14106

မာတိကာသို့

သံသရာရှည်လေလေ ဒုက္ခများလေလေ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသောတရားတော်

သံသရာရှည်လေလေ ဒုက္ခများလေလေ

သံသရာရှည်လေလေ

ဒကာ ဒကာမတို့ သံသရာရှည်လေလေ ဒုက္ခရှည်လေလေပဲဆိုတာ မှတ်ထားရမယ် (မှန်ပါ့)။

သံသရာ ရှည်လေလေ (ဒုက္ခ ရှည်လေလေပါ ဘုရား) သံသရာ ရှည်လေလေ ဒုက္ခရှည်လေလေဆိုတာ သိနေတော့ သံသရာဆိုတာ ဘာပါလိမ့်မလဲလို့ မေးတော့ ဒကာ ဒကာမတွေ၏ ယခုစိတ်တွေဟာ တစ်စိတ်ပြီး တစ်စိတ်ဖြစ်၊ တစ်စိတ်ပြီး တစ်စိတ်ဖြစ်နဲ့ အဲဒီကဲ့သို့ ဒီစိတ်တွေ ဖြစ်လိုက်ချုပ်လိုက် ဖြစ်လိုက်ချုပ်လိုက်နဲ့ တစ်ခါတည်း ဖြစ်လိုက်ချုပ်လိုက် ဖြစ်လိုက်ချုပ်လိုက်လို့ ဆိုတာလည်း မိမိပေါ်လိုက် မိမိပျက်စီးလိုက်, မိမိနာမ်ပေါ်လိုက် မိမိ ပျက်စီးလိုက်နေတာပဲ။ သမုတိသစ္စာနယ်ကနေပြောရင် ဒီအတိုင်း ပြောရမှာပဲ (အမှန်)။

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာဆိုတာဘာပါလိမ့် မိမိ အသေများတာ သံသရာ (မှန်ပါ)။

ဘယ်လိုဆိုကြမလဲ (မိမိအသေများတာ သံသရာပါ ဘုရား) မိမိ အသေများတာ သံသရာလို့ မှတ်ထားလိုက်ကြပါ (မှန်ပါ)။

ဒါဖြင့် သံသရာရှည် သံသရာရှည်ဆိုတော့ ဒကာ ဒကာမတွေက ဖြုန်းခနဲမကြောက်ကြပေဘူးနော်။ အခု သေသေချာချာ တွေးတော့မှ တစ်စိတ်ဖြစ်ပြီး အဲဒီစိတ်ပျက်တယ်ဆိုတော့ မိမိတစ်ယောက်သေတာပဲ (မှန်ပါ)။ နောက်တစ်စိတ်ဖြစ်ပြီး နောက်တစ်စိတ်ပျက်တယ်ဆိုရင်တော့ (မိမိတစ်ယောက် သေတာပါပဲ)။ မိမိတစ်ယောက် သေတာပဲ ဆိုတာငြင်းဖို့ လိုသေးသလား (မလိုပါဘူး)။

သံသရာရှည်ဆိုတာက မွေးလိုက်သေလိုက်

ဒါဖြင့် သံသရာရှည်ဆိုတာက မွေးလိုက်သေလိုက်, မိမိမွေးပြီး မိမိသေတာ, မိမိဖြစ်ပျက်မှုကို မိမိခဏခဏ သေတာ အများကြီးတွေ့ကြုံရတာကို သံသရာရှည်တယ်လို့ခေါ်တာဘဲ (မှန်ပါ)။

ဒါဖြင့် သံသရာရှည်ဆိုတာ ဒကာ ဒကာမတို့ အကောင်းများပါကြရဲ့လား (မပါပါဘူး) ခဏခဏ သေရတာကို ဘာခေါ်ကြမတုံး (သံသရာရှည်တာပါ)။

ဒါဖြင့် ဦးခင်မောင်တို့ မရှည်ချင်ပါနဲ့တော့နော် (မှန်လှပါ ဘုရား)။ ဒကာ ဒကာမတွေ ရှည်ချင်တဲ့စိတ် ဖျောက်ကြပါတော့ (မှန်ပါ)။ သံသရာရှည်တယ်ဆိုတော့ သာမညပြောလိုက်တဲ့ အခါကျတော့ သံသရာရှည်လိုက်တာဆိုတော့ ဟိုဘဝနဲ့ ဒီဘဝ၊ ဒီဘဝဒါလောက်ထင်နေကြတယ် (မှန်ပါ)။

ဒါလောက်မဟုတ်ပါဘူး။

ဒကာ ဒကာမတို့ ခန္ဓာအာယတနတို့၏ မပြတ်လည်ရာ သံသရာလို့ဆိုပေါ့ ဦးခင်မောင်၊ အခုဖြစ် အခုပျက်, အခုဖြစ် အခုပျက်တွေ ရှည်နေတာကိုဆိုတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သံသရာရှည်ဆိုတာဘာပါလိမ့် ဒကာ ဒကာမတို့ (အခုဖြစ် အခုပျက်, အခုဖြစ်၍ အခုပျက်တွေ ရှည်နေတာပါ ဘုရား) အခုဖြစ် အခုပျက်ဆိုတာ ခဏခဏမွေး ခဏခဏသေ, ခဏခဏမွေး ခဏခဏသေ၊ အနေမပါဘူးဆိုကြပါစို့ (မှန်လှပါ)။ အနေမပါပဲနဲ့ မွေးလိုက် သေလိုက်, မွေးလိုက်သေလိုက်, မွေးလိုက်သေလိုက်။ စိတ်တစ်ခု ဖြစ်လိုက်၊ စိတ်တစ်ခု ပျက်လိုက်ပေါ့ဗျာ (မှန်ပါ)။ ဒုတိယ စိတ်တစ်ခုဖြစ်လိုက်, ဒုတိယစိတ်တစ်ခုပျက်လိုက်, တတိယစိတ်တစ်ခု ဖြစ်လိုက်, တတိယစိတ်တစ်ခုပျက်လိုက်, အဲဒါဘာခေါ်ကြမလဲ (သံသရာပါ ဘုရား) သံသရာဆက်နေတာလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)။

ဒါဖြင့် သံသရာကို တိုတိုပြောကြစို့ဆိုတော့ အသေချင်းဆက်နေတဲ့ သံသရာဘဲ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (အသေချင်းဆက်နေတာ သံသရာပါ ဘုရား)။

အသေချင်းဆက်နေတာ သံသရာ

အကယ်၍ ဘုန်းကြီးပြောတာ အသေချင်းဆက်နေတာ သံသရာလို့ဆိုတာကို ဒကာ ဒကာမတွေက ဪ ဘုန်းကြီး ပြောတာတော့ကြားရပြီ။ ကိုယ်တိုင်ကလေးများ ကြည့်ချင်သေးတယ်ဆိုရင် ခန္ဓာကိုယ်ပြန်ကြည့် (မှန်ပါ) ခန္ဓာကိုယ် ပြန်ကြည့်လိုက်တော့ ဦးခင်မောင်ရေ၊ တစ်ခုသော စိတ်ကဖြစ်ပြီးပျက်, နောက်တစ်ခုသော စိတ်ကလဲပေါ်ပြီး ပျက်။

နောက် တစ်ခုသော စိတ်ကကော(ပေါ်ပြီးပျက်တာပါဘဲ) အဲဒါတစ်ယောက်နဲ့ တစ်ယောက်သေနေတာ မဟုတ်လား (သေနေတာပါ ဘုရား)။ ဒါဖြင့် အသေချင်းဆက်တာ ဘာခေါ်ကြမယ် (သံသရာပါ ဘုရား)။

ဒါဖြင့် သံသရာရှည်ချင်ကြသလားလို့ မေးတယ် (မရှည်ချင်ပါဘူး ဘုရား) သံသရာဆိုတာ ဘဝကူးမှ သံသရာလား ဒီဘဝအသေဆက်နေတာလဲ ဘယ့်နှယ်ဆိုကြမလဲ (သံသရာပါ ဘုရား)၊ ဒါဘုန်းကြီးပြောတာကို ဒကာ ဒကာမတွေက မယုံသေးလို့ရှိရင် ဉာဏ်နဲ့ ခန္ဓာကြည့်လိုက် (မှန်ပါ)။

ဘုန်းကြီးပြောတာမယုံသေးရင် (ဉာဏ်နဲ့ ခန္ဓာကြည့်ရပါမယ် ဘုရား) ဉာဏ်နဲ့ ခန္ဓာကြည့်လိုက်တော့ စားချင်တဲ့ စိတ်ကလေးပေါ်လိုက် ပျက်လိုက်၊ စားချင်တဲ့စိတ်ပြီးတော့လဲ ဒကာ ဒကာမတို့ ဆေးလိပ်သောက်ချင်တဲ့ စိတ်ကလေး ပေါ်လိုက်, ပျက်လိုက်နဲ့ ဒါတွေဟာ ကိုယ်ခန္ဓာတွေ သေနေတာမဟုတ်လို့ ဘာတုန်း။

ကိုယ့်ဝိညာဏက္ခန္ဓာ ခဏခဏ သေနေတာကို အားလုံးဒကာ ဒကာမတို့ ဘာဆိုကြမလဲ (သံသရာပါ ဘုရား) သဘောပါပြီလား (ပါပါပြီ)။

ဒါဖြင့် ဒီသံသရာကြီးမှာ ပျော်စရာများပါလို့ ဒကာ ဒကာမတွေက သံသရာရှည်ချင်ရတာလား။ မသိလို့ရှည်ချင် တာ (မှန်ပါ)။

မသိလို့ရှည်ချင်ကြတာ

ဘယ်လိုဆိုကြပါ့မယ် (မသိလို့ရှည်ချင်တာပါ ဘုရား) မသိလို့ရှည်ချင်ကြတာနော်။ ပြုံးတယ် ဒကာ ဒကာမတွေက သားနဲ့သမီးနဲ့ ပစ္စည်းကလေးရလို့ ပြုံးတယ်, သားနဲ့ သမီးနဲ့တွေ့လို့ ပြုံးတယ်၊ ပြုံးတဲ့ စိတ်ကလေးလဲ ဦးခင်မောင် ပြုံးပြီးတော့ သေပြန်တာပဲ (မှန်ပါ)။

ပြုံးတဲ့စိတ်ကလေးလဲ ပြုံးပြီဘာဖြစ်သတုံး (သေပြန်ပါတယ် ဘုရား) ဒါဖြင့်ပြုံးတဲ့ လူတစ်ယောက် သေပြန်ပြီ ဒကာ ဒကာမတို့ (မှန်ပါ)။

အဲဒီတော့ ပြုံးတာကလေးဟာ ပြုံးတယ်ဆိုတာရှိသေးတယ် ပြုံးတဲ့နောက်က အသေလိုက်လာတာဘဲ (မှန်ပါ)။ အဲဒီတော့ပြုံးတဲ့နောက်က အသေလိုက်လာတယ်။ မဲ့တယ်ဆိုတာတောင်မှ အဆုံးမမဲ့ရသေးဘူး။ မဲ့တဲ့နောက်က အသေလိုက်လာတယ် (မှန်ပါ)။ ဒါဖြင့်အသေဆက်တာ ဘာခေါ်ကြမယ် (သံသရာပါ ဘုရား)။

ကိုယ်တိုင်မြင်ချင်ရင် ဉာဏ်နဲ့ကြည့်ပေးပါ

အဲဒါ ဘုန်းကြီးပြောတာက စာထဲကပြောနေပါတယ်၊ ကိုယ်တိုင်မြင်ချင်ရင် ဉာဏ်နဲ့ကြည့်ပေးပါ (မှန်ပါ)။

ကိုယ်တိုင်မြင်ချင်ရင် (ဉာဏ်နဲ့ကြည့်ပေးရပါမယ် ဘုရား) ဉာဏ်နဲ့ကြည့်ပေးလိုက်လို့ရှိရင်ဖြင့် ဪ ဒါဟာ တစ်ဘဝထဲမှာပဲ အသေပေါင်းဘယ်လောက်တုန်းလို့မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါဘူး ဘုရား)။ ရုပ်ဘက်က ဆိုလို့ရှိရင် မျက်စိတစ်မှိတ်ကို ကုဋေငါးထောင် ဝီထိပေါင်း။

ရုပ်လဲနေတာတွေ နာမ်ဘက်ကဆိုရင် ကုဋေတသိန်းတဲ့ မျက်စိတစ်မှိတ်မှာ သေနေတာ အသေပေါင်း အသေပေါင်း (မှန်ပါ)။

မျက်စိတစ်မှိတ်ကို ရုပ်ဘက်ကဘယ်လောက်တဲ့ (ငါးထောင်ပါ) ကုဋေငါးထောင်။ ကုဋေကလေးထည့်လိုက်ပါဦး (မှန်ပါ)။ ဒါဟာ ဥပမာ-ဦးခင်မောင် တစ်ယောက်တည်းလဲနေတာ (မှန်ပါ)။ သေလိုက် အစားထိုက်-သေလိုက်အစားထိုက် လဲ နေတာ (မှန်ပါ)။ နာမ်ဘက်က ကုဋေတစ်သိန်းတဲ့ (မှန်ပါ)။

ဒကာ ဒကာမတို့ နာမ်ဘက်က ဒကာ ဒကာမတို့သေသေနေလိုက်တာ ဘယ်လောက်ပါလိမ့် (ကုဋေတစ်သိန်းပါ ဘုရား)။ အဲဒါမျက်စိတစ်မှိတ်အချိန်မှာ ကုဋေတစ်သိန်းလဲနေတယ် (မှန်ပါ)။

အဲဒါလောက်တောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသေဆက်နေတဲ့ ဥစ္စာကြီးကို သံသရာလို့ခေါ်မယ် (မှန်ပါ)။

ဒါဖြင့် အသေကောင်များတာ သံသရာ (မှန်ပါ) အသေထပ်တာ (သံသရာပါ ဘုရား)။ အသေဆက်တာ (သံသရာပါ ဘုရား)၊ ဒါဖြင့် သံသရာဆိုတာ မရှင်းသေးဘူးလား ဒကာ ဒကာမတို့ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သံသရာရှည်ချင်သေးတယ်ဆိုတော့ အသေဆက်ပါရစေ။ သဘောကျပြီလား (ကျပါပြီ) အသေဆက်ပါရ စေဦးဆိုတာနဲ့ ဒုက္ခဆက်ပါရစေဦးဆိုတာနဲ့ (အတူတူပါပဲ ဘုရား) အတူတူပဲဆိုတော့ သံသရာရှည်ချင်တဲ့ပုဂ္ဂိုလ်ဟာ မိုက်လုံးပိုပါရစေဦး (မှန်ပါ့)/

ဒုက္ခတွေတပည့်တော်တို့ မရေမတွက်နိုင်အောင်ကြုံပါရစေဦး (မှန်ပါ့) ဒီလိုဆိုတာနဲ့ကော ထူးသေးရဲ့လား (မထူးပါဘူး) ဒီလောက်တောင်တော့ဖြင့် ဆိုးဝါးလွန်းပြီဆိုလို့ ဦးဝတို့ပြောရင်ဖြင့် ခံရရုံပဲရှိမှာပဲ (မှန်လှပါ ဘုရား) မသိတဲ့ပုဂ္ဂိုလ်ကတော့ ရှည်ချင်တယ်နော် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့သူများပြောကို တင်းတိမ်မနေနဲ့နော် (မှန်ပါ) ကိုယ့်ခန္ဓာကိုယ်သာ ဆက်ကြည့်လိုက် ပထမစိတ်ကလေး ဖြစ်လာလိုက်ပျက်သွားလိုက်။ ဒုတိယစိတ်ကလေးဖြစ်လာပြန်ကော (ပျက်ပါတယ် ဘုရား) ဒါဟာ တစ်ယောက်ယောက်သေနေတာ မဟုတ်လို့ဘာတုံး (ဟုတ်ပါတယ် ဘုရား) ခန္ဓာဖွဲ့ကြည့်ပါ ဦးခင်မောင် ဝိညာဏက္ခန္ဓာ မဟုတ်လား (မှန်ပါ) ဝိညာဏက္ခန္ဓာဆိုတော့ သူတစ်ပါးခန္ဓာလား မိမိဝိညာဏက္ခန္ဓာလား (မိမိဝိညာဏက္ခန္ဓာပါ ဘုရား)။

ကိုယ့်ခန္ဓာ ပျက်နေတာ

ဒါကလေးဟာ ဖြစ်ပြီးပျက်သွားတယ်၊ နောက်တစ်ခါ ဝိညာဏ်ကလေးပေါ်ပြန်တော့ ဖြစ်ပြီးပျက်ပြန်တော့ ကိုယ့်ခန္ဓာပျက်နေတာမဟုတ်လို့ ဘာတုံး (ကိုယ့်ခန္ဓာ ပျက်နေတာပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သံသရာဆိုတာယခု ဘဝမှာပဲ အလောင်းပေါင်းဘယ်လောက် သေရသတုန်း (မရေမတွက်နိုင်ပါဘူး ဘုရား) ဒါဖြင့် ဘဝများစွာ သံသရာမှာ ဆိုလို့ရှိရင် ဘဝများစွာဆုတောင်းတဲ့ ပုဂ္ဂိုလ်များ အသေကြိုက်လွန်းတယ်။ ဦးခင်မောင် ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) အသေကြိုက်လွန်းတယ် ဆိုတော့ ဒကာ ဒကာမတွေမသိတဲ့ ပုဂ္ဂိုလ်မို့ ကြိုက်တာပဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါကြောင့် သံသရာကြီးကို မုန်းကြပါတော့ ရွံကြပါတော့လို့ဆိုတာဟာ ဘုန်းကြီးကပြောတယ်လို့ အောက်မေ့ မနေနဲ့ ကိုယ့်ဟာကိုယ် ဉာဏ်နဲ့ကြည့်ပြီး မုန်းကြစမ်းပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီဘုရာ)။

ကောင်းပါပြီ ဒါဖြင့် ခန္ဓာတို့၏ မပြတ်သေပွဲဆက်နေတာ သံသရာ (မှန်ပါ)။

ဦးခင်မောင် ဘာတဲ့တုန်း (ခန္ဓာတို့၏မပြတ်သေပွဲဆက်နေတာ သံသရာပါ ဘုရား)။

ခန္ဓာတို့၏ မပြတ်သေပွဲဆက်နေတာ သံသရာလို့ဆိုတာ ဒကာ ဒကာမတွေက မှတ်ထားလိုက်တာ့ တော်လောက် ပါပြီ။

ဒီဒုက္ခကြီးဟာဖြင့် အကြီးဆုံးသောဒုက္ခပါပဲ။ ထိုင်နေတဲ့ရုပ်နာမ်ဟာ ထတဲ့ဆီမပါဘူး သေရစ်ခဲ့တယ် (မှန်ပါ)။ ရပ်နေတဲ့ရုပ်နာမ်လဲ အပေါ်ရောက်အောင်မပါဘူး သေရစ်ခဲ့တယ် (မှန်ပါ) ဒီတော့ ဒကာ ဒကာမတွေ အသေဆက်တာ သေချာပြီလား (သေချာပါပြီ)။

အဲဒါဘာခေါ်ကြမလဲ (သံသရာပါ ဘုရား)။ ဒါဖြင့် သိမ်းကြစို့ဟေ့ (မှန်ပါ) သိမ်းကြစို့ဟေ့ ဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ) သိမ်းချိန်လဲ ရောက်ပါပြီဆိုတာ ဦးခင်မောင်တို့ သတိထားပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ သိမ်းချိန်မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား) မျက်လုံးနဲ့မကြည့်နဲ့ ဉာဏ်နဲ့ကြည့်လိုက် ဝမ်းထဲမှာရှူတဲ့ ရှိုက်တဲ့စိတ်ကလေးများ ဒိတ် ဒိတ် ဒိတ် ဒိတ်နဲ့ တစ်ဒိတ်ဟာ တစ်ခါသေတာပဲ (မှန်ပါ ဘုရား)။

ဒီသံသရာကြီးကို ဇာတ်သိမ်းကြစို့

ကိုင်းဒါဖြင့် ဒီသံသရာကြီးကို ဇာတ်သိမ်းကြစို့ (မှန်ပါ) ဇာတ်သိမ်းကြစို့ဆိုတော့ ဦးခင်မောင်နှစ်လုံးထဲနဲ့ပဲ မနေ့ကလိုပဲ ထိမ်းနိုင်တာ ပြောပြမယ်နော် (မှန်ပါ) နှစ်လုံးတည်းနဲ့ သိမ်းနိုင်တယ်လို့ ပေဋကောပဒေသသပါဠိတော်က လာတယ် (မှန်ပါ့) ဒုဝေ ဟေတုဒုဝေ ပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ။ ပကတိသာဝက မဂ်ရဖို့တော့ နှစ်ကြောင်းတည်း ရှိပါတယ်တဲ့ (မှန်ပါ့)။

သာဝကမဂ်ရဖို့ရာ ဘယ်နှစ်ကြောင်းတဲ့တုန်း (နှစ်ကြောင်းပါ ဘုရား) ဒီအတိုင်းသာရေးထား သာဝကမဂ်ရဖို့ နှစ်ကြောင်းတည်းရှိတယ် ဒုဝေဟေတု ဒုဝေပစ္စယာသာဝကဿ သမ္မာဒိဋ္ဌိယာလို့ ပေဋကောပဒေသ ပါဠိတော်မှာလာ တယ် (မှန်ပါ) နှစ်ခုသောအကြောင်းသာရှိတယ်တဲ့ သာဝကပါရမီဉာဏ်ရဖို့ နိဗ္ဗာန်ကြီးအရောက်သွားဖို့ရာ (မှန်ပါ)။

ဘုရားဆုလဲမပန် လက်ဝဲရံ လကျာ်ရံ အဂ္ဂသာဝကဆုနဲ့ မဟာသာဝက ဆုလဲမပန်ပဲနဲ့ ပကတိသာဝကအဖြစ်နဲ့ ကြုံရာနိဗ္ဗာန်ကို မြန်မြန်ယူပါတော့မယ်ဆိုရင် နှစ်ကြောင်းနဲ့ ရနိုင်ပါတယ်တဲ့ (မှန်ပါ)။

ရယူတဲ့နေ့ယူမယ်ဆိုရင်ဖြင့် ဘယ်နှစ်ကြောင်းတုန်း (နှစ်ကြောင်းပါ ဘုရား) ဦးခင်မောင်ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

သိပ်တော့မရှင်းဘူးနော်။ သို့သော် အကျဉ်းချုပ်တော့ နားလည်ပြီ (မှန်ပါ) အခုရရင်အခုယူမယ်လို့ သာဝက ပါရမီဉာဏ်နဲ့ တပည့်တော်အခုရရင် အခုယူမယ်ဘုရားဆိုရင် နှစ်ကြောင်းတည်းကိုသာ ဒကာ ဒကာမတွေ ကြိုးစားရင်း ရနိုင်သတဲ့ (မှန်ပါ) ဒါကြောင့် ဒုဝေဟေတု ဒုဝေပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာဆိုတဲ့ ပါဠိလာတယ်နော် (မှန်ပါ့)။

နှစ်ကြောင်းနဲ့ပဲ ကိစ္စပြီးပါတယ်

ဒါဖြင့် ဒကာ ဒကာတို့ ဒီလိုစာတွေ ကျမ်းဂန်တွေသိပြီး သကာလ နေပြန်တော့လဲ သာဝကပါရမီ ဉာဏ်နဲ့ သောတာပန် သကဒါဂါမီ အနာဂါမ် ရဟန္တာဖြစ်ဖို့ရာ ဆုကြီးတွေ မပန်ပဲနဲ့ နိဗ္ဗာန်ရရင်ပြီးရောဆိုတဲ့ ပုဂ္ဂိုလ်များအတွက် ဖြင့် နှစ်ကြောင်းနဲ့ပဲ ကိစ္စပြီးပါတယ်လို့ လာထားတယ် (မှန်ပါ့ ဘုရား)။

နှစ်ကြောင်းနဲ့ နိဗ္ဗာန်ရောက် နိုင်ပါတယ်လို့ဆို သဖြင့် ဒကာ ဒကာမတို့ သံသရာ မရှည်ချင်ဘဲ ဒီနှစ်ခု ကြိုးစားလိုက်ရင် ပြီးတာပါပဲဆိုတဲ့ ဥစ္စာ ဖြတ်လမ်းပေါ်လာတယ် (မှန်ပါ)။

သံသရာရှည်ချင်ရင် နှစ်ခုသာ အလုပ်လုပ်တော့တဲ့ (မှန်ပါ) နှစ်ခုအလုပ်လုပ်လို့ရှိရင် ဒကာ ဒကာမတို့ အိုစရာ နာစရာ သေစရာတွေ ပူစရာ ဆွေးစရာတွေ အကုန်ဇာတ်သိမ်းနိုင်ပါတယ်ဆိုတာ ပေဋကောပဒေသပါဠိတော်မှာ လာထားလို့ ပိဋကတ်သမိုင်းဝင် သင်္ဂါယနာတင်စာပဲလို့ မှတ်ကြပါ (မှန်ပါ)။

ကဲ ဒီဘက်က ကိုမြရွှေတို့ ဒကာသစ်တို့ ဘယ်နှစ်ကြောင်းတဲ့တုံး (နှစ်ကြောင်းပါ ဘုရား) နိဗ္ဗာန်ကိုရတဲ့နည်းနဲ့ အမြန်ယူမယ်ဆိုရင် ဘယ်နှစ်ကြောင်းအားထုတ်ရမလဲ (နှစ်ကြောင်းအားထုတ်ရမယ်) အဲ ဆုကြီးပန်တော့ မဟုတ်ဘူးပေါ့ ဗျာ။

နိဗ္ဗာန်ရရင် ပြီးရောဆိုရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နှစ်ကြောင်းတည်း အားထုတ်ပါတဲ့ (မှန်ပါ့) များနေသေးသလား (မများပါဘူး) နှစ်ကြောင်းတည်း အားထုတ်ပါတဲ့ ဒုဝေဟေတု ဒုဝေပစ္စယာ သာဝကဿ သမ္မာဒိဋ္ဌိယာ (မှန်ပါ့)။

ကိုင်းနှစ်ကြောင်းကို ပြပါတော့မယ် ဦးခင်မောင် (မှန်ပါ့) (၁) နံပါတ်အကြောင်းက ပရတောစ ဃောသော သစ္စာနုသန္ဓိ၊ သစ္စာနဲ့ ပတ်သက်တဲ့ တရားကိုနာရမယ်တဲ့ ဒါကတစ်ကြောင်း (မှန်ပါ့) သစ္စာတရားကို နာရမယ်။ ဒါ ၁-နံပါတ်အကြောင်း (မှန်ပါ့)။

သစ္စာတရားနာ

သစ္စာတရားနာရမှာက (၁-နံပါတ်အကြောင်းပါ ဘုရား) သေသေချာချာစဉ်းစား ဦးခင်မောင် ဒီပြင်တရား မပါဘူး (မှန်ပါ့) ဘယ်တရားတဲ့တုန်း (သစ္စာတရားပါ ဘုရား)။

အဇ္ဈတ္တဉ္စယောနိသော မနသိကာရော မိမိခန္ဓာကိုယ်ထဲမှာ နှလုံးသွင်းမှန်ရမယ်တဲ့ (မှန်ပါ့) ဒုတိယအချက် ဒါက ၂-နံပါတ်နော် (မှန်ပါ့)။

မိမိခန္ဓာကိုယ်ထဲမှာ နှလုံးသွင်းမှန်ရမယ်။ ဒါက ၂-နံပါတ်နော်(မှန်ပါ့) သစ္စာနဲ့ ပတ်သက်တဲ့ တရားနာမှုက (၁-နံပါတ်ပါ ဘုရား) ကျန်နှစ်ပါးနဲ့ ပြည့်စုံလို့ရှိရင်ဖြင့် ဘယ်အချိန်မဆို နိဗ္ဗာန် ရနိုင်ပါတယ်တဲ့ (မှန်ပါ့)။

သေချာပါပြီ ဒကာ ဒကာမတို့ အားတက်စရာလဲ သိပ်ကောင်းပါတယ်(မှန်ပါ့) မသိလို့ ရှာမတွေ့လို့သာ ကျုပ်တို့ ဘာများလုပ်ရပါလိမ့်မတုံးဆိုပြီး ဟိုဟာလုပ် ဒီဟာလုပ် နိဗ္ဗာန်ရတယ်ဆိုတာနဲ့ အမျိုးမျိုးလုပ်နေကြရပါကလား (မှန်ပါ့) အခုတော့ ဘာတဲ့တုန်းဗျာ ၁-နံပါတ်က (သစ္စာတရားနာ ရပါမယ်) ၂-နံပါတ်က (မိမိခန္ဓာထဲမှာ နှလုံးသွင်းမှန်ရပါမယ်) ဒီနှစ်ခုရှိလို့ ရှိရင်ဖြင့် ပကတိသာဝကဉာဏ် နိဗ္ဗာန်ရနိုင်တာပါပဲတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ လေးလေးစားစား မှတ်ကြစမ်းပါလို့ တိုက်တွန်းလိုက်ပါ (မှန်ပါ့) ဒီနှစ်ခုနဲ့ နိဗ္ဗာန် ရောက်ပါတယ် ဒီနှစ်ခုနဲ့သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပါတယ်လို့ ပေဋကောပဒေသ ပါဠိတော်မှာ သေသေချာချာ လာတဲ့ ဥစ္စာပဲ တိုတိုနဲ့ရောက်နိုင်လျက်သားနဲ့ ကျုပ်တို့လမ်းမသိလို့ ကွေ့ကောက်သွားနေတဲ့ဥစ္စာက ဦးခင်မောင် အတော်မောနေပြီ (မှန်ပ့ါ)။

ဒီတရားတွေဟာ ဒီအာသဝေါတရားတွေဟာ ဖြစ်ပြီး ဒကာ ဒကာမတို့ အကျယ်ပဲ ပြောတော့မယ်နော် (မှန်ပါ့) ဒီဟာကလေးတော့ဖြင့် ဪ ဒို့နိဗ္ဗာန် လိုချင်လို့ရှိရင် ဒီနှစ်ခုကို ကြိုးစားရုံပါပဲလား ဆိုတာ ကလေးတော့ ဒကာ ဒကာမတွေ ဘက်ကကော ကျေကျေနပ်နပ် မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)

၁-နံပါတ်က ဘာလုပ်ရမတုန်း (သစ္စာတရားနာ ရပါမယ်) ၂-နံပါတ်က (မိမိအဇ္ဈတ္တသန္တာန်ကို မှန်ကန်အောင် နှလုံးသွင်းရပါမယ်) အဲ မိမိအဇ္ဈတ္တခန္ဓာမှာ နှလုံးသွင်း မှန်ရမယ် (မှန်ပါ့)။

နှလုံးသွင်းမှန်ရမယ်

မိမိခန္ဓာမှာနော်။ မိမိအဇ္ဈတ္တခန္ဓာမှာ နှလုံးသွင်းမှန်ရမယ် (မှန်ပါ့) ဒီလိုဆိုရင်ဖြင့် သာဝက ပါရမီဉာဏ်နဲ့ နိဗ္ဗာန် ရောက်နိုင်တာပါပဲတဲ့ (မှန်ပ့ါ) သေချာပြီလား (သေချာပါပြီ ဘုရား) သိပ်အဖိုးတန် သွားပါပေါ့လား ဒကာ ဒကာမတို့ (တန်ပါတယ် ဘုရား)။

ဒါကလေးများ ဖျောက်ပစ်လို့ရှိရင်ဖြင့် ခင်ဗျားတို့ အိမ်မှာရှိတဲ့ ရွှေထုပ် ငွေထုပ် စိန်ထုပ်ပျောက်တာ ဘာမှဟုတ်ဘူး ကိစ္စမရှိလှပါဘူး၊ မွဲရုံအပြင် ပိုမရှိပါဘူး (မှန်လှပါ)၊ ဒီဟာပျောက်သွားလို့ ရှိရင်တော့ဖြင့် ခင်ဗျားတို့ သံသရာခရီးမှာ အိုပွဲ နာပွဲ သေပွဲ အပါယ်ငရဲငွေဟာ ငါတို့ဟာချည့်သာ မှတ်ပေတော့ (မှန်ပါ့)။

ဒီနှစ်ခုပျောက်သွားလို့ ဒီမှတ်မှုကလေး ပျောက်သွားလို့ ဒီနှစ်ခုအတိုင်း ခင်ဗျားတို့လုပ်မှုကလေး ချို့ယွင်းချက် ရှိမယ်ဆိုရင်ဖြင့် အိမ်က ရွှေထုပ် ငွေထုပ် တိုက်ရောတာရော အကုန်မီးလောင်တာ ဘာမှ နှမြောစရာမရှိဘူး (မှန်ပါ့)၊ ဒီဟာက အလွန်ချမ်းသာကြီးရမည့် ဥစ္စာပျောက်သွားတာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ချမ်းသာ အစစ်ရမှာ ပျောက်သွားတာ ဒီနှစ်ခုပျောက်သွားရင် (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ ဒီနှစ်ခုပျောက်ရဲပါ့မလား (မပျောက်ရဲပါဘူး) မပျောက်ရဲရင် ပြောစမ်းပါ ကဲ ဘာရယ် ဘာရယ်တုန်း (သစ္စာတရားနာမှုနဲ့, မိမိခန္ဓာနှလုံးသွင်း မှန်ရမယ်)။

အဲဒါတော့ မပျောက်စေနဲ့နော်၊ ဒါသာပျောက်လို့ ရှိရင် ဒကာ ဒကာမတို့ အပါယ်လေးပါးတွေဟာလဲ ငါ့ပစ္စည်း ဖြစ်ရတော့မယ် (မှန်ပ့ါ) အိုစရာ နာစရာ သေစရာတွေ ကော (ငါ့ပစ္စည်းဖြစ်ရမှာပါ ဘုရား)။

ကိုယ့်ပစ္စည်း အကုန်ဖြစ်ရတော့မယ်ဆိုတော့ ဆင်းရဲမျိုးစုံ ကိုယ့်ဟာအကုန်ဖြစ်မှာ ပဲ (မှန်ပ့ါ) ဘာပျောက်သွားလို့တုန်းဆိုတော့ အို နိဗ္ဗာန်ပျောက်နိုင်တဲ့တရား ဒုက္ခသိမ်းတဲ့တရားပျောက်သွားလို့ ဒုက္ခထဲမှာလဲ ပင်လယ်ဝေပြီး နေရစ်ခဲ့ရတယ် (မှန်ပါ့ ဘုရား) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အရေးကြီးတာကိုတော့ မဖျောက်နဲ့

ဒါဖြင့် ဒီဟာကလေးဖြင့် ဦးဇံရင်တို့ ဖျောက်လို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား) ဒကာ ဒကာမတို့ အရေးကြီးတာကိုတော့ မဖျောက်နဲ့နော် (မှန်ပါ့)။

သားကလေး ပျောက်သွား အရေးမကြီး လှသေးပါဘူး၊ သမီးကလေးပျောက် သွားတာ အရေးမကြီး လှသေးပါဘူး ဘာဖြစ်လို့တုန်း ဒါမျိုးတွေက ဘဝများစွာမှာ ပျောက်ဘူးလှပြီ။ ခွဲဘူးလှပြီ သေဘူးလှပြီဆိုတာ ဦးခင်မောင် ဒါတွေက ရိုးနေတဲ့လမ်းတွေပါ။ မရိုးသေးဘူးလား (ရိုးလှပါပြီ ဘုရား)။

ဒီတော့ အခုမှတွေ့ပြီး သကာလ ကျုပ်ဖြင့် မမှတ်မိခဲ့ဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကိုယ်ပိုင်ပစ္စည်း ဖြစ်ရမှာက ဒုက္ခချည့်ပဲ (မှန်ပါ့) အဲဒါ စိုးရိမ်လွန်းလို့ ခင်ဗျားတို့ ရွှေတို့မြတို့ စိန်တို့ ပျောက်တာ အရေးမကြီးလှပါဘူး၊။

ဒီနှစ်ခုပျောက်သွားလို့ရှိရင်ဖြင့် ကိုယ်ကျိုးအကြီးအကျယ် နည်းပေါ့လို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပ့ါ) ဘာပါလိမ့် ဒီနှစ်ခုက (သစ္စာတရားနာဖို့ရယ်, အဇ္ဈတ္တသန္တာန်မှာ နှလုံးသွင်းမှန်ဖို့ရယ်) ဒီနှစ်ခု မှန်လိုက်လို့ရှိရင် နိဗ္ဗာန်ရောက်နိုင် တယ် (မှန်ပါ့) သာဝက ပါရမီဉာဏ်ပြည့်ပြီး နိဗ္ဗာန်ရောက်တယ်ဆိုတော့ ဘာပါရမီမှ တွေးမနေပါနဲ့တော့ ဒါနှစ်ခုလုပ် လိုက်ရုံပဲ (မှန်ပါ့)။

ဦးဝ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေ ဒါလေးလေးနက်နက် ပြောနေတာ အဖိုးတန်လွန်းလို့လို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)။ အဖိုးတန်လွန်းလို့ပါ ဘဝများစွာ သံသရာက ဒီလိုနှစ်ခုသာတွေ့ပြီး ဒီနှစ်ခုအတိုင်း အလုပ်လုပ်ပါတော့မယ်ဆိုရင် ဆရာဒကာဖြစ်ကြတဲ့ ဦးခင်မောင်တို့နဲ့ ဘုန်းကြီးနဲ့လဲ တွေ့စရာတောင် မရှိတော့ပါဘူး (မှန်ပါ့) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊

သူလဲ ဒုက္ခခပ်သိမ်း ငြိမ်းခဲ့လေရာပြီ။ ဟိုပုဂ္ဂိုလ်ဟောတဲ့ ပုဂ္ဂိုလ်လဲ ဒုက္ခခပ်သိမ်းတောင် ငြိမ်းနိုင်ရာပြီ (မှန်ပ့ါ) တရားနာတဲ့ ပုဂ္ဂိုလ်လဲ ဒုက္ခခပ်သိမ်းငြိမ်း, ဟောတဲ့ပုဂ္ဂိုလ်လဲ ဒုက္ခခပ်သိမ်းငြိမ်း ဘာပူမှ မရှိတော့ဘူး (မှန်ပါ့) ရှိစရာ မြင်ကြသေးရဲ့လား (မမြင်ပါဘူး ဘုရား)။

အဲဒါကို ရွှေထုပ် ငွေထုပ်မက အဖိုးတန်လှတဲ့ တရားဒေသနာနည်းကို ရခဲ့တဲ့ဘဝက မရှိတော့ အင်မတန်မှ ကျုပ်တို့မှာ သံသရာထဲမှာ သေခဲ့ရတာ မဆုံးနိုင်ခဲ့ဘူး။ အသေတွေဟာ ကိုယ့်ခန္ဓာချည့် ဖြစ်နေတယ် (မှန်ပါ့) ငရဲတွေဟာ ကိုယ့်ငရဲချည့် ဖြစ်နေတယ် (မှန်ပါ့) ဘယ်ငရဲ ဘယ်အပါယ်ဖြင့် ငါမရောက်ဖူးဘူး လို့ရှိရဲ့လား (မရှိပါဘူး)။

သာဝက ပါရမီဉာဏ် အကြောင်းနှစ်ပါး

အဲဒါလောက် ဆင်းရဲတွေ အနန္တဆုံခဲ့ ကြုံခဲ့ရတဲ့အဖြစ်ဟာ ဘာမပေါ်ခဲ့လို့တုံးလို့ဆိုတော့ အခု သာဝက ပါရမီဉာဏ် အကြောင်းနှစ်ပါး မပေါ်ခဲ့လို့လို့ မှတ်လိုက်ကြစမ်းပါ (မှန်ပ့ါ ဘုရား) ဒီအကြောင်းနှစ်ပါးက ဘာပါလိမ့် (သစ္စာတရားနာမှု, မိမိခန္ဓာနှလုံးသွင်းမှန်မှုပါ ဘုရား)။

အဲ တရားမနာဘဲနဲ့တော့ ဦးခင်မောင် နှလုံးသွင်းမှန်မှုပါ ဘုရား) အဲ တရားမနာဘဲနဲ့တော့ ဦးခင်မောင် နှလုံးသွင်းမှန်ဖို့ရာ ဘယ်နည်းနဲ့မှ မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိုင်း ဒီပေဋကောပဒေသမှာ ပြလိုက်တော့ သိပ်ကောင်းတယ်၊ ဘယ်လိုများကောင်းသတုန်းဆိုတော့ သစ္စာတရားကို ဥပမာမယ် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ခဏခဏဖြစ်ပျက်နေတယ် ဖြစ်ပျက်နေတယ်။

အဲဒါဒုက္ခသစ္စာတွေပဲ၊ ပြောင်းရတာလဲ ဒုက္ခသစ္စာ, ရွှေ့ရတာလဲ ဒုက္ခသစ္စာ, အောက်ကပူတာလဲ ဒုက္ခသစ္စာ,အပေါ်က ခြုံထည် ရုံအထည်တွေ ဖုံးရဖိရတာလဲ ဒုက္ခသစ္စာ။စောင်းရငဲ့ရတာတွေလဲ ဒုက္ခသစ္စာပဲဆိုတော့ အကုန် ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာဘုန်းကြီးက ဟောနေတယ် (မှန်ပါ့)။

ဟောနေတော့ ဒကာ ဒကာမတွေမှာ ဪ ဘုန်းကြီးဟောနေတဲ့အတိုင်း ခန္ဓာကိုယ်ကြီးကဖြင့် ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာတဲ့ဆိုတဲ့ သိလုံးကလေးတော့ ရောက်မလာဘူးလား (ရောက်လာပါတယ်) ဉာတပရိညာသိလုံးကလေး ရောက်လာတယ် (မှန်ပ့ါ)။

ဉာတပရိညာသိလုံးကလေး

ဉာတပရိညာသိလုံးကလေး ရောက်လာတယ် (မှန်ပါ့) ဉာတပရိညာ သိလုံးကလေး ရောက်လာတော့ ဒီသိနေတဲ့ အချိန်မှာဘဲ ဒကာသစ်တို့ ကိုမြရွှေကို ကိလေသာရှိသေးသလား (မရှိပါဘူး ဘုရား) ဒီအချိန်ကလေးမှာ ကိလေသာ မရှိတော့ဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ဒါဒုက္ခသစ္စာလို့ ကြားနေရတဲ့အတွက် ဒါတွေဟာ ဒုက္ခခန္ဓာကိုယ်ကြီးဟာပဲ၊ ဒုက္ခအခု ပေါ်လာတဲ့ တရားဟာ ဒုက္ခသစ္စာ။ ပျက်သွားတာလဲ ဒုက္ခသစ္စာ။

ပြောင်းရွှေ့နေရတဲ့ ဒုက္ခသစ္စာ, ခြုံရုံနေရတဲ့ ဒုက္ခသစ္စာ, ဖုံးဖိနေရတဲ့ ဒုက္ခသစ္စာ, စောင်းရငဲ့ရတာကော (ဒုက္ခသစ္စာပါ) အကုန် ဒုက္ခသစ္စာ တွေကိုး။ ဟုတ်လိုက်တာ ဟုတ်လိုက်တာ ဒုက္ခသစ္စာတွေလို့ ဒီတရားဟာ ဒုက္ခသစ္စာတရား နာနေရတာကိုးဗျ (မှန်ပ့ါ)။ နာနေတော့ ဦးခင်မောင်တို့ အချိန်မှာ ဒီနာတဲ့အချိန်မှာ ကိလေသာ ကြားဝင်သေးရဲ့လား (မဝင်ပါဘူး)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးမှာ ဥပမာထင်လာတယ်။ သစ်တုံးနှစ်ခု မီးရှို့တော့မယ်ဆိုရင် အထဲမှာ အစေးတွေ ရေတွေ ခြောက်ခမ်းနေတဲ့ သစ်တုံးကို မီးရှို့မယ်ဆိုရင် ဦးခင်မောင် လွယ်မှာပဲ (မှန်ပါ့) အစေးတွေ ရေတွေရှိတဲ့သစ်တုံးဆိုရင်တော့ (မလွယ်ပါဘူး ဘုရား)။

ဒီမှာလဲ သစ္စာတရား နာနေတဲ့ အခိုက်အတန့်မှာ ဒကာ ဒကာမတွေ သန္တာန်မှာ ကိလေသာအစေးတွေ ခြောက်နေတယ် (မှန်ပ့ါ) အဲဒီအချိန်မှာ ဒီအဇ္ဈတ္တကို တစ်ခါတည်း ဪ ဟောတဲ့အတိုင်း ခန္ဓာကိုယ်ကြီးဟာ ဖြစ်နေပါ ကလားလို့ နှလုံးသွင်းမှန်လိုက်လို့ရှိရင် တစ်ခါတည်းနဲ့ ဒီတရားပွဲတည်းမှာပင် သေတာပန်တည်သွားနိုင်တာပဲ (မှန်ပါ့ ဘုရား) ဘာဖြစ်လို့တုန်း ကိလေသာခြောက်နေတုန်း မဂ်မီးနဲ့ ရှို့လိုက်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ကိလေသာခြောက်နေတုန်း မဂ်မီးနဲ့ ရှို့

ကိလေသာခြောက်နေတုန်းကို (မဂ်မီးနဲ့ရှို့ပါတယ်) မဂ်မီးနဲ့ ရှို့လိုက်တော့ ဒီခန္ဓာကြီးဟာ တစ်ခါတည်း ဒုက္ခခန္ဓာကြီးဟာ ဒကာ ဒကာမတို့ ဇာတ်သိမ်းသွားနိုင်တယ်ဆိုတဲ့ ဥစ္စာသေသေချာချာမှတ်ပါ (မှန်ပါ့) ဒါက ဘုရားပေးတဲ့ ဥပမာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီလိုသစ္စာတရားကို နာနေတဲ့ အခိုက်အတန့် ဘာတွေများ ခြောက်ခမ်းနေတယ်ဆိုတာ သတိထားလိုက်စမ်းပါ။ (ကိလေသာ ခြောက်ခမ်းနေပါတယ် ဘုရား) ဟာ ဒါဖြင့်ခင်ဗျားတို့ ခန္ဓာကိုယ်သစ်တုံးကြီးဟာ ရေမရှိ, အစေးမရှိဆိုတဲ့ ခြောက်ခမ်းနေတဲ့ သစ်တုံးကြီးဖြစ်တဲ့အခါမှာ နှလုံးသွင်းမှန်မှန်နဲ့ ဒါတွေဟာ အဟုတ်ကို ဒုက္ခသစ္စာတွေပဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေပဲလို့ နှလုံးသွင်းကြည့်လိုက်စမ်းပါတဲ့။

ဝိပဿနာမဂ်ဉာဏ်နဲ့ပေါ့ဗျာ (မှန်ပ့ါ) တစ်ခါတည်း ဒီခန္ဓာကိုယ်ကြီးဖြင့် ကိလေသာ အစေးခြောက်တဲ့ အချိန်မှာ မီးရှို့လိုက်တဲ့ အခါကျတော့ မလောင်ဘဲ ခံနိုင်သေးရဲ့လား (မခံနိုင်ပါဘူး) ဒါဖြင့် မဂ်ဉာဏ်နဲ့ တစ်ခါတည်း ခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာခန္ဓာကိုယ်ကြီး မီးရှို့ပစ်လိုက်တဲ့ အခါကျလို့ရှိရင် ခန္ဓာကိုယ် ပျောက်ပြီး သကာလ နိဗ္ဗာန်ကိုမြင်တဲ့ မဂ်ဉာဏ်ဟာ်အစစ်ဖြစ်လာတာဘဲ (မှန်ပ့ါ)။

သစ္စာတရားကို နာဦးဆိုတာ

ဒါဖြင့် သစ္စာတရားကို နာဦးဆိုတာ ကိလေသာအစေးခြောက်အောင်လုပ်တာ (မှန်ပါ့) အဇ္ဈတ္တကို နှလုံးသွင်း မှန်အောင်လုပ်လိုက်ဆိုတာက မီးရှို့ပစ်လိုက်တာပါပဲ (မှန်ပါ့) ဦးခင်မောင်ဘယ်လောင်အဖိုးတန်သတုန်း (တန်ပါတယ် ဘုရား)။

အင်မတန် အဖိုးတန်သွားတယ် ဒကာ ဒကာမတို့ ဉာဏ်ကလေးနဲ့ ကြပ်ကြပ်စဉ်းစားကြစမ်းပါ။ သစ္စာတရားနာမှု နှလုံးသွင်းမှန်မှုနဲ့ပဲ ကိစ္စပြီးတယ်ဆိုတော့ သစ္စာတရားကို သေသေချာချာနာနေရတော့ ခန္ဓာကိုယ်ထဲမှာ သာယာတဲ့ ကိလေသာ အစေးတွေဟာ ဦးခင်မောင်တို့ ဒကာသစ်တို့ ရှိကြသေးရဲ့လား (မရှိပါဘူး ဘုရား) သေချာတယ်နော် (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးမှာ ကိလေသာ အစေးခြောက်ခမ်းနေတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒီအချိန်မှာ ဦးဝတို့ ဦးခင်မောင်တို့က နှလုံးသွင်း မှန်မှန်နဲ့ ဖြစ်ဒုက္ခ ပျက်ဒုက္ခ အစစ်ပဲဟေ့ ဘာမှမရောဘူးလို့ လုပ်ပစ်လိုက်စမ်းပါ။ တစ်ခါတည်း ဒီခန္ဓာကြီးဟာ ဖြစ်ပျက်မြင်နေရာမှ ဉာဏ်ထဲမှာ ဖြစ်ပျက်တွေ မပျောက်ပေဘူးလား (ပျောက်ပါတယ်)၊ ပျောက်သွားတာဟာ ကိလေသာ အစေးခြောက်တုန်းကို ဉာဏ်မီးနဲ့ ရှို့လိုက်တာနဲ့ မဂ်စစ်ရတော့ပျောက်ထွက်သွားတယ် (မှန်ပါ့) ခန္ဓာပျောက်တော့ နိဗ္ဗာန်ကိုမြင်တယ် (မှန်ပ့ါ)။

ခန္ဓာပျောက်တော့ ဘာမြင်သတုန်း (နိဗ္ဗာန်မြင်ပါတယ်) အင်မတန် အဖိုးတန်တယ်။ ဒါဟာ နှစ်လုံးတည်းနဲ့ ကိစ္စပြီးတဲ့တရားပေဋကော ပဒေသမှာလာတာ ဦးခင်မောင် (မှန်ပ့ါ) အင်မတန်လဲ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ကိလေသာတွေ ခြောက်ခမ်းနေတယ်

ဥပမာပြပုံလဲ ဘယ်လောက်ရှင်းသတုန်း (ရှင်းပါတယ် ဘုရား) ဒကာ ဒကာမတို့ ဥပမာပြ လိုက်တာကလေး သတိထားလိုက်စမ်းပါ။ သစ္စာတရားနာနေတာ ခင်ဗျားတို့ သန္တာန်မှာ ဘာတွေများ ခြောက်ခမ်းကုန်သလဲ။

(ကိလေသာတွေ ခြောက်ခမ်းနေပါတယ် ဘုရား) လောဘဒေါသမောဟ ကိလေသာတွေ ခြောက်ခမ်းနေပါတယ် ဘုရား) လောဘဒေါသ မောဟ ကိလေသာတွေ ဒီအချိန်လာကို လာသေးရဲ့လား (မလာပါဘူး ဘုရား)။

အဲဒီအချိန်မှာ ခင်ဗျားတို့က ဘုန်းကြီး ဟောနေတုန်းကို ဘုန်းကြီးဟောတော့ ဟောနေတာပဲ နောက်ဖြစ်ပျက် တွေလဲ ဟောမှာပဲ။ အဲဒီဟောတဲ့ အခါမှာ ကိလေသာက အစေးခြောက်ပြီး သစ္စာတရားနာနေတုန်းကို ဦးခင်မောင်မောင် ခန္ဓာကိုယ်ထဲမှာ မဂ်ဉာဏ်နဲ့ကျကျနန ကြည့်လိုက်လို့ ရှိရင်ဖြစ်ပျက်တွေ မြင်ပြီး ဖြစ်ပျက်တွေ ဆုံးသွားမယ် (မှန်ပ့ါ)။

ခန္ဓာကိုယ်တစ်ကိုယ်လုံးဟာ ဖြစ်ပျက်ရှိတာကိုးဗျ။ အဲဒီဖြစ်ပျက်တွေ ဆုံးသွားတာ ဘယ်နှယ့်ကြောင့် ဆုံးသွားပါလိမ့် မတုန်းလို့ဆိုတော့ ကိလေသာ အစေးခြောက်နေတဲ့ ခန္ဓာကြီးကို မဂ်မီးနဲ့ ရှို့ပစ်လိုက်လို့ ခန္ဓာဆုံးသွားတာ (မှန်ပါ့) ခန္ဓာဆုံးတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ခန္ဓာဆုံးတာ နိဗ္ဗာန်ဆိုတာသေချာပလား (သေချာပါပြီ ဘုရား)။

ခန္ဓာက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာမရှိတော့ပါဘူး ဆိုကတည်းက ဒုက္ခငြိမ်းသွားတာပေါ့ (မှန်ပ့ါ) ဒုက္ခငြိမ်းတာဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။

ဒီနှစ်လုံးနဲ့ ပြီးတယ်ဆိုတာ

ဪ ဒါကြောင့် ဒီနှစ်လုံးနဲ့ ပြီးတယ်ဆိုတာ လေးလေးနက်နက် ဒကာ ဒကာမတွေ ဪ ဖြစ်လဲဖြစ်ထိုက်ပါ ပေသကိုး။ သိပ်လဲအဖိုးတန်ပါတယ်၊ ဟုတ်လဲဟုတ်ပါပေတယ်လို့ သေသေချာချာ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပ့ါ) ကိုင်း ဒကာ ဒကာမတို့ အင်မတန် အကျိုးရှိသွားတဲ့ တရားဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဆရာဘုန်းကြီးက ပြောခဲ့တယ် ဒကာ ဒကာမတွေခင်ဗျားတို့ အိမ်မှာရှိတဲ့ ရွှေတွေ ငွေတွေ စိန်တွေ မြရွှေတွေဟာ ကိုယ်က မစွန့်လဲ သူကစွန့်ရင် ပျောက်ရမှာပဲ (မှန်ပ့ါ) မီးလောင်လဲပျောက်ရမှာပဲ။

ကိုယ်သေသွားလဲ ကိုယ့်လက်ထဲ မပါလို့ပျောက်ရမှာပဲ။ (မှန်ပ့ါ) ဒါတွေ ပျောက်တာ နှမြောစရာ မရှိပါဘူး ဒီအခုပြောခဲ့တဲ့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့တရား လုပ်နည်းကိုင်နည်း ဒါပျောက်သွားမှာ သိပ်စိုးရိမ်ရတယ် (မှန်ပ့ါ) ဒီနှစ်ခု ပျောက်သွားမှာ စိုးရိမ်ရတယ်။

ဒီနှစ်ခု ပျောက်သွားလို့ရှိရင်ဖြင့် ဒုက္ခဟူသ၍ ကိုယ့်ဟာချည့်ဖြစ်ရမယ် (မှန်ပါ) အသေခန္ဓာဟူသ၍ ကိုယ့်ပစ္စည်းချည့် ဖြစ်ရမယ် (မှန်ပ့ါ) အပါယ်လေးပါးဟူသ၍ (ကိုယ့်ဟာချည့် ဖြစ်ရပါမယ်) အို နစ်နာလွန်းလှတယ် (မှန်လှပါ ဘုရား) ဒါဘာပျောက်သွားလို့တုန်းဆိုတော့ ခုနင်က ပြောခဲ့တဲ့ သာဝက ပါရမီဉာဏ်ရမည့် နည်းနှစ်နည်း ပျောက်သွားလို့ (မှန်ပ့ါ)။

သစ္စာတရားနာမှု, မိမိခန္ဓာကိုယ် နှလုံးသွင်းမှန်မှု

ကဲ နည်းနှစ်နည်း ပြန်ပြောပါဦး မေ့မှာစိုးရိမ်ရတယ်။ (သစ္စာတရားနာမှု, မိမိခန္ဓာကိုယ် နှလုံးသွင်းမှန်မှုပါ ဘုရား)။

သစ္စာတရားနာမှု မိမိအဇ္ဈတ္တခန္ဓာကိုယ်၌ နှလုံးသွင်းမှန်မှု။ ဤနှစ်ခုကိုသာ ခင်ဗျားတို့ မှတ်မိမယ်ဆိုရင် ဘယ်အချိန်မဆို သစ္စာတရားလဲ ခန္ဓာကိုယ်ထဲမှာ ထင်နေအောင် ဥပမာ ရီကော်ဒါရှိတဲ့ ပုဂ္ဂိုလ်ဟာ ရီကော်ဒါ ဖွင့်ပြီး နားနေလိုက်။

နာပြီး ခန္ဓာကိုယ်ထဲ နှလုံးသွင်းမှန်အောင်လုပ် ဪ ဟုတ်သားပဲ ဒုက္ခသစ္စာတွေပဲလို့ နှလုံးသွင်း ချလိုက်စမ်းပါ ဦးခင်မောင် (မှန်ပါ့)။

တရားလဲနာပါ၊ နာတုန်းက ကိလေသာအစေးက ဘယ့်နှယ်နေသတုန်း (ခြောက်နေပါတယ် ဘုရား)၊ ခန္ဓာထဲမှာ ကိလေသာအစေးခြောက်နေတော့ ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာခန္ဓာကြီးကို ဉာဏ်မီးနဲ့ တစ်ခါတည်း ဖြစ်ပျက်ပဲ ဒုက္ခသစ္စာ အစစ်ပဲဆိုပြီး ဉာဏ်မီးနဲ့ ရှို့ ဖျပ်ဆို ခန္ဓာပျောက်ကွယ် သွားတယ် (မှန်ပ့ါ)။

အဲဒါအစေးခြောက် နေတုန်း မီးရှို့လိုက်တာကိုးဗျ (မှန်ပ့ါ)။

ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတာ ဘာခေါ်ကြမလဲ

အဲဒီတော့ ဒီခန္ဓာပျောက်တာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ) ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

နေရာကျလိုက်တာ ဒကာ ဒကာမတို့ နိဗ္ဗာန်ကို တစ်ခါတည်း မိမိအားထုတ်ရင် မတ္တနဲ့ ခန္ဓာကြီးရှေ့တွင် ပျောက်သွားပြီး နိဗ္ဗာန်ကိုအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဉာဏ်နဲ့တစ်ခါတည်း ရှေ့ကကန့်လန့်ကြီးနေတဲ့ ဒုက္ခသစ္စာ ပျောက်ပြီး သကာလ အချောထည်ဖြစ်တဲ့ နိဗ္ဗာန်မြင်ရလာတယ် (မှန်ပ့ါ)။

ရှေ့က လန့်လန့်နေတဲ့ ဒုက္ခသစ္စာ ဘာဖြစ်သွားသတုန်း (ပျောက်သွားပါတယ်) နောက်က ကျုပ်တို့ အင်မတန်မှ အကြိုက်ဆုံးဖြစ်တဲ့ ချမ်းသာစစ်ကြီး ပေါ်မလာဘူးလား (ပေါ်လာပါတယ်) အရင်တုန်းက ရှေ့က ဒုက္ခသစ္စာက ကန့်လန့်လုပ်နေတာကိုး (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီ ကန့်လန့်ကြီးကို ခုနင်က မဂ်မီးနဲ့ ရှိုှု့ပစ်လိုက်တော့ ဦးခင်မောင် ဘာပေါ်လာသတုန်း (နိဗ္ဗာန်ပေါ်လာ ပါတယ်) အိုဒါဖြင့် နိရောဓပေါ်လာတယ် (မှန်လှပါ ဘုရား)

နိရောဓေါဆိုတာ ခန္ဓာနိရောဓေါ နိဗ္ဗာန်။ ခန္ဓနိရောဓ ဖြစ်တဲ့ နိဗ္ဗာန်ပေါ်လာတယ် (မှန်ပ့ါ) ခန္ဓာက ဘယ့်နှယ်ကြောင့် ချုပ်သွားရပါလိမ့်မတုန်းဆိုတော့ အစေးခြောက်နေတဲ့ အတုန်းကြီး မဂ်မီးနဲ့ ရှို့ပစ်လိုက်တာ (မှန်ပ့ါ)။

ဘယ်လိုမှတ်ကြမယ် (အစေးခြောက်နေတဲ့ အတုန်းကြီး မဂ်မီးနဲ့ ရှို့ပစ်လိုက်တာပါ ဘုရား) အစေးဘယ်တုန်းက ခြောက်နေတုန်းမေးတော့ သစ္စာတရားနာဆဲမှာ သူက အစေးခြောက်နေတယ် (မှန်ပ့ါ) သစ္စာတရား နာတုန်းမှာ ကိလေသာ ထောင့်ငါးရာ အစေးတွေ ခြောက်နေတယ် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နှလုံးသွင်းတာ မှန်အောင်သွင်းချ လိုက်

အဲဒီအချိန်မှာ တစ်ခါတည်း ခန္ဓာထဲမှာ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို အဇ္ဈတ္တထဲမှာ နှလုံးသွင်းတာ မှန်အောင်သွင်းချ လိုက် (မှန်ပါ့) သွင်းချလိုက်လို့ရှိရင် တစ်ခါတည်း ကိစ္စပြီးသွားတာပဲ (မှန်ပ့ါ) တစ်ခါတည်း နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတော့ အစေးခြောက်တုန်း မဂ်မီးနဲ့ ရှို့လိုက်လို့ ခန္ဓာပျောက်တယ် (မှန်ပါ့)။

ခန္ဓာပျောက်တော့ ခန္ဓာဆိုတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) အဲ ဒုက္ခသစ္စာပျောက်ပြီး သုခနိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ပေါ်လာတယ်။ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီတော့ အဇ္ဈတ္တကို နှလုံးသွင်းရတာများ ပင်ပန်းကြသေးသလား (မပင်ပန်းပါဘူး)၊ မောစရာများ ပါသေးသလား (မပါပါဘူး) မမောလို့ရှိရင် မမောတဲ့ အလုပ်လုပ်ပြီး ချမ်းသာယူလိုက်လို့ရှိရင် ဦးခင်မောင် မကောင်းဘူးလားဗျာ (ကောင်းပါတယ် ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ခင်ဗျားတို့က လောကွတ်ချော်ချော်ပြီး သကာလ သူများအတွက် ဟိုဟာတွေး ဒီဟာတွေးဆိုလို့ရှိရင် အမော ဆိုက်ချင်လို့တွေးတာ (မှန်ပ့ါ) ဒကာ ဒကာမတွေက လောကွတ်က များလွန်းတယ် (မှန်ပ့ါ ဘုရား)။

ဘာတဲ့တုန်း (လောကွတ်က များပါတယ် ဘုရား) ဪ သားကလေးစိတ်မချ, သမီးကလေး စိတ်မချ ခင်ပွန်း စိတ်မချ ဆွေမျိုးစိတ်မချ အရောင်းအဝယ်လုပ်နေတာ ကလေးစိတ်မချဆိုတော့ မောမည့်ဘက်ကို တစ်ခါတည်း အာရုံက ရောက်ရောက်မသွားဘူးလား (ရောက်သွားပါတယ် ဘုရား) မောမည့်ဘက်အာရုံက ရောက်သွားလေလေ ဟိုအာရုံတွေက မပြည့်စုံလေလေ ဒီက အမေဆိုက်လေလေ (မှန်ပါ့) ဒီလိုမနေကြဘူးလား (နေပါတယ် ဘုရား)။

ဒါဟာ သူတို့ ဘက်မလှည့်လို့ရှိရင်ဖြင့် ဦးဝတို့ အမောဆိုက်စရာလိုသေးသလား (မလိုပါဘူး) သူတို့ကြောင့် မောရတာလား ကိုယ်က သူတို့ဘက်လှည့်မိလို့ မောရတာလား (ကိုယ်က သူတို့ဘက်လှည့်မိလို့ မောရတာပါ)။

သူတို့ နှိပ်စက်တာလား ကိုယ့်အလှည့်လွဲတာလား

ဒါဖြင့် သူတို့ နှိပ်စက်တာလား ကိုယ့်အလှည့်လွဲတာလား (ကိုယ် အလှည့်လွဲတာပါ) ဒီတော့ သားဆိုး, သမီးဆိုး, ဆွေဆိုး, မျိုးဆိုး, ခင်ပွန်းမဆိုး, ခင်ပွန်း ယောကျ်ားဆိုးတွေကြောင့် ဒုက္ခရောက်ရတာလား ကိုယ့်အလှည့်လွဲနေလို့လား (ကိုယ်အလှည့်လွဲနေလို့ပါ ဘုရား) သဘောပါပြီလား (ပါပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတို့ မလှည့်နဲ့တော့ ဒီတစ်ခါကျတော့ (မှန်ပ့ါ) ဘယ်လှည့်ရမယ်ဆိုတာ ကြည့်စမ်း သစ္စာတရားနာပြီး အဇ္ဈတ္တခန္ဓာ ကိုယ်လှည့်လိုက် (မှန်ပ့ါ)။

ဘယ်လိုတဲ့ (သစ္စာတရားနာပြီး အဇ္ဈတ္တခန္ဓာကိုယ်ဘက် နှလုံးသွင်းလှည့်ရပါတယ် ဘုရား) အဲ သစ္စာတရားလဲ နာထားပြီဗျာ အဇ္ဈတ္တသန္တာန်ကို နှလုံးသွင်းလှည့်လိုက်လို့ရှိရင် ဒုက္ခတွေ ငြိမ်းမသွားဘူးလား (ငြိမ်းသွားပါတယ် ဘုရား) အဲဒီတော့ လှည့်ခြင်းလှည့်ရင် ဒီဘက်လှည့်ပါလား (မှန်ပ့ါ) ချမ်းသာမည့်ဘက် လှည့်လိုက်ပါလား။

ဘာဖြစ်လို့ဆင်းရဲတဲ့ ဘက်လှည့်နေချင်တာတုန်း။ အို တပည့်တော်တို့က ဆင်းရဲသားမျိုးလို့ ဆိုချင်သေးသလား (မှန်ပ့ါ)။

ရင်ထုပြီး မျက်ရည်ကျရမည့် လောကွတ်

ခင်ဗျားတို့ကိုက လောကွက်တွေက များလွန်းတယ်။ များတဲ့လောကွက်ကလဲ ကိုယ်ချမ်းသာမည့် လောကွတ်လားရင်ထုပြီး မျက်ရည်ကျ ရမည့် လောကွတ်လားလို့ မေးချင်သေးတယ် (ရင်ထုပြီး မျက်ရည်ကျရမည့် လောကွတ်ပါ ဘုရား) ဒါဖြင့် အရှက်ကွဲချင်တဲ့ လောကွတ်ပေါ့ဗျာ (မှန်ပ့ါ)။

ဦးဝ သဘောကျပြီလား (ကျပါပြီ ဘုရား) အတော်ဆိုးနေပါလား ဒကာ ဒကာမတို့ မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား) အဲ ဒါတွေ ခင်ဗျားတို့ ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ ဒီမှာပြတာက သစ္စာတရားနာပြီး အဇ္ဈတ္တ ခန္ဓာဘက်လှည့်ဆိုတော့ အဇ္ဈတ္တခန္ဓာက ဒကာ ဒကာမတို့ ဒုက္ခသစ္စာကြီး မမြင်ရပေဘူးလား။ (မြင်ရပါတယ် ဘုရား) ဒုက္ခသစ္စာကြီး မြင်ရတော့ ဒုက္ခသစ္စာကြီးကို မလိုချင်တော့ဘူးဆိုတဲ့ မဂ်ဉာဏ်ဟာ တစ်ခါတည်း မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား) ကြည့်ရင်တော့ ပေါ်လာတာဘဲ (မှန်ပ့ါ)။

ဒုက္ခသစ္စာမြင်လို့ရှိရင် မဂ်ဉာဏ်ဟာ စစ်စစ်ကြီးပေါ်လာ တယ် ပေါ်လာလို့ရှိရင် ဒုက္ခသစ္စာက မလိုချင်တဲ့ ပုဂ္ဂိုလ် သန္တာန်မှာ ကိန်းအောင်းနေသေးသလား ချုပ်ပျောက်သွားသလား (ချုပ်ပျောက်သွားပါတယ် ဘုရား)။

ချုပ်ပျောက်သွားလို့ရှိရင် ဒုက္ခချုပ်ပျောက်သွားတော့ မီးလောင်နေတဲ့ ခန္ဓာကြီး ပျောက်သွားတာပဲ (မှန်ပ့ါ) အဲဒီတော့ ဒီမှာ ဪ မီးငြိမ်းသွားပြီဆိုတာ မသိရဘူးလား (သိရပါတယ်) ဒါဖြင့် ချမ်းသာမရဘူးလား (ရပါတယ် ဘုရား) အဲဒါ အလှည့်တည့်သွားတာ (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

ဘယ်လှည့်သွားသတုန်း (ခန္ဓာလှည့်သွားပါတယ်) ခန္ဓာလှည့်ပစ်လိုက်တဲ့ အတွက်အလှည့်က နေရာကျသွားတယ် (မှန်ပ့ါ)။

အခုတော့ ခင်ဗျားတို့ဟာ ခုနစ်စင်တန်းတိုး အရှေ့ဘက် အိမ်လှည့်လိုက် အနောက်ဘက် အိမ်လှည့်လိုက် သားသမီးများ များသလို ရှေ့များတွေးလိုက်သေးတယ် ကိုယ်မသေမည့်ပုံ တွေးလိုက်သေးတယ် (မှန်ပ့ါ) သားတွေက ငယ်ငယ် သမီးတွေက ငယ်ငယ်ကိုယ်က အသက်ကြီးကြီးနဲ့ ကိုယ်ကသေတာမပါဘူး ကြီးတာသာပါနေတယ် သူ့ဟာက (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

အမောက ဆိုက်ဆိုက်နေတယ်

အဲဒါတွေ လျှောက်တွေးလေလေ ဒီအိမ်မှာ အလှည့်လွဲနေတော့ ဒကာသစ်တို့ ကိုမြရွှေတို့ အမောက ဆိုက်ဆိုက်နေတယ် (မှန်ပ့ါ) မဆိုက်ဘူးလား (ဆိုက်ပါတယ် ဘုရား) ခင်ဗျားတို့ အသက်ရှုတာကိုက တစ်ခါတစ်ခါ အောင့်အောင့်ပြီးရှူတဲ့ အသံတွေပါလာပါတယ် (မှန်ပ့ါ) မပါဘူးလား (ပါပါတယ်) ရိုးရိုးပဲ ရှူနိုင်အောင် လုပ်ကြစမ်းပါ။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အခုတော့ ရိုးရိုးမရှူဘူး ခင်ဗျားတို့အောင့်ပြီး တွေးလှမကတွေး ပူလှမကပူပြီး နှာခေါင်းက ထွက်တဲ့လေ စမ်းကြည့်လိုက်ရင်ကို နွေးလာတယ် (မှန်ပ့ါ) ဘယ့်နှယ်ကြောင့် နွေးတာတုန်းဆိုတော့ ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။

လောင်လိုက်တာက အတွင်းမှာ တစ်ခါတည်း ကိလေသာမီးတွေ ဟုန်းဟုန်းတောက်ပြီတော့ အသက်တစ်ခါ တစ်ခါမှ ရှူလိုက်တဲ့ အခါကျတော့ မီးဖွားတွေ မပါရင် ကံကောင်းပဲ ခင်ဗျားတို့ဖြစ်တွေက ရိပ်မိပြီလား (ရိပ်မိပါပြီ) အတော်မဆိုးဘူးလား (ဆိုးပါတယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဒီတစ်ခါ ဘယ်လို လှည့်ကြမတုန်းဗျ (မိမိအဇ္ဈတ္တခန္ဓာလှည့်ရပါမယ် ဘုရား) မိမိခန္ဓာဘက် လှည့်လိုက်တော့ သစ္စာတရားနာထားတဲ့ ပုဂ္ဂိုလ်မှာတော့ ကိလေသာ အစေးကခြောက်နေတယ် (မှန်ပ့ါ)။

ဦးခင်မောင် သစ္စာတရားနာထားတော့ (ကိလေသာ အစေးခြောက်နေပါတယ် ဘုရား) ကဲ မနာရလို့ရှိရင်လဲ ခင်ဗျားတို့က စောစောစီးစီး သစ္စာကို နှလုံးသွင်းပါ။ ပြီးတော့မှ ရှုပစ်လိုက် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

အဲ သစ္စာတရား နာထားတော့ ခန္ဓာကိုယ်ကြီးထဲ ဘာဖြစ်နေသတုန်း (ကိလေသာ အစေးခြောက်နေပါတယ်) ကိလေသာအစေးခြောက်တော့ အဲဒီအချိန်မှာ မဂ်ဉာဏ်နဲ့ ခန္ဓာကိုယ်ကြီး ကြည့်လိုက်။

မဂ်ဉာဏ်နဲ့ ကြည့်လိုက်တော့

မဂ်ဉာဏ်နဲ့ ကြည့်လိုက်တော့ ဘာဖြစ်သွားသတုန်း (ပြောင်းသွားပါမယ်) ပြောင်းသွားမယ်၊ မင်းဟာ ဒုက္ခသစ္စာအစစ်ပဲလို့ ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ကြီး ပျောက်ထွက်မသွားဘူးလား (ပျောက်ထွက်သွားပါတယ်)။

ပျောက်ထွက်သွားတာလည်း ဒကာ ဒကာမတို့ မဂ်မီးနဲ့ ရှို့လိုက်တဲ့အတွက် ဒုက္ခသစ္စာကြီး ပျောက်ထွက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒုက္ခသစ္စာကြီး ပျောက်ထွက်သွားတဲ့အခါ ကျလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တစ်သံသရာလုံး အသေခန္ဓာကြီးဟာ အသေဆက်နေတာကြီး ဦးခင်မောင် ဘာဖြစ်သွားသတုန်း (ပြတ်သွားပါတယ် ဘုရား) ဒါဖြင့် အသေလွတ်သွားတာပဲ (မှန်ပ့ါ)။

ဒါဖြင့် အသေလွတ်သွားတာ ဘုရား၏ သာဝက သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကျအောင် ဖြစ်နိုင်တဲ့ သဘောရောက်သွားတာ မသေချာဘူးလား (သေချာပါတယ်) အဲခန္ဓာတစ်ခါ ပျောက်သွားတယ် ဆိုရင် သောတာပန်ဖြစ်သွားပြီ။ လေးခါလောက် ပျောက်တော့ ဦးခင်မောင် ကုန်ရောပေါ့ဗျာ ရဟန္တာဖြစ်ရော (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အနာကလည်းလွဲ အလှည့်ကလည်းလွဲ

ဒါဖြင့် ဒကာ ဒကာမတို့ နီးသလား ဝေးသလား မေးလိုက်ပါတယ် နိဗ္ဗာန်ဟာ (နီးပါတယ် ဘုရား) နီးလျက်နဲ့ ဘာဖြစ်လို့တုန်းလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ အလှည့်လွဲနေလို့ (မှန်ပါ့ ဘုရား) အနာကလဲလွဲ အလှည့်ကလဲ (လွဲပါတယ်)။

အနာကလဲ သစ္စာတရား မနာမိ သဘောကျပြီလား (ကျပါပြီ) နှလုံးသွင်းကလဲ ဒကာ ဒကာမတို့ အဇ္ဈတ္တကို နှလုံးမသွင်းမိဘူး အပြင်ဘက်ကို တစ်ခါတည်းသာ သမီးဆွေမျိုး ဉာတကာဘက်ကိုသွားပြီး နှလုံးသွင်းမိတယ် (မှန်ပ့ါ) ဒီတော့ နှလုံးသွင်းကလဲလွဲ။ တရားနာကလဲ (လွဲပါတယ် ဘုရား)

အလွဲချည့်လုပ်တာဗျာ ဒါလောက် ကျန်နေတာ တော်ပဲတော်သေးတယ် (မှန်ပါ) ဒီခန္ဓာနဲ့ ဝဝဖြိုးဖြိုး ခင်ဗျားတို့ တရားနာ လာနိုင်တာတော်ပဲ တော်သေးတယ် (မှန်ပါ့) နို့မဟုတ် လာနိုင်ဖို့ တောင် အချိန်မရှိတော့ဘူး (မရှိပါဘူး) ဘာဖြစ်လို့တုန်းလို့ မေးတဲ့အခါကျတော့ အလွဲချည့်လုပ် လုပ်နေတော့ သေခြင်းဆိုး သေမည့်ဘက်က ကပ်ကပ်နေတယ် (မှန်ပ့ါ) မကပ်ဘူးလား (ကပ်ပါတယ် ဘုရား)။

အဲ အခု ဒါလောက် အသားအရေကလေးနဲ့ တရားပွဲမှာ တရားထူးရနိုင်လို့ ဒါကလေး နှစ်ခုကို အခုကြားရ ပြန်တော့တော်ဘဲတော်သေးရဲ့လို့ ဦးခင်မောင် ဆိုရသေးတယ် (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် မြို့ထဲရွာထဲမှာ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သကာလ အပူသည် အပူသည် ချင်းများ ညှိပြီးဆွေးနွေးပြီး မျက်ရည်များပြိုင်ကျ ခေါင်းချင်းများ ဆိုင်နေတာ အပုံကြီးဗျ (မှန်ပါ ဘုရား) အတော်ဆိုးတာ ဗျ။ မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)။

အဇ္ဈတ္တလဲ မလှည့်ဘူး သစ္စာလဲ နှလုံးမသွင်းဘူး

အဲဒါဟာ အဇ္ဈတ္တလဲ မလှည့်ဘူး သစ္စာလဲ နှလုံးမသွင်းဘူး ဒီတော့ တစ်ခါတည်း လောင်နေလိုက်တဲ့ ဖြစ်ခြင်း။ ဒကာ ဒကာမတို့ အနားရှိသေးရဲ့လား (မရှိပါဘူး ဘုရား) သောက်တဲ့ ဆေးလိပ်က အရသာများ ပါသေးသလား (မပါပါဘူး) စားတဲ့ထမင်းက မျိုကျတာကော သိလိုက်သေးရဲ့လား (မသိလိုက်ပါဘူး) ဘယ်သိလိမ့်မတုန်းဗျ ဒါလောက်ထိအောင် ဆိုးနေတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဦးဝကြီး ဒါတွေကတော့ ရိုးနေပြီဆိုကြစိုတော့ (မှန်ပါရိုးပါတယ် ဘုရား) ရိုးနေပြီ။

ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ မြင်ဖန်များလာတော့ မုန်းလာတော့ ဖြစ်ပျက်တွေ ပျောက်ထွက်သွားတယ် (မှန်ပါ့) ဘာဖြစ်လို့ ပျောက်တာတုန်းဆိုတော့ မလိုချင်လို့ကို ပျောက်ထွက်သွားတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

မလိုချင်တော့ ဘာဖြစ်သွားသတုန်း (ပျောက်သွားပါတယ် ဘုရား) ပျောက်တာဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ပျောက်သွားတာ ဒုက္ခသစ္စာပေါ့။ အခုရှေ့တွင်ပဲ တုံးကြီးမီးရှို့လိုက်လို့ ပျောက်သွားတာ (ဒုက္ခသစ္စာပါ) ပျောက်သွားတော့ ကို ဪ တို့ဟာဖြင့် ဒုက္ခတွေ မရှိဘူးဆိုပြီး သကာလ ဒုက္ခမရှိတာကို နောက်ကမဂ်ဉာဏ်က မသိဘူးလား (သိပါတယ်) အဲဒီအသိခံရတာကမှ နိရောဓသစ္စာ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အသိခံရတာက နိရောဓသစ္စာ

ပျောက်သွားတာဖြင့် ဒုက္ခသစ္စာထဲ (မှန်ပ့ါ) နောက်အသိ ခံရတာက (နိရောဓသစ္စာပါ) နိရောဓသစ္စာဆိုတော့ ဒကာ ဒကာမတို့ ဒီကရှေ့ဖြင့် ခင်ဗျားတို့ ရွာသုံး ရပ်သုံး မြို့သုံးပေါ့ဗျာ။ အရေးရှိ လက်တို့ပြီ ပူစရာရှာပြောကြ ဒီအသွားတွေ ဦးခင်မောင် အကုန်ဖြုတ်(မှန်ပ့ါ)။

မဖြုတ်ထိုက်ဘူးလား (ဖြုတ်ထိုက်ပါတယ်) မဖြုတ်ကြလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုယ် မီးလောင်သေချင်လို့ (မှန်ပါ) ဒီအဓိပ္ပါယ်ရမရ (ရပါတယ် ဘုရား)။

တစ်ချို့ ဒကာ ဒကာမတွေက သားအတွက်တွေးတော့ သားမီးလောင်တယ်။ သမီးအတွက် တွေးတော့ကို (သမီး မီးလောင်ပါတယ်) ကိုယ့်အတွက် ရှေ့ရေးနောက်ရေး တွေးပြန်တော့ (ကိုယ့်အတွက် မီးလောင်ပါတယ်) သူများ လောင်တဲ့ မီးမဟုတ်ပါဘူး ကိုယ့်ကိုယ်လောင်တဲ့မီးချည့် ကြိုးစားတတ်တယ် ဆိုရင်ကော (မလွဲပါဘူး) သဘောကျပြီ လား (ကျပါပြီ)။

အဲဒါနဖူးပေါ် လက်တင်ရင် ကိုယ့်ကိုယ်မီးရှို့တော့မလို့ ဆိုတာသိနေပြီး ဘုန်းကြီးတို့က (မှန်ပါ့)။

နဖူးပေါ်လက်တင်ရင် ဘာလုပ်မလို့လဲ (ကိုယ့်ကိုယ်ကိုယ် မီးရှို့မလို့ပါ) ဖြစ်မှ ဖြစ်ရလေဗျာ။ နောက်တော့ နဖူးပေါ် လက်တင်ချင်ရင် ကိုယ့်ကိုယ်မီးရှို့တဲ့ အလုပ်ပါလားဆိုပြီး မလုပ်နဲ့(မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဲဒီဟာ ခင်ဗျားတို့က အဖော်များ ရှာလိုက်သေးတယ် ဪ ကလေးတွေ အိပ်လိုက်ကြတာ ဘာမှမတွေးတတ် ကြဘူးတဲ့။ သူတို့က မီးမရှို့တတ် သေးပဲကိုးဗျ (မှန်ပါ့)။

ကိုယ်ကတော့ဖြင့် ခုနှစ်စဉ်တန်းအောင် မီးရှို့နေပြီး ကလေးတွေ အိပ်တာ ကိုယ်နဲ့အတူတိုင်ပင်ဖော် တိုင်ပင်ဖက်တွေက အိမ်သွားလို့ရှိရင်ဖြင့် ဦးခင်မောင် ကျေနပ်ကဲ့လား (မကျေနပ်ပါဘူး ဘုရား) ဘာဖြစ်လို့တုန်း ကိုယ်လိုမီးမရှို့လို့လား။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကရှေ့ ဘာလုပ်ကြမှာတုန်း ကိုယ့်ကိုယ်မီးရှို့တဲ့ ဂိုဏ်းထဲဝင်မလား, မီးသိမ်းတဲ့ဂိုဏ်း ထဲဝင်မလား (မီးသိမ်းတဲ့ ဂိုဏ်းထဲဝင်ပါမယ်) မီးသိမ်းတဲ့ဂိုဏ်းထဲဝင်လို့ရှိရင်ဖြင့် သစ္စာတရားနာ၊ ခန္ဓာကိုယ်ကြီး အစေးခြောက်အောင်လုပ် (မှန်ပ့ါ) အစေးခြောက်ပြီး သကာလ ဒီခန္ဓာကိုယ် ဒုက္ခသိမ်းအောင် လုပ်ပစ်လိုက်ပါ ဦးခင်မောင် မပြီးသေးဘူးလား (ပြီးနိုင်ပါတယ် ဘုရား)။

အဲဒီလို ပြီးသွားနိုင်တဲ့ နည်းဟာ ဒကာ ဒကာမတို့ ပေဋကောပဒေသ ပါဠိတော်မှာ သေသေချာချာလာတယ် (မှန်ပ့ါ)။

ကာဠီသတို့သမီးဝတ္ထု

ကိုင်းဒါဖြင့် ဒါဘယ်အချိန်တုန်းလို့ မေးဖို့လိုလာတယ်တဲ့။ (မှန်ပါ့) ဒီနှစ်ခုဟာ လုပ်တော့လုပ်ရမှာပဲ ဘယ်အချိန် လုပ်ရမှာတုန်းဆိုတော့ ဒကာ ဒကာမတွေ ဘုရားလက်ထက်က ကြည့်ပါတဲ့ ကာဠီတို့ ဘုံခုနှစ်ဆင့် ပေါ်ကနေပြီး သာတာဂိရိတို့၊ ဟေမဝတတို့က ဘုရားသခင်တရားဟောနေလို့ ကာဠီတို့တိုက်ပေါ်မှာဆုံပြီး သူတို့နှစ်ယောက် သစ္စာတရားတွေ မပြောကြဘူးလား (ပြောပါတယ် ဘုရား)

အဲဒီမှာပြောတော့ သစ္စာတရားကို သူမနာရဘူးလား (နာရပါတယ် ဘုရား) အဲဒီမှာ ဘုံခုနှစ်ဆင့် ပေါ်ကနေပြီ သူ့ခန္ဓာ ကိုယ်ကိုပြန်ပြီး နှလုံးသွင်းလိုက်တယ် (မှန်ပ့ါ)။

အဲဒါ မိန်းမထဲမှာ ဒကာ ဒကာမတို့ သူအရင်ဆုံး သောတာပန်တည်တယ် ဆိုတာကော မသေချာဘူးလား (သေချာပါတယ်)။

ကဲ-နတ်နှစ်ပါးက ဘာအကြောင်းပြောနေတာတုန်း (သစ္စာအကြောင်းပြောနေပါတယ်) သူကနှစ်လုံးသွင်း လိုက်တာကလဲ ခန္ဓာကိုယ်ဘဲ နှလုံးမသွင်းလိုက်ဘူးလား (သွင်းလိုက်ပါတယ် ဘုရား) သစ္စာတရားနာပြီး ဘုံခုနှစ်ဆင့် ပေါ်ကနေပြီး ခန္ဓာကိုယ် နှလုံးသွင်းလိုက်တာနဲ့ ကာဠီတို့ တစ်ခါတည်းကိစ္စပြီးသွားတယ် (မှန်ပ့ါ) ဘုရားနဲ့တောင် မတွေ့ဘူး (မှန်ပ့ါ) သေချာပြီလား (သေချာပါပြီ)။

အဲဒီတော့ ခင်ဗျားတို့လဲ ဘုရားနဲ့မတွေ့ရပေမဲ့ ပူပင်မနေကြပါနဲ့ သစ္စာနဲ့တွေ့ဖို့က ပိုပြီးအရေးကြီးပါတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဘုရားဟောထားတဲ့ သစ္စာဒေသနာတွေ အပြည့်အစုံရှိနေပြီပဲ (မှန်ပ့ါ)။

သစ္စာနဲ့တွေ့ဖို့က ပိုပြီး အရေးကြီး

ဦးခင်မောင် ဘာကပိုပြီးအရေးကြီးပါလိမ့် (သစ္စာနဲ့တွေ့ဖို့က ပိုပြီး အရေးကြီးပါတယ် ဘုရား) ဥပကကြီး ဘုရားနဲ့အရင်တွေ့စဉ်က သစ္စာနဲ့မတွေ့သေးတော့ ဆာဝါနဲ့ အိမ်ထောင်ကျပြီး အိမ်မှမောင်းထုတ်ခံရမတတ် ဖြစ်သေးတယ် မဟုတ်လား (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘုရားနဲ့မတွေ့ဘူးလား တွေ့သလား (တွေ့ပါတယ်) သစ္စာနဲ့ကတွေ့ရဲ့လား (မတွေ့ပါဘူး) သစ္စာနဲ့မတွေ့သေး တော့ ဒကာ ဒကာမတို့ ချောက်ကျပြီ မုဆိုးကြီးရဲ့ သားမက်ဖြစ်ပြီး အမဲထမ်းသွားဖြစ်နေရသေးတယ် (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့မတွေ့လိုတုန်း (သစ္စာနဲ့မတွေ့လို့ပါ ဘုရား) ဘုရားနဲ့မတွေ့ဘူးလား (တွေ့ပါတယ်) သူရှေးဦးစွာ တွေ့တာပေါ့ ပဉ္စဝဂ္ဂီတို့ထက်တောင် သူဦးလိုက်သေးတယ် (မှန်ပ့ါ)။

ဦးခင်မောင် ပဉ္စဝဂ္ဂီတို့နဲ့ သူနဲ့ဘယ်သူက ဦးသတုန်း (သူကဦးပါတယ် ဘုရား) ဘာဖြစ်လို့ သူဟာ အဲဒီအချိန်က ကျွတ်တမ်းမဝင်ခဲ့သေးသတုန်းဆိုတာ အခုအဖြေမထွက်သေးဘူးလား (ထွက်ပါတယ် ဘုရား) ဘုရားနဲ့တွေ့ငြားသော်လဲ သစ္စာနဲ့ မတွေ့သေးလို့ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ခင်ဗျားတို့အခုသစ္စာနဲ့ တွေ့ကြပြီမဟုတ်လား (မှန်ပါ့) သစ္စာနဲ့တွေ့တော့ ခန္ဓာကိုယ်လှည့်ရုံပဲရှိတော့တယ် (မှန်ပ့ါ ဘုရား) အဇ္ဈတ္တခန္ဓာလှည့်လိုက်လို့ရှိရင် ကိစ္စမပြီးနိုင်ဘူးလား (ပြီးနိုင်ပါတယ် ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ထောက်ခံချက်ပေးထားတယ် ဦးခင်မောင် (မှန်ပ့ါ) အကြင်ပုဂ္ဂိုလ်ဟာ သစ္စာတရားမနာ- သစ္စာတရား၏အဓိပ္ပါယ်လဲ သူမသိတော့ဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ် နိဗ္ဗာန်ရလိမ့်မယ်လို့ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပ့ါ) ဟော ပယ်ချလိုက်ပြီနော် (မှန်ပ့ါ)။

သစ္စာတရားမနာဘဲ

သစ္စာတရားမနာဘဲ ပုဂ္ဂိုလ်သူ့မှာ သစ္စာတရားက မနာတော့ဘူး နှလုံးသွင်းက မှန်ပါဦးမလား (မမှန်ပါ ဘုရား) အဲဒီလို ပုဂ္ဂိုလ် နိဗ္ဗာန်ရလိမ့်မယ်လို့ ငါမေဟာဘူးတဲ့ (မှန်ပ့ါ) သေချာပြီလား (သေချာပါပြီ)။

အကြင်ပုဂ္ဂိုလ်သည် သစ္စာတရားနာရတယ်၊ နှလုံးသွင်းကလဲမှန်တယ်၊ အဲဒီပုဂ္ဂိုလ်ကတော့ ူနိဗ္ဗာန်သေချာပြီလို့ မှတ်ကြပါ (မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဦးခင်မောင် ဘယ်လောက်အရေးကြီးသတုန်း (မှန်ပ့ါ)။

ကဲ ဒကာ ဒကာမတို့ ကာဠီနဲ့ သေချာပြီမဟုတ်လား (သေချာပါပြီ) ဘုရားနဲ့တောင် တွေ့ရရဲ့လား (မတွေ့ရပါဘူး) တရားက ဟိုမှာ ဟောတုန်းရှိသေးတယ် သူ့ဆီကို မလာနိုင်သေးပါဘူး (မှန်ပ့ါ) လာတာမဟုတ်ပါဘူး။ နတ်နှစ်ဦးက အပေါ်မှာ စကားပြောကြတာကို သူကြားတာရှိတာပါပဲ (မှန်ပ့ါ)။

နတ်နှစ်ဦးက ဘယ်သစ္စာ ဘယ်တရားကို တရားဟောနေတယ်ကွ အသင်မလာလို့ ငါလာကြိုတာ အစရှိသည်နဲ့ သာတာဂိရိနဲ့ ဟေမဝတတို့က သစ္စာနဲ့စပ်တဲ့ စကားကို ပြောနေကြတယ် သူ့ဘုံအထက်က နေပြီးတော့။ သူက အဲဒါကို မကြားဘူးလား(ကြားပါတယ် ဘုရား)။

အဲဒါသစ္စာတရားနာတာပဲ (မှန်ပ့ါ) နောက်ခန္ဓာကိုယ် သူလှည့်ပြီးကြည့်လိုက်တော့ နှလုံးသွင်းက မှန်မသွားဘူးလား (မှန်သွားပါတယ်) နာတုန်းက ကိလေသာ အစေးခြောက်နေပြီး (မှန်ပ့ါ)

နောက်ကျတော့ အဇ္ဈတ္တ နှလုံးသွင်းလိုက်တော့ တစ်ခါတည်း ခန္ဓာကြီးဟာ မီးရှို့သလိုဟုတ်လား မဂ်မီးနဲ့ရှို့ပစ်လိုက်တော့ ဦးခင်မောင် ခန္ဓာပျောက်ပြီး (မှန်ပ့ါ) ခန္ဓာဟာ ဉာဏ်အောက်မှာ ပျောက်တော့ သောတာပန်တည်တယ် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ဘာနဲ့တွေ့လို့ ဘယ်လိုနှလုံးသွင်းလိုက်လို့ ဘုရားနဲ့တောင် မတွေ့ရပဲနဲ့ကာဠီမှာ ဘာဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ရှင်းလင်းသွားတော့တယ် (မှန်ပ့ါ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

အဇ္ဈတ္တခန္ဓာထဲ နှလုံးသွင်းလိုက်

ဘယ်လိုများ ရှင်းသတုန်း ရှင်းပုံပြောကြစမ်းပါဦး (သစ္စာတရားနာပြီး ခန္ဓာထဲနှလုံးသွင်းပါတယ် ဘုရား) အဲ သစ္စာတရားနာပြီးတော့ အဇ္ဈတ္တခန္ဓာထဲ နှလုံးသွင်းလိုက်တယ် (မှန်ပ့ါ) နှလုံးသွင်းလိုက်တော့ ဘယ်သူနဲ့မှ မတွေ့ခင်ကပဲ သူ့မှာ သောတာပန်တည်နေတယ် (မှန်ပ့ါ)။

ဒကာ ဒကာမတို့ အင်မတန်မှန်တဲ့ တရားဆိုတာ အကိုးအကားကလဲ ဦးခင်မောင်လုံလောက်ပြီ (လုံလောက်ပါပြီ ဘုရား) သစ္စာတရားနာတုန်းကလဲ ကိလေသာအစေးခြောက်တယ်ဆိုတာ ဦးခင်မောင်ဘာမှ ပြောစရာမရှိဘူး (မှန်ပါ့) ဪ ဒါဟာ ဒုက္ခသစ္စာကြီးပါလားဆိုတာသာ ဒကာဦးဝတို့ ဒကာသစ်တို့ ကိုမြရွှေတို့ နှလုံးသွင်းကြည့်စမ်းပါ (မှန်ပါ့)။

ဒီအချိန်မှာ ဒုက္ခသစ္စာကြီးပါလို့ဆုံးဖြတ်ချက် ချနေတဲ့အချိန်မှာ ဘယ်နည်းနဲ့မှ ကိလေသာ မလာပါဘူး (မှန်ပ့ါ) လာပါ့မလား (မလာပါဘူး) ကိလေသာ မလာကတည်းက ဪ ဒုက္ခသစ္စာ အမှန်အကန်ပါလားလို့ ဆုံးဖြတ်ချက်ချ ဖို့ မလွယ်သေးဘူးလား (လွယ်ပါတယ် ဘုရား) လွယ်တော့ ဆုံးဖြတ်လဲ အမှန်ကျရော ပရိညေယျနဲ့ ပိုင်းခြားချလိုက်တာ ဒုက္ခသစ္စာလဲ ပျောက်ကွယ်သွားတာပဲ (မှန်ပ့ါ) တစ်ခါတည်း နိရောဓသစ္စာကို ဘွားခနဲ အာရုံပြုသောအားဖြင့် ပေါ်မလာဘူးလား (ပေါ်လာပါတယ်)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့အရေးကြီးတဲ့ အချက်နှစ်ချက်ရိပ်မိကြပြီလား (ရိပ်မိပါပြီ) ဘာပါလိမ့်ဗျာ (သစ္စာတရားနာမှုနဲ့ မိမိခန္ဓာနှလုံးသွင်း မှန်ဖို့ပါ ဘုရား)။

ဪ ဒါဖြင့် ဒါဟာ ကိစ္စပြီးတဲ့အလုပ်ပဲ (မှန်ပါ့) ကိစ္စပြီးတဲ့အလုပ်ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘုန်းကံ ပါရမီ ဆရာသမားများနဲ့ တွေရကြုံရတဲ့ အရေးကြီးတဲ့ အချက်ကြီးကိုလဲ အရေးကြီးသလိုတွေ့ရတော့ ဪ တော်တော်ထူးတယ်ဆိုတာကိုယ်အကြောင်းတော့ ကိုယ်သိကြပြီ (မှန်ပ့ါ) တော်တော့်ကိုထူးတယ် (မှန်ပ့ါ)။

မထူးဘူးလား ဒကာ ဒကာမတို့ (ထူးပါတယ်) အင်မတန်ထူးပါတယ်တဲ့။ သက်သေသာဓကနဲ့လဲ ဦးခင်မောင် လုံလောက်ပါတယ် (လုံလောက်ပါတယ် ဘုရား) ဘုရားကလဲ ဟောတော်မူလိုက်တာက သစ္စာတရားမနာရပဲနဲ့ ကိလေသာခြောက်ခမ်းတယ်လို့ မရှိဘူးတဲ့။

နှလုံးသွင်းမမှန်ဘဲနဲ့လဲ ခန္ဓာကိုယ်ကြီး အဆုံးသတ်ရာ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဘုရားမဟောဘူး (မှန်ပ့ါ) သဘောကျပြီဘား (ကျပါပြီ)။

ကိလေသာအစေးခြောက်တယ်

အဲဒီတော့ သစ္စာတရားလဲ နာတဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင် ကိလေသာအစေးခြောက်တယ်။ အဇ္ဈတ္တခန္ဓာကြီး နှလုံးသွင်းမှန်လိုက်တဲ့ အခါကျတော့ နှလုံးသွင်းမှန်ဆိုတာက အဇ္ဈတ္တကို အဇ္ဈတ္တလို့ နှလုံးသွင်းရင်မှန်တာပဲ (မှန်ပ့ါ) ဒုက္ခကို ဒုက္ခလို့ နှလုံးသွင်းရင်(မှန်ပါတယ်)။

အနတ္တကို အနတ္တလို့ နှလုံးသွင်းရင် (မှန်ပါတယ်) အသုဘကို အသုဘလို့ နှလုံးသွင်းရင် (မှန်ပါတယ် ဘုရား) ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ နှလုံးသွင်းရင် (မှန်ပါတယ် ဘုရား) ဒါဖြင့် နှလုံးသွင်းမှန်သွားလို့ရှိရင် ဦးခင်မောင်ပြီးတာပဲ (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဘုးန်ကြီးတို့ ဒကာ ဒကာမတွေမှာ ဪ သစ္စာတရားကိုနာ အတွင်းအဇ္ဈတ္တကို နှလုံးသွင်းလို့ရှိရင် မဂ်ဖိုလ်မရနိုင်ဘူးလို့ ဘုရားမဟောပါဘူးဆိုတာလဲ ထောက်ခံချက်ပေးထားတဲ့တွက် ဥပမာ ဥပမေယျနဲ့တကွ ရှင်းလင်းပြီးပြတဲ့အတွက်လဲ ငါတို့ဖြင့် မဂ်မှ ရနိုင်ပါ့မလား ကိစ္စမှပြီးနိုင်ပါ့မလား ဆရားသမားဆီပဲ ကြည့်ညိုလေးစားလို့ တရားတွေလဲ နေ့တိုင်းနာကြတယ်။ ဘယ်နှယ့်များဖြစ်နေသတုန်းလို့ မတွေးပါနဲ့။

အားထုတ်တော့ မယ်ဆိုရင် ပထမသစ္စာနဲ့ ခန္ဓာကိုယ်နှလုံးသွင်းကြည့်လိုက် (မှန်ပါ့) ဪ ဒါတွေဟာ ဒုက္ခသစ္စာ အခုပေါ်လာတဲ့ ဟာတွေက ဒုက္ခသစ္စာပဲ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိဒုက္ခာ ဆိုတဲ့အတိုင်း ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရှိဘူးဆိုတာကလေး ကိုယ့်ဟာကိုယ်နှလုံးသွင်းပြီးတော့မှ တစ်ခါတည်း ဉာဏ်နဲ့ ခန္ဓာကိုယ်စိုက်ကြည့်။ ပေါ်တာကို ဒုက္ခသစ္စာဖြစ်အောင် လုပ်လိုက် (မှန်ပ့ါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နားက တရားကိုနာပါ ဉာဏ်က ခန္ဓာကိုယ်ကိုလှည့်ပါ

ပေါ်တာကို ဒုက္ခသစ္စာလို့သိအောင် လုပ်လိုက်တဲ့ အခါကျတော့ နဂိုကကိုယ်နာထားတဲ့ တရားကလေးကလဲ နားထဲကမပျောက်သေး၊ နှလုံးသွင်းကလဲ မှန်သွားပြန်တော့ ဦးခင်မောင် ကိစ္စပြီးနိုင်တယ် (ပြီးနိုင်ပါတယ်)။

ဒါကြောင့် ဘုန်းကြီးအရင်တုန်းကပဲ အားလုံးဒကာ ဒကာမတွေကို သင်ထားတယ်၊ ဘုန်းကြီးတရားဟောတဲ့ အခါကျလို့ရှိရင် ခင်ဗျားတို့ ရိုးရိုးမနာကြပါနဲ့လို့ သတိပေးတယ် (မှန်ပါ့)။ နားက ဘုန်းကြီးပြောတဲ့ တရားကိုနာပါ။ ဉာဏ်က ခန္ဓာကိုယ်ကိုလှည့်ပါ မပြေဘူးလား (ပြောပါတယ်)။

နားကဘာတုန်း (တရားနာရမှာပါ) ဉာဏ်က ဘယ်လှည့်ရမလဲ (ခန္ဓာကိုယ်လှည့်ရပါမယ်) အဲဒါဒီအတိုင်း အလုပ်လုပ်ပါဆိုတာ ဒီပါဠိတော်က ထောက်ခံထားတာ (မှန်ပ့ါ) ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒီပါဠိတော်၏အဓိပ္ပါယ် ဆိုလိုရင်းကတော့ အရိယာသာဝကပါရမီ ဖြစ်ဖို့ရာ သစ္စာတရားကိုနာပြီး သကာလ နှလုံးသွင်းမှန်ရင် ကိစ္စပြီးတာပဲဆိုတော့ နားကတော့ သစ္စာတရားနာပေါ့ဗျာ နှလုံးသွင်းက ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်ကို နှလုံးသွင်းလိုက်လို့ရှိရင် ဒါဟာ ဒုက္ခသစ္စာဆိုတာ သေသေချာချာ မသိရသေးဘူးလား (သိရပါတယ်)။ ထိုကဲ့သို့ သိတဲ့အခါ ကျတော့ အားလုံး ဒကာ ဒကာမတွေ ကိစ္စမပြီးနိုင်ပေဘူးလား (ပြီးနိုင်ပါတယ်)။

ဒါကြောင့် တရားနာတဲ့ အခါမှာလဲ ဒီနည်းနဲ့နာကြဆိုတာ အစောကြီးကသင်ထားပါတယ်။ ဦးခင်မောင် သင်ထားတယ်မဟုတ်လား (မှန်လှပါ ဘုရား) နားက ဘာတုန်း (တရားနာရပါတယ်) ဘုန်းကြီးဟောတဲ့တရားကိုနာပါ၊ ဉာဏ်ကတော့ (ခန္ဓာကိုယ်လှည့်ရပါတယ်)။

ဉာဏ်က ခန္ဓာကိုယ်လှည့်ပါဆိုတဲ့ ဥစ္စာ ယောနိသော မနသိကာရကို ဟောနေတာ (မှန်ပ့ါ) နှလုံးသွင်းမှန်အောင်လို့ ဒကာ ဒကာမတွေ သေချာစွာပြောနေတယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်လာပါပြီ ဘုရား)။

ဒါမပျောက်စေနဲ့ဆိုတာ

ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီနေ့ပြောတာ ဒီ့ပြင်ဟာပျောက်တာ အရေးမကြီးပါဘူး ဒါမပျောက်စေနဲ့ဆိုတာ ဒါကိုသိမ်းရ ဆည်းရတော့မယ် (မှန်ပါ့ ဘုရား) ပျောက်မှာစိုးရင် တစ်ယောက်နဲ့ တစ်ယောက်မေး ပါ ဘာတုန်းလို့မေး။ သေချာစွာမေးကြဦးနော် (မှန်ပ့ါ)

ဘုန်းကြီး ဒီနေ့ဘာကို အရေးတကြီးပြောပါလိမ့်မတုန်းဆိုတာ ဦးခင်မောင် ဒါပျောက်မှာစိုးရတယ် (မှန်ပါ)။ မစိုးရဘူးလား (စိုးရပါတယ် ဘုရား)။ သူပျောက်တဲ့အချိန်ကစပြီး သကာလ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ကိလေသာဝင်ပေါ့လို့ ဆုံးဖြတ်ချက်ချ (ဝင်ပါပြီ ဘုရား)။

အစေးတွေ ထူကုန်ပြီ (ထူပါပြီ ဘုရား) မဂ်မီးနဲ့ရှို့လို့လဲ မရနိုင်တော့ဘူး၊ ငရဲမီးရှို့သာ ခံနိုင်တော့တယ်ဆိုတာ မှတ်ပေတော့ (မှန်ပ့ါ) ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မဂ်မီးရှို့လို့တော့ (မရပါဘူး ဘုရား) ငရဲမီးရှို့ပဲ ခံရတော့မယ်ဆိုတာ သေချာပြီလား(သေချာပါပြီ ဘုရား)။

သာဝက ပါရမီဉာဏ်ပြည့်ဖို့

ဒါဖြင့် ဒကာ ဒကာမတို့ နှစ်လုံးတည်း မှတ်ထားကြစမ်းပါ။ သာဝက ပါရမီဉာဏ်ပြည့်ဖို့ နိဗ္ဗာန်ရောက်ဖို့ ၁-နံပါတ်က ဘာတဲ့တုန်း (သစ္စာနဲ့ စပ်တဲ့တရားကို နာရပါမယ်) ၂-နံပါတ်က (မိမိအဇ္ဈတ္တခန္ဓာကို နှလုံးသွင်းမှန်ရပါမယ်) အဲ နာတဲ့သစ္စာတရားကို အဇ္ဈတ္တသန္တာန်ထဲမှာ တစ်ခါတည်းနာတာနဲ့တူအောင် သစ္စာဆိုက်အောင် နှလုံးသွင်းလိုက်ပါ (မှန်ပါ့) နှလုံးသွင်းသည်နဲ့ တစ်ပြိုင်နက်တည်း ဒကာ ဒကာမတို့ အစေးခြောက်တုန်း မီးရှို့ရတဲ့အတွက် ခန္ဓာပျောက်တယ် (မှန်ပါ ဘုရား)။

ကိလေသာ အစေးခြောက်တုန်းကို မဂ်မီးနဲ့ ရှို့ရတဲ့အတွက် (ခန္ဓာပျောက်ပါတယ် ဘုရား) ခန္ဓာပျောက် တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

နေရာကျလိုက်တာ ဦးခင်မောင် (မှန်ပါ့) အင်မတန်နေရာကျပါတယ် ဒကာ ဒကာမတို့ အင်မတန် နေရာကျပါတယ်။ ဒါဖြင့် ဘယ်အချိန်တုန်းလို့ မေးတဲ့အခါကျလို့ရှိရင် ဘုန်းကြီးက နေ့တိုင်းပဲ သစ္စာမပါတဲ့ နေ့ရယ်လို့ ရှိရဲ့လား (မရှိပါဘူး) သစ္စာပါတာချည့်ဘဲနော် (မှန်ပ့ါ)။

အဲဒီတော့ သစ္စာပါတာကို သစ္စာနာတုန်းဘဲ ဪ ခန္ဓာကိုယ်ထဲမှာ ဘုန်းကြီးက ဒါဟာ ဘယ်ခန္ဓာကိုဟော နေတယ် ဘယ်ဝိညာဏက္ခန္ဓာကို ဟောနေတယ်, ဘယ်ဝေဒနာက္ခန္ဓာကိုဟောနေတယ် အဲဒါကလေးတွေကို ခင်ဗျားတို့က ဖြစ်တဲ့ပျက်တဲ့ ဒုက္ခသစ္စာပဲလို့သာ မှန်မှန်နှလုံးသွင်းလိုက်လို့ရှိရင် ဒီတရားပွဲ အဆုံးမှာပဲ သောတာပန်သကဒါဂါမ် အနာဂါမ်စသည် မဖြစ်ထိုက်ဘူးလား (ဖြစ်ထိုင်ပါတယ် ဘုရား) မဖြစ်နိုင်ဘူးရယ်လို့တော့ မရှိပါဘူး ပါဠိတောမှာလဲ ဦးခင်မောင် ဒီအတိုင်းလာတယ် (မှန်ပ့ါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီထက်ကျဉ်းတာများရှိသေးရဲ့လား

ဒါဖြင့် ဒီထက်ကျဉ်းတာလဲ ဒကာ ဒကာမတို့ မလိုတော့ပါဘူး၊ ဒီထက်ကျဉ်းတာများရှိသေးရဲ့လား (မရှိပါဘူး) မရှိတော့ဘူးဆိုတဲ့ ဥစ္စာအထူးသဖြင့် သေချာပါတယ် (မှန်ပါ)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ သံသရာရှည်ခဲ့တဲ့ လက်သည်ဖြင့် ဦးခင်မောင် ကောင်းကောင်းပေါ်ပါ့ (ပေါ်ပါပြီ ဘုရား) ပေါ်ပြီ ပေါ်ပြီ ဒကာ ဒကာမတို့ သစ္စာတရားလဲ မနာဖူးဘူး အဇ္ဈတ္တလဲ နှလုံးမသွင်းဖူးဘူး (မှန်ပ့ါ) ဪ ဒီနှစ်ခုတို့ အချော်ကြီး ချော်ပြီး သကာလ လက်နက်ကောင်းကိုပဲ တစ်ခါမှ မရဘူးလို့ အပျောက်ကြီး ပျောက်လို့ အနစ်နာကြီးနစ်နာခဲ့ရတယ်ဆိုတာ ကိုမြရွှေတို့ ရိပ်မိပြီပေါ့ (ရိပ်မိပါပြီ) ဒီ့ပြင်ဟာ ပျောက်တာဘာမှ အရေးမကြီးပါနဲ့။ ဒီလိုရင်းနှစ်ခု ပျောက်သွားမှာကို ဦးခင်မောင်ရေ အရေးတကြီးထားစမ်းပါ (မှန်ပ့ါ) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခုနင်က ပြောခဲ့တဲ့ ကာဠီဝတ္ထု ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) သာတာဂိရိနဲ့ ဟေမဝတတို့က သူ့ဘုံထဲလာတာလား သူတို့ဟာ သူတို့စကား ပြောနေတာလား (သူတို့ဟာသူတို့ စကားပြောနေတာပါ) အဲဒါကို သူကနေပြီး သစ္စာတရားနာနေတယ် အောက်ဘုံထဲက သစ္စာတရားနာ နေရတော့ သူဟာခိုးနာတာလဲ မဟုတ်ပါဘူး သူတို့ဟာ သူတို့ပြောတာ ကိုယ်နဲ့တိုက်ဆိုင်လို့ ကိုယ်ကကြားတာရှိတာပဲ (မှန်ပ့ါ)

အဲဒီအချိန်မှာ သူသည် ဘုံခုနှစ်ဆင့်ပေါ်မှာ ဦးခင်မောင်ခန္ဓာကို ဉာဏ်လှည့်လိုက်တယ် (မှန်ပ့ါ) ခန္ဓာနှလုံးသွင်းမှာကို မလှည့်လိုက်ဘူးလား (လှည့်လိုက်ပါတယ်) လှည့်လိုက်တော့ ကာဠီဘာဖြစ်သတုန်း (သောတာပန်တည်ပါတယ်)။

အခုနှလုံးသွင်း တည့်တာနဲ့

ကိုင်း ဒကာ ဒကာမတို့ ဒါဟာ ဘာများလုပ်တာတုန်းဆိုတော့ အခုသစ္စာတရား ကြားနာရတာနဲ့ အခုနှလုံးသွင်း တည့် လိုက်တာပဲ (မှန်ပ့ါ) အခုနှလုံးသွင်း တည့်တာနဲ့ အခုဘုံခုနှစ်ဆင့်ပေါ်မှာ အခုကိုပဲ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပန်ဖြစ်တာပဲ (မှန်ပ့ါ) သေချာပြီလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနှစ်ချက်ဟာ အတော်မိတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ) အဲဒီတော့ ပေဋကောပဒေသပါဠိတော်မှာ ဦးခင်မောင် ဒီအတိုင်းလာတယ် (မှန်ပ့ါ)ဘုရားက ဥပမာပေး ဟောတာကလဲ အစေးရှိတဲ့ သစ်တုန်းကို မီးရှို့ချင်သလောက်ရှို့ တစ်နေ့လုံးရှို့ မရဘူး (မှန်ပ့ါ)။

အစေးခြောက်အောင်လုပ်ပြီးမှ မီးရှို့ခဲ့သည်ရှိသော် မီးရှို့ခြင်း၏ အကြောင်း မမှန်ပေဘူးလား (မှန်ပါတယ်) ခြောက်တာ မီးရှို့ရင် လောင်ရမှာပဲ (မှန်ပ့ါ) မခြောက်တာ မီးရှို့နေရင်တော့ (မလောင်ပါဘူး)။

အဲဒီအတိုင်းဘဲတဲ့ သစ္စာတရားနာရမှ ကိလေသာ အစေးက ခြောက်မှာ (မှန်ပ့ါ) နို့မဟုတ်ရင် ခန္ဓာကိုယ်ထဲမှာ တစ်ခါတည်း ကိလေသာတွေ ပျံ့နှံ့ပြီး သကာလ မျက်လုံးပေါက် ကိလေသာဝင်လာလိုက် နားပေါက်ကကော (ဝင်လာပါတယ် ဘုရား) ကိုယ်ပေါ်မှာကော (ပေါ်ပါတယ် ဘုရား) အကုန်ပေါ်လာတာပဲ။

ကိလေသာတွေက ဝင်လာတာပဲ

ကိုယ်ပေါ်မှာပဲ ကိလေသာတွေက ဟိုနေရာက နွေးတယ်ဆို ဟိုနေရာက ဝင်လာတာပဲ (မှန်ပ့ါ) ဒီနေရာက အေးတယ်ဆို အအေးကြိုက်တဲ့ လူက အေးတဲ့နေရာက တဏှာဝင်တာပဲ။ ပါးစပ်ကလဲ တော်တော်ဟိုဟာစားချင်, ဒီဟာစားချင်နဲ့ ပါးစပ်ကလဲ တဏှာတွေကဝင်လာလိုက် (မှန်ပ့ါ) ကိလေသာအစေးတွေက အပျံ့အနှံ့ခန္ဓာကိုယ် တစ်ခုလုံးမှာ ဝင်လာနိုင်တယ် (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီအစေးတွေက ဘယ်တော့မှ မခြောက်တော့ဘူး အကုန်လုံး ဒုက္ခသစ္စာပဲ ဪ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာလို့ဆိုလိုက်တော့မှ ပိုင်းခြားသိလိုက်တော့မှ အစေးတွေက ဘာဖြစ်ကုန်သတုန်း (ခြောက်ပါတယ်) ဘယ်နေရာက ကျန်သေးသတုန်း (မကျန်ပါဘူး)။

အဲဒီမကျန်တဲ့ အချိန်ကျတော့မှ ခင်ဗျားတို့က ဝိပဿနာအလုပ်နဲ့ နှလုံးသွင်းပြီး ခန္ဓာကိုယ်အတွင်းကို နှလုံးသွင်းလိုက် (မှန်ပ့ါ) အဇ္ဈတ္တနှလုံး သွင်းလိုက်တဲ့ အချိန်ကျ တော့မှ ဪ ဒုက္ခသစ္စာဟာ တကယ် ဒုက္ခအစစ်ပဲဆိုပြီး ဆုံးဖြတ်ချက် ချလိုက်နိုင်တော့မှ ဒုက္ခတွေချုပ်ပြီး ခန္ဓာဉာဏ် အောက်မှာ ပျောက်တယ် (မှန်ပါ့)။

ခန္ဓာပျောက်တာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) အဲ ပျောက်တဲ့ ခန္ဓာက ဒုက္ခသစ္စာပျောက်လို့ အစားထိုးလာတာက (နိရောဓသစ္စာပါ)။

အစေးမရှိတဲ့ ခန္ဓာသစ်တုံးဖြစ်လို့

ဪ ဒါဖြင့် ဘယ့်နှယ်ကြောင့် ပျောက်လွယ်ပါလိမ့်မတုန်းဆိုတော့ အစေးမရှိတဲ့ ခန္ဓာသစ်တုံးဖြစ်လို့ မီးရှို့လို့လွယ်တယ်(မှန်ပ့ါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နှစ်လုံးတည်း ဒီနေ့ည ဟောတယ်၊ တစ်လုံးက ဘာပါလိမ့် (သစ္စာတရားနာရပါမယ်) နောက်တစ်လုံးက ဘာပါလိမ့် (အဇ္ဈတ္တသန္တာန် နှလုံးသွင်းရပါမယ်)။

ဒါဆိုရင် နိဗ္ဗာန်ရနိုင်ပြီ (မှန်ပ့ါ) သောတာပန်သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပြီဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား) ဒီနှစ်လုံးတည်းတော့ ဖျောက်ပစ်ရင်တော်မလား (မတော်ပါဘူး ) ဒါလေးလေးစားစား သိမ်းဆည်းရမည့် ပစ္စည်းဆိုတာကော ရှင်းလင်းပြီလား (ရှင်းလင်းပါပြီ)။

ကဲ…ဒါဖြင့် ယနေ့ဒီတွင် တော်ကြစို့။

သာဓု…သာဓု…သာဓု…