ကာယမိမံတရားထိုင်နည်း
သိကြားမင်းနှင့် အမေးအဖြေ(၂)
အသံဖိုင်ခေါင်းစဉ်= ဣဿနှင့်မစ္ဆရိယ ရှင်းပုံတရားတော်
စာအုပ်သေးခေါင်းစဉ်= သိကြားမင်သောတာပန်တည်သောတရားတော်(ကာယမိမံတရားထိုင်နည်း)
မှတ်ချက်။ အသံမကြည်ပါ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
“သိကြားမင်သောတာပန်တည်သောတရားတော်”
(ကာယမိမံတရားထိုင်နည်း)
ဒကာ- ဒကာမတွေ သိကြားမင်းအကြောင်း မဟောခင် ဝိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ်- (မှန်လှပါ ဘုရား)၊ ဝိပဿနာရှုနည်းက ရှင်သာရိ ပုတ္တရာကဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပနံ၊
ကာယေသဘာဝံ ဝိဒိတွာန၊ ဒုက္ခဿန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ဒကာဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာ ထဲမှာ ဖြစ်စေ ထိုင်ပြီး သကာလ မိန်းမဖြင့် ဒူးတုပ်၊ ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင် သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စ မရှိပါဘူးတဲ့။ သို့သော် အသက် မှန်မှန်ရှူပြီး သကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေး ဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီး သကာလ နေရာမှ ပထမ ရှေးဦးစွာတော့ဖြင့် ထွက်တာသိ ဝင်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ဝင်တာ သိ ဖြုတ်လိုက်ပါ။
ထွက်တာသိ ဝင်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)၊ ထွက်တာသိ ဝင်တာ သိ ဖြုတ်ပြီးအောင့်တဲ့ နေရာ ကလေးကို ဉာဏ်က လှည့်လိုက်၊
သြော်- ဒါဖောက်ပြန်တာပါ လား၊ အင်း-ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး၊ ခုမှဒီနေရာလေးက အောင့်လာတယ်။ အဲဒီဖောက်ပြန်တဲ့ နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာ ကလေးက ပျက်စီးသွားတယ်။
အောင့်တဲ့နေရာဉာဏ်လှည့်လိုက်ပါ
ထွက်တာသိ ဝင်တာသိ လုပ်နေတုံး တစ်နေရာက ဖြစ်လာသတုံး- (အောင့်လာပါတယ် ဘုရား)၊ အောင့်တဲ့ အခါကျတော့ ထွက်တာသိ ဝင်တာသိ ဖြုတ်လိုက်ပါ- (မှန်လှ ပါ ဘုရား)၊ အောင့်တဲ့နေရာကလေးဉာဏ်လှည့် လိုက်ပါ (မှန်လှပါ ဘုရား)၊ ခြေသလုံးကအောင့်ရင် ခြေသလုံး၊ ပေါင်က အောင့်ရင်ပေါင်၊ ခါးကအောင့်ရင်ခါး၊ နောက်ကျောအောင့် လို့ရှိရင်လဲ အောင့် တဲ့နေရာကလေး ဉာဏ်လှည့်လိုက်ပါ။
အဲဒါကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကို သဘောမှဖောက်ပြန်လာတာ။ အဲဒီဖောက်ပြန်တဲ့ နေရာကလေးကိုဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဘူးတို့က ဉာဏ်လှည့် လိုက်ပြီဆိုမှဖြင့် ဉာဏ်ပေါ်နေတဲ့အတွက် သတ္တဝါသန္တာန်မှာ အောင့်တဲ့ စိတ်ကလေးက ချုပ်သွားပြီး ဉာဏ်စိတ်ကလေးက ပေါ်နေတယ်၊ ဉာဏ်စိတ်ကလေးပေါ်နေတော့ အောင့်တာ လေးက ဖောက်ပြန်ပြီး သကာလ ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။ ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ပါလိမ့်မယ်။
ဤကဲ့သို့ ဖောက်ပြန်ပျက်စီး သွားတာတွေ တွေ့တဲ့ အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန် ပျက်စီးတာ တွေ့တာလို့မှတ်လိုက်ပါနော် (မှန်လှပါ ဘုရား)။
အဲ့ဒီတော့ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ။ အနိစ္စဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခသစ္စာ ဆိုလဲ ဟုတ်တာပဲ၊ သြော် – ဒါကဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါဒီနေရာကလေးက အောင့်တာ ကလေးကပျောက်သွားလို့ ဟိုနေရာက အောင့်တာ ပေါ်လာတယ်။ ဟိုစိတ်ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊
အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲရှိ၊ မရှိကြည့် ပေးပါ။ ကြည့်လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် ကြည့်တဲ့ဉာဏ် ပေါ် လာလို့ရှိရင်ဖြင့် သတ္တဝါသန္တာန် နှစ်စိတ်မပေါ်ကောင်းတဲ့ အတွက် စားချင်တဲ့ စိတ်ကလေးက ဒကာကြွယ်၊ ဒကာသစ် တို့ ဖြစ်ပြီး ပျက်သွားတယ် – (မှန်လှပါ ဘုရား)၊ သူလဲခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အသိဉာဏ်က မဂ္ဂသစ္စာ
အင်း ဒုက္ခသစ္စာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမ တွေက သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိ ဉာဏ်က မဂ္ဂသစ္စာလို့အောက်မေ့ကြပါ (မှန်လှပါ ဘုရား) ဒီလိုချည်းပဲ ခန္ဓာကိုယ်ထဲ လှည့်လိုက်ပြီးသကာလ နေတော့ အသိ ခံတာကဒုက္ခသစ္စာ၊ အသိဉာဏ်က မဂ္ဂသစ္စာဆိုတော့
သြော် ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် သိနေတဲ့ မဂ္ဂ သစ္စာရယ်။
ဤသစ္စာနှစ်ခုသာ ရှိပြီးသကာလ နေတော့ သမုဒယ သစ္စာဆိုတဲ့ လောဘက ချုပ်ငြိမ်း ရုပ်သိမ်းပြီး သကာလ နေတော့တယ်။ ဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘတဏှာ ချုပ်တော့ တဏှာချုပ်တော့ ဥပါဒါန် မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။ ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ အနာဂတ်ဘဝလာလတ္တံ့ဖြစ်တဲ့ ပဋိသန္ဓေနေမှု၊ အိုမှု သေမှုရော (ချုပ်ပါတယ် ဘုရား)။
ဪ ဒါဘယ့်နှယ်ကြောင့် ချုပ်ပါလိမ့်မလဲလို့ ဒကာကြွယ်၊ ဒကာသစ်တို့၊ ဦးလှဘူးတို့က မေးလို့ရှိရင်ဖြင့် ဖောက်ပြန် ပျက်စီးတာ မြင်နေတဲ့ မဂ်က ချုပ်စေတာ ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။
ဝိပဿနာဆိုတာ ဘာပါလိမ့်
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးကို ဝိပဿနာရှု ဆိုတာ ခန္ဓာကိုယ်စောင့်ကြည့်တဲ့ အလုပ်လို့ မှတ်လိုက်စမ်းပါ(မှန်လှ ပါ ဘုရား)၊ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့် (ခန္ဓာကိုယ် စောင့်ကြည့်တဲ့ အလုပ်ပါ ဘုရား)။
ဒါကြောင့် “ ကာယမိမံ သမ္မသထ ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ၊ စောင့်ကြည့်ပြီး သုံးသပ်စမ်း ပါကွာ၊ ရှင်သာရိပုတ္တရာက မှာရှာတယ်၊ ခန္ဓာကိုယ်ကြီး စောင့် ကြည့်ပြီး သုံးသပ် စမ်းပါ၊ ဆင်ခြင်စမ်းပါ ဆိုတော့ ဖြစ်ပျက်မဂ် မလာပေဘူးလား (လာပါတယ် ဘုရား)။
ပျက်စီး သွားတာ ဖြစ်ပျက်၊ စောင့်ကြည့်တာ – (မဂ်ပါ ဘုရား)။ သြော် – မဂ်ဆိုတာက ဒကာ၊ ဒကာမတို့စောင့် ကြည့်မှ ရတယ်လို့ မှတ်စမ်းပါ (မှန်လှပါ ဘုရား)။
စောင့် မကြည့်ရင် (မရပါ ဘုရား)၊ မရဘူး၊ ရှာရင်တော့ မရဘူး။ စောင့်ကြည့်ရင်တော့ (ရပါတယ် ဘုရား)၊ တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူး တဲ့ အဖမ်းတော့မြန်သလို မိလိန္ဒပဉ္စာက စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားတယ် (မှန်လှပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ဒကာ- ဒကာမတွေက အိမ် ရောက်လို့ရှိရင် ဘုန်းကြီး ပြောတဲ့ အတိုင်းသာ လုပ်ကြစမ်းပါ။
ခန္ဓာကိုယ်စောင့်ကြည့်နေ၊ ဘာနဲ့စောင့်ရမလဲဆိုတော့ ရှူမှုလေး မှန်မှန်ရှူ ရှိုက်မှုလေး မှန်မှန်ရှိုက်၊ ရှိုက်ရာကမှ အထူး တရားလေး ပေါ်လာလို့ရှိရင် ဪ ဒါဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စာ ပါလားလို့ စောင့်ကြည့်လိုက် (မှန်လှပါ ဘုရား)။
နောင်ခန္ဓာမလာတာ နိရောဓသစ္စာ
ဒါဖြင့် “ဝိပရိဏာမလက္ခဏာ ဒုက္ခသစ္စံ” က ဒုက္ခသစ္စာ၊ စောင့်ကြည့်တာလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ သေတာက သမုဒယသစ္စာ နောင်ခန္ဓာ မလာတာက နိရောဓသစ္စာ၊ နိရောဓ ဆိုတော့ သြော် တို့သစ္စာ အလုပ် လုပ်နေပါ ကလားဆိုတာ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ အားလုံး တရားနာတဲ့ ဒကာ-ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် (မှန်လှပါ ဘုရား)။
ဝိပဿနာအလုပ် ဆိုတာ ဘာပါလိမ့် (စောင့်ကြည့်တဲ့ အလုပ်ပါ ဘုရား)၊ စောင့်ကြည့်တဲ့ အလုပ် ဆိုတော့ တပည့်တော်တို့ဖြင့် မလုပ်တတ်သေးပါဘူး ဘုရားဆိုရင် စောင့် မကြည့်လို့သာ မှတ်ပေတော့ (မှန်လှပါ ဘုရား)။
သစ္စာလေးပါးအလုပ် လုပ်နေတာ
စောင့်ကြည့်တော့ ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊ ဒီနေရာကပြလိုက်နဲ့ ပြတဲ့ နေရာ ကိုပဲ စောင့်ကြည့်နေတဲ့ အခါကျလို့ရှိရင် ပြတာက ဒုက္ခသစ္စာ၊ သိတာကမဂ္ဂသစ္စာ၊ သေတာက (သမုဒယ သစ္စာပါ ဘုရား)။
နောင်ခန္ဓာ မလာတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ ဆိုတာ ဪ တို့တစ်တွေ သစ္စာ လေးပါးအလုပ် လုပ်နေပါကလားဆိုတာ မပေါ်လာဘူး လား(ပေါ်လာပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။။
ဒကာကြွယ်ရေ ဒကာကြွယ်တို့လုပ်တော့လဲ စောင့်ကြည့်ရတယ် မဟုတ်လား(မှန်ပါ့ ဘုရား)၊ လိုက် ဖမ်းရင် မိပါ့မလား (မမိပါ ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးတို့ဒကာ၊ ဒကာမတွေ စောင့်ကြည့်လို့ရှိရင် ခန္ဓာကိုယ်ကြီးက ပင်ကိုက အနာ ခန္ဓာ ကိုယ်ကြီးကိုး (မှန်လှပါ ဘုရား)။
အနာတွေပဲ မပြရပေဘူးလား (ပြပါတယ် ဘုရား)၊ အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့ ဒီအနာ ခန္ဓာတွေကလဲ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်နဲ့ ပြနေတော့ ဪ ဒီဥစ္စာ ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာပါလားဆိုတာ အခု အချိန်မှာ ဉာဏ်ထဲမှာ ပေါ်လာတယ် (မှန်လှပါ ဘုရား)။
ထိုကဲ့သို့ ပေါ်လာတဲ့ အခါကျလို့ရှိရင်ဖြင့် ကိလေသာ ကြားမညှပ်လို့ရှိရင် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကြားထဲမှာ ကိလေသာ ကြားမခြားလို့ရှိရင် ခုနစ်ရက်နဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရပါတယ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ကြားထဲမှာ ကိလေသာ မခိုရင် (ခုနစ်ရက်နဲ့ ရနိုင်ပါတယ် ဘုရား)၊ ဒကာကြွယ် မမြန်လား (မြန်ပါတယ် ဘုရား)။
ဘာကြောင့်သံသရာရည်ရပါလိမ့်
ဘုန်းကြီးက ဟောတာလား၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ဟောတာလားလို့ ဆိုတော့ သတိပဋ္ဌာန် ပါဠိတော် မှာ သေသေချာချာ ရှိလေသောကြောင့် ဒကာ၊ ဒကာမတွေ စောင့်ကြည့်တဲ့ အလုပ် မလုပ်ခဲ့သောကြောင့် သံသရာရှည် ရပါတယ်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
ဪ ဒါဖြင့် ဝိပဿနာဆိုတာ အားစိုက်ရှုရ တာလား၊ ဒကာ၊ ဒကာမတို့ စောင့်စားပြီး ရှုရတာလား (စောင့်စားပြီး ရှုရပါတယ် ဘုရား)၊ သေသေချာချာပြောနေပါ တယ် ဒကာ၊ ဒကာမတို့ (မှန်ပါ့ ဘုရား)၊ လေးလေးစား စားနဲ့ မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။
လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့် စရာမရှိရင်ဖြင့် သြော် လေကလေးထုတ်တဲ့စိတ် ကလေးလဲ ထုတ်ပြီး ပျက်တာပဲ(မှန်ပါ ဘုရား)။
လေကလေးပြန်သွင်းတဲ့စိတ်ရော (သွင်းပြီး ပျက်ပါတယ် ဘုရား)၊ အဲဒါကလေး ဘယ်ကမှ မရှိတော့ဘူးဆိုရင် သူပြန်ထိုင်လိုက် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဟာ သူ့ပြန်ထိုင်ရင်းမတ္တနဲ့ပဲ ဟိုနေရာက ယား သလို၊ ဒီနေရာကအောင့်သလို၊ ဒီနေရာက ကောင်းသလိုလို လာပြန်လို့ရှိရင် သူ့ဖြုတ်ပစ်လိုက် (မှန်လှပါ ဘုရား)၊ ခုနင်က ယားတဲ့နေရာ အောင့်တဲ့နေရာတွေ လှည့်လည်ပြီး ဪ ဒါတွေဒုက္ခသစ္စာပါလား၊ ဒါတွေ ဒုက္ခသစ္စာပါ လားလို့ ရှုပါ (မှန်လှပါ ဘုရား)။။
ကောင်းတဲ့စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ ဒုက္ခ ရောက်တာပဲ (မှန်လှပါ ဘုရား)၊ ဆိုးတဲ့ စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ (ဒုက္ခရောက်ပါတယ် ဘုရား)။ အလယ် အလတ် စိတ်ကလေးလဲ ဖြစ်ပြီးပျက်တော့ (ဒုက္ခရောက်တာပါပဲ ဘုရား)။
အဲဒီဒုက္ခသစ္စာတွေ ချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာလို့ ဒကာ၊ ဒကာမတွေ ကြိုးစား နေကြမယ် ဆိုလို့ရှိရင် ကြာတော့ ဒုက္ခသစ္စာ တွေ့တာက ဘုရားက။
“သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ”လို့ ဟောသော ကြောင့် ခန္ဓာငါးပါးစလုံးပြတဲ့ ဥစ္စာတွေ အနိစ္စလဲမပြ၊ ဒုက္ခလဲမပြ၊ အနတ္တလဲမပြ၊ အသုဘလဲမပြဘဲနဲ့ ဒကာကြွယ်၊ ဒကာသစ်တို့ ဒုက္ခသစ္စာပဲ ပြတယ် (မှန်လှပါ ဘုရား)။
လူ့ဘဝရတာ ဒုက္ခသစ္စာရတာ
အဲဒီကဲ့သို့ ပြလာပြီဆိုမှဖြင့် လူ့ဘဝရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိမလာ ပေ ဘူးလား (သိလာပါတယ် ဘုရား)၊ လူ့ဘဝရတာ ဘာ ရတာပါလိမ့် (ဒုက္ခသစ္စာကြီးရတာပါ ဘုရား)၊ ဒုက္ခသစ္စာ ကြီးရတယ် ဆိုတာ မသေချာဘူးလား.(သေချာပါတယ်)။
အဲဒီကဲ့သို့ ဒုက္ခသစ္စာကြီး ရတာကိုပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား၊ ဒီကနာ၊ ဒီကအောင့်၊ ဟိုကကိုက်၊ ဒီကခဲ၊ ဟိုကတစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာ တာဟူသရွေ့ ပျောက်တာပဲတွေ့ရ၊ စောင့်ကြည့်တဲ့ပုဂ္ဂိုလ် မတွေ့ရဘူးလား (တွေ့ရပါတယ် ဘုရား)။
ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘယ်လိုလုပ်ရမှာပါလိမ့်မလဲ လို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (စောင့်ကြည့် ရပါတယ် ဘုရား)၊ စောင့်ကြည့်တာပဲတဲ့၊ အကြည့်ခံရတာက ဒုက္ခသစ္စာ၊ ကြည့်ဉာဏ်က မဂ္ဂသစ္စာ၊ အကြည့်ခံရတာက (ဒုက္ခသစ္စာပါ ဘုရား)။ ကြည့်ဉာဏ်က (မဂ္ဂသစ္စာ ပါဘုရား )။ မဂ္ဂသစ္စာ ဆိုတော့ သြော် မဂ်ဟာဆုတောင်း အလုပ်လား၊ စောင့်ကြည့်တဲ့ ဉာဏ်အလုပ်လား (စောင့် ကြည့်တဲ့ ဉာဏ်အလုပ်ပါ ဘုရား)။
စောင့်ကြည့်တဲ့ ဉာဏ်အလုပ်လို့ ဒကာ၊ ဒကာမတွေ ကအသိကြီး သိလာပြီဆိုမှဖြင့် သြော် ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ ပေါ်ပါလိမ့် မယ်(ပေါ်လာပါတယ် ဘုရား)၊ သုခကြားမညှပ် (ဒုက္ခ သစ္စာ တရစပ်ပါ ဘုရား)၊ ဒုက္ခသစ္စာ တရစပ်ပါလားဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
နိဗ္ဗိန္ဒဉာဏ်
ထိုကဲ့သို့ ပေါ်လာတဲ့အခါကျတော့မှ သြော် ဒုက္ခသစ္စာ ကြီးပါလား၊ သုခဆိုတာဘာမှ မပေါ်လာပါလား ဆိုတော့ ဒုက္ခတွေမြင်ပြီး ငြီးငွေ့ လာပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက် မြင်တာသည် ယထာဘူတဉာဏ် (မှန်လှပါ ဘုရား)၊ ဖြစ်ပျက် ဒုက္ခသစ္စာကြီး မုန်းလာတာ သည် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)၊
ကြာတော့ ဉာဏ်က ထက်ထက်၊ ထက်ထက်၊ ထက် ထက်ပြီး ကြည့်ပါများလာတော့ ဘုန်းကြီးတို့ဒကာ၊ ဒကာမ တွေ၌ တဲ့ ဒီဒုက္ခကြီးနဲ့ဖြင့် မနေချင်ပါဘူးဆိုတာ မနေချင်တဲ့ ဉာဏ် မလာပေဘူးလား (လာပါတယ် ဘုရား)။
မဂ်စစ်ပေါ်မယ်
မနေချင်တဲ့ ဉာဏ်လာတဲ့ အခါကျတော့ ခုနင်က ဒုက္ခ တွေ အကုန်ပျောက်သွား ပါလိမ့်မယ် (မှန်လှပါ ဘုရား)။ မနေချင်တဲ့ ဉာဏ်လာတော့ ဘာတွေပျောက်သလဲ၊ (ဒုက္ခ တွေပျောက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒုက္ခပျောက်၍ ဒုက္ခ ဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးသိတာက (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာဆိုတော့ မဂ်စစ်ပေါ်လာလိမ့်မယ်၊ (မှန်ပါ့ ဘုရား)၊ ဒုက္ခပျောက်ရင် မဂ်စစ်ပေါ်လိမ့်မယ်၊ ဒုက္ခတွေ့ရင် ဝိပဿနာမဂ်ပေါ်လိမ့်မယ် (မှန်လှပါ ဘုရား)။ ဒုက္ခတွေ့ ရင် (ဝိပဿနာမဂ် ပေါ်လာ လိမ့်မယ် ဘုရား)။
ဒုက္ခတွေ မရှိဘူးဘုရား၊ ရှုစရာကို မရှိဘူးဘုရား ဆိုရင်ဖြင့် ဘာပေါ်လာမလဲ (မဂ်စစ် ပေါ်လာ လိမ့်မယ် ဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခ မရှိတာက နိရောဓသစ္စာ (မှန်လှပါ ဘုရား)၊ မဂ်စစ် ပေါ်လာလို့ ဒုက္ခ မရှိတာက နိရောဓသစ္စာ (မှန်လှပါ ဘုရား)။ မရှိမှန်း သိတာက (မဂ္ဂသစ္စာ ပါ ဘုရား)။
အဲဒီကျအောင် စောင့်ကြည့်ရင်း မတ္တနဲ့ ဆုံးသွား အောင်လိုက်လိုက်လို့ရှိရင်ဖြင့် “ဒုက္ခဿအန္တံ ကရိဿတိ” ဒုက္ခဿ၊ ဒုက္ခ၏၊ အန္တံ- အဆုံးကို၊ ကရိဿတိ- မဂ်ဉာဏ်က မျက်မှောက် ပြုလိမ့်လဲ့လို့ ရှင်သာရိပုတ္တရာ ကလဲဟော၊ ဘုရားကလဲ ဟောသည် ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ယနေ့ကစပြီး စောင့်ကြည့်တဲ့ အလုပ်လုပ်စမ်းပါ (မှန်လှပါ ဘုရား)၊
ဖြစ်ပျက်တွေ လာသရွေ့ကို စောင့်သာကြည့်ပါလို့ သတိပေးလိုက်တယ်(မှန်လှပါ ဘုရား)၊ ဖြစ်ပျက်တွေ လာ သရွေ့ကို (စောင့်သာ ကြည့်ရပါမယ် ဘုရား)၊ စောင့်ကြည့်ပါ။ ဒီပြင်ဘာမှ မလုပ်ပါနဲ့ စောင့်ကြည့်တော့ ကြာတော့ ဖြစ်ပျက်တွေ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ စိပ်လာလိမ့်မယ် (မှန်လှပါ ဘုရား)။
စိပ်လာပြီ ဆိုမှဖြင့် စိပ်ပေမယ့် မပျင်းနဲ့၊ သြော် အသေတယ်များပါကလား၊ ဪ ဒုက္ခတွေ တယ်များ ပါလား၊ ဪ ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများ ကိုယ်က ဒုက္ခတွေ များတယ်လို့သာ မြင်အောင်ကြည့်နေ (မှန်လှပါ ဘုရား)၊ ကြာတော့ သြော် ဖြစ်လာတာကလဲ ဒုက္ခ၊ ပျက်သွားတာကလဲ ဒုက္ခ၊ အဲဒီကဲ့သို့ ဒုက္ခကို အဖြစ်လဲ မသာယာ၊ အပျက်လဲမသာယာ၊ အဖြစ်ရော (မသာယာပါ ဘုရား)၊ အပျက်ရော (မသာယာပါ ဘုရား)။
မသာယာပါဘူးတဲ့၊ ထိုကဲ့သို့ မသာယာတဲ့အခါကျ တော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာကလဲ ချုပ်ပါရော ဖြစ်ပျက်လဲ ချုပ်တာပဲ (မှန်လှပါ ဘုရား)၊ သာယာတဲ့ ဒိဋ္ဌိ လဲချုပ်ပါရော (ဖြစ်ပျက်လဲ ချုပ်တာပါ ဘုရား)၊ ဖြစ်ပျက် လဲချုပ်သွားတယ် ဆိုတော့ ဖြစ်ပျက် ချုပ်တာ နိဗ္ဗာန်၊ ချုပ်မှန်း သိတာ မဂ်ဉာဏ်၊ ဖြစ်ပျက် ချုပ်တာက (နိဗ္ဗာန်ပါ ဘုရား)။ ချုပ်မှန်းသိပြီဆိုတာက (မဂ်ဉာဏ်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာကြွယ်တို့၊ ဒကာသစ်တို့ နိဗ္ဗာန် ဝေးသေးလား နီးသလား (နီးပါတယ် ဘုရား)၊ နီးလျက်နဲ့ မရောက်တာ-ဘာကြောင့်ပါလိမ့်မလဲလို့ မေးတော့ စောင့်ကြည့်တဲ့အလုပ်လဲ မလုပ်ဘူး (မှန်လှ ပါ ဘုရား)၊ စောင့်ကြည့်တဲ့ အလုပ်ကို (မလုပ်ပါ ဘုရား)။
တဏှာက ငရဲအိုးဖန်တီးနေသော
ဒါကြောင့် ခင်ဗျားတို့သည် သံသရာထဲမှာ ငရဲအိုး တွေကလဲ ငရဲမီးတွေ တောက်ပြီး တပွက်ပွက် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘက မချုပ်တာနဲ့ပဲတဲ့။ ဒကာ၊ ဒကာမတို့ တဏှာကနေပြီး ငရဲအိုးကိုဖန်တီးနေတယ်။ (မှန်လှပါ ဘုရား)။
ဒိဋ္ဌိကနေပြီး ငရဲအိုးဖန်တီးနေတာ (မှန်လှပါ ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ကတော့ တရားနာလျက် ဒုက္ခ ကမချုပ်တော့ကို နောက်တဏှာက ကျန်မနေဘူးလား (ကျန်နေပါတယ် ဘုရား)။
နောက်တဏှာ ကျန်တော့ တဏှာက ဘယ်ခန္ဓာလုပ် ရပါမလဲဆိုပြီး အချိုးကျသူကစီမံနေတယ် (မှန်လှပါ ဘုရား)၊ အချိုးကျစီမံပြီးသကာလ နေတော့ တဏှာက ငရဲသွားတဲ့ တဏှာလဲရှိတယ်၊ သုဂတိသွားတဲ့တဏှာလဲရှိ တယ် (မှန်လှပါ ဘုရား)။
အဲဒီကဲ့သို့ တဏှာကအမျိုးမျိုး အဖုံဖုံ စုတိစီမံလိုက် ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာ မချုပ်လို့ဖြစ်ရတာ (မှန်ပါ ဘုရား)၊ ဒိဋ္ဌိမချုပ်လို့ (ဖြစ်ရတာပါ ဘုရား)။
ဝိစိကိစ္ဆာ မချုပ်လို့ (ဖြစ်ရတာပါ ဘုရား)၊ အခု တော့ဖြင့်ဒကာ၊ ဒကာမတွေ စောင့်ကြည့် ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ်၊ ဖြစ်ပျက် မုန်းရင် (နိဗ္ဗန္ဒဉာဏ်ပါ ဘုရား)။။
ဖြစ်ပျက်တွေများ ရှုရင်းမတ္တနဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှ တပါးဘာမှ မရှိဘူးလို့၊ လိုချင်စရာ ရချင်စရာ ဘာမှမရှိဘူး လို့ခန္ဓာကို ဆုံးဖြတ်ချက် ချလို့ရှိရင်လဲ အဲဒါ ဒုက္ခသစ္စာ ပိုင်းခြားသိတာပဲ (မှန်လှပါ ဘုရား)။။
ထိုကဲ့သို့ပိုင်းခြားသိလိုက်တဲ့ အခါကျလို့ရှိရင် ဒုက္ခ တွေဒကာကြွယ် ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ် ဘုရား)၊ ဒုက္ခတွေဆုံးသွားတယ် (မှန်လှပါ ဘုရား)။
ဒုက္ခဆုံးတာ ဘာခေါ်ကြမယ်(နိဗ္ဗာန်ပါ ဘုရား)၊ ဆုံးပေါ့လို့သိတာက (မဂ်ဉာဏ်ပါ ဘုရား)။
နိဗ္ဗာန်သည် ခန္ဓာအဆုံးမှာ ရှိတယ်
ဪ ဒါဖြင့်ဘုန်းကြီးတို့ဒကာ ဒကာမတွေ နိဗ္ဗာန်သည် ခန္ဓာအဆုံး ရှိတယ်ဆိုတာ ယနေ့ တစ်ထစ်ချမှတ် ဖို့ (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်သည် အထက်မှာရှိသလား၊ အောက်မှာရှိ သလား၊ ဘေးမှာရှိသလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာအဆုံးမှာ ရှိပါတယ် ဘုရား)။
ငရဲမီးငြိမ်း၍ ငရဲအိုးသိမ်းပါတယ်
အဲ ခန္ဓာဆိုတာ ဖြစ်ပျက်ပဲ (မှန်လှပါ ဘုရား) အဲဒီဖြစ်ပျက် အဆုံးမှာ နိဗ္ဗာန်ရှိတယ်ဆိုတာ ယနေ့ညကစပြီး ဘုန်းကြီးတို့ဒကာ ဒကာမတွေ ကြိုးစားလို့ရှိရင်ဖြင့်တဲ့ အပါယ်လေးပါး တံခါးတွေတင် မဟုတ်ပါဘူး၊ ငရဲမီးငြိမ်း၍ ငရဲအိုး သိမ်းပါတယ်ဆိုတာကို ကိုယ့်ဉာဏ်က မဂ်ဉာဏ်ကနေ သိမ်း လိုက်တယ်လို့ ဆုံးဖြတ်ချက်ချလိုက် (မှန်လှပါ ဘုရား)။
ဘယ်သူက သိမ်းတာပါမ့် (မဂ်ဉာဏ်က သိမ်းကာပါ ဘုရား)၊ ဒကာကြွယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ သဘောပါပလား (ပါပါတယ် ဘုရား)။ ဒါက အလုပ်စဉ်ကလေး ရှေ့ပိုင်းက ပြတာပါ။ (မှန်ပါ့ ဘုရား)။
သိကြားမင်း သောတာပန်တည်တဲ့တရား
ဟောရမယ့်တရားက ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ သိကြားမင်း သောတာပန်တည်တဲ့ တရားကို ဟောလိမ့်မယ် (မှန်ပါ့) သိကြားမင်းဘယ်ကိုရှုလို့ သောတာပန်တည်သွားတယ် ဆိုတဲ့ဥစ္စာ၊ အပါယ်လေးပါး တံခါးပိတ် သွားတယ်ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးလှဘူးတို့ အားလုံးသိရလိမ့်မယ် (မှန်လှပါ ဘုရား)။
သို့သော်လည်း အစီအစဉ်လေးနဲ့တကွ ဒကာ ဒကာမကွေ သိရလို့ရှိရင် ပိုမိုပြီးသကာလ ကောင်းတဲ့အတွက်၊ သိကြားသည် ဘုရားမဖြစ်ခင်က ဖြစ်တဲ့သိကြားလို့ မှတ်လိုက်ပါ (မှန်ပါ့) ဘုရား မဖြစ်ခင်က သိကြားဖြစ်ပြီး သကာလနေတော့ သူ့မှာသံသယတွေက တစ်ပုံကြီးပဲ ဝိစိကိစ္ဆာတွေက တစ်ပုံကြီးပဲ ဖြစ်ပြီးသကာလ နေတဲ့အတွက် ဒကာ ဒကာမတို့ မေးစရာတွေကလည်း လောကကြီးထဲ ကောင်းကင်ပျံ ဈာန်ရသေ့တွေလည်း ရှိပါတယ်။
သမထသမားတွေလည်း အကုန်ရှိပါတယ် တဲ့၊ သူ ရှောက်မေးလို့ရှိရင် ဝိစိကိစ္ဆာသံသယကို ဖြေ ဖျောက်နိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ မရှိဘူး (မှန်ပါ) ဒါနဲ့ ဘုရားပွင့်တယ်ဆိုတာနဲ့ ဘုရားကလည်း ဂူတစ်ဂူထဲမှာ သီတင်းသုံးနေတာနဲ့ ဘုရားဆီ အရောင်အဝါတွေနဲ့ ဆင်းပြီးသကာလ လာလျှောက်ပါတယ်။
အရှင်ဘုရား တပည့်တော် သာသနာတွင်း မကြုံခဲ့တဲ့ သိကြားဖြစ်ပါတယ်။ အခုမှ အရှင်ဘုရားတည်း ဟူသော ပုဂ္ဂိုလ် ထူးထူးခြားခြား ပွင့်ထွန်းပေါ်ပေါက်လာတာနဲ့ တပည့်တော်သံသယလေးဖြင့် ဖြေရှင်းပေးပါဘုရား လို့ လျှောက်တဲ့အခါကျတော့ ဒကာကြီးမေးချင်ရာမေး ဖြေမယ်ဆိုတော့ ဘုရားဆိုတော့ ရဲတင်းတာပေါ့ဗျာ။
မေးချင်ရာမေး ဖြေပါ့မယ်ဆိုပြီး သကာလ ဘုရားက ခွင့်ပေးလိုက်တဲ့အခါ သိကြားက လူတွေရော နတ်တွေရော ဗြဟ္မာတွေရော ဘုရား၊ ကိုယ့်ကိုကျန်းမာချင်လို့ ချမ်းသာချင်လို့ ကိုယ့်ကို မေတ္တာပို့လိုက်ကြတာလည်း မနည်းလှဘူး (မှန်ပါ့) မပို့ကြဘူး – (ပို့ပါတယ် ဘုရား)။
အဟံအဝေရော ဟောမိ အဗျာပဇ္ဇောဟောမိနဲ့၊ အဟံ ကျွန်ုပ်သည်၊ အဝေရော – ရန်မရှိသည်ဟောမိ-ဖြစ်ရပါလို၏၊ အဗျာပဇ္ဇော-ကြောင့်ကြမှုမရှိသည်၊ ဟောမိ-ဖြစ်ရပါလို၏၊ မပို့ကြဘူးလား (ပို့ပါတယ် ဘုရား)။
ဘေးမကင်းတာဘာကြောင့်လဲ
အဲဒီကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း မေတ္တာပို့ကြပါတယ် ဘုရား၊ ကျန်းမာရေးတွေလည်း ဒီဓါတ်စာ ဒီအစာမှ စားမယ်၊ ဒီအစာမတည့်ဘူး မစားဘူးဆိုပြီး ကျန်းမာရေးအတွက်လည်း ရှောင်ကြပါတယ်၊ မကျန်းမာမယ့် အစာ အဟာရတွေလည်း ရှောင်ကြပါတယ်။
ထိုကဲ့သို့ ကိုယ့်ကို မေတ္တာပို့ ကျန်းမာရေးတွေ လိုက်စားပြီးသကာလ နေငြားသော်လည်း ဘေးအတန်တန် ရန်အထပ်ထပ်တွေမှ မကင်းတာ ဘာကြောင့်ပါလိမ့် မလဲဘုရား မေးခွန်းသိပ်ကောင်းပါတယ် (မှန်ပါ ဘုရား)။
ကျန်းမာရေးတွေလိုက်စားပါရက်သားနဲ့၊ ကိုယ့်ကိုလည်း မေတ္တာတွေ အထူးထားပြီး ပို့ပါရက်သားနဲ့ သူတစ်ပါး ကျန်းမာပါစေ ဆိုတာလည်း ပို့ပါရက်သားနဲ့၊ ကိုယ့်မှာသူများက မျက်စောင်းထိုး၊ ဟိုကကဲ့ရဲ့ ဒီကစကားတင်းဆို ဟိုကနေပြီးသကာလ အရောင်းအဝယ်ငွေအားနဲ့ဖိလိုက်၊ အမျိုးမျိုးအဖုံဖုံ အန္တရာယ်တွေ ရန်တွေ မာရ်တွေက ဒကာကြွယ် မတွေ့ကြရဖူးလား (တွေ့ရပါတယ် ဘုရား)။
အန္တရာယ်မကင်း ဘေးမရှင်းတာ ပြောစမ်းပါဘုရား
အဲဒါ အန္တရာယ်မကင်း ဘေးမရှင်းပြီး သကာလ နေရတာ ပြောစမ်းပါဘုရား တပည့်တော်ဖြင့် ဘုရားမပွင့်ခင်ကဖြစ်တဲ့ သိကြားဖြစ်နေသောကြောင့် ကျေလည်အောင်လည်း ဘယ်ပုဂ္ဂိုလ်မှလည်း မဖြေကြပါဘူး၊ ဒါ တပည့်တော်ဖြင့် အရှင်းကြီးရှင်းပြီး အလင်းကြီး လင်းချင်ပါတယ်ဆိုတဲ့အကြောင်း ဒကာကြွယ် မလျှောက်လား (မှန်ပါ့ ဘုရား)။
ဒကာကြီး သေသေချာချာမှတ် ဘုရားက သေသေချာချာမှတ်ပါတဲ့၊ ဒကာကြီး သန္တာန်မှာ ဣဿာနဲ့ မစ္ဆရိယရှိလို့ ဘယ်လိုပင်မေတ္တာပို့ ဘယ်လိုပင် ကျန်းမာရေးလိုက်စားငြားသော်လည်း အန္တရာယ်မကင်း ဘေးမရှင်းနိုင် ဘူး (မှန်ပါ့ ဘုရား)။ ဘာရှိလို့တဲ့ (ဣဿာမစ္ဆရိယပါ ဘုရား) ကိုင်း – ဒကာ ဒကာမတို့ လက်သည်တွေ့ပြီ (မှန်ပါ့) ဒကာကြွယ် လက်သည် (တွေ့ပါပြီ ဘုရား) အားလုံး တရားနာတဲ့ပုဂ္ဂိုလ်တွေ အန္တရာယ်မကင်း ဘေးမရှင်းတဲ့ လက်သည်တွေ့ကြပြီလား (မှန်ပါ့) ဘာပါလိမ့်မလဲဗျာ။ (ဣဿာ မစ္ဆရိယပါ ဘုရား) အဲဒီဣဿာမစ္ဆရိယကို မဂ်လေးပါးရှိတဲ့အနက်က တစ်ပါးပါးကို ကိုယ်ထိုက်တန်သလောက် သရက်သီးကို အလုံးဝနေတဲ့ သရက်သီးအပေါ်ယံ က တစ်ထပ်လှီးလို့ရှိရင် သုံးထပ်ကျန်မှာပေါ့ဗျာ၊ နောက်နှစ်ထပ်လှီး၊ နောက်ဆုံးထပ်လှီး လေးထပ်လှီးတော့ သရက်သီး အသားတွေ ကုန်မသွားပေဘူးလား (မှန်ပါ့) ဒီလိုပဲတဲ့ ပထမမဂ်နဲ့ သူနဲ့ဆိုင်ရာတွေ လှီးရလိမ့်မယ် (မှန်ပါ့ ဘုရား)။
လှီးလို့ရှိရင် သူနဲ့ဆိုင်တဲ့အန္တရာယ်တွေ မကင်းပေဘူးလား (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတို့ အန္တရာယ် ကင်းလို့ ဘေးရှင်းချင်ရင် ဣဿာမစ္ဆရိယပါးအောင် နည်းအောင်လုပ်ရလိမ့် မယ် (မှန်ပါ့) အန္တရာယ်ကင်းလို ဘေးရှင်းချင်ကြရင် (ဣဿာမစ္ဆရိယပါးအောင် လုပ်ရပါမယ်) ပါးအောင် နည်းအောင် လုပ်ရလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
ကဲ့ သိကြားက အန္တရာယ်မကင်း ဘေးမရှင်းတာ ဘာကြောင့်တုန်းလို့ မေးတော့ ၊ သိကြားကမေး လို့ ဘုရားက ဘယ်လိုဖြေလိုက်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ) နောက်က ဒကာ ဒကာမတွေ ဘာကြောင့် ပါလိမ့် (မှန်ပါ့) ဣဿာမစ္ဆရိယတွေရှိနေလို့ အန္တရာယ်မကင်း ဘေးမရှင်းဖြစ်ပါတယ်ဆိုတာ ဘုရားအဖြေ ထုတ်လိုက်တယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် သဘောကျပလား (မှန်ပါ့ ဘုရား)။
ဣဿာမစ္ဆရိယဆိုတာ
ကိုင်း ဒါဖြင့် ဘုန်းကြီးကပဲ ရှင်းပြပါမယ် တဲ့၊ ဒကာ ဒကာမတို့ ဣဿာဆိုတာ သူတစ်ပါးကို ငြူစူတာ၊ မစ္ဆရိယဆိုတာ ကိုယ့်ပစ္စည်းကို လျှို့ဝှက်တာ၊ ဣဿာတာ ဘာပါလိမ့် (ငြူစူတာပါ)။
ဥပမာမယ် ဒကာကြွယ်က ဘန်ကောက်ရောင်းတယ်ဆိုကြပါစို့ နော်၊ သူများကအပြိုင်ပေါ်လာ လို့ လျှော့ရောင်းလိုရှိရင်ပဲ၊ ကွာ ၊ တယ် ဈေးဖျက်တယ်ဟေ့၊ မလာဖူးလာ (လာပါတယ်) ဒါဘာလို့ဆိုကြ မလဲ (မှန်ပါ) ဣဿာပေါ့ဗျာ – (မှန်ပါ့) နည်းနည်း မငြူစူမိဘူးလား (ငြူစူပါတယ် ဘုရား)။
ဟိုကတော့ ငွေက ကိုယ့်လောက်မကောင်းတော့ သူကတော့ဖြုန်းပစ်ရရှာတယ်၊ ကွာ ဒီလိုလူတွေ ကြောင့် ခက်တာပဲ ဟေ့၊ ဒီအသံလေးများ မထွက်ဖူးဘူးလား (ထွက်ပါတယ် ဘုရား) ဒါ-ဘာသံပါလိမ့်ဗျာ (ဣဿာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာကြွယ် အန္တရာယ်မကင်းနိုင်ဘူး (မှန်ပါ့) ကင်းပါ့မလား (မကင်းပါ) ည မေတ္တာ ကိုယ့်ကိုယ်တော့ မပို့ဘူးလား (ပို့ပါတယ်) ပို့ရက်သားနဲ့ ဘာဖြစ်လို့ ဒကာကြွယ်ရေ သူတစ်ပါးငြူစူ မှု စောင်းမြောင်းမှု ချုပ်ချယ်မှု ခံကြရပါလိမ့်မတုန်းလို့ မေးလို့ရှိရင် အဖြေဘယ့်နှယ်ထွက်ပါ့မယ် (ဣဿာကြောင့်ပါ ဘုရား) ရှင်းကြပလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဣဿာရှိနေတဲ့ ပုဂ္ဂိုလ်အန္တရာယ်ကင်းလို့ ဘေးရှင်းဖို့အကြောင်းရှိနိုင်ရဲ့လား (မရှိနိုင်ပါ ဘုရား)။
ကာလိကလား-အကာလိကလား
ဒါကလည်း ဘုန်းကြီးက ဒကာ ဒကာမတွေကို သတိပေးချင်ပါတယ်၊ ကာလိကလား-အကာလိကလား လို့ တစ်ခါ မေးခွန်းလေးထုတ်ချင်တယ်နော် (မှန်ပါ့) အကာလိကော-အခါ မလင့်အကျိုးပေး၏။ ဘုရားက မဟောဘူးလား (ဟောပါတယ်) ဟော အခု ငြူစူလိုက် ဒကာကြွယ်က အဲဒီပုဂ္ဂိုလ်မျက်စောင်း ထိုးလိုက် (မှန်ပါ့) ကိုယ့်ပစ္စည်းကိုယ်ရောင်းတာ အဖိုးကြီးက ဘာဆိုင်တာမှတ်လို့ကွာ ဆိုတာချက်ချင်းဟိုက ပြန်အော် တယ် – – (မှန်ပါ့ ဘုရား) မအော်ဘူးလား အော်မလား (အော်ပါတယ် ဘုရား)။
ဒါဖြင့် သူ့ကာလိကလား – အကာလိကလား (အကာလိကပါ) ကိုင်း မေတ္တာတွေပို့နေ ငြားသော်လည်း ဒကာ ဒကာမတို့ ဣဿာကဝင်ပြီးသကာလ၊ ကိုယ်က ဣဿာရှိမိတဲ့ အတွက်ဟိုက အကာလိက အခါမလင့် အကျိုးပေးတယ်၊ ငါ့ပစ္စည်း ငါရောင်းတာ ဘာဖြစ်သလဲကွ ငါမွဲတာ သူမွဲတာမှတ်လို့၊ သူ့အပူ မဟုတ်ပါဘူး ကွ၊ မပြောတောင် ဝမ်းထဲက ဒီအတိုင်းမရှိပေဘူးလား (ရှိပါတယ် ဘုရား) ရှိတော့ သူ့ငြူစူမှု က ကိုယ့်ဆီမခံရဘူးလား (ခံရပါတယ် ဘုရား)။
ဒါ-ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာကြောင့်ပါ) ဒါဖြင့် တစ်နေ့နေ့ကျတော့ကွာ ငါကငွေအား ဘာအားရှိလို့ရှိရင် သူတို့ ဖိဦးမယ်ဆိုတဲ့ အသွားတောင် မလာလား (လာပါတယ်) ဒါ ဘယ်သူ့ကြောင့်ပါ လိမ့် (ဣဿာကြောင့်ပါ) အန္တရာယ်ကင်းလို့ ဘေးရှင်းပါ့မလား (မကင်းပါ ဘုရား)။
စီးပွားရေးလည်း အန္တရာယ်မကင်းဘူး (မှန်ပါ့) တွေ့တဲ့ ကြုံတဲ့အခါမှာလည်း မျက်စောင်းထိုး၊ သူ့ အကြောင်း အတင်းပြောဆိုတာတွေ၊ အကာလိကတွေကော မလာဘူးလား (လာပါတယ်) အင်း ဒါ ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာကြောင့်ပါ ဘုရား)။
ဝိပဿနာဉာဏ်ထဲသွင်းကြပါစို့
ဒါကြောင့် ဒကာ ဒကာမတို့ ဣဿာပေါ်လာလို့ရှိရင် ဣဿာကို ဝိပဿနာဉာဏ်ထဲသွင်းကြပါစို့ (မှန်လှပါ ဘုရား)။
ဣဿာ ဘယ်အထဲသွင်းရမယ် (ဝိပဿနာဉာဏ်ထဲပါ ဘုရား) ဝိပဿနာဉာဏ်ထဲသွင်းရလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့) ဣဿာဟာဘယ်ကလာသတုန်းဆိုတော့ အလိုမကျမှုကလာတာ၊ အလိုမကျမှုဟာ ဒေါသပဲ မဟုတ်လား (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒေါသလေးကို ဒကာကြွယ်က ဖြစ်ပျက်ရှု (မှန်ပါ့) ဒကာသစ်တို့က (ဖြစ်ပျက်ရှုပါ့မယ်) ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒေါသကဖြစ်ပျက်၊ ဟုတ်လား ရှုတာက မဂ်ဆိုတော့ ဒကာ ဒကာမတို့ ဒေါသဟာ ဒေါသတွင်ရပ်ပြီးသကာလ ဣဿာမစ္ဆရိယတွေဘက် လှည့်သေးရဲ့လား (မလှည့်ပါ) ဘာဖြစ်လို့တုန်းဆိုတော့ သူကအနိစ္စရောက်သွားလို့ (မှန်ပါ့) ဒါဖြင့် ကျုပ်တို့သည် နဂိုက သူဘေးအန္တရာယ် တွေပေးမလို့လာတာ ကျုပ်တို့ဖြင့် မဂ်ပေးသွားတယ်ဆိုရင် လွဲပါ့မလား (မှန်ပါ့ ဘုရား)။
သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး
ဒါဖြင့် သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဆိုတာ ဒီနေရာမှာ အသုံးချလိုက်စမ်းပါ (မှန်ပါ့) ဒေါသအနုကလေး ပေါ်လာရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုပါ့မယ် ဘုရား) ဒေါသအနုက ဖြစ်ပျက်။ ရှုတာက- (မဂ်ပါ ဘုရား) မဂ်ဖြစ်သွားတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဒီဣဿာလေးဟာ ဒေါသက္ကဿာလေးဟာ ဒကာ ဒကာမတွေ အပါယ်ချနိုင်သေးရဲ့လား (အပါယ် မချနိုင်တော့ပါ ဘုရား)။
ဪ ဒါဖြင့် မကောင်းတဲ့ တရားကပေမဲ့လည်း ကျုပ်တို့က ဉာဏ်နဲ့အုပ်ပြီး ဖြစ်ပျက်ရှုလိုက်တဲ့အခါ ကျတော့ မဂ်ဉာဏ်ပေးတယ်ဆိုတာ ဒကာကြွယ်တို့ဒကာသစ်တို့ ကျေကျေနပ်နပ် သဘောကျပလား (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ သဒေါသစိတ္တံ ခုနကက္ကဿာ ဆိုတဲ့ ဒေါသနဲ့တကွ ဖြစ်တဲ့စိတ်ကို၊ သဒေါသစိတ္တန္တိ သဒေါသစိတ် ဖြစ်ပြီးပျက်တဲ့ တရားဟူ၍ ပဇာနာတိ မင်းတို့သည်ကား ရှုဖြစ်အောင်ရှုပါကွ (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။
တယ်-သတိထားခဲတယ်ဆိုတာကော ပေါ်ကြပလား (သတိထားခဲပါတယ် ဘုရား) ငါမျက်မုန်းကျိုးတယ် ကွာ ၊ ဟာ ဖြစ်ပျက်ပါလားလို့ လိုက်မိဖို့က အတော်ခက်တယ်နော် (မှန်ပါ့) ဒကာကြွယ် ဒီကရှေ့ မိအောင်ဖမ်းရလိမ့်မယ်နော် (မှန်ပါ့) ဒကာသစ်တို့ကော မိအောင်ဖမ်းရလိမ့်မယ်နော် (မှန်ပါ့)။
အဲ ဒါဖြင့် ဣဿာကဖြစ်ပျက်။ ရှုတာက (မဂ်ပါ ဘုရား) မဂ်ဆိုတော့ ဒကာ ဒကာမတို့ ဒေါသ ဣဿာမစ္ဆရိယက၊ ဒေါသ နောက်က မဂ်ကနေပြီး ဖြတ်လိုက်တဲ့အတွက် ဒေါသပြီးရင် သောက လာတတ်တယ် (မှန်ပါ့ ဘုရား)ဒေါသဣဿာလေးလာပြီး သကာလ သောကက ဒီအတိုင်းဆို ခက်သေးကွာဆိုတဲ့ စိုးရိမ်လုံးက မလာဘူး (လာပါတယ်) ပရိဝေဒဆိုတာ ငါ့သားငါ့သမီးနဲ့ ငါငွေဝင်မမှန်ရင် ခက်ရချည်သေးရဲ့ဆိုတဲ့ မျက်ရည်လေးများ ကော (လာပါတယ် ဘုရား)။
ဒုက္ခဆိုတဲ့ ကိုယ်၏ဆင်းရဲခြင်း၊ အိပ်မပျော်တာတွေကော (လာပါတယ်) စိတ်၏ ဆင်းရဲခြင်း၊ တောင် တွေးမြောက်တွေး တာတွေကော (လာပါတယ် ဘုရား) ဥပါယာသ ဆိုတဲ့ ညတွင်းချင်းတောင်မှ ရင်ပူလာလို့ ရေထသောက်ရတဲ့ ဥပါယာသကော မလာဘူးလား (လာပါတယ် ဘုရား)။
ဖြစ်ပျက်နဲ့မဂ်ကို မရှုလိုက်လို့
အဲဒါ ဖြစ်ပျက်နဲ့မဂ်ကို ဒကာ ဒကာမတွေ မရှုလိုက်လို့ (မှန်ပါ့) ဒါဖြင့် ဣဿာလေး လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်လို့ရှိရင် သောက ပရိဒေဝ ဒုက္ခ ဒေါ မနဿ ဥပါယာသ အဝိဇ္ဇာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အနာဂတ်အကြောင်းတွေ ဘာဖြစ်သွား (ပြတ်သွားတယ်ဘုရာ့) ချုပ်သွားတယ်ဆိုတာ သေချာပလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ကျုပ်အပါယ်ကျမှာတော့ ကြောက်တယ်ဆိုတော့ ဖြစ်ပျက်တော့ မရှုဘူးဆိုရင် အပါယ်ကျ ကြောင်းတွေက တန်းသွားပါတယ် (မှန်ပါ့) တန်းသွားတော့ ကယ်မဲ့လူ ယူမယ့်လူ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ ဆိုတာ ဒေါသစိတ် ဖြစ်ပျက်ရှုလိုက်၊ ဒေါသအနုလေး ဖြစ်ပျက်ရှုလိုက်လို့ရှိရင် သူနဲ့ သဟဇာတ ဧကုပ္ပါဒ ဧကနိရောဓ ဖြစ်တဲ့ ဣဿာတို့ မစ္ဆရိယတို့ပါ ရောချုပ်သွားတယ် (ချုပ်ပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ်ဖြစ်အောင် လုပ်ပါဆိုတာ အန္တရာယ်လည်း ကင်းစေချင်တယ်၊ နိဗ္ဗာန် လည်းရောက်စေချင်လို့ ရှုခိုင်းပါတယ် (မှန်လှပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ အန္တရာယ်ကော (ကင်းချင်ပါတယ်) မကင်းချင်ကြဘူးလား (မှန်ပါ့) နိဗ္ဗာန်ကော (ရောက်ချင်ပါတယ်) ဒါဖြင့် ဣဿာလာတိုင်းလာတိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)။
ဒါဖြင့် အကြံတူ ရန်သူဖြစ်နေကြတာ ဘယ်သူ့သတ္တိထင်ကြ (ဣဿာပါ ဘုရား) (ဝါ) ကုန်တူရင် ရန်သူဆိုတာကော (ဣဿာပါ ဘုရား) ရောင်းကွက်တူရင် ရန်သူဆိုတာကော (ဣဿာပါ ဘုရား) ဟာ ဒကာကြွယ် လူတွေ အားလုံးသော အရောင်းအဝယ်သမားတွေ သေလို့ရှိရင်ဖြင့် အပါယ်သွားကြတယ် (မှန်ပါ့ ဘုရား)။
လက်သည်းပေါ်တင်တဲ့ မြေမှုန့်လောက်သာ သုဂတိသွားတာရှိတယ် ကွ၊ ကျန်တာတွေ မြေမှုန့်နဲ့အမျှ လူတွေက အကုန် အပါယ်သွားတာပဲဆိုတာ အယုံကြီးယုံပြီလား (ယုံပါပြီ ဘုရား)။
ဒီနေရာ သတိထားခဲတယ်
ဒီနေရာ သတိထားခဲတယ်လို့ ဘုန်းကြီးက သတိပေးလိုက်ပါတယ် (မှန်ပါ့) ဒီနေရာ အင်မတန် သတိ မထားခဲဘူးလား (သတိထားခဲပါတယ်) ဒါဖြင့် ဣဿာလာတိုင်း၊ လာတိုင်း၊ ငြူစူမဲ့ကြံတိုင်းကြံတိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုပေးပါ၊ ဖြစ်ပျက်ရှုလိုက်လို့ရှိရင် ဣဿာဟာ ဒေါသပဲနော် ၊ သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာတွေ ဘာဖြစ်သွားပါလိမ့် (ချုပ်သွားပါတယ် ဘုရား)။
ဪ ချုပ်သွားတော့ သူ့ကြောင့် သံသရာစခန်း သတ်ရတယ်လို့ ဆိုချင်လည်း လွဲပါ့မလား (မလွဲပါ) ဒါကြောင့် သိကြားရေ ဘုရားက လူတွေ အန္တရာယ်မကင်းတာဟာကွာ ဘေးမရှင်းတာ မေတ္တာပို့ပါရက်သားနဲ့ ကျန်းမာရေးလည်း လိုက်စားပါရက်သားနဲ့ ဣဿာမစ္ဆရိယကြောင့်ကွ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က အန္တရာယ်မကင်း ဘေးမရှင်းတဲ့ အခါကျတော့ ပရိတ်ရွတ်ကြဦးစို့ဟေ့ ၊ အင်း ဣဿာက ဘယ်အထဲ ရောက်နေ (ဝမ်းထဲပါ ဘုရား) ဣဿာက ဒကာ ဒကာမတို့ သိတဲ့အတိုင်း မနေ့က ပြောခဲ့ပါတယ် ဣဿာအမှိုက်တွေ ခွေးချေးဆိုတဲ့ အန္တရာယ်တွေက လာမယိုပေဘူးလား၊ မစွန့်ပေဘူးလား (လာစွန့်ပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဣဿာမစ္ဆရိယသာ ရှိမယ်ဆို အန္တရာယ်မကင်း ဘူးကွ သိကြားရလို့ ဘုရားဟောတာ ရှင်းပလား (မှန်ပါ့) ရှင်းပြီနော် (မှန်ပါ့ ဘုရား)။
ဒါဖြင့် မေတ္တာလည်း ပို့ပါရက် ကျန်းမာရေးလည်း လိုက်စားပါရက် အန္တရာယ်မကင်း ဘေးမရှင်း ဘာကြောင့် ဖြစ်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ) ရှင်းပလား (မှန်ပါ့) ဒါဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ဘာလုပ်ကြရမယ် (ဖြစ်ပျက် ရှုရပါ့မယ်) ဣဿာမစ္ဆရိယပေါ်တိုင်း ပေါ်တိုင်း (ဖြစ်ပျက်ရှုရပါမယ်) အားမှအားပါ့ဦးမလား (မအားပါ ဘုရား) မအားရင် များလို့ပေါ့ ခင်ဗျားတို့ဟာက ရိပ်မိပလား (မှန်ပါ့) မအားရင် များလို့ဆိုတဲ့ အဓိပ္ပါယ် မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဘုန်းကြီးက ဆုံးမတယ် ခုနက တစ်နံပါတ်တရားကို အမြဲနှလုံးသွင်းနေရင် ဣဿာဆိုတဲ့ တရားဝင်ခွင့် ရပါ့မလား (ဣဿာဝင်ခွင့် မရပါ ဘုရား)။
ဒါကြောင့် ဣဿာလာရင် ဣဿာရှု့၊ ဣဿာ မလာလို့ရှိရင်ဖြင့် ခုနကဟာ စောင့်ရှုတဲ့ ဝိပဿနာတွေကို လက် မလွတ်စေနဲ့ (မှန်ပါ့) သဘောပါကြပလား (မှန်ပါ့ ဘုရား)။
မစ္ဆရိယဆိုတာက
ကောင်းပြီ ဒါဖြင့် မစ္ဆရိယဆိုတာက ဒကာကြွယ်တို့ မနေ့ကလည်း ပြောခဲ့ပါတယ်နော် မစ္ဆရိယဆိုတာက ဒီကုန်ရိပ်ကလေး ဈေးတက်မယ်လို့ ထင်လို့ရှိရင်ပဲ ဖွက်ပြီဗျ (မှန်ပါ့) ဟာ ဘယ့်နှယ်ကြောင့် ဖွက်တာတုန်းလို့ လူနိုင်ယူသွားမှာစိုးလို့ (မှန်ပါ့) ဘယ်လိုကြောင့်ပါလိမ့် (လူနိုင်ယူမှာစိုးလို့ပါ ဘုရား)။
သူ့ပေးချင်တဲ့ သဘောလား မပေးချင်တဲ့ သဘောလား (မပေးချင်တဲ့သဘောပါ) မပေးချင် မစ္ဆရိယပေါ့ ဒကာကြွယ်ရ (မှန်ပါ့) ဒကာသစ် ဘာဆိုပါမယ် (မစ္ဆရိယပါ ဘုရား) သဘောကျပလား (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် မစ္ဆရိယဆိုတာသည်ကား ဆိုလို့ရှိရင် လူနိုင်ကိုလာပြီးသကာလ အတင်းအဓမ္မ ဆွဲမှာ ယူမှာစိုးလို့ ဒီအနားမှာပဲ အဝတ်ဖုံးပြီး ဖွက်လိုဖွက်၊ ဘီရိုထဲမှာသွင်းပြီး သကာလ အထုပ်နဲ့ဖွက်လိုဖွက်၊ ဒါတွေဟာ ဘယ်သဘောတွေထင်ကြ (မစ္ဆရိယပါ) မစ္ဆရိယသဘောတွေနော် (မှန်ပါ့ ဘုရား)။
ကွာ မစ္ဆရိယများ ခင်ဗျားတို့က ကျေးဇူးတင်လိုက်သေးတယ် တစ်နေ့က လူနိုင်လာတယ် ကွ၊ ဒါလေးဖွက်မိလို့ ဒီနေ့တော့ ဒီဈေးလေးက မြင့်လာတော့ ဒါလေး စားလိုက်ရတယ်ဆိုတော့ မစ္ဆရိယက ကျွေးတယ် လို့ ထင်နေတယ် (မှန်ပါ့ ဘုရား)။
စင်စစ်တော့ မစ္ဆရိယက ကျွေးတာလား ရန်သူခေါ်တာ (မှန်ပါ့ ဘုရား) ဟိုပုဂ္ဂိုလ်က ငါ သွားတဲ့အခါကျမှ ဒီအခြေအနေ သေတ္တာထဲလည်း မြင်ခဲ့သားကွ အပြောအဆိုခက်လို့ ငါအသာပြန်ခဲ့ရတယ် ငါတော့ တယ်ပြီးသကာလ ဖေါက်သည်သာ ပျက်တော့ လုပ်ပြီကွ မကျေဘူးကွ နော်ဆိုတဲ့ ရန်သူဟာ ပေါ်မလာဘူးလား (ရန်သူပေါ်ပါတယ် ဘုရား)။
ဒါဘယ်သူ့ကြောင့် ရန်သူပေါ်လာသလဲ (မစ္ဆရိယ ကြောင့်ပါ) အဲဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တာက ကိုယ့်ကိုယ်မေတ္တာလည်းပို့ပါရက်၊ ကျန်းမာရေးတွေလည်း လိုက်စားပါရက် ဘယ့်နှယ်ကြောင့် အန္တရာယ်မကင်း ဘေးမရှင်း ဖြစ်ရသတုန်းဆိုတော့ သိကြားကမေးတော့ ဘုရားက ဘယ့်နှယ် ဖြေလိုက်တယ် (ဣဿာမစ္ဆရိယကြောင့် ပါ ဘုရား)။
တရားနှစ်ခု လာတိုင်းဖြစ်ပျက်ရှု
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မနေ့ကစပြီး သကာလ ဤတရားနှစ်ခု လာတိုင်းလာတိုင်း တဲ့၊ ဣဿာလာလည်းဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား) မစ္ဆရိယဆိုတာလည်း ဝန်တိုတဲ့သဘော (မှန်ပါ့) အဲဒါလာရင် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယက ကိုယ့်စည်းစိမ်လျှို့ဝှက်တာ (မှန်ပါ့) လျှို့ဝှက်တော့ ကိုယ့်စည်းစိမ် မပေးချင်တာပဲ (မှန်ပါ့) လောဘက သိမ်းဆည်းတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဣဿာလာတော့ ဒေါသ ၊ မစ္ဆရိယ လာတော့ လောဘ (မှန်ပါ့) ဒါဖြင့် လောဘလာလည်း ဘာ လုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) ဒေါသလာကော (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်သာရှုပေးပါ၊ ဒကာ ဒကာမတို့ နေရာကျပါလိမ့်မယ်ဆိုတာ၊ သဘောကျပလား (မှန်ပါ့) ကိုင်း ဒကာကြွယ် ကျေနပ်ပလား (မှန်ပါ့) ဒါက မနေ့က မနာရသေးတဲ့ ပုဂ္ဂိုလ်များအတွက် ဟောပါတယ် (မှန်လှပါ ဘုရား)။
တချို့ ဒကာကြွယ်ရေ ဒကာသစ်တို့ အိမ်တောင် လာမီးရှို့ချင်တယ်၊ ဒီလောက် ဣဿာမစ္ဆရိယများတာကွာ ငါ လူမိုက်တော့ ပိုက်ဆံပေးပြီး ခိုင်းလိုက်ဦးမယ်ဆိုပြီး ဣဿာမစ္ဆရိယသဘော နဲ့ လူမိုက်ပိုက်ဆံပေးခိုင်းလို့ မီးရှို့ခံရတာတွေကော မကြားဖူးဘူးလား (ကြားဖူးပါတယ် ဘုရား) အဲဒီတော့ အိမ်ရှင်က ဘယ်လိုကံ မကောင်း အကြောင်းမသင့်တော့ ခံရတာပဲ အံမယ်လေး ကံအပေါ် ချတယ်၊ ရှို့တာက ဘယ်သူကရှိတာပါလိမ့် (လူမိုက်ကပါ ဘုရား) ရှို့တာက ဣဿာမစ္ဆရိယက ပျို့တာ၊ ဒကာကြွယ်တို့က ဘယ်အပေါ် လွှဲချလိုက်ပါလိမ့် (ကံအပေါ် လွှဲချပါတယ်) ကံများ ခေချင်တော့ဘုရား ကျုပ်တို့အိမ်မှာ မတရားသဖြင့် လာပြီး မီးရှို့သဖြင့် လာပြီး အိမ်ဖျက်လာတယ်၊ မတရားသဖြင့် လာပြီး အိမ်ပုလိပ်တွေ အရှာခိုင်းတယ် (မှန်ပါ့ ဘုရား)။
အင်း ဒကာ ဒကာမတို့ ကံခေလို့လား ဣဿာမစ္ဆရိယ ကြောင့်လား (ဣဿာမစ္ဆရိယပါ) အဲဒီ မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခွဲမလွဲစေပါနဲ့ (မှန်ပါ့) ကံခေလို့လား ဣဿာမစ္ဆရိယက အကာလိကောဆိုပြီး အခါမလင့် အကျိုးပေးတာလား (အကျိုးပေးတာပါ ဘုရား) သဘောကျပလား (မှန်ပါ့ ဘုရား)။
ဣဿာမစ္ဆရိယက အခါမလင့် အကျိုးပေးတယ်ဆိုတော့ ဒကာ ဒကာမတွေ ရှင်းပြပါဦးမယ် (မှန်ပါ့) ဇော ခုနစ်ကြိမ်၊ ဣဿာဆိုတဲ့ ဒေါသဇောဟာလည်း ခုနစ်ကြိမ်ပဲ၊ မစ္ဆရိယဆိုတဲ့ လောဘဇောကကော – (ခုနစ်ကြိမ်ပါ) ပထမဇောထဲပါတဲ့ စေတနာဟာ ခုနစ်ရက်၊ ခုနစ်လအတွင်း အကျိုးပေးရမယ် သဘောကျပလား (မှန်ပါ့)။
ပထမဇောထဲပါတဲ့ စေတနာ
ပထမဇောထဲပါတဲ့ စေတနာဟာ (ခုနစ်ရက်၊ ခုနစ်လအတွင်း အကျိုးပေးပါတယ်) ဒါဖြင့် အကာလိကော ခုနစ်ခါ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ကံမကောင်း အကြောင်းမသင့်လို့လား တဲ့၊ ဣဿာ မစ္ဆရိယက အကာလိက လုပ်တာလား (ဣဿာမစ္ဆရိယက အကျိုးပေးတာပါ ဘုရား)။ အို ဒီတစ်လုံး နားလည် လိုက်ရတာကို ဒကာ ဒကာမတွေ သေပျော်ပြီလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှေးက ကံပေါ်ချည်း ချနေကြတယ် အခုတော့ ကံ အလုပ်ဆိုမလား ဣဿာမစ္ဆရိယအလုပ်များတာလား (ဣဿာမစ္ဆရိယ လုပ်တာများပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မစွဲကောင်းတာ စွဲတဲ့အတွက်၊ ကံမဟုတ်ဘဲနဲ့ ကံအလုပ်ကို စွဲလိုက်တဲ့အတွက် ကမ္မဝါဒီဒိဋ္ဌိ (မှန်ပါ့) ဘယ်အထဲ ရောက်သွား (ကမ္မဝါဒီဒိဋ္ဌိပါ) ဒါဖြင့် ဒိဋ္ဌိ ဖြင့် အပါယ်လွတ်ပါ့မလား (အပါယ်မလွတ်ပါ ဘုရား)။
ကဲ ဘယ်လောက်ကြောက်စရာကောင်းလဲ (မှန်ပါ့) ခင်ဗျားတို့ အိမ်လည်းမီးရှို့ခံရသေးတယ် ဒိဋ္ဌိစွဲ ချက်မှားလို့လည်း အပါယ်ရောက်ရသေးတယ် (မှန်ပါ့) နာလိုက်တဲ့ ဖြစ်ခြင်း၊ ဒကာကြွယ်ရေ မနာဘူးလား (နာပါတယ် ဘုရား)။
ဣဿာမစ္ဆရိယကြောင့် ရှေးဦးစွာ ဘာခံရသလဲ (မီးရှို့ ခံရပါတယ်) အိမ်မီးရှို့ခံရတယ်၊ ကံပေါ် စွဲလိုက်တဲ့အတွက်၊ ကံ မကောင်းလို့ ဖြစ်ရလေခြင်းလို့ စွဲလိုက်တဲ့အတွက် ဘယ်ရောက်သွား (အပါယ်ရောက် ပါတယ် ဘုရား)။
ဒိဋ္ဌိဖြစ်သွားတော့ ဒိဋ္ဌိဆိုတာ အပါယ်လေးပါးသွားတဲ့ တရား၊ သဘောကျပလား (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ အိမ်မီးရှို့ခံရတာ ဘယ်သူ့ကြောင့် (ဣဿာကြောင့်ပါ) အစွဲလွဲလို့ ဘယ်ရောက်သွား (အပါယ်ပါ ဘုရား)။
ပစ္စုပ္ပန်ရှုံး သံသရာမှာ မရှုမလှခံရ
ဒါဖြင့် ပစ္စုပ္ပန်ရှုံး သံသရာမှာ မရှုမလှခံရဆိုတော့ တရားနားမလည်မှုလောက် ဆုံးဝါးတာ ဒကာသစ် တို့ ဦးလှဘူးတို့ ရှိသေးရဲ့လား (မှန်ပါ့ ဘုရား)။
ဒါကြောင့် ကမ္မဝါဒီဒိဋ္ဌိကိုလည်း ယနေ့ပယ်လိုက်ပါတယ် ဘာပယ်လိုက်ပြန်လဲ (ကမ္မဝါဒီဒိဋ္ဌိပါ) ကံအလုပ်ဟာ အင်မတန် ရှင်းပါတယ်နော် (မှန်ပါ့) ကဲ ဒါဖြင့် ဣဿာ လာတယ်ဆိုရင်လည်း ဣဿာ ဖြစ်ပျက်ရှု – (မှန်ပါ့) ဣဿာ လာတာ မသိလို့ရှိရင်လဲ ဒေါသရှုလိုက်လည်း ပြီးတာပဲ (မှန်ပါ့ ဘုရား)။
မစ္ဆရိယဆိုတာ လောဘ ကိုယ့်ပစ္စည်းရှို့ဖွက်တာကိုဗျ (မှန်ပါ့) လူလာမှ ဟိုလာလေးနဲ့ဖုံး ဒီဟာလေးနဲ့ဖိ ဟိုဟာလေးနဲ့ဝှက် ကိုယ်လေးနဲ့ကာကွယ်လိုက် အဝတ်ကလေးနဲ့ ဖုံးလိုက်၊ ဟုတ် လား ဒီလိုကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဥပမာမယ် လက်ကောက်ကလေးဝတ်ထားဦးတော့ ဒကာ ဒကာမတို့ အင်္ကျီထဲသွင်းလိုက်၊ မတော်သူက မင်္ဂလာဆောင် ရှိလို့ ငှားရင်ခက်ချည်ရဲ့ (မှန်ပါ့) မငှားလည်း မကောင်းဘူး တစ်ခါတည်း ဖွက်လိုက်တဲ့အဖွက် ကိုယ့်ဟာကိုယ် ဖွက်ပြီးသကာလ ဖွက်တာက မစ္ဆရိယ (မှန်ပါ့ ဘုရား)။
ဟိုက အရင်တုန်းက သူ့ ရှိပါရက်သားနဲ့ အခုမမြင်ခဲ့ ဘူး ကျုပ်မငှားချင်လို့ သက်သက်ပဲဆိုပြီး သကာလ ဟိုက အန္တရာယ်တွေ မပြုချင်ပေဘူးလား (အန္တရာယ်ပြုချင်ပါတယ် ဘုရား)။
အဲဒါ ဘယ်သူ့ကြောင့် ဒီအန္တရာယ်တွေ ပေါ်လာပါလိမ့်မလဲလို့ ဒကာ ဒကာမတွေက တွေးစမ်း (မစ္ဆရိယကြောင့်ပါ) ဒါဖြင့် အကာလိကော ဟုတ်မဟုတ် (မှန်ပါ့) ကံမကောင်းလို့ ဖြစ်ရတာလား မစ္ဆရိယကြောင့် ဖြစ်ရတာလား (မစ္ဆရိယ ကြောင့်ပါ) မစ္ဆရိယဆိုတာ တရားကိုယ် ကောက်လိုက်တဲ့အခါကျ တော့ကို တဲ့၊ ဒကာ ဒကာမတို့ သူ့အပေါ် မကျေနပ်တဲ့ ဒေါသလည်း ပါပါတယ် (မှန်ပါ့ ဘုရား)။
သူ့မပေးချင်တဲ့ လောဘကလဲ (မှန်ပါတယ်) သဘောပါပလား (မှန်ပါ့) အဲဒါကြောင့် ဒကာ ဒကာမတွေ ဣဿာ လာဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) သံသရာမပြတ် ဘူးလား (ပြတ်ပါ တယ် ဘုရား) မစ္ဆရိယလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) သံသရာမပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
အဲဒီသံသရာပြတ်ချင်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ယနေ့တရားတစ်လုံး အထူးဘဲ ပြောလိုက်ပါမယ် (မှန်ပါ့) ရှုစရာ မရှိဘူးလို့ ဒကာ ဒကာမတွေ တရားတစ်ပွဲလုံးက မဆိုလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။
ဧဟိပဿိကောလို့ မှတ်လိုက်
ဣဿာပေါ်လာတာလည်း ဧဟိပဿိကောလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) မစ္ဆရိယပေါ်လာတာကော (ဧဟိပဿိ ကောပါ) ဧဟိ လာခဲ့၊ ပဿ ငါ့ကိုရှုပါ၊ ဟော ဣဿာက ငါ့ကိုရှုပါခိုင်းတယ် (မှန်ပါ့) မစ္ဆရိယကကော (ငါ့ကိုရှုပါ ခိုင်းပါတယ်) ဧဟိ-လာခဲ့၊ ပဿ-ရှုပါလို့ သူတို့က ရှုခိုင်းတယ် (မှန်လှပါ ဘုရား)။
ခင်ဗျားတို့က မရှုမိဘူး၊ မရှုမိတော့ ကဲ ငါတို့က ရှု ခိုင်းပါရက်သားနဲ့ သူတို့က မရှုဘူးဆိုရင် ငါတို့က ပဋိစ္စသမုပ္ပါဒ် ကျေးဇူးပြုလိုက်မယ် ဆိုပြီးသကာလ ဒေါသကလည်း သောက ပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ အဝိဇ္ဇာ သင်္ခါရကျအောင် မလုပ်လိုက်ဘူးလား (လုပ်ပါတယ် ဘုရား)။
ဘယ့်နှယ့်ကြောင့် သူတို့က ဒီလောက် ရမ်းထွက်သွားပါ လိမ့်မတုန်းဆိုတော့ သူတို့ခေါ်တာ မရှုမိလို့ (မှန်ပါ့) သေသေချာချာ မှတ်မိကြပလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဣဿာက ဒကာ ဒကာမတို့ ဧဟိ-လာခဲ့ပါ၊ ပဿ- ကျုပ်ကိုရှုပါ၊ ဖြစ်ပျက်ရှုပါလို့ခေါ်တာ (မှန်ပါ့) ဧဟိက ဘာပါလိမ့် (လာပါ) ပဿက (ရှုပါ) ဒါဖြင့် သူတို့က အရှုခေါ်တာမဟုတ်လား (မှန်ပါ့) ခင်ဗျားတို့က ရှုမိရဲ့လား (မရှု မိပါ ဘုရား) မရှုမိ တို့က ရမ်းမကွ (မှန်ပါ့ ဘုရား)။
မရှုမိရင် ဣဿာက ရမ်းမယ်၊ ရမ်းတဲ့အခါကျတော့ ဣဿာက ဒေါသအနုလေး ဖြစ်နေတော့ ဒေါသပြီး သောကထိအောင် သူ့ကို တစ်ခါတည်း ရင်ထဲကို ပူအောင်လုပ်လိုက်မကွဆိုပြီး သကာလ ဒကာ ဒကာမတို့ ဒေါသက သောကမလုပ်လိုက်ဘူးလား (လုပ်လိုက်ပါတယ် ဘုရား)။
သောကကလည်း မနေတော့ဘူးကွ၊ ငါ့ရှု မရှုဘဲ သူမျက်ရည်ကျအောင် လုပ်မကွ (မှန်ပါ့) ပရိဒေဝကို ကျေးဇူးမပြုလိုက်ဘူးလား (မှန်ပါ့) ပရိဒေဝကလည်း ရှုတုန်းက ရှုပါဆိုတော့မှ မရှုမှမရှုဘဲ သူငိုကြွေးရုံတင်မကဘူး ကိုယ်ပါ ဆင်းရဲအောင် လုပ်လိုက်မကွ (မှန်ပါ့ ဘုရား)။
ရှုပါ ခိုင်းတဲ့ဥစ္စာ သူရှုမှ မရှုဘဲ
ဪ ပရိဒေဝက ဒုက္ခကျေးဇူးပြုလိုက်တယ် ဒုက္ခကလည်း သူရှုပါခိုင်းတဲ့ဥစ္စာ ဣဿာရှုပါ မစ္ဆရိယရှုပါ ခိုင်းတဲ့ဥစ္စာ သူရှုမှ မရှုဘဲဆိုပြီးသကာလ ပြင်းစွာပင်ပန်းအောင်လဲ ကျေးဇူးပြုလိုက်တယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစားကြပါတော့တဲ့၊ ဧဟိပဿိကော မလိုက်မိလို့ သူတို့က ထင်သလိုရမ်းလို့ ကျုပ်တို့သံသရာ အပါယ်ငရဲထဲမှာ အမြုပ်ကြီး မြုပ်ပြီး အမျော ကြီးမျောတယ် (မှန်လှပါ ဘုရား)။
ဒါ ဘာမလိုက်မိလို့ပါလိမ့် (မှန်ပါ့) ဧဟိပဿိ ကော မလိုက်မိလို့ (မှန်ပါ့) ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (ဧဟိပဿိကော မလိုက်မိလို့ပါ) ဒကာကြွယ်တို့က ဧဟိ ပဿိ ကော ဩပါနေယျကောနဲ့ ဘုရားရှေ့သာ ရွတ်နေတာကို (မှန်ပါ့) ဘုရားရှေ့သာ ရွတ်နေတာ လုပ်ရမယ့် အလုပ်ကယ်လို့ သိရဲ့လား (မသိပါ ဘုရား)။
သောက်ဆေး၊ လိမ်းဆေးလုပ်နေတာ
ဪ ခင်ဗျားတို့ သောက်ဆေး၊ လိမ်းဆေးလုပ်နေတာကို (မှန်ပါ့) ဘယ့်နှယ်လုပ် (သောက် ဆေးကို လိမ်းဆေးလုပ်ပါတယ်) ဘယ်တော့ ဒီဝေဒနာပျောက်ပါ့မလဲ (မပျောက်ပါ) ဒီကရှေ့ သောက်ဆေး သောက်ဆေးလုပ်စမ်းပါ (မှန်ပါ့) ဣဿာလာလဲ ဘာလုပ်ရမယ် (ရှုရပါမယ်) ဣဿာက ဧဟိ-လာခဲ့ ပဿ-ရှုပါ (မှန်ပါ့) သောက်ဆေးလုပ်ပါကွ၊ ဝမ်းထဲရောက်အောင်လုပ်ပါ (မှန်လှပါ ဘုရား)။
ဝမ်းထဲ မဂ်ပေါ်အောင် လုပ်ပါလို့ သူက မပြောဘူးလား (ပြောပါတယ်) အဲ သူကပြောတာ ခင်ဗျားတို့က လိမ်းဆေးလုပ်ပြီး ရှောက်သာရွတ်နေ သဘောကျပလား (မှန်ပါ့ ဘုရား)။
သောက်ဆေးက ဘာဆေးလုပ်နေ (လိမ်းဆေးလုပ်နေပါတယ်) ဒကာကြွယ် ဝမ်းထဲသောက်မှ ပျောက်တဲ့ဆေး လိမ်းဆေးလောက်နဲ့တော့ ခရီးပေါက်ပါ့မလား (မပေါက်ပါ) ဒါဖြင့် ဒီကရှေ့၊ ဒကာ ဒကာမတို့ ဘုရားရှေ့မှာတော့ တရားဂုဏ်တော်တွေ ရွတ်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ကိုယ်တိုင် အားထုတ်တော့မယ်လို့ဆိုလို့ရှိရင် လာတဲ့တရား ဖမ်းရှုပါ။ ဒါမှ ဧဟိပဿိကော ဖြစ်တယ်၊ သဘောကျပလား (မှန်လှပါ ဘုရား)။
လာတဲ့တရားဘာလုပ်ရမယ် (ရှုရပါမယ်) ဖမ်းရှုတော့ ခင်ဗျားတို့က လာတဲ့တရားက အရှုခံလာတာကိုးဗျ၊ သဘောကျ ပလား (မှန်ပါ့ ဘုရား) လာတဲ့တရားက ဘာလုပ်လာပါလိမ့် (အရှုခံပါ ဘုရား) အရှုခံလာတဲ့ တရားက သူ့ဂုဏ်က တရားဂုဏ်တော်ထဲမှာ သွားကြည့် အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဒီအတိုင်း ဧဟိ လာခဲ့ပါ၊ ပဿ-ရှုပါ (မှန်ပါ့ ဘုရား)။
ဣဿာကလည်း ငါ့ရူ ငါ့ရှု မခိုင်းဘူးလား (ခိုင်းပါတယ်) အဲဒီတော့ ခင်ဗျားတို့ဟာက ကျောထဲမှာ ဂျပိုးလေးက ကိုက်နေတယ်၊ ဂျပိုးတော့ မိအောင် ဖမ်းနိုင်တယ် (မှန်ပါ့) တယ် လက်စွမ်းကောင်း၊ ဧဟိပဿိကော ကျတော့ ဒီဣဿာလေးက ဝမ်းထဲပေါ်နေတာ၊ ဒါလေးဉာဏ်နဲ့ရူပါဆိုတော့ မိအောင်မဖမ်းနိုင်ဘူး (မဖမ်း နိုင်ပါ ဘုရား)။
ဂျပိုးဖမ်းလည်သလောက် တရားဖမ်း မလည်ပါလား
ဪ ဖြစ်မှဖြစ်ရလေ၊ ဒကာ ဒကာမတွေ ဂျပိုးဖမ်းလည်သလောက် တရားဖမ်း မလည်ပါလား၊ ရိပ်မိပလား (မှန်ပါ့ ဘုရား) ဂျပိုးဖမ်းတော့ (လည်ပါတယ်) ဒကာကြွယ်ကြီးတို့ အသက်ကြီးလှပြီ ဂျပိုးဖမ်း သာလည်တယ်။ တရားဖမ်းမလည်ဘူး (မှန်လှပါ ဘုရား)။
အင်မတန် မနစ်နာဘူးလား (မှန်ပါ့) ဂျပိုးဖမ်းက မှောင်ထဲဖမ်းတောင်ရတယ်၊ ဒီတရားလေး မှောင်ထဲ ဖမ်းရင်ကောတော့ (ရရပါမယ် ဘုရား) ဘယ်တော့မှ ဆရာနည်းက မရတော့ ကိုယ့်မှာ ဒီလိုဖမ်းရလိမ့်မယ် မသိဘူး (မသိပါ ဘုရား)။
ကဲ ဒီကရှေ့ဖြင့် ဘယ်တရားပေါ်ပေါ် ပေါ်တဲ့တရားက ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုပါလို့ ခေါ်တာချည်း မှတ်လိုက်ကျပလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကောင်းတဲ့တရားကလည်း ဧဟိပဿိ သဘောကောပဲ၊ သူ့ ရှုပါခိုင်းတာပဲ၊ ဆိုးတဲ့တရား ကလည်း ဧဟိပဿိကောပဲ သူရူပါခိုင်းတာပဲ (မှန်ပါ့) ဒါကြောင့် ဘုရားက ကြည့်ပါလား၊ လောဘစိတ်လည်း ရှုကွ၊ ဒေါသစိတ်လည်း ရှုကွ ၊ ကုသိုလ် စိတ်ကော (ရှုရပါမယ်) ဘယ်ဟာ မရှုနဲ့လို့ ပါသေးလား (မပါပါ ဘုရား)။
သို့သော် ခင်ဗျားတို့က ကုသိုလ်မှ ရှုကောင်းတယ် အောက်မေ့နေတယ် အကုသိုလ်တွေကျတော့ မရှုကောင်း ဘူး ထင်တော့ အကုသိုလ်တွေက ရွဲ့တာပေါ့ (မှန်လှပါ ဘုရား)။
ကဲ သံသရာမြုပ်ကြကွာ မျောကြကွာ ၊ ငါတို့ကဆက်ပြီး ပဋိစ္စသမုပ္ပါဒ်နဲ့ ဒုတိယဘဝ ဆက် ပေးလိုက်မယ်ကွာ အကုသိုလ်တွေက ရွဲ့မသွားဘူးလား (ရွဲ့ပါတယ်) အဲဒါ ခင်ဗျားတို့က ဧဟိပဿိကော မလုပ် လို့ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါတယ်) ကဲ တော်လောက်ပါပြီ သည်လောက်ဆို သိပြီ (မှန်လှပါ ဘုရား)။
ဣဿာ မစ္ဆရိယ မရှုမိလို့
သိကြားမင်းက အရှင်ဘုရား တဲ့၊ လူတွေ အန္တရာယ်မကင်း ဘေးမရှင်းမေတ္တာပို့ပြီး နေကြသော်လည်း အန္တရာယ်မကင်း ဘေးမရှင်းနဲ့၊ ဒါတော့ တပည့်တော် ရိပ်မိပါပြီ၊ အဲဒီဣဿာ မစ္ဆရိယ မရှုမိလို့ အန္တရာယ်မကင်း ဘေးမရှင်းတာ တပည့်တော် သိပြီးသား၊ အလွန်ကျေနပ်ပါတယ်ဘုရား (မှန်ပါ့ ဘုရား)။
ဘုရား မပွင့်ခင်တုန်းက တပည့်တော် ဆရာတွေ အကုန် ရှောက်ပြီးမေးပါတယ်၊ တစ်ယောက်မှ ကျေနပ်လောက်အောင် မဖြေနိုင်ဘူးတဲ့ (မှန်ပါ့) အဲဒါကြောင့် အခု ဘုရားသာသနာ တရားဆိုတာ ယုံကြည်ပလား (ယုံကြည်ပါတယ် ဘုရား)။
ဣဿာလာ ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာ (ဖြစ်ပျက်ရှုရပါ့မယ်) ခင်တဲ့စိတ် ကလေးလာ (ဖြစ်ပျက်ရှုပါ့မယ်) ကုသိုလ်ပြုချင်တဲ့ စိတ်ကလေးလာရင် (ဖြစ်ပျက်ရှုပါ့မယ်) အကုန်ရှု အကုန်ရှူ (မှန်ပါ့) ရှုတဲ့အခါကျတော့ ဖြစ်ပျက်က အနိစ္စရှုတာက မဂ္ဂ၊ သေတာက သမုဒယ၊ ရတာက နိရောဓ (မှန်ပါ့) သဘောကျပလား (မှန်ပါ့ ဘုရား)။
လုပ်ကြစမ်းပါ ဒကာ ဒကာမတို့ ဘုန်းကြီးကလည်း အသက်ကြီးပြီ၊ ဒကာ ဒကာမတွေကလဲ (အသက်ကြီး ပါပြီ) ဪ သေခါနီးချင်း ကယ်နေရတာ (မှန်ပါ့) ဘယ်လိုဆိုကြပါလိမ့်မယ် (သေခါနီးချင်းပါ) သေခါနီးချင်းကယ်တော့ တာရှည်တော့ ကယ်နိုင်ကြမှာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
ယနေ့အချိန် အကောင်းဆုံး
ယူတဲ့ပုဂ္ဂိုလ်ကလည်း ယူနိုင်ပါ့မလား (မှန်ပါ့) ပေးတဲ့ပုဂ္ဂိုလ်ကလဲ (တာရှည်၊ မပေးနိုင်ပါ) ဒါဖြင့် ယနေ့အချိန် အကောင်းဆုံး (မှန်ပါ့) ဘယ်လိုဆုံးဖြတ်ချက်ချမယ် (ယနေ့အချိန် အကောင်းဆုံးပါ) ယနေ့ပေးတယ်၊ ယနေ့ယူတယ်ဆိုတာ အကောင်းဆုံးပဲ ၊ မနက်ဖြန် ဒီတရား ရှိချင်မှရှိမယ် (မှန်ပါ့ ဘုရား)။
နက်ဖြန် ဒီဒကာ ဒကာမတွေကော (ရှိချင်မှရှိမှာပါ) ရှိချင်မှရှိမယ်၊ သမုတိသစ္စာနယ်ကတော့ မရှိနိုင် ဘူး (မှန်ပါ့) ဖြစ်နိုင်ပါတယ်ဆိုတာ သဘောကျပလား (သဘောကျပါတယ် ဘုရား) ကိုင်း ဒါဖြင့် တရားကိုလည်း မဆွဲပါဘူး ဒကာ ဒကာမတို့ နားလည်မှုကြောင့်သာ ကြာကြာသွားတာ (မှန်လှပါ ဘုရား)။
သိကြားက ဆက်မေးတယ်၊ ကောင်းပြီ ဘုရားတပည့်တော် အင်မတန်မှ ရှင်းသွားပါပြီ တဲ့၊ လူတွေဟာ အန္တရာယ်မကင်း ဘေးမရှင်းတာ ဣဿာမစ္ဆရိယ ဝမ်းထဲမှာ ဝိပဿနာဉာဏ်နဲ့ မရှုလို့ အန္တရာယ် မကင်းတာကို ဆိုတာကို တပည့်တော် ချာချာသိပြီ (မှန်လှပါ ဘုရား)။
အဲဒီ ဣဿာမစ္ဆရိယဟာ အကြောင်းမဲ့လာသလား ဘုရား၊ အကြောင်းကြောင့် လာသလား ဘုရားဆိုပြီး ပဋိစ္စသမုပ္ပာဒ် ကောက်မေးတယ် (မှန်ပါ့) ဘာကောက်မေးပါလိမ့် (ပဋိစ္စ သမုပ္ပာဒ်ပါ) ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ချစ်ခြင်း မုန်းခြင်းကလာတာ
ပဋိစ္စသမုပ္ပါဒ် ကောက်မေးတဲ့အခါကျတော့ သိကြား သေသေချာချာ မှတ်ကွ ၊ ဣဿာမစ္ဆရိယ ဟာ အကြောင်းရှိတယ်ကွ ချစ်ခြင်း မုန်းခြင်းကလာတာ (မှန်ပါ့) ဘယ်ဘက်ကလာပါလိမ့် (ချစ်ခြင်း မုန်းခြင်းကပါ) ဣဿာမစ္ဆရိယ ဘယ်ကလာပါလိမ့် (ချစ်ခြင်းမုန်းခြင်းကပါ) ဒကာကြွယ် နေရာကျပြီနော် (မှန်ပါ့ ဘုရား)။
တစ်သက်မှ တစ်ခါနာရတဲ့ တရားဖြစ်နေလို့ မမေ့ပါနဲ့ (မှန်ပါ့) ကျုပ်မကောင်းတဲ့ စိတ်တွေ ဘယ်ကများ လာမှန်းမသိဘူး နောက် ဒီအညည်း မညည်းနဲ့ ခင်ဗျားတို့ ညည်းလေ့ရှိတာ အခုတော့ သိပြီ၊ (သိပါပြီ ဘုရား)။
ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်း (ချစ်ခြင်း မုန်းခြင်းကပါ) ချစ်ခြင်းမုန်းခြင်းက လာတယ်ဆိုတော့ ချစ်ခြင်းက လောဘ၊ မုန်းခြင်းက (ဒေါသပါ) ဟော ဣဿာမစ္ဆရိယ၏ လက်သည် (မှန်လှပါ ဘုရား)။
ဘယ်ကလာတာတဲ့တုန်း (ချစ်ခြင်း မုန်းခြင်းကပါ) ရှင်း ကြပလား (မှန်ပါ့) ဘယ်ကလာပါလိမ့် ( ချစ်ခြင်း မုန်းခြင်းကပါ) ချစ်ခြင်းမုန်းခြင်းက လာတယ်ဆိုတာ သေချာပလား (မှန်ပါ့ ဘုရား) အရှင်ဘုရား တဲ့၊ ချစ်ခြင်းကလာတယ်ဆိုတာ အရှင်ဘုရားက ခပ်ကျဉ်းကျဉ်းဟောတော့ တပည့်တော်မှာလည်း ပုထုဇဉ် သိကြားဖြစ်နေတော့ ရှင်းပေးပါဦးဆိုတော့ ဒကာကြွယ် ရှင်းပေးလိုက်ပါတယ် (မှန်လှပါ ဘုရား)။
ချစ်တဲ့ပုဂ္ဂိုလ် ဒကာကြွယ် သမီးလေး ချစ်တယ် ဆိုကြပါစို့ (မှန်ပါ့) ဟို ြြုဖုန်းတဲ့ သုံးတဲ့ပုဂ္ဂိုလ်တွေ က ကြွားစရာ ဝါစရာမတွေနဲ့ ဖြီးလိမ်းပြီး ပြုပြင်ပြီး ခေတ်ပေါ်ပစ္စည်းတွေ ဆင်နိုင်သရွေ့ဆင် ဝတ်နိုင်သရွေ့ဝတ် တဲ့ ပုဂ္ဂိုလ်နဲ့ ဒကာကြွယ်သမီးနဲ့ ပေါင်းတယ် (မှန်ပါ့) ဒကာကြွယ် ကျေနပ်ပါ့မလား (မကျေနပ်ပါ ဘုရား)။
ဘာဖြစ်လို့ မကျေနပ်တာတုန်းလို့ မေးတဲ့အခါ သမီးချစ်လို့ ပျက်သွားမှာစိုးလို့ (မှန်ပါ့) ချစ်ခြင်းကြောင့် ဟိုပုဂ္ဂိုလ်လာတာ ကျေနပ်ရဲ့လား (မကျေနပ်ပါ) မကျေနပ်တော့ ဣဿာလာတယ် (မှန်လှပါ ဘုရား)။
အင်း ချစ်ခြင်းကြောင့် ဘာဖြစ်ပါလိမ့် (ဣဿာ ဖြစ်ပါတယ်) ပေါ်ပလား (မှန်ပါ့) ဒါ လူကြီး စကားလား ဒကာ ဒကာမတို့ လူကြီးအပါယ် သွားနေတာလား ဗျာ (အပါယ်သွားနေတာပါ) လူကြီး အပါယ်သွားနေတာ လျှော့ဈေး မလုပ်ပါနဲ့ (မှန်လှပါ ဘုရား)။
လျှော့ဈေးမလုပ်ပါနဲ့ ချစ်တဲ့ပုဂ္ဂိုလ်ကို ဥပမာမယ် – ဒကာကြွယ် သမီးဖြစ်စေ၊ ဥပမာ ဒကာသစ်တို့၏ သားဖြစ်စေ ဟုတ်လား ကြွားတတ်တဲ့ ဝါတတ်တဲ့ ပုဂ္ဂိုလ် ရှိသရွေ့ အကုန် သုံးဖြုန်းပြီးသကာလ နေတတ်တဲ့ ပုဂ္ဂိုလ်နဲ့ ဒကာသစ် သားနဲ့ပေါင်းတော့ ဒကာသစ်ကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)။
ကိုယ့်သား မကျေနပ်တာလား တစ်ပါးသော ပုဂ္ဂိုလ်မကျေနပ်တာလား (တစ်ပါးသောပုဂ္ဂိုလ်ပါ) ဘယ့်နှယ့်ကြောင့် ဟိုပုဂ္ဂိုလ် မလာစေချင်ပါလိမ့်မလဲ (သားချစ်လို့ပါ) ကိုယ့်သား ချစ်ခြင်းကြောင့် (မှန်လှပါ) ချစ်ခြင်းကြောင့် ဣဿာဖြစ်သွားတယ် ရိပ်မိပလား (မှန်လှပါ ဘုရား) ရှင်းကြပြီနော်
ချစ်ခြင်းကြောင့် ဘာဖြစ်ပါလိမ့် (ဣဿာပါ ဘုရား) ချစ်ခြင်းကြောင့် ဣဿဖြစ်တယ်ဆိုတာ သေချာပြီလား (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ချစ်တဲ့စိတ်ကလေး လောဘစိတ်ပေါ့ဗျာ မြန်မြန်ဖြစ်ပျက်ရှု – (မှန်ပါ ဘုရား)။
မရှုမိရင် ဣဿာလာတော့မယ် (မှန်ပါ့) မရှုမိရင် (ဣဿာလာပါတယ်) အဲဒါက သတိပဋ္ဌာန် ပါဠိတော်ထဲမှာလည်း ပါပြီးသားဖြစ်၊ သိကြားမေးတဲ့ အထဲမှာလည်း အဖြေက ဘုရားက ဖြေပြီးသားလို့ ရှင်းပြီးသား လင်းပြီးသား ဖြစ်သောကြောင့် ချစ်ခြင်းကြောင့် ဣဿာဖြစ်တယ်၊ သဘောကျပလား (မှန်လှ ပါ ဘုရား)။
ဒီကုန်လေး ကိုယ်က အင်မတန် မြတ်နိုးနေတဲ့ ကုန်လေးတစ်ခုရှိတယ်၊ ဒီကုန်လေးနားကို အဝယ်က ကပ်လာရင်ကိုပဲ ဆစ်မှာကြောက်တယ် မကြောက်ဘူးလား ကြောက်သလား (ကြောက်ပါတယ်) ဒီကုန်လေးက တက်ဈေးက တရိပ်ရိပ်တက် နေတာကို (မှန်ပါ့) ဘေးကပုဂ္ဂိုလ်က လူနိုင်ကလာဆွဲမယ် ဆိုရင်ပဲ အနားကပ် စေချင်သလား တစ်ခြားပဲ ဆွဲခေါ်သွားချင်သလား (တခြား ဆွဲခေါ်ချင်ပါတယ် ဘုရား)။
ဘာ့ကြောင့်လဲ ကုန်ချစ်လို့ (မှန်ပါ့) ဟိုလူ့ဣဿာ သွားဖြစ်တယ် (မှန်ပါ့) ကုန်သည်၊ ဈေး သည်ဆိုတော့ ဒါတွေကလဲ ဒကာကြွယ်ရှုရမှာပဲ (မှန်ပါ့) ကဲ သွားသာသွား အပါယ်စိတ်ချ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ပြောမှာက ဒီရောက်မှာပဲ ဈေးသည် ကုန်သည် ပူသရွေ့က ဘုရား ဒါလွတ်ဖို့ အတော်ခဲယဉ်းတယ် ဒါမလွတ်ရင် အပါယ်မလွတ်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား ။
ဒါမလွတ်ရင် (အပါယ်မလွတ်ပါ) ပြီးတော့ ဘုရားရှေ့သွားပြီးဆုတောင်းလိုက် အပါယ်လေးပါးမလား ငရဲနဲ့ အင်း သွားမယ့်တရားတွေကလည်း ဝမ်းထဲအပြည့်အစုံနဲ့ (မှန်ပါ့) ကောင်းနိုင်သေးရဲ့လား (မကောင်းပါ ဘုရား)။
လူတစ်သိန်းသေလို့ နတ်ရွာသုဂတိ တစ်ယောက်မရောက်ဘူး
အဲဒါကြောင့် လူတစ်သိန်းသေလို့ နတ်ရွာသုဂတိ တစ်ယောက်မရောက်ဘူးကွ ညီတော် အာနန္ဒာရလို့ ဘုရားက သစ္စ သံယုတ်များ ဟောတယ် (မှန်ပါ့ ဘုရား)။
ဟော သင့် မဟောသင့် (ဟောသင့်ပါတယ်) ပေါ်ပြီလား (မှန်ပါ့) ဒီဣဿာနဲ့ ဒီမစ္ဆရိယ ကတော့ဖြင့် ဒကာ ဒကာမတွေ ရေလဲနဲ့ သုံးနေကြတယ် (သုံးပါတယ်) ဒကာကြွယ် ဘာနဲ့သုံးပါလိမ့် (ရေလဲနဲ့ သုံးပါတယ်) ဣဿာသုံးတဲ့အခါ ကျတော့ ဣဿာရေလဲနဲ့ သုံးရပြန်တယ် (မှန်ပါ့ ဘုရား)။
မစ္ဆရိယ လာပြန်တော့ (ရေလဲသုံးပါတယ်) မစ္ဆရိယ ရေလဲနဲ့ မသုံးရဘူးလား (ရေလဲနဲ့ သုံးရပါ တယ် ဘုရား) ဒီလိုမှ မလုပ်လို့ရှိရင်လည်း ကုန်သည်အ ဖြစ်မှာစိုးရတယ် (မှန်ပါ့) ဘယ့်နှယ်ဖြစ်နေ (ကုန်သည်အ ပါ ဘုရား) ဒါဖြင့် မအ ဘဲနဲ့ပဲ အပါယ်သွားကြပါဗျာ၊ ရှုတ်မနေနဲ့ (မှန်လှပါ ဘုရား)။
ဒီအဓိပ္ပါယ်က သေချာမနေဘူးလား (သေချာပါတယ်) အင်မတန် ဆိုးဝါးလွန်းလို့ ဟောပါတယ်ဆိုတာ သတိပေးပါတယ် (မှန်လှပါ ဘုရား)။
ဣဿာလာလို့ရှိရင် ဘယ်ကလာသတုန်း
ဒါဖြင့် ဣဿာလာလို့ရှိရင် ဘယ်ကလာသတုန်း (ချစ်ခြင်းကြောင့်ပါ) ကဲ ဒကာသစ်ရေ ဣဿာက ချစ်ခြင်းကြောင့်လာတာ (မှန်ပါ့) မစ္ဆရိယက မုန်းခြင်းကြောင့် လာတာ (မှန်ပါ့ ဘုရား)။
ဒီပုဂ္ဂိုလ်က ရှေးအခါတုန်းကလည်း သူဈေးလေး တွက်ရင် သူပြေးလာပြီ (မှန်ပါ့) ဈေး ကလေးတွက်ရင် သူပြေးလာပြီး မရမကသူလုယူပြီ (မှန်ပါ့) သူ့များ ကျုပ်က နည်းနည်းမှ မကျေနပ်ဘူး (မှန်ပါ့ ဘုရား)။
ကုန်ထိုင်းနေတုန်းတော့ ဖြုန်းပေးတာ မဟုတ်ဘူး (မှန်ပါ့) ဈေးကလေးသွက်တယ်ဆို သူကအရင် ပေါက်ပေါက်လာတယ် (မှန်ပါ့) သူလာတာဖြင့် ကျုပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ကုန်ကိုမပြဘူး ဆိုပြီးသကာလ မစ္ဆရိယ ကုန်တွေဖွက်တယ် (ဖွက်ပါတယ် ဘုရား)။
မဖွက်ပေဘူးလား (ဖွက်ပါတယ်) ဒါဖြင့် ဒကာ ဒကာမတို့ပဲ စဉ်စားကြည့်ပါတဲ့၊ မုန်းတဲ့ပုဂ္ဂိုလ်ကြောင့် (မစ္ဆရိယပါ ဘုရား) ကျေနပ်ပြီလား ။
မုန်းတဲ့ပုဂ္ဂိုလ်ကြောင့် (မစ္ဆရိယလာပါတယ်) ခင်တဲ့ပုဂ္ဂိုလ်ကြောင့် (ဣဿာလာပါတယ်) ဒါဖြင့် ဒကာကြွယ်ရေ မစ္ဆရိယ သတ်ချင်လို့ ရှိရင်ဖြင့် ဘာသတ်ရမတုန်းဆိုတော့ မုန်းတဲ့ဒေါသစိတ် လာတိုင်း လာတိုင်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။
ခင်တဲ့လောဘစိတ်လာတိုင်း လာတိုင်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ခင်တဲ့စိတ် လောဘစိတ်လာတိုင်း လာတိုင်း ဖြစ်ပျက်ရှုရင် ဣဿာသေပါတယ် (မှန်ပါ့) မုန်းတဲ့ဒေါသစိတ် လာတိုင်းလာတိုင်း ဖြစ်ပျက်ရှုရင် (မစ္ဆရိယ သေပါတယ်) မစ္ဆရိယ သေပါတယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ရှင်းပြပါ့မယ် (မှန်လှပါ ဘုရား)။
လောဘစိတ် လာတိုင်း လာတိုင်းရှုရင် ပဋိစ္စသမုပ္ပါဒ် အလယ်ကပြတ်သည် (မှန်ပါ့) တဏှာချုပ်တော့ ဥပါဒါန်ကော (ချုပ်ပါတယ်) ကံကော (ချုပ်ပါတယ် ဘုရား)။ (ချုပ်ပါတယ်) ဇာတိ ဇရာ မရဏကော (ချုပ်ပါတယ် ဘုရား)
ဟော ပဋိစ္စသမုပ္ပါဒ် အဝိဇ္ဇာက ပြတ်သလား အလယ် တဏှာကနေပြတ်သလား (တဏှာက ပြတ်ပါတယ်) အဲ လောဘရှုရင် ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
မုန်းခြင်းကြောင့်မစ္ဆရိယ လာတယ်
ကိုင်း မုန်းခြင်းကြောင့်မစ္ဆရိယ လာတယ်ဆိုတော့ မုန်းတာက ဒေါသမနေဘူးလား အဲဒီဒေါသ ဖြစ်ပျက်ရှုလိုက်လို့ရှိရင်သောက ပရိဒေဝ ဒုက္ခဒေါမနဿ မချုပ်ပေဘူးလား (ချုပ် ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် အဆုံးက ပြတ်တယ် (မှန်ပါ့)။
အဆုံးက ပြတ်ရင် အဝိဇ္ဇာပစ္စယာ သင်္ခါရ လှည့်နိုင်သေးရဲ့လား (မလှည့်နိုင်ပါ)
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အလယ်က ပြတ်တာက လောဘ (မှန်ပါ့ ဘုရား)။ လောဘရှုရင် အလယ်ကပြတ်တယ်။ ဒေါသရှုရင် (အဆုံးကပြတ်ပါတယ် ဘုရား) အဆုံးကပြတ်တော့ ပဋိစ္စသမုပ္ပါဒ်စက်ရဟက်ကြီးကလည်နိုင်သေးရဲ့လား (မလည်နိုင်တော့ပါဘူး ဘုရား)။
မလည်နိုင်တာလို့ရပ်သွားရင် နိဗ္ဗာန်လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်လှပါ ဘုရား) သဘောပါပလား (ပါပါတယ် ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။