အရထူးတဲ့ မိမိဘဝနှင့် ခဏကို နှမြောကြစမ်းပါ
ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့တွင်ဟောကြားသော တရားတော်
အရထူးတဲ့ မိမိဘဝနှင့်
ခဏကို နှမြောကြစမ်းပါ
အားလုံး ဒကာ ဒကာမတွေ ကိုယ့်ဘဝကလေးနဲ့ကိုယ် အခု ကြုံကြိုက်တာကလေးကိုဖြင့် အင်မတန် နှမြောဖို့ ကောင်းတယ်ဆိုတာ သတိပေးရတယ် (မှန်ပါ) ယခု ရထားတဲ့ ဘဝကလေး ယခုကြုံရတဲ့ ခဏကလေးပေါ့ဗျာ (မှန်ပါ) ယခု ရထားတဲ့ လူ့ဘဝ၊ ယခုကြုံပြီးနေရတဲ့ ခဏကလးကိုဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ နှမြောကြပါလို့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ် (မှန်ပါ)။
ယခု ရထားတဲ့ ဘဝဆိုတာ
ယခု ရထားတဲ့ ဘဝဆိုတာက ရှင်းပြပါဦးမယ်။ လူ့ဘဝဆိုတာ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီး ပဏ္ဏာသ ပါဠိတော်မှာ သေသေချာချာ ဟောတော်မူတယ်။ ကိုယ့်ဘဝကလေးကို အလွယ်တကူနဲ့ ရလာကြ တယ်လို့ ဒကာသိုက်တို့ ဒကာကြွယ်တို့က မအောက်မေ့ပါနဲ့ (မှန်ပါ)။
အင်မတန်မှ ခဲခဲယဉ်းယဉ်း မနည်းတိုးလျှိုးပြီး သကာလ တက်ခဲ့လို့ ရောက်လာရတယ်ဆိုတာကို ဘုရားက အင်မတန် အမြင်ကျယ်ပြီး သကာလ သတ္တဝါတိုင်းကို သိပြီး သကာလ လေးလေးနက်နက် ဦးလှဘူး ပြောတယ်နော် (မှန်ပါ) မမြင်ဘဲနဲ့ ရမ်းပြောတာ မဟုတ်ဘူး (မှန်ပါ)။
အင်မတန်မှ လူတစ်ယောက်ကို အစအဆုံး ဘဝများစွာ သံသရာတိုင်တိုင် အကုန်သိပြီး သကာလ ဪ သူဘယ်က တက်လာတယ်၊ ဘယ်လောက်ထိအောင် တိုးလျှိုးပြီး သကာလ တက်လာရတယ်ဆိုတာ ဘုရားက လူ့ဘဝ ရဖို့များ ခဲယဉ်းလိုက်တဲ့ဖြစ်ခြင်း ခဲယဉ်းပုံတွေ ပြောရမယ်ဆိုရင်ဖြင့် ဥပမာ တစ်ခုနဲ့ပဲ မှတ်ကြပါတော့လို့ ခဲယဉ်း ပုံကို ပြောလိုက်တယ် (မှန်ပါ)။
ထွန်တုံးကြီးတစ်ခု
ထွန်တုံးကြီးတစ်ခု တစ်ပေါက် တည်းဖောက်ပြီး သကာလ ဧရာဝတီကနေပြီး ဦးလှဖူးက မျှောလိုက်တာပေါ့ဗျာ (မှန်ပါ) မျှောလိုက်တော့ ပင်လယ်အဆုံးကျတော့ ပင်လယ်ရောက်ရမှာပဲ (မှန်ပါ) ပင်လယ်ထဲ ရောက်လာတဲ့ အခါကျ လို့ရှိရင် ဒီထွန်တုံးကြီးက တောင်က တိုက်ရင် မြောက်သွားပေါ့ဗျာ၊ မြောက်လေတိုက် တောင်၊ အရှေ့လေတိုက် အနောက်၊ အနောက်လေတိုက်တော့ အရှေ့ဆိုပြီး မျောနေဆဲပဲ (မှန်ပါ) သူ့မှာ နေရာအမြဲရှိပါရဲ့လား (မရှိပါဘူး)။
အဲဒီ ထွန်တုံးကြီးက ဒီလိုပဲ နေရာ အမြဲ မရှိဘဲနဲ့ လေတိုက်လို့ လှိုင်းပုတ်ရာကို ရောက်ချင်သလို ရောက်နေ တဲ့ဥစ္စာ သူကလဲ မဆွေးမြေ့ပါဦးမှနော် (မှန်ပါ) ရေတွေ ဘာတွေကြောင့် ဆွေးမြေ့ကျေမွသွားပြီး သကာလ လဲမသွား ပါဦးမှ (မှန်ပါ) အဲဒီမှာ အနှစ် တစ်ရာတစ်ရာမှ တစ်ခါတစ်ခါ ပေါ်တဲ့ လိပ်ကန်းကြီးကလဲ ရှိသေးတယ် (မှန်ပါ)။
အနှစ်တစ်ရာမှ တစ်ခါပေါ်လာတဲ့ လိပ်ကန်းကြီး
အနှစ်တစ်ရာ တစ်ခါပေါ်လာတဲ့ လိပ်ကန်းကြီးကလဲ လိပ်ကန်းလို့ ဆိုသဖြင့်လဲ ဒကာကြွယ်တို့ ဒကာသိုက် တို့က မှတ်လိုက်တာပေါ့ ရောက်မိရောက်ရာ သွားလိမ့်မယ်ဆိုတာဖြင့် သေချာနေတယ် (မှန်ပါ) သူ့မှာ လမ်းမှန် ရှိသေးရဲ့လား (မရှိပါဘူး) သွားမိ သွားရာ သွားနေလိမ့်မယ်ဆိုတဲ့ လိပ်ကန်းကြီး။ သူကလဲ အနှစ် တစ်ရာ တစ်ရာကျမှ တစ်ခါတစ်ခါပဲ အသက်ရှူဖို့ရာ ပေါ်လာတယ် (မှန်ပါ)။
အဲဒီတော့ အနှစ်တစ်ရာမှ တစ်ခါပေါ်လာတဲ့ လိပ်ကန်းကြီးရဲ့ ခေါင်းသည် ခုနင်က တောင်လေလာ မြောက်၊ မြောက်လေလာ တောင်သွားနေတဲ့ ထွန်တုံးကြီး အပေါက်ထဲမှာ ဒီလိပ်ခေါင်းကြီးက အမောပြေ နားပြီး သကာလ အသက်ကလေး ရှူပေါက်ရပြီး လျှိုမိ နေဖို့ရာ တွေးကြည့်ကြစမ်းပါ။ ဒကာ ဒကာမတို့ ဘယ်တော့ ကြုံနိုင်ပါ့မလဲ (ကြုံနိုင်စရာ မရှိပါဘူး ဘုရား) အင်မတန် ကြုံဖို့ ခဲယဉ်းလှပါတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။
တောင်လေလာ မြောက်, မြောက်လေလာ တောင်စသည့် သွားနေတဲ့ ထွန်တုံးကြီးကလဲ တစ်ပေါက်တည်း ပါတယ်။ သူကလဲ နေရာ မမြဲ။ လိပ်ကန်းကလဲ ပင်လယ်ကြီးက ကျယ်ဝန်းရတဲ့ အထဲမှာ သွားမိသွားရာ သွားနေတာ (မှန်ပါ) သွားနေတဲ့ အထဲက အနှစ်တရာကျမှ တစ်ကြိမ် ပေါ်တယ်ဆိုတော့ ဒီထွန်တုံးကြီးကလဲ မဆွေးမမြေ့ပါမှ (မှန်ပါ)။
လိပ်ကန်းကြီးကလဲ သွားမိသွားရာ သွားနေရာက မတော်တဆ ဒီထွန်တုံးပေါက်ထဲကို ခေါင်းလျှိုမိပါမှ ဆိုတော့ ဒကာသိုက်တို့ ဒကာကြွယ်တို့က စဉ်းစားရမယ် ဪ-အတော်ခဲယဉ်းတဲ့အလုပ်ပါကလား (မှန်ပါ) ဆိုထိုက်မလား (ဆိုထိုက်ပါတယ် ဘုရား) အားလုံး ဒကာ ဒကာမတွေ အတော်ခဲယဉ်းတဲ့ အလုပ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါဟာ တစ်ခါတစ်လေ ကြုံမိမယ်ဆိုရင်ဖြင့် လိပ်ကန်းကြီးကလဲ ပေါ်တဲ့အချိန်နဲ့ ထွန်းတုံးကြီးကလဲ ဟိုလွင့် ဒီလွင့် လွင့်ထဲအထဲမှ တစ်ခါတစ်လေ ခေါင်းကလေး လျှိုမိမယ်ဆိုရင် လျှိုမိစရာ ရှိသေးသကွတဲ့။
လူ့ဘဝ ရောက်လာဖို့ရာ အရေးဟာဖြင့် ဒီထက်ခဲယဉ်းသေးတယ်လို့ အောက်မေ့ကြပါ (မှန်ပါ)။
ဘယ်လောက်များ ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
ကိုယ့်ဘဝကလေးကိုယ် နှမြောကြပါ
အားလုံး ဒကာ ဒကာမတွေ ကိုယ့်ဘဝကလေးကိုယ် နှမြောကြပါဆိုတော့ ဆရာဘုန်းကြီး မူလဘူတ ပြော လိုက်တဲ့ ပလ္လင်ခံလာတဲ့ စကားကလေးဟာ ဒကာကြွယ်တို့ ဒကာသိုက်တို့ ဦးလှဖူးတို့ ဪ အတော် ခဲခဲယဉ်းယဉ်း ပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ) ပေါ်လာတယ်ဘုရား။
မခဲယဉ်းကြဘူးလား (ခဲယဉ်းပါတယ် ဘုရား) အင်မတန် ခဲယဉ်းပုံကို ထင်ရှားရန် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထုတ်ပြတာပဲ (မှန်ပါ)။
ကဲ ဒကာ ဒကာမတို့ ကိုယ့်ဘဝကလေးဟာဖြင့် နောင်ကိုလဲ ဒကာ ဒကာမတို့ ခုနင်က ဥပမာကမှ တွေ့စရာ ကြုံနိုင်စရာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
ဒီဘဝ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကလေး ရပြီး သကာလ ဇာတ်သိမ်းနိုင်အောင်သာ ကြိုးစားကြပေတော့ (မှန်ပါ) ခုဒီလိုဘဝ ရဖို့ရာ ခဲယဉ်းလွန်းလို့ (မှန်ပါ) ရဖို့သာ သိပြီး သကာလ ခဲယဉ်းလွန်းလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး က ခဲယဉ်းကြောင်းကို ဥပမာကလေး ထုတ်လိုက်တာပါပဲ (မှန်ပါ)။
ဘယ့်နှယ်ကြောင့်တုန်း မေးလို့ရှိရင် အားလုံးသော ပုဂ္ဂိုလ်တို့မှ လောဘ ဒေါသ မောဟ မချုပ်သေးတော့ လောက ဒေါသ မောဟတွေနဲ့ပဲ သားတန်းလန်း၊ သမီးတန်းလန်း၊ ဆွေတန်းလန်း၊ မျိုးတန်းလန်းနဲ့ ခင်လျက်မင်လျက်တွေ နဲ့ သေသေသွားကြတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ကလဲ အပါယ်ဘေးချည့် သွားမှာက များတယ် (မှန်ပါ)။
ဥပါဒါန်နဲ့ သေသွားတာ
သားတန်းလန်း၊ သမီးတန်းလန်း၊ ဆွေတန်းလန်း၊ မျိုးတန်းလန်း၊ အိမ်တန်းလန်းနဲ့ကိုးဗျ (မှန်ပါ) ဒါတွေကို မဖြေနိုင် မဖြုတ်နိုင်ဘဲနဲ့ စွဲလမ်းတဲ့ ဥပါဒါန်နဲ့ သေသွားတာကိုး (မှန်ပါ)။
ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိလို့ မလာပေဘူးလား (လာပါတယ်)။ အဲ သေခါနီးမှာ သားတွေ၊ သမီးတွေ၊ ပစ္စည်းတွေကို မခွဲနိုင်မခွါရက် စွဲလမ်းတာက ဘာဆိုကြမယ် (ဥပါဒါန်ပါ ဘုရား)။
ဒါဖြင့် ဥပါဒါန်ကလေးတစ်ခု ပေါ်လာကြပြီဆိုကြပါစို့။ (မှန်ပါ) ကဲ ရွတ်ကြည့်ပါဦးတဲ့။ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝေါဆိုတော့ အဲဒီအခါမှာ ဖြစ်နေတဲ့ စွဲလမ်းခြင်းကြောင့် ငါဖြင့် စွန့်ရတော့မှာပဲ၊ သွားရ တော့မှာပဲ မရှင်းမလင်းတွေနဲ့ အခင်လဲ လက်စမသတ်နိုင်၊ ဇာတ်မသိမ်းနိုင်၊ ကြောင့်ကြမှုလဲ ဇာတ်မသိမ်းနိုင်၊ စိုးရိမ် မှုလဲ ဇာတ်မသိမ်းနိုင် သူသေတော့မယ်ဆိုတော့ (မှန်ပါ)။
ဇာတ်မသိမ်းနိုင်တော့ မှာတန်တာတွေ မှာခဲ့တဲ့ ဝစီကံက မလာဘူးလား (လာပါတယ်) အဲဒါ ကမ္မဘဝပဲ (မှန်ပါ) လက်ကလေးပြ၊ ခြေကလေးပြနဲ့ ဘယ်လိုနေရစ်၊ ဘယ်လိုထိုင်ရစ်၊ ဘယ်သူ့ဆီမှာ ဘယ်လောက်ပေးစရာရှိ တယ်၊ ဘယ်သူ့ဆီမှာ ဘယ်လောက် ရစရာရှိတယ် စတဲ့ ကာယကံတွေရော ဝစီကံတွေရော မလာပေဘူးလား (လာပါ တယ်)။
အဲဒီတော့ ကိုယ့်သားသမီး၊ ကိုယ့်ပစ္စည်း၊ ကိုယ့်ခင်ပွန်း စသည်ကိုစွဲလမ်းတာက ဥပါဒါန်။ စွဲလမ်းလို့ ကိုယ် အမူအရာ နှုတ်အမူအရာတွေနဲ့ပြောနေတာက ကာယကံ၊ ဝစီကံဆိုတဲ့ ကမ္မဘဝတွေ လာမှာပဲ (မှန်ပါ)။
ဒီကံတွေကလဲ ကံကောင်းတွေလို့ ဆိုလို့ရပါ့မလား (မရပါဘူး ဘုရား)။ မကောင်းတဲ့ ကံတွေပဲဆိုပြီး အဲဒီကမ္မ ဘဝလဲ ပြီးပါရော ဒကာဒကာမတို့ စုတိစိတ် ကလေးလဲ ကျလာရော (မှန်ပါ)။
မကောင်းတဲ့ ကမ္မဘဝဆိုရင် အပါယ်လေးပါး
ဒကာ ဒကာမတို့ စုတိပြီး ပဋိသန္ဓေလို့ဆိုတော့ ဒီကံတွေ စီမံသလို မခံရပေဘူးလား (ခံရပါတယ်) ကမ္မဘဝ စီမံသလို ခံလိုက်ရတော့ မကောင်းတဲ့ ကမ္မဘဝဆိုရင် အပါယ်လေးပါး ပဋိသန္ဓေ သွားဖြစ်တယ် (မှန်ပါ) အပါယ် လေးပါးပဲ ကျတယ်(မှန်ပါ) ရှင်းပလား ဒကာ ဒကာမတို့ (မှန်ပါ ရှင်းပါပြီ)။
ဒါ သေခါနီး ပြောလိုက်တာပါ။ ကမ္မဘဝ ပစ္စယာ (ဇာတိပါ) ဇာတိတဲ့။ စာမို့လို့ ဆက်ထားတယ်နော်။ ကမ္မ ဘဝပြီးတော့ ကံကုန်တော့ သေရသေးတယ်၊ စုတိစိတ်ကလေး ဖြစ်ရသေးတယ် (မှန်ပါ) စုတိစိတ် ဖြစ်ပြီးမှ ဘာလာပါလိမ့် (ဇာတိလာပါတယ်) ဇာတိလာတော့ ဒီဇာတိကလဲ ဒီဥပါဒါန် ဒီကံတွေ၏ စီမံသလို ပေါ်ရတဲ့ ဇာတိ (မှန်ပါ) သဘော ကျပလား (ကျပါပြီ)။
ဒါဖြင့် ဒီဇာတိသည် ဒကာ ဒကာမတို့ အပါယ်လေးပါး ဇာတိက များနေမယ်။ အပါယ်ကျသွားရော (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒီတော့ ငရဲကျသွားတာတော့ ကျရပါစေတော့ အပါယ်ငရဲက တက်လာတဲ့အခါကျတော့ ဖျတ်ခနဲ လူ့ပြည်ပဲ တက်လာသလား၊ နတ်ပြည်ပဲ တက်သွားသလားဆိုတော့ အပါယ်ငရဲမှာ ဒုက္ခဝေဒနာတွေ အမျိုးမျိုးနဲ့ ခံစားရတာ။ နတ်ပြည်မှာ အသက်တမ်းရှိတယ်၊ လူ့ပြည်မှာ နှစ်ရှိတယ်၊ အသက်တမ်းရှိတယ်။
အပါယ်ငရဲမှာတော့ ဟောဒီကံတွေ မကုန်သရွေ့သူဟာ အပါယ်မှာ နေရတယ်။ အပါယ် ငရဲမှာတော့ ကံကုန်ရင် အပါယ်ငရဲ ဝဋ်ကျွတ်တာပဲ။ ကံမကုန်ရင် (အပါယ်ဝဋ် မကျွတ်ပါဘူး ဘုရား)။
ဒီတော့ အပါယ်ငရဲမှာ အသက်တမ်းရှိသလား လို့မေးတော့ မရှိဘူးလို့ ပြောရမယ်။ ရှင်းကြပလား (ရှင်းပါပြီ) အသက်တမ်း ဘယ်သူက လုပ်နေပါလိမ့်မတုန်း မေးတော့ ကံတွေကလုပ်တယ်။ ကံတွေက များလို့ရှိရင်လဲ ကံများသလိုအပါယ်မှာ နေဖို့ပဲ (မှန်ပါ) ဒီကံတွေက ကုန်သွားပြန်လို့ ရှိရင်လဲ အပါယ်က ကျွတ်ဖို့ပဲ (မှန်ပါ)။
ဒါဖြင့် ဒကာသိုက်တို့ ဒကာကြွယ်တို့က များများကြီးစဉ်းစားရမယ်။ ဪ အသက်တမ်းမရှိဘူး ကိုယ်ပြုတဲ့ ကံအတိုင်းပဲ နေဖို့ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ကိုယ်ပြုတဲ့ ကံအတိုင်းပဲ
ကိုယ်ပြုတဲ့ ကံတွေကလဲ တစ်နေ့သော်လဲ သားရေး သမီးရေး စီးပွားရေးနဲ့ လောဘ ဒေါသ မောဟနဲ့။ ဒါတွေ ကံတွေချည်းပဲ (မှန်ပါ)နောက်တစ်နေ့ လာပြန်တော့လဲ ဘာများ လုပ်ကြမှာတုန်းဆိုတော့ ဒီအရောင်းအဝယ်နဲ့ ဒီအထည်အလိပ် စသည်နဲ့ ဒီကံတွေပဲ လုပ်မှာပဲ (မှန်ပါ)
နောက်တစ်နေ့ လာပြန်တော့လဲ ဒီကံပဲ လုပ်တယ် (မှန်ပါ) ဒီတော့ ဒီကံတွေက ရေတွက်နိုင်ရဲ့လား (မရေတွက် နိုင်ပါဘူး ဘုရား) မရေတွက်နိုင်တော့ ဒီကံတွေက လှည့်ပတ်ပြီး သကာလ အပါယ်ထဲမှာ အကျိုးပေးနေတယ် (မှန်ပါ) အကျိုးပေးနေတော့ အပါယ်ရောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဒကာ ဒကာမတို့ ကံတွေက လုပ်ထား တာက နည်းတာမဟုတ်ဘူး။
ဒါဟာ ဒီဘဝလုပ်တဲ့ ကံပဲ ရှိသေးတယ်။ နောက်ဘဝတွေက ကြွေးတင်နေတဲ့ ကံတွေကလဲ တို့အလှည့်ကျရင် အပါယ်ထဲကို သူ့ကို နှစ်တာရှည်အောင် ရွက်ဆောင်ပေးဦးမယ်ဆိုတာက ရှိသေးတယ် (မှန်ပါ)။
ဒါဖြင့် အခုဘဝ ကံတွေကလဲ မနည်းကြဘူးပေါ့ဗျာ(မှန်ပါ) ဘယ်ကံ ဘယ်လောက်များတယ်၊ မများတယ်ကို ဘုန်းကြီး အဘိဓမ္မာနည်းနဲ့ ရှင်းပြမယ် (မှန်ပါ) မျက်စိတစ်မှိတ်မှာ ဒကာ ဒကာမတွေက ဖျတ်ဆို မျက်လုံးကလေး မှိတ်လိုက်ပါ။
အဲဒီအချိန်မှာ လောကဖြစ်ရင်တောင် လောဘစိတ်တွေ ဖြစ်လိုက်တာက ကုဋေ တစ်သိန်းဖြစ်တယ် (မှန်ပါ) ဒေါသစိတ်ဖြစ်လဲ (ကုဋေတစ်သိန်းဖြစ်ပါတယ်) မျက်စိတစ်မှိတ်မှာ ဇောပါင်း ဖြစ်သွားတာတွေ နည်းသလား (မနည်း ပါဘူး)။
ဒါဖြင့် ဒီကံတွေက တစ်နေ့မှ မျက်စိတစ်မှိတ်ပေါင်း ဘယ်လောက်၊ လောဘကံတွေ ဒေါသကံတွေ ဒကာ ဒကာမတွေ ပွားပါလိမ့်မလဲလို့ မေးလို့ရှိရင် မျက်စိမှိတ်ပေါင်း မရေတွက်နိုင်ပါဘူး (မှန်ပါ) အဲဒီ ကံတွေဟာ ကမ္မဘဝ ချည်းသာ မှတ်ပေတော့ (မှန်ပါ) ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။
အပါယ်ရောက်ဖို့ချည့် ကျေးဇူးပြုနေတော့
အပါယ်ဇာတိကို သူက ကျေးဇူးပြုနေတော့ အပါယ်ရောက်ဖို့ချည့် ကျေးဇူးပြုနေတော့ အပါယ်မှာ ဖြစ်နေတဲ့ ဥစ္စာ ဟိုကံက ဝင်ပြီး အကျိုးပေးလိုက်၊ အပါယ်က မတက်ရ၊ ဒီကံကဝင်ပြီး အကျိုးပေးလိုက်၊ အပါယ်က မတက်ရ၊ သဘောကျပလား (ကျပါပြီ) ဒါဖြင့် တက်လမ်းကို ပါသေးရဲ့လား (မပါပါဘူး) ဒီကံတွေ ကုန်မှ (မှန်ပါ)။
ဒကာ ဒကာမတို့ ဒီကံတွေ ကုန်မှ။ သားစိုးရိမ်၊ သမီးစိုးရိမ်၊ ပစ္စည်းစိုးရိမ်မှုစတဲ့ လောဘ ဒေါသ မောဟ ကံတွေပေါ့ဗျာ။ အဲဒီကံတွေသည်ကားလို့ဆိုရင် ကမ္မဘဝချည့် မှတ်လိုက်စမ်းပါ ဒကာ ဒကာမတို့ (မှန်ပါ)။ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။
ဟော အပါယ်ငရဲမှာ တစ်ခါတည်း သွားလိုက်တာ ပြန်ချိန်များ ရှိသေးရဲ့လား (မရှိပါဘူး) ဘယ်တော့ ပြန်ရ မှာတုန်းလို့ ဒကာ ဒကာမတွေက မေးခွန်းထုတ်လို့ရှိရင် ဒီကျသွားတဲ့ ကံကုန်မှ (မှန်ပါ) ကဲ ဒကာ ဒကာမတို့ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒကာကြွယ် တက်လမ်း ဘယ်နှယ်နေသတုန်း (မရှိနိုင်သလောက်ပါပဲ) မရှိနိုင်သလောက်ပဲ (မှန်ပါ) ဒါဖြင့် ယခုရထားတဲ့ ဘဝကလေးကို နှမြောကြစမ်းပါ။
အလွဲသုံးစားနဲ့ ဒီခန္ဓာကိုယ်ကြီးကို မသုံးလိုက်ပါနဲ့
အဖိုးတန်ကြောင်းကို ဆုံးဖြတ်ချက်ချပြီး အလွဲသုံးစားနဲ့ ဒီခန္ဓာကိုယ်ကြီးကို မသုံးလိုက်ပါနဲ့လို့ စောစောက မှာတဲ့ဥစ္စာ ဒါကြောင့် ဒါလောက် ပြောနေတာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။
အင်မတန် အရေးကြီးလို့ ဒကာ ဒကာမတွေ ယနေ့ သံဝေဂခန်းက စပြောနေတယ် (မှန်ပါ) ပြီးတော့မှ ကယ်မည့် ယူမည့်တရားကို ဘုန်းကြီး ဟောပါ့မယ်။ (မှန်ပါ) ဒီလိုမှ မပြောပြန်လို့ရှိရင်လဲ ဦးလှဖူးတို့ ဒကာကြွယ်တို့ ဒကာသိုက်တို့ကို အဦးထား၍ အားလုံးသော ဒကာ ဒကာမတွေက ဪ ဒါဟာ လွယ်လွယ်ကလေးပဲ လူ့ဘဝရလာ တယ်လို့ ဒီလိုထင်လိုက်လိမ့်မယ် (မှန်ပါ)။
ခုနင်က ပြောသလို ရဖို့ရန်လဲ မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်)။ ရပြန်တော့ အလွဲသုံးစားကြောင့် တစ်ခါ ပြန်ရောက်သွားပြန်တော့လည်း အပါယ်ကနေ တက်ဖို့ရာလဲ ဒီကံတွေက ကုန်နိုင်ပါ့မလား (မကုန်နိုင်ပါဘူး)။ မျက်စိ တစ်မှိတ် ကုဋေ တစ်သိန်း ဖြစ်နေတာပဲ (မှန်ပါ)။
ကုဋေတစ်သိန်း စိတ္တက္ခဏတွေမှ ဇောပေါင်းက ခြောက်ထောင်ကျော်လောက် ပါနေမယ် (မှန်ပါ) အပါယ် ရောက်စေတတ်တဲ့ ဇောပေါင်းက ခြောက်ထောင်ကျော်ပါမယ်၊ မျက်စိတစ်မှိတ်မှာ (မှန်ပါ) အဲဒါ အလယ်ဇော ငါးချက် လို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အဝီစိမှာ ဘဝပေါင်း ငါးဘဝ ပဋိသန္ဓေ ပေးမှာပဲ (မှန်ပါ)။
ငရဲကြီး ငရဲငယ်ပြောင်းခံနေရ
ဟို ဒယ်အိုးပေါင်း ဟိုကျင်ကြီး ငရဲထဲပြောင်း စသည်နဲ့ အမျိုးမျိုးသော အဝီစိ လောဟကုမ္ဘီ လောကန္တရိတ် အစရှိသော နေရာဌာနတွေ ပြောင်းဆိုတော့ ဒီကံတွေထဲမှာ ငရဲကြီး မကျထိုက်လို့ရှိရင် ငရဲလေးကျထိုက်တဲ့ ကံလဲ ပါသေးတယ် (မှန်ပါ) အဲဒါတွေ လှည့်ပြောင်းနေတာနဲ့ တက်ခွင့်ရှိသေးရဲ့လား (မရှိပါဘူး)။
ဒါဖြင့် ယခု ဒကာ ဒကာမတွေ ပါးစပ်ကလေး ဖွင့်လိုက်တယ်ဆိုလို့ရှိရင်ပဲ ဇောတွေက လာပြီကိုးဗျ။ နင့်ကို ငါပြောလိုက်ရမလားလို့ ဆိုလို့ရှိရင်လဲ ဒေါသကလေးနဲ့ ပြောလိုက်ရင်လဲ ဒေါသဇောတွေပဲ (မှန်ပါ) အဲဒီထဲမှာ ဇောတစ်ခုခုဟာ အပါယ်မှာ ပဋိသန္ဓေ နေနိုင်တာချည်းပဲ ပထမဇောက လွဲရင် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
မင်းကိုကွ ငါက မကျေနပ်ပါဘူးလို့ ဆိုလိုက်ရင်ပဲ ဒေါသဇောကလေးက မပါဘူးလား (ပါပါတယ်)။ ထမင်း ကလေးတစ်လုပ်ကို တဏှာနဲ့စားလိုက်တယ်ဆိုရင်လဲ လောဘဇောကလေးက ခုနစ်ကြိမ် တစ်ဝီထိ တစ်ဝီထိမှ လာခို မှာပဲ (မှန်ပါ)။
အဲဒီလို အကုသိုလ်တွေက ဒကာ ဒကာမတွေ တကယ်လို့ ဒီဘဝမှပင် မဂ်ရ ဖိုလ်ရ ဆရာသမားက ပြောတဲ့ အတိုင်း နားမထောင်ကြတော့ပါဘူး၊ မအားလို့ မပြုလို့ စသည်နဲ့။ ဘာမအားတာတုန်းလို့ မေးပြန်တော့လည်း ဒီဇော တွေ လုပ်နေရလို့ မအားတာ (မှန်ပါ)။
အပါယ် ရောက်စေတတ်တဲ့ အလုပ်တွေ လုပ်နေရလို့ ဘာတုန်း (မအားတာပါ) အဲဒါ ခင်ဗျားတို့ မအားတာ လက်သည်အစစ်ကို ဖော်ပေးလိုက်ပြန်တော့လဲ မအားလေ သနားစရာ ကောင်းလေပဲ (မှန်ပါ)။
ဒကာကြွယ် ဘယ်လိုမှတ်ရမတုန်း (မအားလေ သနားစရာကောင်းလေပါ) မအားတာကလဲ ဘယ်နှယ်ကြောင့် မအားပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ပြောစရာရှိလို့၊ ဆိုစရာရှိလို့ ပြောမှာပဲ၊ လုပ်စရာရှိလို့ ပြောမှာပဲ (မှန်ပါ)။
လုပ်စရာ ရှိပြန်တော့လဲ လောဘ ဒေါသ မောဟ အလုပ်တွေ ဖြစ်နေပြန်တော့ ဒါတွေကလဲ ဇောခုနစ်ကြိမ်၊ ဇောခုနစ်ကြိမ်နဲ့ဆိုတော့ နည်းသလားဗျာ (မနည်းပါဘူး ဘုရား)။
ပြန်လမ်းတော့ဖြင့် မရှိဘူးဆိုတာ
ဒါတွေကလဲ အပါယ်ချည့် အကျိုးပေးမှာတွေဖြစ်ပြီး သကာလ နေတော့ ဪ ဒီတစ်ခါ တိမ်းသွားရင်ဖြင့် တော်တော်နဲ့ ပြန်လမ်းတော့ဖြင့် မရှိဘူးဆိုတာကို ဆုံးဖြတ်ချက်ချပါ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။
အဲဒီတော့ ဒီဟာတွေက အခု ပါးစပ်ဖွင့်ပြန်လဲ ကံပဲ ဒကာကြွယ်ရ (မှန်ပါ) လက်ကလေး မြှောက်တာကော (ကံပါ ဘုရား) လက်ကလေး မြှောက်တော့ ကာယကံဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။ ကာယဒွါရက ဖြစ်တဲ့ ကံတွေ။ စေတနာတွေက မြှောက်ခိုင်းလို့ မြှောက်တာ (မှန်ပါ)။
ဝစီကံဆိုတာ ပြောတိုင်း ဆိုတိုင်း ဝစီကံပဲ (မှန်ပါ)၊ မနောထဲက ရရာ ရကြောင်းတွေနဲ့ စိတ်ကူးနေလိုက်တော့ မနောကံ (မှန်ပါ) အဲဒါတွေဟ ဥပါဒါနပစ္စယာ ကမ္မဘဝေါချည့်မှတ်ပါ(မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကံတွေက ဒကာကြွယ် ဦးလှဖူးတို့ ကုန်နိုင်စရာရှိသေးရဲ့လား (မကုန်နိုင်ပါဘူး ဘုရား)။ ကံတစ်ခုဟာ အပါယ်တစ်ခါ အကျိုးပေးရတယ်။ ကံတစ်ခုဟာ အပါယ်တစ်ခါအကျိုးပေးရတယ်ဆိုတော့ သူ့ကိုပဲ အကျိုးပေးနေတော့ အပါယ်လေးပါးမှ ဒယ်အိုး ပြောင်းလို့ပဲ အားပါဦးမလား (မအားပါဘူး)။
အဲဒါလောက်ထိအောင် ဆိုးဝါးမှာကို ဘုရားဟောအတိုင်း ဆရာသမားကလဲ သတိပေးနေတော့ တော်တော် ကိစ္စတွေဟာ အကုန် သပိတ်မှောက်ပစ်တာ ကောင်းတယ် (မှန်ပါ)။
ကာယကံ ဝစီကံ မနောကံ မကောင်းတာတွေ လုပ်ရမှာ ပြောရမှာ ကြံစည်ရမှာတွေပေါ့ဗျာ (မှန်ပါ)။ ဘယ်လိုပဲ ကောင်းတာ လုပ်ပါတယ်ဆိုဦးတော့ ဒီအထဲက ကိုယ့်အနှောင့်အယှက်ပါလာရင် ကိုယ်က ဒေါမနဿ ဖြစ်သွားတာတွေ ကလဲ တစ်ပုံကြီးကိုဗျ (မှန်ပါ) မရှိပေဘူးျလား (ရှိပါတယ်)။
မျက်စိတစ်မှိတ်မှာ ကုဋေ တစ်သိန်း
အဲဒီတော့ ကိုယ်က အကောင်းလုပ်ပေမယ့်လဲ သူတို့က အနှောင့်အယှက်ရှိလို့ မကောင်းတာတွေ စိတ်ထဲ ပေါ်လာတော့လဲ ကိုယ်နစ်နာတာပဲ (မှန်ပါ) အဲဒီကံတွေကလဲ ရေတွက်နိုင်ရဲ့လား၊ (မရေတွက်နိုင်ပါဘူး) မရေတွက် နိုင်ဘူး မျက်စိတစ်မှိတ်မှာ ကုဋေ တစ်သိန်းလို့ ပြောထားခဲ့ပြီကော (မှန်ပါ)။
အဲဒါတွေ သေသေချာချာ ကြည့်လိုက်တော့ ဪ တို့ဒီဘဝ တိမ်းသွားလို့ရှိရင် ဒီကံတွေက လှည့်ပြီးအကျိုး ပေးနေလို့ရှိရင် တက်လမ်းပဲ မရှိနိုင်တော့ဘူး (မှန်ပါ) အတက်ကြီးတက် လာခဲ့ရတာကလဲ ခုနင်က လိပ်ကန်း ထမ်းပိုးကို ဗျ၊
လိပ်ကန်းနဲ့ ထမ်းပိုးနဲ့က စွပ်မိစရာ ရှိသေးတယ်၊ လူ့ဘဝက ဒါထက် အရခက်သေးတယ်ဆိုတော့ အတော် တက်လာခဲ့ရလို့ ရောက်တယ်ဆိုတာ သေချာတယ် (မှန်ပါ)။
တက်လာရတဲ့ အထဲက တစ်ခါ ပြန်ဆင်းဖို့ အလုပ်တွေ ကံတွေကလဲ မလွှဲသာ မရှောင်သာလို့ လုပ်နေကြရတဲ့ ပြန်ဆင်းဖို့ အလုပ်တွေကလဲ နည်းသလား (မနည်းပါဘူး ဘုရား)။
ဒါဖြင့်နောက် တစ်ခါ ပြန်တက်ဖို့ အရေးဟာ ခုနင်က လိပ်ကန်း ထမ်းပိုးလောက် စောင့်ရဦးမယ်။ (စောင့် ရမှပါ ဘုရား)။ မစောင့်ရပေဘူးလား (စောင့်ရမှာပါ ဘုရား)။ စောင့်ရလို့ ရှိရင်ဖြင့် မရောက်ပါဘူးသာ တွက်လိုက်တာက အေးတယ် (မှန်ပါ ဘုရား)။ ရောက်နိုင်စရာ မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။
ဒါကြောင့် ရောက်ပြန်တော့လဲ ဒကာသိုက်တို့ ပြောရဦးမယ်နော် (မှန်ပါ)။ အပါယ်လေးပါးက နေပြီး လူ့ ပြည်နတ်ပြည်ဖြုန်းခနဲ တိုးတက်လာဖို့ကလဲ မလွယ်ဘူး။ အတော်ကလေးခဲယဉ်းတယ်။ ရတဲ့ အလုပ်ကိုက သူတို့ဆီမှာ အနည်းကလေးပဲ ရှိတယ်။ နောက်က အပရာပရိယ ကံကောင်းလောက်ကိုသာ အားထားနေကြရတာ (မှန်ပါ)။
ငရဲကတက်လာပြန်လဲ တိရစ္ဆာန်ဘုံရောက်
ငရဲကတက်လာပြန်လဲ တိရစ္ဆာန်ဘုံ စသည်တွေ တက်လာတာက များတယ် (မှန်ပါ) တိရစ္ဆာန်ဆိုတာက အဟိတ်ပုဂ္ဂိုလ်တွေ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့၊ ဒါပဲ ရှိတယ်(မှန်ပါ)။ အဲဒီတော့ တိရစ္ဆာန်ဆိုတာ ဒကာကြွယ်က စဉ်းစားပါ။ ဪ နိုင်ရာစား ဘဝရောက်မှာပဲ (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
နိုင်ရာစားဘဝ ရောက်တော့ သူ့မှ ကုသိုလ် စိတ်ကလဲ မျက်စိတစ်မှိတ်စာမျှ ပါနိုင်ရဲ့လား (မပါသလောက် ပါပဲ)။ မပါတော့ အဲဒီ သူစားသောက်ပြုလုပ်ထားတဲ့ ကံတွေက တစ်ခါပြန်ပြီး ချနိုင်တယ် (မှန်ပါ)။ ငရဲပဲ ပြန်မကျနိုင် ဘူးလား (ကျနိုင်ပါတယ်)။ သဘောကျပလား (ကျပါပြီ)။
ငရဲပဲ ပြန်ကျပြန်တော့ တက်လာတာကလဲ၊ ငရဲက တက်လာတာ။ တက်တော့ တိရစ္ဆာန်ဘုံ တက်လိုက်တယ်။ တက်ရာကနေပြီး နိုင်ရာစား အဖြစ်နဲ့ ကုသိုလ်စိတ်က ဘာမှ မပါတော့ တစ်ခါ ဒီဒယ်အိုးပဲ ပြန်ရောက်တယ် (မှန်ပါ)။ တစ်ခါပြန်တက်လဲ ဒီလိုပဲ တက်ရဦးမယ် (မှန်ပါ)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတို့ လူ့ပြည်ပြန်ပြီး အစား ပြန်ရဖို့ ဘယ့်နှယ် နေကြသတုန်း (ခဲယဉ်းပါတယ် ဘုရား)။
အဲဒါက တိရစ္ဆာန်ဘဝ ရောက်လာပုံ ပြောတာပါ။ လူ့ပြည်ရောက်ပါဦးတော့ ပစ္စန္တရာဇ်သာသနာ မထွန်းကား တဲ့ဆီ ကမ္မဿကတဉာဏ်မှ မသက်ဝင်နိုင်တဲ့ နေရာတွေ ရောက်သွားပြန်တော့လဲ မိစ္ဆာဒိဋ္ဌိက ဝမ်းထဲရောက်လာပြန် တယ်။ ရောက်သွားတော့ မိစ္ဆာဒိဋ္ဌိ အယူပဲ သူယူတော့မှာပဲ (မှန်ပါ)။ မယူပေဘူးလား (ယူမှာပါ ဘုရား)။ ယူပြန်တော့လဲ အဲဒီ မိစ္ဆာဒိဋ္ဌိအယူကြောင့် အတက်ကြီး တက်လာပြီး ပြန်ကျသွားပြန်တယ် (မှန်ပါ)။
မိစ္ဆာဒိဋ္ဌိအယူနဲ့ ကျသွားပြန်တော့လဲ
အဲဒီ မိစ္ဆာဒိဋ္ဌိအယူနဲ့ ကျသွားပြန်တော့လဲ သူကလဲ ကန့်သတ်ရက်ကို မရှိနိုင်ဘူးတဲ့ ထွက်ရက် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဘယ်မှာသာလျှင် ကျုပ်တို့သည်ကားလို့ဆိုရင် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရဖို့ရာ အရေးဟာဖြင့် ဒီအထဲမှာ ဂဏန်းကို မပါလာဘူး (မပါပါဘူး ဘုရား) ပါသေးရဲ့လား (မပါပါဘူး)။
အဲဒီလောက် နစ်နာနေတော့ ကိုယ့်ဘဝကလေးကို ကိုယ်နှမြောကြစမ်းပါလို့ ပထမက ပြောခဲ့တာလဲ ကျေနပ်ဖို့ ကောင်းပါပြီ (မှန်ပါ ဘုရား)။ အတော်ခဲယဉ်းစွာ ရခဲ့လို့ပေါ့ဗျာ (မှန်ပါ)။
ကောင်းပြီ။ ဒါဖြင့် ဘဝကလေး အကြောင်းတော့ဖြင့် ဒကာ ဒကာမတွေ ကောင်းကောင်း သဘောပေါက်ကြ ပြီလား။ အလွဲသုံးစား မလုပ်ကြပါနဲ့ဆိုတာ သတိပေးလိုက်တယ်(မှန်ပါ)။
အလွဲသုံးစားဆိုတာက လူလတ်ပိုင်းက အလွဲသုံးစား လုပ်နေတာကလဲ အင်း နေချိန်ကလေး နည်းနည်းရှိ သေးလို့တဲ့ (မှန်ပါ)။ လူကြီးပိုင်းက အလွဲသုံးစား လုပ်ပြီး သကာလ သူတော်ကောင်းအလုပ် ဘုန်းကြီးပြထားတဲ့ ဝိပဿနာ အလုပ်တွေကို မလုပ်ဘဲနဲ့ လောကရေးရာတွေကို မရှောင်နိုင်မရှားနိုင်ဘဲနဲ့ နေကြဦးမယ်ဆိုလို့ရှိရင်ဖြင့် သေခါနီး ဆိုးဆိုးနေတာပဲဆိုတာ စွဲချက် တင်ရမယ် (မှန်ပါ ဘုရား)။ ဒကာသိုက်ကို မတင်သင့်ဘူးလား (တင်သင့်ပါ တယ် ဘုရား)။
အဲဒီကဲ့သို့တင်ပြန်တော့ ဘဝကလေး နှမြောစရာကောရောက်သေးရဲ့လား (မရောက်ပါဘူး) ကိုယ့်ကိုယ်ကို ချစ်ရာကော (မရောက်ပါဘူး) ကိုယ့်အားကိုးရာ မရှိတဲ့ အဓိပ္ပါယ်ကောရောက်မသွားဘူးလား (ရောက်ပါတယ်)။ အင်မတန် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
ဒါကြောင့် လူ့ဘဝ ရလာပြန်တယ်ဆိုတော့လဲ ဒီလို ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိ အယူရှိတဲ့သူ ဖြစ်ပြီး သကာလ နေဖို့ရာလဲ ဒီခဏဟာလဲ ဒကာကြွယ်တို့ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား) ဦးလှဖူးကော (ခဲယဉ်းပါတယ် ဘုရား)။
ကဲ ဗုဒ္ဓဘာသာဝင်တော့ ဖြစ်လာပါပြီ၊ လှူလို့ရှိရင်ပြီးတာပဲ။ သားကြီးရှင်ပြု၊ သမီးကြီးရင် အိမ်ထောင်ချထား ဆွမ်းကလေး ဘာကလေး ကျွေးဟဲ့။ သားသမီးကလေးတွေ ကျွေးဟဲ့ မွေးဟဲ့။ တတ်နိုင်လို့ရှိရင် ကျောင်းကလေး ဘုရားကလေး သိမ်ကလေး တည်ဟဲ့။
သေသွားပြန်တော့လဲ ကမ္မဿတဉာဏ်နဲ့
ဒါလောက်ဆိုရင်လဲ သေပျော်ပါပြီဆိုပြီး တင်းတိမ်ရောင့်ရဲပြီး သေသွားပြန်တော့လဲ ကမ္မဿတဉာဏ်နဲ့ သေသွား တယ် (မှန်ပါ)။ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်နဲ့သေတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး)။
အဲဒါကျတော့လဲ ထွက်ရပ်လမ်းက အစစ်မဟုတ်ပြန်ဘူး (မှန်ပါ) သံသရာမှာ ဒုက္ခတွေပဲ အထက်တန်း ဒုက္ခတွေ ပေါ့ဗျာ (မှန်ပါ) အောက်တန်းဒုက္ခတော့ လွတ်ပါရဲ့၊ အထက်တန်းဒုက္ခက မကြုံရပေဘူးလား (ကြုံရပါတယ် ဘုရား)။
အဲဒီမှာ နားမလည်မှုနဲ့ အထက်တန်းဒုက္ခ လူခန္ဓာ နတ်ခန္ဓာတွေရပြီး အကျိုးပေးကုန်ပြန်တော့လဲ အပါယ် ပြန်ရောက်တာပဲ (မှန်ပါ) စိတ်ချရရဲ့လား (စိတ်မချရပါဘူး ဘုရား)။
အဲဒီလို စိတ်မချရတဲ့ ခဏမျိုးလဲ အခုတော့ ဆရာဘုန်းကြီးက ခေါင်းဆောင်ပြနေတဲ့အတွက် အခု တရားနာ နိုင်တဲ့ တရားအားထုတ်နိုင်တဲ့ ခဏဟာလဲ ဒကာကြွယ် ဒကာသိုက်တို့လဲ ခြောက်ဆယ်ကျော်လို့ ကြီးကုန်ကြပါပြီ အိုတာတောင်မှ အခုမှတွေ့ရတယ် (မှန်ပါ) ဒီခဏကလဲ ဘယ်လောက်ခဲယဉ်းသတုန်း (ခဲယဉ်းပါတယ် ဘုရား)။
ဒါကြောင့် ဘဝက ခဲယဉ်းတဲ့အထဲမှာ ကြုံဖို့ခဏကလဲ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား) အဲဒါ ကြောင့် အားလုံး ဒကာ ဒကာမတွေကို သတိပေးပါတယ်။ ကိုယ့်ဘဝလဲ မရစဖူး အရထူးလို့ အလွဲသုံးစား မလုပ်လိုက် ပါနဲ့။ အဖိုးတန်ထားပြီး အဖိုးတန် အလုပ်ကို လုပ်ပါ (မှန်ပါ)။
ဒီခဏလေးကိုလဲ ဒီဆရာ ဘုန်းကြီးနဲ့ ဒီဒကာ ဒကာမတွေနဲ့ ဒီလို ကြုံဖို့ဆုံဖို့ရာကလဲ ခဏသမားချည့်ပဲ (မှန်ပါ) ဘုန်းကြီးက အသက်ရှည်တာကလဲ ဘုန်းကြီး သက်တမ်းမေးတော့ တစ် နှစ်ပဲ (မှန်ပါ)။ တရားနာတဲ့ ဒကာ ဒကာမတွေ အသက်တမ်း မေးပြန်တော့ (တစ် နှစ် ပါ ဘုရား)။
တစ်မှာ ဖြစ်ပြီး နှစ်မှာ သေကြတာချည်းပဲ
တစ်မှာ ဖြစ်ပြီး နှစ်မှာ သေကြတာချည်းပဲ။ နောက်တစ်နှစ်မလာရင် သွားတာချည့်ပဲ (မှန်ပါ) ပထမစိတ်နဲ့ အသက်ရှင်တယ်။ နောက် စိတ်မလာရင် (သွားပါတယ် ဘုရား) ဒကာ ဒကာမတွေလဲ ပထမစိတ်နဲ့ အသက်ရှင်တယ်။ နောက်စိတ်မလာရင် (သေပါတယ် ဘုရား)။
အဲဒီတာ့ ဒီခဏကလေးလဲ နှမြောကြစမ်းပါဦး (မှန်ပါ)။ ဘဝကိုလဲ နှမြောကြပါ။ ခဏကိုကော (နှမြောရမှ ပါ ဘုရား)။
အဲဒီတော့ ဘဝကတော့ မကြုံစဖူး အကြုံထူးမယ်ဆိုရင် ကြုံစရာ ရှိသေးတယ် ဦးလှဖူးရေ (မှန်ပါ) ခဏက သာ ခက်တယ် (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဘဝနဲ့ ခဏ ဘယ်ဟာက သာ ခက်သတုန်း (ခဏကသာခက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ဘဝက ခုနင်က လိပ်ကန်းထမ်းပိုးစွပ်မိခက်သလို ခက်တာ။ အဲဒါကို ရတယ်ပဲ ထားလိုက်ပါဦးတော့ ဒီလို အခုဆရာသမားကောင်းများနဲ့ ကြုံပြီး သံသရာစခန်း သတ်တဲ့ လမ်းပြတဲ့ ဆရာနဲ့တွေ့ဖို့ ခဏက ပိုခက်တယ် (မှန်ပါ ဘုရား) မခက်ပေဘူးလား (ခက်ပါတယ် ဘုရား)။
အဲဒီတော့ ဘဝခဏနဲ့ ဘဝကိုလဲ လက်ကိုင်ထားပြီး နှမြောလိုက်ပါတော့ အလွဲသုံးစားဖြင့် မလုပ်တော့ပါဘူး ဟေ့ (မှန်ပါ) ခန္ဓာကိုယ်ကြီး ကျွေးတာ မွေးတာနဲ့ဖြင့် အချိန် မကုန်စေတော့ပါဘူး။ သဘောကျပလား (ကျပါပြီ)။
ခဏကလေးကိုလဲ များများ သိမ်းဆည်းပါ
ခဏကလေးကိုလဲ ဒီခဏကိုဖြင့် ကိုယ့်သန္တာန် သံသရာ စခန်းသတ်တဲ့ မဂ်ခဏ ဖိုလ်ခဏ ဖြစ်အောင်ပဲ ကြိုးစားပါတော့မယ်ဆိုတော့ ခဏကလေးကိုလဲ များများ သိမ်းဆည်းပါ (မှန်ပါ) ဘဝကိုလဲ နှမြောပါ၊ ခဏကိုလဲ သိမ်းဆည်းပါ (မှန်ပါ) ဒါကိုဖြင့် ထူးထူးလည်လည်ပဲ ဒီနေ့သတိပေးပါတယ် (မှန်ပါ)။ ဒကာသိုက်တို့ ဒကာကြွယ်တို့ တိုက်တွန်းထိုက် မတိုက် တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား)။
ဒါဟာ ဒကာ ဒကာမတို့ တရားအားထုတ်ဖို့ရာ အသာထားစမ်းပါဦး။ ဒီဘဝနဲ့ ဒီခဏကလေး ကြုံဖို့ရာလဲ မည်မျှလောက်ခဲယဉ်းသလဲ (ခဲယဉ်းပါတယ် ဘုရား)။
အဲဒီတော့ ဘုရားက ဥပမာပြတယ်။ ဒကာ ဒကာမတို့ရတဲ့ ခဏဟာ တယ်များကြာလိုက်တယ် မထင်လိုက်ပါ နဲ့။ ကမ္ဘာကြီး ဖြစ်ပုံ ပျက်ပုံနဲ့ မှောင်အတိကျနေတာနဲ့ လင်းတာနဲ့ဟာ မိုးခုနှစ်ရက် အုံ့ပြီး သကာလ မှောင်မဲနေတယ် ဆိုကြပါစို့။ မိုးခုနစ်ရက် နေ့ရော ညရော အုံ့ပြီး မှောင်မဲနေတယ် ထားလိုက်စမ်းပါ ဒကာသိုက် (မှန်ပါ။)
အဲဒီထဲ ဖျတ်ခနဲ လျှပ်စစ်ကလေး လင်းလိုက်စမ်းပါ (မှန်ပါ) အဲဒီတော့ မှောင်မဲတဲ့ အချိန်နဲ့ လျှပ်စစ်လင်းတဲ့ အချိန်နဲ့ နှိုင်းချိန်လောက်တဲ့လား (မချိန်လောက်ပါဘူး) အင်မတန်နည်းနေတယ် (နည်းပါတယ် ဘုရား)။
လျှပ်စစ် လင်းတဲ့ ခဏလေးလောက်ရှိသတဲ့
အဲဒီလိုပဲ ဒကာ ဒကာမတို့ ရထားတဲ့ ခဏကလေးဟာ ဒီလျှပ်စစ် လင်းတဲ့ ခဏလေးလောက်ရှိသတဲ့ (မှန်ပါ) ကဲ ဘယ်လောက် ခဲယဉ်းသတုန်း (ခဲယဉ်းပါတယ်) အင်မတန်မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ် ဘုရား)။
အဲဒီတော့ ဒီခဏကလေးဟာ ဒီဒကာ ဒကာမတွေမှာ ဒီခဏနဲ့ မကြုံ-ကြုံအောင် ကြိုးစားလာခဲ့ပြီး ခုနစ်ရက် ခုနစ်လီ မှောင်တဲ့အထဲမှ လျှပ်စစ်လင်း ခဏကလေးထဲမှာ ယခု တရားနာနေတဲ့ ဒကာ ဒကာမတွေ၊ တရားအားထုတ် နေတဲ့ ဒကာ ဒကာမတွေဟာ ဒီခဏကလေးလောက် ကြုံရတာပဲ (မှန်ပါ) ဒီခဏကလေးဟာ လွဲသွားရင် မှောင်မှာပဲ ဟေ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
ဒီလင်းတဲ့ ခဏကလေး ကုန်သွားရင်ကော ဘာဖြစ်မယ်ထင်သတုန်း (မှောင်မှာပါ ဘုရား)။
အဲဒီတော့ ကမ္ဘာကြီးနဲ့ ချိန်လိုက်တော့မှ လျှပ်စစ်လင်းတဲ့ ခဏလောက်သာ မင်းတို့ခန္ဓာကိုယ်ဟာ ရှိပါတယ်တဲ့။ ကမ္ဘာကြီးမှာ အမှောင်ကျနေတာနဲ့စာလိုက်လို့ရှိရင် (မှန်ပါ) အမှောင်ကျတဲ့ အထဲမှ အလင်းကို ထုတ်လိုက်လို့ရှိရင် ဘုရားဉာဏ်လေးနဲ့ ချိန်ကြည့်တော့ ခုနှစ်ရက် ခုနှစ်လ မှောင်ကျနေတဲ့ အထဲမှာ လျှပ်စစ်တစ်ခါလင်းလောက်သာ အခုရတာ ရှိတာပဲ (မှန်ပါ)။
ဒီအလင်းလေးကို ရှောင်ကြတော့မယ် ရှားကြတော့မယ်။ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ဒီအလင်းကလေး တွေမှ မခိုတော့ပါဘူးဆိုရင်ဖြင့် မှောင်ထုထဲ သွားကြပေတော့ (မှန်ပါ) ဘယ်လောက် ကြောက်စရာ ကောင်းလတုန်း (ကောင်းပါတယ် ဘုရား)။ ဖောက်ဟောနေတဲ့ တရားလဲ မဟုတ်ပါဘူး (မှန်ပါ)။
ဉာဏ်ချိန်ခွင်ကြီးနဲ့ ချိန်ဟောတဲ့ ဘုရားဟောတရား
ဘုရားကိုယ်တော်တိုင် အင်မတန်ကြီးကျယ်တဲ့ ဉာဏ်ချိန်ခွင်ကြီးနဲ့ ချိန်ဟောတဲ့ ဘုရားဟော တရားတော်ကို ဘုန်းကြီးက ဒကာ ဒကာမတွေကို တဆင့် ဟောကြားတာပါ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ဘဝကိုလဲ နှမြောလိုက်ကြစမ်းပါ (မှန်ပါ)၊ ခဏကိုကော (နှမြောရမှာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ အမြဲတမ်း နှမြောပြီး သိမ်းဆည်းရမှာ ဘာပါလိမ့် (ဘဝနဲ့ခဏပါ ဘုရား)၊ အခုရထား တဲ့ လူ့ဘဝ။ အခု အကြုံနေတဲ့ ခဏ၊ ဒီနှစ်ခုကိုဖြင့် ခင်ဗျားတို့ အိမ်မှာ ရှိတဲ့ စိန်တွေ၊ ရွှေတွေ၊ မြတွေ၊ ပတ္တမြားတွေထက် နှမြောရမယ် (မှန်ပါ ဘုရား)။
ဘာကို နှမြောရမှာပါလိမ့် (ဘဝနဲ့ခဏကို နှမြောရမှာပါ ဘုရား)။ စိန်တွေ၊ ရွှေတွေ၊ မြတွေ၊ တိုက်တွေ၊ တာတွေ၊ ကားတွေဆိုတာကတော့ ဒကာ ဒကာမတို့ ဘုန်းကြီး ရှင်းပြပါ့မယ်။ ပန်းတစ်ပွင့်နဲ့ ဆုတောင်းလဲ ဒါတွေ ရပါတယ် (မှန်ပါ) ဒီခဏကတော့ မရနိုင်ဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
လူ့ပြည်၊ နတ်ပြည် ပန်းတစ်ပွင့်နဲ့ ဆုတောင်းလိုက်လို့ရှိရင် နောက်ဘဝ စိန်၊ ကျောက်၊ မြ၊ ပတ္တမြား ပေါတဲ့ သူဋ္ဌေးသူကြွယ်ကြီး ဖြစ်ရပါလို၏ဆိုရင် ဆိုင်သလောက်တော့ အကျိုးပေးလိုက်မှာပဲ (မှန်ပါ) လွယ်ပါတယ်တဲ့။
သို့သော် သဒ္ဓမ္မသာဝနံ အတိဒုလ္လဘံ ဆိုတဲ့အတိုင်း တရားနာဖို့နဲ့ တရားအားထုတ်ဖို့ရာ တော့ဖြင့် ဒကာကြွယ် အခဲယဉ်းဆုံးပဲ မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ ကိုယ်ပိုင် ကိုယ့်အထုပ်ကို ကိုယ်သိမ်းဆည်းပြီး သကာလ နှမြောရမည့် အထုပ်၊ မခွါရမည့်အထုပ်၊ အလကား မဖြစ်အောင် သိမ်းဆည်းရမည့် အထုပ်နှစ်ခု ပေးလိုက်ပါတယ် (မှန်ပါ) ဘဝတည်းဟူ သော ကိုယ့်ဘဝကိုယ်လဲ နှမြောလိုက်စမ်းပါ၊ အလွန် တက်ခဲ့ရလို့ (မှန်ပါ)။
ဒီခဏက ဘယ်တော့မှ မကြုံနိုင်တဲ့ခဏ
ဒီခဏက ဘယ်တော့မှ မကြုံနိုင်တဲ့ ခဏဖြစ်သောကြောင့် ဒီခဏကိုလဲ မလွဲအောင် ဒီခဏထဲမှာ မဂ်ဆိုက် ဖိုလ်ဆိုက်ဖြစ်အောင် ကြိုးစားလိုက်ပါလို့ အထူးပဲ သတိပေးရတယ် (မှန်ပါ) မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘာကို ခင်ဗျားတို့ အမြဲသိမ်းဆည်းထားရမှာတုန်း (ဘဝနဲ့ခဏကို အမြဲသိမ်းဆည်း ထားရမှာပါ ဘုရား)။
ဘဝကို ဘယ်နှယ်ကြောင့် အသိမ်းဆည်းခိုင်းပါလိမ့်မတုန်း မေးတော့ ကြုံကြိုက်ခဲယဉ်းစွာ အရထူးလို့။ လိပ်ကန်းကြီး ထမ်းပိုးလျှိုသလို လျှိုမိလို့ (မှန်ပါ)၊ ခဲခဲယဉ်းယဉ်း လျှိုမိတာကိုး (မှန်ပါ)။
ဒါဖြင့် ခဲခဲယဉ်းယဉ်း ရထားတဲ့ ဘဝမို့ ဒီဘဝကိုလဲ အလွဲသုံးစားဖြင့် မလုပ်တော့ပါဘူး။ သူတော်ကောင်း အလုပ်နဲ့ပဲ အချိန်ကုန်ပါတော့မယ်။ ငတ်သေပါစေ၊ ကိစ္စမရှိပါဘူး။ မတရားနည်းနဲ့တော့ စီးပွားမရှာပါဘူးလို့ သူတော် ကောင်းအလုပ်နဲ့ ဘဝကို အချိန်သုံးလိုက်ပါ (မှန်ပါ)။
ခဏကိုပဲ ဖြစ်ပျက်မြင်တဲ့ ခဏ၊ ဖြစ်ပျက်ဆုံးတဲ့ ခဏ မရ ရအောင် ဒီခဏကိုဖြင့် အရယူပါတော့ မယ်ကွာ။ ဘယ်တော့မှ အပါယ်လေးပါး မပြန်တော့ပါဘူး။ ပြန်လို့ရှိရင်လဲ တိရစ္ဆာန်ဘုံ တက်ပြီးတော့ ပြန်ကျစသည်ဆိုတော့ နောင်တစ်ဖန်ဖြင့် မျှော်လင့်ချက် မရှိအောင် ဒုက္ခပင်လယ် ဝေနေတော့မှာပဲ (မှန်ပါ)။
အဲဒါတွေ ကိုယ်တိုင် တကယ်သိပြီး သကာလ ဒကာ ဒကာမတွေ ကိုယ့်ဘဝနဲ့ ကိုယ့်ခဏကိုဖြင့် ခင်ဗျားတို့ အထူးတလည် စောင့်ရှောက်ပါ (မှန်ပါ)။
ကိုယ့်ဘဝနဲ့ ကိုယ့်ခဏကို စောင့်ရှောက်ရမယ်
ဘာ စောင့်ရှောက်ရမတုန်း (ကိုယ့်ဘဝနဲ့ ကိုယ့်ခဏကို စောင့်ရှောက်ရပါမယ် ဘုရား)။ ဘဝကိုလဲ ခဲခဲယဉ်းယဉ်း တက်ခဲ့ရလို့ (မှန်ပါ)၊ ခဏကလဲ ဒီမြန်မာပြည် တစ်ပြည်လုံးမှာ ကြုံဖို့ရာပဲ။ ဒကာကြွယ် စဉ်းစားကြည့်ပါ။ ဒုလ္လဘတရား တစ်ခုပဲ (မှန်ပါ)။
သစ္စာလေးပါ သိအောင် တကယ်တမ်း အလုပ်ကို လုပ်နိုင်အောင်၊ မြင်နိုင်အောင် တကယ်တမ်း သံသရာစခန်း သတ်တဲ့ တရားနာမှု ခဏ၊ တရားနှလုံးသွင်းမှု ခဏကလဲ ကြုံဖို့ အတော်ခဲယဉ်းပါတယ် (မှန်ပါ)။
ဒါ့ကြောင့် ဘဝနဲ့ ခဏကိုဖြင့် ငါတို့သည် ဘယ်အခါ ကာလမှ ဒီခဏကိုလဲ မလုပ်ဖြစ် မရှိအောင်ပဲ လုပ် ပါတော့မယ်။ မနာဖြစ် မရှိအောင်ဘဲ နာပါတော့မယ်။ ဘဝကိုလဲ မသေခင်ကလေးဖြင့် ဒီဘဝမျိုး အင်မတန်ရခဲခြင်း ကြောင့်တို့သည်ကားလို့ဆိုရင်ဖြင့် သေခါမှ သေရော့ ကြိုးစားပါတော့မယ်ဆိုပြီး ဘဝကိုလဲ နှမြောလိုက်စမ်းပါ (မှန်ပါ ဘုရား)၊ ခဏကိုတော့ (နှမြောရမှာပါ ဘုရား)။
အဲ ဘဝနဲ့ ခဏကိုဖြင့် ဒကာ ဒကာမတွေ အလွဲသုံးစား မလုပ်လိုက်ပါနဲ့ (မှန်ပါ) တွက်ကြည့်ကြပါ၊ အိမ်ကျ လို့ရှိရင်တွက်ကြည့်လိုက်။ အင်း ဒါဟာ သားရေ၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန် ကုန်တဲ့ ခဏပဲ။
ဪ-ငါ့နှယ်ကွ အတက်ကြီး တက်လာရပြီး အလွဲသုံးစားခဏတွေ သုံးပစ်လိုက်တဲ့အတွက် မင်းဟာ အပါယ် ပြန်ချင်သေးလို့လားလို့ မေးလိုက်ပါ ကိုယ့်ကိုယ်ကို (မှန်ပါ)။
မေးကြပါ မေးကြပါ။ ဒကာ ဒကာမတို့ (မှန်ပါ) ဒီခဏမှာ ဥပမာ အရောင်းအဝယ်ကလေးနဲ့ ပတ်သက်လို့ စကားပြောနေရတယ်၊ သားရေး၊ သမီးရေး ကိစ္စတွေ ရှေ့ရေး နောက်ရေးနဲ့ ပတ်သက်ပြီး စကားပြောနေရတယ်။
အပါယ်ကတက်လာတဲ့ ရည်ရွယ်ချက်နဲ့ကိုက်ပါရဲ့လား
ဟာ ဒီခဏက မိမိကို ရည်ရွယ်ချက်နဲ့ အပါယ်ကတက်လာတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ပါရဲ့လား (မှန်ပါ) အပါယ်ငရဲဆီမှာတုန်းက စိတ်ကတော့ လူ့ပြည် ရောက်လို့ရှိရင် တစ်ခါတည်း ဆရာကောင်း သမားကောင်း ကြုံပြီး သကာလ တစ်ခါတည်း ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ သွားပါတော့မယ်၊ ဒီအပါယ်ဖြင့် ကြောက်လှချည်ရဲ့ ဆိုပြီး သကာလ မကျွတ်နိုင်ခြင်းကြောင့် ဒီညည်းလုံးမျိုးနဲ့ နေရတာကိုးဗျ အပါယ်ငရဲမှာ (မှန်ပါ)။
အဲဒီ ညည်းလုံးတွေလဲ ဒီကျမှ ဒကာ ဒကာမတွေက အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွေ အဝိဇ္ဇာက လွှမ်းမိုးနေတော့ မဟုတ်တဲ့ သင်္ခါရတွေက သွားရေး၊ လာရေး၊ စီးပွားရေးစတဲ့ ကာယကံ ဝစီကံတွေက ရှုပ်နေတာနဲ့ အဝိဇ္ဇာကြောင့် သင်္ခါရအလုပ်တွေ လုပ်နေတာနဲ့ အပါယ်မှာ အတက်ကြီး တက်လာခဲ့ရတဲ့ ကိုယ့်ရည်ရွယ်ချက်တွေ ဟူသရွေ့ အကုန် ဖျက်ပစ်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ရည်ရွယ်ချက်က လူ့ပြည် ရောက်လို့ရှိရင် ဆရာကောင်း သမားကောင်း တွေ့ပြီး သကာလ ဘယ်တော့မှ အပါယ်ငရဲကို မပြန်တော့ပါဘူး။ အသက်ပဲသေသေ ဒီနေရာဖြင့် မပြန်တော့ပါဘူး၊ ကြိုးစားပြီး နိဗ္ဗာန်သာ သွားပါတော့ မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်လာကြတာ (မှန်ပါ)။
ဒီကျတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ အလုပ်ကို လုပ်နေကြတယ် (မှန်ပါ)။ ကောင်းသေးရဲ့လား (မကောင်း ပါဘူး)၊ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)။
အဲဒါတွေ အခု နားလည်တော့မှ ဪ အဝိဇ္ဇာဆိုတာက မသိတာ။ သင်္ခါရာဆိုတာက ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ လုပ်ချင်ရာ လုပ်နေတာ သင်္ခါရ။ သဘောကျပလား (ကျပါပြီ)။
အဝိဇ္ဇာက မသိတော့ ကာယကံ၊ ဝဇီကံ၊ မနောကံတွေကို ရောင်းရေး၊ ဝယ်ရေး၊ သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်နေတဲ့ အလုပ်တွေက ဘာခေါ်ကြမလဲ (သင်္ခါရပါ)။ ဒါဖြင့် မသိလို့ လုပ်တာပေါ့ (မှန်ပါ)။
အပါယ်ငရဲ မပြန်တဲ့အလုပ်ကို လုပ်ပါတော့မယ်
ဒီတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ အချိန်ကုန်မလို့ လာကြတာလား၊ အပါယ်ငရဲက တက်လာတုန်းက ဒီစိတ်မျိုးပဲလားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား) လူ့ပြည် ရောက်လို့ရှိရင် ဆရာကောင်း၊ သမားကောင်းတွေ့ ပြီး အပါယ်ငရဲ မပြန်တဲ့အလုပ်ကို လုပ်ပါတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အပါယ်ငရဲတုန်းက ဒီစိတ်နဲ့တက်လာ တာ (မှန်ပါ)။
အခု ဒီကျတော့မှ အဝိဇ္ဇာ လက်အောက်ခံ လုပ်ပြီး အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွေ လုပ်နေကြတယ်ဆိုတော့ ဒကာသိုက် လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တာနဲ့ တူနေတယ် (မှန်ပါ ဘုရား)။ အပါယ်ငရဲတုန်းကတော့ လက်နဲ့ရေးလာတယ် (မှန်ပါ)။
ဒီတစ်ခါ တက်ရလို့ ရှိရင်ဖြင့် မပြန်တော့ပါဘူး။ ဒီနေရာနဲ့ မပြန်တဲ့နည်းပဲ ကြိုးစားပါတော့မယ်ဆိုတော့ လက်နဲ့ရေးတာ (မှန်ပါ) ဒီအခါကျတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ အလုပ်တွေ လုပ်နေကြတော့ ခြေနဲ့ဖျက်တာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီနေသတိပေးတာများ မြဲမြဲစွဲစွဲနဲ့ ဘဝကို နှမြောဖို့နဲ့ ခဏကို နှမြောဖို့ကို ပြင် ခင်ဗျားတို့ ပစ္စည်းတွေထက် နှမြောပါလို့ ပြောလိုက်ပါတယ် (မှန်ပါ ဘုရား)။
ပစ္စည်းဟာ ရှာရင်ရှာတာပါပဲ။ မရနိုင်ပေဘူးလား (ရနိုင်ပါတယ်)။ ဘဝနဲ့ ခဏကတော့ (ရဲခဲပါတယ် ဘုရား) အင်မတန်ရခဲပါတယ်။ ဘဝရဖို့က လိပ်ကန်း ထမ်းပိုးစွပ်မိဖို့ထက် ခဲယဉ်းသေးတယ်(မှန်ပါ)။
ခဏ ရဖို့ကလဲ ခုနက ပြောသလို ခုနှစ်ရက် ခုနစ်လီ မိုးအုံ့တဲ့အထဲမှာ လျှပ်စစ်လင်းသလို ကြုံဖို့ဆိုတော့ ဘယ်လောက်များ ခဲယဉ်းသတုန်း (ခဲယဉ်းပါတယ်)။
ဒါဖြင့် ဘဝနဲ့ ခဏတောင်မှ ဘဝထက် ခဏက ပိုခဲယဉ်းတယ် (ခဲယဉ်းပါတယ်) ပေါ်ပလား (ပေါ်ပါပြီ)။
လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ ပုဂ္ဂိုလ်
အဲဒီမှာ ခင်ဗျားတို့က စားကာ၊ သောက်ကာ၊ ပျော်ရွှင်ကာနဲ့ အဝိဇ္ဇာခိုင်းတိုင်း သင်္ခါရအလုပ်တွေ လုပ်နေကြ မယ်ဆိုရင်ဖြင့် ဒကာသိုက် လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ ပုဂ္ဂိုလ်တွေဟာ ကျုပ်တို့ပါပဲလို့ ဆိုရမှာပဲ (ဆိုရမှာပါ ဘုရား)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အပါယ်တုန်းက ရေးလာတာကတော့ တကယ်မျှော်လင့်ချက် အင်မတန် မကြီးဘူးလား (ကြီးပါတယ်) ဟိုမှာ ဆင်းရဲလွန်းလို့ (မှန်ပါ) စားရတာလဲ သံတွေခဲ သံရေပူ နေရတာက သံပူပေါ်မှာ အိပ်ရ ဘယ်မှာ ကောင်းတာက ပါသေးသတုန်း (မပါပါဘူး)။
အဲဒါတွေ ဒီတစ်ခါတော့ဖြင့် ဒီဝဋ်သာ ကျွတ်လို့ရှိရင် ဘယ်နည်းနဲ့မဆို လူ့ပြည်ရောက် ဆရာကောင်း၊ သမားကောင်းကြုံပြီး သကာလ မဂ်စခန် ဖိုလ်စခန်း ကြိုးစားပြီး သကာလ အပါယ်လေးပါး တံခါးပိတ်တဲ့ အလုပ်ကို သာလျှင် မရ အရ ကြိုးစားပါတော့မယ်ဆိုတာ နေ့တိုင်းလိုလို ညည်းတဲ့အလုပ်(မှန်ပါ)။
အဲဒီညည်းလုံးတွေ ယခုကျတော့ ဘယ့်နှယ်ကြောင့် သားရေး၊ သမီးရေး၊ စီးပွားရေးထဲ စုံပစ်ဝင်ကြပါလိမ့်မလဲ လို့ မေးခွန်းထုတ်လို့ရှိရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ။ အဝိဇ္ဇာ အုပ်ချုပ်ပြီး သင်္ခါရအလုပ်တွေနဲ့ အချိန်ကုန်နေတယ် (မှန်ပါ)။
သင်္ခါရအလုပ်တွေနဲ့ အချိန်ကုန်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဆိုတော့လဲ မင်းက သင်္ခါရအလုပ် အချိန်ကုန် လို့ ရှိရင်ဖြင့် ငါက ဝိညာဏ် အကျိုးပေးရမှာပဲဆိုပြီး သင်္ခါရက အများအားဖြင့် အပါယ်ဝိညာဏ်ပဲ အကျိုးပေးချလိုက် တယ် (မှန်ပါ) ပြန်လှည့်သွားတယ် (မှန်ပါ) မလှည့်ဘူးလား (လှည့်ပါတယ်) အပါယ်ပဲ ပြန်လှည့်တယ် (မှန်ပါ)။
ဘယ်သူ့ကြောင့် ပြန်လှည့်သွားပါလိမ့်
ဘယ်သူ့ကြောင့် ပြန်လှည့်သွားပါလိမ့် မတုန်းဆိုတော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ အလုပ် လုပ်တာနဲ့ သင်္ခါရ ပစ္စယာ အပါယ်ဝိညာဏ်ဆိုပြီး အပါယ် ပြန်ရောက်တယ်(မှန်ပါ)။ ဘယ်လောက်များ ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ မသိတာက အဝိဇ္ဇာ။ ဒီသားရေး၊ သမီးရေး၊ စီးပွားရေးကို တော်အောင် လုပ်နေတာက သင်္ခါရ။ သဘောကျပလား (ကျပါပြီ)။ အဲဒါနဲ့ သူတော်ကောင်း အလုပ်တွေက လက်လွတ်မနေဘူးလား (လက်လွတ်နေပါတယ်)။ အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော အလုပ်ကို မလုပ်ဖြစ်ဘူး (မှန်ပါ) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ အလုပ်ကို လုပ်ဖြစ်တယ် (မှန်ပါ) အဆမတန် သဘောပါတယ်ဆိုတာ မှတ်မိကြပလား (မှတ်မိပါပြီ)။
အခု နေ့တိုင်း ရောင်းဝယ်ဖောက်ကားပြီး သကာလ နေကြတာတွေက အားလုံး ဒကာ ဒကာမတွေ လက်သည် ပေါ်ပလား (ပေါ်ပါပြီ) ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ ဘုရား) အဲ အဝိဇ္ဇာက မသိတာ သင်္ခါရအလုပ် တွေဆိုတော့ ရောင်းရေး၊ ဝယ်ရေး၊ ကြီးပွားရေးပေါ့ဗျာ (မှန်ပါ) ဘာကြီးပွားရေးတုန်း ဆိုတော့ ဒုက္ခ ကြီးပွားရေး (မှန်ပါ)။ ဘာကြီးပွားရေးပါလိမ့် (ဒုက္ခကြီးပွားရေးပါ ဘုရား)။
အပါယ်ငရဲတုန်းက တက်လာတုန်းက အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ လုပ်ပါမယ်လို့ တက်လာတာလားဆိုတော့ အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော လုပ်မလို့ တက်လာတာ (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။
အဝိဇ္ဇာချုပ်ပြီး သင်္ခါရချုပ်တဲ့အလုပ်။ သင်္ခါရချုပ်မှ ခုနင်က ပြောတဲ့ အပါယ်ဝိညာဏ်က ချုပ်မှာကိုး (မှန်ပါ)။ အဲဒီရည်ရွယ်ချက်နဲ့ တက်လာတာ ဒီကျမှ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ အချိန်ကုန်နေကျတော့ ခင်ဗျားတို့ လက်နဲ့ရေး ခြေနဲ့ဖျက်ပြီး သကာလ ကိုယ့်ကိုယ်ကို မသနားတဲ့ ပုဂ္ဂိုလ်၊ ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်ဖျက်တဲ့ ပုဂ္ဂိုလ်(မှန်ပါ)။
ကိုယ့်ကိုယ် မသနားတဲ့ပုဂ္ဂိုလ်
ဒီပုဂ္ဂိုလ်ဟာ တစ်နေ့က ပြောခဲ့တဲ့ ကောသလမင်းကြီး တွေးသလိုပဲ ကိုယ့်ကိုယ် မသနားတဲ့ပုဂ္ဂိုလ်ထဲပါတယ် (မှန်ပါ) တယ်လဲ နစ်နာပါကလား (နစ်နာပါတယ် ဘုရား)။
ဒါ ခင်ဗျားတို့ လုပ်ကိုင်စားသောက်နေတာတွေကို ဒကာ ဒကာမတွေ ကြီးပွားပြီး သကာလ နေကြတာတွေကို ခင်ဗျားတို့က ဒုက္ခရယ်လို့ မထင်သေးဘူး (မှန်ပါ)။ သဘောကျပလား (ကျပါပြီ) ဒုက္ခတွေ ကြီးပွားနေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။
အထည် တစ်နေ့ကို ဆယ်အုပ် ပြတ်တယ်ဆိုရင် ဆယ်အုပ်တွက်ပဲ ပိုရှာရတယ်။ ဆယ်အုပ်တွက်ပဲ ရောင်းဖို့ ပူရတယ်(မှန်ပါ)။ ငါးဆယ်လောက် ထွက်လာတယ်ဆိုတော့ ငါးဆယ်လောက် အတွက်ပဲ ပိုရှာရမယ် (မှန်ပါ)။ ငါးဆယ် က ရွှေဖြစ်လာအောင် ရောင်းဖို့အလုပ်ကလဲ ပိုပြီး သကာလ ဂရုစိုက်ရမယ် (မှန်ပါ ဂရုစိုက်ရပါမယ်)။
အဲဒီတော့ ဒါတွေဟာ ဘာဖြစ်လို့ ကြီးပွားလာတာတုန်းလို့ မေးလိုက်တဲ့ အခါကျတော့ (ဒုက္ခကြီးပွားလာတာပါ) အဲဒါ ဘယ်သူခိုင်းလို့တုန်းလို့ မေးလိုက်တဲ့အခါကျတော့ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘယ်လိုကြောင့်တုန်း (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ ဘုရား)။
အဲ အဝိဇ္ဇာတည်းဟူသော အကြောင်းကြောင့် သင်္ခါရက လျှောက်ပြီး လုပ်နေတာနဲ့ ခင်ဗျားတို့ ဒုက္ခတွေပွား နေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာတွေ ပွားနေကြတာပါလိမ့် (ဒုက္ခတွေ ပွားတာပါ)။ ဘယ်သူ့ကို ခေါင်းဆောင် တင်ထားကြလို့ပါလိမ့် (အဝိဇ္ဇာကို ခေါင်းဆောင်တင်ထားကြလို့ပါ)။ ထည့်လိုက်ကြပါဦး သူ့အဖော်ကလေး (အဝိဇ္ဇာ သင်္ခါရကို ခေါင်းဆောင် တင်ထားကြလို့ပါ)။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာကို ခင်ဗျားတို့က ခေါင်းဆောင်တင်ထားတဲ့အတွက် နေ့တိုင်း ဒုက္ခ ပွားနေတယ် (မှန်ပါ) သေတော့ကော သင်္ခါရ ပစ္စယာ ဘယ့်နှယ်ဆိုမလဲ (ဝိညာဏံပါ ဘုရား) ဝိညာဏ်ဆိုတော့ အများအားဖြင့် အပါယ် ပဋိသန္ဓေ ဝိညာဏ် လာလိမ့်မယ် (မှန်ပါ)။
ငရဲမှ တက်ချင်လိုက်တာမှ လွန်လို့
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တက်တုန်းကလဲ တက်လာခဲ့ပြန်ပြီ။ ဒီကျတော့လဲ သွားဦးမယ်လို့ ပြောပြန်ပြီ (မှန်ပါ) ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)။ တက်တုန်းကလဲတက်ချင်လိုက်တာမှ လွန်လို့ (မှန်ပါ)။ အပါယ် ငရဲမှ တက်ချင်လိုက်တာမှ လွန်လို့။
ဟိုမှာ သံရည်ပူတွေ သောက်ပြီး သံပြားပူပေါ် အိပ်ပြီး သကာလ နေကြရတော့ နောက်တော့ ဘယ်တော့မှ ဒီနေရာ မပြန်ဘူးဟ။ ငရဲသား ပုဂ္ဂိုလ်တွေ၏ စိတ်ထဲမှာ ဒါပေါ်တာချည်းပဲ (မှန်ပါ)။
အဲဒီပေါ်တဲ့စိတ်တွေ အကုန်ပျောက်တာဟာ ဘယ်သူ့လက်ချက်လဲဆိုတာ ဒီဘဝရှာပါ။ (အဝိဇ္ဇာ-သင်္ခါရ လက်ချက်ပါ ဘုရား) အဝိဇ္ဇာတည်းဟူသော တရားက ခင်ဗျားတို့ ဉာဏ်မျက်လုံး စုံပိတ်ထားတယ် (မှန်ပါ) စုံပိတ်တော့ သူစီမံချင်သလို စီမံတော့ အဝိဇ္ဇာက သင်္ခါရကို အားပေးလိုက်တယ်။
မင်း သားရေး၊ သမီးရေး၊ စီးပွားရေးကို လုပ်လိုက်စမ်းကွာဆိုတော့ သင်္ခါရကလဲ ဒီအလုပ်တွေ လုပ်ဖြစ်တာပေါ့ ဗျာ (မှန်ပါ) မလုပ်ဖြစ်ဘူးလား (လုပ်ဖြစ်ပါတယ် ဘုရား) အဲဒီတော့ အဝိဇ္ဇာနဲ့ သင်္ခါရဒဏ်ချက် မိနေတာ (မှန်ပါ)။
အပါယ်ငရဲက တက်လာတဲ့ စိတ်တွေ ပျောက်တာသည် ဘယ်သူ့ဒဏ်ချက်မိနေပါလိမ့် (အဝိဇ္ဇာနဲ့ သင်္ခါရ ဒဏ်ချက်မိနေတာပါ ဘုရား) ဒကာကြွယ် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) အင်မတန် ကြောက်စရာ ကောင်းတယ်။
ဒကာ ဒကာမတို့ အပါယ်ငရဲမှာ နေတုန်းက စိတ်ကတော့ဖြင့်လူ့ပြည် ရောက်လို့ရှိရင် အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော လုပ်ပါတော့မယ် (မှန်ပါ) အဝိဇ္ဇာချုပ်အောင် လုပ်မယ် (မှန်ပါ) သင်္ခါရတွေလဲ သင်္ခါရက ဝိညာဏ်ကို အကျိုးပေးမှာကိုးဗျ။ (မှန်ပါ)။
အပါယ်ငရဲတုန်းက စိတ်
အဲဒီတော့ သင်္ခါရ အလုပ်တွေလဲ မလုပ်တော့ပါဘူးဆိုတာ မပါနိုင်ဘူးလား (ပါနိုင်ပါတယ်) အဲဒါ ဘယ်တုန်းက စိတ်ပါလိမ့် (အပါယ်ငရဲတုန်းက စိတ်ပါ ဘုရား) အခု လူ့ပြည်ကျလာတော့ ဒကာ ဒကာမတွေက ဘယ်သူ့ ဒဏ်ချက်မိလို့ ခင်ဗျားတို့ ဖောက်ပြန်သွားပါလိမ့်မလဲဆိုတဲ့ လက်သည်ကော ပေါ်ပလား (ပေါ်ပါပြီ) ဘယ်သူပါလိမ့် အဝိဇ္ဇာသင်္ခါရပါ။
ခက်လိုက်တဲ့ဖြစ်ခြင်း။ နဂိုကလဲ အဝိဇ္ဇာသင်္ခါရာကြောင့် အပါယ်လေးပါး ရောက်ခဲ့ပြီ (မှန်ပါ) အခုပြန်ပြီး လက်ကိုင်ထားပြန်ပြီဆိုတော့ ဒကာကြွယ် လွန်သွားပြီ (လွန်သွားပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီတရားကို ကြပ်ကြပ် ဂရုစိုက်ပါ (မှန်ပါ) အပါယ်ကျသွားတာ ဘယ်သူ့ကြောင့် ပါလိမ့် (အဝိဇ္ဇာ သင်္ခါရကြောင့်ပါ) အဝိဇ္ဇာ ပစ္စယာ သင်္ခါရာကြောင့် (မှန်ပါ)။
ကျသွားလို့ အပါယ်ငရဲမှာ ဆင်းရဲမျိုးစုံ အကုန်စုံတော့မှ လူ့ပြည်ရောက်လို့ရှိရင် အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော လုပ်ပါတော့မယ်ဆိုတော့ ဆင်းရဲလွန်းလို့ ပေါ်လာတာ (မှန်ပါ)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ ခုနင်က ပြောတဲ့ ကံတွေကုန်တော့ တက်လာရော လူ့ပြည် ရောက်လာကြတယ်၊ နတ်ပြည် ရောက်လာကြတယ် ထားလိုက်ပါတော့။ ဒီကျတော့ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ကိုက်ညီအောင် လုပ်ကြပါရဲ့လားလို့ မေးပြန်တော့လဲ ဘယ့်နှယ်ဖြေကြမလဲ (မကိုက်ညီပါဘူး ဘုရား)။
ဘာတွေလုပ်နေသတုန်း (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွေ လုပ်နေကြပါတယ်)။ ဟာ-ဒါဖြင့် ကိုယ့်ကတိကို ကိုယ်ဖျက်တဲ့ လူတွေပဲ (မှန်ပါ)။
ကိုယ့်ကတိကို ကိုယ်ဖျက်တဲ့ လူတွေပဲ
အားလုံး ဒကာ ဒကာမတွေ ဘယ်လိုများ ဆုံးဖြတ်ချက်ချမလဲ (ကိုယ့်ကတိ ကိုယ်ဖျက်ပါတယ် ဘုရား) ကိုယ့်ကတိ ကိုယ်ဖျက်တယ် ဆိုကတည်းက ကိုယ်နစ်နာဖို့ပေါ့ (မှန်ပါ)။ ကိုယ့်ကတိက အပါယ် လေးပါးက ထားခဲ့တဲ့ ကတိ (မှန်ပါ ဘုရား)။
လူ့ပြည်ကံတွေကုန်လို့ တက်လာတဲ့အခါကျတော့ ကိုယ့်ကတိကို ဘာလုပ်ပစ်ကြသတုန်း (ဖျက်ပစ်ကြ ပါတယ် ဘုရား)။ သေချာပလား (သေချာပါပြီ ဘုရား)။
အပါယ်ငရဲ နေတုန်းကတော့ အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော လုပ်မယ် (မှန်ပါ)။ ဝိပဿနာအလုပ်၊ မဂ်ဉာဏ်အလုပ်မျိုး လုပ်မယ်ပေါ့ဗျာ။ စာလိုမို့ ပြောလိုက်တာပါ (မှန်ပါ)။
အဝိဇ္ဇာနိရောဓာ သင်္ခါရ နိရောဓောဆိုတဲ့ အပါယ်ငရဲ မလာနိုင်တဲ့ အလုပ်ကို လုပ်ပါတော့မယ်ဆိုတာ အပါယ် ငရဲသားတိုင်းမှာလိုလို ဒီစိတ်မျိုး ပေါ်တယ် (မှန်ပါ)။
သို့သော် လူ့ပြည်ကျလာတော့ အမိဝမ်းခေါင်းထဲ အောင်းခဲ့တာက ကိုးလ-ဆယ်လဆိုတော့ တစ်ခါတည်း မေ့ပြီး သကာလ အပြင်ဘက် ထွက်လာပြန်တော့လဲ လူလားမမြောက်တဲ့ အချိန်တွေကများ။ ကျောင်းကန်ဘုရား မသွား နိုင်ဘဲနဲ့ ကိုယ့်အသက်မွေးဝမ်းကြောင်း ရှာနေရတဲ့ အချိန်တွေက များတော့ ခုနင်က အပါယ်ငရဲတုန်းက စိတ်မျိုးတွေက အကုန်ပျောက်ပြေးတယ်။
လူ့ပြည် ပတ်ဝန်းကျင် အခြေအနေ ကြည့်ပြီး သကာလ ပေါ်လာတာက အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာတွေပဲလုပ်နေ
လူ့ပြည်ပတ်ဝန်းကျင် အခြေအနေကြောင့် ပေါ်လာတာက ဘာပါလိမ့် (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ ဘုရား) သူလဲ စီးပွားရေး ရှာတယ်၊ ငါလဲ စီးပွားရေး ရှာမှပဲ။ သူလဲ တိုက်တည်တယ်၊ ငါလဲ တိုက်တည်နိုင်အောင် လုပ်မယ်။ သူလဲ ကားဝယ်တယ်၊ ငါလဲ ကားဝယ်နိုင်အောင် လုပ်မှပဲ (မှန်ပါ)။
သူလဲ ခပ်ပျော်ပျော်နေတာပဲ၊ လူ့ပြည်မှာ တို့လဲ ခပ်ပျော်ပျော် နေမှပေါ့ အစရှိသည်နဲ့ ခုနင်က ဝမ်းခေါင်းထဲ နေခဲ့ရလို့ ကြာတာက တစ်မျိုး၊ လူစဉ် မမီသေးဘဲနဲ့ ကလေးသူငယ် လူမမယ် နှစ်ရေကလဲ ၄-၅ နှစ်ကိုးဗျ (မှန်ပါ)။
ဒီကနေပြီး ကျောင်းကန်တွေကိုပို့ အသက်မွေးဝမ်းကျောင်းသင်ရန် အမေ မိဘက ထားလို့ နေရပြန်တော့လဲ ဒီဟာတွေက မတွေးနိုင်။ ဉာဏ်ဖွင့် ပေးမည့် သူကလဲ မလာ (မှန်ပါ)။
မလာတော့ ကျောင်းက ထွက်လာပြီး အရွယ်အတန်း ကလေးစေ့ပြန်တော့ သူလဲ အိမ်ထောင်ကျ၊ ငါလဲ အိမ် ထောင်ကျမှာပဲ။ သူလဲစီးပွားရှာ၊ ငါလဲ စီးပွားရှာမှပဲ။ သူလဲ ဒီလိုလုပ်လို့ ရတာ၊ ငါလဲ ဒီလို လုပ်လို့ရမှာပဲဆိုပြီး ဟုတ်တာ မဟုတ်တာ အပထား အကုန်လုပ်တော့တာပဲ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ အပါယ် ငရဲတုန်းကတော့ အဝိဇ္ဇာ နိရောဓာ သင်္ခါရ နိရောဓော အလုပ်ကို လုပ်ပါမယ်ဆိုတဲ့ စိတ်မျိုးတွေ (မှန်ပါ) ဒီကျတော့ ဘာတွေများ လုပ်နေကြသတုန်း (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာပါ ဘုရား) အဝိဇ္ဇာ ပစ္စယာ သင်္ခါရ အလုပ်ကို လုပ်နေတယ်ဆိုတော့ အားကြီး မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
ယခု ခဏလေး ကွယ်သွားလို့ရှိရင်
ကိုင်း-ဒါဖြင့် ယခု ခဏလေး ကွယ်သွားလို့ရှိရင် ခင်ဗျားတို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာနဲ့ သွားတော့ သင်္ခါရ ပစ္စယာ ဝိညာဏံ ဆိုပြီး အပါယ်သွားဦးမယ် (မှန်ပါ) ဒီခဏ လွတ်ရင်(မှန်ပါ)။
ဒါဖြင့်ခင်ဗျားတို့ ကယ်မည့်သူ ယူမည့်သူသည် အခုခဏပဲရှိတော့တယ် (မှန်ပါ) ဆရာဘုန်းကြီး သင်တဲ့ခဏ ခင်ဗျားတို့ကြိုးစားတဲ့ ခဏပဲ၊ ခင်ဗျားတို့ နေရာကျတော့မှာပဲ (မှန်ပါ)။
ဒါလေးမှ မလုပ်တော့ပါဘူးဆိုရင်တော့ဖြင့် သွားလေရော့၊ အပါယ် ငရဲတုန်းက ရည်ရွယ်ချက်ကပျောက်၊ ဒီကျတော့ ပတ်ဝန်းကျင်က နှိပ်စက်တာနဲ့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ပဲ ဒကာသိုက် အချိန်ကုန်ရုံပဲ (မှန်ပါ)။
သင်္ခါရပစ္စယာဆိုတော့ ဘယ့်နှယ်ဆိုမလဲ (ဝိညာဏံပါ ဘုရား)၊ ဝိညာဏံဆိုတော့ ဒီသင်္ခါရကမှ ကောင်းတာ မဟုတ်ရင် ဝိညာဏံက အပါယ်ပဋိသန္ဓေ ဝိညာဏ်ဖြစ်သွားပြီ ဒကာကြွယ် ဘယ်မှာ အားကိုးရာ ပါသေးရဲ့လား (မပါပါဘူး)။
ပတ်ဝန်းကျင် နှိပ်စက်လိုက်တာ အပါယ်ငရဲတုန်းက ရည်ရွယ်ချက်မျိုးတွေ ပျောက်သွားတယ် (မှန်ပါ) အားကြီး ကြောက်စရာ ကောင်းပါပေါ့လား (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒီခဏကလေး လက်လွတ်သွားမှာစိုးတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြိုးစားပါဦး။ ဒီခဏကလေးတော့ လက်လွတ် မခံကြပါနဲ့ (မှန်ပါ)။
ဒီခဏကလေးတော့ လက်လွတ် မခံကြပါနဲ့
ကဲ ဒကာ ဒကာမတွေ သန္တာန်မှာ ဝိညာဏ်ဆိုတာဘာပါလိမ့်၊ စိတ် (မှန်ပါ)။ ဝိညာဏ် ရှိလို့ရှိရင် နောက်က ဘာလာမတဲ့ (နာမ်ရုပ် လာပါမယ်) ဒါက စာဆို ပြောတာနော် (မှန်ပါ)။
ဝိညာဏ် ရှိရင် နာမ်ရုပ် လာမယ်၊ နာမ်ရုပ်ရှိရင် သဠာယတနလာမယ်၊ သဠာယတန ရှိလို့ ရှိရင်ကော (ဖဿ လာမယ်)၊ ဖဿ လာပြီးလို့ ရှိရင်ကော (ဝေဒနာ လာပါတယ်) ဒါဖြင့် ၁-၂-၃-၄-၅ ဘယ်နှစ်ခုလဲ(ငါးခုပါ)။
ဒါဟာ အကြောင်းအကျိုး ဆက်ချင်လို့ ဘုရားက ဟောတာပါ။ စင်စစ်ကတော့ ဒကာ ဒကာမတို့ ဒီငါးခု သည် ဘယ်အချိန်ဖြစ်ဖြစ် တစ်ပေါင်းတည်းချည်း မှတ်ကြပါ။ စာမို့လို့ တန်းပြနေတာ (မှန်ပါ) ဖြစ်စဉ်ကျတော့ (တစ်ပေါင်းတည်းပါ ဘုရား)။
ဖြစ်စဉ်ကျတော့ တစ်ပေါင်းတည်းပါပဲ။ ဒကာ ဒကာမတို့ ဟင်းချို ချက်သလိုပေါ့ဗျာ။ ဟင်းချိုချက်တဲ့ အခါကျ တော့ သောက်တဲ့ လူကျတော့ကို ဆားကလဲ လျှာပေါ် ရောက်လာတာပဲ၊ ပုဇွန်ခြောက်ရည်ကကော (ရောက်ပါတယ်) ငံပြာရည်ကကော (ရောက်ပါတယ်) ခရမ်းချဉ်, ကြက်သွန် အရည်တွေကကော (ရောက်ပါတယ် ဘုရား)။ လျှာ ပေါ်တော့ တစ်ပြိုင်နက် ရောက်တာပဲ။
သို့သော် ချက်ဖို့ လုပ်တုန်းကတော့ အသီးသီးပေါ့ဗျာ။ကြက်သွန် လှီးရတာက တစ်မျိုး၊ ခရမ်းချဉ်သီး လှီးရတာက တစ်မျိုး၊ ငံပြာရည်ပုလင်း၊ ဆားရှာရတာက တစ်မျိုးဆိုတော့ ဟိုတုန်းကတော့ အသီးသီးပဲ။
သို့သော်လျှာပေါ် ရောက်တော့ (တစ်ပေါင်းတည်းရောက်ပါတယ် ဘုရား)။
ဒီမှာလဲ ဉာဏ်နဲ့ရှုတဲ့အခါ ဒါတွေဟာ တစ်ပေါင်းတည်းဖြစ်နေတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
တစ်ပေါင်းတည်း ဖြစ်နေတာက ဒီလိုပါ။ ဒါက ခန္ဓာကို ဖွဲ့လိုက်တော့ ငါးပါး လာဖြစ်တယ်။ ငါးပါး လာဖြစ် တော့ ခန္ဓာငါးပါး ပုဂ္ဂိုလ်တွေကိုး တစ်ပါးဖြစ်တော့ ကျန်လေးပါးကပါလာတယ် (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးကို ကျုပ်တို့သည် ရှုမှရမယ် (မှန်ပါ) ခန္ဓာငါးပါး မရှုရင်တော့ (မရပါ ဘူး)။
ဒီခန္ဓာငါးပါးကို ရှုမှရမယ်
ခန္ဓာငါးပါးကို ဘယ့်နှယ်ကြောင့် ဘုရားက ဝိပဿနာ အရှုခိုင်းပါလိမ့်မလဲလို့ မေးလို့ရှိရင် ခန္ဓာရှိလို့ရှိရင် အပါယ်လေးပါးလဲ ရောက်မယ်၊ လူ့ပြည်လဲ ရောက်မယ် (မှန်ပါ) နတ်ပြည်ကော (ရောက်မှာပါ ဘုရား)၊ ဗြဟ္မာပြည်ကော (ရောက်မှာပါ ဘုရား)၊ ခန္ဓာရှိရင် သံသရာလည်မယ် (မှန်ပါ)။
ဒါဖြင့် ခန္ဓာအကြောင်း ကောင်းကောင်း မသိသေးတဲ့ ပုဂ္ဂိုလ်ဟာ ဒီခန္ဓာကြီးထမ်းပြီး လည်ဦးမှာပဲ (မှန်ပါ) ဒီခန္ဓာကြီးက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)။ ဒုက္ခကြီးထမ်းလည်ရတာ မသိတဲ့ လူကသာ ကျက်သရေရှိတယ် ထင်မှာပဲ (မှန်ပါ)။
သိတဲ့လူကဖြင့် သူထမ်းလာတဲ့ ပစ္စည်းကြီးကဖြင့် ယောကျ်ားအဖြစ်နဲ့ ထမ်းလာလာ၊ မိန်းမအဖြစ်နဲ့ ထမ်း လာလာ အသုဘ ဒုက္ခသစ္စာပဲဆိုတာ အရိယာမျက်လုံး တပ်ကြည့်စမ်းပါ (မှန်ပါ ဘုရား)၊ ကျက်သရေမင်္ဂလာများ တိုးစရာ ပါသေးသလား (မပါပါဘူး)။ ဘာဖြစ်လို့တုန်း (အသုဘ ဒုက္ခသစ္စာမို့ပါ)။
အသုဘ ဒုက္ခသစ္စာကြီး လူ့ပြည် ထမ်းလာလိုက်၊ နတ်ပြည်ထမ်းလာလိုက်၊ ဗြဟ္မာပြည် ထမ်းလာလိုက်၊ အပါယ် လေးပါးထမ်းလည်လိုက်ဆိုတော့ ဘာသစ္စာကြီး ထမ်းလည်သတုန်း (ဒုက္ခသစ္စာကြီး ထမ်းလည်ပါတယ်)။
အသုဘ ဒုက္ခသစ္စာကြီး ထမ်းလည်ရတယ်ဆိုတာ အရိယာမျက်လုံး တပ်ကြည့်တော့ ရှင်းမနေဘူးလား (ရှင်းနေ ပါတယ်) သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် သူ့ပင်ကိုသဘောကို သိတာက အရိယာမျက်လုံးတပ်ကြည့်မှ သိတာ (မှန်ပါ)။ ရွာမျက်လုံး၊ ရပ်မျက်လုံး ပတ်ဝန်းကျင် မျက်လုံးနဲ့တော့ သူ့ပင်ကို သဘောကို မသိဘူး (မှန်ပါ ဘုရား)၊ ဒါဖြင့် အရိယာမျက်လုံး တပ်ပေးမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ရွာမျက်လုံး၊ ရပ်မျက်လုံး
ရွာမျက်လုံး၊ ရပ်မျက်လုံးကတော့ဖြင့် ဘယ်သူဟာ အဝတ်ကလေးတွေ လှလှပပ ဝတ်လာတယ်၊ ဘယ်သူဟာ ခြယ်လှယ်လာတယ်ဆိုရင် အင်း ဒါဟာ ကြည့်ကောင်းသားပဲတဲ့၊ ဒါဟာ ရွာမျက်လုံးကိုဗျ (မှန်ပါ)။ ရွာမျက်လုံးသည်ကား လို့ဆိုရင် အစအဆုံး မှန်ပါရဲ့လားဆိုရင် တော်တော်ကြာ အသုဘဖြစ်သတဲ့။ လာပြန်တာပဲ (မှန်ပါ)။ ရွာမျက်လုံးက မှန်ရဲ့လား (မမှန်ပါဘူး)။
ဒါဖြင့် အရိယာ မျက်လုံးသာလျှင် ဒကာ ဒကာမတို့ မတိမ်းစကောင်းတဲ့ မျက်လုံးပေါ့ (မှန်ပါ)။ အဲဒီမျက်လုံး တပ်ကြည့်စမ်းပါဆိုတော့ ခန္ဓာငါးပါးဟာ ဘာတရား ထင်ကြသတုန်း (အသုဘတရားပါ)၊ အသုဘဒုက္ခသစ္စာတရား (မှန်ပါ)။ အသုဘ ဒုက္ခသစ္စာတရားဆိုတာ ဘယ်မျက်လုံး တပ်ကြည့်လို့ မြင်တာတုန်း (အရိယာမျက်လုံး တပ်ကြည့်လို့ မြင်တာပါ)။
ဒါဖြင့် ပတ်ဝန်းကျင်မျက်လုံးနဲ့ မသိတဲ့ ပုဂ္ဂိုလ်တွေ၏ ကန်းတဲ့ ပုဂ္ဂိုလ်မျက်လုံး တစ်ထောင်နဲ့ ရှုကြည့်ငြား သော်လည်း ဒါမြင်ပါ့မလား (မမြင်ပါဘူး ဘုရား)။
ကန်းတဲ့ ပုဂ္ဂိုလ်သည် ဟိုပုဂ္ဂိုလ်မှာလဲ မျက်လုံးနှစ်လုံး အကန်းရှိတာပဲ။ ဒီပုဂ္ဂိုလ်မှာလဲ မျက်လုံးနှစ်လုံး အကန်းရှိ တာပဲ။ အကန်းတွေသာ စုကြည့်လို့ရှိရင် ခန္ဓာငါးပါး ဘယ်သူမှ မမြင်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ခင်ဗျားတို့ ဒီခဏကလေး ကြည့်လို့ အရိယာမျက်လုံးကလေး တပ်ပေးလို့ ဘုရားဟောတဲ့အတိုင်း ဘုန်းကြီးက တပ်ပေးလို့ ဪ ဒို့ရထားတဲ့ ခန္ဓာကြီးကဖြင့် အသုဘ ဒုက္ခသစ္စာပါကလားဆိုတာ ဒီအထဲက ခင်ဗျားတို့ ထိုးထွင်း မြင်လာမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒီအထဲမှာ ခန္ဓာငါးပါးကို ဥပမာမယ်နေ့တိုင်း စိတ်ဟောနေတယ်။ ဝေဒနာကို ရှုလိုက်မယ်ဆိုရင်လဲ ဒကာ ဒကာမတွေ ဖြစ်တာပဲ။ (မှန်ပါ)။
ဝေဒနာသည်ဘယ်နှစ်မျိုး ရှိသတုန်း
ဝေဒနာသည်ဘယ်နှစ်မျိုး ရှိသတုန်းဆိုလို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ကောင်းတာဟာ သုခဝေဒနာပဲ၊ နာတာ ကျင်တာ ကိုက်တာ ခဲတာ (ဒုက္ခဝေဒနာပါ)၊ မြင်ကာမျှမတ္တ၊ တွေ့ကာမျှမတ္တတွေ (ဥပေက္ခဝေဒနာပါ)၊ မြင်ကာမျှမတ္တ ဆိုတော့လဲ သူဘာမှ ကောင်းတာဆိုးတာ မဟုတ်ဘူး။ ဥပေက္ခာမို့ ကြားထဲက အလတ်စား ဖြစ်နေတာပဲ (မှန်ပါ)။
ကြည့်ရတာ ကောင်းလိုက်တာ ဆိုလို့ရှိရင် ကြည့်ပြီးမှကောင်းတဲ့ မနောဝိညာဏ်စိတ်ကလေးက သုခဝေဒနာ ပေါ်လာတာ (မှန်ပါ)။ ကြည့်ရတာ မကောင်းပါဘူးဆိုရင်လဲ ထို့အတူပဲ ကြည့်တုန်း မကောင်းတာ မဟုတ်ဘူး။ ကြည့်ပြီးမှ ဝမ်းထဲက မနောဝိညာဏ်စိတ်က ဒေါမနဿ ဒုက္ခဝေဒနာပေါ်တာ (မှန်ပါ)။
အဲဒီ ဝေဒနာကလေး ပေါ်တိုင်းပေါ်တိုင်းလဲ ခင်ဗျားတို့ ဖြစ်ပျက်ကို ရှုပေးပါ။ မရှုနိုင်ဘူးလား (ရှုနိုင်ပါတယ်)။
ကောင်းပြီ။ ဒီဝေဒနာကလေးဟာ ဘယ်သဘောသတ္တိရှိပါလိမ့်မတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါ သုခဝေဒနာကလေး ထားပါတော့။ ခင်ဗျားတို့ စားကောင်း သောက်ကောင်းကလေး (မှန်ပါ)။
သို့သော် ကောင်းတယ်သာ ဆိုရတယ်။ ဒကာ ဒကာမတို့ ဖြစ်တုန်းသာ ကောင်းတာ ပျက်တော့ (မကောင်း ပါဘူး ဘုရား)။ ဒါဖြင့် သုခဝေဒနာကို ဒုက္ခလို့ ရှုပေး (မှန်ပါ)။
သုခဝေဒနာကို ဘယ့်နှယ် ရှုရမတုန်း (ဒုက္ခလို့ ရှုရပါမယ်)။ ဘယ်လိုကြောင့် ဒုက္ခလို့ အရှုခိုင်းတာပါလိမ့် မတုန်းဆိုတော့ ဖြစ်တုန်းကတော့ သုခလိုလိုနဲ့ ပျက်တော့ ဘယ့်နှယ်နေသတုန်း (ဒုက္ခပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဒုက္ခရောက်လို့ ပျောက်သွားတာ
သုခဝေဒနာ ဘိက္ခဝေ ဒုက္ခတော ဒဋ္ဌဗ္ဗာ လို့ သံယုတ်ပါဠိတော်မှာ လာသောကြောင့် သုခဝေဒနာကို ဒုက္ခလို့ ရှုရမယ်ဆိုသောကြောင့် ပေါ်လာတဲ့ ဝေဒနာကလေးဟာ ဒုက္ခပဲ၊ ဒုက္ခပဲလို့ ရှုနေ(မှန်ပါ)။ ပျောက်ပျက်မသွား ဘူးလား (ပျောက်သွားပါတယ်) ဒုက္ခရောက်လို့ ပျောက်သွားတာပဲလို့သာ မှတ်လိုက်ပါတော့ (မှန်ပါ) သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် သူက ဒုက္ခ၊ ရှုတာက (မဂ္ဂပါ ဘုရား)၊ မဂ္ဂလာတယ်၊ ဝေဒနာပစ္စယာ တဏှာ။ မဂ် မခြားရင် တဏှာ လာမယ် (မှန်ပါ)။ မဂ် ခြားရင်(တဏှာမလာပါဘူး)။ ဒါဖြင့် ဒကာ ဒကာမတို့ တဏှာ မလာတော့ ဒကာ ဒကာမတွေ သိပြီးသားအတိုင်း ဥပါဒါန် မလာဘူး (မှန်ပါ)။ ဥပါဒါန် မလာရင် ကံတွေ မလာဘူး (မှန်ပါ)။ ဒီကံတွေ လာမှ ဒကာ ဒကာမတွေ ကမ္မဘဝပစ္စယာ ဇာတိ (မှန်ပါ)။
သူ့ကို သင်္ခါရ ထားခဲ့မယ်ဆိုရင်လဲ သင်္ခါရတုန်းကတော့ သင်္ခါရ ပစ္စယာ ဝိညာဏံ အတူတူပဲ။ ပဋိသန္ဓေ လာဖြစ်ကြတာပဲ။ ရှေ့ပိုင်းနဲ့နောက်ပိုင်း ကွာတာ၊ သဘောမှာ အတူတူပဲ (မှန်ပါ)။
ကမ္မဘဝပစ္စယာ (ဇာတိပါ) သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဝိညာဏံဆိုတာလဲ ဇာတိပါပဲ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ) ထူးသေးရဲ့လား (မထူးပါဘူး)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာဥပါဒါန်တွေ မလာဘူး။ သုခဝေဒနာကို ဒုက္ခလို့ ရှုနေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တဏှာဥပါဒါန် မလာတော့ ကံကော လာသေးရဲ့လား (မလာပါဘူး)။
မလာရင် ကမ္မဘဝပစ္စယာ ဇာတိဆိုတဲ့ ဇာတိလဲ မလာနိုင်ဘူး (မှန်ပါ)။ လူဇာတိ၊ နတ်ဇာတိ၊ အပါယ်ဇာတိ ဘယ်ဟာ လာသေးသတုန်း (မလာပါဘူး)။
သူက ဒုက္ခ။ ဒုက္ခလို့ မြင်တာတာမဂ္ဂ
ဒါဖြင့် သုခဝေဒနာ ဘိက္ခဝေ ဒုက္ခတော ဒဋ္ဌဗ္ဗာ ဘိက္ခဝေ-ရဟန်းတို့။ သုခဝေဒနာ-သုခဝေဒနာကို။ ဒုက္ခတော-ဒုက္ခဟူ၍။ ဒဋ္ဌဗ္ဗာ-ရှုအပ်၏။ ရှုပေးစမ်းပါ (မှန်ပါ)။ ဒုက္ခလို့ရှုပေးရမယ်ဆိုတော့ သုခဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဘယ်လိုရှုကြမယ် (ဒုက္ခလို့ ရှုရပါမယ်) ဒုက္ခလို့ ရှုရှု-ရှုရှု ပေးပြီး သကာလ နေပါ။
ရှုပေးလိုက်တဲ့ အခါကျတော့ သူက ဒုက္ခ။ ဒုက္ခလို့ မြင်တာတာ (မဂ္ဂပါ ဘုရား) မဂ်ဆိုတာ ကိလေသာ ဖြတ် တယ်ဆိုသောကြောင့် တဏှာ ဥပါဒါန်တွေ လာသေးရဲ့လား (မလာပါဘူး)။
တဏှာဥပါဒါန်မှ မလာဘဲနဲ့ ဒကာကြွယ် ကံလာချင်လို့ကော (မရပါဘူး) ကံမှ မလာဘဲနဲ့ ဇာတိဖြစ်ချင်လို့ ကော (မရပါဘူး)။
ဒါဖြင့် ဇာတိဟူသရွေ့ ဇာတ်သိမ်းတယ် (မှန်ပါ ဘုရား) မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။
အဲဒီတော့ ဒါကလေးဟာ သုခဝေဒနာကလေး ခန္ဓာကိုယ်ထဲ ဘယ်အချိန်ပေါ်သတုန်းဆိုတော့ စားလို့ကောင်း၊ သောက်လို့ကောင်း၊ နေလို့ကောင်း၊ ထိုင်လို့ကောင်း သုခဝေဒနာချည်းမှတ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခဝေဒနာ ဘိက္ခဝေ သလ္လတော ဒဋ္ဌဗ္ဗာတဲ့။ ဒါကလေးဟာ ဒုက္ခဝေဒနာ ပေါ်လာလို့ရှိရင်ဖြင့် ငြောင့် စူးသလို ခံနေရပါကလား ငြောင့်စူးသလို ခံနေရပါကလားလို့ သူ့ကို ရှုရှုပေး (မှန်ပါ)။
အင်း ဒါ ဒုက္ခဝေဒနာ ကလေးဟာ ငြောင့်စူးသလို ခံနေရတဲ့ အဓိပ္ပါယ်ပါကလား။ ငြောင့်စူးသလို ခံနေရတဲ့ အဓိပ္ပါယ်ပါကလား ဆိုလို့ရှိရင်ဖြင့် ငြောင့်စူးသလို ခံနေရာတာက ဒုက္ခဝေဒနာ (မှန်ပါ) ငြောင့်စူးသလို ခံနေရတယ် သိတာက (မဂ္ဂသစ္စာ)။
မဂ္ဂ လာတော့ ဒေါသ လိုက်သေးရဲ့လား
မဂ္ဂ လာတော့ ဒုက္ခဝေဒနာ နောက်က ဒေါသ လိုက်သေးရဲ့လား (မလိုက်ပါဘူး) ဒေါသမှ မလိုက်ဘဲနဲ့ သောက ပရိဒေဝကော (မလိုက်ပါဘူး) မလိုက်လို့ရှိရင် အဝိဇ္ဇာ ပါမလာဘူး(မှန်ပါ) အဝိဇ္ဇာ မလာလို့ရှိရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ လာဦးမလား (မလာပါဘူး) သင်္ခါရ မလာဘဲနဲ့ အပါယ်ပဋိသန္ဓေတို့၊ အပါယ် ဝိညာဏ်တို့ (မလာပါ ဘူး)။
ဒါဖြင့်လဲ ဒုက္ခဝေဒနာို ငြောင့်စူးသလို ကိုယ့်ခန္ဓာထဲ ပေါ်ပေါ်နေသောကြောင့် ဪ ဒုက္ခဝေဒနာကလေး ဖြစ်ပျက်နေတာကိုး ဒုက္ခဝေဒနာကလေး ဖြစ်ပျက်နေတာကိုးလို့ ရှုပေးပါ(မှန်ပါ)။
ဥပေက္ခာဝေဒနာကိုတော့ ဘုရားက ဥပေက္ခာဝေဒနာ ဘိက္ခဝေ အနိစ္စတော ဒဋ္ဌဗ္ဗာတဲ့။ မျက်လုံးထဲက ဥပေက္ခာဝေဒနာပေါ်တယ်။
မြင်ကာမျှမတ္တ ဆိုရင် (ဥပေက္ခာဝေဒနာပါ)၊ နားထဲမှာ ကြားကာမျှမတ္တဆိုရင် (ဥပေက္ခာဝေဒနာပါ)၊ နှာခေါင်းထဲ နံကာမျှမတ္တဆိုရင် (ဥပေက္ခာဝေဒနာပါ)၊ လျှာလည်မှာ စားကာမျှမတ္တ (ဥပေက္ခာဝေဒနာပါ)၊ ဝမ်းထဲကနေပြီး အလယ်အလတ် မဇ္ဈတ္တထားတဲ့အခါ (ဥပေက္ခာဝေဒနာပါ)။
အဲဒီ ပေါ်တိုင်းပေါ်တိုင်း ဥပေက္ခာဝေဒနာကို ဘယ်လိုရှုရမလဲ (အနိစ္စလို့ ရှုရပါတယ်) ဖြစ်ပြီး ပျက်တဲ့ အနိစ္စလို့ ရှုပေးပါ(မှန်ပါ)။
ဥပေက္ခာမရှုရင် အဝိဇ္ဇာ လာမယ်
ဒါဖြင့် ဥပေက္ခာ အနိစ္စ ရှုတာက မဂ္ဂ (မှန်ပါ) ဥပေက္ခာမရှုရင် အဝိဇ္ဇာ လာမယ်။ အဝိဇ္ဇာက စပြီး လာမယ် (မှန်ပါ) ဒါဖြင့် အဝိဇ္ဇာကော လာသေးရဲ့လား (မလာပါဘူး) အဝိဇ္ဇာမှ မလာဘဲနဲ့ အပါယ် ပဋိသန္ဓေ ဝိညာဏံတို့ လူ့ဝိညာဏံတို့ကကော (မလာပါဘူး)။
ဒါဖြင် ဒကာကြွယ်တို့ ဦးလှဖူးတို့ သုခဝေဒနာ လာရင် ဒုက္ခလို့ရှု (မှန်ပါ) ဒုက္ခဝေဒနာလာရင် ဒါဟာ နှိပ်စက်နေတဲ့ တရားကလဲ ငြောင့်စူးသလို နှိပ်စက်နေတဲ့ တရားကလေးပဲလို့ ရှုရှုပေးပါ (မှန်ပါ)။
ဥပေက္ခာ ဝေဒနာ လာတိုင်း လာတိုင်း ဖြစ်ပြီး ပျက်တဲ့ အနိစ္စပဲလို့ ရှုရှုပေးပါ (မှန်ပါ) ရှုပေးရင် ဒီပဋိစ္စသမုပ္ပာဒ် ဘယ်နှယ့် နေသတုန်း (ပြတ်ပါတယ်)။
ပြတ်တဲ့ အခါကျလို့ရှိရင် ကျုပ်တို့ အပါယ်လေးပါး မဆိုပါနဲ့ ၃၁-ဘုံတောင်မှ ပဋိသန္ဓေနေခွင့် ရနိုင်သေးရဲ့ လား (မရနိုင်ပါဘူး) ၃၁-ဘုံကြီးဟာ ဒုက္ခသစ္စာဘုံကြီးကိုဗျ၊ ဇာတိ ဇရာ မရဏ ရှိတာချည့်ပဲ (မှန်ပါ)။
အဲဒီမှာ ဇာတိကို သတ်လိုက်သဖြင့် ဇရာ မရဏလဲ လာသေးရဲ့လား (မလာပါဘူး) ဒါဖြင့် ၃၁-ဘုံမှ ကျုပ်တို့ သည် ဝဋ်ကျွတ်မယ် (မှန်ပါ) ၃၁-ဘုံက ဒုက္ခသစ္စာဘုံ။ ၃၁-ဘုံမှ ကျွတ်သွားတယ်ဆိုရင်ဖြင့် သုခသစ္စာနိဗ္ဗာန်ကို ရောက်မယ် (မှန်ပါ) တားလို့ ဆီးလို့ ရသေးရဲ့လား (မရပါဘူး)။
ဒါကြောင့် ဒီနေ့ ဝေဒနာသုံးမျိုးကို ပြန်စပြီး ဟောနေတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒီခဏကလေးမျိုးကို အလွဲသုံးစား မလုပ်လိုက်ပါနဲ့။ ဒီဘဝကိုလဲ မဖြုန်းလိုက်ပါနဲ့ (မှန်ပါ) ဒီအားထုတ် မည့် ခဏကလေးကိုလဲ ခင်ဗျားတို့ ကြပ်ကြပ်အားထုတ်ပါ။ ဒါမှ ခင်ဗျားတို့ ဇာတိ ဇာတ်သိမ်းမယ် (မှန်ပါ)။
ဒီခဏကလေး ကြုံဖို့ရာ ခဲယဉ်းပါတယ်
ဒီခဏကလေး ကြုံဖို့ရာ ဘယ်နှယ့် နေသတုန်း (ခဲယဉ်းပါတယ်) ဒီဘဝ ရဖို့ကော (ခဲယဉ်းပါတယ်) ဒါဖြင့် ဘဝနဲ့ ဒီအလုပ်လုပ်တဲ့ ခဏကိုဖြင့် တို့သည် ဘယ်အခါကာလမှ မဖျောက်ဖျက်ပါဘူးဆိုပြီး ဆုံးဖြတ်ချက် ချကြပါ (မှန်ပါ)။
ဘဝနဲ့ ခဏဟာ နှမြောစရာ အကောင်းဆုံးပဲ (မှန်ပါ)။ ဒါတောင်မှ နောက်တုန်းက ခင်ဗျားတို့ နှစ်တွေ၊ ကုန်ခဲ့တဲ့ ဘဝက အတော်နာသွားတယ် (မှန်ပါ)။
အခု ဒီခဏကလေးမှ တစ်ခါ ဖျောက်ပစ်ကြဦးမယ်။ သားရေး၊ သမီးရေး၊ စီးပွားရေး ဆိုရင်ဖြင့် ခင်ဗျားတို့ လိပ်ကန်းထမ်းပိုးလိုပဲ လူ့ဘဝလဲ မရဘူး။ ဒီခဏကလေးကိုကော (မရပါဘူး)။ သွားရော့တဲ့။ တစ်ခါတည်း မှောင်ထဲမှာ မွေး မှောင်ထဲမှာ သေပဲ (မှန်ပါ)။ ဘယ်တော့မှ အလင်းရတော့မှာ မဟုတ်ဘူး (မှန်ပါ)။
အဲဒါကြောင့် ဝေဒနာသုံးပါးပေါ်ရာ လှည့်ရှုလို့ ခိုင်းရပြန်တယ် (မှန်ပါ)။ ဝေဒနာရှုရင်လဲ စိတ်ပါတာပဲ။ ရုပ်ကော (ပါပါတယ် ဘုရား) အကုန်ပါပါတယ်။ ဝေနေယျဇ္ဈာသယလိုက်၍ ဘုရားမြတ်စွာ တန်ဆာဆင်ဟောတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။