မသူတော်ဘေးနှင့် အမြင်မှားတဲ့ဘေးကြီးများ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသောတရားတော်
မသူတော်ဘေးနှင့် အမြင်မှားတဲ့ဘေးကြီးများ
ဘေးသင့်မှာ စိုးရိမ်တယ်
ဒကာ ဒကာမတွေ ဘေးသင့်မှာ ဆရာဘုန်းကြီးက စိုးရိမ်တယ်လို့ မှတ်ရမယ်နော် (မှန်ပါ)။ ဘာဘေးတုန်းလို့ မေးလို့ရှိရင်ဖြင့် အသန္ဒိဋ္ဌိတောဝါ အမြင်မှားတဲ့ဘေး၊ ဒါကြောက်စရာ အကောင်းဆုံးပဲ (မှန်ပါ)၊ အသဒ္ဓမ္မတောဝါ-မသူတော်တရားဘေးတဲ့၊ ဒီနှစ်ဘေးကို ယနေ့ ဒကာ ဒကာမတွေ သိစေချင်တယ် (မှန်ပါ)။
အသန္ဒိဋ္ဌိတောဝါဆိုတာ လူတိုင်းရကြသည် (မှန်ပါ)။ အသဒ္ဓမ္မတောဝါ ဆိုတာကော (လူတိုင်းရပါတယ် ဘုရား) အသဒ္ဓမ္မတောဝါ-မသူတော်တရားဘေးမှလည်းကောင်း (မှန်ပ့ါ)သဘောကျပြီလား (ကျပါပြီ)။ အသန္ဒိဋ္ဌိတောဝါဆိုတာက အမြင်မှားတဲ့ဘေး (မှန်ပါ)။ မသူတော်ဘေး, အမြင်မှားတဲ့ဘေးလို့ နှစ်ခုမှတ်ပါ (မှန်ပါ)။
ဒါက ဘုန်းကြီး ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေ စိုးရိမ်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် အသဒ္ဓမ္မတောဝါဆို တာက ခန္ဓာကိုယ်ကြီးက တစ်ခါတလေကျလို့ရှိရင်ဖြင့် ပရမတ်တွေက စိတ်တွေက အမျိုးမျိုးပျက်စီးပြလိုက်, ရုပ်တွေက အမျိုးမျိုးပျက်စီးပြလိုက် မမြင်ကြဘူး၊ မမြင်တာကို ဦးခင်မောင်တို့က တွေးရမယ် အသဒ္ဓမ္မတောဝါ မသူတော်တရား ဘေးသင့်နေလို့ (မှန်လှပါ ဘုရား) မသူတော်တရား ဆိုတာ တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့မောဟပါပဲ (မှန်ပါ)။
မသူတော်တရား ဆိုတာ မောဟ
မောဟရှိပြီး သကာလ နေပြီဆိုမှဖြင့် ခန္ဓာကိုယ်ကြီး၏ စိတ်တွေပျက်နေတာ, ရုပ်တွေပျက်နေတာ မြင်သေးရဲ့လား (မမြင်ပါဘူး)။
အဲဒီ မမြင်တဲ့အချိန်ကျလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာဘေးသင့်နေသတုန်းလို့ မေးလို့ရှိရင် အသဒ္ဓမ္မတောဝါဆိုတဲ့ မသူတော်ဘေးသင့်နေတယ်လို့ မှတ်ပေတော့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မသူတော်ဘေးဆိုတာသည် သူတော်ကောင်းအလုပ်, အနိစ္စ ဒုက္ခ အနတ္တတွေ ခန္ဓာကိုယ်ထဲက ပြချင်သလိုပြ မမြင်ဘူးဗျ (မှန်ပါ) အဲဒီမမြင်တာသည်ကား လို့ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာဆိုတဲ့ မောဟလို့ စွဲချက်တင်လိုက် (မှန်ပါ) အဲဒီဘေးသင့်ပြီဆိုမှဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရနဲ့ သွားလေတော့ (မှန်ပါ) သံသရာစခန်းဆက်သေးရဲ့လား (မဆက်ပါ ဘူး)။ (အဝိဇ္ဇာကြောင့် အကုသိုလ်ကမ္မမထတရားဆယ်ပါး ဖြစ်ပေါ်ရာ ပဓာနနည်းဖြင့် မောဟကို ကိုင်ပြီးဟောတော်မူ သည်။)
ဪ ဒါဖြင့် ဆရာဘုန်းကြီးကလဲ သွားကာနီးတော့ ဒကာ ဒကာမတွေ ဒီဘေးသင့်နေလို့ရှိရင်ဖြင့် အပါယ် လေးပါးက ပြန်ကြတော့မှာမဟုတ်ဘူး၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဒါဖြင့် တခြားသောဘေးတွေကတော့ အစိုးရကစောင့်ရှောက်၍ သော်လည်းကောင်း ကံကစောင့်ရှောက်၍ သော်လည်းကောင်း လုံခြုံကြပါတယ် (မှန်ပါ)။
ကိုယ့်ခန္ဓာကိုယ်ကြီးဖြစ်ပျက်နေတာကို မသိတဲ့ ကိုယ့်အဝိဇ္ဇာ ကိုယ်ဘေး သင့်နေတာတော့ဖြင့် ဒကာ ဒကာမတွေက အလွန်စိုးရိမ်လိမ့်မယ်ဆိုတာ မှတ်ရမှာပဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ကိုယ့်သန္တာန်က ဖြစ်ပျက်တွေပြောပြီး သကာလ နေငြားသော်လဲ ကိုယ့်မကြည့်မိတာဟာ ဘာဘေးသင့် တာပါလိမ့် (မသူတော်ဘေးသင့်တာပါ ဘုရား) ကြောက်စရာကောင်းလိုက်တာ (ကောင်းပါတယ် ဘုရား)။
ဒီဘေးကကိုယ့်ဟာကိုယ် ကာကွယ်မှလုံမည့်ဘေး
ဒကာ ဒကာမတို့ ဒီ့ပြင်ဘေးကို အစိုးရက ကာကွယ်ပေးတယ်၊ သူခိုးဓားပြဘေး၊ မီးဘေး၊ ရေဘေး အကုန် အစိုးရက ကာကွယ်လို့လုံနေပါပြီ။ ဒကာ ဒကာမတို့မှာ (မှန်ပါ) ဒီဘေးကတော့ဖြင့် ကိုယ့်ဟာကိုယ် ကာကွယ်မှ လုံမည့်ဘေး (မှန်ပါ)။
တခြားဟာတော့ သူများက ကာကွယ်လို့ လုံပါတယ် ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဖြစ်ပျက်တရားတွေ အနိစ္စတရားတွေ တဖွားဖွား ဖြစ်ပြီးပျက် နေပါလျက်သားနဲ့ ဒကာ ဒကာမတွေက မမြင်တာသည်ကား လို့ဆိုလို့ရှိဖြင့် အဝိဇ္ဇာဆိုတဲ့ မသူတော်ဘေးသင့်နေလို့ မမြင်တာပဲလို့ မှတ်ရမယ် (မှန်လှပါ)။
ဒါဖြင့်တို့သည် ဘေးတကာ့ ဘေးထဲမှာ သူခိုးခိုးသွားတဲ့ ဘေးသည် ဒကာ ဒကာမတို့ သေတ္တာထဲက ပစ္စည်းသာ ပြောင်ပြီး သေတ္တာကျန်ရစ်တယ်၊ အဝတ်ကောင်းသာပြောင်ပြီး အဝတ်စုတ် ကျန်ရစ်တယ်ဆိုရင် သုံးစရာစွဲစရာ ကျန်ရစ်ပါ သေးတယ်၊ မီးလောင်တယ်ဆိုဦးတော့ အိပ်ရာတော့ ကျန်ရစ်ပါသေးတယ် (မှန်ပါ)။
ဒီ့ပြင် ဘေးသင့်တာဟာ တစ်ဝက် တပျက်ပြန်ရတယ် ဆိုကြပါစို့ (မှန်ပါ)။ ဒီ သူတော်ကောင်း အလုပ်မေ့နေတဲ့ အဝိဇ္ဇာဘေးသင့်နေပြီဆိုမှဖြင့် ဒကာ ဒကာမ တို့ လူအရင်းစားကို ပြန်မရတော့ဘူး (မှန်ပါ ဘုရား) ရပါဦးမလား (မရပါဘူး ဘုရား)။
ဒါဖြင့် ဘေးကတာ့ ဘေးထဲမှာ မသူတော်ဘေးအဝိဇ္ဇာဟာ ကြောက်စရာအကောင်းဆုံးဘဲလို့ မှတ်စေချင်တယ် (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါပါပြီ)။
မသူတော်ဘေးကြောက်စရာ
ဘယ်ဘေးကြောက်စရာ အကောင်းဆုံးလဲ (မသူတော်ဘေးကြောက်စရာ အကောင်းဆုံးပါ ဘုရား)။
သားနဲ့သမီးနဲ့ နေတဲ့ပုဂ္ဂိုလ်တွေ အရောင်းအဝယ်နဲ့နေတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ကတော့ သွားတယ် ဆိုလို့ရှိရင်လဲ သွားတဲ့ရုပ်နာမ်က ဖြစ်ပျက်နဲ့ပဲသွားရရှာကြတာပဲ (မှန်ပါ)။
သို့သော် မသူတော်ဘေးသင့်နေတော့ သွားရင်း မမြင်ဘူး (မှန်ပါ)။ မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)၊
စားတဲ့အခါ ကျလို့ရှိရင် အရင်စားတဲ့စိတ်နဲ့ နောက်စားတဲ့စိတ် သည် တခြားစီပဲ (မှန်ပါ)။ ဖြစ်ပျက်ပြီး မနေကြဘူးလား (နေပါတယ် ဘုရား) အဲဒီတော့ မသူတော်ဘေး သင့်နေပြီဆိုရင် မြင်သေးရဲ့လား (မမြင်ပါဘူး) မမြင်တော့ အဝိဇ္ဇာပစ္စယာသင်္ခါရာ သင်္ခါရပစ္စယာ အပါယ်ဝိညာဏံဆိုတာ မလာပေဘူး လား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီ့ပြင် ရာဇတောဝါ စောရတောဝါ မနုဿတောဝါ အမနုဿတောဝါဆိုတဲ့ ဘေးတွေ ဘုန်းကြီးက ဒီဒကာ ဒကာမတွေအတွက် မစိုးရိမ်ပါဘူး၊ သူတော်ကောင်းတွေ နောက်က ကံကောင်းလို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေ ဒီဘေးမသင့်တန်ရာပါဘူး (မှန်ပါ)။
သို့သော် ကိုယ်ဝမ်းထဲက ပေါ်လာတဲ့ မသိဘေးဆိုတဲ့ အဝိဇ္ဇာဘေးသင့်မှာ တော့ အစိုးရိမ်ဆုံးပဲ (မှန်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဘာဘေးသင့်မှာ ဆရာဘုန်းကြီးစိုးရိမ်ရပါလိမ့် (မသိဘေးသင့်မှာစိုးရိမ်ပါတယ် ဘုရား)။
ခန္ဓာ ပြောပါလျက်သားနဲ့ မမြင်တာတွေဆိုတော့ အဝိဇ္ဇာမနေဘူးလား (မှန်ပါ) အဲဒါအသဒ္ဓမ္မတောဝါဆိုတဲ့ မသူတော်ဘေးသင့်မှာကို ဘုန်းကြီးစိုးရိမ်တယ်ဆိုတာကော ဒကာ ဒကာမတွေ ဪ စိုးရိမ်သင့်တယ် ဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ) မချသင့်ဘူးလား (ချသင့်ပါတယ် ဘုရား)။
မသူတော်ဘေးသင့်တော့ လူရင်းစားတောင် ပြန်မရ
မသူတော်ဘေးသင့်တော့ လူရင်းစားတောင် ပြန်မရတော့ဘူး (မှန်ပါ) အိမ်ရာ၊ တိုက်တာ၊ ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေကောပါသေးရဲ့လား (မပါပါဘူး) လူပါ အပါယ်ရောက်သွားတဲ့အခါ ဒါတွေအကုန် စွန့်ရတဲ့ဘေးတွေက မသင့်ဘူးလား (သင့်ပါတယ်)။
အဲဒီတော့ အဝိဇ္ဇာဆိုတဲ့ မသူတော်ဘေးဟာ ဒကာ ဒကာမတို့မှာ အကြီးဆုံးဘေးလို့ဆိုလိုက်စမ်းပါ (မှန်ပါ ဘုရား)။
ဘာဘေးပါလိမ့် (မသူတော်ဘေးဟာ အကြီးဆုံးဘေးပါ ဘုရား)။
ဦးခင်မောင် သေသေချာချာ မှတ်နော် (မှန်လှပါ) ဒီဘေးအကြီးဆုံးပဲ (မှန်ပါ)။
အားလုံး ဒကာ ဒကာမတွေ ဘယ်ဘေးအကြီးဆုံးပါလိမ့် (မသူတော်ဘေးဟာ အကြီးဆုံးပါ ဘုရား)။
ဒါဖြင့် မသူတော်ဘေးသင့်လိုက်လို့ရှိရင်ဖြင့် ပစ္စည်းရှုံးလူ ရှုံးပေါ့ဗျာ (မှန်လှပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတွေ မသူတော်ဘေးသင့်မှာကို ဘုန်းကြီးစိုးရိမ်တယ်ဆိုတော့ ဟုတ်တယ်တဲ့ မသူတော်ဘေး ဦးဘတင် အကြီးဆုံးဘေးနော် အဝိဇ္ဇာကိုးဗျ (မှန်ပါ)။
အဝိဇ္ဇာ ရှိနေပြိဆိုမှဖြင့် အဝိဇ္ဇာပစ္စယာသင်္ခါရဆိုတဲ့ မဟုတ်တဲ့ သင်္ခါရတွေ မလာပေဘူးလား (လာပါတယ် ဘုရား) သင်္ခါရပစ္စယော အပါယ်ဝိညာဏံဆိုတော့ ကောင်းသေးရဲ့ လား (မကောင်းပါဘူး) အဲ မသူတော်ဘေးသာ သင့်ရင် အပါယ်ဟာ ကိုယ့်ပစ္စည်းမှတ်ထားပါ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဆရာဘုန်းကြီး အစိုးရိမ်ဆုံး ဘယ်ဟာပါလိမ့် (မသူတော်ဘေးပါ ဘုရား) ခန္ဓာက ပြောလျက်သားနဲ့ကို မသိတာ (မှန်ပါ)။
အဝိဇ္ဇာကြောက်စရာ အကောင်းဆုံးပဲ
ခန္ဓာက မပြောဘူးလား (ပြောပါတယ်) ခန္ဓာက ပြောလျက်သားနဲ့ မောင်သစ်တို့လူစု မောင်မြတို့ လူစုတွေက ပြောနေတာကို မသိဘူး (မှန်ပါ) ပြောနေတာကို မသိတော့ ဪ မသိဘေး သင့်နေတယ် ဆိုရင်ကော လွဲသလား (မလွဲပါဘူး)။
မသိတာ တရားကိုယ်ကောက်လိုက်တော့ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ကြောက်စရာကောင်းလိုက်လာ (ကောင်းပါတယ် ဘုရား)။
ဦးဝကြီး အဝိဇ္ဇာကြောက်စရာ အကောင်းဆုံးပဲ ဆိုတော့ အဝိဇ္ဇာရှိနေသည့် ကာလပတ်လုံးလဲ ဒကာ ဒကာမတို့ မြစ်ထဲငါးဖြစ်ဖို့ရာလဲ သူ့ကြောင့်ပဲ (မှန်ပါ) အပါယ်လေးပါး ငရဲပြိတ္တာ အသူရကာယ်ရောက်ဖို့ကော (သူ့ကြောင့်ပါပဲ)။
ဒါဖြင့် နတ်ပြည် ဗြဟ္မာ့ပြည်ကဆင်းပြီး အပါယ်လေးပါးကျတဲ့ ပုဂ္ဂိုလ်တွေလဲ မသူတော်ဘေး သင့်ချလိုက်တာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ ဗြဟ္မာပြည်က ဆင်းပြီး သကာလ လာခဲ့ရတာလဲ ဘယ်သေးသင့်တာတုန်း (မသူတော် ဘေးသင့်တာပါ) လူ့ပြည်က လူ့ဘဝကို အရကြီးရလာတာမှလဲ အပါယ်လေးပါးကျအောင် ဒုဂ္ဂိတ ရောက်သွားတာလဲ ဘာဘေးသင့်တာတုန်း (မသူတော်ဘေး သင့်တာပါ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီ့ပြင်ဘေးကဖြင့် အစိုးရက စောင့်ရှောက်၍သော် လည်းကောင်း၊ အတိတ်ကံတွေက စောင့်ရှောက်၍ သော်လည်းကောင်း လုံပါသေးရဲ့ (မှန်လှပါ) သဘောကျပြီလား (ကျပါပြီ)။
ဒီ မသူတော် ဘေးကတော့ ကိုယ့်ဟာကိုယ် စောင့်ရှောက်မှလုံမှာ (မှန်လှပါ) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကံကလူဖြစ်အောင်သာ လုပ်ပေးလိုက်တာ
ဘာပါလိမ့်ဗျာ (မသူတော်ဘေးကကိုယ့်ဟာကိုယ် စောင့်ရှောက်မှလုံမှာပါ ဘုရား) ကံကလဲ စောင့်ရှောက်မပေး နိုင်ဘူး ကံကလူဖြစ်အောင်သာ လုပ်ပေးလိုက်တာကိုး (မှန်ပါ)။
ကံကလူဖြစ်အောင်တင် လုပ်ပေးလိုက်တဲ့အခါကျလို့ရှိ ရင်ဖြင့် လူဖြစ်ပြီး ငါ့တာဝန်ကုန်ပြီးဆိုပြီး ကံကတော့ပြီးသွားတာပဲ (မှန်ပါ) အဲဒီကံပေးသ၍ကလေး မသူတော်ဘေးက ဖျက်ချလိုက်ပြီဆိုမှဖြင့် ကံပေးတဲ့ အကျိုးဆက်လဲကုန်ပါရော အပါယ်လေးပါးလဲရောက်သွားတယ် (မှန်လှပါ) ဦးခင်မောင် ဘယ်ဘေးသင့်တာတုန်း (မသူတော်ဘေးသင့်တာပါ ဘုရား)။ ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (မှန်လှပါ ဘုရား)။
မသူတော်ဘေးက ဒကာ ဒကာမတို့ ဘယ်သူ့မှ မရွေးဘူးလို့မှတ်နော် (မှန်ပါ) ရဟန်းသံဃာများကိုလဲ မရွေးဘူး၊ အဝိဇ္ဇာကရွေးသေးသလား (မရွေးပါဘူး) မေ့တဲ့ပုဂ္ဂိုလ်မှန်ရင်ဖြင့် အကုန်အပါယ်လေးပါးကို ငါတွန်းချမယ်ကွ ငါတည်းဟူ သောတရားက စီမံမယ်ကွဆိုပြီးတော့ အဝိဇ္ဇာစီမံသလို မခံကြရဘူးလား (ခံကြရပါတယ် ဘုရား) ဒါဘာဘေးသင့်တာတုန်း (မသူတော်ဘေးသင့်တာပါ ဘုရား)။
ဪ ဒီလိုဆရာကောင်း သမားကောင်းနဲ့တွေ့ပြီးနေတုန်းမှ ဒီဘေးအသင့်ခံရတော့မယ်ဆိုလို့ရှိရင်ဖြင့် ကံလဲ အပြစ်မချကြနဲ့နော် (မှန်ပါ) မင်းစိုးရာဇာလဲ အပြစ်မချကြနဲ့ ကိုယ့်ဘေးနဲ့ကိုယ်သင့်ပြီး ဒုက္ခရောက်ကြရတာ (မှန်လှပါ) သဘောကျပြီလား (ကျပါပြီ)။
ဘာဘေးကြောက်စရာအကောင်းဆုံးလဲ (မသူတော်ဘေးပါ ဘုရား) အိုဘေးလဲ သူလုပ်တာ (မှန်ပါ) နာဘေး ကော (သူလုပ်တာပါ ဘုရား) ပဋိသန္ဓေနေတဲ့ဘေးတွေကော (သူလုပ်တာပါ ဘုရား)။
အသဒ္ဓမ္မတောဝါ- မသူတော်တရားဘေး
ဒါဖြင့် ဒီဘေးသည်ကား အသဒ္ဓမ္မတောဝါ- မသူတော်တရားဘေးမှ လည်းကောင်းဆိုတော့ ဒကာ ဒကာမတွေက ကိုယ့်ခန္ဓာကြီးက ဘယ်လိုပဲပြောပြော မကြည့်မိ မရှုမိလို့ရှိရင်ဖြင့် ဝိဇ္ဇာဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) အဝိဇ္ဇာဖြစ် မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။
အဝိဇ္ဇာဖြစ်နေတော့ အဝိဇ္ဇာပစ္စယာသင်္ခါရာဆိုတဲ့ သူ့လမ်းသူ စီမံတော့တာပဲ (မှန်ပါ) သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ အပါယ်ပဋိသန္ဓေဝိဉာဏ်တွေ မစီမံဘူးလား (စီမံပါတယ်) ဇာတိ ဇရာ မရဏ သောကပရိဒေဝတွေကော (စီမံပါတယ် ဘုရား)။
ဟာ ဦးခင်မောင် ဘာဘေးသင့်သတဲ့တုန်း (မသူတော်ဘေးပါ ဘုရား) လက်သည်ရှာလိုက်တော့ မသူတော့် သဘောဟာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ဒါစိုးရိမ်စရာ မကောင်းဘူးလား (ကောင်းလှပါတယ် ဘုရား)။
ဒါသေသေချာချာ ပြောနေပါတယ်လို့ ဒကာ ဒကာမတွေက မှတ်ပါ (မှန်ပါ) ဪ တို့ဆရာ ဘုန်းကြီးသည် တို့အပေါ်မှာ ဘယ်လောက် အကျိုးစီးပွားအလိုရှိနေတယ်ဆိုတဲ့ ဥစ္စာ ဒီဘေးကို ဆရာဘုန်းကြီး အစိုးရိမ်ဆုံးပဲ (မှန်ပါ) ဒီဘေးလုံရင် ကျန်တာတွေ အကုန်ပြီးတယ် (မှန်လှပါ ဘုရား)။
မမေ့တဲ့ ဝိဇ္ဇာနဲ့နေပါတော့မယ်ဆိုရင်
ဒီဘေးသာ ဒကာ ဒကာမတွေက ငါသည်ကား မမေ့တဲ့ ဝိဇ္ဇာနဲ့နေပါတော့မယ်ဆိုရင် မင်းဘေး စိုးဘေး သူခိုးဘေးဟာလဲ တစ်ခါတည်း ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်သွားတဲ့အတွက် ဝိဇ္ဇာက ဖြစ်သွားပြီပေါ့ဗျာ (မှန်ပါ) ဝိဇ္ဇာဖြစ်သွားတော့ ဝိဇ္ဇာ ဥဒပါဒီဆိုတော့ နိဗ္ဗာန်မရောက်လား (ရောက်ပါတယ်) အဲဒီတော့ မင်းဘေး စိုးဘေး သူခိုးဘေးတွေကော ကြောက်စရာရှိသေးရဲ့လား (မရှိပါဘူး) နောက်ကလိုက်လာတဲ့ အတိတ်ကံ ဘေးတွေကော (မရှိပါဘူး) ဒါဖြင့် သူလက်သည်ဘဲ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒီဘေးအသင့်မခံလို့ရှိရင်ဖြင့် ၂၅ ပါးသောဘေး ၃၂-ပါးသော ကံကြမ္မာတွေ အကုန်နိုင်တယ် (မှန်ပါ) သဘောပါပြီလား (ပါပါပြီ)။
ဪ ဘုန်းကြီးတို့ ပြောလို့ အဖိုးတန်တာလို့ ဒီလိုအောက်မေ့မနေနဲ့ ခင်ဗျားတို့ အမြဲသင့်နေလို့ ဟောတာပါ (မှန်ပါ) ဟာ ဘုန်းကြီးကဖြင့် တရားတစ်လုံးကို ပြောတယ်ဆိုလို့ရှိရင်ဖြင့် လေးလေးနက်နက်ချည့်ပဲ ပြောတာပဲ ဆိုလို့ရှိရင် ဖြင့် မှန်တော့မှန်တယ် (မှန်ပါ)။
သို့သော်လဲ ဒီဘေးသင့်နေလို့ရှိရင်ဖြင့် ဒီပြင် သူတော်ကောင်း အလုပ်တွေဟာ ဦးခင်မောင် မလုပ်ဖြစ်တော့ဘူး (မှန်လှပါ ဘုရား) လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး)။
ဒါဖြင့် သူတော်ကောင်းအလုပ် မေ့တဲ့ဘေးဟာဖြင့် အဝိဇ္ဇာဘေး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။ ကဲ ပရိတ်ကြီးလာတဲ့ဘေးထဲ သွင်းလိုက်တော့ အသဒ္ဓမ္မတောဝါ မသူတော် တရားဘေးသင့်တာ (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မသူတော် တရားဘေးသင့်တာ
ဒကာ ဒကာမတွေက အသဒ္ဓမ္မတောဝါနဲ့ ရွတ်လိုက်ကြတာ ကိုယ့်သင့်နေတာတော့ မသိကြဘူး (မှန်ပါ)။
ကိုယ်သင့်နေတာ ကိုယ်ကာကွယ်ထားတော့ ဒီဘေးက အပြင်တောင်မထွက်တော့ဘူး အတွင်းတွင် ဖိနှိပ်စက် မှာပေါ့ (မှန်ပါ) အတွင်းတွင် လှိုက်ပြီးနှိပ်စက်မယ်ဆိုတာ ဦးဇံရင်တို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုဘယ်ထိ မသူတော်ဘေးသင့်ထားတဲ့ ဒဏ်ရာတောင် မပျောက်သေး ဘူးလို့ဟောချင်တယ် (မှန်ပါ) ဒဏ်ရာမပျောက်တာက ဘယ်သူတုန်းလို့ မေးတဲ့အခါ အခုကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ အိုဘေးနာဘေး တွေကလဲ လွတ်ကဲ့လား (မလွတ်ပါဘူး) အဲဒါနောက်ဆုံးက မသူတော်ဘေးသင့်ထားတာ (မှန်ပါ ဘုရား) အဝိဇ္ဇာဒဏ် ချက်မိထားတာ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာဘုန်းကြီးစိုးရိမ်တဲ့ အချက် ၁-ချက် ပေါ်ပြီလား (ပေါ်ပါပြီ)။ ဘယ်ဘေးကို ရှောင်စေချင်သတုန်း (မသူတော်ဘေးကို ရှောင်စေချင်ပါတယ် ဘုရား) ဦးခင်မောင် နေရာကျပြီဗျ (ကျပါပြီ ဘုရား)။
ဒကာ ဒကာမတွေ လေးလေးနက်နက် နားထောင်နော် (မှန်ပါ) လေးလေးနက်နက် နားထောင်ပါ ဒီဥစ္စာ အင်မတန် အရေးကြီးလို့ ပြောနေတဲ့ စကားဆိုတာကို သေသေချာချာ မှတ်ပါ (မှန်ပါ ဘုရား)။
ပိတ်ရိုက်တာနဲ့ အတူတူကျနေတယ်
ဘာဘေး စိုးရိမ်သတုန်း (မသူတော်ဘေးစိုးရိမ်ပါတယ်) မသူတော်ဘေးက အိမ်ခန်းထဲမှာကို နှိပ်စက်နေတယ် (မှန်ပါ) ဒီ့ပြင်သူခိုး ဓားပြတွေက တံခါးဖွင့်ပြီးမှ နှိပ်စက်တာ (မှန်ပါ ဘုရား) သူက တံခါးတွေ အကုန်လုံပိတ် ပရိတ်တွေ နဲ့ တားပြီးနှိပ်စက်တာ (မှန်ပါ)။ ဒါဖြင့် ပိတ်ရိုက်တာနဲ့ အတူတူကျနေတယ် (မှန်ပါ ဘုရား)။
ဘာနဲ့တူနေသလဲ (ပိတ်ပြီးရိုက်နှက်တာနဲ့ အတူတူကျနေပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ တို့သည်ကားလို့ဆိုရင် ဪ တိုက်တွေတည် တံခါးတွေပိတ်, သံတံခါးတွေဘာတွေ အမျိုးမျိုးလုပ်, ပြူတင်းပေါက် သံချောင်းတွေစိုက်, အမျိုးမျိုး အဖုံဖုံ ကာကွယ်ငြားသော်လည်း အတွင်းဘေးသင့်နေတာ ဒကာ ဒကာမတွေက မသိဘူး (မှန်ပါ) ကံ အတွင်းကို ယခုသိကြပြီလား (သိပါပြီ) သူတော်ကောင်းအလုပ်မေ့တဲ့ဘေး ဟာ မသူတော်ဘေး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒါက အကုန်ခြင်ကောင်တွေကြားထဲမှာ လုံလုံခြုံခြုံနေတုန်းကို လာပြီးသင့်တဲ့ဘေး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဘယ်အချိန် သင့်တာပါလိမ့် (လုံလုံခြုံခြုံနေတုန်းကို သင့်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီဘေးသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်လိုတားလို့မှ မလုံဘူး ဆိုလို့ရှိရင်ဖြင့် မသူတော်ဘေးကိုဖြင့် သူတော်လက်နက်နဲ့ နင်မှပဲရမယ် (မှန်ပါ)။
မသူတော်ဘေးကို (သူတော်လက်နက်နဲ့ နှင်မှရငါ့မယ် ဘုရား)။
သူတော်ကောင်းလက်နက်ပဲ
လက်နက်ဆိုတော့ ဆရာဘုန်းကြီးနေ့တိုင်း ပေးနေတဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ်ဟာ သူတော်ကောင်းလက် နက်ပဲ (မှန်ပါ) ဒါနဲ့ နှင်လိုက်လို့ရှိရင် သူပြေးတာပဲ (မှန်ပါ)။
ဒါနဲ့ မနှင်တော့ပါဘူးဆိုရင်ဖြင့် သူက အိပ်ရာထဲ စီမံနေလိုက်တာ အပါယ်သွားဖို့ချည့် စီမံနေတာပဲ (မှန်ပါ)။
နင့်သား, နင့်သမီး, နင့်ပစ္စည်း, ဒါတွေနင် စောင့်ရှောက်မှပေါ့ နင်မစောင့်ရှောက်ရင် နင်ကိုယ်ကျိုးနည်းမှာ ပေါ့ဆိုပြီး သကာလ သူက မသူတော်ဘေးသင့်ပြီး အိပ်ရာထဲတွင်များ တစ်ခါတည်း ဒေါမနဿတွေဖြစ် မျက်ရည်တွေကျပြီးရှေ့ အကြောင်း နောက်အကြောင်းတွေးပြီးတော့ ကိုယ့်အခန်းထဲ ဘယ်သူ့မှ တိုင်းပင်စရာမရှိဘဲနဲ့ သင့်ချနေတယ် (မှန်ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ) သဘောပါကြရဲ့လား (ပါပါတယ်)။
သင့်ကော-သင့်ဘူးကြရဲ့လား (သင့်ဘူးပါတယ် ဘုရား) ဖြစ်မှဖြစ်ရလေဗျာ၊ တံခါးတွေ ပိတ်ပြီးသင့်နေတာ အတော်မဆိုးဘူးလား ဦးဘတင် (ဆိုးပါတယ် ဘုရား)။
ဦးခင်မောင် ဘာဘေးတဲ့တုန်း (မသူတော်ဘေးပါ ဘုရား) အဲဒါလူကြီးသူမမှာ သာပြီးလာတယ်နော် (မှန်ပါ) ရှေ့ရေးနောက်ရေး ကြပ်ကြပ်တွေးလေလေ ဒီဘေးက သင့်ချက် သန်လေလေပဲ (မှန်ပါ) သားရေး သမီးရေး စီးပွားရေး ရှေ့နောက်တွေးလေလေ ဟုတ်လား (မှန်ပါ)။
ဒါဟာ မသိလို့ တွေးတာတွေကိုး (မှန်လှပါ) မသိလို့တွေးလေလေ ဒီဘေးကို တစ်ယောက်တည်းတံခါးတွေ အကုန်ပိတ်ပြီး သကာလ ပရိတ်တွေရွတ် မေတ္တာတွေပို့ပြီးမှတောင် သင့်တတ်တဲ့ဘေး (မှန်ပါ) အံမာကြောက်စရာကောင်းလိုက်တာ (မှန်ပါ)။
သိပ်ကြောက်စရာကောင်းပါလား (မှန်ပါ ဘုရား) ဒကာသိုက်တို့ မှိုင်မနေနဲ့ ဒီဘေးဟာတော့ ကြောက်စရာအကောင်းဆုံးပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အဝိဇ္ဇာကသားလုပ်,သမီးလုပ်
ဒါဖြင့်ဘေးတကာ့ဘေးထဲမှာ ဘယ်ဘေးကြောက်စရာအကောင်းဆုံးလဲ (မသူတော်ဘေးကြောက်စရာ အကောင်းဆုံးပါ ဘုရား) မသူတော်ဘေး၏ လက်သည်ရှာလိုက်တော့ဘယ်သူတဲ့ (အဝိဇ္ဇာပါ ဘုရား)။
အဲ ရုပ်နာမ်တွေကပြောပြီး သကာလ ဖြစ်လိုက်ပျက်လိုက်, ဖြစ်လိုက်ပျက်လိုက်, ရှူလိုက် ရှိူက်လိုက်, ရှူတဲ့စိတ် တွေလဲပျက်, ရှိုက်တဲ့စိတ်တွေလဲပျက်, ကြံတဲ့စိတ်တွေလဲပျက်, စည်တဲ့ စိတ်တွေလဲပျက်, အဲဒါတွေ အပျက်တွေတော့ မတွေးမိဘူး၊
အဝိဇ္ဇာကဝင်တဲ့ပြီးတစ်ခါတည်း ရုပ်နာမ်ကိုပင်လျှင် အဝိဇ္ဇာကသားလုပ်, အဝိဇ္ဇာကသမီးလုပ်, အဝိဇ္ဇာကနေ ပစ္စည်းလုပ်ပြီး သကာလ , အဝိဇ္ဇာကနေပြီး လင်သားလုပ်ပြီး သကာလ လင်နေရာမကျ သားနေရာမကျနဲ့ဆို ရှေ့ရေးတွေးပြီး သကာလ မှိုင်တွေချပြီးအိပ်မပျော် စားမဝင်နဲ့ ဆေးလိပ်ထသောက်မီးပေါက်လို့ ပေါက်မှန်းမသိ၊ ဒီအခြေအနေတွေ မလာဘူးလား (လာပါတယ်) ဒါဘာ ဘေးသင့်တာတုန်း (မသူတော်ဘေးသင့်တာပါ)။
တံခါးပိတ်ပြီးမှ သင့်တာလား မပိတ်ခင်သင့်တာလား (တံခါးပိတ်ပြီးမှသင့်တာပါ) ဖြစ်မှဖြစ်ရလေဗျာ နာလိုက်တာ (မှန်ပါ) မနာဘူးလား (နာပါတယ်)။
ဒကာ ဒကာမတို့ ဒီဘေးဟာက ကိုယ့်ဟာကိုယ်တစ်ခါတည်း သူတော်တရားနဲ့ ဦးခင်မောင် နှင်မှရမှာ (မှန်ပါ)။
အဲဒါကဘယ်လို ပုဂ္ဂိုလ်သာသင့်သတုန်း ဆင်းရဲတဲ့ ပုဂ္ဂိုလ် ဆင်းရဲလို့သင့်တယ် (မှန်ပါ) ဆင်းရဲတော့ ရှေ့ရေး နောက်ရေးတွေး။ နေ့လည်တော့ မတွေးအားဘဲကိုးဗျ (မှန်လှပါ) နေ့လည်တော့မတွေးအားလို့ ညကျမှ မသူတော် ဘေးကသင့်တာ (မှန်ပါ)။
လူခြေတိတ်လာတဲ့ ဘေး
ရှိတဲ့ပုဂ္ဂိုလ်မလဲ ရှိတာလေးလျှော့မှာစိုး ဆိုပြီး သကာလ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့တွေက ကြီးကျယ် ခမ်းနားလာတော့ ကုန်ကျစရာကျစရာတွေက များတယ်လေ။ ဒီ ဝန်,ကြီးကို ထမ်းမှ ထမ်းနိုင်ပါ့မလားဆိုလေလေ၊ လာလာလေဘဲ (မှန်ပါ) ဘယ်အချိန်လာသတတ်တုန်းလို့ မေးတဲ့အခါကျတော့ လူခြေတိတ်လာတဲ့ ဘေးကိုးဗျ။ ရိပ်မိပြီ လား (ရိပ်မိပါပြီ)။
ဘယ်အချိန်လာသတုန်း (လူခြေတိတ်ချိန်လာပါတယ် ဘုရား) အံမလေးကြောက်စရာကြီးပါလား တံခါးလုံအောင် ပိတ်, လူခြေတိတန်မှသူကလာတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာဘေးတဲ့တုန်း (မသူတော်ဘေးပါ ဘုရား) မသူတော်ဘေးသင့်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ နာရီတွေထိုးသံတွေ လဲကြားပါရဲ့ မျက်လုံး မှိတ်လို့မရဘူး (မှန်ပါ)၊
ဘယ်နှယ့်ဖြစ်နေသတုန်း မသူတော်ဘေးသင့်နေတာ အဲဒါ (မှန်ပါ)၊ ဒါနဲ့ဘဲ အိပ်မပျော်တာများတော့ သည်းခြေကလှုပ်ရှားပြီး သကာလ သည်းခြေရူးတော်ထတတ်တယ် (မှန်ပါ)။
အကြံအစည် များလွန်းလို့ စိတ်ပျက်စရာတွေ တွေးလွန်းလို့ (မှန်ပါ) လာဘေးတွေသင့်သလဲ (မသူတော်ဘေးတွေ သင့်ပါတယ်)။
ဘယ့်နှယ်တုန်း အိပ်ရာနိုးလာတဲ့အခါ မျက်စိကြည့်ရတာလဲ ဟန်မရဘာမရနဲ့။ မနေ့ညကဘာဖြစ်သတုန်း၊ မပြောတတ်ပါဘူး ကျုပ်မျက်လုံးကြောင်နေတယ် (မှန်ပါ) မျက်လုံးကြောင်တာမဟုတ်ဘူး မသူတော်ဘေး သင့်တာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
မျက်လုံးကြောင်တာလား ဘာတုန်း
မျက်လုံးကြောင်တာလား ဘာတုန်း (မသူတော်ဘေးသင့်တာပါ ဘုရား)
ဟိုတွေး ဒီတွေး ဟုတ်လား။ အဝေးရှိတဲ့ သားသမီးဆီလဲ အဝေးဆီတွေး။ အနီးရှိတဲ့ သားသမီးကိုလဲ အနီးဆီတွေး (မှန်ပါ) စီးပွားရေးကိုလဲ တွေးလိုက် နေရေးထိုင်ရေးကိုလဲတွေးလိုက်။
တွေးလိုက်လေလေ ဆွေးလုံးက လာလေလေ ဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဒီတရားတွေသည်ကားလို့ဆိုရင် ဒကာ ဒကာမတွေ အသက်တမ်းတိုအောင် လုပ်နေတဲ့ ဘေးသင့်နေတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဘာလုပ်နေပါလိမ့် (အသက်တမ်းတိုအောင် လုပ်နေပါတယ် ဘုရား) ဘာဘေးတဲ့တုန်း (မသူတော်ဘေး ပါ ဘုရား)။
ဒါဖြင့် ဒီပြင် မင်းဘေး၊ စိုးဘေး၊ သူခိုးဘေး၊ ရေဘေးဆိုတာက မလာဘူးဗျ။ အဲဒါက အင်မတန် ကြုံကြိုက် ခဲပါတယ် (မှန်ပါ) မကြုံကြိုက်ခဲဘူးလား (ကြုံကြိုက်ခဲပါတယ်) ဒီဘေးကတော့ နေ့တိုင်းများ သွားသင့်နေသလား မပြောတတ်ဘူး။ (သင့်နေပါတယ် ဘုရား) ဒါကလူငယ်သင့်သလား၊ လူကြီးအားကြီးသင့်သလား (လူကြီးအားကြီး သင့်ပါတယ်)။
ဟာ-နာလိုက်တာ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်လူကြီးတွေမှသာ သင့်တယ်ဆိုတော့ ဦးဇံရင် ဒီဥစ္စာ တော်တော် ဆိုးနေတာနော် (မှန်ပါ) ပရိတ်ကြီး ပါဠိတော်မှာ ဦးဘတင်ပါတာ (မှန်ပါ) အသဒ္ဓမ္မတောဝါဆိုတာ ခင်ဗျားတို့က ရတော့ရတယ်၊ ရပေမဲ့ ရွတ်သာရွတ်နေတာ ကိုယ်မှာသင့်နေတာတော့ မသိဘူး (မှန်ပါ) သိရဲ့လား (မသိပါဘူး ဘုရား)။
အခုတော့ ဘယ်သူသင့်နေသလဲ (ကိုယ်မှာသင့်နေတာပါ ဘုရား) ရှေ့တွေးလဲ မဟုတ်သေးပါဘူး၊ ဘေးကြည့် ပြန်တော့လဲ မဟုတ်သေးပါဘူး။ သူ့ဟာက မဟုတ်သေးတာနဲ့ချည်းဘဲ အချိန်ကုန်ပြီး သကာလ ဒကာ ဒကာမတွေ စားဖို့သောက်ဖို့တောင်မှ စားချင်သောက်ချင်တဲ့ စိတ်ရှိသေးရဲ့လား (မရှိပါဘူး)။
ဘာဖြစ်လို့ အိပ်မပျော်တာတုန်း
ဘာဖြစ်နေတာတုန်း မေးတော့ ညကအိပ်မပျော်လို့။ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား) ဘာဖြစ်လို့ အိပ်မပျော်တာတုန်း (မသူတော် ဘေးသင့်နေတာပါ ဘုရား) အခုတော့သိပြီ (သိပါပြီ ဘုရား) ရှေးတုန်းကတော့ အတွေး လွန်သွားလို့လို့ ဒါလောက်ဘဲ ပြောချင်ပြောမယ် (မှန်ပါ)။
အတွေးလွန်သွားလို့ ရှေ့နောက်တွေကို ကိုယ်ကလဲ မတွေးပဲကလဲမနေတတ်ဘူးတဲ့။ ဘယ်ဟုတ်ရမတုန်း ဘေးသင့်နေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘေးတကာ့ဘေးထဲမှာ ဘယ်ဘေးကြောက်စရာအကောင်းဆုံးလဲ (မသူတော်ဘေးကြောက်စရာ အကောင်းဆုံးပါ ဘုရား)။
ဘာနဲ့ ပိတ်မှလုံမလဲဆိုတော့ တံခါးနဲ့ပိတ်လို့လဲ မရဘူး၊ စန္ဒရီအစောင့်ထားလို့ကော (မရပါဘူး) မရဘူး မရဘူး။ ဒီဘေးဟာ အတွင်းမှာဝင်နေတာကိုး (မှန်ပါ) နှလုံးထဲဝင် ပြီးသင့်တာ (မှန်ပါ)။
ဘယ်မှာဝင်သင့်ပါလိမ့် (နှလုံးထဲဝင်သင့်ပါတယ်) သော့အတန်တန်ခတ်တဲ့ အထဲဝင်လာတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်ကဝင်သတုန်း အမိုးကများ ဖောက်ဝင်လာသလား ဦးဇံရင်။ ကဲ ကိုယ့်တွေးလုံးနဲ့ ကိုယ့်ကိုယ်နှိပ်စက်နေတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီမသူတော်ဘေးဟာ ဦးဝရေ ဒိပြင်ဘေးတဲ့ ဘယ်နှယ်တုန်း (ကြောက်စရာကောင်းပါတယ် ဘုရား)။
ဒီ့ပြင် ဘေးကအစောင့်ထားလို့ရတယ်
ဒီ့ပြင် ဘေးဟာကသင့်တယ်၊ သင့်ပေမယ့်လို့ အသံကြားရင် အစိုးရသွားတိုင်လိုက်၊ အစောင့်အရှောက် ကလေး ပေးလိုက်ရင်လွတ်သွားတာပဲ (မှန်ပါ)။
မီးဘေးသင့်မယ်လို့ဆိုလို့ရှိရင် မီးကင်းတွေ ဖွဲ့ထားလိုက် လွတ်သွားတာဘဲ (မှန်ပါ) သူခိုးဓါးပြ ဘေးသင့်မယ် ထင်ရင်လဲ ငွေကုန်ကြေးကျခံပြီး ကိုယ့်အရပ်သဘောနဲ့ စောင့်ကြ ပြုကြပြန်လဲ စိတ်ချသွားရတယ် (မှန်ပါ)။ မချရဘူးလား (ချရပါတယ်)။
သူကတော့ဒါမျိုးနဲ့ရရဲ့လား (မရပါဘူး ဘုရား) သူက တံခါးတွေက အကုန်ပိတ်ပြီး သကာလ အိပ်ရာနေရာမှာ နဖူးပေါ်လက်တင်မှလာတဲ့ ဘေးကိုဗျ (မှန်ပါ) ဒကာ ဒကာမတွေ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဘေးတက့ာဘေးထဲ ဘယ်ဘေးကြောက်စရာ အကောင်းဆုံးလဲ (မသူတော်ဘေး ကြောက်စရာအကောင်း ဆုံးပါ ဘုရား) မသူတော်ဘေးကိုတရားကို ကောက်လိုက်တော့ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
အဝိဇ္ဇာဆိုတာ ခန္ဓာက ဘယ်လိုပြောနေတယ်လို့ သိသေးရဲ့လား (မသိပါဘူး ဘုရား) မသိတော့ခန္ဓာကို လှည့် မကြည့်ဘူး။ တစ်ပါးသောသားတွေ သမီးတွေ၊ ဆွေတွေမျိုးတွေ ရှုံးတာတွေဖြစ်တာတွေ ဘယ်လိုလုပ်မယ် ဘယ်လိုကိုင်မယ် ဆိုတာတွေသာ တွေးပြီး သကာလ မရတဲ့ ကြွေးကလေးအတွက် ပူဟုတ်လား ရလတ္တံ့တွေအတွက်ကို မျှော်လင့်တာနဲ့ပဲ အချိန်ကုန်ပြီး သကာလ သွားတော့ ဒကာ ဒကာမတို့ ဒါဟာ အဝိဇ္ဇာက တစ်ညလုံး ဘေးသင့်နေတာ ဆိုတာ ပေါ်ကြပြီလား (ပေါ်ကြပါပြီ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးမရှိရင် သင့်မှာစိုးရိမ်တယ်
ဒါစဉ်းစားပါနော် (မှန်ပါ) ဘုန်းကြီးမရှိရင် သင့်မှာစိုးရိမ်တယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) ဘုန်းကြီး ပြောနေတော့ ဒီအချိန်ကလေး မသင့်ပါဘူး။ မသင့်ဘူး၊ ဒီအချိန်မသင့်ဘူး။ ဒါမှတ်နေရာတာနဲ့ ဒီဟာကြိုးစားမလို့ စိတ်ထားမြင့်မြတ်နေရာတာနဲ့ဘဲ မသင့်သေးဘူး (မှန်ပါ)။
တရားပွဲလဲ မရှိတော့ဘူး ဒီ့ပြင်တရားတွေကလဲ နာလို့ပြုလို့က မဖြစ်ဘူးဆိုတာက လာချင်လာဦးမှာကို (မှန်ပါ) အဲဒီကျမှ ကိုယ့်ဟာကိုယ် တံခါးတွေပိတ်ပြီး ဘေးသင့်နေမှာလဲ အတော်စိုးရိမ်တယ် (မှန်ပါ) စိုးရိမ်စရာကော မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ကို မင်းဟာ အဝိဇ္ဇာပဲဆိုပြီး သကာလ ရှူတဲ့စိတ်ကလေး ဖြစ်ပျက်ရှု, ရှိုက်စိတ်ကလေးဖြစ်ပျက် ရှုနေမရဘူးလားဗျာ (ရပါတယ် ဘုရား) ဒါကျတော့သူတော် တရားဝင်မလာဘူးလား (ဝင်လာပါတယ်) မမေ့တဲ့ဝိဇ္ဇာဝင် လာတော့ပေါ့ဗျာ (မှန်ပါ) မေ့တဲ့ အဝိဇ္ဇာက ပျောက်မသွားဘူးလား (ပျောက်သွားပါတယ် ဘုရား)။
ဒီလိုဆိုရင်ဖြင့် ခဏကလေးနဲ့ပဲ ဒကာ ဒကာမတွေ့ဖြစ်ပျက်လဲဖြစ်ပြီးနောက် အိပ်ပျော်သွားမှာပဲ (မှန်ပါ ဘုရား)။
ဒီလိုဆိုတော့ ဒကာ ဒကာမတွေ အိပ်လို့လဲကောင်း၊ ကောင်းသောအိပ်ခြင်းလဲ ဖြစ်မသွားဘူးလား (ဖြစ်သွားပါ တယ်) အဲဒီလို့ အိပ်ရမှာဗျ (မှန်ပါ) အိပ်တတ်ပြီလား (အိပ်တတ်ပါပြီ ဘုရား)။
ဘာဖြစ်ပျက်ရှုမယ် (ရှူတဲ့စိတ်, ရှိုက်တဲ့စိတ်ကို ဖြစ်ပျက်ရှုရပါမယ်) စိတ္တာနုပဿကိုး (မှန်ပါ)။ ရှူတဲ့စိတ်ကလေး ကိုလဲ ဖြစ်ပျက်ရှု ရှိုက်တဲ့စိတ်ကလေးကိုလဲ (ဖြစ်ပျက်ရှုရပါတယ်) တခြားသောအာရုံတွေ ပေါ်လာလို့ရှိရင်လဲ (ဖြစ်ပျက်ရှုရ ပါမယ်)။
သားအကြောင်းတွေးလဲ အဲဒီတွေးတဲ့စိတ်ဖြစ်ပျက်ရှု (မှန်ပါ) သမီး အကြောင်းတွေးပြန်ရင်ကော (ဖြစ်ပျက်ရှုရပါ တယ်) စီးပွားရေးတွေးပြန်ရင်ကော (တွေးတဲ့စိတ်ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုတော့ ကိုယ့်မှာ ဉာဏ်နဲ့ ချည့်မနေဘူး လား (နေပါတယ်)။
ဉာဏ်နဲ့ချည်းနေတော့
အဲဒီတော့ ဉာဏ်နဲ့ချည်းနေတော့ သူတော်တရားဝင်လာတဲ့အတွက် စိတ်မချမ်းသာလက်မချမ်းသာတာတွေ အကုန်ပျောက်ပြီး သကာလ ကောင်းသော အိပ်ခြင်းဖြစ်ပြီး အိပ်သွားမှာဘဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
နိုးလာပြန်လို့ရှိရင်လဲ မသူတော်ဘေး မသင့်စေနဲ့ဦး (မှန်ပါ) ခင်ဗျားတို့ နိုးလာရင်မသူတော်ဘေးက အရင် လာတာ (မှန်ပါ)။ ဘာလုပ်မယ်ဘာကိုင်မယ် ဘယ်သွားမယ်ဆိုပြီး သကာလ ဒုက္ခရောက်မှာချည့်အရင်ကြံတာဘဲ (မှန်ပါ) ဘယ်သွားမယ်ဆိုကတည်းက ဒုက္ခရှာတာ မဟုတ်လား (မှန်ပါ) ဟာ ဘယ်သူ့ကိုဘယ်လိုပြောမယ် ဘယ်လို စီစဉ်ထားတယ် လို့ဆိုပြီး သကာလ လာလို့ရှိရင်လဲ ဒုက္ခရောက်ဖို့ပဲမဟုတ်လား (မှန်ပါ) အဲဒီတော့ နိုးလာလို့ရှိရင်လဲ မသူတော်ဘေးသင့်မှာ စိုးရသေးတယ် (မှန်ပါ)။
နိုးလာတဲ့အခါကျတော့ ဪ နိုးတဲ့အခါစိတ်ကလေးလဲမရှိဘူး ဟုတ်လား (မှန်လှပါ) အခုနိုးလာမှန်းသိတဲ့ စိတ်ကလေးဘဲရှိတယ်။ ဆိုတော့နိုးတဲ့စိတ်ကလေးကိုလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ထပြန်လို့ရှိရင်လဲ ထတဲ့ စိတ်ကလေးကို (ဖြစ်ပျက်ရှုရပါမယ်) မျက်နှာသစ်သွားပြန်လဲ သွားချင်တဲ့ စိတ်ကလေးကို (ဖြစ်ပျက်ရှုရပါမယ်) ဒီလိုဆို တော့ ဘေးသင့်သေးရဲ့လား (မသင့်ပါဘူး)။
ရဟန္တာဖြစ်နိုင်တယ်တဲ့
ဪ ဘေးမသင့်တော့ဘူးဆိုလို့ရှိရင် ဒကာ ဒကာမတို့သွားရင်းနဲ့လဲ ရဟန္တာဖြစ်နိုင်တယ် (မှန်ပါ) နိုးပြီး ပြီးခြင်းကော (ရဟန္တာဖြစ်နိုင်ပါတယ်) အိပ်ရင်းမတ္တနဲ့ကော (ရဟန္တာဖြစ်နိုင်ပါတယ်)။
အဲဒီတော့ ဣဒမ္ပိသံဃောရတနံပဏီတံ ဆိုတဲ့အတိုင်း သံဃာရတနာ ဖြစ်သွားတယ်တဲ့ (မှန်ပါ) သောတာပန် သံဃာစသည် ဖြစ်သွားနိုင်တော့ ပရိတ်ကြီးမှာ ဣဒမ္ပိသံဃောရတနံပဏိတံ ဆိုတဲ့ ဥစ္စာမလာဘူးလား (လာပါတယ်)။
ဧကေနသစ္စေန သုဝတ္ထိဟောတု ဆိုတော့ ကိုယ့်ကိုက ရဟန္တာဖြစ်တဲ့အခါကျတော့ ဘယ်ဆင်းရဲ၊ ဘယ်ဥပါဒ်၊ ဘယ်ဘေး ဘယ်အန္တရာယ် လာသေးရဲ့လား (မလာပါဘူး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီဘေးဟာ မသင့်စေနဲ့ဆိုပြီး သကာလ ဒကာ ဒကာမတွေ ဆုံးမတယ် (မှန်ပါ)။ ဒါဖြင့် မသူတော်ဘေး ဆိုတာလဲ ရိပ်မိပြီနော် (ရိပ်မိပါပြီ)။
မသူတော်ဘေးက သူတော် တရားနဲ့နှင်ရင်နှင်
မသူတော်ဘေးက သူတော် တရားနဲ့နှင်ရင်နှင်-မနှင်လို့ ရှိရင်ဖြင့် ဥပမာမယ် မြို့ရိုးကြီးခတ် ကျုံးကြီးဘေးကတူး လဲဝင်မှာဘဲ သူက (မှန်ပါ) မဝင်ပေဘူးလား (ဝင်ပါတယ်) အဲဒါကြောင့် ဒကာ ဒကာမတို့ဘေးတကာ့ဘေးထဲ ဘယ်ဘေး ကြောက်စရာ အကောင်းဆုံးလဲ (မသူတော်ဘေးပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တချို့က ဒါကို ဦးခင်မောင် စောင်းပြောနေတယ် မအောက်မေ့နဲ့နော် (မှန်ပါ) အသက်ကြီးလေ သူသင့်လေဘဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်လိုပုဂ္ဂိုလ်သင့်သလဲ (အသက်ကြီးလေသင့်လေပါ ဘုရား) ဟာ အသက်ကြီးလေဆိုရင်ဖြင့် အန္တရာယ်ကင်း ဘေးရှင်းရမှာ တကယ့်အသက်ကြီးမှ ဘေးသင့်ရမယ်ဆိုတော့ မနာဘူးလား (နာပါတယ်)။
ဪ ဪ ည တံခါးထစမ်းလိုစိမ်း ဘာလုပ်လိုလုပ်ဟင် (မှန်ပါ) အိပ်မပျော်ရင်မလုပ်ဘူးလား (လုပ်ပါတယ်)။
ကဲ ဒကာ ဒကာမတွေ မသူတော်ကြီးဘေးကြောက် စရာအကောင်းဆုံးဆိုတာပေါ်ပြီလား (ပေါ်ပါပြီ) မသူတော် ဘေးဆိုတာ မေ့ဘေးသင့်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမှိုက်ရှိရာ ခွေးချေးစုတယ်
ဒါကြောင့် ဒကာ ဒကာမတို့ မသူတော်ဘေးသင့်ပြီဆိုမှဖြင့် ဘေးဆိုလို့ရှိရင် ဒကာ ဒကာမတွေက မှတ်ရလိမ့်မယ် အမှိုက်ရှိရာ ခွေးချေးစုတယ် (မှန်ပါ) ဒါငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား) အမှိုက်ပုံကလေးတွေကို ဒကာ ဒကာမတွေကပုံထား ခွေးကကျင်ငယ်လာစွန့် ကျင်ကြီးလာစွန့်နဲ့ ဘာဖြစ်လို့တုန်း အမှိုက်ရှိလို့ ခွေးချေးစုတယ် (မှန်ပါ) သဘောကျပြီလား ဦးခင်မောင် (ကျပါပြီ)။
ရတနာရှိရာတော့ ရတနာစုတယ်လို့ ပြောကြတယ် (မှန်ပါ) အမှိုက်ရှိရာကျတော့ (ခွေးချေးစုပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရတနာရှိအောင်ဆိုတော့ အခုဝိဇ္ဇာစာရင်းဟူသော ရတနာရှိလာရင် ဝိဇ္ဇာနဲ့ ပတ်သက် တာတွေလာမှာဘဲ (မှန်ပါ) စဉ်းစားကြည့်ပါလား ခုနင်က ဖြစ်ပျက်ရှုနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဝိဇ္ဇာမဂ္ဂင်က လာမနေဘူးလား (လာပါတယ် ဘုရား)။
မဂ္ဂင်ဆိုတာလဲ တွဲဝင်လာတယ်
ဝိဇ္ဇာမဂ္ဂင်လာနေတော့ သူနဲ့ ပတ်သက်တာ သမ္မာသင်္ကပ္ပ မဂ္ဂင်ဆိုတာလဲ တွဲဝင်လာတယ် (မှန်ပါ)။ ရတနာတွေဝင်လာတယ် (မှန်ပါ) သမ္မာသတိကကော (ဝင်ပါတယ်) သမ္မာဝါယာမတွေကတော (ဝင်ပါတယ် ဘုရား) သမ္မာသမာဓိတွေကော (ဝင်ပါတယ် ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတွေ ရတနာရှိပြန်တော့လဲ သူတော်ကောင်း ရတနာတွေ လာစုတယ် (မှန်ပါ)။
ခုနင်ကတွေးမိတွေးရာ တွေးပြီး သကာလ အဝိဇ္ဇာကြောင့် ခန္ဓာက ဘယ်လိုပြောပြော မသိလို့ သားတွေ၊ သမီးတွေ ဆိုလို့ရှိရင်ဖြင့် တော်တော်ကြာ သောကတွေကလိုက်လာ ပရိဝေဒတွေက လိုက်လာ (မှန်ပါ) ကြောက်တာ လန့်တာတွေကော (လိုက်လာပါတယ် ဘုရား) ကဲ အမှိုက်ရှိရာကျတော့ ခွေးချေးတွေ မလာဘူးလား (လာပါတယ်)။
အဲခင်ဗျားတို့ကလဲ အမှိုက်ချည်းပုံနေရင်တော့ ခွေးချေးချည်းမြင်သေးတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ့်နှယ်တုန်း ဒကာ ဒကာမတွေ အမှိုက်တွေစုကြဦးမလား (မစုပါဘူး) အမှိုက်စုမယ် ဘာလာမယ် ထင်သတုန်း (ခွေးချေးလာမှာပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါကြောင့်နင်က ဖြစ်ပျက်ကလေးရှုတဲ့ ဝိဇ္ဇာကလေးလာတော့ သမ္မာသင်္ကပ္ပ တစ်ခါတည်းလာတာပဲ (မှန်ပါ့) သမ္မာသတိ၊ သမ္မာသမာဓိ သမ္မာဝါယာမတွေကော (လာပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ရတနာရှိရာ ရတနာစုအောင် လုပ်ပါ (မှန်ပါ့)၊ ဣဒမ္ပိသံဃေ ရတနံ ပဏီတံဖြစ်အောင် ကိုယ်ကိုယ်လုပ်ပစ်လိုက်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) လုပ်တတ်ကြပြီလား (လုပ်တတ်ပါပြီ)။
သံဃာရတနာတစ်မျိုးဖြစ်တာပဲ
ဒါဖြင့် ဖြစ်ပျက်ရှုနေတဲ့ ပုဂ္ဂိုလ်ဖြင့် သံဃာရတနာတစ်မျိုးဖြစ်တာပဲ (မှန်ပါ့) ဖြစ်ပျက်မရှုတော့ပါဘူးဆိုလို့ ရှိရင် ဘေးသင့်ချေပေါ့ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်) အင်မတန်အရေးကြီးလို့ ပြောနေပါတယ် (မှန်ပါ့)။
ဒါတွင် မကသေးပါဘူး ဒကာ ဒကာမတို့ အခုပြောခဲ့တာက အသဒ္ဓမ္မတောဝါတွင် ပြောရပါသေးတယ်။ အသန္ဒိဋ္ဌိ ကောဝါတဲ့ အမြင်မှားတဲ့ ဘေးလဲရှိပါသေးတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ အသန္ဒိဋ္ဌိတောဝါက ဘာတုန်း (အမြင်မှားတဲ့ဘေးပါ ဘုရား) အသဒ္ဓမ္မတောဝါက မေ့ဆေးနော် (မှန်ပါ့)။
ဖြစ်ပျက်ကို မေ့တဲ့ဆေးဟာ ဘာတဲ့ (အသဒ္ဓမ္မတောဝါပါ)
အမြင်မှားတဲ့ ဘေးဆိုတာက ဘာတုန်း (အသန္ဒိဋ္ဌိတောဝါပါ)။
အသန္ဒိဋ္ဌိတောဝါဆိုတာ ရုပ်နာမ်ကလေးတွေကို တစ်ခါတည်း ခုနင်က အသဒ္ဓမ္မတောဝါဆိုတဲ့ အဝိဇ္ဇာက ဝင်လာတော့ အသန္ဒိဋ္ဌိတောဝါဆိုတဲ့ ဒိဋ္ဌိက ဟိုဟာက သားကလေး၊ သူကလဲလူလားမမြောက်သေးဘူး အိပ်နေရှာတယ် မသိရှာဘူး။ သူလူလားမြောက်အောင် ဘယ်လိုလုပ်ရပါမလဲ။
ဟိုဟာက သမီးကလေး။ သူလဲမလိမ်မာဘူး ခက်ပါသေး တယ်လေ စသည်ဖြင့် တစ်ယောက်တည်း ရှုပ်နေလိုက်တာ (မှန်ပါ့) အိပ်ရာထဲကများ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် နဲ့ ရှုပ်နေလိုက်တာ အမြင်မှားတဲ့ ဘေးသင့်နေတာ (မှန်ပါ့)။
အမြင်မှားတဲ့ ဘေးသင့်နေတာ
ဘယ်မှာသားသမီးရှိသတုန်း ရုပ်နာမ်ကလေးတွေ ဖြစ်ပျက်ကလေးတွေ မဟုတ်လား (မှန်ပါ့ ဘုရား) ခုနင်က အသဒ္ဓမ္မတောဝါက ဘေးသင့်တော့ အသန္ဒိဋ္ဌိတောဝါက ချက်ချင်းဝင်လာတယ် (မှန်ပါ့) မဝင်လာဘူးလား (ဝင်လာပါ တယ်) အိုအမှိုက်က ရှိပြီကောဗျာ ခွေးချေးလာတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အမယ်လေး ကြောက်စရာ ကောင်းလှချည်လား ဒကာ ဒကာမတို့။ ဖြစ်မှဖြစ်ရလေဗျာ (မှန်ပါ့) ဒါဘုန်းကြီး မရှိရင်ခင်ဗျားတို့ ထံမှာလာမည် ဘေးတွေပြောထားတာ (မှန်ပါ့) ရိပ်မိပြီပြီလား (ရိပ်မိပါပြီ)။
ကဲ အမြင်မှားတဲ့ ဘေးဆိုတာ သားမဟုတ်တာကို သားလုပ်ပြီးပူတာ။ သမီးမဟုတ်တာကို သမီးလုပ်ပြီးပူပါတယ်။ ပစ္စည်းမဟုတ်တာကို (ပစ္စည်းလုပ်ပူပါတယ်) အားကိုးရာ မဟုတ်တာကို (အားကိုးရာလုပ်ပါတယ်) ကဲ ဒါ ဘာဘေးတဲ့ တုန်း (အသန္ဒိဋ္ဌိတောဝါဘေးပါ) အမြင်မှားမဲ့ဘေး (မှန်ပါ့)။
ဦးဘတင်ဘာဘေးတဲ့ဗျာ (အသန္ဒိဋ္ဌိတောဝါဘေးပါ)
မြန်မာလို ပြန်လိုက်တော့ (အမြင်မှားတဲ့ဘေးပါ) ဒီပြင်လူအတွက်တော့ ဒကာ ဒကာမတွေက ခက်တယ်လို့ မဆိုပါဘူး သားအတွက်ခက်တယ် သမီးအတွက်ခက်တယ်၊ ဆွေအတွက်ခက်တယ် မျိုးအတွက် ခက်တယ် ငါ့အတွက် ခက်ပါသေးရဲ့။ မလာဘူးလား (လာပါတယ်)။
ရှိတာတစ်ခုပါရဲ့လား၊ အဲဒီအထဲမှာ(မပါပါဘူး) အနိစ္စတွေချည်းပဲ မဟုတ်လား (မှန်ပါ့) ဘယ်မှာပါရှိသတုန်း (မရှိပါဘူး)။
အဝိဇ္ဇာတည်းဟူသော မေ့ဘေးက သင့်နေတော့
တစ်ခါတည်း ဒကာ ဒကာမတွေက ခုနင်က အသဒ္ဓမ္မတောဝါ အဝိဇ္ဇာတည်းဟူသော မေ့ဘေးက သင့်နေတော့ သားသမီးတွေ အကုန်ဖြစ်ပြီး သကာလ မြေးတွေဖြစ်ပြီး သကာလ ဒါတွေဟာ ကိုယ်ချည့်အကုန် ဖိလောင်တော့တာပဲ (မှန်ပါ့) မလောင်ဘူူးလား (လောင်ပါတယ်ူ) ဒါဘာဘေး သင့်တာတုန်း (အသန္ဒိဋ္ဌိတောဝါ ဘေးသင့်တာပါ) အမြင်မှား တဲ့ဘေးသင့်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
သားမဟုတ်တာ သားလုပ်ပြီး သကာလ (အမြင်မှားတယ်) သမီးမဟုတ် သမီးလုပ်ပြီး သကာလ (အမြင်မှားပါ တယ်) စိန်မဟုတ်တာစိန်လုပ်ပြီး (အမြင်မှားပါတယ်) ရွှေမဟုတ်တာကို ရွှေလုပ်ပြီးတော့ (အမြင်မှားပါတယ်)။
အဲဒီအမြင်မှားတဲ့ ဘေးတွေသင့်သွားတော့ ရွှေပျောက်လို့ စိန်ပျောက်လို့ ဖြစ်လာတယ် (မှန်ပါ့) အင်း ဒါဘာဘေး သင့်တာတုန်း (အမြင်မှားတဲ့ ဘေးသင့်တာပါ) ဘာကလေးသူများက ငှားသွားပြီ။ ခုထိ ကိုယ်တိုင်ဘာမပေးသေးဘူး လား ပေါက်များ စားကုန်ရော့လား။ ဘေးကသင့်ကုန်ပြီ (မှန်ပါ့) မသင့်သေးဘူးလား (သင့်ပါတယ်) စိန်မဟုတ်တာကို စိန်လုပ်ထားလို့လေ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘာဘေးသင့်တာပါလိမ့် (အမြင်မှားတဲ့ဘေးပါ) ဦးဘတင်တို့ ဦးခင်မောင် တို့ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒီဘေးတွေက မြို့ထဲလှည့်သင့်နေတာ
ဒီဘေးတွေက မြို့ထဲလှည့်သင့်နေတာပဲ (မှန်ပါ့) ဒီဘေးသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့စဉ်းစား၊ တံခါးပိတ် လို့ လုံတဲ့ဘေးမဟုတ်ဘူး (မှန်ပါ့) လုံကြရဲ့လား (မလုံပါဘူး) ဘေးကနေပြီး ပရိတ်နဲ့တားလို့ကော (မလုံပါဘူး)။
ပရိတ်တွေရွတ်ပြီးမှတောင် လာချင်လာတာ (မှန်ပါ) ပရိတ်တွေရွတ်ပြီး ဒီနေ့တော့ အိပ်တော့မယ်ဆိုမှ လုံလုံခြုံခြုံ ရှိလို့ ဒီဘေးကသင်တော့တာကိုးဗျ (မှန်ပါ့)။ ပရိတ်ကလဲ ဒီဘေးကိုကော တက်နိုင်ရဲ့လား (မတတ်နိုင်ပါ ဘုရား) မတတ်နိုင် ဘူး ဒကာ ဒကာမတို့ ဖြစ်စဉ်ကဖြင့် အတော်ဆိုးနေပြီ (မှန်ပါ့)။
ဘယ်နှယ်များဖြစ်တယ် မပြောတတ်ပါဘူးလို့ လုပ်မနေနဲ့ အသဒ္ဓမ္မတောဝါက ဆွဲယူလို့ အသန္ဒိဋ္ဌိတောဝါ ဝင်လာတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်သူကဆွဲလို့ ဘယ်သူဝင်လာသတုန်း (အသဒ္ဓမ္မတော ဝါကဆွဲလို့ အသန္ဒိဋ္ဌိတောဝါဝင်လာပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ အသဒ္ဓမ္မတောဝါဆိုတဲ့ အမှိုက်ရှိနေပြီဆိုမှဖြင့် အသန္ဒိဋ္ဌိတောဝါဆိုတဲ့ ခွေးချေးဟာလာတာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ်) လာတော့ အမြင်မှားတဲ့ဘေးလဲသင့်ပါရော ဒကာ ဒကာမတို့ သေခြင်းသေရင် သူတို့တော့ မသေပါနဲ့ ကိုယ်ပဲ အရင်သေပါရစေဆိုတော့ သေတာတောင်ဆုတောင်းလာပြီ (မှန်ပ့ါ)။ လူ့ဘဝကြီးအင်မတန် ရခဲတာ ကြီးတောင် အသေဆုတောင်းလာတယ် အမြင်မှားတဲ့ဘေး သင့်လိုက်တာ (မှန်ပါ့)။
သားကလေးကြောင့် သမီးကလေးကြောင့် သေခြင်းသေရင် ကိုယ်သာသေပရစေ။ သူ့ကိုတော့ဖြင့် နေရစ်ရှာပါ စေ အစရှိသည်နဲ့ တစ်ခါတည်းအမြင်မှားတဲ့ ဘေး မသင့်ဘူးလား (သင့်ပါတယ်) ကိုယ်လဲအနိစ္စပဲ သူလဲအနိစ္စပဲ အသေက ထူးသေးရဲ့လား (မထူးပါဘူး)။
ကိုယ်ကတော့ ကြီးပါပြီ
မထူးပေမဲ့ အသေန္ဒိဋ္ဌိတောဝါဆိုတာ အမြင်မှားတဲ့ဘေးကဝင်တော့ ကိုယ်ကတော့ ကြီးပါပြီ ဝတ်ချိန်လဲ မရှိဘူး စားချိန်လဲမရှိဘူး။ လူပုံအလည်မှာလဲ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့တာလဲများပါပြီ။ သူတို့ကွဲပါစေဦး ထဲကကျနေတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဖြစ်စဉ်ကပြောပါတယ် မဟုတ်ဘူးလား (မှန်ပါ့) လူပုံအလည်မှာ အရှက်ကွဲကြရဦးမှာကိုးဗျ။ ခင်ဗျားတို့ဟာက (မှန်ပါ)
တော်တော်ကြာခဏနဲ့ကွဲလိုက် မလာကြပေဘူးလား (လာပါတယ်) မိုက်ခဏနဲ့ကွဲလိုက်တွေကော (လာပါတယ်) အဲ ငါကတော့ ကွဲပြီးပြီ။ သူတို့ ကွဲပါစေဦးဆိုတာနဲ့ကော (တူတူပါပဲ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီဘေးနှစ်ဘေးတော့ လွတ်အောင် ရှောက်ရမယ် (မှန်ပါ့) ဘာဘေးပါလိမ့် (အသဒ္ဓမ္မ တောဝါနဲ့ အသန္ဒိဋ္ဌိတောဝါပါ)။
အသဒ္ဓမ္မတောဝါဆိုတာက သူတော်ကောင်း အလုပ်မေ့တဲ့ဘေး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) အသန္ဒိဋ္ဌိတော ဝါက သားမဟုတ်ာ သမီးမဟုတ်တာကို သမီးပစ္စည်းမဟုတ်တာ ပစ္စည်းလုပ်ပြီး သကာလ ပူနေတဲ့ဘေး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာဘေးတဲ့တုန်း (အသဒ္ဓမ္မတောဝါဘေးနဲ့ အသန္ဒိဋ္ဌိတောဝါ ဘေးပါ ဘုရား)။
အဲဒါရွတ်နေရုံလား ရှောင်ဖို့လား (ရှောင်ဖို့ပါ ဘုရား) နို့ခင်ဗျားတို့က ဘယ်နှယ့်လုပ်နေသတုန်း (ရွတ်နေကြ ပါတယ်) လာခဲ့ပါ ခေါ်သလိုကျနေတာပေါ့ မဟုတ်ဘူးလား(မှန်ပါ့) ဒီအဓိပ္ပါယ်ရောက်မနေဘူးလား (ရောက်နေပါတယ်)။
ရှောင်ရမည့်အလုပ်ကြီး ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုရမှာ သူလာလို့ရှိရင် (မှန်ပါ့)။
သူလာရင်ဖြစ်ပျက်ရှု
ခေါ်ယူရမှာလား သူလာရင်ဖြစ်ပျက်ရှုရမှာလား (ဖြစ်ပျက်ရှုရမှာပါ ဘုရား) ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ မဂ်ဉာဏ်နှင်မထုတ်ဘူးလား (နှင်ထုတ်ပါတယ်) အသဒ္ဓမ္မတောဝါလဲ နှင်ထုတ်။ အသန္ဒိဋ္ဌိတောဝါက အမြင်မှားတဲ့ဘေးကော (နှင်ထုတ်ပါတယ်) သားမဟုတ်ဘူး၊ ဒါဟာအနိစ္စပဲ ဟောနှင်ထုတ်ပစ်လိုက်တယ် (မှန်ပါ့)။
မသူတော်ဘေးကလဲ အဝိဇ္ဇာကလဲ ဝိဇ္ဇာဖြစ်လာတော့ ဒါသမီးမဟုတန်ဘူး၊ ဘာမှပူစရာမရှိဘူး၊ သမီးဆိုတာ အပြောပဲ။ စင်စစ်တကယ်ရှိတာမဟုတ်ဘူးဆိုပြီး သကာလ သူတော်တရားဝင်လာလို့ရှိရင်လဲ ဖြစ်ပျက်ရှုပစ်လိုက်တော့ ဒကာ ဒကာမတွေမှာ ဒီဘေးသင့်သေးရဲ့လား (မသင့်ပါဘူး)။
နို့မဟုတ်လို့ရှိရင် သူတို့နှစ်ခုက အဖော်သဟဲ (မှန်ပါ့) အသဒ္ဓမ္မတောဝါလာရင် နောက်ကဘာလိုက်လာမယ် (အသန္ဒိဋ္ဌိတောဝါလိုက်ပါမယ်) အသန္ဒိဋ္ဌိတောဝါဆိုတဲ့ အမြင်မှားတဲ့လာမယ် (မှန်ပ့ါ) မေ့ဘေးနောက်က အမြင်မှားဘေး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဟာ ဒကာ ဒကာမတို့ အမြင်မှန်ဆိုတဲ့ မဂ်ဉာဏ်ရမှ အမြင်မှားတဲ့ဘေးကလွတ်မှာ (မှန်ပါ)။
ဒါဖြင့် ခန္ဓာကိုယ်ထဲ ပေါ်လာတဲ့ စိတ်တွေဟူသ၍ ဒကာ ဒကာမတွေ သည်ကားလို့ဆိုလို့ရှိရင် ချုပ်တာကလေး တွေ မြင်အောင်ကြည့်ပါ (မှန်ပါ့)။
ဘာကြည့်ရမှာဘဲ (ချုပ်တာကလေးတွေ မြင်အောင် ကြည့်ရပါမယ်) ချုပ်တာကလေးတွေ မြင်အောင်ကြည့်နေလို့ ရှိရင် ဘယ်မှာတုန်း ငါဘယ်မှာတုန်းသားသမီး။ လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး) သဘောပါပြီလား (ပါပါပြီ)။
ဝိပဿနာဉာဏ်မှတစ်ပါး နှင်ပေးမည့်သူမရှိဘူး
ကဲ ဒါဖြင့် ဝိပဿနာဉာဏ်မှတစ်ပါး ခင်ဗျားတို့ နှင်ပေးမည့်သူမရှိဘူး (မရှိပါဘူး)။
ဒါဖြင့် အသဒ္ဓမ္မတောဝါလဲ ဝိပဿနာဉာဏ်နဲ့နှင်ပါ။ အသန္ဒိဋ္ဌိတောဝါ အမြင်မှားတာတွေကော (ဝိပဿနာ ဉာဏ်နဲ့နှင်ရပါမယ်) ဝိပဿနာနဲ့ နှင်လိုက်တော့ အမြင်မှန်မဟုတ်လား (မှန်ပ့ါ) ဝိပဿနာဉာဏ်ဆိုတာ အမြင်မှန်ချည်းပဲ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘေးနှစ်ဘေးတော့ကွာ သိပြီဟေ့။ ဘယ်တော့မှ လက်မခံဘူးဟေ့ ဒါကို ဆုံးဖြတ်ချက် ချရမယ် (မှန်ပါ့)။
ဦးဇံရင် ဆုံးဖြတ်ချက်ချနိုင်ပါ့မလား (ချနိုင်ပါတယ် ဘုရား) တောင်ငယ်သေးတယ် မြောက်ငယ်သေးတယ် စီးပွားရေးအခြေအနေနဲ့ အခုအသုံးအဖြုန်းနဲ့ မကိုက်သေးဘူးဆိုတာတွေ များမလာစေနဲ့ ဒါဂြိုလ်ဝင်တာ (မှန်ပါ့) ဟုတ်ပြီလား (မှန်ပ့ါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘေးနှစ်ခုရှောင်တတ်ကြပြီလား (ရှောင်တတ်ကြပါပြီ) ဒီဘေးနှစ်ခု အရှောင်တတ်လို့ ရှိရင်ဖြင့် မေ့ဘေးအမြင်မှားတဲ့ဘေးတွေဟာ ဒကာ ဒကာမတို့ အရင်တုန်းက ဟောဘူးတယ်။
လူ့ပြည်က ကောင်းစွာ လှူဒါန်းလို့ တက်သွားတဲ့ နတ်ပြည်မှာ သုဗြဟ္မာ့နတ်သားဆိုတာ ရှိတယ်လို့ ဒကာ ဒကာမတွေ မဟောဘူးလား (ဟောဖူးပါတယ်)။
အဲ သုဗြဟ္မာ့နတ်သားကို ပန်းပင်ကြီးတစ်ပင်ပေါ်မှာ နတ်သမီးငါးရာက ပန်းတွေဆွတ်ခူးပြီးချွေချရတယ်။ အောက်က နတ်သမီးငါးရာက ပန်းတွေသီကုံးပြီး သကာလ နတ်သားကို ပန်းကုံးတွေ ဆင်ကြရတယ်။ (မှန်ပါ) အပေါ်က ငါးရာက ဆွတ်ချအောက်က ငါးရာက သီကုံး နတ်သားက ပန်းကုံးစွပ်ပြီး သူကနတ်စည်းစိမ် ခံနေတာပေါ့လေ (မှန်ပါ)။
နတ်သား၊ နတ်သမီးတွေလည်း မေ့တယ်
ဒကာ ဒကာမတို့ မေ့မနေကြသေးဘူးလား (မေ့နေပါတယ် ဘုရား) အသဒ္ဓမ္မတောဝါဆိုတဲ့ ဘေးကို နတ်သား၊ နတ်သမီးတွေရော မမေ့သေးဘူးလား (မေ့ပါတယ် ဘုရား)။
မေ့မှာပေါ့ အပေါ်က နတ်သမီးတွေကလဲ သူ့ခင်ပွန်းသည်ကို ပြုပြင်ဆင်ယင်လေးမို့ ဒီပန်းတွေကို ခူးချပေးနေရ တော့ ပျော်နေတာပေါ့ (မှန်ပါ) ပျော်နေတယ်ဆိုတော့ မေ့မနေဘူးလား (မေ့နေပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ)။
အောက်ကနတ်သမီးတွေကကော အပေါ်က ဆွတ်ချတာတွေကော အပေါ်ဆွတ်ချတာတွေကို အကုန်သီကုံး ပြီး သကာလ ဒီနတ်သားကို ဆင်ကြပြင်ရတယ် (မှန်ပါ့) အောက်က နတ်သမီးတွေကလဲ မမေ့ဘူးလား (မေ့ပါတယ်)။
နတ်သားကလဲ သူ့မှာ အပြုအစုတွေများတာနဲ့ သူ့မှာလဲ အမေ့ဆိုက်နေတာပဲ ဝမ်းသာနေတယ် (မှန်ပါ) ပျော်မနေပေးဘူးလား (ပျော်ပါတယ် ဘုရား) ဒါအမေ့ဆိုက်နေကြတာ တစ်ထောင်နဲ့တစ်ယောက် အမေ့ဆိုက်နေတာ သဘောကျပြီလား (ကျပါပြီ) ဘာဘေးသင့်နေတာတုန်း (အသဒ္ဓမ္မဘေး သင့်နေတာပါ)။
ဒါဖြင့် အပေါ်ကဟာလဲ ဘယ့်သူနတ်သမီးတွေတုန်းဆိုတော့ နတ်သားက သူ့နတ်သမီးတွေလို တွေးမှာဘဲ (မှန်ပါ့) မသူတော်ဘေးကလဲ သင့်တယ် (သင့်ပါတယ် ဘုရား) အသန္ဒိဋ္ဌိတောဝါ မသင့်သေးဘူးလား (သင့်ပါတယ် ဘုရား)။
အောက်ကနတ်သမီးတွေ သူ့ကိုဆင်ပြင်နေတာတွေကိုလဲ သူ၏ခင်ပွန်းမတွေလို့ သူအယူမရှိပေဘူးလား (ရှိပါတယ်) ဒါဘဲဘာဘေးသင့်တာတုန်း (အသန္ဒိဋ္ဌိတောဝါဘေးပါ ဘုရား) အမြင်မှားတဲ့ဘေးသင့်ပြီ။ အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ ပါသေးရဲ့လား (မပါပါဘူးဘုရာ)။
တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်နေသတုန်း
ဒါဖြင့် တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်နေသတုန်း (ဘေးသင့်နေပါတယ် ဘုရား) အသဒ္ဓမ္မတောဝါရယ် အသန္ဒိဋ္ဌိတောဝါရယ် ဘေးနှစ်ဘေးသင့်နေတယ် (မှန်ပါ)။
ဘေးနှစ်ဘေးသင့်ပြီး သကာလ နေတော့ဖြင့် အဝိဇ္ဇာပစ္စာယာသင်္ခါရဆိုပြီး သင်္ခါရပစ္စယာကနေပြီး ဝိညာဏံဆိုပြီး သကာလ ဥပစ္ဆေကကံနဲ့ ဆုံးဖြတ်ချလိုက်တာ နတ်တို့၏ကံတွေကို အကုန်ဖြတ်ချလိုက်တာ အောက်အဝီဇိငရဲမှာ နတ်သမီးငါးရာ ကျသွားတယ် (မှန်ပါ) မသူတော်ဘေးသင့်ချလိုက်တာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဘာဘေးသင့်တာတုန်း (မသူတော်ဘေးပါ ဘုရား) မေ့နေတဲ့မသူတော်ဘေး (မှန်ပါ) သူ့ခင်ပွန်း သူ့ခင်ပွန်းမဆိုတဲ့ အမြင်မှားတဲ့ဘေးက အဝိဇ္ဇာဘေးနဲ့ ဒိဋ္ဌိဘေးသင့်တယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာဘေးသင့်ပါလိမ့် (အဝိဇ္ဇာဘေးနဲ့ ဒိဋ္ဌိဘေးသင့်ပါတယ်) အခုဘယ်ရောက်သွားကြသတုန်း (အဝီစိရောက် သွားပါတယ်) ဒယ်အိုးထဲ ငါးရာရောက်သွားတယ် (မှန်ပါ့)။
ကဲ-ခင်ဗျားတို့က နတ်ဆုတောင်းချင်တာ။ ဒယ်အိုးထဲ အမြန်ရောက်ချင်လို့ အမြင့်ကနေကျချင်လို့ အဓိပ္ပါယ်တွေ လဲ ရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ်)။
ဒါနဲ့ပဲ ဒကာ ဒကာမတို့ နတ်သားက ပန်းကုံးတွေနဲ့ အင်မတန်ပဲ စည်းစိမ်ရစ်ပြီး သကာလ နေတော့ လက်ဦးက တော့ဖြင့် အပေါ်က သီချင်းကလဲ တကျော်ကျော်နဲ့ ပန်းပွင့်တွေကလဲ အောက်ကျလာနဲ့ ဦးခင်မောင် (မှန်လှပါ) အခုတော့ သီချင်းဆိုသံကော ကြားသေးရဲ့လား (မကြားရပါဘူး) ပန်းတွေကော အောက်ကျလာသေးရဲ့လား (မကျပါဘူး)။
အဝီစိငရဲမှာ တပြုံကြီးခံနေကြရတယ်
မကျတော့မှ ဒကာ ဒကာမတို့ သစ်ပင်ပေါ်မော့ကြည့်တယ်။ နတ်သမီးတစ်ယောက်မှ မရှိတော့ဘူး (မှန်ပါ့) ခုနင်ကပဲ အဝီစိဒယ်အိုးထဲ အကုန်ရောက်ကုန်ပါပြီ (မှန်ပါ) ဘယ်များသွားကြပါလိမ့်မလဲ ဆိုပြီးကြည့်လိုက်တဲ့ အခါကျတော့ အဝီစိငရဲမှာ တပြုံကြီးခံနေကြရတယ်။ ဘေးသင့်ကျသွားတာ (မှန်ပါ)။
ဒကာ ဒကာမတို့ဘာဘေး ဘာဘေးဆိုတာသိပြီလား (သိပါပြီ) ဘာဘေးဘာဘေးတုန်း (အသဒ္ဓမ္မဘေးနဲ့ အသန္ဒိဋ္ဌိဘေးပါ)။
အသဒ္ဓမ္မတောဝါ မသူတော်တရားဆိုတဲ့အဝိဇ္ဇာ အသန္ဒိဋ္ဌိတောဝါဆိုတဲ့ အမြင်မှားတဲ့ ငါမဟုတ်တာတွေ ငါလုပ်၊ ငါ့ခင်ပွန်းမဟုတ်တာတွေ ငါ့ခင်ပွန်းမလုပ်တဲ့ ဒိဋ္ဌိဘေးကတော့ (သင့်ပါတယ်) အဲဒီဘေးနှစ်ခု သင့်ပြီး သကာလ အကုသိုလ်က ဖြတ်ချလိုက်တယ် (မှန်ပါ့) တစ်ခါတည်း အဝီစိကိုငါးရာစလုံးတပြုံကြီးသွားတယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါနဲ့ နတ်သားက ပန်းပင်ပေါ်မော့ကြည့်တယ် ဘယ်များသွားကုန်ကြပါလိမ့်မလဲလို့ သူစိစစ်တယ်။ နတ်မျက်လုံးနဲ့ ကြည့်လိုက်တော့ အောက်အဝီစိမှာ ငါးရာစလုံး ခံနေရာတွေ့တယ်။ ဒယ်အိုးထဲမှာ အော်လားဟစ်လား ဖြစ်ကုန်ပြီ (မှန်ပါ)။
ဒီတော့ သူ့စိတ်ထဲချမ်းသာပါဦးမလား (မချမ်းသာပါဘူး) မချမ်းသာတာနဲ့ ကဲ သူတို့တော့ဖြင့် ရှိပေစေတော့။ ငါ့အသက်နဲ့တကွ အခုကျန်တဲ့ငါးရာကို ဆက်ကြည့်ဦးမယ်ဆိုပြီးနတ်တို့ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ သူတို့လဲ နောက်ခုနှစ်ရက်ရှိရင် အဲဒီအဝီစိပဲ ရောက်ရမယ် (မှန်ပါ)။
နောက်ခုနှစ်ရက်ကျတော့
ဒကာ ဒကာမတို့ နောက်ခုနှစ်ရက်ကျတော့ (အဲဒီအဝီစိဒယ်အိုးထဲရောက်ရပါမယ်) ဘယ်လောက် ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ်) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
နောက်ခုနှစ်ရက်ကြာလျှင် သူတို့လဲ ရောက်မယ်ဆိုတော့ ဒကာ ဒကာမတို့ သူတို့လဲ မေ့နေလို့ ဒီဘေးသင့်မှာကိုး (မှန်ပါ)ရှင်းပြီလား (ရှင်းပါပြီ)။
ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး တကယ်သေမှာ တကယ်သေတော့ မကြောက်ပေဘူးလား (ကြောက်ပါတယ်)။
အဲဒီဥစ္စာဘုရားလက်ထက်ပါ ဒကာ ဒကာမတို့ မကြာပါဘူး နှစ်ပေါင်း နှစ်ထောင်ကျော်ပဲ ရှိပါသေးတယ် (မှန်ပါ) ဒီတွင်က ဘုရားဆီကို နတ်သားပြေးတယ် နတ်သားရော ကျန်တဲ့ငါးရာရောပေါ့ဗျာ (မှန်ပါ့)။
မပြေးလဲဖြစ်ပါ့မလား (မဖြစ်ပါဘူး) သူတို့စိတ်ထဲမှာဖြင့် ဘာလုပ်ရမယ်လို့ သိရဲ့လား (မသိပါဘူး)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုအခြေအနေနဲ့ဆိုရင် တော်သေးတယ် (မှန်ပါ)။ တို့ဘေးသင့်နေပြီ ဟေ့ ဘေးသင့်နေတယ်။
အဲဒီမေ့တဲ့ စိတ်ကလေး ဖြစ်ပျက်ရှု
ဆရာဘုန်းကြီးက သင်ထားတယ် အဲဒီမေ့တဲ့ စိတ်ကလေး ဖြစ်ပျက်ရှု (မှန်ပါ)။ အမြင်မှားတဲ့ ဒိဋ္ဌိဘေးသင့်နေတယ်ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု) ဖြစ်ပျက်ရှုတော့ ဟိုဟာတွေပျောက်မသွားဘူးလား (ပျောက်သွား ပါတယ်) ကိုယ့်သန္တာန်ရှိတဲ့ ဒိဋ္ဌိ၊ ကိုယ့်သန္တာန်ရှိတဲ့ အဝိဇ္ဇာအစရှိသည်တွေကို ဖြစ်ပျက်ရှုလိုက်တော့ ဟိုဘက်လှည့်သေးရဲ့ လား (မလှည့်ပါဘူး)။
အဲ ကိုယ်ရှိတဲ့တရား ကိုယ်ရှုတော့ သမောဟစိတ္တံ သမောဟစိတ္တန္တိပဇာနာတိ စသည်နဲ့လုပ်ပေါ့ဗျာ (မှန်ပါ့)။ သရာဂ စိတ္တံသရာဂ စိတ္တန္တိပဇာနာတိနဲ့ ဖြစ်ပျက်ရှုလိုက်တော့ ဒီဒကာ ဒကာမတွေ ပြင်လို့ဆင်လို့ရတယ် (မှန်ပါ) နတ်သားမှာ အဲဒီအချိန် ဒီဉာဏ်ရှိရဲ့လား (မရှိပါဘူး) ဒါကြောင့်မို့ ဘုရားဆီပြေးရတယ် (မှန်ပါ)။
တပည့်တော်ကို ကယ်တော်မူပါဘုရားဆိုပြီး ဘုရားဆီပြေးတော့ ဘုရားဆီရောက်တယ်။ နတ်သမီးငါးရာနဲ့ သုဗြဟ္မာနတ်သားပါရောက်တယ်။ အရှင်ဘုရား ကယ်တော်မူပါဦးဘုရား ကယ်တော်မူပါဦးဘုရား။ တပည့်တော်တို့ဖြင့် နောက်ခုနှစ်ရက်ရှိရင် အဝီစိသွားရပါတော့မယ် ဘုရားစသည်နဲ့ ဦးဝ တောင်းပန်ရပါပြီ (မှန်ပါ)။
ကိုင်း ခင်ဗျားတို့အခုသိထားတဲ့ အသိမျိုးရှိရင် ပြေးလွှားစိုးရိမ်နေစရာလိုသေးသလား (မလိုပါ ဘုရား) ဖြစ်ပျက်ရှု နေရုံပဲ မဟုတ်လား (မှန်ပါ) လူ့ပြည်က နတ်ပြည်ထက်သာတယ်ဆိုတာ အောက်မေ့ပါ(မှန်ပါ)။ နတ်ပြည်ဆိုတာ ငါးပါး အာရုံကာမဂုဏ်နဲ့ အကုန်အမေ့ကြီးမေ့ပြီး ကာမဂုဏ် ရူးပြီးရူးတဲ့ ပြည်ကိုးဗျ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ပုထုဇဉ် ဗြဟ္မာဆိုရင် မေ့ဖို့က များတယ်
အဲဒါခင်ဗျားတို့က နတ်ဖြစ်ချင်တော့ ရူးပစေဦးထဲကျတယ် (မှန်ပါ) ဗြဟ္မာဖြစ်ချင်တော့လဲ မေ့ပါရစေဦး (မှန်ပါ) ဗြဟ္မာဆိုတာက ကမ္ဘာချင်းပြီး အသက်ရှည်ရတော့ အနိစ္စ ဒုက္ခ အနတ္တမြင်ဖို့ မလွယ်ဘူး။ ပုထုဇဉ် ဗြဟ္မာဆိုရင် မေ့ဖို့က များတယ်(မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ခင်ဗျားတို့နဲ့ ခုနင်က နတ်သမီးတွေ နတ်သားတွေနဲ့ ဘယ်သူက ဘာသတုန်း (တပည့်တော်တို့က သာ ပါတယ်)။ အဲလူ့ပြည်မှာမှ ဘုရားပွင့်တယ်။ နတ်ပြည်မှာ ဘုရားပွင့်ရိုးထုံးစံမရှိဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဒီကမှ ခင်ဗျားတို့ နိဗ္ဗာန်လဲသွားနိုင်တယ်။ မကျင့်ရင်အပါယ်လဲသွားနိုင်တယ် နတ်ရွာလဲ သွားနိုင်တယ် (မှန်ပါ) ဟိုကတော့ နတ်ပြည်ကနေပြီး အပါယ်သွားတာတွေက များနေတယ်။ (မှန်ပါ) မေ့လျော့မှုက အင်မတန်အားကြီးတယ်။ မေ့လျော့မှုကလဲ နှစ်ပေါင်းများစွာကိုးဗျ (မှန်ပါ)။
သိကြားမင်းကြီးကြည့်ပါလား ဒကာ ဒကာမတို့ ဘုရားက အခုဟောပြီ မကြာမီရှင်မောဂ္ဂလာန်က လိုက်သွား တော့ ဟိုမှာမေ့ကုန်လို့ ဖြေနိုင်သေးရဲ့လား (မဖြေနိုင်ပါဘူး) ကဲ ဘယ်လောက် မေ့ချက်သန်တုန်း (သန်ပါတယ် ဘုရား)။
သိကြားမင်းက ဘုရားဆီလာပြီး တရားနာတယ် တဏှာကုန်တဲ့နည်း အကျဉ်းချုပ်ဟောပေးတော်မူပါဆိုလို့ ဘုရားကဟောလိုက်တော့ သိကြားပြန်သွားတယ်။ ရှင်မောဂ္ဂလာန်က ဘုရားဆီတော့ ငါမမေးပါဘူး။ သူ့ဆီငါလိုက်မေးပါ မယ်ဆိုပြီး လိုက်မေးတော့ အကုန်မေ့ကုန်ရော၊ ဟော ချက်ချင်းလိုက်တာတောင် ဘယ့်နှယ်ဖြစ်ကုန်သလဲ (မေ့ပါတယ်)။
ကဲ နတ်ပြည်များဖြစ်လို့ တော်ပါ့မလား (မတော်ပါဘူး) အသဒ္ဓမ္မဘေးသင့်နေတာ (မှန်ပါ)။
နတ်ပြည်ဟာ ဘာဘေးသင့်တာတုန်း
နတ်ပြည်ဟာ ဘာဘေးသင့်တာတုန်း (အသဒ္ဓမ္မတောဝါဘေးသင့်တာပါ) အသန္ဒိဋ္ဌိတောဝါကကော (လာရမှာပါ ဘုရား) လာရမယ်ဆိုတာက သူတို့အဖော်ကိုးဗျ (မှန်ပါ) အမှိုက်ရှိရာ ခွေးချေးလေ (မှန်ပါ) အမှိုက်ရှိရာ ခွေးချေးလာတော့ ဒကာ ဒကာမတို့ ဒီအတိုင်း မတွေ့ရပေဘူးလား (တွေ့ရပါတယ်)။
အဲဒီတွင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက လိုရင်းအတိုချုပ်ကတော့ ငါမကယ်နိုင်ဘူးကွလို့ ဟောလိုက် တယ် (မှန်ပါ့) ငါမကယ်နိုင်ဘူးဆိုတာက ဘုရားကိုယ်တော်မြတ်ကြီးက မကယ်နိုင်ဘူးပြောတာ။ သူဟောတော်မူတဲ့ တရားကကော (ကယ်နိုင်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ တရားက ကယ်နိုင်တယ်လို့ မှတ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရားကိုယ်တိုင်ကလို ဟောတော်မူတယ် (မှန်ပါ့)
နာညတြ ဗောဇ္ဈာတပသာ၊ နာညတြိန္ဒြိယသံဝရာ။
နာညတြ သဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿမိ ပါဏိနံ။(သဂ္ဂါထာဝဂ္ဂသံယုတ်၊၅၂)။
ဗောဇ္ဈင်မဂ္ဂင်ကိုလုပ်ပါတဲ့
မင်းတို့ ဗောဇ္ဈင်မဂ္ဂင်ကိုလုပ်ပါတဲ့။ မဂ္ဂင်တရားပွားများပါပြောတာပါပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာပွားများရမလဲ (မဂ္ဂင်တရားပွားများရပါမယ်) မဂ္ဂင်နဲ့ဗောဇ္ဈင် အတူတူပဲနော် (မှန်ပါ)။
အဲဒီတော့ မဂ္ဂင်တရားပွားများပါလို့ ဆိုတာသာ ငါတတ်နိုင်တော့တယ်။ အဲဒါကိုမင်း ပွားများတဲ့၊ ဆိုတော့ ဖြစ်ပျက်အရှုခိုင်းတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာများအရှုခိုင်းတာပါလိမ့် (ဖြဟ်ပျက်အရှုခိုင်းတာပါ)။
ကိုင်း-ဒါဖြင့် သူ့ကိုရှုတဲ့ဖြစ်ပျက်ဟာ ဒကာ ဒကာမတို့ အပါယ်သွားမှာ သေချာပြီးဖြစ်နေတာတောင် လွတ် မြောက်တယ်ဆိုတာ ခင်ဗျားတို့ တထစ်ချယူရတော့မယ်၊ (မှန်ပါ)။ အပါယ်သွားမှာတော့ သူတို့ကိုယ်တိုင် သိပြီးသား။ နောက်ခုနှစ်ရက်ရှိတာတုန်း (အပါယ်သွားမှာပါ)။ အဲဒါတောင်မှ မဂ္ဂင်အလုပ်လုပ်လိုက်တာ အကုန်သောတာပန်တည် တယ် (မှန်ပါ) အပါယ်မှလွတ်သွားတယ် (မှန်ပါ)။
ကဲ မောင်သစ်တို့ ကိုးစားရာ အားထားရာ ရ-မရကွ (ရပါတယ်)။
ဒါဖြင့် ဒကာ ဒကာမတို့ အပါယ်ကိုမကြောက်ပါနဲ့ မေ့ဘေးသင့်မှာကိုကြောက်ပါ။ (မှန်ပါ) အမြင်မှားဘေးသင့် မှာကို (ကြောက်ရပါမယ်)။
ဦးဘတင် ဘာကြောက်ရမလဲ (မေ့ဘေးသင့်မှာနဲ့ အမြင်မှားဘေးသင့်မှာကို ကြောက်ရပါတယ်)။
ဒကာ ဒကာမတို့ အပါယ်သာကြောက်တာပဲ ကိုယ့်အမြင်မှားဘေးတော့ လှည့်မကြည့်ဘူး (မှန်ပါ) ကိုယ့် မသူတော်ဘေးတော့ (မကြည့်ပါဘူး)။
ကြောက်ပုံမှားနေတယ်
ဒါဖြင့် ဒကာ ဒကာမတွေ ကြောက်ပုံမှားနေတယ် (မှန်ပါ) ကြောက်ရမှာက ကိုယ့်အတွင်း သင့်နေတဲ့ဘေးကို ကြောက်ရမယ်(မှန်ပါ) ဒီဘေးကနေပြီးဖြတ်ချလိုက်လို့ အပါယ်ရောက်ရတာကိုး (မှန်ပါ)။
ဒါကြောင့် ဦးခင်မောင် ကြောက်ပုံလွဲနေတယ် (မှန်ပါ) ဟိုဒယ်အိုးထဲဖြင့်တော့ ကြောက်တယ်။ ငရဲသားကြီးတွေ က ထိုးဆွနေတာ မြင်ပြန်တော့လဲ (ကြောက်ပါတယ်)။
အပိုင်းပိုင်းတစ်နေတာ မြင်ပြန်တော့ (ကြောက်ပါတယ်) အဲဒါကို ဒါလောက်မကြောက်ပြ အဲဒါက အကျိုးကြောက်တာ (မှန်ပါ) အကြောင်းကို ပိုပြီးကြောက်ပါ (မှန်ပါ) မသူတော် ဘေးကို ကြောက်လိုက်။ သဘောကျပြီလား (ကျပါပြီ)။
မသူတော်ဘေးကို ကြောက်လိုက်၊ ဟိုဒယ်အိုးတွေ ဘာတွေဘယ်သူက အရုပ်ရေးထားထား ဒါလောက် မကြောက်နဲ့။ ကြောက်ရမှာက ခုနင်ကပြောခဲ့တဲ့ မသူတော်ဘေးရယ်၊ အမြင်မှားတဲ့ဘေးရယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
သူတို့ကိုကြောက်လို့ရှိရင် ဟိုဟာလွတ်တာပဲ (မှန်ပါ) ဟိုဟာကြောက်နေရင် ဒါမလွတ်ဘူး (မှန်ပါ)။
ဟိုဟာကြောက်တော့ကိုးစားရာ အားထားရာရှာတော့ရောမှာပဲ။ ရှာပင်ရှာငြားသော်လဲ အရှာမှားတတ်တယ် (မှန်ပါ) မမှားတတ်ပေဘူးလား (မှားတတ်ပါတယ်)။
အရှာမှန်တဲ့နည်းကို ယနေ့ညဟောရမယ်
ကဲ ဒါဖြင့် အရှာမှန်တဲ့နည်းကို ယနေ့ညဟောရမယ် ဒကာ ဒကာမတို့က ဘုရားကနတ်သားကို ငါမကယ်နိုင်ဘူး ကွတဲ့ မဂ္ဂင်အလုပ်လုပ်လို့ရှိရင်တော့ ချမ်းသာလိမ့်မယ်ဆိုတော့ မင်းတရားသာ အားထုတ်တော့လို့ပြောတာ (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာဖြေလိုက်သလဲ (တရားသာ အားထုတ်တော့လို့ ဖြေပါတယ်)။
တရားသာ အားကိုးတော့ဆိုတဲ့ ဥစ္စာကို သေသေချာချာပဲ ဘုရားက နည်းမပေးဘူးလား (ပေးပါတယ်)။
ဗောဇ္ဈင်္ဂတပသာ-ဗောဇ္ဈအကျင့်ကို အညတြ-ကြဉ်းထားသည့်။ ပါဏိနံ-သတ္တဝါတို့ဒ။ သောတ္ထိံ ချမ်းသာခြင်း ကို။ နပဿမိ ငါဘုရားမမြင်ဘူးကွတဲ့ (မှန်ပါ)။
မင်းတို့ ဗောဇ္ဈင်အကျင့် မဂ္ဂင်အကျင့်ကို မကျင့်လို့ရှိရင်ဒီလမ်းတော့သွားရတော့မှာပဲ၊ ဒါကျင့်မှချမ်းသာမယ်တဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
နာညတြိန္ဒြိယသံဝရာတဲ့-မင်းတို့ ဣန္ဒြိယသံဝရသီလမှ အားမထုတ်မစောင့်စည်းလို့ရှိရင်လဲ ဒီနေရာကလွတ်ဖို့ မမြင်ဘူးတဲ့ (မှန်ပါ) သီလတရားပဲ အားကိုးတဲ့။ မဟောဘူးလား (ဟောပါတယ် ဘုရား)။
နာညတြ သဗ္ဗနိဿဂ္ဂါတဲ့ – အလုံးစုံအာရုံတွေကို ငြိနေတဲ့တဏှာကို မသတ်ပဲနဲ့ ချမ်းသာပါလိမ့်မယ်လို့ ငါဘုရား မမြင်ဘူးတဲ့ (မှန်ပါ) ရိပ်မိပါပြီ။
ကဲဘုရားဖြေတော်မူတာ သဘောကျကြပြီလား (ကျပါပြီ) ဒါဖြင့်ဒကာ ဒကာမတွေကို ဟောထားတဲ့နေ့တိုင်း ဖြစ်ပျက်ရှုဆိုတာဒါပဲ အားကိုးရမယ်ဆိုတဲ့ အလုပ်ဟာ မသေချာဘူးလား (သေချာပါတယ်)။
သုဗြဟ္မာနတ်သားကတော့ ဒါလောက်မှ မသိရှာလို့ ဘုရားဆီသွားပြီး အပူသွားတိုက်တယ် (မှန်ပါ) မတိုက်ဘူး လား (တိုက်ပါတယ် ဘုရား) ခင်ဗျားတို့ကတော့ ဒီသဘောနားလည်ရင် အပူတိုက်စရာရှိသေးရဲ့လား (မရှိပါဘူး) အပူတိုက်စရာမရှိဘူး။ ဒီဆေးနှစ်ခု ရှောင်လိုက်လို့ရှိရင်ဖြင့် လွတ်သွားတာပဲ (မှန်ပါ)။
မသိတဲ့ဘေးကို သိအောင်လုပ်လိုက်
အမြင်မှားတဲ့ဘေးကို အမြင်မှန်အောင်လုပ်လိုက် (မှန်ပါ) မသိတဲ့ဘေးကို သိအောင်လုပ်လိုက် မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။
အဲဒီတော့ သုဗြဟ္မာနတ်သားတို့ ပဋ္ဌမမေ့နေတဲ့အခြေအနေထက်သာတယ်လို့ ဘုန်းကြီးကယ်တင်ထားတာ မှတ်ရတော့မယ် (မှန်ပါ) မှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ်) ဟိုမှာသူ့ကို ဉာဏ်ကပေါ်သေးရဲ့လား (မပေါ်ပါဘူး) ဘယ်ပြေးရသတုန်း (ဘုရားဆီပြေးရပါတယ်)။
ဘုရားဆီပြေးတော့ ဘုရားက ဒီဗောဇ္ဈင်မဂ္ဂင်ကို ကြိုးစားရင်ကြိုးစား၊ မကြိုးစားရင် ချမ်းသာခွင့်မရှိဘူးလို့ ပြောလိုက်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီမှာလဲ ဒကာ ဒကာမတို့ ဒီဘေးနှစ်ခုကို ရှောင်လို့ရှိရင် ခင်ဗျားတို့ လွတ်မြောက်ရေးရှိပါတယ်ဆိုတာ သေသေ ချာချာပြောတာပဲ (မှန်ပါ)။
ကဲဒါဖြင့် သူတို့ကျင့်စဉ်ကလေး ကျုပ်တို့ရှာကြစို့ (မှန်ပါ)။
သူတို့ကျင့်စဉ်ကလေးဆိုတော့ ဒကာ ဒကာမတွေရှင်းပြပါမယ်။ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်ဝေဒနာ ရှုစိတ်ကြိုက်တဲ့ ပုဂ္ဂိုလ်ရှုစိတ်ဆိုတဲ့အတိုင်း သူတော့ဖြင့် ဒုက္ခဝေဒနာ ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဘဲ။ ဒေါမနဿဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူး လား။ (ဖြစ်ပါတယ် ဘုရား)။
ဘာဝေဒနာ သင့်နေသတုန်း
ငါတို့တော့ခက်ပြီ။ ငါတို့တော့ခက်ပြီ ခုနှစ်ရက်ရှိရင်ဖြင့် အဝီစိဒယ်အိုးထဲ ရောက်ရတော့မယ်ဆိုတော့ ဘာဝေဒနာ သင့်နေသတုန်း (ဒေါသနဿ ဝေဒနာသင့်နေပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းကြပါပြီ)။
နဂိုတုန်းက နတ်စည်းစိမ်တွေ ယစ်နေတုန်းကတော့ သုခဝေဒနာဖြစ်နေတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) အခုတော့ ဒုက္ခဝေဒနာနှိပ်စက်နေကြတယ် (မှန်ပါ)။
ကိုင်းဒါဖြင့် နှိပ်စက်တဲ့ တရားကိုဒကာ ဒကာမတို့ ကယ်တင်တဲ့တရားဖြစ်အောင် ကျုပ်တို့လုပ်ကြစို့ဟေ့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
နှိပ်စက်တဲ့ တရားဘာလုပ်ရမလဲ (ကယ်တင်တဲ့တရားဖြစ်အောင် လုပ်ရပါမယ် ဘုရား)။
ရတာပါပဲ ဒကာ ဒကာမတို့။ ဆရာကောင်း၊ သမားကောင်း၊ နည်းကောင်း၊ နာကောင်းပြောတတ်တဲ့ပုဂ္ဂိုလ် ခင်ဗျားတို့လိုက်နာလို့ရှိရင်ဖြင့် နှိပ်စက်တဲ့တရားဟာ ကယ်တင်တဲ့ တရားဖြစ်တာပဲ (မှန်ပါ)။
ဒကာ ဒကာမတို့ ဒါဖြင့်ဝေဒနာသုံးပါးကိုး။ သူတို့တော့ ဝေဒနာနဲ့ ဟောရတော့ ဝေဒနာဒီနေ့စတာပေါ့ဗျာ (မှန်ပါ) နေကောင်းရင် ဒကာ ဒကာမတို့ သုခဝေဒနာနော် (မှန်ပါ) နေမကောင်းရင် (ဒုက္ခဝေဒနာနော်) အလတ်စား ဆိုရင် (ဥပေက္ခာဝေဒနာပါ) ဒါပဲရှိတယ် ခင်ဗျားတို့ သန္တာန်မှာ ဝေဒနာသုံးပါးပဲရှိတယ် (မှန်ပါ)။
ဝေဒနာသုံးပါးရှိတော့ ဒီဥစ္စာရှုရင်ရှု။ ဒါကသုခဝေဒနာ, ဒါကဒုက္ခဝေဒနာ, ဒါကဥပေက္ခာဝေဒနာ (မှန်လှပါ ဘုရား)။
ဒါကဘာပါလိမ့် (သုခဝေဒနာပါ) ဝမ်းသာတဲ့ သုခဝေဒနာ (မှန်ပါ) ဒါကဝမ်းနည်းတဲ့ (ဒုက္ခဝေဒနာပါ)။ ဒါကအလတ်စားမှန်မှန် နေတဲ့အခါ (ဥပေက္ခာဝေဒနာပါ)။
ဇာတိဆိုတာ ဒယ်အိုးသာမှတ်ပါတော့
အဲ့ဒါကို ဒကာ ဒကာမတွေ မရှုလို့ရှိရင်ဖြင့် တွေဝေပြီး သကာလ မသူတော်တရားနဲ့နေမယ်၊ အမြင်မှားတဲ့ ဘေးနဲ့နေမယ် ဆိုလို့ရှိရင် ဒကာ ဒကာမတို့ သုခဝေဒနာပစ္စယာ တဏှာ (မှန်ပါ) တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယာ (ဇာတိ) ဇာတိဆိုတာ ဒယ်အိုးသာမှတ်ပါတော့ (မှန်ပါ) ဇာတိဆိုတာ ဒယ်အိုး မှတ်မှပေါ့ သူကသွားတော့မှာကိုး (မှန်ပါ)။
ဒါဖြင့် သုခဝေဒနာ မရှုလို့ရှိရင်ဖြစ် ဝေဒနာပစ္စယာ (တဏှာ)၊ တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ) ကဲကမ္မဘဝကနေ ကျေးဇူးပြုလိုက်တော့ ဘာတဲ့ (ဇာတိပါ) ဒယ်အိုးရောက်တယ် (မှန်ပါ) မရောက်ဘူးလား (ရောက်ပါတယ်)။
ဒါသုခဝေဒနာ မရှုတဲ့ သတ္တိဒယ်အိုးရောက်ရတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲဒါဖြင့် ဒါရှေ့ပိုင်းက ထားလိုက်ပါတဲ့။ မရှုလို့ဖြစ်တဲ့ ဖြစ်စဉ် (မှန်ပါ) ပဋိစ္စသမုပ္ပာဒ် ဒါဘုရားလဲ တားနိုင်ရဲ့ လား (မတားနိုင်ပါဘူး)။
သူတို့ကပျော်နေတဲ့ မေ့ဘေးသင့်နေတာ
ဒါသူတို့က နတ်ပြည်မှာ အင်မတန်ပျော်နေတဲ့ မေ့ဘေးသင့်နေတာ။ သုခဝေဒနာဖြစ်နေကြတာ။ နတ်သားက စည်းစိမ်ခံပြီး ပန်းတွေအဆင့်ခံ နတ်သမီးတွေက ဆင်တာကို နတ်သားကသာယာနေတော့ သုခဝေဒနာ ပစ္စယာတဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနံပစ္စယာ ကမ္မဘဝ။ ကမ္မဘဝပစ္စယာ ခုနှစ်ရက်ရှိတော့ ဒယ်အိုးဖြစ်နေမှာ (မှန်ပါ) ဘယ်လောက်ကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
ဘုရားဆီလာပြန်တော့လဲ ကယ်ပါယူပါဆိုတော့ နတ်သားစိတ်ထဲမှာ ဒေါမနဿမနေဘူးလား (မှန်ပါ့) အဲ ဒေါမနဿဝေဒနာကို မရှုလို့ရှိရင်ဖြင့် သောက, ပရိဒေဝ, ဥပါယာသ မလာပေဘူးလား (လာပါတယ်) ဥပါယာသလဲ ဖြစ်ရော စိတ်ပင်ပန်းတော့ သေမသွားပေဘူးလား (သေသွားနိုင်ပါတယ်)။ သေသွားလဲ ဒယ်အိုးထဲလာမယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒယ်အိုးချည့်လမ်းဆုံးဖြစ်နေပါပေါ့လား (မှန်ပါ) ကြောက်စရာကောင်းလိုက်တာ။ ဒါဝေဒနာ မရှုလို့ဖြစ်တာ (မှန်ပါ)။
သုခဝေဒနာ ခံစားပြီး သကာလ တဏှာဖြစ်နေတယ်။ တဏှာက ဥပါဒါန် ဥပါဒါန်က-ကံ။ ကံကြောင့်ခုနှစ်ရက် စေ့တော့ဒယ်အိုးရလိမ့်မယ်။ (မှန်ပါ) ဒုက္ခဒေါမနဿ ဖြစ်တာကိုလဲ မရှုပဲနေမယ်ဆိုရင် ဒုက္ခနေပြီး ဒေါမနဿသောက ဥပါယာသ ဒယ်အိုး (မှန်ပါ) မလာဘူးလား (လာပါတယ်) ဒါကရွှေ့လို့ရသေးရဲ့လား (မရပါဘူး)။
ခင်ဗျားတို့ ပျော်တာကိုလဲ
အဲဒီတော့ခင်ဗျားတို့ ပျော်တာကိုလဲ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတာကိုလဲ ဘုန်းကြီးများက မကြည်ညိုမနှစ်သက်လို့ မဟုတ်ပါဘူး၊ ဪ သူတို့စိတ်ချမ်းသာ လက်ချမ်းသာပျော်ကြတယ်ဆိုပြီး ကြည်ညိုပါတယ် ဒါပေမယ့် ကြည့်နေလို့ မဖြစ်ဘူး။ ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ကြည်ညိုငြား သော်လဲ ဘုန်းကြီးက ကြည့်နေလို့ဖြစ်ပါ့ မလား (မဖြစ်ပါဘူး)။
ခင်ဗျားတို့က ဒီမှာဝမ်းသာတယ် သားနဲ့သမီးနဲ့ ခင်ပွန်းနဲ့နေရတာ (မှန်ပါ) ဝေဒနာပစ္စယာ (တဏှာပါ) တဏှာပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝနောက်က (ဒယ်အိုးပါ ဘုရား) ဟောဒီလိုသွားမယ်တဲ့။ အဲဒီတော့ ခင်ဗျားတို့ပျော်နေတဲ့ ဥစ္စာဒီက ကြည့်နေလို့မဖြစ်ဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ခလေးကလေးတွေက အဆိပ်စားနေတာကို အမေမိဘကကြည့်နေလို့ တော်ပါ့မလား (မတော်ပါဘူး)၊ ဒါဖြင့် လက်နဲ့ကော်ထုတ်ရမှာပေ့ါ (မှန်ပါ) သူကတော့ ကြိုက်လို့စားနေတာ အဆိပ်မှန်း မသိလို့ (မှန်ပါ)။
အဲ ခင်ဗျားတို့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ စီးပွားရေးအကြောင်းညီညွှတ်လို့ ပျော်နေတာကိုလဲ ဘုန်းကြီးတို့က မစ္ဆေရရှိလို့မဟုတ်ပါဘူး (မှန်ပါ) မှားနေလို့ (မှန်ပါ) ဝမ်းထဲမှာဝမ်းသာနေလို့ရှိရင် ဝမ်းသာတာရှုချင်ရှုရလိမ့်မယ် (မှန်ပါ) မရှုရင် သုခဝေဒနာပစ္စယာ (တဏှာပါ) (ပ) ကမ္မဘဝပစ္စယာ (ဒယ်အိုးပါ) အဲ ဒယ်အိုးဆိုတော့ ဇာတိဆိုတာ ဒီမှာကျသွားတာ (မှန်ပါ) ဇာတိဆိုတာ ဒုတိယဘဝကူးသွားတာ (မှန်ပါ) မကူးဘဲနေလို့ရသေးရဲ့လား (မရပါဘူး)။
ဒယ်အိုးလမ်းဆုံးတော့မယ်
ကိုင်းဒကာ ဒကာမတို့ ကျုပ်တို့ဖြင့်နေရတာ ပျော်လိုက်တာဆိုပြီး မရှုပဲနေလို့ရှိရင် ပျော်တာကလေးမှိန်းပြီး ပြောချင်တာသာ လျှောက်ပြောနေရင် ဒယ်အိုးလမ်းဆုံးတော့မယ် (မှန်ပါ) မဆုံးပေဘူးလား (ဆုံးပါတယ်) ပျော်တဲ့ စိတ်ကလေးလာရင် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) မြန်မြန်ရှုပါ။ မရှုရင် ဒယ်အိုးရောက်နိုင်တယ် (မှန်ပါ)။
မြင်နိုင်သ၍ မြန်ပါ။ ခင်ဗျားတို့က ပြုံးနေလိုက်တဲ့ ဖြစ်ခြင်းက ဟိုဓာတ်ပုံအရိုက်ခံသလောက် ကြာနေတယ် (မှန်ပါ) တော်ပါ့မလား (မတော်ပါဘူး ဘုရား) ဒါဖြင့်ဘယ့်နှယ်လုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါမယ်) မြန်မြန်ရှုနော်။ ဦးဘတင် နို့မဟုတ်ရင် ဟိုဒယ်အိုးရောက်သွားပြီ (မှန်ပါ) မရောက်ဘူးလား (ရောက်မှာပါ)။
ခင်ဗျားတို့က ဒေါသဖြစ်နေရင် မကျေသေးဘူးဆိုတော့-ဒေါသ, သောက, ပရိဝေဒ, ဥပါယာသ, ဒယ်အိုး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒေါသဖြစ်နေတော့ ခင်ဗျားတို့က-ကျုပ်ကမကျေနိုင်ဘူးတဲ့။ ဂုဏ်ယူသေးတယ် (မှန်ပါ) ဒေါသမဖြစ်မိနေရော ဖြစ်မိရင်ဒယ်အိုးရောက်ပြောတာပေါ့လေ (မှန်ပါ ဘုရား) အမယ်လေးကြောက်စရာကောင်းလိုက်တာ။ သူကြွားလုံးနဲ့သူ ဒယ်အိုးအမွေရနေတာ (မှန်ပါ) သဘောပါပြီလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသဖြစ်လဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။
ဥပေက္ခာဖြစ်သွားတယ် ဆိုလို့ရှိရင်လဲ မြင်ကာမျှမတ္တ။ ကြားကာမျှမတ္တ။ ကျုပ်တို့ဖြင့် နားထဲကြား- ကြားကာ မတ္တ ထားလိုက်တော့တာပါဘဲ။ မသုံးကြဘူးလား (သုံးပါတယ် ဘုရား)၊ ဘယ်သူမြင်သတုန်း မြင်တာရှိတာပါဘဲ ကျုပ်တော့။
အဲဒါ ဥပေက္ခာချည့် ပြောနေတာ (မှန်ပါ) ဟိုခလေးကလေး ပြောလိုက်တာ အသံကလေး ဘာကလေးများ မကြားလိုက်ဘူးလား။ ကြားတော့ကြားသလိုလိုပါဘဲတဲ့ (မှန်ပါ) သူ့ဟာဥပေက္ခာချည့်ဘဲ (မှန်ပါ) ဒီလိုချည့်ကျမနေဘူးလား (ကျနေပါတယ်)။
အဲဒီတော့ မြန်မြန်ရှုပါ။ မြင်ကမျှဆိုရင်မြင်တဲ့ ဝေဒနာကလေးစိတ်ကလေးကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရ ပါတယ်)။
မသိလို့ရှိရင် မသိတာအဝိဇ္ဇာ
မရှုရလို့ရှိရင်ဖြင့် ဖြစ်တာသည်ပင်လျှင် ဘာဖြစ်မှန်းလဲမသိဘူး ဖြစ်စိတ်ပေါ်မှန်းလဲ မသိဘူး မြင်တဲ့ ဝေဒနာလဲ သိသေးရဲ့လား (မသိပါဘူး) မသိလို့ရှိရင် မသိတာအဝိဇ္ဇာ (မှန်ပါ) အဝိဇ္ဇာလာတော့ သင်္ခါရလာတယ်၊ သင်္ခါရလာတော့ ဝိညာဏ်။
ဟောအပါယ်သွားမည့် ပုဂ္ဂိုလ်ဆိုရင် အပါယ်ဝိညာဏ်ဒယ်အိုးလာတာဘဲ (မှန်ပါ) ထူးသေးရဲ့လား (မထူးပါဘူး) သဘောပါလား (ပါပါပြီ)။
ဒါဖြင့် သုဗြဟ္မာနတ်သားဟာ ပျော်ခဲ့တာတွေလဲ ဖြစ်ပျက်ရှု (မှန်ပါ) ဖြစ်ပျက်ရှုတော့ ဒီကြားထဲမှာ ဒကာ ဒကာမ တွေ သိပြီးသားအတိုင်းပဲထားပါတော့။ ဖြစ်ပျက်ရှုတဲ့ ဉာဏ်ဟာဒီကြားတွေအကုန်သွင်းရမှာဘဲ ဒီကြား-ဒီကြား-အကုန် သွင်းရမယ် (မှန်ပါ) မသွင်းလို့ရှိရင် ဒီပဋိစ္စသမုပ္ပာဒ်က ဒယ်အိုးချည့်သွားမယ် (မှန်ပါ)။
ဒါဖြင့်သုခဝေဒနာလာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တော့ တဏှာချုပ်, ဥပါဒါန် ချုပ်, ကံချုပ်, ဒယ်အိုးပျောက် (မှန်ပါ) မပျောက်ဘူးလား (ပျောက်ပါတယ်)။
ဒါဖြင့် ရှုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒါဘဲကယ်နိုင်ဆိုတဲ့ဥစ္စာ ဟောဒီဗောဇ္ဈင်နဲ့ ဟောဒီမဂ္ဂင်ဘဲ။ ဒါဗောဇ္ဈင်လဲ သူလဲမဂ္ဂင်လဲ သူဘဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
သူအပါယ်သွားရတော့မယ်
ကဲဒီဘက်က သူစိတ်ဆင်းရဲနေတယ်၊ သူဆင်းရဲ့တဲ့ စိတ်တွေရှုလျက် (မှန်ပါ) သူအပါယ်သွားရတော့မယ် ဆိုတော့ ကြောက်စိတ်မဖြစ်ဘူးလား (ဖြစ်ပါတယ်)။ အဲဒီကြောက်စိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါတယ်) ဖြစ်ပျက်ရှု လိုက်တော့ ဒီကဒေါမနဿချုပ်သွားတော့ သောကပရိဒေဝ ဥပါယာသဒယ်အိုးတွေ လာသေးရဲ့လား (မလာပါဘူး)။
မြင်တဲ့နတ်သမီးကလေးတွေ သူ့ခန္ဓာသူမြင်နေတဲ့ ဥစ္စာလဲ ဥပေက္ခာလဲ ဖြစ်ပျက်ရှုဆိုတော့ ဒီကဖြစ်ပျက်ဒီက မက်မနေဘူးလား (နေပါတယ်) အဝိဇ္ဇာချုပ်, သင်္ခါရချုပ်, ဒယ်အိုးချုပ်-မချုပ်ဘူးလား (ချုပ်ပါတယ်)။
ဒယ်အိုးပျောက်စေချင်ရင် ဒီကနေလုပ်ရတာ (မှန်ပါ) ဒယ်အိုးကို ဒီကနေတည်လို့ရှိရင် ဒီကနေသိမ်းရင် ရတာပဲ (မှန်ပါ)။
ဒယ်အိုးဟာ ဟိုမှာငရဲသားတွေက လုပ်ထားတာလား ဒါတွေကလုပ်ထားတာလား (ဒီကလုပ်တာပါ) တဏှာ ဥပါဒါန်ကံကလုပ်ထားတာ။ သဘောကျပြီလား (ကျပါပြီ) ဒေါသသောကပရိဒေဝတွေကလဲ ဘာလုပ်သလဲ (ဒယ်အိုး လုပ်ပါတယ်) အဲဒီကနေလုပ်နေတာ (မှန်ပါ)။
ဒီကနေတည်တဲ့ ဒယ်အိုးဒီကနေပြီး မီးငြိမ်းလိုက်ပါ
အဲဒီတော့ဒကာဒကာ ဒကာမတွေ ကံကောင်းတယ်လို့ပြောလိုက်တယ် (မှန်ပါ) မကောင်းဘူးလား (ကောင်းပါ တယ်)၊ ဒီကနေတည်တဲ့ ဒယ်အိုးဒီကနေပြီး မီးငြိမ်းလိုက်ပါ။ မရဘူးလား (ရပါတယ်)။
အဲဒီတော့ ခင်ဗျားတို့သည် ဘာမှပူစရာစရှိဘူး ခုနင်ကပြောခဲ့တဲ့ ဘေးနှစ်ဘေးကိုသာ လွတ်အောင်လုပ်။ မေ့တဲ့ဘေး, အမြင်မှားတဲ့ဘေး။ သဘောကျပြီလား (ကျပါပြီ)။
ဘယ်ဘေးကြောက်စရာကောင်းသတုန်း (မေ့တဲ့ဘေးနဲ့အမြင်မှားတဲ့ဘေးပါ ဘုရား) ကဲမမေ့တော့ ဒီအထဲမှာ ဝိဇ္ဇာဆိုတာ မေ့သေးရဲ့လား သမ္မာဒိဋ္ဌိဟာ မေ့သေးရဲ့လား (မမေ့ပါဘူး) သမ္မာသင်္ကပ္ပကကော (မမေ့ပါဘူး) အဲဒီတော့ အမြင်ကောမှားသေးရဲ့လား (မမှားပါဘူး) အမြင်မှားတဲ့ ဒိဋ္ဌိလဲရှိသေးရဲ့လား (မရှိပါဘူး)။
ဖြစ်ပျက်သာရှုပေး
မရှိတော့ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ဝေဒနာကိုသာ-သုံးခုတည်းရှိတဲ့ ဥစ္စာဖြစ်ပျက်သာရှုပေး (မှန်ပါ) ဖြစ်ပျက် ရှုပေးလိုက်လို့ရှိရင်ဖြင့် ပဋ္ဌမအဆက်ကလဲ တဏှာဥပါဒါန် ကံဒယ်အိုးချုပ်တာပဲ (မှန်ပါ) ဒုတိယဒေါသကလေးပေါ်လာ လို့ရှိရင်လဲ ဒေါသကိုဖြစ်ပျက်ရှု ဒုက္ခဝေဒနာကိုး (မှန်ပါ)။ အဲဒါဖြစ်ပျက်ရှုလိုက်တော့ ဒီကဖြစ်ပျက်နဲ့မဂ်နဲ့ မလာသေးဘူး လား (လာပါတယ်) ဒီတော့သောကပရိဝေဒ ဥပါယာသ ဒယ်အိုးတွေဘယ့်နှယ်နေသလဲ (ပျောက်သွားပါတယ်)။
ကဲဒါဖြင့် ဒီကတော့မြင်သမျှမတ္တ ဥပေက္ခာ, ကြားကာမျှမတ္တဥပေက္ခာတွေကော ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှု ရပါတယ်) ဖြစ်ပျက်ရှုလိုက်တော့ ဒီဘက်က အဝိဇ္ဇာသင်္ခါရမချုပ်ဘူးလား (ချုပ်ပါတယ်) သင်္ခါရလုပ်မှဒယ်အိုး ပေါ်မှာကိုး (မှန်ပါ) ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူး)။
အဲဒီတော့ ဪသိပြန်တော့လဲ အလွယ်ကလေးပါကလား။ မပေါ်ကြဘူးလား (ပေါ်လာပါတယ်)။
အဲဒီတော့ ဒီဝေဒနာသုံးခုကို ဒကာ ဒကာမတွေက သောဝေဒနာပရိညာယဆိုတဲ့အတိုင်း ဝေဒနာကို ပိုင်းခြား သိရမယ်။ ဒါကသုခလို့သိရမယ်။ (မှန်ပါ) ဒါကတော့ (ဒုက္ခပါ ဘုရား) ဒါက(ဥပေက္ခာပါ ဘုရား) အဲဒါခန္ဓာကိုယ်ထဲ ပေါ်တိုင်းပေါ်တိုင်း သိပေးပါ (မှန်ပါ)။
ဝေဒနာကို ပိုင်းခြားသိတယ်
အဲဒီကဲ့သို့သိတော့ ဪ ဒါဝေဒနာဘဲ။ နောက်ကျတော့ခဏကလေးနေတော့ ရှုလိုက်တဲ့အခါကျတော့ ရှိသေးရဲ့ လား (မရှိပါဘူး) ဒါဖြင့် ဒကာ ဒကာမတွေက ဝေဒနာလဲသိ။ ဝေဒနာ၏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတွေကော (သိပါတယ် ဘုရား) အဲဒါပိုင်းခြားတာဘဲ (မှန်ပါ)။
ဒါဝေဒနာပိုင်းခြား သိတယ်။ (မှန်ပါ) ဝေဒနာရယ်လို့လဲသိတယ်, သူ အနိစ္စ ဒုက္ခ အနတ္တမှာ လမ်းဆုံးတယ်လို့လည်း သိတယ် (မှန်ပါ)။ ဒါကြောင့်ဝေဒနာကို ပိုင်းခြားသိတယ်။ သဘောကျ ပြီလား (ကျပါပြီ)။
ဒါဖြင့် သော-ထိုပုဂ္ဂိုလ်သည်။ ဝေဒနာ-ဝေဒနာကို, ပရိညာယ-ဝေဒနာတွေလဲသိ, အနိစ္စ ဒုက္ခ အနတ္တတွေလဲ သိသောကြောင့်။ ဒိဋ္ဌဓမ္မေ အနာသဝေါတဲ့ မင်းတို့ချက်ချင်းကို ရဟန္တာဖြစ်နိုင်တယ်တဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) ချက်ချင်း သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်တယ် (မှန်ပါ) ဒါသံယုတ်ပါဠိတော် မှာဟောတာနော် (မှန်ပါ)။
ထိုပုဂ္ဂိုလ်သည် သုခဝေဒနာကို သုခဝေဒနာလို့လဲသိတယ်၊ နောက်ပျက်သွားတော့ အနိစ္စကိုးလို့လဲ နှစ်ချက်မသိ လိုက်ဘူးလား (သိပါတယ်)။ ဒါဖြင့် ဝေဒနာကိုလဲသိ, ပျက်တယ်လို့ကော (သိပါတယ်) သိလိုက်လို့ရှိရင် မဂ်ကသိတာပဲ (မှန်ပါ)။ ဒါကြောင့် ဝေဒနာကိုပိုင်းခြားသိတယ် (မှန်ပါ)။
သောဝေဒနာ ပရိညာယ၊ ဒိဋ္ဌဓမ္မေ အနာသဝေါတဲ့။ တစ်ခါတည်း ကာမာသဝ ဘဝါသဝတွေရှိသေးရဲ့လား (မရှိပါဘူး) အာသဝတွေ အကုန်ချုပ်ပါတယ်၊ တဏှာဥပါဒါန်ကံတွေ အကုန်ချုပ်ပါတယ် (မှန်ပါ) ဒိဋ္ဌိဓမ္မ၌ပင် အာသဝေါ ကင်းနိုင်တာဘဲ။ (မှန်ပါ) အာသဝေါကင်းပေါ့ အာသဝေါ၏ အကျိုးဖြစ်တဲ့ ဒယ်အိုးတွေက ဘယ့်နှယ်တုန်း (ချုပ်ပါတယ်) ပြတ်သွားပြီဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
သေတဲ့အခါမှာ နိဗ္ဗာန်ဆိုတာ သေချာတယ်တဲ့
ဒါကြောင့် ကာယဿဘေဒါ ဓမ္မဋ္ဌောတဲ့မင်းတို့ သေတဲ့အခါမှာ နိဗ္ဗာန်ဆိုတာ သေချာတယ်တဲ့။ ငါသေသေ ချာချာဟောတယ်တဲ့ (မှန်ပါ)။
ဒီဝေဒနာကို ပိုင်းခြားသိရမယ်။ ပိုင်းခြားတာနှစ်ချက်တည်း မှတ်ပါ၊ ဝေဒနာလို့သိတာတစ်ချက် (မှန်ပါ) အပျက်လို့သိတာက (တစ်ချက်ပါ) အဲဒါပိုင်းခြားတာပဲ ဒါဒုက္ခသစ္စာပါ ပါသွားတာပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါမဟောရတာ ကြာလို့ ဒကာ ဒကာမတွေ ဒါကိုဒီနေ့အသားယူပြီး ပြောနေတယ် (မှန်ပါ) ဝေဒနာသုံးပါးနဲ့ လှည့်ရှုလည်းရတာပဲ (မှန်ပါ)။
ကာယဿ-ကိုယ်ခန္ဓာ၏ဘေဒါ-ပျက်တဲ့အခါ၌ (ဝါ) ပျက်ခြင်းကြောင့် ဓမ္မဋ္ဌော-နိဗ္ဗာန်သို့ရောက်သည်။ ဟောတိ-ဖြစ်၏။ ဒီဘဝသေရင် နိဗ္ဗာန်ရောက်တာဘဲ (မှန်ပါ)။
သင်္ချနောပေတိ ဝေဒဂူတဲ့။ ဝေဒဂူ-ရဟန္တာ ပုဂ္ဂိုလ်ဖြစ်သည် ဖြစ်၍။ သင်္ချ-ပုထုဇဉ်ဟူသော အရေအတွက်သို့၊ နဥပေတိ-မရောက်ဘူးကွတဲ့။ ဒါပုထုဇဉ်သေသွားတာ မဟုတ်ဘူး အရိယာသေသေ သွားတာတဲ့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘယ်လောက်အဖိုးတန်တယ် ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီဘက်ဝေဒနာ ပိုင်းခြားလိုက်ပါဦး ဒါကဘာဝေဒနာတဲ့ (ဒုက္ခဝေဒနာပါ) အဲဒုက္ခဝေဒနာလို့ သိတာက တစ်ချက်။ နောက်ရှုလိုက်တော့ ပျက်မသွားဘူးလား (ပျက်သွားပါတယ်) ဒုက္ခဝေဒနာလဲသိတယ် ပျက်တယ်ဆိုတာကိုလဲ သိတယ်ဆိုတာဒါဝေဒနာကို ပိုင်းခြားသိတာပဲ (မှန်ပါ)။
ဝေဒနာလို့လဲသိတယ် ပျက်တဲ့တရားကိုလဲသိတယ် ဆိုတော့သူကိုသေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိတာ (မှန်ပါ) မသိဘူးလား (သိပါတယ်)။
အဲဒီကဲ့သို့ သိလို့ရှိရင် သောဝေဒနာပရိညာယ၊ ဒိဋ္ဌဓမ္မေအနာသဝေါတဲ့၊ ဒီဘက်က အာသဝတွေ မကင်းဘူးလား (ကင်းပါတယ်) ကင်းသွာတော့ ဒီဒယ်အိုးတွေကော (ပျောက်ပါတယ်)။
ဒယ်အိုးတွေကော ပျောက်ပါတယ်
အဲ ဒီလိုသိသိပေးဖို့ (မှန်ပါ) ဒီကလဲ ဥပေက္ခာဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း ဥပေက္ခာဝေဒနာလို့လဲသိ (မှန်ပါ) နောက်ကျတော့ ဘယ်လိုသိမလဲ (ပျက်တယ်လို့သိရပါတယ်) ပျက်တယ်လို့ သိသွားတဲ့ အခါကျတော့ ဒါဥပေက္ခာဝေဒနာ ကို ပိုင်းခြားသိသွားတာပဲ (မှန်ပါ)။ သစ္စာသိသွားတာတဲ့ကွ (မှန်ပါ) မသိသေးဘူးလား (သိပါပြီ)။
အဲဒီလိုသိသွားတော့ ဟောဒီအနာသဝလာသေးရဲ့လား (မလာပါဘူး)။ အဝိဇ္ဇာသဝလာသေးရဲ့လား (မလာပါဘူး)။ ဒီကကာမဘဝတွေကော (မလာပါဘူး) မလာတော့ ဒီအာသဝတွေ မချုပ်ဘူူးလား (ချုပ်ပါတယ်) သူချုပ်သွားပေ့ါဘဲ။ အာသဝရှိမှ ဒယ်အိုးလာစရာ လိုသေးသလား (မလိုပါဘူး) ဒိဋ္ဌဓမ္မေအနာသဝါဆိုတာ ကိုက်ပြီလား (ကိုက်ပါပြီ)။
အဲဒီလိုသေကြည့်စမ်းပါတဲ့ ကာယဿဘေဒါဓမ္မဋ္ဌော၊ သင်္ချနောပေတိသေဂု-ရဟန္တာသေတာကွတဲ့ (မှန်ပါ)။
သုဗြဟ္မာနတ်သားကို ဘုရားကဗောဇ္ဈင်မဂ္ဂင် အကျင့်ပဋိပတ် ဝိပဿနာတွေဟောလိုက်တဲ့အခါ ခုနင်ကပြောခဲ့ တဲ့ နတ်သမီးငါးရာရော သုဗြဟ္မာနတ်သားရော အကုန်လုံး သောတာပန်တည်တယ် (မှန်ပါ)။
ဘေးနှစ်ခုရှောင်ရင် ကိစ္စပြီးတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ထိုဘေးနှစ်ခုရှောင်ရင် ကိစ္စပြီးတယ် (မှန်ပါ) ဘာဘေးဘာဘေးပါလိမ့် (အသဒ္ဓမ္မတော ဝါနဲ့ အသန္ဒိဋ္ဌိတောဝါပါ) မြန်မာလိုပြန်လိုက်တော့ အသဒ္ဓမ္မတောဝါက မေ့ဘေး၊ အသန္ဒိဋ္ဌိတောဝါက (အမြင်မှားတဲ့ ဘေး)။
မေ့ဘေးဆိုတာက ဖြစ်ပျက်တွေမေ့တဲ့ဘေး ရှင်းပြီလား (ရှင်းပါပြီ) ဝေဒနာကိုလာတယ် ဝေဒနာဖြစ်ပျက်ကို မေ့တယ် (မှန်ပါ)။ ဒုက္ခဝေဒနာကိုမေ့တယ် ဒုက္ခဝေဒနာဖြစ်ပျက်ကိုမေ့တယ် (မှန်ပါ့) ဥပေက္ခာဝေဒနာကို (မေ့ပါတယ်) ဖြစ်ပျက်ကို (မေ့ပါတယ်)။
အဲဒီမေ့ဘေးသာ သင့်မယ်ဆိုလို့ရှိရင် အမြင်မှားတဲ့ ဘေးကနောက်ကလိုက်လာရင် ဒယ်အိုးချည့် အမွေရမယ် ခင်ဗျားတို့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ရှင်းပြီလား (ရှင်းပါပြီ)။