သမုဒယသစ္စာ၏အနက် (၁)အာယူဟနဋ္ဌော

သမုဒယသစ္စာ၏အနက် (၁)အာယူဟနဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် သမုဒယသစ္စာအနက်မှ အာယူဟနဋ္ဌော

စာအုပ်ခေါင်းစဉ်= သမုဒယသစ္စာ၏အနက် (၄)ချက် အာယူဟနဋ္ဌော

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်တိုင်းသည် သစ္စာ တရားတော်များသာ ဖြစ်ပါသည်။ အထူးသဖြင့် ၁၉၅၇ ခုနှစ်နှောင်းပိုင်းတွင် မန္တလေးမြို့၌ သစ္စာအနက် တစ်ဆယ့် ခြောက်ချက်ကို တစ်ဆက်တည်း ဟောကြားတော် မူပါသည်။

မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် အနေဖြင့် မိုးကုတ်မြို့တွင် ဟောကြားခဲ့ သော သစ္စာသက်သက် တရားတော်များကို ဖြန့်ချီပြီး ဖြစ်ပါသည်။ထို့ အတူ မန္တလေးမြို့၌ ဟောကြား ခဲ့သော ဒုက္ခသစ္စာ တရားတော်၊ နိရောဓသစ္စာ တရားတော်၊ မဂ္ဂသစ္စာ တရားတော်များကို ဖြန့်ချီပြီး ဖြစ်ပါသည်။

ယခုနောက်ဆုံး သမုဒယသစ္စာ၏ အနက်လေးချက်ကိုလည်း ဆက်လက် ဖြန့်ချီ လိုက်ပါသည်။ မိုးကုတ် ဆရာတော်ဘုရားကြီးက သမုဒယ သစ္စာ၏ အနက်လေးချက်ကို အောက်ပါအတိုင်း ဟောကြားတော်မူပါသည်။

၁။ အာယူယနဋ္ဌော – ဒုက္ခဝတ္ထု ဒုက္ခမှုတို့ ကို စုဆောင်းဆည်း ပူးတတ်သောသဘော။

၂။ နိဒါနဋ္ဌော – ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ၊ အမြဲပေးအပ် ဆောင်နှင်းစေတတ်တဲ့ အနက်သဘော၊

၃။ သံယောဂဋ္ဌော – ယှဉ်တွဲတတ်တဲ့ သဘော၊ သမုဒယ ဆိုတဲ့ တဏှာလောဘ ကလေး ပေါ်လာပြီ ဆိုရင် ဒုက္ခမှုတွေနဲ့ တွဲပေးမလို့ လာတာ၊

၄။ ပလိဗောဓဋ္ဌော – ထွက်ရပ်လမ်းကြီး မဂ်ခရီးကို တားဆီး နှောင့်ယှက်၊ ကန့်ကွက်တတ်သော သဘော၊

သစ္စာအနက် တစ်ဆယ့်ခြောက်ချက် တရားတော်များသည် အလုပ်ပေး တရားတော်များ ဖြစ်၍ အထူး အကျိုးရှိကြမည် ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇)ပါး ပြည့်ဝကြပါစေ။

၂၂-၉-၂၀၀၂။

အမှုဆောင်အဖွဲ့။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

သမုဒယသစ္စာ၏အနက် (၄)ချက်

အာယူဟနဋ္ဌော

(၁၀-၁၂-၅၇)

မနေ့က ဒုက္ခသစ္စာ လေးချက်ပြီးလို့ ယနေ့ သမုဒယသစ္စာ ပြောင်းပြီ လို့ မှတ်ပါ (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာလေးချက်က

၁။ ပီဠနဋ္ဌ တစ်ချက်၊

၂။ သင်္ခတဋ္ဌ တစ်ချက်၊

၃။ သန္တာပဋ္ဌ တစ်ချက်၊

၄။ ဝိပရိနာမဋ္ဌ တစ်ချက်၊ အားလုံး လေးချက် ရှိသွားပြီ။ (မှန်လှပါ ဘုရား)။

ဒီနေ့တော့ သမုဒယသစ္စာကို ဟောလိမ့်မယ်၊ ကိစ္စလေးချက်နဲ့ ဝေဖန်ပြီး ဟောလိမ့်မယ်။

ကောင်းပြီ သူ့မဟောမီ ဒကာ ဒကာမတွေ သူ့ချုပ်မှ ကိစ္စပြီးမယ် ဆိုတာကလေး လုံလောက်အောင် သက်သေ သာဓက ပြကြစို့။

ဝေဒနာသာပေါ်ရင် တဏှာလာမှာပဲ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေဒနာပစ္စယာ တဏှာလို့ ဟောတယ်။ မင်းတို့သန္တာန် ဝေဒနာသာ ပေါ်လို့ရှိရင် တဏှာ လာမှာပဲ။ ဒါ – မှန်မနေကြဘူးလား (မှန်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ဖြစ်လေ သောကြောင့် ဘုရားမပွင့် လည်းရှိတယ်။ ဘုရားပွင့် တော့ကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားမပွင့်လည်း ဝေဒနာပစ္စယာ တဏှာ ရှိတာပဲ။ ဘုရားပွင့်လည်း ဝေဒနာပစ္စယာ တဏှာ ရှိတယ် ဆိုတော့ကို ဒို့ သန္တာန်မှာ ဘုရား မပွင့်သေးလို့ ရှိရင်လည်း ခန္ဓာကိုယ်ထဲမှာ ဝေဒနာပစ္စယာ တဏှာဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်း၌ နေငြား သော်လည်း ကိုယ့်သန္တာန်တော့ ဝေဒနာပစ္စယာ တဏှာပဲ (မှန်ပါ)။

တကယ်တမ်း ဘုရားပွင့်လာတဲ့ ပုဂ္ဂိုလ် ဆိုလို့ရှိရင်ဖြင့် ဘာဖြစ်ပါ သတုံး မေးလို့ရှိရင် ဘုရားမပွင့်ရင် ဝေဒနာပစ္စယာ တဏှာ၊ ဘုရားပွင့် တော့ ဝေဒနာနိရောဓာ တဏှာနိရောဓော (မှန်လှပါ ဘုရား)။

ဒါ – ထူးခြားတာပဲ၊ ဘုရားမပွင့်ခင် ဘာ (ဝေဒနာပစ္စယာ တဏှာ)၊ ဝေဒနာပစ္စယာ တဏှာ ဆိုတာက ဘုရား မပွင့်ခင်။

ဘုရားက ဘယ်ထဲပွင့်ရမှာတုံး

ဒါကို ဘုရားက ဘယ်ထဲ ပွင့်ရမှာတုံးလို့ မေးတဲ့ အခါကျတော့ ဝမ်း ထဲမှာ ပွင့်ရမှာ (မှန်ပါ)။ သည့်ပြင်နေရာ သူ့ဟာသူ ပွင့်နေ ရင် ခင်ဗျား တို့ မဆိုင်ဘူး။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

တခြားနေရာ သူ့ဟာသူ ပွင့်ပြီး သကာလ သူက ကပ္ပိလဝတ်ပြည် ဇေတဝန်ကျောင်းမှာ နေတယ်။ ကျုပ်တို့က ကပ္ပိလဝတ်ပြည်မှာ နေပေမယ့် မပွင့်သေးပါဘူး။ ဝေဒနာပစ္စယာ တဏှာပဲ ဖြစ်တယ် (မှန်လှပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ – ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပွင့်မည့် ပုဂ္ဂိုလ်များ၊ ဘုရား၏ အတုလိုက်ပြီး ကျင့်တဲ့ ပုဂ္ဂိုလ်များ ကျတော့ ‘‘ဝေဒနာနိရောဓာ တဏှာနိရောဓော၊’’ ရှင်းကြပြီလား ။

ဘုရားမပွင့်ခင် ဘာတဲ့ (ဝေဒနာပစ္စယာ တဏှာ)၊ ဝမ်းထဲမှာ ဘုရားပွင့်တဲ့ ပုဂ္ဂိုလ်ကျတော့ (ဝေဒနာနိရောဓာ တဏှာနိရောဓော ပါ ဘုရား)၊

ဘုရားရှိခိုးနေတဲ့ပုဂ္ဂိုလ်

အဲ့ဒါက ရှိခိုးတဲ့ ပုဂ္ဂိုလ်ကို ဆိုတာ မဟုတ်ဘူး။ ဘုရားပွင့်လို့ ရှိခိုး တဲ့ ပုဂ္ဂိုလ်ဆိုတာ မဟုတ်ဘူး။ သံဃာတော်ကို ကိုးကွယ် ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း ဆိုတာ မဟုတ်ဘူး၊

အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှ ဝေဒနာနိရောဓာ တဏှာနိရောဓော (မှန်ပါ)၊ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ ဖြစ်ကို မဖြစ်နိုင်ဘူး၊ အားလုံး ဒကာ ဒကာမတို့ မှတ်ထားပါ။ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်မှာ ဘာတဲ့ (ဝေဒနာ ပစ္စယာတဏှာ)။

ဪ – အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်ဖြင့် ဝေဒနာပစ္စယာတဏှာ ဆိုတော့ ဒါ – အစပြလိုက်ခြင်း ဖြစ်ပါတယ်။ တဏှာ ဒီဘက်က ဟာတွေက တဏှာသာ လာလို့ရှိရင် ဒီဘက်က ပဋိစ္စသ မုပ္ပါဒ်ကတော့ အစဉ်တိုင်း သွား တော့မှာပဲ။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်

နိယာမပေါ့ဗျာ၊ နိယာမ သွားရမှာ။ ဒါဖြင့် ဘုရားပွင့်ခြင်း ကျေးဇူး၊ ဘုရားပွင့်ခြင်းကြောင့် ဘုရား တရားတော်ကို နာရလို့ ခင်ဗျားတို့ ကျုပ်တို့ အားထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့မှ ဝေဒနာ နိရောဓာ တဏှာနိရောဓော ဖြစ်တယ်။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲ ဘုရားပွင့် မပွင့် ဝေဖန်တတ်ကြပြီလား (ဝေဖန်တတ် ကြပါပြီ ဘုရား)။

ခင်ဗျားတို့ ဘုရားနဲ့ တွေ့ရပါလို၏ ဆိုရုံနဲ့ ဝေဒနာနိရောဓာ တဏှာ နိရောဓော မဖြစ်ပါဘူး။ ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။ ဘုရား ဆီက နည်းပြီး ကျင့်လို့ ရှိရင်တော့ ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်မယ် ဆိုတာ ဆုံးဖြတ်ချက်ချပါ။

ဘုရားကြည်ညိုတာက၊ သဒ္ဓါပြဋ္ဌာန်းတယ်

အဲ့ဒီတော့ ဒကာ ဒကာမတို့ ကိုယ့်အိမ်မှာကိုယ် ဘုရား ကြည်ညို ပါတယ်၊ တရား ကြည်ညိုပါတယ်၊ သံဃာ ကြည်ညိုပါတယ် ဆိုတာက သဒ္ဓါ ပြဋ္ဌာန်းတယ် (မှန်ပါ ဘုရား)။

အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်က ပညာ ပြဌာန်းပါတယ်။ အလုပ် မလုပ်တဲ့ ပုဂ္ဂိုလ်က ဘာပြဌာန်းတုံး (သဒ္ဓါ ပြဌာန်းပါတယ် ဘုရား)၊ အလုပ် လုပ်တဲ့ ပုဂ္ဂိုလ်က (ပညာပြဌာန်းပါတယ် ဘုရား)။

အလုပ်လုပ်တာက ပညာပြဋ္ဌာန်းတယ်

ပညာပြဌာန်းတယ် ဆိုတော့ “ ပညာဟိ သေဋ္ဌော လောကသ္မိံ” လို့ ဘုရားက ဟောလိုက်တယ်။

လောကသ္မိံ – လောကသုံးပါး၌၊ ပညာဟိ – ပညာ ဧဝ – ပညာ သည် သာလျှင်၊ သေဋ္ဌော – တရားတကာတို့ထက် အမြတ်ဆုံးတည်း။

ပညာအမြတ်ဆုံးပဲ၊ ဘာကြောင့် ပညာ မြတ်ရပါသတုံးဆို “ရာဂနိဗ္ဗိန္ဒ ဂါမိနီ” သူများ မဖောက်ထွင်းနိုင်တဲ့ အဝိဇ္ဇာ၊ တဏှာထုကြီးကို ပညာက ဖောက်ထွင်း နိုင်တယ်။

ကျန်တဲ့တရားတွေက မဖောက်ထွင်း နိုင်ဘူးတဲ့။ ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်တရားအမြတ်ဆုံးပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ တရားဓမ္မတွေထဲ ဘယ်တရား အမြတ်ဆုံးပါလိမ့် (ပညာပါ ဘုရား)။

ပညာဓမ္မ အမြတ်ဆုံးလို့ မှတ်ထားပါ။ ကောင်းပြီ ဒါက၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊ ဘုရားပွင့်ပါတယ်လို့ ဆရာဘုန်းကြီးက ဆိုလိုက်တယ်။ စကားစပြီး ချီလိုက်ပါတယ်။

ချီလိုက်ပင် ချီလိုက် သော်လည်း ဝေဒနာနိရောဓာကို ခင်ဗျား တို့ မြင်ပါမှ၊ ဝေဒနာ မရှိတာကို မြင်ပါမှ တဏှာနိရောဓ ဆိုတဲ့ မဂ္ဂင် ငါးပါးက လာတာ (မှန်လှပါ ဘုရား)။ သဘော ကျပြီလား (ကျပါပြီ ဘုရား)၊

ဇရပ်ပေါ်မှာ ရွတ်နေလို့တော့ အပိုပဲ

ဝေဒနာနိရောဓာ တဏှာနိရောဓော၊ ဇရပ်ပေါ် တက်ပြီး ရွတ်နေလို့ တော့ အပိုပဲ။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဇရပ်ပေါ်တက်ပြီး ရွတ်နေတဲ့ သူတွေ ရှိသေးတယ်ဗျ။

ဝေဒနာနိရောဓာ တဏှာနိရောဓော ဖြစ်မှ ပဋိစ္စသမုပ္ပါဒ် ပြတ်မယ် လို့ ဘုရားဟောတယ် မဟုတ်လား (မှန်ပါ ဘုရား)။

အဲဒီတော့ ရွတ်လို့ ပြတ်မှာလားတဲ့။ ဝေဒနာနိရောဓကို မြင်မှု၊ ဝေဒနာချုပ်သွားတာကို မြင်မှ၊ မြင်လိုက်တဲ့မဂ် ဝိပဿနာမဂ် ပေါ်လာ တော့မှ တဏှာနိရောဓော ဖြစ်တယ် (မှန်ပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ မဖြစ်တော့ ကို လျှောက်ရွတ်နေတဲ့ ပုဂ္ဂိုလ်မှာ ဘယ် – အဓိပ္ပါယ်ပါလိမ့်မတုံး ဆိုလို့ ရှိရင်ဖြင့် အင်း အန္တရာယ်ကင်း၊ ဘေးကင်းဆိုပြီး သကာလ ရွတ်တဲ့ ပုဂ္ဂိုလ် တွေဖြင့် အန္တရာယ် မကင်းပါဘူး၊

သူက တောက်လျှောက် ဖြစ်နေတာ၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။ သို့ပေမယ့် ဒကာ ဒကာမတို့ ဝေဒနာနိရောဓကို သေသေချာချာ ရှုမှ ဝေဒနာဖြစ်ရာက ဝေဒနာ ချုပ်ပျောက် သွားတာ၊ ချုပ်ပျောက် သွားတာဟာ နိရောဓပေါ့ (မှန်လှပါ ဘုရား)။

ဝေဒနာချုပ်ပျောက်သွားတာမြင်မှ

အဲဒီ ချုပ်ပျောက် သွားတာကို ခင်ဗျားတို့ မြင်လိုက်မှ သာလျှင် ဒါက နိရောဓ၊ ဝေဒနာက ချုပ်ပျောက်သွားမှာ။ ချုပ်ပျောက်တာကို မြင်တဲ့ ဓမ္မ ကလေး နောက်က လိုက်လာတဲ့ အတွက် တဏှာနိရောဓ ဒီနေရာမှာ ဖြစ်ရ မယ် (မှန်လှပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာနိရောဓကို မမြင်တဲ့ ပုဂ္ဂိုလ်ဟာ တဏှာ နိရောဓ ဖြစ်မဖြစ် (မဖြစ်ပါ ဘုရား)။

ဒါဖြင့် အလုပ်လုပ်မှ ရပါတယ်။ ဦးစံရီ ဘယ်လိုလုပ်မှ ရတယ် (အလုပ်လုပ်မှ ရပါတယ် ဘုရား)၊ နိရောဓ မြင်မှနော် (မှန်ပါ)။

နိရောဓ မမြင်လို့ရှိရင် ဒီဘက်က ဘယ်နှယ်ဆိုကြပါ့၊ တဏှာနိရောဓ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊

မဖြစ်နိုင်ဘူးလို့ ဆိုသဖြင့် ဝေဒနာက ခန္ဓာကိုယ်ထဲမှာ သုခ ပေါ်ပေါ်၊ ဒုက္ခပေါ်ပေါ်၊ ဥပေက္ခာ ပေါ်ပေါ် ပျောက်ပျက်တဲ့ နိရောဓကို လည်း ရှုတဲ့ နောက်က မြင်ပါမှ၊ ပျောက်ပျက်တဲ့ နိရောဓကို ရှုတဲ့မဂ်က ဘာတဲ့တုံး (မြင်ပါမှပါ ဘုရား)။

မြင်တော့ ပါဠိပြောင်းလိုက်တော့ ဒီကျတော့ ပြောင်းနိုင်ပြီ။ မပြောင်းနိုင်ဘူးလား (ပြောင်းနိုင်ပါတယ် ဘုရား)၊ ဘယ်လိုပြောင်းကြမတုံး (ဝေဒနာနိရောဓာ တဏှာ နိရောဓော) အဲ ဝေဒနာက သူ့ဟာသူ နိရောဓ ဖြစ်သွားသလား။ ခင်ဗျားတို့က နိရောဓကို မြင်လိုက်တာလား (တပည့်တော်တို့က မြင်လိုက်တာပါ ဘုရား)။

အလုပ်သဘောနဲ့ ဟောထားတာ

ဒီလိုမှပေါ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် နိရောဓကို မြင်လိုက်မှ ကိုက်မယ် ဆိုသဖြင့် ဦးဘကြည်တို့ ကိုထွန်းဦး တို့က ကြည့်လိုက်တာပေါ့။ ဪ ဒါ အလုပ်သဘောနဲ့ ပတ်သက်ပြီး ဟောထားတာကိုး (မှန်ပါ ဘုရား)။

ဦးဘကြည် ဘယ့်နှယ်ဆိုမတုံး (အလုပ်သဘောနဲ့ ပတ်သက် ပြီး ဟောတာပါ ဘုရား)။ နောက်က ဒကာ ဒကာမတွေ ဘယ်လိုဆုံး ဖြတ်ချက်ချမတုံး (အလုပ်သဘောနဲ့ ပတ်သက်တာပါ ဘုရား)။

အလုပ်သဘောနဲ့ ပတ်သက်တာပါ။ ပျောက်ပျက်ချင်လျှင် ဒီလို နိရောဓ မြင်အောင်ကြည်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရွတ်နေရမှာလား၊ နိရောဓတွေ ပေါ်တိုင်း ပေါ်တိုင်း ပေါ်ရာကို ကြည့်နေရမှာလား (ပေါ်ရာကို ကြည့်နေရမှာပါ ဘုရား)၊ ဪ ဒါဖြင့် နိရောဓလေး ပေါ်မှုကို ဒကာ ဒကာမတွေ ကြည့်ပါမှ ကြည့်တော့ မဂ္ဂင်ငါးပါး ပေါ်လာတယ်လို့ ဆရာဘုန်းကြီးက ဟောတယ်။ ဘုရားက လည်း ဟောတယ်။

ပုဗ္ဗဘာဂမဂ်

ပုဗ္ဗဘာဂမဂ်က ငါးပါးထက် ဘယ်နည်းနဲ့မှ မပိုဘူး သဘော ကျပြီနော် (ကျပါပြီ ဘုရား)၊

အဲ့ဒါ တဏှာနိရောဓ ဟုတ်မဟုတ် ကြည့်လိုက်တဲ့ အခါကျတော့ သူ နိရောဓ မဖြစ်လို့ နိရောဓကို သည်ကမြင်တဲ့ ဉာဏ်သာ မလာဘူးဆိုရင် ဝေဒနာဖြစ်ရင် တဏှာလာမယ် (မှန်ပါ ဘုရား)၊

မလာဘူးလား (လာပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမ တို့ ဘယ်လိုလုပ်ကြမတုံး မေးတော့ ဝေဒနာ ပေါ်တုန်း ပေါ်ဆဲကို နိရောဓ မြင်အောင် ကြည့်ရလိမ့်မယ်လို့ ဦးဘကြည် မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

ဘယ်လိုဆိုမယ် နိရောဓ မြင်ရမယ်၊ ဒကာ ဒကာမတွေ ဘာမြင် ကြရမတုံး (ဝေဒနာ နိရောဓ မြင်ရမှာပါ ဘုရား)၊ ဝေဒနာ နိရောဓကို နောက်က မြင်ရမယ်။ နိရောဓကို မြင်ရမယ် ဆိုတော့ ထိုနိရောဓ ဆိုတာ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ မှတ်ကြ၊

မရှိဘူးလို့ အသိလိုက်ပေးပါ

မရှိဘူးလို့ သိတာ ချုပ်သွားလို့ပဲ (မှန်လှပါ ဘုရား)၊ မရှိဘူး၊ မရှိဘူးလို့ နောက်က အသိ လိုက်ပေးပါ။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မရှိဘူး၊ မရှိဘူး လို့ အသိ လိုက်ပေးတဲ့ အခါကျတော့ မရှိတာက နိရောဓ၊ သိတာက မဂ္ဂ၊ ဒီမဂ္ဂ လာလို့ တဏှာနိရောဓ ဖြစ်ရတာ (မှန်လှပါ ဘုရား)

ဒီနေရာမှာ မဂ်မလာဘူး ဆိုရင် (ရန်ဖြစ်မှာပါ ဘုရား)။ ရန်ဖြစ်မှာပဲ ဆိုသဖြင့် သူ့အသိမှား အတိုင်း ကိုထွန်းဦး ဖြစ်မြဲ ဖြစ်ရမှာပဲ (မှန်ပါ ဘုရား)။ ဝေဒနာ ပစ္စယာ တဏှာပဲ။

ကောင်းပြီ ဒါဖြင့် ကနေ့ည တရားနာတဲ့ ဒကာ ဒကာမတွေမှာ ဪ ဒီဥစ္စာ တဏှာဆိုတဲ့ သမုဒယသစ္စာ၊ ဒီနေ့ တဏှာသမုဒယ သစ္စာကိုပဲ ဟောမလို့ ပြောထားတယ်။

ဘယ်လိုဝိပဿနာ ရှုရမှာတုံး

တဏှာ ဘယ်လိုလုပ်မှ ချုပ်တယ် ဆိုတာ ဒို့ဆီက ဘယ်လို ဝိပဿနာ ရှုရမှာတုံး မေးလို့ ရှိရင်ဖြင့် ဝေဒနာ ချုပ်တာ မြင်အောင် ရှုနိုင်တဲ့ အလုပ်လုပ်၊ ချုပ်ပြီး ချုပ်ပြီလို့သာ နောက်က မြင်နေကြရမယ် ဆိုရင် ဖြင့် တဏှာ ချုပ်နေတာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

ဝေဒနာချုပ်တာ မြင်မြင်နေတဲ့ ပုဂ္ဂိုလ် ဘယ်လိုဆိုကြမတုံး (တဏှာ ချုပ်တာပါ ဘုရား)။ တဏှာ ချုပ်တာပဲလို့ ဆိုတော့ သူများ ပြောတာလား၊ ကိုယ်တိုင် လုပ်ကြည့်လို့ မြင်တာလားလို့ မေးရင် ကိုယ်တိုင် လုပ်ကြည့်၊ ဒီအတိုင်းလာမှာပဲ (မှန်လှပါ ဘုရား)။

အင်း တဏှာနိရောဓ ဆိုတော့ တဏှာက ဒီနေရာမှာ ပေါ်ခွင့် ရသေးရဲ့လား (မရပါ ဘုရား)။ မရတော့ အနုပ္ပါဒနိရောဓ ဆိုတဲ့ တဏှာက ဒီနေရာမှာ ပေါ်မည့်နေရာ ပေါ်ခွင့် ရသေးရဲ့လား (မရပါ ဘုရား)။

မရတာ အနုပ္ပါဒနိရောဓ ဆိုတဲ့အတိုင်း မဖြစ်ဘဲနဲ့ မချုပ်ရပေ ဘူးလား (ချုပ်ရပါတယ် ဘုရား)။

တဏှာပေါ်ခွင့်မရဘဲနဲ့ချုပ်တယ်

အေး ဖြစ်ပေါ်ခွင့်မရဘဲနဲ့ ချုပ်တဲ့ အခါကျတော့ကို ဪ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက လုပ်စမ်းပါကွာ၊ ဖြစ်ပေါ်ခွင့် မရဘဲနဲ့ ချုပ်သွားတော့ ‘‘တဏှာနိရောဓော နိဗ္ဗာနံ’’ ပါပဲ (မှန်လှပါ)။

ဦးဘကြည် ဘာတဲ့တုံး (တဏှာနိရောဓော နိဗ္ဗာနံပါ ဘုရား)။ အဲဒါ သံယုတ်ပါဠိတော်။ “ဝေဒနာနိရောဓာ တဏှာနိရောဓော” ဆိုတာ ပဋိစ္စသမုပ္ပါဒ် ပါဠိတော် “တဏှာနိရောဓော နိဗ္ဗာနံ” ဆိုတာက သံယုတ် ပါဠိတော်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီပါဠိတော်နှစ်ခု ဆက်ယူရမယ်၊ ဝေဒနာနိရောဓာ ဘယ့်နှယ်ဆို မတုံး (တဏှာနိရောဓော)၊ တဏှာနိရောဓော နိဗ္ဗာနံ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ပြန်ဆိုကြဦး (ဝေဒနာနိရောဓာ တဏှာနိရောဓော)။ ဒါ ပါဠိတော် အစစ်ပါပဲ။ ဒါ ပါဠိတော် အစစ်ပါပဲ ဆိုတော့ သမုဒယ သစ္စာ ချုပ်သွားပါပေါ့လား ဆိုတာ ဦးစံရီငြင်းဖို့ မလိုတော့ဘူး၊ (မှန်လှပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေကော လိုသေးသလား (မလိုပါ ဘုရား)။ တဏှာ ချုပ်သွားတဲ့ အချိန်၊ တဏှာချုပ်သွားတာ ဘုရားက ဘာတဲ့ တုံး (တဏှာနိရောဓော နိဗ္ဗာနံပါ ဘုရား)။

တဏှာနိရောဓောဖြစ်ဖို့သာ လိုတယ်

တဏှာနိရောဓော နိဗ္ဗာနံ ဆိုတာ ရ,ထားတော့ ဪ နိဗ္ဗာန်ဆုတောင်းဖို့ မလိုတော့ဘူး။ တဏှာနိရောဓော ဖြစ်ဖို့သာ ခင်ဗျားတို့ လိုတယ် (မှန်လှပါ ဘုရား)၊

တဏှာနိရောဓော နိဗ္ဗာနံဆိုတာ မင်းတဏှာစွန့် နိဗ္ဗာန်ရပြီလို့ ဘုရားက ဟောလိုက်တယ် (မှန်လှပါ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊

ခင်ဗျားတို့ တာဝန်က ဝေဒနာနိရောဓာ (တဏှာနိရောဓော) ခင်ဗျားတို့ အလုပ်ဟုတ်လား (မှန်လှပါ)။

တဏှာနိရောဓော နိဗ္ဗာနံ ဆိုတာ ဘုရားက မင်းတို့ကွာ တဏှာ ချုပ်သွားပေါ့ ဘာပူစရာ ရှိသေးတုံး၊ နိဗ္ဗာန်ရောက်ပြီ၊ ဒီလို မဟောဘူးလား (ဟောပါတယ် ဘုရား)၊

နိဗ္ဗာန်ရောက်ပြီ

အဲဒီတော့ ကျုပ်တို့ အလုပ်ကို ဘုရားက နိဗ္ဗာန်ရောက်ပြီလို့ ထောက်ခံချက် ပေးတာပဲ။ ကျုပ်တို့အလုပ်က ဝေဒနာနိရောဓာ တဏှာ နိရောဓော ဖြစ်ဖို့က ကျုပ်တို့အလုပ် (မှန်ပါ)၊

မကြည့်ဘဲနဲ့ ချုပ်သလား၊ ကြည့်လို့ ချုပ်သလား (ကြည့်လို့ ချုပ်တာပါ ဘုရား)။ ဒါဖြင့် ကြည့်တဲ့ အခါမှာလည်း ဘာမြင်ရမလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။

ဒီမဂ္ဂင်ငါးပါးဟာ ဘာကို မြင်ရမှာတုံး (ဝေဒနာကိုပါ ဘုရား)။ ဝေဒနာကို မတွေ့စေနဲ့ ချုပ်တာချည်း တွေ့ပစေ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)၊

ဝေဒနာချုပ်တာချည်း တွေ့ပါစေ

ဘာမတွေ့စေနဲ့တုံး (ဝေဒနာ မတွေ့စေနဲ့)၊ ချုပ်တာချည့် တွေ့ရမယ်၊ ဝေဒနာ တွေ့လို့ ရှိရင် တဏှာ လာဦးမှာပဲ (မှန်လှပါ ဘုရား)၊ ချုပ်တာပဲ တွေ့တော့ တဏှာ မလာတော့ဘူး၊ ချုပ်တာလေးကို မြဲမြဲမှတ် (မှန်လှပါ)။

ဝေဒနာတွေ့ရင် နာမရူပ ပရိစ္ဆေဒ ဉာဏ်ထဲ ဝင်သွားမှာ (မှန်လှပါ ဘုရား)၊ မဝင်ပေဘူးလား (ဝင်မှာပါ ဘုရား)။ ဒါဖြင့် ချုပ်တာကို မရှိတာကလေး သိလိုက်လို့ရှိရင် တဏှာနိရောဓ မချုပ် ဘူးလား (ချုပ်ပါတယ် ဘုရား)။

ငါ့နေရာ၊ သူဦးသွားပြီ

အဲဒီ အချုပ်ကို ဒီကမြင်လိုက်တာက မဂ်က မြင်လိုက်တာ၊ မဂ်က တစ်ခါတည်း ဖျတ်ခနဲ အစားထိုး လိုက်တဲ့ အတွက် တစ်ခါတည်း တဏှာ သည်ကား ဆိုလို့ရှိရင်ဖြင့် ငါ့နေရာ သူဦးပြီ ဆိုတဲ့ အဓိပ္ပါယ် ရောက်မှာ (မှန်ပါ ဘုရား)။

မရောက်ဘူးလား (ရောက်မှာပါ ဘုရား)။ ထိုကဲ့သို့ ရောက် သွားတော့မှ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မင်း ခုကြည့်တာ သိပ်တည့် သွားတယ်ဆိုပြီး “တဏှာနိရောဓော နိဗ္ဗာနံ” ကဲ ဦးဘကြည် ကျေနပ် ပြီလား (ကျေနပ်ပါပြီ ဘုရား)။

မင်းတို့ ဒါကလေး ဦးအောင်လုပ်ဖို့ အရေးကြီးတယ် (မှန်လှပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခဏခဏ ဘုန်းကြီး ဟောနေတယ်၊ ခင်ဗျားတို့ မြင်မှုကို ဘာပဲရှုရှု၊ ရှုချင်တာရှု၊ ချုပ်ပျောက် တာကို မြင်ဖို့သာ အရေးကြီးဆုံးပဲလို့ ဒကာ ဒကာမတွေက မှတ်ပါနော်။

ချုပ်ပျောက်တာ မြင်ဖို့သာ အရေးကြီးဆုံး

ဘာလေးအရေးကြီးပါလိမ့် (ချုပ်ပျောက် သွားတာ မြင်မှုပါ ဘုရား)၊ ချုပ်ပျောက်သွားတာ မြင်မှုတဲ့။ ဒါဖြင့် ချုပ်ပျောက်သွားတာ ဟူသရွေ့ “နိရောဓံ ဒိသွာ နိရောဓ အဘိညာယ” လို့ ပဏ္ဏာသ ပါဠိတော်မှာ ဟောတယ်။

နိရောဓံ – ချုပ်ခြင်းကို၊ ဒိသွာ – မြင်၍၊ နိရောဓံ – ချုပ်ခြင်းကို၊ အဘိညာယ – ထူးသော ဉာဏ်ဖြင့် သိ၍၊ တဏှာနိရောဓော – တဏှာ၏ ချုပ်ခြင်းသည်၊ ဟောတိ – ဖြစ်၏။

ဪ ဒါဖြင့် နိရောဓံ ဒိသွာ ဆို တာ၊ နိရောဓံ အဘိညာယ ဆိုတာ သူ့လက်ထဲရှိရမယ်။

ချုပ်သွားရင် မြင်ရမယ်၊ ချုပ်သွားရင် သိရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘယ်သူနဲ့မှ သိမတုံး (မဂ်ဉာဏ်နဲ့ပါ ဘုရား)။

အင်း ချုပ်တာကိုတော့ ခင်ဗျားတို့ မျက်လုံးနဲ့ ဘယ်လိုပဲကြည့်ကြည့် မမြင်ပါဘူး။ နားက ဘယ်လိုပဲ ထောင်ထောင် ချက်ချက် ချက်ချက် မကြား ပါဘူး။ ကြားသလား (မကြားပါဘူး ဘုရား)။

နှာခေါင်းနဲ့ ရှုကြည့်ရင်ကော (အနံ့သဘော မဟုတ်လို့ မတွေ့ ပါ ဘုရား)၊ လျှာနဲ့ လျက်ကြည့်လို့ ရှိရင်လည်း ချိုတယ်၊ ငန်တယ်၊ ဖန်တယ် မသိနိုင်ပါဘူး ဒကာ ဒကာမတို့၊

ဉာဏ်လေးနဲ့ ကြည့်လိုက်တဲ့ အချိန်မှာ ဪ မရှိဘူး၊ ခုတင်က ခန္ဓာကိုယ်ထဲ ပေါ်နေတဲ့ သုခဖြစ်ဖြစ်၊ ဒုက္ခဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ် ဒါလေးဟာ သုခလည်း မတွေ့ပါဘူး။ ဒုက္ခ လည်း မတွေ့ပါဘူး။ မရှိတာဘဲ ဖြစ်တယ်လို့ အသိအမှတ် ပြုတော့တယ်လို့ ဆိုနိုင်ရဲ့ လား ဦးဘကြည် (ဆိုနိုင်ပါတယ် ဘုရား)။

မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ

ဒါဖြင့် မရှိတာသည်ကား ဆိုလို့ရှိရင် အနိစ္စ၊ သိတာက မဂ္ဂ၊ မရှိတာ ဘာတုံး (အနိစ္စ)၊ သိတာ (မဂ္ဂ)၊ ဒါဖြင့် မရှိတာ ဆိုတာ ပါဠိလို သုံးရင် နိရောဓ၊ သိတာ ဆိုတာက သိဆိုတဲ့ ဟာသည် မဂ္ဂ၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

မရှိတာက အနိစ္စ ဒကာ ဒကာမတို့။ သိတာက (မဂ္ဂပါ ဘုရား)။ မဂ္ဂဆိုတော့ မဂ္ဂ နောက်လိုက်ပြီး သကာလ နေသောကြောင့်တဲ့ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတဲ့ဥစ္စာ သေသေချာချာ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

“မဂ်” လာကတည်းက ဒုက္ခသစ္စာတွေ ချုပ်သွားပြီ

မဂ်လာကတည်းက တဏှာလာသေးသလား (မလာပါ ဘုရား)။ မလာတော့ကို တဏှာ မလာတော့ ဥပါဒါန် မလာ၊ ဥပါဒါန် မလာ တော့ ဘဝတွေကော (မလာပါ ဘုရား)။

ဘဝမလာဘဲနဲ့ ကမ္မဘဝမှ မလာလို့ရှိရင် ကိုထွန်းဦး ဇာတိ (မလာပါ ဘုရား)၊ ဗျာဓိ၊ ဇရာ၊ မရဏတွေကော (မလာပါ ဘုရား)။ ဒါဖြင့် ဒီဘက်လာမည့် ဒုက္ခသစ္စာတွေ ဘယ့်နှယ်ဖြစ် (ချုပ်သွား ပါတယ် ဘုရား)။

ဪ ဒုက္ခသစ္စာတွေ ချုပ်ချင်လို့ ချုပ်တာလား မေးတော့ ဟောဒီ သမုဒယ ဝင်ချုပ်နေလို့ (မှန်လှပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အားမငယ်ကြပါနဲ့

မဂ်ဝင်နေလို့ အဲဒီတော့ ဒကာ ဒကာမတွေ အားငယ်မနေကြပါနဲ့။ ခင်ဗျားတို့ ဒီတစ်လုံးကို ပိုင်လို့ ရှိရင်ဖြင့် ဪ နိဗ္ဗာန် ဆိုတာဟာ ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့ ဒီဘက်က အိုဘေး၊ နာဘေး၊ သေဘေး သိမ်းတဲ့ နိဗ္ဗာန် ဆိုတဲ့ ဥစ္စာ၊ ဒီအလုပ် လုပ်မှ ပြီးတာကို ဒါပဲ ခင်ဗျားတို့ကိစ္စ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဒီအလုပ်လုပ်ရင် မသိမ်းဘူးလား၊ သိမ်းမှာလား (သိမ်းမှာပါ ဘုရား)။ သမုဒယသစ္စာ မချုပ်တဲ့ တရားဖြင့် ခင်ဗျားတို့ မနာနဲ့။ မချုပ်တဲ့ တရားက တိုးပွားမှာ။ ချုပ်တဲ့ တရားကဖြင့် ဒုက္ခသိမ်းမှာပဲ။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာမြင်ရုံနဲ့ မပြီးသေးဘူး

အဲဒီတော့ သမုဒယချုပ်တာသည် မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။ အဲဒါကြောင့် အားလုံးပဲ ပြောရတယ်။ ဝေဒနာ မြင်ရုံနဲ့ မပြီးသေးဘူးနော်။ ချုပ်တာမြင်မှ။ ချုပ်တာကို ရှေ့က ချုပ်သွား လိုက် နောက်က မြင်လိုက် (မှန်လှပါ ဘုရား)။

ရှေ့က ချုပ်သွားလိုက် နောက်ကမြင်လိုက် ဒီလိုချည့် လိုက်ပေးတဲ့ အခါကျတော့ တဏှာနိရောဓ ဖြစ်ပါသလား (ဖြစ်ပါတယ် ဘုရား)။ ဒါဖြင့် ဒါက သံသရာ စခန်းသတ်တဲ့ အလုပ်။

ဒါက သံသရာလည်တဲ့ အလုပ် မှတ်ပေးပါ။ ဒီဝေဒနာပစ္စယာ တဏှာက၊

ဒီက ဝေဒနာနိရောဓာ (တဏှာ နိရောဓောပါ ဘုရား)။ ဟင် တဏှာနိရောဓော ဆိုတာက ဒါက အလုပ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါက မလုပ်ဘဲနေတဲ့ ပုဂ္ဂိုလ်ရဲ့ လမ်းစဉ်၊ ဒါက လုပ်တဲ့ ပုဂ္ဂိုလ်ရဲ့ လမ်းစဉ်၊ လမ်းစဉ်နှစ်ခု ကွဲသွားပြီ၊ မကွဲသေးဘူးလား (ကွဲပါပြီး ဘုရား)။ ကောင်းပြီ ဒါဖြင့် နေ့တိုင်း ကြားနေရတော့ ခင်ဗျားတို့လည်း မှတ်မိဖို့ ကောင်းပြီ။

ဘုရားဆီတောင်းလို့ မရဘူး

ဝေဒနာနိရောဓာ တဏှာနိရောဓော အလုပ်သည် တကယ့် တကယ် အားစိုက်ပြီး ရှုမှတ်တဲ့ အလုပ်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်ဘု ရား) ဪ ပါးစပ်နဲ့ ဘု ရားဆီ တောင်းယူလို့ ရတဲ့ အလုပ် (မဟုတ်ပါ ဘုရား)။ ပစ္စေကဗုဒ္ဓဆီ တောင်းယူလို့ (မရပါ ဘုရား)။

မရဘူး။ သက်ကြီးရွယ်အိုတွေကို ကန်တော့တဲ့အခါ သူတို့ပေးတဲ့ ဆုက အင်း နိဗ္ဗာန်ကို ဝဋ်ဘဝတိုတိုနဲ့ ရစေ ဆိုပြီး သကာလ သူတို့ ပေး လိုက်တော့ကော ရတဲ့ အလုပ်မျိုးလား (မဟုတ်ပါ ဘုရား) မဟုတ်ဘူး တဲ့၊ ကိုယ်တိုင် ချုပ်တာ မြင်မှရတာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)

ကိုယ်ကိုယ်တိုင်ချုပ်တာမြင်မှရမယ်

ဘယ်လိုမြင်မှတုံး (ကိုယ်တိုင် မြင်မှပါ ဘုရား)။ ဘာချုပ်တာ မြင်မှတုံး (ဝေဒနာချုပ်တာပါ ဘုရား)။ အဲ ဝေဒနာချုပ်တာကို မြင် ရမယ် တဲ့ ။ ဘု ရားက ဝေဒနာနိရောဓာ တဏှာနိရောဓောကို သည့်ပြင် ဘာဟောသေးသတဲ့ (ဘာမှမဟောပါ ဘုရား)။

ဪ ဝေဒနာနိရောဓာ တဏှာနိရောဓောကို ဟောသဖြင့် ဝေဒနာ ချုပ်တာကို မြင်မှုသည် ခင်ဗျားတို့ နိဗ္ဗာန် ရောက်မှု။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

ဝေဒနာသိတာဟာ ခင်ဗျားတို့ သည် နောက်က သိတာက တဏှာနဲ့ သိတာ (မှန်လှပါ ဘုရား)။ ဖြစ်တာ ကောင်းလိုက်တာ၊ ခံစားရတာ ကောင်းလိုက်တာဟာ တဏှာသိကိုးဗျ။

အဲဒီတော့ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ အလုပ် လာတာပဲ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)

ယနေ့ ဘာတရားဟောမှာတုံး

အင်း အဲဒါကြောင့် ယနေ့သည်ကားလို့ ဆိုရင်ဖြင့် ဘာတရား ဟောပါလိမ့်မတုံး ဆိုလို့ ရှိရင် ဒကာ ဒကာမတွေ မှတ်ကြပေတော့ “သမုဒယသစ္စာ ဆိုတဲ့ တဏှာလောဘ၏ ဆိုးရွား ပေတေ ညစ်ပတ်တဲ့ သူ့ သဘောကို ဟောတော့မယ် ”။

ဘာပြုလို့ သူ့ကို အရေးတကြီး ဦးဘကြည်တို့ အပြစ်တွေပြပြီး ဟောရပါလိမ့်မတုံး ဆိုရင် သူ့ကို ခင်ဗျားတို့က မိတ်ဆွေ ဖွဲ့ထားလို့နော် (မှန်ပါ ဘုရား)။ သူ့ကို ခင်ဗျားတို့က မိတ်ဆွေ ဖွဲ့ထားတယ်။

ခင်ဗျားတို့ ဟိုကလေး လေးတွေကို ဒီအရွယ်ကျရင် လုပ်တတ် ကိုင်တတ်ပြီ၊ ငွေရှာတတ်ပြီ၊ လောဘဖြစ်တတ်ပြီ ဆိုတာပေါ့ဗျာ ဒို့ အိမ်က ကလေးတွေဖြင့် ပိုက်ဆံတစ်ပြားမှ မဝင်သေးဘူး။ ကုန်နေရတုန်း ရှိသေးတာပဲ။

ဘာသင်ကြတာတုံး (တဏှာပါဘု ရား)။ တဏှာ သင်နေကြ တယ်။ နင်ဟာ တဏှာ နည်းတယ် ဟုတ်ဘူးလား (မှန်ပါ)။ မင်းတို့က တဏှာ နည်းသေးတယ်။ များများရအောင် ကြိုးစား ရမယ် စသည်ဖြင့် လူကြီးသူမတွေက ဆုံးမကြတာပေါ့ဗျာ။

တဏှာရှိမှ နေရာကျမယ်တဲ့

ဘာကို ဆုံးမသွန်သင်ပါလိမ့်မတုံး ဆိုတော့ ဒီကောင်လေး တဏှာ မရှိသေးပါဘူး။ နင် တဏှာရှိမှ နေရာကျမယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ရောက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ဒီတဏှာလေး ရှိလာတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္စည်းလေးကို ရှာဖွေလာတယ်၊ ပစ္စည်းရမှန်း သိတော့ စွဲလမ်း မလာပေဘူးလားဗျာ (လာပါတယ် ဘုရား)။

အဲဒီတော့ တဏှာ၊ ဥပါဒါန်၊ ဘဝ ဒီကောင်လေးတော့ ချောက်တွန်းဦးမှပဲ ဆိုပြီး တွန်းလဲတွန်း ဟုတ်ပါ့မလား (မှန်ပါ ဘုရား)။ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏဘက် မသွားပေ ဘူးလား သွားမှာလား (သွားမှာပါ ဘုရား)။

သွားမှာပါပဲတဲ့၊ ဒီလိုမှ မဆုံးမရင် ခက်ရချည်ရဲ့ ဆိုပြီး ခင်ဗျားတို့ ဘုန်းကြီးကို လျှောက်ချင် ကြမှာပဲ။ တပည့်တော်တို့လည်း ဒီလိုချောက်ကျ ခဲ့ကြတာပဲ။ သူတို့တော့ အကျမခံဘဲ မထားနိုင်ဘူး။

ပါရမီ ဖြစ်သကိုးဗျ (မှန်ပါ)။ ပါရမီ ဆိုတာ ရမည့်ဘက်ကို တိုက်တွန်းတဲ့ အဓိပ္ပါယ် ရောက်မနေ ဘူးလား (မှန်လှပါ ဘုရား)။

အေး ဒါကြောင့် မွေးကတည်းက တစ်ခါတည်း ရုပ်နာမ်က စသင်၊ တဏှာ ချုပ်ပုံတွေ သင်လိုက်ရရင် ဘယ်လောက်များ ကောင်းမတုံး၊ ဒါတွေးလုံး ပေါ်လာတာပေါ့ဗျာ၊ အခုတော့ မရပါဘူး။

ခင်ဗျားတို့ အမျိုးက ချောက်တွန်းမျိုး

ကိုယ်ကလည်းပဲ နဂိုက အဖေ အမေကလည်း ဒါပဲ သင်လိုက် တယ်။ ကိုယ်ကမွေးတဲ့ ကလေးတွေလည်း ဒါပဲ ပြန်သင်ရမယ် ဆိုတော့ ခင်ဗျားတို့အမျိုးက ဘာမျိုးတုံး ချောက်တွန်းမျိုး (မှန်ပါ ဘုရား)။

မဆိုထိုက်ဘူးလား၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။ အေး လောကီမျက်လုံးနဲ့ ကြည့်လိုက် ရင်တော့ဖြင့် အင်း သူတို့ အသင်အပြ ကောင်းပါပေ့ကွယ်။ မဆိုထိုက်ဘူးလား (မှန်ပါ)။

လောကုတ္တရာနဲ့ ချောက်တွန်းတာပဲ၊ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

ယနေ့ သမုဒယသစ္စာကို ဟောမယ်

အဲဒါဖြင့် ယနေ့ သမုဒယသစ္စာကို ဟောတော့မယ်။ ရှေးဦးစွာ သူဟာ အရုပ်ဆိုး အကျည်းတန်တဲ့ သဘောကို ခင်ဗျားတို့ သိမှသာ သူ့ မပေါင်းချင် မသင်းချင် ဆိုတာ လာရမယ် (မှန်ပါ ဘုရား)။

အရုပ်ဆိုး အကျည်းတန် အဖြစ်နဲ့ မသိသေးသရွေ့ ကာလပတ်လုံး သူနဲ့နေရတာ ပျော်မူသာ ရှိတယ်ဆိုပြီး ဘုရားက “တဏှာ ဒုတိယော ပုရိသော” (မှန်လှပါ)၊

မင်းတို့ တဏှာနဲ့ နေရတာ သိပ်ပျော်ကွာ၊ တစ်ယောက်တည်း တောထဲမှာ ဖြစ်ဖြစ်၊ အိမ်မှာ အိပ်ခန်းထဲ တစ်ယောက်တည်း ဖြစ်ဖြစ် ကိုယ့် စိတ်ကူးလေးနဲ့များ ကိုယ်ပျော်နေကြတယ်။ တဏှာနဲ့ ကိုးဗျ (မှန်ပါ ဘုရား)၊

နက်ဖြန် ဟိုက ဘယ်လောက် ရမယ်၊ ဒီက ဘယ်လောက် ရမယ်၊ ဘယ်သွားရင် ဘယ်လို အမြတ် ထွက်မယ် ဆိုပြီး ဒီလိုနဲ့ ပျော်နေကြတာ၊ ခင်ဗျားတို့ ခန္ဓာက တစ်ယောက်၊ တဏှာက တစ်ယောက်၊ ဒီနှစ်ယောက်နဲ့ ပျော်နေကြတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တစ်ခါတလေကျတော့ ဒီနှစ်ယောက်နဲ့ မပျော်ဘဲနဲ့ နှစ်ယောက်က အကြောင်းအကျိုး မညီတဲ့ အခါ ထိုက်တန် သလောက်တော့ တဏှာ သဘောအတိုင်း မလိုက်ဘူး (မှန်လှပါ ဘုရား)။

မလိုက်တဲ့ အခါကျတော့ ဒေါသနဲ့ နှစ်ယောက်တည်းများ ရန်ဖြစ် နေသေးတယ်။ ဒေါသနဲ့ ခန္ဓာလေ (မှန်ပါ)၊ မဖြစ်ကြဘူးလား (ဖြစ်ပါတယ် ဘုရား)။

လောဘနဲ့ အဖော်လုပ်၊ ဒေါသနဲ့ အဖော်လုပ်

အဲဒီတော့ ခင်ဗျားတို့က အခါကောင်း ပြန်တော့လည်း လောဘနဲ့ အဖော်လုပ်၊ အခါ မကောင်း ပြန်တော့လည်း (ဒေါသနဲ့ အဖော်လုပ်ပါ ဘုရား)။

ဪ ကိုယ့် ကိုယ်ကို ဘယ်များရောက်ကြမတုံးလို့ မေးကြည့် စမ်းပါဦး၊ ဒီနှစ်ခုနဲ့ အဖော် လုပ်နေတာကို မောဟကလည်း တွဲလျက်ကိုး။ အဲဒီတော့ သဟဇာတ အဖြစ်နဲ့ တစ်ခါတည်း ပေါင်းလိုက် သင်းလိုက်ဆို တော့ ဦးဘကြည် ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)၊

ဒါဖြင့် ကောင်းပြီ ဒကာ ဒကာမတို့ ဘုရားပွင့်ကြပါစို့လို့ ဆိုတော့ ဘုရားပွင့်တာသည် ဝေဒနာနိရောဓာ တဏှာနိရောဓော၊ ဘုရား မပွင့်တာသည် (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)။

အဲဒါ အိမ်ပေါ်မှာ ဘုရားရှေ့ထိုင်နေရင်းနဲ့ ဒီစိတ်ကူး (ဝေဒနာ ပစ္စယာတဏှာ) ကူးနေရင် ခင်ဗျားတို့ သန္တာန်မှာ ဘုရား မရှိဘူး။

စိပ်ပုတီးပဲ စိပ်နေနေ၊ သူ ဒါနဲ့ အဖော်လုပ်နေရင် ဝေဒနာက အမြဲ ပေါ်နေတာကိုးဗျ (မှန်လှပါ ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပေါ်တော့ တဏှာနဲ့ သော်လည်းကောင်း၊ ဒေါသနဲ့ သော် လည်းကောင်း၊ မောဟနဲ့သော် လည်းကောင်း (မှန်ပါ)။ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒါ ဘုရားရှေ့မှာ ထိုင်တော့ ထိုင်ကြတာပဲ။ ဘုရားရှေ့မှာ အရောင်းအဝယ်တွေ ပြောပြီး သကာလ ဘုရားက အပေါ်က ခင်ဗျားတို့က အောက်က ဝိုင်းဖွဲ့ပြီး သူ့ အကြောင်းအကျိုးတွေ စပြီးများ ပြောလိုက် ကြတာ၊ ဘယ်ဟာလေး လက်လွတ်သွားတယ်။ ဘယ်ဟာလေးတော့ နေရာ ကျလိုက်တာ အစရှိသည်နဲ့ဖြင့် သုံးစွဲနေတာသည် ဘုရားရှေ့မှာ ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)၊

ကိုယ်တော်မြတ်ကြီးက ဖြတ်ခန်းဟောတယ်၊ တပည့်တော်တို့က ခွတိုက် ဦးမယ်။ ကိုယ်တော်ကြီး ရှေ့ကို ပြောပြမယ် ဆိုတဲ့ ဒီစခန်းဖွင့်တာ ကိုးဗျ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊

စကားစပ်မိလို့ ပါသွားသကိုးဗျလို့ လာမြဲ လာမှာပဲ စကားကိုက စပ်ချင်တာပါ၊ စကားစပ် မိလို့ မဟုတ်ပါဘူး။

ကိုယ့်အဖြစ်ဆိုး သိကြပြီလား

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အဖြစ်ဆိုးကို သိပြီလား (သိပါပြီ ဘုရား)။ ကိုယ့်ဟာကိုယ် ဆိုးပုံ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ အရှက် မရှိလို့ပေါ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဟီရိဩတ္တပ္ပ မရှိဘူးတဲ့၊ သောတာပန်တည်မှ ဒါတွေရပ်မှာ (မှန်လှပါ ဘုရား)။ နို့မဟုတ်လို့ ရှိရင်ဖြင့် ဒီအရှက်မရှိတဲ့ အလုပ်ဟာ လုပ်ဖြစ်မှာပဲ။ မလုပ်ဖြစ်ပေဘူးလား (လုပ်ဖြစ်ပါတယ် ဘုရား)။

ဪ ဝေဒနာပစ္စယာ တဏှာဟာ နေရာ မရွေး ဖြစ်သကိုးလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ နေရာ ရွေးသေးသလား (မရွေးပါ ဘုရား)၊ မရွေးဘူးတဲ့။

လမ်းသွားရင်လည်း တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ဖြစ် ကိုယ့် စိတ်ကူးနဲ့ ကိုယ်ဖြစ်ဖြစ် ဒါဖြစ်သွားတာပဲ မဟုတ်လား (မှန်ပါ ဘုရား)။ အိပ်ရာထဲမှာ နေရင်း မတ္တ သူနဲ့ အဖော် လုပ်နေတာလည်း မရှိဘူးလား (မှန်ပါ ဘုရား)။

ဒါကြောင့် “တဏှာ ဒုတိယော ပုရိသော၊ ဒီဃ မဒ္ဓါနသံသရံ။ ဣတ္ထဘာဝညထာဘာဝံ၊ သံသာရံ နာတိဝတ္တတိ။”

တဏှာသာ အဖော်လုပ်နေလို့ရှိရင် ဟိုဘက် သည်ဘက်သာ ပြောင်းမယ်လို့ စိတ်ကူး တော့ဟေ့ ဘယ်တော့မှ သံသရာက မထွက်တော့ ဘူးနော်။

“တဏှာ ဒုတိယော ပုရိသော” – တဏှာအဖော် လုပ်နေတဲ့ ပုဂ္ဂိုလ် ဖြင့် ကွာ၊ ဒီဃမဒ္ဓါန သံသရံ – သံသရာလည်း ရှည်နေတော့မှာပဲ။ ဣတ္ထဘာဝ – ညထာဘာဝံ – ဟိုဘဝနဲ့ သည်ဘဝ ကူးနေပြီး နေမှာပဲတဲ့၊ မကူးပေဘူးလား (မှန်ပါ ဘုရား)၊ သံသာရံ နာတိဝတ္တတိ – သံသာရံ – အိုနာသေမွဲကွဲ ဆိုတဲ့ သံသရာကြီးကိုလည်း၊ နာတိဝတ္တတိ – ကျော်မသွား နိုင်တော့ဘူး။

တဏှာအဖော်လုပ်မိလို့

ဒါ ဘယ်သူ့ ဖော်လုပ်မိလို့တုံး (တဏှာပါ ဘုရား)။ တဏှာ အဖော်လုပ်မိလို့ ခင်ဗျားတို့ တော့ ရရာ ရကြောင်း လေးမှ စိတ်ကူးမရလို့ ရှိရင်ဖြင့် ခြောက်တောက်တောက်ကြီး ဖြစ်နေတယ်တဲ့၊ ဟုတ်ပြီလား (မှန်ပါ)။

ရရာ ရကြောင်းကလေးမှ စိတ်ကူးမရလို့ ရှိရင်ဖြင့် ဦးလှတို့ သာဆိုး ပေါ့ဗျာ။ ရရာ ရကြောင်းမှ စိတ်ကူးမရလို့ရှိရင် စိတ်က ပျက်လာပြီ။ ဒီလိုမှ တဏှာ အဖော် မပြုရလို့ရှိရင် အဟုတ် ပျင်းတယ် ဆိုတာ ခင်ဗျားတို့ သဘော ကျပြီလား။

ငွေကလေးက မှန်မှန်ပေးထားလို့၊ မှန်မှန်ရနေလို့၊ မှန်မှန် စားသောက်နေရလို့ ရှိရင်ဖြင့် ငွေကလေး မှန်မှန်ဝင်နေတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်နှာပေးကို ကြည့်လို့ရှိရင်ဖြင့် ကိုထွန်းဦး ဘယ့်နှယ် နေမယ် (ပြုံးပြုံးလေး နေမှာပါ ဘုရား)။

ဘယ်သူနဲ့ အဖော် လုပ် (တဏှာနဲ့ပါ ဘုရား)၊ ဪ တစ်ယောက်တည်း မဟုတ်ဘဲကိုး။ တစ်ယောက်တည်း မဟုတ်၊ နှစ်ယောက် အဖော် လုပ်နေတယ် ဒကာသိုက်။ နောက် ဒီဟာ ကလေးက အကြောင်း မညီညွတ်တော့ဘူး ဆိုတော့ရင် ပျင်းတယ်၊ မပျင်းဘူးလား (ပျင်းပါ တယ် ဘုရား)။

လူပေါင်းမှားပြီ

အဲဒီတော့ ခင်ဗျားတို့အဖော် လူပေါင်းတော့ မှားပေါ့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ လူပေါင်းမှားပြီ၊ သံသရာချောက် တွန်းမည့်တရား အိုဘေး၊ နာဘေး၊ သေဘေးတွေကို အမြဲပေးမည့် တရားကို ခင်ဗျားတို့က မိတ်ဖွဲ့ပြီ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီကဲ့သို့ ဖွဲ့ထားမှဖြင့် ခင်ဗျားတို့ အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးတွေနဲ့ သံသရာ ထဲကဖြင့် ဦးဝ ထွက်တော့မှာ မဟုတ်တော့ ပါဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ အဖော်လုပ်နေတုံး (တဏှာ အဖော် လုပ်နေလို့ပါ ဘုရား)၊ အေး ဒါကြောင့် တဏှာ အဖော် လုပ်နေတော့ အဲဒီတဏှာ ဘယ်သူ့ကြောင့် အဖော်လုပ်ဖြစ်တာတုံး ဆိုတော့ ဟောဒီ ကောင်းကောင်းလေးဆိုတဲ့ သုခဝေဒနာလေးကို ကြိုက်တာနဲ့ တဏှာဖြစ်နေတာ (မှန်လှပါ ဘုရား)။

အင်း တဏှာ၏ ရေသောက်မြစ်တွေ့ပြီလား (မှန်ပါ)။ ဘာပါလိမ့် သုခဝေဒနာတဲ့၊ အင်း ချမ်းသာချင်လို့ လိုချင်ရချင် ရှိနေ တာပဲ။

မချမ်းသာချင်တဲ့ ပုဂ္ဂိုလ်ဖြင့် လိုချင်ရချင် မရှိဘူးဆိုတော့ သူ့ လက်သည်ဆိုတာ ပေါ်ကြပြီလား။

တဏှာမကြောက်နဲ့ ဝေဒနာကိုကြောက်

ဒါဖြင့် တဏှာမကြောက်နဲ့ ဝေဒနာကို ကြောက်ပါဟုတ်ပြီလား၊ ဘာကြောက်ရမှာလဲ၊ ဝေဒနာ ကြောက်ရမှာ။

ချမ်းသာချင်တဲ့ သဘောလေးကို ခင်ဗျားတို့ ချမ်းသာတာ ပေါ်တိုင်း ပေါ်တိုင်း၊ သုခဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဝမ်းထဲ ဟဒယဝတ္ထု ပေါ်မှာ ပေါ်တယ်၊ ပေါ်တိုင်းသာ ရှုပစ်လိုက်စမ်းပါ။ ရှင်းပြီလား (မှန်ပါ)။

တဏှာဒုတိယ အဖော် လာသေးသလား၊ အဲ တဏှာ ဒုတိယ အဖော် မလာလို့ ရှိရင် သံသရာ ကျော်သွားနိုင်ပြီ ဆိုပြီးတော့ ဘုရားက “တဏှာနိရောဓော နိဗ္ဗာနံ” တဲ့ မဟော သင့်ဘူးလား ၊

ကဲ ရှင်းကြပြီလား ဒကာ ဒကာမတို့ “တဏှာနိရောဓော နိဗ္ဗာနံ” ဆိုတာ ဒါက ဘာလဲ ဆိုတော့ အင်း နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်မှာ အလွယ်လေးပဲ ဆိုတာ ပေါ်သွားပြီနော်။

သူ့ကြောင့် အိုနာသေဘေးတွေနဲ့ နေခဲ့ရ

ကောင်းပြီ ဒါဖြင့် ဒီတဏှာ အကြောင်းကို ကောင်းကောင်း မသိရင် ခင်ဗျားတို့ လက်ခံ ရမှာပဲ၊ တစ်သက်လုံး ခံရမှာပဲ။ ကောင်းကောင်း သိပြီး သကာလ သူ့အဖြစ်ဆိုးကို ခင်ဗျားတို့ အင်မတန် ဆိုးသွမ်းယုတ်မာ တဲ့တရားလို့ ခင်ဗျားတို့ စိတ်ထဲမှာ သူ့ကြောင့် ငါတို့သည်ကား အိုဘေး၊ နာဘေး၊ သေဘေးနဲ့ နေရတယ်။

ငရဲဘေးတွေလည်း သူရှိလို့သာလျှင် မလွတ်တာပဲလို့ ခင်ဗျားတို့ သူ့အကြောင်း ကောင်းကောင်း သိလို့ ရှိရင်ဖြင့် ပေါင်းဖြစ် သင်းဖြစ်တော့ မယ် မဟုတ်ပါဘူး။

ဒီကနေ့ ဒီဟာ ဟောရမှာ၊ သူနဲ့ မပေါင်းဖြစ်ဖို့ကိစ္စ ဟောရမှာ၊ သူ ဘာလုပ်တတ်တယ်၊ သူ ဘယ်လိုကိစ္စရှိတယ်၊ သူဟာ သမုဒယသစ္စာ လို့ သိလာတော့ မနေ့က ပြောတဲ့ အတိုင်း မှတ်လိုက်ပေါ့။

ဒါဖြင့် သမုဒယသစ္စာ ဖြစ်ကြောင်း သစ္စာ ပေါ့ဗျာ။ ဒုက္ခဖြစ်ကြောင်း သစ္စာလို့ကော မဆိုနိုင် ဘူးလား။ ဒါဖြင့် သစ္စာဉာဏ်က ရပြီးသားပဲထား။ ဒုက္ခဖြစ်ကြောင်း ကိုဖြင့် သူမှတစ်ပါး ပေးတတ်တဲ့ သစ္စာ ရှိသေးသလား (မရှိပါ ဘုရား)။

မရှိတော့ သူ ဘာသစ္စာ ၊ ကိုင်း ဒါဖြင့် သမုဒယသစ္စာနဲ့ သိသော တစ်နံပါတ် သစ္စဉာဏ်၊ သစ္စဉာဏ် ပိုင်သွားပြီ ဆိုပါတော့ဗျာ။

သမုဒယသစ္စာ၏ ကိစ္စဉာဏ်

ကိစ္စဉာဏ်ကော ဟောလိမ့်မယ်။ သူ ဘာကိစ္စ ဆောင်ရွက်တတ် သတုံး မေးဖို့ မလိုဘူးလား။ ကဲ ဒကာ ဒကာမတို့ သမုဒယသစ္စာ ၏ ကိစ္စဉာဏ်ကို ပြောတော့မယ်ဆိုတော့ကို အထူး ဂရုစိုက်ပြီး နားထောင် ပါနော်။

ခင်ဗျားတို့ကလည်း ငယ်ပေါင်း ခွဲရတော့မယ်ဆိုတော့ မျက်ရည်များ ကျမလား ဆိုတာ တော့ မပြောတတ်ဘူးပေါ့ဗျာ။ ငယ်ပေါင်း ဖြစ်နေတာကိုး (မှန်ပါ ဘုရား)။ ပဋိသန္ဓေတည် ကတည်းက လာခဲ့တာကိုးဗျ။ ကြီး တော့လည်း မခွဲကြဘူး၊

သူနဲ့သာ အဖော်လုပ်ပြီး သကာလ နေတော့ ယနေ့တော့ဖြင့် ငယ်ပေါင်း၏ သတ္တိကို အကုန် ဖော်ပြရမှာပဲ။

ခင်ဗျားတို့ သန္တာန်မှာ အလွန် နှိပ်စက်တဲ့ တရားနဲ့ ခွဲရတော့မယ် (မှန်ပါ ဘုရား)။ ကောင်းပြီ ငယ်ပေါင်း ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ များသောအားဖြင့် ခွဲချင်ခက်၊ ခွာချင်ခက် တရားပဲလို့ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ပဋိသန္ဓေ နေစဉ်ကတည်းက ဘဝင် (၁၆) ချက်၊ ဘဝနိကန္တိက လောဘဇော – ငယ်ပေါင်းလေ၊ ငယ်ပေါင်းမို့ ပဋိသန္ဓေ နေကတည်းက ပါတာ မဟုတ်ဘူးလား။

နောက် ချုပ်ပျောက် ချုပ်ပျောက်နဲ့ ဆိုတော့လည်း သူပဲ ခေါင်းဆောင် နေတာကို ခင်ဗျားတို့ သိကြဖို့ပါပဲ (မှန်ပါ)၊

အဲ ဟေ့! မင်း ဘာကိစ္စရှိတုံးလို့ မင်းဟာ ဘာအလုပ်များ လုပ်တတ်သတုံး သူ့ကို မေးဖို့ မလိုဘူးလား။ ဒါလေး ဘာမေးတာတုံး (သမုဒယသစ္စာ လောဘ)၊ သမုဒယသစ္စာ ၊ သူ့နာမည်ကား ဆိုလို့ရှိရင် သမုဒယသစ္စာလို့ ခေါ်တယ်။

သမုဒယသစ္စာ

သမုဒယက – ဖြစ်ကြောင်း၊ သစ္စာက – အမှန်၊

မကောင်းကြောင်း လုပ်တာတော့ ကျုပ်ထက် မှန်အောင် လုပ်နိုင်တဲ့လူ တစ်ယောက်မှ မရှိ ဘူးတဲ့။ မကောင်းမှုသာ လုပ်ရမယ်ဆိုရင် ကျုပ်အလုပ်နိုင်ဆုံးပဲတဲ့ (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သမုဒယက – အကြောင်းဗျာ၊ သစ္စာက – အမှန်၊ မကောင်းတဲ့ အကြောင်းကို မှန်မှန်လုပ်ဖို့ အလုပ်ဟာဖြင့် သူ့ဝတ္တရားပါပဲတဲ့။ ဘယ်သူ့မှ ချမ်းသာမပေးဘူး၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

မကောင်းတဲ့အလုပ် လုပ်ပေးရာဖြင့် သူ ဘယ်အခါ ကာလမဆို သူ အမှန် လုပ်နိုင်တဲ့ တရားပဲ၊ နည်းနည်းမှ မတိမ်းဘူး (မှန်လှပါ)။ ဟုတ်လား မှန်ကန်တဲ့ သဘော ရှိသေးသလား (မရှိပါ ဘုရား)။

မရှိဘူးဆိုတော့ နာမည်နဲ့ လူနဲ့ လိုက်ပါပေ့ကွာ ဆိုတာ ကျနေ တာပဲ၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။ သမုဒယနဲ့ သစ္စာနဲ့ သမုဒယ ဆိုတာ – မကောင်းကြောင်း၊ သစ္စာဆိုတာက – မှန်တယ်၊ မကောင်းကြောင်း မှန်မှန် လုပ်တတ်တယ်။

သူ့နာမည်နဲ့သူ လုပ်ပုံနဲ့ကော ကိုက်ရဲ့ လား (ကိုက်ပါတယ် ဘုရား)။ သူ့နာမည်နဲ့သူ လုပ်ပုံကဖြင့် သူကလည်း လူမိုက်၊ သူလုပ်သွားတဲ့ လက်ရာတွေ ကြည့်ပြန်တော့လည်း အဲ ဟုတ်လား မိုက်လို့ လုပ်သွားတဲ့ အကျိုး အပြစ်တွေ မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။

ဒါဖြင့် သူ့နာမည်နဲ့သူ လိုက်မလိုက် ဒကာ ဒကာမတို့ (လိုက် ပါတယ် ဘုရား)။ သူ့နာမည်က ဘာသစ္စာတဲ့ (သမုဒယသစ္စာပါ ဘုရား)။ သမုဒယက – အကြောင်း၊ သစ္စာက – မှန်တာ၊ ဒါဖြင့် မကောင်းကြောင်းကို အမှန်လုပ်တတ်တယ်။

သူဝင်လာရင် ဂြိုဟ်ဝင်လာတာ

ဦးဘအုန်း ဘာတဲ့ (မကောင်းကြောင်း အမှန်လုပ်တတ် ပါတယ် ဘုရား)။ မကောင်း ကြောင်း အမှန် လုပ်တတ်တယ်တဲ့။ ဒကာ ဒကာမတွေဘက်က ဘာတဲ့တုံး (မကောင်းကြောင်း အမှန်လုပ်တတ် ပါတယ် ဘုရား)။ ဒါဖြင့် သူဝင်လာလို့ ရှိရင် ဂြိုဟ်ဝင်လာတာ မှတ်တော့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝမ်းထဲ သူဝင်လာရင် ဘယ့်နှယ်ဆိုမတုံး (ဂြိုဟ်ဝင်လာတာပါ ဘုရား)။ ဂြိုဟ်ကလေးနဲ့ ခင်ဗျားတို့ကလည်း နေချင် သေးသလားလို့ မေးချင်သေးတယ်။

သူ အဖော်မရှိရင် ခင်ဗျားတို့ကလည်း ပျင်းတယ်ကိုးဗျ။ အဲဒီတော့ ဂြိုဟ်ကလေးနဲ့ နေချင်တဲ့ သဘော ရောက် မရောက် (ရောက်ပါတယ် ဘုရား)။

ဪ အတော်ခက်ပါလား၊ ငယ်ပေါင်းနဲ့ ခွဲရတော့မယ်ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ ဒါကြောင့် ပထမက ပြောခဲ့တယ်၊ ကိုယ်က လည်း ဒီပုဂ္ဂိုလ်နဲ့ နေရတာ အပျော်ကြီး ပျော်တယ်။

သူကတော့ သမုဒယသစ္စာ။ သမုဒယက – မကောင်းကြောင်း ဟုတ်လား။ သမုဒယ ဆိုတာက – အကြောင်းသဘော၊ သစ္စာက – မှန်တယ်၊ မကောင်းတဲ့ အကြောင်းသာ ရွက်ဆောင် ရမယ် ဆိုလို့ရှိရင် ကျုပ်ထက် ဆောင်နိုင်တဲ့ ပုဂ္ဂိုလ် မရှိဘူးတဲ့။

ဦးဘကြည် သူ့သစ္စာသဘော သိပြီလား (မသိသေးပါ ဘုရား)။ ဒါ သစ္စာသဘောကို သိရန် ဟောပြီး သကာလ နေတာ၊ မကောင်းတဲ့ အကြောင်းတရား ဆိုတာ တော်တော်ဆိုးတဲ့ တရားပဲ ဆိုးပုံကို ဘုန်းကြီး ပြောပြမယ်။

အာယူဟနဋ္ဌော

“သမုဒယဿ အာယူဟနဋ္ဌော” ဘုရားသခင် ဟောခဲ့တယ်၊ သမုဒယက – ဖြစ်ကြောင်းပဲ၊ အာယူဟနဋ္ဌော က – အားထုတ်တတ်တယ်ကွ ဦးထွန်းကြည် (မှန်လှပါ)။

သမုဒယသစ္စာသည် ဘာလုပ်တတ်သတုံး၊ အားထုတ်တတ်တယ်၊ ဘာတွေ အားထုတ် သတုံး ၊ အာယူဟနဋ္ဌော – ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို စုဆောင်း ဆည်းပူးတတ်တဲ့ သဘောပဲ။ ဒုက္ခဝတ္ထု ဒုက္ခမှု နှစ်ခုကို သူ ရွက်ဆောင်တယ်။

သမုဒယသစ္စာက ဒုက္ခဝတ္ထုနဲ့ ဒုက္ခမှုတွေကို ရွက်ဆောင် တတ်တဲ့ ကိစ္စ ရှိတယ်။ အာယူဟနဋ္ဌော ဒုက္ခဝတ္ထု၊ ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူး အားထုတ်တတ်တဲ့ သဘောပါပဲ။

ဒါ ဘယ်သူ့ သဘောပါလိမ့် (သမုဒယသစ္စာသဘောပါ ဘုရား)။ သမုဒယသစ္စာ ဆိုတော့ ဒကာ ဒကာမတို့ မနေ့ကနဲ့ မတူဘူး (မှန်လှပါ)။ ဒုက္ခ ဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်း ဆည်းပူး တတ်တယ်။

အင်း ဦးဘအုန်း သူဂြိုဟ်ဝင်တယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဒုက္ခဝတ္ထုတွေကို ဦးဘကြည် အိမ်သို့ သယ်ပို့လာမယ်၊ ဒုက္ခမှုတွေကိုလည်း ဘယ်အခါကာလမှ မပြတ်အောင် လုပ်ပေးမယ်။

ခင်ဗျားတို့ ဒုက္ခတွေလည်း အိမ်ရောက်အောင် သယ်ပိုး ပေးရ မယ်တဲ့ ဟုတ်လား။ ဒုက္ခမှုတွေ ဟူသရွေ့နဲ့လည်း ဘယ်တော့မှ မပြတ်ရ ဘူးလို့ မင်းအိမ်တွင် နေထိုင်လို့လည်း မရအောင် ငါပေးမယ် (မှန်ပါ ဘုရား)။

ဦးဘကြည် တယ်ဆိုးတဲ့ တရားပါလား၊ ဒကာ ဒကာမတို့ ဒုက္ခ ဝတ္ထုတွေတော့ အိမ်ရောက် အောင် ပို့ပေးမယ်တဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အလုပ်နဲ့ လက်နဲ့ မပြတ်ရအောင်

ဒုက္ခမှုတွေ ဟူသရွေ့တော့ မင်းအလုပ်နဲ့ လက်နဲ့ မပြတ်ရအောင် ငါသည်ကားလို့ ဆိုရင်ဖြင့် မင်းသေတာ မသေတာ အပထား၊ ဒုက္ခမှုနဲ့တော့ မင်းနဲ့ မခွဲရအောင် ငါလုပ်ပေးမယ်။ အမလေး စေတနာ ကောင်းလိုက် တဲ့ဖြစ်ခြင်း၊ ပေါ်ပြီလား ။

ဟင်း ဒုက္ခဝတ္ထုတော့ အိမ်တိုင်ရာရောက် အိမ်က ရှိတာတွေ မင်းပစ္စည်းချည့်ပဲ မင်း စောင့်ရှောက်၊ ဒါတွေ မီးမလောင်အောင် ချမစား အောင် မင်းပဲ နေ့တိုင်းကြည့်၊ ဒီလိုချည်း ခိုင်းနေမှာ ကိုးဗျ။

ဒုက္ခဝတ္ထုတွေ၊ ဒုက္ခမှုတွေ အချိန်ကျတော့ ဘေးကရှိတဲ့ အမှုကိစ္စ ကြီးငယ် ဟူသရွေ့ တွေကို မင်း မအားမလပ် ရအောင်လုပ်၊ မတတ်သာလို့ ကွာ တောင်ဝှေး ထောက်သွားနိုင်တဲ့ အခြေအနေ ကျအောင် ဒုက္ခမှုတွေကို မခွဲရအောင်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ်တွေ့ ပေါ့ဗျာ ကိုယ်တွေ့၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခဝတ္ထု ကိုတော့ အိမ်အရောက် ပို့ပေးတယ်။ အိမ်မှာ လာတဲ့ အခါလည်း ဒီဒုက္ခနဲ့ မခွဲရအောင်ပေါ့ဗျာ (မှန်လှပါ)။ ဒီအိမ်ပြင်ဘက် ထွက်ဖို့ အလုပ်တွေကို မအားအောင် ပေးမယ်၊ ဘယ်သူပါလိမ့် (သမုဒယသစ္စာ ပါ ဘုရား)။

ဪ အိမ်လည်း မအားအောင် ဟုတ်လား၊ ဘေးကျပြန်တော့ လည်း (မအားအောင်)။ ဘေးကျပြန်တော့လည်း မအားဘူး ဆိုတော့ အိမ်လည်းအိမ်၊ ဘေးလည်းဘေး မအားရဘူး။

ပြင်ဘက်ထွက်ဖို့ ဒုက္ခတွေကော ပေးမယ်လို့ ဆိုသဖြင့် ဪ ဂြိုဟ်ပဲဟေ့၊ ဂြိုဟ်ပဲ၊ ဒကာ ဒကာမတို့ သမုဒယသစ္စာ တဏှာလောဘ ဆိုတာ ဂြိုဟ်ပဲဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူ့အကြောင်းသိရင် နိဗ္ဗာန်ရောက်မယ်

သူ့အကြောင်း ကောင်းကောင်းသိလို့ရှိရင်ဖြင့် ဘုရားက နိဗ္ဗာန် ရောက်မယ်လို့ ဟောလိုက်တယ်။

“ဒုဒ္ဒသံ အနတံ နာမ၊ န ဟိ သစ္စံ သုဒဿနံ။ ပဋိဝိဒ္ဓါ တဏှာ ဇာတာ၊ ပဿတော နတ္ထိ ကိဉ္စနံ”။

တဏှာ – တဏှာကို၊ ပဋိဝိဒ္ဓ – ထိုးထွင်း၍၊ ဇာနတော – သိပါမူ ကား၊ ကိဉ္စနံ – ကြောင့်ကြဖွယ် မရှိတဲ့ နိဗ္ဗာန်ကို၊ လဘတိ – ရနိုင်၏။

သူ့အကြောင်းသာ ကောင်းကောင်း သိရင် အသေအချာ ရနိုင်တယ် ဟေ့။ တယ်လည်း ဟုတ်ပါလား ဒကာ ဒကာမတို့။ ယခုတော့ ခင်ဗျားတို့က သူ့အကြောင်း ကောင်းကောင်း မသိဘူး။ ကောင်းကောင်း မသိတဲ့အပြင် ကောင်းကောင်း မသိတော့ အတွင်းတောင် ရောက်နေပြီ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အမလေး! ဒီကနေ့တော့ဖြင့် ဒီတရားဟာ အင်မတန်ကိုပဲ ခင်ဗျားတို့ အပေါ်မှာ ထိရောက်ပြီ၊ အရုပ်ဆိုး အကျည်းတန် ဖြစ်ပြီး သကာလ အန်ပစ်ချင်စရာ၊ ထွေးပစ်ချင်စရာ၊ တရားဧကန် ဖြစ်တော့မှာပဲ။

ဦးဘကြည် မဖြစ်ဘဲ နေပါ့မလား။ သူ့အကြောင်းသာ ကောင်းကောင်း သိပါစေ။ ဒုက္ခဝတ္ထုကို အိမ်ထဲသူ သယ်ပေးမယ်၊ မင်း ဒုက္ခရောက်ဖို့ ဟုတ်လား။

အိမ်ရောက်လို့ရှိရင် ဟောဒီ ခင်ဗျားတို့ အထည်အဝတ်တွေနဲ့ သော် လည်းကောင်း၊ ဒီပစ္စည်းတွေ ရေတွက်မှုနဲ့သော် လည်းကောင်း၊ မအားအောင် အိမ်ရောက်အောင် သယ်တာလည်း သူက သယ်ခိုင်းလို့ သယ်တာ။ ဒီပစ္စည်းက အိမ်သယ်ရမှာ၊ ဒီပစ္စည်းက ဒီထားရမှာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပြင်ဘက် ဒုက္ခမှုတွေကောတဲ့ ဟိုမိတ်ဆွေနဲ့ ဆက်၊ ဒီမိတ်ဆွေနဲ့ ဆက်၊ ဆက်ပြီး သကာလ အဆက်အသွယ်တွေကို လည်း ပေါင်းတန်တာပေါင်း၊ သင်းတန်တာသင်း၊ ပေးတန်တာပေး၊ ကျွေး တန်တာကျွေး ဟုတ်လား (မှန်ပါ ဘုရား)။

ဒီလို အမှုတွေကိုလည်း မအားအောင် ဘယ်သူ လုပ်ပေးသလဲ (သမုဒယသစ္စာ)။ အိမ်မှာ မအားလပ် ရအောင် ဒီပစ္စည်းတွေနဲ့ ကြည့်ရှုပြီး သကာလ ချိန်ရ၊ တွယ်ရ၊ မှတ်ရ၊ စာရင်းအင်း ချုပ်ရတာတော့ ဘယ်သူ့ သတ္တိလဲ (သမုဒယ သတ္တိပါ ဘုရား)။

ကောင်းပြီ အိမ်ထဲ မအားလို့ အိမ်ပြင်ထွက်တဲ့ အခါများ လွတ်လပ်ခွင့် ရမလားလို့ ပြင်ဘက် အမှုတွေနဲ့လည်း ဘယ်အခါကာလမှ မပြတ်ရအောင် လွှဲထားတာပဲ။

ဒါဖြင့် ခင်ဗျားတို့ အေးအေးလေး နေချိန်များ ပါသေးသလား (မပါ ပါ ဘုရား)။ ဦးဘကြည် ပါသေးလား (မပါ ပါဘု ရား)။ ကဲ ဦးခင်မောင်တို့ကော (မပါ ပါ ဘုရား)။

တဏှာအဖော်လုပ်နေရင် သံသရာလည်တယ်

မပါတော့ဘူးတဲ့ ဦးဘဒင်ရ၊ ဘယ်သူ့ သတ္တိတွေတုံး (သမုဒယ သတ္တိပါ ဘုရား)။ ခင်ဗျားတို့ ကလည်း ဘုရားဟောတာဆို ယုံရောပေါ့။ တဏှာအဖော် လုပ်နေလို့ရှိရင် သံသရာ လည်တယ်ကွ (မှန်ပါ)။ မဟုတ်ဘူးလား။

သုတ္တနိပါတ်က တဏှာအကြောင်း ကောင်းကောင်းသိရင် နိဗ္ဗာန် ရောက်သကွ။ ဒီလို နှစ်ချက် ဟောတယ်။ တဏှာအဖော် လုပ်နေရင် ဘာတုံး (သံသရာလည်မှာပါ ဘုရား)။

သံသရာလည်မယ် ဟိုဘဝ ဒီဘဝ ကူးရမယ်။ တဏှာအကြောင်း ကောင်းကောင်း သိလို့ရှိရင် (နိဗ္ဗာန် ရောက်ပါတယ် ဘုရား)။ ဟော ခင်ဗျားတို့ ကောင်းကောင်း မသိလို့ မရတာ မသိရှာဘူး။

မသိတာမှ ဘယ်အချိန်မှာ မသိသတုံး ဆိုရင်ဖြင့် ကိုယ့်အိမ်သား များ ကျန်းမာပါစေ ဆိုပြီး ကိုယ့် ကိုယ်ကို “အဟံ အဝေရာ ဟောမိ” ကိုယ့် ကိုယ်ကို ချစ်လွန်းလို့ မေတ္တာပို့တာ (မှန်လှပါ)။ ဟုတ်လား။

မိမိတို့၏ မာတာပိတု – အမိအဘ သားသမီးတွေ ကျန်းမာပါစေလို့ ဆိုပြီး ခင်ဗျားတို့က မေတ္တာပို့ကြတယ်။ မပို့ကြဘူးလား (ပို့ပါတယ် ဘုရား)။

အဲဒီ ပို့တဲ့အထဲမှာတောင်မှ ခင်ဗျားတို့ မျက်နှာထဲ ကွက်ကွက် ကွင်းကွင်း မြင်လာတာ ကတော့ ခင်တဲ့ပုဂ္ဂိုလ် ထင်လာတာ (မှန်ပါ)။ သူပါမှန်း မသိဘူး။ ငါမေတ္တာ ပို့နေတယ် အောက်မေ့တယ်။

သူပါမှန်း သိလိုက်ကဲ့လား (မသိပါ ဘုရား)။ သို့ သော် မျက်နှာ မြင်အောင် ပို့ရမယ် ဆိုတော့ အချစ်ဆုံး လူက အမြန်ဆုံး ရှေ့ကထွက်လာ မှာ၊ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

ထွက်တော့ အဲဒီထဲမှာ မေတ္တာသက်သက်ပဲလား၊ သူများ ခြံရံသေး သလား။ သူ့ အုပ်ချုပ်ရေး လွတ်ကဲ့လားလို့ မေးကြည့်ဦး (မလွတ်ပါ ဘုရား)။ မလွတ်ပါဘူး၊ အဲဒါ မသိမှု ခေါ်တယ် (မှန်လှပါ)။

တဏှာကြောင့် မေတ္တာပဲမှတ်နေတာ။

ဒါဖြင့် တဏှာကြောင့် မေတ္တာပဲ ပို့နေတာ မေတ္တာပဲ မှတ်နေ တာ သူဝင်ပြီး ဂြိုဟ်ထိုး နေတာတော့ မသိဘူး။ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် တဏှာအကြောင်း ကောင်းကောင်း မသိလို့ရှိရင်ဖြင့်တဲ့ နိဗ္ဗာန် မရောက်နိုင်ဘူး။ တဏှာအကြောင်း ကောင်းကောင်း သိတယ် ဆိုရင် စင်စင်ကြယ်ကြယ်ကြီး မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ခုတော့ သူဝင်ပေါင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ် ပါမပါ (ပါ ပါတယ် ဘုရား)။ ဒါဖြင့် အတော် ဆိုးတဲ့ တရားပဲဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မေတ္တာပို့တဲ့နေရာလည်း ပါတာပဲတဲ့။

ဒီအပြင် ဟင်းတို့ ထမင်းတို့ ဒါနပြုတဲ့ နေရာကျတော့လည်း ခင်သူ မင်သူ ပေးသလား။ အလှည့်ကျနဲ့ ပေးသွားသလားလို့ မေးရရင် ဘယ့်နှယ် ဖြေကြမလဲ (ခင်သူ မင်သူ ပေးတာပါ ဘုရား)။ အလှည့်ကျတော့ မပေးပါဘူးဗျ။

အိမ်တွေက ဘေးက ဝိုင်းနေတာ၊ အလှည့်ကျ ပေးလို့ရှိရင် စာရေး တန် ခေါ်ရသေးရဲ့ (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အခုတော့ ဘယ်လို ပုဂ္ဂိုလ်ပေးလေ့ ကမ်းလေ့ ရှိပါသတုံး မေးပြန်တော့ (ခင်သူမင်သူပါ ဘုရား)။ အင်း ပေးကြ ကမ်းကြတာနဲ့ပဲ ဆိုပါတော့ကွာ။

သံသရာ မဆင်းရဲအောင် ပေးကြကမ်းကြ ဆိုတာ တဏှာက ခိုင်းတာ (မှန်ပါ)။ ပေးတာက ဒါန၊ လက်ညှိုး ညွှန်တာက (တဏှာ)။ ဟော သူ့အကြောင်း မသိဘူးတဲ့။

တဏှာနဲ့ ဒါနရောပြီးနေတာ

ကျုပ်တော့ အမျှသာ ယူကြတော့၊ ဒီနေ့ အိမ်မှာ ဟင်းများများ ချက်ပြီး အိမ်နီးချင်းတွေ စောစောဖိတ်ပြီး ကျွေးလိုက်ရ၊ ပေးလိုက်ရဦးမယ်။ အမျှသာ ယူကြတော့။

ဒါက တဏှာနဲ့ ဒါန ရောပြီး သကာလ နေတာကိုး။ အမျှပေးတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မယုံလို့ရှိရင် စမ်းကြည့်ပါတဲ့၊ ခင်ဗျားတို့ ပေးကြည့်မယ်ဆိုရင် စာရင်းကို အရင် ရွေးလိုက်မယ် ဆိုရင် အခင်ဆုံး လူစာရင်းက ပြတာ။ တဏှာ မကပ်ဘူးလား၊ ကပ်သလား (ကပ်ပါတယ် ဘုရား)။

ပေးမယ်လို့ ကမ်းမယ်လို့ ကြံ၊ မောင်မင်းကြီးသားက အရင်ရောက်လာပြီ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းကောင်းသိရင် နိဗ္ဗာန်ရောက်တယ်

ဒါဖြင့် တဏှာအကြောင်း ကောင်းကောင်း သိရင် နိဗ္ဗာန်ရောက် တယ် ဆိုတာ ခင်ဗျားတို့ ယုံကြည် ထိုက်တယ် (မှန်ပါ)။

ဘုရားက “ပဋိဝိဒ္ဓါ တဏှာ ဇာနတော” လေ။ ပဋိဝိဒ္ဓါ – ထိုးထွင်း၍၊ တဏှာ – တဏှာကို၊ ဇာနတော – လုပ်တိုင်း လုပ်တိုင်းသိတဲ့ ပုဂ္ဂိုလ်ဟာ၊ သူပါသလား၊ မပါဘူးလား သိတဲ့ ပုဂ္ဂိုလ်ဟာ “ပဿတော နတ္ထိ ကိဉ္စနံ” နတ္ထိ ကိဉ္စနံ – ကြောင့်ကြခြင်း မရှိတဲ့ နိဗ္ဗာန်ကို၊ ပဿတော – မြင်လည်း မြင်နိုင်ရောက်လည်း ရောက်နိုင်တယ်တဲ့။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခုတော့ သူ့အကြောင်း ရိပ်မိကြရဲ့လား (မရိပ်မိပါ ဘုရား)။ မရိပ်မိဘူး၊ တကယ် ကြမ်းကြမ်း တမ်းတမ်းတော့ ရိပ်မိပေမပေါ့ဗျာ။

ခုလို သွယ်ဝိုက်ပြီး လုပ်နေတဲ့ နေရာကျတော့ မယုံရင် အိမ်ပြင် ထွက်ကြည့်။ အားလို့ အိမ်ပြင် ထွက်ကြည့်။ ထွက်ကတည်းက ခြေဦး ဘယ် ဘက်လှည့် သတုံးလို့ ကြည့်။ ခင်ဗျားတို့ အိမ်က ထွက်တဲ့ အခါကျတော့ ခြေဦးလှည့်ကြည့်၊ ခင်တဲ့ဘက် ထွက်သလား၊ မခင်တဲ့ဘက် ထွက်သလား ဆိုတာ ပြန်ကြည့်။

အားလို့ ထွက်တာတောင် ခြေဦး ဘယ်ဘက် လှည့်နေတုံး (ခင်တဲ့ဘက်ပါဘု ရား)။ အမလေး! အညောင်းပြေ သွားမည့် ဥစ္စာတောင် မှ ရိုးရိုး ထွက်တော် မမူသေးဘူး လက်ညှိုး ညွှန်တဲ့ ဘက်ဆီကို ယိုင် ရသေးတယ် (မှန်လှပါ)။

မဟုတ်ဘူးလား အဲဒါမျိုးကျတော့ကို ကိုယ်တိုင် တဏှာ ဖြစ်ပေါ့။ “သရာဂ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” လို့ ဘုရားက ဟော ငြားသော်လည်း ခင်ဗျားတို့က သိသေးလား (မသိပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ တဏှာအကြောင်း ကောင်းကောင်း မသိ သေးဘူး (မှန်ပါ ဘုရား)။ ကိုထွန်းဦး ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ )

တဏှာအကြောင်း ကောင်းကောင်းသိရင် ဘာတဲ့ ဘုရားက (နိဗ္ဗာန်ပါ ဘုရား)။ နိဗ္ဗာန် ရောက်တယ်ကွ၊ တဏှာသာ အရုပ်ဆိုးမှန်း သိတော့ ဖယ်ပစ်တော့မှာကိုးဗျ။

အခုတော့ အရုပ်ဆိုးမှန်းလည်း မသိ၊ တဏှာ ပါနေတာတောင်မှ မသိတော့ သူ့အကြောင်း သိဖို့ရာ တော်တော် ခဲယဉ်းနေတယ်၊ မခဲယဉ်း ဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

ကိစ္စဉာဏ်မရရင် ကတဉာဏ်မရ

ကောင်းပြီ၊ ဒါဖြင့် တဏှာအကြောင်း ကောင်းကောင်း သိဖို့ အရေး ဟာ ကိစ္စဉာဏ်ဖြင့် မပြောလို့ရှိရင် ဦးဘကြည် ဘယ့်နှယ်လုပ် သိမတုံး မသိနိုင်ဘူး။ ကိစ္စဉာဏ်မှ မရဘဲနဲ့ ကတဉာဏ် ဟူသော မဂ်ဉာဏ် ဘယ်လိုလုပ်လို့ရမလဲ (မရပါ ဘုရား)။

ဒါဖြင့် သူ့ကိစ္စ သူဆိုးပုံ အကုန် ဖော်လိုက်ရမယ်။ ဖော်ပြီး သူ့ကို ဝိပဿနာဉာဏ်နဲ့ သတ်ပစ်ရမယ်။ မသတ်လို့ရှိရင် ရပါ့မလား (မရပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ တဏှာဟာ ဘယ်လောက် ဆိုးတယ် ဆိုတာ ဥပမာ – ကွမ်းအစ် အဖုံး တစ်ခုထဲ ကွမ်းသီးလုံး သုံးလုံးလောက် ထည့်ပြီး ဦးဘကြည် လှုပ်ဗျနော်။

ဘယ်အလုံး ငြိမ်ငြိမ်နေနိုင်သတုံး (ဘယ်အလုံးမှ အငြိမ်မနေ နိုင်ပါ ဘုရား)။ ခင်ဗျားတို့ အငြိမ်မနေနိုင်အောင် ကွမ်းသီးထည့် လှုပ်သလို အလှုပ်ခံ နေရခြင်းဟာ ဒီတဏှာ တစ်ခုတည်း (မှန်ပါ ဘုရား)။

တစ်မြို့လုံး အုပ်ချုပ်နေတာ “တဏှာ”

ဒီတစ်မြို့လုံး အုပ်ချုပ်နေတာ ဘယ်သူ ထင်သတုံး (တဏှာပါ ဘုရား)။ သူ တစ်ယောက် တည်း ဦးစံရီလည်း မအားရဘူး၊ ဦးဝလည်း မအားရဘူး၊ ဦးဘကြည်လည်း မအားရဘူး။ ဖြစ်ချင်တိုင်း ဖြစ်နေတာပါပဲ။

အုပ်ချုပ်သူ ဘယ်နှစ်ယောက်များ အုပ်ချုပ်သတုံးလို့ မေးလို့ရှိရင် သူတစ်ယောက် တည်းသာ အုပ်ချုပ်ပါတယ်- လောဘတစ်ခု တည်း အုပ်ချုပ် နေတာ မဟုတ်လားဗျာ။ အဲဒီတော့ (၃၁) ဘုံမှာ ခင်ဗျားတို့ ဘယ်ပြည်မှ မထွက်နဲ့ ငါထင်သလို မင်းတို့ကို ကြိုးဆွဲ နေမယ် ဆိုပြီး သကာလ ဘယ်သူမှ အလုပ်နဲ့ လက်နဲ့ မပြတ်ရဘူး။

ဒုက္ခနဲ့ကို မပြတ်အောင် ထားပေးတယ်၊ မထားဘူးလား (ထားပါတယ် ဘုရား)။ ဘယ်သူက ထားသတဲ့ (တဏှာကပါ ဘုရား)။ တဏှာက ထားတာ၊ တဏှာက ထားတော့ တဏှာကလည်း အလွန်ပါးတယ်။

ခင်ဗျားတို့ သိမှာတော့ အတော် စိုးရိမ်တယ်၊ ဘုရားပွင့်လာမှာ သူ အင်မတန် ကြောက်တယ်။ ဘုန်းကြီးတို့လို ဖော်ပြမည့် ပုဂ္ဂိုလ် အင်မတန် ကြောက်တယ်။ သူ့အကြောင်း သိမှာ စိုးရသေးတာကိုးဗျ။

သူ့အကြောင်း သိမှာ စိုးတဲ့ အခါကျတော့ အင်း သူတော်ကောင်း ယောင်ဆောင်ပြီး သကာလ ဘုရားသွား၊ ပန်းလေး ရေလေး လှူပေး၊ အမယ် ဘေးက လူဖြင့် ဘုရားသွား ပန်းကလေး ဘာကလေး ရေလေးလှူတော့ အင်း သူတော်ကောင်းပဲ ထင်တယ်လို့ ဘေးကလူက အမြင် ကြည့်ပြော တာ (မှန်လှပါ)။

ပန်းလိုလှအောင် ဆုတောင်း

ဟိုထဲမှာ တဏှာက မင်းသည် ဝိပဿနာ အလုပ် မလုပ်ရသေး။ တစ်မဂ် တစ်ဖိုလ်မှလည်း မရသေး။ ဘယ်လောက်များ ဆင်းရဲနေလဲ။ အဲဒီပန်းလို လှအောင် ဆုတောင်းလိုက်တော့ သူက ဝင်လာသေးတယ်။

ဘေးကလူတော့ဖြင့် ပန်းစည်းကြီး ကိုင်လို့ သာဓု၊ သာဓု၊ သူ ဝင်နေ တာ မသိ လိုက်ပါဘူး။ သိလိုက်သေးရဲ့ လား (မသိပါ ဘုရား)။ မသိလိုက်တော့ တဏှာ အကြောင်း မသိဘူးတဲ့။

မသိတော့ ဒီတဏှာနဲ့ ရောနေတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ အဲဒီ အလုပ်ပဲ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အပုညာဘိ သင်္ခါရလည်း ပါတယ်၊ ပုညာဘိ သင်္ခါရကော (ပါ ပါတယ် ဘုရား)။ ဒါဖြင့် အပုညာဘိသင်္ခါရ၊ ပုညာဘိ သင်္ခါရဟာ အဝိဇ္ဇာကြောင့် ဖြစ်တာ (မှန်ပါ)။

ဘေးကလူကတော့ သာဓုခေါ်တယ်

အဲဒီ အဝိဇ္ဇာကြောင့် ဖြစ်တဲ့ ပုညာဘိ သင်္ခါရ၊ အပုညာဘိ သင်္ခါရ။ ကုသိုလ်နဲ့ အကုသိုလ်နဲ့။ ကုသိုလ်က လုပ်လိုက် ကိုင်လိုက်၊ တဏှာက ဆုတောင်းလိုက် လုပ်တော့ ဘေးကလူ ကတော့ သာဓုခေါ် တာပဲ။ တော်သားပဲ။ ဒီလိုလူ ရှာမှရှား၊ အတွင်းခိုနေတာ ဘယ်သူမှ မရိပ်မိဘူး။

တဏှာအကြောင်း သိရဲ့လား (မသိပါ ဘုရား)။ မသိဘူး။ ဘေးက လူကတော့ (မသိပါ ဘုရား)။ မသိလို့ သာဓု ခေါ်တာပေါ့ဗျာ။ သွားတဲ့ ပုဂ္ဂိုလ်ကလည်း ငါ့ကိုဖြင့် တဏှာက ဦးစီး နေပြီဟေ့ ထောင့် တည့်တည့် ဘုရားသွားနော်။

သွားတာတောင်မှ အဲဒီထောင့် မတည့်လို့ရှိရင် သွားမှာ မဟုတ်ဘူး။ ဘုမ္မိကျရင် မသွားဘူး ဟုတ်လား။ တေဇကျရင် သွားလိုက်မယ်၊ မသွားပေ ဘူးလား (သွားပါတယ် ဘုရား)။

အဲဒီလို သွားတော့ ဘာပါနေတယ်ဆိုတာ ဦးစိန် မသိဘူးလား (တဏှာပါ ဘုရား)။ စင်စင်ကြယ်ကြယ် ကုသိုလ်ပဲလား ပုညာဘိ သင်္ခါရပဲလား မေးပါ။ သည်ကုသိုလ် ပုညာဘိ သင်္ခါရ ကုသိုလ်က ဝိဝဋဖြစ် ပါရဲ့လား (မဖြစ်ပါ ဘုရား)။

တဏှာအုပ်ချုပ်နေတဲ့အလှူ

မဖြစ်ဘူးတဲ့၊ ဘယ်သူ အုပ်ချုပ်နေလို့တုံး (တဏှာပါ ဘုရား)။ ဪ ဒါဖြင့် လှူတဲ့ တန်းတဲ့၊ ပေးတဲ့ အထဲမှာလည်း ခင်ဗျားတို့ တဏှာ ဝင်လာတယ်။ တဏှာက ခေါင်းဆောင် ဝင်ပြီး သကာလ လုပ်နေတာ ခင်ဗျားတို့ မရိပ်မိပါဘူး (မှန်လှပါ)။

တဏှာအကြောင်း ရိပ်မိတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ တော်တော် ရှားသေး တယ် (မှန်ပါ)။ မရှားဘူးလား (ရှားပါတယ် ဘုရား)။

ဪ ငါ ဘာကြောင့် နိဗ္ဗာန် မရပါလိမ့် ဆိုတာ တဏှာ အကြောင်း ကောင်းကောင်း မသိလို့ မရတာလို့မှတ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါ တဏှာအကြိုက်ဖြစ်တဲ့ နေရာ၊ တဏှာက ခန္ဓာအချစ်ဆုံး ဖြစ်တော့ ဒီတရား ကိုးကွယ်လို့ရှိရင် မင်းခန္ဓာနဲ့ မင်းတဏှာနဲ့ မခွဲရဘူး လုပ်သာလုပ် အတည့်ပဲ (မှန်လှပါ)။

အင်း ဒီထိအောင် လာတာကိုးဗျ။ တဏှာ အကြောင်း ကောင်းကောင်း မသိရင် ခက်မယ် ဆိုတာ ပေါ်ပြီလား ဒကာ ဒကာမတို့၊ အဲဒါ ဒီအထဲမှာ ရိပ်မိတဲ့ ပုဂ္ဂိုလ် အတော် နည်းသေးတယ်။ မနည်းဘူးလား (နည်းပါတယ် ဘုရား)။

တန်ဆောင်မုန်းလ ကထိန်

နည်းတယ် တဲ့၊ အင် မတန် မှ နည်းတယ် ဦးဘကြည် တန်ဆောင်မုန်း ကထိန် ခင်းကြည့်၊ နီးစပ်တဲ့ဆီ သွားတာပဲ။ ဖိတ်ထားပြန် တော့ကော (နီးစပ်တဲ့ဆီပါ ဘုရား)။ နီးစပ်တဲ့ဆီ ဘယ်သူက ဖိတ်ခိုင်း (တဏှာက ပါ ဘုရား)။

ဖြစ်မှ ဖြစ်ရလေ ကထိန်ဆိုပြီး တဏှာတဲ့၊ ကထိန် ဆိုတာ သံဃိက (မှန်ပါ)။ သဘော ကျပြီလား။ သံဃိကဆိုတာ တဏှာသေ တဏှာသတ်။

တဏှာသေ ဆိုပေမယ့် သူ မပါလို့ရှိရင် ခင်ဗျားတို့က သူတို့ကို ကျတော့ ငါမလိုက်ဘူးကွာ၊ တို့ကိစ္စကျတော့ သူမှ မလိုက်ဘဲ ဆိုပြီး တဏှာ က လိုက်စေချင်တာကိုးဗျ (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ဘယ်နေရာမျိုးမဆို သူပါတာကို ခင်ဗျားတို့ ရိပ်မိ ဖို့ အင်မတန် အရေးကြီး ပါတယ်။ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

သူကတော့ မပါတဲ့ နေရာရယ်လို့ မရှိဘူး။ အင်မတန် ဉာဏ်ကြီးရှင် များမှ မပါမှာဗျ (မှန်ပါ ဘုရား)။ ဉာဏ်ကြီးရှင် မဟုတ်လို့ ရှိရင် ဦးဘကြည် (ပါမှာပါ ဘုရား)။

ကဲ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတော့ သူပါ နေသရွေ့ ဒီအလုပ် တစ်ခုဟာ ဘယ်တော့မှ နိဗ္ဗာန် မရောက်ဘူး ဆိုတာ တထစ်ချပဲ ဆုံးဖြတ်ချက်ချ။

သူပါတဲ့အလုပ်ဟာ နိဗ္ဗာန်မရောက်

သူပါတဲ့အလုပ်ဟာ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။ သူပါတဲ့အလုပ် နိဗ္ဗာန် ရောက်တယ်လို့ ဘယ်ဘုရားက ဟောသတုံး။ အဲဒီတော့ ခင်ဗျားတို့ကလည်း သူမပါရင် ဝမ်းနည်း သလိုလို ဒကာသစ်တို့ လူစုတွေက ဟင် (မှန်လှပါ ဘုရား)။

သူမပါလို့ ရှိရင် ခင်ဗျားတို့က ခြောက် တောက်တောက်ကြီးတဲ့။ ဒါဖြင့်လည်း ပွဲလေး၊ အငြိမ့်လေး ထည့်လိုက်ဦးကွာ။ တဏှာက ဆွဲထည့် တာ (မှန်လှပါ)။ မထည့်လိုက် ဘူးလား (ထည့်ပါတယ် ဘုရား)။

ဆွမ်းဆန်ထဲ ကြက်ချေးရော

အဲဒီလို ထည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် အခုဆွမ်းဆန်ထဲ ကြွက် ချေးက ရောကုန်ပြီ (မှန်ပါ)။ ရောတယ် ဆိုရင် ဆွမ်းဆန်ထဲ ကြွက်ချေး ရောရင် ဒါစားလို့ မကောင်းတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်က သေချာ သွားပြီ၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါ ဘယ်သူက ဆွဲထည့်တာတုံး (တဏှာက ဆွဲထည့်တာပါ ဘုရား)။ တဏှာက ဆွဲထည့် လိုက်တဲ့ အခါကျတော့ ဪ ကထိန်ပဲ၊ သို့သော် ဒါလေးတော့ မပါဘဲ မဖြစ်ဘူးဗျာ ဆိုတော့ ဘယ်သူက မပါမဖြစ် ဘူးလို့ ပြောပြန်တာတုံး (တဏှာကပါ ဘုရား)။

ခင်ဗျားတို့ကလည်း တဏှာအဖော်နဲ့ ကင်းနေလို့ရှိရင် အလုပ် လုပ် မဖြစ်တော့ဘူး (မှန်လှပါ)။ ဒီအဓိပ္ပါယ် မရောက်ဘူးလား ရောက် သလား (ရောက်ပါတယ် ဘုရား)။ အလုပ်တစ်

အဲ စစ်စစ်ကို ဟောတော့ ဒီလိုပဲ ဟောရမှာပဲ။ သို့သော် ဒီနေ့ ဟောတဲ့ တရားမှာတော့ ဘာပြောလေ့ ရှိသတုံး၊ ခင်ဗျားတို့ တဏှာ အကြောင်း ကောင်းကောင်း မသိဘူးလို့ ပြောနေတာပဲ (မှန်လှပါ ဘုရား)

ဦးဘကြည် ဟောထိုက် မဟောထို က် (ဟောထိုက် ပါတယ် ဘုရား)။ သူကဘယ်နေရာမှ မနေရစ်ဘူး၊ ဪ ဒါဖြင့် သူသည် အတော်ကိုပဲ အုပ်ချုပ်ရေး အင်ပိုင်ယာ ကျယ်တယ် ဆိုရမယ်။

မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဆိုနိုင်ပါတယ်တဲ့၊ တဏှာ၏ အုပ်ချုပ်ရေး အင်ပိုင်ယာ ကျယ်လာတယ်။ သူနဲ့ မစပ်ယှက်တဲ့ ကုသိုလ်တွေလုပ်တဲ့ နေရာတောင် ဦးဘကြည် သူက (ပါ ပါတယ် ဘုရား)။

သူ ဟာ ဆန့်ကျင်ဘက် တရား ကုသိုလ်နဲ့ အကုသိုလ်၊ သူက အကုသိုလ် ကိုးဗျ။ ဆန့်ကျင်ဘက် တရားထဲမှာ အရိပ်အရောင် ပါတယ်။ မပါဘူးလား (ပါပါတယ် ဘုရား)။

ဒုက္ခဝတ္ထုနှင့် ဒုက္ခပေးမလို့လာတာ

သူရွှေ့ပြောင်းရင် ဝင်လာတာပဲ၊ မဝင်ဘူးလား (ဝင်လာပါ တယ် ဘုရား)။ အဲ သူဝင်လာတဲ့ အလုပ် ဟူသ၍ ခင်ဗျားတို့က ဒုက္ခ ဝတ္ထု ပေးမလို့၊ ဒုက္ခမှု ပေးမလို့ပဲ၊ သူဝင်လာလို့ရှိရင် ဘာပေး မလို့ (ဒုက္ခဝတ္ထုပါ ဘုရား)။

ဒုက္ခဝတ္ထုရယ်၊ ဒုက္ခမှုရယ် ပေးမလို့ လာတာ၊ အကောင်းလာ တာလား ဂြိုဟ်ဝင် လာတာလား (ဂြိုဟ်ဝင် လာတာပါ ဘုရား)။ ဒီဂြိုဟ်ကလေးကို ခင်ဗျားတို့ ဖြုတ်ပစ်ပါ ဆိုပါတော့ ဂြိုဟ်မပါလို့ ရှိရင် ကြည့်မကောင်းပါဘူး ဖြစ်နေတာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ အစစ်ဟောတော့ကို ကိစ္စဉာဏ်နဲ့ အစစ် ဟောတာပဲ၊ ဦးစံရီရေ ဒါ မဟောရဘူးလား၊ ဟောရမလား (ဟောရမှာ ပါ ဘုရား)။ ဘုရား ကိုယ်တော်တိုင် ဟောရမှာ၊ ဒီဥစ္စာ ရှင်သာရိပုတ္တရာ ကိုယ်တိုင်လည်း ဟောရမယ်။

ဒါစင်စစ် မလုပ်လို့ရှိရင် ဘာလုပ်နေနေ ခင်ဗျားတို့ အလကား ပဲ (မှန်ပါ)။ ရောရာသာ အကျိုးပေးမှာပဲ၊ ဒုက္ခတော့ လွတ်လိမ့်မယ်လို့ အောက်မေ့လို့ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

အဲဒီတော့ သူ့အကြောင်း ကောင်းကောင်းသိတာက လုပ်တိုင်း လုပ်တိုင်းဟာ မင်းပါသေး သလား၊ မင်းမပါရင် ငါမလုပ်ဘူး ဒီလိုလုပ် ရမှာ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မင်းပါရင် ငါမလုပ်ဘူး ဆိုပြီး လုပ်ရမှာ၊ နို့မို့ လို့ ရှိရင်ဖြင့် စိတ်ကူးမယ် ကြံတိုင်း သူက အရင် ရောက်လာရင် ခက်တယ်၊ ဟုတ်လား (မှန်လှပါ ဘုရား)။

ထမနဲထိုးတော့မယ် ဆိုရင် ဘယ်သူ့ကို ပေးဖို့က လာပြီ၊ ထိုး, မထိုးရသေးဘူး ဟုတ်ပြီလား (မှန်ပါ ဘုရား)။ ခင်ဗျားတို့ဟုတ်လား ထမနဲ ထိုးမယ် ဆိုရင်ဖြင့်ကွာ ဘယ်သူ ဘယ်သူမှ လစ်မနေ ပါစေနဲ့ ပေးပါတဲ့၊ ဘယ်လောက် ပေးရမလဲလို့ ထွက်တာက တစ်မျိုး။

ဒီထဲမှာ ဘယ်သူဖြင့် မမေ့စေနဲ့ ဆိုတာ သတိပေးတဲ့ လူကလည်း လာသေး၊ မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒီပုဂ္ဂိုလ်ဟာ တဏှာအာရုံက အကြီးဆုံးလူ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ ထမနဲမထိုးခင်က လာတာလား၊ ထိုးပြီးမှ လာတာလား (ထိုးပြီးမှပါ ဘုရား)။ ကဲ ခင်ဗျား ဒယ်အိုးပါ စွန့်ပစ်လိုက်ပါတော့ မဟုတ်ဘူးလား (မှန်ပါ)။

သူပါတော့ ဘာထူးဦးမှာတုံး (မထူးပါ ဘုရား)။ သူပါလို့ရှိရင် ဖြင့် ဒါလာမှာပဲ၊ ဒုက္ခဝတ္ထု ပေးမလို့၊ ဒုက္ခမှုရော (ပေးမလို့ပါ ဘုရား)။

အဲ ဒုက္ခဝတ္ထုနဲ့ ဒုက္ခမှု ပေးမလို့ လာတာ၊ ခင်ဗျားတို့ထံ အလည်လာတာ မဟုတ်ဘူး (မှန်လှပါ)။ မဆိုးဘူးလားဗျာ (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ဒါတွေပေးမလို့ လာတယ်ဆိုရင် သူ့ကိုမုန်းဖို့ပဲ၊ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။ ဒါ ကိစ္စဉာဏ် ဟောရ တာကိုးဗျ (မှန်လှပါ)။

ဒီကိစ္စဉာဏ် သဘောကို ဦးဘကြည်တို့ နားမလည်တော့ဘူး ဆိုလို့ ရှိရင်ဖြင့် သူပါတာ တောင် မသိတော့ဘူးလို့ ဆုံးဖြတ်ချက်ချ၊ ဟုတ်ဘူး လား (မှန်လှပါ ဘုရား)။

သူပါပြီး တဏှာ အဖော်လုပ်နေလို့ ရှိရင်၊ ဟိုဘက် ဒီဘက်ပြေးမယ် သာကြံတော့ နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ဟောမလား (မဟောပါ ဘုရား)

တဏှာအဖော်လုပ်ရင် သံသရာလည်တယ်

တဏှာအကြောင်း ကောင်းကောင်းသိရင် နိဗ္ဗာန်ရောက်တယ် ဆိုတာ ဒီနေ့ အဓိပ္ပာယ် အများကြီး မပါဘူးလား (ပါပါတယ် ဘုရား)။ တဏှာ အဖော် လုပ်နေရင် သံသရာ လည်တယ်။

တဏှာ အကြောင်း ကောင်းကောင်း သိရင် (နိဗ္ဗာန်ရောက်ပါ တယ် ဘုရား)။ နိဗ္ဗာန် ရောက်တယ် ဆိုတော့ သူ့ကိုလက်မခံဘဲနဲ့ ခင်ဗျားတို့ နေလို့ ရှိရင် နိဗ္ဗာန် အလုပ် သေသေချာချာ ကိစ္စပြီးပါတယ်၊ မပြီးပေ ဘူးလား (ပြီးပါတယ် ဘုရား)။

ဒီလို နိဗ္ဗာန်ရရာ ရကြောင်း လုပ်မယ်ကြံရင်လည်း သူခေါင်းဆောင် လာတယ်။ အဲဒီတော့ သူခေါင်းဆောင် မဆောင် ဆိုတာ ဝိပဿနာ အလုပ် လုပ်တာတောင်မှ အန္တရာယ် ကင်းဖို့ လုပ်ဦးမှပဲ။ သူခေါင်းဆောင်ကိုး (မှန်လှပါ ဘုရား)။

ဝိပဿနာထဲတောင် ရှုပ်လာတာ၊ သဘောကျပြီလား (ကျပါတယ်ဘု ရား)။ ဝိပဿနာ ထဲတောင် သူ့ကို အန္တရာယ် ကင်းဖို့ ဘေးရှင်းဖို့တွေ ပါလာသေးတယ်၊ ကိုယ့်ကိုယ်ခင်တဲ့ တဏှာလေ။

ဒီနေရာ ပျောက်တယ် ဆိုတာကော (ပျောက်ပါတယ် ဘုရား)။ ဝိပဿနာဉာဏ်နဲ့ တွဲနေတယ် (မှန်ပါတယ် ဘုရား)။ သူက တော်တော် ခက်ပါလားဗျာ။

မဂ် – ကျမှ မကပ်နိုင်လို့ ပူလွန်းလို့ မကပ်နိုင်လို့ ပြန်ပြေးရတယ်၊ ဒီတဏှာက မဂ်ကျတော့ ပူလွန်းလို့ကိုး (မှန်ပါ)။

ကပ်မယ်ကြံရင် ဒီက အပူရှိန် မခံနိုင်တာနဲ့ အဲဒီကျမှ နောက်ဆုတ် တယ်၊ ဘယ်လောက် များ ဆိုးဝါးတဲ့ တရားလဲ (မှန်ပါ)။ နို့မဟုတ်လို့ ရှိရင် သူက ခင်ဗျားတို့ အနားကပ်ပြီး ဒုက္ခဝတ္ထု ဒုက္ခမှုကို ပေးမယ် (မှန်ပါ ဘုရား)။

ဒုက္ခမှုကိုပေးမယ် ဆိုတော့ ကောင်းစားရေး သက်သက်ကို ကျုပ်တို့ အတွက် နည်းနည်းမှ အလိုမရှိတဲ့ တရား (မှန်ပါ ဘုရား)။ ရန်တိုက် ပေးတာ၊ ခင်ဗျားတို့ ကောင်းစားရေးကို နည်းနည်းမှ အလိုမရှိတဲ့ တရား၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

သမုဒယသစ္စာ၊ တဏှာလောဘသည် ခင်ဗျားတို့ အကျိုး ဘာများ ပါသေးတုံး (ဘာမှ မပါ ပါဘူး ဘုရား)။ ဘာမှမငဲ့ဘူးနော်။

ဘာမှမငဲ့ဘူးတဲ့ သူလာလို့ရှိရင် ခင်ဗျားတို့ကို ဘာများ လက်ဆောင် ပေးမလို့ စိတ်ကူးတုံး (ဒုက္ခဝတ္ထု၊ ဒုက္ခမှု)။ ဒုက္ခဝတ္ထုနဲ့ ဒုက္ခမှုပဲ ဒါပဲပေးမယ် (မှန်ပါ ဘုရား)။ သည့်ပြင် ဘာပေးမယ် ထင်သတုံး (ဘာမှမပေးပါ ဘုရား)။

ဘာမှမပေးတော့ ဪ အင်မတန် အရုပ်ဆိုး အကျည်းတန် တဲ့ တရားလို့ သူ့ကို စွဲချက် မတင်နိုင်ဘူးလား (တင်နိုင်ပါတယ် ဘုရား)။

စွဲချက်တင်လိုက်တော့ ဒီနှစ်ခုဟာ ဘယ်သူပေးတဲ့ကိစ္စပါလိမ့် (သမုဒယပေးတာ)။ သမုဒယ ပေးတဲ့ ကိစ္စ ဆိုတော့ ဦးဘကြည်တို့ ကိစ္စဉာဏ်၊ ဪ သူမကောင်းကြောင်း သိတာ ကိစ္စဉာဏ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူမကောင်းကြောင်းသိတာကိစ္စဉာဏ်

သူမကောင်းကြောင်း သိတာ ဘာဉာဏ်ပါလိမ့် (ကိစ္စဉာဏ်ပါ ၊ ဘုရား)။ ဪ ကိစ္စဉာဏ်တဲ့ တယ်အရေးကြီးပါလား။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိစ္စဉာဏ်ကို မပြည့်စုံဘဲနဲ့ ကတဉာဏ် ဆိုတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူး ဆိုတော့ ဒီကိစ္စဉာဏ်ဟာ မင်းတို့ ရှုရမယ့် ကိစ္စပဲ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ပေါ်ပြီနော်။

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ ဒါအရုပ်ဆိုးပုံ နည်းနည်းပဲ ပြောသေးတာ (မှန်လှပါ)။ စေ့စေ့ တွေးလေ တကယ်ဆိုးလေ (မှန်ပါ)။ ခု နောက်လာမယ့် ဟာတွေဒီထက် ဆိုးလိမ့်မယ်။

သူက ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို စုဆောင်း ထားမယ်လို့ သူပြောထားတယ် မဟုတ်လား (မှန်ပါ)။ ခင်ဗျားတို့ အတွက်များသူက ဘဏ္ဍာစိုးလုပ် နေလိုက်သေးတယ်၊ နောက်ဘဝက အကုသိုလ်ကံတွေ ခင်ဗျားတို့ မှာ အမျိုးမျိုး မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီကံတွေကတော့ ကံဆိုတာ စေတနာနော် စေတနာ ဆိုတော့ ဖြစ်ပြီး ပျက်သွားမှာပဲပေါ့ (မှန်လှပါ)။

သို့ သော် ဖြစ်ပျက်စေတနာ တွေသာ ချုပ်သွားတယ်၊ စေတနာ၏ သတ္တိတွေ မပျောက် အောင် တဏှာက သိမ်းထားတယ် (မှန်လှပါ)။

ကမ္မသတ္ထိသိမ်းထားတယ်

ကမ္မသတ္တိ သိမ်းထားတယ် (မှန်လှပါ)။ မပျောက်ပျက်ရဘူး၊ သိမ်းသာထား မင်းက အကုသိုလ်တွေ လုပ်ထားတယ်၊ အကုသိုလ် စေတနာ တွေကလည်း ချုပ်သွားပြီ ဟုတ်လား။

သတ္တိတော့ ငါကသိမ်းထားမယ်၊ မင်းအလိုရှိတဲ့ အခါကျတော့ အဆင့်သင့်ရအောင် ဘယ်သူက သိမ်းထားသတုံး (တဏှာကပါ ဘုရား)။ ဒုက္ခဝတ္ထုတွေ သူက စုဆောင်းထားပြီပဲ ဟ။

ဘာမဆို တော်တော်များများ ကျေးဇူး ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ ဟုတ်ပါရဲ့ လားလို့ မေးသာ ကြည့်ကြပေရော့၊ ဘာတွေ စုဆောင်းထား သတုံး (ဒုက္ခဝတ္ထုတွေပါ ဘုရား)။

ခင်ဗျားတို့ ဒုက္ခရောက်တုန်းက ဘဝများစွာ သံသရာက မိုက်မဲ တွေဝေပြီး လုပ်ထားတဲ့၊ အကုသိုလ်တွေ အလုပ်တွေ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ရှိတော့ အဲဒီ အကုသိုလ်တွေက အကျိုးမပေးမည့် အကုသိုလ်များ ရှိဦးမှာလား (မရှိပါဘု ရား)။ အကျိုးပေးပြီးသားဟာ ထားလိုက် တော့ (မှန်လှပါ)။

အကျိုးမပေးတဲ့ အကုသိုလ် စေတနာတွေဟာ စေတနာတွေသာ ချုပ်တယ်၊ စေတနာရဲ့ သတ္တိတွေကို သိမ်းထားပြီး သကာလ လိုတရစေ ကြိုးနဲ့ ခွေ ဆိုပြီး သကာလ စုထားတာက ဘယ်သူတုံး (တဏှာပါ ဘုရား)။

နောက်တုန်းကကံတွေစုထားပေးတယ်

ဟာ ကြောက်စရာ ကောင်းတယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ နောက်က ကံတွေကို မင်းတို့ ဒုက္ခ မရောက်အောင် သယ်ပိုးထားပေးမယ်၊ ငါသည်ကားလို့ ဆိုရင်ဖြင့် လေလို လွင့်မသွားရ အောင် စုထားပေးမယ်။

ကဲ နောက် ကမ္မသတ္တိတွေ ဘယ့်နှယ်နေသတုံး စုထား ပေးတယ်။ တော်တော် အကျိုးပေး ပါလားဗျ၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အလှည့်ကျနဲ့ အကျိုးပေးစေမယ်

ဘယ်လောက် ဆိုးတယ် ဆိုတာ ပေါ်ပြီလား ခင်ဗျားတို့ အိပ်နေပေမယ့် သူက စုထားတာ၊ အလှည့်ကျနဲ့ အကုသိုလ်တွေ အကျိုးပေး စေမယ် သူစုထားတာကိုးဗျ။

အလှည့်ကျနဲ့ အကျိုးပေးအောင် သူက စုထားတာကို အကျိုးပေး တော့ကို သူရှိနေလို့ အကျိုးပေးတာ ကိုးဗျ။ တဏှာမရှိတဲ့ ပုဂ္ဂိုလ် ဘယ်သူ အကျိုးပေးလို့ ဖြစ်မှာတုံး (မဖြစ်ပါ ဘုရား)။

အဲဒီလို ချုပ်သွားတော့ ဒုက္ခငြိမ်းတယ်လို့ ပြောကြတယ်။ သမုဒယ ရှိနေတော့ သူက သူတည်း ဟူသော အဖော်ကြောင့် နောက်က ကံတွေကို လည်း စုဆောင်း ထားတယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခမှုတွေ စုဆောင်းထားတာ ဘယ်သူတုံး (သမုဒယပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ယနေ့ သူတော်ကောင်း ဖြစ်ကြပြီး နက်ဖြန် သေချင်းဆိုး သေဆိုတာ ဘယ်သူ စုထားလို့ ဒီအဖြစ် ကြုံရ သတုံး (သမုဒယသစ္စာပါ ဘုရား)။

သူစုထားလို့ ယနေ့ သူတော်ကောင်း အလှူကြီး အတန်းကြီး ပေးပြီး သကာလ အများ သာဓုခေါ် နေတယ်၊ နက်ဖြန် သေသတဲ့ ဆိုတော့ သူစုထား တဲ့ ကံနဲ့ သေလိုက်ရတာ (မှန်လှပါ)

ဘယ်လောက်များ ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပြီးတော့ တစ်ခါရှိသေးတယ်။ ဒီစုထားတဲ့ ငရဲသွားမယ့် ကံတွေ ကလည်း အနန္တ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။ ရှိတယ်တဲ့ နတ်ရွာ သုဂတိသွားတဲ့ ကံကလည်း အနန္တ ရှိတယ်။

နိဗ္ဗာန်သွားမည့်တရားသာမစုနိုင်တာ

အဲဒီ နတ်ရွာ သုဂတိသွားမည့် ပုညာဘိသင်္ခါရ၊ အာနေဉ္စာဘိသင်္ခါရ ဆိုတဲ့ ကုသိုလ်တွေ ဗြဟ္မာပြည် သွားမယ့် ကုသိုလ်တွေများလည်း မပျောက် ရဘူးဗျာ။ သူက စုထားတာ၊ နိဗ္ဗာန် သွားမယ့် တရားသာ သူက မစုနိုင်တာ။ ရိပ်မိပြီလား (မှန်လှပါ)။

မကောင်းကျိုး ပေးမယ့် တရား ဟူသရွေ့တော့ မပျောက်မပျက်ရ လေအောင် လေလို လွင့်ပြီး သကာလ မသွားရအောင်ပေါ့ဗျာ၊ ပြာတွေလို လွင့်ပြီး မပျောက်ပျက် ရအောင် စုမထား ဘူးလား (စုထားပါတယ် ဘုရား)။

မင်းမစိုးရိမ်နဲ့ ဒုက္ခရောက်တာ ဟူသရွေ့တော့ ငါအကုန် စုထား မယ်တဲ့ ပြီးတော့မှ မင်းတို့ လိုချင်တဲ့ ဒုက္ခကို မပြတ်ရအောင် ငါကပဲ ကျေးဇူးပြုပေးမယ် (မှန်လှပါ)။

ဒါလောက်ထိအောင် သူ့အကြောင်း ကောင်းကောင်း သိမယ် ဆိုရင် ခင်ဗျားတို့ ပေါင်းချင်စရာ၊ သင်းချင်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မင်းက ဒီဘဝတွင် နှိပ်စက်တာ မဟုတ်ဘူး၊ နောက်ဘဝတွေနဲ့ပါ ရောပြီး နှိပ်စက်တာကို မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီဘဝတွင် သူနှိပ်စက်ဖို့ ပေါ်လာတာလား၊ ယခင်ဘဝက ဒုက္ခမှုတွေ အိမ်ဝိုင်းထားတာ၊ နောက်လည်း မပြတ်လုပ်ရအောင် ဒုက္ခမှု တွေလည်း မင်းက အစဉ်အတိုင်း အလုပ်ပေးမယ် ဟုတ်လား။

နောက်တုန်းကဟာတွေလည်း မပျောက် မပျက်အောင် ငါစုထား မယ်၊ ဘယ်လောက်များ ဆိုးတုံးဗျာ ဒီဘဝကော ချမ်းသာပေးရဲ့ လား (မပေးပါ ဘုရား)။

နောက်ဘဝတွေကော အဟောသိကံ ဖြစ်အောင် သူလုပ်ရဲ့ လား (မလုပ်ပါ ဘုရား)။ ဒါဖြင့် ဒီရန်သူထက် ကြီးတာများ ခင်ဗျားတို့ သန္တာန် ရှိသေးလားလို့ မေးကြပါတော့ (မရှိပါ ဘုရား)။

တော်တော်လေး ဆိုးမှန်း သိလာပြီ။ သူအရုပ်ဆိုးမှန်း သိလို့ “ ပဋိဝိဒ္ဓါ တဏှာ ဇာနတော ပဿတော နိတ္ထိ ကိဉ္စနာ” ပဋိဝိဒ္ဓါ- ထိုးထွင်း၍ တဏှာ – တဏှာကို၊ ဇာနတော – သိသော ပုဂ္ဂိုလ်အား ဆိုတော့ အခု ထိုးထိုးထွင်းထွင်း သိလာပြီ။

သူ့ကျေးဇူးတင်စရာပါရဲ့လား

ဒုက္ခဝတ္ထုတွေ အိမ်သယ်လာတာ သူပဲ ဒုက္ခမှုတွေနဲ့ မကင်းအောင် နေတာလည်း သူပဲ နောက်ပြီး တော့ကော ဒုက္ခ ဖြစ်စေလောက်တဲ့ ကံတွေ ကို ပျောက်ပျက် မသွားဘဲနဲ့ မင်းတို့ အကျိုးပေးတွေကို အကျိုးပေး ဖြစ်အောင် ငါလက်ခံ ထားမယ်၊ ငါစုထားမယ် ဆိုတာကော ဘယ်သူတုံး ဗျ သူ၊ သူ့ကျေးဇူး တင်စရာ တစ်ကွက် ပါရဲ့ လား (မပါပါ ဘုရား)။

အဲဒီတော့ ဒါလောက် အရုပ်ဆိုး အကျည်းတန်ပြီး သကာလ ဒါဘာဉာဏ်နဲ့ သိတာတုံး ဆိုတော့ သူ့ကိစ္စတွေ အကုန်သိတဲ့ဉာဏ်၊ နောက် ကဟာတွေလည်း စုဆောင်းတဲ့ကိစ္စ တဏှာကိစ္စ ဟုတ်လား။

ဒါတွေ ဒုက္ခဝတ္ထုတွေနဲ့ တွဲပြီး ဖြစ်တဲ့ကိစ္စကော (တဏှာပါ ဘုရား)။ ဒုက္ခမှုတွေနဲ့ မပြတ်အောင် ဆောင်ရွက် ပေးနေတာကတော့ (တဏှာပါ ဘုရား)။

အဲ သူ့ကိစ္စ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ကဲ ဦးဘကြည် ကိစ္စဉာဏ် ဘယ်လောက် ကျယ်သလဲ ဆိုတာ ကြည့်စမ်း (မှန်ပါ ဘုရား)။ ဒကာ ဒကာမတို့ ဘယ်လောက် ဆိုးရွားလဲ (ဆိုးရွားပါ တယ် ဘုရား)။

အမလေး၊ တစ်ခါတည်း ငရဲကျမို့ အကုသိုလ်ကံတွေ ဦးစံရီရေ ပျောက် သွားပါလား၊ ဒါတွေ အနိ စ္စ ပါလား၊ မပျောက် ရဘူး၊ ကမ္မသမင်္ဂီ ရှိသေးတယ် ဆိုတာ ကံနဲ့ ပြည့်စုံတဲ့ မင်းလို ပုဂ္ဂိုလ် ရှိသေးတာကိုး၊ အဲဒီတော့ ကမ္မသမင်္ဂီ ဖြစ်အောင် ပုဂ္ဂိုလ် အနုသယ သဘောနဲ့ ငါသိမ်းထား မယ်တဲ့၊ အနုသယ သဘောနဲ့ သိမ်းထားမယ်။ ရိပ်မိပြီလား (ရိပ်မိပါ ပြီ ဘုရား)။

အနု သယသဘော ဆိုတာ ပျောက်သေးရဲ့ လား (မပျောက်ပါ ဘုရား)။ ခန္ဓာရှိရင် လိုက်နေမှာ၊ မလိုက်ပေဘူးလား (လိုက်မှာပါ၊ ဘုရား)။

သူ့ကိုလက်ခံရင်ကိုယ်ကျိုးနည်းပြီ

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့သည် သူ့ကို လက်ခံပြီးတဲ့ တစ်နေ့မှာဖြင့် ကိုယ်ကျိုးကြီး နည်းပေါ့လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)။

ရှေးကံတွေ ရှေးဟာတွေလည်း မအားအောင် သူခိုင်းတော့မှာပဲ၊ နောက်က ဟာတွေလည်း မပြတ်အောင် စုထားမှာပဲ၊ အကျိုးပေးချိန် ရောက်တဲ့ အခါကျလို့ရှိရင်ဖြင့် အထုတ်၊ ထုတ်ပေးမှာပဲ ဆိုတော့ တကယ့်ကို ပဲဗျာ။

ဒီတရားထက်ဆိုးတာ ကိုထွန်းဦး ရှိသေးရဲ့ လား (မရှိ ပါ ဘုရား)။ နောက်က ဒကာ ဒကာမတွေ (မရှိပါ ဘုရား)။ အဲဒီတော့ ခင်ဗျားတို့က သူမရှိတဲ့ တစ်နေ့မှာ နောက်က ဟာတွေလည်း လေလိုလွင့် သွားပြီး အဟောသိကံ ဖြစ်လိမ့်မယ်လို့ အောက်မေ့ထား။

သူမရှိတဲ့ တစ်နေ့ အကျိုးပေးလိုက် နိုင်သေးရဲ့ လား (မလိုက် နိုင်ပါ ဘုရား)။ ဒီဘက် ကိစ္စတွေကော ရှိသေးသလား (မရှိပါ ဘုရား)။

သူမရှိမှ နေရာကျမယ်

ဪ သူမရှိမှနေ ရာကျမယ်လို့ ဆိုတာ ဒီကနေ့ ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)။ သူသာ ရှိမယ် ဆိုလို့ရှိရင်ဖြင့် သုခရောက်မယ့် ကုသိုလ် ဟူသရွေ့စု၊ ဒုက္ခရောက်မည့် အကုသိုလ်တွေ ဟူသရွေ့ကော (စုထားပါတယ် ဘုရား)။

စုထားတယ်၊ လွင့် မသွားရဘူးတဲ့၊ ဒါဘယ်သူက စုထားသတုံး (တဏှာပါ ဘုရား)။ တဏှာက စုဆောင်းတတ်တဲ့ သဘောသတ္တိ ရှိတယ်။

ဒါကြောင့် စုဆောင်းထားတာက တဏှာ သတ္တိတွေ (မှန်ပါ ဘုရား)။ လွန်တာ လွန်ပါ စေတော့ဗျာ။ ရှေ့သာ ကျုပ်တို့ တန်ပါတော့ ဆိုလို့ ကျုပ်တို့ ခင်ဗျားတို့ တောင်းပန်လို့ မရဘူး၊ လွန်တော့ နေတာပဲ။

လွန်ပေမယ့် ငါစုထားလို့ အကျိုးပေးရမှာပဲ၊ သူရှိလို့ အကျိုးပေး တာ၊ သူမရှိရင် (အကျိုး မပေးပါဘု ရား)။ အကျိုးပေးစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ သူဟာ ကျုပ်တို့ ကောင်းကျိုးကို ဘယ်အခါများ ဆောင်ရွက် ပေးလိမ့်မလဲလို့ ဦးဘကြည်တို့ စဉ်းစား ကြည့်စမ်း (ဘယ်အခါမှ မရွက်ဆောင်ပါ ဘုရား)။

ကောင်းကျိုးဘယ်အခါမှမဆောင်ရွက်ဘူး

ဘယ်အခါမှ မရွက်ဆောင်ဘူးနော် (မှန်ပါ)။ အဲဒီတော့ ဘယ်အခါမှ မရွက်ဆောင်တဲ့ ပြင် နောက်ကဟာတွေ အဟောသိကံ မဖြစ်အောင် လုပ်နေတာလည်း သူပါပဲ (မှန်ပါ ဘုရား)

ရှေ့ကို ဒုက္ခဆက် မပြတ်အောင် လုပ်တာကော (သူပါပဲ ဘုရား)။ ဒါဖြင့် သူ့ကိုဉာဏ်ဖြင့် ကြည့်ပါလား။ ခင်ဗျားတို့ ပေါင်းချင်စရာ သင်းချင် စ ရာလား၊ အိမ်နားကပ် ရင် တောင် ပရိတ် ရွက် ထုတ် ဖို့ မကောင်းဘူးလား၊ ကောင်းသလား (ကောင်းပါတယ် ဘုရား)။

ကောင်းလို့ ခင်ဗျားတို့ အဖော်လုပ်နေတာကိုး၊ ဒါကြောင့် တဏှာ ဒုတိယော ပုရိသော (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)

အေး အဲဒါနဲ့ အဖော် လုပ်နေကတည်းက ခင်ဗျားတို့ မှားလိုက်ပုံက အတော်ကြီးတယ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ သာမည သေးသေးလား၊ ကြီးကြီးလား ဆိုတာ စဉ်းစားပါဦး (ကြီးကြီး ပါ ဘုရား)။

ကိစ္စဉာဏ်မရလို့

အဲဒါကို ကိစ္စဉာဏ်မရလို့ ခင်ဗျားတို့ ဖြစ်နေတာ၊ ကဲရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။ ဘာမရလို့ပါလိမ့် (ကိစ္စဉာဏ်မရလို့ ပါ ဘုရား)။

ကဲ ယနေ့ ကိစ္စဉာဏ် စဟောတယ်၊ သမုဒယ အကြောင်းကို စ, ဟောထားတာ ရှိသေးတော့ ဪ တကယ်ဆိုးတဲ့ တရားပါလား လို့ သူ့ကိစ္စကို ကျုပ်တို့က သိသဖြင့် သူ့ထက်ဆိုးတဲ့ သူမရှိ ဘူးလို့ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။

အမလေး ဒကာ ဒကာမတို့ ဒီလောဘလေး မရှိရင် ကျုပ်တို့ ဘယ်ဖြစ်လိမ့်မတုံး၊ ကျုပ်တို့ လောဘလေးနဲ့ စားသောက် နေရတာ ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ကလည်း လောဘနဲ့ လောဘကိုပဲ မြို့သုံး သုံးလိုက် သေးတယ်။

လောဘကို ခေါ်တယ် လောဘ လူလေး ခေါ်သလို အရင်သုံး ပေါ့ဗျာ။ အရောင်း အဝယ် ကောင်းလို့ တစ်ခါတလေ အမြတ်အစွန်း ရလာ တဲ့အခါ ဒီလောဘလေး တစ်ချက် မိလိုက်သေးလို့ ကျေးဇူး တင်ရသေးတယ်။

အဲဒါလေးကြောင့် အခုနေနိုင်၊ ထိုင်နိုင် ဖြစ်နေတယ် ဆိုတော့ သူ့ကို တကယ့်ကို မိတ်ဆွေရင်းလို့ မှတ်နေတာ။ ကိုထွန်းဦးလို အစားပေါ့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ထီတို့ချဲတို့ တချက်မိလိုက်တာ

ထီ တစ်ချက်မိလိုက်တာနဲ့ ၊ ချဲ တစ်ချက်မိလိုက်တာနဲ့ ဆိုတာက သူ့လောဘလေးကို ကျေးဇူးတင်တာဗျ (မှန်လှပါ)။ သည့်ပြင် ဘာထင်တာတုံး (လောဘပါ ဘုရား)။

အမလေး! ဒကာ ဒကာမတွေက လောဘ ဆိုးရွားတာကလည်း အလွန်၊ ခင်ဗျားတို့ ကလည်း မောင်ရင်း နှမရင်းကဲ့သို့ ချစ်ခင်တယ် ဆိုတော့ ခင်ဗျားတို့ဟာ အတော့်ကို ကိစ္စဉာဏ် ဝေးသလိုပဲ။ ဦးဘကြည် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ကိစ္စဉာဏ်မသိရင်နိဗ္ဗာန်မရသေး

ဒါဖြင့် ကိစ္စဉာဏ် မသိသေးသရွေ့ ကာလပတ်လုံးဖြင့် ခင်ဗျားတို့ နိဗ္ဗာန် မရသေးဘူးသာ ဆိုပေတော့။ သူ့ကို ရွံ့မုန်းမှု လာသလား၊ မလာ ဘူးလား (မလာပါ ဘုရား)။

မလာတော့ သူဝိပဿနာ ရှုရမှာတောင် တုန်များနေဦးမလား မပြောတတ်ဘူး၊ ဟင် (မှန်လှပါ)။ တုန်များ နေဦးမှာလား။ သူရှုရလို့ ရှိရင်ဖြင့် သူနဲ့ ခွဲရမှာ ကြောက်နေလို့ (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ “ ပဋိဝိဒ္ဓါ တဏှာ ဇာနတော ပဿတော နတ္ထိ ကိဉ္စနာ ” ဆိုတဲ့ အတိုင်း သူ့အကြောင်း ကောင်းကောင်း သိရင် နိဗ္ဗာန် ရောက်တယ်လို့ ဘုရားက တစ်ခါ ဟောထား ပြန်တယ်။

သူ့အကြောင်းသိရုံနဲ့ နိဗ္ဗာန်ရောက်တယ်

သူ့အကြောင်း သိရုံနဲ့ နိဗ္ဗာန် ရောက်တာ၊ သူ့အကြောင်းသိရုံ ဆိုကတည်းက ဘုရား ဟောတဲ့ စကားဟာက ဦးဘကြည် တော်တော် နက်တယ်နော်။

သူ့အကြောင်းသိတော့ သူဝင်လာရင် “ သရာဂစိတ္တံ သရာဂ စိတ္တန္တိ ပဇာနာတိ” ဆိုပြီး ဖြစ်ပျက်ရှု၊ သူဝင်လာတဲ့ အခါ ဖြစ်ပျက်ရှု (မှန်ပါ)။ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

သူဝင်လာရင်ဖြစ်ပျက်ရှု

သူဝင်လာတော့ ဖြစ်ပျက် ရှုလိုက်ရင် သူတဏှာ မဟုတ်တော့ ဘူး တဏှာနိရောဓာ ဖြစ်သွားလို့ ပဲ (မှန်ပါ)။ နိရောဓ မြင်အောင် ကြည့်ရမှာကိုးဗျ (မှန်ပါ)။

နိရောဓ မြင်အောင် ချုပ်ပျောက်တာ မြင်အောင်ကြည့်လိုက်တော့ တဏှာနိရောဓာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ကို ဒါဖြင့် ဒီကရှုလိုက်တဲ့ ဉာဏ်လာလိုက်တော့ ဥပါဒါန နိရောဓော ဥပါဒါန် ရောပြုတ် (မှန်ပါ)။ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)။

ဥပါဒါန်ပြုတ်တော့ကို ဘဝတို့ ဇာတိတို့ ဘယ့်နှယ်နေကြမတုံး (ပြုတ်ပါတယ် ဘုရား)။ ဪ သူ့အကြောင်း ကောင်းကောင်း သိတဲ့ ပုဂ္ဂိုလ်ဟာ သူ့ကိုနှင်ထုတ်တယ်၊ သူ့အကြောင်း ကောင်းကောင်း မသိတဲ့ ပုဂ္ဂိုလ်က လက်ခံတယ်။

ဒါဖြင့် လက်ခံတဲ့ပုဂ္ဂိုလ်က ခင်ဗျားတို့ ကိုယ်ကျိုး နည်းချင်လို့သာ မှတ်ပေတော့၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကိုယ်ကျိုးနည်းချင်လို့သာ ခံတာပဲ၊ လက်မခံတဲ့ ပုဂ္ဂိုလ်ကဖြင့် သူ့အကြောင်း ကောင်းကောင်း သိ တယ်။ ဆိုးသထက် ဆိုးမှန်း သိတဲ့ အတွက် အန္တရာယ် ကင်းအောင်လို့ ကို သူလက်မခံတော့တာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူ့ကိုလုံးဝနှင်ထုတ်ရမှာ

ဒါဖြင့် ခင်ဗျားတို့ သူဟာ ပေါင်းသင်းရမည့် လူလား၊ နှင်ထုတ် ရမည့်လူလား၊ ဝေဖန်ကြည့်စမ်း (နှင်ထုတ်ရမည့် လူပါ ဘုရား)။ စာသံပြောတာလား။

ခင်ဗျားတို့ လုံးဝကိုနှင်ထုတ်ရမှာ (မှန်လှပါ ဘုရား)။ နို့မို့လို့ ရှိရင် မရဘူးနော်။ ဒကာ ဒကာမတို့ (မှန်လှပါ)။

အင်မတန် ကြောက်စရာ ကောင်းတဲ့ သဘောတွေဗျ ဦးဘကြည်၊ ဘယ်ဉာဏ်ဟောလို့ သူဒါလောက် အရုပ်ဆိုးမှန်း သိလာ သတုံး (ကိစ္စဉာဏ်ပါ ဘုရား)။

သူအနိစ္စ၊ ဒုက္ခဟောရုံနဲ့ နိဗ္ဗာန်မရဘူးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ကိစ္စသိမှ နိဗ္ဗာန်ရမယ် ဦးဘကြည်။ ကိစ္စဉာဏ် သိမှ ကတဉာဏ် သွားမှာကိုးဗျ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရှုနေရုံနဲ့တော့ မရသေးဘူးတဲ့။ ဒါကြောင့် သစ္စာအနက် (၁၆)ချက် ကိစ္စဉာဏ်နဲ့ မထင်မြင်ဘဲနဲ့ ဘယ်သူမှ သောတာပန် မဖြစ်ဘူးတဲ့ (မှန်ပါ)။

ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။ ဘုရားကော မဖြစ်နိုင်ဘူး။ သူ့ကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင်နဲ့ သူ့အကြောင်း ကောင်းကောင်း သိပြီး သကာလ သူ့ကို ဘယ်လို ချေမှုန်းရမယ် ဆိုတာကို ခင်ဗျားတို့ ဝေဖန် မှသာလျှင် ကိစ္စဉာဏ် ရလို့ ကတဉာဏ် ပေါ်မယ်။ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

လောဘဝင်လာရင် ဘာလုပ်ကြမတုံး

ကိုင်း ဒါဖြင့် လောဘလေး ဝင်လာ ရင် ဘယ့်နှယ် လုပ်ကြမတုံး (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။ ဖြစ်ပျက် ရှုလိုက်တဲ့ အတွက် တဏှာနိရောဓ ဖြစ်သွားမယ် (မှန်လှပါ)။ နိရောဓ မြင်လိုက်တာကိုဗျ။

ချုပ်ပျောက်သွားတာ ဘာဆိုကြ (နိရောဓ)၊ တဏှာနိရောဓာ ဆိုတော့ ရှေ့ဆက်လုပ်တော့ ဘယ့်နှယ် နေကြမတုံး (ဥပါဒါန နိရောဓောပါ ဘုရား)။

တဏှာကိုဝိပဿနာရှု

ဥပါဒါန နိရောဓော ဆိုတော့ ဥပါဒါန် လာလို့လည်း မရဘူး (မရပါ ဘုရား)။ သည်တော့ တဏှာကို ဝိပဿနာ ရှုလိုက်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တဏှာကို ဝိပဿနာရှုလိုက်တော့ ဥပါဒါန်က ဘယ့်နှယ်နေသတုံး (မလာတော့ပါ ဘုရား)။ ဒါဖြင့် မဂ် ပေါ်နေတယ်။

မဂ် ပေါ်ကတည်းက ဥပါဒါန်ချုပ်၊ ဘဝချုပ်၊ ဇာတိ အကုန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲဒီတော့ သူ့ကို မချေမှုန်းနိုင်လို့ သူလူဆိုးမှန်း သိမှ ချေမှုန်းမှာပဲ။ သူလူဆိုးမှန်း မသိရင် မချေမှုန်းဘူး၊ ဒါဖြင့် သူ့ကိုလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကလည်း ရှုဖို့ အကြောင်း မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဟောတော့ တဏှာဆိုတာက သောမနဿနဲ့ ဥပေက္ခာပဲ ရှိတယ်၊ သုခနဲ့ ဥပေက္ခာလည်း ရှိတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လောဘမူ ရှစ်မှာ သောမနဿ လေးခုနဲ့ ဆိုတော့ သုခမဖြစ် ဘူးလား၊ ဥပေက္ခာလေးခု ဆိုတော့ ဥပေက္ခာ မနေဘူးလား၊ ဒါပဲ ရှိတာပဲတဲ့။

ဒီ ဝေဒနာနှစ်ခု သောမနဿ ပေါ်တာလည်းရှု၊ ဥပေက္ခာ ပေါ်ရင်လည်းရှု၊ ရှုလိုက်လို့ ရှိရင် သူ့ရှုပြီးသား ဖြစ်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဝမ်းမြောက်တဲ့ စိတ်ဖြစ်ပျက်ရှု

ဝေဒနာကော ပြင်ဘက် ထွက်သေးရဲ့ လား (မထွက်ပါ ဘုရား) မထွက်ဘူးတဲ့၊ ကောင်းပြီ ဒကာ ဒကာမတို့ ဒါဖြင့် ဝမ်းမြောက်လည်း ဘာလုပ်ရမတုံး (ရှုရမှာပါ ဘုရား)။

ဝမ်းမြောက်တဲ့ စိတ်ကလေး သောမနဿလေး ဖြစ်ပျက်ရှု ဟုတ်လား (မှန်ပါ)။ အဲ ကမ္မသကာပဲ ကံပေးတဲ့ အကြောင်း ပြင်လည်း မပြင်နိုင်ဘူး။ ဆင်လည်း မဆင်နိုင်ဘူး၊ ဖြစ်သမျှ အကြောင်း အကောင်းကြီးပဲ။

ဥပေက္ခာ ပေါ်ရင်ဖြစ်ပျက်ရှု

အဲဒီလို အခါကျတော့ ဥပေက္ခာ ပေါ်တယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ရပ်မနေနဲ့၊ အဲဒီဥပေက္ခာ ဖြစ်ပျက်ပြန်ရှု၊ မရှုရင် အဝိဇ္ဇာလိုက်မှာ၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သူ့အကြောင်းကို ယနေ့ပြော လိုက်တယ်၊ အတိတ်ကံတွေ မပျောက် ပျက်အောင် ထိန်းသိမ်းထားတာ လည်း သူပဲ၊ ယခု ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ မခွဲသာအောင် လုပ်ထားတာ ကတော့ (တဏှာပါ ဘုရား)။

ဪ ဒါဖြင့် ဒါတင်မကသေးပါဘူး၊ ဦးစံရီတို့ မှတ်ထားပါ။ နိဗ္ဗာန်ရောက်မည့် အလုပ် ဟူသရွေ့ သူချည့် ကန့်ကွက်နေတာ၊ ဒကာဝ ဘာတဲ့တုံး (နိဗ္ဗာန် ရောက်မည့် အလုပ် ဟူသရွေ့ သူချည်း ကန့်ကွက် နေတာပါ ဘုရား)။

သူချည်း ကန့်ကွက်နေတာ ဟုတ်မဟုတ် ကြည့်လေ ခုတင်က ပန်းကလေး လှူမည်လို့၊ ပန်းကလေးဟာ ကုသိုလ် သက်သက်ဆိုရင် နိဗ္ဗာန် ရောက်အောင် ပေးမှာပေါ့ ဟုတ်လား (မှန်ပါ ဘုရား)။

ဥပနိဿယဇောတွေနဲ့ မပေးဘူးလား (ပေးပါတယ် ဘုရား)။ ခုတော့ သူကလေးက လိုက် လိုက်နေတယ်။ မလိုက်ဘူးလား၊ လိုက် သလား (လိုက်ပါတယ် ဘုရား)။

စားမည့် ကျွေးမည့် ကြံရင်ကော (သူပါတာပါပဲ)။ သူလေးက ပါသေးသကိုးဗျ၊ သူမပါတဲ့ နေရာကို ခင်ဗျားတို့ကလည်း မသိတော့ နိဗ္ဗာန် ကန့်ကွက်တာဟာ ဪ နိဗ္ဗာန်ကို တို့က ဆုတောင်း ပေမယ့်လည်း သူက အမြဲတမ်း ကန့်ကွက်နေတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ခင်ဗျားတို့က ဆုတောင်းရင် ဘာတဲ့တုံး (ကန့်ကွက်ပါတယ် ဘု ရား)။ သူကန့်ကွက်တာ ဘယ်လို ကန့်ကွက်တုံး ဆိုတော့ နိဗ္ဗာန်ရရ ပါလို၏ ဆိုတော့ သူမပါဘူး။

နိဗ္ဗာန်မရမီစပ်ကြားဆိုတော့

နိဗ္ဗာန်မရမီ စပ်ကြား ဆိုတော့ သူကန့်ကွက်ပြီ၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။ နိဗ္ဗာန် ရရပါလို၏ ဆိုတော့ တဏှာ မပါဘူး၊ ဉာဏ် သက်သက် တောင်းလိုက်တယ်။

နိဗ္ဗာန်မရမီ စပ်ကြား ဆိုတော့ သူလာပြီသာ မှတ်ပေရော့ ရှင်းပြီလား၊ နိဗ္ဗာန် ရရပါလို၏ နိဗ္ဗာန် မရမီစပ်ကြား ကွဲပြီလား (ကွဲပါပြီ ဘုရား)။

နိဗ္ဗာန်ရရပါလို၏ ဆိုရင်

နိဗ္ဗာန်ရရပါလို၏ ဆိုရင် တဏှာမပါဘူး၊ ကုသိုလ်စိတ် သက်သက်နဲ့ တောင်းတာ၊ သဒ္ဓါဆန္ဒနဲ့ တောင်းတာ သဘောကျပြီလား (ကျပါပြီ ဘုရား)

နိဗ္ဗာန်မရမီစပ်ကြားလို့ ထည့်သည်နှင့်တစ်ပြိုင်တည်း သူ့အသံသာ မှတ်ပေရော့ (မှန်ပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူ့အသံပါလိမ့် (တဏှာ အသံပါ ဘုရား)။ တဏှာအသံ ပဲလို့ ဆိုတော့ ခင်ဗျားတို့ ကိုယ်က နိဗ္ဗာန် ရောက်ရပါလို၏ ဆိုကတည်းက တကယ် ပို့မယ် ကြံကာရှိသေး၊ စပ်ကြားသူက သဘော ကျနေတာနဲ့ပဲ ကန့်ကွက်ရာ မကျဘူလား (မှန်ပါ ဘုရား)။

ရောက်နိုင် သေးရဲ့ လား (မရောက်နိုင်တော့ပါဘု ရား)။ မရောက်နိုင်တော့ဘူး ဆိုတော့ ခင်ဗျားတို့ နောက်က ကံတွေသာ မပျောက်ပျက်အောင် လုပ်ရုံ မကသေး၊ ယခု ဒုက္ခပေးတာ ကိုလည်း ဒါလည်း အနည်းလေးပဲ ရှိသေးတယ်၊ ဒုက္ခကျွတ်မှာ များတော့ သူက အစိုးရိမ်ဆုံး၊ ရှင်းပြီလား (မှန်လှပါ)။

ဘယ်သူစိုးရိမ်ဆုံးလဲ (တဏှာပါ ဘုရား)။ တဏှာအစိုးရိမ်ဆုံး ဒုက္ခကျွတ်မှာများ ခင်ဗျားတို့ ဒုက္ခဝဋ်က ကျွတ်သွားမှာ များတော့ဗျာ၊ ဘယ်သူက အကြောင့်ကြဆုံးလဲ (တဏှာပါ ဘုရား)။

ကလေးငယ်လေးရဲ့ အမေက အင်မတန် အထွေးလေးကို အကြောင့်ကြရဆုံး ထားသလို ခင်ဗျားတို့လို ကလေးငယ် ကလေးတွေကို သူက ဒုက္ခဝဋ်က ကျွတ်သွားမှာ အကြောင့်ကြဆုံးပဲ (မှန်လှပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တို့နိဗ္ဗာန်မရတာဘာ့ကြောင့်

တို့ နိဗ္ဗာန်မရတာ ဘယ်သူ့ သတ္တိတွေနဲ့ ဘယ်သူ့ အစေခံဖြစ်ပြီး ဘယ်သူနဲ့ ပေါင်းသင်းပြီး မှားနေလို့ ပါလိမ့်မလဲ တွေးစမ်း (တဏှာနဲ့ ပေါင်းသင်း နေလို့ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)

ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေ ပွင့်ပါလျက်သားနဲ့ တို့ ဘုရားတစ်ဆူ တစ်ဆူရဲ့ ကျွတ်တမ်း ဝင်တဲ့ အထဲမှာလည်း (၂၄) သင်္ချေနှင့် ကုဋေ ရှစ်ဆယ် ဗိုလ်ခြေ တစ်သိန်း ပါပါလျက်နဲ့ တို့လွတ် နေတာ ဘာပါလိမ့် မတုံး ဆိုတော့ မောင်မင်းကြီးသား ကန့်ကွက်နေတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ကန့်ကွက်နေတာတုံး (တဏှာပါ ဘုရား)။ တဏှာာက ကန့်ကွက်နေတယ် ဆိုတော့ သူက ဘာတွေ ခိုင်းနေတုံး။ ဘုရားပွင့်လည်း ဒုက္ခဝတ္ထု ဒုက္ခမှုနဲ့ မခွဲနဲ့။

နောက်ကံတွေလည်း သိမ်းထားတဲ့ အခါကျတော့ ဘုရားပွင့် နေတုန်းပဲ၊ မင်း ဒီကံတွေဟာ အလွန် အကျိုးပေးသကွာ၊ ငါလည်း စုထားခဲ့လို့ စားလောက် အောင်လို့ သွားလိုက် ဦး၊ နတ်ပြည် သူ မလွှတ်ပေးဘူးလား (လွှတ်ပါတယ် ဘုရား)။

မဂ်ဖိုလ်ကိုကန့်ကွက်တာတဏှာ

ဒါဖြင့် မဂ်ဖိုလ်ကို ကန့်ကွက်တာ ဘယ်သူတုံး (တဏှာပါ ဘုရား)။ တဏှာပဲ ဆိုတော့ သူ့အကြောင်း ကောင်းကောင်း မသိသေးဘူး။

ဘယ်လိုသိကြတုံး။ တို့ အကျိုး နည်းနည်းပါးပါးမှ အလိုရှိတာ မဟုတ်ဘူး၊ လုံးဝ ပေါင်းဖို့ သင်းဖို့ မကောင်းဘူး၊ အိမ်နီးချင်းတောင် ထားလို့ (မကောင်းပါဘူး ဘုရား)။ သဘောကျပြီလား။

အဲဒီလို ကောင်းကောင်း သိလာတဲ့ ပုဂ္ဂိုလ်ကျတော့ကို ကောင်းကောင်း သိတာက ဉာဏ်ပဲ။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တဏှာ၏ကိစ္စကိုသိတဲ့ဉာဏ်

ကောင်းကောင်းသိတာကဉာဏ်၊ ဘာဉာဏ်တုံး ဆိုတော့ တဏှာ ၏ကိစ္စကို သိတဲ့ဉာဏ်၊ ကိစ္စဉာဏ် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

တဏှာ၏ ကိစ္စကို ဉာဏ်ဖြင့် သိအောင် ဘုန်းကြီးက ဟောလို့ ဒီဉာဏ်ကလေး မသိဘူးလား (သိပါတယ် ဘုရား)။ သိတော့ သူ့ သဘော ကောင်းကောင်း ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိသွားတော့ ဒီဉာဏ်ကို ဘာဉာဏ် ခေါ် ရမယ် (ကိစ္စဉာဏ် ပါ ဘုရား)။ အဲဒီ ကိစ္စဉာဏ် ကိုလည်း လူတိုင်း မရဘူး၊ ဝိပဿနာနဲ့ ရှုလို့ရှိရင် မလွယ်ဘူးလား။

ဒီကိစ္စ အရုပ်ဆိုး အကျည်းတန် ကြီးကို ဦးစံရီရေ လူတိုင်း သိပါ့မလား (မသိပါ ဘုရား)။

မသိနိုင်တော့ ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြစ်နေတုံး ဆိုတော့ ပေါင်းလျက် သင်းလျက်ကြီး ဖြစ်ဖြစ်နေတာပဲ မသိလို့ (မှန်ပါ ဘုရား)

သူကအတွင်းကို ခိုခိုကပ်ကပ် နေတယ် ဆိုတာကော ငြင်းဖို့ လိုသေး သလား (မလိုပါ ဘုရား)။ သို့သော်လည်း သိရဲ့လား (မသိပါ ဘုရား)။

အဲ မသိတဲ့ အခါကျလို့ ရှိရင် ခင်ဗျားတို့က မဂ် ဖိုလ်လိုချင်၊ သူက သည် ကနေပြီး ကန့်ကွက် လိုက်ပေါ့ဗျာ၊ ဟုတ်လား (မှန်ပါ ဘုရား)။

မဂ် ဖိုလ် လိုချင်လိုက်၊ ကန့်ကွက်လိုက်၊ ခင်ဗျားတို့ ကမဂ်၊ ဖိုလ် လိုချင်လိုက်၊ ကန့်ကွက်လိုက် သဘောကျပြီလား (ကျပါပြီ ဘုရား)

ဥပုသ်စောင့်ဖို့တောင်ခွင့်မပေးဘူး

ယုတ်စွ အဆုံး ပြောပြပါမယ်၊ ဥပုသ် စောင့် သွားတော့မယ်။ ရက် ရှည်ရှည် သွားမယ် ဆို တာတောင် ဒီမှာ လုပ်စရာတွေ ကုန်မှ သွားပေါ့ (မှန်ပါ)။ ဘယ်သူက ပြောတာတုံး (တဏှာပါ ဘုရား)

ခွကျလိုက်တာ ဂြိုဟ်ပါပဲ၊ ဥပုသ်စောင့်တောင် ခွင့်မပေးပါလား၊ ဒကာ ဒကာမတို့ ဘယ်သူ ကတုံး (တဏှာကပါ ဘုရား)။

သို့ သော်လည်း သွားချင်ရာ သွားတာပေါ့၊ ဒါလေးတော့ပြီးမှ လာပြန်ပြီ သွားချင်တော့ သွားတာပေါ့တဲ့၊ ပြီးအောင် လုပ်ခဲ့ပါအုံး ဆိုတော့ ကန့်ကွက်ပြီးသားပဲ၊ မပါဘူးလား ပါသလား (ပါပါတယ် ဘုရား)။

ဒါနဲ့ သက်တမ်းစေ့ သေတာပဲ၊ ဒီဥစ္စာ ပြီးသေးရဲ့ လား (မပြီးပါဘု ရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ကန့်ကွက်တာ ဟုတ်မှ ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သည် ဘဝများစွာ သံသရာက ဘုရားနဲ့ မတွေ့တာများ မပြောပါနဲ့၊ ဥပုသ် ရက်ရှည်တောင် ကန့်ကွက်သေး (မှန်ပါ)။ ရိပ်မိပြီလား။

ဘာကန့်ကွက်တုံး (ဥပုသ်ရက်ရှည်တောင် ကန့်ကွက်ပါတယ် ဘု ရား)။

ဘု ရားနဲ့ ဆိုတော့ သာဝေးသေးပေါ့ဗျာ၊ ဘု ရားဆီကိုတော့ မသွားနဲ့ မလာနဲ့တောင် လုပ်မှာ မဟုတ်လား။ (မှန်ပါ)။

ဥပုသ်ရက်ရှည် လေးတောင် ဘယ်နှယ် ဖြစ်နေသတုံး (ကန့်ကွက်ပါတယ် ဘုရား)။ ဥပုသ် ရက်ရှည်တောင်မှ သွားတော့ သွားပါတဲ့ ကိုယ်လုပ်မှပြီးမည့် အလုပ်ကို လုပ်ထားခဲ့ပါဦး ဘယ်သူက ခိုင်းတာတုံး (တဏှာကပါ ဘုရား)။

ပြီးမှရှင်းရှင်းလင်းလင်းသွားတာပေါ့

သားနဲ့ မယားနဲ့ နေလို့ ပြီးမှာ မဟုတ်ဘူး၊ ကိုယ်လုပ်မှ ပြီးမည့် အလုပ်၊ ကိုယ်လုပ်ပြီးတဲ့ အချိန်ကျတော့မှ ရှင်းရှင်းလင်းလင်း သွားတာပေါ့။ အမလေးတဲ့ နှစ်ဖက်သွားဗျ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ရှင်းရှင်းလင်းလင်း သွားတာပေါ့တဲ့၊ ဘာလုပ်ဖို့တုံး ဆိုတော့ ရှင်းသေးရဲ့ လားဗျာ (မရှင်းပါ ဘုရား)။ မရှင်းတာလည်း ခိုင်းသေးရဲ့ ပြီးတော့မှ စိတ်အေးလက်အေး သွားပေါ့ ပြောသေး၊ ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။

ဒီအတွင်း ဒါလုပ်ပြီးမှ သွားတာပေါ့၊ ဒါလုပ်ပြီးမှ ဆိုတာလည်း တဏှာ သဘောပဲ၊ သွားတာပေါ့ ဆိုတာကော ဘယ်သူ လုပ်လိုက်တာတုံး (တဏှာပါ ဘုရား)။

ဥပုသ်ရက်ရှည်တောင်မစောင့်ဖြစ်ဘူး

တဏှာ လုပ်လိုက်တာ အရေးမကြီးရင်ဖြင့် မပြန်ခဲ့ နဲ့။ ဒါလေးလည်း ပါသေး (မှန်ပါ)။ တော်တော်ကြာ အရေးကြီးတာက လာဦးမှာကိုဗျ။ ရှေ့က အရေးကြီးတာ၊ နောက်က အရေးကြီး တာတွေနဲ့ ဆိုတော့ တော်တော်ကြာ ဥပုသ်ရက်ရှည်တောင် မစောင့်ဖြစ်ပါဘူးဗျာ။

ဒီအတိုင်း မသွားဘူးလား သွားမလား (သွားမှာပါ ဘုရား)။ ဒါဖြင့် ဘယ်သူက ကန့်ကွက် တာတုံး (တဏှာကပါ ဘုရား)။ ဒါဖြင့် ဘုရား အဆူဆူနဲ့ လွဲတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိတယ် ဆိုပေမယ့် ဥပုသ်ရက်ရှည်တောင် ခွင့်မပေးဘူး ဆိုတော့ ဘုရားတွေဟာ များတော့ များသားပဲတဲ့၊ ဥပုသ် ရက်ရှည်လေးများ မစောင့် ဘူးတဲ့ ပုဂ္ဂိုလ်ဟာလည်း သီလနဲ့ ပတ်သက်ပြီး ဘုရားနဲ့ တွေ့ရမှာကိုဗျ။

ဒါလေးမှ မစောင့်သည့် အတွက် ဘုရားနဲ့ တွေ့ဖို့ကော (မလွယ်ပါ ဘုရား)။ တွေ့ခွင့် မရတော့ဘူး ဆိုသဖြင့် ခင်ဗျားတို့လည်း အိမ်က ထွက်မယ် ကြံရင် စဉ်းစားပါ။

ပြန်မယ်ကြံရင်သာလွယ်တာ

မစဉ်းစားသင့်ဘူးလား (စဉ်းစားသင့် ပါတယ် ဘုရား)။ ထွက်မယ်ကြံလို့ ရှိရင် ခင်ဗျားတို့ မလွယ်ဘူးဗျ၊ ပြန်မယ်ကြံရင် သာ လွယ်တာ၊ ထွက်မယ် ကြံတော့ (မလွယ်ပါ ဘုရား)။

ပြန်မယ်ကြံတော့ အိမ်ခိုင်းစရာလူမရှိလို့ ဆိုတော့ တဏှာက ဆွဲခေါ် တာ ထွက် ဖို့ကျတော့ မလွယ် ဘူး၊ ထွက် ဖို့ ကျတော့ ဆိုင်းပါဦး ဘယ်သူကတုံး (တဏှာကပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ပြန်လိုက်ခဲ့ဖို့ ခေါ်တဲ့ အခါကျတော့ တဏှာက ခေါ်လို့ ဦးစံရီရေ ဘာတဲ့တုံး၊ လိုက်ချင် လွန်းလို့ မမြန်ဘူးလား (မြန်ပါတယ် ဘုရား)။

ထွက်လာမယ်ကြံရင် စဉ်းစားကြပါ

အိမ်ကနေပြီး ကျွန်တွင်းက လွတ်ကင်းတဲ့ ဆီ သွားတော့ (ဆိုင်းပါဦး)၊ ဘယ်သူတုံး (တဏှာပါ ဘုရား)။

အဲဒီတော့ ထွက်မယ်ကြံကြံ၊ လာမယ်ကြံကြံ စဉ်းစားကြပါဦး (မှန်ပါ)၊ မပြောသင့် ဘူးလား (ပြောသင့် ပါတယ် ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်ပဲ တော်ကြဦးစို့။

သာဓု သာဓု သာဓု။