14303

မာတိကာသို့

ဒုက္ခသည် ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်သည်

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့တွင်ဟောကြားသော တရားတော်

ဒုက္ခသည် ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်သည်

တရားတွေဟာဉာဏ်ထဲမှာ မထင်လာပါဘူးတဲ့

ပိဏ္ဍိယဆိုတဲ့ ရဟန်းတစ်ပါး ရှိ၏။ အဲဒီ ပိဏ္ဍိယဆိုတဲ့ ရဟန်းတစ်ပါးက မေးတယ်၊ အရှင်ဘုရား အကြောင်း နှစ်ခုမေးလျှောက်ပါရစေ။ ဒီအကြောင်းနှစ်ခုက ဘာပါလိမ့်မလဲဆိုလို့ရှိရင် တရားနာတဲ့အခါ တစ်ခါတလေကျတော့ တရားတွေဟာ ဘာမှ ဉာဏ်ထဲမှာ မထင်လာပါဘူးတဲ့။

တစ်ခါတစ်လေ ကျတော့လဲ တရားတွေဟာ အရှင်ဘုရားက ဟောတယ်ဆို တပည့်တော်ကို ခန္ဓာထဲမှာ ထင်ထင်ထင်ပြီး သကာလ လာပါတယ်။ အဲဒါ ဘယ်အကြောင်းလဲတဲ့၊ မမေးသင့်ဘူးလား (မေးသင့်ပါတယ်)။

တရားနာတယ်။ တစ်ခါတလေကျတော့လဲ တရားတွေဟာ အရှင်ဘုရားဟောလိုက်တဲ့ အခါ ထင်လာတာပဲ။ တစ်ခါတလေကျလို့ ရှိရင်ဖြင့် မထင်ဘူးဘုရားတဲ့။ အဲဒါ ဘယ်အတွက်ကြောင့်ဆိုတာ ဒီအကြောင်း နှစ်ခုကို ရှင်းလင်းပြီး သကာလ ပြတော်မူပါလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး လျှောက်တယ်။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တရားနာတယ်ဆိုတာ သဒ္ဓါကတော့ ပါပြီ။ သဒ္ဓါ ပါပြီး သကာလ နေငြားသော်လဲ တရားနားကို မကပ်ဘဲ ဖြစ်ပြီးတော့ နေတယ်။

သဒ္ဓါသာ ပါလို့ တရားနားကို မကပ်ရောက်ပဲဖြစ်နေ တယ်။ ကြည်ညိုတာသက်သက် နာနေတဲ့ အဓိပ္ပါယ်ပြောတာ (မှန်ပါ)။

ကြည်ညိုသဒ္ဓါ သက်သက်နဲ့မထင်ဘူး

ကြည်ညိုတာသက်သက်မျှနဲ့ ဘုရားတရားတော်ကို တရားဟူသော အထိမ်းအမှတ်ကလေးနဲ့ ကြည်ညိုသဒ္ဓါ သက်သက်နဲ့ နာပြီး သကာလ ဘုရားနားကိုတော့ မရောက်ဘူးဆိုလို့ရှိရင်လဲ အဲဒါ မထင်ဘူးတဲ့ (မှန်ပါ)။

ကြည်ညိုတာသက်သက်နဲ့ သဒ္ဓါ ယုံကြည်ကာမျှနဲ့ တရားနာနေလို့ ဘုရားနားသို့ ဉာဏ်ကမရောက်၊ ဘုရားနား သို့မကပ်ဘဲနဲ့နေမယ် ဆိုလို့ရှိရင်လဲ ဒါဟာ ဟောတော့ ဟောတာပဲ။ ငါဘုရားက သို့သော် မင်းတို့ဉာဏ်ထဲ မထင်ပေ ဘူးတဲ့ (မှန်ပါ)။

ဒီအဓိပ္ပါယ်ကို ဒကာ ဒကာမတွေက ဉာဏ်ထဲမှာ ရှင်းထားပါ။ တရားကိုတော့ သဒ္ဓါတရားရှိလို့ နာတာပဲတဲ့။ ဉာဏ်က အခုဘုန်းကြီးဟောနေတယ်ဆိုရင် ဘုရားဟောတဲ့ တရားဆီသို့ ဉာဏ်ကလဲ ရောက်နိုင်မှနော် (မှန်ပါ)။

သဒ္ဓါ ယုံကြည်ကာမျှနဲ့ နာပြီး သကာလ ဉာဏ်က မကပ်ရောက်လို့ရှိရင်လဲတဲ့။ တရား မထင်နိုင်ဘူးတဲ့။ တရားတော့နာတာပဲတဲ့။ နာပင် နာငြားသော်လဲ ထင်မြင်မှု မရှိနိုင်ဘူးတဲ့ (မှန်ပါ)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ အခု ဘုရားဆုံးမတော်မူတဲ့အတိုင်းဘုန်းကြီးများက ပြောရလို့ရှိရင်ဖြင့် သဒ္ဓါတရားရှိလို့ တရားနာနေငြားသော်လဲ ဉာဏ်ကလဲ ဒီတရားထဲကို သက်ဝင်ရမယ်လို့ ပြောလိုက်တယ် (မှန်ပါ)။

ဉာဏ်ကတရားဆီ ရောက်ပြီး ဘာဆိုနေတယ်

သဒ္ဓါတရားရှိလို့ တရားနာတာက တစ်နံပါတ်။ ဉာဏ်ကတရားဆီ ရောက်ပြီး ဘာဆိုနေတယ်၊ ဘာဟောနေတယ် ဆိုတဲ့ ဥစ္စာကိုလဲ ကြပ်ကြပ်မှတ်သားမှသာလျှင်လဲ တရားနာ ကပ်ရာရောက်တယ် (မှန်ပါ)။

သဒ္ဓါတရားရှိလို့ တရားတော့ နာပါရဲ့။ ဉာဏ်က တရားဆီကို မှတ်သားမှု အလုပ်နဲ့ မလာလို့ရှိရင်လဲ တရား ဟော ဒကာကြွယ် ထင်မြင်မှု မရှိဘူးတဲ့ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် အခု တရားနာကြတဲ့ ဒကာ ဒကာမတွေကို ဘုရားဆုံးမတဲ့အတိုင်း ဘုန်းကြီးများက ဆုံးမတယ်။ သဒ္ဓါတရားရှိလို့ တရားနာတယ်ဆိုတာ မှန်ပါပြီ။ ဉာဏ်က ဘုန်းကြီးတို့ပြောနေတဲ့ဆီကို အရောက်ကပ်ပါလို့ ပြောလိုက် တယ်နော် (မှန်ပါ) ရောက်ပါစေ။

ကောင်းပြီ။ ဒါဖြင့် သဒ္ဓါတရားရှိလို့ တရားနာကြ။ တရားနားကိုလဲ ဉာဏ်ရောက်ကြ။ သဘောကျပလား (ကျပါပြီ) အဲဒီတော့ တရားဆီကို ဉာဏ်ရောက်လို့ရှိရင်လဲ ထင်လာမှာပါပဲ (မှန်ပါ)။

ဉာဏ်ကလည်း တရားထဲ သက်ဝင်ကွ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဒ္ဓါတရားရှိလို့လဲ တရားနာကြတဲ့။ ဉာဏ်ကလည်း တရားထဲ သက်ဝင်ကွ တဲ့ (မှန်ပါ)။ မသိတာလဲ မေးတဲ့။ ရပြီးသားလဲ မမေ့စေနဲ့။ တရားကိုလဲ စူးစူးစိုက်စိုက် နာတဲ့ (မှန်ပါ)။ အကောင်းဆုံး ပြောမယ်ဆိုလို့ရှိရင်ဖြင့် တရားကို ကျင့်ပြီး သကာလ နာရတာဟာ သာကောင်းတယ် (မှန်ပါ)။

အားလုံး ဒကာ ဒကာမတွေ ဘယ်ဟာ အကောင်းဆုံးတဲ့လဲ (တရားကိုကျင့်ပြီး နာရတာ အကောင်းဆုံးပါ ဘုရား) တရားကို ခန္ဓာထဲမှာဉာဏ်ကစိုက်ပြီး နာရတာ အကောင်းဆုံး (မှန်ပါ)။

ဒီက ဘုန်းကြီးဟောလိုက်တဲ့ တရားကို ခန္ဓာကိုယ်ထဲမှာ ဖဿ ဟောတယ်ဆို ဖဿ၊ ဝေဒနာ ဟောရင်ဖြင့် ဝေဒနာကို ဉာဏ်နဲ့ ကပ်ပြီးရှုနေ။ စိတ်ကို ဟောရင် စိတ်ကိုရှုနေပေါ့ဗျာ (မှန်ပါ)။

အဲဒီကဲ့သို့ ဖဿ ဟောရင် ဖဿကို ရှုနေပြီး သကာလ တရားအတိုင်း ကျင့်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်၊ အဲဒီ ပုဂ္ဂိုလ် နာရလို့ရှိရင် တရားဟာ ထင်မြင်ပြီး သကာလ အပါယ်လေးပါးတံခါးပိတ်တဲ့ သောတာပန် တည်မှုတို့ဟာ ဦးလှဘူး ကိစ္စပြီးနိုင်တယ် (မှန်လှပါ)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အဋ္ဌကနိပါတ်အင်္ဂုတ္တိုရ်မှာ ဟောတော်မူတာကဖြင့် သဒ္ဓါတရားမျှ နဲ့ နာရုံနဲ့တော့ မရသေးဘူး (မှန်ပါ) တရားကို ကျင့်လဲ ကျင့်ပြီး သကာလ ဪ ခန္ဓာထဲကပဲ ဘယ်ဟာကို ဆိုနေတယ် ဆိုတဲ့ ဥစ္စာကို ကျင့်ပြီးသား ပုဂ္ဂိုလ်မှ မြန်မြန်ပေါက်ရောက်တယ် ဆိုတာ မှတ်ကြစမ်းပါ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)၊

တရားကိုကျင့်ကြံပြီး နာရမှ

ဒါဖြင့် တရားကို ဒီမှာ ခန္ဓာဉာဏ် လှည့်ပြီး နာသည်ဖြစ်စေ အိမ်ကျမှ တရားအားထုတ်ပြီး နာသည်ဖြစ်စေ အဲဒါ ခန္ဓာဉာဏ်ရောက်ပြီး ဓမ္မာနုဓမ္မပ္ပဋိပန္နဆိုတဲ့ အတိုင်းလျော်တဲ့ တရားကိုကျင့်ကြံပြီး နာရမှ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပန်တည်မှုဟာ မြန်မြန် ကိစ္စပြီးတယ် (မှန်ပါ) ကျင့်ပြီး နာလို့ရှိရင်သာပြီး ကိစ္စ ပြီးနိုင်တယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ အားလုံးပဲ ဘုန်းကြီးများက မေတ္တာရှေ့ထားပြီး မနေ့က ပြောခဲ့တဲ့ ဘဝကလေးကိုလဲ အရထူးကြောင်း သိသောကြောင့်လည်းကောင်း၊ ခဏကလေး၏အဖိုးတန်မှုကိုလဲ သိသောကြောင့်လည်းကောင်း မနေ့က ပြောခဲ့တယ် မဟုတ်လား (မှန်ပါ)။

ဘဝ၏ အဖိုးတန်မှုကိုလဲ ပြောဖို့ရန် မလိုတော့ဘူး (မှန်ပါ)။ လိပ်ကန်းထမ်းပိုး စွပ်မိစရာ ရှိသေးတယ်၊ လူ့ဘဝရဖို့ ဒါ့ထက် ခဲယဉ်းသေးတယ်ဆိုတဲ့ ဥစ္စာလဲ သိပြီးသား(မှန်ပါ)။

ဘယ်လိုပင် လူဖြစ်ငြားသော်လည်း ရပ်ပြစ်ရှစ်ပါးတွေဖြစ်နေမယ်၊ မိစ္ဆာဒိဋ္ဌိ ဖြစ်နေမယ်ဆိုရင် ရနိုင်ပါ့မလား (မရနိုင်ပါ) အဲဒီလို မရနိုင်တဲ့ နေရာဌာနတွေမှတစ်ပါး ရနိုင်တဲ့ နေရာဌာန ခဏကိုလဲ ရနေကြတယ်(မှန်ပါ)။

ဒါကြောင့် ဒီခဏကလေး၏ အဖိုးတန်မှုကို ခင်ဗျားတို့သုံးစွဲသောအားဖြင့် လည်းကောင်းတဲ့။ ကျင့်ပြီး သကာလ နာကြပါဆိုတာ၊ ဒါမှ ထင်မြင်ပါတယ်လို့ ဟောလိုက်ပါတယ် (မှန်ပါ)။

တရားနာလို့မထင်တာကို အခု ပြောခဲ့ပြီ

ကိုင်း ဒါဖြင့် ကြိုစားကြပါဆိုတာဖြင့် တရားနာလို့မထင်တာကို အခု ပြောခဲ့ပြီ မဟုတ်လား (မှန်ပါ)။ တရားကို မသိသဖြင့် လည်းကောင်း၊ တရားကိုနာလို့ ဉာဏ်၌ မကပ်ရောက်သဖြင့်လည်းကောင်း သဒ္ဓါညံ့ခဲ့သော် ဖားနတ်သားတို့ လိုဖြစ်ရုံပဲ။ နတ်ပြည်ရောက်ရုံပဲ။ မဂ်ဖိုလ်ထိအောင် ကျေးဇူး မများလှဘူး (မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတို့ အလွန်ကျေးဇူး များတာကြီးကို အလိုရှိကြပါမူကား ဒုက္ခခပ်သိမ်း ကင်းငြိမ်းခြင်းကို တကယ်အလိုရှိကြလို့ရှိရင်ဖြင့် တရားအတိုင်း တရားနာတဲ့ အချိန်မှာ ကျင့်ပြီး သကာလ သဒ္ဓါတရားရှိလို့ နာတရား နဲ့ ဉာဏ်နဲ့ ကပ်မိအောင်လုပ်။

တရားကိုဆောင်တန်သရွေ့ဆောင်၊ စူစမ်းတန်သရွေ့စူးစမ်း၊ အနက်အဓိပ္ပါယ်ကို သိပြီးတော့ ကျင့်၊ ကျင့်ပြီးများ နာလိုက်လို့ရှိရင် သောတာပန် တည်မှုဟာ မခဲယဉ်းနိုင်ပါဘူး (မှန်ပါ) သဘောပါကြပလား (ကျပါပြီ)။

ဒါဖြင့် ကျင့်ပြီး နာရတာ ဒကာကြွယ်သာပြီး ကောင်းတယ် (ကောင်းပါတယ် ဘုရား)။ ကျင့်ပြီးနာတဲ့ ပုဂ္ဂိုလ်က တော့ ကိုယ်ကျင့်ထားတာနဲ့ ဟောလိုက်တဲ့ တရားနဲ့ အင်မတန် ဟပ်ဟပ်သွားတဲ့အခါကျတော့ အဲဒီဘက်ကိုပဲ၊ ဖြစ်ပျက် ရှုတဲ့ဘက်ကိုပဲ ဉာဏ်က စိုက်စိုက်စိုက်စိုက် သွားတော့တယ် (မှန်ပါ)။

တရားအဆုံး သောတာပန် တည်တာက

စိုက်စိုက်သွားတော့ တရားနာရင်းပဲ ဖြစ်ပျက်မုန်း၍ ဖြစ်ပျက်ဆုံးဆိုတာ အစဉ်အတိုင်း ရောက်သွားတယ် (မှန်ပါ)။ အဲဒီကဲ့သို့အစဉ်အတိုင်း ရောက်သွားပြန်တော့လဲ ဪ တရားအဆုံး သောတာပန် တည်တာက ခန္ဓာဉာဏ် ရောက် အခု အသွားနဲ့တကွ ကိစ္စပြီးမြောက်အောင် လုပ်သွားလို့ ကိစ္စပြီးတာပဲလို့ဆိုတာ မှတ်ရမယ် (မှန်ပါ)။ တရား နာရုံနဲ့ ပြီးတယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ)။

တရားကိုနာ ခန္ဓာကိုယ် ဉာဏ်ရောက်သွားမှု ကိစ္စတွေလဲ အဆုံးတိုင်တိုင် သွားလိုက်လို့ တရားနာတဲ့ အဆုံးကိစ္စ ပြီးတယ်လို့ ဓမ္မပဒ စသည်များမှာ လာတာကို ဒီအတိုင်း မှတ်ကြပါ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် တရားနာရင်း ခန္ဓာဉာဏ်ရောက်ရမယ်ပေါ့ (မှန်ပါ)။ ပြီးတော့ ပွားမှုကို ပြီးမြောက်အောင် လုပ်ရမယ် (မှန်ပါ)။ ဒါဟာ အပြောသာ ကျန်နေတာပါ။ တကယ်သွားတဲ့ ပုဂ္ဂိုလ်ကျတော့လဲ ဖျတ်ဆို မြင်ပြီး သကာလ ဖျတ်ဆို မုန်းပြီး ဖျတ်ဆိုခန္ဓာထဲမှာ ရှိတဲ့ ရုပ်နာမ်တွေ ဒကာသိုက် ဆုံးသွားတာပါပဲ (မှန်ပါ) ဆုံးသွားရင် သောတာပန် တည်တာပဲ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။

ဒုက္ခဇာတ်သိမ်းပါတော့မယ်

အဲဒီတော့ ဒကာ ဒကာမတွေ ကိုယ့်ကိစ္စ မပြီး-ပြီးအောင် အပါယ်လေးပါး တံခါးပိတ်အောင်ဖြင့် ခုနင်က ခဏတွေ မကြုံဖူးတာတွေ ကြုံရသဖြင့် အရယူပြီး သကာလ ဒုက္ခဇာတ်သိမ်းပါတော့မယ်ဆိုပြီး သိမ်းတဲ့နည်းကိုသာ ကြိုးစားပြီး သကာလ နာရင်းမတ္တနဲ့ ဉာဏ် ခန္ဓာကိုယ်ထဲ လှည့်လိုက်။

လှည့်ပြီး သကာလ သွားလိုက်မယ်။ သွားတော့ အဆုံးရောက်အောင် သွားပါ။ အဆုံးရောက်သည်နှင့် တစ်ပြိုင်နက်တည်း အပါယ်လေးပါး တံခါးပိတ်လို့ ငါးပါးသီလတွေလုံခြုံ၊ ဘုရား တရား သံဃာတွေ ဆည်းကပ်မှုမြဲလို့ ဒီလို သွားမှာကိုးဗျ (မှန်ပါ) ဒါ သောတာပန် တည်မှနော် (မှန်ပါ)။

ကိုင်း ဒါဖြင့် တရားနာနည်းကိုက ပိဏ္ဍိယက မေးလို့ဘုရားကလဲ ဖြေလိုက်ပါပြီ၊ သဒ္ဓါမျှနဲ့ နာရင် မပြီးဘူးတဲ့ (မှန်ပ့ါ) ပညာနဲ့တကွ စူးစိုက်ပြီး သကာလ ခန္ဓာဉာဏ်လှည့်ပြီး တရားအတိုင်း ကျင့်ပြီး သကာလ နာလို့ရှိရင်ဖြင့် ဒကကြွယ် ကိစ္စပြီးမတဲ့ (မှန်ပ့ါ) သဘောပါပြီလား (ပါပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေကိုလဲ ဘုန်းကြီးများက သင်သာ သင်ရတာပါ အလုပ်သမားတွေ ဖြစ်နေသော ကြောင့် ခန္ဓာထဲဉာဏ်က ရောက်ပါတယ်၊ ခန္ဓာထဲ ဉာဏ်ရောက်အောင် အိမ်မှာလဲ လုပ်နေကြတယ်၊ ဒီမှာလဲ လုပ်ကိုင် နေကြတာပဲ။

အဲဒီကနေပြီးသာကလ နာလိုက်တဲ့အခါကျတော့ ခန္ဓာထဲဉာဏ်လှည့်လိုက်လို့ရှိရင် ဖြစ်ပျက်ဆိုတဲ့ တရားတွေဟာ တွေ့မှာပဲ (မှန်ပါ)။ သွားပါများ မုန်းဆိုတဲ့တရားတွေ့မှာပဲ (မှန်ပါ) သွားပါများရင် ဆုံးဆိုတဲ့ နိဗ္ဗာန်ကြီးကော (တွေ့မှာပါ ဘုရား)။

အားထုတ်ရင်း နာတဲ့အလုပ်သည် ကိစ္စပြီးတဲ့အလုပ်

တွေ့ရမှာဖြစ်နေတော့ သဒ္ဓါမျှနဲ့ မနာဘဲနဲ အားထုတ်ရင်း နာတဲ့ အလုပ်သည် ကိစ္စပြီးတဲ့ အလုပ်၊ ထင်လွယ်တဲ့ အလုပ်၊ မြင်လွယ်တဲ့ အလုပ်လို့ ဘုရားက ဖြေလိုက်တယ် (မှန်ပ့ါ)။

ဒါကြောင့် တရားနာနည်းကိုဖြင့် ဝိနည်းပဲ အားလုံးသော ဒကာ ဒကာမတွေက ဒီအတိုင်း နာမယ်ဆိုတဲ့ စိတ်ကို ဆုံးဖြတ်ချက်ချပါလို့ သတိပေးလိုက်တယ် (မှန်ပ့ါ)။

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီကိစ္စ ပြီးလောက်အောင် ဖြစ်နိုင်တဲ့ တရားကိုပဲ စပြီး ဟောပါတော့မယ် (မှန်ပ့ါ)။ သံယုတ်ပါဠိတော် မဟာဒသဗလဝဂ်ထဲမှာပါပဲ တရားကို ဘုန်ကြီး ဒီနေ့ ဟောလိမ့်မယ် (မှန်ပ့ါ)။

ဟောတဲ့အခါကျလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် လက်လွှတ်လို့ မရဘူး (မှန်ပ့ါ)။ ပဋိစ္စသမုပ္ပာဒ် ဘယ့်နှယ်ကြောင့် လက်လွှတ်လို့ မရပါလိမ့်မတုန်းဆိုတော့ ခန္ဓာက ပဋိစ္စသမုပ္ပာဒ် ခန္ဓာကိုးဗျ (မှန်ပ့ါ)။ ဒါက လွဲပြီး သကာလ ဟောစရာက ရှိနိုင်ပါဦးမလား (မရှိနိုင်ပါဘူး) မရှိဘူး ခန္ဓာဟောရင် ပဋိစ္စသမုပ္ပာဒ် ပါမှာပဲ။ အခင်ဆုံးကလဲ ခန္ဓာအခင်ဆုံး၊ ခန္ဓာကို ငါအထင်ဆုံးပဲ (မှန်ပါ)။

အဲဒီတော့ အခင်ဆုံးတဏှာလဲ ခန္ဓာမှာ အခင်ဆုံး။ ငါကလဲ ခန္ဓာမှာပဲ (မှန်ပါ) မဆိုနိုင်ဘူးလာ (ဆိုနိုင်ပါတယ်) ရုပ်ကို ငါထင်တယ်၊ ဝေဒနာကိုငါထင်တယ်၊ ဟုတ်လား(မှန်ပါ) ငါပါလာတယ် ဆိုလို့ရှိရင် ငါ့ကိုယ် စမ်းစမ်းပါဦးကွ၊ ပူလိုက်တာ၊ အေးလိုက်တာ၊ အစရှိသည်နဲ့ ရုပ်ကို ငါထင်နေတာပဲ (မှန်ပါ) ငါကောင်းလိုက်တာကွာ၊ ငါဆိုးလိုက်တာကွာ၊ စားရတာလို့ဆိုရင် ဝေဒနာကို ငါထင်နေတာပဲ (မှန်ပ့ါ)။

ဒိဋ္ဌိ ကပ်နေတာကလဲ ခန္ဓာပဲ

ငါမှတ်မိတယ်ဆိုရင် သညာကို ငါခင်နေတာပဲ (မှန်ပ့ါ) ငါအားထုတ်နေပါတယ်ဆိုရင် သညာကို ငါထင်နေတာပဲ။ အားထုတ်တာဟာ စေတနာက အားထုတ်တာပဲ (မှန်ပါ) ငါသိတယ်ကွဆိုလို့ရှိရင် စိတ်ကို ငါထင်နေတယ် (မှန်ပ့ါ)။ ဒါဖြင့် ဒိဋ္ဌိ ကပ်နေတာကလဲ ခန္ဓာပဲ ကပ်နေတယ် (မှန်ပ့ါ)။

ခင်လိုက်တာလဲ ဒီခန္ဓာကြီးကို ခလုတ်မထိ ဆူးမငြိဖို့ မေတ္တာပို့လိုက်ရတဲ့ ခန္ဓာ အဟံ အဝေရာ ဟောမိ ဆိုပြီး သကာလ နေ့တိုင်းလိုလို သူ့ကို ဦးတည်ပြီး မေတ္တာပို့နေရတယ် (မှန်ပ့ါ) ဘယ့်နှယ်ကြောင့် ပို့တာတုန်း ဆိုလို့ရှိရင် ခင်လွန်းလို့ ဘုရား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဒါဖြင့် တဏှာနဲ့ ဒိဋ္ဌိဟာ ဒကာ ဒကာမတို့ ဘယ်မှာစွဲကပ်နေတယ် ဆိုတာလဲ သဘောပါပြီလား (ပါပါပြီ) ဘယ်မှာ စွဲကပ်နေသတုန်း (ခန္ဓာမှာ စွဲကပ်နေပါတယ်) အေး ခန္ဓာမှာ စွဲကပ်နေတယ်ဆိုတာ မှတ်ပါ (မှန်ပ့ါ)။

အဲဒီတော့ တဏှာလာတယ်၊ ဒိဋ္ဌိ လာတယ်ဆိုကတည်းကိုက ဒကာ ဒကာမတို့ ပပဉ္စတရား ရောက်လာတယ်။ ပပဉ္စဆိုတာ ဒီဘဝပြီးဟိုဘဝ ဆက်မယ်ဆိုတာ သူတို့ပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။ တဏှာနဲ့ ဒိဋ္ဌိပဲ ချဲ့မယ်။ ဆက်မယ်၊ သွားအောင် လုပ်မယ်ဆိုတာ သူပါပဲ (မှန်ပ့ါ)။

အဲဒါတွေ ထောက်ကြည့်တော့မှ ဪ ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ဆိုတာ ခန္ဓာကြီးကို ဒီခန္ဓာကြီး လက်လွှတ်ပြီး သာကာလ ဖြတ်ခန်းကိုလဲ သူ့ကို၊ အပြစ်ကို ဟောလို့ ရှိရင်ဖြင့် ခင်မင်မှု မရှိတော့ဘူး၊ ရှိနိုင်ပါ့မလား (မရှိနိုင်ပါဘူး) မရှိနိုင်ဘူးဆိုတာ သဘောပါပြီလား (ပါပါပြီ)။

ပဋိစ္စသမုပ္ပာဒ် ပြပြီး သကာလ ဟောရလိမ့်မယ်

အေး ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် ပြပြီး သကာလ ဟောရလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ ဘုရား)။ ဒီတရားနာနေတဲ့ ခန္ဓာဟာ ဘာခန္ဓာတုန်းဆိုတော့ ပဋိစ္စသမုပ္ပာဒ် အစဉ်အတိုင်း ဖြစ်နေတာပဲ (မှန်ပ့ါ ဘုရား) သဘောပါပြီလား (ပါပါပြီ)။

စိတ်ဖြစ်နေတယ်ဆိုတော့ အခုတရားနာနေတော့ တရားနာတဲ့ စိတ်ကလေး မရှိကြဘူးလား (ရှိပါတယ်)။ အဲဒါ ဝိညာဏ်ပဲ (မှန်ပ့ါ)။ ဝိညာဏ်ဆိုတာတော့ ဒကာ ဒကာမတွေ တရားနာတဲ့စိတ်၊ မှတ်သားတဲ့ နာမ်တွေပေါ်လာတယ် (မှန်ပ့ါ)။ တွေ့ထိတဲ့ ဖဿတွေဆိုတော့ နာမ်တွေ ပေါ်လာတယ် (မှန်ပါ)။ ဘုန်းကြီးဘက် လှည့်ထိုင်တဲ့ ရုပ်တွေကော (ပေါ်လာပါတယ် ဘုရား)။

ဒါဟာ ဝိညာဏ်ကြောင့်ဖြစ်တဲ့ နာမ်ရုပ်တွေ မဟုတ်ဘူးလား(မှန်ပ့ါ ဘုရား)။ ဝိညာဏ်ကြောင့် ဖြစ်နေတဲ့ နာမ်ရုပ်တွေဆိုတော့ သဠာယတနဆိုတဲ့ မျက်စိ၊ နား၊နှာခေါင်း၊ ဒါတွေက ပါမလာဘူးလား (ပါလာပါတယ်)။ အဲဒါတွေက သဠာယတနဖြစ်နေတယ် (မှန်ပါ)။

သဠာယတနံ ဖဿောဆိုတော့ ဟောတဲ့ တရားနဲ့ ဒကာ ဒကာမတွေ နားနဲ့လဲ ခဏခဏ သွားသွားတွေ့နေတယ် (မှန်ပ့ါ) တွေ့လိုက်တယ်ဆိုတော့ ဖဿလဲ ပါနေတယ် (မှန်ပ့ါ) ဖဿ ပစ္စယာ ဝေဒနာ ဆိုတာကတော့ တရားသဘော ကျလိုက်တာ ဆိုတာ ဝေဒနာက ကျနေတာ၊ ဝေဒနာ ခံစားနေတာ (မှန်ပ့ါ)။

တရားနာနေတာ ဘယ်သူတုန်းဆိုတော့

အဲဒီတော့ ဒီပဋိစ္စသမုပ္ပာဒ်ကြီးနဲ့ နာနေတယ်ဆိုတာကိုလဲ ရှင်းဖို့ လင်းဖို့ အထူးမလိုတော့ဘူး (မလိုပါဘူး) ဒါကြောင့် တရားနာနေတာ ဘယ်သူတုန်းဆိုတော့ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေပါ ဘုရားလို့ ပြောရုံပဲ (မှန်ပ့ါ)။

တရားနာနေတာ ဘယ်သူပါလိမ့် (ပဋိစ္စသမုပ္ပာဒ်အကြောင်း အကျိုးတွေပါ ဘုရား) တရားနာတဲ့စိတ်က ဝိညာဏ ပစ္စယာ ဖြစ်တယ် (မှန်ပါ) သူ့ကြောင့် နာမ်ရုပ်တွေက လက်အုပ်တွေချီပြီး နေလိုက်ကြတာ ဝိညာဏပစ္စယာ နာမရူပံ မဖြစ်ဘူးလား (ဖြစ်ပါတယ်) နာမရူပပစ္စယာ သဠာယတနံ ဆိုတဲ့ နားတို့ ဘာတို့ စိုက်မနေရဘူးလား (စိုက်နေရ ပါတယ်)။

သဠာယတန ပစ္စယာ ဖဿောဆိုတော့ တရားနဲ့ နားနဲ့ကော မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) အဲဒါ ဖဿ၏ ကိစ္စတွေကိုးဗျ (မှန်ပ့ါ) ဖဿပစ္စယာ ဝေဒနာလို့ ဆိုလိုက်တော့ ဒီတရား အကောင်းအဆိုး ရွေးနေတာ ခံစားနေတာ ဝေဒနာက ရွေးနေတာ ခံစားနေတာ (မှန်ပ့ါ)။

ဒါဖြင့် တရားနာနေတာသည် ယောက်ျားတွေလား၊ မိန်းမတွေလား၊ ပဋိစ္စသမုပ္ပာဒ် အကြောင်း အကျိုးတွေလား လို့သာ မေးခွန်းထုတ်တော့၊ (ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေပါ ဘုရား) ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုးတွေဆိုတာ သိထားပြီ (မှန်ပ့ါ)။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် လက်လွှတ်လို့ ဒကာကြွယ် ဘယ့်နှယ်လုပ် ဟောမတုန်း (မဖြစ်ပါဘူး)။ တဏှာလာရင်လဲ ဒီခန္ဓာထဲကပဲ လာမှာပဲ။ ဒိဋ္ဌိလာရင်လဲ ဒီဟာတွေ အမှီပြုပြီး လာမှာပဲ (မှန်ပ့ါ)။

တဏှာ ဒိဋ္ဌိကို ဖြတ်ဖို့ရာ ဟောရတာက

အဲဒီတဏှာ ဒိဋ္ဌိကို ဖြတ်ဖို့ရာ ဟောရတာက ဒီခန္ဓာကိုယ်တွယ်နေလို့ ဒီခန္ဓာသိပြီးမှ ဒီခန္ဓာ သဋိစ္စသမုပ္ပာဒ် ကြီးက နေပြီး သကာလ တည်ရာဌာနကနေပြီး ဖြတ်ရမယ်လို့ မနေ့က ပြောခဲ့ပြီ။ ဒါကြောင့် တည်ရာဌာနကို အရင် ပြောရတယ် (မှန်ပ့ါ)။

ကိုင်း ဒါဖြင့် ရှင်သာရိပုတ္တရာ ရာဇဂြိုဟ်မှာ သီတင်းသုံးတုန်း ဆွမ်းခံဝင်မလို့ ထွက်လာတာ နည်းနည်းစောပါ သေးတယ်ဆိုပြီး တိတ္ထိတွေကျောင်းဝင်ပါဦးမယ်ဆိုပြီး သကာလ ဆွမ်းခံ စောသေးတာနဲ့ တိတ္ထိတွေကျောင်းကို ရှင်သာရိ ပုတ္တရာက ဝင်တယ် (မှန်ပါ)။

အဲဒီမှာ ရှင်သာရိပုတ္တရာ ဝင်သွားတော့ တိတ္ထိတွေကလဲ နေရာထိုင်ခင်း ပေးလို့ စကားစပြီး ပြောပြီး သကာလ တိတ္ထိတွေက မေးကြတယ် (မှန်ပ့ါ) ရှင်သာရိပုတ္တရာတဲ့ တပည့်တော်တို့ မေးချင်ပါတယ်။ ဂေါတမမြတ်စွာဘုရားက ဒီအမေးကို ဘယ်လိုများ အဆုံးအဖြတ်ပေးတယ်ဆိုတာ ရလိုပါတယ်တဲ့ (မှန်ပ့ါ)။

မေးတာက ဘယ်လို မေးလိုက်သတုန်းဆိုတော့ အချို့သော ကမ္မဝါဒီရှိတဲ့ ပုဂ္ဂိုလ်များမှာ ဒုက္ခကို မိမိပြုတယ်လို့ အယူရှိပါတယ်တဲ့။ ဒုကကို မိမိပြုတာလားလို့ မေးတာပေါ့ဗျာ (မှန်ပါ) ဒီအမေးက တစ်နံပါတ်နော် (မှန်ပ့ါ)။

ဒုတိယမေးခွန်းက ဒကာ ဒကာမတွေ နာပြီးသား အတိုင်းပါပဲ ဒုက္ခကို သူတစ်ပါး ပြုသလားတဲ့ (မှန်ပ့ါ)။ နောက် တတိယအချက်တော့ ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသာ ပြုသလားတဲ့ (မှန်ပ့ါ)။ နောက်စတုတ္ထအချက်ကတော့ ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသား မပါဘဲ အလိုလို ပေါ်တာလားတဲ့။ လေးချက်ပေါ့ဗျာ (မှန်ပ့ါ)။

ဒုက္ခကို မိမိပြုသလား

ဒကာ ဒကာမတို့ ၁-နံပါတ်က ဘာတဲ့ (ဒုက္ခကို မိမိပြုသလား) ၂-နံပါတ်က (ဒုက္ခကို သူတစ်ပါး ပြုသလား) ၃-နံပါတ်ကတော့ (ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသား ပြုသလားတဲ့) (မှန်ပ့ါ)။ ဒါဟာ တိတ္ထိတွေက မေးတာနော် (မှန်ပ့ါ)။ စတုတ္ထအချက်ကတော့ ဒုက္ခသည် အလိုလိုဖြစ်တာလားတဲ့ (မှန်ပ့ါ) ဘယ်နှစ်ချက် ရှိသတုန်း (လေးချက်ပါ ဘုရား)။

အဲဒီတော့ ဒီလေးချက် မေးလိုက်တဲ့ အခါကျတော့ ရှင်သာရိပုတ္တရာက ဒုက္ခဟာ မိမိပြုတာလဲ မဟုတ်ပါဘူးတဲ့ (မှန်ပ့ါ) သူတစ်ပါးပြုတာလဲ (မဟုတ်ပါဘူး) မိမိသူတစ်ပါး နှစ်ဦးသားပြုတာပဲ (မဟုတ်ပါဘူး) အလိုလို ဖြစ်တာလဲ (မဟုတ်ပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတွေ ရှင်သာရိပုတ္တရာ ဖြေလိုက်တာကဖြင့် သူ့ကိုမေးတဲ့လေးချက်ကို အားလုံး ပယ်တာပဲလို့ သာ မှတ်လိုက်ကြပါတော့ (မှန်ပ့ါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။ နို့ ဒီလိုဆိုလို့ရှိရင် ရှင်သာရိပုတ္တရာ ဘယ့်နှယ်လုပ်ပြီး တပည့်တော်တို့ မှတ်ရမှာပဲတဲ့ (မှန်ပ့ါ)။

လေးချက်စလုံး မေးလို့မှ မရလို့ရှိရင်ဖြင့် ဒုက္ခဟာ အကြောင်းကင်းပြီး သကာလ နေတဲ့ အဓိပ္ပာယ် ရောက်မယ် (မှန်ပ့ါ) ဒုက္ခဟာ အကြောင်းကင်းပြီး သကာလ နေမယ်။ ဒီလိုဖြစ်မယ် (မှန်ပ့ါ)။

အဲဒီတော့ ဒကာ ဒကာမတွေက ဒုက္ခ အကြောင်းကင်းနေတယ်လို့ အဓိပ္ပာယ်ကော ယူစရာ ဖြစ်မနေဘူးလား (ဖြစ်ပါတယ်) မိမိပြုတာလဲ မဟုတ်ဘူး၊ အလိုလိုဖြစ်တာလဲ မဟုတ်ဘူးလို့ ရှင်သာရိပုတ္တရာက ဖြေထားတယ် (မှန်ပ့ါ) ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ)။

လေးချက်စလုံး မဟုတ်ဘူးဆိုရင်

ဒါနဲ့ ရှင်သာရိပုတ္တရာတဲ့။ လေးချက်မေးတော့ လေးချက်စလုံး မဟုတ်ဘူး ဆိုလို့ရှိရင်ဖြင့် ဒီဒုက္ခဟာ ဘယ်လိုဖြစ်လာတဲ့ ဒုက္ခလဲဆိုတာ အမှန်အကန်သိဖို့ အမှန်အကန် ဖြေဖို့ရာပဲ လိုပါတော့တယ်။ ဒါကြောင့် ဒီဒုက္ခကို ပြောစမ်းပါဦးဆိုတော့ ပဋိစ္စသမုပ္ပန္နံ ခေါ အာဝုသော ဘဂဝတော ဝုတ္တံကိုး။

အာဝုသော ငါ့ရှင်တို့။ ခေါ စင်စစ်၊ ပဋိစ္စသမုပ္ပန္နံ ပဋိစ္စသမုပ္ပာဒ်ကြောင့်ဖြစ်၏။ ဣတိ ဤသို့ ဘဂဝတာ မြတ်စွာဘုရားသည်။ ဝုတ္တံ ဟောတော်မူအပ်၏။ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာတဲ့ (မှန်ပ့ါ)။

ဘာကြောင့်ဖြစ်သတုန်း (ပဋိစ္စသမုပ္ပဒ်ကြောင့် ဖြစ်ပါတယ်)။ အာလုံး ဒကာ ဒကာမတွေ ဒုက္ခဟာ ဘယ်သူ့ကြောင့် ဖြစ်တာတုန်း (ပဋိစ္စသမုပ္ပာဒ် ကြောင့် ဖြစ်ပါတယ် ဘုရား)။

မှတ်ထားကြပါ။ ဒီဥစ္စာ အင်မတန် အရေးကြီးလို့ ဒကာကြွယ် ပြောလာရပြန်တယ်။ ဒုက္ခဟာ ပဋိစ္စသမုပ္ပာဒ် ကြောင့် ဖြစ်တာတဲ့။ ဒကာ ဒကာမတို့ မှတ်ကြစမ်းပါ (မှန်ပါ)။

ခင်ဗျားတို့ သန္တာန်မှာ ဒုက္ခမျိုးစုံအကုန်ဟာ ဘယ်သူ့ကြောင့်ဖြစ်တာတုန်း (ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာပါ)။

ဒါဟာ ရှင်သာရိပုတ္တရာက ဖြေတာနော် (မှန်ပ့ါ) ဘုရားကလဲ ဒီအတိုင်း ဟောပါတယ်လို့ ရှင်သာရိပုတ္တရာက ပြောပါတယ်။ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာချည်ပဲတဲ့ (မှန်ပ့ါ)။

ကောင်းပြီ။ ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် မပြတ်လို့ ဖြစ်တာ (မှန်ပ့ါ)။

ဆက်ပေးနေတာတွေက ဒုက္ခချည်ပဲ

ဦးလှဘူး ဘယ်လိုမှတ်မတုန်း (ပဋိစ္စသမုပ္ပာဒ် မပြတ်လို့ ဖြစ်တာပါ) ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် မပြတ်အောင်ဆိုတော့ ပဋိစ္စသမုပ္ပာဒ်က ဆက်ပေးနေတာတွေက ဒုက္ခချည်ပဲပေါ့ (မှန်ပ့ါ) ဒါကြောင့် သူပြတ်သွားရင် ဒုက္ခပြတ်မယ် (မှန်ပ့ါ) သူမပြတ်ရင် (ဒုက္ခမပြတ်ပါဘူး)။

အဲဒါက ဒကာသိုက် အင်မတန် အရေးကြီးပါတယ် (မှန်ပ့ါ) ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့ အထင်က ဘယ်လိုများ ဖြစ်နေသတုန်းဆိုတော့ ဒုက္ခဟာ ကံမကောင်းလို့ ဖြစ်ရတာ (မှန်ပ့ါ) ဘုရားက ပဋိစ္စသမုပ္ပာဒ် ကြောင့် ဖြစ်တယ် ဆိုတာ ခင်ဗျားတို့က ကံမကောင်းလို့ဆိုပြီး ကံအပေါ် လွှဲချတယ် (မှန်ပါ)။

မှတ်ထားကြပါ၊ မှတ်ထားကြပါ၊ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဖြစ်တဲ့ ဒုက္ခရောက်လေသမျှ ဘယ်သူ့ကြောင့် ဖြစ်သတုန်း (ပဋိစ္စသမုပ္ပာဒ်ကြောင့်ဖြစ်ပါတယ်)။ သေသေချာချာမှတ်ကြပါ။ ဒကာ ဒကာမတို့ ခင်ဗျားတို့ အင်မတန် သိစေချင်တဲ့ သဘောနဲ့အလွဲတွေ သင်ပေးနေတဲ့ အဓိပ္ပာယ်ကော ပါသွားပါတယ် (မှန်ပါ ဘုရား)။

အာလုံး ဒကာ ဒကာမတွေမှာ ဘာကလေး ဒုက္ခ ရောက်လာလာ ဪ ကံမကောင်းအကြောင်းမသင့်လို့ ကြုံကြရတယ်၊ ဒကာသိုက်တို့က ဘယ်အပေါ် ချနေကြသလဲ (ကံပေါ်ချပါတယ်) ဘုရားက ဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်တာတဲ့တုန်း (ပဋိစ္စသမုပ္ပာဒ်ကြောင့်ပါ) ဒကာ ဒကာမတွေက ဘာကြောင့်တဲ့တုန်း (ကံကြောင့်ပါ ဘုရား)။

ဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်တာတဲ့တုန်း

အဲဒါတွေဟာ မိဘရိုးရာတွေက လာခဲ့တဲ့ စကားတွေဟာ နှုတ်တက်ပြီး သကာလ တစ်ခါတည်း ခင်ဗျားတို့ တစ်ခါတည်းမစွန့်နိုင်ဘဲ ဖြစ်နေတော့ မှားနေတတ်တယ် (မှန်ပ့ါ)။

ဒကာ ဒကာမတို့ ဒုက္ခဟာ ဘယ်သူ့ကြောင့် ဖြစ်သတုန်း (ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်ပါတယ်)။ ပဋိစ္စသမုပ္ပန္နံ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်သည်။ ဟောတိ-ဖြစ်၏။

ပဋိစ္စသမုပ္ပာဒ် ကြောင့်ဖြစ်တယ်လို့ ဘုရားက ဟောပါတယ်လို့ ရှင်သာရိပုတ္တရာက ဘုရားဟောပုံကို ရှင်းပြတယ် (မှန်ပ့ါ)။ အဲဒီတော့ ဘုရားရော ရှင်သာရိပုတ္တရာပါ ဟောတဲ့ တရားပဲ (မှန်ပ့ါ) ဒကာသိုက် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်က အရေးကြီးနေတယ် (မှန်ပ့ါ) ဒုက္ခဘယ်သူ့ကြောင့် ဖြစ်ပါလိမ့် (ပဋိစ္စ သမုပ္ပာဒ်ကြောင့် ဖြစ်ပါတယ်)။

ဒါက အခု ဆရာဘုန်းကြီး အခုတည့်ပေးတယ် (မှန်ပ့ါ) ဒကာကြွယ် တည့်ပေးလို့ ပေါ်လာတဲ့အသံနော် (မှန်ပ့ါ) အကူအညီ ကင်းမဲ့ပြီး ဆရာလွတ်နေကြတော့မယ်လို့ တရားကိုတော့ သဒ္ဓါနဲ့နာတယ်၊ ဉာဏ်က မပါဘူး၊ ဉာဏ်နဲ့ စိုက်ပြီး နားမထောင်ဘူးဆိုရင်ဖြင့် မိဘရိုးရာစကားတွေမှာ လမ်းဆုံးပြီး သကာလ ဒကာ ဒကာမတွေမှာ ဘယ်ဒုက္ခ ရောက်ရောက် ကံချည့်ပဲ ပြောမှာပဲ (မှန်ပ့ါ)။

ကံကြောင့် ကံကြောင့်နဲ့ဆိုတော့

ကံကြောင့် ကံကြောင့်နဲ့ဆိုတော့ တိတ္ထိတွေက မှားတာကြည့်ပါလား အချို့သော ကမ္မဝါဒီပုဂ္ဂိုလ်များမှာတဲ့။ ဒုက္ခမိမိကြောင့် ဖြစ်တယ်လို့ ယူပါတယ်။ ကမ္မဝါဒီ ပါနေပြီနော် (မှန်ပါ) အချို့သော ကမ္မဝါဒီ ပုဂ္ဂိုလ်များမှာတော့ ဒုက္ခသူတစ်ပါးကြောင့် ဖြစ်တယ်လို့ ယူပါတယ်တဲ့။

အချို့သော ကမ္မဝါဒီပုဂ္ဂိုလ်များမှာ ဒုက္ခ မိမိသူတစ်ပါး နှစ်ဦးသား ကြောင့် ဖြစ်တယ်လို့ ယူပါတယ်။ အချို့သော ကမ္မဝါဒီပုဂ္ဂိုလ်များမှာ ဒုက္ခအလိုလိုဖြစ်တယ်လို့ ယူကြတယ်။ ကမ္မဝါဒီ ပါတာချည့်ပဲ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။

အေး ဒါကြောင့် မြတ်စွာဘုရား တရားတော်ကိုလဲ မနာဘူးဆိုလို့ရှိရင်ဖြင့် မိဘရိုးရာ နှုတ်တတ်တဲ့ တစ်ဆင့်ကြား စကားမှာ ဒကာကြွယ် လမ်းဆုံးနေတယ် (ဆုံးပါတယ် ဘုရား) မဆုံးပေဘူးလား (ဆုံးပါတယ် ဘုရား) တယ်လဲ ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား) တစ်ဆင့်ကြားသည်ကာလို့ဆိုလို့ရှိရင်ဖြင့် မဂ်ဖိုလ် ဆိုက်ဆိုက်မြိုက်မြိုက် သွားဖို့ မလွယ်ဘူးဆိုတာ ပေါ်လာတယ် (မှန်ပ့ါ)။

တစ်ဆင့်ကြားက မှန်သည်ရှိ၊ မှားသည်လည်း ရှိတယ် (မှန်ပ့ါ) အခုဒီမှာကြည့်လေ၊ ရှင်သာရိပုတ္တရာက တိတ္ထိတွေ မေးလို့ ဖြေလိုက်ပြီ (မှန်ပ့ါ) ဒုက္ခဘယ်သူ့ကြောင့် ဖြစ်တာတုန်းဆိုတော့ ပဋိစ္စသမုပ္ပာဒ်ကြောင့်တဲ့ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒုက္ခဟာ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တယ်

အဲဒီတော့ ဒုက္ခဟာ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တယ်လို့ ဘုရားဟောကို ကိုးကားပြီး ရှင်သာရိပုတ္တရာက ဖြေထားတော့ အမှန်သိမြင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြေဆိုမှု ရှင်းလင်းနေသဖြင့် ဒကာ ဒကာမတွေ ဒီအထဲကနေပြီး ဗွေဖောက် စရာတော့ အကြောင်းကို မရှိဘူး (မှန်ပ့ါ) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တယ်ဆိုတာ ဆရာဘုန်းကြီးက ဖြေရတော့မယ် (မှန်ပါ)။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် နားမလည်မှုသည် ဒိဋ္ဌိဘက်ပြေးဝင်လေရဲ့ဆိုတာ အခု ပြောလတ္တံနဲ့ပဲ ဦးမောင်ကလေး ရှင်းနေပြီ (ရှင်းပါတယ် ဘုရား)။

သူ့ကိုသာ နားမလည်လို့ရှိရင်ဖြင့် ဒိဋ္ဌိ မခွါနိုင်ဘူူး (မှန်ပါ့) ကမ္မာဝါဒီဒိဋ္ဌိတွေ ဖြစ်နေတယ်။ ကံကံ၏ အကျိုးကို တော့ ယုံကြည်တဲ့ ကမ္မဿကတဉာဏ်တော့ သက်ဝင်ပါရဲ့ ဆိုပေမယ့် ဒိဋ္ဌိက မကင်းဘူး ဖြစ်နေတယ်။ ဒါကြောင့် ကမ္မဝါဒီဒိဋ္ဌိဖြစ်နေတတ်တယ် (မှန်ပ့ါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့်ကြပါစို့တဲ့။ ခင်ဗျားတို့ သန္တာန်မှာ နာတယ်ကျင်တယ်၊ ကိုက်တယ် ခဲတယ်၊ ဆိုတဲ့ ဒုက္ခ၊ အိုတယ်၊ နာရတယ်၊ သေရတယ်၊ နာတယ် ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်ဆိုတဲ့ ဒုက္ခ။ ဖျားရတယ် နာရတယ်ဆိုတဲ့ ဒုက္ခ၊ မရှိဘူးလားဗျာ (ရှိပါတယ်)။

အဲဒီ ဒုက္ခတွေ ဟူသရွေ့ဟာဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သေသေချာချာ စဉ်းစားကြည့်ရင် ပဋိစ္စသမုပ္ပာဒ် ကြောင့်ဖြစ်တာ သေချာပါတယ် (မှန်ပ့ါ)။

ဘာကြောင့်ဖြစ်သတုန်း (ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်ပါတယ်) ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တယ်လို့ ရှင်သာရိ ပုတ္တရာက ဘုရားဟောကို ဖြေတယ် (မှန်ပ့ါ)။

ခလုတ်တိုက်လို့ နာတယ်

အဲဒီတော့ ပဋိစ္စသမုပ္ပာဒ် မပြခင် ကိုယ့်ကိုယ်နဲ့ပဲ ဦးလှဘူးတို့ ဒကာကြွယ်တို့က စဉ်းစားတာပေါ့နော် (မှန်ပါ)။ ခလုတ်တိုက်လို့ နာတယ် (မှန်ပ့ါ) ဒါဖြင့် ခလုတ်ကလေးနဲ့ မထိဘဲနဲ့ နာတယ်ဆိုတာကတော့ လာပါ့မလား(မလာပါဘူး) ခလုတ်ကလေးနဲ့ ထိတာက ဖဿ၊ နာတာက ဒုက္ခ (မှန်ပ့ါ)။

ထိတာက ဘာတုန်း (ဖဿပါ) ဖဿဟာ တွေ့ထိခြင်း သဘော သတ္တိရှိတယ်။ ဒါဖြင့် ဖဿပစ္စယာ ဝေဒနာပေါ့ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

တစ်ချို့နေရာ မျက်လုံးနဲ့ မြင်တာနဲ့လန့်ပြီး ဒုက္ခ ဒေါသမနဿတွေ များမလာဘူးလား (လာပါတယ်) ဥပမာ တစ္ဆေ ခြောက်လိုက်တယ်၊ သရဲ ခြောက်လိုက်တယ်၊ မျက်လုံးက မြင်လိုက်တာနဲ့ ဒကာသိုက် မလာဘူးလား (လာပါတယ်) ကြောက်တဲ့ ဒေါမနဿတွေ ဒုက္ခတွေ ဖြစ်မလာဘူးလား (ဖြစ်လာပါတယ်) အဲဒါ မျက်လုံးက ဖဿထိပေးလို့ ခင်ဗျားတို့ ကြောက်တဲ့ ဒေါမနုဿပေါ်တာ (မှန်ပ့ါ) သဘောကျပြီလား(ကျပါပြီ)။

ဒါဖြင့် ဒုက္ခဟာ ဒကာ ဒကာမတို့ အခုလို ပြောပြောကြည့်တော့ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့် (သူ့အကြောင်း ကြောင့် ဖြစ်ပါတယ်) ဘာနဲ့မှ မတွေ့ရင် ဘာဒုက္ခ လာမတုန်း မေးရင် (မလာပါဘူး) သဘောကျပြီလား (ကျပါပြီ)။

တွေ့လေသမျှ ဖဿကြောင့်

ဒါဖြင် ဒကာ ဒကာမတွေ ဒုက္ခဝေဒနာ တွေ့လေသမျှ ဖဿကြောင့်ချည့်ပဲဆိုရင် လွဲပါ့မလား(မလွဲပါဘူး)။

အဲဒီဖဿမျက်လုံးကလဲ မတွေ့ဘဲနဲ့ ကြောက်ခြင်း ဒေါမနဿ တွေလာပါ့မလား (မလာပါဘူး) ဒေါမနဿ ဆိုတာလဲ ဒုက္ခထဲကပဲနော် (မှန်ပါ့) နားထဲကနေပြီး သေနတ်သံ အမြောက်သံတွေ မကြားရဘဲနဲ့လဲ ကြောက်စိတ် လန့်စိတ်ဆိုတဲ့ ဒုက္ခဒေါမနုဿစိတ်တွေကော လာပါ့မလား (မလာပါဘူး)။

ဒါဖြင့် ဒီဒုက္ခတွေဟာ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်မတုန်းလို့ စဉ်းစားရင်ဖြင့် ဘယ့်နှယ်ဖြေကြမလဲ (ဖဿကြောင့် ဖြစ်ပါတယ်)။

ပဋိစ္စသမုပ္ပာဒ်ထဲမှာလဲ တစ်ခါ ဘယ်သူ့ကြောင့် ဒီဒုက္ခဖြစ်ပါလိမ့်မလဲလို့ မေးလိုက်ပြန်တော့လဲ ဖဿကြောင့် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့မှ မတွေ့ပဲ ပုဂ္ဂိုလ်မှာ ဘာဒုက္ခ လာမတုန်း (မလာပါဘူး)။

ဒါဖြင့် ခင်ဗျားတို့ ဒုက္ခ တွေ့လေသမျှ အိုခြင်း၊ ဒုက္ခ၊ နာခြင်းဒုက္ခ၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း ဒီဒုက္ခတွေ ဆက်တော့ပိုပြီး ရှိသေးသလား (မရှိပါဘူး) စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း အဲဒီ ကာယိကဒုက္ခ၊ စေတသိက ဒုက္ခပဲ ရှိတာပဲ (မှန်ပ့ါ) ဒီပြင် ဘာရှိသေးသတုန်း (မရှိပါဘူး)။

အဲဒီဒုက္ခတွေကို ဒကာ ဒကာမတွေ စဉ်းစား၊ ကံကြောင့်လား အနီးဆုံးအကြောင်း ဖဿက ကျေးဇူးပြုလို့လား (ဖဿက ကျေးဇူးပြုလို့ပါ) ဒါဖြင့် ကံနဲ့တော့ ဝေးတဲ့အကြောင်း ဖြစ်နေသေးတယ်နော် (မှန်ပါ့)။

ကံနဲ့ အဝေးကြီး ရှိပါသေးတယ်

ဒကာသိုက် ဘယ့်နှယ်တုန်း (ကံနဲ့ အဝေးကြီး ရှိပါသေးတယ် ဘုရား) သို့သော်လည်း ဒကာ ဒကာမတွေက မတွေ့ထိဘဲနဲ့ဖြစ်တဲ့ အဓိပ္ပာယ်မျိုး၊ ကံသက်သက်က လာပြီးလုပ်ပေးတဲ့ အဓိပ္ပာယ်မျိုး (မှန်ပ့ါ) ဒီလို မယူခဲ့ဘူးလား(ယူခဲ့ ပါတယ် ဘုရား)။

ယူလေ့ရှိတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ) ကံက သက်သက်ပဲ ခင်ဗျားတို့ကို တစ်ခါတည်း အပ်နဲ့ ထိုးလိုက်သလို စိတ်မချမ်းသာမှုတွေ ကံက ပေးလိုက်သလိုလို (မှန်ပါ့)။

ဒါဖြင့် ဘာနဲ့မှ မတွေ့မထိဘဲနဲ့ ကံသက်သက်က နေပြီး သကာလ ခင်ဗျားတို့ကို စိမံသလိုလို ဒီလို မယူကြပေ ဘူးလား (ယူပါတယ် ဘုရား) ဒီလိုယူတော့ ဒကာ ဒကာမတွေ သေသေချာချာ စဉ်းစာပါတော့။ ဒကာ ဒကာမတွေ ကံသက်သက်နဲ့ပဲ မတွေ့မထိဘဲနဲ့ မပေးနိုင်ဘူးဆိုတာ သဘောကျပြီလား (ကျပါပြီ)။

ဥပမာ ငရဲကို ကံမကောင်းလို့ ကျသွားမယ် ထားပါတော့။ ငရဲကျတော့ ငရဲကောင်နဲ့ ငရဲမီးနဲ့ ဆက်သွယ် ပေးတာက ဘယ်သူတုန်း (ဖဿပါ ဘုရား) ဒါဖြင့် ဖဿပစ္စယော ဒုက္ခဝေဒနာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဖဿ ချုပ်လို့ရှိရင်ဖြင့် ကံက ဘာများ ဆက်ပေးစရာ လိုသေးသတုန်း (မလိုပါဘူး) ခုနင်က မီးလောင်စရာ မီးနဲ့ ဆက်ပေးသေးရဲ့လား (မပေးပါဘူး) ဖဿ ရှိမှ ဆက်ပေးမှာကိုး (မှန်ပါ)။

ကံက ငရဲသို့ ပစ်ချလိုက်တယ်

ဒါကြောင့် ကံက ငရဲသို့ ပစ်ချလိုက်တယ်။ သို့သော် ဟိုမှာ ငရဲမီးနဲ့ ဒီခန္ဓာကြီးနဲ့ ဆက်မိအောင်ကတော့ (ဖဿကြောင့်ပါ) ငရဲမှာရှိတဲ့ သံပူရေ ကြေးပူရေ မီးတွေနဲ့ ဒီခန္ဓာကြီးနဲ့ ဆက်မိအောင်ကတော့ ဦးလှဘူး ဖဿပဲဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။

ဒါကြောင့် ဘုရားဟောတာကို ရှင်သာရိပုတ္တရာ ဖြေတာက ဒုက္ခဟာ ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာ (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ်)။

ဖဿချုပ်ရင် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်သွားတယ် (မှန်ပါ) နိဗ္ဗာန်ရောက်သွားတော့ ဒီကနေ့ကံက ဆက်စမ်းပါလား၊ ရပါ့မလား (မရပါဘူး)။

အဲဒါတွေ သေသေချာချာ သိလိုက်တော့မှ ရှေးကံကိုချည့် ယုံနေတာ ကမ္မဝါဒီ- ပုဗ္ဗေကတဒိဋ္ဌိ ဖြစ်နေပါသလား (မှန်ပါ)။ ပေါ်ပလား (ပေါ်ပါပြီ)။

အဲဒါ ပဋိစ္စသမုပ္ပာဒ်ကို နားမလည်တော့ ဘာဖြစ်ဖြစ် ကောင်းလည်း ကံပဲ၊ ဆိုးလည်း ကံပဲ၊ ရှေးကံကိုသာ အပြစ်ချတတ်တယ်။ ဒီလိုချည့်လည်း မဟုတ်သေးပါဘူး (မှန်ပါ)။

ကော်ဇော ပေါ်မှာ အိပ်ရတဲ့အခါ

ခင်ဗျားတို့ ကော်ဇော ပေါ်မှာ အိပ်ရတဲ့အခါ ကျလို့ရှိရင် ဪစိတ်ထဲမှာ ချမ်းသာလိုက်တာ ဆောင်းတွင်ပေါ့ဗျာ (မှန်ပါ)။ နူးနူးညံ့ညံ့ နွေးနွေး အိပ်ရသကိုး (မှန်ပါ)။ ဒါဟာထိလို့ ချမ်းသာတယ်ဆိုတဲ့ ဝေဒနာ ပေါ်တာ (မှန်ပါ)။ မထိရင်(မပေါ်ပါဘူး) ထိတာက ဘယ်သူပါလိမ့် (ဖဿပါ ဘုရား) ဖဿတွေ့ထိလို့ ဝေဒနာက ကောင်းတယ်လို့ ပြောတာ (မှန်ပါ)။

ဒါဖြင့် ဒီဝေဒနာတွေဟူသရွေ့ ဒုက္ခဖြစ်ဖြစ် သုခဖြစ်ဖြစ် ပဋိစ္စသမုပ္ပာဒ်ကြောင့်ချည့်ပဲ (မှန်ပါ)၊ ဖဿပစ္စယာ (ဝေဒနာပါ) ကံကဝေးသော အတိတ်အကြောင်းပါ (မှန်ပါ)။

ကံက ကော်ဇောပေးလိုက်တယ်။ ကံက ကော်ဇောကလေး ရထိုက်တဲ့ ကံမို့ ဝယ်နိုင်တယ်။ ရနိုင်တယ်။ ကံက ပေးလိုက်ပေမယ့် ခံစားတဲ့ သုခဝေဒနာ မပေါ်သေးပါဘူး (မှန်ပါ) ပေါ်ပါ့မလား (မပေါ်သေးပါဘူး) ဘယ်သူက ဆက်သွယ်ပေးမှ ပေါ်သတုန်း (ဖဿက ဆက်သွယ်ပေးမှပါ)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ သုခဖြစ်စေ ဒုက္ခဖြစ်စေ ဝေဒနာ ပေါ်လို့ရှိရင် ဒကာ ဒကာမတို့ မှတ်လိုက်ပေ တော့ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဘာကြောင့် ဖြစ်ပါလိမ့် (ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်ပါတယ်) ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တယ်ဆိုလို့ ရှင်းသွား တော့မှ ဘုရားဟော ရှင်သာရိပုတ္တရာဟောတဲ့ အဖြေသို့ အမှန်ရောက်ပေတော့တယ် (မှန်ပါ)။

ဒါကြောင့် တိတ္ထိတွေက သူတို့စကားထဲမှာ ပါသားပဲ ဒကာကြွယ်တို့ ဒကာသိုက်တို့ (မှန်ပါ) သူတို့မေးပုံ ကြည့်ပါ။

ကမ္မဝါဒီ ပုဂ္ဂိုလ်များ

တစ်ချို့သော ကမ္မဝါဒီ ပုဂ္ဂိုလ်များကလည်း ဒုက္ခကို မိမိပြုတယ်လို့ အယူရှိပါတယ်တဲ့။ ကမ္မဝါဒီတဲ့ (မှန်ပါ့) အချို့သော ကမ္မဝါဒီ ပုဂ္ဂိုလ်က ဒုက္ခကို သူတစ်ပါးပြုတယ်လို့ အယူရှိပါတယ်တဲ့ (မှန်ပါ)။ အချို့သော ကမ္မဝါဒီပုဂ္ဂိုလ် တွေက ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသားပြုတယ်လို့ ယူပါတယ်တဲ့ (မှန်ပါ)။ အချို့သော ကမ္မဝါဒီ ပုဂ္ဂိုလ်တွေက ဒုက္ခ အလိုလိုဖြစ်တယ်လို့ ယူပါတယ်တဲ့ (မှန်ပါ)။

ဒီလိုယူတာပြောတာလည်း ရှိကြသားပဲ။ တစ်ခါတစ်လေများ ကိုယ့်ဖြင့် ကောင်းအောင်နေပါတယ်။ ဒါပေမယ့် ဒုက္ခဟာ အလိုလိုပေါ်ပေါ်လာတယ်တဲ့ (မှန်ပါ) အလိုလို ပေါ်တယ်လို့ သုံးကြတယ် (မှန်ပါ) ဖဿတို့ကို ချိတ်ထားပြီ။ မချိတ်ဘူးလား ဒကာ ဒကာမတို့ (ချိတ်ပါတယ် ဘုရား)။

ကိုယ်ဖြင့် ဟို အိမ်နဲ့လည်း သင့်အောင် ပေါင်းပါတယ်။ ဒီအိမ်နဲ့ဲလည်း သင့်အောင် ပေါင်းပါတယ်။ အလုံးစုံ အကုန် လူမျိုးတစ်ရာ့တစ်ပါးနဲ့ ဘယ်သူနဲ့မှ မုန်းတီးရေး မလုပ်ခဲ့ပါဘူး။ ဒီအထဲက ကိုယ့်မှာ ဒုက္ခက ပေါ်ပေါ်နေတော့ ကိုယ့်မှာလည်း ခက်ပါတယ်။ ဒုက္ခက အလိုလို ပေါ်ပေါ်လာတယ် စသည်နဲ့ ပြောကြတယ်။ သူ့အလိုလို ပေါ်သလိုလို (မှန်ပါ)။

တစ်ချို့ကျတော့လည်း ကိုယ့်မှာ တွေ့တဲ့ ဒုက္ခကလေးတွေ ခေါင်းကိုက်တယ်၊ ရင်နာတယ်၊ လေနာတယ်၊ နောက်ကျောတက်တယ်၊ ဘေးကျော ထိုးတယ်ဆိုတာတွေဟာ ဒကာ ဒကာမတို့ စဉ်းစားကြည့်တဲ့။ ကံမကောင်းပြီ ဆိုမှဖြင့် ဝေဒနာ သိပ်ထူတာပဲတဲ့။

ဖဿတော့ ထိကို မထိဘူး၊ ပစ္စုပ္ပန် အနီးဆုံးအကြောင်းအရင်းကတော့ ဖဿကြောင့် ဖြစ်ရတာ (မှန်ပါ)။

အဲဒါက အစားမှားလို့ ဖြစ်ရတယ်ဆိုတာ ဒကာ ဒကာမတို့ အစားနဲ့ လျှာနဲ့ ထိပေးလို့သာလျှင် ထိပေးလို့ သာလျှင် အစားမှားဖြစ်ရတယ် (မှန်ပါ)။ စားတဲ့အစာအာဟာရနဲ့ ဖဿကသာထိမပေးဘူး၊ သစ်တုံးထဲ ထည့်လို့ရှိရင် ဒီသစ်တုံး ဘာဖြစ်စရာ ရှိသေးသတုန်း (ဘာမှ မဖြစ်ပါဘူး)။ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါကို နားကြီးကြီးနဲ့ ထောင်လိုက်တော့မှ ဪ ဟုတ်ပါကလား ဆိုတာ ပေါ်လာတယ် (မှန်ပါ) သဘောပါပလား (ပါ-ပါပြီ)။

အသေတွေ ဘယ်က လာသတုန်း

ကဲ တစ်ခါ သွားစမ်းပါဦး။ ဒကာ ဒကာမတို့ အိုလာပြန်ပြီ၊ နာလာပြန်ပြီ၊ သေပြီ။ မရှိပေဘူးလား (ရှိပါတယ်) အဲဒီဝေဒနာတွေ၊ အသေတွေ ဘယ်က လာသတုန်း။ မေးဖို့ မလိုဘူးလား (လိုပါတယ်)။

ဖဿသာ ချုပ်ကြည့်စမ်းပါ။ ဒကာ ဒကာမတို့ ဝေဒနာ တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ လာဦးမလား (မလာပါဘူး) ဖဿ မချုပ်သေးရင်တော့ဖြင့် (လာမှာပါ ဘုရား) သူပဲအကြောင်းအရင်း ကျနေတယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ)။

သူပဲ အကြောင်းအရင်း ဖြစ်ပြီး သကာလ နေတော့ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာပါ ဒုက္ခသစ္စာတွေဟာ ဆိုတာ။ ဒကာ ဒကာသိုက် ကျေနပ်ဖို့ ကောင်းပြီ (ကောင်းပါတယ် ဘုရား)။

ဒါဖြင့် ဒီကရှေ့ကို ခင်ဗျားတို့က ပဋိစ္စသမုပ္ပာဒ်ကို ဖြတ်ကြပါဦး (မှန်ပါ) ဒကာကြွယ်တို့ ဖြတ်ရလိမ့်မယ် (မှန်ပါ) အားလုံး ဒကာ ဒကာမတွေ ဘယ်လို သဘောကျကြသတုန်း (ပဋိစ္စသမုပ္ပာဒ် ဖြတ်ရပါမယ် ဘုရား)။

ခင်ဗျားတို့ ယူနေကြတာက ကောင်းလည်းကံပဲ၊ ဆိုးလည်း ကံပဲ (မှန်ပါ) အဲဒီလို ရှေးကံကိုချည့် အပြစ်ချနေတာ က ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်နေတယ် (မှန်ပါ) ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ ဖြစ်ရတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

နီးသောအကြောင်းက ဖဿ

ဒါဖြင့် ဒုက္ခတွေဟာ ဒကာ ဒကာမတွေ ခင်ဗျားတို့သန္တာန်မှာ အိုဒုက္ခ၊ နာဒုက္ခ၊ သေဒုက္ခတွေရော ခေါင်းကိုက် ရင်နာ လေနာဆိုတဲ့ ဒုက္ခတွေရော ဘယ်သူ့ကြောင့်လည်း နီးသောအကြောင်းက (ဖဿကြောင့်ပါ) ဖဿကြောင့် ဖြစ်တယ် ခုနင်က ပြောလိုက်ပြီ။

ငရဲသတ္တဝါတွေတောင်မှ ကံကပစ်ချလို့ ငရဲရောက်တယ်။ သို့သော် ဖဿ ဆက်ပေးရင် ငရဲမီးနဲ့ ဒီခန္ဓာနဲ့ မတွေ့နိုင်ဘူး (မှန်ပါ) တွေ့နိုင်ပါ့မလား (မတွေ့နိုင်ပါဘူး) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အားလုံးဒုက္ခ ဟူသရွေ့ ဘယ်သူ့ကြောင့်ပါလိမ့်၊ နီးသောအကြောင်းက (ဖဿကြောင့်ပါ) အဲ အကျဉ်းဖြေတော့ သမုပ္ပာဒ်ကြောင့် (မှန်ပါ) ဒီအထဲက အစိတ် ထုတ်လိုက်တော့ (ဖဿကြောင့်ပါ)အဲ ပေါင်းဖြေတော့ ပဋိစ္စသမုပ္ပာဒ်ကြောင့်။ အစိတ် ထုတ်လိုက်တော့ (ဖဿ ကြောင့်ပါ)ပေါ်ကြပလား (ပေါ်လာပါပြီ)။

အဲဒီကဲ့သို့ ဖြေလိုက်တော့ အရှင်အာနန္ဒာက အနားမှာ ရှိနေတယ်။ ရှင်သာရိပုတ္တရာက ပဋိစ္စသမုပ္ပာဒ် ကြောင့်၊ မင်းတို့ ပဋိစ္စသမုပ္ပာဒ်တွေ ဖြစ်တာပါကွာ။ မိမိပြုတာလည်း မဟုတ်ပါဘူး။ သူတစ်ပါး ပြုတာလည်း မဟုတ်ပါဘူး။ မိမိ သူတစ်ပါး နှစ်ဦးသား ပြုတာလည်း မဟုတ်ပါဘူး။ အလိုလို ပေါ်တဲ့ ဒုက္ခလည်း မဟုတ်ပါဘူး။ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာပါလို့ ရှင်သာရိပုတ္တရာက ဖြေလိုက်တယ် (မှန်ပါ)။

တိတ္ထိတွေကလည်း ကျေနပ်တယ်

အဲဒီလို ဖြေနေတဲ့ ဥစ္စာကို တိတ္ထိတွေကလည်း ကျေနပ်တယ်။ ရှင်အာနန္ဒာကလည်း အနားမှာရှိတယ်။ အနားရှိ နေတော့ ရှင်သာရိပုတ္တရာဖြေပုံသည်ကားလို့ဆိုရင်ဖြင့် တယ်ထူးခြားပါကလားဆိုပြီး သူ့စိတ်ထဲမှာ ကျေနပ်ပြီး သကာလ သွားပြီး ဆွမ်းကိစ္စပြီးတော့ ရှင်သာရိပုတ္တရာနဲ့ ခွဲပြီး သူကဘုရားဆီ ရောက်တော့ ဘုရားကို လျှောက်ထားတယ်။

တပည့်တော်ဘုရား ရာဇဂြိုဟ်မြို့တွင်းကို ဆွမ်းခံသွားမလို့လုပ်တုန်း ရှင်သာရိပုတ္တရာနဲ့ တိတ္ထိတွေနဲ့ ဒုက္ခ ဘယ်သူ့ကြောင့် ဖြစ်သတုန်းဆိုတဲ့ အမေးအဖြေတွေကို တပည့်တော် အကုန်ကြားခဲ့ပါတယ်ဘုရား စသည်ဖြင့် ဘုရား လျှောက်တယ်(မှန်ပါ)။

ဘုရားလျှောက်တော့ သူက ရှင်သာရိပုတ္တရာက ဒီလိုဖြေပါတယ်ဘုရား၊ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဒုက္ခတွေ ဖြစ်ရတယ်လို့ ဖြေပါတယ်၊ တိတ္ထိတွေမေးတဲ့ မေးခွန်းကို (မှန်ပါ) ဒုက္ခဆိုတာ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာချည်းပဲ ဖြေလိုက်ပါတယ်ဘုရားလို့ လျှောက်လိုရင်းပေါ့ (မှန်ပါ)။

ဘုရားက သာဓုခေါ်တယ်

ဘုရားက အာနန္ဒာ သာဓု သာဓု လို့ခေါ်လိုက်တယ်။ ရှင်အာနန္ဒာကို ခေါ်တာမဟုတ်ဘူး၊ ရှင်သာရိပုတ္တရာကို ခေါ်တာ (မှန်ပါ) မှန်လွန်းလို့ ခေါ်တာ။ သဘောပါပလား (ပါ ပါပြီ)။

ဘယ်သူ့ ခေါ်တာပါလိမ့် (ရှင်သာရိပုတ္တရာကို ခေါ်တာပါ) ဘုရား သာဓုခေါ်တာ ရှင်သာရိပုတ္တရာကို ခေါ်တာ၊ အဖြေပေးတာ မှန်လွန်းလို့၊ တကယ်ဉာဏ်နက်တဲ့ ပုဂ္ဂိုလ်မို့၊ ဘုရားအလိုတော်ကို သိပြီး သကာလ ဘုရားအဖြေအတိုင်း သူဖြေလို့ သာဓုခေါ်တာ (မှန်ပါ)။

ဒါဟာ ရှင်သာရိပုတ္တရာက ဒီပုစ္ဆာအမေးခံရသည် မဟုတ်သေးပါဘူးတဲ့။ ဘုရားကိုယ်တိုင်လဲ တစ်ခါတုန်းက ဆွမ်းခံစောသေးတာနဲ့ သူတို့ဆီ ဝင်သွားတော့ ဒီအကြောင်းကို မေးပါတယ်တဲ့ (မှန်ပ့ါ) ဒီအကြောင်း မေးလို့ ပဋိစ္စသမုပ္ပာဒ် ကြောင့် ဒုက္ခဖြစ်တယ်လို့ ငါလဲ ဖြေခဲ့တယ်တဲ့ (မှန်ပါ့)။

ဘုရားက ထောက်ခံချက် ပေးလိုက်ပြီ။ သူကိုယ်တိုင်လဲ ဒီအတိုင်း ဖြေခဲ့ပါတယ်တဲ့။ ဒါကြောင့် ရှင်သာရိပုတ္တရာနဲ့ ဘုရားနဲ့ဖြေပုံ တူတယ်ဆိုတာ အားလုံး ဒကာ ဒကာမတွေ ကျေနပ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ နှုတ်တက်နေတာကလေးလဲ ပြင်ကြပါဦး (မှန်ပ့ါ) ခလုတ်ကလေး တိုက်မိအောင် အိုကံများခေလိုက်တာ။ ကံကြောင့် တိုက်တယ် အဓိပ္ပာယ်မျိုးပေါ့ဗျာ (မှန်ပါ)။

ဒကာသစ် ဘယ့်နှယ်များ ပြောလေ့ရှိသတုန်း (ကံကြောင့် တိုက်တယ် ပြောလေ့ရှိပါတယ်) ကံကြောင့် တိုက်တယ် လို့ ဆိုကြပါတယ်။ ကံကြောင့် တိုက်တယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဖဿကသာ ဆက်သွယ် မပေးမယ်ဆိုလို့ရှိရင် ဒီဝေဒနာ ဘယ်ကလာမလဲ (မလာပါဘူး ဘုရား) သဘောပါပြီလား (ပါပါပြီ)။

ဖဿနိရောဓော နိဗ္ဗာန်

ကိုင်း-ဒါဖြင့် ဖဿနိရောဓာ နိဗ္ဗာန်လို့ မဆိုသင့်ဘူးလား (ဆိုသင့်ပါတယ်) ဖဿသ ချုပ်မယ်ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သုခတွေ ဒုက္ခတွေ အိုနာသေတွေ လာဦးမလား (မလာပါဘူး) မယုံရွတ်ကြည့်ပါ။

ဖဿနိရောဓော ဝေဒနာနိရောဓော ဖြစ်မယ် (မှန်ပ့ါ) ဝေဒနာ နိရောဓောဆိုတော့ ဆက်ရွတ်ကြစမ်းပါ (တဏှာ နိရောဓော) တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဘဝနိရောဓော, ဇာတိဇရာ မရဏ နိရောဓောဆိုတော့ နိဗ္ဗာန်ကို ပေါ်လာတယ်။ (မှန်ပ့ါ) ဖဿကသာ ဆက်သွယ် မပေးတော့ဘူး ဆိုရင်ဖြင့် ဒကာ ဒကာမတွေ အိုနာသေတွေ တောင် လာသေးရဲ့လား (မလာပါဘူး) သဘောကျပြီလား(ကျပါပြီ)။

ဒါကြောင့် ဖဿနိရောဓော နိဗ္ဗာန်လို့လဲ ဟောပါတယ် သဠာယတန နိရောဓော နိဗ္ဗာနံလို့လဲ ဟောပါတယ်။ သဠာယတနနဲ့ ဖဿက တွဲနေတာကိုး (မှန်ပ့ါ) သဘောကျပြီလား(ကျပါပြီ)။

ရှင်သာရိပုတ္တရာ ဖြေတာကို သာဓုခေါ်တော်မူပြီး ဒါဟာ မှန်ကန်ပါတယ်ဘုရား၊ မကောင်းသဖြင့် စွပ်စွဲတာ မဟုတ်ဘူး၊ ချိုးဖဲ့တဲ့ သဘောတွေ မဟုတ်ဘူး၊ ထောက်ခံတဲ့ သဘောတွေ မှန်ကန်တဲ့ သဘောတွေကို ပြောတာ (မှန်ပါ့)။

ဇရာမရဏဘယ်က လာသတုန်း

ဒါနဲ့ ရှင်အာနန္ဒာကို ဘုရားက ဒီတရားပဲ ဆက်ပေးတယ် (မှန်ပါ) ဒီမှာလဲ ဒကာ ဒကာမတွေ ဘုရား ကိုယ်စားလှယ်အဖြစ်နဲ့ ဘုန်းကြီးတို့က ဟောနေရပြန်တော့ ခင်ဗျားတို့လဲ မေးရမယ် (မှန်ပ့ါ)။

ဒီဘက်ကအလုံးနှစ်ခု ချပါ။ ဇရာမရဏပေါ့လေ (မှန်ပါ့) ဇရာမရဏဘယ်က လာသတုန်း မေးလိုက်တယ် (ဇာတိက လာပါတယ်)

ဒီဇာတိ သည်ကားလို့ဆိုရင် ဘယ်ကလာသတုန်းလို့ မေးပြန်တယ် ကမ္မဘဝက လာတယ်။ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပ့ါ) ဒီကံတွေ ဘယ်က လာပါလိမ့်မတုန်း (ဥပါဒါန်က လာပါတယ်) ဥပါဒါန်က ဘယ်ကလာသတုန်း (တဏှာက လာပါတယ်) တဏှာ ဘယ်ကလာပါလိမ့် (ဝေဒနာက လာပါတယ်) ဝေဒနာ ဘယ်က လာပါလိမ့် (ဖဿက လာပါတယ်) သဘောကျပြီလား (ကျပါပြီ)။

ကဲ ဖဿက လက်သည် အရင်းမကျဘူးလား (ကျပါတယ်) ဖဿကြောင့် ဝေဒနာဖြစ်တော့ ဖဿအကြောင်း ကင်းရဲ့လာ(မကင်းပါဘူး) ဒီတဏှာရော ကင်းရဲ့လား(မကင်းပါဘူး) ဒီဥပါဒါန်ရော (မကင်းပါဘူး) ဒီကံကော (မကင်းပါ ဘူး) ဒီဇာတိကော (မကင်းပါဘူး) ဒီဇရာမရဏကော (မကင်းပါဘူး)။

ဒါတွေဟာ ဒုက္ခသစ္စာချည်းပဲ မဟုတ်လား(ဟုတ်ပါတယ်) ဒါဖြင့် ဒီဖဿ ချုပ်လို့ရှိရင် ဒီဒုက္ခသစ္စာတွေ ဘယ့်နှယ့်နေသတုန်း (ချုပ်ပါတယ်) အကုန်ချုပ်မယ်။ ဒီဝေဒနာဒုက္ခတွေလဲ ချုပ်မယ်။ တဏှာဒုက္ခတွေရော (ချုပ်မှာပါ) ဥပါဒါန်ဒုက္ခတွေရော (ချုပ်ပါတယ်) ကံဒုက္ခတွေရော (ချုပ်ပါတယ်) ဒုက္ခက္ခန္ဓဿကိုး။ ဒုက္ခအခုကြီးကိုး (မှန်ပ့ါ) သဘောပါပြီလား(ပါပါပြီ)။

ရှင်အာနန္ဒကို ဒီအတိုင်းပဲ ပြန်မေးတယ် (မှန်ပ့ါ) သဘောပါပြီလား(ပါပါပြီ)။

ဖဿဘယ်ကလာပါလိမ့်မတုန်း

ကိုင်းဒကာ ဒကာမတွေ ရှေ့ကို နည်းနည်းဆက်ပါဦး။ ဖဿဘယ်ကလာပါလိမ့်မတုန်း ဆိုတော့ သဠာယတန ဆိုတဲ့ ခြောက်ခု။ စက္ခု သောတ ဃာန ဇိဝှာ ကာယ မနဆိုတဲ့ ခြောက်ခု (မှန်ပ့ါ)။

ဒါက မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ရှိတော့ ဒီဖဿကလဲ ဒကာ ဒကာမတို့ စက္ခုသမ္ပဿ စက္ခုနဲ့ တွဲနေတယ် (မှန်ပ့ါ) သောတနဲ့ တွဲတော့ သောတသမ္ပဿ။ ထို့အတူ ဃာနသမ္ပဿ၊ ဇီဝှာသမ္ပဿ၊ ကာယသမ္ပဿ၊ မနောသမ္ပဆိုတော့ ဖဿ ဘယ်နှစ်မျိုးရှိသတုန်း (ခြောက်မျိုးရှိပါတယ်)။

အဲဒီတော့ သဠာယနပစ္စယာဖသော ဆိုတော့ သဠာယတနကြောင့် ဖဿဖြစ်တယ်လို့သာ ဆိုရတယ်၊ ခေါ်တော့ တွဲလျက်ကြီး (မှန်ပ့ါ) ခွဲလို့ရရဲ့လား(မရပါဘူး) အကြောင်းအကျိုးတရား ဆက်ပြလို့ သာလျှင် သဠာယတနပစ္စယာ ဖဿောလို့ ဖြစ်ပါတယ်။

သေသေချာချာတော့ဖြင့် စက္ခုသမ္ပဿလို့ ဘုရားက ဟောတယ်။ စက္ခုနဲ့ ဖဿနဲ့ တွဲလျက် (မှန်ပ့ါ) သောတနဲ့ ဖဿကော (တွဲလျက်ပါ) ဒီတော့ စက္ခုနဲ့ ဖဿဟာ အကြောင်းအကျိုးဆက် ဟောခြင်း ဖြစ်ပါတယ်။ နေတော့ တွဲလျက်ပဲလို့ မှတ်ပါ (မှန်ပါ) စက္ခုနဲ့ ဖဿပေါ်တော့ တွဲပေါ်ပဲ၊ သဘောကျပြီလား(ကျပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေ စက္ခုသမ္ပဿ၊ သောတ သမ္ပဿ၊ ဃာနသမ္ပဿ၊ ဇီဝှာသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ။ ဖဿ ဘယ်နှစ်မျိုး ရှိသတုန်း (ခြောက်မျိုးပါ ဘုရား)။

ဖဿတင် ကွက်ရှုမယ်ဆိုရင်ဓမ္မာနုပဿနာ

မြင်စိတ်ရှုလဲ ဖဿပါတာပဲ (မှန်ပ့ါ) ဖဿတင် ကွက်ရှုမယ်ဆိုရင်ကော (ရပါတယ်) အဲ ဖဿတင် ကွက်ရှုမယ် ဆိုရင်တော့ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါတ်။ ဖဿမြင်စိတ်နဲ့ တွဲနေပါတယ်။ တပည့်တော်ဖြင့် ဆရာဘုန်းကြီး ဟောထားတဲ့ မြင်စိတ်ပဲ ရှုမယ်ဆိုရင်လဲ ဖဿပါသွားတာပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

အဲဒီတော့ မြင်စိတ်တင် တပည့်တော်တို့ ဦးတိုက်ရှုပါတော့မယ် စိတ္တာနုပဿနာ (မှန်ပါ)။ ဒီအထဲက တပည့် တော်တို့ ဖဿထင်လွယ်လို့ ဖဿပဲ ရှုပါတယ် ဘုရားဆိုရင်လဲ မြင်စိတ်လဲ ပါသွားတာပဲ။ ပါပေမယ့် ဓမ္မာနုပဿနာ ဖြစ်သွားတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

အဲဒီတော့ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ဒုက္ခဟူသရွေ့ ဖဿကြောင့်ချည်းသာ ဆုံးဖြတ်ချက် ချပါတော့ (မှန်ပ့ါ) ပဋိစ္စသမုပ္ပာဒ် တစ်ခုလုံးဟာ ဒုက္ခက္ခန္ဓဿ ဒုက္ခအစုကြီးလို့ မဟောဘူးလား (ဟောပါတယ်) သုခ ပါသေးသလား (မပါပါဘူး) အဲဒါတွေ ဖဿက ဆက်သွယ်ပေးလို့ တွေ့ရတာချည်း မှတ်ရမယ် (မှန်ပ့ါ)။

ဝေဒနာဒုက္ခတွေ အမျိုးမျိုး တွေ့ရတာပဲ (ဖဿကြောင့်ပါ) တဏှာတည်းဟူသော လောဘစိတ်တွေ ခဏခဏ ပေါ်နေတာကော (ဖဿကြောင့်ပါ) ကံတွေ အမျိုးမျိုးပေါ်နေတာကော (ဖဿကြောင့်ပါ)။

ဒီဒုက္ခတန်းကြီးဟာ ဘယ်သူ့ကြောင့်တုန်း

ဒီကံတွေ အမျိုးမျိုးကြောင့် ဇာတိအမျိုးမျိုး၌ ပေါ်နေတာကော (ဖဿကြောင့်ပါ) ဇာတိအမျိုးမျိုးကြောင့် ဇရာမရဏ အမျိုးမျိုး ဒုက္ခတွေ တွေ့ရတာကော (ဖဿကြောင့်ပါ) ဒါဖြင့် ဒီဒုက္ခတန်းကြီးဟာ လက်သည် အရင်းကျကျ ရှာ။ ဘယ်သူ့ကြောင့်တုန်း (ဖဿကြောင့်ပါ)။

ဒါဖြင့် ဒီပဋိစ္စသမုပ္ပန္နဟာ ဒီပဋိစ္စသမုပ္ပာဒါကြောင့် ဖြစ်တယ်ဆိုတာ ရှင်းပြီလား(ရှင်းပါပြီ)ဝေဒနာ ဒုက္ခတွေ ရော ဒီဘက်က ဒုက္ခတွေ တန်းသရွေ့ တန်းသံသရာက ကန်းလုံးသာ ကန်းပေတော့။ ဘယ်သူ့ကြောင့် ဖြစ်တာပါလိမ့် (ဖဿကြောင့်ပါ ဘုရား) ဖဿကြောင့် ဖြစ်တာချည်းပဲဆိုတာ ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ)။

အဲဒါကြောင့် ရှင်သာရိပုတ္တရာက ဒီအတိုင်းဟောတော့ ဘုရား သာဓုခေါ်တယ်။ ဒါကြောင့် ရှင်အာနန္ဒာကို ထင်ရှားအောင် ထပ်ဟောတယ်။ သဘောကျပြီလား(ကျပါပြီ)။ ဒါဖြင့်ဒကာကြွယ်တို့ ကံမကောင်းလို့ချည်း ဒုက္ခများ တွေ့ရတာလား (မဟုတ်ပါဘူး) ဖဿကြောင့် ဆိုတာကော ရှင်းပြီလား (ရှင်းပါပြီ)။

ကဲ အားလုံး ဒုက္ခဟူသရွေ့ အကြောင်းရင်း လက်သည်ရှာရင် ဖဿချည်းမှတ် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဖဿသာ ချုပ်မယ်ဆိုရင် ဒီဘက်က ခန္ဓာတွေ ချုပ်မယ် (မှန်ပ့ါ)။ ဒါဖြင့် ဖဿကို ခင်ဗျားတို့ မျက်လုံးထဲမှာ တွေ့တယ်ဆိုရင်ဖြင့်တွေ့တဲ့ ဖဿကို ဖြစ်ပျက်ရှု (မှန်ပါ)။ နားနဲ့တွေ့ပြန်တော့ကော (တွေ့တဲ့ ဖဿ ဖြစ်ပျက်ရှုပါတယ်)။

ဖြစ်ပျက် ရှုရပါမယ်

နားနဲ့ အသံနဲ့ တွေ့လို့ရှိရင်ဖြင့် အဲဒီနားထဲမှာ တွေ့တဲ့ဖဿ ကလေးကို (ဝါ) နားစိတ် ကလေးကို ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါတယ်၊) နှာခေါင်းနဲ့ အနံ့နဲ့ တွေ့ပြန်ပြီဆိုရင် အဲဒီ တွေ့လုံးကလေး ဘာလုပ်မလဲ (ဖြစ်ပျက် ရှုရပါမယ်) လျှာနဲ့ အရသာနဲ့ တွေ့ရင် (တွေ့လုံးဖြစ်ပျက် ရှုရပါမယ်)။

အဲဒီကဲ့သို့ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတွေ ထုံစံအတိုင်း ဖြစ်ပျက်ရှုတဲ့ မဂ်ဟာ ဝင်လာတာ ပဲ (မှန်ပ့ါ) မလာပေဘူးလား (လာပါတယ်)။

အဲဒီတော့ ဒီဖဿ ဖြစ်ပျက်တွေ ရှုရှုသွားတော့ ဖဿကို အခုဦးစီးပြောလိုက်တာ စင်စစ်တော့ တစ်ခုရှုရင် အကုန်ပါချည်းပဲဆိုတာတော့ နေ့တိုင်း သိနေကြပါပြီ (မှန်ပါ ဘုရား) ဒီနေ့တော့ ဒုက္ခ ဘယ်သူ့ကြောင့်တုန်း ဆိုတဲ့ ဝတ္ထုထုတ်လာလို့ ဖဿကို ဦးတည်ပြီး ဟောရခြင်း ဖြစ်တယ် (မှန်ပ့ါ)။

ဒီဖဿကို ဖြစ်ပျက်မြင်အောင်ကြည့်

ဒါဖြင့်ဒကာ ဒကာမတို့ ဒီဖဿကို ဖြစ်ပျက်မြင်အောင်ကြည့် (မှန်ပါ) ဖြစ်ပျက်မြင်အောင် ကြည့်လိုက်တော့ ဖဿဟုတ်သေးရဲ့လား အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ ဖြစ်သွားသလား (အနိစ္စ ဒုက္ခ အနတ္တ ဖြစ်သွားပါတယ်)။ ဒါဖြင့် အနိစ္စ ဒုက္ခ အနတ္တကြောင့်ဖြင့် မဂ်ပဲဖြစ်ရမယ်။ ဝေဒနာ ကျော်သွားတယ် (မှန်ပ့ါ)။ ဒုက္ခဝေဒနာ ပေါ်ဦးမလား (မပေါ်ပါဘူး)။

ဒီကသာ အနိစ္စဖြစ်ရင်၊ ဒုက္ခဖြစ်ရင်၊ အနတ္တဖြစ်ရင် အနိစ္စ ဒုက္ခ အနတ္တ ပစ္စယာ မဂ်ပဲ။ အနိစ္စကြောင့် မဂ်သာ ဖြစ်ရမယ် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

အနိစ္စကြောင့် မဂ်ဖြစ်တယ် ဆိုတော့ ဒကာ ဒကာမတို့ ဧသမဂ္ဂေါဆိုတာ မလာဘူးလား (လာပါတယ်)။ ဒါကြောင့် အနိစ္စကြောင့် မဂ်သာဖြစ်ရမယ် (မှန်ပါ) ဖဿဖြစ်နေသေးသရွေ့ ဖဿ မကျော်နိုင်ရင်တော့ ဒုက္ခဖြစ်ရမယ် (မှန်ပ့ါ) အနိစ္စ ဖြစ်နေရင် မဂ်လာမယ် (မှန်ပါ)။

ဒကာသိုက် ဖဿဖြစ်နေရင် (ဒုက္ခလာပါမယ်) အနိစ္စဖြစ်အောင် လုပ်နိုင်ကြတဲ့ ဒကာ ဒကာမတွေဖြင့် (မဂ်လာပါမယ်) မဂ်ဖြစ်သွားတယ်ဆိုတော့ မဂ်သည်ကားလို့ ဆိုရင်ဖြင့် တဏှာကို ပေါ်ခွင့် မပေးဘူး(မှန်ပါ)။

ဝေဒနာဖြင့်လဲ ဖဿနဲ့ ရောချုပ်တယ်

ဝေဒနာကတော့ တွဲဖြစ်တဲ့ ဝေဒနာဖြင့်လဲ ဖဿနဲ့ ရောချုပ်တယ်ထားပါတော့၊ တွဲမဖြစ်တဲ့ ဒုက္ခဝေဒနာ ဖြစ်ရင်လဲ လာခွင့်ရသေးရဲ့လား (မရပါဘူး) လာခွင့်မရရင် ရှေ့ဆက်မည့် ပဋိစ္စသမုပ္ပာဒ်ကော (မလာပါဘူး) ဒါဟာ ဘယ်သူ ချုပ်လို့ ပါလိမ့် (ဖဿချုပ်လို့ပါ)။ အဲဒါကြောင့် ဖဿနိရောဓော နိဗ္ဗာနံ (မှန်ပ့ါ)။

ဒကာ ဒကာမတို့ ဘာတဲ့တုန်း (ဖဿနိရောဓော နိဗ္ဗာနံပါ) ဖဿ နိရောဓော နိဗ္ဗာနံ၊ သဠာယတန နိရောဓော နိဗ္ဗာနံ။ အစပ်ချည့်ပဲ (မှန်ပ့ါ) သဠာယတနနဲ့ ဖဿကလဲ တွဲလျက်မဟုတ်လား (မှန်ပါ)။ ဒါဖြင့် သဠာယတန နိရောဓော နိဗ္ဗာနံ ဖဿ နိရောဓော (နိဗ္ဗာနံပါ)။

အဲဒီလို ရှင်သာရိပုတ္တရာတရား ရှင်အာနန္ဒာက လျှောက်လို့ ဘုရားက ရှင်အာနန္ဒာကို ပြန်ဟောပြန်တယ်၊ (မှန်ပ့ါ) ကဲ ဒကာကြွယ် ဘယ်လောက် အဖိုးတန်သလဲ (တန်ပါတယ်)။

ဒါဖြင့် ခင်ဗျားတို့သည် စိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်စိတ်ရှု။ ဖဿပါမယ် (မှန်ပါ) ဖဿကလေး ထင်ရှားတဲ့ ပုဂ္ဂိုလ်ဖြင့်လဲ ဖဿကလေး ရှုလဲ စိတ်ပါသွားတာပဲ။ အကုန်မပါဘူးလား (ပါပါတယ်)။

အဲဒါကြောင့် ဖြစ်စိတ်ကလေး ပေါ်လာလဲ ဖြစ်စိတ်ဖြစ်ပျက်ရှု၊ ဖဿပါသွားတာပဲ။ (မှန်ပ့ါ) ကြားစိတ်ကလေး ပေါ်လာရင်ကော ဖဿပါပါသွားပါတယ်)။ အဲဒီဖဿသာ ချုပ်သွားလို့ရှိရင်ဖြင့် ဖဿကြောင့် ဖြစ်တဲ့ ဒုက္ခမျိုးစုံ အကုန်သိမ်းပါတယ် (မှန်ပ့ါ)။

ဒုက္ခမျိုးစုံ အကုန်သိမ်းပါတယ်

လောကကြီးထဲမှာ ဒုက္ခမျိုးစုံ အကုန်ဟာ ဘယ်သူကြောင့် ဖြစ်သလဲ (ဖဿကြောင့်ဖြစ်ပါတယ်)။ သားနဲ့တွေ့လို့ သားဒုက္ခ၊ သမီးနဲ့တွေ့လို့ (သမီးဒုက္ခ တွေ့ပါတယ်) တွေ့တာက ဖဿ။ ဖဿကြောင့် ဒုက္ခမလာဘူးလား (လာပါတယ်)။

အစားမှားလို့ ဒုက္ခဆိုတော့ အစားနဲ့ တွေ့တာက ဘာတုန်း (ဖဿပါ)။ ဒါဖြင့် ဒုက္ခ ပေးလေသမျှ ဖဿကချည်းပဲ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေက ဖြစ်ပျက်ကို မြင်အောင်ကြည့် (မှန်ပ့ါ) ဖဿကို မုန်းအောင် ကြည့်။ သဘောကျ ပြီလား (ကျပါပြီ)။ ဖဿဆုံးအောင် ကြည့်လိုက်။ ဆုံးအောင် ကြည့်လိုက်တဲ့ အခါကျတော့ မဂ္ဂင်ရှစ်ပါး မလာဘူးလား (လာပါတယ်)။

မဂ္ဂင်ရှစ်ပါး လာကတည်းက ဒီဘက်က တဏှာဥပါဒါန်တွေ၊ ကံတွေ၊ ဘာတွေ၊ ချုပ်သွားတာတုန်း မေးရင် ဘယ့်နှယ်ဖြေကြမတုန်း (ဒုက္ခတွေ ချုပ်သွားတာပါ ဘုရား)။ အဲ ဖဿကြောင့် ဖြစ်တဲ့ ဒုက္ခတွေ အကုန်ချုပ်တာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပ့ါ)။

ဖြစ်ပျက်က ဒုက္ခသစ္စာ

ဒါဖြင့်ဒကာ ဒကာမတို့ ဒီဘက်ဖြစ်ပျက်က ဒုက္ခသစ္စာ။ မြင်တာက (မဂ္ဂသစ္စာပါ)၊ ဒီဘက်က ချုပ်တာတွေက သမုဒယ သေတာ)၊ ဟိုဘက်က ဇာတိ၊ ဇရာ၊ မရဏ မလာတာက(နိရောဓ သစ္စာပါ ဘုရား)။

ဒီလိုဆိုတော့ ဪ ဒို့ရှုနေတာသည် စိတ်ရှုတာလဲ ဟန်ကျတာပဲ။ ဖဿရှုလဲ (ဟန်ကျတာပါပဲ) ဒုက္ခသိမ်းတာချည့်ပဲဆိုတာ ကျေနပ်ပြီလား(ကျေနပ်ပါပြီ)။

အဲဒါ ရှင်အာနန္ဒာကို တစ်ဆင့်ဘုရားက ပဋိစ္စသမုပ္ပာဒ်တန်းပြပြီး နောက်ဆုတ် ဟောလာပြန်တယ်။ ရိပ်မိပြီလား (ရိပ်မိပါပြီ) ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု…သာဓု…သာဓု