နိဗ္ဗာန် ရောက်ကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
(၁၉-၈-၆၁)
ဒုက္ခငြိမ်းတာ နိဗ္ဗာန်
ဒုက္ခငြိမ်းတာ နိဗ္ဗာန်လို့မှတ်ကြပါနော် (မှန်ပါ့) ခန္ဓာကိုယ်ကြီးသိမ်းရင်လည်း ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
၎င်းင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူဓာတ် အလောင်ဓာတ်ဆိုတဲ့ ကိလေသာသိမ်းရင်လည်း ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာသည် ဒုက္ခခပ်သိမ်း ငြိမ်းတာလည်း နိဗ္ဗာန်၊ ပူလောင်တတ် တဲ့ တရားတွေ သိမ်းတာလည်း နိဗ္ဗာန်လို့ သိထားတော့ သူတို့နှစ်ခုမတွဲမှု ကျုပ်တို့အရေးကြီးတဲ့ အလုပ်ပဲ မှတ်ပါ (မှန်ပါ့) ခန္ဓာနဲ့ ကိလေသာ မတွဲမှုဟာ အရေးကြီးတယ်လို့ မှတ်ပါ (မှန်ပါ့)။
ခန္ဓာနဲ့ ကိလေသာနဲ့ မတွဲမှုဟာ (အရေးကြီးပါတယ် ဘုရား) အခုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ့်နှယ်ဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာနဲ့ ကိလေသာက တွဲနေတယ် (မှန်ပါ့) ခန္ဓာနဲ့ ကိလေသာနဲ့ တွဲ နေတော့ ကိလေသာက စိုးရိမ်တယ်ဆိုလို့ရှိရင်ဖြင့် ကျန်တဲ့ ရုပ်ခန္ဓာကြီးက မျက်ရည်ကျတယ်။
ဪ ဒါဖြင့် ကိလေသာနဲ့ ခန္ဓာနဲ့တွဲရင် ပရိဒေဝပွဲကို နွှဲရတယ်လို့ မှတ်ရမယ် (မှန်ပါ့)။
ခန္ဓာနဲ့ ကိလေသာတွဲရင် သောကပရိဒေဝပွဲကို နွှဲရတယ်လို့ အောက်မေ့ပါ (မှန်ပါ့)။
ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ခန္ဓာနဲ့ ကိလေသာနဲ့တွဲမှု အလွန်ကြောက်ရှာတယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ မျက်ရည်ကျတယ်ဆိုတာ ဘာနဲ့ ဘာတွဲတာပါလိမ့် (ခန္ဓာနဲ့ ကိလေသာတွဲတာပါ ဘုရား)။
ဒေါသကိလေသာနဲ့ မျက်ရည်၊ ရုပ်ဆိုတဲ့ မျက်ရည်က ရုပ်တရား (မှန်ပါ့) အဲဒါရုပ်ခန္ဓာကြီးနဲ့ ကိလေသာနဲ့ တွဲလိုက်ပြီဆိုမှဖြင့် ဟာ တစ်ခါတည်း မျက်ရည်ကြီးငယ်တွေ ကျလာတာပဲ (မှန်ပါ့) ခန္ဓာနဲ့ ဒေါသနဲ့ တွဲလိုက်လို့ ရှိရင်လည်း တစ်ခါတည်း ရုပ်တွေက ကြမ်းတက်လာပြီး မျက်စိတွေ ဘာတွေ နီမြန်းလာတာပဲ (မှန်ပါ့)။
ဪ ခန္ဓာနဲ့ ဒေါသနဲ့ တွဲပြန်လည်း ရုပ်ကြမ်းပြီး နီမြန်းလာတယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့) ခန္ဓာနဲ့ လောဘနဲ့ တွဲပြီဆိုမှဖြင့်လည်း ပျာယာခတ်လာတာပဲ (မှန်ပါ့ ဘုရား)။
လောဘနဲ့ ခန္ဓာနဲ့ တွဲလိုက်တော့ (ပျာယာခတ်လာပါတယ် ဘုရား) ပျာယာခတ်လာတယ်ဆိုရင်လည်း ဪ သူတွဲနေတဲ့ အပြစ်ပဲ (မှန်ပါ့) ဒေါသနဲ့ တွေ့ရင် ကြမ်းတယ် (မှန်ပါ့) လောဘနဲ့တွေ့ရင် ပျာယာခတ်လာတယ် (မှန်ပါ့) ဒေါသနဲ့တွဲရင် မျက်ရည်ထွက်တယ် (မှန်ပါ့)။
ခန္ဓာနဲ့ ကိလေသာ တွဲနေလို့ပါ
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနှစ် ခုခန္ဓာရင်လည်း တည်ရာဌာနချုပ်ပါမှ တည် တတ်တဲ့ ကိလေသာရင်လည်း သိမ်းပါမှ ဒီနှစ်ခု ဇာတ်မသိမ်းသရွေ့ ကာလပတ်လုံး ဒကာကြွယ်တို့ ကျုပ်တို့မှာဖြင့် ခုနင်က သုံးဇာတ်ကို လှည့်ခင်းရတယ် (မှန်ပါ့)။
ပျာယာခတ်တဲ့ပွဲလည်း နွှဲရတယ် (နွှဲရပါတယ် ဘုရား) ကြမ်းထော်တဲ့ပွဲကော (နွှဲရပါတယ် ဘုရား) ငိုပွဲကြီးတွေ ကော (နွှဲရပါတယ် ဘုရား) အင်း- ဒါဘာနဲ့ ဘာနဲ့တွဲလို့ ဖြစ်ပါလိမ့်ဗျာ၊ ခန္ဓာနဲ့ ကိလေသာ တွဲနေလို့ပါဘုရား တယ် လည်း ကြောက်စရာကောင်းပါလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)။
ခန္ဓာနဲ့ ကိလေသာနဲ့ တွဲလိုက်ပြီဆိုမှဖြင့် အခု တရားနာနေတုန်းကျတော့ သူများက ကြည့်ကြည့် ဓမ္မမိတ်ဆွေ ချင်းကြည့်ကြည့် ရုပ်ကိုတည်လို့ ကြည်ကြည်ရွှင်ရွှင်နဲ့ ဘယ်လိုပင် ဥတုရာသီအိုက်ငြားသော်လည်း ဒါလောက် ထူးထူး ခြားခြား အရုပ်ဆိုးတဲ့ ခန္ဓာကြီးမပြပါဘူး (မပြပါ ဘုရား) ခင်ဗျားတို့ အိမ်ရောက်ပြီဆိုမှဖြင့် တစ်ခါတည်း ခန္ဓာနဲ့ ဒေါသနဲ့တွဲလို့ အသံဆိုးကြီးတွေများ ထွက်လာလိုက်တာ (မှန်လှပါ ဘုရား) မလာကြဘူးလား (လာပါတယ် ဘုရား)။
ခန္ဓာနဲ့ လောဘနဲ့ တွဲလိုက်တာနဲ့ အိမ်ရောက် အိမ်ရှင်မက ဘယ်သူ ဘာဖြစ်သတဲ့ဆိုတာနဲ့ ပျာယာခတ်ပြီး သကာလများ သွားလိုက်ရတာ (မှန်ပါ့) ခန္ဓာနဲ့ လောဘနဲ့ တွဲလိုက်တာကိုးဗျ (မှန်ပါ့)။
ဟာ- ကြေးနန်းရောက်လာလို့ ဘယ်သူဘာဖြစ်လို့ဆိုရင်ဖြင့် ခန္ဓာနဲ့ သောကနဲ့ တွဲလိုက်တာ ချက်ချင်းမျက်ရည် ကျတယ် (မှန်ပါ့)။
ပွဲအမျိုးမျိုး က,ရမယ်
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီအတွဲကို မခွဲနိုင်သရွေ့ ပျောက်အောင်မလုပ်နိုင်သရွေ့ ကာလပတ်လုံးဖြင့် ဒီဒကာ ဒကာမတွေ ပွဲအမျိုးမျိုး က,ရမယ် (က,ရပါမယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့က သဘင်သည်တွေမှ ပွဲအမျိုးမျိုးလိုက် က,နေတယ် အောက်မေ့တယ် (မှန်လှပါ ဘုရား) ဒကာကြွယ် ကြီးတို့ အိမ်ထဲတွင် က,နေတဲ့ပွဲက မနည်းလှပါဘူး (မနည်းပါ ဘုရား) နည်းသလား (မနည်းပါ ဘုရား)။
တစ်ခါတလေကျတော့ လောဘနဲ့ ခန္ဓာတွဲပြီး သားနဲ့ သမီးနဲ့များ ပြုံးပွဲကြီးများ နွှဲနေလိုက်သေးတယ် (မှန်ပါ့) ပြုံးသာပြုံးရတယ် စိတ်ချ လက်ချလားလို့ ရှေ့ရေး, နောက်ရေး တွေးလိုက်ပြန်တော့ မဲ့ပွဲကြီးများနွှဲနေတယ် (နွှဲနေပါ တယ် ဘုရား) တယ်လွန်ကြပါလား ဒကာ ဒကာမတို့ (လွန်ပါတယ် ဘုရား)။
ဘာနဲ့ဘာတွဲနေသတုံး (ခန္ဓာနဲ့ ကိလေသာ တွဲနေတာပါ ဘုရား) ခန္ဓာနဲ့ ကိလေသာနဲ့ တွဲနေတယ် (မှန်ပါ့) ခန္ဓာနဲ့ ကိလေသာနဲ့ တွဲနေသရွေ့ ကာလပတ်လုံးဖြင့် လောင်မီးနဲ့ လောင်စာ တွဲနေတာပဲ (မှန်ပါ့)။
လောင်မီးနဲ့ (လောင်စာနဲ့ တွဲနေပါတယ် ဘုရား) ဪ ဒါကြောင့် နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲလို့ ဒကာအုန်း မေးတော့မှ လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန် (မှန်ပါ့ ဘုရား)။
ဘယ်လိုပြောကြမယ် (လောင်စာသိမ်း၍ မီးငြိမ်းတာဟာ နိဗ္ဗာန်ပါ ဘုရား)။
လောင်စာသိမ်း မီးငြိမ်းတာ နိဗ္ဗာန်ဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောလို့ ဒကာ ဒကာမတွေ အရယူ ဖို့ အချိန်လည်း ရောက်ပါပြီ (မှန်ပါ့) အရယူဖို့ အချိန်ရောက်ပြီဆိုတာကို တစ်ထစ်ချ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ခင်ဗျားတို့ နို့မဟုတ်လို့ရှိရင်ဖြင့် မဲ့ပွဲကြီးနဲ့ နွှဲလိုက်၊ ပြုံးပွဲကြီးနဲ့ နွှဲလိုက်၊ ပျာယာခတ်တဲ့ပွဲနဲ့ နွှဲလိုက်၊ မျက်ရည် ကျတဲ့ပွဲနဲ့ (နွှဲလိုက်ရပါမယ် ဘုရား) ကောင်းကောင်းနေရတဲ့အချိန် ပြောစမ်း ဒကာသစ် (မရှိပါ ဘုရား)။
ဒါဖြင့် ဘယ်လိုနဲ့ အသက်တမ်း ကြီးလာကြသတုံးလို့ ဒကာကြွယ်တို့မေးလို့ရှိရင်ဖြင့် နွှဲပွဲတွေနဲ့ ကြီးခဲ့ရတာပါပဲ ဘုရား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒီပွဲအမျိုးမျိုးနွှဲပြီး ကြီးခဲ့ရတာပါဘုရား (မှန်ပါ့) ဒါဖြင့် ဒီအထဲမှာ လူချမ်းသာ မပါဘူး (မပါပါ ဘုရား)။
လူချမ်းသာမပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့) ခန္ဓာနဲ့ ကိလေသာမီးနဲ့တွဲနေလိုက်တဲ့ လောင်ခြင်းအမျိုးမျိုး, ရုပ်ပုံအမျိုးမျိုး, မဲ့ခြင်း, ပျာယာခတ်ခြင်း, ဒါနဲ့ပဲအချိန်ကုန်လာတယ် (မှန်ပါ့ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတဲ့ဆီ မရောက်သရွေ့
ဒါ- ဘယ့်နှယ်ကြောင့်တုံးဆိုတော့ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ဆီ မရောက်သရွေ့ကာလပတ်လုံး အရှက်တကွဲ အကျိုးနည်းပွဲချည်း နွှဲရတော့မယ်ဆိုတာဖြင့် ဘာမှ သံသယမရှိနဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့ချင်းတော့ဖြင့်တဲ့ ဒကာကြွယ် မပြောချင်ပါဘူး (မှန်ပါ့) ခင်ဗျားတို့ချင်းကျတော့ဖြင့် တစ်ယောက် ကမဲ့နေပေမယ့် တစ်ယောက်ကအပြုံးမပျက်ဘူး (မှန်ပါ့) အင်း- သူ့သာပျက်၊ ငါမပျက်ဆိုတဲ့ ပိုးဖလံလိုဖြစ်နေတယ် (မှန်ပါ့)။
တစ်ယောက်က မဲ့နေလည်း တစ်ယောက်က အပြုံးမပျက်ဘူး (မှန်ပါ့) ဒီလိုဖြစ်နေတယ်၊ သူတို့မှာ တစ်ယောက် ငိုပွဲကြီးနွှဲပေမယ့် တစ်ယောက်က ပြုံးပွဲကြီး (မှန်ပါ့) အင်း- သူ့မီးနဲ့ သူကိုးဗျ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပြာကျလာတဲ့အခါကျတော့ မီးမျိုးစုံကဖြင့် လူတိုင်းမကုန်သေးတဲ့အတွက် အစုံနွှဲရမယ်ဆိုတာ ကတော့ဖြင့် ငြင်းစရာ လိုသေးသလား (မလိုပါ ဘုရား)။
ဒကာကြွယ် ဘယ်ပွဲနွှဲချင်သေးသတုံးဗျ (ဘယ်ပွဲမှ မနွှဲချင်ပါ ဘုရား) ဟုတ်ရဲ့လား၊ ခင်ဗျားတို့ အိမ်ပြန်ပြီဆိုမှ ဖြင့် ဘယ်ပွဲနွှဲမတုံးဆိုတာ အစီအစဉ် မရှိသော်လည်း ရောက်သလို စီမံသွားတာပဲ (မှန်ပါ့) ငါသွားမှ ပြီးမည့်အလုပ် ငါသွားမယ်၊ မင်းသွားမှပြီးမည့် အလုပ်ဖြင့် မင်းသွားကွာ (မှန်ပါ့ ဘုရား)။
အမယ် ပွဲတွေအမျိုးမျိုး ခင်းပြီးသကာလ ကိုယ်ထွက်ရမည့်ဇာတ်က တစ်မျိုး, သူထွက်ရမည့် ဇာတ်က တစ်မျိုး (မှန်ပါ့ ဘုရား) ဘယ်ဇာတ်က ကောင်းသတုံး မေးတဲ့အခါကျတော့ဖြင့် ပျာယာခတ်တဲ့ဇာတ်ချည်းပဲ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီနေရာ သူနဲ့ တော်တယ်၊ ဒီနေရာကိုယ်နဲ့ တော်တယ်ဆိုပြီး သကာလ ပွဲတွေကော-မများဘူးလား (များပါတယ် ဘုရား) များတာ များတယ်ဗျာ၊ မကင်းတရားကြောင့်ဆိုတော့ မကင်းတဲ့ ကိလေသာလောင်လို့ ပြေးကြရတာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ပြေးရပါလိမ့် (မကင်းတရားကြောင့် ပြေးရတာပါ ဘုရား)။
ဪ ခင်ဗျားတို့က ကင်းအောင်မှမလုပ်ပဲကိုး (မှန်ပါ့)၊ တော်တော်ကြာ ဘုန်းကြီးဆီ လာပြန်ပြီ၊ ဒီနေ့ တရားနာသွားမလို့ မကင်းတရားကလေးရှိလို့ (မှန်ပါ့) ဒကာကြွယ်တို့က စကားက ခတ်တတ်တတ်ကိုး (မှန်ပါ့) မကင်း တရားကလေးရှိလို့ဘုရား-မကောင်းလှတာနဲ့ ဪ မကောင်းလို့လည်း သွားရသေးသကိုး (မှန်ပါ့) မကောင်းတာ ရှောင်ပါ့လား (မှန်ပါ့) ဘယ့်နှယ်ဖြစ်တာတုံး ပြော-ပြောပါဦး။
ဒကာကြွယ် ဘယ့်နှယ်ပြောတာတုံး၊ မကောင်းလို့ သွားရတယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ဟာ မကောင်းတယ်ဆိုတာ စားရတာလား, မြီးရတာလား ကြဉ်ဖယ်ပစ်ရတာလား (ကြဉ်ဖယ်ပစ်ရတာပါ)။
သို့သော် ဒကာကြွယ်တို့ အသုံးအနှုန်းက ဘယ့်နှယ်သုံးပါလိမ့် (မကောင်းလို့ သွားရပါတယ် ဘုရား)။
မကောင်းလို့ သွားရတယ်၊ မကောင်းလို့ နေလိုက်ရတယ်ဆိုပြီးသကာလ ဒကာကြွယ်တို့က ဪ ခက်လိုက် တဲ့ ဖြစ်ခြင်းမှ မကောင်းပျော်-ပျော်နေတာကိုး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ် ဆိုကြမလဲ (မကောင်းပျော် ပျော်နေတာပါ ဘုရား) ဖြစ်မှ ဖြစ်ရပလေဗျာ၊ မကောင်း ပျော်ပါလားဗျ (မှန်ပါ့) မကောင်းရင် ဒီနေရာမကောင်း ဟိုနေရာပြောင်းပါ့လား (မှန်ပါ့) ဒီလိုလည်း မဖြစ်သေးဘူးဘုရာ့၊ အဲ- ဦးလှဘူးတို့က ဒီအတိုင်း ဆင်ခြေလဲမှာပဲ (လဲပါတယ် ဘုရား)။
မကောင်းလည်း ခံရုံပဲ
အဲဒါ ခန္ဓာနဲ့မီး တွဲနေတာကို သဘောကျတဲ့အတွက် မကောင်းလည်း ခံရုံပဲဘုရာ့ (မှန်ပါ့) ကောင်းလည်း နေရုံပဲဘုရာ့ (မှန်ပါ့ ဘုရား)။
ကောင်းတဲ့မီးကလည်း ဒကာ ဒကာမတို့ လောဘမီးကလည်း အေးသလိုလိုနဲ့ ပူတာပဲ (မှန်ပါ့) ဒေါသမီးက ပူသလိုလိုနဲ့ ပူတာပဲ (မှန်ပါ့) မောဟမီးက အရှိန်မရှိဘဲနဲ့ တစ်ခါတည်း အုပ်ပြီးသကာလ ပွဲမီးများလိုပူတာပဲ (မှန်ပါ့) ဘယ်မီးလောင်တာ ကြိုက်သတုံး (ဘယ်မီးလောင်တာမှ မကြိုက်ပါ ဘုရား)။
ဟာ- ဒကာကြွယ်ရ ဘယ်မီးလောင်တာ ကြိုက်သတုံးဆိုတော့ ဘယ်မီးမှလောင်တာ မကြိုက်ဘူးဆိုငြားသော် လည်း ငွေဝင်လမ်းဖြောင့်နေလို့ရှိရင်ဖြင့် လောဘမီးလောင်တာ ကြိုက်သလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ငွေဝင်လမ်းဖြောင့်နေတော့ ဘယ့်နှယ်တုံး (လောဘမီးလောင်တာ ကြိုက်သလိုပါ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့က မီးကိုပင်လျှင် တချို့ မီးကြိုက်တယ် (မှန်ပါ့) တချို့မီးကို (မကြိုက်ပါ ဘုရား)။
ဪ မီးဆိုတာ ပူတာချည်းပဲနော်၊ ခင်ဗျားတို့မို့ ကြိုက်တဲ့မီး၊ မကြိုက်တဲ့မီး ရှိရသေးတယ်ဆိုတော့ အံ့တော့ အံ့စရာပဲ (မှန်ပါ့ ဘုရား)။
မီးဟူသရွေ့ဟာ ဘာတုံး (ပူလောင်ပါတယ်) ပူပင်ပူငြားသော်လည်းတဲ့ ကြိုက်တဲ့မီး မကြိုက်တဲ့မီးဆိုတာ ဝိပ္ပလ္လာသမကင်းသေးတော့ ဖြစ်နေတာ (မှန်ပါ့) မီးဟာ မကြိုက်ရမှာချည်းပဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ မီးဟူသရွေ့ဟာ (မကြိုက်ရမှာချည်းပါ ဘုရား)။
သို့သော်- ဒကာကြွယ်တို့၊ ဦးလှဘူးတို့ အကြိုက်ကငွေဝင် လမ်းဖြောင့်တဲ့ လောဘမီးဆိုရင် (ကြိုက်ပါတယ်) ငွေဝင်လမ်း ဆုတ်ယုတ်တဲ့ ဒေါသမီးဆိုရင် (မကြိုက်ပါ ဘုရား)။
ဪ ဒါဖြင့် တပည့်တော်တို့သည် ပြိတ္တာကြိုက်တယ်၊ ငရဲမကြိုက်ဘူး (မှန်ပါ့) လောဘမီးက ပြိတ္တာ ကိုး (မှန်ပါ့) ဒေါသမီးက ငရဲကိုးဗျ (မှန်ပါ့)။
အဲဒီတော့ ဒကာကြွယ်တို့ ကြိုက်ပုံက ပြိတ္တာတော့ (ကြိုက်ပါတယ်) ပြိတ္တာဘုံ သွားမည့်မီးကျတော့ (ကြိုက်ပါ တယ်) ငရဲသွားမည့်မီးကျတော့ (မကြိုက်ပါ) မကြိုက်ဘူးလို့ အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီမီးတွေရှိလို့ရှိလို့ရှိရင် ငရဲနဲ့ ပြိတ္တာဆိုတာသာ ဒကာ ဒကာမတို့ သွားရာလမ်းခရီး ရှိတော့တယ် ဆိုတာ မှတ်ထားတော့ မီးသိမ်း ထင်းကုန်မှ ကိစ္စပြီးကြမှာပဲ (မှန်ပါ့ ဘုရား)။
လောင်မီးပွဲကြီး
မီးသိမ်း-ထင်းကုန်မှ (ကိစ္စပြီးကြမှာပါ) ဒါဖြင့် ဒီတရားကို ဟောရတော့မယ်ဆိုတာ အဂ္ဂိဝစ္ဆကမေးလို့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကြီးဟာဖြင့် ဘယ်ဘုံသွားထားရလို့ရှိရင် ဒီမီးနဲ့ ဒီထင်း ကွဲပါ့မလဲ-ငြိမ်းပါ့မလဲ သိမ်းပါ့ မလဲဆိုတာ သုံးဆယ့်တစ်ဘုံတည်း မစဉ်းစားပါနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သုံးဆယ့်တစ်ဘုံတည်းမှာဖြင့် (မစဉ်းစားပါနဲ့) မစဉ်းစားနဲ့တဲ့ လောင်မီးပွဲကြီး မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
သုံးဆယ့်တစ်ဘုံတည်းမှာဖြင့် (လောင်မီးပွဲချည်းပါ) ဘယ်ပွဲများ နွှဲချင်သေးသတုံးမေးရင် ဘယ့်နှယ်ပြောမတုံး (ဘယ်ပွဲမှ မနွှဲချင်ပါ) နတ်ပြည်ပွဲ ကလေးများတော့ ဒကာကြွယ် (မနွှဲချင်ပါ ဘုရား)။
သူတို့လောင်တဲ့မီးက သာဆိုးသေးတယ် (မှန်ပါ့) သူတို့လောင်တဲ့ မီးကသာပြီး ဆိုးတယ်၊ သူတို့မှာ ဒေါသမီး တောက်လိုက်တဲ့အတွက် ရုပ်က အခိုးရုပ်လို့ ဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
အခိုးရုပ်ကို နဂိုရ်ကမှ အခိုးနုနုကလေးတွေ ရုပ်ဖြစ်နေတဲ့ ဥစ္စာ ဒေါသမီး အကြမ်းကြီးလောင်ချလိုက်တာ မသာ ထည်တောင် ရှာမတွေ့ဘူး (မှန်လှပါ ဘုရား)။
ဒါဖြင့် နတ်မီးနဲ့ လူမီး ဒကာကြွယ် ဘယ်မီးက ထက်ပါလိမ့် (နတ်မီးက ထက်ပါတယ် ဘုရား) နတ်မီးကထက် လို့ အထည်ပျောက်တယ် (မှန်ပါ့)။
လူမီးကတော့ လောင်တော့ လောင်တယ်တဲ့၊ အထည်က ကြမ်းတာနဲ့ ဒကာ ဒကာမတို့ မပျောက်နိုင်ဘူး (မှန်ပါ့)။
ဒါဖြင့် အထည်ပျောက်တဲ့မီးနဲ့ အထည် မပျောက်တဲ့မီး ဒကာကြွယ် ဘယ်ဟာကြိုက်သတုံး (ဘယ်ဟာမှ မကြိုက်ပါ ဘုရား) လောင်တာချည်းပါပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတဲ့ကိစ္စသည် ဒို့-အရေးအကြီးဆုံးလို ချက်ချင်းကိစ္စလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတဲ့ကိစ္စသည် (အကြီးဆုံးလိုချင်ခြင်း ကိစ္စပါ ဘုရား)။
အရိယာမျက်လုံး တပ်ကြည့်မှနော်
ဒကာသစ် ဒီဥစ္စာ အရိယာမျက်လုံး တပ်ကြည့်မှနော် (မှန်ပါ့) အရိယာမျက်လုံးမတပ်လို့ရှိရင်ဖြင့် လောင်စာ နဲ့မီးတွဲနေတာ ဒီလိုများတွဲရ တော်သေးရဲ့လို့ ဖြစ်နေတယ် (ဖြစ်ပါတယ် ဘုရား)။
ဥပမာ- လူချမ်းသာ ကြည့်လိုက်တဲ့အခါ သားနဲ့, သမီးနဲ့, ပစ္စည်းနဲ့ ပြည့်ပြည့်စုံစုံ တစ်အိမ်လုံးကလည်း ကျန်းကျန်းမာမာနဲ့ ရေဒီယိုဖွင့်ပြီးသကာလ ပန်ကာတွေနဲ့ ရွှင်ရွှင်ပျပျနေတဲ့အချိန်ကျတော့ ပုထုဇဉ်မျက်လုံး တပ်ကြည့် လိုက်တော့ ဒီအဖြစ်မျိုး ဘယ်တော့ရောက်ပါ့မတုံး (မှန်လှပါ) ဟိုမှာ လောင်စာနဲ့ မီးတွဲတာ သူမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
အဲဒီတော့ တော်တော်ကြာ သူဒီပွဲသာနွှဲနေတယ်၊ ပြုံးပွဲကနေ မဲ့ပွဲသွားဦးမှာပဲ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား) လောကဓံကိုးဗျ၊ ခန္ဓာဖြစ်စဉ်ကိုး (မှန်ပါ့) ခန္ဓာ့ဖြစ်စဉ်ဆိုတော့ လွတ်နိုင်ပါ့မလား (မလွတ်နိုင် ပါ ဘုရား)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ရန်သူအကြီးဆုံးဟာ လောဘရှိတယ် (မှန်ပါ့ ဘုရား) လောဘဟာ ခင်ဗျားတို့ကို ကြီးပွားအောင်လုပ်သလိုလိုနဲ့ အပါယ်ချတယ် (မှန်ပါ့) ခင်ဗျားတို့ကို မိတ်ဆွေလိုလိုနဲ့ (အပါယ်ချပါတယ် ဘုရား)။
ရန်သူလိုလိုနဲ့ အပါယ်ချတာက ရှောင်လို့ရတယ် (ရပါတယ် ဘုရား) ဒါဖြင့် ဘယ်ဟာ ကြောက်စရာ ကောင်း သတုံး (မိတ်ဆွေလိုလိုနဲ့ အပါယ်ချတာက ကြောက်စရာကောင်းပါတယ် ဘုရား)။
မိတ်ဆွေလိုလိုနဲ့ အပါယ်လေးပါး ပို့လိုက်တဲ့တရားဟာ ကြောက်စရာကောင်းတယ် (မှန်ပါ့ ဘုရား) ဘယ်လိုတုံး ဆိုတော့ မင်းတို့ အချိန်အရွယ်ရှိတုန်း ကာလ ဒေသ ကလေးကောင်းတုန်း တိုင်းပြည်ရေးရာ ကလေးကလည်း အနည်း ငယ် သာယာတုန်း အချိန်ရှိခိုက် လုံ့လစိုက် ရှာကြ, ဖွေကြဟေ့ ၊ ဒကာကြွယ်တို့က လူကြီးပြောတွေပေါ့ဗျာ (ပြောပါ တယ် ဘုရား)။
အင်း- ရှာကြ, ဖွေကြဟေ့ဆိုတော့ ဟိုကလည်း ကိုယ်လောက်မှ ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ လောဘမီး ကလေးက ထ, တောက်လာတာပဲ (မှန်ပါ့ ဘုရား)။
အင်း- လူကြီးပြောတဲ့စကား ပယ်လို့မဖြစ်ဘူး၊ သူတောင် ဝါသနာပါလွန်းလို့ ဒီအပြော, ပြောတာပေါ့ (မှန်လှပါ) ဒီအဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား)။
ဒီအဓိပ္ပာယ် ရပြီးသကာလနေတော့ ဪ- မသိတဲ့လူက ပြောတော့ မလိမ္မာတဲ့လူက နားထောင်ပြီးသကာလ မျောက်နှစ်ကောင်ဖြင့် သစ်ပင်ပေါ်ရန်ဖြစ်တာနဲ့ တူနေပြီ (မှန်လှပါ ဘုရား)။
မျောက်နှစ်ကောင် သစ်ပင်ပေါ် ရန်ဖြစ်တော့ ဘယ်သူမှ ကိုင်းမကိုင်မိကြဘူး (မှန်ပါ့) တစ်ပြုံကြီးအောက်ကျပြီး သေပွဲဝင်ရမယ် (မှန်ပါ့)။
ခင်ဗျားတို့လည်း အခုလူကြီးက ပြောတာကို လူငယ်ကနေပြီး ဒီလောဘစကား ပြောလိုက်လို့ လောဘအကြောင်း နားထောင်လိုက်လို့ရှိရင်လည်း နှစ်ကောင်စလုံး သွားတော့မှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အင်မတန် ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ရှေ့ငရဲလည်းမှီတယ်
ဒကာကြွယ် ဒီဟာတွေက ချင့်, နားထောင်ရတယ် (မှန်ပါ့ ဘုရား) ချင့်,ဘူးရဲ့လား (မချင့်,ဘူးပါ ဘုရား) ကိုယ့်အကျိုး စီးပွား အတော်အလိုရှိတာ အသက်အရွယ်ကြီးတဲ့လူမို့ ရှေ့မှီ နောက်မှီမို့ (မှန်ပါ့ ဘုရား) အင်း ရှေ့ငရဲလည်းမှီတယ်၊ နောက်ငရဲလည်း မှီတယ်၊ နောက်ငရဲလည်း မှီဦးမှကိုးဗျ (မှန်လှပါ) ဒီ အဓိပ္ပာယ် ရောက်နေတယ် (ရောက်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အမယ် ဒကာကြွယ်တို့က စကားအသုံးအနှုန်းက သိပ်ကြောက်စရာကောင်းတယ်နော် (မှန်လှပါ) သိပ် ကြောက်စရာကောင်းတယ်၊ ဆုံးမသလိုလိုနဲ့ သူ့ခမျာများမှာ ရန်သူတစ်ယောက် ထည့်ပေးလိုက်တာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါ-လောကကြီးထဲမှာတော့ ဘယ်လိုထင်ကြသတုံး-လို့ မေးတဲ့အခါကျလို့ရှိရင် လူကြီးသူမစကား ဒီဥစ္စာရှောင် လို့ တိမ်းလို့လည်း မကောင်းဘူး၊ ကိုယ့်အကျိုးချည်း ပြောတာပဲ (မှန်ပါ့ ဘုရား)။
အမယ် ဒကာကြွယ် ဒီလိုများ သင်ပေးလိုက်သေးတယ် (မှန်ပါ့ ဘုရား) တဏှာနဲ့ ထောင်ချလိုက်တယ် (မှန်ပါ့ ဘုရား) ဉာဏ်နားနဲ့တော့ (မထောင်ပါ ဘုရား)။
အဲဒါကြောင့် နားကိုက အလွဲမို့ သဘောကျတာကလည်း အလွဲဖြစ်သွားတယ် (မှန်လှပါ ဘုရား) စင်စစ်တော့ မိတ္တရူပကလို့ ဘုရားကဟောတယ်ဂ (မှန်ပါ့) တဏှာအကြောင်းပြောလို့ရှိရင်ကွာ-တဲ့၊ မိတ်ဆွေလိုလိုနဲ့ ရန်သူအကြောင်း ပြောတာပဲ-တဲ့ (မှန်ပါ့) မိတ်ဆွေအလားရှိတဲ့ ရန်သူကို တရားဟောနေတာ (မှန်ပါ့ ဘုရား) အဲဒါ မင်း-မလိုက်နာနဲ့- တဲ့၊ ဘုရားက သေသေချာချာ ဟောတယ် (မှန်ပါ့)။
ခင်ဗျားတို့ကတော့ ဒီလိုမဟုတ်ပါဘူး၊ ဒီလိုပြောပေးမယ် ဆိုလို့ရှိရင်ဖြင့် ပြောတာ, ဆုံးမတာတောင် နည်းသေး တယ်ဆိုပြီး နေ့တိုင်းသွားပြီး နားထောင်ဦးမည့် ပုံလိုလိုတောင် ဒကာကြွယ် ဖြစ်သေးတယ် (ဖြစ်ပါတယ် ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ထောင်တဲ့လူက ဘာနားပါလိမ့် (တဏှာနားပါ ဘုရား) ထောင်တဲ့လူက တဏှာနား (မှန်ပါ့ ဘုရား) ပြောတဲ့ လူက တဏှာပါးစပ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မျောက်နှစ်ကောင် သစ်ပင်ပေါ် ရန်ဖြစ်တဲ့အခါ
ပြောတဲ့လူက (တဏှာပါးစပ်ပါ ဘုရား) ထောင်တဲ့လူက (တဏှာနားပါ ဘုရား) ဟာ မျောက်နှစ်ကောင် တော့ သစ်ပင်ပေါ်ရန်ဖြစ်ပြီ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါ ဘုရား)။
မျောက်နှစ်ကောင် သစ်ပင်ပေါ် ရန်ဖြစ်တဲ့အခါ တစ်ကောင်ကလည်း ဒေါသကြီးတော့ သစ်ကိုင်းလက်လွတ် (မှန်ပါ့) တစ်ကောင်ကလည်း ဒေါသကြီးတော့ (သစ်ကိုင်းလက်လွတ်ပါ ဘုရား) သစ်ကိုင်း လက်လွတ်ကတည်းက ဒီအပေါ်တော့ မနေတော့ဘူး၊ ကျတော့မှာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာကြွယ်,ရေ သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးသည် နေ့တိုင်း အရိယာမျက်လုံးနဲ့ အရိယာနားကိုပဲ တပ်ပေးနေတယ် (မှန်ပါ့)။
အရိယာမျက်လုံးနဲ့ (အရိယာနားပဲ တပ်ပေးပါတယ် ဘုရား) အဲဒီကျမှ ခင်ဗျားတို့ ‘သုတဝါအရိယသာဝကော’ ဖြစ်လာတယ် (မှန်ပါ့) သုတဝါ = အကြား အမြင်ရှိသော အရိယာသာဝကော = အရိယာတို့၏ တပည့်သားသည်၊ ဟောတိ = ဖြစ်၏ (မှန်ပါ့) ဒီလိုဖြစ်လာမှ ခင်ဗျားတို့ အရိယာမျိုးစေ့ စ,လာတယ် (မှန်ပါ့)။
အဲဒီတော့ ပါရမီ-ပါရမီဆိုတာက ဒကာ ဒကာမတွေက တခြားစီယူနေကြတယ် (မှန်ပါ့) ဒီအရိယာနားနဲ့ အရိယာမျက်လုံးတပ်ပေးတဲ့ အချိန်ကို ကိုယ်သန္တာန် ဒါကလေးရမှ ပါရမီမျိုးစေ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့က ဒါနပါရမီ, သီလပါရမီနဲ့ ရှုပ်နေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါနပါရမီ, သီလ ပါရမီတွေရှုပ်နေတော့ ဟိုဘက်သာရှုပ်နေတယ်၊ ပညာပါရမီဘက်ကို လှည့်ကိုမလှည့်ဘူး (မလှည့်ပါ ဘုရား)။
အရိယာနဲ့ အရိယာမျက်လုံး တပ်ပေးတာက ဘာပါရမီပါလိမ့် (ပညာပါရမီ ဘုရား) ဒါဖြင့် “ပညာဟိ သေဋ္ဌာ လောကသ္မိံ” ဆိုတဲ့အတိုင်း ဒီအထဲ ပါရမီထဲမှာ ပညာအမြတ်ဆုံး၊ ပညာနဲ့မှ ခန္ဓာသိမ်း၍ ထင်းသိမ်းပြီးသကာလ မီးငြိမ်းတဲ့ဆီ ရောက်နိုင်တယ်လို့ ဟောထားတဲ့ ဥစ္စာ ဒကာကြွယ် သေချာပလား (သေချာပါပြီ ဘုရား)။
ငြီးငွေ့တဲ့ဉာဏ်ရအောင် နှလုံးသွင်းပါကွ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လူ့ပြည်, နတ်ပြည် ဆုတောင်းတဲ့ပုဂ္ဂိုလ်များမှာ ဘုရားကလည်း ဘယ်လို ဟောသတုံး “သဗ္ဗလောကေ အနဘိရတိသညီ” ကို ကြပ်ကြပ် နှလုံးသွင်းစမ်းပါတဲ့ကွ (မှန်ပါ့) အလုံးစုံသော လောကကြီး ကို ငြီးငွေ့တဲ့ဉာဏ်ရအောင် နှလုံးသွင်းပါကွတဲ့ (မှန်ပါ့) ‘သဗ္ဗလောကေ အနဘိရတိ သညီ’ ကိုဗျ (မှန်ပါ့ ဘုရား)။
အလုံးစုံသော လောကကြီးကို ဘာလုပ်ရမတုံး (ငြီးငွေ့တဲ့ ဉာဏ်ရအောင်လုပ်ရပါမယ် ငြီးငွေ့တဲ့ဉာဏ်ရောက် အောင်ကို နှလုံးသွင်းစမ်းပါဆိုတော့ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ အာဏာတော် ဖီဆန်တယ် (မှန်ပါ့ ဘုရား)။
ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ (အာဏာတော်ဖီဆန်ပါတယ် ဘုရား)။
လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည် အကြိမ်ကြိမ် ခံစားရပါလို၏ဆိုတဲ့ ပုဂ္ဂိုလ်များ ဘာဖီဆန်တာပါလိမ့် (အာဏာ တော် ဖီဆန်ပါတယ် ဘုရား)။
အဲဒါ- ဒကာ ဒကာမတို့ ကွယ်ရာက ဖီဆန်တာလားတဲ့၊ ရုပ်ပွားတော်ရှေ့မှာ ဖီဆန်နေတာလား (ရုပ်ပွားတော် ရှေ့မှာ ဖီဆန်နေတာပါ ဘုရား)။
ဖြစ်မှဖြစ်ရပလေဗျာ ကွယ်ရာက ရန်ဖြစ်လို့ ရှိရင်တော့ တော်သေးတယ်နော် (မှန်ပါ့) အခုဟာက ရုပ်ပွားတော် ရှေ့ ဆုတောင်းပြည့်ဘုရား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ရုပ်ပွားတော် ရှေ့ဆုတောင်ပြည့်ဘုရား ရှေ့မှာကိုင်း ကိုယ်တော်ကြီးနဲ့ပဲ တိုက်လိုက်ဦးမယ် (မှန်ပါ့) ဘယ့်နှယ်ဖြစ်တာတုံး ဒကာကြွယ်ရ၊ မသိတာ အခက်ဆုံးပဲ (မှန်ပါ) ရိပ်ပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားကလည်း “သဗ္ဗ လောကေ အနဘိရတိသညီ” အလုံးစုံသော လောကကြီးကို မင်းတို့ မမွေ့မလျော်မှ အိုဘေး နာဘေး သေဘေးတွေကြည့်၊ မမွေ့မလျော်မှ မင်းတို့ တဏှာသေမှာကွ၊ အဲဒါကြောင့် အလုံးစုံသော လောကကြီး ကို မမွေ့လျော်တဲ့ဉာဏ်မရရအောင် ကြည့်စမ်းပါ၊ သွားများ ဆုမတောင်းလိုက်ပါနဲ့ဆိုတာ ပြောရှာတယ် (မှန်ပါ့) မမှာဘူးလား (မှာပါတယ် ဘုရား)။
မှာပင်မှာငြားသော်လည်း ခင်ဗျားတို့ကလည်း ဘယ်များ ဘာယောင်နေတယ် မပြောတတ်ပါဘူး၊ ဒီလောကကြီး သနားတော်မူပါ (မှန်ပါ့) ဒီဆုမပြည့်မရှိပါရစေနဲ့ (မှန်ပါ့) ဦးလှဘူး ဘာဖြစ်တာတုံး (ရူးတာပါ) ရူးတယ်ဆိုပေမယ့် ရူးတဲ့လူကလည်း အရွဲ့တိုက်လိုက်သေးတယ် (မှန်ပါ့ ဘုရား)။
ဘယ်သူ့အရွဲ့တိုက်သတုံး
ဘယ်သူ့အရွဲ့တိုက်သတုံးလို့ မေးလုံးထုတ်တော့မှ ဘယ့်နှယ်ဖြေမတုံး (ဘုရား အရွဲ့တိုက်တာပါ) ဂုဏ်ချင်းတူလို့ လား၊ မတူလို့လားဗျာ (မတူပါ) မတူလို့ တိုက်တာဆိုတဲ့ အဓိပ္ပာယ်ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က ဘယ့်နှယ်ဖြစ်ပြီးသကာလ နေသတုံးဆိုလို့ရှိရင်ဖြင့် ဝက်တစ်ကောင်လို ခြင်္သေ့နဲ့ စစ်ထိုးတဲ့ အခါ သူ့ခန္ဓာမစင်လိမ်းပြီး စစ်ထိုးတော့ ခြင်္သေ့က ပြေးရရှာတယ် (မှန်ပါ့) ဘာဖြစ်လို့တုံး၊ သူက မစင်လိမ်းထားလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ ပြေးပါလိမ့် (မစင်လိမ်းထားလို့ပါ) ခြင်္သေ့က ကြောက်လို့ပြေးတာလား၊ ရွံ့လို့ပြေးတာလား (ရွံလို့ ပြေးတာပါ ဘုရား)။
အင်း- ခင်ဗျားတို့ ဆုတောင်းသွားကလည်း ရွံလို့ ပြေးပါလိမ့်မယ် ဘုရားက ရိပ်မိပလား (ရိပ်မိပါပြီ) ကိလေသာ မစင်ကြီးနဲ့ သွားပြီး ဆုတောင်းနေတာကိုး (မှန်ပါ့ ဘုရား)။
ဒကာသစ် ဒီအမှားတွေ ဒါပြင်ပေးတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဒကာအုန်း ဒီအများတွေများတယ်နော် (များပါတယ် ဘုရား)။
ဘုရားက “သဗ္ဗလောကေ အနဘိရတိ သညီ” အနိစ္စသညာ ဒုက္ခသညာ-အနတ္တသညာ-အသုဘသညာ ဒီသညာ လေးမျိုးကို လက်မလွတ်စေနဲ့ကွတဲ့ (မှန်ပါ့) အလုံးစုံသော လောကကြီးကိုဖြင့် ဘယ်ဟာမှ မနှစ်သက်တဲ့ ဒီဥစ္စာကို မင်းဉာဏ်ထဲ ပေါ်လာမှ ဒီသညာကို အမြဲထားပါမှ ကိလေသာ တွန့်လိပ်ပြီးသကာလ သွားမယ်ကွတဲ့ (မှန်ပါ့) ဒါမှသာ လျှင် နိဗ္ဗာန်နဲ့ နီးမယ်လို့ ဟောလျက်သားနဲ့ ဒကာ ဒကာမတွေက လောကကြီးထဲမှာ ဘယ်လောကရောက်ချင်၊ ဟိုလောက ရောက်ချင်၊ ဒီလောကရောက်ချင်နဲ့ဆိုတော့ ဒကာကြွယ်ရေ ကန့်လန့်သမားတွေဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။
ဒီက ရှေ့တော့ အရွယ်လည်းကြီးကြပါပြီတဲ့ မသိလို့ ကန့်လန့်လုပ်ခဲ့တာ အပြစ်မယူပါနဲ့လို့ တောင်းပန်ရမည့် အကြိမ်ပေါင်း ဘယ်လောက်ပါလိမ့် (မရေတွက်နိုင်ပါ) မွေးကတည်းက မှားလာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ တည့်ပေးနေတဲ့ ဆရာသမားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘာလုပ်ပေးနေသတုံး (တည့်ပေးနေပါတယ် ဘုရား)။
အဲဒါခင်ဗျားတို့ မိတ်ဆွေသင်္ဂဟတွေလည်း ဘုရားဖြင့် ကန့်လန့်မလုပ်ပါနဲ့ကွာ (မှန်ပါ့) ဘုရားက အလုံးစုံသော လောကကြီးကို ဘယ်လောကမှ မမွေ့မလျော်တဲ့ ဉာဏ်ရအောင် လုပ်စမ်းပါလို့ ဘုရားက ဟောပါလျက်သားနဲ့ နတ်ပြည် လောက ပေးတော်မူပါ (မှန်ပါ့) ဗြဟ္မာ့ပြည် လောကကို အရှင်ဘုရား မပြည့်-ပြည့်အောင် ကြည့်ရှု စောင်မတော်မူပါ လို့ ဆိုလို့ရှိရင်ဖြင့် တိုက်ရိုက်ပဲ တိုက်တာပဲဆိုတဲ့ အဓိပ္ပာယ်ရောက်ပါတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒီရောက်တာ ခင်ဗျားတို့ အင်မတန် ဆိုးဝါးနေတာကိုလည်း ဘုန်းကြီးတို့က အပြစ်ကြီးတော့ မဆိုပါဘူး (မှန်ပါ့) ဪ သစ္စာတရား မနာရလို့ (မှန်ပါ့ ဘုရား)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (သစ္စာတရား မနာရလို့ပါ) သစ္စာတရားဆိုတဲ့ ဒုက္ခသစ္စာတရားဆိုတာကြီးကို မနာရတော့ ဒကာကြွယ် ယောင်ချင်သလို ယောင်-လျှောက်ချင်သလိုလျှောက် မှားချင်သလိုမှားနေတာပဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် သစ္စာတရား အရေးမကြီးလားဗျာ (ကြီးပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အဂ္ဂိဝစ္ဆကိုတဲ့ သစ္စာနဲ့ ဘုရားဟောတော်မူတာ စ,ကြစို့ (မှန်ပါ့) အမှားတွေပြင်ကြပါစို့ဗျာ (မှန်ပါ့ ဘုရား)။
ရုပ်နာမ်လောကဟာ မြဲသလား
အဂ္ဂိဝစ္ဆက သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို မေးပါတယ် (မှန်ပါ့) ရှင်ကြီး ဂေါတမရုပ်နာမ်လောကဟာ မြဲသလားလို့ ဘုရားကိုမမေးဘူးလားဗျာ (မေးပါတယ် ဘုရား)။
မေးတဲ့အခါကျတော့ ဘုရားက ငါဒီအယူ မယူဘူးကွတဲ့ (မှန်ပါ့) ဆိုတော့ သဿတဒိဋ္ဌိ ငါမယူဘူး ပြောလိုက် တယ် (မှန်ပါ့) သဘောကျပလား (ကျပါ ဘုရား)။
ဘယ်ဒိဋ္ဌိကိုလဲ (သဿတဒိဋ္ဌိကို မယူဘူး ပြောပါတယ်) သဿတဒိဋ္ဌိကို ငါမယူဘူးလို့ ပြောလိုက်တယ် (မှန်ပါ့) ၁-နံပါတ်ပြီးသွားပြီနော် (မှန်ပါ့ ဘုရား)။
ပြန်မေးဦးမယ်၊ ရှင်ကြီးဂေါတမ ရုပ်နာမ်လောက မြဲသလားလို့ဆိုတော့ ဘုရားက ဘာတဲ့တုံး (မြဲပါ ဘုရား)၊ ဒီအယူက ဘာအယူပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ ရုပ်နာမ်လောကဟာ မမြဲဘူးလားလို့ မေးတော့ ငါဒီအယူလည်း မယူဘူးကွတဲ့ (မှန်ပါ့) မမြဲဘူးဆိုတော့ ပြတ်သွားတာ (မှန်ပါ့-ပြတ်သွားတာပါ ဘုရား) ဒါ-ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားမှာ ဒကာ ဒကာမတို့ သဿတလည်း မရှိ၊ ဥစ္ဆေဒကော (မရှိပါ ဘုရား) ဪ ဒါဖြင့် ဒိဋ္ဌိနိရောဓော နိဗ္ဗာနံဆိုတာ ကိုယ်တော်ကြီးရောက်တဲ့ နိဗ္ဗာန်ဟာ ဒိဋ္ဌိချုပ်သွားလို့ ရောက်တာ (မှန်ပါ့)။
ကိုယ်တော်ကြီး ရောက်သွားတဲ့နိဗ္ဗာန်ဟာ (ဒိဋ္ဌိချုပ်လို့ ရောက်တာပါ) ဒိဋ္ဌိချုပ်သွားလို့ ရောက်တာဆိုတာ သေချာသနော် (သေချာပါတယ် ဘုရား)။
ကဲ ဒီ့ပြင်ဟာတွေက ဒကာ ဒကာမတွေ နားမလည်လို့ အသာရှိပါစေတော့တဲ့၊ အသက်နဲ့ ကိုယ်ဟာ အတူတူပဲလားလို့ မေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ခန္ဓာထဲအသက်လည်း မရှိပါဘူး (မှန်ပါ) ကိုယ်ကော (မရှိပါ ဘုရား) ဘယ်ရှိမတုံး ဒကာ ဒကာမတို့ ရုပ်နာမ် ဖြစ်ပျက်ရှိတာ (မှန်ပါ့ ဘုရား)။
ဒီအသက်နဲ့ ကိုယ်ဟာ တခြားစီလားလို့ မမေးဘူးလား (မေးပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒီဟာတော့ ရှိတယ် (မှန်ပါ့) ဘာဖြစ်လို့တုံး အသက်ထွက်သွား ပြီတဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ကိုယ်ထားပစ်ခဲ့တယ် (မှန်လှပါ) အသက်နဲ့ကိုယ် တခြားစီလိုတဲ့ အယူ-ယူမထားဘူး လား (ယူထားပါတယ် ဘုရား) အဲဒီအယူ ယနေ့ဖျောက်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဪ အသက်လည်း မရှိဘူး၊ ကိုယ်လည်း မရှိဘူး၊ ရုပ်နာမ်ဖြစ်ပျက်ပဲ ရှိတယ် (မှန်ပါ့) ဒီနေရာဖြစ်ပြီး ဒီနေရာပျက်တဲ့ အဓိပ္ပာယ်မှတစ်ပါး ဘာမှမရှိဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အသက်ထွက်သွားပြီဆိုတဲ့ အယူကိုဖြင့် ဖြုတ်ကြပါ
ကဲ ဒီအယူ ယူထားလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်, ဝိပဿာနာအကျင့်-ကျင့်ငြားသော်လည်း ဒီဘဝ, ဟိုဘဝ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်ဘူးတဲ့ (မှန်ပါ့) ဒါဖြင့် အသက်ထွက်သွားပြီဆိုတဲ့ အယူကိုဖြင့် ဖြုတ်ကြပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်တို့ ဒါ-မဟုတ်ဘဲနဲ့ နှုတ်တက်နေတာနော် (မှန်ပါ့) နှုတ်တက်နေရာကနေပြီး အထင်ကလည်း ရောက်သွားတယ် (ရောက်သွားပါတယ် ဘုရား)။
အသက်ရှိရဲ့လား (မရှိပါ ဘုရား) မရှိဘူးတဲ့ ရုပ်နာမ်ပဲရှိတယ် (မှန်ပါ့) ရုပ်နာမ် ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘယ်က အသက်ရှိမှာတုံး (မရှိပါ ဘုရား) ကိုယ်ကော ဘယ်ရှိသတုံး (မရှိပါ ဘုရား)။
အဲဒီတော့ အသက်နဲ့ ကိုယ်တခြားစီလား ရှင်ကြီးဂေါတမလို့ အဂ္ဂိဝစ္ဆကမေးတော့ ငါ-ဒီအယူ-မယူပါဘူး ကွာ-တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ခါ ထပ်ပြီးမေးပြန်တယ်၊ ဒါဖြင့် အသက်နဲ့ ကိုယ်ဟာ အတူတူပဲလားလို့ မေးပြန်တယ် (မှန်ပါ့) ငါ-ဒီ အယူမယူပါဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ အသက်နဲ့ ကိုယ်ဟာတစ်ပြိုင်နက်ချုပ်ပြီး ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
ခုနင်ကတော့ ဧကစ္စသဿတဒိဋ္ဌိ ဖြစ်သွားတယ် (မှန်ပါ့) ကိုယ်သာသေ၍ အသက်ဆိုတဲ့ စိတ်မသေဘူး၊ ဒီလိုယူပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ သာသနာတွင်း တောင်မှ ဒီဒိဋ္ဌိတွေ လွှမ်းမိုးနေလိုက်တာ နည်းသလားဗျာ (မနည်းပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ပြီးတော့ နောက်ဆုံးပိတ် ဒကာ ဒကာမတွေနားလည်တဲ့ အမေးကို သူကမေးလိုက်တော့ သတ္တဝါသေလို့ရှိရင် ဖြစ်သေးသလားလို့ မေးလိုက်တယ် (မှန်လှပါ ဘုရား) ဒီလိုလည်း ငါ-မယူပါဘူးကွာတဲ့ သတ္တဝါမှ မရှိဘဲ သေစရာက (မရှိပါ ဘုရား)။
ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးလိုက်ပြန်တယ် (မှန်ပါ့) ဘုရားက ဘယ့်နှယ်ဖြေသတုံး (ဒီလိုလည်း ငါမယူပါဘူးတဲ့ ဘုရား)။
အားလုံး ဆယ်မျိုးမေးလိုက်ပါတယ်
ဒီအယူလည်း မယူပါဘူးလို့ ဆိုတော့ အားလုံး ဆယ်မျိုးမေးလိုက်ပါတယ် (မှန်ပါ့) ဆယ်မျိုးမေးလိုက်ပြီးသကာလ ဒီ-ဒိဋ္ဌိ အယူဆယ်မျိုးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီအယူတွေ ငါမယူပါဘူးကွာ-လို့ဆိုတော့ ဘုရားဒိဋ္ဌိစင် တယ်ဆိုတာ သေချာတယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့လည်း ဒီအယူတွေ စင်ကြပါ (မှန်လှပါ ဘုရား) ခင်ဗျားတို့ လည်း ဒီအယူတွေ စင်ကြပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါနဲ့ ရှင်ကြီးဂေါတမတဲ့၊ ဒါဖြင့် ဒီအယူတွေမယူလို့ရှိရင် ဘယ်အယူကို ရှင်ကြီးဂေါတမ ယူလေ့ရှိပါ လိမ့်မလဲလို့ မေးတဲ့အခါ ဒီအယူတွေကွာ ဗောဓိပင်နဲ့ ရွှေပလ္လင်ရောက်ခါနီး သောတာပတ္တိမဂ် ကတည်းက ငါ-ပယ် ပစ်ခဲ့တယ်ကွ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သောတာပတ္တိမဂ်ဆိုတာ ဘယ်ဟာမှလုပ်လို့ မဟုတ်ဘူး ဒိဋ္ဌိပယ်လို့ရတာသာ မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။
သောတာပတ္တိမဂ်ရချင်ရင် ဘာလုပ်ရမလဲ (ဒိဋ္ဌိပယ်ရပါမယ် ဘုရား)။
အဲ ဒိဋ္ဌိပယ်ရင် ရတာပဲ (မှန်လှပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ-တဲ့၊ ဒီ-ဒိဋ္ဌိအယူ ဘယ်အယူမှ မယူလို့ရှိရင် ရှင်ကြီးဂေါတမ အမြင်ကလေး ဒီ-ဒိဋ္ဌိ လွတ်တဲ့ အမြင်ကလေး ကျုပ်သိပါစေဆိုပြီး အဂ္ဂိဝစ္ဆက လျှောက်တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီဟာ အရေးအကြီးဆုံးပဲ အလုပ်တရား (မှန်လှပါ) အားလုံး ဂရုစိုက်ကြပါ အလုပ်တရား၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သူ့အမြင်နဲ့ သူ့အလုပ်ကို သူပြောတော့မယ် (မှန်ပါ့ ဘုရား)။
ဟောကွာ-တဲ့ ခန္ဓာငါးပါး ရှိတယ်ကွာ-တဲ့ (မှန်ပါ့) ဒကာကြွယ် ဘယ်နှစ်ပါးတဲ့ (ငါးပါးပါ ဘုရား)။
ခန္ဓာငါးပါး ရှိတယ်တဲ့၊ ခန္ဓာငါးပါးတွင် ဤတရားဟာ ရုပ်, ၎င်းင်းရုပ်တရားဟာ ဖြစ်ပျက်ပဲ၊ ဒါ-ငါအယူကွာတဲ့ (မှန်ပါ့ ဘုရား)။
ဤတရားဟာ ဝေဒနာတဲ့၊ ဤဝေဒနာဟာ ဖြစ်ပျက်ပဲတဲ့ (မှန်ပါ့) ဒါ-ဘယ်သူ့အယူပါလိမ့် (ဘုရားအယူပါ ဘုရား)။
ဤတရားဟာ သညာပဲ၊ ဒီသညာဟာလည်း (ဖြစ်ပျက်ပါ ဘုရား) ဤတရားဟာ သင်္ခါရပဲတဲ့၊ ဤတရား ဘာ ပါလိမ့် (ဖြစ်ပျက်ပါ ဘုရား)။
ဪ သင်္ခါရလို့လည်း သိရမယ်တဲ့ ပြီးတော့ ဖြစ်ပြီးဖြစ်တယ်လို့လည်း သိရမယ်တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဤတရားသည်ကားလို့ဆိုရင်ဖြင့် စိတ်ဝိညာဏ်လို့လည်း သိရမယ်၊ ပြီးတော့ ဘယ်လိုသိရမလဲ (ဖြစ်ပျက်လို့ လည်း သိရပါမယ်) ဒါ-ငါ့အယူတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားအယူဖြင့် သေချာပြီ (သေချာပါပြီ ဘုရား) ခန္ဓာငါးပါး ဖြစ်ပျက်တရားလို့ ရှုလို့ရှိရင် ခင်ဗျားတို့ ဗုဒ္ဓဘာသာအစစ်ဖြစ်တယ် (မှန်ပါ့ ဘုရား)။
ဗုဒ္ဓဘာသာ အစစ်ဖြစ်ပါတယ်
ခန္ဓာငါးပါး ဖြစ်ပျက်တရားလို့ရှုရင် (ဗုဒ္ဓဘာသာ အစစ်ဖြစ်ပါတယ် ဘုရား) ဗုဒ္ဓဘာသာ အစစ်ဖြစ်ပါပြီတဲ့၊ အမည် ဗုဒ္ဓဘာသာမဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ အတွင်းမှာကို ဗုဒ္ဓဘာသာဖြစ်ပါပြီ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဪ- ရှင်ကြီးဂေါတမအမြင်က ဒီအမြင်ကိုး-လို့ အဂ္ဂိဝစ္ဆက သဘောကျတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ ဒီလိုမြင်နေတဲ့ပုဂ္ဂိုလ် ဒီလိုရုပ် ဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက် ဒီလိုချည်းရှုမှတ်ပြီး မြင်နေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိုများ ကျေးဇူးများပါလိမ့်မလဲလို့ ဆက်မေးတယ် (မှန်ပါ့ ဘုရား)။
ဟာ-အဂ္ဂိဝစ္ဆရ ဒီလိုမြင်တဲ့ပုဂ္ဂိုလ်ဟာ ရုပ်တရားဖြစ်ပျက် မြင်ပါတယ်ဆိုကတည်းက တဏှာ, မာန, ဒိဋ္ဌိ, ဥပါဒါန်ချုပ်တယ် (မှန်လှပါ ဘုရား) တဏှာကော (ချုပ်ပါတယ် ဘုရား) မာနရော (ချုပ်ပါတယ် ဘုရား)။
ကိုယ့်ရုပ်တရား ကိုယ်ဖြစ်ပျက်မြင်နေကတည်းက အို- ငါ မာပါသေးတယ်၊ ဘယ်သူ့ လုပ်စာမစားရ ဘာဖြစ် ရမှာတုံးဆိုတဲ့ မာနလာသေးရဲ့လား (မလာပါ ဘုရား)။
ဒီဟာ ခိုင်တယ် မြဲတယ်လို့ ယူတဲ့ ဒိဋ္ဌိကော (မလာပါ ဘုရား) ကိုယ့်ခန္ဓာ ကိုယ်ခင်စရာကော ရှိသေးသလား (မရှိပါ ဘုရား) ကိုယ့်ခန္ဓာ ကိုယ်အသေကြီး မြင်ပေါ့ပဲ (မှန်ပါ့ ဘုရား)။
တဏှာ, မာန, ဒိဋ္ဌိချုပ်သောကြောင့် ဥပါဒါန် သိမ်းတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။
ဪ ရှင်ကြီးဂေါတမ-ရှင်ကြီးဂေါတမအမြင်က ဖြစ်ပျက်မြင်ရင် တဏှာ မာနဒိဋ္ဌိဥပါဒါန်ချုပ်တယ်လို့ ဆိုလိုက်တဲ့အခါ ဒါဖြင့်သဘောတော့ကျပြီတဲ့ ဒီအလုပ်ဟာ လုပ်မှတော်မယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာကြိုက်လို့ရှိရင် ဝေဒနာဖြစ်ပျက် ရှုကြစမ်းပါ (မှန်ပါ့) စိတ်ကြိုက်ရင် (စိတ်ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒါ ဘယ်သူ့အယူပါလိမ့် (ဘုရားအယူပါ ဘုရား) ဘယ်သူ့အမြင်ပါ လိမ့် (ဘုရားအမြင်ပါ ဘုရား)။
ကြည့်- ခင်ဗျားတို့ သေသေချာချာ စဉ်းစား၊ ဪ ဒီဝိပဿနာဟာ အတော်အခြေ ပါပါကလား၊ ဒို့-ဖြစ်ပျက်လုပ်နေတဲ့ဥစ္စာ တကယ်ဘုရားဟောပါကလားဆိုတာ ဒကာကြွယ်တို့ သိပ် သေချာသွားတယ် (သေချာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ရှင်ကြီးဂေါတမ-တဲ့၊ ဒီလိုရုပ်တရားဖြစ်ပျက်, ဝေဒနာတရားဖြစ်ပျက်၊ စိတ်တရားဖြစ်ပျက်လို့ ရှင်ကြီး ဂေါတမ ဒီလိုရှုလိုက်တဲ့အခါကျလို့ရှိရင် ဘာဖြစ်သတုံး မေးတော့ တဏှာ မာန ဒိဋ္ဌိချုပ်တယ်လို့ ရှင်ကြီး ဂေါတမက ဖြေပါတယ် (မှန်ပါ့)။
ဥပါဒါန်ချုပ်ကတည်းက ဘဝသွားစရာရှိသေးရဲ့လား
ဥပါဒါန်ချုပ်ကတည်းက ဒကာ ဒကာမတွေကို ဘဝသွားစရာရှိသေးရဲ့လား (မရှိပါ ဘုရား) ဥပါဒါနပစ္စယာ ကမ္မဘဝေါလာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ ဟိုဘက်ဘဝတွေ ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတယ်ဆိုတာ ဦးလှဘူး သေချာပလား (သေချာပါပြီ ဘုရား)။
ဪ တဏှာမာနဒိဋ္ဌိချုပ်တော့ ဥပါဒါန် ချုပ်တယ် (မှန်ပါ့ ဘုရား)။
သို့သော် ဒါကလေး မရှင်းဘဲ နေမှာစိုးလို့ ဘုန်းကြီးက ကြားစကားကလေး နည်းနည်းရှင်းပါရစေ (မှန်ပါ့)။
တဏှာဆိုရင် တဏှာပါဒန်ရှိတယ် (မှန်ပါ့) ဪ တဏှာကြောင့်ဖြစ်တဲ့ ဥပါဒါန်ရော (ချုပ်ပါတယ် ဘုရား) ဒိဋ္ဌိချုပ်လို့ရှိရင် ဒိဋ္ဌုပါဒါန်ကော (ချုပ်ပါတယ် ဘုရား) ဪ- ဒါ့ကြောင့် ဘုရားက ဟောတာကိုး (မှန်ပါ့)။
မာနကလေး ချုပ်လို့ ရှိရင်ဖြင့် မာနကြီးကကော (ချုပ်ပါတယ် ဘုရား) ဪ ဒါဖြင့် ဥပါဒါန်ချုပ်တယ် ဆိုတာ ဟုတ်ပြီ (မှန်ပါ့) တဏှာချုပ်ရင် ဒိဋ္ဌုပါဒါန်ရော (ချုပ်ပါတယ် ဘုရား)။
အဲဒါကို တွဲထားမှ ဪ ဒါဖြင့် ဥပါဒါန်ချုပ်သကိုးဆိုတာ ပေါ်သွားပြီ (မှန်လှပါ ဘုရား) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။
သေသေချာချာ မှန်ကြစမ်းပါ ဒကာ ဒကာမတို့၊ တဏှာ မာန ဒိဋ္ဌိဥပါဒါန်ချုပ်တယ်ဆိုတာ ရှုပ်နေမှာစိုးလို့၊ ဪ- တဏှာချုပ်ရင် တဏှုပါဒါန်ချုပ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒိဋ္ဌိချုပ်ရင် ဒိဋ္ဌုပါဒါန်ချုပ်တယ်၊ သဘောကျပလား (ကျပါပြီ) မာနအသေးချုပ်လို့ရှိရင် မာနအကြီးကော (ချုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဤကဲ့သို့ ဖြစ်ပျက်ရှုတဲ့ပုဂ္ဂိုလ်များ ဒါ-ချုပ်တယ်ဆိုတော့ နောက်ဆုံးပိတ် ဥပါဒါန်ချုပ်သွားတယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီတွင်မှ ပုဏ္ဏားက သဘောတော့ကျပြီ၊ ဪ- တဏှာ ဥပါဒါန်ချုပ်တာပဲ၊ တဏှာ မာန ဒိဋ္ဌိ ဥပါဒါန်တွေ ချုပ်တဲ့တရားပဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့တရား (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ တရား
ဘာပြတ်တဲ့တရားတုံး (ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ တရားပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်မှာလည်း ဒကာ ဒကာမတို့ အနာဂတ်အကြောင်းပြတ်တဲ့တရားလို့ ဒကာသစ် မှတ်ပါ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အနာဂတ်အကြောင်း ပြတ်တဲ့တရာပါ ဘုရား) အနာဂတ်ဖြစ်မည့်အကြောင်း ပြတ်ပေါ့၊ အနာဂတ်အကျိုးခန္ဓာကြီး လာစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဪ- တယ်ကောင်းတဲ့ တရားပါလားဆိုတာ ဖြစ်ပျက်ရှုတဲ့သဘော ဖြစ်ပျက်ရှုနေတဲ့ ဒကာာ ဒကာမတွေဟာ ဪ- ငရဲမီးငြိမ်းတဲ့ ငရဲအိုးသိမ်းတဲ့ တရား (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းတဲ့ တရားကိုမှ ခင်ဗျားတို့ အားမထုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဒီတဏှာ, မာန, ဒိဋ္ဌိ, ဥပါဒါန်တို့က ငရဲမီးကို ဒီကနေလုပ်ပြီးသကာလ ငရဲအိုးကို ဒီကနေတယ်ပြီး သကာလ ခင်ဗျားတို့သွားတော့ အဆင်သင့် ဖြစ်ပါလိမ့်မယ် (မှန်ပါ့) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အေး ဒါ့ကြောင့် သူများက ဘာပြောနေနေ ကိုယ်က ဒီအလုပ် လက်မလျှော့ကြပါနဲ့ (မှန်ပါ့)။
သူများက ဘာပြောနေနေ ကိုယ်က ဒီအလုပ် (လက်မလျှော့ပါ ဘုရား)။
ဒီအလုပ်ဖြင့် လက်မလျှော့ပါနဲ့လို့၊ သူများက ဘာတွေ ညာတွေလုပ်နေတယ်၊ လောကီကြီးပွားရာ ကြီးပွား ကြောင်း လုပ်နေတယ်ဆိုရင် ဒကာကြွယ်က ဪ ငရဲမီးတောက်အောင် လုပ်နေပြီ (မှန်ပါ့) ငရဲအိုးပွက်ပွက်ဆူ အောင် တည်နေပြန်ပြီ (မှန်လှပါ ဘုရား) ဒီလိုသာ အောက်မေ့လိုက်ပါ (မှန်ပါ့ ဘုရား)။
ဪ- သူတို့က ကာမာဝစရရှိလို့ ကြီးပွားနေလိုက်တာလို့ ခင်ဗျားက အခုအမြင်ကလေး မပြောပါနဲ့ (မှန်ပါ့) အင်း- ငရဲမီးမွှေးနေပြန်ပြီ၊ ငရဲအိုးဆူအောင် လုပ်နေပြန်ပြီ (မှန်ပါ့) ဒါက အမှန်ကိုးဗျ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ကိုင်း- ဒီလိုသိထားတဲ့အခါကျတော့မှ ရှင်ကြီးဂေါတမတဲ့ ဥပါဒါန်ချုပ်တယ်ဆိုတာ သဘောတော့ကျပြီ၊ ဥပါဒါန နိရောဓာ ဘဝနိရောဓောဆိုတော့ ကမ္မဘဝတွေလည်း ချုပ်ကုန်ပြီ (မှန်လှပါ ဘုရား)။
အဲဒီ ချုပ်တဲ့ကံတွေပါ ချုပ်သွားတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားဖြစ်သတုံးတဲ့ မေးတော့တာပဲ (မှန်ပါ့) မေးကော မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား)။
ဥပါဒါန် ကံချုပ်တဲ့ ပုဂ္ဂိုလ်ဟာ (ဘယ်သွားသတုံး) ဘယ်သွားဖြစ်သတုံးဆိုတော့ ဘယ်သွားဖြစ်တယ် ဒီအဓိပ္ပာယ် မရပါဘူးကွာ-တဲ့ (မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီအဓိပ္ပာယ် (မရပါ ဘုရား) မရဘူးတဲ့ဖြစ်ဆိုရင် ပျက်လာဦးမယ် (မှန်ပါ့)။
နိဗ္ဗာန်ဘက်ကူးသွားတဲ့ဥစ္စာ
ဖြစ်,ဆိုရင် ဦးဘအုန်း (ပျက်လာရပါမယ် ဘုရား) အဲဒီတော့ နိဗ္ဗာန်ဘက်ကူးသွားတဲ့ဥစ္စာကို ဖြစ်ပျက်တဲ့သူက မေးပြန်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဥပါဒါန်ချုပ်တော့ ကံချုပ်တယ် (မှန်ပါ့) ကံချုပ်တော့ ဇာတိ ဇရာ မရဏကော (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဇာတိ ဇရာ မရဏတို့၏ ချုပ်ရာ, သိမ်းရာ, ငြိမ်းရာ နိဗ္ဗာန်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဪ- နိဗ္ဗာန်ရောက်တယ်လို့ ဖြေရမှာ (မှန်ပါ့) သူက ဇာတိ, ဇရာ မရဏချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားဖြစ်သတုံး တဲ့ (မှန်ပါ့) အဂ္ဂိဝစ္ဆက ဒီလိုမေးလိုက်တော့ ဒကာသစ်ရေ ဘုရားက ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးကွာ-တဲ့ (မှန်ပါ့) မင်းမေးတဲ့ အဓိပ္ပာယ်၊ ဘယ်သွားဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမ မဖြစ်တော့ဘူးလားတဲ့ (မှန်ပါ့) ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် မဖြစ်တော့ဘူးလား (မှန်ပါ့) ဟ ဒီအဓိပ္ပာယ်လည်း မရောက်ပါဘူးကွာတဲ့ နိဗ္ဗာန်ပြောလို့က နားလည်မှာမှ မဟုတ်ဘဲကိုး (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်ချည်တစ်လှည့် မဖြစ်ချည်တစ်လှည့်လားဆိုတဲ့ ဧကစ္စသဿတ ဒိဋ္ဌိနဲ့ သူ-မေးလိုက်တယ် (မှန်ပါ့) ဒီလိုလည်း အဓိပ္ပာယ် မရောက်ပါဘူးကွာတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မဖြစ်သည်မဟုတ်၊ ဖြစ်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလားဆိုတော့ ဒီလိုလည်း အဓိပ္ပာယ် မရောက် ပါဘူးကွာ-တဲ့ (မှန်ပါ့) ဒီလိုဖြေလိုက်တော့ ပြေသွားတယ် (မှန်ပါ့ ဘုရား)။
ပြေတယ်လို့ မဟုတ်ဘူး၊ ဘုရားဖြေတာကတော့ အမှန်၊ သူတစ်လုံးမှ သဘောမကျဘူး (မှန်ပါ့) ပုဏ္ဏားက သဘောကျရဲ့လား (မကျပါ ဘုရား)။
မကျတော့ ရှင်ကြီးဂေါတမတဲ့ ရှေးက ဆယ်ချက်မေးပြီးသကာလ တဏှာမာန ဒိဋ္ဌိချုပ်ပုံတွေ ပြောခဲ့တုန်း ကတော့ ကျုပ်အင်မတန် ကျေနပ်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်နားမလည်လို့
အကျေနပ်ကြီး ကျေနပ်ပြီး စကားတွေပြောလာခဲ့ကြတာ ယခုတော့ဖြင့် ရှင်ကြီးဂေါတမ တဏှာ မာန ဥပါဒါန် ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားဖြစ်သတုံးမေးတော့ ဒီအဓိပ္ပာယ်လဲ မရောက်ပါဘူးလို့ ဖြေသဖြင့် လေးခုစလုံး ဖြေလိုက်တဲ့အတွက် ကျုပ်ဖြင့် မေးစရာလည်း မရှိဘူး၊ ဉာဏ်တုန်းပါပြီတဲ့ (မှန်ပါ့) နိဗ္ဗာန်နားမလည်လို့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘာနားမလည်တာတုံး (နိဗ္ဗာန် နားမလည်တာပါ ဘုရား)။
နိဗ္ဗာန် နားမလည်တဲ့အတွက်တဲ့ တစ်ခါတည်းသူဟာ ဒကာ ဒကာမတို့ ဉာဏ်တုံးပြီတဲ့ (မှန်ပါ့ ဘုရား)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့-အဂ္ဂိဝစ္ဆမင်း-ဉာဏ်တုံးတယ်ဆိုတာလည်း ဟုတ်တယ်ကွ (မှန်ပါ့) မင်းက ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ ဆရာကို မင်း-ရှာမှသာလျှင် ဒီအဓိပ္ပာယ်ကို မင်းနားလည်မယ်တဲ့ (မှန်ပါ့) ဘယ် လောက်ကောင်းတဲ့ စကားတုံး (ကောင်းပါတယ် ဘုရား)။
တစ်ပါးသော ဆရာတွေ မင်း-ကိုးကွယ်ဆည်းကပ်လို့ဖြင့် ဒီ-နိဗ္ဗာန်အကြောင်း နားလည်မည်မဟုတ်ဘူး ပြောလိုက်တာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တစ်ပါးသော မင်းတို့ တိတ္ထိဆရာတွေ ကိုးကွယ်ဆည်းကပ်နေသဖြင့် လည်းကောင်း၊ ကိုယ့်ကြံလုံးနဲ့ ကိုယ်နေ သဖြင့် လည်းကောင်း၊ အခုငါပြောတဲ့ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ် ဘယ်နည်းနဲ့မှ နား မလည်နိုင်ဘူးတဲ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်အရေးကြီးကြောင်း ဘုရားကိုယ်တော်တိုင် ဖော်ပေါ့ (မှန်ပါ့ ဘုရား)။
ဘယ်သူဖော်ပါလိမ့် (ဘုရားကိုယ်တော်တိုင် ဖော်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် အရေးကြီးတယ်၊ သူ့ကို နားမလည်ရင် နိဗ္ဗာန်ကို နားမလည်ဘူး (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်နားမလည်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သတ္တဝါဆိုတဲ့ အဓိပ္ပာယ်လည်း ပဋိစ္စသမုပ္ပါဒ် နားမလည်ရင် သတ္တဝါလည်း မပျောက်ဘူး (မှန်ပါ့ ဘုရား)။
သုညတဉာဏ်လည်း ဝမ်းထဲမှာမရဘူး
သတ္တဝါမပျောက်လို့ရှိရင် သုညတဉာဏ်လည်း ဝမ်းထဲမှာမရဘူး (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်တယ်ဆိုတဲ့ ဉာဏ်ကောရပါ့မလား (မရပါ ဘုရား)။
ဟာ- ဒကာသစ် ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ရှိရင် နိဗ္ဗာန်လည်း မရဘူးတဲ့ (မရပါ ဘုရား) သုညတ တရားကို လည်း နားမလည်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါတွေ ပေါ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) တယ်လည်း ဆိုးဝါးပါလား (ဆိုးဝါးပါတယ် ဘုရား)။
ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာဟာ ဘယ်ဘုရားမှ မစွန့်တဲ့တရား (မှန်ပါ့) သူတို့နှစ်ခုမပါရင် နိဗ္ဗာန်မရတဲ့ တရား (မှန်ပါ့ ဘုရား)။
သူတို့နှစ်ခု နားမလည်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ နိဗ္ဗာန်ရလိမ့်မယ်လို့ မအောက်မေ့ကြပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ အဂ္ဂိဝစ္ဆ-မင်း ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ဆရာ ရှာဦးကွာတဲ့ (မှန်ပါ့) ဒါမှ နေရာကျမယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် နားလည်တယ်ဆိုတဲ့ဥစ္စာ အတိတ်ပဋိစ္စသမုပ္ပါဒ်က အကြောင်း အကျိုးဆက်ရုံမျှပြခြင်းကြောင့် အဲဒါအသာထားလိုက် (မှန်ပါ့) ယခု ခင်ဗျားတို့ သန္တာန် ဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ် အရေး ကြီးတယ် (မှန်ပါ့ ဘုရား)။
ဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်က (အရေးကြီးပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက်က သားကလေး တစ်ယောက်ထားလိုက်ပါတော့ (မှန်ပါ့) သားကလေး မျက်လုံးနဲ့မြင်ပြီဗျာ (မှန်ပါ့) သားကလေး မျက်လုံးနဲ့ မြင်တယ်ဆို တာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဪ- ဒါကလေး သားကလေးနဲ့လည်း တွေ့တယ်၊ သားကလေးကိုလည်း မြင်တယ်၊ သားကလေးရယ်လို့လည်း ခံစားတယ်ဆိုတော့ ဒီအထဲမှာ ဖဿဝေဒနာဝိညာဏ် ပါပါတယ် (ပါပါတယ် ဘုရား) ဘယ်နှစ်ခုပါသတုံး (သုံးခုပါပါ တယ် ဘုရား)။
ကဲ-ဒါဖြင့် ဝေဒနာပါတော့ မြင်တယ်ဆိုလို့ ခင်တယ် (မှန်ပါ့) အင်း တဏှာလာပြီ (လာပါပြီ ဘုရား)။
ဒါက ဒကာ ဒကာမတို့ နောက်ဘဝက ပါလာတာလား၊ အခုမှတွေ့လို့ အခုဖြစ်တာလား (အခုမှတွေ့လို့ အခု ဖြစ်ရတာပါ ဘုရား) အဲဒါ ခင်ဗျားတို့ ယခုဖြစ်စဉ်လို့ မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။
ယခုဖြစ်စဉ်လို့ (မှတ်ရပါမယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ယခုဖြစ်စဉ်လို့၊ မြင်တာနဲ့ပဲ ခင်လိုက်တယ် (မှန်ပါ့) ခင်တာနဲ့ပဲ စွဲလမ်းလိုက်တယ် (မှန်ပါ့ ဘုရား)။
ခင်ပြီး ဘာလုပ်ကြပါလိမ့် (စွဲလမ်းပါတယ် ဘုရား) စွဲလမ်းတယ်၊ မစွဲလမ်းတယ် ဒကာ ဒကာမတွေ ဘာမှ ပြောစရာမရှိဘူး၊ သားကလေး အိမ်ထောင်ကျလို့ ခွဲတော့မယ် သူ့ထီးသူ့နန်းနဲ့ နေတော့မယ်ဆိုရင် အမေမိဘများက မျက်ရေကျတယ် (ကျပါတယ် ဘုရား) ဘာဖြစ်လို့ ကျတာတုံး (စွဲလမ်းလို့ ကျတာပါ ဘုရား) စွဲလမ်းလို့ (မှန်ပါ့ ဘုရား)။
ဥပါဒါန်က ကန့်ကွက်တယ်
အေး- ဒီလို ကိုယ့်သမီး ထည့်လိုက်ရမှာဖြင့် ကိုယ့်သားပေးလိုက်ရမှာဖြင့် မပေးစားဘူး (မှန်ပါ့) ဥပါဒါန်က ကန့်ကွက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူက ကန့်ကွက်ပါလိမ့် (ဥပါဒါန်က ကန့်ကွက်ပါတယ် ဘုရား) ဥပါဒါန်က ကန့်ကွက်တယ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ်က ကန့်ကွက်တာလား၊ ဥပါဒါန်ကလား (ဥပါဒါန်ကပါ ဘုရား)။
ဒီသမီးတစ်ယောက်တည်းရှိတာကွာ၊ ထည့်လိုက်ရမယ်ဆိုရင် စောစော စီးစီးက လက်မခံနိုင်ဘူးကွ၊ အစောကြီး က ရှင်းရှင်းပြော (မှန်ပါ့) ဘယ်သူက ပြောနေတာတုံး (ဥပါဒါန်ကပြောနေတာပါ) တယ်လည်း ကြီးကျယ်ပါလား (ကြီးကျယ်ပါတယ် ဘုရား)။
ဒီတစ်ယောက်ရှိတာ ဘယ်ခွဲနိုင်ပါ့မတုံး၊ မင်းကိုယ်ချင်းမစာလို့ ပြောချင်လည်း ပြောကြပေပေါ့ (မှန်ပါ့) အစရှိ သည်နဲ့ လျှာရှည်သလောက် ဒီဥပါဒါန်ကလည်း အတော်စကားတတ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူက စကားတတ်တာ (တတ်ပါတယ်) ဥပါဒါန်ကတတ်နေတာပါ (မှန်ပါ့) ဥပါဒါန်ကတက်နေတာ ဒကာကြွယ် (မှန်ပါ့ ဘုရား)။
တော်တော့ လူဥပါဒါန်အကြောင်းကို ပြောလိုက်တာနဲ့ပဲ ဟုတ်ရှာလိမ့်မယ်လိုက်သွားတယ် (မှန်ပါ့) မလိုက်ပေ ဘူးလား (လိုက်ပါတယ် ဘုရား)။
မြို့သုံးတွေပေါ်လာကုန်ပြီရင် (မှန်ပါ့) တစ်ယောက်တည်းရှိတာပဲ၊ ပြောဖို့ရာတောင်မှ ပြောမည့်သူက နှုတ်မှ မထွက်ရဲအောင်ပါပဲ၊ မတတ်သာပြော-ပြောရတာ (မှန်ပါ့) အစရှိသည်နဲ့ဆိုတော့ ဒီကလည်း ဥပါဒါန်နဲ့ အတင်းခံနေ တာပဲ၊ ချည်ထားတာကိုး ဒကာကြွယ်ရ (မှန်ပါ့) ချည်ထားတော့ ဖြုတ်ရသေးရဲ့လား (မရပါ ဘုရား)။
ကမ္မဘဝေါဆိုတာ
ကဲ ဒါဖြင့် ဥပါဒါနပစ္စယာ ဘာတဲ့တုံး (ကမ္မဘဝေါပါ) ကမ္မဘဝေါဆိုတာ ကာယကံ, ဝစီကံနဲ့ ဒကာကြွယ် က ဘယ်နည်းနဲ့မှ မထည့်နိုင်ဘူး၊ ဝစီကံကပြောတာ (မှန်ပါ့ ဘုရား)။
ကာယကံကလည်း ဒကာ ဒကာမတို့ ကိုယ်အမူအရာကလည်း လက်သီး လက်မောင်းတန်းလို့ လာချင်လည်း လာမယ် (လာပါတယ် ဘုရား) မလာချင်လို့ရှိရင်လည်း မျက်နှာရင်လည်း ကျောပေးနေလိုက်တယ် (မှန်ပါ့) ကာယကံ က လေ (မှန်ပါ့ ဘုရား)။
ဒီကာယကံ, ဝစီကံတွေကလည်း မများဘူးလား (များပါတယ် ဘုရား) များတဲ့အခါကျလို့ရှိရင် ဥပါဒါနပစ္စယာ ဘယ့်နှယ်ဆိုပါ့မလဲ (ကမ္မဘဝေါပါ) အင်း ဒါရှေးက ဖြစ်ဖူးတာလား၊ အခုမှပေါ်တာလား (အခုမှပေါ်တာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာ ပဋိစ္စသမုပ္ပါဒ်ပါလိမ့် (ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား) မြင်ပြီးတော့ ဘာဖြစ်သတဲ့ (ခင်ပါတယ်) ခင်ပြီး တော့ (စွဲလမ်းပါတယ်) စွဲလမ်းပြီးတော့ (အားထုတ်ပါတယ်) အားထုတ်တယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီအထဲပုဂ္ဂိုလ်သတ္တဝါများ ပါသေးသလား (မပါပါ ဘုရား)။
ဒီလိုမပါဘူးဆိုတာ ဓမ္မဖြစ်စဉ် (မှန်ပါ့) ဓမ္မဖြစ်စဉ်လို့ သိလိုက်သဖြင့် သက္ကာယဒိဋ္ဌိပြုတ်သွားပြီ (မှန်ပါ့) ဒီဓမ္မပြီရင် ဒီဓမ္မဖြစ်မယ် (မှန်ပါ့) ဒီဓမ္မချုပ်ပြီးရင် ဒီဥပါဒါန်ဓမ္မ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) ဥပါဒါန်ဓမ္မချုပ်ပြီး ရင် (ကမ္မဘဝ ဖြစ်ပါတယ်) ကံဓမ္မ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဪ ဓမ္မတွေ ခန္ဓာကိုယ်ထဲတန်းပြီး တစ်ခါတည်း တစ်ခုချုပ်တစ်ခုဖြစ်ကြတာကိုးလို့ မသိဘူးလား (သိပါတယ် ဘုရား)။
သိလိုက်သဖြင့် တစ်ခုချုပ်တာမြင်လိုက်လို့ရှိရင် သဿတဒိဋ္ဌိစင်ပါတယ် (မှန်ပါ့) တစ်ခုဖြစ်တာ မြင်လိုက်လို့ရှိရင် လည်း ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
တစ်ခုချုပ်တာ မြင်လိုက်ရင် (သဿတဒိဋ္ဌိစင်ပါတယ်) နောက်တစ်ခုဖြစ်ပေါ်လာတာ မြင်လိုက်ရင် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) ဒါ ပဋိစ္စသမုပ္ပါဒ် နားလည်တဲ့ကျေးဇူး (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်နားလည်တဲ့ ကျေးဇူး သဿတ, ဥစ္ဆေဒစင်တယ် (မှန်ပါ့ ဘုရား)။
တစ်ခုဖြစ်တာ မြင်လိုက်ရင် (သဿတဒိဋ္ဌိစင်ပါတယ်) အင်း ရမ်းလို့မရဘူး (မှန်ပါ့ ဘုရား)။
တစ်ခုဖြစ်တာ မြင်လိုက်ရင် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
တစ်ခုဖြစ်တာ မြင်လိုက်တော့ ဒကာ ဒကာမတွေက ဖြစ်ပေါ်လာတာဟာ တစ်ခုအကြောင်း ချုပ်သွားလို့ သူဖြစ်တာ (မှန်ပါ့) အဲဒီဖြစ်ပေါ်လာတဲ့ တရားကလေးချုပ်တာ မြင်လိုက်ရင် (သဿတဒိဋ္ဌိစင်ပါတယ်) သဿတဒိဋ္ဌိ စင်တယ် (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိစင်တယ်
အဲ ချုပ်တဲ့နေရာ အစားထိုးတာ မြင်လိုက်ပြန်တော့ (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
ဒါဖြင့်- ဒကာသစ်ရေ ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒိဋ္ဌိစင်တယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်ဘဲနဲ့ ရုပ်နာမ် ကလေးကွဲရုံနဲ့ ဒိဋ္ဌိစင်တယ်ဆိုတာ တော်အောင်ပြောတာလို့ မှတ်လိုက်စမ်းပါ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရုပ်နာမ်ကွဲရုံနဲ့ ဒိဋ္ဌိစင်ပြီဆိုလို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ (တော်အောင်ပြောတာပါ ဘုရား)။
ဟာ-ဒါကရုပ်, ဒါကနာမ်ဆိုတော့ ရုပ်ဟာလည်းပုဂ္ဂိုလ် သတ္တဝါမဟုတ်ဘူး၊ နာမ်ကလည်း ပုဂ္ဂိုလ်သတ္တဝါမဟုတ် ဘူးဆိုတော့ သက္ကာယသာ စင်၍ သဿတ, ဥစ္ဆေဒ မစင်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာ-မစင်ပါလိမ့် (သဿတ, ဥစ္ဆေဒမစင်ပါ) သဿတ, ဥစ္ဆေဒမစင်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ကို နည်းပေးနေတဲ့ ဆရာသမားကဖြင့် သက္ကာယစင်ရုံတင် ဟောသည်လို့ မမှတ်လိုက်ပါ နဲ့ (မှန်ပါ့) သဿတစင်အောင်လည်း (ဟောပါတယ်) ဥစ္ဆေဒစင်အောင်လည်း (ဟောပါတယ် ဘုရား)။
ကိုင်း ဒိဋ္ဌိ သုံးမျိုး မစင်သေးဘူးလား (စင်ပါတယ် ဘုရား)။
ဪ- ဒကာ ဒကာမတို့ မြင်စိတ်ဖြစ်ပြီးတော့ ဘာစိတ်ဖြစ်ပါလိမ့် (ခင်စိတ်ပါ ဘုရား) ခင်စိတ်ဖြစ်တယ်၊ ခင်စိတ်ဖြစ်ပြီးတော့၊ စွဲလမ်းစိတ်ဖြစ်ပါတယ် စွဲလမ်းတဲ့စိတ်ဖြစ်ပြီးတော့ (အားထုတ်တဲ့စိတ် ဖြစ်ပါတယ် ဘုရား)။
ဪ- ဒါဖြင့် ဒကာ ဒကာမတို့ ပုဂ္ဂိုလ်သတ္တဝါ ဒီထဲပါသေးသလား (မပါ-ပါ) မပါရင် သက္ကာယပြုတ်တယ် (မှန်ပါ့ ဘုရား) မပါရင် (သက္ကာယပြုတ်ပါတယ် ဘုရား)။
အဲ ခင်ဗျားတို့ သန္တာန်မှာ ဒါတွေသာ နေ့တိုင်းတန်းနေတာပဲ (မှန်ပါ့) ဒါတွေ တစ်ခုပြီးတစ်ခုတန်းလိုက်၊ တစ်ခုပြီးတစ်ခု တန်းလိုက် မသေမချင်းလှည့်တန်းနေတာပဲ (မှန်ပါ့ ဘုရား)။
ဒီဘက်ကံမြောက်ပြီး ဒီဘက်ပြန်ပြီး နားပေါက်ကတန်းလိုက်၊ နှာခေါင်းပေါက်ကကော (တန်းပါတယ်) ဟာ- မျက်လုံးပေါက်ကဆက်ပြီး တန်းချင်ကော (တန်းပါတယ်) တစ်နေ့လုံး ဒီအတန်းနဲ့ အသက်ရှည်နေတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဪ ဒီဓမ္မတွေ ဖြစ်ပေါ်နေတာကိုးလို့ဆိုတာ မသိသေးဘူးလား (သိပါတယ်) အင်း ဘာဒိဋ္ဌိစင်ပါ လိမ့် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ဒီဓမ္မတွေ ဖြစ်ပေါ်နေတာကိုသိရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ သက္ကာယကော (စင်ပါတယ်) ငါသူတစ်ပါးပါသေးလား (မပါပါ ဘုရား)။
သက္ကာယဒိဋ္ဌိ စင်ပါတယ်
အဲဒီဓမ္မတွေ အစဉ်အတိုင်းဖြစ်နေကျအတိုင်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အတိုင်း အကြောင်း, အကျိုးဆက် ပြီး ဖြစ်နေကြတာကိုးလို့ သိလို့ရှိရင် သက္ကာယဒိဋ္ဌိ စင်ပါတယ် (မှန်ပါ့ ဘုရား)။
ဓမ္မတစ်ခု ဖြစ်ပျက်သွားတာ မြင်လိုက်ရင် (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား) ပျက်တဲ့နေရာ အစားထိုးလာကာ မြင်လိုက်ရင် (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား)။
ဓမ္မတွေတန်းနေတာ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ဓမ္မအစဉ်သာရှိတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဓမ္မတစ်ခုချုပ်သွားတာ မြင်လိုက်ရင် (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား) ဓမ္မတစ်ခု အစားထိုးလာတာ မြင်လိုက် ရင် (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
အဲဒါက အခုမြင်တာ ကိစ္စမရှိပါဘူး (မှန်ပါ့) ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တော့ ဟာ လောဘကလေးချုပ်သွားပြီ (မှန်ပါ့) ဟာ ဥပါဒါန်ကလေး ချုပ်သွားပြီ (မှန်ပါ့) ဟာ အားထုတ်တဲ့ ကံကလေး ချုပ်သွားပြီ (မှန်ပါ့) ဒီလိုသိစေချင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီလိုသိစေချင်တဲ့အခါကျတော့ သဿတရော, ဥစ္ဆေဒရော, သက္ကာယရော မပြတ်ပေဘူးလား (ပြတ်ပါတယ် ဘုရား)။
ပြတ်တော့ကို ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာ နိရောဓာ (တဏှာနိရောဓောပါ ဘုရား) အင်း ဝေဒနာ ချုပ်လို့ တဏှာချုပ်တယ် (မှန်ပါ့) တဏှာချုပ်တော့ ဥပါဒါန် (ချုပ်တယ် ဘုရား) ဥပါဒါန်ချုပ်တော့ (ကမ္မဘဝပါ) ကံချုပ်တော့ ဒကာ ဒကာမတွေ ဘယ့်နှယ်ဆိုပါ့မယ်၊ ဇာတိ ဇရာ မရဏ၊ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား)။
ဒါက ပဋိစ္စသမုပ္ပါဒ် နားလည်တော့ ကံလည်း ချုပ်ပါရော ဇာတိ ဇရာ မရဏချုပ်တာ နိဗ္ဗာန် (မှန်ပါ့) ဘယ် သွားသေးတယ်လို့ ဆိုနိုင်သလား (မဆိုနိုင်ပါ ဘုရား)။
ခုနင်က တဏှာ ဥပါဒါန်ကံချုပ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သွားသတုံးလို့ အဂ္ဂိဝစ္ဆက မေးလိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတွေက ဘယ်သွားတယ်လို့ ဆိုမတုံး၊ ဒုက္ခသိမ်းသွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့အမြင် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တဏှာ ဥပါဒါန်ကံချုပ်တဲ့ ပုဂ္ဂိုလ် ပုဏ္ဏားကတော့ ဘယ်သွားဖြစ်သတုံး (မှန်ပါ့) ခင်ဗျားတို့က ဘယ့်နှယ်ဖြေ မလဲ (ဒုက္ခသိမ်းသွားပါတယ် ဘုရား)။
ဒုက္ခသိမ်းသွားတယ်
ဘယ်မှ သွားမဖြစ်ဘူး၊ ဒုက္ခသိမ်းသွားတယ် (မှန်ပါ့ ဘုရား) ဒါ ခင်ဗျားတို့အမြင် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားလည်မှ နိဗ္ဗာန်မြင်တယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ပုဂ္ဂိုလ် (နိဗ္ဗာန်မမြင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဪ ဝဋ်ဘဝ တိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏ဆိုတော့ ရချင်လို့ တောင်းတာပဲ ရှိတာပဲ သဘောကျလို့လား (သဘောကျလို့ မဟုတ်ပါ ဘုရား)။
သဘောကျလို့ မဟုတ်ဘူး (မဟုတ်ပါ ဘုရား) ရချင်လို့ သူများပြောသံကြားတာနဲ့ တောင်းတာပဲ (မှန်ပါ့ ဘုရား) ကိုယ်တကယ်သိပြီး ရချင်တာလား (မဟုတ်ပါ ဘုရား) ဪ- ဒုက္ခတွေချုပ်သွားလို့ ကြိုက်တာပဲလား (မဟုတ်ပါ ဘုရား)။
မဟုတ်ပါဘူးဆိုတော့ နိဗ္ဗာန် တကယ်သဘောကျတာ ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် တကယ် သဘောမကျရင် သူအဝိဇ္ဇာနဲ့ တောင်းနေတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ကျတန်သလောက် ကျပြန်တော့လည်း ဥစ္ဆေဒဒိဋ္ဌိနဲ့ တောင်းတယ် (မှန်လှပါ) တစ်နေ့ကပြောပြီးပါပြီ၊ ဒါမချဲ့တော့ပါဘူး။
ဒါဖြင့် အဂ္ဂိဝစ္ဆကို ဘုရားက- မင်းသည်ကားလို့ဆိုရင် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံး၊ မင်းမေးတဲ့ဥစ္စာ သည်ကားလို့ ဆိုလို့ရှိရင် မင်းမေးရတာဖြင့် ဒီ့ပြင်ဟာတွေ အတော်သဘောကျတယ်၊ အခုဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဘယ် သွားသတုံး ဆိုတော့ ဒီအဓိပ္ပာယ်မရဘူးကွလို့ ဘုရားက ဖြေလိုက်သဖြင့် သူဉာဏ်တုံးပါပြီလို့ ပြောတော့ မင်းဉာဏ်တုံး မှာပဲ၊ မင်းပဋိစ္စသမုပ္ပါဒ် နားမလည်ဘူးတဲ့ (မှန်ပါ့)။
အခု ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် နားလည်ပလား (နားလည်ပါပြီ ဘုရား) ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ် သွားသတုံး (ဒုက္ခသိမ်းပါတယ် ဘုရား) ဘယ်သွားသေးသတုံး (ဘယ်မှမသွားပါ ဘုရား) ဘယ်မှမသွားဘူး (မှန်ပါ့) ဘာဖြစ်သွားသတုံး (ဒုက္ခသိမ်းသွားပါတယ် ဘုရား)။
အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်သွားတယ်
ဪ ဒုက္ခရှိတဲ့ပုဂ္ဂိုလ် ဒုက္ခသိမ်းသွားတယ် (မှန်ပါ့) အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်သွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာရှိတဲ့ပုဂ္ဂိုလ် (အနာရှိတဲ့ ပုဂ္ဂိုလ် အနာပျောက်သွားပါတယ် ဘုရား)။
အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်သွားတယ်ဆိုတော့ ဒကာ ဒကာမတို့ ဘယ်သွားတဲ့ပုဂ္ဂိုလ် အဓိပ္ပာယ်ရသေး သလား (မရပါ) ဘယ်မှမသွားဘူး၊ အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်သွားတာပဲ ရှိတယ် (မှန်ပါ့) ဒီအနားမှာပဲ ဒါ့ကြောင့် နိဗ္ဗာနဿေဝသန္တိကေ = နိဗ္ဗာန်ဟာ အနီးကလေးတဲ့ (မှန်ပါ့)။
အနာရှိတာ အနာပျောက်အောင် လုပ်လို့ရှိရင် အဲဒါနိဗ္ဗာန်ပဲ (မှန်ပါ့) ဆိုတော့ ဒကာ ဒကာမတို့ နောက်ခန္ဓာ မလာ မီးနဲ့ ထင်းနဲ့ ကုန်သွားတယ် (ကုန်သွားပါတယ် ဘုရား)။
မီးနဲ့ထင်းနဲ့ (ကုန်သွားပါတယ် ဘုရား) မီးနဲ့ ထင်းနဲ့ ကုန်သွားတော့ သူလောင်စာသိမ်း မီးငြိမ်းသွားတယ် (မှန်ပါ့ ဘုရား)။
ကျုပ်တို့ ခင်ဗျားတို့ မီးနဲ့ ထင်းဖြစ်နေတော့ လောင်စာသိမ်း မီးမငြိမ်းသေးဘူး (မှန်ပါ့)။
လောင်စာလည်း မသိမ်းသေး၊ မီးလည်း (မငြိမ်းသေးပါ ဘုရား) မငြိမ်းသေးတော့ ကျုပ်တို့မှာ ဒုက္ခရောက်လျက် ပဲ ရှိတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုဖြေကြမလဲ (ဒုက္ခရောက်လျက်ပါ ဘုရား) ဒုက္ခရောက်လျက်ပဲ ရှိသေးတယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။
အခုကြည့်စမ်း၊ ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ်မှာ ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ကဲ- ဒကာသစ်ကပဲ ဖြေပါတော့ လောင်စာသိမ်း၍ (မီးငြိမ်းပါပြီ ဘုရား) အင်း- အနာသမား အနာပျောက်သွား ပဟ (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (အနာသမား အနာပျောက်သွားပါပြီ ဘုရား)။
ခုနင်က မီးလောင်ခြင်းကြောင့် မီးလောင်နာကြီးနဲ့နေတဲ့ ပုဂ္ဂိုလ်ဟာ မီးလည်းငြိမ်း လောင်တဲ့ အနာလည်း ပျောက် (မှန်ပါ့ ဘုရား)။
မီးလည်းငြိမ်း (လောင်နေတဲ့ အနာလည်းပျောက်ပါတယ် ဘုရား) လောင်တဲ့အနာလည်း (ပျောက်ပါတယ် ဘုရား)။
ဪ- ဒါဖြင့် သူ့မှာ အန္တရာယ်ကင်းလို့ ဘေးရှင်းသွားပြီ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အန္တရာယ်ကင်းလို့ ဘေးရှင်းသွားပါပြီ ဘုရား)။
အဲ အန္တရာယ်ကင်းလို့ ဘေးရှင်းတာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်တာ နိဗ္ဗာန်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ပဋိစ္စသမုပ္ပါဒ် နားလည်လို့နော် (မှန်ပါ့)။
ကမ္မဘဝ နိရောဓော (ဇာတိနိရောဓောပါ ဘုရား) ဇာတိနိရောဓောဆိုတော့ ခန္ဓာပါသေးရဲ့လား (မပါပါ ဘုရား) ငါးပါးဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ကိလေသာရော ပါသေးရဲ့လား (မပါပါ ဘုရား)။
လောင်စာသိမ်း၍ မီးငြိမ်းတာ
မပါတော့ အင်း- သူ့ဟာ ဘာပါလိမ့်မတုံး မေးတော့ လောင်စာသိမ်း၍ (မီးငြိမ်းတာပါ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒါ-ဘယ်ပါဠိတော်က လာသတုံးမေးတော့ ဘယ့်နှယ် ဖြေကြပါ့မတုံး (ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ကပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်မှာ ပါပြီးသား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟို- အဂ္ဂိဝစ္ဆကိုတော့ လောင်စာသိမ်း၍ မီးငြိမ်းတယ်ဆိုတာ ပညတ်တင်ပြတာ (မှန်ပါ့) စင်စစ် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်မှာ ဥပါဒါန်ချုပ်ကတည်းက ဒကာ ဒကာမတို့ ခန္ဓာရော ကိလေသာရော ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား)။
ဥပါဒါန်သာ အကုန်ချုပ်၊ ခန္ဓာနဲ့ ကိလေသာ ဘယ့်နှယ်တုံး (ချုပ်ပါတယ် ဘုရား) လာနိုင်သေးရဲ့လား (မလာ နိုင်ပါ ဘုရား) အဲဒါ ဘာခေါ်ကြမတုံး (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် ကမ္မဘဝနိရောဓာ (ဇာတိနိရောဓောပါ ဘုရား) ဇာတိနိရောဓာ (ဇရာမရဏ နိရောဓောပါ ဘုရား) ဇရာ မရဏ နိရောဓာ သောကပရိဒေဝ နိရောဓောဆိုတော့ ဘာများကျန်သေးသတုံး (ဘာမှမကျန်ပါ ဘုရား) ဒါဖြင့် ဒုက္ခဟူသရွေ့ ဘာ-ဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား)။
ဒါဖြင့် လောင်စာနဲ့မီးဟာ သိမ်းသွားပါတယ် (မှန်ပါ့) မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။
အင်း- ဒါဘာနားလည်လို့ နိဗ္ဗာန်သဘောကျကြပါလိမ့် (ပဋိစ္စသမုပ္ပါဒ် နားလည်လို့ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ဆရာနဲ့ ပဋိစ္စသမုပ္ပါဒ်ကို နားထောင်တတ်တဲ့ နားမရှိတဲ့ ပုဂ္ဂိုလ်များမှာ သေသေချာချာမှတ်၊ နိဗ္ဗာန် ဘယ်တော့မှ သဘောမကျ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန် ဘယ်တော့မှ သဘောမကျလို့ရှိရင် နိဗ္ဗာန်မရှိဘူး ယူလိုက်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်လှပါ) သဘောကျ ပလား (ကျပါပြီ)။
နိဗ္ဗာန်မရှိဘူးယူလိုက်ရင် (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
နိဗ္ဗာန်ကို ကျုပ်မသိသေးဘူးဆိုရင်လည်း အဝိဇ္ဇာ (မှန်ပါ့ ဘုရား)။
အဲဒီအဝိဇ္ဇာနဲ့ ဥစ္ဆေဒဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မရနိုင်ဘူး (မှန်ပါ့ ဘုရား) ဒါ့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဟာ မည်မျှလောက် အရေးကြီးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် နိဗ္ဗာန်သဘောကျချင်ရင် ဒကာသစ် ဘာကိုနားလည်ရမတုံး (ပဋိစ္စသမုပ္ပါဒ်ကို နားလည်ရပါ မယ် ဘုရား)။
ကဲ-ဒါဖြင့် ဒီနေ့ ပဋိစ္စသမုပ္ပါဒ် ပြလိုက်ပါတယ်တဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန် သဘောကျပလား (ကျပါပြီ) နောက်ခန္ဓာသိမ်း၍ နောက်ကိလေသာငြိမ်းတယ် (မှန်ပါ့ ဘုရား)။
နောက် ခန္ဓာသိမ်း၍ (နောက်ကိလေသာ ငြိမ်းပါတယ် ဘုရား) ကြည့်လေ ကမ္မဘဝနိရောဓာ (ဇာတိနိရောဓော ပါ) ဟော ဇာတိဆိုကတည်းက ဇာတိမီးရော, ဇာတိခန္ဓာရော ဘယ့်နှယ်နေကြသတုံး (ငြိမ်းပါတယ် ဘုရား)။
ဇာတိမီး, ဇာတိခန္ဓာလေဗျာ (မှန်ပါ့) သေသေချာချာ မငြိမ်းသေးဘူးလား (ငြိမ်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ- ဒါဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဒါကြောင့် ဘုရားက ‘အဇာတိံ’ ပဋိသန္ဓေမနေရာစင်စစ်ဖြစ် သော (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား) နိဗ္ဗာနံ = နိဗ္ဗာန် (မှန်ပါ့ ဘုရား)။
ပဋိသန္ဓေမနေရာဟာ ဘာတဲ့ (နိဗ္ဗာန်ပါ ဘုရား) မအိုရာ (နိဗ္ဗာန်ပါ) မနာရာ (နိဗ္ဗာန်ပါ ဘုရား)။
လိုရင်းတော့ ဒကာသစ်, ဒကာကြွယ် ဘာမှတွေးမနေနဲ့၊ ဇာတိသိမ်းပြီးကတည်းက ဇရာမရဏက သိမ်းပြီ (မှန်ပါ့) သောက ပရိဒေဝကကော (သိမ်းပါတယ် ဘုရား)။
ဪ- ဒါဖြင့် ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးလို့ တရားတစ်ပွဲလုံးပဲ မေးပါပြီ ဒကာ ဒကာမတို့ ဘယ့်နှယ် ဖြေကြမှာတုံး (ဘယ်မှမသွားပါ ဘုရား) လောင်စာသိမ်း၍ (မီးငြိမ်းပါတယ် ဘုရား) မီးငြိမ်းတာရှိတာပဲ (မှန်ပါ့ ဘုရား)။
ဘယ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကို မရဘူးကွ
အဲဒီတော့ ဘုရားကို အဂ္ဂိဝစ္ဆကမေးလိုက်တယ် (မှန်ပါ့) ဥပါဒါန်ချုပ်တဲ့ပုဂ္ဂိုလ် ဘယ်သွားသတုံးဆိုတော့ အို- ဒီအဓိပ္ပာယ် မရဘူးကွာတဲ့ (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား) သူမေးတဲ့အဓိပ္ပာယ် ဘုရားကဖြေဖို့သင့်ပါ့မလား (မသင့်ပါ ဘုရား)။
အဲဒီအဓိပ္ပာယ်မရောက်ဘူး၊ ဘယ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကို မရဘူးကွ-တဲ့ (မှန်ပါ့) အခု ဘယ်များသွားသေး သတုံး (ဘယ်မှမသွားပါ ဘုရား)။
ဘယ်မှမသွားဘဲနဲ့ ဘာဖြစ်သွားသတုံးမေးတော့ ဘယ့်နှယ်ဖြေကြမလဲ (လောင်စာသိမ်း၍ မီးငြိမ်းပါတယ် ဘုရား)။
ဪ- တိုတိုမှတ်လိုက်တော့ အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် အနာရှိတဲ့ပုဂ္ဂိုလ် အနာပျောက်သွားတော့ကို ဒကာ ဒကာမတွေက အနာသာပျောက်တယ်၊ အနာရှိတဲ့ ပုဂ္ဂိုလ် ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အနာသာပျောက်တယ် (အနာရှိတဲ့ပုဂ္ဂိုလ် ရှိပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန် ရှိ, မရှိ (ရှိပါတယ် ဘုရား) အဲ ခုနင်က အနာနဲ့ ခန္ဓာမရှိပါဘူးတဲ့ (မှန်ပါ့) အနာပျောက် တဲ့ သဘောရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အနာနဲ့ခန္ဓာတော့ဖြင့် (မရှိပါ ဘုရား) အနာပျောက်တဲ့ သဘောတော့ (ရှိပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာသစ်တို့၊ ဒကာကြွယ်တို့ ဘာနားလည်လို့ ဒီဟာ သဘောကျသွားပါလိမ့် (ပဋိစ္စသမုပ္ပါဒ် နားလည်လို့ ပါ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ပုဂ္ဂိုလ် (နိဗ္ဗာန်သဘော မကျပါ ဘုရား)။
ကဲ- တရားတစ်ပွဲလုံး သဘောကျပလား (ကျပါပြီ) ဥပါဒါန နိရောဓာ (ဇာတိနိရောဓောပါ ဘုရား) ဇာတိနိရော ဓာဆိုတဲ့ ဇာတိမီးလည်း ချုပ်တယ် (မှန်ပါ့) ဇာတိခန္ဓာကော (ချုပ်ပါတယ် ဘုရား)။
ဒါ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဪ ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတယ် (မှန်ပါ့)။
ဇာတိမီးကလည်း ငြိမ်းတယ် (မှန်ပါ့) ဇာတိခန္ဓာကြီးကလည်း (သိမ်းပါတယ်) သိမ်းတယ်ဆိုတော့ ဪ ဇာတိဒုက္ခတွေလည်း အကုန်ကုန်ပေါ့ပဲ (မှန်ပါ့)။
ဇာတိဒုက္ခကုန်တော့ ဇရာဗျာဓိမရဏ သောက ပရိဒေဝဆိုတာတွေလည်း ကုန်မှကုန်ပါ့မလားလို့ ဒကာကြွယ် သံသယရှိသေးသလား (မရှိပါ ဘုရား)။
ရေသောက်မြစ် တူးပစ်ပေါ့ပဲ (မှန်ပါ့) အနာ၏ ရေသောက်မြစ် တူးပစ်ပေါ့၊ အမြစ်နှင့်တကွ တူးပစ်ပေါ့၊ နောက်အဆိပ်အသီးတွေ, နောက်အဆိပ်အပွင့်တွေ, နောက်အပင်တွေ ပေါက်လိမ့်ဦးမယ်လို့ အယူရှိလို့ တော်ပါ့မလား (မတော်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဆိပ်ပင်ကြီးဖြင့် ဇာတ်သိမ်းပြီ
ဒါကြောင် “ဝိသဘူတ ဒုက္ခဒဿနေန အမတဋ္ဌော” ဝိသဘူတ ဒုက္ခဒဿနေန၊ အဆိပ်မျိုးစေ့ အဆိပ်ပင်ကြီး ကို မြင်သဖြင့် ကျုပ်တို့ ဒုက္ခသစ္စာကြီးမြင်သဖြင့် (မှန်ပါ့) အမတဋ္ဌော၊ ဪ ငါတို့သန္တာန်၌ အဆိပ်သတ္တိရှိတဲ့ အဆိပ်ပင်ကြီးဖြင့် ဇာတ်သိမ်းပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သူ သတ်လို့ သေစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဆိပ်တွေလည်း ကျုပ်တို့က မီးရှို့ပစ်လိုက်ပြီ (မှန်ပါ့) အဆိပ်ပင်ကြီးကိုလည်း ကျုပ်တို့ ဖျက်ဆီးပစ်လိုက်ပြီ (မှန်ပါ့) အဆိပ်သတ္တိတွေကိုလည်း (ဖျက်ဆီးပစ်လိုက်ပါပြီ ဘုရား)။ ဖျက်ဆီးပစ်လိုက်တော့ တစ်ခါတည်း နောက်ဖြင့် ကျုပ်တို့ အဆိပ်မျိုးစေ့ အဆိပ်ပင်ပေါက်ဖို့ အရေးဟာဖြင့် ပျောက်ကွယ်သွားပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။
အဲဒါကြောင့် “ဝိသဘူတ ဒုက္ခ ဒဿနေန အမတဋ္ဌော” ဝိသဘူတ ဒုက္ခဒဿနေန၊ ခန္ဓာထဲမှာ ကိလေသာမီးဆို တဲ့ အဆိပ်, ခန္ဓာဆိုတဲ့အပင်ကြီး ပျောက်သွားသဖြင့် အမတဋ္ဌော၊ ငါနောက်မသေဘူးဆိုတာ သေသေချာချာ သိတယ် (မှန်ပါ့) မသိဘူးလား (သိပါတယ် ဘုရား)။
ကဲ-ဒါဖြင့် ဥပါဒါန် တဏှာချုပ်တဲ့ ပုဂ္ဂိုလ်ဟာ နောက်မသေတဲ့ သဘောဖြစ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်မသေတဲ့ သဘောရှိပါတယ်
တဏှာ ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ်ဟာ (နောက်မသေတဲ့ သဘောရှိပါတယ် ဘုရား) ဒါ ဘယ်သူက ပြောပါလိမ့် (ပဋိစ္စသမုပ္ပါဒ်က ပြောပါတယ် ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အဂ္ဂိဝစ္ဆ-ဥပါဒါန်ချုပ်တဲ့ ပုဂ္ဂိုလ် ဘယ်သွားသတုံးလို့ မင်းကမေးတော့ မင်းသည်ကားလို့ ဆိုရင် ငါက ဒီအဓိပ္ပာယ် မမေးပါနဲ့ ဒီအဓိပ္ပာယ် မရဘူးလို့ပြောတော့ ရှင်ကြီးဂေါတမ-ကျုပ်ဖြင့် ဉာဏ်တုံးပြီလို့ပြောတာ မင်းတုံးမှာပဲ၊ ပဋိစ္စသမုပ္ပါဒ် နားမလည်တော့ မင်း နိဗ္ဗာန် သဘောမကျဘူး (မှန်ပါ့ ဘုရား)။
အခု ဒီ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုး ချုပ်တာနားလည်သဖြင့် နိဗ္ဗာန်သဘောကျသွား ပြီ၊ အဂ္ဂိဝစ္ဆကတော့ ပဋိစ္စသမုပ္ပါဒ် နားမလည်သဖြင့် နိဗ္ဗာန်ကို သဘောမကျဘဲ ဖြစ်နေတယ် (မှန်ပါ့)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားလည်မှ နိဗ္ဗာန်သဘောကျမယ် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ပုဂ္ဂိုလ် (နိဗ္ဗာန် သဘောမကျပါ ဘုရား)။
ကဲ- တရားတစ်ပွဲလုံး သဘောပါကြပလား (ပါကျပါပြီ)၊ ဥပါဒါနနိရောဓာ (ဇာတိနိရောဓောပါ ဘုရား) ဇာတိနိရောဓာဆိုတဲ့- ဇာတိမီးလည်းချုပ်တယ် (မှန်ပါ) ဇာတိခန္ဓာကော (ချုပ်ပါတယ် ဘုရား)။
ဒါ- ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဪ-ဒါဖြင့် လောင်စာသိမ်း၍ မီးငြိမ်းတာ နိဗ္ဗာန်ခေါ်တယ် (မှန်ပါ့ ဘုရား)။
ကဲ နာရီစေ့ပြီ ယနေ့ဒီတွင်ပဲ တော်ကြဦးစို့။
သာဓု သာဓု သာဓု။