ဒုက္ခသစ္စာ၏အနက် (၄) ဝိပရိဏာမဋ္ဌော

ဒုက္ခသစ္စာ၏ အနက် (၄) ဝိပရိဏာမဋ္ဌော

အသံဖိုင်ခေါင်းစဉ် = သစ္စာအနက် (၁၆)ချက် ဒုက္ခသစ္စာအနက်မှ ဝိပရိဏာမဋ္ဌော

စာအုပ်ခေါင်းစဉ် = ဒုက္ခသစ္စာ၏ အနက် (၄) ဝိပရိဏာမဋ္ဌော၊ ဆရာ့တာဝန်၊ ကိုယ့်တာဝန်နှင့် ဓမ္မ၏တာဝန်

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ဒုက္ခသစ္စာ၏ အနက် (၄) ဝိပရိဏာမဋ္ဌော

ဆရာ့တာဝန်၊ ကိုယ့်တာဝန်နှင့် ဓမ္မ၏တာဝန်

(၁၀-၁၂-၅၇)

နားကတရားကို နာပါ၊ ဉာဏ်ကခန္ဓာကိုယ်အစဉ် လျှောက်ပါလို့ ဘုရားက ဟောထားတယ်၊ အဲဒါကြောင့် တရားနာနည်းသည် နားက တစ်ခါတည်း ဆရာဘုန်းကြီးပြောတဲ့ သစ္စာကို၊ ဪ သစ္စာ ဆိုတာ တို့ယခုထိုင်နေတဲ့ တရားနာတဲ့ ခန္ဓာငါးပါးကို ဆိုနေတာကိုး ဒုက္ခသစ္စာ။ နားက သစ္စာကို ကြားမှတ်ပြီး သကာလ ဉာဏ်ကတော့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာကလေးတွေ၏ ဖြစ်မှုပျက်မှုကို ဂရုစိုက် နေရမယ် (မှန်ပါ)။

တရားနာနည်းပြောင်းကြပါ

အဲဒီလို တရားနာလို့ရှိရင် “ဒေသနာဉာဏာနု သာရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿဟောတိ” လို့ပါဠိကလာနေတယ်။ သို့သော်ဒီပါဠိကို အသာထားပါ။

ဒေသနာဉာဏ်အစဉ်လျှောက်ပြီးသကာလ ဉာဏ် ရင့်ကျက်လာပါလိမ့်မယ်တဲ့။ အဲဒီဉာဏ် ရင့်ကျက် လာလို့ရှိရင် အဲဒီဉာဏ်နဲ့ ခန္ဓာကိုယ် ကြည့်လိုက်ပြီ ဆိုမှဖြင့်၊ ကိလေသာ ခြောက်ခန်းပြီး သကာလ ကိလေသာ ကုန်ပါလိမ့်မယ်လို့ ဟောထားတဲ့အတွက်၊ ဘုန်းကြီးတို့ဒကာ ဒကာမတွေက တရားနာနည်းကို ပြောင်းပြီးနာပါလို့ အားလုံးသတိပေးတယ်နော်(မှန်ပါ) အားလုံးသတိပေးတော့ ဒကာ ဒကာမတွေသတိရပြီလို့ ထားလိုက်ပါတော့။

အဲဒီတော့ ယနေ့ဘာဟောမတုံးလို့ မေးတော့၊ သစ္စာအနက် တစ်ဆယ့်ခြောက်ချက် ရှိတဲ့ အနက်က၊ ဒုက္ခသစ္စာ အနက်လေးချက်မှာ စတုတ္ထ မြောက်အချက်ကို ဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေက မှတ်ထားရမယ်(မှန်ပါ)။

ဝိပရိဏာမဋ္ဌော

စတုတ္ထမြောက်အချက်က ဘာပါလိမ့်မတုံးလို့မေးလို့ရှိရင်၊ ဝိပရိဏာမ ဆိုတာက ဖောက်ပြန် သော သဘော သတ္တိရှိတယ်လို့ ဘုရားကဟောတော်မူပါတယ်။ ဖောက်ပြန်သော သဘော သတ္တိ ရှိတယ်ဆိုတာ ဘယ်သူတုံးလို့ မေးတဲ့အခါကျတော့၊ စာသံနဲ့ မပြောနဲ့တော့ နားလည်အောင် ပြောရရင် လက်ရှိခန္ဓာကြီး ဖောက်ပြန်နေတာကြည့်ရမယ်(မှန်ပါ)။

လက်ရှိခန္ဓာကြီးသည် ဒကာ ဒကာမတို့ သန္တာန်မှာ တရားနာရင်း မတ္တနဲ့ စိတ်အမျိုးမျိုးပြောင်းပုံ၊ ရုပ်အမျိုးမျိုးပြောင်းလဲသွားပုံ ဒါကို ဘုန်းကြီး ကဟောတယ်။ စိတ်အမျိုးမျိုး ပြောင်းပုံ ရုပ်အမျိုးမျိုး ပြောင်းပုံ နာမ်အမျိုးမျိုးပြောင်းပုံ ဒါကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သတိထားပါ။ အဲဒီလို သတိထားပြီး သကာလ ပြောင်းတဲ့ဆီကိုဉာဏ်ရောက်သွားပြီဆိုရင်ဖြင့်၊ သြော် ဝိပရိဏာမ ဖောက်ပြန် နေတယ်ဆိုတာ တခြားလားမှတ်တယ်၊ မိမိ၏စိတ်တစ်ခုဖြစ်ပြီး တစ်ခုချုပ်ပြီးနောက် အသစ်တစ်ခုပေါ်၊ ပေါ်တဲ့စိတ်ကလေး ဟာလည်း ပေါ်ပြီးသကာလ ပျက်စီးသွားရတယ်(မှန်ပါ)။

ရုပ်တွေ ကြည့်လိုက် ပြန်ရင်လည်း ပူလိုက်အေးလိုက်နဲ့၊ ညောင်းလိုက် ကိုက်လိုက် ခဲလိုက်နဲ့၊ ပြောင်းလိုက်ရွှေ့လိုက် ဒါတွေ ဒကာ ဒကာမတွေမြင်ကြရတော့၊သြော် ရုပ်ဘက်ကကြည့်ပြန်လည်း ဝိပရိဏာမ ဖောက်ပြန်နေပါလား၊ ဖောက်ပြန်ပျက်စီးနေတာပဲ။ နာမ်ဘက်က ကြည့်ပြန်လည်း ဖောက်ပြန် ပျက်စီးနေ တယ်လို့ ဟောတဲ့အတိုင်း၊ ဉာဏ်ကခန္ဓာကိုယ်ထဲမှာ တည့်တည့်ပြီးပေးလိုက် လို့ရှိရင်၊ တရားနာတဲ့အဆုံးမှာကိစ္စပြီးနိုင်တယ်ဆိုတာကို အားလုံး ဒကာ ဒကာမတွေ မှတ်ထား ဖို့ပါပဲ(မှန်ပါ)။

အဲဒီတော့ ဒါဟာငါးလုံးပြထားတာသည် ခန္ဓာငါးပါးလို့ မှတ်ရမယ်။ ခန္ဓာငါးပါးဆိုတာ ဒီက ပြတော့ ငါးပါးပဲ။ အခု ဒကာ ဒကာမတွေ တရားနာ နေတာကတော့ ဒီငါးပါးနဲ့ နာနေတယ်ဆိုတာ မှတ်ပါ၊ အဲဒီတော့ ဒီငါးပါးနဲ့ နာနေတော့ ဒီငါးပါးမှာရုပ်တစ်ပါး နာမ်တရားလေးပါး ဝေဒနာသညာသင်္ခါရ ဝိညာဏ် (မှန်ပါ့) ဒီလိုမှတ်ထားလိုက်တော့ သြော်ရုပ်ကတစ်ပါး နာမ်ကလေးပါးပါလားလို့ဆိုတော့၊ နာမ်လေးပါးကိုဘုန်းကြီးက ဟောထားတယ်၊ နာမ် ဆိုတာနဂိုကတည်းက အဖြစ်တူတဲ့အတွက် နာမ်ဘက်က အပျက်တူတယ် လို့မှတ်ပါ။ တစ်ပါးပျက်ရင် အကုန်ပျက်တယ် (မှန်ပါ)၊ ရုပ်ဘက် ကလည်း ထို့နည်းအတူပဲအဋ္ဌကလာပ်တွေ ဒသက ကလာပ်တွေဖြစ်နေတော့ တစ်ခုပျက်ရင် အကုန် လိုက်ပျက်တာပဲ(မှန်ပါ့) သို့သော်ရုပ်ပျက်တာက နှေးတယ်၊ နာမ်ပျက်တာက မြန်တယ်လို့ မှတ်ပါ (မှန်ပါ)။

မှတ်ချက်။ ။အဋ္ဌကလာပ် – ရုပ်ရှစ်ခု ပေါင်းစည်း ထားသည်။ ဒသက ကလာပ် – ရုပ်ဆယ်ခု ပေါင်းစည်း ထားသည်။

ဝိပရိဏာမဆိုတာဘာပါလိမ့်

ကောင်းပြီ ဒါဖြင့် ဝိပရိဏာမဆိုကာ ဘာပါလိမ့်မတုံးဆိုတော့ ပင်ကို သဘောစွန့်တာလို့ အားလုံးမှတ်ကြပါ (မှန်ပါ့)။

ဝိပရိဏာမဆိုတာဘာပါလိမ့်(ပင်ကိုသဘောစွန့်တာပါ ဘုရား) ဝိပရိဏာမ နဂိုခန့်ခိုင် မတည်နိုင်ပဲ ယိမ်းယိုင် ပြိုကွဲ ပျက်စီးခြင်းမြဲသော သဘောတရားသည်လည်းကောင်း၊ ဒီရုပ်ဓမ္မမှာတော့ နဂိုခန့်ခိုင်မတည်နိုင်ဘဲ ယိမ်းယိုင်ပြိုကွဲပျက်စီးခြင်းမြဲတာပဲ(မှန်ပါ့) နာမ်ဓမ္မမှာလည်း ပျက်စီးခြင်း မြဲတာပဲ အဲဒါဝိပရိဏာမ လက္ခဏာ၊ ဒါဟာဝိပရိဏာမ သဘောတွေပဲ ဦးဝရဲ့(မှန်ပါ့)။

နာမ်ဓမ္မ

နာမ်ဓမ္မမှာလည်း ဖြစ်ပြီးတော့ တစ်ခါတည်းဇရာ မရဏကဒဏ်ချက် နဲ့ အသက် ထွက်သွား တယ် ဆိုတာ၊ ဒကာ ဒကာမတွေ နာမ်ဓမ္မကလေး တစ်ခု ပေါ်လာတယ်၊ ဇရာမရဏ ဒဏ်ချက်နဲ့ အသက် ထွက်သွားတယ် ပျောက် ပျက်သွားတယ်(မှန်ပါ့)။

ရုပ်ဓမ္မပေါ်လာလည်း ဉာဏ်မျက်လုံးနဲ့သာ ကြည့်မယ်ဆိုရင် ဇရာ မရဏဒဏ်ချက်နဲ့ ပျောက်ပျက် သွားရတာချည်းပဲသဘောကျပလား(ကျပါပြီဘုရား)။

ရုပ်ဓမ္မ

ရုပ်ဓမ္မမှာ ယခုစိုက်ကြည့်ပါ၊ ခင်ဗျားတို့ကောင်းတဲ့ရုပ်တွေ ပျောက်ရင် နာတဲ့ ကျင်တဲ့ ရုပ်တွေ ရောက်လာမှာပဲ။ အရင်ဓမ္မတွေ ဘယ်ရောက် သွားသတုံးလို့မေးခွန်းထုတ်လို့ရှိရင် ဇရာမရဏဒဏ်ချက်ဖြင့် ချုပ်သွားကုန်ပြီဘုရားပျောက်သွားကုန်ပြီဘုရားပျက်စီးကုန်ပြီ ဘုရားလို့ မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်) ဒီအတိုင်းဆိုရမှာပဲ။ အဲဒါက ဘယ်လိုပုဂ္ဂိုလ်သမားလည်းဆိုတော့ ဘုန်းကြီးပြောတဲ့ ဉာဏ်နဲ့ ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကို စိုက်စိုက်ပေးလိုက်တဲ့ အခါကျတော့မှ ဓမ္မက ပြောလာလိမ့်မယ်။ ရှင်းပလား(ရှင်းပါပြီ)။

ဓမ္မကပြောမှာပါ

ဘယ်သူကပြောမှာတုံး(ဓမ္မကပြောမှာပါ) အဲဒီတော့ ဓမ္မပြောတဲ့ အခါကျလို့ရှိရင်ဖြင့်၊ ဘုန်းကြီးက ပြောတာကိုတော့ မယုံချင်နေ၊ ဓမ္မကို စိုက်ကြည့်လိုက်လို့ ဓမ္မကပြောရင်တော့ဖြင့် အားလုံး ဒကာ ဒကာမတွေသြော် ဟုတ်ပေတယ်လို့ ဆုံးဖြတ်ချက်ချရမယ်(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူကပြောတာ အတည်ပြုရမှာတုံး (ဓမ္မကပြောတာ အတည်ပြု ရမှာပါ)။

သောတာပန်တည်ချင်လို့ရှိရင်

အဲဒီတော့ ဘုရားက သောတာပန်တည်ချင်လို့ရှိရင် ဓမ္မာနုဓမ္မ ပဋိပတ္တိဆိုတာ အရေးကြီးတယ်လို့ မပြောဘူးလား(ပြောပါတယ်) ဓမ္မာနုဓမ္မပဋိပတ္တိ အရေးကြီးတယ်ဆိုတာ၊ ဒီဓမ္မအားလျှော်စွာ အနုပဋိပတ္တိ အစဉ်အတိုင်း ကျင့်ပေးပါ။ ဒီဓမ္မကပြောသလိုဉာဏ်က ကြည့်ကြည့်ပေးပါ(မှန်ပါ့)။ ရှင်းပလား(ရှင်းပါပြီ)။

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ နာမ်ဓမ္မကပြောပြော၊ ရုပ်ဓမ္မကပြောပြော ဓမ္မကပြောတာကိုသာ ပဋိပတ္တိဆိုတဲ့ အတိုင်းမြင်အောင် ကြည့်ပေး(မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ)၊ ဒီကဓမ္မ ဒီက ဓမ္မာနုဓမ္မပဋိပတ္တိဦးဘတင် ရှင်းပြီလား(မှန်ပါ့)။

ဒီကနာမ်တွေကဘာတုံး (ဓမ္မပါ)။ ရုပ်တွေကကော (ဓမ္မပါဘုရား) ဒီမဂ္ဂင်ငါးပါးက ဘာဆိုကြမယ်(ဓမ္မာနုဓမ္မပဋိပတ္တိပါဘုရား)။

ဉာဏ်ကမြင်အောင်ကြည့်ပါ

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတော့ ခင်ဗျားတို့က ဘုရားရှိခိုးတဲ့အထဲမှာ၊ “ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ” လို့ ခင်ဗျားတို့က ဗုဒ္ဓံပူဇေမိဖြစ် နေကြတယ် (မှန်ပါ့) စင်စစ်ကတော့ ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ တရားက ဖောက်ပြန်ပျက်စီးတာ ပြလို့ ရှိရင် ဉာဏ်ကဖောက်ပြန်ပျက်စီးတာကို မြင်အောင်ကြည့်ပါ (မှန်ပါ့ဘုရား) အဲဒါမှ ဓမ္မာနုဓမ္မပဋိပတ္တိ ဖြစ်တယ် (မှန်ပါ့)။ ဒီက ဓမ္မ, ဒီက အနုပဋိပတ္တိ ရှင်းပလား(ရှင်းပါပြီဘုရား)။

ဒီဘဝမှာ သောတာပန်တည်နိုင်တယ်

အဲဒီတော့ ဘုရားရှိခိုးရုံလား၊ ဓမ္မသဘောကို ဓမ္မသဘောနဲ့ ကြည့်ပါ ဆိုတာလား? (ဓမ္မသဘောကို ဓမ္မသဘောနဲ့ ကြည့်ရမှာပါ) ဒီဓမ္မ၏ ဖောက်ပြန်ပျက်စီးနေတဲ့သဘောကို နောက်ဓမ္မက ကြည့်ပေးပါလို့ ဘုရားက ဟောတယ် (မှန်ပါ့) ဒီလိုဓမ္မာနုဓမ္မပဋိပတ္တိဖြစ်မယ်ဆိုရင်ဖြင့် ဒီဘဝမှာ သောတာပန်တည်နိုင်တယ်လို့၊ အင်္ဂုတ္တိုရ်က လေးချက်ပြတဲ့အချက်ထဲမှာ ဒါ အရေးကြီးဆုံးအချက်ပဲ(မှန်ပါ့) သဘောကျပလား(ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကြီးသည် ဘယ်အချိန်မှာ ဓမ္မသဘောမပြော တဲ့ အချိန်ရှိသတုံးလို့ ကိုစိုးခ ရှာစမ်း(မရှိပါဘူး) သို့သော် ခင်ဗျားတို့ မကြည့်ဘူး (မှန်ပါ့) ကိုထွန်းဦးတို့က မကြည့်ဘူး (မှန်ပါ့) ပြောတဲ့ဆီ ဉာဏ်နဲ့ သာကြည့် ဘယ်လောက်များသတုံးမေးရင် (မရေမတွက်နိုင်ပါဘူး) မရေ တွက်နိုင်အောင် ပြောငြားသော်လည်း သိမှုမရေတွက်နိုင်အောင် မရှိဘူး (မှန်ပါ့) ထိုကဲ့သို့ မရှိသောကြောင့် ခင်ဗျားတို့သည် ကိလေသာချုပ်ငြိမ်းရုပ်သိမ်းတဲ့၊ ဒုက္ခခပ်သိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကို မရခြင်း၏အကြောင်း ပေါ်ပလား(ပေါ်ပါပြီ) ဘာမသိမှုကြောင့်လဲ (ဓမ္မကိုမသိမှုကြောင့်ပါဘုရား)။ ဓမ္မကို ဓမ္မာနုဓမ္မပဋိပတ္တိဆိုတဲ့ အနုပဋိပတ္တိနဲ့ မကျင့်မိဘူး (မှန်ပါ့) ထိုကဲ့သို့ မကျင့်မိတဲ့ အတွက် ကိုယ့်ချို့ယွင်းချက်ရှိလို့ သောတာပန် မတည်ဘူးလို့ မဆိုထိုက်ဘူးလား(ဆိုထိုက်ပါတယ်)။

ဓမ္မကဖောက်ပြန်ပျက်စီးတာတွေ့ရမယ်

ဒီဓမ္မကို နာမ်ဓမ္မကြည့်ကြည့်၊ ရုပ်ဓမ္မကြည့်ကြည့် ကြည့်လိုက်လို့ရှိရင် ဒီဓမ္မကလည်း ဖောက်ပြန်ပျက်စီးတာ တွေ့ရမှာပဲ။ ဒီဘက်ဓမ္မကကော (ဖောက်ပြန်ပျက်စီးတာပဲ) ဒါဖြင့်သူ ဖောက်ပြန်ပျက်စီးတာ၊ သူကဖောက်ပြန် ပျက်စီးတာလို့ မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်) ဆိုနိုင်လို့ရှိရင်ဖြင့် ဒီဓမ္မခင်တွယ်တဲ့ တဏှာ, ဒီဓမ္မခင်တွယ်တဲ့ တဏှာလာခွင့်တောင် မရဘူး (မှန်ပါ) ဒီဓမ္မကို စိုးရိမ်တဲ့သောကတွေ(မလာပါဘူးဘုရား)။

ဪဒါဖြင့် ဒကာ ဒကာမတို့သည် ဘယ်အတွက်ကြောင့် ကိလေသာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်မရပါလိမ့်မတုံးဆိုတော့ သြော်ဓမ္မာနုဓမ္မပဋိပတ္တိလိုနေလို့(မှန်ပါ) ပေါ်ကြပလား(ပေါ်ပါပြီ)။

ဘာပေါ်ကြသတုံး(ဓမ္မာနုဓမ္မပဋိပတ္တိ လိုနေလို့ပါဘုရား) အဲခင်ဗျားတို့ အရေးအကြီးဆုံးလိုနေတာ ဒီနေ့ညထုတ်ပြောတာပဲ(မှန်ပါ) ရှင်းပလား(ရှင်းပါပြီဘုရား)။

ဒီဓမ္မကတော့ သေသေချာချာကြည့် ရင်၊ ဘယ် အချိန်မဆို ဘုရားသန္တာန်ရှိတဲ့ ဓမ္မကလည်း ဖောက်ပြန်ပျက်စီးနေတာပဲ (မှန်ပါ) ပုထုဇဉ် သန္တာန်ရှိတဲ့ ဓမ္မကကော (ဖောက်ပြန်ပျက်စီးနေတာပါပဲ)။

ဖောက်ပြန်ပျက်စီးနေတာလျော်အောင်ရှု

အဲဒါ ဖောက်ပြန်ပျက်စီးနေတာကို အနုပဋိပတ္တိဆိုတဲ့အတိုင်း လျော် အောင်မရှုမိဘူး(မှန်ပါ) ရှိတဲ့ဥစ္စာ မရှုမိတဲ့အတွက် ခင်ဗျားတို့ ဒီဓမ္မနောက်ကမကြည့်မိတော့လို့၊ ဝိပဿနာဉာဏ်နဲ့ မကြည့်မိတော့ ဘာနဲ့ ကြည့်မိသတုံးဆိုလို့ရှိရင်ဖြင့် ငါနာတယ်၊ ငါကိုက်တယ်၊ ငါခဲတယ်၊ ငါသည်ကားလို့ဆိုရင် အနာရနေပြီဆိုတဲ့ သက္ကာယဒိဋ္ဌိနဲ့တော့ကြည့်တယ် (မှန်ပါ့)။ သမ္မာဒိဋ္ဌိနဲ့တော့ (မကြည့်မိပါဘူး) အဲဒါကြောင့် မဂ်ဖိုလ်နဲ့ ဝေးနေ တယ်လို့ဆိုလို့ရှိရင်ဖြင့် ဦးဘအုန်းတို့ ငြင်းဖို့လိုသေးသလား(မလိုပါဘူး)။

ဪဒါဖြင့် ဒို့တရားတော့ နာနေတာပဲ၊ တရားနာပြီး ကျင့်ရမည့် အလုပ်ကတော့ဖြင့် ဓမ္မာနုဓမ္မ ပဋိပတ္တိ အလုပ်ပဲ (မှန်ပါ) ကိုထွန်းကြီးပေါ်ပလား(ပေါ်ပါပြီဘုရား)။

အလုပ်ကတော့ ဘာတဲ့ဗျာ(ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်ပါ ဘုရား) အဲဒီတော့ ဗုဒ္ဓံပူဇေမိလို့ ပါးစပ်ကဆိုနေရုံနဲ့တော့ မဖြစ်ဘူးတဲ့၊ ဒီဥစ္စာဓမ္မံပူဇေမိဆိုရုံမျှနဲ့လည်း မဖြစ်သေးဘူး၊ သမထဘက်လှည့်သွားနေမယ်(မှန်ပါ့) သံယံပူဇေမိဆိုလို့ရှိရင်လည်း သံဃာနုဿတိဘက် လှည့်သွားတယ်(မှန်ပါ့) ဘုရားကပူဇေမိလောက်ရည်ရွယ်ပြီးပြောတာလားဓမ္မာနု ဓမ္မပဋိပတ္တိဟောတာလားလို့ မေးလို့ရှိရင် ခင်ဗျားတို့ဘယ့်နှယ်ဖြေမလဲ (ဓမ္မာနုဓမ္မပဋိပတ္တိ ဟောတာပါဘုရား)။

ဒီဓမ္မကပြတာ၊ ဒီဓမ္မကကြည့်

ဒီဓမ္မကပြတဲ့အတိုင်း ဒီဓမ္မကကြည့်(မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ) ဒီဓမ္မကပြတဲ့အတိုင်းဘာပါလိမ့် (ဒီဓမ္မက ကြည့်ပေးရပါမယ်) ဒီဓမ္မကကြည့်ပေးရမည့်အလုပ်ကို ခင်ဗျားတို့က ဗုဒ္ဓံပူဇေမိလောက်သာ ပါးစပ် ကဆိုရုံ အသုံးချနေတော့ ခက်သွားတယ်(မှန်ပါ့) ဝိပဿနာအလုပ်လုပ်ပါလို့ ခိုင်းတဲ့ဥစ္စာ ဓမ္မံပူဇေမိလို့ သမထကသွားလုပ်နေတယ်(မှန်ပါ့) ဗုဒ္ဓံပူဇေမိဆိုတာ သမထမကျဘူးလား(ကျပါတယ်) ဓမ္မံပူဇေမိကော(သမထပါဘုရား) သံယံပူဇေမိ(သမထပါ)။

အဲဒါ ခင်ဗျားတို့ ရွတ်သံ ဖတ်သံနဲ့တကွ လုပ်နေကြတာကိုက ဦးဘကြည်တို့ ကြားဖူးချင်ကြားဖူးပါလိမ့်မယ်နော်(မှန်ပါ) အခုပြောတဲ့ ဓမ္မအားလျှော်စွာ ဒီဓမ္မကကြည့်ပေးပါ။ ဒီဓမ္မကအပျက်ဆိုရင် ဒိဓမ္မက အပျက်ရှု။ ဒီဓမ္မက အဖြစ်ဆိုရင် ဒီဓမ္မကဘာတုံး (အဖြစ်ရှုပါမယ်)။ ဒါဖြင့် ဒီတရားနဲ့ ဒီတရားမလျှော်ဘူးလား(ပါတယ်)။ အပျက်ကို အပျက်သိ, အဖြစ်ကို အဖြစ်သိ, မုန်းစရာပြ မုန်းစရာသိ, အသုဘပြ အသုဘသိပေါ့ဗျာ(မှန်ပါ) ဒုက္ခသစ္စာမဆိုနိုင်ဘူးလား(ဆိုနိုင်ပါ တယ်)။ အသိမှန်ဖြစ်ရင် မဂ္ဂင်ပေါ့(မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ ဘုရား) သြော်ဒီကစပြီးလည်နေတာကိုဆိုတဲ့ အဓိပ္ပါယ်ပေါ်ပလား(ပေါ်ပါပြီ)။

သောတာပန်တည်ခြင်းအကြောင်း

ဒါဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိ တစ်လုံးဟာ ဒကာ ဒကာမတို့ သောတာပန် တည်ခြင်းအကြောင်းမှာ စတုတ္ထမြောက်အချက်ပါပဲ (မှန်ပါ) ကလျာဏမိတ္တ ဆိုတဲ့ သူတော်ကောင်းနဲ့ပေါင်း, နှလုံးသွင်းကောင်း, ဓမ္မာနု ဓမ္မပဋိပတ္တိကောင်းလို့ရှိရင် သောတာပန်တည်နိုင်တယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတယ် ပေါ်ကြပလား(ပေါ်ပါပြီဘုရား)။

ဒါကိုလိုရင်းမရောက်ဘဲဖြစ်နေတတ်တယ်။ ဗုဒ္ဓံပူဇေမိ ဓမ္မံပူဇေမိ သံယံပူဇေမိလို့ ပါးစပ်က ဆိုရုံလေးဆိုတော့ သမထလောက်ဖြစ်နေတယ်။ ဒီမှာပြထားတာက ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ ဝိပဿနာကိုပြထားတာ (မှန်ပါ့)။

ခင်ဗျားတို့ကဘာလုပ်နေကြသတုံး (သမထလုပ်နေကြပါတယ်)။ ဟာဒါဖြင့် လိုရင်းလမ်းကြောင်း ဆိုက်မဆိုက် (မဆိုက်ပါဘုရား)။

ဒီတော့ ဒကာ ဒကာမတွေက ဪတရားအားလျော်စွာ ကျင့်ရမယ်ဆိုတာ ဒို့ကမကျင့်မိဘူးလို့ မဆိုထိုက်ဘူးလား(ဆိုထိုက်ပါ တယ်ဘုရား)။

ဒါဖြင့် ကျင့်ဖို့လုပ်ရမယ့်ဥစ္စာ ပူဇေမိလောက်လုပ်နေလို့တော့ မဖြစ် သေးဘူး (မှန်ပါ) ပူဇေမိလုပ်ရင် သမထ, ကျင့်မှု အလုပ်လုပ်ရင် ဝိပဿနာ (မှန်ပါ့)။

ကဲပူဇေမိနဲ့ ပဋိပတ္တိအလုပ်နဲ့မကွာဘူးလား (ကွာပါတယ်) သူက ပဋိပတ္တိအလုပ်။ ပဋိပတ်ဆိုတာ အကျင့်မဟုတ်လား (မှန်ပါ) ဣမာယဓမ္မာနု ဓမ္မပဋိပတ္တိ- သူက ဓမ္မအကျင့်ပဲ သူက ဓမ္မပဋိပတ္တိ။ တရားကို ကျင့်ရမည့် အလုပ်ကိုမပြလား(ပြပါတယ်)။

တရားနဲ့လျှော်အောင်ကျင့်ပေးရမယ်

အဲဒီကဲ့သို့ပြတော့ ရုပ်နာမ်အပေါ်မှာ မင်းတို့သည် ပဋိပတ္တိလုပ်ပါတဲ့။ ကျင့်စဉ်လုပ်ပါတဲ့ (မှန်ပါ့) ဘယ်လိုကျင့်စဉ်တုံးဆိုတော့ ဓမ္မာနုတဲ့-ဒီတရား နဲ့ လျှော်အောင်ကျင့်ပေးရမယ်၊ ဒီတရားက ဖြစ်ပျက်ပြောရင် သူကဖြစ်ပျက် သိပေး (မှန်ပါ) ဒီတရားက အပျက်ပြရင် (အပျက်သိပေးရပါတယ်) ဒီတရား က မုန်းစရာပြရင် (မုန်းစရာ သိပေးရပါတယ်)။ မုန်းစရာသိပေးဆိုတော့ သူနဲ့လျှော်အောင်သိပေးပါ။ ကဲ ဦးဘလေး ရှင်းပလား(ရှင်းပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ၊ ဪဘယ်အတွက် ကြောင့် အပါယ်တံခါးပိတ်ပြီး သောတာပန်စခန်းကို မတက်လှမ်းနိုင်ပါလိမ့် မတုံးလို့ မေးလို့ရှိရင်ဖြင့် ဝိပဿနာမလုပ်ခဲ့လို့ မဆိုထိုက်ဘူးလား(ဆိုထိုက်ပါတယ်) ရှင်းပလား (ရှင်းပါပြီ) သမထ မလုပ်ဘဲ ဝိပဿနာသာလုပ်လိုက်မယ်ဆိုလို့ရှိရင် ဦးဘကြည် ဒါဟာ ပြီးဖို့အလုပ်ပေါ့ဗျာ (မှန်ပါ့)။

ကောင်းပြီ ဒါက ကြားဖြတ်ပြီးသကာလ ခင်ဗျားတို့ ဗဟုသုတရှိပြီး လွဲနေတာကို ပြင်ပေးရုံမျှလို့ မှတ်ကြစမ်းပါနော် (မှန်ပါ့)။

ကဲဒါဖြင့် ဒီနေ့ ဒုက္ခသစ္စာ၏ စတုတ္ထအချက်ကို ခင်ဗျားတို့ ဓမ္မာနုဓမ္မပဋိပတ္တိနဲ့ ခင်ဗျားတို့ကြည့်ပေးလို့ သစ္စဉာဏ်မဖြစ်ပေဘူးလား ဖြစ် မလား(ဖြစ်ပါတယ်) သစ္စဉာဏ်ဖြစ်လို့ရှိရင်ကိစ္စဉာဏ်နောက်ကလိုက် ရမယ်၊ ကိစ္စဉာဏ်လိုက်ပြီးလို့ရှိရင် ကတဉာဏ်ဆိုတာ ဒီစဉ်အတိုင်းသွားရမယ် မဟုတ်လား(မှန်ပါ) ကဲသစ္စဉာဏ်ကို ရှေးဦးစွာ ပြပါ့မယ်။

ဝိပရိဏာမဋ္ဌော သူ့အထဲမှာ ဝိပရိဏာမဋ္ဌော ရှိနေတယ် စာလိုပြော တော့ (မှန်ပါ)။ ကျုပ်ဖောက်ပြန် ပျက်စီးနေတယ်။ ခန္ဓာငါးပါးဟာ ဒကာ ဒကာမတို့ ဘာဖြစ်နေသတုံး (ဖောက်ပြန်ပျက်စီးနေပါတယ်)။

သူ့ပင်ကိုသဘော

ဒါသည် ဘယ်သူ့သဘောတုံးမေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူ့ ပင်ကိုသဘော။ သဘောကျ ပလား (ကျပါပြီ)။ ဘယ်သူလုပ်ထားတာတုံး။ သူ့ပင်ကိုသဘောပဲလားလို့ မေးလို့ရှိရင်ဖြင့် ဘယ်သူမှ ပြုပြင်ထားတာမဟုတ် ဘူး။ သူ့ပင်ကိုသဘော (မှန်ပါ့)။

ဖောက်ပြန်ပျက်စီးရမယ်လို့ ဘာကပြသတုံး သူက(ပင်ကို သဘောပါ) ဖောက်ပြန်ပျက်စီးပြီးပြတယ် (မှန်ပါ)၊

သြော်ဖောက်ပြန်ပျက်စီးတာ ဘာဖြစ်လို့သူက မှန်မှန်ကန်ကန် ပြပါလိမ့်မတုံးလို့ မေးလို့ရှိရင်ဖြင့် “ဝိပရိဏာဋ္ဌော ဇရာယ မရဏေနစာတိ ဒွိစာ ဝိပရိဏာမေတဗ္ဗတာ”လို့ ပြထားတဲ့အတွက် ဇရာယစ-ဆွေးမြေ့ ယိုယွင်းအိုမင်းသောတရား နှိပ်စက်သောကြောင့်လည်းကောင်း၊ မရဏေနစ- သေကျေ ပျက်ဆုံးအောင် ဖျက်စီးတတ်သော တရားပါလာသောကြောင့် လည်းကောင်းဇရာမရဏ ယူဆောင် လာတယ်ပြောတာပါပဲ (မှန်ပါ)။

သူယူလာတဲ့ ခန္ဓာငါးပါးဟာ ဒကာ ဒကာမ အမိဝမ်းခေါင်းထဲ ပဋိသန္ဓေ နေလိုက်တယ်၊ ခန္ဓာငါးပါးဟာဖြစ်ဆို ဦးဘကြည်တို့ ကမ္မပစ္စယောကြောင့် ဝိပါ ကမဖြစ်ဘူးလား(ဖြစ်ပါတယ်ဘုရား) ဘာကလေးဖြစ်သတုံးဆိုတော့ ခန္ဓာ ငါးပါးဖြစ်တယ်၊ ရှင်းပြီနော် (မှန်ပါဘုရား)။

သူသည်ဘာကိုယူဆောင်လာသတုံး

အတိတ်အကြောင်းကြောင့် ခန္ဓာငါးပါးဖြစ်တယ်၊ ကောင်းပြီ၊ အမိဝမ်း ခေါင်းထဲရောက်တယ်၊ ကျုပ်တို့ကံပစ်ချလို့ရောက်တယ်လို့ ဆိုကြပါစို့ (မှန်ပါ) အဲဒီကံပစ်ချလို့ရောက်တဲ့ အထဲမှာ သူသည် ဘာကိုယူဆောင်လာသတုံးလို့ မေးဖို့မလိုဘူးလား(လိုပါတယ်) လိုတော့ ဒကာ ဒကာမတွေက မှတ်လိုက် တာပေါ့ (မှန်ပါ)၊ ဪ သူဟာဇရာနဲ့ မရဏ ယူဆောင်လာတယ်လို့မှတ်လိုက် တာပေါ့ (မှန်ပါ)။

ဇရာနဲ့မရဏ

ခန္ဓာငါးပါးသည် ဘာတွေယူဆောင်လာပြီးသကာလ ပဋိသန္ဓေနေ ပါလိမ့်မတုံး (ဇရာနဲ့မရဏပါ ဘုရား)။ အဲဒါကြောင့် “ဝိပရိဏာမဋ္ဌော ဇရာယ မရဏေနစာတိ ဒွိစာ ဝိပရိဏာမေတဗ္ဗတာ” ဇရာနဲ့ မရဏ ယူဆောင်တယ်ပြောတာ၊ ကဲဇရာယူဆောင်လာတယ်ဆိုတော့ ဇရာက နှိပ်စက်မှာပဲ မရဏက ပျောက်အောင်လုပ်မှာပဲရှင်းပလား(ရှင်းပါပြီဘုရား)။

ဇရာက ဘာလုပ်မယ်(နှိပ်စက်ပါမယ်)၊ မရဏက ဘာတုံး (ပျောက်အောင် လုပ်ပါမယ်) ပျောက်အောင် လုပ်မယ် ဆိုတော့ ဒီတရားကလေးဟာ၊ သြော်ဘယ်သူ ဖျက်လို့ သူပျက် ရှာပါ လိမ့်မတုံးလို့ မေးဖို့လိုသေး သလား(မလိုပါဘူး) သူယူလာတဲ့ မရဏ ဖျက်လို့ပျက်တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတွေက ဒါဟာ ပရမတ် သဘော ဖြစ်နေပါတယ် ဘုရား၊ ဥပမာနဲ့ ရှင်းပါဦးလို့ ဒကာ ဒကာမတွေက ဘုန်းကြီးကို တောင်းပန် ဖို့ရာ ဝတ္တရားရှိတဲ့အတွက် အဲဒါမစောင့်ဘဲနဲ့ ဥပမာ ပြလိုက်ပါမယ်၊ ဥပမာပြ လိုက်တော့ အင်မတန် ရှင်းပါတယ်၊ မှိုအုန်းနက်ဆိုတာ အားလုံး သိကြပါတယ်၊ ၎င်းမှိုသည် မြေထဲက ထွက်ခဲ့ရတဲ့အတွက် မြေမှုန်သူ့ထိပ်မှာ မပါဘူးလို့ငြင်းစရာ မလိုဘူး၊ လိုသေးသလား (မလိုပါဘူး)။ ဦးဘအုန်း လိုသေး သလား(မလိုပါဘူး) ဘာဖြစ်လို့တုံး မြေထဲက ထွက်တယ်(မှန်ပါ) မြေထဲက ထွက်ခဲ့ရတဲ့ အတွက် မြေမှုန်ကို ရွက်ပြီးတော့ တက်ခဲ့ရတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဘယ်သူ့ ရွက်ပြီးတက်ခဲ့ရသတုံး(မြေမှုန်ရွက်ပြီး တက်ခဲ့ရပါတယ်)။ မြေမှုန်ရွက်ပြီးတော့ တက်ခဲ့ရတယ်၊ ထို့အတူပဲ ကျုပ်တို့ ခန္ဓာကိုယ်ဟာလည်း အမိဝမ်းခေါင်ထဲက ထွက်ကတည်းက ဇရာ မရဏရွက်ပြီး ထွက်လာတယ် (မှန်ပါ) ရိပ်မိပလား(ရိပ်မိပါပြီ)။

ဦးဘကြည် ဘာရွက်လာသတုံး(ဇရာ မရဏ ရွက်ပြီးထွက်လာ ပါတယ်)။

သူ့လက်နက်နဲ့သူ့အသက်ထွက်ရတာ

ဒါဖြင့် ရူပက္ခန္ဓာနဲ့ ဒါရွက်ပြီးလာခဲ့တာပဲ၊ မှိုပေါက်သလိုပဲ (မှန်ပါ) နာမက္ခန္ဓာလေးပါးကတော့ ထိုနည်းအတူပဲ၊ ဒီဟာ ရွက်ပြီးသကာလ ထွက်လာ ခဲ့တော့၊ သြော် သက်ဆိုးရှည် မှာလားလို့ မေးနေဖို့ လိုသေးသလား (မလိုပါဘူး)။

ဟ ဘယ်လက်နက်နဲ့ အသက်ထွက်မှာတုံး၊ ဒီရုပ်ဓမ္မကလေး တွေ ပျက်စီးမှာတုံးလို့ မေးလို့ ရှိရင်ဖြင့်၊ သူယူလာတဲ့ လက်နက်နဲ့ သူအသက် ထွက်ရမှာပဲ (မှန်ပါ)။ မဆိုထိုက်ဘူးလား ဒကာ ဒကာမတို့ (ဆိုထိုက် ပါတယ် ဘုရား)။

ဘယ်သူနဲ့ အသက်ထွက်မယ် (သူယူလာတဲ့ လက်နက်နဲ့ သူအသက်ထွက်မှာပါ)။

သူယူလာတဲ့ လက်နက်နဲ့ သူအသက်ထွက်မယ်ဆိုတော့၊ သြော် ကျုပ် တို့သည်ကား ဆိုလို့ရှိရင် လူဖြစ်ရပါလို၏ ဆိုတော့ ဇရာ မရဏက ငါခေါင်း ပေါ်က လိုက်ခဲ့ဦးမယ် ဆိုတာ ဧကန်ပါတယ် (မှန်ပါ) နတ်ဖြစ်ရပါလို၏ ဆိုရင်ကော (ဇရာ မရဏပါပါတယ်) ဇရာ မရဏ ဧကန် မပါဘူးလား (ပါပါ တယ်) ဗြဟ္မာ ဖြစ်ရပါလို၏ ဆိုရင်ကောဗျာ (ဇရာ မရဏ ဧကန်ပါ ပါတယ်) ဇရာ မရဏ ဧကန် ယူဆောင်ပြီး သကာလ တက်လာရတယ် ဆိုတာ ငြင်းနေဖို့ လိုသေးသလား (မလိုပါဘူး)။

အဲဒါကြောင့် မသိသေးတဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့်၊ ဪ လူဖြစ် ရတာသည်ကား လို့ဆိုရင် လူကောင်း နတ်ကောင်း ဖြစ်ရတာ တော်သေးရဲ့၊ အဲဒါက တဏှာနဲ့ကြည့်တာ (မှန်ပါ) သစ္စာနဲ့ ဟောလိုက်လို့ ရှိရင်ဖြင့် ခန္ဓာငါးပါး ဟာ ဒုက္ခရောက်ဖို့ ဖြစ်လာတာ(မှန်ပါ)၊ ဇရာ မရဏ၏ ဒဏ်ချက်နဲ့ အသက်ထွက်မလို့ ဖြစ်ပေါ်လာတာ (မှန်ပါ) ခင်ဗျားတို့က အသက်ထွက်ဖို့ရာ ဆုတောင်းထားတာ၊ ဆုတောင်းတဲ့ အတွက် ဇရာ မရဏကလည်း ဦးဘကြည်တို့ ဦးခင်မောင်တို့ မပါပါနဲ့ ဆိုလို့ကော (မရပါဘူး) မရတော့ ဪဒီဥစ္စာက သစ္စာသိလို့ ခေါ်တယ် (မှန်ပါ)။

ဝိပရိဏာမဋ္ဌ ဖြစ်အောင် ဇရာ မရဏကို ယူဆောင်လာလို့ ခန္ဓာ ငါးပါးဟာ ဝိပရိဏာမပဲ ဖြစ်ရတယ် (မှန်ပါ) သဘောကျပလား (မှန်ပါ)။

အသားအရေတွေဘယ့်နှယ်များဖြစ်ကုန်ပါလိမ့်

ခန္ဓာငါးပါး ဝိပရိဏာမ ဖောက်ပြန်ပျက်စီးရတာသည်၊ ဘယ်ပုဂ္ဂိုလ် ကြည့်လိုက်ပြန်လို့ ရှိရင်လည်း အရင်ရုပ်တွေ အရင်နာမ်တွေ ပျောက်ပြီး နောက် ရုပ် နောက်နာမ်နဲ့၊ တခြားသော ပုဂ္ဂိုလ် ကြည့်လိုက် ပြန်လည်း နောက်ရုပ် နောက်နာမ်နဲ့၊ ဒါဟာ ဝိပဿနာဉာဏ် နဲ့တောင် မဟုတ်သေးဘူး၊ အကြမ်းကြည့် တာနဲ့တောင်ပဲ နောက်ရုပ် နောက်နာမ် မထင်ရှားဘူးလား (ထင်ရှားပါတယ်) ခင်ဗျား ဘယ့်နှယ်ဖြစ်သတုံး အရင် အသားအရေ တွေနဲ့ဟာ ဘယ့်နှယ် များ ဖြစ်ကုန်ပါလိမ့်မတုံး၊ အို ဒီလို ဒီလိုပဲဗျာ ဘာဖြစ်သွားလို့ ညာဖြစ်သွား လို့ဆိုတာ ခင်ဗျားတို့ ထုချေလွှာ မပေးရဘူးလား (ပေးရ ပါတယ်)။ အဲဒီတော့သူက ဖောက်ပြန် ပျက်စီးနေတာ မသေချာဘူးလား(သေချာ ပါတယ်) အဲဒါက သမုတိသစ္စာနဲ့ ဖောက်ပြန်တာ (မှန်ပါ) ပရမတ္ထသစ္စာနဲ့ ကြည့်လိုက်တော့ အထင်းကြီး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာဉာဏ် သက်ဝင်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ (အထင်း ကြီးပါဘုရား) ဘယ်သူ့ ဒဏ်ချက်နဲ့ ရူပက္ခန္ဓာ ပျက်ရတယ် နာမက္ခန္ဓာပျက် ရတယ်ဆိုတာ ခင်ဗျားတို့ လက်သည်ပေါ်ပြီ (မှန်ပါ) ဘယ်သူပေါ်သတုံး(ဇရာ မရဏပါဘုရား) အဲ ဇရာ မရဏ ဒဏ်ချက်နဲ့ အသက် ထွက်သွားရတယ် ဆိုတော့၊ ဒီခန္ဓာငါးပါးသည် ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတော့၊ ဝိပရိဏာ မဋ္ဌသဘော ဖောက်ပြန် ပျက်စီးတဲ့ သဘောဟာ သူ့ဟာသူ အလိုလို ဖောက်ပြန် တာလား၊ ဖောက်ပြန်တဲ့ သဘောနဲ့ကိုပဲ တွဲလာတာလားသာ မေးလိုက် (ဖောက်ပြန်တဲ့သဘောနဲ့ တွဲလာတာပါ) ရှင်းကြပလား ဒကာ ဒကာမတို့ (ရှင်းပါပြီ)။

ခန္ဓာကြီးဟာ ဘာနဲ့မွေးဖွားလာသတုံး

ခန္ဓာကိုယ်ကြီးဟာ ဘာနဲ့တွဲပြီး သကာလ မွေးဖွားလာသတုံး (ဖောက် ပြန်ပျက်စီးတဲ့ သဘောနဲ့ တွဲပြီး မွေးဖွား လာပါတယ်)။

ဖောက်ပြန်တဲ့ သဘောကလည်း သူများ ယူလာတာလား သူယူလာ တာလား ဆိုတာ မေးပါဦး (သူယူလာတာပါ ဘုရား)။

ဪ ဒါဖြင့် ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒါပါမှာချည်းပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာ ဇရာ မရဏ မပါတဲ့ ခန္ဓာကြီး ဖြစ်ချင်တယ် ကိုထွန်းကြီး ပြည့်ပါ့မလား ဒီဆုတောင်း (မပြည့်ပါဘူး) ဦးဘကြည်တို့ကော ပြည့်ပါ့မလား (မပြည့်ပါဘူး) မပြည့်နိုင်ဘူးဆိုတာ ဦးဘကြည်တို့ ရိပ်မိရောပေါ့ဗျာ (မှန်ပါ)။

ဇရာ မရဏ ဆိုတာ ဘုန်းကြီးက ဖျက်ဆီးတတ်တဲ့ တရားလို့ အမြဲ ဟောပြောတယ်၊ အသားထဲက လောက်ထွက်တယ် ဆိုလိုတာပေါ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဇရာ မရဏဆိုတာ ခင်ဗျားတို့ ပညတ်ခွဲပြီးတော့ ဟောနေတယ်၊ ခန္ဓာငါးပါးက အနှိပ်စက် ခံသမားပါ၊ ဇရာ မရဏက ဖျက်ဆီးသမား ဆိုတာ ပညတ်ပြန်ပြောတာပါ၊ စင်စစ် အသားထဲက လောက်ထွက်တာ (မှန်ပါ) ရိပ်မိပလား(ရိပ်မိပါပြီ)။

ခန္ဓာထဲမှာပါနေတာ

အသားထဲက လောက်ထွက်တာ ဆိုသဖြင့် သြော် ဒီအသားနဲ့ ဒီလောက်နဲ့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မကွေမကွာဘဲနဲ့ ပျက်စီးဖို့ပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

အဲဒီတော့ ခန္ဓာငါးပါးကို ဘုရားက “ဇရာဓမ္မောမှိ ဇရံ အနတီတောတိ” – အဘိဏှသုတ် ကလည်း လာသကိုးဗျ (မှန်ပါ) “မရဏဓမ္မာမှီ မရဏံ အနတီတောတိ”- ဆိုတာ ပညတ်ပြန် ဟောတာ (မှန်ပါ) စင်စစ်တော့သူက သူက သီးသန့်လား ဒီခန္ဓာထဲမှာ ပါနေတာလားသာ တွက်လိုက် (ဒီအထဲ ပါနေပါ တယ် ဘုရား) ရိပ်မိကြပါပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ရတဲ့ ခန္ဓာငါးပါးကို အကောင်းရ အဆိုးရ ဝေဖန်လိုက်တော့ ဘာတုံး (အဆိုးရပါဘုရား) အဲဒီတော့ ခန္ဓာငါးပါးသည် ဝိပရိဏာမ သဘောသတ္တိ ရှိတယ်၊ ဝိပရိဏာမ လက္ခဏံ ဒုက္ခသစ္စံ တဲ့ဥစ္စာ မကိုက်သေး ဘူးလား(ကိုက်ပါတယ်)။

သစ္စာတရားနာမှသာကိစ္စပြီးမယ်

အဲဒီတော့ ဒီသစ္စာတရားကို နာရမှ သာလျှင် ဦးဘကြည်တို့ ကိစ္စပြီးမယ် ဆိုတာကော ခင်ဗျားတို့ ယုံရောပေါ့ (ယုံပါတယ် ဘုရား) ဘာဖြစ်လို့တုံး အတွင်းသားတွေနဲ့တကွ အလုံးစုံသူ့မှာ သူရတဲ့ ပုဂ္ဂိုလ်အပေါင်း ဘယ်ပုဂ္ဂိုလ် ဘုန်းကြီးတယ်၊ တန်ခိုးကြီးတယ် ဆိုငြားသော်လည်း ဇရာ မရဏ ယူဆောင်လာ တဲ့ ပုဂ္ဂိုလ်ချည်း ဖြစ်လေ သောကြောင့် ဘုန်းတန်ခိုးတွေဟာ အကုန် ဆုံးရှုံးမှာ ချည်းပဲ (မှန်ပါ)။

ဆုံးရှုံးစရာ ဘယ်အထဲမှာ ပါလာတာတုံး မေးတော့မှ ကိုယ်ယူလာတဲ့ ခန္ဓာငါးပါး ကိုယ်ဆုတောင်း ထားတဲ့ ခန္ဓာငါးပါး ကိုယ်နှစ်သက်နေတဲ့ ခန္ဓာငါး ပါးထဲမှာကို ပါနေတယ် (မှန်ပါ) တစ်ပါးသော တရားက လာထည့်တာလား သူ့ဟာသူ အပြည့်အစုံ ဖြစ်လာတာလား (သူ့ဟာသူ အပြည့်အစုံဖြစ် လာတာပါ) သဘောကျပလား (ကျပါပြီ)။

ခန္ဓာသည်ဆင်းရဲတာအမှန်

ဒါဖြင့် ဒီဥစ္စာမျိုး သိရတော့ ဪ ဒီခန္ဓာဖြင့် ဆင်းရဲတာ အမှန်ပဲ၊ ဝေဒနာက္ခန္ဓာ ကြည့်လိုက် ပြန်လည်း ဆင်းရဲတာ အမှန်၊ ခန္ဓာငါးပါးစလုံး ဦးဘကြည် ကြည့်လိုက်တာပေါ့၊ ကြည့်လိုက်တော့ ဆင်းရဲတာ အမှန် မှတစ်ပါး ဘာတွေ့သေးသတုံး (မတွေ့ပါဘူးဘုရား) ဆင်းရဲတာ အမှန်သာ ဧကန် အစစ် ရှိတယ်ဆိုတာ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ်)။

ကောင်းပြီ ဒါဖြင့် ဆင်းရဲတာ အမှန်ဧကန် အစစ်ရှိပြီး သကာလ နေသော ကြောင့်၊ ဘုရား အဆူဆူသည် “ဘာရာဟဝေ ပဉ္စက္ခန္ဓာ” ဒီခန္ဓာကြီးကို လွယ်နေ တာ အင်မတန် ဝန်လေး လှချည်ရဲ့ မြတ်စွာဘုရားတိုင်း ခန္ဓာ စွန့်တော်မူတယ် (မှန်ပါ)၊ မစွန့်ဘူးလား စွန့်သလား (စွန့်ပါတယ်)။

ဘယ့်နှယ်ကြောင့် ခန္ဓာစွန့်ချင်တဲ့ စိတ်ပေါ်ပါလိမ့်

ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးတွေ ခန္ဓာစွန့်ချင်တဲ့ စိတ်ပေါ် ပါလိမ့်မတုံး ဆိုလို့ ရှိရင်ဖြင့်၊ ဒီအထဲမှာ ဝိပရိဏာမတွေက ဖောက်ပြန် ပျက်စီးပြီး သတ်မည့် ဖြတ်မည့်တရားနဲ့ အပြည့် အစုံ တွဲတွဲ တွဲတွဲပြီး သကာလ မလာဘူး လား(လာပါတယ်) လာတော့ ဉာဏ်ကြီး ရတဲ့ပုဂ္ဂိုလ်က၊ ဉာဏ်ကြီး ဆိုတာ ခင်ဗျားတို့လည်း ခင်ဗျားတို့နဲ့ တန်တာ ရနိုင်တာပဲ၊ ဝိပဿနာဉာဏ်က နေပြီး သကာလ သစ္စဉာဏ်ကိုသာ ကူးတက် ရနိုင်တယ် (မှန်ပါ) မရဘူးလား (ရပါတယ်)။ ဝိပဿနာဉာဏ် ရှေးဦးစွာ လုပ်လုပ်ပြီး သစ္စဉာဏ် ကိုသာကူး၊ မဂ်ကိုက်လို့ရှိရင် ဪဘယ်သူဖျက်လို့မှ ပျက်တာ မဟုတ်ပါလား သူယူလာတာနဲ့ သူပျက်တာပါလား အစရှိသည်နဲ့ ဒကာ ဒကာမတွေ ကောင်းကောင်း ကြီး ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ်)။ ချနိုင်ရင် သစ္စဉာဏ် (မှန်ပါ)။

သစ္စဉာဏ်

ဆုံးဖြတ်ချက်ချနိုင်ရင် ဘာဉာဏ်ပါလိမ့် (သစ္စဉာဏ်ပါ) သစ္စာ သိတဲ့ဉာဏ်၊ ဝိပရိဏာမ လက္ခဏာ သူ့ထဲမှာ အပြည့်အစုံ ပါတယ်၊ ဒါကြောင့် သူဒုက္ခ ရောက်ရောက်သွားတာ (မှန်ပါ) ပျက်စီးခြင်း ဒုက္ခနဲ့ ကြုံကြုံသွားတယ်၊ အဲဒီ ကြုံကြုံသွားတာကို မြင်တိုင်း မြင်တိုင်း မြင်တဲ့ဉာဏ်ကို ခင်ဗျားတို့က ဘာဉာဏ်ခေါ်ကြမလဲ (သစ္စဉာဏ်ပါဘုရား)။

ကောင်းပြီ သစ္စာတော့ သိပါပြီ ဘုရား ကိစ္စဉာဏ်ကလေး တစ်ခု တက်ပေးပါဦး ဒါဟာ ဒုက္ခသစ္စာလို့ သိရင် သစ္စဉာဏ် သဘောကျပလား (မှန်ပါ) ဒီအထဲမှာ ဇရာ မရဏဖျက်လို့ အသက် ထွက်တယ်လို့ သိရင် ကတဉာဏ် ရိပ်မိပလား (မှန်ပါ)။

ကိစ္စဉာဏ်

ဒါ ဒုက္ခသစ္စာပဲလို့ သိနေရင် ဘာဉာဏ်ခေါ်ကြမလဲ (သစ္စဉာဏ် ပါ) ဒီထဲမှာ ခဏတောင် သူဟာနေနိုင်တဲ့ တရား မဟုတ်ဘူး၊ ခဏဖြစ်ပြီး ခဏနဲ့ ပျက်စီးပြီး သကာလ သွားမည့်ကိစ္စပဲ၊ ဘာ့ကြောင့်တုံး ဇရာ မရဏ ယူလာတယ်၊ ဝေဒနာကလည်း ယူတာပဲ၊ သညာကလည်း ယူတာပဲ၊ သင်္ခါရ ကလည်းယူ တယ်၊ ရူပက္ခန္ဓာ ကကော (ယူပါတယ်) ယူလာတော့ သူတို့ဟာ ဉာဏ်အောက် တွင်ပဲ ပျောက်ပျောက် သွားတာ မြင်လိုက်လို့ ရှိရင်ဖြင့် ခုနင်ကပြောတဲ့ ဝိပရိဏာမ ကိစ္စကို မမြင်ဘူးလား (မြင်ပါတယ်)၊ ဝိပရိဏာမ သွား မြင်တော့ ဒီဉာဏ်ဟာ သစ္စာသိတဲ့ ဉာဏ်လား ဖောက်ပြန် ပျက်စီးခြင်းကိစ္စ ကို သိတဲ့ ဉာဏ်လားလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေမလဲ (ဖောက်ပြန် ပျက်စီးခြင်း ကိစ္စကိုသိတဲ့ ဉာဏ်ပါ ဘုရား)။

ကတဉာဏ်

ဒါဖြင့် ကိစ္စဉာဏ်ပြီးတော့ မဂ်ရဖို့ဆိုတဲ့ ဥစ္စာ ကတဉာဏ် ဆိုတာက မဂ်ရ တာပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိစ္စဉာဏ် ရောက်ကတည်းက ကျုပ်တို့သည်ကိစ္စ ဉာဏ်ဆိုတာ ကလည်း ပင်ကို ဒုက္ခသစ္စာ၊ ဒါလောက်သိရတယ် (မှန်ပါ) ဒုက္ခဖြစ်တော့ ဒီအထဲမှာ ပါတာက နှိပ်စက် ဖျက်ဆီးတာတွေ မသိရပေဘူးလား (သိရပါတယ်) သိရတာက ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ) ကိစ္စဉာဏ် ဖြစ်ပြီး သကာလ နေတော့ ကိစ္စဉာဏ် သန်ရင် ကတဉာဏ် ဖြစ်ရမယ် (မှန်ပါ) မနီးဘူးလား (နီးပါတယ်) ကတဉာဏ်ဆိုတာ မဂ်ဉာဏ်ကိုဆိုတာ (မှန်ပါ)။

ဘယ်သူ့ကြောင့်ပျက်စီးရပါလိမ့်

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ကို ယနေ့ည ဟောနေတာက ဟောဒါ ဒုက္ခသစ္စာလို့ ဟောတုန်းက သစ္စဉာဏ် (မှန်ပါ) ဒီအထဲမှာ ဝိပရိဏာမ လက္ခဏာ ကလေးတွေ ဇရာ မရဏ ဒဏ်ချက်နဲ့ အကုန် ပျက်စီး ရမှာတွေ ဆိုပြီး ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာ ကြည့်ကြည့် ပေးလိုက်စမ်းပါနော် (မှန်ပါ) ကြည့်ကြည့် ပေးလိုက်တော့ ရုပ်ဓမ္မကလေးတွေကလည်း ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ ပျက်စီးသွားတာပဲ၊ ပျက်စီးသွားတော့ အင်း ဘယ်သူ့ကြောင့် ပျက်စီးပါလိမ့် မတုံးဆိုတော့၊ သူယူလာတဲ့ ဇရာ သူယူလာတဲ့ မရဏကြောင့် သေရရှာတယ် ကြေရရှာတယ် မဆိုနိုင်ဘူးလား (ဆိုရပါတယ်)။

ဖျက်ဆီးမှုကြောင့်ပျက်စီးမှကြုံတာ

ဆိုနိုင်တော့ ဒါတွေ ဉာဏ်က စိုက်ပြီး သကာလ ထားတော့ အလိုလို ပျက်ဆိုတဲ့ ဒိဋ္ဌိကော လာသေးရဲ့လား(မလာပါဘူး) မလာဘူး ဇရာ မရဏတို့၏ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုကြုံတာ (မှန်ပါ) ရှင်းပလား(ရှင်းပါပြီ)။

ဘယ်သူ ဖျက်ဆီးမှုကြောင့် ပျက်စီးမှုကြုံရသလဲ (ဇရာ မရဏ ဖျက်ဆီးမှုကြောင့်ပါ ဘုရား)။

အဲဒီတော့ လက်သည်နဲ့တကွ ပျက်စီးခံရတဲ့ တရားကို လက်သည် လည်း မြင်ရတယ်၊ ခံရတဲ့ ဓမ္မလည်း ကျုပ်တို့ ဉာဏ်ထဲမှာ ရှင်းတယ် ဆိုတော့၊ လက်သည်ရော ခံရတဲ့ ဓမ္မရော နှစ်ခု စလုံး ရှင်းတော့၊ လက်သည်နဲ့ ဓမ္မကလည်း အတူတူ လာတာ ဖြစ်နေတော့၊ လက်သည်လည်း ဒီခန္ဓာထဲက ထွက်တယ်။ မဆိုနိုင်ဘူးလားဗျာ (ဆိုနိုင်ပါတယ်) ကောင်းပြီ ခံရတာလည်း ဒီခန္ဓာကပဲ ခံရရှာတယ်။ ဒီခန္ဓာထဲက လက်သည်နဲ့ ဒီခန္ဓာကြီး အသက်ထွက်ရတယ် မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်)။

ဒါဖြင့် ဒီဥစ္စာသည် ဝိပရိဏာမဆိုတဲ့ ဖောက်ပြန်တဲ့ သဘောဟာ အလိုလို ဖောက်ပြန်တဲ့ သဘော ရောက်သေးရဲ့လား (မရောက်ပါဘူး) ဇရာ မရဏတို့ကြောင့် ဖောက်ပြန် ပျက်စီးရတယ် ဆိုတာ အားလုံး ဒကာ ဒကာမတွေ ရှင်းဖို့ပဲ မဟုတ်လား (ရှင်းပါတယ်ဘုရား)။

ကဲ- ဝေဒနာ တစ်လုံးတည်း ရှုလည်း ဒါနဲ့ရှု၊ သညာ တစ်လုံးတည်း ရှုတော့(ဒါနဲ့ ရှုရပါတယ်) ကာယာနုပဿနာ ဆိုတဲ့ ရုပ်ရှုရင်ကော (ဒါနဲ့ရှုရပါမယ်) ဒါနဲ့ပဲရှု၊ ဒါနဲ့ ရှုပေးလို့ရှိရင် ကိစ္စဉာဏ်နဲ့ ရှုပေးနေလို့ ရှိရင်၊ အားလုံး ဒကာ ဒကာမတွေ မိမိခန္ဓာကြီးဟာ ဝိပရိဏာမ ဖောက်ပြန် ပျက်စီးခြင်း ကိစ္စမှ တစ်ပါး ဘာကိစ္စ ရှိသေးသတုံးလို့ မေးလို့ရှိရင်ဖြင့် ဘာကိစ္စမှမရှိဘူး၊ ဖောက်ပြန်ပျက်စီး သွားတာပဲ ပျက်စီးခြင်း ကိစ္စပဲ ရှိတယ် သဘောကျပလား (မှန်ပါ)။

ပျောက်အောင်လုပ်လို့ပျောက်သွားတာ

ပျက်စီးခြင်း ကိစ္စ ရှိတယ်လို့ ခင်ဗျားတို့ဉာဏ်က ကြည့်လိုက်တဲ့ အခါကျ တော့၊ ပျောက်ပျောက် သွားတာ မြင်လို့ရှိရင် အလိုလို ပျောက်တာ မဟုတ်ဘူး၊ ပျောက်အောင်လုပ်တဲ့ တရားက ပျောက်အောင် လုပ်လို့ ပျောက်သွား တာပဲ။ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်) ဒကာသိုက်တို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) နောက်က ဒကာမတွေကော (ဆိုနိုင်ပါတယ်)။

အလိုလို ပျောက်တာရှိရဲ့လား (မရှိပါဘူး) မရှိပါဘူးတဲ့ အလိုလို ပျောက်သွားတာ တစ်ခုမှ မရှိဘူး၊ ပျောက်သွားတယ် ဆိုလို့ရှိရင်ဖြင့် လေတိုက်၍ သော်လည်းကောင်း၊ သူခိုး ခိုး၍ သော်လည်းကောင်း ဆိုတဲ့ လက်သည်တော့ ရှာရမှာပဲ (မှန်ပါ) မရှာရပေဘူးလား (ရှာရပါတယ်)။

တနည်းအားဖြင့် သူ့ကိုက ပျောက်စရာပါလို့ ပျောက်သွားတာပဲ အစရှိသည်နဲ့၊ ဥပမာ – ပရုပ်လုံးတို့ ဘာတို့ကျတော့ ထားလိုက်သည်နဲ့ တစ်ပြိုင် နက်တည်း အလုံးကလေးက သေးသေး သေးသေး သွားတယ်၊ သူ့ထဲ ပျောက် စရာက ပါသကိုးဗျ (မှန်ပါ) ပျောက်စရာက ပါတော့ ပရုပ်လုံး ကလေးဟာ ကြီးကြီးကြီး ရှိသေးရဲ့ လား (မရှိပါဘူး) ထားတုန်းကလို မရှိတော့ဘူး၊ ဘာလို့တုံး ဆိုတော့ ပျောက်စရာပါလို့ (မှန်ပါ) သူ့ပျောက်စရာကြောင့် သူပျောက်တာ (မှန်ပါ)။

ပျောက်စရာပါလို့ပျောက်တာ

ဒီမှာလည်း ခန္ဓာကြီးက ဘယ်လိုဆိုကြမယ် (သူ့ပျောက်စရာပါ လို့သူပျောက်တာပါ) အဲ ပရုပ်လုံး ပျောက်နည်း (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဪ တို့ ခန္ဓာကြီး ဆုတောင်းပြီး လူဖြစ်ချင် နတ်ဖြစ်ချင် ဗြဟ္မာဖြစ် ချင်လို့၊ ဒါနသီလတွေ လုပ်ပြီး သကာလ အမျိုးမျိုး ဆုတောင်းကြတာ ဖြစ်ချင်လို့ ရှိရင်ဖြင့် ပျောက်တာယူပြီး သကာလ လာဖို့ အကြောင်းဟာ ရှေးအကြောင်း (မှန်ပါ)။ ကျုပ်ဖြစ်ရလို့ ရှိရင်ဖြင့် ပျက်စီးခြင်း အကြောင်း ကျုပ်ဟာကျုပ် ယူခဲ့ ပါတယ်ဆိုတဲ့ အဓိပ္ပါယ် မပါဘူးလား ပါသလား (ပါပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးကို ဘုရား အဆူဆူစွန့်ချင်တာ ဘယ်သဘောတုံး ဆိုတော့ ဒီကိစ္စဖြစ်လို့ ရှင်းပလား (ရှင်းပါပြီ)။

ဖောက်ပြန်ခြင်းကိစ္စရှိတယ်

ဒကာ ဒကာမတို့ ဘာကိစ္စရှိသတုံး ခန္ဓာငါးပါးထဲမှာ ဖောက်ပြန် ခြင်းကိစ္စ ရှိတယ် (မှန်ပါ)။

ဘာကိစ္စရှိပါလိမ့်? (ဖောက်ပြန်ခြင်းကိစ္စရှိပါတယ်) ဘယ်သူ့ ကြောင့် ဖောက်ပြန်တာပါလိမ့် (ဇရာ မရဏကြောင့် ဖောက်ပြန်တာပါ)။

အဲဒါက ယခုတော့ အပြောတရား၊ ခင်ဗျားတို့ ကိုယ်တိုင် အလုပ် ထိုင် ကြည့်လို့ရှိရင် သူက သေသေချာချာ ပြောမယ်၊ သူက ဓမ္မကိုးဗျ (မှန်ပါ) ဒီအနု ပဋိပတ္တိသာ လိုက်ပေး၊ မလိုက်သင့်ဘူးလား (လိုက်သင့်ပါတယ် ဘုရား)။

လိုက်သင့်လို့ရှိရင် ဒီဥစ္စာ ဘုရားက ဟောတယ်၊ ဘုရားက မဟုတ်တာ ကို ဘယ်တော့မှ မဟောဘူး၊ ကျုပ်တို့ကသာ အကြည့်မှန်လို့ ရှိရင် သူ့ပင်ကို သဘောတွေ့ ရမှာပဲ၊ မတွေ့ရဘူးလား (တွေ့ရပါတယ်) ဇရာ မရဏ လက်ချက်နဲ့ ကလေးတွေ တွေ့ရမယ် ဆိုတာကော ငြင်းဖို့လို သေးသလား (မလိုပါဘူး)။

ထမင်းစားချင်တဲ့စိတ်

အဲဒီကဲ့သို့ ခင်ဗျားတို့ ကြည့်လိုက်တော့ မယုံရင် ခင်ဗျားတို့ဟော ထမင်းစားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ ပထမ စားချင်တဲ့စိတ် ကလေးပေါ် လာတယ်၊ ဖျပ်ဆို ဒါကလေးချုပ်ပြီး ဒီဘက်က ဟင်းနဲ့ စားချင်တဲ့စိတ်မပေါ် ဘူးလား (ပေါ်ပါတယ်) နောက်ကျတော့ ဟိုဘက်ကဟင်းနဲ့ စားချင်တဲ့စိတ်ကော (ပေါ်ပါတယ်) ပေါ်လာတော့ အရင်စိတ်ကလေးတွေ ဘယ်ရောက်ပါ လိမ့်မတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (ချုပ်ပျောက်သွားပါတယ်) ပျောက်ပျောက် သွားတယ်၊ အလိုလို ပျောက်တာလား အလိုလိုတော့ ပျောက်တာမဟုတ်ပါဘူးတဲ့ (မှန်ပါ၊ ဇရာ မရဏကြောင့်ပါ) ဇရာ မရဏ ပါတယ်၊ သူ့ဇရာနဲ့သူ သူ့မရဏနဲ့သူ ရှင်းပလား(ရှင်းပါပြီ)။

သူ့ဇရာနဲ့ သူ့မရဏနဲ့ နှိပ်စက်ချလိုက်တော့ ပထမ စားချင်တဲ့စိတ်က လည်း စားချင်ဆဲ မတ္တနဲ့ပဲ ဘာဖြစ်ရသလဲ (ပျောက်ရပါတယ်) ဒုတိယစားချင် တဲ့စိတ်ဟာ စားချင်တဲ့ မတ္တနဲ့ပဲ ပျောက်ရတယ် (မှန်ပါ) တတိယစားချင်တဲ့ မတ္တစိတ်ဟာ (စားချင်ဆဲ မတ္တနဲ့ ပျောက်ရပါတယ်) အဲဒီ ပျောက်တာ ကလေးကို ခင်ဗျားတို့ ပျောက်တယ် ပျောက်တယ်လို့ သိနေရမယ် (မှန်ပါ) ပျောက်တာ ကတော့ ခန္ဓာကိုယ်ထဲမှာ သူပေါ်တဲ့နေရာ ပျောက်မှာပဲ (မှန်ပါ) ပျောက်တာကို ဒီကသိတယ် လိုက်ပါ သဘောပါ ပလား (မှန်ပါ)။

ပျောက်တာက သူ့ကိစ္စ

ပျောက်တာကို ခင်ဗျားတို့က ပျောက်ပြီလို့ သိပေး၊ ပျောက်ပြီလို့ သိပေး တော့ကို ပျောက်တာ သည်ကား လို့ဆိုရင် ဘာတုံး ဆိုလို့ရှိရင်ဖြင့်၊ သြော် ဇရာ မရဏ ဒဏ်ချက်နဲ့ အသက်ထွက်သွားပြီလို့ ခင်ဗျားတို့က သိတော့၊ သိတာက ကိစ္စ ဒါက ဉာဏ်၊ သဘောကျပလား (ကျပါပြီ) ပျောက်တာက သူ့ကိစ္စပဲ (မှန်ပါ) သိတာက (ဉာဏ်ပါဘုရား) ဒါဖြင့် ဒီကကိစ္စ ဒီကဉာဏ် (မှန်ပါ၊ ကိစ္စဉာဏ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

သိတာကဉာဏ်

ပျောက်တာက ဘာပါလိမ့် (ကိစ္စပါဘုရား) သိတာက (ဉာဏ်ပါ ဘုရား) အဲဒီတော့ ကိစ္စ + ဉာဏ် ။ မနဲ့ အိနဲ့ ပေါင်းတော့ (မ + အိ) မအိ ပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား ကလေးတွေ စာဖတ် သင်သလိုပဲ ခင်ဗျားတို့ ကိုလည်း ဝိပဿနာ နေရာကျတော့ ကကြီး ခကွေးက စရတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။

ပျောက်တာက ဘာတုံး (ကိစ္စပါဘုရား) သိတာက (ဉာဏ်ပါ ဘုရား) ပေါင်းလိုက်တော့ (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ဆိုတာ ဒကာ ဒကာမတွေ စာလိုသာ သုံးနေပြီး ခင်ဗျားတို့ကို ဒီလိုမပြောရင် ဘယ့်နှယ်မှ ဉာဏ်ရှင်းနိုင်မှာ မဟုတ်ဘူး (မှန်ပါ) ရှင်းနိုင်ပါ့ မလား (မရှင်းနိုင်ပါဘူး) မရှင်းနိုင်ဘူး၊ ကိစ္စဉာဏ် ဆိုတာ ကိစ္စနဲ့ ဉာဏ်နဲ့ကို တွဲနေတယ်၊ ဦးဘကြည် မတွဲဘူးလား (တွဲပါတယ်)။

ကိစ္စနဲ့ဉာဏ်နဲ့တွဲနေတာ

အဲဒီတော့ ကိစ္စနဲ့ ဉာဏ်နဲ့ တွဲနေတာမှာ ကိစ္စက ရုပ်ဓမ္မ နာမ်ဓမ္မတို့၏ ဖောက်ပြန်ပျက်စီးမှု ကိစ္စ (မှန်ပါ) သိရမှာက ဉာဏ် (မှန်ပါ) ဒါဖြင့် သူက ကိစ္စ သူက ဘာတုံး (ဉာဏ်ပါဘုရား) ပေါင်းလိုက်တော့ (ကိစ္စဉာဏ်ပါ ဘုရား) ကိစ္စ ဉာဏ်ခင်ဗျားတို့ သိသွားတယ်၊ ကိစ္စဉာဏ် ရသွားတဲ့ အခါကျတော့ သြော် ကိစ္စဉာဏ် ရတယ် ဆိုရင်ပဲ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်, ဉာဏ်ဘယ် နှစ်ဉာဏ်တုံး (သုံးဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ဆုံးရင် ကတဉာဏ်

ကောင်းပြီ ဒါဖြင့် ကိစ္စဉာဏ် ဆုံးရင် ခင်ဗျားတို့ ဘယ်ဉာဏ် ရောက်မယ် ထင်သတုံး (ကတဉာဏ်ပါ ဘုရား) ကတဉာဏ်ဟာ ဆုတောင်းလို့လား ဒီဒုက္ခသစ္စာကြီးကို သေသေချာချာ ဒုက္ခလို့ ပိုင်းခြား လိုက်တာနဲ့ သူက ပျောက်ကွယ် သွားတယ် (မှန်ပါ) ပျောက်သွားတဲ့ အခါ ဒုက္ခချုပ်တဲ့ နေရာ နိရောဓ မလာပေဘူးလား (လာပါတယ်) နိရောဓမြင်တဲ့ ဉာဏ်ကျတော့ ငါကိစ္စပြီးပြီလို့ ဒါမြင်တာပဲ ဆိုတော့ ဒါက ပြုပြီးသား မရှိတာက ပြုပြီးသား၊ ဒီကဉာဏ် ဟုတ်လား (မှန်ပါ)။ ကိစ္စပြီးပြီးသားကို သိတဲ့ဉာဏ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်) ကိစ္စပြီးပြီးသားက နိဗ္ဗာန်၊ နိဗ္ဗာန်သည် ကားလို့ဆိုရင် သူ့အလုပ်ဟာ နောက်ထပ် လုပ်စရာ လိုသေးသလား နိဗ္ဗာန် နောက်ထပ်ရဖို့ (မလိုပါဘူးဘုရား) မလိုဘူး၊ နောက်ဟာတွေကလည်း ဒါပဲပြန်ရတာပဲ၊ သကဒါဂါမိမဂ်နဲ့လည်း ဒါပဲ ပြန်ရတာပဲ၊ အနာဂါမိမဂ် နဲ့ကော (ဒါပဲ ပြန်ရပါတယ်) အရဟတ္တမဂ်နဲ့ ရှာကော (ဒါပါပဲ) ပစ္စဝေက္ခဏာဉာဏ်နဲ့ ရှာပြန်တော့ကော (ဒါပါပဲ) အဲဒီတော့ သူက ကတပြီးပြီးသား (မှန်ပါ) နောက်က သိတာက (ဉာဏ်ပါ ဘုရား) ဒါဖြင့် ဒီက ကတ၊ ဒီကဉာဏ် (မှန်ပါ) ဒီလိုသွားရမှာ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဆုပေးလိုက်ရင်လောကွတ်သာမှတ်

အဲဒီတော့ ဒါဟာ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ် အတွက်မှာဖြင့် ဘုန်းကြီးက ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန် မဂ်ဖိုလ်ရစေလို့ ခင်ဗျားတို့ကို ဆုပေးလိုက်မယ် ဆိုရင် လောကွတ် သာမှတ်၊ စင်စစ်တော့ ပေးရုံနဲ့ မရပါဘူး၊ ခင်ဗျားတို့ လုပ်ယူမှရမှာပဲ (မှန်ပါ) ဘယ်သူက ပေးပေး ပေးရုံနဲ့ရပါ့မလား (မရပါဘူး)။

ခင်ဗျားတို့ကလည်း အချောင်သမားတွေ ဖြစ်နေတော့ ခက်လိုက်တာ ပေးတဲ့ ဆုအတိုင်း ပြည့်စုံရပါလို၏ (မှန်ပါ) ခက်လိုက်တဲ့ ဖြစ်ခြင်း မရတာကို ပေးနေတော့ သူကလည်း လောကွတ်, ခင်ဗျားတို့ကလည်း အလုပ် မလုပ်ဘဲ ချောင်ချောင်နဲ့ လိုချင်ဆိုတော့ ကိုက်နေကြတာပဲဗျ (မှန်ပါ) ထမင်း မရှိဘဲနဲ့၊ ထမင်း စားသွားပါဦးလားလို့ ဧည့်ဝတ်ကျေအောင် ပြောတဲ့ စကားနဲ့ အတူတူပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) လောကဝတ် ဆိုတာ ထမင်းတော့ မချက်ရသေးပါဘူး၊ သို့သော် စားသွားပါဦးလို့တော့ ပြောတာပဲ ဟုတ်ပလား ဒကာသိုက်ရေ (မှန်ပါ)။

ကတဉာဏ်ဟာ အလိုလိုပြည့်တယ်

အဲဒါကြောင့် ခင်ဗျားတို့သည် ကိစ္စဉာဏ်ကို ကျကျနန ပိုင်ရင် ကတဉာဏ်ဟာ အလိုလို ပြည့်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး အကြီးအကျယ် ဟောရမှာက ကိစ္စဉာဏ်ပဲ ဟောရမယ်၊ ကတဉာဏ် ကိုတော့ ဪ ဒီလို လုပ်လို့ရှိရင် ကတဉာဏ် ကူးမှာပဲကိုးလို့ ခင်ဗျားတို့ သေသေချာချာ မှတ်ပေတော့ (မှန်ပါ) ရှင်းပလား(ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ကိစ္စဉာဏ်ကို ခင်ဗျားတို့ အရေးတကြီး ပွားပြီး အရေးတကြီး သိအောင် ဘုန်းကြီးသည် ဟောရမှာပဲ မဟုတ်ဘူးလား (မှန်ပါ) ကိစ္စ ဉာဏ် မဟောသေးလို့ ရှိရင်ဖြင့် ကတဉာဏ်က အလိုလိုလာတဲ့ နိယာမ မရှိဘူး၊ ကိစ္စဉာဏ်ကို ပိုင်တဲ့ ပုဂ္ဂိုလ် ကတဉာဏ် ရတာပဲ (မှန်ပါ့) ကိစ္စဉာဏ် မပိုင်တဲ့ ပုဂ္ဂိုလ် ဟာ (မရနိုင်ပါဘူး) ကတဉာဏ် ဘယ်နည်းနဲ့မှ မရနိုင်ဘူး ဆိုသဖြင့် ခန္ဓာ ငါးပါးမှာ သူ့ကိစ္စ ရှိတယ်၊ ဖောက်ပြန် ပျက်စီးခြင်း ကိစ္စ ရှိတယ်၊ ဒါကို အတိအလင်း ဟောရတယ် (မှန်ပါ)။ ဦးဘကြည် မဟောရပေဘူးလား (ဟောရပါတယ်)။

ခန္ဓာမှာဖေါက်ပြန်ပျက်စီးခြင်းကိစ္စရှိတယ်

အားလုံး ဒကာ ဒကာမတွေ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်) ဒီတရားက အခုဒီကျမှ ခင်ဗျားတို့ ထူးထူးခြားခြား ပြောပေးနေတာ ထူးထူး ခြားခြား ပြောပေးနေတာ ဦးခင်မောင်ရ (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် သူ့မှာ ဘာကိစ္စရှိသတုံးမေးရင် ဘယ့်နှယ်ပြောကြ မလဲ (ဖောက်ပြန် ပျက်စီးခြင်း ကိစ္စ ရှိပါတယ်)။

အဲဒီ ဖောက်ပြန်ပျက်စီးခြင်း ကိစ္စကို ဒီဉာဏ်နဲ့ ခင်ဗျားတို့ ထပ်ပြန် တလဲလဲ ကြည့်ပါ၊ မကြည့်ရင် ရပါ့မလား (မရပါဘူး) မကြည့်ရင် ခုနင်က မုန်းတာတွေ မလိုချင်တာတွေ ဟုတ်လား၊ ဒါ ဒုက္ခအစစ်ပဲလို့ ပိုင်းခြားတဲ့ ပရိညေယျ ကိစ္စတွေ လာပါ့မလား (မလာပါဘူး) ဒါဖြင့် ဘာအရေးကြီး သတုံး (ကြည့်မှု အရေးကြီး ပါတယ်) ရှုကြည့်တော့ ကိစ္စပေါ်ဖို့ ကိစ္စသိဖို့ သိပ်အရေးကြီး နေတယ် (မှန်ပါ)၊ ကဲ- ဒကာ ဒကာမတွေ ဘာအရေးကြီးတယ် ဆိုတာ သိပလား (ကိစ္စသိဖို့ပါ ဘုရား) သူ့မှာ ဘာကိစ္စ ရှိသတုံး၊ ခန္ဓာ ငါးပါးမှာ ဖောက်ပြန် ပျက်စီးခြင်း ကိစ္စ ရှိပါတယ်။

ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုဉာဏ်နဲ့ကြည့်

အဲဒီ ဖောက်ပြန်ပျက်စီးတဲ့ ကိစ္စရှိတိုင်း ရှိတိုင်း သူကတော့ အမြဲရှိနေ တာပဲ၊ သူရှိတဲ့ အချိန်မှာ ကျုပ်တို့ဟာ သူဖောက်ပြန် ပျက်စီးပြီး သကာလ နေတဲ့၊ သူ့ကိစ္စကို ဒီကနေပြီး သကာလဉာဏ်နဲ့ ကြည့်ကြည့် ကြည့်ကြည့် ပေးပြီဆိုမှ ဖြင့်၊ ဪ ခန္ဓာငါးပါး၏ ကိစ္စဟာ ဘာကိစ္စပါလိမ့်မလဲလို့ အထူးမေး မနေနဲ့တော့၊ ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စမှ တစ်ပါး သူ့မှာ ဘာကိစ္စမှ မရှိဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

မျက်လုံးမှိတ်ပြီးကြည့်ကြည့်ပေးပါ

ဘာကိစ္စရှိသလဲ (ဖောက်ပြန် ပျက်စီးခြင်း ကိစ္စရှိပါတယ် ဘုရား) ဖောက်ပြန် ပျက်စီးခြင်း ကိစ္စ ရှိတယ်ဆိုတာ ပြောရုံနဲ့လည်း မပြီး၊ ဉာဏ်ကလေးနဲ့ မျက်လုံး မှိတ်ပြီး ကြည့်ကြည့် ကြည့်ကြည့်ပေးပါ ခန္ဓာထဲမှာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ကြည့်ပေးလိုက်တဲ့ အခါ ကျတော့ သူဓမ္မသဘောပဲ ပြောမှာပဲ၊ ဓမ္မက အဓမ္မ သဘောတော့ မပြောဘူး (မှန်ပါ)။

ဓမ္မသဘောကို သူဘယ်လို ပြောမယ် ထင်သတုံး (ဖောက်ပြန် ပျက်စီးပါတယ်)၊ အဲ ဖောက်ပြန် ပျက်စီးမှုကို ၊ သူခဏခဏ ပြောနေမှာပဲ သူကတော့ မပြောပေဘူးလား (ပြောပါတယ်) ပင်ကိုသဘော သူစွန့်နိုင်ရဲ့လား (မစွန့်နိုင်ပါဘူး)။ ဖောက်ပြန် ပျက်စီးတာကို ဘုရားတားလို့ ရရဲ့လား (မရပါဘူး)။ ဘုရား ကိုယ်တော်မြတ်ကြီးပင် သူတို့ ဖောက်ပြန် ပျက်စီးတာနဲ့ ပရိနိဗ္ဗာန် ပြုတော်မူရတယ် (မှန်ပါ) သဘောကျပလား (မှန်လှပါ)။

အောင်ခြင်းရှစ်ပါး

ဘုရားကိုယ်တော်မြတ်ကြီးဟာ အောင်ခြင်းရှစ်ပါး ကိုယ်တော်မြတ်ကြီး (မှန်ပါ) အပြင်ဘက် ဗဟိဒ္ဓတော့ အောင်ခြင်းရှစ်ပါးပဲ၊ အတွင်းက ကိလေသာတွေလည်း အောင်တော်မူပါတယ်၊ ဒါပေမယ့် ဇရာ မရဏကျတော့ အရှုံးပေးတော်မူရတယ် (မှန်ပါ)။

ဦးဘကြည် ဘာတဲ့တုံး (ဇရာ မရဏကို အရှုံးပေးရပါတယ်) နို့ ကိုယ်တော်ကြီး အောင်ခြင်း ရှစ်ပါးဆို ခင်ဗျားတို့ စောစောစီးစီး ထဖွင့်ကြတဲ့ အသံချဲ့စက်ဟာ မဟုတ်ဘူးလား (မှန်ပါ) အောင်ခြင်း ရှစ်ပါး ဆိုတာကို တော်တော် စောစောစီးစီး ထပြီး ဖွင့်ကြတာဗျ။ အသံချဲ့စက်တွေမှာ ဆိုလို့ရှိရင် ဘာဖြစ်လို့တုံး ဆိုတော့ အိမ်ရှင် အားပေးတာကိုဗျ (မှန်ပါ) အိမ်ရှင်အားပေးတော့ အောင်ခြင်း ရှစ်ပါး စောစော ထဖွင့်ကြတယ်။

ဇရာမရဏဒဏ်ချက်

အဲဒီ ကိုယ်တော်မြတ်ကြီးဟာ ဒိပြင် ရန်တွေ အောင်တော်မူတယ်၊ ဇရာ မရဏ ကိစ္စကျတော့ ကိုယ်တော်မြတ်ကြီးဟာ အရှုံးပေးပြီး အင်ကြင်းပင်ပျိုတွေ အောက်မှာ ပရိနိဗ္ဗာန် စံယူတော် မူသွားရတယ် (မှန်ပါ) မခံရဘူးလား (ခံရ ပါတယ်) ဇရာ မရဏ ဒဏ်ချက်နဲ့ ကိုယ်တော်မြတ်ကြီး ဝိညာဉ် ချုပ်တယ်လို့ မှတ်ကြပါ (မှန်ပါ)။

ကိုယ်တော်မြတ်ကြီးကို ဘယ်သူ သတ်လို့ရသတုံး (မရပါဘူး) ဒေဝဒတ်က ကျောက်မောင်း ဆင်ချတာလည်း ပရိနိဗ္ဗာန် မစံဘူး၊ နာဠာဂီရိဆင် ကို အရက်တိုက်ပြီး အထိုး ခိုင်းတာလည်း မရ၊ လေးတွေ မြှားတွေနဲ့ အပစ်ခိုင်း ပြန်တော့လည်း (မရပါဘူး) အောင်တော် မူတယ်၊

ဗျာဓိ ဒဏ်ချက်ကျ တော့ ဝမ်းတော်လျောလို့ ညီတော်အာနန္ဒာကို ရေကြည် အရှာခိုင်းပြီး ဘုန်းပေး တော်မူရတယ် (မှန်ပါ) ဇရာနဲ့ မရဏက အတော် နှိပ်စက်ပြီ မဟုတ်လား (မှန်ပါ) အတော် နှိပ်စက်တော့ကို ကိုယ်တော်မြတ်ကြီးသည် ကားလို့ဆိုရင် ဘေးအတန် တန်ရန် အထပ်ထပ်တွေကို ကျော်လွှားပြီး သကာလ လာခဲ့ငြား သော်လည်း ခန္ဓာကို အရှုံးပေးရတယ်၊ ဟုတ်လား (မှန်ပါ) ဇရာ မရဏလည်း ခန္ဓာပဲ မဟုတ်ဘူးလား (မှန်ပါ) သူနှိပ်စက်တာတွေ ကလည်း (ခန္ဓာပါပဲ) ခန္ဓာပဲလို့ ဆိုသဖြင့် ကိုယ်တော်မြတ်ကြီးသည် ဇရာ မရဏ ဒဏ်ချက်နဲ့ အင်ကြင်းပင်ပျို တွေကြားမှာ ပရိနိဗ္ဗာန် စံတော်မူ ရတယ်ဆိုတာ အားလုံး ဒကာ ဒကာမတွေ ကြားဖူးပါတယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် သူရှိနေလို့ရှိရင်ဖြင့် မြတ်စွာဘုရားလည်း သူ့ကိုတော့ မအောင်နိုင်ဘူး (မှန်ပါ) အဲဒီတော့ ခင်ဗျားတို့လည်း ဇရာ မရဏ ရှိ- မရှိ မေး (ရှိပါတယ်) အောင်ပါ့မလား (မအောင်ပါဘူး)။

ဘယ်တုန်းက ယူလာတာတုံး မေးတော့ ပဋိသန္ဓေနေတဲ့ အချိန်ကစပြီး ဇရာ မရဏ စတယ် (မှန်ပါ) အဲဒီကတည်းက ခင်ဗျားတို့ အရှုံးပေးပြီး ထွက်လာ ခဲ့တာ (မှန်ပါ)။

ဦးဘကြည် ဘယ့်နှယ်တုံး (အရှုံးပေးပြီးထွက်လာပါတယ်)။

ကိုယ်ကိုယ်တိုင်ယူလာခဲ့တာ

ပဋိသန္ဓေရှိကတည်းက သူပါလာတာ (မှန်ပါ) အဲဒီတော့ အရှုံးပေးပြီး ထွက်လာတဲ့ ပုဂ္ဂိုလ်တွေက ဗေဒင်နဲ့တား လိုတား ယတြာတွေနဲ့ တားလိုတား ဗလိနတ်စာတွေနဲ့ တားလိုတား ပေါ့ဗျာ(မှန်ပါ) ရပါ့မလား (မရပါဘူး)

ဘာဖြစ်လို့တုံး (ပဋိသန္ဓေက ပါလို့ပါ) ကိုယ်ကိုယ်တိုင် ယူလာခဲ့တယ် (မှန်ပါ)။

ဦးဘကြည် ဘယ့်နှယ်ဆိုမလဲ(ကိုယ်တိုင်ယူလာခဲ့ပါတယ် ဘုရား)။

ကိုယ်ကိုယ်တိုင် ယူတာကလည်း ကိုယ့်ကြိုးကွင်း ကိုယ်တပ်ပြီး လာခဲ့တယ်၊ ကိုယ့်ဘေး ဒုက္ခတွေနဲ့ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) လူဖြစ်ရပါလို၏ ဆိုရင် ဇရာ မရဏ ကြိုးကွင်း နှစ်ခုကပါခဲ့ပြီ (မှန်ပါ) မပါဘူးလား (ပါပါတယ်)။

ပါတော့ ကိုယ့်ကြိုးကွင်းနဲ့ ကိုယ်လာခဲ့တာ၊ ကျုပ်တို့တော့ ဘယ်သူမှ ဓားကုန် သေနပ်ကုန် မခံပါဘူး၊ ဒီအဓိပ္ပါယ် မပါဘူးလား (ပါ, ပါတယ်ဘုရား)

ကျုပ်တို့ဟာနဲ့ ကျုပ်တို့ပဲ ဒုက္ခရောက်အောင် လုပ်ပါတော့မယ် ဆိုတဲ့ဟာ လူဖြစ်ရ ပါလို၏ ဆိုတဲ့ ဆုတောင်းမှာပါ မပါ (ပါပါတယ်ဘုရား)။

ဇရာမရဏက ငါလိုက်ခဲ့ဦးမယ်တဲ့

အားလုံး ဒကာ ဒကာမတွေ ဒီဆုတောင်းဟာ ခင်ဗျားတို့ဟာ လူဖြစ်ရပါ လို၏ ဆိုရင်ဖြင့် ဇရာမရဏက ငါလိုက်ခဲ့ ဦးမယ်ချည်းပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ခင်ဗျားတို့က လူဖြစ်ရပါလို၏ ဆိုရင် ငါလိုက်ခဲ့ဦးမယ်၊ နတ်ဖြစ်ရပါ လို၏ဆိုရင်ကော (ငါလိုက်ခဲ့ဦးမယ်) ဗြဟ္မာ ဖြစ်ရပါလို၏ (ငါလိုက်ခဲ့ ဦးမယ်) ဘုရား ဖြစ်ရပါလို၏ ဆိုတာတောင် ငါလိုက်ခဲ့ဦးမယ် (မှန်ပါ့) ခန္ဓာ့မာရ် အတွက် လိုက်ဦးမှာပဲ ဟိုဘက်ကျတော့မှ မလိုက်ဘဲ နေရစ်ခဲ့ဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဒါလိုက်လာတာကို အခုဘုန်းကြီးက ကိစ္စဉာဏ်နဲ့ ပြောလိုက်တာလို့ ခင်ဗျားတို့ နားလည် သွားတာကိုး (မှန်ပါ့) လိုက်လာပြီဘုရား လိုက်လာပြီဘုရား မကြာတော့ဘူး ဘုရာ့ တပည့်တော်တို့ မဆိုနိုင်ဘူးလား ဆိုနိုင်သလား(ဆိုနိုင်ပါတယ်)။

အဲဒီတော့ ဒီခန္ဓာကြီးကိုခင်ဗျားတို့ ဝိပရိဏာမကိစ္စရှိတဲ့ သဘောသတ္တိ ဟာ ဟုတ်သားပဲ ဖောက်ပြန် ပျက်စီး ဆိုတာက သရက်သီးဟာ မှည့်၊ မှည့် ရာက နေပြီး သကာလ ပုတ်၊ အဲဒီလိုတောင် မဟုတ်သေးဘူး (မှန်ပါ့) ပုတ်တာ ကဖြည်းဖြည်းခြင်း ပုတ်သွားလို့ တစ်ခြမ်းကို လှီးပြီး စားမယ်ဆိုရင် ရသေးတယ် (မှန်ပါ့) ဇရာ မရဏကတော့ အစပျောက်ကို ဖျောက်ပစ်တယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီဘုရား)။

ဘယ်ဟာကောင်းသတုံး

တစ်ခြမ်းကောင်းရင် ခင်ဗျားတို့ လူ့ဘဝ နတ်ဘဝ တောင်းပါလို့ ဘုန်းကြီးက ဆုပေးသေးတယ်၊ တစ်ခြမ်းကို ကောင်းတာ မဟုတ်ဘူး ဆိုတာ သဘောကျပလား (ကျပါပြီ) ဘယ်ဟာက ကောင်းသတုံး (ဘယ်ဟာမှ မကောင်းဘူး) ဘယ်တုန်းက ယူလာခဲ့သတုံး (ဇာတိတုန်းက ယူခဲ့ပါတယ်) ဒီဇာတိ ဆိုတာက နောက်မှ ပေါ်တာပါ ဟုတ်လား။

ဒီဇာတိဖြစ်အောင် ဘယ်သူက လုပ်သတုံး ဆိုလို့ရှိရင် သင်္ခါရ ပစ္စယာ ဝိညာဏံ လာမှာပဲ၊ ကံက လုပ်ပေးမှာပဲ (မှန်ပါ့) စေတနာကံက လုပ်ပေးတော့ ဒီစေတနာကံ ဖြစ်အောင် ဘယ်သူ ကြိုးစား သတုံးလို့ မေးတော့ ခင်ဗျားတို့ ကိုယ်တိုင် ကြိုးစား တယ် (မှန်ပါ့) ခင်ဗျား ကိုယ်တိုင် ကြိုးစားပြီး ခင်ဗျားတို့ ကိုယ်တိုင် ဇရာ မရဏကျ အောင် ခေါင်းစင်းပြီး သေပွဲ ဝင်ရပါလို၏ ဆိုတာ ပါ-မပါ (ပါပါတယ်ဘုရား) ဒါဖြင့် ခင်ဗျားတို့ သစ္စာမသိလို့ တောင်းတာ (မှန်ပါ)။

ဦးဘကြည် ဘယ့်နှယ်ဆိုမလဲ (သစ္စာမသိလို့တောင်းတာပါ) ဒါဖြင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ ရူးသေးတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) ပေါ်ကြပလား(ပေါ်ပါပြီ)။

သစ္စာမသိရင်ရူးသေးတယ်

သစ္စာမသိရင် ဘယ့်နှယ်ဆိုကြမလဲ (ရူးပါသေးတယ်ဘုရား) ဘာဖြစ်လို့ တုံး ကိုယ့်ကြိုးကွင်းနဲ့ ကိုယ်လာ ပြန်သေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဦးဘကြည် ဒီဥစ္စာ ကြမ်းသလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မကြမ်းပါဘုရား) မကြမ်းပါဘူး မကြမ်းပါဘူး အလုပ်သွားက ဒီအတိုင်း ဧကန် ရှင်းပလား (မှန်ပါ့) နှုတ်သွားက ကြမ်းတယ် ဆိုဦးတော့ အလုပ်တရားက ဒီအတိုင်း လာမှာပဲ (မှန်ပါ့) သို့သော် ခင်ဗျားတို့က အလုပ်တရား နှုတ်သွား ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ် (မှန်ပါ့) အလုပ်သွားက ခင်ဗျားတို့ တောင်းတဲ့ဆု ဒါပါ မပါ(ပါပါတယ်)။

ဇရာ မရဏက ကြိုးကွင်းထဲမှာ အိုရပါလို၏။ သူ့လက်တွင်းမှာ ခေါင်းစင်းပြီး သတ်ခြင်း ဖြတ်ခြင်းနဲ့ ကြုံရပါလို၏ မလာဘူးလား လာသလား (လာပါတယ်ဘုရား) လာတော့ ဒကာ ဒကာမတွေ ဘယ့်နှယ့်ကြောင့် ခင်ဗျားတို့ကို ဒီအလာကြီးကို ကြုံချင် ဆုံချင်ပြီးသကာလ ယခုနေကြပါလိမ့် မတုံး ဆိုတော့ အမှားတော်ပုံကြီးလွန်းလို့ဘုရား(မှန်ပါ့) သဘောကျပလား(ကျပါပြီ) အမှားတော်ပုံ ကြီးလွန်းလို့ မှတစ်ပါး ဘာဆိုစရာ ရှိသေးသတုံး (မရှိပါဘူး) ဆိုစရာမရှိတော့လို့ ခင်ဗျားတို့ ယခုတော့ ခင်ဗျားတို့မှားတာ မှားပါစေတော့ ကိုယ့်အမှားကိုယ်သိရင် ကောင်းတယ်နော်(မှန်ပါ့)။

ကိုယ့်အမှားကိုယ်သိရင်ကောင်းတယ်

ကိုယ်အမှားကိုယ်သိရင် ကောင်းတယ်။ အမှားမှမသိတဲ့ ပုဂ္ဂိုလ်ဟာ ရူးနေတဲ့ ပုဂ္ဂိုလ်ဟာ ဆေးရှာတယ်လို့ ထုံးစံမရှိဘူး (မှန်ပါ့)။ ဆေးရှာနေတဲ့ ပုဂ္ဂိုလ်ကသာ ဟာ ဒါကြည့်မကောင်းပါဘူး၊ ရှေ့ဒီထက်ဆိုးသွားလိမ့်မယ် (မှန်ပါ့) ဟာ စိတ္တဇ ဆေးရုံရင်လည်း ပို့ပါဦး။ သို့မဟုတ်လည်း မြန်မာ့ရိုးရာဆေးနဲ့ သည်းခြေဆေးကလေး ဘာကလေး လုပ်ကြပါဦး။ နို့မဟုတ် ရှေ့တိုးရင် ခက်ချေရဲ့။ ခင်ဗျားတို့က ဒီအတိုင်းသာဆိုရင် ကိစ္စဉာဏ် မရတဲ့ ပုဂ္ဂိုလ်ဆိုရင် ရှေ့တိုးဦးမှာပဲ (မှန်ပါ့) ဒီထက် အထည်ကြီးတဲ့နတ်ဆု တောင်းချင် တောင်းမယ် (မှန်ပါ့)။

အဲဒီတော့ နတ်ဆုတောင်း နတ်ထည်ကြီးထဲ ဇရာလည်း များများပါ တယ်။ (မှန်ပါ့) မရဏကော (ပါပါတယ်) များများ မပါဘူးလား (ပါပါတယ်) အဲ တော်တော့်ကို ရင့်သွားပြီ။ မရင့်ဘူးလား (ရင့်ပါ တယ်)။

ဒါဘာမသိလို့တုံး

ဗြဟ္မာက ဒီထက်အသက်ရှည်သတဲ့ ဆိုပြီး သကာလ တောင်းပြန်တော့ လည်း ခင်ဗျားတို့ ဒီထက် သည်းခြေရင့်သွားမှာပဲ (မှန်ပါ့) မရင့်ဘူးလား ရင့်သလား (ရင့်ပါတယ်) ဒါဘာမသိလို့တုံး မေးလိုက်တယ် (သစ္စာ မသိလို့ပါ)။

သစ္စာတော့ ပြောသံကြားသိတယ်ဆိုဦး။ ယနေ့ တက်လာတဲ့ ဥစ္စာ ကိစ္စဉာဏ်ကို မသိဘူး (မှန်ပါ့)။

သစ္စဉာဏ် ကြားဘူးတယ်၊ ကိစ္စဉာဏ် ကျတော့ (မသိပါဘူး)။

ဒီနေ့တော့ ကိစ္စဉာဏ်ကို ဆရာဘုန်းကြီးက အဓိက ထားပြီး သကာလ ဟောလိုက်တော့၊ ဪ သူ့မှာ ဘာကိစ္စ ရှိသလဲ ဒကာ ဒကာမတို့ ခန္ဓာငါးပါးမှာ (ဖောက်ပြန်ပျက်စီးတဲ့ ကိစ္စရှိပါတယ်) ဖောက်ပြန် ပျက်စီးခြင်း ကိစ္စ ရှိတယ် (မှန်ပါ့) သူများကြောင့် နေပူလေပူကြောင့် ပျက်စီးတာလား၊ သူယူလာ တာနဲ့ ဖောက်ပြန် ပျက်စီးရတာလား (သူယူလာတာနဲ့ ဖောက်ပြန် ပျက်စီးရတာပါ) သူယူလာ တာနဲ့ ဖောက်ပြန် ပျက်စီးရတာ ဘယ်သူ့ အပြစ်လို့ ဆိုမတုံးဗျာ (သူ့အပြစ်ပါ) ခန္ဓာ၏အပြစ် (မှန်ပါ့)။

ခန္ဓာ၏အပြစ်သိမှ သစ္စာသိမယ်

ဒါဖြင့် ခန္ဓာ၏ အပြစ်ကို ခင်ဗျားတို့ မသိသေးသ၍ ကာလပတ်လုံး သစ္စာကိုဖြင့် ဘယ်နည်းနဲ့မှ သိမယ်မဟုတ်ပါဘူး။ မသိသေးသ၍ ဒါကြီးကပ် ယူလာမှာပဲ (မှန်ပါ့) မယူပေဘူးလား ယူမလား (ယူမှာပါ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ ဝမ်းလျှောတတ်တဲ့ ဆေးမှန်း မသိလို့ရှိရင် အရသာတော့ ရှိနေမယ် ဆိုရင် ဒီဆေးဖိပြီး စားနေမှာပဲ(မှန်ပါ့) စားလေ ဝမ်းလျှောလေပဲ ဟုတ်လား (မှန်ပါ့)။ ဒီဥစ္စာ သူ့ကြောင့် မထင်ဘူး အစားများလို့သာ ထင်တယ် ဆိုပြီး ဒီဆေး ဖိစားတော့ နောက်ထပ် စားရင် သေရုံပဲရှိ တော့မှာပဲ(မှန်ပါ့)။

ကိစ္စဉာဏ်သည်ဝိပဿနာဉာဏ်

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ယနေ့ဘာကို အဓိက ထားပြီး ဟောသတုံး (ကိစ္စဉာဏ် ဟောပါတယ်)။ ကိစ္စဉာဏ် ပိုင်ရင် ဘယ်ဉာဏ်ရမယ် ထင်သတုံး (ကတဉာဏ်ရပါတယ်) ကတဉာဏ်ဟာ ပစ္စဝေက္ခဏာဉာဏ်ဘဲ (မှန်ပါ့) ကတဉာဏ်ဟာ ပစ္စဝေက္ခဏာဉာဏ်ဘဲ (မှန်ပါ့) ကိစ္စဉာဏ်သည် ဝိပဿနာဉာဏ် (မှန်ပါ့)။

ကတဉာဏ်ကတော့ပစ္စဝေက္ခဏာဉာဏ်ဘဲ

ကတဉာဏ်ကတော့ (ပစ္စဝေက္ခဏာ ဉာဏ်ဘဲ) မဂ်ဉာဏ် ဖြစ်သွားတော့ သြော် မဂ်ဉာဏ်နဲ့ အနီးဆုံးဟောတဲ့ တရားပါလားလို့ ခင်ဗျားတို့ မပေါ်လာသေး ဘူးလား (ပေါ်လာပါတယ်)။

ကောင်းပြီ ခင်ဗျားတို့ ကျုပ်ဥပမာ တစ်ခု ပြောမယ်၊ ခင်ဗျားတို့ ခန္ဓာငါးပါး ဟာ သစ်တုံးကြီးနဲ့ တူတယ်နော် (မှန်ပါ့) ဇရာဆိုတာက ဦးဘတင် မြင်ဘူးပါလိမ့်မယ် ဒီသစ်တုံးကြီးကို ဝန်ချီစက်ကြီးနဲ့ လွှဝိုင်းကြီးထဲ ဆွဲပို့ တယ်။ ဒီမှာလည်း ဇရာက ဆွဲပြီး ပို့တယ်။ မရဏဆိုတဲ့ လွှဝိုင်းကြီးက ဖြတ်ဖြတ် ပစ်တာပဲ (မှန်ပါ့)။ ဘယ်သစ်သား ချန်ထားသေးသတုံး (မချန်ပါဘူး)။ ဆွဲပို့တဲ့ အသား ဟူသ၍ တော့ဖြင့် အကုန်ဖြတ်ချ လိုက်တယ်၊ ကရမက်သား၊ အကျော်သား၊ ကျွန်းသား အစရှိသည်နဲ့ ရွေးသေး သလား မရွေးဘူးလား ဆွဲလာတာ ဟူသ၍တော့ ဝန်ချီစက်က ဆွဲလာတာကို အကုန်ဖြတ်တာပဲ (မှန်ပါ့)၊ ဇရာက ဆွဲသမား မရဏက ဖြတ်သမား (မှန်ပါ့)။ သစ်တုံးပီပီ နေရတယ်လို့ ရှိသေးရဲ့ လား (မရှိပါဘူး)။

ဘယ်စက်ရုံများကြိုက်သတုံး

ခင်ဗျားတို့ သုံးဆယ့်တစ်ဘုံမှာ လူဘုံမှာလည်း မရဏရှိတာပဲ။ လူ့ဘုံ သစ်စက်ရုံကြီးထဲမှာ ခင်ဗျားတို့ နေချင်လည်း ဆွဲမှာနဲ့ ဖြတ်မှာပဲ၊ သဘောကျ ပလား(ကျပါပြီ)။ နတ်ပြည်သစ် စက်ရုံသွားလို့ အဲဒီမှာ သစ်တုံး ဖြစ်ချင်ရင် ကော (ဆွဲမှာဖြတ်မှာပါ)၊ ဗြဟ္မာပြည် စက်ရုံမှာ သွားဖြစ်ချင်ရင်ကော (ဆွဲမှာနဲ့ဖြတ်မှာပါ)။ ဘယ်စက်ရုံများ ကြိုက်သတုံးလို့ မေးကြည့်စမ်း (ဘယ်စက်ရုံမှ မကြိုက်ပါဘူး)။

ကိစ္စဉာဏ်ကြောင့်

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စက်ရုံမှ မကြိုက်တဲ့ ဥစ္စာဆိုရင် ကိစ္စဉာဏ် လာလို့ ပျက်ပေရော့။ ရှင်းပလား (မှန်ပါ့) ဘယ်စက်ရုံ ကြီးတော့ ကြိုက်သေးသ တုံး (ဘယ်စက်ရုံမှ မကြိုက်ပါဘူး) မကြိုက်တာ ဘာဖြစ်လို့ မကြိုက်တာတုံး (ကတဉာဏ်ကြောင့်ပါ) မဟုတ်ဘူး။ ကိစ္စဉာဏ် ကြောင့် (မှန်ပါ့) ကတ မဟုတ်သေးဘူး။ ကတလိုက်ရင် ခင်ဗျားတို့ ဒီအခြေအနေ မဟုတ်တော့ဘူး။ ကိစ္စဉာဏ်မှာ လုံးပန်းတုန်း ရှိသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံဟာ လွှရုံကြီး တွေလို့ ဘုန်းကြီးက ပြောလိုက်တယ်။ ဘယ်စက်ရုံမှာ ဘာသစ်တုံး ဖြစ်ချင် သတုံး (ဘာသစ်တုံးမှ မဖြစ်ချင်ပါဘူး)။

တစ်ခါတည်း မိမိတို့ ခန္ဓာကိုယ်ကြီးဟာ နတ်ခန္ဓာကြီး ဖြစ်ပြီး ကရမက်တုံး ကြီးကဲ့သို့ မွှေးနေတဲ့ ခန္ဓာကြီး ဖြစ်စေကာမူပေါ့ဗျာချောလိုက် လှလိုက်တာ လွန်လို့ ဖြစ်စေကာမူတဲ့၊ အဲဒီစက်ရုံထဲ သွားဖြစ် ဇရာ ဝန်ချီစက်ကြီးက ဆွဲမှာပဲ။ မရဏက ဖြတ်မယ် (မှန်ပါ့) ဒီတော့ အကျော်တုံး ဖြစ်ရတော့ကော (ဆွဲတာနဲ့ ဖြတ်တာပါပဲ) ကရမက်တုံး ဖြစ်ရတော့ကော (ဆွဲတာနဲ့ ဖြတ်တာပါပဲ) ဒီမှာပဲ လမ်းမဆုံးဘူးလား (ဆုံးပါတယ်)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာရှိသ၍ ဖြင့် သစ်တုံးပဲ။ သစ်တုံးဟူသ၍ဟာ စက်ရုံထဲ တစ်ရုံရုံတော့ ရောက်ရမှာပဲ။ မရောက်ရ ပေဘူးလား (ရောက်ရ ပါတယ်ဘုရား) ဘုံသုံးဆယ့်တစ် ရှိသကိုးဗျ၊ ဘုံသုံးဆယ့်တစ်မှာ တစ်ရုံရုံမှာ ပုထုဇဉ် အဖြစ်နဲ့ ရောက်ရောက်၊ ဟုတ်လား အရိယာအဖြစ်နဲ့ပဲ ရောက်ရောက်၊ ခန္ဓာအဖြစ်နဲ့ ရောက်လို့ရှိရင် ဒီဇရာ မရဏ လက်ထဲမှာ ခေါင်းစင်းပြီး သေမယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အဲဒီကဲ့သို့ ရှင်းနေတော့ ဒကာ ဒကာမတွေက စဉ်းစားရမယ်။ ဪ ခန္ဓာအပြစ်တော့ တွေ့ပဟေ့ (မှန်ပါ)၊ ခန္ဓာ အပြစ် တွေ့ပါပြီတဲ့ ဒီခန္ဓာကြီး သည်ကားလို့ ဆိုရင်ဖြင့် သူယူဆောင်လာတဲ့ ဇရာ သူယူဆောင်လာ တဲ့ မရဏပဲ သစ်တုံးထဲမှာကို ပါတာပဲ (မှန်ပါ့) မပါဘူးလား (ပါပါတယ်)။

ခန္ဓာရတဲ့ပုဂ္ဂိုလ်ဘယ်မှာလမ်းဆုံးသတုံး

အဲဒါကြောင့် သြော် ခန္ဓာရတဲ့ ပုဂ္ဂိုလ်များ ဘယ်များ လမ်းဆုံး ရှာပါလိမ့်မတုံး မေးရင် ခင်ဗျားတို့ ဖြေတတ်ရောပေါ့၊ ဇရာ မရဏမှာ လမ်းဆုံးတယ်(မှန်ပါ့)။

ဒကာ ဒကာမတို့ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဘယ်မှာ လမ်းဆုံးသတုံး (ဇရာမရဏ လမ်းဆုံးပါတယ်) ဇရာ မရဏ လမ်းဆုံးတယ် ဆိုတာ ကောင်းကောင်း ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်)။

ဒါဖြင့် ဘာခန္ဓာ ဖြစ်ချင်သေးတုံး မေးရင် (ဘာခန္ဓာမှ မဖြစ်ချင် ပါဘူး) ဘာဖြစ်လို့တုံး ဒီကိစ္စ သိသွားတာကိုး (မှန်ပါ့) ဇရာ မရဏလက် ချက်နဲ့ အသက်ထွက်ရတဲ့ ကိစ္စသိတယ် (မှန်ပါ့) မသိကြဘူးလား ဒကာ ဒကာမတို့ (သိပါတယ်)။

ဘယ်သူဖြင့် သေရှာပြီတဲ့ ဘယ်သူ ဖြစ်သည်ကားလို့ ဆိုရင် ဘယ်နေရာဖြင့် ဒုက္ခ ရောက်နေသတဲ့ ဇရာဖြစ်နေလို့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ခန္ဓာကိစ္စဟာတ ဲ့(အိုသေခြင်းကိစ္စပါ ဘုရား)။ ဒါပဲရှိတယ်၊ တောင်းချင်တဲ့ ခန္ဓာကို တောင်းပါ ခင်ဗျားတို့။ ခင်ဗျားတို့ တောင်းလို့ ရှိရင်တော့ ပြည့်မှာပဲ။ တချို့ဒါန သီလနဲ့ လုပ်ယူလည်း ပြည့်မှာပဲ။ တချို့ သမထနဲ့ လုပ်ယူလည်း ပဋ္ဌမဈာန်လုပ် ပထမဈာန်ဘုံတော့ရမှာပဲ။ ဒုတိယ ဈာန်လုပ် ဒုတိယဈာန်ဘုံရမှာပဲ။ ဒုတိယဈာန်ရအောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ် လုပ်မယ်ဆိုရင် ရှင်းပလား (ရှင်းပါပြီ)။

အတွင်းသားကျတော့ ထူးသေးသလား

အဲဒီတော့ ဘာပဲရရ ဇရာ မရဏ၏ လက်တွင်းကို အပ်ရမှာပဲ (မှန်ပါ့) ခင်ဗျားတို့ကို မပြောပါနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဆည်း ပူးလာတဲ့ ကိုယ်တော်ကြီးဟာ ဇရာ မရဏ ကျတော့ သူလည်း လူတိုင်းထဲက လိုပဲ သွားရတယ် (မှန်ပါ့) ဒိပြင်ဟာတော့ အတုမရှိဘူးပေါ့ဗျာ သီလ သမာဓိ ပညာ ဝိမုတ္တိ စသည့် ဂုဏ်ကျေးဇူးတွေမှာ ဘယ်သူနဲ့မှ အတုမရှိဘူး၊ အတွင်းသားကျတော့ ထူးသေးသလား (မထူးပါဘူး)။

အတွင်းသားကျတော့ ဘာတုံး (ဇရာမရဏပါပဲ) ဇရာမရဏနဲ့ ပဲ ကိုယ်တော်မြတ်ကြီး အင်ကြင်းပင်ပျိုကြားမှာ ပရိနိဗ္ဗာန် စံတော်မူ ရတယ် ဆိုတာ ခင်ဗျားတို့ ကြားဖူးကြမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခန္ဓာကြောင့်ဖြစ်ရတဲ့အပြစ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာ၏အပြစ်ကိုဖြင့် ယနေ့ ကောင်းကောင်း သိဖို့ကောင်းပြီ (သိပါပြီဘုရား) ခန္ဓာကြောင့် ဖြစ်ရတဲ့အပြစ်၊ သူတစ်ပါးကြောင့် ဖြစ်ရတဲ့အပြစ် ရှိရဲ့လား (မရှိပါဘူး) ခန္ဓာထဲမှာ ပါလာတဲ့ အပြစ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်သူ အပြစ်ပါလိမ့် (ခန္ဓာထဲမှာ ပါလာတဲ့ အပြစ်ပါ ဘုရား) ဘာပါ လာသတုံး (ဇရာ မရဏ ပါလာပါတယ်) မှိုလိုသာ မှတ်ထားလေ ဒကာ ဒကာမတို့ (မှန်ပါ့) မှိုမြေထဲက ထွက်လာတာ ကျုပ်မြေ မပါချင်ဘူးဆိုလို့ (မရပါဘူး) မရနိုင်ဘူး။ ခင်ဗျားတို့ ခန္ဓာရအောင် ဆုတောင်းရင် ခန္ဓာထဲက ပါမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ခန္ဓာရအောင် ဆိုပေမယ့် ခန္ဓာ မဖြစ်သေးခင် ကိစ္စမရှိဘူး၊ ခန္ဓာရှိရင်တော့ ဖြင့် ပါမှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ခန္ဓာရှိရင်တော့ သူ့ကိုလွတ် အောင် ဘယ့်နှယ်လုပ် ရုန်းမလဲ ဇရာ မရဏ လွတ်အောင်။ ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာ လွတ်ပါ့မလား (မလွတ်ပါဘူး) ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာ ဇရာ မရဏကို ဘယ်လို လွတ်အောင် ရုန်းကြမယ် ဆိုတာ ခင်ဗျားတို့ ကြံချင်တိုင်း ကြံမရဘူး။ (မှန်ပါ့) ခန္ဓာမရှိမှ အေးမယ် ဆိုရင်တော့ဖြင့် (ရပါတယ်)။

ဒါဖြင့် ဒီခန္ဓာဟာ သက်သက် အနှိပ်စက်ခံဖို့ ပေါ်လာတဲ့ ခန္ဓာ (မှန်ပါ့) သေပွဲဝင်မလို့ ဘာတုံး (ပေါ်လာတာပါ)။

ပလူကောင်တွေ အသေခံထွက်လာတာ

အဲဒီတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ။ မိုးတွင်းတုန်းက ခင်ဗျားတို့ အားလုံးပဲ မြင်လိုက် ကြပါလိမ့်မယ်။ ပလူကောင် ကလေးတွေ အသေခံ ထွက်လာ တာ (မှန်ပါ့) ဦးဘကြည်ဘာလို့ ထွက်လာတာတုံး (အသေခံ ထွက်လာတာပါ)။ သူ့ဟာသူ နေရင် မသေဘူး (မှန်ပါ့)။ ထွက်လာတဲ့ အတွက် ကျီးတို့ငှက်တို့၏ စာဖတ်ဝါးဖတ် ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်) ဘာလို့ ထွက်လာကြ သလဲ (အသေခံ ထွက်လာပါတယ်)။

သြော် ခင်ဗျားတို့ဆုတောင်းတာလည်း ဘာပါလိမ့် (အသေခံထွက် လာတာပါ) အသေခံ ထွက်လာတာ၊ အံမာ ဂျပန်စစ်သားထက် မိုက်ပါသေး သလား (မှန်ပါ့) မမိုက်ဘူးလား။

ကိစ္စဉာဏ်မျက်လုံးနဲ့ကြည့်ရင်

ဂျပန်စစ်သားဟာ အသေခံ စစ်သားတွေ ဆိုတော့ ခင်ဗျားတို့က ဒီကောင်တွေ တယ်မိုက် ပါလားကွ၊ ဒီဂျပန် စစ်သားတွေ တယ် သတ္တိ ကောင်းတဲ့ ကောင်တွေပဲ၊ ဟုတ်လား ဝေလမင်းသား သင်္ဘော ခေါင်းတိုင်ထဲ လက်ပစ်ဗုံးကိုင်ပြီးတော့ ခုန်ချတာကိုးဗျ (မှန်ပါ့) အဲ့ဒီတော့ အသက်ကို အသေခံပြီး မိုက်ပါပေ့ကွာ ဉာဏ်မျက်လုံးနဲ့ ကြည့်ရင် (မှန်ပါ့)။

ခင်ဗျားတို့လည်း ကိစ္စဉာဏ် မျက်လုံးနဲ့ ကြည့်စမ်း ဘယ့်နှယ်တုံး မိုက်ပါ ပေ့ကွာ မဆို ထိုက်ဘူးလား (ဆိုထိုက်ပါတယ်) ဘာဖြစ်လို့ ဆိုထိုက်သတုံး ဆိုတော့ ဘာဖြစ်ရပါလို၏ ဆိုတော့ ဒီအထဲပါလာပြီ ဟုတ်လား၊ ဘာနဲ့ သေခြင်း ဆိုးသေရပါလို၏ ဆိုတာနဲ့ ဘယ့်နှယ် နေကြသတုံး (ပါပါတယ်) ဇရာ မရဏနဲ့ အသက်ထွက်ရပါလို၏ ပါ-မပါ (ပါပါတယ်ဘုရား)။

ကိစ္စဉာဏ်ရောက်မှ အမှန်ရောက်မယ်

အဲဒီတော့ ခင်ဗျားတို့လည်း အသေခံ စစ်သားထဲမှာ ခုနင်က ပလူ တွေလို ဂျပန်စစ်သားလို မတူဘူးလား တူသလား (တူပါတယ်) ဟိုက မိစ္ဆာဒိဋ္ဌိ ခင်ဗျားတို့က သမ္မာဒိဋ္ဌိလည်း ဆိုသေးရဲ့ သမ္မာဒိဋ္ဌိ အမှန် ရောက်သေးရဲ့ လား (မရောက်ပါဘူး) မရောက်တော့ဘူးဘဲ၊ အဲဒီတော့ ကိစ္စဉာဏ် မရောက်သေးရင် သမ္မာဒိဋ္ဌိ အမှန်ကို မရောက်ဘူး (မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ)။

ကိစ္စဉာဏ်ရမှ ဘာဖြစ်မတုံး (သမ္မာဒိဋ္ဌိ အမှန်ရောက်ပါတယ်) နို့မဟုတ် လို့ရှိရင် ဂျပန်စစ်သားနဲ့ ပလူလိုသာ မှတ်ပေတော့ အသေခံ ချည်းထွက်နေမှာပဲ (မှန်ပါ့)။

အဲဒါနဲ့ စဉ်စားကြည့်ကြပါ ဒကာ ဒကာမတို့ ကျုပ်တို့ဖြင့် ဒီဘဝဖြင့် ဒီမျှပဲ နောက်ဘဝဖြင့် ဒီလို ဆင်းရဲတော့ မနေချင်ဘူး၊ ချမ်းသာ ရအောင်တော့ဖြင့် လုပ်မှပဲ ဆိုပြီး သကာလ တောင်းလိုက်တဲ့ ဆုရှည်ကြီးဟာ ဒါတွေရဖို့ဗျ။ အသေခံဖြစ်ဖို့ အသေခံဖြစ်ဖို့ (မှန်ပါ့)။

တောင်းလိုက်တဲ့ ဆုတွေ ဦးဘကြည် ဘယ့်နှယ်ဆိုကြမလဲ (အသေခံ ဖြစ်ဖို့ပါဘုရား) အသေခံ ဂျပန်စစ်သား ဖြစ်ဖို့မှ တစ်ပါး ဘာရှိသေးသတုံး (ဘာမှ မရှိပါဘူး) ဘာမှ မရှိတော့ ဒကာ ဒကာမတွေက သြော် တို့သည်ကားလို့ ဆိုရင် ကိစ္စဉာဏ် မရ၍ မိုက်လုံးကြီးတုန်းပဲ (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်)။

အမိုက်လက်စသိမ်းမှတော်တော့မယ်

ဒါဖြင့် ဒကာ ဒကာမတို့သည် ဒီတရားဟာ အားထုတ်လိုက်သလား မထုတ်လိုက်ဘူးလား (ထုတ်လိုက်ပါတယ်) ကိုယ်တိုင်ဇရာ မရဏနဲ့ ပျက်စီး ပျက်စီးသွားတာတွေ၊ ကိုယ့်ကိုယ်ရှေ့ က ပျက်တာကို နောက်ဉာဏ်က ကြည့်ကြည့် ကြည့်ကြည့် ပေးနေတော့ သြော် အမိုက် လက်စ သိမ်းမှ တော်တော့ မယ်။ သူ့ကို မရမှ တော်မယ်၊ ဒီခန္ဓာကြီးကို မရမှ ကောင်းမယ်။ လာမလား မလာဘူးလား (လာပါတယ်) အမြဲတမ်းဘယ်သူမှ မနှိပ်စက်လည်း သူအသက်ထွက်ရုံပါပဲ (မှန်ပါ့) သုံးဆယ့် နှစ်ပါးသော ကံကြမ္မာ, နှစ်ဆယ့်ငါးပါး သောဘေး, ကိုးဆယ့် ခြောက်ပါးသော ရောဂါမလာနဲ့ ကျုပ်ဟာ ကျုပ်သေမယ်။ ကျုပ်ဟာကျုပ် သေမယ် မပါဘူးလား (ပါပါတယ်)။

ရှင်ဗာကူလ ဘာနဲ့သေသတုံး (သူ့ဟာသူပါ ဘုရား) ဆုသာ တောင်းရတယ် ရှင်ဗာကူ သူယူလာတာနဲ့ သူသေရှာတယ် (မှန်ပါ့) မသေဘူလား။ ဒကာ ဒကာမတို့ (သေပါတယ်ဘုရား) အနာမဲ့ ရှင်ဗာကူဆို အဲ့ဒီမှာ သူဘယ်အနာနဲ့ သေသွားသတုံး (ဇရာ မရဏနဲ့ ပါဘုရား)။

နို့ ခင်ဗျားတို့က ဘာဖြစ်လို့ ဒီမရဏ ဆုတောင်းရတာတုံး သေချင်သေး လို့ပေါ့ဘုရား (မှန်ပါ့) ဒိပြင့်သာရှိသေးသတုံး (ဘာမှမရှိပါဘူးဘုရား)။

အဲဒီကဲ့သို့ ဒကာ ဒကာမတို့မှာ အရုပ်ဆိုး အကျည်းတန်တာသည် ဘာကြောင့် အကျည်းတန် ဘာလိမ့်မတုံး ဆိုတော့ မသိမှု အဝိဇ္ဇာက အုပ်ချုပ်လို့ (မှန်ပါ့) ဒီသိမှု ကိစ္စဉာဏ် ပေးလိုက်တော့ သြော် ဟုတ်ပါလား အလွဲကြီးလွဲ ကုန်ပေါ့ပဲ ။ အသေခံ စစ်သားထက် မိုက်ပါသေးလား (မှန်ပါ့) မဆိုနိုင် ဘူးလားဗျာ (ဆိုနိုင်ပါတယ်) ပလူထက် မိုက်ပါသေးလား ပလူဟာ တောင်ဘို့ထဲ နေလို့ရှိရင် အလွတ်သားပေါ့ဗျာ၊ ကျီးတွေလည်း မစားနိုင် (မှန်ပါ့) ထွက်ချင် လိုက်တာ လုပြီး ထွက်တယ် ပလူတွင်းများ မြင်ဘူးကြတယ် မဟုတ်လား (မြင်ဘူး ပါတယ်) တိုးမထွက်ဘူးလား (တိုးထွက်ပါတယ်) ဘာဖြစ်လို့တုံး (အသေစော အောင်လို့ပါ) ကဲ ခင်ဗျားတို့ ဆုတောင်းတာလည်း ဘာတုံး (အသေစော အောင်လို့ပါဘုရား) အသေစော အောင်လို့ အကြိမ်ကြိမ်ကိုးဗျ (မှန်ပါ့) ဒီတစ်ကြိမ် မြန်မြန် သေရပါလို၏။ ဟိုတစ်ကြိမ်ပြီးတော့ကော (ဟိုတစ်ကြိမ် မြန်မြန် သေရပါလို၏)။

ဦးဘအုန်း ဘယ့်နှယ် ဖြစ်နေတာတုံး မပြောတတ်ပါဘူး ဘုရား (မှန်ပါ့) မပြောတတ်ပါဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖြေရုံပဲရှိတယ် (မှန်ပါ့) မပြောတတ် ပါဘူးဆိုတဲ့ဥစ္စာ ဒီဉာဏ် မရှိဘူးပြောတာ (မှန်ပါ့) ဘာဉာဏ်ပါလိမ့်ဗျား (ကိစ္စ ဉာဏ်ပါဘုရား)။

ကိစ္စဉာဏ်မရှိဘူးလို့ ပြောလိုက်တော့ ရှင်းလို့လင်းလို့မဟုတ်ဘူး လား (မှန်ပါ့) အဲဒီတော့ ဒီအခြေအနေမှာ ဒီထဲမှာပါတဲ့ အသက်ထွက်ရတယ်။ ဦးချစ်လှ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

သူယူလာတဲ့လက်နက်နဲ့ အသက်ထွက်ရတယ်

သူယူလာတဲ့ လက်နက်နဲ့ ဘာတုံး (သူအသက်ထွက်ရပါတယ်) မယုံလို့ ရှိရင်ကြည့် ဝက်များဟာ အစာကောင်း အခါလည် ကျွေးပါ၊ ကျွေးလေ ဝလေပဲ။ ဝလေ အဆီပိတ်လေပဲ။ သူ့အစားနဲ့သူ ဘာဖြစ်ရသတုံး (သေရ ပါတယ်)၊ ဘယ်သူ သတ်လို့ သေပါလိမ့် (သူ့အစားနဲ့ သူသေရပါတယ်)၊ သူက အစားများတော့ သူ့အဆီက များတယ်၊ များတော့ သူ အဆီပိတ်ပြီးတော့ သေတယ်(မှန်ပါ့)။

အဲဒီတော့ အဲဒီဝက်ဟာ ဘယ်သူ့လှံချက်မိလို့တုံးလို့ မေးမနေနဲ့ သူ့အဆီနဲ့ သူ့ကို သတ်တာပဲ (မှန်ပါ့)။

ဒီမှာလည်း ခင်ဗျားတို့ ငယ်ငယ်ကလေးလည်း သေသွားတာပဲ၊ အလတ် စားလည်း သေတာပဲ၊ ကြီးမှလည်း သေတာပဲ ဘာဖြစ်လို့ သေကြပါလိမ့် မတုံး အို သူယူလာတဲ့ လက်နက်နဲ့ သူအသက် ထွက်တာပဲ လို့သာ ဆုံးဖြတ်ချက် ချ (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူနဲ့ အသက် ထွက်တာပါလိမ့် (သူယူလာတဲ့ လက်နက်နဲ့ သူ အသက် ထွက်တာပါ)။

ဒါဖြင့် ခင်ဗျားတို့ အခု ဘယ်အခြေအနေ ဆိုက်နေပြီလဲလို့ မေးလို့ရှိရင် ဖြင့်၊ ကိုယ့်လက်နက်နဲ့ ကိုယ်အပြည့်အစုံ ပါပြီးသား ဖြစ်သောကြောင့်၊ ဒီပုဂ္ဂိုလ် တွေဟာ ဘယ်သူဖြင့် ဘာဖြစ်လိမ့်မယ်လို့ မဆိုပါနဲ့တော့လေ (မှန်ပါ့) ဟုတ်လား မလိုတော့ပါဘူး။

ဒီနေရာတွင် ခင်းဗျားတို့ ဗိုင်းဗိုင်းလဲပြီး သကာလ သေပွဲဝင် ရမှာပဲ။ လူ့ပြည်မှ တစ်ပါး ဘယ်ပြည်များ ခင်ဗျားတို့ ပြေးပြီးသေချင် သေးသတုံး (လူပြည်မှာပဲ သေရမှာပါဘုရား) အခုဆုတောင်း ပြည့်ထားတာ လူ့ပြည်မှာ သေပွဲဝင်ဖို့ ဆုတောင်း ပြည့်ထားတယ် (မှန်ပါ့) နောက်လည်း ခင်ဗျား တို့ ကိစ္စဉာဏ် မရသေးလို့ ဆုတောင်းရင် နောက် မသာချမှု လာရအုံးမှာပဲ (မှန်ပါ) မသိရင်လာမယ်။ သိလို့ရှိရင် (မလာပါဘူး)။

အဲဒါကြောင့် ဒီပုဂ္ဂိုလ်တွေဟာ ဟိုပြည် သွားပြီး သကာလ တံတွေး ထွေးခံချင်, ဒီပြည်သွားပြီး သကာလ တံတွေးထွေး ခံချင်ပါလိမ့်။ မသာ ဆိုတော့ တံတွေးထွေး ကြတာကိုးဗျ။ ဆွေမျိုးတော်တဲ့ လူကသာ မထွေးတာ (မှန်ပါ)

ဆွေမျိုး မတော်တဲ့ လူကတော့ (ထွေးပါတယ် ဘုရား) ပီ-ဖွပ်- အစရှိသည်နဲ့ မတတ်သာလို့ လိုက်ပို့ရတယ် နံလိုက်တာ စော်လိုက်တာ လွန်လို့ အစရှိ သည်နဲ့ မလာပေဘူးလား လာမလား (လာပါတယ် ဘုရား)။

ဆုတောင်းတာသေပွဲပြောင်းတာ

အဲဒီတော့ လူ့ပြည်မှာလည်း တံထွေး ထွေးခံခဲ့ရပြီ၊ နတ်ပြည်ကျတော့ ဒီထက်ဆိုးမှာပေါ့ (မှန်ပါ့) ဗြဟ္မာပြည် ကျတော့လဲ (ဆိုးမှာပါဘဲဘုရား) ဒါကြောင့် ခင်ဗျားတို့ ဆုတောင်း တာသည် ကားလို့ ဆိုရင် သေပွဲ ပြောင်းတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဆုတောင်းတာ ဘာပါလိမ့် (သေပွဲပြောင်းတာပါ) ဘယ်ဉာဏ်မရလို့ သေပွဲ ပြောင်းတာတုံး (ကိစ္စဉာဏ် မရလို့ပါ) သစ္စဉာဏ်အစ၊ ကိစ္စဉာဏ် ကအလယ် ဒါကို မရဘူး။ မရသ၍ ကာလပတ်လုံး ဦးဘကြည်ရေ ငါဘုရား လည်း သံသရာ လည်ခဲ့တယ် ဆိုတာ ပေါ်ပလား(ပေါ်ပါပြီ) မင်းတို့လည်း ဒီဉာဏ်မရသေးလို့ ဘာတဲ့တုံး (သံသရာလည်ခဲ့ရပါတယ်ဘုရား)။ သံသရာလည် ဦးမှာပဲဆိုတော့ ဘုရားက ဒါကိုအဓိက ဟောနေတာ (မှန်ပါ့)။

ဘုရားဟောတာ အဓိကအချက်ပဲ မဟုတ်လား(မှန်ပါ့)၊ ဒီသစ္စာကို မသိခဲ့တဲ့အတွက် ကိုယ်ကျိုးနည်းခဲ့ရတယ်၊ သစ္စာသိတဲ့ တနေ့ကျတော့မှပဲ ဒီဘဝ နောက်ဆုံးပဲကွာ နှိပ်စက်ချင် သလောက် နှိပ်စက်လိုက်တော့ နောက်တော့ နှိပ်စက်ရမှာ မဟုတ်ဘူး ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော် မြတ်ကြီး ပရိနိဗ္ဗာန်စံပြီးမှ (ခန္ဓမာရ်ကို အောင်ပါတော့တယ်)။

ပရိနိဗ္ဗာန်စံပြီးမှအောင်တယ်

နဂိုက အောင်ခဲ့တာတွေက ခန္ဓမာရ် မအောင်သေးဘူး၊ ပရိနိဗ္ဗာန်စံပြီးမှ ခန္ဓမာရ် အောင်ပါ တယ်။

အဲဒီတော့ ပရိနိဗ္ဗာန်စံမှ ခန္ဓမာရ်နဲ့ မစ္စုမာရ်ကို အောင်တော့ ဒိပြင် အောင်ခြင်းတွေကို သာအောင်တယ် (မှန်ပါ့) ခန္ဓမာရ်နဲ့ မစ္စုမာရ်ကိုတော့ ပရိနိဗ္ဗာန်စံပြီးမှ အောင်တယ် ဆိုတော့ သြော် ကိုယ်တော် မြတ်ကြီးတောင် ဇရာမရဏ လက်တွင်းမှာပဲ ဒုက္ခရောက်ပြီး သွားရသေးတာပဲ (မှန်ပါ့)။

အဲဒီကဲ့သို့သိထားတော့ ခန္ဓာမရှိမှ ချမ်းသာမှာပဲ ဆိုတာ ခင်ဗျားတို့ ရဲရဲ တင်းတင်းပဲ မှတ်ရမယ် (မှန်ပါ့) ခန္ဓာရှိရင် နှိပ်စက်မယ့်သူ ရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ်ဘုရား)။

ခန္ဓာမရှိတဲ့ နေရာ ကိုယ်တိုင်မြင်ရလို့

ခန္ဓာမရှိတဲ့ အခါကျတော့ ခန္ဓာကလည်းမရှိလို့ ဇရာကော (မရှိပါဘူး) ဗျာဓိကော (မရှိပါဘူး) မရဏကော (မရှိပါဘူး) မရှိတော့ ဘာရှိမှာတုံး တပည့် တော်တို့ မီးခိုးကြွက်လျှောက် လျှောက်သလိုပဲ ဒီလိုဖြစ်ရမှာလားလို့ လည်း မေးလိုက်မှာပေါ့ဗျာ(မှန်ပါ့) မဟုတ်ပါဘူး သေသေချာချာ မှတ်ပါ ဒကာ ဒကာမတို့ ကတဉာဏ် ရောက်တော့ ခင်ဗျားတို့ ကိုယ်တိုင် ခင်ဗျားတို့မြင်ပါလိမ့်မယ် (မှန်ပါ့)။ ခန္ဓာ မရှိတဲ့ နေရာ ကိုယ်တိုင် မြင်ရလို့ သြော် ဒီနေရာမှာ ဇရာမရဏတို့ မလိုက်နိုင်တဲ့ နေရာပါလား ဆိုတာ ခင်ဗျားတို့အား ထုတ်ကြည့်ရင်း ခင်ဗျားတို့ ကိုယ်တိုင် တွေ့ရမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

သုခနိဗ္ဗာန်လာတယ်

ဒါချုပ်တဲ့ အခါမ ှတွေ့မယ် ဒါချုပ်အောင် ရှုကြည့်ဦး (မှန်ပါ့) ဒါဟာချုပ် ရမှာလား မချုပ်ပဲ နေမှာလား (ချုပ်ရမှာပါ) အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှ ချုပ်ရမယ် ချုပ်လို့ ရှိရင် ဒုက္ခချုပ်တဲ့ နေရာ ဘာလာ တယ် ထင်သတုံး (သုခလာပါတယ်) သုခနိဗ္ဗာန် မလာပေဘူးလား (လာပါတယ်) လာတဲ့ အခါကျလို့ ရှိရင် ကတဉာဏ် နဲ့မတွေ့ပေဘူးလား (တွေ့ပါတယ်) သူက ဒုက္ခကိုလည်း ပိုင်းခြားတယ်၊ နိရောဓ ကိုလည်း မျက်မှောက်ပြု ဆိုတော့ ဒီဉာဏ် လာရမှာကိုးဗျ။ ကတဉာဏ်နဲ့ မဖြစ်ပေဘူးလား။ (ဖြစ်ပါတယ်) အဲဒီကဲ့သို့ ဖြစ်တဲ့ အခါကျလို့ရှိရင် နိရောဓ ဆိုတော့ ဪ ဒုက္ခသာ မရှိတာကိုး။ ချမ်းသာတာတော့ ရှိတယ်လို့ ဆုံးဖြတ် ချက်ချ (မှန်ပါ)။

ဒုက္ခသာချုပ်ဟာ ချမ်းသာအစစ်ရတယ်

ဘာတုံး (ဒုက္ခသာ ချုပ်တာပါ၊ ချမ်းသာတွေ ရှိပါတယ်)။ ချမ်းသာ ကတော့ အစစ်ပဲ(မှန်ပါ) လောကီ ဥပမာ ပြရလို့ရှိရင်ဖြင့် အနာပေါက်တာလည်း ခင်ဗျားတို့ ဒီလက်မောင်းပဲ။ ဆေးသမား ဝါးသမားကောင်းလို့ ပျောက်တာကော (ဒီလက်မောင်းပါပဲ) သို့သော် ခင်ဗျားတို့သည် အနာ ရှိသေး သလား မေးတော့ ဘယ့်နှယ် ပြောသလဲ မရှိဘူး ပြောပါ့မလား။ လက်ကော ဘယ်နှယ့် နေသလဲ (ဒီအတိုင်း ပြန်ဖြစ် လာပါတယ်) ဒီအတိုင်းပဲ ပျောက်နေတာပဲ (မှန်ပါ့) ဒီမှာလည်း ဒုက္ခတွေ အကုန်ပျောက်တယ် (မှန်ပါ့) ဒုက္ခ မခံရတော့ပဲ ဒုက္ခငြိမ်းခြင်း (သန္တိသဘော ရှိပါတယ်) ဒုက္ခနဲ့ ဆက်သွယ်တာတွေ အကုန် ပျောက်တယ် (မှန်ပါ)။ ဒုက္ခနဲ့ မဆက်သွယ် တာကတော့ ရှိပါတယ် ဘုရား) အဲနိဗ္ဗာန်ဟာ အတ္ထိ ပစ္စည်းမျိုး၊ ဧကန်ရှိ တကယ်ရှိတယ်၊ ဒုက္ခနဲ့ ဆက်သွယ် တာသာ မရှိတာ (မှန်ပါ)။

နိဗ္ဗာန်သည် ဧကန်ရှိတယ်

ဒုက္ခနဲ့ ဆက်သွယ်တာက ဇရာမရဏနဲ့ ဆက်သွယ်တဲ့ ရုပ်နာမ်၊ ဇရာမရဏနဲ့ မဆက်သွယ်တဲ့ တရား ကတော့ ရှိလို့ ဘုရားက ဥဒါန်းပါဠိတော်မှာ ဟောတော်မူတယ် (မှန်ပါ)။

“အတ္ထိ ဘိက္ခဝေ နိဗ္ဗာနံ။” “ဘိက္ခဝေ-ရဟန်းတို့၊ နိဗ္ဗာနံ- နိဗ္ဗာန်သည်။ အတ္ထိ-ဧကန်ရှိ၏။” ဘုရားက ရှိတယ်လို့ ဟောထားတယ် (မှန်ပါ) သဘော ကျပလား(ကျပါပြီ)။

ကိစ္စဉာဏ်ရင့်အောင်လုပ်

အဲဒီတော့ ဘုရားက ရှိတယ်လို့ ဟောတော်မူတယ်၊ ခင်ဗျားတို့ ကျုပ် တို့က မယုံဘူး ဆိုတော့၊ ဒီကိစ္စဉာဏ် ရင့်အောင် လုပ်ပြီး သကာလ ကတဉာဏ်ကို ခင်ဗျားတို့ သေသေချာချာ မြင်မှာပဲ (မှန်ပါ) သဘောကျ ပလား(ကျပါပြီ)။

အဲဒီတော့ အိုတာရှိရင် မအိုတာ(ရှိပါတယ်ဘုရား) နာတာရှိရင် (မနာတာ ရှိပါတယ်ဘုရား) သေတာရှိရင်(မသေတာ ရှိပါတယ်ဘုရား) ရှိတာပေါ့ အပူရှိရင် အအေး ရှိသေးတာပဲ (မှန်ပါ)။ သဘောကျ ကြပလား (ကျပါပြီ)။

ကတဉာဏ်ရအောင်လုပ်ရမယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကတဉာဏ် ရအောင် လုပ်ကြည့် (မှန်ပါ)။ ဘာဖြစ်လို့ ကတဉာဏ် ရအောင် လုပ်ကြည့်လို့ ဆိုတော့ ကိစ္စဉာဏ် မနှစ်သက်တဲ့ ပုဂ္ဂိုလ်ဟာ ကတဉာဏ် ရအောင် လုပ်ရမယ် (မှန်ပါ)။

ကိစ္စဉာဏ်ဆိုတာ ဒကာ ဒကာမတို့ ခဏခဏ နှိပ်စက်ခံနေရတာ မြင် တာကို ဘာဆိုကြမယ် (ကိစ္စဉာဏ်ပါ ဘုရား) အဲဒါကြီး ဉာဏ်နဲ့ကြည့်တော့ ဒီသူ့ကိစ္စကို ဉာဏ်က ကြည့်ကြည့်-ကြည့်ကြည့် သွားတော့၊ ဒီကိစ္စကြီးကို ကြည့်ချင် လိုချင် ရချင်တဲ့စိတ် လာဦးမလား (မလာပါဘူး) မလာတော့ဘူး၊ မင်းတို့တော့ မရချင်တော့ မလိုချင်တော့ဘူး ဆိုတော့ သမုဒယချုပ်- မချုပ် (ချုပ်ပါတယ်) ချုပ်တဲ့ အခါကျလို့ ရှိရင် ဒီကိစ္စဟာ ပျောက်ရမယ်၊ သဘောကျ ပလား (ကျပါပြီ)။

ဒါဘယ့်နှယ်ကြောင့် ပျောက်သွားသတုံး ဆိုတော့၊ မဂ္ဂင်တည်း ဟူသော ဉာဏ်က မင်းတည်း ဟူသော ဒုက္ခနဲ့ ငါတော့ မနေလိုတော့ဘူး၊ ဘယ် အခါကာလမှ မကြည့်လည်း မကြည့်လိုတော့ဘူး၊ တွေ့လည်း မတွေ့ချင်ဘူးဆိုတော့ သူက တဏှာကြောင့် ဖြစ်တဲ့ ဒုက္ခသစ္စာ (မှန်ပါ) တဏှာ ချုပ်သွား တော့ သူကျန် နေရစ်သေးရဲ့ လား (မကျန်ပါဘူး) မီးပဲ သေပေါ့ဗျာ အပူပျောက် အရောင်အလင်းတွေ ပျောက်ရမှာပေါ့၊ သဘောကျပလား (ကျပါပြီ)။ မီးပဲပျောက်ပေါ့ အရောင်အလင်း ကျန်နေ သေးတယ် ဆိုလို့ တော်ပါ့မလား ( မတော်ပါဘူး)။

ဒါဖြင့် မီးပျောက်ရင် ဘာပျောက်မလဲ အရောင်အလင်း ပျောက်မယ်။ မီးနဲ့ သမုဒယ သစ္စာနဲ့ တူတယ် (မှန်ပါ) အရောင်အလင်း၊ အပူနဲ့ ဘာနဲ့တူသတုံး (ဒုက္ခသစ္စာနဲ့ တူပါတယ်)။

ကဲ သူတို့နှစ်ခု ပျောက်သွားတဲ့ အခါကျတော့ မီးနဲ့အပူနဲ့ ပျောက်သွား တဲ့ အခါကျတော့ အအေးနဲ့ အအေး မြင်တတ်တဲ့ သဘောနဲ့ အအေးသတ္တိ မရှိပေဘူးလား- (ရှိပါတယ်)။

အခုမှအေးပြီ ပေါ့

ဒါဖြင့် ဒီဘက်ကသုခ၊ ဒီဘက်က မဂ္ဂ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါကျတော့ ကတဉာဏ်တဲ့၊ ဪ ကိစ္စပြီးပေပေါ့ ဒုက္ခတွေ သိလို့ သမုဒယ ချုပ်လို့ အခုမှ အေးပေပေါ့လို့ မလာဘူးလား လာမလား (လာပါမယ်)၊ ဒါဖြင့် ကတဉာဏ် ဆိုတာ ပြီးပေပေါ့ ဒီဒုက္ခနဲ့ ဝဋ်ကျွတ် ပေပေါ့လို့ သိတဲ့ဉာဏ် ဘာခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ကျတော့ ပွားမှရမယ်

ဒါဖြင့် ဒီကတဉာဏ်ကို ဘယ်ကနေ ဦးဘကြည်တို့က တက်မှာတုံးလို့ မေးလို့ ရှိရင် ဖြေတတ်ကြပလား (ကိစ္စဉာဏ်က တက်ရပါတယ်)

ပဋ္ဌမ ၁-နံပါတ် သစ္စာသိအောင်လုပ်လိုက်, သစ္စဉာဏ် (မှန်ပါ)

ဒုတိယအဆင့်ကျတော့ (ကိစ္စဉာဏ်ပါဘုရား) ကိစ္စဉာဏ် ကျတော့ ပွားမှ ရမယ် (မှန်ပါ) သစ္စဉာဏ် ကတော့ ဆရာဘုန်းကြီး ဟောလိုက်ရင် ရမယ် (မှန်ပါ) ကိစ္စဉာဏ်ကတော့ (ပွားမှရပါမယ် ဘုရား)။

ပွားလိုက်တဲ့ အခါကျတော့မှ အသားထဲက လောက်ဖြစ်တာတွေ ပျောက်ပျောက် ပျောက် ပျောက် သွားမှာပဲ၊ အဲဒီကဲ့သို့ ပျောက်ပျောက် ပျောက် ပျောက် သွားတာတွေ၊ ဪ ဇရာမရဏ လက်ထဲမှာ ခန္ဓာကြီးအကုန် အသက် ထွက်နေ ရတာပဲ၊ ရုပ်လည်း အသက်ထွက် နာမ်လည်း အသက် ထွက်၊ အကုန်ပျောက်၊ ဘာမှမကျန်ဘူး၊ အစားထိုးတာလည်း သူ့ဟာနဲ့သူ ပျက်ဦးမှာပဲ သဘောကျ ပလား (မှန်ပါ) အစားထိုးဦးမှာပဲ၊ ဒီတော့ ခင်ဗျားတို့ ပစ္စုပ္ပန်လည်း မခင်တော့ဘူး၊ အတိတ်ကော လွမ်းသေးသလား (မလွမ်းပါ ဘူး)။ အနာဂတ်ကော လာဖို့ရာ ဒါမျိုးလာမှာပဲလို့ မသိဘူးလား (သိပါ တယ်)။

ကိစ္စဉာဏ်မှာ တဏှာသုံးပါးသေတယ်

အဲဒီတော့ တဏှာ သုံးပါးစလုံး မသေဘူးလား (သေပါတယ်) ကိစ္စဉာဏ် မှာ တဏှာသုံးပါး စလုံး သေတယ်၊ သဘောကျပလား (ကျပါပြီဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်မှာ တဏှာသုံးပါး သေတဲ့ အခါကျလို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စဉ်းစားပြီတဲ့ အင်း ရှေ့လည်းမကောင်း နောက်လည်း မကောင်းဘူး အခုလည်း မကောင်းဘူး၊ ခန္ဓာ အပြစ် အကုန် ပေါ်တယ် (မှန်ပါ)။

အတိတ်ခန္ဓာကို လွမ်းသေးသလား (မလွမ်းပါဘူး) ပစ္စုပ္ပန် ခန္ဓာငဲ့သေး သလား (မငဲ့ပါဘူး) အနာဂတ် ခန္ဓာတောင်းသေးသလား (မတောင်း ပါဘူး)။ တဏှာသည် အတိတ်ကို ခင်တာ ရှိတယ်၊ ပစ္စုပ္ပန် ခင်တာ ရှိတယ်၊ အနာဂတ် ခင်တာ ရှိတယ်၊ ဒိပြင့် ကာလကို သူခင်စရာ ရှိသေးရဲ့လား၊ (မရှိပါဘူး) မရှိတော့ တဏှာသုံးပါးသေ၊ မသေ (သေပါတယ်ဘုရား)။

ဥဂ္ဂါသေန ရဟန္တာဖြစ်တယ်

အဲဒါ ဥဂ္ဂါသေန တို့တော့ ဒါဟာ ယူတာပဲဗျ ရိပ်မိပလား (ရိပ်မိပါပြီ) ဥဂ္ဂါသေန တို့တော့ ဒီတဏှာ သုံးပါး သတ်ပြလိုက်တာပဲ (မှန်ပါ) တဏှာသုံးပါး သတ်ပြီး ပြတော့ အခုပြောခဲ့တဲ့ ကိစ္စဉာဏ် ကိုလည်း ဥဂ္ဂါနသည် ရောက် တယ်လို့ ထားပါတော့၊ သူမရောက်ဘဲနဲ့တော့ တိုင်ထိပ်ပေါ်တွင်တော့ အတောင် ခြောက်ဆယ်ပေါ်မှာ သူရဟန္တာ မဖြစ်နိုင်ဘူး(မှန်ပါ)။

ကဲဒါဖြင့် ဒကာ ဒကာမတို့ သူဟာကာလ သုံးပါးစွန့်လိုက်တဲ့ အတွက် ဝါးထိပ်ပေါ်က နေပြီး စွန့်လိုက်တာပဲ (မှန်ပါ)။

ဒါဖြင့် သိပ်ကြာကြာ လုပ်ရသလားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ (မကြာပါဘူး) ဟာ သူတို့က မီးခဲပြာဖုံးကိုး ဘုရား၊ ဒီလိုလည်းတွေး မနေကြပါနဲ့ (မှန်ပါ) ဒီသာသနာတော်ကြီးနဲ့ ကြုံလို့ ဒီတရား ဖြစ်ပြီး သကာ လ နေမယ်၊ အလုံးစုံ အကုန် သစ္စာ ဟောတတ်တဲ့ ဆရာနဲ့လည်း တွေ့မယ် ဆိုလို့ရှိရင်၊ ခင်ဗျားတို့လည်း မီးခဲပြာဖုံး ဖြစ်နိုင်တာပဲ (မှန်ပါ) အခုတွေ့ပြီ မဟုတ်လား ကိစ္စဉာဏ် (မှန်ပါ) ကိစ္စဉာဏ် ဆိုတာ အရင်တုန်း ကတော့ တပည့်တော်တို့က တခြားလား မှတ်နေတယ်၊ တပည့်တော်တို့ အလုပ် လုပ်နေတာ ကိစ္စဉာဏ်ကို ခိုင်းထားတာကိုး (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်ရှုနည်းဟာ ကိစ္စဉာဏ်သင်နေတာ

ခင်ဗျားတို့ကို ဘုန်းကြီး သင်ထားတာ သုံးလေးနှစ် ရှိနေပြီ။ အင်း ဖြစ်ပျက်ရှု-ဖြစ်ပျက်ရှု ဖြစ်ပျက်ရှုမှ နေရာ ကျမယ် ဆိုပြီး သကာလ ဝေဒနာတွေ ရှုနည်း သင်ထား၊ ရုပ်တွေ ရှုနည်း သင်ထား၊ စိတ်တွေ ရှုနည်း သင်ထား၊ ကဲ နောက်တော့ ခင်ဗျားတို့ စိတ်၌ ကြိုက်တာရှု ဆိုပြီး သင်ထားတာ တွေဟာ ဘာကို သင်ထားတာတုံး ဆိုတာ ယနေ့ပေါ်ပလား (ပေါ်ပါပြီ) ဘာပေါ် တာတုံး (ကိစ္စဉာဏ် သင်ထားတာပါ ဘုရား) ကိစ္စဉာဏ် သင်ထားတယ် ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

ကိစ္စဉာဏ်ရင့်သွားရင် ကတဉာဏ်

ဒါဖြင့် ကိစ္စဉာဏ် ရင့်သွားလို့ ဒါမလိုချင်တော့ပါဘူး ဆိုရင် ဘာဉာဏ် ဖြစ်မတုံး (ကတဉာဏ် ပါဘုရား) ကတဉာဏ်က ဘယ်ကို အာရုံပြု သလဲသာ မေးပေတော့ (နိဗ္ဗာန် အာရုံ ပြုပါတယ်)။

ဒါဖြင့် ကိစ္စဉာဏ်က ဒုက္ခကို အာရုံပြုတယ်၊ ကတဉာဏ်က (နိဗ္ဗာန် အာရုံပြုပါတယ်)။

ကတဉာဏ်က အလိုလိုပေါ်မယ်

ဒါဖြင့် ခင်ဗျားတို့ ပဌမ ရှေးဦးစွာ ဘုန်းကြီး တာဝန်က သစ္စဉာဏ် ဟုတ်လား (မှန်ပါ့) ခင်ဗျားတို့ တာဝန်က (ကိစ္စဉာဏ်ပါ) ကိစ္စဉာဏ်ပြီးတဲ့ အခါကျတော့ ခင်ဗျားတို့က မဂ်ရပါလို၏ ဖိုလ်ရပါလို၏လို့ ဆိုရဦးမှာလား (မဆိုရပါဘူး) ကိစ္စဉာဏ်ကို ဆုံးအောင် လိုက်လိုက်လို့ ရှိရင် ကတဉာဏ် အလိုလို ပေါ်မယ် (မှန်ပါ့)။

ဆရာ့တာဝန် ကိုယ့်တာဝန် ဓမ္မ၏ဘာဝနု

ဒါဖြင့် ကတဉာဏ်ဆိုတာ အားထုတ်ရမည့် ဉာဏ်လား၊ ပြီးဆုံးပြီလို့ ပြောတာလား (ပြီးဆုံးပြီလို့ ပြောတာပါ)။

ဒါဖြင့် ၁-နံပါတ်ဟာ ဆရာ့တာဝန်၊ ၂-နံပါတ်က ခင်ဗျားတို့ ကိုယ့်တာဝန်၊ ၃-နံပါတ်က ဓမ္မ၏ တာဝန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။