ရုပ်နာမ်နှစ်ပါးကို ဉာဏ်နဲ့မပြတ်ကြည့်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသောတရားတော်
ရုပ်နာမ်နှစ်ပါးကို ဉာဏ်နဲ့မပြတ်ကြည့်
လှေထိုးသမားက ဉာဏ်
လှေထိုးသမားက ဉာဏ်နဲ့ထားမယ်ဆိုလို့ရှိရင်ဖြင့် ခန္ဓာကိုယ်လှေကြီးနဲ့ လှေထိုးသမားသည် ဟိုဘက်မရောက်ရ ပေဘူးလား (ရောက်ပါတယ်) ခန္ဓာကိုယ်လှေကြောင့်လဲ ဟိုဘက်ရောက်တယ် လှေထိုးသမား လှေခတ်သမားကြောင့်လဲ ဟိုဘက်ရောက်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
အဲ့ဒါတွေ စဉ်းစားလိုက်တော့မှ ဪ နိဗ္ဗာန်ရောက်ကြောင်းဟာ ဘယ်မှာနေပါလိမ့်မတုန်းဆိုတာ ရောက်ကြောင်း လို့ဆိုသဖြင့် ဪ ခန္ဓာဟာ ရောက်အောင်ပို့နိုင်တဲ့ စွမ်းရည်သတ္တိတော့ရှိတယ် ဟိုဘက်တော့ ကုန်းပေါ်ရောက်အောင်တော့ သူမပါဘူးပေါ့ဗျာ (မှန်ပါ့)။
နိဗ္ဗာန်တည်း ဟူသော ဟိုဘက်ကမ်းရောက်အောင်တော့ သူမပါဘူး။ ရောက်အောင် သူ့ကို ခိုင်းစေပြိး ပို့ကြမယ်ဆိုလို့ရှိရင်ဖြင့် မရ-မရှိပါဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
အဲ့ဒီတော့ ရုပ်တွေကို လှေသဖွယ် ဉာဏ်ကို လှေထိုးသမား သဖွယ်ထားပြီး သကာလ ကူးကြမယ် ဆိုလို့ရှိရင် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးသည် ကားလို့ဆိုရင် နိဗ္ဗာန်ရောက်ကြောင်း တစ်မျိုးပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
ဒါကြောင့် နိဗ္ဗာန်ရောက်ချင်တဲ့ လူတိုင်းမှာ ရှင်သာရိပုတ္တရာက ဟောလိုက်တယ်။ နိဗ္ဗာန်ရောက်ချင်တဲ့ ဒကာ ဒကာမတွေ ဘယ်လိုများ နှလုံးသွင်းပြီး သကာလ ဘယ်လိုရောက်ရမတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးမှာ ခုနကပြောသလို လှေရယ် လှေထိုးသမားရယ် နှစ်မျိုးရှိသလို ခန္ဓာကိုယ်ကြီးထဲမှာလဲ ဒကာ ဒကာမတို့ ရုပ်နဲ့နာမ်ပဲ ရှိတယ်ဆိုတာတော့ မှတ်မိကြမှာပေါ့ (မှန်ပါ့ ဘုရား)။
ရုပ်နဲ့နာမ်ပဲ ရှိတယ်
ရုပ်နဲ့နာမ်ပဲရှိတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားပါ။ စားချင်, သွားချင်, လာချင်, ပြောချင်, ဆိုချင် ဆိုတာတွေက နာမ်ပေါ့ဗျာ အသွားခိုင်းလို့သွားရဲ့ အမည်ကြီးကရုပ်တွေပေါ့ဗျာ (မှန်ပါ့)။ စားချင်တဲ့သဘောကလေးဟာ နာမ်တရား စားရတဲ့ဝါးရတဲ့အမည်ကြီးဟာ ရုပ်တရားပေါ့ဗျာ (မှန်ပါ့)။ ပြောချင်တာကလေးကနာမ် အသံကရုပ်။ ဒါတွေဟာ ထင်ရှားရှိပြီး သကာလ နေတော့ ဪ ဒီနာမ်ရုပ်နှစ်ပါးသာ ရှိပါကလား ဆိုတာတော့ ဒကာ ဒကာမတွေ သိထားမှာပေါ့ဗျာ။ သိလဲ သိပြီးသားတွေ ပါနော် (မှန်ပါ့)။
ဘာရှိကြသတုန်း (နာမ်ရုပ်နှစ်ပါးရှိပါတယ်)။
အဲ့ဒီနာမ်ရုပ်နှစ်ပါးထဲမှာ ဘုန်းကြီးက ဒကာ ဒကာမတွေ သန္တာန် ဘုရားပွင့်ပေးလိုက်တာက ဘာပါလိမ့်မတုန်းဆိုတော့ ဒီနာမ်ရုပ်နှစ်ပါးထဲမှာ ပညာရှိတစ်ယောက်သာ သွင်းပါတော့လို့ သတိပေး လိုက်ပါတယ် (မှန်ပ့ါ)။
ပညာရှိ တစ်ယောက်သွင်းလိုက်ပါ
နာမ်ရုပ်နှစ်ပါးထဲမှာ ပညာရှိတစ်ယောက် သွင်းလိုက်ပါဆိုတော့ ပညာရှိဆိုတာ နာမ်သဘောကို အကဲခတ်တဲ့သူ ရုပ်သဘောကို အကဲခတ်တဲ့သူ အဲ့ဒီပညာရှိ တစ်ယောက်သွင်းလိုက်ပါ (မှန်ပါ့)။
နာမ်ရုပ်နှစ်ပါးထဲ ဘာကလေးသွင်းလိုက်ရမတုန်း (ပညာရှိသွင်းလိုက်ရပါမယ်) ပညာစေတသိက်ဆိုတဲ့ ပညာနာမ်ကို ဒကာ ဒကာမတွေက သွင်းပေးလိုက်စမ်းပါ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာရှိရင်းစွဲက နာမ်နဲ့ရုပ်ပေါ့ဗျာ (မှန်ပါ) ဒီအထဲမှာ ဘုရားပွင့်လာလို့ လူတစ်ယောက်တော့ ထည့်ပါဦး။ ဆရာဘုန်းကြီးကလဲ ဆုံးဖြတ်ချက်ချမည့် လူတစ်ယောက်တော့ဖြင့် ထည့်ပေးပါဦးဆိုလို့ ဒကာ ဒကာမတွေကပဲ ပညာစေတသိက်ကလေးထည့်ပေးလိုက်တယ်၊ ပညာဉာဏ်ကလေးထည့်ပေးလိုက်တယ်နော် (မှန်ပါ) အဲ့ဒီတော့ သုံးယောက်ပြည့်မသွားဘူးလား (ပြည့်သွားပါတယ်) သုံးယောက်ပြည့်တော့ နှစ်ယောက်ကိုတော့ တစ်ယောက်က အကဲခတ် (မှန်ပါ)။
နှစ်ယောက်ဆိုတာက ရုပ်နဲ့နာမ်၊ တစ်ယောက်ဆိုတာက ဉာဏ်၊ အဲ့ဒီနှစ်ယောက်ကို တစ်ယောက်က အကဲခတ်ပါ၊ ဒါ ဝိပဿနာအလုပ်လို့မှတ်ပါ (မှန်ပါ)။
ရုပ်နာမ်နှစ်ခုကို ပညာတစ်ခုက အကဲခတ်တာ ဘာခေါ်ကြမယ် (ဝိပဿနာပါ ဘုရား)။
ဪ ဝိပဿနာအလုပ် ဆိုတာ အခု ရှင်သာရိပုတ္တရာ ဟောတဲ့နည်းယူပြီး ပြောလိုက်တော့လဲ ဝိပဿနာ အလုပ်ဆိုတာ ရုပ်နာမ်နှစ်ခုကို ပညာတစ်ခုက အကဲခတ်လိုက်ရင်ပြီးတာပဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဘယ်လို အကဲခတ်ကြမယ် (ရုပ်နာမ်နှစ်ခုကို ပညာတစ်ခုက အကဲခတ်ရပါမယ် ဘုရား)။
အဲ့ဒါ သေသည့်တိုင်အောင် မမေ့ကြပါနဲ့ ဒကာ ဒကာမတို့ (မှန်ပါ) ရှိတာကဘာတုန်း ခင်ဗျားတို့ သန္တာန်မှာ (ရုပ်နာမ်နှစ်ခုပါ ဘုရား) ရုပ်နာမ်နှစ်ခု ရှိတော့ ဘုရားပွင့်လာတဲ့အခါ သူပေးတဲ့ ဒါကလေး တစ်ယောက်ထည့်ပါဆိုတာ ဘာပါလိမ့် (ပညာပါ ဘုရား)။
အဲ ရုပ်နာမ်နှစ်ခုကတော့ ကျုပ်တို့ကံကပေးထားလို့ ရထားပါပြီ၊ ပညာကတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သော်လည်းကောင်း၊ ကလျာဏမိတ္တဆိုတဲ့ သူတော်ကောင်းကသော်လည်းကောင်း ပေးမှရမယ် (မှန်ပါ)၊ ဒါဖြင့် ရုပ်နာမ် နှစ်ခုကို ပညာတစ်ခုနဲ့ အကဲခတ်ကြပါ (မှန်ပါ)။ ဒါဘာအလုပ်ခေါ်ကြမလဲ (ဝိပဿနာ အလုပ်ပါ ဘုရား)။
ရုပ်နာမ်နှစ်ခုကို ပညာတစ်ခုနဲ့ ကြည့်
ဪ ဝိပဿနာအလုပ်ဆိုတာ ရှည်ရှည်တွေးနေရင် ရှည်တာပဲ ဒကာ ဒကာမတို့ တိုတိုနဲ့ တွေးလိုက်တော့လဲ ဒါပဲရှိပါတယ် (မှန်ပါ) ရုပ်နာမ်နှစ်ခုကို (ပညာတစ်ခုနဲ့ ကြည့်ရပါမယ် ဘုရား)။
ရုပ်နာမ်နှစ်ခုကို (ပညာတစ်ခုနဲ့ အကဲခတ်ရပါမယ်) ပညာတစ်ခုနဲ့ အကဲခတ်ပါဆိုတော့ ခင်ဗျားတို့ ဘယ်မှာ နေနေ ရုပ်နာမ်ကို ခွဲနေလို့ရရဲ့လား (မရပါ ဘုရား) အဲ့ဒီထဲမှာ ဘုရားပွင့်လာမှ အထူးတလည် ကျေးဇူးပြုတဲ့ပညာ တစ်ခုသာ ခင်ဗျားတို့က သွင်းလိုက်ပါတော့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာကလေးသွင်းရမလဲ (ပညာတစ်ခုသွင်းရမယ်) ပညာတစ်ခုသွင်းလိုက်စမ်းပါ၊ ဒကာ ဒကာမတို့ ပညာတစ်ခု သွင်းလိုက်တဲ့ပုဂ္ဂိုလ်ဟာ ဝိပဿနာအလုပ်ဖြစ်ပြီလို့မှတ်ရမယ် (မှန်ပါ)။
ဪ ဝိပဿနာအလုပ်ဆိုတာ ဒကာ ဒကာမတို့ တော်တော်ခဲယဉ်းတဲ့ အလုပ်လားလို့ဆိုတော့ ကိုယ်ရှိတဲ့ ရုပ်နာမ်နှစ်ခုကို ပညာနဲ့ကြည့်လိုက်ရင် (ဝိပဿနာတွေ့ပါတယ် ဘုရား)။
အဲ ဝိပဿနာ ရှုစရာတွေတွေ့လာတယ်၊ ဪ ဒါဖြင့် မောင်သစ် တို့ လူစုတွေ ကိုမြရွှေ တို့ လူစုတွေ အလိုက်မှားနေပေါ့ (မှန်ပါ)။ ဟိုစာကြည့်တော့ အလုပ်လုပ် ဖြစ်မလား ဒီစာကြည့်တော့ အလုပ်လုပ်ဖြစ်မလားလို့ ဦးခင်မောင် တို့ ရှာနေတာပေါ့ဗျာ (မှန်ပါ) ရှာပင်ရှားငြားသော်လဲ ဝိပဿနာအစစ် လုပ်ငန်းခွင်ကို တွေ့ရဲ့လား (မတွေ့ပါ ဘုရား)။
ဝိပဿနာလုပ်ငန်းခွင် အစစ်မတွေ့ဘူး၊ ဝိပဿနာ မှတ်တမ်းတွေတော့ တွေ့ပါတယ် (မှန်ပါ)။
ဪ ဒါဖြင့် တပည့်တော်တို့ဘုရား ဝိပဿနာအစစ် မတွေ့တာကြာပါပေါ့ မှတ်တမ်းနဲ့ အချိန်ကုန်နေကြ တယ်လို့ဆိုလို့ရှိရင်လဲ မလွဲဘူးလို့ ခင်ဗျားတို့ပြောကြရမှာပဲ (မှန်ပါ)။
ဝိပဿနာအလုပ် ဆိုတာ
မလွဲတော့ပါဘူးတဲ့ ယနေ့ကစပြီး သကာလ ဒကာ ဒကာမတွေက ပြင်လိုက်တော့ ဝိပဿနာအလုပ် ဆိုတာဟာ ရုပ်ကလဲ နိဗ္ဗာန်ပို့နိုင်တာပဲ နာမ်ကလဲ နိဗ္ဗာန်ပို့နိုင်တာပဲဆိုတာ ခုနက လှေပေါ်မှာ လှေထိုးသမားနဲ့ လှေနှစ်မျိုးရှိပြီ ဆိုမှာဖြင့် လှေပေါ်မှာပစ္စည်းတွေ ဘယ်ပုဂ္ဂိုလ်တင်တင် ဟိုဘက်တော့ရောက်မှာပဲ (မှန်ပါ) မရောက်ပေဘူးလား (ရောက်ပါတယ်)။
သူတို့နှစ်ခုပို့တာပဲဆိုရင်ကော (မလွဲပါဘူး) လှေကလဲပို့တယ် လှေထိုးသမားကလဲပို့တော့ လှေပေါ်မှာ စီးလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဘယ့်နှယ်တုန်း (ရောက်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒီအတိုင်းပဲ ရုပ်နာမ်နှစ်ခုကို ကျုပ်တို့ ဉာဏ်နဲ့ စီးကြည့်လိုက်ရင်ဖြင့် ဒီဉာဏ်သမားဟာ နိဗ္ဗာန် ရောက်မယ် (မှန်ပါ)။
ရုပ်နာမ်နှစ်ခုကို ဉာဏ်နဲ့စီးကြည့်ရင် (ဉာဏ်သမားဟာ နိဗ္ဗာန်ရောက်ပါမယ်) ဪ ဒါဖြင့် သိပ်ပြီး မခက်လှ ပါကလား ဒကာ ဒကာမတို့ (မှန်ပါ)။
ခက်သလား လွယ်သလား (လွယ်ပါတယ် ဘုရား)။ လွယ်ပင်လွယ်ငြားသော်လဲ အနီးရှိလို့ မမြင်ပဲ ဖြစ်နေတယ် (မှန်ပါ)။
ဘယ့်နှယ်ဖြစ်နေသတုန်း (အနီးရှိလို့မမြင်ပဲဖြစ်နေပါတယ်) အနီးရှိလို့ မမြင်ဘူးဆိုတော့ ဒကာ ဒကာမတွေ အနီးရှိလို့ မမြင်တာလဲ တခြားမဟုတ်ပါဘူး၊ ကိုယ့်မျက်တောင်မွှေးဟာ မျက်လုံးနဲ့အနီးဆုံးပဲ၊ မြင်ကြရဲ့လား (မမြင်ပါဘူး) ဘယ့်နှယ်ဖြစ်နေတာတုန်း (နီးလို့မမြင်တာပါ) နီးလျက်နဲ့ ဝေးနေတယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ)။
နီးလျက်နဲ့ ဝေးနေတယ်
မျက်တောင်မွှေးနဲ့ မျက်လုံးဟာ ဘယ့်နှယ်နေကြသလဲ (နီးပါတယ်) သူ့ထက်နီးတာကောရှိသေးသလား (မရှိပါဘူး) အဲ ဒကာ ဒကာမတွေက ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မတုန်းဆိုတော့ အဝေးကြည့်နေလို့ (မှန်ပါ) အနီးကြည့်လိုက်ရင်တော့ဖြင့် (မြင်မှာပါ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတို့ ဝိပဿနာဆိုတာ ခင်ဗျားတို့က ဟိုသွားရှာရတော့မလို ဒီသွားရှာရတော့ မလိုဆိုတာ အဝေးကြည့်-ကြည့်နေတာ (မှန်ပါ) အဝေးကြည့်-ကြည့်နေတော့ ဝိပဿနာက တွေ့ရဲ့လား (မတွေ့ပါဘူး) ကဲ ဒီတစ်ခါ တော့ အနီးဆုံးသာကြည့်ပါတော့ (မှန်ပါ)။
အနီးဆုံးသာ ကြည့်ကြပါတော့ ဒကာ ဒကာမတို့ အနီးဆုံးက ဘာပါလိမ့် (ရုပ်နာမ်ပါ ဘုရား) ရုပ်နာမ်ထက် နီးတာကော ရှိသေးရဲ့လား (မရှိပါဘူး) အဲ့ဒါ ဘုရားပွင့်လာမှ ခင်ဗျားတို့ရတဲ့ ဉာဏ်တစ်ခုကို ထည့်ကြည့်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာထည့်ကြည့်ရမလဲ (ဉာဏ်ထည့်ကြည့်ရပါမယ်) ဉာဏ်ထည့်ကြည့်လိုက်တော့ ရုပ်ကိုပဲကြည့်ကြည့်၊ နာမ်ကိုပဲ ကြည့်ကြည့် ကြည့်ချင်တာကြည့် ဝိပဿနာဖြစ်ပြီလို့ အောက်မေ့ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝိပဿနာအလုပ် လုပ်မယ်ကြံလို့ရှိရင်ဖြင့် ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်လိုက်ရင်ပြီးရောလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။
ရုပ်နာမ်နှစ်ခုကို (ဉာဏ်နဲ့ ကြည့်လိုက်ရင် ပြီးပါတယ်) ဦးဝကြီး ပေါ်ပြီလား (ပေါ်ပါပြီ)၊ နောက်က ဒကာ ဒကာမတွေကော (ပေါ်ပါပြီ ဘုရား) ဘယ်လိုများလုပ်ကြမယ် (ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်ရပါမယ် ဘုရား)။
တစ်သက်လုံးမမေ့ပါနဲ့
အဲ့ဒါကို တစ်သက်လုံး မမေ့ပါနဲ့ (မှန်ပါ) တစ်သက်လုံးမမေ့ပါနဲ့၊ ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်မှုကို တစ်သက်လုံးမမေ့ပါနဲ့ ဉာဏ်တစ်ခုနဲ့ ကြည့်မှုကို တစ်သက်လုံးမမေ့ပါနဲ့လို့ ကိုသစ် တို့ မှာရတယ် (မှန်ပါ) ဦးဘတင်မှာသင့် မမှာသင့် (မှာသင့်ပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်လိုက်ပြီဆိုတဲ့အခါကျတော့ ဆိတ်ငြိမ်တဲ့နေရာကြည့်ကြ ပါလို့ ပြောလိုက်တယ်၊ မလှုပ်မရှားဘဲနဲ့ ကြည့်ပါ၊ ကြည့်တဲ့အခါမှာ (မှန်ပါ)၊
လှုပ်ရှားလာလို့ရှိရင်လဲ ဘယ်သူလှုပ်တာတုန်းလို့ လှုပ်တဲ့သဘောပဲကြည့်၊ ငြိမ်နေပြန်လို့ရှိရင် ငြိမ်တဲ့သဘော ကိုကြည့်၊ (မှန်ပါ) ငြိမ်တဲ့သဘော ကြည့်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဉာဏ်တစ်ခုနဲ့သာ ဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် လှုပ်တာသည် ပင်ကိုယ်လှုပ်လား အခုမှလှုပ်လား အကဲခတ် ကြည့် (အခုမှလှုပ်တာပါ) သဘောကျပြီလား (ကျပါပြီ)။
ပင်ကိုယ်လှုပ်တာလား အခုမှ လှုပ်တာလား (အခုမှလှုပ်တာပါ ဘုရား) ပင်ကိုယ်က ငြိမ်တယ် (မှန်ပါ)။
ဥပမာ သစ်ပင်တစ်ပင်ဟာ ပင်ကိုယ်ကငြိမ်နေတယ်၊ လေတိုက်ရင် (လှုပ်ပါတယ် ဘုရား)။
ဪ ဒါဖြင့် လှုပ်တာလဲ ဒကာ ဒကာမတို့ စိတ်လေတိုက်လို့ လှုပ်တာ (မှန်ပါ)။ စိတ်လေမတိုက်ရင် (မလှုပ်ပါဘူး) စိတ်ငြိမ်ရင် (ငြိမ်ပါတယ်) စိတ်မငြိမ်ရင် (လှုပ်ပါတယ် ဘုရား) စိတ်မငြိမ်လို့ရှိရင် မငြိမ်ဘူး လှုပ်နေတယ် ဆိုတာ ထင်ရှားပြီလား (ထင်ရှားပါပြီ)။
ဟာ ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ကလဲငြိမ်စိတ် မငြိမ်စိတ် ရုပ်ကလဲ ငြိမ်ရုပ်၊ မငြိမ်ရုပ်ပဲ (မှန်ပါ)၊ ခွဲတတ် ပြီလား (ခွဲတတ်ပါပြီ)။
ရုပ်နာမ်ကပြောတာ
အဲ့ဒါသာ အကဲခတ်နေလို့ရှိရင် သူတို့ဟာ အတည်မကျ ပြောင်းသွားနေကြတယ်ဆိုတဲ့ ဥစ္စာပေါ်လာတယ် (မှန်လှပါ) မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။ အင်း ဒါဟာ ဘယ်သူက ပြောတာပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာက ပြောတာပါ) ဒီလိုဆိုကြပါစို့ ရုပ်နာမ်ကပြောတာ (မှန်ပါ)။
ဦးဘတင် ဘယ်သူကပြောသတုန်း (ရုပ်နာမ်ကပြောပါတယ်) ကျုပ်တို့က ရုပ်နာမ်အကဲခတ်နေတာကိုး (မှန်ပါ) ရုပ်နာမ်ကိုပဲ ခတ်နေတော့ ရုပ်ကလဲ ကျုပ်ဟာ အရင်ရုပ်မဟုတ်ဘူး နောက်ရုပ်၊ နာမ်ကလဲ ကျုပ်အရင်နာမ် မဟုတ်ဘူး နောက်နာမ်၊ ဘယ်သူကပြောသတုန်း (ရုပ်နာမ်ကပြောပါတယ်)။
ဟာဒါဖြင့် ရုပ်နာမ်က ပြောတာဖြင့် နဂိုက ကိုယ့်ကိုယ်ထင်နေတဲ့ဥစ္စာ သူတို့က အရင်ဟာမဟုတ်ဘူး နောက်ဟာ၊ အရင်စိတ်မဟုတ်ဘူး နောက်စိတ်၊ အရင်နာမ်မဟုတ်ဘူး နောက်နာမ်၊ အရင်ရုပ်မဟုတ်ဘူး နောက်ရုပ်၊ သူတို့က ပြောနေတော့ ကျုပ်တို့က ဒီအထဲမှာ ကိုယ်ပိုင်တော့မရှိလို့ပဲ သူတို့ဒါလောက် ပြောနေတာ၊ နဂိုက ကိုယ်ပိုင်ထင်နေတဲ့ ဥစ္စာတွေ အလွဲချည်းပဲဟ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိုယ်ပိုင်ထင်နေတဲ့ ဥစ္စာတွေ အလွဲချည်းပါ ဘုရား)၊ အဲ အလွဲချည်းပဲဆိုလို့ရှိရင် အခု အမှန်မြင်လို့ (မှန်ပါ) အမှန်မြင်တာ သမ္မာဒိဋ္ဌိဝိပဿနာဖြစ်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
အင်မတန်မိတဲ့တရားကိုပြောတာပါ (မှန်ပါ) အင်မတန်မိတဲ့တရားကိုပြောတာ ဒကာ ဒကာမတို့ ကောင်းကောင်း နားလည်ပြီလား (နားလည်ပါပြီ)။
ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့်
ဒါဖြင့် ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့်ဆိုတဲ့ စကားဟာ မမိသေးဘူးလား (မိပါတယ်) မိပြီတဲ့ ရုပ်နာမ် နှစ်ခုကို ဘာနဲ့ကြည့်ရမလဲ (ဉာဏ်နဲ့ကြည့်ရပါမယ်)။
ဉာဏ်နဲ့ ကြည့်လိုက်တော့ ရုပ်ကလဲ အရင်ရုပ်မဟုတ်ဘူး နောက်ရုပ် (မှန်ပါ) နာမ်ကလဲ အရင်နာမ် မဟုတ်ဘူး နောက်နာမ် (မှန်ပါ) သူတို့သည် စိုက်ကြည့်နေတဲ့ ပုဂ္ဂိုလ်, စိုက်ကြည့်နေတဲ့ ဉာဏ်သမားကို အမြဲတမ်း သူတို့က ပြောမယ် (မှန်ပါ) မပြောပေဘူးလား (ပြောပါတယ်) ဘယ်သူက ပြောသတုန်း (ရုပ်နာမ်ကပြောပါတယ်) စိုက်ကြည့် မနေတဲ့လူတော့ မပြောဘူးဗျ။ စိုက်ကြည့်နေတဲ့ လူကျတော့ (ပြောပါတယ်)။
ဒါ ဘယ်သူက ပြောတာတုန်းလို့ ဦးဘတင် မေးပြီဗျ (ရုပ်နာမ်က ပြောတာပါ ဘုရား) ဦးဘအုန်းကြီး (ရုပ်နာမ်က ပြောပါတယ် ဘုရား) ရုပ်နာမ်ကပြောတော့ သူများပြောရင် မယုံချင်နေ၊ ရုပ်နာမ်ကပြောတာတော့ ယုံရမှာပဲ (မှန်ပါ) ကျုပ် အရင်ရုပ်မဟုတ်ဘူး နောက်ရုပ်ပါ၊ ရုပ်ကပြောတယ်၊ နာမ်ကကော (နောက်နာမ်လို့ပြောပါတယ်)။
ဒါဖြင့် သူတို့ပြောတဲ့အထဲမှာ ခဏခဏ ဖြစ်ပျက်နေပါတယ်ဆိုတဲ့စကား ပါ-မပါ (ပါ,ပါတယ် ဘုရား) အဲ့ဒီ ပါတော့ ကျုပ်တို့ ဉာဏ်ကလေးနဲ့ ဟုတ်ပေတယ် ဟုတ်ပေတယ်လို့ ခေါင်းငြိမ့်ပြီးလိုက်နေစမ်းပါ (မှန်ပါ)။ မလိုက်သင့် ဘူးလား (လိုက်သင့်ပါတယ်)။
ဘယ်သူကပြောလို့ ခေါင်းငြိမ့်လိုက် နေရမှာတုန်း (ရုပ်နာမ်ကပြောလို့ပါ) အဲ ဘုန်းကြီးကဟောလို့ မငြိမ့်ချင်နေပါ၊ ရုပ်နာမ်ကပြောရင်တော့ ငြိမ့်ကြစမ်းပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးက ပါးစပ်ပြောတာပဲ ပါးစပ်ပြောကို မယုံရင်နေပါ၊ (မှန်ပါ)။
သံသယရှိဖို့မလိုတော့ဘူး
ဘယ်သူကပြောတာတော့ လိုက်ရမတုန်း (ရုပ်နာမ်ကပြောတာတော့ လိုက်ရပါမယ်)။
အင်း ဒီဥစ္စာဖြင့် ဟုတ်မှဟုတ်ပါ့မလား – ငါရှုနေတာ ဟုတ်မှဟုတ်ပါ့မလားဆိုလို့ရှိရင်တော့ဖြင့် ဒကာ ဒကာမတွေ ကိုယ်ပိုင်ထင်နေတဲ့ ရုပ်နာမ်က ကိုယ်ပိုင်မဟုတ်ကြောင်း ပြောနေတဲ့ဥစ္စာကို သူက သက်သေခံနေပါလျက် သားနဲ့ ငါရှုတာဟာ ဟုတ်မှဟုတ်ပါ့မလားလို့ သံသယရှိဖို့မလိုတော့ဘူး၊ (မလိုပါဘူး ဘုရား) သံသယဝိစိကိစ္ဆာလဲ သေသွားတယ်၊
နဂိုကလဲ ရုပ်နာမ်ရှိတယ် သိသွားတော့ နာမရူပပရိစ္ဆေဒဉာဏ်ကလဲရှိတယ်၊ ဟုတ်လား (မှန်ပါ) သူကလဲ ခဏခဏ ပြောင်းလွဲပြ ပြီးတော့ နေတဲ့အတွက် ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သံသယ ရှိစရာလဲ မလိုဘူး၊
အရင်ရုပ်လဲ မဟုတ်ဘူး ဒါဟာနောက်ရုပ်၊ အရင်နာမ်လဲမဟုတ်ဘူး နောက်နာမ်လို့ ခဏခဏဆက်လက်ပြီး သူမပြောပေဘူးလား (ပြောပါတယ်)၊ ပြောနေတာဘယ်သူကပြောပါလိမ့် (ရုပ်နာမ်ကပြောပါတယ်) ရုပ်နာမ်ကပြောတယ်ဆိုတာ ဒကာ ဒကာမတွေ သဘောကျပြီလား (ကျပါပြီ)။
ရုပ်နာမ်ကပြောတာ ဘယ်သူက ကြည့်ပါလိမ့် (ဉာဏ်ကကြည့်ပါတယ်) ဉာဏ်ကကြည့်တော့ ဒီဉာဏ်ကလဲ မိမိသန္တာန်ပေါ်လာတဲ့ ဉာဏ်, ရုပ်နာမ်ကလဲ မိမိဆုတောင်းထားလို့ရတဲ့ ရုပ်နာမ် (မှန်ပါ) အဲဒီတော့ မိမိဆုတောင်းထားတဲ့ ရုပ်နာမ်ကို ဘုရားပွင့်လာတဲ့ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ကိုယ်ပိုင် ကိုယ့်ဥစ္စာ မပါဘူးဆိုတာ ရုပ်နာမ်ကပြောလိမ့် မယ် (မှန်ပါ)။
ကိုယ်ပိုင်ကိုယ့်ဟာ ကိုယ့်ဥစ္စာဆိုတာ မဟုတ်ဘူး
ကိုယ်ပိုင်ကိုယ့်ဟာ ကိုယ့်ဥစ္စာဆိုတာ (မပါပါဘူး) ဘယ်သူကပြောသတုန်း (ရုပ်နာမ်ကပြောပါတယ်)။
ရုပ်နာမ်ကပြောတော့ ကိုယ်ပိုင်ကိုယ့်ဟာ ကိုယ့်ဥစ္စာဆိုတာ မဟုတ်ဘူးဟေ့ အစိုးမရ အနတ္တတွေသာဟုတ်တယ် ဆိုတာဘုန်းကြီးကလဲ ဟောဖို့မလိုဘူး၊ ဘယ်သူကဟောသွားသတုန်း (ရုပ်နာမ်ကဟောသွားပါတယ်)။
ဪ ဒါဖြင့်ခင်ဗျားတို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့ ကိုယ့်ရုပ်နာမ်မဟုတ်လို့ ခဏခဏပြောင်းလွဲနေတာပဲ၊ ကိုယ့်ထားသလို ကိုယ်ကြိုက်သလိုမနေဘူး (မှန်ပါ) နာမ်ကလဲ ကိုယ်ထားသလိုကိုယ်ကြိုက်သလို (မနေပါဘူး) ရုပ်ကလဲ ကိုယ်ထားသလို ကိုယ်ကြိုက်သလို (မနေပါဘူး) ဘယ်သူကပြောသတုန်း (ရုပ်နာမ်ကပြောပါတယ်)။
ရုပ်နာမ်ကပြောတော့ ခင်ဗျားတို့က ဉာဏ်ကလေးနဲ့ ခေါင်းငြိမ့်ပြီးနေတာပေါ့ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာဆိုတော့ ဪနဂိုကတော့ ပါးစပ်ပြောအောက်မေ့တယ် အခုတော့ဖြင့် ကိုယ်ဆုတောင်းထားတဲ့ရုပ်နာမ်က ကိုယ်ရထားတဲ့ ရုပ်နာမ်ကကိုယ့်ကို ပြောနေတာကိုးလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)။
ဒီလိုဆိုနိုင်လို့ရှိရင် ဒကာ ဒကာမတို့ ဒီဉာဏ် ဘာဉာဏ်ခေါ်ကြပါ့မတုန်းဆိုတော့ ဪကိုယ့်အကြောင်း ကိုယ်ကောင်းကောင်းသိတဲ့ ယထာဘူတဉာဏ် ပဲ (မှန်ပါ)။
ယထာဘူတဉာဏ်
ဘယ့်နှယ်ဆိုကြမလဲ (ယထာဘူတာဉာဏ်ပါ ဘုရား)။
ကိုယ့်ရုပ်နာမ်အကြောင်း ကိုယ်ကောင်းကောင်းသိတဲ့ (ယထာဘူတဉာဏ်ပါ ဘုရား)
ဪ-တယ်လွယ်ပါသလား ဒကာ ဒကာမတို့ (မှန်ပါ) ကိုယ့်ခန္ဓာကပြောတဲ့အကြောင်းကို ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့ကောင်းကောင်း သိသောကြောင့် ဘာဉာဏ်ခေါ်ကြမယ် (ယထာဘူတဉာဏ်ပါ ဘုရား) ဪ ဒကာ ဒကာမတို့ အဲဒီအချိန်ကစပြီး အရူးအကန်းပျောက်တယ် (မှန်ပါ)။
ဒီအချိန်ကစပြီး ဘာတဲ့ (အရူးအကန်းပျောက်ပါတယ် ဘုရား) အင်းကြည့်တတ်တော့လဲ အရူးအကန်းပျောက် လွယ်လိုက်တာ (မှန်ပါ)။
ကြည့်တတ်တော့ ဘယ်နှယ်တဲ့ (အရူးအကန်းပျောက်လွယ်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေကလဲ ရှိတာတခြား ကြည့်တာတခြားဖြစ်ပြီးတော့နေတော့ ဝိပဿနာဆိုတာဟေ ဘုရား ရဟန္တာတို့ အလုပ်ဆိုပြီး သူများသွားလွှဲပြောလိုက်သေးတယ် (မှန်ပါ)။
ဘုရားရဟန္တာတို့မှာလဲ သူတို့ရုပ်နာမ်က သူတို့ပြောလို့ သူတို့ရုပ်နာမ်သူတို့မုန်းလို့ သူတို့ရုပ်နာမ်မြင်တာ ယထာဘူဉာဏ်၊ သူတို့ရုပ်နာမ်ဖြစ်ဖန်များလို့ မုန်းတာက နိဗ္ဗိန္ဒဉာဏ်၊ သူတို့ရုပ်နာမ်သူတို့ မလိုချင်တာက သူတို့မဂ်ဉာဏ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
သူတို့မဂ်ဉာဏ် ဘယ်သူပေးလို့ရသတုန်း
ဒါဖြင့် သူတို့မဂ်ဉာဏ် ဘယ်သူပေးလို့ရသတုန်း (ရုပ်နာမ်က ပေးလို့ရပါတယ်) ဟိုဘက်ကမ်း ရောက်သွားတာ ရုပ်နာမ်ကပို့တာ (မှန်ပါ) လှေနဲ့လှေထိုးသမားကပို့တယ်၊ စီးတဲ့ပုဂ္ဂိုလ်ဟိုဘက် မရောက်ဘူးလား (ရောက်ပါတယ်)။
ဒီမှာလဲ ဉာဏ်သမား တစ်ဦးမှာ နိဗ္ဗာန်ဘက် မရောက်ရပေဘူးလား (ရောက်ရပါတယ်) ဉာဏ်သမားဟာ လှေစီးသမားပဲ (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ) ဪ သေပျော်တဲ့တရားပဲလို့ ခင်ဗျားတို့ ဆုံးဖြတ်ချက် ချလိုက် (မှန်ပါ) သေပျော်ပြီလား (သေပျော်ပါပြီ ဘုရား)။
ဦးဘအုန်းရေ- တစ်သက်လုံး မကြားဘူးတဲ့စကားပဲ (မှန်လှပါ ဘုရား) ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် တို့ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်လို့ရှိရင် ကိုယ့်ရုပ်နာမ်အကြောင်း ကိုယ်ကောင်းကောင်း သိရင် ရောက်စမြဲလို့ မှတ်လိုက်ပါ (မှန်ပါ)။
ဘယ့်နှယ်တုန်း (ကိုယ့်ရုပ်နာမ်အကြောင်း ကိုယ်ကောင်းကောင်းသိရင် ရောက်စမြဲပါ ဘုရား)။
ဘယ့်နှယ်ဦးခင်မောင်ရေ အလကားပဲ ကျုပ်တို့အချိန်ကုန် ခံနေကြတယ် (မှန်ပါ) သို့သော်လဲ ဆရာမပြ နည်းမရ ဆိုတာကလေးက ရှိသေးတယ် (မှန်ပါ)၊ ဒီရုပ်နာမ်အကြောင်း ကောင်းကောင်း သိအောင်တော့ စာတွေပေတွေ သင်မှပဲ တော်မယ်တဲ့၊ သွားပြီဘေးကိုရမ်းပြီ (မှန်ပါ) မရမ်းဘူးလား (ရမ်းပါတယ်)
ဟာ ဘေးကို ရမ်းလေလေ မတွေ့လေလေပဲ (မှန်ပါ) ရှိတဲ့ဆီကို ကြည့်မိသေးရဲ့လား (မကြည့်မိပါဘူး) မကြည့်မိလေလေ ဇာတ်မျောလေလေပဲ (မှန်ပါ) မမျောသေး ဘူးလား (မျောပါတယ် ဘုရား)။
ဘာဖြစ်နေလို့ နိဗ္ဗာန်မရောက်ကြတာလဲ
ခင်ဗျားတို့ ဘာဖြစ်နေလို့ နိဗ္ဗာန်မရောက်ကြတာလဲလို့ဆိုတာ သဘောကျပြီလား (ကျပါပြီ) ဪ ကိုယ့်ရုပ်နာမ် ကိုယ်ကောင်းကောင်း မသိတာကြောင့် ဘေးကြည့်နေတာများတာက အကြောင်း (မှန်ပါ) ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါ တယ်)။
ဘယ်ကြည့်နေသတုန်း (ဘေးကိုကြည့်နေပါတယ် ဘုရား) ဘေးကြည့်ရင်တော့ တလွဲစီဖြစ်နေပြီ၊ ပြောမှာက ရုပ်နာမ်က ပြောမှာကိုးဗျ (မှန်ပါ)။ ဘေးကြည့်နေလို့ရှိရင် ခင်ဗျားတို့ သမထသွားဖြစ်နေမယ် (မှန်ပါ)။ မသာပို့မှာကိုးဗျ၊ မသာပို့ရင် မရဏာနုဿတိ သွားဖြစ်မယ် (မှန်ပါ) သမထသွားဖြစ်နေပါပြီ (မှန်ပါ) အဲဒီတော့ ဘေးကြည့်က သမထ။ ကိုယ့်ရုပ်နာမ်စိုက်ကြည့်တာ ဝိပဿနာ (မှန်ပါ)။
ဘေးကြည့်တာက (သမထပါ) ကိုယ့်ရုပ်နာမ် ကိုယ်စိုက်ကြည့်တာက (ဝိပဿနာပါ)။
ဦးခင်မောင် ဒါကြောင့် သေပျော်တယ်ပြောတာ၊ သမထဝိပဿနာလဲ ကွဲသွားပြီ (မှန်ပါ) ဦးဘသန်း ကွဲပြီလား (ကွဲပါပြီ) ဘေးကြည့်တော့ ဘာတွေဖြစ်သတုန်း (သမထပါ)၊ ကိုယ့်ရုပ်နာမ် ကြည့်တော့ (ဝိပဿနာပါ) ဒါကြောင့်မရောက် နိုင်ကြတာပေါ့ (မှန်ပါ)။
ကဲ မရောက်တဲ့ အကြောင်းဟာလဲ ဒို့သည်ကားလို့ဆိုရင် အရှိကိုမကြည့်မှု ဟုတ်လား (မှန်ပါ) မရှိကိုကြည့်မိတဲ့ အတွက် ဒုက္ခရောက်နေတာ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။
ဦးဇံရင် နေရာကျပြီလား (ကျပါပြီ)။
ဪ ဒါဖြင့်ဝိပဿနာအလုပ်ဟာ အခက်အခဲဆုံးအလုပ်ကို ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ဆရာမပြ နည်းမရဖြစ်နေတာကိုး (မှန်ပါ) အခုတော့ရကြပြီလား (ရကြပါပြီ ဘုရား)။
ရုပ်နာမ်ကအပြောသမား၊ ဉာဏ်ကယုံကြည်သမား
ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့် (မှန်ပါ) ဉာဏ်တစ်ခုနဲ့ကြည့်လိုက်တော့ ဘယ်သူက အပြောသမား ဘယ်သူက ယုံကြည်သမားဆိုတာ ကော (ရုပ်နာမ်က အပြောသမားဉာဏ်က ယုံကြည်သမားပါ ဘုရား)။
အဲဒီတော့ သူများသိလား ကိုယ်တိုင်သိလား (ကိုယ်တိုင်သိပါ ဘုရား)။
ဒါဖြင့်ဘုရားက ဘယ်လိုမှ နိဗ္ဗာန်ရောက်မတုန်းဆိုတော့ ဒိဋ္ဌဓမ္မော ကိုယ်တိုင်မြင်မှ နိဗ္ဗာန်ရောက်မယ် (မှန်ပါ)။
ပတ္တဓမ္မောတဲ့ ကိုယ်တိုင်ကိုပဲတစ်ခါတည်း ဒီဥစ္စာကိုယ့်ဉာဏ်ထဲ သူတို့ကပြောတာရောက်ရမယ်တဲ့ (မှန်ပါ) ဝိဒိတဓမ္မောတဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှ နိဗ္ဗာန်ရောက်မယ်လို့ မပြောဘူးလား (ပြောပါတယ်) အိုခင်ဗျားတို့ ဘေးကြည့်နေလို့ ဂွကျနေ တာကိုး ဘုရားက တိုက်ရိုက်အဟောခဲ့သား (မှန်ပါ)
မင်းဟာမင်း ဒိဋ္ဌဖြစ်အောင်လုပ်ပါ၊ မင်းဉာဏ်ထဲရောက်အောင် ပတ္တဖြစ်အောင်လုပ်ပါ။ မင်းဟာမင်း ဆုံးဖြတ်ချက်နိုင်အောင်လုပ်ပါ။ သူများပြောမယုံပါနဲ့ ကိုယ့်ကိုယ်တိုင် သိအောင် လုပ်ပါ (မှန်ပါ)။
ဒါဖြင့် ဘေးကြည့်နဲ့ တည့်တည့်ကြည့်ဟာ အတော်ကွာပါလား (ကွာပါတယ် ဘုရား) ဘေးကြည့်လို့ရှိရင် ဘာဖြစ်မယ် (သမထပါ ဘုရား) ကိုယ့်အရှိကိုကြည့်လို့ရှိရင် (ဝိပဿနာပါ) ဪဝိပဿနာနဲ့ သမထဆိုတာ ဒီလိုကွာခြား တာပဲဆိုတာ တော်တော်ထင်ရှားသွားပြီ (မှန်ပါ) မထင်ရှားသေးဘူးလား (ထင်ရှားပါတယ်)။
တော်တော်အဖိုးတန်ပြီ ဦးခင်မောင်ရေ (တန်ပါတယ် ဘုရား) အင်မတန် အဖိုးတန်သွားပြီ ဒကာ ဒကာမတို့။
အဲဒီတော့ ဒီဥစ္စာဘုန်းကြီးက ဘာကိုအကိုးအကားထားပြီး ပြောပါလိမ့်မတုန်းဆိုတော့ ရှင်သာရိပုတ္တရာ ဟောခဲ့လို့ ဒါလောက်ရဲရဲတင်းတင်းပြောရဲတာ (မှန်ပါ)။
မင်းတို့ဉာဏ်နဲ့သုံးသပ်ပါတဲ့
ကာယမိမံ သမ္မသထ၊ ပရိဇာနထ ပုနပ္ပုနံ။
ဣမံကာယံ-ဤရုပ်နာမ်ကာယကို သမ္မသထ- မင်းတို့ဉာဏ်နဲ့သုံးသပ်ပါတဲ့၊ ဉာဏ်နဲ့ကြည့်ပေးပါတဲ့။
ရုပ်နာမ်ကိုဘာနဲ့ ကြည့်ရမတုန်း (ဉာဏ်နဲ့ကြည့်ရပါမယ်) ပရိဇာနာထပုနပ္ပုနံ=ဆုံးဖြတ်ချက်ချနိုင်အောင်ကြည့်ကွ တဲ့၊ သူဘာဖြစ်နေတယ် ဘာဖြစ်နေတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။
ဘယ်လိုကြည့်ရမတုန်း (ဆုံးဖြတ်ချက်ချနိုင်အောင် ကြည့်ရပါမယ်) အနဖြင့် အနတ္တပြနေလို့ရှိရင် ဪ အနတ္တလို့ ဖြစ်ထိုက်ပါလား ဒီလိုဆုံးဖြတ်ချက်ချနိုင်အောင် ကြည့်ပါ၊ အနိစ္စပြနေလို့ရှိရင် အနိစ္စဟုတ်သားပဲ ဒီလိုဆုံးဖြတ် ချက်ချနိုင်အောင်ကြည့်ပါတဲ့။
ကာယေ-ရုပ်ကာယနာမ်ကာယ နှစ်ပါးကို ဝိဒိတွာန-သိ၍ သူ့ကိုသိရမယ်တဲ့၊ ရုပ်ကာယနာမ်ကာယ ဘယ်လု ဖြစ်နေတယ်ဆိုတာ သိရမယ်၊ ရုပ်သဘောနာမ်သဘောပေါ့ဗျာ (မှန်ပါ)။ ဒီလိုသိလို့ရှိရင် ဒုက္ခဿန္တံ ကရိဿထ-မင်း ဒုက္ခဆုံးတော့မယ်တဲ့၊ ဒုက္ခသေသေချာချာဆုံးရမယ်တဲ့ (မှန်ပါ)။
သူ့သဘောသိရင် ဘာတဲ့ (ဒုက္ခဆုံးရပါတယ် ဘုရား)။
ဆုံးမှာပေါ့ဗျ- ဒုက္ခမှန်းသိသွားတော့ ခင်ဗျားတို့ ဒီဒုက္ခကြီးမလိုချင်ပါဘူး မရချင်ပါဘူးဆိုတော့ နိဗ္ဗာန်ရရုံပဲ ရှိတော့တယ် (မှန်ပါ) ဒီပြင်ဘာရစရာရှိသေးသတုန်း (မရှိပါဘူး) သဘောပါကြပြီလား (ပါပါပြီ)။
စာသိနဲ့ဆုံးဖြတ်ချက် အမှန်မကျသေးဘူး
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သူကဟောမှ ကျုပ်တို့ဆုံးဖြတ်ချက် အမှန်ကျမှာနော် (မှန်ပါ) စာပြော စာသိနဲ့ ဘုန်းကြီးတို့က ပြောပြနေရုံနဲ့ ဆုံးဖြတ်ချက် အမှန်မကျသေးဘူး (မကျသေးပါဘူး ဘုရား)။
အနာပေါက်လာတာ သူများက ပျောက်လိမ့်မယ်ဆိုရုံနဲ့တော့ ဒကာ ဒကာမတွေ ပျောက်လိမ့်မယ်မထင်နဲ့နော် မှန်းပြောနေတာ (မှန်ပါ)။
ဒကာ ဒကာမတွေက ဘာအနာတုန်း အိုပျောက်ပါလိမ့်မယ် ဒီအနာသိပ်ကြာမှာ မဟုတ်ဘူးတဲ့၊ ဟိုမှာခံရတဲ့ လူကတော့ မသက်သာဘူး (မှန်ပါ) သူကလောကွတ်လုပ်သားတာ (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ)။
သူကအထကောင်းအောင်လို့ပြောတာ၊ ဒီလူမမာလာမေးတာ မကောင်းလို့မေးတာ၊ ပြန်ချင်တဲ့အခါကျတော့ အိုပျောက်ပါလိမ့်မယ် စိတ်သာချဆိုရင် သူပြန်တော့မလို့သာ မှတ်ပေတော့ (မှန်ပါ) မပြောဘူးလား ခင်ဗျားတို့ (ပြောပါ တယ် ဘုရား)။
လာတုန်းကလဲ မကောင်းလို့လာတာ ပြန်ချင်တော့လဲ အထကလေးလွယ်အောင် လုပ်ရသေးတယ်(မှန်ပါ) ပျောက်ပါလိမ့်မယ် စိတ်သာချ၊ အားမငယ်နဲ့နော် ဒီလိုဖြစ်တာတွေအများကြီး ပျောက်တာချည့် ကျုပ်တွေ့တယ်၊ သူများ ပြောကိုးဗျ (မှန်ပါ) အဲဒီတော့ လူမမာကတော့ဖြင့် ခံရတာ သက်သာရဲ့လား (မသက်သာပါဘူး)။
ကိုယ့်လက်တွေနဲ့ ကိုက်ကဲ့လား
သူ့အပြောနဲ့ ကိုယ့်လက်တွေနဲ့ ကိုက်ကဲ့လား (မကိုက်ပါဘူး) အဲဒီတော့ သူများပြောတာ လက်တွေ့လောက် မကိုက်သေး ဘူး (မှန်ပါ)။
ရုပ်နာမ်က အကယ်၍ခင်စရာများပြောခဲ့ရင်လဲ ခင်စရာဆိုရမှာပေါ့ မုန်းစရာပြောရင်တော့ မုန်းသာမုန်းပါ ခင်ဗျားတို့ (မှန်ပါ) အဲဒီတော့ သူကဘယ်လိုပြောလိမ့်မယ်ထင်သတုန်း ခင်ဗျားတို့ကို (မှန်ပါ)။
အဲဒီတော့ သူကဘယ်လို ပြောလိမ့်မယ်ထင်သတုန်း ခင်ဗျားတို့ကို (မုန်းစရာပြောမှာပါ ဘုရား) မုန်းအောင်ပြောမယ် ရွံအောင်ပြောမယ် (မှန်ပါ) မင်းတို့ဆုတောင်းလွဲသကွဆိုတဲ့ဥစ္စာ သူကပြောမယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
သူကဘယ်လိုပြောမယ်ထင်သတုန်း (မုန်းအောင်ပြောမှာပါ) မင်းတို့အကြိုက်နဲ့ မင်းတို့အလိုက်ကို ရုပ်ကလဲ ငါမနေဘူးပြောတာပဲ (မှန်ပါ) နာမ်ကတော့ (ငါမနေပါဘူးတဲ့) ငါမနေဘူးလို့ သူ့အချိန်အတိုင်း မပြောပေဘူးလား (ပြောပါတယ်)။
အချိန်တိုင်းပြောကတည်းက ဒီကလူက တဆင့်တက်ရုံပဲရှိတယ်၊ မင်းနဲ့တော့ မပေါင်းတော့ပါဘူးလို့ ဒါကလေး တစ်လုံးပဲဆုံးဖြတ်ချက်ချပါ (မှန်ပါ) နဂိုက တို့အမှားကြီးမှားခဲ့တယ်၊ မင်းတို့ဆုတောင်းယူခဲ့တယ် ဟုတ်ပြီလား (မှန်ပါ)။
အခုတဏှာသေရင် အခုနိဗ္ဗာန်
ယနေ့ကစပြီး မင်းနဲ့တော့ မပေါင်းတော့ဘူး၊ မင်းကိုဖြင့် နောက်လဲမယူတော့ဘူး အခုလဲမကြည်ညိုဘူး ဆိုလို့ရှိရင်ဖြင့် အခုတဏှာသေသွားတယ် (မှန်ပါ) အခုတဏှာသေသွားတာ သဘောကျပြီလား (ကျပါပြီ) အခုတဏှာသေရင် အခုနိဗ္ဗာန် ရနိုင်တာပဲ၊ ဆုတောင်းနေစရာလိုသေးသလား (မလိုပါဘူး) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဪဒကာ ဒကာမတွေ တော်ပဲတော်သေးတယ်၊ ကံကောင်းထောက်ပံ့ပြီး ဒါကလေးကြားရသေးတယ် (မှန်ပါ ဘုရား)။
ဒါဟာဘုန်းကြီးဟောတာလား ရှင်သာရိပုတ္တရာဟောတာလား (ရှင်သာရိပုတ္တရာဟောတာပါ) ရှင်သာရိပုတ္တရာ ဟောတာတဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်သွားချင်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ရုပ်နာမ်ကိုယ်ကြည့် ပြီးတာပါပဲ (မှန်ပါ) ကိုယ့်ရုပ်နာမ်ကို ကိုယ်ဘာကြည့်ရမတုန်းဆိုတော့ ဘုန်းကြီးက ရှေ့ဆက်လိုက်တယ် ဘုရားပွင့်မှ ပေါ်လာတဲ့ဉာဏ်ကလေးနဲ့ကြည့်ဆိုတော့ သုံးခုဖြစ်သွားတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ သုံးခု-တစ်ခုတိုးတာဟာ ခင်ဗျားတို့မှာဖြင့် ဘုရားပွင့်လို့ပေးထားတဲ့ ဉာဏ်ကလေးဟာ ဒါကလေး အကူအညီကလေးထားပြီး သကာလ ကြည့်ပါ။ ဘာကိုကြည့်မတုန်း (ရုပ်နာမ်ကို ကြည့်ရပါမယ်) ရုပ်နာမ်ကြည့်လိုက်တော့ ဘုရားမပွင့်ရင်တော့ ဒီဉာဏ်ကလေး ပေးမည့်လူမရှိဘူး၊ သဘောကျပြီလား (မှန်ပါ)။
ဒီဉာဏ်ကလေးကို နည်းပေးဖို့ ပွင့်လာတာ
အဲဒီတော့ ခင်ဗျားတို့ နောက်ဘုရား စောင့်နေရင် အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်။ နောက်ဘုရားပွင့်တဲ့ အချိန်မှာ ခင်ဗျားတို့နဲ့တွေ့ချင်မှ တွေ့နိုင်မှာ (မှန်ပါ) အခုဘုရားပေးတာဟာ ဘုရားပွင့်လာတာဟာ ဒီဉာဏ်ကလေးကို နည်းပေးဖို့ ပွင့်လာတာ (မှန်ပါ)။
နိဗ္ဗာန်သွားတော့ ကိုယ့်ခန္ဓာရုပ်နာမ်က လှေလုပ်ပြီးပို့လိုက်တယ် (မှန်ပါ) သဘောကျပြီ လား (ကျပါပြီ) ဒါဖြင့် ဘုရားကပို့တာလား ခန္ဓာရုပ်နာမ်က လှေလုပ်ပို့တာလား၊ (ခန္ဓာရုပ်နာမ်က လှေလုပ်ပို့တာပါ) သဘောကျပြီလား (ကျပါပြီ)။
အဲဒါ ဒီဒကာ ဒကာမတွေကမသိတော့ နောက်ဘုရားမှ ကျုပ်ပါတော့မယ်ထင်ပါရဲ့ဆိုတော့ ဘုရားကိုပဲ ခင်ဗျားတို့က ပို့ခိုင်းဦးမယ်ပုံလိုလို (မှန်ပါ) မဟုတ်ဘူးခင်ဗျားတို့ ဖာသာကြည့်ပြီး ဒီရုပ်နာမ်ကပို့ရမှာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကိုင်း ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုန်း (ကိုယ့်ရုပ်နာမ်ကိုယ် ကြည့်ရမှာပါ ဘုရား) ကိုယ့်ရုပ်နာမ်နှစ်ခုကို ဘုရားပွင့်မှ ရတဲ့ဉာဏ်တစ်ခုနဲ့ကြည့် သုံးခုတော့ပြည့်လိမ့်မယ် (မှန်ပါ)။
အဲဒါခင်ဗျားတို့ သန္တာန်မှာ ဒီဉာဏ်ကလေးရှိနေသ၍ကာလပတ်လုံး ဘုရားရှိနေသေးတယ်အောက်မေ့ (မှန်ပါ)။
ဒီဉာဏ်ကလေးရှိနေရင် (ဘုရားရှိတာပါပဲ ဘုရား) ဒီဉာဏ်ကလေးကွယ်တဲ့နေ့မှာ ခင်ဗျားတို့ဘုရားမရှိဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒီဉာဏ်ကလေး ကွယ်တဲ့နေ့ဟာ ဘာနေ့တုန်း
ဒီဉာဏ်ကလေး ကွယ်တဲ့နေ့ဟာ ဘာနေ့တုန်း (ဘုရားမရှိပါဘူး) ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ဟာ အဲဒီနေ့ပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ဆိုင်များ ထိုင်နေတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ့်အိမ်ကိုယ့်ယာ၊ သားနဲ့သမီးနဲ့ ရုန်းနေတဲ့ အခါကျ တော့ကို ရှုမိသေးရဲ့လား၊ အဲဒီအချိန်မှာ (မရှုမိပါဘူး) ဟာဘုရားမရှိဘူး အဲဒီအချိန်မှာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါ ပြီ)။
အဲဒီအချိန်မှာ ဘာပါလိမ့် (ဘုရားမရှိပါဘူး) ဘာဘာသာပါလိမ့် ဒီဥစ္စာက ဘုရားမရှိတဲ့ဘာသာပေ့ါ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဪ ဘုရားမရှိတရားမရှိတဲ့ ဘာသာပေါ့ဗျာ၊ (မှန်ပါ) ဘုရားပေးထားတာလဲ သူမယူဘူး၊ တရားဆိုတဲ့ ဉာဏ်ကလေးကော (မယူပါဘူး) ဟာဒါဖြင့် ဘုရားမရှိ၊ တရားမရှိတဲ့ ဘာသာပဲ၊ သဘောကျပြီလား (ကျပါပြီ)။
ဪ အိမ်မှာသားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ အရောင်းအဝယ်တွေနဲ့ ပျော်ရွှင်ပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်များမှာ ခန္ဓာကဘယ်လိုပြောပြော သူ့မှာဉာဏ်မရှိတော့၊ ဘုရားပေးတဲ့ပစ္စည်းရှိသေးရဲ့လား (မရှိပါဘူး)၊ သူလက်ခံကော ယူသေးရဲ့လား (မယူပါဘူး)။
ဟာ လက်ခံမယူလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဘုရားလဲမရှိဘူး၊ ခင်ဗျားတို့ဘုရားပေးတဲ့ ပစ္စည်း ရှိသေးရဲ့လား (မရှိပါဘူး)၊ သူလက်ခံကော ယူသေးရဲ့လား (မယူပါဘူး) ဟာလက်ခံမယူလို့ရှိရင်ဖြင့် ဒကာ ဒကာမ တွေ ဘုရားလဲမရှိဘူး၊ ခင်ဗျားတို့ဘုရားပေးတဲ့ ပစ္စည်းလည်းမရလိုက်ဘူး (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။
ခင်ဗျားတို့ သန္တာန်မှာ ဘုရားမပွင့်တဲ့အချိန်
အဲဒီတော့ ဘယ်အချိန်တုန်းဆိုတာကော သိကြပြီလား (သိပါပြီ) သားနဲ့သမီးနဲ့ အရောင်းအဝယ်ရှုပ်နေတဲ့ အချိန်နော် (မှန်ပါ)။
အဲဒါ ခင်ဗျားတို့ သန္တာန်မှာ ဘုရားမပွင့်တဲ့အချိန် ဘုရားပေးတဲ့လက်ဆောင်၊ ဘုရားကအကောင်း ပေးထားတာကို ခင်ဗျားတို့လွှင့်ပစ်တဲ့အချိန်ပဲဆိုတာ သဘောကျပြီလား (မှန်ပါ)။
ကောင်းပြီ ဒါဖြင့်ခင်ဗျားတို့ သန္တာန်ဘုရားပွင့်တဲ့အချိန် ဘုရားမပွင့်တဲ့အချိန်ခွဲတတ်ပြီလား (ခွဲတတ်ပါပြီ)၊ ဉာဏ်ကလေးနဲ့ ခန္ဓာကြည်နေတဲ့အချိန်ကျတော့ (ဘုရားပွင်တဲ့အချိန်ပါ) ဉာဏ်ကလေးနဲ့ ခန္ဓာမကြည်တဲ့အချိန်ကျတော့ (ဘုရားမပွင်တဲ့အချိန်ပါ)။
ဒါဖြင့် ဒို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် တော်တော်လိုပါသေးသလား ဘုရားမပွင့်တဲ့အချိန်က များပြီး သကာလ နေတော့ဘုရားကလဲ ကိုယ်တိုင်ဒိဋ္ဌဓမ္မောဖြစ်အောင် လုပ်ရမယ်လို့ ဟောတော်မူတော့ ဘုရားပေးတဲ့ ဉာဏ်ကလေးကိုပဲ ကိုယ်ကဖျောက်ဖျက်ပစ်လိုက်တဲ့ အခါကျတော့ ရုပ်နာမ်က ဘယ်လိုပဲ ပြောနေနေ သိသေးရဲ့လား (မသိပါဘူး)။
ဒါကြောင့် ရုပ်နာမ်ဟာ သဗ္ဗေဓမ္မာ အနတ္တဘယ်အချိန်မဆို သူအနတ္တပဲ၊ ခင်ဗျားတို့ အနတ္တဉာဏ် မရတော့ ခင်ဗျားတို့ သန္တာန်ဘုရားမပွင့်လို့ မရတာ (မှန်ပါ)။
ကိုယ့်သန္တာန် အနတ္တဉာဏ်မရောက်လို့
ဒါဖြင့်အနတ္တမရှိလို့ အနတ္တမရတာလား ဘုရားပေးတဲ့ အနတ္တဉာဏ် ကိုယ့်သန္တာန်မရောက်လို့ အနတ္တမဖြစ်ရ တာလား (ကိုယ့်သန္တာန် အနတ္တဉာဏ်မရောက်လို့ အနတ္တမဖြစ်ရတာပါ ဘုရား) ဒါဖြင့်ဘုရားအပြစ်လား ကိုယ့်အပြစ်လား (ကိုယ့်အပြစ်ပါ ဘုရား)၊ ကိုယ့်အပြစ်ကလဲ နည်းနည်းလား-များများလား (များများပါ ဘုရား) ဟာ အလွန်ဆိုးကုန်ပါပေ့ါ လား (မှန်ပါ) ဦးဇံရင် ဘယ့်နှယ်တုန်း ဆိုးတာပေါ်ပြီလား (ပေါ်ပါပြီ)။
ကျုပ်တို့ကတော့ ဆုတောင်းထားပြီ သူတော်ကောင်းစိတ်တော့ မပျောက်ပါဘူး၊ သက်သက်ကံမပေးလို့သာ စီးပွားအကြောင်း မညီညွှတ်လို့ ရင်းနှီးတဲ့ ပစ္စည်းတွေလဲ ကစဉ့်ကရဲဖြစ်ရတာ ဘုရားတရားတော့ လက်မလွှတ်ပါဘူး၊ ဒါမျိုးနဲ့ ဧည့်ခံသေးတယ် (မှန်ပါအပြောတော့ မလျှော့ပါဘူး) အပြောတော့မလျှော့ဘူး၊ ဒါနဲ့ဧည့်ခံတယ်၊ ဧည့်သည်လာရင် ဦးဘတင်ရေ၊ မခံဘူးလား (ခံပါတယ် ဘုရား) ဉာဏ်နဲ့ခန္ဓာနဲ့ သူကွဲနေတယ်၊ မကွဲသေးဘူးလား (ကွဲပါတယ်) ကွဲပေမဲ့ သူဘုရားတရား လက်မလွှတ်ပါဘူးတဲ့ (မှန်ပါ) ဘုရားပေးတဲ့ဉာဏ်တော့ သူ့လက်ထဲရောက်သေးရဲ့လား (မရောက်ပါ ဘူး)။
ဒါဖြင့် ခင်ဗျားတို့ ဘုရားလဲမရှိဘူး၊ ဘုရားပေးတဲ့တရားကော (မရှိပါဘူး) အင်းသူကတော့ လက်မလွှတ်ဘူး ပြောနေတယ် (မှန်ပါ) ဒါပေမဲ့ လက်လွှတ်ထားတယ် နှစ်ခုစလုံး (မှန်ပါ) ဒါဖြင့် သက်သက်လိမ်နေသလို မဖြစ်ဘူးလား (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဪ ဒီဥစ္စာခင်ဗျားတို့က လိမ်စရာမရှိ ကြံကြံဖန်ဖန်ဗျာ ဟုတ်လား (မှန်ပါ) ဘုရားတရားတော့ လက်မလွှတ် ပါဘူးတဲ့၊ သူလွှတ်နေတာကတော့ ခန္ဓာကပြောတာတွေ သူသိသေးရဲ့လား (မသိပါဘူး) ဘာလက်လွှတ်နေသတုန်း (ဘုရားတရားလက်လွှတ် နေပါတယ် ဘုရား)။
ဘုရားတရားလက်မလွှတ်ပါဘူးတဲ့
ပြီးတော့ဧည့်ခံတော့ ဘုရားတရားလက်မလွှတ်ပါဘူးတဲ့၊ ကျုပ်တို့ သတိဝီရိယ ရှိတာပါပဲတဲ့ (မှန်ပါ) ဦးဝတို့ ချင့်ပြီးယုံတော့ (မှန်ပါ) ဦးခင်မောင်တို့ကော (မှန်လှပါ၊ ချင့်ယုံရမှာပါပဲ ဘုရား)။
ခင်ဗျားတို့က နဂိုက မချင့်ပါဘူး၊ သာဓုသာ ရမ်းခေါ်လိုက်တာပဲ (မှန်ပါ) တော်လိုက်တာ တော်လိုက်တာ ဘုရားတရား လက်မလွှတ်ဘူးတဲ့၊ အရင်တုန်းက စီးပွားတော်တုန်းကလဲ လက်မလွတ်ဘူးတဲ့၊
အခုစီးပွားပျက်လဲ လက်မလွတ်ဘူးတဲ့ တော်လိုက်တာလို့ ဦးခင်မောင်တို့ကို နှုတ်သွက်တဲ့လူကတော့ သာဓုခေါ် စောချင် စောပစ်လိုက်မှာပဲ၊ မစောပေဘူးလား (စောပါတယ်) စောပေမဲ့ ခင်ဗျားသာဓုက ထိခိုက်တဲ့လား (မထိခိုက်ပါဘူး)။
သာဓုဆိုတာ ကောင်းပါတယ် ဝမ်းမြောက်ပါတယ် ဒီလိုပြောတာမဟုတ်လား (မှန်ပါ) ဟိုကလိမ်တာ ခင်ဗျားက ဘယ့်နှယ်ဖြစ်နေသလဲ (သာဓုခေါ်ပါတယ် ဘုရား) ဟာခင်ဗျားတို့က မဟန်ပါဘူး၊ ရှင်းပြီလား ဒကာ ဒကာမတွေ (ရှင်းပါ ပြီ ဘုရား) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်ရောက်ချင်သော် ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့် (မှန်ပါ)။
ဘယ့်နှယ်တုန်း (ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့်ရပါတယ်)၊ ကြည့်တဲ့အခါကျတော့ ဘယ်သူက အဟော သမား၊ ဘယ်သူက အနာသမားဆိုတာ ခွဲတတ်ပြီလား (ခွဲတတ်ပါပြီ)။
ရုပ်နာမ်ကဟောပါတယ်
ကဲဘယ်သူဟောမတုန်း (ရုပ်နာမ်ကဟောပါတယ် ဉာဏ်ကအနာသမားပါ ဘုရား) အဲဒါကလေးဗျာ ဉာဏ်ကအနာသမားဆိုတော့ ရုပ်နာမ်ကတော့ဖြင့် သူကအနတ္တမို့ အနတ္တပဲဟောမှာပဲ (မှန်ပါ) ဒီ့ပြင်ဘာများဟောသေးသတုန်း (မဟောပါဘူး)။
ဟောရင်လဲ သူကဒုက္ခသစ္စာမို့ ကျုပ်ဒုက္ခ သစ္စာပဲလို့ ဟောမှာပဲ (မှန်ပါ) ဒီပြင်ဘာဟောဦးမတုန်း (မဟောပါဘူး) သဘောကျပြီလား (ကျပါပြီ)။
အဲဒီလိုသူက အနတ္တ-ကျုပ်ဟာ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ပါဘူး ကျုပ်ကိုသာ ဂရုစိုက်ကြည့်၊ ခင်ဗျားတို့ အလိုလိုက် မယ်လို့ ကျုပ်လာတာမဟုတ်ဘူးလို့ သူကကန့်လန့်ချည့် ပြောနေမှာပဲ (မှန်ပါ)။
ဘယ့်နှယ်ပြောမလဲ (ကန့်လန့်ချည့်ပဲပြောမှာပါပဲ) ရုပ်ကလဲကန့်လန့်ပြောမယ်၊ နာမ်ကကော (ကန့်လန့်ပြောမှာ ပါပဲ)။
ခင်ဗျားတို့ ဖီးချင်တိုင်းဖီး လိမ်းချင်တိုင်းလိမ်း ခင်ဗျားတို့အလိုခင်ဗျားတို့ အကြိုက်ကိုကျုပ်က တစ်စက်မှ မလိုက်ဘူး၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ပြောပေမဲ့လဲ ခင်ဗျားတို့က ယုံရဲလား (မယုံပါဘူး) ဪဒါဖြင့် ကိုယ့်ခန္ဓာက ပြောတာမှ မယုံလို့ရှိရင် ဘုရားငုံပြောလဲ အလကားပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကိုယ့်ခန္ဓာက ပြောတာမှ ကိုယ်မယုံဘူးဆိုတော့ ရှင်ဥပဂုတ်ငုံပြောလဲ အလကားနေမှာပဲ (မှန်ပါ) ရှင်သီဝလီ ငုံပြောကော (အလကားပါ ဘုရား)။ ဒါဖြင့် အတော်ဆိုးတဲ့သူတွေပဲ (ဆိုးပါတယ် ဘုရား) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ဒါဖြင့် ဒီထဲမှာလူကောင်းပါပြီလား (မပါပါဘူး ဘုရား) အတော်ခက်နေပါလား။
ခန္ဓာကပြောရင်ဖြင့် ယုံပါ
ကဲ ဒီကရှေ့ဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးဟောတာကို မယုံချင်နေပါ။ ခန္ဓာကပြောရင်ဖြင့် (ယုံရပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာက ဘယ်လိုပြောလေ့ရှိသလဲ (အနိစ္စ၊ ဒုက္ခ၊ အနတ္တအသုဘလို့ပြောပါတယ်) ဒီလေးချက်တစ်ချက်ချက် ပြောမယ် (မှန်ပါ) မပြောပေဘူးလား (ပြောပါတယ်)။
သူကတော့ ဒါချည်းပြောတယ်၊ ကျုပ်တို့ကမယုံပါဘူးလို့ မလုပ်နဲ့။ မယုံပါဘူးဆိုရင် ခင်ဗျားတို့ သန္တာန်ဘုရားမပွင့်ဘူး (မှန်ပါ) ဘုရားပေးထားတဲ့ ဉာဏ်ကလေးမှ မရပဲကိုးဗျ။ ဘုရားပွင့် သေးရဲ့လား (မပွင့်ပါဘူး)။
ကဲ ဘုရားပွင့်မှ အထူးပေါ်လာတဲ့ ဉာဏ်ကလေးလို့ ခုနင်ကဆရာဘုန်းကြီးက ပြောထားတယ် (မှန်ပါ) မပြောဘူး လား (ပြောပါတယ်) ဒါဖြင့် ဒီဉာဏ်ကလေးတော့ဗျာ ဖျောက်မပစ်ပါနဲ့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရားပွင့်မှ ဒါကလေးပေါ်လာတာမဟုတ်ဘူး ခန္ဓာကိုယ်စိုက်ကြည့်ရမည်။ ဉာဏ်ကလေးဟာလေ (မှန်ပါ) အဲဒီတော့ သူဉာဏ်ကလေးနဲ့ စိုက်ကြည့်နေတော့ ခန္ဓာကိုယ်ကတော့ ပရမတ်ပဲ ရုပ်ပရမတ် နာမ်ပရမတ်။ သူဘယ်တော့မှ လိမ်လည်ကောက်ကျစ်ပြီး ကျုပ်မပြောပါဘူး။ ကျုပ်သဘောရိုးကို ကျုပ်ပြောပါ့မယ်တဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ခန္ဓာကိုယ်က ပရမတ်လား ပညတ်လား (ပရမတ်ပါ ဘုရား) ခန္ဓာငါးပါးဆိုတော့ ပရမတ်ပေါ့။ ပရမတ်ဆိုတော့ ဖောက်ဖော်ပြန်ပြန် ပြမှာလားသူ့ပင်ကိုယ်သဘော အမှန်ပြမှာလား (ပင်ကိုယ်သဘောအမှန် ပြမှာပါ ဘုရား)။
အမှန်ပြတာကို အမှန်ဉာဏ်နဲ့သာကြည့်ပါ
အဲအမှန်ပြတာကို အမှန်ဉာဏ်နဲ့သာ စိုက်ပြီးကြည့်လိုက်လို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ) စိတ်သာချ။ အမှန်ပြတာကို အမှန်ဉာဏ်နဲ့သာကြည့်ပါ။ နိဗ္ဗာန်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။
အမှန်ပြတော့သူက အနိစ္စပြတော့လဲ ဪအနိစ္စပေကိုး။ ဒုက္ခပြပြန်တော့လဲ (ဒုက္ခပေကိုး) အနတ္တပြပြန်တော့ (အနတ္တပေကိုး)၊ အသုဘပြပြန်တော့ အသုဘပေကိုးလို့ ခင်ဗျားတို့က ခန္ဓာကပြောနေတာကို တစ်ခုခုစိုက်ကြည့်ဦး ဆက်ပြီးစိုက်ကြည့်ပါ (မှန်ပါ)။
ဆက်ပြီးစိုက်ကြည့်တော့ သူကဘာမှမပြောဘူး ဒီလေးချက်လှည့်ပြောနေမှာဘဲ (မှန်ပါ) ဒီပြင် ဘာပြောဦးမယ် ထင်သတုန်း (မပြောပါဘူး) ဒီလေးချက်ဘဲပြောမနော် (မှန်ပါ) ဒီလေးချက်ဘဲ ပြောတော့ ဪ နားခါးလှပြီလို့ ခင်ဗျားတို့ ပြောဖို့ကောင်းတယ်။ ဒါချည်းထပ်ပြောနေတယ် (မှန်ပါ)၊ ဘာတွေထပ်ပြောနေသတုန်း (အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘဘဲ ပြောပါတယ်)။
ဒါတွေချည်းထပ်ပြောနေတော့ ခါးလှပြီ မကြည့်ချင်တော့ဘူးဆိုတာ မလာပေဘူးလား (လာပါတယ်) အဲမကြည့် ချင်တော့ဘူးဆိုတဲ့ ရွံမုန်းလာတာ နိဗ္ဗိန္ဒဉာဏ်တက်လာတာ (မှန်ပါ) မတက်သေးဘူးလား (တက်ပါတယ်)။
ရွံမုန်းလာတာ နိဗ္ဗိန္ဒဉာဏ်တက်လာတာ
အဲဒီလို စိုက်ကြည့်လိုက်ပြီဆိုမှဖြင့် ခင်ဗျားတို့နိဗ္ဗိန္ဒဉာဏ်ငြီးငွေ့တဲ့ ဉာဏ်မတက်ချင်ပါဘူး ဆိုလို့ကို ဦးဘဘုန်းတို့ ရကြပါမလား (မရပါဘူး ဘုရား) နောက်က ဒကာ ဒကာမတွေကော (မရပါဘူး ဘုရား) မရတော့ဘူးနော် (မှန်ပါ) မရပေမဲ့လဲ ဘုန်းကြီးမှာထားတာက ဒကာ ဒကာမတွေ ခန္ဓာအဆုံးလိုက်ရမယ်လို့ပြောထားတယ် (မှန်ပါ)။
ဘယ်လိုသင်ထားပါလိမ့် (ခန္ဓာအဆုံးလိုက်ရပါမယ် ဘုရား) မဆုံးသေးလို့ သူပြနေသေးတာ ဆုံးအောင်ကြည့် (မှန်ပါ)။
မဆုံးသေးလို့ သူပြနေသေးတော့ ဘယ့်နှယ်လုပ်ကြမလဲ (ဆုံးအောင်ကြည့်ရပါမယ်)။
ကဲ ဆုံးအောင်ကြည့်စမ်း ဒကာ ဒကာမတွေ၊ သူဟာဘာတွေဘဲ ဆက်ပြနေမယ်ထင်သတုန်း (အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘပဲပြပါမယ်)။
ဒီလေးချက် ဆက်ပြနေတော့ ကျုပ်တို့က ကိုင်း မင်းသဘောကို ကောင်းကောင်းသိပါပြီကွာ မင်းသည်ကားလို့ ဆိုရင် အနိစ္စဆိုတာလဲ သေတာပြတာပဲ၊ ဒုက္ခဆိုတာလဲ (သေတာပြတာပါပဲ) အနတ္တဆိုတာကော (သေတာပြတာပါ) အသုဘဆိုတာကော (သေတာပြတာပါ) အသုဘ သွားကြည့်တော့ အသေတွေ့တာပဲ ခင်ဗျားတို့ (မှန်လှပါ)။
အသေတွေချည့် တွေ့နေတယ်
ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ အသေတွေချည့် တွေ့နေတယ် ဆိုတော့ ဒကာ ဒကာမတွေ ဒီအသေကြီးဖြင့် မလိုချင် တော့ဘူးဆို တာလာမလား မလာဘူးလား (လာပါတယ် ဘုရား)။
စိုက်ကြည့်လိုက်နော် (မှန်ပါ) စိုက်ကြည့်တဲ့အခါ အသေဘယ့်နှယ်နေကြသလဲ (တွေ့ပါတယ်) တွေ့တော့ဘယ်နှယ် နေကြသလဲ (မလိုချင်ပါဘူး) ဘယ်သူပြောင်းသွားတာပါလိမ့်ဗျာ (ဉာဏ်ပြောင်းသွားတာပါ ဘုရား)။
ဉာဏ်ပြောင်းသွားတော့ မလိုချင်သည်နဲ့ တစ်ပြိုင်နက်တည်း ဘုန်းကြီးက တစ်ခါတည်း ဒကာ ဒကာမတွေကို နည်းပေးလိုက်မယ်၊ မလိုချင်လို့ရှိရင် ခုနင်ကကြည့်နေတဲ့ အနိစ္စ၊ ဒုက္ခ၊ အတ္တ၊ အသုဘဟာ အကုန်ပျောက်ထွက်သွားမယ် (မှန်ပါ) မလိုချင်တဲ့ ဉာဏ်သာရောက်ပေစေ ဘာပျောက်သွားမယ်ထင်သတုန်း (အနိစ္စ ဒုက္ခ အတ္တ အသုဘတွေ ပျောက်ပါမယ်)။
ဒါဖြင့် ဒီနေရာ အနိစ္စ ဒုက္ခ အတ္တ အသုဘပျောက်လို့ရှိရင် နိစ္စ သုခ အနတ္တ အသုဘဆိုတာ သေသေချာချာ ပြတယ်၊ မပြပေဘူးလား (ပြပါတယ် ဘုရား) မကောင်းတာတွေ ပျောက်ပြီး ဘာရောက်လာသတုန်း (ကောင်းတာတွေ ရောက်လာပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ခွေးသေကောင်ပုပ်ရှိတာ တယ်နံတယ်
ဒီနေရာမှာ ခွေးသေကောင်ပုပ်ရှိတာ တယ်နံတယ် ဆိုတော့ ခွေးသေကောင်ပုပ် မရှိတော့ ခင်ဗျားတို့ ဒီနေရာကြိုက် မလား မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း (ခွေးသေကောင်ပုပ် မရှိလို့ပါ) နဂိုတုန်းက ဒီနေရာမကြိုက် တာက (ခွေးသေကောင်ပုတ်ရှိလို့ပါ) ခွေးသင်္ချိုင်းမို့ မကြိုက်ဘူး (မှန်ပါ)။
ဒီနေရာမှာ အခုကြည့်လိုက်တဲ့အခါမှာ နဂိုက လူသင်္ချိုင်းဗျ ဒီဥစ္စာ ရုပ်နာမ်က (မှန်ပါ) လူသင်္ချိုင်း ကြည့်နေရတာ ခင်ဗျားတို့က (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကဲမလိုချင်တော့ လူသင်္ချိုင်း အကုန်ပျောက်သွားတဲ့အခါကျတော့ ဒကာ ဒကာမတွေ အခုမှအန္တရာယ်ကင်းပေ တော့တယ်ဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) ဒါနိဗ္ဗာန်မြင်တာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နဂိုက လူသင်္ချိုင်းကြည့်နေရတယ် (မှန်ပါ) နောက်ကျတော့ မလိုချင်တော့ဘူးဆိုတော့ လူသင်္ချိုင်းတွေ ဘာဖြစ် သတုန်း (ပျောက်သွားပါတယ်) လူသေတွေ အကုန်မပျောက်သေးဘူးလား (ပျောက်ပါတယ်) ရုပ်တွေရော နာမ်တွေရော မပျောက်သေးဘူးလား (ပျောက်ပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အလွန်ကောင်းတာက နိဗ္ဗာန် မခွဲချင်တာက ဉာဏ်
ပျောက်သွားတော့ ဒီနေရာဟာ ကျက်သရေရှိတဲ့နေရာ မင်္ဂလာရှိတဲ့နေရာလို့ ခင်ဗျားတို့ ဒီနေရာက ခွဲချင်သေး ရဲ့လား (မခွဲချင်ပါဘူး)။
နောက်တော့ ဒကာ ဒကာမတွေ ဒီနေရာမှာမခွဲချင်တာသည်ကားလို့ဆိုရင် အလွန်ကောင်းတဲ့နေရာမို့ မခွဲချင်တာ (မှန်ပါ) ဒါဖြင့် အလွန်ကောင်းတာက နိဗ္ဗာန် မခွဲချင်တာက ဉာဏ် (မှန်ပါ)။
အလွန်ကောင်းတာက (နိဗ္ဗာန်ပါ) မခွဲချင်တာက (ဉာဏ်ပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်နဲ့ ဉာဏ်နဲ့အဲဒီကျတော့ ခင်ဗျားတို့ ခန္ဓာကိုယ်စိုက်ကြည့်ရမယ် (မှန်ပါ) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ဟာ ဒီနေ့ဒကာ ဒကာမတို့ တိုတိုနဲ့ ရှင်သာရိပုတ္တရာ ဟောတဲ့နည်းကို ဟောလိုက်တဲ့အတွက် ဦးဝတို့လူစု အားလုံးကံကောင်းတယ် (မှန်ပါ ဘုရား) အင်မတန်ကံကောင်းတယ်။ တိုတိုနဲ့မိတာကိုး (မှန်လှပါ) ဟာရုပ်တွေ နာမ်တွေ ရုပ်ပေါင်းဘယ်လောက် နာမ်ပေါင်းဘယ်လောက်လို့ မခွဲတော့ဘူး၊ သူ့ကိုစိုက်သာ ကြည့်နေ သူ့ဟာသူ ပြောသွားမယ် (မှန်ပါ)။ ဘယ်သူကပြောမယ် (ရုပ်နာမ်ကပြောပါမယ်)။
ဘာနဲ့ဘာကြည့်ရမှာတုန်း
ဒါဖြင့် ဝိပဿနာလုပ်တဲ့ ပုဂ္ဂိုလ်များသည် ဘာနဲ့ဘာကြည့်ရမှာတုန်း (ရုပ်နဲ့နာမ်ကြည့်ရမှာပါ) ဒီလိုဆိုရင် ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ကြည့် (မှန်ပါ) သဘောကျပြီလား (မှန်ပါ)။
ဒီပြင်ဟာနဲ့ ကြည့်လို့မရဘူး (မှန်ပါ) ဒီပြင်ဟာနဲ့ကြည့်ရင် တဏှာနဲ့ကြည့်ရင် မျောနေဦးမှာဗျ (မှန်ပါ) ဘာနဲ့ကြည့်ရမှာတုန်း (ဉာဏ်နဲ့ကြည့်ရမှာပါ ဘုရား) ကဲထုံးစံအတိုင်းပြောပါ၊ ဘယ်လိုပြောမတုန်း (ရုပ်နာမ်နှစ်ခုကို ဉာဏ်နဲ့ကြည့်ရပါမယ် ဘုရား) အဲဒါဝိပဿနာအလုပ် (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်ရမှာပါ)။
အဲ ရုပ်နာမ်က နှစ်ခုရှိတယ်၊ ဉာဏ်ကတစ်ခုတည်းက နေကြည့်ပါ (မှန်ပါ) ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်လို့ရှိရင် ဒါဟာဝိပဿနာအစဖြစ်ပြီ (မှန်ပါ)။
ဉာဏ်တစ်ခုနဲ့ကြည့်တဲ့အခါ ကျတော့ရုပ်နာမ်နှစ်ခုကို မုန်းလာလို့ရှိရင် ဝိပဿနာအလယ်ရောက်ပြီ (မှန်လှပါ)။
ဉာဏ်တစ်ခုနဲ့ကြည့်လို့ ရုပ်နာမ်နှစ်ခုစလုံး ဆုံးသွားလို့ရှိရင်ဖြင့် ဝိပဿနာ ကိစ္စပြီးပြီ (မှန်ပါ) မပြီးသေးဘူးလား (ပြီပါပြီ)။
ဒါဖြင့်မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား) လွဲလျက်နဲ့ ဘယ့်နှယ်ကြောင့် ဒီဒကာ ဒကာမတွေသည် လိုရာ ခရီးမပေါက်ရောက်ကြပါလိမ့်မတုန်း မေးနေလို့ရှိရင်ဖြင့် အရှိကိုမကြည့်မိလို့သာ မှတ်ပေရော့ (မှန်လှပါ)။
ဘယ်လိုမှတ်ကြမယ် (အရှိမကြည့်မိလို့ပါ ဘုရား) တယ်လဲနစ်နာပါလား (နစ်နာပါတယ် ဘုရား)။
အရှိက မျက်တောင်မွှေး ကြည့်တာက မျက်လုံးဆိုတော့ နီးလျက်နဲ့ဝေးနေလို့ (မှန်ပါ)။
နီးလျက်နဲ့ဝေးတာဟာ အဆိုးဆုံးပဲ
ဘယ့်နှယ်ဆိုကြမလဲ (နီးလျက်နဲ့ဝေးနေလို့ပါ ဘုရား) ဪ ခင်ဗျားတို့ခက်လိုက်တာ နီးလျက်နဲ့ ဝေးတာဟာ အဆိုးဆုံးပဲ (မှန်ပါ)။
ရုပ်နာမ်နဲ့ ဉာဏ်နဲ့ဟာဘယ့်နှယ်တုန်း (အနီးဆုံးပါ ဘုရား) ဘယ်နှယ်ကြောင့် ဝေးနေသတုန်းဆိုတော့အို မျက်တောင်မွှေးနဲ့မျက်လုံးဖြစ်နေပြီ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဦးဘအုန်းကြီး ဘာဖြစ်နေသတုန်း (မျက်တောင်မွှေးနဲ့ မျက်လုံးဖြစ်နေပါပြီ) ရှင်းပြီလား (မှန်ပါ) မျက်တောင်မွှေး နဲ့ မျက်လုံးဖြစ်နေတော့ ဘယ့်နှယ်နေကြသတုန်း (နီးလျက်နဲ့ဝေးနေပါတယ်)။
နီးလျက်နဲ့ဝေးနေတယ်တဲ့ မှန်ထောင်ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် မျက်တောင်မွှေးလဲ မမြင်ရဘူးလား (မြင်ရပါတယ်) မျက်လုံးကော (မြင်ရပါတယ်)။
အဲဘုရားတည်းဟူသော ပုဂ္ဂိုလ်ဟာတဲ့ ဒကာ ဒကာမတို့ မှန်နဲ့တူတယ်။ (မှန်ပါ) ခင်ဗျားတို့ဟာကတော့ နီးလေ မမြင်လေဘဲ။ ဘုရားတည်း ဟူသောမှန်က ထောင်ပြလိုက်တဲ့အခါ ကျတော့မှ ဪဒါက မျက်တောင်မွှေး ဒါကမျက်လုံးပါ လား ဆိုတာပေါ်လာတယ် (မှန်ပါ) မပေါ်လာဘူးလား (ပေါ်လာတယ်)။
ဒီမှာလဲ ရုပ်နာမ်နှစ်ခုကို ခင်ဗျားတို့ ဉာဏ်တစ်လုံးနဲ့ ကြည့်မှသာလျှင် ခင်ဗျားတို့ လိုရာခရီးဆိုက်မယ် (မှန်ပါ) နို့မဟုတ်ရင် (မဆိုက်ပါဘူး)။
ဒါကြည့်ရတဲ့ အလုပ်သည် ဒကာ ဒကာမတို့အတွက် အတော်ဝန်လေးတဲ့ အလုပ်ဘဲဆိုမလား ဒါအလွယ်ကလေး လို့ ဆိုမလား (အလွယ်ကလေးပါ ဘုရား) ဦးဘအုန်းဘယ့်နှယ့်ဆိုပါ့မလဲ (လွယ်ပါတယ် ဘုရား) မရှိတာကြည့်ရတာလား (ရှိတာကြည့်ရတာပါ)။
ရှိတာကြည်တဲ့ အခါကျတော့ သူ၏အရှိသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ သူ့ထုံးစံရှိတာကို သူပြောမှာပဲ ရုပ်နာမ်ကိုပဲ၊ ဒီပြင်ပိုပြောစရာရှိသေးသလား (မရှိပါဘူး) ဒီရုပ်နာမ်ကပဲ အမှန်ပြောမှာပဲ (မှန်ပါ)။
ကိုယ်တိုင်မြင်အောင် လုပ်ပါ
အမှန်ပြောတော့ ဘုရားကလဲ ကိုယ်တိုင်သိနဲ့ သူတပါးပြောလို့သိတွင် ဘယ်အသိကို ကြိုက်သတုန်း (ကိုယ်တိုင် သိကို ကြိုက်ပါတယ် ဘုရား) ဒိဋ္ဌဓမ္မောနော် (မှန်ပါ) မမေးနဲ့ မမေးနဲ့ ကိုယ်တိုင်မြင်အောင် လုပ်ပါပြောတာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝိဒိတဓမ္မောတဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက် ချနိုင်အောင်လုပ်တဲ့ (မှန်ပါ) ပရိယောဂါဠဓမ္မောတဲ့ ကိုယ့်ဉာဏ်နဲ့ ကိုယ်သက်ဝင်အောင် လုပ်နော်တဲ့ သူများပေးတဲ့ ဉာဏ်နဲ့သွားမကြည့်နဲ့တဲ့။ တိဏ္ဏဝိဓိကိစ္ဆောတဲ့ သံသယကင်းရှင်းအောင် လုပ်တဲ့ သူများပြောသံကြားဖြင့် သံသယရှိနေမှာစိုးရတယ် ကိုယ့်ဟာကိုယ်မြင်လိုက်ရင်ဖြင့် သံသယရှိစရာလိုသေးသလား (မလိုပါဘူး)။
ဝေသာရဇ္ဇပ္ပတ္တောတဲ့ ရဲရဲတင်းတင်းလုပ်စမ်းပါကွ။ ကဲဒီနေရာမှာ ရဲရဲတင်းတင်းကြည့်စမ်းပါတဲ့။ ဟုတ်ပလား (မှန်ပါ) ရဲရဲတင်းတင်းတွေ့လို့ရှိရင် ဒါအမှန်မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့သည် ကိုယ်ခန္ဓာကိုယ်ရဲရဲတင်းတင်း ကြည့်ပြီးသူများပြောကိုမယုံနဲ့ (မှန်ပါ) ခန္ဓာက ပြောတာကို (ယုံရပါမယ်) ရှင်းပြီလား (ရှင်းပါပြီ)။
နိဗ္ဗာန်မရခဲ့တာ သူများပြောလမ်းဆုံးနေတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ နဂိုက နိဗ္ဗာန်မရခဲ့တာ သူများပြောလမ်းဆုံးနေတယ် (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။
ကိုယ့်ရုပ်နာမ်က ပြောတာကို ခင်ဗျားတို့က ဘယ်အခါကာလမှ သူကြည့်ရတယ်ဆိုတာလဲ နှလုံးမသွင်းဘူး (မှန်ပါ) သူက နိဗ္ဗာန်ပို့နိုင်တယ်ဆိုတာလဲ လှေနဲ့လှေထိုးသမားကို ဘုန်းကြီးအစက ပြောခဲ့တယ် (မှန်ပါ) ဒါမှအပေါ်မှာ ရှိတဲ့ လူတွေကိုဟိုဘက်ရောက်မှာကိုး (မှန်ပါ)။
လှေချည့်တော့ ဟိုဘက်မရောက်ဘူး၊ လှေထိုးသမားချည့် သက်သက်ကော (မရောက်ပါဘူး)၊ နှစ်ယောက်ပေါင်းလိုက်လို့ရှိရင် လှေပေါ်မှာပါသွားတဲ့သူတွေ သူတို့နှစ်ယောက်ကြောင့် မရောက်ရ ပေဘူးလား (ရောက်ရပါတယ်)။
ဒါဖြင့် ရုပ်နာမ်ကိုသာရှု ခင်ဗျားတို့ ဉာဏ်သမားရောက်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ) ဦးဘတင်ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါဘယ်သူဟောတဲ့တရားတုန်း (ရှင်သာရိပုတ္တရာဟောတဲ့တရားပါ) တိုတိုနဲ့ မိတဲ့တရား (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။
ရှင်သာရိပုတ္တရာဟောတဲ့ တရား
ကဲ ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာဟောတဲ့ တရားတိုတိုနဲ့ မိပုံသဘောကျပြီလား (ကျပါပြီ) အဲခင်ဗျားတို့က အရှည်ခိုင်းတာတော့ ခက်ပါသေးရဲ့ စကားတစ်လုံးတောင် လှည့်မြောက်လှည့်နဲ့ တော်တော်နဲ့ကို လိုရင်းမရောက်နိုင်ဘူး၊ ဘာဖြစ်နေတာတုန်း ခင်ဗျားတို့ဟာက (ရှည်နေလို့ပါ ဘုရား)
သူများဆီငွေကလေး ဘာကလေး ချေးမယ်ကြံတာကော ဟိုလိုလိုဒီလိုလို လုပ်နေတာနဲ့ပဲ ရသေးရဲ့လား (မရပါဘူး ဘုရား) ရှည်နေတာပဲ တိုက်ရိုက် ပြောလိုက်ရင်ပြီးတာပဲ ကျုပ်တို့ မရှိလို့ ချေးစမ်းပါဦးဆိုရင် ပြီးသွားတာဘဲ။ ဒီလိုမဟုတ်ပဲ တိုင်းပြည်က ဘယ်လိုညာလို အရောင်းအဝယ်က ရှုပ်နေလို့ရှိရင် တော့ သွားပြီ ရိပ်မိပါလား (မှန်ပါ)။
ဒါဖြင့်ခင်ဗျားတို့ ရှည်လို့ခရီးမပေါက်တာ (မှန်ပါ) အခုတော့ဖြင့် တိုတိုသဘောကျပြီလား (ကျပါပြီ) ဘာကြည့်မယ် (ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့်ရပါတယ်) ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒါမကြည့်တတ်လို့ရှိရင် အကုန်ဖောက်ပြန်တယ် (မှန်ပါ) မကြည့်တတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဦးခင်မောင်ရေ အနိစ္စက နိစ္စဖြစ်ပြီ။ ဒုက္ခက (သုခဖြစ်နေပါတယ်) အနတ္တက (အတ္တဖြစ်နေပါတယ်) အသုဘက (သုဘဖြစ်နေပါတယ်)။
ဪ ခင်ဗျားတို့ ကြည့်တော့ကြည့်တာဘဲတဲ့ ခင်ဗျားတို့ ကြည့်တာသည်ကားလို့ ဆိုလို့ရှိရင် ဘုရားပေးတဲ့ မျက်လုံးနဲ့ မကြည့်ဘူး (မှန်ပါ) မိဘရိုးရာပေးတဲ့ မျက်လုံး သာမညလောက်ပေးတဲ့ အမေမိဘ ဆရာမျက်လုံး ဒါနဲ့ကြည့်နေ တာနဲ့ ခင်ဗျားတို့ဟာ ဖော်ပြန်မြင်နေတာကိုး (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။
ဖောက်ပြန်ပြီးတော့ မြင်တာ
ဘယ်လိုမြင်တာပါလိမ့် (ဖောက်ပြန်ပြီးတော့ မြင်တာပါ ဘုရား) ဒါဟာဘုရားပေးတဲ့ မျက်လုံးနဲ့လား အရပ်ပေးတဲ့ မျက်လုံးနဲ့လား အရပ်ပေးတဲ့ မျက်လုံးနဲ့လား (အရပ်ပေးတဲ့မျက်လုံးနဲ့ပါ ဘုရား) ဒါဖြင့်ခင်ဗျားတို့ဟာ အရပ်နှိပ်စက်နေတာ ကိုး (မှန်ပါ) ပေါ်ပြီလား (ပေါ်ပါပြီ)။ ဘယ်သူ နှိပ်စက်နေသတုန်း (အရပ်နှိပ်စက်နေပါတယ်) ခင်ဗျားတို့ကလဲ အရပ်ထဲမှ ပျော်တာခက်လိုက်တာပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ခင်ဗျားတို့က ဘယ်ပျော်သတုန်း (အရပ်ထဲပျော်ပါတယ်) အင်းဒီကပြန်ရင် ဘယ်ပြန်ကြမှာတုန်း (အရပ်ထဲ ပြန်မှာပါ ဘုရား) ဘာဖြစ်လို့တုန်း အရပ်ပေးတဲ့မျက်လုံး ကျေနပ်လွန်းလို့ (မှန်ပါ) သဘောပါပြီလား (ပါ, ပါပြီ ဘုရား)။
ဘယ်မျက်လုံး ကျေနပ်သတုန်း (အရပ်ပေးတဲ့ မျက်လုံးကျေနပ်နေပါတယ်) ဂွကျလိုက်တဲ့ဖြစ်ခြင်းမှ အရပ်ပေးတဲ့ မျက်လုံးနဲ့ပဲ အခုခင်ဗျားတို့ အိမ်ထောင်တွေကျကြ၊ ငိုကြ၊ ရယ်ကြ၊ သားအတွက်ပူကြ သမီးအတွက်ပူကြဆိုတာ ဘယ်သ ပေးတဲ့ မျက်လုံးလဲ (အရပ်ပေးတဲ့မျက်လုံးပါ ဘုရား)။
ခင်ဗျားတို့က အခုဘယ်ပြန်ကြမတုန်း (အရပ်ထဲပြန်ကြမှာပါ ဘုရား) အင်း ငိုရ ပါလိမ့်ဦးမယ် ခင်ဗျားတို့ ဖြစ်ထွေကတော့ ဦးဘတင် သဘောကျရဲ့လား (ကျပါတယ်) အရပ်ပေးတဲ့မျက်လုံး နှိပ်စက်နေတာ၊ ဘုရားပေးတဲ့ မျက်လုံးက ဘုရားပွင့်မှပဲ ရတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ပဋာစာရီ
ကြည့်လေ ပဋာစာရီဟာ ပထမ ဒါသနဲ့လိုက်ပြေးတဲ့အခါမှာ ဘယ်သူ့မျက်လုံးနဲ့ လိုက်တာတုန်း (အရပ်မျက်လုံးနဲ့ လိုက်တာပါ) နောက်ကျတော့လဲ ဘုရားပေးတဲ့ မျက်လုံးတပ်လိုက်တဲ့ အခါကျတော့လဲ သူကကိုက်တယ်၊ ရဟန္တာဖြစ်သွား တယ် (မှန်ပါ) ဘုရားပေးတဲ့ ဉာဏ်မျက်လုံးလဲ တပ်ပေးလိုက်ပါရော ဘာဖြစ်သွားသတုန်း (ရဟန္တာဖြစ်သွားပါတယ်)။
အရပ်ပေးတဲ့ မျက်လုံးကြောင့် အရူးဖြစ်ရတယ်၊ ဘုရားပေးတဲ့ မျက်လုံးကြောင့် အကောင်းဖြစ်ရတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာကြိုက်သတုန်း (ဘုရားပေးတဲ့ မျက်လုံးကြိုက်ပါတယ်) ပျော်တော့ ဘယ်မှာပျော် သတုန်း (အရပ်ထဲပျော်ပါတယ်) ဟာဂွကျကုန်တာပဲ၊ သဘောကျပြီလား (ကျပါပြီ) ဪ တို့ကိုယ်က ကန့်လန့်ပါလား (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်သူက ကန့်လန့်တုန်း (တပည့်တော်တို့က ကန့်လန့်ပါ) ကိုယ့်ကိုယ်က ကန့်လန့်လုပ်နေတာ တော်တော်ကြာ ကျတော့ အရပ်ထဲကနေပြီး သကာလ ညောင်ရေအိုးကလေးလဲပြီး ဆွမ်းတော်ကလေးတင် ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရရပါလို ၏ တဲ့၊ အရပ်ထဲက ထွက်ပါလားဆိုတော့ (မထွက်နိုင်ပါဘူး) အရပ်မျက်လုံးတော့ ဘုရားမရဘူး ဒီဟာတော့ ရှင်းပြီလား (ရှင်းပါပြီ) တယ်လဲဆိုးနေပါသလား (မှန်ပါ)။
တော်တော်ပေတယ်လို့ ပြောတာများ ခင်ဗျားတို့ အခုသေသေချာချာဖော်တော့မှ ဪ တို့ဟာ ပေရုံတင်မက ပါဘူး အတေတွေများ တိုးနေသေးသလားဆိုတာ ဂရုစိုက်ပါဦး (မှန်ပါ ဘုရား)။
ပေရုံတင်လား တေသေးသလား (အတေပါတိုးပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရားပေးတဲ့ မျက်လုံးနဲ့ ကြည့်ရမယ်
ကဲ ဒါဖြင့် ဘယ့်နှယ်လုပ်ကြမတုန်း ဒီကရှေ့ (ဘုရားပေးတဲ့ မျက်လုံးနဲ့ ကြည့်ရပါမယ်) အရပ်ထဲနေနေ ဘယ်မှာနေနေ ဘာမျက်လုံးနဲ့ ကြည့်ရမလဲ (ဘုရားပေးတဲ့ မျက်လုံးနဲ့ကြည့်ရပါမယ်) အရပ်ပေးတဲ့ မျက်လုံးနဲ့တော့ (မကြည့်ရပါဘူး)။
မကြည့်နဲ့၊ သူတို့ပညာရှိတာမဟုတ်ဘူး၊ သူ့မှာလဲ အရူးမျက်လုံးနဲ့ မဟုတ်ဘူးလား (မှန်ပါ) ဒီက နားထောင်တဲ့လူကလဲ အရူးနားနဲ့ ထောင်လိုက်တော့ ကိုယ့်အမြင်ကလဲ အရူးမျက်လုံးပြန်ဖြစ်တယ် (မှန်ပါ) ဦးဘတင် ဒီအတိုင်း မနေဘူးလား (မှန်လှပါ ဘုရား)။
ကဲ ဦးခင်မောင်တို့ အခုဆင်းရဲနေတဲ့အဖြစ်ဟာ ဘုရားပေးတဲ့ မျက်လုံးကြောင့်လား အရပ်ပေးတဲ့မျက်လုံး ကြောင့်လား (အရပ်ပေးတဲ့ မျက်လုံးကြောင့်ပါ) အခုသားပူ သမီးပူ ဆွေပူ မျိုးပူ ကပ်နေကြတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (အရပ်ပေးတဲ့ မျက်လုံးကြောင့်ပါ ဘုရား) ခင်ဗျားတို့က ဘုရားကို သပိတ်မှောက်တာ အနာဆုံးပါပဲ (မှန်ပါ) ရိပ်မိပြီလား (မှန်ပါ)။
ဘယ်သူ့ကို သပိတ်မှောက်ပါလိမ့် (ဘုရားကိုသပိတ်မှောက်ပါတယ် ဘုရား) မဟုတ်ဘူးလားဗျ တန်းတူလို့ မှောက်တာလား ခင်ဗျားတို့က လူထုကောင်းလို့ မှောက်တာလား (လူထုကောင်းလို့မှောက်တာပါ) အံမာလေး တကယ့်လူ တွေပါလား (မှန်ပါ)။
ဟိုကဖြင့် ကိုယ်တော်ကြီးကဖြင့် လေးသင်္ချေနဲ့ ကမ္ဘာတသိန်း မင်းတို့ဖို့ဆိုပြီး ကျင့်တော်မူလိုက်ရတာ၊ တကယ်လဲ လက်ဆောင်ပေးပါရော မယူတော့ပါဘူးလို့ ဝိုင်းပြီး သပိတ်မှောက်တယ် (မှန်ပါ) ကောင်းသေးရဲ့လား (မကောင်းပါဘူး)။
ဦးခင်မောင် ခင်ဗျားတို့ အတော်ပေပါကလား (ပေပါတယ် ဘုရား) ဦးဘတင်ကော (အတူတူပါပဲ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ အခုအဓိပ္ပါယ်ဟာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဉာဏ်ဟာအစဉ်အတိုင်း တက်သွားမယ်
ဝိပဿနာဆိုတာ ရုပ်နာမ်နှစ်ခုကို ဘာနဲ့ကြည့်ရမတုန်း (ဉာဏ်မျက်လုံးနဲ့ ကြည့်ရပါမယ်) ဉာဏ်တစ်ခုနဲ့ ကြည့်လိုက်လို့ရှိရင်ဖြင့် ဉာဏ်ဟာအစဉ်အတိုင်း တက်သွားမယ် (မှန်ပါ) မတက်ပေဘူးလား (တက်ပါတယ်)။
ပဌမ ဘာဉာဏ်ရမယ် (ယထာဘူတဉာဏ်ပါ)။
ဒုတိယတက်သွားရင် (နိဗ္ဗိန္ဒဉာဏ်ပါ)။
တတိယတက်သွားရင် (မဂ်ဉာဏ်ပါ ဘုရား)။
ဒါဘုရားပေးတဲ့ မျက်လုံးနဲ့ကြည့်လိုက်ရင် အစဉ်အတိုင်းတက်သွားတာပဲ (မှန်ပါ)။
အရပ်ပေးတဲ့ မျက်လုံးနဲ့ဆိုရင် ဒုက္ခတွေ တက်သွားတာပဲ၊ မတက်ဘူးလား (တက်ပါတယ် ဘုရား) တော်တော်ကြာ သားကလေးမွေးတော့ သားပူ၊ သားကလေး အိမ်ထောင်ကျတော့ ချွေးမပူ၊ မြေးကလေးမွေးလာတော့ မြေးပူ၊ အရပ် ပေးတဲ့ မျက်လုံးကတော့ အပူတွေတက်သွားတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘုရားပေးတဲ့ မျက်လုံးကတော့ (အပူတွေငြိမ်းပါတယ် ဘုရား) အရပ်ပေးတဲ့မျက်လုံးက (အပူတွေတက်ပါတယ် ဘုရား) ဘယ်ဟာကြိုက်သတုန်း (အပူငြိမ်းတာကြိုက်ပါတယ် ဘုရား)။
ဒါက ဒီတင်ကြိုက်တာကိုး ခင်ဗျားတို့ဟာကလဲ ခက်လိုက်တာ၊ ကဲသဘောပါကြပြီလား (ပါပါပြီ ဘုရား)၊ ဦးဇံရင် ရေ ခေါင်းတော့မကုတ်နဲ့နော် (မှန်ပါ) ခေါင်းကုတ်လို့တော့ မဖြစ်ဘူး မှိတ်သာကြိုက်ပေတော့ (မှန်ပါ)။
ကိုင်း ဒကာ ဒကာမတို့ မာဂဏ္ဍီပရိဗိုဇ်ဝတ္ထုကို ဆက်ဖို့ပါပဲ၊ မာဂဏ္ဍိပရိဗိုဇ်မှာ အရပ်ပေးတဲ့မျက်လုံးနဲ့ မှိတ်ပြီး ငြင်းနေတာ (မှန်ပါ)။
မာဂဏ္ဍီပရိဗိုဇ်ဝတ္ထု
ကိလေပွားတာကို ဘုရားကဖြတ်တယ်၊ မာဂဏ္ဍီပရိဗိုဇ်က ကိလေသာပွားတာ သားကမြေး မြေးကမြစ်ပွားတာ စသည်ကို သူကကြိုက်တယ် (မှန်ပါ) သူကဒါကြောင့် လောကကြီးပွားရေး ဖျက်ဆီးပစ်တဲ့ ကိုယ်တော်ကြီးဆိုပြီး ဘုရားကို မကြည်ညိုတာပေါ့ (မှန်ပါ) အဲဒီတော့ သူဟာ ဘာမျက်လုံးနဲ့ ကြီးပွားနေတာတုန်း (အရပ်မျက်လုံးနဲ့ ကြီးပွားနေတာပါ) ဘုရားပေးတဲ့ မျက်လုံးနဲ့ကျတော့ သူ့စိတ်ထဲကျေနပ်ကဲ့လား (မကျေနပ်ပါဘူး)။
ဘုရားက မင်းကွာတဲ့ နူနေတဲ့ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ဟာ ကိုယ့်ဟာကိုယ် နူမှန်းမသိတော့ ကိုယ့်ဟာကိုယ် မီးဖိုကလေးနဲ့ ကင်ပြီးတော့နေရတာကိုပင် အနာပေါက်မှန်းမသိတဲ့ ပုဂ္ဂိုလ်ကျတော့ ကျက်သရေမင်္ဂလာထင်နေတယ် (မှန်ပါ)။
အနာပေါက်မှန်းမသိတဲ့ ပုဂ္ဂိုလ်မီးကင်ရတာ ဘယ်လိုထင်သတုန်း (ကျက်သရေမင်္ဂလာရှိတယ် ထင်ပါတယ်) ဘာမသိလို့တုန်း (အနာပေါက်မှန်းမသိလို့ပါ) အနာပေါက်မှန်းမသိတော့ မီးကင်ရတာကိုပင် ဒကာ ဒကာမတို့ ကျက်သရေ ရှိတယ်ထင်နေတာ၊ ကျုပ်မို့မီးလှုံနိုင်တယ်လို့တောင် ပြောနေတာကိုး (မှန်ပါ) မပြောကြပေဘူးလား (ပြောပါတယ် ဘုရား)။
ကျုပ်မို့အိမ်ကြီး ဆောက်နိုင်တာ ကျုပ်မို့တိုက်ကြီးတည်နိုင်တာ၊ ကျုပ်မို့ဒီသားသမီးတွေကို ရွတ်ဆောင်နိုင်တာတဲ့ အံမာလေး ကျွန်ကနေပြီးတော့ ဂုဏ်ယူနေလိုက်တဲ့ဖြစ်ခြင်းဗျာ (မှန်ပါ)။
ကြည့်ပါလား သားသမီးလေးငါးဆယ်ယောက်တွေကို ကျုပ်ချီမပြီး ကျွေးမွေးပြီးလာခဲ့ရတာ ကျုပ်မို့၊ ဟုတ်ပေလိမ့် မယ်တဲ့ ဘေးကလဲ လက်ခုပ်တီးပေးကြတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဟုတ်ပေလိမ့်မယ် ဆိုလို့ရှိရင် ဟိုပုဂ္ဂိုလ်ကလဲ ဒီ့ထက်ဟုတ်ချင်တော့တာပဲ (မှန်ပါ) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အရပ်ပေးတဲ့ မျက်လုံးနဲ့
အဲဒါခင်ဗျားတို့၏ အရပ်ပေးတဲ့ မျက်လုံးနဲ့ အရပ်မြှောက်နဲ့ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
အဲ မာဂဏ္ဍီပရိဗိုဇ်ကြီးက မြတ်စွာဘုရားဟာ ပွားစည်းခြင်းကို အလိုမရှိဘူး ပွားစည်းခြင်းကို ဖြတ်တဲ့ ကိုယ်တော်ကြီးဆိုတာ ဒုက္ခပွားစည်းခြင်းကို မာဂဏ္ဍီကမသိဘူး၊ သူ့မှာဖြင့်ချစ်စရာ ခင်စရာပွားစည်းခြင်း မျက်စိက မြင်စရာပွားစည်းခြင်း နားကကြားစရာ ပွားစည်းခြင်း စသည်လို့မှတ်နေတယ် (မှန်ပါ) မမှတ်ပေဘူးလား (မှတ်ပါတယ်)။
ကဲဒါဖြင့် မာဂဏ္ဍီပရိဗိုဇ်အမြင်က အင်မတန်မလွဲဘူးလား (လွဲပါတယ်) ဒါဖြင့် သူမီးဖိုနဲ့သူ ကျက်သရေ ရှိတယ် ထင်နေတာပေါ့ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြမယ် (သူ့မီးဖိုနဲ့ သူ့ကျက်သရေရှိတယ်လို့ ထင်နေတယ်ပါတယ် ဘုရား)။ ဒါဖြင့်သူ့ကိုသူ ကိလေသာနူတယ်လို့ကော သိသေးရဲ့လား (မသိပါဘူး) သူမို့မီးလှုံချင်တာလာတော့တာပဲ (မှန်ပါ) ဒီ့ပြင်လူက မီးဖို သေးနေလို့ ရှိရင်ဖြင့် မင်းငါလောက် ပါဝါမရှိသေးဘူးဆိုချင်ဆိုမယ်၊ သူကမီးဖိုကြီး လှုံရတာကိုးဗျ (မှန်ပါ)။
မီးဖိုကြီးလှုံရတယ်ဆိုတာ အနာကြီးလို့လား အနာသေးလို့လား (အနာကြီးလို့ပါ ဘုရား) သို့သော်သူတို့က ဂုဏ်ယူနေတယ်၊ ခုနင်က ဒကာ ဒကာမတွေလိုပေါ့လေ၊ ကျုပ်မို့ ဒီထမင်းအိုးကြီးချီနိုင်တာဆိုတော့ ဘယ့်နှယ့်ပြောတာ တုန်း (ဂုဏ်ယူတာပါ ဘုရား)။
မီးဖိုကြီးလား မီးဖိုကလေးလား
ဒီထမင်းအိုးကြီးချီလာတာ ကျုပ်ဖဝါးလက်နှစ်လုံးကစပြီး ဒီခလေးတွေ ဘယ်တော့မှ သူများအောက် မကျခဲ့ဘူး၊ သူများဒီအဝတ်ဝတ်နိုင်ရင် ကျုပ်သားသမီးလဲ ဝတ်ရအောင်လုပ်ခဲ့တာပဲ (မှန်ပါ)။
သူများ ကျောင်းထား ကျုပ်လဲထား ခဲ့တာပဲ၊ သူများကမော်တော်ကား ဝယ်ပေး- ကျုပ်လဲ ဝယ်ပေး ခဲ့တာပဲ၊ ဪ ကျုပ်တော့တော်သေးရဲ့တဲ့၊ အင်း သူမီးလှုံရ တာကို ဘယ့်နှယ်ဖြစ်နေသတုန်း (တော်သေးရဲ့တဲ့) မီးဖိုကြီးလား မီးဖိုကလေးလား (မီးဖိုကြီးပါ ဘုရား) မီးဖိုကြီးနဲ့ သူနဲ့ကို အတော်ကျက်သရေရှိတယ် ထင်နေတာကိုးဗျ (မှန်ပါ) မထင်ဘူးလား (ထင်ပါတယ် ဘုရား)။
ဘေးကနေပြီးကြည့်တဲ့ အခါကျတော့ ဪ-သူ့အနာ ဒီမီးဖိုမှ ရမှာထင်ပါရဲ့ (မှန်ပါ) ဒါက အမြင်မှန် ကကိုဗျ (မှန်ပါ)။
ခုနင်က မီးဖိုသမားကတော့ သူ့ဟာနဲ့သူကို အတော်ကျေနပ်နေတာ (မှန်ပါ) မကျေနပ်ဘူးလား (ကျေနပ်ပါတယ်) ခုနင်က ခင်ဗျားတို့ ကျေနပ်နေတာနဲ့ တစ်ကိုက်တည်းမနေဘူးလား (နေပါတယ် ဘုရား)။
ခင်ဗျားတို့လဲ သားစဉ် သမီးစဉ် ဆွေစဉ် မျိုးစဉ်ပါ အကုန်ထမ်းရရင် ဘယ့်နှယ်နေသတုန်း (ကျေနပ်နေပါတယ် ဘုရား) အို ကာမာဝစရကုသလိုလ် တော်တော်သေးတယ်၊ အမျိုးပါအောက်မကျအောင် ထိန်းနိုင်တယ်တဲ့ ဒီလိုလာတာဗျ (မှန်ပါ) မလာဘူးလား (လာပါတယ်)။
မိုက်ချက်သန်တယ်ဆိုတာ
ဘယ်လောက်များ မိုက်ချက်သန်တယ်ဆိုတာတော့ မပြောပါနဲ့တော့၊ ကျုပ်ဟာကျွန်ကနေပြီးသပေါက်၊ သပေါက် ကနေပြီး သဘက်ကျအောင် အိုအောင် မင်းအောင်လဲ ကျွေးနိုင်ပါရစေ (မှန်ပါ)။
ဒါလောက်ထိအောင် ဆုတောင်းထားတာ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။
သားကလေးတွေနဲ့ ပုခက်လွှဲခဲ့ပြီ ကျင်ကြီးကျုံးခဲ့ပြီ မြေးကလေးတွေကျတော့လဲ ကျုံးနိုင်ပါရစေ၊ မဟုတ်ဘူး လား (မှန်ပါ) မြစ်ကလေးတွေလာတော့ကော (ကျုံးနိုင်ပါရစေ)။
ဟာလွန်လွန်း လှချေကလားဗျာ၊ မီးဖိုတွေတွေ့တိုင်း တွေ့တိုင်းကျုပ်မီးဖိုတွေဖြစ်ပါရစေကတည်းက (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) ဘယ်လောက်များ ရူးနေတယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ)။
အဲဒီတော့ မာဂဏ္ဍီပရိဗိုဇ်ကို ဘုရားက မီးကိုလှုံနေရတာ မင်းကကျက်သရေ ရှိနေတယ် မှတ်နေတယ် ဆိုတော့ မင်းဟာကိလေသာနူနာ စွဲနေမှန်းမှမသိတော့ပဲကိုးလို့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ်)။
ဥပမာ တခုပြောပြပါ့မယ်
ကိုင်းကွာ ငါဥပမာ တခုပြောပြပါ့မယ်၊ မင်းကြည့်စမ်းပါတဲ့ နူနေတဲ့ ပုဂ္ဂိုလ်ကို ဆေးဝါးကောင်းနဲ့ အမေမိဘတွေ ကဆရာသမားတွေက ကုလိုက်လို့ ပျောက်ကင်းသွားပြီကွာတဲ့ (မှန်ပါ)။
ဦးခင်မောင်ရေ ပျောက်သွားတဲ့အခါကျတော့ ဒီလူကိုဟိုမီးလှုံနေတဲ့လူသွားပြ၊ ဒီလူမှာ မီးလှုံချင်တဲ့စိတ်ပေါ် မပေါ် (မပေါ်ပါဘူး) ဘာဖြစ်လို့တုန်း (ရောဂါပျောက်လို့ပါ) အနာပျောက်လို့၊ ဒါဖြင့် အနာပျောက်ရင်တမျိုး ဒကာ ဒကာမ တို့ အနာမပျောက်ရင် (တစ်မျိုးပါ ဘုရား)။
အဲခင်ဗျားတို့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ သိုက်သိုက်အုံးအုံး ဟုတ်လားသူတို့အတွက် ပူပင်သောကဖြစ်ပြီး နေရတာကိုပင်လျှင် ဒီလိုနေရတာ ခင်ဗျားတို့ ကျေနပ်နေတယ်၊ အဲဒါဟာ အနာမပျောက်ခင်ပေါ်တဲ့စိတ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာတုန်း (အနာမပျောက်ခင်ပေါ်တဲ့စိတ်ပါ ဘုရား) အနာမပျောက်ခင် ပေါ်တဲ့စိတ်မို့ ဒီအပူတွေ အကပ်ခံနိုင် တာပေါ့ဗျ (မှန်ပါ) မီးဆိုတာ အခုမှပူတာလား နဂိုပူတာလား (နဂိုပူပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် နဂိုပူဖြစ်လို့ရှိရင် အနာပျောက်တဲ့ ပုဂ္ဂိုလ်ဟာ ဒီမီးနားကပ်သေးရဲ့လား (မကပ်ပါဘူး) ဟာဒါဖြင့် သူသည်ကားလို့ဆိုလို့ရှိရင် နဂိုကဘာဖြစ်လို့ ကပ်သတုန်း (အနာမပျောက်သေးလို့ပါ) အနာရှိတုန်းက သူကပ်တယ်၊ အနာမရှိတဲ့အချိန်ကျတော့ မကပ်တော့ဘူး (မှန်ပါ)။
အခုအနာပျောက်ကြပြီလား
ဒါဖြင့် ဒကာ ဒကာမတွေ အခုအနာပျောက်ကြပြီလား အနာမပျောက်သေးဘူးလားဆိုတာ ကိုယ့်ဟာကိုယ် အကဲခတ်ကြည့်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဘယ်လိုပေါ်ကြသတုန်း (အနာမပျောက် သေးပါဘူး ဘုရား) မပျောက်သေးဘူး ပိုးကိုက်တုန်းပဲ (မှန်ပါ) ဒါဖြင့် မီးဖိုနဲ့ခွဲရပြီလား (မခွဲရသေးပါဘူး) ဟာဒါဖြင့် အတော်ခက်နေပါပေါ့ လား (မှန်ပါ)။
ဦးခင်မောင် ဘယ့်နှယ်တုန်း (ခက်ပါတယ် ဘုရား) အနာကကြီးနေတယ်၊ အနာကကြီးနေတော့ မီးဖိုနားက မခွါရသေးဘူး (မှန်ပါ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုကြပါတဲ့၊ ဝိပဿနာရှုလို့ မလိုချင်တော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအနာနဲ့ သူနဲ့ခွဲချင်သလား မခွဲချင်ဘူးလား (ခွဲချင်ပါတယ်) ကိုယ့်ခန္ဓာနဲ့ကောခွဲချင်မှာ သားသမီးမြေးမြစ်ခန္ဓာနဲ့ကော (ခွဲချင်ပါတယ် ဘုရား) အဲဒါဘာဖြစ်တာတုန်းဆိုတော့ အနာပျောက်လို့ (မှန်ပါ)။
အနာပျောက်တဲ့လူဥပမာ
ဒါဖြင့် အတင်းတွန်းပြီးပို့စမ်းပါ ဒီလူကိုမီးဖိုနားကိုအနာ ပျောက်တဲ့လူကို အတင်းတွန်းပို့လိုက်စမ်း။ ဦးဝ (မရပါဘူးတစ်ခါတည်း လိမ့်တွန့်ပြီး မလုပ်ပါနဲ့ဗျ ကျုပ်ကိုမနှိပ်စက်ပါနဲ့ဗျ ဆိုတာတွေလာ တာ့တာဘဲ (မှန်ပါ)။
အရင်တုန်းကတော့ သူမီးဖိုနဲ့ အတော်ကျက်သရေ ရှိနေတယ်ထင်နေတာ။ မထင်ဘူးလား (ထင်ပါတယ် ဘုရား)။
နောက်အနာပျောက်ပြီးတော့မှ အားကောင်းတဲ့ လူနှစ်ယောက်က သူ့ကိုပွေ့ပြီး သကာလ မီးဖိုနား ဆွဲချလိုက်တဲ့အခါကျ တော့ သူဆင်းချင်သေးရဲ့လား (မဆင်းချင်ပါဘူး)။
အတင်းရုန်းမှာပါဘုရား, ဘယ့်နှယ့်ကြောင့် အတင်းရုန်းသတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက တွေးလိုက်ရင်ပေါ်ပါတယ်၊ မီးဟာဒကာ ဒကာမတို့ ပင်ကိုယ်ကလဲ ပူထာပဲ အခုအနာပျောက်တော့လဲ (ပူတာပါဘဲ) အနာပျောက်တော့ ပူမှန်းသိတယ် (မှန်ပါ) အနာမပျောက်တဲ့ပုဂ္ဂိုလ်မှာတော့ (ပူမှန်းမသိပါဘူး)။
အနာမပျောက်သေးလို့ ပူမှန်းမသိသေးဘူး
ဒါဖြင့် ခင်ဗျားတို့သည် သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ ခန္ဓာနဲ့နေရတာ အနာမပျောက်သေးလို့ ပူမှန်းမသိသေးဘူး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) အနာပျောက်တော့ ဒီနားကိုတွန်းပို့တော့ကော ရသေးရဲ့လား (မရတော့ပါဘူး)။
ဒါဖြင့်ကျုပ်တို့ဟာ ပင်ကိုယ်စိတ်ရောက်လာပြီလား မရောက်သေးဘူးလား (မရောက်သေးပါဘူး) မီးဟာနဂိုလှုံ နေတုန်းကလဲ ပူတာပါဘဲ နောက်အနာပျောက်တဲ့အခါကျတော့လဲ မလှုံချင်တာလဲ ဘာတုန်း ပူလို့မလှုံချင်တာ (မှန်ပါ)။
မီးဟာ မီးက သူ့သဘာဝပြောင်းသွားတာလား ကျုပ်တို့က အနာပျောက်, မပျောက်ပြောင်းသွားတာလား (တပည့်တော်တို့က ပြောင်းသွားတာပါ ဘုရား)။
ဒါဖြင့် မီးအပြစ်လား ဒကာ ဒကာမတို့ အနာပေါက်တဲ့လူ၏ အပြစ်လား (အနာပေါက်တဲ့လူ၏အပြစ်ပါ ဘုရား) မီးကတော့ဖြင့် အနာရှိတုန်းကလဲ လှုံရင်ပူတာဘဲ အနာမရှိတဲ့အခါ လှုံပြန်တော့ကော (ပူတာပါဘဲ) သဘောကျပြီလား (ကျပါပြီ) မီးကတော့ ဖောက်ပြန်တာဟုတ်သေးရဲ့လား (မဟုတ်ပါဘူး) ဒါဖြင့်အနာရှိတဲ့လူက ဖောက်ပြန်တာ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြမလဲ (အနာရှိတဲ့လူကဖောက်ပြန်တာပါ) မီးလှုံတုန်းကတော့ဘာတုန်း (အနာရှိလို့ပါ) နောက်မီး မလှုံချင်တာက (အနာပျောက်လို့ပါ)။ အဲ ခင်ဗျားတို့မှာ ငါဘယ်အခြေအနေဆိုက်လာတယ်ဆိုတာ မီးလှုံချင်, မလှုံချင် နဲ့အကဲခတ်ပါ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လှုံချင်, မလှုံချင်သာအကဲခတ်ကြည့်
ဒါဖြင့် ငါဟာဘယ်အခြေအနေဆိုက်နေပြီဆိုတာ သိချင်လို့ရှိရင် လှုံချင်, မလှုံချင်သာအကဲခတ်ကြည့်။ (မှန်ပါ)။
အကဲခတ်ကြည့်လို့ရှိရင်ဖြင့် ကိလေသာပါးရှားလာလို့ရှိရင် တယ်မကပ်ချင်တော့ဘူး (မှန်ပါ) ကိလေသာထူနေ သေးလို့ရှိရင် (ကပ်ချင်ပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။
ကပ်ချင်လို့ရှိရင်ဖြင့် ပိုးကိုက်ပြန်ပြီ မီးဖိုရှာပြန်ပြီ (မှန်ပါ) မရှာဘူးလား (ရှာပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချကြမယ်ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်ကို ဒိဋ္ဌဓမ္မောဖြစ်အောင်ကြိုးစားကြပါ (မှန်ပါ)။ မီးဖိုနားကပ်ချင်လို့ရှိရင်ဖြင့် နူတုန်းပဲ (မှန်ပါ) ဟာတပည့်တော်ဖြင့် မီးဖိုနားမကပ်ချင်တော့ဘူး ဘုရားဆိုရင် နည်းနည်း မကပ်ချင် နည်းနည်းပျောက်တာဘဲ များများမကပ်ချင်ရင် (များများပျောက်ပါတယ်)။
ဒါဖြင့်များများပျောက်နဲ့ နည်းနည်းပျောက်ဘယ်ဟာကြိုက်သတုန်း (များများပျောက်ကြိုက်ပါတယ် ဘုရား)။
များများပျောက်ကြိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မီးဖိုနားထိအောင်လုပ်ရတယ် (မှန်ပါ) သားကလဲမီး သမီးကလဲမီး ခန္ဓာကော (မီးပါ ဘုရား) ခန္ဓာကော (မီးပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။
အဲခန္ဓာကြီးမီးမှန်းသိလာတော့ ဒီခန္ဓာကြီးကို ခင်သဘော ကပ်သေးရဲ့လား (မကပ်ပါဘူး)
မကပ်လို့ရှိရင်ဖြင့် ခန္ဓာနဲ့အိုးစား မကွဲဘူးလား (ကွဲပါတယ် ဘုရား) ကွဲတာဟာ ဒုက္ခနဲ့ ကွဲတာဘဲ (မှန်ပါ) မီးဒုက္ခနဲ့ကွဲတာ (မှန်ပါ) တခြားဟာနဲ့ ကွဲတာဟုတ်ကဲ့လား (မဟုတ်ပါဘူး)။
ခန္ဓာကြီးကမီးလောင်နေတဲ့ မီးပုံကြီး
ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးသည်ကားလို့ဆိုရင် ဒီခန္ဓာကိုယ်ကြီးဆိုတာ သဘောကျပြီလား (ကျပါပြီ) သူကဘဲ မီးလောင်နေတဲ့ မီးပုံကြီးကိုဗျ (မှန်ပါ)။
အဲဒါကြီး ကျုပ်တို့ကခင်နေတော့ မီးမှန်းသိသေးရဲ့လား (မသိပါဘူး) ဘာသိမတုန်း အနာထနေတာကိုး (မှန်ပါ)။
ဒါဖြင့်ဘယ်လိုဖြစ်ကြသတုန်း (မီးမှန်းသိအောင်ကြည့်ရပါတယ်) မီးမှန်းသိအောင်ကြည့်ပါ။ မီးမှန်းသိအောင် ကြည့်တော့ တကယ်မီးမှန်း သိတဲ့တစ်နေ့ဟာ အနာပျောက်လို့ (မှန်ပါ)။
မီးမှန်းမသိသေးရင် (အနာမပျောက်လို့ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ) သဘောကျပြီလား (ကျပါပြီ ဘုရား)။