”ဣ ဿာ မစ္ဆရိယ” သိကြားမင်းနှင့် အမေးအဖြေ(၁)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၌ ဟောကြားတော်မူသော တရားတော်
”ဣ ဿာ မစ္ဆရိယ”
သိကြားမင်းနှင့် အမေးအဖြေ(၁)
(၁၂-၁၁-၆၀)
အလုပ်တရားနဲ့ နိဗ္ဗာန်ဝင်သွားရလိမ့်မယ်
ဒကာ ဒကာမတွေ အလုပ်တရားနဲ့ နိဗ္ဗာန်ဝင်သွားရလိမ့်မယ်ဆိုတာ သေသေချာချာမှတ်ပါ(မှန်ပါ့ ဘုရား)။ ဘုန်းကြီးသည် ဒီဒကာ ဒကာမတွေအား နိဗ္ဗာန်အဝေးကြီးရှိနေတယ်ဆိုတဲ့ အလွဲကိုလည်း ဖျောက်ပေးချင်တယ်။ နိဗ္ဗာန် တားမြစ်တဲ့တရားတွေကိုလည်း ပယ်ဖျောက်ပေးဦးမယ်လို့ဆိုတဲ့ စိတ်ထားနဲ့ တရားဟောနေတယ်လို့ မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန် အဝေးကြီးထင်တာကိုလည်း ပယ်ဖျောက်ပေးချင်လို့ တရားဟောနေတယ်(မှန်ပါ) နိဗ္ဗာန်တားမြစ်တဲ့ တရားတွေကိုလည်း ပယ်ဖျောက်ပေးချင်လို့ တရားဟောနေတယ်လို့ ဘုန်းကြီးတို့ဒကာ ဒကာမတွေက မှတ်ပါ(မှန်လှပါ ဘုရား)။
ပုထုဇဉ်သိကြားက သောတာပန်သိကြားဖြစ်
သိကြားသည်ကားလို့ဆိုလို့ရှိရင် ပုထုဇဉ်သိကြားဖြစ်ပြီး သကာလ နေပါတယ်။ ထိုကဲ့သို့ ပုထုဇဉ် သိကြား ဖြစ်ပြီး သကာလ နောက်ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် တစ်ခုသောဂူထဲမှာ အောင်းနေတဲ့အခါ ကျလို့ရှိရင်ဖြင့် သိကြားက လာပြီး သကာလ မေးတဲ့မေးခွန်းလေး မေးတာနဲ့ဘုရားဖြေတာနဲ့ သူကဝိပဿနာ ဉာဏ်နောက်က လိုက်တာနဲ့ အကျိုးကျေးဇူး အင်မတန်များသွားတယ်ဆိုတဲ့ဥစ္စာ။
ပုထုဇဉ်သိကြားက ဒီနေရာတွင် စုတေစိတ်ကျပြီး သကာလ ဒီနေရာမှာ သောတာပန်သိကြားဖြစ်သွားတယ်ဆိုတာ ဘုရားနဲ့သိကြားသာ သိတယ်ဆိုတာ သုတ်မဟာပါဠိတော်မှာ လာပါတယ်(မှန်လှပါ ဘုရား)။ အဲဒီတော့ သူသောတာပန် ဖြစ်တာ အရေးမကြီးဘူး။ ဘုန်းကြီးတို့သောတာပန်ဖြစ်ဖို့က ပိုမိုအရေးကြီးပါတယ်။ (မှန်လှပါ)။ ဒီဒကာ ဒကာမတွေ အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ ခုနပြောခဲ့တဲ့ နိဗ္ဗာန်နီးတာကို ဉာဏ်နဲ့လှမ်းပြီး ခဏချင်း ယူနိုင်အောင် နိဗ္ဗာန်တားမြစ်တဲ့တရားတွေကိုလည်း ဉာဏ်နဲ့ချေမှုန်းပြီး ဖြစ်နိုင်အောင် ဒါသိပ်အရေးကြီးပါတယ်(မှန်လှပါ ဘုရား)။
သိကြားမင်း အမေး
အဲဒီတော့ သိကြားက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဂူထဲမှာ သီတင်းသုံးနေတုန်းမေးပါတယ်။ အရှင်ဘုရား လူတွေဟာမေတ္တာပို့ကြတယ်ဘုရား။ အဟံအဝေရာ ဟောမိ- ငါသည် ရန်မရှိဘေးမရှိနေနိုင်ရပါလို၏။ အဗျာပဇ္ဇော- ကြောင့်ကြခြင်းမရှိသည်၊ ဟောတု-ဖြစ်ရပါလို၏လို့ ကိုယ့်ကိုယ်ကို အင်မတန်မှ ဘေးအတန်တန်ရန်အထပ်ထပ်တို့မှ ကင်းဝေးအောင် သူ့ဟာသူအင်မတန်မေတ္တာပို့တယ် (ပို့ပါတယ် ဘုရား)။ ပြီးတော့လည်း သူ့ကိုယ်အတွက်လည်း အစားဆင်ခြင်အဝတ်ဆင်ခြင် ဥတုရာသီဆင်ခြင်ပြီး သကာလ ကျန်းမာရေးလည်း အလွန်အလိုရှိပါတယ်ဘုရား။ ထိုကဲ့သို့ အန္တရာယ်ကင်းမှု ကျန်းမာရေးရှိမှုကို အလိုရှိပါရက်သားနဲ့ မေတ္တာတွေပို့လို့ အစားအသောက် အနေအထိုင် အသွားအလာတွေဆင်ခြင်လို့၊ ဒီအထဲကဘေးအန္တရာယ်၊ ဟိုအိမ်ကမျက်စောင်းထိုး၊ ဒီအိမ်ကမျက်စောင်းထိုး၊ ဒီအိမ်ကကြီးပွားတာဟိုအိမ်ကမနာလို၊ဒါတွေခံနေရတာ မေတ္တာပဲ မစူးရှလို့ဘဲလား သို့မဟုတ် ကိုယ်ကလိုက်စားမှုပဲ လိုနေလို့လားလို့ သိကြားက ဘုရားမေးပါတယ်(မှန်လှပါ ဘုရား)။ သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့ သေသေချာချာမှတ်ကြပါ၊ ဒီဥစ္စာအလုပ်တရားပါလာတဲ့အခါကျလို့ရှိရင် အလွန်ကျေးဇူးများမယ်ဆိုတာ သေသေချာချာမှတ်ကြပါ(မှန်လှပါ ဘုရား)။
အရှင်ဘုရားတဲ့၊ လူတွေဟာ ကိုယ့်ကိုယ်ကျန်းမာဖို့ အဟံဝေရောဟောမိ၊ အဟံ-အကျွနု်ပ်သည်၊ အဝေရော-ရန်မရှိသည်၊ ဟောမိ-ဖြစ်ရပါလို၏။ အဗျာပဇ္ဇော-ကြောင့်ကြခြင်းမရှိသည်၊ တပည့်တော်မှာ ကြောင့်ကြမှုလည်းမရှိရလေအောင် ဘေးအတန်တန် ရန်အထပ်ထပ်တို့မှ ကင်းဝေးရပါလို၏။ အစားအသောက် အနေအထိုင်တိုက်နဲတာနဲ့ ကားနဲ့ကျန်းမာရေးအလိုရှိလို့ အမျိုးမျိုးပြုပြင်ငြားသော်လည်း ကျန်းမာမှု ကလည်းမရှိ ဆင်းရဲမှုတွေသာ အပြည့်ဖြစ်ပြီး သကာလ နေပါတယ်(မှန်ပါ့ ဘုရား)။
ဘေးအန္တရာယ်များတာဘာကြောင့်ပါလိမ့်
အဲဒီတော့ ကိုယ့်ကိုယ်ကို ကျန်းမာစေချင်ရက်သားနဲ့ ကျန်းမာမှုမရှိတာ၊ကိုယ့်ကိုယ်ကို ဆင်းရဲမတွေ့ချင်ဘဲနဲ့ သူတစ်ပါးက ငြူစူစောင်းမြောင်းလို့ ဆင်းရဲရတာတွေ၊ အဲဒီအကြောင်းတွေရှင်းပြီး သကာလ တပည့်တော် အလိုရှိသလို မပြည့်တာ ဘာကြောင့်ပါလိမ့်ဆိုတာ တပည့်တော်အား သနားသောအားဖြင့် အမိန့်ရှိပါ။
မေးပုံ သိပ်ကောင်းပါတယ်။ (ကောင်းပါတယ် ဘုရား) မေးပုံသိပ်ကောင်းပါတယ် ဒကာ ဒကာမတို့ (မှန်ပါ)
ဘုန်းကြီးနဲ့တကွ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အတုခိုးရတော့မယ် (မှန်ပါ့ ဘုရား)။
အတုခိုးပြီး သကာလ ဪ တို့သည် ကျန်းမာရေးလည်း လိုက်စား ကိုယ့်ကိုယ်လည်း မေတ္တာပို့တဲ့အခါလည်း ကိုယ့်ကိုယ်အရင်ပို့ပြီး သကာလ ကိုယ့်ကိုယ်ကျန်းမာရေးကို အင်မတန် အလိုရှိတယ်ဆိုတာ သိရက်သားနဲ့အခု ကျန်းမာမှုလည်းမရှိဘူး။ခေါင်းကိုက်လည်နာ ရင်နာတွေကတစ်မျိုး၊ အိမ်နီးခြင်း မုန်းတာကတစ်မျိုး၊ စီးပွားရေးတူလို့ မုန်းတာကတစ်မျိုး၊ ဒီအမုန်းအချစ်တွေခံပြီး သကာလ နေရတာ ဘယ်အကျိုးအလို့ငှာ ပါလိမ့်မတုန်းဘုရားလို့ သိကြားကဘုရားလျှောက်ပါတယ်(မှန်လှပါ ဘုရား)။
ဣဿာမစ္ဆရိယရှိလို့
ဒကာကြီးတဲ့ ဒီဥစ္စာ တစ်ခြားကြောင့်မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကျန်းမာချင်ရက်နဲ့ မကျန်းမာရတာ ကျန်းမာရေးလိုက်စားပါရက်သားနဲ့ မကျန်းမာရတာ တခြားအပြစ်ဘာမှမရှိဘူး သိကြားရ ကိုယ့်သန္တာန်မှာ ဣဿာနဲ့ မစ္ဆရိယမစွန့်နိုင်လို့ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ အကွက်ပေါ်လာပြီ(ပေါ်ပါပြီ) ဘာမစွန့်နိုင်လို့ (ဣဿနဲ့မစ္ဆရိယ) ကိုယ်က မစွန့်နိုင်တာနော်(မှန်ပါ) ဒကာ ဒကာမတို့ ကိုယ်ကဘာမစွန့်နိုင်လို့လဲ (ဣဿမစ္ဆရိယ) ဒါလေး သေသေချာချာ မှတ်ပါ(မှတ်ပါတယ် ဘုရား)။
ဒကာကြွယ်ရေ ကျန်းမာရေးအလိုရှိပါရက်သားနဲ့ မကျန်းမာတာနော် (မှန်ပါ) အန္တရာယ်ကင်း ဘေးကင်းကိုယ့်ကိုမေတ္တာပို့ပါရက်သားနဲ့ မကင်းဘဲဖြစ်ပြီး သကာလ သူတစ်ပါးငြူုစူစောင်းမြောင်း သူတစ်ပါးက ကိုယ်ကားစီးသွားတာပဲ ကြွားသလိုလို ဝါသလိုလိုနဲ့မျက်စောင်းထိုး၊ စားသောက်နေတာကိုလည်းပဲ ဟန်လုပ်ပြီးစားနေတဲ့ပုံမျိုးလိုလို အမျိုးမျိုးကဲ့ရဲ့ သင်္ဂြိုဟ်စကားတင်းဆိုခြင်းခံရ။
ကျန်းမာရေးလိုက်စား သလောက်လည်း ကျန်းမာမှုကမပြည့်စုံ(မှန်ပါ) ဘာကြောင့်ပါလိမ့်မလဲဘုရားလို့ သိကြားကမေးတဲ့အခါကျတော့ ဒကာကြီး တခြားကြောင့် မဟုတ်ဘူး ကိုယ့်သန္တာန်ရှိတဲ့ ဣဿနဲ့မစ္ဆရိယ မစွန့်လို့ဖြစ်ရတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဘာကြောင့်ပါလိမ့် (ဣဿာနဲ့မစ္ဆရိယမစွန့်လို့ပါ) ကိုင်း ဒါစွန့်လိုက်ရင်ပြီးသွားတာပဲ (မှန်ပါ)။
ဣဿဆိုတာ ငြူစူမှု
ကဲဒါဖြင့် ရှင်းပြပါမယ်၊ ဒကာ ဒကာမတို့ ဣဿဆိုတာက ကိုယ်ကသူတစ်ပါးငြူစူမှုရှိတော့ ဟိုကနေပြီး ရန်တုန့် ပြန်လာတာပေါ့ဗျာ(မှန်ပါ) မပြန်ပေဘူးလား (ပြန်ပါတယ် ဘုရား)။ ဒါဖြင့် ကိုယ့်သန္တာန် ဣဿငြူစူမှု ရှိသောကြောင့် သူတစ်ပါးက ရန်တုန့်ပြန်လာတာသည် ကိုယ်မေတ္တာပို့ပြီး ကိုယ်ကျန်းမာချင်တာနဲ့ ကိုယ့်မှာမစွန့်နိုင်တဲ့တရားက ဆွဲယူတာနဲ့ဆိုတော့ ကန့်လန့်ကြီးဖြစ်မနေဘူးလား (ကန့်လန့်ကြီးပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတွေ ဣဿနဲ့မစ္ဆရိယ စွန့်ရလိမ့်မယ် (မှန်ပါ)။
ဣဿနဲ့မစ္ဆရိယ စွန့်လိုက်လို့ရှိရင်ဖြင့် အဟံအဝေရော ဟောမိဆိုတဲ့ မေတ္တာဓာတ်ကြီးဟာလည်း ကိုယ့်သန္တာန်မှာ စူးရှပြီး သကာလ ကျန်းမာပါလိမ့်မယ် (မှန်လှပါ ဘုရား)။ ဘေးက အန္တရာယ်တွေ ရန်တွေမာရ်တွေ ဟူသရွေ့ကလည်း လွတ်မြောက်ပါလိမ့်မယ်လို့ ဘုရားကဟောလိုက်ပါတယ်(မှန်ပါ့)။
ဒါဖြင့် ဒကာကြွယ်တို့နှင့်တကွ ဒကာသစ်တို့ဦးလှဘူးတို့က ဪ တို့ဟာက ခုတ်နေတာကတခြားကို ရှနေတာကတခြားကို (မှန်ပါ့ ဘုရား)။ ခုတ်တာကတော့ဖြင့် ကိုယ့်ခန္တာမေတ္တာပို့ဖို့တည်းဟူသော သမထတရားတွေနဲ့ ခုတ်ထစ်ပြီးဖယ်ရှားနေတာပဲ (မှန်ပါ့) ကိုယ့်ရှနေတဲ့တရားက မသိဘဲဖြစ်နေတယ်(မှန်ပါ) ဒါကြောင့် ဒကာ ဒကာမတွေ အန္တရာယ်မကင်း ဘေးမရှင်းဘဲ ဖြစ်နေတာရိပ်မိကြပါပြီလား (မှန်ပါ့ ဘုရား)။
ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ) တော်သေးတယ် တော်သေးတယ်၊ ဒကာ ဒကာမတို့ ဒီဟာသိလိုက်ရတာကို နည်းတဲ့အသိမဟုတ်ပါဘူး(မှန်လှပါ) နည်းတဲ့အသိမဟုတ်ပါဘူး ဒကာ ဒကာမတို့ ဒကာကြွယ်တို့ ဒကာသစ်တို့ကို ပြောရလို့ရှိရင်ဖြင့် ဟိုကဆိုင်ချင်းတူနေတယ် ဒကာသစ်က၊ ဒကာကြွယ်ကလည်း ဘန်ကောက်ခြင်း တူနေတယ်ဆိုကြပါစို့(မှန်ပါ)။
ဘန်ကောက်ခြင်း တူနေတယ်ဆိုကြပါစို့
အင်း တို့ဘန်ကောက်က ကောင်းတယ်ဗျ၊ ဟိုဟာတွေက ကောင်းတယ် ဆိုငြားသော်လည်း အပေါ်ယံလောက်ပဲ တကယ်တန်းကျတော့ကွာပါလိမ့်မယ်၊ ဝတ်ကြည့်ကြပါဦး ဆိုပြီး ဣဿာကပါသွားတယ် (မှန်ပါ)၊ ဒကာကြွယ်မပါဘူးလား (ပါပါတယ်) ပါတယ်ပါတယ်၊ ဣဿာကပါသွားတယ်နော်(မှန်ပါ) မစ္ဆရိယကလည်း ကြွေးယူမယ့်လူလာတော့ ဖွက်ထားတယ်(မှန်ပါ)
မစ္ဆရိယကဘာတဲ့(ဖွက်ထားပါတယ်) ဒါတွေဟာဗျာ သူတစ်ပါးအော်ဒါပေးပြီး သားတွေဖြစ်နေပါတယ်၊ ဒါတော့မထိပါနဲ့ နောက်ဖြတ်လို့ရှိရင် အကြောင်းညီညွှတ်ရင် ရပါလိမ့်မယ်(မှန်ပါ ဘုရား)။ အကြွေးယူမယ့်လူကျတော့ ဒီအသွားသွားတယ်(မှန်ပါ ဘုရား)
ကာသစ် စောင်းဟောတာ မဟုတ်ဘူးနော်(မှန်ပါ) စောင်းဟောတာမဟုတ်ဘူး၊ ပင်ကိုရှိတာဖော်ပြောတာ(မှန်ပါ့) ဘာပါလိမ့် (ပင်ကိုရှိတာပါ) ဒါက ကုန်သည်တိုင်းရဲ့အလုပ်ပါ ဒကာကြွယ်က ရှေ့ပိုင်းကနေလို့ ခေါင်းရိုက်ခံရတာလို့အောက်မေ့ပါ(မှန်လှပါ ဘုရား)။
ကုန်သည်တိုင်း၏အလုပ်ပါပဲဆိုလို့ ရှိရင်ဖြင့် ငြင်းစရာမရှိအောင်ဘဲမှန်ပါတယ်(မှန်လှပါ) မမှန်ဘူးလား (မှန်ပါတယ်) အဲဒီတော့ ဟိုပုဂ္ဂိုလ်က ခုနက ကိုယ်ငြူစူ လိုက်တဲ့ပုဂ္ဂိုလ်က သူ့အထည်သာကောင်းတယ်၊ သူများအထည်က ဈေးချင်းတူပေမယ့်လည်း အင်း အသားအနားကွာပါ လိမ့်မယ်ဆိုတဲ့ ဣဿာကလေး တစ်လုံးကလည်း ဒီလိုကြားလိုက်လို့ရှိရင်ပဲ ဟိုပုဂ္ဂိုလ်ကလည်း အတော်ဆိုးတဲ့ဒကာကြီးပဲ (မှန်ပါ ဘုရား)။ အတော်ဆိုးတဲ့ ဒကာသစ်ပဲဆိုပြီး နေပါစေဦးကွနော်၊ တစ်နေ့နေ့ကျ ကိုယ်ထောင်လာတဲ့အခါကျတော့ ထိုးလိုက်ဦးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမလာဘူးလား (လာပါတယ် ဘုရား)။
အင်းအဟံအဝေရောဟောမိ- ငါအန္တရာယ်ကင်းရ ပါလို၏လို့ နဂိုက မေတ္တာတွေညကြီးပို့ပြီး နေ့ကြီးမှာပဲ ဒကာ ဒကာမတွေက မေတ္တာပို့တာကနည်းနည်း၊ ဣဿာဆိုတဲ့ တရားက မစွန့်နိုင်လို့ ရန်ပြန်လာတာက များများဖြစ်နေတာ သိကြားရေ။ ဒါကြောင့် အန္တရာယ်မကင်းတာကွ(မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။ အေး ဒါကြပ်ကြပ်သတိထားပါ။ ဒါကြပ်ကြပ်သတိထားပါ(မှန်ပါ)။
မစ္ဆရိယဆိုတာ
ကိုင်း ဒကာ ဒကာမတွေကဗြုန်းခနဲတော့ မရိပ်မိဘူး၊ ဪ မစ္ဆရိယကလည်း ဒကာကြွယ်ဒကာသစ်တို့ ဟင် အကြွေးယူမယ့်လူလာတဲ့အခါ ဒီအထည်တွေက မလွှဲသာတဲ့လူပေးပြီးသားပါ။ အချိန်မရှိသေးလို့ လာမယူသေးတာပါ၊ ဒီဥစ္စကတော့ဖြင့် လွန်ပြီးသားဖြစ်နေလို့ ကျုပ်လည်း စကားမဖျက်ပါရစေနဲ့၊ အကြွေးယူမှာကြောက်လို့ သူ့ဟာက အော်ဒါထည်ကလည်း ပေးပြီးသားဖြစ်သွားတယ်(မှန်လှပါ ဘုရား) ဒါက ဘာပါလိမ့် (မစ္ဆရိယပါ ဘုရား) မစ္ဆရိယဆိုတာ ရိပ်မိပြီလား(မှန်ပါ့)။
မစ္ဆရိယဆိုတာ ရိပ်မိတော့ ဟိုပုဂ္ဂိုလ်ကလည်း ရိပ်မိပါတယ်။ ဒါထမင်းရည်ပူလာလို့ လျှာလွှဲတာပဲ(မှန်ပါ)။ အဲဒီတော့ အင်း တို့ကတော့ ခုတော့ကိုယ်က ငွေမတောင်း ထားသေးတော့ အလှည့်အပတ်နဲ့ယူနေရတော့ တို့တေ့ာ မသဒ္ဓါဘူးပေါ့ကွာ (မှန်ပါ့ ဘုရား)။ တို့လဲ တစ်ချိန်ချိန်တော့ဖြင့် ဒီအခြေအနေမရောက်မရှိပါဘူး၊ ရောက်ဦးမှာပဲ ရောက်တဲ့အခါကျတော့ ပြောင်ပြောင်မျက်နှာထားနဲ့ လုပ်ပြလိုက်ဦးမယ် (မှန်ပါ့ ဘုရား)။ လာမလား မလာဘူးလား (လာမှာပါ)
ဒါတွေဟာ ရန်တွေမာရ်တွေ အန္တရာယ်တွေဆိုရင်ဖြင့် လွဲမယ်လို့ဆိုမလား မှန်တယ်လို့ဆိုကြမလား(မှန်ပါတယ် ဘုရား)။ ဒါဖြင့် သိကြားက ဘုရားမေးလိုက်တာ အရှင်ဘုရား လူတွေဟာ အန္တရာယ် မကင်းဘေးမရှင်းဖြစ်ရတာ ဘာကြောင့်ပါလိမ့်မလဲဆိုတော့ ဘုရားမို့ သေသေချာချာဖြေတာ။ ဒကာကြီး သန္တာန်ရှိတဲ့ ဣဿာမစ္ဆရိယကြောင့် မကင်းတာ(မှန်ပါ) ပေါ်ပြီဗျ၊ ပေါ်ပြီပေါ်ပြီ ရှင်းကြပီလား (ရှင်းပါတယ် ဘုရား)
ဒီစကားတစ်လုံးနဲ့ပဲ တရားတစ်ပွဲလုံးမှာ သိပ်အဖိုးတန်သွားပါတယ် (အဖိုးတန်ပါတယ် ဘုရား)။ အင်မတန် အဖိုးတန်သွားပါပြီ။ ဒါကြောင့် တရားနာရတဲ့ပုဂ္ဂိုလ်များမှာ ဪ-တို့သည်ကားဆိုလို့ရှိရင် မေတ္တာပို့ပါရက် တော်တော်ကြာ သားကမမာ သမီးကအနာထွက် ဘာဖြစ်လို့ပါလိမ့်မလဲ ဘာမှမဖြစ်ဘူး ဒကာကြီး ပြောလိုက်တယ်(မှန်ပါ ဘုရား)၊ ဣဿာမစ္ဆရိယတွေကြောင့် တန်ပြန်လာတာလို့ ပြောရုံပဲရှိတယ်(မှန်ပါ့)
ပစ္စုပ္ပန်တိုက်ရိုက်ပြန်တာရှိတယ်။ ရောဂါအန္တရာယ်နဲ့ပြန်လာတာရှိတယ်၊ သဘောပါရဲ့လား (ပါပါတယ်)
ဒါဖြင့် အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ရင် ဘာစွန့်ရမလဲ (ဣဿာမစ္ဆရိယပါ ဘုရား)။ ဒီလိုဆိုရင် တပည့်တော် ကုန်သည်လုပ်လို့ မဖြစ်တော့ဘူး၊ ခင်ဗျားတို့က ဆင်ခြေလဲချင်လဲပြစ်လိုက်မယ် (မှန်ပါ) ခင်ဗျားတို့က ဆင်ခြေလဲချင်လဲဖြစ်လိုက်မယ်၊ ဒီလိုဆိုလို့ရှိရင် ဣဿာမရှိတဲ့ကိုယ့်ကုန်မှကိုယ် အကောင်းပြောမရောင်းရင် ဘယ်သူကယုံမှာလည်းဘုရား။ မစ္ဆရိယကလေးမှ မပါရင် ဒီလိုချည်းအကြွေးပေးနေရင် ဆိုင်ပြောင်ပြီး သကာလ ငွေမရှိဘဲနေဦးမှာပေါ့ဘုရားဆိုပြီး ဒကာ ဒကာမတွေက ဒီဆင်ခြေလဲကြမှာပဲ (လဲမှာပါ ဘုရား)။
ဆင်ခြေလဲကြလို့ရှိရင်
ဒီဆင်ခြေလဲကြလို့ရှိရင်ဖြင့် ခင်ဗျားတို့ အန္တရာယ်ကင်းလို့ ဘေးရှင်းချင်တဲ့ မေတ္တာတွေ အထပ်ထပ်ပို့ပါ(မှန်ပါ) မရပါဘူး(မှန်ပါ) ရနိုင်ပါ့မလား(မရပါ) ကြပ်ကြပ်စဉ်းစားကြပါ၊ ကြပ်ကြပ်စဉ်းစားကြပါ ဒကာ ဒကာမတို့
သိကြားက ဘုရားမေးလို့ ဘုရားကအလုံးစုံသိတဲ့ကိုယ်တော်ကြီးမို့၊ မင်းတို့က အန္တရာယ်ကင်းချင် ဘေးကင်းချင်တယ်၊ အမျိုးမျိုး အန္တရာယ်ကင်းချင် ဘေးရှင်းချင်ငြားသော်လည်း အညှီရှိရာ ယင်အုံတာကွလို့ ဘုန်းကြီးကပဲ ထည့်လိုက်ပါတယ်၊ ဣဿာမစ္ဆရိယ တည်းဟူသော အကုသိုလ်အညှီတွေကရှိနေတော့ ဘေးအတန်တန် ရန်အထပ်ထပ်ဆိုတဲ့ ယင်တွေကလာအုံတယ် (မှန်ပါ ဘုရား) မအုံပေဘူးလား(အုံပါတယ် ဘုရား)။
အဲဒီတော့ အမှိုက်ရှိရာ ခွေးချေးစု(မှန်ပါ) ဣဿာမစ္ဆရိယတည်းဟူသော အမှိုက်ရှိတော့ ဘေးအတန်တန် ရန်အထပ်ထပ်ဆိုတဲ့ ခွေးချေးတွေ လာစုတယ်(မှန်ပါ့) အဲဒီတော့ ကိုယ်ကအမှိုက်ပုံမိလို့ ခွေးချေးစုတာ၊ ခွေးမိုက်တာလား၊ အမှိုက်ပုံတာက မတရားတာလားဆိုတာ စဉ်းစားပါဦး (အမှိုက်ပုံမိလို့ပါ) ဒကာကြွယ် ကြပ်ကြပ်သတိထားပါ(မှန်ပါ့)။
ဣဿာမစ္ဆရိယတရားပယ်ရမယ်
ဒကာသစ်တို့ကော အားလုံးရော နောက်ကဒကာ ဒကာမတွေကော သတိထားရဲ့လား (မှန်ပါ့) အန္တရာယ်ကင်းချင် ဘေးရှင်းချင်ရင် ဘာပယ်ရမလဲ (ဣဿာမစ္ဆရိယ) ဣဿာမစ္ဆရိယတရားပယ်ရမယ် (မှန်ပါ့ ဘုရား)။
ဣဿာဆိုတာ သူတစ်ပါးရောင်းရတာငြူစူတာ၊ သူတစ်ပါးကုန်ပြိုင်ပေါ်လာတာကိုငြူစူတာ သဘောကျပြီလား (ကျပါတယ်)
မစ္ဆရိယဆိုတာကတော့ ခုနကတိုတိုပြောပါတယ်။ ဒကာ၊ ဒကာမတို့ နိုင်လိုမင်းထက်လာယူမယ့် ပုဂ္ဂိုလ်သော်လည်းကောင်း၊ မျက်နှာမပျက်ချင်လို့ သူတို့ကဂုဏ်ပါဝါကြီးလို့ အတင်းအဓမ္မလာယူမှာသော်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြတာနဲ့ သူလာလို့ရှိရင်ဖြင့် ကိုယ်ကရင်လည်းရှောင်၊ အဆင်သင့်ရင် ပစ္စည်းတွေဖုံးဖိထား၊ ဒါကဘာခေါ်ကြပါ့မယ် (ဣဿာမစ္ဆရိယပါ)။
အဲဒီဣဿာမစ္ဆရိယနှစ်ခုကြောင့် သိကြားရေ အန္တရာယ်မကင်းနိုင်ဘူး၊ဘေးမရှင်းနိုင်ဘူးကွ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် အားလုံးသောဒကာ၊ ဒကာမတို့ အန္တရာယ်မကင်းဘေးမရှင်းတဲ့ ရန်သူဖြင့်တွေ့ပြီ (တွေ့ပါပြီ ဘုရား)။ ဘာတွေ့ပါလိမ့် (ဣဿာမစ္ဆရိယပါ) ဣဿာနဲ့မစ္ဆရိယ(မှန်ပါ့)
သိကြားကမေးလို့ ဘုရားကဖြေတာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေက အင်မတန်ပဲကြည်ညိုလေးစားတဲ့ ဆရာသမားဖြစ်နေတယ်၊ ဒကာ၊ ဒကာမတွေကလည်း လိုက်နာမယ်ဟ၊ ပစ္စုပ္ပန်အန္တရာယ်ကင်းမှ နိဗ္ဗာန်တည်းဟူသော သွားရာလမ်းမှာ ဉာဏ်အလင်းရမှာ။ ပစ္စုပ္ပန်အန္တရာယ်မကင်းရင် နိဗ္ဗာန်သွားမယ့် ဉာဏ်အလင်း ရနိုင်ပါ့မလား(မရနိုင်ပါ)။
ဣဿာမစ္ဆရိယကို ဖြစ်ပျက်ရှု
အဲဒါကြောင့်ပစ္စုပ္ပန် အန္တရာယ်ကင်းချင်ရင် ဣဿာမစ္ဆရိယကို ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ့) ဘာရှုရပါ့မယ်(ဣဿာမစ္ဆရိယပါ) သဘောကျပြီလား(မှန်ပါ ဘုရား)။
ဒါ လာမှရှုရမှာလားဆိုတော့ လာတဲ့အခါမှာတော့ လာသလိုရှုရမှာပေါ့ဗျာ (မှန်ပါ့) မလာအောင် ကိုယ့်ခန္ဓာကိုယ်ရှုပြီး သကာလ ဝေဒနာပေါ်ဝေဒနာရှုလို့၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က စိတ်ရှုလို့နေရင် ဣဿာမစ္ဆရိယ တည်းဟူသော ကိလေသာသည် ဒကာ၊ ဒကာမတို့ ကြားထိုးစရာလာသေးရဲ့လား (မလာပါ ဘုရား)။
အဲဒီကြားထိုးစရာမလာလို့ရှိရင်ဖြစ်တဲ့ ဒကာ၊ ဒကာမတို့ အန္တရာယ်ကင်းလို့ ဘေးရှင်းပြီးသားဖြစ်ပါတယ် (မှန်ပါ) ပေါ်ပြီပေါ်ပြီ ဒကာ၊ ဒကာမတို့ တရားပေါ်ပြီလား (ပေါ်ပါပြီ) ဘာရှုကြရမယ် (ဣဿာမစ္ဆရိယပါ) ဣဿာမစ္ဆရိယ လာလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဣဿာမစ္ဆရိယဆိုတော့ ဒကာ၊ ဒကာမတွေက ဗြုန်းခနဲသင်္ဂြိုဟ်ကိုမသင်ဖူးကြ မကြားဖူးကြတော့ မသိဘူး(မှန်ပါ့) စင်စစ်တော့ ဒေါသ ဣဿာမစ္ဆရိယ ဆိုတဲ့ဥစ္စာသည် ဒကာ၊ ဒကာမတို့သိတဲ့အတိုင်း ဒေါသမူဒွေးမှာ ယှဉ်ပါတယ် လို့ဆိုနေတော့ အင်း ဒါဒေါသအနုကလေးတွေက ကိုယ့်သန္တာန်ရှိနေတာ(မှန်လှပါ ဘုရား)။
ဒေါသဣဿာမစ္ဆရိယဆိုတာသည် ဒကာ၊ ဒကာမတို့ဒေါသမူဒွေးမှာ ယှဉ်တယ်လို့ သင်္ဂြိုဟ်နားလည်ဖူးတဲ့ ပုဂ္ဂိုလ်များလည်း သိတော့ ဘာတရားရှုရမှာတုန်းဘုရားဆိုတော့ ဣဿာလာ ဖြစ်ပျက်ရှု (မှန်ပါ့) မစ္ဆရိယလဲ (ဖြစ်ပျက်ရှုရပါမယ်)
ဒေါသကလေးလာရင်ရော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ အဲ ဒေါသလာတိုင်းလာတိုင်းး ရှုလိုက်လို့ရှိရင်ဖြင့် နှုတ်ခမ်းလေးစူမယ့် ဒေါသ၊မျက်စောင်းလေးထိုးမယ့်ဒေါသ၊ သားတွေသမီးတွေ သဘောမကျတဲ့ မျက်စောင်းထိုး လိုက်တဲ့ဒေါသ ဒါလေးတွေ လာတိုင်းလာတိုင်းဘာလုပ်ရမယ်(ဖြစ်ပျက်ရှုရပါမယ်)။
အဲဒီတော့ သူတို့ကဖြစ်ပျက် ရှုတာကမဂ်ဖြစ်သွားတော့ ဪ- ဒီဣဿာမစ္ဆရိယကဒေါသပဲ၊ ဒေါသကနေပြီး ဒေါသသောက ပရိဝေဒ ဒုက္ခဒေါမနဿ ဥပါယာသ အဝိဇ္ဇာဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ကြီဟာမတန်းပါဘူး။ တန်းသေးရဲ့လား(မတန်းတော့ပါ ဘုရား)။
ဘုရားဘာကြောင့် ဘုရားဖြစ်
ဒါ ကြပ်ကြပ်စဉ်းစားပါ။ ဒီတစ်လုံးဟာ ဘုရားတစ်ဆူတစ်ဆူ ပွင့်မှတစ်ခါတစ်ခါ ပဋိစ္စသမုပ္ပါဒ်ကို ဟောနိုင်တာနော်(မှန်ပါ့)။
ဘုရားဘာကြောင့် ဘုရားဖြစ် ပဋိစ္စသမုပ္ပါဒ် အကြောင်းသိလို့ ဘုရားဖြစ်(မှန်ပါ့) ဘုရားဘယ့်နှယ်ကြောင့် ဘုရားဖြစ် ပဋိစ္စသမုပ္ပါဒ်အကျိုးသိလို့ဘုရားဖြစ်(မှန်ပါ့ ဘုရား)။
ဘုရားဘယ့်နှယ်ကြော်င့ ဝမ်းသာမှုကြီး ဘုရားဖြစ်လို့ဝမ်းသာရတာတုန်းလို့ မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ် အကြောင်းနဲ့ အကျိုးကိုနှစ်ခုစလုံး သိသောကြောင့် အကြောင်းဖြစ်တာကိုလည်းသိ အကျိုးချုပ်တာကိုလည်း သိသောကြောင့် ဘုရားဖြစ်တယ်ဆိုတာ ဘယ်ပါဠိတော် မဆိုပါတယ်(မှန်ပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ဒကာ၊ ဒကာမတွေမှာ ကိုင်း အန္တရာယ်မကင်းလို့ ဘေးမရှင်းတာဘာကြောင့်ပါ့လိမ့်မတုန်း (ဣဿာမစ္ဆရိယကြောင့်ပါ) သေသေချာချာမှတ်ကြနော်၊ သေသေချာချာမှတ်ကြပါ (မှန်ပါ့ ဘုရား)။
ဘာကြောင့် ဒီလောက်ဆရာဘုန်းကြီး တိုက်တွန်းနေရတာတုန်းဆိုတော့ ဪ တော်တော်ကြာ ခေါင်းကိုက်လာပြန်ပြီ၊ တော်တော်ကြာလည်နာလာပြီ၊ တော်တော်ကြာ ရင်ကျပ်လာပြန်ပြီ ခန္ဓာကိုယ်ကြီးက ကျုပ်မေတ္တာလည်းပို့ပါတယ်။ အစားတွေလည်းကျွေးပါတယ်။ သင့်မြတ်တာတွေလည်း ကူညီပါတယ်။ ဆရာဝန်တွေအမျိုးမျိုးနဲ့ သွေးစမ်း၊ ဆီးစမ်းနဲ့အမျိုးမျိုးစမ်းပြီး သကာလ နေပါရက်သားနဲ့ ကျုပ်ခန္ဓာကိုယ်ကြီးက အန္တရာယ်မကင်းဘူး၊ဘေးမရှင်းဘူး ဆိုတဲ့လက်သည်ဟာ ဒကာ၊ ဒကာမတို့ ဆရာဝန်စွဲချက်ကို အမှန်မယူပါနဲ့ ဘုရားစွဲချက်ကို အမှန်ယူလိုက်ပါဆိုတာကို ယနေ့ရှင်းရှင်းပြောပါတယ်(မှန်လှပါ ဘုရား)။
ဘုရားစွဲချက်က ဘယ့်နှယ်ကြောင့် အန္တရာယ်မကင်းဘေးမရှင်းပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ) ဣဿာနဲမစ္ဆရိယကြောင့် ရှင်းပြီလား (ရှင်းပါတယ်)။
အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ရင်
ဒါဖြင့်ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ အန္တရာယ်ကင်းလို့ ပစ္စုပ္ပန်အန္တရာယ်ကင်းချင်တယ်နော်၊ သံသရာဘေးတွေ ရှင်းချင်ပါတယ်ဆိုရင် ဘယ်သူ့ပယ်ရမယ် (ဣဿာမစ္စရိယပယ်ရပါမယ် ဘုရား)။
ဪ ဒီတစ်လုံးတည်း ဟောရတာနဲ့ ဘုန်းကြီးများသည်တဲ့ ဒကာ၊ ဒကာမတွေ ကျေးဇူးဆပ်ရ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်စားလှယ်အဖြစ်နဲ့ပြောရတာ၊ ပင်ရင်းကျကျပြောရသောကြောင့် အလွန်ကျေနပ်ပါတယ်လို့ မှတ်လိုက်စမ်းပါ(မှန်လှပါ ဘုရား)။
ဒကာ၊ ဒကာမတွေကလည်း ကျေကျေနပ်နပ်ကြီး ဪ- ဒါမစွန့်သရွေ့ အန္တရာယ်မကင်းဘေးမရှင်းတာဖြင့် ခိုးသွားပြန်ပြီ၊ဝှက်သွားပြန်ပြီဘုရား၊ အိမ်မှာဖြင့် ပျောက်ပြန်ပြီဘုရား၊ သစ်တိုသစ်စ၊ ဝါးတိုဝါးစ၊ အထည်တို အထည်စတွေဖြင့် ပျောက်ကုန်ပြီဘုရား၊ ဒီအိမ်များဘာဖြစ်တယ်လို့ မပြောတတ်ပါဘူး ဘယ်ဂြိုဟ်ဝင်တယ် ဆိုတာမပြောတတ်ပါဘူးဆိုတော့ တစ်ဖက်က ရဟု စနေသွားပြီး စွဲချက်တင်လိုက်တာကိုး မတင်လိုက်ပါနဲ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ ဘုရား)။ ဣဿာနဲ့မစ္ဆရိယဂြိုဟ်ကြောင့် (မှန်ပါ့) ပေါ်ပြီလား(ပေါ်ပါပြီ) ဘယ်ဂြိုဟ်ပါလိမ့်ဗျာ (ဣဿာမစ္ဆရိယဂြိုဟ်ပါ)
ဒကာကြွယ် ဘယ်လောက်အဖိုးတန်သလဲ (တန်ပါတယ်) ကိုင်း ဒီအထဲ တရားပွဲထဲမှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်းအချာဖြစ်နေတော့ ဒါမစွန့်ဘဲနဲ့ အန္တရာယ်ကင်းလို့ဘေးရှင်းလိမ့်မယ်လို့ ဘယ်အခါကာလမှ သိကြားရေ မအောက်မေ့နဲ့ကွ(မှန်လှပါ ဘုရား)။
ကိုင်း အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ရင် ဘာလုပ်ကြရမယ် (ဣဿာမစ္ဆရိယပယ်ရမယ်) ဣဿာမစ္ဆရိယပယ်ရမယ်(မှန်ပါ့) ပယ်ဆိုတာကတော့ကိုတဲ့ ဒကာ၊ ဒကာမတွေက ပယ်နည်းသည်ကား လို့ဆိုရင်ဖြင့်တဲ့ မလာအောင်ပယ်နည်းတစ်မျိုး (မှန်ပါ့ ဘုရား) လာပြီးမှ ပယ်နည်းတစ်မျိုး(မှန်ပါ့ ဘုရား)။
ပယ်နည်းနှစ်မျိုး
ပယ်နည်းနှစ်မျိုး ဒါကိုလည်း ထူးထူးခြားခြားမှတ်ပါ (မှန်ပါ့) မလာအောင် (ပယ်နည်းတစ်မျိုး) လာပြီးမှ (ပယ်နည်းတစ်မျိုး) ဪပယ်နည်းဘယ်နှစ်မျိုးပါလိမ့်(နှစ်မျိုးပါ)
ဒါဖြင့် ဒီနေ့ရှင်းရှင်းလင်းလင်းပဲ ဘုန်းကြီးတို့ဒကာ၊ ဒကာမတွေ သာသနာတွင်းတရားပဲ အစစ်ဟောပါတော့မယ် ဆိုတော့ သာသနာတွင်းတရားဆိုတော့ ဒကာ၊ ဒကာမတွေက ဗြုန်းခနဲမသိဘဲနေမှာစိုးလို့။
ဟေ့ ကောင်းတာလုပ် ကောင်းကျိုးပေးတာပဲ ဆိုတာက သာသနာပလည်း ကမ္မဿကတာဉာဏ်ကရှိပြီးသား (မှန်ပါ့ ဘုရား) ဒီအခု ဟောမယ့်တရားကတော့ ဒီလိုကောင်းတာလုပ်ကောင်းကျိုးပေးဆိုတဲ့ ကမ္မဿကတာဉာဏ် သာသနာတွင်း ဘုရားပွင့်မှပေါ်တဲ့ ဉာဏ်ကိုဟောနေလို့ သာသနာတွင်း တရားလို့ သေသေချာချာ မှတ်ကြပါ။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကမ္မဿကတာဉာဏ်လောက်ကတော့ သာသနာပတရား(မှန်ပါ့) ဝိပဿနာဉာဏ်ကတော့ (သာသနာတွင်းတရား) အဲဒါကြောင့် သာသနာတွင်းတရား ဆရာဘုန်းကြီးကဟော၍ သာသနာတွင်းနားနဲ့ ထောင်လိုက်ပါဆိုတာကိုလည်း လေးနက်စွာနဲ့ပဲ သတိပေးလိုက်ပါတယ်။ မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား)။
အင်မတန်အကြောင်းသင့်လို့ ဒီဆရာနဲ့တွေ့ရတာ
စဉ်းစားကြ စဉ်းစားကြ ဒကာ၊ ဒကာမတို့ အင်မတန်အကြောင်းသင့်ပြီး သကာလ အခွင့်ကြုံလို့ ဒီဆရာနဲ့ဒီဒကာ၊ ဒကာမတွေနဲ့ တွေ့ကြရတာ(မှန်ပါ့) ဆရာက အနိစ္စခန္ဓာကိုယ်ကိုဗျ(မှန်ပါ့) ဒကာ၊ ဒကာမတွေကကော (အနိစ္စပါ) မမြဲတာမမြဲတာချင်း ကူညီရတယ်ဆိုတာ တာရှည်ကူညီနိုင်ဖို့ မမြင်ပါဘူး(မမြင်ပါ ဘုရား)။ မြင်သေးရဲ့လား (မမြင်ပါ)
မမြဲတာ မမြဲတာအချင်းချင်း ကူညီနေတယ်၊ ပျက်တာပျက်တာအချင်းချင်း ကူညီနေရတယ်ဆိုတာ တာရှည်တော့စိတ်မကူးပါနဲ့(မှန်ပါ) တာရှည်စိတ်ကူးရင် သဿတဝင်ပါလိမ့်မယ်(မှန်ပါ့ ဘုရား)။
ဟာ တို့ဆရာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီကဟောပြပြီး ဒကာ၊ ဒကာမတွေ ယဉ်ကျေးလို့ရှိရင် တို့မန္တလေးရောက်မှနာမယ်လို့ ဒီလိုမလုပ်ပါနဲ့(မှန်ပါ) ဒီလိုလုပ်ရင် သဿတတဲ့(မှန်ပါ) ကိုယ့်ခန္ဓာကြီး ခိုင်တယ်မြဲတယ် ဒီလောက်ထိအောင်အရှည်ခံလို့ တည်တံ့နေလိမ့်ဦးမယ်ဆိုလို့ရှိရင် ဘာဒိဌိတဲ့(သဿတဒိဌိပါ)။
ကဲ သဿတဒိဌိလည်း နိဗ္ဗာန်တားတော့ သူသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ အတ္တကိလမထဆိုတဲ့ ကာမသုကလ ကာနုရောဂလမ်း၊ ခိုင်လိမ့်ဦးမယ်၊မြဲလိမ့်ဦးမယ်ဆိုတဲ့ ဝမ်းမြောက်ဝမ်းသာနေရင် ကိုယ့်ကိုယ်ခင်မင်ကြင်နာပြီး သကာလ နေလို့ရှိရင်လည်း သဿတဒိဌိလမ်းဖြစ်တယ်နော်(မှန်ပါ့ ဘုရား)။
ဣဿာမစ္ဆရိယပယ်နည်း
ဒါတွေမချဲ့တော့ပါဘူး ဒကာ၊ ဒကာမတို့ သိကြားစခန်းပဲသွားကြပါစို့(မှန်ပါ့) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ကြပါမူကား၊ ဘာလုပ်ရမယ် (ဣဿာမစ္ဆရိယပယ်ရပါမယ်)။
ဣဿာနဲ့မစ္ဆရိယပယ်နေတယ် (မှန်ပါ့) ပယ်နည်းကနှစ်မျိုးလို့ ဆရာဘုန်းကြီးကဟောပြန်တယ်(မှန်ပါ့) အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာတယ်၊ မလာအောင်ပယ်နည်းတစ်မျိုး(မှန်ပါ့) လာပြီးမှပယ်နည်းတစ်မျိုးရှင်းပြီလား (ရှင်းပါပြီ ဘုရား)
မလာအောင်ပယ်နည်း
မလာအောင် (ပယ်နည်းတစ်မျိုး)လာပြီးမှ (ပယ်နည်းတစ်မျိုးပါ) မလာအောင်ပယ်နည်းက အားလုံးသော ပုဂ္ဂိုလ်တို့ ဝိပဿနာဉာဏ်နဲ့အားလုံးသော မိမိခန္ဓာကိုယ်ကြီးကို ဝိပဿနာဉာဏ်နဲပအမြဲရှုနေလို့ရှိရင်ဖြင့် ဘယ်အခါမဆို လုပ်လိုက်၊ကိုင်လိုက်၊ရှာလိုက် စိတ်ကလေးတွေပေါ်လိုက် ဝေဒနာလေးတွေပေါ်လိုက် ပေါ်ရာကိုအနိစ္စလိုက်နေလို့ရှိရင်ဖြင့် ဒါမလာအောင်ပယ်နည်းလို့မှတ်လိုက်ပါ(မှန်ပါ့ ဘုရား)။
လာပြီးမှပယ်နည်း
အရောင်းအဝယ်နဲ့ပက်သက်ပြီး သကာလ သူလာမှဖွက်လို့ဟုတ်လား (မှန်ပါ့) ဟိုဆိုင်က ရောင်းရတာကိုပဲ ဒီကမကြည်ညိုတဲ့သဘောမျိုး ပေါ်လာမှတော့ အဲဒီလိုပေါ်လာတဲ့အချိန်မှာ မြန်မြန်ရှုလိုက်ရခြင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လာပြီးမှပယ်နည်းတစ်မျိုး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မလာအောင်ပယ်နည်းကတော့ ဝိပဿနာနဲ့ဉာဏ်နဲ့မခွဲနဲ့(မှန်ပါ့) ဖြစ်ပျက်နဲ့မဂ်နဲ့မခွဲပါနဲ့(မှန်ပါ့) ဖြစ်ပျက်နဲ့(မဂ်နဲ့မခွဲရပါ) အဲဒါက မလာအောင်ပယ်နည်း (မှန်ပါ့ ဘုရား)
လာပြီးမှ ပယ်နည်း ဆိုတာကတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်းဒ ဣဿာလာရင်ဣဿာဖြစ်ပျက်ရှု(မှန်ပါ့) မစ္ဆရိယလာရင် (ဖြစ်ပျက်ရှု ပါ ဘုရား)။ အရှင်ဘုရား တပည့်တော်များကလည်း သတိပဌာန် ပါဠိတော်တော့ရပါရဲ့ ဣဿာမစ္ဆရိယ ဖြစ်ပျက်ရှုရမှာတော့ မပါဘူးလို့ ဒီလိုမယူလိုက်ပါနဲ့(မှန်ပါ့) ဒေါသလေး ပါလာရင် သူတို့ကဝိုင်းလာတာပဲ၊ သူကသဟဇာတအဖြစ်နဲ့ ပေါင်းပြီးသား ဖြစ်နေတယ် (မှန်ပါ့ ဘုရား)
ဒေါသဖြစ်ပျက်ရှုရင်ဣဿာမစ္ဆရိယပါတယ်
အဲဒီတော့ ဒေါသအနုလာလည်း ဖြစ်ပျက်ရှု၊ဒေါသအလတ်လာကော (ဖြစ်ပျက်ရှုပါမယ်) ဒေါသအကြီးစား လာကော (ဖြစ်ပျက်ရှုရပါမယ်) အဲဒီရှုလိုက်လို့ရှိရင် ဣဿာမစ္ဆရိယကပါသွားတာပဲ (မှန်ပါ့) ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ၊ ဒကာမတို့ ပါဠိတော်ထဲသွင်းကြပါစို့ဆိုတော့ သဒေါသစိတ္တ သဒေါသစိတ္တန္တိ ပဇာနာတိ လုပ်တာပါပဲ။ ခိုင်လုံပြီလား (ခိုင်လုံပါတယ်) အေး ဒီလိုကြိုးစားကြစမ်းပါ၊ ဆရာကောင်းတပည့်တွေပီပီနဲ့ ကိုင်း ဒါဖြင့်အန္တရာယ် မကင်းလို့ဘေးမရှင်းတဲ့တရားတော့သိပြီ၊ ဘာပါလိမ့်ဗျာ (ဣဿာမစ္ဆရိယပါ ဘုရား)
ကိုင်း အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ပါမယ်ဆိုတော့ မလာခင်ကတားနည်းတစ်မျိုးကိုအားထုတ် (မှန်ပါ့) လာမှပယ်နည်းတစ်မျိုးကိုလဲ (အားထုတ်ရပါမယ်) အဲဒီနှစ်နည်းကိုဘုန်းကြီးတို့ဒကာ၊ ဒကာမတွေ မမေ့ကြပါမူကား အန္တရာယ်ကင်းလို့ ဘေးရှင်းပါလိမ့်မယ် ဆိုတာကို ဘုရားကလည်း တာဝန်ယူလို့ ဘုရားတပည့်သားဖြစ်တဲ့ ဆရာဘုန်းကြီးကလည်း တာဝန်ယူပါတယ် ပေါ်ကြပြီလား (မှန်ပါ ဘုရား)။
တရားမများသေးပါဘူး။ ဒကာ၊ ဒကာမတို့ တစ်လုံးတည်းပဲဟောနေသေးတယ် (မှန်ပါ့) ဒကာကြွယ် ဒါသတိထားရလိမ့်မယ်နော် (မှန်ပါ့) ဒကာသစ်တို့ရော (သတိထားပါ့မယ်) အန္တရာယ်ကင်းချင်တယ်၊ ဘေးရှင်းချင်ပါတယ်ဆိုရင် ဘာကိုပယ်ရမယ် (ဣဿာမစ္ဆရိယပါ)။
ပယ်နည်းကဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ) မလာအောင် (ပယ်နည်းတစ်မျိုးပါ) လာမှ (ပယ်နည်းတစ်မျိုးပါ) မလာအောင်ပယ်နည်းဆိုတာက ဘယ်လိုလုပ်ကြရမယ်(ဝိပဿနာရှုရပါမယ်) ကိုယ်ရှုဆဲဖြစ်တဲ့ အမြဲတန်းရှုနေတဲ့ ဝိပဿနာရှုနေလည်းမလာပါဘူး (မှန်လှပါ ဘုရား)။
မကင်းတဲ့အချိန်မှာရှုပစ်ပါ
ဟာ တပည့်တော်တို့က အရောင်းနဲ့အဝယ်နဲ့ဘုရား လောကီသားတွေဆိုတော့ မကင်းနိုင်ဘူးဘုရားဆိုတော့ အဲဒီမကင်းတဲ့အချိန်မှာရှုပစ်ပါ(မှန်ပါ့) မကင်းတဲ့အချိန်မှာ ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုပါ့မယ်) ဣဿာမကင်းရင် ဣဿာဖြစ်ပျက်ရှု (မှန်ပါ့) မစ္ဆရိယမကင်းရင် (မစ္ဆရိယရှုရပါမယ်)။
မစ္ဆရိယဖြစ်ပျက်ရှုပါဆိုတော့ ဒကာကြွယ်တို့ ဒကာသစ်တို့က ရှေ့ပိုင်းကနေလို့ ဆရာဒကာရင်းလို့ ခေါင်းဆောင်လို ဖြစ်နေလို့နော် အားလုံးနဲ့ဆက်ဆံတဲ့တရားလို့ မှတ်လိုက်ကြစမ်းပါ သဘောကျပြီလား (မှန်ပါ့ ဘုရား)။ အားလုံးနဲ့ (ဆက်ဆံတဲ့တရားပါ ဘုရား) တောင်သူတောင်သူအလိုက်ရှိတာပဲ(မှန်ပါ့)
အင်း ယုတ်စွအဆုံးသီလရှင်တွေ သီလရှင်တွေအလိုက်ကော (ရှိပါတယ်) ဒါဖြင့် ဒီတရားနှစ်ခုရှိနေရင် သိကြားကဘာတဲ့တုန်း၊ ဘုရားကဖြေလိုက်တယ် အန္တရာယ်မကင်းလို့ ဘေးမရှင်းနိုင်ဘူးကွ၊ ပေါ်ကြပြီလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် လာမှရှုလိုက်တဲ့အခါကျတော့ ရှေ့ကဣဿာ၊ ဟောဒီနား ဣဿာလေးထားပါတော့ ငြူစူတတ်တဲ့ တရားလေးပေါ့ဗျာ(မှန်ပါ့ ဘုရား)။ ငြူစူတတ်တဲ့တရားကလေး ဒီကဒကာ ဒကာမတွေက ဖြစ်ပျက် ၊ဖြစ်ပြီးပျက်တဲ့ အနိစ္စပါလားလို့ ရှုလိုက်ပါဆိုတော့ ဒေါသသေမသွားဘူးလား (သေပါတယ်)။
ပဋိစ္စသမုပ္ပါဒ်ဘယ့်နှယ်ကြောင့်ပြတ်ပါလိမ့်
ဒေါသသေတော့ ဒီဘက် သောကပရိဒေဝဒုက္ခ ဒေါမနဿ ဥပါယာသ အဝိဇ္ဇာတွေလာသေးသလား (မလာပါ) ဒါဖြင့် နောက်သံသရာ ဆက်မယ့်တရားတွေ ဘယ့်နှယ်နေသေးလဲ (ပြတ်ပါတယ် ဘုရား)။
နောက်သံသရာ ဆက်မယ့်တရားတွေ ဘယ့်နှယ်ကြောင့်ပြတ်ပါလိမ့်မလဲလို့ ပဋိစ္စသမုပ္ပါဒ်အဆုံးနားကနေပြီး ဆရာဘုန်းကြီးက ဖြတ်လိုက်ပါလိမ့်မလဲလို့မေးတဲ့အခါကျတော့ ဣဿာမစ္ဆရိယရှုချလိုက်လို့ (မှန်ပါ့) ရှင်းပြီလား (မှန်ပါ ဘုရား)။
နာဖူးတဲ့ပုဂ္ဂိုလ်များ အတွက်မှာဖြင့် အလွန့်အလွန်ကျေးဇူးများပေတယ်။ မနာရသေးတဲ့ ပုဂ္ဂိုလ်များအတွက်လည်း ဒီဟာနည်းကောင်း နည်းနာပါကလား၊ ဒီအလုပ်ဟာ မလုပ်မဖြစ်ပါလား (မှန်ပါ့)။
ခန္ဓာကိုယ်ကြီး ရေမိုးချိုးပြီး သကာလ ကျန်းမာရေးလိုက်စားနေလို့ မကျန်းမာနိုင်ပါလား ဆိုတာလည်း ပေါ်လာပြီ(မှန်ပါ့) ကိုယ်ကမေတ္တာ ထားပါရက်သားနဲ့သူတို့က မေတ္တာမပြန်တာဟာ ဘာကြောင့်ပါလိမ့်မလဲ ဆိုတဲ့ဥစ္စာ၊ ကိုယ့်ကိုယ်က ဣဿာရှိလို့ မပြန်တာမှတ်ပါ၊ ရိပ်မိကြပြီလား (မှန်ပါ့)။
ဒါဖြင့် အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေ အသက်ကြီးတဲ့ပုဂ္ဂိုလ်များ ပိုမိုပြီး သကာလ ဒီဥစ္စာဖြစ်ပျက်ရှုပါ(မှန်ပါ့ ဘုရား)။
ဘယ်စိတ်လာလာရှု
တရားရှုနည်းကနှစ်မျိုးနော် (မှန်ပါ) မလာအောင်ရှုနည်းကတစ်မျိုး(မှန်ပါ) လာမှ (ရှုနည်းက တစ်မျိုးပါ)
ကဲ မလာအောင် ရှုနည်းဆိုတာဘုန်းကြီးပေးထားတဲ့ စိတ္တာနုပဿနာ ဝိပဿနာ၊ ဘယ်စိတ်လာလာရှုတဲ့စိတ်ရှုရှု၊ ရှိုက်တဲ့စိတ်ရှုရှု၊ လောဘလာရှု၊ အင်း မောဟလာလည်းရှုပေါ့ဗျာ၊ ယားတယ်ယားတဲ့စိတ်ကာယဝိညာဉ် စိတ်တွေလာလည်း ရှုပေါ့ဗျာ။
အင်း ကောင်းတဲ့စိတ် သုခသဟဂတံ ကာယဝိဉာဏ်စိတ်တွေလာရင်ရော (ရှုရပါမယ်) မြင်တဲ့စိတ်ကလေးလာရင်ရော (ရှုရပါမယ်) အင်းအကုန်ရှုနေပြန်လို့ရှိရင်လည်း အဲဒါမလာအောင်တားနည်း တစ်မျိုး(မှန်ပါ့)။
ဟ လာမှပဲရှုမယ်ဆိုလို့ရှိရင်လည်း လာပြီးသားကို မင်းဟာဣဿာလား အနိစ္စလားမေးပြီး သကာလ ရှုလိုက်ပါ(မှန်ပါ့ ဘုရား)။ ရှုလိုက်တော့ ရှုဉာဏ်ကမဂ္ဂ၊ သူကအနိစ္စရောက်ပြီးသားဖြစ်လေသောကြောင့် ဣဿာဆိုတဲ့တရားက အနိစ္စရောက်ပြီးသားဖြစ်လေသောကြောင့် ကျုပ်ဟာ အနိစ္စပါပဲဆိုတော့ ဒကာ ဒကာမတွေ ရှုတဲ့ဉာဏ်က အင်း ဆုမတောင်းဘဲနဲ့ပြည့်တဲ့ မဂ္ဂသွားဖြစ်တယ်(မှန်လှပါ ဘုရား)။
ဆုမတောင်းဘဲနဲ့ပြည့်တဲ့ (မဂ္ဂပါ ဘုရား)
အဲဒါကြောင့် ဒီနေ့တရားမှာ ဒကာ ဒကာမတို့ အင်မတန်ကျေးဇူးများ သွားတယ်ဆိုတာ မှတ်စမ်းပါ (မှန်ပါ) တရားနှစ်မျိုးဟောတယ်နော် (မှန်ပါ ဘုရား)။ မလာအောင်ရှုနည်းက ကိုယ်အားထုတ်ထားတဲ့တရားကို ရှုနေ(မှန်ပါ့) လာမှရှုနည်းကပေါ်လာတဲ့အခါမှာ ဖြစ်ပျက်မြင်အောင်ရှုပါ(မှန်ပါ့) ဆိုတော့ကျေနပ်ပြီလား (မှန်လှပါ ဘုရား)။
ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင် အိပ်ဆောင်အဖြစ်နဲ့ထားကြ
ဒါဖြင့် အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ရင် ဘာကိုပယ်ရမယ်(ဣဿာမစ္ဆရိယပါ) ပယ်နည်းက ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ) မလာအောင် (ပယ်နည်းတစ်မျိုး) လာမှ(ပယ်နည်းတစ်မျိုးပါ ဘုရား)။
အဲဒါကို လက်ဆောင်ထားကြလို့ ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင် အိပ်ဆောင်အဖြစ်နဲ့ထားကြမယ်ဆိုရင်ဖြင့် သိကြားရေ ဘုရားကအန္တရာယ်ကင်းလို့ ဘေးရှင်းပါပြီကွ၊ ပေါ်ကြပြီလား (မှန်ပါ့)
အန္တရာယ်ကင်းလို့(ဘေးရှင်းပါပြီ ဘုရား)။ ဪ ဒကာ၊ ဒကာမတို့ အင်မတန်အကြောင်းတိုက်ဆိုင်ပြီး သကာလ ဆရာသမားနဲ့တွေ့လို့ ဒကာကြွယ်ရေ လက်သည်တွေ့ရတာနော်(မှန်ပါ့)
မဟုတ်ရင် ဘယ့်နှယ်ကြောင့် အန္တရာယ်မကင်းပါလိမ့် ငါမေတ္တာတွေနေ့တိုင်းပို့တယ်ကွာ၊ အံမယ် အိမ်ကလူကြီးက စပြီးတော့ စည်းတွေများတောင်ချလိုက်သေးတယ်လေ။ ဒီအထဲကပဲ ညသူခိုးဝင်သလိုလို ဟုတ်လား အိမ်ကပစ္စည်း ပျောက်သလိုလို တို့ဘာများဖြစ်ချင်လို့ပါလိမ့်၊ ဘာမှမဖြစ်ချင်ဘူး၊ ဒကာ၊ ဒကာမတို့ ဣဿာမစ္ဆရိယမစွန့်လို့ အမှိုက်ရှိရာခွေးချေးလာတာအောက်မေ့လိုက်ပါ။
ဘယ်လိုမှတ်ကြမယ် (အမှိုက်ရှိရာ ခွေးချေးလာ ယိုတာပါ ဘုရား)။ ကိုယ်က ဣဿာမစ္ဆရိယအမှိုက်ရှိနေလို့ ဘေးတကာ ရန်တကာဆိုတဲ့ ခွေးချေးတွေလာတာသာမှတ်ကြပါ (မှန်ပါ့) ဒကာကြွယ်တို့ ဒကာသစ်တို့ တယ်အဖြေကောင်းပါလား (မှန်ပါ့)။ အင်မတန်အဖြေကောင်းတယ်ဆိုတာ ပေါ်ကြပြီလား (မှန်ပါ့) အန္တရာယ်ကင်းလို့ ဘေးရှင်းချင်ရင် ဘာပယ်ရမယ် (ဣဿာမစ္ဆရိယပါ) ပယ်နည်းက ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ) မလာခင်က (ပယ်နည်းတစ်မျိုး) လာမှ (ပယ်နည်းတစ်မျိုးပါ ဘုရား)။
စိတ္တနုပဿနာနှင့် ဓမ္မနုပဿနာ
အဲဒီနှစ်မျိုးဟာဖြင့် လာမှပယ်နည်းက ဒကာ၊ ဒကာမတို့ စိတ္တနုပဿနာသတိပဌာန် မလာခင်က ပယ်နည်းက ဓမ္မာနုပဿနာမှတ်လိုက်ပါ(မှန်ပါ့) ဓမ္မလာတိုင်းရှုနေရတာ (ဓမ္မာနုပဿနာပါ) မလာခင်ပယ်နည်းက (စိတ္တာနုပဿနာပါ) လာမှပယ်နည်းက (ဓမ္မာနုပဿနာပါ ဘုရား)။
ဪ စိတ္တာနုပဿနာ သတိပဌာန် သေချာပြီလား (သေချာပါပြီ) ဒီတရားတစ်လုံးကို ဒကာကြွယ်နှင့်တကွ အားလုံးအခုလာကြတဲ့ ပရိသတ်အများကြီးကို ဘုန်းကြီးက ချီးမြှောက်ရသဖြင့် ဒီဒကာ၊ ဒကာမတွေကို ဘုန်းကြီးကကျောင်းကမေတ္တာပို့တာထက် ခင်ဗျားတို့ဣဿာမစ္ဆရိယ ပယ်တာက စူးရှပါတယ်လို့ မှတ်လိုက်စမ်းပါ(မှန်လှပါ ဘုရား) ပေါ်လာကြပြီလား (မှန်လှပါ ဘုရား)
မေတ္တာပို့တာထက်စူးရှတယ်
ဘုန်းကြီးက ကျောင်းကနေပြီး ဪ တရားနာတဲ့ဒကာ၊ ဒကာမတွေအကုန် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ တရားနာကြပါစေ၊ နာပြီးသိကြပါစေ၊ သိပြီးကျင့်ကြပါစေလို့ ပို့တဲ့မေတ္တာထက် စူးရှတဲ့ ကိုယ့်ဣဿာ ကိုယ့်မစ္ဆရိယကိုယ်ပယ်တာက စူးရှတယ် လို့မှတ်လိုက်စမ်းပါ(မှန်ပါ့ ဘုရား)။
ဟိုဟာကပို့လို့ ခင်ဗျားတို့သာမည ကျန်းမာမှု သာမညချမ်းသာမှုသာရတာ အရိယာဘက်ကိုမသွားဘူး(မှန်ပါ့) ခင်ဗျားတို့ဟာ ခင်ဗျားတို့ပယ်လိုက်ရင် အရိယာဘက်ကို သွားပါတယ် မကွာခြားဘူးလား (ကွာခြားပါတယ်) ဒါကြောင့် ဒကာကြွယ်တို့ သေပျော်ပြီလား ဒီတရားကြောင့် (သေပျော်ပါပြီ ဘုရား)။
ဒီတရားတစ်လုံး အင်မတန်အဖိုးတန်ပါလာ (မှန်ပါ့) အင်မတန်အဖိုးတန် အင်မတန်အဖိုးတန်တယ် ဒကာ၊ ဒကာမတို့ (မှန်ပါ့)
ကိုင်း ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ပြတ်ပါရဲ့လားလို့ မေးလိုက်တော့လည်း ဘယ့်နှယ်တုန်း(ပြတ်ပါတယ် ဘုရား) ဣဿာမစ္ဆရိယက ဒေါသနဲ့တွဲလာတာကို (မှန်ပါ့) အဲဒီတော့ ဣဿာမစ္ဆရိယ ဖြစ်ပျက်ရှုလိုက်တော့ ဣဿာမစ္ဆရိယကဖြစ်ပျက် သဘောကျပြီလား (မှန်ပါ့) ရှုတာကဘာဖြစ်သွား (မဂ်ဖြစ်ပါတယ်)
မဂ်ဆိုတော့ ဣဿာမစ္ဆရိယကဒေါသနဲ့တွဲနေတယ် (မှန်ပါ့ ဘုရား) ဒေါသကဖြစ်ပျက်ဖြစ်သွားတော့ (မှန်ပါ့) ခန္ဓာကိုယ်ထဲမှာ ဒေါသဖြစ်ပြီး သောကဆိုတဲ့စိုးရိမ်မှု လာသေးလား (မလာပါ ဘုရား)
ပရိဒေဝဆိုတဲ့ မျက်ရည်ကျမှုကရော (မလာပါ ဘုရား) ဒုက္ခဆိုတဲ့ ကိုယ်၏ဆင်းရဲမှုကရော (မလာပါ ဘုရား) ဒေါမနဿဆိုတဲ့ စိတ်ဆင်းရဲမှုက (မလာပါ ဘုရား)။ ဥပါယာသဆိုတဲ့ ပြင်းစွာပင်ပန်းမှုကရော (မလာပါ) ဒါတွေဟာမသိလို့ လာတာဖြစ်နေသောကြောင့် ဒါတွေမှမလာရင်အဝိဇ္ဇာကလာသေးရဲ့လား (အဝိဇ္ဇာကမလာပါ ဘုရား)၊
ပဋိစ္စသမုပ္ပါဒ် အစကချုပ်တဲ့တရား
ဟာ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အစကချုပ်တဲ့တရားတွေ ပေါ်ကြပြီလား (မှန်ပါ့ ဘုရား) ဘယ်ကချုပ်တဲ့ တရားပါလိမ့် (အစကချုပ်တဲ့တရားပါ) အဝိဇ္ဇာက စချုပ်တယ် (မှန်ပါ့)
ဒါကြောင့် သေပျော်တယ်၊ သေပျော်တယ်ဆိုတာ ဒကာကြွယ်တို့ ဒကာသစ်တို့ တရားတစ်ပွဲလုံး ချီးမြှောက်ပြောတာ မဟုတ်ဘူးနော် (မှန်ပါ့ ဘုရား) သာသနာတွင်းတရားဆိုတာ ပေါ်လာကြပြီလား
ဘုန်းကြီးများက အင်မတန်မေတ္တာကြီးကြီးနဲ့ အင်မတန်စေတနာကြီးနဲ့ ဒါ နားရည်အင်မတန်ဝတဲ့ပုဂ္ဂိုလ်တွေမို့ ဝိပဿနာဉာဏ်ကလည်း သတ်ပြီးသားပုဂ္ဂိုလ်တွေမို့ ဒါလောက်နားထောင်လို့ရတာနော် (မှန်ပါ) မဟုတ်ရင်ရပါ့မလား (မရနိုင်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတွေ ပရိတ်တွေရွတ်ပြီး မေတ္တာပို့တာထက် ကိုယ့်ဣဿာမစ္ဆရိယ ကိုယ်ပယ်နေရတာနဲ့ ဘယ်ဟာကသာစူးရှမယ် ထင်တာတုန်း( ကိုယ့်ဣဿာမစ္ဆရိယပယ်တာက စူးရှပါတယ် ဘုရား)။ ဟိုဟာက အငှားရွတ်တာပါလားဗျ (မှန်ပါ့) ဘယ်လိုပါလိမ့် (အငှားရွတ်တာပါ)
တပည့်တော်တို့ အန္တရာယ်ကင်းအောင်ဘုရား ကြွပြီးအရှင်ဘုရားများ ကျေးဇူးပြုပေးပါဦး ဆိုတော့ မကင်းဘူးလား ကင်းပါတယ်တဲ့ အရိယာဖြစ်နိုင်ရဲ့လား မေးလိုက်တယ် (အရိယာမဖြစ်နိုင်ပါ ဘုရား)။
ဒါကတော့ ဘယ့်နှယ်တုန်း (အရိယာဖြစ်ပါတယ် ဘုရား) အင်း ဒေါသပယ်တယ်ဆိုရင် ဒကာ ဒကာမတို့ လောဘလာလည်းဒီအထဲမှာ ဖြစ်ပျက်ရှုတဲ့မဂ်ကလည်းပယ်ပြီးသားပဲ (မှန်ပါ့) အင်း ဖြစ်ပျက်မှန်းသိတော့ ဒိဌိကရော (မလာပါ ဘုရား)။
အရိယာဖြစ်တဲ့တရား
ဒီတရားလေးက ဣဿာဟာဖြစ်ပျက်ပါပဲ ငါ့ကွာ သူမျက်မုန်းကျိုးတယ်ဆိုတာ လာသေးရဲ့လား (မလာပါ) မလာတော့ ငါဆိုတဲ့ဒိဌိက ချုပ်သွားတော့ ဖြတ်ဆို အင်းသောတာပန်တည်တဲ့တရား အရိယာဖြစ်တဲ့တရား(မှန်ပါ့ ဘုရား)။
ဒီလိုသွားလိုက်လို့ရှိရင် ပိုမိုကျေးဇူးများတော့တယ်ဆိုတာ ယနေ့ထူးထူးခြားခြားမှတ်လိုက်စမ်းပါ (မှန်ပါ့) နားကြီးကြီးနဲ့ထောင်ပါနော် ဘယ်လိုတောင်းပန်ပါလိမ့်(နားကြီးကြီးနဲ့ထောင်ဖို့ပါ ဘုရား)
ကိုယ့်ဟာကိုယ်ပယ်ရတာနဲ့ သူများကကာကွယ်ပေးတာနဲ့ ကိုယ်တိုင်ကာကွယ်ရတာနဲ့ ဘယ်ဟာကလုံခြုံပါ့မယ် (ကိုယ်တိုင်ကာကွယ်ရတာ လုံခြုံပါတယ်) ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)
ကဲ ရှေ့တစ်ဆင့်တက်ကြပါဦးစို့ အရှင်ဘုရားတဲ့ ဒါဖြင့် ဣဿာမစ္ဆရိယကြောင့်အန္တရာယ်တွေ ဘေးတွေမာရ်တွေ ရန်တွေက သူကြောင့်လာတယ်ဆိုတာ တပည့်တော်အကျေနပ်ကြီးကျေနပ်ပါပြီ သိကြားက တာဝန်ခံလိုက်တယ် (မှန်ပါ့ ဘုရား)။
သာသနာကွယ်ရင်မရတော့ဘူး
တပည့်တော် သံသယဝိစိကိစ္ဆာမရှိတော့ဘူးဘုရားတဲ့ အရှင်ဘုရား မရှိတုန်းက တပည့်တော် တိတ္ထိဆရာကြီးတွေ မေးပါတယ်၊ တောထဲကရသေ့ကြီးတွေ သွားမေးတယ် ကျေနပ်လောက်အောင်ဖြေမှု ဘယ်အခါမှ မရပါဘူးဘုရား (မှန်ပါ့ ဘုရား)။
ကိုင်း သာသနာကွယ်ရင်မရတော့ဘူးတဲ့(မှန်ပါ့) ရနိုင်စရာမြင်သေးရဲ့လား (မမြင်ပါ) အဲဒါကြောင့် ဒကာ ဒကာမတို့ သေမှာတောင်အောင့်ထားဆိုတဲ့ စာအုပ်ထဲမှာလည်းပါပါတယ်(မှန်ပါ့) ဒီဟာလေးဖြင့်အရယူပါဦးဆိုတဲ့ ဥစ္စာကို မပြောသင့်ဘူးလား (ပြောသင့်ပါတယ် ဘုရား)။
အောင့်ထားလို့ ဘယ်ရရမှာလည်း ဆရာကရုဏာ ပေါ်အောင်လို့ ပြောတာပါ (မှန်ပါ့) ရှင်းပြီလား ဆရာသမား၏ကရုဏာပေါ်အောင်လို့ပြောတာပါဆိုတော့ သေချာပြီလား (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုတရားနာတာ နာရီသုံးမတ်ရှိသွားပါပြီ(မှန်ပါ့) အင်း နားလည်းတာကဖြင့် ဒိဌိကွာတာလည်း နားလည်းသွားပြီ(မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ပြတ်တာလဲ (နားလည်ပါပြီ) အန္တရာယ်မကင်း ဘေးမရှင်းတာလဲ (နားလည်ပါပြီ ဘုရား)။
ဪ နာရီသုံးမတ်သည်ကားလို့ဆိုလို့ရှိရင် သိပ်အဖိုးတန်ပါလားဆိုတာ ပေါ်လာပြီ၊ ကဲ ဦးလှဘူး ပေါ်ပြီလား (မှန်ပါ့) အင်မတန်အရေးကြီးတဲ့ အဓိပ္ပါယ်တွေကို သိရကျွမ်းရကိုယ်မပယ်တတ်တာတွေကို မလာခင်က ပယ်နည်းတစ်မျိုး လာမှ ပယ်နည်းတစ်မျိုး သိရတဲ့အတွက်လည်း အလွန့်အလွန် ကျေးဇူးများတော့တယ်ဆိုတာ ယနေ့မှတ်ပါ (မှန်ပါ့ ဘုရား)
ကိုင်းဒကာ ဒကာမတို့ ရှေ့တရားတစ်လုံး ဆက်ကြဦးစို့နော် (မှန်ပါ) တစ်လုံးပဲပြောပြီးသေးတယ် တစ်လုံးပြီးပေမယ့် ဒကာ ဒကာမတွေအတွက်က ခင်ဗျားတို့အိမ်ကရောက်လာတဲ့အခါ ဒီကနေပြန်ပြီး သုတ်ပျာသုတ်ပျာနဲ့ ပြန်ကြတဲ့အခါ ဟိုမှာထမင်းစားဖို့ အရေးကြီးတဲ့အခါ ဟိုမှာမိတ်ဆွေတွေရောက်လာလို့ ဪ ကျုပ်ကတရားနာ သွားနေတယ် ခင်ဗျားတို့က အခုရောက်နေတယ်လို့ အပိုတွေနှုတ်ဆက်နေရတဲ့အတွက် ဒီတရားမေ့သွားမှာစိုးရိမ်တယ် (မှန်ပါ့) မစိုးရိမ်သင့်ဘူးလား (စိုးရိမ်သင့်ပါတယ် ဘုရား)။
မေ့သွားမှာ စိုးရိမ်တော့ ဘုန်းကြီးတို့ဒကာ ဒကာမတွေ ထပ်ပြန်ပြီး သတိပေးလိုက်ပါတယ် (မှန်ပါ့) အန္တရာယ်မကင်း ဘေးမရှင်းတာဘာကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယ) ဣဿာမစ္ဆရိယကိုပယ်လိုက်ရလို့ရှိရင် ဘာဖြစ်မယ်ထင် (အသက်ရှည်ရောဂါကင်းပါတယ် ဘုရား)။ ပယ်နည်းကဘယ်နှစ်နည်းပါလိမ့် (နှစ်မျိုးပါ) မလာခင်က (ပယ်နည်းတစ်မျိုး) လာမှ(ပယ်နည်းတစ်မျိုးပါ)
မလာခင်ကပယ်နည်းကသာကောင်းတယ်
ဒီလောက်ဆိုရင် မမေ့သင့်ဘူးလို့ အောက်မေ့တာပဲ (မှန်ပါ့ ဘုရား) မလာခင်ကပယ်နည်း ငါကြိုးစားနေမယ် ဆိုလို့ရှိရင်လည်း ပြီးသွားတာပဲ(မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)
လာမှပယ်နည်းကြိုးစားမယ်ဆိုရင်ရော (ပြီးပါတယ် ဘုရား) ပြီးတာချည်းပဲဆိုတော့ ဘုန်းကြီးတို့ ဘုရားတို့ သဘောအကြိုက်အမှန်ကို ပြောရမယ်ဆိုလို့ရှိရင် မလာခင်ကပယ်နည်းကသာကောင်းတယ်(မှန်လှပါ ဘုရား)။ ဒကာကြွယ်ဘာကောင်းပါလိမ့် (မလာခင်ပယ်နည်းပါ)
ဒါဖြင့် ကိုယ့်အလုပ်ကို ပင်ကိုကလုပ်နေတာ ကောင်းတယ်ပြောတာ(မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ဘယ်အချိန်က ကောင်းပါလိမ့်(မလာခင်ကပယ်နည်းက ကောင်းပါတယ် ဘုရား)။
အရှင်ဘုရား တပည့်တော်တို့ လူတွေပါဘုရား အရှင်ဘုရားများလို့ ဆွမ်းကွမ်းလွယ်တာ မဟုတ်ဘူးဘုရား မလာခင်ကလုပ်နေဖို့ မလွယ်ဘူးလို့ ဒီလိုမယူလိုက်ပါနဲ့ (မှန်ပါ) ခင်ဗျားတို့မှာလည်း မယူနိုင်ဆုံးဆိုရင်ဖြင့် ဒီထက်ဆိုး ဒီထက်ပေဒီထက်တေကတော့ဖြင့် မရှိဘူးလို့ဆိုရလိမ့်မယ် (မှန်ပါ့ ဘုရား)
ကိုင်း ဒကာ ဒကာမတို့ ရှေ့တစ်ဆင့်တက်ကြစို့နော် သိကြားကမေးလိုက်တယ်အရှင်ဘုရား ဣဿာမစ္ဆရိယတော့ဖြင့် အန္တရာယ်မကင်းလို့ ဘေးမရှင်းတဲ့တရားဆိုတာ တပည့်တော်ကျေနပ်ပါပြီ၊
ရှေးကဘုရားမပွင့်ခင်က ဆရာတွေလည်း တပည့်တော်အကုန်မေးပါတယ် (မှန်ပါ့ ဘုရား) တစ်ယောက်မှ ကျေနပ်လောက်အောင် မဖြေနိုင်ဘူးဘုရား အန္တရာယ်မကင်း ဘေးမရှင်းတာ အဘယ့်ကြောင့်တုန်းဆိုရင်ဖြင့် ဘယ့်နှယ်ကြောင့်ရယ်လို့ မပြောတတ်ဘူးဘုရား ကျေနပ်လောက်အောင် ဖြေခွင့်တစ်ခါမှမရဘူး၊ ဘုရားမပွင့်ခင်တုန်းက ကွယ်နေလိုက်တာ (မှန်ပါ့ ဘုရား)။
အခု အရှင်ဘုရား ပွင့်ထွန်းပေါ်ပေါက် လာတော့ တပည့်တော်ကတာဝတကဆင်းပြီး အရှင်ဘုရားလာမေးတဲ့အခါကျတော့ လက်သည်အရင်းကျကျ သိရတဲ့အတွက် တပည့်တော်ဖြင့်သံသယ ရှင်းပါပြီဘုရား ဆိုပြီး လျှောက်ပါတယ် (မှန်လှပါ ဘုရား)။
သာသနာတွင်းနဲ့သာသနာပ သူခွဲပြောတာ
ကဲ သာသနာတွင်းနဲ့သာသနာပ သူခွဲပြောတာ (မှန်ပါ့) သိကြားက သာသနာတွင်းကလည်း သူရှိတာကို (မှန်ပါ့) သာသနာပတွင်လည်း သူရှိတာ သာသနာတွင်းမှာ ဝိပဿနာ ပေါ်လာတယ်ဆိုတာသေချာပြီလား (မှန်လှပါ ဘုရား)
မလာခင်တားမြစ်တာလည်း ဝိပဿနာ(မှန်ပါ့) လာမှ ဖြစ်ပျက်ရှုတာလဲ (ဝိပဿနာပါဘုရာ့) ဪ ဒီဒကာ ဒကာမတို့ အသေမစောကြပါနဲ့ ဒါလေးကြိုးစားပြီးမှသေကြပါလို့ ဆိုတာ ဆရာဘုန်းကြီးက ဒါကန့်ကွက်လို့မရလို့ ကန့်ကွက်လို့ရလို့ရှိရင်ဖြင့် ဒါသာသနာတွင်းလေး တွေ့သွားချင်တယ်ဆိုတာ သေသေချာချာစိတ်ထား ကြီးမားစွာနဲ့ပဲ မေတ္တာထားပြီးပြောပါတယ် သဘောပါကြပြီလား (ပါပါတယ် ဘုရား)။
ဣဿာမစ္ဆရိယဟာ ဘယ်ကလာတုန်း
ကဲ ဒုတိယအဆင့်ပြောမယ်နော် (မှန်ပါ့) ဒုတိယအဆင့်ပြောမယ် အရှင်ဘုရား သိကြားက ဣဿာမစ္ဆရိယကြောင့် အန္တရာယ်မကင်းဘေးမရှင်းတာ တပည့်တော်သိပြီ ဘုရား၊ ဣဿာမစ္ဆရိယဟာ ဘယ်ကလာတုန်းဆိုတာ အကြောင်းလေးပြပါဦးဘုရား (မှန်လှပါ ဘုရား)
သိပ်ကောင်းတဲ့ တရားပါလား ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယ ဘယ်ကလာတုန်းဆိုတာ အကြောင်းမရှိဘဲနဲ့လည်း မလာနိုင်ပါဘူးဘုရား၊ အဲဒီအကြောင်းလေး တပည့်တော်သိရလို့ရှိရင်ဖြင့် အလွန်ပဲကျေနပ်ပါလိမ့်မယ်ဘုရား ဆိုတော့ ဪ ဒီသိကြားက ကျုပ်တို့အတွက် လျှောက်ပေးနေတာ (မှန်ပါ့ ဘုရား)
ချစ်ခြင်းမုန်းခြင်းကြောင့်ဣဿာမစ္ဆရိယဖြစ်
သူ့အတွက်လည်းပါတာပေါ့ဗျာ ကျုပ်တို့နောင်လာနောက်သားတွေအတွက်လည်း အင်း ဣဿာမစ္ဆရိယ၏ ရေသောက်မြစ် ဣဿာမစ္ဆရိယ၏ပင်စည် ဣဿာမစ္ဆရိယ၏ပင်မကြီး သူ့ရေသောက်မြစ် ဘယ်သူတုန်းလို့မေးလို့။
ဒကာကြီးတဲ့ ဣဿာမစ္ဆရိယ၏ရေသောက်မြစ်ဟာ တခြားဟုတ်ပါရိုးလား ချစ်ခြင်းမုန်းခြင်းက လာတာ ဒကာကြီးပေါ်လာပြီ ပေါ်လာပြီ ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)ဣဿာမစ္ဆရိယဘယ်ကလာတုန်း (ချစ်ခြင်းမုန်းခြင်းပါ)
မှန်လိုက်တာ မှန်လိုက်တာ ဒကာ ဒကာမတို့ သေသေချာချာမှတ်စမ်းပါ (မှန်ပါ့ ဘုရား) စာအုပ်နဲ့ရေးတဲ့ ပုဂ္ဂိုလ်တွေ အမျိုးမျိုး ဝမ်းထဲမှာ မှတ်တဲ့ပုဂ္ဂိုလ်တွေ နာရီသာဆရာသမားက အကုန်ခံပြီး သကာလ နားလည်မှုကြောင့် တန်ဆာဆင်ပြောတာ တရားမများသေးဘူးလို့မှတ်ပါ တရားမများရပါဘူးဆိုတာ သေချာပြီလား (မှန်ပါ့ ဘုရား)
ကိုင်း ဒါဖြင့် ဣဿာမစ္ဆရိယ အရှင်ဘုရား ဘယ်ကလာသတုန်းမေးတော့ ချစ်ခြင်းမုန်းခြင်းကလာတာဒကာကြီး၊ ဘယ်သူကဖြေပါလိမ့် (ဘုရားပါ) ဘုရားကဖြေတာနော် (မှန်ပါ့) ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယ ဘယ်ကလာတုန်း (ချစ်ခြင်းမုန်းခြင်းပါ ဘုရား)။
သာသနာတွင်းမို့ ကိုယ်တော်ကြီးက ကျုပ်ဖြင့် ဣဿာလည်းမရှိပါဘူးဘုရား၊ မစ္ဆရိယလည်းမထားပါဘူး သူမထားတာ မထားတယ် သူ့သန္တာန် ချစ်ခြင်းမုန်းခြင်းရှိနေရင် ဣဿာမစ္ဆရိယရှိရမယ် (မှန်ပါ့ ဘုရား) သူသန္တာန် ချစ်ခြင်းမုန်းခြင်းမပယ်နိုင်သေးရင် (ဣဿာမစ္ဆရိယ ရှိပါတယ်) ဣဿာမစ္ဆရိယရှိရမယ် အလကား လောကွတ် ပြောနေတာ ဒီလျှာအရိုးမပါလို့ လှည့်နေတာသာ ဒကာကြွယ် ဒကာသစ်ဦးလှဘူးတို့ကမှတ်လိုက် (မှန်လှပါ ဘုရား)။
အလုံးစုံသိတဲ့ ကိုယ်တော်မြတ်ကြီးက ပြောလိုက်တာ ဣဿာမစ္ဆရိယ ဘယ်ကလာပါသတုန်း ဘုရားဆိုတော့ ဘုရားက ဘယ့်နှယ်ဖြေလိုက်ပါလိမ့် (ချစ်ခြင်းမုန်းခြင်းပါ) ဟုတ်ပြီ မှန်ပါပေတယ်။ ဒကာ ဒကာမတို့ ကြည်ညိုလို့မဆုံးနိုင်ပါဘူး။
အလုံးစုံသိတဲ့ သဗ္ဗညုလို့ ဘွဲ့ထူးကြီးယူထားတဲ့ ဥစ္စာဖြင့် ဒီဒကာ ဒကာမတွေက ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ သံသယနားနဲ့ဖြင့် မထောင်လိုက်ပါနဲ့ဆိုတာကိုလည်း ကန့်ကွက်လိုက်တယ် (မှန်ပါ့) မကန့်ကွက်ထိုက်ဘူးလား (ကန့်ကွက်ထိုက်ပါတယ်) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယ ဘယ်ကလာပါလိမ့် (ချစ်ခြင်းမုန်းခြင်းကပါ ဘုရား)။
ဟော ရှင်းပြီ ရှင်းပြီ သို့သော်လည်း ဘုရားကသာဒီလောက်နဲ့ဟောသွားငြားသော်လည်း ဒီဒကာ ဒကာမတွေ နားမှာတော့ ချစ်ခြင်းကြောင့်ဘာဖြစ်သတုန်း မုန်းခြင်းကြောင့် ဘာဖြစ်တာတုန်းဆိုတဲ့ အချက်အလက် အကွက်တွေတော့ဖြင့် ဒီဆရာဘုန်းကြီးက အကျယ်တဝင့်ချဲ့ထွင်ပြီးပြောဦးမှ ဒကာကြွယ် ဒကာသစ်နားလည်မှာ (မှန်ပါ့ ဘုရား) ဦးလှဘူး ဒါမှနားလည်မှာ မဟုတ်ရင် နားလည်းပါ့မလား(နားမလည်နိုင်ပါ ဘုရား)။
ချစ်ခြင်းကလာတဲ့ဣဿာ
ကိုင်း ချစ်တဲ့ပုဂ္ဂိုလ်ကြောင့် စပြောပါလိမ့်မယ် ကိုယ်ချစ်တဲ့ပုဂ္ဂိုလ်လေး ဘာလေးသမီးလေးဆွေမျိုးလေးရှိတယ်၊ ရှိနေတော့ ဒီပုဂ္ဂိုလ်တွေကို မချစ်ဘူးလားဗျာ (ချစ်ပါတယ် ဘုရား)
ချစ်တဲ့အခါကျလို့ရှိရင် ဟိုပုဂ္ဂိုလ်က တွေးတတ်တယ်လေ တတ်တဲ့ပုဂ္ဂိုလ်က ကိုယ့်သားလေးနဲ့ ကိုယ့်သမီးလေးနဲ့ လာပြီး အကျွမ်းတဝင်နေလို့ရှိရင် ဟိုပုဂ္ဂိုလ်ဣဿာဖြစ်တယ် (ဖြစ်ပါတယ်) ချစ်တာနဲ့ ဟိုပုဂ္ဂိုလ် ဣဿာသွားဖြစ်တယ်(မှန်ပါ့ ဘုရား)
ဒီကောင်နဲ့ပေါင်းတာ ငါမကြိုက်ပါဘူး (မှန်ပါ့) အင်း ချစ်ခြင်းကြောင့်လာတဲ့ ဣဿာပါလား အင်းဘယ်ကလာပါလိမ့် (ချစ်ခြင်းကြောင့်ပါ) ချစ်ခြင်းကလာတဲ့ ဣဿာဗျ (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့) ချစ်ခြင်းကလာခြင်းကြောင့် ဟိုပုဂ္ဂိုလ်အတွက်ဖြင့် သူလာတာကျုပ်ဖြင့် နည်းနည်းမှ စိတ်လည်းမချမ်းသာဘူး (မှန်ပါ့ ဘုရား)
ကျုပ်မျက်စိထဲမှာလည်း သူ့ဖြင့်မျက်မုန်းကျိုးနေတာပဲ (မှန်ပါ့) ကြာတော့ကျုပ်သမီးလေး ပျက်ရချေရဲ့ (မှန်ပါ့) ကျုပ်သားလေး ပျက်ရချည့်ရဲ့ ကျုပ်တူလေး ပျက်ရချည်ရဲ့ဆိုပြီး သကာလ သူ့ ကျုပ်တူလေး ကျုပ်သားလေး ကျူပ်သမီးလေးခင်တာက ဟိုပုဂ္ဂိုလ်အပေါ်မှာ ငြူစူလာတယ် (ငြူစူပါတယ် ဘုရား) ချစ်ခြင်းကြောင့်လာတဲ့ ဣဿာပေါ်ကြပြီလား (မှန်ပါ့)
ဘုန်းကြီးကရေးတယ် ဘုရားကရမ်းဟောတာလား ခင်ဗျားတို့ဖြစ်စဉ်ကတိုက်ရဲ့လား (ဖြစ်စဉ်ကိုက်ပါ) ဒကာကြွယ် ဘယ့်နှယ်လဲ (မှန်ပါ့) ဖြစ်စဉ်က ကိုက်တယ်ဆိုတာ သေချာပြီလား (ဖြစ်စဉ်ကိုက်ပါ ဘုရား)
ဪ ခင်ဗျားတို့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ကား ဆိုလို့ရှိရင်ဖြင့် အလုံးစုံအကုန်အစင်သိတဲ့ ကိုယ်တော်မြတ်ကြီးဟာ ဆုပန်ပေမှာပဲ အလုံးစုံ အကုန်သိတဲ့ သဗ္ဗညုတဉာဏ်ကြီးကို အရိုးလှူအသားလှူ အသွေးလှူပြီး သကာလ အကုန်သိတဲ့ သဗ္ဗညုတဉာဏ်ကြီး အရကြီးရပြီး သကာလ ဘုရားအဖြစ် တာဝန်ခံနိုင်ပါစေသတည်းဆိုတဲ့ ရည်ရွယ်ချက်ကြီးဟာ သေးတာမဟုတ်ဘူးနော် (မှန်လှပါ ဘုရား)။
နားကြီးကြီးနဲ့ထောင်ပါ
အဲဒီဉာဏ်နဲ့ဟောနေတာ သဘောပါကြပြီလား (မှန်ပါ့) ဒကာ ဒကာမတို့ နားကြီးကြီးနဲ့ထောင်ပါဆိုတာ တစ်သက်မှတစ်ခါကြားရတဲ့တရား (မှန်ပါ့) နားကြီးကြီးနဲ့ ထောင်ပါဆိုတာ ဘယ့်နှယ်ကြောင့်ပြောပါလိမ့် (တစ်သက်မှာ တစ်ခါကြားရလို့ပါ ဘုရား) ခင်ဗျားတို့ချစ်ခြင်းမုန်းခြင်းကြောင့် ဣဿာမစ္ဆရိယလာတယ်လို့ ကိုယ့်ဉာဏ်လုံးမှာ မပေါ်ပါဘူးဗျာ (မှန်ပါ့) ပေါ်လာပါ့မလား (မပေါ်နိုင်ပါ ဘုရား)
ဘုရားတစ်ဆူတစ်ဆူပွင့်မှ တစ်ခါတစ်ခါပေါ်လာတဲ့ တရားဖြစ်လေသောကြောင့် သာသနာတွင်းတရား(မှန်ပါ့) သဘောပါကြပြီလား (ပါပါတယ် ဘုရား)
ဣဿာမစ္ဆရိယ ဘယ်ကလာတုန်း (ချစ်ခြင်းမုန်းခြင်း ကပါ) သေချာလိုက်တာနော် ဒကာ ဒကာမတွေက ကိုယ့်သားလေး ကိုယ့်သမီးလေး ကိုယ့်မြေးလေး ဖူးဖူးမှုတ်ပြီး သကာလ ချစ်နေတဲ့ပုဂ္ဂိုလ်တွေကရှိတယ်၊ ချစ်ပေမယ့် ဒီကလေးဘဝဆိုတာကလည်း အပေါင်းအသင်းကလေးမရှိရင်လည်း သူတို့လည်း ပျင်းကြတယ် (ပျင်းကြပါတယ် ဘုရား)
ပျင်းကြတော့ အပေါင်းအသင်းလေးတွေက လာကြတယ် ခေါ်ကြပြောကြတဲ့ အခါကျတော့ ဟေ အပေါင်းမှား လို့ရှိရင် ပျက်စီးရှာတော့မယ် (မှန်ပါ့) ကိုယ့်သားလေးဟာ အပေါင်းမှားရင် (ပျက်စီးမှာပါ)
အဲဒီတော့ ကိုယ့်သားချစ်တာနဲ့ ဟိုပုဂ္ဂိုလ်လာတာ ကျေနပ် မကျေနပ် (မကျေနပ်ပါ ဘုရား) မကျေနပ်ဣဿာပေါ့ဗျာ (ဣဿာပါ ဘုရား) ဒီဣဿာဘယ်ကလာတုန်း (ချစ်ခြင်းကြောင့်ပါ)
ဪ ချစ်ခြင်းကလာတာ ပေါ်ကြပြီလား (မှန်ပါ့) ဘယ်ကလာပါလိမ့် (ချစ်ခြင်းကပါ) ချစ်ခြင်းကလာတယ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးမြင်တော်မူလိုက်သည့်ဖြစ်ခြင်း (မှန်လှပါ ဘုရား) မြင်တော်မူလိုက်သည့် ဖြစ်ခြင်း၊ တို့ဖြစ်စဉ်တို့မသိဘူးဟ ကိုယ်တော်မြတ်ကြီး ရှင်းလင်းပေးလို့ သိရပေတယ်ဟ ဆိုပြီး ဒီလိုကျမှ ဘုရားသွားတွေ့တာကိုးဗျ (မှန်ပါ့)။
တရားတွေ့မှ ဘုရားအစစ်တွေ့တယ်
သူဟောတဲ့တရားကို အမှန်အကန်တွေ့တော့မှ ဘုရားတွေ့တယ် ဒါကြောင့် တရားတွေ့မှ ဘုရားအစစ်တွေ့တယ် ဆိုတာ ပေါ်လာတယ်၊ မပေါ်ဘူးလား (မှန်လှပါ ဘုရား)။
အေး သိပ်ပြီး အဖိုးတန်တယ် သိပ်ပြီး အဖိုးတန်တယ် ဒကာ ဒကာမတို့ သိပ်အဖိုးတန်တယ်နော် အခုချစ်ခြင်းကြောင့် ဘာဖြစ်သွား(ဣဿာပါ) ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကတော့ ဝိပဿနာဉာဏ်က ပါပြီးသား၊ သို့သော် ဒကာ ဒကာမတွေက မယူတတ်တော့ ကိုယ့်သန္တာန်ချစ်တဲ့စိတ်ပေါ် လာရင်ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)
သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိဆိုပြီး သကာလ နောက်ဖြစ်တဲ့စိတ်ကလေး ဘာလုပ်ရ (ဖြစ်ပျက်ရှုရပါမယ်)
သူ့ဖြစ်ပျက်ရှုလိုက်တော့ ဟိုဘက်ကဣဿာက အလိုလိုသေတယ် (မှန်ပါ့) သူ့ဖြစ်ပျက်ရှုလိုက်တဲ့အတွက် (ဣဿာသေပါတယ် ဘုရား)။
အဲဒါကြောင့် လာဘလာလည်း ဖြစ်ပျက်ရှုပါဆိုတာ ချစ်ခြင်းဟာလောဘ လိုချင်ခြင်းဟာ လောဘ (မှန်ပါ့) ဒီသားလေးတွေ ဒီသမီးလေးတွေ လူလားမြောက်ချင်ခြင်း တောင့်တတာကတော့ (လောဘပါ) အပေါင်းမမှားချင်ခြင်း တောင့်တတာကကော (လောဘပါ) ကိုယ်ရှေ့မှောက်မှာ အရိပ်တကြည့်ကြည့် ကြည့်ချင်တာကော (လောဘပါ ဘုရား) အဲဒါတွေ လာတိုင်းလာတိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်)
ဒါ မရှုမိလို့ရှိရင် ဘေးက အင်း လာကြတော့ သားလေးတွေ အရွယ်ရောက်လာလို့၊ သမီးလေးတွေ အရွယ်ရောက်လာလို့ အင်း အမျိုးမျိုးပြောကြဆိုကြတာတွေ လာတိုင်းလာတိုင်း ဒီဥစ္စာ ဣဿာလာတော့မယ်၊ ဒါ့ကြောင့် ဒီလူတွေနဲ့မပေါင်းပါနဲ့ ဆိုတာဒီလူတွေစကားရှုပ်လွန်းလို့ ဒီလူတွေကို ဣဿာ အကုန်ဖြစ်နေတာပဲ (ဣဿာဖြစ်ပါတယ် ဘုရား)
ကိုယ့်သားသမီးလေးခင်တာနဲ့တနည်း ကိုယ့်ကိုယ်ကိုခင်တာနဲ့ ဣဿာမဖြစ်ဘူးလား (ဖြစ်ပါတယ်) ဒါဖြင့် ချစ်ခြင်းကြောင့် ဣဿာဖြစ်တယ် (မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)
ဒါဖြင့် ခင်ဗျားတို့ ဝိပဿနာဉာဏ်နဲ့အုပ်ချင်အုပ် မအုပ် ဒီဥစ္စာမနိုင်ဘူး (မှန်ပါ့) နိုင်ပါ့မလား (မနိုင်ပါ)
ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်းလာတိုင်း လောဘလာတိုင်း လာတိုင်းဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
လောဘလာတိုင်း ဖြစ်ပျက်ရှု
ဖြစ်ပျက်ရှုလိုက်တော့ လောဘမသေဘူးလား (သေပါတယ်) လောဘသေတော့ တဏှာသေ၊ လောဘတဏှာသေတော့ တဏှာချုပ်တော့ ဥပါဒါန်ကော (ချုပ်ပါတယ်) ဥပါဒါန်ချုပ်တော့ ကံလည်းချုပ်တယ် ပဋစ္စသမုပ္ပါဒ်မချုပ်ဘူးလား (ချုပ်ပါတယ်) ကံချုပ်တော့ နောက်ဘဝဇာတိကကော (ချုပ်ပါတယ် ဘုရား) ဪဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်းတစ်ခုရှုလိုက်လို့ရှိရင်ပဲ စွဲလမ်းတဲ့ ဥပါဒါန်တွေ ချုပ်တော့ စွဲလမ်းမှလည်း ဣဿာ အကြီးအကျယ်လာတာကို အင်း ဣဿာတွေလည်းရော ချုပ်မသွားပေဘူးလား (ချုပ်ပါတယ်)
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ လုပ်ဖြစ်အောင်လုပ်ဟေ့နော်(မှန်ပါ့ ဘုရား) မလုပ် မင်းဣဿာလာလိမ့်မယ် (မှန်ပါ့) မလုပ်ရင်ဘာလာမယ်တဲ့ (ဣဿာ) ဘယ်လောက်များကြောက်စရာကောင်းသလဲ (ကောင်းပါတယ်)
ဒကာကြွယ်ရေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိကြားကို ဒီတရားတွေကို ဒီလိုရှုခိုင်းပြီး သကာလ ဒီတရားပွဲထဲမှာပဲ သိကြားသောတာပန် တည်ပါလိမ့်မယ် (မှန်ပါ့ ဘုရား) ဒီထဲမှာ သိကြားပြန်ဖြစ်မယ် တရားပွဲထဲမှာ (မှန်ပါ့)
သိကြားနဲ့ဘုရားပဲ သိတယ်၊ ဒီအထဲသေသွားတာလည်း ဘုရားပဲသိတယ်(မှန်ပါ့) သေပြီးသိကြားသစ် ပြန်ဖြစ်တာလည်း ဘုရားပဲသိတယ်(မှန်ပါ့) ဘုရားနဲ့သိကြားနှစ်ယောက်တည်းသိတယ် (မှန်ပါ့ ဘုရား)
ဒါကြောင့် ဒီတရားကို အင်မတန်အဖိုးတန်တဲ့ ဝိပဿနာဉာဏ်လည်း ဆရာဘုန်းကြီးက ဝိပဿနာလွတ်တဲ့နေရာ မရှိအောင်လို့ အကုန်ထည့်ပေးတယ် (မှန်ပါ့) ပင်ရင်းအကြောင်းအကျိုး ဆက်တာကတော့ဖြင့် သုတ်မဟာဝါက လာတာအမှန်ပါပဲ (မှန်ပါ့ ဘုရား)။
ဝိပဿနာလွတ်တဲ့တရားမရှိဘူး
ဝိပဿနာဆက် ပေးတာကတော့ ဆရာဘုန်းကြီးက ဝိပဿနာလွတ်တဲ့တရားမရှိဘူး ဝိပဿနာရှုမှ ခုနက ဣဿာ သေမယ်ဆိုတာလည်း ခင်ဗျားတို့အထင်အရှားပါပဲ (မှန်ပါ့) ဒါဖြင့်ချစ်ခြင်းကို ရှုရင်ဘာသေပါလိမ့် (ဣဿာ သေပါတယ်) သဘောကျပြီလား (မှန်ပါ့ ဘုရား)။
ချစ်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်) ခင်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်) ကဲ ဖြစ်ပျက်ရှုပါဆိုတဲ့ဥစ္စာ သဘောကျပြီလား (မှန်ပါ့)
အဲဒီကဲ့သို့ ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ လောဘကလည်းသေ၊ လောဘကြောင့်ဖြစ်မယ့် ဣဿာကကော (သေပါတယ် ဘုရား) ဪ ဒါဖြင့် ဒီအလုပ်သည် ထွက်ရပ်လမ်းအလုပ်ဘုရား (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်မပြတ်လား (ပြတ်ပါတယ်) အင်း တဏှာသေတော့ ဥပါဒါန်ကရော (သေပါတယ်) ဥပါဒါန်သေတော့ ကံကရော (သေပါတယ်) ကံသေတော့ နောက်ဘဝဆိုတဲ့ အနာဂတ်ဘဝဆိုတဲ့ ဇာတိ ဇရာ မရဏတွေကလာသေးရဲ့လား (မလာပါ) သေချာပြီလား (သေချာပါတယ် ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်းကြောင့် ဘာလာ(ဣဿာ) ဣဿာလာတယ် (မှန်ပါ) ဒီအကြောင်း အကျိုးတွေကို ဆက်ဆက်ပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ် ကြီးဟောလိမ့်မယ်နော် (မှန်ပါ့)
တစ်ရက်တည်းနဲ့ အကုန်ပေးပါလို့ဆိုရင်မရဘူး နာရီကစေ့နေပြီ (မှန်ပါ့) ခင်ဗျားတို့ပါးစပ်ကလည်း ကလေး ပါးစပ်ကလေး လောက်ရှိတယ် (မှန်ပါ့)။
အန္တရာယ်မကင်း ဘေးမရှင်းတာ ဘယ်ကလာတုန်း
ထမင်းလုတ်ကြီးကြီး ပေးလို့ရှိရင်ဖြင့် ရပါ့မလား အန္တရာယ်မကင်းဘေးမရှင်းဘယ်ကလာ၊ ခင်တာကနော် ခင်ခြင်းကြောင့် ခင်ဗျားတို့ အသေစောလိမ့်မယ်၊ ခင်ခြင်းကြောင့် ဣဿာမစ္ဆရိယလာတာနော်၊ ဒီသုံးဆုပ်နဲ့ပဲကျေနပ်နော် (မှန်လှပါ ဘုရား)။
အန္တရာယ်မကင်း ဘေးမရှင်းတာ ဘယ်ကလာတုန်း (ဣဿာမစ္ဆရိယ) သဘောကျပြီလား (မှန်ပါ့) ဣဿာမစ္ဆရိယ ဘယ်ကလာတုန်း (ချစ်ခြင်းမုန်းခြင်းကပါ) ချစ်ခြင်းရှိရင် ဘယ်သူလာတုန်း (ဣဿာပါ ဘုရား) ဣဿာလာတယ်ဆိုတာ ကလေးသာမပျောက်ပါနဲ့ နောက်ဆက်တွဲတွေ နက်ဖြန်မှ ဆက်ဟောမယ် (မှန်ပါ့ ဘုရား)။