ခန္ဓာအစဉ်ကို ဉာဏ်ဝင်ပါ တရားတော်
ရှင်အနုရာဓမထေရ်ဝတ္ထု (၄)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ခန္ဓာအစဉ်ကို ဉာဏ်ဝင်ပါ တရားတော်
ရှင်အနုရာဓမထေရ်ဝတ္ထု (၄)
(၁၂-၂-၆၁)
ဘုရား၏ ဝတ္တရားက ဘာပါလိမ့်
ခန္ဓာထဲမှာဖြစ်နေတဲ့ ဖြစ်စဉ်ရှိတယ်။ အဲဒီခန္ဓာထဲမှာဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ဘုရားနဲ့တကွ ဘုရား၏တပည့် သားများက ပြောပြဖို့ရာ ဝတ္ထရားရှိတယ်လို့ မှတ်ရမယ် (မှန်ပါ) ခန္ဓာရယ်၊ ခန္ဓာထဲမှာရှိတဲ့ ဖြစ်စဉ်တွေကိုဟောဖို့ပြောဖို့ရာ ဘုရားကိစ္စ၊ ဘုရား၏ တပည့်သားများ ကိစ္စလို့ မှတ်ကြပါ (မှန်ပါ)။
မယှံ ဟိ ပဋိပတ္တိကထနမေဝ ဘာရော၊ (ခန္ဓဝဂ္ဂအဋ္ဌကထာ၊ ၂၉၃)။
ဟိသစ္စံမှန်၏။ ပဋိပတ္တိကထနုမေဝ-ပဋိပတ္တိကို ဟောကြားခြင်းသည် သာလျှင်၊ မယှံ ငါ၏။ ဘာရော တာဝန်ဖြစ်၏။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး တာဝန်က ကျင့်စဉ်ကို ဟောဖို့ရာ သူ့တာဝန်ပဲတဲ့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဘုရား၏ ဝတ္တရားက ဘာပါလိမ့်၊ ဒကာ ဒကာမတို့ (ကျင့်စဉ်ကိုဟောဖို့ပါ ဘုရား) ဒီလိုကျင့်ကြပါ ဒီလိုကြံကြပါ ဆိုတဲ့ ကျင့်စဉ်ကို ဟောကြားဖို့ရာ ဘယ်သူ့တာဝန်ပါလိမ့် (ဘုရား၏ တာဝန်ပါ)။
ဒါပဲ ဘုရား၏ တာဝန်ရှိတယ်နော်၊ နိဗ္ဗာန်ကိုရောက်ဖို့ရာ လက်မောင်းဆွဲပြီး ရှင်ရာဟုလာကိုလဲ ခေါ်သွားလို့ မဖြစ်နိုင်ဘူး၊ နိဗ္ဗာန်ကျတော့ ဒီလိုခေါ်ဆောင်လို့ မရဘူး။
နန္ဒမင်းသားကို နတ်ပြည်ဆောင် သွားနိုင်တာတော့ ဆောင်နိုင် ပါတယ်၊
နိဗ္ဗာန်ကျတော့ သူ့ရင်သွေးဖြစ်ခဲ့တဲ့ ရှင်ရာဟုလာကိုတောင် ဆွဲဆောင်လို့ မသွားနိုင်လို့ ယသော်ဓရာကိုလဲ ဆွဲဆောင်ပြီး သကာလ မသွားနိုင်လို့ ရာဟုလောဝါဒ သုတ်တော်ဆိုပြီး တရားဒေသနာတွေကို သီလနဲ့ပတ်သက်တဲ့ သုတ်တွေ သမာဓိနဲ့ ပတ်သက်တဲ့ သုတ်တွေပညာနဲ့ ပတ်သက်တဲ့သုတ်တွေ အမျိုးမျိုး ဟောကြားတော်မူပြီး မင်းဒါကျင့်ပြီး နိဗ္ဗာန်လိုက်ခဲ့ဆိုတဲ့ အကြောင်းကို မပြောရဘူးလား (ပြောရပါတယ် ဘုရား)။
ကျင့်ကြံမှုက သာဝကတွေရဲ့ တာဝန်
အဲဒီတော့ ဒကာသစ်တို့ ဦးခင်မောင်တို့က စဉ်းစားခန်းထုတ်ရမယ်၊ ဪ-ဘုရားက ကျင့်စဉ်ဟောဖို့ ပြောဖို့ရာ က သူ့တာဝန်ပါကလား၊ ကိုယ့်ကျင့်ရမည့် ကျင့်စဉ်ကလေး၏ပြည့်စုံအောင် ကျင့်ကြံမှုကတော့ တပည့် သာဝကတွေရဲ့ တာဝန်ပါလား (မှန်ပါ)။
အဲဒီတော့ ယနေ့တရားမှာ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ၊ ဘုရားကြီးကလဲ ဘုရား၏ တပည့်သားဖြစ် နေတဲ့အတွက် ကျင့်စဉ် လမ်းကြောင်းပဲ ဟောပေးနိုင်တယ်ဆိုတာမှတ်ဖို့ပဲ (မှန်ပါ) ကိုယ့်ကိလေသာကို ကိုယ့်ဉာဏ်နဲ့ ဖြတ်ပြီးတော့ ကိုယ့်ခန္ဓာဇာတ်သိမ်းဖို့ ကျတော့ ကိုယ့်ဟာကိုယ် လုပ်ယူရပါလိမ့်မယ် မှတ်ကြစမ်းပါ(မှန်ပါ) သူများကရော ဟဲ့-အင်းဟဲ့ပေးလို့ မရဘူး ကိုယ့်ဟာကိုယ် အလုပ်နဲ့ လုပ်ယူမှရမယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဘုရား၏ ဝတ္တရား၊ ယခုတရားနာနေကြတဲ့ ဒကာ ဒကာမတွေ၏ ဝတ္တရားဆိုပြီး ဝတ္တရားနှစ်မျိုးရှိ တယ်နော် (မှန်ပါ)။
မကျင့်တတ် ကျင့်တတ်အောင်ဟောမှုက ဘုရား၏ ဝတ္တရားရှိတယ် (မှန်ပါ) ဒါ့ကြောင့် ဘုရားက ဟောတော်မူ တာကို ဘုန်းကြီးများက အမွေခံပြီးဟောပြနေရတယ် (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီဟောတဲ့အတိုင် ကျင့်ပြီး သကာလ ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းတဲ့ နိဗ္ဗာန်ကြီးသွားဖို့ရာတော့ဖြင့် ပဋိပတ်နဲ့ ပြည့်စုံမှုဟာတော့ဖြင့် တရားနာတဲ့ ဒကာ ဒကာမတွေ၏ ကိုယ့်ဟာကိုယ်လုပ်ယူရမည့် ဝတ္တရားပဲလို့ ဦးခင်မောင် မှတ်စမ်းပါ (မှန်လှပါ ဘုရား) သဘောကျပြီလား (ကျပါပြီ)။
ဘုရားတာဝန် သာဝကတာဝန်
အဲဒါကြောင့် ဒကာ ဒကာမတို့ ဘုရားတာဝန် သာဝက တာဝန်ကို ယနေ့ အစောကြီးက ပြောနေပါတယ်။ ကျင့်စဉ်ကျင့်နည်းကို ပေးဖို့ရာက ဘယ်သူ့တာဝန်ပါလိမ့် (ဘုရားတာဝန်ပါ) ကျင့်ကြံကြိုးအားထုတ်တဲ့ ဉာဏ်ပြည့်စုံရမှု ကတော့ (တပည့်တော်တို့ တာဝန်ပါ) အေး တရားနာတဲ့ သာဝကတို့၏ တာဝန်ဆိုတာ ရိပ်မိကြပြီ (ရိပ်မိပါပြီ)။
အဲဒီတော့ ကိုယ့်အလုပ် သူ့အလုပ်နှစ်မျိုးသိပြီး သကာလ ထားကြပါဆိုတာ အစောကြီးကပဲ ပြောပါတယ်နော် (မှန်ပါ)။
အဲဒီတော့ ကျင့်စဉ်ကို ဟောဖို့အလုပ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျင့်ရမည့်အလုပ် ဘယ်မှာ ရှိပါလိမ့်မတုံးဆိုတော့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ပဲ လက်ညှိုးထိုးပြမှာပဲ (မှန်ပါ) အဲဒီခန္ဓာပဋိစ္စသမုပ္ပါဒ်ဟာ ဖြတ်ချင်လဲရတယ် မဖြတ်ချင်လဲရတယ်။
မောင်မြတို့ ဘယ်လိုပါလိမ့် (ဖြတ်ချင်လဲရပါတယ် မဖြတ်ချင်လဲရပါတယ် ဘုရား)။
မဖြတ်ချင်ရင် ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ ရှင်းပြီလား (မှန်ပါ) မဖြတ်ချင်လို့ရှိရင် ဒုက္ခတွေနဲ့ပဲ နေရစ် ပေတော့ ဒုက္ခဖြစ်ကြောင်းတွေနဲ့ ဒုက္ခအပြည့်အစုံနဲ့ နေရစ်ပေတော့ဆိုတာ သေချာပြီနော် (မှန်ပါ)။
ဟာ-ပဋိပတ္တိပဲ တပည့်တော်တို့ ပြည့်စုံအောင် လုပ်ပါတော့မယ် ဖြတ်တဲ့နည်းပဲ ဖြတ်ပါတော့မယ်ဆိုလို့ရှိရင် ဒုက္ခက္ခန္ဓဿ နိရောဓေါဟောတိ။ ဒုက္ခအစုကြီးချုပ်သွားမှာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကိုယ့်ဒုက္ခကိုယ်သိမ်းချင်ရင်ဖြင့်
ဒါဖြင့် ကိုယ့်ဒုက္ခကိုယ်သိမ်းချင်ရင်ဖြင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုယ်ဖြတ်ရလိမ့်မယ်(မှန်ပါ)။
ကိုယ့်ဒုက္ခကိုယ်သိမ်းချင်ရင် (ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ဖြတ်ရပါမယ်)။
ရှေးကတော့ဖြင့် ဒကာ ဒကာမတို့ ဘယ်အခါမှ မဖြတ်ခဲ့ဘူးဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ)။
မဖြတ်ခဲ့လို့ သံသရာ မှာ မြစ်ကို အလျားလိုက်ကူးနေတယ် ဆိုလို့ရှိရင်ဖြင့် လွဲပါ့မလား (မလွဲပါဘူး)။
ဒီတစ်ခါ အလျားလိုက် ကူးကြတော့မယ် ဆိုလို့ရှိရင်ဖြင့် အမောဆိုက်ပြီး မြုပ်လမ်း မျှောလမ်းနဲ့ပဲ သွားကြပေတော့ ဆိုတာဘာမှ သံသယမရှိဘဲနဲ့ ဒကာ ဒကာမတွေ ဒုက္ခကြီးလှလှရကြလိမ့်မယ်နော် (မှန်ပါ)။
ဒါကြောင့် ဒုက္ခကြီးလှလှ မရရအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ် မဆက်အောင်ဖြင့် အနာဂတ်ဘဝနဲ့ မဆက်အောင် ကြိုးစားကြပါဆိုတာ သတိပေးရတယ်နော် (မှန်ပါ)။
ဘာနဲ့ မဆက်အောင်လဲ (အနာဂတ်ဘဝနဲ့ မဆက်အောင်ပါ) အနာဂတ်ဘဝနဲ့ မဆက်အောင် သတိပေးရပါ တယ်။
ဘယ့်နှယ်ကြောင့် အနာဂတ်ဘဝနဲ့ မဆက်အောင် ဘုရားက ဟောပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ အနာဂတ်ဘဝမှာ လာမှာက ဇာတိ၊ ဇရာ၊ မရဏလို့ မရှိဘူးလား (ရှိပါတယ်)။
အနာဂတ်ဘဝက ဘာတဲ့ဗျာ (ဇာတိ၊ ဇရာ၊ မရဏပါ ဘုရား) အခုတော့ ခင်ဗျားတို့က ဇာတိ မဟုတ်တော့ပါဘူး၊ ဇရာထဲ ရောက်နေပြီ၊ မရဏထဲရောက်နေပြီ၊ မရဏနားကပ်နေပါပြီ၊ မရဏနားကပ်နေပါပြီ၊ (မှန်ပါ) နောက်ရမှာက ခန္ဓာကို မဖြတ်လို့ရှိရင် ဘာရကြမယ်ထင်သတုံး (ဇာတိ၊ ဇရာ၊ မရဏ ရပါမယ် ဘုရား)။
ဒါအနာဂတ်ဘဝမှာ ရတဲ့ဒုက္ခသစ္စာ
ကောင်းပြီ ဒါအနာဂတ်ဘဝမှာ ခင်ဗျားတို့ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ် ကိုယ်မဖြတ်နိုင်လို့ ရတဲ့ဒုက္ခသစ္စာ (မှန်ပါ)။
ဘာပါလိမ့် (ကိုယ့်ခန္ခာပဋိစ္စသမုပ္ပါဒ်ကိုယ် မဖြတ်နိုင်လို့ရတဲ့ ဒုက္ခသစ္စာပါ ဘုရား) ဇာတိလဲ ဒုက္ခသစ္စာ၊ ဇရာလဲ ဒုက္ခသစ္စာ မရဏလဲ ဒုက္ခသစ္စာပဲ၊ ဒီဘက်မှာလာမည့် ဒုက္ခဒေါမနုဿစသည်တွေလဲ ဒုက္ခသစ္စာဆိုတဲ့အတိုင်း ဒါဘာဖြစ်လို့ ရကြပါလိမ့်ဗျာ (ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ကိုယ်မဖြတ်နိုင်လို့ ရတာပါ ဘုရား) ကိုယ့်ခန္ဓာကို ဉာဏ်နဲ့ မဖြတ်နိုင်တာနဲ့ ဦးခင်မောင်ရေ ဒုက္ခကြီးဆက်ရတယ်ဆိုရင် သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်နဲ့ ဖြတ်ပြန်တော့လဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့တကွ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်တို့ အနာဂတ်ဘဝ မလာတာ ဘာ့ကြောင့်ပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်) သူတို့ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို သူတို့မဂ်နဲ့ ဖြတ်လိုက်လို့ဆိုနိုင်ကြပြီလား (ဆိုနိုင်ပါတယ်)။
သူတို့ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို (သူတို့မဂ်နဲ့ ဖြတ်လိုက်လို့ပါ ဘုရား) ရှင်သာရိပုတ္တရာဆိုရင် ရှင်အဿဇိပေးတဲ့ မဂ်ဉာဏ်နဲ့ တစ်ခါဖြတ်လိုက်တယ်၊ နောက်ဘုရားဆီမှာ ဝေဒနာနုပဿနာ (ဝေဒနာပရိဂ္ဂဟကမ္မဋ္ဌာန်း) ကိုနာရတော့ သုံးခါဖြတ်ချလိုက်တော့ ရှင်သာရိပုတ္တရာကြီးရဲ့ အနာဂတ် ဇာတိ ဇရာ မရဏတွေ ရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် သူ့ခန္ဓာအစဉ်မှာ သူ့ဉာဏ်ဝင်လို့ ပြတ်တာဘဲ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (သူ့ခန္ဓာအစဉ်မှာ သူ့ဉာဏ်ဝင်လို့ ပြတ်ပါတယ် ဘုရား)။
မိမိခန္ဓာအစဉ်ကို မိမိဉာဏ်ဝင်ရင်လဲ ပြတ်မှာ
သေသေချာချာ မှတ်ပါ ဒီတစ်လုံးကို ဪ မိမိခန္ဓာအစဉ်ကို မိမိဉာဏ်ဝင်ရင်လဲ ပြတ်မှာပဲ (မှန်ပါ)။
မိမိခန္ဓာအစဉ်ကို မိမိဉာဏ်ဝင်လိုက်လို့ရှိရင်လဲ ဒိဘဝမပြတ် နောက်ဘဝပြတ်ဖို့ပဲ၊ ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြင့်လဲ ဒီဘဝပြတ်ဖို့ပဲဆိုတာ ဘာမှ သံသယမရှိပါနဲ့။ ရဲရဲတင်းတင်း လုပ်ပါလို့ ဆိုထားတယ်နော် (မှန်ပါ)၊ ရဲရဲတင်းတင်း ဝိပဿနာ ရှုပြီး ဝိပဿနာဉာဏ်က မဂ်ဉာဏ်ဖြစ်အောင်လုပ်လို့ တာဝန်ခံပါတယ် (မှန်ပါ)။
ဘာကြောင့် တာဝန်ခံသတုန်းလို့မေးတဲ့ အခါကျတော့ ဒကာ ဒကာမတို့ ဘုရားပရိနိဗ္ဗာန်စံကာနီး သုဘဒ္ဒပရိဖိုဇ်ဆိုတဲ့ ဆာဝါ့သားကို ဟောတယ်။
ဆာဝါ့သားက မေးတဲ့နေရာများကြည့်ပါလား၊ အရှင်ဘုရားမရှိတဲ့အခါမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေများ ကွယ်တော့မှာလားဘုရားလို့ ဦးခင်မောင် မမေးလားဗျာ (မေးပါတယ် ဘုရား)။
”ဣမေ စသုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ အသုညောလောကော အရဟန္တေဟိ အဿ”
ဆိုပြီး သကာလ မဟာပရိနိဗ္ဗာန်သုတ်မှာ ဟောထားပါတယ်၊ အဲဒါထောက်ကြည့်တော့ ဣမေဘိက္ခူ ဤရဟန်းတို့ သည် သမ္မာ-ကောင်းစွာ ဝိဟရေယျုံ မဂ်ဆိုက်အောင် ကျင့်ကြံနိုင်ကြကုန်သည်ဖြစ်ပါအံ့။ အရဟန္တေဟိ ရဟန္တာပုဂ္ဂိုလ် တို့မှာ အသုညော-မဆိတ်သော၊ လောကော-လောကကြီးသည်။ အဿဖြစ်ရာ၏။
ရဟန္တာ မဆိတ်ပါဘူးကွာတဲ့
ရဟန္တာ မဆိတ်ပါဘူးကွာတဲ့ မင်းတို့ ကျင့်သာကျင့်ကြပါတဲ့၊ သဘောပါပြီလား (ပါပါပြီ)။
ဘုရားပရိနိဗ္ဗာန်စံသွားလို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေကွယ်ရမယ်လို့ ဒီလိုမဟုတ်ပါဘူး၊ အကျင့်ကွယ်ရင် ကွယ်လိမ့်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ) အကျင့်မကွယ်ရင် (မကွယ်ပါဘူး) မကွယ်ဘူးလို့ ဘုရားပရိနိဗ္ဗာန် စံကာနီး သုဘဒ္ဒကိုချွတ်ပြီး သူဟာကျွတ်တမ်းဝင်တာပဲ (မှန်ပါ)၊
အဲဒါတွေ ထောက်ကြည့်တဲ့ အခါကျတော့လဲ ဝိပဿနာမဂ်က လောကုတ္တရာမဂ်ဖြစ်ဖို့အရေး ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကို ကိုယ်မဂ်နဲ့ ဖြတ်တဲ့အရေးဟာ ဘယ်အချိန်မှာ ဖြတ်ဖြတ် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်တာ ချည်းပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဒါဖြင့် တို့လုပ်သာနေရတယ်၊ မဂ်ကိုရမှ ရနိုင်ပါ့မလားလို့၊ ဒီသံသယတွေ မဝင်ကြပါနဲ့၊ ထည့်ပြီး မစဉ်းစားပါနဲ့၊ လုပ်သာလုပ်ကြပါ၊ တစ်နေ့က ပြောသလို ဝါးနှစ်လုံးကို ပွတ်သာ ပွတ်ပါလို့ ပြောတယ်နော် (မှန်ပါ)။ ပူတာဟာပွတ်လို့ ပူတာ၊ မီးထွက်တာသည် ထွက်ချိန်ရောက်လို့ ထွက်တယ် (မှန်ပါ)။
ဦးခင်မောင် ပူတာကတော့ (ပွတ်လို့ပူတာပါ) မီးထွက်တာကတော့ (ထွက်ချိန်တန်လို့ ထွက်ပါတယ်)။
အဲဒီတော့ ပူရင်ထွက်ရမှာပဲဆိုတဲ့ အဓိပ္ပါယ်ကို နာမရူပပရိစ္ဆေအဋ္ဌကထာမှာ သေသေချာချာ ဖော်ပြထားပြန် တော့ ဪ-တို့တာဝန်က မနေမနား ဝါးပွတ်သော ယောက်ျားကဲ့သို့ ဝိပဿနာရှုဖို့ရာက တို့တာဝန်။ တကယ့် လောကုတ္တရာမဂ် ပေါ်လာဖို့ရာကဖြင့် သူပြည့်တဲ့အခါ ပေါ်လာမှာပဲဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒုက္ခပိုင်းခြားနိုင်ရင် ပေါ်လာမှာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
အင်္ဂါလေးချက်ညီရင် ရကြဖို့ပါပဲ
အဲဒါကြောင့် ဘာမှ အားငယ်စရာမရှိဘူးဆိုတဲ့ အကြောင်းကိုသုဘဒ္ဒကို ဟောသဖြင့်၎င်း၊ ဝါးနှစ်လုံး ပွတ်ပုံကို ဟောသဖြင့်၎င်း၊ ရအောင်လုပ်ရင် ရမယ်ဆိုတာ မှတ်ကြဖို့ပဲ (မှန်ပါ)။ ဒွိဟိတ်ဖြစ်ခဲ့ရင် နောက်ဘဝမှာပဲ တိဟိတ်ဖြစ်လို့ ကလျာဏ မိတ္တစသော အင်္ဂါလေးချက်ညီရင် ရကြဖို့ပါပဲ (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် နိဗ္ဗာန်ရချင်လို့ရှိရင်ဖြင့် အနာဂါမ်ဘဝခန္ဓာကို ဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ လက်ဦးစွာရမှာပဲ (မှန်ပါ)။
အနာဂမ်ခန္ဓာဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ (လက်ဦးစွာရမှာပါပဲ) လက်ဦးစွာရမှာပဲဆိုတော့ အနာဂတ်မှာ ဘာလာ တတ်ပါလိမ့် (ဇာတိ၊ ဇရာ၊ မရဏ လာတတ်ပါတယ်)။
အဲဒီ ဇာတိ ဇရာ၊ မရဏဟာ ဒကာ ဒကာမတို့အကြောင်း မရှိဘဲနဲ့ လာသလားလို့၊ ဇာတိဟာလဲ ခန္ဓာပဲ ဇရာလဲ ခန္ဓာ၊ မရဏဟာလဲ ခန္ဓာပဲဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ) သူ့ရှေ့က ခန္ဓာတွေက ကျေးဇူးပြုလို့ ဒီခန္ဓာလာရ တာ (မှန်ပါ) သူ့ရှေ့က ခန္ဓာတွေက ကျေးဇူးမပြုရင် (မလာရပါဘူး ဘုရား) ဇာတိ ဇရာ မရဏခန္ဓာတွေ လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။
အဲဒါသေသေချာချာ စဉ်းစားတော့မှ ဪ-သူ့ရှေ့က ခန္ဓာတွေကိုကျုပ်တို့သည်ကားလို့ဆိုလို့ရှိရင် မလိုချင်တဲ့ မဂ်ဉာဏ်နဲ့ ဖြတ်လိုက်လို့ရှိရင် အနာဂတ် ခန္ဓဟာ ချောမောပြီး ဇာတ်သိမ်းသွားမှာပဲ ဆိုနိုင်ကြမလား (ဆိုနိုင်ပါတယ်)။
မွှေးတယ်-နံတယ်ဆိုတဲ့ သိစိတ်
ကဲဒါဖြင့် သူ့ရှေ့က ခန္ဓာကလေးဟာလဲ ဒကာ ဒကာမတွေက လစ်လစ်ပြီးသွားတတ်တဲ့ မရှုဖြစ်ကြဘူး ဆိုတော့ ပြန်ပြောလိုက်ပါတယ်၊ ဥပမာ ဃာနဝိညာဏ်စိတ်ကလေးဖြစ်မယ်၊ ဥပမာ အနံ့ကလေးကို လေကယူဆောင်လာတယ်၊ အနံ့ကလေးလေက ယူဆောင်လာတော့ နှာခေါင်းထဲမှာ လူရှင်ဖြစ်နေတော့ ဃာနပဿဒနဲ့ သွားပြီး မထိခိုက်ဘူး လား။ (ထိခိုက်ပါတယ်)
ထိခိုက်တဲ့အခါကျတော့ မွှေးတယ်-နံတယ်ဆိုတဲ့ သိစိတ်ကလေးမပေါ်ဘူးလား (ပေါ်ပါတယ်) ဃာနဝိဉာဏ်စိတ်ပေါ်ရော။
အဲဒါကလေးကို ဒကာ ဒကာမတွေကနေပြီး သကာလ ဪ ဃနဝိညာဏံ အနိစ္စံလို့ ဖြစ်ပျက်ရှုပေးပါ။ ဒီကနေ ဝိပဿနာမဂ်နဲ့ ရှုပေးပါနော် (မှန်ပါ့) ဃာနဝိညာဏ် အနိစ္စလို့ ရှုလိုက်တဲ့အခါကျတော့ ဃာနဝိညာဏံ အနိစ္စတော ဇာနတော ပဿတော အနိစ္စလို့သူတို့ ဒကာ ဒကာမတွေက ရှုလဲရှု မြင်လဲမြင်အောင် ကြိုးစားကြမယ်ဆိုလို့ရှိရင်ဖြင့် မြင်တဲ့အတိုင်းပါဘဲ၊ ဒကာ ဒကာမတို့ ဒီကြားထဲ မဂ်ဝင်သွားတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ယှဉ်ဖေါ်ယှဉ်ဖက်နဲ့ အနိစ္စရောက်တာ
ဝိညာဏက္ခန္ဓာကို ဖြစ်ပျက်ရှုလိုက်တော့ ဖြစ်ပျက်မဂ် မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်တာပေါ့။ ဃာနဝိညာဏ်ကို အနိစ္စရှုလိုက်တဲ့အတွက်ဃာန ဝိညာဏ်နဲ့ တွဲနေတဲ့ ဝေဒနာတွေ သညာတွေ ဖဿတွေဟာ ဒကာ ဒကာမတွေ အတူတကွ တွဲပြီး သကာလ သဟဇာတ ပစ္စယောဆိုတဲ့အတိုင်း အတူတကွ အနိစ္စမရောက်ကြဘူးလား (ရောက်ပါတယ်) စိတ်ကလေး တစ်ခုတည်း အနိစ္စရောက် တာလား ယှဉ်ဖေါ်ယှဉ်ဖက်နဲ့ အနိစ္စရောက်တာလား (ယှဉ်ဖော်ယှဉ်ဖက်နဲ့ အနိစ္စရောက်တာပါ)။
အဲဒီတော့ ဃာနဝိညာဏံအနိစ္စံဆိုတာက စိတ္တနုပဿနာဖြစ်အောင်လို့သာ ဟောရပါတယ် ဦးခင်မောင်ရေ ဝေဒနာနုပဿနာလဲ ပါသွားတယ်။ ဓမ္မာနုပဿနာလဲ ပါသွားတာပဲဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ)။
ကောင်းပြီ ဒါဖြင့် ဃာနဝိညာဏ်က အနိစ္စ၊ ရှုတာက မဂ္ဂဖြစ်သွားပြီဆိုတာ သဘောကျပြီလား (ကျပါပြီ) ဒါက ပစ္စုပ္ပန်ဘဝကိုယ့်မျက်လုံး ကိုယ်ရှုတယ်။ ဒါက လာပြီလား။ မလာသေးဘူးလား မလာသေးတော့ ဒကာ ဒကာမတွေ သူရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မလာသေးတာသည် မလာတော့ပါဘူးတဲ့။ ဘာကြောင့် မလာတော့ပါဘူးဆိုလို့ရှိရင်ဖြင့် မဂ်က ဒီဥစ္စာကို ဒကာ ဒကာမတို့ နိစ္စသညာပယ်ချလိုက်တယ်နော် (မှန်ပါ)။
နိစ္စသညာပယ်ချတယ်
ဦးခင်မောင် ဘာပယ်ချလိုက်သတုံး(မဂ်ကနိစ္စသညာပယ်ချလိုက်ပါတယ်)။
နိစ္စသညာပယ်ချတယ်ဆိုတော့ ဒီမှာကြည့်စမ်းပါလား။
ဃာနဝိညာဏံ အနိစ္စတော ဇာနတော ပဿတောဆိုတော့ သူ့ကို ဖြစ်ပြီးပျက်တဲ့ဓမ္မလို့ ရှုလိုက်တော့ နိစ္စသညာ မပယ်လိုက်ဘူးလား (ပယ်ပါတယ်) နိစ္စသညာ ပယ်လိုက်တယ် ဆိုကတည်းက နိစ္စလို့ အထင်မှားနေတဲ့ ဒိဋ္ဌိကိုကော(ပယ်ပါတယ် ဘုရား) သူ့ဖြစ်ပျက်သာ မြင်လို့ရှိရင် နိစ္စသညာရော ရှိသေးရဲ့လား (မရှိပါဘူး) နိစ္စဒိဋ္ဌိကော (မရှိပါဘူး) မရှိဘူးတဲ့ ဒါဝိပဿနာမဂ်နဲ့ ပယ်ထားတဲ့ ဥစ္စာ (မှန်ပါ့)။
အဲဒီတော့ဒီဋ္ဌိမရှိလို့ ရှိရင်ဖြင့် ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေဒီကြားထဲ ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘူး) လိုရင်းတော့ဖြင့် တဏှာ, ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး) မလာနိုင် တော့ ဒီကံတွေလာမှ ဒီဇာတိဇရာ မရဏလာမှာဆိုတော့ ဒီသုံးခုလဲ မဂ်က သတ်ထားတယ် ဦးခင်မောင်ရေ (မှန်လှပါ)။
ဒီမဂ်မဝင်ရင် ဒီအတိုင်း တန်းမှာပဲ
ဒကာသစ် ဒီသုံးခုကော (သတ်ထားပါတယ်) ဒီသုံးခုလဲရှုတဲ့ မဂ်ကသတ်ထားတယ်။
အဲဒီတော့ ဒိဋ္ဌိ ဒါဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေလဲ သတ်ပြီး သကာလ ထားတော့ကို ဒကာ ဒကာမတွေ အခုအမြင်ပဲ ပြပါတယ်။ ဒါဟာ တရားနည်း ပေးပြီး သကာလ ဪ ဒို့ခန္ဓာအစဉ်က ဒီမဂ်မဝင်ရင် ဒီအတိုင်း တန်းမှာပဲ။ မတန်းပေဘူးလား (တန်းပါတယ်)။
မဂ် မဝင်ရင် ၁-၂-၃-၄ မတန်ဘူးလား (တန်းပါတယ်) တန်းပြီး သကာလ အနာဂတ်ဘဝနဲ့ တစ်ခါတည်း စုတေမနေ သေလွန်ရင် မဆက်ပေဘူးလား (ဆက်ပါတယ်)။
ကဲ-ဒါဖြင့်အနာဂတ်ခန္ဓာတွေနဲ့ မဆက်ရအောင် ဒကာ ဒကာမတို့ ဃာနဝိညာဏံ အနိစ္စတောဇာနတော ပဿတော ဆိုတဲ့အတိုင်း ဒါကလေးဖြစ်ပျက်ရှုလိုက်ရော နံစိတ်ကလေး ဖြစ်ပျက်ရှုလိုက်၊ သူက ဖြစ်ပျက်ဖြစ်သွားတယ်။ အနိစ္စမဖြစ်ဘူးလား (ဖြစ်ပါတယ်)။
အနိစ္စဖြစ်သွားတော့ နိစ္စသညာလာသေးရဲ့လား (မလာပါဘူး) နိစ္စဒိဋ္ဌိကော (မလာပါဘူး) မလာတော့ ဒိဋ္ဌိမှမလာဘဲနဲ့ ဒိဋ္ဌုပါဒါန်ကော လာပါ့မလား (မလာပါဘူး) ဒိဋ္ဌိအုပ်ချုုပ်တဲ့ ကံကော (မလာပါဘူး)။
ဒါဖြင့် ကမ္မဘဝ ပစ္စယာဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ ဘယ့်နှယ့်ကြောင့် မလာပါလိမ့်မတုန်းလို့ မေးဘို့ မလိုဘူးလား (လိုပါတယ်) အို ဒီဘက်က နိစ္စသညာ၊ နိစ္စဒိဋ္ဌိကို ကျုပ်တို့ ဝိပဿနာ မဂ်နဲ့ ချေမှုန်းပစ်လိုက်ပြီ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ)။
ဝိပဿနာမဂ်နဲ့ ချေမှုန်းပစ်လိုက်တယ်
ဘာနဲ့ချေမှုန်းပစ်လိုက်ပါလိမ့် (ဝိပဿနာမဂ်နဲ့ ချေမှုန်းပစ်လိုက်ပါတယ်)။
အဲဒီတော့ ဒီဘက်မှာ ဒိဋ္ဌုပါဒါန်ကို လိုချင်လို့ ရပါမလား (မရပါဘူး) ဒီဋ္ဌိအုပ်ချုပ်တဲ့ကံတွေကော (မလာပါဘူး) ကံမှမရှိဘဲ ပုဂ္ဂိုလ်မှာ နောက်ဘဝ ကမ္မဘဝ ပစ္စယာ ဇာတိက လာပါ့မလား (မလာပါဘူး) ဇာတိပစ္စယာ ဇရာမရဏကော (မလာတော့ပါဘူး) မလာနိုင်ဘူး ဒကာ ဒကာမတို့ ဒါရဲရဲတင်းတင်း ဆုံးဖြတ်ချက်ပါနော် (မှန်ပ့ါ)။
အဲဒီတော့ ဒါဘယ်သူ၏ အတန်းတုံးဆိုတော့ တရားနာနေတဲ့ပုဂ္ဂိုလ်၏ ခန္ဓာတန်းလို့ ဆိုလို့ရှိရင် လွဲပါမလား (မလွဲပါဘူး) ဒါဖြင့် ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ဖြတ်တာဘဲ (မှန်ပါ့) ဘုရားက နည်းပေးတယ်။ ခင်ဗျားတို့က ရှုတဲ့အလုပ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဘုရား၏ တာဝန်ကတော့ ပဋိပတ္တိကထနမေဝ တဲ့ ပဋိပတ္တိကို ပြောရုံဆိုရုံဘဲတဲ့။
ပဋိပတ္တိပူရဏံ ပန သာဝကာနံ ဘာရောတဲ့ ကျင့်မူပေါ်တိုင်း ပေါ်တိုင်း ရှုမှုအရေးကတော့ သာဝကတို့၏ အရေးဘဲ သဘောကျပြီလား (ကျပါပြီ) သာဝကတို့ အရေးဆိုတာ ဒကာ ဒကာမတို့၏ အရေးကို သေသေချာချာ မှတ်တာပေါ့ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ကိုယ့်ကျင့်မှုအရေးကို ကိုယ်သိတဲ့ ပုဂ္ဂိုလ်မှာ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ လာသေးသလား (မလာပါဘူး) ဒါဖြင့် အပါယ်ဇာတိ အပါယ်ဇရာ အပါယ်မရဏကော (မလာပါဘူး) မလာဘူးတဲ့၊ ဒိဋ္ဌိရှိမှ ကျမှကိုးဗျ (မှန်ပါ)။
ဒီထဲမှာ ဒိဋ္ဌိပယ်လိုက်ပြီတဲ့ နိစ္စသညာလဲ ပယ်လိုက်တယ် ခိုင်တယ်မြဲတယ် လို့ကော ယူသေးရဲ့လား (မယူပါဘူး) ဃာနဝိညာဏံ အနိစ္စတော ဇာနတော ပဿတော ပဲ ဃာနဝိညာဏ် စိတ်ကလေး ပေါ်လာတဲ့အခါ ဖြစ်ပျက်ရှုလိုက်တဲ့ (မှန်ပါ) ရှုလိုက်တဲ့အခါကျတော့ ဖြစ်ပျက်မဂ်ဆိုကတည်းက ဒီက အနာဂတ်ကြောင်းတွေ ဘယ့်နှယ့်နေသတုန်း ဒကာ ဒကာမတို့ (မလာပါဘူး) မလာဘူး၊ အနာဂတ်အကျိုးကော (မလာပါဘူး)။
နောက် ခန္ဓာမလာတာဟာ နိဗ္ဗာန်ဘဲ
ဒါဖြင့် ခင်ဗျားတို့ကို ခုနင်က စကားပြောခဲ့တယ်။ ဆရာဘုန်းကြီးဘယ်လို့ပြောလိုက်သတုံးဆိုတော့ ဒကာ ဒကာမ တို့ နောက်ခန္ဓာဟာ ဒုက္ခသစ္စာ။ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံး နောက် ခန္ဓာမလာတာဟာ နိဗ္ဗာန်ဘဲ (မှန်ပါ့)။
နောက်ခန္ဓာမလာတာ (နိဗ္ဗာန်ပါ ဘုရား) ဘယ်ခန္ဓာမှ ရုပ်ခန္ဓာရော နာမ်ခန္ဓာရော မလာတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ) နိဗ္ဗာန်ပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။
အဲဒီတော့ နောက်ခန္ဓာမလာချင်ဘူး ဆိုတော့ နောက်ခန္ဓာလာကြောင်းကို သတ်မှပဲ နောက်ခန္ဓာမလာမှာပဲ (မှန်ပါ)။
ဘာကို သတ်ကြမယ် (နောက်ခန္ဓာလာကြောင်းကို သတ်ကြပါမယ်)။
နောက်ခန္ဓာလာကြောင်းကို သတ်မှ နောက်ခန္ဓာမလာမှာပဲ ဆိုတော့ စဉ်းစားကြည့်ပါတဲ့ နောက်ခန္ဓာဆိုတာ အနာဂတ်ဘဝ အဝေးကြီးရှိပါသေးတယ် သေမှဖြစ်ရမှာပါ။ နောက်ခန္ဓာလာကြောင်းကို ဒကာ ဒကာမတို့ နံတဲ့စိတ် ကလေး နှာခေါင်းထဲမှာ ပေါ်တယ်။
ပေါ်သည်နဲ့ တစ်ပြိုင်နက်တည်း ဒါကလေးကို ဒကာ ဒကာမတွေက ဃာနဝိဉာဏ် လာချင်တာလာပေစေ။ သူ့ကိုလဲ ဝိပဿနာမဂ်နဲ့ ရှုနိုင်လို့ရှိရင်ဖြင့် ရှုသာရှုပါတဲ့။ သဘောကျပြီလား (ကျပါပြီ) ရှုလိုက်တဲ့ အခါကျတော့ ဖြစ်ပျက်ရှုတာက (မဂ်ပါ ဘုရား) မဂ်ဖြစ်သွားတော့ ခုနင်က ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုတဲ့ဥစ္စာ လာသေးရဲ့လား (မလာပါဘူး)။
အကြောင်းသတ်တရားဆိုတာ
လိုရင်းတော့ တဏှာဖြင့်လဲ တဏှာဥပါဒါန်ကံ၊ ဒိဋ္ဌိဖြင့် ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ အတူတူပဲ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ) ရှင်းတော့ အကြောင်းသတ်တရားဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဒီအကျိုးကို အထူး သတ်ဖို့ လိုသေးသလား (မလိုပါဘူး) အကြောင်းသုံးခုသေရင် ဟိုအကျိုးသုံးခု ဘယ့်နှယ်နေသတုံး (မလာတော့ပါဘူး)။ မလာတော့ ခင်ဗျားတို့ တာဝန်ဘာပါလိမ့်မတုံး မေးတဲ့ အခါကျတော့ ခင်ဗျားတို့ ကိုယ့်သန္တာန်ပေါ်တဲ့စိတ်ကို ဃာန ဝိညာဏ်ပေါ်လဲ ဃာနဝိညာဏ်စိတ်ကို ဖြစ်ပျက်ရှု (မှန်ပ့ါ) လျှာပေါ်ပေါ်တဲ့ စိတ်လာရင်ကော (လျှာပေါ်ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှုရပါတယ်) ဒီအကြောင်းသုံးခု ဘယ့်နှယ်နေသတုံး (မလာပါ ဘုရား)။
ကိုယ်ပေါ်ပေါ်တဲ့ စိတ်ကလေး သုခဒုက္ခစိတ်ကို သုခသဟဂတံ ကာယဝိညာဏံ ဒုက္ခသဟဂတံ ကာယဝိညာဏံ ဆိုတာကလေးရှုလိုက်ပြန်တော့လဲ ဘာသေသတုံး မေးရင်ဘယ့်နှယ်ပြောကြမလဲ (အကြောင်းသုံးခုသေပါတယ်) အနာဂတ် အကြောင်းသုံးခုသေပါတယ် အနာဂတ်အကြောင်း သုံးခု သေတယ်လို့ ဒကာ ဒကာမတွေလေးလေးစားစား မှတ်ပါ (မှန်ပါ)။
ဘာသေပါလိမ့် (အနာဂတ်အကြောင်းသုံးခု သေပါတယ် ဘုရား) အနာဂတ်အကြောင်း သုံးခုသေတော့ အနာဂတ်အကျိုးဆိုတာ ပေါ်ခွင့်ကို ရသေးရဲ့လား(မရပါဘူး)။
မဂ်က အကြောင်း သိမ်းနိုင်တဲ့အတွက်
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီဘက်က ဒုက္ခသစ္စာတွေ သိမ်းချင်လို့ သိမ်းသွားတာ မဟုတ်ပါဘူး။ ဒီဟာတွေကို ခင်ဗျားတို့က ဟောဒီမဂ်က ဒီအကြောင်းတွေ သိမ်းနိုင်တဲ့အတွက် ဒီအကျိုးတွေ ခင်ဗျားတို့ မလာတာပဲ မရတာပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဒါသူများခန္ဓာလား ဒကာ ဒကာမတွေ ခန္ဓာ ဒကာ ဒကာမတွေ ဖြတ်တာလား စဉ်းစားကြည့်ပါ (ကိုယ်ခန္ဓာ ကိုယ်ဖြတ်တာပါ) အဲ-ကိုယ့်ထဲလာမည့် ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်က ဉာဏ်နဲ့ကြားကနေ ဝင်လိုက်တာ (မှန်ပ့ါ) သူများ ဖြတ်ပေးလို့ရသလား (မရပါဘူး) ကိုယ့်ဉာဏ်နဲ့ ဒီစိတ်ပေါ်ရင် နောက်ကမဂ်လိုက်မယ် ဆိုပြီး ဖြတ်လိုက်လို့ရှိရင် မပြီး ဘူးလား (ပြီးပါတယ် ဘုရား)။
ဒါဖြင့် စဉ်းစားကြည့်ပါ ဒကာသစ်တို့ ဦးခင်မောင်တို့ မောင်မြတို့ မောင်ထွန်းလှိုင်တို့ ကိုယ်ယူထားတဲ့ ကိုယ်ခင်တဲ့ ကိုယ်ကြင်နာတဲ့ မိန်းမသန္တာန်မှာ ဖြစ်တဲ့ မြင်စိတ်နောက်က ကိုယ့်မဂ်ကို သူတို့ သန္တာန် သွားဝင်လို့ ရပါမလား (မရပါဘူး) အဲဒီတော့ ကိုယ်လုပ်မှ ကိုယ်ရမယ် (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ် (ကိုယ်လုပ်မှကိုယ်ရမှာပါ ဘုရား) ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာ သေချာပြီလား (သေချာ ပါပြီ)။
ကိုယ်လုပ်မှ ကိုယ်ရတယ်
အဲဒီတော့ခင်ဗျားတို့ ခုနင်က ပြောခဲ့တဲ့ ကုသိုလ်မျိုးတွေ ဒါနကုသိုလ် သီလကုသိုလ်တွေကျတော့ အမျှဟေ့၊ အမျှဆိုတော့ ရပါတယ်။ ဒကာ ဒကာမတို့နော် (မှန်ပ့ါ) မဂ်ကျတော့ကို ဒကာ ဒကာမတို့ ကိုယ်လုပ်မှ ကိုယ်ရတယ်မှတ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ကိုယ်ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို ကိုယ့်ဉာဏ်နဲ့ဖြတ်ရတယ်။ ခင်ပွန်းသည် ဉာဏ်နဲ့ ဒကာမ သန္တာန်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်လို့မရဘူး (မှန်ပါ) ဒကာမ သန္တာန်ဖြစ်တဲ့ဉာဏ်ကလဲ ဒကာ ဒကာမတို့ ခင်ပွန်းသည် သန္တာန်မှာရှိတဲ့ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို (ဖြတ်လို့ မရနိုင်ပါဘူး ဘုရား) သေချာကြပြီလား (သေချာပါပြီ)။
ဒါကြောင့် ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ(မှန်ပါ) ဝိညူဟိ ပညာရှိတို့သည်။ (ဝါ) ရှုတတ်တဲ့ ပုဂ္ဂိုလ်တို့သည်။ ပစ္စတ္တံအသီးသီး။ ဝေဒိတဗ္ဗော ခံစားရ၏တဲ့။ ကိုယ့်ဟာကိုယ် ခံစားရပါတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ယောက်ျားလုပ်ရင် (ယောက်ျားခံစားရပါတယ်) မိန်းမလုပ်ရင် (မိန်းမခံစားရပါတယ်) သူများက ဆိုင်ပါသလား (မဆိုင်ပါဘူး) မဆိုင်ဘူးတဲ့ဒါကိုယ့်ဟာကိုယ် လုပ်ယူကြဆိုတာ သတိပေးပါတယ်(မှန်ပါ)။
အဲဒီတော့ကို ခင်ဗျားတို့က အိမ်ထောင်ကလဲကျ သားသမီးတွေကလဲ မွေးဖွားပြီဆိုမှဖြင့် သားသမီး သနားလဲ ဒီဟာလုပ်ပေး။ ကိုယ့်ကိုယ်ကို သနားလဲ ကိုယ်ကိုယ်တိုင် ဒီဟာလုပ်။ သဘောကျပြီလား (ကျပါပြီ)။
ကိုယ့်သားမယား ခင်ပါတယ် ကြင်နာပါတယ် သနားပါတယ်ဆိုရင် ဒီဟာလုပ်ပေး၊ သဘောကျပြီလား (ကျပါပြီ) ဘယ့်နှယ်ကြောင့်တုန်း ကိုယ်လုပ်မှ ကိုယ်ရမှာ ဖြစ်နေလို့ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ရမယ်
ဘယ်လိုမှတ်ကြမယ် (ကိုယ်လုပ်မှ ကိုယ်ရမှာပါ) ကိုယ်ပဋိစ္စသမုပ္ပါဒ်ကို သူများက လာဖြတ်လို့ ဘယ်ရမှာလဲ ဒကာ ဒကာမတို့ ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ရမယ် (မှန်ပ့ါ) လင်က ခင်ပွန်းမမသန္တာန်ရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီးဖြတ်လို့ (မရပါဘူး) ခင်ပွန်းသန္တာန်ရှိတဲ့ ဉာဏ်က ခင်ပွန်းသည် သန္တာန်ရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို (ဖြတ်လို့ မရပါဘူး) မဖြတ်နိုင်တော့ ဒီသုံးခုသေပါ့မလား (မသေပါဘူး)။
ဒီအကျိုးသုံးခု မသေတော့ ခင်ပွန်းလဲ ခင်ပွန်းအလိုက် သူ့ပဋိစ္စသမုပ္ပါဒ်နဲ့ သူဒုက္ခရောက်ရုံဘဲ (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ ပြောလေ့ရှိတယ်။ ဒကာ ဒကာမတွေကလဲ ပြောလေ့ရှိတယ်၊ အို-သွားပြီး နာချင် နာချေပါ တရားကို သွားပြီး အားထုတ်ချင်လဲ အားထုတ်ချေပါ။ ကျုပ်တို့လဲ အမျှပေးတာပေါ့၊ လုပ်ချင်လုပ်ကြမှာ ခင်ဗျားတို့က ခပ်ပေါ့ပေါ့နဲ့ (မှန်ပါ) ပါဠိတော်က ဘယ်နှယ်ရှိနေသတုန်း ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ၊ ပစ္စတ္တံ အသီးသီး၊ ဝိညူဟိပညာရှိတို့သည် (ဝါ) အားထုတ်သော ကုသိုလ်တို့သည် ဝေဒိတဗ္ဗော ခံစားအပ်၏တဲ့။
ဓမ္မဂုဏ်တော်မှာ ကြည့်ပါ နော် (မှန်ပါ) ကိုယ်လုပ်မှ ကိုယ်ရတယ်။ ကိုယ်မလုပ်ရင်ဖြင့် (မရပါဘူး) ကိုယ်ပဋိစ္စသမုပ္ပါဒ်သူများလာဖြတ်လို့ (မရပါဘူး) သူ့ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်ကသွားဖြတ်လို့ (မရပါဘူး) ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြတ်ရမယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။
ကိုယ့်ကိလေသာကို သူများလာဖြတ်လို့ ဘယ်နှယ်တုန်း(မရပါဘူး) မရဘူးတဲ့ ဒကာ ဒကာမတို့ လောဘလျှော့ပေါ့ သိမ်းကြပါ ပြောတဲ့အခါ ကျုပ်တို့ လျှော့ပါတယ်လို့ ဆိုတာ ဖုံးတာ ဖိတာသာမှတ်ပါ။ စင်စစ်တော့ အလုပ်နဲ့ ဖြတ်မှာဆိုတာ သေချာပြီလား (သေချာပါပြီ)။
ယောက်ျားလုပ်ရင် ယောက်ျားခံစားရမယ်
ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ပစ္စတ္တံ အသီးသီး၊ ဝေဒိတဗ္ဗော ခံစားအပ်၏၊ အသီးအသီးခံစားရမယ်တဲ့ ယောက်ျားလုပ်ရင် ယောက်ျားခံစားရမယ်၊ ဟောဒီအနာဂတ် အကြောင်းတွေ ဖြစ်မယ်(မှန်ပါ) သဘောကျပြီလား (ကျပါပြီ) မိန်းမလုပ်ရင် (မိန်းမအနာဂတ် အကြောင်းတွေ ပြတ်ပါမယ်) မိန်းမအနာဂတ် အကြောင်းတွေပြတ်တော့ မိန်းမ ခံစားရမယ်၊ ဒီဒုက္ခတွေ မတွေ့နိုင်တော့ဘူး (မှန်ပါ) ယောက်ျားလုပ်ရင် (ယောက်ျား မတွေ့ပါဘူး)။
အဲဒီတော့ကို ခင်ပွန်းမကိုလဲ ခင်ပွန်းယောက်ျားက အေးမင်းလုပ်မှ မင်းရမှာ လုပ်ကွ၊ တိုက်တွန်းပါ။ သဘောကျ ပြီလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။
ယောက်ျားတွေကလဲ ခင်ပွန်းမကို ဘယ်လိုတိုက်တွန်းရမလဲ (မင်းလုပ်မှ မင်းရမှာပါ) မင်းလုပ်မှ မင်းရမှာကွ ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟိတဲ့။ သဘောကျပြီလား (ကျပါပြီ)။
ဝိညူဟိ ပညာရှိတို့သည်လို့ဆိုတော့ တရားနာပြီး ပညာကလဲရှိနေဦးမှ လို့ဆိုတော့ တရားနာပြီး ပညာကလဲရှိနေဦးမှ(မှန်ပါ) ပစ္စတ္တံ အသီးအသီးတဲ့ ကိုယ်လုပ်မှ ကိုယ်ရမယ်၊ အသီးအသီးဆိုတာက သူရတဲ့ ဥစ္စာကိုယ်မရဘူး ပြောတာ(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) ဝေဒိတဗ္ဗော သိအပ်၊ ခံစားအပ်၏ဆိုတော့ ဦးခင်မောင် လုပ်တာကို မနှင်းအေး မပေးနိုင်ဘူးဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ) ကိုယ့်ဟာကိုယ် လုပ်ရလိမ့်မယ် (မှန်ပါ) မလုပ်ရင် ရပါ့မလား (မရပါဘူး) ပေါ်ပြီလား (ပေါ်ပါပြီ)။
စားတာက ဝိုင်းစုပြီးတော့စားလို့ရ
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ်လုပ်ကြမတုံး ဆန်တစ်အိတ်ဝယ်လာရင် ဝိုင်းပြီးစုစားဆိုတာတော့ စားလို့ ဖြစ်ပါတယ်၊ ဒါတွေက ဖြစ်ပါတယ်။ ဆီတစ်ပုံးဝယ်လာတယ် ဝိုင်းစုပြီးတော့ စားပါ၊ ဒါတွေကတော့ ဖြစ်ပါတယ်၊ ဆီတစ်ပုံး ဝယ်လာတယ် ဝိုင်းစုပြီးတော့စားပါ၊ ဒါတွေကတော့ဖြစ်ပါတယ်၊
မဂ်ဉာဏ်ဖိုလ်ဉာဏ် အစစ်ကတော့ ဦးခင်မောင် ကိုယ် လုပ်မှကိုယ်ရတာ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ) သူများလုပ်ရင် (သူများရပါတယ်) ကိုယ်လုပ်လို့ရှိရင် (ကိုယ်ရပါ တယ်)။
ကိုင်း-ခုနင်က ဥပမာကလေးကို ပြောပါမယ်၊ ခုနင်တုန်းက ယုတ္ထိထုတ်ပြခဲ့ပါတယ်၊ မောင်ထွန်းလှိုင် မှတ်မိပါလိမ့် မယ်နော် (မှန်ပါ)။
ရာဟုလာဆိုတာ ယသော်ဓရာ့ရင်သွေး ဘုရား၏ရင်သွေးဆိုတာ အားလုံးပဲ ကြားဘူးကြပါတယ်၊ ဒကာ ဒကာမတို့ ရာဟုလာကို ရာဟုလောဝါဒသုတ် ဆိုပြီး ဟောတော်မူရတယ်၊ ရာဟုလောဝါဒကို၌ (ရာဟုလ+ဩဝါဒ) နှစ်ပုဒ်ကို စပ်ထားတာ၊ ရာဟုလာက-ရာဟုလာကိုခေါ်တယ်၊ ဩဝါဒက အဆုံးအမ ဩဝါဒချပေးတာ။ သူ့ကျင့်စဉ်ကလေး ချပေးတယ်။ သူ့ကျင့်စဉ်သုတ်ကို ဟောတော်မူတယ် (မှန်ပါ)။
သူ့ကျင့်စဉ်သုတ်ကို ဟောရတယ်
မောင်ထွန်းလှိုင် ဘာတဲ့တုန်း (သူ့ကျင့်စဉ်သုတ်ကို ဟောရပါတယ်) သူ့ကျင့်စဉ်သုတ်ကို ဟောရတယ် ဆိုတာက ဒီအတိုင်း နိဗ္ဗာန်ကို ထမ်းခေါ်မသွားနိုင်လို့ပေါ့။
မဂ်ဖိုလ်ကိုလဲ ရော့ဟဲ့ အင့်ဟဲ့လို့ ပစ္စည်းများပေးသလို ထိုးပေးလို့ မရလို့ပေါ့။ ထမ်းခေါ်သွားနိုင်ရင် ရာဟုလောဝါဒသုတ်လို့ ဟောဖို့လိုသေးသလား (မလိုပါဘူး)၊
တော်တော်ကြာ သီလနဲ့ ပတ်သက်တဲ့ သုတ်ကိုဟောရ၊ တော်တော်ကြာ ဝိပဿနာသုတ်ဟောရနဲ့ သီလကလေးရင့်လာတော့ သမထ၊ သမထ ကလေးရင့်လာတော့ ဝိပဿနာ မဟောရဘူးလား (ဟောရပါတယ်) အမျိုးမျိုးဆွဲတင်ရတာ ထောက်လိုက်လို့ရှိရင်ဖြင့် သူ့တရားက သူ့ကိုဆောင်ဖို့ နည်းလမ်းပေးတာပဲ (မှန်ပါ)။
သူ့တရားက သူ့ကို နိဗ္ဗာန်ဆောင်ဖို့ (နည်းလမ်းပေးတာပါ ဘုရား) နည်းပေးတာဆိုတော့ သေချာပြီလား (သေချာ ပါပြီ)။
အဲဒါ မောင်နဲ့နှမလဲ ဒီလိုပဲ မှတ်ရမှာပဲ၊ ရှင်းပြီလား (မှန်ပါ) မောင်က ဖြစ်ပျက်တွေ ရှုနေလို့ရှိရင် မောင်သာလျှင် မဂ်ရမယ်၊ နှမတော့ (မရပါဘူး) နှမက ဖြစ်ပျက်တွေ ရှုနေလို့ရှိရင်လဲ နှမသာလျှင် မဂ်ရမယ်၊ မောင်ကတော့ (မရပါဘူး) ဆန်အိတ်တို့ ဆီပုံးတို့လို ဝေစားလို့ ဖြစ်ပါ့မလား (မဖြစ်ပါဘူး)။
နောက်က ဒကာ ဒကာမတွေ ဝေစားလို့ရတဲ့ ပစ္စည်းဝေစားလို့ မရတဲ့ပစ္စည်းကော သိပြီလား (သိပါပြီ)။ ဝေစားလို့မရတဲ့ပစ္စည်းက ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဆိုတဲ့ ဓမ္မဂုဏ် သဘောပါပြီလား (ပါပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ စကားဟာ ရှေ့ပိုင်းက ရှင်းသွားပြီ၊ မရှင်းသေးဘူး လား(ရှင်းသွားပါပြီ ဘုရား)။
ကောင်းပြီ ရှင်းသွားလို့ရှိရင် ရှုလိုက်တဲ့အခါကျတော့ အနာဂတ်အကြောင်းသုံးခု ဘာဖြစ်သွားသတုံး (ပြတ်သွားပါ တယ်) သူများရှုလို့ပြတ်တာလား၊ မိမိရှုလို့လား (မိမိရှုလို့ပြတ်တာပါ) ဒါဖြင့် ကိုယ်လုပ်လို့ ကိုယ်ရတယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
မိမိလုပ်လို့ရတာလား
သူတစ်ပါးလုပ်လို့ ရတာလား မိမိလုပ်လို့ရတာလား (မိမိလုပ်လို့ ရတာပါ) မိမိလုပ်လို့ရတာဆိုတာ ဉာဏ်ထဲမှာ ရှင်းလင်းသွားပါပြီလား (ရှင်းသွားပါပြီ)။
အဲ-တစ်ချို့ဒကာ ဒကာမတွေက တို့တော့ အိုပြီဟေ့၊ ကုသိုလ်ဖြစ်ရုံပဲ နာရမှာပဲ မတတ်နိုင်ဘူး၊ လုပ်လဲလုပ်နိုင်ဖို့ အခြေအနေမရှိတော့ဘူးလို့ ဘုတ်ထိုင်များ ထိုင်မပစ်လိုက်ပါနဲ့ မရဘူးလို့ အောက်မေ့ပါ၊ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) မရဘူးဆိုတာ သေချာပြီလား (သေချာပါပြီ) ကိုယ်လုပ်မှ ကိုယ်ရမှာ ဘာမှ ချေထူးမနေနဲ့ ရှင်းပြီလား (ရှင်းပါပြီ)။
ချေးထူတာသည် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့၊ ကိုယ့်သံသရာကိုယ်ဆက်တာပဲ (မှန်ပါ) သံသရာဆိုတာ ခန္ဓာအာယတနဓါတ်တို့၏ မပြတ်လည်ရာ သံသရာဆိုတော့ ခန္ဓာအာယတနဓါတ်တွေဟာ နိဗ္ဗာန်ချန်လှပ်၊ ကျန်တာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊
အဲဒါတွေလည်နေပါတယ် လှည့်-နေပါတယ်ဆိုက တည်းက ဘာတွေ လှည့်ပတ်နေတာတုံး (ဒုက္ခတွေ လှည့်ပတ်နေပါတယ်) ဒုက္ခတွေလှည့်ပတ်နေတာသည် သမုဒယသစ္စာမရှိဘဲနဲ့ ပတ်လို့ဖြစ်ပါ့မလား (မဖြစ်ပါဘူး) သဘောကျပြီလား (ကျပါပြီ)။
ဖြစ်ပျက်ရှုရပါမယ်
ဒါဖြင့် သမုဒယမှ မပြတ်လို့ရှိရင် ဒုက္ခကြီးဟာ လည်နေမှာပေါ့ (မှန်ပါ) ကဲ ဃာနဝိဉာဏ်က လေးတစ်လုံးကို ဖြစ်ပျက်ရှုလိုက်တယ်၊ ဖြစ်ပျက်ရှုလိုက်တဲ့အတွက် လည်စေတတ်တဲ့အကြောင်းတွေ ရှိသေးရဲ့လား (မရှိပါဘူး) ဒါဖြင့် လည်စရာ အထည်ပေါ်သေးရဲ့လား (မပေါ်ပါဘူး) ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီအထဲမှာ ဃာနဝိညာဏ်လာလဲ အနိစ္စရှု၊ ဇိဝှါညာဏ်ဆိုတဲ့ စားစိတ်လာလဲ ဘာလုပ်ကြမယ်၊ (ဖြစ်ပျက်ရှုရပါမယ်) ကာယဝိညာဏ်ဆိုတဲ့ စိတ်တွေလာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) မနောဝိညာဏ် တွေလာပြီ ဒကာ ဒကာမတို့။ မနောဝိညာဏ်ဆိုတော့ လောဘတွေ ဒေါသတွေ မောဟတွေပေါ့ဗျာ ဒါတွေလာရင် ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တော့ ရှုတဲ့လူသာ ဒီမဂ်ရတယ်။ မရှုတဲ့လူ (မရပါဘူး) သေချာပြီ လား (သေချာပါပြီ)။
ရှုတဲ့လူသာ (ရပါတယ်) မရှုတဲ့လူ (မရဘူး) မရဘူးဆိုတဲ့ ဥစ္စာ သဘောကျပြီလား (ကျပါပြီ)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပါပြီ၊ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာ သိသွားကြပြီ၊
ဘုရားကလဲ “အတ္တာဟိ အတ္တနော နာထော၊ ကောဟိနာထောပရောသိယာ။ အတ္တနဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ” ဆိုတဲ့ ဓမ္မပဒမှာ လာတဲ့အတိုင်း မိမိတည်းဟူသော မဂ္ဂင်ယာဉ်ကြီးရှိမှ မိမိအားကိုးရာရှိပါတယ်တဲ့ (မှန်ပါ) မိမိတည်းဟူသော မဂ္ဂင်မရှိရင် (အားကိုးရာမရှိပါဘူး) မိမိအားကိုးရာမရှိပါဘူး၊ သံသရာ လည်သွားမှာ ပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဟောဖို့ ပြောဖို့ တာဝန်က
အဲဒါကြောင့် ဒကာ ဒကာမတို့ ဟောဖို့ ပြောဖို့ တာဝန်က ဘုရားမရှိသည့်နောက် ဘုရား၏ တပည့်သားတို့၏ တာဝန်ပေါ့ဗျာ (မှန်ပါ) ကျင့်ဖို့တာဝန်ကတော့ သာဝကတို့၏ တာဝန်ဆိုတာကော ပေါ်ပြီလား၊ (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။
အဲဒီတော့ ဒီဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) အဲဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ နောက်က ရှုပေးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒုက္ခသစ္စာမြင်တဲ့မဂ် မလာပေဘူးလား (လာပါတယ်) အဲ ဒီမဂ်က အလိုလို ပေါ်သလားလို့မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့ ပါဠိတော်မှာ ဟောထားတာရှိတယ်နော် (မှန်ပါ) ဘယ်လိုများ ဟောထားသတုန်းလို့ ဒကာ ဒကာမတွေက မတွေ့မကြုံဘူးတော့ မေးဖို့အကြောင်း ရှိလာတယ်။
ကိဉ္စိ သင်္ခါရ နိစ္စတော ပဿတော အနုလောမခန္တိယာ သမန္နာဂတော ဘဝိဿတီတိ နေတံ ဋ္ဌာန ဝိဇ္ဇတိ။
ဒီတရားကလေးကို နိစ္စလို့များ ထင်နေလို့ရှိရင် ဟောဒီဝိပဿနာမဂ်တောင် ဘယ်တော့မှ မပေါ်ဘူးတဲ့ သဘောကျပြီလား (ကျပါပြီ)။
ပေါ်လာတဲ့ တရားကလေးကို ဃာနဝိဉာဏ်စိတ် ဇိဝှါဝိညာစိတ်၊ ကာယဝိညာဏ်စိတ်ကလေးကို ခိုင်တယ် မြဲတယ် ထင်နေရင် ဘယ်တော့မှ ဝိပဿနာမဂ် မပေါ်ဘူးတဲ့ (မှန်ပါ) ဒီမဂ်မပေါ်ရင် သစ္စအနုလောမိက ညာဏ်လဲ မရဘူး (မှန်ပါ)။
သစ္စအနုလောမိကညာဏ်မှ မရလို့ရှိရင်ဖြင့် သမ္မတ္တနိယမဆိုတဲ့ သောတာပတ္တိမဂ်တော့ ရပါ့မလား (မရပါဘူး) သောတာပတ္တိမဂ်မှ မရဘဲနဲ့ သောတာပတ္တိဖိုလ်၊ သကာဒါဂါမ်ဖိုလ်၊ အနာဂါမ်ဖိုလ်၊ အရဟတ္တဖိုလ် ဆိုတာတွေ ကော (မရပါဘူး)။
ဒါကလေးကို တစ်ခါတည်း အနိစ္စဖြစ်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သစ္စအနုလောမိကဉာဏ် အရင်လာ ရတာပဲ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ) သစ္စအနုလောမိကဉာဏ်ကို အရင်ရတာပဲ (မှန်ပါ)။
သစ္စအနုလောမိကဉာဏ်ဆိုတာ
သစ္စအနုလောမိကဉာဏ်ဆိုတာ ဒကာ ဒကာမတို့ သစ္စာနုလောမိကညာဏ်န္တိ ဝိပဿနာဉာဏံ။ သစ္စာနုလောမိက ဉာဏန္တိ သစ္စာနဲ့ လျှော်တဲ့ ဉာဏ်ဟူသည်ကား၊ ဝိပဿနာဉာဏံ ဖြစ်ပျက်ကိုမြင်တဲ့ ဝိပဿနာဉာဏ်ပဲတဲ့ (မှန်ပါ) ဒါသစ္စာလျော်တဲ့ ဉာဏ်ရတာပဲ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။
သစ္စအနုလောမိကဉာဏ်ဆိုတာ ဘာပါလိမ့် (ဝိပဿနာဉာဏ်ပါ ဘုရား) ဒါကလေး လွယ်လွယ်အောက်မေ့ မနေနဲ့၊ ခင်ဗျားတို့ရှုနေတဲ့ ဉာဏ်ဟာ သစ္စာနဲ့ လျော်တဲ့ဉာဏ်ရတာပါပဲ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) သိတာက (မဂ္ဂသစ္စာပါ) ဒုက္ခသစ္စာကို လျော်အောင် သိတဲ့ဉာဏ် ခင်ဗျားတို့ မရဘူးလား (ရပါတယ်) အဲ သစ္စာအနုလောမိကဉာဏ်သာရမယ်ဆိုရင် နောက်မဂ်ရဖို့ အနီးကလေး ကျန်တော့ တယ်၊ သဘောကျပြီလား (ကျပါပြီ) ဒီမဂ်ရလို့ ဝေးသေးသလား (မဝေးပါဘူး)။
ကဲ ဒါကြောင့် ဒီဉာဏ်ကမှ မစလို့ရှိရင်လဲ ဘယ်ကလာမဂ်ရနိုင်မတုံး ဒကာ ဒကာမတို့ ရှင်းကြပြီလား (ရှင်းပါပြီ)။
အဲဒါကြောင့် ဝိပဿနာဉာဏ်က အနန္တရပစ္စည်းမဂ်ဉာဏ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတာ သေသေချာချာ မှတ်ထား၊ ဝိပဿနာဉာဏ်ပြီး ဘယ်ဉာဏ်လာမယ် (မဂ်ဉာဏ် လာပါတယ်)
မဂ်ဉာဏ်လာပြီး ဖိုလ်ဉာဏ်လာမှာပဲ၊ ဖိုလ်ဉာဏ်လာပြီး ပစ္စဝေက္ခဏာဉာဏ်လာမယ်ဆိုတော့ ခင်ဗျားတို့ ဘာပူစရာရှိတော့သတုံး(မရှိပါဘူး) ဝိပဿဉာဏ် ရှေ့ပြေးမရှိတဲ့ ပုဂ္ဂိုလ်မှာ မဂ်ဉာဏ်လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။
အဲဒါကြောင့် ဘယ်စိတ်ပေါ်လာတာ ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ မရှုပဲ မနေလိုက်ပါနဲ့၊ ရှုလိုက်ရင် သစ္စအနုလောမိကဉာဏ်ရတယ် (ဝါ) ဝိပဿနာဉာဏ်ရတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ရှုလိုက်ရင် ဘာဉာဏ်ရသတုန်း
ရှုလိုက်ရင် ဘာဉာဏ်ရသတုန်း (ဝိပဿနာဉာဏ်ရပါတယ်) သူ့ကိုနာမည်တစ်မျိုးပေးလိုက်စမ်း (သစ္စအနုလော မိကဉာဏ်ပါ ဘုရား) သစ္စအနုလောမိကဉာဏ်ဆိုတာ သစ္စာနဲ့ လျော်တဲ့ဉာဏ်ရပြီတဲ့။ သစ္စာသိရင် မဂ်ရတာကိုး(မှန်ပါ) သစ္စာနဲ့ လျော်တဲ့ဉာဏ်ရနေလို့ရှိရင် ရှေ့မှာနည်းနည်း သာလိုတော့တယ်ဆိုတာကော ပေါ်ကြပြီလား(ပေါ်ပါပြီ) သဘောပါ ကြပြီလား (ပါပါပြီ)။
ကိုင်း-ဒါဖြင့် ဖြစ်ပျက်ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ) သိတာက (မဂ္ဂသစ္စာပါ) ကဲ မလျော်ဘူးလား (လျော်ပါတယ် ဘုရား) ဪ-ဒုက္ခသစ္စာလို့ ဒုက္ခသစ္စာဟု လျော်စွာသိတယ် (မှန်ပါ)။
အရင်တုန်းကသိတာက မြင်တာကငါပဲ။ ဒီလိုလာတာကိုးဗျ (မှန်ပါ့) နံတာဟာ (ငါပါ ဘုရား) ငါပဲဆိုတော့ ဒိဋ္ဌိဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံလာတယ်(မှန်ပါ) မဂ်လာရဲ့လား (မလာပါဘူး) စားတာဟာ ငါဘဲမလာဘူးလား (လာပါတယ်)။
စားတာဟာငါဘဲဆိုတော့ ဒိဋ္ဌိမလာဘူးလား(လာပါတယ်) ဒိဋ္ဌိလာတော့ ဒိဋ္ဌုပါဒါန်ကော (လာပါတယ်) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေ (လာပါတယ်) ဒါဖြင့် အနာဂတ်အကြောင်းတွေ အကုန်ပြည့်စုံလို့ အနာဂတ် ဘဝဇတိ ဇရာ၊ မရဏတွေ ခင်ဗျားတို့ ပြေးလို့မလွတ်ဘူး၊ ကိုယ်ပိုင်သာယူပေတော့ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ ဒီအရေးဟာ သူများအရေးလား ကိုယ့်ဒုက္ခကိုယ် သိမ်းတဲ့အရေးလား (ကိုယ့်ဒုက္ခ ကိုယ်သိမ်းတဲ့အရေးပါ ဘုရား) အနာပေါက်နေတဲ့လူဟာ မပျောက်ချင်လို့ရှိရင်ဖြင့် ရူးလို့ဖြစ်ပါလိမ့်မယ် (မှန်ပါ)။
အနာပေါက်နေတဲ့လူဟာ ဖြေးဖြေးမှ ပျောက်အောင် ကုစမ်းပါဆရာဆိုရင်ဖြင့် ဒီလူကို ဘယ်လိုထင်သတုန်း ဦးခင်မောင်တို့က (ရူးလို့ပါ)။
ခန္ဓာကိုယ်ကြီးဟာ ရောဂတော
ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးမှာ ကိုးဒွါရအနက် တစ်ခါတည်း ဘယ်ဒွါရကမှ အရိအရွဲ မထွက်တာလို့ရှိရဲ့လား (မရှိပါဘူး) ခန္ဓာကိုယ်ကြီးဟာ ရောဂတောမဟုတ်လားဗျာ (မှန်ပါ) ဂဏ္ဍတော မဟုတ်လား (မှန်ပါ) အနာကြီးလို နေတယ်လို့ ဘုရားက မဟောဘူးလား (ဟောပါတယ်) အဲဒီအနာတွေနဲ့ ခင်ဗျားတို့က ခြုံကာရုံကာနဲ့ မြို့ထဲလည်ပြီး မော်တော်ကားစီးပြီး အနာတွေပြနေပေမဲ့ အနာကတော့ ကြွလျက်ပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
သွားမည်ဆိုကတည်းက ဒီအနာက ဟိုမှာကုဋီရှိရဲ့လား။ ကျင်ငယ်အိမ်ရှိရဲ့လား၊ စားစရာကော ရှိရဲ့လား၊ စသည်နဲ့ သွားမည်ကြံရင် ဒါကိုအရင်စိစစ်ရမယ် ဦးခင်မောင် (မှန်ပါ့) မစီစစ်ရဘူးလား (စီစစ်ရပါတယ်)။
ကိုယ့်အနာက ဟိုရောက်လို့ရှိရင်ဖြင့် ချက်ခြင်း အထက်ကလဲကုရမယ် အောက်ကပြည်တွေညှစ်ရမယ်ဆိုတဲ့ အသွားမျိုးကပါသွားတယ်။ မပါဘူးလား(ပါပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့က ဘယ်တော့ အနာကင်းသတုန်း (မကင်းပါဘူး)။
ဘယ်တော့မှ အနာမကင်းတဲ့ပုဂ္ဂိုလ်က ကြွားလုံးထုတ်နေလို့ရှိရင်ဖြင့် အနာကြီးနဲ့ကြွားရင် ရယ်စရာပေါ့ဗျာ (မှန်ပါ့) ဒီအတိုင်း မနေပေဘူးလား (နေပါတယ်)။
အနာကြီးနဲ့ ကြွားရင် (ရီစရာပါ ဘုရား) အဲဒီတော့ ဘုရားက အရိယာမျက်လုံး ကပ်ကြည့်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ရောဂါအပြည့်ရှိတယ်။ မာဂဏ္ဍီပရိဗိုဇ် ဟောတဲ့နေရာမှ ကြည့်ပါလား။ မင်းအရိယာမျက်လုံး ရအောင် လုပ်၊ ဒါမှ အနာရှိတာမင်းသိမယ်တဲ့ (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။
အရိယာမျက်လုံး မင်းမရသေးတော့
အေး-မာဂဏ္ဍီပရိဗိုဇ်ကြီးကို ဟောခဲ့တာ အရင်တုန်းက ဘုန်းကြီးတို့ ခဏခဏပြောခဲ့ဘူးပါတယ်။ (မှန်ပါ) ဘုရားက အခု အရိယာမျက်လုံး မင်းမရသေးတော့ မင်းက အနာကင်းတယ် ထင်နေတယ်တဲ့(မှန်ပါ့)။
ခင်ဗျားတို့မှာ အနာကင်းလို့ရှိရင် ဘယ်တော့မှ ထမင်းချိုင့်ယူမသွားနဲ့ ခရီးရှည်သွားရင် ရိပ်မိပြီလား (မှန်လှပါ) ဟိုကျတော့ ဆာတဲ့ အနာကြီးထလာတာနဲ့ ရေရှာထမင်းရှာနဲ့ မရှာရဘူးလား (ရှာရပါတယ်) ဒါဖြင့် ကုဖို့ ဆေးအဆင်သင့် ယူသွားတယ်မဟုတ်လား (မှန်ပါ) မယူရင် ဘာဖြစ်မှာတုံး ဗိုင်းကနဲလဲသေမှာစိုးလို့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)၊
မယူရင် (ဗိုင်းကနဲ လဲသေမှာစိုးလို့ပါ ဘုရား) ဘယ့်နှယ်ကြောင့် ယူသွားရသတုံး (အနာကုဖို့ပါ ဘုရား)။
ဒကာမတွေ ခရီးသွားတဲ့အခါကျတော့ ကိုယ့်ခါးဝတ်တစ်ထည်နှစ်ထည်တည်းနဲ့ သွားလို့ဖြစ်ကဲ့လား(မဖြစ်ပါဘူး) ဘာဖြစ်လို့တုံး ပတ်တီးလဲရမယ် ဝေးဝေးသွားလို့ရှိရင် မလဲရပေဘူးလား (လဲရပါတယ်) အဲဒါ အနာရှိလို့လား၊ မရှိလို့လား (အနာရှိလို့ပါ) အဲဒါ အရိယာမျက်လုံး တပ်ကြည့်လို့ရှိရင်ဖြင့် ဦးခင်မောင် ပေါ်ပါလိမ့်မယ်။ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ကတော့ ကြွားလုံးများ ထုတ်လိုက်သေးတယ်။ ကျုပ်တို့တော့ နည်းနည်းကလေး ချောင်တာနဲ့ ထည်လဲကလေးတွေ များတယ်။ အံမာ ပတ်တီးများတာ ကြွားလုံးထုတ်နေလိုက်သေးတယ် (မှန်ပါ) ရီစရာ ကောင်းလိုက် တာ ဒကာ ဒကာမတို့။ ရိပ်မိပြီလား (ရိပ်မိပါပြီ) ကြွားလုံးများ မထုတ်ကြနဲ့ အနာပြည်ယိုတာများတယ်လို့ ပြောလိုက်ရင် တည့်ပါလိမ့်ဦးမယ် (မှန်ပါ့)။
အဲဒီတော့ ဒကာဒကမတွေ ကိုယ့်အနာရှိလျက်နဲ့ ဒီအနာခန္ဓာကြီးကို ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်မရှုဖြစ်တဲ့ ပုဂ္ဂိုလ်များ အနာရှိလျက်နဲ့ မကုလို့ အရူးဝတ်တာဖြစ်ပါလိမ့်မယ်(မှန်ပါ)။
အနာရှိလျက်နဲ့ မကုရင် အရူးဝတ်
ဘယ့်နှယ်ဆိုကြပါမလဲ။ (အနာရှိလျက်နဲ့ မကုရင် အရူးဝတ်ဖြစ်ပါလိမ့်မယ်) သွက်သွက်ခါအောင် ရူးတာနော် (မှန်ပါ) ကျုပ်တို့တော့ ဒီဥစ္စာအခုတော့ နာတော့ နာထားတာပဲ။ ဖြေးဖြေးတော့ လုပ်ရမယ်တဲ့။
ဘာဖြစ်လို့တုံး ဒီအနာကို တာရှည်ခံချင်သေးတယ်။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ကောင်းနိုင်ပါ့မလား (မကောင်းနိုင်ပါဘူး) အတော်ဆိုးတဲ့ ဒကာ ဒကာမတွေပါလားလို့ဆိုရင် မြည်တယ် တွန်တယ်လို့ မအောက်မေ့နဲ့ ခင်ဗျားတို့ ဟာက လွန်နေလို့ပြောတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဦးခင်မောင် မြည်တာတွန်တာလား လွန်တာကများနေတာလား (လွန်တာက များနေပါတယ် ဘုရား) လွန်တာက ဘယ့်နှယ့်ကြောင့် လွန်နေသတုန်းဆိုတော့ ဘယ်အခါကာလမှလဲ ကိုယ့်အနာရှိတယ်လို့ ကြည့်ဖြစ်ကဲ့လား။(မကြည့်ဖြစ်ပါ ဘူး)။
ဗိုင်းဗိုင်းလဲမှဘဲ ဪ ငါသေပေါ့ကိုးလို့ သိတာဘဲ (မှန်ပါ) ဖြစ်မှဖြစ်ရပလေ အနာတွေ နဂိုတုန်းက ငန်းတွေ မန်းတွေကြွနေတုန်းက ဘယ်သူမှ ဂရုမစိုက်ဘူးနော် (မှန်ပါ) ဗိုင်းဗိုင်းလဲတော့မှ ဖြစ်မှဖြစ်ရပလေ ကံမကောင်း အကြောင်း မသင့်လို့တဲ့။ ဘယ်ကံမကောင်း အကြောင်းမသင့်ရမှာတုံး ဦးခင်မောင်ရဲ့ နဂိုကိုက အနာတွေရှိပြီးသားမို့ ဒီအနာတွေက ပြင်းထန်ပြီး ဗိုင်းဗိုင်းလဲသွားတဲ့ ဥစ္စာပဲ (မှန်လှပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒီအထဲမှာ အနာကင်းတဲ့ ပုဂ္ဂိုလ်များ ပါသေးလား (မပါပါဘူး) တော်သေးတယ်၊ ဒါဖြင့် အရူးပျောက်ပြီ ခင်ဗျားတို့ (မှန်ပါ့) နို့မဟုတ်ရင်ဖြင့် ကိုယ့်ဟာကိုယ် အတော်ဟုတ်နေတာဗျ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကိုယ်ကိုယ်တိုင် ရူးတာ တယ်သိခဲတယ်
ကိုင်း-ဒါဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလို့ပြောတာပါ။ ခင်ဗျားတို့ကလဲ ခက်လိုက်တာ သွက်သွက် ခါအောင် ဖီးလိမ်းပြီး အဝတ်စုတ်တွေ ကောက်ဝတ်နေတာမှ အရူးထင်နေတာ မဟုတ်သေးဘူး ကိုယ်ကိုယ်တိုင် ရူးတာ တယ်သိခဲတယ်နော် (မှန်ပါ)။
ဦးခင်မောင် ဘယ်လိုပါလိမ့် (ကိုယ်ကိုယ်တိုင် ရူးတာတယ်သိခဲပါတယ်) ကိုယ်ကိုယ်တိုင် ရူးနေတာ ကိလေသာရူး များ ထနေတဲ့အခါကျတော့ အိုဟောမဲ့အဟောကောင်းများ ပြောလိုက်သေးတယ် (မှန်ပါ) ဂွကျလိုက်တဲ့ ဖြစ်ခြင်း မောတာဘာတဲ့တုံး မောကျိုးနပ်တယ်တဲ့။ ဘာများနပ်ပါလိမ့်မတုံးစက္ကူများ များရတာကို ပြောတာကို သူ့ဟာက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီလိုဖြစ်နေတော့ ဒကာ ဒကာမတွေက ရူးတာကို ရူးမှန်းသိတဲ့ အဓိပ္ပါယ်ကလဲ အတော်ပြောနိုင်မှ သင့်ရုံကလေး နားလည်တာနော် (မှန်ပါ) အကုန်နားလည်တာ မဟုတ်သေဘူး အိမ်ကျတော့သွက်သွက်ခါတာဘဲ (မှန်ပါ) နားလည်ကြပြီလား (နားလည်ပါပြီ) အဲဒါသိပ်တော့လဲ မဖောက်ပြန်နဲ့ ရယ်စရာ အင်မတန်ကောင်းနေလိမ့်မယ်နော် (မှန်ပါ)။
ဒကာ ဒကာမတွေ ခန္ဓာဆိုတာက အခြားမဟုတ်ပါဘူး။ မြင်စိတ်လဲ ခန္ဓာဘဲ ကြားစိတ်လဲ ခန္ဓာဘဲနော် (မှန်ပါ) နာစိတ်တွေကော (ခန္ဓာပါဘဲ ဘုရား)။
ကိုင်း ဒါဖြင့် ဒီခန္ဓာတွေဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ ရှုရှုပေးပါနော် (မှန်ပါ) ဝိပဿနာမဂ်နဲ့ ရှုရှုပေးပါနော် (မှန်ပါ) ဝိပဿနာဂမ်နဲ့က ရှုရှု ရှုရှုပေးလိုက်တော့ သစ္စာနဲ့ လျော်တဲ့ ဉာဏ်ရပြီ (မှန်ပါ) ဒါကသစ္စာ၊ဒါကလျော်တဲ့ဉာဏ်။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါက ဘာပါလိမ့် (သစ္စာပါ) ဒါကဘာပါလိမ့် (လျှော်တဲ့ဉာဏ်ပါ ဘုရား) ဟော သစ္စအနုလောမိကဉာဏ်ရပြီ ဒကာ ဒကာမတို့ မပူနဲ့တော့။
မဂ်ဓမ္မတွေရဖို့ မဝေးတော့ဘူး
သစ္စာအနုလောမိက ဉာဏ်ရတယ် ဆိုလို့ရှိရင်ဘဲ ဒကာ ဒကာမတွေ မပူပါနဲ့တော့တဲ့ သမ္မတ္တနိယတာ ဓမ္မာဆိုတဲ့ မဂ်ဓမ္မတွေရဖို့ မဝေးတော့ဘူး (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) မဝေးတော့ဘူးဆိုတော့ ဒီဉာဏ်ရဖို့ရာ ၁-နံပါတ် အရေးကြီးနေတယ်၊ (မှန်ပါ)။
ဒကာ ဒကာမတို့ သစ္စာအနုလောမိက ဉာဏ်ရဖို့ဘာတုံး (၁-နံပါတ်အရေးကြီးတယ်) အဲဒီတော့ ၁-နံပါတ်က စမလုပ်ဘဲနဲ့ ဦးခင်မောင်၂-နံပါတ်လဲ သွားပြီး သကာလ မလိုချင်နဲ့ ရမှာမဟုတ်ဘူး (မှန်လှပါ) ၃-နံပါတ်လိုချင်လို့ တော့ (မရပါဘူး)။
ဒါတွေကလဲ လုပ်ယူရမှာလားတဲ့ အလွယ်တကူနဲ့ ဝယ်လို့ခြမ်းလို့ရတဲ့ ပစ္စည်းမျိုးလား (လုပ်ယူရမှာပါ ဘုရား) လုပ်ယူရမည့် ပစ္စည်းကိုတောင်းမယူပါနဲ့ဆိုတာလဲ ဆရာဘုန်းကြီးက သတိပေးပြန်တယ် (မှန်ပါ)။
လုပ်ယူရမည့် ပစ္စည်းကို တောင်းမယူပါနဲ့ဆိုတော့ ဒီဖြစ်ပျက်ဖြစ်မှ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) မြင်တဲ့ဉာဏ်က (မဂ္ဂသစ္စာပါ) မဂ်ဉာဏ်ဆိုတော့ သစ္စအနုလောမိကဉာဏ်လို့ကော ယနေ့ မပြောဘူးလား (ပြောပါတယ်) သူကသစ္စာနဲ့ လျော်အောင်သိတဲ့ဉာဏ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ သစ္စာနဲ့လျော်အောင် သိတဲ့ဉာဏ်ကို ခင်ဗျားတို့ ရထားပြီတဲ့။
အဲဒီတော့ ဒီဥစ္စာ ဒကာ ဒကာမတို့ ဒီအတိုင်း ရတာလား၊ ဒီပေါ်လာတာကို ဂရုစိုက်လို့ ရတာလား၊ (ပေါ်လာ တာကို ဂရုစိုက်လို့ ရတာပါ) အဲဒီတော့ ဂရုမစိုက်တဲ့ ပုဂ္ဂိုလ် သတိထား ဝီရိယစိုက်ပြီး ပညာနဲ့ မရှုတဲ့ပုဂ္ဂိုလ် ဘယ်ကလာ ရမတုံး။ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) သူကိုမှ မရလို့ရှိရင် သူ့နောက်ကလာရမည့် သောတပတ္တိမဂ်ဉာဏ် သကဒါဂါမိမဂ်ဉာဏ်တွေ ဒကာဒကမတို့ လာနိုင်ပါ့မလား (မလာနိုင်ပါဘူး)။
သတိထား ဝီရိယစိုက် ပညာနဲ့ရှု
ဒါဖြင့် သတိထား ဝီရိယစိုက် ပညာနဲ့ရှုပေါ်တိုင်း ပေါ်တိုင်း (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီတစ်လုံးကလဲ ခင်ဗျားတို့ သစ္စာလျော်တဲ့ဉာဏ်ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ဖြစ်ပျက်ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာလို့ သိတဲ့ဉာဏ်က သစ္စာကို သစ္စာလို့ လျော်အောင် သိတဲ့ဉာဏ်ဟာ အင်မတန် နေရာကျတဲ့ ဉာဏ် (မှန်ပါ့)။
အရင်တုန်းကတော့ သစ္စာကို ငါထင်နေတာ။ မထင်ဘူးလား (ထင်ပါတယ်) ငါနာတယ် ငါစားတယ် ဆိုပြီးထင်နေကြတာ၊ သစ္စာကို သစ္စာရယ်လို့ သိရဲ့လား (မသိပါဘူး) အဲဒီတော့ သစ္စာနုလောမိက ဉာဏ်မှ မရဘဲနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရချင်လို့ ဦးခင်မောင်ဖြစ်ပါ့မလား (မဖြစ်ပါဘူး) ဘယ်နည်းနဲ့မှ မဖြစ်ဘူးဆိုတာ ဒကာ ဒကာမတွေ သေချာပြီလား (သေချာပါပြီ)။
အဲဒီတော့ ရှင်အနုရာဓဝတ္ထုကိုပဲ ဒကာ ဒကာမတွေပြန်ပြီး သွားရလိမ့်မယ်နော် (မှန်ပါ) အနုရာဓက ဘုရားဆီ သွားပြီး သကာလ တိတ္ထိတွေက ရှေ့ကို ဆက်မေးလို့ရှိရင်ဖြင့် သူဘယ်လိုဖြေရပါ့မတုန်းဆိုတော့ သူ့မှာ ဘာရှိနေတယ်လို့ ဘုန်းကြီးက ဟောခဲ့သတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာ ရှိနေပါတယ်)။
သူယူထားတာ အပြစ်ရှိနေတယ်
အယံဘိက္ခု အတ္တနော လဒ္ဓိယံ ဒေါသံ နဇာနာတိ။
အယံ ဘိက္ခု ဤအနုရာဓ ရဟန်းသည် အတ္တနော် မိမိသည် လဒ္ဓိယံ အယူ၌ ဒေါသံ အပြစ်ကို နဇာနာတိ သမသိဘူးတဲ့ သူယူထားတာ အပြစ်ရှိနေတယ်။ အဲဒါ သူ့ဟာသူ မသိဘူးတဲ့ အနုရာဓက သဘောကျပြီလား (ကျပါပြီ)။
တရားဆက်နေတဲ့ ပုဂ္ဂိုလ်ကတော့ သိပြီးသားပေါ့ဗျာ (မှန်ပါ့) သူတို့က ဒီထက်ပိုမေးလို့ရှိရင် သတ္တဝါသေရင် ဖြစ်တယ် ဖြေရမှာလား။ မဖြစ်ဘူး ဖြေရမှာလား သတ္တဝါဘဲ ရှိသေးသလား ဆိုတော့ ဝိစိကိစ္ဆာ မဟုတ်လား (မှန်ပါ)။
ရှိသေးသလား လို့ကိုယ့်စိတ်ထဲမှာ နှစ်ခွဖြစ်နေတာ ဘာခေါ်ကြမယ် (ဝိစိကိစ္ဆာပါ ဘုရား)။
သတ္တဝါသေလို့ နိဗ္ဗာန်သွားတယ်လို့ ထင်ပြန်လို့ရှိရင်လဲ သတ္တဝါဟူသော အယူက ဒိဋ္ဌိသွားသေးသလား ဆိုတာက ဝိစိကိစ္ဆာ။ ဒီအတိုင်း မနေဘူးလား (နေရပါတယ်)။
အဲဒီတော့ အနုရာဓက တိတ္ထိတွေ မေးတော့ဘုရား။ ဒီလို မဟောပါဘူးလို့ ဖြေတာ အရမ်းဖြေ ဖြေချလိုက်တာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
မေးလုံးတွေက လေးချက်လာတယ်
ဘယ်လိုဖြေချလိုက်တာတုံး (အရမ်းဖြေချလိုက်တာပါ) အရမ်းဖြေချလိုက်တာ ဘုရားကတော့ ဒီလိုမဟောဘူး။ ဒီလေးခုကြည့်ပြီး ဟောပါတယ်လို့ သူ့ဟာက (မှန်ပါ)သတ္တဝါ သေရင်ဖြစ်သေးသလား၊ သတ္တဝါသေရင် မဖြစ်တော့ ဘူးလား၊သတ္တဝါသေရင် ဖြစ်တာလဲရှိ၊ မဖြစ်တာလဲရှိ သတ္တဝါသေလို့ရှိရင် မဖြစ်လဲမဟုတ် ဖြစ်တယ်လဲမဟုတ်ဘူးလား ဆိုတဲ့ အမရာဝိက္ခေသဒိဋ္ဌိနဲ့ မေးလုံးတွေက လေးချက်လာတယ်မဟုတ်လား(မှန်ပါ့) အဲဒီလေးချက်လာတော့ကို ဒီထက်ပိုမေးရင် သူခက်တယ်လို့ သူ့စိတ်ထဲ သံသယ ဝိစိကိစ္ဆာ မလာဘူးလား (လာပါတယ်)။
အဲဒီတော့ အနုရာဓကိုယ်တိုင်က မဟန်သေးဘူး (မှန်ပါ) သူကိုယ်တိုင် မဟန်သေးလို့ ရှေ့မေးရင် ခက်သေး ဆိုတာကြီးကနော် (မှန်ပါ) နို့မဟုတ်ရင် လာပါ့မလား (မလာပါဘူး)။
အဲဒီတော့ ဒကာ ဒကာမတို့ ဘုရားက အနုရာဓကို ဟောနေတာလို့ အိမ်များ ပြန်သွားတော့ ခင်ဗျားတို့က ကျုပ်ဒါ မှတ်မိခဲ့တယ်ဆိုရင် ငါးပါးအမှောက်ပဲ ဒီဘုန်းကြီးတော့ (မှန်ပါ့) ခင်ဗျားတို့လဲ ဟောနေတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သိပြီးကျင့်ပါစေတော့လို့ ဟောနေတာ
အနုရာဓဟောတဲ့တရားကို ခင်ဗျားတို့ သိပြီးကျင့်ပါစေတော့လို့ ဟောနေတာ ဦးခင်မောင်ရ၊ အို-အနုရာဓနဲ့ ဘုရားနဲ့ အမေးအဖြေ လုပ်နေတာ သိပ်ကောင်းတာပဲလို့ အိမ်ကျတော့ ပြောမနေလိုက်ကြပါနဲ့ဗျာ (မှန်ပါ) ခင်ဗျားတို့ သန္တာန်မှာ သေသေချာချာ ဒုက္ခဖြစ်တာတွေ သိစေချင်လို့ဟောတာ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ) အနုရာဓ ဝတ္ထုကို ခင်ဗျားတို့ ကျင့်ကြံစေဖို့ ခင်ဗျားတို့ ဟောနေတာ။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေ ချီးမွမ်းခြင်းကြောင့်လဲ ဂုဏ်ပျက်တာ လိုရင်းဆီသို့ မရောက်တာလဲ ရှိသေးတယ် (မှန်ပါ) ခင်ဗျားတို့က အို-အနုရာဓနဲ့ ဘုရားနဲ့ ပြောဟောနေတာ ဘုန်းကြီးကပြောပြလိုက်တော့ သိပ်ကောင်းတာ အနုရာဓဝတ္ထုကို ကျုပ်နားလည်ခဲ့တယ်။ ဒါလောက်သာ မှတ်သွားကြမယ်ဆိုရင် သွားပါပြီ။ ကိုယ့်အကြောင်းကိုယ် နားမလည်ဘူးပြောတာပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အနုရာဓဝတ္ထုတော့ (နားလည်ပါတယ်) ကိုယ့်အကြောင်းတော့ (နားမလည်ပါဘူး)။
ဒါဖြင့် သူများဝတ္ထု နားလည်ရုံလောက်သာ ဆိုရင် ကိုယ့်မှာ သိပ်ပြီး ကျေးဇူးများသေးရဲ့လား (မများသေးပါဘူး)။
ခင်ဗျားတို့ သန္တာန်ဖြစ်စဉ်ကို သိပါ
အဲဒီတော့ ဒီဥစ္စာက အနုရာဓဝတ္ထုတို့က နမူနာထားတာ နည်းယူတာ။ ခင်ဗျားတို့ သန္တာန်ဖြစ်စဉ်ကို သိပါ။ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
ဘာသိရမှာပါလိမ့် (တပည့်တော်တို့ သန္တာန်ဖြစ်စဉ်ကို သိရမှာပါ)။
ကဲ-ဒါဖြင့် အနုရာဓကို ဟောပြီးတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျုပ်တို့ကို သင်ပါပြီ။ အနုရာဓခန္ဓာနဲ့ ကျုပ်တို့ ခန္ဓာကော ထူးသေးသလား (မထူးပါဘူး)။
မထူးပါဘူး။ ဘုရားကလဲ ဒီသစ္စာပဲ ဟောရမှာ ဖြစ်နေတော့ ဘုရားဟောတဲ့အတိုင်း ဘုန်းကြီးက ပြောပြီး သကာလ နေတော့လဲ ဪ-ဒါဟာ ဘုရားကိုယ်စားလှယ် ပြောတာပဲဆိုတာကော သေချာပြီကော (မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတွေ ဖြစ်ပျက်ဘာသစ္စာတုန်း(ဒုက္ခသစ္စာပါ) ဖြစ်ပျက်ဟာဒုက္ခသစ္စာ ဖြစ်တာလဲ ဘာသစ္စာတုန်း(ဒုက္ခသစ္စာပါ) ပျက်တာကော (ဒုက္ခသစ္စာပါပဲ)။
ကဲ တစ်ခါ ဒီတရားကလေးတော့ ဒုက္ခသစ္စာရှိပါစေတော့ ဖြစ်ပျက်ပြီးသွားပြီ။ သူ့နောက်က တိဏ္ဍံသဂ်တိဖဿော ဖဿပစ္စယာဝေဒနာတွေက ပေါ်လာတော့ ဒါတွေတော့ ခင်ဗျားတို့က ဘယ်လိုဆိုကြပါ့မလဲ (ဒုက္ခသစ္စာပါပဲ) ဖြစ်တာလဲ (ဒုက္ခသစ္စာပါ) ပျက်တာလဲ (ဒုက္ခသစ္စာပါ) ဝေဒနာပစ္စယာတဏှာကလေး ကျတော့လဲ ဘယ့်နှယ်ဆိုကြပါမလဲ (ဒုက္ခသစ္စာ ပါပဲ) ဖြစ်တာလဲ (ဒုက္ခသစ္စာပါ) ပျက်တာလဲ (ဒုက္ခသစ္စာပါ)။
တဏှာပစ္စယာ ဥပါဒါန်ကလေးကျတော့ကော ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခသစ္စာပါပဲ) ဖြစ်တာလဲ (ဒုက္ခသစ္စာ) ပျက်တာလဲ (ဒုက္ခသစ္စာပါ)။
ဒုက္ခတွေသာ တန်းနေပါတယ်
ဒုက္ခေဉ္စဝ ပညမေပိ ဒုက္ခဿစ နိရောဓံတဲ့ ဘုရားက အနုရာဓကို ဟောတယ်။ ဘယ်တော့မှ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးဆိုတာ သေသေချာချာမှတ်။ ဒုက္ခဖြစ်တဲ့ ဒုက္ခပျက်တာဟာ တန်းနေတာဘဲတဲ့ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာတွေတန်းနေသတုန်း (ဒုက္ခတွေသာ တန်းနေပါတယ်) ခန္ဓာထဲမှာ ခင်ဗျားတို့ တန်းချင်သာတန်း၊ ဘယ်စိတ် တန်းတန်း ဘယ်ပဋိစ္စသမုပ္ပါဒ်လာလာ ဘာဖြစ်၍ ဘာပျက်တာပဲရှိသတုန်း (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခပျက်တာပဲ ရှိပါတယ်) အဲဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတော့ သတ္တဝါသေရင် ဖြစ်သေးသလားဆိုတာ ဘာမှပြောစရာ မလိုတော့ဘူး (မလိုတော့ပါ ဘူး) သဘောကျပြီလား(ကျပါပြီ)။
သတ္တဝါသေရင် ဖြစ်သေးသလား အို မပြောပါနဲ့ မကြားချင်ဘူး၊ ရှိမှမရှိတာကြီး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ)၊
သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးရင် ဘယ့်နှယ့်ဖြေကြမလဲ (ဖြေစရာမလိုပါဘူး) ဖြေစရာ မလိုပါဘူး။ ဘယ်ကြောင့်တုန်း ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိနေတယ်၊ (မှန်ပါ)။ သတ္တဝါကို မပါဘူး၊ ပါသေးရဲ့လား (မပါပါဘူး)။
ဘာရှိသတုံး ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိနေတယ်၊ (မှန်ပါ့)။ သတ္တဝါကို မပါဘူး၊ ပါသေးရဲ့လား (မပါပါဘူး)။
ဘာရှိသတုံး (ဖြစ်ဒုက္ခနဲ့ ပျက်ဒုက္ခဘဲ ရှိပါတယ်) ခင်ဗျားတို့ သန္တာန် မြင်စိတ်ဖြစ်လဲ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ။ ဖြစ်ပြီးလိုချင်တဲ့ စိတ်ဖြစ်ရင်ကော (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါပဲ) လိုချင်ပြီးစွဲလမ်းတဲ့ စိတ်ဖြစ်ရင်ကော (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါပဲ) စွဲလမ်းပြီး အားထုတ်တဲ့ စိတ်ဖြစ်ရင်ကော ဒါပဲရှိတာပဲ (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ)။
နောက်အနာဂတ်ဘဝမှာ သံသရာမဆုံးသေးလို့ ဇာတိလာပြန်တော့လဲ ဘာတုံး (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ) ဇရာလာပြန်တော့ကော (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ) မရဏလာပြန်တော့ကော (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပါ)။
ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်
ဒါဖြင့် ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်လို့ ခင်ဗျားတို့ ဉာဏ်ထဲမှာ ဒီလိုသစ္စအနုလောမိကဉာဏ်ရရင် မဂ်ရတော့မယ် ပျက်ပါ။ ရှင်းပြီလား (ရှင်းပါပြီ)။
သစ္စအနုလောမိကဉာဏ်ရရင် (မဂ်ရနိုင်တော့မှာပါ ဘုရား) မဂ်ရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)။
ဒါဖြင့် ယနေ့တရားမှာ ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဘာပဲပေါ်ပေါ် ဒုက္ခသစ္စာပေါ်၍ ဒုက္ခသစ္စာ ချုပ်တာပဲရှိတယ်(မှန်ပါ) အနုရာဓကို ဘုရားက ဒီအတိုင်း ဟောပါတယ်နော် (မှန်ပါ)။
ဒုက္ခသစ္စာဖြစ်၍ (ဒုက္ခသစ္စာချုပ်တာပဲရှိပါ တယ်) ဒါပဲရှိတတ်တယ် ဒကာ ဒကာမတို့က ခင်ဗျားတို့ ဘုန်းကြီး ပြောနေရတာဟောမဖြစ်လို့ ပြောနေရတာ။ သမုတိသစ္စာနယ်ကမှ မဟောလို့ ရှိရင်လဲ ပရမတ္တသစ္စာမပေါ်လို့ ဟောနေရ တယ်ဆိုတာလဲ သေသေချာချာမှတ်ပါ (မှန်ပါ) တကယ်ပေါ်နေတာကတော့ ဘယ်တရားတွေ ပေါ်နေတယ်ဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ) ဘာတွေ ပေါ်နေသတုန်း (ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ ပေါ်နေပါတယ်) ဒုက္ခဖြစ်၍ ဒုက္ခချုပ် တာပဲရှိတယ်နော် (မှန်ပါ)။
ဘယ်အချိန် ဘာပေါ်တော့ အို ကျုပ်သည်ကားလို့ ဆိုရင် ဒီပေါ်လာတာကလေး သဘောကျလိုက်တာလို့ အောက်မေ့မနေနဲ့ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲရှိတယ်။ ရှင်းပြီလား (ရှင်းပါပြီ)။ စင်စစ်အားဖြင့်တော့ဒုက္ခချုပ်တာမှ တစ်ပါးဘာရှိသေးသတုန်း (မရှိပါဘူး)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ခင်ဗျားတို့ သန္တာန်မှာ စိတ်ပေါင်း တိဟိတ်ဖြစ်ရင် ၄၅ ဒွိဟိတ်ဖြစ်ရင် ၃၇လို့ ပြောထားတော့ အဲဒီတရားတွေ လာတိုင်းလာတိုင်း ဒုက္ခဖြစ်၍ ဒုက္ခချုပ်တဲ့ တရားပဲလို့ ရှုရှုပေးပါ။ ရှင်းပြီလား (ရှင်းပါပြီ)။
ဒုက္ခဖြစ်၍ (ဒုက္ခချုပ်တာပါ) အဲ ဒုက္ခပျက်တာဘဲလို့ ခင်ဗျားတို့က ဒီကနေပြီး မဂ္ဂင်နဲ့ ရှုရှုပေးဆိုတော့ သစ္စ အနုလောမိကဉာဏ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။
ဘာတဲ့တုံး (သစ္စာအနုလောမိက ဉာဏ်ပါ ဘုရား)။ ဒါက သစ္စာ၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာက (သစ္စာပါ) အဲဒီဟာကို လျော်အောင် သိတာက (အနူလောမိကဉာဏ်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
သစ္စာ+အနုလောမိကဉာဏ်
ဒါက သစ္စာ။ ဒါကအနုလောမိကဉာဏ်၊ ရှင်းပြီလား (ရှင်းပါပြီ) ဒီဟာကဘာတုံး (သစ္စာပါ) ဒီဟာက (အနူလော မိကဉာဏ်ပါ)။ ဒါ့ကြောင့် ပေါင်းလိုက်တော့ သစ္စာ+အနုလောမိကဉာဏ်၊ ခင်ဗျားတို့ ကလေးသင်သလို သင်နေရတာ ဦးခင်မောင်ရ (မှန်ပါ) ဒီလိုလုပ်နေရတာ မလုပ်ရင်ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့)။
ဒီဟာက ဘာပါလိမ့်(သစ္စာပါ) သစ္စာကို ရှုလိုက်တဲ့အခါကျတော့ (အနုလောမိကဉာဏ်ပါ) အနုလောမိကဉာဏ် ဆိုတာလျှော်အောင်မြင်တဲ့ ဉာဏ်တဲ့။ (မှန်ပါ့) ခင်ဗျားတို့ နဂိုရ်က မြင်နေတာ ဘယ်တော့မှ မလျော်ဘူး။ ဒါ ငါလုပ်ပြီးမြင် နေတာ(မှန်ပါ)။
အို ကျုပ်တို့မြင်ခဲ့တာ ဒီဥစ္စာတဲ့ ဟောဒိဋ္ဌိနဲ့သာလျော်နေတယ်၊ သစ္စာနဲ့ကလျော်သေးရဲ့လား (မလျော်ပါဘူး) သစ္စာနဲ့တော့ မလျော်ဘူး ဘာနဲ့လျော်သတုံး(ဒိဋ္ဌိနဲ့ လျော်နေပါတယ်)။
ဟောသူကဒိဋ္ဌိ နောက်သိတာကအလျော်။ ဒိဋ္ဌိနဲ့ လျော်တဲ့ သဘောတွေက ပေါ်ပေါ်နေတယ်(မှန်ပါ) သစ္စာနဲ့လျော်တာ ပေါ်သေးရဲ့လား (မပေါ်ပါဘူး) ဒီတော့ ဘယ်တော့ မဂ်ရမှာတုံးဗျ (မှန်ပါ)။ ရစရာမြင်သေးရဲ့လား (မမြင်ပါဘူး)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အခုပြုံးသလောက် သေခါနီးမဲ့မှာစိုးလို့ ဒါလောက်ဟောနေတာ (ရိပ်မိပြီလား) (ရိပ်မိပါပြီ)။
အခုပြုံးသလောက် သေခါနီးမဲ့မှာစိုး
အခု ပြုံးသလောက်ဘာတဲ့ (သေခါနီးမဲ့မှာပါ ဘုရား)။ မဲ့မှာပေါ့ဗျ သေခါနီး ခွေးနက်ကြီးက လာဆွဲနေပြီဆိုတာကို သူများကလဲ မြင်တာ မဟုတ်ဘူး။ ကိုယ်ကိုယ်သာမြင်တာ ဒီနားတွင် လာဆွဲနေတာ ခင်ဗျားတို့က အသက်မချုပ် ဝိညာဉ် မချုပ်သေးဘူး (မှန်ပါ) ဟိုမှာ ငရဲအိုးတွေက မီးတောက်နေတာကို ကိုယ်တစ်ယောက်တည်း မြင်နေရတာ မမဲ့ပေဘူးလား (မဲ့ပါတယ်) တောင်ကြီးတွေ ချောက်ကြီးတွေ မြင်နေရရင်ကော (မဲ့ပါတယ်) သူများမြင်တာလား သေမည့်သူက မြင်တာ လား (သေမည့်သူက မြင်တာပါ)။
အဲ ကမ္မနိမိတ် ဂတိနိမိတ်တွေ ထင်လာတဲ့အခါ ဒီဝိပဿနာအလုပ်လုပ်မထားရင် မဲ့မည်သာစိတ်ကူး (မှန်ပါ) အဲ မဲ့ချင်လို့ရှိရင် ခင်ဗျားတို့ အခုပြုံးသလောက် မဲ့ရလိမ့်မယ်ဆိုတာ သေချာပြီလား(သေချာပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ တပည့်တော်ဖြင့်ဘုရား ပြုံးပြုံးကလေးသေချင်ပါတယ်၊ သေခါနီး လှချင်ပါတယ်ဆိုရင် ဒါကိုလုပ်ပါ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ) နို့မဟုတ်လို့ရှိရင်ဖြင့် မသာကို လှမှာမဟုတ်ဘူး မဲ့ရွဲ့ပြီးသေမှာ၊ ဓါတ်ပုံ ရိုက်လေ အရုပ်ဆိုးလေဖြစ်မှာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ မသာလှချင် ဘာလုပ်ရမယ် (သစ္စာအနုလောမိက ဉာဏ်ဖြစ်အောင် လုပ်ရပါမယ်)။
သစ္စာအနုလောမိကဉာဏ် ဖြစ်လို့ရှိရင်ဖြင့် ဒီဟာတွေ ဖြစ်ပျက်ကို မြင်တာက သစ္စာအနုလောမိကဉာဏ်၊ ဖြစ်ပျက်ကို မုန်းလာတာတွေလဲ သစ္စာအနုလောမိကဉာဏ်တွေပဲ (မှန်ပါ) ၎င်းဖြစ်ပျက်ကို ဖြစ်ဒုက္ခပျက် ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူးလို့ ဆုံးဖြတ်ချက် ချနိုင်လို့ ရှိရင်ဖြင့် သမ္မတ္တနိယတာဓမ္မာဆိုတဲ့ မဂ်ဉာဏ်ပေါ်လာတယ်။ သဘောကျပြီလား (ကျပါပြီ)။
ဒုက္ခသစ္စာချုပ်သွားတော့ နိရောဓသစ္စာပေါ်တယ်
ဖြစ်ဒုက္ခပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် ဒါချုပ်မသွားပေဘူးလား (ချုပ်သွားပါတယ်) ချုပ်သွားရင် ဒီနေရာမှာ ဒုက္ခသစ္စာချုပ်သွားတော့ကို နိရောဓသစ္စာပေါ်တယ် (မှန်ပါ)။
ဒုက္ခသစ္စာချုပ်သွားတော့ (နိရောဓသစ္စာပေါ်ပါတယ်) နိရောဓသစ္စာပေါ်တယ်လို့ သေသေချာချာ ဟောတော့ ဪ ဒုက္ခနိရောဓော ဘယ့်နှယ်ဆိုကြမလဲ (နိဗ္ဗာန်ပါ) အဲဒီတော့ ဒီက မဂ္ဂင်ရှစ်ပါးသွားဖြစ်တယ် (မှန်ပါ)။
ဒီက ဒုက္ခချုပ်သွားအောင် ရှုလိုက် ဒကာ ဒကာမတို့ နောက်က မဂ္ဂင် ဘယ်နှစ်ပါးဖြစ်လာသတုံး (ရှစ်ပါးဖြစ်ပါတယ်)။
အရင်တုန်းက သစ္စအနုလောမိက ဉာဏ်တုန်းက ငါးပါး။ နောက်ကျတော့ တစ်ခါတည်း ဒုက္ခအစစ်တွေပဲလို့ ဆုံးဖြတ်ချက်ချပြီး သကာလ မလိုချင်တဲ့ဉာဏ်ပေါ်လဲပေါ်ပါရော ရှေ့ကရှုနေတဲ့ ဒုက္ခတွေ ဦးခင်မောင်တစ်ခါတည်း ချုပ်တယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ်)။
အဲဒီကျတော့ ချုပ်တာက နိရောဓသစ္စာ။ နောက်က မဂ္ဂင်ရှစ်ပါးက (မဂ္ဂသစ္စာပါ) အဲ မဂ်ပြီး ဖိုလ်မှပဲ ခင်ဗျားတို့ ဆုတောင်းရတာ ဟုတ်ကဲ့လား(မဟုတ်ပါဘူး) မဂ်ပြီးဖိုလ်လာတာဟာ အကာလိကောဘဲ (မှန်ပါ)။
အကာလိကောဆိုတော့
ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုမလဲ (အကာလိကောပါ)။ အကာလိကောဆိုတော့ ဟောဒီမဂ္ဂင်ရှစ်ပါးလဲ ပေါ်ပြီးရော သောတာပတ္တိဖိုလ်မှာ သေတာပတ္တိဖိုလ်စိတ်တွေ ပေါ်လာတယ် ဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဒါဖြင့် မဂ်က အနန္တရပစ္စည်း၊ ဖိုလ်က အနန္တပစ္စည်း၏ ပစ္စုပ္ပန်လို့ ပဋ္ဌာန်းပါဠိတော်ကြီးမှာ လာပြီး သကာလ နေတဲ့အတွက် မဂ်ရတဲ့ ပုဂ္ဂိုလ်ဟာ ဖိုလ်ရအောင် ဆုတောင်းဖို့ လိုသေးသလား (မလိုပါဘူး) ဘာကဆုတောင်းနေစရာ မလိုဘူးလို့ ပြောသတုန်း မေးတော့မှ အကာလိကောက ပြောတယ်လို့ မှတ်လိုက် (မှန်ပါ)။
အကာလိကော ဘယ့်နှယ်ဆိုကြမလဲ (အခါမလင့် အကျိုးပေးပါတယ်) အခါမလင့် အကျိုးပေးမယ်ဆိုတာ ဟော မဂ်ချုပ်ပြီး ဘာလာသတုန်း (ဖိုလ်လာပါတယ် ဘုရား) ဖိုလ်ဝင်လာတယ်ဆိုတော့ သောတာပန်ပုဂ္ဂိုလ်မဖြစ်သေးဘူး လား (ဖြစ်ပါပြီ) အပါယ်လေးပါးတံခါးတွေကော ဘယ့်နှယ်တုံး (ပိတ်ပါတယ် ဘုရား) ငရဲအိုးသိမ်းလို့ ငရဲမီးငြိမ်းတာတွေ ကော (ငြိမ်းပါတယ် ဘုရား) ယုတ်ညံ့တဲ့ ခြောက်ဌာနတွေကော ဖြစ်သေးရဲ့လား (မဖြစ်ပါဘူး)။
အဲဒီတော့ ဒကာ ဒကာမတို့ နောက်ဘဝလှချင်လဲ ဒါလုပ်ရမှာဘဲ။ အသေလှချင်လဲ (ဒါလုပ်ရမှာပါပဲ) မဂ်လေးပါး စဉ်ပြီးတော့ ရချင်ပါတယ်ဆိုရင် ဘာကောင်မရှိနိုင်တော့ဘူးလို့ ဆုံးဖြတ်ချက်ချပါ။ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
အနုရာဓကို အရှုခိုင်းတယ်
အဲဒီလို အနုရာဓကို အရှုခိုင်းတယ်၊ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာသာရှိတယ်လို့ မင်းသေသေချာချာ ရှုကွ၊ ဘုရားက ခိုင်းတာနော် (မှန်ပါ)။
ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာသာရှိတယ်လို့ ရှုနေကွတဲ့။ ငါဘုရားသည်ကားလို့ဆိုရင် အစကတည်းက မင်းကို ဒါဟောလာတယ်၊ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာကိုသာ မင်းရှုနေပါလို့ ဟောလိုက်တဲ့အတွက် ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားကြည့်တော့လဲ ဘယ်တော့မှ ခန္ဓာကိုယ်ထဲမှာ သုခကြားမညှပ်ဘူးဆိုတာလဲ မပေါ်ဘူးလား (ပေါ်ပါတယ်)။
သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိဒုက္ခာ ဆိုတော့ ခန္ဓာငါးပါးရှိရင် ဘာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခချည်းဘဲ ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။