12610

မာတိကာသို့

သုညတ ဒေသနာတော်

အနာထပိဏ္ဍိကောဝါဒသုတ်(၃) တရားတော်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော

သုညတ ဒေသနာတော်

အနာထပိဏ္ဍိကောဝါဒသုတ်(၃) တရားတော်

(၃၀-၉-၆၁)

အနာထပိဏ်သူဌေးကြီးဟာ တစ်နေ့ ကျောင်းကို နှစ်ခေါက် သုံးခေါက်ရောက်တယ်၊ သူဆောက်ထားတဲ့ ဇေတဝန်ကျောင်းကို တစ်နေ့ နှစ်ခေါက်သုံးခေါက်ရောက် တယ် (မှန်ပါ့ ဘုရား)။

မနက်သွားရင် ယာဂုကလေး ဘာလေး ယူသွားလေ့ ရှိတယ် နေ့လည်သွားလို့ရှိရင် စတုမဓူ အစ ရှိသည်ယူသွား တယ်၊ ညနေ သွားလို့ ရှိရင်ပန်း၊ ဆီမီးစသည်တို့ ယူသွားလေ့ ရှိတယ်။

ကျောင်းရောက်တော့ဘုရားထံနှင့်တကွ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့ထံ ဝင်တာပဲ၊ ဝင်ပေမယ့်လဲ ဒါနကထာ သီလကထာတွေကိုသာ အများအားဖြင့် ဟောလိုက်တယ်၊ သုညတဖြစ်တဲ့ ဝိပဿနာကို မဟောကြဘူး (မှန်ပါ့ ဘုရား)။

အနာထပိဏ်သူဌေးကြီးမမာဘူး

တစ်နေ့သ၌ကျလာတဲ့အခါ ကျောင်းမသွားနိုင်တော့ ဘူး၊ဝေဒနာက သေမည့်ဝေဒနာဖြစ်တယ်၊ ဒါနဲ့ အခိုင်းအစေကို လွှတ်လိုက်တယ်။

ဘုရားဆီကို ရှိခိုးခဲ့ကွာ ဒကာကြီးတော့ ကျောင်း မလာနိုင်ဘူး၊ ရှင်သာရိပုတ္တရာဆီတော့ မင်းဝင်ခဲ့၊ အနာထပိဏ် သူဌေးကြီးက ရှစ်ခိုးလိုက်ပါတယ်၊ အိမ်ကိုလဲ ခေတ္တကြွဖို့ လျှောက်လိုက် ပါတယ် ဆိုပြီးတော့ ခိုင်းလိုက်တဲ့အခါမှာ အခိုင်း အစေကလဲ အားလုံးလျှောက်တော့ ရှင်သာရိပုတ္တရာကလဲ–

ရှင်သာရိပုတ္တရာနဲ့ရှင်အာနန္ဒာ

ကဲကွာ အာနန္ဒာ- အနာထပိဏ် သူဌေးကြီး မမာဘူးတဲ့၊ တို့ လူမမာဆီသွားကြည့်ရအောင်ဆိုပြီး သဘောတူသွားကြ , တယ်လို့ မှတ်ရမယ် (မှန်လှပါ ဘုရား)။

သဘောတူသွားကြပြီး သကာလ ဒကာကြီး ဝေဒနာ ဘယ့်နှယ်နေသတုံးမေးတော့။

ဒကာကြီးက ဝေဒနာကတော့ဘုရား- ရှေ့သာတိုးတယ်၊ နောက်မဆုတ်ပါဘူး၊ အမျိုးမျိုး ဝေဒနာဖြစ်ပုံ-ထိပ်ခေါင်းကိုက် တာကိုလည်း ထိပ်မှာစူးကလေးနဲ့ ထိုးသလို၊ ဝမ်းထဲမှာ ပူတာကလဲ အားကောင်း၍ လူနှစ်ယောက် ကိုင်ပြီးမီးဖိုပေါ်မှာ တပည့်တော်ကို ကင်သလိုပဲဘုရား၊ ဝေဒနာ ရှေ့သာ တိုးတယ် နောက်မဆုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)

ဒီတော့ ရှင်သာရိပုတ္တရာက စဉ်းစားမိပါတယ် ဘယ်လို စဉ်း စားမိသတုံးဆိုတော့ ဝေဒနာကြည့် ရတာကတော့ ဒီဝေဒနာဟာ အထမြောက်မည့် ဝေဒနာမဟုတ်ဘူး၊ အလကား စကားတွေ ပြောနေရင် အပိုပဲ၊ တရားစကားပဲ ပြောတာကောင်းတယ်၊ တရားပဲဟော တာကောင်းတယ်လို့ သူ့စိတ်ထဲမှာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)

ခန္ဓာငါးပါးဘယ်ဟာမှမစွဲနဲ့

ဒါနဲ့ ဟောလိုက်တဲ့တရားကို ဒကာကြီး ဘယ်ဟာမှ မစွဲပါနဲ့ ခန္ဓာငါးပါးဘယ်ဟာမှမစွဲပါနဲ့ (မှန်လှပါ ဘုရား)။

ဒါက ခန္ဓာငါးပါးဘယ်ဟာမှမစွဲနဲ့၊ တဏှာ မာန ဒိဋ္ဌိနဲ့ မစွဲပါနဲ့၊ စွဲလို့ ရှိရင် စွဲရာဖြစ်တဲ့ ခန္ဓာ ရလိမ့်မယ်၊ နောက်ခန္ဓာ အနာဂတ်ခန္ဓာ (မှန်လှပါ ဘုရား)။

ပစ္စုပ္ပန်ခန္ဓာကို တစ်ခုခုနဲ့ တဏှာ မာန ဒိဋ္ဌိတစ်ခုခု စွဲရင်အနာဂတ် ခန္ဓာရလိမ့်မယ်၊ (မှန်ပါ) ဆိုတော့ ဒါအနာထပိဏ် သူဌေးသေ ခါနီး ဟောတဲ့တရားလို့ ဒကာကြီးရော ဆရာဝန်ကြီးရော မှတ်ရမယ်နော် (မှန်လှပါ) သေခါနီးမှာ သိပ်အရေးကြီး လို့ပြောနေတယ်လို့ မှတ်ရမယ် (မှန်ပါ ဘုရား)။

ဘာမှမစွဲနဲ့၊ ဒီခန္ဓာလဲမစွဲနဲ့၊ ရှင်သာရိပုတ္တရာက ယုတ်စွအဆုံး ဒကာကြီး နတ်ပြည်၊ ဗြဟ္မာပြည်လဲ မစွဲနဲ့၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်လဲ မစွဲနဲ့၊ စွဲရင်အဲဒါတွေ ပြန်ဖြစ်ဦးမယ်ဆိုတော့ သိပ်ကြောက် စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ တဏှာဥပါဒါန်ကံ၊ လူ့ခန္ဓာ၊ နတ်ခန္ဓာလာမှာပဲတဲ့၊ ဒိဋ္ဌိဥပါဒါန်ကံ၊ မာနဥပါဒါန်တို့ အတူတူ ပဲတဲ့၊ အပါယ်လေးပါး ခန္ဓာတွေလာချင်လိမ့်မယ်၊ (မှန်ပါ့) မစွဲရင် မပေါ်ဘူး၊ ပစ္စုပ္ပန်ခန္ဓာကို တဏှာ မာန ဒိဋ္ဌိတခုခုနဲ့ စွဲရင် နောက်ခန္ဓာပေါ်မယ်၊ ဒါကို ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်လဲ မစွဲနဲ့လို့ ဟောတာ၊ (မှန်ပါ့) ရှင်းကြပြီနော်၊ (ရှင်းပါပြီ ဘုရား) လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကော၊ (မစွဲနဲ့) မစွဲရဘူး၊ စွဲရင် အဲဒီ သွားဖြစ်မယ် (မှန်ပါ့ ဘုရား)။

ဥပါဒါန်ရှိရင် ဥပါဒါနက္ခန္ဓာလာမှာပဲ၊ (မှန်ပါ့) ဒီမှာ ဥပါဒါန်ရှိရင် ဥပါဒါနက္ခန္ဓာလာမယ်၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာ လို့ ခေါ်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါက ဥပါဒါန် ဒါက ဥပါဒါနက္ခန္ဓာ (မှန်ပါ့) ဒါသေသေ ချာချာမှတ်ပါ၊ ဥပါဒါန်ရှိရင် ဘာလာမယ်၊ (ဥပါဒါနက္ခန္ဓာလာ ပါမယ် ဘုရား) အံမာလေး ကြောက်စရာကြီးပါလား (မှန်လှပါ ဘုရား)။

အစွဲရှိရင်ဒုက္ခဖြစ်မှာပဲ

ဒါဖြင့် ဥပါဒါန်က သမုဒယသစ္စာ ဥပါဒါနက္ခခန္ဓာက ဒုက္ခသစ္စာ၊ (မှန်ပါ့) အစွဲရှိရင် ဒုက္ခဖြစ်မှာပဲ (မှန်ပါ့ ဘုရား)။

အစွဲရှိရင် (ဒုက္ခဖြစ်မှာပါ ဘုရား) ဒုက္ခဖြစ်မယ်ဆိုတော့ ကို ဒါ အခုတရားနာတဲ့ ပုဂ္ဂိုလ်တွေက ရှင်းသွားတယ် (မှန်ပါ့) အစွဲ ရှိရင်ဖြစ်မှာပဲ။

တစ်ခါဆက်ပြောပြန်တယ်၊ ဒကာကြီး သူများက ပြောဖူးတာကလေးလည်းမစွဲနဲ့တဲ့၊ ဒီကျအောင် ဆုံးမတယ်၊ (မှန်ပါ့ ဘုရား)။

သေခါနီးမှာတရားဟောနေတာ

သူများ ဘာကောင်းတယ်၊ ညာကောင်းတယ်ဆိုတာ ကလေး ပြောသံကြားလည်း မစွဲနဲ့ ကိုယ် စားသောက်ဖူး တာကလေးလည်း မစွဲနဲ့တဲ့၊ ယုတ်စွအဆုံးဗျာ ခင်ဗျားရှိတဲ့ အဝတ် အစားတွေကစပြီး မစွဲနဲ့၊ (မှန်ပါ့) စွဲ ရင်စွဲတဲ့ ခန္ဓာရမယ် (မှန်ပါ့ ဘုရား)။

ဒါ ဒကာ ဒကာမတွေ မှတ်ဖို့ရာ သိပ်အရေးကြီးပါ တယ်တဲ့၊ အနာထပိတ်သူဌေးကြီး သေခါနီးမှာ ရှင်သာရိပုတ္တရာ လာဟောနေတာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကြားဖူးမြင်ဖူး၊ တွေ့ဖူးတာတောင်ဘာတုံး (မစွဲရပါ ဘုရား) စွဲရင် တဏှာ မာနဒိဋ္ဌိဥပါဒါန် လာလိမ့်မယ်၊ ဥပါဒါန်လာရင် ဥပါဒါနက္ခန္ဓာလာမှာပဲ၊ (လာမှာပါ ဘုရား) ဥပါဒါနက္ခန္ဓာလာမယ်၊

ဒါကြောင့် ‘‘သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ပိဒုက္ခသစ္စံ။’’ ဥပါဒါနက္ခန္ဓာဟာ ဒုက္ခသစ္စာကွတဲ့၊ (မှန်ပါ့ ဘုရား)။

ဒါကြောင့် သေခါနီး ဘယ်လောက်အရေးကြီးတယ်ဆို တာ ဆရာဝန်ကြီး မှတ်ထားပါ၊ (မှန်ပါ့) ဘာမှမစွဲကြပါနဲ့၊ သေတော့သေကြမှာချည်းပဲ ကျုပ်တို့တတွေ (မှန်ပါ့ ဘုရား)။

အနာထပိဏ်သူဌေးကြီးငိုတယ်

အဲဒီလိုပြောလိုက်တဲ့ အခါကျတော့ ခန္ဓာငါးပါးလည်း မစွဲနဲ့၊ ဟိုဘုံဘုံလည်း မစွဲနဲ့၊ မြင်ဖူးကြားဖူး တာတွေလည်း မစွဲနဲ့ဆိုတော့ ဘာမှမစွဲနဲ့လို့ ပြောတာ၊ (မှန်ပါ့) ဒီတော့ အနာထပိဏ်သူဌေးကြီးက ငိုတယ် (မှန်ပါ့ ဘုရား)။

အနာထပိဏ်သူဌေးကြီးက ငိုတော့ ရှင်အာနန္ဓာက မေးတယ် ဒကာကြီး အခုရှိတဲ့ပစ္စည်းတွေ စွန့်ပြီး သေရမှာမို့ ဒကာကြီး ငိုတာလား၊ ကုသိုလ်တွေများ ဆုတ်ယုတ်ကုန်တယ် ထင်ပြီး သကာလ ငိုတာလားဆိုတော့ အရှင်ဘုရား ဒီလို မထင်ပါနဲ့၊ တပည့်တော်က ဒါတွေကို ကိစ္စမရှိပါဘူး။

တပည့်တော်ဟာ နှစ်ပေါင်းများစွာ ဘုရား၊ ကျောင်းဒကာလည်း ဖြစ်တယ်၊ နေ့တိုင်းလည်း သံဃာငါးရာ ယာဂု ဆွမ်းကပ်တယ်၊ တစ်နေ့လည်း ကျောင်းကို နှစ်ခေါက် သုံးခေါက်ရောက်တယ်၊ ဒီမစွဲနဲ့ဆိုတဲ့ တရားကို တစ်ခါမှ မနာရဘူးတဲ့ (မှန်ပါ့ ဘုရား)။

သုညတတရားမနာဖူးလို့ငိုတာ

ဘုရားကလည်း မဟောဘူး၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလ္လာန်တို့လည်း မဟောဘူး၊ တပည့်တော် အကျွမ်းဝင် တဲ့ သံဃာဆိုတော့ ဇေတဝန်ကျောင်း တစ်တိုက်လုံးပဲ၊ တစ်ခါမှ မဟောဖူးတော့ ဒါဟာ သုညတတရား ဘယ်ဟာမှမစွဲဘဲနဲ့ ပုဂ္ဂိုလ်သတ္တဝါ အဖြစ်ကို ဘာမှ မယူနဲ့ဆိုတာ သုညတတရား အရဟတ္တဖိုလ်ရောက်မည့်တရား (မှန်ပါ့ ဘုရား)။

ဒီတရားမနာရလို့ တပည့်တော် ဝမ်းနည်းပြီး ငိုတာ ဆိုတော့ ရှင်သာရိပုတ္တရာက အဖြေထုတ် ပါတယ်၊ ဒကာကြီးတဲ့ လူတွေမှာ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ရှုပ်ပွေလိမ်ပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်မှာ ဒီသုညတတရား ဘယ်ဟာမှ မစွဲနဲ့ဆိုတာ ဟောလိုက်လို့ရှိရင် လက်ခံနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ကျုပ်တို့မဟောဘဲနေတာတဲ့ (မှန်ပါ့ ဘုရား)။

နောင်လာနောက်သားတွေအတွက်ဟောခွင့်ပြုပါ

ဒီတော့ အနာထပိဏ်သူဌေးကြီးက ပြန်လျှောက်တယ်။ အရှင်ဘုရား တပည့်တော် ဒီဝေဒနာနဲ့ သေရမှာပါပဲ၊ သို့သော် နောင်လာနောင်သားတွေအတွက် တော်တော်အရေးကြီးတယ် (မှန်ပါ့ ဘုရား)။

အရှင်ဘုရားတို့က ဒီလိုဖြစ်ပျက်ဒုက္ခသစ္စာပဲ၊ ဘာမှ မစွဲနဲ့၊ ဒါဖြစ်ပျက်ဒုက္ခသစ္စာချည်းပဲ ဘာမှမစွဲနဲ့၊ ဒီလိုဟောဖို့ အခွင့်အရေး ရှိတယ်တဲ့၊ လူပေမယ့်လည်း ဉာဏ်မျက်စိပေါ်မှာ ကိလေသာမြူ အနည်းငယ် အုပ်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်၊ များများအုပ်နေတဲ့ ပုဂ္ဂိုလ်လည်းရှိတယ် (မှန်ပါ့ ဘုရား)။

များများကြီးအုပ်နေတဲ့ပုဂ္ဂိုလ် မဟောချင်နေပါ။ အနည်းငယ် အုပ်တဲ့ ပုဂ္ဂိုလ်မှာတော့ ဒီသုညတ တရား ဖြစ်ပျက် တရားကို မနာလိုက်ရလို့ရှိရင် ကိုယ်ကျိုးနည်းတော့မယ် (မှန်ပါ့ ဘုရား)။

သုညတ တရားမှမဂ်ဉာဏ်ဆိုက်တယ်

ဒီလိုပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်တဲ့ (မှန်ပါ့ ဘုရား) ဒီတော့ ရှင်သာရိပုတ္တရာက သူပြောတာ ဟုတ်တယ် ဆိုတော့ အနာထပိဏ်သူဌေးကြီး ငိုတာ ဦးမာဒင်တို့၊ ဦးဘရှင်းတို့ က အကဲခတ် ရမယ်၊ သုညတ တရားကို မနာရလို့ (မှန်ပါ့)။

ဘုရားနဲ့တကွ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလ္လာန်တို့နဲ့ နှစ်ပေါင်းသုံးဆယ့်ငါး လေးဆယ်၊ မနည်းဘူး ဆည်းကပ ်နေခဲ့ရ တာတွေ၊ သုညတတရား မနာရဘူး၊ (မှန်ပါ့) သုညတတရားမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်တယ် (မှန်ပါ့)။

အဲဒီလို သူမှာပစ်ခဲ့လို့ ခင်ဗျားတို့နာရတယ် အောက်မေ့ ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒိပြင် သုညတမဆိုက်တဲ့ တရားဟူသရွေ့ နောက်က ဒကာဒကာမတွေ မှတ်ကြ၊ နိဗ္ဗာန် မရောက်ဘူး၊ (မှန်လှပါ ဘုရား) သုညတ မဆိုက်ရင် နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့ ဘုရား)။

သုညတဆိုတာဘာပါလိမ့်

သုညတဆိုက်မှ နိဗ္ဗာန် ရောက်မယ်၊ သုညတဆိုတာ အာပါ လိမ့်မတုံးလို့မေးတော့ လွယ်ပါတယ်၊ ဘုန်းကြီးတို့ ဒကာဒကာမ တွေမှာ ဒီခန္ဓာငါးပါး ရှိတယ်၊ ဒါတွေကို ဖြစ်မှုပျက်မှု မြင်နေလို့ရှိရင် ဒါ ငါ-ငါဥစ္စာမဟုတ်လို့ ပျက်တာပဲဆိုတာ သုညတဟာ ဝင်သွားတာပဲ၊ (မှန်ပါ့) ဒီမဂ်ဟာ သုညတမဂ် ဖြစ်သွားတယ် (မှန်ပါ့) ဒါတွေက သုညတဖြစ်သွားတယ် ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြစ်တဲ့အခါ ဘာတုံး သုညတ၊ ငါ-ငါ့ဥစ္စာ မဟုတ်ပဲ ကိုး၊ (မှန်ပါ့) ဒီဟာက သုညတမဂ်၊ အာရုံက သုညတ။

အာရမ္မဏိက,က သုညတမဂ် ဖြစ်သွားတယ် (မှန်ပါ့) ဒါမှ ဒီဥပါဒါန်ပြုတ်တယ်၊ ဒါမှ နောက်ခန္ဓာ မလာတယ် (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှတ်ပါ သော် အနာထပိဏ် သူဌေးကြီးတောင်မှ ကျောင်းဒကာလည်း ကျောင်းဒကာ၊ ကုဋေများစွာလည်း လှူပါတယ်၊ သာသနာတော်မှာ ငါးဆယ့်လေး ကုဋေလှူတယ် (မှန်ပါ့)။

ဒါလောက်ကြီးကျယ်အောင်ပဲ လုပ်ပါတယ်တဲ့၊ လုပ်ပင် လုပ်ငြားသော်လည်း သုညတတရားကို သေကာနီးမှ နာရတယ်၊ (မှန်ပါ့ ဘုရား)။

စောစောကတည်းက ဘုရားနဲ့ တွေ့တွေ့ချင်း သောတာပန် တည်တာတော့ တည်ပါတယ်၊ သုညတ ဒေသနာတော်ကို မနာခဲ့ရဘူးတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သဒ္ဓါနုဿာရီ သဒ္ဓါနဲ့ တည်သွားတယ် (မှန်ပါ့)။

သုညတ တရားငုပ်နေတာကြာပြီ

အဲဒါ့ကြောင့် ခင်ဗျားတို့ ဒီသုညတတရား ကွယ်သွား ရင် ဒုက္ခနဲ့ နေရစ်ပေတော့ဆိုတာနဲ့ အတူတူပဲ၊ (မှန်ပါ့) သုညတ မကွယ် သေးလို့ရှိရင် ခင်ဗျားတို့ တက်လမ်းရှိသေးတယ် (မှန်ပါ့ ဘုရား)။

သုညတ – တရားဟောတတ်တဲ့ ပုဂ္ဂိုလ်ကွယ်ပြီ၊ ခင်ဗျားတို့ ထောင်တတ်တဲ့ နားမရှိတော့ဘူး ဆိုရင်ဖြင့် ဪ လောက ခုဖြစ်လာတာ အချည်းအနှီးသာ မှတ်ပေတော့၊ (မှန်ပါ့) အချည်းနှီးပဲ၊ သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒီ-သုညတ ကလေး ပေါ်လာတာလဲ ခင်ဗျားတို့ တော်တော်ကြာပြီလို့ အောက်မေ့မနေနဲ့၊ ငုတ်နေတာကြာလှပြီ၊ ဒါ ဘယ်သူမှ လက်မခံနိုင်ဘူး (မှန်လှပါ ဘုရား) ဒါနတရား-သီလတရားနဲ့ အနာထပိဏ် ပြောသလိုပဲ (မှန်ပါ့)။

ဖြစ်ပျက်မြင်ရင်သုညတ

ကိုင်း ဒါဖြင့် ဒီနေ့ သုညတ တရား သဘောကျ ပလား(မှန်ပါ့)ဖြစ်ပျက်မြင်ရင် သုညတ၊ (မှန်ပါ့ ဘုရား) ဦးဘရှင်း ဘယ်နှယ့်ဆိုကြမလဲ (ဖြစ်ပျက်မြင်ရင် သုညတပါ ဘုရား)။

ဖြစ်ပျက်မြင်ရင် သုညတ၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မက ဒကာ ဒကာမတွေ ငါ-လို့လဲဆိုလို့ မရပါဘူး၊ ငါ့ဥစ္စာလို့ကော (ဆိုလို့ မရပါ ဘုရား) မရရင် သုညတပေါ့ (မှန်ပါ့) ငါ-ငါ့ဥစ္စာမှ ဆိတ်သုဉ်းတာကိုး (မှန်ပါ့ ဘုရား) ဖြစ်ပျက်ဓမ္မသည် ငါငါ့ဥစ္စာမှ ဆိတ်သုဉ်းသော သုညတလို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။

ဒါကြောင့် ဒကာကြီးတွေ နေတိုင်းအလုပ်လုပ်နေတာ ဘာလုပ်နေတာပါလိမ့်၊ သုညတကြည့်ပြီး သုညတမဂ်ပေါ် နေတာ၊ (မှန်ပါ့ ဘုရား) သုညတမဂ်ပေါ်လို့ ဥပါဒါန်ချုပ်တယ်။ ဥပါဒါန်ချုပ်လို့ နောက်ခန္ဓာ သိမ်းတယ်၊ (မှန်ပါ့) နောင် ဒုက္ခသိမ်းနေတာမှတ်ကြပါ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

သုညတ တရားဟောတော်မူရစ်ကြပါ

ဒါနဲ့ ကဲ ဒါဖြင့် ဒကာကြီးလဲ သုညတတရားတွေ နာရပြီ ဆိုပြီး သကာလ သူလည်းတို့ကို တရား တောင်းပန်သွားပြီ အရှင်ဘုရားတို့ ကိလေသာနည်းတဲ့ပုဂ္ဂိုလ်များ သုညတတရား မနာရလို့ ရှိရင်ဖြင့် ကိုယ်ကျိုးနည်း ကုန်လိမ့်မယ်ဘုရာ့၊ ဟောတော်မူရစ်ကြပါ ဆိုပြီး သကာလ ရှင်သာရိပုတ္တရာနဲ့ ရှင်အာနန္ဒာ ကြွသွားရော၊ ဇေတဝန် ပြန်မရောက်သေးဘူး စုတိစိတ်ကျတယ်၊ စုတိစိတ်ကျပြီး တုသိတာ နတ်ပြည်မှာ သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။

တုသိတာနတ်ပြည်မှာနတ်သားဖြစ်တယ်

တုသိတာနတ်ပြည်ရောက်တော့ ရွှေတုံး, ရွှေခဲနဲ့ နတ်ပြည်မှာ ဥယျာဉ်ဗိမာန် ပဒေသာပင် အလုံးစုံ အကုန်ပြည့်စုံ နေတာတွေ အကုန်ကြည့်လိုက်တော့ သူ့စိတ်ထဲမှာ သူက သောတာပန် တည်ပြီးသား ဖြစ်နေတော့ ငါးပါးအာရုံ ကာမဂုဏ်လိုက်စားတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာ ဒီဥစ္စာဖြင့် အလွန်ကောင်းတဲ့နေရာလို့ ဆိုရမှာပဲ၊

အခုတော့ဖြင့် သောတာပန်ဖြစ်ပြီး သကာလ နေတဲ့အတွက် ဒီဟာတွေနဲ့ တာရှည်နေလို့ရှိရင် လူပြည်ကပါလာတဲ့ တရားကလေးဟာ မေ့လိမ့်မယ်၊ သုညတ တရားကလေး မေ့သွားမှာစိုးတယ်။ (မှန်ပါ့) ဒါနဲ့ လူ့ပြည်ပြန်ဆင်းလာတယ် ညပဲပြန်ဆင်းလာတယ် (မှန်ပါ့)။

ဘုရားထံလာလျှောက်တယ်

ညဘက်ဆင်းလာတော့ ဘုရားဆီအရောင်, အဆင်း, အလင်းတွေနဲ့လာတယ် လာပြီး သကာလ ဘုရားလာလျှောက် တယ်။

‘‘ကမ္မံ ဝိဇ္ဇာစ ဓမ္မောစ၊ သီလံ ဇီဝိတမုတ္တမံ။

ဧတေန မစ္စာသုဇ္ဈန္တိ၊ န ဂေါတ္တေ နဓနေန ဝါ။’’

ဒါ နတ်သားရွတ်တဲ့ဂါထာ၊ (မှန်ပါ့) လောကကြီး ထဲမှာ ဘုရား-တဲ့၊ သုညတကို အာရုံပြုတဲ့ သမ္မာဒိဋ္ဌိ – သမ္မာသင်္ကပ္ပ မဂ္ဂင်ဆိုတဲ့ မဂ္ဂင်နှစ်ပါးဘုရား-တဲ့၊ သမ္မာဝါစာ, သမ္မာ ကမ္မန္တ၊ သမ္မာအာဇီဝ ဆိုတဲ့ သီလမဂ္ဂင်သုံးပါး ဘုရားတဲ့ သမ္မာဝါယာမ သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ သမာဓိမဂ္ဂင်က သုံးပါးတဲ့၊ မဂ္ဂင်ရှစ်ပါး ရှိတယ်တဲ့၊

အဲဒီမဂ္ဂင်ရှစ်ပါးဟာ ဖြစ်ပျက်မြင်တဲ့ မဂ္ဂင်ရှစ်ပါး ရှိတယ် တဲ့၊ ဖြစ်ပျက် အဆုံးမြင် တဲ့မဂ္ဂင်ရှစ်ပါး၊ သူမှပဲ ကိလေသာကို စင်ကြယ်စေပြီး သကာလ ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ကို ပို့နိုင်တယ်ဘုရားလို့ သွားလျှောက်တယ်၊ (မှန်ပါ့) ရှင်းကြပလား၊ (ရှင်းပါပြီ ဘုရား)။

မဂ္ဂင်ရှစ်ပါးသာ၊ နိဗ္ဗာန်ကိုပို့နိုင်တယ်

မဂ္ဂင်ရှစ်ပါးသာလျှင် ကိလေသာ အညစ်အကြေး ကင်းဝေးပြီး သကာလ ချမ်းသာစစ်ကို ပို့နိုင်တဲ့တရား ရှိပါတယ် လို့ ဘုရားလျှောက်တယ် (မှန်ပါ့ ဘုရား)။

‘‘ကမ္မံဝိဇ္ဇာစ(ပ) သုဇ္ဈန္တိ၊’’ သတ္တဝါတွေမှာတဲ့ ယခုမဂ္ဂင် ရှစ်ပါးပဲ စင်ကြယ်အောင် လုပ်ပေးတာ ရှိတာပဲတဲ့ ‘‘နဂေါတ္တေန ဓနေဝါ၊’’ အနွယ်တွေဖြစ်သဖြင့် ဇာတ်အကြီးစားပေမယ့် ကိလေသာ စင်ကြယ်အောင် နိဗ္ဗာန် ရောက်အောင် မဆိုင်းဘူးတဲ့၊ ဒီမဂ္ဂင်ရှစ်ပါးကို အလုပ်လုပ်မှပဲ (မှန်ပါ့ ဘုရား)။

ပေါ်ကြပလား (ပေါ်ပါပြီ) ဘာလုပ်မှတုံးတဲ့ (မဂ္ဂင်ရှစ်ပါး လုပ်ရပါမယ် ဘုရား)။

ပေါ်စေတတ်တဲ့အာရုံကိုဉာဏ်လှည့်မှရမည်

ရှစ်ပါးက ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ရှစ်ပါးက ရှုမှ ပေါ်တယ်၊ (မှန်ပါ့) မရှုရင် (မပေါ်ပါ ဘုရား) မပေါ်ဘူး ဆိုတော့ ရှစ်ပါး အလုပ်လုပ်၊ ရှစ်ပါး အလုပ်လုပ်ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ အိပ်နေလို့ ပေါ်တဲ့ အလုပ်မျိုး မဟုတ်ဘူး၊ စာဖတ်နေ လို့လည်း ပေးတဲ့အလုပ်မျိုး မဟုတ်ဘူး၊ ဦးဘရှင်း သေသေ ချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

စာဖတ်နေလို့လည်း သူ့ဝမ်းထဲမှာ မဂ္ဂင်ရှစ်ပါး မပေါ်လာဘူး၊ ဆုတောင်းနေလို့လည်း မပေါ်လာဘူး၊ (မှန်ပါ့) သူပေါ်စေတတ်တဲ့ အာရုံကို သူဉာဏ်လှည့်မှ ပေါ်တယ် (မှန်လှပါ ဘုရား)။

မျိုးနွယ်ကောင်းရုံ၊ ပစ္စည်းပေါရုံနှင့်မရ

ဒါဖြင့် ခန္ဓာ၏အနိစ္စ အချက်၊ ဒုက္ခအချက်၊ အနတ္တ အချက်တွေကို တစ်ချက်ချက်မြင်ပါမှ သူပေါ်တယ် (မှန်ပါ့) မမြင်ရင် (မပေါ်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ပေါ်ဖို့ရာသည် အနွယ်ကောင်းသဖြင့် လည်းမပေါ်နိုင်၊ ပစ္စည်းပေါသဖြင့်လဲ (မပေါ်နိုင်ပါ ဘုရား)။

စာဖတ်နေသဖြင့်လဲ (မပေါ်နိုင်ပါ ဘုရား) ကိုယ်ဟာ ကိုယ် ကြံတွေးနေသဖြင့်လဲ (မပေါ်နိုင်ပါ ဘုရား) မပေါ်နိုင် ဘူးတဲ့။

ခန္ဓာပင်ကိုသဘောကိုဉာဏ်နဲ့ကြည့်နေ

ဒါဖြင့် ဘယ့်နှယ်လုပ်ရမှာတုံးဆိုတော့ ခန္ဓောပင်ကို သဘောကို ဉာဏ်နဲ့ကြည့်နေမှပေါ်မယ် (မှန်ပါ့) သဘောကြပလား (ကျပါပြီ ဘုရား)။

ခန္ဓာ၏ပင်ကိုယ်သဘောကို (ဉာဏ်နဲ့ကြည့်နေမှ ပေါ်ပါတယ် ဘုရား) ဉာဏ်နဲ့ကြည့်နေလို့ ရှိရင်တော့ဖြင့် ခန္ဓာပင်ကို သဘောက သူ့မှာ ဥဒယဝယဆိုတဲ့ ဖြစ်မှုပျက်မှုပဲ သူပြောနေတာ (မှန်ပါ့ ဘုရား)။

အဲဒါ ဉာဏ်နဲ့ကြည့်နေလို့ရှိရင်ဖြင့် ဒိပြင်ဟာနဲ့ ကြည့်လို့ တော့ မြင်မှမမြင်ဘဲ၊ သူတို့နဲ့ကြည့်မှ မြင်တယ် (မှန်ပါ့) သီလ ကလေးဆောက်တည်၊ သမာဓိကလေးတည်ပြီး ပညာနဲ့ ကြည့်ရတယ် (မှန်ပါ့ ဘုရား)။

သီလသမာဓိ ပညာနဲ့ကြည့်ရတယ်၊ သီလချည်း သက်သက်လည်း ဟိုဟာကိုမမြင်ဘူး (မှန်ပါ့) သမာဓိချည်း သက်သက်လဲ (မမြင်ပါ ဘုရား) ပညာကမှ (မြင်ပါတယ် ဘုရား)။

ပညာက မြင်နိုင်တယ်

ပညာက မြင်နိုင်ပါတယ်၊ ဒါကြောင့် သီလချည်း သက်သက်နဲ့လည်း နိဗ္ဗာန်မရောက်နိုင်ဘူး၊ (မှန်ပါ့) သမာဓိ ချည်းသက်သက်နဲ့လဲ (နိဗ္ဗာန်မရောက်နိုင်ပါ ဘုရား)။

ဘာကြောင့်တုံး၊ အကူအညီသက်သက်ကိုး၊ ပညာကို ကူညီတဲ့တရား၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သီလသမာဓိက (ပညာကို ကူညီတဲ့ တရားပါ ဘုရား)။

အဲ မပါလည်းမပြီးဘူးပေါ့ဗျာ (မှန်ပါ့) သူတို့ချည်း လည်း မရောက်ဘူးပေါ့ (မှန်ပါ့) ဒီလို မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

မပါလည်းမပြီးဘူး၊ သူတို့ချည်းလဲ ရောက်သလား လို့မေးရင် မရောက်ဘူးလို့ မှတ်ပါနော် (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့လဲ မေးတဲ့အခါကျတော့ သီလကလည်း ရှောင်ကြဉ်ရုံမတ္တပဲ (မှန်ပါ့) သမာဓိက တည်ကြည်ရုံမတ္တပဲ၊ (မှန်ပါ့) ပညာကမှ ထိုးထွင်းသိတယ်၊ (မှန်ပါ့) မကွာဘူးလား၊ (ကွာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် သီလ သမာဓိ ပညာလို့ ဆိုငြား သော်လည်း ဒါကြောင့် ဘုရားက၊

‘‘ပညာဟိ သေဋ္ဌော လောကသ္မိံ ယာယံ နိဗ္ဗေဓဂါမိနီ၊ ယာယသ္မာ ပဇာနာတိ၊ ဇာတိဘဝ ပရိက္ခယံ။’’

ပညာသည်သာအမြတ်ဆုံး

ဒီအထဲမှာ ပညာမပို့နိုင်တယ်ကွတဲ့၊ (မှန်ပါ့) လောကေ၊ လောက၌။ ပညာဟိ- ပည ဧဝ၊ ပညာသည် သာလျှင်။ သေဋ္ဌော၊ အမြတ်ဆုံးပဲတဲ့ (မှန်ပါ့ ဘုရား)။

သာ စ၊ ထိုပညာသည်လည်း။ ယသ္မာ၊ အကြင့်ကြောင့်။ ပဇာ နာတိ၊ ဖြစ်ပျက်ကိုသိ၏တဲ့၊ (မှန်ပါ့) သီလကမသိဘူး (မှန်ပါ့) သမာဓိကလဲ (မသိပါ ဘုရား) ပညာကပဲ သိတယ် (မှန်ပါ့ ဘုရား)။

ယာယံ ပညာ၊ အကြင်ပညာသည်။ နိဗ္ဗေဓဂါမိနိ၊ ကြားထဲ ကိလေသာတွေက ဖုံးနေကြ သော်လည်း သူက ထိုး ဖောက်ပြီးဖြစ်ပျက် သွားမြင်တယ် (မှန်လှပါ ဘုရား)။

ပညာကဖောက်ပြီးမြင်တယ်

ကိလေသာ ဖုံးနေငြားသော်လဲ (ထိုးဖောက်ပြီး ဖြစ်ပျက် မြင်ပါတယ် ဘုရား) အဲ ကိလေသာက ဉာဏ်ပေါ် မှာ ဖုံးနေငြား သော်လည်း ဉာဏ်ပညာက ထိုးဖောက်ပြီး ဖြစ်ပျက်သွားမြင်တယ် (မှန်ပါ့) သဘောပါပလား (ပါ- ပါပြီ ဘုရား)။

ဒါကြောင့် ယာယံ ပညာ၊ အကြင် ပညာသည်။ နိဗ္ဗဓဂါမိနိ၊ ဖြစ်ပျက်ဆီ ရောက်အောင် ထိုးဖောက်တတ်၏။ (မှန်ပါ့) သီလက မထိုးဖောက်နိုင်ဘူး၊ သမာဓိကကော (မထိုးဖောက်နိုင်ပါ ဘုရား)။

ဖြစ်ပျက်သိအောင်တော့ မထိုးဖောက်နိုင်ဘူး၊ ဖြစ်ပျက် နား ရောက်အောင်တော့ သူပို့နိုင်တယ်၊ ဖြစ်ပျက်ကို မင်း မြင်သလားလို့မေးတော့ သူ့မှာ မြင်တတ်တဲ့သတ္တိမရှိဘူး (မှန်ပါ့ ဘုရား)။

မဂ္ဂင်ရှစ်ပါး

သူက သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိကိုး၊ ဒါ သမာဓိ)၊ သမာဓိတရားဟာ သူတို့သုံးခု ဟောတာပဲ (မှန်ပါ့ ဘုရား)။

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝက သီလမဂ္ဂင်၊ သမ္မာဝါစာဆိုတာ မိစ္ဆာဝါစာ ကြဉ်ရှောင်တာ ရှိတာပဲ၊ သမ္မာ ကမ္မန္တ ဆိုတာ မိစ္ဆာကမ္မန္တ အမှုကို မပြုဘဲနေတာပဲရှိတာပဲ (မှန်ပါ့ ဘုရား)။

သမ္မာအာဇီဝဆိုရင် ကောင်းသဖြင့် အသက်မွေးတာပဲ ရှိတာပဲ၊ ဖြစ်ပျက်ကို ထိုးဖောက်နိုင်တဲ့ သတ္တိမရှိဘူး၊ (မရှိပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူကမှ ထိုးဖောက်နိုင်သတုံး (ပညာကမှ ထိုးဖောက်နိုင်တယ် ဘုရား) ဒါကြောင့်

ပညာဟိ သေဋ္ဌော လောကသ္မိံ ။လို့ သုတ္တနိပါတ်မှာ ဟောလိုက်တယ် ဘုရားက၊ (မှန်ပါ့ ဘုရား)။

ယာယံ၊ အကြင်ပညာသည်၊ နိဗ္ဗေဓဂါမိနိ၊ အဝိဇ္ဇာသိ တဏှာသိကို ထိုးဖောက်တတ်၏။ ယသ္မာ၊ အကြင်ကြောင့်၊ ပဇာ နာတိ၊ ဖြစ်ပျက်ကိုသိ၏။ ပညာမှသိတယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဇာတိဘဝ ပရိက္ခယံ၊ ဇာတိဟူသရွေ့ ဘဝတွေ ဟူသရွေ့ အကုန်-ကုန်အောင် သူပဲ တတ်နိုင်တယ်တဲ့၊ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပညာကခေါင်းဆောင်

ဒါဖြင့် ဪ ဒီနေ့ တရားထူး သိရှိခွင့်ရပြီ၊ သီလ, သမာဓိ, ပညာဆိုငြားသော်လည်း ပညာ ခေါင်းဆောင်ပါလား၊ ဒါကို မှတ်ထားရမယ်၊ (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ပေါင်းလိုက်တော့ မဂ္ဂင်ရှစ်ပါး၊ သီလမဂ္ဂင် (၃)၊ သမာဓိ မဂ္ဂင် (၃)၊ ပညာမဂ္ဂင် (၂) (မှန်ပါ့) အားလုံး ရှစ်ပါး။

အဲဒါ အနာထပိဏ် သူဌေးကြီး ဖြစ်ခဲ့ဖူးတဲ့ နတ်သား ကလည်း ဒီရှစ်ပါးမှပဲ ကိလေသာစင်၍ နိဗ္ဗာန် မြင်တယ်လို့ သူလာလျှောက်တယ် (မှန်ပါ့ ဘုရား)။

ပညာပဲအားကိုးကြပါ

အခု သုတ္တနိပါတ်မှာ ဘုရားကိုယ်တော်တိုင် ကလည်း သူပဲကွ- ထိုးဖောက်နိုင်တာ၊ မင်းတို့ပဲ အားကိုးကြ၊ ဟောပြန် ပါတယ်ဆိုတော့ နှစ်ကျမ်း ကြည့်လိုက်ရင် ဒါလုံလောက်သွား တယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် အနာထပိဏ်သူဌေး နတ်သားက ဒီလို ဘုရားလျှောက်လိုက်တော့ အရှင်ဘုရား မဂ္ဂင်မှ ကိလေသာ စင်ပြီး နိဗ္ဗာန်မြင်ပါတယ် ဘုရား၊ ကျန်တဲ့အရွယ်ကောင်း, အမျိုးကောင်းသဖြင့် ဘာမှ မတက်နိုင်ဘူးလို့ သူလျှောက်တယ်၊ ဘုရားက ငြိမ်နေတယ် (မှန်ပါ ဘုရား)။

ဘုရားက မဟုတ်ဘူးလို့ မပြောဘူး၊ (မှန်လှပါ) နတ်သားလျှောက်တဲ့ ဥစ္စာမဟုတ်ဘူးလို့ မပြောဘူး၊ (မှန်ပါ့) ငြိမ်သက်စွာ နေတော်မူတော့ ဒါဘုရားနှစ်သက် တယ်ဆိုပြီး တုသိတာ နတ်ပြည် ပြန် သွားတယ်၊ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုရားနှစ်သက်တယ် ဆိုတာဒါပဲ၊ သူမနှစ်သက် လို့ ရှိရင် ဘုရားက ပယ်လိုက်မှာပေါ့၊ (မှန်ပါ့) ဟ မင်းလျှောက်တာ မဟုတ်သေးဘူး ဆိုပြီး ပြောမှာပေါ့ (မှန်ပါ့ ဘုရား)။

ဘုရားနှစ်သက်ပြီဆိုပြီးနတ်ပြည်ပြန်တယ်

အခုတော့ လျှောက်တာကို ငြိမ်ခံနေသဖြင့် သူ့စိတ်ထဲ ကလည်း နတ်ပြည် ပြန်ခါနီးကျတော့ ငါလျှောက်တာ ဘုရား နှစ်သက်ပြီး သဘောကျပြီဆိုပြီး ပြန်သွားတယ်၊ (မှန်ပါ ဘုရား)

ဒါ ဥပရိပဏ္ဏာသ, ပါဠိတော်မှာ လာတာလို့ မှတ်ရ မယ်နော် (မှန်ပါ ဘုရား)။

ဒါနဲ့ ပြန်သွားတော့ မနက်ကျတော့ ရှင်အာနန္ဒာကို ဘုရားက ဟောပြတော့ ဒါဖြင့် ညက အရောင်အဆင်းတွေနဲ့ လာတာ အနာထပိဏ်သူဌေးကြီးနဲ့ တူပါတယ်လို့ လျှောက်တော့ ဘုရားက အေးကွာ သူကျောင်းကိုလဲ လာပြီး ကြည်ညိုတယ်၊ ဝမ်းမြောက်တယ်လို့ ပြောသွားတယ်ကွာ ငါလည်း နေတယ်, မင်းတို့ လည်းနေတာနဲ့ ဝမ်းမြောက်တယ်နော် မဂ္ဂင်ရှစ်ပါးမှ တစ်ပါး ကိလေသာစင်ကြယ်ပြီး နိဗ္ဗာန် မြင်တဲ့ တရားမရှိလို့ လျှောက်သွားတယ်ကွာ။

ရှင်သာရိပုတ္တရာကိုလည်း သူအင်မတန် ကြည်ညို တယ်လို့ လျှောက်သွားတယ်၊ မင်း အကဲခက်တဲ့ အတိုင်း အနာထပိဏ် သူဌေးကြီးက ဖြစ်လာတဲ့နတ်သားပဲကွလို့ ဘုရားက ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

သုညတဆိုက်အောင်ဘာလုပ်ကြမတုံး

ဒါတွေလည်း လျှောက်သွားသကွာ ဆိုတာ ဒီတရားဟာ ဘာ အရေးကြီးပါသတုံးလို့ ဆို တော့ သုညတ ဆိုက်မှ – ဥပါဒါန်ချုပ်မယ်၊ (မှန်ပါ့) ဥပါဒါန်ချုပ်မှ နောက်ခန္ဓာ သိမ်းမယ်၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းသွားပါတယ် ဘုရား)။

သုညတဆိုက်မှ (ဥပါဒါန်ချုပ်ပါတယ် ဘုရား) ဥပါဒါန် ချုပ်မှ (နောက်ခန္ဓာသိမ်းပါတယ် ဘုရား)။

ဒါဖြင့် သုညတ ဆိုက်အောင် ခင်ဗျားတို့ ဘာလုပ်ကြမ တုံးလို့ မေးတဲ့အခါကျတော့ မြင်မြင် သရွေ့ ဖြစ်တာနဲ့၊ ပျက်တာ ချည့်ရှိအောင် ကြည့်ရင် သုညတ ဆိုက်တာပဲ၊ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တာချည့် မြင်အောင်ကြည့်

မြင်မြင်သရွေ့ ဖြစ်တာချည့် ပျက်တာချည့် ကြည့်နိုင်ရင် (သုညတဆိုက်ပါတယ် ဘုရား) သုညတ ဆိုက် တယ်လို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒီနေ့တော့ ဦးဘရှင်းတို့ကလည်း ပြန်မှာ ဖြစ်နေတော့ ကူးပုံကလေးပြ ပေးလိုက် မယ်နော်၊ (မှန်ပါ့ ဘုရား)။

အိမ်ပြန်မှာအကြီးဆုံးလက်ဆောင်

ဒါကလေးက သက်သက်အကြီးဆုံး လက်ဆောင်လို့ ဦးဘရှင်းတို့က မှတ်တာပေါ့။ (မှန်ပါ့) အကြီးဆုံး လက်ဆောင် ဘာဖြစ်လို့ တုံး နက်ဖြန်ပြန်ရမှာကိုး (မှန်ပါ့ ဘုရား)။

ရှင်နာဂသိန်က ရဟန္တာဆိုတာ ခင်ဗျားတို့ သိပြီ (မှန်ပါ့) မိလိန္ဒမင်းကြီးကလည်း ရဟန္တာ ဖြစ်မည့် ပုဂ္ဂိုလ်ပဲ၊ ဒီဘဝပဲ ဖြစ်မယ် (မှန်ပါ့ ဘုရား)။

မိလိန္ဒမင်းကြီးက မေးတယ်၊ အရှင်ဘုရားများကတော့ ရဟန္တာလည်းဖြစ်နေတယ်၊ ရဟန္တာ ဆိုတော့ သောတာပန်အဖြစ်က နေနိဗ္ဗာန်ကို တစ်ခါမြင်ခဲ့ (မှန်ပါ့) သကဒါဂါမ်အဖြစ် တစ်ခါမြင် အနာဂါမ် အဖြစ် တစ်ခါမြင်၊ ရဟန္တာအဖြစ် တစ်ခါမြင်တော့ နိဗ္ဗာန်ကို အဖျင်းဆုံး လေးခါမြင်ပြီးသား ဖြစ်ပါ တယ်၊ (မှန်ပါ့ ဘုရား)။

လောကကြီးမှာ ရှုနေကြတာလည်း ဥဒယဗ္ဗယလို့ ဘုရားကလည်း ပဓာနိယင်္ဂတရား ငါးပါးမှာ ဥဒယဗ္ဗယ ရှုဟေ့ ရှုဟေ့ ဖြစ်ပျက်ကိုရှုဆိုတယ်။

ဖြစ်ပျက်ကနေနိဗ္ဗာန်ကူးပုံပြောစမ်းပါ

အဲဒီတော့ ဒီအဖြစ်အပျက်တွေရှုပြီး အရှင်ဘုရား ကလည်း နိဗ္ဗာန်မြင်တယ်၊ အဲဒီတော့ ဖြစ်ပျက်က နေပြီး သကာလ နိဗ္ဗာန်ကူးပုံ ပြောစမ်းပါတဲ့၊ အရှင်ဘုရားတို့ကလည်း ရောက်တဲ့လမ်း ဖြစ်ပါတယ် နိဗ္ဗာန်ကို ဘယ်လို ကူးသွားတယ်၊ ကိုယ့်ဉာဏ်က ပေါ့လေ၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ကိုယ်ဉာဏ်က ဘုန်းကြီးက ခိုင်းတာ၊ ဆရာဝန်တို့ရော၊ ဦးဘရှင်တို့ရော ဖြစ်ပျက် မြင်အောင်ကြည့်၊ ဒါပဲ ခိုင်းတာပဲ (မှန်ပါ့ ဘုရား)။

မိလိန္ဒမင်းကြီးကမေးတာ

အဲဒီတော့ မိလိန္ဒမင်းကြီးကလည်း မေးတာပဲ၊ အရှင် ဘုရားတို့ ကတော့ နိဗ္ဗာန်မြင်ပြီးသား ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ ရှုရမှာကလည်း ဖြစ်ပျက်ပဲ ရှုရမယ်၊ အဲဒီဖြစ်ပျက်ကနေ နိဗ္ဗာန် ကူးပုံ ပြောစမ်းပါတဲ့၊ (မှန်ပါ့) မေးသင့်တယ်၊ (မေးသင့်ပါတယ် ဘုရား) မေးသင့်တယ်ဆိုတာ သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ လေးလေးစားစားလည်း မှတ်ကြပါ။ လေးလေးစားစားက ဘယ်လို မှတ်ကြမတုံး ဆိုတော့ ဪ ဖြေတဲ့ပုဂ္ဂိုလ်က ကိုယ်ရောက်တဲ့နေရာ, ကိုယ်ရောက်ဖူးတဲ့နေရာ ကိုယ်ဖြေမှာ၊ (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။

ပြောသံကြားနဲ့ဖြေမှာလား

ပြောသံကြားနဲ့ ဖြေမှာမဟုတ်ပါဘူး၊ (မှန်ပါ့) မှတ်မိ ပလား၊ (မှတ်မိပါပြီ ဘုရား)။

ပြောသံကြားနဲ့ ဖြေမလား၊ (မဟုတ်ပါ ဘုရား) ကိုယ် သွားတဲ့လမ်း ကိုယ်ဖြေမှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မေးတဲ့ပုဂ္ဂိုလ်ကလည်း သာမညပုဂ္ဂိုလ်လား၊ ဒီဘဝ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်လားဆိုတာ အကဲခတ်၊ ဒီဘဝ ရဟန္တာ ဖြစ်မည့်ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

ဒါဖြင့် အမေးသမားကလည်း အညံ့အဖျင်းမဟုတ်၊ အမေးခံမည့် ပုဂ္ဂိုလ်ကလည်း မသွားဖူး၊ မလာဖူး မကြုံဖူးသေး၊ တွေးဆပြောတဲ့ အသွားမျိုးမဟုတ်ဘူး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

သူရောက်ဖူးတဲ့လမ်းကိုပြတာ

ဒါဖြင့် သူရောက်ဖူးတဲ့လမ်း၊ သူအတိအကျပြောတာ၊ (မှန်ပါ့) ကျုပ်တို့က မျက်စိမှတ်လိုက်ရုံပဲ၊ (မှန်ပါ့) သူရောက်ဖူး တဲ့လမ်း သူအတိအကျပြတော့ သူက ဒီလမ်းပဲ သေသေချာချာ ရောက်နေတဲ့ ပုဂ္ဂိုလ်၊ ကျုပ်တို့က ဟုတ်မှ ဟုတ်ပါ့မလားလို့ ဆိုစရာမလိုဘူး (မလိုပါ ဘုရား)။

သူရောက်ဖူးတဲ့ လမ်းကလည်း သေသေချာချာ သူ ကိုယ်တိုင် ဒီလမ်းကို လေးခါလောက် ရောက်တယ် (မှန်ပါ ဘုရား)။

ဖြစ်ပျက်ကနေ နိဗ္ဗာန်ကူးသွားတာ လေးခါရောက် တယ်၊ (မှန်ပါ့) လေးခါတောင် ကူးဖူးတဲ့ ပုဂ္ဂိုလ်ဆိုတော့ – အဖျင်းဆုံး လေးခါပေါ့ ဒကာမကြီးတို့ (မှန်ပါ့ ဘုရား)။

အဲ လေးခါကူးဖူးတဲ့ ပုဂ္ဂိုလ်ဆိုတော့ဖြင့် ဦးဘရှင်း က စဉ်းစား၊ လမ်းကုန်နေပေါ့၊ လမ်းဆုံးနေပြီ (မှန်ပါ့) အဲဒီ ပုဂ္ဂိုလ်က ပြောမှာပဲဆိုတာကို မှတ်ထားရမယ်၊ (မှန်ပါ့ ဘုရား)။

ကူးခတ်ပုံကိုရှင်းပြမယ်

ကိုင်း ဒကာကြီး သေသေချာချာ နားထောင်ဆိုပြီး မိလိန္ဒမင်းကြီးကို ရှင်နာဂသိန်ကပြောတယ်၊ ခင်ဗျား သေသေ ချာချာ နားထောင်၊ ကျုပ်ကူးပြမယ်၊ (မှန်ပါ့) ကူးပုံ ခတ်ပုံကို ရှင်းပြမယ်ဆိုပြီး သကာလ ပြတယ်။

ပါဠိတော်က

‘‘တဿ တံ စိတ္တံ အပရာပရံ မနသိကကရောတော ဥပ္ပါဒံ အတက္ကမိတွာ အနုပ္ပါဒံ ဩက္ကမတိ ဧတ္တောဝတာ ခေါ မဟာရာဇ သမ္မာ ပဋိပန္နော နိဗ္ဗာနံ သစ္ဆိကရောတီတိ ဝုစ္စတိ။

ဉာဏ်ကဖြစ်ပျက်ဘက်ချည့်လှည့်နေတယ်

ဒါ မိလိန္ဒ ပဉှာပါဠိတော် ဒကာကြီး ပထမ ဖြစ်ပျက်တာ ဖြစ်တာပျက်တာ ဟောဒီ ဉာဏ်ကလေး ဟာ လှည့်နေတယ် တဲ့၊ ဖြစ်ပျက်ဘက်ချည့် လှည့်နေတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက် ဘက်လှည့်ပြီး သကာလ တစ်ခါတလေ အပျက်ဘက်ကိုလှည့်လိုက်၊ တစ်ခါတလေ ဘေးဟု ထင်လိုက် ဆိုတော့ ဉာဏ်တွေတော့ တက်သွားတာပေါ့လေ။ (မှန်ပါ့ ဘုရား)။

အမျိုးမျိုး တက်တက် -တက်တက် သွားတာပဲတဲ့၊ သို့သော်လည်း ဥပ္ပါဒံ အတိက္ကမိတွာ အနုပ္ပါဒံ ဩက္ကမတိ ဆိုတဲ့ အတိုင်း ဖြစ်ပျက်ဘက် လှည့်နေရင်း မတ္တနဲ့ ဒီဖြစ်ပျက် ခန္ဓာငါးပါးက ရှုရင်း မတ္တနဲ့က သူ့စိတ်ထဲမှာ ဉာဏ်သာ ကျန်ရစ်နေပြီး ရှေ့ပိုင်းက ပျောက်ထွက် သွားတယ်၊ ဒကာကြီး ရဲ့တဲ့၊ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရှေ့ပိုင်းက ဘာဖြစ်နေသတုံး (ပျောက်ထွက် သွားပါတယ် ဘုရား) ဒီဉာဏ်ကလေး ကတော့၊ (ကျန်နေပါ တယ် ဘုရား)၊ ဒီဉာဏ်ကလေးက ကျန်ရစ်နေတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မရှိတဲ့ဘက်၊ ဉာဏ်က ကူးသွားတယ် ဉာဏ်ကလေး ကျန်ပြီးတော့ ဒီဉာဏ်က ဘယ်ကူးသွား သတုံးလို့ မေးတော့ ဖြစ်ပျက် မရှိတဲ့ဘက် ကူးသွားတယ်လို့ ဒကာကြီးမှတ်ပါ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ) ဖြစ်ပျက် ရှိတဲ့ဘက်မှ (ဖြစ်ပျက် မရှိတဲ့ဘက် လှည့်သွားပါတယ် ဘုရား)။

ဖြစ်ပျက်က ဘာသစ္စာတုံး၊ (ဒုက္ခသစ္စာပါ ဘုရား) ဖြစ်ပျက် မရှိတာက (နိရောဓသစ္စာပါ ဘုရား) အဲဒီတော့ ကူးသွားတယ်၊ ရှုရင်းကူးသွားတာပဲ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

နိရောဓသစ္စာဘက်ကူးသွားတယ်

ဖြစ်ပျက်ရှိတဲ့ ဘက်မှ ဖြစ်ပျက် မရှိတဲ့ဘက် ကူးသွား တော့ ဒါက ကျုပ်တို့ နားလည်မှု အတွက်ပြောတာ၊ ကျုပ်တို့ သစ္စာနဲ့ ပြောကြစို့ ဆိုတဲ့ အခါကျတော့ ဒုက္ခသစ္စာဘက်မှ နိရောဓသစ္စာ ဘက်ကူးတယ် (မှန်ပါ့) ဒုက္ခသစ္စာဘက်မှ (နိရောဓသစ္စာ ဘက်ကူးပါတယ် ဘုရား) ရှုရင်း ကူးသွားတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုကူးတယ် ဆိုတော့ ဒီဉာဏ်အစဉ် ပြတ်သေးရဲ့လား၊ (မပြတ်ပါ ဘုရား) ဒီရှေ့ကသာ နှစ်ခု ခွဲသွားတာ (မှန်ပါ့) ဖြစ်ပျက်နဲ့ ဖြစ်ပျက် မရှိတာ နှစ်ခုကွဲသွားတယ် (ကွဲသွား ပါတယ် ဘုရား)။

နိဗ္ဗာန်မျက်မှောက်ပြုတယ်

ဒါကြောင့် နိဗ္ဗာန် မျက်မှောက်ပြုတယ် ဆိုတဲ့ ဥစ္စာ ဒီဘက်က ဖြစ်ပျက်ဘက်ကို မလှည့်ဘူး ဆိုတော့ ခန္ဓာကြီးတော့ ရှိတာပဲ (မှန်ပါ ဘုရား) ရှိပေမယ့် သူ့ဘက် မလှည့်ဘူး (မလှည့် ပါ ဘုရား) ဖြစ်ပျက် မရှိတဲ့ဘက်ကို သူ့ဟာသူ လှည့်တယ်၊ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှုနေတဲ့ခန္ဓာကြီးကလဲ ခင်ဗျားတို့ ဉာဏ်နဲ့ ကြည့်ရှိနေတာပဲ၊ ဖြစ်ပျက်တွေ တွေ့နေတာပဲ၊ (မှန်ပါ့) တွေ့ရာက ဒီခန္ဓာ ရှိလျက်နဲ့ ခန္ဓာဘက် မလှည့်ဘဲနဲ့ ရှာမတွေ့ဘဲနဲက ခန္ဓာချုပ်တဲ့ဘက် လှည့်သွားတယ်၊ သူဟာသူ လှည့်တယ် (မှန်ပါ့) ဟိုဘက်က ဉာဏ်ရင့်လာလို့ လှည့်လာတာ (မှန်ပါ့)။

ဒီလိုကူးရင်နိဗ္ဗာန်မျက်မှောက်ပြုတာ

တဿ၊ ထိုယောဂီပုဂ္ဂိုလ်အား တံစိတ္တံ့၊ ထိုရှုနေတဲ့ စိတ်သည်။ အဂရာအပရံ။ အထပ်ဟပ်၊ မနသိကရောတော၊ ဖြစ်ပျက်ကို နှလုံးသွင်းသော ပုဂ္ဂိုလ်အား။ ဥပ္ပါဒံ၊ ဖြစ်ပျက်ကို။ အတိက္ကမိတွာ၊ လွန်၍။ အနုပ္ပါဒံ၊ မဖြစ်တဲ့ဘက်ကို။ ဩက္ကမတိ၊ ဉာဏ်ကသက်ဝင်သွား၏။ (မှန်ပါ့) ဖြစ်ပျက်ဘက်မှ မဖြစ်တဲ့ ဘက်ကို ဖြစ်ပျက်မရှိတဲ့ဘက်ကို တစ်ခါတည်း ပြေးသွားတယ် (မှန်ပါ့ ဘုရား)။

မဟာရာဇာ၊ မင်းကြီး၊ ဧတ္တာဝတာ၊ ဤမျှဖြစ်ခြင်းသည်၊ သမ္မာပဋိပန္နော၊ ကောင်းစွာကျင့်သော ပုဂ္ဂိုလ်သည်၊ နိဗ္ဗာနံ၊ နိဗ္ဗာန် ကို၊ သစ္ဆိကရောတိ၊ မျက်မှောက်ပြုသည်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဒီလိုကူးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုကာ ဒကာကြီး ရဲ့ (မှန်ပါ့) ဆိုတော့ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

အကြီးဆုံးလက်ဆောင်ပေးလိုက်တာ

ကဲ ဒါဖြင့် အကြီးဆုံးလက်ဆောင် ပေးလိုက်တာ ပဲ။ ဒီအတိုင်းကူးအောင် လုပ်ကြ၊ ခင်ဗျားတို့ ဟင်္သာတ ပြန်သွား မည့် ပုဂ္ဂိုလ်တွေက (မှန်လှပါ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။