14009

မာတိကာသို့

ခန္ဓပဋိစ္စသမုပ္ပါဒ်သိမှုရှေ့ထား

ရှင်အနုရာဓမထေရ်ဝတ္ထု (၃)

အသံဖိုင်ခေါင်းစဉ်= ရှင်အနုရာဓရဟန်းဒိဋ္ဌိဝိစိကိစ္ဆာကွာပြီးရဟန္တာဖြစ်ပုံတရားတော်

စာအုပ်ထဲမှခေါင်းစဉ်= ခန္ဓပဋိစ္စသမုပ္ပါဒ်သိမှုရှေ့ထား၊ ရှင်အနုရာဓမထေရ်ဝတ္ထု (၃)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌ ဟောကြားတော်မူသော

ခန္ဓပဋိစ္စသမုပ္ပါဒ်သိမှုရှေ့ထား

ရှင်အနုရာဓမထေရ်ဝတ္ထု (၃)

(၁၂-၂-၆၁)

ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုသိရမယ်

ဒုက္ခဝဋ်မှ ကျွတ်ချင်တဲ့ပုဂ္ဂိုလ်များ တရားလဲအားထုတ်ကြရမှာပဲ။ အားထုတ်တဲ့ ပုဂ္ဂိုလ်များသည် မိမိတို့၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကိုသိမှုကို ရှေ့ထား၍ သက္ကာယဒိဋ္ဌိအသိနဲ့ ဖြုတ်တယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)။

မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုသိရမယ် (မှန်ပါ့) မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ဆိုတာ စာသံပါနေတယ်၊ မိမိတို့၏ ခန္ဓာဖြစ်စဉ်ကြီးတန်းနေတာကို သိရမယ် (မှန်ပါ့) အဲဒီတန်းနေတာသိတော့မှ ဒိဋ္ဌိကမကပ်နိုင်တော့ဘူး၊ ဪ-ခန္ဓာဖြစ်စဉ် က ဒီအတိုင်းတန်းနေတော့ ဒီအထဲ ခန္ဓာတွေသာ တန်းနေတာပါကလား၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမတွေ မပါ-ပါလားဆိုတာ ကိုယ့်ဖြစ်စဉ်ကိုယ် သိထားတော့မှ ကိုယ့်ဉာဏ်နဲ့ကိုယ် ဝေဖန်ပြီး ကိုယ်သိထားတော့မှ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား၊ မိန်းမဟာ သမုတိအခေါ်အဝေါ် သမုတိသစ္စာနယ်မှာ ရှိငြားသော်လည်း ဝိပဿနာရှုတဲ့ နေရာမှာ ပရမတ္ထသစ္စာကို တွေ့အောင်ရှာရတဲ့အတွက် ဒိဋ္ဌိပြုတ်ပြီး သကာလ သွားပါတယ် (မှန်ပါ့)။

ဒီ ဒိဋ္ဌိပြုတ်ပြီး သကာလ သွားတော့မှ ဝိပဿနာရှုလိုက်တဲ့အခါကျလို့ရှိရင် လိုရာခရီး အပြီးတိုင်ရောက်တယ်လို့ ဒကာ ဒကာမတွေ မှတ်ထားရမယ်နော် (မှန်ပါ့)။

အနုရာဓဝတ္ထုက မဆုံးခဲ့သေးဘူး၊ ဒကာ ဒကာမတို့ ယခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်လဲ ယခုခန္ဓာဖြစ်စဉ်ပဲဆိုတာ မှတ်ထားရမယ်နော် (မှန်ပါ့)။

ယခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်

ကဲ-ဒါဖြင့် စဉ်းစားကြစို့၊ ယခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ကိုနော် (မှန်ပါ) မနေ့ကလိုပဲ အစကပြလိုက်တဲ့ အခါကျတော့ ဒကာ ဒကာမတို့ အာရုံတစ်ခုကို မြင်တယ်ဆိုတော့ စက္ခုံစ ပဋိစ္စ ရူမေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံဆိုတဲ့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

တိဏ္ဏံသင်္ဂတိဖသောဆိုတော့ ဒကာ ဒကာမတို့ ဖဿဆိုတဲ့ နာမ်ကလေးကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ဒါဖြင့် မြင်တာကလဲမြင်စိတ် တွေ့တာကလဲ ဖဿဆိုတော့ ပုဂ္ဂိုလ်သတ္တဝါပါသေးသလား (မပါ,ပါဘူး ဘုရား)၊ ဖဿပစ္စယာဝေဒနာတဲ့ ကောင်း-မကောင်း ခံစားတော့ ဝေဒနာ မဟုတ်လား (မှန်ပါ့ ဘုရား)။

ဒီဝေဒနာထဲမှာကော ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့လား (မပါ,ပါဘူး ဘုရား)၊ ဝေဒနာပစ္စယာ ဥပမာမယ် တဏှာလာမှာဖြင့် တဏှာဆိုတာလဲ သင်္ခါရက္ခန္ဓာလို့ ဒကာ ဒကာမတွေကို ပြောထားတယ် (မှန်ပါ့ ဘုရား)။ ဒါလဲ ပုဂ္ဂိုလ်သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။

တဏှာပစ္စယာ ဥပါဒါနံဆိုတော့ကော (ပုဂ္ဂိုလ်သတ္တဝါမပါပါဘူး)။ တဏှာ၏ကြီးကျယ်ထွားကျိုင်းလာမှုကို ဥပါဒါန် လို့ခေါ်တာပဲ (မှန်ပါ့)။ တဏှာပဲဆိုတော့ ကာမုပါဒါန်စသည်လို့ ဆိုရမှာပဲ၊ ဒီအထဲမှာကော ပုဂ္ဂိုလ်သတ္တဝါပါသေးရဲ့လား (မပါ,ပါဘူး ဘုရား)။

ပုဂ္ဂိုလ် သတ္တဝါပါရဲ့လား

ဥပါဒါနပစ္စယာ ကမ္မဘဝေါလို့ဆိုတော့ စေတနာကံ ဘိက္ခဝေ ကမ္မဝဒါမိလို့ ဘုရားကဟောတော့ ကံထဲမှာ ကော ပုဂ္ဂိုလ်သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။ ဖဿ ပစ္စယာဝေဒနာတဲ့ ကောင်း-မကောင်း ခံစားတော့ ဝေဒနာ မဟုတ်လား (မှန်ပါ့ ဘုရား)။

ဒီဝေဒနာထဲမှာကော ပုဂ္ဂိုလ် သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)၊ ဝေဒနာပစ္စယာ ဥပမာမယ် တဏှာလာ မှာဖြင့် တဏှာဆိုတာလည်း သင်္ခါရက္ခန္ဓာလို့ ဒကာ ဒကာမတွေကို ပြောထားတယ် (မှန်ပါ့)။ ဒါလည်း ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့လား (မပါ,ပါဘူး ဘုရား)။

တဏှာပစ္စယာဥပါဒါနဆိုတော့ကော (ပုဂ္ဂိုလ်သတ္တဝါမပါ,ပါဘူး ဘုရား)။ တဏှာ၏ ကြီးကျယ်ထွားကြိုင်းလာမှုကို ဥပါဒါန်လို့ခေါ်တာပဲ (မှန်ပါ့ ဘုရား)။ တဏှာပဲဆိုတော့ ကာမုပါဒါန်စသည်လို့ ဆိုရမှာပဲ။ ဒီထဲမှာကော ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့လား (မပါ,ပါဘူး ဘုရား)။

ဥပါဒါနပစ္စယာ ကမ္မဘဝေါလို့ဆိုတော့ စေတနာကံ ဘိက္ခဝေ ကမ္မံ ဝဒါမိလို့ ဘုရားကဟော တော့ ကံထဲမှာကော ပုဂ္ဂိုလ်သတ္တဝါ ပါရဲ့လား (မပါ,ပါဘူး ဘုရား)။

ကောင်းပြီ ဒါဖြင့် ယခုဖြစ်တဲ့အချိန်တောင် ပုဂ္ဂိုလ် သတ္တဝါမပါတော့ နောက်ဘဝကျလာတဲ့အခါ ကမ္မဘဝပစ္စယာ ဇာတိ-လို့လာပြန်တော့ ဇာတိကလည်း ဒကာ ဒကာမတွေသိတဲ့ အတိုင်း ရုပ်နာမ်နဲ့တွဲနေတာထားပါတော့ ပဉ္စဝေါကာရဘုံမှာ ပုဂ္ဂိုလ်သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။

ဇာတိထဲမပါရင် ဇရာထဲပါရမှာလားလို့ စီစစ်ပြန်တော့ ဒီရုပ်နာမ်တွေ အိုလာတာဆိုတော့ ဇရာထဲမှာကော ပုဂ္ဂိုလ်သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။ တစ်ခါ မရဏဆိုတဲ့ ရုပ်နာမ် တို့၏ ချုပ်မှုထဲမှာကော ပါရဲ့လား (မပါ,ပါဘူး ဘုရား)။

ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်တဲ့

ဒါဖြင့် ပစ္စုပ္ပန်ဘဝမှာပဲ ယခုမျက်လုံးကလေးဖွင့်လိုက်လည်း ပဋိစ္စသမုပ္ပါဒ်အတိုင်းပဲ ပြထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဘယ်နေရာမှာ ယောက်ျားမိန်းမပါသတုန်းလို့ မေးလို့ရှိရင်ဖြင့် ၁ထဲမှာကော ပါရဲ့လား (မပါ,ပါဘူး ဘုရား)။ ၂ထဲမှာ (မပါ,ပါဘူး ဘုရား)။ ၃ထဲမှာ (မပါ,ပါဘူး ဘုရား)။ ၄ထဲမှာ (မပါ,ပါဘူး ဘုရား)။ ၅ထဲမှာ (မပါ,ပါဘူး ဘုရား)။ ၆ထဲမှာ (မပါ,ပါဘူး ဘုရား)။ ဒါဖြင့် ဒီဘဝလည်း မပါ,ပါဘူး (မှန်ပါ့ ဘုရား)။ နောက်ဘဝဆိုတဲ့ ဇာတိဇရာမရဏ မှာကော (မပါ,ပါဘူး ဘုရား)။

ဒါ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်တဲ့ ဒကာ ဒကာမတို့ မြင့်တဲ့အခါ ပေါ်လာတဲ့စိတ်စဉ် (မှန်ပါ့ ဘုရား)။ ကြားတဲ့အခါ ပေါ်လာတဲ့ စိတ်စဉ်လည်း ဒီအတိုင်းပဲ မသွားပေဘူးလား (သွားပါတယ် ဘုရား)။ ဒီထဲမှာကော ပုဂ္ဂိုလ်သတ္တဝါက ပါသေးလား (မပါ,ပါဘူး ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အားလုံးပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်သိတော့ စက္ခုပေါက်ကလည်းမပါ။ နားပေါက်ကလည်း (မပါ,ပါဘူး ဘုရား)။ နှာခေါင်းပေါက်က (မပါ,ပါဘူး ဘုရား)။ လျှာပေါက်က (မပါ,ပါဘူး ဘုရား)။ ကိုယ်ပေါက်ကလည်း (မပါ,ပါဘူး ဘုရား)။ မနောပေါက်ကကော (မပါ,ပါဘူး ဘုရား)။ မပါတော့ ရုပ်နာမ်တွေပဲ တန်းသွားတယ်ဆိုတာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ရုပ်နာမ်တွေပဲ တန်းသွားတာကို ဒကာ ဒကာမတွေက သေသေချာချာသိနေတော့ ဪ ယခုအခါ ဖြစ်စဉ်ထဲမှာလည်း ဘယ်ဒွါရကစဖြစ်ဖြစ် ပုဂ္ဂိုလ်သတ္တဝါမပါ။ (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါမပါဘူးဆိုတာ သေသေချာချာရှင်းပြီး သကာလ ထားတော့ သတ္တဝါဆိုတာ အပြောသာရှိတယ် တကယ်အရှိဟုတ်ပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ဒုက္ခအစုကြီးပဲဖြစ်တယ်

အပြောတော့ဖြင့် (ရှိပါတယ် ဘုရား)။ တကယ်တော့ဖြင့် (မရှိပါဘူး ဘုရား)။

မရှိဘူးဆိုတာ မှတ်ထားတော့ ဒီဟာတွေ ဘာသစ္စာတွေတုန်းဆိုတာ မေးပြန်တော့လည်း (ဒုက္ခသစ္စာတွေပါ ဘုရား)။ စက္ခုဝိညာဏ်စိတ်လည်း စိတ်ထဲကပဲ ဒုက္ခသစ္စပဲ။ ဖဿဟာလည်း ဘာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။ ဝေဒနာဟာ (ဒုက္ခသစ္စပါ ဘုရား)။ အကုန်ဒုက္ခက္ခန္ဓဿ သမုဒယောဟောတိ ဒုက္ခအစုကြီးပဲဖြစ်တယ်လို့ ပြောတော့ ရှင်းနေတယ် (မှန်ပါ ဘုရား)။ မရှင်းကြသေးဘူးလား (ရှင်းပါတယ် ဘုရား)။ ဒုက္ခအစုမှတစ်ပါးဘာလာသေးသတုန်း (ဘာမှမလာပါဘူး ဘုရား)။ ဪ ဒါဖြင့် ဖြစ်တာလည်း ဒုက္ခ၊ ပျက်သွားပြန်တော့ကော (ဒုက္ခပါ ဘုရား)။

ဒကာ ဒကာမတို့ မိမိတို့ခန္ဓာကိုယ်ထဲမှာ ပေါ်သ၍ဖြစ်တာလည်း ဘာ်ဆိုကြမယ် (ဒုက္ခပါ ဘုရား)။ ပျက်တာလည်း ဘာဆိုကြမယ် (ဒုက္ခပါ ဘုရား)။ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာသာရှိတယ် ပုဂ္ဂိုလ်သတ္တဝါကဖြင့် မပါဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒိဋ္ဌိကွာသွားတော့ ဝိပဿနာရှု

အေး ဒါဖြင့် ဒိဋ္ဌိကွာသွားတော့ ဝိပဿနာရှုလို့ဖြစ်ပါပြီတဲ့၊

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေသည်က စ၍ သေသည်တိုင်အောင်လည်း ဘာသစ္စာကြီး တန်းသွားပါလိမ့် (ဒုက္ခသစ္စာကြီး တန်းသွားပါတယ် ဘုရား)။ ဟာ ယခုလို ပဝတ္တိအခါမှာလည်း အာရုံဒွါရ တိုက်ဆိုင်လို့ပေါ်တဲ့ ဓမ္မတွေမှာလည်း မျက်လုံးပေါက်ကဓမ္မတွေ တန်းသွားပြန်တော့ ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။

ကဲ မနောပေါက်ကနေပြီး စိတ်တွေတန်းပြီး သကာလ ဝီထိနဲ့သွားသွား ပဋိစ္စသမုပ္ပါဒ်သွားသွား၊ သွားချင်တာနဲ့သွား ဘာတွေတန်းသွားသတုန်း (ဒုက္ခသစ္စာတွေပဲ တန်းသွားတယ်ဆိုတာ မသေချာဘူးလား (သေချပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် မြတ်စွာဘုရားကလည်း သံခိတ္တေနပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာလို့ဟောသောကြောင့် ဒီခန္ဓာကြီးမှာ ဘာပဲပေါ်လာပေါ်လာ ဒုက္ခသစ္စတွေပဲ။ ယုတ်စွအဆုံးလောဘ စေတသိတ်ကလေးပေါ်တာတောင်မှ သမုဒယသစ္စာသာ ဆိုရတယ်၊ ဖြစ်ပြီးပျက်သွားတော့ ဒုက္ခသစ္စာဖြစ်သွားတယ်နော် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မနေ့ကဝတ္ထုကိုပြန်ပြီး သကာလ ဒကာ ဒကာမတွေ သတိထားပါ။ မြတ်စွာဘုရားသခင် ကိုယ်တော် မြတ်ကြီး ဝေသာလီပြည်မှာ သီတင်းသုံးပြီး သကာလ နေတော်မူတယ်နော် (မှန်ပါ့)။

ရှင်အနုရာဓ

အနုရာဓဆိုတဲ့ ကိုယ်တော်ကလေးက ဘုရား၏ကျောင်းတော်နဲ့ မနီးမဝေးမှာ မြတ် (သက်ငယ်) မိုးတဲ့ကျောင်းကလေးမှာ သီတင်းသုံးပြီး သကာလ နေပါတယ်။

အဲဒီမှာ အနုရာဓက သီတင်းသုံးပြီး သကာလ နေတော့ ဒိဋ္ဌိတွေက ဝင်လာကြတယ်၊ ဝင်လာပြီး ဘုရားဆီကို မသွားဘဲနဲ့ အနုရာဓဆီကိုသွားမယ်။ အနုရာဓနဲ့ သူတို့က ချေချေငံငံ မလ္လာပသလ္လာပစကားတွေ ပြောဆိုပြီး သကာလ နေကြရာက ရှင်အနုရာဓ သင်တို့၏ ဆရာဖြစ်တဲ့ မြတ်စွာဘုရားကတော့ဖြင့် မြတ်တဲ့ပုဂ္ဂိုလ်ချွန်တဲ့ပုဂ္ဂိုလ် မွန်တဲ့ပုဂ္ဂိုလ်ဖြစ် တယ်။ အဲဒီတော့ ဒီအဓိပ္ပါယ်မျိုး ဘယ်လိုများ ဟောလေ့ပြောလေ့ရှိပါလိမ့်မလဲဆိုတာ ကျုပ်တို့မေးပါရစေ တဲ့ (မှန်ပါ့)။ ဒိဋ္ဌိတွေက အနုရာဓကို မေးဖို့အခွင့်ကောင်းတယ်လို့ ဦးခင်မောင် မှတ်ရလိမ့်မယ် (မှန်ပါ)။

သတ္တဝါသေရင် ဖြစ်သေးသလား

သင်တို့ဆရာဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့ အဖြေမျိုးကို လည်း ဘယ်လိုများဟောလေ့ရှိတယ်ဆိုတာ ကျုပ်တို့သိချင်လို့ ရှင်အနုရာဓကိုပဲ မေးပါရစေ။ အရှင်ဘုရားကတော့ ဘုရားနဲ့နီးစပ်တဲ့ တပည့်သာဝကဖြစ်ပါတယ်ဆိုပြီး သကာလ ဒကာ ဒကာမတို့ အနုရာဓကို ဒိဋ္ဌိတွေက မေးတယ်လို့မှတ်တာ ပေါ့နော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့ပိုင်းက ရှင်းထားတဲ့ဥစ္စာမမေ့နဲ့နော်။ ရှေ့ပိုင်းက ရှင်းထားတာမေ့လိုက်လို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား)။ ပဋိသေန္ဓက စုတိတိုင်အောင်လည်း ရုပ်နာမ်တွေသာ တန်းသွားတယ်။ ဒုက္ခသစ္စာ ရုပ်နာမ်တွေသာ တန်းပြီးသွားမယ် ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ယခုလိုရောင်းဝယ်ဖောက်ကားပြီး လုပ်လုပ်နေကြတဲ့ ပဝက္ကိအခါမှာလည်း ဘာတွေများ တရားသွားနေကြသလဲ (ရုပ်နာမ်တွေသာ တန်းနေကြပါတယ်) ပုဂ္ဂိုလ်သတ္တဝါပါ,ပါရဲ့လား (မပါ,ပါဘူး ဘုရား)။

အဲဒါကိုသိပြီး သကာလ နေအောင် ဒကာ ဒကာမတွေကို ဘုန်းကြီးက နှစ်ရက်သုံးရက်တိုင်တိုင် ရှင်းပြီး သကာလ ထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း သူတို့မေးတာ နားထောင်ကြည့်တာပေါ့ ဒိဋ္ဌိတွေမေးတာ နားထောင် ကြည့်တာပေါ့။ ဟုတ်တာကိုမေးတာလား မဟုတ်တာကိုမေးတာလားဆိုတာ ဦးခင်မောင်တို့ ဒကာသစ်တို့ ပေါ်လာပါလိမ့် မယ် (ပေါ်လာပါတယ် ဘုရား)။

ဒါနဲ့ရှင် အနုရာဓကို သူတို့က မေးလိုက်တယ်။ အရှင်အနုရာဓ အခုတပည့်တော်တို့ မေးချင်တဲ့ အမေးကလေးကို ဘယ်လိုများ ပြောလေ့ဟောလေ့ရှိပါလိမ့်သလဲဆိုပြီး ၁နံပါတ် မေးခွန်းက သတ္တဝါသေလို့ရှိရင် နောက်ဖြစ်သေးသလားလို့ မေးလိုက်တယ်နော် (မှန်ပါ့)။ သတ္တဝါသေရင် နောက်ဖြစ်သေးသလားဆိုတော့ သတ္တဝါသေရင် သတ္တဝါဖြစ်သေးသလား ဆိုတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

သဿတဒိဋ္ဌိကို မေးလိုက်တာ

အဲဒီတော့ ရှင်အနုရာဓက ဒီအတိုင်းဘဲ နားထောင်နေတယ် မဖြေသေးဘူး။ ဒါက ဘာမေးတာတုန်းဆိုလို့ရှိရင် ဒကာ ဒကာမတို့ သဿတဒိဋ္ဌိကို မေးလိုက်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ နဂိုကလည်း ဒီဘက်မှာ သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။ ဒီဘက်ကော သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။

ဒီစုတိစိတ်ပြီးတော့လည်း ဇာတိ ဇရာ မရဏ လာတော့တာဘဲ။ ဒုက္ခသစ္စာလာတာဘဲ (မှန်ပါ့)။ ဒီဘက်ကဟာတွေကြည့်လိုက်ပြန်တော့လည်း ၁-၂-၃-၄-၅-၆-စုတိ မရောက်ခင်ဟာတွေ ကြည့်လိုက် ပြန်တော့လည်း ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။ သတ္တဝါကို ပါရဲ့လား (မပါ,ပါဘူး ဘုရား)။

ဒီစုတိစိတ်ပြီးတော့လည်း ဇာတိ ဇရာ မရဏလာတော့တာဘဲ။ ဒုက္ခသစ္စာလာတာဘဲ (မှန်ပါ့)။ ဒီဘက်ကဟာတွေကြည့်လိုက်ပြန်တော့လည်း ၁-၂-၃-၄-၅-၆-စုတိ မရောက်ခင်ဟာတွေ ကြည့်လိုက် ပြန်တော့လည်း ဘာသစ္စာတွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။ သတ္တဝါကိုပါရဲ့လား (မပါ,ပါဘူး ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေသိအောင် အခုသေသေချာချာ ခန္ဓာအစဉ်ကြီးတန်းပြီးပဋိစ္စသမုပ္ပါဒ်နဲ့ပြလိုက်တော့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတဲ့အခါကျတော့ ရှင်အနုရာဓကလည်း မဖြေဘူးနော် (မှန်ပါ့)။ ဘုရားကို သွားလျှောက်လည်း ဒီအဖြေဟာ ဖြေမည့်အဖြေမဟုတ်ပါဘူး ဆိုတာ မှတ်ထားတာပေါ့ (မှန်ပါ့)။ မောင်ထွန်းလှိုင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာတွေပဲ တန်းနေတယ်

ဒကာ ဒကာမတို့ သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးရင် ဘယ့်နှယ့်ဖြေကြမလဲ (ဖြေစရာမလိုပါဘူး ဘုရား)။ ဘာဖြစ်လို့ ခင်ဗျားတို့ မဖြေကြသတုန်း (နဂိုက သတ္တဝါမရှိလို့ပါ ဘုရား)။ ဒီပစ္စုပ္ပန်ဘဝမှာလည်း ဒုက္ခသစ္စာတွေပဲ တန်းနေတယ် အနာဂတ်ဘဝဆက်ပြန်တော့ကော ဘာတွေတန်းနေသလဲ (ဒုက္ခသစ္စာတွေ တန်းနေပါတယ် ဘုရား)။ ဒုက္ခသစ္စာတွေပဲ တန်းနေတော့ နဂိုကမပါလို့ ဒီအမေးထဲမှာ အဖြေထွက်စရာကို အကြောင်းရှိရဲ့လား (မရှိပါဘူး ဘုရား)။

ဒါဖြင့် ဘုန်းကြီးကပဲ ဒီဒကာ ဒကာမတွေ မေးပါတယ်တဲ့။ ဒကာ ဒကာမတို့ ယခုမြင်တဲ့ ပဋိစ္စသမုပ္ပါဒ် တန်းပြလိုက်ပါတယ်။ ဘဝဆက်ပြီးတော့လည်း ပြလိုက်ပါတယ် အနာဂတ်ဘဝနဲ့လည်း ဆက်ပြီး ပြလိုက်ပါတယ်၊ သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးရင် ဘယ့်နှယ့်ဖြေကြမလဲ (ဖြေစရာမရှိပါဘူး ဘုရား)။

ဘာဖြစ်လို့ဖြေစရာ မရှိပါလိမ့် (နဂိုက သတ္တဝါမရှိလို့ပါ ဘုရား)။ ပစ္စုပ္ပန်ဘဝမှာလည်း သတ္တဝါမပါဘူး၊ အနာဂတ်ဘဝမှာကော (သတ္တဝါ မပါ,ပါဘူး ဘုရား)။ အဲဒီတော့ ရှင်အနုရာဓမဖြေဘဲ နေလိုက်တယ် (မှန်ပါ့)။ ဒါဖြင့် ၁နံပါတ်ကမေးတာ ဖြေစရာမရှိလို့ မဖြေဘူးလို့ ဦးခင်မောင်တို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။ ဖြေစရာရှိကောရှိရဲ့လား (မရှိပါဘူး ဘုရား)။ နဂိုကလည်း သတ္တဝါပါရဲ့လား (မပါ,ပါဘူး ဘုရား)။ နောက်ကော သတ္တဝါဖြစ်စရာရှိရဲ့လား (မရှိပါဘူး ဘုရား)။

အေး ဒါတွေသိထားတော့မှ ဪ ဒါတွေဟာ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

သတ္တဝါသေရင် မဖြစ်တော့ဘူးလား

ကဲ တစ်ခါသူက ဒုတိယမေးခွန်းကို မေးပြန်တယ် ဒါဖြင့် ရှင်အနုရာဓတဲ့ သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ မေးလိုက်တဲ့အခါမှာလည်း မဖြေဘဲ နေပါတယ် (မှန်ပါ့)။

ဒီဒကာ ဒကာမတွေလည်း သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့မေးရင် ဘယ့်နှယ့်ပြောမလဲ (ဖြေစရာမလိုပါ ဘူး ဘုရား)။ ဒီဘက်မှာလည်း သတ္တဝါပါ,ပါရဲ့လား (မပါ,ပါဘူး ဘုရား)။ ဒီအနာဂတ်မှာကော (မပါ,ပါဘူး ဘုရား)။

ဒါဖြင့် သတ္တဝါသေလို့ရှိရင်ဖြင့် မဖြစ်တော့ဘူးလားလို့ ယူလိုက်ပြန်လို့ရှိရင်လည်း ဒါဟာ ဥစ္ဆေဒဒိဋ္ဌိနဲ့ မေးတဲ့အမေးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ရမယ်၊ ပထမအမေး သဿတနဲ့ မေးလိုက်တယ်နော်။ ဒုတိယအမေးက (ဥစ္ဆေဒဒိဋ္ဌိရှိနဲ့မေးပါတယ် ဘုရား)။

အချို့ဖြစ်၍ အချို့မဖြစ်ဘူးလား

ဒါနဲ့ဒီအမေးလည်း မဖြေတာနဲ့ တတိယမေးခွန်းကို ဦးခင်မောင်ဆက်ပြီး သကာလ မေးပြန်တယ်နော် (မှန်ပါ့)။ သတ္တဝါသေလို့ရှိရင်ဖြင့် အချို့ဖြစ်၍ အချို့မဖြစ်ဘူးလားလို့ မေးပြန်တယ် ဒကာ ဒကာမတို့ ဘယ့်နှယ့်ဖြေကြမလဲ (ဖြေစရာ မရှိပါဘူး ဘုရား)။

ဘာဖြစ်လို့တုန်း (နဂိုက သတ္တဝါမပါလို့ပါ ဘုရား)။ နဂိုကိုက သတ္တဝါမရှိဘူးတဲ့ ဒီဘက်မှာ လည်း နာမ်ရုပ်တန်းရှိတာပဲ ဒီဘက်မှာ နာမ်ရုပ်ရှိတာပဲ။ နာမ်ရုပ်ဟူသည်ကလည်း ဒုက္ခသစ္စာ မဟုတ်ဘူးလား (မှန်ပါ့)။ သတ္တဝါပါကြရဲ့လား (မပါ,ပါဘူး ဘုရား)။ ဒါဖြင့် ၃နံပါတ် ပုစ္ဆာလည်းဖြေစရာမရှိဘူးပေါ့နော် (မှန်ပါ့)။

မဖြစ်သည်လည်းမဟုတ် ဖြစ်သည်လည်းမဟုတ်တဲ့ သဘောလား

ကဲ ၄နံပါတ် ပုစ္ဆာကို မေးပြန်တယ် ဒိဋ္ဌိတွေက၊ ရှင်အနုရာဓ ဒါဖြင့် သတ္တဝါသေလို့ရှိရင် မဖြစ်သည်လည်းမဟုတ် ဖြစ်သည်လည်းမဟုတ်တဲ့ သဘောလားလို့မေးလိုက်ပြန်တော့ကော ဘယ့်နှယ့်တုန်း (ဖြေစရာမရှိပါဘူး ဘုရား)။

ဖြေစရာမရှိတာက ဘာဖြစ်လို့ ဖြေစရာမရှိသတုန်းဆိုတော့ ဒီပစ္စုပ္ပန်ဘဝမှာလည်း သတ္တဝါက မပါဘူး ဒီအနာဂတ် မှာကော (မပါ,ပါဘူး ဘုရား)။

မပါဘူး ကဲ နိဗ္ဗာန်မရသေးလို့ အနာဂတ်ဘဝတွေလာပြန်တော့လည်း ဇာတိ ဇရာ မရဏတွေသာ လာသောကြောင့် ဒကာ ဒကာမတို့သိတဲ့အတိုင်း သတ္တဝါမပါ,ပါဘူး (မှန်ပါ့)။ ဇာတိပိဒုက္ခာ ဇရာပိဒုက္ခာ ဗျာဓိပိဒုက္ခော မရဏမ္ပိဒုက္ခံဆိုတဲ့အတိုင်း ဒုက္ခသစ္စာတွေပဲလာတယ်။ ဒီဘက်ကလာခဲ့တာကလည်း ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒီဘက်သံသရာ ဆက်သွားတာတွေလည်း ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါပဲ ဘုရား)။ ရုပ်နာမ်ပဲ ဆက်သွားပြီး သကာလ နေတော့ ဒုက္ခသစ္စာပဲဖြစ်၍ ဒုက္ခသစ္စာပဲချုပ်မှာပဲဆိုတာ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။ ရှင်းကြပြီ လား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ ဘယ်အခါကြည့်ကြည့် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာမှတစ်ပါး ဘာမှမရှိပါဘူး ဉာဏ်မျက်လုံးသာ ကပ်ကြည့်ကြပါနော် (မှန်ပါ့)။

ဒါနဲ့ ဒီမေးခွန်းလေးခု မေးတဲ့အခါကျတော့ ရှင်အနုရာဓ ကျုပ်တို့မေးတာ မေးခွန်းလေးခုရှိပြီ။ အရှင်ဘုရား၏ ဆရာဖြစ်တဲ့ မြတ်စွာဘုရားကတော့ အင်မတန်ထူးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ် ဘယ်လိုများ ဒီမေးခွန်းလေးခုကို ဟောလေ့ ပြောလေ့ရှိပါလိမ့်မလဲလို့ မေးလိုက်တဲ့အခါကျတော့ မြတ်စွာဘုရားကတော့ ဒီအမေးမျိုးကိုမေးလည်း မမေးပါဘူး ဖြေလည်းမဖြေပါဘူးလို့ ဖြေလိုက်တယ်နော် (မှန်ပါ့)။

ဒိဋ္ဌိလေးမျိုးမေးထားတာ

မြတ်စွာဘုရားဖြေရဲ့လား (မဖြေပါဘူး ဘုရား)။ မြတ်စွာဘုရားဒီလိုတော့ ဟောလည်းမဟောပါဘူးဆိုတော့ ဒကာ ဒကာမတွေ သူတို့မေးတာက ဒိဋ္ဌိလေးမျိုးမေးထားတာ (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပထမမေးခွန်းက သဿက ဒိဋ္ဌိ၊ ဒုတိယမေးခွန်းက (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။ တတိယမေးခွန်းက ဧကစ္စသဿတဒိဋ္ဌိ တစ်စိတ်တစ်ဒေသ မြဲတယ်လို့ ယူတဲ့ဒိဋ္ဌိပေါ့ဗျာ (မှန်ပါ့)။ စတုတ္ထမေးခွန်းက အမရာဝိက္ခေပဒိဋ္ဌိနဲ့ မေးလိုက်ပါတယ်ဆိုတော့ ဒိဋ္ဌိနဲ့ချည်းမေး နေတာ (မှန်ပါ့)။ ရှင်းကြပြီလား (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါမရှိတာကို ပုဂ္ဂိုလ်သတ္တဝါလုပ်ပြီးတော့ ဒိဋ္ဌိနဲ့ချည်းမေးနေတော့ ဘုရားကဖြေပါ့မလား (မဖြေပါဘူး ဘုရား)။ အဲ မဖြေတဲ့ သံယုတ်အဗျာကတ သံယုတ်ဆိုတာလည်း ဟောထားတယ်။ ဖြေစရာမရှိလို့မဖြေတာဘဲ (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေကော ဒီအထဲမှာ ပုဂ္ဂိုလ်သတ္တဝါပါသေးသလား (မပါ,ပါဘူး ဘုရား)။ ဒီ ပစ္စုပ္ပန်ဘဝမှာလည်း မပါ အနာဂတ်မှာကော (မပါ,ပါဘူး ဘုရား)။

အဲဒီတော့ ပုဂ္ဂိုလ်သတ္တဝါ မပါဘူးဆိုတာ ဝိပဿနာမလုပ်ခင် ရှေးဦးစွာ ဆုံးဖြတ်ချက်ချထားရမယ် ဦးခင်မောင် ရေ (မှန်ပါ့)။ သဘောပါကြပြီလား (ပါ,ပါပြီ ဘုရား)။

သူ့အပေါ်အပြစ်တင်ပြီး သွားကြတယ်

အဲဒီတော့ ဒီအနုရာဓ ရဟန်းကလေးကို ဘယ်လိုထင်ကြသတုန်းဆိုတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိတွေက ဘုရား တော့ဖြင့် ဒီလိုမဟောပါဘူးလို့ သူကဖြေလိုက်တော့ ဒိဋ္ဌိတွေက သူ့အပေါ်အပြစ်တင်ပြီး သွားကြတယ်၊ ဒီရဟန်းကလေး ဟာ သင်္ကန်းဝတ်တာလည်း မကြာသေးလို့ လူငယ်ကလေးရင်လည်း ဖြစ်ပါလိမ့်မယ်၊ အသက်ကြီးလို့ရှိရင်လည်း ပညာမရှိတဲ့ ပုဂ္ဂိုလ်ရင်လည်း ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီအဓိပ္ပါယ်ကို သူမဖြေနိုင်ဘူးဆိုပြီး အပြစ်တင်ပြီး သကာလ မောင်မြတို့ ကိုထွန်းလှိုင်တို့ ပြန်သွားကြတယ် (မှန်ပါ့)။ ကဲ့ရဲ့ပြီးပြန်သွားကြတယ်ဆိုပါတော့နော် (မှန်ပါ့)။

ငယ်သေးလို့ရှိရင်လည်း လူမိုက်ကလေးပဲပေါ့လေ။ ကြီးပြန်လို့ရှိရင်လည်း ပညာဘာမှမရှိတဲ့ ပုဂ္ဂိုလ်မို့ မဖြေတာဘဲဆိုပြီး သကာလ ပြန်သွားကြတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ သူတို့ကတောင် စွဲချက်တင်ပြီး ပြန်ကြတယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ရှင်အနုရာဓ ရဟန်းကလေးကတော့ ဘုရားဒီလိုမဟောပါဘူး ဆိုတာရှင်းသားပဲ သူ့အဖြေမရှင်းဘူးလား (ရှင်းပါပြီ ဘုရား)။

ဒီအကြောင်းမျိုးနဲ့ ပတ်သက်ပြီး ဘုရားက ဒီလိုမလာပါဘူး မဖြေပါဘူးဆိုတာ အရှင်းသားပဲ။ သူကိုယ်တိုင် ဝမ်းထဲက မရှင်းတောင်ဘုရား ဒီဥစ္စာတော့ဖြင့် ဒီလိုပြောလေ့ဆိုလေ့ မရှိပါဘူးဘုရားဆိုတော့ မှန်တဲ့အဓိပ္ပာယ်ကတော့ သက်ရောက် တယ်ဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ ဒီအနုရာဓဆိုတဲ့ ကိုယ်တော်ကလေးကလည်း သူ့မှာ သံသယဝင်လာပြန်တယ်လို့ ဒကာသစ်တို့ ဦးခင်အောင် တို့မှတ်ရလိမ့်မယ် (မှန်ပါ့)။

ဪ – ဒိဋ္ဌိတွေကဖြင့် ပုစ္ဆာလေးချက်ပေးသွားတယ်၊ ဒီထက်ပိုမိုပြီး သကာလ မေးစရာတွေ လည်းရှိသေးတယ်၊ ဒီထက်ပိုမိုမေးလို့ရှိရင်ဖြင့် ငါဘယ်လိုလုပ်ပြီး ဖြေရပါ့မလဲဆိုတဲ့ သံသယသူ့စိတ်ထဲမှာ မလာဘူးလား (လာပါတယ် ဘုရား)။

သံသယဝင်လာတယ်

အဲ သံသယရှိနေတဲ့အတွက် သူကိုယ်တိုင်ဘယ်လို သံသယရှိနေသတုန်း ဆိုလို့ရှိရင် သေလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါ ရှိလေရော့သလား ပုဂ္ဂိုလ်သတ္တဝါသေရင် နိဗ္ဗာန်သွားတာပဲလား ဒီလိုသံသယမျိုးဝင်လာပါတယ်၊ (မှန်ပါ့)။ သံသယဝင်လာ တယ်၊ ပုဂ္ဂိုလ်သတ္တဝါရှိတဲ့ ဒိဋ္ဌိယောင်ကလေးလည်း ဝင်မလာဘူးလား (ဝင်လာပါတယ် ဘုရား)။

ပုဂ္ဂိုလ်သတ္တဝါရှိလေရော့သလား ဆိုရာ၌ ရှိလေရော့သလားဆိုတာက ဝိစိကိစ္ဆာ။ သဘောကျပြီလား (မှန်ပါ့)။ ပုဂ္ဂိုလ်သတ္တဝါသေလို့ရှိရင် နိဗ္ဗာန်သွားတဲ့ ပုဂ္ဂိုလ်များ ရှိလေသလားလို့မေးတာက ပုဂ္ဂိုလ်ဖြစ်လာတဲ့အတွက် ဒိဋ္ဌိကလည်း ရှိတယ် (မှန်ပါ့)။

ဒါဖြင့် အနုရာဓမှာ ဘာရှိနေတယ်ဆိုတာ ပေါ်ရော့ပေါ့ (ပေါ်ပါပြီ ဘုရား)။ ဘာပေါ်လာသတုန်း (ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ ရှိနေပါတယ် ဘုရား)။

အဲဒီအနုရာဓ ဝတ္ထုခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ထေရဝဂ်မှာ ပါ,ပါတယ် (မှန်ပါ့)။ ဒါဖြင့် ဒီရဟန်းကလေးမှာကိုက ဒိဋ္ဌိဝိစိကိစ္ဆာ မကင်းဘူး (မှန်ပါ့)။

ဒကာ ဒကာမတွေ ဘယ်လိုမှတ်ကြမယ် (ဒိဋ္ဌိဝိစိကိစ္ဆာမကင်းသေးပါဘူး ဘုရား)။ အနုရာဓရဟန်းကလေးမှာ ကိုက ဒိဋ္ဌိဝိစိကိစ္ဆာမကင်းသေးဘူး (မှန်ပါ့)။ သတ္တဝါရှိလေရော့လားဆိုတော့ ဦးခင်မောင် ဒါဟာ ဘာသံထွက်လာပါလိမ့် (ဝိစိကိစ္ဆာသံပါ ဘုရား)။ သတ္တဝါသေလို့ရှိရင် နိဗ္ဗာန်များ သွားလေသလားဆိုတာကတော့ ဘာသံထွက်လာသတုန်း (ဒိဋ္ဌိသံပါ ဘုရား)။ ၁နံပါတ်က ဝိစိကိစ္ဆာသံ ၂နံပါတ်က ဒိဋ္ဌိသံ သူ့ဝမ်းထဲမရှင်းဘဲ အဓိပ္ပါယ် ထွက်မလာဘူးလား (ထွက်လာပါတယ် ဘုရား)။

ဘုရားဆီသွားတယ်

ကိုင်း ဒီလိုနေလို့တော့မဖြစ်သေးဘူးဆိုပြီး သကာလ မောင်ထွန်းလှိုင်ရေ ဘုရားဆီသွားတယ်။ ဘုရားဆီကို ရောက်တော့ လျှောက်တယ်။ အရှင်ဘုရား တပည့်တော် သက်ငယ်မိုးကျောင်းထဲသို့ ဒိဋ္ဌိတွေဝင်လာပြီး သတ္တဝါသေရင် ဖြစ်သေးသလား သတ္တဝါသေရင် မဖြစ်တော့ဘူးလား သတ္တဝါသေရင် ဖြစ်တာလည်းရှိ မဖြစ်တာလည်းရှိသလား သတ္တဝါသေရင်ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်ဆိုတဲ့ ပုစ္ဆာလေးချက်ကို မေးပါတယ်ဘုရား တပည့်တော် က ဘုရားတော့ ဒီလိုမဟောပါဘူးလို့ ဖြေလိုက်တယ်။ ဖြေလိုက်ငြားသော်လည်း တပည့်တော်မှာ သူတို့က ဒီထက်ပုစ္ဆာတွေ ထပ်ပြီးမေးမယ်ဆိုလို့ရှိရင် တရားတော်ဖြေဖို့ရာ ဘုရားအလိုတော်ကျ မဖြစ်မှာ အင်မတန်စိုးရိမ်ပါတယ်။

ဒကာ ဒကာမတို့ နောက်ထပ်မေးလို့ ဖြေရလို့ရှိရင် ဘုရားအလိုတော် မကျလို့ရှိရင် သူ့မှာ အင်မတန်ခက်ပါ လိမ့်မယ်ဆိုတာ ဘုရားကို သွားလျှောက်တယ် (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေ သွားလျှောက်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဤရဟန်းကလေးဟာ သူ့အယူကိုပဲ သူသံသယရှိပြီး သကာလ နားမလည်ဘဲ ဖြစ်နေတယ်။ သူကိုယ်တိုင်က ဒိဋ္ဌိဝိစိကိစ္ဆာမကွာဘဲ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ် ဘုရားကသိမြင်တော်မူပါတယ် (မှန်ပါ့)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူကိုယ်တိုင်က ဘာဖြစ်နေသတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာမကွာဘဲ ဖြစ်နေပါတယ် ဘုရား)။ ဒိဋ္ဌိဝိစိကိစ္ဆာကွာမှ သောတာပန်ဖြစ်ရမှာကိုး ဒကာ ဒကာမတို့ (မှန်ပါ့)။

သူ့အပြစ်သူမသိရှာဘူးတဲ့

သူကိုယ်တိုင်က သူယူထားတဲ့အယူကို သူ့အပြစ်သူမသိရှာဘူးတဲ့ (မှန်ပါ့)။ သူယူထားတာက ကြည့်ပါလား သတ္တဝါသေရင်ဖြစ်များဖြစ်လေသလား သတ္တဝါပဲရှိလေရော့လား ၁နံပါတ်မလာဘူးလား (လာပါတယ် ဘုရား)။ သူ့အယူ ကိုက အပြစ်သင့်နေပြီ (မှန်ပါ့)။

သတ္တဝါရှိလေရော့လားဆိုကတည်းက ဝိစိကိစ္ဆာ မလာသေးဘူးလား (လာပါတယ် ဘုရား)။ သတ္တဝါသေရင် နိဗ္ဗာန်သွားလေရော့လားဆိုတော့ သတ္တဝါရှိတဲ့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ သူကိုယ်တိုင် က ဝိစိကိစ္ဆာနဲ့ ဒိဋ္ဌိပြုတ်ပါရဲ့လား (မပြုတ်ပါဘူး ဘုရား)။

အဲဒါကြောင့် အယံဘိက္ခု အတ္တနော လဒ္ဓိယံ ဒေါသံ နဇာနာတိတဲ့ (မှန်ပါ့)။ အယံဘိက္ခု ဤအနုရာဓဆိုတဲ့ ရဟန်းကလေးသည် အတ္တနော မိမိ၏လဒ္ဓိယံ အယူ၌။ ဒေါသံ အပြစ်ကို။ နဇာနာ တိ မသိ (မှန်ပါ့)။ သူယူထားတဲ့အပြစ်ကို သူမသိရှာဘဲ ဖြစ်နေလို့ ငါ့ဆီလာမေးတာကိုးလို့ ဘုရားက သိရှိတော်မူတယ်။ သဘောပါလား (ပါ,ပါပြီ ဘုရား)။

သူယူထားတဲ့ အယူကိုက ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ရဲ့လား (မပြုတ်ပါဘူး ဘုရား)။ အဲဒါကြောင့် ငါ့ဆီလာလားတဲ့ဥစ္စာ သူကအပြစ်ကို သူမသိလို့ လာမေးတဲ့အဓိပ္ပါယ်ပဲ (မှန်ပါ့)။

ဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတို့ တိပရိဝဋ္ဋဒေသနာ ဟောတော်မူပြန်တယ် (မှန်ပါ့)။ တိပရိဝဋ္ဋဒေသနာ ဆိုတာက ဒကာ ဒကာမတို့ အနိစ္စဒုက္ခအနတ္တပါတဲ့ နော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓ ရဟန်းကလေးကိုယ်တိုင်က ဝိစိကိစ္ဆာကလည်း မပြုတ်သေး ဒိဋ္ဌိကလည်း မပြုတ်သေးပါလားလို့ သိမြင်တော်မူတယ် (မှန်ပါ့)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အနုရာဓရဟန်းကလေးကိုက ဘာတဲ့ (ဒိဋ္ဌိဝိစိကိစ္ဆာမပြုတ်သေးပါဘူး ဘုရား)။ သူ ဝိပဿာနာသာလုပ်နေတယ် ဒိဋ္ဌိဝိစိကိစ္ဆာက မပြုတ်သေးဘဲ ဖြစ်နေတယ်ဆိုတာ ဘုရားက သိရှိတော်မူတယ်နော် (မှန်ပါ့)။

ဒိဋ္ဌိဖြုတ်မှုရှေ့ထားပါ

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမရှေ့ပိုင်းက ဒိဋ္ဌိဖြုတ်ထားတာကို နားလည်မှ ဝိပဿနာနောက်က လိုက်ပြီးရှုကြပါ (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရှေ့ပိုင်းကပြထားတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်ကလေးတွေသိတော့မှ ဒီဖြစ်စဉ်ကလေးတွေကို စိတ်ဖြစ်လာလို့ရိရင် စိတ်အနိစ္စ ဝေဒနာဖြစ်လာလို့ရှိရင် ဝေဒနာအနိစ္စသညာ ဖြစ်လာလို့ရှိရင် သညာအနိစ္စဆိုတဲ့ စိတ္တာနုပဿနာတို့ ဝေဒနာနုပဿနာတို့ ဓမ္မာနုပဿနာတို့ဆိုတာ ဒိဋ္ဌိပြုတ်ပြီး ဉာဏ်ထဲကနေပြီး သကာလ နာမ်ရုပ်တွေသိပြီး ဝိစိကိစ္ဆာတွေ ရှင်းတဲ့အခါကျတော့မှ ဝိပဿနာရှုရမှာ။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာကို ရှေ့ထားရှုရမှာလား ဒိဋ္ဌိဝိစိကိစ္ဆာကို အသိဉာဏ်နဲ့ဖြုတ်ပြီးတော့မှ ရှုရမှာလား (ဝိစိကိစ္ဆာကို အသိဉာဏ်နဲ့ဖြုတ်ပြီးမှ ရှုရမှာပါ ဘုရား)။ အသိဉာဏ်နဲ့ ဖြုတ်ပြီးတော့ရှုရမှာ။ နောက်ကျတော့မှ မဂ်ကဖြုတ်ပေးမှာကိုး (မှန်ပါ့)။ ဒါမဖြုတ်ဘဲနဲ့ ရှုနေလို့ရှိရင် ဒကာ ဒကာမတို့ မရဘူးနော် (မှန်ပါ့) နောက်တရားပွဲတာရှည်လာလို့ရှိရင် မရတဲ့ ဝတ္ထုတွေထုတ်လာပါလိမ့်မယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် အနုရာဓရဟန်းကလေးမှာ ဘာရှိနေသတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာ ရှိနေပါတယ် ဘုရား)။

သူတွေးပုံကလေး ကြည့်စမ်းပါတဲ့ ဒကာ ဒကာမတို့ သူ့သန္တာန်ရှိ မရှိ အကဲခတ်ကြည့်တော့ အခု အဋ္ဌကထာ ဆရာမိန့်တဲ့ပါဠိလည်း ဘုန်းကြီးရွတ်ပြီးပါပြီ။ ဒီရဟန်းကလေးသည်ကားလို့ ဆိုလို့ရှိရင် သူသင့်နေတဲ့ အပြစ်ကို သူမသိဘူး တဲ့။

သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာရှိနေတယ်ဆိုတဲ့အပြစ်ကို သူ့မှာရှိနေလျက်နဲ့ သူ့ဟာသူ မသိရှာဘူး (မှန်ပါ့)။ မသိလို့ပေါ့ ဘုရားသွားလျှောက်တာ ဒကာ ဒကာမတွေ ကြားခဲ့တဲ့အတိုင်း အရှင်ဘုရားတဲ့ တပည့်တော်ကို ဒိဋ္ဌိတွေက ပုစ္ဆာလေးချက် မေးပါတယ်။ ဒီထက်ပိုမေးလို့ရှိရင် တပည့်တော် အဖြေတွေလွဲလို့ရှိရင် ဘုရားကို စွပ်စွဲရာရောက်တော့မယ်။

ရှေ့ကိုမေးရင် ခက်ချေရဲ့

ဒါ့ကြောင့် ရှေ့ကိုဘယ်လိုဖြေရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး တပည့်တော်မသိဘဲဖြစ်နေလို့ ဒိဋ္ဌိတွေမေးတာကို လာပြီးလျှောက်ထားခြင်း ဖြစ်ပါတယ်ဆိုတော့ သူက ရှေ့ကိုမေးရင် ခက်ချေရဲ့ဆိုတော့ ဦးခင်မောင်တို့ သိတဲ့အတိုင်းပဲတဲ့ သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာပြုတ် တဲ့ ဉာဏ်နဲ့ ဝမ်းထဲမှာရှင်းပြီးသားလို့ ဆိုလို့ရရဲ့လား (မရပါဘူး ဘုရား)။ သူ့မှာ မရှင်းသေးဘဲနဲ့ ငြိလုံးရှိတယ်ဆိုတာ မောင်ထွန်းလှိုင်တို့ ပေါ်ပြီလား(ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာ၏ ယခုဖြစ်စဉ် ဖြစ်စဉ်ကလေးတွေကို သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ စသည်ဖြင့် စိတ်ပေါ်နေတာကို စိတ်ပေါ်တယ်လို့ သိအောင်လုပ်ပါတဲ့။ ပုဂ္ဂိုလ်သတ္တဝါပေါ်တယ်လို့ထင်မှာ ဘုရားက အင်မတန်စိုးရိမ်တယ် (မျန်ပါ့)။

သုခံဝါ ဝေဒနံ ဝေဒိယမာနော သုခံ ဝေဒနံ ဝေဒိယာ မီတိပဇာနတိ စသည်ဖြင့် ဘုရားက သတိပဋ္ဌာန် ပါဠိတော်ကြီးမှာ ဟောထားပြန်တော့ ဝေဒနာပေါ်တာကို ဝေဒနာပေါ်တယ်လို့ သိကြကွနော် (မှန်ပါ့)။ သမုဒယဓမ္မာ နုပဿိဝါ ဝေဒနာသု ဝိဟရဟိ ဝယဓမ္မာနုပဿီဝါ ဝေဒနာသုဝိဟရတိ ဆိုတာက ဒီဝေဒနာ ကလေးတွေဖြစ်တယ် ပျက်တယ်လို့ သိပေးပါဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ပျောက်အောင်လို့ကိုဘဲ သိပဋ္ဌာန်လေးပါး မထားဘူး လား (ထားပါတယ် ဘုရား)။

ကဲ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ နောက်က ဒကာ ဒကာမတွေကော ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။ ရှင်းမှ ရှင်းမှနော် (မှန်ပါ့)။

သောတာပတ္တိမဂ် ရချင်လို့ရှိရင် ဒိဋ္ဌိဝိစိကိစ္ဆာ ဖြုတ်ရမှာ

ဒါက သောတာပတ္တိမဂ် ရချင်လို့ရှိရင် ရှေးဦးစွာ ဒိဋ္ဌိဝိစိကိစ္ဆာ ဖြုတ်ရမှာဖြစ်နေတော့ ဒကာ ဒကာမတို့ ဒါကလေး ဟာ အကြောင်းတရားကလေး စက္ခုဝိညာဏ်မြင်စိတ်ကလေး မဖြစ်လားဗျာ (ဖြစ်ပါတယ် ဘုရား)။ မြင်စိတ်ဟာမြင်စိတ်ပဲ ဒကာ ဒကာမတို့ ပုဂ္ဂိုလ်သတ္တဝါဟုတ်ရဲ့လား (မဟုတ်ပါဘူး ဘုရား)။ ဒီကတည်းကိုက သတ္တဝါဟုတ်သေးရဲ့လား (မဟုတ်ပါ ဘူး ဘုရား)။

တစ်ခါမြင်စိတ် ချုပ်သွားတဲ့အခါကျတော့ တိဏ္ဏံ သင်္ဂတီတိ ဖဿော၊ ဖဿပစ္စယာဝေဒနာဆိုပြီး သကာလ တိဏ္ဏံသင်္ဂတိ ဖဿောဆိုတော့ ဖဿကလေးပဲ ပေါ်လာတယ်ထားပါတော့ သဟဇာတအဖြစ်နဲ့ (မှန်ပါ့)။ ပေါ်လာတဲ့ ဖဿကလေးဟာလည်း ပုဂ္ဂိုလ်သတ္တဝါလား ဖဿလား (ဖဿပါ ဘုရား)။ အလိုလိုပေါ်လာတာလား အကြောင်းကြောင့် ပေါ်တာလား (အကြောင်းကြောင့်ပေါ်တာပါ ဘုရား)။ ဒါဖြင့် အကြောင်းကြောင့်ပေါ်တဲ့ အကျိုးဖဿလို့ သိလိုက်သဖြင့် လည်း ဝိစိကိစ္ဆာသေသွားတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အကြောင်းကြောင့်ပေါ်တဲ့ အကျိုးကိုသိရင်ကော (ဝိစိကိစ္ဆာသေပါတယ် ဘုရား)။ အကြောင်းထဲမှာလည်း ပုဂ္ဂိုလ်သတ္တဝါ မပါ,ပါဘူး။ အကျိုးထဲမှာကော (မပါ,ပါဘူး ဘုရား)။ ဒီလိုသိထားပြန်တော့လည်း ဒိဋ္ဌိကကပ်သေးရဲ့လား (မကပ်ပါဘူး ဘုရား)။

ဒါ့ကြောင့် ရှေ့ပိုင်းက သုံးရက်တိုင်တိုင် ဒကာ ဒကာမတွေ ရှင်းပြီလား လင်းပြီးသားဖြစ်အောင် ပြောထားပါ တယ် (မှန်ပါ့)။ ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာ ဖြုတ်တဲ့တရား ဟောရလိမ့်ဦးမယ်

ကိုင်း ဒါဖြင့် နေရာကျပါပြီ ဒကာ ဒကာမတို့။ ဒါနဲ့ အနုရာဓက သွားပြီးလျှောက်ထားတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓရဟန်းကိုက သူယူထားတဲ့ သူ့ဝမ်းထဲမှာ သင့်နေတဲ့အပြစ်ကို သူမသိဘဲ ဖြစ်ပြီး သကာလ နေတယ်ဆိုပြီး သကာလ သူ့ကိုလည်း ဒိဋ္ဌိဝိစိကိစ္ဆာ ဖြုတ်တဲ့တရား ဟောရလိမ့်ဦးမယ် (မှန်ပါ့)။

သူသွားမေးတာနဲ့ သူ့ကို ဘုရားက ဒိဋ္ဌိဖြုတ်တဲ့တရားထပ်ဟောရပြန်တယ် (မှန်ပါ့)။ သူက သွားမေးတာက ဒီပုစ္ဆာလေးချက်ရဲ့အဆက်ကို မေးလို့ရှိရင် ဘယ်လိုဖြေရမှာတုန်းဆိုတဲ့အဓိပ္ပာယ်ကို ဖြေပေးစေချင်တဲ့ စိတ်ထားနဲ့ ဖြေဖို့ရာ ရမလားလို့သွားလိုက်တာပါပဲ (မှန်ပါ့)။ သွားလိုက်တော့သူ့ကို ဘုရားက ဘယ်လိုအကဲခတ်လိုက်သတုန်း (သူကိုယ်တိုင် ဒိဋ္ဌိဝိစိကိစ္ဆာမပြုတ်သေးပါဘူး ဘုရား)။

ဒါကြောင့် ဒီ့ထက်ထပ်မေးရင် ဘယ့်နှယ့်လုပ်မလဲဆိုတဲ့ ဝိစိကိစ္ဆာ မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒီတော့ ဒကာ ဒကာမတို့ သူ့ကိုပဲ ဘုရားက တရားဟောရလိမ့်ဦးမယ် (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ကို တရားဟောရဦးမှာတုံး (အနုရာဓကို ဟောရမှာပါ)။ ဒိဋ္ဌိတွေကို အဖြေမပေးသေးပါဘူး ဒကာ ဒကာမတို့ သူ့ကို ဘာလုပ်ရဦးမှာတုန်း (တရားဟောရဦးမှာပါ ဘုရား)။ အဲ လူမမာရှိလို့ ဆရာအခေါ်လာတဲ့ လူကိုပဲ အရင်ကုရဦးမလို့ဖြစ်နေတာ (မှန်ပါ့)။

လာခေါ်တဲ့သူမှာလည်း ရှင်းရှင်းလင်းလင်းလား ရောဂါဝေဒနာက (မရှင်းပါဘူး ဘုရား)။ ဒါဖြင့် သူလည်းကု နောက်လူလည်းကုဆိုတဲ့ အဓိပ္ပာယ်မျိုး မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒီမှာလည်း သူကမသိလို့လာပြီးမေးတဲ့ အဓိပ္ပာယ်သည်ပင်လျှင် သူကိုယ်တိုင်က ဝေဒနာသည်ကြီး ဖြစ်နေသေး တာ ဘုရားက သိမြင်တော်မူတော့ သူ့ကို အရင်ကုဦးမှတော်မယ် (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့ရဟန်းကိုက သူ့သင့်နေတဲ့အပြစ်ကို သူမသိဘဲဖြစ်ပြီး သကာလ နေတာ သူ့ပဲကုသဦးမှပဲဆိုပြီး တိပရိဝဋ္ဋဒေသနာဆိုတဲ့ဥစ္စာ သေသေချာချာဟောပါတယ်။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

စက္ခုဝိညာဏံ အနိစ္စံ

သူ့ဟောဆိုတဲ့တရားကို ဒကာ ဒကာမတွေကို သုံးလေးရက်ဟောထားတာ ရှင်းပြီးသားဖြစ်နေတော့ ဒကာ ဒကာမ တို့ ဒါတွေဟာ ခန္ဓာတွေပဲ မဟုတ်လား (မှန်ပါ့)။ ဥပမာမယ် ဒါ ဝိညာဏက္ခန္ဓာထားပါတော့။ စက္ခုဝိညာဏံ အနိစ္စံပဲ မဟုတ်လား။ စက္ခုဝိညာဏံ မြင်မှုစက္ခုဝိညာဏ်သည် အနိစ္စံဖြစ်ပြီး ပျက်တဲ့တရားပဲလို့ဆိုရင် လွဲပေါ့မလား (မလွဲပါဘူး ဘုရား)။

ခန္ဓာငါးပါးထဲကဟာတွေ ဒကာ ဒကာမတွေ အကုန်ဟောဖို့ပါဘဲ။ အကုန်ဟောဖို့ ဖြစ်လင့်ကစား ဒကာ ဒကာမ တွေ ရှေ့မှာတန်းထားတာကိုပဲ ရှင်းပြီးပြပါ့မယ် (မှန်ပါ့)။ တစ်ခုသိလို့ရှိရင်လည်း ဦးခင်မောင် အကုန်အတူတူ ပေါ့ဗျာ (မှန်ပါ့)။

ဟောဒီဝိညာဏ်စိတ်ကလေးဟာ ဒကာ ဒကာမတို့ပဲ အကဲခတ်ကြည့်ပါ အနိစ္စလား၊ နိစ္စလား (အနိစ္စပါ ဘုရား)။ မြင်ပြီးဘာဖြစ်သွားတုန်း (ပျက်သွားပါတယ် ဘုရား)။ ဪ မြင်ပြီးပျက်တာပဲ မျက်လုံးထဲမှာပေါ်ပြီး မျက်လုံးထဲမှာ ပျက်တာဘဲ ဒီပြင်နေရာများ ရွှေ့သေးသလား (မရွှေ့ပါဘူး ဘုရား)။

အဲဒီအနိစ္စဖြစ်တဲ့ တရားကလေးကို ဒုက္ခလား သုခလားလို့ မေးလိုက်တော့ ဒကာ ဒကာမတွေ ဘယ့်နှယ့်ဖြေမလဲ (ဒုက္ခပါ ဘုရား)။ ကြည့်လေ ဒုက္ခသစ္စာတွေချည်းပဲ။ မဟုတ်ဘူးလား (မှန်ပါ့)။ ဒီ့ပြင်ဘာဖြစ်သေးသတုန်း (ဘာမှမဖြစ်ပါဘူး ဘုရား)။

ဒီတရားကလေးဟာ အနိစ္စဆိုရင်လည်း ဟုတ်တာဘဲ ဒုက္ခလည်းဖြစ်တာပဲ။ အဲဒီအနိစ္စဒုက္ခဖြစ်တဲ့ ဒီဝိညာဏ် ကလေးဟာ ဒကာ ဒကာမတွေက တွေးကြစမ်းပါ ဧတံမမ ဧသောဟမသ္မိ ဧသောမေ အတ္တာဆိုတဲ့ဥစ္စာ မြန်မာလိုပြန်လိုက် တော့ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး ဘုရား)။

ဒါဖြင့် ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာဆိုတဲ့ ဥစ္စာနဂိုက ကိုက မောင်ထွန်းလှိုင်တို့ မပါဘူး (မှန်ပါ)။ ပါကြရဲ့လား (မပါ,ပါဘူး ဘုရား)။ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုလို့ကောရရဲ့ လား (မရပါဘူး ဘုရား)။

ငါ့ကို ငါ့ဟာ ငါ့ဥစ္စာမဟုတ်တဲ့တရား

ဪ ဒါဖြင့် ဒီတရားကလေးဟာ အနိစ္စတရား ဒုက္ခတရား အနတ္တတရား ငါ့ကို ငါ့ဟာ ငါ့ဥစ္စာမဟုတ်တဲ့တရား။ သဘောကျပြီလား (မှန်ပါ့)။

ဒီတရားကလေးဟာ ဘာတရားတဲ့တုန်း (ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာမဟုတ်တဲ့တရားပါ ဘုရား)။ အနိစ္စတရားဆိုရင် လည်း ဟုတ်တယ်နော် (မှန်ပါ့)။ ဒုက္ခတရားဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ မဟုတ်တဲ့တရား ကော (ဟုတ်ပါတယ် ဘုရား)။ ဒါဖြင့် အနိစ္စဒုက္ခအနတ္တတရားကလေးဘဲ (မှန်ပါ့)။

အဲဒါကို ဒကာ ဒကာမတွေက ကိုယ့်မြင်စိတ်ကလေးပေါ်တိုင်း ပေါ်တိုင်း ဒါကလေးဟာ ဖြစ်ပျက်အနိစ္စပဲ ဖြစ်ပျက်ဒုက္ခပဲဖြစ်ပျက် အနတ္တပဲ ဖြစ်ပျက် ဒုက္ခသစ္စာပဲလို့ ခင်ဗျားတို့မြင်တဲ့အခါ မြင်စိတ်ကို ရှုပေးပေါ့ဗျာ။ (မှန်ပါ့)။

ကဲ တစ်ခါ ဒီတရားကလေးကိုက အနိစ္စ ဒုက္ခ အနတ္တတရားကလေးဖြစ်နေတာ သူကဖြစ်စေတဲ့ ဥပမာမယ့် သူနဲ့ပတ်သက်ပြီး အတူတကွဖြစ်တဲ့ စက္ခုဝိညာဏ်ဖဿ ဆိုပါတော့ ဖဿဆိုတာ သင်္ခါရက္ခန္ဓာဖြစ်သွားပြီ၊ အဲဒီ သင်္ခါရက္ခန္ဓာ ဖြစ်သွားတော့ ဒီသင်္ခါရက္ခန္ဓာကလေးဟာလည်း ဦးခင်မောင် အနိစ္စလား နိစ္စလား (အနိစ္စပါဘဲ ဘုရား)။ အဲဒီအနိစ္စ ဖြစ်တဲ့တရားကို ဒုက္ခလို့ဆိုကြမလား သုခလို့ဆိုကြမလား (ဒုက္ခပါ ဘုရား)။ အဲဒီအနိစ္စဒုက္ခဖြစ်တဲ့ ဖဿကလေးကို ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)။ မဆိုနိုင်ရင် အနတ္တဘဲ (မှန်ပါ့)။

ဒါဖြင့် ဒီတရားတွေ ပေါ်လာသည့် အနိစ္စ ဒုက္ခ အနတ္တချည်းဘဲ (မှန်ပါ့)။ ဒီဘက်ကပေါ်လာတာကော (အနိစ္စဒုက္ခ အနတ္တပါ ဘုရား)။ ဒီဘက်က ပေါ်လာတာကော (အနိစ္စ ဒုက္ခ အနတ္တပါ ဘုရား)။ ဒီဘက်ပေါ်တာကော (အနိစ္စ ဒုက္ခ အနတ္တပါ ဘုရား)။ ဒီဘက်က ပဋိသန္ဓေစိတ်ကလေးဟာကော (အနိစ္စ ဒုက္ခ အနတ္တပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မပါဘူး (မပါ,ပါဘူး ဘုရား)။

စိတ္တာနုပဿနာရှုရင် ပိုကောင်းတယ်

ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ပုထုဇဉ်သန္တာန်မှာ တစ်နေ့ကပြောခဲ့တယ် တိဟိတ်ဖြစ်ခဲ့လို့ရှိရင် ၄၅ပါး သောစိတ်ပဲရှိမယ် ဒွိဟိတ်ဖြစ်ရင် ၃၇ပါးရှိမယ်။ အဲဒါတွေထဲက ပေါ်ရာကိုရှုပါလို့ပြောထားတော့ ခင်ဗျားတို့ သန္တာန်ပေါ် ရာကိုရှု (မှန်ပါ့)။

သို့သော် သမ္မောအဋ္ဌကထာစသည်မှာ ပြထားတာကတော့ စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး စွဲလမ်းတယ်ဆိုခြင်း ကြောင့် စိတ္တာနုပဿနာရှုရင် ပိုကောင်းတယ်၊ ဒိဋ္ဌိပြုတ်ပြီး သောတာပန်တည်လွယ်နိုင်တယ်။ (မှန်ပါ့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိက ဘယ်သူ့အပေါ်မှာသာပြီး များပါလိမ့် (စိတ်အပေါ်မှာ သာပြီးများပါတယ်) စိတ်ပေါ်မှာ သာပြီးများတဲ့ အတွက် ဒကာ ဒကာမတို့ ဘယ်စိတ်လာလာ စားချင်တဲ့စိတ်လာရင်လည်း ဖြစ်ပျက်ရှုပါ။ အိပ်ချင်တဲ့စိတ်လာရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ပျံ့လွင့်တဲ့စိတ်လာရင်လည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ အကုန်ရှုရမယ် မဟုတ်လား (မှန်ပါ့)။

အေး ယုတ်စွအဆုံး ဒကာ ဒကာမတို့ ကျင်ကြီးကျင်ငယ် စွန့်ချင်တဲ့စိတ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ သွားချင်တဲ့စိတ်ကလေးလာရင်ကော (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ သူ့နေရာနဲ့သူ စိတ်ကလေးက ဟဒယဝတ္ထုပေါ်မှာ ပေါ်တဲ့စိတ်ဖြင့် ဟဒယဝတ္ထုပေါ် ဉာဏ်တည်ပြီးရှု၊ မျက်လုံးထဲပေါ်တဲ့စိတ်ဖြင့် မျက်လုံးထဲဉာဏ်တည်ရှုပေါ့ဗျာ (မှန်ပါ့)။

ဝမ်းသာတဲ့စိတ်ကလေး လာပြီဗျာ၊ ဘယ့်နှယ့်လုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ ဝမ်းနည်းတဲ့စိတ်က လေးလာပြီဗျာ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အကုန်ဖြစ်ပျက် ရှုရမယ်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီစိတ်တွေ အပေါ်လည်း အကုန်ဒိဋ္ဌိပြုတ်ရမယ် ဆိုတော့ ဖြစ်ပြီးပျက်တာတွေ ရှုနေတော့ ဒကာ ဒကာမတို့ နဂိုကလည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်လို့ ဖြစ်ပျက်အနိစ္စဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ဖြစ်ပျက်ဒုက္ခပဲဆိုရင်ကော (သေချာပါတယ် ဘုရား)။ ဖြစ်ပျက်သည်ကားလို့ဆိုရင် ငါ့ကိုယ်ငါ့ဟာငါ့ဥစ္စာမဟုတ်တဲ့ အနတ္တာပဲလို့ဆိုရင်ကော (သေချာပါတယ် ဘုရား)။

အတွင်းဧည့်သည်စိတ် အ​ပြင်ဧည့်သည်စိတ် အိမ်သည်စိတ်

အဲဒီကဲ့သို့ သေချာပြီး သကာလ နေတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ် ကြီးကလည်း ဟောတော်မူတယ် သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ သမောဟစိတ္တံ သမောဟစိတ္တန္တိ စသည်ဖြင့် စိတ်တွေထဲက ပေါ်ရာစိတ်ကို ရှုပါကွာဆိုပြီး သကာလ ဒကာ ဒကာမတွေရှုလိုက်လို့ရှိရင် ဒကာ ဒကာမတွေ ရှေ့ပိုင်းက ဧည့်သည်စိတ်က ဘယ်နှစ်ခုပါလိမ့် (ငါးခုပါ ဘုရား)။

အတွင်းဧည့်သည်စိတ်က (ငါးခုပါ ဘုရား)။ အိမ်သည်စိတ်က (နှစ်ခုပါ ဘုရား)။ အဲဒါပေါ်ရာကိုရှု အပြင်ဧည့်သည်မရှိလို့ရှိရင်လည်း အတွင်းဧည့်သည်ရှုပေါ့ (မှန်ပါ့)။ အပြင်ဧည့်သည်ပေါ်ရင်လည်း (အပြင်ဧည့်သည်ရှုရပါမယ် ဘုရား)။ အိမ်သည်နှစ်ခု တစ်ခုခုပေါ်နေရင်ကော (ရှုရမှာပါ ဘဲ ဘုရား)။

အဲဒီကဲ့သို့ တစ်နေ့ကလည်း ပြောခဲ့တယ် အတွင်းဧည့်သည် အပြင်ဧည့်သည် အိမ်သည်ရယ်လို့ဆိုပြီး သကာလ မဂ္ဂင်ငါးပါးနဲ့ရှုပေးကြစမ်းပါ။ ရှုပေးတဲ့အခါကျတော့ ဖြစ်တာနဲ့ ပျက်တာပဲ တွေ့မှာပါပဲ (မှန်ပါ့)။

ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ပါမယ်

ဘာတွေ့ကြမယ် (ဖြစ်တာနဲ့ ပျက်တာပဲ တွေ့ပါမယ် ဘုရား)။ ဖြစ်တာနဲ့ပျက်တာသည် ‘ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ’ ဆိုတဲ့အတိုင်း ဟုတွာဖြစ်ပြီး၍ သဘာဝဋ္ဌေန ဤနေရာ၌ မရှိခြင်းဟူသော အနက်ကြောင့် အနိစ္စ အနိစ္စမည်၏ ဆိုသဖြင့် ဒကာ ဒကာမတို့ ဖြစ်ပြီးပျက်သွားတဲ့ တရားဟာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ အဲဒါ မရှိတာက ဘယ့်နှယ့် ခေါ်ကြမလဲ (အနိစ္စပါ ဘုရား)။ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)။ အဲ ဝိပဿနာမဂ် သေသေချာချာဖြစ်သွားတော့ ဝိပဿနာမဂ် မရဘဲနဲ့လည်း ဦးခင်မောင် လောကုတ္တရာမဂ်မရနိုင်ဘူး (မရနိုင်ပါဘူး ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဝိပဿနာမဂ်ရင့်သန်လာပြန်တော့လည်း လောကုတ္တရာမဂ်ဖြစ်သွားတာပဲ (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့တာဝန်က မဂ်ရပါလို၏လို့ ဆုတောင်းရမည့်အလုပ်ကို အသာချိတ်ထားပြီး ဝိပဿနာမဂ်ကို ကိုယ်တိုင်ကြိုးစားပါ (မှန်ပါ့)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ကြရမယ် (ဝိပဿနာမဂ်ကို ကြိုးစားရပါမယ် ဘုရား)။ ဝိပဿနာမဂ်ကိုယ်တိုင် ကြိုးစားလို့ ဝိပဿနာ မဂ် ရင့်လာလို့ရှိရင် လောကုတ္တရာမဂ်ဖြစ်မယ် (မှန်ပါ့)။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။ ဒါကြောင့် ဪ တို့အလုပ်က ရှုဖို့အလုပ်ပဲ (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေအလုပ်က ဘယ်စိတ်ပေါ်လာလာ ကိုယ်ပေါ်မှာ ယားတဲ့စိတ်ပေါ်လာလဲ ယားတဲ့ နေရာကလေးဖြစ်ပျက်ရှုပေါ့ဗျာ။ နာတဲ့စိတ်ပေါ်လာရင် (နာတဲ့စိတ်ဖြစ်ပျက်ရှုရပါတယ် ဘုရား)။ ဝမ်းထဲမှာ ဝမ်းသာတဲ့ စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်သာရှုကြ

စိတ်မချမ်းသာတာကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ သံသယစိတ်ကလေးပေါ်လာလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ စိတ်က ဟိုပြေးဒီပြေး ဥဒ္ဓစ္စကလေးပေါ် လာလည်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ အကုန်ဖြစ်ပျက်ရှု ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုရမှာချည်းပဲ။ ကိုယ်သန္တာန် ထင်ထင်ရှားရှား ပေါ်လာတာဟူသ၍ ဖြစ်ပျက်သာရှုကြ။ ဖြစ်ပြီးပျက်တဲ့ တရားပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဖြစ်ပျက်ကို ဟောလိုက်တော့ အနုရာဓက ခန္ဓာငါးပါးစလုံးကို ဦးခင်မောင်ရေ ဖြစ်ပျက်တွေဘုရားက ဟောလိုက်တော့ သူသဘောကျ ဉာဏ်သက်ဝင်သွားတယ် (မှန်ပါ့)။ သဘောကျသွားပြီ ဪ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာ နဂိုရ်ကမပါဘူး (မှန်ပါ့)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ (ပုဂ္ဂိုလ်သတ္တဝါနဂိုက မပါ,ပါဘူး ဘုရား)။ အနိစ္စဒုက္ခအနတ္တသာရှိတယ် (မှန်ပါ့)။

အနိစ္စ ဒုက္ခအနတ္တသာရှိတယ်ဆိုတာ သူကျေကျေနပ်နပ် သဘောကျသွားတယ်။ အဲဒီသဘောကျသွားတော့မှ သူ့ကိုပဲ တစ်ခါ ဦးခင်မောင် ပြန်ပြီးစစ်ပြန်တယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ကို သူ့ဆက်လက်ပြီး စစ်ပုံ ကလေးပြမယ် (မှန်ပါ့)။

တရားနဲ့အဖြေပေးနေတယ်

အနုရာဓ ခန္ဓာငါးပါးရှိပါတယ်ကွာတဲ့။ သတ္တဝါကို စုလိုက်တော့ ခန္ဓာငါးပါးထက်ပိုပြီး ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ တရားဟောပြီး ဖြေမှရမည့်ပုဂ္ဂိုလ်ဖြစ်နေတော့ တရားနဲ့ဒိဋ္ဌိဝိစိကိစ္ဆာ သတ်ပေးရမည့် ပုဂ္ဂိုလ်ဖြစ်နေလို့ ဘုရားက တရားနဲ့ ဖြေပေးနေတယ် ဆိုတာ ဒကာသစ်တို့ မောင်မြတို့ သေသေချာချာ မှတ်ရမယ်နော် (မှန်ပါ့)။

မောင်ထွန်းလှိုင်ဘာနဲ့ အဖြေပေးပါလိမ့် (တရားနဲ့ အဖြေပေးပါတယ် ဘုရား)။ တရားနဲ့အဖြေပေးနေတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခုနင်က အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးဟောပြီးလို့ အနုရာဓ သဘောကျသွား တော့မှ ပြန်စစ်ဆေးတယ်နော် (မှန်ပါ့)၊ အနုရာဓကို ပြန်စစ်တယ် ဒကာ,ဒကာမတို့ သေသေချာချာ မှတ်စမ်း (မှန်ပါ့)၊ အနုရာဓ ခန္ဓာငါးပါးထဲက ရုပ်အိုမင်းသည်ကားလို့ဆိုရင် သတ္တဝါဆိုမလားလို့ မေးလိုက်တယ် ဘယ့်နှယ် ဖြေကြပါမလဲ (မဆိုရပါဘူး ဘုရား) ရုပ်ကို သတ္တဝါဆိုမလားလို့ မေးလိုက်ပါတယ်။ ဒကာ,ဒကာမတွေ ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါဘူး) ရုပ်တရား၌ သတ္တဝါလို့ဆိုမလား (မဆိုရပါဘူး)။ ရုပ်မှတစ်ပါး ဒီ့ပြင်တရားကိုပဲ သတ္တဝါလို့ ဆိုမလား (မဆိုရပါဘူး)။

ရှိတာကရုပ်နာမ်ပဲရှိတယ် မဟုတ်လား (မှန်ပါ့)။ ရုပ်နာမ် ခန္ဓာငါးပါးပဲရှိတော့ အခုမေးပုံကလေး သတိထားစမ်းပါ (မှန်ပါ)။ အနုရာဓ ရုပ်ကို သတ္တဝါဆိုမလားလို့ မေးလိုက်တော့ မဆိုပါဘူးဘုရားတဲ့။ (မှန်ပါ့) ရုပ်တရား၌ သတ္တဝါလို့ ဆိုမလား (မဆိုရပါဘူ)။ ရုပ်မှတစ်ပါး ဒီ့ပြင်တရားကိုပဲ သတ္တဝါလို့ ဆိုမလား (မဆိုရပါဘူး)။

ဒိဋ္ဌိဝိစိကိစ္ဆာသေသွားလို့ အဖြေထွက်လာပြီ (မှန်ပါ့) ဒိဋ္ဌိဝိစိကိစ္ဆာသေသွားလို့ ဘာဒိဋ္ဌိလာသတုံး (အဖြေ ထွက်လာပါတယ်)။ ပြန်ပြီး သကာလ စစ်တယ်နော် (မှန်ပါ့) အနုရာဓကို ပြန်ပြီး သကာလ ဘုရားကစစ်တော့ ဦးခင်မောင် (မှန်ပါ့)။

ဘယ်သူက ဘယ်သူကို ပြန်စစ်တာပါလိမ့် (အနုရာဓကို ဘုရားကပြန်စစ်တာပါ) လက္ခဏာရေးတွေကို ဘုရား က အကုန်ဟောပြီးပြီ (မှန်ပါ့) ဒါဖြင့် သူ့မှာ အတော်ရှင်းသွားပြီဆိုတဲ့ အဓိပ္ပါယ်ကော ရောက်ပလား (ရောက်ပါပြီ ဘုရား)။ အနုရာဓမှာ အတော်ရှင်းသွားပြီ အဲဒီအချိန်ကျတော့မှ ဒိဋ္ဌိတွေ မေးတဲ့အမေးကို သူဖြေတတ်အောင်လို့ သင်ပေးပါ တယ် မောင်ထွန်းလှိုင်ရ (မှန်ပါ့)။

ဖြေတတ်အောင်လို့ သင်ပေးပါတယ်

ဒကာ,ဒကာမတွေ ဒိဋ္ဌိတွေ မေးတဲ့အမေးကို ဖြေတတ်အောင်လို့ သင်ပေးပါတယ်နော် (မှန်ပါ့) အနုရာဓ ရုပ်ကို သတ္တဝါလို့ ဆိုမလားလို့မေးတော့ သူဘယ့်နှယ်ဖြေသတုံး (မဆိုရပါဘူး ဘုရား) ဝေဒနာကိုကော သတ္တဝါလို့ဆို မလား (မဆိုပါဘူး) သညာကိုကော (မဆိုပါဘူး) စေတနာဆိုတဲ့ သင်္ခါရကို (မဆိုပါဘူး)။ ဘာမှဆိုစရာမရှိဘူး ပါမှမပါဘဲ (မှန်ပါ့)။ သတ္တဝါဆိုတာ နဂိုကမပါလို့ ဒကာ,ဒကာမတွေလည်း ဆိုစရာမရှိပါဘူး။ အနုရာဓ မေးတော့လဲ အနုရာဓက ဆိုစရာမရှိဘူးလို့ သူဖြေပါတယ် (မှန်ပါ့)။ တထပ်တည်း မကျသေးဘူးလား (ကျပါတယ် ဘုရား)။ သဘောပါပြီနော် (မှန်ပါ့)။

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆက်မေးတယ် ရုပ်၌ သတ္တဝါဆိုမလားလို့ မေးလိုက်တယ် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (မဆိုပါဘူး) ဒါဖြင့် ရုပ်ကိုကြည့်ပြီးတော့ တစ်ပါးအခြားကို သတ္တဝါတို့ ဆိုမလားလို့မေးရင် (မဆိုပါဘူး ဘုရား)။ ရုပ်မှ တစ်ပါးသောသတ္တဝါ ရှိရဲ့လား (မရှိပါဘူး) ဝေဒနာမှတစ်ပါးကောသတ္တဝါ ရှိသေးရဲ့လား (မရှိပါဘူး) သတ္တဝါလို့ မရှိပါဘူးတဲ့၊ ရုပ်ဝေဒနာသာင်္ခါရပဲ ရှိတယ်လို့ မောင်ထွန်းလှိုင်တို့ မှတ်လိုက်တော့ (မှန်ပါ့)။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ ပုစ္ဆာနှစ်ခု မေးလိုက်ပြီး သကာလ သုံးခုမြောက် မေးပြန်တယ်၊ ဒါဖြင့်ကွာ ခန္ဓာငါးပါးကို သတ္တဝါလို့ ဆိုမလားလို့ မေးပြန်တယ်။ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး ဘုရား)။ ခန္ဓာငါးပါးကို ခန္ဓာငါးပါးပဲဆိုရမယ် ဒကာ,ဒကာမတို့ သတ္တဝါပါရဲ့လား (မပါ,ပါဘူး)။

အဲဒီတော့ အနုရာဓတဲ့ ရုပ်ဝေဒနာသည် သင်္ခါရ အပေါင်းကိုပဲ မင်းသတ္တဝါလို့ ဆိုမလားလို့မေးလိုက်တဲ့ အခါကျတော့ နောဟေတံဘန္တေ။ မဆိုပါဘူးဘုရားတဲ့။ ဒါဖြင့် သတ္တဝါမပါကြောင်း သူ့အထဲမှာ ရှင်းမသွားပေဘူးလား (ရှင်းသွားပါတယ် ဘုရား)။

ရုပ်ကို သတ္တဝါဆိုမလား

ကိုင်း ဒါဖြင့် ပုစ္ဆာသုံးခုပြီးသွားပြီးနော် (မှန်ပါ့ ဘုရား)။ ၁ နံပါတ်က ရုပ်ကို သတ္တဝါဆိုမလား (မဆိုပါဘူး) ဝေဒနာကို သတ္တဝါဆိုမလား (မဆိုပါဘူး)။ သညာကိုဆိုမလား (မဆိုပါဘူး) သင်္ခါရကို ဆိုမလား (မဆိုပါဘူး) ဝိညာဏ်ဆိုတဲ့ စိတ်ကိုဆိုမလား (မဆိုပါဘူး)။ ဒီဟာလဲ ပုစ္ဆာတစ်ခု (မှန်ပါ့ ဘုရား)။ ရုပ်မှတစ်ပါး ဒီဟာတွေကို သတ္တဝါ ဆိုမလား (မဆိုပါဘူး ဘုရား)။ ဒီဟာတွေကော သတ္တဝါဆိုလို့ရရဲ့လား (မရပါဘူး ဘုရား)။ အဲဒီတော့ နဂိုက မရှိတာကို မရှိဘူးသိထားရမယ် (မှန်ပါ့ ဘုရား)။

ဒကာ,ဒကာမတို့ ဘယ်လိုမှတ်ရမယ် (နဂိုကမရှိတာကို မရှိဘူးသိထားရပါမယ်) နဂိုကမရှိတာကို မရှိဘူးမှတ် ထားမှ အချိုးတည့်တော့မပေါ့ဆိုတာ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ဒါနဲ့ အခု ရုပ်ကို သတ္တဝါခေါ်မလား ၁နံပါတ်အမေးပုစ္ဆာဖြေသွားပြီ။ ရုပ်မှတစ်ပါးကို သတ္တဝါဆိုမလား ဆိုတာကော ဆိုစရာရှိရဲ့လား (မရှိပါဘူး) ရုပ်ဝေဒနာသညာ သင်္ခါရဝိညာဏ်မှတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ ရှိရဲ့လား (မရှိပါဘူး ဘုရား) အဲ မရှိဘူးဆိုတာသိထားတော့ ပုစ္ဆာနှစ်ခု မပြေသေးဘူးလား (ပြေပါတယ် ဘုရား)။

ဒါဖြင့် ရုပ်နာမ် ခန္ဓာငါးပါးကိုကော သတ္တဝါဆိုမလားလို့မေးရင် (မဆိုပါဘူး) မဆိုနိုင်ဘူး။ ဒါသတ္တဝါ မဟုတ်ဘူး ခန္ဓာငါးပါးဟာ ခန္ဓာငါးပါးပဲ ဒကာ,ဒကာမတို့ ဒီ့ပြင်ဘာပါသေးသတုံး (ဘာမှမပါ,ပါဘူး)။

ဒါနဲ့ စကုတ္ထပုစ္ဆာကို မေးပြန်တယ်။ သူ့ဒိဋ္ဌိဝိစိကိစ္ဆာပြုတ် မပြုတ် မေးနေတာ ဘယ်သူ့ကို မေးနေတာတုန်း (အနုရာဓကို မေးနေတာပါ)။ အနုရာဓကို ဘုရားက မေးနေတာလို့ ဒကာ, ဒကာတွေ မှတ်လိုက်ကြစမ်းပါ။

ခန္ဓာငါးပါးမှတစ်ပါးကို သတ္တဝါဆိုမလား

ဒါဖြင့် ခန္ဓာငါးပါးမှတစ်ပါးကို သတ္တဝါဆိုမလားလို့မေးလိုက်တယ်။ ရုပ်မဟုတ်တာကို သတ္တဝါဆိုမလား ဝေဒနာမဟုတ်တာကို သတ္တဝါဆိုမလား။ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါဘူး ဘုရား)။ သညာမဟုတ်တာကို သတ္တဝါဆိုမလား (မဆိုနိုင်ပါဘူး)။ သင်္ခါရ မဟုတ်တာကို သတ္တဝါဆိုမလား (မဆိုနိုင်ပါဘူး)။ ဝိညာဏ်မဟုတ်တာကို သတ္တဝါမပါဘူး ပြောတာပဲဆိုတာ ရှင်းမသွားသေးဘူးလား (ရှင်းသွားပါတယ်) ပါကော ပါသေးရဲ့လား (မပါ,ပါဘူး)။

အဲ ဘုရားက အနုရာဓ ရှင်းပေးတာကို အခု ဒကာ,ဒကာမတွေ ဘုန်းကြီးဟောထားလို့ သိထားတော့ တစ်ထပ်ထဲ ကျရမယ် (မှန်ပါ့) အလုပ်လုပ်ရုံပဲ ကျန်တော့တယ် သဘောကျပလား (ကျပါပြီ)။

ဘာလို့ပါလိမ့်ဗျာ (အလုပ် လုပ်ရုံပဲလိုပါတော့တယ်) အလုပ်လုပ်ဖို့ အရေးကြီးနေတယ် ဒါဖြိုင်ဖြိုင်လုပ်နိုင်ဖို့ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေ အရေးကြီးနေတယ်။ စိတ်တွေပေါ်တိုင်းပေါ်တိုင်း ရှုနိုင်ဖို့ အရေးကြီးပါတယ် ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒီတော့ ဘုန်းကြီးက အထူးမပြောပါဘူးတဲ့ ဒကာ,ဒကာမ ကိုယ့်မှာ ဒိဋ္ဌိဝိစိကိစ္ဆာရှိနေလို့ရှိရင် ငရဲမျိုးစေ့ ဝမ်းထဲမှာ အနုသယသဘောနဲ့ ကိန်းနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ငရဲမျိုးစေ့ ဝမ်းထဲမှာ ကိန်းနေတယ်

ဦးခင်မောင် ဒိဋ္ဌိဝိစိကစ္ဆာရှိနေရင် ဘာကိန်းနေတာတုံး (ငရဲမျိုးစေ့ ဝမ်းထဲမှာ ကိန်းနေတယ်) ငရဲမျိုးစေ့ ဝမ်းထဲမှာ ကိန်းပြီး သကာလ နေတော့ ကျုပ်တို့သည် ငရဲကောင် ငရဲပင်ကြီးဟာ သေသည်၏ အခြားမဲ့၌ နတ်ပြည်ရောက် သွားလဲ မဂ်မရသေးလို့ရှိရင် ငရဲမျိုးစေ့ နတ်ပြည်ပါသွားတာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဗြဟ္မာပြည် ရောက်ကော (ပါသွားပါတယ်)။

ဒိဋ္ဌိဝိစိကစ္ဆာသာ မပြုတ်လို့ရှိရင် ဒိဋ္ဌိဝိစိကစ္ဆာဆိုတဲ့ ငရဲမျိုးစေ့ ဒကာ,ဒကာမတို့ ဗြဟ္မာ့ဝမ်းထဲမှာကော (ပါသွားပါတယ်) အနုသယ သကောနဲ့ မရှိဘူးလား (ရှိပါတယ်)။

အဲဒါတွေ ထောက်ကြည့်တဲ့အခါကျတော့ ဪ ဘယ်သွားနေလို့မှ စိတ်မချရပါလား ငရဲမျိုးစေ့ မရှိရင် ငရဲစိတ်ချရတယ် (မှန်ပါ့) ငရဲမျိုးစေ့ ရှိလို့ရှိရင်ဖြင့် လူ့ပြည်နေကော (စိတ်မချရပါဘူး ဘုရား)။ နတ်ပြည်သွားကော (စိတ်မချရပါဘူး ဘုရား)။ ဗြဟ္မာပြည်သွားကော (စိတ်မချရပါဘူး)။

ဒါဖြင့် ငရဲမျိုးစေ့ဖြုတ်ဖို့ဆိုတော့ ခန္ဓာငါးပါးကလဲ သိထားဖြစ်ပျက်တရားမှန်းလဲသိထား၊ ဖြစ်ပျက်သိလို့ ဖြစ် ပျက်မုန်းအောင်လုပ် ဖြစ်ပျက်ဆုံးမှသာလျှင် နိဗ္ဗာန်ဖြစ်မှ ဒိဋ္ဌိဝိစိကစ္ဆာ ငရဲမျိုးစေ့ကို ဘယ်ကနေပြီး ချေမှုန်းပစ်လိုက် တော့ အကုန်ပြုတ်ပြုတ်ပြုန်းတယ်ဆိုတာ ဦးခင်မောင် မှတ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့ ငရဲမျိုးစေ့ ဝမ်းထဲမှာရှိတဲ့ ပုဂ္ဂိုလ်မှာ သားကိစ္စ စီးပွားရေးကိစ္စထက် ကိုယ့်ဝမ်းထဲ မှာရှိတဲ့ ငရဲမျိုးစေ့ကို ဪ ငါသေလို့ရှိရင် ငရဲရောက်သွားမှာပဲဆိုလို့ရှိရင်ဖြင့် သားကိစ္စ ဆွေကိစ္စထက် ဒိဋ္ဌိဖြုတ်မှု ဝိစိကိစ္ဆာ ဖြုတ်မှုအရေးကို ခင်ဗျားတို့ကြီးဖြစ်အောင်ကြီးပါဆိုတာ အခုတရား အရေလည်လာပြီ ပြောတာ (မှန်ပါ့) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ်)။

ကိုယ့်ကိုယ်ကိုယ် သနားရင် ဘယ်ဟာလုပ်ထိုက်

သားရေးသမီးရေး စီးပွားရေးကို မလုပ်နဲ့လို့ ဘုန်းကြီးက မဟောပါဘူး။ သို့သော် ငရဲမျိုးစေ့ ဖြုတ်မှုနဲ့ သားရေး သမီးရေး စီးပွားရေးလုပ်မှုနဲ့ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သနားရင် ဘယ်ဟာ လုပ်ထိုက်တယ် ထင်သတုံး (ငရဲမျိုးစေ့ ဖြုတ်မှုကို လုပ်ထိုက်ပါတယ်) ပေါ်ကြပလား (ပေါ်, ပါပြီ)။

ဒါ ကပ်ကပ်သပ်သပ်မေးပြီး ဆရာဘုန်းကြီးက ဟောနေတယ်လို့ ဒီလိုမယူလိုက်ပါနဲ့။ ဒီလိုမယူပါနဲ့ ကိုယ့်ကိုယ်ကို သနားပါတယ် ချစ်ပါတယ် ခင်ပါတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ကိုယ်ရေချိုးကြတယ် ဆေးတိုက်ကြတယ် ထမင်းကျွေးကြတယ်။ ဦးခင်မောင်တို့ ဒါဟာ ဝတ္တရားကြီးပဲဗျာ။

ကိုယ့်ကိုယ်ကိုယ် သနားလွန်းလို့ ချစ်လွန်းလို့ မေတ္တာပို့ တာတောင်မှ အဟံအဝေရောဟောမိ ငါချမ်းသာပါစေ စသည်နဲ့ဆိုတာများ မပါဘူးလား (ပါ,ပါတယ်) ဒါလောက်တောင်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်တတ် သနားတတ်တဲ့ ပုဂ္ဂိုလ်တွေ ခြင်ကလေး ကိုက်မယ်ဆိုယပ်တောင်ကလေးနဲ့ ဖယ်ပစ်လို့ ခြင်ရိုက်ကလေးနဲ့ ဖယ်ပစ်လို့ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။ လေလုံမိုးလုံရှိအောင် အိမ်ကိုအကြီးအကျယ် ကောင်း ကောင်းမွန်မွန် ဆောက်လို့နေကြတာ ဒါတွေဟာဘာတုန်း ကိုယ့်ကိုယ်ကိုယ် သနားတဲ့ အဓိပ္ပါယ် မပါဘူးလား (ပါ,ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်ကိုယ်ကိုယ် ရွှေတွေသီးနေအောင် ဝတ်ဆင်၊စိန်တွေ အလုံးစုံအကုန် တစ်ကိုယ်လုံးကို သိန်းတရာဘိုးလောက် ခြယ်ထားလဲ ငရဲမျိုးစေ့က ဝမ်းထဲမှာ ရှိနေလို့ရှိရင်ဖြင့် ဦးခင်မောင် စိတ်ချရပလား (စိတ်မချရပါဘူး ဘုရား)။ စိတ်မချ သေးတော့ ဒကာ,ဒကာမတို့ ကိုယ့်ကိုယ်ကိုယ်သနားရင်းအစစ်က ဒိဋ္ဌိဝိစိကိစ္ဆာ ငရဲမျိုးစေ့ကို ဖယ်ထုတ်ဖို့အရေးကို ကြီးအောင်လုပ်နေတဲ့ အရေးတကြီးလုပ်နေတဲ့ ပုဂ္ဂိုလ်သာ ကိုယ့်ကိုယ်ကိုယ်သနားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့) သဘောပါကြ ပလား (ပါ,ပါပြီ)။

ဒိဋ္ဌိဝိစိကိစ္ဆာကို အရေးတကြီး ဖြုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ့်ကိုယ်ကိုယ်သနားတဲ့ ပုဂ္ဂိုလ်၊ စိန်တွေ မြတွေဆင် ပြီး ကားကြီးတွေအမျိုးမျိုးဝယ်ပြီး ဇိမ်ခံစီးနေတဲ့ပုဂ္ဂိုလ်ကို ကိုယ့်ကိုယ်ကိုယ် သနားတဲ့ ပုဂ္ဂိုလ်လို့ ဆိုရမှာလား ဦးခင် မောင် (မဆိုရပါဘူး ဘုရား)။

ငရဲမျိုးစေ့ အရင်ကုပစ်

အဲဒီတော့ ဒကာ,ဒကာမတို့ ရောဂါရှိလို့ရှိရင် ပျောက်ကင်းသွားတာသည် အကောင်းဆုံးပဲဆိုတာ ဘာမှဆုံး ဖြတ်ချက်ချပေးနေစရာမလိုပါဘူး (မှန်ပါ့) လိုသေးရဲ့လား (မလိုပါဘူး) ငရဲမျိုးစေ့ရှိနေတဲ့ ရောဂါကို ငရဲမျိုးစေ့ အရင်ကုပစ်ပြီးမှ ကျုပ်တို့သည်ကားလို့ဆိုရင် အေးအေးချမ်းချမ်းနဲ့နေဖို့ ဝတ္တရားမရှိဘူးလား (ရှိပါတယ်)

အဲဒီ ငရဲမျိုးစေ့ရှိနေတော့ ဒိဋ္ဌိဝိစိကိစ္ဆာကဘဲ ပဋိသန္ဓေအကျိုးကို ပေးလိုက်တဲ့အခါကျတော့ ငရဲကောင်ကြီးတွေဖြစ်ပြီးတော့ မလာပေဘူးလား (လာပါတယ်) အဲဒီတော့ ငရဲကောင်ကြီးတွေ ဘယ်သူကများ စီမံ လိုက်ပါလိမ့်မတုံးဆိုတော့ ဒိဋ္ဌိဝိစိကိစ္ဆာရှိလို့ကံကစီမံလိုက်တယ် (မှန်ပါ့) ဒိဋ္ဌိဝိစိကိစ္ဆာမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ကံကမစီမံ ပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒိဋ္ဌိဝိစိကိစ္ဆာရှိတော့ ကံက စီမံလိုက်တော့ ကျုပ်တို့မှာ ငရဲကောင်ဆိုတဲ့ ခန္ဓာကြီး မပေါ်ပေဘူးလား (ပေါ် ပါတယ်) ဥပပတ် ပဋိသန္ဓေ ဘွားကနဲပေါ်လာတော့ ဪ ဒိဋ္ဌိဝိစိကိစ္ဆာရှိတဲ့ ပုဂ္ဂိုလ်မှာ ငရဲမှာရတဲ့ ပစ္စည်းနဲ့ ဆပ်ရ တာလား ခန္ဓာနဲ့ ဆပ်ရသလား (ခန္ဓာနဲ့ ဆပ်ရပါတယ် ဘုရား)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒကာ,ဒကာမတို့ ခင်ဗျားတို့ဟာ ခန္ဓာနဲ့ဆပ်ရတဲ့ အလုပ်လောက် ရှုံးတာဖြင့် လောကကြီးမှာ ဘယ်မှာ ရှာတွေ့တော့မတုံး (မတွေ့ပါဘူး)။

ကဲ ဒကာ,ဒကာမတို့ ခင်ဗျားတို့ဟာ ခန္ဓာနဲ့ဆပ်ရတဲ့ အလုပ်လောက် ရှုံးတာဖြင့် လောကကြီးမှာ ဘယ်မှာ ရှာတွေ့တော့မတုံး (မတွေ့ပါဘူး)။

ကဲ ဒကာ,ဒကာမတို့ ဒီ့ပြင်ဟာကို မကြည့်ပါနဲ့ ဝက်တွေသည်ကားလို့ဆိုရင် ခန္ဓာနဲ့ ကျွေးမွေးအမှုထမ်းရတယ် မြင်းမှာလဲ ဒကာ,ဒကာမတို့သိတဲ့အတိုင်းဘဲ ပခုံးနဲ့ပဲ အမှုထမ်းရတယ် ကဲထားပါဦးတော့နော် (မှန်ပါ့)

ဝက်က ဘာနဲ့ လူတွေအတွက် အမှုထမ်းရသတုံး မေးလို့ရှိရင်ကော (အသားနဲ့အမှုထမ်းရပါတယ်) ကဲ ဒါဖြင့် ခင်ဗျားတို့ ဘယ်လို အမှုထမ်းတာကြိုက်သတုံး မေးလို့ရှိရင်ဖြင့် ဖြစ်ခြင်းဖြစ် မြင်းဖြစ်ရတာ တော်သလိုလို ရှိနေသေတယ် သဘောကျပလား (ကျပါပြီ ဘုရား)။ ဝက်ဖြစ်ရတာတော့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ဦးကျော်မောင် ဘာဖြစ်ချင်သတုန်း (ဘာမှ မဖြစ်ချင်ပါဘူး) ဘာမှ မဖြစ်ပရစေနဲ့။ ရိပ်မိကြလား (ရိမ်မိ ပါပြီ ဘုရား)။

အသားနဲ့ အမှုထမ်းသလို ဖြစ်နေတယ်

ဘာမှ မဖြစ်ချင်ကြနဲ့ ဆိုတော့ဖြင့် အဆိုးချည်းပဲ။ ပခုံးနဲ့ အမှုထမ်းတဲ့ဥစ္စာလဲ ဒကာ,ဒကာမတွေ အင်မတန် ကြမ်းတမ်းတာပဲ (မှန်ပါ့) ခုနင်ကပြောခဲ့တဲ့ အသားနဲ့အမှုထမ်းရတဲ့ ငါးတို့ကြက်တို့ ဝက်တို့ဆိုတော့ ဦးခင်မောင် သာပြီးမဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အသားနဲ့ အမှုထမ်းရတယ် ဒါဖြင့် ငရဲကျတော့ ကျုပ်တို့ဘာနဲ့ နှစ်စေ့အောင် လုပ်ရမှာပါလိမ့် (ခန္ဓာနဲ့ နှစ်စေ့အောင် လုပ်ရမှာပါ ဘုရား) ခန္ဓာနဲ့ နှစ်စေ့အောင် အမှုထမ်းရမယ် ဆိုတော့ဝက်လိုဘဲ အသားနဲ့ အမှုထမ်းသလို ဖြစ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဘာနဲ့ အမှုထမ်းရမှာတုံး (အသားနဲ့ အမှုထမ်းရမှာပါ) အသားနဲ့အမှုထမ်းရမှာဆိုတော့ ထမ်းနိုင်ကြပါ့မလားလို့ မေးကြည့်တော့ ဘယ်သူမှ ဒီအထဲမှာ ထမ်းနိုင်မည့်ပုဂ္ဂိုလ် တစ်ယောက်မှ မပါဘူး (မှန်ပါ့) ထမ်းချင်တဲ့ စိတ်ကော ပေါ်ကြရဲ့လား (မပေါ်ပါဘူး) ဘာဖြစ်လို့ မပေါ်သတုံး ဟာ ဒီဥစ္စာကော မကြိုက်နိုင်ဘူးဘုရား။ မကြိုက်နိုင်ပါဘူး ဒကာ,ဒကာမတို့ အသားနဲ့ အမှုထမ်းရမယ်ဆိုလို့ရှိရင်ဖြင့် ပခုံးနဲ့ထမ်းရတာက တော်သေးတယ် (မှန်ပါ့)။

အသားနဲ့ အမှုထမ်းရမှာထက် ဒကာ,ဒကာမတို့ ပခုံးနဲ့အမှုထမ်းရတာက ဘယ့်နှယ်တုန်း (သက်သာပါသေး တယ် ဘုရား)။ တော်သေးတယ် အဲဒါက ဖြစ်ချင်ရဲ့လားလို့ မေးတော့ (မဖြစ်ချင်ပါဘူး) ဒါလဲ မဖြစ်ချင်ပါဘူး ဆိုလို့ရှိရင် ဖြင့် ဒီ့ထက်ဆိုးဝါးတာက ဒကာ,ဒကာမတို့ အသားနဲ့လဲ အမှုထမ်းရသေးတယ် သေလဲမသေရဘူး ကဲငရဲက ဝက်က ဥပမာ လှံချက်မိသွားတယ်ဆိုရင် သေပြီး သကာလ သူ့အသားနဲ့ အမှုထမ်းရတယ် (မှန်ပါ့) သေပြီးတော့ အသားတွေက အမှုထမ်းနေတော့ သူသိသေးရဲ့လား (မသိပါဘူး) တော်သလိုရှိသေးတယ်ဆိုရမှာပေါ့ (မှန်ပါ့)။

ငရဲအမှုထမ်းရတာက ဒီ့ထက်ဆိုးတယ်

ငရဲကတော့မီးထဲမှာ အရှင်လတ်လတ်နဲ့ အမှုထမ်းရတာ (မှန်ပါ့) ဝက်အမှုထမ်းက တော်သေးတယ်။ ငရဲအမှုထမ်းရတာက ဒီ့ထက်ဆိုးတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒီငရဲကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘုရားဖြစ်တဲ့နေ့ကပဲ စပြီးဖြစ်ပါတယ်တဲ့။ အရှင်လတ်လတ်နဲ့ ကံမကုန်းသ၍ မီးထဲမှာ ကြေးရေတွေထဲမှာ အမှုထမ်းရတာဓါးခုတ်ခံပြီး ဒီနေရာမှာဘဲ ပြတ်ပြီး ဒီနေရာပဲ ပြန်ဆက်ပြီး အမှုထမ်းရတယ်ဆိုတော့ ဦးခင်မောင် အသေအဖြစ်နဲ့ အမှုထမ်းရလို့ရှိရင်လဲ တော်သေးတယ် တစ်ခါသတ်ခံရပြီးသေ သေပြီးတဲ့ အသားတွေကိုအရပ်က ဝေစား တော်သေးရဲ့ ငရဲနဲ့စာရင် (မှန်ပါ့) သူကလာပြီး သိသေးရဲ့လား (မသိပါဘူး)။

အဲဒါတော်သေးတယ်လို့ ဦးခင်မောင်ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ငရဲမှာတော့ အရှင်လတ်လတ် အမှုထမ်းရမယ်ဆိုတော့ ဒကာ ဒကာမတို့ မီးထဲမှာ ပြေးရမယ် မီးထဲမှာဘဲ အသွားအပြန် လုပ်နေရမယ် လောင်လိုက်တဲ့မီးကလဲ ဦးခင်မောင် ဒီနေရာမှာ ခြေထောက် လောင်လိုက်တာခြေထောက်ပါ ကျွတ်ကျ။

နောက်ခြေထောက်နဲ့ ပြန်ပြေး၊ ပြေးလဲခြေထောက်ပါ ကျွတ်ကျ၊ နောက်ခြေထောက်နဲ့ ပြန်ပြေး၊ ပြေးတဲ့ ခြေထောက်နဲ့ ပြန်ပြီးကျွတ်ကျတယ်ဆိုတော့ ဒကာ,ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာ သတ္တိသေးသလား (မသေပါဘူး)။

ဒါဖြင့် ဒီအရေးဟာ ဒကာ,ဒကာမတို့ သားရေး၊သမီးရေး၊စီးပွားရေးထက် အပါယ်ရေသောက်မြစ် ဖြုတ်ရေးကို ဦးခင်မောင်ပိုကြီးရမယ်လို့ ဘုန်းကြီးများ ဟောတာကို ဒကာ,ဒကာမတို့ ငြင်းဆန်ပြီး ပေတေတေ လုပ်နေဖို့တော့ မကောင်း ဘူးထင်တယ် (မှန်ပါ့) ဒီအထဲ ပေစရာတွေများ ပါသေးသလား (မပါ,ပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ,ဒကာမတို့ အခုဝတ္ထုဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သစ္စာဆိုက်အောင် အနုရာဓ ကိုဟောရတယ် (မှန်ပါ့) အခု အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာလာသေးတာကိုးဗျ။ ပုဂ္ဂိုလ် သတ္တဝါ မပါအောင်သာ ဖြုတ် တယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ သူ့ဒိဋ္ဌိဝိစိကိစ္ဆာတော့ ဒကာ,ဒကာမတွေ သိတဲ့အတိုင်း ခုနင်က လေးချက်မေးလိုက်ကတည်းက ဒိဋ္ဌိဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိပါဘူး) ရုပ်ကို သတ္တဝါဆိုမလား ဆိုတော့လဲ ဘယ့်နှယ်ဆိုကြမလဲ (မဆိုပါဘူး) ဝေဒနာ မှတစ်ပါးကိုကော သတ္တဝါဆိုမလား (မဆိုပါဘူး) ခန္ဓာငါးပါး အပေါင်းကို သတ္တဝါဆိုမလား (မဆိုပါဘူး)။

ဘယ်မှာ သတ္တဝါပါရမှာတုံး

အဲဒီတော့ ဒကာ,ဒကာမတွေက သိနေတော့ ဪ ဘယ်မှာ သတ္တဝါပါရမှာတုံး အနိစ္စတရား ဒုက္ခတရား အနတ္တတရား ဒုက္ခသစ္စာတရားတွေဘဲ။ ထိုမှတစ်ပါး ဘာမှမရှိဘူးဆိုတာ ဒကာ,ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် သတ္တဝါသေရင် ဖြစ်သေးသလားဆိုတာ ဒကာ,ဒကာမတွေ ဖြေစရာ ရှိရဲ့လား (မရှိပါဘူး) သတ္တဝါသေ ရင် မဖြစ်တော့ဘူးလား ဆိုတာကော (ပြောစရာမရှိပါဘူး) ပုဂ္ဂိုလ်မှ မပါဘဲ ရုပ်နာမ် ဖြစ်ပျက်ပဲ ရှိတာ (မှန်ပါ့) သတ္တဝါကို ပါကြရဲ့လား (မပါ,ပါဘူး)။

အဲဒါ ဒီနေ့ရှင်းနေအောင် ဟောပါတယ် နက်ဖြန် သစ္စာဆိုက်အောင် ဟောလိမ့်မယ် (မှန်ပါ့)။

ကဲဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါး ဖြစ်ပျက်တရားမှတစ်ပါး ဘာများရှိသေးသတုံး (ဘာမှ မရှိပါဘူး)။

အဲဒါ ခင်ဗျားတို့ အိမ်ကျတဲ့အခါကျတော့ ဘုန်းကြီးကနေသင်ထားတဲ့ ပေါ်တဲ့စိတ်တွေကို အကုန်ရှုပြီးသကာ လ နေကြလို့ရှိရင် အဖြစ်အပျက်တွေ မြင်လို့ရှိရင်လဲ ဒကာ,ဒကာမတို့ ဒိဋ္ဌိကွာပါလိမ့်မယ် (မှန်ပါ့)။ မကွာပေဘူးလား (ကွာပါတယ်) ကွာရုံတင်မကဘူး ကိုယ့်အသေတွေကို ကိုယ်မြင်ရသဖြင့် ကိုယ့်ဖြစ်ပျက်ဆိုတာ ကိုယ့်အသေလို့ တစ်နေ့ ကဟောခဲ့တယ် (မှန်ပါ)။ အဲဒီကိုယ့်အသေကို ကိုယ်မြင်ရသဖြင့်လဲ ဒီအသေကြီးကို လိုချင်သေးရဲ့လား(မလိုချင်ပါဘူး)။ မလိုချင်ရင် မုန်းလာတဲ့ နိဗ္ဗိန္ဒဉာဏ်တွေမတက်ပေဘူးလား (တက်ပါတယ် ဘုရား)။

မုန်းလာတဲ့ နိဗ္ဗိန္ဒဉာဏ်

ဧဝံ ပဿံ ဘိက္ခဝေ ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ ဆိုတဲ့အတိုင်း အပျက်မြင်လာရင် ငြီးငွေ့လာပါလိမ့်မယ် နော် (မှန်ပါ့) ငြီးငွေ့ပြီးဪ ကိုယ့်ခဏခဏဖြစ်ပြီး ခဏခဏသေနေရတဲ့အဖြစ် စိတ်ကလေးတွေဟာ နဂိုက မိမိထင်နေတယ် မိမိမွေး မိမိသေနေရတဲ့ အသေကြီးကို နောက်ဉာဏ်ကနေ ရှုရတဲ့အခါကျတော့ ဪ မိမိအဖြစ်ကြီးဟာ ဒုက္ခသစ္စာ အစစ်ပါလားလို့ ပေါ်လာလိမ့်မယ် (ပေါ်ပါတယ် ဘုရား) မပေါ်လာပေဘူးလား (ပေါ်လာပါတယ် ဘုရား)။

တတိယအဆင့် ကျတော့ ဪ မိမိအဖြစ်ကြီးဟာ ဒုက္ခသစ္စာ အစစ်ပါလားလို့ ပေါ်လာလိမ့်မယ် (ပေါ်ပါတယ် ဘုရား) မပေါ်လာပေ ဘူးလား (ပေါ်လာပါတယ် ဘုရား)။ တတိယဆင့်ကျတော့ ဒုက္ခအစစ်ပါလားလို့ မပေါ်ပါနဲ့ဆိုလို့ရပါ့မလား (မရပါဘူး) အဲဒီဒုက္ခသစ္စာ အစစ်ရယ်လို့ ပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း တစ်ခါတည်း ခင်ဗျားတို့ ဒုက္ခပိုင်ပိုင်နိုင်နိုင်သိလို့ ခင်ဗှားတို့ ရှုနေတဲ့ ဉာဏ်သည် ဒုက္ခဘက် မလှည့်ဘဲနဲ့ ဦးခင်မောင်ရေ နိရောဓဘက် လှည့်တယ် (မှန်ပါ့)။

ဒုက္ခချုပ်ရာမြင်မှ ငရဲမျိုးစေ့က လုံးလုံးရှင်းမယ်

လှည့်သည်နဲ့ တစ်ပြိုက်နက်တည်း ဒိဋ္ဌိဝိစိကိစ္ဆာ အမြစ်ပါပြုတ်ယ် (မှန်ပါ့)။ ငရဲမျိုးစေ့ပြုတ်ပါတယ် ဘယ်တော့မှ မကျတော့ဘူး ဆိုတာလဲ တစ်ခါတည်းသာ မှတ်ပေတော့ (မှန်ပါ့)။

ဒါဖြင့် ဒကာ,ဒကာမတို့ ဒုက္ခချုပ်ရာမြင်မှ ငရဲမျိုးစေ့က လုံးလုံးရှင်းမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲနာရီစေ့ပြီ ယနေ့ ဒီတွင်တော်ကြစို့။

သာဓု သာဓု သာဓု။