စိတ္တာနုပဿနာ အမှတ်(၂)

စိတ္တာနုပဿနာ အမှတ်(၂)

(အလုပ်ပေး)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး အမရပူရမြို့၌

ဟောကြားတော်မူအပ်သော

စိတ္တာနုပဿနာ

၆-၁၀-၆၁၊ အမရပူရမြို့။

ဒီဥစ္စာ ကြပ်ကြပ် ဂရုစိုက်ကြပါလို့ သတိပေးတယ်နော် (မှန်ပါ့) ကိုယ်တိုင် လုပ်ရမှာ ဖြစ်နေတယ်၊ အလုပ်ပေးတဲ့ နေ့လို့ မှတ်ကြပါ။

ခန္ဓာကိုယ်ထဲမှာ သတိပဋ္ဌာန် လေးပါးနဲ့ ဝေဖန်လို့ရှိရင် ကိုယ်ကြီး ရှုရင် ကာယနုပဿနာ၊ ဝေဒနာရှုရင် ဝေဒနာနုပဿနာ၊ စိတ်ရှုရင် စိတ္တာနုပဿနာ၊ သစ္စာရှုရင် ဓမ္မာနုပဿနာလို့ မှတ်ကြပါ (မှန်ပါ့) ဒီလေးခု တစ်ခုခု ရှုရင် နိဗ္ဗာန် ရောက်တာ ချည့်ပဲလို့ မှတ်ပါ (မှန်ပါ့)။

သတိပဋ္ဌာန် လေးပါးရှိတဲ့ အနက် တစ်ပါးပါးကို အဆုံး ရှုနိုင်လို့ရှိရင် နိဗ္ဗာန် ရောက်တာ ချည့်ပဲလို့ မှတ်ထားကြပါ (မှန်ပါ့)။

ကိုယ်စိတ် ကိုယ်ရှုတာ

ကောင်းပြီ ဒါဖြင့် ဒီဒကာဒကာမတွေ ယနေ့ စပေး ရမှာ စိတ္တာနုပဿနာ ဆိုတာ မှတ်ထား ကြစမ်းပါ၊ ကိုယ်စိတ် ကိုယ်ရှုတာ (မှန်ပါ)။

စိတ္တာနုပဿနာဆိုတာ ဘာပါလိမ့် (ကိုယ့်စိတ် ကိုယ်ရှုတာပါဘုရား) ကိုယ့်စိတ်ကိုယ်ရှုတာ (မှန်ပါ့)။

ေဩာ် ကမ္မဋ္ဌာန်းဟာ တခြား ရှာရမှာလား အောက်မေ့ တယ်၊ ကိုယ့်စိတ် ကိုယ်ရှုရမှာ ကိုးလို့ မှတ်ထားကြပါ (မှန်ပါ့)။

ကမ္မဋ္ဌာန်းဆိုတာ တခြားမရှာနဲ့ ကိုယ့်စိတ်ကိုယ်ရှု (မှန်ပါ့) ကိုယ့်သန္တာန် ပေါ်တဲ့စိတ်ကို ရှုပါ (မှန်ပါ့)။

ကမ္မဋ္ဌာန်းဆိုတာ တခြားရှာရတာ မဟုတ်ပါလား၊ ကိုယ့် သန္တာန်ပေါ်တဲ့စိတ်ကို ကိုယ်ရှုရုံပဲ ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

နောက်က ဒကာဒကာမတွေ ဘာရှုရလဲ (ကိုယ့် သန္တာန်ပေါ်တဲ့စိတ်ကို ကိုယ်ရှု ရပါမယ် ဘုရား)။ အို ဒါဖြင့် တို့မှာ သိပ်ပြီး ပါရမီထူးတာပဲ၊ ကိုယ့်စိတ်က ခဏခဏ ပေါ်နေတာ ကိုယ်က မရှုမိလို့သာ (မှန်ပါ့)။

ကိုယ့်စိတ် ခဏခဏ ပေါ်နေတာ (ကိုယ်မရှုမိလို့ တာပါ ဘုရား) ကိုယ်က မရှုမိလို့သာ နိဗ္ဗာန် ရောက်ကြောင်း တရားကိုယ့်ဆီကို မရောက်လာတာကိုး၊ ကိုယ့်စိတ်က ရှုမိလို့ရှိ ရင် ကိုယ့်အကြောင်း ကိုယ်သိတဲ့ အတွက် နိဗ္ဗာန်ကို ကိုယ်ရှုတဲ့ ဉာဏ်က ပို့မှာပဲလို့ ဒကာ ဒကာမတွေ အောက်မေ့ထားပါ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ကိုယ့်စိတ်ကလဲ ဘယ်လိုစိတ် ရှိသတုံး ဦးမာဒင်က မေးမေး၊ ဦးသန်းမောင်က မေးမေး၊ နောက်က ဒကာ ဒကာမတွေက မေးမေး ကိုယ့်စိတ်ဟာ အနည်း ကလေးပါ (မှန်ပါ့)။

ထပ်ပြန်တလဲလဲ ဖြစ်နေလို့ များတယ် ထင်တာပါ နာမည် နဲ့ ဆိုင်းဘုတ်ဆွဲပြီး ရေတွက်လို့ ရှိရင် ခင်ဗျားတို့ ရှုနိုင်တာက ဆယ့်သုံးပဲ ရှိတယ် (မှန်ပါ့)။

ဒါဖြင့် ဒီဆယ့်သုံးလောက်တော့ ဘုရား တပည့်တော်တို့ ပေါ် ရာကို လိုက်မယ် ဆိုလို့ရှိရင်ဖြင့် တပည့်တော် အပျက်မြင်ဖို့ ပါပဲ၊ ကိုယ့်စိတ် ကိုယ်မြင်ဖို့ ပါပဲလို့ တရားနာတဲ့ ဒကာ ဒကာမတွေ က အမြဲမှတ်ပါ (မှန်လှပါ)။

ကောင်းပြီ ဒါဖြင့် အလုပ်တရားကို ပေးတော့ ဘယ်အလုပ်များ လုပ်ပေး ရပါလိမ့်မလဲ လို့ ဆိုတဲ့ သံသယကို ယနေ့ကစပြီး ဖျောက်ပါတဲ့၊ ကိုယ့်စိတ် ကိုယ်ရှုရင် နိဗ္ဗာန် ရောက်ပါတယ် (မှန်ပါ့ ဘုရား)။

ကိုယ့်စိတ်ကိုယ်ရှုရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား) နိဗ္ဗာန်ရောက်ပါတယ်လို့ မှတ်ပါ။

ဒါဖြင့် ကိုယ့်စိတ်ပြပါတော့မယ်တဲ့၊ ဒကာ ဒကာမတို့ ကိုယ့်စိတ် ကိုယ်ရှုတာ မြင်ကြ ရပါတော့မယ်၊

ပုထုဇဉ်စိတ်ဆိုတာ

ပုထုဇဉ်စိတ်ဆိုတာ မျောက်စိတ်နဲ့ အတူတူပဲ (မှန်ပါ့)။ ပုထုဇဉ်စိတ် ဆိုတာ မျောက်စိတ်နဲ့ အတူတူပဲ၊ ဘာဖြစ် လို့ ပုထုဇဉ်စိတ်က မျောက်စိတ်နဲ့ အတူတူလို့ ပြောရပါလိမ့်မတုံး လို့ မေးတဲ့ အခါကျတော့ ခဏခဏ ပြောင်းလဲမှု ရှိလို့မှတ်လိုက် ပါ (မှန်လှပါ)။

ခဏခဏ ပြောင်းလွဲမှုရှိလို့ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက မှတ်လိုက်လို့ရှိရင် ဪ ပြောင်းလွဲတာလဲသိ၊ ပြောင်းလွဲတဲ့ တရား၏ ပျက်တာကိုလဲ သိတယ် (မှန်ပါ့)။

မြင်စိတ်

ကိုင်း ဒါဖြင့် ကြည့်ပါတဲ့၊ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ ဒါဟာ အလုပ်စဉ်ပါပဲ ဆိုတော့ မျက်လုံး ဖွင့်လိုက်တယ်၊ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ ရှေ့မှာ ရှိတာ မြင်တာပဲ (မှန်ပါ့) ရှေ့မှာ ရှိတာ မြင်တာပဲ၊ ဒါဖြင့် ဒီအထဲမှာ မြင်စိတ်ကလေး ဖျတ်ခနဲ ပေါ်တယ်လို့ အောက်မေ့ ပါ (မှန်ပါ့)။

မျက်လုံးကို မျက်လွှာ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တည်း ရှေ့မှာရှိတာ မမြင်ကြ ဘူးလား (မြင်ပါတယ် ဘုရား) မြင်တော့ကို ဒကာ ဒကာမတို့ အကန်းဖွင့်တော့ ဘယ်လိုဖွင့်ဖွင့် မမြင်ဘူး (မှန်ပါ့)။

ဒကာ ဒကာမတွေကလဲ မျက်စိကန်း မဟုတ်တော့ကို မြင်တယ် ဆိုတာ ပေါ်လာတော့ ဪ အကန်းတော့ မြင်စိတ်မပေါ်ဘူး၊ တို့တော့ မြင်စိတ်ပေါ်လို့ မြင်တာကိုးလို့ မှတ်လိုက်ပါ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေမှာ မြင်တယ်ဆိုရင် မြင်စိတ် ကလေး ပေါ်ပြီ၊ ကိုယ့်ဟာကိုယ်သိ (မှန်ပါ့) နောက်က သိပေးပါ (မှန်ပါ့)။

ရှေ့က မြင်စိတ်ပေါ်လို့ရှိရင် နောက်က မြင်စိတ် ပေါ်ပြီ လို့ ဒါက သိတာ ဝိပဿနာပဲ (မှန်ပါ့)။

မြင်စိတ်ကလေး ပေါ်တာကို ေဩာ် မြင်စိတ် ပေါ်ပြီ လို့ နောက်က သိသိ ပေးစမ်းပါ (မှန်ပါ့)။

မဂ္ဂင် ငါးပါး

ဝမ်းတွင်းမှာလဲ သိတဲ့တရားကလဲ ဒကာ ဒကာမတွေ မှတ်ထားပါ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ ဒီငါးခု ပေါင်းပြီးတော့ မြင်စိတ်ကလေးပေါ် တိုင်း သူက သိလ ို့ရှိရင် ဒီငါးခုက သိတယ် (မှန်ပါ့) မြင်စိတ် ကလေး ပေါ်တာကို သိအောင် ဒီငါးခုက လိုက်နေတယ် (မှန်ပါ့)။

ကြားစိတ်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခု ဘုန်းကြီး တရားဟောနေတော့ နားထဲမှာ နဂိုက ကြားစိတ်ရှိသလား တဲ့၊ အသံထွက်မှ ကြားစိတ်ပေါ်ကြသလား (အသံထွက်မှ ကြားစိတ် ပေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် သူလဲ အသစ်ကလေးပဲ (မှန်ပါ့) မျက်လုံးလိုပဲ အသစ် ကလေးပဲလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။

ဒါဖြင့် ဒါကလေးလာလဲ ကြားစိတ် ပေါ်လို့ရှိရင် နောက် က ဪ ကြားစိတ် ပေါ်ပြီလို့ ဝမ်းထဲက သိပေး (မှန်ပါ့)။

ကြားစိတ် ပေါ်ပြီလို့ (ဝမ်းထဲက သိပေးရပါမယ် ဘုရား) ဝမ်းထဲက သိပေးရမယ်။

နံစိတ်

ကောင်းပြီ၊ တစ်ခါ အနံ့ကလေးတွေ ဘာကလေးတွေ လေက ယူလာတော့ နှာခေါင်းထဲမှာ ပုပ်တယ်၊ ညံ့တယ်၊ မွှေး တယ် အစရှိသည်နဲ့ မွှေးလိုက်တာလို့ နှာခေါင်းထဲမှာ မွှေးတဲ့စိတ်ကလေး ပေါ်လာတယ် (မှန်ပါ့)။

ဝမ်းထဲက သိပေး၊ ေဩာ် မွှေးတဲ့ စိတ်ကလေးပေါ် လို့သိပေး (မှန်ပါ့ ဘုရား)။

ပေါ်တာကတခြား၊ သိတာကတခြား

ဒါဖြင့် ပေါ်တာကတခြား၊ သိတာကတခြား (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ပေါ်တာကတခြား၊ သိတာက (တခြားပါ ဘုရား) တစ်နည်းအားဖြင့် ပေါ်တာက ရှေ့က၊ သိတာက နောက်က (မှန်ပါ့ ဘုရား) ဒီအတိုင်း လိုက်ပေးပါ တဲ့။

စားစိတ်

ကောင်းပြီ တစ်ခါ လျှာပေါ်မှာ ကိုယ့်တံတွေး ကလေး မျိုးမျိုး၊ ချိုချဉ်၊ ဖန်ငန် စားချင်တာစား၊ လျှာလယ်လောက် ရောက်လာတဲ့ အခါကျတော့ သိတဲ့ စိတ်ကလေး၊ စားစိတ်ကလေး ဟာ ပေါ်လာတယ် (မှန်ပါ့)။

အဲဒီ စားစိတ်ကလေ းပေါ်တာ ကိုလဲ ဪ စား စိတ်ကလေး ပေါ်ပြီလို့ ဝမ်းထဲက သိပေးပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ယားစိတ်

ကိုယ်ပေါ်ကျလာတော့ကို တဲ့၊ ယားတယ်ယံတယ်၊ နာတယ်၊ ကိုက်တယ်၊ ခဲတယ်ဆိုတာ ကိုယ်ပေါ်မှာ ပေါ်ပါလိမ့် မယ်တဲ့ (မှန်ပါ့)။

ပေါ်ပါ လိမ့်မယ်တဲ့၊ ဒါဟာ ပေါ်တိုင်း ပေါ်တိုင်း ဒကာ ဒကာမတွေက ဝမ်းထဲကသိပေး (မှန်ပါ့) ကိုယ်စိတ် အလေး ပေါ်တယ်၊ ဒုက္ခ စိတ်ကလေး ပေါ်တယ်လို့ သိသိပေးပါ (မှန်ပါ့)။

ချမ်းသာတဲ့ စိတ်

၎င်းကိုယ်ပေါ်မှာပဲ တစ်ကိုယ်လုံးမှာပဲ သူပေါ်ချင်ရာ ပေါ်လိမ့်မယ်၊ ချမ်းသာတဲ့ စိတ်ကလေး၊ လေကလေး တိုက်၊ လက်မောင်းကလေး တိုက်ရင် လက်မောင်း ကလေးတွင် ချမ်းသာ တဲ့စိတ် ကလေး ပေါ်တယ် (မှန်ပါ့)။

အဲဒါကလဲ ပေါ်တိုင်း ပေါ်တိုင်း ဝမ်းထဲက သိပေးပါ (မှန်ပါ့) ပေါ်တာက ကိုယ်ပေါ်မှာ သိတာက (ဝမ်းထဲမှာပါ ဘုရား) ဝမ်းထဲက သိတာ (မှန်ပါ့)။

အပြင်ဘက် ဧည့်သည် ခြောက်ယောက်

ကောင်းပြီ ဒါဖြင့် ဒါသည် ဝမ်းထဲမှာ အူတွေ၊ အသည်းတွေ, နှလုံးသွေးတွေ, အမျိုးမျိုး အဖုံဖုံ ရှိတဲ့ဆီမှာ ပေါ်တဲ့ တရားတွေ မဟုတ် သောကြောင့် အပြင်ဘက် ဧည့်သည် ခြောက် ယောက်လို့ မှတ်ထားပါ။

တစ်ခုသာ ပေါ်တယ်

ဒါကို ဦးသန်းမောင်တို့အားလုံး နောက်က ဒကာ ဒကာမ တွေ မှတ်စရာ ဒီတစ်ခု ပေါ်နေရင် ကျန်တဲ့ ငါးခု မပေါ်ပါဘူး (မှန်လှပါ ဘုရား)။

ဒီတစ်ခု ပေါ်နေရင်လဲ ကျန်တဲ့ ငါးခု မပေါ်ပါဘူး (မပေါ်ပါ ဘုရား) ပေါ်ချင်တာပေါ် တစ်ခုသာ ပေါ်တယ်။ ဘယ်တော့မှ ပြိုင်မပေါ်ဘူး (မှန်ပါ့)။

တစ်ခုတည်း ပေါ်တာကို နောက်က အသိကလေးတော့ ဖြင့် လိုက်နေပါ (မှန်ပါ့)။

ဒါဖြင့် မြင်စိတ်ပေါ် သိ (မှန်ပါ့) ကြားစိတ်ပေါ်လဲ (သိရပါမယ် ဘုရား) နံစိတ်ပေါ်ရင်ကော (သိရပါမယ် ဘုရား)။ စားစိတ် ပေါ်ရင် (သိရပါမယ် ဘုရား) ယားစိတ်, ယံစိတ် နာစိတ် ပေါ်ရင် (သိပေးရပါမယ် ဘုရား) ကောင်းစိတ် ကလေးပေါ်နေရင် (သိရပါမယ် ဘုရား) ကောင်းတဲ့ ချမ်းသာ တဲ့ စိတ်ကလေး ပေါ်လဲ သိပေးပါ (မှန်ပါ့)။

ဒီခြောက်ပါး ဘာခေါ်ကြမယ် (အပြင်ဧည့်သည် ခြောက်ယောက်ပါ ဘုရား) အပြင်ဘက် မှာပေါ်လို့ အပြင်ဧည့် သည်ခေါ်တာ (မှန်ပါ့)။

*စာလိုတော့ အဇ္ဈတ္တိကာယတန လို့ ခေါ်တယ်။ သို့သော် ဒကာ ဒကာမတွေ နားမလည်ဘူး၊ ကိုယ်အပြင်မှာ ပေါ်တဲ့အတွက် အပြင်ဧည့်သည် ခြောက်ယောက်လို့ မှတ်ထားပါ။

မှတ်ချက်။ ။*စိတ်သည် မနာယတန ဖြစ်၍ အဇ္ဈတ္တိ ကာယတနမျိုးဖြစ်ရကား အတွင်းမှာပင် ဖြစ်၏။ သို့သော် ဒကာ ဒကာမတွေ နားလည်သဘော ပေါက်ရန် ဝမ်းထဲရှိ ဟဒယဝတ္ထု ပေါ် မှီဖြစ်လျှင် အတွင်း၊ ခန္ဓာကိုယ် အပြင်ဘက်ကျသည့် ပဉ္စဝတ္ထုမှီ ဖြစ်လျှင် အပြင်ဟု အမည်ပေးခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

ပေါ်တိုင်း ဝမ်းထဲကနေ သိပေး

ဒါပေါ်တိုင်း ပေါ်တိုင်း အသိက ဝမ်းထဲကနေ သိပေးရမယ် (မှန်ပါ့)။

သိပေးတော့ကို ေဩာ် ဒါတွေဟာ အပြင် ဧည့် သည် ခြောက်ယောက် အခုပြတာ အစဉ် အတိုင်းပါ တဲ့။ ပေါ်ချင်တော့ သူက အရင်လဲ စပေါ်မယ်၊ သူကရင်လဲ ကြားပေါက် ပေါ်ချင်ပေါ်မယ် (မှန်ပါ့)။

သို့သော် သူက ပေါ်ချင်တာ ပေါ်ပစေ၊ ဘုန်းကြီး တို့ ဒကာ ဒကာမတွေက သိပေးရင် ပြီးတာပဲ (မှန်ပါ့)။

သူကတော့ အစဉ်အတိုင်း ပေါ်လိမ့်မယ်လို့ မဟုတ်ဘူး။ ပေါ်ချင်ရာ ကြားဖြတ် အလုပ်တွေလဲ လုပ်မှာပဲ၊ ပေါ်ချင်ရာပေါ်, ဦးသန်းမောင်တို့ ဦးမာဒင်တို့က ဘာလုပ်ကြမယ် (သိပေး ရပါမယ် ဘုရား)။

ဒါဖြင့် ကိုယ့်စိတ်ကိုယ် သိတယ် (မှန်လှပါ) ကိုယ့် စိတ်ကို (ကိုယ်သိပေးရပါမယ် ဘုရား)။

ဒါဖြင့် ဒါဟာ စိတ္တာနုပဿနာ (မှန်ပါ့) စိတ္တက စိတ်၊ အနုပဿနာကရှုတာ၊ စိတ်ကိုရှုသည် (မှန်ပါ့), ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မနဲ့ အိနဲ့ ပေါင်း မအိပါပဲ (မှန်ပါ့) နားလည်ကြရဲ့ လား ခင်ဗျားတို့ (လည်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် နောက်က ဒကာ ဒကာမတွေ ဒီဟာကို ပေါ့ပေါ့တန်တန်နဲ့ မနာယူပါနဲ့ လေးလေးစားစားနဲ့ နာယူပါ (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် လေးလေးစားစားနဲ့ နာယူပါလို့ ဆရာဘုန်းကြီးက အမိန့် ရှိရတုံးလို့ မေးလို့ ရှိရင် ကိုယ့်စိတ်ကိုယ် သိရင် ခင်ဗျားတို့ နိဗ္ဗာန် ရောက်ကုန်ပြီ (မှန်ပါ့)။

ကိုယ့်စိတ် ကိုယ်မသိလို့ မရောက်ကြတာ (မှန်ပါ့) အဲဒီတော့ ဒါလေးစားရမယ့် အလုပ် ဆိုတာ ဦးမာဒင် ထင်ရှား သွားပြီ (မှန်ပါ့)။

ကိုယ့်စိတ်ကိုယ် မသိကြလို့ ခက်တာ

အားလုံး ဒကာ ဒကာမတွေ ကိုယ့်စိတ်ကိုယ် မသိကြလို့ ခက်တာ (မှန်ပါ့)။

ကိုယ့်စိတ်ကိုယ် မသိကြလို့ ပေါ့ဗျ၊ တော်တော်ကြာမေ့ ပြန်ပြီ အင်း ကိုယ့်စိတ် ကိုယ် မသိဘူး (မှန်ပါ့) တော် တော်ကြာ စိတ်ကူးက တခြား သွားတာကတစ်ဖုံ ဟာ ဘာဖြစ်လို့တုံး ကိုယ့်စိတ်ကိုယ် မသိလို့ (မှန်ပါ့)။

ရည်ရွယ်ချက်က တစ်ခြား၊ ဟုတ်လား လုပ်တာက တစ်ဖုံ (မှန်ပါ့) ဘာဖြစ်တာတုံး ဒီဥစ္စာ (ကိုယ့်စိတ်ကိုယ် မသိတာ ဘုရား)။

ဒါကြောင့် ဓားနဲ့ ပြောင်းရိုးစင်းတဲ့ ပုဂ္ဂိုလ်၊ မြက်စင်းတဲ့ ပုဂ္ဂိုလ် တောင်သူ လယ်သမား ကြီးတွေ ရှိပါတယ်၊ ခုတ်တာ ကတော့ဖြင့် ပြောင်းရိုးခု တ်တာပဲ၊ တစ်ခါတလေ လက်ခုတ်မိ တယ် (မှန်ပါ့) ကိုယ့်စိတ်ကိုယ် မသိလိုက်ဘူး (မှန်လှ ပါ ဘုရား)။

ကိုယ့်စိတ်ကိုယ် မသိလိုက်တော့ ဒီနေရာ ခုတ်မယ် ဆိုပြီး ဟိုနေရာ ရောက်တယ် (မှန်ပါ့ ဘုရား) ကိုယ်စိတ်ကိုယ် မသိလို့ ဒဏ်သင့်တာ (မှန်ပါ့)။

ဘုရားက ကိုယ့်စိတ် ကိုယ်သိလို့ ရှိရင်ကွာ တဲ့ မင်းတို့ နိဗ္ဗာန် ရောက်ပါတယ်တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု အပြင်ဘက် ဘယ်နှစိတ် ရှိသတုံး (ခြောက်စိတ်ပါ) ဒါက ဘုန်းကြီးက ဒီမှာ အဝတ်ဖြူပေါ်မှာ အနီ တင်ပြတာ ခင်ဗျားတို့ ခန္ဓာထဲမှာ သူနေရာနဲ့ သူ ပေါ်ပါတယ် (မှန်ပါ) ပေါ်တိုင်း ပေါ်တိုင်း သိပေးပါလို့ သတိပေး လိုက်တယ်နော် (မှန်ပါ့)။

အတွင်းဧည့်သည်

ကောင်းပြီ၊ မကုန်သေးဘူး ဒကာ ဒကာမတို့၊ တစ်ခါ တလေကျတော့လဲ ဝမ်းထဲမှာ လောဘကလေးဟာ သူ့ အကြောင်း တိုက်ဆိုင်ရင် ပေါ်လာတယ် (မှန်ပါ့)။

ဒေါသကလေးဟာလဲ သူ့အကြောင်း တိုက်ဆိုင်ရင် ပေါ်လာတယ်၊

မောဟ ဆိုတဲ့ သံသယစိတ် ပျံ့လွင့်တဲ့စိတ်ကလေး လဲ ပေါ်လာတယ် (မှန်ပါ့)။

သူကတော့ ဝမ်းထဲမှာ ပေါ်တယ်၊ အတွင်းဧည့်သည်လို့ မှတ်လိုက် (မှန်လှပါ ဘုရား)။

သူ့ကို ဘယ်လိုမှတ်ကြမယ် (ဝမ်းထဲမှာပေါ်တဲ့ အတွင်း ဧည့်သည်ပါ ဘုရား)။

ဧည့်သည်တော့ ဧည့်သည်ပဲ။ သို့ရာတွင် အတွင်း ဧည့်သည်အဖြစ် ပေါ်လို့ အတွင်း ဧည့်သည်လို့ မှတ်ပါ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (အတွင်း မှာ ပေါ်လို့ အတွင်း ဧည့်သည်ပါ ဘုရား)။

အတွင်း ဧည့်သည်ငါးယောက်

ကောင်းပြီ ဒါက လောဘ, မောဟ လွတ်အောင် ခေါ် လိုက်တော့လဲ (မှန်ပါ့) ဒါတွင် ပဲလား လို့ ဆိုတော့ တစ်ခါ တလေကျတော့လဲ ပေးချင်, ကမ်းချင်, လှူချင်, တန်းချင်တဲ့ အလောဘ ဆိုတာ ပေါ်တယ် (မှန်ပါ့) အတွင်း ဧည့်သည်ကတော့ဖြင့် ဒီငါးယောက်လို့ မှတ်ပါ။

အတွင်းဧည့်သည်က ဘယ်နှယောက်တုံး (ငါး ယောက်ပါ ဘုရား) အပြင် ဧည့်သည်က (ခြောက်ယောက်ပါ ဘုရား) ခြောက်နဲ့ငါးနဲ့ ပေါင်းရင် ဆယ့်တစ် ရှိသွားပြီ (မှန် ပါ့ ဘုရား)။

အိမ်သည်နှစ်ယောက်

အိမ်သည်နှစ်ယောက် တဲ့၊ အိမ်သည် နှစ်ယောက် ဆိုတာက ဒကာ ဒကာမတို့ နောက်က ပြထားတယ်၊ ဘာကြောင့် ပြသတုံး လို့ မေးတဲ့ အခါကျတော့ အိမ်သည် နှစ်ယောက် ဆိုတာ ခင်ဗျားတို့ကို မသေအောင် စောင့်နေတဲ့ ရှူစိတ်နဲ့ ရှိုက်စိတ် (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ မသေအောင် စောင့်နေတဲ့ ဘာတုံး (ရှူစိတ်နဲ့ ရှိုက်စိတ်ပါ ဘုရား) ရှူစိတ်နဲ့ ရှိုက်စိတ် ကိုတော့ ဘုန်းကြီးက အိမ်သည်လို့ နာမည် ပေးလိုက်တယ် (မှန်ပါ့)။

အိမ်သည်လို့ ဘယ့်နှယ်ကြောင့် နာမည်ပေးသတုံး လို့ မေးတဲ့ အခါကျတော့ သူတို့က တစ်ပါးသော စိတ်တွေထက် ခန္ဓာကိုယ်ထဲမှာ အကြိမ် ပိုပြီး ဖြစ်တယ် (မှန်ပါ့ ဘုရား) အကြိမ် များများ ဖြစ်လေ့ရှိတယ် (မှန်ပါ့) အိပ်နေလဲ သူတို့ နှစ်ခုက လှည့်ဖြစ်နေတာပဲ (မှန်ပါ့)။

ဒါဖြင့် သူတို့နှစ်ခု ဘယ်စိတ်ခေါ်ကြမယ် (အိမ် သည်စိတ်နှစ်ခုပါ ဘုရား) အမြဲတမ်း ခန္ဓာကိုယ်ထဲမှာ သူများထက် မြဲတဲ့အတွက် (မှန်ပါ့)။

ဒါဖြင့် အပြင်ဧည့်သည် (ခြောက်ယောက်ပါ ဘုရား) အတွင်းဧည့်သည် (ငါးယောက်ပါ ဘုရား) အိမ်သည် (နှစ်ယောက်ပါ ဘုရား) အားလုံးပေါင်းလိုက်တော့ ဘယ်လောက် ပါလိမ့် (ဆယ့်သုံးယောက်ပါ ဘုရား)။

ဒီဆယ့်သုံးခုပဲရှိတယ်

ပုထုဇဉ်မှာ ဒီဆယ့်သုံးခု ပေါ်တိုင်း ပေါ်တိုင်း သိနေ၊ ပုထုဇဉ်မှာ ဒီဆယ့်သုံးခုပဲရှိတယ် (မှန်ပါ့ ဘုရား) ပေါ်တိုင်း ပေါ်တိုင်း သိလို့ရှိရင်ဖြင့် တဲ့ ကိုယ့်စိတ်က ခုနင်က အမောဟ ဆိုလို့ မဂ္ဂင်နဲ့သိတာပဲ (မှန်ပါ) အမောဟကို နုတ်ထား ခဲ့တယ် (မှန်ပါ့)။

လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသဆို တော့ အမောဟ မပါဘူး (မပါပါ ဘုရား) မပါတာက သူက အမောဟပညာဖြစ်နေလို့၊ သူက သိတဲ့ဘက်က နေရတယ် (မှန်ပါ့ ဘုရား) သူတို့က အသိခံဘက်က နေရတယ် (မှန်ပါ့ ဘုရား)။

အသိခံကဆယ့်သုံးခု

ဒါဖြင့် အသိခံက ဘယ်နှခု (ဆယ့်သုံးခုပါ ဘုရား) အသိဉာဏ်က (ငါးခုပါ ဘုရား) အဲ အသိဉာဏ်က ရေတွက် လိုက်ရင် ငါးခုနော် * သို့သော် အသိဉာဏ် တစ်ခုတည်းပဲ ထားပါတော့ (မှန်ပါ့) နားလည်ပလား (မှန်ပါ့)။

မှတ်ချက်။ ။* ဝိပဿနာမဂ်ငါးပါးကို ဆိုလိုသည်။

ဒါဖြင့် တပည့်တော်တို့ ဝိပဿနာ အရှင်ဘုရားက အရှု ခိုင်းတယ်၊ ဒကာ ဒကာမတွေလဲ မအေမိဘ ဆွေမျိုး ဉာတကာကို ကယ်တင် ယူဆောင်နေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် ဖြစ်တော့ တပည့်တော်တို့ ဝိပဿနာ ဘာရှုရမှာတုံးလို့ ဒကာ ဒကာမတွေ က နောက်ကို မမေးနဲ့တော့တဲ့၊ ခင်ဗျားတို့ သန္တာန်မှာ ဆယ့်ဆုံး ခု အနက် ခန္ဓာကိုယ် ထဲမှာ တစ်ခုခုဟာဖြင့် သက်စောင့် မှတ်ပါ (မှန်ပါ့ ဘုရား) တစ်ခုပဲ စောင့်နေတယ် (မှန်ပါ့ ဘုရား)။

ရှုတာက အနုပဿနာ

အဲဒီဖြစ်တဲ့ တရားကလေးကို သိသိပေးလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် စိတ္တာနုပဿနာ ဖြစ်ပါတယ် (မှန်လှပါ ဘုရား) ဒီစိတ် သိတာက အနုပဿနာ၊ ယားစိတ်၊ ယံစိတ်ပေါ် တယ် သိတာ (အနုပဿနာပါ ဘုရား) အကောင်းစိတ် ပေါ်လဲ (သိတာ အနုပဿနာပါ ဘုရား) ဒါဖြင့် စိတ္တနုပဿနာ (မှန်ပါ့)။

ဪ စိတ္တက ရှုစရာ၊ နုပဿနာက ရှုတာ၊ ပေါ်တဲ့စိတ်က စိတ္တ၊ ရှုတာက (နုပဿနာပါ ဘုရား)။

အဲဒီတော့ နေရာကျပြီ တဲ့၊ တို့ဟာ စိတ္တနဲ့ အနု ပဿနာ ကွဲသွားပြီ၊ သတိပဋ္ဌာန်မှာ စိတ္တာနုပဿနာလို့ ဘုရား ဟောတော် မူတယ်၊ စိတ္တာနုပဿနာ ကို တို့က ခွဲသိရမယ်၊ စိတ္တက ပေါ်တဲ့စိတ်၊ အနုပဿနာက တို့က သိတဲ့စိတ် (မှန်ပါ့)။

စိတ္တက (ပေါ်တဲ့စိတ်ပါ ဘုရား) အနုပဿနာက (သိတဲ့စိတ်ပါ ဘုရား) သိတဲ့စိတ်ဆိုတော့ ဒါဖြင့် စိတ္တနဲ့ အနု ပဿနာ ဖြစ်အောင် လုပ်ကြပါ (မှန်ပါ့)။

ဘယ်နှခါ လုပ်ရမှာတုံးဘုရား လို့ မေးမနေပါနဲ့တဲ့ ဆယ့်သုံးခု တင်ပြထားငြားသော်လဲ ပေါ်နိုင်တာ ဆယ့်သုံးခု ပေမယ့် ပေါ်နေတာ ကတော့ တစ်ခုပဲ ရှိပါတယ် (မှန်ပါ့) အဲဒီပေါ်တဲ့ တစ်ခုကို အနုပဿနာ ဖြစ်ရင် ပြီးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်တဲ့စိတ်တစ်ခုကို (အနုပဿနာ ဖြစ်အောင် လုပ်ရ ပါမယ် ဘုရား) အနုပဿနာ ဖြစ်အောင် လုပ်လို့ရှိရင် ဒကာ ဒကာမတို့ စိတ္တာနုပဿနာ ဆိုတာ ဒါပါပဲ (မှန်ပါ့) နေရာကျပြီ နေရာကျပြီ။

နို့ ဒီစိတ်တွေ ဘယ်သူ့ စိတ်တွေတုံး ဆိုတော့ အို ပုထုဇဉ်ဖြစ်တဲ့ တပည့်တော်တို့မှာ ပေါ်ကောင်းတဲ့စိတ် အကြောင်း တိုက်ဆိုင်လို့ ပေါ်တဲ့စိတ် ဆိုပါတယ် (မှန်ပါ့)။

အကြောင်းတိုက်ဆိုင်လို့ ပေါ်တဲ့စိတ်က စိတ်ပေါင်း ဘယ်လောက် ရှိသတုံးလို့ မေးလို့ ရှိရင်ဖြင့် ဆယ့်သုံးခုပဲဘုရား (မှန်ပါ့)။

ဆယ့်သုံးခု ပေါ်တဲ့ အခါကျလို့ရှိရင်ဖြင့် နှစ်ခုပြူး၊ သုံး ခုပြူး နှစ်ခုပေါင်း သုံးခုပေါင်း ဒီလို ပေါ်သလား၊ တစ်ခုပဲ ပေါ်သလား ဆိုတော့ (တစ်ခုပဲ ပေါ်ပါတယ် ဘုရား)။

ဧကော ဓမ္မော

ဒါဖြင့် ဧကော ဓမ္မော ဟုတ်လား (မှန်ပါ့) ဧကောက ပေါ်တာ၊ ဓမ္မောက ရှုတာ (မှန်ပါ့)။

အဲ တစ်ခုပေါ်တာကို တစ်ခုဓမ္မက ရှုလိုက်ရင် ပြီးတာပဲ (မှန်ပါ့) ဒါ ဧကောဓမ္မော ပါပဲ (မှန်ပါ့) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

အံမာလေး ခင်ဗျားတို့ မနဲ့အိနဲ့ပေါင်း မအိကို အတော် သင်ရတယ် (မှန်ပါ့) အတော် သင်ရတယ်။

ကိုင်း သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် နေရာကျပြီ တဲ့၊ ကိုယ့်သန္တာန် ပေါ်တဲ့ စိတ်ပေါင်း ဘယ်လောက် ပါလိမ့် (ဆယ့်သုံးခုပါ ဘုရား)။

သက္ကာယဒိဋ္ဌိလဲ ကွာပါတယ်

အဲ ဆယ့်သုံးကို ပေါ်တိုင်း ပေါ်တိုင်း နောက်က သိသိ သိသိ ပေးနေလို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတွေမှာ သက္ကာယဒိဋ္ဌိလဲ ကွာပါတယ် (မှန်ပါ့) သက္ကာယဒိဋ္ဌိလဲ ကွာတယ်၊ သမ္မာဒိဋ္ဌိလဲ ဖြစ်ပြီ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိလဲ (ကွာပါပြီ ဘုရား) သမ္မာဒိဋ္ဌိလဲ (ဖြစ်ပါပြီ ဘုရား)။

ဪ ကိုယ့်စိတ် ကိုယ်သိတဲ့ နည်းဟာဖြင့် မိစ္ဆာ ဒိဋ္ဌိ ကွာပြီး သမ္မာဒိဋ္ဌိ ဖြစ်တာကိုးဆိုတာ ဦးမာဒင်တို့၊ ဦးသန်းဖေတို့ ဦးသန်းမောင်တို့ သေသေချာချာ မှတ်ပေတော့ (မှန်ပါ့)။

ဘယ်နေရာ ရယ်လို့မဆိုဘူး

ဒါဖြင့် တပည့်တော်တို့ ဘယ်နေရာရှုရမှာတုံး၊ နေရာရယ်လို့ မမှတ်နဲ့၊ ခင်ဗျားတို့ စိတ်ပေါ်တဲ့ နေရာ သိပေးရင် ပြီးတာ ပဲ (မှန်ပါ့) ဘယ်နေရာ ရယ်လို့ မဆိုဘူး (မှန်ပါ့)။

မီးဖိုချောင်မှာပဲ နှလုံးသွင်းနေနေ၊ လမ်းသွားရင်းပဲ နှလုံး သွင်းနေနေ ဘာဖြစ်လို့တုံး ဆိုတော့ စိတ်ပေါ်နေတဲ့ နေရာ ကို ဦးမာဒင်တို့ သိရမှာကိုးဗျ (မှန်ပါ့) နေရာ လိုသေးသလား (မလိုပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် စိတ္တာနုပဿနာ ကိုက်ကြပြီ မဟုတ်လား (မှန်ပါ့) ပေါ်တာက စိတ်၊ သိတာက အနုပဿ နာ (မှန်ပါ့)။

အပါယ် လုံးဝမသွားဘူး

အဲဒါ ခင်ဗျားတို့ လုပ်တတ်ကြလို့ ရှိရင် ခင်ဗျားတို့ကို ရဲဝံ့စွာ ဘုန်းကြီးက တာဝန်ခံတယ်၊ အပါယ် လုံးဝမသွားဘူး၊ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် မသွားသတုံးလို့ မေးတဲ့အခါကျ တော့မှ ခင်ဗျားတို့မှာ ဒီစိတ်ပေါ်လဲ အနုပဿနာနဲ့ သိတယ်၊ ဒီစိတ်ပေါ်လဲ အနုပဿနာနဲ့ သိတယ်၊ ဒီစိတ်ပေါ်လဲ ကိုယ့်စိတ် ကို ကိုယ်သိနေတဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်သည် အသိ၊ နောက် ဝိပဿနာ အသိက အမြဲလိုက်ပြီး သကာလ အုပ်ချုပ်ပြီး သိနေတဲ့ အတွက် မဂ်အကြိမ်က ခင်ဗျားတို့ ဝမ်းထဲမှာ များတယ် (မှန်ပါ့)။

မဂ်အကြိမ်များနေတော့ကို ဒါလောဘ၊ လောဘဖြစ်လို့ သိတယ် (မှန်ပါ့) ဒေါသ ဖြစ်ကော (သိပါတယ် ဘုရား) မောဟ ဖြစ်ကော (သိပါတယ် ဘုရား)။

သူတို့ဖြစ်လဲ ဖြစ်တယ်၊ နောက်ကလဲ အသိလိုက်ပေး တယ်ဆိုသဖြင့် သူတို့သည် တဲ့၊ ဒကာ ဒကာမတွေက မှတ် စရာက သူတို့ ရှေ့ဆက်ပြီး သကာလ အဖော်အသင်း ရှာပြီးမှ ကျုပ်တို့ကို အပါယ်ပို့မှာကိုး (မှန်လှပါ) သူတစ်ယောက် တည်း မပို့နိုင်ဘူး (မှန်ပါ့)။

မပို့နိုင်တာ ရှင်းပြမယ် တဲ့၊ အဲဒီအခါ ကျတော့ ဒကာ ဒကာမတွေ နားရည်လဲဝပါပြီ၊ တချို့လဲ ဦးသန်းမောင်တို့က မဝသေးတော့ လောဘဆိုရင် ဒီက သိလိုက်ပြီ ဦးမာဒင် (မှန်ပါ့)။

လောဘစိတ်ဖြစ်ရင် (သိလိုက်ပါပြီ ဘုရား) သိလိုက်တော့ လောဘဟာ တဏှာ မဟုတ်လား (မှန်ပါ့)။

ဥပါဒါန်မှ မဆက်နိုင်လို့ရှိရင်

သူဟာ ဥပါဒါန် ဆက်နိုင်သေးရဲ့လား (မဆက်နိုင် ပါ ဘုရား) မဆက်နိုင်ဘူး၊ ဒီအသိက လိုက်ထားလို့ (မှန်ပါ့) ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။

ဥပါဒါန်မှ မဆက်နိုင်လို့ရှိရင် ကမ္မဘဝကော (မဆက်နိုင်ပါ ဘုရား) ဇာတိကော (မဆက် နိုင်ပါ ဘုရား)။

ဪ ဒါ သိတဲ့ နောက် သံသရာ ဆက်မယ့် တရား တွေ ဖြတ်ချ လိုက်တယ် (မှန်ပါ့) ရိပ်မိပလာ (ရိပ်မိ ပါပြီ ဘုရား)။

နောက် သံသရာဆက်မယ့်တရား၊ ဒါတွေဖျက်ပစ် လိုက်တယ် (မှန်ပါ့) နားလည်ရဲ့နော် (မှန်ပါ့)။

ဒီအသိ ဘယ်လောက် ကျေးဇူးများသတုံး (များပါ တယ် ဘုရား) နောက်သံသရာ ဆက်မယ့် ဟာတွေ ဘယ်နှယ်တုံး (ဖျက်ပစ်လိုက်ပါတယ် ဘုရား) ဖျက်ပစ် လိုက်တယ်၊ ဖြတ်ပစ် လိုက်တယ် (မှန်ပါ့)။

ဒီအသိမလိုက်ရင်

ခင်ဗျားတို့က ဒီအသိမလိုက်ရင် သူက တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ မဆက် ပေဘူးလား (ဆက်ပါတယ် ဘုရား)။

ဥပမာမယ် ဒေါသကလေး ဖြစ်တာကို ခင်ဗျားတို့ က အသိမလိုက်ဘူး ဆိုပါတော့၊ အသိ မလိုက်လ ို့ရှိရင် ဒေါသက သူသောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ ကျအောင် သူပို့ ချ လိုက်တယ် (မှန်ပါ့) ကဲ အဖြတ်မပါလို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပမာ ဒါဟာ မောဟ မဟုတ်လား (မှန်ပါ့) မောဟ ကို မသိလိုက်ဘူး၊ ခင်ဗျားတို့က မသိလိုက်တော့ သူကလဲဘာတုံး ဆိုတော့ မောဟစိတ်ကလေး ဝိစိကိစ္ဆာ ဖြစ်တယ်၊ မသိလိုက်ဘူး၊ မသိလိုက်တာက အဝိဇ္ဇာ လာမယ် (မှန်ပါ့)။

အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ်နဲ့ သူဆက်တော့မယ် (မှန်ပါ့) မဆက်ပေဘူးလား (ဆက်ပါတယ် ဘုရား) အသိ သိလိုက်တော့ ဘယ်နှယ့်တုံး (ပြတ်ပါတယ် ဘုရား)။

အသိက ဖြတ်ပေးတယ်

ေဩာ် ဒါဖြင့် ခင်ဗျား အပါယ်လေးပါး တံခါး ဇာတိ ဇရာ မရဏ နောက်ဘဝ သူဖြတ် ပေးတဲ့ တရား (မှန်ပါ့) အသိက ဖြတ်ပေးတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်း ပါပြီ ဘုရား)။

အသိကဘာတုံး (ဖြတ်ပေးပါတယ် ဘုရား) ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းရှိကံရှိလို့ အခုတွေ ကြပြီ၊ တွေ့တဲ့အတိုင်းလဲ အခု တပည့်တော်မယ် ဘုရားလို့ ဦး သန်းမောင်ကပဲ လျှောက်လျှောက်၊ ဦးမာဒင်ကပဲ လျှောက်လျှောက်၊ သိအောင် လုပ်တော့မယ် ဘုရား ဆိုတာ တပည့်တော် သံသရာကို တပည့်တော် ဖြတ်ပါတော့မယ် ပြောတာ (မှန့်ပါ) ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

တပည့်တော် ဒုက္ခကို တပည့်တော် သိမ်းပါတော့မယ် ပြော တာ (မှတ်ပါ့)။

သံသရာဖြတ်တဲ့အသိ

ကောင်းပြီ ဒါဖြင့် ဒီအသိကလေး တစ်လုံးဟာ အတော်ကျေးဇူးများတယ် (မှန်လှပါ) သံသရာဖြတ်တဲ့အသိ ပါလား (မှန်ပါ့)။

ဘယ့်နှယ့်ဆိုကြမယ် (သံသရာဖြတ်တဲ့အသိပါဘု ရား) သံသရာဖြတ်တဲ့အသိ ဆိုတော့ ဒါဟာ ဒါနနဲ့ဘာ မှမဆိုင်ဘူး၊ သီလနဲ့ကော (မဆိုင်ပါ ဘုရား)။

မဆိုင်ပါဘူး တဲ့ဥစ္စာက ဒါ ဒါန လုပ်နေတာ လားမေးတော့ မဟုတ်ပါဘူး တဲ့၊ ဖြစ်တာကို သိနေတာ (မှန်ပါ့ ဘုရား)။

သီလနဲ့ကော (မဆိုင်ပါ ဘုရား) သမထနဲ့ကော (မဆိုင်ပါ ဘုရား) မဆိုင်ဘူး တဲ့၊ ဒါဝိပဿနာ သက်သက်ပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာ သက်သက် ဆိုတော့ ဒီအသိဟာ ဘာ လုပ်တတ်သတုံး မေးတော့ ခုနင်က ခင်ဗျားတို့ အဖြေ ထွက်လာပါပြီ ဘာလုပ်တတ်သတုံး၊ ဒီအသိလေးက သံသရာကို ပြတ်တယ် (မှန်ပါ့)။

သူက မဂ်ကိုး ဗျ၊ သူက မဂ် ဆိုတော့ ဒီ ဘာလုပ် တတ်သတုံး (သံသရာ ဖြတ်ပါတယ် ဘုရား) ရော သိပ်အဖိုး တန်ပါလား (တန်ပါတယ် ဘုရား)။

ကျုပ်တို့တော့ အိုဘေး နာဘေး သေဘေး အပါယ်ဘေး တွေသူကဖြတ်ပစ်တယ် (မှန်ပါ့)။

သူ့အားမကိုးမိလို့

ဒါဖြင့် ကျုပ်တို့သံသရာရှည်တာ သူမပါခဲ့လို့ (မှန်ပါ့) သူ့အားမကိုးမိလို့ (မှန်လှပါ) သူ့ကိုလည်း ကျုပ်တို့က လုပ် ရကောင်းမှန်း မသိလို့ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံသရာရှည် နေတော့ အခု ဆရာ ဘုန်းကြီးနဲ့လဲ တွေ့ပြန်၊ ဒကာ ဒကာမတွေ ကိုလဲ ဘုန်းကြီးကစေတနာထားပြန်၊ ဒကာ ဒကာမတွေကလဲ အလို ရှိပြန် ဆိုတော့ဖြင့် ဒီဘဝဟာ တို့ဇာတ်သိမ်း နိုင်တဲ့ဘဝလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒုက္ခဇာတ်သိမ်း နိုင်တဲ့ ဘဝဆိုတာ အခုသက်သေခံ လောက်ပြီ (မှန်ပါ့ ဘုရား)။

ထမင်းအိုးဥပမာ

ကောင်းပြီ ဒီလိုသိလိုက်တော့ဘုရာ့ သံသရာဖြတ် တာလဲ တပည့်တော်တို့ သိပါပြီ၊ ဘယ့်နှယ့်ကြောင့် ဒီသံသ ရာကြီးကို မဂ်က မဖြတ် နိုင်တာပါလိမ့်မတုံး ဆိုတော့ ဒီတရားတွေ က မသိဘဲထားတဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာ ဥပမာ ထမင်းအိုး တစ်ခု တည်ထားကြတယ်၊ တည်ပြီး မီးထိုး ထားလိုက်တယ်။

ကိုယ်က မသိဘူး၊ ကိစ္စများလွန်းလို့ ဘာမှ မသိရင်ဒီ ထမင်းအိုးဟာ သူ့အစဉ်အတိုင်းတော့ သူသွားတာပဲ၊ နည်းနည်း ဆူတယ်၊ နည်းနည်းလေး အလတ်စား ရှိတယ်၊ နောက် နည်းနည်း လေး ရေနွေး နှဲ ချလိုက်မယ်ဆိုရင် နပ်ဖို့ အခြေအနေလဲ ရှိတယ်။

ဒီထက် မေ့နေလို့ရှိရင် ဆန်ပြုတ် ဖြစ်သွားဖို့ အခြေ အ နေ လဲရှိတယ်၊ နောက် ထမင်းရည် ချည့် ဖြစ်သွားဖို့ အခြေအနေ လဲ ရှိ တယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

မေ့တဲ့ လူပုဂ္ဂိုလ် အပေါင်း ကတော့ ထမင်းက သူ့လမ်းစဉ် အဆုံး အတိုင်း သွားမယ်၊ မဟုတ် ဘူးလား (မှန်ပါ့)။

ဒီထက်မေ့လို့ ရှိရင် အချဉ်ပေါက်သည့် တိုင်အောင် နှစ် ရက် သုံးရက် မေ့ရင် (မှန်ပါ့) မသွား ပေဘူးလား (သွားပါတယ် ဘုရား)။

မေ့မှုအပြစ်

အဲဒါ ထမင်းချက်တဲ့ လူမေ့မှုကြောင့် ဒီထမင်းသည် အမျိုးမျိုး ဖောက်ပြန်ပြီး သူ့လမ်း အတိုင်း သူသွားတယ် (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

အဲဒါ မေ့မှုအပြစ်ဟာ ကိုယ်လုပ်ထားတဲ့ ထမင်းတောင်မှ အဆုံး ကျအောင် ပျက်စီးခြင်းသို့ ရောက်တယ် (မှန်ပါ့)။

သိတယ် ဆိုတော့ မေ့မှုကင်းသွားတယ်

ခင်ဗျားတို့လည်း ဒါတွေကို ဖြစ်တယ်, သိတယ် ဆိုတော့ မေ့ မှုကင်းသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်တယ်သိ မေ့မှု (ကင်းသွားပါတယ် ဘုရား) မေ့မှု ကင်းသွားတဲ့ အတွက် ခင်ဗျားတို့ သူတို့က ဆက်သွားမယ့် တရားတွေ ဒီတရားက နေပြီး သကာလ မြင်တာက စပြီး လိုချင် တယ်။ စွဲလမ်းတယ်၊ အားထုတ်မယ်၊ ပဋိသန္ဓေ နေမယ်၊ အိုမယ် နာမယ်၊ အပါယ် သွားမယ် ဆိုတာ သူတို့ အစဉ် အတိုင်း သွားမယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က နောက်က အသိထိန်း ထိန်းပေးလိုက်တဲ့ အတွက် ခုနင်က ထမင်းကို ရပ်ချိန်မှာ ရပ်ပစ် လိုက်ရတယ် (မှန်ပါ့ ဘုရား)။

ရပ်ချိန်မှာ ရပ်ပစ်လိုက်တော့ ထမင်းကောင်း သုံးရတယ် (မှန်ပါ့) မေ့နေလို့ရှိရင် (ထမင်းကောင်း မသုံးရပါ ဘုရား) မသုံးရတော့ အကုန် ပျက်စီးမယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိကြပါပြီ ဘုရား)။

ဪ ထမင်း အကြောင်း နားလည်ကြလို့ ရှိရင် ကိုယ်စိတ် အကြောင်းလဲ နားလည် နိုင်ပါတယ် (မှန်ပါ့)။

ထမင်း အကြောင်း နားလည်ရင် (ကိုယ်စိတ် အကြောင်း နားလည်ပါတယ် ဘုရား)

ဒီအသိ တစ်လုံးဟာ တယ်နေရာကျပါလား

ကိုယ်စိတ် အကြောင်းလဲ နားလည်ကြတယ် ဆိုတော့ ဒါဖြင့် ဒီအသိ တစ်လုံးဟာ တယ် နေရာကျ ပါလား ဆိုတဲ့ဥစ္စာ ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါတွင်မကသေးဘူး တဲ့၊ သူသည် အပါယ်သံသရာ ကြီးနဲ့တကွ အို, နာ, သေ, မွဲကွဲဆိုတဲ့ သံသရာကြီးကိုလည်း အသိတစ်လုံးက နေပြီး ကယ်တင် လိုက်ပါတယ် (မှန်လှပါ ဘုရား) ခင်ဗျားတို့ ကယ်တင်တာ (မှန်လှပါ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဘယ့်နှယ့်ကြောင် ကယ်တင်ရပါလိမ့်မတုံး လို့မေးတဲ့ အခါကျတော့ ဒီမြင်စိတ် ကလေး ပေါ်တယ်၊ မြင်စိတ် ကလေးလို့ ဒီက သိနေ (မှန်ပါ့)။

ကြားစိတ်ကလေ းပေါ်ရင်လည်း (ကြား စိတ်က လေးသိနေရပါမယ် ဘုရား) သိပြီး သကာလ နေတဲ့ အတွက် ခင်ဗျားတို့မှာ ငါမြင်တာလား မြင်စိတ်က မြင်တာလား (မြင်စိတ် က မြင်တာပါ ဘုရား) ငါကြားတာလား၊ ကြားစိတ်က ကြားတာ လား (ကြားစိတ်က ကြားတာပါ ဘုရား)။

သက္ကာယဒိဋ္ဌိပြုတ်တဲ့အသိ

သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ အသိဖြစ်ပါတယ် (မှန်လှပါ ဘုရား) သက္ကာယဒိဋ္ဌိ ရှိမှလည်း အပါယ် သွားမှာကိုး (မှန်ပါ့ ဘုရား) ခုတော့လဲ သက္ကာယ ဒိဋ္ဌိ ပြုတ်တဲ့ အသိ ဖြစ်နေပါ တယ် (မှန်ပါ)

ဒါ့ကြောင့် သူသည် သံသရာလဲ ဖြတ်တယ်၊သက္ကာယဒိဋ္ဌိ ကိုလဲဖြုတ်တယ် (မှန်ပါ့) သမ္မာဒိဋ္ဌိ ကိုလည်း ဖြစ်စေတယ် (မှန်ပါ့ ဘုရား)။

မြင်တယ် သိတယ် ဆိုတော့ သမ္မာဒိဋ္ဌိပေါ့၊ အရင်တုန်းက တော့ ဒါကလေးဟာ ငါထင်ပြီး ဖြစ်နေကြတယ် (မှန်ပါ့)။

အခုတော့ ငါမထင်ဘူး၊ မြင်စိတ်၏ အလုပ်၊ ကြားစိတ်၏ အလုပ် မဟုတ်ဘူးလား (မှန်ပါ့) ဒါ နံစိတ်၏အလုပ်၊ ဒါ စားစိတ်၏ အလုပ် (မှန်ပါ့)။

ပေါ်တိုင်းသိရမယ်

ဒါဖြင့် ဒီစိတ်ကလေးတွေ ပေါ်တိုင်း ပေါ်တိုင်း ဒါစား စိတ် ပေါ်ပြီလို့၊ ယားစိတ် ယံစိတ် ပေါ်ရင်ကော (သိရပါ မယ် ဘုရား)

လောဘ ပေါ်ရင် (သိရပါမယ် ဘုရား)

ဒေါသ ပေါ်ရင် (သိရပါမယ် ဘုရား)

မောဟပေါ်ရင် (သိရပါ မယ် ဘုရား)

ကုသိုလ်စိတ် လုပ်ချင်ကော (သိရပါမယ် ဘုရား)။

စာဂါနုဿတိ

အဲ နဂိုက ဦးမာဒင်တို့၊ ဦးသန်းမောင်တို့ ကြားဖူးတာ က သာမည ဆရာသမားတွေနဲ့ တွေ့တော့ ဟောဒီ ကုသိုလ် စိတ်ကလေး၊ မင်း ထပ်ပြန် တလဲလဲ သိပေး၊ ဒါ စာဂါနု ဿတိ ခေါ်တယ် (မှန်ပါ့) မဟုတ်ဘူးလို့ ဘုန်းကြီးက မငြင်း ဘူး ဟုတ်တယ်၊ သို့သော် သမထ သင်ထား တာကိုး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာသင် ထားတာတုံး (သမထ သင်ထားပါတယ် ဘုရား) အဲ အနုဿတိ ဆိုပဲဗျာ၊ အနုဿတိ ဆယ်ပါးထဲက ဒါက သမထ မှတ်ပါ (မှန်ပါ့) အနုဿတိပါရင် သမထမှတ် ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဗြဟ္မာ ဖြစ်ကြောင်း

ဒါဖြင့် သူက စာဂါနုဿတိ သင်တာ (မှန်ပါ သမထပါ ဘုရား) သမထ သင်ထား တာဟာ ဗြဟ္မာ ဖြစ်ကြောင်း သင်ထားတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာဖြစ်ကြောင်းလဲ (ဗြဟ္မာ ဖြစ်ကြောင်း သင်တာပါ ဘုရား) အံမာလေး ကျုပ်တို့က ကမ္ဘာ ပျက်တိုင်း ဗြဟ္မာပြည် ရောက်ဖူးလှပြီ (မှန်ပါ) နောက်ထပ် သွားဖို့ မလိုပါဘူး၊ အခု ဟာ ဗြဟ္မာ လူထွက်တွေ ဒီရောက်နေတာ (မှန်ပါ့) ရိပ်မိပ လား (ရိပ်မိပါပြီ ဘုရား)။

ဒါ သူက ဗြဟ္မာပြည်ကို သွားနေပြန်လို့ရှိရင် ခင်ဗျားတို့ တော့ အောက်တန်းပို့တဲ့ ဆရာနဲ့ တွေ့တာပဲ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်ဆရာနဲ့ တွေ့သလဲ (အောက်တန်း ပို့တဲ့ ဆရာနဲ့ တွေ့တာပါ ဘုရား)။

ဆရာသိပ်အရေးကြီးတယ်

အဲဒါကြောင့် ဆရာ သိပ်အရေးကြီးတယ် (မှန်ပါ့ ဘုရား) အခုတော့ဖြင့် ဥပမာ ကုသိုလ်စိတ် ဖြစ်တယ်၊ ဦးမာဒင်တို့ ဦးသန်းမောင်တို့က သိပေးပါ (မှန်ပါ့)။

သိပေးတော့ ကုသိုလ်စိတ်ကလေးဟာ ဖြစ်လဲဖြစ်တယ် ပျက်လဲ ပျက်တယ်လို့ သိတာဟာ ဒီအသိဟာ သေးတဲ့အသိ မဟုတ်ဘူး (မှန်ပါ့)။

အဖြစ်သိရင် အပျက် သိတယ်၊

ဘာဖြစ်လို့တုံးဆိုတော့ နှစ်စိတ် ပြိုင်မပေါ်နိုင်ဘူး၊ ပေါ်ရဲ့လား (မပေါ်ပါ ဘုရား) အဲဒီတော့ သူပျက်ပြီးမှ သိတာက ပေါ်ရမှာ (မှန်ပါ့) ဒါဖြင့် သူ့အဖြစ်အပျက်ကို သိတယ် (မှန်ပါ့) ဒါဖြင့် အဖြစ်သိရင် အပျက် သိတယ်၊ တိုးလိုက်တော့ (မှန်ပါ့) အဖြစ်သိရင် (အပျက် သိပါတယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ကိုသိတော့ ဒါက ဦးသန်းမောင်၏ ဒီစိတ်နဲ့ အသက်ရှင်နေတာကလေးကို ဦးသန်းမောင်က ဖြစ်လဲ ဖြစ်တယ် ပျက်လဲပျက်တယ်၊ ဦးမာဒင်က ဖြစ်လဲဖြစ်တယ် ပျက်လဲ ပျက်တယ်၊ ဦးမာဒင်က ဖြစ်လဲ ဖြစ်တယ် ပျက်လဲ ပျက်တယ်ဆို တော့ ဖြစ်ပျက်ကို သိတယ် (မှန်ပါ့)။

ကိုယ့်အသေကို ကိုယ်သိတာ

ဖြစ်ပျက်ဆိုတော့ ကိုယ်ခဏလေ းဖြစ်ပြီး ကိုယ်ခဏလေး သေတာကို သိတယ် (မှန်ပါ့) ကိုယ့်အသေကို ကိုယ်သိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အနိစ္စကို (ကိုယ်သိပါတယ် ဘုရား) ကိုယ်ဒုက္ခ ကို (ကိုယ်သိပါတယ် ဘုရား) ကိုယ့်အသေ (ကိုယ်သိ ပါတယ် ဘုရား) ကိုယ့် ဒုက္ခသစ္စာကို (ကိုယ်သိပါတယ်) ဒါကြောင့် အဖိုး တန်တာ (မှန်ပါ့) သစ္စာ သိတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာသိတာတုံး (သစ္စာ သိပါတယ် ဘုရား)။

သစ္စာဟောမှ နိဗ္ဗာန် ရောက်မယ်

ဒါဖြင့် သစ္စာ သိလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး က သစ္စာဟောမှ နိဗ္ဗာန် ရောက်မယ်ကွ တဲ့၊ ကျန်တဲ့တရား နိဗ္ဗာန် ရောက်တရား မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါကလေးဟာ ဖြစ်ပျက် သွားတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာက နောက်လာမယ့် ကိလေသာတွေကို လာခွင့်ပေးသလား (မပေးပါ ဘုရား) ဒါဖြင့် သမုဒယ ချုပ် စေတယ် (မှန်ပါ့)။

ဒါဖြင့် နောက်ဘဝတွေ လာသေးရဲ့ လား မေးတော့ (မလာပါ ဘုရား) မလာတာ နိရောဓ သစ္စာ (မှန်ပါ့) ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မှတ်ချက်။ ။မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှထုတ်​ဝေသော ’’စိတ္တာနုပဿနာကျင့်စဥ်တရားတော်’’ စာအုပ်မှ ဒုတိယအပုဒ်ဖြစ်ပါသည်။