အိုနာသေဇာတိတို့မှ လွတ်မြောက်ရာနိဗ္ဗာန်တရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
အိုနာသေဇာတိတို့မှ လွတ်မြောက်ရာနိဗ္ဗာန်တရားတော်
(နောက်ဆုတ်တွေးတရား)
ကိုယ့်ကိုယ်ကို တွေးလုံးထုတ်ကြစမ်းပါ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို တွေးလုံးထုတ်ကြစမ်းပါလို့ ဆိုတဲ့ဥစ္စာ အင်မတန်မှ မှာတော်မူတာလို့ မှတ်ရလိမ့်မယ်နော်၊ (မှန်ပါ့ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ အလကားမနေကြနဲ့၊ ကိုယ့်ကိုယ်ကို တွေးလုံးထုတ်မှ ကိုယ့် အကြောင်းကိုယ်သိမယ် (မှန်ပါ့ ဘုရား) ကိုယ့်အကြောင်းကိုသိမယ် သိမှသာလျှင် ဟာ ဒီအကြောင်းဖြင့် ပြတ်မှာပဲ၊ ဒီ အကြောင်းဖြင့် ဆက်ပြီး အားထုတ်မှပဲဆိုတာ ဝေဖန်နိုင်ကြမယ်၊ (မှန်လှပါ့ ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မှာတာက ဦးလှဘူးတို့ မှတ်စရာက ကိုယ့် ကိုယ်ကို တွေးကြ စမ်းပါကွာတဲ့ မတွေးပဲနဲ့နေလို့ရှိရင် မကောင်းပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ချည်း အရေးကြီးပြီးသကာလ နေကြပါတယ်တဲ့၊ ကိုယ့်ကိုယ် ကို တွေးတဲ့တွေးလုံးဟာ အင်မတန်နည်းပြီးနေကြတာလို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အတွေးနည်းတဲ့ ပုဂ္ဂိုလ်ဟာ တွေးမှသာလျှင် ကိုယ့် အကြောင်း ကိုယ်သိမယ်ဆိုတာ ပေါ်လာမယ် နော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒကာ ဒကာမတို့သည် ယခု ဘယ်အခြေအနေ ရောက်နေသလည်း ဆိုလို့ရှိရင်ဖြင့် ဪ တပည့်တော်တို့သည်ကားလို့ဆိုရင် ဘုရား အိုပါပြီဘုရား (မှန်ပါ့) ကိုယ့်ကိုယ်ကို အိုတာ သိတယ်နော် (သိပါတယ် ဘုရား)။
အိုတာသိပြီးသကာလ အိုရင်တော့မကြာတော့ဘူး၊ သေမှာပဲဆိုတာလည်းသိကြတယ်၊ (သိကြပါတယ် ဘုရား) အို ဒီလို ကိုယ့်ကိုယ်ကိုတွေးစမ်းပါကွာတဲ့ ငါသည်ကားလို့ဆိုရင် အိုနေရပြီ သေတော့မှာပဲ (မှန်လှပါ)။
ငါသည်မုချ သေရတော့မှာပဲ
ငါသည်ကားလို့ဆိုရင် ယခုအချိန်အိုနေပြီ ငါသည်မုချ သေရတော့မှာပဲ၊ ဆိုတာကိုတွေးပါ (မှန်လှပါ) မတွေးသင့် ဘူးလား (တွေးသင့်ပါတယ် ဘုရား)။
တွေးတဲ့အခါကျတော့ ငါသည် အိုပြီ အိုတယ်ဆိုတာနာတာပဲ နာတယ်ဆိုတာ သေမှာပဲဆိုတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်လို့ရှိရင်ဖြင့်တဲ့၊ အိုသေတာ တွေ့ပါတယ် (မှန်လှပါ ဘုရား) အိုသေဟာ တွေ့ရတယ်ဆိုတာ ဒကာ ဒကာမတွေ၏ ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ် ကြည့်တာပေါ့ဗျာနော် (မှန်လှပါ) ဇရာဆိုတာ အိုတာ (မှန်ပါ့) မရဏဆိုတာက (သေတာပါ ဘုရား)။
အဲဒီ အိုသေတွေဟာ ဒို့မှာရှိနေပါကလားဆိုတော့ ဒကာ ဒကာမတွေမှာ ယခုအိုတာလဲ ရှိပါလျက်ပေါ့ (မှန်ပါရှိလျက်ပါ ဘုရား) သေမှာလဲသေချာတာပဲ (သေချာပါတယ် ဘုရား) အိုတာလည်း ရှိပါလျက်ပါပဲ (မှန်ပါ့) ဒီအို သည်၏ အခြားမဲ့၌ သေမှာကလဲ မလွဲတော့ပါဘူး (မလွဲပါ ဘုရား)။
ဪ ဒီအိုသေသည်ကား ဆိုလို့ရှိရင် ဒို့မှာရှိနေတယ် ဒီအိုသေ ဒို့မှာ ဘယ်ကများ လာပါလိမ့်မလဲလို့ တွေးရမယ် (မှန်လှပါ ဘုရား) အိုသေဘယ်ကလာသတုံးလို့ တွေ့တဲ့အခါကျတော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကကွာတဲ့ မင်းတို့ သေသေချာချာတွေးရင် ပေါ်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
ပေါ်တော့ ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်ပါလား ဒကာ ဒကာမတို့ ဒီမှာ အိုသေဟာ ဇရာ, မရဏပဲ (မှန်ပါ့) ဪ ဇာတိက လာတာပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဒကာ ဒကာမတို့ အိုသေ ဘယ်ကလာသတုံး (ဇာတိကလာပါတယ် ဘုရား)။
အိုသေ ဘယ်ကလာသတုံး
ဪ အိုသေတာ ဇာတိရှိလို့ လာတာနော်(မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ခဏခဏအိုရ၊ ခဏခဏသေရ၊ ဘဝများစွာမှာ အိုသေတွက လာကြတယ်၊ (မှန်ပါ့) ၃-နံပါတ်အကွက်ကို ကြည့်ပါ ဒကာ ဒကာမတို့ (မှန်လှပါ)အပေါ် ကနေထောက်လို့ရှိရင်၊ (၁) (၂) (၃) (၄) ကြည့်လိုက်လို့ရှိရင်ဖြင့် ဇရာ၊ မရဏ၊ ဆိုတာ တွေ့ပါတယ်။ (မှန်ပ့ါ)။
ဇရာ၊ မရဏ၊ ၄-နံပါတ်အကွက်မှာ နေတယ် ဒကာ ဒကာမတို့ တွေးကြည့်ရဲ့လား (တွေးကြပါတယ် ဘုရား) အဲဒီ အိုသေဟာ ဘယ်ကလာပါလိမ့်မလဲ၊ (ဇာတိက လာပါတယ် ဘုရား)။
အဲ သူ့စက်ဝိုင်းအတွင်းမှာ သူလာတဲ့အကြောင်းအတိုင်းသာ နောက်ဆုတ်တွေးရတယ် (မှန်လှပါ ဘုရား) နောက်ဆုတ် တွေးလိုက်တဲ့အခါကျတော့ ဪ ငါတို့သည် ယခု အိုလဲ အိုပြီ သေလဲသေရတော့မယ်၊ ဘယ်နည်းနှင့်မှ ပြေးလို့ မလွတ်ဘူးဆိုတာလဲ ဒကာ ဒကာမတွေ သိကြပါပြီ (သိကြပါပြီ ဘုရား)။
ထိုကဲ့သို့ သိပြီးသကာလ အိုနေတာလဲအသိသား သေရာမှာလည်း အသိသား၊ ဒီ အိုသေသည်ကားလို့ဆိုရင် ဒုက္ခသစ္စာပဲ “ဇရာပိ ဒုက္ခသစ္စံ မရဏမ္ပိ ဒုက္ခသစ္စံ” ဆိုတဲ့ အတိုင်း အိုသေဟာ ဒုက္ခသစ္စာပဲနော် (မှန်လှပါ)။
အကြောင်းမဲ့ပေါ်တာလား
၎င်း အိုသေကြီးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါတို့သန္တာန် အကြောင်းမဲ့ပေါ်တာလား အကြောင်းရှိလို့ ပေါ်တာလားဆိုတာ ကိုယ့်ကိုယ်ကိုတွေးစမ်းပါကွာလို့ ဘုရားကဟောတယ် (မှန်လှပါ ဘုရား)။
အဲဒါ အရင်က မတွေးတတ်ချင် နေပေစေ၊ ယခုတော့ ပဋိစ္စသမုပ္ပါဒ် လက်ကိုင်ကလေး ရှိနေတော့ ခန္ဓာကိုယ် ထဲမှာ ဪ ဘယ်ကလာပါလိမ့်မလည်းဆိုတာ တွေးကြည့်တော့ ဒကာ ဒကာမတို့ ဘာလာတွေ့ပါလိမ့် (ဇာတိပါ ဘုရား)။
၄-နံပါတ်ကိုကြည့်ပါ၊ ဇာတိ လာတွေ့တယ်နော် (မှန်လှပါ ဘုရား) ဇာတိက ဥပပတ္တိကဘဝဆိုတာ ဇာတိ ဆိုတာပါပဲ၊ (မှန်လှပါ ဘုရား) အိုသေ ဘယ်ကလာပါလိမ့် (ဇာတိကလာပါတယ် ဘုရား)။
ဪ ပဋိသန္ဓေနေမိလို့ အိုသေ ရှိလာတယ် (မှန်လှပါ) ဦးလှဘူး ဘာတဲ့တုံး (ပဋိသန္ဓေနေမိလို့ အို သေရှိ ပါတယ် ဘုရား) ပဋိသန္ဓေနေမိလို့ အိုသေ ရှိတယ်ဆိုတာ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ကြီးမှာ ရှင်းလင်းနေပါတယ် (မှန်ပါ့ ဘုရား) အို သေ ဘယ်ကလာသတုံး (ဇာတိက လာပါတယ် ဘုရား)။
ဇာတိက လာတယ်ဆိုတာ ပေါ်ပါပြီတဲ့ အို၊ သေဟာ ဇာတိကလာတယ်ဆိုတာရှင်းသွားပြီ (ရှင်းသွားပါပြီ) ဒီလို တွေးပါကွတဲ့၊ တွေးလိုက်တဲ့ အခါကျတော့ အကြောင်းပေါ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) တွေးလိုက်တဲ့ အခါကျတော့ (အကြောင်းပေါ်လာပါတယ် ဘုရား)။
ဇာတိကြောင့် ဇရာမရဏဖြစ်တာ
အကြောင်းပေါ်လာတယ်ဆိုတော့ ဪ ဇာတိကြောင့် ဇရာမရဏဖြစ်တာ (မှန်ပါ့ ဘုရား) ဘယ်လို တွေးကြည့် သလဲ (ဇာတိကြောင့် ဇရာ၊ မရဏ ဖြစ်ပါတယ် ဘုရား) ကြည့်ပါ ကြည့်ပါ ဒကာ ဒကာမတို့ စာရွတ်ကြည့်ပါ။ ဒီနေ့ ဘုန်းကြီးပြတာနဲ့ ကိုက်ကြည့်ပါနော် (မှန်လှပါ ဘုရား) အို၊ သေ ဘယ်ကလာသတုံး (ဇာတိက လာပါတယ် ဘုရား) အို သေ ဆိုတာ ဇရာ၊ မရဏနော် (မှန်ပါ့) သူဘယ်ကလာပါလိမ့်၊ (ဇာတိက လာပါတယ် ဘုရား)။
ဪ ဒါဖြင့် အို သေသည့် ဒုက္ခသစ္စာ(မှန်ပါ့) ဇာတိကြောင့် ဖြစ်ရတယ်ဆိုသောကြောင့် ဇာတိကသမုဒယသစ္စာ ရှင်းပလား (ရှင်းပါပြီ) အို၊ သေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဇာတိက (သမုဒယသစ္စာပါ ဘုရား) သူမရှိရင် ဇရာ မရဏ ဖြစ်ကိုမဖြစ်ဘူး (မှန်လှပါ) ဇာတိ ပဋိသန္ဓေနေမိလို့ ဇရာ၊ မရဏဆိုတာ တွေ့ရပါတယ် (မှန်လှပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာနှစ်ပါးသိပြီ (မှန်လှပါ) သစ္စာနှစ်ပါးသိသွားပြီ၊ ဒီဇရာ မရဏ ဘာသစ္စာလဲ၊ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတာ သေချာတယ် ဒီမှာပြတယ်နော် (မှန်ပါ့)။
သို့သော် ဒီနေ့ ဟောမည့်တရားက အင်း ဒုက္ခသစ္စာနဲ့ အကြောင်းအကျိုးလှည့်လိုက်ပြန်တော့ ဇာတိက ပဋိသန္ဓေ နေမှုရှိလို့ အိုမှု၊ သေမှုဖြစ်တာ (မှန်လှပါ ဘုရား)။ ပဋိသန္ဓေနေမှုရှိတာနဲ့ (အိုမှု၊ သေမှု ဖြစ်တာပါ ဘုရား)။
ပဋိသန္ဓေနေမှုက အကြောင်း၊ အိုသေကအကျိုး
ဒါဖြင့် ပဋိသန္ဓေနေမှုက အကြောင်း၊ (မှန်ပ့ါ) အို၊ သေကအကျိုး (မှန်ပါ့ ဘုရား) ဒီလို ဝေဖန်လိုက်ပြန်တော့ လဲတဲ့ ဇရာ၊ မရဏ ဒုက္ခသစ္စာ၊ ဇာတိက သမုဒယသစ္စာ သွားဖြစ်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါက ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ တွေးလိုက်လို့ပေါ်လာတယ် (မှန်လှပါ ဘုရား) ခန္ဓာကိုယ်ထဲ တွေးလိုက် တဲ့အခါကျတော့ ဪ ငါတို့သည် အိုလဲ အိုရပြန်ပြီ သေလဲ သေရဦးမှာပဲဆိုတာ ဒကာ ဒကာမတွေ မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီအို သေတွေဟာလာပါလိမ့် အလိုလိုပေါ်လာတာလားလို့ မေးတော့ ဘယ့်နှယ်ကြောင့်တုံး (ဇာတိကြောင့်ပါ ဘုရား)။
ကဲ ဒကာသစ် ဒီလိုလုပ်ကြစို့ ပဋိသန္ဓေနေမိလို့ (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုပါလိမ့် (ပဋိသန္ဓနေမိလို့ပါ ဘုရား) ပဋိသန္ဓေနေမိလို့ အိုသေ ဖြစ်ရပါတယ်ဆိုတာ ဦးလှဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် အို၊ သေကြီးဖြစ်ရပါလိမ့် (ပဋိသန္ဓေနေမှုကြောင့်ပါ ဘုရား) ပဋိသန္ဓေ နေမှုကြောင့် အိုသေဖြစ်ရတယ်ဆိုတော့ ဪ ငါတို့သည် ယနေ့တရားစ နာတာရှိသေး သစ္စာနှစ်ပါး သိရတယ်လို့မှတ်ပါ (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့ သစ္စာနှစ်ပါး သိသွားပြီနော် (သိပါပြီ ဘုရား)။
အိုသေက ဒုက္ခသစ္စာ၊ ဇာတိက ဘာပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။
သစ္စာလေးပါဟာ ဒီအထဲမှာလဲရှိတာပဲ
ကောင်းပြီ ဒီနှစ်ခုများ ချုပ်သွားမယ်ဆိုလို့ရှိရင် ဘာသစ္စာဆိုကြမယ် (နိရောဓသစ္စာပါဘုးရား) နိရောဓသစ္စာ နော် (မှန်လှပါ) ဒါနှစ်ခုချုပ်ရာချုပ်ကြောင်း အကျင့်ကို ကျင့်ကြမယ်ဆိုရင် ဒီကျင့်ဟာ ဘာသစ္စာခေါ်မလည်း (မဂ္ဂသစ္စာ ခေါ်ပါတယ် ဘုရား)။
ဪ ဒီနှစ်ခုနဲ့ဆိုင်တာ ဒကာ ဒကာမတွေ သစ္စာလေးပါဟာ ဆိုတာဒီအထဲမှာလဲရှိတာပဲ(မှန်လှပါ ဘုရား) သစ္စာလေးပါးဟာ ဒီအထဲမှာလဲရှိတယ်လို့ မှတ်ထားလိုက်ပါ (မှန်လှပါ)။
နောက်ဆုတ်တွေးကြပါဦးစို့
ကိုင်း ဒါသစ္စာလေးပါးသိတဲ့ပြင် နောက်ဆုတ်တွေးကြပါဦးစို့ (မှန်ပါ့) ဪ ငါတို့ အိုသေဟာ ပဋိသန္ဓေနေမိ လို့လာတာပဲ (မှန်ပါ့ ဘုရား)။
ဒီပဋိသန္ဓေကလဲ ဘယ်ကများတုံး၊ ဘယ်သူပြုပြင်လို့ ဘယ်လိုများဖြစ်ပေါ်လို့ ငါတို့ သန္တာန်၌ ကြုံဆိုပြီးသကာလ နေရပါလိမ့်မလည်းဆိုတဲ့ တွေးလုံး ဒကာသစ်ထုတ်ရမယ် (မှန်ပါ့ ဘုရား) ထုတ်တဲ့အခါကျတော့ သူ့နောက် ဘာတွေပါလိမ့် ဒကာ ဒကာမတို့ စဉ်းစားကြစမ်၊ (ကမ္မဘဝတွေ့ပါတယ် ဘုရား) ဒီ ကမ္မဘဝလာတွေ့တယ် (မှန်ပ့ါ)။
စာကိုကြည့်ပါ ကမ္မဘဝကိုလာတွေ့တယ် ဪ ဒီကံတွေ အားထုတ်လို့ ဒကာ ဒကာမတွေ ဇာတိရတယ် (မှန်လှပါ ဘုရား) ဒီကံတွေ အားထုတ်လို့ (ဇာတိရပါတယ် ဘုရား)။
ဒါဖြင့် လူဖြစ်ချင်တဲ့ကံ အားထုတ်ရင် ဘာရမယ်၊ (လူ့ဇာတိရပါတယ်) နတ်ဖြစ်ချင်တဲ့ကံ အားထုတ်ရင် (နတ်ဇာတိရပါတယ်) ဗြဟ္မာဖြစ်ချင်တဲ့ကံ အားထုတ်ရင် (ဗြဟ္မာဇာတိရပါတယ် ဘုရား)။
ကိုင်း တစ်ခါ အပါယ်လေးပါး ရောက်စေတဲ့ကံတွေအားထုတ်ရင်ကော (အပါယ် ဇာတိရပါတယ်) ဪ ဒါဖြင့် ကမ္မဘဝကြောင့် ဇာတိလာတယ်၊ (မှန်ပ့ါ) ဒါဖြင့် ကမ္မဘဝအကြောင်း ဇာတိက အကျိုးဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီ (ရှင်းပါပြီ ဘုရား) ကမ္မဘဝကသမုဒယသစ္စာ ဇာတိက၊ (ဒုက္ခသစ္စာပါ ဘုရား)။
နောက်ဆုတ်သွားတော့ သစ္စာတွေက ပေါ်ပေါ်လာတယ်
အေ ဒီလို နောက်ဆုတ်သွားတော့ သစ္စာတွေက ပေါ်ပေါ်လာတယ် (မှန်ပါ့ ဘုရား) သူတို့နှစ် ခု ချုပ်ရင် ဘာသစ္စာခေါ်ကြမယ် (နိရောဓသစ္စာခေါ်ပါတယ်) အဲဒီ ချုပ်ရာချုပ်ကြောင်း အကျင့်ကို ဒကာ ဒကာမတွေက ကျင့်လို့ ရှိရင် ဘာခေါ်ကြမယ်၊ (မဂ္ဂသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒို့အလုပ်သည်ကားလို့ရှိရင်ဖြင့် မဂ္ဂသစ္စာမပါရင် မပြီးပါကလားဆိုတာ ပေါ်သွားပြီ (မှန်လှပါ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒီနေ့တော့ ဒီအကြောင်းတည်းကို ဟောမှာဖြစ်နေတော့ ဒကာ ဒကာမတွေ တို့ကံတွေကလဲ ကြောက်စရာ ပဲ၊ ကံတွေ ဘယ်လိုဆိုကြမယ် (ကြောက်စရာပါ ဘုရား)။
ဘာဖြစ်လို့ ခင်ဗျားတို့ ကံကို ကြောက်ပါလိမ့်မလဲလို့မေးတော့ ဒီမြင်နေရတယ်၊ သူကသာ ဘာလုပ်လိုက်ပါလိမ့် (ဇာတိ ဒုက္ခသစ္စာကို လုပ်ပါတယ် ဘုရား) ဇာတိလုပ်လိုက်တယ် (မှန်ပါ့) ကံတွေက ဘာလုပ်လိုက်ပါလိမ့် (ဇာတိလုပ် လိုက်ပါတယ် ဘုရား) အင်း ဟင် သူက ဒုက္ခသစ္စာ လုပ်လိုက်တယ်၊ (မှန်လှပါ)။
ဒုက္ခသစ္စာလုပ်တော့ ဒကာ ဒကာမတွေကလဲ ကံကောင်းချင်လိုက်တာ လွန်လို့၊ ဇာတိဖြစ်ချင်လွန်းလို့၊ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတွေ ကံကောင်းချင်တာဟာ ဘာဖြစ်ချင်လို့လဲ (ဇာတိဖြစ်ချင်လို့ပါ ဘုရား) ဇာတိကဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ဪ ဒကာ ဒကာမတွကလည်း ကံတွေမျှော်တယ်၊ ဘယ်တော့များကံကောင်းပါမလဲဆိုပြီး ရမ်းမျှော်တာပဲ မသိတာ့နော် (မှန်လှပါ ဘုရား) စင်စစ်တော့ဘာတွေရမှာတုံး၊(ဒုက္ခသစ္စာတွေရမှာပါ ဘုရား) ဒုက္ခသစ္စာပဲရမယ်၊ (မှန်ပါ့) ကံဘယ်တော့များကောင်းပါ့မတုံး၊ ကောင်းချင်လှချည်ရဲ့ဆိုပြီး သကာလ ဒကာ ဒကာမတွေက ကံကောင်းမျှော်ကြတယ် (မျှော်ကြပါတယ် ဘုရား)။
ကံကောင်းမျှော်ရင် ဇာတိရမယ် (ရပါမယ် ဘုရား) ကံကောင်းမျှော်လို့ရှိရင် (ဇာတိရပါတယ် ဘုရား) ကြည့်ပါ ကြည့်ပါ ကမ္မဘဝပစ္စယာ ဘာတဲ့တုံး (ဇာတိပါ ဘုရား)။
အေး ဒါဖြင့် ဇာတိဘယ်သူလုပ်ပါလိမ့်မတုံး၊ (ကမ္မဘဝလုပ်ပါတယ် ဘုရား) ကမ္မဘဝက လုပ်တယ်ဆိုတာ ခင်ဗျားတို့ စာရွက်ကိုယ်စီပါတယ်၊ (မှန်ပါ့) ဒါဟာမှားဖို့မလိုဘူးနော်၊ (မလိုပါ ဘုရား)။
အဲ ဒါကြောင့် ဘုရားဟောပါဠိတော်ကြီးကို မတိမ်းစေနဲ့၊ မစောင်းစေနဲ့၊ နားလည်အောင် လုပ်ပါဆိုတာ သေသေချာချာပြောနေတယ်၊ (မှန်ပါ့ ဘုရား) ဒါဖြင့် ဒကာ ဒကာမတု့ ဒီကံကလဲ ခင်ဗျားတို့ကို ဇာတိဖြစ်စေတယ် (မှန်လှပါ)။
ကိုယ့်ဒုက္ခပေးတဲ့ကံ
ဒီကံမျိုးဟာ လုပ်ကိုမလုပ်ကောင်းတဲ့ကံ (မှန်လှပါ ဘုရား) ဘာဖြစ်လို့တုံးဆိုတော့ ကိုယ့်ဒုက္ခပေးတဲ့ကံ၊ (မှန်လှပါ) ဒကာသစ် ဘယ့်နှယ်ဆိုပါ့မယ် (ကိုယ့်ဒုက္ခပေးတဲ့ကံပါ ဘုရား)။
စဉ်းစားကြည့်ပါလား ရွတ်ကြည့်ပါ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ကံ ဒုက္ခပေး, မပေး (ပေးပါတယ် ဘုရား) ဇာတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
အင်း ဟင် အလိုလိုရတာလား၊ ကံက ပေးတာလား (ကံကပေးတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ရှင်းသွား ပြီတဲ့၊ သူလည်း သစ္စာလေးပါးဖွဲ့ပြီးပြီနော် (မှန်လှပါ) တခါတခါ စဉ်းစားပါဦး ဒီ ၃-နံပါတ်၊ ၃-နံပါတ်လိုင်းထဲကလဲ ကြည့်လို့ရှိရင် ဒကာ ဒကာမတို့ ဒီကမ္မဘဝဟာ ဘယ်ကများ လာပါလိမ့်၊ (ဥပါဒါန်ကပါ ဘုရား) ဥပါဒါန်ကလာ ပါတယ် ဘုရား) ဪ စွဲလမ်းမှုကြောင့် လာတာဆိုတာ သေချာပလား၊ (သေချာပါပြီ)။
ဒါဖြင့် စွဲလမ်းမှုကြောင့် ကံဖြစ်ရတယ် (ဖြစ်ရပါတယ် ဘုရား) ကျုပ်တော့ ဒီအလုပ်မလုပ်ရင် မနေနိုင်ဘူး ဒီနတ်ပြည်ရောက်ကြောင်းတော့ ကျုပ်လုပ်ရလိမ့်မယ်၊ ကျုပ်စိတ်ထဲစွဲနေ တယ်(မှန်လှပါ ဘုရား) စွဲနေတာက ဥပါဒါန် လုပ်တာက ကမ္မဘဝ၊ (မှန်လှပါ ဘုရား) စွဲနေတာက (ဥပါဒါန်ပါ ဘုရား) လုပ်တာက၊ (ကမ္မဘဝပါ ဘုရား)။
ဟာ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာဖြင့် ဘုံဘဝရောက်ကြောင်း ကံတွေဟာဘာကိုအကျိုးပေးပါ လိမ့်မလဲလို့ မေးရင် ဒုက္ခသစ္စာပေးမှာပဲ၊ (မှန်လှပါ ဘုရား) သူပေးချင်လို့ပေးရတာလား၊ ခင်ဗျားတို့ကိုယ်တိုင်က မရမက စွဲလမ်းလို့ ကံကအားထုတ်ရတာလား၊ (မရမစွဲလမ်းလို့ ကံကအားထုတ်ရတာပါ ဘုရား)။
ဒါဖြင့် ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား) ဥပါဒါနပစ္စယာ ကမ္မဘဝေါဆို စာရွက်ကိုကြည့်ပါ (မှန်လှပါ) တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား) ဥပါဒါန်ကြောင့်သာဖြစ်သတုံး၊ (ကံဖြစ်ပါတယ် ဘုရား) ကမ္မဘဝဖြစ်တယ်ဆိုတာ စေတနာကံတွေဖြစ်တာ (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဥပါဒါန်က သမုဒယသစ္စာ (မှန်ပါ့) ကံကကော (ဒုက္ခသစ္စာပါ ဘုရား) နှစ်ခုစလုံး ချုပ်ရင် (နိရောဓသစ္စာပါ ဘုရား) အင် ဟင် ချုပ်အောင်ကျင့်တဲ့ အကျင့်က (မဂ္ဂသစ္စာပါ ဘုရား) အေ ဒီလို သစ္စာလေးပါး စီ သိ, သိသွားရမယ်၊ (မှန်လှပါ ဘုရား)။
ကဲ တခါသွားပါဦး ဒကာ ဒကာမတို့ တယ်ဆိုးတဲ့ ဥပါဒါန်ပဲ ကံတွေလုပ်တယ်၊ ကံတွေလုပ်လို့ ကျုပ်တို့ ဒုက္ခရောက်ရတယ် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီ ဥပါဒန်ကော ဦးလှဘူး၊ ဘယ်ကများလာပါလိမ့်မလဲလို့ကြည့်စမ်း၊ (တဏှာက လာပါတယ် ဘုရား) ဒီ တဏှာက လာတယ်နော်၊(မှန်ပါ့) ဪ တဏှာခင်မင်မှုကြောင့် ဥပါဒါန်စွဲလမ်းမှု ဖြစ်ရတယ် (မှန်လှပါ ဘုရား) သားကလေးမွေး လာ ခင်တယ်၊ ကြည့်ဖန်များလာတော့ စွဲလမ်းလာတယ်ဆိုတော့ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)။
အဲဒါကြောင် တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က ဒုက္ခသစ္စာ (မှန်ပ့ါ) နှစ်ခုလုံးချုပ်ရင် (နိရောဓသစ္စာပါ ဘုရား) ချုပ်အောင်ကျင့်နိုင်တဲ့ အကျင့် ဘာဆိုကြမယ် (မဂ္ဂသစ္စာပါ ဘုရား) အေး သစ္စာလေးပါးကို ဒီလို ဒီလို သိသွားရမယ် (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
တဏှာ ဘယ်ကလာ
ကောင်းပါပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာသည်ကားဆိုလို့ရှိရင်ဖြင့်တဲ့ ဘယ်ကလာပါလိမ့်မတုံး၊ တွေးတဲ့အခါကျတော့မှ ဒီအဆက်ကလေးကနောက်ဆုတ်ပြတယ် (မှန်ပါ့) ဒါကြောင့် မြားနဲ့ထောင်ပြီးတော့ပြတယ် (ပြပါတယ် ဘုရား)။
ဟောဒီဝေဒနာလေးကလာတယ်(မှန်ပါ့) ကဲ ပေါင်းကြပါစို့ ရှည်နေရော့မယ်နော် (မှန်လှပါ ဘုရား)။
ဝေဒနာတို့, ဖဿတို့, သဠာယတနတို့, နာမ်ရုပ်တို့, ဝိညာဏ်တို့ဆိုတဲ့ ခန္ဓာငါးပါးကလာတယ် (မှန်လှပါ) ဒကာ ဒကာမတို့ တဏှာဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးကလာပါတယ် ဘုရား)၊
ဪ တွေ့ပြီ တွေ့ပြီ ဒကာ ဒကာမတို့နော် (မှန်လှပါ) ပစ္စုပ္ပန် ခန္ဓာငါပါးကြောင့် တဏှာဖြစ်ရတယ်ဆိုတာဖြင့် သေချာပါပြီ (သေချာပါပြီ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကိုကြည့် ပေါ်လာတယ်၊ (မှန်ပါ့) ခန္ဓာငါးပါးကြောင့် ဘာဖြစ်ပါလိမ့် (တဏှာဖြစ်ပါတယ် ဘုရား)။
သေသေချာချာကြည့်ပါ ပဋိစ္စသမုပ္ပါဒ်မှာတဲ့ ခန္ဓာငါးပါး၊ စုပေါင်းနေသောကြောင့် ဒကာ ဒကာမတို့သည် တဏှာဖြစ်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့်၊ (ခန္ဓာငါပါးကြောင့် ဖြစ်ပါတယ် ဘုရား)။
ဒါနီးသောအကြောင်းကတော့ ဝေဒနာပါ့ဗျာ (မှန်ပါ့) ဖဿလဲ ဟုတ်တာပဲ၊ သဠာယတနလဲ ဟုတ်သားပဲ၊ နာမ်ရုပ်လဲဟုတ်တာပဲ၊ ဝိညာဏ်လဲဟုတ်တာပဲ (မှန်ပါ့ ဘုရား) ဟုတ်တာချည်းပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒီတဏှာ ဘယ်ကလာသတုံး၊ (ခန္ဓာငါးပါးကလာပါတယ်ဘုရာ) ဪ ဒကာ ဒကာမတို့ ခန္ဓာငါးပါးရှိလို့ တဏှာလာတယ်ဆိုတော့ဖြင့် သေချာပါပြီ (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးတည်းဟူသော အကြောင်းက ယခု ဒကာ ဒကာမတွေမှာ ခန္ဓာရှိနေတယ် (ရှိနေပါတယ် ဘုရား) ဒါကြောင့် ယခု ဒကာ ဒကာမတို့ ခဏ ခဏမေးတယ် ၁-နံပါတ်ထဲမှာနေသလား ၂- နံပါတ် ထဲမှာနေသလားမေးရင် ဘယ့်နှယ်ဖြေကြမလဲ၊ (၂- နံပါတ်မှာနေပါတယ် ဘုရား)။
ခန္ဓာငါးပါးထဲက ပေါက်ပွားလာတဲ့ တဏှာ
အဲဒီ ခန္ဓာငါးပါးထဲက ပေါက်ပွားလာတဲ့ တဏှာဆိုတာ သေချာပလား (သေချာပါပြီ) ဘယ်က ပေါက်ပွားလာ ပါလိမ့် (ခန္ဓာငါးပါးက ပေါက်ပွားလာပါတယ် ဘုရား) ခန္ဓာငါးပါးထဲက ပေါက်ပွားပြီးသကာလ လာတာကို (တဏှာ ခေါ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီတဏှာသည် အလိုလိုပေါ်လာတာမဟုတ်ဘူး (မဟုတ်ပါ ဘုရား) ခန္ဓာထဲက ပေါက်ပွားလာတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခန္ဓာထဲက ပေါက်ပွားလာတဲ့တဏှာကို ကျုပ်တို့သည်ကားလို့်ဆိုလို့ရှိရင် ဘယ်လိုကြောင့် ပေါက်ပွားသလဲ ဆိုတာ မေးရလိမ့်မယ် (မေးရပါမယ် ဘုရား) ဒီခန္ဓာငါးပါးကြီးကို မိမိခန္ဓာငါးပါးကြီးကိုခင်လို့ တဏှာပေါ်တာ (မှန်ပါ့) ဒါက မိမိခန္ဓာငါးပါး (မှန်ပါ့) ခင်တော့ ဘာပေါ် လာသတုံး၊ (တဏှာပေါ်လာပါတယ် ဘုရား)။
ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့တဏှာ (မှန်ပါ့ ဘုရား) ကိုယ့်ဘဝကလေး ကိုယ်ခင်နေလို့ (တဏှာ ပေါ်လာပါတယ် ဘုရား) ဒီတဏှာလာရင် ဒီဥပါဒါန်၊ ဒီကမ္မဘဝ၊ ဒီဇာတိ၊ ဇရာ မရဏတွေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးကြောင့် တဏှာလာရတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီခန္ဓာငါးပါးကြောင့် တဏှာလာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမ တွေက မသိလို့တဲ့နော် (မှန်ပ့ါ ဘုရား)။
ဒီခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့မသိဘူး (မှန်ပါ့) ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မသိရင် ဘာလာသတုံး (တဏှာ လာပါတယ် ဘုရား) တဏှာလာရင် ဥပါဒါန်ကံရော ဇာတိ၊ ဇရာ၊ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးသည်ကားလို့ဆိုရင် တဏှာဖြစ်ကြောင်းဆိုတဲ့ဥစ္စာ သေချာပလား (သေချာပါ ပြီ ဘုရား) ခန္ဓာငါးပါးဟာ ဘာဖြစ်ကြောင်းပါလိမ့် (တဏှာဖြစ်ကြောင်း ပါ ဘုရား) တဏှာဖြစ်ကြောင်းဆိုတာဖြင့် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။
ဥပဓိကလာတယ်
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်၊ တဏှာဘယ်ကလာသလဲ ဥပဓိကလာတယ် (မှန်လှပါ ဘုရား) ဥပဓိဆိုတာ ခန္ဓာပဲ၊ (မှန်ပါ့) တဏှာ ဘယ်ကလာသလဲ (ဥပဓိကလာပါတယ် ဘုရား) ဥပဓိဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။
အဲဒီ ခန္ဓာငါးပါးက လာနေပြီဆိုမှဖြင့် ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ခန္ဓာငါးပါးမှန် သိရင်လဲ မလာဘူး (မှန်ပါ့ ဘုရား) ဘယ့်နှယ်ကြောင့် လာပါလိမ့်မတုံးဆိုတော့ ခန္ဓာငါးပါး ရယ်လို့မသိဘူး၊ မသိတာနဲ့ လာခြင်းဖြစ်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်တဲ့ ဒီလိုလုပ်ကြဦးစို့တဲ့ (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာကိုယ်ခင်လို့ တဏှာလာတာ၊ (မှန်ပါ့) သား, သမီးတွေခင်လို့၊ (တဏှာလာတာပါ ဘုရား) ဆွေမျိုး ဉာတကာ ခန္ဓာတွေကိုခင်လို့ (တဏှာလာတာပါ ဘုရား)။
ဪ ဒါဖြင့် ခန္ဓာလာတဲ့ တဏှာပဲ၊ (မှန်ပါ့ ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ) ဒီတဏှာ ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ခန္ဓာငါးပါးကလာတဲ့တဏှာဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား) အဲဒီတော့ ဒီခန္ဓာငါးပါးကို ခင်ဗျားတို့က အပြစ်ကို မသိတော့ ခင်ကြတာပေါ့ဗျာ၊ (မှန်လှပါ ဘုရား)။
ဒီခန္ဓာငါးပါး ခင်လို့ရှိရင်လဲ သားခင်လို့ရှိရင်လဲ သားကပဲ သူ့ကိုရွက်ဆောင်တော့မည်ပုံ၊ (မှန်ပါ့ ဘုရား) သမီးခင်လို့ရှိရင်လဲ သမီးကပဲ သူ့ကို အိုစာ၊ မင်းစာ၊ ကျွေးမွေးထားတယ်ဆိုပြီး ခင်လိုက်တယ်၊(မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါးတည်းဟူသော ပစ္စည်းခင်လို့ရှိရင် ပစ္စည်းကပဲ ကိုယ့်အပေါ်မသေမချင်း စောင့်ရှောက်ပြီး သကာလ ကျွေးမွေးနေလိမ့်မယ်လို့ ထင်သောကြောင့်လဲ ခင်လိုက်ကြတယ်၊ (မှန်ပါ့ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
အားကိုးရလိမ့်မယ် ထင်လို့
အဲဒီတော့ ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ဒီခန္ဓာငါးပါး ခင်ကြပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား၊ (လိုပါတယ် ဘုရား) အို အားကိုးရလိမ့်မယ် ကိုးစားရလိမ့်မယ်ထင်လို့ ခင်တာ၊ (မှန်ပါ့ ဘုရား)။
ခင်တော့ ခင်တာက တဏှာ၊ ဒီတဏှာတွင် နေမှာလားလို့ တဏှာပစ္စယာ (ဥပါဒါနံ ဘုရား) ဥပါဒါနပစ္စယာ၊ (ကမ္မဘဝပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား) အဲ ပဋိစ္စသမုပ္ပါဒ်လှည့်တယ် (မှန်ပ့ါ) ဒကာ ဒကာမတို့ ၂-နဲ့၊ ၃-ကူး၊ ၃-နဲ့ ၄ ကူးတယ်၊ (ကူးပါတယ် ဘုရား) ၂-နဲ့ ၃ ကော (ကူးပါတယ် ဘုရား) ၃-နဲ့၄ကော၊ (ကူးပါတယ် ဘုရား)။
ဟာ ကူးချင်လို့ကူးတာလား ဒကာ ဒကာမတို့ လက်သည်အရင်းရှာတော့ ခန္ဓာကိုယ်ခင်လို့လာတာ၊ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်ကလာပါလိမ့် (ခန္ဓာကိုယ်ခင်လို့ လာတာပါ ဘုရား) ခန္ဓာကိုယ်ခင်လို့ လာတာဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီ (ရိပ်မိပါပြီ)။
ခန္ဓာကိုယ်ခင်ခဲ့လို့ရှိရင် သေချင်လို့
အဲဒီတော့ ခန္ဓာခင် သေချင်လို့ဆိုတဲ့ဥစ္စာ ဒီ သွားတာပဲ၊ (မှန်ပါ့) ဒီခန္ဓာကိုယ်ခင်ခဲ့လို့ရှိရင်ဖြင့် ဒီ သေချင်လို့ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားတယ်၊ (ရှင်းပါတယ် ဘုရား) ဒီခန္ဓာကို ခင်လို့ရှိရင် သေချင်လို့ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ တန်းသွား ပါတယ်၊ (တန်းသွားပါတယ် ဘုရား) အင်တန်ပေါ်လာတယ်၊ (ပေါ်လာပါတယ် ဘုရား)။
ပေါ်ပြီ ပေါ်ပြီ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းနဲ့ပြတဲ့အခါ ခင်ဗျားတို့ကလဲ ကိုယ်ပိုင်ရှိနေတော့ ခန္ဓာခင်သေချင်လို့သာမှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မိမိခန္ဓာခင်လဲ (သေချင်လို့ပါ ဘုရား) သူတပါးခန္ဓာခင် လဲ၊ (သေချင်လု့ိပါ ဘုရား) ပစ္စည်းခန္ဓာခင်လဲ၊ (သေချင်လို့ ပါ ဘုရား)။
သေချင်လို့ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ထည့်ပေးလိုက်စမ်းပါဦး၊ အဖန်ဖန်သေချင်လု့ိ (မှန်ပါ့) တခါတည်း သေမက ပါဘူး (မကပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘယ်ခန္ဓာခင်ခင် ခင်ချင်လို့ရှိရင် သေချင်လု့ိသာမှတ် (မှန်လှပါ)၊ ဘာဖြစ်လို့တုံးဆိုတော့ ခင်တယ်ဆိုတာ တဏှာပဲ၊ (မှန်ပါ့) တဏှာပစ္စယာ ဥပါဒါနံ လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘုရား)။
ဒါဖြင့် ထုံးစံသွားရမယ်၊ (သွားရပါမယ် ဘုရား) ဥပါဒါနပစ္စယာ ဒီဘက်ရှောက်သွားရင် ဇရာ မရ သွားပြီး လုံးဆုံးတယ်၊ (ဆုံးပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ နောက်တုန်းက သေတဲ့လက်သည်တော့ဖြင့် တွေ့ကြပြီ၊ (တွေ့ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ကျုပ်တို့ဘဝများစွာ သံသရာမြေကြီးထဲ မြှုပ်စရာမရှိအောင် အလောင်းချင်းထပ်ပြီး သကာလ ဒီနေရာမြှုပ်မယ်လို့ရှိင်ရင် ရှေးက ကိုယ်သေပြီးသား၊(မှန်လှပါ) ဒီနေရာ ရွေးမြှုပ်မယ် ဆိုပြန်တော့လဲ ကိုယ်သေပြီးသား၊ (မှန်ပါ့ ဘုရား) မြေကြီးထဲမှာ ကိုယ့်အလောင်းချင်း ထပ်နေတယ် (ထပ်နေပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် အလောင်းချင်း ထပ်ပါလိမ့်
ဘယ့်နှယ်ကြောင့် အလောင်းချင်း ထပ်ပါလိမ့်မတုံးဆိုတဲ့ လက်သည်တော့ ယနေ့ဖမ်းပေးပါတယ် (မှန်လှပါ) ရောက်ရာခန္ဓာကိုခင်လို့ သေပွဲဝင်ရတယ် (မှန်လှပါ) ရောက်ရာခန္ဓာကိုခင်လို့ (သေပွဲဝင်ပါတယ် ဘုရား) မိမိခန္ဓာခင်လို့လဲ သေပွဲဝင်ခဲ့ရတယ်၊ (မှန်ပါ့) သူတစ်ပါးခန္ဓာ မိမိကခင်လို့လဲ (သေပွဲဝင်ခဲ့ရပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ) ပစ္စည်းခန္ဓာတွေခင်လု့ိလဲ၊ (သေပွဲဝင်ရပါတယ် ဘုရား)။
ဪ ကျုပ်တို့ အဖန်ဖန် သေတဲ့ လက်သည်ဟာ ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ပါလား (မဟုတ်ပါ ဘုရား) ခန္ဓာခင်လို့ဖြစ်ကြရတာ (မှန်ပါ့) ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား) ဘယ်လိုပါလိမ့် (ခန္ဓာခင်လို့ဖြစ်ရတာပါ ဘုရား) အိမ်ကျလဲ ဒီဟာလေး ကြည့်နေပါနော် (မှန်ပါ့) အင် ဟင် ပစ္စုပ္ပန်ဘဝဆိုတဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာက ခန္ဓာငါးပါး၊ (မှန်ပါ့ ဘုရား)။
အဲဒီခန္ဓာငါးပါးကြီးကို ကိုယ့်ခန္ဓာငါးပါးကြီးဆိုပြီ ခင်လို့ဖြစ်ရတာ (မှန်ပါ့) မဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား) ဒါကြောင့် ဘုန်းကြီးက ခန္ဓာခင် သေချင်လို့ဆိုတဲ့ စကားမမေ့ပါနဲ့ (မှန်လှပါ) မိမိခန္ဓာခင်လဲ သေချင်လို့ပဲ၊ သူတပါး ခန္ဓာခင်လဲ (သေချင်လို့ပါ ဘုရား) ပစ္စည်းခန္ဓာခင်လဲ၊ (သေချင်လို့ပါ ဘုရား) ရှင်းပြီနော်၊ (ရှင်းပါပြီ ဘုရား)။
အသေခံမိုက်တာ
ဒါဖြင့် ခင်ဗျားတို့ခင်တယ်ဆိုတာ အသေခံမိုက်တာ၊ (မှန်လှပါ) ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ကြည့်ပါ ကြည့်ပါ ပဋိစ္စသမုပ္ပါဒ်ကြည့်ပါ ဒကာ ဒကာမတို့ ဒါက မိမိခန္ဓာခင်လဲ ဒါကမိမိခန္ဓာ (မှန်ပါ့) ဒါက ခင်ကြပြန်တယ် (မှန်လှပါ)အင်း ဟင် ဒီသွားတော့ အသေရတယ်၊ (အသေရပါတယ် ဘုရား) မသွားပါနဲ့ဆိုလို့ကော ရသလား (မရပါ ဘုရား)။
ဒီကနေ့ ဒီဆက်နေတာ၊ ဒီတော့ အဆက်မရှိတော့ဘူး (မရှိပါ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာခင် သေချင်လု့ိ (မှန်လှပါ) သူတပါးခန္ဓာခင်လဲ (သေချင်လို့ပါ ဘုရား) ပစ္စည်းခန္ဓာခင်လဲ (သေချင်လို့ပါ ဘုရား) ခင်ဗျားတို့ ဂုဏ်ယူသရွှေ့ သေချင်လို့သာမှတ် (မှန်လှပါ) ခင်ဗျားတို့က မျက်စိ၊ မျက်နှာ မှတ်ထားပါ၊ ကျုပ်တို့က ခင်တတ်တယ်တဲ့ (မှန်လှပါ) မပြောကြဘူးလား (ပြေကြပါတယ်) မျက်စိ၊ မျက်နှာမှတ်ထားပါတဲ့ ကျုပ်တို့က တွေ့ရင် ခင်တတ်, မင်တတ်တယ်တဲ့ (မှန်လှပါ ဘုရား)။
အင်း အဲဒါသေချင်တယ်လို့ပြောတာ၊ (မှန်ပါ့) တွေ့လို့ရှိရင် ကျုပ်တို့က ခင်တတ်၊ မင်တတ်ပါတယ်၊ မစိမ်းတတ် ပါဘူး ဟုတ်လား (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့လည်းမေးလို့ရှိရင် ဒကာ ဒကာမတို့ သူ့ဟာသူ စဉ်းစားကြည့်ပါ၊ သူခင်တတ်၊ မင်တတ်တယ်ဆိုတာ သူ့တပါး သူပြောနေတာ၊ (ပြောနေတာပါ ဘုရား)။
ဘာဖြစ်လို့ သူပြောတာတုံးဆိုတော့ သေချင်လို့၊ (မှန်ပါ့ သေချင်လို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကျုပ် မျက်စိ, မျက်နှာမှတ်ထားပါ အားလုံး ပုဂ္ဂိုလ်တို့ ကျုပ်တိုလူမျိုး တရာ့တစ်ပါး ကျုပ်ဖြင့် တယ်မုန်းတဲ့လူူမရှိဘူး၊ ခင်တာများများပါပဲ (မှန်ပါ့)။
ခင်တာများများဆိုရင်
အင်း ခင်တာ များများဆိုရင် သေတာ များများတော့လာဦးမှာပဲ (လာပါမယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ) ခင်တာများများဆိုရင်၊ (သေတာများများလာဦးမှာပါပဲ) အင်း သေတာများများ ကျုပ်ကြိုက်ပါတယ်ဆိုတဲ့ စကားဟာ အဆိုသွင်းလိုက်တာပဲ၊(မှန်ပါ့) ဦးလှဘူး တယ်ဆိုးပါလား (ဆိုးပါတယ်ဘုရာ)။
ဒကာ ဒကာမတို့ သေမင်းဟာ ခင်ဗျားတို့ သေချင်လို့ သေရတာလား၊ ကိုယ့်ခန္ဓာကိုယ်ခင်လို့ သေပွဲဝင်ရတာ လား၊ (ကိုယ့်ခန္ဓာကိုယ်ခင်လို့ သေပွဲဝင်ရတာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
ကိုယ့်ခန္ဓာကိုယ်ခင်လို့ သေပွဲဝင်ရတယ်ဆိုတာ သူများပြောတာလားတဲ့၊ ဒါ မိမိခန္ဓာငါးပါး (မှန်ပါ့) ကိုယ့် ခန္ဓာကိုယ်ခင်လိုက်တာ (မှန်လှပါ) ခင်လိုက်တော့ ဒီအကြောင်း ဆက်သွယ်မသွားဘူးလား (ဆက်သွားပါတယ် ဘုရား) ဆက်သွားတော့ သေပွဲကဖြင့် (ဝင်ရပါတယ် ဘုရား)။
ဒါဖြင့် ခန္ဓာခင် သေချင်လို့ဆိုတာ သုံးခုစပ်ရတယ်၊ (မှန်လှပါ) ဒါက ခန္ဓာ၊ (မှန်ပါ့) ဒီက ခင်တာ၊ (မှန်ပါ့) ဒီကသေတာဆိုတော့ ဒကာ ဒကာမတို့ စပ်သွားတာ သိသလား၊ (သိပါတယ် ဘုရား) သုံးခုစပ်သွားတယ် (မှန်လှပါ ဘုရား) ခင်ရင် (သေပွဲဝင်ရပါတယ် ဘုရား)။
အဲခန္ဓာဆိုတာ ၂-နံပါတ်၊ ခင်ဆိုတာ ၃-နံပါတ် သေချင်ဆိုတာက (၄-နံပါတ်ပါ ဘုရား) အဲဒါ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်က ပြောတာ၊(မှန်လှပါ) ဘုန်းကြီးက ပြောတာလား ဒကာ ဒကာမတို့၊ တရားသဘောက ပြောတာလား (တရားသဘောကပြောတာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အဲဒါ ခင်ဗျားတို့ မင်္ဂလာယူနည်းတာ အ, မင်္ဂလာဖြစ်တယ်၊(မှန်လှပါ ဘုရား) ခင်ဗျားတို့ကတော့ မင်္ဂလာယူတာပဲ ကျုပ်တိုတော့ မစိမ်းတတ်ပါဘူး (မှန်လှပါ) မစိမ်းတတ်ဘူးက စ, လာတယ် မောင်ဘသော်၊ (မှန်ပါ့ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား)။
ကျုပ်မျက်နှာမှတ်ထားပါ၊ ကျုပ်တို့က မစိမ်းတတ်ပါဘူး၊ တကယ်လို့ မျက်လုံးမွဲလို့ မသိတောင်မှ မောင်တို့က နှုတ်ဆက်ပါ၊ ဝမ်းထဲကတော့ ခင်တယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ခင်ဗျားတို့ကတော့ ဒါလောကစကားမှာ အတော်ချိုတဲ့စကားပဲ (မှန်လှပါ) မချိုဘူးလား (ချိုပါတယ် ဘုရား) အပြစ်ကြည့်လိုက်တော့ သေချင်ဖို့မှတပါး ဘာမှလာမတွေ့ဘူး(မတွေ့ပါ ဘုရား) အသေပဲတွေ့တယ်၊(မှန်ပါ့ ဘုရား)။
ခန္ဓာခင်မင်ပြီး သေပွဲချည်းဝင်နေလို့
ဒါကြောင့် ခင်ဗျားတို့ ဘုရားအဆူဆူနဲ့ လွဲခဲ့ရတာ ခန္ဓာခင်မင်ပြီး သေပွဲချည်းဝင်နေလို့ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘုရားအဆူဆူနဲ့ လွဲခဲ့ရတာသည် (ခန္ဓာခင်မင်ပြီး သေပွဲချည်းဝင်နေလို့ပါ ဘုရား) ခန္ဓာခင်မင်ပြီး သေပွဲဝင်နေတော့ ခင်တဲ့ပုဂ္ဂိုလ်ကို ဘုရားက ခေါ်ကို မခေါ်နိုင်ဘူး၊ (မှန်လှပါ) သမုဒယချုပ်တဲ့ ပုဂ္ဂိုလ်မှသာလျှင် ဘုရားကလဲ ဧဟိဘိက္ခု အစရှိသည်ဖြင့် ခေါ်နိုင်ပါတယ်၊(မှန်ပါ)။
ဒီ သမုဒယတန်းလန်းနဲ့ ပုဂ္ဂိုလ်တွေကျတော့ ခေါ်နိုင်ပါ့မလား (မခေါ်နိုင်ပါ ဘုရား) အို သူက ငါဘုရားနောက် မလိုက်ဘူး၊ သေမင်းနောက်လိုက်တယ်၊(မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ လောကမှာ ခင်ဗျားတို့ကတော့ဖြင့် အတော် ကျက်သရေရှိတဲ့ စကားပဲ၊ အတော်နာဝင် ချိုအောင်ပြောတဲ့ လောကဝတ်စကားပဲဆိုတာတော့ မှန်ပါတယ် (မှန်ပါ့ ဘုရား)။
သို့သော် ပြောတဲ့ပုဂ္ဂိုလ်သည်ကားလို့ဆိုရင်ဖြင့် သေပွဲဝင်မယ်လို့ သူ့ဟာသူ ဗျာဒိတ်ပေးလိုက်တာပဲ (မှန်လှပါ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ဟာကိုယ် ဗျာဒိတ်ပေးတာပဲ
သေပွဲဝင်မယ်လို့ (သူ့ဟာသူ ဗျာဒိတ်ပေးတာပါ ဘုရား) ကိုယ့်ဟာကိုယ် ဗျာဒိတ်ပေးတာပဲ၊(မှန်ပါ့) သဘောကျ ပလား၊ (ကျပါပြီ)။
ခင်ဗျားတို့က တစ်ယောက်တစ်ယောက်ဆို့လို့ရှိရင်ဖြင့် ဒီလိုပြောနေမှပဲ ကျေနပ်ကြတယ် (မှန်ပါ့ ဘုရား) ခင်ခင် မင်မင် ရှိတယ်ဆိုတာကကွာ အင်မတန် ကောင်းတဲ့အလုပ်၊ ဘာ့ကြောင်းတုံး အဖန်ဖန်သေရလို့(မှန်ပါ့) ပြော-ပြော ကြစမ်းပါဦး (အဖန်ဖန်သေရလို့ပါ ဘုရား)။
ဒကာ ဒကာမတို့ ခင်ခင်မင်မင်ရှိတယ်ဆိုတာ လူကြီးတွေက လာဆုံးမတယ်နော်၊(မှန်ပါ့) မင်းတို့က ခင်ခင်မင်မင် နေကြပေါ့ကွာ၊ မောင်နဲ့နှမ၊ သားနဲ့သမီးဆိုတဲ့ဥစ္စာ မဟုတ်တာတွေ ကတောက်ကဆ မလုပ်ပါနဲ့၊ (မှန်ပါ့ ဘုရား)။
ဘာပြောတာတုံး ဒါ၊ (သေပွဲအဖန်ဖန်ဝင်ဖို့ပြောနေတာပါ ဘုရား) မင်းတို့ အဖန်ဖန် သေရတာကွ၊ ဒီလိုထည့် ပြောရင် အကောင်းသားပဲ၊ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ သိထားတဲ့တရားနဲ့ ဘုရားစေတနာတော်နဲ့ ခန္ဓာဖြစ်စဉ်နဲ့ ထောက်ကြည့်တော့မှ ဪ တကယ့် ကျောချင်းကပ်ပါလား၊(မှန်ပါ့ ဘုရား)။
ကျောချင်းကပ်ဆိုတာ
ဘယ့်နှယ်ဖြစ်နေသလဲ၊ (ကျောချင်းကပ်ဖြစ်နေပါတယ် ဘုရား) ကျောချင်းကပ်ဆိုတာ နည်းနည်းမှနီးနှောလို့ မရဘူး၊ (မှန်လှပါ ဘုရား) သဘောကျပလား၊(ကျပါပြီ) ကျောချင်းကပ်ဆိုတာ (နည်းနည်းမှနှီးနှောလို့မရပါဘူး) နည်းနည်းမှ နှီးနှောလို့ မရတာကို ဆိုပါသည်၊(မှန်ပါ့) ရှင်းကြပလား၊(ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကဖြစ်စေ၊ ဘုန်းကြီးတို့က ဖြစ်စေ၊ ဟေ့ ခန္ဓာဝိပဿနာရှု၊(မှန်လှပါ ဘရား) ဒါသူအဓိကပဲ၊(မှန်ပါ့)။
ခန္ဓာဝိဿနာ ရှုပါဆိုတော့ ဒီ သမုဒယ သေသွားရင် ခန္ဓာမခင်လို့ သေပွဲမဝင်ရဘူး၊ (မှန်ပါ့ ဘုရား) သဘောကျ ပလား၊(ကျပါပြီ) ခန္ဓာမခင်တော့ (သေပွဲမဝင်ရပါ ဘုရား) ခုနကတရားနားလည်ခဲ့ပြီလေ၊(မှန်ပါ့ ဘုရား) ခန္ခာခင်တော့ သေပွဲဝင်ရတယ်၊ (မှန်ပါ့) ခန္ခာခင်တော့ (သေပွဲဝင်ရပါတယ် ဘုရား) ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ကြည် ၂-နံပါတ်ကခန္ဓာ၊ ၄-နံပါတ်က (သေပွဲဝင်ရတာပါ ဘုရား) ခင်တာက ထားပါတော့နော် (မှန်လှပါ ဘုရား) ၄-နံပါတ်က၊ (သေပွဲဝင်ရတာပါ) သေတာ၊ (မှန်ပါ့)။
သူက ကိုက်နေတာပဲ (မှန်ပါ့) ဒကာ ဒကာမတို့ မြင်တဲ့အတိုင်းပါပဲ၊ ၂-နံပါတ်က ဘာတုံး၊ (ခန္ဓာပါ ဘုရား) ဒီက ခန္ဓာငါးပါးသေ၊(မှန်ပါ့) ၃-နံပါတ်က ဘာဖြစ်တာလဲ (ခင်တာပါ ဘုရား) ခင်တယ်ဆိုတော့ သူခေါင်းဆောင်ရင် ဒါတွေလာပြီးသားမို့ သူ့ပဲဆိုကြပါစို့၊ (မှန်ပါ့) သူ့ခေါင်းဆောင်ပြောပြီးရင် ဒီပြင်ဟာတွဟာ သူလာရင်တာ့ လာမှာပဲ (မှန်ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။
ကဲခန္ဓာခင်ရင် သေပွဲဝင်တယ်ဆိုပါတော့ ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်စပ်, စပ်သွားသလဲ (၃စပ်, စပ်ပါတယ်) သုံးခုစပ်တယ် (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ခန္ဓာက၂-နံပါတ်၊ ခင်တာက ၃-နံပါတ်
ဒကာ ဒကာမတွေ ကိုယ့်ပါတဲ့ ပဋိစ္စသမုပ္ပါဒ်ကိုယ်ကြည့်စမ်း၊ ခန္ဓာက၂-နံပါတ်၊ ခင်တာက ၃-နံပါတ်နဲ့ စပ်တယ် (မှန်ပါ့ ဘုရား) သေတော့ ၄-နံပါတ်နဲ့စပ်တယ်၊ (မှန်ပါ့ ဘုရား) မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒီအမှတ်ကလေးတွေ မြားပြထားတဲ့အစပ်ကလေးတွေဟာလဲ ဒကာ ဒကာမတို့ အင်မတန် အသုံးကျတယ်၊ ဒါကလေး ဘာလုပ်ဖို့ ထည့်ထားတာတုံးဆိုတာလဲ မမေးနဲ့တော့ (မှန်ပါ့) မေးဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဒီလိုအစပ်နဲ့လို့ ပြောတာ (မှန်ပ့ါ) ရှင်းပလား၊ (ရှင်းပြီ ဘုရား) ခန္ဓာခင်ရင် (သေပွဲဝင်ရပါတယ် ဘုရား) မှတ်ထား ပါဒီဥစ္စာ၊ ဘာနဲ့ဘာ စပ်သွားသတုံး၊ (၂-နဲ့ ၃၊ ၃နဲ့၄-ပါ ဘုရား) ရှင်းပလား၊(ရှင်းပါပြီ) ခန္ဓာခင် သေပွဲဝင်ဆိုတာ ဘာပါလိမ့် (၂-နဲ့ ၃၊ ၃-နဲ့၄ စပ်တာပါ ဘုရား)။
အဲ အဲဒါတွေစပ်သွားတော့ မြားကစပ်ပြတယ်၊ (မှန်ပါ့) ၂-နဲ့ ၃-နဲ့လည်း စပ်သဟေ့၊ ၃-နဲ့၄-နဲ့ကော (စပ်ပါတယ် ဘုရား)။
အဲဒီတော့ ခန္ဓာခင်တဲ့ပုဂ္ဂိုလ်၊ မသေတဲ့ပုဂ္ဂိုလ် မရှိပါဘူး၊ (မရှိပါ ဘုရား) ရှင်းပလား၊(ရှင်းပါပြီ ဘုရား) ခန္ဓာခင် တဲ့ပုဂ္ဂိုလ်၊ (မသေတဲ့ပုဂ္ဂိုလ် မရှိပါ ဘုရား) မသေတဲ့ပုဂ္ဂိုလ် မရှိပါဘူးဆိုတော့ ဪ ခင် တစ်လုံးဟာ အလွန်အရုပ်ဆိုးတဲ့ စာလုံးပါကလား၊ (မှန်လှပါ့ ဘုရား)။
ဒီခင်မှုက နှိပ်စက်တာပဲ
ဒို့ အဖန်ဖန်သေလေသမျှ ဒီခင်မှုက နှိပ်စက်တာပဲ၊ (မှန်ပါ့ ဘုရား) အဖန်ဖန် သေခဲ့ရတာတွေ (ခင်မှုက နှိပ်စက်လို့ပါ ဘုရား) ဘုရား တစ်ဆူ တစ်ဆူကြားမှာ ၄-ရက်တတ်၊ ၄-ရက်ဆင်းရှိတဲ့ တောင်ကြီးလောက် အရိုးတွေ ပုံတယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ခင်တင်လုံး သတ်လို့၊ (မှန်ပါ့ ဘုရား) ရိပ်မိပလား၊ (ရိပ်မိပါပြီ) ဘယ်သူ သတ်လိုက် ပါလိမ့်၊ (ခင်တစ်လုံးသတ်ပါတယ် ဘုရား)။
အဲ နွားသတ်တဲ့ကုလားဟာ ဦးလှဘူး ၄ ရက်တတ် ၄ ရက်ဆင်း အရိုးတွေတောင်ပုံ၊ ယာပုံအောင် သူတစ်ယောက် တည်း မသတ်နိုင်ဘူး၊ (မသတ်နိုင်ပါ ဘုရား)။
တဏှာတစ်လုံးတည်းသတ်လိုက်တာ ကြည့်စမ်း၊ မောင်ဘသော် ၄-ရက်တတ်၊ ၄-ရက်ဆင်း အရိုးတွေ ပုံထားလို့ရှိရင် (မှန်လှပါ) တဏှာတစ်လုံးတည်း သတ်လိုက်တာဘယ်လောက်တဲ့၊( ၄-ရက်တတ် ၄ ရက်ဆင်း တောင်ပုံ မျှပါ ဘုရား)။
အရိုးတောင်ကြီး ဖြစ်မယ်တဲ့၊ အဲဒီ အရိုးတောင်ဘယ်လောက် မြင့်မားသလဲဆိုတာ ပကတိတော်တော်သွက်တဲ့လူ တက်မယ်ဆိုလို့ရှိရင် ၄-ရက်တတ် ၄-ရက်ဆင်းတဲ့၊ (မှန်ပါ့ ဘုရား) ဒါဘယ်သူ သတ်လိုက်တာပါလိမ့် (တဏှာ သတ်လိုက် တာပါ ဘုရား)။
ဒါကြောင့်ခန္ဓာခင်တဲ့ သေချင်လို့ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ တဏှာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သေအောင် လုပ်တတ်တဲ့တရားပဲဆိုတာ ဒကာသစ်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
၂-နဲ့ ၃-ကို ဘယ်သူက စပ်ပါလိမ့်မတုံး
ကဲ ပဋိစ္စသမုပ္ပါဒ်ဒေသနာနဲ့ထောက်လိုက်တော့ကို ၂-နဲ့ ၃-စပ်၊ ၃-နဲ့ ၄-စပ်လို့ သေပွဲဝင်ရတယ်။ (မှန်လှ ပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ၂-နဲ့ ၃-ကို ဘယ်သူက စပ်ပါလိမ့်မတုံးဆို ခန္ဓာခင်တဲ့တဏှာ , ခန္ခာနဲ့တဏှာ စပ်တယ်(မှန်ပါ့ ဘုရား) ၃ နဲ့ ၄ ဆိုတာ တဏှာကနေပြီး ဆက်သွားတော့ ကမ္မဘဝ နဲ့ ဇာတိသွားစပ်တယ် (မှန်လှပါ ဘုရား) စပ်တော့ ဇရာ မရဏဆိုတာကြီးဟာ ပေါ်လာတယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဒါကြောင့် ခန္ဓာခင် သေပွဲဝင်ရတယ်၊ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြမယ်၊ (ခန္ဓာခင်သေပွဲ ဝင်ရပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား) ၂-နဲ့ ၃-နဲ့ကလဲ(စပ်ပါတယ် ဘုရား) ၃နဲ့ ၄နဲ့ကလဲ၊ (စပ်ပါတယ် ဘုရား)။
အင်း ဒါဖြင့် မြန်မာစကားအတိုင်းဆိုရင်ဖြင့် ဒကာသစ် ရှင်းသွားပြီနော် (ရှင်းသွားပါပြီ ဘုရား) ခန္ခာခင် သေပွဲဝင်ဆိုတာ စပ်လို့ပဲ၊ (စပ်လို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်အကြောင်း အကျိုးဆက်လို့ပဲ (မှန်ပါ့) ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါကြောင့် ကိုယ့်မှာ ဟုတ်တယ်၊ မဟုတ်ဘူး၊ ကိုယ့်အလုပ် ဟုတ်တယ် – မဟုတ်ဘူးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမ တို့ ပဋိစ္စသမုပ္ပါဒ်က သက်သေခံသွားပြီ (ခံသွားပါပြီ ဘုရား)။
တော်တော် ခင်တတ်တဲ့လူ
ခင်ဗျားတို့ချင်းကျတော့ ဟောဒီ လူကြီးဟာဗျာ သိပ်သဘောကောင်းတာပဲ (မှန်ပါ့) သူက လူတိုင်းကို သူကလဲ ခင်တာပဲဗျ၊ လူတိုင်းခင်တတ်တဲ့လူကြီး (မှန်လှပါ) ဟုတ်လား၊ ခင်ဗျားတို့က ဒီလူကို ဂုဏ်ပေးနေကြတယ်၊ (မှန်လှပါ) မပေးဘူးလား၊ (ပေးပါတယ် ဘုရား)။
ဒီလူဟာ လူတိုင်းနဲ့ မဆန့်ကျင်ဘူးဗျ၊ သူကလဲ လူတွေ့လို့ရှိရင်ဖြင့် မောင်ရယ်၊ အစ်မရယ်နဲ့ တော်တော် ခင်တတ်တဲ့လူဆိုတော့ ဒီလူဟာ ရှာမှရှားတယ် (မှန်ပါ့ ဘုရား)။
အံမာ ချီးများချီးမွမ်းလိုက်သေးတယ်၊ (မှန်လှပါ ဘုရား) ချီးမွမ်းပေးရင် သူ့မှာနစ်နာရှာတယ် (နစ်နာပါတယ် ဘုရား) သူကမသိရှာဘူး၊ ငါတော့ဖြင့် ချီးမွမ်းအောင် နေတတ်ပါတယ်ကွာလို့ သူပြောမှာပဲ၊ မပြောဘူးလား (ပြောပါ တယ် ဘုရား) ပြောသာပြောတယ် သေပွဲကထပ်နေပြီ၊ (တပ်နေပါပြီ ဘုရား) သူ့ကြွားလုံးနဲ့ သူနဲ့ကို ဒုက္ခရောက်နေပြီ (ရောက်နေပါပြီ ဘုရား) ရိပ်မိကြပလား၊ (ရိပ်မိပါပြီ ဘုရား)။
ဒကာ ဒကာမတွေကော ခင်တတ်သလားမေးရင် ဘယ့်နှယ်ပြောကြမလဲ၊ (ခင်တတ်ပါတယ် ဘုရား) အေး သေဦးမယ် ကြပ်ကြပ်သတိထား၊ ရိမ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရန်တိုက်ပေးတယ်လို့ အောက်မေ့ မနေနဲ့
အဲဒါတွေ ဂုဏ်ယူမနေနဲ့၊ ဒီကရှေ့ကို(မှန်လှပါ ဘုရား) ဂုဏ်လဲမယူပါနဲ့ဆိုတာကို ဘုရား သခင်ကိုယ်တော် မြတ်ကြီးက ဟောတော်မူတာကို ဘုန်းကြီးက ခင်ဗျားတို့ကို ခင်ဗျားတို့ ခင်တဲ့လူနဲ့ ရန်တိုက်ပေးတယ်လို့ အောက်မေ့ မနေနဲ့ဦး၊ (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် သေသေချာချာရှင်းပြတယ်၊ (မှန်ပါ့ ဘုရား) ဒါက ခန္ဓာ၊ ဒါက ခင်တာ၊ ၂-နံပါတ်က ခင်စရာ၊ (ခင်စရာပါ ဘုရား) မဟုတ်ဘူးလား၊ ၃-နံပါတ်က ခင်တာပေါ့ဗျာ (မှန်ပါ့ ဘုရား) ၂နံပါတ် ကတော့ ခင်စရာ၊ ၃ – နံပါတ်က ခင်တာ (မှန်ပါ့) ၄ – နံပါတ်က သေတာ (သေတာပါ ဘုရား) ဒီလိုဆက်သွယ်ရတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီဘက်သာကူးရင် ဒီဘက် တားမရတော့ဘူး၊ (မရပါ ဘုရား) ၂-က ၃-သာကူးရင် ၄-တား မရတော့ဘူး၊ (မရပါ ဘုရား) ၂-က ၃-ကူးရင် (၄-တားမရတော့ဘူး) ၄-တားမရဘူး ဆိုတာ သေချာပလား (သေချာပါ တယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီအထဲ ဒကာ ဒကာမတွေ ဒီဝါသနာရှိတဲ့ပုဂ္ဂိုလ်၊ ခင်တတ်တဲ့, ဝါသနာရှိတဲ့ပုဂ္ဂိုလ် များသလား၊ နည်းသလားလို့ဆိုလို့ရှိရင် ဦးလှဘူး ခင်ဗျားကပဲ လူကြီးလုပ်ပြီး ဆုံးဖြတ်ချက် ချပေတော့ ဘယ့်နှယ်ချမလဲ၊ (များပါတယ် ဘုရား) များတယ်၊ (မှန်ပါ့) သေမှ သေပါ့မလား၊ ဒါဖြင့် (မှန်ပါ့)။
အဖန်ဖန်သေမှ သေပါ့မလား
အဖန်ဖန်သေမှ သေပါ့မလားဆိုရင် ဘယ့်နှယ်ဖြေမလဲ၊ (သေရမှာပါ ဘုရား) အဲ အဖန်ဖန်သေရတာ သည်ကား လို့ဆိုရင် ခင်ဗျားတို့ဘုန်းကြီး ရှင်းပြမယ်နော်၊(မှန်ပါ့ ဘုရား) အနာကြီးပေါက်ပြီး သေရမယ်၊ အနာငယ်ပေါက်ပြီးသေရမယ်၊ သူများဓားအောက်မှ ခေါင်းဖြတ်ခံရမယ်၊ (မှန်ပါ့) သူများလှံချက်မိပြီး သေရမယ်၊ (မှန်လှပါ) သစ်ပင်ပိလို့ သေရမယ်၊ ရေနစ်လို့ သေရမယ်ဆိုတဲ့ အသေမျိုးစုံ (မှန်လှပါ့ ဘုရား) ဘယ်ဟာကြိုက်သတုံး၊ (ဘယ်ဟာမှ မကြိုက်ပါ ဘုရား)။
ဟာ ဘယ်ဟာမှ မကြိုက်လို့ရှိရင်ဖြင့် ခန္ဓာမခင်မှ (မှန်လှပါ ဘုရား) ရှင်းပလား၊(ရှင်းပါပြီ) ဘယ်ဟာမှ မကြိုက်ရင်ဖြင့် (ခန္ဓာမခင်မှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ)။
ဒါဖြင့် တပည့်တော်တို့ အတော်ကြီးစားရမယ်ဘုရား၊ ဝါသနာအထုံကတွေ့ရင် ခင်တတ်တာကတစ်မျိုး၊ ကိုယ့် ကိုယ်ကို ခင်တာကတစ်မျိုး၊ (မှန်လှပါ ဘုရား) ဘေးကပုဂ္ဂိုလ်တွေ့ရင် ခင်တတ်၊ မင်တတ်တာက (တစ်မျိုးပါ ဘုရား) တပည့်တော်တို့ ဝါသနာက အသေကြိုက်ဖြစ်နေတယ်၊ (မှန်ပါ့ ဘုရား) ဘယ့်နှယ်ဆိုကြမယ်၊ (အသေကြိုက်ဖြစ်နေပါတယ် ဘုရား)။
ဒါ ဘုန်းကြီးနဲ့တွေ့လို့နော်၊ ခင်ဗျားတို့ဝါသနာကတော့ အသေကြိုက်ပဲ၊ (အသေကြိုက်ပါ ဘုရား) သဘောကျ ပလား (ကျပါပြီ) ဘုန်းကြီးနဲ့တွေ့လို့၊ ပဋိစ္စသမုပ္ပါဒ်ကလဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဤကဲ့သို့ ဖြစ်ပါတယ် ဆိုတာကြီး ဒကာသစ် ရှင်းရှင်းလင်းလင်းကြီး ပြထားတယ်၊(မှန်လှပါ ဘုရား)။
ခင်ဗျားတို့အလို ခင်ဗျားတို့အကြိုက်ဆိုလို့ရှိရင်ဖြင့် ဟေ တစ်ယောက် တစ်ယောက် ဆုံးမကြတာ ဒီကောင် ကလေး ပုံပန်းက တယ် လူမုန်း များသကိုး၊ ခင်ခင်မင်မင်ရှိနေအောင်နေမှပေါ့၊ ကိုယ်ကလဲ နှုတ်ချိုမှပေါ့ နှုတ်ချိုပြည်စိုး ဆိုတာမကြားဖူးဘူးလား၊ အံမာလေး ရှောက်သင်လိုက်တဲ့ဖြစ်ခြင်း သေပွဲချည်း သင်လွတ်နေတယ်၊ (မှန်ပါ့ ဘုရား)။
သေပွဲချည်း သင်လွတ်နေတယ်
ဘာတွေ သင်လွတ်နေသလဲ၊ (သေပွဲချည်း သင်လွတ်နေပါတယ် ဘုရား) ဒကာ ဒကာမတွေ သင်ဖူးကြရဲ့လား (သင်ဖူးကြပါတယ် ဘုရား)။
အေး ကိုယ်က အသေမျိုးမို့လို့ နောက်လူတွေကလဲ အသေမျိုးဖြစ်ပါစေတော့လို့သင်ရတယ်၊ (မှန်လှပါ ဘုရား) ရှင်းပလား၊(ရှင်းပါပြီ ဘုရား) ခင်ဗျားတို့ ဒီဆရာကောင်းသမားကောင်း မတွေ့မယ်ဆိုလို့ရှိရင် ဒကာသစ် သွားပြီ (သွားပါပြီ ဘုရား) ကိုယ့်ဟာကဖြင့် အလွဲချည်းပဲလို့ ဆုံးဖြတ်ချက်ချပါ၊(မှန်လှပါ) ကိုယ်တတ်ထားတာနဲ့ ကိုယ်သိထား တာကဖြင့် (အလွဲချည်းပါ ဘုရား) အလွဲချည်းပဲ သေပွဲဝင်ဖို့ ဒါပဲတတ်တယ်၊ ဒီပြင် သေပွဲလွတ်ဖို့ မတတ်ဘူး (မတတ်ပါ ဘုရား) တယ်လဲဆိုးပါကလား၊(ဆိုးပါတယ် ဘုရား)။
အေး ဒါဟာ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှ ဒီပါဠိရှိပါတယ် (မှန်ပ့ါ ဘုရား) ခုပြောလဲ သစ္စာတွေဖွဲ့ပြီးသကာလ ခန္ဓာခင် သေချင်လို့ဆိုတဲ့ဥစ္စာ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်ကြီးမှာ ဒကာသစ် သေသေချာချာကြည့် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမခင်ရင် သေပွဲ လွတ်ပါတယ်၊ (မှန်ပါ့ဘုရာ) ခန္ဓာမခင်ရင်၊ (သေပွဲ လွတ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ခန္ဓာမခင်ရင်သေပွဲလွတ်တယ်ဆိုတော့ ခန္ဓာခင်ရင် သေပွဲဝင် ဟုတ်လား ၊ (မှန်ပါ့) ခန္ဓာမခင်ရင်သေပွဲလွတ်၊ (မှန်ပါ့-သေပွဲထွက်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဪ ခင်ဗျားတို့ ပေးထားတဲ့ အလုပ်ဟူသရွေ့သည် အသေလွတ်တဲ့ အလုပ်ချည်း ပေးထားပါတယ်၊(မှန်လှပါ ဘုရား) ခင်ဗျားတို့ပေးထားတဲ့ အလုပ်ဟူသရွေ့ဟာဖြင့် (အသေလွတ်တဲ့ အလုပ်ချည်း ပေးထားပါတယ်) အသေလွတ်တဲ့ အလုပ်ကိုပေးထားပါတယ် (မှန်ပါ့) ကိုင်း ဒါဖြင့် ဒီအထဲမှာ ဒါခန္ဓာတွေပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အင်း ဝေဒနာကလေးက ဒကာ ဒကာမတွေက ဝေဒနာသုံးပါ၊ ဝေဒနာငါးပါး၊ ခန္ဓာထဲပေါ်ရင် ဖြစ်ပျက်ရှုလိုက် (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တဲ့အခါ ဒီအစပ်မှာ မဂ်ဝင်ရတယ်လို့ မနေ့ကလဲပြောခဲ့ပြီ၊ (ပြောခဲ့ပါတယ် ဘုရား) ဒီခင်တာလာ သေးရဲ့လား၊ (မလာပါဘူး ဘုရား)။
ဒါဖြင့် ဒီသေပွဲ အနာဂါတ်ဘဝရသေးရဲ့လား (မရပါ ဘုရား) ဒါဖြင့် ခန္ဓာမခင်လို့ရှိရင် အသေလွတ်တယ် (လွတ်ပါ တယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့မှာ ဖြစ်မှု, ပျက်မှုအနိစ္စ၊ ခင်ဗျားတို့ ရှုရတဲ့ကျေးဇူး ပေါ်ကြပလား၊ (ပေါ်ပါပြီ ဘုရား)။
ဪ ခန္ဓာမခင်တော့လဲ အသေလွတ်ပါကလား (လွတ်ပါတယ် ဘုရား) ဘယ့်နှယ်ပါလိမ့် (ခန္ဓာမခင်ရင် အသေလွတ်ပါတယ် ဘုရား)။
ဖြစ်ပျက်ရှုနေလို့ရှိရင်
အဲဒီတော့မခင်ပါနဲ့ဆိုလို့ရန်ဖြစ်ပြီး နှုတ်ခမ်း စူနေရမှာ မဟုတ်ပါဘူး၊ (မဟုတ်ပါဘူး) ကိုယ့်ခန္ဓာကို ကိုယ်ဖြစ်ပျက် ရှုနေရင်မခင်တာ၊ (မှန်လှပါ ဘုရား) သူတစ်ပါး တွေ့ရင်လဲ၊ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုနေလို့ရှိရင် ခန္ဓာမခင် တော့ သေပွဲမဝင်ရဘူး၊ (မဝင်ရပါ ဘုရား)။
ဒါဖြင့် ၂-နဲ့ ၃-ကူးသေးသလား၊ (မကူးပါ ဘုရား) ပေါ်လာပြီ၊ (ပေါ်လာပါပြီ ဘုရား) ဒကာ ဒကာမတို့ ၂-နဲ့ ၃၊ ကြည့်စမ်း ကူးသေးရဲကလား (မကူးပါ ဘုရား)။
ဒါဘယ့်နှယ်ကြောင့် မကူးရပါလိမ့်မတုံးဆိုတာ အခြေထွက်ကြစမ်းပါ၊ (ခန္ဓာမခင်လို့ပါ ဘုရား) အဲ ဒါက ခန္ဓာမခင်တာမဂ်၊ (မှန်ပါ့ ဘုရား) ဒီတရားကလေးဟာ ဘာတဲ့တုန်း (ခန္ဓာပါ ဘုရား) ဒီဟာတွေ ဖြစ်ပျက်ရှုနေ တော့ဖြစ် ပျက်ကဘာတွေတုံး၊ (မဂ်ပါ ဘုရား) မဂ်ဆိုတာမခင်တာ (မှန်ပါ့) သဘောကျပလား၊ (ကျပါပြီ) ခန္ဓာမခင်တော့ သေပွဲ မဝင်ရပါဘူး (မှန်လှပါ) ဒီမှာ သေစရာရှိသေရဲ့လား (မရှိပါဘူး ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ ဟောရခြင်းသည် ဒကာ ဒကာမတို့ ဉာဏ်ထဲမှာလဲ ရှင်းတယ် (ရှင်းပါတယ် ဘုရား)။
ဒါဘယ့်နှယ့်ပြောသတုံး၊ ဘယ်သူက ပြောသတုံး၊ ဘယ်ဝါဒက ပြောသတုံးလို့ ခင်ဗျားတို့ ဆင်ခြေလဲစရာ မလို တော့ဘူး၊ (မလိုပါ ဘုရား)။
ဘုရားကဒီအတိုင်းဟောတယ်၊ ဘုရားမရှိလဲ ဒီပဋိစ္စသမုပ္ပါဒ်ကလည်နေတာပဲ၊ (လည်နေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) ဘုရားရှိတဲ့အခါ နည်းပေးကောင်းလု့ိ၊ နည်းယူကောင်းကြလို့ လုပ်လဲ လုပ်ကြမယ်ဆိုရင်ဖြင့် ပြတ်ပြန်တယ်၊ (မှန်ပါ့) ဘုရားမရှိလို့ ရှိရင်လဲ ခင်ဗျားတို့ ခန္ဓာခင် သေပွဲဝင်နေကြတာပဲ၊ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ)။
ဒါကြောင့် အရိုးတောင်လိုပုံတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
ခန္ဓာမခင်ရင် သေပွဲလွတ်ပါတယ်
ကိုင်း ဒါဖြင့် ခန္ဓာမခင်ရင် သေပွဲလွတ်ပါတယ်၊ (လွတ်ပါတယ် ဘုရား) သဘောကျပလား၊ (ကျပါတယ် ဘုရား) ဒါက ခန္ဓာတွေဆိုပါတော့၊ (မှန်ပါ့) ဒီနေရာ မဂ်သွင်းလိုက်တော့ ခင်သေးရဲ့လား၊ (မခင်ပါ ဘုရား) မခင်လို့ရှိရင်ဖြင့် အနာဂတ်ဘဝရယ်လို့ကို ပေါ်သေးရဲ့လား၊ (မပေါ်ပါ ဘုရား) ဒါဖြင့် အနာဂတ်သေစရာမရှိဘူး၊(မှန်လှပါ) ပစ္စုပ္ပန်တစ်ခါ သေပြီးနောက် သေစရာမရှိပါဘူး (မရှိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခန္ဓာမခင်တဲ့နည်းဟာကွာတဲ့ ဒီလိုလုပ်ပါ၊ မင်းတို့ မျက်စိလည်ပျောက်ရင် မခင်ပါဘူးတဲ့၊ (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ) မျက်စိလည်ပျောက်ရင်တော့ဖြင့် (မခင်ပါ ဘုရား)။
မခင်ပါဘူးတဲ့၊ နို့ဖြင့် ဒီခန္ဓာကြီးကို ကိုယ့်ခန္ဓာကြီးကို ဒကာ ဒကာမတို့က အင်း အသုဘပဲ၊ အနိစ္စပဲလို့ သေသေချာချာ မျက်စိလည်ပျောက်သွားလို့ရှိရင် မဂ်ဉာဏ်လာပါတယ်၊ (လာပါတယ် ဘုရား) မလာဘူးလား (လာပါ တယ် ဘုရား) ဒီမဂ်ဉာဏ်လာတယ်ဆိုရင်ပဲ ဒကာ ဒကာမတို့ ဒီဘက်က ၃-နံပါတ်ကူးသေးသလား (မကူးပါဘူး ဘုရား)။
အဲဒီတော့ ၄-နံပါတ်ဒုက္ခတွေ တွေ့ဖို့ရှိသေးသလား၊ (မရှိပါ ဘုရား) ဪ ဒါဘယ့်နှယ်ကြောင့်ပါ လိမ့်မတုံး၊ ခန္ဓာမခင်တဲ့မဂ်ပေါ်လို့ (မှန်လှပါ) ရှင်းကြပလား၊(ရှင်းပါပြီ ဘုရား) ဘယ်လိုပါလိမ့်၊ (ခန္ဓာမခင်တဲ့မဂ်ပေါ်လို့ပါ ဘုရား)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ဟောရ ပြောရ ဒကာ ဒကာမတွေ ဆိုဆုံးမရ၊ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်မျက်လုံးနဲ့လဲ အမြင်သိရတော့မှ ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောထားခဲ့လို့ သိရပေတယ်လို့မှတ်၊ ဖြစ်စဉ်ကတော့ အမြဲဖြစ်နေတယ်မှတ် (မှန်လှပါ) သဘောကျပလား၊(ကျပါပြီ) ဘုရားမပွင့်လို့မဟောလဲ ဒီခန္ဓာကြီးကတော့ ဒီလိုလည် နေတာပဲ (လည်နေပါတယ် ဘုရား) ရှင်းကြပလား၊ (ရှင်းပါပြီ)။
ခင်လို့ရှိရင် သေရလိမ့်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးက ဒကာ ဒကာမတွေကို မခင်နဲ့၊ ခင်လို့ရှိရင် သေရလိမ့်မယ်ဆိုတော့ စကားကြမ်းတယ်ထင်သလား (မထင်ပါ ဘုရား)။
ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ သေသေချာချာ သူ့အကန့်နဲ့ သူ့အကန့်နဲဆိုသလို ထောက်ပြတော့ ဪ ဟုတ်သားပဲ၊ (မှန်လှပါ ဘုရား) ၂-နံပါတ်ကို ၃-က ခင်ပြီဆိုမှဖြင့် ၄-အသေပွဲဟာ ဝင်ရပါတယ် (ဝင်ရပါတယ် ဘုရား) မဝင်နဲ့ဆိုလို့ (မရပါ ဘုရား) ရ, ကို မရဘူးဆိုတာဖြင့် ဒကာ ဒကာမတို့ ရှင်းကြလင်းကြပါပြီ၊ (ရှင်းပါပြီ ဘုရား)။
ဒါကြောင့်ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ ဒီခန္ဓာကြီးကို မင်းတို့ မခင်ပါနဲ့တဲ့ ခင်ခဲ့လို့ရှိရင် ဒီခန္ဓာကြီးဟာ ဘာနဲ့တူသတုံး ဆိုလို့ရှိရင် မင်းတို့ကလဲ ပုထုဇဉ် အရှုးတွေ ဖြစ်နေတော့ အမူးကလဲ ကြိုက်တယ် (မှန်လှပါ) သဘောကျပလား၊ (ကျပါပြီ)။
အဲဒီတော့ အရက်ထဲမှာ အဆိပ်နဲ့ရောထားတဲ့ ဒီခန္ဓာကြီးဟာ၊(မှန်လှပါ ဘုရား) အရက်ခွက် အဆိပ်နဲ့ ရောက်တာနဲ့ တူပါတယ်၊ (မှန်လှပါ) သွားပြီး မသောက်ပါနဲ့တဲ့၊ သောက်လို့ရှိရင် ဟောဒီ သေပွဲဟာ တွေ့ရမယ်တဲ့ (တွေ့ရပါမယ် ဘုရား) ဟောဒီ တဏှာနဲ့သောက်ရင် ဟောဒီသေပွဲဟာ၊ (တွေ့ရပါမယ် ဘုရား)။
အဆိပ်နဲ့ ရောထားတဲ့အရက်
ဒါဖြင့် ခန္ဓာကြီးဟာ ဒကာ ဒကာမတို့ အဆိပ်နဲ့ ရောထားတဲ့အရက်၊ (မှန်လှပါ ဘုရား) သဘောကျပလား၊ (ကျပါပြီ ဘုရား) အဆိပ်နဲ့ရောထားတဲ့ အရက်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒီခန္ဓာကြီးဟာ ဘာတဲ့ (အဆိပ်နဲ့ ရောထားတဲ့ အရက်ပါ ဘုရား)။
အဲဒီတော့ တဏှာသမားက ခင်တယ်ဆိုတာ သောက်မိတာပဲ၊ (မှန်ပါ့ ဘုရား) သောက်မိလို့ သေရတယ် (သေရပါတယ် ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ)။
အဲဒီတော့ အဆိပ်နဲ့ ရောထားတဲ့ အရက်လို့ ခင်ဗျားတို့ယနေ့မှတ်ပြီး သိပါ။ (မှန်ပါ့ ဘုရား) ဒါဖြင့် မသောက် ဘူးဟေ့ ဆိုတာ မခင်ဘူးဟေ့၊(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မသောက်ဘူးဟေ့ ဆိုတာ ဘာပါလိမ့် (မခင်ဘူးဟေ့ ပြောတာပါ) မခင်ဘူးဟေ့ဆိုတာ ဘယ်လိုတုံးဆိုတော့ မခင်ဆိုတာ ဘယ်လိုနေမှာတုံးမေးတော့ ဘယ်ခန္ဓာပေါ်လာလာ ခင်ဗျားတို့ ဝေဒနာက္ခန္ဓာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာလာရင် ဖြစ်ပျက်ရှု၊ (မှန်ပါ့ ဘုရား) ဝိညာဏက္ခန္ဓာစိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ စိတ်လာတိုင်း ဘာလုပ်ရမလဲ၊ (ဖြစ်ပျက်ရှုပါမယ် ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့ ခင်မိသေးရဲ့လား၊ (မခင်မိပါ ဘုရား) သောက်မိသေးရဲ့လား၊ (မသောက်မိပါ ဘုရား)။
ဒါဖြင့် အဆိပ်နဲ့ရောထားတဲ့ အရက်ကို ရှောင်ပစ်လိုက် (မှန်ပါ့ ဘုရား) ရှောင်ပစ်တော့ အန္တရာယ်ကင်း ဘေးရှင်းဖြစ်တယ်၊ (မှန်ပါ့ ဘုရား) သူသေရသေးရဲ့လား၊ (မသေပါ ဘုရား)။
ဒါဖြင့် အဆိပ်နဲ့ရောထားတဲ့ အရက်နဲ့ ခန္ဓာကြီးနဲ့တူပါတယ်၊ (တူပါတယ် ဘုရား) သောက်တဲ့လူနဲ့ ပုထုဇဉ်မိုက် နဲတူပါတယ်၊ (တူပါတယ် ဘုရား) မိုက်ခြင်းကြောင့် မသောက်ကောင်းတာ သောက်လို့လဲ သူ့မှာ မတရားသဖြင့် သေရတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သေချင်လို့ သေချင်လို့ သေရတာလားတဲ့ ရူးမိုက်မိုက်လို့ သေရတာလား၊ (ရူးမိုက် မိုက်လို့သေရတာပါ ဘုရား)။
ဪ ဒါဖြင့် အသေလွတ်တဲ့တရားဟာ ရူးမိုက် မမိုက်ရင် အသေလွတ်တယ်၊(မှန်ပါ့ ဘုရား) ရူးမိုက် မိုက်လို့ ရှိရင်တော့၊ (အသေတွေ့ရပါမယ် ဘုရား) အသေတွေ့ရမှာပဲဆိုတာ ဒကာ ဒကာမတွေ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးနဲ့ကိုက်ပလား၊ (ကိုက်ပါပြီ ဘုရား) ဒါ ဘယ်တော့မှ မမေ့ကြပါနဲ့တဲ့၊ ဒီခန္ဓာကြီးဟာ အဆိပ်နဲ့ ရောထားတဲ့အရက်ပါပဲ၊ (မှန်ပါ့ ဘုရား)။
ဒီက ခင်တဲ့ပုဂ္ဂိုလ်က ပုထုဇဉ်မိုက်၊ (မှန်ပါ့ ဘုရား) တဏှာနဲ့မို့ သူကခင်မိတယ်ဆိုအကောင်းချည်းပဲ (အကောင်း ချည်းပါပဲ ဘုရား) အကောင်းချည်းပဲဆိုရင် အသေပွဲတွေ လွတ်ပါ့မလား၊ (မလွတ်ပါ ဘုရား) တဏှာ ဥပါဒါန်ကမ္မဘဝ ဇာတိ ဇရာ မရဏဆိုတဲ့ သေပွဲတွေဟာဖြင့် သောက်တဲ့ပုဂ္ဂိုလ် သေတယ်၊ (မှန်ပါ့) ဝါ ခင်တဲ့ပုဂ္ဂိုလ်သေတာ (မှန်ပါ့ ဘုရား) မခင်တဲ့ပုဂ္ဂိုလ်မှာ၊(မသေပါ ဘုရား)။
ဖြစ်ပျက်ရှုပေး
အေး ဒါဖြင့် ဒကာ ဒကာမတွေက မခင်တဲ့ နည်းဟာလဲ တစ်ယောက် တစ်ယောက်ရန်ဖြစ်ပြီး မခင်ရမှာ မဟုတ်ပါဘူး၊ (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာကိုယ်ဝေဒနာတွေ့ရင် ဝေဒနာဖြစ်ပျက်ရှုပေး၊ (မှန်ပါ့ ဘုရား) စိတ်တွေ့ရင်ကော (စိတ်ကိုဖြစ် ပျက်ရှုပေးရပါမယ် ဘုရား)။
စိတ် ဖြစ်, ပျက်ရှုလိုက်တဲ့အခါကျတော့ သူတို့က ဖြစ်ပျက်၊ ရှုတာကမဂ်ဆိုတော့ သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါ ဘုရား) ရှုတာက မဂ်ဆိုတော့ မသောက်ဖြစ်ဘူး၊ (မှန်ပါ့ ဘုရား) မသောက်ဖြစ်တဲ့အတွက် ၂-နဲ့ ၃-ဟာ မစပ်တော့ဘူး (မစပ်ပါ ဘုရား) စပ်သေးရဲ့လား (မစပ်ပါ ဘုရား)။
ဒါဖြင့် ၂-နဲ့ ၃-နဲ့မစပ်လို့ရှိရင် ၃-နဲ့ ၄-နဲ့လည်း စပ်ချင်လို့လည်း မဖြစ်တော့ပါဘူး (မဖြစ်တော့ပါ ဘုရား) ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား) ဒါဘယ်သူက ပြောသတုံးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကပြောတယ် (မှန်လှပါ ဘုရား) ဘယ်သူက ပြောသတုံး(ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်က ပြောပါတယ် ဘုရား)။
အဲဒီတော့မှ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဆိုတာ ဘုရားဟောတာလား၊ ဘုရားမဟောလဲ ရှိတာပဲလားမေးရင် ဘယ့်နှယ်ပြောမလဲ (ဘုရားမဟောလဲရှိတာပါပဲ ဘုရား) ဘုရားဟောလဲ (ရှိတာပဲ) မဟောပဲနေလဲ(ရှိတာပါပဲ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဘုရားဟောလဲ ဘုရားက ဖော်ပြတာပဲ၊ (မှန်ပါ့ ဘုရား) ဘုရားမဟောလဲ ကမ္ဘာ့သဘောအတိုင်း ရှိနေတာပဲ (မှန်ပါ့ ဘုရား) ရှင်းကြပလား(ရှင်းပါပြီ)။
ဒါဖြင့်ဒကာ ဒကာမတွေ အဆိပ်နဲ့ရောထားတဲ့ အရက်ကို အင်း ဒါ သေပွဲဝင်မည့်တရားမို့ မသောက်ဘူးဟေ့ လို့ ရှောင်းလိုက်ပြန်ရင်လဲ လွတ်သွားတယ်၊(လွတ်သွားပါတယ် ဘုရား)။
ရှောင်လိုက်ပြန်လည်း အိုပွဲ၊ နာပွဲ၊ သေပွဲ ဘယ့်နှယ်နေသလဲ၊ (လွတ်ပါတယ် ဘုရား) လွတ်တယ်ဆိုတာ ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ရှောင်ဆိုတာ ဘာပါလိမ့်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ့်နှယ်လုပ်ကြမတုံး (ရှောင်ရပါမယ် ဘုရား) ရှောင်ရမယ်၊ ရှောင်ဆိုတာ ဝိပဿနာရှုနေ (မှန်ပါ့ ဘုရား) ရှောင်ဆိုတာ ဘာပါလိမ့် (ဝိပဿနာရှုနေရမှာပါ ဘုရား) ဝိပဿနာရှုနေပါ ဆိုတာ သေချာကြပလား၊ (သေချာပါပြီ ဘုရား)။
ဒီခန္ဓာငါးပါးထဲက ဝေဒနာကြိုက်ရင် (ဝေဒနာ ရှုရပါမယ်) ဖဿကြိုက်ရင်၊(ဖဿရှုရပါမယ်) စိတ်တွေကြိုက်ရင် (စိတ်တွေရှုရပါမယ် ဘုရား)။
ကြိုက်တာရှု (မှန်ပါ့) ကြိုက်တာရှုတော့ သူတို့ကဖြစ်ပျက်၊ သူက မဂ်၊ (မှန်ပါ့) ဖြတ်ပစ်လိုက်ပြီ (ဖြတ်ပစ်လိုက် ပါပြီ ဘုရား) ဖြတ်ပစ်လိုက်တော့ ဒကာ ဒကာမတို့ ၃-ဆက်သေးရဲ့လား၊ (မဆက်ပါ ဘုရား) ၃-မဆက်လို့ရှိရင် ၄-ကို တွေ့ချင်ပါတယ်ဆိုလို့၊ (မရပါ ဘုရား)။
ဪ ဒါဖြင့် အဆိပ်နဲ့ရောထားတဲ့အရက်ကို မသောက်ဘဲ နေပြန်တော့လဲသေပွဲလွတ်တယ် (လွတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အရင်းတုန်းကတော့ ဒီဝတ္ထုတွေဟောရပါတယ်၊ ဟောပင်ဟောငြာသော်လဲ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ပဋိစ္စသမုပ္ပါဒ်က မပါသေးတော့ ဒီလိုဝိုင်းပြီးသကာလ ပြတာ မပါသေးတော့ ဟုတ်ပါသေးရဲ့သာ ဆိုလို့ရတယ် အထင် အမြင်မဖြစ်ဘူး၊ (မဖြစ်ပါ ဘုရား)။
အခုတော့ ဟုတ်ပါရဲ့တွင် လိုက်ရတာလား၊ အထင်အမြင်ဘဲလား၊ (အထင်အမြင်ပါ ဘုရား)။
အဲဒီတော့ ကိုယ့်ဟာကို စဉ်းစား၊ ငါတို့သည် ယနေ့ သား၊ သမီးအပေါ်မှာ ဘယ်နှစ်ခါ အဆိပ်နဲ့ရောထားတဲ့ အရက် သောက်မိပါလိမ့်မတုံး၊ (မှန်ပါ့ ဘုရား) မိမိကိုယ်အတွက် ဘယ်နှစ်ခါ သောက်မိပါလိမ့်မတုံး၊(မှန်ပါ့) သဘောကျ ပလား၊ (ကျပါပြီ) ဆွေမျိုး၊ ဉာတကာတွေအတွက် ဘယ်နှစ်ခါသောက်မိပါလိမ့်မတုံး၊(မှန်ပါ့ ဘုရား)။
သောက်မိရင် ၂-နဲ့ ၃-ဆက်တယ်၊ (ဆက်ပါတယ် ဘုရား) ဆက်ရင် ၃-နဲ့ ၄-ကော (ဆက်ပါတယ် ဘုရား)။
အဲ ဆက်လို့ရှိရင် သေမှသေပါ့မလား၊ (သေပါတယ် ဘုရား) အထူးပြောစရာလိုသေးသလား၊ (မလိုပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အဆိပ်နဲ့ ရောထားတဲ့အရက်ကယ်လို့ သေသေချာချာသိအောင် လုပ်စမ်းပါ၊(မှန်ပါ့ ဘုရား)။
မူးလဲမူးတယ်၊ သေလဲသေတယ်
ဘာဖြစ်လို့တုံးဆိုတော့ အဆိပ်နဲ့ရောထားတဲ့ အရက်သည် မူးလဲမူးတယ်၊ သေလဲသေတယ်၊ (မှန်ပါ့ ဘုရား) အဆိပ်နဲ့ရောထားတဲ့အရက် သောက်မိလို့ရှိရင်၊ (မူးလဲမူးတယ် သေလဲသေပါတယ် ဘုရား)။
ဒီမှာလဲ ခန္ဓာကြည့်လိုက်လို့ရှိရင် သူတို့အတွက်ဟာ တခါတည်းအမေလုပ်တဲ့ပုဂ္ဂိုလ်က သား သမီးတွေကြည့် လိုက်ပြီဆိုမှဖြင့် တခါတည်း မူးသွားတာပဲ၊ (မှန်ပါ့) ဘယ်လိုမူးသွားရတာတုံး မေးတဲ့အခါ ရုပ်နာမ်၊ ဒုက္ခသစ္စာ အကုန် ပျောက် (ပျောက်ပါတယ် ဘုရား) မူးသွားပြီးတော့ (မှန်ပါ့) မမူးသေးဘူးလား၊ (မူးပါတယ် ဘုရား) မူးသွားပြီတဲ့ ရုပ်နာမ်၊ ဒုက္ခသစ္စာတွေ သူ့ကိုြက်ည့်လိုက်ရင် ပေါ်သေးရဲ့လား၊(မပေါ်ပါ ဘုရား)။
အဲ ခင်စရာ၊ မင်စရာ၊ အားကိုးစရာသာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) တခါတည်း မူးသွားတဲ့အခါ ကျတော့ ခင်မိ၊ ကြင်မိပါတယ်၊ (မှန်ပါ့ ဘုရား) မူးတဲ့ပုဂ္ဂိုလ်သောက်မိတာပေါ့ဗျာ၊ (သောက်မိပါတယ် ဘုရား) သောက်မိတဲ့ အခါကျလို့ရှိရင် သေပွဲဝင်ရမယ် (မှန်ပါ့ ဘုရား)။
အင်း ဒကာ ဒကာမတို့ ၃-နဲ့ ၄-ကူးသွားပြီ၊ (မှန်ပါ့ ဘုရား) ဘာကြောင့် ကူးရပါလိမ့်မတုံးဆို ၂-နဲ့ ၃-ကူးမိ လို့၊ (မှန်လှပါ ဘုရား) ရှင်းပလား၊(ရှင်းပါပြီ ဘုရား) ၂-နဲ့ ၃-ကူးမိရင် ၃-နဲ့ ၄ ကျတော့ ရှောင်လို့ရှားလို့ (မရပါ ဘုရား) မရဘူးဆိုတာ ပေါ်ကြပလား၊ (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီး ဘယ်လိုမှတ်ကြမယ်၊ (အရက်ပါ ဘုရား) အဆိပ်နဲ့ ရောထားတဲ့ အရက်ကယ် လို့ အမှတ်ထားပြီးသကာလ သူ့ကိုခင်ရင် သေပွဲ ဝင်လိမ့်မယ်၊ (မှန်ပါ) သူ့ကို မသောက်မိမှ တော်မယ် (မှန်ပါ့ ဘုရား) ဒီတော့ ဒကာ ဒကာမတို့ ဝေဒနာကြိုက်ရင် ဝေဒနာ ဖြစ်, ပျက်ရှု၊ (မှန်ပါ့)။
မဂ်က ၂-နဲ့ ၃-ကိုဖြတ်ချတယ်
စိတ်ကြိုက်ရင် (စိတ်ကို ဖြစ်ပျက် ရှုရပါမယ်) တခုခု ဖြစ် ပျက်ရှုလို့ရှိရင်ဖြင့် မဂ်က ၂-နဲ့ ၃-ကိုဖြတ်ချတယ် (ဖြတ်ပါတယ် ဘုရား) ၂-နဲ့ ၃-ဖြတ်ချလိုက်လို့ရှိရင် မပူနဲ့တော့၊ တတိယသေပွဲဖြင့်လွတ်ပြီ၊(မှန်ပါ့) မလွတ်ပါနဲ့ ဆိုလို့ရသးရဲ့လား၊(မရပါ ဘုရား)။
ဒါသည် နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဒကာ ဒကာမတို့ သောက်မိတဲ့ ပုဂ္ဂိုလ်မှာ သေပွဲ ဝင်ရပါတယ် (မှန်ပါ့) မသောက်မိတဲ့ ပုဂ္ဂိုလ်များ၊ (သေပွဲ မဝင်ရပါ ဘုရား) ရှင်းပလား၊ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီး အနိစ္စတော၊ ဒုက္ခတော၊ ရောဂတောလို့ရှုပေးပါ (မှန်ပါ့) ဖြစ် ပျက်ကို ရှုပေးပါ (မှန်ပါ့) ရှုလိုက်လို့ရှိရင် ဒီနေရာမဂ်ပေါ်တယ်၊ မဂ်ပေါ်တော့ တဏှာမလာလို့ မသောက်ဖြစ်ဘူး၊ (မှန်ပါ့) မသောက်ဖြစ်လို့ သေပွဲမဝင်ရဘူး၊(မဝင်ရပါ ဘုရား) ပေါ်ကြပလား၊(ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဖြစ် ပျက်အလုပ်ဟာ ဘယ်လောက် ခရီးပေါက်တယ်ဆိုတာ (ပေါ်ပါပြီ ဘုရား) အသေလွတ်တရား (မှန်ပါ့ ဘုရား) အအိုလွတ်တရား (မှန်လှပါ ဘုရား) ဆိုနိုင်ကြသလား၊ (ဆိုနိုင်ပါတယ် ဘုရား)။
အို သေလွတ်ရာကို ဘာခေါ်ကြမယ်
ဒါဖြင့် အို သေလွတ်ရာကို ဘာခေါ်ကြမယ်၊ (နိဗ္ဗာန်ခေါ်ပါတယ်) ဇာတိလွတ်ရာကော (နိဗ္ဗာန်ခေါ်ပါတယ်ဘုရာ) ကံလွတ်ရာကော (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) ဥပါဒါန်လွတ်ရာကော (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား) တဏှာလွတ်ရာကော (နိဗ္ဗာန်ခေါ်ပါတယ် ဘုရား)။
ဒီဘက်က နိဗ္ဗာန်ချည်းဖြစ်သွားတယ်၊ ဒီနေရာ မဂ်ပေါ်လို့ရှိရင် အကုန်နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား) ၃-ရော၊ ၄-ရော နိဗ္ဗာန်လို့ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။