လူမိုက်နဲ့ လူလိမ်မာ မဂ္ဂဗြဟ္မစရိယာအကျင့်ကြောင့် ကွာခြားပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
လူမိုက်နဲ့ လူလိမ်မာ
မဂ္ဂဗြဟ္မစရိယာအကျင့်ကြောင့် ကွာခြားပုံ
နေ့အလုပ်ပေးတရားတော်
(၁၅-၉-၆၁)
ခန္ဓာငါးပါးရတဲ့ အထဲမှာ အတူတူပဲ
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရာဇဂြိုလ်ပြည့်မှာ သီတင်းသုံးနေတယ်၊ သီတင်းသုံးနေတော့ ရဟန်းတွေက တရားနာချင်ကြလို့ အနားဝိုင်းပြီးနေပါတယ်၊ ထိုကဲ့သို့ ဝိုင်းနေတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ရဟန်းတို့ လူလိမ်မာလဲကွာ အဝိဇ္ဇာ, ပစ္စယာ, သင်္ခါရာ-သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတဲ့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တာဘဲ တဲ့၊ သင်္ခါရကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဖြစ်တာဘဲ (မှန်ပါ့)။
လူလိမ်မာလဲ နောက်ဘဝက အဝိဇ္ဇာ, သင်္ခါရကြောင့် ဒီဘဝခန္ဓာငါးပါးဖြစ်တယ်၊ ဒါလူလိမ်မာနော် (မှန်ပါ့) လူမိုက်မှာလဲကွာတဲ့ အဝိဇ္ဇာ, သင်္ခါရကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ဖြစ်တာဘဲတဲ့၊ ခန္ဓာငါးပါးရတဲ့ အထဲမှာ အတူတူပဲ ကွတဲ့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီဘက်က လူလိမ်မာ၊ ဒီဘက်က လူမိုက် (မှန်ပါ့) လူလိမ်မာမှာလဲ အဝိဇ္ဇာ, သင်္ခါရကြောင့် သစ္စာလေးပါး မသိတဲ့အဝိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ ကုသိုလ်နဲ့ တောင်းချင်သလိုတောင်းတဲ့ တဏှာကြောင့် ခန္ဓာငါးပါးဖြစ်တယ်ကွ တဲ့ (မှန်ပါ့ ဘုရား) လူမိုက်မှာလဲ အတူတူပဲကွတဲ့ သစ္စာလေးပါ မသိဘူး ပြုချင်သလိုပြုတဲ့ ကုသိုလ်ကြောင့် တောင်းချင် သလိုတောင်းတဲ့ တဏှာကြောင့် ခန္ဓာငါးပါးရတာကွတဲ့ (မှန်ပါ့) လာပုံက အတူတူပဲကွတဲ့ (မှန်ပါ့ ဘုရား)။
အဲဒီတော့ လူမိုက်နဲ့, လူလိမ်မာ မင်းတို့ဘယ်လိုများထူးသတုန်းတဲ့၊ ရဟန်းတွေကိုမေးလိုက်တယ် (မှန်ပါ့ ဘုရား)။
မေးလိုက်တဲ့အခါကျတော့ အရှင်ဘုရားတဲ့ ဒီအမေးမျိုး ကဿပမြတ်စွာဘုရား လက်ထက်ကတည်းက ဒီပဋိစ္စသမုပါဒ်တရားတော်ကြီးဟာ ကွယ်သွားပြီ၊ ပရိနိဗ္ဗာန်စံတော့ ကွယ်သွားပြီ (မှန်ပါ့ ဘုရား)။
ကွယ်လွန်သွားပြီးသည့်နောက် မည်သူတဦးတယောက်မျှ လူမိုက်နဲ့ လူလိမ်မာ ဒီလိုလာပြီး ဒီလိုထူးတယ် ဆိုတဲ့ဥစ္စာ မဟောဘူး၊ မပြောပါဘူးတဲ့၊ အဲဒီတော့ တပည့်တော်များမှာ သာသနာကွယ်ပြီး အခုသာသနာ နောက်ထပ်တွေ့ ရတော့ အခုမှလည်း လက်စဖြစ်ပြီး လူမိုက်နဲ့ လူလိမ်မာထူးပုံကို အရှင်ဘုရားကမေးတော့ ကွဲလာတာလဲကြာ အဆက်ကလဲပြတ်၊ အရှင်ဘုရားဟောမှ အရှင်ဘုရားပြောမှဘဲ တပည့်တော်များမှာ သိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ ဒါ့ကြောင့် အရှင်ဘုရားဘဲ ဟောတော်မူပါလို့ ဘုရားကိုဘဲ လျောက်ကြတယ် (မှန်ပါ့ ဘုရား)။
ဘယ်သူ့လျောက်သတုန်း (ဘုရားလျောက်ပါတယ် ဘုရား)။
လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်း
ခင်ဗျားတို့လဲ အခုမေးလို့ရှိရင် ဒီအတိုင်းလူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းကွ၊ လူလိမ်မာလဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာကြောင့် ခန္ဓာငါးပါးရတာဘဲ (မှန်ပါ့) ဝိညာဏ်, နာမ်ရုပ်သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးရတာဘဲ၊ လူမိုက်လဲ မသိမှုအဝိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ သင်္ခါရတွေကြောင့် ခန္ဓာငါးပါးကတော့ အခုရနေကြပြီကွ၊ သဘောပါပြီ လား (ပါ-ပါပြီ ဘုရား)။
ကဲ ဒီအထဲမှာ ခင်ဗျားတို့ကလဲ ခန္ဓာငါးပါးနဲ့ နေကြတယ်-(မှန်ပါ့) ဟိုတံငါတွေကလဲ (ခန္ဓာငါးပါးနဲ့ နေပါတယ်) လာပုံအတူတူဘဲကွ (မှန်ပါ့ ဘုရား)။
ဘာထူးသတုန်းကွ လူမိုက်လဲ ခန္ဓာငါးပါး လူလိမ်မာလဲခန္ဓာငါးပါးဘဲ၊ ဘယ်သူကများ ခြောက်ပါးဖြစ်သေးသ တုန်း (မဖြစ်ပါ ဘုရား) မဖြစ်ဘူးဆိုတာ သေချာပါတယ်နော် (မှန်ပါ့ ဘုရား)။
အဲဒီတော့ကွာ တဲ့၊ ငါရှင်းပြပါ့မယ်တဲ့၊ လူလိမ်မာကတော့ နောက်ခန္ဓာမရဘူး (မှန်ပါ့) နောက်ခန္ဓာဇာတိ, ဇရာ, မရဏမရဘူးတဲ့ (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ့ ဘုရား)။
ဒါ လူလိမ်မာအတွက်က ဇာတိ, ဇရာ, မရဏဆိုတာ ဒါက ပစ္စုန်ပ္ပန်ခန္ဓာ၊ ဒါကအနာဂတ်ခန္ဓာ (မှန်ပါ့) လူလိမ်မာကတော့ကွာ-တဲ့ အနာဂတ်ခန္ဓာမရဘူးတဲ့ လူမိုက်ကတော့ကွာ အနာဂတ်ခန္ဓာရမယ်တဲ့ (မှန်ပါ့ ဘုရား)။
လူလိမ်မာက ဒီသုံးခုမရဘူး
ဒါဖြင့် လူမိုက်က ဒီခန္ဓာရတယ်၊ လူလိမ်မာက ဒီသုံးခုမရဘူး၊ ဇာတိ, ဇရာ, မရဏမရဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လူလိမ်မာကတော့ နောက်ခန္ဓာ (မရပါ ဘုရား) လူမိုက်ကတော့ (ရပါမယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ စဉ်းစားသာ ကြည့်ကြပေတော့ ဪ လူမိုက်နဲ့ လူလိမ်မာဟာ ဘာထူးတယ်ဆိုတာ နောက်ခန္ဓာရမှု-မရမှုထူးခြားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါ-နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဗာလပဏ္ဍိတသုတ်ဆိုပြီး ဘုရားကဟောလိုက်တယ်၊ လူမိုက်နဲ့လူလိမ်မာ ထူးခြားပုံကိုမင်းတို့ ငါရှင်းပြမယ်ဆိုပြီး ဟောတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် နောက်ခန္ဓာရဖို့ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ဦးလှနဲ့ ဦးမာဒင်က ဒီအထဲမှာ လူကြီးလုပ်ပြီးဆုံးဖြတ်ချက်ချ၊ မဟုတ်ဘူးလား (မှန်ပါ့) နောက်ခန္ဓာမရချင်တဲ့ ပုဂ္ဂိုလ်ကိုလဲဆုံးဖြတ်ချက်ချကြ (မှန်ပါ့ ဘုရား)။
အခုမြတ်စွာဘုရားက ဟောတော်မူလိုက်ပြီ၊ နောက်ခန္ဓာမရချင်တဲ့ပုဂ္ဂိုလ်လူလိမ်မာ၊ နောက်ခန္ဓာရတဲ့ပုဂ္ဂိုလ် (လူမိုက်ပါ ဘုရား) ရှင်းနေပြီ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားရှေ့သွားမိုက်တာတော့ အတော်ဆိုးတယ် (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဘုရားရှေ့ သွားပြီး အရှင်ဘုရားလူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာပေးတော်မူပါဆိုတဲ့ဥစ္စာ ဘာဖြစ်တာတုန်း (မိုက်တာပါ ဘုရား)။
ဒါကဘုန်းကြီးက ပြောတာမဟုတ်ပါဘူး (မှန်ပါ့) ဘုရားကဟောတာပါ (မှန်ပါ့) အဲဒီတော့ ဦးလှကဆုံးဖြတ်ချက် ချ ခင်ဗျားအကြီးဆုံးဘဲနော် (မှန်ပါ့) ခင်ဗျားကနောက်ဘဝများ ရချင်သေးတဲ့သဘောနဲ့ ဒါန, သီလတွေ လုပ်သေးသလား လို့ မေးလို့ရှိရင် ခင်ဗျားဘယ်နှယ့်ဆုံးဖြတ်ချက်ချမလဲ (မရချင်ပါ ဘုရား)။
နောက်ထပ်မမိုက်နဲ့တော့
အခုမလုပ်တော့ဘူး ဟင် (မှန်ပါ့) နဂိုရ်ကတော့ မိုက်ထားတာတော့ ရှိဦးမှာပေါ့ (ရှိပါတယ် ဘုရား) အဲရှိထား ပင်မဲ့လဲ အခုနောက်ထပ်မမိုက်နဲ့တော့ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ဘုရားက ရက်ရက်စက်စက်ဟောတာ (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင်လဲ ဆုံးဖြတ်ချက်ချတော့ ဪ လူမိုက်နဲ့ လူလိမ်မာဟာ အတော်လူမိုက်များပါလား (မှန်ပါ့) ဆိုထိုက်မဆိုထိုက် ခင်ဗျားတို့ (ဆိုထိုက်ပါတယ် ဘုရား)။
ဆိုထိုက်တယ်၊ ဇာတိဒုက္ခသစ္စာ, ဇရာဒုက္ခသစ္စာ, မရဏဒုက္ခသစ္စာ လူမိုက်မှ ရမှာကွတဲ့ (မှန်ပါ့) လူလိမ်မာ မရဘူး (မရပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)
နောက်ဘဝ လှချင်, ဝချင်တဲ့လူတွေနဲ့ တွေ့နေရင်တော့အတော်ကလေး မိုက်ဦးမှာဘဲ (မှန်ပါ့) အတော်ကလေး မိုက်ဦးမှာဘဲဆိုတာ ဟိုနောက်က ဒကာမတွေ ဘက်ကလဲသေသေချာချာ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား) ဪ ငါတို့ မိုက်ချက်ဟာ လမ်းပြကောင်းမတွေ့သ၍ ကာလပတ်လုံး ဒီစုတ်ပြီးရင် ဟိုပဋိသန္ဓေဒုက္ခသစ္စာကို သွားဖက်မှာဘဲ (မှန်ပါ့) မဖက်ပေဘူးလား (ဖက်ပါတယ် ဘုရား)။
ယခုဘဝ စုတ်ပြီးတော့ (နောက်ဘဝ ပဋိသန္ဓေ ဖက်မှာပါ ဘုရား) ဘာတွေတုန်း ဒီလူတွေဟာ (လူမိုက်တွေပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မြို့ထဲ, ရွာထဲမှာ ကျုပ်တို့ချင်းဘဲ ပြောကြပါစို့ဆိုလို့ရှိရင်ဖြင့် ဘယ်ပုဂ္ဂိုလ်တွေ အများအစား ရှိလိမ့်မယ် ဆိုတာ ခင်ဗျားတို့ဘဲ ဆုံးဖြတ်ချက်ချ၊ ဘယ့်နှယ့်တုန်း (လူမိုက်တွေများပါတယ် ဘုရား) လူမိုက်များတယ်။
တဏှာကလှည့်လိမ့်ဦးမယ်
ဒါဟာသိပြီးသား ပုဂ္ဂိုလ်ကတော့ သိပြီးသားပုဂ္ဂိုလ်မှာဘဲ ဪ ဘုန်းကြီးဟောတာက ဘုရားဟောတာကို ဟောတာဘဲ၊ ဒို့ကလဲ တဘဝတည်းနဲ့ နိဗ္ဗာန်ရမှာ မဟုတ်ဘူးဆိုပြီး ခင်ဗျားတို့ တဏှာကလှည့်လိမ့်ဦးမယ် (မှန်ပါ့)။
အဲဒီလှည့်ချက်ကိုလဲ အခုကတည်းက ပါးနပ်ထားမှ (မှန်ပါ့ ဘုရား) ဒါဟာနဖူးပေါ်လက်တင်စဉ်းစားမှ သူလာ လိမ့်မယ် (မှန်ပါ့) သူလာရင် ဒုက္ခသစ္စာမသိတဲ့တရား လာတာဘဲ (မှန်ပါ့)။
ခင်ဗျားတို့ ကိုယ့်အိပ်ရာပေါ်မှာ ကိုယ့်ခေါင်းအုံးနဲ့ အိပ်တဲ့အခါကျတော့မှ လှည့်မှာသူက (မှန်ပါ့) အခုမလှည့် သေးဘူး (မှန်ပါ့) အဲဒီအချိန်မှာ အလှည့်မခံကြနဲ့ နားလည်ပြီလား (မှန်ပါ့)။
ဦးလှကြီး ခင်ဗျားကို ဒေါင်ချာစိုင်းအောင် လှည့်မယ် (မှန်ပါ့) သားတွေ, မယားတွေကြားထဲ ရောက်သွားမယ်။ စီးပွားရေးတွေကြားထဲ ရောက်သွားမယ်ဆိုလို့ရှိရင် ဟိုကသားတွေ သမီးတွေကလဲ ယုယပြုကြ ဆိုလို့ရှိရင် ခင်ဗျားတို့ လှည့်ပစ်လိုက်မယ်နော် (မှန်ပါ့) ဘယ်ထဲရောက်အောင် လှည့်ပစ်မယ် ထင်ကြသတုန်း (လူမိုက်ဘဝရောက်အောင် လှည့်ပစ်မှာပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ကလဲ မိုက်လက်စက မသတ်သေး၊ ကိလေသာကလဲ အချော့ကောင်းနဲ့ တဏှာက အချော့ ကောင်းနဲ့ ခင်ဗျားတို့သွားပြီး ယောင်လိုက်မယ်ဆိုရင် ဆုံးနိုင်ပါ့မလား ဒီဒုက္ခသစ္စာဟင် (မဆုံးနိုင်ပါ ဘုရား)။
အဲဒီမဆုံးနိုင်တဲ့ ဒုက္ခကြီးကို ခင်ဗျားတို့လှည့်တဲ့ဥစ္စာ အလှည့်ကောင်း, အပတ်ကောင်း, အချော့ ကောင်း, အမော့ကောင်း ကိလေသာဘဲလို့ မှတ်ပါ (မှန်ပါ့) ခင်ဗျားတို့အရွယ် ခေါင်းဖြူစွယ်ကျိုး တွေကို အလှည့်မခံနဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားပြောတာ ငါယုံမယ်
ဘာပြောပြော ဘုရားပြောတာ ငါယုံမယ်၊ သူပြောတာငါမယုံဘူး၊ လိုက်ရမယ် (မှန်ပါ့) တဏှာကတော့ပြော လိမ့်မယ် ခင်ဗျားတို့ကို (မှန်ပါ့)။
မင့်မှာ သားနဲ့ သမီးနဲ့ ဟုတ်လား (မှန်ပါ့) တဘဝတည်းနဲ့လဲ မင်းနိဗ္ဗာန်ရောက်မှာမဟုတ်ဘူး လုပ်လဲမကြည့် ဘူး၊ လွတ်အောင်လဲမလုပ်ဘူး (မှန်ပါ့)။
လွတ်အောင်လဲမလုပ်ဘူး သူကအလကား ဆင်ခြေတွေဘာတွေနဲ့ ခင်ဗျားတို့ လူကြီးတွေကို တော်အောင် ရော်အောင် ဂျောက်ကျအောင် လုပ်လိမ့်မယ် (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။
ဒါအခုက ပြောထားတယ်၊ ခင်ဗျားတို့ အိပ်ရာပေါ်ရောက်လို့ ခင်ဗျားတို့ နယ်ထဲရောက်သွားလို့ရှိရင် ဒီဥစ္စာ လာလိမ့်မယ် (မှန်ပါ့) ဘယ်သူလာမယ်ထင်သတုန်း (တဏှာလာမှာပါ ဘုရား) တဏှာလာလိမ့်မယ် လာလို့ရှိရင် အာရုံတွေ ကို သူပြမယ် (မှန်ပါ့) မပြပေဘူးလား (ပြမှာပါ ဘုရား) ပြပြီး သကာလ ခင်ဗျားတို့ကို ချော့မယ်, မော့မယ် ဂျောက်ကျ အောင်လို့ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဲဒါ အတင်းကန်ရမှာ ခုကတည်းက သတိပေးထားတယ်၊ မင်းပြောတာ တလုံးမှမယုံဘူး (မှန်ပါ့) ခါးတောင်း ကြိုက်ထား ရီးတီးယားတားလုပ်မနေနဲ့ (မှန်ပါ့)။
ဘုရား အခုသေသေချာချာဟောပြီ၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဒီကကြိုက်သွားမှ ဦးလှကြီး (မှန်ပါ့) အိမ်တို့, ယာတို့ ရောက်တဲ့အခါကျလို့ရှိရင် နတ်ပြည်ပန်းချီကားတွေကြည့်ပြီး ခင်ဗျားတို့က ယောင်လိုက်ဦးမှာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
ပန်းချီကားတွေကြည့်ပြီးယောင်မှာ
ဘာကြည့်ပြီး ယောင်မှာတုန်း (ပန်းချီကားတွေကြည့်ပြီးယောင်မှာပါ ဘုရား) ပန်းချီကားတွေကြည့်ပြီး ယောင်မှာ၊ ပန်းချီသမားကို ခင်ဗျားတို့က အကဲမခတ်တတ်ဘူး (မှန်ပါ့)။
မင်းနတ်ပြည်ရောက်ဖူးလို့ မင်းနတ်ပုံစံရေတာလား မင်းဟာမင်း မှန်းဆရေးတာလား၊ သူ့ကိုလဲ ခင်ဗျားတို့ မစစ်ဆေးဘူး (မှန်ပါ့)။
ကဲ အခုစစ်ဆေးတယ်ပြီလား (စစ်ဆေးတတ်ပါပြီ ဘုရား) သူရောက်ဖူးသလား (မရောက်ပါ ဘုရား) မရောက်ဖူး တဲ့လူက လိမ်တာ (မှန်ပါ့) ဘာတဲ့တုန်း (မရောက်ဘူးတဲ့လူက လိမ်တာပါ ဘုရား)။
အဲဒါခင်ဗျားတို့က ဪ နတ်ပြည်ဆိုတာ ဒီလိုတဲ့ ခင်ဗျားတို့ကလဲ ရမ်းပြီးယုံနေတာ (မှန်ပါ့) ရမ်းပြီးယုံချင်လို့ ယုံတာမဟုတ်ပါဘူး၊ ဝမ်းထဲမှာ ကောက်ကျစ်တဲ့ တရားက တဏှာကရှိတယ် (မှန်ပါ့) သူကယုံချင်လျက်ဖြစ်နေတာ (မှန်ပါ့) ဦးလှကြီး သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကွာ ငယ်တုန်းကလိမ်တာ မိုက်တုန်းကမို့ ရှိပါစေတော့ခေါင်းဖြူ စွယ်ကျိုးမှတော့ အလိမ်မခံနိုင်တော့ဘူး (မှန်ပါ့) ဒီလို့ကိုပြင်ရဲရမယ်၊ ပြင်ရဲပါ့မလား (ပြင်ရဲပါတယ် ဘုရား)။
ဒီတရားကို ချည်းပြီးဟောနေတယ် အောက်မေ့မနေနဲ့ ဘုရားကလူလိမ်မာနဲ့ လူမိုက်ဘာထူးသတုန်းမေးလို့ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဘုန်းကြီးဟောတာလဲ ဟုတ်ပါတယ် ဘုရားဟောတော်မူတိုင်း ဟောတာပါ၊ ဒါပေမဲ့ မင်းအချိုးအစားက ဒီလိုမဟုတ်ဘူး၊ အံမာသူကဘုန်းကြီးထက် တရားဟောကောင်းသေးတယ် (မှန်ပါ့ ဘုရား) မလာပေဘူးလား (လာပါတယ် ဘုရား)။
ယောင်ချာချာနဲ့ ဒီလိုလုပ်မနေကြနဲ့ဦး
အဲဒါနောက်က ဒကာ ဒကာမတွေလဲ ယောင်ချာချာနဲ့ ဒီလိုလုပ်မနေကြနဲ့ဦး ဂျောက်ကျလိမ့်မယ် (မှန်ပါ့) တစ်ခါတည်း ဂျောက်ကျရင် မတတ်နိုင်တော့ဘူး (မှန်ပါ့) တတ်နိုင်ပါ့မလား (မတတ်နိုင်ပါ ဘုရား) မတတ်နိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ အခုကတည်းက ဘုန်းကြီးပြောတာကိုမှတ်၊ ဘုရားဟောတာကို မှတ်ပြီး သကာလ ခါးတောင်းကြိုက် မဖြုတ်ဘူး၊ မင်းဘယ်လိုညာလိုဆိုပြီး မယုံနဲ့ (မှန်ပါ့) ရဲပါ့မလား (ရဲပါတယ် ဘုရား)။
ကြိုးစားရမှာဘဲ၊ ကြိုးစားမယ်၊ အခုကတည်းက ပြောနေရင်တော့ သားကြား, သမီးကြားကျရင်တော့ အရှုံး ပေးလိမ့်မယ် (မှန်ပါ့) တော်တော်ကြောက်စရာကောင်းတဲ့တရား (မှန်ပါ့)။
ခင်ဗျားတို့ တသံသရာလုံး ငလုံးဂျင်နိုင်သလို လှည့်လာတာ (မှန်ပါ့) ကောက်ကျစ်တဲ့အထဲမှာ သူ-အဆိုးဆုံး (မှန်ပါ့) ဘယ်သူတုန်း (တဏှာပါ ဘုရား)။
အဲသူက ခင်ဗျားတို့ကို ချယ်လှယ်ပြီး သကာလ တဘဝတည်းနဲ့ ရမှာမဟုတ်ဘူးဆိုပြီး သူကတရားသံနဲ့ ထွက်လာ တာ (မှန်ပါ့)။
မင်းတို့ကလဲ ဘယ်လိုညာလို ဆိုပြီး သကာလ သူကနေပြီး သကာလ ခင်ဗျားတို့ကို ပရိယာယ်တွေ, မာယာတွေနဲ့ အကြောင်းတွေပြပြီး သကာလ သာဝက ပါရမီဉာဏ်ကို သူကသိတာမဟုတ်ဘူး၊ သာဝကပါရမီဉာဏ်က ခင်ဗျားတို့ကို ဟောထားပြီ (မှန်ပါ့) သစ္စာတရား နာရလို့ သစ္စာမြင်ရင်ပြီးတာပဲ (မှန်ပါ့) တဘဝတည်းနဲ့ ပြီးနိုင်တယ် (မှန်ပါ့) အဲဒါတွေ သူ-က ဖုံးထားတယ် (မှန်ပါ့)။
ဖုံးထားပြီး သကာလ လူချမ်းသာဆိုတာ မမြင်ဘူးလားကွ၊ မမြင်ဘူးလားကွသာပြောတယ် ကိုယ်လဲမမြင်ဘူး (မှန်ပါ့) ပန်းချီလမ်းဆုံးနေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
ပန်းချီလမ်းဆုံးနေတော့
ဘာလမ်းဆုံးနေသလဲ (ပန်းချီလမ်းဆုံးနေပါတယ် ဘုရား) ပန်းချီလမ်းဆုံးနေတော့ ခင်ဗျားတို့ ပန်းချီထက်ဆိုးတဲ့ လူတွေပေါ့ (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ပန်းချီလမ်းဆုံးတော့ ပန်းချီထက်ဆိုးတဲ့လူပေါ့၊ ပန်းချီကတွေးရေးတာ (မှန်ပါ့) အစဉ်အဆက်မို့ ရေးလာတာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ဘယ်သူမြင်သတုန်းဆိုပြီး အဲဒီပန်းချီ သွားမေးကြည့် မြင်ဘူးရဲ့လား (မမြင်ဘူးပါ ဘုရား)။
အဲဒီပန်းချီကို သွားကြိုက်နေမယ်ဆိုလို့ရှိရင် ခင်ဗျားတို့သည် ဪ ဘုရားဟော လမ်းမဆုံးဘဲနဲ့ ပန်းချီလမ်းဆုံး နေတဲ့လူတွေ (မှန်ပါ့) အတော့်ကို အ,တဲ့ လူတွေပေါ့ (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဗြဟ္မာကျတော့ အဝတ်ဖြူကြီးတွေနဲ့ ရေးလို့မဟုတ်ဘူးလား (မှန်ပါ့) နတ်ကျတော့ မကိုဋ်ဒွါဒယာ တန်းဆာနဲ့ အချွန်တွေ, အတက်တွေနဲ့ရေးလို့၊ အဲဒါဦးလှကြီးတို့က ဪ နတ်ပြည်ဆိုတာ တယ်ချမ်းသာတယ်၊ ချမ်းသာတာကလဲ ခန္ဓာရှိတဲ့ပြည်ဟာ ဘယ်ပြည်ချမ်းသာတာတုန်းမေး၊ ခန္ဓာရှိရင်ဘယ်နေရာ ချမ်းသာသတုန်း (ဘယ်နေရာမှ မချမ်းသာပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒါခင်ဗျားတို့ မယောင်နဲ့ဆိုတာကို အတော်ထိန်းရမယ် (မှန်ပါ့ ဘုရား) မထိန်းရပေဘူးလား (ထိန်းရပါတယ် ဘုရား)။
သမုဒယသစ္စာက အချော့ကောင်း, အမော့ကောင်းလို့ ဘုန်းကြီးကပြောထားပြီ၊ ကောက်ကျစ်တဲ့အထဲမှာ ပဌမတန်း၊ မျက်လုံးပိတ်ညာတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) မျက်လုံးပိတ်ထားတာက အဝိဇ္ဇာ၊ ညာတာက တဏှာ (မှန်ပါ့ ဘုရား)။
မျက်လုံးပိတ်ထားတာက အဝိဇ္ဇာ
မျက်လုံးပိတ်ထားတာက (အဝိဇ္ဇာပါ ဘုရား) ညာတာက (တဏှာပါ ဘုရား) အဲဒီလက်တွင်းမှ ခင်ဗျားတို့ကလဲ လွတ်ကင်းအောင် မရုန်းနိုင်ဘူး (မှန်ပါ့ ဘုရား) အတော်ဆိုးတဲ့လူတွေ (မှန်ပါ့) ဆိုးတာမဟုတ်ပါဘူး-ထူတာ အ,တာပါ (မှန်ပါ့ ဘုရား)။
ငါက လက်တွေ့မှ ယုံမယ်ကွလို့ ဒီနေရာကျတော့ မလာဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) အလကား ဓါတ်ပုံမှာ လမ်းဆုံးနေတယ် (မှန်ပါ့) ဆေးရေးတဲ့ဆီမှာ (လမ်းဆုံးနေပါတယ် ဘုရား)။
အဲဒီလူ သွားမေးကြည့်တော့ ဘယ်နှယ့်ဆိုမလဲ (မမြင်ဘူးပါ ဘုရား) မသိပေမဲ့ ရမ်းကြိုက်ပါရစေများ (မှန်ပါ့) ဒီအဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) မသိတာရမ်းကြိုက်ပါရစေဆိုတော့ ခင်ဗျားတို့ မသိတဲ့လူထက် ရမ်းကြိုက်တဲ့လူကသာဆိုးတယ် (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါအခုပိတ်ပင်ထားတယ်နော် တော်တော်ကြာရင်ယောင်ယောင်ချာချာ လုပ်မနေနဲ့ (မှန်ပါ့) သစ္စာနဲ့ကိုင်ထား၊ ဒါဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) လူမိုက်မှာ ဒုက္ခသစ္စာရတယ်၊ လူလိမ်မာမှာ ဒီဒုက္ခကျွတ်သွားတယ် (မှန်ပါ့ ဘုရား) မကျွတ်ဘူးလား (ကျွတ်ပါတယ် ဘုရား) ဒါနတ်ဘဲဆိုပါဦး ဗြဟ္မာဘဲဆိုပါဦး မကျွတ်ဘူးလား ကျွတ်သလား (ကျွတ်ပါ တယ် ဘုရား)။
ကဲ ဒုက္ခကျွတ်တာနဲ့ ဒုက္ခရတာ ခင်ဗျားတို့ဘဲ သစ္စာသိပြီးသား ပုဂ္ဂိုလ်တွေနဲ့ ဝေဖန်ပေးလိုက်ပါတယ်တဲ့။ ယောင်စရာများရှိသေးသလား (မရှိပါ ဘုရား)
ဘုရားရှိခိုးတဲ့အခါကျတော့ ခင်ဗျားတို့က ဘုရားရှိခိုးကြီးနဲ့ဟုတ်လား (မှန်ပါ့) နိဗ္ဗာန်မရောက်မီစပ်ကြားများ တဏှာက အထည့်ခိုင်းလို့ သွားပြီးမထည့်လိုက်ပါနဲ့ (မထည့်ပါ ဘုရား) မထည့်လိုက်ပါနဲ့၊ ထည့်လိုက်လို့ရှိရင် ဘုရားရှိခိုးထဲ သူဝင်ကောက်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်အထဲ သူဝင်ကောက်သလဲ (ဘုရားရှိခိုးထဲ သူဝင်ကောက်ပါတယ် ဘုရား)။
ဘုရားရှိခိုးထဲ ဝင်ကောက်တာ
အဲ ဘုရားရှိခိုးထဲ ဝင်ကောက်တာကို တချို့ဒကာ ဒကာမတွေက သိကို, မသိဘူး (မှန်ပါ့ ဘုရား) ဘုရားရှိခိုးရင်း ငါ့မှာတဏှာဝင်နေပါပေါ့လား အဝိဇ္ဇာဝင်နေပါပေါ့လားလို့ အတော်သိခဲတယ် (မှန်ပါ့) မသိခဲ့ဘူးလား (သိခဲပါတယ် ဘုရား) ပန်းကလေးလှတော့ ပန်းလိုလှချင်တာဖြစ်လာတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
ဆွမ်းကလေးက ဝ,တော့ ချမ်းသာအောင် ဆာလောင်မွတ်သိပ်ခြင်းကို ပျောက်အောင်လုပ်နိုင်တော့ ဟိုကျ ဒီထက်ဝ,မယ်ဖြစ်လာတယ် (မှန်ပါ့) ဝ,ဟာအထည်ကြီးနော် (မှန်ပါ့) အထည်ကြီး လှချက်နီးတာဘဲ (မှန်ပါ့) အထည် ကြီးရင် လှချက်နီးတယ် (မှန်ပါ့ နီးပါတယ် ဘုရား) ဝက်အသားတိုးလို့ လှချက်နီးတာ ပုံစံရှိလျက်သားနဲ့ ဟင်-(မှန်ပါ့) ပုံစံရှိလျက်သားနဲ့ ခင်ဗျားတို့က ယောင်ယောင်ချာချာ လုပ်ချင်သေးတယ်၊ သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဒါဟာတရားပြောနေတယ် မှတ်ပါ၊ ခင်ဗျားတို့လူကြီးတွေ လှည့်သွားမှာစိုးလို့ (မှန်လှပါ) မလှည့်ပေဘူးလား (လှည့်ပါတယ် ဘုရား)။
အခု မင်းငါ့ကို မလှည့်နဲ့တော့ ငါဟာငယ်ရာကကြီးလာတာ၊ ဆရာကောင်း, သမားကောင်းတွေလဲ မှီဝဲနေတယ်၊ ဒီလိုကလေးများလဲ ပြန်ပြောကြပါဦး (မှန်လှပါ) ပြန်လဲပြောကြပါဦး၊ ငုံ့ချည့်ခံမနေကြပါနဲ့ (မှန်ပါ့) ငုံ့ခံနေတဲ့လူကများ တယ်၊ မများဘူးလား (များပါတယ် ဘုရား) ဒီသားနဲ့ ဒီသမီးဆိုပြီး သူကနေပြီးတော့ ထည့်လိုက်တယ် (မှန်ပါ့ ဘုရား)။
အတူတူမှ ဝင်ချင်တယ်
ဒီသားနဲ့ ဒီသမီးနဲ့ ဒီမြေးနဲ့ ဒီမြစ်နဲ့ နိဗ္ဗာန်ဝင်တာတောင် အတူတူမှ ဝင်ချင်တယ်၊ အတူတူဝင်ရင် ဘဝတွေ အများကြီးလာမယ် (မှန်ပါ့) မလာဘူးလား လာမလား (လာပါမယ် ဘုရား)။
တယောက်က အဝီစိမှာဗျ- တယောက်ကလူ့ပြည်မှာ၊ တယောက်က ကမ္ဘာများစွာ အသက်ရှည်တဲ့ ဗြဟ္မာပြည် ရောက်နေတယ်၊ ဘယ်ကဆုံနိုင်မှာတုန်း (မှန်လှပါ ဘုရား) ဆုံစရာမြင်သေးရဲ့လား (မဆုံပါ ဘုရား) နိဗ္ဗာန်မရ, ရပါလို၏ ဆိုတာနဲ့ ဘယ့်နှယ့်နေသလဲ (အတူတူပါဘဲ ဘုရား)။
အဲခင်ဗျားတို့ သွားပြီးလောကွတ်မချော်နဲ့ (မှန်ပါ့) လောကွတ်ချော်မှာ ဘုန်းကြီးကသိပ်ကြောက်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ လူမိုက်နဲ့လူလိမ်မာ ဘာထူးသတုန်းလို့ ဘုရားကမေးလိုက်တော့ ရဟန်းတွေက မဖြေ တတ်ဘူး၊ ဘုရားက လူမိုက်က နောက်ခန္ဓာရတယ်၊ လူလိမ်မာက (နောက်ခန္ဓာမရပါ ဘုရား)။
ခန္ဓာရတဲ့လူ-လူမိုက်လို့ ဆိုထားပေါ့ ခင်ဗျားတို့ ဘာတဏှာ ချော့စရာမော့စရာမရှိဘူး၊ တဏှာချော့လို့ မော့စရာ လိုသေးသလား (မလိုပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီအရွယ်ကြီးကျမှတော့ဗျာ ဟုတ်လား လိမ်တာလဲ များလှပြီ၊ ဆရာကောင်း, လမ်းညွှန်ကောင်းမတွေ့လို့ လိမ်ခဲ့တာတွေ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။
ဒီတခါမှ အလိမ်မိဦးမယ်ဆိုရင် နောက်ဖြေပေးမည့်လူရှိဦးမလား (မရှိပါ ဘုရား) သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား) နောက်ကဒကာ ဒကာမတွေကော သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။
အဲ သေသေချာချာမှတ်ထား ခင်ဗျားတို့ ဒကာ ဒကာမတွေက ပန်းကလေးလှူရင် ပန်းလိုလှချင်တာက အတော် ရှုပ်လာတတ်တယ် (မှန်ပါ့) ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ တရားကိုပြန်ကောက်။
ခန္ဓာရတဲ့ပုဂ္ဂိုလ်လူမိုက်
နို့ ဘုရားလူမိုက်နဲ့လူလိမ်မာ၊ ခန္ဓာရတဲ့ပုဂ္ဂိုလ်လူမိုက်၊ ခန္ဓာမရတဲ့ပုဂ္ဂိုလ် (လူလိမ်မာပါ ဘုရား) လူလိမ်မာဆို တော့ ဒီဘက်တန်းက လူလိမ်မာ ခန္ဓာမပါဘူး (မှန်ပါ့) ပါသေးသလား (မပါ-ပါ ဘုရား)။
ဒီဘက်တန်းကတော့ (လူမိုက်ပါ ဘုရား) လူမိုက်ကပါတယ် (မှန်ပါ့) ခန္ဓာရရင် မိုက်နေတာကိုး (မှန်ပါ့) နောက်ခန္ဓာရတဲ့လူဟာ (မိုက်ပါတယ် ဘုရား) မိုက်လို့ရတာ ဒီတလုံးမှတ်ထားလိုက်ရင် ရှင်းနေတာပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နောက်ခန္ဓာရရင် (လူမိုက်ပါ ဘုရား) လူမိုက်ဘဲ၊ အခုခန္ဓာရတောင် မိုက်လို့ရထားတဲ့အထဲမှာ နောက်ခန္ဓာ ထပ်မိုက်ဦးမယ်ဆိုတော့ မိုးကြိုးပစ်တာထက် နာသေးတယ် (မှန်ပါ့-နာပါတယ် ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒါခင်ဗျားတို့ အခုသေသေချာချာ ပြောနေတယ်။ ယောင်ချာချာတော့ မလုပ်နဲ့ (မှန်လှပါ ဘုရား) ယောင်ချာ ချာ တော့မလုပ်နဲ့၊ ယောင်ချာချာလုပ်မှာမြင်လို့ ပြောတာ (မှန်ပါ့)။
ယောင်ချာချာဆိုတာ မြို့ထဲရွာထဲမှာက သူဋ္ဌေးကြီးတွေ သူကြွယ်ကြီးတွေက ရှိကြသေးတယ်၊ သူတို့တယ်ကံကောင်းတယ်၊ သူတို့လိုများ ဖြစ်ချင်သေးတယ်ဆိုတာ ရှိရင်ဖြင့် ဒါဒုတိယဘဝ ဖြစ်ချင်သေးတယ် ပြောတာ (မှန်ပါ့)။
ဘာဖြစ်ချင်တာတုန်း (ဒုတိယဘဝ ဖြစ်ချင်တာပါ ဘုရား) အဲဒါခင်ဗျားတို့ ဖြစ်ချင်ရင်မိုက်ပြီ (မှန်ပါ့) ရှင်းပြီလား (မှန်ပါ့)။
ဒုက္ခအလိုရှိတာဘဲတဲ့
ဘုရားကဟောတယ်၊ အကြင်ပုဂ္ဂိုလ်သည် ဖြစ်ခြင်းကို အလိုရှိ၏။ ထိုပုဂ္ဂိုလ်ဒုက္ခအလိုရှိတာဘဲတဲ့၊ သံယုတ် ပါဠိတော်မှာ (မှန်ပါ့)။
အကြင်ပုဂ္ဂိုလ်သည် ဖြစ်ခြင်းကို အလိုရှိ၏ (ထိုပုဂ္ဂိုလ်ဒုက္ခအလိုရှိတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဪ ဒါကလဲ အင်မတန်မှ မှတ်ထိုက်တဲ့ ဘုရား၏တရားပါကလားဆိုတာ ကောင်းကောင်းပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒီတော့ ဖြစ်ချင်းကို ဘာမှအလိုမရှိနဲ့ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာအလိုမရှိရမှာတုန်း (ဖြစ်ခြင်းကို အလိုမရှိရပါ ဘုရား) ဖြစ်ခြင်းကို အလိုရှိရင် ဘာအလိုရှိတာတုန်း (ဒုက္ခကိ ုအလိုရှိတာပါ ဘုရား)။
တော်ဘဲတော်သေးတယ်၊ ဒီအသံကလေးတလုံးဟာ မသေးဘူး (မှန်ပါ့) ဒီအသံတလုံးက ဘုရားတခါပွင့်မှ တခါဟောတာ (မှန်ပါ့) အကြင်ပုဂ္ဂိုလ်ဖြစ်ခြင်းကို အလိုရှိ၏၊ ထိုပုဂ္ဂိုလ်ဒုက္ခ အလိုရှိတာဘဲ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ပြောစမ်းပါဦး ခင်ဗျားတို့ (ဖြစ်ခြင်းအလိုရှိရင် ဒုက္ခအလိုရှိတာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဘဲရမှာဘဲ၊ ဇာတိပိဒုက္ခသစ္စာ (မှန်ပါ့) ဇရာပိ (ဒုက္ခသစ္စာ) မရဏမ္ပိ (ဒုက္ခသစ္စာပါ ဘုရား) ဒါဘယ်သူ ဟောတာတုန်း (ဘုရားကဟောတာပါ) သူ့ထက်မြင်တဲ့လူများရှိသေးသလား (မရှိပါ ဘုရား) မရှိဘူး၊ ဖြစ်ခြင်းအလိုရှိတဲ့ ပုဂ္ဂိုလ်ဒီဒုက္ခသစ္စာရမယ် (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ဖြစ်ခြင်းအလိုရှိတဲ့ပုဂ္ဂိုလ် (ဒုက္ခသစ္စာ ရပါမယ် ဘုရား) ဒုက္ခသစ္စာရမယ်ဆိုတော့ တော်တော်ဉာဏ်ကောင်းပြီး တော်တော်ခါးတောင်းကြိုက် မဖြုတ်ဘဲနဲ့ ကိုင်း အမှန်တွေ့ပြီ၊ ဖြစ်ခြင်းတော့ဖြင့် ကြောက်မှဘဲဆိုတဲ့ဥစ္စာ အခုက-ကတည်းက အားတင်းထားမှ (မှန်ပါ့) ခင်ဗျားတို့ ပတ်ဝန်းကျင်က လှည့်လိုက်လို့ရှိရင် လည်သွားမယ် (မှန်ပါလည်သွား မှာပါ ဘုရား) မလည်ပေဘူးလား (လည်မှာပါ ဘုရား)။
ကိုယ်ကိုယ်တိုင် ဒီတရားထူး အခုပြောတဲ့လူမိုက်နဲ့ လူလိမ်မာ ထူးတဲ့တရားမနာရခင် ခုနင်က ခန္ဓဝဂ္ဂသံယုတ်ပါဠိ တော် ဖြစ်ခြင်းအလိုရှိရင် ဒုက္ခအလိုရှိဘဲဆိုတဲ့ စကားများ မကြားရခင်တုန်းက ငါတော်တော်မိုက်ခဲ့သေးပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
သွားပုံမတူဘူးဆိုတာ တချက်မှတ်လိုက်
ကိုင်းဒါဖြင့် ၁-နံပါတ်က လာပုံအတူတူဘဲဆိုတာ တချက်မှတ်လိုက် (မှန်ပါ့) သွားပုံမတူဘူးဆိုတာ တချက်မှတ်လိုက် (မှန်ပါ့) သွားပုံမတူဘူးဆိုတာ တချက်မှတ်လိုက် (မှန်ပါ့ ဘုရား)။
လာပုံ (တူတူပါဘဲ ဘုရား) သွားပုံ (မတူပါ ဘုရား) သွားပုံတော့ မတူဘူး လူမိုက်နဲ့လူလိမ်မာဟာ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ နို့မတူတာတော့ ရှိပါပြီဘုရားတဲ့ ရဟန်းတွေက မတူအောင် လုပ်နည်းကလေးအမိန့်ရှိတော်မူပါတဲ့ (မှန်ပါ့) ဒါတတိယဘဲ (မှန်ပါ့) မတူအောင် လုပ်နည်းကလေး အမိန့်ရှိတော်မူပါတဲ့။
တရားနာတယ်ဆိုတာ ဒီပွိုင့်ကိုမှတ်ရမှာ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ တောက်လျှောက်ကြီး ဘုန်းကြီးဟောတာတွေ ရှည်လိုက်တာ လုပ်မနေနဲ့ (မှန်ပါ့) သုံးလုံးတည်းဟောမယ် ဒီနေ့သုံးလုံးဘဲပြောမယ် (မှန်ပါ့) လာပုံမှာတချက်တူဘယ် သွားပုံမှာ တချက်မတူဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
မဂ္ဂင်ငါးပါးအကျင့်နဲ့ ခန္ဓာကြိုးစားတယ်
ကောင်းပြီ၊ မတူပုံဘယ်လိုကြောင့်တုံးဆိုတဲ့ တတိယအချက် လိုလာတယ် (မှန်ပါလိုပါတယ် ဘုရား) မတူပုံကတော့ ဒါလူလိမ်မာကွတဲ့၊ သူသည်မဂ္ဂဗြဟ္မစရိယဆိုတဲ့ မဂ္ဂင်ငါးပါးအကျင့်နဲ့ ခန္ဓာကြိုးစားတယ် (မှန်ပါ့) သူကတော့ မဂ္ဂင်ငါးပါးနဲ့ ရထားတဲ့ခန္ဓာ မကြိုးစားဘူးကွတဲ့ (မှန်ပါ့) ဒါထူးခြားတယ် (မှန်ပါထူးခြားပါတယ် ဘုရား)။
ဘယ်နှစ်ချက်ရှိသွားပြီတုန်း (သုံးချက်ရှိသွားပါပြီ) ဒီသုံးချက်ကလေးများကိုလဲ အိမ်ကျတော့ မေ့မနေနဲ့ဦးနော် (မှန်ပါ့) များများဟောလို့ တရားတေါက များလိုက်တာလို့ မေးရင်တော့ ဘုန်းကြီးက ဪ ငါကိုက များများဟောမိလို့ ကိုးလို့ (မှန်ပါ့ ဘုရား)။
အခုဟာက လာပုံမှာတူတယ်၊ သွားပုံမှာ (မတူပါ ဘုရား) ကျင့်ပုံမှာ (မတူပါ ဘုရား) သူကမဂ္ဂဗြဟ္မစရိယ အကျင့်ကိုကျင့်တယ်၊ မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာ မဂ္ဂင်ငါးပါးအလုပ်ကိုလုပ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာအလုပ်လုပ်သတုန်း (မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ပါတယ် ဘုရား) မဂ္ဂဗြဟ္မစရိယဆိုတာ မဂ္ဂင်ငါးပါး ဝိပဿနာမဂ်နဲ့ ခုနင်က ရ,ထားတဲ့ ခန္ဓာကိုကြိုးစားတယ် (မှန်ပါ့) လူမိုက်ကတော့ မိစ္ဆာမဂ်နဲ့ မိစ္ဆာမဂ္ဂင်ငါးပါးနဲ့ ခန္ဓာကိုယ်သာယာတယ် (မှန်ပါ့) ဒါ့ကြောင့် သူကခန္ဓာရတယ် (မှန်ပါ့) လူမိုက်က မိစ္ဆာမဂ္ဂင်ငါးပါး၊ လူလိမ်မာက သမ္မာမဂ္ဂင်ငါးပါး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မိစ္ဆာမဂ္ဂင်ငါးပါးနဲ့ ခန္ဓာကြီးကို ကျွေးလိုက်, မွေးလိုက်, သုတ်သင်လိုက်, ခန္ဓာကြီးပွားရေး ကြိုးစားနေတဲ့ ပုဂ္ဂိုလ်က ဒါရမယ်ကွတဲ့ (မှန်ပါ့) သမ္မာမဂ္ဂင်ငါးပါးနဲ့ ရ,ထားတဲ့ ခန္ဓာကို ဝိပဿနာ အလုပ်-လုပ်တဲ့ ပုဂ္ဂိုလ်က ဒါမရနိုင်ဘူး (မရပါ ဘုရား)။
ကျင့်မှု – မကျင့်မှုမှာမူတည်တယ်
ဒါတွေကျတော့ ဘုရားက ပါရမီတွေ ဘာတွေဟောမနေတော့ဘူး (မှန်ပါ့) ဟောမနေတော့ဘူး၊ ပါရမီတွေ ဘာတွေလိုမနေတော့ဘူး၊ ကျင့်မှု – မကျင့်မှုမှာမူတည်တယ် (မှန်ပါ့) ရှင်ပြီလား (ရှင်းပါပြီ ဘုရား)။
ပဒပရမတွေဘာတွေ ခင်ဗျားတို့ဟာ ခင်ဗျားတို့ရွေးမနေနဲ့၊ နဂိုရ်ကဖျင်းရတဲ့အထဲ ဖျင်းတာတွေနဲ့ ရောမနေနဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဒါတွေဘုန်းကြီးတို့ နားလည်ပြီးသားတွေ၊ ဘုရားက ဒါမဂ္ဂဗြဟ္မစရိယကျင့်တဲ့ ပုဂ္ဂိုလ်နဲ့ မကျင့်တဲ့ ပုဂ္ဂိုလ်ထူးတယ်လို့ ဟောထားကတည်းက သေချာနေပြီ (မှန်ပါ့ ဘုရား)။
ကျင့်တဲ့ပုဂ္ဂိုလ်မှာ ခန္ဓာငါးပါးမရဘူး (မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်တဲ့ပုဂ္ဂိုလ် ခန္ဓာငါးပါးမရဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) မကျင့်တဲ့ပုဂ္ဂိုလ်မှာ (ရပါတယ် ဘုရား)ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်နှစ်ချက်ဟောသတုန်း ဦးမြ (သုံးချက်ပါ ဘုရား) နာရီဝက်ရှိသွားပြီ (မှန်ပါ့) နာရီဝက်ရှိသွားပြီ ဘယ်နှစ်ချက်ဟောသတုန်း (သုံးချက်ဟောပါတယ်) လာပုံမှာတူတာတချက် (မှန်ပါ့) သွားပုံမှာထူးပုံကော (တချက်ဟောပါတယ် ဘုရား) ပစ္စုပ္ပန်မှာ မဂ္ဂဗြဟ္မစရိယကျင့်ပုံနဲ့ မကျင့်ပုံ ထူးခြားတယ် (မှန်ပါ့)ပေါ်ပြီလား (ပေါ်ပါပြီး ဘုရား)။
ကဲ ဒါဖြင့် ကျင့်နည်းပြောရုံဘဲရှိတယ် (မှန်ပါ့) ဒီလူက မိဘရိုးရာအတိုင်း နေတဲ့ပုဂ္ဂိုလ်၊ ဒါကံထူးခြားပြီး အလုပ်-လုပ်တဲ့ပုဂ္ဂိုလ် (မှန်ပ့ါ)ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မိဘရိုးရာအတိုင်း နေတဲ့ပုဂ္ဂိုလ်က ဒီခန္ဓာပြန်ရတယ် (ရပါတယ် ဘုရား) သဘောကျပြီလား (မှန်ပါ့) မိဘရိုးရာဆိုတာက တခြားမဟုတ်ပါဘူး၊ ရောင်းလိုက်-ဝယ်လိုက်-စားလိုက်သောက်လိုက်၊ ပိုတာကလေး လှူလိုက်တန်း လိုက် နောက်ဘဝကောင်း စားရေးတဲ့၊ ဒီလိုနေတဲ့ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။
ဘဝကောင်းစားရေး ကြိုးစားတဲ့ပုဂ္ဂိုလ် မိဘရိုးရာ
အသက်ရှည်ချင်လို့ သီလ ဆောက်တည်တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးလား (မှန်ပါ့) ဘဝကောင်းစားရေး ကြိုးစားတဲ့ ပုဂ္ဂိုလ်ဟာ မိဘရိုးရာမှတ်ပါ (မှန်ပါ့)။
ဘဝကောင်းစားရေးကို (ကြိုးစားတဲ့ပုဂ္ဂိုလ်ဟာ မိဘရိုးရာပါ ဘုရား) ဘဝပြတ်ရေးကို ကြိုးစားတဲ့ပုဂ္ဂိုလ်မှ သာသနာတွင်းလဲဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘဝပြတ်ရေး ကြိုးစားတဲ့ ပုဂ္ဂိုလ်မှ (သာသနာတွင်းသားဖြစ်ပါတယ် ဘုရား) သာသနာတွင်းသား ဖြစ်တယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ အပြင်ကဘဲနေမလား – အတွင်းသားဖြစ်အောင်ဘဲကြိုးစားရမလားဆိုတာ ခင်ဗျားတို့ဘဲ ဆုံးဖြတ်ချက်ချတာပေ့ါ၊ ဘယ့်နှယ်ဆုံးဖြတ်ချက်ချမလဲ (အတွင်းသားဖြစ်အောင် ကြိုးစားပါမယ့် ဘုရား) ဟုတ်ပါ့မလား။
ခါးဘောင်းကြိုက်မဖြုတ်မူ ရမှာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)ခါးတောင်းကြိုက်ဖြုတ်လို့ ရှိယင်တော့ (မရပါ ဘုရား)
ဒါက အခုပြောတာက အင်မတန်အရေးကြီးတဲ့ အချက်ပါ (ကြီးပါတယ် ဘုရား) ခါးတောင်းကြိုက်ဖြုတ်လိုက်လို့ ဘုရားဟောတာကို ဒါလဲတမျိုးဘဲလို့ ဆိုရင်သွားတော့မယ် (မှန်ပါ့ ဘုရား)။
ဒါ…ခါးတောင်းကြိုက်ဖြုတ်ပြီး (မှန်ပါ့) ဒါလဲတမျိုးဘဲ ဘုရားကတော့ အကောင်းဆုံးဟောတာဘဲ (မှန်ပါ့) ဒါတဏှာက စ,လာပြီ (မှန်ပါ့)။
ဘုရားကတော့ အကောင်းဆုံးဟောတာဘဲ၊ ဒီအသံလာယင်ကို ခင်ဗျားတို့ ခါးတောင်းကြိုက်တဝက်ဖြုတ်ပြီး (မှန်ပါ့) မဖြုတ်သေးဘူးလား (ဖြုတ်ပါပြီး ဘုရား)။
ဖြုတ်မယ်ကြည့်၊ အကုန်ဖြုတ်ပစ်လိမ့်မယ်၊ (မှန်ပါ့ ဘုရား) အတော်ကြောက်စရာကောင်းတဲ့ တဏှာဗျ (မှန်ပါ့) မျက်လုံးပိတ်ညာတာ (မှန်ပါ့) မျက်လုံးပိတ်တာက အဝိဇ္ဇာညာတာက တဏှာ (မှန်ပါ့)။
အဲဒီနှစ်ခုမိရင် ခင်ဗျားတို့ ဒေါင်ချာစိုင်းရုံဘဲရှိတယ် (မှန်ပါ့ ဘုရား) ဒီပြင်ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။
အံမာလေး အခုလို ဒေါင်ချာစိုင်းလို့ အမောမပြေသေးဘူးကွ (မှန်ပါ့) နောက်ထပ် မင်းဒေါင်ချာစိုင်းအောင်လုပ် ဦး မလားဆိုတဲ့ဥစ္စာ အခုအတင်းမေးမှကိုက်မှာ (မှန်ပါ့) မမေးရင် (မကိုက်ပါ ဘုရား) ဒါ – စစ်တိုက်တာ (မှန်ပါ့) ကိလေသာ ရန်သူကို စစ်တိုက်တာ၊ နားလည်းတယ်မဟုတ်လား (မှန်ပါ့ ဘုရား) ဘာစစ်တိုက်တာတုန်း (ကိလေသာရန်သူ ကို စစ်တိုက်တာပါ ဘုရား)
ကိလေသာရန်သူကို စစ်တိုက်တာ၊ ကိလေသာရန်သူကို အောင်ပွဲယူမှ နိဗ္ဗာန်ရောက်တာကိုး (မှန်ပါ့) ကိလေသာရန်သူကို အောင်ပွဲမယူရင် (မရပါ ဘုရား) မရနိုင်ဘူးဆိုတာ တထစ်ချမှတ်ထားပါ (မှန်ပါ့)။
ကိလေသာရန်သူ အုပ်ချုပ်ရေးလက်အောက်မှာ နေတဲ့လူ အကောင်းဘယ်တော့မှ မဖြစ်နိုင်ဘူး (မှန်ပါ့) ဖြစ်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
မဂ်ရှေ့ကျအောင် ကျုပ်လိုက်နိုင်တယ်
မင်းတို့ကလဲ ထင်တော့ထင်မှာပေါ့၊ ဒကာကြီးတွေကလဲ ထင်ချင်ထင်မှာပေါ့၊ နတ်ပြည်, ဗြဟ္မာ့ပြည်ဟာ ဒါ- ကိလေသာနယ် (မှန်ပါ့) နတ်ပြည်, ဗြဟ္မာ့ပြည်ဟာ ဘယ်သူ့နယ်တုန်း (ကိလေသာနယ်ပါ ဘုရား)။
မယုံရင် ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ အာသေဝေါတရား မေးကြည့်၊ ဘယ်ကျအောင် မင်းလိုက်နိုင်သတုံး မေးကြည့် (မှန်ပါ့) ကျုပ်သတ္တိမခေပါဘူးလို့ သူကပြောလိမ့်မယ်၊ မဂ်ရှေ့ကျအောင် ကျုပ်လိုက်နိုင်တယ် (မှန်ပါ့) နည်းတဲ့သတ္တိလား (မနည်းပါ ဘုရား) အို ခင်ဗျားတို့ မေးလို့ရှိရင် သုံးဆဲ့တဘုံကျုပ်ဟာချည့်ဘဲ (မှန်ပါ့) သဘောပါပြီလား (ပါ – ပါပြီ ဘုရား)။
အဲ့ဒီစကား နားထောင်လို့ ရှိရင်သုံးဆဲ့တစ်ဘုံထဲမှာ ခင်ဗျားတို့ ဘယ်လွှရုံးသွားပြီး ခင်ဗျားတို့ သစ်တုံးဖြစ်ချင် သတုန်း မေးလိမ့်မယ် (မှန်ပါ့) ဘယ်လွှရုံသွားသွား သစ်တုန်းဖြစ်ရင်တော့ အဖြတ်ခံရမှာဘဲ (မှန်ပါ့) ဇရာမရဏတွေနဲ့ တွေ့မှာဘဲ (တွေ့ပါတယ် ဘုရား) မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) ကဲ ဘယ်လွှကြိုက်သတုန်း (ဘယ်လွှရုံမှ မကြိုက်ပါ ဘုရား)။
သုံးဆဲ့တဘုံဟာ လွှရုံကြီး
သုံးဆဲ့တဘုံဟာ ဘုံကြီးတွေက လွှရုံကြီးတွေ၊ ဇရာမရဏကဖြတ်စက်တွေ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ခင်ဗျားတို့ ခန္ဓာကိုယ်က သစ်တုန်းတွေ (မှန်ပါ့) ခန္ဓာကိုယ်သစ်တုန်းမှာ ဇရာကဆွဲတင် မရဏကဖြတ် (မှန်ပါ့)။
ဇရာဝန်ချီစက်က ဆွဲတင်ပြီး မရဏလွှသွားကြီးက ဖြတ်ချလိုက်တာဘဲ (မှန်ပါ့) ဘယ်ရုံမှာ ခင်ဗျားတို့ ဘာသားမှ မခံနိုင်ဘူး (မှန်ပါ့) ပျဉ်းကတုန်း မာပါတယ် မရဘူး၊ သွားမှာဘဲ (မှန်ပါ့ သွားမှာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ သုံးဆဲ့တဘုံ တယ်လွှရုံမှ မဖြစ်ချင်ကြနဲ့ (မှန်ပါ့) ဘယ်လွှရုံထဲမှာ ဘယ်သစ်တုန်းဖြစ်ရပါလို ၏လို့ သွားမလုပ်နဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒါပိတ်ဟောတာဘဲ (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဗြဟ္မစရိယအလုပ်ကျင့်ယင်တော့ဖြင့် ဒီလွှရုံထဲကော။ သွားစရာရှိသေးသလား (မရှိပါ ဘုရား) ဘယ်သူက မြှောက်မြှောက်မယုံနဲ့ တဏှာကတော့ မြှောက်လိမ်မယ်၊ ဒိဋ္ဌိကကော (မြှောက်မှာပါ ဘုရား)။
ဒိဋ္ဌိကလဲ မြှောက်မယ်၊ မင်းပြုထားတဲ့ ကုသိုလ်တွေနည်းတာတွေမဟုတ်ဘူး၊ မင်းခံစားသွားပါဦးမလား (မှန်ပါ့) ဒိဋ္ဌိကလဲမင်းလုပ်ထားတယ် (မှန်ပါ့)။
တဏှာကလဲ မင်းဥစ္စာတွေက ဟိုမှာ ဘုံပေါက်နေတယ်၊ အင်းသူကလဲ ပြောလိမ့်မယ် (ပြောပါတယ် ဘုရား) အဲဒီလွှရုံသွားပါဦးမယ်။
မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ဒီလိုနက်နက်နဲနဲ နှိုက်နှိုက် ချွတ်ချွတ်ပြောမည့်, ဆုံးမ, မည့်လူ မရှိလို့, ရှိရင်ခင်ဗျားတို့ သေသေချာချာ ဂျောက်ကျတယ် (ကျပါတယ် ဘုရား)။
ခင်ဗျားတို့ကလဲ ထူထူနဲ့ အဝိဇ္ဇာကလဲ မျက်လုံးပိတ်တယ်တာနဲ့တဏှာကလဲ အလှည့်မတော့ ဗိုလ်စွဲနေတာနဲ့ (မှန်ပါ့) ခင်ဗျားတို့ကလဲ ယောင်ချင် – ချင်နဲ့ (မှန်ပါ့)။
နီဝရဏတွေက ဉာဏ်ပေါ်မှာအုပ်နေတယ်
မပါးသေးဘူးဗျ ခင်ဗျားတို့ (မပါးသေးပါ ဘုရား) မပါးသေးဘူး၊ မပါးသေးဘူးတာကလဲ တခြားမဟုတ်ဘူး၊ တနေ့က ပြောခဲ့တဲ့ နီဝရဏတွေက ဉာဏ်ပေါ်မှာ မဟာရဇက္ခပုဂ္ဂိုလ်တွေဖြစ်နေတော့ * ကိလေသာမြူက တခါတည်း အုပ်နေတယ် (မှန်ပါ့) အုပ်နေလို့ ပါးစရားကောရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါလုပ်နေတာ၊ ဒါကို ဘုန်းကြီးက နေ့တိုင်း ထိုးလှန်နေရတာ (မှန်ပါ့)။
ဒီအဘိုးကြီးတွေတော့ ခက်ပါသေးရဲ့၊ ခက်ပါသေးရဲ့ဆိုပြီး ဒါကလေး လှန်ပေးလိုက်၊ နည်းနည်းကလေး မျက်လုံးကလေးကြည်လာအောင်(မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) နို့မဟုတ် ခလေးကလေး မွေးစ,လို စိန်လဲမသိ, မြလဲမသိဟုတ်လား (မှန်ပါ့) အမေလဲ မသိဘူး, အဖေလဲ မသိဘူး၊ ခလေးမွေးစ, မျက်လုံးပြာတယ် (မှန်ပါ့)။
ခင်ဗျားတို့လဲ ပြာနေတာဘဲ (မှန်ပါ့) ဘာမှမသိဘူး၊ ဟိုဟာကလေးဖြင့်လဲ လှတယ်၊ လှရင် ကြိုက်မှာဘဲ (မှန်ပါ့ ဘုရား) ဒါကလေး အရုပ်ဆိုးတယ် မကြိုက်ဘူး၊ ဒါဘဲ ခင်ဗျားတို့တတ်တယ်၊ သစ္စာနားမလည်ဘူး (နားမလည်းပါ ဘုရား) ပဋိစ္စသမုပ္ပပါဒ် တခုလုံးလဲ (နားလည်းပါ ဘုရား)။
အဲဒီတော့ခလေး မွေးစ, ပေါက်ဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘာမှနားမလည်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အံမာလေး ထူလိုက်တဲ့ လူတွေမှ မပြောပါနဲ့တော့ (မှန်ပါ့)။
ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်လို့ ရှိရင် ဒီခန္ဓာရမယ်(မှန်ပါ့) မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ယင် (မရပါ ဘုရား) ဒါဖြင့် သတ္တုချလိုက်ပါတဲ့ မဂ္ဂဗြဟ္မစရိယ အကျင့်ဟာ လိုရင်းအကျင့်ဘဲ(မှန်ပါ့) မဂ္ဂဗြဟ္မစရိယ အကျင့်ဟာ (လိုရင်းအကျင့်ပါ ဘုရား) လိုရင်းဘဲ။
ဒိဋ္ဌိကလဲကန့်ကွက်တယ်
မဂ္ဂဗြဟ္မစရိယ အကျင့်ကိုကန့်ကွက်တာဟာ ဒိဋ္ဌိကလဲကန့်ကွက်တယ်၊ တဏှာကလဲကန့်ကွက်တယ် (မှန်ပါ့) ငါကလဲကန့််ကွက်တယ်၊ ငါက ဒိဋ္ဌိ, ငါ့ဥစ္စာကတဏှာ (မှန်ပါ့) ဒီ – နှစ်ခုက ကန့်ကွက်တယ် (မှန်ပါ့) ။
မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်တာတော့ ငါ – ကျင့်နိုင်ပါတယ် တော်တော်ကြာကျတော့ ငါကကန့်လန့်ဖြစ် နေဦးမှာ (မှန်ပါ့) ငါကလဲ ကန့်ကွက်တယ်(မှန်ပါ့)။
ဒီပစ္စည်းတွေကြားထဲမှာ ဒါတွေလှူဒါန်းပြီး နိဗ္ဗာန်သွားကော မဖြစ်ဘူးလားတဲ့၊ တဏှာကလဲ လှည့်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား) ကဲ ဘယ်လောက် ကြောက်စရာကောင်းသတုန်း(ကောင်းပါတယ် ဘုရား) ဒါတွေလှူဒါန်းသွားပြီး သကာလ နိဗ္ဗာန်မရောက်ဘူးလားတဲ့၊ သူက ဒီလိုလှည့်ပစ်လိုက်တာ (မှန်ပါ့ ဘုရား)။
သူက ကိလေသာ ဖြတ်ပါဆိုတော့ မပါဘူး(မှန်ပါ့) ဒါတွေလှူဒါန်းပြီး နိဗ္ဗာန်သွားရင် မဖြစ်ဘူးလားတဲ့ (မှန်ပါ့ ဘုရား)။
ဘုရားလက်ထက်ကတည်းက ဒီလိုဟာတွေက အများကြီးပေါ်တယ် (မှန်ပါ့) သာသနာဘောင်မှာ မမွေ့မလျော်လို့ရှိရင် လူထွက်ပါတော့မယ်၊ လူထွက်ပြီး ဒါန, သီလတွေလုပ်ပြီး သကာလ သွားပါတော့မယ် ဆိုတဲ့ဥစ္စာတွေ ဘုရားကိုယ်တိုင် မနည်းကန့်ကွက်ယူရတယ် (မှန်ပါ့) မကန့်ကွက်ရဘူးလား (ကန့်ကွက်ရပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ ခင်ဗျားတို့လဲ အလုပ်ကလေးကလဲ လုပ်မည့်ကြံ၊ ဗြဟ္မစရိယကလဲ ဖြစ်မည့်ကြံ, ခေါင်းကကိုက်, လည်းကနာ, ရင်ကကြပ်နဲ့၊ ဟင် လှူဒါန်းပေးကမ်းပြီး ဖြေးဖြေးယူပါတော့မယ်၊ အင်း တဏှာက ဒီလိုလှည့်ပစ်လိုက်တာကိုးဗျ (မှန်ပါ့ ဘုရား)။
အသက်အရွက်ကလည်းကြီးတော့ မေ့တတ်, ရော့တတ်နဲ့ ဒီဘဝဒါဘဲ ထင်ပါရဲ့လို့ ဦးလှကြီးကလဲ ယောင်ချာချာ လုပ်နေဦးမယ်၊ ဒီဥစ္စာကို လုပ်ရမယ် (မှန်ပါ့) နားလည်းပြီလား (မှန်ပါ့)ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်ရမယ် (မှန်ပါ့) သဘောပါကြပြီလား (ပါ – ပါပြီ ဘုရား) ဘာအကျင့်တုန်း (မဂ္ဂဗြဟ္မစရိယအကျင့် – ကျင့်ရပါမယ် ဘုရား)။
အမြတ်ဆုံးခရီး
မဂ္ဂ,က = ခရီး၊ ဗြဟ္မစရိယ, က=မြတ်တာ၊ ခရီးတကာ ခရီထဲမှာ အမြတ်ဆုံးခရီး (မှန်ပါ့) အပါယ်သွားတဲ့ ခရီးလမ်းက မိစ္ဆာမဂ္ဂင်ကလဲ ရှိသေးတာကိုး (မှန်ပါ့) နတ်ရွာသုဂတိသွားတဲ့ခရီးလမ်းကလဲ ရှိသေးတယ် (မှန်ပါ့) ဗြဟ္မပြည်သွားတဲ့ ခရီးလမ်းကလဲ ရှိသေးတယ် (ရှိပါတယ် ဘုရား) ခရီးတွေအများကြီးရှိတဲ့အနက်က မဂ္ဂါနံ အဋ္ဌင်္ဂိကော သေဋ္ဌောကိုး (မှန်ပါ့) မဂ္ဂင်မှ အမြတ်ဆုံးလမ်းဟေ့ ကျန်တဲ့ ခရီးတွေ အလကားခရီးတွေ (မှန်လှပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘာလုပ်ရမလဲ (မဂ္ဂဗြဟ္မစရိယအကျင့် – ကျင့်ရပါမယ် ဘုရား) သေသေချာချာကျင့်မှ ရမယ်နော် (မှန်ပါ့ ဘုရား) မကျင့်ရင် (မရပါ ဘုရား)။
ကဲ … မနက်ဖြန်မှကျင့် နာရီစေ့နေပြီ။
သာဓု …သာဓု … သာဓု။