14409

မာတိကာသို့

နောက်ဆုံးပိတ် ဘဝထားပြီးကျင့်ပါ

သိကြားမင်းနှင့်အမေးအဖြေ (၃)

အသံဖိုင်ခေါင်းစဉ်= ဒုလ္လဘတရားငါးပါးတရားတော်

မှတ်ချက်။ အလွန်ကောင်းမွန်သော အလုပ်ပေးတရားဖြစ်သည်။ သေချာလေ့လာပါ။

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်

နောက်ဆုံးပိတ် ဘဝထားပြီးကျင့်ပါ

သိကြားမင်းနှင့်အမေးအဖြေ (၃)

(၁၆-၁၁-၆၀)

နောက်ဆုံးပိတ်ဘဝထားပါ

ဒကာ ဒကာမတွေ မိမိတို့သည် ဒီဆရာနဲ့လည်းတွေ့ရ၊ ဒီသာသနာနဲ့လည်းတွေ့ရ ဒီထောင်တတ်တဲ့နားနဲ့ တွေ့ရသောကြောင့် မဆုတ်တမ်း ဆရာပြောတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် အလုပ်လုပ်နည်းနှင့်တကွ ပေးတာကို အလုပ်လုပ်ကြမယ်ဆိုလို့ရှိရင်ဖြင့် ဆုကြီးပန်မဟုတ်ခဲ့သော် နောက်ဆုံးပိတ်ဘဝထားပါ ၊ သဘောကျရဲ့လား (မှန်ပါ ဘုရား)။

ဆုကြီးပန် မဟုတ်လို့ရှိရင် နောက်ဆုံးပိတ်ဘဝ အပြီးသတ်ဘဝလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) အဲဒါ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဒီဒကာ ဒကာမတွေ အားတက်အောင် ပြောတာလားလို့ ဒကာကြွယ် ဒကာသစ် ဦးလှဘူးတို့မေးလို့ရှိရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုယ်က မင်းတို့ကွာတဲ့ ဒီဒုလ္လဘတရား ငါးပါးဟာ မင်းတို့နောက်ဆုံး ပိတ်ဘဝလို့ မှတ်ပါလို့ အင်္ဂုတ္တိုရ် ပါဠိတော်မှာ လာတားတယ် (မှန်ပါ့ ဘုရား)။

ဒုလ္လဘတရားငါးပါး

ဒုလ္လဘတရားငါးပါးကို ဒီဒကာ ဒကာမတွေ ရှင်းပြပါဦးမယ် ရှေ့ပိုင်းက ဒုလ္လဘတရားငါးပါးက ဘုရားသာသနာနဲ့ ကြုံခြင်းတစ်မျိုး ဘာပါလိမ့် (ဘုရားသာသနာနဲ့ကြုံခြင်းပါ ဘုရား)။

(၁)ဘုရားသာသနာနဲ့ ကြုံခြင်း

ဒကာ ဒကာမတို့ သာသနာငါးထောင်အနက်က နှစ်ထောင့်ငါးရာကျော်လေးရှိသေးတော့ ဪ ဘုရားပွင့်တဲ့ သာသနာနဲ့ တို့သည်ကြုံနေပါလားဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေက သိပြီးသားဖြစ်ပါတယ် (မှန်လှပါ ဘုရား)။

ဘုရားသာသနာနဲ့ကြုံပင်ကြုံငြားသော်လည်း သစ္စာတရားဟောတတ်တဲ့ ဆရားသမားနဲ့ မတွေ့ပြန်လည်း ကျွတ်တမ်းမဝင်နိုင်ဘူး (မှန်ပါ့)။

(၂)သစ္စာတရားဟောတတ်တဲ့ ဆရာသမား

အခုတော့ သစ္စာတရားဟောတတ်တဲ့ ဆရာသမားကလည်း နေ့တိုင်းလိုလိုပဲ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ ဟောနေသောကြောင့် သစ္စာဟောတတ်တဲ့ဆရာတည်းဟူသော ဒုလ္လဘတစ်မျိုးနဲ့လည်း တွေ့ပြန်တယ် (မှန်လှပါ ဘုရား)။ ဒါက နှစ်နံပါတ်ပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ တစ်နံပါတ်က ဘုရားသာသနာနဲ့ကြုံတာနော် (မှန်ပါ့) နှစ်နံပါတ်က သစ္စာဟောတတ်တဲ့ ဆရာနဲ့ကြုံတာ ဘာပါလိမ့် (မှန်ပါ့) ဒါ နှစ်နံပါတ်လို့မှတ်ထားလိုက်ပါ (မှန်ပါ) ကောင်းပြီ ဒါဖြင့် ဒုလ္လဘနှစ်ပါးကဖြင့် ငါတို့ကိုယ်တိုင်ကြုံ ကိုယ်တိုင်ဆုံ ကိုယ်တိုင်တွေ့ ဆိုတာဟ ဦးလှဘူးတို့ ဒကာကြွယ်တို့ သံသယရှိဖို့လိုသေးလား (သံသယမရှိပါ ဘုရား)။

အင်မတန်ဆုကြီးတွေ အင်မတန်ပြုခဲ့တဲ့ ကုသိုလ်ထူးတွေ အင်မတန်တောင့်တခဲ့တဲ့ ဆန္ဒတွေကြောင့် တွေ့ကြရပါပြီ (မှန်ပါ့) ဒကာကြွယ် ကိုယ့်အတွက် သံသယ မရှိနဲ့နော် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေအားလုံး ကိုယ့်အတွက်သံသယမရှိနဲ့၊ ဪ ဘုရားသာသနာနဲ့ ကြုံတာလည်း ငါတို့ဧကန်ပဲ သစ္စာဟောတတ်တဲ့ဆရာနဲ့ ကြုံတာကော (ဧကန်ပါ)။

(၃)ထောင်တတ်တဲ့နားရှိဦးမှ

တစ်ခါစဉ်းစားပါဦးတဲ့ တတိယဒုလ္လဘက အင်္ဂုတ္တိုရ်ပါဠိတော် သာသင်္ကသုတ်မှာ သေသေချာချာဟောထားလို့ သစ္စာဟောပြန်လို့ရှိရင် လည်းကွာတဲ့ ဘုရားကထောင်တတ်တဲ့နားရှိဦးမှ ဆိုတော့ ဒီဒကာ ဒကာမတို့ကလည်း ဟောပါများပြီးလာပြန်တော့ ဒီခန္ဓာကြီးဟာ ဖြစ်ပျက်ပဲ ဖြစ်ပြီးပျက်ပြီးတာဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဒါထောင်တတ်တဲ့နားရှိလို့ ဪ ခန္ဓာထဲမှာဖြစ်ပြီးပျက်နေလိုက်တာတွေ ဝေဒနာလေးတွေပေါ်လိုက် ပျက်လိုက် ရုပ်ဓာတ်လေးတွေပေါ်လိုက်ပျက်လိုက် ဪ ဒါဒုက္ခသစ္စာတွေပါပဲလို့ ထောင်တတ်တဲ့နားတွေကလည်း ရှိနေသောကြောင့် ထောင်တတ်တဲ့နားရှိဖို့ကလည်း ဒုလ္လဘတစ်မျိုးလို့ဆိုတော့ ဒီဒကာ ဒကာမတွေ သုံးနံပါတ်ရော ပြည့်စုံပါပြီလား (ပြည့်စုံပါပြီ ဘုရား)။

တစ်နံပါတ်လည်းပြည့်စုံပြီ နှစ်နံပါတ်လည်းပြည့်စုံပြီ သုံးနံပါတ်လည်းပြည့်စုံဆိုသဖြင့် ဘာမှအားမငယ်ပါ နဲ့တော့ (မှန်ပါ့) ဒီဘဝကျွတ်တမ်းဝင်မယ့်အင်္ဂါတွေ သုံးခုတောင်ရှိသွားပြီ (မှန်ပါ့)

ကျွတ်တမ်းဝင်ဆိုတာ တခြားမဟုတ်ပါဘူး ဒုက္ခခပ်သိမ်း သိမ်းဖို့အလုပ်ဟာ ကိစ္စပြီးမယ့်အလုပ်နဲ့ငါတို့ကြုံပြီ လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

စတုတ္ထက စတုတ္ထဒုလ္လဘက ဒကာ ဒကာမတွေ ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင် ကျင့်နိုင်ဖို့ရာလည်း ဒုလ္လဘတစ်မျိုး (မှန်ပါ့) ဖြစ်ပျက်နဲ့မဂ်ကိုက်အောင်ကျင့်နိုင်ဖို့ရာလဲ (ဒုလ္လဘတစ်မျိုးပါ ဘုရား)

(၄)ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင်ကျင့်နိုင်ဖို့

အဲ စာလိုသုံးတော့ ဓမ္မာနု ဓမ္မပဋိပတ္တိလို့ဆိုတယ် ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်အောင် ကျင့်နိုင်ဖို့ရာလည်း ဒုလ္လဘ တစ်မျိုး (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ၌တဲ့ ရှေ့ကဖြစ်ပျက်နောက်ကမဂ်ဆိုတာလည်း လိုက်နေကြတာပဲ (မှန်ပါ့) အိမ်မှာထိုင်တဲ့အခါလည်း လိုက်ကြတာပဲ အဲ လမ်းသွားတဲ့အခါလည်း ခြေဖဝါးတွေမှာ ပူလိုက်အေးလိုက် ပျက်လိုက်၊ နာလိုက်ကျင်လိုက်ပျက်လိုက်၊ ဉာဏ်က ရှုလိုက်ဆိုတော့ ဖြစ်ပျက်နဲ့မဂ်နဲ့လည်း ဒကာသစ် ကိလေသာကြားမညပ်အောင် ရှုနိုင်တဲ့ဉာဏ်ဟာလည်း ဒုလ္လဘတစ်မျိုးလို့မှတ်လိုက်ပါ (မှန်လှပါ ဘုရား)။

ဒီ ဒုလ္လဘရောကိုယ်ပိုင်ကိုယ်ဆိုင်ရှိပြီလား မေးရင်ဘယ်နှယ့်ဖြေကြမယ် (ပိုင်ပါပြီ)။

(၅)ကတညုတကတဝေဒီ

ဒါဖြင့်လေးပါးပြည့်ပြီ (ပြည့်ပါပြီ) ငါးပါးက ဪ ဒီဆရာဟောလို့ ဒီဒုက္ခချုပ်တဲ့နိဗ္ဗာန်ကြီးမြင်ရပြီ ဒါဖြင့် ငါတို့ရတဲ့တရားနဲ့ ကတညုတကတဝေဒီ ဆိုပြီး ဘုရားလည်းပူဇော်ပါတော့မယ်။ ရှိခိုးပါတော့မယ်၊ တရားကိုလည်း ငါတို့ရတဲ့တရားနဲ့ပူဇော်ပါတော့မယ်လို့ဆိုတဲ့ ဒုလ္လဘဟာလည်း ရခဲ့တယ် အဲဒါလည်း တစ်ချို့ ဒကာ ဒကာမတွေမှာ ဖြစ်ပျက်ဆုံးလို့ ဆရာသမားတွေ ပူဇော်တာတွေလည်း ဒကာကြွယ် ကိုယ်တိုင်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါတွေဆုံပြီး သကာလ နေတော့ ကတညုတကတဒေဝီ ဆိုတဲ့အတိုင်း ဆရာသမား ညွှန်ပြတဲ့အတိုင်း ကိုယ်ကဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေမုန်း ဖြစ်ပျက်တွေဆုံးသွားတဲ့အခါကျတော့ ဪ ဒီတရားဟာ ဘုရားက ထားခဲ့ငြားသော်လည်း ဆရာက သတိပေး၍ ကျေးဇူးပြုခြင်းကြောင့်သာလျှင် ရရပေတယ်ဆိုပြီး အာစရိယဂုဏော အနန္တောလည်း မလွှတ်ကြပါဘူး (မှန်လှပါ ဘုရား)။

ဒီဟာတွေလည်း ဆိုင်ရာဆိုင်ရာဒကာ ဒကာမတို့မှာ ပြည့်စုံနေကြပါပြီ (မှန်ပါ့) ပြည့်စုံကြတော့ ဒီဥစ္စာဒုက္ခချုပ်ရာ နိဗ္ဗာန်ဆိုတာလည်း သိပြီးသား (မှန်ပါ့)

ဒုက္ခချုပ်ရာ (နိဗ္ဗာန်ပါ) နိဗ္ဗာန်ဆိုတာလည်း သိပြီးသားဆိုတော့ ဒုက္ခချုပ်တယ်ဆိုတာ ခန္ခာကိုယ်ကြီးထဲမှာ ဖြစ်ပျက်အနိစ္စတွေ စုနေတယ်။

အဲဒါ ဒုက္ခသစ္စာတွေပဲ ဒီဒုက္ခသစ္စာတွေ ဉာဏ်ထဲမှာလည်း ဒုက္ခသစ္စာလို့ ပိုင်ပိုင်နိုင်နိုင် သိတော့ တဏှာကမစွဲတော့ ဖျတ်ခနဲရှုရင်းမတ္တနဲ့ ချုပ်သွားတယ်။ ဒါဟာ ဪ ဒီဒုက္ခချုပ်တဲ့ချုပ်တာသိတဲ့ဉာဏ်သည် ဆရာသမားကြောင့် ရတာ။

ဘုရားညွှန်ပြဆရာသမားကပြလို့ ရတာဖြစ်လေသောကြောင့် ဒီတရားတွေနဲ့ကို တို့ဆရာသမားပူဇော်ပါတော့မယ်ဆိုပြီး ပူဇော်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း မနည်းလှပါဘူး (မှန်ပါ့) အဲဒါလည်း ဒုလ္လဘတစ်မျိုးပဲဆိုသဖြင့် ဒဒုလ္လဘလည်း မရရအောင်လုပ်တာပေါ့ (မှန်ပါ့) မရသေးတဲ့ ပုဂ္ဂိုလ်က (ရအောင်လုပ်ပါ့မယ်)။

ပါရမီပြည့်ပြီးသား ပုဂ္ဂိုလ်လို့မှတ်

ရပြီးသားပုဂ္ဂိုလ်ကတော့ ရတိုင်းရတိုင်းပူဇော်ချင်တဲ့စိတ်ပါလာမှာပဲ (မှန်ပါ့) အဲဒါကြောင့် ဒုလ္လဘတရားငါးပါး မပြည့်စုံကြသေးဘူးလား (မှန်ပါ့) အဲ မပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်ကထလုပ်ပါ (မှန်ပါ့) ပြည့်စုံတဲ့ပုဂ္ဂိုလ်က ကတညုတကတဝေဒီဆိုတဲ့အတိုင်း ဆရာသမားကို ဓမ္မဖြင့် ပူဇော်ပါဆိုတာကိုလည်း ပြောလိုက်ပါတယ် (မှန်လှပါ ဘုရား)။

အဲ ဒီအင်္ဂါငါးပါးနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်က ဒီဘဝကျွတ်တမ်းဝင်လို့ ပါရမီပြည့်ပြီးသား ပုဂ္ဂိုလ်လို့မှတ်လိုက်ပါ (မှန်လှပါ)

တစ်နံပါတ်က ဘုရားသာသနာနဲ့ကြုံခြင်း (မှန်ပါ့)

နှစ်နံပါတ်က သစ္စာဟောတတ်တဲ့ ဆရာနဲ့ကော (ကြုံပါတယ်)

သုံးနံပါတ်က သစ္စာထောင်တတ်တဲ့နားနဲ့ကော (ကြုံပါတယ်)

လေးနံပါတ်က ဖြစ်ပျက်နဲ့မဂ် ကိုက်အောင် ကျင့်နိုင်ခြင်း၊ မစုံသေးဘူးလား (စုံပါပြီ ဘုရား)။

ဖြစ်ပျက်အဆုံးနဲ့ နိဗ္ဗာန်နဲ့ကိုလည်း မြင်ပြန်တော့လည်း ဆရာသမား၏ ကျေးဇူးပဲဆိုပြီး ဆွမ်းနဲ့ပူဇော်ကြ၊ ကွမ်းနဲ့ပူဇော်ကြ၊ ကျောင်းနဲ့ပူဇော်ကြ၊ ဓမ္မတွေနဲ့ပူဇော်ကြဆိုတာလည်း ဒကာကြွယ် မနည်းပါဘူး (မှန်ပါ့)

ဒါတွေကိုလည်း ပူဇော်နိုင်အောင် ပူဇော်နေကြတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဒီဘဝ ဘာဘဝပါလိမ့် အခုမှစတာလားလို့မဆိုနဲ့တော့ (မဆိုတော့ပါ ဘုရား)။

ဒီဆရာဘုန်းကြီး၏သာဝကတွေ

ဒီဘဝဟာ တောင်းတဲ့ဆု ပြုခဲ့တဲ့ပါရမီတွေ အပြည့်အစုံဖြစ်လေသောကြောင့် ဒီဆရာဘုန်းကြီး၏သာဝကတွေ ဒီဉာဏ်ရအောင် ယူနိုင်ခြင်းကြောင့်ဆိုတော့ ဘုရားကသူ့သာဝကတွေတော့ ဆုံးသွားပြီ (မှန်ပါ့)

သူ့သာဝကတွေကတော့ ပဉ္စဝဂ္ဂီအစသုဘဒ် ရဟန်းကြီးပရိနိဗ္ဗာန်စံကာနီးဟောတာ သူ့ပါတာအဆုံးကိုးဗျ (မှန်ပါ့ ဘုရား)။

ပဉ္စဝဂ္ဂီအစသုဘဒ်ရဟန်း အဆုံး အဲဒါသူ့သာဝကတွေကုန်ပြီ (မှန်ပါ့) ကျန်တာတွေ သူ့ဒကာနဲ့သူ့ဆရာချွတ်ရစ်လိမ့်ဆိုတဲ့အတိုင်း သူ့ဆရာနဲ့သူ့ဒကာတွေ သူချွတ်လို့ အခုဒကာ ဒကာမတွေ သူ့ဝေနေယျနဲ့သူ ဆိုတာကိုကော သဘောကျပြီလား (မှန်လှပါ ဘုရား)။

ဒါ့ကြောင့် ငါတို့သည် အခုဘဝမှစပြီး အခုဘဝမှအလုပ်ခွင်ဝင်ရတယ်လို့ မအောက်မေ့လိုက်ပါနဲ့ ဆုံခြင်းကြောင့် လေးနံပါတ်နဲ့ငါးနံပါတ် ပြည့်စုံအောင် လုပ်မယ်ဆိုတဲ့ စိတ်မွေးပါ (မှန်ပါ့)

လေးနံပါတ်က ဓမ္မာနုဓမ္မပဋိပတ္တိနော် (မှန်ပါ့ ဘုရား)။ ငါးနံပါတ်က တရားရလို့ တရားနဲ့ ဆရာသမားကို ပူဇော်တာ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ လေးနံပါတ်နဲ့ငါးနံပါတ်ကို ရှင်းအောင်ပြောပေးပါမယ် (မှန်ပါ့) တစ်နံပါတ် ဒကာကြွယ်ရှင်းပြီး ဘုရားသာသနာနဲ့ မကြုံလား (ကြုံပါတယ်) သစ္စာဟောတတ်တဲ့ ဆရာနဲ့မကြုံလား (ကြုံပါတယ်) ထောင်တတ်တဲ့နားကော (ရှိပါတယ် ဘုရား)။ အဲဒါက ဟောစရာမရှိဘူး ကိုယ်တိုင်ဆုံ ကိုယ်တိုင်ကြုံနေလို့ပြီးပါပြီ (မှန်ပါ့) ကိုယ်တိုင်ဆုံ ကိုယ်တိုင်ကြုံလို့ပြီးနေတာ ဘုန်းကြီးက ထပ်ဖြည့်စွက်စရာ မလိုပါဘူး (မှန်ပါ့)

ဒါဖြင့် တစ်နှစ်သုံး ကိုသိမ်းလိုက်ပါပြီ (မှန်ပါ့)

လေးနဲ့ငါး ချန်ထားပါတယ် (မှန်ပါ့ ချန်ထားပါတယ် ဘုရား)။ ဒကာ ဒကာမတွေက ဘာချန်ထားပါလိမ့် (လေးနဲ့ငါးပါ ဘုရား)။ လေးနဲ့ငါးချန်ထားတော့ လေးကိုရှေးဦးစွာညွှန်ပြမယ်လို့ ဒကာသစ်ဒကာကြွယ် ဦးလှဘူးတို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)

ဓမ္မာနု ဓမ္မပဋိပတ္တိဆိုတဲ့ဥစ္စာ

ဓမ္မာနု ဓမ္မပဋိပတ္တိဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ခန္ခာကိုယ်ထဲမှာ ပဲဓမ္မတွေရှိနေတယ် ခန္ဓာကိုယ်ထဲမှာ ဓမ္မတွေရှိနေတယ် (မှန်ပါ့ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိဆိုတာ ရုပ်ဓမ္မ နာမ်ဓမ္မတွေ မရှိဘူးလား (ရှိပါတယ်) အဲဒါကိုတဲ့ ဓမ္မပါပဲတဲ့ အနုပဋိပတ္တိ အဲဒီဓမ္မနဲ့ လျောအောင်ကျင့်စမ်းပါ (မှန်ပါ့) ဟိုကအဖြစ်ပြလို့ရှိရင်လည်း ဒီကဉာဏ်က အဖြစ်လို့သိပါ (မှန်ပါ့) အပျက်ပြလို့ရှိရင်လည်း (အပျက်လို့သိရပါမယ်)

အပျက်လို့သိလို့ရှိရင် ဓမ္မအနုပဋိပတ္တိ သွားကိုက်တယ် (မှန်ပါ့) ပြတာကဓမ္မ အနုပဋိပတ္တိက လျော်စွာကျင့်တာ (မှန်ပါ့ ဘုရား)။ ပြတာကဘာပါလိမ့် (ဓမ္မပါ ဘုရား)။

အင်း အနုပဋိပတ္တိက (လျော်စွာကျင့်တာ) လျော်စွာကျင့်တာဆိုတော့ လျော်တယ် မလျော်တယ် ဒကာသစ် ဒကာကြွယ်တို့က အကဲခတ် (မှန်ပါ့) အဖြစ်ပြရင်အဖြစ်ပဲသိပါ အပျက်ပြရင် (အပျက်ပဲသိရပါမယ်) ဟာ အပျက်ချည်း ပြနေရင်ကော မုန်းစရာချည်းလို့ သိရမှာပဲ။

အပျက်ချည်းပြနေလို့ ဥပေက္ခာလို့ချည်း ထားသိနေရမယ် (မှန်ပါ့) ထိုကဲ့သို့ဓမ္မနဲ့အနုပဋိပတ္တိနဲ့ လျောသွားလို့ရှိရင်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်ရပါတယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

သာသင်္ကသုတ်မှာ အင်္ဂုတ္တိုရ် ပါဠိတော်မှာ သေသေချာချာလာလို့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ အရင်းထားပြီး သကာလ ဪ ငါတို့အခုမှ ပါရမီဆုံးနေပြီ ဒကာ ဒကာမတို့ ဒါလေးသာလုပ်တော့ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)။

ပါရမီဆုံးနေပါပြီ ဒါလေး သာမှန်မှန်လုပ်ပါတော့ (မှန်လှပါ ဘုရား)။ အဖြစ်နဲ့အသိနဲ့ကိုက်အောင်လုပ်ပါ (မှန်ပါ့) အပျက်နဲ့ (အသိနဲ့ကိုက်အောင်လုပ်ရပါမယ်) ဒါဖြင့် ဖြစ်ပျက်နဲ့ အသိနဲ့ (ကိုက်အောင်လုပ်ရပါမယ်) ဒါဖြင့် ဖြစ်ပျက်နဲ့အသိနဲ့ (ကိုက်အောင်လုပ်ရပါမယ်)

ဒါ ဓမ္မနဲ့အနုပဋိပတ္တိ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) ဦးလှဘူး ဒါအရေးကြီးတယ်နော်။ ဒါအရေးကြီးတယ်တဲ့ (မှန်ပါ့) တစ် နှစ် သုံးဟာ ဆုတောင်းနဲ့ ပြည့်ပါတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့အသိနဲ့ကိုက်အောင်လုပ် လေးနံပါတ်ကဖြင့် ဒကာ ဒကာမတို့ အဖြစ်နဲ့အသိနဲ့ကိုက်အောင် အပျက်နဲ့အသိနဲ့ ကိုက်အောင်ဆိုတဲ့ ဓမ္မာနု ဓမ္မပဋိပတ္တိက ကိုယ်တိုင်လုပ်ယူရမှာဖြစ်ပါတယ် (မှန်ပါ့) ။

ကိုယ်တိုင်လုပ်ရမည် အလုပ်သည် လေးနံပါတ်

ကိုယ်တိုင်လုပ်ယူရမှာကို ဘုရားဆီသွားတောင်းလို့လည်းမရဘူး (မှန်ပါ့) တန်ခိုးကြီးဗြဟ္မာကြီးဆီ သွားတောင်းလို့ကော (မရပါ ဘုရား)။ ဒါဖြင့် ကိုယ်တိုင်လုပ်ရမည် အလုပ်သည် လေးနံပါတ် (မှန်ပါ့) ကိုယ်တိုင်လုပ်ရမည့်အလုပ်က (လေးနံပါတ်ပါ)

ကြပ်ကြပ် ဒကာ ဒကာမတွေ ဒါလေးတစ်ခုဟာ မရသေးတဲ့ပုဂ္ဂိုလ်ကအဖြစ်နဲ့အသိကိုက်အောင်လုပ်ရမှာပါလား။ အပျက်နဲ့အသိ ကိုက်အောင် (လုပ်ရပါမယ်) ဖြစ်ပျက်နဲ့အသိနဲ့ကိုက်အောင် (လုပ်ရပါမယ်) ဒီလုပ်ရမယ့်အလုပ်ဟာ နံပါတ်ဘယ်လောက်ပါလိမ့် (လေးနံပါတ်ပါ ဘုရား)။

လေးနံပါတ်လို့ဆိုတော့ ဒကာကြွယ်တို့ ဒီလေးနံပါတ်နဲ့ပြည့်စုံမှုဟာဖြင့် ဘုန်းကြီးကဘာမှမတက်နိုင်ဘူး (မှန်ပါ့) ဘုန်းကြီးက ဘာမှမတက်နိုင်ပါဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ကိုယ်တိုင် အချီအချကိုက်အောင် လုပ်ရမှာပဲ၊ သဘောကျပြီလား (မှန်ပါ့ ဘုရား)။

ဆရာပေးလို့ရတာလား ကိုယ်တိုင်လုပ်ယူရမှာလား (ကိုယ်တိုင်လုပ်ယူရပါမယ်) အဲ လေးနံပါတ်ကိုယ်တိုင် လုပ်ယူလို့ရှိရင် ကိုယ်တိုင်ပြည့်ပါလိမ့်မယ်၊ သဘောကျပြီလား (မှန်ပါ့) ကိုင်း ဒါဖြင့် လေးနံပါတ်က ဘာပါလိမ့်မလဲ ဆိုတော့ ထပ်ပဲပြောပါဦးမယ် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာတယ် ပေါ်လာရင်ပေါ်လာပြီလို့ သိရမယ်။ (မှန်ပါ့)

စိတ္တာနုပဿနာ သတိပဋ္ဌာန်

အိပ်ချင်တဲ့စိတ်ကလေးပျက်သွားရင်ကော (ပျက်သွားပြီလို့သိရပါမယ်) ပျက်သွားပြီလို့သိတော့

အင်း သံခိတ္တစိတ္တံ သံခိတ္တစိတ္တန္တိ ပဇာနာပါဠိတော်ထဲ ဝင်မသွားဘူးလား (မှန်ပါ့ ဘုရား)။

သံခိတ္တစိတ္တံ သံခိတ္တစိတ်ကို (ဝါ) ထိနမိဒ္ဓစိတ်ကို သံခိတ္တစိတ္တန္တ ထိနမိဒ္ဓစိတ်ဖြစ်၏ (ဝါ) ပျက်၏ဟူ၍ ပဇာနာတိ သိအောင်လုပ်ပါဆိုတော့ ဒကာကြွယ်ရေ စိတ္တာနုပဿနာ သတိပဋ္ဌာန်ဟောတာနဲ့မကိုက်ဘူးလား သိအောင်လုပ်ပါနော် (မှန်ပါ့)

အိပ်ချင်တဲ့စိတ်ကလေးကိုလည်း အိပ်ချင်တယ်လို့သိအောင်လုပ် (မှန်ပါ့) အိပ်ချင်တဲ့စိတ်ကလေးပျက်သွားရင်ရော (မှန်ပါ့) ပျက်သွားပြီးလို့သိအောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

ပျံ့လွင့်တဲ့စိတ်ကလေးဖြစ်လာရင်ရော (သိအောင်လုပ်ပါမယ်) ပျံ့လွင့်တဲ့ စိတ်ကလေးဖြစ်လာပြီလို့ သိအောင်လုပ်ပါ (မှန်ပါ့) ပျံ့လွင့်တဲ့စိတ်ကလေးဟာ ပျောက်သွားပြန်ရင်ရော (သိအောင်လုပ်ရပါမယ်) သိတော့ဓမ္မနဲ့ အနုပဋိပတ္တိနဲ့သွားကိုက်တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပေါ်လာတာကဓမ္မ၊ ဖြစ်ပေါ်တာလေး သိတာဟာ အနုပဋိပတ္တိ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဖြစ်ပေါ်တာက (ဓမ္မပါ) ဖြစ်ပေါ်တာလေးသိတာက (အနုပဋိပတ္တိပါ)

အဲ ဓမ္မာနု ဓမ္မပဋိပတ္တိဆိုတာဒါပါပဲ လောကုတ္တရာမဂ် ဝမ်းထဲပေါ်ပါတယ် ပေါ်လာတယ်လျော်ပါတယ် ဆိုတာရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ လောကုတ္တရာမဂ် ပုဗ္ဗဘာဂမဂ် မပေါ်လာဘူးလား (ပေါ်ပါတယ်)

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်လေးနံပါတ်ဟာဖြင့် ဆုတောင်းနဲ့မရဘူး (မှန်ပါ့) လေးနံပါတ်ကဘာပါလိမ့် (ဆုတောင်းလို့မရပါ)

လေးနံပါတ်က ကိုယ်တိုင်လုပ်ယူရမယ် လေးနံပါတ်က ဘာပါလိမ့် (ကိုယ်တိုင်လုပ်ယူရပါမယ် ဘုရား)။ ကိုယ်တိုင်လုပ်ယူရမယ် ဆိုတာ ဘယ်လိုလုပ်ရမှာတုန်းဆိုတော့ အဖြစ်နဲ့ မဂ်ကိုက်ပါလေ့စေ (မှန်ပါ့) အပျက်နဲ့ (မဂ်နဲ့ကိုက်ရပါမယ်) ဖြစ်ပျက်နဲ့ (မဂ်နဲ့ကိုက်ရပါမယ်) ဒါဟာဓမ္မာနု ဓမ္မာပဋိပတ္တိ အလုပ်ဆိုတာ ဒကာကြွယ်၊ ဒကာသစ်၊ ဦးလှဘူးတို့ သေချာပါတယ် (မှန်ပါ့ ဘုရား)။

ကိလေသာကြားခိုရင်ကြာလိမ့်မယ်

အဲဒီမှာ အင်္ဂုတ္တိုရ်ပါဠိတော်ကပဲ တစ်ခါသတိပေးလိုက်ပြန်တယ်၊ ကွာတဲ့ မင်းတို့ ဒကာ ဒကာမတွေဟာ ဖြစ်ပျက်နဲ့ မဂ်နဲ့ကိုက်တာတော့ သဘောကျပါပြီတဲ့၊ ဒါ ဓမ္မနု ဓမ္မပဋိပတ္တိ အလုပ်မှန်ပါတယ်၊

သို့ရာတွင် ကိလေသာ ကြားခြားပြီးမှ ဖြစ်တာက စောစောသွားတယ်၊ ကြားထဲ ကိလေသာကြားဝင်ပြီးမှ ဪ မရှိဘူးလို့ ပျက်တာသိတော့ ကိလေသာကြာမခိုဘူးလား (ကိလေသာ ကြားခိုပါတယ် ဘုရား)။

အဲဒီ ကိလေသာကြားခိုရင် ကြာလိမ့်မယ်ကွ (မှန်ပါ့) ကိလေသာကြားခိုရင် (ကြာပါတယ်) ကိလေသာကြားမခိုဘူး ဆိုလို့ရှိရင်လည်း ခုနှစ်ရက်နဲ့ရပါတယ် (မှန်ပါ့)

ကိလေသာကြားမခိုရင် (ခုနှစ်ရက်နဲ့ရပါတယ်) ဪ ဒကာကြွယ်ရေ ကိလေသာကြားခိုတဲ့ ဒဏ်ချက်ကတယ်ပြင်းပါလား (မှန်လှပါ ဘုရား)။ ခုနှစ်ရက်နဲ့ရရမှာ ခုနှစ်လ ဖြစ်ချင်ဖြစ်သွားမယ် (မှန်ပါ့) ခုနှစ်နှစ်ကော (ဖြစ်နိုင်ပါတယ်) ဘာကြောင့်ပါလိမ့် (ကိလေသာကြားခိုလို့ပါ)

ဒါဖြင့် အားလုံး ဘုန်းကြီးတို့ဒကာ ဒကာမတွေဟေ့ ကိလေသာ မင်းကြားခိုလို့ရှိရင်ဖြင့် တို့ဒုက္ခသိမ်းဖို့ အရေးဟာဝေးတာပဲကွ (မှန်ပါ့ ဘုရား)။

ပထမနိဗ္ဗာန် မကြာခင်ရပါမယ် မင်းတော့ကြားခိုကို မခံဘူးဆိုပြီး ဝီရိယလေးပြင်းပေး (မှန်ပါ့) ဝီရိယလေး ပြင်းပြင်းထန်ထန် လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပထမနိဗ္ဗာန်ဆိုတဲ့ သောတာပန်မြင်တဲ့ နိဗ္ဗာန်ဟာ မကြာခင် ရပါတယ် (မှန်ပါ့)။

ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင်လုပ်

ဒါဖြင့်ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင်လုပ်ပါဆိုတာ နံပါတ်ဘယ်လောက်ပါလိမ့် (နံပါတ်လေးပါ)

သို့သော် ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်နေပြီဘုရားဆိုလို့ရှိရင် ခုနှစ်ရက် အတွင်းရတယ်၊

ဟာမကိုက်သေးဘူးဘုရား တပည့်တော်က ဒီကြားထဲ ထိနမိဒ္ဓကလေး ဝင်လာပြန်လည်း မသိဘူး၊ လောဘကလေး ဝင်လာပြန်လည်းမသိဘူး တစ်ခါတစ်လေ ဒေါသဝင်လာတာလည်း မသိဘူးဘုရား ဖြစ်ပျက်ကို အဝေးကြီးကလှမ်းလှမ်းရှုနေရတယ် ဆိုလို့ရှိရင်ဖြင့် ကြာပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ခုနှစ်ရက်က ခုနှစ်နှစ်ဖြစ်ချင်လည်း ဖြစ်သွားမယ် သဘောပါပြီလား (မှန်ပါ့) ဒါဖြင့် ကိုယ့်အရေးကိုယ်သိတဲ့ ဒကာ ဒကာမတွေဖြစ်ခဲ့ပါဟူကား ခုနှစ်ရက်နဲ့အပါယ်လေးပါး တံခါးပိတ်အောင် ကိလေသာဖြင့် ကြားခိုမခံဘူးကွ ဆိုလို့ရှိရင်လည်း မနက်အားထုတ် ညနေရပါမယ် (မှန်ပါ့ ဘုရား)။

မနက်အားထုတ်ရင် (ညနေရပါတယ်) ညနေရပါလိမ့်မယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ဒါဖြင့်လေးနံပါတ်ဟာ ဒကာသစ် တော်တော်အရေးကြီးတယ် (အရေးကြီးပါတယ်) ဦးလှဘူးဘာတဲ့ (အရေးကြီးပါတယ်) လေးနံပါတ် အလွန်အရေးကြီးတယ်ဆိုတာ ပေါ်လာကြပြီလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ခန္ဓာကိုယ်ကြီး အိုအေး နာဘေး သေဘေးတွေသိမ်းချင်တယ်၊ အပါယ်ဘေးတွေကို တပည့်တော်ဖြင့် ဘုရားစုတေမနေ အပါယ်ရောက်ရမှာ အကြောက်ဆုံးပါပဲဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်နဲ့မဂ်နဲ့ကြားထဲ ကိလေသာ ကြားမညှပ်ရအောင် ဖြစ်ပျက်မဂ် ဖြစ်ပျက်မဂ် ဒကာကြွယ် ကိုက်အောင်လုပ်ပါ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုရင်ဖြင့် အိုဘေး၊နာဘေး၊ နောက်လာမယ့် အိုဘေးနာဘေး၊ သေဘေးတွေလည်း သိမ်းပြီးသားကျပါတယ် (မှန်ပါ့)အပါယ်ဘေးတွေကော (သိမ်းပါတယ်) အဲဒီတော့ ဒါလေးသာ ဝန်မလေးကြပါနဲ့လို့ သတိပေးလိုက်ပါတယ်၊ ကဲ လေးနံပါတ်ဟာ အလုပ်စခန်းနော် (မှန်ပါ့ ဘုရား)။

ခုနက တစ်နံပါတ်ဟာ ဆုတောင်းနဲ့ပြည့်ပါတယ် (မှန်ပါ့) နှစ်နံပါတ်ဟာ (ဆုတောင်းနဲ့ပြည့်ပါတယ်) သုံးနံပါတ်ဟာ (ဆုတောင်းနဲ့ပြည့်ပါတယ်) လေးနံပါတ်ကျတော့ ကိုယ်တိုင်လုပ်မှပြည့်သည် (မှန်ပါ့) လေးနံပါတ်ကျတော့ (ကိုယ်တိုင်လုပ်ရမှာပါ) ကိုယ်တိုင်လုပ်မှပြည့်သည်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ယားတယ် ယားတဲ့နေရာလေး ယားယားချင်း ဒါလေးဟာ ဖြစ်ပေါ်လာတာပဲ၊ ဟာပျောက်သွားပြီ ဒါလေးဟာ ပျက်သွားတာပဲ၊ ချက်ချင်းသာ ဒကာသစ်နောက်ကလိုက်ပါ (မှန်ပါ့) ကိလေသာကြားဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ) ကိလေသာကြားမဝင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်က ဘယ်နှယ့်နေသလဲ (ပြတ်ပါတယ်) ပြတ်သွားတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်သွားတာသည် နိရောဓသစ္စာ (မှန်ပါ့ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပြတ်တာသည် နိရောဓသစ္စာ

ပဋိစ္စသမုပ္ပါဒ်ပြတ်တာသည် (နိရောဓသစ္စာပါ)

ဒါဖြင့် နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ဟာ ဒကာကြွယ်ရေ မဂ်ဝင်လိုက်လို့ရှိရင် နိရောဓသစ္စာဟာပေါ်တာပဲ (မှန်ပါ့) ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ တဏှာဥပါဒါန်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ပြတ်တာသမုဒယချုပ်တာ (မှန်ပါ့) နောက်ဇာတိဇရာမရဏ မလာတာကခန္ဓာမရှိတဲ့အခါမှာရတဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ (မှန်ပါ့) ဆိုတော့ ကိုက်မနေဘူးလား (မှန်လှပါ ဘုရား)။

ဪ ငါတို့ တာဝန်ဘာပါလိမ့်မလဲဆိုတာ ယနေ့ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ငါတို့တာဝန်ဘာပါလိမ့် (လေးနံပါတ်ပါ) လေးနံပါတ် လေးနံပါတ်က ဘာနဲ့ကိုက်ရမှာပါလိမ့် (ဖြစ်ပျက်နဲ့မဂ်နဲ့ပါ) အဲ အဖြစ်နဲ့မဂ်နဲ့ကိုက် အပျက်နဲ့ ဖြစ်ပျက်နှစ်ခုနဲ့ (မဂ်နဲ့ကိုက်ရပါမယ် ဘုရား)။

ဆုတောင်းလို့ရတဲ့အလုပ်မဟုတ်ဘူး

ဒါ ဒကာကြွယ် လေးနံပါတ်ပြည့်စုံပြီ (မှန်ပါ့) ဓမ္မာနုဓမ္မပဋိပတ္တိ မဖြစ်သေးဘူးလား (ဖြစ်ပါတယ်) ကောင်းပြီ လေးနံပါတ်ဟာဖြင့် အားလုံး ဘုန်းကြီးတို့ဒကာ ဒကာမတွေ ဆုတောင်းနဲ့ရတဲ့အလုပ်မဟုတ်ဘူး (မှန်ပါ့) ပွားများယူမှ ရတဲ့အလုပ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ဆုတောင်းနဲ့ရတဲ့အလုပ်မဟုတ် (ပွားများယူမှရမှာပါ) ဘယ်လိုပါလိမ့်ဗျာ (ပွားများယူရမှာပါ) ပွားများယူမှ ရမယ့်အလုပ်ဆိုတာ အားလုံးဒကာ ဒကာမတွေ လေးလေးစားစားကြီးမှတ်လိုက်စမ်းပါ (မှန်ပါ့)

မဟုတ်လို့ရှိရင် ခင်ဗျားတို့က ဘုရားဆီသွားပြီး နားပူနားဆာသွားကပ်ဦးမှာ နားပူနားဆာ ဘယ်လိုများကပ်သလဲဆိုတော့ ဟိုဘုရားဆီသွားလိုက်၊ ဒီနားနီးတဲ့ဘုရားဆီသွားလိုက် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရပါလို၏ဘုရား အံမယ် မဂ်ကိုဘုရားကပေးနိုင်သလိုလို (မပေးနိုင်ပါ ဘုရား)။

ဘုရားကမဂ်ရနည်းသာ ပေးနိုင်တယ်

မဂ်ကိုဘုရားကပေးနိုင်လား မဂ်ရနည်းသာပေးနိုင်သလား (မဂ်ရနည်းသာပေးနိုင်ပါတယ်) အဲ လေးနံပါတ်လုပ်ကွ (မှန်ပါ့) ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင် ကိုယ်ကရှုလို့ရှိရင် ကိုယ်ရှုတဲ့ဟာမဂ်ပဲ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့) ဒါဖြင့် ဘုရားပေးနိုင်တာဟုတ်ပါရဲ့လား (မပေးနိုင်ပါ ဘုရား)။

ဘုရားကဘာမှမပေးနိုင်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မပေးနိုင်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်လုပ်နည်းကို ပေးနိုင်တယ် သဘောကျပြီလား (မှန်ပါ့) အကယ်၍ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ပေးနိုင်မယ်ဆိုရင် ရာဟုလာကိုအရင်ပေးရမယ် (မှန်ပါ့) မပေးနိုင်လို့ ရာဟုလာရေ ဓာတ်လေးပါး လှည့်ရှုကွ၊ ဖြစ်ပျက်နဲ့မဂ်နဲ့ကိုက်အောင်လုပ်ကွ (မှန်ပါ့ ဘုရား)။

ဟော ဒကာကြွယ် ပေးနိုင်လို့ပြောတာလား မပေးနိုင်လို့ နည်းပေးတာလား (နည်းပေးတာပါ) မပေါ်သေးဘူးလား (မှန်ပါ့) ကဲ ရာဟုလာ ဝါဒသုတ် ဒကာသစ်မရှိဘူးလား (ရှိပါတယ်) ရာဟုလာဆုံးမတဲ့ ရာဟုလာနိဗ္ဗာန်ဝင်တဲ့ နည်းပေးတဲ့သုတ် သဘောပါရဲ့လား (မှန်လှပါ ဘုရား)။

ဒါဖြင့် ဘုရားသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရော့ အင့်လို့ပေးနိုင်လား နည်းပဲပေးနိုင်သလား အဲဒါကို ခင်ဗျားတို့က နည်းပေးနိုင်တဲ့ ကိုယ်တော်ကြီးကို တိုက်ရိုက်ပေးပါလို့ သွားတောင်းလို့ရှိရင် ခြေနဲ့မကန်လိုက်တာ တမယ် ကျန်တော့တယ် ရကိုမရနိုင်ဘူး ရနိုင်ပါ့မလား (မရနိုင်ပါ) အဲ နည်းပေးတာ လုပ်ယူကြပါ။ သဘောပါကြရဲ့လား (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒီလိုရှိခိုးရင်လည်းကောင်းသား၊ အရှင်ဘုရားရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရတဲ့အတွက် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်နည်းပေးတတ်တဲ့ဆရာ မဂ်ဖိုလ်အားထုတ်နိုင်တဲ့ဉာဏ်ကိုသာ ရရပါလို၏ ဆိုရင်တော်သေးတယ်၊ အခုတော့ဖြင့် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ပေးသနား တော်မူပါဆိုရင် ရကိုမရဘူး၊ စိတ်သာချ ရနိုင်ပါ့မလား (မရနိုင်ပါ) ပေါ်ကြပြီလား (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် လေးနံပါတ်က အားလုံးဒကာ ဒကာမတွေ သိစေချင်လွန်းလို့ ထပ်ပြန်တလဲလဲပြောပါတယ် (မှန်ပါ့) ထပ်ပြန်တလဲလဲပြောတော့ အဖြစ်နဲ့မဂ်နဲ့တော့ (ကိုက်ရပါမယ်) အပျက်နဲ့မဂ်နဲ့ (ကိုက်ရပါမယ်) အပျက်ရှိလို့ အပျက်သိရင် မလျော်ဘူးလား (လျော်ပါတယ် ဘုရား)။ အဖြစ်ရှိလို့အဖြစ်သိရင် (လျော်ပါတယ်) ဖြစ်ပျက်ရှိလို့ ဖြစ်ပျက်သိရင်ရော (လျော်ပါတယ်) အဲဒီတော့ ဓမ္မနဲ့အနုပဋိပတ္တိဆိုတဲ့အတိုင်း ဓမ္မာနု ဓမ္မပဋိပတ္တိ ဓမ္မကဖြစ်ပျက်အနုပဋိပတ္တိက (လျော်ပါတယ် ဘုရား)။

လျော်အောင်ကျင့်တဲ့မဂ်

တစ်ခါ မဂ်ဆိုငြားသော်လည်း လျော်အောင်ကျင့်တဲ့မဂ်၊ မိစ္ဆာမဂ်မဟုတ်ဘူးကွတဲ့၊ လျော်အောင်ကျင့်တဲ့ မဂ်ကွလို့ဆိုတော့ မပေါ်လာသေးဘူးလား (မှန်ပါ့)

အဲဒါကြောင့် ဒါဘာဟောနေပါလိမ့်မတုန်းဆိုတော့ အလုပ်စဉ်ဟောနေတယ်လို့ ဦးလှဘူးတို့ ဒကာကြွယ်တို့ကမှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။ ဒါအားလုံးတရားနာကြတဲ့ပုဂ္ဂိုလ်တွေ လူသစ်တွေပါပြီး သကာလ နေသောကြောင့်အလုပ်စဉ်ကို ရှေ့ပိုင်းမှာနေ့တိုင်းပေးနေတယ် (မှန်ပါ့) တပည့်တော်တို့ ဘာများလုပ်ရမှာတုန်းလို့မမေးနဲ့ (မှန်ပါ့)

ခန္ဓာကိုယ်ထဲမှာ ခန္ဓာငါးပါးရှိတယ် ငါးပါးစလုံးဟာ တွေ့ရာသာရှု ဖြစ်တာနဲ့ ပျက်တာမှတစ်ပါး ဘာမှမရှိဘူး (မှန်လှပါ ဘုရား)။ ဘာများရှိသေးတုန်း (ဖြစ်ပျက်ပါ ဘုရား)။

ဒါဖြင့် အဖြစ်နဲ့မဂ်နဲ့ကိုက်အောင်လုပ် (မှန်ပါ့) အပျက်နဲ့အသိနဲ့ ကိုက်အောင် (လုပ်ရပါမယ်) ဖြစ်ပျက်နှစ်ခုနဲ့ အသိနဲ့ကိုက်အောင် (လုပ်ရပါတယ်) အဲဒီကဲ့သို့ လုပ်လိုက်လို့ရှိရင် မရမရှိပါဘူး ဒကာကြွယ်သဘောပါပြီလား (မှန်ပါ့) အားလုံးဒကာ ဒကာမတွေသဘောပါပြီလား (မှန်ပါ့ ဘုရား)။

ဒီအတိုင်း ပြန်သွားမှာများ စိုးရိမ်လိုက်တာ (မှန်ပါ) ဒီအတိုင်းပြန်သွားမှာများ ဒီဒကာ ဒကာမတွေ ညီအစ်ကိုမောင်နှမ အမေမိဘတွေမို့စိုးရိမ်တယ် (မှန်ပါ့) ဪ နာတော့နာခဲ့ရတာပဲ၊ တို့လေးနံပါတ် နားမလည်ဘူး (မှန်ပါ့) လေးနံပါတ် နားမလည်ရင် ကိုယ်ကျိုးနည်းပြီမှတ် (မှန်ပါ့) လေးနံပါတ် သိပ်အရေးကြီးတယ် (မှန်လှပါ ဘုရား)။

တစ်နံပါတ် ဆုတောင်းနဲ့ပြည့်တယ် (မှန်ပါ့) နှစ်နံပါတ် (ဆုတောင်းနဲ့ ပြည့်ပါတယ်) သုံးနံပါတ် (ဆုတောင်းနဲ့ပြည့်ပါတယ်) လေးနံပါတ်ကိုယ်တိုင်ကျင့်မှရမယ် (မှန်ပါ့ ဘုရား)။ လေးနံပါတ်က (ကိုယ်တိုင်လုပ်ရပါမယ်) ကိုယ်တိုင်ကျင့်မှ ရမယ့်အလုပ်ကိုခင်ဗျားတို့ ဆုတောင်းပြီး သကာလ ယူနေလို့ရှိရင်လည်း အချိန်သာ ကြာရမယ် မရပေဘူး၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

လေးနံပါတ်ဆိုတာ အင်း ဒါကြောင့် ဒကာကြွယ်ရေ အားလုံးလည်း တိုက်တွန်းပါနော် (တိုက်တွန်းပါ့မယ်) လေးနံပါတ်ကို မသိသေးတဲ့ပုဂ္ဂိုလ်များလည်း တစ်ယောက်တစ်ယောက်ကို ဝါဒဖြန့်ကြပါ (မှန်ပါ့)

လေးနံပါတ်ဆိုတာ တခြားမဟုတ်ဘူးဟေ့ တို့ဆရာဘုန်းကြီးဟောနေတာက ခန္ဓာကိုယ်ထဲမှာ ဖြစ်တာနဲ့ ပျက်တာရှိသတဲ့၊ အဲဒီအဖြစ်နဲ့အသိနဲ့ ကိုက်အောင်လုပ်ရမယ်ဟေ့ (မှန်ပါ့ ဘုရား)။

အပျက်နဲ့အသိနဲ့ ကိုက်ရပါမယ်

အပျက်နဲ့အသိနဲ့ (ကိုက်ရပါမယ်) အဲဒီလိုလေး ဆိုင်ရာဆိုင်ရာတွေ သင်ပေးလိုက်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ် စက်ရဟက်ကြီးဟာ မဂ်ကဖြတ်ချလိုက်တယ် (မှန်ပါ)

ပဋိစ္စစက်ရဟက်ကြီးကို ဘယ်သူကဖြတ်ပါလိမ့် (မဂ်ကဖြတ်ပါတယ်) မဂ်ဆိုတာ အသိပဲ (မှန်ပါ့) အဲဒီအသိက ဖြတ်ချလိုက် တယ်လို့ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာမှတ်လိုက်ပါ၊ ကဲ လေးနံပါတ် ကျေနပ်ကြပြီလား (မှန်ပါ့ ဘုရား)။

(၅)ကတညုတကတဝေဒီ သူ့ကျေးဇူးသိရမယ်

ငါးနံပါတ် ပြောပါတော့မယ်၊ ငါးနံပါတ်က ကတညုတကတဝေဒီ သူ့ကျေးဇူးသိရမယ် (မှန်ပါ့)

သူ့ကျေးဇူးသိတယ်ဆိုတာ သူပြောတာ နားထောင်လို့ ကိုယ်အဖိုးတန်ရမှ သူ့ကျေးဇူးသိမှာပေါ့ (မှန်ပါ့) ရှင်းပြီလား (မှန်ပါ့)

သူပြောတာနားထောင်လို့ ကိုယ်ကျေးဇူး ခံစားရတော့မှ ဪ သူ့ကျေးဇူးသိရမှာပဲ ကတဝေဒီဆိုတဲ့ သူကပြုထားတာရှိတော့ ကတညုတ သူပြုထားတာရှိတော့ ကတဝေဒီဆိုတဲ့ ကိုယ်ကကျေးဇူးတုံ့ပြန်ဖို့အလုပ်ဟာ ကိုယ့်အရေး ကျန်တယ်ဆိုတာသိလာတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ လေးနံပါတ်ထက်ငါးနံပါတ်ကပိုမိုပြီး တစ်အခါအရေးကြီးပြန်တယ် လေးနံပါတ်ထက် (ငါးနံပါတ်က အရေးကြီးပါတယ်) ငါးနံပါတ်က ပိုမိုအရေးကြီးပြန်တယ်ဆိုတော့ ငါးနံပါတ်ကျတော့ကိုတဲ့ အရင်တုန်းကတော့ အဖြစ်နဲ့အသိနဲ့ ကိုက်တယ် ပြီးရော (မှန်ပါ့) အပျက်နဲ့အသိနဲ့ကိုက်ရင်ပြီးရော (မှန်ပါ့) လေးနံပါတ်က ပြီးတယ်နော် (မှန်ပါ့) ဖြစ်ပျက်နဲ့ အသိနဲ့ ကိုက်ရင်ကော (ပြီးပါတယ် ဘုရား)။

ငါးနံပါတ်ကျတော့ ဉာဏ်ထက်ရမယ်

ငါးနံပါတ်ကျတော့ ဉာဏ်ထက်ရမယ် (မှန်ပါ့) ဒကာကြွယ် ငါးနံပါတ်ကျတော့ ဘာတဲ့ (ဉာဏ်ထက်ရမယ်)

ဉာဏ်ထက်ရမယ်ဆိုတော့ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿသမုဒယောဟောတိလို့ ဘုရားက ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးချုံဟောလိုက်တော့ အဖြစ်ဟူသရွေ့ ဒုက္ခသစ္စာကွ (မှန်ပါ့) အဖြစ်ဟူသရွေ့ (ဒုက္ခသစ္စာပါ) ဒါဖြင့်ဝေဒနာဖြစ်လာရင်လည်း ဖြစ်ဆဲဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿနိရောဓါဟောတိဆိုတော့ အချုပ်ဟူသရွေ့ ဒုက္ခသစ္စာပါ အဖြစ်ဟူသရွေ့ (ဒုက္ခသစ္စာပါ) အပျက်ဟူသရွေ့ (ဒုက္ခသစ္စာပါ) အဖြစ်ဟူသရွေ့ (ဒုက္ခသစ္စာပါ) အပျက်ဟူသရွေ့ (ဒုက္ခသစ္စာပါ)

ဒါရှုစဉ် ရှုကတည်းက ဪ ငါရှုနေတဲ့အဖြစ်ကလေးဟာလည်း ဒုက္ခသစ္စာပါလား ငါရှုနေတဲ့အပျက်ကလေးဟာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

အဲ ဖြစ်တာလည်းဒုက္ခ၊ ပျက်တာလည်းဒုက္ခလို့ လေးနံပါတ်နဲ့ရှုပါ (မှန်ပါ့) လေးနံပါတ်နဲ့ရှုပါ ဖြစ်တာလည်း ဒုက္ခသစ္စာ ပျက်တာလည်း ဒုက္ခသစ္စာ ဖြစ်တာလည်းဒုက္ခသစ္စာ ပျက်တာလည်း ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ရှုပေးရှုပေး ဒကာ ဒကာမတို့ အဲဒီကဲ့သို့ ရှုပါများပြီး သကာလ လာတော့ အင်း ဒုက္ခသစ္စာကို ဘာဝေတဗ္ဗကိစ္စနဲ့ မဂ်ဘာဝေတဗ္ဗကိစ္စနဲ့ ပွားများနေရင်း မတ္တနဲ့ ကိလေသာ အစေးတွေခန်းခြောက်ပါတယ် (မှန်ပါ့) ဝမ်းထဲရှိတဲ့ ကိလေသာအစေးတွေဟာ (ခန်းခြောက်ပါတယ် ဘုရား)။

အဝိဇ္ဇာဥခွံတွေပါးသွားတယ် (မှန်ပါ့) ကိလေသာအစေးတွေ (ခန်းခြောက်ပါတယ်) အဝိဇ္ဇာဥခွံတွေ ပါးသွားတဲ့အခါကျတော့မှ အဲဒါလည်းပါးပါရော ဒကာ ဒကာမတွေဖြစ်ဒုက္ခပျက် ဒုက္ခဟာရှုရင်းမတ္တနဲ့ရှာမတွေ့ဘူး (မှန်ပါ့) ဘာတွေချုပ်သွားပါလိမ့် (ဖြစ်ပျက်ဒုက္ခပါ ဘုရား)။

ဒုက္ခချုပ်သွားပြီး၊ ဒကာ ဒကာမတို့ ဘာတွေချုပ်သွားပါလိမ့် (ဒုက္ခချုပ်ပါတယ်) ဒုက္ခတွေချုပ်သွားပြီ သဘောပါကြပြီလား (မှန်ပါ့) ဘယ့်နှယ့်ကြောင့် ဒီဒုက္ခတွေချုပ်သွားပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ အရင်တုန်းက ကိလေသာအစေး မခြောက်လို့ မချုပ်တာအဝိဇ္ဇာဥခွံမပါးလို့မချုပ်တာ (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် ပွားပါများတဲ့အတွက် ဒီဉာဏ်က ကိလေသာအစေးကိုလည်း ခြောက်စေတယ် (မှန်ပါ့) အဝိဇ္ဇာဥခွံကိုလည်းပါးစေသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သန္တာန်မှာ အဝိဇ္ဇာကပါး၊ တဏှာအစေးကခြောက် (မှန်ပါ့ ဘုရား)။

မဂ္ဂင်ရှစ်ပါးပြည့်ပြီ

အဲဒါကြောင့် ရှေ့ပိုင်းမှာရှိတဲ့ ဖြစ်ဒုက္ခပျက်ဒုက္ခတွေ တဏှာလည်းမလာရ ဝိဇ္ဇာဉာဏ်ကလည်း ထိုးထွင်းပြီး ပိုင်းပိုင်းခြားခြား သိတဲ့အတွက် ချုပ်သွားပါတယ် (မှန်ပါ့) မချုပ်သေးဘူးလား (ချုပ်ပါတယ်) ဒါဖြင့်ချုပ်သွားတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) ချုပ်သွားတာ သိတာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒီမဂ္ဂင်ရှစ်ပါးလာပြည့်တယ် ဒါ လေးနံပါတ်တုန်းက မဂ္ဂင်ငါးပါး ငါးနံပါတ် ဒုက္ခချုပ်တာ မြင်တော့မဂ္ဂင်ရှစ်ပါးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) မဂ္ဂင်ရှစ်ပါးရတော့ မဂ်ပြီးဖိုလ်လာတာပါပဲ (မှန်ပါ)

ဖိုလ်ပြီးပစ္စဝေက္ခဏာ လာတာပါပဲ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့ ဘုရား)။

ပစ္စဝေက္ခဏာဉာဏ်ဆိုတာ

မဂ်ပြီးဘာလာတယ် (ဖိုလ်လာပါတယ်) ဖိုလ်ပြီးဘာလာလဲ (ပစ္စဝေက္ခဏာ) အဲဒါဘာပဲလာလာ မဂ်ကလည်းချုပ်တာမြင်တာပဲ (မှန်ပါ့) ဖိုလ်ကလဲ (ချုပ်တာမြင်ပါတယ်)

ပစ္စဝေက္ခဏာကလဲ (ချုပ်တာမြင်ပါတယ်) ပစ္စဝေက္ခဏာကလည်း ချုပ်တာဆင်ခြင်လို့ ချုပ်တာမြင်တာပဲ (မှန်ပါ့) ဆိုတော့ ချုပ်နေပြီ ချုပ်နေပြီ ချုပ်နေပြီလို့ သိနေပါ (မှန်ပါ့ ဘုရား)။

ဪ ဒုက္ခချုပ်တာဆိုတာ ဒါပဲ၊ ဒုက္ခချုပ်တာဆိုတာဒါပဲလို့သိတော့ ဒုက္ခချုပ်တာနိဗ္ဗာန် သိတာက မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် (မှန်ပါ့) ဒုက္ခချုပ်တာ (နိဗ္ဗာန်) ဟုတ်လား သိတာမဂ်ဉာဏ် ထပ်ပြန်တလဲလဲ သိတာပစ္စဝေက္ခဏာဉာဏ် သဘောပါကြပြီလား (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ဒီဉာဏ်တွေလာအောင် ဒကာကြွယ်တို့က လုပ်လိုက်တော့ (မှန်ပါ့) ကိုင်း အလုပ်ခွင်က ထလိုက်တာပေါ့ဗျာ၊ ထလိုက်တော့ ကိုယ့်ဟာကိုယ် ရင်ထဲမှာလည်း အေးသွားတယ် (မှန်ပါ့) ရင်ထဲမှာလည်း အေးသွားတယ် ဒုက္ခတွေကလည်း ရှာမတွေ့ဘူး (မှန်ပါ့) ရင်ထဲ အေးသွားတာက ကိလေသာ အပူတွေငြိမ်းသွားလို့ (မှန်ပါ့)

ဒိဋ္ဌိဝိစိကိစ္ဆာ ကိလေသာအပူတွေ ငြိမ်းသွားလို့၊ သဘောကျပြီလား (မှန်ပါ့ ဘုရား)။

အင်း ရှေ့ဒုက္ခတွေချုပ်တာက ဒုက္ခတွေပိုင်ပိုင်နိုင်နိုင်သိတာနဲ့ ဒုက္ခခင်တွယ်တဲ့ ကိလေသာတွေကလည်းချုပ်၊ အဝိဇ္ဇာ ဥခွံတွေကလည်း ပါးသွားလို့ချုပ်သွားရှာတယ် (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)

ဒီကဲ့သို့ချုပ်သွားတဲ့ အခါကျတော့ဖြင့် ဒီအတိုင်းပဲ ခန္ခာကိုရှာမနေနဲ့ ယောဂီပုဂ္ဂိုလ်က ရှုရင်မတ္တနဲ့ ဪ ဒုက္ခချုပ်တာဆိုတာ ဒါပဲ၊ ဒုက္ခချုပ်တာဆိုတာဒါပဲလို့ ဆင်ခြင်သာနေပါ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့ ဘုရား)။

ကတညုတကတဝေဒီဆိုတာ

ခန္ဓာရှာရမှာလား ဒီနေရာလေးကြည့်ပြီး ဆင်ခြင်နေရမှာလား (ဆင်ခြင်နေရပါတယ်) ဆင်ခြင်ပြီး ငါးမိနစ်ရရ သုံးမိနစ်ရရ ဆယ်မိနစ်ရရ ဆင်ခြင်နေလိုက်တာပေါ့ (မှန်ပါ့)

ဆင်ခြင်ရာကမှ ခန္ဓာကိုယ်ကလည်း ပေါ့သွားတယ်၊ ထရာကပေါ့သွားတယ် (မှန်ပါ့) သွားရမှန်းလည်းမသိ လာရမှန်းလည်းမသိ အင်း ခန္ဓာကိုယ်က ပေါ့ပါးပြီး သကာလ သွားတယ်။ ရင်ထဲကလည်း အေးပြီး သကာလ နေတော့ ဪ ဒါဘုရားကျေးဇူး ဆရာသမားကျေးဇူး ဆိုပြီးပြန်ပြီး ဒကာကြွယ် ဝတ်ချဖြစ်တယ် (မှန်ပါ)

အဲဒါ သူပြုထားတဲ့နည်းကြောင့် ကိုယ်ကပြန်ပြီးဝတ်ချတာက ကတဝေဒီလို့ခေါ်လိုက်တယ် (မှန်ပါ့) ဆရာသမား ကျေးဇူးပြုထားတာက ကတညုတ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့ ဘုရား)။

အပါယ်လေးပါးလွတ်ပြီလို့ဆုံးဖြတ်

ဆရာသမားက ကျေးဇူးပြုထားတာ ကတညုတနော် (မှန်ပါ့) ခင်ဗျားတို့ကပြန်ပြီး ဓမ္မနဲ့ပြန်ပြီးရှိခိုးလိုက်တာက (ကတဝေဒီပါ ဘုရား)။

အဲ ကတညုတ ကတဝေဒီ ရောက်သွားတယ်ဆိုတာဟာ ကိုယ်တိုင်နိဗ္ဗာန်မြင်လို့ ကျေးဇူးတင်ပြီး ဝတ်ချတာပါပဲ (မှန်ပါ့) ပေါ်ကြပြီလား (မှန်ပါ့ ဘုရား)။

အဲဒီကဲ့သို့ ငါးနံပါတ်ပြည့်စုံပြီဆိုမှဖြင့် ဪ ငါဘယ်လို အမျိုးအစားပါလိမ့်မတုန်း မဆင်ခြင်နဲ့တော့ ငါအတွက်ဖြင့် အပါယ်လေးပါး တံခါးပိတ်ပေါ့ဟ စတုတာပါယေဟိစ ဝိပ္ပမုတ္တောစတုဟိ၊ လေးပါးကုန်သော၊ အပါယေဟိစ အပါယ်တို့မှ ဝိပ္ပမုတ္တော လွတ်သည်၊ ဟောတိ ဖြစ်၏။

ငါ အပါယ်လေးပါးလွတ်ပြီလို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ ဘုရား)။

ဆစ္စာဘိ ဌာနနိ အဘဗ္ဗကာဘုံ ဆိုတဲ့အတိုင်း ပရိတ်ကြီးလာတဲ့အတိုင်း ပစ္စန္တရာစ် ဇနပုဒ်မိစ္ဆာဒိဋ္ဌိမျိုး လူမွဲနတ်မွဲဗြဟ္မာမွဲ တော့မဖြစ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)

ဣဒံပိသံဃေဆိုတော့ ဪ သောတာပန် သံဃာဖြစ်သွားပြီ (မှန်ပါ့ ဘုရား)။

အမြတ်ဆုံးရတနာ ဖြစ်သွားပြီ

ရတနံပဏီတံတဲ့ ဒီရတနာ ဘယ်တော့မှမကြုံဖူးတဲ့ရတနာ ဖြစ်သောကြောင့် အမြတ်ဆုံးရတနာ ဖြစ်သွားပြီလို့ မှတ်လိုက်ပါ (မှန်ပါ့) သဘောပါကြရဲ့လား (မှန်ပါ့)

ဒါဖြင့် လေးနဲ့ငါး ဒကာသစ် တယ်အရေးကြီးပါလား (မှန်ပါ့) လေးသည်ဝိပဿနာဉာဏ် (မှန်ပါ့) ငါးသည် မဂ်ဉာဏ်ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါ ဆရာကပြောနေတယ်လို့ အောက်မေ့မနေနဲ့ အပြောကအပြောပဲလို့ မှတ်ပြီး သကာလ အလုပ်က ခင်ဗျားတို့ဒီအစဉ်အတိုင်း လာလိမ့်မယ် (မှန်ပါ့) အဲဒီတော့ မလျှော့လိုက်ပါနဲ့ မလျှော့လိုက်ပါနဲ့ ပါရမီပြည့်စုံပြီးသားပုဂ္ဂိုလ်တွေက အခုမှစနေတယ်ဆိုတဲ့ ထင်လုံးမြင်လုံးတွေ ဒကာကြွယ် ဦးလှဘူးအကုန်ဖျောက် (မှန်ပါ့) မဖျောက်သင့်ဘူးလား (ဖျောက်သင့်ပါတယ် ဘုရား)။

အဲဒီတော့ ဖျောက်သင့်တာမဖျောက်ပဲနေလို့ရှိရင် အနာပျောက်နေတာတောင် အနာပေါက်နေသေးတယ် ထင်လို့ရှိရင်ဖြင့် ဒီလူဟာ အနာဆိပ်တက်နေဦးမှာပဲ (မှန်ပါ့)

အနာကတော့ပျောက်နေပြီ၊ သူကပျောက်မှန်းမသိတဲ့ အရူးဖြစ်နေသောကြောင့် ကျုပ်ဘယ်မှမထချင်ဘူး၊ မသွားချင်ဘူးဆိုတဲ့ ဥစ္စာ အနာဆိပ်တက်ပြီး သကာလ ရောဂါခံစားနေရဦးမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ အနာပျောက်မည့်ဘဝကို အနာပျောက်အောင် လုပ်ပြီးပျောက်ပြီဆိုတဲ့စိတ်နဲ့ နေဖြစ်အောင်ကြိုးစားပါ ဆိုတာ တိုက်တွန်းရပြန်တယ်၊ ဒကာကြွယ် အရေးမကြီးဘူးလား (အရေးကြီးပါတယ်)

အဲဒါအင်မတန်အရေးကြီးတယ်မှတ်ပါ (မှန်ပါ့) ကဲ ဒါဖြင့် ဒုလ္လဘတရားငါးပါးပြီးသွားပြီ (မှန်ပါ့ ဘုရား)။

လူ့ပြည်မှာဖြစ်တဲ့သိကြား

ဒုလ္လဘတရားငါးပါးပြီးတော့ကို သိကြားမင်းကလည်း မဆုံးသေးတော့ ဒကာ ဒကာမတွေ ဒီဟာကလည်း နောက်ဆက်တွဲ နောက်ဆက်တွဲမှာ သူကလည်း သိကြားကိုယ်တိုင် ဒီတရားမေးရင်းမြန်းရင်း သောတာပန် တည်ပြီးသေသွားတယ် သေပြီးသေသေချင်း သိကြားပြန်ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒီတရားပွဲထဲမှာပဲသေ၊ သိကြားအဖြစ်နဲ့သေ သောတာပန်တည်ပြီးသေတာ (မှန်ပါ့) ဒီနေရာသိကြားပြန်ဖြစ်တယ် မမြန်ဘူးလား (မြန်ပါတယ် ဘုရား)။

ဘုရားနဲ့သိကြားပဲ သိတယ်တရားတစ်ပွဲလုံးမှာ နတ်တွေဗြဟ္မာတွေ လူတွေနာနေတာ ဘယ်သူမှမသိဘူး (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် သိကြားသည် သောတာပန်တည်တာ ဘာကြောင့်တည်တာပါလိမ့်မလဲ သူဘာများရှုမှတ်ပြီး သကာလ ကြိုးစားလို့တည်ပါလိမ့်မလဲဆိုတဲ့ဥစ္စာ သူ့အမေးတွေကစပြီး သကာလ သူဝိပဿနာရှုလိုက်လို့ဆိုတဲ့ အဓိပ္ပါယ် မပေါ်သေးဘူးလား (ဝိပဿနာရှုလိုက်လို့ပါ ဘုရား)။

ဒါကြောင့် ဒီသိကြားဝတ္ထုကိုလည်း သောတာပန်အလုပ် ဖြစ်လေသောကြောင့် ဒကာကြွယ်ရေ ကျုပ်တို့မှာလည်း ဒီလိုဆင်ခြင်မှ သောတာပန် သကဒါဂါမ် ဖြစ်ရမှာဖြစ်နေသောကြောင့် ဒကာသစ် ဒီဝတ္ထုကိုလည်းမမေ့နဲ့ (မှန်ပါ) မေ့လို့တော်ပါ့မလား (မှန်ပါ့ ဘုရား)။

ကိုင်းဒါဖြင့် ခပ်ကျဉ်းကျဉ်းပဲ မရှင်းနိုင်ဘဲ နေရမှာစိုးရတယ်နော် (မှန်ပါ့) တစ်နံပါတ်မေးခွန်းက ဒကာ ဒကာမတွေ သိကြားက ဘုရားမဖြစ်ခင်က ဖြစ်တဲ့သိကြား ဘုရားဖြစ်လာတော့ကပျာကယာဆင်းပြီး သကာလ သူ့သံသယ တွေမေးလိုက်ပါတယ် ဒကာကြွယ် (မှန်ပါ့ ဘုရား)။

အန္တရာယ်မကင်း၊ဘေးမရှင်းတာဘာကြောင့်လဲ

ဘယ်လိုများမေးလိုက်ဘာလိမ့်မတုန်းဆိုတော့ အရှင်ဘုရား လူတွေဟာကိုယ့်ကိုယ်ကို မေတ္တာပို့ကြတယ် ကျန်းမာရေးလည်းလိုက်စားကြတယ်။ အန္တရာယ်မကင်း၊ဘေးမရှင်းတာလည်း လူတိုင်းပဲ အဲဒါ ဘာကြောင့်ဘာလိမ့်မလဲလို့ မမေးလား (မေးပါတယ်) ကိုယ့်ကိုယ်ကော မေတ္တာပို့ကြတာပဲ (မှန်ပါ့) မပို့ကြဘူးလား (ပို့ပါတယ် ဘုရား)။

ကိုယ့်ကိုယ်မေတ္တာပို့ကြတယ်နော် ကျန်းမာရေးကော (လိုက်စားပါတယ်) အို မသင့်တာတွေ မစားဘူးကွ နေပူတယ်ကွာ မသွားဘူးကွ မိုးရွာတယ်ကွာ မသွားဘူးကွ ဒါ ကျန်းမာရေးလိုက်စားတာမဟုတ်လား (မှန်ပါ့)

အဲဒီကဲ့သို့ မေတ္တာလည်းပို့ ကျန်းမာရေးလည်းလိုက်စားပါရဲ့သားနဲ့ အန္တရာယ်မကင်း ဘေးမရှင်း ခေါင်းကိုက်လည်နာ ရင်နာသူတစ်ပါးမုန်းတီး ဒါတွေဟာ ဘာကြောင့် ဖြစ်ပါလိမ့်မလဲဘုရားလို့မေးတော့ ဘုရားကဘယ်နှယ့် ဖြေပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ)

အဲ ရောဂါမကင်းတိုင်း မကင်းတိုင်း ဣဿာမစ္ဆရိယကြောင့်မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဣဿာမစ္ဆရိယ မနာလို၊ဝန်တိုခြင်းကြောင့်

ရောဂါမကင်းတိုင်း မကင်းတိုင်း (ဣဿာမစ္ဆရိယကြောင့်ပါ) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ဒီဥစ္စာတိုတိုပြောကြစို့နော် ရက်တွေကလည်းကြာလို့ ဒီဣဿာမစ္ဆရိယဟာ ဘုရားအကြောင်းလည်းမရှိဘဲနဲ့ မလာနိုင်စရာ အကြောင်းတော့ရှိပါလိမ့်မယ်၊ အဲဒီအကြောင်း တပည့်တော်သံသယ ရှိတယ်ဘုရား အဲဒီအကြောင်းလေး ဖြေတော်မူပါဦးဆိုတော့ ဣဿာမစ္ဆရိယဘယ်ကလာသတဲ့ (ချစ်ခြင်းမုန်းခြင်းကပါ ဘုရား)။

ချစ်ခြင်းမုန်းခြင်းကြောင့်

ဪ ချစ်ခြင်းကြောင်းလည်းဣဿာ မုန်းခြင်းကြောင်းလည်းမစ္ဆရိယ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့) ဒါဖြင့် ဣဿာလာလည်း ဖြစ်ပျက်ရှု၊ မစ္ဆရိယလာလည်း (ဖြစ်ပျက်ရှုရပါမယ်) ချစ်ခြင်းလောဘလာရင် (ဖြစ်ပျက်ရှုရပါမယ်) မုန်းခြင်းဒေါသလာရင် (ဖြစ်ပျက်ရှုရပါမယ်)။ ဟော စိတ္တာနုပဿနာပဲ ပြန်ဟောတယ် (မှန်ပါ့) သဘောပါကြရဲ့လား (မှန်ပါ့)။

ကောင်းပြီ ဒကာကြွယ် ဒါတွေမရှည်တော့ဘူးနော် (မှန်ပါ့) ရက်တွေကကြာပြီ နားလည်ပြီး သကာလ နေကြတော့ ချစ်ခြင်းမုန်းခြင်းဘယ်က လာပါလိမ့်မလဲ (ဆန္ဒကပါ ဘုရား)။ ဆန္ဒက (မှန်ပါ ဘုရား)။

ဆန္ဒကြောင့်

ဆန္ဒက ဒီလူ့ကိုချစ်ရရင်တော်မှာပဲ (မှန်ပါ့) မလာကြဘူးလား (မှန်ပါ) အင်း အိမ်ထောင်များ ပြုတော့မယ်ကြံလို့ရှိရင်ဖြင့် ဒီလူ့စိတ်သဘောထားတော့ ကြိုက်ပါတယ် (မှန်ပါ့)

သူ့ဆန္ဒကအရင်လာတာ (မှန်ပါ) အိမ်ထောင်ပြုဖို့ခင်ဖို့ကနောက်မှလာတာ (မှန်ပါ့ ဘုရား)။ ဒီလူနဲ့ ပေါင်းသင်းရလို့ရှိရင်ဖြင့် စီးပွားရေးလည်း ဖြောင့်ကောင်းပါရဲ့ (မှန်ပါ့)

အင်း သားမယားအမှတ်နဲ့ပြုကောင်းပါရဲ့ ဆန္ဒကစလာတာ (မှန်ပါ့) မလာကြဘူးလား (လာပါတယ်) အဲဒါကြောင့် ချစ်ခြင်းမုန်းခြင်း ဘယ်ကလာပါလိမ့်မလဲ (ဆန္ဒကပါ)

ဒါဖြင့် ဆန္ဒကလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ဆန္ဒလာရင်ဖြစ်ပျက်ရှုရပါဆိုတော့ ချစ်ခြင်းမုန်းခြင်းပါ နိုင်သွားတယ် (မှန်ပါ့) ဣဿာမစ္ဆရိယပါ (နိုင်ပါတယ် ဘုရား)။

ရောဂါဥပါဒ်အန္တရာယ်တွေကော (ကင်းပါတယ် ဘုရား)။ အင်း ကင်းသွားတယ်ဆိုရင်ပဲ လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် သိကြားက ကျေနပ်ပါပြီဘုရားတဲ့ ချစ်ခြင်းမုန်းခြင်းဆန္ဒကလာတယ်ဆိုတာ ကျေနပ်ပါပြီ ဒီဆန္ဒက ဘယ်ကများလာပါလိမ့်မလဲလို့ ဒကာကြွယ်မမေးလား (မေးပါတယ်) ကိုင်း တရားတစ်ပွဲလုံး ဖြေစမ်းပါ (ဝိတက်ကလာပါတယ် ဘုရား)။ ဝိတက်ကလာတယ်။

ကြံစည်မှု-ဝိတတ်ကြောင့်

ဝိတတ်က ကာမဝိတတ်၊ ဗျာပါဒဝိတတ်၊ ဝိဟိံသဝိတတ်ဆိုတဲ့ ဝိတတ်သုံးမျိုးကလာတယ်။ သဘောကျရဲ့လား (မှန်ပါ့)

ဒါဖြင့်ကြံစည်မှုကြောင့် ဆန္ဒလာ (မှန်ပါ့) ဗျာပါဒမှုကြောင့် (ဆန္ဒကလာပါတယ် ဘုရား)။ ဝိဟိံသမှုကြောင့် (ဆန္ဒလာပါတယ် ဘုရား)။ ဪ ဒါဖြင့် ဆန္ဒသည် ဝိတတ်သုံးခုက လာတာပဲ၊ ရှင်းကြပြီလား (မှန်ပါ့) ဆန္ဒဘယ်ကလာ (ဝိတတ်သုံးခုကပါ)

ဒါကြောင့် သတိပဋ္ဌာန်ပါဠိက ရူပဝိတတ်သောလောကေ၊ သဒ္ဒါဝိတက်သောလောကေနဲ့ အဲဒါတွေဖြစ်ပျက်ရှုပါကွ ဣဒံ ဝုစ္စတိဘိက္ခဝေ ဒုက္ခသစ္စံလို့ မဟောလား (မှန်ပါ့ ဘုရား)။ အဲဒါကြောင့် ဝိတတ်တွေ လာတိုင်း လာတိုင်းလည်း ဝိတတ်တွေဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဝိတတ်ဖြစ်ပျက် ရှုလိုက်ရင် ဆန္ဒမသေဘူးလား ဆန္ဒသေရင် ချစ်ခြင်းမုန်းခြင်း (သေပါတယ် ဘုရား)။ ချစ်ခြင်းမုန်းခြင်း သေလို့ရှိရင်ဖြင့် ဒကာသစ်ရေ ဣဿာမစ္ဆရိယ (သေပါတယ် ဘုရား)။ ဣဿာမစ္ဆရိယသေရင် ရောဂါတွေရော (ကင်းပါတယ် ဘုရား)။

ဪ ရောဂါမကင်းခြင်းဟာလည်း ဒီအကြောင်းတွေ နားမလည်လို့ဖြစ်ရတဲ့ ဖြစ်ထွေပဲလို့ ဦးလှဘူးမှတ်လိုက်တော့ (မှန်ပါ့) သဘောပါကြရဲ့လား (မှန်ပါ့) သဘောပါကြရဲ့လား (မှန်ပါ့) ကိုင်း တစ်ခါသွားပါဦးတဲ့။

ဒီဝိတတ်သုံးခုကလည်း ဒကာသစ်တို့ အားလုံးဒကာ ဒကာမတို့ ဘယ်ကများလာသလဲ (ပပဉ္စကပါ ဘုရား)။

ပပဉ္စဆိုတဲ့တဏှာမာနဒိဋ္ဌိကြောင့်

ပပဉ္စဆိုတဲ့တဏှာမာနဒိဋ္ဌိကလာတာ (မှန်ပါ့) ဒါဘုရားကဖြေတာနော် (မှန်ပါ့) တဏှာမာနဒိဋ္ဌိကြောင့် ဝိတတ်တွေလာတာကွ ရှင်းပြီလား (မှန်ပါ့) ကိုင်း ဒါဖြင့် ဒီနေ့တစ်ဆင့်တက်ကြပါစို့ တဏှာမာနဒိဋ္ဌိ လမ်းဆုံးထားတယ်နော် (မှန်ပါ့ ဘုရား)။

ဒီတဏှာမာနဒိဋ္ဌိကို သိကြားက အရှင်ဘုရားတဲ့ ကျေနပ်ပါပြီ ဝိတတ်ဟာ တဏှာမာနဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်က လာတာပါပဲဆိုတာ တပည့်တော်ကျေနပ်ပါပြီ သာသနာပ ဆရာတွေမေးတယ်၊ တစ်လုံးမှ မဖြေနိုင်ဘူး အရှင်ဘုရားနဲ့ တွေ့ရတော့ တပည့်တော် သံသယ ဝိစိကိစ္ဆာတွေ လွန်မြောက်ပြီး သကာလ ရှင်းလင်းသွားပါပြီဘုရား သို့သော်လည်း ဆက်ပြီးလျှောက်ပါရစေဦး မေးပါရစေဦး ဒကာကြွယ် (မှန်ပါ့)

ဆက်ပြီးလျှောက်ပြီးမေးပါရစေဦးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့) ဒီ တဏှာမာနဒိဋ္ဌိ ဘယ်ကများ လာပါလိမ့်မတုန်းဘုရားလို့ မေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ ဝေဒနာကလာတာ ပေါ်ကြပြီလား (မှန်ပါ့ ဘုရား)။

ဝေဒနာကလာတာ

ဘယ်ကလာပါလိမ့် (ဝေဒနာကပါ ဘုရား)။ ဝေဒနာကလာတာ သိကြားရလို့ သေသေချာချာ ဖြေပါတယ် ဘယ်ကလာပါလိမ့် (ဝေဒနာကပါ) ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေဝေဒနာကြောင့် တဏှာမာနဒိဋ္ဌိ လာတယ်ဆိုတာ သေချာပြီလား (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဝေဒနာကို မှတ်ကြစို့ ဝေဒနာသည် သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာ ဘယ်နှစ်မျိုးရှိ (သုံးမျိုးပါ ဘုရား)။ ချမ်းသာတာ ဘာဝေဒနာ (သုခဝေဒနာ) ဆင်းရဲတာ (ဒုက္ခဝေဒနာ) ချမ်းသာဆင်းရဲကင်းတာ (ဥပေက္ခာဝေဒနာပါ ဘုရား)။ ဒါ သေသေချာချာမှတ်ပါနော် (မှန်ပါ့)

ချမ်းသာတာ ဘာဝေဒနာ (သုခဝေဒနာ) ဆင်းရဲတာ (ဒုက္ခဝေဒနာ) ချမ်းသာဆင်းရဲကင်းတာ (ဥပေက္ခာဝေဒနာ) ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ဟာဝေဒနာခန္ဓာကြီးပါလား (မှန်ပါ့ ဘုရား)။

ဒကာသစ်ချမ်းသာတော့ သုခဝေဒနာနဲ့ အသက်ရှင်နေတယ် (မှန်ပါ့) တစ်ခါတလေဆင်းရဲပြန်တော့ (ဒုက္ခဝေဒနာနဲ့အသက်ရှင်နေပါတယ်) တစ်ခါတလေချမ်းသာဆင်းရဲကင်းတာနဲ့ရော ရှင်မနေဘူးလား (ရှင်နေပါတယ်) အဲဒါဘာဝေဒနာနဲ့အသက်ရှင်နေပါလိမ့် (ဥပေက္ခာဝေဒနာနဲ့ပါ ဘုရား)။

ဝေဒနာဘယ်တော့မှ မကင်းဘူး

ဒါဖြင့် ဘုန်းကြီးကဟောလိုက်ပါတယ် ဒကာ ဒကာမတို့ခင်ဗျားတို့ ဝေဒနာဘယ်အချိန်များ ကင်းတုန်းလို့မေးရင် ဘယ့်နှယ်ဖြေ (ဝေဒနာဘယ်အချိန်မှ မကင်းပါ ဘုရား)။

ဪ ဒကာကြွယ်ရေ ဝေဒနာကင်းတယ်ဆိုတာ လူမိုက်မှတဲ့နော် (မှန်ပါ့) ဝေဒနာ ကျုပ်ဘာမှမရှိပါဘူးလို့ဆိုတာ ဝေဒနာပေါ်တာမသိတဲ့ လူမိုက်မို့ ဒီစကားသုံးတာတဲ့ (မှန်ပါ့ ဘုရား)။ သတ္တဝါသန္တာန်မှာ ဝေဒနာဘယ်တော့မှ မကင်းပါဘူးတဲ့နော် (မှန်ပါ့) ဒကာ ဒကာမတို့ ဝေဒနာများကင်းကြရဲ့လား (မကင်းပါ ဘုရား)။

ဒကာကြွယ် ဝမ်းသာနေတော့ ဘာနဲ့အသက်ရှင်တုန်း (သုခဝေဒနာနဲ့ အသက်ရှင်နေပါတယ်)

စိတ်ဆင်းရဲပြီး မျက်နှာကြီးများနီပြီး ဆောင့်အောင့်ပြီး အသက်ရှင်နေတာရှိသေးတယ် (မှန်ပါ့) ဘာပါလိမ့် (ဒုက္ခဝေဒနာပါ) ဒုက္ခဝေဒနာနဲ့ အသက်ရှင်နေတာနော်။

တစ်ခါတလေကျတော့ မပြုံးလည်းမပြုံးဘူး မမဲ့လည်းမမဲ့ဘဲနဲ့များ အသက်ရှင်နေတာကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ အင်း ဘယ်သူနဲ့ အသက်ရှင်နေပါလိမ့် (ဥပေက္ခာဝေဒနာနဲ့ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့မှာ ဝေဒနာပဲအသက်ရှိပါလား (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတွေသိထားတာကတော့ သူ့ဝေဒနာက သက်သာသွားရှာတာဆို တော့ ဒုက္ခဝေဒနာတစ်လုံးသာနားလည်တာ (မှန်ပါ့) သုခဝေဒနာလည်း လူသတ်သမားပါပဲ (မှန်ပါ့) ဒုက္ခဝေဒနာလဲ (လူသတ်သမားပါ ဘုရား)။ ဥပေက္ခာဝေဒနာလဲ (လူသတ်သမားပါ) ရိပ်မပြီလား (မှန်ပါ့ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတွေ ဝေဒနာကြောင့်ပပဉ္စဖြစ်တာ အသာလေးချိတ်ထားပြီးတော့ ဥပေက္ခာဝေဒနာ သုခဝေဒနာ၊ ဒုက္ခဝေဒနာလို့ တန်းပြလိုက်တယ် (မှန်ပါ့) ရှေ့ပိုင်းကဘာပါလိမ့် (ဥပေက္ခာဝေဒနာပါ) အလယ်က (မှန်ပါ့) သုခဝေဒနာထားလိုက် သဘောကျပြီလား (မှန်ပါ့) အဆုံးက (ဒုက္ခဝေဒနာပါ ဘုရား)။ ကြည့်ကြည့် ဒကာ ဒကာမတို့ အစကဘာပါတဲ့ (ဥပေက္ခာဝေဒနာပါ) အင်းအလယ်က (သုခဝေဒနာပါ) အဆုံးက (ဒုက္ခဝေဒနာပါ) မှတ်မိပြီနော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ရေ ရေထဲမှာနေတဲ့ငါးဟာကုန်းပေါ်မှာလာသေတာ မြင်ဖူးကြရဲ့လား (မှန်ပါ့) ရေထဲမှာနေတဲ့ငါးဟာ ကုန်းပေါ်မှာလာသေတာ တံငါလက်ထဲ သေတော့ကုန်းပေါ်မကျဘူးလား (မှန်ပါ့) ရေထဲကငါးဘယ်လာသေပါလိမ့် (ကုန်းပေါ်လာသေပါတယ် ဘုရား)။

ဝေဒနာသုံးပါး သူသတ်ယောင်္ကျား

အဲဒါ ဝေဒနာသုံးပါး သဘောတူ သတ်လိုက်တာ (မှန်ပါ့) ဝေဒနာသုံးပါး သဘောတူသတ်လိုက်တာဖြင့် ရှင်းလိုက်တာဘယ်သူသတ်လိုက်တာပါလိမ့် (ဝေဒနာသုံးပါး သဘောတူ သတ်လိုက်တာပါ ဘုရား)။

ဟိုတံငါသည်က ငါးမျှားချိတ်မှာ ငါးစာလေးထည့်လိုက်တယ်နော်။ အဲဒီငါးရှေ့နားမှာသွားပြီး လှုပ်လှုပ်နဲ့ချလိုက်တယ်။ ဥပေက္ခာဝေဒနာဆိုတော့ ဥပေက္ခာ သဟဂတံ စက္ခုဝိညာဏံဆိုတော့ ဥပေက္ခာဝေဒနာ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။ ဪ ဥပေက္ခာဝေဒနာက ငါးစာပြပေးတယ် (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)

အဲ သုခဝေဒနာက ငါးသန္တာန်ရှိတဲ့ သုခဝေဒနာက မျိုချင်စားချင်ဆိုတဲ့ သောမနုဿသုခကမလာဘူးလား (လာပါတယ် ဘုရား)။ အဲဒီတော့ မျိုလိုက်ပါရော မျိုလိုက်တော့ ငါးမျှားချိတ်ကချိတ်တယ် (မှန်ပါ့)

အင်း ဘယ်သူကပြပေးတာပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)။ အင်း ဘယ်သူကသွားမျိုပါလိမ့် (သုခဝေဒနာပါ) အဲဒီမျိုလည်းမျိုမိလို့ အာခေါင်လည်းချိတ်မိပါရော တံငါသည်က ဆွဲတင်လိုက်တယ် (မှန်ပါ့ ဘုရား)။ ဆွဲတင်လိုက်တော့ အပေါ်မှာတုတ်တွေနဲ့ရိုက်တယ် (မှန်ပါ့) ပါလာတဲ့ငါး တုတ်တွေနဲ့ ရိုက်တော့ ဒုက္ခဝေဒနာနဲ့သေတယ် (ဒုက္ခဝေဒနာနဲ့သေပါတယ်) သဘောကျပြီလား (မှန်ပါ့)

ဒါဖြင့် ဒီဝေဒနာသုံးပါးသည် ဒကာ ဒကာမတို့ သူသတ်ယောင်္ကျား။ သဘောသူသတ်တဲ့ သုံးယောက်မှဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဥပေက္ခာဝေဒနာက သေမယ့်နေရာပြသမား (မှန်ပါ့) သောမနုဿဝေဒနာကတဲ့ ဒကာ ဒကာမတို့ သေရမယ့်ပစ္စည်းမျိုသမား (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့) ဒုက္ခဝေဒနာက အရိုက်ခံပြီး သကာလ ဒုက္ခဝေဒနာက သူသတ်သမား (မှန်ပါ့ ဘုရား)။

ဒါဖြင့် တံငါသည်အပြစ်လားတဲ့ ဒီငါးသေရတာ ဝေဒနာသုံးပါးအပြစ်လား (ဝေဒနာသုံးပါးအပြစ်ပါ) ရှင်းပြီနော် (မှန်ပါ့) တံငါသည် အပြစ်လား ဝေဒနာသုံးပါးအပြစ်လား (ဝေဒနာသုံးပါးအပြစ်ပါ)

ဒါ့ကြောင့် ပဉ္စန္နံဥပါဒါနက္ခန္ဓာနမေတန္တိ အဓိဝစနံ ဆိုသောကြောင့် ခန္ဓာငါးပါးဟာကွာ သူသတ်ယောင်္ကျားတွေပါကွ၊ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။

ခန္ဓာငါးပါးဟာကွာ သူသတ်ယောင်္ကျား

ခန္ဓာငါးပါးဟာဘာတရားတဲ့ (သူသတ်သမားပါ ဘုရား)။ မဟုတ်ဘူးလား ကဲငါးစာကိုမြင်တာ ဘယ်ဝေဒနာကမြင်ပါလိမ့် (ဥပေက္ခာဝေဒနာပါ) ငါးစာမြင်တာက ဥပေက္ခာဝေဒနာကမြင်တယ် (မှန်ပါ့ ဘုရား)။ မျိုချင်တာက ဘယ်သူကမျိုချင်တာတုန်း (သုခဝေဒနာပါ ဘုရား)။

သုခဝေဒနာမျိုလိုက်တော့ မျိုလည်းမျိုရော ငါးမျှားချိတ်က အာခေါင်ချိတ် တံငါသည်ကဆွဲတင်လိုက် တယ် ဆွဲတင်လိုကတဲ့အခါကျလို့ရှိရင်ဖြင့် ကုန်းပေါ်ရောက်တော့ အရှင်ကြီးဖြစ်နေတော့ ထွက်ပြေးမှာစိုးတာနဲ့ တုတ်နဲ့ရိုက် သတ်တယ်။ တုတ်ကြောင့်သေတာလား သူ့သန္တာန်ရှိတဲ့ ဒုက္ခဝေဒနာနှိပ်စက်သေတာလား (ဒုက္ခဝေဒနာနှိပ်စက်လို့ သေတာပါ ဘုရား)။ ဒါဖြင့်ဒုက္ခဝေဒနာကသတ်သမားပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီငါးတစ်ကောင်းသည် ဒကာ ဒကာမတို့ ဘယ်သူနှိပ်စက်လို့သေရှာပါလိမ့် (ဝေဒနာနှိပ်စက်လို့ပါ) ရှင်းပြီလား (မှန်ပါ့)

ဒီဒကာ ဒကာမတွေမှာလည်း ဒီဝေဒနာတွေ သတ်လို့သေကြရတယ် (မှန်ပါ့) ဒီကနေ မန္တလေး အရောင်းအဝယ်တွေ ကောင်းတယ်လို့နားက မကြားဘူးလား (ကြားပါတယ် ဘုရား)။ အင်းကြားတော့ ဥပေက္ခဝေဒနာပေါ်တယ်၊ ကြားတော့သွားဦးမှပဲ၊ သွားမှနေရာကျမှာပဲဆိုတာ သောမနုဿဝေဒနာ (သောမနုဿဝေဒနာပါ ဘုရား)။ မသွားပေဘူးလား (သွားပါတယ်)

ဟိုကျတဲ့အခါကျတော့ ကားပျက်၍သော်လည်းကောင်း၊ နေပူမိ၍သော်လည်းကောင်း၊ လေပူမိ၍သော် လည်းကောင်းလည်း အသက်ဆုံးချင်လည်း ဆုံးသွားမယ် (မှန်ပါ့ ဘုရား)။

အဲဒါကျတော့ ဘာဝေဒနာကသတ်လိုက်ပါလိမ့် (သောမနုဿဝေဒနာပါ ဘုရား)။ ဪ လောကကြီးထဲ မသာတွေမှာ ဝေဒနာသုံးခုလှည့်သတ်ပြီး သကာလ နေတာပါလားဆိုတာ ကောင်းကောင်းပေါ်ကြပြီလား (မှန်ပါ့) ဒါဖြင့် မသာဖြစ်အောင်ဘယ်သူလုပ်ပါလိမ့် (ဝေဒနာသုံးပါးပါ ဘုရား)။ ပေါ်ကြပြီလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေက ဒီဝေဒနာက္ခန္ဓာ ရှိသရွေ့ အန္တရာယ်ကင်းလို့ ဘေးရှင်းကြပါ့မလားလို့မေးလိုက်တယ် (အန္တရာယ်မကင်း ဘေးမရှင်းနိုင်ပါ ဘုရား)။

ခင်ဗျားတို့ကလည်း နားကလည်းစွင့်နေတာပဲ (မှန်ပါ့ ဘုရား)။ ဘယ်နေရာ ဘယ်အထည်ဈေးကောင်း ပါလိမ့် ဘယ်နေရာ ဘယ်ပိုးဈေးကျနေပါလိမ့် အင်း ဒါဘာဝေဒနာပါလိမ့် (ဥပေက္ခာဝေဒနာပါ ဘုရား)။ ဥပေက္ခာသဟဂတံ သောတဝိညာဏံပေါ့ဗျာ (မှန်ပါ့ ဘုရား)။ ဥပေက္ခာဝေဒနာနဲ့ မပေါ်လာဘူးလား (မှန်ပါ့ ဘုရား)။

ပေါ်လာတဲ့အခါကျတော့ အင်း ပိုးဈေးက ဘယ်နေရာကျသလဲ နှစ်ကျပ်လောက်ကွာနေတယ်၊ သွားဦးမှပါပဲဆိုတာ ဘယ်ဝေဒနာကသွားတာလဲ (သောမနုဿဝေဒနာပါ ဘုရား)။

သောမနုဿဝေဒနာကသွားပြီး သွားရင်းပဲလမ်းမှာပဲ နေပူလေပူမိုးပူတွေ အဆိပ်ရှိတဲ့ သတ္တဝါတွေကိုက်လို့ ကားတွေက ချို့ယွင်းချက်ရှိပျက်လို့ ဒီလိုသေကြတာတွေကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

နိဗ္ဗာန်ဆိုတာ သတ်မည့်သူမရှိ

အဲဒါ ဘယ်ဝေဒနာသတ်လိုက်တာပါလိမ့် (ဒုက္ခဝေဒနာပါ ဘုရား)။ ဪ ခင်ဗျားတို့ ဒီဝေဒနာလက်တွင်းမှာ ဘဝပေါင်းဘယ်လောက် သေခဲ့ရသလဲမေးရင် ဘယ့်နှယ်ဖြေမလဲ (မရေမတွက်နိုင်ပါ ဘုရား)။

ဒါဖြင့်ခန္ဓာငါးပါးတို့၏ချုပ်ရာ နိဗ္ဗာန်ပဲဆိုတာ သတ်မည့်သူတို့၏ မရှိရာနိဗ္ဗာန်၊ သဘောပါကြပြီလား (မှန်ပါ့) သတ်မည့်သူတို့၏မရှိရာ (နိဗ္ဗာန်ပါ ဘုရား)။ မရှိရာနိဗ္ဗာန်ဆိုတာ ကျေနပ်ပြီလား (မှန်ပါ့ ဘုရား)။

ဒါကဝေဒနာအကြောင်းပြပြီး ဟောတာမဟုတ်သေးပါဘူး ဝေဒနာဆိုးပုံပြတာပါ ဝေဒနာကြောင့် ပပဉ္စဖြစ်ပုံ မပြသေးပါဘူး (မှန်ပါ့)

ဪ ဝေဒနာဟာ သူသတ်ယောင်္ကျားတွေပါလား ဆိုတာသရုံလေားဟောတာ (မှန်ပါ့) ရိပ်မိပြီလား (မှန်ပါ့ ဘုရား)။

ကဲ ဒကာကြွယ်ရေ ပိုးဈေးများ နားထောင်တာဘယ်သူပါလိမ့် (ဥပေက္ခာဝေဒနာပါ) နားထောင်လို့ သတင်းရလို့ရှိရင်ပဲ သွားချင်တာကဘာပါလိမ့် (သောမနုဿဝေဒနာပါ) သွားချင်လို့ ဘေးတွေ့တာက ဘယ်သူပါလိမ့် (ဒုက္ခဝေဒနာပါ ဘုရား)။

ဪ ခင်ဗျားတို့ကလည်း နားလေးလည်းထောင်ချင် သွာကလည်းသွားချင် သေချင်လို့သာမှတ် (မှန်ပါ့) ရိပ်မိပြီလား (မှန်ပါ့) နားကလည်းမထောင်ဘဲမနေနိုင်ဘူး (မှန်ပါ့) ဘာဖြစ်လဲ သေချင်လို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အသွားကကော မသွားဘဲမနေနိုင်ဘူး ဘာလုပ်ချင်လို့ (သေချင်လို့ပါ ဘုရား)။

သွားပြန်တော့လည်း နေပူလေပူတွေကတွေ့ရမှာလား မတွေ့ရဘူးလား (တွေ့ရပါတယ်) အင်း ဘာဖြစ်လို့ နေပူလေပူတွေ့ ရပါလိမ့်မတုန်းဆိုတော့ ခင်ဗျားတို့က သေတတ်တဲ့အထဲတိုးတာ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့ ဘုရား)။

လူသတ်ယောင်္ကျားသုံးယောက်

ဒါဖြင့် ဝေဒနာသုံးပါသည် ဒကာကြွယ်ရေ ဦးလှဘူးရေ သူသတ်ယောင်္ကျားသုံးယောက် (မှန်ပါ့) တစ်ယောက်ကအစာပြတယ် (မှန်ပါ့) အင်း တစ်ယောက်က အသွားခိုင်းတယ် (မှန်ပါ့) တစ်ယောက်ကသတ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်သူ့ကျေးဇှူးတင်ကြမယ် (ဘယ်သူ့မှ ကျေးဇူးတင်စရာမရှိပါ ဘုရား)။ ပြတဲ့လူကျေးဇူးတင်ရမှာနော် ပြတဲ့လူကလည်း သေတွင်းတွန်းတယ် (မှန်ပါ့) သွားတဲ့သူကလည်း သေလမ်းသွားတယ် ဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒီတော့ သွားတဲ့သူအားလုံး ကျေးဇူးများသည်ကားလို့ဆိုလို့ရှိရင် သေဖို့ရာသာပြင်ပေတော့ (မှန်ပါ့) တခြားဘာရှိသေးတုန်း (မရှိပါ)

ဒါ့ကြောင့် ဒကာ ဒကာမတို့ဝေဒနာကြောင့် ခင်ဗျားတို့ တစ်သံသရာလုံး ဝေဒနာသုံးပါးနှိပ်စက်တာနဲ့ နတ်ပြည်ကနေပြီး သေခဲ့ရတာလည်း ဝေဒနာသုံးပါးနှိပ်စက်တာ (မှန်ပါ့ ဘုရား)။

ဗြဟ္မာပြည်ကသေခဲ့ရတာ (ဝေဒနာသုံးပါးနှိပ်စက်တာပါ ဘုရား)။ လူ့ပြည်ကသေခဲ့ရတာ (ဝေဒနာသုံးပါးနှိပ်စက်တာပါ)

ဒါဖြင့် ဝေဒနာတို့၏ချုပ်ရာကင်းရာ သိမ်းရာဟာဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။ ဒါ့ကြောင့် ဝေဒနာနံ ခရော ဘိက္ခု နိစ္စတော ပရိနိဗ္ဗုတော ဝေဒနာကုန်အောင်ရှုနိုင်ရင် နိဗ္ဗာန်ရောက်တယ်ကွ အသေလွတ်တဲ့ဆီ ရောက်တယ်ကွာလို့ သံယုတ်ပါဠိတော်က မလာလား (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီနေ့ ဒီတရားမဆုံးတဲ့အတွက် ဝေဒနာအပြစ်ရှုပြီး ဝေဒနာပေါ်တိုင်းသာ ဖြစ်ပျက်ရှုပါလို့ဆိုပြီး တရားသိမ်းလိုက်တယ်။

ဒီတွင်တော်ကြအုံးစို့။

သာဓု-သာဓု-သာဓု