သူသတ် ယောကျ်ားတစ်ယောက်ပါ ဘုရား) ခန္ဓာတွေကိုးဗျ သူသတ်ယောကျ်ားတွေပဲ သူသတ်ယောကျ်ားတွေ ပဲဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှုရှု ရှုရှုပေးရမယ် (မှန်ပါ)၊ ရှင်သာရိပုတ္တရာက ဥပမာနဲ့ ဟောတော်မူတယ် (မှန်ပါ) ဒကာသစ်တို့ သန္တာန်မှာ ခန္ဓာငါးပါးရောက်လာတယ်၊ ရောက်လာတာကတော့ဖြင့် ခင်ဗျားတို့က ကံကောင်း အကြောင်းသင့်ပြီး မနုဿသတ္တဘာဝဒုလ္လဘ မရစဖူးအရထူးပြီး ရလာတာတော်လိုက်လေခြင်းဆိုပြီး ခင်ဗျားတို့က ဖူးဖူးမှုတ်ပြီးထားတယ် (မှန်ပါ) နိဗ္ဗာန်မရချင်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီလို ဖူးဖူးမှုတ်ပြီး ထားလိမ့်မယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ဒီခန္ဓာငါးပါးကို ရှင်သာရိပုတ္တရာက ဟောလိုက်တယ်။ ဒကာကြွယ်သန္တာန်ရောက်တဲ့ ခန္ဓာငါးပါး ဒကာသစ် သန္တာန်ရောက်လာတဲ့ ခန္ဓာငါးပါးဟာက သူပထမတော့ဖြင့်ကွာတဲ့ သတ်မလို့ ရည်ရွယ်ချက်တော့ ပါပါရဲ့တဲ့၊ ပါပင် ပါငြားသော်လဲ ဒီအတိုင်း သတ်လို့မရတာနဲ့ ခင်ဗျားအလိုရှိသလို ပြုပါမယ်၊ စုပါ့မယ်၊ ခင်ဗျားက ထဆို ထပါ့မယ်၊ ထိုင်ဆို ထိုင်ပါ့မယ်၊ အိပ်ဆိုလဲ အိပ်ပါ့မယ်၊ နေဆိုလဲ နေပါ့မယ်၊ ကြည့်ဆို ကြည့်ပါမယ်ဆိုပြီး ခင်ဗျားတို့ဆီကို သတ်မလို့ မျက်နှာချိုသွေးပြီး ဝင်လာတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သတ်မလို့ ရောက်လာတာ

ခင်ဗျားတို့ရထားတဲ့ ခန္ဓာငါးပါးဟာ ဘယ်ကလာတာတုံးလို့ မေးလို့ရှိရင်တော့ဖြင့် ဒကာ ဒကာမတို့ သတ်မလို့ ဝင်လာတာသာ မှတ်ကြပေတော့ (မှန်ပါ) ဒီခန္ဓာငါးပါးဟာ ဘာလုပ်မလို့ ခင်ဗျားတို့ သန္တာန်ရောက်လာပါလိမ့် (သတ်မလို့ ရောက်လာတာပါ ဘုရား)။

သို့သော် သတ်မလို့ရောက်လာတာကို ခင်ဗျားတို့ကလဲ လူမိုက်ဖြစ်ပြီး သကာလ နေတော့ ဪ ကိုယ့်ကိုယ်မှ ကိုယ်မယုယရင် ဘယ်သူယုယမလဲဆိုပြီး သကာလ သတ်မည့်လူကို မိတ်ဆွေအဖြစ်နဲ့ ပေါင်းသင်းနေကြတယ် (မှန်ပါ)။

ဘယ်လိုဆိုကြမလဲ (သတ်မည့်လူကို မိတ်ဆွေအဖြစ်နဲ့ ပေါင်းနေကြပါတယ်) ဒကာကြွယ် မျက်လုံးမှားပြီ (မှန်ပါ) မမှားသေးဘူးလား (မှားပါတယ် ဘုရား)။

သတ်မည့်လူကို ဘာအဖြစ်နဲ့ ပေါင်းပါလိမ့် (မိတ်ဆွေအဖြစ်နဲ့ ပေါင်းပါတယ် ဘုရား) သတ်မည့်သူကို မိတ်ဆွေ အဖြစ်နဲ့ ပေါင်းနေကတည်းက ရည်ရွယ်ချက်အထမမြောက်ခင် ခင်ဗျားတို့ဆီ အဝင်ခက်လို့ ကြည့်ပါမယ်၊ ရှုပါ့မယ်၊ လိုတာကို ကျုပ်တို့ ရွက်ဆောင်ပါမယ်ဆိုပြီး ခန္ဓာငါးပါးက ဝင်လာတာ (မှန်ပါ) ရည်ရွယ်ချက်ကတော့ အကောင်းဟုတ်ရဲ့ လား (မဟုတ်ပါ ဘုရား)။

ရည်ရွယ်ချက်ကတော့ ဒကာသစ်ဆီလာတဲ့ ခန္ဓာငါးပါးဟာ ဒကာသစ်ကို သတ်ဖို့ပဲ (မှန်ပါ) ဒကာကြွယ်ဆီ ရောက်လာတဲ့ ခန္ဓာငါးပါးကကော (ဒကာကြွယ်ကို သတ်ဖို့ပါ ဘုရား) အသီးသီးသတ်ဖို့ပဲ ပေါ့ဗျာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သတ်မည့်လူရယ်လို့ မသိတော့

အဲဒီခန္ဓာငါးပါး ခင်ဗျားတို့ဆီ ရောက်လာတော့ ခင်ဗျားတို့က ဪ သတ်မည့်လူရယ်လို့ မသိတော့ ကိုယ့်ကိုယ် ကိုယ်မခင်ရင် ဘယ်သူ့ခင်မလဲ၊ ဆောင်းထည် နွေထည် ပူဇော်ပြီ (မှန်ပါ) ဝေဒနာကြိုက်တာကို တို့က အကုန်ဝယ်ပေးဟေ့၊ မလာဘူးလား (လာပါတယ် ဘုရား)။

သညာကြိုက်တာကို ကျုပ်တို့က အကုန်ဝယ်ပေးမယ်၊ စိတ်ကြိုက်တယ်ဆိုရင် စိတ်ကြိုက်တာဟူသရွေ့ အိမ်မှာ အကုန်ပြင်ဆင်ထားမယ် (မှန်ပါ) အံမာ ခန္ဓာငါးပါးကို ခင်ဗျားတို့ အတွင်းသူ အတွင်းသားများအဖြစ် ထားပြီး သကာလ ဒကာကြွယ်ဆိုတဲ့ပုဂ္ဂိုလ် ဒကာသစ်ဆိုတဲ့ပုဂ္ဂိုလ်တွေက ပြုလိုက် စုလိုက်တာ ပုံလို့ပါကလား (မှန်ပါ ဘုရား)။

ဟိုကတော့ သိတယ်၊ အစပထမသာ ရင်းရင်းနှီးနှီး မဟုတ်သေးလို့ မသတ်ရဲဘူး၊ အခုတော့ဖြင့် အတွင်းသူ အတွင်းသားအဖြစ်နဲ့ တို့ပေါင်းပြီးလို့ ခန္ဓာငါးပါးက သိတယ် (မှန်ပါ)၊ သိလို့ရှိရင်ဖြင့် ခင်ဗျားတို့ သေမယ့်သာပြင်ပေတော့ (မှန်ပါ) သိလို့ရှိရင်တော့ ခင်ဗျားတို့ သေမယ့်သာပြင်ပေတော့ (မှန်ပါ) သိလို့ရှိရင်တော့ သေမယ့်သာ ပြင်ပေတော့ ဒကာကြွယ်ရေ (မှန်ပါ)။

ခန္ဓာငါးပါးက နဂို ခင်ဗျားတို့သန္တာန်ရောက်လာကတည်းက ဘယ်အကျိုးငှာ ရောက်လာသတုံး (သတ်မလို့ ရောက်လာတာပါ ဘုရား) သတ်မလို့ ရောက်လာတာကိုပဲ ခင်ဗျားတို့က အထင်လွဲနေကြတယ် (မှန်ပါ ဘုရား)။

သူတို့ရှိမှ တင့်တယ်တယ်၊ သူတို့ရှိပေလို့ပဲ အခု လူနဲ့တူတူ သူနဲ့မျှမျှနေကြရတယ် (မှန်ပါ) အဲဒီတော့ သူ့ကို မပြုရလျှင် ဘယ်သူပြုမတုံးဆိုတော့ ခင်ဗျားတို့ သတ်မလို့လာတဲ့သူကိုပဲ အတွင်းသူ အတွင်းသားအဖြစ်နဲ့ စားချိန်မှာ အစားနဲ့ ပူဇော်ဖို့ ဝေဒနာက္ခန္ဓာကိုပေါ့ဗျာ (မှန်ပါ ဘုရား)။

ဝတ်ချိန်မှာ အဝတ်နဲ့ ပူဇော်ဖို့ဆိုတော့ ရူပက္ခန္ဓာကို (မှန်ပါ) သဘောကျပလား (ကျပါပြီ) အမျိုးမျိုး အဖုံဖုံ ဒကာ ဒကာမတွေ ခန္ဓာငါးပါးကို ကြိုက်ရာတွေနဲ့ နေ့တိုင်းပူဇော်ပသနေကြတာဟာ ခင်ဗျားတို့ အသိက အတော်ချွတ်ယွင်း နေတယ် (မှန်ပါ ဘုရား)။

သူကမှ ရန်သူအစစ်ဆုံး

ရန်သူဆိုတာ သူကမှ ရန်သူအစစ်ဆုံး (မှန်ပါ) ဘေးက ရန်သူမျိုးငါးပါးဆိုတာ ဒကာ ဒကာမတို့ ကာကွယ်ရင် လွတ်နိုင်သေးတယ်၊ သဘောကျပလား (ကျပါပြီ) ဒီခန္ဓာငါးပါး ရန်သူမျိုးငါးပါးကတော့ သွားလေရာပါတဲ့အတွက် နေရာမရွေး သတ်နိုင်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

နေရာမရွေး သတ်နိုင်တယ်ဆိုတာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရှင်ဘုရားတွေများဗျာ ကုဋေကုဋာရှိပြီး အကုန်ခံ ကုသနေကြတယ်၊ ဒီကြားထဲမှာပဲ ရှင်ဘုရင်တွေ နန်းရင်းဝန်တွေ သဋ္ဌေးကြီးတွေ သေကြတယ် (မှန်ပါ) မသေသေးဘူးလား (သေပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ ဒါနဂိုကပါလာတဲ့ ခန္ဓာငါးပါးက သတ်လိုက်တာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးဟာ ခင်ဗျားတို့ ပူဇော်စရာ ပသစရာလား သူသတ်ယောကျ်ားအဖြစ်နဲ့ ဝေးဝေးရှောင်ရမှာလား (သူသတ်ယောကျ်ားအဖြစ်နဲ့ဝေးဝေးရှောင်ရမှာပါ ဘုရား) ဉာဏ်နဲ့ဝေးဝေး ရှောင်ရမယ် (မှန်ပါ) ဉာဏ်နဲ့ ဝေးဝေးရှောင်ရမယ် ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။

ဉာဏ်နဲ့ဝေးဝေးရှောင်ရမှာ

ခန္ဓာငါးပါးကို ဘယ်လိုရှောင်ရမလဲ (ဉာဏ်နဲ့ဝေးဝေးရှောင်ရမှာပါ ဘုရား) မင်းဟာ အနိစ္စတရား၊ မင်းဟာ ဒုက္ခတရား၊ မင်းဟာ အနတ္တတရား၊ မင်းဟာ မပိုင်တဲ့မဆိုင်တဲ့တရားဟုတ်လား (မှန်ပါ) ဒုက္ခသစ္စာတရား၊ မင်းနဲ့ အခု မပေါင်းဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီဉာဏ်လာပါမှ ခင်ဗျားတို့ သူတို့ အသတ်လွတ်မယ် (မှန်ပါ) နို့မဟုတ်လို့ရှိရင်ဖြင့် ရောက်ရာမှာ သတ်မှာပဲ၊ လူ့ပြည်၊ နတ်ပြည်၊ အကြိမ်ကြိမ် ခံစားရပါလို၏ဆိုတော့ ခန္ဓာငါးပါးက ပြုံးတယ်ပေါ့ဗျာ (မှန်ပါ) မပြုံးပေဘူးလား (ပြုံးမှာပါ ဘုရား)။

အခုမှပဲ ရောက်ရာမှာ အကြိမ်ကြိမ် သတ်ရတော့မယ်လို့ သူ့စိတ်ထဲ ခန္ဓာငါးပါးက အောက်မေ့ပေလိမ့်မယ် (မှန်ပါ) ဒကာကြွယ် ရူးလိုက်ကြတဲ့ဖြစ်ခြင်းနော် (မှန်ပါ) မရူးကြဘူးလား (ရူးပါတယ် ဘုရား)။

ခန္ဓာငါးပါးကို ဘုရားက ဘာတဲ့တုံး (သူသတ်ယောကျ်ားပါ ဘုရား) သူသတ်ယောကျ်ားတွေကို ခင်ဗျားတို့ လူ့ပြည် နတ်ပြည်မှာ ဘဝအကြိမ်ကြိမ် ခံစား၍ဆိုတော့ ဪ – သူသတ်ယောကျ်ားငါးယောက်လက်ချက်နဲ့ အကြိမ်ကြိမ် ဝိဉာဏ်ချုပ်ပြီး သေရပါလို၏ (မှန်ပါ) ဒါလောက်ထိအောင် ဆိုးဝါးတယ် (မှန်ပါ)။

ဒကာကြွယ် ဆရာကောင်း သမားကောင်း မတွေ့လို့ရှိရင် ဒါချည်းပဲ ပူဇော်နေလိမ့်မယ်နော် (မှန်ပါ) မပူဇော်ပေ ဘူးလား (ပူဇော်ပါတယ် ဘုရား)။

ကိုယ့်ခန္ဓာပူဇော်ရတဲ့ ငွေပေါင်း

အခုပဲ ခင်ဗျားတို့ ပူဇော်ခဲ့ရတာတွေ တွက်ကြည့်ပါ၊ ဘုရားကို ခင်ဗျားတို့ ပူဇော်ခဲ့ရတဲ့ငွေပေါင်း၊ ကိုယ့်ခန္ဓာပူဇော် ခဲ့ရတဲ့ ငွေပေါင်း ဘယ်သူက များမယ်ထင်သတုံး (ကိုယ့်ခန္ဓာပူဇော်ရတဲ့ ငွေပေါင်းက ပိုမိုများပါတယ် ဘုရား)။

နို့ ပူဇော်တာက ဘယ်လိုတရားကို ဘယ်လိုပုဂ္ဂိုလ်ကို ပူဇော်ရတာတုံးမေးတော့ အခုဉာဏ်နဲ့သေသေချာချာ ကြည့်လိုက်တော့ သူသတ်ယောကျ်ားကို ပူဇော်တာ (မှန်ပါ)။ ဘယ်သူ့ ပူဇော်တာတုံး (သူသတ် ယောကျ်ားကို ပူဇော်တာပါ ဘုရား)။

ဒါကိုပဲ ခင်ဗျားတို့က ရက်ကန်းဈေးက မကောင်း၊ ပိုးက မရ၊ ချည်က မရ ဖြစ်ပြီး သကာလ နေတော့ မပူဇော်ရမှာ စိုးလို့ကိုပဲ အံမာလေး အတော်စိုးရိမ်ကြောင့်ကြနေကြတယ် (မှန်ပါ)။

ဘယ့်နှယ်ဖြစ်နေကြတာတုံး (စိုးရိမ်နေကြတာပါ ဘုရား) မပူဇော်ရမှာစိုးလို့ (မှန်ပါ) မတော်လို့ ငတ်သွား ဘယ်နှယ့်လုပ်မတုံး၊ အဝတ်ချို့တဲ့တော့ ဘယ်နှယ်လုပ်မတုံး၊ ရူပက္ခန္ဓာကြီး မပူဇော်ရမှာစိုးလို့ ဟုတ်လား (မှန်ပါ ဘုရား)။ အစားချို့တဲ့ရင် ဝေဒနာက္ခန္ဓာ မပူဇော်ရတော့ဘူး (မှန်ပါ)။

ဒကာ ဒကာမတို့ သားနဲ့ သမီးနဲ့တောင်မှ အတူတူ မနေရတော့ဘူး၊ စီးပွားချို့တဲ့လို့ရှိရင် သားအမှတ် သမီးအမှတ် သညာက္ခန္ဓာမပူဇော်ရဘဲ ခွဲရမှာလိုလို (မှန်ပါ) သွားချင်တဲ့ လမ်းတောင်မှ မသွားနိုင်ဆိုတော့ သင်္ခါရက္ဓန္ဓာဆိုတဲ့ စေတနာ ကို မပူဇော်နိုင်တော့ဘူ (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်အတိုင်း ဘယ်မှ မနေရတော့ဘူးဆိုသဖြင့် ဝိညာဏက္ခန္ဓာကို မပူဇော်ရတော့ဘူး (မှန်ပါ) သဘောကျ ပလာ (ကျပါပြီ) အံမာလေး ဒကာ ဒကာမတွေ သူသတ်ယောကျ်ားကို မပူဇော်ရမှာစိုးလို့ ပျာပျာသလဲ ညည်းကြညူကြ (မှန်ပါ ဘုရား)။

ဒကာကြွယ် ဘယ့်နှယ်များ နေသတုံး၊ ရက်ကန်းဈေးက မကောင်း၊ ပိုးက မရ ချည်က ပြတ်နေတော့ ဘာဖြစ်လို့ ညည်းကြတာတုံး (မပူဇော်ရမှာစိုးလို့ပါ ဘုရား) ဘယ်သူ့ကို ပူဇော်ရမှာတုံး (ခန္ဓာငါးပါးပါ) ခန္ဓာငါးပါးက ဘာတရားတဲ့တုံး (သူသတ်ယောကျ်ားပါ ဘုရား) ဪ ခက်လိုက်တဲ့ဖြစ်ခြင်း၊ တံစိုးပေးပြီး အသေခံချင်တဲ့လူက တယ်ပေါပါကလား (မှန်ပါ ဘုရား)။

တံစိုးပေးပြီး သေချင်တဲ့လူ

ဘယ်လိုဆိုကြမယ် (တံစိုးပေးပြီး သေချင်တဲ့လူက ပေါပါတယ် ဘုရား) ဉာဏ်က မပါဘဲကိုး ဒကာသစ်ရ (မှန်ပါ) ဒကာ ဒကာမတို့ ဉာဏ်က မပါတော့ သူလဲ တံစိုးလက်ဆောင် အများကြီးပေးချင်တယ်၊ ပြီးတော့မှ သတ်ပါလို့ ခိုင်းချင်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ရူးလိုက်တာ အလိုက်တာ (မှန်ပါ) ဒီလိုရှင်သာရိပုတ္တရာဆိုတဲ့ ပညာကြီးမားတဲ့ ပုဂ္ဂိုလ်က ခင်ဗျားတို့ကို လည်လည်ပတ်ပတ် မဟောခဲ့ဘူးဆိုလို့ရှိရင် ဒီခန္ဓာငါးပါးကြီးနဲ့ဖြင့် မခွဲပါရစေနဲ့တောင် ဆုတောင်းလိုက်သေးတယ် (မှန်ပါ) ဘာ့ကြောင့်တုံးဆိုတော့ သေမင်းနဲ့ ခွဲရမှာစိုးလို့ (မှန်ပါ ဘုရား) ဖြစ်မှဖြစ်ရလေဗျာ မသိတော့ အတော်ဆိုးပါလား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးဟာ ဘာတရားတဲ့တုံး၊ ရှင်သာရိပုတ္တရာက ဒီနေ့ဟောလိုက်တာ (သူသတ်ယောကျ်ားပါ ဘုရား) ဟုတ်ကော် ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား) ဓာတ်ချုပ်သေတာလဲ ရူပက္ခန္ဓာသတ်လို့၊ ဓာတ်လျှောသေတာကော (ရူပက္ခန္ဓာသတ်လို့ပါ ဘုရား)။

အစားလွန်းလို့ သေတာကော (ဝေဒနာက္ခန္ဓာသတ်လို့ပါ) ဆေးသောက်မှားလို့ သေတာက (သညာက္ခန္ဓာကြောင့် ပါ) မသွားသင့်တဲ့လမ်းကို တိုက်တွန်းလို့ သွားမိတာက (သင်္ခါရက္ခန္ဓာကြောင့်ပါ) ကိုယ့်စိတ်ကိုယ်မနိုင်လို့သေတာက (ဝိညာဏက္ခန္ဓာသတ်လို့ပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ သူသတ်ယောက်ျား ဘယ်နှစ်ယေက်ရှိသလဲ (ငါးယောက်ရှိပါတယ် ဘုရား) ဒါ – သူသတ် ယောကျ်ားငါးယောက်၏သတ္တိ ဘယ်တော့စွန့်မတုံး (မစွန့်ပါ ဘုရား) ဘယ်တော့မှ မစွန့်ဘူး၊ ရောက်ရာမှာ သတ်မှပဲ (မှန်ပါ ဘုရား)။

ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို သတ်မယ်

ဘယ်သူ့ကို သတ်မတုံးဆိုတော့ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို သတ်မယ် (မှန်ပါ) အံမာလေး ဒကာ ဒကာမတို့ ဘယ်သူ့သတ်မှာတုံး (ဆုတောင်းထားသူပါ ဘုရား) နတ်ဖြစ်ရပါလို၏ဆိုရင် နတ်ခန္ဓာက သတ်မယ် (မှန်ပါ) ဗြဟ္မာဖြစ်ရပါ လို၏ဆိုရင်လို့ တောင်းရင် (ဗြဟ္မာခန္ဓာက သတ်ပါမယ်) လူချမ်းသာဖြစ်ပါရလို၏ဆိုရင် လူချမ်းသာခန္ဓာက သတ်မယ် (မှန်ပါ) ကျုပ်တို့တော့ လူတန်းစေ့ ဖြစ်ရင် တော်ပါပြီ ဆိုရင်ကော (လူတန်းစေ့ခန္ဓာက သတ်မှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ငရဲခန္ဓာကိုယ်ကြီးများကြည့်ကြစမ်းပါ။ ဘယ်သူက မီးထိုးပေးသတုံး (မှန်ပါ) ဘယ်သူက မီးထိုးပြီး ထတောက်နေရတာတုံး၊ ဒီ ငရဲကောင်ကြီးဟာ (ခန္ဓာကြီးက ထတောက်နေတာပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်က ထတောက်တုံး၊ ခန္ဓာထဲက ထတောက်တယ်ဆိုတော့ ခန္ဓာ ညှဉ်းဆဲနေတာ (မှန်ပါ ဘုရား)။

ကျောက်ပေါက်တယ်ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကူးတယ်ထင်တာပေါ့ဗျာ၊ ပထမဆုံးပေါက်တဲ့သူ ဘယ်ကကူးမတုံး ပြောကြပါဦး၊ ကဲ (မကူးပါ ဘုရား)၊ ဘယ်ကလာတာတုံး၊ ဒါဖြင့် (ခန္ဓာက လာပါတယ် ဘုရား)။

ကပ်ပြောမှာစိုးလို့ပါ၊ စင်စစ်တော့ ခန္ဓာရှိလို့ ပေါက်တာချည်းပါပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) ခင်ဗျားတို့က တော့ တောင်ရှောင် မြောက်ရှောင်နဲ့ဆို ထိုအရပ်မသွားနဲ့၊ ဒါမျိုးက ကူးတတ်တယ်တဲ့၊ ဟို ပထမဆုံးပေါက်တဲ့ လူကျတော့ ဘယ်ကများ ကူးပါလိမ့်မတုံး (ခန္ဓာက ပေါက်တာပါ ဘုရား)၊ ရိပ်မိပလား ဒကာကြွယ် (ရိပ်မိပါပြီ ဘုရား) ဘယ်ကကူးတုံး (ခန္ဓာက ကူးပါတယ် ဘုရား) ဒါဖြင့် ဟိုပုဂ္ဂိုလ်တွေလဲ ဘယ်ထဲက ပေါက်မှာတုံး (ခန္ဓာထဲက ပေါက်မှာပါ ဘုရား) အဲ ကူးလို့ ပေါက်တယ်လို့ ပြောချင်ပြောနေတော့ ခက်နေတာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရူးသိ အနှမ်းသိတော့ သိသေးတယ်

ဒါဖြင့် ဒီခန္ဓာရှိတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာက သတ်မှာချည်းပဲ (မှန်ပါ) ခင်ဗျားတို့ သိတန်သမျှ အရူးသိ အနှမ်းသိတော့ သိသေးတယ်ဗျ၊ ကိုယ့်သားသမီးလေး ကျောက်ပေါက်လို့ မသေဘူးဆိုရင် ဟာ ဒါဟာ အောင်ပွဲဝင်ပြီ၊ ဒီတစ်သက်မှာ ဒီဝေဒနာနဲ့တော့ မသေတော့ဘူး၊ အောင်မယ် ချီးမွမ်းများ ချီးမွမ်းလိုက်သေးတယ် (မှန်ပါ)။

ဒီအထဲက ပေါက်တာ ဒါပေါက်ပြီးမှ စိတ်အေးရတယ်ကိုး၊ အဲဒါ အရူးသိ အနှမ်းသိ ခေါ်တယ်၊ သာမန်သိမျိုးကိုး (မှန်ပါ) နဂိုကတော့ဖြင့် ခန္ဓာရှိကတည်းက ဒကာကြွယ် ဒီအထဲမှာ သူသတ်ချည်းရှိနေတယ် (မှန်ပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ခန္ဓာရှိရင် သူသတ်ရှိပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ် ကြီးကိုပဲ ထောက်ကြည့်ကြည့် သိပါတယ်၊ အင်း – ဘယ်သူသတ်တုံး ဘုရားကို (ခန္ဓာငါးပါးပါ ဘုရား) အံမယ်တစ်ပါးတည်း ထည့်လိုက်စမ်းပါဗျာ၊ ငါးပါးဝိုင်းသတ် ကိုယ်တော်ကြီး မခံနိုင်ဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)

တစ်ပါးတည်းသတ်တာပါ၊ ပထဝီဓာတ် တစ်ခုတည်းဖြတ်သတ်လိုက်၊ မင်းတို့ အသာနေစမ်းပါကွ၊ ဒီကိုယ်တော်ကြီး ဒီ လောက်ကြွားတဲ့ကိုယ်တော်ကြီး ငါတစ်ယောက်တည်း သတ်မကွဆိုပြီး ပထဝီဓာတ် ဆိုတဲ့ ရူပက္ခန္ဓာ တစ်ခုတည်းက သတ်လိုက်တာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါး ဘာတရားလို့ ခေါ်ကြမလဲ (သူသတ်ယောကျ်ားပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဒီနေ့ တရားဆုံးမှာ မဟုတ်ဘူး (မှန်ပါ) ဘာကလေးကို ကြည့်ကြည်၊ ခန္ဓာငါးပါးထဲက ဖြစ်တာကလေးတွေလဲ အင်း သူသတ်ယောကျ်ား တစ်ယောက်ပဲ၊ သူသတ်ယောကျ်ားတစ်ယောက်ပဲ၊ မင်းဆုံးသွားရင် ကောင်းတယ်ကွာ (မှန်ပါ) မင်းပေးနေတဲ့ ဒုက္ခကြီးပဲ မင်းသတ်နေတာချည်းပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝဓကတောနဲ့ရှု

အင်း-ဒါဖြင့် ဝဓကတော ဝဓကတောနဲ့ရှု၊ သူသတ်ယောကျ်ား တစ်ယောက်ပဲ၊ သူသတ်ယောကျ်ားတစ်ယောက်ပဲ သာ ရှုပေး (မှန်ပါ) ထိုကဲ့သို့ ရှုပေးလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးကို ခင်ပါဦးမလား (မခင်ပါ ဘုရား) မခင်တော့ ခင်တယ်ဆိုတာ တဏှာမဟုတ်လား (မှန်ပါ) အဲ သူ တဏှာ သေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခင်လို့ရထားတဲ့ ခန္ဓာ၊ မခင်ရင် (မရပါ ဘုရား)။

မရနိုင်တော့ ရထားတဲ့ ခန္ဓာကြီးကို ခင်လုံးကို ဖြုတ်လိုက်လို့ရှိရင် ဒီ ခန္ဓ နောက်ရပါ့မလား (မရပါ ဘုရား) အဲဒီတော့ ပညာရှိယောကျ်ား ဖြစ်သွားသောကြောင့် ခန္ဓာငါးပါးက နောက်ကို ရပါ့မလား (မရပါ ဘုရား) မရတော့ သတ်မည့်ယောကျ်ား ငါးယောက်နဲ့ ကျုပ်တို့နဲ့ တစ်ခါတည်း အိုးစားမကွဲသေးဘူးလား ကွဲပါတယ် ဘုရား)။

ဒါဖြင့် သေစရာရှိသေးလား (မရှိပါ ဘုရား)၊ ဒါဖြင့် အသေလွတ်တယ်ဆိုတာ ခန္ဓာမရှိမှ အသေလွတ်တယ် (မှန်ပါ) ခန္ဓာငါးပါး သူသတ်ယောကျ်ားကို ကျုပ်တို့က သူ့ကို မလိုချင်တော့ပါဘူးဆိုတော့ “ခန္ဓနိရောဓော နိဗ္ဗာနံ” (မှန်ပါ) ခန္ဓနိရောဓော-သူသတ်ယောကျ်ားငါးယောက်၏ သေခြင်းသည်။ နိဗ္ဗာနံ-ကျုပ်တို့၏ ချမ်းသာရေး (မှန်ပါ) သဘောကျပလား (ကျပါပြီ) ခန္ဓငါးပါး မရှိလို့ရှိရင် ကျုပ်တို့၏ ဘာတုံး (ချမ်းသာရေးပါ ဘုရား)။

သူသတ်ယောက်ျားအဖြစ်နဲ့ရှု

ဒါဖြင့် ခန္ဓာငါးပါးကို ဒကာ ဒကာမတို့ သူသတ်ယောက်ျားအဖြစ်နဲ့ရှု၊ ဖြစ်တာလဲ သူသတ်ယောကျ်ားပဲ၊ ပျက် တာလဲ သူသတ်ယောကျာ်းပဲ၊ အဲဒီကဲ့သို့ ခင်ဗျားတို့ ဖြစ်ပျက်ကို သူသတ်ယောကျ်ားအဖြစ်နဲ့ ရှုရှုပေးလို့ရှိရင်ဖြင့် တဏှာ သေပါလိမ့်မယ် (မှန်ပါ) တဏှာသေရင် အထက်မဂ်ကိုရမယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)၊ သဘောပါပလား၊ (ပါပါတယ် ဘုရား)။

သူတို့မရှိမှ ချမ်းသာမှာပဲ

ဒါဖြင့် အောက်မဂ်ကို လိုချင်ရင် ဒိဋ္ဌိကို ဦးတည်၍ သတ်ပါ၊ အထက်မဂ်လိုချင်ရင် (တဏှာဦးတည်သတ်ရပါ မယ်) တဏှာသတ်ချင်ရင် “ဝဓကတော”နဲ့ ရှုပါ (မှန်ပါ) သူသတ်ယောကျ်ားပါလား၊ သူသတ်သမားတွေပါလား၊ ဖြစ်တာ လဲ သူသတ်သမားပဲ၊ ပျက်တာကော (သူသတ်သမားပါ ဘုရား) ဒါ သူသတ်သမားတွေပဲ၊ သူတို့နဲ့မနေရရင် အေးမှာပဲ၊ သူတို့မရှိမှ ချမ်းသာမှာပဲလို့ မလာပေဘူးလား (လာပါတယ်) အဲဒီကဲ့သို့လာတော့ သူတို့အပေါ် ခင်တွယ်တဲ့တဏှာ ရှိသေးသလား (မရှိပါ ဘုရား)။

ဒါဖြင့် “ဥပါဒါနက္ခနိရောဓော နိဗ္ဗာနံ”၊ ဥပါဒါနက္ခန္ဓာ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)၊ ဥပါဒါနက္ခန္ဓာ ချုပ်သွားတော့ ဒကာ ဒကာမတို့ သူသတ်ယောကျ်ား ချုပ်ခြင်းကြောင့် ရှုတဲ့ယောဂီမှာ အန္တရာယ်ကင်းလို့ ဘေးရှင်းပါတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။