12007

မာတိကာသို့

အနာဂတ်ဘေးငါးပါး

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌-ဟောကြားတော်မူသော

(အနာဂတ်ဘေးငါးပါး)နေ့အလုပ်ပေးတရားတော်

(၂၆-၉-၆၁)

လာလတ္တံ့ ဘေးငါးဘေး

အားလုံးတရားနာလာကြတဲ့ ဒကာ ဒကာမတွေ လာလတ္တံ့ ဘေးငါးဘေးဆိုတာ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟော တော်မူတယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတွေ ကိုယ်တိုင်သိရမည့်ဘေးဟာ ငါးဘေးရှိတယ်ကွာ တဲ့၊ အဲဒီ ငါးဘေးဖြင့် စောင့်ဆိုင်းပြီး သကာလ မနေလိုက်ပါနဲ့၊ ပြီးသင့်တဲ့အလုပ် ပြီးအောင် လုပ်ထားနှင့်ပါလို့ ကိုယ်တော်မြတ်ကြီးက မှာတယ် (မှန်ပါ့)။

ဘေးက ဘယ်နှစ်ဘေးရှိပါလိမ့် (ငါးဘေးပါ ဘုရား) အဲဒီငါးဘေးကိုဖြင့် မင်းတို့က စောင့်ဆိုင်းပြီး သကာလ မနေလိုက်ပါနဲ့ တဲ့၊ ပြီးသင့်တဲ့အလုပ်ပြီးအောင် လုပ်ထားနှင့်ပါ တဲ့ (မှန်လှပါ)။

စောင့်ဆိုင်းလို့ရှိရင် မင်းတို့သည်ကားလို့ဆိုရင်ဖြင့် ပြီးသင့်တဲ့အလုပ် မပြီးသောကြောင့် မင်းတို့သည် သံသရာ့ ခရီးသည်ဖြစ်ပြီး သကာလ အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အဖော်လုပ်ရလိမ့်မယ် (မှန်ပါ့)။

အရွဲ့တိုက်လို့ မတော်ဘူး

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘေးငါးဘေးမစောင့်ဖို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သဗ္ဗညုတ ဉာဏ်တော်နဲ့ ကြည့်ပြီး သကာလ မှာတော်မူတာကို ကျုပ်တို့က အရွဲ့တိုက်လို့ မတော်ဘူးဆိုတာ ဒကာကြွယ် မှတ်ရ လိမ့်မယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ကိုယ့်ဟာကိုယ် အရွဲ့တိုက်နေတာ မသိလို့ရှိရင်လဲ ကိုယ်တော်မြတ်ကြီးကို မကြည်ညိုရာ မလေးစားရာ၊ ကိုယ်တော်မြတ်ကြီးကတော့လဲ မင်းတို့သည်ကားလို့ ဆိုလို့ရှိရင်ကွာ တဲ့ တိဏ္ဏောတာရေယျ= ငါနိဗ္ဗာန် ဘက်ကူးသလို မင်းတို့ကို သက္ကာယနယ်မှ သက္ကာယချုပ်တဲ့ဖက်သို့ ကူးအောင် ငါ-ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက် ပါပဲ (မှန်ပါ့)။

မုတ္တောမောစေယျံ= ငါသည် အိုဘေး၊ နာဘေးမှလွတ်သလို မင်းတို့ကိုလဲ လွတ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက် ကြီးနဲ့ လာခဲ့တာ (မှန်ပါ့)။

ဗုဒ္ဓေါဗောဓေယျံတဲ့= မင်းတို့ သစ္စာလေးပါး မသိဘူးဆိုတာ ငါ-ရိပ်မိတယ်တဲ့၊ သစ္စာလေးပါး မသိလို့ သံသရာ ရှည်ခဲ့တာကိုလဲ ငါသိသလို သိစေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငါ-ဘုရားအဖြစ်ကို မရ,အရယူလာခဲ့တယ်ဆိုတာ ပြော ပါတယ် (မှန်ပါ့)။

သုံးချက်ငဲ့တယ်ဆိုတာ

အဲဒီတော့ ကိုယ်တော်မြတ်ကြီးက ကျုပ်တို့အပေါ်မှာ သုံးချက်ငဲ့တယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) သုံးချက်ငဲ့တယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ သူ-သစ္စာလေးပါးတရားကို သိသလို သိစေချင်တယ် (မှန်လှပါ) သူ-အိုဘေး, နာဘေးမှ လွတ်သလိုလဲ လွတ်စေချင်တယ် (မှန်ပါ့ ဘုရား)။ သူ သက္ကာယနယ်မှာ သက္ကာယကင်းတဲ့ နယ် ရောက်သလိုလဲ ဒကာ ဒကာမတွေကိုလဲ ရောက်စေချင်တယ် (မှန်ပါ့) ဘယ်နှစ်ချက်ပါလိမ့် (သုံးချက်ပါ ဘုရား)။

အဲဒီသုံးချက် ရည်ရွယ်ချက်ဟာ သူ့အတွက်လားလို့ မေးတော့ ဒကာသစ်တို့-ဦးမာဒင်တို့ ဖြေတာပေါ့ဗျာ၊ ကျုပ်တို့တွေအတွက် (မှန်ပါ့) ငါလွတ်သလို လွတ်စေရမယ်ဆိုတော့ သူလွတ်ပြီးသားဗျ (မှန်ပါ့) ငါသိသလို သိစေရ မယ်ဆိုတာကော (သူသိပြီးသားပါ ဘုရား) ငါ-ကူးမြောက်သလို သူတို့ကို ကူးမြောက်စေရမယ်ဆိုတာကော (သူ ကူး မြောက်ပြီးသားပါ ဘုရား) သူ-ကူးမြောက်ပြီးသား (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီကိုယ်တော်ကြီးသည်ကား လို့ဆိုရင် ကျုပ်တို့ အကျိုသက်သက်ပဲဆိုတာ ဒကာ ဒကာမတွေ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။

အဲဒီ ကိုယ်တော်မြတ်ကြီးက မင်းတို့မှာ လာလတ္တံ့ဘေး ငါးဘေးရှိတယ်ကွာ၊ ဝီရိယကလေးဖြင့် ပြင်းထန်ပြီး သကာလ ဒီဘေးမလာခင် ဘေးရှောင်တဲ့အလုပ် လုပ်လိုက်ပါကွာဆိုတာ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ ကိုယ် တော်တိုင် ဟောတော်မူတယ် (မှန်ပါ့)။

ဒကာကြွယ် ဒီဥစ္စာ အရေးကြီးပါတယ်နော် (ကြီးပါတယ် ဘုရား) အရေးကြီးတယ်လို့ မှတ်ကြစမ်းပါ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဒကာ ဒကာမတွေမှာ တဲ့ ယခုအချိန်မှာ အသက်အရွယ် ငယ်ကြတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်၊ မသေသေး ငယ်သေးတယ်ပဲ ထားပါဦးတော့ (မှန်လှပါ) ဒီ့ထက် ကြီးသွားလို့ရှိရင် ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်ရောက်ကြောင်း အလုပ် တွေကိုလဲ ဒကာ ဒကာမတွေ လုပ်နိုင်ဖို့ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အိုဘေးစောင့်နေတဲ့ ပုဂ္ဂိုလ်

ဒါဖြင့် အခု မလုပ်တဲ့ပုဂ္ဂိုဠ်သည် ဪ အိုဘေးစောင့်နေတဲ့ ပုဂ္ဂိုလ်ပဲ (မှန်လှပါ) မလုပ်ဖြစ်အောင် စောင့်နေတဲ့ ပုဂ္ဂိုလ်ပဲဆိုလို့ရှိရင် မလွဲဘူး (မလွဲပါ ဘုရား) သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

အခုသည်ကား လို့ဆိုရင် အားလုံး ဒကာ ဒကာမတွေ ကျန်းမာ-ချမ်းသာသေးတယ်၊ အရွယ်ငယ်သေးတယ် ထားလိုက်ပါတော့ (မှန်ပါ့) ကြီးတော့ မိန်းမောတွေဝေပြီး သကာလ ဒကာသစ်-ရေ အခုမလုပ်တဲ့ပုဂ္ဂိုလ်ဟာ မိန်းမော တွေဝေမှုဆိုတဲ့ အိုဘေးစောင့်တာနဲ့ ထူးသေးရဲ့လား (မထူးပါ ဘုရား)။

အဲဒီဘေးက လာမှာလား-မလာဘူးလားလို့ သတ္တဝါတိုင်းမှာ တွေးကြည့်ပါ (လာမှာပါ ဘုရား)။

ဒါဖြင့် အခု တွင်တွင်ကျယ်ကျယ် မလုပ်သေးဘဲ တောင်ဆင်ခြေများ-မြောက်ဆင်ခြေများနဲ့ နေတဲ့ပုဂ္ဂိုလ် များအတွက်ဟာ ဒကာကြွယ် မလုပ်နိုင်တဲ့ အိုဘေးစောင့်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာစောင့်တာတုန်း (အိုဘေးစောင့်တာပါ ဘုရား) ဘယ့်နှယ်ကြောင့် သူ စောင်ပါလိမ့်မလဲလို့ ဦးမာဒင်တို့ မေးလို့ရှိရင်ဖြင့်တဲ့ မလုပ်ဖြစ်အောင်လို့ စောင့်တာ (မှန်ပ့ါ) မလုပ်ဖြစ်အောင်လို့ စောင့်တော့ကို သံသရာစခန်းသတ် ရမည့် အလုပ်ဟာ အပါယ်လေးပါးနဲ့ သေခန်း-ရှင်ခန်း ပြတ်ရမည့်အလုပ်ဟာ ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။

သံသရာဘေးရော အပါယ်ဘေးရောစောင့်တာ

ဪ သူသည်ကား အိုဘေးတွင် စောင့်တာမဟုတ်ပါလား၊ သံသရာဘေးရော-အပါယ်ဘေးရော စောင့် တာပါလား (မှန်ပါ့) ဒကာသစ် မနာဘူးလား (နာပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ အင်မတန်ဆိုးရွားနေလို့ ပြောပါတယ် (မှန်ပါ့) အင်မတန် ဆိုးရွားပြီး သကာလ ခင်ဗျားတို့ စောင့်သင့်တာစောင့်၊ သားနဲ့တွေ့မယ်, သမီးနဲ့တွေ့မယ်ဆိုတဲ့ စောင့်လုံးကိုတော့ ဘုန်းကြီးများက မဆိုလို ပါဘူး (မှန်ပါ့ ဘုရား)။

အခုဟာက အအိုကိုလဲ ကိုယ်က မကြိုက်ဘဲနဲ့ အအိုလွတ်ရာ လုပ်တဲ့အလုပ်ကို စောစောက လုပ်နှင့်ပြီးသား မဖြစ်တာ မစောင့်ကောင်းတဲ့ အိုဘေးစောင့်နေလို့ရှိရင် ဦးမာဒင်တို့ တယ်နာတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ အင်မတန် ကြောက်စရာကောင်းပါလား (ကြောက်စရာ ကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့ အခု မလုပ်သေးတဲ့ပုဂ္ဂိုလ် ဘာစောင့်ပါလိမ့် (အိုဘေးစောင့်ပါတယ် ဘုရား) ဒါ အနာဂတ် ဘေးလဲ တွေ့ရမှာဗျာ (မှန်ပါ့) မတွေ့ပါနဲ့ဆိုလို့ ရှောင်လို့ရရဲ့လား (မရပါ ဘုရား) အသက်ရှည်, ရှည်သလောက် တွေ့ရမယ်ဆိုတာ ဒကာကြွယ် ငြင်းဖို့မလိုပါဘူး (မလိုပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အဲဒီ့အိုဘေးမလာခင် တစ်ခါတည်း မြန်မြန်ထက်ထက် ဒုက္ခဆုံးတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကို ဒကာသစ်ရေ-မရ-အရ လုပ်လိုက်ပါဆိုတာ၊ ဝီရိယပြင်းထန်လိုက်ပါလို့ ဘုရားက အကြီးအကျယ်တိုက် တွန်းပါတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား) ဧကန်မြင်တဲ့ ကိုယ်တော်ကြီးနော် (မှန်ပ့ါ ဘုရား)။

ဆရာနဲ့တွေ့ရတာ နောက်ကျတယ်

အခုတော့ ဒကာ ဒကာမတွေ အချို့ ဘယ့်နှယ်ပြောနေကြသတုန်းမေးတော့ ဒကာကြွယ်ရေ- ကျုပ်တို့က ဆရာနဲ့တွေ့ရတာ နောက်ကျတယ် (မှန်ပါ့)။

အသက်ကလေးက ကြီးသွားတယ် (မှန်ပါ့) အသက်ကလေးကြီးသွားတော့ မေ့လွယ်တယ်ဘုရာ့ (မှန်ပါ့) မရ နိုင်ဘူးဘုရာ့၊ ရခဲ-မေ့လွယ် ဖြစ်နေတယ်ဘုရာ့ တဲ့ (မှန်ပ့ါ ဘုရား)။

သူ စောင့်နေတာတော့ အပြစ်မထည့်ဘူး (မှန်ပါ့)။ သူ အသက်ကြီးတာသာ ဂုဏ်ယူပြီး သကာလ မလုပ် ဖြစ်တဲ့နည်းပဲ ပြောနေတယ်ဆိုတတော့ ဦးမာဒင် ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

နဂိုက ဘယ်သူစောင့်လို့ တွေ့တာတုန်းလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ကိုယ်စောင့်လို့တွေ့တာပါ) ဒကာသစ် ရေ ဘယ်သူစောင့်လို့တုန်း (ကိုယ်စောင့်လို့ပါ ဘုရား)။

ကိုယ့်ဟာကိုယ် ဟောင့်လို့ ကိုယ်တွေ့တဲ့ ဥစ္စာကိုပဲ ဒကာ ဒကာမတို့ မလာမည့်ဘေးလား ၊ လာမည့်ဘေး လားဆိုတာလဲ အကဲခတ်ပါဦး (လာမည့်ဘေးပါ ဘုရား)။

လာမည့်ဘေးဖြင့် စောင့်နေရမှာလား၊ ကျုပ်တို့ ကိုယ့်ကိစ္စပြီးနှင့်အောင် လုပ်ရမှာလား (ကိုယ့်ကိစ္စ ပြီးနှင့်အောင် လုပ်ရမှာပါ ဘုရား)။

အဲဒါ ဒကာကြွယ်တို့လူစု, ဦးမာဒင်တို့ လူစုတွေက အစောင့်ကြီးစောင့်လို့ အခုအိုမှ ဆရာကောင်း သမား ကောင်းတွေနဲ့ လာပြီး သကာလ တွေ့လိုက်ပြန်တော့ တပည့်တော်တို့ကဘုရာ့ အတွေ့က နောက်ကျတယ် (မှန်ပါ့)။

အံမာ သာဓုခေါ်ရဦးတော့မလိုလို (မှန်ပါ့) အတွေ့နောက်ကျတာ မဟုတ်ဘူး ၊ ကိုယ့်-ကိုယ်တိုင် စောင့်လို့ တွေ့တာ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမလဲ (ကိုယ်-ကိုယ်တိုင်စောင့်လို့ တွေ့ရတာပါ ဘုရား)။

တဏှာခိုင်းတဲ့အလုပ်ထဲမှာ ဖြုန်းပစ်ကြတယ်

ဪ ခင်ဗျားတို့ ဉာဏ်ကောင်း၊ ကံကောင်းတွေကို ဒကာကြွယ် သားရေး၊ သမီးရေး၊ စီးပွားရေးထဲ ဖြုန်းပစ်ကြတယ် (မှန်ပါ့)။

ဉာဏ်ကောင်း၊ ကံကောင်းတွေကို (သားရေး၊ သမီးရေး၊ စီးပွားရေးထဲ ဖြုန်းပစ်ပါတယ် ဘုရား)။

ထက်တဲ့ဉာဏ်တွေကိုလဲ သားရေး၊ သမီးရေး၊ စီးပွားရေး တဏှာခိုင်းတဲ့အလုပ်ထဲမှာ ဖြုန်းပစ်ကြတယ် (မှန်ပ့ါ) ဉာဏ်ကောင်း, ကံကောင်းတွေ့ အခုပါသေးရဲကလား (မပါပါ ဘုရား)။

ကံမကောင်းဘူးဆိုတာလဲ မျက်လုံးမွဲလာတာ၊ မျက်လုံးဟာ ကံကြောင့်ဖြစ်တာ (မှန်ပါ့) အဲဒီ့ကံကြောင့်ဖြစ် တဲ့ မျက်လုံးဟာ မွဲပြီ (မှန်ပ့ါ)။

နားကလဲထိုင်းပြီ၊ ခါးကလဲချိပြီ (မှန်ပါ့) အားအင်ဗလကလဲ ချိနဲ့ပြီဆိုတာ အဲဒါ ကံကောင်းတွေ ဖြုန်းပစ်လိုက် တာ (မှန်ပါ့ ဘုရား)။

ဉာဏ်တွေကလဲ ငယ်ငယ်တုန်းက စားနိုင် သောက်နိုင်လို့ ဉာဏ်တွေကလဲ ထက်ကြတယ် (မှန်ပါ့) အခုအခါ ကျတော့ ဉာဏ်တွေက နည်းနည်း တုံးတုံး-တုံးတုံး လာတော့ ဒါဖြင့် ကံကောင်း- ဉာဏ်ကောင်းတွေ ဘယ်လိုဖြုန်းခဲ့ ပါလိမ့်မတုန်းလို့ မေးတော့ တဏှာ့ကျွန်အဖြစ်နဲ့ ဖြုန်းခဲ့တယ် (မှန်ပါ့)။

တဏှာခိုင်းခဲ့တဲ့အလုပ် တပည့်တော်တို့က ကံကောင်း, ဉာဏ်ကောင်းတွေ ဖြုန်းခဲ့တယ်ဘုရာ့ဆိုရင် ဦးမာဒင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အခု ဘုန်းကြီးဆီရောက်လာတော့ ဒကာကြွယ် ဘယ်အခြေအနေနဲ့ ရောက်လာသတုန်းမေးတော့ ကံမွဲဉာဏ်မွဲမှ ရောက်လာတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဖြစ်နေသတုန်း (ကံမွဲဉာဏ်မွဲဖြစ်နေပါတယ်) တပည့်တော် ကယ်ပါဦး ယူပါဦးဘုရာ့၊ တပည့်တော် တို့ဖြင့် အရွယ်ကလဲ ကြီးပြီဘုရား၊ အတွေ့ကလဲ နောက်ကျနေတယ် ၊ အရှင်ဘုရား ခပ်သုတ်သုတ်နဲ့ ကယ်ယူမှပဲ သိပ်အချိန်ဆိုလို့ မရဘူးလို့ လျှောက်ပြန်တော့လဲ အင်း ကံမကောင်း အကြောင်းမသင့်လို့ တွေ့ရတာလား ၊ သူကိုယ်တိုင်က စောင့်ပြီး သကာလ ဒါကြီးရမှ ဒီအကြောင်းပြောတာလား (သူကိုယ်တိုင်က စောင့်ပြီး ဒါကြီးရမှ ဒီ အကြောင်း ပြောတာပါ ဘုရား)။

အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့) ဒါကြီးရမှ ဒီအကြောင်း ပြောလာတယ်ဆိုတော့ ဒကာကြွယ် ရေ-မဆိုးရွားဘူးလားဗျာ (ဆိုးရွားပါတယ် ဘုရား)။

ကဲ ဒကာသစ် ဘုရားသင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ အနာဂတ်ဘေးဆိုတာ တွေ့လတ္တံ့အနာဂတ် ဘေးပါပဲ (မှန်ပါ့)။

အိုမှလုပ်မယ်ဆိုရင်

ပျိုတုန်းမလုပ်မိလို့ အိုမှလုပ်မယ်ဆိုရင်လဲ တစ်လလုပ်ရမှာ နှစ်လ, သုံးလကြာသွားမှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒါ ဘယ့်နှယ်ကြောင့် ဒါလောက်တောင် အကြာကြီး ကြာရပါလိမ့်မတုန်း မေးတဲ့အခါကျတော့ အိုဘေး စောင့်မိုလိ့ ဘုရာ့ လု့ိဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် စောင့်ကောင်း,မစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား) ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ) ဦးမာဒင် တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) အစောင့်မှားကော ကိုယ့်ဟာကိုယ် သေချာပလား (သေချာပါပြီ ဘုရား)။

ခင်ဗျားတို့ကတော့ စောင့်တယ်လို့ မထင်ဘူးပေါ့ဗျာ (မှန်ပါ့) ဘုရားကတော့ဖြင့် စောင့်လို့ တွေ့တာကွာတဲ့ (မှန်ပါ့) မစောင့်ရင် သူတို့မတွေ့ပါဘူးတဲ့ (မှန်ပါ့)။

မစောင့်လို့ရှိရင် သူတို့ သုံးဆယ်, လေးဆယ်အရွယ်ကတည်းက တစ်ခါတည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရပြီး ဉာဏ်ကောင်း-ကံ ကောင်းတွေနဲ့ သုံးလိုက်မယ်ဆိုရင် အလွယ်တကူနဲ့ ရပြီး သကာလ ကိစ္စပြီးကြပြီ (မှန်ပါ့)။

အခုတော့ သူတို့စောင့်တဲ့ အိုဘေးကြီး သူတို့တွေ့နေပြီ (မှန်ပါ့)။

အဲဒါ ဒီအချိန်ကျမှ တစ်ခါ မျက်စိကလေး ဘာကလေးပွင့်လာပြီး သူတော်ကောင်းအလုပ်၊ သံသရာစခန်း သတ်တဲ့အလုပ်ကို ရှာပြန်တော့ အင်း နည်းနည်းအချိန်နောက်ကျတယ် တစ်လလုပ်ရမှာ နှစ်လ, သုံးလလုပ်ရမယ် ဆိုတဲ့ အဓိပ္ပာယ် ဒကာသစ်ရောက်မရောက်( ရောက်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်လဲ၊ ဒီတစ်ဘဝတည်း ရထိုက်ပါလျက်သားနဲ့ အချိန်တွေကြာမြင်သွားပါလိမ့်မလဲလို့၊ ဒီမဂ်ဉာဏ် ဖိုလ်ဉာဏ် ရထိုက်တဲ့အကြောင်းကျိုးတွေ စုံပါလျက်သားနဲ့ သူများ တစ်လအားထုတ်ရတာ ကိုယ် နှစ်လ, သုံးလ အား ထုတ်ရတာ ဘယ်အတွက်ကြောင့် ပါလိမ့်မလဲလို့ ဦးမာဒင်မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (အိုဘေးစောင့်လို့ပါ) တိုးတိုး မပြောကြနဲ့ ကျယ်ကျယ်ပြောကြစမ်းပါ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာစောင့်တာတုန်း (အိုဘေးစောင့်ပါတယ်) ဘယ်သူက စောင့်တာပါလိမ့်ဗျာ (တပည့်တော်တို့က စောင့်ပါ တယ်) ကိုယ့်ဟာကိုယ် စောင့်တယ် (မှန်ပါ့)။

အိုဘေးဟာ စောင့်ကောင်း မစောင့်ကောင်း

အံမာလေး ဒကာ ဒကာမတို့ အိုဘေးဟာ စောင့်ကောင်း မစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား)။

သူမလာခင် ပြီးအောင်လုပ်နှင့်ဖို့ အရေးဟာ ကိုယ်သိတတ်တဲ့ အရေးဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အခုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံမွဲ-ဉာဏ်မွဲ ရောက်လာတဲ့အခါကျတော့ ဒကာကြွယ်ရေ, တစ်လ လုပ်ရမှာ ဘယ်လောက်လုပ်ရသတုန်း (နှစ်လ, သုံးလလောက် လုပ်ရပါတယ် ဘုရား)။

အဲဒါ တပည့်တော်တို့ကဘုရား ပါရမီမရှိလို့ ဆိုကြမလား အစောင့်မှားလို့ ဆိုကြမလား (အစောင့်မှားလို့ပါ ဘုရား)။

ဒါကြောင့် ပါရမီဖျက်ချင်လို့ ဘုရားကဟောရှာတာ (မှန်ပါ့) ခင်ဗျားတို့က ပါရမီချည့်နေလို့ မဟုတ်ဘူးကွတဲ့၊ သူငယ်ငယ်ရွယ်ရွယ်တုန်းက လုပ်မယ်ဆို တစ်လနဲ့ရရမည့်အလုပ်၊ သူ အိုဘေးစောင့်တာနဲ့ ဒါလောက် နှစ်လ, သုံးလ ကြာပြီး သကာလ သူသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆင်းဆင်းရဲရဲနဲ့ အရယူရတာ ဒကာသစ် ဘာ့ကြောင့်တုန်း (အိုဘေး စောင့်လို့ပါ) ဘယ်သူက စောင့်တာတုန်း (ကိုယ့်ဟာကိုယ် စောင့်တာပါ ဘုရား)။

ဒကာကြွယ် ဒီဥစ္စာ လောကကြီးထဲမှာ လောကမျက်လုံးနဲ့ပဲ ကြည့်ပါဦး စောင့်ကောင်း-မစောင့်ကောင်း (မစောင့် ကောင်းပါ ဘုရား) ကျုပ်တော့ အိုမှအားထုတ်မှာပဲ (မှန်ပါ့) ပြောလို့ကော ကောင်းကြရဲ့လား (မကောင်းပါ ဘုရား)။

မကောင်းပါပဲလျက် ခင်ဗျားတို့ဟာ ကံကောင်း, ဉာဏ်ကောင်းတွေကို တဏှာခိုင်းတဲ့ အလုပ်တွေထဲ ဖြုန်းပစ် ခဲ့တယ် (မှန်ပါ့) ကံမွဲ ဉာဏ်မွဲနဲ့ အိုဘေးသင့်မှ ဆရာကောင်း, သမားကောင်းဆီ ရောက်လာတော့ တစ်လအားထုတ် ရမှာ (နှစ်လ, သုံးလလောက် အားထုတ်ရပါတယ် ဘုရား)။

အဲဒီတော့ သုံးလလောက် အားထုတ်ရတော့ ဒကာ ဒကာမတွေက ပြောလာတယ်၊ ပါရမီများမှဘုရား- ဟန်မှ ဟန်ပါ့မလား၊ ရပါမီကပဲ ချို့တဲ့နေသလား၊ ဒီလိုတွေးလိုက်တဲ့အခါကျလို့ရှိရင် ဘုရားက ဒီအတွေးလွဲသကွာတဲ့ (မှန်ပါ့) ဒီအတွေးလွဲတယ်တဲ့၊ သူဟာ ကံကောင်း, ဉာဏ်ကောင်းတုန်းက (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ကြီးမှပဲ အားထုတ်တော့မယ်

ပြီးတော့လဲ သူသည် အိုဘေးကြီးလာလိမ့်မယ်လို့ ဆိုတာကိုလဲ ဧကန်သိလျက်သားနဲ့ အို ကြီးမှပဲ အားထုတ် တော့မယ်လို့ သူ ပြောပြန်တယ် (မှန်ပါ့) ဒီဖြင့် ဘာစောင့်တာတုန်း (အိုဘေးစောင့်တာပါ ဘုရား) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ဒီပုဂ္ဂိုလ်တွေကို ဒကာ ဒကာမတွေက ဒကာကြွယ်တို့လို၊ ဦးမာဒင်တို့လို ပုဂ္ဂိုလ်တွေကို ဘယ်ဆိုလိုကြမတုန်းလို့ မေးတဲ့အခါကျတော့ မစောင့်ကောင်းတာ စောင့်တဲ့လူတွေပဲ (မှန်ပ့ါ ဘုရား)။

ဘယ့်နျယ်ဆိုကြမလဲ (မစောင့်ကောင်းတာ စောင့်တဲ့လူတွေပါ ဘုရား)။

ဒကာကြွယ် နာစရာရှိရဲ့လား ခင်ဗျားတို့ (မရှိပါ) မရှိဘူး သူမစောင့်ကောင်းတာကို စောင့်နေတယ် (မှန်ပါ့) ဒါအိုဘေးမလာခင် ကျုပ်တို့သည် ကိုယ့်အရေးပြီးရမှာကိုးဗျ (မှန်ပါ့) ကိုယ့်အရေးပြီးတော့ ဒကာ ဒကာမတို့ အိုချင် တိုင်းအို၊ ဒီတစ်ခါ အိုပြီးရင် နောက်အိုစရာမရှိဘူး (မှန်ပါ့) ဒီလိုစိတ်ချရတယ် ဆိုတာကော သဘောကျပလား (ကျပါ ပြီ ဘုရား)။

အဲ သို့သော် အခုမှ လွန်မှဆရာဘုန်းကြီးနဲ့လဲ တွေ့ရတာကိုး ဘုရာ့၊ ဘုရားဟောကလဲ အခုမှ ကြားရတာ ကိုးဘုရာ့ဆိုပြီး ခင်ဗျားတို့ ဆင်ခြေလဲချင်လဲကြမယ် (မှန်ပ့ါ ဘုရား)။

ကဲ ဒီဥစ္စာတော့ မသိလို့ပဲ ရှိပါစေတော့ဆိုပြီး ဒီတစ်ပတ်ကို သည်းခံမယ်ဆိုရပါသေးတယ် (မှန်ပါ့ ဘုရား)။

နာဘေးလာ မယ်

တစ်ခါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့မှာ နာဘေးကြီးက မင်းတို့ခန္ဓာရကတည်းက နာဘေးလာ မယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ နည်းနည်း သာမညနာဘေးမလာခင် မြန်မြန်ကြိုးစားပြီး မဂ်ဉာဏ်, ဖိုလ်ဉာဏ် အရယူလိုက်လို့ ရှိရင် နာဘေးဇာတ်မသိမ်းနိုင်ဘူးလား (သိမ်းနိုင်ပါတယ်) ဒီတစ်ခါသာ ဖြစ်မယ် နောက်ဖြစ်စရာ (မရှိပါ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြစ်နေသတုန်း ဆိုလို့ရှိရင် ပျိုပျိုရွယ်ရွယ် မနာခင်တုန်းက၊ ရောဂါ ကင်းစင်တုန်းကတော့ စားသောက်ကောင်း၊ နေထိုင်ကောင်း အစာကြေကျက်တုန်းကတော့ တဏှာခိုင်းတာတွေ လျှောက် လုပ်နေတယ် (မှန်ပါ့) ရောဂါလဲထူလာပြီဆိုမှ အင်း ကိုယ့်ရေးကိုယ့်တာ ရှာဦးမှပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဦဥစ္စာသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ နာဘေးဟာ ဒကာသစ်ပဲ တွေးပါတော့ သူစောင့်လို့ တွေ့တာလား-အလိုလိုလာတာလား (သူစောင့်လို့ တွေ့တာပါ) ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုဖြေကြမတုန်း (သူစောင့်လို့လာတာပါ) ခင်ဗျားတို့ကိုယ်တိုင် စောင့်လို့ ခင်ဗျားတို့ တွေ့ရတာ (မှန်ပါ့) မစောင့်ရင် (မတွေ့ရပါ ဘုရား)။

မစောင့်လို့ရှိရင် ခင်ဗျားတို့ ခုနင်က မဂ်ဉာဏ်-ဖိုလ်ဉာဏ်က ရပြီးပြီ (မှန်ပါ့) တွေ့ချင်တွေ့ကွ ဘာကိစ္စရှိသလဲ (မှန်ပါ့) မင်း ဒီတစ်ခါပဲ နှိပ်စက်နိုင်မယ်၊ နောက်နှိပ်စက်နိုင်တဲ့အကြောင်း ဒို့အပေါ်မှာ မမြင်ပါဘူး (မှန်ပါ့) ဒီလို တင်းတင်းကြီး မျက်နှာထားနိုင်ပါတယ် (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေက နာဘေးတောင်းပန်ရတာက တစ်မျိုး (မှန်ပါ့) ကိုယ့်သူတော်ကောင်း အလုပ်- လုပ်ချင်တာက (တစ်မျိုးပါ) ဟာ ဘာဖြစ်မလဲ မနည်းကို နောက်ကျသွားပြီ (မှန်ပါ့) နောက်မကျဘူးလား (ကျပါတယ် ဘုရား)။

နာဘေးတောင်းပန်ရတာက ဆေးသမားနဲ့ဆေးနဲ့၊ ဒါကလေး တောင်းပန်နေရသေးတယ် (မှန်ပါ့) သူတော် ကောင်းအလုပ်လဲ လုပ်ရသေးတယ် (မှန်ပါ့ ဘုရား)။

အခုတော့ တောင်းတောင်းပန်ပန်နဲ့လုပ်တဲ့ အချိန်ရောက်လာတာဟာ ဪ ကံမကောင်း အကြောင်း မသင့်လို့လား ကိုယ်စောင့်လို့ တွေ့ရတာလား (ကိုယ်စောင့်လို့ တွေ့ရတာပါ ဘုရား)။

မိုက်ပြစ်ဖော်တဲ့တရား

ဒါ သံဝေဂရအောင်လို့ ဟောတဲ့တရား မဟုတ်ပါဘူး (မှန်ပါ့) မိုက်ပြစ်ဖော်တဲ့တရား (မှန်ပါ့ ဘုရား)။

ဦးဟာမင် ဘာတဲ့တုန်း (မိုက်ပြစ်ဖော်တဲ့တရားပါ) ဟကာကြယ် နာသလားဗျ (မနာပါ) မနာနဲ့ ခင်ဗျားတို့၊ နာလဲ ဒီအတိုင်းဖြစ်ရမှာပဲ (မှန်ပါ့) နာလဲ ခင်ဗျားတို့က နာသာနာတယ် စောင့်ပြီးသားပဲဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရောဂါကင်းတုန်းကတော့ ဘယ်နှာနေခဲ့လို့ ဘယ်နှာဘာလုပ်ခဲ့ကြသတုန်း၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဆိုတာလဲ ရောဂါကင်းတုန်းက သာပြီး ခရီးပေါက်တယ် (မှန်ပါ့) အို ဒီစဉ်အခါတုန်းကတော့ တပည့်တော်တို့ သားရေး, သမီးရေး, စီးပွားရေးဆိုတဲ့ ကျွန့်အလုပ်က ဈေးကောင်းတုန်းဘုရာ့ (မှန်ပ့ါ ဘုရား)။

ဘာဈေးကောင်းသတုန်း (ကျွန့်အလုပ်က ဈေးကောင်းပါတယ် ဘုရား) အံမာ အဲဒီတုန်းက သိပ်ပျော်တာ ကိုးဗျ (မှန်ပါ့) ကျွန်ဈေးကောင်းတုန်းကလေ (မှန်ပ့ါ ဘုရား)။

ဘယ့်နှယ်များ ပျော်သတုန်း ဒကာသစ် ပြောစမ်းပါဦး ကျွန်ဈေးကောင်းတုန်းက ပျော်ပုံ (ပြောလို့မဖြစ်ပါ) ပြောလို့မဖြစ်ဘူး (မှန်ပါ့) အရမ်းပျော်တာပေါ့လေဗျာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တောင်းတောင်းပန်ပန်နဲ့ အလုပ်-လုပ်နေရတယ်

အဲဒီကျွန်ဈေး ကောင်းတုန်း ပျော်နေတာနဲ့လဲ နာဘေးကြီးက သင့်ပြီး သကာလ လာတော့ ကိုင်း နာဘေး လဲသင့်ပြီး ကိုယ့်အရေးကိုယ်ရှာမှပဲဆိုတော့ နာဘေးကို တစ်နေ့ဆေးတစ်မျိုးနဲ့ တောင်းပန်ရတယ် (မှန်ပါ့) အစား မျိုးစုံနဲ့ (တောင်းပန်ရပါတယ်) အနှိပ်သည်မျိုးစုံ, ဥတုရာသီနဲ့ (တောင်းပန်ရပါတယ် ဘုရား)။

တောင်းတောင်းပန်ပန်နဲ့ အလုပ်-လုပ်နေရတယ်၊ တောင်းပန်တာက တစ်ချိန်၊ ကိုယ့်အရေး ကိုယ်လုပ်တာက တစ်ချိန်ဆိုတော့ အချိန်က တစ်ဝက်လောက် အလကားဖြစ်သွားတယ် (မှန်ပါ့) တစ်ဝက်လောက်က အလကား မဖြစ် ဘူးလား (ဖြစ်ပါတယ်)။

အဲဒီမှာ ခင်ဗျားတို့က တပည့်တော်က ကံမကောင်းအကြောင်းမသင့်တော့ဘုရား ရောဂါကလဲ ထူလိုက်တာ (မှန်ပါ့) ကိုယ့်စိတ်ကတော့ ရည်ရွယ်ချက်ကတော့ မသေးပါဘူးဘုရား၊ မရ, ရအောင်လုပ်ဖို့ပါပဲ ရောဂါထူလု့ိ (မှန်ပါ့)။

ဘေးက ပုဂ္ဂိုလ်ကတော့ ဒကာသစ်တို့ကတော့ ဟုတ်ပေလိမ့်မယ် လိုက်လိမ့်မယ် (မှန်ပါ့) လိုက်သင့်သလား မလိုက်သင့်ဘူးလား (မလိုက်သင့်ပါ ဘုရား) ဘယ့်နှယ်ကြောင့် မလိုက်သင့်ပါလိမ့်ဗျာ (သူ့ဟာသူ စောင့်နေတာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နောက် ဒကာ ဒကာမတွေ ဘာဖြစ်လို့ပါလိမ့် (သူ့ဟာသူ စောင့်နေလို့ပါ ဘုရား) ကိုယ်စောင့်လို့ ကိုယ်တွေ့တာ ဒကာသစ် ဟုတ်ပေလိမ့်မယ်မလိုက်နဲ့ (မှန်ပါ့ ဘုရား) ကိုယ်စောင့်လို့ ကိုယ်တွေ့တာဆိုတာ သေချာပလား (သေချာပါ ပြီ ဘုရား)။

ဒီအတု မခိုးပါနဲ့

အဲ ကြီးတဲ့ပုဂ္ဂိုလ်တွေကဖြင့် ဒီလို အခိုက်အတန့် ကြုံကုန်ကြပြီ (ကြုံပါတယ် ဘုရား)။ ငယ်တဲ့ပုဂ္ဂိုလ်က ဒီအတု မခိုးပါနဲ့ (မှန်ပါ့) ဒီအတု ခိုးကောင်း-မခိုးကောင်း (မခိုးကောင်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ကို ဘယ်သူကများ သင်ထားတယ် မပြောတတ်ဘူး၊ ငယ်တုန်းကဥစ္စာ ကြီးတော့ ပညာ တဲ့ (မှန်ပါ့) ဘယ်သူကများ သင်ထားတယ် ပြော မပြောတတ်ဘူး (မှန်ပါ့ ဘုရား)။

ဘုရားကလဲ ငယ်ငယ်တုန်းက ကတည်းက ကံကောင်း, ဉာဏ်ကောင်းနဲ့များ အလုပ်,လုပ်ရင် လွယ်သကွ တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ကံကောင်းနဲ့ ဉာဏ်ကောင်းနဲ့ အလုပ်-လုပ်ရင် ရောဂါကင်းပြီး ကံကောင်း, ဉာဏ်ကောင်းနဲ့ လုပ်လိုက်ရင် ဦးမာဒင်တို့ မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။

အခုတော့ဖြင့် ရောဂါကထူ, ကံကမွဲ, ဉာဏ်မွဲက ကြုံနေတော့ တစ်လလုပ်ရမှာ သုံးလလောက် လုပ်နေရတော့ ဆရာဝန်ကြီး ဘယ့်နှယ်လုပ်မလဲ (မှန်လှပါ ဘုရား) ပြီးတော့ ပါရမီချချင်သေးသတဲ့ဗျာ (မှန်ပါ့) ပါရမီဘေးချိတ်ထား စမ်းပါ၊ ပါရမီနဲ့ ဘာမှမဆိုင်ဘူး (မှန်ပါ့)။

ဒီနာဘေးကြီးဟာ ဒကာကြွယ် ကိုယ်ကစောင့်လို့ တွေ့တာလား- သူက လာတာလား (ကိုယ်က စောင့်လို့တွေ့ တာပါ ဘုရား)။

ဟာ ခင်ဗျားတို့ဟာ လွန်ကုန်ပြီ၊ စောင့်ကောင်း-မစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား) မစောင့် ကောင်းတာပေပြီး စောင့်လိုက်ဦးမယ်လို့ ဆိုသေးသလား ခင်ဗျားတို့ (မဆိုတော့ပါ ဘုရား)။

အခုတော့ မဆိုတော့ဘူး (မှန်ပါ့) မဆိုသာ မဆိုတယ် တွေ့တော့နေပါပေါ့ ခင်ဗျားတို့ (မှန်ပ့ါ ဘုရား) တွေ့ နေပြီအခု အချိန်ကျမှတော့ ဒကာကြွယ် တယ်မှားခဲ့တယ်နော် (မှန်ပါ့ ဘုရား)။

ဝီရိယထက်ထက်နဲ့ မြန်မြန်လုပ်

အဲဒါကြောင့် နောင်လာနောက်သားတွေကော ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနာဂတ်ဘေး ငါးဘေး ရှိကြောင်း၊ မင်းတို့ မစောင့်ကောင်းဘူး၊ ဝီရိယထက်ထက်နဲ့ မြန်မြန်လုပ်လိုက်၊ သူမလာခင် ပြီးအောင်လုပ်လိုက်လို့ ပြောပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အခု ဒကာကြွယ်တို့မှာ ခေါင်းကိုက်တာနဲ့ လေနာတာနဲ့ ရင်နာတာနဲ့ မျက်စိမွဲတာနဲ့ အချိန်မဟုတ် မသွားနိုင် တာနဲ့ ဟင်- (မှန်ပါ့)။

ဟ ဒကာကြွယ် ဘာဖြစ်နေတာတုန်း ဒီအချိန်ကြီးကျမှ ခင်ဗျားတို့ တရားရှာနေတာ ဘာပါလိမ့်မတုန်း လို့ မေးတဲ့အခါကျတော့ တပည့်တော် နာဘေးစောင့်ပြီးမှရှာတဲ့ လူ ဘုရာ့ (မှန်ပါ့)။

ဦးမာဒင် မေးပြန်ရင်ကော (မှန်ပ့ါ) မှန်ပါချည်း လိုက်မနေနဲ့ဦး၊ ခင်ဗျား စောင့်ဦးမယ်လား (မှန်ပါ့) ဒီဘေး စောင့်ပြီးမှ သူ့ဟာက တွေ့တဲ့အဓိပ္ပာယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒကာသစ်ရေ ဒါကို ဘုရားက စောင့်ကောင်းသတဲ့လား၊ မစောင့်ကောင်းဘူးတဲ့လား (မစောင့် ကောင်းပါ ဘုရား)။

ကိုယ့်အကျိုးယုတ်မှာ ကိုယ်စောင့်တယ်

ဪ ဒကာ ဒကာမတွေကလဲ ခက်လိုက်တဲ့ဖြစ်ခြင်း၊ ကိုယ့်အကျိုးယုတ်မှာ ကိုယ်စောင့်တယ် (စောင်ပါ တယ် ဘုရား)။

ဘယ်လိုစောင့်ကြသတုန်း (ကိုယ့်အကျိုးယုတ်မှာ ကိုယ်စောင့်ကြပါတယ် ဘုရား)။

အံမာလေး ကိုယ့် အကျိုးယုတ်မှာ ကိုယ်စောင့်တယ်ဆိုတာကတည်းကိုက ဒကာကြွယ် ဒီဥစ္စာ ဘုရားကို ကန့်လန့်မလုပ်သော်လဲ လုပ်ဘိသကဲ့သို့ (မှန်ပါ့) ဘုရားက မစောင့်ကောင်းဘူးတဲ့ (မှန်ပါ့ ဘုရား) အို တပည့် တော်တို့က စောင့်တယ် (မှန်ပါ့ ဘုရား)။

ဘုရားက ဘာတဲ့တုန်း (မစောင့်ကောင်းပါ ဘုရား) ခင်ဗျားတို့က ဘာတဲ့တုန်း (စောင့်ပါတယ် ဘုရား)။

အံမာ မညံ့ဘူး ခင်ဗျားတို့ (မှန်ပ့ါ) မညံ့ဘူး ဘုရားကို ဘဲ့တိုက်တာ (မှန်ပါ့)။

ဒကာကြွယ် ဘယ်သူ့ကို ဘဲ့တိုက်တာတုန်း (ဘုရားကို ဘဲ့တိုက်ပါတယ် ဘုရား) ဘုရားက မစောင့်နဲ့ မြန်မြန် ပြီးအောင်လုပ်လိုက်တဲ့ (မှန်ပါ့) ခင်ဗျားတို့က စောင့်ဦးမယ် (မှန်ပါ့) အသက်ကြီးမှ ပညာကိုးဗျ (မှန်ပါ့) ဘယ်သူက များ သင်ထားတယ် မပြောတတ်ပါဘူး (မှန်ပါ့)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ နစ်နာခဲ့တာတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အခုတော့ဖြင့် ဒကာ ဒကာမတွေမှာ ဘယ်လိုဖြစ်နေသတုန်း လို့ မေးတော့ အခု တရားနာလာကြတဲ့ ဒကာ ဒကာမတွေမှာ နာဘေးကြီးကိုလဲ တစ်နေ့ တောင်းပန်ရတယ် (မှန်ပ့ါ ဘုရား) ကိုယ့်အလုပ်လဲ လုပ်ရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် တောင်းပန်မရတဲ့ တစ်နေ့ကျတော့ ကိုယ့်အလုပ် လက်လျှော့လိုက်ရတယ် (မှန်ပါ့ ဘုရား) တောင်းပန် လို့ရတဲ့နေ့ကျတော့ ကိုယ့်အလုပ်ကလေး လုပ်လိုက်ရတယ် (မှန်ပါ့ ဘုရား)။

အခုတော့ စောင့်မိတဲ့အတွက် မျက်နှာငယ်လိုက်ကြတဲ့ ဖြစ်ခြင်း ဒကာကြွယ် ပြောစရာမရှိဘူး (မှန်ပါ့)။

ဒကာ ဒကာမတွေ အင်မတန်ဆိုးရွားတယ်ဆိုတာ ကိုယ့်ဖြစ်ကြောင်းသိပလား (သိပါပြီ ဘုရား)။

ဒီတရားများကို မနာရသေးရင် ဦးမာဒင်-ရေ တော်တော့ ဆရာသမားကတော့ မင်းတို့ကကွာ ငယ် တုန်း, ကံကလေးကလဲ လိုက်နေတုန်း ရှာဦးကွ၊ နောက်ကြီးလာတဲ့အခါကျတော့ မင်းတို့လုပ်လဲ လုပ်နိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ဒီအချိန်ကျမှလဲ ကိုယ် သူတော်ကောင်းအလုပ်ဟာလဲ တော်တော် ကောင်းတယ်ကွာ (မှန်လှပါ ဘုရား)။

အံမာလေး ဒီလိုများဟောလို့ရှိရင် သွားရောပေါ့ဗျာ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

အဲဒါတွေကိုလဲ ခင်ဗျားတို့က ဉာဏ်နားက မပါတဲ့အခါတော့ ဟုတ်ထင်ပါရဲ့ (မှန်ပါ့) အံမာလေး ဟုတ် ထင်ပါရဲ့များ သုံးလိုက်သေးတယ် (မှန်ပါ့) ဒကာကြွယ် သုံးကောင်း မသုံးကောင်း (မသုံးကောင်းပါ ဘုရား)။

ငယ်တုန်း မြန်မြန်လုပ်လိုက်

အခု သေသေချာချာစောပြီ တဲ့၊ ငယ်တုန်း မြန်မြန်လုပ်လိုက် အနာဂတ် နာဘေးကြီးမစောင့်နဲ့ (မှန်ပါ့) နာဘေးစောင့်ရလို့ရှိရင် မင်းတို့တောင်းပန်တာက တစ်လှည့်၊ ကိုယ့်အလုပ်က တစ်လှည့်ဆိုလို့ရှိရင် တစ်လ, လုပ်ရမှာ သုံးလဖြစ်မယ်တဲ့ (မှန်ပါ့) ဆိုတော့ မနာဘူးလားဗျာ (နာပါတယ် ဘုရား)။

ဒကာကြွယ် ဒါဖြင့် ကျုပ်တို့ခင်ဗျားတို့၏ မသိမှု ဆိုးရွားမှု မိုက်ပြစ်တွေဟာ ကိုယ်ကိုယ်တိုင် သင့်နေပြီ (သင့်ပါတယ် ဘုရား) မသင့်ဘူးလား တဲ့ (သင့်ပါတယ် ဘုရား)။

အေး ဒါတွေကို ကိုင်း ရှေ့ကို စောင့်စရာတွေကလဲ ရှိသေးတယ်၊ အဲဒါတွေ စောင့်ဦးမယ် ဆိုရင်တော့ ဖြင့် ကိုယ်ကျိုးအကြီးအကျယ် နည်းပါလိမ့်မယ် (မှန်ပါ့) မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါကခင်ဗျားတို့ ဝီရိယတိုးအောင် ပြောနေတာ (မှန်ပါ့ ဘုရား) ဝီရိယကို တစ်ခါတည်း ပိုမိုပြီး ရှေ့ကထက် ဂရုစိုက်ပါဆိုတော ပြောနေတာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် အခု ဘယ်နှစ်ဘေးပြီးသွားပလဲ (နှစ်ဘေးပြီးသွားပါပြီ ဘုရား)။

အိုဘေးစောင့်တာ တစ်နည်းပြီးသွားပြီ (မှန်ပါ့) နာဘေး စောင့်တာ (တစ်နည်းပြီးပါပြီ ဘုရား) မစောင့်ကောင်း ဘူးနော် (မှန်ပါ့) မလာခင်ကြိုးစားရမယ် (မှန်ပါ့)။

ဒီနည်းပြောပြန်လဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဉ္စကနိဂါတ်အင်္ဂုတ္တိုရ်ကို ငါးခုမြောက်ကျအောင် သူ ဟောမယ်ကွာ တဲ့၊ ဆန်ရေစပါးတွေက အခုအခါမှာ စားစရာ၊ သောက်စရာ ရှိကြသေးတယ်တဲ့ (မှန်ပါ့)။

တကယ်ကပ်ကြီးဆိုက်လာမယ် ဆိုလို့ရှိရင်ဖြင့် ကျီထဲထည့်တဲ့ စပါးကအစ ဆန်တွေပျောက် အခွံတွေချည့် ဖြစ်ကုန်တယ် (မှန်ပါ့) ဒီလိုအခါလဲ သတ္တဝါတွေက မရှိနိုင်ဘူးလား (ရှိနိုင်ပါတယ် ဘုရား)။

ရှိနိုင်တယ်ဆိုတာကလဲ ရှေးက ဝတ္ထုသက်သေ သာဓကတွေလဲ ဒကာကြွယ် အများကြီးပါပဲ (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)။

ငတ်မွတ်ခေါင်းပါးတဲ့ ဘေး

အဲဒီလို ငတ်မွတ်ခေါင်းပါးတဲ့ ဘေးတွေကလဲ အခု မတွေ့သေးငြားသော်လဲ အသက်ရှည်ရင် မတွေ့ဘူးဆိုလို့ ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။

ဒါဖြင့် အခုမလုပ်သေးတဲ့ ပုဂ္ဂိုလ်လဲ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးစောင့်ရာရောက်-မရောက် (ရောက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ အဲဒီအချိန်ကျမှတော့ စားရမယ့်, သောက်ရမယ့် အစားအရေးကြီးနေ တာနဲ့ ဒကာကြွယ် ကိုယ့်အရေး လုပ်နိုင်ပါဦးမလား (မလုပ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် အခု ဆန်ရေစပါး ပေါများပြီး သကာလ အခု ပိုက်ဆံပေးရင် ရသေးတယ် (မှန်လှပါ)။

နောင် ပိုက်ဆံပေးလို့ မရမည့်ခေတ်ကလဲ ကြုံချင်ကြုံဦးမှာ (ကြုံနိုင်ပါတယ် ဘုရား) မကြုံပေဘူးလား (ကြုံနိုင် ပါတယ် ဘုရား)။

အဲဒါတွေ အခု အောက်ပိုင်းမှာ ရေနစ်လိုက်လို့ အမျိုးမျိုးအဖုံဖုံ ထောက်ပံ့ရေးတွေလုပ်ရတာ အခု စပါးကိုပဲ အစိုးရက မစိုက်ကြပါနဲ့တော့ မဖြစ်တော့ပါဘူး၊ ယာပဲပိုလုက်ကြပါတော့ အစရှိသည်နဲ့ကို တောင်းတောင်းပန်ပန် သူ လုပ်နေရတယ် (မှန်ပါ့) အဲဒါတွေကော မလာဘူးလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား)။

ငတ်မွတ်ခေါင်းပါးရေးကလေ (မှန်ပါ့) အဲ သူမလာခင် ကိုယ့်အရေးပြီးအောင် လုပ်ပါဆိုတာကိုလဲ တတိယ မြောက် အဲဒါလဲ အနာဂတ်ဘေးကွတဲ့ (မှန်ပါ့)။

ရှိတယ်ကွတဲ့၊ သူမလာခင် မင်းတို့ ကိုယ့်အရေးပြီးအောင် မဂ်ဉာဏ်-ဖိုလ်ဉာဏ်ကို တစ်ခါတည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် လုပ်လိုက်ပါတဲ့ (မှန်လှပါ ဘုရား)။

ဘယ်နှစ်ခုရှိပလဲ (သုံးခုရှိပါပြီ ဘုရား) ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကိုလဲ မစောင့်ပါနဲ့ (မှန်ပါ့)။

ခင်ဗျားတို့ အခုပဲ တချို့ဈေးတွေ ဘာတွေက တက်လာတော့ လျှော့စားရမယ့်ပုံကော မရောက်သေးဘူးလား (ရောက်ပါတယ်) လျှော့ဝယ်ရမည့်ပုံကော (ရောက်ပါတယ်) အဲဒါ စ,လာတာဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ဒီဘေးလဲ မစောင့်ကြနဲ့ (မှန်ပါ့) အခုပြီးအောင်လုပ်လိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အကွဲတစ်ရာမက ကွဲဦးမယ်တဲ့

ဒကာသစ် ဘယ်နှစ်ခုပြီးပလဲ (သုံးခုပြီးပါပြီ) ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဉာဏ်တွေနဲ့ သေသေချာချာ မင်းတို့ ရှင်းပြပါ့မယ်၊ မင်းတို့ လိုက်လဲလိုက်နာကြပါ ၊ ဝီရိယကလဲ ပြင်းပြပြီး ကြိုးစားကြပါဆိုတာ ဘုရားက နောက်ကွာတဲ့ လူတွေဟာ နှစ်ကွဲ, သုံးကွဲ, လေးကွဲ အကွဲတစ်ရာမက ကွဲဦးမယ်တဲ့ (မှန်ပါ့ ဘုရား)။

ကိုယ့်သားသမီးနဲ့ကိုယ်ပဲ ကိုယ်နဲ့ဝါဒမတူလို့ ကွဲဦးမယ်တဲ့ (မှန်ပါ့) အဲဒီ ကွဲဘေးကြီးကလဲလာလိမ့်ဦးမယ်ကွတဲ့ ရှေ့ကို ရှေ့ကို (မှန်ပါ့)။

ဒကာ ဒကာမတို့ အခု ကွာတာက နီဝါလောက်ရှိသေးတယ်နော် (မှန်ပါ့) ဒီအထဲကနေပြီ အများကြီးကွဲစရာ ကော (ရှိပါတယ် ဘုရား)။

ရှိသေးတယ်၊ ဒီအထဲက ကုမ္ပဏီကလေးတွေလုပ် ဟုတ်လား၊ အင်း တစခုနဲ့တစ်ခု မဲတွေဘာတွေ ရွေးကြ မယ်ဆိုရင်ဖြင့် ဦးမာဒင် ကွဲစရာတွေ ဘယ့်နှယ်နေသတုန်း (များပါတယ် ဘုရား)။

ဒီလို ကုမ္ပဏီကလေးတွေ၏ ဒီလို ပေါင်းစပ်ပြီးလုပ်တဲ့ အလုပ်ကလေးတွေ၏ ကွဲမှုတွေကလဲ တစ်နိုင်ငံလုံးမှာ ရှိ-မရှိ (ရှိပါတယ် ဘုရား)။

အဲဒါတွေ ဖြစ်တဲ့အခါကျလို့ရှိရင်လဲ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတည့်မပြုကြတဲ့အခါကျတော့ ကွဲဘေးတွေ သင့်တော့ ကိုယ်ပဲ ပုန်းနေရတော့မယ်၊ ဟိုဘက်လိုက်လဲ မကောင်း, ဒီဘက်လိုက်လဲ မကောင်း ပုန်းနေရ မည့် အခြေအနေ (မှန်ပါ့)။

ရှေ့လာလတ္တံ့ရှိသေးတယ်

ဒီအခြေရောက်အောင် ခင်ဗျားတို့ ရှေ့လာလတ္တံ့ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

လာလတ္တံ့ရှိသေးတယ်ကွတဲ့ (မှန်ပါ့) အဲဒါကို မင်းတို့က စောင့်နေလို့ရှိရင် မင်းတို့ ကိုယ်ကျိုးနည်းမယ်တဲ့ (မှန်လှပါ ဘုရား)။

ဟိုကလဲ ကျုပ်ပဲ မဲထည့်ပါ၊ ဟိုကလဲ ကျုပ်ပဲ မဲထည့်ပါ၊ ကျုပ်ပဲ ကူညီပါဦး၊ ကျုပ်ပဲ လူစုပေးပါဦးဆိုတော့ ဘယ်မှလဲ မပါချင်ပါနဲ့ ပုန်းနေရမည့်အချိန်ကို ရှိသေးတယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါကိုလဲ စောင့်မနေပါနဲ့တဲ့ ကိုယ့်အရေးကို မြန်မြန်ပြီးအောင် လုပ်လိုက်ပါ (မှန်ပါ့) အဲဒီကွဲဘေးက လာ ဦးမယ်ကွတဲ့ (မှန်ပါ့)။

ဒါဖြင့် အခု မလုပ်တဲ့ပုဂ္ဂိုလ် ဘာစောင့်နေတာနဲ့ တူပါလိမ့် (ကွဲဘေးစောင့်နေတာနဲ့ တူပါတယ်) လူသင်းကွဲတဲ့ ဘေး စောင့်နေတာတနဲ့တူတယ် (မှန်ပ့ါ) ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဟုတ်ကွဲပြီဆိုမှဖြင့် ဒကာကြွယ်ရေ ကိုယ့်အိမ်, ကိုယ့်သား, ကိုယ့်သမီးနဲ့ကို အယူဝါဒမတူအောင်ဖြစ်တယ်၊ မဟုတ်ကွဲတော့မယ်ဆိုတော့လေ (မှန်ပါ့) ဘယ်လောက်ထိအောင် ဆိုးသွားတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကွဲဘေးက သင့်သေးတယ်

ကိုင်း သားက မိစ္ဆာဒိဋ္ဌိ၊ အမေက ဗုဒ္ဓဘာသာဝင် အင်း ဒီလိုဟာလဲ ရှိချင်ရှိဦးမယ် (ရှိပါတယ် ဘုရား) တချို့ကလဲ ဘာမှဘာသာမရှိ၊ အင်း ကိုယ်က ဗုဒ္ဓဘာသာကြိုက်၊ ဒီလို သားတွေ, သမီးတွေနဲ့ဆိုတော့ အတူလဲ မနေချင်၊ မနေရမှာလဲ ခက်၊ ဘယ်မှာသူ့အတွက်နဲ့ပဲ ကိုယ် တရားအားထုတ်ဖြစ်သေးရဲ့လား (မထုတ်ဖြစ်ပါ ဘုရား) ကွဲဘေးက သင့်သေးတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အခုမလုပ်တဲ့ပုဂ္ဂိုလ်များ ဘာစောင့်နေသတုန်း (ကွဲဘေးစောင့်နေပါတယ်) စောင့်ကောင်း-မစောင့် ကောင်း (မစောင့်ကောင်းပါ ဘုရား) ဒါ-အနာဂတ်ဘေးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။

ဘာဘေးတဲ့တုန်း (အနာဂတ်ဘေးတဲ့ပါ) အနာဂတ်တွေ့ရမှာကွ၊ ငါဘုရား အမြင်နဲ့ဟောတာ၊ ရမ်းပြောတာ မဟုတ်ဘူးတဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အခု ခင်ဗျားတို့ မျက်မှောက်တွင်ပဲ ကွဲဘေး ဘယ်လောက်များသတုန်း (များပါတယ် ဘုရား)။

ကဲ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံသွားတာ နှစ်-နှစ်ထောင့်ငါးရာကျော်ရှိတယ်၊ အဲဒီတုန်းက ပြောခဲ့တဲ့စကား (မှန်ပါ့) မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ကဲ ကွာတဲ့ အခုကွဲဘေးက လူကွဲဘေးကွ (မှန်ပါ့) နောက်မင်းတို့ လာဦးမယ်တဲ့ အခု တရားအားထုတ်ရင် အားထုတ် ဝီရိယစိုက်ရင်ကွတဲ့၊ နောက် သံဃာသင်းကွဲတဲ့ဘေး လာဦးမယ် (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့တုန်း (သံဃာသင်းကွဲတဲ့ဘေး လာဦးမှာပါ) လာဦးမယ် (မှန်ပါ့)။

သံဃာသင်းကွဲတဲ့ဘေး

ဒကာ ဒကာမတို့ ဒါ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတာ (မှန်ပါ့) သံဃာသင်းကွဲတဲ့ဘေး လာတယ်ဆိုတော့ လူမပါဘူးလားဆိုလို့ ရရဲ့လား (မရပါ ဘုရား)။

သူ့ဆရာဟဲ့, ငါ့ဆရာဟဲ့နဲ့ ရန်ဖြစ်ကြနဲ့ဆိုတော့ အမျိုးမျိုးအဖုံဖုံနဲ့ဆိုတော့ ခုနင်က သူတော်ကောင်းအလုပ် လုပ်နိုင်ပါဦးမလား (မလုပ်နိုင်ပါ ဘုရား)။

ဘေးကလူလာရင် သူတော်ကောင်းအလုပ် ခင်ဗျားတို့ လုပ်နိုင်တာ ဒီအချိန်ဒါလုပ်ရတာ မဟုတ်သေးဘူး (မှန်ပါ့) တစ်ခါတည်း သူတို့က ဒီလိုပြော ကျုပ်တို့က ဒီလိုပြောဖု့ိ (မှန်ပါ့) တစ်ခါတည်း သူတို့ကဒီလိုပြော ကျုပ်တို့က ဒီလိုပြောဖို့ အခုအခါမှာ စိုင်းပြင်းနေရတဲ့အခါနဲ့ ရန်ဖြစ်ကိုပြောနေမှာပဲ (မှန်ပါ့) မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီအကွဲဘေးကလဲ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး မြင်ပါတယ်ကွာတဲ့၊ အဲဒါလဲ ဒီအနာဂတ်ဘေး မင်းတို့ လာလိမ့်မယ် ၊ မြန်မြန်လုပ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါက သံဃာသင်းကွဲတဲ့ဘေး သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘေးဘယ်နှစ်ဘေး စောင့်နေရာရောက်ပါလိမ့် (ငါးဘေးစောင့်နေရာ ရောက်ပါတယ် ဘုရား)။

အဲဒါ သေသေချာချာမှတ်ပါ၊ ကိုယ်က ဒီနေ့တော့ မလုပ်သေးဘူး၊ နက်ဖြန်မှ စောစော ထ,လုပ်မယ်- အို မင်းဘေးစောင့်နေတာလားမေးလိုက်၊ ကိုယ့်ကိုယ်ကိုယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

မင်းဟာ အိုဘေးစောင့်တာလား, သေဘေးစောင့်တာလား။ အကွဲဘေးစောင့်တာလား, အမွဲဘေးစောင့်တာ လား မင်းဟာ ပြောစမ်းပါဦးလို့ ကိုယ့်ကိုယ်ကိုယ်မေး (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ ဘုရား)။

သူများမေးရမှာလား။ ကိုယ့်ကိုယ်ကိုယ် မေးရမှာလား (ကိုယ်ကိုယ်ကိုယ် မေးရမှာပါ ဘုရား)။

အင်း တစ်ခုတော့ဖြင့် အစားအသောက်ကလဲ နေရာမကျသေး၊ အနေအထိုင်ကလေးကလဲ မူမသေသေး လို့၊ နောက် ၃-၄ ရက်နေရင် ကြိုးစားရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးမလဲ (ကိုယ့်ကိုယ်ကိုယ် ငါ ဘေးစောင့် သလားလို့ မေးရပါမယ် ဘုရား)။

မင်းသည်ကားလို့ဆိုရင် အိုဘေးစောင့်သလား နာဘေးစောင့်သလား ဟုတ်လား (မှန်ပါ့) မွဲဘေး စောင့်သလား ကွဲ ဘေးစောင့်သလားဆိုတာ တစ်ခါတည်း မေးပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လျှော့ရတာနဲ့ ဘာမှ မကျန်တော့ဘူး

မေးတတ်လို့ရှိရင်ဖြင့် ဪ မစောင့်ကောင်းဘူးဆိုပြီး ဆရာဘုန်းကြီး ဟောထားတဲ့တရား၊ ဘုရားဟော ထားတော်မူတဲ့ တရားကို ချက်ချင်းပြန်ကောက်ထည့် (မှန်ပ့ါ)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက တစ်နေ့ လျှော့လိုက်တာနဲ့ ဟိုဘက်နေ့ကျတော့ နာရီလျှော့ လိုက်တာနဲ့ ကြာတော့ လျှော့ရတာနဲ့ ဘာမှ မကျန်တော့ဘူး (မှန်ပါ့) ရိမိပလား (ရိပ်မိပါပြီ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒီ ငါးဘေးဟာ စောင့်ကောင်း, မစောင့်ကောင်း (မစောင့်ကောင်းပါ ဘုရား) မတွေ့မှာလား တွေ့မှာလား (တွေ့မှာပါ ဘုရား)။

တွေ့မှ အလုပ်,လုပ်တာ မဂ်ဉာဏ်,ဖိုလ်ဉာဏ် အလုပ်က အင်မတန် သမာဓိပညာနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ အနှောင့် အယှက်ကင်းမှရတာ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ကလဲ ဘေးစောင့်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ မလိုချင်ပါဘူးဆိုတာနဲ့ အတူတူ လောက်ကျတယ် (ကျပါတယ် ဘုရား)။ မကျဘူးလား (ကျပါတယ် ဘုရား)။

ဘယ်သူ ကယ်ပါ့မတုန်း

မလိုပါဘူးသာဆိုတယ် သူ့မှာ အိုဘေး, နာဘေး, သေဘေးသင့်လာတော့ ဘယ်သူ ကယ်ပါ့မတုန်းဆိုတာ ရှာပြန်ပြီ (ရှာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က စောင့်တော့စောင့်၊ တွေ့မှ အလုပ်ရှာပြန်တော့ အရနှေးဖြစ်နေမှာပဲ (မှန်ပါ့)။

ကဲ ဒါဖြင့် ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီလို အချိန် ရွှေ့တိုင်းရွေ့တိုင်း, နာရီရွှေ့တိုင်း ရွှေ့တိုင်း, ရက်ရွှေ့တိုင်းရွှေ့တိုင်း ဒီအမေးနဲ့ ခန္ဓာမေးကြ (မှန်ပါ့) မေးပြီး သကာလ မြန်မြန်လုပ်လိုက်ပါ ဆိုတာ သတိ ပေးလိုက်ပါတယ် (မှန်ပါ့)။

ဒါ ဘုန်းကြီးက ဖြည့်စွက်တာ (မှန်ပါ့) တကယ်ပေးတာက ကိုယ်တော်မြတ်ကြီးက ပေးတာ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သိကြားတရားကို အလုပ်တရားဆက်ကြစို့ (မှန်ပါ့)။

သိကြားက ဒကာ ဒကာမတို့ ရောဂါဥပါဒ်အန္တရာယ်တွေ များတယ်၊ ဘာကြောင့်တုန်းဆိုတော့ ဣဿာမစ္ဆရိယ ကြောင့်လို့ ဘုရားက ဖြေလိုက်တာ ရှင်းနေပြီ (မှန်ပါ့) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်း

ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်း ၊ ချစ်ခြင်း၊ မုန်းခြင်းက လာတယ် ရှင်းနေပြီ (မှန်ပါ့) ဒါတွေ ဘုန်းကြီးဟောဖို့ မလိုတော့ဘူး နှစ်ရက်ဟောပြီးပြီ (မှန်ပါ့)။

ချစ်ခြင်း၊ မုန်းခြင်း ဘယ်ကလာသတုန်းဆိုတော့ ဒကာသစ် ဆန္ဒကလာတယ် (မှန်ပါ့) မပြောကြဘူးလား (ပြောပါတယ် ဘုရား) ဟုတ်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အင်း ဒီဆန္ဒ ဘယ်ကလာသတုန်းဆိုတော့ ဝိဘက်က လာတယ် (မှန်ပါ့) အကြံအစည်များတဲ့ ပုဂ္ဂိုလ်မှာ အကြံအစည်က လာတယ် (မှန်ပါ့)။

ဒီ ဝိဘက် ဘယ်ကလာသတုန်းမေးတော့ တဏှာ၊ မာန၊ ဒိဋ္ဌိကလာတယ် (မှန်ပါ့) ဒါတွေကော သိပြီးသား မနေဘူးလား (နေပါတယ် ဘုရား) ဒီ ပပဉ္စဆိုတာ သံသရာချဲ့တာ ဘုရား)။

ဘယ်က လာသတုန်းဆိုတော့မှ ဝေဒနာက လာတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပပဉ္စဘယ်ကလာ (ဝေဒနာက လာပါတယ်) ကိုင်း ဒါဖြင့် ဝေဒနာကို ကျုပ်တို့ အလုပ်လုပ်လို့ရှိရင်ဖြင့် ဒီ တဏှာ၏ ပဋိစ္စသမုပ္ပါဒ်၊ မာ၏န ပဋိစ္စသမုပ္ပါဒ်၊ ဒိဋ္ဌိ၏ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးတို့ မလာပေဘူးလားဗျာ (လာပါတယ် ဘုရား) လာရင် သံသရာဆက်၊ မဆက် (ဆက်ပါတယ် ဘုရား) ဆက်ရင် ရှည်,မရှည် (ရှည်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ပပဉ္စဆိုတာ သံသရာရှည်တာကို ဆိုတယ် (မှန်ပါ့) သံသရာရှည်တာ သူက ဆက်ပေးလို့ ရှည်တာကို ဆိုသောကြောင့် ဒီ ပပဉ္စ ဘယ်က လာသတုန်းဘုရားလို့ သိကြားက မေးတော့ ဝေဒနာကလာတယ် (မှန်ပါ့ ဘုရား)။

ဘယ်က လာကြသလဲ (ဝေဒနာက လာပါတယ်) ဒါဖြင့် ဒီဝေဒနာကို ကျုပ်တို့ ယနေ့ အလုပ်ပြတော့မယ်တဲ့ (မှန်လှပါ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဝေဒနာကို ကျုပ်တို့ အလုပ်လုပ်လိုက်လို့ရှိရင်ဖြင့် ပပဉ္စချုပ်ရမယ် (မှန်ပါ့) ပပဉ္စ ချုပ်ရင်လဲ ဒကာသစ်-ဝိဘက်ကကော (ချုပ်ရပါမယ် ဘုရား) ဝိဘက်ချုပ်ရင် ဆန္ဒကကော (ချုပ်ရပါမယ် ဘုရား) ဆန္ဒ ချုပ်လို့ရှိရင် ချစ်ခြင်း၊ မုန်းခြင်း (ချုပ်ပါတယ် ဘုရား)။

ချစ်ခြင်း၊ မုန်းခြင်းချုပ်ရင် ဣဿာမစ္ဆရိယ (ချုပ်ပါတယ် ဘုရား) ဣဿာမစ္ဆရိယချုပ်ရင် ရောဂါကင်း၍ အသက်ရှည်ပြီ (မှန်ပါ့ ဘုရား) ဆိုတော့ ပြောင်းပြန်လှည့်လိုက်ပါတဲ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဝေဒနာသုံးမျိုး

ကိုင်း သေသေချာချာ ကြည့်ကြ ဒကာ ဒကာမတို့ ဝေဒနာမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိကြား မင်း သေသေချာချာနားထောင်၊ ဝေဒနာသည် သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခဝေဒနာချည်းလိုက် တော့ သုံးမျိုးရှိတယ်ကွာ တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ၊ ဝေဒနာဘယ်နှစ်မျိုးလဲ (သုံးမျိုး ပါ ဘုရား)။

အဲ ဒီဝေဒနာသုံးမျိုးကို ငါဘုရား သဗ္ဗညုတဉာဏ်တော်နဲ့ မင်းတို့ကို ရှင်းပြဦးမယ်ကွာတဲ့ ၊ သောမနဿ ဝေဒနာကလဲ ဖြစ်ကောင်းတဲ့ သောမနဿဝေဒနာ၊ မဖြစ်ကောင်းတဲ့ သောမနဿဝေဒနာ နှစ်မျိုး (မှန်ပါ့)ဒေါမနဿ ဝေဒနာလဲ ဖြစ်ကောင်းတဲ့ ဒေါမနဿဝေဒနာ၊ မဖြစ်ကောင်းတဲ့ (ဒေါမနဿပါ ဘုရား) အဲ ဒေါမနဿကလဲ နှစ်မျိုး တဲ့ (မှန်ပါ့) ရှင်းပြီနော်။

ဥပေက္ခာဝေဒနာကလဲ ဖြစ်ကောင်းတဲ့ ဥပေက္ခာဝေဒနာ၊ မဖြစ်ကောင်းတဲ့ ဥပေက္ခာဝေဒနာ (မှန်ပါ့-နှစ်မျိုး ပါ ဘုရား)။

ဖြစ်ကောင်း-မဖြစ်ကောင်း နှစ်မျိုးလာတယ်

ကိုင်း ဒကာ ဒကာမတို့ ဒါဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိကြားဟောတာပါ (မှန်ပါ့)။

သောမနဿဝေဒနာကလဲ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။ ဖြစ်ကောင်းတဲ့ (သောမနဿဝေဒနာ) မဖြစ်ကောင်းတဲ့ (သောမနဿဝေဒနာ) အဲ ဖြစ်ကောင်းတဲ့ သောမနဿတစ်မျိုး၊ မဖြစ်ကောင်းတဲ့ (သောမနဿ တစ်မျိုးပါ ဘုရား)။

ဒေါမနဿဝေဒနာကကော (နှစ်မျိုးပါ ဘုရား) ဘာပါလိမ့် (ဖြစ်ကောင်းတဲ့ ဒေါမနဿဝေဒနာတစ်မျိုး၊ မဖြစ် ကောင်းတဲ့ ဒေါမနဿဝေဒနာတစ်မျိုးပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာကကော (ဖြစ်ကောင်းတဲ့ ဥပေက္ခာတစ်မျိုး၊ မဖြစ်ကောင်းတဲ့ ဥပေက္ခာတစ်မျိုးပါ ဘုရား)။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတ ဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါကျတော့မှ ဪ ဝေဒနာပေမယ့်လဲ ခြောက်မျိုးပါကလား (မှန်ပါ့)။

ဝေဒနာ ဘယ်နှစ်မျိုး ဟောသတုန်း (ခြောက်မျိုးဟောပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီအထဲမှာ သံသယရှိစရာတွေ ဆရာဘုန်းကြီးက ဝင်ပြီး သကာလ ဖြန်ဖြေပြီး သကာလ ဒကာ ဒကာမတွေ နားလည်မှုရှိအောင် ပြောစရာတွေ အများကြီးရှိပါတယ် (မှန်ပါ့)။

သောမနဿဆိုတာ ဖြစ်ကောင်း-မဖြစ်ကောင်း နှစ်မျိုးလာတယ် (မှန်ပါ့) ဒေါမနဿဆိုတာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဘယ်တော့မှ မဖြစ်ကောင်းဘူး ယူထားတာ မဟုတ်ဘူးတဲ့ ဘုရားက (မှန်ပါ့)။

ဒေါမနဿဝေဒနာလဲ ဖြစ်ကောင်းတာ မဖြစ်ကောင်းတာ (နှစ်မျိုးပါ ဘုရား) ဥပေက္ခာဝေဒနာကကော (ဖြစ် ကောင်းတာ မဖြစ်ကောင်းတာ နှစ်မျိုးပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

သောမနဿ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) ဖြစ်ကောင်း (မဖြစ်ကောင်းပါ ဘုရား)။

ဒေါမနဿကော (ဖြစ်ကောင်း၊ မဖြစ်ကောင်းပါ ဘုရား)။ ဥပေက္ခာဝေဒနာကကော (ဖြစ်ကောင်း၊ မဖြစ်ကောင်း ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကံကောင်းလို့ကြားရတာ

အင်း ဦးမာဒင်တို့ ကံကောင်းလို့ကြားရတာ (မှန်ပါ့) အကျိုးပေးထူးလို့သာ ကြားရတာပဲဆိုတဲ့ဥစ္စာ ဒကာ ကြွယ် မှတ်ရတော့မယ် (မှန်ပါ့) သက္ကပဥှသုတ် မဟာဝါ ပါဠိတော်တဲ့ ဒီကလာတာနော် (မှန်ပါ့) သိကြားကမေးလို့ ကိုယ်တော်တိုင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဖြေတဲ့ဝေဒနာတွေပါ (မှန်ပါ့ ဘုရား)။

ဝေဒနာကတော့ ဝေဒနာချည့်ပဲ (မှန်ပါ့ ဘုရား) ဒါလဲ သောမနဿဝေဒနာ၊ ဒါလဲ သောမနဿဝေဒနာ (မှန်ပါ့) ဒီဘက်ကလဲ ဒေါမနဿဝေဒနာကလဲ ဒေါမနဿ (မှန်ပါ့) ဒီဘက်ကလဲ ဥပေက္ခာ၊ ဒီဘက်ကလဲ ဥပေက္ခာပဲ (မှန်ပါ့) ဝေဒနာတွေချည့်ပဲဆိုတာတော့ဖြင့် အားလုံး ဒကာ ဒကာမတွေ သိပါပြီ (သိပါပြီ ဘုရား)။

သို့သော်- ယနေ့ ထူးလာတာက ဘုရားဟောတာက ဖြစ်ကောင်းတာနဲ့ မဖြစ်ကောင်းတာ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ သေသေချာခာျ အလုပ်နဲ့ပြရတော့မှာဖြစ်နေတော့ နားကြီးကြီး နဲ့ပဲ ထောင်ရလိမ့်မယ် (မှန်ပါ့)။

သောမနဿဝေဒနာက ဖြစ်ကောင်းတာလဲရှိတယ်၊ မဖြစ်ကောင်းတာလဲရှိတယ် (မှန်ပါ့) ဒေါမနဿဝေဒနာ ကလဲ ဖြစ်ကောင်းတာလဲရှိ-မဖြစ်ကောင်းတာလဲရှိတယ် (မှန်လှပါ ဘုရား)။

မဖြစ်ကောင်း-ဖြစ်ကောင်း သောမနဿဝေဒနာ

ဒါဖြင့် စောစောစီးစီး ဝိပဿနာမရှုခင် သောမနဿဝေဒနာသည် မဖြစ်ကောင်းတာတွေကတော့ ဒကာ ဒကာမတို့ ဒီပွဲလမ်းသဘင် အစရှိသည်ထဲ ရယ်ကြ၊ မောကြတယ် ဒကာသစ် ဒါဖြစ်ကောင်း မဖြစ်ကောင်း (မဖြစ် ကောင်းပါ ဘုရား)။

အင်း ကိုယ့် တရားကလေးကိုယ်ရှုပြီးနေလို့ ကိုယ့်ဟာကိုယ်ကလေးများ ကျေနပ်တဲ့အခါကျတော့ (ဖြစ် ကောင်းပါတယ် ဘုရား) ဒါလဲ ဝမ်းသာတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သောမနဿကို ဦးမာဒင်တို့က ဘယ်နှစ်မျိုးယူသလဲ (နှစ်မျိုးယူပါတယ် ဘုရား)။

ပွဲလမ်းသဘင်နဲ့ ပြောရလို့ သောမနဿ (တစ်မျိုးပါ) တစ်မျိုး၊ မဖြစ်ကောင်းဘူး (မှန်ပါ့) ကိုယ့်တရားကလေး ကိုယ်ရှုပြီး သကာလ ကိုယ့်ထင်မြင်ချက်ကလေးနဲ့ ဘုရားဟောနဲ့ ညီပြီး ဆရာသမားဟောထားတာနဲ့ ညီပြီးနေတဲ့အခါ ကျတော့ ဝမ်းသာတယ် (မှန်ပါ့) ဒီသောမနဿကျတော့ (ဖြစ်ကောင်းပါတယ် ဘုရား)။

ဪ ဒါဖြင့် သောမနဿဟာလဲ ဖြစ်ကောင်း မဖြစ်ကောင်း နှစ်ချက်ဟာလဲ ရှိသင့်-မရှိသင့် (ရှိသင့် ပါတယ် ဘုရား)။

သေသေချာချာမှတ်ပါ၊ ဪ ဟုတ်သားပဲဆိုတာ ဒကာကြွယ်ပေါ် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ပွဲလမ်းသဘင်နဲ့ ပတ်သက်တဲ့ သောမနဿ၊ ငွေရလို့ သောမနဿတွေကတော့ မဖြစ်ကောင်းပါဘူး (မှန်ပါ့)။

အင်း ကိုယ့်ဟာကိုယ်လေး ဉာဏ်ကလေး ထက်ထက်-ထက်ထက်လာတော့ အမြင်မှန်ကလေးက ရလို့ ဝမ်းသာတာကလေးကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီ သောမနဿကျတော့ (ဖြစ်ကောင်းပါတယ် ဘုရား)။

အေး သိကြားရဲ့- သောမနဿ နှစ်မျိုးရှိတယ်ကွတဲ့ (မှန်ပ့ါ) ပေါ်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ကောင်းတဲ့ သောမနဿတစ်မျိုး၊ မဖြစ်ကောင်းတဲ့ သောမနဿ တစ်မျိုး (မှန်ပါ့) ဒါ နးလည်အောင် ရှင်းပေးနေပါတယ် (မှန်ပါ့)။

မဖြစ်ကောင်း-ဖြစ်ကောင်း ဒေါမနဿဝေဒနာ

ကဲ ဒေါမနဿကတော့လဲ တဲ့၊ အိမ်မှာ နင်ပဲငဆနဲ့ ဘယ်သူက အသုံးကြီးလို့၊ ဘယ်သူက အဖြုန်းကြီးလို့၊ ဘယ်သူက အသွားမတော်လို့၊ ဘယ်သူက အစားမတော်လို့၊ ဘယ်သူက အနေအထိုင်မတော်တာတွေ ဒါတွေကြည့်ပြီး အမေမိဘတွေက ဖြစ်စေ, ညီမသားချင်းကဖြစ်စေ ဒေါမနဿဖြစ်တယ် (မှန်ပါ့) ဒါတော့ မဖြစ်ကောင်းဘူးပေါ့ဗျာ (မှန်ပါ့)။

တရားအားထုတ်ပြီး သကာလ နေတဲ့အခါမှာ တရားက ထင်မြင်ချက် နည်းနည်းကလေးနှေးတာနဲ့ ကိုယ့်စိတ် ထဲမှာ မကျေနပ်တာကလေးလဲ ရှိတတ်တယ် (မှန်ပါ့)။

တရားထင်မြင်ဖို့ရန် နည်းနည်းနှေးကန်ပြီး သကာလ နေတော့ ကိုယ်ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား) အဲ မကျေနပ်တဲ့ ဒီ ဒေါမနဿမျိုးကျတော့ ဖြစ်ကောင်းတယ် (ဖြစ်ကောင်းပါတယ် ဘုရား)။

ဖြစ်ပါတယ် တဲ့ ဒီ ဒေါမနဿမျိုးကျတော့ တရားရဖို့ရာ အားထုတ်တာ ခပ်နှေးနှေးဖြစ်နေတယ် ၊ အမြင်က ကျဲနေတာနဲ့ ဒေါမနဿကလေး ဖြစ်တာမျိုးကျတော့ ဒီ ဒေါမနဿ ဖြစ်ကောင်းပါတယ် (မှန်လှပါ) ရှင်း ပလား (ရှင်းပါပြီ ဘုရား) သဘောကျပြီ (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒေါမနဿမှာလဲ ဒကာသစ်ရေ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) ဖြစ်ကောင်းတဲ့ ဒေါမနဿတစ်မျိုး၊ မဖြစ်ကောင်းတဲ့ ဒေါမနဿ (တစ်မျိုးပါ ဘုရား)။

အေး ဒါဖြင့် ဦးမာဒင်တို့၊ ဆရာဝန်ကြီးတို့ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာက ဖြစ်ကောင်း-မဖြစ်ကောင်း

ကဲ တစ်ခါ ဥပေက္ခာကလဲ ဒကာ ဒကာမတို့ ဖြစ်ကောင်း မဖြစ်ကောင်းဆိုတာ နှစ်မျိုးရှိတာပဲ (မှန်ပါ့)။

ဥပေက္ခာက ဖြစ်ကောင်း-မဖြစ်ကောင်းဆိုလို့ သားတွေ၊ သမီးတွေ အစရှိသည်တို့ကို အင်း ဒါတွေလဲ ဥပေက္ခာပဲ ထားလိုက်တော့မယ်ဆိုတဲ့ ဥစ္စာက သူ့ဟာက ဆုံးမသွန်သင်မရလို့ (မှန်ပါ့)။

ဒီလိုလဲ ရှိသေးတယ် (မှန်ပါ့) နင်တို့တော့ ဥပေက္ခာ၊ နင်တို့တော့ ဥပေက္ခာ (မှန်ပါ့) လက်ကလေး ခါခါ-ခါခါ နဲ့ နင်တို့နဲ့ ငါနဲ့တော့ ဥပေက္ခာ (မှန်ပါ့) ဒေါသဖြစ်လို့ ပြောတာကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

နင်တို့လား-ကံမကောင်း အကြောင်းမသင့်လို့ နင်တို့နဲ့တွေ့ရတာ၊ အခုတော့ နင်တို့အကြောင်း ကောင်းကောင်း သိလို့ ဒီက ရှေ့တော့ ဥပေက္ခာဟေ့ (မှန်ပါ့) ဘာတုန်း သူ့ဟာက ဒေါမနဿဥပေက္ခာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

အဲဒီ ဥပေက္ခာမျိုးကျတော့ မဖြစ်ကောင်းဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ဒကာ ဒကာမတို့ ဖြစ်ပျက်ခြင်း တစ်ထပ်တည်း၊ သစ်ပင်ကြည့်လိုက်လဲ ဖြစ်ပျက်, ခန္ဓာကြည့်လိုက်လဲ ဖြစ်ပျက် (မှန်ပါ့)။

ဝိပဿနုပေက္ခာဉာဏ်

အသက်ရှိတာ ကြည့်လိုက်လဲ ဖြစ်ပျက်, အသက်မရှိတာကြည့်လိုက်လဲ ဖြစ်ပျက် ဖြစ်ပျက်တွေတွေ့တော့ ဖြစ်ပျက်ချည့် မြင်နေတဲ့ ဉာဏ်သည် ဝိပဿနုပေက္ခာဉာဏ်၊ ဒီဥပေက္ခာမျိုးကျတော့ ဖြစ်ကောင်းတယ် (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

တစ်တန်းလုံး ဖြစ်ပျက်တွေချည့် မြင်နေတဲ့ ဥပေက္ခာမျိုးကျတော့ (ဖြစ်ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဥပေက္ခာမှာလဲ ဒကာ ဒကာမတို့ ဖြစ်ကောင်း-မဖြစ်ကောင်း ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ်) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အင်း ဒကာ ဒကာမတို့ သောမနဿကလဲ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ) ဖြစ်ကောင်း-မဖြစ်ကောင်း (မှန်ပါ့) ဒေါမနဿကလဲ (ဖြစ်ကောင်း မဖြစ်ကောင်း နှစ်မျိုးပါ) ဥပေက္ခာကလဲ (ဖြစ်ကောင်း-မဖြစ်ကောင်း နှစ်မျိုးပါ)။

ကဲ ဒါဖြင့် အခုပြောပြီးခဲ့တဲ့အတွက် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

အလုပ်ထဲ မသွင်းရသေးဘူး

ကောင်းပါပြီ ဒါဖြင့် ဒါက ဖြစ်ကောင်း-မဖြစ်ကောင်း သိရုံကလေးရှိသေးတယ် (မှန်ပါ့) ဒကာ ဒကာမတို့ အလုပ်ထဲ မသွင်းရသေးဘူး (မှန်ပါ့) ဪ ဒီလိုဖြစ်ရင် ဖြစ်ကောင်းတယ်၊ ဒီလိုဖြစ်ရင် မဖြစ်ကောင်းဘူးလို့ ဒါပဲ ဝေဖန်တုန်း ရှိသေးတယ် (မှန်ပါ့ ဘုရား)။

ပွဲလမ်းသဘင်ကြည့်လို့ ဝမ်းမြောက်တာမျိုးကျတော့ (မဖြစ်ကောင်းပါ) မဖြစ်ကောင်းဘူးဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။

တရားကလေးပေါက်လာလို့ ဝမ်းသာတာမျိုးကျတော့ (ဖြစ်ကောင်းပါတယ်) ဒါကျတော့လဲ ဖြစ်ကောင်းတယ် နော် (မှန်ပါ့)။

သားတွေ၊ သမီးတွေက အသုံးအဖြုန်းကြီးတာနဲ့ နေရာမကျထော်လော် ကန့်လန့်တွေနဲ့ တွေ့နေလို့ ဒေါမနဿ ဖြစ်တောကျတော့ (မဖြစ်ကောင်းပါ ဘုရား)။

တရားအားထုတ်တာ နှေးပြီး သကာလ နေတာနဲ့ အင်း ခါတိုင်းဒီအချိန်ဆို ဒီဒုက္ခကျွတ်တဲ့နေရာ ဖြစ်ပျက်တွေ မြင်ပြီ၊ ဖြစ်ပျက်မြင်လို့ ဒုက္ခချုပ်တဲ့နေရာရောက်ပြီ၊ ဒီနေ့ ဘာဖြစ်ပါလိမ့်မတုန်းဆိုတဲ့ ဒီ ဒေါသမျိုးကျတော့ (ဖြစ် ကောင်းပါတယ်) ဖြစ်ကောင်းပါတယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဥပေက္ခာမှာလဲ ဒကာ ဒကာမတို့ နင်တို့နဲ့ ငါတို့နဲ့တော့ဖြင့် ဘယ်တော့မှ မတွေ့ချင်ဘူး၊ နောက်ကို နင်တို့ ဆိုးလဲ မပြောတော့ဘူး၊ ကောင်းလဲ မပြောတော့ဘူး၊ ဒါမျိုးကျတော့ ဘယ့်နှယ်တုန်း (မဖြစ်ကောင်းပါ) ဒေါမနဿနဲ့ ပတ်သက်တဲ့ ဥပေက္ခာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်တွေတစ်တန်းတည်း

ဘယ်ဟာ ကြည့်လိုက်-ကြည့်လိုက် ဖြစ်ပျက်တွေတစ်တန်းတည်း ဖြစ်နေတဲ့ ဥပေက္ခာကျတော့ (ဖြစ်ကောင်း ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာမှာ ဖြစ်ကောင်းတဲ့ဝေဒနာ ၃ (မှန်ပါ့) မဖြစ်ကောင်းတဲ့ ဝေဒနာ (၃-ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဖြစ်ကောင်းတဲ့ဝေဒနာ (၃-ပါ ဘုရား) မဖြစ်ကောင်းတဲ့ဝေဒနာက (၃-ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဖြစ်ကောင်းတဲ့ဝေဒနာက ၃၊ မဖြစ်ကောင်းတဲ့ ဝေဒနာက ၃ ဆိုတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်နဲ့ရှင်းမှ သာပြီးလင်းမယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ကင်းလို့ ဒကာကြွယ်၊ ဦးမာဒင်တို့ သတ္တဝါဖြစ်စဉ်မှာ ရှိကို-မရှိဘူး (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူ့ကိုရှင်းမှပဲ ဪ ဒါကြောင့် မဖြစ်ကောင်းတာကိုး၊ ဒါကြောင့် ဖြစ်ကောင်းတာကိုးဆိုတာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကင်းတဲ့တရား ဆိုလို့ရှိရင်ဖြင့် တရားလမ်းမဆုံးသေးဘူးနော် (မှန်ပါ့) ခန္ဓာကိုယ်ထဲ၌ ဖြစ်သရွေ့ကဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ ပဋိစ္စသမုပ္ပါဒ်အစဉ်အတိုင်းမှတစ်ပါး ဘာရှိသေးသတုန်း (မရှိပါ ဘုရား) သူပဲရှိတာပဲ (မှန်ပါ့) ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင်ရင် တန်း၊ ဒီနှစ်လမ်းပဲရှိတာပဲ (မှန်ပါ့)။

ခန္ဓာထဲမှာ ဒီနှစ်မျိုးမှတစ်ပါး မရှိဘူး

ပဋိစ္စသမုပ္ပါဒ်နိုင်ရင် ဖြတ်တဲ့ဥစ္စာ ပဋိစ္စသမုပ္ပါဒ်တွေ ပြတ်တာပဲ (မှန်ပါ့) ဖြတ်နိုင်ရင်ဖြတ် (မှန်ပါ့)။

ဒါဖြင့် အဖြတ်ခံရတဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး (မှန်ပါ့) မဖြတ်တတ်လို့ ဆက်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး (မှန်ပါ့) ခန္ဓာထဲမှာ ဒီနှစ်မျိုးမှတစ်ပါး မရှိဘူး (မှန်ပါ့ ဘုရား)။

အဖြတ်ခံရတဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး (တစ်မျိုးပါ) မဖြတ်တတ်တာနဲ့ သူ့ဟာသူတန်းသွားတဲ့ ပဋိစ္စသမုပ္ပါဒ်က (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးရှိသတုန်း (နှစ်မျိုးရှိပါတယ်) ဪ တော်တော် အရေးကြီးပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် မပါရင်တော့ဖြင့် ဦးမာဒင် တရားမမှန်သေးဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) တရားမမှန်သေး ဘူးတဲ့ ၊ ပဋိစ္စသမုပ္ပါဒ်မပါရင် သစ္စာလဲ မပါပြန်ဘူး (မှန်ပါ့)။

ဘာကြောင့် သစ္စာမပါပြန်သတုန်းလို့ မေးတဲ့အခါကျတော့မှ ဒကာသစ်မှတ်- ပဋိစ္စသမုပ္ပါဒ် အဆုံးကြည့်လိုက် တော့ “ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ၊” ဒုက္ခသစ္စာဟောတာကွပါလာတယ် (ပါလာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အဆုံးရွတ်ကြည့်လိုက်တော့ ဒုက္ခက္ခန္ဓဿ မလာဘူးလား (လာပါတယ်) အဲဒါ ဘာသစ္စာ သူပြ သလဲ (ဒုက္ခသစ္စာ ပြပါတယ် ဘုရား)

ဒါ-ပဋိစ္စသမုပ္ပါဒ်ဖြတ်တဲ့ ပုဂ္ဂိုလ်ကျတော့ “ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓောဟောတိ” နိရောဓသစ္စာပြတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ကို မဖြတ်တတ်တဲ့ ပုဂ္ဂိုလ်ဆိုရင်ဖြင့် ဒုက္ခသစ္စာကို တန်းသွားလေရဲ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ဖြတ်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်ပေါ်တယ် (မှန်ပါ့)။

ဖြတ်တာက မဂ္ဂသစ္စာ၊ ပေါ်တာက နိရောဓသစ္စာ

ဖြတ်တာက မဂ္ဂသစ္စာ၊ ပေါ်တာက နိရောဓသစ္စာ (မှန်ပါ့)။ မဖြတ်တတ်တဲ့ပုဂ္ဂိုလ်မှာ ဖြစ်ကြောင်းက သမုဒယ သစ္စာ၊ ဖြစ်ကျိုးက ဒုက္ခသစ္စာ (မှန်ပါ့) ကိုင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်မပါရင် သစ္စာလေးပါး မပါဘူးလား (မှန်ပါ့) မပါသေးရင် တရားလမ်းမဆုံးသေး (မှန်ပါ့ ဘုရား)။

ဒကာကြွယ် အတော်အရေးကြီးပါလား (ကြီးပါတယ် ဘုရား)။

ကြည့်ကြည့် ဒကာ ဒကာမတို့ ဝိပဿနာမပြောခင် အခုပြောတဲ့ စကား သုံးလေးလုံးဟာ ဆရာဝန်ကြီး သိပ် အရေးကြီးပါတယ် (အရေးကြီးပါတယ်) ဦးမာဒင် သိပ်အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကို ဒကာ ဒကာမတွေက အင်း ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ ဒကာ ကြွယ်တို့ ရတယ် (ရပါတယ် ဘုရား) ဘာသစ္စာပြသတုန်း (ဒုက္ခသစ္စာပြပါတယ် ဘုရား)။

တစ်ခါ “ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓောဟောတိ”ဘာပြလိုက်တာတုန်း (နိရောဓသစ္စာ ပြတာပါ) နိရောဓ သစ္စာပြတယ် (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ နိရောဓသစ္စာပြတဲ့ ပဋိစ္စသမုပ္ပါဒ်ကျတော့ကိုတဲ့ ဖြတ်တာက မဂ္ဂသစ္စာ၊ ဆုံးတာက နိရောဓသစ္စာ (မှန်ပါ့ ဘုရား)။

ဖြတ်တာက (မဂ္ဂသစ္စာ) ဖြတ်လို့ ဒုက္ခတွေဆုံးသွားတာက (နိရောဓသစ္စာပါ ဘုရား)။

ဪ ဖြတ်တဲ့ နေရာမှာ သစ္စာက အဖိုးတန်သစ္စာနှစ်ပါး (မှန်ပါ့) မဖြတ်တဲ့နေရာကျတော့ “သမုဒယော ဟောတိ”လို့ ဆိုသောကြောင့် သမုဒယောက သမုဒယသစ္စာ (မှန်ပါ့ ဘုရား)။ ဒုက္ခက္ခန္ဓဿ ဒုက္ခသစ္စာ (မှန်ပါ့) ဟော ဟိုဘက်ကျတော့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပြတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အင်း ဒကာ ဒကာမတို့ ဒုက္ခက္ခန္ဓဿဆိုတဲ့ နေရာကျတော့ သမုဒယော ဟောတိက လာသေးတာကိုး (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာသစ် သစ္စာဘယ်နှစ်ပါးပြသတုန်း (နှစ်ပါးပါ) သမုဒယသစ္စာနဲ့ (ဒုက္ခသစ္စာပါ ဘုရား)။

တစ်ခါ “ဒုက္ခက္ခန္ဓဿ နိရောဓောဟောတိ” လို့ ပြတဲ့အခါကျတော့ ဘယ်သစ္စာနှစ်ပါး ပြပါလိမ့် (မဂ္ဂနဲ့နိရောဓ ပြပါတယ် ဘုရား) မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာပြတယ် (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကို မပြသေးလို့ရှိရင် သစ္စာမပါသေး

ဪ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ကို မပြသေးလို့ရှိရင် သစ္စာမပါသေး (မှန်ပါ့) သစ္စာမနာရလို့ရှိရင်လဲ ဘယ်သူ မှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်သေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ လုံလောက်သော အကြောင်းကို ဒကယ်တမ်း ပြရလို့ရှိရင်ဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့ စ,ဟောတော့ သစ္စာလေးပါးဟောတယ် (မှန်ပါ့) ဒါနဲ့ပဲ သောတာပန်မတည်ကြဘူးလား (တည်ပါတယ်) ဪ ဘာနဲ့တည်ပါ လိမ့်မတုန်းမေးတော့ သစ္စာနနဲ့ တည်သွားတာ (မှန်ပါ့ ဘုရား)။

ဘာနဲ့တည်သွားသတုန်း (သစ္စာနဲ့တည်သွားပါတယ် ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သစ္စာမပါသေးရင် မဂ်ဉာဏ်, ဖိုလ်ဉာဏ် မတည်နိုင်သေး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သစ္စာမပါသေးရင် (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မတည်နိုင်သေးပါ ဘုရား) မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မတည်နိုင်သေးဘူး ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါကြောင့် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဘုရားဖြစ်သည်နဲ့ တစ်ပြိုင်နက်တည်း “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” သမုဒယောလဲ ပါသေးတယ် (မှန်ပါ့) ဒုက္ခက္ခန္ဓဿ ပါလိုက်သေးတယ် (မှန်ပါ့) သစ္စာနှစ်ပါး သူပြတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိလို့ ဆိုတော့ နိရောဓောလဲ ပါလိုက်သေးတယ်နော် (မှန်ပါ့) ဒုက္ခအစုကြီး ချုပ်အောင် လုပ်နိုင်တယ်ကွဆိုတာကော မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ သူက မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာပြတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီခြောက်ပါးကို ဒကာ ဒကာမတို့ ဖြစ်ကောင်းတဲ့ သောမနဿက ပဋိစ္စသမုပ္ပါဒ်ဖြတ်တယ် (မှန်ပါ့) မဖြစ်ကောင်းတဲ့ ဒေါမနဿက (ပဋိစ္စသမုပ္ပါဒ်ဆက်ပါတယ် ဘုရား)။

ဖြစ်ကောင်းတဲ့ ဥပေက္ခာက (ပဋိစ္စသမုပ္ပါဒ် ဖြတ်ပါတယ်)၊ မဖြစ်ကောင်းတဲ့ ဥပေက္ခာက (ပဋိစ္စသမုပ္ပါဒ် ဆက်ပါတယ်)၊ ဒီလိုလာတော့မယ်ဆိုတာ သေချာပြီ (သေချာပါပြီ) မသေချာသေးဘူးလား ဒကာကြွယ် (သေချာပါ တယ် ဘုရား)။

ဖြစ်ကောင်းတဲ့ သောမနဿ ဘာတုန်း

ပြန်မေးပါတယ် ဒကာ ဒကာမတို့ ဖြစ်ကောင်းတဲ့ သောမနဿ ဘာတုန်း (ပဋိစ္စသမုပ္ပါဒ် ဖြတ်ပါတယ်) မဖြစ်ကောင်းတဲ့ သောမနဿက (ပဋိစ္စသမုပ္ပါဒ် ဆက်ပါတယ် ဘုရား)။

ဖြစ်ကောင်းတဲ့ ဒေါမနဿက (ပဋိစ္စသမုပ္ပါဒ် ဖြတ်ပါတယ်)၊ မဖြစ်ကောင်းတဲ့ ဒေါမနဿက (ပဋိစ္စသမုပ္ပါဒ် ဆက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ဝိပဿနာမထည့်ရင် မရတော့ဘူး (မှန်ပါ့) ဖြစ်ကောင်းတဲ့ ဥပေက္ခာက ဒကာ ဒကာမတို့ (ပဋိစ္စသမုပ္ပါဒ် ဖြတ်ပါတယ်) ဖြတ်တယ် (မှန်ပါ့)၊ မဖြစ်ကောင်းတဲ့ ဥပေက္ခဝေဒနာက (ပဋိစ္စသမုပ္ပါဒ် ဆက်ပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာဉာဏ်ဖြင့် မထည့်လို့ရှိရင် ဘုရားက ဒါ ဝိပဿနာဉာဏ်ဟောဖို့ ဖြစ်ကောင်း- မဖြစ်ကောင်း ဟောတာပဲဆိုတာ ဒကာကြွယ် သေချာသွားပြီ (သေချာသွားပါပြီ) ဒကာသစ် နေရာကျပြီ (နေရာကျ ပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမှာတုန်းလို့မေးတော့ ဖြစ်ကောင်းပုံလဲ ဘုန်းကြီးရှင်းရလိမ့်မယ် (မှန်ပါ့) မဖြစ်ကောင်း ပုံကော (ရှင်းရမှာပါ) အင်း သောမနဿလဲရှင်း- ဒေါမနဿလဲရှင်း ၊ ဥပေက္ခာနှစ်မျိုးလဲ (ရှင်းရမှာပါ ဘုရား) ရှင်းရမှာပဲတဲ့ (မှန်ပါ့)။

ဒါဖြင့် ကောင်းတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကျုပ်တို့သည် အားထုတ်ရမယ် (မှန်ပါ့) မဖြစ်ကောင်းတဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်မှာကို ကျုပ်တို့သည် (ဖြတ်ရပါမယ်) ဖြတ်ရလိမ့်မယ်ဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါလောက် နားလည်ရုံနဲ့တော့ မရသေးဘူး (မှန်ပါ့) ဖြစ်ကောင်းတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကျုပ်တို့သည် ပွားများ ရလိမ့်မယ် (မှန်ပါ့) မဖြစ်ကောင်းတဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကျုပ်တို့ အရှုခံဘက်က ထားရလိမ့်မယ် (မှန်ပါ့) သဘောပါ ပလား (ပါပါပြီ ဘုရား)။

ရှုဉာဏ်ဘက်က ထားရမယ်

မဖြစ်ကောင်းတဲ့ ဝေဒနာကို (အရှုခံဘက်က ထားရပါမယ်) ဖြစ်ကောင်းတဲ့ ဝေဒနာကို ရှုဉာဏ်ဘက်က ထားရမယ် (မှန်ပါ့) ရှုဉာဏ်ဘက်ကထား (မှန်ပါ့ ဘုရား)။

မဖြစ်ကောင်းတဲ့ ဝေဒနာကို (အရှုခံဘက်က ထားရပါမယ်) ဖြစ်ကောင်းတဲ့ ဝေဒနာကို (ရှုဉာဏ်ဘက်က ထားရပါမယ်) ရှုဉာဏ်ဘက်က ထားရမယ် (မှန်ပါ) အံမာလေး- မလွယ်ပါလား ဦးမာဒင် (မလွယ်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တစ်ခုက အရှုခံ (မှန်ပါ့) မကောင်းတဲ့ တရားဟူသရွေ့ဟာ အရှုခံ (မှန်ပါ့) ကောင်းတဲ့ တရားဟူသရွေ့ဟာ ရှုဉာဏ် (မှန်ပ့ါ ဘုရား)။

ဒီလိုရထားလို့ရှိရင်ဖြင့် ကျုပ်တို့ ခင်ဗျားတို့ နှစ်ခုစလုံးကိုပဲ တစ်ခုကလဲ အရှုခံကလဲ သူပဋိစ္စသမုပ္ပါဒ် ဆက် မလို့လာတာ မဆက်နိုင်ဘူး (မှန်ပါ့)၊ ရှုဉာဏ်ကလဲ ပင်ကိုယ်က ဖြတ်တတ်တဲ့ ဓမ္မဖြစ်လေသောကြောင့် ဆက်စရာ မရှိဘူး (မရှိပါ ဘုရား)။

ဒါဖြင့် အရှုခံနဲ့ ရှုဉာဏ်ကို တွဲမပေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကိုယ်ကျိုးနည်းပြီ (မှန်ပါ့) အရှုခံနဲ့ ရှုဉာဏ် တွဲပေးရမည့်အချိန် ရှိသေးတယ် ဆိုတာကိုလဲ ဒကာကြွယ် သေသေချာချာ မှတ်ရလိမ့် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု