သစ္စာမသိရင် သံသရာရှည်သည်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့တွင်
ဟောကြားတော်မူသော တရားတော်
သစ္စာမသိရင် သံသရာရှည်သည်
သစ္စာသိအောင်လုပ်ပါ
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမ တွေအား ဆုံးမတော်မူတယ်။ ငါ၏ တပည့်သားတို့ သစ္စာများ သိအောင် လုပ်ကြပါကွ။ သစ္စာမသိလိုရှိရင်ဖြင့် အိုဘေး နာဘေး သံသရာကြီးဟာ ရှည်တယ်ကွတဲ့။
သစ္စာသိအောင်လုပ်ပါလို့ ရှေဦးစွာ တိုက်တွန်းတယ်။ (မှန်ပါ့)၊ သစ္စာမသိလို့ရှိရင်ဖြင့် အိုဘေး နာဘေးဆိုတဲ့ သံသရာကြီးဟာ ရှည်တယ်ကွာလို့ ဟောတယ်။ (မှန်ပါ့)။
ဘာသိအောင်လုပ်ရမလဲ။ (သစ္စာသိအောင်လုပ်ရပါမယ်)၊ မသိခဲ့သော် ဘာဖြစ်ကြပါလိမ့်။ (သံသရာ ရှည်ပါတယ်) မသိခဲ့သော် သံသရာရှည်တယ်ဆိုတာ ဒကာသစ်၊ ဒကာကြွယ်၊ ဦးလှဖူးတို့ သိကြပြီ။ (မှန်ပါ့)။
ဒါက ဒကာ ဒကာမတို့ ရှေ့နောက်မြင်တော်မူတဲ့ ပုဂ္ဂိုလ်ကြီးက ပြောတာလား၊ကျုပ်တို့ကိုရှေ့နောက် မမြင်တဲ့ပုဂ္ဂိုလ်က ပြောတာလားဆိုတဲ့ မေးခွန်းကထွက်လာတယ်။(မှန်ပါ့ ဘုရား)၊ ဒီတော့ ဘုရားမှာတော့ အတိတ်ကိုအာရုံ ပြုနေတဲ့ဉာဏ်လည်း ရှိတယ်။ အနာဂတ် လှမ်းသိတဲ့ ဉာဏ်ကလဲရှိ ပစ္စုပ္ပန်သိတဲ့ ဉာဏ်ကလည်းရှိတော့ ဒီ ဉာဏ်တော်ရှိတဲ့ ပုဂ္ဂိုလ်ကြီးက ပြောတာ။ အတိတ်လဲ သိနေခဲ့တာတွေ အကုန်ပြန်တွေးလို့ သိပါတယ်။
အနာဂတ်ကိုလဲ သတ္တဝါတွေအတွက် တွေးလိုက်ရင် သိပါတယ်။ပစုပန်အတွက် တွေးလိုက်ရင်လဲ သိပါတယ်။ အဲ့ဒီလို အတိတ် အနာဂတ် ပစ္စုပ္ပန်သုံးပါး သိတော်မူပြီး သိတဲ့ပုဂ္ဂိုလ်ကပြောတာပါ။ (မှန်ပါ့)၊ ဟာ ကျုပ်တို့ကိုမှန်းပြီးပြောတဲ့သဘောမျိုး ဒီလိုဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)
သစ္စာမသိလို့ရှိရင်
ဒါကြောင့် မင်းတို့သည် သစ္စာသိအောင် လုပ်ပါကွ၊ သစ္စာမသိလို့ရှိရင် အိုဘေး နာဘေး သေဘေး သံသရာကြီးကရှည်တယ်ကွလို့ ဟော်တော်မူပြီးထားတာလဲ ဪ အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ပြောတာပါလားဆိုတာ သေသေချာချာမှတ်ပါ။ (မှန်ပါ့ ဘုရား)။
ဪ ကိုယ်တော်မြတ်ကြီးက ဟောရှာတယ်လို့ ခင်ဗျာတို့က ရှာထည့်ပြီး မသုံးလိုက်ပါနဲ့။ (မှန်ပါ)၊ ကိုယ်တော် မြတ်ကြီးကဖြင့် ရှေ့နောက်မြင်လို့ ပြောရှာတာပဲဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးများက မကြိုက်ဘူး ဒကာကြွယ်ရေ။ (မှန်ပါ့)။ဒီအသံကို သုံးလာကထည်းက သူလျှောဈေးကို သွားတော့မလို့ဆိုတဲ့ အဓိပ္ပါယ် ပါလာတယ်။ (မှန်ပါ့)။
ကိုယ်တော် မြတ်ကြီးကဖြင့် ရှေ့နောက်မြင့်လို့ ပြောရှာတာပဲဆိုတဲ့ စကားဟာ ဒကာသစ်တို့ ဈေးချိုထဲ နေကြတာပဲလျှော့မလို့လား၊ ကြိုးစားလုပ်ပါ မယ်ဆိုတဲ့အသံထွက်မလို့လားဆိုတာ အကဲခတ်ကြည့်။ (လျှော့မလို့ပါ ဘုရား)၊ ဦးလှဖူး ကျေနပ်ပြီ။ (ကျေနပ်ပါပြီ ဘုရား)။
ကိုယ်တော်ကြီးကဖြင့် ရှေ့နောက်မြင်လို့ ပြောရှာတာပဲလို့ ဒကာကြွယ်တို့က ဒီလိုကလေး မသုံးလိုက် ပါနဲ့နော်။ (မှန်ပါ့ ဘုရား)၊ ဒီလိုသုံးလိုက်လို့ရှိရင်ဖြင့် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ လျှော့ဈေးကိုပင်လျှင် ကိုယ်သိမ်းပိုက်တော့ မလို့ဆိုတဲ့ အဓိပ္ပါယ်က ရောက်ပါတယ်။ (မှန်လှပါ ဘုရား)။
“ဟောရှာပါတယ်” လို့ကို မသုံးနဲ့
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဟောရှာတယ်-ဟောရှာတယ်လို့ဆိုတာ ခင်ဗျာတို့က တရားကို ကြည်ညိုပြီး လေးလေးနက်နက်ကျင့်သုံးမလို့ထွက်တဲ့ အသံလို့ထင်နေကြတယ်။ (မှန်ပါ့)၊ သူလျှော့မလို့ ထွက်လာတဲ့အသံလို့ မှတ်ကြစမ်းပါ။ (မှန်ပါ့)။
အဲ့ဒါကြောင့် ယဉ်သလိုလိုနဲ့ ကိုယ့်ရင်ဝကိုယ် လှံနဲ့ ထိုးတဲ့အသံ။ (မှန်ပါ့)၊ ကိုယ့်ရင်ဝကိုယ် လှံနဲ့ထိုးတဲ့ အသံဆိုတော့ကိုယ်ဒုက္ခကိုယ်မဖြတ်ချင်တဲ့အသံ။ (မှန်ပါ ဘုရား)
ဒါ့ကြောင့် ဒကာ ဒကာမတို့ အိမ်ကျတော့ တိုးတိုးတောင် မသုံးလိုက်ပါနဲ့၊ ဘုန်းကြီးကလဲ ဘုရားဟောတဲ့အတိုင်း ဟောရှာပါတယ်လို့ဆိုပြီး “ဟောရှာပါတယ်” လို့ကို မသုံးနဲ့။ သုံးလို့ရှိရင် လျှော့ဈေး သူ သွားတော့မည့် အသံဟာ သေချာပြီ။ (မှန်ပါ့)၊ အဓိပ္ပယ်ကောက်လိုက်တော့ “တို့ကသာ မလုပ်နိုင်ဘူး” ဆိုတာ ပြန်လှည့်တော့တယ်။(မှန်ပါ့)။
တို့က သားနဲ့ သမီးနဲ့ စီးပွားရေးနဲ့၊ ကိုယ်တော်မြတ်ကြီးကလဲ ဟောရှာတယ်။ ဘုရားတပည့်သားဖြစ်တဲ့ ဆရာဘုန်းကြီးကလဲ ဘုရားနည်း အတုလိုက်ပြီး သကာလ တို့အပေါ် ကယ်တင်မည်လို့ ပြောရှာတယ်လို့ လက်သိပ်ထိုးတောင် ဒီ “ရှာ” ကလေးဖြင့် မသုံးပါနဲ့လို့ ပြောလိုက်ပါတယ်။ (မှန်ပါ ဘုရား)။
ဘယ်နှယ်ကြောင့် ဒီ “ရှာ” ဆိုတဲ့ စကားကလေးကို ဒါလောက်ကန့်ကွက်ပါလိမ့်မလဲလို့ ဒကာသစ်တို့ ဒကာကြွယ်တို့ မေးဖို့မလိုဘူးလား။ (လိုပါတယ်)၊
ကိုယ့်ဟာကိုယ် လျှော့မလို့သုံးတာဖြစ်နေသောကြောင့်
ကိုယ့်ဟာကိုယ် လျှော့မလို့သုံးတာဖြစ်နေသောကြောင့် ကိုယ့်အကြောင်း ကိုယ်သိ အောင်လို့ ဘုရားက အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကာလသုံးပါးသိပြီး ဟောရှာတာ။ ဘုန်းကြီးကလဲ ဘုရားဟောအတိုင်း ပြောရှာသားဆိုတာကို သုံးကို မသုံးနဲ့။ (မှန်ပါ့ ဘုရား)၊
ကြည်ညိုသလိုလို ကိုယ့်ဒုက္ခကိုယ်လျှော့ပြီး သကာလ ငါသည် မလုပ်နိုင်သေးဘူးဆိုတဲ့ဘက်ကို လှည့်မလိုသုံးတဲ့အသံဆိုတာကော ကျေနပ်ပလား။ (ကျေနပ်ပါပြီ)၊ သဘောပါပလား။ (ပါ,ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာမသိရင် သံသရာရှည်လိမ့်မကွလို့ ဘယ်သူ ဟောသတုံး။ (ဘုရားက ဟောပါတယ်)၊
အဲ သစ္စာသိအောင်လုပ်ပါ။ သစ္စာမသိရင် သံသရာရှည်လိမ်မယ်ကွာလို့ဆိုတာ ခင်ဗျားတို့ သေသေချာချာ မှတ်ပါ။(မှန်ပါ့)။
သစ္စာသိပုံကလေး ရှေ့ပိုင်းကဘုန်းကြီး နည်းနည်းပြောချင်တာက ဒကာ ဒကာမတွေ သစ္စာမသိတဲ့ ပုဂ္ဂိုလ်နဲ့ သစ္စာသိတဲ့ပုဂ္ဂိုလ်နဲ့ အလွန်ခြားနားတယ်။ (မှန်ပါ့)၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ကတော့ ဒီဘဝက စုတေမနေ သေလွန်ရသည် ရှိသော် နောက်ဘဝ လူကောင်း, နတ်ကောင်းဖြစ်ရရင် တော်သေးရဲ့။ ဒါကြောင့် ဘဝကောင်းစားရေးလုပ်ရဦးမှပဲဆိုတဲ့ ပုဂ္ဂိုလ်ဟာ သစ္စာမသိလို့။ (မှန်လှပါ)။
လူကောင်း, နတ်ကောင်းရယ်လို့ ပါရဲ့လား
ဒီဘဝစုတေမနေ သေလွန်ရရင် လူကောင်း, နတ်ကောင်းဖြစ်ဖို့ဆိုတော့ နောက်ဘဝမှာ လူကောင်း, နတ်ကောင်းလား၊ ဇာတိ ဇရာ မရဏလာမှာလား။ (ဇာတိ ဇရာ မရဏ လာမှာပါ)၊ လူကောင်း, နတ်ကောင်းရယ်လို့ ပါရဲ့လား။ (မပါ,ပါ ဘုရား)၊
မလာတော့ ဒုက္ခ သစ္စာတွေလာမှာကို သူ မသိတာနဲ့ ဒီဘဝစုတေမနေ သေရလို့ရှိရင်ဖြင့် နောက်ဘဝ လူကောင်း, နတ်ကောင်း ဖြစ်အောင်တော့ ကြိုးစားမှာပဲဆိုတဲ့ဥစ္စာ ဒကာကြွယ် အသံကောင်းသလောက် သစ္စာမသိတာဘဲ။(မှန်ပါ့)။
အဲဒါ လူကြီးတွေကလဲ ဒီအတိုင်းပဲ ဆုံးမပြီး နင် ဒီဘဝမှာ အရုပ်ဆိုး, အကျည်းတန် ဆင်းရဲသားသားသမီး ဖြစ်နေတယ်၊ နင် နောက် ဒီဘဝထက်ဆိုးမှာပေါ့၊ အဲ့ဒါ နင် အရုပ်ဆိုး အကျည်းတန်လဲပျောက်အောင်၊ ဆင်းရဲသား သားသမီးမှလဲ နောက်ဘဝ နင် လွတ်အောင် နင်သည်ကား လို့ဆိုလို့ရှိရင် လုပ်ပါလား။ ပြုထိုက်တဲ့ ဝဋ္ဋ ကုသိုလ်တွေ လုပ်ပါလား ဆိုတော့ ဟောတဲ့ ပုဂ္ဂိုလ်ကလဲ သစ္စာမသိဘူး။ (မှန်ပါ့)၊ နာတဲ့ပုဂ္ဂိုလ်ကလဲ (သစ္စာမသိပါ ဘုရား)၊ မသိတဲ့ပုဂ္ဂိုလ်က နောက်က လိုက်ပြန်ပြီ။ (မှန်ပါ့)။
မသိတဲ့ပုဂ္ဂိုလ်က လမ်းပြ
မသိတဲ့ပုဂ္ဂိုလ်က လမ်းပြ၊ မသိတဲ့ပုဂ္ဂိုလ်က နောက်ကလိုက်နေတယ်။ (မှန်ပါ့)၊ သွားပြီ ဒကာသစ်ရေ (မှန်ပါ့)၊ မသွားသေးဘူးလား။ (သွားပါတယ် ဘုရား)။
အဲဒါ ဒကာ ဒကာမတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်ပိုင်စဉ်းစားတော့မှ ဪ တို့ရွာထဲရပ်ထဲမှာ သုံးနှုန်းပြီး သကာလ အိမ်နီးချင်း လူကြီးသူမတွေရာယ်လို့ တို့ကဖြင့် ကိုးကွယ်ဆည်းကပ်ပြီး သကာလ နေလိုက်တာ၊ သူတို့ပြောတဲ့ တရားကဖြင့်သစ္စာမသိတဲ့ တရားဖြစ်သောကြောင့် သံသရာရှည်ပါပေါ့လားဆိုတာ ကိုယ်တိုင်တွေးကြ။(မှန်ပါ့)။
ဒကာကြွယ်တို့လဲ မသိခင်တုန်းက ခေါင်းဆောင်ကြီးလုပ်ပြီး ဒီအသံမျိုးတွေ အတော်သုံးခဲ့တာပေါ့ဗျာ။ (မှန်ပါ့)၊ သုံးပင်သုံးငြား သော်လဲ ကိုယ့်အသုံးက သစ္စာသိတဲ့ အသုံးလား၊ မသိတဲ့အသုံးလား။ (မသိတဲ့အသုံးပါ ဘုရား)၊
ဪ မသိတာက ခေါင်းဆောင်တော့၊ မလိမ်မာတာက နောက်က လိုက်ပြီးတော့ ဘဝပြတ်ရေးကို မလုပ်ဘဲနဲ့ ဘဝကောင်းစား ရေးလုပ်တဲ့အခါကျတော့ ဆွဲသူလဲ ချောက်ကျ၊လိုက်သူလဲ ချောက်ကျ တော့တာပဲ။(မှန်ပါ့) နှစ်ယောက်ချောက်ကျ သွားတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာမသိ သိအောင်လုပ်ပါကွတဲ့။ (မှန်ပါ့ ဘုရား)၊ မသိရင် သံသရာ ရှည်တော့မယ်။(မှန်ပါ့)။
သံသရာဆိုတာ
သံသရာဆိုတာက အပြောကလေးက သံသရာလို့ဆိုသလောက် ဒုက္ခကတော့ မသေးလှပါဘူး။ (မှန်ပါ့) သံသရာဆိုတာ ဟောဒီမှာ ဝက်ဖြစ်ပြီး၊ သူများပါးစပ်ထဲမှာ လမ်းဆုံးပြီး၊ ဟောဟိုနားမှာ ကြက်ဖြစ်ပြီး သူများပါးစပ်ထဲ လမ်းဆုံးတာ၊ ဒီလို စသည် ဒုက္ခတွေ ဆက်ဆက် ဆက်ဆက်ဖြစ်နေတာ သံသရာခေါ်တယ်။ (မှန်ပါ့)၊ ကဲ ဘယ်သံသရာ ကြိုက်သလဲ။ (ဘယ်သံသရာမှ မကြိုက်ပါ ဘုရား)။
ဝက်ဖြစ်ပြီး သူများပါးစပ်ထဲ လမ်းဆုံးတဲ့ သံသရာရယ်၊ ကြက်ဖြစ်ပြီး သူများပါးစပ်ထဲလမ်းဆုံးတဲ့ သံသရာရယ် ဒီလိုစသည်တွေဟာ သံသရာပဲ။ (မှန်ပါ့)။
အဲဒီတော့ သံသရာရှည်တယ်ဆိုတော့ သာမညကြည့်ရင် စကားက ယဉ်တယ်နော်။ (မှန်ပါ့)၊ သေသေချာချာ စဉ်းစား၊ သူများပါးစပ်လမ်းဆုံးတဲ့ဘဝတွေ စတဲ့ဒုက္ခတွေချည့်ဖြစ်ရတော့ တော်လောက်ပါပြီ။ (မှန်ပါ့)၊ သံသရာဖြင့် ဖြတ်ကြပါတော့။ (မှန်ပါ့)၊
ဘုရားသခင် ကိုယ်တော် မြတ်ကြီးက တိုက်တွန်းသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သစ္စာမသိရင် သံသရာရှည်တယ်ဆိုတာ သေသေချာချာမှတ်ပါ။ (မှန်ပါ့)။
သံသရာဆိုတာ ဘာပါလိမ့်၊ သူများပါးစပ်ထဲ စားဖတ်ဝါးဖတ်အဖြစ်နဲ့ လမ်းဆုံးရတာတွေ၊ ပဋိသန္ဓေ ဒုက္ခ၊အို,နာ,သေ ဒုက္ခတွေ မပြတ်ဖြစ်နေတာ သံသရာ(မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ကဲ ဒီသံသရာထဲ ဘယ်သူလည်ချင်ကြသလဲ။ (ဘယ်သူမှ မလည်ချင်ပါ ဘုရား)၊ ဘယ်သူမှ မလည်ချင်ရင် သစ္စာသိအောင် လုပ်ရလိမ့်မယ်။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။
သူများ စားဖတ်ဝါးဖတ်ဆိုတာ
သူများ စားဖတ်ဝါးဖတ်ဆိုတာက တိရစ္ဆာန်သံသရာလည်ပုံပြောတာ။ (မှန်ပါ့)၊ ငရဲသံသရာကျတော့ တော်တော်ကြာ လောဟကုမ္ဘီ ငရဲကျလိုက်၊ တော်တော်ကြာ အဝီစိကျလိုက်။ (မှန်ပါ့)၊ တော်တော်ကြာကျလို့ရှိဖြင့် ဒကာ ဒကာမတို့ ငရဲကြီးရှစ်ထပ်၊ အမျိုးမျိုးသော ငရဲငယ် တစ်ရာ့နှစ်ဆယ်တွေ လှည့်လိုက်။ ဒါကော ဘယ်သူလှည့်ချင်သတုန်းမေးရင် (ဘယ်သူမှ မလှည့်ချင်ပါ ဘုရား)၊ လှည့်ရတာကို ဘာခေါ်ကြမယ်။ (သံသရာပါ ဘုရား)။
ဒါဖြင့် အဲဒီပုဂ္ဂိုလ်တွေ ဘယ့်နှယ်ကြောင့် ဒယ်အိုးတွေ ပြောင်းပြီး လှည့်နေရပါလိမ့်မတုန်းမေးလို့ရှိရင်လဲ ဘယ်လိုအဖြေထွက်ကြမတုန်း။ (သစ္စာမသိလို့ပါ ဘုရား)။
ဪ ဒါဖြင့် သစ္စာသိအောင်လုပ်လိုက်ပါဆိုတာ ဒကာသစ်ရေ တိုက်တွန်းရပြန်တယ်။ (မှန်ပါ့)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက၊ အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ဟောသောကြောင့် အယုံကြီးသာယုံပြီး မှတ်ပါတော့။ (မှန်ပါ့)၊ အမြင်က အင်မတန်ကျယ်တယ်နော်။ အင်မတန် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က မှာလုံးကို အကြီးဆုံးမှာ တာကိုလဲဒကာ ဒကာမတွေ သစ္စာသိဖို့အရေးကို မည်မျှလောက် ကြီးကြီးကျယ်ကျယ် မှာတယ် ဆိုတာကိုလဲ အကဲခတ် ကြည့်ပါ။ (မှန်ပါ့)။
အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ပြောတာနော်။ (မှန်ပါ့)၊ မင်းတို့ကွာတဲ့၊ တစ်ယောက်သောပုဂ္ဂိုလ်က၊ ဥပမာ ဒကာသစ်က သစ္စုာသိချင်တယ်၊ ဘုန်းကြီးက သစ္စုာပြောတတ်တယ်ထားပါတော့။ (မှန်ပါ့)၊
ဒကာသစ်က သိအောင် ကျုပ်ကို ပြောပေးပါလို့ တောင်းပန်တော့ကို သစ္စာသိတဲ့ပုဂ္ဂိုလ်က ဈေးကိုင်တယ်။ (မှန်ပါ့)၊ ဒကာသစ်ရေ မနက်ကို ခင်ဗျားအား လံှအချက်တစ်ရာ ထိုးမယ်၊ နေ့လယ် လှံအချက်တစ်ရာ ထိုးမယ်၊ ညနေကျတော့ လှံအချက်တစ်ရာ အထိုးခံရလိမ့်မယ်။
လှံအချက်သုံးရာ အထိုးခံပြီးမှ
လှံအချက်သုံးရာ အထိုးခံပြီးမှ ခင်ဗျားကို သစ္စာပြောမယ်လို့ သစ္စာသိတဲ့ပုဂ္ဂိုလ်က ဈေးကိုင်ထားတယ်၊ ဒီတော့မှ ဒကာသစ်ရေ ခံလိုက်ပါလို့ ဘုရားက ဟောတယ်။ (မှန်ပါ့)၊ ဘယ်လောက်အဖိုးတန်လို့လဲဆို ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
ဒီလှံအချက်သုံးရာထိုးတဲ့ ဥစ္စာဟာ တစ်ဘဝတစ်ခါသေတာပါ။ သစ္စာမသိလို့ရှိရင် သူများပါးစပ်ထဲမှာ ခုနင်က ဝက်ဖြစ်လို့ သူများပါးစပ်ထဲသေရ၊ ကြက်ဖြစ်လို့ ပါးစပ်ထဲသေရ၊ ပုရစ်ဖြစ်လို့ ပါးစပ်ထဲသေရ၊ ဒယ်အိုးတွေ အမျိုးမျိုးပြောင်းနေရ၊ မြေကြီးပေါ်မှာ တွင်းတွေ အမျိုးမျိုးပြောင်းပြီး သကာလ သေပွဲဝင်ရ၊ ဒါတွေနဲ့စာတေ့ာ လှံအချက်သုံးရာဟာ ဘာမှမဖြစ်လောက်ပါဘူး၊
ဟိုက ကိုးသန်းကိုးသိန်းမက ဒီ့ထက်ကြီးတဲ့ ဒုက္ခတွေခံရမှာဖြစ်နေတော့ ဘုရားက ခံသာခံလိုက်ပါ လှံအချက်သုံးရာ၊ သစ္စာသိရင် ကိစ္စပြီးပါတယ်တဲ့။ (မှန်ပါ့)၊ ဒီတော့ ဘယ်လောက် အရေးကြီးလို့ ဘယ်လောက် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က အင်မတန်အရေးကြီးထားပြီး ပြောတဲ့စကားပဲဆိုတာ မဟာဝဂ္ဂသစ္စသံယုတ် ပါဠိတော်မှာ သေသေချာချာလာပါတယ်။ (မှန်ပါ့)။
သစ္စာမသိရင် ဘာဖြစ်သတဲ့တုန်း
ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိထိုက် မသိထိုက်ဗျာ (သိထိုက်ပါတယ် ဘုရား)၊ သစ္စာမသိရင် ဘာဖြစ်သတဲ့တုန်း။ (သံသရာရှည်ပါတယ် ဘုရား)။
ကဲ ဒကာသစ်ရေ လှံအချက်သုံးရာဆိုတာ ဖြစ်လောက်ပါရဲ့လား။ (မဖြစ်လောက်ပါ ဘုရား)၊ ကိုးသိန်းကိုးသန်း မက ဒီ့ထက်ကြီးတဲ့ ဒုက္ခတွေ တွေ့ရမှာနဲ့စာရင် လှံအချက်သုံးရာအထိုးခံရတဲ့ ဒုက္ခဟာ ဘာမှမဖြစ်လောက်ပါဘူး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
သစ္စာသိရင် ပထမသစ္စာသိသည်နဲ့ တစ်ပြိုင်နက်တည်း စတူဟာပါယေဟိစ ဝိပ္ပမုတ္တော။ (မှန်ပါ့)၊ စတူဟိ လေးပါးကုန်သော။ အပါယေဟိစ အပါယ်တို့ မှလည်း။ ဝိပ္ပမုတ္တော လွတ်သည်။ ဟောတိ ဖြစ်၏၊
ကိုင်း သစ္စာကလေးသိလိုက်တာနဲ့ ဒကာ ဒကာမတို့ ပထမအကြိမ် သစ္စာကို မဂ်နဲ့သိလိုက်တာနဲ့ ဒကာကြွယ် အပါယ်လေးပါး လွတ်ပါလား။ (မှန်ပါ့)၊ ကိုင်း သူများပါးစပ်ထဲ လမ်းဆုံးတာတွေ ဘယ့်နှယ်နေသတုန်း၊ (လွတ်ပါတယ် ဘုရား)၊ ဒယ်အိုးပြောင်းရ တာတွေကော (လွတ်ပါတယ် ဘုရား)။
ဒကာသစ် လှံအချက်သုံးရာအထိုးခံရတာ ဝန်လေးစရာရှိရဲ့လား။ (မရှိပါ ဘုရား)၊ ပထမသစ္စာ တစ်ချက် တည်းသိ လိုက်တာနဲ့ ကိစ္စပြီးသွားတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)။
ဒါ့ကြောင့် မင်းတို့သည်ကားလို့ဆိုရင်ဖြင့်၊ သစ္စာသိအောင်ဖြင့်၊ လုပ်သာလုပ်ပါကွာ ဆိုတာဖြင့် တိုက်တွန်းထိုက် မတိုက်တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား)၊ ဒကာကြွယ် မပေါ့နဲ့နော်။ (မှန်ပါ့)။
ကိုင်း အားလုံး ဒကာ ဒကာမတွေ ယခုဘဝ စုတေမနေ သေလွန်လို့ရှိရင် သစ္စာမသိဘဲနဲ့ သေရင်ဘယ်သွားရ မှန်း မသိဘူး။ (မှန်ပါ့)။
ဪ ဒါဖြင့် ဘယ်သွားရအောင် သေသေချာချာ သိရအောင်လဲ သိသိသွားလို့ရှိရင် လမ်းများဘူးပေါ့ဗျာ။ (မှန်ပါ့)၊ မသိဘဲနဲ့ သွားလို့ရှိရင်ဖြင့် ကျချင်သလို ကျလိမ့်မယ်နော်။ (မှန်ပါ့)။
ကျချင်သလိုကျဆိုတာ
ကျချင်သလိုကျဆိုတာ ဒကာကြွယ် သစ္စာမသိလို့ရှိရင် တစ်နည်း ဥပမာပြောလိုက်ဦးမယ်နော်။ (မှန်ပါ့)၊ တုတ်ကလေးနှစ်တောင်လောက် ဒကာသစ်ကဖြတ်လိုက်တာပေါ့။ အရင်းနဲ့အဖျားတော့ နဂိုက သစ်ပင်ကတော့ ပါပြီသားပေါ့ဗျာ။ (မှန်ပါ့)၊ ဒါကလေ တင်မြှောက်လိုက်တဲ့အခါကျတော့ ဒကာသစ်ရေ လက်အားအရှိန်ကရှိတော့ တစ်ခါတလေ အရင်းကနေကျချင် လဲကျမယ်၊ မြေပေါ်ကနေ မြှောက်လိုက်တဲ့အခါလေ။ (မှန်ပါ့)၊ မြေပေါ်ကနေ မြှောက်ပြီးမြေပေါ်ကျအောင် လုပ်တဲ့အခါကျလို့ရှိရင် အရင်းကနေ ကျချင်ကျမယ်။ အဖျားကကော (ကျချင်ကျမှာပါ ဘုရား)၊ အလယ်ကကော (ကျချင်ကျမှာပါ ဘုရား)၊ အမျိုးမျိုးကျချင်သလို ကျမှာပေါ့ဗျာ။ (မှန်ပါ့)၊
အဲ ဒကာကြွယ်တို့၊ ဦးလှဖူးတို့ သစ္စာသာ မသိလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကောင်းကင်မြှောက်တဲ့ တုတ်ပမာ ကျချင်သလိုကျမှာ ငါဘုရား မြင်တော်မူတယ်တဲ့ ။ (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ကားလို့ဆိုလို့ရှိရင် မှန်းခြေပေါက်ကလေးကျရင် ကောင်းမယ်နော်။ (မှန်ပါ့)။
သစ္စာသိတဲ့ ပုဂ္ဂိုလ်မှ မှန်းခြေပေါက်ဖြစ်နိုင်
မှန်းခြေပေါက်ဆိုတာ ဒကာ ဒကာမတို့ ခုနင်က သစ္စာသိတဲ့ ပုဂ္ဂိုလ်မှ မှန်းခြေပေါက်ဖြစ်နိုင်ပါတယ်။ (မှန်ပါ့)။
ဒါဖြင့် အခု တရားလဲ တော်တော်ကြာပါပြီ။ ဒကာ ဒကာမတို့ဘာကို အရေးတကြီး ပြောနေပါလိမ့်မလဲ ဆိုတာ ရှင်းကြလောက်ပါပြီ။ (ရှင်းပါပြီ ဘုရား)၊ ဘာသိဖို့ပါလိမ့်။ (သံသရာရှည်ပါတယ် ဘုရား)၊ သံသရာရှည်ဆိုတာ သူများပါးစပ်ထဲ လမ်းဆုံးရတာရှည်တယ်။ (မှန်ပါ့)၊ ဒယ်အိုးပြောင်းရတာ (ရှည်ပါတယ်)။
အဲဒါ သံသရာခေါ်တယ်။ ပါးစပ်သံသရာလို့ မယူလိုက်ပါနဲ့ ဝက်ဖြစ်လို့ သူများပါးစပ်ထဲသေရ၊ ခေါင်းထဲထည့်ပြီး အလောင်းမြုုပ်လိုက်ရ။ (မှန်ပါ့)၊ ပုရစ်ဖြစ်လို့ သူများပါးစပ်မြှုပ်လိုက်ရ။ (မှန်ပါ့)၊ ယုန်တို့, ပဒတ်တို့, ဖွတ်တို့ဖြစ်လို့ သူများပါးစပ်ထဲ မြှုပ်လိုက်ရ။ (မှန်ပါ့)၊ အဲဒါကို ဘာခေါ်ကြမလဲ။ (သံသရာပါ)၊ ဟို ဒယ်အိုးပြီး ဒီဒယ်အိုးထဲပြောင်းပြီး ခံရတာတွေကော (သံသရာပါ ဘုရား)၊ ဟို အမိဝမ်းခေါင်းထဲ ဒုက္ခရောက်ပြီး ဒီအမိဝမ်းခေါင်းထဲမှာ ပြောင်းလိုက် ရတာကော (သံသရာပါ ဘုရား)၊ ကိုင်း ဒါဖြင့် သံသရာဆိုတာ ဒုက္ခစက်လည်တာ သံသရာ။ (မှန်ပါ့)။
ဒုက္ခစက်လည်တာ သံသရာ
သံသရာဆိုတာ ဘာပါလိမ့်။ (ဒုက္ခစက်လည်တာပါ ဘုရား)၊ ဒကာသစ် ရှင်းပါပြီ။ (ရှင်းပြီးပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ သစ္စာသိရင် အပါယ်လေးပါးမှ လွတ်ပြီး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါ့ကြောင့် မနေ့က သုတ်ကိုပဲ ဒကာ ဒကာမတို့ အလုပ်နဲ့တကွ ပြကြဦးစို့။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကုရုတိုင်းမှာ သီတင်းသုံးပြီး သကာလ နေပါတယ်။ (မှန်ပါ့)၊ ဘုရားက တစ်နေရာမှာ သီတင်းသုံးတော်မူလိုက်တယ် ဆိုရင် သံဃာတွေက ဝိုင်းလာကြတယ်။ ဝိုင်းလာတာကလဲ ထူးထွေတဲ့ တရားတွေ၊ အင်မတန်မွန်မြတ်တဲ့တရားတွေ၊ အသက်တမ်းတိုတဲ့ ခေတ်ထဲမှာ ပွင့်တော်မူတော့ ဒါတွေ မနာလိုက်လို့ရှိရင် ကိုယ်ကျိုးနည်းချည်ဆိုပြီး တရားနာဖို့ စောင့်နေကြတယ်။ (မှန်ပါ့)။
ထိုကဲ့သို့ သံဃာတွေစောင့်နေတဲ့အချိန်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အလယ်က ထိုင်တော်မူပြီး သံဃာတွေက ဝိုင်းလို့ ရှိခိုးဦးတင်ပြီး သကာလ နေတုန်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ မင်းတို့ ခန္ဓာကိုယ်များ သုံးသပ်ကြရဲ့လားလို့ မေးတော်မူလိုက်တယ်နော်။ (မှန်ပါ့)၊ မင်းတို့ ခန္ဓာကိုယ်များ သုံးသပ်ကြရဲ့လား၊ ဆင်ခြင်ကြရဲ့လားလို့ မေးလိုက်တယ်။ (မှန်ပါ့)။
ဘယ်လို မေးလိုက်ပါလိမ့်။ (ခန္ဓာကိုယ်များ သုံးသပ်ကြရဲ့လား၊ ဆင်ခြင်ကြရဲ့လားလို့ မေးလိုက်တယ်)။ (မှန်ပါ)။
ခန္ဓာကိုယ် သုံးသပ်ကြရဲ့လား
ခန္ဓာကိုယ် သုံးသပ်ကြရဲ့လား၊ ဆင်ခြင်ကြရဲ့လားလို့ မေးလိုက်တဲ့အခါ ရဟန်းတစ်ပါးက အရှင်ဘုရား တပည့်တော်သုံးသပ်ပါတယ်ဘုရားလို့ လျှောက်တယ်။ (မှန်ပါ့)၊
ဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းဘယ်လိုသုံးသပ်သတုန်းလို့ မေးတဲ့အခါ တပည့်တော်သည် ခန္ဓာကိုယ်ထဲမှာ ကေသာလောမာနခါဒန္တာ ဆိုတဲ့ သုံးဆယ် ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချပြီး နာကြစမ်းပါ။ (မှန်ပါ့ ဘုရား)၊နားနဲ့ ထောင်ပြီး ဉာဏ်နဲ့ ဝေဖန်ပါလို့ ဘုရားက ဆုံးဖြတ်ချက် ချပေးလိုက် တယ်နော်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးထဲမှာ အိုမှု, သေမှု ဟာမပြီးဆုံးသေးသော ဒုက္ခပါပဲ။(မှန်ပါ့)။
အဲဒီ အကြီးဆုံးသော အိုမှု, သေမှုဒုက္ခ ဘယ်ကများလာတယ်ဆိုတာကို မင်းတို့ သုံးသပ် ပေးချင်တယ်ကွာတဲ့။ အိုမှု, နာမှု ဘယ်ကလာတယ်ဆိုတာ သုံးသပ်စေချင်တယ်တဲ့။(မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာကို သုံးသပ်စေချင်ပါလိမ့်။ (အိုမှု, နာမှု ဘယ်ကလာတယ်ဆိုတာ သုံးသပ်စေချင်ပါတယ် ဘုရား)။
(အိုမှု, နာမှု ဘယ်ကလာတယ်ဆိုတာ ဘုရားသခင် အလိုတော်ကျနော်။ (မှန်ပါ့)။
အိုမှု, နာမှု ကိုဘုန်းကြီးက ရှင်းပြမယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အိုမှု, နာမှု ကိုဘုန်းကြီးက ရှင်းပြမယ်။ (မှန်ပ့ါ)၊ ဒကာ ဒကာမ တွေ၏ခန္ဓာ ကိုယ်ထဲမှာ အခု စမ်းကြည့်ကြစမ်းပါ။ ကိုယ့်ကိုယ်ကိုယ် စမ်းကြည့်တော့ ညာဘက်လက်ဝါးကလေးနဲ့ ရင်ဘတ် စမ်းကြည့်ကြည့်၊ လက်မောင်းစမ်းကြည့်ကြည့်၊ နွေးကြသလား လို့မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ။ (နွေးပါတယ် ဘုရား)၊ ဪ ဒကာ ဒကာမတို့ ဒါဟာ လောင်မြိုက်နေတာပါကလား။ (မှန်ပါ့)။ အတွင်းတွင် လောင်နေတာပါကလား။ (မှန်ပါ့)၊ တေဇောဓာတ် လောင်နေပါပေါ့လာ။ (မှန်ပါ့)။
ဒီ တေဇောဓာတ် ဘာကို လောင်နေပါလိမ့်မတုန်း ဆိုတော့ ဒကာ ဒကာမတွေ အရေတွန့်အောင် ၊ သွားကျိုးအောင်၊ ဆံဖြူအောင်၊တင်းတိပ်မှည့်မည်းတွေ စွဲကပ်အောင်လောင်နေတဲ့ တေဇောပါကလား။ (မှန်ပါ့ ဘုရား)၊တေဇော ကလောင်ပြီး သကာလ နေတော့ သူက အိုအောင်လုပ်နေပါကလား။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ဘယ်သူက အိုအောင်လုပ်နေတာတုန်း။(တေဇော က အိုအောင်လုပ်နေတာပါ ဘုရား)၊ တေဇောကအိုအောင် လုပ်နေတယ်၊ ဒကာ ဒကာတွေ အခု တရားနာရင်းကို မသက်သာပါကလား။ (မှန်ပါ့)၊ တရားနာရင်း စမ်းကြည့်ပါဦး။
ကိုယ့်ကိုယ်မှာလဲ နွေးနွေးကလေးများ ရှိပါရဲ့လား။ (ရှိပါတယ် ဘုရား)၊ ဘာလုပ်နေတာပါလိမ့်။ (အိုအောင်လုပ်နေတာပါ ဘုရား)၊ ဘယ်လိုဖြစ်အောင်လို့ လောင်ပါလိမ့်မလဲ ဆိုတာ အကဲခတ်ကြည့်စမ်း၊ (အိုအောင် လောင်နေတာပါ ဘုရား)။
အိုအောင်လောင်တဲ့ တေဇောက လောင်လျက်ပဲ
ဟာ ဒကာကြွယ်တို့ တရားအားထုတ်နေကြတယ်၊ တရားနာနေကြတယ်။ ဆရာဘုန်းကြီးကလဲ တရားနဲ့ ကယ်တင်နေတယ်လို့ ဆိုငြားသော်လဲ ဆရာဘုန်းကြီးမှာလဲ အိုအောင်လောင်တဲ့ တေဇောက လောင်လျက်ပဲ။ (မှန်ပါ့)၊
ဒကာ ဒကာမတွေလဲ အိုအောင်လောင်တဲ့ တေဇောက လောင်လို့ အိုရင်းမတ္တနဲ့ တရားနာနေတယ်။ (မှန်ပါ့)၊ လွတ်လပ်ကြပါရဲ့လား။ (မလွပ်လပ်ကြပါ ဘုရား)။
အဲဒါကို သုံးသပ်ကြပါကွာလို့ ပြောတာကို ခုနင်က သုံးဆယ့်နှစ် ကောဋ္ဌာသလောက် လျှောက်တဲ့ ရဟန်းနဲ့တော့ ကန့်လန့်ကြီး မနေဘူးလား။ (နေပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လွတ်လပ်ကြပါရဲ့လား။(မလွတ်လပ်ပါ ဘုရား)၊ဒီနားမှာ တေဇော လောင်နေတယ်၊ ဟိုနားရွှေ့ပါဦးမယ်ဆိုတော့ ဒီခန္ဓာထဲ ပါတဲ့တေဇောဖြစ်နေတယ်။ ဟိုနားကျတော့လဲ လောင်လျက်ပဲ။ (မှန်ပါ့)၊ဟိုဘက် နားရွှေ့ပြန်တော့ကော (လောင်လျက်ပါ)၊
ဪ ဒကာ ဒကာမတို့ လောင်နေတော့ဇရာပိဒုက္ခာ ဆိုတာ နှိပ်စက်နေတာပဲ။ (မှန်ပါ့)၊ ဒီခန္ဓာကြီးဟာ ဇရာပိဒုက္ခာဆိုတာ မမှန်ဘူးလား။ (မှန်လာပါတယ်)၊ ဒီကနေပြီး သကာလ ဒီအရပ်ပူလှ မေမြို့ရွှေ့ပါမယ်ဆိုတော့လဲ ဒီအပူဓာတ်က ပါသွားတယ်။ (ပါ, ပါတယ် ဘုရား)၊ ပါသွားတော့ ဒီအပူဓာတ်ကြီးကဒီ အပူဓာတ်ကြီးက ဒီမှာ အိုတာက နည်းနည်းလောင်တယ်၊ ဟိုကျတော့ အချိန်ကြာကြာလောင်ရလို့ ပိုပြီး အိုလွယ်တယ် ဆိုတာ မသေချာဘူးလား။ (သေချာပါတယ်)။
ဒါကြောင့် ဒကာ ဒကာမတို့ ဘယ်မှာ တိုက်တွေတာတွေ အိမ်တွေ ဝယ်ကြပြီး သကာလ ဥတုပြောင်းနေကြငြား သော်လဲ ဒီတေဇောက သွားရာ လိုက်လောင်နေတော့ ဒကာ ဒကာမတို့ အိုမှုဒုက္ခကြီးဟာ ဘယ်မှာနေနေ မလွတ်ဘူးဆိုတာ ပေါ်လာကြပလား။ (ပေါ်လာပါပြီ)။
ဇာတိပိဒုက္ခာဆိုတာ
အဲဒီလို သုံးသပ်လိုက်တဲ့ အခါကျတော့မှ ဪ ဇာတိပိဒုက္ခာဆိုတာ ဒီခန္ဓာရှိသရွေ့ ဘယ်အခါကာလမှ မလွတ်ပါလားဆိုတာ ဒီလို သုံးသပ်ကြစမ်းပါ။ (မှန်ပ့ါ)။
ဒီ တေဇောက အအေးတွေက ပတ်လို့ ပြင်းများလာတဲ့အခါကျတော့ အပူဒီဂရီ ၁၀၀ ကျော်များ ပြဒါးဒိုင်က ဖြစ်နေတယ်။ နာအောင်လောင်ပြန်ပြီ ဒကာ ဒကာမတို့။ (မှန်ပါ့)။
ဘယ်လိုလုပ်ပြန်ပါလိမ့်။ (နာအောင်လောင်ပါတယ် ဘုရား)၊ နာအောင်လောင်ပြန်ပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဟာဖြင့် ဒီတေဇောက ပြင်းထန်လာပြန်တော့ နာအောင်လောင်တယ်။ မပြင်းထန်ချိန်တော့အိုအောင် လောင်တယ်။(မှန်တယ်)။
တေဇောလွတ်အောင် ပြေးရမှာလဲ ဒကာသစ်တို့က လမ်းမသိ၊ဒကာကြွယ်တို့က လမ်းမသိ။ (မှန်ပါ့ ဘုရား)၊ ယခုတော့ဖြင့် ပြေးရာမှာ သူက ပါနေတယ်။ (ပါ,ပါတယ် ဘုရား)၊ အံမာလေး ဒကာ ဒကာမတွေ ကံဆိုးမသွားရာ မိုးလိုက် လို့ရွာဆိုသလို ခန္ဓာသွားရာ တေဇောပါနေတယ်။ (ပါ,ပါတယ် ဘုရား)၊ ခန္ဓာသွားရာမှာ တေဇောက ပါနေတယ်ဆိုတော့ အိုအောင်လုပ်မည့် တေဇောကလဲ ပါလျက် (မှန်ပါ့)၊ နာအောင်လုပ်မည့် တေဇောကကော။ (ပါလျက်ပါ ဘုရား)။
ဒီ တေဇောတွေပါလျက် ဖြစ်နေတော့ အိုတာလဲ ဒုက္ခသစ္စာ၊ နာတာလဲ။ (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုင်း မင်းတို့ကို အိုအောင်လုပ်တာလဲ ငါပဲ၊ သေအောင်လုပ်တာလဲ ငါပဲလို့ တေဇောက ဒကာ ဒကာမတွေ နှိပ်စက်ပြီး သကာလ နေတော့ တိုက်ကြီး ဆယ်ထပ်ပေါ်နေလဲ မရပါဘူး။ (မှန်ပါ့)၊ အအေးဓာတ်, အပူဓာတ်တွေနဲ့ ကာကွယ်နေပြန်တော့ကော။ (မရပါဘူး ဘုရား)၊ မရဘူး လောင်တာပဲ။ အတွင်းက လောင်တာကိုးဗျ။ (မှန်ပါ့)။
အိုအောင်လုပ်တာလဲ ဘာခေါ်ကြမလဲ
ဒါ့ကြောင့် ဒကာ ဒကာမတို့ အိုအောင်လုပ်တာလဲ ဘာခေါ်ကြမလဲ။ (တေဇောဓာတ်ပါ ဘုရား)၊ ဒီအိုအောင်လုပ်တဲ့ တေဇောက အိုအောင်လုပ်နေတဲ့ ခန္ဓာကြီးကို ဘာသစ္စာဖွဲ့ကြမလဲ။ (ဒုက္ခသစ္စာပါ)၊
ပီဠနဋ္ဌော သတ္တဝါကို ညှာတာမဖက်အမြဲနှိပ်စက်နေပြီး ကိန်းရာပုဂ္ဂိုလ် ညှာတာမဖက် အမြဲနှိပ်စက်နေတာ တေဇောပါလား။ (မှန်ပါ့)၊ တော်တော်ကြာ တစ်ရက်ခြားဖျား၊ နှစ်ရက်ခြားဖျား၊ ကျောက်တွေများ ပေါက်လာအောင်နာမှုလောင်ပစ်လိုက်တာကော မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊
အဲဒါလဲ ဘာပါလိမ့်ဗျာ။ (တေဇောပါ ဘုရား)၊ တေဇောပဲဆိုတာ ပေါ်လာပလား။ (ပေါ်လာပါပြီ)၊ ဒါကလဲ ဟိုနေရာရွှေ့သွားတော့ ဒီလူထဲမှာပဲ ပါသွားတာပဲ။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ကဲ ဒီတေဇောကလဲ ငါရုပ်သိမ်းပါတော့မယ်ဆိုတော့ အေးသွားတယ်။ (မှန်ပါ့)၊ အေးသွားတော့လဲ သွေးဆုတ်ပြီ သေပြီ။ (မှန်ပါ့ ဘုရား)၊ တေဇောဓာတ်ကပဲသတ်လိုက် ပြန်တယ်။ (မှန်ပါ့)။
အိုအောင်လုပ်တာလဲ (တေဇောပါပဲ)၊ နာအောင်လုပ်တာလဲ (တေဇောပါပဲ)၊ သေအောင်လုပ်တာလဲ (တေဇောပါပဲ)။
ဒကာ ဒကာမတို့ အနွေးရှိပြန်တော့လဲ အိုအောင်လုပ်တယ်၊ အပူရှိပြန်တော့ကော နာအောင်လုပ်တယ်။ သူတို့ချုပ်ငြိမ်းသွားပြန်တော့လဲ သေအောင် လုပ်တယ်။ (မှန်ပါ့)၊ တေဇောဓာတ်ချည့်ပါလား ဒကာ ကာမတို့။ (မှန်ပါ့)။
ဒကာ ဒကာမတို့ အသက်ရှိစရာများ ပါကြရဲ့လား။ (မပါ,ပါ ဘုရား)၊ ဘယ်တုန်က ယူဆောင်လာတုန်းဆိုတော့ အို တပည့်တော်တို့ မျက်စိတစ်ဖက် ကန်းက တုတ်ဆွဲပြီး နှစ်ဖက်ကန်းက နောက်ကလိုက်တဲ့ အလုပ်တွေလုပ်ခဲ့လို့ တေဇောပါလာတာ။ (မှန်ပါ့)။
တစ်ဖက်ကန်းကနေ ဟောလိုက် တော့
မင်း နောက်ဘဝကောင်းစားရေး မင်းမှ မလုပ်ရင် ဘယ့်နှယ်လုပ်မလဲဆိုတဲ့ တစ်ဖက်ကန်းကနေ ဟောလိုက် တော့ နှစ်ဖက်ကန်းတွေက နောက်က လိုက်သွားတော့ ဒီတေဇောကြီး ပါလာတာပေါ့ဗျ။ (မှန်ပါ့)၊ နောက်ဘဝတေဇောက ပါမလာဘူးလား။ (ပါလာပါတယ်)။
ဒါဖြင့် အိုအောင်လုပ်တာ (တေဇောပါ ဘုရား)၊ အိုတာ ဘာသစ္စာ။ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ သစ္စာကို မသိဘူး။(မှန်ပါ့)၊ နာတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အဲဒီသစ္စာ မသိသေးဘူး။ (မှန်ပါ့)။ သေတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အဲဒီသစ္စာ မသိတော့ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အတွင်းများ မင်းတို့ သုံးသပ်ကြရဲ့ လားဆိုတော့ ယနေ့ကစပြီး ဒကာ ဒကာမတွေ ခန္ဓာကိုယ်အတွင်းသုံးသပ်တာပေါ့၊ (မှန်ပါ့)။
နွေးနွေးကလေး နေတဲ့၊ အိုအောင်လုပ်တဲ့တေဇောကို ဇရာပိဒုက္ခာပဲလို့ တွေးလိုက် (မှန်ပါ့)၊ သိပ်ပူလာတဲ့အချိန် ကျတော့ကော (နာအောင် လုပ်ပါတယ် ဘုရား)၊နာအောင်လုပ်တဲ့ တေဇောဆိုတော့ ဗျာဓိပိဒုက္ခော(မှန်ပါ့)၊ ဒီအပူဓာတ်ကလေးတွေက ငြိမ်းပြီး အလုံးစုံ သိမ်းသွားတဲ့အခါကျတော့ အကုန်အေးပြီ၊ မရတော့ဘူး ဆိုတာ မပေါ်ကြဘူးလား။ (ပေါ်ပါတယ် ဘုရား)၊
အဲဒါလဲ အပူတေဇော ရုပ်သိမ်းသွားတာနဲ့ ဒကာ ဒကာမတွေ အအေးတေဇောက သတ်လိုက်တာပဲ။ (မှန်ပါ့)၊ ဒါဖြင့် သတ်တော့လဲ တေဇောပဲ။ (မှန်ပါ့)၊ သေရတာက ဘာသစ္စာ။ (ဒုက္ခသစ္စာပါ)။
အဲဒီလို အတွင်းကို သုံးသပ်တော့မှ ဪ သေမင်းတွေ ပါနေပါကလား။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ခန္ဓာထဲမှာ ဘာတွေများ ပါသတုန်း။ (သေမင်းတွေ ပါ,ပါတယ် ဘုရား)။
သေမင်းတွေ ပါ,ပါတယ်
ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ သစ္စာမသိရင် သေမင်းနဲ့ အတူူတူနေရပြီး သကာလ သေပွဲချည့်ဝင်ရလိမ့်မယ်ကွ။ (မှန်ပါ့)၊ မဟောထိုက်ဘူးလား။ (ဟောထိုက်ပါတယ် ဘုရား)၊
သေမင်းနဲ့အတူတူနေပြီး သေပွဲချည့်ဝင်ရလိမ့်မယ်ဆိုတာကော မသေချာဘူးလား။ (သေချာပါတယ်)။
အဲဒါကြောင့် ဒကာ ဒကာမတွေက စားကောင်းလဲ လောင်လျက်ပဲ။ (မှန်ပါ့)၊ အိပ်ကောင်းလဲ (လောင်လျက်ပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ၊ ဒီကနေ အစားမတော် အသွားမတော်လို့ အနာရပြန်တော့လဲ သူလောင်လို့ပဲ။ (မှန်ပါ့)၊ တော်တော်ကြာ ခေါင်းထဲရောက်ပြီဆိုတာ သူသတ်လိုက်တာပဲ။ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီခန္ဓာထဲမှာ သေမင်း ဘယ်နှစ်ယောက်ပါသတုန်း။ (သုံးယောက်ပါ, ပါတယ် ဘုရား)၊ အိုအောင်လုပ်တဲ့ တေဇော၊ နာအောင်လုပ်တဲ့ တေဇော၊ သေအောင်လုပ်တဲ့ တေဇောတစ်ခုတည်းပါပဲ။ (မှန်ပါ့)။
ဒကာကြွယ် စိတ်ချလက်ချမနေနဲ့နော်။ (မှန်ပါ့)၊ ဦးလှဖူးရေ (မနေပါ ဘုရား)၊ စိတ်ချလက်ချနေလို့ရှိရင် ဒီတေဇောက ဒီအတိုင်း နာအောင်လုပ်နေတာလဲ သူပဲကိုးဗျ။ (မှန်ပါ့)၊ တော်တော်ကြာ ဖျားအောင်, နာအောင် လုပ်ပြန်တာကော (သူပါပဲ ဘုရား)၊ သေအောင်လုပ်တာကော (သူပါပဲ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့၏ ခန္ဓာကိုယ်ကြီးသည် သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တဲ့ တေဇောတွေ အနှိပ်စက်ခံနေရသောကြောင့် ဒုက္ခသစ္စာမှ ဟုတ်ပါရဲ့လား။ (ဟုတ်ပါတယ် ဘုရား)။
အဲဒီလို ဒုက္ခသစ္စာကို သိထားတော့မှ တော်ပြီတန်ပြီ၊ သစ္စာသိပဟ။ နောက်ဖြင့် ဘယ်ခန္ဓာမှ မဖြစ်ချင်ဘူး၊ အသေတည် သေမင်းနဲ့ တွဲတဲ့ အလုပ်ကို မလုပ်တော့ပါဘူး။ သေမင်းနဲ့တွဲတဲ့အဖြစ်မျိုးကို ဆုမတောင်းတော့ပါဘူး ဆိုတာ သစ္စာသိမှ ဆုမတောင်းတာ (မှန်ပါ့ ဘုရား)၊ သစ္စာမသိသေးရင် သေမင်းနဲ့တွဲတဲ့ ဆုချည့် တောင်းချလိုက်တာပဲ။ (မှန်ပါ့)။
မိုက်လုံးတော့ မသန်ပါနဲ့
အံမာလေး ဒကာ ဒကာမတွေ မိုက်လုံးတော့ မသန်ပါနဲ့ဆိုတာ ဆရာကောင်းမို့လဲ အကောင်း ပြောနေပါတယ်။ (မှန်ပါ့ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဘယ်လောက်များ ဆိုးဝါးသတုန်း။ (ဆိုးဝါးပါတယ်)၊ သူ့ကို မသေအောင်လို့ ကျုပ်တို့က ထမင်းကျွေးတော့ ကောင်းနိုးရာရာချက်တဲ့ ထမင်းကလေးတွေ၊ စပါးနက်ချက်တဲ့ ထမင်းကလေးဖြစ်စေ၊ နမသလေးဆန်ချက်တဲ့ ထမင်းဖြစ်စေ၊ သူကြိုက်တာကလေးတွေချည့် ကျွေးနေတယ်။
ကျွေးနေတဲ့အထဲကနေပြီး သကာလ စမ်းကြည့်ပြန်တော့ သူက အလောင်လျှော့ရဲ့လား။ (မလျှော့ပါ ဘုရား)၊ နွေးလျက်ပဲဆိုတော့ အလောင်မလျှော့ဘူး။ (မှန်ပါ့)၊ တော်တော်ကြာကျတော့ သူ ဖျားတတ်လို့ အပူဒီဂရီ ၁၀၀ ကျော်ရှိတယ်လို့၊ ဆန်ပြုတ်ကလေးလောက်သောက်၊ ကွေကာအုပ်ကလေး လောက်သောက်ပြီး သကာလ သူ့ကို တောင်းပန်နေပြန်တော့လဲ မကျဘူးဗျ။ (မကျပါ ဘုရား)၊ မကျတော့ နာအောင် လုပ်နေပြန်တာပဲ။ (မှန်ပါ့)။
ကြာတော့ တောင်းပန်လို့မရတဲ့အခါကျတော့ သူက ဒီတေဇောတွေ အကုန်ရုပ်သိမ်းပစ်လိုက်တဲ့ အခါကျတော့ကျုပ်တို့ ခေါင်းပြင်ရတော့တာပဲ။ (မှန်ပါ့)၊ သဘောကျပါပလား။ (ပါ, ပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာတွေမှာ ဘယ်ဘဝဖြစ်ရပါလို၏ ဆိုလို့ရှိရင်ဖြင့် သေမင်းနဲ့ အတူတူနေရပါလို၏။ (မှန်ပါ့)၊ ဆုတောင်းကောင်း မတောင်းကောင်းဗျာ။ (မတောင်းကောင်းပါ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်သောကြောင့် တေဇောဟာ ဒုက္ခသစ္စာ
ဒါ တောင်းတဲ့ပုဂ္ဂိုလ်ဟာ သစ္စာသိလို့လား၊ မသိလို့လား။ (မသိလို့ပါ ဘုရား)၊ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သောကြောင့် တေဇောဟာ ဒုက္ခသစ္စာ (မှန်ပါ့)၊ ဘုရားခန္ဓာကိုတော် မငဲ့ဘူး။ (မှန်ပါ့)၊ ငဲ့ရဲ့လား။ (မငဲ့ပါ ဘုရား)။
ဆင်ပြောင်ပေါင်းများစွာ အားကိုဆောင်နိုင်တဲ့ ဘုရားကိုတောင် မရှောင်ပဘူး။ (မှန်ပါ့)၊ တန်ခိုးအလွန်ကြီးတဲ့ ရှင်မောဂ္ဂလာန်၊ ပညာအလွန်ကြီးတဲ့ ရှင်သာရိပုတ္တရာတို့၏ ခန္ဓာကိုယ်ကိုလဲ တေဇောက မရှောင်ဘူး၊ လောင်တာပဲ။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။
ဒါဖြင့် အောင်ခြင်းရှစ်ပါး ကိုယ်တော်ကြီးဆိုတာ ခင်ဗျားတို့ သိပါလိမ့်မယ်၊ ဂေါတမမြတ်စွာ ဘုရားရှင် ကိုယ်တော်ကြီး အောင်ခြင်းရှစ်ပါးဖြစ်ပေမယ့် တေဇောလောင်ချလိုက်တာ၊ ကိုယ်တော်မြတ်ကြီး ဝမ်းလျှောရတယ်။ (မှန်ပါ့ ဘုရား)၊ တေဇောလောင်ပြီးချလိုက်တော့ အစာတွေမကျေဘဲနဲ့ ဝမ်းချည့်လျှောချတယ်။ (မှန်ပါ့)၊ ဘယ်သူ သတ်လိုက်ပါလိမ့်။ (တေဇောသတ်ပါတယ် ဘုရား)၊ ကိုယ်တော်မြတ်ကြီးတောင်မှ တေဇောကို မအောင်ပါကလား။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ ဘုရား)။
ဘာ မအောင်တာပါလိမ့်။ (တေဇောမအောင်တာပါ ဘုရား)၊ တေဇောမအောင်ဘူးတဲ့ ဒကာ ဒကာမတို့၊ ခန္ဓာရှိနေလို့ပေါ့ဗျာ။ (မှန်ပါ့)။
ပရိနိဗ္ဗာန်မစံမီ ခန္ဓာမာန်ကို မအောင်သေးဘဲ
ဒါကြောင့် ဒကာ ဒကာမတို့ ပရိနိဗ္ဗာန်မစံမီ ခန္ဓာမာန်ကို မအောင်သေးဘဲ ကျန်သေးတယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
အေး ဒါကြောင့် နိဗ္ဗာန်ဆိုတဲ့ ခန္ဓာမရှိရာသာလျှင် တေဇောတို့၏ နိုင်လိုမင်းထက် လုပ်မှုတို့မှ လွတ်ရတော့တယ် ဆိုတာ သဘောကျပလား။ (ကျပါပြီ)။
ဒါ့ကြောင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဘာသစ္စာတွေ ရှိသတုန်း။ (ဒုက္ခသစ္စာတွေရှိပါတယ် ဘုရား)၊တေဇောက မနှိပ်စက်ဘူးလား။ (နှိပ်စက်ပါတယ်)၊ အိုအောင်နှိပ်စက်တာလဲ တေဇော ။ (မှန်ပါ့)၊ နာအောင် နှိပ်စက်တာကော (တေဇောပါ ဘုရား)၊ သေအောင် နှိပ်စက်တာကော (တေဇောပါ ဘုရား)။
ကဲ ဒါဖြင့် ဘယ်ဘဝသေသေ ဒီဓာတ်လေးပါးထဲက တေဇောကတော့မှာပဲ။ (ပါ,ပါတယ် ဘုရား)၊ ပါလို့ရှိရင်ဖြင့် သေမင်းနဲ့အတူတူဖြစ်ရပါလို၏ ၊ သေမင်းသတ်လို့ သေပွဲဝင်ရပါလို၏။ (မှန်ပါ့)၊ ဒီအတိုင်းပဲ မနေဘူးလား။ (နေပါတယ် ဘုရား)။
အဲ ဒါလေး ဒကာ ဒကာမတို့ တရားများဟောရင် ကြည့်ပြီး ဟောကြစမ်းပါ။ (မှန်ပါ့)၊ သေမင်းနိုင်ငံချည့် ပို့မနေစမ်းပါနဲ့။ (မှန်ပါ့)၊ သေမင်းနိုင်ငံချည်း ပို့မနေစမ်းပါနဲ့ဆိုတာ မတားမြစ်သင့်ဘူးလားဗျာ။ (တားမြစ်သင့်ပါတယ် ဘုရား)။
ဦးလှဖူး နားကြီးကြီးနဲ့ထောင်မှ ရတယ်နော်။ (မှန်ပါ့)၊ နားကြီးကြီးနဲ့ထောင်မှ ရတယ်ဆိုတာ ဒကာ ဒကာမတွေ ကျေကျေနပ်နပ်ထောင်ကြပါ။ (မှန်ပါ့)။
ကဲ ဒါဖြင့် ယနေ့ကစပြီး သကာလ ပူပြန်လို့ ရှိရင်လဲ ဪ ဒါ ဒုက္ခသစ္စာပါကလား။ (မှန်ပါ့)၊ သိပ်ပူလာပြန်ပြီ။ (ဒုက္ခသစ္စာပါပဲ)၊ အေးစပြုလာရင် (ဒုက္ခသစ္စာပါ)၊ ဪ ခန္ဓာကိုယ်ချည့် ဘယ်အချိန်စမ်းစမ်း၊ ဘာသစ္စာတွေ တွေ့မယ်။ (ဒုက္ခသစ္စာပါ ဘုရား)။
အဲဒီလို အတွင်းများ သုံးသပ်ကြစမ်းပါကွလို့ ဘုရားက ဟောလိုက်ရင် (မှန်ပါ့)၊ အတွင်းများ သုံးသပ်ကြစမ်းပါ ကွာလို့ဆိုတော့ ဒကာ ဒကာမတွေ ယနေ့ မနေ့ကထက်ကျယ်ကျယ် အတွင်းသုံးသပ်ပုံပြောလိုက်ပါတယ်။ (မှန်ပါ့)၊ ကဲ သုံးသပ်တတ်ကြပလား။ (သုံးသပ်တတ်ပါပြီ)၊
နည်းနည်းနွေးလာလဲ ဪ ဒုက္ခသစ္စာပဲ
နည်းနည်းနွေးလာလဲ ဪ ဒုက္ခသစ္စာပဲ။ ပိုပြီး သကာလ နွေးလာရင် (ဒုက္ခသစ္စာပါ ဘုရား)၊ ပိုပြီး ပူလာရင်ကော (ဒုက္ခသစ္စာပါ)၊ အေးသွားပြန်တော့ (ဒုက္ခသစ္စာပါ)၊ သတ်မှာရယ်၊ ပူအောင် လုပ်တာရယ်၊ နာအောင်လုပ်တာရယ်၊ သေအောင်လုပ်တာရယ် ၊ ဒါမှတစ်ပါး ဘာမှ မရှိဘူး။ (မှန်ပ့ါ)။
ကိုင် ဒါဖြင့် ဒကာကြွယ် သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တဲ့ ဒုက္ခသစ္စာဆိုတာ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မသေခင် ဘာလုပ်ပါလိမ့်။ (အိုအောင်လုပ်တယ်)။
မနာခင် ဘာလုပ်ပါလိမ့်ဆိုတော့ အိုအောင်လုပ်တယ်။ (မှန်ပါ့)၊ မသေခင် ဘာလုပ်ပါလိမ့်ဆိုတော့ နာအောင် လုပ်တယ်။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။
ဒါကြောင့် ဘုန်းကြီးပြောရတယ် ဒကာ ဒကာမတို့ ဒကာ ဒကာမတို့ သန္တာန်၌ မနာခင် တေဇောဘာလုပ်နေပါလိမ့်။ (အိုအောင်လုပ်ပါတယ် ဘုရား)၊ မသေခင်တော့ သူ ဘာလုပ်သလဲ။ (နာအောင်လုပ်ပါတယ်)၊ သဘောကျပလား။ (ကျပါပြီ)။
ကိုင်း ဒါဖြင့် သေအောင်လုပ်တော့လဲ ဘယ်သူပါလိမ့်။ (တေဇောပါ ဘုရား)၊ ဪ ကျုပ်တို့ ရန်သူအကြီးဆုံးဖြင့် ရှိနေပြီ။ (မှန်ပါ့)၊ အတွင်းရန်လား၊ အပြင်ရန်လား။ (အတွင်းရန်ပါ ဘုရား)၊ ဒီလိုသုံးသပ်ကြစမ်းပါ။ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတွေက သားလဲ ချစ်လိုက်တာ၊ သမီးလဲချစ်လိုက်တာ၊ ပစ္စည်းလဲ လိုချင်လိုက်တာ၊ ရချင်လိုက်တာ။ ဒါတွေက သားကလဲ အိုအောင်လုပ်တာကိုလဲ မလုပ်ပါနဲ့လို့ အကူအညီမပေးနိုင်၊ သမီးကကော (မပေးနိုင် ပါ ဘုရား)၊ ပစ္စည်းကကော (မပေးနိုင်ပါ ဘုရား)၊ ဘယ်သူက ပေးနိုင်သေးသတုန်း။ (ဘယ်သူကမှ မပေးနိုင်ပါ ဘုရား)၊ ပေးနိုင်တာကဖြင့် မဂ်ဉာဏ်ကပဲ ပေးနိုင်တယ်။ (မှန်ပါ့)။
မဂ်ဉာဏ်ကတော့ တေဇောမရှိအောင် တေဇောကို ဝိပဿနာရှုပြီး တေဇောဆုံးတဲ့နိဗ္ဗာန် ပို့လိုက်တယ်။ (မှန်ပါ့)၊
ခင်ဗျား တို့က အားကိုးလွဲကုန်ပြန်ပြီ
ဒါဖြင့် မဂ်ဉာဏ်ပဲ အားကိုးရာရှိတာ ခင်ဗျား တို့က အားကိုးလွဲကုန်ပြန်ပြီ။ (မှန်ပါ့)၊ မလွှဲဘူးလား။ (လွှဲပါတယ်)၊ ကျုပ် တိုက်ကလေးတည်ပြီးမှ ကျန်းမာလာတယ်ဗျဆိုတော့ အိုလျက်နဲ့ ပြောနေတယ်။ (မှန်ပါ့)၊ နာခါနီးက ပြောနေတယ်။ (မှန်ပါ့)၊ သေခါနီးကကော (ပြောနေပါတယ် ဘုရား)။
ဒီကားကလေး ဝယ်ပီးမှ ကျုပ်မျက်လုံးဘာတွေ သက်သာပြီး သကာလ တယ် ဆိုတော့ ဒကာ ဒကာမတို့ နာခါနီးက ပြောနေတယ်။ (မှန်ပါ့)၊ သေခါနီးကကော (ပြောပါတယ် ဘုရား)၊ အလကားပြောနေတာ ဒကာကြွယ်၊ ဒါတွေအပိုနော်။ (မှန်ပါ့)၊ သွားရာမှာ တေဇောလွတ်ကဲ့လား။ (မလွတ်ပါ ဘုရား)၊
မလွတ်လို့ရှိရင်ဖြင့် အိုအောင်လုပ်တာလဲ ဘာတုန်း။ (တေဇောပါ)၊နာအောင်လုပ်တာလဲ ဘာတုန်း။ (တေဇောပါ ဘုရား)၊ သေအောင်လုပ်တာလဲ ။ (တေဇောပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ဘယ်ဘုရား အန္တရာယ်ကင်းလို့ ဘေးရှင်းပါ့မလဲ။ (မကင်းပါ ဘုရား)။
ဒါဖြင့် ဓာတ်လေးပါးဆိုတဲ့ တေဇောမရှိရာ နိဗ္ဗာန်သည်သာလျှင် အသေလွတ်၊ နှိပ်စက်တာလွတ်။ အဲဒီရောက်မှ ဝေးကြမှာပဲဆိုတာ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒါ အို, နာ , သေ လို့မှတ်လိုက်ပါနော်။ (မှန်ပါ့)၊ ဒကာမတွေ၏ ခန္ဓာကိုယ်ပဲ။ (မှန်ပါ့)။
ဒီသုံးခုဟာ ဘာပါလိမ့်။ (အို, နာ, သေ ပါ ဘုရား) ဘယ်သူ့ခန္ဓာကိုယ်ပါလိမ့်။ (တပည့်တော်တို့ ခန္ဓာကိုယ်ပါ ဘုရား)၊ အိုအောင်လုပ်တဲ့ တေဇောက ဒီထဲမှာ ပါနေတယ်။ (ပါ, ပါတယ်)၊ နာအောင်လုပ်တဲ့ တေဇောကကော (ပါ, ပါတယ်)၊ သေအောင်လုပ်တဲ့ တေဇောကကော (ပါ, ပါတယ်)။
ဘယ်သူနဲ့ အတူတူနေကြရပါလိမ့်
အဲ ဒကာ ဒကာမတွေ ဘယ်သူနဲ့ အတူတူနေကြရပါလိမ့်။ (တေဇောနဲ့ အတူတူနေကြရပါတယ် ဘုရား)၊ ရပါလိမ့်။(တေဇောနဲ့ အတူတူနေကြရပါတယ် ဘုရား)၊ တေဇောက ဒကာ ဒကာမတို့ မိတ်ဆွေကောင်းလား၊ သေမင်း လား။ (သေမင်းပါ ဘုရား)။
ဪ ကျုပ်တို့ ကံမကောင်း အကြောင်းမသင့်လိုက်တာ သေမင်းနဲ့တူတူနေရတယ်ဆိုကတည်းက ဒကာကြွယ် ဒီ့ထက်ကံဆိုးမိုးမှောင်ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
စဉ်းစားကြပါ စဉ်းစားကြပါ။ ဒကာ ဒကာမတို့ ဘယ်သူနဲ့ အတူတူနေကြပါလိမ့်။ (သေမင်းနဲ့ အတူတူနေကြရပါတယ်)၊ ဪ လူ့ဘဝ ကံကောင်းလို့ ဖြစ်လာကြတာလား၊ သေမင်းနဲ့နေဖို့ ဖြစ်လာကြတာလား။ (သေမင်းနဲ့နေဖို့ ဖြစ်လာကြတာပါ)။
အဲဒီလို သုံးသပ်တော့မှ ဪ ဒါ့ကြောင့် ဒုက္ခသစ္စာဆိုတာ ဟုတ်လိုက်တာ၊ သေမင်းနဲ့ အတူတူ နေတယ်ဆို ကတည်းက ဆင်းရဲတာအမှန်ဖြစ်နေတယ်။ (မှန်ပါ့)၊ ဘယ်နည်းနဲ့မှ ဒီ့ပြင်ဘက် သွားစရာမရှိတော့ဘူး၊ ဆင်းရဲတာ အမှန်ပဲဆိုတာပေါ်ကြလာပလား။ (ပေါ်လာပါပြီ)။
အဲဒီလို အတွင်းသုံးသပ်လိုက်တော့ သေမင်းနဲ့တွဲတဲ့ ဇရာကလဲ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဗျာဓိကလဲ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ မရဏကလဲ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အဲဒီလို တွေးလိုက်တဲ့အခါကျတော့ သစ္စာသိသွားတယ်။ (မှန်ပါ့)။
ဒကာသစ်ပဲ သိတယ်၊ ဒကာကြွယ် သိတယ်၊ ဦးလှဖူး သိတယ်ပဲထားလိုက်ပါတော့။ (မှန်ပါ့)၊ ဒါလောက်သိရင် နောက်ဘဝကျလို့ရှိရင် ဘယ်ခန္ဓာများ ရချင်သေးသတုန်း။ (မရချင်ပါ ဘုရား)၊ တေဇောပါလို့၊ သေမင်း ပါမှန်သိပြီ။ (မှန်ပါ့)၊ နှိပ်စက်တတ်တဲ့ တရားပါမှန်းသိနေပြီ။ (မှန်ပါ့)။
သစ္စာသိလို့ နောက်ဘဝတော့ မရချင်တော့
အဲဒီလို သိထားတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ဪ သစ္စာသိလို့ နောက်ဘဝတော့ မရချင်တော့ ပါဘူးဟေ့နော် ဆိုတော့ ဘာကြောင့် မရချင်တာတုန်း မေးလိုက်တော့ သစ္စာသိလို့။ (မှန်ပါ့ ဘုရား)။
ဘာကြောင့် မရချင်သလဲ။ (သစ္စာသိလို့ပါ ဘုရား)၊ ဒါဖြင့် သစ္စာ ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ (မှန်ပါ့)။
အို , နာ , သေက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဪ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်နေတဲ့ တေဇောဟာ အို , နာ , သေလုပ်နေတဲ့ တရားပဲ။ အဲဒီလိုသိတာက (မဂ္ဂသစ္စာပါ)၊ အဲဒီမဂ်ရသည်နှင့် တစ်ပြိုင်နက်တည်း ယခုခဏမှာပဲ ဒကာ ဒကာမတွေ နောက်ဘဝ မလိုချင်တဲ့ ဉာဏ်ပေါ်လာတယ်။ (ပေါ်လာပါတယ် ဘုရား)၊ ဒါ ဘာသိလို့ပါလိမ့်။(သစ္စာသိလို့ပါ)၊
ဒါ မသုံးသပ်ဘဲနဲ့ သိတာလား၊ သုံးသပ်လို့ သိတာလား။ (သုံးသပ်လို့ သိတာပါ ဘုရား)။
အေး ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ မင်းတို့ ခန္ဓာကိုယ်ကြီးအတွင်းများ သုံးသပ်ကြရဲ့ လားကွလို့မေးတာ။ (မှန်ပါ့)၊ သုံးသပ်ပါတယ် ဘုရားလို့ သုံးဆယ့်နှစ်ကောဋ္ဌာသသုံးသပ်တဲ့ ရဟန်းက လာလျှောက်တော့ ကျေနပ်ကဲ့လား။ (မကျေနပါ ဘုရား)၊ အဲ သုံးသပ်ပုံ ကိုယ်တော်မြတ် အလိုတော်ကျ မဖြစ်သေးလို့၊ အတွင်းကို သုံးသပ်ပုံ၊ တေဇော သုံးသပ်လိုက်တော့မှ ဒကာ ဒကာမတို့ သေမင်းနဲ့ တွဲနေရတာသိတော့မှ ဪ ဒုက္ခသစ္စာဆိုတာ ဒါပါကလား၊ ကဲ နောက်ဘဝတွေဖြင့် တော်ပြီ၊ တော်ပြီ။ နောက်ခန္ဓာတွေလာရင် ဒီတေဇောပါမှာပဲ။(မှန်ပါ့)။
သေပွဲချည့် ဝင်ရပါလို၏တဲ့
ဒီခန္ဓာ ဆုတောင်းရင် (ဒီတေဇောပါမှာပါပဲ)၊ ဒီတေဇောပါမှာပါလို့ရှိရင်ဖြင့် သေမင်းနဲ့တွဲပြီး ရောက်ရာဘဝ သေပွဲချည့် ဝင်ရပါလို၏ တဲ့။ (မှန်ပါ့)၊ ဒီလိုသေရင် ဘယ်သူမှ မတောင်းဘူး။ ဒါဟာ သစ္စာသိတော့ မတောင်းဘူး။ မတောင်းတော့ သံသရာ ဘယ့်နှယ်နေသတုံး။ (ပြတ်ပါတယ် ဘုရား)၊ ဒကာကြွယ် သိပ်အဖိုးတန်သွားတယ်။ (တန်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် သုံးသပ်ကြပါနော်။ (မှန်ပါ့)၊ မသုံးသပ်တတ်ရင် ကိုယ့်ရင်ဘက်ကိုယ် လက်နဲ့သာစမ်းပါ။ စမ်းလိုက်တဲ့အခါ နွေးနွေးကလေးဟာလဲ ဘာလုပ်နေတာပါလိမ့်။ (အိုအောင်လုပ်နေတာပါ)၊ သိပ်ပူလာရင် (နာအောင် လုပ်နေတာပါ)၊ နာအောင်လုပ်တာလဲ တေဇောပဲ။ (မှန်ပါ့)၊ နောက်ကျတော့ အေးသွားတယ်ဆိုပြန်တော့ကော။ (သေအာင်လုပ်တာပါ)၊
သေအောင်လုပ်တာလဲ တေဇောပဲဆိုတော့ ဪ ဒုက္ခသစ္စာဆိုတာ တခြားလားမှတ်တယ်၊ တစ်ကိုယ်လုံး ထဲမှာ သူ အပျံ့အနှံ့ရှိတယ်။(မှန်ပါ့)၊ တစ်ကိုယ်လုံး ဒုက္ခသစ္စာပါလားဆိုပြီး ဒုက္ခသစ္စာလို့ ဟောလိုက်တာ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
သစ္စာသိရင် သံသရာမရှည်ဘူးဆိုတာ
ကောင်းပြီ၊ ဒါဖြင့် ဒီလို သုံးသပ်လိုက်တဲ့အတွက် ဪ သစ္စာသိရင် သံသရာမရှည်ဘူးဆိုတာ ဆုတောင်း ကိုပြုတ်ထွက်သွားတယ်။ (မှန်ပါ့)၊တော်ပြီ။ ဒီခန္ဓာကြီး မရချင်တော့ဘူးဆိုတာသာ လာတော့တယ်။ (မှန်ပါ့)။
ဒကာကြွယ် ဒီခန္ဓာမျိုး ရချင်သေးလား။ (မရချင်ပါ ဘုရား)၊ ဒကာဦးလှဖူးရေ (မရချင်ပါ ဘုရား)။ ရချင်ရင် ခင်ဗျားတို့သေမင်းနဲ့ တွေ့နေရမှာချည့်ပဲ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)။
ကောင်းပြီ၊ ဒါနဲ့ ဘုရားက ရှေ့ကို ဆက်ပြီး သုံးသပ်ဦးကွတဲ့။ ဒီ အို, နာ, သေဘယ်ကများလာပါလိမ့်မလဲလို့ မင်းတို့ဆက်ပြီး သုံးသပ်ပါဦးကွာတဲ့။ (မှန်ပါ့)။
အို, နာ, သေဘယ်က လာသတုန်းလို့ ဆက်ပြီး သုံးသပ်တဲ့အခါကျတော့ ခန္ဓာငါးပါးရှိလို့ အို, နာ, သေလာသည်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် ခန္ဓာငါးပါးက သမုဒယသစ္စာ၊ အို, နာ, သေက (ဒုက္ခသစ္စာပါ ဘုရား)၊ သူတို့နှစ်ခုမရှိရင် (နိရောဓသစ္စာ)၊သူတို့နှစ်ခု မရှိတဲ့အကျင့်ဟာ (မဂ္ဂသစ္စာပါ)။
အဲဒီလို သစ္စာသိသွားတဲ့ ပုဂ္ဂိုလ်ကျလာတော့ ဒကာကြွယ်ရေ ဘုံဘဝတွေ နှစ်သက်သေးရဲ့လား။ (မနှစ်သက်ပါ ဘုရား)၊ နှစ်သက်တဲ့ တဏှာ ဒကာသစ်သေသွားတာပဲ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
အို, နာ, သေ ဘယ်က လာပါလိမ့်မလဲ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အို, နာ, သေ ဘယ်က လာပါလိမ့်မလဲ။ (ခန္ဓာငါးပါးက လာပါတယ်)၊ ဒါဖြင့် ခန္ဓာငါးပါးဟာ သမုဒယသစ္စာအကြောင်း သမုဒယ၊ (မှန်ပါ့)၊ အို, နာ, သေက (ဒုက္ခသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာပါ)၊ သူတို့မရှိရင်ဖြင့် (နိရောဓသစ္စာ)။
အေး ဒီလို သစ္စာသိအောင် လုပ်လိုက်ကြစမ်းပါ ဆိုတာကိုလဲ သုံးသပ်ကြည့်တော့ ပေါ်လာပါတယ်။ (မှန်ပါ့)၊ ဒီပဋိစ္စသမုပ္ပာဒ်က ဒကာကြွယ် တစ်မျိုးနော်။ (မှန်ပါ့)၊ သမ္မယသုတ် သုံးသပ်တဲ့သုတ်ကို ဟောနေတယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးရှိလို့ အို, နာ, သေ ဖြစ်ရတယ်။ (မှန်ပါ့)။ ခန္ဓာငါးပါးမရှိရင် (အို, နာ, သေ မဖြစ်ပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒါဖြင့် ဘယ်ခန္ဓာရရ အို, နာ, သေ ပါမှာပဲ။ (မှန်ပါ့)။
ဒကာ ဒကာမတို့ နောက်ဘဝမှာ ဒီသား ဒီသမီး ဒီမြေးနဲ့ ရောက်ရာဘဝမှာ မခွဲရပါလို၏ဆိုတာ ကွဲချင်ကွဲလိမ့် ဦးမယ်။ အိုမှု, နာမှု, သေမှုသည် ကိုယ်ပိုင် ပစ္စည်းဖြစ်ရပါလို၏ ဆိုတာက ပိုမှန်တယ်။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)။
ခင်ဗျားတို့က ပန်းလှူ, ရေလှူပြီး သကာလ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်နဲ့ နိဗ္ဗာန် မရမီစပ်ကြား ဌက်ဖြစ်တောင် တစ်ကိုင်းတည်းနားပြီး သကာလ နိဗ္ဗာန်သွားလဲ အတူတူ ရ,ရပါလို၏လို့ ဆုတောင်းကြတယ်။(မှန်ပါ့)၊
အို, နာ, သေနဲ့ကတော့ ဘယ်ဘဝမှာမှ မခွဲရပါဘူး
အဲဒါက လွဲချင်လွဲဦးမယ်၊ ဒီခန္ဓာရရင် အို, နာ, သေနဲ့ကတော့ ဘယ်ဘဝမှာမှ မခွဲရပါဘူး။ စိတ်သာချပါ။ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ဒကာ ဒကာမတွေက ဪ ဘယ်တော့များသေမတုန်း၊ မပြောတတ်ပါဘူးဆိုပြီး သကာလ ၊ သေမင်း ကလဲဝမ်းထဲရှိပီး သကာလ နေပြန်တော့၊ အမြဲတမ်း စိုးရိမ်ကြောင့်ကြပြီး နေရတော့ သောက ပရိဒေဝတွေက အေးကြရဲ့လား။ (မအေးရပါ ဘုရား)၊
ဒီသောကပရိဒေဝ မအေးရတဲ့အထဲ ခန္ဓာကိုယ်ကလဲ သေမှာက နီးနီး နီးနီးနေပြီးတော့ နီးတာကိုလဲ အိုမှုက ပြတယ်။ (မှန်ပါ့)၊ အိုတဲ့ တေဇောက လောင်ပြလိုက်တော့ မနီးဘူးလား။ (နီးပါတယ်)၊ နာမှုတေဇောက လောင်ပြလိုက်တော့ ပိုနီးတယ်။ (မှန်ပါ့)၊ သေမှုတေဇောက လောင်ပြီးပြလိုက်တော့ ခေါင်းထဲရောက်ကရော။ (မှန်ပါ့)၊ အင်မတန် မဆိုးဝါးဘူးလား။ (ဆိုးဝါးပါတယ်)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ဘယ်ဘုံ ဘယ်ဘဝ ဘယ်ဌာနမှ မတောင်းပါနဲ့၊ သေမင်းပါနေလို့ (မှန်ပါ့ ဘုရား)၊ သဘောကျပလား၊ (ကျပါပြီ)။
အနာကင်း ရှင်ဗာကူလို့ ဆိုငြားသော်လဲ ရှင်ဗာကူကို အခုရှာတွေကြရဲ့လား။ (မတွေ့ပါ ဘုရား)၊ အနာမကင်းလို့ ပရိနိဗ္ဗာန်ပြုရတယ်။ (မှန်ပါ့)၊ အနာမရှိဘဲ ပရိနိဗ္ဗာန်ပြုပါ့မလား။ (မပြုပါ ဘုရား)၊
အနာကင်း ရှင်ဗာကူဆို
နို့ ခင်ဗျားတို့က အနာကင်း ရှင်ဗာကူဆို။ သန်းတောင် မသန်းဘူးလို့တောင်းဆိုတယ်။ (မှန်ပါ့)၊သို့ပေမယ့် ရှင်ဗာကူ အခု ဘယ်ကြွသွားသတုန်း။ (ပရိနိဗ္ဗာန်စံပါပြီ ဘုရား)၊ ဘယ်နှယ်ကြောင့် ရှင်ဗာကူ ပရိနိဗ္ဗာန် စံပါလိမ့် မတုံးဘူးဆိုတော့ သေမင်းနဲ့ အတူတူလာမိလို့။ (မှန်ပါ့)။
ဘယ်နှယ်ကြောင့် ပရိနိဗ္ဗာန်ပြုရပါလိမ့်။ (သေမင်နဲ့ အတူတူလာမိလို့ပါ ဘုရား)၊ သေမင်းနဲ့အတူတူလာမိလို့ သေပွဲဝင်ရရှာတယ်။(မှန်ပါ့)၊ အနာကင်းတယ် ဆိုပေမယ့် သံသရာဒုက္ခနာကြီးတွေ မကင်းပါဘူး။ ရှင်ပါကူ ငါးမျိုသွားတာ ကံကောင်းလို့ မသေတယ်။ (မှန်ပါ့)၊ အနာကင်းရဲ့လား။ (မကင်းပါ ဘုရား)၊ ငါးမျိုတာက ခင်ဗျားတို့ ကျောက် ပေါက်တာတက်ဆိုးတယ် အောက်မေ့ပါ။ မဆိုးဘူးလား။ (ဆိုးပါတယ်)။
အဲဒါတွေကြည့်တော့ သာမညအနာကင်းတာကိုသာ အနာကင်း ရှင်ဗာကူလို့ ဆိုရတာ။ (မှန်ပါ့)၊
စင်စစ်တော့ ဒီတေဇောက ရှင်ဗာကူမှာ နွေးတဲ့တေဇောမပါဘူးလား။ (ပါ,ပါတယ်)၊ ဒါဖြင့် ရှင်ဗာကူကို အိုအောင်လုပ်တာလဲ တေဇောပဲ။(မှန်ပါ့)၊ ရှင်ဗာကူ နာအောင်လုပ်တာလဲ (တေဇောပါပဲ)၊ ရှင်ဗာကူ သေအောင်လုပ်တာလဲ (တေဇောပါပဲ ဘုရား)၊ ဘယ်မှာအနာကင်းမတုန်း၊ တေဇောပါနေတယ်။ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သူများပါးစပ် လမ်းမဆုံး လိုက်ပါနဲ့ဆိုတဲ့ စကားကို ဒကာကြွယ် မှာထိုက်-မမှာထိုက်။ (မှာထိုက်ပါတယ် ဘုရား)၊ရှင်းကြပြီနော်။ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အခုသိကြပြီ၊ အို,နာ,သေ ဘယ်ကလာပါလိမ့်မလဲ။ (ခန္ဓာငါးပါး ကလာပါတယ်)၊ နောက်ဆုတ်တွေးလိုက်ဗျာ။ တွေးလိုက်တဲ့အခါကျတော့ အို,နာ,သေ၏အကြောင်း သိသွားပြီ။ (မှန်ပါ့)။
ဒီခန္ဓာငါးပါး ဘယ်ကလာပါလိမ့်
တစ်ခါ သွားကြဦးစို့၊ ဒီခန္ဓာငါးပါး ဘယ်ကလာပါလိမ့်မလဲမေးတော့ တဏှာကလာတယ်။(မှန်ပါ့ ဘုရား)၊ တဏှာကဘာသစ္စာ။ (သမုဒယသစ္စာပါ ဘုရား)၊ ခန္ဓာက (ဒုက္ခသစ္စာပါ ဘုရား)၊ တဏှာနဲ့ခန္ဓာချုပ်ရင် (နိရောဓသစ္စာပါ ဘုရား)၊ကျင့်နိုင်တဲ့ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
အေး ဒီလိုသိသိ-သိသိပြီး သုံးသပ်သွားရမှာ။ (မှန်ပါ့)၊ ဒီအတိုင်းသုံးသပ်တဲ့အခါကျတော့မှ နေရာကျပြီနော်။ (မှန်ပါ့)၊ အဲ့ဒါက သုံးသပ်ရုံသုံးသပ်ရမှာ၊ ကျင့်ပုံကို နောက်ပိုင်း ဟောပါလိမ့်မယ်။ (မှန်ပါ့)။
အခုဟာက ဘယ်လိုပါလိမ့်။ (သုံးသပ်ပုံပါ ဘုရား)၊ သုံးသပ်ပုံ၊ ပဋိလောမ ပြောင်းပြန်သုံးသပ်ရမယ်လို့ ဘုရားက ဟောတယ်။ (မှန်ပါ့ ဘုရား)၊ ဦးလှဖူး နေရာကျပလား။ (ကျပါပြီ ဘုရား)။
ကောင်းပါပြီ၊ ဒကာ ဒကာမတို့ သုံးသပ်တတ်ပလားလို့မေးလိုက်တယ်။ (သုံးသပ်တတ်ပါပြီ ဘုရား)၊ ခန္ဓာငါးပါးဘယ်ကလာပါလိမ့်။ (တဏှာကလာပါတယ်) တဏှာမရှိရင် (ခန္ဓာငါးပါးမရှိပါ ဘုရား)။အဲ တဏှာမရှိရင် ခန္ဓာငါးပါးမရှိဘူး။ အဲဒီ မရှိအောင် ကျင့်တဲ့ အကျင့်ဟာ မဂ္ဂသစ္စာ။ (မှန်ပါ့) သဘောကျပလား။ (ကျပါပြီ)
ကောင်းပြီ၊ ဒါဖြင့် မေးကြစို့ဆိုတော့ ဒကာ ဒကာမတို့ ဪ ဒီတဏှာ ဘယ်ကလာပါလိမ့်မလဲ ဆိုတာ မေးဖို့ မလိုဘူးလား။ (လိုပါတယ် ဘုရား)။
ဒီတဏှာသည်ကားလို့ဆိုရင် ခင်ဗျားတို့ ခန္ဓာငါးပါးသော် လည်းကောင်း၊ သို့မဟုတ် သားသမီး ခန္ဓာငါးပါးသော် လည်းကောင်း၊ ပစ္စည်းကြောင့်သော်လည်းကောင်း လာတာပဲ။ (မှန်ပါ့ ဘုရား)။
ခင်ရာမင်ရာဆိုတာ
ခင်ရာမင်ရာဆိုတာ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန။ ဒါတွေကိုခင်ကြတယ်။ (မှန်ပါ့)။
ကိုယ့်မျက်လုံး၊ ကိုယ့်နား၊ ကိုယ့်နှာခေါင်း၊ ကိုယ့်လျှာ၊ ကိုယ့်ကိုယ်ကိုယ်စိတ်တွေကို (ခင်မင်ပါတယ် ဘုရား)၊ အဲ အတွင်းအာဃာတန ခြောက်ပါးကလာတယ်။ အပြင်အာဃာတန ခြောက်ပါးကလဲ လာတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
တိုတိုပြောကြပါစို့ဆိုတော့ မိမိခန္ဓာကလဲ (လာပါတယ်)၊ သားသမီးခန္ဓာကလဲ (လာပါတယ်)၊ ပစ္စည်းတွေကလဲ။ (လာပါတယ် ဘုရား)။ ဝိပဿနာရှုမှ (တဏှာချုပ်ပါတယ် ဘုရား)၊ ဝိပဿနာမရှုရင် (တဏှာမချုပ်ပါဘူး ဘုရား)၊ ဝိပဿနာရှုတာ ဘယ် ဟာကို ရှုရမှာတုန်းမေးတော့ ခင်စရာမင်စရာပစ္စည်း ရှုရမယ်။ (မှန်ပါ့)။
ဒကာကြွယ် ပေါ်လာပြီ။ (မှန်ပါ့)၊ ဝိပဿနာဆိုတာ ဘယ်ဟာရှုရမှာပါလိမ့် (ခင်စရာမင်စရာရှုရမှာပါ ဘုရား)၊
ဝိပဿနာဆိုတာ ဘယ်ဟာရှုရမှာပါလိမ့်
ခင်စရာမင်စရာရှုရမယ်ဆိုတော့ ဒကာကြွယ်တို့ နားထဲမှာတော့ ကန့်လန့်ကြီးသွားပြီ။ (မှန်ပါ့)၊ ခင်စရာ မင်စရာဆိုတာ တပည့်တော်တို့က အရိပ်တကြည့်ကြည့်နဲ့နေတာ။
ခင်စရာမင်စရာဆိုတာက (အရိပ်တကြည့်ကြည့်နဲ့နေတာပါ ဘုရား)။
ဘုရားကလဲ ခင်စရာမင်စရာကို ဖြစ်ပျက်ရှုရမယ်လို့ ဟောတယ်၊ ခင်ဗျားတို့ကလဲ အရိပ်တကြည့်ကြည့်နဲ့နေ (မှန်ပါ့)၊ အရိပ်တကြည့်ကြည့်နဲ့နေတော့ တဏှာလာတယ်၊ မလာဘူးလား။ (လာပါတယ် ဘုရား)၊ တဏှာလာတော့ နောက် ခန္ဓာမလာဘူးလား။ (လာပါတယ်)၊ နောက်ခန္ဓာလာတော့ နောက်အိုနာသေနဲ့ မတွေ့ရဘူးလား။ (တွေ့ရပါတယ် ဘုရား)၊
အဲဒါ ခင်ရာ မင်ရာကို ခင်မိလို့။ (မှန်ပါ့) ၊ ခင်ရာ မင်ရာကို ခင်မိတော့ ခင်စရာမင်စရာက တခြားအကြောင်းတရား။ (မှန်ပါ့)၊ ခင်တာက အကျိုးတရား။ (မှန်ပါ့)။
အဲဒီအကျိုးတရားလာပြီဆိုမှဖြင့် ဒီတဏှာကြောင့် ဒီဘက် ဘာဖြစ်မယ်။ (ခန္ဓာငါးပါးလာပါမယ်)၊ ခန္ဓာငါးပါးလာရင် အို၊ နာ၊ သေက (လာပါမယ် ဘုရား)။
အဖိုးတန်အခေါင်းကို လက်ဖွဲ့ သတဲ့
ဪ ဒါဖြင့် ခင်ဗျားတို့သည် ဘယ့်နှယ်ကြောင့် ခဏခဏ ဒီ အို၊နာ၊သေကြီးနဲ့ ဒကာ ဒကာမတွေ တရုတ်များလိုပဲ၊ တရုတ်များ အင်မတန်ချစ်လှတဲ့သား အင်မတန်ချစ်လှတဲ့ချွေးမကို သူတို့ မင်္ဂလာအခမ်းအနားဆိုလို့ရှိရင် ဒကာကြွယ်ရေ အဖိုးတန်အခေါင်းကို လက်ဖွဲ့ သတဲ့။ (မှန်ပါ့)၊ မှန်တယ်ဗျ ၊ သူတို့ဟာ။ (မှန်ပါ့)။
ဒကာကြွယ်တို့ဆိုရင် လက်ခံရဲမယ် မဟုတ်ပါဘူး။ ( မှန်ပါ့)၊ လက်ခံရဲပါ့မလား၊ (မခံရဲပါ ဘုရား)၊ သစ္စာမသိငြား သော်လဲ သူတို့မှာတော့ ဒကာ ဒကာမတို့ အင်မတန် ချစ်တဲ့ ချွေးမ ၊ ယောက္ခမ မိဘတွေရဲ့ ဝတ္တရား ကျေပွန်မယ့် ချွေးမတစ်ယောက်ရမယ်ဆိုလို့ရှိရင်ဖြင့် ဒကာသစ် ဘာလက်ဖွဲ့သတဲ့သတုန်း။ (ခေါင်းလက်ဖွဲ့ပါတယ်)၊ ခေါင်းကိုပဲ ၄-၅ ရာတန်၊တစ်ထောင်တန်၊ နှစ်ထောင်တန် ဒီလိုလက်ဖွဲ့လေ့ ရှိတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဘယ့်နှယ်ကြောင့် ဒီလို လက်ဖွဲ့ရတာပါလိမ့်မတုန်းဆိုတော့ သူ့ဟာတည့်တယ်။ (မှန်ပါ့)၊ ဒီ့ပြင် လက်ဝတ်လက်စားကတော့ ပေါင်နှံ သုံးစွဲသွားလိမ့်ဦးမယ်။ ခေါင်းသာ လက်ဖွဲ့ထား ဒကာကြွယ် တည့် မတည့် (တည်ပါတယ် ဘုရား)၊ ဘာဖြစ်လို့တုန်းဆိုတော့ အိုအောင်၊ နာအောင်၊ သေအောင် လုပ်မည့် တေဇောက သူ့ဝမ်းထဲ မပါဘူးလား။ (ပါ,ပါတယ်)၊ ပါတော့ဒီခေါင်းထဲရောက်ရမှာလား၊ မရောက်ရဘူးလား။ (ရောက်ရမှာပါ ဘုရား)၊ အဲဒီတော့ ဒကာကြွယ် တရုတ်လက်ဖွဲ့ကတည့်သနော်။ (မှန်ပါ့)။
ခင်ဗျားတို့ကတော့ အ မင်္ဂလာတဲ့။ (မှန်ပါ့)၊ မင်္ဂလာဆောင်များ ခင်ဗျားတို့က ခေါင်းများ လက်ဖွဲ့မယ်ဆိုရင် ပုံစံကလေးတောင် မလာခဲ့နဲ့။ (မှန်ပါ့)၊ ဘယ်လောက်ထိအောင် ဆိုးဝါးသတုန်း။ (ဆိုးဝါးတယ်)၊ တရုတ်က တော်သေးတယ်။ ဘယ်သူမှန်သတုန်း။ (တရုတ်က မှန်ပါတယ်)၊ ဗမာက မှားနေတယ်။ (မှန်ပါ့)၊ ဗမာက ဝိပ္ပလ္လာသဖုံးတဲ့ ဒိဋ္ဌိစွဲအားကြီးနေတာကိုးဗျ။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ,ပါပြီ)။
ခင်မိမယ်ဆိုရင်ဘာလာမတုန်း
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ခင်ရာမင်ရာကိုသာ ခင်မိမယ်ဆိုရင်ဘာလာမတုန်း၊ (တဏှာလာပါတယ်)၊ တဏှာလာရင် ဘာဖြစ်ရမတုန်း၊ (ခန္ဓာငါးပါးဖြစ်ရပါတယ်)၊ ခန္ဓာငါးပါးဖြစ်ရင် အို,နာ,သေ လာလို့ရှိရင်ခင်ဗျားတို့ ခန္ဓာငါးပါးသာ ရချင်လို့ရှိရင် ခေါင်းကို ဆုတောင်းယူတာပဲ။ (မှန်ပါ့)။
ခန္ဓာငါးပါး ရချင်တဲ့ပုဂ္ဂိုလ်ဟာ (ခေါင်းဆုတောင်းယူတာပါ)၊ သေမင်းနဲ့ငါနဲ့ တွဲပြီး သကာလ ဘယ်သူသည် ခေါင်းလက်ဖွဲ့ပါ့မလဲ မျှော်တာနဲ့ အတူတူပဲ မကျဘူးလား။ (ကျပါတယ်)၊ အဲဒါလောက် ဒကာသစ်တို့မှာဆိုးဝါးနေတယ်။ (ဆိုးဝါးနေပါတယ်)။
ကိုင်း ဒါဖြင့် ခင်ရာမင်ရာကြောင့် ဘာလာသတုန်း။ (တဏှာလာပါတယ်)၊ တဏှာလာလို့ ဘာဖြစ်သတုန်း။ (ခန္ဓာငါးပါးရပါတယ်)၊ ခန္ဓာငါးပါးလာလို့ ဘာဖြစ်ရသတုန်း။ (အို, နာ, သေရပါတယ်)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ ဘုရားမပွင့်ရင် ဒီလမ်းစဉ်သွားပါတယ်။ (မှန်ပါ့)၊ ဘုရားမပွင့်ရင် (ဒီလမ်းစဉ်သွားပါတယ်)၊ ခင်ရာမင်ရာကြောင့် တဏှာ၊ တဏှာကြောင့် ခန္ဓာ၊ ခန္ဓာကြောင့် အို,နာ,သေ၊ ဘုရားမပွင့်ရင် ဒီလမ်းစဉ်ပဲသွားတာပဲ။ (မှန်ပါ့)၊ ဘုရားပွင့်တာတောင် သစ္စာမနာရသေးရင် ဒီခေါင်းလက်ဖွဲ့တဲ့လမ်းချည့် သွားတာပဲ။ (မှန်ပါ့)၊ ဒကာကြွယ်ရေ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
အခေါင်းနဲ့ အိုးစားကွဲတာသည် အကောင်းဆုံး
ဒါဖြင့် ဒကာကြွယ်ရေ အခေါင်းနဲ့ အိုးစားမကွဲချင်သေးဘူးလား။ (ကွဲချင်ပါတယ်၊ ဟုတ်ကဲ့လား။ ငါသေရင် အခေါင်းကြီးကြီး လုပ်ကြလို့များ မှာမနေနဲ့နော်။ (မှန်ပါ့)၊ အခေါင်းနဲ့ အိုးစားကွဲတာသည် အကောင်းဆုံးပဲ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
ဒါဖြင့် ခင်ရာမင်ရာကို ခင်ရာမင်ရာမဖြစ်အောင် ကြည့်ရလိမ့်မယ်။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် ဒီခန္ဓာငါးပါးကြီး၊ အာဃတနတစ်ဆယ့်နှစ်ပါးကြီးကို တိုတိုချုံးတော့ ခန္ဓာငါးပါးပဲဆိုကြပါစို့နော်။ (မှန်ပါ့)၊ လက်ရှိခန္ဓာငါးပါးကြီးကို ဒကာ ဒကာမတို့ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဝေဒနာဖြစ်ပျက်ရှု။ (မှန်ပါ့ ဘုရား)။
ဝေဒနာဖြစ်ပျက်ရှုဆိုတော့ ဒကာ ဒကာမတွေသိတဲ့ အတိုင်း ဒီကြားထဲ မဂ္ဂင်လာတော့မှာပါ။ (လာမှာပါ ဘုရား)၊ ဝေဒနာကလေးတစ်လုံး ဖြစ်ပျက်ရှုလိုက်တော့ ဘာလာမလဲ။ (မဂ္ဂင်လာပါမယ်)၊ မဂ္ဂင်လာတော့ မဂ္ဂင်က ဒီနားမှာရှိတဲ့ တဏှာမသေးဘူးလား။ (သေပါတယ်)၊ တဏှာသေတော့ တဏှာနောက်က ခန္ဓာကော (သေပါတယ်)၊ ဒီခန္ဓာမှ မရှိဘဲနဲ့ ခုနင်က တေဇောဓာတ်တွေကော (သေပါတယ် ဘုရား)၊ အိုနာသေတွေလာဦးမလား။ (မလာပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ရာမင်ရာကို အနိစ္စ,ဒုက္ခ,အနတ္တ ရောဂ ဘယလို့ ရှုရလိမ့်မယ်။(မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဝိပဿနာမရှုဘဲနဲ့ဖြင့် ဒီတဏှာ မသေဘူး
အဲဒီတော့ ဒကာ ဒကာမတို့ ဝိပဿနာမရှုဘဲနဲ့ဖြင့် ဒီတဏှာ မသေဘူး။ ဒီတဏှာမသေရင် ဒီခန္ဓာလာ လိမ့်မယ်။ ဒီခန္ဓလာရင် ကျုပ်တို့သည် အို၊နာ၊သေတွေနဲ့ ခေါင်းလက်ဖွဲ့ ခံရလိမ့်မယ်။ (မှန်ပါ့)၊ မခံရပေဘူးလား။ (ခံရပါတယ်)၊ အင်မတန်ကြောက်စရာ မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ခင်ရာမင်ရာကို ဘာလုပ်ရမယ်။ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုရလိမ့်ဆိုတာ ကျုပ်တို့ ဉာဏ်စွမ်းနဲ့ ရပါ့မလားလို့ မေးကြည့်ပါ ဒကာ ဒကာမတို့ ဟင်။ ကျုပ်တို့ ဉာဏ်စွမ်းနဲ့ဖြင့် ခင်ရာမင်ရာ ဖြစ်ပျက်ရှုရမယ် ဆိုတာ ပေါ်နိုင်ဖို့ မြင်နိုင်သေးရဲ့လား။ (မမြင်နိုင်ပါ ဘုရား)။
ခင်ရာမင်ရာကိုကျုပ်တို့က ဖြစ်ပျက်ရှုရမှာဝေးလို့ ဪ ဘယ်သူနဲ့ ခင်ခင်မင်မင်ဖြစ်ပါ့မလဲ လိုက်ရှာနေတယ်။ (မှန်ပါ့)၊ မရှာပေဘူးလား။ (ရှာပါတယ်)။
ဒါဖြင့် ခင်ရာမင်ရာဖြစ်တော့ ခင်တဲ့တဏှာ မလာပေဘူးလား။ (လာပါတယ်)၊ ခင်တဲ့တဏှာလာရင် ခန္ဓာက မလာပေဘူးလား။ (လာပါတယ်)၊ ခန္ဓာက မလာပေဘူးလား။ (လာပါတယ်)၊ ခန္ဓာလာရင် ဒကာ ဒကာမတို့ အို၊နာ၊သေတွေက နေရစ်ပါ့မလား။ (မနေရစ်ပါ ဘုရား)၊ အင်မတန် ကြောက်စရာမကောင်းဘူးလား၊ (ကောင်းပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဘုရားပွင့်လာတာသည် ဘယ်လိုပြောတယ်ဆိုတာ ဒကာကြွယ် စဉ်းစားပါနော်။ (မှန်ပါ့)၊ ဟောဒီ ခင်ရာမင်ရာဟာ ငါ သေသေချာချာရှင်းပြမယ်တဲ့၊ ဘုရားက အနားရပ်ပြီတော့ (မှန်ပါ့)၊ အဆင်းလဲကောင်းပါတယ်၊ အနံ့လဲကောင်းပါတယ်၊ အရသာလဲကောင်းပါတယ်၊ သို့သော် အဆိပ်ပါတယ်ဟေ့ တဲ့ (မှန်ပါ့)။
ခန္ဓာငါးပါးဟာ အဆင်းအနံ့အရသာတော့ ကောင်းပါတယ်တဲ့။ သို့သော် သေစေတတ်တဲ့ အဆိပ်ပါတယ်တဲ့။ (မှန်ပါ့)။
ခင်ရာမင်ရာဆိုတာ အဆိပ်ပါတဲ့အရက်
ခင်ရာမင်ရာထဲမှာ ဘာပါသတဲ့။ (အဆိပ်ပါ ပါတယ်)၊ ခင်ရာမင်ရာဟာ အဆင်းအနံ့အရသာနဲ့ ပြည့်စုံတဲ့ အရက်နဲ့တူသကွတဲ့။ သို့သော် ဒီအရက်သည်ကားလို့ဆိုရင်ဖြင့် အဆိပ်ပါတဲ့အရက်ဖြစ်နေသောကြောင့် မူးရုံတင် မဟုတ်ဘူးတဲ့ ၊ သေဦးမှာတဲ့။ (မှန်ပါ့ ဘုရား)။
အဲဘုရားက ဒီနားကမှာ ရပ်ပြောတယ်၊ ဟေ့ သံသရာခရီးသည်၊ မင်း ခင်ရာမင်ရာတွေကို သွားမခင်နဲ့နော်၊ အဲဒါ အဆိပ်နဲ့ရောထားတဲ့ အရက်တွေ။ (မှန်ပါ့) သွားမသောက်နဲ့ သွားသောက်ရင် မသေသော် မလှမပ သေသော်လဲ သေရလိမ့်မယ်။ (မှန်ပါ့)၊ ဘယ်သူက ဟောသတုန်း။ (ဘုရားက ဟောပါတယ်)၊အဲဒါ ဝိပဿနာအရှုခိုင်းတာ (မှန်ပါ့)။
မသေသော်လဲ မလှမပ၊ သေသော်လဲ သေရလိမ့်မယ် ဆိုတာ ဘာခိုင်းတာပါလိမ့်။ (ဝိပဿနာ ရှုခိုင်းတာပါ)။
အဲ ဝိပဿနာအရှုခိုင်းတာ၊ ဒီပုထုဇဉ်ကလဲ အငတ်တွေဖြစ်ပြီး သကာလ နေတော့ ဒကာကြွယ်ရေ နောက်ဘဝတုန်းကလဲ ဒီလို သစ္စာတွေမသိခဲ့တော့ သားမယားတွေခင်လို့ ဝပြီးသေခဲ့တာလား။ ငတ်သေခဲ့တာလား (ငတ်သေခဲ့တာပါ ဘုရား)၊ ဟာ ကြောက်စရာကြီးပါလား။ (ကြောက်စရာကြီးပါ ဘုရား)။
ဒါဖြင့် ရောက်တဲ့နေရာကျတော့ တွေ့တာကြုံရာကိုခင်လိမ့်မလား၊ မင်လိမ့်မလားလို့မေးရင် ဘယ့်နှယ့်ဖြေကြမလဲ။ (ခင်မင်မှာပါ ဘုရား)၊ ဘာဖြစ်လို့တုန်း၊ အငတ်လက်စက မသတ်ခဲ့လို့။ (မှန်ပါ့)၊ ရောက်တဲ့ နေရာ ခင်ပြန်တော့ကော၊ ဝပြီးသေသလားလို့ မေးပြန်တော့ကော (ငတ်ပြီးသေပါတယ် ဘုရား)။
သံသရာခရီးသည် အငတ်သမား
ခင်လျက်တန်းလန်း၊ မင်လျက်တန်းလန်းနဲ့ ငတ်သေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟေ့ သံသရာခရီးသည် အငတ်သမား၊ မင်း ဟောဒီအရက်တွေ တွေ့ပြန်ပြီ။ ခင်ရာမင်ရာတွေပေ့ါဗျာ။ (မှန်ပါ့)၊ သွားမသောက်နဲ့၊သောက်လို့ရှိရင် တဏှာမဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။ တဏှာဖြစ်ရင် ခန္ဓာငါးပါးရတယ်၊ ခန္ဓာ ငါးပါးရရင် အို၊နာ၊သေ (ရပါတယ်)၊ အဲဒါကြောင့် မင်းမသောက်နဲ့လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝိပဿနာရှု ကြလို့ သေသေချာချာဟောပါတယ်။ (မှန်ပါ့)။
ဘယ်လိုများ ဟောလိုက်ပါလိမ့်။ (ဝိပဿနာရှုကြလို့ ဟောပါတယ်)၊ ဝိပဿနာရှုကြလို့ သေသေချာချာ ဟောတယ်နော်၊ (မှန်ပါ့)။ မသောက်နဲ့ကွဆိုတာ ဝိပဿနာရှုကြတဲ့။ (မှန်ပါ့)၊ မသာယာနဲ့ကွ၊ အပြစ်ရှုကြလို့ ပြောတာ။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာကြွယ်ရေ အပြစ်ရှုလိုက်လို့ရှိရင် ဒီနေရာမှာ၊ တဏှာနေရာမှာ မဂ်မလာပေဘူးလား။ (လာပါတယ် ဘုရား)၊ သေချာပလား။ (သေချာပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုနည်းကို သင်ကြစို့ဆိုတော့ (မှန်ပါ့)၊ ဝိပဿနာရှုလိုက်လို့ရှိရင် တဏှာသေ၊ တဏှာသေရင် ဒီခန္ဓာကကော (သေပါတယ်)၊ ခန္ဓာသေရင် အို၊နာ၊သေ လာဦး မလား။ (မလာပါ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာငါးပါးကို ဝိပဿနာရှုမှသာလျှင် အဆိပ်ကို မသောက်ဖြစ်တဲ့အခြေအနေရောက်ပါတယ်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဝိပဿနာရှုမယ်ကြံတော့ ဒကာ ဒကာမတွေ သင်ပေးရမယ် (မှန်ပါ့ ဘုရား)၊ ဘယ်လိုသင်ရပါသလဲလို့မေးလို့ရှိရင် ဟော ဝိပဿနာဆိုတာ မသောက်ဖြစ်အောင် လုပ်တာနော်။ (မှန်ပါ့)၊ အရက် နဲ့ ရောတာတွေ မသောက်ဖြစ်အောင်လုပ်တာ။ (မှန်ပါ့)။
ဒုက္ခသစ္စာ ကလေးတွေပါလားလို့ ကြည့်ပါ
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာလဲ စိတ်ကလေးတွေရှိပါတယ်၊ ဝေဒနာကလေးတွေကော (ရှိပါတယ်)၊ စိတ်တွေလဲရှိတယ်၊ ဝေဒနာကလေးတွေလဲ အကုန်ရှိပြီး သကာလ နေတာ ဒကာ ဒကာမတွေက ရှေးဦးစွား ဘာလုပ်ရမတုန်းလို့မေးတော့ ဒီဒကာ ဒကာမတွေက မြင်ပြီးသားဖြစ်နေတဲ့ အတွက် ပေါ်ရာကို ဒုက္ခသစ္စာ ကလေးတွေပါလားလို့ ကြည့်ပါ။ (မှန်ပါ့)၊
ယားရင် ယားတဲ့နေရာ ဘာသစ္စာရှုမယ်၊ (ဒုက္ခသစ္စာပါ)၊ နာရင်နာတဲ့နေရာ ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ)၊ ကောင်းရင် ကောင်းတဲ့နေရာ (ဒုက္ခသစ္စာပါ)၊အကုန် ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စာ ဘက်ချည့် သွားပါ။ (မှန်ပါ့)။
အဲဒီတော့ ဝေဒနာလာလဲ ဒုက္ခသစ္စာ၊ စိတ်လာလဲ ဒုက္ခသစ္စာ၊ လာချင်ရာလ သစ္စာဓမ္မထဲ အကုန်ဝင် သွားတော့တာပဲ၊ (မှန်ပါ့)။ သစ္စာဆိုတဲ့ ဓမ္မာနုပဿနာထဲ အကုန်ဝင်သွားတဲ့အတွက် ဝေဒနာလာလဲ ဖြစ်ပျက်ရှု၊ စိတ်လာလဲ (ဖြစ်ပျက်ရှုရမှာပါ)၊ ရုပ်ကလေးတွေလာပြန်ကော (ဖြစ်ပျက်ရှုရမှာပါ)။
အဲဒီတော့ကို ဖြစ်ပျက်ရှုတာ တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ဘုန်းကြီးနည်းနည်းရှင်းပြီး ပြောချင်တာက ကွေးတာလဲ ဒကာ ဒကာမတို့ ဖောက်ပြန်တာပဲ၊ ဆန့်တာလဲ (ဖောက်ပြန်တာပါပဲ)။
ကွေးတာ ဘယ့်နှယ်ကြောင့် ဖောက်ပြန်ရပါသတုန်း ဘုရားဆိုတော့ ကွေးနေလျက်မတ္တနဲ့ ဆန့်ကျင်တာသည် ကားလို့ဆိုရင် ကွေးတဲ့အခါများ ဒကာ ဒကာမတို့ မကွေးချင်တဲ့သဘောရှိလို့ပေါ့ (မှန်ပါ့)၊ မကွေးချင်တဲ့ ဝေဒနာ မပေါ်ဘူးလား။ (ပေါ်ပါတယ်)၊ ဒါဖြင့် မကွေးချင်တဲ့ ဝေဒနာပေါ်တာသည် ဒုက္ခသစ္စာ၊ သဘောကျပလား။ (ကျပါပြီ)။
ကွေးလိုက်ပြန်တော့လဲ ကွေးတဲ့ဝေဒနာ ဒုက္ခသစ္စာ၊ သဘောကျပလား။ (ကျပါပြီ)။
ကွေးလိုက်ပြန်တော့လဲ ကွေးတဲ့ ဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ်)။
ကဲ ဒါဖြင့် မကွေးချင်တဲ့၊ ဆန့်ချင်တာလဲ ဆန့်ဝေဒနာပေါ်တယ်။ ကွေးတာလဲ (ကွေးတဲ့ဝေဒနာ ပေါ်ပါတယ်)၊ ကွေးဝေဒနာလဲ ဒုက္ခသစ္စာ၊ ဆန့်ဝေဒနာလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့သန္တာန် ဘယ်ဣရိယာ ပုတ်ပြောင်းပြောင်း ဘယ်သစ္စာတွေပါလိမ့်။ (ဒုက္ခသစ္စာ တွေပါ ဘုရား)၊ ဘယ်ဝေဒနာပေါ်ပေါ် (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာချည့်ပဲဆိုတာ သေချာပလား။ (သေချာပါပြီ)။
ရောဂါတော တစ်လုံးနဲ့ ရှုပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ အမြဲတမ်း ရောဂါတော တစ်လုံးနဲ့ ရှုပါ။ (မှန်ပါ့)၊ ဪ ရောဂါကြီးပါလား၊ ကွေးနေရာကနေပြီး ဆန့်ချင်ပြန်လဲ ရောဂါကြီးပါလား၊ ရောဂတောဆိုတာ ဟုတ်သားပဲ။ (မှန်ပါ့)၊ ဆန့်တဲ့နေရာကနေ ကွေးချင်ပြန်တော့ကော (ရောဂတောပါ)၊ ထိုင်နေရာကနေ ရွှေ့ချင်ပြန်တော့ကော (ရောဂတောပါ)၊ ရောဂတောဆိုတာ ဟုတ်သားပဲ၊ ရောဂါချည့်ဖြစ်ဖြစ်နေတာပဲ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီရောဂါဟူသရွေ့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ ကဲ ရောဂတောနဲ့ချည့်လှည့် နေတာပါတဲ့။
ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပြောင်းတိုင်း လွှဲတိုင်းရှုတိုင်း ရှိုက်တိုင်း စိတ်တွေပါ်တိုင်း ဘာဖြစ်ကြတာတုန်း မေးရင် ဘယ်နှယ်ဖြေပါ့မယ်။ (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ ရောဂါတွေပဲ။ (မှန်ပါ့)။
ဒုက္ခသစ္စာဆိုတာက ဘာပါလိမ့်။ (ရောဂါတွေပါ ဘုရား)၊ ရောဂါတွေပဲဆိုတာ သေချာပလား။ (သေချာပါပြီ)။
ကွေးပြန်တော့ ကွေးရောဂါ။ (မှန်ပါ့)၊ ဆန့်ပြန်တော့ကော (ဆန့်တဲ့ရောဂါပါ)၊ ထိုင်ပြန်တော့ကော (ထိုင်တဲ့ရောဂါပါ)၊ ထပြန်တော့ (ထတဲ့ရောဂါပါ)၊ ထချင်ပြန်တော့လဲ ထချင်တဲ့ ရောဂါနဲ့ ထ,တာပဲ။ သဘောကျပလား။(ကျပါပြီ)၊ ထ,တဲ့ရောဂါလဲ ဒီနေရာတွင် ရောဂါဖြစ်ပြီး ဖြစ်ပျက်ပဲ။
သဗ္ဗေ သင်္ခါရာ ဒုက္ခာ လို့ မလာဘူးလား
အလုံးစုံဖြစ်ပျက်မှာ သဗ္ဗေသင်္ခါရာဒုက္ခလို့ မလာဘူးလား။ (လာပါတယ် ဘုရား)၊ အဲဒီ သဗ္ဗေသင်္ခါရာ ဒုက္ခကြောင့် ဘုရားက ဟေ့ဒါတွေဟာမင်းတို့ ခန္ဓာကိုယ်ကြီးကို ရောဂါလို့ရှုလိုက် စမ်းပါဆိုတော့ သောက်ချင်သေးရဲ့လား။ (မသောက်ချင်ပါ ဘုရား)။
အရက်နဲ့ရောထားတာဆိုတော့ သောက်ဖြစ်သေးရဲ့ လား။ (မသောက်ဖြစ်ပါ ဘုရား)၊ မသောက်ဖြစ်လို့ ရှိရင်ဖြင့် ဘုန်းကြီးကို ဒကာ ဒကာမတွေသည် ကားလို့ဆိုရင်ဖြင့် မသောက်ဖြစ်တော့ တဏှာ လာသေးရဲ့လား။ (မလာပါ ဘုရား)၊ တဏှာမလာလို့ရှိရင် နောက်ခန္ဓာက (မလာပါ ဘုရား)၊ နောက်ခန္ဓာမလာဘဲနဲ့ အိုနာသေပါပါ့မလား။ (မပါ,ပါ ဘုရား)၊ ဪ ဒါဖြင့် အသေလွတ်ပါလား။ (လွတ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ရောဂါလို့ရှုရင် ဘာဖြစ်ပါလိမ့်မတုန်း။ (အသေလွတ်ပါတယ် ဘုရား)။
ဒါကြောင့် ဒီခန္ဓာငါးပါးကြီးကို ဖြစ်တာကြီး၊ ပျက်တာကြီးဟာ ဒုက္ခသစ္စာချည့်ပဲမှတ်ပါ့။ (မှန်ပါ့)၊ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခချည့်ပဲ မဟုတ်လား။ (မှန်ပါ့)၊ ဖြစ်တာလဲ ဘာသစ္စာ။ (ဒုက္ခသစ္စာပါ)၊ ပျက်တာကော (ဒုက္ခသစ္စာပါ)။
ခင်ဗျားတို့သန္တာန်ထဲမှာ ဒုက္ခဖြစ်တာရယ်။ ဒုက္ခချုပ်တာရယ်၊ ဒါမှတစ်ပါး ဘာမှ မရှိဘူးဆိုတာ သေချာပ လား။ (သေချာပါပြီ)။
ရောဂါတွေပဲလို့ မဂ္ဂင်ငါးပါးနဲ့ ရှုပေး
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ တစ်ခါတည်း စောင့်ကြည့်နေ့၊ ဘယ်နေရာက ဒုက္ခပေါ်လာသတုန်း။ ဘယ်နေရာက တရားထူးပေါ်လာသတုန်း ကြည့်နေ့၊ ဟိုနေရာက ယားသလိုလို၊ ဟိုနေရာက နာသလိုလို၊ ဟိုနေရာက အိုက်သလိုလို၊ ဒီနေရာက အောင့်သလိုလို၊ ဟိုနေရာက တင်းသလိုလိုလာလို့ရှိရင် ဒါရောဂါတွေပဲ၊ ရောဂါတွေပဲ၊ ဒုက္ခသစ္စာတွေပဲ။ ရောဂါတွေပဲ၊ ရောဂါတွေပဲလို့ မဂ္ဂင်ငါးပါးနဲ့ ရှုပေးပါ။ (မှန်ပါ့)။
ရှုလိုက်တဲ့အခါကျတော့ ရောဂါက ဒုက္ခသစ္စာ။ ရှုတာက မဂ္ဂသစ္စာ။ သေတာက (သမုဒယသစ္စာပါ)၊ ဟိုဘက် မှာ ခန္ဓာနဲ့တကွ ဇာတိ, ဇရာ, မရဏ မလာတာက (နိရောဓသစ္စာပါ)။
အဲဒီလို သစ္စာဆိုက်အောင် ရှုသွားပြန်တော့လည်း ဒကာ ဒကာမတို့ သံသရာစခန်း သတ်တယ် ဆိုတာ မပေါ် လာသေးဘူးလား။ (ပေါ်လာပါပြီ ဘုရား)၊ သံသရာစခန်းသည် သံသရာစခန်းသတ် ဆိုတာ ဒကာသစ်ဘာပါလိမ့်မတုန်း ဆိုတော့ ရောဂါလို့ရှုနိုင်မှ စခန်းသတ်သည်။ (မှန်ပါ့)။
သံသရာစခန်းသတ် ဆိုတာ ဘာပါလိမ့်။ (ရောဂါလို့ ရှုနိုင်မှပါ ဘုရား)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာလဲတဲ့ ဘယ်အချိန်မဆို ရောဂတောဆိုတဲ့အတိုင်း ဘာကလေး ပေါ်လာလာ ရောဂါထ, တာချည့်မှတ်။ (မှန်ပါ့)။ စားချင်တာကလေး ပေါ်လာရင်ကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ရောဂတောလို့ ရှုလိုက်။ (မှန်ပါ့)၊ အိပ်ချင်တဲ့ စိတ်ကလေးပေါ်လာရင် (ဒုက္ခသစ္စာပါ ဘုရား)၊ သွားချင်တဲ့သဘောကလေး ပေါ်လာရင် (ဒုက္ခသစ္စာ)၊ ထိုင်ချင်တဲ့ သဘောကလေးပေါ်လာရင် (ဒုက္ခသစ္စာပါ ဘုရား)၊ ကွေးချင်တဲ့ သဘောကလေးပေါ်လာရင် (ဒုက္ခသစ္စာပါ)။
အဲဒီလို ပေါ်တဲ့ သဘောကလေး စိတ်တွေချည့် လျှောက်ပြီးရှု။ (မှန်ပါ့)၊ ပေါ်လာတဲ့သဘော စိတ်ကလေး တွေချည့် လျှောက်ရှုပါ။ (မှန်ပါ့)၊ အဲဒီကဲ့သို့ ရှုတဲ့အခါကျတော့ ရောဂါက ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ရောဂါရှိမှန်း သိတာက (မဂ္ဂသစ္စာပါ)။
မဂ်သည် ကိလေသာ သတ်/မသတ်
မဂ္ဂသစ္စာဆိုတော့ မဂ်သည် ကိလေသာ သတ် မသတ် (သတ်ပါတယ်)၊ ဒါဖြင့် ခုနင်က ပြောတဲ့ အဆိပ်နဲ့ ရောကထားတဲ့အရက် သောက်မိသေးရဲ့လား။ (မသောက်မိပါ ဘုရား)၊ မသောက်မိတော့ တဏှာကလဲ ချုပ်တာပဲ။ (မှန်ပါ့)၊ တဏှာချုပ်တော့ ခန္ဓာကကော (ချုပ်ပါတယ်)၊ ခန္ဓာချုပ်တော့ ဇာတိ, ဇရာ, မရဏ (ချုပ်ပါတယ်)။
အဲဒါ သစ္စာသိလို့ မသောက်တဲ့ ပုဂ္ဂိုလ်မှာတော့ဖြင့် ဒကာ ဒကာမတို့ သံသရာစခန်းသတ်ပါတယ်။ (မှန်ပါ့)။
ဒကာကြွယ် ဘာပါလိမ့်။ (သံသရာစခန်းသတ်ပါတယ် ဘုရား)၊ သောက်တဲ့ပုဂ္ဂိုလ်ကျတော့ သံသရာစခန်း သတ်ပါ့မလား။ (မသတ်ပါ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုနည်းကဖြင့် ရှေးဦးစွာ ခင်ဗျားတို့ အိမ်ရောက်တော့ ထိုင်လိုက်တာပေါ့။ (မှန်ပါ့)၊ ထိုင်လိုက်ပြီး သကာလ အာနာပါနလုပ်ချင်တဲ့ ပုဂ္ဂိုလ်က လုပ်တာပေါ့လေ။ (မှန်ပါ့)၊ ဟာ မလုပ်ချင်ဘူးဘုရား၊ အာနပါနကို တပည့်တော် ရှေးဦးစွာ မူကိုမတည်ချင်ဘူးဆိုရင်လည်း အာနာပါန မမှတ်ဘဲနဲ့ တစ်ခါတည်း ခန္ဓာကိုယ် စောင့်ကြည့်နေ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ခန္ဓာကိုယ် စောင့် ကြည့်နေပါ
ဘာလုပ်ရမလဲ (ခန္ဓာကိုယ်စောင့်ကြည့်ရပါမယ်)၊ ခန္ဓာကိုယ် စောင့်ကြည့်နေပါ။ (မှန်ပါ့)၊ ခန္ဓာကိုယ် စောင့် ကြည့်နေပါဆိုတာလည်း မိလိန္ဒပဥှာကလာတာပဲ။ (မှန်ပါ့)၊ ကျားများသည် သားကောင်ဖမ်းမယ် ဆိုတော့ အပြေးလိုက် သလား၊ စောင့်ဖမ်းသလား။ (စောင့်ဖမ်းပါတယ် ဘုရား)။
ကဲ ဒါဖြင့် အာနာပါန မလုပ်ချင်ပါဘူးဘုရား၊ တပည့်တော် အာနာပါနလုပ်ခဲ့ရတာ ကြာပါပြီ၊ မလုပ်ပါဘူးဆို လို့ရှိရင်ဖြင့် ယနေ့ နည်းတစ်မျိုးပဲ ဒကာ ဒကာမတွေ ပေးလိုက်မယ် စောင့်နေ။ (မှန်ပါ့)၊ တစ်ခါတည်း မှန်မှန်ကလေးရှု ပြီး သကာလ ရှုတာလဲ ဂရုမစိုက်နဲ့။ ရှိုက်တာလဲ ဂရုမစိုက်ဘဲနဲ့ စောင့်သာနေ၊
စောင့်နေတဲ့အခါကျတော့ ခန္ဓာကိုယ်က ဟိုနေရာက နာသလိုလို၊ ဒီနေရာက နာသလိုလို မလာဘူးလား။ (လာပါတယ်)၊ အင်း နာတဲ့နေရာကလေး ရောဂတော ရှုလိုက်။ (မှန်ပါ့)၊ ဟိုနေရာကလေးက အောင့်သလိုလိုလာရင်ကော။ (ရောဂတောရှုရပါမယ်)၊ သဘောကျပလား။ (ကျပါပြီ)၊ ဟိုနေရာက စပ်သလိုလို လာရင်ကော (ရောဂါတောရှုပါရမယ်)၊ ရောဂတောကို ရှုပေးနော်။ (မှန်ပါ့)၊
အဲဒီကဲ့သို့ နေရာတိုင်း စောင့်ကြည့်တဲ့အခါကျတော့ တစ်ခါတည်း ဒကာ ဒကာမတွေ ရောဂါတွေ အပြည့် မလာပေဘူးလား။ (လာပါတယ်)၊ ကြာတော့ တစ်ကိုယ်လုံးကို အပ်သွားချစရာနေရာမရှိအောင်ဘဲ ဖျပ်ဖျပ် ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ နာတာလဲ မဟုတ်ဘူး၊ ကျင်တာလဲ မဟုတ်ဘူး၊ ရေပွက်ပမာ ကိုယ်ခန္ဓာကြီး ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ မလာပေဘူး လား။ (လာပါတယ် ဘုရား)၊ လာလို့ရှိရင် ဪ ရောဂတော ဆိုတဲ့အတိုင်း ရောဂါတစ်ကိုယ်လုံးဖြစ်နေပါပေါ့လားလို့ မသိနိုင်ဘူးလား။ (သိနိုင်ပါတယ်)။
အဲဒါ ရောဂတော ရောဂတောနဲ့ ရှုနေပါ။ ရောဂတောတွေပါလား၊ ရောဂါတွေပါလား၊ ရောဂါဒုက္ခသစ္စာတွေ ပါလားလို့ ရှုပေးပါ။ (မှန်ပါ့)။
ရောဂါဒုက္ခသစ္စာတွေ ပါလားလို့ ရှုပေး
ဘယ်လို ရှုပေးရမယ်။ (ရောဂါဒုက္ခသစ္စာတွေပါလား၊ ရောဂါဒုက္ခသစ္စာတွေပါလားလို့ ရှုပေးရပါမယ်)၊ ဒါက စောင့်ရှုတဲ့ နည်းနော်။ (မှန်ပါ့)၊
ဒကာ ဒကာမတို့ ဒါ ဘာနည်းပါလိမ့်။ (စောင့်ရှုတဲ့နည်းပါ ဘုရား)၊ ကျားများ သားကောင်စောင့်ဖမ်းသလို စောင့်ရှုတဲ့နည်း။ (မှန်ပါ့)။
အဲဒီကဲ့သို့ စောင့်ပြီး သကာလ ဖမ်းတော့ ဟိုနေရာကနာ၊ ဒီနေရာကကိုက်၊ ဒီနေရာကခဲ၊ ဟိုစိတ် ကလေး ပေါ်လာ၊ ငိုက်ချင်တဲ့စိတ်ကလေး အခုမှအသစ်ပေါ်လာ၊ အသစ်ပေါ်လာတာ ဟူသရွေ့ စောင့်ဖမ်းရမယ်။ (မှန်ပါ့)။
အသစ်ပေါ်လာတာ ဟူသရွေ့ (စောင့်ဖမ်းရပါမယ် ဘုရား)။
စောင့်နေတာက သတိ, ဝီရိယ, သမာဓိ (မှန်ပါ့)၊ ဖမ်းတာက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ-ပညာကဖမ်းတယ်။ (မှန်ပါ့)၊ ဒါဖြင့် သမာဓိနဲ့စောင့်ပြီး ပညာနဲ့ဖမ်းသည်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဘာနဲ့စောင့်ပြီး ဘာနဲ့ဖမ်းပါလိမ့်။ (သမာဓိနဲ့ စောင့်ပြီး ပညာနဲ့ဖမ်းပါသည်)။
ဒီနေ့ညလုပ်ကြည့်၊ ဒီနေ့ညဖြစ်စေမယ်။ (မှန်ပါ့)၊ သမာဓိက အစောင့်သမား၊ ပညာက (အဖမ်းသမားပါ)၊ ဒါဖြင့်စောင့်ပြီး ဖမ်းပါ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဘယ်လိုလုပ်ကြမယ်။ (စောင့်ဖမ်းရပါမယ် ဘုရား)၊ စောင့်ပြီးဖမ်းတဲ့။ ခန္ဓာကိုယ်ကြီးကို ရှုမြဲတိုင်းရှု ရှိုက်မြဲတိုင်း ရှိုက်ပြီး ခန္ဓာကိုယ်ထဲမှာ အထူးပေါ်လာတာဟူသရွေ့ကို လက်မလွတ်စေနဲ့။ (မှန်ပါ့)၊ ဝေဒနာပေါ်လည်း လက်မလွတ်စေ နဲ့နော်။ (မှန်ပါ့)၊ ဝေဒနာပေါ်လည်း လက်မလွတ်စေနဲ့နော်။ ဖောက်ပြန်တာတွေ ပေါ်လာတိုင်း ပေါ်လာတိုင်း။ (လက်မလွတ်စေရပါ ဘုရား)၊ လက်မလွတ်စေတော့ ဒကာသစ်ရေ ဒါ ဘာလုပ်တဲ့နည်းပါလိမ့်။ (စောင့်ဖမ်းတဲ့နည်းပါ ဘုရား)။
မဂ္ဂင်ငါးပါးနဲ့ စောင့်ဖမ်းနေတာ
ဒီထဲ မဂ္ဂင်ငါးပါးနဲ့ စောင့်ဖမ်းနေတာကိုးဗျ။ (မှန်ပါ့)၊ အဲဒီတော့ အဖမ်းခံရတာက ရောဂါ၊ ဖမ်းတဲ့ဉာဏ်က ပညာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒါဖြင့် ရောဂါကို ပညာနဲ့ကုနေတာ။ (မှန်ပါ့)။
ရောဂါကို (ပညာနဲ့ ကုနေတာပါ)၊ ရောဂါကို ပညာနဲ့ ကုနေတော့ နောက်ရောဂါတိုးတယ်လို့ လာသေးရဲ့ လား။ (မလာပါ ဘုရား)၊ နောက်တဏှာမလာတာဟာ ရောဂါမတိုးတာပဲ။ (မှန်ပါ့)၊ တဏှာမလာရင် ခန္ဓာကော လာသေး သလား။ (မလာပါ ဘုရား)၊ ခန္ဓာမလာလို့ရှိရင် ရောဂါဝဲကြီးကို မပျောက်သေးဘူးလား။ (ပျောက်ပါတယ်)၊ ခန္ဓာမရှိမှ ဇရာ, ဗျာဓိ, မရဏမလာမှာကိုးဗျ။ (မှန်ပါ့)၊ အခုလာစရာရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
စောင့်တာက သမာဓိ၊ ဖမ်းတာက ပညာ
ဪ ဒါဖြင့် တို့သည် စောင့်ဖမ်းနေတာ၊ ဘာလုပ်တဲ့အလုပ်ပါလိမ့်မတုန်းဆိုတော့ စောင့်တာက သမာဓိ၊ ဖမ်းတာက ပညာ။ (မှန်ပါ့)၊
အဲဒီတော့ ယုဂနန္ဓနည်း၊ သမာဓိနဲ့ ပညာတွဲပြီး လွှတ်တာပါလား။ ရောဂါရှိတဲ့ဆီကို (မှန်ပါ့)၊ သဘောကျပ လား။ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ယနေ့ ဘာလုပ်ကြမှာပါလိမ့်။ (စောင့်ဖမ်းရမှာပါ ဘုရား)၊ စောင့်တာက ဘာပါလိမ့်။ (သမာဓိပါ)၊ ဖမ်းတာက (ပညာပါ ဘုရား)၊ အဲ သမာဓိကလည်း စောင့်ရုံပဲ တတ်နိုင်တယ်။ မဖမ်းနိုင်ဘူး။ ပညာကမှ အနိစ္စ, ဒုက္ခ, အနတ္တကို မိအောင်ဖမ်းနိုင်တာ။ (မှန်ပါ့)၊ တော-လေးဆယ်ထဲက ရောဂါကို မိအောင် ဖမ်းနိုင်တာကလည်း သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကသာ မိအောင်ဖမ်းနိုင်တာ။ (မှန်ပါ့)။
ဒါဖြင့် စောင့်ကြည့်တဲ့အလုပ်ကို ဒကာကြွယ်ရေ လုပ်ကြည့်စမ်းပါ။ သေသေချာချာမိမည့်အလုပ်ပဲဆိုတာ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ စောင့်ပြီး သကာလ နေတော့၊ လာရင်တော့ မလွတ်တမ်းဖမ်း။ (မှန်ပါ့)။
ဝေဒနာကလေးဟာ ဟိုနေရာက ယားသလိုလို၊ ဟိုနေရာက နာသလိုလို လာလိမ့်မယ်။ (မှန်ပါ့)၊ အဲဒါကို ဒကာသစ်တို့က ဘယ့်နှယ်လုပ်မယ်။ (စောင့်ဖမ်းရပါမယ်)၊ စောင့်တာက ဘာတုန်း။ (သမာဓိပါ)၊ ဖမ်းတာက (ပညာပါ ဘုရား)၊ အဲ စောင့်မှ မစောင့်လို့ရှိရင်ဖြင့် ဖမ်းဆိုတာ မဖြစ်နိုင်ဘူး။ (မှန်ပါ့)၊
ဝိပဿနာအလုပ်ဆိုတာ စောင့်ဖမ်းတဲ့အလုပ်
ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ ဘာအလုပ်ပါလဲ မေးရင် စောင့်ဖမ်းတဲ့အလုပ်။ (မှန်ပါ့)၊ ဝေဒနာလာလာ၊ စိတ်ပဲလာလာ၊ လာချင်ရာလာ၊ ရောဂါဟူသောအဖြစ်နဲ့သာ စောင့်ဖမ်းပါ။ (မှန်ပါ့)၊ ဟာ ဒါဟာ ရောဂါကလေးပဲဆိုပြီး ရောဂါကလေးပဲသိအောင် လုပ်နေပါ။ (မှန်ပါ့)၊ သိအောင်လုပ်တော့ ဒကာ ဒကာမတို့ သိအောင်လုပ်တဲ့ သဘောသည် ကားလို့ဆိုရင် ဖြစ်ပျက်မိတာပဲဆိုတာ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် ဖြစ်ပျက်က အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်။ (မှန်ပါ့)၊ ဖြစ်ပျက်သမျှဟာ သင်္ခါရ ဒုက္ခ သစ္စာမှတ်။ (မှန်ပါ့)၊ ဖြစ်ပျက်သမျှဟာ သင်္ခါရတရားပဲ။ (မှန်ပါ့)၊ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ ဘုရား)၊ သဘောကျပ လား။ (ကျပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ ရောဂါဆိုတာ ဒုက္ခသစ္စာကို ဆိုပါတယ်။ (မှန်ပါ့)။
သစ္စာလေးပါးပြ လင်္ကာဆောင်ပုဒ်
ကဲ ဆိုစမ်းပါ ဘယ့်နှယ်တုန်း။
(“ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်”)။
တော်ပြီ တော်ပြီ ဖြစ်ပျက်သမျှ ဒုက္ခသစ္စာမှတ်၊ ဪ ဒုက္ခမြင်နေပါကလား (မှန်ပါ့)၊ ဖြစ်ပျက်သမျှ သင်္ခါရ တွေဟာ ဘာပါလိမ့်။ (ဒုက္ခသစ္စာ)၊ အဲ မြင်နေတာက မဂ္ဂပဲ။ (မှန်ပါ့)၊
ဖြစ်ပျက်သမျှ သင်္ခါရက ဒုက္ခသစ္စာ။ (မှန်ပါ့)၊ မြင်နေတာက (မဂ္ဂသစ္စာပါ)။
အရင်တုန်း ဘယ့်နှယ်ဖြစ်နေသတုန်းဆိုတော့ ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင်သမုဒယတဲ့။ (မှန်ပါ့)၊
အရင်ကတော့ ဖြစ်ပျက်နေရာမှာ ငါထင်နေတာ၊ အဲဒါ သမုဒယသစ္စာဖြစ်နေတယ်။ (မှန်ပါ့)၊ ဒိဋ္ဌိဦးစီးတဲ့ သမုဒယဖြစ်နေတယ်။ (မှန်ပါ့)၊
“ဖြစ်ပျက်မှုတွင် ငါကောင်ထင် ခင်မင်သမုဒယ” (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဖြစ်ပျက်တွေကို ငါပဲ သူပဲ ထင်နေတယ်။ သမုဒယဖြစ်တယ်ကွတဲ့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့
“ရုပ်နာမ်အားလုံး ချုပ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်။”
(မှန်ပါ့)၊ ဖြစ်ပျက်သမျှ ရုပ် နာမ်တွေဟာ အကုန်ချုပ်သွားလို့ရှိရင် အဲဒါ နိဗ္ဗာန်ဝင်တယ်လို့သာ မှတ်လိုက်။ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊
အဲဒီတော့ ဖြစ်ပျက်သမျှတွေကို ခင်ဗျားတို့ ချုပ်ဆုံးအောင် ရှုနိုင်ကြလို့ရှိရင်ဖြင့် ဒါနိဗ္ဗာန်ပါပဲ။ (မှန်ပါ့)၊
ရောဂါကုန်ရင် ဘယ့်နှယ်ဆိုကြမယ်။ (နိဗ္ဗာန်ပါ)၊ ရောဂါကုန်တော့ ခန္ဓာကျန်ရစ်သေးလား။ (မကျန်ရစ်ပါ ဘုရား) သဘောပါကြပလား။ (ပါ,ပါပြီ)။
ဖြစ်ပျက်လို့ ရှုပေးပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာချည့် ရှုရှု ရှုရှုပြီး ဪ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်လို့ ရှုပေးပါ။ ရှုရာကနေပြီး သကာလ ရှုပါများလာတဲ့အခါကျတော့ ကိုယ့်ခန္ဓာကိုယ်ကြီး၏ ဇာတိ, ဇရာ, မရဏကောင်ကြီး သေပွဲဝင်နေရတာတွေကို ကြည့်နေရတာပါကလားလို့ဆိုပြီး မုန်းမလာပေဘူးလား။ (မုန်းလာပါတယ်)၊
ကိုယ့်သေပွဲကိုယ်ကြည့်ရတာ ဘယ့်နှယ်နေသတုန်း။ (မုန်းလာပါတယ်)၊ အဲ မုန်းတဲ့အခါကျတော့ နိဗ္ဗိန္ဒဉာဏ်တက်လာ တယ်။ (မှန်ပါ့)၊ အရင်ဖြစ်ပျက်မြင်တုန်းက ယထာဘူတဉာဏ်။ ကိုယ်သေတာတွေ ကိုယ်မြင်တော့ မုန်းလာတဲ့အခါ (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။
အဲဒီ နိဗ္ဗိန္ဒဉာဏ်တက်လာလို့ မလျှော့လိုက်ပါနဲ့။ စောင့်တဲ့အလုပ်ကို မလျှော့နဲ့။ ပေါ်လာတာကိုသာ ငြီးငွေ့ နေပါ။ (မှန်ပါ့)၊ ပေါ်တဲ့ ရောဂါကိုသာ ငြီးငွေ့နေပါ။ ပေါ်တဲ့ ရောဂါကိုသာ ငြီးငွေ့နေလို့ ဆရာဘုန်းကြီးက မှာလိုက် တယ်။ (မှန်ပါ့)၊
မှာလိုက်တဲ့အတိုင်း ဒကာ ဒကာမတွေက ကြိုးစားလို့ရှိရင်ဖြင့် နောက်ဆက်ပြီး သကာလ ဪ ရှေ့ တုန်းကတော့ သူများသေတာသာ ကိုယ်မြင်ဖူးတယ်၊ သူများသေလို့ ကိုယ့်မှာ ဒုက္ခပဲ၊ သူများသေတဲ့ ဒုက္ခလား၊ ကိုယ် သေတဲ့ ဒုက္ခသာ မြင်ဖူးတယ်။ ကိုယ်သေတဲ့ဒုက္ခ မြင်ဖူးရဲ့လား။ (မမြင်ဖူးပါ ဘုရား)၊ အခုတော့ဖြင့် ဒကာ ဒကာမတို့ သူများသေတဲ့ ဒုက္ခလား၊ ကိုယ်သေတဲ့ ဒုက္ခမြင်ရသလား။ (ကိုယ်သေတဲ့ ဒုက္ခမြင်ရတယ်)၊ အဲ မုန်းရာကနေပြီး သကာလ ဒုက္ခကို ပိုင်းခြားပါ။ (မှန်ပါ့)။
ကိုယ်သေတဲ့ဒုက္ခ ကိုယ်မြင်ရတဲ့အခါ
ကိုယ်သေတဲ့ဒုက္ခ ကိုယ်မြင်ရတဲ့အခါကျလို့ရှိရင်ဖြင့် နဂိုတုန်းက လူ့ဘဝဆုတောင်းမိတာသည် အသက်ရာ ကျော်ရှည်ပြီး သကာလ နေရမလားလို့ အောက်မေ့တယ်။ အခုတော့ဖြင့် ခဏခဏသေတဲ့ လူ့ဘဝပါကလား ဆိုတာ ပေါ်လာတယ်။ (ပေါ်လာပါတယ် ဘုရား)။
ဘယ်လိုပေါ်လာပါလိမ့်။ (ခဏခဏသေရတဲ့ ဒုက္ခပါ ဘုရား)။
ခဏခဏ သေတဲ့ လူ့ဘဝဆိုတာ ပေါ်လာတဲ့အခါကျတော့ အသေဒုက္ခသစ္စာ။ (မှန်ပါ့)၊ ဒီ့ထက်ကြီးတဲ့ ဒုက္ခ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ အသေဒုက္ခထက်ကြီးတာ ဒကာသစ်ရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
ဒါဖြင့် အသေက ဒုက္ခသစ္စာလို့လည်း ပိုင်းခြားလိုက်ပါရောက် ဖျတ်ဆို ဒီက ခန္ဓာငါးပါးဟာ အကုန်ပျောက် တယ်။ (မှန်ပါ့)၊ ခန္ဓာငါးပါး အကုန်ပျောက်သွားတဲ့ အခါကျတော့ ဒုက္ခတွေ ပျောက်သွားတယ် ဒကာ ဒကာတို့။ (မှန်ပါ့)။
ဘာတွေပျောက်သွားပါလိမ့်။ (ဒုက္ခတွေပျောက်သွားပါတယ်)။
“ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင် သိမြင် မဂ်ဟုမှတ်။”
အဲ ဒုက္ခတွေ ပျောက်တာက နိရောဓရောက်တာ။ (မှန်ပါ့)၊ နိဗ္ဗာန်ပေါ်တာပေါ့ဗျာ။ (မှန်ပါ့)၊ ဒုက္ခပျောက်မှန်း သိတာက မဂ္ဂသစ္စာအစစ် ပေါ်လာတယ်။ မဂ္ဂင်ငါးပါးဟာ ရှစ်ပါးဖြစ်လာတယ်။ (မှန်ပါ့)၊ သီလ မဂ္ဂင်သုံးပါး တိုးလာ တယ်။ (မှန်ပါ့)၊ ဒီဘက်က ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသဆိုတဲ့ သေကြောင်းတရား တွေကော ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ သေကြောင်းတရားမှ မရှိဘဲနဲ့ သေစရာအထည်တွေ ပေါ်ပါဦးမလား။ (မပေါ်ပါ ဘုရား)။
ဉာဏ်သုံးဆင့်နဲ့ တက်လို့ရှိရင် မဂ်မရ မရှိနိုင်ပါဘူး
ဒါဖြင့် သေကြောင်းတရားချုပ်တာက သမုဒယချုပ်တာ၊ သေစရာအထည်မပေါ်တာက အနုပါဒိသေသနိဗ္ဗာန်။ (မှန်ပါ့)၊ ဒီဘက်က ချုပ်တာက ခန္ဓာရှိလျက်နဲ့ မြင်ရသောကြောင့် သဥပါဒိသေသနိဗ္ဗာန်။ (မှန်ပါ့)၊ ဒီဘက်က သေမှ ခန္ဓာတွေ ချုပ်ငြိမ်းပြီး သကာလ မလာတာက အနုပါဒိသေသနိဗ္ဗာန်။ (မှန်ပါ့)။
ဒါ့ကြောင့် စောင့်ကြည့်ပြီး သကာလ ဉာဏ်သုံးဆင့်နဲ့ တက်လို့ရှိရင် မဂ်မရ မရှိနိုင်ပါဘူ။ (မှန်ပါ့)၊ သဘောပါကြပ လား။ (ပါ, ပါပြီ)။