သမုဒယသစ္စာ၏ အာယူဟနဋ္ဌသဘော
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌
ဟောကြားတော်မူသော တရားတော်
သမုဒယသစ္စာ၏ အာယူဟနဋ္ဌသဘော
တဏှာဆိုတဲ့ လောဘလာရာ
အခုပြထားတာက တဏှာလာရာဆိုပြီး တဏှာဆိုတဲ့ လောဘလာရာကို ပြတယ်လို့ မှတ်ထားရမယ်။ (မှန်ပါ့)၊ လာရာဆိုတာက ခန္ဓာငါးပါးလို့ မှတ်ထားပါ။ ခန္ဓာငါးပါးရှိပြီဆိုမှဖြင့် ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေ ဘယ်လို ဖြစ်လာသတုံးဆိုလို့ရှိရင် သူများအရေးမကြီးနိုင်ဘူး၊ ကိုယ့်အရေးကြီးရမယ်ဆိုတဲ့ ဒိဋ္ဌိလာတော့တာပဲ။ (မှန်ပါ့)။
သူများအရေးထက် ဘယ်သူ့အရေးကြီးပါလိမ့်။ (ကိုယ့်အရေးကြီးပါတယ် ဘုရား)၊ ဒါက ခန္ဓာငါးပါး ကိုယ်ပေါ့ဗျာ။ (မှန်ပါ့)၊ ကိုယ့်အရေးကြီးတာဟာ အရင်ပေါ်ပါတယ်။
ကိုယ်အရေးကြီးတယ်ဆိုတော့ ဒကာ ဒကာမတွေက မပေါ်လွင် စရာလဲ မရှိပါဘူး၊ ကိုယ့်အရေးကြီးတယ်၊ သူများ မမာတာ အရေးမကြီးဘူး၊ ကိုယ်မမာမှာ အရေးကြီးတယ်။ သူများ မစားရမှာ အရေးမကြီးဘူး၊ ကိုယ့်မစားရမှာ အရေးကြီးတယ်ဆိုတော့ ကိုယ်ထပ်ပြီး သကာလ နေတဲ့ ဒိဋ္ဌိတဏှာက ခန္ဓာကချည့် လာနေတယ်ဆိုရင် ဒကာ ဒကာမတွေ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချရမယ်။ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ မြို့ထဲရွာထဲမှာ နေကြတာဟာ ဪ ဘာများ အရေးကြီးကြပါလိမ့်မတုန်း။ အို ကိုယ့်အရေး ကိုယ်ကြီးရတာပေါ့၊ သူများအရေးက မလွှဲသာတဲ့အခါကျတော့ သွားဖို့လာဖို့ပေါ့၊ ကိုယ်လုံလောက်ဖို့ ကိုယ် အရေးကြီးတယ်လို့ မပြောကြဘူးလား။ (ပြောပါတယ်)၊
ကိုယ့်အရေး ကိုယ်ကြီးတယ်
ဒါက ကိုယ်၊ ဒါက ကိုယ့်အရေး ကိုယ်ကြီးတယ်လို့ ထင်လုံးကလေး။ (မှန်ပါ့)၊ ထင်လုံးကလေးဟာ ဒိဋ္ဌိတဏှာလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။
ထင်လုံးကလေးဟာ ဘာပါလိမ့်။ (ဒိဋ္ဌိတဏှာပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အိမ်မှာ ဆန် အိတ်၊ ဆီပုံး အစရှိသည်တို့ ကိုယ့်အိမ်ကလူ လှဖို့ဝဖို့ ကိုယ့်အိမ်ကလူ ကျန်းမာဖို့ဆိုတော့ ကိုယ်နဲ့ မပတ်သက်တာကို ပါသေးရဲ့လား။ (မပါ-ပါ ဘုရား)။
အဲဒါကြောင့် တဏှာဆိုတာသည် ဒကာ ဒကာမတို့ သမုဒယသစ္စာကို ဘုရားက ဟောလိုက်တယ်။
အာယူဟနဋ္ဌောတဲ့၊ အာယူဟနဋ္ဌော၌ ဦဟနသဒ္ဒါက ပေါင်းရခြင်းအနက်။ (မှန်ပါ့)၊
မိမိခန္ဓာကိုယ်ပေါ်မှာ တဏှာဒိဋ္ဌိက အရင် ပျံ့မျယ်၊ ပျံ့ပြီးတော့မှ ပွားလာတယ်၊ ကိုယ့်ခန္ဓာကို တဏှာက ရည်ညွှန်းပြီးတော့မှ သားပေါ်, သမီးပေါ်, ဆွေပေါ်, မျိုးပေါ်, အိမ်ပေါ်မှာ တစ်ခါတည်း ပျံ့လာတယ်။ (မှန်ပါ့)၊ မပျံ့နှံ့ဘူးလား။ (ပျံ့ပါတယ် ဘုရား)၊ ဘယ်သူက ပျံ့သွား ပါလိမ့်။ (မှန်ပါ့)၊ (တဏှာက ပျံ့နှံ့သွားပါတယ် ဘုရား)။
ဒါဖြင့် အာသဒ္ဒါက ပျံ့နှံ့ခြင်းအနက်လို့ မှတ်ထားကြဦး။ ဦဟန သဒ္ဒါက ပျံ့ပြီးတော့မှ စုဆွဲပြန်တယ်။ တဏှာ ဆိုတာက ရှေးဦးစွာ ဖြန့်လိုက်တယ်။ ပြီးတော့မှ စုဆွဲတယ်။ ဒါကြောင့် သမုဒယသစ္စာ တဏှာလောဘမှာ
(အာယူဟန + ဦဟန)
အာယူဟနဋ္ဌော (= အာ + ဦဟန+ အတ္ထ)
အလုပ်ဘယ်နှစ်ခုရှိသတုံးဆိုတော့ ရှေးဦးစွာ ပျံ့နှံ့တယ်၊ ပြီးတော့မှ စုတယ်။ သဘောကျပလား။ (ကျပါတယ်)။
ရှေးဦးစွာ ဘာပါလိမ့်၊ (ပျံ့ပါတယ်)၊ ပြီးတော့ ဘာပါလိမ့်။ (စုပါတယ် ဘုရား)၊ ပြီးတော့မှ စုတယ်။
ဪ တယ်ကြောက်စရာကောင်းတဲ့ တရားပါကလား။ ပျံ့လိုက်တာကလဲ မိမိခန္ဓာကစပြီး သား, သမီး, ဆွေမျိုးဉာတကာ, အိမ်ရာတိုက်တာ, ကား အစရှိသည်ကို တစ်ခါတည်း သမုဒယအကုန်ပျံ့တာပဲ။ (မှန်ပါ့)၊ ပျံ့ပြီး သကာလ မှ ဒါတွေကို အကုန်သိမ်းပိုက် စုဆောင်းတာဟာ အာယူဟနဆိုတာ အာ-ကတစ်ပုဒ်၊ ဦးဟနက တစ်ပုဒ်၊ နှစ်ခုပေါင်းစပ်ထားတာ။ (မှန်ပါ့)၊
အာသဒ္ဒါက ပျံ့နှံ့ခြင်း, ဦဟန-သဒ္ဒါက စုစည်းခြင်း၊ သဘောကျပလား။ (ကျပါပြီ)၊ ပျံ့နှံ့ပြီး စုဆောင်းတဲ့သဘောဟာ သမုဒယသစ္စာ၏ သဘောလို့ မှတ်ထားလိုက်တာပေါ့။ (မှန်ပါ့)။
ပျံ့နှံ့ပြီး စုဆောင်းတာ ဘာပါလိမ့်။ (သမုဒယသစ္စာ၏သဘောပါ)။
ဒကာ ဒကာမတို့ သူ့ကို လက်ခံလို့ရှိရင်ဖြင့် တစ်ယောက်ကစ တစ်ရာဆိုပြီး သွားမယ်ဆိုတာ ပျံ့နှံ့သွားတာ။ (မှန်ပါ့)၊ ဥပမာ-မိမိနဲ့စပ်တဲ့ မိမိခင်ပွန်းမကိုလည်း သူ့ပျံ့နှံ့မသွားဘူးလား။ (သွားပါတယ် ဘုရား)၊ သူ့ကိုလည်း စောင့် ရှောက်ရမှာပဲ။ ခင်ပွန်းမနဲ့ ပတ်သက်တဲ့ ညီမသားချင်းတွေကော (ပျံ့နှံ့ပါတယ်)၊ မောင်တွေ စရှိသည်ကော (ပျံ့နှံ့ပါ တယ်)၊ အဲဒါ သူပျံ့သွားတာ၊ သူက ပျံ့သွားတာ။ သမုဒယကပျံ့တာနော် ကိုစောမောင်၊ ဘယ်သူကမှ ပျံ့တာမဟုတ်ဘူး။ (မှန်ပါ့)။
အဲဒီက ပျံ့ပြီး သကာလ မှ ဒါတွေဟာ အကုန်ပဲ၊ မကင်းရာ မကင်းကြောင်းချည်းပဲဆိုပြီးတော့ ဝမ်းထဲ သိမ်းပိုက် တယ်။ (မှန်ပါ့)၊၊
ပျံ့နှံ့ပြီးတော့မှ သိမ်းပိုက်ထားတယ်
ရှေးဦးစွာ ပျံ့နှံ့ပြီးတော့မှ သိမ်းပိုက်ထားတယ်။ သူ့ကို လက်ခံမိတဲ့ သတ္တိ ဒကာ ဒကာမတို့ မည်မျှလောက် ဆိုးတယ်ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
သာမညဆိုးလို့ရှိရင် ဘုရားက သူတစ်လုံးသေရင် နိဗ္ဗာန်ရောက်တယ်လို့ ဘယ်မှာ ဟောလိမ့်မလဲ။ (မှန်ပါ့)၊ အခုတော့ သူတစ်လုံးသေရင် နိဗ္ဗာန်ရောက်တယ်၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်သင့်တယ်ဆိုတာ မဟော သင့်ဘူးလား။ (ဟောပါတယ်)။
သူသတ္တိက အာယူဟနဋ္ဌော အာသဒ္ဒါက ပျံ့နှံ့ပါတယ်၊ ဦဟနသဒ္ဒါက ဒကာ ဒကာမတို့ စုစည်းပါတယ်၊ ပျံ့နှံ့ပြီးတော့မှ စုပြီးတစ်ခါတည်း သိမ်းပိုက်တာကိုးဗျ။
ကြည့်စမ်း ဒကာ ဒကာမတို့ ဘယ်လောက်များဆိုးသတုန်း။ (ဆိုးပါတယ် ဘုရား)၊ ရှေးဦးစွာ သူဘာလုပ်သတုန်း။ (ပျံ့နှံ့ပါတယ်)၊ ပျံ့နှံ့ပြီး သကာလ တစ်ခါတည်း ဆွေရောမျိုးရော ကိုယ့်ဘက်သူ့ဘက်နဲ့ ပျံ့လိုက်တဲ့ဖြစ်ခြင်းဟာ ဒါက ကိုယ့်ဘက်, ဒါကသူ့ဘက်, ဒါကသမက်, ဒါကချွေးမ, ဒါကသမီးနဲ့ သူ့ကိုသာ လက်ခံမိရင် ပျံ့ထွက်သွားတာပဲ။ ခင်ဗျားတို့ နှုတ်ထဲမှာကို တက်နေတယ်၊ ဒါ ဘာတော်သတုန်းတောင် မမေးရဘူး၊ လက်ညှိုးထိုးချင်တာက စ,နေတယ်၊ ဧည့်သည် ရောက်လာလို့ရှိရင် (မှန်ပါ့)၊ ဒါ ဘာဖြစ်တာတုန်းမေးရင် ကိုစောမောင် ဘယ့်နှယ်ပြောပါ့မလဲ။ (ပျံ့နှံ့တာပါ ဘုရား)။
ပျံ့နှံ့ပြီး သကာလ ဒါတွေဟာ အခုလို သမုဒယမကင်းတဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ထိထိ မခံနိုင်ဘူးတဲ့၊ ဒုက္ခရောက်ကုန် တာ။ (မှန်ပါ့)၊ မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)၊
ဒီပင်ပန်းတွေ ဘယ်ကများ လာပါလိမ့်မတုန်း
ဘယ်သူဟာ ချို့တဲ့နေတယ်ဆိုရင်လည်း စိတ်၏ ပင်ပန်းခြင်း မလာဘူးလား။ (လာပါတယ်)၊ ကိုယ်၏ ပင်ပန်းခြင်းကော (လာပါတယ်)၊ ဒီပင်ပန်းတွေ ဘယ်ကများ လာပါလိမ့်မတုန်း။ ဪ ပျံ့နှံ့ပြီး သူစုဆောင်းထားတော့ ဒါတွေဟာ အကုန်သိမ်းပိုက်ပြီး သကာလ ထားတော့ ပူစရာဟူသရွေ့ စုတတ် တဲ့ တရားကို သမုဒယသစ္စာဟု ခေါ်သည်။ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတို့ နာမည်နှင့် ဖြစ်စဉ်နှင့်မှ လိုက်ကြရဲ့လား။ (လိုက်ပါတယ် ဘုရား)၊ ပူစရာဟူရွေ့ကို အကုန်ပျံ့လိုက်တယ် ရှေးဦးစွာ၊ ပူစရာတွေ အရင်ရှာလိုက်သေးတယ် ကိုစောမောင်။ (မှန်ပါ့)၊ ပြီးတော့မှ ဒီဟာတွေ အကုန်သိမ်းပိုက်ပြီး သကာလ ဒီဟာတွေဟာဖြင့် မကင်းတရားတွေပဲဆိုပြီး သူက သိမ်းပိုက်တာပဲ။ (မှန်ပါ့)၊ မသိမ်းပိုက် ဘူးလား။ (သိမ်းပိုက်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ဟာ ခေါင်းတစ်လုံး ရေအိုးသုံးအိုးရွက်တာတော့ လူဆန်းများ ရွက်ရင် မြင်ချင်မြင်ကြပါလိမ့်မယ်နော်။ ခင်ဗျားတို့ ခန္ဓာဝန်ကြီးက ဘယ်လောက်များ ဝန်ကြီးရွက်ဆောင်ပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် သူပျံ့နှံ့သလောက် အကုန်စုဆောင်းပြီး ရွက်ဆောင်တာပဲ။ (မှန်ပါ့)၊ ဘယ်လောက်များဆိုးတဲ့ တရားဆိုတာ ကိုစံလှပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ဟာ အိုလှပါပြီဆိုတဲ့ ဒကာ ဒကာမတို့ သူပျံ့နှံ့သွားတာက လျော့ရဲ့လား။ (မလျော့ပါ ဘုရား)၊ အိုလေပွားလေ ပေါ့ဗျာ။ (မှန်ပါ့)၊ မြေး,မြစ်,တီ,တွက်ကျအောင် အသက်ရှည်လေလေ ဒါတွေဟာ အကုန်တဏှာက မပျံ့နှံ့ဘူးလား။ (ပျံ့နှံ့ပါတယ် ဘုရား)၊ ပျံ့နှံ့ပြီး သကာလ ဒါတွေဟာ ဘယ်သူ့ဟာမှ မဟုတ်ဘူး၊ မိမိဟာ အကုန်ချည်းပဲလို့ အကုန်စုပြီး သကာလ ကော မထားလိုက်ဘူးလား။ (ထားလိုက်ပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ ပျံ့နှံ့တာလဲ သူပဲတဲ့။ ပျံ့နှံ့ပြီး သကာလ စုဆောင်းတာလဲ (သူပါပဲ)။
အာ-သဒ္ဒါက ပျံ့နှံ့ခြင်း၊ ဦဟန-သဒ္ဒါက စုစည်းခြင်း
ဒါဖြင့် သမုဒယမှာ အာယူဟနဋ္ဌောဆိုတဲ့အတိုင်း အာ-သဒ္ဒါက ပျံ့နှံ့ခြင်း၊ ဦဟန-သဒ္ဒါက စုစည်းခြင်း၊ ပေါင်းစပ်ခြင်း၊ ပျံ့နှံ့ပြီး သကာလ မှ စုစည်းထားတဲ့ သဘောသတ္တိ သူ့မှာရှိပါတယ်။ ဘယ်လောက်များဆိုးတယ်ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ဒါကြောင့် ဘယ်အိမ်ကြည့်လိုက် ကြည့်လိုက် မျက်နှာကြည်သာတဲ့အိမ်ဟာ မောင်နိုင် တယ်ရှားတယ်။ (ရှားပါ တယ် ဘုရား)၊ ကိုယ့်အတွက်က အရေးမကြီးဘူး၊ ဟိုအတွက် အရေးကြီးနေပြန်ပြီဆိုတဲ့ ပူလုံးကလေးနဲ့ ဧည့်ခံတဲ့ လူက လည်း တစ်မျိုးပဲ။ (မှန်ပါ့)၊ မခံကြဘူးလား။ (ခံပါတယ် ဘုရား)။
ကိုယ့်အတွက်ကတော့ဖြင့် ခေါင်းဝင်ကိုယ်ဆံ့ကိစ္စမရှိလှပါဘူး။ သို့သော် ဗုစုခရုတွေက ကိုစောမောင် စိတ်မချ လက်မချဖြစ်နေရတယ်ဆိုတော့ ကျုပ်အသေဘယ်မှာဖြောင့်နိုင်ပါ့မတုန်းဆိုတာ သူစုဆောင်းထားတာ (မှန်ပါ့)။
ဘယ်သူ စုဆောင်းထားတာတုန်း။ (တဏှာ သမုဒယ စုဆောင်းထားတာပါ)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လက်သည်းပေါ် မြေမှုန့်ကလေးတင်လိုက်တယ်။ သူ့လက်သည်း အဖျားကလေးပေါ် တင်လိုက်တယ်နော်။ (မှန်ပါ့)၊ ဒီလက်သည်းပေါ်ရှိတဲ့ မြေမှုန့်နဲ့ အောက်မှာရှိတဲ့ မြေမှုန့် ဘယ်သူ က များသတုန်းတဲ့။ (မှန်ပါ့)၊ အရှင်ဘုရား အစိတ်တစ်ရာ စိတ်လို့လဲ တစ်စိတ်မရှိပါဘူး။ အစိတ်တစ်သိန်းစိတ်လို့ကော (တစ်စိတ်မရှိပါ ဘုရား)၊ အဲ သူ သေလို့ သုဂတိသွားတာဟာ လက်သည်းခွံပေါ်ရှိတဲ့ မြေမှုန့်လောက်ရှိတယ်တဲ့။ (မှန်ပါ့)
အဲ သမုဒယ နှိပ်စက်တာနဲ့ အောက်မဟာပထဝီမြေကြီး အမျှလောက်ရှိတတဲ့ လူကတော့ အောက်ချည့်သွားတာပဲ။ (မှန်ပါ့)၊ ဘယ်သူ့သတ္တိတုန်း။ (တဏှာ သမုဒယသတ္တိပါ)၊ တဏှာသမုဒယ သတ္တိဆိုတာ ဒကာ ဒကာမတွေ ကောင်း ကောင်းပေါ်ကြပလား။ (ပေါ်ပါပြီ)။
ပိုက်ကွန်ကြီးတွေနဲ့ ငါးဖမ်းသလို
သူက ရှေးဦးစွာ ပျံ့နှုံ့တယ်၊ နောက်စုပေါင်းတယ်။ (မှန်ပါ့)၊ အောက်မြန်မာပြည်ကို ဒကာ ဒကာမတွေ သင်္ဘောနဲ့ လှေနဲ့ သွားကြတဲ့အခါကျတော့ ပိုက်ကွန်ကြီးတွေနဲ့ ငါးဖမ်းနေတဲ့လူတွေကို ကိုစောမောင် မြင်ဖူးပါလိမ့် မယ်။ (မှန်ပါ့)၊ ပိုက်ကွန်ကြီးကို ပထမပစ်လိုက်တုန်းကတော့ စုပြီး ပစ်သလား၊ ဖြန့်ပြီး ပစ်သလား။ (ဖြန့်ပစ်လိုက်ပါတယ်)၊ အဲဒီမှာ ဖြန့်လိုက်တာပဲ။ ပြီးတော့ ပိုက်ကွန်သိမ်းတဲ့အခါကျတော့ ကိုစောမောင် ဖြည်းဖြည်းချင်း စုပြီးသိမ်းတယ်။ (မှန်ပါ့)၊ မသိမ်းဘူးလား။ (သိမ်းပါတယ် ဘုရား)၊ စုသိမ်းမှသာလျှင် သူလိုချင်တဲ့ ပစ္စည်းပါမှာကိုးဗျ။ (မှန်ပါ့)။
သမုဒယဟာ ပထမရှေးဦးစွာ ဒီလိုပျံ့တယ်။ ပျံ့တဲ့အထဲက တစ်ခုမှ မလွတ်စေချင်လို့ အကုန်စုထားတယ်။ (မှန်ပါ့)၊ ပျံ့တာကလဲ ဒုက္ခရောက်မည့်အပေါ်မှာ ပျံ့ထားတာနော်။ (မှန်ပါ့)၊ စုမိတော့လဲ ဘာတွေများ စုမိပါလိမ့်။ (ဒုက္ခတွေစုမိတာပါ)၊ အဲ သူ့သတ္တိပဲ ဒကာ ဒကာမတို့ ပိုက်ကွန်ကြီး ဖြန့်လိုက်တာလဲသူပဲ၊ ပိုက်ကွန်ကြီး စုပြီးလုံးပြီး သကာလ ငါဟာလုပ်တာလဲ (သူပါပဲ ဘုရား)၊ သူပဲဆိုတော့ တဏှာက ပျံ့သမား၊ စုသမား။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
တဏှာကဖြန့်သမား၊ ဒိဋ္ဌိကစုသမား
တဏှာက ဘာတဲ့တုန်း။ (ဖြန့်သမားပါ)၊ ဒိဋ္ဌိက (စုသမားပါ ဘုရား)၊ အကုန်ငါ့ဟာ လုပ်ပစ်လိုက်တာကိုးဗျ၊ ဒကာ ဒကာမတို့ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)၊
မည်မျှလာက်ဆိုးသလဲဆိုတာ ခင်ဗျားတို့ ဒီကနေပြီး သကာလ မနောနဲ့များ ပတ်လိုက်မယ်ဆိုလို့ရှိရင် ရန်ကုန်မှာရှိတဲ့ သားသမီး, မန္တလေးမှာရှိတဲ့ သားသမီး, ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ ဟူသရွေ့ ကိုယ့်တိုက်, ကိုယ့်ရွာ, ကိုယ့်အိမ်, ကိုယ်အခြေစိုက်ထားတာ ဟူသမျှ ပျံ့များသွားလိုက်သေးတယ်။ (မှန်ပါ့)၊ ပြီးတော့မှ ဒါတွေများ ဘယ့်နှယ်များနေကြပါလိမ့်မတုန်းဆိုပြီး သကာလ ပူလိုက် သေးတယ်။ (မှန်ပါ့)၊
ပျံ့ပြီး သကာလ စုတယ်၊ စုပြီး သကာလ မှ ဒီဟာတွေပေါ် တွေးလုံးထုတ်တယ်ဆိုတဲ့ ဥစ္စာ ဘယ်သူ့သတ္တိထင်ကြသတုန်း။ (တဏှာသတ္တိပါ ဘုရား)၊ တဏှာသမုဒယသတ္တိဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
မနက်မိုးလင်းရင် ငိုချင်းချခန်း
ကိုင်း ခင်ဗျားတို့ မနက်မိုးလင်းရင်ပဲ ငိုချင်းချခန်းကို သူက အရင်ဖွင့်ထားလိုက်တယ်။ (မှန်ပါ့)၊ သဘောကျ ပလား။ (ကျပါပြီ)၊ ငိုချင်းချခန်းလဲ ဖွင့်တယ် ဒကာ ဒကာမတို့၊ ပျော်စရာလမ်းကို သူမဖွင့်ပါဘူး။ (မှန်ပါ့)၊ အသက်ကြီး လေလေ ဒီငိုချင်းချခန်းကို သူပေးလေလေပဲဆိုတာကော ဒကာ ဒကာမတွေ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဘယ်လောက်ထိအောင် ဆိုးတယ်ဆိုတာ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ ဘုရား)။
ကိုင်း…ဒါဖြင့် သမုဒယသစ္စာ၌ အာယူဟနဋ္ဌဆိုတာ ဒကာ ဒကာမတို့ ရှေးဦးစွာ ဘာလုပ်ပါလိမ့်။ (ဖြန့်ပါ တယ် ဘုရား)၊ ပျံ့တယ်နော်။ (မှန်ပါ့)၊ ပျံ့ပြီးတော့မှ ဒုတိယဘာလုပ်ပါလိမ့်။ (စုပါတယ် ဘုရား)၊ ဒါဖြင့် တဏှာက ပျံ့- ဒိဋ္ဌိကစု။ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
အကုန်မကင်းတဲ့ တရားချည်းပဲဆိုတာ ဘယ်သူက ပြောတာတုန်း။ (တဏှာက ပြောတာပါ)၊ ဒါ ကျုပ်တာဝန် ချည့်ပဲဆိုရင် ဒိဋ္ဌိကစုတာ။ (မှန်ပါ့)၊ ဒီတော့ တဏှာနဲ့ ဒိဋ္ဌိဟာ တွဲလျက်ဆိုတာ ပေါ်ကြပါလား။ (ပေါ်ပါပြီ ဘုရား)၊ ဒါကြောင့် နှစ်ခုစလုံး သမုဒယသစ္စာလို့ ကိုစောမောင်တို့၊ မောင်နိုင်တို့ မှတ်လိုက်ပါ။ (မှန်ပါ့)၊
ဒကာ ဒကာမတို့ ဘုရားဟောတော်မူတာ မှန်ရဲ့လား။ (မှန်ပါတယ် ဘုရား)၊ အဲဒီတော့ ခုနင်က ပြောသလို လူတစ်ယောက်သေလို့ လက်သည်းခွဲပေါ်တင်တဲ့ မြေမှုန့်လောက်သာ သုဂတိသွားတာရှိတယ်။ ကျန်တဲ့ မြေကြီးလောက် ဟာ သူပျံ့ပြီး သူစုတာနဲ့ပဲ ဒီအပူတွေလောင်ပြီး သကာလ အပါယ်လေးပါးသာ သွားကြတာပဲလို့ ဟောတော်မူတာ ဒကာ ဒကာမတွေ ယုံပလား။ (ယုံပါပြီ ဘုရား)၊
ကာမိနိုင်စရာရှိရဲ့လား
လှူတာတန်းတာ, ပေးတာကမ်းတာတွေ ထားစမ်းပါဦး ဒကာ ဒကာမတို့ နေ့တိုင်းစုပေါင်းပြီး သကာလ ပူတာနဲ့၊ စုပေါင်းပြီး သကာလ ၊ ဆွေးနေရတာနဲ့ စုပေါင်းပြီး သကာလ အရူးပျော်-ပျော်နေရ တာနဲ့ ကိုစောမောင် လှူတာတန်းနာနဲ့ ကာမိနိုင်စရာရှိရဲ့လား။ (မရှိပါဘူး ဘုရား)၊
ကာမိနိုင်စရာတောင် မရှိပါဘူး ဒကာ ဒကာမတို့၊ ဖဲထီးတစ်ခုလုံး ထုံးစက်ကလေးကျတာလောက်တောင် ရှိမှာမဟုတ်ဘူး။ (မှန်ပါ့)၊ ဖဲထီးတစ်ခုလုံး မည်းနေတာ၊ ထုံးစက် ကလေးကျလိုက်တာ တော်တော့်ဟာတော့ ဒီအမည်းတွေနဲ့ပဲ ပျောက်ကွယ်သွားရမလို အဓိပ္ပါယ် ရနေပါလိမ့်မယ်။ (မှန်ပါ့)၊ အတော်မဆိုးဘူးလား။ (ဆိုးပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ သူတို့ မဖြတ်သရွေ့ ဒကာ ဒကာမတို့အား ပျံ့နှံ့ပြီး သကာလ ၊ စုဆောင်းပြီး သကာလ အပူထုပ်ကြီးပဲ အထမ်းခိုင်းမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ရှေးဦးစွာ ဘာလုပ်မယ်။ (ပျံ့နျံ့ပါမယ်)၊ ပြီးတော့ ဘာလုပ်မယ်။ (စုဆောင်းပါမယ်)၊ စုဆောင်းပြီး သကာလ သူ့ကို အပူခိုင်းမယ်ဆိုတာကော ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ဥပါဒါန်က နောက်က လိုက်လာတယ်
ဒါ့ကြောင့် ဒီခန္ဓာကနေပြီး သားသမီး, ဆွေမျိုးဉာတကာပျံ့နှံ့တာလဲ ဘယ်သူတုန်း။ (တဏှာပါ ဘုရား)၊ အဲဒီ တဏှာလာတော့ ဥပါဒါန်က နောက်က လိုက်လာတယ်။ တဏှာရင့်လာတော့ ဒီဥစ္စာတခြားလို့ ဒကာ ဒကာမတွေက မှတ်မနေနဲ့နော်။ ပဋိစ္စသမုပ္ပါဒ်ပေါ်မှာ တဏှာပစ္စယာဥပါဒါနံ (မှန်ပါ့)၊ ဒါကတော့ ခန္ဓာငါးပါးမို့ ဝေဒနာတွေ ဘာတွေ ပါပြီးသားထားပါတော့၊ ဝေဒနာပစ္စယာတဏှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ တဏှာပစ္စယာ (ဥပါဒါနံ)။
ဥပါဒါနံဆိုတော့ ဒကာ ဒကာတွေက စာလည်း ရကြသလို ဆရာဘုန်းကြီးကလဲ ဟောပါများလို့ သိနေကြ ပါပြီ။ သိပင်သိငြား သော်လည်း ယနေ့အထူးကလေး ပြောချင်တာကတော့ ဒီတဏှာချုပ်သွားလို့ ဥပါဒါန်ပေါ်တယ်လို့ ဒီလို တဏှာတခြား ဥပါဒါန်တခြား မယူပါဦးနဲ့၊ တဏှာရင့်ကျက်လာတာလို့ မှတ်လိုက်ကြစမ်းပါဦး။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
တဏှာကြီးထွားလာတာဥပါဒါန်
ဘယ်လိုမှတ်ကြမယ်။ (တဏှာရင့်ကျက်လာတာပါ ဘုရား)၊ တဏှာရင့်ကျက်လာတာ, တဏှာကြီးထွားလာတာ ကို (ဥပါဒါန်လို့ ခေါ်ပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးအပေါ်မှာ ပျံ့နှံ့တာလဲ တဏှာ၊ တဏှာကြီးကျယ်လာတော့ ဥပါဒါန်လာဖြစ်။ (မှန်ပါ့)၊
ဥပါဒါန်ဖြစ်တဲ့အခါကျတော့ ဒကာ ဒကာမတွေကတော့ ကျုပ်မှာ ဘာအကုသိုလ်တွေရှိနေ သတုန်းလို့ မေးချင်မေးလိမ့်မယ်နော်။ (မှန်ပါ့)၊ သွားရလှချည့်လား။ လာရလှချည့်လား။ ခင်ဗျားတို့က အရောင်းနဲ့ အဝယ်နဲ့ကို မပြတ်တော့ဘူး၊ တစ်သက်လုံးပဲ အဲဒီလို နေကြတော့မှာလားလို့ မေးတော့ ဘယ့်နှယ်လုပ်မတုန်းဘုရား၊ ဒီဟာတွေက ရှိနေတာတဲ့။
သူ ပျံ့နှံ့တာ လက်ညှိုးထိုးတယ်။ (မှန်ပါ့)၊ မထိုးဘူးလား။ (ထိုးပါတယ် ဘုရား)၊ ကိုင်း ကိုယ့်အတွက် သေလုပါပြီ၊ နေချိန်လဲမရှိပါဘူး၊ သေချိန်ပဲ လိုပါတယ်။ အရှင်ဘုရားများ ပြောတာလဲ သဘောကျပါ တယ်။ ဒါတွေ ဘယ့်နှယ်လုပ်မလဲဆိုတော့ ပျံ့တာပြန်ပြောပြန်တယ်။ (မှန်ပါ့)၊ ဒါ ဘယ်သူက ပြောပြန်တုန်း။ (တဏှာက ပြောပြန်တာပါ ဘုရား)၊ ပျံ့ပုံပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ငါးဆယ်, ခြောက်ဆယ် အရွယ်တွေကို သွားမေး
ဒါ ခင်ဗျားတို့ ဆင်ခြေနဲ့ ဘုရားဟောတော်မူတဲ့ ပါဠိတော်နဲ့ ဒကာ ဒကာမတွေ ကိုက်ပလား။ (ကိုက်သွားပါပြီ ဘုရား)၊ လူနည်းနည်း အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ ငါးဆယ်, ခြောက်ဆယ် အရွယ်တွေကို သွားမေး၊ အလုပ်ရပ်ဖို့ ခင်ဗျားတော်ပြီ၊ သေပေါက်သေဝတောင် ရောက်နေပြီ။ ကိုယ့်အတွက်ကတော့ဘုရား ဒါလောက်အရေးမကြီးလှပါဘူး၊ ခေါင်းဝင် ကိုယ်ဆံ့ဆိုသလိုပါပဲ၊ လင်မယားနှစ်ယောက်တည်းဆိုတော့ စားပါလေဘုရားတဲ့။ (မှန်ပါ့)၊
နောက်ကျတော့ သူဘာတွေ လက်ညှိုးထိုးသလဲဆိုတော့ အပျံ့တွေ ပြောလာတယ်။ (မှန်ပါ့)၊၊
ဘာတွေပြောလာသတုန်း။ (အပျံ့တွေ ပြောလာပါတယ်)၊ ဒါဟာ ဘယ်သူက ပြောတာတုန်းလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ။ (တဏှာက ပြောတာပါ)၊ ဒါဖြင့် တဏှာသည် ရှေးဦးစွာ ပျံ့နှံ့ခြင်းနောက် စုစည်းတယ်ဆိုတာ ကော သဘောကျကြပလား။ (ကျပါပြီ ဘုရား)။
နောက်စုစည်းတော့ စုစည်းတဲ့သဘောကျတော့ ကျုပ်တစ်ယောက်တည်း ခေါင်းဆောင်နေတာဗျာလို့ ပြောတယ်။ (မှန်ပါ့)၊ ဒီဝန်တွေကို ကျုပ်တစ်ယောက်တည်း ခေါင်းဆောင်ပြီး သကာလ ကျွေးမွေးသုတ်သင်နေရတာဗျ ဆိုတော့ ရှေးဦးစွာ ပျံ့ပြီးတော့မှ ကျောပေါ်တင်ပြတာကိုးဗျ။ (မှန်ပါ့)၊ ကိုစောမောင် ကောင်းသေးရဲ့လား။ (မကောင်း ပါ ဘုရား)၊ ပြဖူးလား၊ ဒီလိုကော။ (ပြဖူးပါတယ် ဘုရား)၊
သမုဒယသစ္စာပျံ့လို့ မကင်းတရားလို့ ပြောတာ
ဒါတွေ ဘာတော်သတုန်း မေးလိုက်လို့ရှိရင်လည်း ခင်ဗျားတို့က အကုန်ပဲ ဒီဥစ္စာမကင်း တရားချည်းပဲ ဆိုတာ မပြောကြဘူးလား။ (ပြောပါတယ်)၊ ဒါဖြင့် သမုဒယသစ္စာပျံ့လို့ မကင်း တရားချည်းပဲလို့ ပြောချလိုက်တာ။ (မှန်ပါ့)၊ မပြောကြဘူးလား။ (ပြောပါတယ်)။
မကင်းတရား ပျံ့ပြီး သကာလ နေတော့၊ မကင်းတရားတွေရှိနေတော့ ကြည့်ပါလားဗျ၊ သက်ကြီးအိုမ တွေတောင် မှ ကျုပ်တို့မှာ အငြိမ်မနေနိုင်သေးဘူး။ (မှန်ပါ့)၊ ကိုစောမောင် သက်ကြီးအိုမတွေ အငြိမ်မနေနိုင်တာ သဘောကျပလား။ (ကျပါပြီ)၊
စုပြီး သကာလ သူ့အပေါ် ယူလိုက်ပြန်တာပဲ။ (မှန်ပါ့)၊ သူ့အပေါ် ယူလိုက်ပြန်တာပဲ။ (မှန်ပါ့)၊ သူပဲ ထမ်းချင် ပြန်တယ်၊ သူပဲ ရွက်ချင်ပြန်တယ်ဆိုတဲ့ အဓိပ္ပါယ်မရဘူးလား။ (ရပါတယ်)၊
ဒါဖြင့် တဏှာသည် ပျံ့လည်းပျံ့တယ်၊ စုဆောင်းပြီး သကာလ လည်း ထမ်းပိုးတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ နည်းနည်းကလေး ထမ်းပိုးချင်တဲ့ သဘောလား၊ များများကြီး ထမ်းပိုးချင်တဲ့ သဘောလား။ (များများကြီး ထမ်းပိုးချင်တဲ့ သဘောပါ ဘုရား)။
ဒါကြောင့် ကျုပ်က ကိုယ့်ကိုယ် ကျန်းမာဖို့ကို မေတ္တာပို့ရတယ်၊ သူတို့အတွက် ထမ်းနိုင်ပါစေ၊ ရွက်ဆောင် နိုင်ပါစေဆိုတာနဲ့ ဒကာ ဒကာမတို့ မေတ္တာသံနဲ့များ ထမ်းလိုက်သေးတယ် ဒကာ ဒကာမတို့။ (မှန်ပါ့)၊၊
ဘယ်လိုများ ထမ်းကြပါလိမ့်။ (မေတ္တာသံနဲ့ ထမ်းပါတယ် ဘုရား)၊ ဖြုန်းခနဲကြားမယ်ဆိုရင် သာဓုများ ခေါ်ရဦး မလိုလို၊ ခင်ဗျားတို့၊ ကျုပ်တို့မှာ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဖြုန်းခနဲသာ ကြားမယ်ဆိုရင် အံမလေး။ သမစိတ္တရှိလိုက်တာနော်၊ ကိုစောမောင် အပြီးသတ်တော့ သမုဒယ သစ္စာဆိုတဲ့ တရားက ပျံ့နှံ့ပြီး သကာလ အထုပ်ကြီးအထမ်းခိုင်းတာကို ခင်ဗျားတို့က သမစိတ္တရှိတဲ့လူ၊ လူကြီးပီသပါပေရဲ့ လို့ ကိုစောမောင်တို့က တဏှာသဘောကို မသိတော့ သာဓုခေါ်တဲ့အထဲကို ဝင်သွားတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
တဏှာသဘော မသိတော့
ကိုစံလှ တဏှာသဘော မသိတော့ ဘယ်အထဲ ရောက်သွားရောက်သွားသတုန်း။ (သာဓုခေါ်တဲ့အထဲရောက် သွားပါတယ်)၊ ဟိုမှာ လျှာထွက်တော့မှာ၊ ခင်ဗျားတို့က သာဓုခေါ်တုန်းရှိသေးတယ်။ (မှန်ပါ့)၊ ဟိုမှာ ထမ်းရတဲ့ဝန်က သေးသလား။ (မသေးပါ ဘုရား)၊ အကုန်ပျံ့နှံ့ပြီး သကာလ စုပြီးမှ ထမ်းတာကိုးဗျ။ (မှန်ပါ့)၊
ဟိုမှာဖြင့် နေ့မအား ညမအားနဲ့ အပါယ်သွားဖို့ အလုပ်တွေချည်းပဲ၊ သူတော်ကောင်းအလုပ်ဆိုတာ ဒကာ ဒကာမတို့ လှည့်တောင် မကြည့် နိုင်တဲ့အခါက ပါလိုက်သေးတယ်။ (မှန်ပါ့)၊ မပါဘူးလား။ (ပါ-ပါတယ်)၊
သို့သော် လှည့်မကြည့်တဲ့အချိန်က မများဘူး လား။ (များပါတယ်)၊ ခန္ဓာကြီး ဘယ်လိုဖြစ်ပျက်နေတယ်။ ခန္ဓာကြီးက အနိစ္စသဘောရောက်နေတယ်၊ အနတ္တသဘောနဲ့ သူက ပြနေတယ်။ အသုဘသဘောကို ပြနေတယ်။ အို မင်း အသာနေစမ်းပါ၊ မင့်ကို မကြည့်အားဘူး။ ငါ့ တာဝန်လေး လို့၊ ဒါတွေက ငါ့တာဝန်ချည့်ပဲဆိုပြီး သမုဒယက ကြီးစိုးသွားတဲ့အခါတွေက မများလား။ (များပါတယ်)၊ သဘောကျပလား။ (ကျပါပြီ)။
အဲဒါ ခင်ဗျားတို့က ခုနင်ကပြောတဲ့ အသွားမျိုးနဲ့ ကိုစောမောင်တို့ လူစုတွေ၊ မောင်နိုင်တို့လူစုတွေက တော်လိုက် တာလို့များ သွားပြီး မချီးမွမ်းနဲ့၊ ဟိုမှာ လျှာထွက်သေတော့မလို့ ထမ်းရတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
လျှာထွက်သေတော့မယ်
ဟိုမှာ ဘာဖြစ်နေသတုန်း။ (လျှာထွက်သေတော့မှာပါ ဘုရား)၊ သူ ထမ်းရတာက ပျံ့ပြီး သကာလ မှ စုတာကိုး၊ (မှန်ပါ့)၊ ပျံ့တယ်ဆိုကတည်းက ကိုစောမောင်နည်းသလားဗျ။ (မနည်းပါ ဘုရား)၊ အဲဒါတွေက အကုန် တစ်ခုပစ်ခဲ့တာ ပါရဲ့လား။ (မပါ-ပါ ဘုရား)၊ အကုန်စုပြီး သကာလ အသက်ကြီး လေလေ အထမ်းရဲလေလေ မလာဘူးလား။ (လာပါတယ်)။
ဒါ့ကြောင့် သူ့ပါးစပ်ကိုယ်က ထွက်လာတယ်ဆိုတာ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ပဲ ကျန်းမာဖို့ အရေးကြီးတာ ပဲ။ ကိုယ့်ဝန်ချည့်ကိုး၊ ဒါ့ကြောင့် ကိုယ်မကျန်းမာမှာပဲ စိုးရိမ်နေတယ်၊ ထမ်းရပါစေတဲ့၊ ရဲလှချည့်လား ကိုစောမောင်၊ ဘယ့်နှယ်ကြောင့် ဒါလောက်ရဲတာပါလိမ့်။ မိုက်လွန်းလို့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
ဘယ့်နှယ်ကြောင့် ဒါလောက်ရဲတာတုံး။ (မိုက်လွန်းလို့ပါ ဘုရား)၊ နည်းနည်းရဲတာလား၊ များများရဲတာလား။ (များများရဲတာပါ)၊ ကုသိုလ်တစ်ပဲသားပါသလားလို့မေးတယ်။ (မပါ,ပါ ဘုရား)၊ သမုဒယခိုင်းတာလုပ်နေတဲ့ လူတစ်ဦး တစ်ယောက်ဟာ အဆင်းတွန်းသမားခိုင်းတာ လုပ်နေတဲ့ လူတစ်ဦး တစ်ယောက်ဟာ ကိုစောမောင် ကောင်းကျိုးလည်း ပေးမှာ မဟုတ်ပါဘူး၊ ဆိုးကျိုးပဲ ပေးမှာပါပဲ။ (မှန်ပါ့)၊
နွားကိုခိုင်းပြီးတော့ နွားသတ်ရုံပို့တာပဲ
နွားကို ခိုင်းချင်သလောက်ခိုင်း ခိုင်းပြီးတော့ နွားသတ်ရုံပို့တာပဲ။ (မှန်ပါ့)၊ ခိုင်းချင်သလောက် ခိုင်းတာလဲ နွားရှင်ရဲ့ သမုဒယပဲ။ သားရေဖိုး ကလေးရအောင်ဆိုပြီး အိုတော့ မသုံးနိုင် လို့ အပါယ်ချလိုက်တဲ့ သဘောလို နွားကို အသတ်ခိုင်းပြီး သကာလ သားရေဖိုးကလေး ယူလိုက်တာလဲ တချို့ဆီမှာ ရှိသေးတယ် ကိုစောမောင်။
ခိုင်းနိုင်သလောက် ခိုင်းတာလဲ နွားရှင်ပဲနော်။ (မှန်ပါ့)၊ သားရေဖိုးယူလိုက်တာကော။ (နွားရှင်ပါ ဘုရား)။
ဒီမှာလဲ ခိုင်းနိုင်သလောက် ခင်ဗျားတို့ ဉာဏ်ခိုင်းတာ မဟုတ်ဘူး၊ တဏှာခိုင်းနိုင်သလောက် ခိုင်းလို့ အိုခြင်းဆိုး၊ နာခြင်းဆိုး ဘက်ကိုဖြင့် ကြုံနေရတာလဲ တဏှာခိုင်းလို့။ (မှန်ပါ့)၊ ခိုင်းပြီးသည်၏ အခြားမဲ့၌ ကဲ မင်း ငါခိုင်းတာချည်းလုပ် တယ်၊ သွားရောကွ၊ အပါယ်ဆိုတာကော (တဏှာက ခိုင်းတာပါ)၊ ဘယ်မှာတုန်း ဒကာ ဒကာမတို့၊ သူက ကောင်းကျိုး ပေးတာများ ပါသေးရဲ့လား။ (မပါ,ပါ ဘုရား)။
ဒါဖြင့် ပျံ့နှံ့တာလဲ ဘယ်သူတုန်း။ (တဏှာပါ ဘုရား)၊ စုစည်းပြီး သကာလ ရောပြီး အထမ်းခိုင်းထားတာကော (တဏှာပါ ဘုရား)၊ သဘောပါကြပလား။ (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ တချို့က မထမ်းရသေးလို့ ဝမ်းမသာတဲ့ ပုဂ္ဂိုလ်က ရှိသေးတယ်။ (မှန်ပါ့)၊ သူတို့မှာ တော့ ထမ်းနိုင်ပိုးနိုင်လို့ ကျေနပ်တယ်။ ကျုပ်မှာတော့ သူတို့လိုပဲ အဆွယ်အပွားကလေးက မရှိတော့၊ အခြံအရံကလည်း နည်းတော့ ကျုပ်ဖြင့် မျက်စိသူငယ်ဖြစ်နေတယ်တဲ့။ ဝန်ထုပ်မရှိတော့ သူ့စိတ်ထဲမှာ သူများထမ်းသလို မထမ်းရတော့ မျက်ရည်များကျပြီးတော့ မွေးစားတဲ့ သားသမီးရယ်လို့ လုပ်ရသေးတယ်။ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်ပါလိမ့်။ (တဏှာခိုင်း လို့ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
သမုဒယသိပ်ဆိုးတယ်ဆိုတာ
ဒကာ ဒကာမတို့ အတော်ကို ဆိုးနေပြီဆိုတာ ရိပ်မိကြပလား။ (ရိပ်မိပါပြီ ဘုရား)၊ စောင်းဟောနေတာလို့ အောက်မေ့မနေကြနဲ့ဦး၊ ဒကာ ဒကာမတို့ သမုဒယသိပ်ဆိုးတယ်ဆိုတာ ပေါ်အောင်ပြောရတာ။ (မှန်ပါ့)၊
ကိုင်း ဒါဖြင့် သူ့ကို မသတ်သရွေ့ကာလပတ်လုံး ကျုပ်တို့ပျံ့နှံ့တဲ့သဘောကော (မစွန့်နိုင်ပါ ဘုရား)။
ဒီအထဲက ထမ်းနိုင်ပါရစေ-ပိုးနိုင်ပါရစေများ ဘုရားရှေ့မှာ သွားပြီး သကာလ ကိုယ်ဖြင့် ကျန်းမာပါရစေ၊ ဒီဟာတွေ နို့မဟုတ်လို့ ရှိရင်ဖြင့် အကုန်ပဲ ဝါးစီးပြေသလိုပြေပြီ သကာလ အကုန်ပဲ သူများ လက်အောက် ကျပြီး ဒုက္ခိတတွေဖြစ်ကုန်မှာ စိုးရိမ်လွန်းလို့ ကိုယ့်ကိုယ်ပဲ မေတ္တာပို့ပြီး ထမ်းနိုင်ပါရစေလို့ ဆုတောင်းပြည့် ဘုရားများမှာ သွားပြီး ဆုတောင်းခိုင်းသေးတယ်။ တဏှာက (မှန်ပါ့)၊ ဆိုးပုံ-ဆိုးပုံ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ဟုတ်မှ ဟုတ်ကြရဲ့လား ဒကာ ဒကာမတို့၊ တောင်းများ တောင်းဖူးရဲ့လားလို့ မေးကြည့်ပါ ကိုယ့်ကိုယ်ကို။ (ဟုတ်ပါတယ် ဘုရား)၊ သေသေချာချာကိုဖြင့် ဟုတ်တယ်တဲ့။ (မှန်ပါ့)၊၊
ပြီးတော့ လူကြားထဲဧည့်ခံတယ်၊ ဒကာ ဒကာမတို့မြင်တဲ့အတိုင်းပဲ၊ တစ်ယောက်တည်း ရွက်ဆောင်ပြီး သကာလ နေရတော့၊ ဒါ့ကြောင့် ကိုယ်အရေးကို ရွက်ဆောင်ပြီးတော့ နေပူမိုးရွာဆိုတာ မသွားရဲဘူး။ ဘယ့်နှယ်ကြောင့် တုန်းဆို တော့ ဒီဝန်ကြီးထမ်းနေရတာ၊ ကိုယ်လဲရင် ဘယ့်နှယ်လုပ်မလဲ ကိုစောမောင်၊ ကိုယ်လဲမှာတောင် စိုးလိုက်သေးတယ်။ (မှန်ပါ့)၊ ဘာဖြစ်လို့တုန်း။ (မထမ်းရမှာစိုးလို့ပါ)၊ အိုလေ အထမ်းပျက်သွားမှာစိုးတယ်။ (မှန်ပါ့)၊၊
ကိုပေါ် ဘာစိုးရိမ်သတုန်း။ (အထမ်းပျက်သွားမှာ စိုးရိမ်မိပါတယ် ဘုရား)၊ အထမ်းပျက်မှာ စိုးရိမ်တယ်ဆိုတဲ့ အဓိပ္ပါယ်မပါဘူးလား။ (ပါ-ပါတယ်)။
ဝိပဿနာအလုပ် ကွက်ကျားတောင်မပါ
ခင်ဗျားတို့ အခုဖော်ပြောလို့သာ၊ နို့မဟုတ်လို့ ရှိရင်ဖြင့် ဆုတောင်းပြည့်တယ်ဆိုပြီး ကျန်းမာလေလေ ထမ်း ဆောင်လေလေ၊ ခုနင်က ထွက်ရပ်လမ်းဆိုတဲ့ ဝိပဿနာအလုပ်တော့ နည်းနည်းမှ ကွက်ကျားတောင်မပါဘူး။ (မှန်ပါ့)၊ ထမ်းနေတာနဲ့ အချိန်ကုန်ပြီး သကာလ နောက်ဆုံးပိတ် ဝန်ပိလျှာထွက်သေပြီး ခေါင်းထဲသာ ရောက်သွားတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဒါ ဘယ်သူ့သတ္တိ ထင်ကြသတုန်း။ (တဏှာသတ္တိပါ)။
ကိုင်း ဒါကြောင့် ပျံ့နှံ့ပြီး စုစည်းတတ်တဲ့ သဘောဟာ ဘယ်သူ့သဘောပါလိမ့်။ (တဏှာရဲ့ သဘောပါ ဘုရား)၊ ရှင်းပြီလား။ (ရှင်းပါပြီ ဘုရား)။
အိုတယ်လို့ကော သနားတဲ့စိတ် ပါရဲ့လား။ (မပါ-ပါ ဘုရား)၊ နာတယ်လို့ကော (မပါ-ပါ ဘုရား)၊ သေခါနီးကြီးကွ ဆိုပြီး သကာလ အလုပ်များ မလုပ်နဲ့တော့၊ တော်လောက်ပါပြီ၊ နောက်ကလည်း ကျွန်ခံသွားပြီးသလောက် အလုပ်ကို မလုပ်ပါနဲ့တော့လို့များ သူကလျှော့တဲ့အခါများ ပါသေးရဲ့လား။ (မပါ-ပါ ဘုရား)၊
ငါကွာ အိုသွားလို့ဟေ့၊ နို့မဟုတ်ရင် လုပ်ချင်သေးတယ်ဆိုတာ သူကတောင် ပါလိုက်သေးတယ်၊ မပါဘူးလား။ (ပါ-ပါတယ်)၊ ဒကာ ဒကာမတွေ ကြွားချက်က လည်း သန်လိုက်တာ၊ ကျွန်ကလဲ ပီလိုက်တာ၊ စိတ်ကလဲ ပြင်းထန်လိုက်တာ ဘာစိတ်ချည်း ပြင်းထန်နေသတုန်း မေးဖို့ ကောင်းတယ်။ ဘာစိတ် ပြင်းထန်တာတုန်း၊ မကောင်းစိတ်ပြင်းထန်နေတာ။ (မှန်ပါ့)၊ ရိပ်မိပြီလား။ (ရိပ်မိပါပြီ ဘုရား)။
ကိုစောမောင် ဘာစိတ်ပြင်းထန်တာတုန်း။ (မကောင်းစိတ်ပြင်းထန်တာပါ ဘုရား)၊ ရှင်းပလား ကိုပေါ်။ (ရှင်း ပါပြီ ဘုရား)။
ကိုစံလှကြီး အခုရုန်းရတာ ကျေနပ်ပလား။ (မကျေနပ်သေးပါ ဘုရား)၊ မကျေနပ်သေးဘူး၊ လူတော့ လူစဉ် မမီကြဘူး၊ ဒါကိုပင် မကျေနပ်သေးဘူးတဲ့။
လူစဉ်မီကြသေးရဲ့လား
ဒကာ ဒကာမတို့ လူတော့ လူစဉ်မီကြသေးရဲ့လား။ (မမီပါ ဘုရား)၊ ဒီတောင်တက်တော့မယ်ဆိုရင် ရှေးကလို အမောအပန်းခံနိုင်ကြသေးရဲ့လား။ (မခံနိုင်ပါ ဘုရား)၊ သို့သော်လည်း ရှေးကလိုဆိုရင် ကျုပ် ဒီဥစ္စာဝန်မလေးသေးလို့ အကြွားခိုင်းတုန်း ရှိသေးတယ်။ (မှန်ပါ့)၊ သို့သော်လည်း တတ်နိုင်သရွေ့တော့ ကုန်းရုန်းပြီး သကာလ လုပ်ရဦးမှာ ဆိုတာကော (ပါ,ပါတယ် ဘုရား)။
ကိုင်း သူက အိုလေပျံ့လေကိုးဗျ။ (မှန်ပါ့)၊ ပျံ့လေစုစည်းလေပဲ။ (မှန်ပါ့)၊ စုစည်းလေလေ ကျောပေါ်တင်ချင် တာက (များလေလေပါ ဘုရား)။
ဒါဖြင့် သမုဒယသဘောကို အရုပ်ဆိုးအောင် ပြောနေတယ်လို့ ဒကာ ဒကာမတွေကို ဒီလိုအယူမရှိပါနဲ့တဲ့။ ဘုရားဟောတဲ့ ပင်ကိုသဘောကို ပြောနေတာ။ (မှန်ပါ့)၊ သဘောပါကြရဲ့လား။ (ပါ-ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ အခု ဘယ်လိုနေရသတုန်းလို့ မေးဖို့လိုတယ်။ (မှန်ပါ့)၊ ဘယ်လိုနေရသတုန်းလို့ မေးဖို့ လိုတယ်ဆိုတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ရုပ်က ၂၈ ခုရှိတယ်။ သဘောကျပလား။ (ကျပါပြီ)။
နာမ်ကကော ဒကာ ဒကာမတို့၊ ခင်ဗျားတို့ သန္တာန်မှာ ဖြစ်ပေါ်စိတ်ထားပါတော့၊ ၈၁-ခုရှိတယ်။ (မှန်ပါ့)၊ သူနဲ့ ယှဉ်ဖော်ယှဉ်ဖက် စေတသိတ် ၅၁-ခုရှိတယ်။ ပေါင်းလိုက်တဲ့အခါမှာ ရုပ် ၂၈-ခုနဲ့ ပေါင်းရင် ၁၆၀-ရှိတယ်။ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ အဲဒီ ၁၆၀-ဟာ တကယ့်သားဆိုးသမီးဆိုး ခန္ဓာကိုယ်ပဲ။ (မှန်ပါ့)။
သားဆိုး ၁၆၀ ရောဂါတုံး
ဒီ ၁၆၀ ကို ဒကာ ဒကာမတို့ သမုဒယသစ္စာတည်းဟူသော အမေကြီးက သားဆိုး ၁၆၀-နော်၊ တစ်ယောက်မှ လူမာလဲ မပါဘူး။ (မှန်ပါ့)၊ တစ်ယောက်မှ လူမာမပါဘူး ဒကာ ဒကာမတို့၊ ဒီအထဲမှာ အားလုံး ၁၆၀ ရှိတယ်။ ခန္ဓာ ၅-ခုကို ဖြန့်လိုက်ရင် ၁၆၀-ရှိတယ်။ သဘောကျပလား။ (ကျပါပြီ)။
ဒ ၁၆၀-ဆိုတော့ ခင်ဗျားတို့ ဒီအတိုင်းသာ မှတ်ပါတော့၊ စိတ်ရယ်, စေတသိက်ရယ်, ရုပ်ရယ်လို့ မှတ်လိုက် တာပေါ့။ (မှန်ပါ့)၊ ဒါကို ကိုယ့်သန္တာန်ရှိတဲ့ ၁၆၀-လို့သာ မှတ်လိုက်ပါတော့။ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါတွေကလည်း မာတတ်တဲ့ တရားတွေလား၊ မမာတတ်တဲ့ တရားတွေလားလို့ မေးတော့ ရောဂါတုံး ရောဂါခဲ တွေ။ (မှန်ပါ့)၊ တစ်ခုကြည့်လိုက်လည်း ရောဂါတုံး ရောဂါခဲ၊ တစ်ခုကြည့်လိုက်ပြန်လည်း (ရောဂါတုံး ရောဂါခဲပါ ဘုရား)၊ ဒီလိုချည့် မနေဘူးလား။ (နေပါတယ် ဘုရား)၊ အဲဒါကို ခင်ဗျားတို့က အကုန်သိမ်းလိုက်ပြီး ပြုစုနေတော့ တစ်ယောက်က ဝမ်းဖောဝမ်းယောင်တဲ့သား, ဒူလာဝမ်းတပြစ်ပြစ်နဲ့ သွားနေတဲ့ သားသမီး။ (မှန်ပါ့)၊
တစ်ယောက်က မျက်စိက နာနေတယ်၊ သဘောကျပလား။ (ကျပါပြီ)၊ တစ်ယောက်ကတော့ ခြေလက်ကျိုးနေလို့ မသွားနိုင်ဘူး၊ တစ်ယောက်က အစားက အင်မတန် ပက်စက်တယ်၊ တစ်ယောက်ကတော့ မစားလို့ ခက်နေတယ်ဆိုတာ၊ ဒီတစ်ယောက်တည်းကနေ ပြုနေတာ၊ သမုဒယက ခင်တဲ့လူက ဒီခန္ဓာကြီးကို အကုန်ပြုတာပဲ။ (မှန်ပါ့)၊
ဘယ်လောက်ပြုနေတယ်ဆိုတာ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ တစ်နေ့ပြုလို့ကော ပြီးပါရဲ့လား။ (မပြီးပါ ဘုရား)၊ အဲ ပျံ့နှံ့ထားတာတွေ သူထမ်းနေတာဗျ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒီဘက်က သမီးခန္ဓာကလည်း ၁၆၀
မိမိခန္ဓာတစ်ယောက်တည်း ပြောသေးတယ်နော်၊ ဒီဘက်က သမီးခန္ဓာကလည်း ၁၆၀၊ ဒီဘက်က သားခန္ဓာက ကော (၁၆၀-ပါ ဘုရား)၊ မြေးခန္ဓာက (၁၆၀-ပါ ဘုရား)၊။
အဲဒါတွေကို ဒီက သမုဒယခင်သမားဆိုတဲ့ တစ်ယောက်က သူ ပျံ့နှံ့ပြီး စုစည်းထားတဲ့အတွက် အကုန်ပဲ ကျုပ်ဖြင့် တာဝန်ယူပါတော့မယ်ဆိုတော့ တစ်ယောက်က ကျင်ကြီးစွန့် ချင်တယ်၊ တစ်ယောက်က ကျင်ငယ်စွန့်ချင်တယ်၊ တစ်ယောက်က ထမင်းဆာတယ်၊ ဟောဒီ သမုဒယသမား သေရုံ သာပြင်တော့၊ မပြုနိုင်ဘူး စိတ်သာချ။ (မှန်ပါ့)၊ ပြုနိုင်ကြပါ့မလား။ (မပြုနိုင်ပါ ဘုရား)။
ဒါကြောင့် တစ်သက်လုံး ခန္ဓာကြီးကို ပြုဖို့ သားတွေ သမီးတွေ ပြုလို့ပြီးသွားပြီး သေတဲ့ပုဂ္ဂိုလ်များ ရှိပါရဲ့လား။ (မရှိပါ ဘုရား)၊ အဲဒါ သူမသေလို့ မရှိတာ။ (မှန်ပါ့)၊ ကိုပေါ် ရိပ်မိပလား။ (ရိပ်မိပါပြီ)။
အခုလည်း ဒကာ ဒကာမတို့ ဒီခန္ဓာကြီးအတွက်နဲ့ပဲ သူ့ပျံ့နှံ့ထားတာနဲ့ပဲ ဆောင်းထည်, မိုးထည် ဝယ်ရတာလဲ မအားလှဘူး။ (မှန်ပါ့)၊
သူ သက်သာချောင်ချိရေးဆိုပြီး စက်ဘီးဝယ်ရတာနဲ့၊ ဆိုင်ကယ်ဝယ်ရတာနဲ့၊ ကားဝယ်ရတာနဲ့ပဲ သူ့ကို ပြုနေတယ်။ (မှန်ပါ့)၊ ကိုယ်က ပျံ့နှံ့ထားတာကိုးဗျ၊ ပျံ့နှံ့ပြီး စုစည်းထားတော့ ရွက်ဆောင်ပါ့မယ်၊ ကျွန်တော်မျိုး ပီပါတယ်၊ ဘာမှမလိုရအောင် တတ်နိုင်သရွေ့ ကြိုးစားပါမယ်။ ဘုရားထက်တောင် ကြည်ညိုသေးတယ် ခင်ဗျားတို့က။ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ။ (ဘုရားထက်တောင် ကြည်ညိုသေးတယ်)၊ ဘာဖြစ်လို့ ဒါလောက် ကြည်ညိုနေရတာတုန်း၊ ပျံ့နှံ့ပြီး စုစည်းထားလို့။ (မှန်ပါ့)။
ကျုပ်တို့ကို ဘာပေးသတုန်း
အဲဒီတော့ ဒကာ ဒကာမတို့ သူ့သတ္တိဟာ ကျုပ်တို့ကို ဘာပေးသတုန်းဆိုတော့ ခုနင်က မပြုနိုင်တဲ့ သားသမီး ရောဂါသည်တွေကို ကျုပ်တို့က ခင်မိမင်မိလျက် ကြုံနေတဲ့အခါကျတော့ တစ်သက်လုံး မအားဘူးဆိုတဲ့ အခါကျတော့ တစ်သက်လုံးမအားဘူးဆိုတဲ့ ဥစ္စာရိပ်မိပလား။ (ရိပ်မိပါပြီ)။
မအားတော့ ဒကာ ဒကာမတို့ ယုတ်စွအဆုံး အကြမ်းဖြစ်တဲ့ ညောင်ရေအိုးကလေးလဲတာတောင် ခပ်သုတ်သုတ် ပျာပျာလုပ်ရတယ်။ (မှန်ပါ့)၊ မြန်မြန်ပြီးအောင် မလုပ်ရဘူးလား။ (လုပ်ရပါတယ်)၊ ထမင်းကလေး စားတာကော (မြန်မြန်စားရပါတယ်)၊ ခရီးကလေးသွားရပြန်လို့ရှိရင်လည်း (မြန်မြန်သွားရပါတယ်)၊ အသွားလဲသုတ်သုတ်ပဲ။ (မှန်ပါ့)၊ အပြန်ကော (သုတ်သတ်ပြန်ရပါတယ်)။
ဪ ဒကာ ဒကာမတို့ ဒီခန္ဓာကြီး နေပူမှာစိုး မိုးရွာမှာစိုးတာက တစ်မျိုးကိုးဗျ။ ပျံ့နှံ့ပြီးထားတော့ သူ့ကို ခင်နေတာကိုး။ ခင်နေတော့ သွားလဲသုတ်သုတ်၊ ပြန်လဲသုတ်သုတ်ပဲ။ ဒကာ ဒကာမတို့ ရိပ်မိပလား။ (ရိပ်မိပါပြီ)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါဖြင့် ဒါဟာ ဘယ့်နှယ်ကြောင့် သုတ်သုတ်ချည့်ပဲ လူပြည့်မှာနေရတဲ့ဥစ္စာ၊ ဖြည်းဖြည်းဆေးဆေးကို မပါတာ ဘာပါလိမ့်မလဲဆိုတော့ သမုဒယသတ္တိဟေ့။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
အဲ ခင်ဗျားတို့ အိမ်မှာ လုပ်ကြည့်ပါတော့၊ ခပ်သုတ်သုတ်ဟူသရွေ့ ဘယ်သူ့ဒဏ်ချက်မိတယ်ဆိုတာဖြင့် ကိုစောမောင် ရှာတော့ (သမုဒယဒဏ်ချက်ပါ ဘုရား)၊ သမုဒယဒဏ်ချက်ဆိုတာ ငြင်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ ကဲ ပေါ်ကြပလား ဒကာ ဒကာမတို့။ (ပေါ်ပါပြီ ဘုရား)။
ဒီအချိန်ကလေးဟာ သမုဒယကို ကန့်ကွက်ထားတဲ့အချိန်
အခု ခင်ဗျားတို့ ဒီအချိန်ကလေးဟာ ဘုန်းကြီးက သမုဒယကို ကန့်ကွက်ထားတဲ့အချိန်။ (မှန်ပါ့)၊ သူက ငြိမ် နေတဲ့အချိန်၊ မင်းဆရာဘုန်းကြီးဆီသွားတုန်း ငြိမ်းလိုက်ပါ။ ဆရာဘုန်းကြီးဆီမှ မင်းတို့ ဆရာ့အရှိန်နဲ့မို့ ငါက အောင့် နေတာဆိုတဲ့ အဓိပ္ပါယ်ပါတယ်။ (မှန်ပါ့)၊
အိမ်ရောက်လို့ရှိရင် ကျွန်သပေါက်မဖြစ်ရင် ငါ့ကို ဆိုချင်သလိုဆို ဆိုတာမျိုး သူက သေသေချာချာ လာတာ။ (မှန်ပါ့)၊ မလာဘူးလား၊ လာသလား။ (လာပါတယ် ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သူတို့ရှိသရွေ့ ကာလပတ်လုံး ဘုန်းကြီးက ပြောပါတယ်။ ဒါကြောင့် တဏှာကို ပပဉ္စလို့ပဲ နာမည်ပေးရပါတယ်။ (မှန်ပါ့)၊
ဘယ်လိုများ နာမည်ပေးရသတုန်း။ (ပပဉ္စလို့ နာမည်ပေးရပါတယ်)၊ ပပဉ္စလို့ နာမည်ပေးရပါတယ်၊ ချဲ့တတ် တဲ့ တရားတဲ့၊ ဒီဒုက္ခပြီးရင် ဟိုဒုက္ခပေးမယ်၊ ဟိုဒုက္ခပြီးရင် (ဟိုဒုက္ခပေးပါမယ်)၊ ဒုက္ခချည့်ဆက်ပေးအောင် ချဲ့တတ် သောကြောင့်လဲ သူ့ကို ပပဉ္စဆိုတဲ့ နာမည်လည်း ဘုရားက ပေးပြန်တယ်။ (မှန်ပါ့)၊။
သမုဒယသစ္စာကို ဘယ်လိုနာမည်ပေးပြန်သတုန်း
သမုဒယသစ္စာကို ဘယ်လိုနာမည်ပေးပြန်သတုန်း။ (ပပဉ္စလို့ ပေးပါတယ်)၊ ဘာတွေများ သူက ချဲ့ချဲ့-ချဲ့ချဲ့ ပြီး ပေးပါလိမ့်။ (ဒုက္ခတွေချည်းဆက်အောင် ချဲ့ချဲ့ပေးပါတယ်)၊ ဒုက္ခတွေချည့် ချဲပေးနေပြန်တော့ သူကလည်း တစ်အိမ် လုံးမှာ ရှင်ဘုရင်ကလည်း လုပ်နေလိုက်သေးတယ်။ (မှန်ပါ့)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သူက ရှင်ဘုရင်လုပ်နေတယ်။ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒီဘက်လဲ သွားလိုက်, ဟိုဘက်လည်း လာလိုက်, ဒီဟာကိုလည်း ပြောလိုက်, ဒီလိုလဲပြောလိုက်, ဟောဒီဘက်ကျတော့ မျက်ရည်ကျလိုက်၊ သဘောကျပလား။ (ကျပါပြီ)၊ ဒီဘက်ကျတဲ့အခါကျတော့ အမောဆိုက်လိုက်၊ ဒကာ ဒကာမတို့ သူချဲ့တဲ့နေရာတွေ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)၊ ဒီဘက်ကျတော့ မျက်ရည်ကျလိုက်ဆိုတာ၊ ဝမ်းနည်းစရာဆီလည်း သွားလိုက်ဦးကွ။ သဘောကျပလား။ (ကျပါပြီ)၊ ဟိုဘက်ကျတော့ အရူးထလိုက်ဦးကွ။ ချဲ့ပေး နေတာ သဘောကျပလား။ (ကျပါပြီ)၊ ဟိုက အချိုးမကျတဲ့ဆီ ခိုင်းပြန်တော့လည်း မျက်ရည်အကျခိုင်းတယ်။ သူချဲ့ တာဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သူရှိသရွေ့ကာလပတ်လုံး ကျုပ်တို့မှာ အရူးအနှမ်းဘဝနဲ့ပဲ သံသရာထဲမှာ နေဖို့ပဲ ရှိတော့တယ်။ (မှန်ပါ့)၊ အဲဒါ အရိယာမျက်လုံးနဲ့ တပ်ပြီး ဘေးကကြည့်တော့မှ ပြုံးတာလည်း ကိုယ့်သမုဒယကိုယ်ကြည့် ပြီး ပြုံးတော့ အရုူးပြုံးပဲ၊ မဲ့တာတွေလည်း သမုဒယတွေအတွက် စိတ်မချလို့ မဲ့ရတာကော (အရူးမဲ့ပါ ဘုရား)၊ အရူးမဲ့ပဲ ဆိုတာခိုင်းတဲ့ အရှင်သခင်ကို ကြည့်ပါ၊ တဏှာရူးပါလို့ ပြောထားတယ်၊ တဏှာဆိုတာ အရူးတရား၊ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
အရူးခိုင်းရာကို သွားနေရတဲ့ ဒကာ ဒကာမတွေဟာဖြင့် အကောင်းဖြင့် မသွားဘူး။ (မှန်ပါ့)၊ အပြုံးခိုင်းတာကော (သူပါ ဘုရား)၊ မျက်ရည်အကျခိုင်းတာကော (သူပါ ဘုရား)၊ ဟိုနေရာကျရင် ရင်ထုလိုက်ကွဆိုတာကော (သူပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ သူ့ကို မသတ်ရင် တော်ပါ့မလားလို့ မေးလိုက်တယ်။ (မတော်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
လူချမ်းသာဆိုတာ ထည့်မပြောနဲ့
ဘယ်လောက်ထိအောင်ဆိုးတဲ့ တရားလဲဆိုတာ ခင်ဗျားတို့ ယနေ့ မပေါ်သေးဘူးလား။ (ပေါ်ပါပြီ)၊ သူ မသေသရွေ့ ဘယ်သူ လူချမ်းသာဆိုတာ ထည့်မပြောနဲ့၊ ထည့်ပြောရင် သမုဒယသစ္စာမသိလို့ ပြောတာ။ (မှန်ပါ့)၊၊
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သမုဒယသစ္စာမသေဘဲနဲ့ ဒုက္ခသိမ်းတယ်ဆိုတာ ငါဘုရားလဲ မဟောပါဘူးတဲ့၊ ရှေးဘုရားတွေလည်း မဟောပါဘူးတဲ့။ (မှန်ပါ့)၊ သမုဒယသစ္စာမသေတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းရဲလက်စမပြတ် တာသာ အဲဒါကိုသာ အမှန်ပြောပါ၊ သဘောကျကြပလား။ (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ အိမ်မှာနေပြီး သကာလ ပျာပျာသလဲနော်။ (မှန်ပါ့)၊ ဘယ်သူအပြော ခိုင်းတာလဲ မေးလိုက်ပါတယ်။ (တဏှာသမုဒယခိုင်းတာပါ)၊ သမုဒယက အပျာခိုင်းတာနော်။ (မှန်ပါ့)၊
တစ်ခါတလေ များ အိပ်ချင်လျက်နဲ့ ဒကာ ဒကာမတို့ မအိပ်ရဘဲနဲ့များ သွားရတဲ့ လာရတဲ့အခါတွေကော (ရှိပါတယ် ဘုရား)၊ ထမင်း ကိုတောင်မှပဲ ဒီနေ့တစ်ရက်တော့ကွာ ထမင်းအရေးစိုက်မနေပါနဲ့ဆိုပြီးတော့ သွားရလာရတဲ့အခါတွေကော (ရှိပါတယ် ဘုရား)၊ ပေါင်မုန့်ခြောက်ကလေး ထည့်ပြီး သွားတန်သွားရမယ် ဆိုတဲ့ ဥစ္စာတွေ မရှိဘူးလား။ (ရှိပါတယ်)၊ ဒီပေါင်မုန့် ခြောက်တောင် မရလို့ရှိရင် တစ်နေ့ ဘာဖြစ်သတုန်းကွာ၊ ရေသောက်နေမယ်ဆိုပြီး သကာလ ၊ အငတ်များထားပြီး သကာလ ခိုင်းချက်နှယ် သန်လိုက်တဲ့ဖြစ်ခြင်း။ (မှန်ပါ့ ဘုရား)။
ဘယ်လိုထားခိုင်းသလဲ။ (အငတ်ထားခိုင်းပါတယ် ဘုရား)၊ အငတ်ထားခိုင်းတယ် ဆိုကတည်းက သူယုတ်မာဖို့ ခိုင်းတာ။ (မှန်ပါ့)။
ဆိုးရွားတဲ့ ရှင်ဘုရင်ပဲ
သူယုတ်မာဖို့ ခိုင်းတာသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သူသည် ပင်ကိုသဘောဟာ အင်မတန် ဆိုးရွားတဲ့ ရှင်ဘုရင်ပဲဆိုတာ သဘောကျပလား။ (ကျပါပြီ)၊ သူက တိုင်းပြည်ချဲ့တာကိုး။ တိုင်းပြည်ချဲ့ချင်တဲ့ လက်အောက်မှာ စစ်သားတစ်ယောက်ဖြစ်နေရလို့ ရှိရင် ဒီစစ်သားဟာ အမြောက်ကြား, ဗုံးကြားမှာ အသက်ထွက်သွားနိုင်တယ်ဆိုတာ တော့ ခင်ဗျားတို့ သံသယမရှိနဲ့။ (မှန်ပါ့ ဘုရား)။
သူက ချဲ့တတ်တဲ့သဘောသတ္တိရှိတယ်၊ ဟိုဘက်လည်းချဲ့ချင်တယ်၊ ဒီဘက်ကလည်း ချဲ့ချင်တယ်၊ သဘောကျပလား။ (ကျပါပြီ)၊ စီးပွားရေးချဲ့ချင်တယ်၊ အိမ်ချဲ့ချင်တယ်၊ ယာချဲ့ချင်တယ်၊ အမျိုးမျိုး မရှိပေဘူးလား။ (ရှိပါတယ်)၊ အဲဒီလိုချဲ့ချင်တော့ ဒါလောက်တောင် ချဲ့ချင်တော့ တဏှာရှင်ဘုရင် လက်အောက် မှာ နေရတဲ့ ကျွန်စစ်သားသည် ဒကာ ဒကာမတို့ အမြောက်ကြား, ဗုံးကြားမှာ သေရသလို အမျိုးမျိုးသော ဘေးအန္တရာယ် ကြားထဲ သူလွှတ်တော့မယ်။ (မှန်ပါ့)၊ မလွှတ်ပေဘူးလား။ (လွှတ်ပါတယ် ဘုရား)၊ ကိုစောမောင် လွှတ်လို့ရှိရင် ဘေး အန္တရာယ်ကြားထဲမှာ ဒုက္ခရောက်ပြီး သကာလ သေပွဲဝင်ရမယ်ဆိုတာ ငြင်းဖို့များ လိုသေးသလား။ (မလိုပါ ဘုရား)၊ ပပဉ္စကိုးဗျ။ (မှန်ပါ့)၊ သဘောပါကြပလား။ (ပါ,ပါပြီ)။
ပပဉ္စဆိုတာ ချဲ့တတ်တာနော်
ပပဉ္စဆိုတာ ချဲ့တတ်တာနော်။ ချဲ့လိုက်တဲ့ ဖြစ်ခြင်းဖြင့် မီးခိုးမဆုံး မိုးမဆုံးပဲ၊ တစ်ခါတစ်လေ အလွဲစစ်ပွဲများ ချဲ့နေပြီ၊ ဘုံစဉ်စံများ ချဲ့လိုက်တာ။ (မှန်ပါ့)၊ ဘုံစဉ်စံဆိုတာ မောင်နိုင်စဉ်းစားကြည့်၊ အရှင်သွားလို့ ရသလား၊ သေ, သေပြီးမှ သွားလို့ရသလား။ (သေ,သေပြီးမှ သွားလို့ရပါတယ် ဘုရား)၊
ဪ အသေချဲ့တာ အသေချဲ့တာ၊ ဘယ်သူ့သတ္တိ တုန်း။ (တဏှာသတ္တိပါ ဘုရား)။
သို့သော် သမုဒယသဘောကို ပယ်ရမည့်အကြောင်းကို ကောင်းကောင်းမသိတော့ သူခိုင်းတာလုပ်ပြီး ကျုပ် တို့က ပါးစပ်တွေကများ ရွတ်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ အဲဒီပါးစပ်ဟာ ဘယ်သူခိုင်းနေတဲ့ ပါးစပ်လဲဆိုတာ ကိုစောမောင် ဉာဏ်နဲ့စဉ်းစား (တဏှာကခိုင်းနေတဲ့ ပါးစပ်ပါ ဘုရား)၊ သူ ပျံ့နှံ့ခိုင်းတယ် ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)၊ သူ အချဲ့ခိုင်းတယ်ဆိုတာကော (ပေါ်ပါပြီ)။
ဒါဖြင့် အကြီးဆုံးရန်သူ ဘယ်သူတုန်း။ (တဏှာပါ ဘုရား)၊ သို့သော် ခင်ဗျားတို့ အခု ဆရာဘုန်းကြီးပြောလို့ ပေါ်တာနော်။ (မှန်ပါ့)၊ ခင်ဗျားတို့ အလိုများဆိုရင်ဖြင့် ခေါင်းတောင်မှ မော်မကြည့်ရဲပါဘူး။ (မှန်ပါ့)၊ ဘယ်နှယ့်လုပ် မတုန်းဘုရား၊ လူဆိုတာ သားနဲ့ သမီးနဲ့ စားဖို့ရှာရမှာပေါ့တဲ့။
ဪ ဟုတ်ပေလိမ့်မယ် တော်တော့ ဘုန်းကြီးဆိုရင် လိုက်တာပဲ။ မလိုက်ပေဘူးလား။ (လိုက်ပါတယ် ဘုရား)၊ မင်းဟာ ကျွန်ပီတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်များ ရှားပေလိမ့်မယ်။ (ရှားပါတယ် ဘုရား)၊ ဒီသမုဒယအကြောင်းမှ နားမလည်တဲ့ ပုဂ္ဂိုလ်ဖြစ်နေလို့ရှိရင်လည်း လုပ်ဟေ့ မင်းတည်ထောင်ထား တာမှ မင်းမလုပ်ရင် ဘယ့်နှယ်လုပ်မတုန်း-တဲ့။
မင်းတို့ သံသရာနစ်မွန်းတော့
ပြီးတော့မှ မင်းတို့ သံသရာနစ်မွန်းတော့လို့ ပြောတာနဲ့ အတူတူပဲ။ (မှန်ပါ့)၊ မတူဘူးလား။ (တူပါတယ် ဘုရား)၊ အဲဒါခင်ဗျားတို့က အားကျပြီး သကာလ မနေလိုက်ပါနဲ့ဆိုတာ ဘုန်းကြီးကဖြင့် သတိပေးပါတယ်၊ သမုဒယဒဏ်ချက်ဖြစ်ပြီး သကာလ နေသောကြောင့် သမုဒယဆိုတာ အမည်းလား၊ အဖြူလား အကဲခတ်။ (အမည်းပါ ဘုရား)၊ အမည်းစကားနားထောင်ရင် အမည်းအကျိုးပေးတယ်။ (မှန်ပါ့)။
ဘုရားက ဟောတော်မူတယ်၊ ကဏှာ ကဏှ ဝိပါကဿတဲ့။ ကဏှာ-မည်းနက်တဲ့တရားသည်။ ကဏှဝိပါကဿ မည်းနက်တဲ့အကျိုးပဲပေးတယ် ဟောတယ်။ အဖြူတော့ ဘယ်တော့မှ မပေးဘူး။ (မှန်ပါ့)၊ ပေးနိုင်ပါ့မလား။ (မပေးနိုင် ပါ ဘုရား)။
ခင်ဗျားတို့က အဖြူစကာ နားထောင်သလား, အမည်းစကား နားထောင်သလား။ (အမည်းစကား နားထောင် ပါတယ်)၊ ရိပ်မိကြပြီလား။ (ရိပ်မိပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီလိုလည်း ဟောပေး ပြောပေးမည့်သူမရှိလို့ ရှိရင် သူလာရင် သတ်မဟဲ့ဆိုတဲ့ စိတ်များ ပေါ်ပါ့မလား။ (မပေါ်ပါ ဘုရား)၊ မပေါ်တော့ သူသာဝမ်းထဲ ရောက်လာလို့ရှိရင် သူခိုင်းရာလုပ်ပါ့မယ်ဆိုတဲ့ ဥစ္စာကို ခင်ဗျားတို့က ကျွန်တော်မျိုးပိပီ လက်ခံတယ်။ (မှန်ပါ့)၊ မခံဘူးလား-ခံသလား။ (ခံပါတယ်)၊ ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ရန်သူအကြီးဆုံး ဘယ်သူပါလိမ့်။ (တဏှာပါ ဘုရား)၊ ဒါဖြင့် ဘာလုပ်ကြရမယ်။ (သတ်ရပါမယ်)၊ သတ်ရမယ်ဆိုတာ သေချာပလား။ (သေချာပါပြီ)၊ ဪ ငယ်ပေါင်းနဲ့ ခွဲရမယ်ဆိုတော့ ခင်ဗျားတို့က မျက်ရည်များ ကျဦးမှာလား။ (မကျပါ ဘုရား)။
ဒါက ငယ်ပေါင်းဗျ
ဒါက ငယ်ပေါင်းဗျ။ ငယ်ပေါင်းဆိုတော့ ခင်ဗျားတို့က အဘိဓမ္မာမတတ်လို့ သိမှာ မဟုတ်ဘူး၊ ဖျတ်ဆို အမိ ဝမ်းခေါင်းထဲ ပဋိသန္ဓေရောက်ခါရှိသေးတယ်၊ သူက အရင်လာတယ်။ (မှန်ပါ့)၊ ပဋိသန္ဓေစိတ်လာပြီး ဘဝင်စိတ်မှ ၁၆ ချက်လောက်ဆိုတဲ့ စိတ်ကလေးဖြစ်ပြီး ဘဝနိကန္တိက လောဘဇောဆိုတာ ၇-ကြိမ်လာဖြစ်ရတယ်။ (မှန်ပါ့)၊ ကဲ ဝမ်းထဲက ပေါင်းတာလား။ (မှန်ပါ့)၊ အပြင်ဘက်ကျမှ ပေါင်းတာလား။ (ဝမ်းထဲက ပေါင်းတာပါ ဘုရား)၊
ဟောဒါက မောင်နိုင် ခန္ဓာထားပါတော့၊ ရောက်ခါရှိသေးတယ်၊ သူက အရင်ရောက်လာတယ်။ လောဘဇော ၇-ကြိမ် သမုဒယ ၇ ခုရောက်လာတယ်။ (မှန်ပါ့)၊ ဒီတော့ ငယ်ပေါင်းလား- ကြီးပေါင်းလား။ (ငယ်ပေါင်းပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ငယ်ပေါင်း မမေ့ကောင်းနဲ့ လာဦးမှာပဲလို့ ခင်ဗျားတို့၊ လာမလား-မလာဘူးလား။ (လာမှာပါ ဘုရား)၊ ခွဲခွါဖို့ရာ ဘယ့်နှယ်နေကြသလဲ။ (ခက်ပါတယ်)၊ သူ့အကြောင်းမှ မသိဘဲကိုး။ သူ့အကြောင်းမသိတော့ ဘယ့်နှယ်တုံး။ (ခက်ပါတယ် ဘုရား)၊ မခွဲချင်ဘူး။
တဏှာလောဘ အမည်းတရား
ဒီတဏှာလောဘနဲ့ ခွဲချင်ရဲ့လား။ (မခွဲချင်ပါ ဘုရား)၊ မခွဲချင်လို့ရှိရင် ဖြင့် သူကလည်း အမည်းတရားလား၊ အဖြူတရားလား စဉ်းစားစမ်းပါ။ (အမည်းတရားပါ)၊ အမည်းတရားဖြင့် ဘာကို အကျိုးပေးရမှာတုန်း။ (အမည်းအကျိုးပေးရမှာပါ)၊
သူကလည်း အပါယ်လေးဘုံ ၃၁-ဘုံမှ တစ်ပါး ဘယ်မှ မပို့တတ်ဘူး။ နိဗ္ဗာန်ဆိုတာတော့ သူရှိနေလို့ရှိရင် မပို့နိုင်ဘူး။ စိတ်သာချ။ (မှန်ပါ့)၊ ပို့နိုင်ပါ့မလား။ (မပို့နိုင်ပါ ဘုရား)၊ ဒါဖြင့် ၃၁-ဘုံ အိုသေတွင်းထဲသာ သူပို့တတ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
အဲဒါကိုမှ ခင်ဗျားတို့ကလည်း မခွဲချင်ဘူး၊ ငယ်ပေါင်းဖြစ်နေသေးတယ်ဆိုရင်ဖြင့် အိုရ, နာရ, သေရတာ အပါယ်ငရဲတွေ အပြန်ပြန်ကျရတာဟာ သူ့ကျေးဇူးချည့် မှတ်ပေတော့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဘယ်သူ့ ကျေးဇူးပါလိမ့်။ (တဏှာသမုဒယ ကျေးဇူးပါ)၊ တဏှာသမုဒယ၏ ကျေးဇူးဆိုတာ သေချာပလား။ (သေချာပါပြီ)။
အဲဒီတော့ ခင်ဗျားတို့က ဒါကို အသားယူပြီး သကာလ ဆရာသမားများနဲ့သာ မတွေ့ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ အသားယူတဲ့ဘက်ကတောင် နေလိုက်သေးတယ်။ (မှန်ပါ့)၊ မနေဘူးလား။ (နေပါတယ်)၊
ကျုပ်ကတော့ ဘာရယ်လို့ မဟုတ်ဘူး၊ ကိုယ့်ကို မှီခိုနေရင်တော့ ကျုပ်ကတော့ ဘယ်သူမဆို မခင်ရယ်လို့တော့ မရှိပါဘူးဗျာ။ ဒီအတိုင်းပါပဲ၊ ရိုးရိုးပါပဲ၊ မှန်တာပြောရင် သစ္စာဖြစ်ပါရစေတဲ့။ ဟုတ်တယ်၊ အဲဒါ သမုဒယသစ္စာ။ (မှန်ပါ့)၊ ယုံကြည်ပလား။ (ယုံကြည်ပါ တယ် ဘုရား)။
ဘာသစ္စာတုန်း။ (သမုဒယသစ္စာပါ)၊ သမုဒယပဲဆိုတာ အဟုတ်ကို ခင်ဗျားတို့ ဒုက္ခရောက်ပါလိမ့်မယ်လို့ ဘုန်းကြီးက တစ်ထစ်ချ ဆုံးဖြတ်ချက်ချပေးရုံပဲရှိတယ်။ (မှန်ပါ့)၊ သို့သော် သူကတော့ ဂုဏ်ယူတယ်။ (မှန်ပါ့)၊ ပြောတဲ့ ပုဂ္ဂိုလ်ကတော့ (ဂုဏ်ယူပါတယ် ဘုရား)၊ မယူဘူးလား။ (ယူပါတယ်)။
–ငရဲကြီး ငရဲငယ် ဘယ်သူလုပ်တာတုန်း
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ အရုပ်ဆိုးမှန်းတော့ သိကြပလား။ (သိပါပြီ ဘုရား)၊ ကဲ ငရဲကြီးရှစ်ထပ်၊ ငရဲငယ်တစ်ရာ့နှစ်ဆယ်၊ ဘယ်သူလုပ်တာတုန်း။ (တဏှာသမုဒယလုပ်တာပါ)၊ ပေါ်ပြီ။ ဒကာ ဒကာမတို့ အကျိုးပေး ပြတော့မယ်နော်။ (မှန်ပါ့)၊
ငရဲကြီးရှစ်ထပ်၊ ငရဲငယ်တစ်ရာ့နှစ်ဆယ်ဟာ ဘယ်သူတည်ဆောက်ထားတာတုန်းဆိုမေး တယ်။ (တဏှာသမုဒယ တည်ဆောက်တာပါ ဘုရား)၊ ဪ ဒီကနေပြီး နွားလိုခိုင်းပြီး သကာလ သေတဲ့အခါ အဲဒါပို့ ထားဖို့ အဲဒီမှာပဲ၊ မင်း ငါ့ကျွန်လည်း ခံခဲ့တယ်ကွာ၊ ဒါကြောင့် ကျေးဇူးဆပ်မယ်ဆိုပြီး ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် တစ်ရာ့နှစ်ဆယ် သူပို့တာပဲဗျ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ခိုင်းနေတုန်းကတော့ လူမမာဖောက်တုန်းရှိသေးတယ်၊ ခိုင်းလို့ သေတဲ့အချိန်ကျမှ ပို့ပေးတယ်။ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခိုင်းတုန်းကလည်း ဒကာ ဒကာမတို့ သူဟာ ကျုပ်တို့ကိ အမောဆိုက်အောင် ခိုင်းပါတယ်၊ သေချင်း ဆိုးသေအောင် ခိုင်းပါတယ်။ သဘောကျပလား။ (ကျပါပြီ)။
သမုဒယက ဘယ်လိုခိုင်းပါလိမ့်။ (အမောဆိုက်အောင် ခိုင်းပါတယ် ဘုရား)၊ အမောဆိုက်အောင်နဲ့, သေအောင် ချည့်ခိုင်းနေတယ်။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
ခိုင်းပြီးတဲ့အခါကျတော့ ငါ တည်ဆောက်ထားတာ ရှိပါတယ်၊ မင်း ငါခိုင်းတာလုပ်နေလို့ ဟိုမှာ ငါလုပ်ထားတဲ့ ငရဲကြီးရှစ်ထပ်, ငရဲငယ်တစ်ရာ့နှစ်ဆယ့်ရှိတယ်၊ အဲဒါ ကြိုက်ရာသွားချေ။ (မှန်ပါ့)။
ကဲ ခိုင်းတုန်းကလဲ ခင်ဗျားတို့ကို ချမ်းသာခွင့် ပေးရဲ့လား။ (မပေးပါ ဘုရား)၊ အသက်ကလေး ရှူခွင့်တောင် မှ တစ်ခါတလေ အောင့်ရှူရတဲ့အခါ ပါသေးတယ်၊ အလုပ်မအားလို့၊ မပါဘူးလား။ (ပါ-ပါတယ်)၊ အဲဒီကျအောင်ပဲ ဒီအလုပ်တွေနဲ့ ရှုပ်အောင်ခိုင်းပြီး ကျွန်သပေါက်အဖြစ်နဲ့ပဲ ကျုပ်တို့ကို ခိုင်းလိုက်ပါသေးတယ်။ (မှန်ပါ့)၊
ပြီးတော့ နွားကို မသနားဘဲ နွားသတ်သမားကို ဒကာ ဒကာမတို့ သတ်ပြီး သကာလ ခင်ဗျားတို့ ကျုပ်တို့နဲ့တူတဲ့ ခန္ဓာကိုယ်ကြီးကို ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ်တစ်ရာ့နှစ်ဆယ့်ကို ပို့ပေးပါတယ်။ (မှန်ပါ့)၊ ဘယ်အချိန်က သူတည်ဆောက်ထားသတုန်း ဆိုတော့ ခိုင်းတုန်းက ဆောက်ထားတာ၊ သေတော့ ပို့ဖို့။ (မှန်ပါ့)၊ ကဲ သမုဒယသစ္စာ ဆိုး မဆိုး။ (ဆိုးပါတယ်)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
သေခန်းရှင်ခန်း မဖြတ်သရွေ့
ဒါဖြင့် သူ့ကို ခင်ဗျားတို့ သေခန်းရှင်ခန်း မဖြတ်သရွေ့ကာလပတ်လုံး ဒီ သူဆောက်ထားတဲ့ အိမ်နဲ့ကော သေခန်းရှင်ခန်း ပြတ်နိုင်ပါ့မလား။ (မပြတ်နိုင်ပါဘူး)၊ ဒါ့ကြောင့် သစ္စာ ၄ ပါးကျတော့ သမုဒယပယ်ရင် နိဗ္ဗာန် ရောက်တယ်ဆိုတာ ဟိုဟာတွေ အကုန်ဇာတ်သိမ်းသွားလို့ ဆိုတာကော ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ရှင်းပြီနော်။ (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သူ့ကို မပယ်သရွေ့ ကာလပတ်လုံး သောတာပန်, သကဒါဂါမ်, အနာဂါမ် ရဟန္တာဖြစ် ပါ့မလား။ (မဖြစ်ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးသည် အင်မတန်ပဲ ကရုဏာ မေတ္တတာရှေ့ထားပြီး သကာလ ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ အတွင်းသူ အတွင်းသား ထင်တယ်နော်။ ရန်သူမှ အကြီးဆုံး။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ခင်ဗျားတို့ အထင်ကတော့ ဘယ့်နှယ်ထင်သတုန်း။ (အတွင်းသူ အတွင်းသား ထင်ပါတယ်)၊ ဪ လောဘ ကလေးရှိပေလို့၊ ကျုပ် ဒါကလေးရလိုက်သေးတယ်။ အင်း သူက အတွင်းသူအတွင်းသားလုပ်ထားလိုက်တယ်။ (မှန်ပါ့)၊ ဒီလူကတော့ အတွင်းသူ အတွင်းသားလား သေအောင်ခိုင်းပြီး အပါယ်ပို့မည့်သူလား။ (သေအောင်ခိုင်းပြီး အပါယ်ပို့ မည့်သူပါ ဘုရား)၊ ခင်ဗျားတို့ ကျေးဇူးကို ပြန်သိတဲ့ လောဘလား။ (မဟုတ်ရပါ ဘုရား)၊
ကျုပ်တို့ဖြင့် ကျွန်ခံခဲ့ပါပြီ၊ တဏှာခိုင်းတဲ့ ကျုပ်တို့ တစ်သက်လုံး ခေါင်းဖွေးဖြူအောင် ကျွန်ခံခဲ့ပါပြီ။ အဲဒီတော့ ပင်စင်ပေးပါတော့ဆိုတော့ ဒယ်အိုးပေးတာ။ (မှန်ပါ့)၊ ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)။
တဏှာ့အကြောင်း ကောင်းကောင်းသိရင်
ပင်စင်ပေးပါဆိုတော့ (ဒယ်အိုးပေးပါတယ်)၊ ငရဲကြီးရှစ်ထပ်, ငရဲငယ်တွေထဲက မင်းကြိုက်တာယူကွ။ ခိုင်း လည်းခိုင်းလိုက်သေးတယ်၊ ခင်ဗျားတို့ ပင်စင်ပေးတော့ကော အကောင်းပါသလား။ (မပါ-ပါ ဘုရား)။
ကဲ ဒါဖြင့် သူ့အကြောင်း ဆိုးမှန်းသိပလား။ (သိပါပြီ ဘုရား)။ ဆိုးမှန်းသိအောင် ဘုရားက ဟောရမယ်ဆိုလို့ ဘုန်းကြီးက ဟောနေတာ။ (မှန်ပါ့)၊ တဏှာ့အကြောင်း ကောင်းကောင်းသိရင် ဒီလူနိဗ္ဗာန်ရောက်တယ်။ (မှန်ပါ့)၊
ဒီလို အဓိပ္ပါယ်ဟောထားတာက သံယုတ်ပါဠိတော်မှာ ရှိတယ်၊ ဣတိဝုတ်ပါဠိတောမှာလည်း ရှိတယ်။ (မှန်ပါ့)၊
ပဋိဝိဇ္ဇာတ ဏှံဇာနတော။ တဏှံ- တဏှာကို၊ ပဋိဝဇ္ဇာ-ထိုးထွင်း၍။ ဇာနတော- သိသောပုဂ္ဂိုလ်အား။ ကိဉ္စန- ကြောင့်ကြခြင်းမရှိတဲ့ နိဗ္ဗာန်ကို။ လဘတိ-ရ၏။
သူ့အကြောင်းသာ ပြောပေးပါ၊ သူ့ကို ရန်သူမှန်း သိသွားတဲ့ ပုဂ္ဂိုလ်ကျတော့ နိဗ္ဗာန်ရောက်ပါ တယ်တဲ့။ (မှန်ပါ့)။
ရန်သူမှန်းသိသွားတော့ သူ့ကို ပေါင်းဦးမှာလား။ (မပေါင်းပါ ဘုရား)၊ မပေါင်းတော့ တဏှာမချုပ်ပေဘူးလား။ (ချုပ်ပါတယ်)၊ တဏှာချုပ်တော့ ဒီဘက်က ကံတွေကကော (ချုပ်သွား ပါတယ်)၊ ဒီဘက်က ဇာတိ,ဇရာ,မရဏတွေ (ချုပ်သွားပါတယ်)၊ ဒီဘက် က ဇာတိ,ဇရာ, မရဏတွေ (ချုပ်သွားပါတယ်)၊ ၃၁-ဘုံ ဇာတိ,ဇရာ,မရဏတွေ ဒကာ ဒကာမတွေ ဘယ့်နှယ် ဆိုပါ့မလဲ။ (ချုပ်သွားပါတယ်)၊ ဒါဖြင့် သူချုပ်ရင် အကုန်ချုပ်တယ်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ-ပါတယ်)။
ဘယ်အချိန်မှ သူတော်မကောင်းပါ
ဒါဖြင့် ဒကာ ဒကာမတို့ တရားလဲ ကြာပါပြီ၊ သူဟာ နည်းနည်းမှ သူတော်ကောင်းတော့ မဟုတ်တော့ဘူးဆို တာ သေချာပလား။ (သေချာပါပြီ)၊ ဘယ်အချိန် သူတော်ကောင်းတုန်း။ (ဘယ်အချိန်မှ သူတော်မကောင်းပါ ဘုရား)။
မိုးလင်းလာလို့ရှိရင်ဖြင့် သူ့ပေါင်းမိတဲ့လူဟာ ဒုက္ခရောက်ဖို့သာမှတ်။ (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သူသည် ခိုင်းနိုင်သလောက်ခိုင်းပြီး သကာလ သေသည်၏ အခြားမဲ့၌ ငရဲကြီးရှစ်ထပ်, ငရဲငယ်တစ်ရာ့နှစ်ဆယ်ဟာ မင်းပိုင်ပစ္စည်းဖြစ်ရမယ်ဆိုတာလဲ သူ့လက်ချက်ပဲ။ (မှန်ပါ့)၊ အခု ချမ်းသာ မပေးတာ။ (သူ့လက်ချက်ပါ)၊ သေတော့ ငရဲလက်ဖွဲ့တာ (သူ့လက်ချက်ပါ ဘုရား)။
ဘယ်ဟာများ ကောင်းသတုန်း၊ ပြောပါဦး။ (ဘယ်ဟာမှ မကောင်းပါ ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ)။
ကိုစံလှ ငရဲရောက်သွားတာများ ကြိုက်သေးသလား။ (မကြိုက်ပါ ဘုရား)၊ ခိုင်းနိုင်သလောက် ခိုင်းတုန်းက တော့ ကျွန်သပေါက်အဖြစ်နဲ့ မနေရဘူးလား။ (နေရပါတယ်)၊ သေတော့ ဘာလက်ဖွဲ့သတုန်း။ (ငရဲလက်ဖွဲ့ပါတယ်)၊
ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် တစ်ရာ့နှစ်ဆယ် လက်ဖွဲ့ပါတယ်ဆိုတော့ ဒကာ ဒကာမတို့ တော်တော် ကျေးဇူးရင်လား လို့ မေးချင်သေးတယ်။ (မဟုတ်ပါဘူး ဘုရား)၊ အင်မတန်ဆိုးရွားတဲ့ လူဆိုတာကော သဘောကျပလား။ (ကျပါပြီ)။
ဒုက္ခဝတ္ထု, ဒုက္ခမှုတို့ကိုသာ ပေးနိုင်
အဲဒါကြောင့် သမုဒယ အာယူဟနဋ္ဌော။ သမုဒယဿ-သမုဒယသစ္စာ၏ အာယူဟနဋ္ဌော-ဒုက္ခဝတ္ထု, ဒုက္ခမှုတို့ ကိုသာ ပေးခြင်းငှာ စွမ်းနိုင်တဲ့ စွမ်းရည်သတ္တိရှိတာ သူချည်းပဲတဲ့။ (မှန်ပါ့)၊ ပစ္စုပ္ပန်မှာ ဒုက္ခပွေမယ်၊ သေတဲ့အခါကျတော့ ငရဲရောက်သွားမယ်ဆိုတော့ ဘာများ ကောင်းသေးသတုံး။ (မကောင်းပါ ဘုရား)၊ ပေါ်ပလား။ (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ဒါလောက်ထိအောင် ကျယ်ကျယ်ကြီးက မသိတော့ ဒီလောဘကလေးမရှိရင်ပဲ ကိုယ့်ကလေး တွေ၊ ကိုယ့်သားသမီးတွေကျတော့ နင်ဟာ ဒီအချိန် ဒီအရွယ်ရောက်တောင် ဘာမှ မသိတတ်သေးဘူး။
သူများ သားသမီးတွေဖြင့် ရောင်းာက ဝယ်ကြနဲ့ ကိုယ့်လောဘလေးနဲ့ကိုယ်, ကိုယ့်အဝတ်ကလေးတောင် ကိုယ်ဝတ်ချင်ရင် ကိုယ့်ရွှေကလေး၊ ကိုယ့်စိန်ကလေးနဲ့ နေနိုင်ကြတယ်၊ ဪ ကိုယ်တတ်တဲ့ပညာ သင်ရှာကြတယ်။ (မှန်ပါ့)၊၊
ကိုစောမောင် ဘာသင်တာတုံး။ (ကိုယ်တတ်တဲ့ပညာ ကိုယ်သင်ပါတယ်)၊ ကိုယ်ကပဲ သူ့ကျွန်ဖြစ်နေတော့ သားသမီးတွေလဲ ဘာဖြစ်စေချင်သတုန်း။ (သူ့ကျွန်ဖြစ်စေချင်ပါတယ်)၊ တဏှာကျွန်ဖြစ်အောင်လည်း သင်ပေးတတ်တဲ့ သတ္တိရှိတယ်ဆိုတော့ ဘုရားသာမပွင့်လို့ရှိရင်ဖြင့် လူတစ်ဦးတစ်ယောက်က လူတစ်ဦး တစ်ယောက် သင်တာသည် ဘာပညာတုန်းမေးရင် ဘယ့်နှယ် ပြောကြမလဲ။ (ကျွန်ပညာပါ ဘုရား)၊ ကျွန်ပညာမှတစ်ပါး ဘာသင်ပေးသတုန်း။ (ဘာမှ မသင်ပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။
အဲဒါ ဘယ်သူ့သတ္တိတုံး
ကဲ ဒါဖြင့် အဲဒါ ဘယ်သူ့သတ္တိတုံး။ အမေ အဖေကိုက သမုဒယအကြောင်း ကောင်းကောင်းမသိခဲ့ဘူး ကိုစောမောင်။ (မှန်ပါ့)၊ သိသေးသလား။ (မသိပါ ဘုရား)။ ဒီတော့ သားသမီးတွေကျတော့ ဘာသင်ပေးသတုန်း။ (သမုဒယသင်ပေးပါတယ်)၊ သမုဒယ၏ ကျွန်ဖြစ်အောင်လည်း သင်ပေးတယ်ဆိုရင် ကိုစံလှ လွဲပါ့မလား။ (မလွဲပါ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ အခု ဘာပညာတတ်သလဲမေးရင် ဘယ့်နှယ်ပြောပါ့မလဲ။ (ကျွန်ပညာတတ်ပါတယ်)။
ကိုင်း သူ့ကိုသတ်မှ ကျုပ်တို့ နိဗ္ဗာန်ရောက်ပြီး သကာလ ဘယ်သူ့အကြိုက်, ဘယ်သူ့အလိုမှ မလိုက်ရတဲ့ နိဗ္ဗာန်ရောက်မှာ၊ အဲဒီကျတော့မှ သခင်ဖြစ်မှာ၊ သဘောကျပလား။ (ကျပါပြီ)၊ အဲဒီပညာမျိုးကျတော့ ခင်ဗျားတို့မှာ ခုထက်ထိ မတတ်ဘဲ ဖြစ်နေတယ်။ (မှန်ပါ့)။
သူ့ကို သတ်တဲ့ပညာ (မတတ်သေးပါဘူး)၊ မတတ်သေးတော့ ခင်ဗျားတို့မှာ ကျွန်ပညာနဲ့ပဲ အစဉ်အဆက် လာခဲ့တဲ့ အခါကျတော့ ကျွန်တို့ ရတာဖြစ်တဲ့ ငရဲလက်ဖွဲ့ ပစ္စည်းကြီးဟာဖြင့် ဘယ်တော့မှ မပြတ်တော့ဘူး။ (မှန်ပါ့)၊ ပြတ်သေးရဲ့ လား။ (မပြတ်သေးပါ)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
သူ့ကိုသတ်နည်း နိဿရည်းယူပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာ ဆရာကောင်းတွေ့တာပဲလို့ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)၊ ဒီအချိန်မှာ ဒကာ ဒကာမတို့ သူ့ကိုသတ်နည်း နိဿရည်းကို ယူချင်ယူတော့။ (မှန်ပါ့)၊
မယူတော့ဘူး ဆိုလို့ရှိရင်ဖြင့် သူကသာ ခင်ဗျားတို့ အပေါ်မှာ ကျွန်လုပ်ပြီးခိုင်းတော့ ကိုယ်မွေးတဲ့ သားသမီးတွေလည်း သူကလည်း အုပ်ချုပ်ပြီး သကာလ ဒီလိုသင်ဟဲ့၊ ဒီလိုပြောဟဲ့ ဆိုပြီး သကာလ ၊ ကျွန်သပေါက်အဖြစ်ပဲ သူဆက်ပြီး သကာလ သွားတော့မယ်ဆိုတဲ့ဥစ္စာ သူ့လမ်းစဉ်အတိုင်း ဟာ ရှောင်လွှဲပါဦးမား။ (မလွှဲပါ ဘုရား)၊ သဘောပါကြပလား။ (ပါ,ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါကို မျိုးဖြုတ်မှ ကောင်းမယ်။ (မှန်ပါ့)။
သမုဒယကို ဘာလုပ်မလဲ။ (မျိုးဖြုတ်ရပါမယ်)၊ မျိုးဖြုတ်မှ ကောင်းမယ်ဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် မျိုးဖြုတ်မှ ကောင်းမယ်ဆိုတာများဟာ အခုကြားဖူးတာ၊ မောင်နိုင် အခုကြားဖူးတာ ပဲ။ (မှန်ပါ့)၊ ဘယ့်နှယ်လုပ်မတုန်းဘုရားဆိုတဲ့ ညည်းလုံးနဲ့ချည့်ပဲ ခင်ဗျားတို့ လာနေတာပဲ။ (မှန်ပါ့)။
ဘုန်းကြီးအပေါ်မှာလည်း အုပ်ချုပ်တာပဲ
မျက်လုံးနည်းနည်း ကလေးကျယ်တဲ့လူက ပြောလိုက်လို့ရှိရင်ဖြင့် ဥပမာ ဘုန်းကြီးပဲ ပြောကြည့်ပါ။ ဒကာ ဒကာမတို့က အရှင်ဘုရား အခုထက်ထိ ဆွမ်းခံစားရတာ မငြိမ်းသေးဘဲကိုး ဆိုလို့ရှိရင် အို ဘုန်းကြီး ဆိုတာ ဒီလိုပဲ ဆွမ်းခံစားရတာပဲဆိုတော့ ဒကာ ဒကာမတို့ မသိတော့ ဒီအတိုင်းပဲ။
ဆွမ်းခံစားဖို့ ငြိမ်းတဲ့ နိဗ္ဗာန်ရောက်အောင် အငြိမ်းကလည်း ရှိသေးတာကိုး။ (မှန်ပါ့)၊ မရှိဘူးလား။ (ရှိပါတယ် ဘုရား)၊ သို့သော်လည်း ဒါလောက်ထိအောင် မသိတော့ ဘုန်းကြီးအပေါ်မှာလည်း အုပ်ချုပ်တာပဲ။ (မှန်ပါ့)၊ စကြဝတေးမင်းကြီး အပေါ်မှာကော (အုပ်ချုပ်ပါတယ်)၊ ရှင်းပလား။ (ရှင်းပါပြီ)။
၃၁-ဘုံမှာ အကြီးဆုံးဘုရင်
ဒါဖြင့် ဒကာ ဒကာမတို့ သူသည်ကားလို့ဆိုရင်ဖြင့် ရန်သူအကြီးဆုံးပဲ။ (မှန်ပါ့)၊ ၃၁-ဘုံမှာ အကြီးဆုံးဘုရင် လုပ်နေတာ ဘယ်သူပါလိမ့်။ (တဏှာသမုဒယပါ ဘုရား)၊ တဏှာသမုဒယဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မနေ့က ပြောခဲ့ပါတယ်။ သူဟာ တစ်ယောက်တည်း အုပ်ချုပ်တာလား၊ အစွယ်အပွား နဲ့ အုပ်ချုပ်တာလား။ (အစွမ်အပွားနဲ့ အုပ်ချုပ်တာပါ)။ အဲ သမုဒယဆိုတဲ့ လောဘက ခေါင်းဆောင် ကိုစောမောင်။ (မှန်ပါ့)၊ ထောင့်ငါးရာ ကိလေသာက သူခိုင်းရာလုပ်ရတဲ့ သူနဲ့ အကြံတူ သူ့လက်အောက်ခံ ငယ်သားတွေ။ (မှန်ပါ့)၊ ခန္ဓာငါးပါးကတော့ ကျွန်သပေါက်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒီဟာတွေက ဘာပါလိမ့်။ (ထောင့်ငါးရာကိလေသာ)၊ ဒါကတော့ ထောင့်ငါးရာ ကိလေသာတို့၏ ခေါင်းဆောင် ကြီး သမုဒယသစ္စာ။ (မှန်ပါ့)၊ သမုဒယသစ္စာ၏ လက်အောက်ခံငယ်သားက ဘယ်သူပါလိမ့်။ (ထောင့်ငါးရာကိလေသာပါ)၊ အဲဒီထောင့်ငါးရာလက်အောက်ကမှ ကျုပ်တို့က ကျွန်သပေါက်ခန္ဓာဗျ။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ကျွန်သပေါက်ခန္ဓာ
ဒီခန္ဓာက ဘယ်သူ့ခန္ဓာပါလိမ့်။ (ကျွန်သပေါက်ခန္ဓာပါ)၊ အဲဒါ ကျုပ်တို့ တရားတစ်ပွဲလုံး ခန္ဓာပဲ။ (မှန်ပါ့)။
ဒီခန္ဓာသည် ဒကာ ဒကာမတို့ အစွယ်အပွားတွေ လက်အောက်ပဲခံလိုက်ရတာပဲ။ (မှန်ပါ့)၊ ခေါင်းဆောင် ကြီး လက်အောက်ကော (ခံရပါတယ်)။
ကိုင်း ဒကာ ဒကာမတို့ အဲဒီတော့ ခေါင်းဆောင်ပြိုအောင် လုပ်ကြပါစို့။ (မှန်ပါ့)၊ ခေါင်းဆောင်ပြိုအောင်လုပ် ရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ သူ့ကို ခင်ဗျားတို့ အာဏာဖီဆန်ရမယ်။ (မှန်ပါ့)။
သူ့ကို ဘာလုပ်ရမလဲ။ (အာဏာဖီဆန်ရမယ်)၊ အာဏာဖီဆန်ရမယ်ဆိုတဲ့ဥစ္စာတော့ အသွားခိုင်းတယ်။ မသွား ဘူးကွာ၊ ဟုတ်လား။ (မှန်ပါ့)၊ သူက အခင်ခိုင်းရင် (မခင်ဘူးကွာ)၊ ဒီလိုကျတော့ ခင်ဗျားတို့က မနိုင်ပေဘူးတဲ့၊ ငယ် ကြောက်ဖြစ်နေတယ်။ (မှန်ပါ့)။
ဒီလိုကျတော့ နိုင်ပါ့မလား။ (မနိုင်ပါ ဘုရား)၊ သူက အသွားခိုင်းတယ်ဆို ခင်ဗျားတို့က ကပျာကယာ လွယ်အိတ် ကလေးချိတ်ပြီး သွားပါမယ့်ဗျာ သုတ်သုတ်ဆိုရင် သုတ်သုတ်ပါပဲ၊ နှေးနှေးဆိုရင်လည်း နှေးနှေးပါပဲ။ အဲဒါဆိုရင် မရတော့ဘူး ဒကာ ဒကာမတို့၊ ငယ်ကြောက်ဖြစ်နေတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ငယ်ကြောက်ဖြစ်နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး နည်းပေးတာက ကိုင်းကွာ ခိုင်းမှဆိုရင် မဖြစ်ဘူး တဲ့၊ မခိုင်းခင်ရောက်လာရင် နှင်ထုတ်တဲ့နည်း ကောင်းတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ရောက်ပြီး စီမံ တော့မယ်ဆိုမှတော့ မနိုင်ဘူး။ (မှန်ပါ့)။
စိတ်ကလေး ဖြစ်ပျက်မြန်မြန်ရှု
ဒါဖြင့် ဒကာ ဒကာမတို့ သူရောက်လာတယ်ဆိုရင်၊ စားချင်စိတ်ပေါ်လာတယ်ဆိုရင် စားချင်တဲ့စိတ်ကို မြန်မြန်ဖြစ်ပျက်ရှု၊ သူမခိုင်းခင်ကလေး (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ခင်ချင်တဲ့ စိတ်ကလေး လာတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ လာ-လာချင်း ဘာလုပ်ရမလဲ။ (ဖြစ်ပျက် ရှုရပါမယ်)၊ လာ-လာချင်း စိတ်ကလေးက ပေါ်လာတဲ့၊ စိတ်ကလေး ဖြစ်ပျက်မြန်မြန်ရှုရင်ရှု၊ မရှုရင် ခိုင်းတော့မယ်။ (မှန်ပါ့)၊ ဟိုကျတော့မှ အာဏာဖီဆန်လို့ မရတော့ဘူး (မှန်ပါ့)၊ ဒါ့ကြောင့် ဘုရားက သရာဂစိတ္တံ သရာဂစိတ္တန္တိပဇာနာတိ -သာရာဂစိတ်ပေါ်လာရင် လောဘစိတ်ကို ဘာလုပ်ရမလဲ။ (ဖြစ်ပျက်ရှုရပါမယ်)။
ကဲ ဒေါသလာတယ်၊ ဒါဟာ သူ့အစွယ်အပွားပဲ။ ဘာလုပ်ကြမလဲ။ (ဖြစ်ပျက်ရှုရပါမယ်)။
ညမိုးရွာတယ်၊ မနက်ကျတော့ စိတ်မချတဲ့ စိတ်ကလေးပေါ်လာတယ်။ ဒါ သူ့အစွယ်အပွား။ (မှန်ပါ့)၊ ဘာလုပ် ကြမလဲ။ (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုပစ်ရမယ်ဆိုတော့ ကျုပ်တို့ ကျွန်သပေါက်အလုပ်လုပ်ဖြစ်သေးရဲ့လား။ (မလုပ် ဖြစ်ပါ ဘုရား)၊ ကျုပ်တို့က ရှုလိုက်တဲ့အခါကျတော့ ဒေါသလာလည်း ဖြစ်ပျက်ရှု၊ လောဘလာလည်း ဖြစ်ပျက်ရှု၊ ဣဿာ လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ အကုန်ဖြစ်ပျက် ရှုလိုက်တော့ သူ့အစွယ်အပွားတွေလာလည်း ရှု၊ သာလာရင်ကော (ရှုရမှာပါ ဘုရား) ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်က မဂ်ကို သွားဖြစ်တယ်။ (မှန်ပါ့)၊ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)။
ဒါကလေး ကယ်မယ့်သူရှိသေးတယ်
အဲဒီတော့ ဒီဘက်က တဏှာလာတိုင်း၊ ဒေါသတွေလာတိုင်း ဖြစ်ပျက်တွေရှုတော့ မဂ်နဲ့ တားပစ်လိုက်တဲ့ အတွက် တဏှာကြောင့်လည်း ဥပါဒါကံမလာဘူး။ (မှန်ပါ့)၊ ဒေါသကြောင့်လဲ သောကပရိဒေဝ (မလာပါ ဘုရား)၊ ဪ ဒါကလေး ကယ်မယ့်သူရှိသေးတယ်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ မဂ်ကလေးကယ်မည့်သူ ရှိသေးတယ်နော်။ (မှန်ပါ့)၊ သဘောပါပလား။ (ပါ-ပါပြီ)။
ဒါ ဒီဥစ္စာကို ဘုရားကသာ မဟောဘူးဆိုရင် ခင်ဗျားတို့ ချောက်ထဲသွားပြီ။ (မှန်ပါ့)၊ မသွားဘူးလား။ (သွားပါ ပြီ ဘုရား)၊ ဘုရားဟောတဲ့အတိုင်း ဒါကလေး ကြားထိုးကြပါဆိုတာ ဘုန်းကြီးက သနားလွန်းလို့ ပြောရတာ။ (မှန်ပါ့)၊
ဒါကလေး ကြားထိုးလိုက်တော့ တဏှာက ဥပါဒါန်ဘက် သွားသေးသလား။ (မသွားပါ ဘုရား)၊ ကဲ ဇာတိ, ဇရာ, မရဏ ဘက်ကော (မသွားပါ ဘုရား)၊ ဒေါသလာတာကိုလည်း ဖျတ်ဆို မဂ်နဲ့ရှုလိုက်တော့ သောကပရိဒေဝဘက်ကို သွားသေးရဲ့ လား။ (မသွားပါ ဘုရား)၊ သူက သောကပရိဒေဝဘက်ကို ကြားထိုးမလို့ လာတာ။ (မှန်ပါ့)၊ ကျုပ်တို့က သာသနာတွင်းမို့ ဒကာ ဒကာမကို ဒါကလေးကို ကြားထိုးလိုက်စမ်းပါ။ ဒါကလေးကြားထိုးလိုက်စမ်းပါ။ ခင်ဗျားတို့ ဒီဘက်မှာ ချောက် ကျမှာစိုးလို့။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ)။
ချောက်ကျမှာစိုးလို့ ကြားထိုးလိုက်ပါ
ကဲ ချောက်ကျမှာစိုးလို့ ကြားထိုးလိုက်ပါဆိုတဲ့ဥစ္စာ ခင်ဗျားတို့က မထိုးမိရင်တော့ သူက ချောက်တွန်းသမားပေါ့။ (မှန်ပါ့)၊ ခုနင်ကပြောတဲ့ ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ်တစ်ရာ့နှစ်ဆယ့်ပဲ လက်ဖွဲ့မှာပဲ။ (မှန်ပါ့)၊ ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း။ (ကောင်းပါတယ် ဘုရား)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ)။
ဒါဖြင့် လောဘလာလည်း ဘာလုပ်ရမလဲ။ (ဖြစ်ပျက်ရှု၊ ဒေါသလာလည်း (ဖြစ်ပျက်ရှုရပါမယ်)၊ ဣဿလာရင် ကော (ဖြစ်ပျက်ရှုရပါမယ်)၊ မစ္ဆရိယလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ မာနလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ အကုန်ရှု။ ဒါတွေက သူ့ရဲ့ လက်အောက်ခံတွေနော်။ (မှန်ပါ့)၊ သူ့အသင်းအပင်းတွေဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် စိတ္တာနုပဿနာကို ဘုရားက ဟောတာ၊ ရိပ်မိပလား။ (ရိပ်မိပါပြီ) မြန်မြန်ကျွန်တွင်းက လွတ်ပါစေ ဆိုပြီး ဒီမဂ်ကို ဟောတောမူတာ။ (မှန်ပါ့)၊
ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်ဆုံးသွားရင်
ဒီမဂ်က အခုငါးပါးက ရှစ်ပါးထိအောင် ဖြစ်သွားရင် သူ့ကို ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်ဆုံးသွားရင် ဒါဟာ မဂ္ဂင်ရှစ်ပါးဖြစ်သွားတော့ သူ့လက်ဖွဲ့မည့် အပါယ်လေးပါး ငရဲကြီးရှစ်ထပ် နဲ့ ငရဲငယ်တစ်ရာ့နှစ်ဆယ့် မရောက်နိုင်ဘူး။ ဘုရားက ဒါကို အမွေပေးတာ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ် လက်ဖွဲ့နိုင်သေးရဲ့လား။ (မဖွဲ့နိုင်ပါ ဘုရား)၊ လက်မဖွဲ့နိုင်တော့ ကျုပ်တို့ အပါယ်ငရဲက မလွတ်ဘူး လား။ (လွတ်ပါတယ်)။
ဒါဖြင့် ဘုရားလက်ဖွဲ့တာကို ယူပါ။ တဏှာလက်ဖွဲ့တာကို မယူပါနဲ့။ (မှန်ပါ့)၊ တဏှာလက်ဖွဲ့တာက ဘာကို လက်ဖွဲ့သတုန်း။ (အပါယ်ငရဲလက်ဖွဲ့ပါတယ်)၊ ဘုရားလက်ဖွဲ့တာက မဂ်ကို လက်ဖွဲ့တယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါကြောင့် မဂ်မှတစ်ပါး ခင်ဗျားတို့ ကျုပ်တို့ အပါယ်လေးပါးပိတ်တဲ့တရား မရှိဘူး။ (မှန်ပါ့)၊ ဒါလုပ်ဖြစ်အောင် လုပ်ပါဆိုတာ ယနေ့တိုက်တွန်းတယ်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
