သမုဒယသစ္စာ၏အနက် (၂)နိဒါနဋ္ဌော

သမုဒယသစ္စာ၏အနက် (၂)နိဒါနဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် သမုဒယသစ္စာအနက်မှ နိဒါနဋ္ဌော

စာအုပ်ခေါင်းစဉ်= သမုဒယသစ္စာ၏အနက် (၄)ချက်မှ နိဒါနဋ္ဌော

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

သမုဒယသစ္စာ၏အနက် (၄)ချက်မှ

နိဒါနဋ္ဌော

(၁၁-၁၂-၅၇)

မနေ့က သမုဒယသစ္စာကို ဟောခဲ့ပြီ “ သမုဒယဿ အာယူဟနဋ္ဌော၊ သမုဒယဿ- သမုဒယ သစ္စာ၏။ အာယူဟနဋ္ဌော- ဒုက္ခဝတ္ထု၊ ဒုက္ခမှု တို့ကို စုဆောင်း ဆည်းပူးတတ်သော အနက် သဘော ပေတည်း။

သမုဒယဆိုတဲ့ လောဘကလေး ရှိနေလို့ရှိရင် ဒုက္ခဝတ္ထု၊ ဒုက္ခမှု တွေကို မပျောက် မပျက်အောင် စုဆောင်း ဆည်းပူးပြီး သကာလ သမုဒယ ကိန်းနေတဲ့ ပုဂ္ဂိုလ်အား ထိုဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေနဲ့ ခွဲလို့ မရ၊ ခွာလို့မရ ဖြစ်လာတယ်လို့ မှတ်ထား ရမယ် (မှန်ပါ ဘုရား)

ယနေ့ပြောရမည့် အလုပ်က ဘာပါလိမ့်မလဲဆိုတော့ “နိဒါနဋ္ဌော”၊ ဦးဘကြည် သေသေချာချာ မှတ်ထား ရမယ်နော် (မှန်ပါ)။

လောဘဆိုတဲ့ သမုဒယ

နိဒါနဋ္ဌော ဆို တာက လောဘဆို တဲ့ သမုဒယလေးဟာ ‘‘ဝေဒနာနိရောဓာ တဏှာ နိရောဓော’’ ဖြစ်အောင်၊ ဒီ ဒကာ ဒကာမတွေ မလုပ်နိုင်တော့ဘူး၊ ဝေဒနာ မရှုမိဘူး၊ ဝေဒနာ မရှုမိတော့ ဝေဒနာနိရောဓာ တဏှာနိရောဓော မဖြစ်တော့ဘူး ဆိုလို့ရှိရင် မဖြစ်ရင် ဝမ်းထဲမှာ ကိန်းတယ် လို့ ဆုံးဖြတ်ချက် ချ (မှန်ပါ ဘုရား)။

ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ကိန်းတယ်လို့ ၊ အောင်းတယ်လို့ ဆုံးဖြတ်ချက်ချ၊ ရှိတယ်လို့ ဆုံးဖြတ်ချက်ချ၊ ဝေဒနာ ပေါ်တိုင်း ဒကာ ဒကာမတွေက ဝေဒနာကို မရှုမိဘူး ဆိုရင်ဖြင့် တဏှာဆိုတဲ့ သမုဒယက ဝမ်းထဲမှာ ဘယ်လိုနေမတုံး (ကိန်းနေမှာပါ ဘုရား)။

ကိန်းအောင်းနေတာ ဪ ဒါဖြင့် ဝေဒနာ မရှုမိလို့ရှိရင် ဖြင့် တဏှာက ကိန်းအောင်း မှာပဲ ဆိုတော့ ဒီတဏှာ ကိန်းအောင်း နေတယ် ဆိုလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ပေါ့ပေါ့ဆဆ မနေပါနဲ့လို့ သတိပေး လိုက်ပါတယ်။

ဘယ်သူက သတိပေးတုံး ဆိုရင်ဖြင့် ဘုရားက သတိပေးတယ်လို့ ဆုံးဖြတ်ချက်ချပါ။ ဘုရားက ဘယ်လို သတိပေးတုံး၊ ဝေဒနာနိရောဓာ တဏှာနိရောဓော မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်၏ အရုပ်ဆိုး အကျည်းတန် ဒုက္ခမျိုး စုံ အကုန်တွေ့ရပုံကို ရှင်းပြမယ်တဲ့။

နိဒါနဋ္ဌောဆိုတာ

မှတ်တဲ့ ပုဂ္ဂိုလ်များကတော့ ယနေ့ နိဒါနဋ္ဌော မှတ်ရမယ် (မှန်လှပါ)။ နိဒါနဋ္ဌော ကို မှတ်ထား လိုက်တော့ကို သူက ဘာတုံးလို့ဆိုရင်–

“နိဒါနဋ္ဌော” ဆိုတာက ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲ ပေးအပ် ဆောင်နှင်းစေတတ်တဲ့ အနက်သဘော သည်လည်းကောင်း၊ ဒုက္ခဝတ္ထုကိုလည်း သူပေးပါ့မယ်တဲ့၊ ဒုက္ခမှုတွေကိုလည်း သူပေးပါ့မယ်တဲ့။

ဒါဖြင့် ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းစေတတ်တဲ့ အနက် သဘောသည် လည်းကောင်းတဲ့။ ဪ သမုဒယကို ချုပ်အောင် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ဒုက္ခဝတ္ထု ဒုက္ခမှုတွေ ကို ရော့ – အင့်လို့ ပေးတော့မှာပဲလို့ ဆုံးဖြတ်ချက်ချပါ။

ဘယ်သူက ပေးမယ်ထင်ကြတုံး ဒကာ ဒကာမတို့ (သမုဒယ ကပါ ဘုရား)။ သမုဒယသစ္စာ တယ်စွမ်းရည် သတ္တိ ရှိပါလားလို့ ဆိုတာကို မှတ်ကြရလိမ့်မယ်။

သမုဒယသစ္စာဆိုတဲ့တဏှာလောဘ

သမုဒယသစ္စာဆိုတဲ့ တဏှာလောဘသည် ခင်ဗျားတို့ သန္တာန်မှာ ကိန်းအောင်းပြီး သကာလ ဘာကို လုပ်တတ်ပါသတုံး မေးခွန်းထုတ်လို့ ရှိရင်ဖြင့် ဒုက္ခဝတ္ထုတွေကို ပေးမယ်၊ ဒုက္ခမှုတွေကိုလည်း ပေးမယ်တဲ့။

ဒါဖြင့် သူလက်ခံထားတ ဲ့ပုဂ္ဂိုလ် ဘာတွေများ အမွေအနှစ်ရ သလဲလို့ မေးခွန်းထုတ်ရင် ဘယ့်နှယ်ဖြေမလဲ (ဒုက္ခ ဝတ္ထု၊ ဒုက္ခမှု တွေ ရမှာပါ ဘုရား)။

အင်း ဒုက္ခဝတ္ထု၊ ဒုက္ခမှုကိုပဲ ပေးမယ်၊ ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယဆိုတဲ့ လောဘ ကလေး ဝမ်းထဲမှာ အာရုံဒွါရ တိုက်ဆိုင် ပြီး ကိန်းအောင်းလို့ ရှိရင်ဖြင့် ဒို့ဖြင့်ကွာ သူယုတ်မာ တစ်ယောက် ဝင်လာတာ ပဲလို့ ခင်ဗျားတို့ သိပေးပါ။ သူယုတ်မာ တစ်ယောက် ဝင်လာတာပဲလို့ သိပေးပါနော် (မှန်ပါ)။

ဒုက္ခပေးမလို့လာတာ

ဘာလုပ်မလို့ ဝင်လာတုံးလို့မေးရင် ဘယ့်နှယ်ဖြေမယ် (ဒုက္ခပေးမလို့ပါ ဘုရား)။ ဒုက္ခပေး မလို့ ပဲ၊ ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေကို ပေးမလို့ လာတာ။

ကောင်းပြီး ဒါဖြင့် ဒီသမုဒယသစ္စာ တဏှာသည် ဒီက ဝေဒနာကို နိရောဓာ ဖြစ်အောင် မလုပ်နိုင်လို့ရှိရင် ဝေဒနာပစ္စယာ တဏှာ ဆိုတဲ့ အတိုင်း လာမှာပဲ၊ ဒါမနေ့ ကလည်း ပြတယ်နော် (မှန်ပါ)။

ဝေဒနာ နိရောဓာ မဖြစ်ဘူး၊ ဒကာ ဒကာမတွေဘက်က ဝေဒနာ ကို ဖြစ်ပျက် မရှုနိုင်တော့ဘူး ဆိုလို့ ရှိရင် ဝေဒနာ ပစ္စယာ တဏှာ ဖြစ် လာမယ် (မှန်ပါ့ ဘုရား)

ဝေဒနာကြောင့်လာတာ

တဏှာအလိုလို လာတာလား၊ ဝေဒနာကြောင့် လာတာလား (ဝေဒနာကြောင့် လာတာပါ ဘုရား)။ ဪ ဒါဖြင့် ဝေဒနာကြောင့် ခင်ဗျား တို့ ဟဒယဝတ္ထု အပေါ် လာမကိန်းဘူးလား (ကိန်းပါတယ် ဘုရား)။

ကိန်းတယ်တဲ့ ကိန်းတော့ သူလာလို့ရှိရင် ဘာတွေ ပေးကမ်းစွန့် ကြမလို့ လာတာတုံး မေးဖို့ ကောင်းတယ် (ဒုက္ခဝတ္ထု ဒုက္ခမှုတွေ ပေးမလို့ပါ ဘုရား)။ ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေ ပေးမလို့လာတာ။

ဪ ဘယ်နှယ်ကြောင့် ပေးဖို့ လာပါလိမ့်မတုံးလို့ မေးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူ့ကိုမသတ်လို့ ပေးတာပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ သူ့ကို မသတ်လို့ပေးတာပဲ။

သူ့ကိုမသတ်လို့ ရှိရင်ဖြင့် ဒီပေးမှုကို လက်ခံရတော့မှာပဲ၊ မယူချင် ဘူးဆိုလို့ ဒကာ ဒကာမတွေ ရပါ့မလား (မရပါ ဘုရား)။ အဲ ဒါကြောင့် စဉ်းစားကြည့်စမ်းပါ။ သူ့ကို သတ်ချင်လို့ ရှိရင်ဖြင့် သူ့ဖြစ်ကြောင်းကို သတ်လိုက်လို့ရှိရင် ဖြစ်ကျိုး ဆိုတဲ့ တဏှာ မသေပေဘူးလား။ (သေပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ကို ဒုက္ခဝေဒနာ ရှိတယ်၊ သုခဝေဒနာ ရှိတယ်၊ ဥပေက္ခာဝေဒနာ ရှိတယ်၊ သူ့နေရာနဲ့သူ ရှိတယ်လို့ ပြောတာ နော် (မှန်ပါ)။

ကိုယ်ပေါ်မှာ သုခဝေဒနာပေါ်တယ်

ရှိလို့ရှိရင် ဒီတဏှာ မလာအောင် ခင်ဗျားတို့ ဒီတဏှာဟာလည်း ဝီထိနဲ့ ပြောပြော၊ ဖြစ်စဉ် ကိုက်နဲ့ပဲ ပြောပြော ဦးဘကြည်တို့၊ ကိုထွန်းဦးတို့ သုခဝေဒနာက ကိုယ်ပေါ်မှာ ပေါ်တယ်။

‘‘သုခသဟဂတံ ကာယဝိညာဏံ ” တဲ့ ထားလိုက်ပါတော့၊ တဏှာက ဘယ်နည်းနဲ့မှ ကိုယ်ပေါ်မှာ မပေါ်နိုင်ဘူး၊ ဟဒယဝတ္ထုပေါ်မှာ ဇော (၇) ကြိမ်နဲ့ ပေါ်ရမယ် (မှန်လှပါ)။ အဝေးကြီး ပါလား ဆိုရင် မလွဲတော့ဘူး (မှန်လှပါ ဘုရား)

အဝေးကြီးလား၊ အနီးလေးလား၊ မေးလို့ရှိရင်ဖြင့် အဝေးကြီးပါ၊ အဝေးကြီးကို ဘုန်းကြီး ရှင်းပြမယ် ဒကာ ဒကာမတို့၊ ဉာဏ်ပါတဲ့ ဒကာ ဒကာမတို့ အထူး ဂရုစိုက်ပါ။

ကာယဒွါရဝီထိဆိုတာ

အဲ ဒီဥစ္စာ သုခဝေဒနာ ဆို တော့ “ သုခသဟဂတံ ကာယဝိညာဏံ ” ဆိုတာ ကာယပေါ်မှာ ပေါ်တယ် ဆိုတာ သိတော့၊ ကာယပေါ်မှာ ကာယ ဒွါရဝီထိကို ဆုံးမှ၊ ကာယဒွါရ ဝီထိ ဆို တာ တခြား မဟုတ်ပါဘူး၊ ကာယဝိညာဏ်၊ သမ္ပဋိစ္ဆန၊ သန္တီရဏ၊ ဝုဋ္ဌော၊ ကာယ ဝိညာဏ် သိတဲ့ ဇော (၇) ကြိမ်ကို ပြတာကိုး၊ မကျဘူးလား (ကျပါတယ် ဘုရား)။

ကျပြီးတဲ့နောက်မှ ဝီထိတွေ ချုပ်သွားပြီး ခုတင်က ကိုယ်ပေါ်မှာ ချမ်းသာလုံးလေးက ကျေနပ်လိုက်တာ ဆိုတဲ့ လောဘ မလာဘူးလား (လာပါတယ် ဘုရား)။ ဒါဖြင့် ဒီတဏှာဟာ ပိုပြီး အဝေးကြီးက လာနိုင်တယ် ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

မနောဒွါရနဲ့ သာယာလိုက်မှတဏှာ

သေချာတော့ ခင်ဗျားတို့ ဝိပဿနာ ဉာဏ်ကလည်း ထို့အတူပဲ ခပ်ဝေးဝေးက နေပြီး သကာလ ဒီကြားထဲက ဝီထိကတော့ ဘာမှ မဖြစ်ဘူး၊ ကာယဝိညာဏ်မှန်း သိတဲ့ ဝီထိကတော့ ကိုထွန်းဦး ဘာမှ မဖြစ်ဘူး (မှန်ပါ ဘုရား)

သို့သော် မနောဒွါရနဲ့ လှမ်းပြီး သာယာလိုက်မှ တဏှာဖြစ်တာ၊ မသာယာလို့ ရှိရင် (မဖြစ်ပါဘူးဘု ရား)

သာယာစရာနဲ့ သာယာတဲ့တရား။

သာယာစရာ တရားနဲ့ သာယာတဲ့ တရားနဲ့ ကြားထဲမှာ စိတ်ပေါင်း အများကြီး ခြားသေးတယ်၊ ဘဝင်တွေတောင် မထည့်သေးဘူး၊ မခြားဘူးလား ခြားသလား (ခြားပါတယ် ဘုရား)။ ခြားပါတယ်တဲ့၊ ခြားပင် ခြားသော်လည်း အဲဒါတွေဟာ အပြစ်မရှိဘူး၊ ကာယဒွါရဝီထိမို့ ဝီထိနိယာမ သဘောကျတယ် (မှန်လှပါ)။

ဒါက ခင်ဗျားတို့မှာ အပြစ်မရှိပါဘူး၊ ဒီနောက်က လိုက်ရင်သာ အပြစ်ရှိတာ၊ နောက်က အလိုက် မှားရင် အပြစ်ရှိတယ်၊ အလိုက်ကောင်းလို့ ရှိရင် အပြစ်ရုပ်သိမ်းတယ်။ သဘော ကျပြီလား။

ဖြစ်ပျက်ရှုရင်ရတယ်

ဒီဝေဒနာကို ဘာဝီထိခြားနေနေ ဒီကြားထဲ လောဘ၊ ဒေါသ မပါဘဲနဲ့ ကာယဒွါရဝီထိပဲ ကျနေလို့ ရှိရင်ဖြင့် ဒီဝေဒနာကို မနောဒွါရဝီထိ က ဖြစ်ပျက် ရှုရင် မရဘူးလား ရသလား (ရပါတယ် ဘုရား)။ ရှိသေး သလား မရှိတော့ဘူးလား (မရှိတော့ပါဘူး)

မရှိတော့ကို ဖြစ်ပျက်ရှုတဲ့တရား နောက်က နေပြီး သကာလ မဂ္ဂင်ငါးပါး ဝင်လာတယ်။

သမ္မာဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ ဒါတွေက မဂ္ဂင်ငါးပါး၊ ဝိပဿနာရှုရာမှာ ဒီငါးခုကတော့ ပါတာချည်းပဲ။

ဝိပဿနာရှုခိုက်မှာငါးပါး

ဝိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်မှာ မဂ္ဂင်ဘယ်နှစ်ပါး ရသတုံး (ငါးပါး ပါ ဘုရား)။ ဝိပဿနာဆုံးတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်ပါးရသတုံး (ရှစ်ပါးပါ ဘုရား) ဝိပဿနာဆုံးရင် ရှစ်ပါး။

ဝိပဿနာ ရှုခိုက်တော့ (ငါးပါးပါ ဘုရား)။ အဲဒါ မှတ်ထားပေါ့။ ဪ ငါးပါးက ရှစ်ပါးဖြစ်ဖို့ ရာလည်း တက်ယူရမယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ်ပြီလား။ တက်မယူရင်တော့ (မရပါ ဘုရား)။ မရဘူးတဲ့။

ဒါဖြင့် သူ လည်း မဂ္ဂသစ္စာ သူ က လောကီ မဂ္ဂသစ္စာ၊ ရှစ်ပါးပြည့်တော့ လောကုတ္တရာ မဂ္ဂသစ္စာ၊ လောကီမဂ္ဂသစ္စာ မရှိဘဲနဲ့ လောကုတ္တရာ မဂ္ဂသစ္စာမဖြစ် နိုင် ဘူးလို့ မှတ်ထားလို က် ပါ (မှန်ပါ ဘုရား)။

ဘာကြောင့်တုံး စာလိုပြောမယ် ဆိုတော့ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ မပါဘဲနဲ့ မဂ်မကျဘူး (မှန်လှပါ ဘုရား)။ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဆိုတာ မဂ္ဂင်ငါးပါးကို ပြတာ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါက စာနဲ့ ပတ် သက်ပြီး သကာလ လုံ လောက်အောင် နဲ့ ကျေနပ်အောင် ပြောတာ (မှန်ပါပြီ ဘုရား)

ဝေဒနာမရှိမှုကိုသိအောင်လုပ်ပါ

နောက်က ဒကာ ဒကာမတွေ နားလည်မှု ကျတော့ ဒီလိုမပြော တော့ဘူး၊ ခင်ဗျားတို့ ကိုယ်မှာ ဝေဒနာ ပေါ်တယ်၊ ဒီဝေဒနာကြီး မရှိမှုကို သိအောင်လုပ်ပါ။

ဝေဒနာပေါ်လည်း ပေါ်သွားတယ်၊ ဒီကနေပြီး သကာလ ရှိသေးသလား၊ မရှိတော့ဘူးလား တွေးလုံးသာ ထုတ်ပါ။ တွေးလုံးထုတ် သည်နှင့် တစ်ပြိုင်နက်တည်း တွေးတဲ့စိတ် ပေါ်ရင် အရင်သိတဲ့ စိတ်ဟာ ရှိကို မရှိ ဘူး၊ ရှိပါ့မလား (မရှိပါ ဘုရား)။

မရှိတော့ မရှိတာနဲ့ ချုပ်သွားတာသည် နိရောဓ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ ဒါဖြင့် ဝေဒနာနိရောဓာ ဘယ့်နှယ် ဆိုကြမတုံး (တဏှာနိရောဓော)။ တဏှာနိရောဓော ဆိုတာ ဘယ်သူ့ဆို (မဂ္ဂင် ဆို ပါတယ် ဘုရား)။ မဂ္ဂင်ငါးပါးဆို တာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မဂ္ဂင်ငါးပါးပေါ်တာကိုဆိုတာ

ဝေဒနာနိရောဓာ ဆိုတာ ဝေဒနာ ရှိတာ ဆိုတာလား၊ မရှိတာ ဆိုတာလား (မရှိ တာ ဆို တာပါဘု ရား)။ မရှိတာကို ဆိုတယ်၊ တဏှာနိရောဓော ဆိုတာက ဘာဆိုတာတုံး (မဂ္ဂင်ငါးပါးပါ ဘုရား)။

မဂ္ဂင်ငါးပါး ပေါ်တာကို ဆိုတာ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။ နောက်က ဒကာ ဒကာမတို့ ဝေဒနာနိရောဓာ ဆိုတာ ဝေဒနာ ရှိတာကို ဆိုတာလား မရှိတာကို ဆိုတာလား၊ (မရှိတာကို ဆိုပါ ဘုရား)။

ဪ မရှိတာ ဆိုတာ ဟုတ်ပြီ၊ ဘယ်ရှိမတုံးတဲ့ ၊ ဒီကရှု တဲ့စိတ် ပေါ်ကတည်းက သူရှိပါဦး မလား (မရှိပါ ဘုရား)။ အဲဒီတော့ ဝေဒနာနိရောဓာ ဆိုတာ မမှန်ဘူးလား၊ မှန်သလား (မှန်ပါတယ် ဘုရား)။

တဏှာနိရောဓော ဆိုတော့ ဟိုလို မရှိတာလို့ မမှတ်လိုက်နဲ့၊ ရှိတယ် တဏှာနိရောဓော ဆိုတာ မဂ္ဂင်ငါးပါး ရှိတယ်လို့ မှတ်လိုက်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တဏှာနိရောဓော ဆိုတော့ ဘာရှိတယ် (မဂ္ဂင်ငါးပါး ပါ ဘုရား) ဒီလို ဟန်ကျပန်ကျ သိမှတဲ့ သဂြိုဟ်ဖြစ်စဉ် စိတ်စဉ်တန်း နေသလို သိလို့တော့ မဖြစ်သေးဘူး၊ သဘောကျပြီလား (မှန်လှပါ)၊ တော်တော် အရေးကြီးတယ်နော်။

တဏှာကိုသတ်တဲ့တရားရှိတယ်

ဒီနေ့ပြောတဲ့ ဥစ္စာ ဝေဒနာနိရောဓာ ဆိုတာက ရှိ တာလား မရှိတာလား (မရှိတာပါ ဘုရား)၊ တဏှာနိရောဓော ဆိုတော့ မဂ္ဂင်ငါးပါး ရှိတယ်၊ တဏှာချုပ်အောင် လုပ်နေတဲ့ တရားရှိ တယ် ပြောတာ (မှန်ပါ)။ တဏှာကို သတ်တဲ့ တရား ရှိတယ်လို့ ပြောတာ ကိုချစ်ခ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ တဏှာချုပ်လို့ ရှိရင်ဖြင့် တဏှာ နိရောဓောနိဗ္ဗာနံ လို့ ဘုရားက ဟောတယ်၊ တဏှာနိရောဓော ဘာတဲ့ (နိဗ္ဗာနံပါ ဘုရား)။

ခဏနိဗ္ဗာန်ရတာ

မှတ်ချက်။ ။မူရင်း မိုးကုတ်အဖွဲ့ချုပ်မှ ထုတ်ဝေသော စာအုပ်၌ ‘‘ခဏနိဗ္ဗာန်’’ ဟု ရေးရမည့် နေရာ၌ ‘‘ခန္ဓာနိဗ္ဗာန်’’ ဟု နားကြားမှားကာ ရေးသားထားပါသည်။ အသံတော်မှ စာအုပ်အဖြစ် ပြောင်းလဲရသည့် အတွက် နားထောင်သူမှ သူကြားသည့်အတိုင်း ပြန်ရေးရာ အမှားအယွင်း ရှိနိုင်ပါသည်။

ဪ နိဗ္ဗာန်ဆိုတာ ဘာတုံး အောက်မေ့တယ် မဂ်ပေါ်နေ တာဆိုတာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ လောကီမဂ်ပေါ် လို့ ရှိရင် ဖြင့် လောကီနိဗ္ဗာန်၊ လောကုတ္တရာမဂ် ပေါ်လို့ ရှိရင် ဖြင့် လောကုတ္တရာ နိဗ္ဗာန်၊ လောကီမဂ်ပေါ်တော့ ခဏနိဗ္ဗာန် ရတာပေါ့ဗျာ။

လောကုတ္တရာ မဂ္ဂင်ရှစ်ပါး အပြည့်အစုံ ပေါ်တော့ (သမုစ္ဆေဒ ပါ ဘုရား)။ သမုစ္ဆေဒ ဆိုတော့ မဂ္ဂင်ကလည်း ရှစ်ပါးပြည့် (ပြည့်ပါ တယ် ဘုရား)။ ဟုတ်လား ၊ ကိလေသာလည်း အမြစ်ကျွတ် သွားပြီ၊ သဘောကျပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာနိရောဓာနဲ့ တဏှာနိရောဓောကို ခင်ဗျားတို့ စာဆို ရှင်းပုံနဲ့ ဖြစ်စဉ် ရှင်းပုံနဲ့ ဦးဘကြည် အများကြီးကွာတယ် (မှန်ပါ)။ မကွာဘူးလား (ကွာပါတယ် ဘုရား)။ ကွာတယ်လို့ ဆုံးဖြတ်ချက်ချ။

ကဲ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဝေဒနာနိရောဓာ ဆိုတာ ရှိတာကို ဆိုသလား၊ မရှိတာကို ဆိုသလား (မရှိတာကို ဆိုတာ ပါ ဘုရား)။ ဝေဒနာလေးတွေ ဖြစ်တုန်းကတော့ ဖြစ်ပါရဲ့၊ သို့သော် မရှိဘူး ဟုတ်လား (မှန်လှပါ ဘုရား)။

မရှိမှ မရှိတာကို နောက်က မရှိမှန်း သိတော့ ဘာဆိုကြမှတုံး (တဏှာနိရောဓော)၊ တဏှာနိရောဓော မရှိတာ မရှိမှန်း သိတာသည် ဘာပါ လိမ့် (တဏှာ နိရောဓောပါ ဘုရား)။

တဏှာမလာအောင်တားနိုင်တာမဂ္ဂင်ငါးပါး

ဘယ့်နှယ်ကြောင့် တဏှာနိရောဓော ဖြစ်ရပါလိမ့်မတုံးလို့ မေးခွန်း ထုတ်တော့ကို တဏှာ မလာအောင် တားနိုင်တာ သူပဲရှိတယ်။ ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။

တဏှာမလာနိုင်အောင် တားနိုင်တာ ဘယ်သူလဲ (မဂ္ဂင်ငါးပါး ပါ ဘုရား) တဏှာနိရောဓော ဆိုတော့ ခင်ဗျားတို့က ဘယ်လို အောက်မေ့ သတုံး၊ ဪ ဝေဒနာချုပ်တာနဲ့ တဏှာ ချုပ်သွားတယ်။ သူ့အလိုလို လို့ အောက်မေ့ချင် အောက်မေ့လိုက်မှာပဲ။

မအောက်မေ့ဘူးလား (အောက်မေ့ပါတယ် ဘုရား) သူ့အလို လိုအောက်မေ့ရင် မသိတဲ့ ပုဂ္ဂိုလ်မှ သူအလိုလို အောက်မေ့ရမှာ (မှန်ပါ)

သိတဲ့ ပုဂ္ဂိုလ် အခုနည်းယူနေတဲ့ ဒကာ ဒကာမတို့ ကတော့ ဪ ဝေဒနာနိရောဓာ ကဖြင့် ဟုတ်တယ်၊ သူ့ဟာသူ ချုပ်သွားပြီလို့ အချိန်စေ့ရင် ဥပါဒ်၊ ဌီ၊ ဘင် သဘောနဲ့ ချုပ်သွားပြီ။

တဏှာနိရောဓော ဖြစ်တာကတော့ကို ဘယ်လိုဖြစ်တာပါလိမ့်မတုံး ဆိုတော့ တဏှာ နိရောဓော ဆိုတာ မဂ္ဂင်ငါးပါး ပေါ်တာကို ဆိုတယ်၊ ရှင်းပြီလား (မှန်ပါ)။

မဂ္ဂင်ပေါ်လို့ တဏှာမပေါ်တာ

တဏှာနိရောဓော ဆိုတာ ဘာတုံး ဒကာ ဒကာမတို့ (မဂ္ဂင် ငါးပါးပါဘု ရား) ဒါဖြင့် မဂ္ဂင်ငါးပါး ပေါ်တာကို ကိုထွန်းဦးပဲ မေးမယ်၊ တဏှာနိရောဓော ဘယ့်နှယ်ဖြစ်သတုံးလို့ ဆိုရင် အို မဂ္ဂင်ပေါ်လို့ တဏှာမပေါ်တာ။

မဂ္ဂင်သာမပေါ်ဘဲနေရင် (တဏှာလိုက်မှာပါ ဘုရား)။ ဪ ဒါဖြင့် ဝေဒနာနိရောဓောက အထည်မရှိဘူး၊ တဏှာနိရောဓောက မဂ္ဂင်ငါးပါး အထည်ရှိတယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါ တစ်စတစ်စ တစ်နေ့တခြား တိုးပြီး သကာလ ဉာဏ်ထက် အောင် ပြောပြပေးမယ်။ ဦးဘတင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)

အနိစ္စလက္ခဏာသာရှိတယ်

ကောင်းပြီ ဒါဖြင့် ဝေဒနာနိရောဓာဟာ ဘာတဲ့ အထည်မရှိဘူး၊ အနိစ္စ လက္ခဏာသာ ရှိတယ်။ သဘောကျပြီလား။ တဏှာနိရောဓော ကျတော့ (အထည်ရှိတယ်)။

အထည်ရှိတယ်၊ ဘယ်သူရှိ (မဂ္ဂင်ငါးပါး ရှိပါတယ် ဘုရား)။ မဂ္ဂင်ငါးပါး ရှိလျက်သားနဲ့ ဘယ့်နှယ်ကြောင့် တဏှာနိရောဓောလို့ လုပ်ရ ပါလိမ့်၊ အို မဂ္ဂင်ငါးပါးပေါ်လို့ တဏှာ ပေါ်ခွင့် မရတာပေါ့။

မဂ္ဂင်ငါးပါးသာ မပေါ်ဘူး ဆိုရင် တဏှာဖြစ်ခွင့်ရမယ် ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကျေနပ် လောက်ရောပေါ့ (ကျေ နပ်ပါတယ် ဘုရား) ကျေနပ်လောက်တော့ကို မနေ့က ဒီအဓိပ္ပါယ်ကို မပြောဘူး။

မနေ့ကတော့ ဝေဒနာပစ္စယာတဏှာ၊ ဝေဒနာနိရောဓာ တဏှာ နိရောဓော ဆိုပြီး သကာလ အထည် ရှိမရှိ မဝေဖန်ဘူး၊ ဒီနေ့တော့ ဪ ဝေဒနာနိရောဓာက အထည် မရှိဘူး၊ တဏှာ နိရောဓောက အထည် (၅) ပါး ရှိတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)

ဟဒယဝတ္တုပေါ်မှာ မဂ္ဂင်ငါးပါးပေါ်

သူသာမရှိဘူးဆိုရင် ဒီနေရာ ဘာလာမယ်ထင်သတုံး (တဏှာ ပါ ဘုရား)၊ တဏှာလာမှာပဲ၊ အဲဒီတော့တဏှာ ဘယ့်နှယ်ကြောင့် မလာတုံး မဂ္ဂင်ပေါ်နေလို့ ဟဒယဝတ္ထုပေါ်မှာ မဂ္ဂင်ငါးပါး ပေါ်နေတယ်၊ ဇော (၇)ကြိမ်နဲ့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒါလေး ရိပ်မိထားတော့မှ ဝိပဿနာ အလုပ်ဟာ တဏှာတရား ကိုမလာဘဲနဲ့ ချုပ်စေသကိုးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) လာချုပ်လား၊ မလာချုပ်လား (မလာချုပ်ပါ ဘုရား)

ဦးဘကြည် ဘာတဲ့ (မလာချုပ်ပါ ဘုရား) မလာဘဲနဲ့ ချုပ်တာ၊ လာခွင့်ကို ပေးသေးသလား (မပေးပါ ဘုရား) မလာဘဲနဲ့ ချုပ်သွားတော့ ဇော(၇)ကြိမ် လာရင် တဏှာက ဇော(၇)ကြိမ်နဲ့ လာမှာ (မှန်ပါ)

ဇော(၇)ကြိမ်လာခွင့်မပေး

ဇော(၇)ကြိမ် လာခွင့်ပေး မပေး (မပေးပါ ဘုရား)၊ ဇော(၇)ကြိမ် လာခွင့်မပေးတော့ကို ဒကာ ဒကာမတို့ ဒိဌဓမ္မ အကျိုးလည်း မပေးနိုင်ဘူး၊ အပရာပရိယ အကျိုးကော (မပေးနိုင်ပါ) ဥပပဇ္ဇအကျိုးကော (မပေးနိုင်ပါ ဘုရား)။

အင်း ယခု ဘဝလည်းမပေး၊ ဒုတိယဘဝလည်းမပေး၊ နောင်ဘဝတွေ အကုန်လည်း မပေး၊ ဘယ်သူက စွမ်းရည်သတ္တိကြောင့် ဒီအကျိုးပေးတွေ ဖျက်ဆီးနိုင်သတုံး မေးလို့ ရှိရင် ခင်ဗျားတို့ ပဲကြည့်ပါတဲ့၊ ကာမာဝစရ စိတ်ပေမယ့် မဂ္ဂင် ဆိုက်လာတော့ ဘယ်လောက် ထက်သွား သတုံး (မှန်လှပါ)

မထက်ဘူးလား (ထက်ပါတယ် ဘုရား) ထက်တယ်လို့ ဦးခင်မောင် မှတ်မိပြီလား ကောင်းပြီ ကာမာဝစရ စိတ်တောင် ဒါလောက် ထက် နေတဲ့ ဥစ္စာ ကိုထွန်းဦးရာ တကယ် ရှစ်ပါး ပြည့်သွားလို့ ရှိရင် သည်ထက် မထက်ပေဘူးလား (ထက်မှာပါ ဘုရား)။

ပုဗ္ဗဘာဂမဂ်ဆိုတာမဂ္ဂင်ငါးပါး

ဒီထက် ထက်မှာ အဲဒီတော့ ဝိပဿနာအစ ဆိုတာ ပုဗ္ဗဘာဂမဂ် လို့ ဘုရားက ဟောတယ်၊ ပုဗ္ဗဘာဂမဂ် ဆိုတာ ၅-ပါး၊ ပစ္ဆာဘာဂမဂ် ဆိုတာ ရှစ်ပါး ဒီလို မနေပေဘူးလား။

ပစ္ဆာဘာဂမဂ်ဆိုတာ မဂ္ဂင်ရှစ်ပါး

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ပုဗ္ဗဘာဂမဂ် ဆိုတဲ့ဥစ္စာ မဂ္ဂင်ငါးပါး ကိုဆိုသည်၊ ပစ္ဆာဘာဂမဂ် ဆိုတာသည် မဂ္ဂင်ရှစ်ပါးကို ဆိုသည် ရှင်းပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ ဝေဒနာနိရောဓာနဲ့ တဏှာ နိရောဓောဟာ စာဆို စာပြောနဲ့ ယခု ဝီထိနဲ့ ကိုက်ပြလိုက်တာနဲ့ ကိုထွန်းဦး တခြားစီ (မှန်ပါ ဘုရား)

ဟိုကတော့ ဝေဒနာချုပ်ပြီး သူ့နောက်ကလည်း တဏှာမလိုက် တော့ဘူး၊ ချုပ်ပြီးမှ သူမရှုတဲ့ ပုဂ္ဂိုလ်မှ တဏှာလိုက်တာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)

ချုပ်ပြီးမှ မရှုတဲ့ပုဂ္ဂိုလ် ဘာဆိုကြမတုံး (တဏှာလိုက်ပါတယ် ဘုရား)၊ အဲ မချုပ်ဘဲနဲ့ ဆိုတော့ နှစ်စိတ် ပေါ်နေတယ်။ (မှန်ပါ ဘုရား) ၊

ချုပ်ပြီးတဲ့ အခါကျတော့ ရှုမှတ်တတ်တဲ့သဘော၊ ဆရာသမား ပြောဆိုဆုံးမတဲ့ ဝိပဿနာဉာဏ် အဖန်ဖန် ရှုရမယ် ဆိုတော့ လောကီ မဂ္ဂင် မပါလာပြီ ဆိုရင်ဖြင့် ချုပ်ပြီးမှ တဏှာ (၇)ကြိမ် စောမှာ၊ မစော ပေဘူးလား (စောမှာပါ ဘုရား)

လောကီမဂ်ကတားရုံတင်တားနိုင်တယ်

အဲဒီတော့ တဏှာစောမှုကို ခင်ဗျားတို့ က မဂ္ဂင်နဲ့ တားရမှာ သဘောကျပြီလား (ကျပါတယ် ဘုရား)

မဂ္ဂင်နဲ့ တားတော့ တဏှာသည် ဒိဋ္ဌဓမ္မ အကျိုးပေးမှာပဲ၊ တားလိုက် တာ နောက်ဘဝမှ အကျိုးပေးမှာပဲ၊ တတိယဘဝမှ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးမှာပဲ၊ ဒါဟာ လောကီမဂ်က တားတယ် ၊ (မှန်ပါ ဘုရား)

လောကုတ္တရာမဂ်ကဖြတ်တယ်

လောကီမဂ်က တားရုံတင် တတ်နိုင်သော်၊ လောကုတ္တရာမဂ်က ဖြတ်တယ်၊ လောကီမဂ်က တားတယ် (မှန်လှပါ ဘုရား) လောကုတ္တရာ မဂ်က ဖြတ်တယ်။

အဲဒါ အထူးပဲမှတ်ပါ။ သူက တားရုံတင် တားနိုင်တယ်၊ သူက အကြောင်းရှိလို့ ရှိရင် မရှုဘဲနေ ပြန်ပေါ်လာတာ၊ လောကုတ္တရာမဂ် ကတော့ မရှုဘဲနေနေ ချုပ်တယ်၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတော့ မချုပ်ဘဲ နေပါဆိုလို့ ရသေး လား (မရပါ ဘုရား)

ဘုန်းကြီးကအလုပ်လုပ်ကြလို့ ပြောတာ

လောဘလည်း လေးပိုင်းတစ်ပိုင်း မချုပ်ဘဲနေပါ ဆိုလို့ ရသေးလား (မရပါ ဘုရား)၊ မရဘူး

ဒါဖြင့် ဒကာ ဒကာမတို့ ဒီသမုဒယ သစ္စာချုပ်နည်းကိုလည်း ဆရာဘုန်းကြီးက ရှေ့ပိုင်းက ပေးတော့ ဒါ ဘာပါလိမ့်မတုံး မေးတော့ အလုပ်လုပ်ကြလို့ ပြောတာ (မှန်လှ ပါ ဘုရား)။

သုခပေါ်လည်း ဖြစ်ပျက်ရှု၊ ဒုက္ခပေါ်လည်း (ဖြစ်ပျက်ရှု)။ ဥပေက္ခာ ပေါ်ရင်ကော (ဖြစ်ပျက်ရှု)။ ဖြစ်ပျက်ပဲ ရှုပေး။ သာမိသ နိရာမိသ ခွဲမနေနဲ့၊ ခင်ဗျားတို့ ခွဲဖို့မလိုဘူး (မှန်လှပါ ဘုရား)။

ဘာဝေဒနာပေါ်ပေါ်ဖြစ်ပျက်ရှု

ပေါ်လာပြန် ဖြစ်ပျက်သာရှုချ၊ သာမိသလည်း ချုပ်တာပဲ၊ နိရာ မိသဝေဒနာကော (ချုပ်တာပါ ဘုရား။)

ဒါဖြင့် ချုပ်တာချည်း ဖြစ်နေတော့ ဘယ်ဝေဒနာ ဆိုတာ ဘုရားမို့ အမည် တပ်နိုင်တာ၊ ခင်ဗျားတို့က ချုပ်တာ မြင်ရင်ပြီးတာပဲ (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေကော ဘယ်လို မှတ်ကြမယ် (ချုပ်တာ မြင်အောင် ကြည့် ရမှာပါ ဘုရား)။ ချုပ်တာမြင်အောင် ကြည့်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာမြင်အောင်ကြည့် ရမယ် (ချုပ်ပျောက် သွားတာပါ ဘုရား)။ ချုပ်ပျောက် သွားတာ လေးတွေကို မြင်အောင်ကြည့်၊ ဟာ! ချုပ်ပျောက် သွားပါပကောဗျာ၊ မြင်အောင်ကြည့် ဆိုတဲ့ စကားနဲ့ ဘယ့်နှယ်များ သုံးထားပါလိမ့်မတုံး၊ ချုပ်သွားပြီလို့သိ၊ ရှင်းပြီလား (မှန်ပါ)။

ချုပ်သွားပြီလို့သိ

ချုပ်သွားပြီလို့ သိလိုက်ရင် မပြီးသေးဘူးလား (ပြီးပါပြီ ဘုရား)၊ ပြီးပါတယ်တဲ့ ဒီက အထည် ရှိနေမယ်၊ ဒီက ရှုတဲ့စိတ်ကလည်း ရှိနေမယ် ဆိုရင် သတ္တဝါ သန္တာန် နှစ်စိတ် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ် ရနေတယ် (ရပါတယ် ဘုရား)။

ဒီလို မရကောင်းဘူး၊ ရကောင်းသလား (မရကောင်းဘူး)။ ဧက စိတ္တ သမာယုတ္တာ (မှန်လှပါ)။ လူတစ်ယောက်၏ အသက်သည် ဒီဖြစ်စိတ်သာ ကြည့်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီသမုဒယသစ္စာဟာ မရှုတဲ့ ပုဂ္ဂိုလ်မှာ ဒီနောက်က သမုဒယ၊ ဒီနောက်ကလည်း သမုဒယ၊ ဒီနောက်ကော (သမုဒယပါပဲ ဘုရား။)

သမုဒယဆိုတာသည် ခင်ဗျားတို့က အကြောင်းဟူသရွေ့ သမုဒယ ချည်းမှတ်လိုက်၊ ဒီကလည်း သုခဝေဒနာ ပစ္စယာ တဏှာ၊ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ၊ ဥပက္ခာဝေဒနာ ပစ္စယာ မောဟ၊ သူ့အကြောင်း ဟုတ်လား (မှန်ပါ)။

ဒါဖြင့် သမုဒယချည်း မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အေး သမုဒယချည်း ဆိုလိုက်ပါတဲ့၊ ကောင်းပြီ ဒကာ ဒကာမတို့ သမုဒယကို သဘောကျသွားတော့ ဒီသမုဒယက ဘာလုပ်တတ် သတုံးလို့၊ သမုဒယအကြောင်း ကောင်းကောင်းသိအောင်လို့ ကိစ္စ ဉာဏ်နဲ့ ထည့်လိုက် မဝေဖန်နိုင်လို့ရှိရင် သူ့ကို ရန်တွေ့ချင်တဲ့ သဘော မလာပေဘူး (မှန်ပါ)။

သူ့ကို မိတ်ဖွဲ့ချင်တဲ့ သဘောသာလာမယ် (မှန်ပါ)။ သဘော ကျပြီလား။

ဒါဖြင့် သူ့ကို မကောင်းမှန်းသိမှ ခင်ဗျားတို့ ဒီအလုပ်ကိုရှုပြီး ပယ်မှာပဲ၊ သူ့အပေါ်မှာ ကောင်းတယ်လို့ ထင်ချက်လွဲနေလို့ရှိရင်ဖြင့် ဒီအလုပ် ရှုဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒါကြောင့် ကိစ္စဉာဏ် ဟောရတာပဲ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကိစ္စ ဉာဏ် ဘယ် နှယ်ကြောင့် ဟောရပါလိမ့်မလဲဆို တော့ သမုဒယ၏ ဆိုးဝါး ညစ်ပတ်ပုံကို သိအောင်ဟောရတာ (မှန်လှပါ)။

ပယ်ချင်တဲ့စိတ်တွေ ဖျတ်ခနဲ ပေါ်လာအောင် မင်းတော့ကွာ မထားတော့ဘူးကွ၊ ဘယ်နည်းနဲ့ ပယ်ရမတုံးဆိုတဲ့ အကြံဉာဏ် မထုတ် ဘူးလား (ထုတ်မှာပါ ဘုရား)။ ထုတ်လို့ရှိရင် ဝိပဿနာမဂ်ဉာဏ်နဲ့ သတ်လိုက်မယ် မရဘူးလား (ရပါတယ် ဘုရား)။

ဝိပဿနာနဲ့ သတ်ချင် သတ်မယ်၊ နောက်ဆုံးမဂ် ဉာဏ်နဲ့ သတ်မယ် ဆိုတော့ သူ့အကြောင်း ကောင်းကောင်းသိလို့ သတ်ဖြစ်တာ ပေါ့ဗျာ။ သူ့အကြောင်း ကောင်းကောင်း မသိရင် (မသတ်ဖြစ်ပါ ဘုရား)။

သစ္စာအနက် (၁၆)ချက်မြင်မှ

ဒါကြောင့် မင်းတို့ ဘယ်သူ သောတာပန်တည်တယ် ဆိုဆို၊ သစ္စာ အနက် (၁၆) ချက် မမြင်ဘဲနဲ့ မတည်ပါဘူးတဲ့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သစ္စာအနက် (၁၆) ချက် မမြင်ဘဲနဲ့ (မတည်နိုင်ပါ ဘုရား)။ မတည်နိုင်တော့ ဒီသစ္စာအနက် (၁၆) ချက်ကို ဒုက္ခ သစ္စာ လေးချက် ပြီးခဲ့ပြီ၊ သမုဒယသစ္စာ တစ်ချက်ပြီးပြီ (မှန်ပါ)။

ယနေ့ ဒုတိယ တစ်ချက်ကို ဟောရဦးမှာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီသမုဒယကို ဘုန်းကြီးများက ဆိုးကြောင်းကို ဟောရမှာလား၊ ကောင်းကြောင်းကို ဟောရမှာလား ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်စားလှယ် လုပ်ပြီး ပြောနေတာ။

ဟာ သူ က ဆိုရင် ဆိုးကြောင်း ပြောရမှာပေါ့၊ ကောင်းကြောင်း သူ့နည်းနည်းမှ မပြောနိုင်ဘူး (မှန်လှပါ)။ ဘယ်သမုဒယမှ ကောင်းတယ်လို့ မပြောနိုင်ဘူး (မှန်လှပါ ဘုရား)။ နတ်ပြည် တောင့်တတဲ့ တဏှာ ကောင်းတယ်လို့လည်း မပြောနိုင်ဘူး။

ဗြဟ္မာပြည် ကြိုက်တတ်တဲ့ တဏှာ ကောင်းတယ်လို့ ( မဟောနိုင်ဘူး)။ မဟောနိုင်ဘူးတဲ့၊ နတ်ပြည် တောင့်တတဲ့ တဏှာကြောင့် နတ်ဒုက္ခရမှာ၊ ဗြဟ္မာပြည် တောင့်တတဲ့ တဏှာကြောင့် (ဗြဟ္မာဒုက္ခ ရမှာပါ ဘုရား)။

လူ့ပြည် တောင့်တတဲ့ တဏှာကြောင့် (လူ့ဒုက္ခရမှာပါ ဘုရား) သားတွေ ငါးတွေ သတ်စားချင်တဲ့ တဏှာကြောင့် အပါယ် လေးပါး ရမှာ (မှန်ပါ ဘုရား)။ မရပေဘူးလားဗျာ (ရမှာပါ ဘုရား)။

တဏှာသတ်မှတော်မယ်

အဲ ဒီကဲ့သို့ ရမှာခင်ဗျားတို့က အထင်အရှားသိပြီး သကာလ နေသည့်အတွက် ဪ ဒီတဏှာဖြင့် သတ်မှပဲ တော်မယ် ဆိုတဲ့ ဥစ္စာ ယနေ့စိတ်က မွေးထားပါ။

ဆရာဘုန်းကြီးက ခင်ဗျားတို့ ဒီတဏှာတော့ဗျာ၊ ဘယ်နည်းနဲ့မှ ခင်ဗျားတို့ ချမ်းသာ မပေးနဲ့ သူ့အကြောင်း ကျုပ်ကောင်းကောင်း ပြောပြမယ်။ သူ ဟာ အင်မတန် ဆိုးရွားတဲ့ တ ရားလို့ သိအောင် ကိစ္စဉာဏ်ကို ဟောရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် သူ့ချည်း သက်သက်သာ လောဘလေး ပေါ်တိုင်း ပေါ်တိုင်း ဘယ်အချိန် ပေါ်ပေါ် သူ့ကို ဘာသစ္စာ ခေါ်ကြမတုံး (သမုဒယ သစ္စာပါ ဘုရား။)

ဪ သစ္စာသိတဲ့ ဉာဏ် ဘယ်အချိန် ပေါ်ပေါ် လောဘ ပေါ်တိုင်း ပေါ်တိုင်း ဘာသစ္စာ (သမုဒယသစ္စာပါ ဘုရား။)

ဪ လောဘ ပေါ်တိုင်း ပေါ်တိုင်းဟာဖြင့် အကြောင်း ပေါ်ပြီဟေ့ ဆိုးကြောင်းကြီး ပေါ်လာပြီ ဆိုတာတော့ ခင်ဗျားတို့ မသိဘူးလား (သိပါတယ် ဘုရား)

အဲဒီတော့ ဘာသိတာတုံး (သမုဒယသစ္စာပါ ဘုရား)။ သမုဒယသစ္စာ သိတယ် ဆိုတော့ လောဘလေး ပေါ်လာတာကိုး၊ လောဘ လေးပေါ်တယ်၊ အဆိုးတရားလေး ပေါ်လာတယ်လို့ သိခြင်းသည် သမုဒယသစ္စာကို သိတယ်မည်၏။

သမုဒယဆိုတာဒုက္ခဖြစ်ကြောင်း

သမုဒယဆိုတာ ဒုက္ခဖြစ်ကြောင်း (မှန်လှပါ)။ သစ္စာဆိုတာ က အမှန်၊ ဒုက္ခဖြစ်ကြောင်း အမှန် အားဖြင့် ငါဘု ရားသခင်၊ ကိုယ်တော်မြတ်ကြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး အားထုတ်မှရတဲ့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့ ဒုက္ခဖြစ်ကြောင်း အမှန်ဟာ သူတစ်ခုပဲ တွေ့တယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခဖြစ်ကြောင်း အမှန်ဟာ ဘယ်နှစ်ခုတွေ့ (ဒီတစ်ခုပဲ တွေ့ပါတယ် ဘုရား)။ ဒီသမုဒယသစ္စာ တစ်ခုပဲ တွေ့တယ်။ သည့်ပြင် ခြားခြား နားနား တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။

မတွေ့ဘူးတဲ့၊ သည့်ပြင် တစ်ထောင့်ငါးရာ ကိလေသာ ဆိုတာ ဘုရားက ဉာဏ်ကျယ်လို့ ဟောတာ၊ သူ့အခြံအရံတွေ သူ့အကူအညီတွေ မဆိုနိုင်ဘူး (ဆိုနိုင်ပါတယ် ဘုရား)။

အဝိဇ္ဇာထက်၊ တဏှာထက်တယ်

ကဲ ဒါဖြင့် အဝိဇ္ဇာထက် တဏှာထက်တယ်လို့ မှတ်လိုက်ပါ၊ မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)။ ခင်ဗျားတို့ ပဋိစ္စ သမုပ္ပါဒ်သမားကတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ တဏှာက အတော် နောက်ကျနေတယ်ဗျ၊ မဟုတ်ဘူး၊ တဏှာက ထက်တာ။

သစ္စာနဲ့ ဝေဖန်ကြည့်တော့မှ ဘယ်သူက ထက်တာတုံး (တဏှာက ထက်တာပါ ဘုရား)။ အဝိဇ္ဇာက ဒီလောက် ထက်သလား၊ မထက်ဘူး၊ တဏှာက ထက်တာ။

တဏှာက အဲဒီတော့ကို တဏှာက ထက်တယ်လို့ ဘယ့်နှယ် ကြောင့် ဆရာဘုန်းကြီးက ပြောရ ပါလိမ့်မတုံးလို့ ဆိုရင် သစ္စာလေးပါး ဖွဲ့ ကြည့်တဲ့ အခါကျတော့ ပယ်ရမည့် တရားလည်း သူ့ပယ်ရင် တစ်ဖွဲ့ ကြီးပါတယ် ဆိုသောကြောင့် သူခေါင်းဆောင်ပဲ (မှန်ပါ ဘုရား)။

အဝိဇ္ဇာ ခေါင်းဆောင်လား၊ တဏှာ ခေါင်းဆောင်လား (တဏှာက ခေါင်းဆောင်ပါ ဘုရား)။ တဏှာ ခေါင်းဆောင် ဆို တာ သိနေတော့ ဪ သူ အရုပ်ဆိုးဆုံး၊ သူအကျည်းတန်ဆုံးပဲ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကိစ္စဉာဏ်နဲ့မေးကြဖို့

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သူဘာလုပ်တတ်တုံးလို့ ယနေ့ ကိစ္စဉာဏ်နဲ့ မေးကြစို့၊ မင်းဘာလုပ်တတ်တဲ့ ကိစ္စရှိသလဲ၊ ဘယ်လို ဆောင်ရွက်တတ်တဲ့ ကိစ္စရှိသလဲ၊ ကဲ ကိုထွန်းဦး မေးထိုက်သလား (မေးထိုက်ပါတယ် ဘုရား) မေးရမယ်။

ဘုရားမို့ မေးတတ်တာနော် (မှန်ပါ)။ ကျုပ်တို့ ခင်ဗျားတို့ဖြင့် သူ့ကိုပင်လျှင် ကြည်ညို လွန်းလို့ ခေါင်းပေါ်ကို ရွတ်ထားတာ၊ ဟုတ် ဘူးလား (မှန်ပါ ဘုရား)။

ဘုရားမို့ မေးတတ်တာ၊ နို့မိုလို့ ရှိရင်ဖြင့် ဦးဘဒင်ဘယ်နည်းနဲ့ မဆို သူကလေး အဖော် လုပ်နေတာ၊ သိပ်ပျော်တာ။

ဒါကြောင့် မနေ့က ပြောလိုက်တယ်၊ တဏှာ ဒုတိယယော ပုရိသော။ ခင်ဗျားတို့ ယခုမြို့ထဲရွာထဲ နေနိုင်တာက တဏှာ အဖော်ရလို့ နေနိုင်ကြတယ် ဆိုတာကော ရိပ်မိကြပြီလား (ရိပ်မိကြပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ဘယ်သူ့ အဖော်လုပ်နေကြပါလိမ့် (တဏှာနဲ့ အဖော်လုပ်နေတာပါ ဘုရား)။ တဏှာလောဘနဲ့ အဖော်လုပ် နေကြတာ။

အဲဒါကြောင့် ပျင်းကြသလားလို့ မေးတဲ့ အခါကျရင်ဖြင့် စီးပွားရေးလေး အကြောင်း ညီညွတ် နေရင် ဘယ်သူမှ မပျင်းနိုင်ဘူး၊ ပျင်းပါ့မလား (မပျင်းပါ ဘုရား)။

တဏှာအဖော်ရှိနေလို့ မပျင်းနိုင်တာ၊ တဏှာလိုတိုင်း ရနေတဲ့ အတွက် မပျင်းနိုင်ဘူး၊ စီးပွားရေး အကြောင်း မညီညွတ်တဲ့ အခါကျတော့မှ ပျင်းတယ် ဘာပြုလို့ ပျင်း၊ တဏှာမရှိလို့၊ တဏှာမရှိတော့ ခင်ဗျားတို့က ပျင်းတယ်။

တဏှာရှိတော့ (ပျော်ပါတယ် ဘုရား)။ မပျင်းတော့ဘူး၊ အဖော်ရှိသွားပြီ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ဘယ်သူ့ အဖော်လုပ်နေကြသတုံးမေးရင် ဘယ့်နှယ်ဖြေမတုံး (တဏှာပါ ဘုရား)။ တဏှာ အဖော် လုပ်နေတယ်၊ သူမရှိတော့ ရလမ်း၊ ဝင်လမ်းလေးတွေ မရှိတော့ဘူး ရမှ သူကပျော်တာ ကိုးဗျ။

မပျော်တော့ဘူး ဟုတ်လား၊ စီးပွားရေးတွေကလည်း အကုန်ပဲ စဉ်းစားကြည့်လိုက်ရင် အိမ်ရောက် ရှုံးမှာချည်း ဖြစ်နေတော့ ပျော်သေး သလား (မပျော်ပါဘု ရား)၊ ဘာကြောင့် မပျော်တုံး (တဏှာအဖော် မရှိလို့ပါ ဘုရား)။

တဏှာ အဖော်မရှိလို့၊ တဏှာအဖော် မရှိတော့လည်း ခင်ဗျား တို့က ကောသဇ္ဇ၊ ဆိုတဲ့ ပျင်းရိတဲ့ ဒေါသက ပေါ်လာတယ်၊ တဏှာ အဖော်ရှိပြန်တော့လည်း ပျော်တယ်။

ဘယ့်နှယ်ကြောင့်သံသရာရှည်ပါလိမ့်

ဒါဖြင့် ဒို့ဘယ့်နှယ်ကြောင့် သံသရာ ရှည်ပါလိမ့်မတုံးလို့ မေးရင် ဒီနှစ်ခု ပြောင်းနေလို့သာ မှတ်ပေတော့၊ တဏှာ မရှိတော့ ဘာတဲ့ (ဒေါသ)၊ တဏှာမရှိတော့ ပျင်းတဲ့ဒေါသ၊ သဘော ကျပြီလား။

တဏှာရှိတော့ ပျော်တဲ့လောဘ၊ ဪ ဒီလိုနေကြတာ ကိုးလို့ ကိုယ့်ကိုယ်ကို ဝေဖန် နိုင်ကြပြီလား (မှန်ပါ ဘုရား)။ ဒကာ ဒကာမတွေ တဏှာမရှိတော့ ဘယ်သူနဲ့ နေသတုံး (ဒေါသပါ ဘုရား)။

ဘုရားပွင့်တာဘယ်အချိန်တုံး

ပျင်းတယ်ဆိုတာ ဒေါသပဲ (မှန်ပါ)။ တဏှာရှိတော့ (ပျော်တဲ့လောဘ)၊ ခင်ဗျားတို့သန္တာန်မှာ ဘုရားပွင့်တာ ဘယ်အချိန်တုံး မေးလို့ရှိရင် တဏှာဒေါသ သတ်တဲ့အချိန်ပဲ။

ဒီတဏှာ ဒေါသဟာ သတ် ရမယ့် တရား မဟုတ်လား (မှန်ပါ)။ ဘယ်အချိန် သတ်ဖြတ် သတုံး မေးတော့ သူတို့ နှစ်ခုနဲ့ ပဲ အဖော်လုပ်နေတယ်၊ ပျင်းဖော်ရယ်၊ ပျော်ဖော်ရယ် (မှန်ပါ)။ ဒါပဲရှိတယ်။ သည့်ပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

အဲဒါ ငါတို့သည် ဘုရားအဆူဆူ ပွင့်ပါလျက်နဲ့ ဘယ့်နှယ်ကြောင့် ငါတို့ ကျန်ရစ်ပါလိမ့်မတုံး ဆိုတော့ ဒီနှစ်ယောက်နဲ့ အဖော်လုပ်နေလို့ပဲ (မှန်ပါ ဘုရား)။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ပေါ်ပြီ။

ပျင်းတာဒေါသ၊ ပျော်တာလောဘ

ကိုင်း ဒကာ ဒကာမတို့ ပျင်းတာတင်လား၊ ပျင်းတာဘယ်သူ ပါလိမ့် (ဒေါသပါ ဘုရား)။ ပျော်တာက (လောဘ)။ ခင်ဗျားတို့ တစ်နေ့လုံး ဒီနှစ်ခုပဲ ရှိရမယ်၊ ဟုတ်လား (မှန်ပါ)။ အရောင်းအဝယ် မဟန်ရင် ပျင်းတယ်။ ဘာနဲ့ နေကြတုံး (ဒေါသနဲ့ ပါ ဘုရား)။

အရောင်းအဝယ်ဟန်ရင် (လောဘ)၊ ဒါများ ခင်ဗျားတို့က ဘုရားလေး သွားရှိခိုး၊ တစ်ခါတစ်ရံ ဆွမ်းဆန်လေး လောင်း၊ တစ်ခါတလေ ဆွမ်းတော်လေးတင်နဲ့ တော့ မရသေးဘူး၊ ရပါ့မလား (မရပါ ဘုရား)။

ဒီနှစ်ခုဟာ မများဘူးလား (များပါတယ် ဘုရား)။ ဘယ်နှစ် နာရီတုံး ဆိုတော့ ၂၄-နာရီ မဟုတ်ဘူးလား (မှန်လှပါ)။ ဒါလောက် တောင်ဖြစ်နေတော့ ဒါ အကုသိုလ်နဲ့ ချည်းနေတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

လောဘလည်း အကုသိုလ်၊ ဒေါသကကော အကုသိုလ်၊ ဒါနဲ့ ချည်းပဲနေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဖြစ်ပြီး နေလိုက်တော့ ယခု ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေပွင့်ပြီးပြီ။

တို့ ဘယ့်နှယ်ကြောင့် ကျန်ရစ်ပါလိမ့်မတုံး မဟေးနဲ့။ တွေးဖို့ မလိုပါဘူး၊ ဟုတ်လား၊ ခင်ဗျားတို့က ဘုရားနဲ့ တရားနဲ့ ပျော်တဲ့အခါရယ်လို့ မပါဘူး၊

ပျင်းတဲ့အခါ ဒေါသ၊ ပျော်တဲ့အခါ လောဘဆိုတော့ ဒါဖြင့် ဒီလောဘ အကြောင်းကို ကောင်းကောင်း မသိသေးဘူးဆိုလို့ ရှိရင် ဦးဘကြည်တို့ ကိုထွန်းဦးတို့ ဘယ့်နှယ်လုပ်ပြီး စွန့်မတုံး (မစွန့်နိုင် ပါ ဘုရား)။

မစွန့်နိုင်တော့ သစ္စာအနက်ထဲမှာ သူလေးချက် မကောင်းချက်ကို ထုတ်ပြရမယ် (မှန်ပါ)၊ မထုတ်ပြလို့ ရှိရင် ကိစ္စဉာဏ်ကိုရပါ့မလား (မရပါ ဘုရား)။

ကိစ္စဉာဏ် ဆိုတာ တခြား မဟုတ်ပါဘူး၊ သူလုပ်တတ်တာက ကိစ္စ၊ သူလုပ်တတ်တဲ့ ကိစ္စကို ကျုပ်တို့ ကသိတာက ဉာဏ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူလုပ်တတ်တာက (ကိစ္စ)၊ သူ့ကိစ္စကို ကျုပ်တို့ သိတာက (ဉာဏ်)၊ ဒါဖြင့် ကိစ္စနဲ့ ဉာဏ်နဲ့ လည်း ခွဲပါဦး (မှန်ပါ)၊ မခွဲထိုက်ဘူး လား (ခွဲထိုက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သူ့ကိစ္စ အရင်ပြောပြပါမယ်၊ သူ့ကိစ္စကိုသိရင် ခင်ဗျားတို့ ဉာဏ်ဖြစ်မှာပါပဲ (မှန်ပါ)

သူ့ကိစ္စမသိရင် (ဉာဏ်မထက်ပါ ဘုရား)၊ ဉာဏ်မဖြစ်ဘူး ဆိုသ ဖြင့် သူ့ကိစ္စသိတဲ့ ဉာဏ်ဟာ မဂ်ဉာဏ်ပဲ (မှန်ပါ ဘုရား)

ငါးပါးသိနှင့်ရှစ်ပါးသိ

ကောင်းပြီ ဒကာ ဒကာမတို့ သူ့ကိစ္စ သိအောင် ပြောကြစို့။ ဝိပဿနာဉာဏ်နဲ့ ကြည့်လို့ ရှိရင်ဖြင့် မဂ္ဂင်ငါးပါးနဲ့ သိတာ၊ ဟုတ်လား (မှန်ပါ)၊ ရှစ်ပါး သိအောင် လုပ်နိုင်လို့ ရှိရင် ရှစ်ပါး သိအောင် အသိမျိုး လည်းရှိတာပဲ။

ငါးပါးနဲ့ သိအောင် အသိမျိုးကော (ရှိပါတယ် ဘုရား)။ ငါးပါး နဲ့ သိသူသည် အရပ်သူ အရပ်သား သိတာမှတ် (မှန်ပါ)။

အရိယာအသိကရှစ်ပါး

ရှစ်ပါးနဲ့ သိလာသူကား ဆိုရင် အရပ်သူအရပ်သား အပြင်ဘက်က အရိယာအသိ သိတာမှတ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)

အဲဒီတော့ ပုထုဇဉ်အသိက အရိယာအသိ ရအောင် လုပ်ရမယ်။ ဘုန်းကြီးက လမ်းခင်း ပေးမယ်။ ရှေးဦးစွာ ပုထုဇဉ်အသိကို ဟောမယ်။ မဟောထိုက်ဘူးလား (ဟောလိုက်ပါတယ် ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ သူသည် ဘာကိစ္စ ရှိသလဲ၊ ဘယ်လို အခင်းကိစ္စမှာ ရွက်ဆောင် တတ်ပါသလဲ ဆိုတော့ ဒုက္ခဝတ္ထု၊ ဒုက္ခမှု ဖြစ်မယ့် ဝတ္ထု၊ ဒုက္ခနဲ့ ပတ်သက်တဲ့ အမှု၊ ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ၊ တစ်ခုမှ မကျန်ရအောင် ပေးပါမယ် (မှန်ပါ) တစ်ရံမစဲ နားခွင့် မရအောင်လည်း ပေးပါမယ်တဲ့။

ဘယ်သူကစေတနာကောင်းပါလိမ့်

အမယ် စေတနာ ကောင်းလိုက်လေဗျာ၊ ဘယ်သူပါလိမ့်မလဲ။ (သမုဒယ)၊ သမုဒယ။

ဒုက္ခဝတ္ထု ဒုက္ခအမှုတို့ ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းစေတတ် သည့် အနက်သဘောကို လည်းကောင်း၊ မင်းတို့ အမြဲပေးတာကို ဆောင်ထားတဲ့၊ မခွဲနဲ့တဲ့၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

အမေတစ်ယောက်ကို မေးကြည့်ပါ။ သူ့ သားသမီးနဲ့ စားစရာမရှိ တော့ အရောင်းအဝယ် သွားရင်သာ ခွဲရတယ်၊ခွဲချင်တဲ့စိတ် ရှိသလားလို့ မေးကြည့် (မရှိပါ ဘုရား)။

ဒါဖြင့် တစ်ပွေ့ထဲ ပွေ့နေတာ ဒီကလေး ကျင်ကြီး ထွက်လာလို့ ရှိ ရင်လည်း တကျုံးတည်း ကျုံးချင်တယ်၊ နှပ်လေး ထွက်လာရင်ကော (ညှစ်ပေးချင်ပါတယ် ဘုရား)

အင်း တစ်ခါတည်း သူ့ အညစ်အကြေး ဟူသရွေ့ကို အကုန် လုပ်ပေးချင်တဲ့ ဆန္ဒ သည် မခွဲချင်တဲ့ ဆန္ဒပဲ (မှန်ပါ) မဟုတ် ဘူးလား ဟုတ်လား ဒကာ ဒကာမတွေ၊ သဘောကျကြရဲ့ လား (ကျပါတယ် ဘုရား)။

မခွဲချင်တဲ့ဆန္ဒ

ခွဲချင်တဲ့ ဆန္ဒလား၊ မခွဲချင်တဲ့ ဆန္ဒလား (မခွဲချင်တဲ့ ဆန္ဒပါ ဘုရား)။ ထားများ ပစ်ခဲ့ရမယ်ဆို အမေလုပ်တဲ့ ပုဂ္ဂိုလ်က စိတ်မကောင်း လက်မကောင်းနဲ့ ထွက်သွားရမှာ မတတ်သာလို့ သာ၊ ဝမ်းရေးက အရေး ကြီးလို့ သွားရတာ။

တကယ်လို့ ပါသွားမယ် ဆိုရင် သူ့စိတ်ထဲမှာ ခွဲရတာနဲ့ ဒုက္ခလေး ပါသွားတာနဲ့ ဘယ်ဟာ ကြိုက်သတုံး (ဒုက္ခလေး ပါသွားတာ ကြိုက် ပါတယ် ဘုရား)။

အဲဒီ ဒုက္ခဝတ္ထု၊ သူ့ဆီပြုရမယ့် ဒုက္ခမှုတွေကိုရော မပြုရ မစုရလို့ ရှိရင်ဖြင့် ကျေနပ်ကြရဲ့ လား (မကျေနပ်ပါ ဘုရား) မိဘတာဝန် မကျေဘူး၊ ခင်ဗျားတို့ က မလာပေဘူးလား (လာပါတယ် ဘုရား)

လာသေးတယ် ဆိုတော့ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကိုတဲ့ တစ်ခုမကျန် တစ်ရံမစဲ အမြဲ ပေးအပ် ဆောင်နှင်း စေတတ်တဲ့ အနက်သဘော သည်လည်း ကောင်းတဲ့။

ဒါ သူ့သတ္တိပါပဲကွ မနေ့ကနဲ့ မတူဘူး၊ ဦးဘကြည် တူရဲ့ လား (မတူ ပါဘု ရား)။ မတူ ဘူးတဲ့၊ သူက ဒုက္ခပေးနေတာ၊ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို ရော့ အင့်လို့ ကိုပေးတာ (မှန်လှပါ)။

သမုဒယသစ္စာလေး ဝမ်းထဲရောက်လာလို့ ရှိရင် ဘာကိုပေးမလို့ လာပါလိမ့်မတုံးလို့ ခင်ဗျားတို့ ကမေး ဘာပေးမလို့ပါလိမ့် (ဒုက္ခဝတ္ထု ဒုက္ခမူပါ ဘုရား) ဒုက္ခဝတ္ထုနဲ့ ဒုက္ခမှုတွေကို ရော့ အင့်လို့ ကို ပေးမလို့ လာတာ၊ ရှင်းပြီလား (မှန်ပါ)။

စေတနာ ဘယ်လောက် ကောင်းသလဲလို့ ပေါ်ပြီလား ဒုက္ခမှု တွေကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်း စေတတ်တဲ့ အနက်သဘောသည် လည်းကောင်းတဲ့။

ဒါ ကျုပ်သတ္တိတဲ့ ခင်ဗျားတို့ က ကျုပ် ခင်ချင်ခင်၊ မုန်းချင်မုန်း၊ ကျပ်သာ ခင်ဗျားတို့ ဝမ်းထဲ ကိန်းအောင်းရလို့ ရှိရင် ဒီနှစ်ခုဟာ ခင်ဗျားတို့ ဖို့ချည်းမှတ်၊ ကိန်းရာ ပုဂ္ဂိုလ်ကိုပေါ့ဗျာ (မှန်လှပါ)။

ကိန်းတဲ့ပုဂ္ဂိုလ်နှိပ်စက်တယ်

ကိန်းတဲ့ပုဂ္ဂိုလ် နှိပ်စက်တာကိုး (မှန်လှပါ) မကိန်းတဲ့ပုဂ္ဂိုလ် (မနှိပ်စက်ပါ ဘုရား)။ ဘုရားကျတော့ သူမရှိသည့်အတွက် ဒုက္ခ ဝတ္ထုတွေလည်း သူမပေးနိုင်ဘူး၊ ဒုက္ခမှုတွေကိုလည်း (မပေး နိုင်ပါ ဘုရား)။

သူ့ပယ်ထုတ်လိုက်တဲ့ ပုဂ္ဂိုလ်ကို မပေးနိုင်ဘူးတဲ့ (မှန်လှပါ) သူ့ လက်ခံတဲ့ ပုဂ္ဂိုလ် ကျတော့ (ပေးပါတယ် ဘု ရား)။ ဒုက္ခ ဝတ္ထုတွေဆိုလည်း မင်းယူ၊ ဒုက္ခမှုတွေကိုလည်း မင်းယူ၊ ဒုက္ခဝတ္ထုနဲ့ ဒုက္ခမှုတွေ ပေးတတ်တာ ဘယ်ယူပါလိမ့် ဒကာ ဒကာမတို့ (သမုဒယသစ္စာပါ ဘုရား)။

ဪ ခင်ဗျားတို့ သူ့ကိစ္စ တော်တော် သိလာပြီ၊ ဒါ သူ့ ကိစ္စ (မှန်လှပါ) ဘယ်သူ၏ကိစ္စတုံး (သမုဒယ၏ကိစ္စပါ ဘုရား) သမုဒယ၏ကိစ္စ သိလာတော့ ခင်ဗျားတို့ သူ့ ကြည်ညို လာသလား၊ မုန်းတီး လာသလား စဉ်းစားကြည့်ပါ (မုန်းတီးလာပါတယ် ဘုရား)

နာလို့ မုန်းတီးတာ (မှန်ပါ) နာလို့ မုန်းတီးလာတယ် ဆို တာဖြင့် မလွဲပါဘူးတဲ့၊ ဟုတ်တယ် သူ့ကြောင့်ပဲ၊ နေ့မအား ညမအား သူခိုးဘေး၊ မီးဘေးတွေ ကြားထဲ အသက် အသေခံပြီးတော့ ပစ္စည်း ဝင်လုတဲ့ အခါလည်း ပါသေးတာကိုးဗျ (မှန်ပါ)။

ဒါ ဘယ်သူပေးတာတုံး၊ နင်လုပ်တာ မီးလောင်ခံ၊ နင်မယူ လို့ ရှိရင် ဘယ်ရမတုံး ဆိုတာ သူကတွန်းတာ (မှန်ပါ) ဟုတ်လား။

ခိုင်းတာကငါ့တာဝန်

ရေထဲငုတ်နေရင် နင်ဘယ်ရမတုံးဆို တာကော (သူက တွန်းတာပါ ဘုရား)။ ဪ သူက တွန်းတာ၊ သေတာ ငါ့တာဝန် မဟုတ်ဘူး၊ ခိုင်းတာ ငါ့တာဝန်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ များ နည်းနည်းပါးပါး သနားတဲ့စိတ် ရှိတယ်လို့ များ မအောက်မေ့လိုက်ပါနဲ့ (မှန်ပါ) တကယ် ချောက်တွန်းတရား သက်သက်။

ဒါဖြင့် လက်ခံထိုက်တဲ့ တရားလား၊ လက်မခံထိုက်တဲ့ တရားလား (လက်မခံထိုက်တဲ့ တရားပါဘု ရား)။ သို့သော် ခင်ဗျားတို့ က သူမရှိရင် ဘာတဲ့ (ပျင်းပါတယ် ဘုရား)

သွားပကော၊ မသွားဘူးလား (သွားပါတယ် ဘုရား)။ သူမရှိရင် ပျင်းတယ်၊ သူရှိတော့ (ပျော်တယ်) ဒီတော့ဟာ ဒါတွေ ခင်ဗျားတို့က သည်းခြေကြိုက် ဖြစ်နေတာပေါ့ (မှန်ပါ ဘုရား)။

သည်းခြေကြိုက်နေကြတာ

ဒီအတိုင်း ကျမနေဘူးလား၊ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို သည်းခြေ ကြိုက် နေကြတယ် (မှန်ပါ)။ သူရှိမှ ပျော်တယ် ဆိုတော့ သူရှိရင် ဘာပေးမှာတုံး ဦးဘကြည် ဒီပြင် ဘာပေးမှာတုံး သူ့ သတ္တိက ဒါပဲပေးတတ်တဲ့ ကိစ္စရှိတော့ ခင်ဗျားတို့ ကလည်း ဒါပဲ အရယူဖို့ပဲ။

ဒါဖြင့် ခင်ဗျားတို့ သည် ဒုက္ခကို ဒုက္ခသစ္စာလို့ မသိတဲ့ ပုဂ္ဂိုလ်ထဲ အပါအဝင် ဖြစ်တယ်၊ ဒါ ဒုက္ခဝတ္ထု ဒုက္ခမှုကို ပေးတာကိုးဗျ (မှန်ပါ)။ ပေးတာကို ခင်ဗျားတို့ က လက်ခံတယ်၊ မခံဘူးလား (ခံပါတယ် ဘုရား)။

အဲ ဘယ်သူ့ ဘာပြောခဲ့၊ ဘယ်အလုပ်ကို ယူခဲ့၊ ဘယ်လို အကြောင်းအကျိုးကို လိမ်လည် လှည့်ပတ်ပြီး ပြောခဲ့ ရိုးရိုးကျရင် ရိုးရိုးယူခဲ့၊ သူကခိုင်းတာ။

ဒုက္ခဝတ္ထုတွေ မြို့ထဲပြထဲ သွားပြီး အယူခိုင်းတာဗျ၊ မခိုင်း ပေဘူးလား (ခိုင်းပါတယ် ဘုရား)။ ခိုင်းတယ်၊ သူတစ်ပါးကို သိပ် ခိုင်းတာပဲဗျ။ ဟုတ်ဘူးလား။

ပရိတ်နဲ့တားလို့ ရမလား

တားလို့ ရသလား ဒါကို ပရိတ်နှင့် တားလို့ ရပါ့မလား (မရပါ ဘုရား)။ ခင်ဗျားတို့ က အဖော် လုပ်ပြီး ကြည်ကြည်သာသာ ပေါင်းနေတာကို မပေါင်းဘူးလား (ပေါင်းပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီကိစ္စဉာဏ် ရပြီလား၊ မရသေးဘူးလား (မရသေးဘူးပါ ဘုရား)။ မရသေးရင် မဂ်၊ ဖိုလ် မဆိုက်ဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဘုရားမဆို ကိစ္စဉာဏ် မရဘူးလား (ရပါတယ် ဘု ရား)။

ဒါဖြင့် “ကတံ ကရဏီယံ” ကရဏီယံ၊ ပြုဖွယ်ကိစ္စ ဖြစ်တဲ့ သစ္စာအနက် (၁၆)ချက် ကို၊ ကတံ – ပြုပြီးပြီ၊ သောတာပန်လည်း ဒီအတိုင်းပြုရမှာ (မှန်ပါ ဘုရား)။ ကတံ ကရဏီယံ ဆိုတာ မလာ ဘူးလား (လာပါတယ် ဘုရား)။

ပြုသင့် တဲ့ သစ္စာ အနက် (၁၆ ချက်)ကို ပြုပြီးမှ သူ ဟာ သောတာပန် ဖြစ်လာပါတယ် ဆို တာ လူတိုင်း တာဝန်ခံပါတယ် (မှန်ပါ)။ မခံဘူးလား၊ ခံသလား (ခံပါတယ် ဘုရား)။

သူ့ကိစ္စသိမှ ပယ်ချင်တဲ့မဂ်လာမယ်

အဲဒီတော့ ခင်ဗျားတို့ ပြုသင့်ပြုထိုက်တာကို သူ့ကို ပယ်ရမယ့် တရား၊ ပဟာတဗ္ဗကိစ္စ ဟုတ်လား သူသည် နှိပ်စက်တတ်တဲ့ ကိစ္စ၊ ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို ပေးတဲ့ ကိစ္စကိုး၊ သူ့ကိစ္စကို သိမှသာလျှင် သူ့ကို ပယ်ချင်တဲ့ မဂ်လာမှာ (မှန်လှပါ)။

သူ့ကိစ္စ မသိတဲ့ပုဂ္ဂိုလ် (မပယ်ချင်ပါ ဘုရား)။ အဲ သူ့ကို မုန်းတီးခြင်း မရှိသေးလို့ ရှိရင် ဖက်ထားမှာပဲ (ဖက်ထားမှာပါ ဘုရား)။ သူ့ကို မုန်းတီးခြင်း ရှိတဲ့ပုဂ္ဂိုလ်ဖြင့် ဖယ်မှာပဲ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြို့ထဲရွာထဲမှာ တရားသာ အားထုတ်ကြတယ်၊ ထိုက်တန်တဲ့ ဆရာကောင်း သမားကောင်း တွေ့ပြီး နည်းယူပြီး အားထုတ်ကြတယ်၊ ဘယ့်နှယ်ကြောင့် မဂ်ဖိုလ် မဆိုက် ပါလိမ့်မတုံး၊ သူ့အဖော် လုပ်နေလို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လောဘ၊ ဒေါသအဖော်လုပ်နေ

ဒါဖြင့် ဘယ့်နှယ် ဖြေကြမတုံး (သူ့အဖော် လုပ်နေလို့ ပါ ဘုရား)။ သမုဒယသစ္စာ အဖော် လုပ်နေလို့ မရှိတဲ့ အခါကျတော့ ဒီပြင်ဟာ ဉာဏ်အဖော် လုပ်သလား ဆိုတော့ မရှိတော့ ပျင်းတဲ့ ကောဇ္ဇ ဆိုတဲ့ ဒေါသ အဖော် လုပ်နေတယ်။ ရှိပြန်တော့ (လောဘ အဖော် လုပ်ပါ တယ် ဘုရား)။

ဪ နိဗ္ဗာန် မဂ်ဖိုလ် ရောက်ကြောင်းတွေ ကြိုးစားတာဗျာ၊ နာရီတော်တော် ရတာတောင် ဘာမှမထင်လာဘူး၊ အို ဘာထင်လိမ့် မတုံး၊ သူတို့ နှစ်ခုနဲ့ နေတာကိုး မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘု ရား)။ ဆိုနိုင်တယ်။

သူတို့ အရှိန်အစော်က အင်မတန်ကြီးတယ် မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို တစ်ခု မကျန် တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်း စေတတ်တဲ့ အနက်သဘော သည် လည်းကောင်း၊

သူနဲ့ မခွဲနိုင်ရင်

ရော့ – ဒုက္ခ၊ ရော့ – ဒုက္ခလို့ ဘယ်သူက ပေးတာလဲ (သမုဒယသစ္စာက ပေးတာပါ ဘုရား)။ ခင်ဗျားတို့ ကလည်း ပေးတာ မယူဘူး ဟေ့လို့ တစ်ခါမှ မလာဘူး၊ ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ခင်ဗျားတို့က သူနဲ့ မခွဲနိုင်တော့လို့ သူနဲ့ ပတ်သက်တာ ခံရုံပဲရှိတယ် (မှန်ပါ)။

ဒီမိန်းမနဲ့ မခွဲနိုင်လို့ ရှိရင် ဒီမိန်းမ ဆွေမျိုးတွေ၊ ဒီမိန်းမနှင့် ပတ်သက် လာတာတွေ ကြိုးစားပြီး ခင်ဗျားတို့ ထောက်ပံ့ ပြုရစ်ကြပေတော့ ဘာပြု လို့ တုံး ဒီလို မခွဲနိုင်လို့ ရှိရင် ဒီမိန်းမနဲ့ ပတ်သက်တဲ့၊ မိဘမောင်ဘွား တူသား မောင်မယ်တွေ ခင်ဗျားတို့ ပြုရမှာလား၊ မပြုရဘူးလား (ပြုရ မှာပါ ဘုရား)။

ဘာပြုလို့ တုံး ဒီ ဒကာမကို မခွဲနိုင်လို့ (မှန်လှပါ)။ ဒီမှာ လည်း သမုဒယကို ခင်ဗျားတို့ ရုပ်နာမ်ရှိတဲ့ ပုဂ္ဂိုလ်က မခွဲနိုင်တော့ပါဘူး ဆိုရင်ဖြင့် သူပေးတဲ့ ဒုက္ခတွေဟာ ခုတင်ကလိုပဲ သားစဉ် မြေးဆက် ခင်ဗျား တို့ ယူထားတာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ကရလည်း ရပါရဲ့၊ ကျွေးစရာ၊ မွေးစရာ၊ ပေးစရာ၊ ကမ်းစရာ တွေက များလွန်းလို့ သာဓု ခေါ်ရဦးတော့မလို။ ဟင် ဘာဟုတ်မလဲ၊ ရိပ်မိကြပြီလား။

ဒီသမုဒယက တစ်ခါတည်း ငါမခွဲလို့ ရှိရင် ဘယ်ဒုက္ခမျိုးမဆို အကုန်ယူပေးမယ်တဲ့ (မှန်ပါ)။ ရှင်းပြီလား။

ပေးတဲ့ဒုက္ခအကုန်ယူပေတော့

ကိုင်း ဒါဖြင့် သူဘာလုပ်တတ်သတုံး ဒကာ ဒကာမတို့ ဒီသမုဒယ ဆိုတဲ့ လောဘဟာ ဘာလုပ်တတ်ပါလိမ့် (ဒုက္ခဝတ္ထု ဒုက္ခမှုတွေ ပေးတတ်ပါတယ် ဘုရား)။ ပေးတတ်တယ်။

သူကတော့ ပေးတတ်တဲ့ သတ္တိရှိတယ်၊ ခင်ဗျားတို့က ခံယူတတ်တဲ့ သတ္တိ မရှိရင်လည်း အအေးသားပဲ၊ ဦးဘကြည် ဘာတဲ့တုံး (ခံယူ တတ်တဲ့ သတ္တိမရှိရင် အေးပါတယ် ဘုရား)။

ခင်ဗျားတို့ ကလဲ ကျေးတော်မျိုး၊ ကျွန်တော်မျိုး လိုက်တဲ့ဖြစ်ခြင်း၊ မပြောပါနဲ့တော့ (မှန်လှပါ)။

ဟင် ကျေးတော်မျိုး၊ ကျွန်တော်မျိုးဆိုလည်း ဘယ် ဒုက္ခတွေ ပေးပေး အရောင်းဒုက္ခလေး ပေးလည်း ကျုပ်ရောင်းမယ်။ အဝယ် ဒုက္ခ ပေးပြန်တော့ကော (ကျုပ်ဝယ်မယ်)။

ကျုပ်ဝယ်မယ် ဟုတ်လား (မှန်ပါ) ချက်စရာ၊ ပြုတ်စရာ ထမင်းဟင်းကလည်း ကျုပ်ချက်မယ်၊ အဲဒီတော့ ပေးတဲ့ ဒုက္ခ မယူတာများ ပါသေးလား (မပါပါ ဘုရား)။ မပါဘူးတဲ့။

ဒီခန္ဓာကိုယ်ကြီးကိုလည်း ခင်ဗျားတို့ ပေးထားတယ် (မှန်ပါ)။ သမုဒယက ပေးထားတယ် (မှန်ပါ)။ လူ့ပြည်မှာလည်ပြီး သကာလ အရှက် တကွဲ အကျိုးနည်း လည်စမ်းကွာ ဆိုတော့ ခင်ဗျားတို့ လည်ရတာ။

နဂိုတုန်းက အဝတ်မပါဘူးဗျ၊ ကလေးတုန်းက ပါခဲ့ရဲ့လား (မပါ, ပါဘူး ဘုရား)။ အရှက်တကွဲ မဟုတ်လား (မှန်ပါ)။

ဘယ်သူက အလည်ခိုင်းတာတုံး (သမုဒယသစ္စာက အလည် ခိုင်းတာပါ ဘုရား)။ ခင်ဗျားတို့ က အရှက်မရှိတော့ လည်တာပေါ့ဗျ၊ ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)။

မွေးတုန်းကဘယ်သူအဝတ်ပါသတုံး

မွေးတုန်းက ဘယ်သူများ အဝတ်လေး ပါသတုံး ဒကာ ဒကာမတို့ (မပါပါ ဘုရား) သမုဒယ သစ္စာက မင်းလူ့ပြည်သွား အရှက်တကွဲ အကျိုးနည်း ဒုက္ခနဲ့ လည်ပြစမ်းပါ။

သူ့ သတ္တိ အတိုင်း ခင်ဗျားတို့ က တော်လှန်နိုင် ရဲ့ လား (မတော်လှန်နိုင်ပါ ဘုရား)။ မတော်လှန် နိုင်တော့ ခင်ဗျားတို့က အဝတ်မပါ ဘဲနဲ့ ဘယ်နှစ်လ နေခဲ့ရသေးသတဲ့ (ကိုးလပါ ဘုရား)။ မကသေး ပေါင်ဗျာ၊ တုံးလုံးကို အတော် ကြာတယ်၊ အတော်ကို ကြာပါတယ်။

ဘယ်သူပေးတဲ့ဒုက္ခတုံး

အဲဒါ ဘယ်သူပေးတဲ့ ဒုက္ခတုံး (သမုဒယသစ္စာပါ ဘုရား)။ သမုဒယက ပေးတဲ့ဒုက္ခ၊ ကျင်ကြီး၊ ကျင်ငယ်တွေ နေရာမရွေး ဒီကလေးတွေ က မစွန့်ပေဘူးလား (စွန့်ပါတယ် ဘုရား)။

အဲဒီ ဒုက္ခတွေဟာလည်း အင်း လူစဉ်မမီသေးတော့တွေ့ ရတဲ့ ဒုက္ခတွေ အဲဒီ လူစဉ်မမီတဲ့ ဒုက္ခကိုရော ဘယ်သူ ပေးတာလဲ (သမုဒယ – သစ္စာပါ ဘုရား)။

သမုဒယကတော့ အမလေး ခင်ဗျားတို့ က အရှက်တကွဲအကျိုး နည်းလုပ်တာတောင် မရှက် ဘူး။ ဟင် ရှက်ကြရဲ့လား (မရှက်ပါ ဘုရား)

အဖေတို့ ငယ်ရာက ကြီးလာတာပဲ၊ ဒါနဲ့ ဖြေကြတာပဲ။ ဒီပြင်များ ဘာပါသေးသတဲ့ (ဘာမှ မပါပါဘူးဘု ရား)။ ဘာမှမပါဘူး။ ငယ်ရာက ကြီးတယ်လို့ အဖြေထုတ်နေတာပဲ၊ ဒိပြင် ဘာမှမရှိဘူး။

ဪ သူ့ ဒဏ်ချက်မိနေတာပဲလို့ ဆိုရင် ဒီလာဖြစ်ကြရဲ့လား (မလာဖြစ်ပါ ဘုရား)။ ဒီတော့ ကိစ္စဉာဏ် မရှိဘူးတဲ့၊ ရှိရဲ့လား (မရှိပါ ဘုရား)။

သူ့ကိစ္စကိုသိကြရဲ့လား

သူ့ကိစ္စကို ခင်ဗျားတို့ သိရဲ့ လား (မသိပါ ဘုရား)။ မသိလို့ ခင်ဗျားတို့ သူ့အဝတ် မဝတ်ဘဲနဲ့ မင်းလူ့ပြည် အရှက်တကွဲ အကျိုးနည်းနဲ့ နေလိုက်စမ်း ဆိုတော့လည်း နေလိုက်ရတာပဲ (မှန်ပါ)။

ကျင်ကြီး၊ ကျင်ငယ်ကို အမေ့ကိုယ်ပေါ်မှာ ဖြစ်စေ၊ လူကြီး သူမရှေ့မှာ ဖြစ်စေ၊ ဘယ် နေ ရာမဆို စွန့်လိုက်စမ်း၊ ဟင် မင်းအရူးပေါ်လိုက်စမ်း၊ ပေါ်ကြသလား မပေါ်ကြဘူးလား (ပေါ်ပါ တယ် ဘုရား)။

ဒါ ဘယ်သူပေးတဲ့ အရူး ကိစ္စတုံး (သူပေးတဲ့ကိစ္စ)၊ သူပေးတယ် ဟုတ်လား၊ တော်တော် ကြာလို့ ရှိရင် လူပုံအလယ်မှာ အရှက် တကွဲ အကျိုးနည်းနဲ့ မင်းတို့ ဝေဒနာမျိုးစုံ ခံစားပြီး အလိုလေး၊ အမယ်လေး အော်ပြစမ်းကွာ၊ ဘယ်သူက ခိုင်းတာတုံး (သမုဒယက ခိုင်းတာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူကပေးတာလို့ မရိပ်မိဘူး။ ခင်ဗျားတို့ ကိုပေးတာက သူပဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

စွဲချက်ကသိပ်လွဲတာ

သို့သော် ခင်ဗျားတို့ က အစားမှားလို့ တဲ့ ဦးဘကြည် စွဲချက်က သိပ်လွှဲတာကိုးဗျ။ အမလေး မှားသွားပြီ။ ဥတုရာသီ မကောင်းတဲ့ အရပ် သွားမိလို့၊ သူပေးတဲ့ခန္ဓာ မရှိလို့ ရှိရင် ဘယ်အရပ်သွားသွား ဘာဖြစ် စရာ ရှိသေးသတဲ့ (ဘာမှဖြစ်စရာ မရှိပါ ဘုရား)။

သူပေးတဲ့ခန္ဓာ မရှိလို့ ရှိရင် ကျုပ်တို့ သည် နိဗ္ဗာန် ရောက်တဲ့ပုဂ္ဂိုလ် များ မှာ ဖျားတယ်၊ နာတယ်၊ အစား မှားတယ်၊ ဝမ်းလျှောတယ်၊ လာသေးသ လား (မလာပါ ဘုရား)။

ဘာပြုလို့ မလာတာတုံး၊ သူပေးတဲ့ဒဏ်ချက် လွတ်သွားလို့ ဟုတ်ပြီလား (မှန်ပါ)။ သူပေးတာကို ခံယူတယ်လို့ ရှိသေးလား (မရှိပါ ဘုရား)။ ခင်ဗျားတို့ ကသာ ကျွန်တော်မျိုး ပီပီမို့ ခံယူနေတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီ ကျွန်တော်မျိုးပီပီ ဦးဘကြည်တို့ ခံယူနိုင်တာသည် ကိစ္စ ဉာဏ် မသိလို့ (မှန်ပါ ဘုရား)။ သူ့ကိစ္စ သိကြရဲ့လား (မသိပါ ဘုရား)။ မသိဘူးတဲ့။

အခုတောင် အတော် ဖော်ပြော ရတယ်၊ ဘုန်းကြီးတောင် အမောခံပြီး ဖော်ယူရတယ် (မှန်ပါ)။ အမောခံပြီး ဖော်ယူ နေရတယ်၊ ဒကာ ဒကာမ တို့ ငါတို့ မိုက်တာ နည်းနည်းလားလို့ ၊ ဘုန်းကြီးက အမောခံပြီး ဖော်ယူရတယ် ဆိုတာသာ စဉ်းစားပါတော့ (မှန်ပါ)။

ဘယ့်နှယ် စဉ်းစားမလဲဟေ့ (ဘုန်းကြီးတောင် အမောခံပြီး ဖော်ရတာပါ ဘုရား)။ အမောခံပြီး ဖော်တာတောင်မှ ဒီမှာသာ ဖော်လို့ ရတယ်၊ အိမ်ကျတော့ ပျောက်သေးတာ (မှန်ပါ ဘုရား)။ အတော်ဆိုး မနေဘူးလား (ဆိုးပါတယ် ဘုရား)။

ကိုးလကျော်ထောင်ချလိုက်တာ

အဲဒီတော့ ဒကာ ဒကာမတို့ သူ့ကိစ္စသည်ကား ဆိုလို့ ရှိရင်ဖြင့် ဦးဘကြည် ဝမ်းထဲမှာ ကလေး တစ်ယောက်ကို ကိုးလကျော် ဆယ်လ ထောင်ချလိုက်တာလို့ မှတ်၊ သူလူ့ပြည် လိုချင်လို့ ရတာကိုးဗျ (မှန်ပါ)။

အဲဒါကြောင့် သမုဒယဒဏ်ချက်ပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ ထောင်ချလိုက်တုန်းကလည်း သူ့ဒဏ်ချက်လို့ ရိပ်မိရဲ့လား (မရိပ်မိပါ ဘုရား)၊ မရိပ်မိဘူး။

သူအဖော် အသင်းအပင်းတွေက တစ်ခါတည်း သမုဒယသစ္စာ တည်းဟူသော အရှင်သခင်ကြီး ပေါ်မှာစိုးတဲ့အတွက် သူနဲ့ ပတ်သက်တဲ့ အကုသိုလ်တရားတွေက ဒီမှာ အကူအညီပေးပြီး သကာလ ထားတာ (မှန်ပါ)။

အဝတ်မပါဘဲ လျှောက်လည်နေရ

ကောင်းပြီ၊ ဒါဖြင့် ဝမ်းထဲက ထွက်လာတော့လည်း ခုနက အဝတ်မပါဘဲ လျှောက်လည် နေရတဲ့၊ အရှက်တကွဲအကျိုးနည်း ကိစ္စကို ကော ဘယ်သူက ပေးသတုံး (သမုဒယသစ္စာက ပေးတာပါ ဘုရား)။

ကျင်ကြီး ကျင်ငယ် လူရှေ့မရွေး၊ သူရှေ့မရွေး စွန့်ပစ်နေတာတွေ ကြည့်ရပြန်တော့ကော သမုဒယပဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တော်တော်ကြာကျတော့ မင်းစားဖို့မင်းရှာဆိုပြီး သကာလ အဖေ မိဘတွေက ဆုံးမလို့ ဖြစ်စေ၊ ကိုယ့်ကိုယ်ကို ခင်လာတော့ လူတစ်လုံးဖြစ်ဖို့ ကိုယ့်ဟာကိုယ် ကြိုးစားရမှာပဲလို့ ဆိုပြီး ခေတ်ပညာတွေ ဘာတွေအမျိုးမျိုး သင်ကြရတာ။

အရောင်းအဝယ်သမားတွေ အရောင်းအဝယ် သင်ကြပေါ့ဗျာ (မှန်ပါ)။ အင်း ဒါတွေ သင်တော့ စိတ်၏ ပင်ပန်းခြင်း၊ ကိုယ်၏ ပင်ပန်းခြင်း၊ ဒုက္ခတွေရော မရဘူးလား (ရပါတယ် ဘုရား)။ ရတယ်။

ဘယ်သူပေးတာတုံး (သမုဒယသစ္စာပါ ဘုရား)၊ သမုဒယ ပေးတာပဲ။ နောက်ကျတော့ သမုဒယပေးတဲ့ ဒုက္ခက တော်တော်ဝတဲ့အခါ ကျတော့ ကိုယ့်ကိုယ်ကိုချီနိုင်တဲ့ အနေကျတော့ သူများဒုက္ခတွေ သယ်ဦး မယ်တဲ့၊ သယ်ဦး (မှန်ပါ)။

မိန်းမဆိုတာ ယောက်ကျားရှိမှ

ယောက်ျားဆိုတာ မိန်းမရှိမှ။ မိန်းမဆိုတာ ယောက်ျားရှိမှ၊ ဒီလိုမှ သင့်တော် မယ်။ မင်းဒုက္ခ နည်းနေသေးတယ်။ ငါပေးဦးမယ်။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နောက်ဒုက္ခတွေ ဆင့် ကြဦးစို့ ကွ၊ သဘောကျပြီလား။ (ကျပါပြီ ဘုရား)။ ဘယ်သူက ပေးတာတုံး (သမုဒယက ပေးတာပါ ဘုရား)။ အင်း သူကပေးတယ်လို့များ ရိပ်မိရဲ့လား (မရိပ်မိ ပါဘူး ဘုရား)။

အင်း ကံကောင်းလို့ အိမ်ထောင်ဖက်ကောင်း ရပေသေး တယ်၊ သူပေးတယ်လို့များ မရိပ်မိကြဘူးဗျ။ ရိပ်ကြသေးရဲ့ လား (မရိပ်မိပါ ဘုရား)။ မရိပ်မိဘူး။

ဆံဖြူသွားကျိုး သေခါနီး လူတွေကို မေးကြည့်စမ်း၊ အင်း ဒါကြောင့် ကျုပ်တို့ အကြောင်း ရေစက်ဘဝက ပြုခဲ့တာတွေ အတူတူမို့ စိတ်ချမ်းသာ လက်ချမ်းသာ နေရတယ်၊ စားဝတ်နေရေး ရုန်းရတာ မပါဘူး၊ ပါသေးသလား (မပါပါ ဘုရား)။

ခင်ဗျားတို့ ဖြစ်စဉ်က ဒီလို ရုန်းရတာ မပါဘူး၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။ ပေးသွားတာကတော့ ဘယ်သူတုံး (သမုဒယပါ ဘုရား)။ တာဝန်က နှစ်ဝန်ထမ်း၊ နဂိုက မင်းခန္ဓာဝန် မင်းထမ်း ရတာ (မှန်လှပါ)။ သဘောကျပြီလား။

နောက်ကျတော့ ခင်ပွန်းမရဲ့ ဝန်ကိုရော (ထမ်းရပါတယ် ဘုရား)။ နောက် တော်တော် ကြာတော့ သားသမီးဝန်တွေရော (ထမ်းရပါတယ် ဘုရား)။

ဝန်တွေထမ်းရတာပြုံးလို့

ဟော ထမ်းရတာပြုံးလို့ဗျာ၊ သားဦးလေးများ မွေးလာရင် ပြုံးလိုက်သေး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဘယ်လောက်များ ဆိုးရွားသလဲဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ သူ့ကိစ္စ ပေါ်ရဲ့ လား (ပေါ်ပါတယ် ဘုရား)။

ကဲ ကိစ္စဉာဏ်ဘယ်လောက် ထက်သလဲဆိုတာ ဦးဘကြည် ပေါ်ပြီလား ၊ ကဲ တောက်လျှောက် နှိပ်စက်တာတော့ မပေါ်ဘူး ဟုတ်ရဲ့လား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ် မရဘဲနဲ့ ဒီသမုဒယ ဘယ်သူပယ်ချင် မတုံးဗျ (မပယ်ချင်ပါ ဘုရား)။ မပယ်ချင်ဘူးနော် အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ကဲ ဒါဖြင့် ကိစ္စဉာဏ်အရေးကြီးပုံ ကိုထွန်းဦးပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)။ အဲဒါဖြင့် ကျုပ်တို့ ဘယ်တော့မှ ကိစ္စ မသိခဲ့တဲ့အတွက်ကြောင့် သူ့ပဲအဖော် လုပ်နေရတယ်။

သူခိုင်းတာပဲလုပ်နေရတယ်

သူခိုင်းတာပဲ လုပ်နေရတယ် ဆိုတော့ ဒို့ သံသရာခရီးသည် သက်သက်ပဲလို့ ဆိုထိုက် သလား (ဆိုထိုက်ပါတယ် ဘုရား)။ သူ့အ ကြောင်း ကောင်းကောင်းမှ မသိရဘဲ (မှန်ပါ ဘုရား)။

ဒါကြောင့် မနေ့က ဂါထာမှာ ဘုရားဟောတာ သိပ်မှန်တယ်ဆိုတာ ဦးဘကြည် (မှန်ပါ့ ဘုရား)။

“ ဒုဒ္ဒသံ အမတံ နာမ ” အမာတံ နာမ၊ အမတ မည်တဲ့ နိဗ္ဗာန် သည်၊ ဒုဒ္ဒသံ- မြင်နိုင်ခဲတယ်ကွ၊ သူက လှည့်ထားတာကိုဗျ (မှန်လှပါ)။

နိဗ္ဗာန် သွားမယ်ဆိုလို့ ရှိရင်လည်း သွားချင်တဲ့စိတ် မပေါ်အောင် ကို သူက လျှောက်လှည့် ထားတယ်၊ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။ ကျုပ်တို့ မြင်စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။ မြင်လိုက် လည်း လုပ်ဖြစ်သေးသလား (မလုပ်ဖြစ်ပါ ဘုရား)။

ထိုးထွင်းသိမှ နိဗ္ဗာန်မြင်မှာ

“ပဋိဝိဒ္ဓါ တဏှာ ဇာနတော” ပဋိဝိဒ္ဓါ- ထိုးထွင်း၍၊ တဏှာ- တဏှာကို၊ ဇာနတော- သိမှကွတဲ့ (မှန်လှပါ ဘုရား)။

“ကိဉ္စနံ နိတ္ထိ ကိဉ္စနံ” တဲ့ ကြောင့်ကြစရာမရှိတဲ့ နိဗ္ဗာန်ကို၊ ပဿတော – မြင်နိုင်တယ်၊ သူ့အကြောင်း ကောင်းကောင်းသိမှ နိဗ္ဗာန် မြင်မှာပဲ။

နိဗ္ဗာန် မရတာဘာ့ကြောင့်တုံး

သူ့အကြောင်း ကောင်းကောင်း သိတော့ ပယ်ဖြစ်မှာပေါ့ဗျာ၊ ပယ်ဖြစ်တော့ ဘာဖြစ် သွားမှာတုံး (နိဗ္ဗာန်မြင်မှာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်မရတာသည် ဘာကြောင့်တုံးလို့ လက်သည် ရှာကြ (သူ့ အကြောင်း ကောင်းကောင်း မသိလို့ပါ ဘုရား)။

သူ့အကြောင်း ကောင်းကောင်း မသိလို့ အခု တရားနာတုန်း တောင် မနည်း ထိုးထွင်း ကြံဆပြီး သိရတာ (မှန်ပါ)။

တရားလည်း မနာတော့ပါဘူး၊ အားလည်း မထုတ်တော့ ပါဘူးဆိုရင်ဖြင့် ဘာလုပ်တော့မယ်လို့ စီစဉ်ရတော့တာပဲ၊ ခိုင်းတာ ဟူသရွေ့ ဘာတဲ့တုံး (လုပ်ပါ့မယ်)။ အကုန်လိုက်နာပါမယ်။

ဘယ်နေရာ ခိုင်းခိုင်းလုပ်ဝံ့တယ်

မကောင်းတဲ့နေရာ စေခိုင်း စေခိုင်း၊ ငှက်တော၊ ခွေးတောလည်း သွားပါမယ်တဲ့၊ အမြတ်အစွန်း ရမယ်ဆို သွားကြတာကိုးဗျ။ ဘယ်နေရာ ခိုင်းခိုင်း လုပ်ဝံ့တယ်ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ ငြင်းဖို့ လိုသေးသလား ၊ (မလိုပါ ဘုရား)။

အေး ကိုယ့်သားသမီးကို ကျင်ကြီးကျင်ငယ် ကျုံးရမယ်ဆိုရင် ကိစ္စမရှိဘူး၊ ကျုပ်ကျုံးမယ်၊ ရေချိုးပေးမယ်ဆိုရင်ကော ချိုးပေးရမှာပဲ။ သူ့အတွက်နဲ့ ပူစရာရှိလို့ ပူမလားဆိုရင်လည်း ပူမှာပဲ (မှန်ပါ)။

အဲဒီတော့ ဒါ ဘယ်သူပေးတာတွေတုံး (သမုဒယ ပါ ဘုရား)။ ဒါဖြင့် သမုဒယသစ္စာ အကြောင်း ခင်ဗျားတို့ ယခုတော်တော် ရိပ်မိသွားပြီ၊ မရိပ်မိသေးဘူးလား (ရိပ်မိပါတယ် ဘုရား)။

ဘယ်လောက်များ ဆိုးတုံးဗျာ (ဆိုးပါတယ် ဘုရား)။ အလွန့် အလွန်ဆိုးတယ် (မှန်လှပါ)။ ပေါင်းသင်းထိုက်တဲ့တရားလား မပေါင်းသင်းထိုက် တ ရားလား (မပေါင်းသင်းထိုက် တဲ့ တရားပါ ဘုရား)။

မပေါင်းသင်းရင် ခင်ဗျားတို့လည်း အပျင်းဝင်မှာစိုးတယ်။ ကျုပ်က ခက်တာက ပေါင်းသင်း ပြန်တော့လည်း ခင်ဗျားတို့ကျွန်ဖြစ်မှာစိုးတယ် (မှန်လှပါ ဘုရား)။ အဲဒီကြားထဲ ဟောရတာ (မှန်ပါ)

တရားဟောရတာခက်တယ်

ဦးဘကြည် တရားဟောရတာ ဘယ်လောက်ခက်တုံး (ခက်ပါတယ် ဘုရား)။ မပေါင်းသင်း ပြန်တော့လည်း ပျင်းတယ်တဲ့၊ တဏှာ မရှိတော့ အရောင်းအဝယ်မကောင်းတော့ ပျင်းတယ်၊ သားသမီး မရှိတော့ ကော (ပျင်းတယ်)၊ ပျင်းတယ်တဲ့။

ကိုယ့်ကိုယ်ကို မကျန်းမာနေတော့ကော (ပျင်းပါတယ် ဘုရား)။ ပျင်းတာပဲတဲ့။ အဲဒါက တဏှာ ရှုပ်နေတဲ့ အခါကျတော့ ခင်ဗျား တို့ က ဒေါသနဲ့ နေတယ်။

တဏှာရှိနေတဲ့ အခါကျတော့လည်း ခင်ဗျားတို့က ကျွန်လုပ်နေ တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အမလေး ခင်ဗျားတို့ ဖြစ်ထွေကဖြင့်ဗျာ ဘုရားအဆူဆူ ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေက ရာဟုလာသားကဲ့သို့ ကျုပ်တို့ ခင်ဗျားတို့ အပေါ်မှာ သနားကြပါတယ် (မှန်လှပါ)။

ထောင်တတ်တဲ့နားနဲ့ခန္ဓာမရှိခဲ့

သို့သော် ကယ်ဖို့ယူဖို့ကျတော့ သူ့ အတွက် ဘယ်နည်းနဲ့ ကယ်ရမည်ဆိုတာ မလွယ်ပါဘူး၊ ထောင်တတ်တဲ့ နားလည်းမပါဘူး၊ ထောင်တတ်တဲ့ ခန္ဓာမျိုးလည်း မဟုတ်ဘူး (မှန်လှပါ)။

တိရစ္ဆာန် ပြိတ္တာ ဖြစ်နေမှာကိုး (မှန်လှပါ ဘုရား)။ ထောင်တတ် တဲ့ နားပါသေးရဲ့ လား (မပါ ပါဘု ရား)။

အဲဒီတော့ ကယ်ချင်ယူချင်တဲ့ စိတ်မရှိလို့လားဆိုတော့ ကိုယ်ကနေပြီး တဏှာကခိုင်း တာကို ကျွန် ပီ ပီ သပေါက် ပီ ပီ လက် ခံ နေ တာနဲ့ မအားလို့ မလုပ်လိုက် ရတာလား မေးစမ်းပါ၊ ဘယ့်နှယ်ဖြေမယ် (မအားလို့ပါ ဘုရား)။

အဲ နောက်ဘု ရားပွင့်လည်း မအားပါဘူး၊ ခင်ဗျားတို့ စိတ် သာချပါ အားမှာမဟုတ်ပါဘူး၊ မဆိုထိုက် ဘူးလား၊ ဆိုထိုက် သလား (ဆိုထိုက်ပါတယ် ဘုရား)။ ဘယ်အားမတုံးဗျ။

စဉ်းစားကြည့်ပါလား၊ မွေးကာစဆိုရင် လူမမယ် သူမမယ်ကျ တော့လည်း ဘာမှမသိလို့ နေလိုက်ရတာပဲ၊ လူလေးသူလေးဖြစ်လာပြန် တော့လည်း လူလေးသူလေးနဲ့ တူတဲ့ ကိစ္စတွေ လျှောက်လုပ်နေတာနဲ့ ပဲ ဒီကိစ္စဉာဏ်တွေရသေးလား (မရပါ ဘုရား)။

သတိတွေကချို့ယွင်းကုန်ပြီ

မရတော့ဘူး မရတော့ အသက်အရွယ်ကြီးပြန်တော့လည်း သတိတွေကလည်း ချို့ယွင်း ကုန်ပြီး သကာလ ဘာမှမတတ်နိုင်တော့ဘူး၊ အဲဒီကျတော့ ဘုတ်ထိုင်ထိုင်ပြီး၊ နောက်ဆုတ် ပစ်လိုက်တာပဲ။

ဒီတော့ ကိစ္စဉာဏ်ပေါ်ဖို့ ဘယ်အချိန်ပါသေးဗျာ (ဘယ်အချိန်မှ မပါ, ပါ ဘုရား)။ အရွယ်ကောင်းတဲ့ အချိန်တွေကျတော့ ခင်ဗျားတို့က တဏှာခိုင်းတာနဲ့ ဖြုန်းနေတယ်၊ ဟုတ်လား (မှန်ပါ)

အချိန်ကောင်း အရွယ်ကောင်းတွေကုန်ပြီဆိုလို့ရှိရင် နည်းနည်း သတိ ရလာပြီး ခိုင်းလို့ မဖြစ်ပြီဆိုမှ ကျောင်းရောက်လာဆို တော့ ဒီအဓိပ္ပာယ် သိဖို့ရာ အတော်ခဲယဉ်းတယ်၊ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ သူ့အကြောင်းကို ယနေ့ သိအောင် ပြောတဲ့အထဲမှာ ဥပမာတစ်ခု ဘုန်းကြီးကရှင်းပြမယ် (မှန်ပါ ဘုရား)။

သူဟာ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို တစ်ခုမကျန် တစ်ရံမစဲအမြဲ ပေးအပ် ဆောင် နှင်းစေ တတ်တဲ့ သဘောကား သမုဒယသစ္စာ၏ သဘောပဲ (မှန်ပါ)။ ပေးပေမယ့်လည်း ပေးနည်း တစ်မျိုးတဲ့။

ဦးဘကြည် ပေးမယ့် ပေးနည်းတစ်မျိုးက မင်းဟာ ဇာတိဒုက္ခတွေ့ ဖူးရဲ့ လား မေးသေးတာဗျ (မှန်ပါ)။ မတွေ့ဘူးလို့ရှိရင်ဖြင့် သေသေ ချာချာ မင်းကိုယ်တိုင် ခံစားရတဲ့ အဖြစ်ရောက်အောင် ငါပေးမယ်။ ဒီလိုပေးတာ သဘောကျပြီးလား (ကျပါတယ် ဘုရား)။

ဇာတိဒုက္ခမင်းခံစားဖူးရဲ့လား

ဇာတိဒုက္ခမင်းခံစားဖူးရဲ့ လား မေးလိုက်သေးတယ်၊ မခံစားဖူးလို့ ရှိရင်ဖြင့် ကိုယ်တိုင် စီမံပေးပါမယ်၊ ဇာတိဒုက္ခမင်းဝမ်းထဲမှာ ရေလည်း ပြတ်ရမယ်၊ အဝတ်လည်းမကပ်ရဘူး။

သေသေချာချာ မင်းအကုန် သိ စေ့ မယ်။ ရေပူသောက် ရင် မင်းပူရမယ်။ ရေအေး သောက်ရင် မင်းအေးရမယ်။ မင်းမလှည့်နိုင် မပတ် နိုင်တဲ့ ဒုက္ခကို ငါကိုယ်တိုင်ပေးမယ်၊ မင်းသေသေချာချာ လက်ခံပါဆိုပြီးတော့ စာချုပ်နဲ့ ပေးမှာ။

ဘယ့်နှယ်ကြောင့် စာချုပ်နဲ့ ပေးရပါသတုံးဆိုတော့ သူကနိဂို ကတော့ ခင်ဗျားတို့ လူဖြစ်ရပါလို၏လို့ ဆုတောင်းထဲ ပါနေတာကိုး (မှန်လှပါ ဘုရား)။ ဖြစ်စေမယ် စိတ်ချ၊ မင်းဘာမှမလုပ်နဲ့ စိတ်ချ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မင်းကိုယ်တိုင်ခံစားရစေမယ်

ခင်ဗျားတို့က လူဖြစ်ချင်တဲ့ သဘောလေးက မရှိဘူးလား (ရှိပါတယ် ဘုရား)။ အဲဒီတော့ ဖြစ်စေ့မယ်၊ ဖြစ်တဲ့အခါကျလို့ရှိရင် လူ့ဒုက္ခ ဟူသရွေ့ ဘာမှမစိုးရိမ်နဲ့ ငါအကုန်ဝေဖန်ပြမယ်။ မင်းကိုယ်တိုင်ခံစား ရစေ့မယ်။ အကြွေးမဟုတ်ဘူးဗျ၊ လက်ငင်းခံစားရစေ့မယ် (မှန်ပါ)။ မဆိုးဘူလား၊ ဆိုးသလား (ဆိုးပါတယ် ဘုရား)။

ကဲ လက်ငင်းရတော့ ခင်ဗျားတို့ ဒီခန္ဓာဝမ်းထဲမှာ ၉ လခွဲ၊ ၁၀-လ ဆိုသလို အစာမစားရဘဲနဲ့ ခင်ဗျားတို့ ဝဋ်ကောင်ကလေးဖြစ် နေ ဘယ် မှန်ပါ)။ အစာစားရသလား (မစားရပါ ဘုရား)

ခုတော့ ခင်ဗျားတို့ ညစာ မနက်စာများ မစားရရင် ဆူလိုက် ပူလိုက်နဲ့ ဟုတ်ဖူးလား (မှန်ပါ)။ အိမ်မှာရှိတဲ့သားမယားများကို ဟင်း နံနက်စာလည်း ဘာမှ မချက်ရသေး၊ ညစာလည်း ဘာမှမချက် ရသေး (မှန်ပါ)။

ငါ့မှာ စီးပွားရှာရတာလည်း ပင်ပန်းလှပြီဆိုပြီးတော့ ဦးစံရီ ဆိုတန်ဆို၊ ငေါက်တန်ငေါက်၊ ရိုက်တန် ရိုက်ဆိုတာမျိုး ခင်ဗျားတို့ လာချင်လာရမယ် (မှန်ပါ)။ ဟိုမှာ ဝဋ်ကောင်ကလေး ဖြစ်နေတော့ စားရရဲ့ လားလို့မေး (မစားရပါဘူး ဘုရား)။

အဲဒီဒုက္ခလည်း မင်းကိုယ်တိုင်ယူပါ၊ မင်းကိုယ်တိုင်ရပါတယ်လို့ ဘယ်သူကပေးတာတုံး (သမုဒယသစ္စာပါ ဘုရား။)

ဒီကလည်း ကျွန်တော်ယူပါမယ်ဆိုပြီး သကာလ သူကိုယ်တိုင် ခံစားပြီး မယူရဘူးလား (ယူရပါတယ် ဘုရား)။ ငြင်းပယ်နိုင်ရဲ့ လား (မပယ်နိုင်ပါ ဘုရား)။

အမယ်လေး! ပေးချက် က တကယ်ထိပါလား။ ပေးလည်း ပေးတယ် ဟုတ်လား (မှန်ပါ)။ အမြဲတမ်းလည်း ချုပ်ထားမှာ လက်မလွတ်ပါနဲ့၊ ဒါ-ဆောင်ဆေးလုပ်ပါလို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ပေးလည်းပေးတယ်၊ ကိုယ်တိုင်ခံစားဖူးအောင်လည်း ပြတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ ဒါ ဘယ်သူပါလိမ့် (သမုဒယသစ္စာ)၊ ေဩာ် တယ်ဆိုးပါလား။

သမုဒယသစ္စာ ပေးလည်းပေးတယ် ၊ ကိုယ်ကိုယ်တိုင် ခံစားဖို့ဟာ ကိုလည်း လက်လွဲနဲ့ မလုပ်နဲ့နော် မင်းဟာမင်းယူပါ (မှန်ပါ)။ လက်လွှဲလုပ်လို့ ရသလား (မရပါ ဘုရား)။ သူ့ဟာသူပဲနော် (မှန်ပါ)။

ထမင်းမစားရတာ ၉-လခွဲ

ဒါဖြင့် ကိုယ်တိုင် ရေမသောက်ရတာ ဘယ်နှစ်ရက်တုံးမေးရင် (၉-လခွဲပါ ဘုရား)။ ထမင်းမစား ရတာ ၉-လခွဲ၊ ရေမချိုးရတာ ၉-လခွဲ၊ အဝတ်မပါတာ ၉-လခွဲ၊ ကျင်ကြီး အိမ်ပေါ်ထိုင် ရတာ ၉-လခွဲ၊ ခွေးအံဖတ်နှင့်တူတဲ့ အစာသစ်အိမ်ကို ခေါင်းပေါ်၊ ရွက်ရတာ ၉-လခွဲ။

မလှုပ်မယှက် ဘဲ နဲ့ ဟေ့ ခေါင်းပေါ်မှာ လက်နှစ်ဖက် ယှက်တင်ပြီး အမေ့ကျောဘက် မျက်နှာမူပြီး ဒူးပေါ်မှာ တထောင်က ထောက်ထား မလှုပ်မရွေ့ မပတ်နဲ့ မလှ ည့် နဲ့ အမလေး! ခံလိုက်ရတာ ဘယ်သူပေးထားတာ (သမုဒယပေးတာပါ ဘုရား)။

တယ်လည်း ဆိုးပါလားခင်ဗျား ဒကာ ဒကာမတို့ ဆိုးပုံပေါ် ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်သူပါလိမ့် (သမုဒယသစ္စာ ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကလည်း မငြင်းပယ်နိုင်ကြရဲ့ လား (မငြင်းပယ်နိုင်ပါ ဘုရား)။ ဘာလို့ မငြင်းပယ်နိုင်တဲ့ ကိုယ့်ကိုယ်ကို ခင်နေတော့ မငြင်းပယ်နိုင်တော့ဘူးတဲ့။

ခင်တုန်းက ခင်ဗျားတို့ကလည်း ဒီကလေး ရောက်ကတည်းက သူ့ကိုယ်လေးနဲ့ သူ ခင်ရက်ပဲဗျ၊ ဒုက္ခသာခံနေတာ၊ သူ့ကိုယ်လေးသူ ခင်နေတာ ဦးဘကြည် (မှန်ပါ)။

ရောက်ရာဘဝပျော်နေတယ်

ဒီခင်တဲ့စိတ်ကလေးက အရင်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဘဝနိကန္တိက လောဘဇောကိုဗျ (မှန်ပါ)။ ရောက်တယ်ဆို ပျော်တော့တာပဲ၊ ဒုက္ခကတော့ ရောက်လိုက်တာ လွန်လို့၊ ရောက်ရာမှာ ဘာဖြစ်နေ (ပျော်နေပါတယ် ဘုရား)။

ပျော်တယ်လို့ဆိုတော့ အင်း ဒီကပေးတာကို အကုန်လက် ခံမယ့်သဘောပဲ (မှန်လှပါ)။ ရှေးဘဝက တဏှာပေးသမျှကို ဒီဘဝ တဏှာက ချော့ပြီး လက်ခံ လက်သာခံ၊ ဒုက္ခဟူသရွေ့ မင်းချည်းယူလို့ မပေးဘူးလား၊ ပေးသလား (ပေးပါတယ် ဘုရား)။

ဒီဘဝတဏှာကလည်း လက်ခံတဲ့ သဘော၊ ဟို ဘဝတက ပေးတဲ့သဘော (မှန်ပါ)။ ဒီဘဝရောက်ရာပျော်တယ်ဆိုတော့ လက်ခံတာပေါ့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်သည် ဒီပေးတာကလည်း ဒုက္ခ၊ လက်ခံခိုင်းတာ ကလည်း အရှင်သခင်၊ သမုဒယ ဒီဘက်ကျအောင် လိုက်ပြီး သကာလ အကြောင်းအကျိုး ဆက်နေပြန်တော့ ကျွန်ုပ်တို့ လက်မခံချင်ဘူး၊ ကျုပ်တို့ နဂိုကမှားတာ နောက်ဆုံးပိတ်မှာ ပါရစေတော့ လို့ လာသလား၊ ကျေကျေနပ်နပ် လက်ခံသလား (ကျေကျေနပ်နပ် လက်ခံပါတယ် ဘုရား)။

ဒါဖြင့် အမှားကို မပေါ်တော့ဘူး (မှန်ပါ ဘုရား)။ ဘယ် လောက်များ နစ်နာလိုက်သတုံးလို့ ဦးခင်မောင် ဘယ်လောက်များ နစ်နာလိုက်သတုံးပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခပေးတာဒုက္ခမှန်းမသိ

နစ်နာတာ နည်းနည်းလားလို့ ဆိုလို့ ရှိရင် အလိမ်ကပိလိုက်တာ ပေးတုန်းကလည်း ဒုက္ခပေးထား၊ ဒုက္ခမှန်း မသိရဘူး၊ ယူထားတော့လည်း၊ ဒုက္ခရထား၊ ဒုက္ခရမှန်း မသိအောင် မင်း ရ ထားတာ လူ့ဘဝ တော်သေးသဟေ့၊ တကယ့်ဒုက္ခသစ္စာကို တော်သေးတယ်လို့ လုပ်ထား တာကိုး၊ ဘယ်လောက်များ ဆိုးရွားတဲ့တရားတုံးဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ရတာက ဘာသစ္စာ (ဒုက္ခသစ္စာပါဘု ရား)။ အဲဒါကို သူရောက် ရာကရတဲ့ ဘဝနိကန္တိက လောဘဇောဆိုတဲ့ တဏှာက ဘယ်သူများ သူတရားဝင် ဟောနေသတုံး၊ တော်သေးတယ် မင်း ဒီအထဲမှာ ကိုးလခွဲကျော်ကျော် ငတ်ပြတ်ပြီးနေတော့ တော်သေးတယ်၊ ဒီလိုများ ဟောလိုက် သေးတယ်ဗျ (မှန်လှပါ)။

ဘယ်သူက ဟောတာတုံး (သမုဒယက ဟောတာပါ ဘုရား)။ အဲဒီတော့ ဒီကိစ္စတွေကို မင်းကိုယ်တိုင် ခံယူရမယ်ဆိုတာတွေကျုပ်တို့ က ငြင်းပယ်သေးသလား (မငြင်းပါ ဘုရား)။

နွားသတ်ရုံကနွားရိုးတွေ

အေး ဒါကြောင့် ဒီကနေ့ ခင်ဗျားတို့ ဉာဏ်ဖြန့်ကြည့် လိုက်တာပေါ့၊ ကျုပ်တို့ အင်္ဂလိပ်မင်း လက်ထက်တုန်းက မန္တလေးမှာရှိတဲ့ နွားသတ်ရုံက နွားရိုးတွေကို ရန်ကုန်သို့ တွဲကြီး တွဲငယ်နဲ့ ဆိုပဲ ရထား တစ်စင်း လောက်ကုန်တွဲကြီးငယ်များနဲ့ တနင်္ဂနွေ တစ်ပါတ် တစ်ခါ လောက် ထင်ရတယ်။

အဲဒါ ဘယ်သူ၏ လက်ရာတွေတုံးလို့ မေးလို့ရှိရင် နွားသတ်သမား ၏လက်ရာ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါ ဘယ်သူ့လက်ရာတုံး (နွားသတ်သမား၏ လက်ရာပါ ဘုရား)။ ဒီလောက် ကောင်ရေ များတဲ့ နွားတွေ အရိုးဖွေးဖွေးဖြူတွေကို ရန်ကုန်သို့ တွဲကြီးတွဲငယ်နဲ့ ပို့နိုင်လောက်အောင် ဘယ်သူ့ လက်ချက်တုံး လို့မေးရင် နွားရိုးမြင်သဖြင့် လက်သည် နွားသတ်ယောက်ျားကို ညွှန်ပြမှ တော်မယ်။

မတော်ပေဘူးလား (တော်ပါတယ် ဘုရား)။ တော်တော့ လက် ရာ သိပြီလား၊ ဘယ်သူ့ လက် ရာတုံး (နွားသတ်သမား လက်ရာပါ ဘုရား)။

အဲဒါတွေအတိုင်း ခင်ဗျားတို့လည်း သုသာန်မှာဘယ်သူသေပြန်ပြီ တဲ့၊ ဖိတ်စာ ရောက်လာ ပြန်ပြီဟုတ်လား (မှန်ပါ့)။ ဘယ်သူလက် ချက်လဲ (သမုဒယလက်ချက်ပါ ဘုရား)။

သမုဒယလက်ချက်ကြောင့် တစ်မြို့လုံး နေ့တိုင်းလို့ နေတဲ့ မသာတွေ ဘယ်သူ့ လက်ချက်ကြောင့် ထင်သတုံး (သမုဒယ လက်ချက်ပါ ဘုရား)။

သူ့ ဆုတောင်းလို့ သူကနေပြီး ဇာတိပေး၊ ဇရာပေး၊ မရဏ ပေးတာ (မှန်ပါဘု ရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)

နွားသတ်ယောက်ကျားထက်ဆိုးတယ်

သူဟာ နွားသတ်ယောက်ျားထက် ဆိုးတဲ့လူ (မှန်လှပါ)။ မဆိုးပေဘူးလား (ဆိုးပါတယ် ဘုရား)။ တစ်မြို့လုံး ဆင်ဖြူကန် သင်္ချိုင်းသွားကြည့်ကြည့်၊ ရဟိုင်းသင်္ချိုင်း သွားကြည့်ကြည့်၊ ပုဏ္ဏားကုန်း သချိုင်းသွားကြည့်ကြည့်၊ ပေါ့ဗျာ။

ကြည့်ချင်တဲ့ သင်္ချိုင်းသွားကြည့် အလောင်းမပြတ်ဘူး (မှန်ပါ)။ အင်း သည် အသေတွေ ဘယ်သူ့လက်ချက်ပါလိမ့် (သမုဒယ လက်ချက်ပါ ဘုရား)။

သမုဒယလက်ချက်တွေဆိုတာရိပ်မိပြီလား (ရိပ်မိလာပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ကဖြင့် သူ့လက်ချက်ပါလား၊ သူ့ကို ပေါင်းလို့မတော်ပါလားလို့ မသာ ပို့ရင်းများ ပေါ်ကြရဲ့လား (မပေါ်ပါ ဘုရား)။

ခက်လိုက်တဲ့ ဖြစ်ခြင်းအတော်ကိုဆိုးနေတာ၊ မဆိုးဘူးလား ဒကာ ဒကာမတို့ တစ်မြို့လုံး သေနေတာကဖြင့် သမုဒယသစ္စာရှိတဲ့ ပုဂ္ဂိုလ်၊ သမုဒယဆိုတဲ့ တဏှာကြောင့် ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏဖြစ်တာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

တဏှာမရှိရင် ဟိုဟာတွေ လာသေးလား (မလာပါ ဘုရား) တဏှာနိရောဓာ ဥပါဒါန နိရောဓော၊ ဘဝနိရောဓော၊ ဇာတိနိရောဓော၊ မရဏနိရောဓော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)

အခု တော့ မရဏတွေ တစ်ခါတည်း သုသာန်ပို့လိုက်တဲ့ ဟာ မရဏပေါင်း ဘယ်လောက် ပါလိမ့်မတုံးလို့ ခင်ဗျားတို့ ရေတွက်ပါတော့၊ ကဲ ဦးဘကြည်ဆိုရင်သိတယ်။

သေတဲ့လူတွေ တစ်လဘယ်လောက်သေသလဲ (မရေတွက် နိုင်ပါ ဘုရား)။ အဲဒါ ဘယ်သူ့ လက်ချက်ထင်ကြသတုံး (သမုဒယ လက်ချက်ပါ ဘုရား)။

သမုဒယလက်ချက် ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ သမုဒယလက်ချက်ဆိုတာ ခုပြောလို့ပေါ်တာကိုးဗျ (မှန်ပါ)။

လက်သည်အစစ်ကို မဖမ်းတတ်ဘူး

ခင်ဗျားတို့ကတော့ အိုလို့ သေတာ၊ မသန့်ရှင်းလို့သေတာ၊ အပြု အစု ညံ့လို့ သေတာ၊ ဆရာမှားလို့ သေတာ၊ သူ့ကိုမပေါ်ဘူး၊ ပေါ်သလား (မပေါ်ပါ ဘုရား)။

လက်သည်ကို ခင်ဗျားတို့က အစစ်မဖမ်းတတ်ဘူး (မှန်လှပါ)။ အစစ်ဖမ်းလိုက်တော့ ယခု ဘာတွေ့တုံး (သမုဒယ သစ္စာပါ ဘုရား)။

ကြည့်ဗျာ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတာ သူပဲ၊ လက်သည်တွေပါပဲ (မှန်ပါ)။ လက်သည်မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

သူ့ရှုလိုက်တော့ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဘဝ နိရောဓော၊ မရဏနိရောဓော မရှိ ဘူးလား၊ ရှိ သလား (ရှိပါတယ် ဘုရား)။

ငါသတ်တာသူများချည်းစွဲချက်တင်နေတယ်

အဲဒီတော့ လက်သည်စစ်တော့ မရှာဘူး ဆရာညံ့လို့ လိုလို၊ ဥတုရာသီ ဖောက်ပြန်လို့ လိုလို ဆိုတော့ သူက အကြိုက်ကျပြီ၊ ငါသတ်တာ သူများချည်း စွဲချက်တင်တယ် ဆိုပြီး မပြုံးပေဘူးလား ပြီးမှာလား (ပြုံးမှာပါ ဘုရား)။ ရိပ်မိကြပြီလား။

ဒကာ ဒကာမတို့ ခင်ဗျားတို့ မပါးပုံ၊ ထူပုံပြောပါတယ်၊ သူ့ကိစ္စ ဉာဏ် မသိလို့ပြောတာ (မှန်လှပါ)။ ဦးဘကြည် သူ့ကိစ္စဉာဏ် သိရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် သည်ကိစ္စဉာဏ် မသိသေးလို့ ရှိရင် သူ့ကို နှင်ထုတ်ချင်တဲ့ စိတ် သူ့ကို ဝိပဿနာနဲ့ သတ်ချင်တဲ့စိတ်၊ မဂ်နဲ့ သတ်ချင်တဲ့ စိတ် လာမလား (မလာပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ် ဘယ်လောက် အရေးကြီးသတုံး၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ကိစ္စဉာဏ်သည် ဒကာ ဒကာမတို့ ကဲ နောက်တော့ဖြင့် ဒကာ ဒကာမတွေက တွေးကြပေတော့ ဘယ်အသုဘ လာ ဖိတ်ဖိတ်၊ အင်း သူ့လက်ချက်ပဲ၊ ရှင်းပြီလား (ရှင်းပါပြီ)

သမုဒယလက်ချက်

ဘယ်က လာဖိတ်ဖိတ်၊ ဘယ့်နှယ်ဆိုကြမယ် (သမုဒယ လက်ချက်လို့ ဆိုပါမယ် ဘုရား)။ သမုဒယလက်ချက်။

ကဲ ကလေးလေးတွေ သေပြန်လည်း ဘယ်သူ့လက်ချက် လဲ (သမုဒယလက်ချက်ပါ ဘုရား)။ လူကြီးတွေ သေပြန်တော့ကော (သမုဒယလက်ချက်ပါ ဘုရား)။

ဆေးသမားတွေ ဘာတွေကို စွဲချက်မမှားစေနဲ့နော်၊ ဆေးသမား က နောက်မှ ပြင်ဘက် ကျမှ ဖေးရ, မရရှာတာ၊ လက်သည်ရင်း ကတော့ (သမုဒယပါ ဘုရား)။ သမုဒယပဲ။

ကဲ သူ့ချုပ်ကြည့်တော့ မပေါ်ဘူးလား (ပေါ်ပါတယ် ဘု ရား)။ တဏှာနိရောဓာ ဥပါဒါန နိရောဓော၊ ဘဝနိရောဓော၊ ဇာတိနိရောဓော၊ ဇရာနိရောဓော၊ မရဏနိရောဓော အဲသည်တော့ သုသာန်ပါသေးလား (မပါ, ပါ ဘုရား)။

သုသာန်ခြေရာ ချစရာရှိသေးသလား (မရှိပါ ဘုရား)။ အဲဒီတော့သူသာ ချုပ်လိုက်လို့ရှိရင် ကျန်တာတွေဟာ တစ်တိုတစ်စမှ မလာပါဘူး၊ လာသေးသလား (မလာပါ ဘုရား)။

အင်း ဒို့ ခုမှ လက်သည်ဖမ်းတတ်ခါ ရှိပါသေးလားဆိုတဲ့ ဥစ္စာ ကိစ္စဉာဏ် သိခါလေး ရှိသေးတာ (မှန်ပါ ဘုရား)။ အားမထုတ် ရသေးဘူး။

သုတမယသိ ပဲရှိသေးတာ

ဒါက ဟောလို့ သိတဲ့ သုတမယသိ သိသေးတာ၊ ဒါကစိန္တာမယသိ၊ ဘာဝနာမယသိ သိမှ ခင်ဗျားတို့ ကိစ္စပြီးမယ် (မှန်ပါ)။ နို့မိုပြီးပါ့ မလား (မပြီးပါ ဘုရား)။

ဒီ သုတသိကလေးကိုပဲ ဦးချစ်ခ နာရီ အတော်ပြောရတယ်၊ တစ်နာရီ နီးနီး ပြောရတယ် (မှန်လှပါ)။ တယ်ဆိုးတဲ့ တရားပါလား ဆိုတာ တစ်သံတည်း ထွက်လာဖို့ပဲ၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူ အဆိုးဆုံးတုံး (သမုဒယသစ္စာပါ ဘုရား)။ လောက ကြီးမှာ ခွေးတွေ သေတာ ကြည့်လိုက်ပြန်လည်း၊ ခွေးတွေသေရတယ်၊

အင်း ခွေးသေ သေရတာဆိုတော့ ခင်ဗျားတို့ကလည်း ခွေးသေတော့ မသေချင်ဘူးပေါ့ဗျာ (မှန်ပါ)။

သတ်တဲ့လက်သည်က သမုဒယ

လူသေတော့ (သေချင်တယ်)၊ ဖြစ်မှဖြစ်ရပလေ အတူတူပဲ ဗျ၊ အတူတူပဲ၊ သမုဒယ ဒဏ်ချက်မှ (မှန်ပါ ဘုရား)။ အထည် လေးတော့ ထူးတယ်၊ သတ်တဲ့လက်သည်က (သမုဒယပါ ဘုရား)။

အဲဒါခင်ဗျားတို့က လူသေသာသေချင်တယ်၊ နတ်သေသာသေချင် တယ်ဆိုတော့ သူ့အကြောင်း မသိသေးပါဘူး (မှန်ပါ)။ မသိသေးပါ ဘူး၊ ကြွားမနေပါနဲ့၊ ဒါဖြင့် ပေါ်ကြပြီလား ဒကာ ဒကာမတို့ လူတွေ သေရတာလည်း သူပဲ၊ ခွေးတွေသေရတာလည်း (သူပါပဲ ဘုရား)။

သူပဲတဲ့ တိရစ္ဆာန်အမျိုးမျိုး ပုံသဏ္ဌာန် ပြောင်းသေ ရတာကော (သူပါပဲ ဘုရား)။ သူချည်းပဲ ဆိုသဖြင့် ၃၁-ဘုံထဲမှာ အရိုးဖွေးဖွေးဖြူပြီး သကာလ တောင်လို ပုံအောင်လုပ်နိုင်တဲ့ လက်သည် တွေ့ပြီ (မှန်ပါ)။

ဘာတွေ့တုံး (သမုဒယပါဘု ရား)။ ခုမှဆိုးတာတွေ အကုန်ပေါ်လာတယ်၊ ဦးခင်မောင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘုရားတစ်ဆူနဲ့တစ်ဆူကြားအရိုးတွေ

ဘုရားတစ်ဆူနဲ့ တစ်ဆူအကြားမှာ ကျုပ်တို့ အရိုးတွေ ဝေပုလ္လ တောင်လောက်ရှိတယ်၊ တော်ပါဗျာ၊ ကျုပ်တို့မြင်ဖူးတဲ့ တောင်ကို ပြပါမယ်၊ ဝေပုလ္လတောင် ဆိုတော့ အိန္ဒိယ သွားနေ ရဦးမယ် (မှန်ပါ)။

မန္တလေးတောင်လောက် တစ်ယောက်တစ်ယောက်ရဲ့ အရိုးပုံဟာ ဒီလောက်ပဲကြီးတယ် (မှန်ပါ)။ ဘုရား တစ်ဆူတစ်ဆူ ကြားမှာ သူသတ်ထားတဲ့ အရိုးတွေ ဆန့်လိုက်လို့ ရှိရင် ဘယ်လောက်များ သတ်နိုင် တဲ့သူဆို တာ ခင်ဗျားတို့ပဲ အကဲခတ်ပါတော့ (မှန်ပါ)။

ဒါဖြင့် သူ့ကို အကောင်း ထင်ပြီး ပေါင်းသင်းပြီး မိတ်ဆွေလုပ်နေတဲ့ ပုဂ္ဂိုလ်ကိုဖြင့် မိတ်ဆွေရင်းက သတ်မှာပဲ (မှန်လှပါ)။ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူနဲ့ ခွဲရတော့မယ်ဆိုတော့ ခင်ဗျားတို့က မျက်ရည်ကျတယ်၊ သူသတ်တာ ကျတော့လည်း ပြုံးခံတယ်ဆိုတော့ ခင်ဗျားတို့ဟာ အတော်ခဲယဉ်းတယ်၊ မခဲယဉ်း ဘူးလား (ခဲယဉ်းပါ တယ် ဘုရား)။

သည့်ပြင်တရားလို မဟုတ်ဘူးနော်၊ ဒီတရားက သေသေချာချာ လက်သည်ပေါ်အောင် ပြောပြနေတာ ဦးချစ်ခ၊ အရုပ်ဆိုးအကျည်းတန် တာ ပြောမှ မင်းလားကွာ ဘယ်တော့မှ ဝမ်းထဲ မလာစေရဘူးလို့ ဒါမှ လုပ်ဖြစ်မှာ (မှန်ပါ)။

နို့မို့လို့ ရှိရင် လုပ်ဖြစ်ပါ့မလား (မလုပ်ဖြစ်ပါ ဘုရား) ကိုင်း ဒါဖြင့် ဝိပဿနာ ရှုကြ – ရှုကြ ဆိုတာ ဘယ်အကျိုးငှာတုံး နိဗ္ဗာန်ရောက်ချင်လို့၊ အို နိဗ္ဗာန် အသာထားစမ်းပါဦး။ နိဗ္ဗာန်ဆိုတာ ခင်ဗျားတို့ သူ့သမုဒယ သေမှရမှာ သူ့သတ်စမ်းပါဦး။

ဒီက သွားရမှာမဟုတ်လား (မှန်ပါ ဘုရား)၊ ကောင်းပြီ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကျုပ်တို့၏ အရိုးပေါင်း ဘယ်လောက် ထိအောင် သတ်ခဲ့ပြီလဲ၊ ဦးဘကြည်ပဲ သတ်ပြီးသား အရိုးပေါင်း ဘယ်လောက် ထိအောင် လုပ်ဖူးသလဲ သမုဒယသစ္စာရဲ့ လို့ မေးကြည့်လို့ ရှိရင် သူက ဘယ်လိုဖြေမလဲ (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူး တစ်ဦးတစ်ယောက်တည်း သတ် တာကိုပဲ ရေတွက်နိုင်ရဲ့ လား (မရေတွက်နိုင်ပါ ဘုရား)။ ဟုတ်ပြီလား၊ တစ်မြို့ နေတဲ့ လုံးမှာလည်း သူဦးစီး ဦးကိုင် လုပ်ပြီး သကာလ သတ်တာတွေကို သူပဲ ဆိုနိုင် (မှန်ပါ့)။

အင်း ဒီတစ်မြို့လုံးမှာရှိတဲ့ လူတွေလည်း သူ့လက်က လွတ်မယ်ထင်သလား (မလွတ်ပါ ဘုရား)။ ဒါဖြင့် လက်သည်အကြီး ဆုံး တွေ့ပြီလား (တွေ့ပါပြီ ဘုရား)။ ဒါဖြင့် ဦးစံလှ သူ့သာ ဖမ်းပေ တော့ (မှန်ပါ)။

ရုံးတင်စစ်ရင်လည်း သူ့ကို သာ စစ်ပေတော့ (မှန်ပါ)။ သင်း အဆိုးဆုံး မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ ဆိုရမှပဲ။

လက်သည်ကိုမပေါင်းမှအသေလွတ်မယ်

အဲဒီတော့ ဒကာ ဒကာမတို့ သေသေချာချာ ရှင်းပြီးတော့မှ ဒီလက်သည်ကို ကျုပ်တို့က မပေါင်းသင်းမှ ကျုပ်တို့ အသေလွတ်မယ် ဆိုတာ (သူ့အတွက်)၊ ကိုယ့်အနာလွတ်မယ် ဆိုတာကော ဆိုတာ (သူ့အတွက်)။

ကိုယ်ဒုက္ခ ဒေါမနဿ လွတ်မယ်ဆိုတာကော (သူ့အတွက်ပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ သူ့ကိုသတ်တဲ့နည်းဟာ အရေးအကြီး ဘက်ဆုံးပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သူကိုမသတ်နဲ့ ဦး၊ သူဟာ အပင်၊ သူ့ ရေသောက်မြစ်က သူ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာက သူ့ ရေသောက်မြစ် (မှန်လှပါ)။ တဏှာက ရေသောက်မြစ်ရှိလို့ သူ့အပင် ပေါက်တာ (မှန်ပါ့)။ အဲဒီတော့ ခင်ဗျားတို့ အပင်သတ်နေလို့ရှိရင် အညွှန့်တောင် သန်လိုက်ဦးမယ်။ အမြစ်သတ်လိုက် ရရင်တော့ (သေမှာပါ ဘုရား)။

ဘုရားက အကြောင်းကိုသတ်တယ်

အဲဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အကြောင်း သတ်တယ်၊ မိစ္ဆာဒိဋ္ဌိတွေက အကျိုးသတ်တယ် (မှန်ပါ ဘုရား)။

ဘုရားက ဘာတုံး (အကြောင်းသတ်ပါ ဘုရား)။ ဘုရားက အကြောင်းသတ်၊ မိစ္ဆာဒိဋ္ဌိက (အကျိုးသတ် ဘုရား)။

ဒါကြောင့် ဟိန္ဒူကုလားတွေကျတော့ မီးပုံကြီးထဲမှာ နေတယ် ဆိုတော့ ခန္ဓာဖြစ်ပြီးမှ ကိလေသာ မလာအောင် လုပ်နေတာ (မှန်ပါ)။ အကျိုးသတ်နေတာကိုး။

ကောင်းပြီ ၊ ဒါဖြင့် ရေချိုး၊ တုံးခုန်၊ မီးလှုံဆိုတဲ့ အသွားတွေ ဟာ အကျိုးသတ်နော် (မှန်ပါ့ ဘုရား)။ ကဲကျုပ်တို့က ဘာသတ် တာတုံး (အကြောင်းသတ်ပါ ဘုရား)။

ဝေဒနာသတ်ရမယ်

ဒါဖြင့် ဝေဒနာ သတ် မလား၊ တဏှာသတ် မလား (ဝေဒနာကို သတ်မှာပါ ဘုရား)။ ဝေဒနာ ရှုလိုက်လို့ရှိရင် ဝေဒနာ အနိစ္စ လေးကို သွားမြင်လိုက်လို့ ရှိရင်ဖြင့် တဏှာက (သူ့ မရှုဘဲနဲ) လာခွင့် မရလို့ မလာတာပဲ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သူ လက်သည်အစစ်ပဲ၊ သူ့ သတ်ချင်လို့ရှိရင် သူ့ကိုတိုက် ရိုက် မသတ်နဲ့ သူ၏ ရေသောက်မြစ်ကို သတ်ပါ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခွေးတောက်နွယ်ပင်ဥပမာ

ကောင်းပြီ ခင်ဗျားတို့ ဥပမာ- ခွေးတောက်ပင်တို့၊ နွယ်ပင်ဆို တာတွေက သည့်ပြင် အပင်တွေအပေါ် တွယ်တက် လိုက်တယ်ဆိုရင် သူတို့ ရဲ့ အညွန့်တွေ၊ အတက်တွေ အရွက်တွေနဲ့ ဖြန့်မိုးလိုက်တာနဲ့ ဒီအပင်လုံး ပျောက်မသွားဘူးလားဗျာ (သွားပါတယ် ဘုရား)။

အင်မတန် နွယ်များတဲ့ အပင်မျိုးပေါ့ဗျာ (မှန်လှပါ)။ အဲဒါကို ခင်ဗျားတို့က အလှကြည့် နေမယ် ဆိုရင်ဖြင့် ဝါဆို ဝါခေါင်ကျတော့ သူ့ကြောင့် သေရမယ်ဗျ။

ေဩာ် သူမိုးသွားတော့ အရွက်တွေနဲ့ တကွ သူကဖားဖားလျားလျား ဆိုတော့ ဟိုအပင် မြန်မြန်လဲ သေဖို့ပဲ၊ ဟိုပင်လုံးချည်း ဆိုတော့ ဒါလောက်မြန်မြန် သေမှာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဦးချစ်ခ ဘယ့်နှယ်ဆိုမယ် (အနွယ်ခံတာပါ ဘုရား)။ သူ့အနွယ်ခံတာကို ခင်ဗျားတို့ကလည်း သူပေါ်လာလို့ရှိရင် အနွယ်ခံလိုက် တယ်၊ သားအနွယ်ခံလိုက်၊ သမီးအနွယ်ခံလိုက်၊ ပစ္စည်း အနွယ်ခံလိုက်၊ အသေဘက်ကော (အနွယ်ခံလိုက်ပါ ဘုရား)။

ခင်ဗျားတို့ ခင်လုံးတွေကဒါတွေ အနွယ်ခံတာကိုး၊ အဲဒီတော့ တစ်ခါတလေများ ခင်ဗျားတို့က သက်ပြင်းကြီးများ ချပြီးတော့ ညည်းတယ်။ ရှာလိုက်ရတာလည်း အိမ်ကျတော့ တစ်ပြား မှလည်း အဖတ် မတင်ဘူး (မှန်ပါ ဘုရား)။

သက်ပြင်းကြီးများ ချပြီးနေတော့ အနွယ်တွေက ဖိကုန်ပြီကောဗျာ။ ခုတင်က ပင်လုံးပေါ် ဖိပြီးကော (မှန်လှပါ ဘုရား)။

အဲဒါညည်းရုံလေး ညည်းရသေးတယ်။ နောက်သေချင်းဆိုး သေ လိုက်လိမ့်ဦးမယ်။ ဝါဆိုဝါခေါင် ကျတော့ (မှန်ပါ့ ဘုရား)။ ဝါဆို ဝါခေါင်ကျတော့ ဒီအပင်ကြီး မလဲပေဘူးလား။ (လဲမှာပါ ဘုရား)။

အဲဒါဘာလို့ သူ့အပင်ကိုဖုံးနေတဲ့ အရွက်တွေက မျှရဲ့ လား (မမျှပါ)။ မမျှတော့ဘူး။ ဒီအပင်ကြီး လေတိုက်တော့ အရင်တုန်းက သူတစ်ပင်တည်းဆိုတော့ လဲပါဦးမလား (မလဲပါ ဘုရား)။

အသက်ကြီးလေ၊ အနွယ်များလေ

ခုတော့ အနွယ်ခံလိုက်ရတာနဲ့ ဘယ့်နှယ်ဖြစ်ကုန်ပြီလဲ (လဲတော့မှာပါဘု ရား)။ အဲဒီတော့ ခင်ဗျားတို့ကလည်း အသက်ကြီး လေလေ၊ နွယ်များလေလေ၊ လေတိုက်လို့ လဲခါနီးလေလေ၊ ရိပ်မိပြီ လား (မှန်ပါ)။

အဲဒါကြောင့် ခင်ဗျားတို့ မနွယ်ခင်က သူ့အမြစ်ကိုဖြတ်ပစ်လိုက် ရင် ကောင်းမယ် (မှန်ပါ)။

ခုတော့ ခင်ဗျားတို့ ဖြစ်စဉ်က ဘယ့်နှယ်ဖြစ်နေလဲ နွယ်လို့တော့ ဝေဆာလှပြီဘုရား၊ လေတိုက်ခံဖို့သာ လိုတော့တယ်၊ ရိပ်မိပြီလား။

ဘာလို တော့ သလဲ (လေသာလိုပါတယ် ဘုရား)။ လေသာစောင့်ကြပေတော့၊ လဲတော့မှာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)။

ကိုင်း ဒါဖြင့် အမှားတော်ပုံကတော့ သေးသေးမဟုတ်ဘူး။ အတော်ကြီးနေတော့ကို ဒကာ ဒကာမတို့ ကဲ ကြီးရင်လည်းကြီး ပါစေဗျာ။

မာလုကျပုတ္တ

တချို့လည်း အိုမှပဲ ဖြတ်လို့ရတာ ရှိပါသေးတယ်။ မာလုကျပုတ္တ တို့ကို ဟောရတာ ဒါပဲဗျ (မှန်ပါ)။ အင်း အသက် (၆၀) ရှိနေပြီကွ၊ ဘယ့်နှယ်ကြောင့် ခုမှတရားထူးတွေ ငါ့ဆီ လာတောင်း ရတုံးလို့ ဘုရားကမေးတော့ ဟိုတုန်းကတော့ ဘုရား ဟိုအလုပ်တွေ လုပ်နေလို့ပါ ဒါပဲ ဖြေတော့တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ မာလုကျပုတ္တလုပ်တဲ့ အလုပ်မျိုးကိုပဲ ခင်ဗျားတို့ လုပ်လို့ ရှိရင် အို ပေမယ့် အိုခြင်း ကောင်းတော့ ဖြစ်ဦးမှာပဲ၊ ဒီအ တိုင်း မလုပ်ဘဲ နေရင်တော့ အိုခြင်းဆိုး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နောက်တော့ အိုခြင်းဆိုးနှင့်နေရင်ဖြင့်၊ နာခြင်းဆိုးတော့ကော မနာရဘူးလား (နာရမှာပါ ဘုရား)။ သေခြင်းဆိုးနဲ့ (သေရမှာပါ ဘုရား)။ ငြင်းနေဖို့ လိုသေးသလား (မလိုပါ ဘုရား)။

အခုအချိန်ကလေးကျန်သေးတယ်

အဲဒါ ခုအချိန်ကလေးတော့ ကျန်သေးတယ် (မှန်ပါ)။ သဘောကျပြီလား၊ အချိန်ကလေး ကျန်တော့ သေဖို့တော့နီးလှပြီ။ (မှန်ပါ)။ အသေစောင့်ရင်းသာ လုပ်ပေတော့ (မှန်ပါ)။ ရိပ်မိပြီလား။

ဘယ်အချိန်လဲ (အသေစောင့်ရင်းပါ ဘုရား)။ အသေစောင့်ရင်း အင်း ဝါဆို ဝါခေါင် ကလည်း နီးလာပြီကော၊

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ၃၁-ဘုံမှာ ရှိရှိသမျှ သတ္တဝါတွေကို သတ်တဲ့လက်သည် ကို သိပြီလား (သိပါပြီ ဘုရား)။

ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။ သမုဒယသစ္စာ ကောင်းပြီ၊ ဘယ်သူဆိုးလို့ ဘယ်ဝါဆိုးလို့ ဆိုတဲ့ ခင်ဗျားတို့ ရဲ့ စွဲချက်တွေ အကုန်ဖြတ်ပါတော့ (မှန်ပါ)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဘာကိုအရေးတကြီးမှတ်ရမယ်

ဘာကို အရေးတကြီး မှတ်ရမယ် (သမုဒယသစ္စာပါ ဘုရား)။ သူ့ကိစ္စဘာတဲ့တုံး (ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို ပေးမှာပါ ဘုရား)။

ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို ပေးမယ်ဆိုတော့ ခင်ဗျားတို့ကကော ကြည်ကြည်သာသာ လက်ခံ ပါ့မယ်ပေါ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒုက္ခ ဝတ္တု ဆို တာ သေမှုလည်း သူ ပေးတာပဲ။ နာမှုလည်း (သူပေးတာပါ ဘုရား)။ အဲ ရောဂါ ဝေဒနာ အပြည့်အစုံ အနူအဝဲဖြစ်မှုကော (သူပေးတာပါ ဘုရား)။

ပင်ရင်းသတ်ရမယ်

တိရစ္ဆာန် အမျိုးမျိုးဖြစ်မှုကို သူပေးတာပဲ ဆိုတော့ သူပေးလို့ ရှိရင်ဖြင့် သေတဲ့ အခါ ကျတော့ သူပေးတဲ့ ခန္ဓာနဲ့ ပဲ ဆုံးရှုံးရတော့ သူသတ်တာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဆိုနိုင်တော့ ဒကာ ဒကာမတို့ သူ့ကိုသတ်မလား သူ့ပင်ရင်း ကို သတ်မလား (ပင်ရင်း သတ်ရပါတယ် ဘုရား)။ ပင်ရင်းသတ်လို့ရှိရင် ဒီတဏှာ ဘယ်ကလာသတုံး ဝေဒနာက လာတာ မှတ်လိုက်။

ဒါဖြင့် မငြင်းနဲ့ တော့ ငြင်းဖို့ လိုသေးသလား (မလိုတော့ ပါဘု ရား)။ အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟော လိုက်တယ်၊ သုခဝေဒနာ မရှုရင် တဏှာလာမယ်။

ဒုက္ခဝေဒနာမရှုရင် (ဒေါသလာမယ်)။ ဥပေက္ခာဝေဒနာ မရှုရင် (မောဟလာမှာပါ ဘုရား)။

မောဟ လာမယ်ဆိုတော့ ေဩာ် ဘုရားက ဆ, ဆက္ကသုတ် မှာ ဟောတာက ခင်ဗျားတို့ တစ်နေ့ကလည်း တစ်ခါပြောပြီးပြီ၊ အခု နောက်လူတွေအတွက် ထပ်ပြီး သကာလ ပြောပါဦးမယ်။

ဝေဒနာရှုရမယ်

သုခဝေဒနာမရှုရင် ဘာလာမယ် (လောဘလာမှာပါ ဘုရား)။

ဒုက္ခဝေဒနာမရှုရင် ဘာလာမယ် (ဒေါသလာမှာပါ ဘုရား)။

ဥပေက္ခာဝေဒနာ မရှုရင်ဘာလာမယ် (မောဟလာမှာပါ ဘုရား)။

မောဟ လာတော့ သူတို့က ပဋိစ္စသမုပ္ပါဒ် အကြောင်းတရားတွေ ဖြစ်တယ် (မှန်ပါ့)။ သူကိုမရှုရင် တဏှာပေါ်မယ်၊ တဏှာ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ (မှန်လှပါ)။

ဘဝဆက်ဦးမလား မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။ ဘဝ ဆက်တယ်။ သဘော ကျပြီနော်။

ဒီကလည်း ဒေါသဆို တော့ ဒေါသ ဆိုတာသည် ဥပေက္ခာနဲ့ တွဲမလာဦးတော့၊ မောဟနဲ့ တွဲမလာဘူးလား၊ မောဟနဲ့ တွဲလာတော့ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ ဇာတိ၊ ဇရာ၊ မရဏ ဆက်မလား (ဆက်ပါတယ် ဘုရား)။

ဒီကျတော့ တိုက်ရိုက်ကို မောဟဖြစ်တာပဲ၊ ဥပေက္ခာ ဖြစ်တာပဲ။ ဖြစ်မှု ပျက်မှုတွေ မသိရင် ဘာဆိုကြမယ် (အဝိဇ္ဇာ)။ အဝိဇ္ဇာဖြင့် သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ် မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။

တဏှာ၊ ဒေါသ၊ မောဟရဲ့ ရေသောက်မြစ်

လှည့်မယ်ဆိုတော့ ဪ ဒကာ ဒကာမတို့ သူတို့ ရေသောက်မြစ်၊ တဏှာ၏ ရေသောက်မြစ် လည်း ဝေဒနာပဲ ဟုတ်လား (မှန်ပါ)။ ဒေါသ၏ ရေသောက်မြစ်လည်း (ဝေဒနာပါ ဘုရား)။ မောဟ၏ ရေသောက်မြစ် ကော (ဝေဒနာပါပဲ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ေဩာ် ဒါက ပဋိစ္စသမုပ္ပါဒ်ကို အလယ်ကပြတ်တာ (မှန်ပါ့)၊ သုခဝေဒနာ ရှုရင် ပဋိစ္စသမုပ္ပါဒ်ကို အလယ်က ပြတ်ထွက်သွားတယ် (မှန်ပါ)။

အဆုံးကပြတ်တယ်

ဒုက္ခဝေဒနာ ရှုတဲ့အခါ ပဋိစ္စသမုပ္ပါဒ်သည် အဆုံးနားက ကပ်ဖြတ် တယ် (မှန်ပါ)။ နောက်တစ်ပတ် ပြန်လှည့်မယ်၊ အဝိဇ္ဇာ မလာဘူးလား (မှန်ပါ ဘုရား)။ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ဆိုတဲ့ဥစ္စာ အဝိဇ္ဇာရှိတဲ့ ပုဂ္ဂိုလ်မှဖြစ်မယ် (မှန်ပါ)။

အဲဒါ အဆုံးကနေ ဖြတ်ယူတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဥပေက္ခာ ဝေဒနာမရှုတဲ့ပုဂ္ဂိုလ် ဘာလာတုံး (မောဟလာမယ်)။ မောဟလာမယ်။

အစကပြတ်တယ်

အဝိဇ္ဇာ ရှုတဲ့ ပုဂ္ဂိုလ်က အစက ပြတ်ပြီးသား ကိုင်း ဒါဖြင့် သုခကို ရှုရင် သံသရာစခန်း အလယ်က ပြတ်မယ် (မှန်ပါ)။ ဒုက္ခကို ရှုရင် အဆုံးက ပြတ်မယ် (မှန်ပါ့)။

ဆုံးပြီးနောက် မလာတော့ဘူး၊ လာပါဦးမလား (မလာတော့ပါဘု ရား)။ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿပြီး နောက်ထပ် လာသေးရဲ့ လား (မလာပါ ဘုရား)။ ဥပေက္ခာ ရှုလိုက်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ် ဘယ်ကစပြီး ပြတ်သွားသလဲ (အစကပါ ဘုရား)။

အမယ်လေး ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်တရား အစစ်ပဲ (မှန်ပါ)။ မဆိုနိုင်ကြဘူးလား၊ ဒကာ ဒကာမတို့ (ဆိုနိုင်ပါတယ် ဘုရား)။

သုခဝေဒနာမရှုရင် တဏှာလာမယ်။

အလယ်ကပြတ်တယ်

ရှုလိုက်လို့ ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဘယ်ကနေ ပြတ်မယ် (အလယ်ကနေ ပြတ်ပါမယ် ဘုရား)။ ဒုက္ခဝေဒနာရှုရင် ဘယ်ကနေပြတ်မယ် (အဆုံးကနေပြတ်ပါမယ် ဘုရား)။

ဥပေက္ခာဝေဒနာရှုရင် (အစကပြတ်ပါမယ် ဘုရား)။ အဲ အစကပြတ်မယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဆိုတာ ကျုပ်တို့၏အဝိုင်းပြေးကို ဆိုတာ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ကျုပ်တို့ အကုန်ဖြတ်နိုင်တဲ့ သတ္တိရှိတယ် (မှန်ပါ)။ မရှိဘူး လား ရှိသလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သုခဝေဒနာ နောက်က တဏှာကို မသတ်နိုင်ရင်၊ ဒုက္ခဝေဒနာ နောက်က ဒေါသကို မသတ်နိုင်ရင်၊ ဥပေက္ခာဝေဒနာ နောက်က မောဟကို မသတ်နိုင်လို့ ရှိရင် ဖြင့် ဒီဘဝ မင်းတို့ နိဗ္ဗာန် ရလိမ့်မယ်လို့ ငါဘုရား မဟောဘူး (မှန်ပါ)။

ဆ, ဆက္ကသုတ်မှာ နောက်ပွင့်လတ္တံ ဘုရားတွေလည်း ဟောလိမ့် မယ်မဟုတ်ဘူး (မှန်ပါ)။ ဘုရားတိုင်း လက်လွှတ်တယ်၊ ဘုရား အဆူဆူ လွဲတယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ငါဘုရားလည်း မဟောဘူးတဲ့၊ သုခဝေဒနာ နောက်က လောဘကို မင်းတို့ မသတ်နိုင်လို့ ရှိရင် ဒုက္ခဝေဒနာနောက်က ဒေါသကို မသတ်နိုင်ရင် ဥပေက္ခာဝေဒနာ နောက်က မောဟကို မသတ်နိုင်လို့ ရှိရင်ဖြင့် ဒီဘဝနိဗ္ဗာန် ရလိမ့်မယ်လို့ ငါဘုရားလည်း မဟောဘူး (မှန်ပါ့ ဘုရား)။

ငါ၏ နောင်တော်ဖြစ်တဲ့ ရှေးဘုရားတွေ ကလည်း မဟောဘူး၊ နောက်လာလတ္တံ အနာဂတ် ဖြစ်မည့် ဘုရားတွေကော (မဟောပါဘူး ဘုရား)။ ဒါဖြင့်ရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူးလို့ ပြောတယ် ရှင်းပလား။

ဘယ်တော့မှ ဒုက္ခခပ်သိမ်း ငြိမ်းလိမ့်မယ်ဆိုတာ ယုံကြည်စရာ ရှိရဲ့လား (မရှိပါဘူး)။ အဲဒါ ဘုန်းကြီး ဒကာ ဒကာမတွေသင်ပေး တယ်၊ ဘယ်လို သင်ပေးတယ် ဆိုလို့ရှိရင်ဖြင့် ဘုရား တာဝန်ခံတဲ့ တရားက ဒါဖြတ်ရင် ရမယ်။

ဒါဖြတ်ရင်ရမယ် ဆိုတော့ ဒီဘဝနိဗ္ဗာန်ရမယ် ဆိုတော့ ဒီဘဝ နိဗ္ဗာန်ရမယ်လို့ ဟောပြန်တယ် (မှန်ပါ ဘုရား)။

တိဟိတ်ဒွိဟိတ်ရွေးမနေနဲ့

သုခဝေဒနာ သတ်လိုက်လို့ ရှိရင်ဖြင့်တဲ့ ဖြစ်ပျက်ရှုနိုင်လို့ရှိရင် ဒီဘဝ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါကိုယ်တိုင် ဟောတယ်၊ တိဟိတ် ဒွိဟိတ်တွေ မရွေးဘူး (မှန်ပါ)။ သူတာဝန်ခံ လိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သည်ဘဝ ဒွိဟိတ်ဖြစ်လည်း၊ နောက်ဘဝ တိဟိတ်ဖြစ်ပြီး ကိစ္စပြီး မှာပဲ၊ ဘာပြုလို့ တိဟိတ် – ဒွိ ဟိတ် ရွေးနေရသတဲ့၊ ရွေးစရာလို သေးသလား (မလိုပါဘု ရား)။ ဒွိဟိတ်လည်း ရှုသာရှု၊ တိဟိတ် ကော (ရှုသာရှု)။ ရှုသာရှုတဲ့။

ဒီဘဝနဲ့ နောက်ဘဝပဲ ရမှာတော့ သေချာတယ် (မှန်ပါ)။ မသေချာဘူးလား သေချာတယ်။ ကောင်းပြီ ဒုက္ခဝေဒနာရှုရမယ်လို့ ရှိရင်လည်း ဒကာ ဒကာမတို့ ဒီဘဝ ဘာဖြစ်မယ် (နိဗ္ဗာန်ရမယ်)။

ဥပေက္ခာဝေဒနာ ဖြစ်ပျက်ရှုလိုက်ရင်ကော (နိဗ္ဗာန်ရမှာပါ ဘုရား)။ အဲဒါ မရှုဘဲနဲ့ ဒီတရားတွေသာ နာနေမယ် ဆိုလို့ရှိရင် ငါ ဘုရားလည်း ဒီပုဂ္ဂိုလ် ဒီဘဝ နိဗ္ဗာန်ရလိမ့်မယ်လို့ မဟောပါဘူး။ ဒုတိယ ဘဝကော (မဟောပါ ဘုရား)။

နောက်တတိယဘဝကော (မဟောပါ ဘုရား)။ ဘယ်ဘုရားမှ မဟောတဲ့ အလုပ်ကို ကျုပ်တို့က လုပ်လို့မတော်ဘူး (မှန်ပါ)။ ဘယ်ဘုရားမှ မဟောပါဘူးဆိုတာ သိပြီလား (သိပါပြီ ဘုရား)။

အလုပ်လုပ်သင့်ပြီ

ဒါဖြင့် ကျုပ်တို့ ဒီအလုပ် လုပ်သင့်သလား မလုပ်သင့်ဘူးလား (မလုပ်သင့်ပါဘူး)။ လုပ်သင့်တယ် ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့က လွတ်လွတ် လပ်လပ်ေ နရတာလား၊ မလွတ်မလပ်ဘဲနဲ့ နေရတာလား၊ ဇရာနဲ့ ဗျာဓိက ရိုက်ပြီး သုသာန်ပို့နေတာ (မှန်ပါ့)။

နေ့တိုင်း ခင်ဗျားတို့ ကျုပ်တို့ကို မပို့ဘူးလား (ပို့ပါတယ် ဘုရား)။ ပို့နေတော့ အဲဒီ အရိုက်ခံရင်း လုပ်ကြ (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ရိုက်နှက်ပြီး သုသာန်ပို့နေတာ

ဇရာနဲ့ ဗျာဓိက ဘာလုပ်နေတုံး (ရိုက်နှက်နေပါတယ် ဘုရား)။ ရိုက်နှက်ပြီး ဘယ်မောင်းနှင် ထုတ်နေသတုံး (မရဏပါ ဘုရား)။ သုသာန် ဆိုလိုက်ပါတော့ဗျာ။

မရဏဆိုတာ စာသံပါနေတယ်၊ အဲဒီ မောင်းနှင် ထုတ်နေတာ ဘယ်သူပါလိမ့် (ဇရာရယ်၊ ဗျာဓိရယ်ပါ ဘုရား)။ အေး ဇရာနဲ့ ဗျာဓိက မောင်းနှင်ထုတ် နေတာကတော့ နေ့တိုင်း ဖြစ်နေတယ် (မှန်ပါ)။

နာရီပိုင်းကော (နှင်ထုတ်ပါတယ်ဘု ရား)။ စက္ကန့်ပိုင်း ကော (နှင်ထုတ်ပါတယ် ဘုရား)။ ဒါဖြင့် တပည့်တော်တို့ ဘယ်အချိန် လုပ်မှာတုံး အဲဒီသုသာန် သွားရင်းသာ လုပ်ပေတော့ (မှန်လှပါ ဘုရား)။

ဒါပဲ ဦးဘကြည် ဘယ်အချိန် လုပ်ရမှာလဲ (သုသာန်သွားရင်း ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီလိုမှမလုပ်ရင်တော့ ဘုန်းကြီးလည်း မတတ်နိုင်တော့ဘူး ဒကာ ဒကာမတို့ (မှန်ပါ)။ သုသာန် သွားရင်းလုပ်တော့ ဒီတစ်ခါသာ သွားရမယ်၊ နောက်တော့ သွားဖို့မရှိတော့ဘူး (မှန်ပါ ဘုရား)။

ဟာ သွားရင်းမှ မလုပ်တော့ပါဘူးဆိုရင် နောက်တစ်ခါလည်း ဒီသုသာန်ပြန်ရောက်ဦးမှာပဲ၊ နောက်တစ်ခါ ပြန်ရောက်တော့ကော (ဒီသုသာန်ရောက်မှာပါ ဘုရား)။

သုသာန်သွားရင်းအလုပ်လုပ်ပါ

ဒါဖြင့် ဘယ်အချိန်လုပ်ရပါလိမ့် (သုသာန်သွားရင်းပါ ဘုရား)။ သုသာန်သွားရင်း လုပ်ရမယ် ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ အသုဘတွေပို့ကြတယ် ဆိုင်ရာ ဆိုင်ရာ၊ ခင်ရာမင်ရာ အတိုင်း သွားကြလာကြ တယ်ပေါ့ဗျာ၊ မသေသေးတဲ့ လူကတော့ ကိုယ့်အိမ်ပြန်ပြီး ထီးလေး ဘာလေး ဆောင်းလို့ ပြန်ခဲ့ကြတာ ပေါ့ဗျာ (မှန်ပါ)။ တော်တော်ကြာ ကျတော့ သူတို့ ဒီနေရာသွားကြ ရတာပဲဗျာ (မှန်ပါ)။

ပြန်လိုက် ဟုတ်လား ပြန်နိုင်တုန်း ပြန်တာပဲ၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဦးချစ်ခ ပြန်သေးရဲ့လား (မပြန်တော့ပါ ဘုရား)။

မပြန်တော့ဘူးဆိုတော့ ခင်ဗျားတို့ အသုဘပို့ သုသာန်သွားပြီး သကာလ နေတဲ့ ဥစ္စာ ခင်ဗျားတို့ ပြန်ပေမယ့်လည်း အဲဒါသုသာန်က ပြန်တာ မဟုတ်ဘူး၊ ဟုတ်ပြီလား (မှန်ပါ ဘုရား)။

အမြင်တော့ သုသာန်က ပြန်တာပဲ သို့သော် ဒီသုသာန်ကို လာတုန်းကနဲ့ ကိုယ့်အိမ်ကို ပြန်တာနဲ့ ဘယ်ဟာက နီးသတုံးလို့ တစ်ခါပြန် မေး (ပြန်တဲ့ အချိန်က နီးပါတယ် ဘုရား)။

သေဖို့ရာအရင်ထက်နီးပြီ

ပြန်တဲ့ အချိန် က နီးဆို ဒီထက်အို အို လာတာကိုး ဗျ၊ ရိပ်မိ ကြပြီလား (မှန်ပါ ဘုရား)။ အင်း အခုကံကောင်းလို့ ပြန်နိုင် ပေမဲ့ ခင်ဗျားတို့က သေဖို့ရာ အရင်ထက် နီးတယ်လို့ ဘုန်းကြီး ပြောတာ ရိပ်မိပြီလား (မှန်ပါ)။

ဘယ်လိုပါလိမ့် (အရင်ထက် နီးပါတယ် ဘုရား)။ ကျုပ်တို့ကတော့ဖြင့် မသေသေးလို့ ပြန်နိုင်သေးရဲ့ တော်သေးရဲ့ လို့ အောက်မေ့မနေနဲ့ (မှန်ပါ)။

ဒါ စကားအဆန်း သုံးတာ မဟုတ်ပါဘူး (မှန်ပါ)။ အိုမှု၊ နာမှု တိုးလာတာကို သေချာအောင် ပြောတာပါ (မှန်ပါ ဘုရား)။

ဒါဖြင့် သုသာန်ကို သွားကြတော့ ပြန်လာတယ်၊ ပြန်လာတော့ ဘယ်လို ကိုယ့်ကိုယ်ကို သံဝေဂ ရအောင် လုပ်ကြတုံး၊ ဒို့တော့ မသေသေးလို့ ပြန်နိုင်သေးတယ် ဆိုမလား (မဆိုပါ ဘုရား)။

အင်း ဒို့သည်ကား အရင်ထက် နီးသည်ထက်နီးလာတယ် ဆိုပြီးပြန်ပါ၊ ဘုန်းကြီးက ပြောင်းပြန် ပြောနေတယ်လို့ ခင်ဗျားတို့ ထင်နေဦး မှာလား (မထင်ပါ ဘုရား)။ မထင်ပါနဲ့။

ဇရာ၊ ဗျာဓိ က အရင်ထက် ခင်ဗျားတို့ ကို နှိပ်စက်တာ များလှပြီ (မှန်ပါ)။ အရင်ထက် သုသာန် ရောက်ဖို့ နီးပြီဆိုတာကကော (မှန်ပါ)။ တစ်စက္ကန့်ထက် တစ်စက္ကန့် မအိုဘူးလား (အိုပါတယ် ဘုရား)။ တစ်စက္ကန့်ထက် တစ်စက္ကန့် မနာဘူးလား (နာပါတယ် ဘုရား)။

သေခါနီးလေလေ၊ အလုပ်များများလုပ်ပါ

အဲဒီကဲ့သို့ နာတော့ ဒကာ ဒကာမတွေ ဒါပြန်လာတာလား၊ သုသာန်နဲ့ ပိုနီးလာတာလား (ပိုနီးလာတာပါ ဘုရား)။ အဲ နီးပေမယ့် နီးလေလေ ဒီဥစ္စာများများ လုပ်ပါ (မှန်ပါ)။

မလုပ်ရင် ရပါ့မလား (မရပါ ဘုရား)။ အဲလုပ်ပါ ဆိုတော့ကို သူပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။ ဖြစ်ပျက်ရှုရမယ်။

ဝေဒနာပေါ်တိုင်းဖြစ်ပျက်ရှုရမယ်

ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် ရှုရမယ် (မှန်ပါ ဘု ရား)။ ဒီ သုခဝေဒနာကို ဖြစ်ပျက် ရှုရင် ပဋိစ္စသမုပ္ပါဒ် ဘယ်ကပြတ်သတုံး (အလယ်က ပြတ်ပါတယ် ဘုရား)။

ဒီ ဒုက္ခဝေဒနာကို ဖြစ်ပျက်ရှုရင် (အဆုံးက ပြတ်ပါတယ် ဘုရား)။ ဒီဥပေက္ခာဝေဒနာကို ဖြစ်ပျက်ရှုရင် (အစက ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နောက်သံသရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။ နောက်က သံသရာ မရှိရင် ကိစ္စ မပြီးသေးဘူးလား (ပြီးပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။