သူများပါးစပ် လမ်းဆုံးနေလို့ အိုနာသေဘေးတွေနဲ့ မခွဲခဲ့ရပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌
ဟောကြားတော်မူသော တရားတော်
သူများပါးစပ် လမ်းဆုံးနေလို့
အိုနာသေဘေးတွေနဲ့ မခွဲခဲ့ရပုံ
အစွမ်းကုန် သတိထားဖို့
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေသေချာချာ ဒကာ ဒကာမတွေကို အစွမ်းကုန်- အစွမ်းကုန် မှာတယ် အစွမ်းကုန် သတိထားဖို့ အချက်ပေးတယ်ဆိုတာ။ (မှန်ပါ့)၊ အစွမ်းကုန် သတိထားဖို့ အချက်ပေးတယ်ဆိုလို့ ရှိရင်ဖြင့် မောင်နိုင်တို့လူစု ဪ အလွန်အရေးကြီးပါကလားလို့ မှတ်ရမယ်။ (မှန်ပါ့)။
အစွမ်းကုန်သတိထားဖို့ မှာတယ်ဆိုတဲ့ စကားကို သာမညနားနဲ့ ဒကာဒကာမတွေက မထောင်ဘဲနဲ့ ဪ အင်မတန်အရေးကြီးတဲ့အချက်ကို ဘုရားဟောမှာပါလားလို့ ကိုစောမောင်ရေ ဆုံးဖြတ်ချက်ချရလိမ့်မယ်။ (မှန်ပါ့)၊ မချထိုက်ဘူးလား။ (ချထိုက်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့ သတ္တဝါတွေ ဟာ သူများပါးစပ်မှာ လမ်းဆုံးနေတာတွေ တွေ့ရတယ်၊ ဒါကြောင့် ဒကာ ဒကာမတွေရဲ့ ခန္ဓာကိုယ်ကြီးဟာ အိုဘေး, နာဘေး, သေဘေးတွေနဲ့ ကျုပ်တို့ ဘယ်တော့မှ လမ်းမခွဲခဲ့ရဘူးတဲ့။ (မှန်ပါ့)။
ဪ ဒါဖြင့် လက်သည်ရှာကြစို့ရဲ့ ဒကာ ဒကာမတို့၊ ကျုပ်တို့မှာ ခဏခဏအို၊ ခဏခဏနာ၊ ခဏခဏသေ၊ ခဏခဏ အပါယ်လေးပါးရောက်။ သုံးဆယ့်တစ်ဘုံ လျှောက်ပြီး၊ ကိုယ့်အလောင်းကိုယ် ထမ်းပြီး သကာလ လည်နေရတဲ့ အဖြစ်ဟာဖြင့် ပြောဖို့ မလိုတော့ပါဘူးလို့ မောင်နိုင်တို့ မှတ်ရမယ်။ (မှန်ပါ့)၊ ကိုစံလှ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။
သုံးဆယ့်တစ်ဘုံ အလောင်းထမ်းပြီး သကာလ ဟိုဘုံမှာ မြှပ်ခဲ့ရ၊ ဒီဘုံမှာချခဲ့ရ၊ ဟိုဘုံမှာ မျက်ရည်ကြီးကျခဲ့ရ၊ ဟိုဘုံမှာ အရှက်တကွဲ အကျိုးနည်း အသုဘကြီး ပေါလောကြီး ပေါ်အောင် ပြခဲ့ရတာတွေဟာ သူများပါးစပ် လမ်းဆုံးလို့ ဖြစ်ရတဲ့ဖြစ်တွေလို့ မှတ်ကြပါ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
သူများပါးစပ် လမ်းဆုံးပါတယ်
ဘယ်သူ့ပါးစပ် လမ်းဆုံးသလဲ။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ ဪ ဒါဖြင့် သူများ ပါးစပ်လမ်းဆုံး ခဲ့ရတဲ့ ဖြစ်တွေဟာဖြင့် ဒကာ ဒကာမတို့ အိုဘေး, နာဘေး, သေဘေးတွေနဲ့ သုံးဆယ့်တစ်ဘုံမှာ အရှက်တကွဲ အကျိုး နည်းလည်ခဲ့ရတဲ့အဖြစ်တွေ၊ ဒုက္ခအမျိုးမျိုး ကြုံရတဲ့အဖြစ်တွေ ဟာဖြင့် ဒကာ ဒကာမတွေအကြောင်းရှာလို့ရှိရင် လက်သည် ဖြင့် တွေ့ပေါ့လို့ ဆုံးဖြတ်ချက်ချပါ။ သူများပါးစပ် လမ်းဆုံးလို့။ (မှန်ပါ့)။
ဘာတဲ့တုံး။ (သူများပါးစပ်လမ်းဆုံးလို့ပါ ဘုရား)၊ နောက်က ဒကာဒကာမတွေ ဘာတဲ့တုံး။ (သူများပါးစပ် လမ်းဆုံးလို့ပါ)၊ အင်မတန် နစ်နာတယ်။ သူများပါးစပ်လမ်းဆုံးခဲ့တဲ့အတွက် အိုဘေးမစဲ, နာဘေးမစဲ, သေပွဲတွေလဲ ခဏခဏခံရ, အပါယ်လေးပါးလဲ ခဏခဏရောက်ရ, သုံးဆယ့်တစ်ဘုံထဲ လည်ပြီး သကာလ အသုဘကြီးလဲ လည်ပြီး ပြခဲ့ရ, အရူးလုပ်ပြီးပြခဲ့ရ၊ အနှမ်းလုပ်ပြီး ပြခဲ့ရ, အကျိုးလုပ်ပြီး ပြခဲ့ရ, အနူအရွှဲလုပ်ပြီးပြခဲ့ရတာ ကိုစောမောင် လက်သည်ရှာစမ်း။ (သူများပါးစပ် လမ်းဆုံးလို့ပါ ဘုရား)၊ သူများပါးစပ် လမ်းဆုံးတာဟာ အဆိုးဆုံးအပြစ်တဲ့။ (မှန်ပါ့)။
အဆိုးဆုံးအပြစ်
ဘာတွေ့ကြသတုန်း။ (အဆိုးဆုံးအပြစ်ပါ ဘုရား)၊ ဒီအဆိုးဆုံးအပြစ်ကို အခြေအမြစ်ကို လိုက်လိုက်တဲ့ အခါကျ တော့ ဘာတွေ့ပါလိမ့်။ (သူများပါးစပ်လမ်းဆုံးတာ တွေ့ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ အင်မတန်အရေးကြီးတဲ့ အချက်ကို ယနေ့ ဒကာဒကာမတွေ သစ္စာဟောမလို့နော်။ (မှန်ပါ့)၊ သူများပါးစပ် လမ်းဆုံးတဲ့ အဖြစ်ဟာ အဆိုးဆုံးတဲ့။ (မှန်ပါ့)၊ ဘယ်စာအုပ်မှာ ဘယ်သူက ဘယ်လိုရေးတယ်ကွ။ မင်း သူများပါးစပ်က ရေးထားတယ်။ (မှန်ပါ့)။
ကိုစောမောင် ဘယ်လိုရေးထားသတုန်း။ (သူများ ပါးစပ်က ရေးထားပါတယ်)၊ သူများပါးစပ်က သူထင်ရာ မြင်ရာရေးထားတယ်။ ပိဋကတ်ဓမ္မက္ခန် ပါဠိအဋ္ဌကထာဋီကာတွေလာတဲ့အတိုင်း မဟုတ်ဘဲ သူထင်ရာသူရေးထား တယ်။ အဲဒါ သူများပါးစပ် လမ်းဆုံးတယ်လို့ မှတ်လိုက်စမ်းပါ။ မောင်နိုင် ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။
ဘယ်သူ့ပါးစပ် လမ်းဆုံးသတုန်း။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ ဒီစာအုပ်က ဒီလိုဆိုတယ်ဗျ၊ ဒီကိုယ်တော်က ဒီလိုတောင် ဟောနေတယ်ဗျ။ ဒီလူကြီးသူမတွေက ဒီလိုဆုံးမထားတာဗျဆိုတော့ ကိုယ့်သဘောတွေ ပါသေးရဲ့လား။ (မပါ-ပါ ဘုရား)၊ ဘယ်သူ့သဘောတွေပါလိမ့်။ (သူများသဘောတွေပါ ဘုရား)၊ သူများပါးစပ် လမ်းဆုံး တယ်ဆိုတာ ပေါ်ကြပါလား။ (ပေါ်ပါပြီ ဘုရား)။
အမေမိဘက မိစ္ဆာဒိဋ္ဌိဖြစ်ခဲ့ရင်
အဲ သူများပါးစပ်လမ်းဆုံးတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အမေမိဘက မိစ္ဆာဒိဋ္ဌိဖြစ်ခဲ့ရင် မိစ္ဆာ ဒိဋ္ဌိ ပါးစပ်လမ်းဆုံးရမယ်။ (မှန်ပါ့)၊ တစ်ပိုင်းကြောင်သိတဲ့ ဗုဒ္ဓဘာသာမိဘဆိုရင်လဲ တစ်ပိုင်းကြောင် ပါးစပ်မှာပဲ လမ်းဆုံးရမယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)။
တချို့ သက်ကြီးအိုမတွေ ပြောပြန်တော့လဲ သူတို့က ရှေ့မီနောက်မီ ပြောတာပဲ၊ မှန်လိမ့်မယ်ထင်ပါရဲ့ ဆိုပြန်လို့ လုပ်လိုက်ပြန်တော့လဲ ဘယ်သူ့ပါးစပ် လမ်းဆုံးသလဲ။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ သက်ကြီးအိုမ, ပါးစပ် လမ်းမဆုံးဘူးလား။ (လမ်းဆုံးပါတယ် ဘုရား)။
အဲဒါ ခင်ဗျားတို့ သံသရာထဲမှာ အိုပွဲ, နာပွဲ, သေပွဲတွေ မပြတ်မစဲ ခံနေရတာ၊ သူများပါးစပ် လမ်းဆုံးတဲ့ အဖြစ်ပဲ။ (မှန်ပါ့)၊ လက်သည်ပေါ်ကြပလား။ (ပေါ်ပါပြီ)၊ ဘာများတွေ့သတုန်း။ (သူများပါးစပ် လမ်းဆုံးလို့ပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ နားကြီးကြီးနဲ့, ထောင်ပါ။ သူများပါးစပ် လမ်းဆုံးတယ်။ ဒါဖြင့် လှည့်လိုက် စမ်းပါ၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်တွေ့လို့ လမ်းမဆုံးဘူး။ (မှန်ပါ့)။
ဘာပါလိမ့်။ (ကိုယ့်ဉာဏ်နဲ့ ကိုယ်တွေ့လို့ လမ်းမဆုံးပါ ဘုရား)၊ ကိုယ်ဉာဏ်တွေကို လမ်းမဆုံးတဲ့အတွက် သူများ ပါးစပ် လမ်းဆုံးရတဲ့အဖြစ်ဟာဖြင့် ဘုရား အင်မတန်ကြောက်တဲ့ ဘေးကြီးပဲလို့ မှတ်ကြပါ။ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ-ပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဒီဥစ္စာ သစ္စာသံယုတ်မှာလာလို့ သေသေချာချာပြောပါတယ်။ ဘုရားကိုယ်တော်တိုင် လာပြီး သဘောကျစရာ အင်မတန်ကောင်းသဖြင့် ခင်ဗျားတို့ သက်ကြီးစကား သက်ငယ်ကြားနဲ့ပဲ အခုအလုပ်လုပ်လာခဲ့ကြလို့ တချို့သော ပုဂ္ဂိုလ်တွေမှာ အမျိုးမျိုးဘုံဘဝတွေ ဆုတောင်းပြီး လုပ်လာကြတာတွေဟာ သူများပါးစပ်လမ်းဆုံးလို့ ပေါ့။ (မှန်ပါ့)၊ ဟုတ်-မဟုတ် စဉ်းစားကြစမ်း။ (ဟုတ်ပါတယ် ဘုရား)၊ ပေါ်ကြပါလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သူများပါးစပ် လမ်းဆုံးတဲ့ အဖြစ်ဟာဖြင့် အမေမိဘက မိစ္ဆာဒိဋ္ဌိဖြစ်ခဲ့သော် သားသမီးက ဘာဖြစ်တတ် သတုန်း။ (မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်ပါတယ်)၊ အမေမိဘပါးစပ်မှာ လမ်းဆုံးတယ်။ (မှန်ပါ့)၊ ရှေးက ရေးထားတဲ့ အချို့သော လောကီပေါရာဏကျမ်းဟောင်းကြီးတွေ ကြည့်ပြီး သကာလ နေပြန်တော့လဲ အဲဒါ ရှေးက သူများပါးစပ်နဲ့ ရေးထားတဲ့ ပေါရာဏကျမ်းကြီး၊ ဒီကျမ်းကြီးက အင်မတန် ရှေးကျတာ၊ သူ့ထက်မှန်စရာဘယ်သူရှိသေးသတုန်းကွဆိုပြီး သကာလ သူများပါးစပ်, အဝေးပါးစပ်တွေကို လမ်းဆုံးထားတဲ့အဖြစ်ဟာလဲ ဘေးသင့်တာပဲ။ (မှန်ပါ့)၊ ကိုစောမောင် ဘေးတွေ ပေါ်ပြီ။ (ပေါ်ပါပြီ ဘုရား)။
သံသရာရှည်တဲ့ဘေး၏ လက်သည်
ဒကာ ဒကာမတွေ သံသရာရှည်ခဲ့တဲ့ဘေးကို လက်သည်ရှာလိုက်တဲ့အခါကျလို့ရှိဖြင့် သူ့ပါးစပ်ဟာ အကြီးဆုံး ဘေးပဲလို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)၊ ကိုယ်ဉာဏ်နဲ့ကိုယ် အမှန်အကန်တွေ့ရင် ဘေးသင့်စရာရှိသေးရဲ့လား။ (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရင်တုန်းကတော့ သံသရာရှည်ခဲ့တယ်ဆိုတဲ့ ဥစ္စာ အဝိဇ္ဇာနဲ့ တဏှာကြောင့် ရှည်ခဲ့ရတယ်လို့ ဟောခဲ့တယ်။ ယခုတော့ အဝိဇ္ဇာနဲ့ တဏှာကလဲ ကိုယ့်သန္တာန်မှာ ရှိနေတော့ သူများ ပါးစပ်က ပြောတာကို မသိတော့ တစ်ခါတည်း အရယူလိုက်တဲ့ တဏှာနဲ့ သိမ်းလိုက်ပြီး သကာလ ဘာသာအယူဝါဒ တွေ အမျိုးမျိုးဖြစ်လာတာကိုသာ ကိုစောမောင်တို့၊ မောင်နိုင်တို့ ကြည့်ကြပါတော့။ (မှန်ပါ့)၊
ဒါဘယ်သူရေးထားတာ ဆိုတာ သိကြပလား။ (သိပါပြီ ဘုရား)၊ သူများပါးစပ်နဲ့ ပြောဆိုပြီး သကာလ မှတ်တမ်းလုပ်ထားတာတွေဆိုရင် လွဲပါ့မလား။ (မလွဲပါ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ သံသရာမှ ကျုပ်တို့ အိုပွဲ, နာပွဲ, သေပွဲ မစဲခဲ့ရတဲ့အဖြစ်၊ အပါယ်လေးပါး အကြိမ်ကြိမ်ရောက်ခဲ့ရတဲ့အဖြစ် လက်သည်ပေါ်ပလား။ (ပေါ်ပါပြီ)၊ ဘာတွေ့သတုန်း။ (သူများပါးစပ် လမ်းဆုံးတာ တွေ့ပါတယ် ဘုရား)။
ကြပ်ကြပ်စဉ်းစားပါ- ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ ဘယ်ဘေးအကြီးဆုံးတုန်းဆိုတာပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ ဘာတုန်းဗျ။ (သူများပါးစပ် လမ်းဆုံးတဲ့ဘေးပါ ဘုရား)၊ သူများပါးစပ်ဘေးဟာဖြင့် ကိုစံလှရေ အရေးကြီးဆုံးဘေးပဲ။ (မှန်ပါ့)။
ဟာ ဘယ်သူက ဘယ်လိုပြောတာပဲ၊ ဘယ်သူက ဘယ်လိုရေးတာပဲ အစရှိသည်နဲ့ အကိုးအကားပြပြီး ဒကာ ဒကာမတွေ ငြင်းကြ, ခုံကြ အမျိုးမျိုးအဖုံဖုံ၊ ပြောကြဆိုကြတာတွေဟာ သူများပါးစပ် လမ်းဆုံးတာချည့် မှတ်ကြပါ တဲ့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
သံသရာမှာဖြင့် အနစ်နာဆုံးပဲ
ဒါဖြင့် သူများပါးစပ် လမ်းဆုံးတဲ့ဥစ္စာ သံသရာမှာဖြင့် အနစ်နာဆုံးပဲလို့ ဆိုထိုက်-မဆိုထိုက်။ (ဆိုထိုက်ပါ တယ် ဘုရား)၊ ကိုစောမောင် ကောင်းကောင်းကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။
တစ်ခါ ခင်ဗျားတို့မှာ ဂုဏ်သရေရှိက ပြောလိုက်ပြန်လို့ရှိရင်လည်း စူးချင်စူးသွားလိမ့်မယ်။ မစူးဘူးလား။ (စူးပါတယ် ဘုရား)၊ ဒါလဲ ဘယ်သူ့လမ်းဆုံးသတုန်း။ (သူများပါးစပ် လမ်းဆုံးပါတယ်)၊ နည်းနည်းရှေးကြတဲ့ ပုဂ္ဂိုလ်က ပြောလိုက်ရင်လဲ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ ကိုစံလှတို့၊ ကိုစောမောင်တို့ ကျုပ်တို့ဟာ ကိုယ့်ဉာဏ်နဲ့ နှိုင်းချိန်စရာကို မပါသေးပါကလား။ (မှန်ပါ့)၊ ဘယ်စာအုပ်မှာ ဘယ်သူက ဘယ်လိုရေးတာပါဆိုပြန်တော့လဲ (သူများ ပါးစပ် လမ်းဆုံးပါတယ် ဘုရား)။
အဲဒါဟာ သံသရာမှာဖြင့် သူများပါးစပ်လမ်းဆုံးတဲ့ ဥစ္စာ ကြောက်စရာအကောင်းဆုံးပဲ။ (မှန်ပါ့)၊ ဘေးသင့် တဲ့အထဲမှာ အကြီးဆုံးသော ဘေးပဲတဲ့။ (မှန်ပါ့)၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)။
ဘေးသင့်တဲ့အထဲမှာဖြင့် (အကြီးဆုံးပါ ဘုရား)၊ အကြီးဆုံးဘေးပဲ။ ဒကာ ဒကာမတို့ သဘောကျပလား။ (ကျပါပြီ)၊ ဝတ္တုထုတ်မယ်ဆိုလို့ရှိရင် မနည်းဘူးနော်။ (မှန်ပါ့)၊ မနည်းပါဘူး။
တာဝတိံသာ ကောင်းတယ်ဆိုလို့
တချို့က တာဝတိံသာ ကောင်းတယ်ဆိုလို့ တာဝတိံသာ ရောက်တဲ့အလုပ်တွေ လျှောက်လုပ်လို့ တာဝတိံသာမှာ အိုပွဲ, နာပွဲ, သေပွဲခင်းလိုက်ရတာတွေကော နည်းသလား။ (မနည်းပါ ဘုရား)၊ အဲဒါ ဘယ်သူ့ပါးစပ်လမ်းဆုံးသတုန်း။ (သူများပါးစပ် လမ်းဆုံးပါတယ်)။
ဟာ နဂါးပြည်က သာပြီး ကောင်းတယ်ဆိုလို့ နဂါးများ ဖြစ်ရတဲ့ ရှင်ရဟုလာ ဆုတောင်းခဲ့ပုံများ သူ့ဆရာ ရသေ့က ဟောတာနဲ့ နဂါးပြည်ကြိုက်ပြီး သကာလ နဂါးပြည်ရောက်ကြောင်း ဒါနသီလတွေ လုပ်ပြီး နတ်နဂါးတွေ ဆုများ တောင်းလိုက်တဲ့ဖြစ်ခြင်း ကိုစောမောင် ဒါ ဘာထင်သတုန်း။ (သူများပါးစပ် လမ်းဆုံးတာပါ)။
နာရဒဇာတ်မှာ လျှောက်ကြည့်လို့ရှိရင် ဂုဏကဿပ ဟောလိုက်တာနဲ့ တစ်နိုင်ငံလုံးဟာ တစ်ခါတည်း သီလ အကုန်ပျက်သွားတာပဲ။ ဘာလမ်းဆုံးသလဲ။ (သူများပါးစပ် လမ်းဆုံးတာပါ ဘုရား)၊ ဘယ်လောက်များ ကြောက်စရာ ကောင်းသတုန်း ဒကာ ဒကာမတို့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘေးတကာ့ဘေး ဘယ်ဘေးအကြီးဆုံးလဲ။ (သူများပါးစပ်လမ်းဆုံးတဲ့ဘေး အကြီးဆုံးပါ ဘုရား)၊ ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ အထူးတလည်ပဲ သိစေချင်လို့ ဘုရားဟောထားတော်မူတဲ့ သစ္စာသံယုတ်ကို ဟောတယ်လို့ ကိုစောမောင်တို့၊ ကိုစံလှတို့ မှတ်ရလိမ့်မယ်။ (မှန်ပါ့)၊ ကိုင်း ဘေးတွေ့ကြပလား ဒကာ ဒကာမတို့။ (တွေ့ပါပြီ ဘုရား)၊ ဘယ်သူအကြီးဆုံးပါလိမ့်။ (သူများပါးစပ်ဘေး အကြီးဆုံးပါ ဘုရား)။
သူတို့က ရှေ့မီနောက်မီ တွေကွ၊
ဪ တို့ကတော့ ဘာမှသိတာ မဟုတ်ဘူးကွ ကိုစောမောင်တို့ လူစုကလေ။ (မှန်ပါ့)၊ သူတို့က ရှေ့မီနောက်မီ တွေကွ၊ စာကလဲ ရလိုက်တာ၊ သူတို့က နည်းတာ မဟုတ်ဘူး။
အရေးကြုံတဲ့အခါလဲ သူတို့က ပြောတတ်, ဆိုတတ် ရှိတယ်ကွ၊ သူတို့တော့ဖြင့် ဆရာတင်မှပဲဆိုပြီး သကာလ ကိုယ်တိုင်သိဖို့တော့ မကြိုးစားဘဲနဲ့ ကိုစောင်တို့ လူစုတွေက တစ်ခါတည်း ရှေးကျကျ၊ စာတတ်ပေတတ် အပြောကောင်း, အဆိုကောင်းဂုဏ်ရှိသိန်ရှိ၊ ဒီလိုပါးစပ်တွေမှာ လမ်းဆုံးခဲ့ရတဲ့ ဥစ္စာဟာ မင်းတို့သည်ကား လို့ဆိုရင် သံသရာရှည်ဖို့ပဲ။ (မှန်ပါ့ ဘုရား)၊ သဘောကျပလား။ (ကျပါပြီ)။
တို့က မဝေဖန်တတ်ဘူးကွ၊ ဝေဖန်တတ်သူတွေပြောတာ နားထောင်ရလိမ့်မယ်တဲ့။ ဟော ဘယ်သူ့ပါးစပ်ပါ လိမ့်။ (သူများပါးစပ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူများပါးစပ် လမ်းဆုံးတဲ့ဘေးဟာ အကြီးဆုံး သောဘေးပဲ။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဘယ်ဘေးအကြီးဆုံးပါလိမ့်။ (သူများပါးစပ်လမ်းတဲ့ဘေးပါ ဘုရား)၊ ခင်ဗျားတို့က အရေးရှိ ဝိုင်းပြီး သကာလ ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ၊ သူများပါးစပ်လမ်းဆုံးပြီး သကာလ ကိုစောမောင် အိမ်မှာကို မှားနေလိုက်ဖြစ်ခြင်းဟာ မနည်းလှပါဘူး။ (မနည်းပါ ဘုရား)၊ ဘယ်သူက ဦးရေတိုင်ထူကွ၊ ဘယ်သူက ဘယ်ကြိုးကိုင်ကွဆိုတာတွေဟာလဲ ဘာထင် ကြသတုန်း။ (သူများပါးစပ်လမ်းဆုံးနေပါတယ် ဘုရား)၊ မောင်နိုင် သူများပါးစပ် လမ်းဆုံးနေတာ ဟုတ်မှဟုတ်ရဲ့လား။ (ဟုတ်ပါတယ် ဘုရား)၊ သဘောကျကြပလား။ (ကျပါပြီ ဘုရား)။
ပန်းချီများ လမ်းဆုံးနေတဲ့ ဥစ္စာများ
ဒကာ ဒကာမတို့ တချို့ကတော့လဲ ပန်းချီရေးကြတာနဲ့၊ ပန်းချီများ လမ်းဆုံးနေတဲ့ ဥစ္စာများ ဗြဟ္မာဆိုရင် အဖြူဝတ်၊ နတ်ဆိုရင် အဝါ, အနီ, အစိမ်းတွေဝတ် အစရှိသည်နဲ့ ဝတ်ပြီး သကာလ ပန်းချီဆရာမှာလည်း လမ်းဆုံးနေရ တဲ့ ဥစ္စာတွေဟာလဲ ပန်းချီဆရာ့အာဘော်၊ ပန်းချီဆရာလက်ရာမှာ လမ်းဆုံးပြီး သကာလ နတ်ဖြစ်ချင်, ဗြဟ္မာဖြစ်ချင် ကော ရှိ-မရှိ (ရှိပါတယ် ဘုရား)၊
ဒါလဲ ဘာပါလိမ့်။ (သူများပါးစပ် လမ်းဆုံးတာပါ ဘုရား)၊ သူများပါးစပ်လမ်းဆုံးတဲ့ ဘေးဟာ ဒကာ ဒကာမတို့ အတော်သင့်နေပါကလား။ (မှန်ပါ့ ဘုရား)၊ မသင့်ဘူးလား။ (သင့်ပါတယ် ဘုရား)။
အဲ့ဒါမျိုးတွေဟာ ဘာတုန်းလို့ မေးတဲ့အခါကျတော့မှ ဘုရားက မင်းတို့သစ္စာကို မသိတဲ့အတွက် သူများပါးစပ် လမ်းဆုံးနေတယ်တဲ့။ ပေါ်ပြီ။ (မှန်ပါ့)၊ ဘာမသိလို့ပါလိမ့်။ (သစ္စာသိလို့ပါ ဘုရား)။ ဘယ်မှာ လမ်းဆုံးသလဲ။ (သူများ ပါးစပ် လမ်းဆုံးနေပါတယ်)၊ နာလိုက်တဲ့ဖြစ်ခြင်း မောင်နိုင်။ (နာပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ စဉ်းစားစမ်း။ (နာပါတယ် ဘုရား)၊ နာတယ်ဆိုတာ သေသေချာချာ နာတာနော်။ (မှန်ပါ့)၊ သေသေချာချာနာတာ၊ တစ်တိုင်းပြည်လုံးတောင် မှောက်တာရှိပါတယ်။ မရှိဘူးလား။ သူများပါးစပ် လမ်းဆုံးလို့လေ။ (မှန်ပါ့)၊ နာရဒ ဇာတ်တော် လျှောက်ကြည့်ပါ၊ တစ်တိုင်းပြည်လုံး အကုန်သီလပျက်ပြီး သကာလ တစ်တိုင်းပြည်လုံးကို ချောက်ချားသွားတာပဲ။ (မှန်ပါ့)၊ ဘာလမ်းဆုံးသတုံး။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အဲဒီ သူများပါးစပ်လမ်းဆုံးတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်တိုင်သစ္စာမသိလို့။ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
သံသရာရှည်တဲ့ လက်သည်ဖြင့် ပေါ်ပြီ
ကိုင်း ဘယ်လောက်နာသတုန်း။ ခင်ဗျားတို့ သံသရာရှည်တဲ့ လက်သည်ဖြင့် ပေါ်ပါပြီ။ (ပေါ်ပါပြီ ဘုရား)၊ ကိုစံလှ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုပေါ်သတုန်း။ (သူများပါးစပ် လမ်းဆုံးလို့ပါ ဘုရား)။
စာအုပ်ကလေးတွေ ရိုက်ထုတ်ဝေကြ။ အဲဒါလဲ သူများပါးစပ်ပဲ။ (မှန်ပါ့)၊ ဘယ်စာအုပ်က ဘယ်လိုဆိုတာပဲ ဆိုပြီး သကာလ ငြင်းများ ငြင်းနေလိုက်ကြတာ၊ သတ်မယ် ဖြတ်မယ်များ ဖြစ်လိုက်ကြ၊ လူချင်းများ သင်းကွဲ သွားလိုက်ကြ သေးတယ်။ ဘာတုန်း ကိုစောမောင်ရ။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ သူများပါးစပ် လမ်းဆုံးတာနဲ့ ကိုယ့် မှာ ဒေါမနဿတွေဖြစ်လိုက်ရတဲ့ဖြစ်ခြင်း၊ နည်းသလား။ (မနည်းပါ ဘုရား)၊ ဒါ ဘာမသိလို့ သူများပါးစပ် လမ်းဆုံး တာပါလိမ့်။ (သစ္စာမသိလို့ပါ)။
အဲ့ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာမသိလို့ရှိရင် သူများပါးစပ်ချည့် လမ်းဆုံးမယ်ကွတဲ့။ (မှန်ပါ့)၊ သူများပါးစပ် လမ်းဆုံးခဲ့သော် အမေမိစ္ဆာဒိဋ္ဌိဖြစ်ခဲ့ရင် သားသမီး မိစ္ဆာဒိဋ္ဌိဖြစ်ရမယ်။ (မှန်ပါ့)၊
စာအုပ်က မိစ္ဆာဒိဋ္ဌိညွှန်းပြီး ပေါရဏက ရှေးကျကျ ထားခဲ့မယ်ဆိုလို့ရှိရင် ရှေးစာရယ်လို့ အားကိုးပြီး မိစ္ဆာဒိဋ္ဌိဖြစ်ရမယ်။ (မှန်ပါ့)၊ စာအုပ်က နတ်ပြည်၊ ဗြဟ္မာ့ပြည် ကောင်းတယ်လို့ ရေးထားပြန်လို့ ရှိရင်လည်း ဒီပုဂ္ဂိုလ်ဟာ နတ်ပြည်, ဗြဟ္မာ့ပြည်ပဲ လှည့်တော့မယ်၊ ဒီ့ထက်အကောင်းကို သူ ရှာပါ့မလား။ (မရှာပါ ဘုရား)၊ ဒါဟာ ဘာတုန်း။ (သူများပါးစပ် လမ်းဆုံးတာပါ ဘုရား)၊ ကိုစောမောင် ဘေးတကာ့ ဘေးထဲမှာ သူများပါးစပ်ဘေးဟာ အဆိုးဆုံး။ (မှန်ပါ့)။
သစ္စာကိုယ်တိုင်သိအောင် လုပ်လိုက်စမ်းပါ
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာကိုယ်တိုင်သိအောင် လုပ်လိုက်စမ်းပါလို့ ဟောတာကို ယနေ့ အရေးတကြီး ပြောပါတယ်။ (မှန်ပါ့)၊ သစ္စာကို ကိုယ်တိုင် အရေးတကြီးသိအောင် လုပ်လိုက်စမ်းပါ။
နို့မဟုတ် လို့ရှိရင်ဖြင့် ဘုန်းကြီးက ပြောတတ် ဆိုတတ်ရှိလို့ရှိရင်ဖြင့် ဥပမာ-ဘုန်းကြီးက မဟုတ်တာ ပြောနေပေမယ့် တို့ဆရာ ဒီလိုပြောတာပဲဆိုပြီး လမ်းဆုံးချင် ဆုံးနေကြမယ်။ (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌဓမ္မော-ဖြစ်အောင် လုပ်ပါတဲ့။ သဘောကျပလား။ (ကျပါပြီ)၊ သစ္စာသိဖို့ ဒိဋ္ဌဓမ္မော- ဖြစ်အောင်လုပ်ပါတဲ့။ ဒိဋ္ဌဓမ္မောဆိုတာ ကိုယ်တိုင်သိတဲ့ သဘောဖြစ်အောင် လုပ်ပါ။ (မှန်ပါ့)၊
ဒါကို မသိသေးသရွေ့ကာလပတ်လုံး သံသရာရှည်လိမ့်မယ် ဆိုတာလဲ ယနေ့ပေါ်လာတယ်။ (မှန်ပါ့)၊ ဘာဖြစ်လို့တုန်း ကိုစောမောင်။ (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိတော့ ဘယ်မှာလမ်းဆုံးသလဲ။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ သူများပါးစပ် လမ်းဆုံးရတယ်ဆိုတော့ ဒကာ ဒကာမတွေ မနာဘူးလား။ (နာပါတယ် ဘုရား)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးပြောမယ့်စကားဟာ သစ္စာသံယုတ်မှာ ဘုရားဟောတော်မူတဲ့ တရားဟာ တော်တော် တင်မကပါဘူး၊ အလွန့်အလွန် အရေးကြီးနေတယ်ဆိုတာ၊ နားကြီးကြီးနဲ့ ထောင်ပါဆိုတာကို သေသေချာချာတိုက်တွန်း တယ်။ (မှန်ပါ့)၊ တိုက်တွန်းသင့် မတိုက်တွန်းသင့် (တိုက်တွန်းသင့်ပါတယ် ဘုရား)။
စာအုပ်မှာ လမ်းဆုံးနေတယ်
ကောင်းပြီ၊ ဒါဖြင့် ကျောက်စာတွေက ဒီလိုရေးထားတာပဲ၊ ပေစာက ဒီလိုလာတယ်ဆိုတာတွေတောင် ဒကာ ဒကာမတို့ စာအုပ်မှာ လမ်းဆုံးနေတယ်၊ စာအုပ်ဟာ ပါးစပ်ကလာတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ဒါကော ကိုစောမောင် ဒါလောက်နဲ့ တင်းတိမ်နေမယ်ဆိုရင် သူများပါးစပ်တွေဆိုတာ သေချာပလား။ (သေချာပါပြီ ဘုရား)။
ဒါ့ကြောင့် ယနေ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ်တိုင် သိဖြစ်အောင်လုပ်ဖို့ ဟောလိမ့်မယ်။ (မှန်ပါ့)၊ ကိုယ်တိုင်သိဆိုရင်ဖြင့် မှားစရာရှိသေးသလား။ (မရှိပါ ဘုရား)၊ ကိုယ်တိုင်ဉာဏ်နဲ့ သိတဲ့အသိမျိုးကို ဟောမယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ မှားစရာ, တိမ်းစရာ, ချော်စရာ, ချွတ်စရာ လာပါ့မလား။ (မလာပါ ဘုရား)၊ ဒါဖြင့် ဪ ကံကောင်း တဲ့နေ့ပါလား၊ အထူးသဖြင့် မင်္ဂလာရှိတဲ့နေ့ပါကလားလို့ ယနေ့ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)။
အင်မတန် အရေးကြီးနေတယ်၊ ဒါ သွယ်ဝိုက်နေတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ အမှားတော်ပုံကို အစောကြီး ကလည်း ပြောခဲ့ပါပြီ။ ဘယ်စာအုပ်က ဘယ်လိုဆိုတယ်ဆိုပြီး ဒီစာအုပ်အတိုင်း လိုက်နေပြန်လို့ ရှိရင်လည်း သူထင်ရာ သူရေးထားတာတွေကလည်း တစ်ပုံကြီး။ မရှိပေဘူးလား။ (ရှိပါတယ် ဘုရား)၊
ဘာသာအယူဝါဒအမျိုးမျိုး၊ ပညာရပ် အမျိုးမျိုးဆိုသလို သူထင်ရာသူ စိတ်ကူးနဲ့ ရေးထားတာတွေ မရှိဘူးလား။ (ရှိပါတယ်)၊ အဲဒါတွေ လမ်းဆုံးပြီး ငြင်းခုံ ခိုက်ရန် ဖြစ်နေလိုက်တာတွေများ မနည်းပါဘူး။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊
ဒါဘယ်မှာ လမ်းဆုံးသတုံး။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ သေချာမလား။ (သေချာပါပြီ)။
ကိုယ်တိုင်သိ မဟုတ်လို့ ကွဲကြရတာ
သူများက တွေးဆပြီး အမျိုးမျိုးအဖုံဖုံကြည့်တဲ့ ပြီး သကာလ တို့က ဒါကြိုက်တယ်၊ တို့က ဒါမကြိုက်ဘူး၊ အစရှိသည်နဲ့ သုံးပက္ခများ၊ လေးပက္ခများ တစ်ခါတည်း ကွဲသွားလိုက်တာတွေ ဒကာ ဒကာမတို့ ကိုယ်တိုင်သိတာ မဟုတ်လို့ ကွဲကြရတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
ဘာကြောင့်ပါလိမ့်။ (ကိုယ်တိုင်သိမဟုတ်လို့ပါ ဘုရား)၊ ကိုယ်တိုင်သိ မဟုတ်လို့ ကွဲကြရတာ၊ ကိုယ်တိုင်သိဖြစ် ခဲ့သော် ကြည့်ကြပါ ဒကာ ဒကာမတွေ၊ ဓမ္မစကြာပါဠိတော် ရထားတဲ့ ပုဂ္ဂိုလ်တွေ၊ ကြားဖူးတဲ့ပုဂ္ဂိုလ်တွေကျတော့ ဘုရားက ကောဏ္ဍညသည် ဒိဋ္ဌဓမ္မောဖြစ်သွားပြီတဲ့။ (မှန်ပါ့)၊ ဟော ကိုယ်တိုင်သိဖြစ်သွားပြီတဲ့။ (မှန်ပါ့)၊
ပတ္တဓမ္မောတဲ့၊ သူ့သန္တာန်မှာ သစ္စာသိတဲ့သဘော ရောက်သွားပြီတဲ့။ (မှန်ပါ့)၊ ဝိဒိတဓမ္မော- ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပြီတဲ့။ (မှန်ပါ့)၊ အဲဒီကျတော့မှ ဒကာ ဒကာမတွေ သစ္စာသိမှ သစ္စာသိတဲ့ အကြောင်းကို ဘုရားကိုယ်တော်တိုင်က ဖော်ပြီး မပြောဘူးလား။ (ပြောပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ သူများပါးစပ်လမ်းဆုံးမှုသည် ကိုယ်တိုင်သိမရောက်လို့ သံသရာရှည်ရတာ။ (မှန်ပါ့)၊ ကိုစောမောင် အရေးတကြီးမှတ်ပါ။ (မှန်ပါ့)၊ ကိုစံလှရော (မှတ်ရပါမယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ (မှတ် ရပါမယ် ဘုရား)၊ ဘယ်လိုမှတ်ရမယ်။ (အရေးတကြီး မှတ်ရပါမယ်)၊ အရေတကြီး မှတ်စမ်းပါ။
ဘယ့်နှယ်ကြောင့် ဒါလောက် တောင်ပဲ တိုက်တွန်းနေရပါလိမ့်မတုံးဆိုတော့ ကရုဏာပိုလို့၊ ဒါတရားစစ် တရားမှန်ကို ပြောမလို့၊ အားလုံး ဒကာ ဒကာမတွေကို ဒါလောက် ကရုဏာရှေ့ထားပြီး သကာလ ကိုစောမောင် ဆုံးဖြတ်ချက်ချပေးနေလို့။ (မှန်ပါ့)၊ သဘောပါကြ ပလား။ (ပါ,ပါပြီ ဘုရား)။
ကိုယ်တိုင်သိ မရောက်သေးသရွေ့ ကာလပတ်လုံး ဘယ်မှာလမ်းဆုံးသလဲ။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ သူများပါးစပ် လမ်းဆုံးတိုင်း ခုနင်က ပြောခဲ့တဲ့ အိုကောင်၊ နာကောင်၊ သေကောင်ကြီးနဲ့ သံသရာလည်ပါ။ (မှန်ပါ့)။
သေကောင်ကြီးနဲ့ သံသရာလည်ရပါမယ်
ဘာတဲ့တုန်း။ (အိုကောင်၊ နာကောင်၊ သေကောင်ကြီးနဲ့ သံသရာလည်ရပါမယ်)၊ အဲဒီလို လမ်းဆုံးတာ ဒကာ ဒကာမတို့ အကြိမ်ပေါင်း ဘယ်လောက်ရှိပလဲ။ (မရေတွက်နိုင်ပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် လည်ရပါလိမ့်။ (သူများပါးစပ် လမ်းဆုံးလို့ပါ ဘုရား)၊ သူများပါးစပ် လမ်းဆုံးလို့ဆိုတာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ဘုန်းကြီးတို့ ဒကာ ဒကာမတွေကိုယ်တိုင် သိသဘောကို ပြလိမ့်မယ်။ (မှန်ပါ့)၊ ကိုယ်တိုင် သိဆို တော့ မှားစရာရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊
ကိုယ်တိုင်သိဆိုတာ ဒီနေရာမှာ ဉာဏ်နဲ့ ကိုယ်တိုင်လို့ မှတ်လိုက်စမ်းပါ။ (မှန်ပါ့)။ ဘယ်လိုမှတ်ကြမယ်။ (ဉာဏ်နဲ့ ကိုယ်တိုင်သိရမှာပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ကိုယ်တိုင်သိကို ဒကာ ဒကာမတွေ ယနေ့ ဘုရားဟောတော်မူတဲ့အတိုင်း ရှင်းပြရမယ် ဆိုတော့ သစ္စာသံယုတ်မှာ လာတာကို ဘုန်းကြီးရှင်းပြပါဦးမယ်။
သူများပါးစပ်လမ်းဆုံးတဲ့ဥစ္စာဟာ ဒကာ ဒကာမတို့ ဂွမ်းပုံကို ယုံနေကြတာပဲ၊ ကျုပ်တို့ မိုးကုတ်က ဒကာ ဒကာမတွေ။ (မှန်ပါ့)၊ ဂွမ်းကလေးကို တစ်ခါတည်း နည်းနည်းယူတာပေါ့၊ ကိုစောမောင်တို့၊ မောင်နိုင်တို့ကနော်။ (မှန်ပါ့)၊
ဂွမ်းမှာ ဘာမှ စွမ်းရည်သတ္တိမရှိ
ဒီစားပွဲပေါ်မှာတင်ပါ၊ ဒကာ ဒကာမတို့ ဂွမ်းကလေးကို တင်ထားပါ။ တောင်လေလာရင် မြောက် သွားလိမ့်မယ်၊ ဂွမ်းသဘောလား၊ လေသဘောလား။ (လေသဘောပါ ဘုရား)၊ မြောက်လေလာရင် (တောင်သွားမှာပါ ဘုရား)၊ ဂွမ်း သဘောလား၊ လေသဘောလား။ (လေသဘောပါ ဘုရား)၊ ဪ ဂွမ်းမှာ ဘာမှ စွမ်းရည်သတ္တိမရှိပါကလား။ (မှန်ပါ့)။
ခင်ဗျားတို့ ခန္ဓာကိုယ်ဟာလဲ ဂွမ်းပါပဲ၊ ဟိုကနှုတ်ကောင်း ပြည်စိုးလုပ်ပြီး သကာလ စာအုပ်က လာလိုက် ပြန်လဲ အဲဒီစာအုပ်မှတ်တဲ့အတိုင်း လွင့်သွားတာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဟိုဆရာက ဂုဏ်သရေ ရှိက လာပြီး သကာလ ဩဇာတိက္ကမနဲ့ တန်ခိုးကလေးပြပြီး သကာလ လုပ်လိုက်မယ် ဆိုလို့ရှိရင်လဲ သူပြောတာ ဟုတ်ထင် ပါရဲ့ဆိုပြီး ဒကာ ဒကာမတို့ ဝါဂွမ်းဖြစ်ပြီး လွင့်ပြန်တာပဲ။ (မှန်ပါ့)၊ သူ့နောက် လိုက်မသွားဘူးလား။ (လိုက်သွားပါတယ် ဘုရား)၊ သူ့ဩဇာမခံဘူးလား။ (ခံပါတယ် ဘုရား)။
ကိုယ်ကိုယ်တိုင်က ဝါဂွမ်းဖြစ်နေလို့
အဲဒါကြောင့် ဒကာ ဒကာမတွေ အမျိုးမျိုးအဖုံဖုံ ကိုးကွယ်မှုများပြားနေတာတွေလဲ ရိပ်မိကြပလား။ (ရိပ်မိ ပါပြီ ဘုရား)၊ ကိုးကွယ်မှုများပြားတာ ဒကာ ဒကာမတို့ ကိုယ်ကိုယ်တိုင်က ဝါဂွမ်းဖြစ်နေလို့။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
တချို့က နတ်ကိုးကွယ်တယ်။ တချို့ကလဲ ဘာကိုးကွယ်၊ တောင်ပို့ကိုးကွယ်တယ်၊ အမျိုးမျိုးအဖုံဖုံပေါ့ဗျာ။ (မှန်ပါ့)၊ အဲဒီကိုးကွယ်မှုတွေလဲ အမျိုးမျိုးအဖုံဖုံ၊ သူများပါးစပ်မှာ လမ်းဆုံးပြီး သကာလ ကိုယ်က ဝါဂွမ်းဖြစ်နေတော့ ကိုယ့်သဘောကို ပါသေးရဲ့လား။ (မပါ-ပါ ဘုရား)၊
သူများပါးစပ်က လေနဲ့ပြောတဲ့ လေသဘောကို လိုက်နေတယ်။ (မှန်ပါ့)၊ ရိပ်မိကြပလား။ (ရိပ်မိပါပြီ)။ ဘယ်သဘောလိုက်နောကသတုန်း။ (လေသဘောကို လိုက်နေကြပါတယ်)၊ လေသဘောကို လိုက်နေတော့ ကျုပ်တို့က ဘာဖြစ်နေသတုန်း။ (ဝါဂွမ်းဖြစ်နေရပါတယ်)၊
ဝါဂွမ်းဖြစ်နေတော့ တောင်လေ လာရင် မြောက်သွားမယ်၊ မြောက်လေလာရင် (တောင်သွားပါတယ် ဘုရား)။ (မှန်ပါ့)၊ ကိုယ့်သဘောပါသေးရဲ့လား။ (မပါ-ပါ ဘုရား)၊
အဲ သူများပါးစပ် ဘေးသင့်တာ ကိုယ်ဝါဂွမ်းဖြစ်တာပဲ။ (မှန်ပါ့)၊ တစ်ခါတလေ အပါယ်လေးပါးများ အထက်လေက တိုက်ချလိုက်တော့ ဝါဂွမ်းဟာ အောက်ရောက်တယ်၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ အပါယ် လေးပါးများ ခန္ဓာကိုယ်ကြီးရောက်သွားလိုက်သေးတယ်။ မရောက်ဘူးလား။ (ရောက်ပါတယ် ဘုရား)၊ အောက်လေကများ ပင့်တင်လိုက်တဲ့အခါ ဝါဂွမ်းကလေးဟာ ဘယ့်နှယ်နေပါလိမ့်။ (အထက်ရောက်ပါတယ် ဘုရား)၊ အပေါ်တက်သွားတယ်။
တစ်ခါတလေ နတ်ပြည်ရောက်ကြောင်း ဆရာကောင်းတွေနဲ့ တွေ့ပြီဆိုမှဖြင့် နတ်ပြည်များ တက်သွားလိုက်သေးတယ်၊ ဟိုကျတော့ အိုပွဲ, နာပွဲပဲ ခင်းခဲ့ရတယ်။ (မှန်ပါ့)။
ဟိုရောက်လဲ ဘာများခင်းရသတုန်း။ (အိုပွဲ, နာပွဲ, သေပွဲပဲ ခင်းရပါတယ် ဘုရား)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
သံသရာရှည်တာသည် ဝါဂွမ်းပမာ နေခဲ့ရလို့
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သံသရာရှည်တာသည် ဝါဂွမ်းပမာ နေခဲ့ရလို့ပါပဲလို့ သစ္စာသံယုတ် မှာ သေသေချာချာ ဟောတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးလဲ စိတ်ပါလက်ပါ ဒကာ ဒကာမတွေကို ချီးမြှောက်နေတာပဲ၊ ခင်ဗျားတို့လဲ ကိုယ်တိုင်သိဖြစ်အောင် မလုပ်သရွေ့ ကာလပတ်လုံး ဝါဂွမ်းဖြစ်လိမ့်မယ်ဆိုတာသာ မှတ်ပေတော့။ (မှန်ပါ့)၊
အောက်လေလာ အထက်နော်။ (မှန်ပါ့)၊ ဝါဂွမ်းဟာ အထက်မသွားဘူးလား။ (သွားပါတယ် ဘုရား)၊ အထက်လေလာရင် (အောက်သွားပါတယ် ဘုရား)၊ ဘေးလေတွေလာရင် (တောင်သွားပါတယ်)၊ တောင်လေလာမြောက်, မြောက်လေလာရင် တောင်ပေါ့ဗျာ။ (မှန်ပါ့)၊ အရှေ့လေလာရင် အနောက်, အနောက်လေလာရင် အရှေ့ဆိုတော့ ဘုံဘဝတွေမှာ မရောက်ဘူးတဲ့နေရာမရှိဘူး။ (မှန်ပါ့)၊ သုဒ္ဓါဝါသ ငါးဘုံက ချန်လှပ်ပြီး ကျန်ဘုံတွေမှာ အိုပွဲ, နာပွဲ, သေပွဲခင်းရတာ၊ သူများပါးစပ်တည်းဟူသော လေမှုတ်တာနဲ့ပဲ ဒကာ ဒကာမတို့၊ ကျုပ်တို့မှာ ကိုယ်ကျိုးချည့်နည်းရတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ကိုယ်ကျိုးနည်းခဲ့တာ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)၊ ဘာပါလိမ့်ဗျာ။ (သူများပါးစပ်လမ်းဆုံးခဲ့လို့ပါ ဘုရား)၊ သူများပါးစပ်ဆိုတာ ကိုစောမောင် လေသံတွေ မဟုတ်လား၊ (မှန်ပါ့)၊ အဲဒီလေမှုတ်လိုက်တာနဲ့ပဲ ကျုပ်တို့က ကိုယ်တိုင် သိမရှိတဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတွေ ဝါဂွမ်းသဘောဖြစ်မနေဘူးလား။ (ဖြစ်နေပါတယ် ဘုရား)။
ဝါဂွမ်းက ကျောက်တိုင်ဖြစ်အောင် လုပ်တော့မှာ
ဪ ဒီတစ်ခါဖြင့် ဆရာဘုန်းကြီးကလဲ တို့ကို ဝါဂွမ်းက ကျောက်တိုင်ဖြစ်အောင် လုပ်တော့မှာ။ (မှန်ပါ့)၊ ဘယ်လိုတိုက်တဲ့လေဖြစ်ဖြစ် တို့မရွေ့တော့ဘူး၊ မစောင်းတော့ဘူး၊ တစ်ခါတည်း နိစ္စနိဗ္ဗာန်ဆိုတဲ့ ကျောက်တိုင်ဖြစ်အောင် လာကယ်တင်တော့တယ်ဆိုတာ ခင်ဗျားတို့ သေသေချာချာမှတ်ပြုထားပါ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
နောက်က ကိုယ့်အနေကဖြင့် ဝါဂွမ်းအခြေအနေဆိုတာ ဒကာ ဒကာမတို့ သဘောကျပလား။ (ကျပါပြီ)၊ တစ်ခါတလေများ ဝါဂွမ်းလေတိုက်လိုက်တာ နွားကျင်ကြီးပုံများ သွားငြိနေတယ်။ (မှန်ပါ့)၊ လူကျင်ကြီးပုံကော။ (ငြိပါတယ် ဘုရား)၊
အဲဒီမှာ ပိုးလောက်တွေဖြစ်ရတာပဲ ကိုစောမောင်ရေ။ (မှန်ပါ့)၊ တစ်ခါတလေ တောင်ပို့ထဲများ အပေါ်လေကနေ ပြီး မှုတ်ပြီးသွင်းလိုက်လို့ ဟိုထဲမှာ ပလူတွေ၊ ခြတွေများ ဖြစ်လိုက်ရတာတွေကော (ရှိပါတယ် ဘုရား)၊ ဒါဖြင့် ကိုယ့်ခန္ဓာ ကိုယ်ဟာ ဝါဂွမ်းသဘောဆိုတဲ့ ဥစ္စာဖြင့် ကိုယ်တိုင်သိ မရသေးဘူးလို့ပဲ မဆိုနိုင်ဘူးလား။ (ဆိုနိုင်ပါတယ်)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ သာမညအရေးကြီးလို့ ပြောနေတာ မဟုတ်ပါလား၊ တို့ဖြစ်စဉ်ကဖြင့် သူများပါးစပ် လမ်းဆုံးလို့ သုံးဆယ့်တစ်ဘုံထဲမှာဖြင့် သုဒ္ဓါဝါသချန်လှပ်၍ ကျန်တဲ့ဘုံတွေ မရောက်ဘူးတဲ့၊ ဘုံကို မရှိဘူး၊ ရောက်ခဲ့ပြန် လို့ရှိရင်လဲ အဲဒီက သေပြီးမှ ဒီကို လာခဲ့ကြတာပဲ ဆိုတာလဲ ငြင်းဖို့ မလိုပါဘူး။ (မလိုပါ ဘုရား)။
ဒါဖြင့် ဘယ်ဘုံမှ သေပွဲမခင်းဘူးသေးတဲ့ဘုံ ရှိပါသေးသလဲလို့ အမေးထုတ်ရင် သုဒ္ဓါဝါသ ငါးဘုံချန်ပြီး ကိုစောမောင်ရေ ကျန်တဲ့ဘုံတွေများဖြင့် အကုန် ကျုပ်တို့ခြေရာချည်းပဲ။ အလောင်းမြှပ်ခဲ့တာချည်းပဲ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဘယ့်နှယ်ကြောင့် ဒါလောက်အဖြစ်ဆိုးကြီး ကြုံခဲ့ရပါလိမ့်။ (ဝါဂွမ်းဖြစ်ခဲ့လို့ပါ ဘုရား)၊ သူများပါးစပ် လမ်းဆုံးတာနော်။ (မှန်ပါ့)၊
ဘာကြောက်စရာ အကောင်းဆုံးတုန်း
ဒါဖြင့် ဘာကြောက်စရာ အကောင်းဆုံးတုန်း။ (သူများပါးစပ် လမ်းဆုံးတာ ကြောက်စရာအကောင်းဆုံးပါ ဘုရား)၊ ဒါဖြင့် ဘယ်ဟာကို အရယူရမှာတုန်းလို့ မေးလို့ရှိရင် ကိုယ်တိုင်သိ အရယူရပါလိမ့်မယ်။ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာအရ ယူရမှာတုန်း။ (မှန်ပါ့)၊ (ကိုယ်တိုင်သိ အရယူရမှာပါ ဘုရား)၊ သစ္စာကို ကိုယ်တိုင် သိရင် ကျောက်တိုင်ဖြစ်ပြီလို့ မှတ်ကြပါ။ (မှန်ပါ့)၊ သစ္စာကိုယ်တိုင်မသိသေးလို့ရှိရင် ဝါဂွမ်းလို့ ဟောတယ်။ (မှန်ပါ့)၊ ရှင်းကြပလား။ (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်အရေးကြီးပေါ့။ (မှန်ပါ့)၊ ကိုစံလှ ဘယ်နှယ့်ထင်ကြသတုန်း။ (အရေးကြီး ပါတယ် ဘုရား)၊ ဒီ့ထက်ကြီးတာ ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ဝါဂွမ်းဘဝ မသိမ်းချင်သေးဘူးလား။ (သိမ်းချင်ပါပြီ ဘုရား)၊ တစ်ခါတစ်လေများ ခင်ဗျားတို့ ကျွဲချေးပုံထဲသွားပြီး တီ-တုတ်များ ဖြစ်ရတာ ဒကာ ဒကာမတို့ ရိပ်မိကြပလား။ (ရိပ်မိပါပြီ) အထက်လေကနေပြီး အောက်ကို မှုတ်ချလိုက်တာနဲ့ ကိုစောမောင်ဖြစ်ချင်သလို မဖြစ်ရဘူးလား။ (ဖြစ်ရပါတယ် ဘုရား)။
တစ်ခါတစ်လေများ ရေထဲမှာ ငါးတွေဖြစ်ရတာသည် ဒကာ ဒကာမတို့ ဖြစ်ချင်လို့ ဖြစ်ရတာလား၊ သူများပါးစပ် လမ်းဆုံးလို့လား။ (သူများပါးစပ် လမ်းဆုံးလို့ပါ ဘုရား)၊ ဘယ်လောက်များ ကြောက်စရာကောင်းသတုန်း။ (ကောင်းပါ တယ် ဘုရား)။
မျက်ရည်သမုဒ္ဒရာလေးစင်း ရေလောက်များတယ်
ဒါဖြင့် ကျုပ်တို့ မဖြစ်ဘူးတဲ့ နေရာဌာနမရှိ၊ မနေဘူးတဲ့ နေရာဌာနမရှိ၊ မငိုဘူးတဲ့ မျက်ရည်ရယ်လို့ မရှိဘူး၊ သမုဒ္ဒရာလေးစင်း ရေလောက်များတယ်ဆိုတာများ ကိုစောမောင်ရေ သူများပါးစပ်လမ်းဆုံးတဲ့ ဒဏ်ချက်သင့်တာ။ (မှန်ပါ့)၊ ပေါ်ကြပလား။ (ပေါ်ပါပြီ ဘုရား)။
အခုထက်တိုင်တိုင် ခင်ဗျားတို့အလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်မှာ ခန္ဓာကိုယ်ကြည့်ပြီး တရားအလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာတို့ ပါးစပ်မှာ လမ်းဆုံးတုန်းပဲလို့ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)၊
ဘယ်လိုဆိုကြမလဲ။ (ပါးစပ်မှာ လမ်းဆုံးတုန်းပါ ဘုရား)၊ သူများပါးစပ်နော် ကိုစောမောင်။ (မှန်ပါ့)၊ ကိုယ်တိုင် အလုပ်မလုပ်သေးလို့ ကိုယ့်ခန္ဓာထဲမှာ ဖြစ်ပြီးပျက်နေတဲ့ ဒုက္ခသစ္စာကလေး မဖြစ်သေးသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ သူများပါးစပ်ထဲ လမ်းဆုံးလိမ့်ဦးမယ်လို့ မှတ်ပါ။ (မှန်ပါ့)၊ အဲဒီအချက်မြင်ပြီးလို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ မပူနဲ့တော့၊ နိဗ္ဗာန်ဆိုတဲ့ ကျောက်တိုင်ကြီးဟာ ဖြစ်ပါပြီတဲ့၊ ဘယ်မှမရွေ့၊ ဘယ်မှမစောင်း၊ ဘယ်တော့မှ မဆင်းရဲ၊ ချမ်းသာနဲ့ အမြဲပဲဆိုတဲ့ ကျောက်တိုင် သဘောပဲဖြစ်ပါတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ကိုစံလှ အရေးတကာ့ အရေးထဲမှာဖြင့် အကြီးဆုံးအရေးတွေပေါ့။ (တွေ့ပါပြီ ဘုရား)၊ ဘာရှောင်ရသလဲ။ (သူများပါးစပ်ရှောင်ရပါမယ်)၊ ဘာကို အရထားရမလဲ။ (ကျောက်တိုင်ဖြစ်အောင် ထားရပါတယ်)၊ ကျောက်တိုင်နဲ့တူ အောင် ကိုယ့်ခန္ဓာကို ကိုယ်တိုင်သိဖြစ်အောင်လုပ်။ (မှန်ပါ့)။
အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဪ ဒီတရားမျိုးဟာ တော်တော်ရှားပါကလား။ တကယ့်နေရာကနေပြီး ဘုရားဟောကို ယူ၍ တကယ်ဟောနေပါကလားဆိုတာ လေးလေးနက်နက် မှတ်စမ်းပါ။ (မှန်ပါ့)၊ မှတ်ထိုက်-မမှတ်ထိုက် (မှတ်ထိုက်ပါတယ် ဘုရား)၊ ဘယ်ဘေးအကြီးဆုံးလဲ။ (သူများပါးစပ် လမ်းဆုံးတဲ့ဘေး အကြီးဆုံးပါ ဘုရား)။
သံသရာမှာ ကျုပ်တို့သည်ကားလို့ဆိုရင် ဘုရားနဲ့တွေ့တောင် ရန်ဖြစ်နိုင်တာ ကိုစောမောင် စဉ်းစားပါ။ (မှန်ပါ့)၊ ဘာဘေးသင့်သတုန်း။ (သူများပါးစပ်ဘေးသင့်တာပါ ဘုရား)၊ တိတ္တိဆရာကြီးပါးစပ်က ကျင့်နေတော့ သူများပါးစပ်ဘေးသင့်နေလို့ ဘုရားတောင် ရန်ဖြစ်တယ်။ (မှန်ပါ့)၊ ဖြစ်နိုင်-မဖြစ်နိုင်။ (ဖြစ်နိုင်ပါတယ် ဘုရား)။
ဒီတစ်ခါ အမိဖမ်းပါတော့
ဒကာ ဒကာမတွေ ဒီတစ်ခါ အမိဖမ်းချင်ဖမ်းပါတော့၊ မဖမ်းလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဝါဂွမ်းဘဝကဖြင့် လွတ်ရေးကျွတ်ရေး မမြင်သေးဆိုတာ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)၊ သေသေချာချာ အရေးကြီးပြီကော (ကြီးပါပြီ ဘုရား)၊ မကြီးသေးဘူးလား။ (ကြီးပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ သာမညဆရာနဲ့ တွေ့လို့ရှိရင်လဲ သာမညပဲ ခင်ဗျားတို့ဆုံးမှာပဲ၊ ဝိသေသဆရာနဲ့ တွေ့ရင်လည်း ဝိသေသဆုံးမှာပဲ။ ကိုယ်တိုင်သိလောက်တော့ဖြင့် ဘယ်ဟာမှ မကောင်းဘူးလို့ ဆုံးဖြတ်ချက်ချ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ဘုရားဖြစ်လာတာသည် သစ္စာ လေးပါး ကိုယ်တိုင်သိလို့ ဘုရားဖြစ်တာ။ (မှန်ပါ့)၊ ဘယ်သူ သောတာပန်တည် ဆိုတာကော (သစ္စာလေးပါး ကိုယ်တိုင် သိလို့ပါ)၊ သူများပြောနဲ့ သိနေတာလား၊ ကိုယ်တိုင်သိတာလား။ (ကိုယ်တိုင်သိပါ ဘုရား)။
ဒါဖြင့် မအိုမသေတဲ့ နိဗ္ဗာန်ကြီး ရောက်ချင်ကြတဲ့ ပုဂ္ဂိုလ်မှန်ခဲ့သော် ဝါ ဒုက္ခမျိုးစုံ အကုန်လွတ်ကင်းချင် ကြသော ပုဂ္ဂိုလ်မှန်ခဲ့သော်-ကိုယ်တိုင်သိဖြစ်အောင် ကြိုးစားပါ။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ)။
ဘာကြိုးစားရမလဲ။ (ကိုယ်တိုင်သိဖြစ်အောင် ကြိုးစားရပါမယ်)၊ ကိုယ်တိုင်သိဖြစ်အောင် ကြိုးစားလို့ ရှိရင်ဖြင့် အောက်မှာ ယူဇနာငါးဆယ်လောက်ရှိတဲ့ တွင်းကြီးတူးပြီး သကာလ အထက်မှာ ယူဇနာငါးဆယ် အမြင့်ရှိတဲ့ ကျောက် တိုင်ကြီးကို ကိုစောမောင် မြှပ်ပါ။
ဘယ်လိုလေလာလာ ကြောက်စရာ ရှိသေးလား။ (မရှိတော့ပါ ဘုရား) အဲဒီအခြေအနေ ရောက်အောင် ခင်ဗျားတို့ ကိုယ်တိုင်သိရောက်မှပဲ ဒကာ ဒကာမတို့ စိတ်ချရတော့မယ်ဆိုပြီး ဆရာဘုန်းကြီးက ကိုယ့်ခန္ဓာကို ကြည့်စမ်းပါကွ မဟောဘူးလား။ (ဟောပါတယ် ဘုရား)။
ဘာတွေများရှိသလဲလို့ ကြည့်စမ်းပါ
ဘာတွေများရှိသလဲလို့ ကြည့်စမ်းပါဆိုတော့ ဒကာ ဒကာမတွေမှာ နေ့တိုင်း သင်ပြဟောကြားနေတော့ ဪ ဘယ်စိတ်ကလေး ဖြစ်ပျက်ဆိုလဲ ရှာမတွေ့ဘူး။ (မှန်ပါ့)၊ တော်တော်ရှာကြည့်၊ ကိုယ့်စိတ်ကလေးကိုယ်။ (မရှိတော့ ပါ ဘုရား)၊ ကိုယ့်ရုပ်ကလေးတွေ ကြည့်လိုက်ပြန်တော့လဲ ဟိုရုပ်ကလေး ရှာတွေ့ကြသေးသလား။ (မတွေ့ပါ ဘုရား)၊ ငယ်ရုပ်ကလေးတွေ။ (မတွေ့ပါ ဘုရား)၊
ကိုယ့်ခန္ဓာ ကြည့်လိုက်ပြန်တော့လည်း ခဏ ခဏ ပြောင်းလဲ ပျက်စီးနေတာတွေပဲ တွေ့ရတော့ ဒီခန္ဓာတွေဟာ ပြောင်းလဲပျက်စီးနေတဲ့ ဒုက္ခသစ္စာတွေပါလား။ (မှန်ပါ့)၊ ဒုက္ခရောက်နေတာမို့ ဒကာ ဒကာမတွေ အကောင်းတွေပြုတ်၊ အဆိုးတွေ ကျန်ရစ်တယ်ဆိုတာ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ကိုယ်တိုင် သိလိုက်တဲ့အခါကျတော့ ခန္ဓာရလို့ရှိရင်ဖြင့် ဒုက္ခရမှာပဲ။ (မှန်ပါ့)၊
ဒါကျတော့ ကိုယ်တိုင်သိတာ။ (မှန်ပါ့)၊ ခန္ဓာရရင် (ဒုက္ခရမှာပါ)၊ ခန္ဓာဟာ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ)၊ ခန္ဓာရရင် ဒုက္ခရမယ်လို့ ကိုယ်တိုင် ဒကာ ဒကာမတွေက အပျက်ကလေးတွေကြည့်ပြီး သကာလ ဪ အပျက်ကလေး တွေဟာ ဒုက္ခရောက်နေတဲ့ အပျက်ကလေးတွေ ပျက်တယ်ဆိုတာ ဒုက္ခရောက်တာပဲ။ (မှန်ပါ့)၊ အဲဒါကလေး သိလိုက်တဲ့ အခါကျတော့ ကိုယ့်ဉာဏ်ကလေးနဲ့ကိုယ် သိလိုက်တော့ ကိုယ့်ဉာဏ်က မဂ်ဉာဏ်လာဖြစ်တယ်။ (မှန်ပါ့)၊ မဖြစ်လာဘူး လား။ (ဖြစ်လာပါတယ် ဘုရား)။
မဂ်ဉာဏ်ကလေးနဲ့ ကိုယ်တိုင်သိကလေး
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ကလေးနဲ့ ကိုယ်တိုင်သိကလေး ခန္ဓာကိုယ်ကြည့်လိုက်တဲ့အခါမှာ ခဏခဏ ပျက်စီးပြီး သကာလ နေတာ ကြမ်းကြမ်းတွေ့မယ်ဆိုတော့ ခဏခဏအို, ခဏခဏနာ, ခဏခဏသေလဲ ကိုစောမောင် သစ္စာကြမ်းကတော့ ရပါတယ်။ (မှန်ပါ့)၊
သစ္စာကို ကိုယ်တိုင်သိ တကယ်သိလာတော့ဖြင့် ကိုယ့်သန္တာန် ခဏခဏပေါ်နေ တဲ့ စိတ်ကလေး, ဝေဒနာကလေး တစ်ခုခုကိုပေါ့ဗျာ ကြိုက်တာရှုပါ။ (မှန်ပါ့)၊ အဲဒီဖြစ်ပျက်ကလေးမြင်တော့မှ ဪ ကိုယ့်ခန္ဓာအကောင်းလား မှတ်တယ်၊ အသေရထားတာကိုး။ (မှန်ပါ့)၊ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ကိုယ့်အသေကို ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ကိုယ့်ဒုက္ခ ကိုယ်မြင်တယ်။ (မှန်ပါ့)။
ဒါဖြင့် ဘယ်သူက လူ့ဘဝကောင်းတယ် ဟောဟော ကိုစောမောင်က မှားနိုင်မလား။ (မမှားနိုင်ပါ ဘုရား)၊ ဘာကြောင့် မမှားပါလိမ့်မတုန်း ဆိုတော့ ကိုယ်တိုင်သိရလို့။ (မှန်ပါ့)၊ ကိုယ်တိုင်ခန္ဓာရလို့ ရှိရင်ဖြင့် ဖြစ်ပျက်နေတဲ့ ဒုက္ခသစ္စာမှတစ်ပါး ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာ ဘာမှမရှိဘူး။ (မှန်ပါ့)၊
ဒီတော့ နတ်ပြည်ကောင်းတယ်လို့ သူများက ပြောလိုက်ပြန်ပြီဆိုရင်လည်း တော်ပြီ၊ ဒီခန္ဓာရရင်လည်း ခန္ဓာ ဟူသည်ဒုက္ခသစ္စာ။ (မှန်ပါ့)၊ ဒီလိုဆိုတော့ နတ်ပြည်ပဲ အသေသွားချင်သေးသလား။ (မသွားချင်ပါ ဘုရား)၊ ဗြဟ္မာ့ပြည် လည်း အသေသွားချင်သေးသလား။ (မသွားချင်ပါ ဘုရား)၊
စကြဝတေးခန္ဓာဖြစ်ပြီး မသာကြီးချ ဖြစ်ချင်သေးသလား။ (မဖြစ်ချင်ပါ ဘုရား)၊ ဘာဖြစ်လို့ပါလိမ့်။ ဘာပြစ်လို့ပါလိမ့်၊ ဒါလောက် သူက ရဲတင်းသွားတာ။ (ဒုက္ခဆိုတာ ကိုယ်တိုင် သိလို့ပါ ဘုရား)၊ ရှင်းသွားပြီ ဒကာ ဒကာမတို့ ကိုယ့်ဖြစ်ပျက် ဒုက္ခသစ္စာကို ကိုယ်တိုင်သိလိုက်တယ်။ (မှန်ပါ့)၊ ရှင်းပ လား။ (ရှင်းပါပြီ ဘုရား)။
လိုချင်ရင် ဟိုမှာ မသာချရတော့မှာပဲ
ကိုယ်တိုင်သိလိုက်တော့ ဥပမာ-ဘယ်သူကဖွဲ့နွဲ့ပြီး သကာလ နတ်ပြည်ကောင်းတယ်၊ ဗြဟ္မာ့ပြည်ကောင်းတယ်၊ ရတုရကန်ဆရာတွေဆိုဆို ကိုစောမောင် ကိုယ်တိုင်သိထားတဲ့ ပုဂ္ဂိုလ်ကျတော့ မလိုချင်ဘူးလား လာမလား မလာမပေ ဘူးလား။ (လာပါမယ် ဘုရား)၊ ကိုယ်တိုင်သိ မရှိသေးတဲ့ ပုဂ္ဂိုလ်ကတော့ (လိုချင်မှာပါ ဘုရား)၊ လိုချင်ရင် ဟိုမှာ မသာချရတော့မှာပဲ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)၊
ဒါဖြင့် ဒကာ ဒကာမတို့ သူများပါးစပ် လမ်းဆုံးနဲ့ ကိုယ်တိုင်သိလို့ ဘယ်ဟာကို ကျုပ်တို့သည် အဓိက ထားရသတုန်း။ (ကိုယ်တိုင်သိလို့ အဓိကထားရပါတယ် ဘုရား)။
ဒါကြောင့် ဝိပဿနာ မလုပ်သေးတဲ့ ပုဂ္ဂိုလ်ဟူသည် ဒကာ ဒကာမတို့ သူများပါးစပ် လမ်းဆုံးပြီး ခင်ဗျားတို့ ဝါဂွမ်းသဘောပါပဲ။ ကျင်ကြီးပုံထဲလည်း ပိုးလောက်ဖြစ်ဦးမှာပဲ။ ကျွဲချေးပုံထဲမှာလဲ တီ-တုတ်ဖြစ်ရဦးမယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ မဖြစ်နိုင်ဘူးလား။ (ဖြစ်နိုင်ပါတယ်)၊ ဒါဟာ ဘာ့ကြောင့် ဖြစ်ပါလိမ့်။ (သူများပါးစပ် လမ်းဆုံးလို့ပါ ဘုရား)၊ အဲ-ဝါဂွမ်းလိုပေါ့ဗျာ၊ ဟိုက မှုတ်လိုက် ဟိုလွင့်လိုက်, ဒီကမှုတ်လိုက် ဒီလွင့်လိုက်ဆိုတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ အဖြစ်ဆိုးကြီးဖြင့် ပေါ်ပါပြီ။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘယ်အချိန် တပည့်တော်တို့ တည်တံ့ခိုင်ခံ့ပြီး ချမ်းသာစစ်နဲ့ နေရပါလိမ့်မလဲလို့ မေးလို့ရှိရင် ကိုယ်တိုင် သိဖြစ်အောင်လုပ်ပါ။ (မှန်ပါ့)။
ဘာလုပ်ရမတုန်း။ (ကိုယ်တိုင်သိလုပ်ရပါမယ်)၊ ကိုယ်တိုင်သိချင်တာက ဒကာ ဒကာမတွေ အလုပ်မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ်သိ မဖြစ်နိုင်ဘူး။ (မဖြစ်နိုင်ပါ ဘုရား)၊ ဖြစ်ပါ့မလား။ (မဖြစ်ပါ ဘုရား)၊ ခေါင်ထိအောင်, မိုးထအောင် စာတတ်ပါ ဒကာ ဒကာမတို့၊ ကိုယ့်ကိုယ်တိုင် ဒုက္ခသစ္စာမသိသေးသရွေ့ ကာလပတ်လုံးဖြင့် စာသိလောက်နဲ့ဖြင့် ဒကာ ဒကာမတွေ ပြန်ထွက်လာဦးမှာပဲ။ (မှန်ပါ့)၊ နိဗ္ဗာန်မရမီစပ်ကြား စာသိလောက်နဲ့ဆိုရင် ထွက်တယ်။ (မှန်ပါ့)၊ ကိုယ်တိုင်သိဆိုရင်တော့ (မထွက်တော့ပါ ဘုရား)။
ကိုယ်တိုင်သိမှ ကျောက်တိုင် ကျောက်ခဲ ဖြစ်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ စာသိဟာ သူများပါးစပ်လမ်းဆုံးတယ်။ ကိုယ်တိုင်သိမှ ကျောက်တိုင် ကျောက်ခဲ ဖြစ်မယ်။ (မှန်ပါ့)၊
စာသိဟာ ဝါဂွမ်းလိုပဲ နေဦးမှာပဲ။ (မှန်ပါ့)၊ ဒီစာက ရှေးကျတယ်၊ ဟိုစာက ရှေးကျတယ်လို့ လိုက် နေလို့ရှိရင်၊ ရှေးကျတိုင်းကိုသာ အမှန်ယူနေလို့ရှိရင်ဖြင့် ဝါဂွမ်းသဘောပဲ၊ သူ့ဉာဏ်ပါသေးသလား။ (မပါ-ပါဘူး ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်တိုင်သိလို့ အပိုင်ယူပါလို့ များများကြီး ဒီကနေပြီး သကာလ ဒကာ ဒကာမတွေ ကို ဝါဂွမ်းဖြစ်မှာ စိုးရိမ်နေတဲ့အတွက် ပြောနေတယ်။ (မှန်ပါ့)၊ ကျေနပ်ပလား။ (ကျေနပ်ပါပြီ)။
ဘာအရေးကြီးပါလိမ့်။ (ကိုယ်တိုင်သိအရေးကြီးပါတယ်)၊ ကိုယ်တိုင်သိဆိုတဲ့ဥစ္စာ ကိုယ့်ခန္ဓာဒုက္ခသိလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာထဲမှာ အဖြစ်အပျက်က ဒုက္ခသစ္စာ။ ကိုယ်သိတာက (မဂ္ဂသစ္စာပါ ဘုရား)။
ဪ ဒါဖြင့် ဒါ သူ့ဟာသူသိလာတဲ့ တစ်နေ့ကျလို့ရှိရင်ဖြင့် ဒီခန္ဓာမရှိမှ ချမ်းသာမှာပဲဆိုတဲ့ နိရောဓပေါ်လိမ့် မယ်။ (မှန်ပါ့)၊ မပေါ်ဘူးလား၊ ပေါ်ပလား။ (ပေါ်မှာပါ ဘုရား)၊ ဒါဟာ ကိုယ့်ဒုက္ခကိုယ်သိမှ ကိုယ့်ခန္ဓာချုပ်ငြိမ်းတဲ့ နိရောဓလာမယ်။ (မှန်ပါ့)၊ ကိုယ့်ဒုက္ခ ကိုယ်မသိသေးလို့ ရှိရင်ဖြင့် ဒီမှာ အိုတယ်၊ နတ်ပြည်သွားပြီး သကာလ အပျိုလုပ် ဦးမယ်၊ လူပျိုလုပ်ဦးမယ်ဆိုတာ လာဦးမယ်။ (မှန်ပါ့)၊ မလာပေဘူးလား။ (လာမှာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာလေးပါးကို ဘယ်အခါကာလမှ မသိတော့ဘူးဆိုတာများ ရှိနေမယ်ဆိုလို့ရှိရင် ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်အခါကာလမှ ဝါဂွမ်းဘဝကနေ သိမ်းတော့မှာ မဟုတ်ဘူး။ (မှန်ပါ့ ဘုရား)၊ သဘောပါပလား။ (ပါပါပြီ)။
ကိုယ်တိုင်သိလုပ်ရမယ်
ဒါဖြင့် ဘာလုပ်ကြမယ်။ (ကိုယ်တိုင်သိလုပ်ရပါမယ် ဘုရား)၊ ကိုယ်တိုင်သိလုပ်ရမယ်။ (မှန်ပါ့)၊ ယောင်ချာချာနဲ့ ဒကာ ဒကာမတွေ မနေကြပါနဲ့။ ခင်ဗျားတို့ သံသရာရှည်လာတာ သူများပါးစပ်ပါ။ (မှန်ပါ့)၊ ကိုစောမောင် လက်သည် ပေါ်ပြီ။ (ပေါ်ပါပြီ ဘုရား)။ ဘာတုန်းဗျ။ (သူများပါးစပ်ကြောင့် သံသရာရှည်လာရပါတယ်)၊ သူများပါးစပ်လမ်းဆုံး နေတယ်ဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့၊ ဒီနေ့ ဘယ်အရပ်မသွားကောင်း၊ ဘာမသွားကောင်းဘူး၊ ဘယ်နေ့ဟာ ပြဿဒါး၊ ဘယ်နေ့ဟာ ရက်ရာဇာနဲ့ ရှုပ်ပွေလိမ်နေတာပဲ။ ဒါဘာတွေတုန်းမေးရင် (သူများပါးစပ်လမ်းဆုံးနေတာပါ)၊ ဥပမာ-ပုဏ္ဏားကဟောရင် ပုဏ္ဏားပါးစပ်, ဗမာကဟောရင် ဗမာပါးစပ်မှာ လမ်းမဆုံးဘူးလား။ (ဆုံးပါတယ် ဘုရား)၊ ဘယ်ယောကျ်ားဆိုးသွားသတုန်း။ (ဆိုးပါတယ် ဘုရား)။
ဒီအထဲကနေပြီး သကာလ ဘာကလေး ကိုင်သွားပါဦး၊ ဘာကလေးတွယ်သွားပါဦးနဲ့ ကိုစောမောင် ဘာဖြစ် တာတုန်း။ (သူများပါးစပ်လမ်းဆုံးတာပါ ဘုရား)၊ သူများပါးစပ်လမ်းဆုံးတာ အိုဘေး, နာဘေး, သေဘေးလွတ်တဲ့လား (မလွတ်ပါ ဘုရား)၊ ကြောက်စရာပါလား ဒကာ ဒကာမတို့၊ သူများပါးစပ်လမ်းဆုံးတာလောက် ဆိုတာရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ ပေါ်ပလား။ (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သူများပါးစပ် လမ်းမဆုံးလိုက်ကြပါနဲ့၊ ဘုရားက ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကတံကတော ဝေသာရဇ္ဇပ္ပတ္တော- ရဲရဲကြီးဖြစ်အောင် လုပ်လိုက်စမ်းပါ။ (မှန်ပါ့)၊
အလောင်း မြှုပ်ရာချည်းဖြစ်မယ်
နို့မဟုတ်လို့ရှိရင်ဖြင့် သံသရာ သုံးဆယ့်တစ်ဘုံမှာ သုဒ္ဓါဝါသဘုံ ချန်လှပ်၊ ကျန်တာတွေ ခင်ဗျားတို့ အလောင်း မြှုပ်ရာချည်းဖြစ်မယ်။ (မှန်ပါ့)၊ ကဲ။ သူများပါးစပ်လမ်းဆုံးတာ ဘယ်လောက်ဆိုးသတုန်း။ (ဆိုးပါတယ် ဘုရား)။
ကိုစံလှ နာလိုက်တဲ့ဖြစ်ခြင်း။ (နာပါတယ် ဘုရား)၊ တော်သေးတယ် ခင်ဗျားတို့၊ ဆရာသမားများနဲ့ လာတွေ့လို့။ (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ သူများပါးစပ် လမ်းဆုံးမယ်။ (မှန်ပါ့)၊ မဆုံးပေဘူးလား။ (ဆုံးပါတယ် ဘုရား)။
ကိုစောမောင် သဘောပါပလား။ (ပါ-ပါပြီ ဘုရား)၊ ခင်ဗျားအိမ်မှာရှိတဲ့ စာအုပ်၊ ခင်ဗျားကြိုက်လို့ ဝယ်ထားရင် အဲဒီစာအုပ်မှာ ခင်ဗျားလမ်းဆုံးမယ်။ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား)၊ ဟိုလူကလည်း ဟိုမှာ သူကြိုက်တဲ့ စာအုပ်ဝယ်ပြီး သကာလ ထားတော့ အဲဒီစာအုပ်မှာ လမ်းဆုံးနေရင် အဲဒါ သူများပါးစပ်ချည်းပဲလို့ ဆုံးဖြတ် ချ။ (မှန်ပါ့)၊ ကိုယ်တိုင် ကိုယ့်ခန္ဓာသိပလား။ (မသိသေးပါ ဘုရား)၊ မသိသေးလို့ရှိရင်ဖြင့် ကိုစောမောင်သွားပြီ။ (မှန်ပါ့)၊ မသွားသေးဘူးလား။ (သွားပါတယ်)။
ဘုံဘဝဘုံတောင်းတဲ့ ဒကာ ဒကာမတွေဟာ ဘုံဘဝဆုတောင်းတော့ ခန္ဓာမရပေဘူးလား။ (ရပါတယ်)၊ ခန္ဓာဟာ ဘာသစ္စာတုန်း။ (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခသစ္စာကို သူသိလို့ တောင်းတာလား၊ မသိလို့ တောင်းတာလား။ (မသိလို့ တောင်းတာပါ ဘုရား)၊ မသိလို့ တောင်းတော့ ဒုက္ခသစ္စာဆိုတာ ဒုက္ခရောက်ဖို့ သူတောင်းတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ဘာဒုက္ခတုန်းလို့ မေးတဲ့အခါ ပဋိသန္ဓေနေကတည်းက ဒုက္ခ၊ အိုတဲ့ဒုက္ခ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ။ ဒီအထဲမှာ သားတွေ, သမီးတွေ, မြေးတွေ, မြစ်တွေက ပွားလာတယ်ဆိုလို့ရှိရင် အဲဒီဒုက္ခတွေပါ အကုန် ယူမလို့ ဆုတောင်းတာပဲ။ (မှန်ပါ့)၊ ဆိုထိုက်-မဆိုထိုက်။ (ဆိုထိုက်ပါတယ် ဘုရား)၊ ဒကာ ဒကာမတွေ သိပ်နစ်နာနေ တာ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ ဘယ်ဒဏ်ချက်သင့်တာပါလိမ့်။ (သူများပါးစပ် လမ်းဆုံးတဲ့ ဒဏ်ချက်သင့်ပါတယ် ဘုရား)။
အိမ်ထောင်ပြုကြတယ်ဆိုရင်
ယုတ်စွအဆုံး ခင်ဗျားတို့ကြည့်ပါ။ ဒီ့ပြင်ဟာ ဝေးဝေးကို မလှမ်းပါနဲ့၊ အိမ်ထောင်ပြုကြတယ်ကိုစောမောင်၊ နဂိုက လူပျိုရည်အတိုင်းနေမယ်ဆိုရင် တစ်ယောက်စာသာရှာရတယ်။ အပျိုရည်နေမယ်ဆိုရင်လည်း (တစ်ယောက်စာ ရှာရပါတယ်)၊ သူများပါးစပ်လမ်းဆုံးလိုက်တာနဲ့ ဆံထုံးရှိရင် သျှောင်ရှိမှ တော်မယ်တဲ့။ သွားပြီကောဗျာ။ (မှန်ပါ့)၊
သူများပါးစပ် လမ်းဆုံးတော့ ဒဏ်သင့်နေလိုက်တာ ကိုစောမောင်၊ အခုဘယ့်နှယ်နေသေးတုန်း မေးကြည့်ပါ။ (ဒဏ်သင့် နေပါတယ် ဘုရား)၊ အခု ကြည့်ကြပါလား၊ မရှုနိုင် မကယ်နိုင်၊ တစ်ခါတလေ အိပ်ရာထဲမှာ သက်ပြင်းကြီးများ ချလိုက် သေးတယ်။ မချဘူးလား။ (ချပါတယ် ဘုရား)၊ စားဖို့က အကြောင်းညီညွတ်ပြန်တော့ သားသမီးက အကြောင်းမညီညွတ် လို့ သက်ပြင်းကြီးများ ချလိုက်သေးတယ်။ (မှန်ပါ့)၊ မလာဘူးလား။ (လာပါတယ်)၊
တစ်ခါတလေ လူမသိ သူမသိဘဲ မျက်ရည်ကျလိုက်ရသေးတယ်။ (မှန်ပါ့)၊ တစ်ခါတလေ ရင်ထုလိုက်ရသေးတယ်။ မလာဘူးလား။ (လာပါတယ်)၊ ကြမ်းခုံ လိုက်ရတဲ့ အချက်တွေကော (လာပါတယ် ဘုရား)၊ ဘာဖြစ်တာတုန်းလို့ မေးလို့ရှိရင် (သူများပါးစပ် လမ်းဆုံးတာပါ ဘုရား)၊
ကိုယ်တိုင်ဒဏ်ရာမပျောက်သေးပါဘူး
သူများက သားနဲ့, သမီးနဲ့, ခင်ပွန်းနဲ့, ဒီလိုမှ တော်တယ်လို့ သူများပါးစပ် လမ်းဆုံးမိတာနဲ့ ကိုယ်ကိုယ်တိုင် ဒဏ်ရာမပျောက်သေးပါဘူး။ (မှန်ပါ့)၊ ဒါဟာ ဘာလမ်းဆုံးတာတုန်း။ (သူများပါးစပ်လမ်းဆုံးတာပါ ဘုရား)၊ မပေါ်သေး ဘူးလား။ (ပေါ်ပါပြီ ဘုရား)။
မောင်နိုင် ဒါဟာ ရှေးကအကြောင်းလား၊ အခုလား။ (အခုပါ ဘုရား)၊ အခုဒီဘဝတွင် လမ်းဆုံးတာနဲ့ ဘယ့် နှယ်နေကြသတုန်း။ (ဒုက္ခရောက်ပါတယ် ဘုရား)၊ နဂိုက ငိုစရာရှိရဲ့လား။ (မရှိပါ ဘုရား)၊ ယခုတော့ဖြင့် သားအတွက် ငိုရ၊ သမီးအတွက်ငိုရ၊ ပစ္စည်းအတွက်ငိုရ၊ မလာဘူးလား။ (လာပါတယ် ဘုရား)၊ သဘောပါကြပလား။ (ပါ-ပါပြီ ဘုရား)၊ ဒါ ဘာလမ်းဆုံးသတုန်း။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)။
လူကြီးသူမတွေက မင်းအချိန်ရောက်လာပြီ၊ ဒီလိုနေလို့ ဘယ်ဖြစ်မတုန်းဆိုတာနဲ့ သူများပါးစပ် လမ်းဆုံးလိုက်တဲ့ ဖြစ်ခြင်း၊ တစ်ခါတည်း ဒီမှာဖြင့် သားတန်းလန်း, သမီးတန်းလန်း, ဆွေတန်းလန်း, မျိုးတန်းလန်း, ရပ်ကိစ္စ ရွာကိစ္စ, မင်းကိစ္စ စိုးကိစ္စစသည်နဲ့ အလုံးစုံအကုန်ပဲ ကိုစောမောင် မကြုံရဘူးလား။ (ကြုံရပါတယ် ဘုရား)၊
ရွာရေးရပ်ရေးကလည်း အိမ်ထောင်ရယ်လို့ ရှိလာပြီဆိုမှဖြင့် ဘယ့်နှယ်နေသတုန်း။ များပြားမလာဘူးလား။ (လာပါတယ် ဘုရား)၊ အဲဒါက ဘာတုန်းလို့ဆိုလို့ရှိရင် ဒါလောက်ဒုက္ခတွေ များပြားတာ ဘာဖြစ်ရတာတုန်း မေးရင် (သူများပါးစပ်လမ်းဆုံးတာပါ ဘုရား)၊ လမ်းဆုံးခဲ့တဲ့အဖြစ် ပျောက်ပလားလို့ မေးကြည့်။ (မပျောက်သေးပါ ဘုရား)၊ ခင်ဗျားတို့ကျောမှာ ဒဏ်ရာကြီးရှိပါသေး တယ်၊ အမာရွတ်တောင် မပျောက်သေးပါဘူး။ (မှန်ပါ့)၊ ဒါ ဘာတုန်းဗျ။ (သူများပါးစပ်လမ်းဆုံးလို့ပါ ဘုရား)။
ယခုပစ္စုပ္ပန်တင်ပြောတာပါ
နောက်တုန်းက သံသရာရှည်နေခဲ့ရတာ မပြောပါနဲ့၊ ယခုပစ္စုပ္ပန်တင်ပြောတာပါ။ (မှန်ပါ့)၊ ဘယ့်နှယ်နေကြ သတုန်း။ (မပျောက်သေးပါ ဘုရား)၊ သူများပါးစပ်လမ်းဆုံးလို့ ယခုဘယ့်နှယ်နေသတုံး။ အိုလို့ မသွားချင်ဘူးဆိုလဲ ကိုယ်က မသွားချင်လို့ ကိုယ့်အတွက်နဲ့ ကိစ္စမရှိဘူး ကိုစောမောင်။ (မှန်ပါ့)၊ ဒီဘုစုခရုတွေကြောင့် ဘာဖြစ်ရသတုန်း။ (သွားရပါတယ် ဘုရား)၊ နေမကောင်း ထိုင်မသာရှိလည်း ကိုယ့်အတွက်ကတော့ နေမကောင်းထိုင်မသာလဲ ကိုယ်တစ် ယောက်စာတော့ ရှိပါရဲ့၊ ဟုတ်လား၊ နောက်လှည့်ကြည့်လိုက်တဲ့အခါ နေမကောင်းလည်း သွားမှာပဲ၊ မဖြစ်သေးပါဘူး၊ ဒီလိုမလာဘူးလား။ (လာပါတယ်)၊ ဒါ ဘာကြောင့် ဒီဒဏ်တွေ ဒါလောက်သင့်ပါလိမ့်။ (သူများပါးစပ်လမ်းဆုံးလို့ပါ ဘုရား)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် သူများပါးစပ်ဆိုတာ ကိုစောမောင် ရှေးအကြောင်းတွေကမှ ကြာသေးတယ်။ ပစ္စုပ္ပန်တွေ ပြလိုက်ရင် (ပေါ်ပါတယ် ဘုရား)၊ မောင်နိုင် ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ကဲ သူများဆုတောင်းခိုင်းလို့ တောင်းကြည့်စမ်းပါဦး၊ နောက်ဘဝ ဒီ အို,နာ,သေတွေရမလား-မရဘူးလား။ (ရပါမယ် ဘုရား)၊ အဲဒါတွေ ဘယ်သူ့ပါးစပ်လမ်းဆုံးသတုံး။ (သူများပါးစပ် လမ်းဆုံးပါတယ် ဘုရား)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သူများပါးစပ်လမ်းဆုံးတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ထွေကဖြင့် ဒကာ ဒကာမတို့ မီးခိုးမဆုံး , မိုးမဆိုးဘဲ မိုက်ချက်သန်တယ်။ (သန်ပါတယ် ဘုရား)၊ ဒါဖြင့် ဘယ်မှာ လမ်းဆုံးမှတော်မယ်။ (ကိုယ်တိုင်သိကို လမ်းဆုံး မှ တော်ပါမယ် ဘုရား)၊ ကိုယ်တိုင်သိ လမ်းဆုံးကြမှတော်မယ်။ (မှန်ပါ့)။
ကိုယ်တိုင်သိ လမ်းဆုံးဖို့ တိုက်တွန်းပါတယ်
ဘာတိုက်တွန်းပါလိမ့်။ (ကိုယ်တိုင်သိ လမ်းဆုံးဖို့ တိုက်တွန်းပါတယ် ဘုရား)၊ ကိုယ်တိုင်သိကို လမ်းဆုံးကြပါလို့ တိုက်တွန်းပါတယ်။ (မှန်ပါ့)။
ဒါဖြင့် အလုပ်မပါဘဲနဲ့ နိဗ္ဗာန်ရောက်နိုင်-မရောက်နိုင်ဆိုတာ ဒီနေရာမှာ ရှင်းလိုက်ပါတော့ ကိုစောမောင်။ (မှန်ပါ့)၊ ဘယ့်နှယ်တုန်း။ (မရောက်နိုင်ပါ ဘုရား)၊ သေချာပလား။ (သေချာပါပြီ ဘုရား)။
ကိုယ်တိုင်သိ မရှိဘဲနဲ့ သူသည် နိဗ္ဗာန်ကို တကယ်သွားချင်တဲ့ စိတ်ပေါ်လိမ့်ဦးမယ်ဆိုတာကော လာပါ့မလား။ (မလာပါ ဘုရား)၊ နိဗ္ဗာန်ရှိတယ်လို့တောင်မှ သူယုံပါ့မလား။ (မယုံပါ ဘုရား)၊
ဘယ်ယုံလိမ့်မတုံး၊ ကိုယ်တိုင်သိဆိုတဲ့ ကိုယ်ခန္ဓာ ဒုက္ခသစ္စာကြီးကို မသိသေးသရွေ့ ကာလပတ်လုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ နိဗ္ဗာန်ကို ရလိမ့်မယ်၊ ရောက်လိမ့်မယ်လို့ မရှိနိုင်ပါဘူး။ (မှန်ပါ့)၊ ဆုတောင်းရုံပါးစပ်က တောင်းနေလို့တော့ မရသေးပါဘူး။ (မှန်ပါ့)၊ ဘာဖြစ် လို့ မရသတုန်း။ (ကိုယ်တိုင်သိမဟုတ်သေးလို့ မရပါ ဘုရား)၊ ကိုယ်တိုင်မဟုတ်သေးလို့ မရတာ။ (မှန်ပါ့)။
အညာသိကောဏ္ဍညော
အရှင်ကောဏ္ဍညသည်ကား အညာသိကောဏ္ဍညော အညာသိကောဏ္ဍညောလို့ မလာဘူးလား။ (လာပါတယ် ဘုရား)၊ ကောဏ္ဍညော-ကောဏ္ဍညသည်။ အညာသိ-သစ္စာကို သိသွားပြီတဲ့။ ဘယ်လောက်များ ချီးမွမ်းသတုန်း။ (ချီးမွမ်းပါတယ်)၊ သဘောကျပလား။ (ကျပါပြီ)၊
ဒါကြောင့် အညာသိကောဏ္ဍညောဆိုတာ ပေါ်ပလား။ (ပေါ်ပါပြီ)၊ အဲဒါ သစ္စာသိသွားလို့ အရှင်ကောဏ္ဍည နေရာကျသွားတာ။ (မှန်ပါ့)၊ သူများသိတာကို ပြောသလား၊ သူကိုယ်တိုင် သိသွားတာကို ဘုရားက ပြောပြတာလား။ (သူကိုယ်တိုင် သိသွားတာကို ဘုရားက ပြောပြတာပါ ဘုရား)၊
အဲဒါ ဝါဂွမ်း ဘဝက ကောဏ္ဍည လွတ်ပြီလို့ ဆိုလိုရာလည်း ရောက်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)၊ ခင်ဗျားရပြီး သား ဓမ္မစကြာပါဠိတော်ပါပဲ၊ အဲဒီဟာကို အကိုးအကား ထားပြီး သကာလ ဘုရားဟောတော်မူတာကို သေသေချာချာ ပြောတာပဲ။ (မှန်ပါ့)၊
ဒါဖြင့် ဒကာ ဒကာမတို့ ကျောက်ခဲ ကျောက်တိုင် မရွေ့မယိုင်နိုင်အောင် ဘယ်ဟာလုပ်ကြမလဲ။ (ကိုယ်တိုင် သိဖြစ်အောင် လုပ်ကြရပါမယ်)။
ကိုယ်တိုင်သိဆိုတာ ကိုယ့်ဉာဏ်နဲ့ ကိုယ်ခန္ဓာကြည့်ပါ။ (မှန်ပါ့)၊ ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒိဋ္ဌဓမ္မောဖြစ်ပါတယ်။ (မှန်ပါ့)၊ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ ဝိဒိတဓမ္မောကော (ဖြစ်ပါတယ် ဘုရား)၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ၊ တော်ပြီ, တန်ပြီ၊ ဒီခန္ဓာမယူတော့ပါဘူး။ မလာဘူးလား လာသလား။ (လာပါတယ် ဘုရား)၊ ဘာ့ကြောင့်တုန်းဆိုတော့ ကိုယ်တိုင် ဒုက္ခသစ္စာသိလို့။ (မှန်ပါ့)။
ကိုယ်ကိုယ်တိုင်က ဘာသစ္စာ
ကိုစောမောင် ကျေနပ်ပလား။ (ကျေနပ်ပါပြီ ဘုရား)၊ ကိုယ်ကိုယ်တိုင်က ဘာသစ္စာ။ (ဒုက္ခသစ္စာပါ)၊ သိတာက (မဂ္ဂသစ္စာပါ)၊ အဲ ကိုယ်ကိုယ်တိုင်က သစ္စာနှစ်ပါးရသွားပြီ၊ အဲဒီတော့ နိရောဓသစ္စာဟာ ပေါ်ရတော့မယ်။ (မှန်ပါ့)၊
အဲဒီတော့ ကိုယ်ကိုယ်တိုင် သစ္စာသိတော့ သမုဒယ၊ ဘုံဘဝ တောင်းချင်တဲ့တဏှာ၊ ဘယ်သူ့ကို ခင်ချင်တဲ့တဏှာက ကိုယ်ကိုယ်တိုင်သိ ရောက်လို့ သူ့ဟာသူသေတာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
သမုဒယသစ္စာဟာ နင်သေတော့ ဆိုရတာလား၊ သူဟာသူသေတာလား။ (သူဟာသူသေတာပါ ဘုရား)၊ ဒါဖြင့် ကိုယ်တိုင်သိရောက်ရင် သမုဒယဟာ အလိုလိုသေတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
နိရောဓသည် ကိုယ်တိုင်သိတဲ့ ပုဂ္ဂိုလ်မှာဖြင့် သူအရယူတော့တာပဲ၊ ပေါ်လာတော့တာပဲဆိုတာ ဆုံးဖြတ်ချက် ချ။ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ယနေ့ ဝါဂွမ်းအဖြစ်မှ လွတ်ပြီး သကာလ ခိုင်မြဲတဲ့ ကျောက်တိုင်ကြီး မယိမ်းမယိုင်နိုင်တဲ့ ကျောက်တိုင်ကြီးဆိုတဲ့ သစ္စာဉာဏ်ကို ရအောင်ဟောနေတာ။ (မှန်ပါ့)၊ ပေါ်ပလား။ (ပေါ်ပါပြီ)။
ဘယ်ဉာဏ်ရအောင် ဟောနေတာလဲ။ (သစ္စာဉာဏ်ရအောင် ဟောနေတာပါ)။
ဒါကြောင့် အသက်အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ တရားနာကြ၊ ဘုန်းကြီးများက သိပ်ပြီး ဝမ်းသာတယ်။ ဘယ်လို ကြောင့် ဝမ်းသာသတုန်းဆိုလို့ရှိရင် သူတို့သည်ကား လို့ဆိုလိုရှိရင် ရှေးအမူအရာအတိုင်း၊ မိရိုးဖလာအတိုင်း လမ်းများ ဆုံးသွားလို့ရှိရင်ဖြင့် သူများပါးစပ်မှာ အချိန်ကုန်သွားလေရဲ့၊ သူက ဗဟုသုတများတယ်၊ ကြားဖူးနားဝရှိလို့ ဘယ်သူက ပြောတာတုံး။ ဘယ်သူက ပြောတာလဲ။ အဲ ဘယ်လောက်များဆိုးသတုန်း။ (ဆိုးပါတယ် ဘုရား)၊
အဲဒီပါးစပ်တွေက ပြောတာကို ကိုစောမောင်တို့၊ မောင်နိုင်တို့က အသားယူလိုက်တယ်။ (မှန်ပါ့)၊ သူက နည်းနည်းနောနောစုထားတာ မဟုတ်ဘူး၊ ရထားတာ။ (မှန်ပါ့)၊ ဘယ်က ရထားတာတုန်းမေးတော့ ဘယ့်နှယ်ပြောသတုန်း။ (သူများပါးစပ်က ရထား တာပါ ဘုရား)၊
ကိုယ်တိုင်သိလို့ သူပြောတာလား
ကိုယ်တိုင်သိလို့ သူပြောတာလား။ (မဟုတ်ပါ ဘုရား)၊ ဒါဖြင့် မဟုတ်လှသေးဘူးပေါ့။ (မှန်ပါ့)၊ သဘောကျပ လား။ (ကျပါပြီ)၊ ဘုရားက ဘာအရေးကြီး ဟောသတုန်း။ (ကိုယ်တိုင်သိဖို့ ဟောပါတယ်)။ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ တော်တော့်ကို ခင်ဗျားတို့ တစ်ဆင့်စကား ပြောသံကြားကို ဖျက်နေရတယ်။ (မှန်ပါ့)၊ ရှေးအစွဲအလမ်းဖျက်တာဟာ ဘုရားက သူများပါးစပ် လမ်းမဆုံးစေနဲ့၊ ဝါဂွမ်းဖြစ်မယ်လို့ ဟောလို့ ပြောရတာလား။ (ဘုရားက ဟောလို့ ပြောရတာပါ)၊ ရှင်းပြီနော်။ (မှန်ပါ့)၊ ကိုယ်ကိုယ်တိုင် သံသရာမှာ လက်စမသတ်နိုင်တာလဲ ဘာတုန်း။ (သူများ ပါးစပ်လမ်းဆုံးလို့ပါ)၊ ရှေ့ကိုလည်း ကိုယ်တိုင်အလုပ်မလုပ်ဘူး၊ သူများ မင်းရောက်လိမ့်ဦးမယ်၊ ရလိမ့်ဦးမယ်၊ မင်းတဖြည်းဖြည်းတော့ ရမှာပဲလို့ပြောတာ လမ်းဆုံးနေတယ်ဆိုရင်ကော ဘယ်တော့များ ရမှာတုန်း။ (ခဲယဉ်းပါတယ် ဘုရား)၊ ဝါဂွမ်းဖြစ်ဦးမှာပဲ။ (မှန်ပါ့)။
ကိုစောမောင် ဒါဖြင့် ဘာအရေးကြီးသတုန်း။ (ကိုယ်တိုင်သိဖြစ်ဖို့က အရေးကြီးပါတယ်)၊ ဒကာ ဒကာမတို့ ယနေ့ တရားမှာ ဘာအရေးကြီးသတုန်း။ (ကိုယ်တိုင်သိ အရေးကြီးပါတယ်)၊ မများသေးပါဘူးနော်။ တရားဟာ နှစ်လုံး တည်းရှိသေးတယ်။ (မှန်ပါ့)၊
တစ်လုံးက ဘာတုန်းဆိုရင် သူများပါးစပ် လမ်းမဆုံးစေနဲ့၊ (မှန်ပါ့)၊ တစ်လုံးက ဘာတုန်း။ ကိုယ်တိုင်သိဖြစ်အောင်လုပ်။ (မှန်ပါ့)၊ ဒါပဲရှိသေးတယ်၊ ဒီ့ပြင်ပါပလား။ (မပါသေးပါ ဘုရား)၊ ဒါကလေးများကိုတော့ မေ့မပစ်ကြပါနဲ့။ ဘုန်းကြီးက တစ်နာရီတောင်ဟောတာ နည်းတာမဟုတ်ဘူး၊ တရားတွေ့လို့ လုပ်မနေကြနဲ့ဦး၊ (မှန်ပါ့)။
တရားဘယ်နှစ်ခုပါပလဲ
တရားဘယ်နှစ်ခုပါပလဲ။ (နှစ်ခုပါ ဘုရား)၊ နှစ်လုံးပဲရှိသေးတယ်၊ ဟာ ဘုန်းကြီးက ဟောလိုက်တာ နည်းတဲ့ တရားတွေမဟုတ်ဘူးလို့ လုပ်မနေကြနဲ့ဦး။ (မှန်ပါ့)၊ သို့သော ခင်ဗျားတို့မှာ အမှားတွေ ကြီးကြောင်းသိအောင်လို့ စကားချဲ့ပြောနေလို့သာ ကိုစောမောင် များနေတာ၊ တရားကတော့ နှစ်လုံးပဲရှိပါသေးတယ်။ (မှန်ပါ့)၊
သူများပါးစပ် လမ်းမဆုံးစေနဲ့၊ ကိုယ်သိဖြစ်အောင်လုပ်၊ ဒါပဲရှိသေးတယ်။ (မှန်ပါ့)၊ သူများပါးစပ် လမ်းဆုံးရင် ဝါဂွမ်းဖြစ်လိမ့်မယ်၊ ကိုယ်တိုင်သိဖြစ်လို့ရှိရင်ဖြင့် ကျောက်တိုင်ကျောက်ခဲလို့ ခိုင်မြဲပြီး နိဗ္ဗာရောက်မယ်။ (မှန်ပါ့)၊ ဒီ့ပြင် ဘာပါသေးသတုန်း။ (မပါ,ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်တိုင်သိပဲ အလုပ်လုပ်ကြပါစို့။ (မှန်ပါ့)၊ ဒီတော့ ကိုစောမောင် အလုပ်တရား ကင်း၍ ဝါဂွမ်းဘဝမှ မလွတ်၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ဖြစ်အောင်လုပ်ဆိုတာကို ဘုန်းကြီး တိုက်တွန်းဖို့ လိုသေးသလား။ (မလိုပါ ဘုရား)၊ မလိုတော့ပါဘူး။ သစ္စာသံယုတ်မှာ ဘုရားဟောတော်မူတာ ထောက်လိုက်တော့ အပြောသမား တွေလဲ ခင်ဗျားတို့ ဇာတ်သိမ်းကြပါတော့၊ စာကြည့်လောက်သာ အားကိုးနေတဲ့ ပုဂ္ဂိုလ်တွေလဲ ဇာတ်သိမ်းပါတော့။ ဘုန်းကြီးက စာကြည့်စရာ မလိုလောက်အောင်ပဲ စုံစုံလင်လင် ခန္ဓာထဲမြင်အောင် ပြပါမယ်။ (မှန်ပါ့)၊ လိုသေးသလား။ (မလိုပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာပဲ ပြောကြပါစို့၊ ကိုယ့်ခန္ဓာ ကိုယ်သိခဲ့သော် ကိုယ်တိုင်သိ။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
နို့မဟုတ်လို့ရှိရင်ဖြင့် အင်း ဘယ်သင်းက ဘယ်လိုပြောတယ်၊ ဘယ်ဆရာက ဘယ်လိုပြောတယ်ဆိုရင် သွားပါ ရော ကိုစောမောင်။ (မှန်ပါ့)၊ ဘယ်မှာလမ်းဆုံးနေသလဲ။ (သူများပါးစပ် လမ်းဆုံးနေပါတယ် ဘုရား)၊ ဟာ သူက ဝါဂွမ်းသတ္တိကို မသိမ်းချင်သေးပဲကိုး။ (မှန်ပါ့)။
ဘာ မသိမ်းချင်တာပါလိမ့်
ဘာ မသိမ်းချင်တာပါလိမ့်။ (ဝါဂွမ်းသတ္တိကို မသိမ်းချင်ပါ ဘုရား)၊ တယ်လဲကြောက်စရာကောင်းပါလား။ (ကောင်းပါတယ် ဘုရား)။
ဒီနေ့ တရားမှာ ခင်ဗျားတို့ ကြပ်ကြပ်စဉ်းစားပါ။ စဉ်းစားမိပလား ကိုစောမောင်။ (စဉ်းစားမိပါပြီ ဘုရား)၊ ဘယ်နှစ်လုံး ဟောသတုန်းဗျ။ (နှစ်လုံးဟောပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ တရားဘယ်နှစ်လုံးရှိပလဲ။ (နှစ်လုံးပါ ဘုရား)၊
တစ်လုံးက ဘာတုန်း။ (သူများပါးစပ် လမ်းမဆုံးနဲ့)၊ တစ်လုံးကဘာတုန်း။ (ကိုယ်တိုင်သိအောင်လုပ်ဖို့ ပါ)၊ ကိုယ်တိုင်သိအောင်လုပ်၊ ဒါပဲရှိတယ်။ (မှန်ပါ့)၊
ဒကာ ဒကာမတို့ ဒါပဲရှိတယ်။ နောက်နေ့တွေဟောတော့လည်း ဒါပဲ ဟောလိမ့်မယ်လို့ အောက်မေ့ပါ။ (မှန်ပါ့)၊ ကိုယ်တိုင်သိကြည့်နည်းကို ဟောရမှာပဲ။ (မှန်ပါ့)၊ သဘောကျကြပလား။ (မှန်ပါ့)၊ (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်တိုင်သိကို ဟောကြပါစို့ဆိုတော့ ခင်ဗျားတို့ သန္တာန်မှာ ဥပမာမယ် စိတ်သည် ခင်ဗျားတို့ ခန္ဓာငါးပါးထဲက ဝိညာဏက္ခန္ဓာဆိုတာ စိတ်ပဲ။ စိတ်ဘယ်နှစ်လုံးရှိသလဲလို့မေးဖို့ မလိုဘူးလား။ (လိုပါတယ်)၊ စိတ်ဟာ မြင်တဲ့စိတ်၊ မျက်လုံးဖွင့်တဲ့အခါ မြင်စိတ်ကလေးမပေါ်ဘူးလား။ (ပေါ်ပါတယ်)၊ အဲဒါ မြင်စိတ်ပဲ။ (မှန်ပါ့)၊ နားကလေး ဒီလိုစိုက်လိုက်တဲ့အခါကျတော့ (ကြားစိတ် ပေါ်လာတယ်)၊ ကိုယ်တိုင်သိဖြစ်အောင်ပြောနေပြီနော်။ (မှန်ပါ့)။
ဒကာ ဒကာမတို့ မျက်လုံးဖွင့်လိုက်တဲ့အခါကျတော့။ (မြင်ပါတယ်)၊ လူသေများမှာကျတော့ မြင်ရဲ့လား။ (မမြင်ပါ ဘုရား)၊ လူရှင်ကျတော့ (မြင်ပါတယ် ဘုရား)။
အာရုံဒွါရတိုက်လို့ဖြစ်တာပဲ
ဪ လူရှင်ကျတော့ မြင်တာသည် ဒကာ ဒကာမတို့သည် အာရုံဒွါရတိုက်လို့ဖြစ်တာပဲ၊ ဒီလိုပြောတော့ စာသံပေသံတွေမို့ ဒကာ ဒကာမတို့ နားရှုပ်နေလိမ့်မယ်၊ မြင်စိတ်ပေါ်လို့ မြင်တာ။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။
မြင်စိတ်ပေါ်လို့မြင်တော့ အရင်မြင်နေတာလား၊ အခုမှ မြင်စိတ်ပေါ်တာလား။ (အခုမှ မြင်စိတ်ပေါ်တာပါ)၊ အဲဒါအဖြစ်သိတာပဲ။ (မှန်ပါ့)။
ပြီးတော့ ဒကာ ဒကာမတို့ သူကြည့်တုန်းက ရှေ့တည့်တည့်မှာ၊ ဒါက မျက်လုံးကလေးထားပါတော့၊ ဒီက မျက်လုံး၊ ဒီဘက်က လူတစ်ယောက်ရပ်နေတယ်။ ဒီမျက်လုံးက ကိုစောမောင်မျက်လုံးဖြင့် ကိုစောမောင် မျက်လုံးကို ဖွင့်လိုက်။ ဖွင့်လိုက်တော့ ဒါကလေး လူရုပ်ကလေးကို မြင်တယ်ဆိုတဲ့ မြင်စိတ်ကလေး မပေါ်ဘူးလား။ (ပေါ်ပါတယ်)။
ဒါဖြင့် မြင်စိတ်ကလေး သည်ကားလို့ဆိုရင်ဖြင့် သူများ သန္တာန်ပေါ်တာလား၊ မိမိသန္တာန်မှာ မိမိမြင် တာလား။ (မိမိမြင်တာပါ)၊ ဒါဖြင့် အခု တည့်တည့်မြင်တယ်နော်။ (မှန်ပါ့)၊
ကဲ ဒါဖြင့် ဒီဘက်နည်းနည်းကလေး လွှဲသွားတဲ့ ပုဂ္ဂိုလ်က သွားလိုက်တဲ့အခါကျတော့ သူက လိုက်ကြည့်တဲ့ သဘောကလေးမပါဘူးလား။ (ပါ,ပါတယ်)၊
လိုက်ကြည့်တဲ့ မြင်စိတ်ကလေး
လိုက်ကြည့်တော့ လိုက်ကြည့်တဲ့ မြင်စိတ်ကလေး မပေါ်ဘူးလား။ (ပေါ်ပါတယ်)၊ ခုနင်က တည့်တည့် ကြည့်တဲ့ မြင်စိတ်နဲ့ ကြည့်တာလား။ (လိုက်ကြည့်တဲ့မြင်စိတ်နဲ့ ကြည့်တာပါ)၊ ဒါဖြင့် တည့်တည့် ကြည့်ခဲ့တဲ့ မြင်စိတ်မရှိတော့ဘူး။ (မှန်ပါ့)၊ ဒီနေရာတည့်တည့် ကြည့်တဲ့ မျက်လုံးထဲမှာလဲ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်။ (မှန်ပါ့)၊
ဖြစ်ကြောင်းကို မြင်လို့ မြင်တာသည်ကား သူပေါ်လို့ မြင်တာ၊ ပျက်ကြောင်းသည်ကား ဒကာ ဒကာမတို့ ရှင်းပြလိုက်မယ်တဲ့ ဘယ့်နှယ်ကြောင့် ပျက်ရပါသတုန်း ချုပ်တော့ နောက်တစ်ခါကို လိုက်ကြည့်ရတဲ့ အခါကျတော့ အထူးအားစိုက်ရတဲ့ မျက်လုံးနဲ့ လိုက်ကြည့်ရမယ်။ (မှန်ပါ့)၊ အရင်မျက်လုံးလို ရိုးရိုးရသေးရဲ့လား။ (မရပါ ဘုရား)။
ဒါဖြင့် နောက်မျက်လုံးနဲ့ ကြည့်တာပေါ့။ (မှန်ပါ့)၊ အရင်မျက်လုံးရှိသေးရဲ့လား အရင် မြင်စိတ်ကလေး ဟာလေ (မရှိတော့ပါ ဘုရား)၊ ဘာဖြစ်သွားသတုန်းဆိုတော့ ဖြစ်ပြီးပျက်သွားတယ်။ (မှန်ပါ့)၊ ဖြစ်တာလဲ အထင်အရှားပဲ၊ ပျက်တာ လည်း ဒီအာရုံကို မြင်တာကိုးဗျ။ (မှန်ပါ့)၊ ဟို လိုက်ကြည့်တော့ တည့်တည့်ကြည့်တဲ့ မျက်လုံး ရှိ-မရှိ (မရှိပါ ဘုရား)၊ ဒါဖြင့် ဘယ့်နှယ်ဆိုကြမလဲ။ (ပျက်ပါတယ် ဘုရား)။
ပျက်တယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီတရားသည် မိမိခန္ဓာဆိုတဲ့ ဝိညာဏက္ခန္ဓာပါပဲ။ (မှန်ပါ့)၊ ဖြစ်လည်း မဖြစ်ဘူးလား ကိုစောမောင်။ (ဖြစ်ပါတယ်)၊ ပျက်လည်းမပျက်ဘူးလား။ (ပျက်ပါတယ်)၊
ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်
ဒါဖြင့် မိမိမြင်စိတ်ကလေး ဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်လို့ ကိုယ်တိုင်သိအောင်လုပ်ပါ။ (မှန်ပါ့)၊ ကိုယ်တိုင်သိအောင်လုပ် နောက်က မဂ္ဂင်ငါးပါးနဲ့ သိသိပေးစမ်းပါ ဒကာ ဒကာမတို့၊ မသိရပေဘူးလား။ (သိရပါတယ် ဘုရား)။
သိရတဲ့အခါကျတော့ မိမိသန္တာန်မှာဖြစ်တဲ့ မြင်စိတ်ကလေးကို ကိုစောမောင်တို့၊ ကိုမောင်နိုင်တို့က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ (ဖြစ်ပြီးပျက်သွားပါတယ်)၊ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်။ (မှန်ပါ့)၊ နောက် ဒကာ ဒကာမတွေ ဖြစ်လည်းဖြစ်တယ်။ ပျက်လည်းပျက်တယ်ဆိုတာ သေချာပလား။ (သေချာပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် နောက်တစ်ခါ ဒကာ ဒကာမတွေ ဟိုဘက်စောင်းလို့ လိုက်ကြည့်ရပြန်တော့လည်း ဟိုက အစောင်းနဲ့ သွားတွေ့တယ်။ (မှန်ပါ့)၊ ဒီနေရာမဟုတ်ဘူးလို့ သူ့ဟာသူပြောတယ်။ (မှန်ပါ့)၊ အရင်နေရာ ဟုတ်ကဲ့လား။ (မဟုတ်ပါ ဘုရား)၊ အရင်နေရာမဟုတ်ဘူး၊ အခု သူသွားတဲ့ဆီကို လိုက်ကြည့်နေရတယ်ဆိုတော့ သူ အားစိုက်ပြီး မကြည့်ရဘူးလား။ (ကြည့်ရပါတယ်)၊
ကြည့်ရတာ ထောက်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အရင်အမြင်နဲ့ အခုအမြင် မခြားနားဘူးလား။ (ခြားနားပါတယ် ဘုရား)၊ အရင်အမြင်က တည့်တည့်အမြင်။ (မှန်ပါ့)၊ တည့်တည့်မြင်တဲ့ စိတ်ဖြစ်ပြီးချုပ်သွားလို့ နောက်တစောင်းမြင်တဲ့စိတ်ပေါ်လာတာ။ (မှန်ပါ့)၊ မပေါ်လာဘူးလား။ (ပေါ်လာပါတယ်)။
တစောင်းမြင်တဲ့စိတ်
တစောင်းမြင်တဲ့စိတ်ကလဲ ဒကာ ဒကာမတို့ ဒီထက်ဝေးသွားပြန်တော့ ဝေးဝေးလိုက် မကြည့်မိဘူးလား။ (ကြည့်မိပါတယ်)၊ ကြည့်ပြန်တဲ့အခါကျလို့ရှိရင် တစောင်းမြင်တဲ့စိတ်ရှိသေးရဲ့လား။ (မရှိပါ ဘုရား)၊ အဝေးမြင်စိတ်သာ ရှိတယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ)။
ဒါဖြင့် ဒီမြင်တဲ့စိတ်ကလေးကို အခု သုံးမျိုးပြလိုက်တယ်။ တည့်တည့်မြင်တဲ့စိတ်, တစောင်းမြင်တဲ့စိတ်, အဝေးမြင်တဲ့စိတ် စိတ်သုံးမျိုး ကိုစောမောင်၊ မခြားနားဘူးလား။ (ခြားနားပါတယ် ဘုရား)၊ အဲဒါကလေးတွေ ဒကာ ဒကာမတို့ ကိုယ့်သန္တာန်မှာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တာကို ကိုယ့်ဉာဏ်ကလေးနဲ့ ကြည့်ကြည့်ပေးပါ။ မကြည့်နိုင်ဘူးလား။ (ကြည့်နိုင်ပါတယ် ဘုရား)။
ကြည့်နိုင်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုစံလှ ကြည့်ပါများတော့ ကိုယ်စိတ်ကိုယ် မပိုင်ဘူး၊ အစိုးမရဘူးဆိုတာ ပါသေးဘူးလား။ (ပါ-ပါတယ် ဘုရား)၊ ဖြစ်ပြီး မပျက်ပါနဲ့လို့ (မရပါ ဘုရား)၊ ဒါကို အထူးဟောနေဖို့တောင် လိုသေးသလား။ (မလိုပါ ဘုရား)၊
တားလို့ဆည်းလို့ကော ရရဲ့လား
ဪ ဖြစ်ပြီးပျက်ရရှာတာပဲ၊ တားလို့ဆည်းလို့ကော ရရဲ့လား။ (မရပါ ဘုရား)၊ မရတော့ သူသည် အနိစ္စဆိုလည်း ဟုတ်တယ်။ ဒုက္ခရောက်သွားတယ်ဆိုရင်လည်း (ဟုတ်ပါတယ် ဘုရား)၊ မွေးပြီးသေတာ ဒုက္ခပေါ့ဗျ။ (မှန်ပါ့)၊ ဖြစ်ပြီးပျက်တာ ဘာဆိုကြမလဲ။ (ဒုက္ခပါ ဘုရား)၊ ဪ ဒါဖြင့် ဒုက္ခသစ္စာပဲ။ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်တာ ဘာဆိုကြမလဲ။ (ဒုက္ခသစ္စာပါ ဘုရား)။
ဒါ့ကြောင့် ဘုရားက မင်းတို့ သန္တာန်မှာ တစ်ကိုယ်လုံးကို ငါခြုံပြီး စောပါမယ်ကွ၊ တစ်ကိုယ်လုံး ဒုက္ခသစ္စာလို့ ဟောတော့ ဘာပေါ်ပေါ် ဘာဖြစ်သတုန်း။ (ဒုက္ခဖြစ်တာပါ ဘုရား)၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာလို့ ဓမ္မစကြာမှာ မဟောဘူးလား။ (ဟောပါတယ် ဘုရား)။
မင်းတို့သန္တာန် တစ်ကိုယ်လုံး ကိုယ်မှာ ဘာခေါ်ကြမလဲ။ (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ခဏခဏ ပေါ်နေတာကလေး တွေလည်း ဘာဆိုကြမလဲ။ (ဒုက္ခသစ္စာပါ ဘုရား) ဒီခန္ဓာထဲမှတစ်ပါး ရွှေ့ပြီး ပေါ်ရဲ့လား။ (မပေါ်ပါ ဘုရား)။
တစ်ခုစီပြောရရင် ကြာနေမှာစိုးလို့
ဒါဖြင့် ဒီခန္ဓာတစ်ကိုယ်လုံးတောင် ဒုက္ခသစ္စာကို ချုံ့ပြီးပြောတာသည် ကိုစောမောင်၊ တစ်ခုစီပြောရရင် ကြာနေမှာစိုးလို့။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်စိတ်ကလေး၊ မြင်တဲ့စိတ်ကလေး တစ်ခုတည်းမှာလဲ ခဏခဏ ဖြစ်ပြီး ခဏခဏပျက်နေတာက သစ္စာတုန်း။ (ဒုက္ခသစ္စာပါ)၊ နှာခေါင်းထဲပေါ်တဲ့စိတ်။ (ဒုက္ခသစ္စာပါ ဘုရား)၊ ဝမ်းထဲမှာ ပေးတဲ့စိတ်ကလေး ဒကာ ဒကာမတို့ အားထုတ်ပြီးများ ရှူလိုက်ရ၊ အားထုတ်ပြီးများ ရှိုက်လိုက်ရတယ်။ ရှူချည့်နေပါ လားဆိုလို့ရှိရင်လည်း မဖြစ်ဘူး။ (မှန်ပါ့)၊ ရှိုက်တဲ့စိတ်ကလေး အားထုတ်ရပြန်တယ်။ (မှန်ပါ့)၊ ရှိုက်တဲ့စိတ်ကလေးပြီးရင် တော်ရော့လား။ (မတော်ပါ ဘုရား)၊ ဘာလုပ်ရပြန်သတုန်း။ (ရှိုက်တဲ့စိတ်ကလေး လုပ်ရပြန်ပါတယ်)၊ အဲ လေထုတ်တဲ့ စိတ် မလုပ်ရဘူးလား။ (လုပ်ရပါတယ်)၊ ဒါကလေးတွေကလည်း ဘာသစ္စာတွေလဲ။ (ဒုက္ခသစ္စာတွေပါ ဘုရား)။
ဪ ဒကာ ဒကာမတွေ ခင်ဗျားတို့မှာနော် အငြိမ်ကို နေလို့မရတာဟာ အမောအပန်းကလေးများ ဖြေပါရစေ ဆိုတာတောင်မှလည်း ရှူလိုက် ရှိုက်လိုက်အလုပ်ကို မလုပ်ဘဲ နေလို့ရရဲ့လား။ (မရပါ ဘုရား)၊ ဒါကို ခင်ဗျားတို့က အမောအပန်းကလေး ဖြေပါရစေဦးတဲ့။ မပြောကြဘူးလား။ (ပြောပါတယ် ဘုရား)၊
အဲဒီအမောအပန်းဖြေနေတဲ့ အချိန်မှာ သူဘာဖြစ်နေသလဲ။ (ရှူစိတ်, ရှိုက်စိတ်ဖြစ်နေပါတယ်)၊ ရှူစိတ်ဖြစ်ပျက်, ရှိုက်စိတ်ဖြစ်ပျက် အဲဒါ အမောအပန်း ဖြေတာ။ (မှန်ပါ့)၊ အမောအပန်းဖြေနေ တာတောင်မှ အသေလွတ်ရဲ့လား။ (မလွတ်ပါ ဘုရား)။
အမောအပန်းမဖြေတဲ့အချိန်
ဒါဖြင့် အမောအပန်းမဖြေတဲ့အချိန်မှာတော့ လောဘစိတ် ဖြစ်လိုက်, ပျက်လိုက်၊ ဒေါသစိတ်ဖြစ်လိုက်။ (ပျက်လိုက်ပါ ဘုရား)၊ မောဟစိတ်ဖြစ်လိုက်။ (ပျက်လိုက်ပါ ဘုရား)၊ အိပ်ချင်စိတ် ဖြစ်လိုက်။ (ပျက်လိုက်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဟိုဟာ ဒီဟာကိုင်ပြန်တော့လဲ ကျောက်ကလေးတွေပြကြ, ကျောက်ကလေးတွေကြည့် ကြဆိုရင်ဖြင့် ဒါကလေးတွေဟာ ခဏခဏပျက်စီးနေတယ်ဆိုတဲ့ အဓိပ္ပါယ် မထင်ရှားဘူးလား။ (ထင်ရှားပါတယ်)၊ ထင်ရှားနေတော့ ဘယ်စိတ်သည် မပျက်စီးတဲ့ စိတ်ရှိသတုန်း။ (မရှိပါ ဘုရား)၊ အမောအပန်းဖြေတဲ့စိတ်တောင် (ပျက်စီး ပါတယ် ဘုရား)၊ ပေါ်ပလား။ (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အဲ့ဒီပျက်စီးတာကို ခင်ဗျားတို့က သုခလို့ ဆုံးဖြတ်ချက်ချမလား၊ ဒုက္ခလို့ ဆုံးဖြတ် ချက်ချမလား။ (ဒုက္ခပါ ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ။ (ဒုက္ခသစ္စာပါ)၊ သိတာက မဂ္ဂသစ္စာ၊ ဒီတော့ ဪ တို့ခန္ဓာမှာဖြင့် သုခကို အပ်ဖျားနဲ့ ထောက်ရှာ မတွေ့ဘူးဆိုတာ ပေါ်လာတယ်။ (ပေါ်ပါတယ် ဘုရား)၊ သူများပြောလား၊ ကိုယ်တိုင်သိလား။ (ကိုယ်တိုင်သိပါ ဘုရား)။
ကိုယ့်ခန္ဓာ ဒုက္ခသစ္စာလို့ သိပြီ
ဒါဖြင့် ကိုယ့်ခန္ဓာ ဒုက္ခသစ္စာလို့ သိပြီ။ (သိပါပြီ ဘုရား)၊ ကိုယ့်ခန္ဓာဖြစ်ပျက်မရှိမှဘဲ သုခပဲကိုးဆိုတာ သူ့ဟာသူ ဆုံးဖြတ်ချက်ချ-မချ။ (ချပါတယ် ဘုရား)၊ ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်က မချပေဘူးလာ။ (ချပါတယ် ဘုရား)၊ ချတော့ သူသည်ကားလို့ဆိုရင် ဒီခန္ဓာမရှိမှကောင်းမယ်ဆိုတော့ နိဗ္ဗာန်ကို မရနဲ့ဦး၊ နိဗ္ဗာန်ကို မှန်းနိုင်ပြီ။ (မှန်ပါ့)၊ မမှန်းနိုင် ဘူးလား။ (မှန်းနိုင်ပါတယ် ဘုရား)၊ ဒီခန္ဓာမရှိမှဘဲ ဒုက္ခဇာတ်သိမ်းမှာပဲဆိုတာ မှန်သောအားဖြင့် အာရုံမပြုသေးဘူးလား။ (ပြုပါတယ် ဘုရား)။
အဲဒီလို ပြုလာတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုစောမောင်ရေ နေရာကျပြီ။ (မှန်ပါ့)၊ ကိုင်း ဘုန်းကြီးက သင်လိုက်တယ် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကိုယ်တိုင်သိ ဒုက္ခကို သိပြီမဟုတ်လား။ ကိုယ်တိုင်သိဒုက္ခဆိုတာ ကိုယ့်သန္တာန်ထဲမှာဖြင် သုခရှာလို့ မတွေ့ဘူး။ (မှန်ပါ့)၊ တွေ့သေးရဲ့လား။ (မတွေ့ပါ ဘုရား)၊ မတွေ့တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သုခရှိတဲ့ဆီကို သွားချင်လို့ရှိရင်ဖြင့် သူ့ကို မုန်းလောက်အောင် အလုပ်-လုပ်စမ်းပါ။ မလိုချင်တဲ့ဉာဏ်ဆိုတာ မဂ်ဉာဏ် ပေါ့ဗျာ။ (မှန်ပါ့)။
အဲဒီလို လုပ်လိုက်လို့ ရှိရင်ဖြင့် ဒီဖြစ်ပျက် ခန္ဓာကြီးဟာ ပေါ်ဦးမလား။ (မပေါ်ပါ ဘုရား)၊ မပေါ်တော့ ဒကာ ဒကာမတို့ နဂိုက ပေါ်နေတာက ဆုတောင်းကြောင့် ပေါ်နေတာ။ (မှန်ပါ့)၊ ခင်ဗျားတို့က အသက်တစ်ရာ ရှည်ရပါလို၏ဆိုတော့ တစ်ရာရှည်ဖို့ ဒုက္ခသစ္စာကြီးဖြစ်နေတယ်။ (မှန်ပါ့)၊ ဖြစ်လိုက် ပျက်လိုက်- ဖြစ်လိုက်ပျက်လိုက် ဘယ်လောက်ရှည်သတုန်း။ (တစ်ရာရှည်ပါတယ် ဘုရား)၊
ဒါဖြင့် နှစ်ပေါင်းတစ်ရာဆိုရင် ဘာဖြစ်နေသတုန်း။ နှစ်ပေါင်း တစ်ရာ ဒုက္ခသစ္စာ မဖြစ်ဘူးလား။ (ဖြစ်ပါတယ် ဘုရား)၊ ဗြဟ္မာ့ပြည်ကျတော့ ကမ္ဘာပေါင်း ငါးရာရှည်တဲ့ ဗြဟ္မာဆိုရင် ကမ္ဘာပေါင်း ငါးရာနေရတယ်။ ဘယ်လောက်ဒုက္ခဖြစ်သတုန်း။ (ကမ္ဘာပေါင်းငါးရာ ဒုက္ခဖြစ်ပါတယ်)၊ ဒကာ ဒကာမတွေ သဘောပါကြပလား။ (ပါ,ပါပြီ ဘုရား)။
ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ်
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာပျက်သွားပါပြီတဲ့၊ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ် သဘောကျပလား။ (ကျပါပြီ)။
အဲဒါ ဒုက္ခသစ္စာချည့် ခင်ဗျားတို့က သိထားလို့ရှိရင် ဖြစ်ပြီးပျက်နေတာကို ဉာဏ်နဲ့ကြည့်လိုက်ရင် ဘာသစ္စာတွေ့ မလဲ။ (ဒုက္ခသစ္စာတွေ့ပါမယ်)၊ ရှင်းပါလား။ (ရှင်းပါပြီ ဘုရား)။
အခု ခင်ဗျားတို့သည် ဖြစ်ပျက်သဘောကို မမြင်သေးတော့ကို ဒီခန္ဓာကြီးနဲ့များ ခွဲရတော့မယ်ဆိုလို့ရှိရင် မကယ်နိုင်ကြတော့ဘူးလား၊ မထူနိုင်တော့ဘူးလား၊ ဘယ်ဆရာဝန်မှ မကယ်နိုင်ကြတော့ဘူးလား စသည်ဖြင့် ဒုက္ခသစ္စာ ကြီးနဲ့ ခွဲရမှာကိုပင် အင်မတန်ကြောက်တယ်၊ မကြောက်ဘူးလား။ (ကြောက်ပါတယ် ဘုရား)။
အဲဒီတော့ ခွဲရမှာ ကြောက်တယ်ဆိုတော့ မခွဲချင်တဲ့ တဏှာ ပါ,ပါ့မလား။ (ပါ,ပါတယ် ဘုရား)၊ ။
ဖြစ်ပျက်မှုကို ငါကောင်ထင် ခင်မင်သမုဒယ
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်မှုကို ငါကောင်ထင် ခင်မင်သမုဒယ သဘောကျပလား။ (ကျပါပြီ)။
ခင်ဗျားတို့ ဖြစ်ပျက်မှုကို ငါကောင်ထင်နေတဲ့အတွက် သမုဒယသစ္စာက ချုပ်ကို မချုပ်ဘူး။ (မှန်ပါ့)၊ ကိုစော မောင် ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
အဲ သမုဒယသစ္စာဆိုတာ ဖြစ်ပျက်မှုကို ငါကောင်ထင်လို့လာတာ။ (မှန်ပါ့)၊ ဖြစ်ပျက်မှုကို ဖြစ်ပျက်လို့ သူမြင် သေးရဲ့လား။ (မမြင်ပါ ဘုရား)၊ ငါပဲသူပဲထင်လို့ ဘာလာသတုန်း။ (သမုဒယလာပါတယ်)၊ သမုဒယသစ္စာဟာ အလိုလို လာတာလား ကိုစောမောင် (မဟုတ်ပါ ဘုရား)၊ ဖြစ်ပျက်မမြင်လို့ လာတာ။ (မှန်ပါ့)။
တိုတိုပြောတော့ ဘယ့်နှယ်ကြောင့် လာတာတုန်း။ (ဖြစ်ပျက်မမြင်လို့ လာတာပါ)၊ ရှင်းပလား။ (ရှင်းပါပြီ)။
ဒါဖြင့် သစ္စာဘယ်နှစ်ပါးရသတုန်း။ (တစ်ပါးရပါတယ်)၊ ဖြစ်ပျက်သမျှ သင်္ခါရတော့ (ဒုက္ခသစ္စာမှတ်)၊ ဒုက္ခသစ္စာ ကို ခင်ဗျားတို့ ရှုနေတဲ့ ပုဂ္ဂိုလ်သည် ဘုန်းကြီး ဘာမှ အထူးဟောစရာမရှိဘူး၊ ဖြစ်ပျက်ကြည့်နေရင်ဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ကြည့်တဲ့ဥစ္စာက မဂ္ဂသစ္စာဖြစ်နေတာပဲ။ (မှန်ပါ့)။
ဖြစ်ပျက်မှုကို ငါကောင်ထင် ခင်မင်သမုဒယတဲ့။ အခုတစ်ယောက် သားခင်, သမီးခင်, ဆွေခင်, မျိုးခင်, ကိုယ့်ကိုယ်ကိုယ်ခင်ဆိုတာ ဒကာ ဒကာမတို့ ဖြစ်ပျက် မမြင်တော့ ငါဖြစ်နေတော့ကို သမုဒယသစ္စာလာတာပေါ့။ (မှန်ပါ့)၊ မလာဘူးလား။ (လာပါတယ်)။
ကိုင်း ဒါဖြင့် သမုဒယသစ္စာဖြစ်ပုံကို ကိုစောမောင်ရှင်းပလား။ (ရှင်းပါပြီ ဘုရား)၊ ဖြစ်ပျက်မှုကို ငါကောင် ထင်ရင် (ခင်မင်သမုဒယပါ ဘုရား)၊ အဲ ကျုပ်က သမုဒယကလေးရှိသေးတယ်။ ကျုပ်က သမုဒယကလေးရှိသေးတယ်လို့ ခင်ဗျားတို့က ဧည့်ခံကြတာတွေ တော်တော်များတယ်။ (မှန်ပါ့)၊ မများဘူးလား။ (များပါတယ် ဘုရား)။
ကျုပ်က ကျောင်းကန်ဘုရားကို သွားချင်ပါတယ်။ တရားဓမ္မလည်း အားထုတ်ချင်ပါတယ်။ ဟောဒီ သမုဒယ ကလေး ကျုပ်က ရှိနေပါတယ်တဲ့။ အင်း ကျုပ်အပါယ်သွားဦးမယ် ပြောတာပါပဲ။ (မှန်ပါ့)၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
သမုဒယဆိုတာ ဘာပါလိမ့်
ဘာပြောတာပါလိမ့်။ (ကျုပ်အပါယ်သွားဦးမယ်ပြောတာပါ)၊
ကိုစောမောင် သမုဒယဆိုတာ ဘာပါလိမ့် ကိုစောမောင် (တဏှာပါ ဘုရား)၊ တဏှာပြီးတော့ ဘာလာမတုန်း။ (ဥပါဒါန်လာပါတယ်)၊ ဥပါဒါန်ပြီးတော့ (ကံလာပါ တယ်)၊ ကမ္မဘဝဆိုတဲ့ ကာယကံ, ဝစီကံတွေ မလာဘူးလား။ (လာပါတယ်)၊
အဲ ကျုပ်က သမုဒယရှိတယ်ဆိုတော့ တဏှာရှိတယ်၊ ဥပါဒါန်ရှိတယ် ကံရှိတယ်။ ပြီးတော့ ဇာတိဆိုတဲ့ သေတဲ့အခါကျရင် အပါယ်လေးပါး ဇာတိစသည်က ပေါ်လာတာ။ (မှန်ပါ့)၊ ကဲ ခင်ဗျားတို့ မြို့သုံးလုပ်မနေနဲ့၊ ရိပ်မိပလား။ (ရိပ်မိပါပြီ ဘုရား)။
ခပ်ယဉ်ယဉ်ကလေး သုံးချင်တော့ သမုဒယကလေးကများ သုံးလိုက်တယ်။ (မှန်ပါ့)၊ မသုံးကြဘူးလား။ (သုံးပါ တယ် ဘုရား)၊ သမုဒယကလေးတွေကြောင့် ခက်နေတာဆိုတော့ ဟိုကလည်း တဏှာနားနဲ့ထောင်တဲ့ လူက ဟုတ်ရှာ လိမ့်မယ်လို့ လိုက်လာတယ်။ (မှန်ပါ့)။ ရပ်မိပလား။ (ရိပ်မိပါပြီ)၊ ဘယ်တော့မှ မသုံးကြနဲ့ဗျ၊ ဒါဟာ ဒယ်အိုး အမွေခံနေ တာ။ (မှန်ပါ့)၊ ဒီအသုံးမျိုးသည် ကျုပ်ဒယ်အိုးသွားပါမယ်လို့ ပြောတာပါပဲ ကိုစောမောင်။ (မှန်ပါ့)၊ ထူးသေးသလား။ (မထူးပါ ဘုရား)။
ကဲ ဒါဖြင့် သဘောပါပလား။ (ပါ-ပါပြီ ဘုရား)၊
ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာမှတ် အဖြစ်အပျက်ကို မြင်လို့ရှိရင် ခင်ဗျားတို့ ဒါဟာ ဒုက္ခသစ္စာတွေ့ပြီ။ (မှန်ပါ့)၊ ကိုယ်တိုင်သိဖြစ်ပြီ၊ ဘယ်တော့မှ ဝါဂွမ်းဘဝမဖြစ်နိုင်တော့ ဘူး။ ဝါဂွမ်းဘဝက လွတ်ပြီ။ သဘောကျပလား။ (ကျပါပြီ)၊ ကိုယ့်ဒုက္ခ ကိုယ်မသိသေးဘူးလား။ (သိပါပြီ ဘုရား)၊ သူများပြောတဲ့ ဒုက္ခလား၊ ကိုယ်တိုင်သိဒုက္ခလား။ (ကိုယ်တိုင်သိဒုက္ခပါ ဘုရား)၊ အဲ ကျောက်တိုင် စလာပြီ။ တိမ်းစရာ, စောင်းစရာ, ယိုင်စရာ, ရွဲ့စရာ (မရှိပါ ဘုရား)၊ သဘောပါပလား။ (ပါ,ပါပြီ)။
အဲ တိမ်းစောင်းတယ်ဆိုတာက ဖြစ်ပျက်မှုကို ငါကောင်ထင် ခင်မင်သမုဒယကြောင့် ကိုစောမောင် ဆိုးနေတာ။ (မှန်ပါ့)။
ရုပ်နာမ်အားလုံး ဖြစ်ပျက်ဆုံး ချုပ်ဆုံးနိဗ္ဗာန်မှတ်
မှတ်ချက်။ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံးနိဗ္ဗာန်မှတ်- ဟုလည်းရှိသည်။
ကိုင်း ဒါဖြင့် နိရောဓကိုပြမယ် ဒကာ ဒကာမတို့၊ ဟောဒီဖြစ်ပျက်ကလေးဟာ ရှုရင်းမတ္တနဲ့ စိတ် ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်က စိတ်ဖြစ်ပျက်ဆုံး, ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်က (ဝေဒနာဆုံးပါ ဘုရား)၊ ဝေဒနာဆုံးဆိုတော့ စိတ်ရောဆုံးတာပဲ။ (မှန်ပါ့)၊ ရုပ်ရော နာမ်ရော အကုန်ဆုံးတာပဲ။ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ရှုပါများတဲ့ ပုဂ္ဂိုလ်မှာ မုန်းလို့ရှိရင် ဆုံးပါလိမ့်မယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ရုပ်နာမ်အား လုံး ဖြစ်ပျက်ဆုံး ချုပ်ဆုံးနိဗ္ဗာန်မှတ် သဘောကျပလား။ (ကျပါပြီ)။
ရုပ်နာမ်အားလုံး (ဖြစ်ပျက်ဆုံး ချုပ်ဆုံး နိဗ္ဗာန်မှတ်) အဲ သူတို့ဆုံးသွားလို့ ရှုရင်းမတ္တနဲ့ ဆုံးသွားရင် နိဗ္ဗာန်ဟာ ခင်ဗျားတို့ ရှေ့တွင် ပေါ်မယ်။ (မှန်ပါ့)၊ နောက်မှ ရလိမ့်မယ်ဆိုတာ အားမကိုးနဲ့ ရှုသာရှုပါ။ ရှုရင်းမတ္တနဲ့ မလိုချင်တော့ ဆုံးသွားတာပဲ။ ဆုံးသွားလို့ ရှိရင်ဖြင့် ဪ ဒုက္ခသိမ်းတဲ့ နေရာဟာ ဒါပါကလားလို့ ကိုယ်တိုင်ပြောပါတယ်။ (မှန်ပါ့)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့မှာတော့ ကိစ္စပြီးပါပြီကွာလို့ ပြောတာ ဒါပဲ။ (မှန်ပါ့)၊ ကိုစောမောင် မပြောဘူးလား။ (ပြောပါတယ် ဘုရား)၊ ငါ ကိစ္စပြီးပြီကွ၊ ပရိပက္ကော (ပ) ကတံမေသရဏမတ္တနော ငါသည် ကိုးကွယ်ရာဖြစ်တဲ့ နိဗ္ဗာန်ကြီးကို ရပြီးပြီတဲ့။ (မှန်ပါ့)၊
မင်းတို့သာ ကောင်းကောင်းကျင့်ဖို့ အရေးကြီးတယ်တဲ့၊ ငါ့မှာတော့ စိတ်ချရပြီဆိုတာ ဒါကို မြင်ပြီးပြီတဲ့။ သဘောကျပလား။ (ကျပါပြီ ဘုရား)၊ ပရိနိဗ္ဗာန်စံကာနီးမှာ မရှိဘူးလား။ (ရှိပါတယ် ဘုရား)။
အဲ ဘုရားက ဖြစ်ပျက်အဆုံး နိဗ္ဗာန်ကို မြင်ထားပြီ။ (မှန်ပါ့)၊ ဒါ့ကြောင့် ရုပ်နာမ်အားလုံး ဖြစ်ပျက်ဆုံးချုပ်ဆုံး နိဗ္ဗာန်မှတ်။ (မှန်ပါ့)။
ရှုတဲ့အခါကျလို့ရှိရင် ပထမဖြစ်ပျက်မြင်လိမ့်မယ်၊ နောက် ဒီဖြစ်ပျက်ကလေးတွေကို မုန်းလာမှာပဲ။ နောက် ကျတော့ မလိုချင်တော့ ဘာဖြစ်သွားမတုန်း။ (ဆုံးသွားပါမယ်)၊ လိုလည်း မလိုချင်တော့ပါဘူးဆိုတဲ့ ဉာဏ် ဒီမှာပေါ်လာ လိမ့်မယ်။ (မှန်ပါ့)၊ ပေါ်လာရင် ဘာဖြစ်မယ် ထင်သတုန်း။ (ဆုံးသွားပါ့မယ်)၊ ဆုံးရင် နိဗ္ဗာန်မြင်ပြီလို့သာမှတ်။ (မှန်ပါ့)၊ အကြွေးမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ လက်ငင်းရတဲ့ နိဗ္ဗာန်လို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ့)၊
ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင်မှန်ပင် မဂ်ဟုမှတ်
နိဗ္ဗာန်ရောက် လိမ့်မယ်၊ ရလိမ့်မယ်လို့ ဟောတာ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ လုပ်သာလုပ်ပါ၊ အခုတွေ့ပါလိမ့်။ (မှန်ပါ့)၊ ရှင်းပလား။ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ချုပ်ဆုံးမှုတွင် ဉာဏ်သက်ဝင်မှန်ပင် မဂ်ဟုမှတ် ချုပ်ဆုံးမှုတွင် ခင်ဗျားတို့ ဉာဏ်ကလေးဟာ သက်ဝင်နေရင် မဂ်ပေါ်လာတာပါပဲ၊ ဝိပဿနာမဂ်ပေါ်တယ်။ (မှန်ပါ့)၊ သဘောကျပလား။ (ကျပါပြီ ဘုရား)။