ဝေဒနာနုပဿနာ အမှတ်(၃)

ဝေဒနာနုပဿနာ အမှတ်(၃)

ဝေဒနာခြောက်မျိုး

ဝေဒနာကမ္မဋ္ဌာန်းကို ဒကာ ဒကာမတို့ ပြတော့မယ်၊ သတိထားပါ၊ သောမနဿ ဝေဒနာက နှစ်မျိုး၊ သောမနဿ ဝေဒနာက ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ဒေါမနဿဝေဒနာကလဲ နှစ်မျိုးပဲ လို့ မှတ်ထားလိုက် စမ်းပါ။ ဥပေက္ခာ ဝေဒနာကော နှစ်မျိုးပဲလို့ မှတ်ထားလိုက်စမ်း ပါ ဒကာ ဒကာမတို့။

ကိုင်း ဒါ အားထုတ်ရမည့် တရားဖြစ်သောကြောင့် အသေကို လွတ်အောင် လုပ်ရမည့် တရားက၊ တဏှာသတ်မှ အသေလွတ်မှာဖြစ်လို့ “ဝေဒနာပစ္စယာ တဏှာ” ဆိုတော့ ဝေဒနာမှ မသတ်ရင်လဲ အားလုံး၊ တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ တဏှာသေပါ့မလား (မသေပါ ဘုရား) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ဟော ဝေဒနာသာရှိရင် တဏှာလာမယ်၊ သေချာကြပလား (သေချာပါတယ် ဘုရား) ကိုင်း ဘုရားကပဲ ဟောလိုက်တယ်၊ ဝေဒနာနိရောဓာ (တဏှာ နိရောဓောပါ ဘုရား)။

ဝေဒနာမရှုရင် တဏှာမသေဘူး

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခုနကဖြေခဲ့တဲ့ ဆရာဘုန်းကြီးပြောဆိုတဲ့စကားအတိုင်း နိဗ္ဗာန်လိုချင်ရင် တဏှာ သတ်မှ ရမယ်ဆိုတဲ့ဥစ္စာသည် ဪ ဒီဝေဒနာကို မရှုလို့ရှိ ရင် တဏှာ ကဖြင့် ဘယ်နည်းနဲ့မှ မသေဘူး၊ ဝေဒနာ ဝင်တိုင်းသာ သာယာနေကြမယ်ဆိုရင် ဝေဒနာ, ပစ္စယာ ဘာလာမယ် (တဏှာ လာပါမယ် ဘုရား)။

ကောင်းပြီ၊ ဝေဒနာကို ကျုပ်တို့က ဝိပဿနာရှုကြပါစို့ ဆိုတော့ ဝေဒနာနိရောဓော (တဏှာ နိရောဓောပါ ဘုရား)

ဪ “ဝေဒနာနိရောဓာ တဏှာနိရောဓော” ဆိုတော့ တဏှာ သေချင်ရင် ဝေဒနာရှု၊ ရှင်းကြပလား (ရှင်းပါပြီ) တဏှာ သေချင်ရင် (ဝေဒနာရှုရပါမယ် ဘုရား) ဝေဒနာရှုရမယ်ဆိုတာ က ဒကာ ဒကာမတို့ သဘောပါကြပလား (ပါပါတယ် ဘုရား)။

သို့သော် သက္ကပဥသုတ်မှာ ဟောတော်မူတဲ့ ဝေဒနာ သည် သောမနဿ ဝေဒနာကလဲ နှစ်မျိုး (မှန်ပါ) ဒေါမနဿ ဝေဒနာကော (နှစ်မျိုးပါ ဘုရား) ဥပေက္ခာဝေဒနာကော (နှစ်မျိုးပါ ဘုရား) နှစ်မျိုးလို့ မှတ်ထားစမ်းပါ ဒကာ ဒကာမတို့ (မှန်ပါ့) ဝေဒနာ ဘယ်နှစ်မျိုးစီ ရှိပါလိမ့် (နှစ်မျိုးစီ ရှိပါတယ် ဘုရား)။

နှစ်မျိုးစီရှိပြီး သကာလနေတော့ ဒီဝေဒနာတွေကို ဒကာ ဒကာမတွေ၊ ရှေးတုန်းက ဘုန်းကြီး ပြောခဲ့တာက သုခ ဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာလို့ ဝေဒနာ သုံးမျိုးတည်းပဲ ဟော ခဲ့တယ်နော် (မှန်ပါ့)။

သက္ကပဉှသုတ်အလို ခြောက်မျိုး

ဒီသက္ကပဉှသုတ် ကျပြန်တော့လဲ ခြောက်မျိုးလို့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ဟောပြန်တယ်၊ ဝေဒနာတော့ စု လိုက်တဲ့အခါကျတော့ သုခ, ဒုက္ခ, ဥပေက္ခာပဲရှိပါတယ် (မှန်ပါ့) ဦးခင်မောင် ဘာရှိသတုံး (သုခ, ဒုက္ခ, ဥပေက္ခာပဲ ရှိပါတယ်) ပေါင်းလိုက်တော့ (သုခ, ဒုက္ခ, ဥပေက္ခာပဲရှိပါ တယ်)။

သို့သော်လဲ သုခနဲ့ သောမနဿ အတူတူထားလိုက်၊ အဲဒီတော့ သောမနဿ ဝေဒနာ ကလဲ နှစ်မျိုးကွ လို့၊ ဘုရားက ဒီနေရာမှာ ဟောထားတယ် (မှန်လှပါ) ဒေါမနဿ ဝေဒနာကော (နှစ်မျိုးပါ ဘုရား) ဥပေက္ခာ ဝေဒနာကော (နှစ်မျိုးပါ ဘုရား)။

ကောင်းပြီတဲ့ ဝေဒနာ အခုပြထားတော့ သောမနဿက နှစ်မျိုး၊ ဒေါမနဿကနှစ်မျိုး၊ ဥပေက္ခာက နှစ်မျိုးဆိုတော့ ဒကာ ဒကာတို့ ခြောက်မျိုး မနေဘူးလား (မှန်ပါ ဘုရား) ခြောက်မျိုး ပေမယ့် သောမနဿဆိုတော့ သောမနဿချင်းအတူတူပါပဲ၊ ဒေါမနဿချင်းကော (အတူတူပါ ဘုရား)။ ဥပေက္ခာချင်းကော (အတူတူပါ ဘုရား) အတူတူပါပဲ တဲ့၊

သို့သော် ဘယ့်နှယ်ကြောင့် မြတ်စွာဘုရားသည် ဤနေရာမှာ သောမနဿ နှစ်မျိုး၊ ဒေါမနဿနှစ်မျိုး၊ ဥပေက္ခာနှစ်မျိုးထားပြီး ဟောပါလိမ့် မလဲလို့ ဆိုတဲ့ဥစ္စာက၊ ဒကာ ဒကာမတို့ ယနေ့ ရှင်းပြပါတော့ မယ် (မှန်ပါ့)။

ဒါကြောင့် နှစ်မျိုးပြောလာတာ

သောမနဿက ခင်ဗျားတို့ အပါယ်ကျစေတတ်တဲ့ သောမနဿတစ်မျိုး သဘောကျပလား (ကျပါပြီ) အပါယ်မကျ စေတတ်တဲ့ သောမနဿက တစ်မျိုးပါ၊ အပါယ်ကျစေတတ်တဲ့ သောမနဿက (တစ်မျိုးပါ)။

ဪ ဒါကြောင့် နှစ်မျိုး ပြောလာတာကိုး (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ) သောမနဿက အပါယ်ကျစေတတ်တဲ့ (သောမနဿတစ်မျိုး)၊ အပါယ်မကျစေတတ်တဲ့ (သောမနဿ တစ်မျိုး) ဘယ်နှစ်မျိုးရှိသွားပြီလဲ (နှစ်မျိုးပါ ဘုရား)။

ကဲ ဒါဖြင့် ဒေါမနဿကလဲ တစ်ခါ လုပ်ကြဦးစို့၊ အပါယ်ကျစေတတ်တဲ့ ဒေါမနဿက (တစ်မျိုးပါ)၊ အပါယ်မကျ စေတတ်တဲ့ ဒေါမနဿက (တစ်မျိုးပါ ဘုရား)။

ဖြုန်းခနဲဆိုတော့ နားထဲမှာ ဆန်းသွားတယ် (မှန်ပါ့) ဒေါမနဿဆိုရင် အပါယ်ကျတာ ချည်းပဲလို့ ဒီလိုပဲ မှတ်ချင်မှတ် လိမ့်မယ်နော် နောက် ရှင်းပြပါမယ် တဲ့။ ဒါသေသေချာချာ မှတ်ကြပါ၊ ဖြစ်ကောင်းတဲ့ ဒေါမနဿ ရှိပါသေးတယ် (မှန်ပါ့)။

ဥပေက္ခာကလဲ ဒကာ ဒကာမတွေ ဒီအတိုင်းပဲ အပါယ် ကျစေတတ်တဲ့ ဥပေက္ခာတစ်မျိုး၊ အပါယ်မကျစေတတ်တဲ့ (ဥပေက္ခာတစ်မျိုးပါ ဘုရား) ဒါ သေသေချာချာ မှတ်ပါ။ ဒီတရား ကို ယနေ့မှပဲ စ,ပြီး အရင် ဒကာ ဒကာမတွေ နာနေတဲ့ တရားနဲ့ ဪ ဒါသက္ကပဥသုတ်မှာ ဟောပြန်လို့ ခွဲလာတာကိုးလို့ ဆိုတာ ဒကာသစ်တို့ ဦးခင်မောင်တို့ တရားတစ်ပွဲလုံး မှတ်ကြစမ်း ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ပြန်မေးရမယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ မသေရာရှာတာ ဒီဝေဒနာတွေနဲ့ ရှာရမှာ ဖြစ်နေတော့ ဒီအားလုံးမှာ ဝေဒနာချည်းပါပဲနော်၊ (မှန်လှပါ ဘုရား) အဲဒီ ဝေဒနာကို ဒကာ ဒကာမတွေက သောမနဿ ဝေဒနာကတော့ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) အပါယ် ကျစေတတ်တာ (တစ်မျိုးပါ ဘုရား)။ အပါယ်မကျစေတတ်တာ (တစ်မျိုးပါ ဘုရား)။

ဒေါမနဿကလဲ (နှစ်မျိုးပါ ဘုရား) အပါယ်ကျစေတတ် တာ (တစ်မျိုးပါ ဘုရား) အပါယ်မကျစေတတ်တာ (တစ်မျိုးပါ ဘုရား) ဥပေက္ခာကလဲ (နှစ်မျိုးပါပဲ ဘုရား) အပါယ်ကျစေ တတ်တာက (တစ်မျိုးပါ ဘုရား) အပါယ်မကျစေတတ်တာက (တစ်မျိုးပါ ဘုရား) ဒီလိုကြည့်ပါ၊ သိကြားမင်းရတဲ့ ဝေဒနာကို ဒီလိုခွဲတယ်၊ သဘောပါကြပလား (ပါ, ပါတယ် ဘုရား)။

ဝေဒနာဘယ်ဘက်လှည့်နေသလဲ၊ သောမနဿပေမယ့် လဲ အပါယ်ကျတဲ့ သောမနဿ၊ အပါယ်မကျတဲ့ သောမနဿ။

ဒေါမနဿကလဲ အပါယ်ကျတဲ့ဒေါမနဿ၊ အပါယ်မကျ တဲ့ ဒေါမနဿဆိုတော့ ဦးခင်မောင်တို့ နားထဲတော့ ခပ်ဆန်း ဆန်းဖြစ်ချင်လဲ ဖြစ်သွားမယ် (မှန်ပါ့) ဒေါမနဿဆို အပါယ် သွားတာချည်းပဲကွ၊ ဒီလို ယူလဲ ယူပစ်ကြလိမ့်မယ်နော် (မှန်ပါ့) ဒီလို မယူနဲ့ တဲ့။

ဥပေက္ခာထဲကလဲ အပါယ်ကျစေတတ်တဲ့ ဥပေက္ခာနော် (မှန်ပါ) အပါယ်မကျစေတတ်တဲ့ (ဥပေက္ခာ) ဒီလို မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အပါယ်ကျစေတတ်တဲ့သောမနဿ

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ရှင်းပြီး သကာလ ပြပါတော့မယ်၊ ဒီ သောမနဿ ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်း ချောချောလှလှ ယဉ်ယဉ်ကျေးကျေး နူးနူးညံ့ညံ့ ကလေးတွေ ကိုင် တွယ်ရ မြင်ရတဲ့ အခါကျတော့ လိုချင်တဲ့ သောမနဿ မလာဘူးလား (လာပါတယ် ဘုရား) လောဘသော မနဿ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ သောမနဿမျိုးကျတော့ ဘယ်လိုဆုံးဖြတ်ချက်ချ ပါမတုံးဆိုတော့ လိုချင်တဲ့ သောမနဿမျိုး ဖြစ်တော့ ဒါတဏှာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား) တဏှာလာလို့ရှိရင် ပဋိစ္စသမုပ္ပာယ် ဆက်ကြပေတော့ ဥပါဒါန်, ကံ, ဇာတိ, မရဏဆို တော့ အပါယ် ဇာတိ, ဇရာ, မရဏပဲ၊ ထားလိုက်ပါတော့ ဒကာ ဒကာမတို့။

ဪ ဒီသောမနဿမျိုး ကျတော့လောဘ သောမနဿမျိုးကျတော့ အပါယ် ကျစေတတ်တဲ့ သောမနဿမျိုး၊ ရှင်းကြပလား (ရှင်းပါပြီ) ဒါ အပါယ်ကျစေတတ်တဲ့ သောမနဿ မျိုးဆိုတာ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပြန်ပြောပါဦး ဒါကလေး ရှင်းသွားအောင်နော် (မှန်ပါ့)

ကိုင်း အပါယ်ကျစေတတ်တဲ့ သောမနဿတစ်မျိုး၊ အပါယ်မကျစေတတ်တဲ့ သောမနဿ တစ်မျိုးရယ်လို့ နှစ်မျိုး ဘုရားက ဟောထားတဲ့ဥစ္စာ၊ အပါယ်ကျစေတတ်တာက ဘာပါ လိမ့်မလဲလို့ ဒကာ ဒကာမတွေကို ရှင်းလင်းပြီးပြရလို့ ရှိရင်ဖြင့် သိကြားမင်းကို ဘုရားရှင်းပေးတဲ့အတိုင်း ဘုန်းကြီး ရှင်းပေးနေ တယ်ဆိုတာကိုလဲ ဒကာသစ်တို့၊ ဦးခင်မောင်တို့ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

အပါယ်ကျစေတတ်တဲ့ သောမနဿက တစ်ခုသော အာရုံကို စိန်ကလေး, ကျောက်ကလေး, မြကလေး, တိုက်ကလေး, ကားကလေး အစရှိသည် မြင်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီပုံကလေး သဘောကျလိုက်တာ၊ ဒါကလေးရချင်လိုက်တာ ဆိုတော့ ဝမ်း မြောက်ဝမ်းသာနဲ့ပဲ ဦးခင်မောင် ရချင်တယ်ဆိုတာ ငြင်းဖို့လိုသေး လား (မလိုပါ ဘုရား) ဒါ ဘာသောမနဿလို့ ဆိုမတုံး (လောဘ သောမနဿပါ ဘုရား)။

လောဘ သောမနဿဆိုတော့ လောဘက တွဲမနေဘူး လား (တွဲနေပါတယ်) လောဘဆိုတာ တဏှာပဲ မဟုတ်လား (တဏှာပါ ဘုရား) အဲ တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါန် ဖြစ်သွားပြီနော် (မှန်ပါ့) ဥပါဒါနပစ္စယာ (ကမ္မဘဝပါ) ကမ္မဘဝပစ္စယာ (ဇာတိပါ) ဇာတိပစ္စယာ (ဇရာ မရဏပါ)။

ဇရာမရဏဆိုတော့ ဒကာ ဒကာမတွေ ယဉ်ကျေး ပြီးသားတွေ ဖြစ်နေတော့ ဒီသောမနဿ ဖြစ်ကောင်း, မဖြစ်ကောင်း (မဖြစ်ကောင်းပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒီသော မနဿသည်ကားလို့ ဆိုရင် အပါယ်ကျမှာ ဖြစ်လေသောကြောင့် ဖြစ်ကောင်းပါရဲ့ လား၊ (မဖြစ်ကောင်းပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အပါယ်မကျစေတတ်တဲ့သောမနဿ

ဪ ဒါဖြင့် အပါယ်မကျစေတတ်တဲ့သောမနဿ၊ နိဗ္ဗာန်ရောက်စေတတ်တဲ့ သောမနဿ ကျလာတော့လဲ ဒကာ ဒကာမတို့ ဒီလိုလုပ်ကြစို့၊ အာရုံကလေးတစ်ခုမြင်လိုက်တယ်။ မြင် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ အာရုံတစ်ခု ကို ဒီတရားဓမ္မတွေ ခန္ဓာ ကိုယ်ထဲမှာ ဝေဒနာဖြစ်စေ၊ စိတ်ဖြစ် စေ ဒကာ ဒကာမတို့ ဘုန်းကြီးသင်ထားတာက ဖြစ်ပြီး ပျက်တယ် လို့ ရှုပါလို့သင်မထားဘူးလား (သင်ထားပါတယ်)။

အဲဒါကလေးတစ်ချက် မိလိုက်တဲ့အခါကျတော့လဲ ဝမ်း မသာဘူးလား၊ (ဝမ်းသာပါတယ် ဘုရား) ဟ ဖြစ်ပျက် တစ်ချက်တော့မိပြီ၊ ဖြစ်ပျက်အနိစ္စ တစ်ချက်တော့ မိပြီဆိုတော့ ဝမ်းမသာ ဘူးလား (သာပါတယ် ဘုရား) အဲဒီ ဝမ်းသာတာ မျိုးဆိုတော့ ဝိပဿနာနဲ့ ဝမ်းသာတာ ဖြစ်နေ သောကြောင့် ဒကာသစ်တို့ ဦးခင်မောင်တို့ ဖြစ်ကောင်းတဲ့ သောမနဿ (မှန်လှ ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာအလုပ် လုပ်မှ ဖြစ်မှာ

ဒါက ဝိပဿနာအလုပ် လုပ်မှ ဖြစ်မှာပါကလား (မှန်ပါ့) ဒကာ ဒကာမတွေ ဘယ်လိုမှ ဖြစ်မှာပါလိမ့် (ဝိပဿနာအလုပ် လုပ်မှ ဖြစ်မှာပါ ဘုရား) အလုပ် လုပ်မှ ဖြစ်မှာပဲဆိုတာမသေ ချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ခုနက ကောင်းစားတာနဲ့ ဒီကောင်းစားတာနဲ့ မခြားနားဘူးလား (ခြားနားပါတယ် ဘုရား) ဒါဖြင့် လိုချင်ရချင်တဲ့ သောမနဿ ပဋိစ္စသမုပ္ပာဒ်ဆက်တယ်(မှန်ပါ့) တရားအားထုတ် လို့ ဝမ်းမြောက်တဲ့ သောမနဿမျိုးကျလာတဲ့အခါကျလို့ရှိရင် တရားကို မြင်လိုက်လို့ ဝမ်းမြောက်ပြီး သကာလ ဪ ဖြစ် ပျက်ကလေးတွေ မြင်ရတာ အနိစ္စရှိလို့ အနိစ္စသိရတာ ဝမ်းမသာ ဘူးလား (ဝမ်းသာပါတယ် ဘုရား)။

အနိစ္စရှိ၍ အနိစ္စသိရတာ ဝမ်းသာတဲ့အခါကျလို့ရှိရင် ဖြင့် ဒီဝမ်းသာလုံးကျတော့၊ ဒကာ ဒကာမတွေ ဘယ်နည်းနဲ့သူ အပါယ်သွားဦးမလဲ (မသွားပါ) တရားထဲများ ဖြစ်ပျက်ကလေး တွေ မြင်လို့ ဖြစ်ပျက်ကလေးတွေ မြင်လို့၊ ဖြစ်ပျက်ကလေးတွေ မုန်းတဲ့ဉာဏ် ကလေးတွေရလို့၊ အဖြစ်အပျက် အဆုံးကလေးတွေ မြင်လိုက်လို့ ဝမ်းသာတာကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီဝမ်းသာတာကလဲ သောမနဿပဲ မဟုတ်လား (မှန်ပါ့)

ဒီ သောမနဿကလေးကျတော့ ဒကာ ဒကာမတို့ဖြစ်ကောင်း ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဖြစ်ကောင်းတဲ့ သောမနဿ၊ မဖြစ်ကောင်းတဲ့ သောမနဿ

ဒါဖြင့် သောမနဿမှ ဘယ်နှစ်မျိုး ထားပါလိမ့်ဘုရားက (နှစ်မျိုးထားပါတယ် ဘုရား) ဖြစ်ကောင်းတဲ့ သောမနဿ (တစ်မျိုးပါ ဘုရား) မဖြစ်ကောင်းတဲ့ သောမနဿ (တစ်မျိုးပါ ဘုရား) နှစ်မျိုးနော် (မှန်ပါ့) သောမနဿ ဘယ်နှစ်မျိုးရှိပါလိမ့်(နှစ်မျိုးပါ ဘုရား) ဖြစ်ကောင်းတဲ့ သောမနဿ (တစ်မျိုးပါ ဘုရား) မဖြစ်ကောင်းတဲ့ (သောမနဿ တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဝိပဿနာမရှုဘဲနဲ့ လိုချင်, ရချင်လို့ သောမနဿ ကျတော့ ဘယ့်နှယ်ဆိုကြပါမယ် (မဖြစ်ကောင်းတဲ့ သောမနဿ ပါ) မဖြစ်ကောင်းတဲ့ သောမနဿ၊ အဘယ့်ကြောင့် မဖြစ်ကောင်း သတုံး ဆိုတော့ ပဋိစ္စသမုပ္ပာဒ် စက်ရဟတ်ကြီးလည်သောကြောင့် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)

ဘယ့်နှယ်ကြောင့် မဖြစ်ကောင်းပါလိမ့် (ပဋိစ္စသမုပ္ပာဒ် စက်ရဟတ် လည်သောကြောင့်ပါ) ပဋိစ္စသမုပ္ပာဒ် စက်ရဟတ်လည်သောကြောင့်ဆိုတာ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဖြစ်ကောင်းတဲ့ သောမနဿကတော့ ဒကာ ဒကမာတွေ တရားကလေး အားထုတ်လို့ အနိစ္စကလေး မြင်တဲ့ အတွက် ဝမ်းသာ၊ ဒုက္ခကလေး မြင်တဲ့အတွက် ဝမ်းသာ၊ အနတ္တမြင်တဲ့ အတွက် ဝမ်းသာပြီး သကာလ ဒုက္ခအဆုံးကလေး များ မြင်လိုက်လို့ ဝမ်းသာရတဲ့ အခါကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဝမ်းထဲမှာ အေးချမ်းပြီး သကာလ ဝမ်းထဲမှာ ဝမ်းမြောက် လို့မဆုံးဖြစ်နေတဲ့ အခါကော မရှိဘူးလား (ရှိပါတယ် ဘုရား) အရင်က မတွေ့ဘူးတဲ့ အာရုံ၊ တစ်သံသရာလုံးက အနိစ္စမမြင် ဘူး၊ ဒီအနိစ္စတွေ မြင်ရလို့ ဝမ်းသာလိုက်တာ ဆိုတာမျိုး ကျတော့ လဲ ဒီဝမ်းသာလုံးကလေးက ဖြစ်ကောင်း/ မဖြစ်ကောင်း (ဖြစ်ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဖြစ်ကောင်းပါလိမ့်မလဲ လို့ ဒကာ ဒကာမတွေ အမေး ထုတ်လို့ရှိရင်၊ ပဋိစ္စသမုပ္ပာဒ် ဖြတ်တဲ့ သောမနဿဖြစ်သောကြောင့် ဘုရားက ဖြစ်ကောင်း တယ်တဲ့၊ သောမနဿက ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား) ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဝိပဿနာရှုပုံကိုတော့ နောက်မှ ပြောကြပါစို့၊ ဒီခြောက်ခုကို ဘုရားဟောတဲ့ အတိုင်း နည်းနည်း ကလေး ရှင်းပါဦးမယ်နော် (မှန်ပါ့)။

ဒေါမနဿကလဲ ဒကာ ဒကာမတို့ မဖြစ်ကောင်း တဲ့ ဒေါမနဿတစ်မျိုး၊ ဖြစ်ကောင်းတဲ့ ဒေါမနဿ (တစ်မျိုးပါ) ရှင်းပလား (ရှင်းပါပြီ) ဒေါမနဿကလဲ ဘာတဲ့ (နှစ်မျိုးပါပဲ ဘုရား) ဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုးပါ ဘုရား) မဖြစ်ကောင်း တဲ့ (ဒေါမနဿတစ်မျိုးပါ ဘုရား)။

ဖြစ်ကောင်း, မဖြစ်ကောင်း ရှိသေးတယ်

ဪ ဒေါမနဿပေမယ့် ဦးခင်မောင်ရေ ဖြစ် ကောင်းမဖြစ်ကောင်းရှိပါသေးလား (မှန်ပါ့) ဖြစ်ကောင်း, မဖြစ် ကောင်း ရှိသေးတယ် ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ် သဘော ကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒီဒေါမနဿမဖြစ်ကောင်းတာကတော့ ဒီ ဘက်ကနေပြီး သကာလ ကိုယ်နဲ့ မတည့်တဲ့ ပုဂ္ဂိုလ် မြင်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်၊ မျက်နှာကလေး ရမ်းသွားလိုက်, မျက်စိ ကလေး ပါးကလေး ရမ်းပြီးသကာလ ကျောပေးနေလိုက်ဆိုတော့ ဒါဟာ ဖြစ်ကောင်း မဖြစ်ကောင်း စဉ်းစားစမ်းပါ (မဖြစ်ကောင်း ပါ ဘုရား)။

အဲဒီ ဒေါမနဿကျတော့ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ, အဝိဇ္ဇာ, သင်္ခါရအနေနဲ့ ပဋိစ္စသမုပ္ပာဒ်ဆက်, မဆက် (ဆက်ပါတယ် ဘုရား) ဒါ ဖြစ်ကောင်း, မဖြစ်ကောင်း (မဖြစ်ကောင်းပါ ဘုရား) မဖြစ်ကောင်းတဲ့ ဒေါမနဿ ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ ဖြစ်ကောင်းတဲ့ ဒေါမနဿကို ဘုန်းကြီး ရှင်းပါတော့မယ်၊ ရှင်းပေးမယ်၊ မဖြစ်ကောင်း တာကတော့ လူ တိုင်း သိပြီးသား ဆိုကြပါစို့နော် (မှန်ပါ့)။

ဖြစ်ကောင်းတဲ့ ဒေါမနဿ

ဖြစ်ကောင်းတဲ့ ဒေါမနဿကတော့၊ ဒကာ ဒကာမတွေ က အင်း ဟင် ငါတို့သည် အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပန်တည်ဖို့ အလုပ်ကို၊ ငါတို့သည် အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်ပျက်တွေရှုပြီး သကာလ နေတယ်၊ မြင်ကို မမြင်နိုင်သေးဘူး၊ ဘုရားကလဲ ဟောထားတာ ဖြစ်ပျက်မြင်ဖို့ အရေးကြီးတယ်၊ ဖြစ်ပျက်မုန်းဖို့ အရေးကြီးတယ်။ ထိုဖြစ်ပျက်ဆုံးဖို့ အရေးကြီး တယ်လို့ ဟောထားပါတယ်၊ ငါ့မှာတော့ မမြင်ဘူး၊ ခက်လေခြင်း ဆိုတော့ ဒါလဲ ဘာခေါ်ကြမလဲ (ဒေါမနဿပါ) ဒေါမနဿပဲ (မှန်ပါ့) ဒီ ဒေါမနဿမျိုးကျတော့ဖြစ်ကောင်းတယ် (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ့်နှယ့်ဆိုကြမယ် (ဖြစ်ကောင်းပါတယ် ဘုရား)။

အဲ ဪ အပါယ်လေးပါး တံခါးပိတ်တဲ့ အလုပ်ကြီး လုပ်နေတော့ အပါယ်လေးပါး တံခါးပိတ်ကြောင်းကိုပဲ ငါတို့သည်ကားလို့ဆိုရင် မမြင်သေးဘူး၊ အနိစ္စ မမြင်သေးဘူး ဖြစ်ပျက် မမြင်သေးဘူး၊ ခက်လိုက်တာဆိုတဲ့ တစ်ခါတလေ မလာ ကြဘူးလား (လာပါတယ် ဘုရား) အဲဒီ ဒေါမနဿမျိုး ကျတော့ ဘယ့်နှယ့်ဆိုကြမယ် (ဖြစ်ကောင်းပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒေါမနဿ ဘယ်နှစ်မျိုးထားကြမယ် (နှစ်မျိုးပါ ဘုရား) ဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုးပါ ဘုရား) မဖြစ်ကောင်းတဲ့ (ဒေါမနဿတစ်မျိုးပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) အဲဒါ သည်ကားလို့ ဆိုရင်ဖြင့်တဲ့ အဋ္ဌကထာဆရာက ဝတ္ထုထုတ်ပြီး သကာလ ပြတာကလေးကို နည်းနည်း မှတ်လိုက်ကြ တာပေါ့နော် (မှန်ပါ့ ဘုရား)။

မဟာသီဝမထေရ်

ဘုရားလက်ထက်က ဟို မဟာသီဝ ကိုယ်တော်ကြီး ဆိုတာရှိတယ်နော်၊ မဟာသီဝ ကိုယ်တော်ကြီး ဆိုတာက ဒကာ ဒကာမတို့ အင်မတန် စာပေကျမ်းဂန် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ကြီးလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့) ဖြစ်ကောင်းတဲ့ ဒေါမနဿဝတ္ထု ကို ထုတ်ပြတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ကောင်းတဲ့ ဒေါမနဿဝတ္ထုကို ဒကာ ဒကာမတွေ တိုတိုကလေး မှတ်ကြရအောင်နော် (မှန်ပါ ဘုရား)။

မဟာသီဝကိုယ်တော်ကြီးသည်ကားလို့ ဆိုရင် ကျောင်းပေါင်းငါးရာလောက် စာချနေတဲ့ ပုဂ္ဂိုလ်ကြီး ပါပဲ အင်မတန် စာပေကျမ်းဂန် တတ်ကျွမ်းတယ် (မှန်ပါ ဘုရား)။

သူ့တပည့်တွေက တောတွင်းမှာ ရဟန္တာဖြစ်ပြီး သကာလ နေကြလို့ တရားကျင့်ကြံ ကြိုးကုတ် အားထုတ်တာနဲ့ တပည့်တွေ က အဘိညာဉ်ပါရတာနဲ့၊ ငါတို့ ဆရာကြီးဟာ ရဟန်း ကိစ္စပြီးလေ ပလား၊ ရဟန္တာ ဖြစ်လေပလားလို့၊ သူတို့က အဘိညာဉ်နဲ့ ကြည့်လိုက်တယ်နော် (မှန်ပါ ဘုရား)။

ထိုကဲ့သို့ အဘိညာဉ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မှ ဘာမှ မဟုတ်သေးပါကလားလို့ ဆိုတာ သွားမြင်ကြတယ် (မှန်ပါ့) ဒါနဲ့ တောထဲက နေပြီး ရဟန္တာ မထေရ်က ကောင်းကင်က နေပြီး ကြွလာတယ် ဦးခင်မောင်ရေ (မှန်လှပါ)။ ကြွလာပြီးတော့ သူ့ရှေ့ မှာပဲဝတ်ချ၊ ဝတ်ချပြီးသကာလ ငါ့ရှင် ဘာလုပ်လာသတုံးလို့ မေးတော့ အနုမောဒနာတရားလေး တစ်ပုဒ်လိုချင်လို့ပါဘုရား လို့ လျှောက်လိုက်တယ်၊ ဟ ငါ့တပည့်ရ၊ ငါ့မှာအချိန် အား မရှိဘူးလို့ အမိန့်ရှိတယ်။

ဒါဖြင့်ဘုရား ဆွမ်းခံသွားမည့်အချိန် ဆွမ်းခံ မထွက်ခင်ကလေး သပိတ်ကလေး ဘာကလေး ပိုက်ပြီး ခဏရပ်တဲ့ အချိန် ကလေးမှာ မေးပါရစေ ဒီလိုလောက်တော့၊ ဒီအချိန်မှာလဲမရဘူး, မအားဘူးလို့ ပြောလိုက်တယ်။

ဒါဖြင့် အိပ်ရာမှထ, ထခြင်းကော မရဘူးလားဘုရား လို့ လျှောက်ပြန်တော့ မရဘူးကွ၊ ဒီအချိန်မှာပဲ သုတ္တန်ဆောင် ပုဂ္ဂိုလ်၊ အဘိဓမ္မာဆောင် ပုဂ္ဂိုလ်တွေက သူ့အချိန်နဲ့သူ ပေးထားလို့ အချိန်တွေ စေ့နေတယ်၊ ဘယ်အချိန်မှ မေးချိန်ကို မရနိုင်ဘူးလို့ ပြန်ပြောတယ် ဒကာသစ်ရေ၊ အချိန်တွေ ကုန်နေတယ် (မှန်လှပါ ဘုရား) သူ့မှာ ဖြေနေရတဲ့အချိန်နဲ့ မအားတာပေါ့ဗျာ (မှန်ပါ့)။

သေချိန်များမှရှိသေးရဲ့လား

ဒါနဲ့ တပည့် ရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်က အရှင်ဘုရား ဒီလိုဖြင့် သေချိန်များမှရှိသေးရဲ့လားလို့ ငါ့လုံးသုံးလုံးနဲ့ ပြော လိုက်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား) သေချိန်မှ ရှိသေးရဲ့ လား လို့ ငါ့လုံးသုံးလုံးနဲ့ ပြောလိုက်တယ်၊ ပြောပြီး သကာလ သံဝေဂရစေတော့လို့ ဆိုပြီး သကာလ ဒကာသစ်ရေ ကောင်းကင်ပဲ သူ့ရှေ့ပျံတက်သွားတယ် (မှန်လှပါ ဘုရား)။

ကောင်းကင်ပျံတက်သွားတယ် တဲ့၊ အဘိညာဉ်ရနေ တဲ့ ရဟန္တာ ပုဂ္ဂိုလ်ဖြစ်နေတော့ ကောင်းကင်ပျံ နိုင်တယ်လို့ ဒကာ သစ်တို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

တောထွက်သွားတယ်

အဲဒီလို ပျံပြီးသကာလ ဪ ဒီပုဂ္ဂိုလ် တယ်ထူးတဲ့ ပုဂ္ဂိုလ်ပါကလား၊ ငါ့ဆီ အနုမောဒနာ တရားတောင်းလာတာမှ ဟုတ်ပါရဲ့ လား၊ သတိပေးမလို့ လာတာနဲ့ တူတယ်၊ ငါကလဲကွာ၊

ဒီ ရဟန္တာဖြစ်ဖို့အလုပ်ဟာ မခဲယဉ်းပါဘူးဆိုပြီး သကာလ သူလဲ ပရိယတ်လုပ်ငန်းတွေကို စွန့်ပြီးသကာလ၊ ဒကာ ဒကာမတို့ တောထဲသွားပြီး တရားအားထုတ်တဲ့ အချိန်ကျတော့ သူ့စိတ်ထဲက ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ပြန်လာမယ် ဆိုပြီး ၁၃ရက်နေ့ လောက်မှာ ဦးခင်မောင်ရေ တောထွက်သွားတယ် (မှန်လှ ပါ) သုံးရက်လောက် အားထုတ်ရင် ရဟန္တာ ဖြစ်ပါတယ်။ မခဲယဉ်း ပါဘူးလို့ သူ့စိတ်ထဲမှာ အတော်ပဲ ဘဝင်မြင့်တယ် ဆိုတာ မှတ် ထား လိုက်တာပေါ့ (မှန်ပါ့) သုံးရက် အားထုတ်ရင်ရပါသတဲ့၊ သူရဟန္တာဖြစ်ဖို့ ရလိမ့်မယ်လို့ ဧကန် ယူထားပါတယ်နော် (မှန်ပါ့)။

ဒါနဲ့ပဲ အားလုံး ဒကာ ဒကာမတို့ ဖြစ်ပျက်၊ အနိစ္စတွေ အားထုတ်လိုက်တာ သုံးရက် စေ့သွားတယ် ဒကာ ဒကာမတို့၊ တောထဲမှာသာ ဝါဆိုဖို့ ရောက်သွားတယ်၊ ဝါဆိုလပြည့်ကျော် ရောက်လို့ ဝါဆိုကြပါတယ်။ သူတောထဲမှာ တစ်ရက်နေ့ပြန်လာ ပြီး ရဟန္တာအဖြစ်နဲ့ ဝါဆိုမယ်တဲ့၊ မှန်းခြေကြီးဟာ တရား မပေါက် ဝါဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ ဘုရား) ဒကာ ဒကာမတို့ မလွယ်ကူဘူးနော် (မှန်ပါ့) မလွယ်ကူဘဲ ဖြစ်သွားတယ်။

ဒါနဲ့ပဲ၊ ကဲ ကွာ သီတင်းကျွတ်ထိအောင် အားထုတ် ရင်တော့ ဘယ်မှာမရဘဲ နေရမလဲ ဆိုပြီး သီတင်းကျွတ်ကျရင် ပဝါရဏပွဲကျမှ ရဟန္တာ အဖြစ်နဲ့ ဝင်တော့မယ်ကွ ဆိုပြီးသကာလ ကြိုးစား လိုက်တာလဲ ဒကာသစ်တို့၊ ဦးခင်မောင်တို့ သီတင်းကျွတ် လဲမရဘူး (မှန်လှပါ) ဒကာ ဒကာမတို့ မှန်းခြေကိုက်သေးရဲ့ လား (မကိုက်ပါ ဘုရား)။

အနှစ် ၃၀ ကြာသွားတယ်

ကဲ တိုတိုပြောကြပါစို့၊ အနှစ် ၃၀ ကြာသွားတယ် နော်၊ အနှစ် ၃၀ ကြာအောင်ပဲ မရဘဲဖြစ်တယ်၊ ရှင်းပလား (ရှင်းပါပြီ) ဘယ်လောက်ကြာသွားသတုံး (အနှစ် ၃၀ ကြာသွားပါတယ်)

အနှစ် ၃၀ မရဘဲ ဖြစ်ပြီးသကာလ သွားတော့ သူ့စိတ်ထဲမှာ ဪ ငါတော့ဖြင့် မဂ်ဖိုလ် ရထိုက်တဲ့ ပုဂ္ဂိုလ် ဟုတ်မယ် မထင်ပါဘူး။ ဥဂ္ဃဋိတညူ, ဝိပဉ္စိတညူ, နေယျပုဂ္ဂိုလ် မဟုတ်ဘဲ၊ အလွန်ညံ့ဖျင်းတဲ့ ပဒပရမ ပုဂ္ဂိုလ်တော့ဖြင့် ငါဖြစ်ပြီ ဆိုပြီး ဒေါမနဿဖြစ်ပါတယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဒေါမနဿ ဖြစ်တာတုံး အကဲခတ်ကြ စမ်း (တရားမရလို့ပါ) တရားမရလို့ ဖြစ်တာ ရှင်းကြပလား (ရှင်းပါ ပြီ) ဘယ့်နှယ်ကြောင့် ဒေါမနဿဖြစ်ပါလိမ့် (တရားမရလို့ပါ ဘုရား)။

အဲ တရားမရလို့ဖြစ်တဲ့ ဒေါမနဿ ဖြစ်ကောင်း တယ်လို့မှတ်ပါ၊ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) တရားမရလို့ဖြစ် တဲ့ ဒေါမနဿမျိုး ကျတော့ (ဖြစ်ကောင်းပါတယ် ဘုရား) ဖြစ်ကောင်းပါတယ် ဆိုတာ သေချာကြပလား (သေချာပါ တယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ တရားမရလို့ဖြစ်တဲ့ ဒေါမနဿတို့ဖြင့် ဖြစ်ကောင်းတယ် လို့ပဲ ဆုံးဖြတ်ချက် ချပါဆိုတာ ဒီဝတ္ထုမှာ ထုတ်ပြတယ်၊ (မှန်ပါ့) ကျေနပ်ကြပလား (ကျေနပ်ပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဒေါမနဿမျိုး လာဖူးသလား မေးရင် ဒကာ ဒကာမတွေ ဘယ့်နှယ် ဆိုကြပါ့မယ် (မလာဖူးပါ ဘုရား) လာဖူးကြရဲ့လား (မလာဖူးပါ ဘုရား) လာဘူးလို့ ရှိရင် ဒီဒေါမနဿ ဟာ အပါယ်ချလိမ့်မယ်လို့ မယူပါနဲ့ (မှန်ပါ ဘုရား) ဒေါမနဿ သည် အပါယ်ချ မလို့လား နိဗ္ဗာန် ကျေးဇူးပြုမလို့လား (နိဗ္ဗာန် ကျေးဇူးပြုမလို့ပါ ဘုရား)။

မဟာသီဝ ရဟန်းကြီးငိုပြီ

ကောင်းပြီ၊ ဒါနဲ့ အနှစ် ၃၀ ရှိတော့ တရားအားထုတ် လိုက်တာ ဦးခင်မောင်တို့ ဒကာသစ်တို့ မရဘဲ ဖြစ်နေတယ်နော် (မှန်ပါ) မှန်းခြေက သုံးရက်၊ အနှစ် ၃၀ တောင် ပြည့်သွားတော့ ဦးခင်မောင် သူ့စိတ်မှာ စိတ်မပျက်ပေဘူးလား (ပျက်ပါတယ် ဘုရား) စိတ်ပျက်တာနဲ့ ထပြီး ငိုတော့တာပဲ၊ ငါဖြင့် အတော်ဖျင်း တဲ့ပုဂ္ဂိုလ်ပဲ၊ မှန်းခြေတွေ အကုန်လွဲကုန်ပြီဆိုပြီးသကာလ ငိုရှာ တယ် (မှန်ပါ့) မဟာသီဝ ရဟန်းကြီးငိုပြီဆိုတာ ဒကာ ဒကာမတို့ သဘောကျပလား (ကျပါပြီ) ငိုတာဟာ သောမနဿလား၊ ဒေါမနဿလား (ဒေါမနဿပါ ဘုရား)။

အဲ ဒေါမနဿ သေသေချာချာ သိသဖြင့် ဘယ့်နှယ် ကြောင့် ဒီကိုယ်တော်ကြီး ငိုပါလိမ့်မလဲ ဆိုတာကော အကဲမခတ် မိဘူးလား (ခတ်မိပါတယ်) ဘာဖြစ်လို့ပါလိမ့် (တရား မရလို့ပါ ဘုရား) တရားမရလို့ ဖြစ်ကောင်း မဖြစ်ကောင်း (ဖြစ်ကောင်း ပါတယ် ဘုရား)။

အေး ဒါကြောင့် ဖြစ်ကောင်းတယ်ဆိုတာကိုလဲ ဒီ ဒေါမနဿမျိုးကျတော့ မှီဝဲကောင်းတဲ့ ဒေါမနဿ ဆိုတာ သေချာ ကြပလား (မှန်ပါ့)။

နတ်သမီးက ထိုင်ငိုတယ်

ကောင်းပြီ၊ ဒါနဲ့ပဲ သူအားထုတ်ရာဌာန သစ်ပင်စောင့် တဲ့ နတ်သမီးကလဲ ဪ ဒီကိုယ်တော် ကြီးနှယ် ဖျင်းပဲဖျင်း လွန်းလှတယ်၊ တရားမရတာနဲ့ပဲ ငိုရတယ်၊ ယောက်ျားလုပ်နေပြီး သကာလ ဘယ့်နှယ်ပါလိမ့်မတုံး အစရှိသဖြင့် အောက်မေ့ပြီး သကာလ၊ သူကလဲ လူယောင် ဖန်ဆင်းပြီး ဒကာသစ်ရေ ဒီကိုယ်တော်ကြီး ငိုနေတဲ့ နေရာနဲ့ မနီးမဝေးမှာ သူကလဲ ထိုင်ပြီး ငိုပြန်တယ်၊ ဒီနတ်သမီး ကလဲနော် (မှန်ပါ့)။

နတ်သမီးက ထိုင်ငိုတယ် ဆိုတာကော သဘောကျ ပလား (ကျပါပြီ) အဲဒီတွင်မှ အို ငါ့မှာလဲငို၊ ဒီကိုယ်တော် ကြီးကလဲ ငိုတာနဲ့ ပထမငိုစတော့ မကြားကြသေးဘူးပေါ့လေ၊ နောက်တော့ ဒီကိုယ်တော်ကြီးက ငိုရင်းမတ္တနဲ့ ဟိုဒကာမ ငိုတာ ကို ကြားတယ်။

ဒကာမ ငိုတာ ကြားတော့ ဟ ဒီဒကာမ ဘယ့်နှယ် ကြောင့် ဒီနားမှာ လာငိုနေရတာတာတုံး လို့ သူက ဦးစွာပဲပေး လိုက်တယ်၊ မဟာသီဝကိုယ်တော်ကြီးက မေးလိုက်တယ် (မှန်ပါ့) တပည့်တော်လဲ ဘုရား တရားများ ရမလားလို့ ငိုနေတာပဲလို့ လှောင်လိုက်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်လိုများ ပြော ပါလိမ့် (တရားများ ရမလားလို့ ငိုနေပါသတဲ့) တရားရမလားလို့ ငိုနေတယ်ဘုရာ့၊ တပည့်တော်လဲ ဒီစိတ်ကူးနဲ့ပဲ ငိုတာပဲလို့ ပြော လိုက်တော့ ရဟန်းကြီး ခံနိုင်ရည် ရှိပါ့မလား (မရှိပါ ဘုရား)။

အဲဒီ ခံနိုင်ရည်မရှိတဲ့ အခြေအနေရောက်မှ ဒကာသစ်တို့ ဦးခင်မောင်တို့ ရဟန်းကြီးက ရှက်သွားတယ်၊ ဒကာမက တောင် ငါ့ကို လှောင်သလို ပြောင်သလို ဖြစ်နေပါပေါ့လားဆိုပြီး သကာလ၊ ပြန်ပြီး တရားအားထုတ်တယ်၊ ပြန်အားထုတ်တော့မှ ရဟန္တာဖြစ်အောင် တရား ရသွားတယ် (မှန်ပါ့) သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်အောင် လေးဆင့်တက်သွား တယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့နော် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခြေဆေးတာတောင် မလုပ်ဘူး

အဲဒီလို တက်သွားတဲ့အခါကျတော့ စိတ်ကလဲ ဦးခင် မောင် အတော်ပြင်းထန်တဲ့ ပုဂ္ဂိုလ် ဖြစ်နေသောကြောင့် အနှစ် ၃၀ စလုံးမှာ ကိုင်း ငါတရားမရရင် ခြေမဆေးတော့ဘူးဆို တဲ့ ဥစ္စာ ခြေထောက်မှာ ဂျွတ်တက်နေတယ် ဆိုတာ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ခြေကို မဆေးတော့ဘူး ဒကာ ဒကာမတို့၊ တရားချည်း အားထုတ်နေတာပဲ၊ ဘာအလုပ်မှ မလုပ်ဘူး၊ ခြေဆေးတာတောင် မလုပ်ဘူးဆိုတော့ ဒကာ ဒကာမတို့ ကမ်းကုန်ပြီ ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါနဲ့ပဲတဲ့ ခုနက ရဟန္တာပုဂ္ဂိုလ်က ငါ၏ ဆရာကိုယ်တော် ကြီး ဘယ်များနေပါလိမ့်မလဲဆိုပြီး စဉ်းစားလိုက်ပါတယ် (မှန်ပါ့) စဉ်းစားလိုက်တော့ ရဟန္တာဖြစ်နေပြီ၊ ငါသွားဆေး ပေးမှပဲဆိုပြီး ခုနက အနုမောဒနာ တရားတောင်းတဲ့ ရဟန္တာ မထေရ်ကလဲ ကြွလာပါတယ်။

ရဟန္တာဖြစ်မှ ခြေဆေးခံတယ်

ဒီပြင် တပည့်တွေပဲ ကြွလာကြ တယ်၊ သိကြားကလဲ ကောင်းကင်က မနေနိုင်လို့ သုဇိတာ ခေါ် လာပြီးသကာလ၊ ကိုယ်တိုင် ခြေဆေးပေးကြရတယ် ဒကာ ဒကာမတို့၊ ရဟန္တာဖြစ်မှ ခြေဆေး ခံတယ် ဆိုတာကော သဘော ကျပလား (ကျပါတယ် ဘုရား)။

အဲဒီ ဒေါမနဿမျိုး ဘယ့်နှယ်ဆိုကြမယ် (ဖြစ်ကောင်း တဲ့ ဒေါမနဿပါ ဘုရား) ဒါဖြင့် ဒေါမနဿကို ဘယ်နှစ်မျိုး ထားကြမယ် (နှစ်မျိုးပါ ဘုရား) ဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုး) မဖြစ်ကောင်းတဲ့ (ဒေါမနဿ တစ်မျိုးပါ ဘုရား) ဒေါမနဿ ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

ဘုန်းကြီး ဝေဒနာနုပဿနာကို ဟောပါတော့မယ်နော် ဟောတဲ့အခါကျလို့ရှိရင် အဲ အိမ်ပြန်တော့ ဒကာ ဒကာမ တွေ မမြင်, မြင်အောင် ကြည့်၊ မမြင်ရင် ဘယ့်နှယ်ကြောင့် မမြင် ရှိရမတုံး ဆိုတဲ့ဥစ္စာ မြင်အောင်ကြည့်ပြီး၊ ဒကာ ဒကာမတွေ ကြိုးစားရလိမ့်မယ်ဆိုတာကော တိုက်တွန်းချက်ပါပြီ မဟုတ်လား (ပါ,ပါပြီ ဘုရား)။

ကဲ ဥပေက္ခာလဲ ထို့နည်းအတူပဲ၊ ဒကာ ဒကာမတို့ တစ်ခုသော အာရုံမြင်တယ်ဆိုတော့ မြင်တာသည် ကားလို့ဆိုရင် ဥပေက္ခာပဲ၊ “ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံ’’ မြင်တာပဲ။

အဲဒီ ဥပေက္ခာကလေးဖြစ်တာ မသိလိုက်တဲ့အခါကျ လို့ရှိရင်ဖြင့် မြင်ခြင်းကြောင့် လိုချင်တယ်, ရချင်တယ် ဆိုတာတွေ နောက်က လိုက်မလာပေဘူးလား (လိုက်လာပါတယ် ဘုရား) အဲဒီတော့ ဒီဥပေက္ခာမျိုးသည် ဖြစ်ကောင်း-မဖြစ်ကောင်း (မဖြစ်ကောင်းပါ ဘုရား) ဘာ့ကြောင့် ဒါမဖြစ်ကောင်းသလဲ မေးတော့ ပဋိစ္စသမုပ္ပာဒ်ဆက်လို့ လို့ မှတ်လိုက်တာပေါ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဘာပဲတွေ့တွေ့ ဥပရိပဏ္ဏာသမှာ လာသလို ဒကာ ဒကာမတွေ ဖြစ်ပျက်ချည်းပဲ မြင်နေတော့ ရှုလိုက်တိုင်း ဖြစ်မှု ပျက်မှုချည်း မြင်နေတော့ ရုပ်ကြည့်လဲဖြစ်ပျက်၊ ဝေဒနာကြည့် လိုက်လဲဖြစ်ပျက်၊ စိတ်ကြည့်လိုက်လဲဖြစ်ပျက်၊ ဒုက္ခသစ္စာ ကြည့် လိုက်ပြန်လဲ အဖြစ်အပျက်တွေပဲ တွေ့နေတော့ တစ်တန်းတည်း ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

တစ်တန်းတည်း ဖြစ်နေတဲ့အခါကျတော့ ဝိပဿနာ ဉာဏ်သည် ဥပေက္ခာ မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဝိပဿနာ နုပေက္ခာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) အဲဒီ ဝိပဿနာပေက္ခာမျိုး ကျတော့ ဖြစ်ကောင်းတဲ့ ဥပေက္ခာ၊ ရှင်းပလား (ရှင်း ပါပြီ) မြင်ပြီး လိုချင်, ရချင်တဲ့ ဥပေက္ခာမျိုး ကတော့ (မဖြစ်ကောင်းပါ ဘုရား)။

ဒါဖြင့် ဖြစ်ကောင်းတဲ့ ဥပေက္ခာ, မဖြစ်ကောင်းတဲ့ ( ဥပေက္ခာဆိုတာ ယနေ့ကွဲပလား၊ (မှန်ပါ့) ကွဲသွားတဲ့ အခါကျလို့ ရှိရင် ဪ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော် မူလို့၊ သောမနဿ မှာလဲ ဖြစ်ကောင်း မဖြစ်ကောင်း နှစ်မျိုး၊ ဒေါမနဿ လာရင်ကော (ဖြစ်ကောင်း, မဖြစ်ကောင်း နှစ်မျိုးပါ ဘုရား) ဥပေက္ခာမှာကော (ဖြစ်ကောင်း မဖြစ်ကောင်း နှစ်မျိုး ပါ ဘုရား) နှစ်မျိုးဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါက ဗဟုသုတ အကျိုးငှာလည်းကောင်း၊ ဝိပဿနာ အကျိုးငှာ လည်းကောင်း ပြောလိုက်ပါတယ် (မှန်လှပါ ဘုရား)။

ကဲ ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။