14111

မာတိကာသို့

နိဗ္ဗာန်ကို ဥစ္ဆေဒ ဒိဋ္ဌိလွတ်တဲ့ယူနည်း

ယမကရဟန်းဝတ္ထု (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသောတရားတော်

နိဗ္ဗာန်ကို ဥစ္ဆေဒ ဒိဋ္ဌိလွတ်တဲ့ယူနည်း

ယမကရဟန်းဝတ္ထု (၂)

ဥစ္ဆေဒ ဒိဋ္ဌိအယူရှိနေတယ်

ယမကမထေရ်ဟာ ပုထုဇဉ်ရဟန်းဖြစ်ပြီး နေတော့ ဥစ္ဆေဒ ဒိဋ္ဌိအယူရှိနေတယ်လို့ မှတ်ထားရမယ်။ ဥစ္ဆေဒဒိဋ္ဌိ အယူဆိုတာ ဘာပါလိမ့်မလဲလို့ မေးလိုရှိရင် သေရင်ပျောက်သွားတာဘဲ ဘာမှမဖြစ်တော့ဘူး။

သေရင်ပြီးတာဘဲ။ ဘာမှမဖြစ်တော့ဘူးဆိုတဲ့ အယူဟာ ဘာအယူပါလိမ့် (ဥစ္ဆေဒအယူပါ ဘုရား)။

အခုလောကမှာပဲ ဒကာ ဒကာမတွေသုံးကြတာဘဲ။ သေပြီးကြတာဘဲ။ မွေးတစ်နေ့ သေတစ်နေ့ဘဲ။ အဲဒီကဲ့သို့ ယူလို့ရှိရင်ဒါသည် ဥစ္ဆေဒဒိဋ္ဌိအယူဘဲ (မှန်ပါ)။

အဲဒါကြောင့် ဒီနေ့ဟာမည့်တရားသည် ဒကာ ဒကာမ တွေဒိဋ္ဌိပြုတ်ပြီး သကာလ သောတာပန်အဖြစ်သို့ ရောက်တယ်။ သောတာပန်အဖြစ်သို့ ရောက်ရှိပြီး သကာလ ရှင်သာရိပုတ္တရာက သောတာပန်အဖြစ်မှ ရဟန္တာအဖြစ်သို့ ရောက်အောင် ယမကရဟန်းကိုပဲ ဆက်ဟောလို့ နောက်ဆုံးပိတ်ရဟန္တာဖြစ်တယ် (မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမ တွေကဒီနေ့ နှစ်ချက် မှတ်ရမယ်နော်။ ဒိဋ္ဌိရှိတုန်းက ဒိဋ္ဌိပြုတ်အောင် ဟောလိုက်တဲ့ အခါမှာသောတာပန် တည်ပုံ။ နောက်ဒိဋ္ဌိပြုတ်ပြီးမှ ခန္ခာငါးပါးသူသတ်ယောကျာ်းအဖြစ်နဲ့ ဒုက္ခသစ္စာအဖြစ်စင်ကြယ် အောင် ဟောတာနဲ့ဘဲ ရဟန္တာဖြစ်ပုံ ရှင်သာရိပုတ္တရာသည် နှစ်ချက်ဆက် ဟောလိမ့်မယ် (မှန်ပါ)။

ပဌမ သောတာပန်တည်တာ ဟောလိမ့်မယ်လို့ မှတ်ပါ(မှန်ပါ)၊ နောက်ကျတော့ သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်တာကို ဆက်လက်ပြီး သကာလ ဟောလိမ့်မယ်။ အဲဒီတရားမှာ ရှင်သာရိ ပုတ္တရာက အလုပ်ကို ကိုယ်တိုင်ပြပြီး ဟောတယ် ဟိုကိုယ်တော်ကလဲ ကိုယ်တိုင်ဉာဏ်ရောက်ပြီးနာလို့ ပဌမသောတာပန် တည်တယ်၊ သောတာပန် တည်ပြီး နိဗ္ဗာန်မြင်လို့ သူမဖောက်ပြန်ပုံတွေကိုလဲ ဒီနေ့ကြားရလိမ့်မယ်(မှန်ပါ)။

ဘုရားပွင့်တာ ဒိဋ္ဌိတောရှင်းဖို့ပွင့်တယ်

ဒိဋ္ဌိဖြစ်နေတဲ့ ရဟန်းက ယမကရဟန်းလို့မှတ်ကြပါ (မှန်ပါ) ဘုရားမပွင့်ခင်ကလဲ ဒိဋ္ဌိချည်းဘဲ။ ဘုရားပွင့်လာတဲ့ အခါ ဒိဋ္ဌိတောကို ရှင်းနေရတာကို အချိန်ကြာတောပဲလို့ မှတ်ကြရမယ် (မှန်ပါ)။

ဘုရားပွင့်တာသည် ဘယ်အကျိုးငှာ ပွင့်ပါလိမ့်မလဲလို့ မေးရင် ဒိဋ္ဌိတောရှင်းဖို့ပွင့်တယ်လို့ဖြေနိုင်ပါတယ်။ ဒိဋ္ဌိတောမရှင်းရင် သောတာပန်ကတော့ဖြစ်ကို မဖြစ်ဘူး(မှန်ပါ) အထက်မဂ်ဖိုလ် ရဟန္တာဖြစ်ဖို့ ဆိုတာကတော့ တဏှာတောကို ထပ်ပြီးရှင်းရတယ်လို့ မှတ်ရမယ် (မှန်ပါ)။

အဲဒါကို မှတ်ထားလိုက်တော့မှ ဪ ရှေးဦးစွာတို့ကျင့်အမည့်အကျင်ဟာက သောတာပန်ဖြစ်ဖို့ ကျင့်ရတဲ့ အကျင့်ဖြစ်နေတေ့ာ ဒိဋ္ဌိတောရှင်းရမည့်ဟာက တို့ပဌမကျင့်ရမည့် ကျင့်စဉ်လို့ မှတ်ရမယ်(မှန်လှပါ) တဏှာတော ရှင်းရမှာက ဒုတိယကျင့်စဉ်ပေါ့ဗျာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ပဌမ ဘာတောရှင်းရမတုန်း (ဒိဋ္ဌိတောရှင်းရပါမယ်) ဒါမှ သောတာပန်တည်မှာကိုးဗျ။ နောက်ဘာတော ရှင်းရမယ် (တဏှာတောရှင်းရမယ်)။

အဲဒီတော့ ဒကာ ဒကာမတွေ အခုအားထုတ်လေ့လာနေကြပေမယ့် ဒီလိုအစီအစဉ်နဲ့မဟုတ်တော့ ဦးဝင်းတို့ ဦးခင်မောင်တို့ ရှင်းချင်တဲ့တော ရှင်းနေတော့ လိုရာမရောက်ဖြစ်နေတာပေါ့ဗျာ (မှန်ပါ)။

ကျင့်ချင်ရာ ကျင့်ဆိုတော့ အရင်ဟာကနောက် နောက်ဟာက အရင်ဖြစ်နေရင် ဘယ်မှာမဂ်ဖိုလ်ဆိုက်မလဲ (မဆိုက်ပါဘူး) မဆိုက်နိုင်တော့ တို့ပါရမီဘက်ချလိုက်ကြတာဘဲ(မှန်ပါ)။

အလုပ်စဉ်လွဲတာ တွေကလဲ ပါပါသေးတယ်

ဒီကရှေ့ကိုဖြင့် ကိုသစ်တို့ ကိုမြရွှေတို့ ပါရမီချည့် ချမနေကြပါနဲ့ အလုပ်စဉ်လွဲတာ တွေကလဲ ပါပါသေးတယ်လို့မှတ်ရမယ်(မှန်ပါ)။

ပါရမီကတော့ သူ့အတိုင်းအထွာနဲ့သူ ဘယ်သူမှမရှိတဲ့ လူရယ်လို့မရှိနိုင်သလောက်ပါဘဲ။ (မှန်ပါ) ပါရမီရှိလို့ လူဖြစ်လာတာ မသေချာသေးဘူးလား (သေချာပါတယ်) ပါရမီရှိလို့ သာသနာတွင်း ကြုံလာတယ် (မှန်ပါ)။

ပါရမီရှိလို့ ဆရာသမားများနဲ့ ကြုံရတာကော (သေချာပါတယ် ဘုရား) ကြုံပင်ကြုံငြားသော်လဲ ထောင်တတ်တဲ့နား ရှိတာကော မသေချာဘူးလား (သေချာပါတယ်)။

ဒါဖြင့် ပါရမီကို ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ပါရမီရှိပါတယ်လို့ မှတ်ရပါတယ် ဘုရား) ပါရမီရှိလျှက်သားနဲ့ ဘယ့်နှယ်ကြောင့် မဂ်ဖိုလ်မဆိုက်ပါလိမ့်မလဲ ဆိုတော့ ကျင့်စဉ်မမှန်လို့ (မှန်လှပါ)။

ဘယ်လိုမှတ်ကြမယ် (ကျင့်စဉ်မမှန်လို့ပါ ဘုရား)။

ဒါကြပ်ကြပ် သတိထားပါတဲ့ ဒီနေ့ပြောတဲ့စကားဟာ အတော်အရေးကြီးတယ်လို့ မှတ်ပါ (မှန်ပါ) ကျင့်စဉ်မမှန် လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်လိုပဲ ကျင့်ကျင့်ဥပမာမယ် သုံးဆယ့်နှစ် ကောဋ္ဌာသကျင့်နေတယ်ဆိုရင် တဏှာ သတ်ပြီး သကာလ နေတော့ လူတစ်ယောက်ကို သုံးဆယ့်နှစ်ပုံ-ပုံထားပါ။ ဘယ်အပုံကို လိုချင်သေးသတုန်းဆိုတော့ လောဘတဏှာနဲ့ မေးရတာကိုးဗျ (မှန်ပါ) ဦးခင်မောင် သဘောကျပါပြီလား (မှန်ပါ)။

ဒါဖြင့် တဏှာသတ်စပြီး ဟောနေတာ့ အဲဒီတဏှာသတ် ရင်ဒိဋ္ဌိက ကွာအောင် မခွါတတ်ရင်လဲရှိရင် မကွာဘဲဖြစ်နေတတ်တယ် (မှန်ပါ) ဒိဋ္ဌိကွာမှ သောတာပန်ကစပြီးတည်ရမှာ၊ အဲဒီလိုများ အစဉ်မတည်မြဲဘဲ ဖြစ်နေရင် ဘယ်နှယ်ဆိုပါ့မလဲ (လွဲပါတယ်) သဘောကျကြပြီလား (ကျပါပြီ)။

သူများပြောသံကြားဘဲ မှန်ထင်ပါရဲ့ လုပ်နေကြတာ

အဲဒါကြောင့် ခင်ဗျားတို့ကတော့ ဘယ်လိုဖြစ်နေသတုန်းလို့ အမေးထုတ်လို့ရှိရင် သူများပါးစပ် လမ်းဆုံးနေတယ် (မှန်ပါ) ဟောဒါဟုတ်ထင်ပါရဲ့ ဟောဒါမှန်ထင်ပါရဲ့ ဆိုတော့ သူများပြောသံကြားဘဲ မှန်ထင်ပါရဲ့ လုပ်နေကြတာဘဲ၊ (မှန်ပါ) အစီအစဉ်က ဒီလိုဟုတ်ကဲ့လား (မဟုတ်ပါဘူး)

အစီအစဉ်က ဘယ်လိုအရင်ရှင်းရမယ် (ဒိဋ္ဌိဟောကို အရှင်ရှင်းရ ပါတယ်) ပြီးတော့မှ တဏှာတောကိုရှင်းရမယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အပြောအပြုလွဲနေပြန်လို့ရှိရင်လဲ ကိုယ့်ပါရမီကလေး ခရီးမရောက်ပဲ ဖြစ်နေမှာဘဲ (မှန်ပါ)။

ဒါသေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ကိုယ်မသုံးတတ်လို့ ခရီးမရောက်တာလဲရှိတယ်၊ မှီဝဲဆည်းကပ် လွဲလို့ကော (မှန်ရှိပါတယ် ဘုရား) ဦးဘအုန်းရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါကြောင့် ဆရာကောင်းသမားကောင်း တွေ့ဖို့လို့လဲ အင်မတန်အရေးကြီးတယ် ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။

ဒိဋ္ဌိစရိုက်ထူပြောတဲ့ ပုဂ္ဂိုလ်မှာ ဒိဋ္ဌိအရင်မသတ်ဘဲ ရှုနေပါက ဒိဋ္ဌိမကွာပါလျှင် မဂ်မရနိုင်ဘဲရှိတတ်သည်။

ကဲ ဒါဖြင့် ဒိဋ္ဌိတောရှင်းရမယ်နော် (မှန်ပါ) ရှင်းပုံကို ဘုန်းကြီးက ဝထ္ထုသက်သေသာဓကနဲ့တကွ သံယုတ်ပါဠိ တော်မှာ ကိုယ်တော်တိုင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောလို့ အဲဒီလုပ်ပုံလုပ်နည်းနဲ့ တကွ ယမကဝတ္ထုမှာ နိဗ္ဗာန်မြင်ပုံ၊ သစ္စာမြင်ပုံ ဒီဥစ္စာတွေ ထူးထူးခြားခြား ဒကာ ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ)၊ အလုပ်စခန်းလဲပါလိမ့် မယ်လို့မှတ်ရမယ် (မှန်ပါ)။

လေးလေးစားစားနဲ့ မှတ်ကြပါ

ဒကာ ဒကာမတွေတစ်ခုသတိပေးလိုက်ပါတယ် ပေါ့ပေါ့တန်တန်နဲ့ ဒီတရားကို မမှတ်နဲ့၊ (မှန်ပါ) ပေါ့ပေါ့တန်တန် နဲ့ မမှတ်ကြပါနဲ့ ဦးဝတို့၊ ဦးခင်မောင်တို့ လေးလေးစားစားနဲ့ မှတ်ကြပါ။ ဘာဖြစ်လို့တုံးဆိုတော့ ခရေစေ့တွင်းကျ ရှင်းပေးနေတာကိုးဗျ (မှန်ပါ)၊ ခရေစေ့တွင်းကျရှင်းပေးနေတော့ ဪ ဒီအစီအစဉ်ဟာ မှန်တယ်ဆိုတာ ဘုရားက တာဝန်ခံလို့ရှိရင် မှန်ကြပေါ့ဗျာ (မှန်ပါ့)၊ ဘုရားဟောတာမဟုတ်ပဲ ကိုယ့်မှန်းခြေနဲ့ပြောပြီး သကာလ နေလို့ရှိရင်တော့ မယုံချင်နေကြပေါ့ဗျာ (မှန်ပါ) အဲ အခုလာမှာက သံယုတ်တော်မှာ ဘုရားကိုယ်တော်တိုင်ဟောတဲ့ ပါဠိလို့မှတ်လေတော့ (မှန်ပါ)။

ဒါဖြင့် ဒီဥစ္စာဘာပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာလာစရာလိုသေးသလား (မလိုပါဘူး ဘုရား) ယမကဟာလဲ သူကိုယ်တိုင်တာဝန်သူကိုယ်တိုင်ကျွတ်တမ်းဝင်တာဦးခင်မောင်တို့လုံလောက်တာတွေ့ရဦးမှာဘဲ (မှန်ပါ ဘုရား)။

အဲဒီတော့ အခုဟောရင်းမက္တနဲ့ပဲ သူကိုယ်တိုင်ဘာဖြစ်လို့ ဘာထင်လာလို့ သောတာပန်အရင်တည်တယ်၊ နောက်သောတာပန် တည်ပြီးမှ သူ့ကို ရဟန္တာဖြစ်အောင် ရှင်သာရိပုတ္တရာကဘာကို ဆက်ပြီးဟောရပြန်တယ်။ သူ့ အစီအစဉ်က အကုန်လာတာကိုးဗျ (မှန်ပါ) ဒီတော့ လေးလေးနက်နက်မှတ်ပါ ဆိုတဲ့စကားမတိုက်တွန်း သင့်ဘူးလား (တိုက်တွန်းသင့်ပါတယ် ဘုရား) လေးလေးနက်နက်မှတ်ပါလို့ ပြောလိုက်ပါတယ် (မှန်ပါ့)။

ကိုင်း-ပြောကြပါစို့တဲ့ ဒီယမက ရဟန်းက သူဘယ်လိုဖြစ်နေသလဲလို့ မေးတဲ့အခါကျလို့ရှိရင် သူက ဘုရား တရားဟောတဲ့ဆီကို သွားနာပါတယ် မြတ်စွာဘုရားက ဇာတ်တော်တွေ ပေါင်းဟောရာမှာ ငါသည် ဘယ်ဘဝက ဘာဖြစ်ခဲ့တယ်စသည်တွေကြားနာရတော့ ဟိုဘဝက လာတာပဲ ဒီဘဝကလာတာပဲလို့ သဿတဒိဋ္ဌိယူမိကြတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် (မှန်ပါ့)။

ယမကယူပုံကတော့

ယမကယူပုံကတော့ ရဟန္တာဖြစ်သွားပြီး ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူး ပြတ်သွားတာဘဲ ဒီလို ယူပစ်လိုက်တယ် (မှန်ပါ့) ရဟန္တာသေတော့ ပြတ်သွားတယ်လို့ ဥစ္ဆေဒဒိဋ္ဌိ ယူလိုက်တယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

ရဟန္တာမဖြစ်ခင် ပုထုဇဉ်ဘဝနဲ့ သေဆုံးမှုတွေကတော့ ဥပမာငါသည် ဝိဓုရဖြစ်ခဲ့တယ် မဟောသဓာဖြစ်ခဲ့တယ် ဆိုတော့ ဟိုဘဝကလဲ ဒါပဲ ဒီဘဝမှာလဲ ဒါပဲလို့ သဿတဒိဋ္ဌိယူကြတယ်နော် (မှန်ပါ့) ဒကာ ဒကာမတွေ မယူတတ်ပြီဆို တော့ အလွန်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ကိုင်း-ယမက ဒိဋ္ဌိဖြစ်ပုံပြောကြပါစို့။ ငါသည် ဘုရားဟောတော်မူတာ သိပါတယ်တဲ့။ ဘေးကရဟန်းတွေကို သူကပြောနေတာ (မှန်ပါ့) ရဟန္တာများသေရင် ဘာမှ မဖြစ်တော့ဘူးပြတ်ထွက်သွားတာဘဲတဲ့ (မှန်ပါ့) သူယူပုံ သဘော ကျပြီလား (ကျပါပြီ ဘုရား) ရဟန္တာသေရင် ပြတ်တယ် ဘာမှမဖြစ်တော့ဘူးတဲ့။ ဒကာ ဒကာမတို့ ဒါဟာ ယမကရဟန်း၏ အယူနော် (မှန်ပါ့)။

ရဟန္တာသေရင် ဘာဖြစ်သေးသတုံး (ဘာမှမဖြစ်တော့ပါဘူးတဲ့) ဘာဒိဋ္ဌိတုံး (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ မှတ်စရာက နိဗ္ဗာန်သဘောမကျလို့ ဖြစ်ရတာ (မှန်ပါ့)။

အလုပ်လုပ်ပါ၊ အလုပ်နဲ့ မြင်ပါလိမ့်မယ်

ဘယ်နှယ့်ဆိုကြမတုံး (နိဗ္ဗာသဘောမကျလို့ ဖြစ်ရတာပါ) နိဗ္ဗာသဘောမကျလို့ ဖြစ်ရတဲ့ ဖြစ်ထွေဆိုတော့ ဒကာ ဒကာမတွေဪ ဒါဖြင့် နိဗ္ဗာန် သဘောကျအောင် နိဗ္ဗာန်ကို အလုပ်နဲ့မြင်အောင် အလုပ်လုပ်မှ အလုပ်နဲ့ မြင်မှာဖြစ်နေတော့ ဒကာ ဒကာမတွေ အလုပ်လုပ်ပါအလုပ်နဲ့ မြင်လာပါလိမ့်မယ်လို့ တိုက်တွန်းပါတယ် (မှန်ပါ့)။

အလုပ်မလုပ်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရရ ပါလို့၏ ဆိုငြားသော်လဲ တကယ်ရချင်သလားလို့ မေးတဲ့အခါကျတော့ ထုံးစံတောင်းဘဲ ဖြစ်ပါလိမ့်မယ်။ တကယ်ရချင်တဲ့ သဘောကော ပါပါရဲ့လား (မပါပါဘူး)။

ဘာဖြစ်လို့ တုံးဆိုတော့ ကိုယ်မစားဘူးတဲ့ ပစ္စည်းကို စားချင်တယ်ပြောတဲ့ ပုဂ္ဂိုလ်ဟာ ပြောသံကြားနဲ့ မှန်းပြီး ပြောတာပါ (မှန်ပါ့) အဲဒါကြောင့် အလုပ်နဲ့ လုပ်ပြီး သကာလ နိဗ္ဗာန်မြင်အောင် အရေးဟာ အတော်ကြီးတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် ယမက ရဟန်း၏ မိစ္ဆာဒိဋ္ဌိအယူဟာ ရဟန္တာသေရင် ဘာဖြစ်သတဲ့တုံး (ပြတ်ပါတယ် ဘုရား) ပြတ်သွားတယ်၊ ဘာမှမဖြစ်တော့ဘူးတဲ့ (မှန်ပါ့)။

ဒါနဲ့ သူက ဒီအယူကို မိတ်ဆွေသင်္ဂဟတွေ လျှောက်ပြောတယ် ဘုရားကဟောတော်မူတာ သူသိပါတယ်၊ ရဟန္တာများသေလို့ရှိရင်ဖြင့် သေပြီး ပျောက်ပျက်သွားတာပဲ။ ဘာမှမဖြစ်တော့ဘူး ဒီလိုချည်းယူတော့ ဘေးကရဟန်းတွေ က အရိယာပုဂ္ဂိုလ် တွေလဲရှိကြ, ပုထုဇဉ်ရဟန်းတွေလဲရှိကြတယ်။

ဒီတော့ င့ါရှင် ဘုရားဒီလိုဟောတာ မဟုတ်ပါဘူး ဘုရားကို မကောင်းသဖြင့်တော့ မစွပ်စွဲပါနဲ့လို့ ပြောကြတယ် (မှန်ပါ့)။

ဟာ စွပ်စွဲတာမဟုတ်ပါဘူး ဘုရားဟောတော်မူတာ ဒီအတိုင်းပါဘဲ။ ဒုန်းခံတာဘဲ သူက၊ ဦးခင်မောင် သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

ရဟန္တာသေရင်

ဘုန်းကြီးတို့ ဒကာ ဒကာမတွေလဲ ရဟန္တာတော့ ဖြစ်ချင်တယ်၊ ရဟန္တာသေရင် ပြတ်တာဘဲဆိုရင်တော့ ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး (မှန်ပါ့) ရဟန္တာသေရင် ချမ်းသာတယ်ဆိုရင်တော့ ကြိုက်မှာဘဲ (မှန်ပါ့)။

အဲဒီလို ယူထားတော့ အမှန်က ရဟန္တာသေရင် နိဗ္ဗာန်ချမ်းသာ ရောက်တာဘဲ။ ဒုက္ခငြိမ်းအေးတဲ့။ သန္တိသုခ ပေါ့ဗျာ (မှန်ပါ) အဲဒါကို ယမကက ပျောက်ပျောက်သွားတယ် ဘာမှမဖြစ်တော့ဘူးလို့ ယူထားတယ် (မှန်ပါ့) ဒီတော့ ဘာမှသေသေချာချာ မသိတဲ့လူတွေက နိဗ္ဗာန်ဆိုတာ ပျောက်ပျောက်သွားတာပဲ ဘာမှမရှိတော့ဘူးဆိုတဲ့ အယူနဲ့ကော တူမနေဘူးလား (တူနေပါတယ်)။

အဲဒီလို ဖြစ်ပြီး သကာလ နေတော့ ဘေးကရဟန်းတွေက ဦးဝတို့ဦးခင်မောင်တို့ ဝိုင်းပြီးဆုံးမကြတာပေါ့ဗျာ ငါ့ရှင်ယမကဘုရားကို ဒီလိုတော့ မစွပ်စွဲလိုက်ပါနဲ့။ ဒီလိုပဲ ဟောတာ မဟုတ်ပါဘူး။ (မှန်ပါ့) ဟာ မဟုတ်ဘူး။ ဘုရား ကိုက ဒီအတိုင်းဟောတာဘဲ။ ရဟန္တာသေရင် ပြတ်တာဘဲ ဘာမှမဖြစ်တော့ဘူးတဲ့။ တစ်ခါတည်း ဒီအယူကြီးဟာ ဦးဝတို့ ဦးခင်မောင်တို့ စွဲနေတော့တာပဲ (မှန်ပါ့) စွဲနေတော့ သူမှာ စဉ်းစားကြည့် ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိခံမနေဘူူး လား (ခံနေပါတယ် ဘုရား)။

နိယတမိစ္ဆာဒိဋ္ဌိကံ မြောက်လာအောင် ယူပြီဆိုရင်

အဲဒီဒိဋ္ဌိရှိရှိနေလို့ရှိရင် ဘုန်းကြီးက ကျမ်းဂန်လာတဲ့အတိုင်း ကြားဖောက်ပြောသွားပါဦးမယ်။ ဥစ္ဆေဒဒိဋ္ဌိ အယူကြီးမားလို့ နိယတ မိစ္ဆာဒိဋ္ဌိကံ မြောက်လာအောင် ယူပြီဆိုရင် ဒကာ ဒကာမတို့ ဒီ့ပြင်ကံ တွေထက် ပဉ္စာနန္တရိယ ကံထက် ကြောက်စရာကောင်းသည်။ အပြစ်အင်မတန်ကြီးလှသည် (မှန်ပါ့)။

ပဉ္စာနန္တရိယကံ ဟာ-ဒကာ ဒကာမတို့ ကမ္ဘာပျက်ခါနီးမှ ပဉ္စာနန္တရိယကံ တစ်ခုခု ကျူးလွန်ပေါ့ဗျာ။ နက်ဖြန် ကမ္ဘာပျက်မယ်ဆိုရင် ဒီနေ့အဝီစိကျ နက်ဖြန်ကျတော့ လွတ်တာဘဲ(မှန်ပါ့) အဲဒီ ဥစ္ဆေဒဒိဋ္ဌိ နိယတမိစ္ဆာဒိဋ္ဌိကံရှိတဲ့ ပုဂ္ဂိုလ်ကဖြင့် ဒီကမ္ဘာပျက်သွားငြားသော်လဲ ကမ္ဘာမပျက်တဲ့ စကြာဝဋ္ဌာမှာ သွားပြီးခံရတယ်။ မလွတ်ဘူး သူက (မှန်ပါ့)။

ဒါဖြင့် ပဉ္စာနန္တရိယကံနဲ့ ဒီဒိဋ္ဌိနဲ့ ဒကာ ဒကာမတို့ ဘယ်ဟာကြောက်စရာကောင်းသတုံး (ဒီဒိဋ္ဌိက ကြောက်စရာ ကောင်းတယ်) အဲဒါကြောင့် ဒီဒိဋ္ဌိတွေမဖြစ်ရအောင် ဘုန်းကြီးများက ဖြတ်တောက်ပေးနေတာ (မှန်ပါ့)။

အဲဒီတော့ ဪ ဒီနေ့ဟောမည့် တရားဟာ ဒို့အဖို့အလွန်အရေးကြီးပြီး သကာလ အလွန် အပြစ်ကြီးတဲ့ ဟာကို ဖြတ်ပေးမှာပါလားလို့ဆိုတာ မှတ်ရမယ် (မှန်ပါ့)။

ဒိဋ္ဌိဆိုတာမျိုးဟာ ဖြတ်ပေးမည့်သူ မရှိရင်ရှိနေတာပဲ (မှန်ပါ့) ရှင်းပေး မည့်သူနဲ့ မတွေ့ရင် (ရှိနေပါတယ်) ရှိနေတာဘဲ။ မရှိဘူးလို့ ဘယ်သူမှ မငြင်းနဲ့။။

မဂ်နဲ့အမြစ်ပြတ်အောင် မပယ်သေးသ၍ ရှိနေတယ် (မှန်ပါ့) ဆရာသမားက ရှင်းပေးလိုက်ပြန်လို့ ကိုယ့်ဟာကိုယ် သုံးသပ်ဆင်ခြင်းပြီး ရှင်းလိုက်ပြန်လဲ ရှင်းသွား တာပဲ (မှန်ပါ့)။

ဒိဋ္ဌိအပင်းခံနေရင် မရဘူး

သူ့ကို ရှင်းပြီးမှလဲ ဝိပဿနာအားထုတ်လို့ ခရီးပေါက်တယ် (မှန်ပါ့) သူမရှင်းဘဲနဲ့ အားထုတ်နေရင် ဒကာ ဒကာမတို့ အရိုးကျေကျေ အရေခန်းခန်းအားထုတ် ဒိဋ္ဌိအပင်းခံနေရင် မရဘူး (မှန်ပါ့) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) ဒါဖြင့် ဘယ်လောက်အရေးကြီးသတုံး (အလွန်အရေးကြီးပါတယ်) ပေါ်ကြပြီလား ဒကာ ဒကာမတွေ (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ခုနင်က တရားကို ပြောခဲ့ပါတယ် သာမညမနာပါနဲ့ လေးလေးစားစားမှတ်ပြီးနာပါ မပြောထိုက်ဘူး လား (ပြောထိုက်ပါတယ်) လေးလေးစားစားမှတ်ပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နာကြပါဆိုတဲ့ ဥစ္စာဖြင့် တိုက်တွန်းတာ က နည်းသေးတယ် ခင်ဗျားတို့ ဒီထက်လေးစားရမယ်(မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီး ဘုရား)

နိယတမိစ္ဆာဒိဋ္ဌိကံများထိုက်ရင် ပဉ္စနန္တရိယကံထက် ကြောက်စရာကောင်းပါတယ်ဆိုတော့ ကမ်းကုန်ပေရော့ဗျာ (ကုန်ပါတယ်) ပဉ္စာနန္တရိယကံလဲ အဝီစိကျတော့လဲ၊ အဲဒါက ကမ္ဘာပျက်ခါနီးမှ ကျူးလွန် လွတ်သေးတယ်ဆိုကြတာကိုး (မှန်ပ့ါ) ဒီဒိဋ္ဌိက မလွတ်ဘူးဆိုထားတယ်(မှန်ပါ့)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒီနေ့ည ဟောတဲ့တရားဟာ အရေးမစိုက်လို့ ရှိရင်ဖြင့် တို့ မိုက်ရာကျမှာဘဲ။ ဒီဒိဋ္ဌိတော့ဖြင့် မကွာကွာအောင် ဟောမှာဘဲ။ ဒိဋ္ဌိမျိုးစေ့ကွာအောင်ကို မှတ်မယ်ဟေ့။ မကွာသေးလို့ ရှိရင် ထပ်မေးမယ်ရှင်းအောင်။ အလုပ်ဖြစ်အောင် လုပ်ရမယ် (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ)။

မသိနာကြီး ဖြစ်နေတယ်

ခင်ဗျားတို့ မိဘရိုးရာ နေတာကတော့ မသိလို့နေတာကတော့ ဘုန်းကြီးက အပြစ်မဆိုပါဘူး။ မသိနာကြီး ဖြစ်နေတယ် (မှန်ပါ့)။

ဘယ်လိုပါလိမ့် (မသိနာကြီး ဖြစ်နေပါတယ်) မသိတာ မသိတတ်ဘဲ အနာကတော့ မသက်သာဘူး (မှန်ပါ့) အခုတော့ဖြင့်တယ် အပြစ်ကြီးပါလားဆိုတာ သိပြီ။ သိလျက်နဲ့တော့ မနာစေနဲ့(မှန်ပါ့)။

အရင်ကတော့ ဘာတဲ့ (မသိနာပါ ဘုရား) အခုဟောလတ္တံ့ကို နားမလည်လို့ရှိရင်တော့ (သိနာပါ ဘုရား) ဪ-ဒိဋ္ဌိတယ်အပြစ်ကြီးပါ ကလားလို့ သိသားဘဲ။ ခုနင်က ဖြတ်ခန်းကိုဘယ်လိုလုပ်ဆိုတာကလေးမသိလိုက်ပြီဆိုမှဖြင့် သိလျက်နဲ့ နာသွားလိမ့်မယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။

မသိနာကိုတော့ဖြင့် အထူးပြောစရာမလိုတော့ပါဘူး။ မသိနာကတော့ မသိလို့ သူကျချင်သလို ကျရောက်ချင် သလို့ရောက်ကိုးဗျ (မှန်ပါ့) သူ့အတွက် စဉ်းစားစရာ လိုသေးသလား(မလိုပါဘူး) သိလျက်သားနဲ့ ဒီဒိဋ္ဌိဖြတ်ခန်း တောက်ခန်းကိုနားမလည်လိုက်တဲ့အတွက်ကဖြင့် သိလျက်နဲ့ နာရတာသာ ဆိုးတယ် (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ်)။

ဒါကြောင့် တရားလဲ မနာကြ ကြိုးလဲမကြိုးစားကြတဲ့ ပုဂ္ဂိုလ်များအတွက် ခင်ဗျားတို့ အခုတရားပွဲက နေပြီး သကာလ မြို့ထဲရွာထဲ အာရုံပြုကြည့်ပါ။ ဘယ်လောက်များ သနားစရာကောင်းသတုံး (မှန်လှပါ ဘုရား) ပေါ်ပြီလား ဦးခင်မောင် (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ တော်အောင်နေမယ်ဆိုရင် ဒီအထဲက မသွားပေးဘူးလား (သွားပါတယ် ဘုရား) ဦးဘအုန်းကြီးကော တော်အောင်နေရင် (ဒီအထဲကပါပဲ) အဲဒီတော့ မသိနာနာနေမှာဘဲ(မှန်ပါ့)။

ဖဲထီး အိုးမဲသုတ်သမားကတော့ မထူးဘူး

အခုတရားနာနေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ တရားဂရုမစိုက်ရင်သာ သိနာနာရမှာကိုး (မှန်ပါ့)သိပြီးတော့ နာရမယ် (မှန်ပါ့) သိပြီး သကာလ သူဖြတ်ခန်း တောက်ခန်းကို နားမလည်တဲ့အတွက် ဪ-သိပ်ပြီးနစ်နာလေရဲ့။ ဖဲထီး အိုးမဲသုတ်သမားကတော့ မထူးဘူး သူက(မှန်ပါ့) ထူးသေးရဲ့လား (မထူးပါဘူး)။

နဂိုက ဖဲထီးကိုဗျ။ အိုးမဲထပ်သုတ် တော့ ထပ်ပြီးမဲသေးရဲ့လား (မမဲပါဘူး) မမဲဘူး ဒုထူတာ တစ်ခုရှိတာပဲ။ အရောင်ကတော့ ဒါပါပဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် တရားလဲနှလုံးမသွင်း တရားလဲမနာတဲ့ပုဂ္ဂိုလ် ဦးဘတင် ဘယ်လို့ဆုံးဖြတ်ချက်ချမတုံးဗျ (ဖဲထီးအိုးမဲ သုတ်တာပါပဲ ဘုရား)။

တရားနာပြီး သကာလ မစူးစိုက်ဘဲနဲ့ ကျင်ခန်းကို သဘောမကျလို့ရှိရင် သိပြီးနာတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ကိုင်းဒါဖြင့် ခင်ဗျားတို့ မသိနာအဖြစ်မှတော့ လွတ်ခဲ့ကြပါပြီ။ သိနာအဖြစ်ကိုလဲ ရှောင်ပါဦး။ သိပြီးမနာရ အောင် လုပ်ပါတော့(မှန်ပါ့) သဘောကျပြီလား (မှန်ပါ့)ဟာ ဘုန်းကြီးကသိပ်ပြီး တိုက်တွန်းတာပဲလို့များ ဆိုချင်သေး သလား ခင်ဗျားတို့ (မဆိုပါဘူး)ဆိုရင် ခင်ဗျားတို့လွဲတော့မပေါ့ (မှန်ပါ့) ဖေါ်ပြောနေတာ အခုဟာက (မှန်ပါ့)။ ခင်ဗျားတို့ နဂိုတုန်းက မသိပြီး နစ်နာခဲ့ကြတယ်။ အခုသိပြီး မနစ်နာကြစေနဲ့ (မှန်ပါ့) ဟာ ဘုန်းကြီးက ဒီဥစ္စာ အင်မတန်ပဲ တရားကို ဂရုစိုက်စေချင်လို့ နာစေချင်လို့ ပြောတာပဲဆိုရင် ခင်ဗျားတို့ ကောင်းကောင်းလွဲမယ် (မှန်ပါ့) ဘုန်းကြီးတို့က မဟောရ ဘာဖြစ်သလဲဦးခင်မောင် ဘာမှမဖြစ်ဘူး (မှန်လှပါ) သဘောကျတယ် မဟုတ်လား (မှန်ပါ့)။

အဲဒါကြောင့် ခင်ဗျားတို့ အတွက်ဖြင့် သိပြီး သကာလ အနစ်နာမရှိစေနဲ့(မှန်ပါ့)ဘာမှ မနာ, ဘာမှ နှလုံးမသွင်းတဲ့ ပုဂ္ဂိုလ်ကျတော့ မသိနာသူ့မှာ ဖဲထီးအိုးမဲသုတ်။ ဘာမှမထင်ဘူး ခင်ဗျားတို့ကတောင် အဖြူရောင်ထဲမှာ သုတ်မှာ။ အဖြူရောင်ထဲမှာ သုတ်မှာ။ အဖြူရောင်ထဲမှာသုတ်တော့ အကွက်ကြီးပေါ်နေမှာ့ပေါ့ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့က ဘယ်အထဲများ ပါချင်သတုံး(ဘယ်အထဲမှ မပါချင်ပါဘူး)ဆွတ်ဆွတ်ဖြူလုပ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဆွတ်ဆွတ်ဖြူဖြစ်အောင် လုပ်ပါ

ဘယ်လိုလုပ်ကြရမတုံး (ဆွတ်ဆွတ်ဖြူဖြစ်အောင်လုပ်ကြရပါမယ်)အေး ဆွတ်ဆွတ်ဖြူဖြစ်အောင် လုပ်ပါဆိုတာ ဒိဋ္ဌိက အမဲဓါတ်ကိုးဗျ (မှန်ပါ့)။

ဦးခင်မောင် ဘယ်အထဲပါချင်သတုံး (ဘယ်အထဲမှမပါချင်ပါဘူး) တစ်ခုခုတော့ ပါပါဦးဗျာ။ ဆွတ်ဆွတ်ဖြူထဲ တောင် မပါတော့ဘူးလား (ဆွတ်ဆွတ်ဖြူထဲတော့ ပါချင်ပါတယ်ဘုရား။

ကဲ-အားလုံး ဒကာ ဒကာမတွေ ဘယ်ဟာသဘောကျသတုန်း (ဆွတ်ဆွတ်ဖြူပဲ ပါချင်ပါတယ် ဘုရား)အေး နေရာကျပြီး။ ဆွတ်ဆွတ်ဖြူဆိုရင်ဖြင့် အထူးဂရုစိုက်ရလိမ့်မယ် (မှန်ပါ့) မစိုက်ရင်တော့ မရဘူးနော် (မှန်ပါ့)။

အဲဒီတော့ ဒီဟာကြုံကြိုက်လို့ကြားနာရကြတာ။ ခင်ဗျာတို့ လူ့ပြည်က အပ်တစ်စင်း ဗြဟ္မာပြည်က အပ်တစ်စင်း အပ်သွားချင် ထိစရာရှိသေးတယ်။ လူ့ဘဝရဖို့ ဒီထက်ခဲယဉ်းသေးတယ် (မှန်ပါ့) တယ်ခဲယဉ်းပါကလားလို့ ဦးခင်မောင် ဆိုရုံပဲရှိမှာဘဲ (မှန်ပါ့)။

လူ့ပြည်က အပ်တစ်စင်းထောင်ထား။ ဗြဟ္မာပြည်က အပ်တစ်စင်းချလိုက် အသွားချင်း ထိဖို့ဆိုတာလဲ ကြံလို့ တွေးလို့မရပါဘူး။ ရပါ့မလား (မရပါဘူး)။

အဲဒါထက် လူ့ဘဝရဖို့ရာက ခဲယဉ်းသေးတယ်။ အခုတရားက အဲဒါထက် ခဲယဉ်းတယ်တဲ့ (မှန်ပါ့) ဒီတော့ ဒါက အကြီးအကျယ် ခဲယဉ်းတယ်တဲ့ (မှန်ပါ့) ဒီတော့ ဒါက အကြီးအကျယ်ခဲယဉ်းတဲ့ အဓိပ္ပါယ်ထဲ မပါသေးဘူးလား (ပါပါတယ်)။

ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုံး အကြီးအကျယ်ခဲယဉ်းတာပဲ ကိုပါနေပြီ (မှန်ပါ့) ဒါကို အရမိအောင် ဖမ်းရုံဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဘာလုပ်ကြရမယ် (အရမိအောင် ဖမ်းရုံပါပဲ ဘုရား) အဲ အရအမိဖမ်းကြပါဆိုတော့ တိုက်တွန်းတယ် (မှန်ပါ့)။

ယမကရဟန်း၏ အယူကဖြင့်

ယမကရဟန်း၏ အယူကဖြင့် ဒကာ ဒကာမတို့ ဘုရားဟောတော်မူတာ သူသိပါတယ်တဲ့။ ရဟန္တာသေရင် ပြတ်တာပဲတဲ့။ ဒါ သူ့အယူနော် (မှန်ပါ့) ဒါရှေးဦးစွာ သူ့အတွက် အရေးကြီးတဲ့ စကားကိုး။ သူ့မှာ ဒိဋ္ဌိဖြစ်နေတာ (မှန်ပါ့)။

ဘုရားဟောတော်မူတာ သူသိပါတယ် ရဟန္တာသေရင် ပြတ်သွားတာဘဲတဲ့ ဦးခင်မောင်တို့က အခု ဒီဟင်းဆိုတဲ့ အသံကလေးထွက်တာ သူတော်ကောင်းသံဗျ၊ တယ်လဲဆိုးပါကလား ဆိုတာကလေး သိလာတယ် (မှန်ပါ) ဒီလိုတော့ မဟုတ်တန်ဘူးဆိုတာ ပါတယ်(မှန်ပါ)။

ဦးခင်မောင် ဒီအသံမပါဘူးလား (ပါပါတယ် ဘုရား) တော်သေးတယ်ခင်ဗျားတို့ သူ့မှာ ဒီအသံမပါလို့ ဒီအယူကို ယူတာ ပေါ့ဗျ (မှန်ပါ)၊ ရှင်းကြပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ပေါ့ပေါ့တန်တန်နဲ့ မနာနဲ့ဆိုတဲ့ အဓိပ္ပါယ်ဟာဖြင့် လေးလေးနက်နက်မှတ်ဖို့ပေါ့ဗျာ (မှန်ပါ ဘုရား)။

ဒါနဲ့ ဘေးကရဟန်းတွေက ပြောကြတယ်၊ ငါ့ရှင်ယမကဘုရားလဲ ဒီလိုမဟောပါဘူး၊ ငါ့ရှင်ဒီလိုယူတဲ့ အယူဟာလဲ မကောင်းပါဘူး၊ ဒီအယူကိုပယ်ပါ စွန့်ပါ စသည်နဲ့ အမျိုးမျိုးတိုက်တွန်းကြတယ် (မှန်ပါ)မရဘူးဗျ အယူဟာစွဲမိရင်မရဘူး (မှန်ပါ) ရကြပါ့မလား (မရပါဘူး) ကိုယ့်ဘာသာကို ယုံကြည်နေကြတဲ့ ဘာသာခြားတစ်ယောက်ကိုသွားပြီး ဆွဲကြည့်ပါ ရပ့ါမလာ(မရပါဘူး) မရနိုင်ဘူးတဲ့ ဒကာ ဒကာမတို့ စူးမိပြီဆိုရင်တော့ အတော် အနှုတ်ခက်တယ်နော် (မှန်ပါ)။

ကိုင်းဒါဖြင့် ဘုရားသာသနာတော်မှာ ဒါဟာသူပုန်ထတာဘဲ (မှန်ပါ) သာသနာတော်မှာ သူပုန်ထတာ ဆိုတော့ ဒိဋ္ဌိသူပုန်ထတာ(မှန်ပါ) သူလို ပုဂ္ဂိုလ်တွေနောက်ပွားလာမလား မလာပေးဘူးလား (ပွားလာမှာပါ ဘုရား) လာလို့ရှိရင်ဖြင့် သာသနာကြီးပွားရေး မဟုတ်တော့ဘူး အပါယ်ကြီးပွားရေး ဖြစ်တော့မယ်(မှန်ပါ)။

ရှင်သာရိပုတ္တရာကို သွားလျှောက်ကြတယ်

တရားစစ်သူကြီးထံ လျှောက်ထားမှပဲဆိုပြီးတော့ ခုနင်က ဆုံးမလို့မရတာနဲ့ ဆုံးမတဲ့ ပုဂ္ဂိုလ်တွေက စည်းဝေးပြီး တော့ကိုင်း တရားစစ်သူကြီးဆိုတာ ဘုရား၏ ညာလက်ရုံးပဲ၊ အဲဒီစစ်သူကြီးထံ ဒီအကြောင်းကိုပို့မှတော်မယ်ဆိုပြီး ရဟန္တာတွေကရှင်သာရိပုတ္တရာကို သွားလျှောက်ကြတယ်၊

“အရှင်ဘုရား ယမက ဆိုတဲ့ ရဟန်းကတော့ အတော်အယူ လွဲနေပါပြီ၊ ဘုရားဟောတော်မူတာ သူသိပါရဲ့တဲ့၊ ရဟန္တသေရင် ဘာမှမဖြစ်ဘူး ပြတ်သွားတာပဲလို့ပြောပါတယ်၊ ဒီအယူကို စွန့်အောင် တပည့်တော်တို့က အမျိုးမျိုး အဖုံဖုံဟောပါတယ်၊ ဟောပင်ဟောငြားသော်လည်း သူဟာဒီအယူကို မစွန့်ဘူးတဲ့ အဲဒါကြောင့် အရှင်ဘုရားဆုံးမပေးပါ” လို့ဆိုပြီး ရဟန်းတွေက သွားပြီးလျှောက်ထားကြတယ် (မှန်ပါ)။

ဒီတော့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ယမက ရဟန်းရှိတဲ့ဆီကို သွားတယ်(မှန်ပါ) ဘယ်လောက်သနား တော်မူတယ်ဆိုတာ ဒကာ ဒကာမတွေပေါ်လာပြီလား (ပေါ်လာပါပြီ)။ ယမကကို လာခဲ့ဟေ့လို့ မခေါ်ဘူး။ ယမကရှိရာသို့ သူကိုယ်တိုင်သွားပြီး သကာလ ချွတ်တယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေရာမှာ ရှင်သာရိပုတ္တရာဟောတာကလေး အသာထားလိုက်ပါဦး ခင်ဗျားတို့အယူမှန်ကလေးကို နည်းနည်းထည့်ပေးပါဦးမယ် (မှန်ပါ)။

အယူမှန်ကလေးက တခြားမဟုတ်ပါဘူး ဦးဝတို့ ဦခင်မောင်တို့ ကျုပ်တို့ဖြစ်တဲ့ တရားသည် အကြောင်းတရားသည် အကြောင်းပဲ၊ အကြောင်းတရားကပြုပြင်လိုက်တဲ့ တရားဟာ အကျိုးတရားပဲလို့ဆို တာခင်ဗျားတို့ လူတိုင်းသိပါတယ် (မှန်ပါ) မသိဘူးလား (သိပါတယ် ဘုရား)။

အကြောင်းတရားက ပြုပြင်လို့ ပေါ်လာတဲ့တရားဟာ အကျိုးတရား (မှန်ပါ) ၎င်းအကျိုးတရားက တစ်ခါ ဆက်ပြီး ပြုပြင်ပြန်လို့ရှိရင် ဒီအကျိုးတရားက ပြုပြင်တဲ့တရား၊ နောက်ပေါ်လာပြန်တဲ့ တရားက ပြုပြင်လို့ပေါ်လာတဲ့ အကျိုးတရား၊ ဒီလိုမနေဘူးလား (မှန်လှပါ ဘုရား)။

နောက်ဘဝက မသိတဲ့ အဝိဇ္ဇာဖြစ်ခဲ့တယ်

ကဲ ကျုပ်တို့ ခန္ဓာကြည့်လိုက်တာပေါ့၊ ကျုပ်တို့ခန္ဓာမှာနောက်ဘဝက မသိတဲ့ အဝိဇ္ဇာဖြစ်ခဲ့တယ်၊ သူက အကြောင်းတရားမနေဘူးလား (နေပါတယ်)နောက်ဘဝက မသိတာကပြုခဲ့လို့ မသိသလိုပဲ ကျုပ်တို့သည် ကုသိုလ်လဲ လုပ်ခဲ့တယ် အကုသိုလ်လဲလုပ်ခဲ့တယ် (မှန်ပါ) မသိကံ ကုသိုလ်, မသိကံဘာတုံး (အကုသိုလ်ပါ ဘုရား)။

ဒီလိုလုပ်ပြန်တယ်ဆိုတော့ ဒါကဘုန်းကြီးတို့ နှစ်တိုင်းဟောနေတယ်၊ ဒကာ ဒကာမတွေလဲ မမေ့ကြသေးပါဘူး၊ ဒါအတိတ်ဘဝ သဘောကျတယ်မဟုတ်လား (မှန်ပါ) အဲဒီတော့ အတိတ်ဘဝက သင်္ခါရလုပ်ခဲ့လို့ ဒီဘဝကျတော့ ပေါ်လာပြီးတဲ့ သင်္ခါရပစ္စယာဝိညာဏ်ပေါ်လာတယ် ဒကာ ဒကာမတို့ (မှန်ပါ) ဝိညာဏ်ဆိုတာက ခင်ဗျားတို့ အခုခန္ဓာ ပေါ်လာတာဘဲ (မှန်ပါ)။

ဝိညာဏ်ဆိုတာ ဘာပါလိမ့် (အခုခန္ဓာပေါ်လာတာပါ)။

ကောင်းပြီ ဒကာ ဒကာမတို့၊ ဒီခန္ဓာတရားသည် ဒီအကြောင်းကြောင့် ပေါ်လာတဲ့ ဒီအကျိုးသင်္ခါရဆိုရင် လွဲသလား (မလွဲပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာနာမရူပံ ဆိုတော့နာမ်ရုပ်ပေါ်လာတယ် (မှန်ပါ)သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒါလဲ ပြုပြင်လို့ပေါ်လာတဲ့ သင်္ခါရတရား၊ ဒါလဲပြုပြင်လို့ပေါ်လာတဲ့ (သင်္ခါရတရားပါ) သင်္ခါရတွေချည့် ဆက်နေတယ် (မှန်ပါ) မဆက်ကြဘူးလား (ဆက်ပါတယ်)ဘာတွေများ ဆက်နေသတုံး (သင်္ခါရတွေဆက်နေပါတယ်)။

သင်္ခါရတွေဆက်နေတယ်

ဒါဖြင့် သင်္ခါရတွေဆက်နေတယ်ဆိုသဖြင့် သင်္ခါရဖြစ်တာသိရတော့ ဪ-ချုပ်တဲ့အခါလဲ သင်္ခါရချုပ်ရုံရှိ မှာပဲ (မှန်ပါ) ပုဂ္ဂိုလ်သတ္တဝါတော့ မရှိဘူး (မရှိပါဘူး)။

ဖြစ်တုန်းက ဘာတွေဖြစ်နေသတုံး (သင်္ခါရတွေဖြစ်ပါတယ်) ချုပ်ပျောက်သွားတော့ကော (သင်္ခါရတွေ ချုပ်ပါ တယ် ဘုရား) ဪ-သင်္ခါရဖြစ်၍ သင်္ခါရချုပ်တယ်ဆိုရင် ခုနင်က ဒိဋ္ဌိလွတ်တယ် (မှန်ပါ) သဘောကပြီလား (မှန်ပါ)။

ကြည့်လေ ဝိညာဏ်ဖြစ်တော့ နာမ်ရုပ်မလာဘူးလား (လာပါတယ်)ဝိညာဏ်ချုပ်တော့ (နာမ်ရုပ်ချုပ်ပါတယ်) ဒါဖြင့်သင်္ခါရဖြစ်တုန်းက ဒီသင်္ခါရလာဖြစ်တာပဲ (မှန်ပါ) နာမ်ရုပ်သင်္ခါရမဖြစ်ဘူး (ဖြစ်ပါတယ်) ဒီသင်္ခါရချုပ်မယ်ဆိုတော့ (နာမ်ရုပ်သင်္ခါရချုပ်ပါတယ် ဘုရား) ဘယ်မှာတုံး ရဟန္တာပါသေးသလား ခင်ဗျားတို့ ဒီအထဲမှာ (မပါပါဘူး) ဒကာ ဒကာမတွေကော ပါသေးသလား (မပါပါဘူး)

ဒါဖြင့် ဒီသင်္ခါရဖြစ်ခြင်းကြောင့် ဒီသင်္ခါရဆက်လက်ဖြစ်တယ် (မှန်ပါ) ဒီသင်္ခါရချုပ်ရင် ဒီသင်္ခါရလဲ ဆက်လက် ချုပ်မှာပဲ (မှန်ပါ) ဒီအထဲရဟန္တာကို နဂိုကပါရဲ့လား (မပါ-ပါဘူး) ဟော ဒီလိုကျတော့ ရှင်းသွားပြီး(မှန်ပါ) မရှင်းသေးဘူး လား (ရှင်းပါပြီ)။

နောက်ဒီဘက်ဆက်သွားပြီး စုတိပဋိသန္ဓေသွားပြန်တော့လဲ သင်္ခါရဖြစ်၍ သင်္ခါရဖြစ်ရမှာဘဲ (မှန်ပါ) သင်္ခါရချုပ် တော့ (သင်္ခါရချုပ်ပါတယ် ဘုရား) မူလသင်္ခါရချုပ်တော့ ဒုတိယသင်္ခါရလဲ ချုပ်မှာဘဲ (ချုပ်မှာပါဘဲ)။

အဲဒီတော့ ရဟန္တာသေလို့ရှိရင်ဖြင့် ဆိုရာမှာ ရဟန္တာအသေဆိုတာကိုပါသေးရဲ့လား (မပါ-ပါဘူး) ရဟန္တာ အဖြစ်ကော (မပါ-ပါဘူး) သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာပဲ ရှိတယ် (မှန်ပါ)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာဘဲရှိပါတယ်)။

သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာဘဲ

ကြည့်လေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ သင်္ခါရပစ္စယာ (ဝိညာဏံပါ) ဝိညာဏပစ္စယာ (နာမရူပံပါ) အဲ ပစ္စယာ ပါတာ သင်္ခါရချည့်သာမှတ် (မှန်ပါ) နောက်ကျတော့ သူလဲ ပစ္စယာမပါပေးဘူးလား (ပါ-ပါတယ်) နာမရူပပစ္စယာ (သဠာယတနံပါ ဘုရား)ဟော ပစ္စယာပါရင် သင်္ခါရချည့်မှတ်တဲ့၊ ဒါတုန်းကလဲ ပစ္စယာပါခဲ့တာပဲ (မှန်ပါ) ဒီကျတော့ကော (ပါ-ပါတယ်) ဒါဖြင့် ဒီသင်္ခါရချုပ်တော့ ဒီသင်္ခါရဘယ့်နှယ်နေသလဲ(ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီကသွားချင်တာသွား သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာသာရှိမယ်၊ ရဟန္တာရယ်လို့တော့မရဘူး (မရှိပါဘူး ဘုရား) သဘောကျပြီလား (ကျပါပြီ) ယောကျ်ားတွေရယ်လို့ကော(မရှိပါဘူး) မရှိဘူး သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာဘဲ (မှန်ပါ) မိန်းမတွေရယ်လို့ကော (မရှိပါဘူး) သင်္ခါရဖြစ်၍ (သင်္ခါရချုပ်တာဘဲရှိပါတယ်)။

နောက်တစ်ခါ ပဋိစ္စသမုပ္ပါဒ် လှည့်နေပြန်တော့လဲဒီအတိုင်းပဲ (မှန်ပါ)၊ သင်္ခါရဖြစ်၍ (သင်္ခါရချုပ်ပါတယ်) ပဋိစ္စသမုပ္ပါဒ်လုံးလုံးချုပ်သွားပြန်တော့ကော (သင်္ခါရလုံးလုံးချုပ်ပါတယ်)ဘာရှိသေး သတုံး (ဘာမှမရှိပါဘူး)။

ဒါကိုကောင်းကောင်းသဘောကျပြီလား (ကျပါပြီ)၊ ဒါတော်တော် အရေးကြီးတယ် (ကြီးပါတယ် ဘုရား) ဦးခင်မောင်ပေါ်ရဲ့လား (ပေါ်ပါတယ် ဘုရား) ဒါသိရင် ဒိဋ္ဌိစင်ပြီလား မစင်ဘူးလား (စင်ပါတယ် ဘုရား)။

သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာသိရင် ဒိဋ္ဌိစင်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ) ဦးဘတင် ဒီဥစ္စာ ရီးတီးရားတား မမှတ်ပါနဲ့ ဒီဥစ္စာတော်တော် အရေးကြီးပါတယ် (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (သင်္ခါရဖြစ်၍ သင်္ခါရချုပ်ပါတယ် ဘုရား)။

နဂိုကိုက ရဟန္တာမပါဘူး

နဂိုကိုက ရဟန္တာမပါဘူး (မှန်ပါ)ယောကျ်ား၊ မိန်းမ (မပါ-ပါဘူး) ဘာရှိသတုံး (သင်္ခါရသာရှိပါတယ်)။

အဲ သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာဘဲရှိတယ်၊ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် လှည့်နေတယ် သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာဘဲ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်ကို မဂ်ဖိုလ်ရတော့ လုံးလုံးချုပ်သွားတော့လဲ သင်္ခါရချုပ်တာဘဲ ရှိတယ်(မှန်ပါ) သင်္ခါရချုပ်သွားတာဘဲ ရှိတာပဲဆိုတာ သဘောကျပြီလား (ကျပါပြီ) သင်္ခါရဆိုတာ ဘာတုန်းဆိုတော့ ဒုက္ခက္ခန္ဓဿ ချုပ်တာ(မှန်ပါ)။

ပေါင်းယူလိုက်တော့ ဘာပါလိမ့် (ဒုက္ခက္ခန္ဓဿပါ ဘုရား) ဒုက္ခအစုကြီး ချုပ်သွားတယ် (မှန်ပါ)။

ရဟန္တာသေတာလား ဒုက္ခအစုချုပ်တာလား (ဒုက္ခအစုချုပ်တာပါ ဘုရား) ဟာ ဒါဖြင့် သုခဘက်ကူးသွားတယ် ဒုက္ခသာချုပ်သွားတယ် (မှန်ပါ) ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။

ကဲ ဦးခင်မောင် ဒါလောက်သိရရင်ဘဲ အတော်ကျေးဇူးများလှပါပြီ၊ အင်မတန်မိသွားပြီး (မှန်ပါ) ဒီတစ်လုံးတည်း နဲ့ပဲ ဦးဘအုန်းမိသွားပြီ (မှန်ပါ) သင်္ခါရဖြစ်၍ သင်္ခါရချုပ်တယ် မဟုတ်လား (မှန်ပါ)။

ကဲ တစ်ခါ သင်္ခါရကို ပေါင်းလိုက်၊ ဒီသင်္ခါရဟာ ဘာအစုတဲ့တုံး (ဒုက္ခအစုပါ ဘုရား)ဒုက္ခအစုကြီးလို့ ပါဠိတော်က မဆိုဘူးလား (ဆိုပါတယ် ဘုရား) ဟုတ် ကောမဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)

ကိုယ်ကိုယ်တိုင် ခန္ဓာအစဉ်ကြီးကလဲ ဒုက္ခအစဉ်ကြီးဘဲ မဟုတ်လား (မှန်ပါ)၊ အဲဒီ ဒုက္ခအစဉ်ကြီးချုပ်သွားတာပဲ မဟုတ်လား (မှန်ပါ)၊ ဒါဖြင့် ရဟန္တာယူထားတာလား ဒုက္ခချုပ်တာလား (ဒုက္ခချုပ်တာ ပါ ဘုရား) နဂိုကလရဟန္တာမပါခဲ့ဘူး၊ သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာဘဲ (မှန်ပါ) ဒီအထဲမှာ ယမက ရဟန္တာယူထားလို့ ခက်နေတာမဟုတ်လား (မှန်ပါ)။

ဒုက္ခ အစုကြီးချုပ်တာပါဘဲ

အဲဒီတော့နောက်ဆုံးပိတ် တစ်နေ့မှာ ပဋိစ္စသမုပ္ပါဒ်လုံးလုံးချုပ်ပါပြီဆိုတော့လဲ ဘာအစုကြီးချုပ်တာလဲ (ဒုက္ခ အစုကြီးချုပ်တာပါဘဲ ဘုရား)။

ရဟန္တာများ ပရိနိဗ္ဗာန်စံတယ်ဆိုတာ ဘာပါလိမ့်မလဲ ဒကာ ဒကာမတို့ (ဒုက္ခအစုကြီးချုပ်တာပါ ဘုရား)။

ဪ-နေရာကျလိုက်တာ ဒီတစ်လုံးကို ဖြေတတ်ပြုတတ်တာနဲ့ဘဲ ခင်ဗျားတို့အတွက်ဖြင့် အဝီစိတော့ မကျနိုင် လောက်ပါဘဲ၊ သေချာသွားပြီး ဒိဋ္ဌိကမရှိတော့ဘူး တဒင်္ဂအစွမ်းဖြင့် (မှန်ပါ)။

ဒကာ ဒကာမတို့ ကဲ-တရားနာရကျိုး ဘယ်လောက်နပ်သလဲ (နပ်ပါတယ် ဘုရား)ဖြစ်တုန်းကလဲ ဘာတွေ လျှောက်ဖြစ်နေသလဲ (သင်္ခါရတွေဖြစ်ပါတယ်) သင်္ခါရတွေကို ဘုရားကနိဂုံးချုပ်လိုက်တဲ့အခါကျတော့ ဘာအစုတဲ့တုံး… (ဒုက္ခအစုပါပါ ဘုရား)။

ဒါဖြင့် ဘယ်သူသေသေ ဒကာ ဒကာမတို့ ဒီဘဝအတွက် ဘာတွေချုပ်သွားသတုံး (ဒုက္ခအစုကြီးချုပ်တာပါ ဘုရား) အဲ သံသရာဆက်မည့် ပုဂ္ဂိုလ်ဖြင့်လဲ နောက်သင်္ခါရပြန်ပေါ်မှာပဲ၊ သံသရာမဆက်တဲ့ ပုဂ္ဂိုလ်ဘယ့်နှယ်ဆိုကြမလဲ၊ (ဒုက္ခအစုချုပ်တာပါ) ဒုက္ခချုပ်သွားတော့ သူသည် ဒုက္ခပြင်ဘက်ရောက်သွားပြီ (မှန်ပါ)။

ရဟန္တာပရိနိဗ္ဗာန်စံတာ ဘယ်ဘက်များ ရောက်သွားပါလိမ့်(ဒုက္ခပြင်ဘက်ရောက်သွားပါတယ် ဘုရား) ဪ ဒါကြောင့် နိဗ္ဗာန်ကို ချမ်းသာလို့ ဆိုတာကိုး (မှန်ပါ)မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဒုက္ခအကုန်ချုပ်သွားလို့ နိဗ္ဗာန်ချမ်းသာဆိုတာပေါ့

ဘာကြောင့်တုံး (ဒုက္ခအကုန်ချုပ်သွားလို့ပါ ဘုရား) ဒုက္ခအကုန်ချုပ်သွားလို့ နိဗ္ဗာန်ချမ်းသာဆိုတာပေါ့ (မှန်ပါ) နို့မဟုတ်ရင် ဆိုစရာရှိရဲ့လား (မရှိပါဘူး)။

ကဲ ဒကာ ဒကာမတွေ သေပျော်ပြီလားဗျ (သေပျော်ပါပြီ) ဦးဘတင် (သေပျော်ပါတယ် ဘုရား)၊ ဘယ့်နှယ် ကြောင့် သေပျော်သတုန်း တပည့်တော်တို့ နိဗ္ဗာန်မရသေးပါဘူးဘုရားဆိုတော့ အဝီစိလွတ်ပြီ၊ ဒိဋ္ဌိခွါတတ်နေပြီ (မှန်ပါ) အဝီစိလွတ်သွားတယ်ဆိုလို့ရှိရင် ဒီ့ပြင်ငရဲကတော့ လွတ်အောင်အားထုတ်ပုံပြလိုက်လို့ရှိရင် လွတ်သွားမှာဘဲ (မှန်ပါ)။

ဒါကြီးတွေလွတ်သွာပြီး ဦးခင်မောင်အခုတရားနာတာလေးရှိသေးတယ်၊ နိယတမိစ္ဆာ ဒိဋ္ဌိမလွတ်သေးဘူးလား (လွတ်ပါပြီ ဘုရား) လွတ်သွားပြီဆိုသဖြင့်ဪ တို့သည်ကားလို့ဆိုရင် အပါယ်တွေအများကြီးရှိငြားသော်လဲ ကြီးကျယ်တဲ့ အပါယ်တော့ဖြင့် တံခါးပိတ်သွားပြီ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)ဒါကို သာမပယ်ရင်တော့ ခင်ဗျားတို့ အဲဒီချည့်သွားနေကြမှာဘဲ (မှန်ပါ)။

ကဲ ဦးဘတင် ဘယ်လောက်အရေးကြီးသတုံး (ကြီးပါတယ် ဘုရား) ဒါကြောင့် မြို့ထဲရွာထဲမှာ ပရိယေသနကိစ္စက အရေးကြီးလို့ ဆရာကောင်း သမားကောင်းလဲ မရှာနိုင်လို့ ဒီလိုနေကြရတဲ့ပုဂ္ဂိုလ်တွေ မသိ-မသိသလိုနာနေတာ ဘုန်းကြီး က မဆိုပါဘူးလို့ပြောသားပဲ မဟုတ်ဘူးလား (မှန်လှပါ) သိတဲ့ပုဂ္ဂိုလ်က နစ်နာမှာတော့ (စိုးရိမ်ပါတယ်)၊ အခုတော့ သိတဲ့ပုဂ္ဂိုလ် နစ်နာစရာရှိသေးရဲ့လား (မရှိပါဘူး)ငရဲအကြောင်းလဲ အပါယ်လေးပါးလဲသိပြီ၊ နစ်နာစရာကော ရှိသေးရဲ့ လား (မရှိပါဘူး)ကဲ ဒါဟာ တော်တော် ဆွတ်ဆွတ်ဖြူထဲဝင်သွားတာပဲဗျ (မှန်ပါ)။

ဦးဘအုန်း ခင်ဗျား မသေနှင့်ပေလို့ ကျေးဇူးများတာပဲနော် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) မသေနှင့်ပေလို့ဆိုတာ ခင်ဗျားတို့က စကားအဆန်းများ မှတ်နေသလား၊ သေနှင့်နေလို့ရှိရင် ခင်ဗျား ဘယ့်နှယ်နည်းနဲ့မှ ဆရာသမားနှင့် မတွေ့ဘူး (မှန်ပါ) ဆရာက သေနှင့်လဲ မတွေ့ပါဘူး (မှန်ပါ) ခင်ဗျားတို့က သေနှင့်လဲ (မတွေ့ပါဘူး)။

မတွေ့ကြရလို့ရှိရင် ခင်ဗျားတို့ ဒီဒိဋ္ဌိခွါဖြစ်ကြဖို့ မလွယ်ဘူး (မလွယ်ပါဘူး ဘုရား) သေသည့် အခြားမဲ့၌ ဒါန သီလတွေကတော့ ပို့လိုက်မှာ ပေါ့ဗျာ နတ်ရွာသုဂတိကို (မှန်ပါ) အဲဒီကပြန်ရင် အပါယ်ဆင်းဦး၊ ပြန်ဆင်းရင် အဲဒီရောက်ပြီ (မှန်ပါ) အဝီစိကျအောင် ပြန်ဆင်း (မှန်ပါ) ဒါန အရှိန်အစော်လဲကုန်ရော ပြန်ဆင်းဘဲ၊ ဒိဋ္ဌိကဆွဲချလိုက်တာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒိဋ္ဌိကိုအရင်ခွါ တဏှာနောက်မှခွါ

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ ဒိဋ္ဌိတယ် အရေးကြီးပါကလား ဆိုတာဖြင့် ဒိဋ္ဌိကိုအရင်ခွါ တဏှာနောက်မှ ခွါဆိုတာ ပေါ်လာတာပေါ့ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီး)။

ဒါကြောင့် သောတာပတ္တိမဂ်ရတဲ့အခါ ဒိဋ္ဌိပယ်လိုက်ရတယ်ဆိုတာ သူပါနေလို့ရှိရင် ဘယ်မဂ်မှ မရဘူး (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) တော်တော်ကံကောင်းတဲ့ ဒကာ ဒကာမတွေပဲ လို့ဆိုရလေရဲ့ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာပစ္စယာသင်္ခါရာ သင်္ခါရပစ္စယာဝိညာဏံနဲ့ သွားလိုက်ကြပါ။ ခင်ဗျားတို့ရပြီး သားတိုင်းသွားလိုက်ကြပါ။ ဟောလဲဟောပြီးသားတွေဖြစ်နေပါပြီ၊ ရှည်ရှည်မပြောလိုပါဘူး (မှန်ပါ) ဒီအထဲကြည့်လိုက် တော့ သင်္ခါရဖြစ်တာနဲ့ သင်္ခါရချုပ်တာပဲရှိာတာဘဲ (မှန်ပါ) ဘာများတွေ့သေးသတုံး (ဘာမှမတွေ့ပါဘူး)။

နောက်ဆုံးပိတ် ရဟန္တာသေသွားတယ်ဆိုတော့ သင်္ခါရအလုံးစုံချုပ်သွားတာ၊ အဲဒီသင်္ခါရကို သင်္ခါရဒုက္ခလို့ကော မသုံးဘူးလား (သုံးပါတယ် ဘုရား) သင်္ခါရဒုက္ခလို့ ဘုရားကိုက မဟောဘူးလား (ဟောပါတယ် ဘုရား) သဗ္ဗေသင်္ခါရ ဒုက္ခမပေါ်သေးဘူးလား (ပေါ်ပါပြီ) အဲ သင်္ခါရဟာ ဒုက္ခတွေပဲ ရဟန္တာသေတယ်ဆိုတာ အဲဒီဒုက္ခတွေဆုံးသွားတာဘဲ (မှန်ပါ)။

ဘာတဲ့ ဒကာ ဒကာမတို့ (ဒုက္ခဆုံးသွားတာပါ)ဘာဒုက္ခတွေပါလိမ့် (သင်္ခါရဒုက္ခတွေပါ ဘုရား) သင်္ခါရဒုက္ခတွေ ဆုံသွားတော့ အသင်္ခတ သုခဆိုတာ ရတယ် (မှန်ပါ) အသင်္ခတဆိုတော့ သင်္ခါရဟုတ်သေးရဲ့လား (မဟုတ်ပါဘူး)။

အသင်္ခတဆိုတာ

အသင်္ခတဆိုတာ ဘယ်သူမှ မပြုပြင်တာ၊ သုခဆိုတာက နိဗ္ဗာန်ပဲ (မှန်ပါ)။ အသင်္ခက သုခရသွားတယ်၊ ကဲဘယ်လောက် ချမ်းသာသွားသတုံး (ချမ်းသာပါတယ်) ပြုပြင်စရာကောရှိသေးရဲ့လား (မရှိပါဘူး) ချမ်းသာတာလဲ ဧကန်မဟုတ်လား (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် သင်္ခါရဒုက္ခဆုံးတဲ့ ပုဂ္ဂိုလ်များ ဘယ်များကြွပါလိမ့်မလဲလို့သာ ခင်ဗျားတို့က စိတ်ကူးရမယ် (မှန်ပါ)ဪ အသင်္ခတ သုခဘက်ကူးသွားတာကိုး (မှန်ပါ)ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အဲဒါသိရတာပဲ အလွန်ကျေးဇူးမျာလှပြီပြော တာ(မှန်ပါ)။

တယ်အဖိုးတန်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ တန်ပါတယ် ဘုရား) ဒါကယမက မဟောခင် ခင်ဗျားတို့ကို ယမကသည်ကားလို့ဆိုရင် ဒီသဘောနားမလည်လို့ဖြစ်သွားရရှာတယ်လို့ သိရအောင် ပြောပြတာ (မှန်ပါ)၊ သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာ သူမသိလို့ ဦးဘအုန်း ဒီအယူကို ယူနေတာ (မှန်ပါ) နို့မဟုတ်ရင်ဒီအယူ ယူစရာရှိသေးရဲ့လား(မရှိပါဘူး ဘုရား)။

ကဲ အခုတော့ဖြင့် သင်္ခါရတွင် ဘုန်းကြီးက မထားဘူး သဗ္ဗေသင်္ခါရ ဒုက္ခကျအောင် ပါဠိတော်က ရှိမနေဘူးလား (ရှိပါတယ် ဘုရား) သင်္ခါရဟာ ဘာတဲ့ (သဗ္ဗေသင်္ခါရဒုက္ခပါ) သင်္ခါရဟာ ဒုက္ခမှာလမ်းဆုံးတယ်၊ သင်္ခါရတာ ဒုက္ခချည့်ပဲ (မှန်ပါ) မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

အဲဒီတော့ ရဟန္တာသေတော့ ဘာဖြစ်သွားတာပါလိမ့် (သင်္ခါရဒုက္ခဆုံးပြီး အသင်္ခတသုခရောက်ပါတယ် ဘုရား)။

ဆုံးတာက ဘာဆုံးတာပါလိမ့် ( သင်္ခါရဒုက္ခဆုံးသွားပါတယ်)။

သင်္ခါရဒုက္ခဆုံးသွားတာဆိုသဖြင့်

ဒါဖြင့်သင်္ခါရဒုက္ခဆုံးသွားတာဆိုသဖြင့် ဘယ်ရောက်သွားတာဆိုသဖြင့် ဘယ်ရောက်သွားသတုံး (အသင်္ခတသုခ ရောက်သွားတာပါ ဘုရား) အဲဒီရောက်သွားတယ် အဲဒီဘက်ကူးသွားတယ် (မှန်ပါ)။

အဲဒါ နိဗ္ဗာန်သဘောကျဖို့ ဒါရှေးဦးစွာ စပြောတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဘယ်လောက်အရေးကြီးသတုန်း ဒါဟာခင်ဗျားတို့ အရင်သာမညနားလည်ထားကြတဲ့ နိဗ္ဗာန်နဲ့ဖြင့် ကွာပါသေးရဲ့ ဗျာအဝေးကြီးပါဘဲ (မှန်ပါ)၊ ကိုယ်က သဘောမှမပါဘဲ၊ သူများပြောလို့သာ နိဗ္ဗာန် ဆိုလိုက်ရတာကိုး (မှန်ပါ)။

တကယ် သဘောပါတဲ့နိဗ္ဗာန်မဟုတ်ဘူး (မှန်ပါ)၊ ကိုယ်ကိုယ်တိုင်ကော သဘောကျစရာရှိရဲ့လား (မရှိပါဘူး ဘုရား) မရှိရင် ဘယ်တော့မှ အားမထုတ်ဘူး (မှန်ပါ)၊ အားမထုတ်ရင် မရောက်တော့ဘူး ရောက်ပါဦးမလား (မရောက်ပါဘူး ဘုရား)။

ဪ တော်တော်အရေးကြီးပါလားဆိုတာ ဆရာသမားကောင်းများထံ ကိုးကွယ်ဆည်းကပ်ပြီး မနာမိလို့ရှိရင် တော့ ခင်ဗျားတို့ ကိုယ်ကျိုးနည်းပါပြီး (မှန်ပါ)။

အခုတော့ ဘာကြောက်စရာရှိသေးသတုံး (မရှိပါဘူး ဘုရား) ဒီဒုက္ခဟာ သင်္ခါရဖြစ်၍ သင်္ခါရချုပ်တယ် ဆိုတာ သိကတည်းကိုက သံသရာလည်းနေရတာလဲ ဘာမှမရှိဘူး ပုဂ္ဂိုလ်သတ္တဝါမရှိဘူး သင်္ခါရဖြစ်၍ သင်္ခါရချုပ်နေမှာဘဲ (မှန်ပါ့)။

သံသရာလည် တယ်ဆိုတာလဲ ဒါပဲ

နောက် သင်္ခါရတစ်ခုပေါ် သင်္ခါရတစ်ခုချုပ်။ နောက်သင်္ခါရတစ်ခုပေါ်ရင်ကော (သင်္ခါရတစ်ခု ချုပ်မှာပါပဲ) သံသရာလည် တယ်ဆိုတာလဲ ဒါပဲ(မှန်ပါ့) သံသရာဆုံးတယ်ဆိုတာကော (ဒါပါပဲ ဘုရား) သင်္ခါရဒုက္ခနောက်ထပ်မလာတာလဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာမလာတာပါလိမ့် (သင်္ခါရဒုက္ခနောက်ထပ်မလာတာပါ ဘုရား) သင်္ခါရဒုက္ခနောက်ထပ်မလာတာဟာ နိဗ္ဗာန် ကိုးဗျာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

တော်တော်ကျေးဇူးများသွားကြပြီလား ခင်ဗျားတို့ (များသွားပါပြီ ဘုရား) ဒါဖြင့် ဘုန်းကြီးပြောတဲ့ စကားများ ကြီးနေသေးသလား ဦးဘအုန်းရေ မသေနှင့်ပေလို့ဆိုတာ (မကြီးပါဘူး ဘုရား) မကြီးပါဘူး စကားကတောင် နည်းနေသေး တယ် ခင်ဗျားတို့ (မှန်ပါ့) ဒီဘက်က အဖွားကြီး တွေကော သဘောကျပြီလား (ကျပါပြီ) မသေနှင့်တာကော သဘောကျပြီ လား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့အလားကား ဒီပြင်ကိစ္စတွေနဲ့ မသေနှင့်တာ ကျေနပ်ပြီး သကာလ နေကြတဲ့ဥစ္စာမဟုတ်သေးဘူး၊ ဒါမျိုးတွေ့ရမှ ကြားနာရမှာ ကျေးဇူးများတာပါ (မှန်ပါ) ဟိုမှာရှင်ပြုတော့ သူ့အဖေမတွေ့ရလို့ ငိုတာတွေက ဒါလောက် မဟုတ်သေးပါဘူး၊ သူ့အဖိုးမမှီလိုက်လို့ ငိုတာတွေလဲ ဒါလောက် မဟုတ်သေးပါဘူး(မှန်ပါ) ရိပ်မိကျပြီလား (ရိပ်မိပါပြီ)။

ခလေးဆံချတုန်း ရှင်လောင်းလှည့်တုန်းဝိုင်းဖွဲ့ငို၊ ဦးဘတင် ဝိုင်းဖွဲ့ငိုတဲ့ဥစ္စာ ရှင်ပြုတာလို့ ဆိုမလား ခင်ဗျားကို (မဟုတ်သေး ပါဘူး ဘုရား)။

ဒီလိုကျနေတာပဲပြောတော့ ရိုင်းနေမှာစိုးလို့သာ အဲဒါတွေက အဓိပ္ပါယ်တွေကတော့ ဒီရောက်တယ် (မှန်ပါ) ရှင်းပြီလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား) မသေနှင့်တယ်ဆိုတာ ဒီလိုကြားရတာကို ကံကောင်းတယ်ပြော တာ (မှန်ပါ)။

ဒီဘဝမဂ်ဖိုလ်ကို မရကြဘူးဆိုပါစို့

ကဲ့ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန် ဒီဘဝမဂ်ဖိုလ်ကို ခင်းဗျားတို့ကလဲ အားမထုတ်လို့ မရကြဘူးဆိုပါစို့။ မရတော့စုတိဆိုတဲ့ သင်္ခါရကချုပ်တယ်၊ နောင်ပဋိသန္ဓေဆိုတဲ့ သင်္ခတကပြန်ပေါ်တယ် (မှန်ပါ)သဘောကျပြီလား (ကျပါပြီး)။

ဒါရှိတာပဲ ခင်ဗျားတို့ သံသရာလည်တယ်ဆိုတာလဲ ဒါပဲ (မှန်ပါ) စုတိချုပ်၍ (သင်္ခတပေါ်ပါတယ်) သင်္ခါရ ပဋိသန္ဓေပေါ်တယ် (မှန်ပါ) သဘောကျပြီလား (မှန်ပါ)အဲဒါက ဒုက္ခမဆုံးတာပေါ့ဗျာ (မှန်ပါ) ပဋိသန္ဓေပေါ်က တည်းက အိုနာသေဆိုတဲ့ သင်္ခါရဒုက္ခတွေမလာပေဘူးလား (လာပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။

ရဟန္တာတော့ ဒီလိုလာသေးသလား (မလာပါဘူး) သူကဖြစ်သွားပါလိမ့် (သင်္ခါရဒုက္ခချုပ်၍ အသင်္ခတသုခ ပေါ်ပါတယ်) အဲ သင်္ခါရဒုက္ခချုပ်သွားသောကြောင့် အသင်္ခတသုခဘယ်သူကူးသွားတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

နေရာကျပြီလား (ကျပါပြီ) ဒါကလေးထပ်ပြန်တလဲလဲ ပြောဆိုနေတာက ခင်ဗျားတို့ကြားနာရခဲတဲ့ တရားမို့ ပြောနေတာ(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်သက်နဲ့တစ်ကိုယ်လောက်ကြားရတယ်၊ တော်တော်နဲ့ ကြားဖို့ သိဖို့ရာ အခွင့်မပေါ်နိုင်ဘူး (မှန်ပါ) ခင်ဗျားတို့ သိရှိ နားလည်သွားအောင် ဉာဏ်အမြင်ထိုးဖောက်သွားမှ သဘောပေါက် မှာကိုးဗျ (မှန်ပါ)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ယမက ပြန်ဆက်ကြပါစို့၊ ယမကဟာ ဒီအယူကို သဘောမကျလို့ ဖြစ်နေရရှာတာ (မှန်ပါ) ဒါကြောင့် ခင်ဗျားတို့ကိုလဲ ရှေ့ပိုင်းကသဘောကျထားနှင့် အောင်ပြောထားရတာ မဟုတ်ဘူးလား ဦးခင်မောင် (မှန်ပါ)။

ယမက ဒါသဘောမကျလို့ဖြစ်ရတာ

ယမက ဒါသဘောမကျလို့ဖြစ်ရတာ မဟုတ်လား (မှန်ပါ) သင်္ခါရဖြစ်၍ သင်္ခါရချုပ်တာ သဘောကျသေးရဲ့လား (မကျပါဘူး) မကျတော့ ရဟန္တာသေရင်ပြတ်တာပဲဖြစ်သွားတယ် (မှန်ပါ)။

ရဟန္တာရယ်လို့ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့မှ မရှိတာကြီးပဲဗျာ (မှန်ပါ) ရဟန္တာဆိုတာ အမည်ပညတ် ဆိုင်းဘုတ်သာရှိတာ၊ အထည်ကတော့ သင်္ခါရဖြစ်၍ သင်္ခါရချုပ် တာဘဲရှိတယ်(မှန်လှပါ)။

အဲဒါကွာသွားတာဆိုတာ ခင်ဗျားတို့ အခုအားလုံးဒကာ ဒကာမတွေကတော့ ဪ သံသရာလည်တယ် ဆိုတာ သင်္ခါရ အသစ်အစားထိုးပြီး သင်္ခါရတွေချုပ်လိုက်, သင်္ခါရတွေပေါ်လိုက်၊ ဒါသံသရာလည်တယ် ခေါ်ကြတယ် (မှန်ပါ) ရှင်ပြီလား (ရှင်းပါပြီ)။

အဲဒီတော့ သံသရာမလည်တဲ့ ပုဂ္ဂိုလ်ကျတော့ သင်္ခါရ ဒုက္ခချုပ်သွားတာကိုးလို့ ဒါပဲယူရမယ် (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (သင်္ခါရဒုက္ခချုပ်သွားတာပါ ဘုရား) သင်္ခါရဒုက္ခ ချုပ်သွားတယ် ဆိုတော့ ဘယ်ဘက်ကူးသတုံး (အသင်္ခတဘက်ကူးပါတယ် ဘုရား) အဲ အသင်္ခတဓါတ်နိဗ္ဗာန်မြတ်ဆိုတာဒါပဲ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဦးဇံရင်တို့ ကျေးဇူးမများဘူးလား (များပါတယ် ဘုရား) မသေနှင့်ကြနဲ့ဦးနော် နည်းနည်းစောသေးတယ် ကိုယ်တိုင်တည်အောင်လုပ်ဦး (မှန်ပါ) ကိုယ်တိုင်တည်အောင်လုပ်ကြဦး အခုဟာကအသိနဲ့ တည်ရမှာကိုးဗျ၊ အရနဲ့တည် တာမဟုတ်သေးဘူး (မှန်ပါ) အရနဲ့တည်အောင်တော့ လုပ်ကြပါဦးလို့ ပြောရမှာပဲ (မှန်ပါ)။

မစွန့်ရင် ယမကဟာ မဂ်ဖိုလ်မရနိုင်ဘူး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယမကသည်ကားလို့ဆိုရင် အခုလို မရှင်းမလင်းနဲ့ ဖြစ်နေရတဲ့ ဒိဋ္ဌိပါကလား (မှန်ပါ) ဒီအယူတိုင်းသာဆိုရင် မစွန့်ရင် ယမကဟာ မဂ်ဖိုလ်မရနိုင်ဘူး (မှန်ပါ)။

ယမကမှာတော့ ကယ်မည့်ပုဂ္ဂိုလ်ရှိလို့ သောတာပန်တည်တယ်၊ နောက်ရဟန္တာဖြစ်တယ်ဆိုတာ ထားပါတော့ အလုပ်စဉ်နဲပ ဟောရမှာ၊

သူလို ရှင်သာရိပုတ္တရာနဲ့ မတွေ့တဲ့ပုဂ္ဂိုလ်တွေနဲ့ ဆရာသမားက ရှင်းလင်းမပေးတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (မဂ်ဖိုလ်ရနိုင်ပါဘူး ဘုရား) အပါယ်သွားကြဦးဘဲ ဟုတ်လား ဒိဋ္ဌိက လုံးလုံးမှ ပြုတ်မှာမှ မဟုတ်ဘဲ (မှန်ပါ) ပြုတ်သေးရဲ့လား (မပြုတ်ပါဘူး)။

အခုလဲ မပြုတ်တာတွေကသာများပါတယ် ခင်ဗျားတို့က ပြုတ်တယ်သာဆိုတာ မဂ်နဲ့မပယ်သ၍ ဘယ်ကလာ အမြစ်ပြတ်အောင် ပြုတ်ပါ့မလဲ(မှန်ပါ) ပြုတ်ပါ့မလား (မပြုတ်ပါဘူး ဘုရား) မပြုတ်သေးတော့တို့မှာ ဒါရှိနေသေးတယ် (မှန်ပါ) အခုအသိနဲ့ဖြတ်ထားတာ၊ အကျင့်နဲ့မဖြတ်ရသေးဘူး (မှန်ပါ) အကျင့်ကို ဟောဦးမှာကိုးဗျ (မှန်ပါ) သို့သော်လဲ အသိနဲ့ ဖြတ်ထားတာနဲ့ဘဲ တော်တော်တော့ခရီးရောက်ပါပြီ၊ ဒိဋ္ဌိအယူမှ မယူတော့ဘဲ (မှန်ပါ)ရှင်းပြီလား (ရှင်းပါပြီ)။

ဒါတွေအကုန်ထည့်ရတာပဲ

ဒါလောက်ဆိုရင်ပဲ ဦးခင်မောင် အဖိုးအင်မတန် တန်လှပါပြီ (မှန်ပါ) ဒါက ဘုရားလဲ ပွင့်ပေးလို့ ဘုရားသာသနာ တော်လဲရှိသေးလို့ ပြောတတ်ဟောတတ်တဲ့ ဆရာနဲ့ပဲ ခင်ဗျားတို့က ကြုံပေဆုံပေလို့ ထောင်တတ်တဲ့ နားနဲ့လဲ ကြုံးပေးလို့ အသေကလဲမဦးပေသေးလို့ (မှန်ပါ) ဒါတွေအကုန်ထည့်ရတာပဲ၊ ဒါတွေအကုန်မထည့်ရင်ရပါ့မလား (မရပါဘူး)။

ခင်ဗျားတို့ နားလေးနေလဲ ကျုပ်ကသာ အော်နေလဲ အသံချဲ့စက်နဲ့အော် မရပါဘူး၊ ရပါ့မလား (မရပါဘူး) အိမ်မှာ ဥပမာမယ် ဒကာ ဒကာမတွေကလဲ မီးယပ်ကျိုးကျိုးနေတယ်၊ ယောကျာ်းတွေကလဲ ဒူလာစွဲနေတယ်၊ မလာနိုင်ကြ ဘူးတဲ့၊ ဘယ့်နှယ်လုပ်မလဲ (မရနိုင်ပါဘူး ဘုရား)။

တချို့ကျတော့လဲ သားရေး၊ သမီးရေးစီးပွားရေးက အရေးကြီးနေတာနဲ့ပဲ မလာနိုင်တော့ဘူးဆိုတော့ အပါယ် ကြီးပွားရေးလုပ်နေတာ (မှန်လှပါ) ဒါမနာနဲ့နော် ခင်ဗျားတို့ (မနာပါဘူး ဘုရား) ဒိဋ္ဌိကမပြုရင် ဘယ်သွားမှာ များသတုန်း (အပါယ်သွားမှာက များပါတယ်)။

အဲဒီတော့ သားရေး သမီးရေး စီးပွားရေးနဲ့ တပည့်တော်တို့ဖြင့် ဆရာသမားနားမကပ်နိုင်ဘူးဘုရား၊ ကြားတော့ ကြားပါရဲ့ဘုရား နာတော့ နာချင်ပါရဲ့၊ မကပ်နိုင်တာက ခက်တယ်၊ ပရိယေသနက ရှိသေးသကိုးဘုရားဆိုပြီး မြို့သုံး ကလေးရင်လဲသုံးပစ်လိုက်မယ် (မှန်ပါ)။ မသုံးပေဘူးလား (သုံးပါတယ် ဘုရား) စားဖို့သောက်ဖို့ကလဲ မလွယ်တော့၊ လွယ်တဲ့ပုဂ္ဂိုလ်များတော့ အဟုတ်သားပေါ့တဲ့ (မှန်ပါ)ဒါက လေချိုသွေးတာလို့ ခေါ်တယ်အလကားဘာမှမဟုတ်ဘူး (မှန်ပါ) ဒီအချိန်မှာ သူတို့ လုပ်စားတဲ့ အချိန်မဟုတ်ဘူး (မှန်ပါ) လုပ်စားတဲ့အချိန်လို့ ဆိုကြမလား (မဆိုရပါဘူး) မဟုတ်ပါဘူး ညဈေးသည်တွေမှ မဟုတ်ဘဲဗျာ မဟုတ်ဘူးလား (မှန်ပါ)။

သူ့ဆင်ခြေက အဝီစိကြီးပွားရေးလဲနေတာ

ဒါကိုပင်လျှင် ဆင်ခြေကလဲနေတော့ သူ့ဆင်ခြေက အဝီစိကြီးပွားရေးလဲနေတာ (မှန်ပါ) မနာနဲ့ ခင်ဗျားတို့ သေသေချာချာ ဒိဋ္ဌိနားလည်းတဲ့ ပုဂ္ဂိုလ်ကိတော့ ဟုတ်ပြီဒီဥစ္စာ(မှန်ပါ) ဟုတ်ပြီဆိုတာ ဆုံးဖြတ်ချက် ချပါ ကိုမြရွှေရ (မှန်ပါ)။

သားရေး သမီးရေး စီးပွားရေးကြောင့် မအားလို့ မလပ်လို့နေကြ ထိုင်ကြပြီး သကာလ တပည့်တော်တို့ မလွှဲသာဘူး ဘုရား ကာမာဝစရကလဲတယ်နည်းတယ်၊ ကာလဒေသကလဲ မဟုတ်လို့တဲ့ ဟာရှုပ်ပွေ လာတာပဲ အဝီစိ ကြီးပွားရေးသံကလဲ (မှန်ပါ)။

အဲဒါသာမညပုဂ္ဂိုလ်ကတော့ ဒီဥစ္စာဟုတ်ရှာရဲ့လို့ ခင်ဗျားတို့က နောက်ဖေးချင် ဖေးလိမ့်ဦးမယ်၊ ဟုတ်ရှာရဲ့များ သွားမဖေးပါနဲ့ သူအဝီစိကြီးပွားရေးကို ခင်ဗျားတို့က ကူပေးလိုက်တာနဲ့တယ်တူတယ် (မှန်ပါ) ထောက်ခံချက်ပေးလိုက် တာကိုး (မှန်ပါ) မကူဘူးလား (ကူပါတယ် ဘုရား) သာမညကြားတော့ဖြင့် ဟုတ်ရှာရဲ့ဆိုတော့ သူ့သနာသလိုလို ဖြစ်နေ တယ်။ သူ့ကိုထိုးချလိုက်တာ (မှန်ပါ)

ကိုင် ဒါဟာ ခင်ဗျားတို့က မြို့သုံး-မသုံးပါနဲ့ဆိုတာသဘောကျရဲ့လား (ကျပါတယ် ဘုရား)။

အဲဒါခင်ဗျားတို့ ကြည့်လဲ သုံးပါဦးတဲ့ သူ့ခမျာများ အဝီစိကြီးပွားရေးလုပ်နေရတဲ့ အထဲမှာ သူတို့ကပဲ ထောက်ခံ သွားတယ် ကျုပ်တို့ အကြောင်းသိရှာလို့ (မှန်ပါ) ခက်ပကောဗျ ဘယ်အကြောင်းသိတာပါလိမ့် (အဝီစိကြီးပွားရေး အကြောင်းသိတာပါ ဘုရား) မဆိုးဝါးဘူးလား ကဲ (ဆိုးဝါးပါတယ် ဘုရား)

အဲဒါ နစ်နစ်နာနာပြောတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ့က မအောက်မေ့ပါနဲ့ ဒိဋ္ဌိမပြုတ်လို့ ဒါကို လက်ကိုင်ထားပြောတာ (မှန်ပါ့)။

ကဲ ဦးခင်မောင် ဘာနဲ့ ကြံကြံ ဒီဒိဋ္ဌိမပြုတ်သေးသ၍ ဦးဘတင် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (အဝီစိကြီးပွားရေး ပါ ဘုရား) အဝီစိနဲ့ဆွေမျိုးမပြတ်သေးဘူးဗျ (မှန်ပါ) ပြတ်ပါ့မလား (မပြတ်ပါဘူး) မပြတ်ဘူး ဘယ်နည်းနဲ့မှ မပြတ်ဘူး ဒကာ ဒကာမတို့ (မှန်ပါ)။

လုပ်သင့်တယ်မှတ်သင့်တယ် ကြိုးစားသင့်တယ်

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဪ လုပ်သင့်တယ်မှတ်သင့်တယ် ကြိုးစားသင့်တယ်လို့ ဆိုတာ သေသေချာချာ ထိုက်တန်တဲ့ အလုပ်ပဲဆိုတာ မှတ်ကြပါ (မှန်ပါ) ဒါစကားတတ်လို့ ပြောထားလား အဟုတ်ပြောနေတာလား (အဟုတ် ပြောနေတာပါ ဘုရား)။

စကားတတ်လို့ပြောတာမဟုတ်ဘူး၊ ဒါက အဓိပ္ပါယ်ကို သေသေချာချာနှိုက်ပြောနေတာ (မှန်ပါ) ခင်ဗျားတို့လောကသုံး စကားတတ်တယ်ဆိုတာက အလှည့်အပတ်ကောင်းကို ဆိုနေတာ(မှန်ပါ)။

ဒါက အလှည့်အပတ် ကောင်းတာမဟုတ်ဘူး မပေါ်-ပေါ်အောင် ပြောနေရတာ (မှန်ပါ) ဒီတစ်လုံးတည်းကို မပေါ်ပေါ်အောင် ပြောနေရတာ၊ ဟိုဈေးသည်တွေ စကားတတ်တာနဲ့ သွားပြီးမရောနဲ့ဦး (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ စိတ်ထဲမှတ်ရမှာက ဘာတုံး (သင်္ခါရဖြစ်၍ သင်္ခါရချုပ်ပါတယ် ဘုရား) တသံသရာလုံး ဘယ်လို နေခဲ့တယ်ဆိုတာ အဲဒါပဲ (မှန်ပါ့)။

သံသရာစခန်းသတ်ဆိုတာက ဘာပါလိမ့် (သင်္ခါရဒုက္ခချုပ်၍ အသင်္ခတဘက် ကူးပြောင်းပါတယ်)၊ အဲ သင်္ခါရ ဒုက္ခအလုံးစုံချုပ်သွားတာ (မှန်ပါ)၊ အဲဒီတာ့ ဘယ်ဘက်ကူးသလဲ (အသင်္ခတဘက်ကူးပါတယ်)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ သံသရာထဲမှာ တပည့်တော်တို့ ဘယ်လိုများနေခဲ့ရပါလိမ့်မတုံး အို သင်္ခါရဒုက္ခ တွေ ဖြစ်လိုက်ပေါ်လိုက်နေတာဘဲ (မှန်ပါ) တဒုက္ခပြီး တဒုက္ခပေါ်တာဘဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

မယုံရင် စဉ်းစားကြည့်ပါ မျက်လုံးကမြင်တဲ့ ဖြစ်ပျက်ပြီးရင် နားကကြားရင် နားဖြစ်ပျက် ဒုက္ခလာမှာပဲ (မှန်ပါ) နားဒုက္ခပြီးရင်နှာခေါင်းက ရှူတဲ့-ရှိုက်တဲ့ ဒုက္ခက (လာပါတယ် ဘုရား) ဝမ်းကဆာလောင် မွတ်သိပ်တဲ့ ဒုက္ခက (လာပါတယ် ဘုရား) ကျင်ကြီးကျင်ငယ် စွန့်ချင်တဲ့ ဒုက္ခက (လာပါတယ်) နောက်ထပ်စားချင်တဲ့ ဒုက္ခက (လာပါတယ်) ဘယ်မှာတုန်း ခင်ဗျားတို့ဟာ ဒုက္ခသာ လှည့်သွားနေတာဘဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒုက္ခတွေလှည့်နေပါတယ်

ဘာတွေများလှည့်နေသတုံး (ဒုက္ခတွေလှည့်နေပါတယ်) အဲဒီဒုက္ခတွေလှည့်နေတာဟာ ဒကာ ဒကာမတို့ ဒုက္ခစက်ကြီးဆိုတာ မှန်ပလား (မှန်ပါပြီ)။

ကိုင်းဒါဖြင့် လောကကြီးထဲမှာ ဘယ်သူလူချမ်းသာရှိသတုံး (မရှိပါဘူး ဘုရား) သင်္ခါရဒုက္ခနဲ့နေရတဲ့ လူချည့်မို့ ဆင်းရဲသားချည့်ပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သေသေချာချာ ကြည့်လိုက်တဲ့အခါ သတ္တဝါတွေ ဆင်းရဲထဲက ဆွဲထုတ်ကယ်တင်ချင်လို့ ကိုယ်တော်တိုင် အဆင်းရဲခံကျင့်ခဲ့တယ်ဆိုတာပေါ်ပလား (ပေါ်ပါပြီ)။ သတ္တဝါတစ်ဦးတည်း ဆင်းရဲတာလား အကုန်ဆင်းရဲတာ မြင်တာလား (အကုန်ဆင်းရဲတာ မြင်တာပါ) သံသရာခရီးသည် ဒုက္ခသည်တွေဆိုပြီး သနားတော်မူတယ် (မှတ်ပါ)။ ဒါကို မြင်တော်မူတာဗျ (မှန်ပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားအမြင်ပေါ်ပလား (ပေါ်ပါပြီ) အဲ ခင်ဗျားတို့က ကိုယ့်အမြင်ကလေးနဲ့ကိုယ် ဝါးလုံးခေါင်းထဲ လသာပြီး တော်သေးရဲ့များတော့ လုပ်မနေကြနဲ့ (မှန်ပါ)

ဝါးလုံးခေါင်းထဲ လသာတာ ကိုယ့်မှာ ငွေကလေးသောင်းကိုးထောင်ရှိရင် တော်သေးရဲ့ တော်သေးရဲ့ ဖြစ်နေတာကိုးဗျ၊ ဒါဝါးလုံးခေါင်းထဲ လသာတာခေါ်တယ်၊ သင်္ခါရဒုက္ခ, သံသရာဒုက္ခမသိလို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဝါးလုံးခေါင်းထဲလသာချင်သေးသလား

ဦးခင်မောင် ဝါးလုံးခေါင်းထဲလသာချင်သေးသလား (မသာချင်ပါဘူး ဘုရား) ကိုယ့်ဟာကိုယ် ကြံဖန်သာယာ တာကိုးဗျ (မှန်ပါ) ဉာဏ်နဲ့သာယာတာလား တဏှာနဲပ သာယာတားလား (တဏှာနဲ့သာယာတာပါ) တဏှာနဲ့ သာယာ တာဆိုတော့ တဏှာဟာ အမှန်မြင်သလား မမြင့်ဘူးလား (မမြင်ပါဘူး ဘုရား) ဒါ့ကြောင့်ကို သူ့ကို ဝါးလုံးခေါင်း လသာတာလို့ပြောတာ(မှန်ပါ)။

ဉာဏ်နဲ့ဆိုရင်ဖြင့် ဒုက္ခဆက်နေတာဘဲ၊ ဒီဒုက္ခလွတ်အောင် ဘယ်လိုလုပ်ရပါ့မတုန်း (မှန်ပါ) ဒီဉာဏ်သာလာမှာ ပေါ့၊ တခြားလာစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ရှင်းပြီလား (ရှင်းပါပြီ။

ကဲ…ယနေ့ ဒီတွင် တော်ပါဦး။

သာဓု…သာဓု…သာဓု