ကံတရားအရိပ်ကဲ့သို့ လိုက်မလိုက်(၂)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌
ဟောကြားတော်မူသော တရားတော်
ကံတရားအရိပ်ကဲ့သို့ လိုက်မလိုက်(၂)
–ကမ္မဝါဒီတော့ ကမ္မဝါဒီပါပဲ
ကံကို အပျက်အစီးမရှိတော့ဘူး၊ အမြဲတစ်စေလိုက်ပါနေတယ်လို့ ယူတဲ့အတွက် ကမ္မဝါဒီတော့ ကမ္မဝါဒီပါပဲ၊ သို့သော် သဿတဒိဋ္ဌိဖြစ်နေပြီးလို့ ဝါတွင်းသုံးလပတ်လုံး ရဟန္တာက နည်းလမ်းပေးတဲ့တရားကို အားထုတ်ငြားသော် လဲ မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘဲ ဖြစ်နေတယ်ဆိုတာ အားလုံးသဘောကျပါလား။ (ကျပါပြီ)၊ ဘယ်အပေါ်မှာ ဒိဋ္ဌိစွဲနေသတုန်း။ (ကံအပေါ်မှာ ဒိဋ္ဌိစွဲနေပါတယ်)။
ဘာမှ အားကိုးစရာမရှိရင် ဒီကံကိုပဲ အားကိုးရမှာပဲဆိုတဲ့ အဓိပ္ပာယ်နဲ့ ကံကို ခိုင်တယ်၊ မြဲတယ်အနေဖြင့် သ ဿတဝါဒ အတ္တစွဲပြီး ဗွေဖောက်လာလို့ပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အလုံးစုံခန္ဓာငါးပါးဟာ အနိစ္စပဲ။ ကံလည်း သင်္ခါရက္ခန္ဓာထဲ ပါတာပါပဲ။ (မှန်ပါ့) ၊ ဒါကို ဝိပဿနာရှုရလိမ့်မယ်။ မရှုဘဲ ကံကို အခိုင်အမြဲယူပြီး ငါ့ဟာ, ငါ့ဥစ္စာယူလို့ရှိရင်လဲ သဿတဒိဋ္ဌိတန်းလန်းကြီး ဖြစ်နေတဲ့အတွက် ဝါတွင်းသုံးလ ပတ်လုံး ကိုစောမောင် အားထုတ်လိုက် တာ ခရီးပေါက်ပါရဲ့လား။ (မပေါက်ပါ ဘုရား)၊ ဘယ်အပေါ်ဒိဋ္ဌိဖြစ်နေပါလိမ့်။ (ကံအပေါ်မှာ ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။
ကံကို အခိုင်အမြဲစွဲပြီး မပျက်မစီးဘဲနဲ့ တို့သွားလေရာရာ ပါနေတယ်လို့ယူတဲ့ ဒကာ ဒကာမတွေလဲ ဒီအထဲမှာ အများကြီး ပါ,ပါလိမ့်မယ်။ (မှန်ပါ့)။
ဝိပဿနာလုပ်တဲ့အခါ သူ့ကိုအားကိုးမနေပါနဲ့တော့
အဲဒါဟာ ဒါနသီလနေရာမှာ အားကိုးကြတာပေါ့ ဒကာ ဒကာမတို့နော်။ (မှန်ပါ့)၊ ဝိပဿနာလုပ်တဲ့ အခါကျတော့ သူ့ကို အားကိုးမနေပါနဲ့တော့၊ ဉာဏ်ကိုသာ အားကိုးကြပါတော့ဆိုတာ ရှင်းပေးရတယ်။ (မှန်ပါ့)။
ဝိပဿနာဉာဏ်, မဂ်ဉာဏ်ဆိုတာက မောင်နိုင်တို့ ကိုစံလှတို့ မှတ်ထားရမယ်၊ ဒီကံတွေဖြတ်လို့ နိဗ္ဗာန်ရောက်တာ။ (မှန်ပါ့)၊ ကံမဖြတ်ရင် (နိဗ္ဗာန်မရောက်ကြပါ ဘုရား)၊ နိဗ္ဗာန်မရောက်ဘူးဆိုတော့ ဪ ဒီဟာအမျိုးမျိုးပါကလား၊ သိစရာဆိုတဲ့ဥစ္စာ ရှင်းသွားပြီ။ (ရှင်းသွားပါပြီ ဘုရား)။
ဒါ့ကြောင့် တရားနာတဲ့အခါမှာလဲ ဆရာကောင်း သမားကောင်း သိပ်လိုပါကလားဆိုတာ သေသေချာချာ စဉ်း စားမှ ပေါ်လာတယ်။ (မှန်ပါ့)၊ ဒကာကြီးလှိုင် မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)၊ ပေါ်လွင်အောင် မပြောတဲ့ဆရာသမားမျိုး ဆိုရင် ဆရားသမားပါးစပ် လမ်းဆုံးပြီး သကာလ ကံအမိ,ကံအဖသာ ရှိတာပဲ၊ ဒါပဲအားကိုးရမှာပဲ၊ နိဗ္ဗာန်လဲသူနဲ့ပဲ၊ သံသရာခရီးမှာ ဆင်းရဲကြောင်းလဲ သူနဲ့ပဲဆိုပြီး နိဗ္ဗာန်ရောက်ကြောင်း အားထုတ်မှုတွေများ ပေါ့လျော့နေတော့မယ် ဆိုရင် သွားရောပေါ့ ကိုစောမောင်။ (မှန်ပါ့)၊ မသွားပေဘူးလား။ (သွားပါတယ်)။
ဆရာကောင်းနဲ့ တွေ့လို့တော်သေးတယ်
အဲဒါ ဒီဉာဏ်လှည့်ပြီး သကာလ ကြည့်တော့မှ ဪ တို့သည်ကားလို့ ဆိုရင်ဖြင့် ဆရာသမား ကောင်းများနဲ့ တွေ့ပေလို့ တော်သေးတယ်၊ ဒီလိုသာ မတွေ့တော့ဘူး ဆိုရင်ဖြင့် ဒီအားကိုးလုံး ကြီးတည်း ဟူသော အစွဲအလမ်းဟာ မောင်နိုင် ဖြတ်ဖို့ရာ အတော်ခဲယဉ်းပါတယ်။ (မှန်ပါ့)၊ မခဲယဉ်းပေဘူးလား။ (ခဲယဉ်းပါတယ် ဘုရား)၊
သေသေချာချာ စဉ်းစားကြ၊ ကိုယ်ကိုယ်တိုင် ဒီအစွဲရှိတယ်နော်။ (မှန်ပါ့)၊ မရှိကြပေဘူးလား။ (ရှိပါတယ် ဘုရား)။
ကိုယ်ကိုယ်တိုင် ဒီအစွဲရှိပြီး သကာလ နေတော့ အင်မတန် ခဲယဉ်းတာပဲဆိုတာ အခု ဘုရားသခင် ကိုယ်တော် မြတ်ကြီး ဟောတော်မူတဲ့ ပါဠိတော်တွေထုတ်ပြီး သကာလ ဟောလိုက်, ပြောလိုက်, ရဟန္တာက မေးပြီး သကာလ နေတာတွေ မနေ့ကပြောတဲ့အဆက်တွေကို အားလုံး နားလည်ပါးလည် ရှိသွားတော့မှ ဪ မဂ်ဖိုလ်ရအောင် အလုပ်,လုပ်တဲ့ အခါကျတော့ ကံကို ငါ့ဥစ္စာလုပ်ထားတဲ့ အခြေအနေတွေ ဖြုတ်ရမှာပါကလားဆိုတာပေါ်လာတယ်။ (မှန်ပါ့)၊ ကိုပေါ် နားလည်ပလား။ (နားလည်ပါပြီ)။
ကံအမိ, ကံအဖလို့ဆိုတာ မှန်ပါတယ်
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒါနပေးလှူတဲ့အခါ၊ သီလဆောက်တည်တဲ့အခါမှာ ကံအမိ, ကံအဖလို့ဆိုတာ မှန်ပါတယ်၊ ကမ္မဒါယဒါ ကမ္မဗန္ဓု ကမ္မယောနိတဲ့၊ ကမ္မပဋိသရဏတောင် ပါလိုက်သေးတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊
ဒါ လုပ်ရမှာပဲတဲ့၊ သူ့နေရာနဲ့သူ အားကိုးရမှာပဲ၊ ကမ္မဿကတဉာဏ် အရာကိုး။ (မှန်ပါ့)၊ သီလဆောက် တည်တဲ့နေရာမှာလဲ ထို့အတူ အားကိုးရမှာပဲ။ (မှန်ပါ့)၊
သမထနေရာကျတော့ ကမ္မဿကတ ဉာဏ်ချည့်အားကိုးလို့ မရတော့ဘူး။ ရသေးရဲ့လား။ (မရပါ ဘုရား)၊
ကံက ပို့တာ မဟုတ်ဘူး၊ သမာဓိတည်မှ သမာဓိကနေပြီး သကာလ ဗြဟ္မာပြည်ပို့တဲ့နေရာဖြစ်နေတယ်၊ ကံက ပို့တာမဟုတ်ပါဘူး။ (မှန်ပါ့)၊
သမာဓိမစွန့်ဘဲနဲ့ အပ္ပနာဇောနဲ့မှ ရပါတယ် လို့ပြောထားတာ စေတနာက အဲဒီနေရာမှာ ခေါင်းဆောင်အဖြစ်နဲ့ သမာဓိခေါင်းဆောင် ဖြစ်နေတယ်ဆိုတာ သဘောကျ ပလား၊ (ကျပါပီ ဘုရား)။
ဒါနနေရာမှာ ကံက ခေါင်းဆောင်
ကဲ ဒါဖြင့် ဒါနနေရာမှာ ကံက ခေါင်းဆောင်၊ သီလနေရာမှာ ဝိရတီခေါင်းဆောင်၊ ဒါ ဒီနေ့ ရှင်းပြလိုက်ပါတယ်။
ဒါနနေရာမှာ (ကံကခေါင်းဆောင်ပါ ဘုရား)၊ ကံခေါင်းဆောင်လို့ မှတ်ထားပါနော်။ သီလ နေရာမှာ ကြဉ်ရှောင် မှုဆိုတဲ့ ခေါင်းဆောင်။ (မှန်ပါ့)။
ကိုစောမောင် သီလနေရာကျတော့ (ကြဉ်ရှောင်မှုဆိုတဲ့ ဝိရတီခေါင်းဆောင်ပါ ဘုရား)၊ ပါဏာတိပါတမှ ကြဉ်ရှောင်ပါ့မယ်၊ သူ့ဥစ္စာမခိုးပါဘူး၊ ကြဉ်ရှောင်ပါ့မယ်ဆိုတော့ ဝိရတီက ခေါင်းဆောင်ဖြစ်နေတယ်။ (မှန်ပါ့)။
ဒါနနေရာမှာ ဘယ်သူ ခေါင်းဆောင်ပါလိမ့်။ (ကံ ခေါင်းဆောင်ပါတယ်)၊ သီလနေရာမှာ (ဝိရတီ ခေါင်းဆောင် ပါ ဘုရား)၊ ဝိရတီဆိုတော့ စာသံပါနေတယ် ဒကာ ဒကာမတို့ ကြဉ်ရှောင်မှုဟာ ခေါင်းဆောင်၊ ကြဉ်ရှောင်ရတာပဲ မဟုတ်လား၊ သီလဆောက်တည်ရတာ (မှန်ပါ့)၊
ကြဉ်ရှောင်မှုဟာ ခေါင်းဆောင်
ဒီနေ့ သေရည်သေရက် မသောက်ပါဘူးဆိုရင် ဒါဟာ သီလလုံသွားတာပဲ။ ဒီနေ့မွန်းလွဲရင် မစားတော့ဘူးဆိုရင်ဖြင့် ဝိကာလဘောဇနာ ကြဉ်ရှောင်ရတာပဲ။ (မှန်ပါ့)၊ ဆယ်ပါးသီလ ဆောက်တည် တော့ ရွှေ, ငွေ ကိုင်ခြင်း အစရှိသည်ကို ကြဉ်ရှောင်လိုက်တော့ ပြီးသွားဘူးလား။ (ပြီးသွားပါတယ်)၊ အဲဒီနေရာကျတော့ ကြဉ်ရှောင်မှုဝိရတီခေါင်းဆောင်လို့ မှတ်လိုက်ပါနော်။ (မှန်ပါ့)၊ ရှင်းပလား။(ရှင်းပါပြီ)။
တစ်ခါ သမထ နေရာကျတော့ သမာဓိ ခေါင်းဆောင်လို့ မှတ်ပါ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
နိဗ္ဗာန်သွားမည့်နေရာဌာနကျတော့ ဉာဏ်ခေါင်းဆောင်လို့ မှတ်လိုက်၊ ပညာခေါင်းဆောင် ပေါ့လေ။ (မှန်ပါ့)၊ ရှင်းကြပလား။(ရှင်းပါပြီ)။
ကံခေါင်းဆောင်၊ ဝိရတီခေါင်းဆောင်၊ သမာဓိခေါင်းဆောင်၊ ပညာခေါင်းဆောင်ဆိုတော့ ကံက တစ်ချက် တည်း ပါတယ် ကိုစောမောင်။ (မှန်ပါ့)။ သမထနေရာကျတော့ (သမာဓိခေါင်းဆောင်ပါ ဘုရား)။
နိဗ္ဗာန်ရောက်ကြောင်းကျတော့ ပညာခေါင်းဆောင်
နိဗ္ဗာန်ရောက်ကြောင်းကျတော့။ (ပညာခေါင်းဆောင်ပါ ဘုရား)၊ ပညာကမှ ဒကာ ဒကာမတို့
“ပညာဟိသေဋ္ဌော လောကသ္မိံ၊ ယာယံနိဗ္ဗေဒဂါမိနိ”
ဆိုတော့ ပညာကမှသာလျှင် အဝိဇ္ဇာထုကြီး ဖောက်ပြီးတော့ ဖြစ်ပျက်အရောက် မြင်နိုင်တာကိုး။ (မှန်ပါ့)။ ဖြစ်ပျက်မြင်မှလဲ ပညာ၏စွမ်းသတ္တိကုန်တာကိုး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အဲဒီတော့ သူ့နေရာနဲ့ သူ့ခေါင်းဆောင်ကို မသိပြီဆိုမှဖြင့် နေရာတိုင်း ကံအားကိုးချလိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အလုံးစုံကံတွေချည့် ဟုတ်ပါရဲ့လား။ (မဟုတ်ပါ ဘုရား)၊ အလုံးစုံကံတွေချည့် မဟုတ်တာကိုလည်း ဒီနေ့ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်းပါ ဆိုတာကိုပဲ ကိုစောမောင် မနေ့ကအဆက်ကို တစ်ခါ ပြန်ပြောတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ကဲ ဒကာ ဒကာမတွေ ထိုနိဗ္ဗာန်လမ်းကျတော့ ဘယ်သူခေါင်းဆောင်လဲ။ (ပညာခေါင်းဆောင်ပါ)၊ မဂ္ဂင်ရှစ်ပါး ထဲမှာ စေတနာများ, ကံများပါနေသေးလားလို့ ကြည့်လိုက်တဲ့အခါကျတော့ သဟဇာတ အဖြစ်နဲ့တော့ စေတနာက ဘယ်စိတ်ဖြစ်ဖြစ် ယှဉ်တာပါပဲ၊ သို့သော်လဲ ခေါင်းမဆောင်ဘူး။ (မှန်ပါ့)၊ ဘာခေါင်းဆောင်နေသတုံး။ (ပညာ ခေါင်းဆောင်နေပါတယ်)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
သူ့လမ်းနဲ့သူ့စခန်းပါလား
ကောင်းပါပြီ၊ ဒါကို သေသေချာချာ မှတ်ထားတော့မှ ဪ သူ့လမ်းနဲ့သူ့စခန်းပါလားဆိုတာ ပေါ်လာတယ်။ (ပေါ်လာပါတယ် ဘုရား)၊ သို့သော် မနေ့က ဝတ္တွုကို ထောက်ခံတဲ့ မဇ္ဇျိမပဏ္ဏာသ ပါဠိတော် ကုက္ကုရဝတီသုတ်ဆိုတာက မနေ့ကဥစ္စာကို ထောက်ခံမည့်သုတ်ကို ယနေ့ရှင်းလင်းပြီး ပြမယ် ကိုစောမောင်။ (မှန်ပါ့)၊
မနေ့က သုတ်တော်က သံယုတ် ပါဠိတော်မှာလဲ လာတယ်၊ ဥပရိပဏ္ဏာသ ပါဠိတော်မှာလဲ လာတယ်လို့ မှတ်ကြပါ။ (မှန်ပါ့)၊ ယနေ့ပြောမည့် အဲဒီထောက်ခံတဲ့ဝတ္တွုက မဇ္ဇျိမပဏ္ဏာသ ပါဠိတော်မှာလာတယ်၊ ဒကာ ဒကာမတွေ ယနေ့ လေးလေးစားစားကြားရလိမ့်မယ်လို့ မှတ်ကြရမယ်နော်။ (မှန်ပါ့)။
အိန္ဒိယပြည်မှာ ကောလိယမြို့ကလေးဆိုတာ ဘုရားလက်ထက်က ရှိပါတယ်နော်၊ ကောလိယဇနပုဒ်ပေါ့ဗျာ၊ အဲဒီ ကောလိယဇနပုဒ်သို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြွသွားတဲ့အခါ ကောလိယဇနပုဒ်မှာ ဘယ်လိုဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ သီလဗ္ဗတ ပရာမာသဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒိဋ္ဌိ, ဝီစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသဆိုတာ မကြားဖူးဘူးလား။ (ကြားဖူးပါတယ်)၊
အဲဒါ သောတာပတ္တိမဂ်က ဒီသုံးခုကို မပယ်လားဗျာ။ (ပယ်ပါတယ်)၊
သီလဗ္ဗတ ပရာမာသ အကျင့်
အဲဒီ သီလဗ္ဗတ ပရာမာသ အကျင့်မျိုးကို ကောလိယဇနပုဒ်မှာ ကောလိယဆိုတဲ့ ပုဂ္ဂိုလ်ကလည်း သူက ကျင့်ပုံ တစ်မျိုး, သေနိယဆိုတဲ့ပုဂ္ဂိုလ်က ကျင့်ပုံတစ်မျိုး။ (မှန်ပါ့)။
ဘယ်လိုကျင့်သတုန်းဆိုတော့ ကောလိယကတော့ သူ့အယူက ဪနွားတွေသည်ကားလို့ဆိုရင် မြက်ကို စားတာ ပဲ၊ သားငါးကို ဘာမှ မစားဘူး၊ အဲဒီဥစ္စာသည် ရသတဏှာကင်းပြီး သကာလ နေပါတယ်။ အဲဒီတော့ နွားတို့၏ အကျင့်ကိုကျင့်၊ နွားလိုပဲ ချိုတပ်ပြီး, နွားလိုပဲအမြီးပေါက်ပြီး သကာလ နွားလိုကျင့်ရလို့ ရှိရင်ဖြင့် ဒုက္ခသိမ်းတဲ့ နိဗ္ဗာန်ရောက်မှာ ပဲဆိုပြီး သကာလ သီလဗ္ဗတရာမာသ ဒိဋ္ဌိဝင်လာမယ်။ ဥပါဒါန်အရာမှာတော့ သီလဗ္ဗတုပါဒန် ခေါ်တာပေါ့။(မှန်ပါ့)။
ဒါနဲ့ သူ့ဆရာပြောတဲ့အတိုင်း သူသည် ခေါင်းပေါ်မှာ ချိုတွေတပ်၊ နွားကဲ့သို့ အမြီးတပ်ပြီး သကာလ လေးဘက်ထောက်သွားပြီး နွားတွေတွေ့တဲ့ အခါကျလို့ရှိရင် တွန်ပုံပြုပုံ အမူအရာဟန်ပန် နွားလိုကျင့်နေတာ ပေါ့ဗျာ။ (မှန်ပါ့)။
သူ့မိတ်ဆွေ မြေမှုန့်ကစားဖက် သေနိယကတော့ မင်းလိုတော့မကျင့်ဘူးကွ၊ ငါကတော့ နိဗ္ဗာန် ရောက်ကြောင်းကို သီလဗ္ဗတရာမာသမျိုးပဲ၊ ခွေးတို့၏ အကျင့်ကို ငါက ကျင့်မယ်ဆိုပြီး သကာလ ခွေးလို လေးဘက် ထောက်သွားပြီး ခွေးလိုပဲ ခွေးလာတဲ့အခါ သွားကလေးဖြီးပြတယ်၊ သူများက အစာကျွေးတဲ့အခါ မြေပေါ်ချကျွေးမှစား သူကတော့ ခွေးလိုကျင့်တယ်။ (မှန်ပါ့)။
သူကတော့ ခွေးလိုကျင့်တယ်
ကောလိယက နွားလိုကျင့်တယ်နော်။ သေနိယကတော့ (ခွေးလိုကျင့်ပါတယ် ဘုရား)၊ ဒါဟာသီလဗ္ဗတရာမာသ ဒိဋ္ဌိအကျင့်မျိုးဆိုတာ ဒါပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊
သီလဗ္ဗတရာမာသ ဒိဋ္ဌိဆိုတာ ဒါပါပဲ၊ နွားလိုကျင့်, ခွေးလိုကျင့်ရင် နိဗ္ဗာန်ရောက်တယ်လို့ သူတို့အယုံအကြည်ရှိပြီး သကာလ ကျင့်ပါတယ်။ ဒီအကျင့်အလေ့အထမျိုးတွေ အခုထက်တိုင်လဲ ကိုစောမောင် ရှိသေးတယ်လို့မှတ်ပါ။ (မှန်ပါ့)။
ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ကောလိယဇနပုဒ် ကြွလာတဲ့အခါ ဘုရားသခင် ကိုယ်တော်မြတ် ကြီးဆီကိုသူတို့နှစ်ယောက် ခွေးလိုကျင့်တဲ့ ပုဂ္ဂိုလ်ကလဲ ခွေးလိုလာတာပဲ၊ နွားလိုကျင့်တဲ့ ပုဂ္ဂိုလ်ကလဲ နွားအမူအရာ နဲ့လာပြီး သကာလ သူတို့ဟာ သူများပါးစပ်လမ်းဆုံးပြီး သကာလ နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတော့ သူတို့က ဂေါတမ ဘုရားဟာ ရှေ့မြင်, နောက်မြင်လို့ ပဲ ကျော်ကြားတယ်၊ အဲဒီတော့ တို့အကျင့်တွေတော့ မေးဦးမှပဲဆိုပြီး သကာလ နွားလိုကျင့်တဲ့ပုဂ္ဂိုလ်က စပြီး သကာလ မေးတယ်။ (မှန်ပါ့)။
မေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဪ သူတို့နှစ်ယောက်စလုံး ဒိဋ္ဌိတွေပဲ၊ သီလဗ္ဗတရာမာသ အကျင့်မျိုးတွေ ကျင့်နေကြတာပဲ ငါ မဖြေဘဲနေရကောင်းမလား၊ ဖြေလို့ရှိရင် ကျေးဇူးရှိသလား ဆိုတဲ့ဥစ္စာ ဘုရားက သူတို့နှစ်ယောက် ကိုတွေးလိုက်တယ်။
သရဏံဂုဏ်တည်မှာ နိဗ္ဗာန်ရောက်ဖို့ ကျင့်မှာ
နွားလိုကျင့်တဲ့ ပုဂ္ဂိုလ်က သရဏံဂုဏ်တည်မှာ မြင်တယ်။ ခွေးလို ကျင့်တဲ့ ပုဂ္ဂိုလ်က ဒီအယူစွန့်ပြီး သကာလ နိဗ္ဗာန်ရောက်ဖို့ ကျင့်ဖို့ကို မြင်တော်မူတယ်။ (မှန်ပါ့)၊ ဒါနဲ့ပဲ လက်ခံပြီး စကားပြော တယ်လို့မှတ်ပါ။ (မှန်ပါ့)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အကျိုးမရှိရင် မပြောဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊ စောစော စီးစီးက မှတ်ထားတာပေါ့။ (မှန်ပါ့)။
ဒါနဲ့ ဘုရားနဲ့တွေ့တဲ့အခါကျတော့ ကောလိယက စပြီး သကာလ ၊ နွားအမူအရာနဲ့နေပြီး သကာလ
“အရှင်ဘုရား တပည့်တော်၏ သူငယ်ချင်း သေနိယက ခွေးလိုကျင့်ပါတယ်ဘုရား၊ မြေပေါ်ချပေးမှ စားပါတယ်၊ ခွေးတွေလာတဲ့ အခါ လဲခွေးကဲ့သို့ သွားဖြီးပြီး ပြပါတယ်။ ကျင့်ငယ်စွန့်ပုံတွေ ဘာတွေလဲ ခွေးအမူအရာအတိုင်း လုပ်ပါတယ်၊ အဲဒီလိုကျင့် တဲ့ အကျင့်ဟာ သေသည်၏ အခြားမဲ့၌ ဘယ်များ ရောက်မှာပါလဲ ဘုရား” တဲ့။ ကောလိယ က သေနိယ အတွက်မေးတယ် နော်။ (မှန်ပါ့)။
ငါ့ကို မမေးနဲ့လို့ မိန့်ပြန်တာပဲ
ကောလိယ ငါ့ကို မမေးပါနဲ့လို့ မဖြေချင်လို့ ပြောလိုက်တဲ့အခါကျတော့ ခဏကလေး ဆိုင်းတဲ့ပြီး သကာလ မောင်နိုင် ဒုတိယအကြိမ် တစ်ခါမေးပြန်တယ်။ ဒီတော့ မြတ်စွာဘုရားကလဲ ငါ့ကို မမေးနဲ့လို့ မိန့်ပြန်တာပဲ။ နောက်သုံးကြိမ်မြောက် တစ်ခါဆက်ပြီး မေးပြန်တယ်။
ကောလိယက သေနိယအတွက် ခွေးလိုကျင့်လို့ရှိရင် စုတေမနေ၊ သေလွန်သည်၏အခြားမဲ့၌ ဘယ်ကဲ့သို့များ ဂတိလားရာ ရှိပါသတုံးလို့ မေးတဲ့အခါ ကျတော့ မင်းတို့ င့ါကို မမေးနဲ့ မမေးနဲ့ ဆိုလျက်သားနဲ့ မင်းတို့က အခုမေးပြန်တော့လဲ အမေးရှိတော့ အဖြေရှိရတာပေါ့ ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ခွေးလိုကျင့်တဲ့ ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင်ဖြင့် ခွေးအယူကို မစွန့်ပါမူ သေသည်အခြားမဲ့၌ ခွေးဖြစ်ရတယ်။ သဘောကျကြပလား။ (ကျပါတယ် ဘုရား)။
ခွေးလိုကျင့်တဲ့အကျင့်ဟာသေတောင် ဒီခွေးလို ကျင့်တဲ့အယူကို မစွန့်တော့ပါဘူး၊ ခွေးလိုကျင့်တာကို ကောင်းတယ်လို့ ယူနေရင် သေရင် ဘာဖြစ်ရလဲ။ (ခွေးဖြစ်ရမယ်)၊ ဒါက ၁-နံပါတ်။ (မှန်ပါ့)။
ငရဲနဲ့တိရစ္ဆာန် ဒီနှစ်ခုပဲရှိတယ်ဟေ့
၂-နံပါတ် ကျန်သေးတယ်၊ ခွေးလို ကျင့်တဲ့အကျင့်သည် အယူမှန်ပဲဆိုပြီး သကာလ ဒီအယူဟာ သုဂတိနိဗ္ဗာန် ရောက်ကြောင်းလို့ စွဲစွဲမြဲမြဲ ယူလိုက်မယ်ဆိုလို့ရှိရင် ငရဲနဲ့တိရစ္ဆာန် ဒီနှစ်ခုပဲရှိတယ်ဟေ့တဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဘယ်နှစ်ခုရှိသလဲ။ (ငရဲနဲ့တိရစ္ဆာန်ပဲရှိပါတယ် ဘုရား)၊ ငရဲနဲ့တိရစ္ဆာန် ဒီနှစ်ခုပဲရှိတယ်လို့ ဖြေလိုက်တယ်။ ဖြေလိုက်တော့ သေနိယက မောင်နိုင် မျက်ရည်ထွက်ပြီး သကာလ ငိုရှာတယ်။
ဒါကြောင့် ကောလိယ မင်းတို့ကိုငါ မပြောဘူးလား၊ ငါ့ကို မမေးနဲ့ မမေးနဲ့ဆိုတဲ့ဥစ္စာ၊ မင်းတို့က အခုသုံးကြိမ် တိုင်တိုင်မေးလို့မှ အဖြေမထွက်လို့ရှိရင် မဖြစ်လို့ ဖြေကြားရတယ်။ ဒါ့ကြောင့် ငါ့ကို မမေးနဲ့လို့ပြောတာ။ မင်း မေးလို့ဖြေရတာပဲတဲ့။ နှစ်ချက်ဖြေလိုက်တယ်နော်။ (မှန်ပါ့)။
ခွေးတို့ အကျင့်ကို မစွန့်ဘဲနဲ့ သေရင်ဘာဖြစ်မတုန်း။ (ခွေးပဲဖြစ်မှာပါ ဘုရား)၊ ဒီ ခွေး၏အကျင့်နဲ့ နိဗ္ဗာန်ရောက်မယ်လို့ အယူသည်းလိုက်ဦးမယ်ဆိုရင်ဖြင့် ငရဲတောင်ရောက်ဦးမယ်။ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဘယ် လောက်များ ဆိုးသတုန်း ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)၊ သီလဗ္ဗတရာမာသ ဆိုတာ ဒါပါပဲ။
ကောလိယက နွားလိုကျင့်တယ်
ဒါနဲ့ တစ်ယောက်ငိုပြီး သကာလ ဇာတ်သိမ်းတော့ ကိုစောမောင် တစ်ယောက်က ထမေးပြန်တယ်၊ တပည့်တော် သူငယ်ချင်း ကောလိယကတော့ဘုရား၊ နွားလိုကျင့်ပါတယ်။ နွားလိုပဲ ချိုတပ်တယ်၊ နွားလိုပဲ အမြီးပေါက်ပါတယ် သူ့မှာအဝတ်စုတ်တွေဘာတွေနဲ့ အမြီးလုပ်ပြီးတပ်ထားရပါတယ်၊ လေးဘက်ထောက် သွားရပါတယ်။ နွားတွေမြင်တဲ့ အခါတွန်ရပါတယ်၊ ဒါနဲ့ မြေကြီးတို့ ဘာတို့ကိုလဲ ယက်ရပါတယ်။ ဒီလိုကျင့်တဲပုဂ္ဂိုလ် သေသည်၏ အခြားမဲ့၌ ဘယ်များ ရောက်လို့ ဘယ်ပေါက်ပါသတုန်း ဘုရားလို့ သူကလဲ ဟိုလူ့အတွက် မေးရပြန်တာပေါ့ဗျာ။ (မှန်ပါ့)။
မမေးနဲ့ကွ၊ ငါ့ကိုလို့ဘုရားက တားတယ်။ မောင်နိုင် မဖြေချင်လို့သနားလို့ပါလေ။ (မှန်ပါ့)၊ ဒါနဲ့ မမေးနဲ့မမေးနဲ့ ဆိုလျက်နဲ့ပဲ ကိုစံလှ သုံးကြိမ်တိုင်အောင် မေးနေတော့ မဖြေရင်ဖြစ်ပါတော့မလား။ (မဖြစ်ပါ ဘုရား)၊ ဒီတော့ဘုရားက နွားလိုကျင့်တဲ့ပုဂ္ဂိုလ်ဟာ ဒီအကျင့်ကို သေသည့်တိုင်အောင် မစွန့်လို့ရှိရင် နွားဝါသနာပါတဲ့ အတွက် နွားဖြစ်ရမယ်။ (မှန်ပါ့)။
နွားဘဝခင်တွယ်တဲ့ ဥပါဒါန်မရှိပေဘူးလား။ (ရှိပါတယ်)၊ ရှိတော့ သေသည်၏အခြားမဲ့၌ (နွားဖြစ်ရပါမယ်)၊ နွားဖြစ်ရမယ်တဲ့၊ ဒကာ ဒကာမတို့ သဘောကျပလား။ (ကျပါပီ)။
ဒီအယူသည် သုဂတိနဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ဆင့်ပြီး သကာလ မစွန့်ဘဲနဲ့ ဒီအယူမှ အယူမှန်ပဲ ဆိုပြီး သကာလ သီလဗ္ဗတုပါဒါန်ကျအောင် စွဲလိုက်ဦးမယ်ဆိုရင်လဲ ငရဲပဲရောက်ဦးမယ်ကွာတဲ့၊ ဖြေပုံမတူဘူးလား။ (တူပါတယ်)။
ဒိဋ္ဌိ ဘယ်လောက်ဆိုးတယ် ဆိုတာ
အဲဒီလို ဖြေတော့ ခုနက ကောလိယကလဲ ငိုပြန်တာပဲ။ (မှန်ပါ့)၊ ဒါကြောင့် မင်းတို့ ငါ့ကို မမေးနဲ့ မမေးနဲ့ လို့ သုံးကြိမ်တိုင်တိုင် မေးလို့ ဖြေရပါတယ်တဲ့၊ ဒိဋ္ဌိ ဘယ်လောက်ဆိုးတယ် ဆိုတာ ကိုစောမောင် ပေါ်ပလား။ (ပေါ်ပါပြီ)၊ သီလဗ္ဗတရာမာသတဲ့ ဒကာ ဒကာမတို့၊ သောတာပတ္တိမဂ်မှ ပယ်နိုင်တယ်နော်။ (မှန်ပါ့)၊
ဒါနဲ့ သူတို့ပြိုင်ပြီး သကာလ ငိုနေကြပြီး တပည့်တော်တို့မှာဖြင့် ကိုယ်ကျိုးနည်းပေါ့တဲ့။ (မှန်ပါ့)၊
ပင်ပန်းလိုက်တဲ့ အကျင့်ကလဲ လူလားမြောက်ကတည်းက ကျင့်လာတာ၊ အသက်လေးဆယ်, ငါးဆယ်ရှိပါပြီ၊ ခွေးလိုကျင့်တဲ့ သေနိယကလဲ လူလားမြောက်ကတည်း ကျင့်လာတာ၊ အသက်လေးဆယ် ငါးဆယ်ရှိပါပြီ၊
သူတို့မှာဖြင့် သူများပါးစပ် လမ်းဆုံး၊ ဆရာမှားနဲ့ တွေ့ရတဲ့အတွက် အင်မတန်မှ နစ်နာကုန်ပါပေါ့လား။ (မှန်ပါ့)၊ သူများ ပါးစပ်လမ်းဆုံးရတဲ့ အဖြစ်ဟာ အနစ်နာဆုံးပဲ။(မှန်ပါ့)။
ဒါဟာ သူတို့ စာမရှိ၊ နည်းလမ်းမရှိ၊ ကျင့်နည်းတရားလမ်း မရှိဘဲနဲ့လုပ်ဖြစ်ပါ့မလား။ (မလုပ်ဖြစ်ပါ ဘုရား)၊သူ တို့မှာ ဆရာရှိကြလိမ့်မယ်နော်။ (မှန်ပါ့)၊ စာအုပ်သော်လည်ကောင်း ရှိမယ်၊ ဟောကြားနည်းပေးတဲ့ ဆရာသော်လည်းကောင်း (ရှိပါလိမ့်မယ်)၊
သူများပါးစပ် လမ်းဆုံးတာ ကြောက်စရာ
အဲ အဲဒီနောက်ကို လိုက်သွားတာ။ ဒါကြောင့် ခင်ဗျားတို့ သူများပါးစပ်မှာ လမ်းဆုံးတဲ့ အသွားမျိုးကိုဖြင့် ဘယ်အခါကာလမှ မနေကြပါနဲ့ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာသံယုတ်မှာ သေသေချာချာ ဟောတယ်။ (မှန်ပါ့)၊ သူများပါးစပ် လမ်းဆုံးတာ ကြောက်စရာအကောင်းဆုံးပဲ။ ရှင်းပလား။ (ရှင်းပါပြီ)။
အခု အားလုံးသော ဒကာ ဒကာမတွေဟာ ဗုဒ္ဓဘာသာထဲမှာလဲ သူများပါစပ်လမ်းဆုံးနေတာတွေဟာ ရှိသားပဲ။ (မှန်ပါ့)၊ ကျုပ်တို့ နတ်ကိုးကွယ်တယ်၊ နတ်ကြောင့် အကျိုးပေးတယ်ဆိုပြီး သူများပါးစပ်လမ်းဆုံးတာနဲ့ နတ်ဘက်ပါသွားတာတွေလဲ တစ်ပုံကြီးပဲ။ (မှန်ပါ့)၊ ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့ ဘက်ပါသွားတာတွေကော (တစ်ပုံကြီးပါရား)၊ ဒါဟာ ဘယ်မှာ လမ်းဆုံးတာတုန်း။ (သူများပါးစပ်လမ်းဆုံးတာပါ)၊ သူ့မှာ နဂိုတုန်းက မွေးကတည်းက ပါလာတာလား ။ (ပြောသံကြားနဲ့စွဲသွားတာပါ ဘုရား)၊ ဒါကြောင့် သူများ ပါးစပ်လမ်းဆုံးရတာ ကြောက်စရာ အကောင်းဆုံးပဲတဲ့။ (မှန်ပါ့)။
ဒါဖြင့် သူများပါစပ်လမ်းမဆုံးလို့ရှိရင် ဘုရားတပည့်တော်တို့ကို ရှင်းရှင်းလင်းလင်းပဲအမိန့်ရှိစမ်းပါ၊ ဘယ်လို စခန်းသွားရမှာတုန်းလို့ လျှောက်ထားကြရင် အို ဒကာ ဒကာမတို့ သူများ ပါးစပ်လမ်းဆုံးတာသည်ကားလို့ ဆိုရင် အင်မတန် ကြောက်စရာ ကောင်းတယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝါဂွမ်း ဥပမာနဲ့ ပြဟောတော် မူထားတာ တွေများ မောင်နိုင် သစ္စာသံယုတ်မှာ မရှင်းဘူးလား ။ (ရှင်းပါတယ် ဘုရား)။
ဝါဂွမ်း ဥပမာနဲ့ပြတယ်၊ ဒကာ ဒကာမတို့ အင်မတန်ကြောက်စရာမကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)။
ဝါဂွမ်းကို လေက တိုက်လိုက်ရင်
ဝါဂွမ်း ဆိုတာလေး ကိုစောမောင် ဂုံညင်းလောက်ယူခဲ့တာပေါ့။ တောင်လေက တိုက်လိုက်ရင် မြောက်ဘက် သွားမည့်ဟာ မသေချာဘူးလား။ (သေချာပါတယ်)၊ မြောက်လေလာရင ်တောင်၊ အရှေ့လေလာရင် အနောက်၊ အနောက် လေလာရင် အရှေ့, အောက်လေလာရင် အထက်, အထက်လေလာရင် အောက်သွားမယ် ဆိုတာငြင်းဖို့လိုသေး သလား။ (မလိုပါ ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ခန္ဓာထဲမှာ စိုက်ကြည့်လို့ ကိုယ်ပိုင်ဉာဏ်ဆိုတဲ့ဥစ္စာ ခန္ဓာကိုသိတဲ့ဉာဏ်၊ အဲဒီဉာဏ် မလာ သရွေ့ ကာလပတ်လုံး ဘာသာအယူဝါဒ အမျိုးမျိုးဘက်သို့ မျက်နှာမူသွားနိုင်တယ်။ သူများပါးစပ် လမ်းဆုံးတဲ့ အတွက်သူများ မှုတ်သလို လွင့်ရတော့မယ်၊ ဝါဂွမ်း ခန္ဓာဖြစ်ပါလိမ့်မယ်။ (မှန်ပါ့)၊ သိပ်ကြောက်စရာကောင်းပါကလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဝါဂွမ်းခန္ဓာဖြစ်ပါလိမ့်မယ် ဆိုတော့ ခင်ဗျားတို့တောင်မှ မနေ့က ဟောတဲ့တရားမှာ တချို့သူများ ပါးစပ်လမ်း ဆုံးထားတဲ့အတွက် ဝါဂွမ်းတစ်ပိုင်းဖြစ်နေတာ မပါဘူးလား။ (ပါ, ပါတယ် ဘုရား)၊ သေသေချာချာ စဉ်းစားမှနော်၊ ဝါဂွမ်းတစ်ပိုင်းဖြစ်နေတယ်။
ကံကို အတ္တစွဲယူပြီး သကာလ ထားလိုက်တဲ့ဥစ္စာ သူများပါးစပ်လမ်းဆုံးတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)၊ ဒီနေ့ သေသေချာချာ ပိုရှင်းပါလိမ့်မယ်၊ ဒီဝတ္တွု ထုတ်လာကတည်းက (မှန်ပါ့)။
ကိုင်း ဒါနဲ့ သူများပါးစပ်လမ်းဆုံးတဲ့ ဥစ္စာ ကြောက်စရာကောင်းလို့၊ သူများပါးစပ်မှာ တော့ လမ်းမဆုံးကြပါနဲ့၊ ခန္ဓာမှာ လမ်းဆုံးကြပါလို့ သတိပေးလိုက်ပါတယ်။ (မှန်ပါ့)၊ ခန္ဓာကတော့ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီဒုက္ခသစ္စာကို မမြင် မြင်အောင် ကြည့်ကြလို့ရှိရင် သူများပါစပ် လမ်းဆုံးတာ ဟုတ်သေးရဲ့လား။ (မဟုတ်ပါ ဘုရား)။
ဒီခန္ဓာထဲက ဖြစ်ပျက်ဟာဒုက္ဓသစ္စာပါပဲ
ဒုက္ခသစ္စာဆိုတော့ ခင်ဗျားတို့ကလဲ တခြားမှတ်နေမှာလဲ စိုးရတယ်နော်။ ဒီခန္ဓာထဲက အဖြစ်အပျက်ဟာ ဒုက္ဓသစ္စာပါပဲ။ (မှန်ပါ့)။
ကိုစောမောင် ဘာတုန်း။ (ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပါ ဘုရား)၊ ဖြစ်ပျက်နေတဲ့ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရှိဘူး။
“ဒုက္ခမေဝဥပ္ပဇ္ဇမာနံ ဥပ္ပဇတိ နိရုဇ္ဈမာနံ နိရုဇ္ဈတိ”
ဆိုတဲ့အတိုင်း ရှင်အာနန္ဒာ ဝတ္တွုတုန်းကလဲ မောင်နိုင် ပြောခဲ့တယ်။ (မှန်ပါ့)၊ ဒုက္ခဖြစ်၍ ဒုက္ခ ပျက်တာမှ တစ်ပါးခန္ဓာကိုယ်ထဲမှာ ဘာရှိသေးသတုန်း။ (ဘာမှမရှိပါ ဘုရား)၊ အဲဒါ မြင်လို့ရှိရင်ဖြင့် ဝါဂွမ်းဘဝမှ လွတ်ပါပေါ့။ (မှန်ပါ့)၊ ရှင်းပလား ။ (ရှင်းပါပြီ)။
ဒါ မြင်အောင်ကြည့်တဲ့ ပုဂ္ဂိုလ်ဖြင့် တို့သည် ဝါဂွမ်းမှလွတ်ပြီ။
ဝါဂွမ်းဖြစ်တော့ ဒီကနေမှုတ်လိုက်တော့ ဟိုဘက် ကုဋီထဲ ရောက်ချင်လဲ ရောက်သွားမယ်။ (မှန်ပါ့)၊ မရောက်ပေဘူးလား။ (ရောက်ပါတယ် ဘုရား)၊ ဟိုကနေ မှုတ်လိုက်ပြန်လို့ ရှိရင်ဒီဘက်ကော (ရောက်မှာပါ)၊ အထက်ကနေ မှုတ်လိုက်တော့ အောက်ရေကန်ထဲ ရောက်ချင်ရင်ကော (ရောက်ပါတယ် ဘုရား)၊ အဲ ရေထဲမှာ ငါးဖြစ်ချင်လဲဖစ်ရမယ်၊ ကုဋီထဲ လောက်ဖြစ်ချင်လဲ ဖြစ်ရမယ်ပြောတဲ့ အဓိပ္ပာယ်ပဲ။ (မှန်ပါ့)၊
ကိုစောမောင် ဘယ်လောက် ကြောက်စရာ ကောင်းသတုန်း။ (ကောင်းပါတယ် ဘုရား)၊ သူများပါးစပ် လမ်းဆုံးရတာ လောကမှာ အကြီးဆုံးသော အပြစ်သင့်မယ်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
သစ္စာမသိသေးရင် အကြီးထဲ မသွင်းသေးပါ
ကျုပ်တို့ လူကြီးတွေက ပြောလာတာပဲတဲ့။ အေး ကြီးတော့ကြီးတာပဲ၊ ကြီးပေမယ့်လဲ ဒကာ ဒကာမတို့ ဘယ်လိုပင် ဆံပင်ဖြူနေငြားသော်လဲ သစ္စာမသိသေးရင် အကြီးထဲ ဘုရားကလဲမသွင်းသေးပါဘူး၊ ပါဠိတော်ရှိတယ်။ (မှန်ပါ့)၊သဘောကျပလား။ (ကျပါပြီ)၊
ပါဠိတော်မှာရှိပါတယ်၊ မထုတ်တော့ပါဘူး၊ ရှည်ကုန်မှာစိုးလို့၊ ဓမ္မပဒမှာ သေသေချာချာလာပါတယ်နော်။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာ လမ်းဆုံးရမယ်။ (ခန္ဓာမှာလမ်းဆုံးရပါမယ်)၊ မှတ်ကြပါ ဒကာ ဒကာမတို့၊ ခန္ဓာကိုဉာဏ်နဲ့ ကြည့်ပြီး လမ်းဆုံးရမယ်။ (မှန်ပါ့)၊
ခန္ဓာကဖြင့် ဘယ်အခါကာလမှာ သူက အမှားကို မပြောပါဘူး၊ခန္ဓာငါးပါးဟာ စိပ်စိပ်ကလေးသာကြည့်၊ ဘယ်တော့မှ အမှားမပြောဘူး။ (မှန်ပါ့)၊ ယားတာ ကလေးလဲယားပြီး ပျောက်တာပဲ၊ စိတ်ကလေးကလဲ ပေါ်ပြီးတော့ (ပျောက်ပါတယ် ဘုရား)၊ ရုပ်ကလေးကလဲပေါ်ပြီးတော့ (ပျောက်ပါတယ် ဘုရား)၊ ပြောနေကြတာပဲ ဒကာ ဒကာမတို့၊ ဪ ကျုပ်တို့မှာ ငယ်ရုပ်တွေလဲမရှိဘူး၊ အိုရုပ်တွေနဲ့ နေရတယ်လို့ သူတို့က ပြောနေတာပဲ။ (မှန်ပါ့)၊ မပြောကြဘူးလား။ (ပြောပါတယ် ဘုရား)၊ ကျုပ်မှာ စိတ်ကလဲ အရင်လို မဟုတ်တော့ဘူးလို့ မပြောကြဘူးလား။ (ပြောပါတယ် ဘုရား)၊
အရင်လို မဟုတ်ဘူး ဆိုကတည်းက အရင်စိတ်တွေမရှိဘူး ပြောတာပဲ။ (မှန်ပါ့)၊ သို့သော်လဲ သူတို့ဟာက သူများပါးစပ် လမ်းဆုံးပြီး သကာလ အပေါ်ယံသုံး သုံးနေတဲ့ဥစ္စာ ကိုယ့်ဉာဏ်နဲ့ကြည့်ပြီး သုံးတာမဟုတ်တော့ဘူး၊ ဒီဥစ္စာ ကျုပ်အရင်လို မဟုတ်တော့ဘူး ပြောငြားသော်လဲ သူများပြော သံကြားတာနဲ့ ပြောတော့ ကိုယ်သန္တာန်မှာ အရင်လိုမဟုတ်တာပြောတာကို အမြင်နဲ့ပြောတာက မဟုတ်ပါဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ကိုစံလှ သိပ်ကြောက်စရာကောင်းပါကလား။ (ကောင်းပါတယ် ဘုရား)။
ခန္ဓာမှာ ဉာဏ်ရောက် အလုပ်ကို လုပ်စမ်းပါ
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာမှာ ဉာဏ်ရောက် အလုပ်ကို လုပ်စမ်းပါဆိုတော့ လေးစားစွာ နဲ့ပဲဒီကနေ တိုက်တွန်းတယ်။ (မှန်ပါ့ ဘုရား)၊ မတိုက်တွန်းသင့်ဘူးလား။ (တိုက်တွန်း သင့်ပါတယ် ဘုရား)။
အကယ်၍ ခန္ဓာဉာဏ်မဆုံးကြပါဘူးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝါဂွမ်းဖြစ်ရမယ်။ (မှန်ပါ့)။ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဝါဂွမ်းဖြစ်ရင် တည်ရာဌာန အမြဲရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ဒီကနေ မှုတ်လိုက်လို့ ကုဋိထဲမှာ လောက်ဖြစ်မယ် ပြောတာ။ (မှန်ပါ့)၊ ရေထဲကျသွားလိမ့်မယ် ဆိုတော့ ရေထဲမှာ ငါးဖြစ်ရလိမ့်မယ်၊ သူများ ပါးစပ်လမ်းဆုံးလို့ရှိရင်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ အမျိုးမျိုး သွားစရာတွေ ရှိနေလို့ ခန္ဓာဉာဏ်ရောက်တစ်ခုဟာဖြင့် အားကိုးရာ အစစ်အမှန်ဖြစ်တော့တယ်ဆိုတာ သတိထားပါ။ (မှန်ပါ့)၊ သတိပေးတယ်၊ သဘောကျကြပလား။ (ကျပါပြီ)။
ကိုင်း ဒါဖြင့်ခု နင်က ကောလိယသားပုဏ္ဏရော သေနိယရော ဒိဋ္ဌိကြီးနှစ်ယောက် ကိုစောမောင်၊ သီလဗ္ဗတပရာမာသတွေ ဖြစ်နေလိုက်တာ။ (မှန်ပါ့)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ကံပေါ်မှာ ဒိဋ္ဌိစွဲနေလိုက်တာ တွေ မရှိဘူးလား။ (ရှိပါတယ်)၊ ဘယ်မှာ လမ်းဆုံးနေလို့လဲ။ (သူများပါးစပ် လမ်းဆုံးနေလို့ပါ)၊ သူများပါးစပ် လမ်းဆုံးနေတယ်ဆိုတာ ကိုစံလှ မငြင်းနဲ့တော့။ (မှန်ပါ့)၊
ရေစက်ချလိုက်တာများ အမျိုးမျိုးအဖုံဖုံပဲ
ရေစက်ချလိုက်တာများ တစ်ခါတည်း အမျိုးမျိုးအဖုံဖုံပဲ ကမ္မဿကတဉာဏ် ဦးစီးပြီးချတာ၊ မရဘူးလို့ မဆိုလိုဘူး၊ သူ့နေရာနဲ့သူမှန်ပါတယ်၊ သို့သော် အထက်များရှိသေး သလားဆိုတာ တွေးဖို့သင့်သေးတယ်။ (မှန်ပါ့)၊ မသင့်ဘူးလားဗျာ။ (သင့်ပါတယ် ဘုရား)၊
ဒီထဲမှာ ဒါ့အပြင် ဆင်ပြောင် တော့ မရှိဘူးလား ဆိုတာတော့ မေးဖို့မကောင်းဘူးလား။ (ကောင်းပါတယ်)၊ အဲဒီလိုမမေးဘဲ ဒါပဲ တော်လောက်ပြီဆိုပြီး ဒါပဲ ကိုးစားရာ၊ ဒါပဲအမိ, ဒါပဲအဖဆိုပြီး ဧကန်အမြဲအစွဲသဿတ ယူထားလိုက်ရင်တော့ သွားရော (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါနဲ့ တစ်ယောက်ကိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သရဏဂုံ တည်မှာ မြင်တော်မူတယ်၊ တစ်ယောက်က ရဟန္တာဖြစ်မှာ မြင်တော်မူတယ်၊ ခုနင်က ပြောခဲ့သလို အဖြေထွက် ပေးလိုက်တော့ မျက်ရည်ကျတယ်ဆိုတာကော သဘောကျပလား။ (ကျပါပြီ ဘုရား)။
အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီပုဂ္ဂိုလ်နှစ်ယောက် ကယ်တင်ဖို့ ဉာဏ်နဲ့ရှု့ကြည့် လိုက်တဲ့အခါ ဒီဒိဋ္ဌိဖြုတ်ဖို့အရေးဟာ ဘုရားမှတစ်ပါး သူတို့မှာ ကိုးစားစရာ, အားထားစရာမရှိပါဘူး။ (မှန်ပါ့)၊
သူတို့က ဒါဖြင့် ဘုရား တပည့်တော်တို့သည်ကားလို့ဆိုရင် အယူမှားကို အဆင်းရဲခံပြီး သကာလ အပါယ်ရောက်ရမယ်ဆိုတော့ နွားဖြစ်ရမယ်၊ ခွေးဖြစ်ရမယ်၊ အပါယ်လဲ ရောက်ရမယ်ဆိုတော့ တပည့်တော်တို့နဲ့ ထိုက်တန်တဲ့ တရားဓမ္မကို အရှင်ဘုရား ဟောကြားဆုံးမ သွန်သင်တော်မူပါလို့ လျှောက်ကြတယ်။ (မှန်ပါ့)။
ကံကိုဟောမှတော်မယ်
လျှောက်တဲ့ အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူတို့ကို ဘာဟောမှ တော်ပါ့မလဲလို့ ဆင်ခြင်တော်ပါ့မလဲလို့ ဆင်ခြင်တော်မူတော့ ကံကိုဟောမှတော်မယ်။ (မှန်ပါ့)။
ဘာဟောမှ တော်မလဲ (ကံဟောမှ တော်ပါ့မယ် ဘုရား)၊ အဲဒီဟာကို ဟောလိုက်လို့ရှိရင် တစ်ယောက်က သရဏဂုံ တည်ပြီး သကာလ တစ်ယောက်က ရဟန္တာ ဖြစ်မယ်ဆိုတာမြင်တယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ကံကို တစ်မျိုးတည်း ထင်နေကြလို့ လေးမျိုးခွဲပြီး သကာလ ဘုရားက ဟောကြားတော်မူတာ မဇ္ဈိမပဏ္ဏာသပါဠိတော်မှာ လာပါတယ်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ကံလေးမျိုး ခွဲပြလိမ့်မယ် သတိထားပါ။
(၁) မည်းတဲ့ကံသည် မည်းတဲ့အကျိုးပေးမယ်။
(၂) ဖြူတဲ့ကံသည် ဖြူတဲ့အကျိုးပေးမယ်။ (မှန်ပါ့)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)၊
(၃) အမည်း အဖြူ ရောတဲ့ကံက အမည်းအဖြူကိုပဲ အကျိုးပေးမယ်။
(၄) အမည်း အဖြူ မရောတဲ့ကံက အမည်း အဖြူမရောတဲ့ အကျိုးပေးတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ကံ ဘယ်နှစ်မျိုးပါလိမ့်။ (လေးမျိုးပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတွေ နားလည်ထားတာက တစ်မျိုးတည်းဖြစ်နေတယ်။ ကိုစောမောင် ဘုရားကဘယ်နှစ်မျိုးဟောသလဲ။ (လေးမျိုးပါ ဘုရား)၊ ကိုစံလှ ဒါဟာအရေးကြီး မလာဘူးလား။ (ကြီးပါတယ် ဘုရား)။
ကျုပ်တို့ အရင်နားလည် ထားတာက ကောင်းတဲ့ ကံပဲ၊ မကောင်းတဲ့ ကံပဲ ဆိုပြီးတော့ နှစ်မျိုးတည်း နားလည်ထားတယ်။ (မှန်ပါ့) ၊ နှစ်မျိုးတည်း နားလည်ထားတာက မည်းတဲ့ကံလုပ်ရင် မည်းကျိုးပေးမယ်လို့ နားလည်တယ်။ မကောင်းတာလုပ် မကောင်းကျိုးပေးတယ်ပြောတာပဲ။ (မှန်ပါ့)၊ ကျုပ်တို့ဖြူဖြူစင်စင် လုပ်လို့ရှိရင် အကျိုးပေးမယ် ဆိုတော့ ဒါကိုသိပ်သဘောကျတယ်။ (မှန်ပါ့)။
လေးကံရှိတဲ့အနက်က နှစ်ကံပဲ နားလည်တယ်
ဒါဖြင့် ဒကာ ဒကာမတွေ များသောအားဖြင့် နားလည်ထားတာက လေးကံရှိတဲ့အနက်က နှစ်ကံပဲ နားလည်တယ်။ (မှန်ပါ့)။
လေးကံရှိတဲ့အနက်က နှစ်ကံပဲ နားလည်တော့နှစ်ကံကျန်နေမလား။ (ကျန်နေပါတယ် ဘုရား)၊ နှစ်ကံကျန် နေကတည်းကိုက ဒကာ ဒကာမတို့ အရေးကြီးတာ ကျန်နေတယ်လို့ မှတ်ရမယ်။ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ်။ (အရေးကြီးတာကျန်နေတယ်လို့ မှတ်ရပါမယ်)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒီ အမည်း အဖြူရောတဲ့ ကံကလဲ ဘာကို အကျိုးပေးသတုန်း။ (အမည်းအဖြူရောတဲ့ အကျိုးပေးပါတယ်)၊ အမည်းအဖြူရောတဲ့ အကျိုးကိုပေးတယ်။
အမည်းအဖြူမရောတဲ့ သဘောက (အမည်းအဖြူမရောတဲ့ အကျိုးကိုပေးပါတယ်၊ ဒါ ကံလေးမျိုးလို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်။ (မှန်ပါ့)။
ကံလေးမျိုးဆိုတော့ ဒကာ ဒကာမတွေက ကိုယ်နားလည်ထားတာက ဒီအထဲမှာ နှစ်မျိုးပဲ နားလည်တယ်။ (မကောင်းတာလုပ်ရင် မကောင်းကျိုးပေးပါတယ်လို့ နားလည်ပါတယ်)၊ အမည်းကံလုပ်ရင် အမည်းကံ အကျိုးပေးတယ်၊ ဒါကို လူတိုင်းနားလည်ပါတယ်။ (မှန်ပါ့)။
ကျုပ်တို့ကတော့ ဖြူဖြူစင်စင်လုပ်လေ့ ရှိပါတယ်။ ဒါကြောင့် နောက်အကျိုးပေးလဲ ဖြူစင်အောင် လုပ်ပါ တယ်ဆိုပြီး အဖြူကံကတော့ ဘာအကျိုးပေးသတုံး။ (အဖြူကိုအကျိုးပေးပါတယ် ဘုရား)။
ဒီဟာနှစ်ခုကိုတော့ သေသေချာချာ နှုတ်တတ်တယ် ဒကာ ဒကာမတွေမှာနော်။ (မှန်ပါ့)၊ ရှောင်ဖို့ရာ တစ်ခုနဲ့ ဆောင်ဖို့ရာတစ်ခု ဒါပဲရှိတာပဲ၊ ဒီ့အပြင် ဘာများထူးသေးသတုန်းဆိုပြီး ဇာတ်သိမ်းတာပဲ။ (မှန်ပါ့)၊ ဒီဘက်က ဟာတွေတွေးမိသေးရဲ့လား။ (မတွေးမိပါ ဘုရား)၊
နှစ်ကံပဲအသုံးချတယ်
ကိုစောမောင် တွေးမိတဲ့ပုဂ္ဂိုလ် ရှားလိမ့်မယ်နော်။ (မှန်ပါ့)၊ မရှားပေ ဘူးလား။ (ရှားပါတယ်)၊ ဘုရားက ဘယ်နှစ်ကံဟောသတုံး။ (လေးကံဟောပါတယ်)၊ ခင်ဗျားတို့က ဘယ်နှစ်ကံ အသုံးချနေသလဲ။ (နှစ်ကံအသုံးချနေပါတယ် ဘုရား)၊
နှစ်ကံပဲအသုံးချတယ်ဆိုတော့ ဪ ခက်လိုက်တဲ့ဖြစ်ခြင်း၊ အဲဒီနှစ်ကံကလဲ နိဗ္ဗာန်ရောက်နိုင်တဲ့ နှစ်ကံကို မဟုတ်သေးဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒုစရိုက်ကံတွေ လုပ်လို့ရှိရင် (ဒုစရိုက်ကံ အကျိုးပေးပါတယ်)၊ အပါယ်လေးပါးတည်းဟူသော အကျိုးကိုသေသေချာချာရတယ်။ ဒါကြောင့် အမည်းကံက အမည်းကို သေသေချာချာ အကျိုးပေးရတယ်။ ရှင်းကြ ပလား။ (ရှင်းပါပြီ ဘုရား)၊ သေသေချာချာမှတ်ပါ။ ဒုစရိုက်ကံသည် အပါယ်လေးပါးဆိုတဲ့ မကောင်းကျိုးကို ပေးပါတယ်။(မှန်ပါ့)။
ကိုင်း သုစရိုက်ဆယ်ပါးဆိုတဲ့ သုစရိုက်ကံကလဲ မရှိပေဘူးလား။ (ရှိပါတယ်)၊ အဲဒီ သုစရိုက်ကံကလဲနတ်ပြည်၊ လူ့ပြည် သုဂတိမှတစ်ပါးလဲဘယ်မှ အကျိုးမပေးဘူး။ (မှန်ပါ့)၊ သမထထည့်လို့ရှိရင် ဗြဟ္မာ့ပြည် အကျိုးပေးနိုင်တယ်။သူတို့က အဖြူကံမို့ အဖြူပဲ အကျိုးပေးတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
အမည်းအဖြူရောတဲ့ကံဆိုတာ
အမည်းအဖြူရောတဲ့ကံဆိုတာကတော့ ဒကာ ဒကာမတို့ သိပြီးသားထားပါတော့နော်။ (မှန်ပါ့)၊ အမည်းအဖြူ ရောတဲ့ ကံဆိုတာက ရတဲ့ပစ္စည်းက မိစ္ဆာဇီဝနဲ့ရထားတယ်။ လှူတာတန်းတာ ပေးတာကမ်းတာ ကတော့ လှူလျက်တန်းလျက် ပေးလျက်ပါပဲ၊ ဒီလိုဟာတွေကော မရှိဘူးလား။ (ရှိပါတယ်)၊ အမည်းအဖြူ ဘယ့်နှယ်နေသလဲ(ရောပါတယ် ဘုရား)။
အဲဒီကံကတော့ အမည်းအဖြူရောတဲ့အကျိုးပဲပေးတယ်ဆိုတော့ လူ့ပြည်မှာဆိုပါတော့၊ သုခဒုက္ခရောပြွမ်း လျက်ရှိတယ်။
ဘုရားက သေသေချာချာ ဖော်ဟောတယ်နော်။ (မှန်ပါ့)၊ လူ့ပြည်မှာ အကျိုးပေးနိုင်တယ်၊ ဝိနိပါတိက အသူရာ နေ့ခံညစံဖြစ်နိုင်တယ်။ မင်္ဂလာဆင်ဖြူတော်တွေ ဖြစ်နိုင်တယ်၊ ရွှေနဂါးတွေဖြစ်နိုင်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါက အမည်းအဖြူရောတဲ့ ကံက ဘာကို အကျိုးပေးသတုန်း။ (အမည်းအဖြူရောတဲ့ကံကို အကျိုးပေးပါတယ် ဘုရား)။
ဆင်ဖြူတော်ဟာ ဒကာ ဒကာမတို့ တိရစ္ဆာန်ဖြစ်ရတာက အမည်းကံကြောင့် သဘောကျပလား။ (ကျပါပြီ)၊ နန်းတော် အိမ်တော်ထဲမှာ တချို့လူထက်တောင် သာအောင် နေရထိုင်ရ စားသောက်ရတာတွေ ကျတော့ အကျိုးပေးတယ်။ မပေးဘူးလား။ (ပေးပါတယ် ဘုရား)၊ အဲဒါတွေကတော့ အမည်းအဖြူရောတဲ့ကံကြောင့် အမည်းအဖြူ အကျိုးပေးတာ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
ဒုစရိုက်ဆိုတဲ့အမည်းကံ သုစရိုက်ဆိုတဲ့ အဖြူကံ
ဒကာ ဒကာမတို့ ဒုစရိုက်ဆိုတဲ့အမည်းကံကြောင့် ဘာကိုအကျိုးပေးသလဲ။ (အမည်းကို အကျိုးပေး ပါတယ်)၊ အပါယ်လေးပါးထည့်လိုက်ပါဦး၊ သဘောကျပလား။ (ကျပါပြီ)၊
သုစရိုက်ဆိုတဲ့ ခင်ဗျားပြုကြတဲ့ကံတွေကတော့ ဘယ်လို အကျိုးပေးသလဲ။ (သုစရိုက်ကို အကျိုးပေးပါတယ်)၊ ဒါကို ဘုရား သေသေချာချာ ဟောတယ်။ နိဗ္ဗာန်ပါရဲ့လား။ (မပါ,ပါ ဘုရား)၊ ဒီလို့ကို သေသေချာချာ ဟောထားပြီဆိုတာ သဘောပါရဲ့လား။ (ပါ,ပါပြီ ဘုရား)။
အမည်းအဖြူရောတဲ့ ကံတွေကိုတော့ ခင်ဗျားတို့က သိပြီးသားထားပါတော့လို့ ဘုန်းကြီးက ပြောလိုက်ပါတယ်၊ မချဲ့တော့ပါဘူးနော်။ (မှန်ပါ့)၊ အမည်းအဖြူ အကျိုးပေးတယ်ဆိုတော့ မင်္ဂလာဆင်ဖြူတော်တို့၊ ရွှေနဂါးကြီးတို့ စသည်နဲ့ အမျိုးမျိုးအဖုံဖုံ မရှိပေဘူးလား။ (ရှိပါတယ် ဘုရား)၊ နေ့စံညခံဆိုတဲ့ အသူရကာယ်တို့ မရှိပေဘူးလား။ (ရှိပါတယ် ဘုရား)၊ နေ့လယ်ကျတော့ နတ်ဘုံနတ်နန်းနဲ့ နေရတယ် ကိုစောမောင်။ ညကျရင် ငရဲခံရှာတယ်ဆိုတာတွေ၊ ဒီလိုဟာတွေ ကောမရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ အဲဒါ ဘယ်ကံပါလိမ့်။ (အမည်းအဖြူရောတဲ့ကံပါ ဘုရား)၊ ဘာအကျိုးပေးသလဲ။ (အမည်းအဖြူရောတဲ့ အကျိုးပေးပါတယ် ဘုရား)။
ဒါဖြင့် အမည်းကံဟာ (အမည်းအကျိုးပေးပါတယ်)၊ အဲ ဒုစရိုက်ကံက အပါယ်လေးပါး အကျိုးပေးတယ်။ (မှန်ပါ့)၊ သုစရိုက်ကံတွေကတော့ နတ်ရွာသုဂတိကို အကျိုးပေးတယ်။ (မှန်ပါ့)၊ အမည်းအဖြူရောတဲ့ ကံကတော့ အမည်း အဖြူရောတဲ့ လူ့ဘဝမှာပဲ ဒါမျိုးတွေထင်ရှားပါတယ်။ (မှန်ပါ့)၊ အဲဒါ အမည်းအဖြူရောတဲ့ကံကြောင့် အကျိုးပေးတာတွေ။(မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အမည်းအဖြူ မရောတဲ့ကံ ဆိုတာ
ကောင်းပြီ၊ ဒါဖြင့် အမည်းအဖြူ မရောတဲ့ကံ ဆိုတာကတော့ကွာတဲ့၊ ဟောဒီသုံးပါးကို ဖြတ်တယ်ဟေ့တဲ့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊ ၁-ကံကိုလဲ (ဖြတ်ပါတယ်)၊ ၂-ကံကိုလဲ (ဖြတ်ပါတယ်)၊ ၃-ကံကိုလဲ (ဖြတ်ပါတယ်)၊ အဲ သူကတော့ ကံဖြတ်တာ၊ ဘယ်သူတုန်းမေးတဲ့ အခါကျတော့ ခင်ဗျားတို့ အလုပ်, လုပ်နေတဲ့ မဂ္ဂင်ငါးပါးနဲ့ မဂ္ဂင်ရှစ်ပါး။(မှန်ပါ့)၊
ဘယ်ဟာမှ အကျိုးပေးတာ မဟုတ်ဘူး၊ နိဗ္ဗာန်ကိုပဲ ပေးမယ်။ သဘောကျပလား။ (ကျပါပြီ)။
ကြည့်စမ်း၊ ဒကာ ဒကာမတို့ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ သူက ဘယ့်နှယ်ကြောင့် နိဗ္ဗာန် အကျိုးပေးရသတုံး ဆိုတော့ သူက ဒီကံတွေဖြတ်တယ်ကွတဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ကမ္မက္ခယာယလို့ ဘုရားကဟောလိုက်တယ်။ ဒီဟာက မဂ္ဂင်ရှစ်ပါးနဲ့တကွတွဲနေတာတွေကတော့ မဂ္ဂင်ရှစ်ပါး အလုပ်တွေကတော့ ကံကို ကုန်စေတယ်ကွတဲ့။ (မှန်ပါ့)၊ ဟောဒီကံတွေလဲ အမည်းအဖြူ ရောတဲ့ကံတွေ အများကြီးရှိတာပဲ၊ သူက ဖြတ်ချလိုက်တာပဲ။ (မှန်ပါ့)၊ အဖြူတွေနဲ့ ဘုံဘဝမှာ အကြိမ်ကြိမ် ခံစားဆိုတဲ့ ကံတွေလဲ ဒီကံသာလုပ်လိုက်ရင် ပြတ်တာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အပါယ်လေးပါးကို ရောက်စေတတ်တဲ့ ဒုစရိုက်ကံတွေကိုပဲ သောတာပန်တည်ကတည်းက သောတာပတ္တိမဂ်က ဖြတ်ချလိုက်တယ်။ (မှန်ပါ့)၊ မဖြတ်ဘူးလား ။ (ဖြတ်ပါတယ်)၊ ဒါဖြင့် စတုတ္တွကံကတော့ ကံဖြတ်တဲ့ အမည်းအဖြူမရောတဲ့ သဘောပါပဲ။ (မှန်ပါ့)၊ သဘောကျပလာ။ (ကျပါပြီ)။
ဒါက ဘယ်သူ့ဟောနေတာတုံးဆိုတော့ သေနိယနဲ့ကောလိယ၏သား ပုဏ္ဏတို့ကို ဟောနေတာ၊ (မှန်ပါ့)၊ ခုနင်က နှစ်ယောက်ပေါ့ဗျာ၊ ကောလိယရယ်၊ သေနိယရယ်ဆိုတာခုနင်က ပြောပြီးခဲ့ပြီ မဟုတ်လား။ (မှန်ပါ့)။
ဘာဖြစ်လို့ ဒီဝတ္တွုထုတ်ရပါလိမ့်မတုန်း
ဘာဖြစ်လို့ ဒီဝတ္တွုထုတ်ရပါလိမ့်မတုန်းလို့၊ ဒီကံတွေ ဟောရပါလိမ့်မတုန်းလို့ မေးဖို့မလိုဘူးလား။ (လိုပါတယ်)
အမည်းကံတွေလုပ်မလို့။ မိစ္ဆာဒိဋ္ဌိအမည်းကံတွေ လုပ်မနေဘူးလား။(လုပ်နေပါတယ် ဘုရား)၊ အမည်းကံလုပ်တော့ သူ တို့ဘာအကျိုးပေးသလဲ။ (အမည်းအကျိုးပေးပါတယ်)၊ အဲ မင်းတို့ ဟောဒီဘက်ကို လိုက်ရင်လိုက်၊ မလိုက်ရင် မင်းသွားပြီလို့ ပြောတာ၊ ဒါကြောင့် နွားလိုကျင့်တဲ့ပုဂ္ဂိုလ်ဟာ နွားဖြစ်ရမယ်။ တိရစ္ဆာန်ဘက်လှည့်မသွားဘူးလား။(သွားပါတယ်)၊
ဒီအယူနဲ့များ နတ်ရွာသုဂတိနိဗ္ဗာန် ရောက်လိမ့်မယ်လို့ အစွဲကြီးစွဲနေရင် ငရဲကျလိမ့်ဦးမယ်လို့ မဟောဘူးလား။ (ဟောပါတယ်)၊ ဒါဖြင့် အဲဒီကံကိုလဲ ဒီအမည်းအဖြူ မရောတဲ့ သဘောကမှ ဖြတ်တော့မယ်ဆိုတဲ့ ဥစ္စာဘုရားသိစေတော်မူလိုလို့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါကတော့ဖြင့် ပါဠိတော်မှာလဲ တိုက်ရိုက်ပါနေတယ်၊ ဒီဝတ္တွုနဲ့လဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တိုက်ရိုက်ဟောတဲ့အတွက် ခင်ဗျားတို့အတွက် ငဲ့ရှောင်ပြီး သကာလ သုံးဖို့ မလိုတော့ ဘူး။ (မှန်ပါ့)၊
ဒီအတိုင်းသွားရမှာပဲ။ (မှန်ပါ့)၊ အမည်းကံလုပ်ရင် (အမည်း အကျိုးပေးမှာပါ)၊ အမည်းကံဆိုတာ ဘယ်ဘုံပါလိမ့်။ (အပါယ်ဘုံပါ) ၊ သုစရိုက်တွေချည့် လောကီကုသိုလ်တွေ လုပ်နေမယ်၊ ဝဋ်ကုသိုလ်ကံတွေချည့် လုပ်နေမယ်၊ သုစရိုက်ဆိုတာ ကောင်းတဲ့တရားပါပဲနော်။ (မှန်ပါ့)၊ သို့သော်လဲပဲ ဒကာ ဒကာမတို့ ဖြစ်ပျက်မြင်တဲ့ တရား မဟုတ်သေးပါဘူး။(မှန်ပါ့)၊ မမြင်တဲ့အတွက် ဘယ်အကျိုးပေးသတုန်း။ (သုဂတိအကျိုးပေးပါတယ်)၊ နတ်ပြည်ပဲ လမ်းဆုံးပါလိမ့်မယ်။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
အမည်းအဖြူ ရောတဲ့ ကံကတော့ လူ့ပြည်မှာလဲပေးထားတာပါ။ ပြိတ္တာတို့၊ ဘုန်းကံကြီးမားတဲ့ တိရစ္ဆာန်တို့ အကျိုးပေးတယ်။ ကိုစောမောင် ဒါက ဘာပါလိမ့်။ (အမည်းအဖြူရောတဲ့ ကံပါ ဘုရား)။
အမည်းအဖြူမရောတဲ့သဘောကဖြင့် ဟောဒီသုံးခုကို အကုန်ဖြတ်ပါတယ်။ နိဗ္ဗာန်အကျိုးပေးတယ်။ (မှန်ပါ့)။
ဒါကြောင့် အမည်းဆိုလို့ရှိရင် အပါယ်သွားရမယ်။ အဖြူဆိုလို့ရှိရင် နတ်ရွာသုဂတိသွားရမယ်။ အမည်းအဖြူ ဆိုလို့ရှိရင်လဲ ခုနင်က ပြောသလို လူ့ပြည်နဲ့ဝိနိပါတ အသူရာတို့ ဖြစ်ရမယ်။
အမည်းအဖြူမရောတဲ့ သဘောသည်
အမည်းအဖြူမရောတဲ့ သဘောသည်ကား လို့ဆိုရင် နိဗ္ဗာန်မှ တစ်ပါး ဘယ်မှမသွားဘူး။ ဟိုဟာတွေဖြစ်ပါတယ် ဆိုတာ ထင်ရှားပါတယ်။ (မှန်ပါ့)၊ မထင်ရှားဘူးလား။ (ထင်ရှားပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ ကံကို ဒိဋ္ဌိစွဲနေတယ် ဆိုတာကော ဒီအထဲမှာ မရှင်းသေးဘူူးလား။ (ရှင်းပါပြီ ဘုရား)၊
ကောင်းတဲ့ကံကို အားကိုးရမှာပေါ့၊ သူက ကိုယ့်နောက်က အမြဲလိုက်နေတာဆိုတော့ အဖြူကံကို အားကိုးနေတယ်။ မကိုးကြဘူးလား။ (ကိုးပါတယ် ဘုရား)၊ ကိုးတော့ သူကသုဂတိတော့ အကျိုးမပေးဘူးလား၊ ပေးသလား။ (ပေးပါတယ် ဘုရား)၊ ပေးပါတယ် ဒကာ ဒကာမတို့ ၊ မပေးဘူးလို့ ဘုရားက ဟောတာ မဟုတ်ပါဘူး။ (မှန်ပါ့)၊ အကျိုးပေးတယ် လို့ပဲ ဟောပါတယ်။ သို့သော်လဲ သုဂတိပဲ၊ ဝဋကုသိုလ် သုစရိုက်ကံကလေ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
တချို့ပြောနေကြတာက ဒါလောက်ထိအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝေဖန်ဟောကြား တော်မူတာ တွေကိုမသိ၊ ကိုယ်ကိုယ်တိုင်ကလဲ အလုပ်ကိုမလုပ်ဖူးပြီ ဆိုမှဖြင့်လောကကြီးမှာ သုစရိုက်နဲ့ ဒုစရိုက်ရှိတာပဲကွ၊
သုစရိုက်ဆောင်၊ ဒုစရိုက်ရှောင်ရင် ပြီးတာပဲကွတဲ့။ (မှန်ပါ့)၊ ဘယ်မှာပြီးလိမ့်မလဲ ဒကာ ဒကာမတို့၊ ကိုစောမောင် ပြီးပါ့မလား။ (မပြီးပါ ဘုရား)၊ သုစရိုက်ဆောင်၊ ဒုစရိုက်ဆောင်ဆိုတော့ ဒီနှစ်ကံတင်သူ နားလည်နေတယ်။ (မှန်ပါ့)၊ ဒီဘက်က နှစ်ခုကိုတော့ (နားမလည်ပါ ဘုရား)၊
ဒါဖြင့်သူသည် သံသရာခရီးသည်အဖြစ်မှ လွတ်နိုင်ပါ့မလား။ (မလွတ်နိုင်ပါ ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဒီအထဲမှာ ဗွေဖောက် ကုန်ပြီဟ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ဝတ္တွုကိုထောက်ခံရာရောက်တာပဲ။ (မှန်ပါ့)၊ မနေ့က ရဟန်းခြောက်ဆယ် ထဲက ပုဂ္ဂိုလ်တစ်ပါးဟာ ကံကို အားကိုးပြီး အတ္တစွဲထားတာကိုး။ (မှန်ပါ့)၊ အကုန်အနတ္တလို့ ဘုရား ကဟောကြားတော့ အနတ္တကလုပ်တဲ့ ကံတွေကတော့ ဘယ်အတ္တကို စွဲခိုမှီကပ်မှာတုန်းဟု ကံကို အတ္တစွဲ အားကိုးလို့ယူလိုက်တယ်။ (မှန်ပါ့)။
ဒီတော့ ဘုရားက
“ယံဣမေကစ္စော မောဃပုရိသော အဝိဒွါ အဝိဇ္ဇာဂတော တဏှာဂိပတေယျေနစေ တသာ သတ္တုသာသနံ အတိဓာဝိတဗ္ဗံ မညေယျ “
ဆိုပြီးတော့ ဟောကြားလိုက်တယ်။ (မှန်ပါ့)၊ ဒီအထဲမှာ ဗွေဖောက် ကုန်ပြီဟ၊ ငါဘုရားအယူကို ကျော်လွန်ပြီး ဒိဋ္ဌိတွေ ဝင်ကုန်ပီဟလို့ မပြောဘူးလား။ (ပြောပါတယ်)။
ဒကာ ဒကာမတို့ ဒါဟာ အင်မတန် အရေးကြီးတဲ့စကားနော်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီအမည်းကံ အဖြူကံ အမည်းအဖြူရောတဲ့ ကံတွေဖြတ်တာ ဘယ်ကံလဲဆိုတော့ အမည်းအဖြူ မရောတဲ့ကံတဲ့။ (မှန်ပါ့)၊ သူက ကံဖြတ်တရား။ (မှန်ပါ့)။
အမည်းအဖြူမရောတဲ့ကံ ဆိုတာက မဂ်ပါပဲ။ (မှန်ပါ့)၊ မဂ်ဆိုတော့ ပုဗ္ဗဘာမဂ်မှာ မဂ္ဂင်ငါးပါးပဲရမယ်၊ ဝိပဿနာမဂ်မှာ ။ (မှန်ပါ့)၊ လောကုတ္တရာမဂ်စစ်ရောက်မှ မဂ္ဂင်က ရှစ်ပါးပြည့်တယ်။ (မှန်ပါ့)။
ဝိပဿနာမဂ်မှာ သီလမဂ္ဂင်သုံးပါး ပါနိုင်ပလား။ (မပါသေးပါ ဘုရား)၊
ရှုနေတုန်းမှာ မဂ္ဂင်ငါးပါး
သူတို့ကိစ္စကို ရှုနေတုန်းပါနိုင်ရဲ့လား။ (မပါ,ပါ ဘုရား)၊ မကောင်းသော စကားမှကြဉ်ရှောင်မှု သမ္မာဝါစာဝိရတီ ပါနိုင်ရဲ့လား။ (မပါနိုင်သေးပါ ဘုရား)၊ သမာ ကမ္မာကမ္မန္တဝိရတီကော (မပါနိုင်သေးပါ ဘုရား)၊ သမ္မာအာဇီဝဝိရတီကော (မပါနိုင်သေးပါ ဘုရား)၊ မပါကြ သေးဘူး။
ရှု့နေတာပဲရှိသေးတယ်။ ရိပ်မိကြပလား ဒကာ ဒကာမတို့။ (ရိပ်မိပါပြီ)။ ရှုနေတုန်းမှာ မဂ္ဂင်ဘယ်နှစ်ပါး တုန်း။ (ငါးပါးပါ ဘုရား) ၊ အဲ သီလမဂ္ဂင်သည် ဒကာ ဒကာမ တို့ပါပလား။ (မပါသေးပါ ဘုရား)၊ မပါသေးတာ ဘာကြောင့် မပါသေးသတုန်းဆိုတော့ မပါနိုင်သေးလို့ မပါတာလို့ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)၊ မပါနိုင်သေးလို့မပါတာ။ (မှန်ပါ့)။
ဒါဖြင့် ဒါ ဘယ်ကျမှ ပါမှာတုန်း မောင်ဘမှီတို့ နိဗ္ဗာန် မြင်မှပါမယ်။ (မှန်ပါ့)၊ သဘောကျ ပလား၊(ကျပါပြီ ဘုရား)။
မဂ္ဂင်ရှစ်ပါးက ဘုံဘဝအကျိုးပေးသေးရဲ့လား။ (မပေးပါ ဘုရား)၊ ဒါကြောင့် သူ့ကျတော့ မမည်းမဖြူ တဲ့ သဘော။(မှန်ပါ့)။
အဲဒီကံလေးပါးတွေ အင်္ဂုတ္တိုရ်မှာလဲ လာတယ်။ မဇ္ဈိမပဏ္ဏာသမှာလဲလာတယ်၊ ဒါက ဒုစရိုက်, ဒါက သုစရိုက် ဒါကအရောကွဆိုတော့ ကိုစောမောင် ရှင်းမနေဘူးလား။ (ရှင်းနေပါတယ်)၊
ဒီမဂ္ဂင်ကတော့ ဘာများရောသေးသတုန်း
ဒီမဂ္ဂင်ကတော့ ဘာများရောသေးသတုန်း၊ ဒုစရိုက် သုစရိုက်ဆိုတဲ့ လောကီကံတွေနဲ့ ရောသေးသလား။ (မရောပါ ဘုရား)၊ ဘာနဲ့မှမရောတဲ့အတွက် ဒကာ ဒကာမတို့ အကဏှ အသုက္ကပဲ။ (မှန်ပါ့)၊ မမည်းလဲ မမည်းဘူး၊ မဖြူကော မဖြူဘူး။ (မှန်ပါ့)၊ မည်းရင် ဒီရောက်မယ်၊ ဖြူတယ် ဆိုရင် ဒီဘက် ရောက်မယ်။ (မှန်ပါ့)၊ အမည်းအဖြူရောတယ်ဆိုလို့ရှိရင်လဲ ၃-နံပါတ်သွားပြီး ဝင်မယ်။ (မှန်ပါ့)၊ မဝင်ပေ ဘူးလား။ (ဝင်ပါတယ်)။
အဲဒါတွေသိတော့မှ အမည်းအဖြူမရော တာကကော ဒကာ ဒကာမတို့ ခင်ဗျားတို့လုပ်နေတဲ့ အလုပ်ဟာ အလုပ် မှန်ပါပဲ။ (မှန်ပါ့)။
ဘယ်လို မှတ်ကြမယ်။ (အလုပ်မှန်ပါ ဘုရား)၊ ဘယ်ကံဖြစ်ပါ့လိမ့်။ (အမည်းအဖြူမရောတဲ့ကံ ဖြစ်ပါတယ်)၊သေချာ ပလား။ (သေချာပါပြီ)။
ဒါကြောင့် စတုတ္တွဖြစ်တဲ့ အလုပ်ဟာ ဒကာ ဒကာမတွေ သံသရာထွက်ရလမ်းလုပ်တော့မယ်ဆိုလို့ရှိရင် မလုပ် မဖြစ်ဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ကိုစောမောင် ကျေနပ်ပလား။ (ကျေနပ်ပါပြီ)။
သံသရာ ထွက်ရပ်လမ်းက မဂ္ဂင်ရှစ်ပါး အလုပ်ကို လုပ်ရလိမ့်မယ်။ (မှန်ပါ့)၊ မလုပ်လို့ရှိရင် ခင်ဗျားတို့ အမည်းထဲလဲ တစ်လှည့် သွားချင်သွားမယ်။ (မှန်ပါ့)၊ အဖြူထဲကော (တစ်လှည့် သွားချင်သွားမှာပါ)၊ အမည်းအဖြူ ရောတဲ့ဘက်ကော (တစ်လှည့်စီသွားမှာပါ)၊ သွားချင်သွားမယ်ဆိုတော့ ဘုန်းကြီးက ထုတ်ဖော်ပြောတယ်လို့ မယူနဲ့တော့၊ ဘုံဘဝနဲ့တကွ ဘုရားက သေသေချာချာဟောလာတာ။ (မှန်ပါ့)၊ ဒုစရိုက်ဆိုရင် အပါယ်လေးပါးကွ။ (မှန်ပါ့)၊ သုစရိုက်ဆိုရင် လူ့ပြည်၊ နတ်ရွာ သုဂတိကွ။ (မှန်ပ့ါ)၊ ဒုစရိုက်၊ သုစရိုက်ရော ဆိုလို့ရှိရင်ဖြင့် လူ့ပြည်နဲ့ ဝိနိပါတိက အသူရာနဲ့ တိရစ္ဆာန်ဘုံကြီးကွ။ သေသေချာချာပေါ်လာတယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ, ပါပြီ)။
အဖြူ မရောတဲ့သဘောကတော့ နိဗ္ဗာန်ရောက်တဲ့ ကံပဲ
ဒါဖြင့် စတုတ္တွအမည်း အဖြူ မရောတဲ့ သဘောကတော့ နိဗ္ဗာန်ရောက်တဲ့ ကံပဲ။ (မှန်ပါ့)၊ အမည်း အဖြူ မရောတဲ့ဥစ္စာ ဘယ်နှယ့်ကြောင့် နိဗ္ဗာန်အကျိုးပေးရပါလိမ့်မတုန်း ကိုစောမောင်၊ မေးဖို့ မလိုဘူးလား။ (လိုပါတယ် ဘုရား)၊ ကိုစံလှ လိုတယ်နော်။ (မှန်ပါ့)၊ သူ၏ စွမ်းရည်သတ္တိက ဟောဒီ အမည်းလဲဖြတ်တယ်။ အဖြူကိုကော။ (ဖြတ်ပါတယ် ဘုရား)၊ အမည်းအဖြူ ရောတာကော (ဖြတ်ပါတယ် ဘုရား)။
ဒါကြောင့် နိဗ္ဗာန်တည်းဟူသော တစ်ခါတည်းအင်မတန်မှ ဖြတ်တဲ့နေရာဌာန၊ မရစဖူး အရထူးတဲ့ နေရာဌာနကို သူသည် နိဗ္ဗာန်ကိုလဲ ကျေးဇူးပြုတယ်၊ ဒါတွေလဲဖြတ်တယ်၊ သဘောကျပလား။ (ကျပါပီ)။
နိဗ္ဗာန်လဲ (ကျေးဇူးပြုပါတယ်)၊ မရောက် ရောက်အောင်လဲ သူက မဂ္ဂပစ္စယော နဲ့ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၍ လဲ ကျေးဇူးပြုတယ်။ (မှန်ပါ့)၊ သူက မဂ္ဂပစ္စယော မဖြစ်ဘူးလား။ (ဖြစ်ပါတယ်)။
မဂ္ဂပစ္စယော
မဂ္ဂပစ္စယော ထွက်မြောက်ကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား သည်လည်းကောင်းဆိုတော့ မဂ္ဂင်ပြုတတ်သောတရား သည်လည်းကောင်း ဆိုတာ မဂ္ဂင်ရှစ်ပါးယူပါ။ ပဋ္ဌာန်းပါဠိတော်မှာ ဒီအတိုင်းပါပဲ။ (မှန်ပါ့)၊ သဘောကျပလား။(ကျပါပြီ)။
မဂ္ဂပစ္စယော ဘာတုန်း။ (ထွက်မြောက်ကြောင်းဖြစ်၍ ကျေးဇူးပြုတတ်ပါတယ်)၊ ဟောဒီ ဒုဂ္ဂတိ သုဂတိမှ ကော(ထွက်ပါတယ်)၊ ဒုဂ္ဂတိ သုဂတိမှကော (ထွက်ပါတယ်)၊ ဒါဖြင့် မဂ္ဂင်ရှစ်ပါး အလုပ်တရားကို ဘာတရားလို့ ဆိုကြမလဲ၊ ထွက်မြောက်ကြောင်းဖြစ်တဲ့တရား။ (မှန်ပါ့)၊ ဘယ်က ထွက်သတုန်းမေးတော့ ဒုဂ္ဂတိမှပဲ။ (ထွက်ပါတယ်)၊ သုဂတိမှကော။ (ထွက်ပါတယ်)၊ ဒုဂ္ဂတိ သုဂတိမှကော (ထွက်ပါတယ်)၊ အဲသေချာပလား။ (သေချာပါတယ် ဘုရား)၊ ကောက်တော့ နိဗ္ဗာန်နဲ့ဆိုင်ရာအတွက်တော့ မဂ္ဂင်ရှစ်ပါးပဲ ဟောမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အဖြူကံကို သိပ်အားကိုးပစ် လိုက်တယ်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကံပိုင်းကတော်တော်ကလေးကို သေချာသွားပြီ။ (မှန်ပါ့)၊ မနေ့က ပြောတဲ့ ကိုယ်တော်က ကံကိုတစ်ခါတည်း အတ္တစွဲထားပြီး ကံကို အားထားတော့ အဖြူကံကို သိပ်အားကိုးပစ် လိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊
အဖြူကံ အားကိုးလိုက်တဲ့အတွက်တဲ့ သူမှာ ကံ အနတ္တကိုလဲ မမြင်တာ တစ်ကြောင်း၊ ဘဝတဏှာကြီး ကိုလဲ အားကိုးတယ်ဆိုတာ သေချာသောကြောင့် အဝိဒ္ဓါ ဝိပဿနာပညာ, မဂ်ပညာ ကင်းသော။ အဝိဇ္ဇာဂတော အဝိဇ္ဇာဦးစီး၍နေသော။ တဏှာဓိပတေယျေန တဏှာသည်ပင် ခေါင်းဆောင်၍ နေသော။ စေတသာစိတ်ဖြင့်။ သတ္တုသာသနံ ငါဘုရား၏သာသနာကို။ အတိဓာဝိတဗ္ဗမညေယျ ကျော်လွန်သွား ပြီးကွာတဲ့။ (မှန်ပ့ါ)၊ ဘုရားဟောကို ကျော်လွန်ပြီး သကာလ သူယူလိုက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ရှင်းကြပလား။ (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ လုပ်ရတော့မယ် ဆိုတာကောပေါ်ကြပလား။ (ပေါ်ပါပြီ)။
နိဗ္ဗာန်ရောက်ကြောင်း အလုပ်က
ခင်ဗျားတို့က နိဗ္ဗာန် နိဗ္ဗာန်နဲ့၊ နိဗ္ဗာန်ဆိုတာတော့ အားလုံးပဲ ရချင်ကြပါတယ်၊ ရောက်ချင်ကြပါတယ် ဆိုတာ တော့ဘာမှငြင်းဖို့ မလိုဘူး။ ဗုဒ္ဓဘာသာမှန်လို့ရှိရင်ဖြင့် ဆီးမီးထွန်းလဲ နိဗ္ဗာန်ပဲ။ ရေလဲပြန်လဲ (နိဗ္ဗာန်ပါပဲ)၊ အဲ နိဗ္ဗာန်ဆိုတာသည် ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်ကြောင်း အလုပ်က အလုပ်တစ်မျိုးလို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
နိဗ္ဗာန် ရောက်ကြောင်း အလုပ်ကဘာတုန်း၊ သစ္စာသိအောင်လုပ်နိုင်ရင် နိဗ္ဗာန်ရောက်ကြောင်း အလုပ်ပါပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
အဲ အခုလို မဇ္ဈိမပဏ္ဏာသပါဠိတော်လာတဲ့ ကံလေးမျိုး ဝေဖန်ပြီး သကာလ ဟောလိုက်တဲ့အတွက် ဪ တို့သည်ကားလို့ ဆိုရင်ဖြင့် အမည်းလဲ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်လို့ ရှောင်ရတော့မယ်။ (မှန်ပါ့) အဖြူကလဲ နိဗ္ဗာန်ရောက်ကြောင်းအစစ် မဟုတ်သေးတဲ့အတွက် သူ့ကိုလဲ လုပ်တော့လုပ်ရမှာပဲ၊ လုပ်ပင်လုပ်ငြားသော်လဲ အားကိုးအစစ်ကတော့ဖြင့် မဟုတ်သေးဘူး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အားကိုး အစစ်ကတော့ (မဟုတ်သေးပါ ဘုရား)၊ မဟုတ်သေးဘူး၊ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ဆီကျအောင် မရသေးဘူး။ (မှန်ပါ့)။
အမည်းအဖြူရောဆိုတော့လဲ အကျိုးပေးက ဆိုးရွားလွန်းတယ်။ (မှန်ပါ့)။
အမည်းအဖြူ မရောမှသာလျှင် သုံးကံကိုလဲ ဘာလုပ်သလဲ။ (ဖြတ်ပါတယ်)၊ သူကိုယ်တိုင်ကလဲ အကျိုး ပေးတယ်။သူက မဂ္ဂပစ္စယောနဲ့ အကျိုးပေးတယ်။ (မှန်ပါ့)၊ ဒီသုံးကံ အကျိုးပေးတဲ့နယ်ထဲမှ လွတ်မြောက်အောင် လုပ်တာလဲ မဂ္ဂင်ပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊
ထွက်မြောက်ကြောင်းဖြစ်၍
အဲဒီတော့ ပဋ္ဌာန်းပါဠိတော်မှာ မဂ္ဂပစ္စယော ထွက်မြောက်ကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားသည် လည်းကောင်း၊ မလာပေဘူးလား။ (လာပါတယ်)၊ ဟောရလိမ့်မယ် ဒကာ ဒကာမတို့ မလာလို့ဖြစ်ပါ့မလား။ (မဖြစ်ပါ ဘုရား)၊ ရှင်းပြီနော်။ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါနဲ့ပဲ သေနိယတို့ ဒီကံလေးပါးကို နာရတဲ့အတွက် အင်မတန် ကျေးဇူးများသွားတယ်။ (မှန်ပါ့)၊ မှားနေတာအမည်းကံကို လုပ်နေတာကိုးဆိုတာ သူရိပ်မိတယ်။ (မှန်ပါ့)၊
အမည်းကံဆိုတော့ ခွေးလိုကျင့်ပြီး သကာလ ခွေးလိုနေ၊ ဒီအကျင့်ဟာ ကိလေသခေါင်းပါးတဲ့အကျင့်ပဲ၊ လူကဲ့သို့ အာရုံမများဘူးဆိုပြီး သကာလ ကျင့်လိုက်တာပဲ နော်။ (မှန်ပါ့)၊ ကျင့်ပင်ကျင့်ငြားသော်လဲ လမ်းက ဘယ့်နှယ်ဖြစ်နေသလဲ။ (မှားပါတယ် ဘုရား)၊ ဒိဋ္ဌိမှားနေတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အဲဒါကြောင့် ဒိဋ္ဌိမြင်တဲ့တရား၊ ဒိဋ္ဌိသတ်တဲ့အလုပ်ပဲ။ (မှန်ပါ့)၊ စတုတ္တွကံအလုပ်ဟာ ကိုစောမောင် ဘာသတ်တဲ့အလုပ်လဲ။ (ဒိဋ္ဌိသတ်တဲ့အလုပ်ပါ ဘုရား)၊ ဒါတွေက ဒိဋ္ဌိနဲ့ စွဲလမ်းနေတာ၊ သီလဗ္ဗတုပါဒါန်ဖြစ်နေတာ။ (မှန်ပါ့)၊ ငါစားဖို့ ငါ့ဟာငါလုပ်တာပဲဆိုတော့ သူပဲ ဒိဋ္ဌိပါတာပဲ။ ဒါကြောင့် အပါယ်လေးပါးသွားတာပဲ။ (မှန်ပါ့)၊ မသွားပေဘူးလား။(သွားပါတယ် ဘုရား)၊ ဒီဟာလဲ ဒိဋ္ဌိပါနေတာပဲ၊ ကမ္မဿကတဉာဏ်လောက်က ဒိဋ္ဌိက ပါနေတာပဲ၊ ငါ့ဥစ္စာ, ငါလုပ်မှငါရမှာပဲဆိုတာက ဒိဋ္ဌိက မပါပေဘူးလား။ (ပါ, ပါတယ်)၊ သဘောပါကြရဲ့လား။ (ပါ,ပါတယ်)။
အမည်းအဖြူ မရောတဲ့ ကံက ဒိဋ္ဌိကိုပါရဲ့လား
ဒီဥစ္စာကတော့ အမည်းအဖြူ မရောတဲ့ ကံကကော ဒိဋ္ဌိကို ပါ, ပါရဲ့လား။ (မပါ, ပါ ဘုရား)၊ ဖြစ်ပျက်ရှုတယ်၊ ဖြစ်ပျက်မြင်တယ်၊ ဖြစ်ပျက်ဆုံးတယ်၊ နိဗ္ဗာန်မြင်တယ်။ ဒါပဲ သူ့အလုပ်က ဒါပဲရှိတယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ)။
ဒါ့ကြောင့် စတူတာပါယေဟိ ဝိပ္ပမုတ္တော ဆိုတဲ့အတိုင်း သောတာပတ္တိမဂ်ရရင် အပါယ်လေးပါးမှ လွတ်ပါတယ်ဆိုတာ ဒီကံဖြတ်လို့။ (မှန်ပါ့)၊
ဒီကံဟာကျုပ်တို့မှာ အများကြီးရှိတယ်၊ တစ်သံသရာလုံးစုလာတဲ့ ကံတွေဟာ နည်းတာမဟုတ်ဘူး။ (မှန်ပါ့)၊ ဒီကံက ဘာလုပ်လိုက်ပါလိမ့်။ (ဖြတ်ပါတယ် ဘုရား)၊ ဒါဖြင့် အကဏှ အသုက္ကသဘောက ဒီကံတွေကို ဖြတ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
တချို့ နတ်ရွာသုဂတိသွားဖို့ကံတွေ အများကြီးလုပ်ထားငြားသောလဲ နိဗ္ဗာန်ဝင်သွားတော့ အကျိုး မပေးလိုက် ရတာတွေကော မရှိဘုူးလား။ (ရှိပါတယ် ဘုရား)၊ အဲဒါလဲ အကဏှ အသုက္ကသဘောက ဘာကို ဖြတ်လိုက်ပြန်သလဲ။ (အဖြူကံကိုဖြတ်ပါတယ် ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။
အမည်းအဖြူမရောတဲ့ ကံဆိုတော့ ဒကာ ဒကာမတို့ မဖြစ်နိုင်စရာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ မရှိတော့ပါဘူး ဆိုသဖြင့် ကမ္မက္ခယာယလို့ အကဏှ အသုက္ကသဘောသည် ကံကို ကုန်စေတယ်လို့ သေနိယကို သေသေချာချာ ဟောတယ်။ (မှန်ပါ့)။
ဒါ့ကြောင့် ဒီအယူကို သူတို့ စွန့်လိုက်တယ် ကိုစောမောင်။ (မှန်ပါ့)၊ ဒီအယူကို စွန့်လိုက်တော့ သေနိယကျင့်ပုံကျင့်နည်း ဘုန်းကြီး အတိုးချုံးပြီး နိဂုံးကလေး ချုပ်လိုက်ပါ့မယ့်၊ ကျင့်ပြီးတော့ သူ ရဟန္တာဖြစ်ပါတယ်။ (မှန်ပါ့)၊ ကြည့်စမ်း ကဏှကံတွေ ဖြတ်မချဘူးလား။ (ဖြတ်ချပါတယ်)၊ မည်းတဲ့ကံတွေ ဘာလုပ်ပစ်သလဲ။ (ဖြတ်ချပါ တယ်)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဟာ စွန့်လိုက်ရင် အပါယ်မရောက်ပါဘူး။ သဘောကျပလား၊ (ကျပါပြီ)။ ဒိဋ္ဌိရှိနေရင်တော့ မဂ်တား ဖိုလ်တား အပါယ်သွားပါတယ်။ (မှန်ပါ့)။
ကိုစောမောင် ဒိဋ္ဌိရှိနေရင်တော့ဖြင့် (မဂ်တား ဖိုလ်တားပါတယ် ဘုရား)၊ စွန့်လိုက်ပြန်လို့ရှိရင်လဲ မိစ္ဆာဒိဋ္ဌိ စွန့်လိုက်ရင် သမ္မာဒိဋ္ဌိဝင်လာတာပဲ။ (မှန်ပါ့)။
မစွန့်လို့ရှိရင် ငရဲနဲ့ တိရစ္ဆာန်ပဲဟောတော့ ငိုကြတယ်
ဒါဖြင့် ဒိဋ္ဌိဟာ ဒကာ ဒကာမတို့ ခုနင်ကလဲပြောခဲ့တယ်၊ ဒီ သီလဗ္ဗတုပါဒါန်ကို မစွန့်လို့ရှိရင် ငရဲနဲ့ တိရစ္ဆာန်ပဲဟောတော့ ငိုကြတယ် မဟုတ်လား။ (မှန်ပါ့)၊ အေး မင်းတို့ ဒါကြောင့် အစကတည်းက ငါ့ကို မမေးနဲ့ မမေးနဲ့လို့ ငါပြောသားပဲဆိုတဲ့ အဓိပ္ပာယ်ကော ဘုရားက မပြောဘူးလား။ (ပြောပါတယ်)၊ ဒိဋ္ဌိအယူတွေမို့ ။ (မှန်ပါ့)။
ကဲ သေနိယ ကျင့်ပုံကို အသာထား၊ သေနိယဟာ မကြာခင် ရဟန္တာဖြစ်တယ် မောင်နိုင်၊ ခွေးလိုကျင့်ခဲ့တဲ့ သေနိယဟာ။ (မှန်ပါ့)၊ ကျန်တဲ့ ကောလိယသား ပုဏ္ဏကတော့ သရဏဂုံတည်။ (မှန်ပါ့)။
ဘယ့်နှယ်တုန်း သူတို့လုပ်ထားတဲ့၊ နှစ်ပေါင်း သုံးလေးဆယ်ကြီးလုပ်ထားတဲ့ ကံတွေကို ကိုစောမောင် ဘယ်သူကများဖြတ်လိုက်ပါလိမ့်ဗျာ။ (အမည်းအဖြူမရောတဲ့ ကံက ဖြတ်ပါတယ် ဘုရား)၊ ဖြတ်လိုက်လို့သာ မောင်နိုင်၊ မဖြတ်လိုက် လို့ရှိရင်တောက်လျှောက်သွားတယ်။ (မှန်ပါ့)၊ မသွားပေဘူးလား။ (သွားပါတယ် ဘုရား)၊
လုပ်ပြီးသားတွေ နည်းတဲ့လတွေ လား၊ ရက်တွေလားလို့ မေးလိုက်ပါတယ်။ (မနည်းပါ ဘုရား)၊ အဲဒါ ဘယ်သူက ဖြတ်လိုက်သတုန်း။ (အမည်းအဖြူမရောတဲ့ ကံကဖြတ်ပါတယ် ဘုရား)၊
တော်တော်အရေးကြီးတဲ့ အလုပ်ပဲ
အေး ဒါဖြင့် အမည်း အဖြူ မရောတဲ့ အလုပ်ဟာ ကျုပ်တို့မှာ တော်တော်အရေးကြီးတဲ့ အလုပ်ပဲဆိုတာ ဒကာ ဒကာမတွေ ဒီဝတ္တွုကို ဘုရားက ဟောသဖြင့် ဘုန်းကြီးကလဲ ဘုရားဟောတဲ့အတိုင်း ပေါ်လွင်အောင် အကျယ်တဝင့် ချဲ့ထွင် ပြောသဖြင့်လည်ကောင်း၊ ခင်ဗျားတို့ ဒါဟာ မလုပ် မဖြစ်တဲ့ အထဲမှာ သူပါဝင်တယ်။(မှန်ပါ့)။
ဒီ့ပြင်ဟာတွေတော့ဖြင့် ဒီဟာဆိုတော့လဲ အလွန်ဒုက္ခရောက်တဲ့ အပါယ်လေးဘုံပေါ့ဗျာ။ (မှန်ပါ့)၊ ဒီဟာကျ တော့လဲ အိုမှု, သေမှု, နာမှု လွတ်ပါရဲ့လား။ (မလွတ်ပါ ဘုရား)၊ ဒီအမည်းအဖြူ ရောတဲ့အလုပ်, လုပ်ပြန်တော့လဲ အိုမှု, သေမှု, နာမှုက ဘယ့်နှယ်နေသတုန်း။ (မလွတ်ပါ)၊ ဆင်းရဲက ပိုလိုက်သေးတယ်။ (မှန်ပါ့)။
ဒီ အမည်း အဖြူ မရောတဲ့ အလုပ်, လုပ်လိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဒီ အကြောင်းတွေ ဖြတ်လိုက်လို့ ဒီအကျိုးသုံးခုကော လာသေးရဲ့လား။ (မလာပါ ဘုရား)၊ ဒါဖြင့် သူတို့က ဒုက္ခသစ္စာ၊ မလာတာက နိရောဓသစ္စာ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)၊
ထွက်မြောက်ကြောင်း အကျင့်ကတော့ဖြင့် မဂ်ပဲ
နိရောဓသစ္စာကို ထွက်မြောက်ကြောင်း အကျင့်ကတော့ဖြင့် မဂ်ပဲ၊ ဝိပဿနာမဂ်ကနေ ကျေးဇူးပြုပြီး လောကုတရာမဂ်ကျအောင် သွားဖြစ်အောင် သွားကြလို့ ရှိရင်ဖြင့် မင်းတို့ အတိတ်က မှားထားတဲ့ ကံတွေရော၊ ကံဟောင်း, ကံဆွေးတွေရော, အနာဂတ် မှားလတ္တံ့ ဆိုတဲ့ကံမိုက်တွေရော ဖြတ်ထားပါတယ်။
သူသာ မဝင်လို့ရှိရင် ကိုစောမောင် အတိတ်ကံလဲ အဟောသိကံ မဖြစ်ဘူး။ (မှန်ပါ့)၊ ပစ္စုပ္ပန် ဒီဘဝ၌ မှားယွင်းထားတာတွေကော (အဟောသိကံ မဖြစ်ပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေက တစ်သံသရာလုံး မှားလာခဲ့တဲ့ အဓိပ္ပာယ်တွေဟာလဲ မနည်းလှဘူး။(မနည်းပါ ဘုရား)၊ အခုဘဝတောင်မှ ဆရာကောင်းသမားကောင်း မတွေ့သေးလို့ရှိရင် ခုနင်က ပြောခဲ့တဲ့ အားမကိုးကောင်း တာတွေ အားကိုးလို့ရှိရင် ဒိဋ္ဌိဝင်နေတာတွေကတော (အများကြီးပါ ဘုရား)၊ ဒီအထဲမှာ ငါ့သမီး, ငါ့မြေး, ငါ့မြစ်ဆိုတဲ့ ဒိဋ္ဌိတွေကကော (အများကြီးပါ ဘုရား)၊
ဒီ ဒိဋ္ဌိတွေရှိလျက်နဲ့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို တစ်ခုသော သင်္ခါရတရားကို နိစ္စဒိဋ္ဌိထင်နေ မယ်ဆိုရင် ဘယ်မဂ်, ဘယ်ဖိုလ်မှ မရဘူးလို့ မနေ့က အင်္ဂုတ္တိုရ်ပါဠိတော် လာတာကိုလဲ ပြောခဲ့ပါတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
အဲဒါတွေကိုလဲ ဒကာ ဒကာမတွေ ဘယ်သူ့ကို အားကိုးလို့မှ ကျုပ်တို့အမှားတွေ အကုန်ပျောက်မယ် ဆိုတာစဉ်းစားကြည့်ပါ၊ (အမည်းအဖြူမရောတဲ့ ကံကို အားကိုးမှပါ ဘုရား)၊ အမည်းအဖြူမရောတဲ့ အလုပ်ကိုလုပ်ပါမှ ဒကာ ဒကာမတို့၊ အားကိုးရာအစစ် ဧကန်ဖြစ်မယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ကံလေးမျိုးခွဲခြားဟောလိုက်တော့မှ
အဲဒါနဲ့ ကံလေးမျိုးခွဲခြားဟောလိုက်တော့မှ သေနိယက အမည်းအဖြူမရောတဲ့အလုပ်ကို လုပ်ပါရစေ တော့လို့ ဘုရားကို လျှောက်တယ်။ (မှန်ပါ့)။
ကျင့်မယ်ဆိုလို့ရှိရင်လဲ ကျင့်နည်းနိဿရည်းကို အမှန်ပေးဦးမှဖြစ်မယ်။ ကျင့်နည်းနိဿရည်း ကို အမှန်မပေးလို့ရှိရင်လဲ ရနိုင်မှာမဟုတ်ဘူး။ (မှန်ပါ့)၊ ဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့လုပ်နေတဲ့ အလုပ်ဟာ ကျင့်နည်းမှန်တဲ့ အလုပ်သာမှတ်ပါ။ (မှန်ပါ့)။ ဘယ်ကံ လုပ်ကြပါလိမ့်။ (အမည်းအဖြူ မရောတဲ့ ကံအလုပ်ပါ)။
အမည်းအဖြူမရောတဲ့ ကံဆိုတော့ ခင်ဗျားတို့ စဉ်းစားကြည့်လေ၊ လူဖြစ်ချင်လို့ လုပ်တာလဲ မဟုတ်ဘူး။ (မှန်ပါ့)၊ ငရဲကျချင်လို့ လုပ်တာကော (မဟုတ်ပါဘုရာ)၊မင်္ဂလာဆင်ဖြူတော်ကြီး စသည် ဖြစ်ချင်လို့ လုပ်တာကော (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူးလို့ ရည်ရွယ်ချက်ချင်းက သိပ်ကွာတယ်တဲ့၊ ခန္ဓာဟူသရွေ့ ဒုက္ခသိမ်းချင်တယ်။ (မှန်ပါ့)။
ဘာပါလိမ့်။ (ခန္ဓာဟူသရွေ့ ဒုက္ခသိမ်းချင်ပါတယ် ဘုရား)၊ ခန္ဓာဟူသရွေ့ ဒုက္ခသိမ်းချင်တယ်ဆိုတော့ ခန္ဓာရှိရင် မသာရှိလိမ့်မယ်နော်။ (မှန်ပါ့)၊ ခန္ဓာရှိရင် မသာရှိလိမ့်မယ်နော်။ (မှန်ပါ့)၊ မရှိပေဘူးလား။ (ရှိပါတယ် ဘုရား)၊ ခန္ဓာရှိရင် အကျိုးအပဲ့ကော (ရှိမှာပါ ဘုရား)၊ ခန္ဓာရှိရင် အအိုအမင်းကော (ရှိပါတယ် ဘုရား)၊ ခန္ဓာရှိရင် အပါယ်ကော (ရှိမှာပါ ဘုရား)၊ တစ်နေ့နေ့ ကျဦးမှာပဲ။ (မှန်ပါ့)။
အဲဒါကြောင့် ဒကာ ဒကာမတို့ အမည်းအဖြူ မရောတဲ့ ကံကို ခင်ဗျားတို့ နက်နက်နဲနဲကြိုးစားရမယ်။ မရောတဲ့ကံကို ခင်ဗျားတို့ နက်နက်နဲနဲကြိုးစားရတော့မယ်။ (မှန်ပါ့)၊ ကြိုးစားပုံက နက်ဖြန်မှ ပြောတော့မယ်။
ယနေ့ ဒီမှာတင်တော်ကြစို့။
သာဓု သာဓု သာဓု။
သာဓု သာဓု သာဓု။