သစ္စဉာဏ်(၁)

သစ္စဉာဏ်(၁)

အသံဖိုင်ခေါင်းစဉ်= ကိလေသာစင်ရန် သစ္စာဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်

စာအုပ်ခေါင်းစဉ်= “သ စ္စ ဉာဏ် ”(၁)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌

ဟောကြားတော်မူသော “သ စ္စ ဉာဏ် ”(၁)

(၂၇၊ ၆၊ ၆၂)

သစ္စာတရားဆိုတာအရေးအကြီးဆုံး

တရားထဲမှာ ဦးဘရှင်းတို့ အရေးအကြီးဆုံးအချက် သိပြီ နော် ဘယ်တရားပါလိမ့် (သစ္စာတရားပါ ဘုရား) သစ္စာ တရားဆိုတာ မောင်နိုင် အရေးအကြီးဆုံးတရား သူမပါဘဲနဲ့ ဘုရားလဲ မဖြစ်နိုင်ဘူးနော် သောတာပန် သကဒါဂါမ်ကော (မဖြစ်နိုင်ပါ ဘုရား)၊ အနာဂါမ်ရဟန္တာကော (မဖြစ်နိုင် ပါ ဘုရား)။

ကဲ ဒါဖြင့် ယနေ့တော့ ထူးထူးခြားခြား သိရအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ သူသောတာပန်တည်မည့် ပုဂ္ဂိုလ်ကို ဘယ်လိုစပြီး ဟောလေ့ရှိသတုံး ဆိုလို့ရှိရင်ဖြင့် ရှေးဦး စွာယဉ်ကျေးသွားအောင် မောင်နိုင် ဒါန ကထာတွေဟာ လိုက်တယ်။

ဒါနကထာ သီလကထာ

ဒါနကထာတွေဟောလိုက်တော့ ဒါနဆိုတာ ဟေ့ လူချမ်းသာ၊ နတ်ချမ်းသာ ပေးနိုင်တာ တွေကွ၊ လူ့ပြည်နတ်ပြည်အစ ရှိသည်တို့ကိုကွ၊ အခုချမ်းသာနေတဲ့ ပုဂ္ဂိုလ်တွေ၊ နတ်တွေ၊ လူတွေ ကြည့်ကွ၊ ဒါနကောင်းကြောင်းချည့်ပဲ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက ဥပါလိကို ဟောပါတယ် နော်။

နောက်တစ်ခါ အို ဒါနချည့်မတော်သေးဘူးကွ၊ အ သက်ရှည်ခြင်းအကြောင်းမှာလည်း သီလကလဲရှိသေးတယ်ကွ ဆိုပြီး သီလအမွှမ်းတင်ပြီးသကာလ မောင်နိုင် သီလကထာဟော ပြန်တယ်။

ဘယ်နှစ်ချက်ရှိသွားပြီလဲ (နှစ်ချက်ရှိသွားပါပြီ ဘုရား) ၊ နှစ်ချက်ရှိသွားပြီနော်။

အဲဒီ ဒါနတန်ခိုး သီလတန်ခိုးကြောင့်ပေါ့ နတ်ပြည် မှာ ဘုံတွေပေါက်ပြီး သကာလ ပဒေသာပင်တွေ ဆွတ်စားပြီး သကာလ ပျော်ချင်သလိုပျော် ပါးချင်သလိုပါးရတယ်ကွဆို ပြီးတော့ နတ်ပြည် ကောင်းကြောင်း ဟောလိုက်တယ်။

နတ်ပြည်ကောင်းကြောင်းပဲ ဟောလိုက်တယ်၊ ပြီးတော့မှ ဘုရားသခင် ကိုယ်တော်မြတ် ကြီးသည် ဘယ်လိုဖြစ်လာသတုံး ဆိုတော့မှ ဪ ဒါတွေသည်ကားလို့ဆိုရင်ကွတဲ့၊ အယုတ် တရားတွေပဲကွ၊ အညစ်အကြေး တရားတွေပဲကွ ဆိုပြီးသကာလ စွန့်ပစ်အောင် ဟောတယ်။

ဘာကြောင့်တုံးဆိုတော့ နတ်ပြည်ကောင်းကြောင်း ဟော လိုက်တဲ့အခါကျတော့ လောဘတွေ ဒေါသတွေ မောဟတွေ ကြွပြီး သကာလ လာတော့ အညစ်အကြေးတွေ ထူမလာဘူးလား (ထူလာပါတယ် ဘုရား)။

တရားတော်ဟောစဉ်

အဲဒီအချိန်ကျတော့မှ သူဘာဟောသတုံးဆိုတော့ ဒါ သူဟောစဉ် မှတ်ကြစမ်း ဦးဘရှင်းတို့က ဒါနဟောပြီး သီလ ဟောတယ်၊ သီလဟောပြီး နတ်ပြည်ကောင်းကြောင်း သဂ္ဂကထာ ဟောလိုက်တယ်။

နတ်ပြည်ကောင်းကြောင်း ဟောပြီးတော့မှ ဒီဟာတွေ ဟာ အပြစ်ချည့်ပဲလို့ဟောတယ်၊ ဒီဟာတွေမှ ထွက်ဖို့ကို နေက္ခမ ကထာဆိုပြီးသကာလ တစ်ခါဟောရပြန်တယ်။

မောင်နိုင် ဒါ ဘုရားဟောစဉ်နော် ဘုရားဟောစဉ် လို့ ဒကာဒကာမတွေ သေသေချာချာမှတ်ပါ။

အဲဒီလိုဟောပြီးသကာလ နတ်ပြည်ကောင်းကြောင်းတွေ ဟောပြီးမှ ကာမဂုဏ်အပြစ်တွေ နတ်ပြည်မှာ ခံစားရတဲ့၊ လူ့ပြည် မှာခံစားရတဲ့ ကာမဂုဏ်အပြစ်တွေကို တစ်ခါဟောရပြန်တယ်။

ကိုပေါ် ဘယ့်နှယ်ကြောင့် ကောင်းတာဟောပြီး ဒါတွေ အပြစ်သင့်ပါတယ်လို့ ဆက်ဟောပြန်တော့ ခုနတုန်းက တဲ့၊ တဏှာမာန ဒိဋ္ဌိတွေမောင်နိုင် လွှမ်းမိုးလာတယ်

(မှန်ပါ့)။

ဒါနကထာဟောလိုက်၊ သီလကထာဟောလိုက်၊ နတ်ပြည် ရောက်ကြောင်း ဟောလိုက်တဲ့ အခါကျတော့ကို ဒကာဒကာမတွေ သိတဲ့အတိုင်း တယ်လုပ်ဖို့ကောင်းပါကလား၊ တယ်နေရာကျနေပါ ကလား၊ ဒီဟာ ကြိုးစားကြမှာပဲ ဒို့ရအောင်၊ ဒါမှ ဒို့ခံစားရမှာပဲ ဆိုတော့ တဏှာတွေ မာနတွေ ဒိဋ္ဌိတွေ ကြွမလာဘူးလား (ကြွလာပါတယ် ဘုရား)။

အဲဒီ ကြွလာတဲ့အချိန်ကျတော့ ဘုရားသခင်ကိုယ်တော် မြတ်ကြီး “ကာမာနံ အာဒီနဝ ကထာ” ဆိုပြီးသကာလ ကာမဂုဏ် တို့၏ အပြစ်ကို ဟောလိုက်တယ်။

မင်းတို့ နတ်ပြည်မှာ နတ်စည်းစိမ် ခံစားတယ်၊ လူ့ပြည်မှာ လူ့စည်းစိမ်ခံစားတယ်ဆိုတာကွာ တဲ့၊ ခွေးတစ်ကောင်ရှိပါ တယ်၊ နွားသတ်နေတဲ့ယောက်ျားဆရာတပည့်ရှိတယ်၊ အဲဒီနား ခွေးတစ်ကောင်က သွားတယ်တဲ့ကွာတဲ့၊ သွားတဲ့အခါကျလို့ရှိရင် ဖြင့်တဲ့၊ ဒီခွေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် စားရမလားလို့ အနား သွားစောင့်တဲ့အခါမှာ နွားသတ်ယောက်ျားနဲ့ တပည့်သားမြေးက အသားတွေအကုန်ခြစ်ပြီး အရိုးတွေ အကုန်ပစ်လိုက်တဲ့အခါကျ လို့ရှိရင်ဖြင့်တဲ့၊ ဒီခွေးဆီ ပစ်လိုက်တာပါပဲ ဒီအရိုးကို။

ခွေးက လျက်တယ်ကွာ တဲ့၊ ထိုကဲ့သို့ လျက်တဲ့အခါ ကျလို့ရှိရင် ဝပါ့မလားလို့မေးရင် မောင်နိုင် ဘယ့်နှယ်ဖြေပါ့မလဲ (မဝပါ ဘုရား)။

အဲ ကာမဂုဏ်ဆိုတာကွာတဲ့ မောတာပဲ အဖတ်တင် တာပါပဲတဲ့၊ ဝတာမျိုးမဟုတ်ပါဘူးတဲ့။

သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ပျော်တယ် ရွှင်တယ်ဆိုတာမျိုး ဟာ ခဏကလေး ခွေးအမဲရိုးကို ပစ်လိုက်တာ ကလေးလျှာနဲ့လျက် ပြီး သကာလ ဝတာမဟုတ်ဘဲနဲ့ နေရတာ။

မောင်နိုင် ဘယ်လိုနေရသလဲ (ဝတာမဟုတ်ဘဲနဲ့ နေရပါတယ် ဘုရား)။

အားလုံး ဒကာဒကာမတွေ ခင်ဗျားတို့ စည်းစိမ်ခံစားပြီး သကာလနေကြတယ်၊ သားခင်၊ သမီးခင် ဆွေခင် မျိုးခင်၊ ခင်ပွန်း မခင်၊ ခင်ပွန်းသည်ခင်နဲ့ ဒါတွေဟာ ဝတယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။

မရှိဘူးတဲ့၊ ခုနက ပင်ပန်းရုံမျှပဲ၊ ဝတယ်လို့ မရှိဘူး သဘောကျပလား (ကျပါပြီ)။

ပင်ပန်းရုံမျှပဲ (ဝတယ်လို့မရှိပါ ဘုရား) ကို ကိုယ် ကိုယ်တိုင် တည်ထောင်ပြီးသကာလ လာခဲ့တာ အခုအချိန်ကျတော့ ဪ ပင်ပန်းတာ အဖတ်တင်တာပဲဟေ့ သူတို့ ခင်မင်ရတာ တော်ပြီ တန်ပြီလို့ ဝတယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။

ခုနက သွေးရဲရဲ သံရဲရဲနဲ့ အရိုးကို လျက်ရသလိုပါပဲ။ မဝဘဲနဲ့ပဲ ပြီးလိုက်ရတယ် သဘောကျ ပလား (ကျပါပြီ) မဝဘဲနဲ့သာလျှင် သုသာန်သို့သွားလိုက်ရတာပဲ။

ဒါ့ကြောင့်ကွာ တဲ့၊ မင်းတို့ နတ်ပြည်ဆိုတာ မ ကောင်းပါဘူး၊ ခွေးအမဲရိုး လျက်သလိုပါပဲတဲ့၊ ဘာမှအသုံးမကျ ပါဘူးတဲ့၊ အပြစ်တွေပြတယ်။

အပြစ်တွေ ပြလိုက်တယ်ဆိုတော့ ကိုပေါ်တို့က ရိပ်မိပြီ၊ ဪ ဒါတွေဟာ ဟောမယ့် ဟောနေတာ ပါကလား၊ နောက် ဆုံးပိတ်တော့ ဖျက်ချတာပါကလား။

ဒကာဒကာမတို့ ဘယ်လိုသဘောရောက်သလဲ (ဖျက်ချလိုက်တာပါ ဘုရား)။

ဖျက်ချလိုက်တာနော်၊ ဖျက်ချလိုက်တော့ ခုနက ဘုရား ရှေ့မှာ တရားနာတဲ့ပုဂ္ဂိုလ်တွေက ဪ ဒါဖြင့် ဘာမှအသုံး မကျပါကလားဆိုတော့ ခုနကသာယာတာတွေဟာ ဉာဏ်ထဲမှာ စင်မသွားဘူးလား (စင်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဒီကာမဂုဏ်ငါးပါးမှ ထွက်မှတော်မယ်ဆိုတဲ့စိတ် ကလေးပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ပေါ်လာတယ်။

အဲဒီ ပေါ်လာတဲ့အချိန်ကျတော့ ကိုပေါ်တို့ ကိုဝတို့က စဉ်းစား ကိုယ့်ဝမ်းထဲမှာပဲ ကိလေသာတွေဟာ ဖြူစင်သွားတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

သစ္စာဟောရတယ်

အဲဒီအချိန်ကျလာတော့မှ ဘုရားသခင်ကိုယ်တော်မြတ် ကြီးက သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟောတယ် ဒါတွေခံနေရင် ဒီဟာ ဟောလို့မရဘူး ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဝမ်းထဲမှာ ကိလေသာဖြူစင်ချိန်မှာ ကိုဝ ဘာ ဟောရမတုံး (သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟောရ ပါတယ် ဘုရား) တိုတိုပြောတော့ ဒီအချိန်မှ သစ္စာဟောရတယ် ရိပ်မိကြပလား (ရိပ်မိပါပြီ)။

သစ္စာစရင်စခြင်း ဒကာ ဒကာမတွေ လူတိုင်းမှာသွား မဟောနဲ့ကွတဲ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ယဉ်ကျေးပြီးသားပုဂ္ဂိုလ်တွေဖြစ်လို့

နို့ ဘုန်းကြီးများတော့ ဘာဖြစ်လို့ သစ္စာက စဟော သတုံးဆိုတော့ ဒီမှာယဉ်ကျေးပြီးသား ပုဂ္ဂိုလ်တွေဖြစ်လို့ ကိုဝ ဟောပါတယ် (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ) အဲဒီတော့ ဟိုဟာတွေ သူကောင်းတယ် ဆိုလို့ရှိရင် အပြစ်ပြစရာကြားထဲမှာ အပြစ်ထိုးပြစရာ ဦးဘရှင်းလိုသေးတယ်။

ဒါနကြောင့် အကြောင်းပေးတာတွေ ကောင်းတယ်လို့ ဆိုပြီး အကောင်းစစ်လို့ ဆိုပြီး ဘုရားဟောရဲ့ လား (မဟော ပါ ဘုရား) မဟောဘူးတဲ့၊ မြက်မီးရှူးကလေး မီးရှို့ပြီး သကာလ လေလာတဲ့ဘက် လှည့်သလိုပါပဲကွာ လွှတ်ရင်လွှတ်မလွှတ်ရင် ကိုယ့် လက် လောင်တာပဲ၊

ကာမဂုဏ်ငါးပါး ဆိုတာလဲ လွှတ်ရင်လွှတ် မလွှတ်ရင် ကိုယ့်လောင်တာပါပဲ ဆိုတော့ ဒကာ ဒကာမတွေ ကိုယ်တိုင် သား၊ သမီးပူ၊ ဆွေပူမျိုးပူကိုယ့် မလောင်ကြဘူးလား (လောင်ပါတယ် ဘုရား)။

ဒါ လွှတ်လို့လား၊ မလွှတ်လို့ လောင်တာလား (မလွှတ်လို့ လောင်တာပါ) မလွှတ်လို့ လောင်တာဆိုတာ မသေ ချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဒါ- ကာမဂုဏ်၏ အပြစ်တွေဆိုတာ ဘုရားက ပြောလိုက်တယ်။ ဒီပြင် တစ်ခါ ပြောပြန်တယ်၊ ဒီကာမဂုဏ်၏အပြစ်ကို လူတစ်ယောက်ကွာတဲ့ တောထဲသရက်ပင်ကြီးတစ်ပင် ရှိတယ်၊ သရက်ပင်တစ်ပင် ရှိတော့ သရက်ပင်ကို ကြည့်လိုက်တယ် တဲ့၊ ဪ အသီးတွေကလဲ အပေါ်မှာပြည့်လို့ပဲဆိုပြီး သကာလဒီပုဂ္ဂိုလ်က စားချင်တာနဲ့ပဲ ငါသည် ဒီအပင်ပေါ် တက်ပြီး သကာလ သရက်သီးဆွတ်မယ်၊ ငါ့ခါးပိုက်နဲ့လဲ ပြည့်အောင်ထည့် မယ်၊ စားလဲစားမယ်ဆိုပြီး တက်သွားတယ်၊ (မှန်ပါ့) တက်သွားပြီး ခါးပိုက်ထဲလဲထည့် စားလဲစား ဒီလို နေတာပဲ၊ နောက်တစ် ယောက်လာပြန်တယ် မောင်နိုင်ရ။

နောက်တစ်ယောက်က လာပြီးသကာလ ငါတော့ဖြင့်တဲ့ ဒီသရက်ပင်အပေါ်မှာ အသီးတွေလဲမြင်တယ်၊ စားလဲ စားချင် တယ်၊ တက်လဲမတက်နိုင်ဘူး၊ ဒီအပင်လှဲမှပဲ၊ သူက ပါလာ တယ်။

ဒီအပင်လှဲမယ်ဆိုပြီး လှဲလိုက်တော့ ဟိုပုဂ္ဂိုလ်အရင် တက် နေတဲ့ပုဂ္ဂိုလ်ဟာ မောင်နိုင်ရေ ဘာဖြစ်သွားမယ် ထင်သတုံး ဆင်းရင်ဆင်း၊ မဆင်းရင် ခြေကျိုးလက်ကျိုးဖြစ်ရမယ် (မှန်ပါ့ ဘုရား) မသေသော်မှ မလှမပ (ဖြစ်ရပါမယ်) ရှင်းကြပလား (ရှင်းပါပြီ)။

ဒီမှာလဲ ခင်ဗျားတို့ သားသမီးမြေးမြစ်နဲ့ နေကြတဲ့ ဒကာ ဒကာမတွေတဲ့ ဒီပေါ်ကဆင်းရင် ဆင်းပါ (မှန်ပါ့) မဆင်းရင် မရဏမင်းက အရင်းကလှဲပါလိမ့်မယ် လှဲလို့ရှိရင်ဖြင့် အိုခြင်း ဆိုး သေခြင်းဆိုးနဲ့ အပါယ်သွားရမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီ – သားသမီး ဆွေမျိုးဉာတကာအသီးသီးတဲ့ သရက်ပင် နဲ့တူတယ်နော်။

ပထမ ပုဂ္ဂိုလ်က ဆွတ်တာပဲ၊ ဒုတိယပုဂ္ဂိုလ်က အပင်လှဲ တယ်ဆိုတော့ ဦးဘရှင်းခံနိုင်ရည်ရှိပါ့မလား (မရှိပါ ဘုရား)။

အဲဒါကြောင့် အဲဒီကာမဂုဏ်တွေဟာ ဒီသရက်ပင်ပေါ် တက်တဲ့ပုဂ္ဂိုလ်လိုပဲ ဆင်းရင်ဆင်း မဆင်းရင် ဒုက္ခရောက်မယ်ကွ ဆိုပြီးတော့ ကာမဂုဏ်ငါးပါးအပြစ်တွေ အကုန်ပြတယ်။

မောင်နိုင် ရိပ်မိပလား၊ ကောင်းလို့ဟောတာလား၊ ဆိုးလို့ ဟောတာလား (ဆိုးလို့ဟောတာပါ ဘုရား)။

အဲဒီလိုဆိုးတာဟောလိုက်တဲ့အခါကျတော့မှ ကိုယ်တို့ ကိုဝတို့က ခုနကတရားနာနေတဲ့ ပုဂ္ဂိုလ်တွေက ဪ ကာမ ဂုဏ်အပြစ်ဟာ အတော်ကြီးပါကလား ဆိုတာ ပေါ်မလာဘူး လား (ပေါ်လာပါတယ် ဘုရား)။

ဘယ်အချိန် သစ္စာဟောရတုံး

ပေါ်လာတော့သူ့စိတ်ထဲ ရာဂဒေါသမောဟကိလေသာ တွေ မပါးဘူးလား ပါးသလား (ပါးပါတယ် ဘုရား) အဲဒီ ပါးတဲ့အချိန်ကျမှ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဟောရပါ တယ် သဘောပါကြပလား (ပါပါပြီ)။

ဘယ်အချိန် ဟောရပါလိမ့် (ကိလေသာပါးတဲ့ အချိန်ဟောရပါတယ်)။ ကိလေသာ ဝမ်းထဲဖြူစင်နေတဲ့ အချိန်။

ဒါ ကိုဝ မှတ်လိုက်စမ်း၊ ဘုရားသခင်ကိုယ်တော်မြတ် ကြီးတရားဟောစဉ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ပထမ ဒါနမဟောဘူးလား (ဟောပါတယ်) နောက် ဘာဟောသတုံး (သီလဟောပါတယ်) အင်း သီလ ပြီးတော့ နတ်ပြည်ဟောတယ် (ဟောပါတယ် ဘုရား) ဒါတွေ ကြောင့် နတ်ပြည် ရောက်တယ်ကွ။

ပြီးတော့မှတစ်ခါ ဒီနတ်ပြည်၏ အပြစ်တွေကို ဘာပြော ပြန်သတုံး (အပြစ်ပြပါတယ် ဘုရား)။

အေး ဒါတွေပြလိုက်တော့ ခုနက ခွေးအမဲရိုးလျှက် ရသလို အင်း ခုနက မီးရှူးတိုင် ကိုင်ပြီး သွားတဲ့ ပုဂ္ဂိုလ်လွှတ် ရင်လွှတ်၊ မလွှတ် ကိုယ့်လောင်သလို၊ သရက်ပင်ပေါ်တက်နေတဲ့ ပုဂ္ဂိုလ်ဟာ အောက်ပုဂ္ဂိုလ်က လှဲလိုက်လို့ရှိရင် ဆင်းရင်ဆင်း မဆင်းရင်သေမည့်ပုံ၊ အမျိုးမျိုးဒုက္ခတွေ တွေ့ရမည့်ပုံတွေ ဟော လိုက်တော့ ဪ ဒို့သားသမီး မြေးမြစ်တည်းဟူသော အာရုံ

တွေအပေါ်မှာ တက်ပြီးသကာလနေတဲ့ ဒို့ ပုထုဇဉ်မိုက်တွေဟာ မဆင်းရင်တော့ ဒုက္ခရောက်မှာပဲဆိုတာ အပါယ်လေးပါးရောက် မယ်ပြောတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါတွေ အကုန်ဟောပြီးတော့ ကဲ ကိုပေါ် စိတ်ထဲ ဘယ့်နှယ်ဖြစ်သွားမယ်ထင်သတုံး နာတဲ့ပုဂ္ဂိုလ်မှာ – (ဖြူစင်သွားပါတယ် ဘုရား) ဖြူစင်သွားတယ်။ ကိလေသာဖြူစင်သွားတဲ့ အချိန်ကျတော့မှ သစ္စကထာ ဟောရတယ်။

သစ္စာအရမ်းဟောလို့ မရဘူး

သစ္စာအရမ်းဟောလို့ မရဘူး၊ ငါ ဘုရားသခင် ကိုယ် တော်မြတ်ကြီးက ဥပမာပြမယ်၊ အဝတ်တစ်ခုကို ဖြူစင်နေအောင် ဖွတ်လိုက်ပါတဲ့ (မှန်ပါ့) နောက်မှ ဒီပန်းဆိုးဆရာဖြစ်စေ၊ ပင်းမင်း ဖြစ်စေ ဦးဘရှင်း အပ်လိုက်။

အပ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီအဝတ်မှာ ကိုယ်လို ချင်တဲ့ ပန်းချက်ပန်းလက် ဆေးရောင်တွေ မစွဲပေဘူးလား (စွဲပါတယ်) ဘာဖြစ်လို့စွဲသတုံး မေးတဲ့အခါ (ဖြူစင် နေလို့ပါ ဘုရား)။

အဲဒီမှာလဲ ဒကာ ဒကာမတွေ ခင်ဗျားတို့ အခုတရားနာ တဲ့အခါမှာ ဘုန်းကြီးသစ္စာဟောတာ ခင်ဗျားတို့ တရားသက်သက် ပဲ ဒို့ဖြင့် နည်းယူပါတော့မယ်၊ လုပ်ပါတော့မယ်ဆိုတော့ ဖြူစင် တဲ့စိတ်နဲ့ လာတာနဲ့ သစ္စာဟောရတယ် သစ္စာဟာ အညစ် အကြေးခံနေတဲ့ပုဂ္ဂိုလ်ကို ဟောကိုဟောလို့ မရဘူး (မှန်ပါ့) အင်မတန်အရေးကြီးတဲ့တရား ဆိုတာပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် သစ္စာဘယ်အချိန် ဟောရမှာပါလိမ့် (ဖြူစင် တဲ့အချိန် ဟောရမှာပါ ဘုရား)။

ဖြူစင်တဲ့အချိန်မှာ သစ္စာတည်းဟူသော ဆေးဆိုးလိုက် လို့ရှိရင် ဝမ်းထဲက ကိလေသာသည် အညစ်အကြေးဖြူစင်နေ တဲ့အချိန်မှာ သစ္စာတည်းဟူသော ဆေးကိုဆိုးလိုက်မယ်ဆိုရင် စွဲသွားတယ်။

အဲဒီစွဲသွားလို့ မောင်နိုင် တစ်ခါတည်း သောတာပန် တည်တယ်ဆိုတာ ဒါကြောင့်တည်တာ။

သောတာပန်တည်တာက ကိုယ် ပြင်ဘက်မှာ တည်တာလား ဝမ်းထဲမှာ မဂ်ဉာဏ် တည်တာလား (ဝမ်းထဲမှာ မဂ်ဉာဏ်တည်တာပါ ဘုရား)။

ကိလေသာ အညစ်အကြေးခံနေရင် ဒီ မဂ်ဉာဏ်က အဲဒီနေရာမှာသွားပြီး ကိန်းအောင်းနေလို့ မရဘူး။

ဒါကြောင့် ဘုန်းကြီး ဒကာ ဒကာမတွေကို သတိပေးရ ပါတယ်၊ တရားနာတဲ့အခါကျလို့ရှိရင် သားရေး၊ သမီးရေး၊ စီးပွားရေး မိတ်ဆွေသင်္ဂဟနဲ့တွေ့ရင် ပျော်ရေး၊ ရွှင်ရေးတွေ ကို ဒါတွေ စိတ်ထဲမှာ မထားနဲ့။

မထားပါနဲ့၊ ဒါ စိတ်ထဲမှာ ဖြူဖြူစင်စင်ထား၊ အဲဒီ ဖြူဖြူစင်စင်ထားတဲ့ အချိန်မှာ ဒီက သစ္စဉာဏ်တွေ ဟောလိုက်၊ ကိစ္စဉာဏ်တွေ ဟောလိုက်၊ ကတဉာဏ်တွေ ဟောလိုက်တဲ့အချိန် မှာ ဖြူစင်နေတာကို ဆေးဆိုးလိုက်တာနဲ့ တူတယ် (မှန်ပါ့) သေသေချာချာစွဲသွားတယ် ပေါ်ပလား (ပေါ်ပါပြီ)။

ဒါဖြင့် အခုတရားနာတဲ့ ဒကာ ဒကာမတွေ ဘုန်းကြီး သစ္စာဟောတော့မယ်တဲ့၊ ခင်ဗျားတို့က စိတ်ထဲမှာ ဖြူဖြူစင်စင် ထားတာတောင် မဖျောက်နဲ့တော့ တစ်ပါးစိတ်တွေ ဝင်လာမှာ စိုးလို့ ဒီလိုနာလို့ရှိရင်ဖြင့်တဲ့၊ ဒီတရားပွဲထဲတွင် ကိုဝ သော တာပန်တည်နိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီထဲမှာ ကိလေသာမရှိတုံးကို သစ္စာက ဉာဏ်ထဲဝင် အောင်းလိုက်တာကိုး။

အရင်တော့ သစ္စာထဲက ဝမ်းထဲကလာပြီး ကိလေသာ ခံနေလို့ရှိရင် လောဘ ဒေါသ မောဟ ပျော်ရွှင်မှုတွေက ဝမ်းထဲ နေလို့ရှိရင် အညစ်အကြေးတွေက ဟဒယဝတ္ထုပေါ် မရှိပေဘူး လား (ရှိပါတယ် ဘုရား)။

အဲဒီအချိန်မှာ သစ္စာသွားမဟောနဲ့ဟေ့တဲ့၊ ဘာဖြစ်လို့ တုံးဆိုလို့ရှိရင် အဝတ်က နဂိုက ဆီတွေရေနံတွေပေနေတဲ့ အဝတ် ကြီးကို မင်းကသွားပြီး ဆေးထိုးလိုက်လို့ရှိရင် ဘုရားက မစွဲပေဘူး တဲ့။

အဝတ်ကို အညစ်အကြေးပါနေတယ်၊ အဲဒီတော့ စွဲပါ မလား (မစွဲပါ ဘုရား) ဖြူစင်နေရင်တော့ ဒကာ ဒကာမတွေ (စွဲပါတယ်) စွဲမယ်ဆိုတာ သေချာပါပြီလား (သေချာပါပြီ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးများလဲ ပင်ပန်းကျိုးနပ်အောင် ခင်ဗျား တို့လဲ အကျိုးရှိအောင်ဆိုပြီး သကာလ တရားနာတဲ့အချိန်မှာ ဘယ်အာရုံတွေမှ မဝင်ဘဲနဲ့ ဪ သစ္စာဟောတော့မှာပဲ။ သစ္စာ ခန္ဓာကိုယ်ထဲမှာ သစ္စဉာဏ် ခန္ဓကိုယ်ထဲမှာ ကတဉာဏ် ခန္ဓာကိုယ်ထဲမှာ ကတဉာဏ်ခန္ဓာကိုယ် ရောက်လို့ရှိရင် ကိုဝ သော တာပန်တည်တာပဲ သိပ်ဝေးသလား (မဝေးပါ ဘုရား)။

အဲဒီတော့ မဝေးတာက ဘာတုံးလို့မေးတော့မှ ယနေ့ ရှင်းရှင်းလင်းလင်း ဒကာ ဒကာမတွေ ပြောရမှာက ဝမ်းထဲမှာ ဖြူစင်ဖို့ ကိုပဲ အရေးကြီးတယ်။

ဝမ်းထဲမှာ တရားနာရင်းမတ္တနဲ့ ဖြူစင်နေဖို့ (အရေး ကြီးပါတယ် ဘုရား)။

အဲဒီ ဖြူစင်နေတဲ့အချိန်ကျမှ ဒီကသစ္စဉာဏ်ကို ပေးလိုက် တော့ ဒကာ ဒကာမတွေ ဟဒယဝတ္ထု ပေါ်မှာ သစ္စဉာဏ်ကလေး သွားကိန်းတယ်။

ကိစ္စဉာဏ်ကလေး ပေးလိုက်တော့ကော (ကိန်းပါ တယ် ဘုရား)။

ကိစ္စဉာဏ်ကလေး ပေးလိုက်တော့ ကိစ္စဉာဏ်ကလေးက သွားကိန်းတယ် (မှန်ပါ့)။

ဘာဖြစ်လို့တုံး (ဖြူစင်နေလို့ပါ) ဖြူစင်နေတော့ ဆိုးတဲ့ ဆေးဟာ စွဲသွားတယ်။

ဖြူစင်နေတော့ (ဆိုးတဲ့ဆေးဟာ စွဲသွားပါတယ် ဘုရား)။

အဲ သစ္စာတည်းဟူသော ဆိုးဆေးကို ခင်ဗျားတို့ ဟဒယဝတ္ထုပေါ်မှာ ကိုဝ ကိုပေါ် ဆိုးတော့မှာကိုးဗျ။

အဲဒီတော့ ခင်ဗျားတို့က အညစ်အကြေးခံနေရင် စွဲပါ မလား (မစွဲပါ ဘုရား)။

အဲဒါကြောင့် ဪ ဘုရားလက်ထက်က အရှင် ဥပါလိတို့၊ အရှင်ကောဏ္ဍညတို့ ဘယ်လိုကြောင့် တည်ပါလိမ့် မတုံးဆိုတော့ ခုနက ဘုရားကြည်ညိုအောင် ဒါနတရားတွေ ဟော၊ သီလတရားတွေဟော၊ နတ်ပြည် ရောက်ကြောင်းတွေဟော၊

ပြီးတော့မှ ဒီကိလေသာ ငါးပါးအာရုံ ကာမဂုဏ်တွေဟာကွာ အသီး – သီးတဲ့ သရက်ပင် ပျက်စီးရသလို၊ မီးရှူးမလွတ်တဲ့ ပုဂ္ဂိုလ် ခြေလက် အင်္ဂါတွေ လောင်ရသလို ခွေးအမဲရိုးကိုက်သလိုကွ မဝဘဲနဲ့ သေခြင်းဆိုးသေရသလို မင်းတို့အလုပ်ဟာ နေရာမကျပါဘူးဆို တော့ ဪ ကိလေသာ အလုပ်ဟာ အလကားပါလားဆို တော့ ဝမ်းထဲကိလေသာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒီကိလေသာမှ ထွက်ချင်တဲ့ စိတ်ကလေးကော ပေါ်မလာ ဘူးလား (ပေါ်လာပါတယ်) အဲဒီ ထွက်ချင်တဲ့စိတ်ကလေး ပေါ်လာတော့ ဟဒယဝတ္ထုပေါ်မှာ ဖြူနေတယ်။

ဒါ ဒကာ ဒကာမတွေ ဝမ်းထဲမှာနော် ဒကာ ဒကာမတွေ ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ ဖြူစင်ပြီးသကာလ အညစ် အကြေးမရှိဘဲနဲ့ ဘဝင်စိတ်တွေသာ ရှိနေတယ်လို့ မှတ်လိုက်စမ်း

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်က ဘဝင်စိတ် ကတော့ ဖြူဖြူစင်စင်ဟေ့ တဲ့။

အဲဒီ ဘဝင်စိတ်နဲ့ ဖြူဖြူစင်စင်နေတုံးမှာ ဒီက သစ္စဉာဏ် သွားဟောလိုက်လဲ ဟဒယဝတ္ထုပေါ် ရောက်သွားတာပဲ (မှန်ပါ့) ကိစ္စဉာဏ်ဟောလိုက်လဲ (ဟဒယဝတ္ထုပေါ် ရောက်သွားပါတယ် ဘုရား) ကတဉာဏ် ဟောလိုက်ရင်ကော (ဟဒယဝတ္ထု ပေါ် မှ ရောက်သွားပါတယ် ဘုရား)။

ဟဒယဝတ္ထုပေါ်ရောက်သွားတော့ ဟဒယဝတ္ထုပေါ်မှာ ကတဉာဏ်တည်း ဟူသောမဂ်က သွားနေတော့ အင်း ဒီ အချိန်မှာ သောတာပတ္တိမဂ်ပုဂ္ဂိုလ် သဘောပါပလား (ပါပါ ပြီ ဘုရား)။

ဒါဖြင့် သောတာပန်တည်ဖို့ဟာ တရားနာနည်းနိဿရည်း ကို ဆရာသမားက သေသေချာချာ ပြောပြီးလာတော့ ဟော မှာလဲ သစ္စ၊ ကိစ္စ၊ ကတ သုံးဉာဏ်ကို ဟောတော့မယ် ဆိုတော့ ဒီလိုနည်းနဲ့ ဒီလိုဟောနည်းနဲ့ ဒီလိုခန္ဓာကိုယ်ထဲမှာ သစ္စာတွေ စွဲသွားမယ်ဆိုလို့ ရှိရင်ဖြင့် သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် ဝမ်းထဲမှာ စွဲသွားတယ်ဆိုလို့ရှိရင်ဖြင့် သောတာပန်တည်ဖို့ရာ ဝေးသလား (မဝေး ပါ ဘုရား)။

တရားနာနည်း

ဒါကြောင့် သေသေချာချာနားလည်တဲ့ ဆရာသမားနဲ့ တွေလာတော့ ကိုဝရေ တရားနာနည်း ကိုက လိုနေတယ် မလိုဘူးလား (လိုပါတယ် ဘုရား)။

တရားနာနည်းက နဂိုက ကိုယ့်ဝမ်းထဲမှာ ကိလေသာမရှိ နှင့်ဖို့ကို အရေးကြီးတယ်။

အညစ်အကြေးဘာတုံး (မရှိနှင့်ဖို့အရေးကြီးပါတယ် ဘုရား) မရှိနှင့်ဖို့ကို အရေးကြီးတယ် ဆိုတာ မှတ်လိုက်စမ်းပါ။

အဲဒီမရှိနှင့်တဲ့အချိန်ကျမှ ဒီသစ္စာတွေကို ခင်ဗျားတို့ နားထဲ ကနေပြီး ဟဒယဝတ္ထုထဲ ရောက်အောင် သွင်းလိုက်တဲ့ အခါကျတော့ ဖြူတာကို တစ်ခါတည်း ဒကာ ဒကာမတွေ ဆေးဆိုးတဲ့ အခါ လိုချင် တဲ့အရောင်၊ လိုချင်တဲ့ပန်းခက်၊ လိုချင်တဲ့ ပန်းရွက်ဆိုသလိုပဲ ဦးဘရှင်း သွားမစွဲပေ ဘူးလား (စွဲပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားနာနည်းကိုပဲ အခုသင်ပြန် တယ်ဆိုတာကော ပေါ်လား (ပေါ်ပါပြီ)။

ကိုင်း ဒကာ ဒကာမတွေ အခုအခါမှာ ကျောင်းထဲ လဲ ရောက်နေကြတာကြောင့် ခင်ဗျားတို့နှစ်သက်တဲ့ အာရုံဟူ သရွေ့လဲ ဒီကျောင်းထဲမှာလဲ ဘာမှမရှိဘူး (မှန်ပါ့)

အိမ်ကလဲ စွန့်ပစ်ပြီးသကာလ လာခဲ့ကြတဲ့ပုဂ္ဂိုလ်တွေ နတ်ရွာ သုဂတိကို လဲ ခုနကပြောလိုက်တဲ့ အလကားဟာတွေပေါ့ ခွေးအမဲရိုး ကိုက်တဲ့ အသွားမျိုးတွေ၊ သရက်ပင် အသီးသီးမိလို့ ပင်လုံးပါ အလှဲခံရတဲ့ကိစ္စတွေကွ၊ မြက်မီးရှူးကြီးကိုင်ပြီး သကာလ လေရှိရာ ဘက် သွားတဲ့အခါ လွှတ်ရင်လွှတ်၊ မလွှတ်ရင် လက်လောင်တာပဲ ခန္ဓာကိုယ်ပါလောင်တာပဲ၊ မင်းတို့ ငါးပါးအာရုံ ကာမဂုဏ်တွေဟာ အလကားဟာတွေကွ လို့ဆိုတော့ ပျော် ဟုတ်သားပဲ ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။

လာတဲ့အခါကျတော့ မျှော် ဟုတ်သားပဲ လို့လာ လိုက်တော့ ဟဒယဝတ္ထုအပေါ် ဘာဖြစ်သွားတယ် ထင်ကြသတုံး (ဖြူစင်သွားပါတယ် ဘုရား) ဖြူစင်သွားတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဟဒယဝတ္ထုပေါ်မှာ (ဖြူစင်သွားပါတယ် ဘုရား)။

အဲဒီဖြူစင်တဲ့အချိန်ကျမှ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတ ဉာဏ်ကို ကိုဝ ကိုယ် ပေးရတယ် ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒီလိုပေးလိုက်တော့ ခုနက ဥပါလိတို့လဲ ဒီတရားနာ ရင်းပဲ သောတာပန်တည်တာပဲ ရှင်းပလား (ရှင်းပါပြီ)။

အညစ်အကြေး ခံနေရင် သစ္စာမစွဲပါ

ဒါဖြင့် အရှင်ကောဏ္ဍညတို့လဲ တရားနာရင်း တည်တာ ပဲဆိုတာ သော် မြန်လိုက်တာနော်၊ သူတို့ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး ပါရမီရှင်တွေမို့ ထင်ပါရဲ့လို့ ခင်ဗျားတို့က ဝေးသော အကြောင်းတွေ သွားတွေးတယ်နော်။

ဝေးသောအကြောင်း မတွေးကြဘူးလား (တွေးပါ တယ် ဘုရား) ဘဝများစွာက သူတို့က အတော်ပါရမီ ဖြည့်ခဲ့ပြီကိုး ဆိုတော့ ဘယ်လောက်ဖြည့်ဖြည့် ဝမ်းထဲမှာ အညစ်အကြေးခံနေ ရင် သစ္စာစွဲကိုမစွဲဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်လောက်ဖြည့်ခဲ့ဖြည့်ခဲ့ ဝမ်းထဲမှာ အညစ်အကြေခံနေရင် (သစ္စာမစွဲပါ ဘုရား) သစ္စာ မစွဲဘူးတဲ့ မစွဲလို့ ရှိရ ဒီပါရမီတွေဟာ ဘာဖြစ်ရမတုံးမေးတော့ အဟောသိကံ ဖြစ်ရမ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ကျုပ်တို့ဝမ်းထဲမှာ ဒကာ ဒကာမတွေ ဝမ်းထဲမ သစ္စာမဟောခင် ဘာဖြစ်နေနှင့်ဖို့ အရေးကြီးပါလိမ့်မလဲ ဆရာဘုန်းကြီးက မေးတယ် (ကိလေသာဖြူစင်နေဖို့ အရေး ကြီးပါတယ် ဘုရား)။

ပေါ်ပြီ ဒကာ ဒကာမတို့ ဪ ကိလေသာ ဖြူစင် နေဖို့ ဘယ်အာရုံမှမလိုချင်ဖို့ ဘယ်နတ်ပြည် ကိုမှလဲ မလိုချင်ဖို့။

ဒါဖြင့် နတ်ပြည်လိုချင်လို့ တရားနာတဲ့ပုဂ္ဂိုလ်မှာဖြင့် ကိုဝ မဂ်ဖိုလ်ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

ဩသူ့မှာ လိုချင်တဲ့ကိလေသာ အညစ်အကြေးက ဟဒယ ဝတ္ထုပေါ်ရောက်နေတယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဩအဲဒီတော့ ဘုန်းကြီးက ဘယ်လိုပဲ ငါသိမ်းတော့မယ်ဟေ့ ဤကား အဘိဓမ္မာ ဒေသနာတော်မြတ် သည်ကား ဆိုပြီး ဒုက္ခ သစ္စာ သမုဒယသစ္စာလို့ ဟောလိုက်ငြားသော်လည်း သူကနတ် ပြည်ကြိုက် နေတော့ ကြိုက်တဲ့သစ္စာကလဲ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် မပါဘူး (မှန်ပါ့) မပါတော့ ဒီတရားတွေနဲ့ဖြင့် ကိစ္စပြီးနိုင်ပါ့ မလား (မပြီးနိုင်ပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် တရားမဟောခင် တရားနာတဲ့ ပုဂ္ဂိုလ်တွေ သင်မှုကိုလဲ မရှိရင် ကိုဝ မတော်ဘူးဗျ (မှန်ပါ့) ဟောမည့် ပုဂ္ဂိုလ်ကလဲ အရမ်းဟောနေရင်လဲ ပင်ပန်းရုံပဲ ရှိမယ် သဘောကျကြပလား (ကျပါပြီ)။

ဒါဖြင့် တရားနာတဲ့ပုဂ္ဂိုလ်က ဝမ်းထဲမှာ ကိလေသာဖြူ စင်နှင့်ဖို့ရာ ၁-နံပါတ် ဒီတရားဟောတဲ့ ပုဂ္ဂိုလ်ကဟောပြီး သကာလ ထားတော့ ဖြူစင်အောင် အရင်လုပ်ထားရမယ် ရှင်းကြပလား (ရှင်းပါပြီ)။

ဖြူစင်အောင် အရင်လုပ်ထားပြီးသကာလမှ အဲဒီဖြူစင်တဲ့အချိန်ကို တရားဟောတဲ့ဘုန်းကြီးကလဲ ဒီပြင်တရား မဟော ရဘူး (မှန်ပါ့) သစ္စာပဲဟောရမယ် ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဲဒါ ဘယ်မှာပဲနာကြ နာကြ ပြောကြပေါ့ဗျာ ခင်ဗျားတို့ ဝမ်းထဲကတော့ဖြင့် ဖြူဖြူစင်စင်ထားပါ သဘော ပါကြပလား (ပါပါပြီ)။

အဲဒီတော့ ဒို့တရားနာတာကြာလှပြီ၊ ဘာမှမဖြစ်သေး ဘူးဆိုတဲ့ ဆင်ခြေကိုလဲ မောင်နိုင် မသုံးပါနဲ့တော့။

နဂိုက နာလာခဲ့ကြတာက ဘယ်လိုနာလာခဲ့ကြသတုံး မေး လို့ရှိရင် ကိုဝ အဖြေထွက်သွားပြီ ဟုတ်လား ကွာ၊ လူ့ပြည် ဆင်းရဲမယ်ကွာ၊ နတ်ပြည်ရောက်ကြောင်း ကလေးသွားပြီး သကာလ ဘယ်လိုနည်း ယူဦးမှာလဲ ဆိုလို့ရှိရင် တဏှာနဲ့သွားနေ တာ။

ဒီလိုဆိုတော့ ဘေးကနေပြီးသကာလ တချို့ကလဲ သစ္စာ ကိုမပါတော့ ကိုယ် ဘယ့်နှယ်တုံးဗျာ နဂိုကအညစ်အကြေးရှိတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်ဟာ အညစ်အကြေးနဲ့ပဲ ပြန်ပြီးသကာလ ဖိလိုက် သလို ဆိုတော့ ဖွတ်သထက်ညစ်သလို ဖြစ်သွားတယ် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ကြောက်စရာ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် တရားနာနိဿရည်းကိုလဲ ယနေ့သင်တာ နားလည်ပလား (နားလည်ပါပြီ) ဘာမှ ဒကာ ဒကာမတွေက မလိုချင်နဲ့။ ယခုခန္ဓာဒုက္ခကြီးသိမ်းချင်လို့ နာတယ်ဆိုတဲ့ ဉာဏ် ကလေးနဲ့သာနာ (မှန်ပါ့)။

ဒီလိုဆိုတော့ ခန္ဓာကြီး သိမ်းချင်တဲ့ဉာဏ်နဲ့ နာနေတော့ ကိုယ်တို့ ကိုဝတို့ ခန္ဓာသိမ်းချင်တာသာ ရှိတော့တယ် ဘုရာ့၊ ဒီပြင် ဘာမှတပည့်တော်တို့ အရေးတကြီးအလုပ်မရှိဘူး ဆိုတော့

ခန္ဓာသိမ်းချင်တဲ့ဉာဏ်ဆိုတော့ ခန္ဓာခင်တွယ်တဲ့စိတ် ပါသေးလား (မပါပါ ဘုရား) နောက်ခန္ဓာ ရချင်တဲ့စိတ် (မပါပါ ဘုရား)

ဟာ ဒါဖြင့် ဖြူစင်နေပြီ။ ၊ ဒကာ ဒကာမတို့ ဘယ့်နှယ်ဖြစ်သွားသတုံး (ဖြူနေပါပြီ ဘုရား)။

ဖြူနေပြီဆိုတာ သေချာပလား (သေချာပါပြီ) ဒါဖြင့် ဖြူရင်ဆေးဆိုးရင် စွဲမစွဲ (စွဲပါတယ် ဘုရား)။

စွဲရင်ဖြူတဲ့အချိန်မှာတဲ့ သစ္စာတည်းဟူသော ဆေးကိုဆိုး ရပါလိမ့်မယ် ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက ရှေးကတရားနာရင်း ဥပါလိတို့ သောတာပန် တည်ပုံ ဒီပြင် ဒကာ ဒကာမတွေ သောတာပန်တည်ပုံတွေ ထောက်လိုက်တော့ သူတို့တော့ မြန်လိုက်တာ ပါရမီရှင်တွေမို့ ထင်ပါရဲ့လို့ ဒီအသုံး ကိုဖြုတ်ပါ။

တရားနာတုံး ဖြူစင်နေဖို့လို

ပါရမီရှင်တွေမို့ မဟုတ်ပါဘူး၊ နာတုံးက ဖြူစင်နေလို့ပါ၊ အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာကို နားပေါက်က နေပြီးသကာလ ဟဒယဝတ္ထုပေါ်အရောက် သွင်းလိုက်တဲ့အခါကျတော့ ဟိုမှာ ဟဒယဝတ္ထုထဲမှာ ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ ပြတ်တဲ့ မဂ်ဉာဏ်ကလေ းသွားတည်တယ် သူ နောက်ကျတော့ ဖိုလ်ဉာဏ်သွားတည်တယ်။

မဂ်ဉာဏ်ချုပ်သွားတော့ ဖိုလ်ဉာဏ်သွားတည်တယ်၊ ဖိုလ် ဉာဏ်ချုပ်သွားတော့မှ နိဗ္ဗာန်မြင်တဲ့ ပစ္စဝေက္ခဏဉာဏ်တွေ သွား တည်တော့ ဒါ သောတာပန်ဖြစ်ပြီလို့ ကိုပေါ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပါရမီလိုရင်းလား၊ တရားနာရင်း ဖြူစင်နေဖို့လိုရင်းလား (တရားနာရင်း ဖြူစင်နေဖို့လိုရင်းပါ ဘုရား)။

ဒကာကြီးလှိုင်ရေ ဒါတွေက ဆရာရင်း သမား ရင်းမို့ အသေအချာ ပြောနေတာနော်။

မင်းတို့ တရားနာနည်းကို မသင်တော့ပါဘူးဆိုလို့ရှိရင် ဖြင့် ကိုဝ ခက်ပြီဗျာ မခက်ဘူးလား (ခက်ပါတယ် ဘုရား)။

အဲဒါကြောင့် သစ္စဉာဏ်ကို မဟောမီ ခင်ဗျားတို့က ဘယ်လို တရားနာနေသတုံး လို့ နဂိုက နာတာက ဘုန်းကြီး ရှင်းပြမယ်၊ အရှင်သာရိပုတ္တရာဟောတယ် သူတို့ နာနေပုံက မဟန်ဘူးကွ၊ ဒါကြောင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရတာ။ –

မောင်နိုင် တရားနာနေငြားသော်လဲ သူတို့မဂ်ဉာဏ်ဖိုလ် ဉာဏ်မရတာက သူတို့မှာ အညစ်အကြေး ရှိလျက်နဲ့ အညစ် အကြေးရှိမှန်းမသိဘူးကွ အဲဒီတော့ သူတို့ဆေးကြောချင်တဲ့ စိတ် လာပါ့မလား (မလာပါ ဘုရား)။

ဥပမာ ကိုပေါ်မှာ လမ်းကနွားကျင်ကြီး နင်းလာ တယ် ဆိုပါတော့ နင်းမှန်းလဲမသိဘူး၊ ညကြီးလဲဖြစ်နေတော့ ဟုတ်လား ဆေးချင်တဲ့စိတ် ဪ ငါ ဒီချောင်းထဲဝင်ဆေး ဦးမှဆိုတဲ့ စိတ်ကလေးပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ဘာဖြစ်လို့ ပါလိမ့် (မသိလို့ပါ ဘုရား) ဘယ်လိုမသိတာပါလိမ့် (အညစ် အကြေးရှိမှန်း မသိတာပါ ဘုရား)။

အညစ်အကြေးရှိတာကို အညစ်အကြေးရှိမှန်းမသိတဲ့ အတွက် သူဆေးကြောချင်စိတ် မလာဘူး။ မလာတော့ သူသည်ကားလို့ဆိုလို့ရှိရင် လူမိုက် ဆို ထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါဖြင့် အညစ်အကြေးရှိတာကို ရှိမှန်းသိတဲ့ ပုဂ္ဂိုလ်ကျတော့ မောင်နိုင် ဘာဖြစ်လာသတုံး (ဆေးသွားပါတယ် ဘုရား) ဆေးတယ်။

အဲဒီဆေးတဲ့ပုဂ္ဂိုလ်ကျတော့ လူလိမ်မာကွာ ဒါ အရှင် သာရိပုတ္တရာကဟောခဲ့တယ်။ မူလပဏ္ဏာသမှာနော်။

အဲဒီတော့ ဒီမှာဘုန်းကြီးတို့က အခုတရားမဟောမီ ရှေး အဖို့ကာလမှာ ခင်ဗျားတို့ကို ကာမဂုဏ်၏ အပြစ်တွေ ငါးပါး အာရုံကာမဂုဏ်ဆိုတဲ့ သားရေး၊ သမီးရေး၊ စီးပွားရေးအပြစ်တွေ ကို ဒါတွေဆင်းရင်ဆေး မဆင်းရင် သရက်ပင်ပေါ်ကနေပြီး အောက်လူခုတ်တာနဲ့ ခင်ဗျားပင်လုံးကြီးပိပြီး သကာလ ဂျွမ်းထိုး မှောက်ခုံ အောက်ကျလိမ့်မယ် ဆိုတော့ ဪ ငါတို့ သားသမီးအာရုံတွေဟာ အလကားဟာတွေပါကလား နောက်ဆုံး မရဏမင်းက လှဲလိုက်တဲ့အခါ ဗိုင်းဗိုင်းလဲတာပါကလား ပေါ်ကြပလား (ပေါ်ပါပြီ) ဘာမှ အသုံးမကျဘူးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)။

လွှတ်ရင်လွှတ် မလွှတ်ရင် လက်လောင်မယ်ဆိုတဲ့ သဘော လဲ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါကြောင့် ဒီလိုအချိန်ကြီးမှာ အိမ်မှာမလွှတ်တာ ဘုန်းကြီးတို့ကဆိုတာ မဟုတ်ဘူး ဒီတရားနာတဲ့ အချိန် လွှတ် လိုက်ရမယ် ရှင်းပလား (ရှင်းပါပြီ)။

တရားနာတဲ့အချိန် လွှတ်လိုက်တော့ ကိုဝတို့ ကိုယ် တို့က စဉ်းစားတာပေါ့၊ ဝမ်းထဲဘာဖြစ်သလဲ (စင်ကြယ်ပါတယ် ဘုရား)။

အဲဒီ ဖြူစင်တဲ့အချိန်မှာ ဘုရားက သူတစ်ပါးစိတ်ကိုလဲ သိတော့ ဦးဘရှင်းရေ ကဲ ဒီအချိန်ဖြင့် ဖြူလဲဖြူစင်ပြီကွ သူ့စိတ်လဲနူးညံ့သွားပြီကွ နှစ်ချက် (မှန်ပါ) သူ့စိတ်ထဲ ကြမ်းတာတွေရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ ဖြူစင်တဲ့ အချိန် နူးညံ့သွားတဲ့အချိန်မှ သစ္စာကောက်ဟောတယ် ဟောသည်နဲ့ တစ်ပြိုင်နက်တည်း ဟဒယဝတ္ထုပေါ်မှာ ဒီမဂ်ဉာဏ် တွေ သူစွဲတယ် သဘောကျပလား (ကျပါပြီ ဘုရား)။

မဂ်ဉာဏ်တွေ သွားစွဲတော့ကို ဒကာ ဒကာမတွေက ဒီမဂ် ဉာဏ်ကိန်းလို့ မဂ်ပုဂ္ဂိုလ်၊ သဘောကျပလား (ကျပါပြီ) ဖိုလ် ဉာဏ်ကိန်းလို့ (ဖိုလ်ပုဂ္ဂိုလ်ပါ ဘုရား) ဆိုတော့ ပုဂ္ဂိုလ်က ချို ပေါက်လာတာ မဟုတ်ပါဘူး၊ ဒီဉာဏ်ကလေး သွားစွဲတာ ဟဒယ ဝတ္ထုပေါ်မှာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒါဖြင့် တော်တော်အရေးကြီးတဲ့အချက်ကိုပဲ ဆရာသမား ဆုံးမသွန်သင် ပြောဟော နေတယ် ဆိုတာဖြင့် ပေါ် လောက်ပါပြီ (ပေါ်ပါပြီ) နောက်ကဒကာ ဒကာမတွေ ရှင်း ကြပလား (ရှင်းပါပြီ)။

အေး ဒါကြောင့် အားထုတ်တဲ့အခါကျတော့ ဘုန်းကြီး တို့က အထူးပြောဖို့မလိုပါဘူး၊ ဖြူစင်ဖို့ ကိုဟောတာ အားထုတ် တဲ့အခါကျတော့ မောင်နိုင်တို့ အားထုတ်နေတယ်၊ ဖြစ်ပျက်မြင် နေကတည်းက ဝမ်းထဲမှာ ဝိပဿနာမဂ်မှတစ်ပါး ဒီပြင်မဂ်ရှိ သေးရဲ့လား (မရှိပါ ဘုရား) ဒီ မဂ်ရသွားလို့ရှိရင် လော ကုတ္တရာမဂ် လာရုံပဲ။

အဲဒီကျတော့ နဂိုက ဖြူစင်နေတာဆိုတော့ မလွယ်ဘူး လား (လွယ်ပါတယ် ဘုရား)။

အခုလို တရားနာတဲ့အချိန်ကျတော့ တရားဟော ဘုန်းကြီး ကလဲ အသံကောင်းကောင်းနဲ့ ဝတ္ထုသက်သေ သာဓက တွေကလဲ လွမ်းလောက်အောင်၊ ဆွေးလောက်အောင်နဲ့ဆိုတော့ ခုနက အညစ်အကြေးရှိတဲ့အထဲမှာ အညစ်အကြေးပဲပြန်ပြီး သကာလ တက်သလိုမကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ အရှင်သာရိပုတ္တရာကြီးက ပြောလိုက်တယ်၊ အညစ်အကြေးရှိတာ အညစ်အကြေး ရှိမှန်းမသိတဲ့ ပုဂ္ဂိုလ်ဟာ ဆိုးပါသကွာ ငါဥပမာပြောမယ်ဟေ့ ဈေးထဲက ရေ သောက်ဖို့ ကြေးဖလား တစ်ခု ဝယ်လာတယ်၊ ဝယ်လာပြီး သကာလ သူ့အိမ်မှာပဲ တိုက်ခြင်းပွတ်ခြင်းလဲ မရှိဘဲနဲ့ အိမ်ကျ တော့ ချောင်ထဲ ထိုးထားလိုက်တယ်။

နဂိုကလဲ မဆေးကြောရသေးတာ၊ ချောင်ထဲထိုးထား လိုက် တော့ မောင်နိုင် ချေးတွေ ပိုတက်မလား မတက်ဘူးလား ၊ (ပိုတက်ပါတယ် ဘုရား)။

နဂိုက သူယူလာတုံးကလဲ ချေးပါတာ သူကောင်းကောင်း မသိဘူး။

ဒီကျတော့လဲ ဆေးကြောမှုအလုပ်မလုပ်တဲ့၊ အပြင်မှာ သူသည် ချောင်ထဲထိုးထား ဖုန်တွေ

မြူတွေ ပေါတဲ့အထဲ ထိုးထား လိုက်တော့ ကိုဝ ဘယ့်နှယ်နေသတုံး (ပိုတက်လာပါတယ် ဘုရား) ပိုပြီးသကာလ အညစ်အကြေးမများပေဘူးလား (များပါတယ် ဘုရား)။

အဲ-တရားနာပေမယ့်လဲ နဂိုက သူသည် ကိလေသာအညစ် အကြေးက ပုထုဇဉ်ကရှိလျက်ကြီး ဒီအထဲ အညစ်အကြေး ရှိတဲ့တရားကို သူ့သာယာအောင် ထားလိုက်မယ်ဆိုလို့ရှိရင် ခုနက ဈေးထဲက ဝယ်လာတုံးကလဲ မသန့်ရှင်းတဲ့အထဲမှာ တစ်ခါတည်း ဒကာ ဒကာမတွေကိုတဲ့ အညစ်အကြေး ရှိတဲ့ဆီကို ပြန်ပြီးသကာလ ထည့်လိုက်သလို မကျဘူးလား (ကျပါတယ် ဘုရား)။ )

ဘယ်တော့မှ နိဗ္ဗာန်မရဘူး ဒီတရားမျိုးက မရနိုင်ဘူး ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ အလွန်အရေးကြီးတယ် ဆိုတဲ့ ဥစ္စာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ပြောခဲ့ပါ တယ်၊ ဒီနေ့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ကို ဖြူစင်တဲ့ အချိန်မှာ ဟောလို့ရှိရင်ဖြင့် ကိစ္စပြီးပါတယ်ဆိုတဲ့ဥစ္စာ မှတ်ကြစမ်းပါ မနေ့က ပြောတဲ့ အတိုင်းနော်။

သစ္စဉာဏ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စဉာဏ် ပြောတော့ကို ဒီခန္ဓာကိုယ်ကြီးသည် ဒကာ ဒကာမတို့ ပူလိုက် အေးလိုက်နော် တစ်ခါတလေ ကျတော့ ချမ်းသာလိုက်၊ တစ်ခါတလေကျတော့ စိတ်ဆင်းရဲ လိုက်၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဟ-ဒါတွေ ဘာဖြစ်နေတုံး မေးတဲ့အခါကျတော့ အို ဘာမှဖြစ်တာမဟုတ်ပါဘူးဘုရာ့၊ ဒီခန္ဓာကိုယ်ကြီးက ဒုက္ခ သစ္စာမို့ ဒုက္ခသစ္စာ ပြောနေတာဘုရား။

ပူတာ အေးတာတွေ ဘာတွေပြောနေတာတုံး (ဒုက္ခ၊ သစ္စာ ပြောနေတာပါ) ဒုက္ခသစ္စာမို့ ဘာတွေ သူဖော်ပြနေသလဲ (ဒုက္ခကိုဖော်ပြနေပါတယ် ဘုရား)။

ဒုက္ခတရားမို့ ဒုက္ခသစ္စာပဲလို့ဖော်ပြနေတယ် ဒီလိုသိထား ရမယ်။

ဒီခန္ဓာကြီးပြောင်းလာတာ၊ ရွှေ့ လာတာ ဒကာ ဒကာမတွေ ဟောဒီလိုပြင်ရတာ ဆင်ရတာ

အင်း-အောက်က ပူလို့ နည်းနည်း ကျဉ်းကျဉ်း ကြွရတာ မရတာဟုတ်လား လူချင်းပဲ နည်းနည်း တိမ်းရတာ၊ ဟာ-ဘာဖြစ်ကြသတုံး မေးရင် ဘယ့်နှယ် ပြောကြမလဲ (ဒုက္ခသဘောပြောတာပါ ဘုရား) ဒုက္ခသစ္စာမို့ ဒုက္ခ သဘောပြောတာ။

ဘာပြောသတုံး (ဒုက္ခသစ္စာမို့ ဒုက္ခ သဘော ပြောတာပါ ဘုရား) ဘယ်သူက ပြောနေတာတုံးဗျ (ခန္ဓာက ပြောနေတာပါ ဘုရား)။

အို-ဘုန်းကြီးကပြောတာ အတည်မပြုပါနဲ့၊ ဒကာ ဒကာမတို့ ဘယ်သူကပြောတာ အတည်ပြုမလဲ (ခန္ဓာက ပြောတာပါ ဘုရား)။

ခန္ဓာက ပင်ကိုက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒုက္ခ သစ္စာမို့ သူက ဘာတွေများ ပြောနေပါလိမ့် (ဒုက္ခတွေပြောပါ တယ်) ဒုက္ခပဲ သူပြောရမယ် သုခမပြောဘူး ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒီတော့ ဒီထဲမှာ တရားနာကြတယ်၊ နည်းနည်းလူကြပ် တော့ အိုက်တော့ ရွှေ့ချင်တယ် ဪ ဒုက္ခသစ္စာမို့ ဒုက္ခက ပြောနေတယ် (မှန်ပါ့)။

အဲဒါ သစ္စဉာဏ်ပဲ

ကိုမြင့်ဒုက္ခသစ္စာမို့ ဒုက္ခပြောပြန်ပြီလို့သာ သိနေရမယ် သဘောကျပလား (ကျပါပြီ)။

ဒုက္ခသစ္စာမို့ (ဒုက္ခပြောပြန်ပါပြီ) ဒုက္ခအကြောင်း ပြောပြန်ပြီ ဒုက္ခသဘော သူပြောတာပဲ၊ ကျုပ်တို့ကဉာဏ်က ဒီကသာလိုက်နေ အဲဒါ သစ္စဉာဏ်ပဲ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒုက္ခသစ္စာ သဘောမှ တစ်ပါးလဲ သူ့မှာပြောစရာ ဘာရှိ သေးသတုံး (မရှိပါ ဘုရား)။

မရှိတော့ ဒကာ ဒကာမတွေ ခန္ဓာက ဘာပြောလေ့ရှိသတုံး (ဒုက္ခပြောလေ့ရှိပါတယ် ဘုရား)။

ဒုက္ခပြောတာကို ကျုပ်တို့က ဒုက္ခလို့ သိနေလို့ရှိရင် ဒါ ဒုက္ခကဒုက္ခသစ္စာ သိတာက ဉာဏ်၊ ဒါဖြင့် ဒုက္ခသစ္စာ သိတဲ့ ဉာဏ်ဆိုတော့ သစ္စဉာဏ်ဖြစ်သွားတယ်- ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ခန္ဓာက ပြောတာကို သိတဲ့ဉာဏ်က ဘာဉာဏ်ခေါ်ကြ မယ် (သစ္စဉာဏ်ပါ ဘုရား)။

ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာ ခန္ဓာ ကိုယ်ကြီးက ရွှေ့ချင်တယ်၊ ပြောင်းချင်တယ်၊ စောင်းချင်တယ်၊ တည့် ချင်တယ်၊ ယပ်ခတ်ချင်တယ်၊ အင်္ကျီကလေးထူလို့ ခွာချင်တယ်၊ မိလာလို့ စိုတဲ့အဝတ်ကလေးကိုပဲ အင်း- သူသည်ကားလို့ ဆိုလို့ ဖြင့် မတော်ဘူး၊ သူ့ကိုလဲပြီး သကာလ ဒီပြင်ဟာကလေးနဲ့ ခုပြီးထိုင်ချင်တယ်၊ ဟ ဘာပြောပြန်သတုံး ဒီခန္ဓာကြီးက (ဒုက္ခသစ္စာကို ပြောပါတယ် ဘုရား)။

အဲဒါကလေး ဉာဏ်ကသိလိုက်တော့ ဒီဉာဏ်ကို ဘာဉာဏ် ခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား)။

သစ္စာသိတဲ့ ဉာဏ် ဒါ ခန္ဓာက မပြောပါနဲ့လို့ ကိုဝ ခင်ဗျားတို့ တောင်းပန်လို့ ရရဲ့လား (မရပါ ဘုရား)။

ဘယ်သူ တောင်းပန်လို့မှ မရဘူး ငါအမှန်လုပ်မယ်တဲ့ (မှန်ပါ့)။ ဒကာ ဒကာမတို့ သူကဘာတဲ့တုံး (သစ္စာပါ ဘုရား)။

သစ္စာတဲ့၊ မင်း-သမုတိသစ္စာ မဟုတ်ဘူးကွ၊ သမုတိသစ္စာ လို ငါကဖောက်ပြန်တာ မဟုတ်ဘူးတဲ့။

သမုတိသစ္စာ ဆိုတော့ ကြေးပြားက ထုံးဘူးဖြစ်ချင်ဖြစ် ကယ် မဖောက်ပြန်ဘူးလား (ဖောက်ပြန်ပါတယ် ဘုရား)။

ကြေးပြားက (ထုံးဘူးဖြစ်ပါတယ် ဘုရား) ထုံးဘူးဖြစ်ချင် ဖြစ်တယ်၊ ကွမ်းအစ်ကော (ဖြစ်ပါတယ် ဘုရား)။

အဲဒီလို ဖောက်ပြန်တဲ့တရားမဟုတ်ဘူးကွ တဲ့၊

ပရမတ္ထ သစ္စာက ငါကထွက်လာတာဟူသရွေ့ ငါပြောမှာ ဟူသရွေ့ကို ဖြင့် ဒုက္ခအမှန်ချည့် ပြောမှာပဲ။

ဒီတော့ ရွှေ့ချင်တာလဲ ဒုက္ခအမှန်ပြောတာ။

ဒကာ ဒကာမတွေ ရွှေ့ချင်တာကော (ဒုက္ခအမှန် ပြောတာပါ ဘုရား) ဒုက္ခအမှန်ပဲ ပြောတယ် ဆိုတာ သေချာပလား (သေချာပါပြီ) ပြန်တည့်ချင်တာကော (ဒုက္ခပါ ဘုရား) ဒုက္ခရောက်လို့ တည့်ချင်တာ။

နည်းနည်းကလေး ကွေးချင်ဆန့်ချင်တာကော (ဒုက္ခ ရောက်လို့ပါ ဘုရား)။

အဲဒါ သူကပြောပြန်ပြီ၊ သူကပြောပြီလို့ သိနေတဲ့ ဉာဏ်ကို ဘာဘဏ်ခေါ်ကြမလဲ (သစ္စဉာဏ်ပါ ဘုရား)။

ဪ ခန္ဓာက ဒုက္ခသစ္စာမို့ သူက ဒုက္ခသစ္စာပဲနော် ကျုပ်တို့က သိနေတာကလေးက ဘာတုံး (ဉာဏ်ပါ ဘုရား) ဉာဏ်ကလေးပေါ့ဗျာ။

ပေါင်းလိုက်တဲ့အခါကျတော့ ဒုက္ခနဲ့ ဉာဏ်နဲ့တွဲ လိုက်တော့ ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့တွဲလိုက်တော့ သစ္စဉာဏ်ဖြစ်သွားတယ်။

သစ္စဉာဏ်ကလေးဖြစ်သွားတော့ ကြော် ဒါဖြင့် ခန္ဓာ ကိုယ်ထဲမှာ နဂိုကလဲ ကိလေသာက မရှိဘဲနဲ့ တရားနာနေကြတော့ မဂ်ကလေးဟာ ဟဒယဝတ္တုပေါ် ရောက်လာတယ် မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

သစ္စဉာဏ်အနုစား ရောက်လာတယ်၊ မရောက်သေးဘူး လား (ရောက်ပါတယ် ဘုရား)။

သစ္စဉာဏ် အနုစားရောက်ပြီဆိုကတည်းက ကိုဝတို့ ကိုယ် တို့ စဉ်းစားလိုက်တာပေါ့၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ ဆိုတဲ့ ပဋိစ္စသမုပ္ပာဒ် လာသေးသလား (မလာပါ ဘုရား)။

ဟာ-ဒါဖြင့် ဒကာ ဒကာမတို့ ဒီဉာဏ်ကလေး ဝင်လိုက် သည်နှင့် တစ်ပြိုင်နက်တည်း ကိလေသာတွေ ပြတ်ကုန်ပြီ။

သို့သော် ဒီဉာဏ်ကနုတဲ့ဉာဏ်ဖြစ်နေတော့ အခု သူရှိတုံးသာ မလာအောင် တားနိုင်တယ် သူက အမြစ်ပြတ်အောင် ကိုဝ မတားနိုင်ဘူး ဘာဖြစ်လို့တုံး ဉာဏ် နုတယ်၊ သစ္စဉာဏ် ဖြစ်နေတယ် သဘောပါကြပလား (ပါပါပြီ)။

ဘာဉာဏ်ဖြစ်နေသတုံး (သစ္စဉာဏ် ဖြစ်နေပါတယ် ဘုရား) သစ္စဉာဏ် ဖြစ်နေတယ်လို့ဆိုတာ သေသေချာချာမှတ်ပါ။

သစ္စဉာဏ်ဖြစ်နေတော့ သူသည် ခဏပဲ ဒီပဋိစ္စ သမုပ္ပာဒ် ပြတ်အောင်လုပ်နိုင်တယ် တစ်ခါတည်း မင်းတို့နောက် ဘယ်တော့မှ မလာနဲ့တော့ဆိုတဲ့သဘောကို သူမတတ်နိုင်ဘူး။

ဒါဖြင့် ကိုယ်တို့ ကိုဝတို့ ဒီထက်ကြီးတဲ့ဉာဏ် လွှတ်ရ လိမ့်မယ် (မှန်ပါ့) ဒီ ဟဒယဝတ္ထုပေါ်ကို ဒီ ဉာဏ် လောက်နဲ့ မရဘူး။

ဘာဖြစ်လို့တုံး ဒီဉာဏ်ဟာ နိုင်တော့နိုင်ရဲ့ ခဏ ယာယီနိုင်တာ၊ သဘောကျပလား (ကျပါပြီ) ဒီထက်ကြီးတဲ့ ဉာဏ် မလွှတ်ရဘူးလား (လွှတ်ရပါမယ် ဘုရား)။

ဒီထက်ထက်တဲ့ဉာဏ်ဓားကို လွှတ်လိုက်ရလို့ ရှိရင်ဖြင့် တဲ့၊ ကျုပ်တို့နေရာကျမယ်၊ သဘော ပါပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခန္ဓာကိုယ်ကြီးက ပြောင်းပြန်တယ်၊ ရွှေ့ပြန်တယ်ဟုတ်လား၊ ပူပြန်တယ် အိုက်ပြန်တယ် ဆိုတာ ခန္ဓာသဘော၊ သစ္စာသဘော သူပြောတာ။

ကျုပ်ဟာ ဒုက္ခပါပဲ၊ ခင်ဗျားတို့လဲ မလိမ်ပါဘူး၊ သစ္စာ ပါ၊ ခန္ဓာကမပြောဘူးလား (ပြောပါတယ် ဘုရား) ခန္ဓာက လိမ် တယ်လို့ရှိသေးသလား။ မရှိပါဘူးတဲ့၊ ခန္ဓာကပြောင်းချင်တယ်ဆိုကတည်းက ဒုက္ခ သဘော သူ-မပြောဘူးလား (ပြောပါတယ် ဘုရား) ဒုက္ခ ရောက်လို့ပါ ဟုတ်လား၊ အဟုတ်ရောက်တာလားလို့ မေး နေဖို့လိုသေးသလား (မလိုပါ ဘုရား) သူကိုယ်တိုင်က သစ္စာပါ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒုက္ခရောက်တဲ့အချိန်မှာ ဘယ်သဘောနဲ့ ပြောင်း ချင်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်တဲ့ အမှန်သဘော ပြောင်းချင် တာပါ၊ ပျက်ကယ် ပျက်ကယ် ပြောင်းချင်တဲ့၊ သဘောမဟုတ်ပါဘူး သဘောကျပလား (ကျပါပြီ)။

ပျက်ကယ် ပျက်ကယ် ပြောင်းချင်တာလား အမှန်ပြောင်းချင်တာလား (အမှန်ပြောင်းချင်တာပါ ဘုရား)။

ဒါဖြင့် ဒုက္ခအမှန်မို့ ပြောင်းချင်တာ ဟာ -လူကြား ကောင်းအောင် လူကြည့်ကောင်းအောင် ပြောင်းလိုက်ဦးမယ် ဆိုတဲ့ အပြောင်းလား (မဟုတ်ပါ ဘုရား) ဒုက္ခအမှန်မို့ (ပြောင်းတာပါ ဘုရား)။

ဒုက္ခအမှန်သိတဲ့ဉာဏ်

ဒုက္ခအမှန်မို့ ပြောင်းတယ်ဆိုတော့ ဒုက္ခက ဒုက္ခ၊ အမှန် က သစ္စာ ကိုဝ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ပြောင်းတိုင်း ပြောင်းတိုင်း ငါ ဒုက္ခ အမှန်ပဲလို့ သိပေး ခန္ဓာက ဒုက္ခအမှန်၊ သိတာက ဉာဏ်၊ သဘောကျပလား (ကျပါပြီ)။

ခန္ဓာက (ဒုက္ခအမှန်ပါ) သိတာက (ဉာဏ်ပါ) ဒါဖြင့် သူသည် အမှန်သိတဲ့ဉာဏ် ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာတဲ့ (အမှန်သိတဲ့ဉာဏ်ပါ ဘုရား) အမှန်ကို သိတဲ့ ဉာဏ်ဆိုတာ ကောင်းကောင်း ရှင်းသွားတော့ အင်း ဒါ အမှန်ဆိုတာ သစ္စာပဲဟေ့၊ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် အမှန်ကိုသိတဲ့ဉာဏ်ကလာတော့ အမှန်က သစွာ ဉာဏ်ကသိတာဆိုတော့ သစ္စဉာဏ် ပေါ်ပါပြီ။ ဘယ်လိုပေါ်ကြပါလိမ့် (သစ္စဉာဏ်ပါ ဘုရား) သစ္စ ဉာဏ် ပေါ်သွားတယ်။

နောက်က ဒကာ ဒကာမတွေ ရိပ်မိရဲ့လား (ရိပ်မိ ပါတယ် ဘုရား)။

မနေ့ကထက် အကျယ်ချဲ့ပြီး သကာလ ကိုပေါ် ကို ပြောနေတယ်။

ဒါဖြင့် ပြောင်းတိုင်း ပြောင်းတိုင်း သူက ဒုက္ခအမှန် လို့ ခင်ဗျားတို့သည်ကား လို့ ဆိုလို့ရှိရင် သူ့ခင်တဲ့ ပုဂ္ဂိုလ် ဟာ ပြောင်းပေးချင်တာ မလာဘူးလား (လာပါတယ် ဘုရား)။

အင်း ပြောင်းပေးချင်တာကလေးကလဲ ဘယ့်နှယ်ကြောင့် ပြောင်းပေးချင်တာတုံးလို့ သူမေးလို့ရှိရင်ဖြင့် ခင်လို့ သဘောကျ ပလား (ကျပါပြီ)။

မင်းဟာ ခင်တာအမှန်ပဲလား ဆိုတော့ ပြောင်းချင် တဲ့ သဘောကလေးကို ဒကာ ဒကာမတို့က ကိုယ့်ကိုယ်ကို ခင်တော့ ပြောင်းချင်တဲ့သဘောကလဲ ဝမ်းထဲမလာဘူးလား (လာပါတယ် ဘုရား)။

ပြောင်းချင်တဲ့သဘောကလေးက ဝမ်းထဲက လာတဲ့အခါ – ကျလို့ရှိရင်ဖြင့် ခင်တာက သမုဒယ ဟုတ်လား အမှန်ပြောင်းချင်တာလား ဟုတ်လား ပျက်ကယ် ပျက် ကယ် ပြောင်းချင်တာလား (အမှန် ပြောင်းချင်တာပါ ဘုရား)။။

ဒါဖြင့် ပြောင်းချင်တဲ့ သဘောကလေးက သမုဒယအမှန် သဘောကျပလား (ကျပါပြီ) ခန္ဓာက ဒကာ ဒကာမတို့ ဒုက္ခအမှန်။

ပြောင်းချင်တဲ့သဘောက (သမုဒယအမှန်ပါ) ခင် လို့ပြောင်းတာ။

ဒီလို ထားရှိလို့ ရှိရင်ဖြင့် ကိုယ်ကျိုးနည်းချည်ရဲ့ ဆိုတော့ ခင်ဗျားတို့ မခင်ဘဲနဲ့ ပြောင်းတာလား ခင်လို့ ပြောင်းတာ လား (ခင်လို့ပြောင်းတာပါ ဘုရား) ဒါဖြင့် ခင်တာလဲ အမှန်ပဲ မဟုတ်လား။

ခင်တာအမှန်သိတဲ့ဉာဏ်

အဲဒီတော့ ခင်တာ အမှန်လာလို့ရှိရင် နောက်ဉာဏ်က နေပြီး ဒါ ခင်တာအမှန်ပဲလို့ သိပေး သဘောကျပလား (ကျပါပြီ)။

အဲဒါက သမုဒယသစ္စာကိုသိတဲ့ သစ္စဉာဏ်၊ ပေါ်ပလား (ပေါ်ပါပြီ)။

ခင်တာ အမှန်ကိုလဲ သိရမယ် ဆင်းရဲတာ အမှန်ကို လဲ (သိရပါမယ်) ဒါ နှစ်ချက်သိပြီနော်။

ခင်တာအမှန်ကိုလဲ (သိရပါမယ်) ဆင်းရဲတာ အမှန် ကိုလဲ (သိရပါမယ် ဘုရား)။

သေသေချာချာ ရှင်းကြပါ၊ သေသေချာချာ ရှင်းကြပါ။ ဒီဥစ္စာ သာမညပြောနေတဲ့တရားလို့ ဒကာကြီးလှိုင် မယူနဲ့နော်။

ခန္ဓာထဲမှာ ဒီဉာဏ်ကလေး ပြန်ပြန်ကိန်းအောင် လုပ်နေ ရတယ် ဆင်းရဲတာအမှန်လို့ သိပြန်တော့လဲ ဉာဏ်မရောက် ဘူးလား၊ (ရောက်ပါတယ် ဘုရား) ပြောင်းချင်တာ အမှန်ဆို ပြန်ရင်ကော (ဉာဏ်ရောက်ပါတယ် ဘုရား)။

ဉာဏ်ရောက်သွားတော့ ဪ သူသည် ဒုက္ခ သစ္စာကိုလဲ အမှန်သိတယ် သမုဒယသစ္စာကိုလဲ (အမှန် သိပါတယ် ဘုရား)။

အမှန်သိသွားတော့ ဝမ်းထဲမှာ အမှန်ဘယ်နှစ်ချက် ရောက် သွားသတုံး (နှစ်ချက် ရောက်သွားပါတယ် ဘုရား) နှစ်ချက် ရောက်သွားပြီဆိုတော့ သစ္စဉာဏ် နှစ်ချက်ရောက်ပြီး – (မှန်ပါ့ ဘုရား)။

ဘယ်နှစ်ချက် ရောက်သွားပလဲ (နှစ်ချက် ရောက်သွားပါပြီ ဘုရား)။

ဒုက္ခသိတဲ့ သစ္စဉာဏ် အမှန်တစ်ချက်၊ သမုဒယသိတဲ့ (သစ္စဉာဏ် အမှန်တစ်ချက်) သစ္စဉာဏ် အမှန်နှစ်ချက် မရသေးဘူးလား (ရပါတယ် ဘုရား)။

ဪ ဒီလိုသိရမှာပါကလား စာနဲ့သိတော့ ဝေးပါသေးရဲ့။

စာသိနဲ့တော့ ဝေးပါသေးရဲ့ ခန္ဓာကပေါ်တဲ့အချိန် သိရ မယ်။

မောင်နိုင် ဘယ်အချိန်တုံး (ခန္ဓာက ပေါ်တဲ့အချိန် သိရပါမယ် ဘုရား)။

ခန္ဓာကပေါ်တဲ့အချိန် သိရမယ်ဆိုတာဖြင့် ယနေ့ ရှင်းရှင်း လင်းလင်း မှတ်ပါ။ သိလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ နဂိုကလဲ ခံန္ဓာ ထဲက ဖြူစင်နေတော့ ခန္ဓာထဲမှာ ဖြူစင်နေတဲ့ အချိန်မှာ ဒီအမှန် တရားကလေးဟာ သိတဲ့ဉာဏ်မှန်ကလေးသည်ကားလို့ ဆိုရင် ဟဒယဝတ္ထုပေါ်မှာ ဘယ်အချိန်မဆို သွားစွဲတာပဲ မစွဲဘူး လား (စွဲပါတယ် ဘုရား)။

အဲဒီ စွဲသွားတဲ့ ဉာဏ်ကလေးဟာကတော့ စာကလေးဟာ နောက်ကနေပြီး တွေးလိုက်တဲ့ အခါကျတော့ ဪ ဒါဘာပါလိမ့်မတုံး ဆိုလို့ရှိရင် မဂ်ပေါ်တာပါကလား (မှန်ပါ့)။

ဒါကလေးဟာ ဘာပါလိမ့် (မဂ်ပေါ်တာပါ) မဂ်ပေါ် လာတာ (မှန်ပါ့)။

ဦးဘကလေး ဘာပေါ်လာသတုံး (မဂ်ပေါ် လာတာပါ) မဂ်ပေါ်လာတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေးက ဒီလို မဂ်မှမပေါ်ဘဲကိုး (မှန်ပါ့) အခုတော့ မဂ်ပေါ်လာတာ (မှန်ပါ့)။

မဂ္ဂသစ္စာ

ဆင်းရဲတာ အမှန်သိတဲ့ ဉာဏ်ကလေးကတဲ့၊ ဟဒယဝတ္ထု ပေါ်ရောက်ပြီ မဂ်ပေါ်လာတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပြောင်းချင်တာအမှန်ကို သိတဲ့ဉာဏ်ကလေးကလဲ (မဂ်ပေါ်တာပါ) ဟဒယဝတ္ထုပေါ် ရောက်တယ်။ အဲဒီရောက်တဲ့ အမှန်ကလေးတော့ ဘာသစ္စာတုံး မဂ္ဂသစ္စာ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒီအမှန်ကလေး ရောက်တာကိုလဲ နောက်ကဉာဏ်နဲ့ သိ ပေးရမယ်။

ဒါ-ဘုန်းကြီးက စကားတတ်၊ ပညာတတ်လို့ တန်ဆာဆင်ပြောတာ မဟုတ်ဘူး၊ နောက်ပါဠိ ကိုးပြလိမ့်မယ်၊ ပါထွက် လာလိမ့်မယ် ဒီဥစ္စာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အခုသစ္စာဘယ်နှစ်ချက် သိသွားပလဲ (သုံး ချက်သိသွားပါပြီ ဘုရား)။

သုံး ချက်သိသွားပြီ

ဆင်းရဲတာအမှန်ကိုလဲ သိရမယ် ခင်တာအမှန်ကို (သိရပါမယ် ဘုရား)။

ဒါဖြင့် ဆင်းရဲတာအမှန်ဆိုတဲ့ဥစ္စာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)

ခင်တာအမှန်က (သမုဒယသစ္စာပါ)

ဒါ နှစ်ခုကိုသိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ခင်ဗျားတို့ သန္တာန် မဂ်မရောက်ပါနဲ့ဆိုလို့ ကိုဝ ရကိုမရ ဘူး (မရပါ ဘုရား)။

ဒါကြောင့် ဒီတရားမျိုးကို နာရမှ ဪ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဆိုက်နိုင်တယ်ဆိုတာက ဟဒယဝတ္ထုပေါ် ဖြူပြီးသား အပေါ်မှာ ဉာဏ်ချည်းသွားကိန်းတယ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကယ်မည့်သူ၊ ယူမည့်သဘော ဘယ်သူ မတုံးဆိုတာ မဂ္ဂင်ပဲ၊ မဂ်ဉာဏ်ပဲ ဒကာ ဒကာမတို့ တခြား သောတရား ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

နဂိုတုန်းက အပါယ်ရောက်အောင် လုပ်နေတာတွေ ဟဒယဝတ္ထုပေါ် အမည်းက အညစ် အကြေးက ရောက်အောင် လုပ်နေတာ၊ အခုနိဗ္ဗာန်ရောက်အောင်ပို့မှာတော့ အဖြူကပို့မှာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက ပို့မယ်ထင်သတုံး (အဖြူကပို့ပါမယ်) အဖြူကပို့မှာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဪ နဂိုတုန်းက အမည် ကလေးတွေ တို့အိမ်ကလာတုံးက သားတွေခွဲလာခဲ့ရ၊ သမီးတွေ ခွဲလာခဲ့ရ၊ ဆေးလိပ်ကလေးသောက်ချင်တဲ့စိတ်နဲ့ လမ်းမှာ ညောင်း တာကလေးတွေ အင်း တရားမို့သာ လာရတယ်ဟေ့ မလွယ်ဘူး၊ မိုးရေထဲမှာဆိုတဲ့ စိတ်ပျက်လုံးကလေးတွေ ဆိုတဲ့ သမုဒယကလေးတွေ အခုချိန်မှာရှိသေးရဲ့လား (မရှိပါ ဘုရား) ခုနင်ကဉာဏ်ရောက်နေတဲ့အချိန်မှာ (မရှိပါ ဘုရား)။

နိရောဓသစ္စာ

အဲဒီသမုဒယချုပ်တာကလေးကလဲ ဪ အခု အချိန်မှာ သမုဒယ ချုပ်နေပါကလား ဆိုပြီးသကာလ မဖြစ်ဘဲ နဲ့ ချုပ်နေတဲ့သဘောက နိရောဓသစ္စာ။

မဖြစ်ဘဲနဲ့ ချုပ်နေတဲ့ သဘောက (နိရောဓသစ္စာ ပါ ဘုရား)။

အဲဒီလိုသိတာ မှတ်လိုက်ကြစမ်းပါ ဒကာ ဒကာမတို့တဲ့ ‘‘ဒီအချိန်မှာ သစ္စာလေးပါးသိတဲ့ သစ္စဉာဏ်ရပါတယ်။”

သစ္စာလေးပါး ပြည့်သွားပြီ မပြည့်သေးဘူးလား (ပြည့်ပါပြီ ဘုရား)။

သစ္စာလေးပါး သိတာဘာတဲ့ (သစ္စဉာဏ်ရပါပြီ ဘုရား)။

ဒါဖြင့် ဆင်းရဲတာ အမှန်ကိုသိတာက ဆင်းရဲတာအမှန် က ဒုက္ခသစ္စာ သိတာက (မဂ္ဂသစ္စာပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်တာအမှန်ကို သိတာက ခင်တာအမှန်က (သမုဒယသစ္စာ) သိတာက (မဂ္ဂသစ္စာပါ) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ရှေးက ခင်တာတွေဟာရှိတယ်၊ အခုအချိန်မှာတော့ဖြင့် ခင်လုံးတွေမရှိဘူးလို့ သိသွားတဲ့ဥစ္စာကလဲ ခင်လုံးတွေ အခု အချိန်မှာ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတော့ ခင်လုံးချုပ် သွားတာက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား)။

သစ္စာလေးပါး ပြည့်သွားပြီ

အဲဒါသိလိုက်တာက (မဂ္ဂသစ္စာပါ ဘုရား)။ တစ်ခါတည်း ဒကာ ဒကာမတွေမှာတဲ့ သစ္စာလေးပါးကို တစ်ပြိုင်နက် ဉာဏ်ကသိသွားတယ်၊ ဉာဏ်ကသိသွားတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သို့သော်လဲတဲ့ ဒီဟာ သစ္စဉာဏ်ဖြစ်နေတော့ ဉာဏ်ဓား တုံးသေးတယ်လို့ မောင်နိုင်က မှတ်လိုက်စမ်းပါ။ ဘာတဲ့တုံး (ဉာဏ်ဓားတုံးပါသေးတယ် ဘုရား)။

ဉာဏ်ဓားတုံးသေးတော့ ဒကာ ဒကာမတို့ အဆုံးကျ အောင် သူမနိုင်သေးဘူး (မှန်ပါ့)။

ဒါကြောင့် ပဋိသမ္ဘိဒါမဂ်က “ဧတ္ထ ဣဒံ ဒုက္ခံ ဣဒံ ဒုက္ခသမုဒယံ ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါတိ ယထာဘူတံ ဉာဏံ သစ္စဉာဏံနာမ’’

ယထာဘူတံ= ဟုတ်တိုင်းမှန်စွာ ခန္ဓာထဲမှ ဆင်းရဲတာအမှန်ကိုလဲ ခန္ဓာထဲကပဲ သိရမယ် စာသိသိနေ – လို့တော့ မရဘူးကွ ယထာဘူတ ပါနေတာကိုး (မှန်ပါ့)။

“ဣဒံ ဒုက္ခနိရောဓံ ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါတိ အရိယသစ္စံ ယထာဘူတဉာဏံ သစ္စဉာဏံ နာမ’’ ယထာဘူတ ထည့်ဦးကွတဲ့၊ ဒီအကိုးအကားကို စာထဲ ရေးထားတာလောက် မယူနဲ့တဲ့ မင်းတို့သန္တာန်ပေါ်တုံးကို သိဖို့အရေးကြီးတယ်။

အခုဟာ ပြောနေတာက ပေါ်တုံးပြောနေတာ။

ခင်ဗျားတို့ ပြောင်းတယ်ဆိုလို့ရှိရင်ဖြင့် ဆင်းရဲတာ အမှန် ပဲ မသိဘူးလား (သိပါတယ်) အဲဒါမျိုးတုံးသိတယ် ဒါ ဟုတ်တိုင်းမှန်စွာသိတာ။

စာမှာသိတာက မှတ်ထားတာသိတာ (မှန်ပါ့) မကွာဘူး လား (ကွာပါတယ် ဘုရား)။

ဒါက ဘာဉာဏ်တုံးလို့ မေးတော့ ယထာဘူတ ဟုတ်တိုင်း မှန်စွာ ဆင်းရဲတုံးကိုသိလိုက်တယ်။

ဒကာ ဒကာမတို့ ဘယ်အချိန်သိလိုက်တာတုံး (ဆင်းရဲတုံးကို သိလိုက်ပါတယ်) ဆင်းရဲတုန်းကို သိရမယ် သဘောပါကြပလား (ပါပါပြီ ဘုရား)။

တစ်ခါ ပြောင်းချင်တဲ့သဘောကလေးကလဲတဲ့ ဒကာ ဒကာမတို့ တဏှာသမုဒယကလေး မဟုတ်ဘူးလားဗျာ။ ဟ ဘယ့်နှယ်ကြောင့်တုံးလို့ဆိုတော့ ဪ ခင်လွန်း လို့ပေါ့ဘုရား။

အဲဒီခင်တာအမှန်ကလေးကိုလဲ ခင်ဗျားတို့က ဘာလုပ် ရမလဲ (သိရပါမယ် ဘုရား)။

ဒါဖြင့် ခင်တာအမှန်က ဘာသစ္စာတုံး (သမုဒယ သစ္စာပါ) သိတာက (မဂ္ဂသစ္စာပါ) နေရာကျပြီ။

အဲဒီတော့ ဒကာ ဒကာမတွေတဲ့ ခင်တာ အမှန် ကလေးလဲ သိသွားပြီတဲ့ အခုသိတဲ့အချိန်မှာ ခင်တတ်တဲ့ သဘော ကလေးဟာက မဂ်ဉာဏ်လာတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိတော့ ခင်တဲ့သဘောကလေး ချုပ်သွားတာကိုလဲ သိရ ဦးမယ် အဲဒီ ချုပ်သွားတာကလေးက ဘာသစ္စာတုံး (နိရောဓသစ္စာပါ ဘုရား) အဲ ချုပ်မှန်းသိတာကလေးက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် သစ္စာလေးပါးကို ခင်ဗျားတို့ သစ္စဉာဏ်နဲ့ သိပါပြီ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာလေးပါး မသိသေးဘူးလား (သိပါပြီ ဘုရား) ဒါ ဘာဉာဏ်ခေါ်ကြမလဲ (သစ္စဉာဏ်ပါ ဘုရား)။

အဲဒီတော့ စာဖတ်တာနဲ့ ကိုယ့်ခန္ဓာဖြစ်စဉ်အတွေ့နဲ့ ကိုပေါ် ကို အတော်ခြားနားတယ် (ခြားနား ပါတယ် ဘုရား)။

စာသိနှင့် ကိုယ်တိုင်အသိ

စာဖတ်တာက ဟဒယဝတ္ထုပေါ်ဖတ်တာမှ မဟုတ်ဘဲ ဟဒယဝတ္ထုပေါ် ကိလေသာ အညစ်အကြေးနဲ့ ငါ သူများ မော်ရအောင်၊ ကြွားရအောင်၊ လူပုံအလယ်မှာ ပြောရအောင် ဆိုပြီး ဟန်နဲ့ ဖတ်ချင်ဖတ်နေတာ မဟုတ်ဘူးလား။

ကြွားလုံး ဝါးလုံးကို အလိုရှိလို့ ဖတ်ချင်ဖတ်နေတော့ – အညစ်အကြေးနဲ့ ဖတ်ချင်ဖတ်နေတာ။ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) ဒီလိုတော့ မဖြစ် နိုင်ဘူးတဲ့ ဒါတော့ဖြင့် အညစ်အကြေးဖြူတုန်းကို သစ္စာသွင်းရတာကိုး (မှန်ပါ့) သူ့ဟာက အညစ်အကြေးနဲ့ သစ္စာရှာနေတာ။

အဲဒီတော့ သစ္စာအစစ်တွေ့ပါ့မလား (မတွေ့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တော်တော်ကြာ ထပ်တောင်ညစ်သေးတယ် ငါပြော တာ မဟုတ်ရမလားဆိုတော့ အညစ်အကြေး ထူရတဲ့အထဲ ထပ်ပြီး ငြင်းပြန်တော့ ကိုဝ ဒီထက်ဆိုးသွားတယ်။

ကြေးဖလား ဈေးကဝယ်လာပြီးသကာလ ဖုန်တွေထဲ ထိုး ထားတော့ ညစ်သထက်ညစ်တာပေါ့ ဒီလို မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီနေ့ဘယ်ဉာဏ်ရပါလိမ့် (သစ္စဉာဏ်ရပါ တယ် ဘုရား)။

အဲ-သစ္စဉာဏ်ဟာ အခုပြောင်းတိုင်း ပြောင်းတိုင်း ခင်ဗျား တို့ လေးဉာဏ် လေးဉာဏ် ရ-ရမယ်။

ဣရိယာပုထ်ပြောင်းတိုင်း ပြောင်းတိုင်း (လေးဉာဏ် ရရပါမယ် ဘုရား)။

အထည်ကြီးက ဒုက္ခသစ္စာ (မှန်ပါ့) ပြောင်းချင်တဲ့ သဘော က (သမုဒယသစ္စာပါ ဘုရား) ပြောင်းမှန်းသိတာက (မဂ္ဂသစ္စာပါ ဘုရား) ပြောင်းမှန်းသိလို့ သမုဒယချုပ်သွားတာက (နိရောဓ သစ္စာပါ)။

ဒီလို ဒီလို သိပေးလို့ရှိရင်ဖြင့် ဒီအသိလေးချက်ဟာ ခန္ဓာ ကိုယ်ထဲမှာ တစ်ခါတည်း ဖြူနေတုန်းကို သွားပြီး ဆေးစွဲတာပဲ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဆေးစွဲတော့ ဒကာ ဒကာမတို့ သစ္စဉာဏ်က ဆေးစွဲပြီ (မှန်ပါ)။

မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်ဉာဏ်က ဆေးစွဲပါလိမ့် (သစ္စဉာဏ်က ဆေးစွဲပါတယ် ဘုရား)။

ဘဝင်စိတ်ဆိုတာ ပင်ကိုက ဖြူနေပါတယ်

အဲ သစ္စဉာဏ်က ဆေးစွဲပြီနော် ဘာကြောင့် တုံးဆိုတော့ စိတ်တွေဟာ ဘဝင်စိတ်ပဲ နဂိုက အခံရှိနေတယ်၊ ဘဝင်စိတ်ပေါ်မှာ မဂ္ဂသစ္စာပဲသွားပြီး ဆေးစွဲတယ်။

ဘဝင်စိတ်ဆိုတော့ ပင်ကိုက ဖြူနေပါတယ် ခင်ဗျား တို့ အိပ်တဲ့စိတ်ပါ၊ အိပ်တဲ့စိတ်ဟာ ကိုပ မဖြူစင်ဘူးလား (ဖြူစင်ပါတယ် ဘုရား)။

အိပ်ပျော်နေတဲ့ ဘဝင်စိတ်ဟာ ဒကာ ဒကာမတို့ သူဟာ ရှူ ရှိုက်မှုအလုပ်ပဲ လုပ်တယ် ထမင်းစားချင်တဲ့ သဘောပါသလား (မလာပါ ဘုရား) သူတစ်ပါးရွဲ့ချင် စောင်းချင် တဲ့သဘော (မလာပါ ဘုရား)။

ဒါဖြင့် အဲဒီ ရှူတဲ့ ရှိုက်တဲ့စိတ်ဟာ အိပ်တဲ့ဘဝင်စိတ်က လပ်နေတော့ ကိုဝ ဖြူမဖြူ (ဖြူပါတယ် ဘုရား) လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေး လာသေးရဲ့လား (မလာ ပါ ဘုရား)

အဲဒီဖြူတဲ့အချိန်မှာ ခွေးဆိုးပါ ဖြူတဲ့ အချိန်မှာ သစ္စဉာဏ်သွင်းပေး။

ဒါဖြင့် ဖြူနေတုန်းကို ဉာဏ်နဲ့ဆေးဆိုး။

မောင်နိုင် ဘယ်အချိန်မှာတုံး (ဖြူတဲ့အချိန်မှာ ဆေးဆိုး ရပါမယ် ဘုရား)။

ဖြူတဲ့အချိန်မှာ ဉာဏ်နဲ့ ဆေးဆိုးရမယ်ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား)။

ထမင်းဆာတယ် ဆိုပါစို့

အဲ တစ်ခေါက် ပြန်ပြောရဦးမယ်တဲ့ ခင်ဗျားတို့လဲ ထမင်းဆာလာတယ် ဆိုကြပါစို့။

ထမင်းဆာ လာတော့ ထမင်းဆာလာတာ သုခလား ဒုက္ခလားလို့ ကိုပေါ် မေးဖို့ မလိုပါဘူး (မလိုပါ ဘုရား)။

ဆာလောင်မွတ်သိပ်တဲ့ဒုက္ခပဲ ဪ ဒါကလေးဟာ ခန္ဓာကိုယ်ထဲက ဘာသစ္စာပြသတုံး (ဒုက္ခသစ္စာ ပြပါတယ် ဘုရား)။

ဒုက္ခသစ္စာ

အဲ ဆာလာလို့ရှိရင် ဪ ဒုက္ခသစ္စာပြုပြန် ပြီဆို-တဲ့ ဉာဏ်ကလေးနောက်ကလိုက် သဘောကျပလား (ကျပါတယ် ဘုရား)။

ဆာတဲ့ရုပ်ကလေးဟာက တစ်ခါတည်း ညှိုးနွမ်းမလာဘူး လား (လာပါတယ် ဘုရား)။

အဲဒီညှိုးနွမ်းတဲ့ ရုပ်ကလေးသည်ကားလို့ဆိုရင် ဘာ သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာပဲဆိုပြီး သကာလ သူက ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

သမုဒယသစ္စာ

အဲဒီတော့ ဒကာ ဒကာမတွေ ဒီအချိန်မှာ ဆာပြီးသည်နဲ့ တစ်ပြိုင်နက်တည်း ကျွေးဦးမှဆိုတဲ့ သမုဒယသစ္စာလာလဲ မြန်မြန် သိအောင်လုပ်ပေး။

ကျွေးဦးမှာထင်ပါရဲ့ဆိုတော့ ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား)။”

ငါ့မှာ သမုဒယသစ္စာလာပြန်ပြီလို့ မဂ်ကသိပေး (ရှင်းပါပြီ) သစ္စာဘယ်နှစ်ပါး ပိုင်သွားသလဲ (နှစ်ပါးပိုင်သွားပါပြီ ဘုရား)။

နိရောဓသစ္စာ

သိနေတဲ့ အခိုက်အတန့်မှာပဲတဲ့၊ သိနေတဲ့ အချိန်ကလေး ဟာ ဆာလောင်မွတ်သိပ်တဲ့စိတ် ရှိသေးရဲ့လား (မရှိပါ ဘုရား) ဟာ – ဒါကလေးဟာ ဘာပါလိမ့် (နိရောဓသစ္စာပါ ဘုရား) နိရောဓသစ္စာကိုလဲ သိပေးပါနော် ဆာလောင် ၊ မွတ်သိပ်တဲ့စိတ် ချုပ်သွားပြီလို့ သိပေး။

မဂ္ဂသစ္စာ

အဲဒီလို သိပေးတာက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား) ချုပ်သွားတာက နိရောဓသစ္စာ၊ သိတာက မဂ္ဂသစ္စာ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဟာ ခင်ဗျားတို့ ဣရိယာပုထ် တစ်ခုတစ်ခု ပေါ် တိုင်း၊ ပေါ်တိုင်းပေါ့ဗျာ သိနေမယ်ဆိုလို့ ရှိရင် သစ္စာ လေးချက်ကို ပေါ်တိုင်းပေါ်တိုင်း သိတယ်။

သစ္စဉာဏ်

ပေါ်တိုင်းပေါ်တိုင်း သိတော့ ဒါ-သစ္စာကို သိနေသောကြောင့် ဘာဉာဏ်ခေါ်ကြမယ် (သစ္စဉာဏ်ပါ ဘုရား) သစ္စာ သိနေသောကြောင့် (သစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ကို မတက်နိုင်ဘူး ဒကာ ဒကာမတို့ သစ္စာ သေချာအောင် ပြောနေရတာနဲ့ ရိပ်မိပလား (ရိပ်မိပါပြီ) သစ္စာက ပေါ်တိုင်းပေါ်တိုင်း သိမှသာလျှင် သစ္စဉာဏ် ဖြစ်မှာ ကိုးဗျ (မှန်ပါ့) စာထဲရှိတာကို သိနေလို့ သစ္စဉာဏ်က (မဖြစ်ပါ ဘုရား)။

ဒါဖြင့် စာထဲမှာ ဒုက္ခသစ္စာရှိသလား (မရှိပါ ဘုရား) စာထဲမှာ သမုဒယ သစ္စာရှိသလား (မရှိပါ ဘုရား) စာထဲမှာ နိရောဓသစ္စာရှိသလား (မရှိပါ ဘုရား) စာထဲမှာ မဂ္ဂသစ္စာ ရှိသလား (မရှိပါ ဘုရား)။

မရှိပါဘူး၊ ရှိတာ ဘာတွေတုံး ဆိုတော့ မှတ်တမ်း တွေပဲရှိလိမ့်မယ်၊ သစ္စာ အမှန်တွေတော့ မရှိဘူး သဘော ကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲက ဒုက္ခသစ္စာ အမူအရာ ပြောင်းတိုင်း ပြောင်းတိုင်း ခင်ဗျားတို့ သိပေးနေလို့ရှိရင်ဖြင့် ဒါ သစ္စဉာဏ် ဧကန်ရတာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ။

ဉာဏ်ကတော့ဖြင့် ဒကာ ဒကာမတို့ သမုဒယသစ္စာ ပေါ်တိုင်း သိပြန်လဲ မဂ္ဂသစ္စာပဲ၊ ဒုက္ခသစ္စာပေါ်တိုင်း သိပြန်ကော (မဂ္ဂသစ္စာပါ ဘုရား) သမုဒယချုပ်တိုင်း သိပြန်ကော

(မဂ္ဂသစ္စာပါ ဘုရား) သမုဒယချုပ်တိုင်း သိပြန်ကော (မဂ္ဂသစ္စာ ပါ ဘုရား) အဲ – သစ္စာလေးပါး မပြည့်သေးဘူးလား (ပြည့် ပါတယ် ဘုရား)။

ချုပ်တိုင်းသိတာက ချုပ်တာက နိရောဓသစ္စာ သိတာ က မဂ္ဂသစ္စာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလိုသိတဲ့ဉာဏ်ကို ဘာဉာဏ်ခေါ်ကြမလဲ (သစ္စ ဉာဏ်ပါ ဘုရား) သစ္စဉာဏ်ပဲရှိသေးတယ် ကိစ္စဉာဏ်အလုပ်ကို မလုပ်ရသေးဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ ကိစ္စဉာဏ်ပြောကြစို့။

သာဓု သာဓု သာဓု။