တိတ္ထိအမေးပုစ္ဆာ၊ လေးချက် (၂)
(ရှင်အနုရာဓမထေရ်)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
တိတ္ထိအမေးပုစ္ဆာ၊ လေးချက် (၂)
(ရှင်အနုရာဓမထေရ်)
ဖောက်ပြန်တာက ရုပ်
ကဲ-ပူလိုက် အေးလိုက်ဆိုတာ ဒကာ ဒကာမတွေ မရှိဘူးလား (ရှိပါတယ် ဘုရား) အဲ-ပူလိုက် အေးလိုက် ဖောက်ပြန်ပြီး သကာလ နေသောကြောင့် အဲဒါကျတော့ ဪ -ခန္ဓာထဲမှာ ရုပ်တွေပါလား (မှန်ပါ) ဖောက်ပြန်ပျက်စီးနေတာ ဘာခေါ်ကြမယ် (ရုပ်တွေပါ ဘုရား)
ခင်ဗျားတို့ပြောနေကြ ပြောနေတာက ဒီစိတ်ကလေးဟာ တောင်ရောက်သွားပြန် မြောက်ရောက် သွားပြန် ဆိုတော့ ဒါနာမ်ဓမ္မတွေ။
နာမ်ဓမ္မတွေက ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဒီဘက်အာရုံပြုလိုက် ဟိုဘက်အာရုံပြုလိုက်ဆိုတော့ သူက ဒီဘက်က နာမ်ဓမ္မတွေက အာရုံရှိရာ ပြေးတက်သွားတယ်-လွှားတတ် ညွှတ်တက်- ကိုင်းတက် ရှိုင်းတက် သောကြောင့် သူ့ကို နာမ်ဓမ္မတွေလို့ မှတ်လိုက်တာပေါ့ (မှန်ပါ) ဖောက်ပြန်တာက ရုပ်၊ အာရုံရှိရာသွားတက်လာတက်တာက (နာမ်ပါ ဘုရား)။
ဒါဆိုတော့ ဒီနှစ်ခုပဲရှိတယ် (မှန်ပါ) ဒကာ ဒကာမတို့ သန္တာန်ဘယ်နှစ်ခုရှိပါလိမ့် (နှစ်ခုရှိပါတယ် ဘုရား) ဒီနှစ်ခုပဲ ရှိတယ်ဆိုတဲ့ဥစ္စာမှတ်ထားရမယ် (မှန်ပါ) မသေမချင်း (မှန်ပါ) ဘယ်အခါမဆို မှတ်ထားလို့ရှိရင်ဖြင့် ဒါဟာ ဖောက်ပြန်တက် တာက ရုပ်၊ အာရုံရှိရာ သွားတက်တာက (နာမ်ပါ ဘုရား)။
အာရုံရှိရာ သွားတက်တာက နာမ်လို့ဆိုတော့ ယုတ်စွအဆုံး ရှင်းရှင်းပဲပြောပါတော့မယ် ဆိုတော့ အိပ်နေတဲ့ ရှူစိတ် ရှိုက်စိတ်လေးကတောင်မှ ထိုဘဝကို အာရုံတွေကို အာရုံပြုနေတယ် (မှန်ပါ) ဟိုဘဝက တွေ့ဖူးပြီးသား အာရုံတွေကို အာရုံပြုနေတယ် (မှန်ပါ့) ဒါဖြင့် နာမ်ဟူသရွေ့ဟာဖြင့် ဒကာ ဒကာမတို့ အာရုံရှိရာ ညွှတ်တယ်-သွားတယ်-ကိုင်းတယ်- ရှိုင်းတယ် (မှန်ပါ)။
သွားတယ်၊ လာတယ်ဆိုတဲ့ ဥစ္စာ သူကိုယ်တိုင်သွားတာတော့မဟုတ်ဘူး၊ ဒီကနေပြီး သကာလ မှန်းတာ (မှန်ပါ) ဒီကနေပြီး သကာလ မှန်းတာပေါ့၊ သူ့မှာ သွားတက်တဲ့ သတ္တိမရှိပါဘူး၊ မရှိပေမဲ့လည်း ဦးစောမောင်တို့ မျက်လုံးထဲမှာလည်း၊ မျက်လုံးကလှည့်ကြည့်တဲ့အခါကျတော့ ဟိုဘက်မှာ ဝရံတာတွေမြင်တယ်၊ တိုက်နံရံတွေကို မြင်တယ်၊ မျက်လုံးက သွားတာဆိုလို့ကတော့ မဟုတ်ပါဘူး၊ မျက်လုံးက ဟိုဘက်ကို လှည့်လို့ဟိုဘက်ဟာ မြင်တာ၊ မျက်လုံးကမသွားပါဘူး (မှန်ပါ)။
ညွတ်ကိုင်း တက်တာက နာမ်
သွားတက်တဲ့မျက်လုံးစိတ်ကော ရှိပါရဲ့လား (မရှိပါ ဘုရား) အဲဒီကဲ့သို့ သိထားတဲ့အခါ – ဪ – ညွတ်ကိုင်း တက်တာက နာမ်၊ ဖောက်ပြန်တက်တာက (ရုပ်ပါ ဘုရား) ညွတ်ကိုင်းတက်တာက (နာမ်ပါ ဘုရား) ဖောက်ပြန်တက်တာက (ရုပ်ပါ ဘုရား) ညွတ်ကိုင်းတက်တာက (နာမ်ပါ ဘုရား)
ဖောက်ပြန်တက်တာက (ရုပ်ပါ ဘုရား) ညွတ်ကိုင်းတက်တယ်ဆိုတာ အာရုံရှိရာသို့ ညွတ်ကိုင်းရှိုင်းသွားတာပေါ့ (မှန်ပါ ဘုရား)။
ညွတ်ကိုင်းရှိုင်းတာက (နာမ်ပါ ဘုရား) ဖောက်ပြန်တက်တာက (ရုပ်ပါ ဘုရား) ဒါပဲရှိတော့ကဲ ဒကာ ဒကာမတို့ ဒါကိုဒိဋ္ဌိအယူက- ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်က ပုဂ္ဂိုလ်သတ္တဝါဟု ယူလေ့ရှိတယ် (မှန်ပါ) ခင်ဗျားတို့ကော ယူဦးမှာလား (မယူပါဘူး ဘုရား) မယူပါနဲ့တော့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ သတ္တဝါလည်း မဟုတ်ဘူး၊ ယောက်ျားကော (မဟုတ်ပါ ဘုရား) မိန်းမကော (မဟုတ်ပါဘူး ဘုရား)။
ဘာတုန်းလို့ မေးတော့ရင် (ရုပ်နဲ့နာမ်ပါ ဘုရား) ရုပ်, နာမ်ပဲလို့ဖောက်ပြန်တာက (ရုပ်ပါ ဘုရား) ညွတ်ကိုင်းရှိုင်းတာ က (နာမ်ပါ ဘုရား) ဒါပဲရှိတာပဲ၊ ရှင်းပြီနော် (ရှင်းပါတယ်) အဲတော့ ဒါ-သတ္တဝါလို့ အယူရှိနေရင်၊ ယောက်ျားအယူ- မိန်းမအယူရှိနေလို့ရှိရင်ဖြင့် တကယ့်ယောက်ျား, တကယ့်မိန်းမ ထင်နေကြမယ် ဆိုလို့ရှိရင်ဖြင့် အပြောဆိုရင် ကိစ္စမရှိပါဘူး၊ အစွဲအထင်သာ ကြောက်တာပါ (မှန်ပါ)။
ရုပ်နာမ်ပဲရှိတယ်
အစွဲအထက် ကတော့ဖြင့် ကိုပေါ်တို့, ကိုစံလှတို့ ဒိဋ္ဌိနော် (မှန်လှပါ) ဒါဦးဘရှင်းတို့ စဉ်းစားပါ၊ အခုတော့ဖြင့် ဒါတွေရှိကြသေးလား (မရှိတော့ပါ ဘုရား) အပြောအဆိုသာ ကျန်တော့တယ် (မှန်ပါ) တကယ်အရှိကို စစ်ဆေးလိုက်တဲ့ အခါကျတော့ ယောက်ျားလည်း မရှိဘူး, မိန်းမလည်း (မရှိပါ) သားလည်းမရှိဘူး- သမီးလည်းမရှိဘူး၊ ရုပ်နာမ်ပဲရှိတယ်။
အားလုံးပဲ ပြောနေကြတာတော့ သားလို့ သမီးလို့ပြောကြတာပဲ၊ ပြောတာက အပြောကို အပြောတစ်ခြားထား၊ အရှိက (ရုပ်, နာမ်ပါ) အရှိကို တခြားထားပါ (မှန်ပါ) အပြောက (အပြောတခြား ထားရပါမယ် ဘုရား) အပြောတခြားထား လိုက်ကြပါတော့ ဒကာ ဒကာမတို့ ပြောမဖြစ်လို့ပြောရတယ် (မှန်ပါ) ကိုစောမောင် ဘယ်လိုတုန်း (ပြောမဖြစ်လို့ ပြောရတာပါ ဘုရား)။
တို့-ဒီလိုမှ မပြောလို့ရှိရင်ဖြင့် အကုန်ရုပ် နာမ်ချည်းလို့ဆိုရင် ဘယ်သူကို ခိုင်းလို့ ဘယ်သူ့ကို လိမ္မာအောင် ဆုံးမလို့ဆုံးမစရာ သွန်သင်စရာ ခက်နေမှာပေါ့ (မှန်ပါ) မိဘဝတ္တရားလည်း မရှိတော့ဘူး၊ သားသမီးဝတ္တရားကော (မရှိတော့ပါဘူး) အဲဒီလောကီတွေ့ သမုတိသစ္စာတွေ အကုန်ပျက်မှာစိုးလို့ အခေါ်အဝေါ် ပညတ်အားဖြင့် ရှိရမယ် (မှန်ပါ)။
ကိုင်း-ဒါဖြင့် သမုတိသစ္စာဖြင့်လည်း ရှိရမယ် (မှန်ပါ) ပရမတ္ထသစ္စာကော (ရှိရပါမယ် ဘုရား) သို့သော်လည်း ဒကာ ဒကာမတွေက ခွဲသိရမယ် (မှန်ပါ) မရှိဘဲနဲ့ ပြောဆိုရုံတင် လုပ်ထားတာက သမုတိသစ္စာ (မှန်ပါ) ရှိနေတဲ့တရားက (ပရမတ္ထသစ္စာ) ဒါသိထားတော့ ဦးဘရှင်းတို့, ဦးစောမောင် တို့က ဪ -တို့တော့ဖြင့် ရှင်းပြီဟေ့၊ ပူစရာမရှိတော့ဘူး။
သမုတ်ရင် သမုတိသစ္စာ
ရုပ်နာမ်ကို- ယောက်ျား, မိန်းမ သမုတ်ရင် သမုတိသစ္စာ (မှန်ပါ)။
ပရမတ္ထသစ္စာကတော့ ရုပ်နဲ့ နာမ်ပဲ ရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) အဲဒီတော့ ဒီထဲမှာ ပုဂ္ဂိုလ်သတ္တဝါပါသေးလား (မပါ,ပါ ဘုရား) အင်း-သတ္တဝါလို့ တွေးချင်လည်း နာမည်တော့ပေး တွေးလိုက်တာပေါ့၊ မရှိတာကတော့ ပရမတ္ထသစ္စာထဲမှာ သတ္တဝါမရှိတာကတော့ အမှန်ပဲ (မှန်ပါ) ရှင်းသွားပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တိတ္ထိတွေ မေးတဲ့ဥစ္စာ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးလို့ရှိရင် ပုစ္ဆာကို ဒကာ ဒကာမတွေက ဘယ်လို အဖြေထုတ်ကြမတုန်း (ဖြေစရာမရှိပါ) မဖြေရဘူးနော် ကိုစောမောင်, မဖြေရဘူး၊ အားလုံး ဒကာ ဒကာမအပေါင်းတွေ ဘယ့်နှယ်ကြောင့် မဖြေရတာပါလိမ့်မလဲဆိုတာ ခင်ဗျားတို့ဝမ်းထဲမှာ ရှင်းသွားစေချင်လို့ ထပ်ပြောနေတာ (မှန်ပါ) ဘယ့်နှယ်ကြောင့် မဖြေရတာ မဖြေကြတာပါလိမ့် (သတ္တဝါမရှိလို့ပါ ဘုရား)။
သတ္တဝါကို မရှိဘူး၊ ရှိကိုမရှိတဲ့ ဥစ္စာကိုဖြင့် ဖြေလုံးထုတ်စရာ ကြံလုံးထုတ်စရာ (မလိုပါဘူး ဘုရား) ဖြေလုံးထုတ်လို့ ကြံလုံးထုတ်ခဲ့သော် ခင်ဗျားတို့မှာ သံသယ ဝိစိကိစ္ဆာရှိတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ဖြေလုံးထုတ်မယ်ကြံလုံး ထုတ်မယ်ဆိုရင် (သံသယ ဝိစိကိစ္ဆာရှိပါတယ် ဘုရား)။
သံသယ ဝိစိကိစ္ဆာရှိလို့ ဒီအဖြစ်ဆိုးနဲ့ ကြုံရတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ) အဲဒီဝီစိကိစ္ဆာရှိနေရင် ကိုစောမောင် ကမှတ်လိုက် ဒိဋ္ဌိတွယ်နေလို့ (မှန်ပါ) ဝိစိကိစ္ဆာရှိရင် (ဒိဋ္ဌိတွယ်နေလို့ပါ ဘုရား) ကိုစံလှသဘောကျပြီလား (ကျပါတယ် ဘုရား)။
ကောင်းပြီ- ဒါဖြင့် ဒီတစ်လုံးကို ဆရာဘုန်းကြီးက ဖိပြီး သကာလ နိုင်နိုင်နင်းနင်း ပြောဆိုနေတာက ဒီတစ်လုံးပြုတ်ပြီး သေလို့ရှိရင် အပါယ်တံခါးပိတ်ပြီသာ မှတ်လိုက် (မှန်ပါ)။
ဒီတစ်လုံးပြုတ်သွားရင် အပါယ်တံခါးပိတ်
ဒီတစ်လုံးပြုတ်သွားရင် (အပါယ်တံခါးပိတ်နိုင်ပါတယ်) အဲဒီတော့ အင်မတန်အဖိုးတန်တဲ့ တစ်လုံးလို့ ဆိုတဲ့ဥစ္စာ ကိုပေါ်တို့ မှတ်ထိုက်တယ်၊ ကိုမြင့်ကော (မှတ်ထိုက်ပါတယ် ဘုရား)။
အားလုံးဒကာ ဒကာမတွေ ဒါ-အင်မတန်အရေးကြီးပါ တယ်နော် (မှန်ပါ) အင်မတန်အရေးကြီးပါတယ်၊ ကိုယ့်သန္တာန်မှ ဘာမှနားမလည်သေးတဲ့ ပုဂ္ဂိုလ်မှာ ဒါတွေ တွေးပြီ။
ဪ-ရုပ်နဲ့နာမ်ပဲ ရှိတာပဲကိုး၊ စားချင် သောက်ချင် ပြောချင်တာ နာမ်ပဲကို၊ အဲ-အထည်ကြီးက ရုပ်ကိုး၊ ဒီလိုသိထားလို့ရှိရင်ပဲ ဒကာ ဒကာမတို့ ဒိဋ္ဌိကွာနေပြီ၊ ဒိဋ္ဌိက ကွာနေတဲ့အခါကျတော့ ဥပမာ-အထက်တန်း မရောက်သေး ဘူး၊ ဒီလောက်နဲ့ပဲ တရားနာပြီး ဒီလောက်နဲ့ ရှင်းရှင်းလင်းလင်းလေးနဲ့ အသေက စောသွားတယ် ဆိုဦးတော့၊ အပါယ်မကျ တော့ဘူး (မှန်ပါ့)။
အပါယ်မကျတော့ဘူးဆိုတော့ ဒကာကြီးလှိုင် အင်မတန်အဖိုးတန်တယ် (မှန်ပါ) ကဲ- ဒကာ ဒကာမတို့ သတ္တဝါ သေရင်မဖြစ်တော့ဘူးလားမေးရင် (ဖြေစရာမရှိပါ ဘုရား) ဘာဖြစ်လို့ဖြေစရာမရှိတာပါလိမ့် (သတ္တဝါမရှိလို့ ဖြေစရာ မရှိတာပါ ဘုရား) ရှိတာကဘာတုန်း (ရုပ်နဲ့နာမ်ပါ ဘုရား) ခင်ဗျားတို့က ရုပ်နာမ်ရှိတာလည်းသိတယ် (မှန်ပါ) သတ္တဝါ မရှိဘူးဆိုတာတွေကိုလည်း ခင်ဗျားတို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ)။
ဒိဋ္ဌိဖြုတ်လိုက်ရင် ဝိစိကိစ္ဆာမရှိဘူး
ဒါ-ဒိဋ္ဌိအတင်းခွါတာပဲ၊ အားလုံးသဘောကျပြီလား (ကျပါတယ် ဘုရား) ဘာမှ မပူပါနဲ့တဲ့ အခုကွာလို့ရှိရင် ခင်ဗျားတို့ဘာမှပူစရာမရှိဘူး၊ ငရဲရေသောက်မြစ်ဟာ ဒိဋ္ဌိတစ်လုံးတည်း (မှန်ပါ) အဲ-ဝိစိကိစ္ဆာရှိရင်တော့ ဒိဋ္ဌိလာမယ် (မှန်ပါ) ဒါဖြင့် ဒိဋ္ဌိဖြုတ်လိုက်ရင် ဝိစိကိစ္ဆာမရှိဘူး၊ ဒါလေးလည်း မှတ်လိုက်ပါ။
ဒိဋ္ဌိချုပ်ရင် (ဝိစိကိစ္ဆာမရှိဘူး) ဝိစိကိစ္ဆာရှိနေရင်တော့ ဒိဋ္ဌိရှိတယ်တဲ့၊ အဲဒီအပြန်အလှန်လေးကိုလည်း အင်္ဂုတ္တိုရ် ပါဠိတော်မှာလာလို့ ထူးထူးခြားခြားလေး မှတ်လိုက်ပါဦး (မှန်ပါ)။
ကောင်းပြီ, ဒါဖြင့် ရှေးကအပ္ပါယ်လေးပါးတံခါးပိတ်ဖို့ ခင်ဗျားတို့က ဘာတွေထင်လေ့ မြင်လေ့ရှိတာတုန်းလို့မေးလို့ရှိရင် “တို့တော့ကွာ အပါယ်တော့သွားစရာ မရှိပါဘူး” ဆိုပြီး သကာလ အလှူအတန်း သီလလောက်ပဲ ကိုစောမောင်တို့ အားကိုးကြတယ် (မှန်ပါ) အားကိုးကြတယ်နော်၊ အားကိုးပေ မယ့် ဆရာဘုန်းကြီး အားမကိုးကောင်းဘူးလို့ မဆိုပါဘူး၊ အားကိုးကောင်းပါတယ်၊
သို့သော် ငရဲရေသောက်မြစ်က ရှိနေပြန်လို့ရှိရင်ဖြင့် ငရဲဘက်ဆွဲနိုင်တဲ့တရားကို မပယ်နိုင်သေးလို့ ရှိရင်ဖြင့် ကျုပ်တို့ တစ်နေ့နေ့ ပြန်ရောက်ရမှာ (မှန်ပါ)။
မရောက်ရပေဘူးလား (ရောက်ရမှာပါ ဘုရား) အဲဒါတွေဉာဏ်နဲ့စဉ်းစားလိုက်တဲ့အခါကျတော့ ဪ -သူ- ပြုတ်ပြီး လုပ်တဲ့ အလုပ်ဟူသရွေ့ အလုပ်မှန်ပဲ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒိဋ္ဌိပြုတ်ပြီးမှ လုပ်တဲ့အလုပ်ဟာ (အလုပ်မှန်ပါ ဘုရား) အလုပ်မှန်တဲ့။ ခင်ဗျားတို့ အလှူအတန်းကျတော့ ပေးကမ်းကြတာပေါ့၊ ပြောတာပေါ့၊ ကျွေးစရာ, မွေးစရာရှိ ပြောတာပေါ့၊ ယောက်ျားတွေလာခဲ့ပါ၊ မိန်းမတွေလာခဲ့ပါ၊ အဲဒါအထင်ကမပါဘူး (မှန်ပါ)။
တကယ်ရှိတာကတော့ဖြင့် ရုပ်-နာမ်
တကယ့်ယောက်ျားမိန်းမ မဟုတ်ပါဘူး၊ ဒါဟာ အားလုံးက သမုတ်ထားကြတာနဲ့ပဲ အဲဒါဆိုင်းဘုတ် ဆွဲထားတာနဲ့ပဲ ဖတ်ရတော့တာပါပဲ၊ စင်စစ်တော့ဖြင့် တကယ်ရှိတာကတော့ဖြင့် (ရုပ်-နာမ်ပါ ဘုရား)
ရုပ်, နာမ်ပဲ ဆိုတာကိုခင်ဗျားတို့ ဉာဏ်ထဲမှာ ဘယ်လိုပြောနေနေ၊ ဘယ်လိုဆိုနေနေ ရုပ်, နာမ်ပဲရှိတာ တထစ်ချဆုံးဖြတ်ချက်ချပြီးသားဖြစ်ရင် ကိုစောမောင် မပူနဲ့ (မှန်ပါ) အပါယ်ကျစရာမရှိဘူး၊ သဘောပါကြပလား (ပါ, ပါတယ် ဘုရား)။
အဲဒါ ဒါနသီလလုပ်လည်း၊ အင်း-သူ့ဖြုတ်ပြီးလုပ်တဲ့၊ သူ့ရှင်းလင်းပြီး လုပ်တဲ့အလုပ်ဟာဖြင့် ဝိဝဋ္ဋအစစ် ဖြစ်တာပဲ (မှန်ပါ) ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ဒါဖြင့် သတ္တဝါ သေလို့ရှိရင်ဖြင့်- သုံးနံပါတ်မေးပါဦးမယ်၊ ဖြစ်ချည် တလှည့် မဖြစ်ချည်တလှည့်လားလို့ မေးလိုက်ပါတယ် (ဖြေစရာမလိုပါဘူး ဘုရား) ဖြေစရာမလိုပါဘူး (မှန်ပါ) နဂိုက သတ္တဝါမူတည်လိုက်တယ် (မှန်ပါ) ကိုစံလှ သတ္တဝါမူတည်လိုက်တည်းကိုက (ဖြေစရာမလိုပါဘူး ဘုရား)။
မလိုဘူး၊ မရှိတာနဲ့ မေးထားတာ (မှန်ပါ) မရှိတာနဲ့မေးထားတော့ဖြေဖို့ လိုကြသေးလား (မလိုပါဘူး ဘုရား) ဒါဖြင့် သတ္တဝါသေလို့ ရှိရင်ဖြင့် လေးနံပါတ် မေးပါတော့မယ်၊ ခပ်ကျဉ်းကျဉ်းနဲ့ ဒီနေ့သွားရမှာ အလုပ်ဘက်ကို၊ အဲဒါသတ္တဝါ သေလို့ရှိရင်ဖြင့် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင်လား၊ အနုရာဓလို့မေးပြန်ပါတယ် (မှန်ပါ) ဖြေစရာမလိုဘူး၊ ဒါခင်ဗျားတို့အတွက်မှာရှင်းသွားတယ် (မှန်ပါ)။
အနုရာဓဇာတ်ကို ပြန်ခင်းကြစို့
ကဲ-အနုရာဓဇာတ်ကို ပြန်ခင်းကြစို့၊ အနုရာဓကိုယ်တော်လေးကတော့ သူဖြေလိုက်တာက ကိုစောမောင် သိပ်ပြီး သကာလ မပြေပြစ်ဘူး (မှန်ပါ) မပြေပြစ်ဘူးဆိုတာက တခြားမဟုတ်ပါဘူး၊ သူ့မှာ သံသယလေးရှိနေတယ် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) သူ့မှာ သံသယရှိနေလို့ ပြေပြစ်တဲ့အဖြေ သူ့အတွက် မှန်ကန်တဲ့ အဖြေမလာဘူး (မှန်ပါ)။
အဲဒီလိုမေးတဲ့အခါကျတော့ အရှင်တို့၏ ဆရာ-ဘုရားက ဒီလေးချက်ကို ဘယ်လိုဟောလေ့ ပြောလေ့ ဆုံးမလေ့ရှိ ပါလိမ့်မတုန်းဆိုတော့ ဒီလေးချက်ကို ကြဉ်ပြီးသကာ ဘုရားကဟောလေ့ပြောလေ့ရှိပါတယ်၊ ဒီလေးချက်ကို အပထားပြီး သကာလ ဟောလေ့ပြောလေ့ရှိပါတယ်ဆိုတော့ သူ့ဥစ္စာက ဝါးလုံးသိမ်းဖြေတာ (မှန်ပါ) သဘောကျကြပလား (ပါ, ပါပြီ ဘုရား)။
ဝါးလုံး သိမ်းဖြေတာဆိုတာကတော့ စုပေါင်းပြီး သကာလ ပြေအောင် လုပ်လိုက်တာ (မှန်ပါ) သူ့ဉာဏ်ထဲမှာ ရှင်းလို့လင်းလို့ ဖြေတဲ့အဖြေမျိုးလို့ ကိုပေါ်တို့ ကိုစံလှတို့ဆိုမလား (မဆိုရပါ ဘုရား) ဘုရားက ဒီလို မဟောပါဘူး (မှန်ပါ)
တခြားသော နည်းလမ်းနဲ့ဟောပါတယ် (မှန်ပါ) ဆိုတော့ တခြားသောနည်းနဲ့ ဟောပါတယ်ဆိုတည်းက သူကိုယ်တိုင်က ဒီထဲမှာ သူ့စိတ်အတွင်းကို ခင်ဗျားတို့ စဉ်းစားကြည့်လို့ရှိရင်ဖြင့် သတ္တဝါရှိလေသလား (မှန်ပါ့ရှိနေပါတယ်)။
သူ့စိတ်အတွင်းမှာရှိနေတာ (မှန်ပါ) သတ္တဝါပဲ နိဗ္ဗာန်သွားလေသလား၊ အနုရာဓဝမ်းထဲမှာ- ဒီနှစ်လုံးရှိနေတယ် (မှန်ပါ)။ သတ္တဝါရှိလေသလားဆိုတဲ့ ဝိစိကိစ္ဆာတစ်လုံး (မှန်ပါ) သတ္တဝါပဲ နိဗ္ဗာန်သွားလေရော့လား၊ ဒါက ဝိစိကိစ္ဆာတစ်လုံး (မှန်ပါ) မရှိဘူးလား (ရှိပါတယ်) ကဲ-ဘယ်လောက်ကြောက်စရာကောင်းမလဲ (ကောင်းပါတယ်)။
ဘယ့်နှယ်ကြောင့် အဖြေမှန်ကို မထွက်ပါလိမ့်
အဲဒီပုဂ္ဂိုလ်က နှစ်ပေါင်းများစွာ အနိစ္စ, ဒုက္ခ, အနတ္တတွေကို ကိုစောမောင်အားထုတ်ပြီးသား (မှန်ပါ) နှစ်ပေါင်း များစွာ (အားထုတ်ပြီးသားပါ ဘုရား) ဘယ့်နှယ်ကြောင့် အားထုတ်ပြီး သကာလ ဒီအဖြေမှန်ကို မထွက်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ဦးဘရှင်း ဒါလောက်အားထုတ်ပြီး သကာလ သူအဖြေမှန်မထွက်နိုင်တာကိုသာ ခင်ဗျားတို့ စဉ်းစား ကြတော့ (ဒိဋ္ဌိမဖြုတ်ဘဲနဲ့အားထုတ်နေလို့ပါ ဘုရား) ဒိဋ္ဌိမဖြုတ်ဘဲနဲ့ အားထုတ်နေလို့ (မှန်ပါ)။
ဒီလိုရှေ့ ရှင်းထားရမယ့်အလုပ်ကို မရှင်းဘဲနဲ့ (မှန်ပါ) အားထုတ်နေတော့ ဪ -မောရုံပဲ (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမယ် (လွဲရုံ, ပင်ပန်းရုံပါ ဘုရား) အဲဒါကြောင့် ဘုန်းကြီးက ရှင်းရှင်းပဲ ပြောပါတယ်၊ ခင်ဗျားတို့ ဒီဟာကို ရှေ့ပိုင်းကို ရှေ့ထား၊ နောက်ပိုင်းကို နောက်ထားမှသာလျှင် အမှန်ရောက်မှာပေါ့ (မှန်ပါ) ရှေ့ပိုင်း ရှေ့ထားမှသာလျှင် အမှန်ရောက်မှာပေါ့ (မှန်ပါ) ရှေ့ပိုင်း ရှေ့ထား-နောက်ပိုင်း နောက်ထားမှ (အမှန်ရောက်မှာ ဘုရား)။
အမှန်ရောက်မယ်ဆိုတဲ့ ဥစ္စာ ဥပမာမယ် ကိုမြင့်တို့ ကားမောင်းတယ်၊ စက်အရင်နှိုးပြီးမှ ကြွစေတတ်တဲ့ ခလုပ်တွေ ဖြုတ်မှာပေါ့ (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ) ကြွစေတတ်တဲ့ခလုပ်တွေ အရင်ဖြုတ် စက်နောက်မှ နှိုးမယ်ဆိုရင် ကားက ခုန်ပြီး တိုးတဲ့အတွက် အမျိုးမျိုးအဖုံဖုံ ဒုက္ခတွေ မပေးဘူးလား (ပေးပါတယ် ဘုရား) ကဲ ရှေ့နောက် ဘာဖြစ်သွားတုန်း (လွဲသွားပါတယ် ဘုရား)။
ရှေ့နောက်လွဲသွားရင် ဒုက္ခပေး
အဲ-ရှေ့နောက်လွဲသွားရင် (ဒုက္ခပေးပါတယ် ဘုရား) အဲဒီမှာလည်း ခင်ဗျားတို့ အနုရာဓမှာ နှစ်ပေါင်းများစွာ အားထုတ်ပြီးနေငြားသော်လည်း မဂ်ဉာဏ်- ဖိုလ်ဉာဏ် နိဗ္ဗာန်မမြင်ရတာ ဒကာ ဒကာမတို့ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)
ဘာဖြစ်လို့ (ရှေနောက်လွဲလို့ပါ ဘုရား) ရှေ့နောက်လွဲနေလို့ဆိုတော့ ဒါ-သူများတည့်ပေးလို့မရဘူး (မှန်ပါ) ဒါ-ဘုရားပွင့်မှ ဒီ-ဒိဋ္ဌိခွါနည်းကပေါ်လာတာ (မှန်ပါ) ဘုရားပွင့်မှ (ဒိဋ္ဌိခွါနည်းက ပေါ်တာပါ ဘုရား)။
ဘုရားပွင့်မှ ဒိဋ္ဌိခွါနည်းက ပေါ်လာတော့ ဒကာ ဒကာမတွေမှာ အခုဘုရားသာသနာတွင်း ဘုရား၏ ဓမ္မအမွေခံ သံဃာတော်တွေက ဖြန့်ပေးနေလို့ ခင်ဗျားတို့ ရနေကြတာ ဖြစ်နေတော့၊ ဪ -တို့သန္တာန်ဘုရားပွင့်တယ် ဆုံးဖြတ်ချက်ချ လိုက် (မှန်ပါ) သဘောပါပြီလား (ပါ, ပါပြီ ဘုရား) အဲ-အားလုံးပွင့်တယ်လို့ ကိုစောမောင်တို့က မဆိုလိုက်နဲ့ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။
ဒိဋ္ဌိတန်းလန်းနဲ့
မြို့ထဲ ရပ်ထဲမှာ ဘယ့်နှယ် နေကြတုန်းဆိုတော့ တချို့တန်းလန်းနဲ့ ဒိဋ္ဌိတန်းလန်းနဲ့ အဲ-တောရွာ တောင်ရွာတွေ (ဒိဋ္ဌိတန်းလန်းနဲ့ပါ ဘုရား) ဒီဟာတွေ ဗဟုသုတနည်းတဲ့ ပုဂ္ဂိုလ်တွေမှာ (ဒိဋ္ဌိတန်းလန်းနဲ့ပါ ဘုရား)။
တန်းလန်းနဲ့ ဆိုတည်းကိုက သူတို့ကို ဘယ်လိုဆုံးဖြတ်ချက်ချမတုန်းဆိုတော့ ငရဲမျိုးစေ့တော့ရှိပြီ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ငရဲမျိုးစေ့တော့ ရှိတယ်ဟေ့လို့ ခင်ဗျားတို့ အကုန်စွဲချက်တင်မယ်ဆိုရင် တင်နိုင်တယ် (မှန်ပါ)။
မတင်နိုင်ဘူးလား (တင်နိုင်ပါတယ် ဘုရား) အဲဒါသူလိုရင်းအလုပ်လိုသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာလည်း ခင်ဗျား တို့ သိရယူရတာပေါ့ (မှန်ပါ) ကိုစောမောင် မယူသင့်ဘူးလား (ယူသင့်ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း၊ ငရဲမျိုးစေ့က ဒိဋ္ဌိကိုး (မှန်ပါ)။
ကဲ-ဒါဖြင့် အခုလေးချက်စလုံးကို မဖြေဘဲနဲ့နေကြတာသည် ဘုန်းကြီးများက ဪ ဆုကြီးလာဘ်ကြီး ပေးတယ် ဆိုရင် ဒီ ဒကာ ဒကာမတွေရသွားပြီဆိုတာကို ဝမ်းမြောက်တတ်ရမယ် (မှန်ပါ) ဪ ဖြေစရာမရှိလို့ မဖြေတာ (မှန်ပါ) ကိုစံလှဟုတ်ပလား (မှန်ပါ) ဖြေစရာမရှိလို့ (မဖြေတာပါ ဘုရား) ဖြေစရာခင်ဗျားတို့ဆီမှာက ရုပ်နဲ့နာမ်ပဲရှိတယ်။
တနည်းဝေဒနာရှိတယ် (မှန်ပါ)စိတ်ရှိတယ်၊ အင်း ပထဝီ,အာပေါ,ဓာတ်တွေရှိတယ်၊ ကိုစောမောင် ပြောချင်တာ ပြောလိုက်ပါ (မှန်ပါ) ဒါ-ရုပ်, နာမ်ထဲကစိတ်ပြောတာကိုဗျ, ရုပ်, နာမ်စိတ်ပြောချင်လည်း ပြောတာပေါ့တဲ့ အခုဟာတော့ ဒကာ ဒကာမတို့ အနုရောဓ သံသယကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သံသယဆိုတာ ဝိစိကိစ္ဆာ
ဘုရားက ဒီလိုမဟောပါဘူးတဲ့၊ ဒါကြဉ်ပြီးဟော လေ့-ပြောလေ့ရှိပါတယ်ဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အဖြေမျိုးလား၊ သံသယအဖြေမျိုးလား (သံသယအဖြေ မျိုးပါ ဘုရား)။
ဒါဖြင့် သံသယဆိုတာ ဝိစိကိစ္ဆာ သံသယဆိုတာဘာပါလိမ့် (ဝိစိကိစ္ဆာပါ ဘုရား) ဝိစိကိစ္ဆာရှိရင် ဘာရှိမယ် (ဒိဋ္ဌိရှိပါတယ် ဘုရား) ဟော, သူ-မပြုတ်ဘူး၊ ဝိစိကိစ္ဆာမပြုတ်ရင်ရှိရင် (ဒိဋ္ဌိမပြုတ်ပါဘူး ဘုရား)။
ဒိဋ္ဌိပြုတ်တော့ ဝိစိကိစ္စာပါ အလိုလိုပြုတ်တယ်၊ နှစ်ခါရှိပြီ ထပ်ပြောနေတာမှတ်ပါ၊ တစ်သက်လုံးပဲမှတ်ပါ (မှန်ပါ) ဝိစိကိစ္ဆာ ပြုတ်လို့ရှိရင်ဖြင့် (ဒိဋ္ဌိပါပြုတ်ပါတယ် ဘုရား) အဲဒိဋ္ဌိပြုတ်တယ်တဲ့၊ အဲဒီဒိဋ္ဌိပြုတ်ရင် (ဝိစိကိစ္ဆာပါပြုတ်ပါတယ် ဘုရား) အဲ ဝိစိကိစ္ဆာရှိနေရင် ဒိဋ္ဌိပါရှိနေတာပဲ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ဒိဋ္ဌိပြုတ်တော့ (ဝိစိကိစ္ဆာ ပါပြုတ်ပါတယ် ဘုရား) ဝိစိကိစ္ဆာရောပါသွားတယ်။
သဘောကျပလား (ကျပါတယ် ဘုရား) အေးဒါကြောင့် ဒိဋ္ဌိနိရောဓောနိဗ္ဗာန်နံလို့သာ ဆိုလိုက်တယ်၊ ဝိစိကိစ္ဆာ နိရောဓော နိဗ္ဗာန်နံမဆိုဘူး၊ သဘောပါပလား (ပါ,ပါတယ် ဘုရား) ဒကာကြီးလှိုင် သဘောပါပြီနော် (ပါ,ပါပြီ ဘုရား) ဒိဋ္ဌိချုပ်ရင် နိဗ္ဗာန်ကို ပဋ္ဌမနိဗ္ဗာန် သေသေချာချာ ရပါတယ်၊ ဝိစိကိစ္ဆာနိရောဓော နိဗ္ဗာနံကို ဘုရားမဟောဘူး (မှန်ပါ)။
တို့အတင်းခွါဖို့ဟာ ဒိဋ္ဌိ
ဒါကြောင့် ဒကာ ဒကာမတွေ ဒီ ဗဟုသုတကိုလည်း မှတ်ထားပြန်တော့ ဪ တို့အတင်းခွါဖို့ဟာ ဒိဋ္ဌိ (မှန်ပါ) ပေါ်ပြီနော် (မှန်ပါ)။
ကဲ ဒါနဲ့ပဲ သူ့စိတ်ထဲမှာ တိတ္ထိတွေ ပြန်သွားရော ဦးဘရှင်းရေ၊ ဪ ဒီထက်ပိုလွန်ပြီး သကာလ တတ္ထိတွေ ငါ့ကို မေးလို့ရှိရင်ဖြင့် ဖြေလိုက်လို့ရှိရင် ဘုရားအလိုကျကျမှ ကျပါ့မလား၊ ဒီထက်ပို မေးရင်လည်း သူ့မှာခက်သေး တယ် (မှန်ပါ) ဖြေလိုက်လို့ရှိရင်လည်း ဘုရားအလိုကျ ကျမှကျပမလား ဆိုတော့ ဖြေစရာ့ကို ကိုစောမောင် အတော်ခက်နေ တယ်။
မခက်ဘူးလား (ခက်နေပါတယ် ဘုရား) သူ-ခက်နေတယ်ကို ထောက်လိုက်လို့ရှိရင် ကိုစံလှ ကိုပေါ်တို့က တွေး လိုက်၊ သူဒိဋ္ဌိရှိနေတယ် (မှန်ပါ) မရှိဘူးလား (ရှိပါတယ် ဘုရား) အင်မတန်ရှိနေပြီ၊ သူ့မှာဒိဋ္ဌိ (မှန်ပါ)
ဒကာ ဒကာမတို့ သူ့မှာဘာရှိနေတုန်း (ဒိဋ္ဌိရှိနေပါတယ် ဘုရား) ဒိဋ္ဌိရှိပြီး သကာလ နေတော့ သူ့မှာ အင်မတန်ခက်ပြီး သကာလ နေပြီ-တဲ့၊ အခု သူ့တွေးလုံးကိုကြည့်ပါ၊
တိတ္ထိတွေကလည်း သူ့ကို အပြစ်ဆိုသွားကြသေးတယ်၊ ဒါတွေ မဖြေတတ်တဲ့အတွက် အင်း- သင်္ကန်းဝတ်စလူငယ်လေး သော်လည်းကောင်း၊ ကလေးသော် လည်းကောင်း ဖြစ်ပါလိမ့်မယ်၊ သို့မဟုတ် အရွယ်ကြီးတဲ့ အနုရာဓဖြစ်ခဲ့လို့ရှိရင်လည်း လူမိုက်ကြီးရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် သူတို့မေးတာ မဖြေနိုင်တာ (မှန်ပါ) ဒီလို တောင် စွဲချက်တင်သွားသေးတယ်။
ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီကဲ့သို့ စွဲချက်တင်ပြီး သကာလ သွားတော့ သူ့စိတ်ထဲမှာ ဒီထက်ပိုမေးလို့ရှိရင်ဖြင့် တိတ္ထိတွေလည်း ပြန်သွားရော ဖြေထားတဲ့အဖြေတွေ ဘုရားအလိုတော်ကျမှ ကျပါ့မလား၊ ဒီထက်ပိုမေးလို့ရှိရင် သူဖြေရမဲ့ အဖြေတွေ ဘုရားအလိုမကျတဲ့ အဖြေတွေ ဖြစ်နေမှာလား (မှန်ပါ)။
အကယ်၍ ဒီထက်ပိုမေးခဲ့သော်
အကယ်၍ ဒီထက်ပိုမေးခဲ့သော်တဲ့ (မှန်ပါ) ဆိုတော့ အကယ်၍ ဒီထက်ပိုမေးခဲ့သော် ဘုရားအလိုကျပါ့မလားဆို တဲ့ ဥစ္စာသည် သူစိတ်ထဲ ဘုရားအလိုကျ အဖြေတစ်ခုမှ မရှိခဲ့ဘူး (မှန်ပါ) သဘောပါလား (ပါ,ပါပြီ ဘုရား) ခင်ဗျားတို့ သန္တာန်မှာတော့ ဘုရားအလိုတော်ကျ အဖြေရှိနေပြီ၊ ဒီအနုရောဓမှာတော့ (ဘုရားအလိုတော်ကျအဖြေမသိပါ ဘုရား) ဘုရားအလိုတော်ကျ အဖြေမရှိဘူးတဲ့ (မှန်ပါ)။
ဒကာ ဒကာမတို့ ရုပ်,နာမ်ကိုတော့ မသိလို့တော့ မဟုတ်ဘူးတဲ့၊ ရုပ်,နာမ်ကို ပုဂ္ဂိုလ်သတ္တဝါလို့ဆိုတဲ့ အစွဲမပြုတ် ဘူး (မှန်ပါ)ပုဂ္ဂိုလ်သတ္တဝါ (အစွဲမပြုတ်ပါဘူး ဘုရား) အဲဒါကျန်နေတာ ကိုစောမောင် (မှန်ပါ) ဘယ်လောက် ကြောက်စရာ ကောင်းလဲ (ကောင်းပါတယ်)။
ဒါကြောင့် သူသည် နှစ်ပေါင်းများစွာ အင်း-ဖြစ်ပျက်အလုပ်တွေ အနိစ္စ,ဒုက္ခ,အနတ္တ အလုပ်တွေ လုပ်ငြားသော်လည်း ဒီပုဂ္ဂိုလ်လေးဟာ ရဟန္တာဖြစ်လောက်သားပဲ၊ မဖြစ်ဘူး။
ဘုရားကျောင်းတော်နဲ့ မနီးမဝေးနေတာပဲ၊ ဘုရားနဲ့လည်းတွေ့တယ်ဆိုတော့ ပုဂ္ဂိုလ်ထူး-ပုဂ္ဂိုလ်မွန်ပဲ၊ သို့ရာတွင် ခရီးမပေါက်ဘူး (မှန်ပါ) ဒါနဲ့ ခရီးမပေါက်တော့ ကိုစောမောင်ရေ ဘုရားထံ သွားတော့တာပဲ (မှန်ပါ)။
ဒီထက်ပိုမေးရင် လည်း ခက်ချည်ရဲ့ဆိုတဲ့ သံသယနဲ့ (မှန်ပါ) ဘုရားထံသွားတော့ အရှင်ဘုရားတဲ့၊ အရှင်ဘုရားကျောင်းနဲ့ မနီးမဝေးမှာ တပည့်တော်သစ်ရွက်မိုးကျောင်းလေးနဲ့ နေတဲ့အချိန်မှာ တတ္ထိတွေက ဒီလိုလာမေးကြတယ်ဘုရားတဲ့ (မှန်ပါ)။
မေးတော့ တပည့်တော်က ခုနင်က လေးချက်တွေပေါ့ဗျာ၊ ဒီလိုမေးတဲ့အချိန် တပည့်တော်က ဘုရားက ဒီလိုမ ဟောပါဘူး၊ တစ်ပါးသော နည်းနဲ့သာ ဟောပါတယ်လို့ တပည့်တော်က ပြောလိုက်ပါတယ်၊ ပြီးတော့ စိတ်ထဲမှာ သူတို့ လည်း ပြန်သွားရော ဘုရားတပည့်တော်ကို လူမိုက်လည်းဆိုသွားသေးတယ် လူအ,လည်းဆိုသွားသေးတယ် သူတို့သွားပြီး တပည့်တော်စိတ်ကူးမျိုး ပေါ်ပြန်ပါတယ်။
ဘုရားအလိုကျဖြစ်မှ ဖြစ်ပါ့မလား
ဪ-တိတ္ထိတွေ နောက်တွေ့ကြဦးမှာ တွေ့တော့ ဒီထက်များပိုမေးလို့ရှိရင်ဖြင့် ဖြေတော့ဖြေရမှာပဲ၊ ဖြေပင်ဖြေ ငြားသော်လည်း ဘုရားအလိုကျဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယ ဝိစိကိစ္ဆာ တပည့်တော် ပေါ်နေပါတယ် (မှန်ပါ) ဆိုတော့ ဘုရားက ရိပ်မိတယ်၊ ကိုစောမောင် ဘုရားက (ရိပ်မိပါတယ် ဘုရား)။
ကဲ ခင်ဗျားတို့တောင် ရိပ်မိပြီ ခင်ဗျားတို့က ရှေ့က ရှင်းထားတဲ့အတွက် ခင်ဗျားတို့ ကိုယ်တိုင်ရိပ်မိတယ် (မှန်ပါ့)။
မရိပ်မိဘူးလား (ရိပ်မိပါတယ် ဘုရား) သူ့မှာတဲ့ သူ့အယူလည်းမမှန်သေးဘူး၊ ဟိုပုဂ္ဂိုလ်တွေ အယူကော (မမှန် သေးပါ ဘုရား) မမှန်တဲ့နှစ်ယောက်သွားတွေ့နေတယ်၊ သူကလည်း အယူမှန်မရသေးဘူး အနုရာဓကလည်း အယူမှန် (မရသေးပါ ဘုရား)။
ဪ -ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊ ငါ့အနုရာဓခက်ပါသေးတယ်၊ သူလည်း အယူမှန်မရှိ အယူမှန်မမြဲသေးဘူး၊
မေးတဲ့ပုဂ္ဂိုလ်ကလည်း နဂိုကမှ မသိလို့ တိတ္ထိမို့ ဒိဋ္ဌိအယူမေးတာကို၊ မေးတဲ့ ပုဂ္ဂိုလ်က အယူမှန်မရှိဘူး၊ ဖြေတဲ့ပုဂ္ဂိုလ်မှာလည်း တထစ်ချ ဆုံးဖြတ်ထားတဲ့အယူမှန်ကော (မရှိပါဘူး) မရှိသေးတော့ ဝိစိကိစ္ဆာရှိနေတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ်) ဘယ်သူ့မှာရှိနေပါလိမ့် (အနုရာဓမှာပါ ဘုရား) အနုရာဓမှာ သေသေချာချာရှိနေတယ် ဒကာ ဒကာမတွေမှတ်လိုက် (မှန်ပါ့) အနုရာဓမှာ (ဝိစိကိစ္ဆာရှိနေပါတယ်) သေသေချာချာ ရှိနေတယ်လို့ မှတ်လိုက်ပါတဲ့၊
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူဟာတဲ့ရှေ့ဆက်ပြီး ဘုရားက ဟောချင်တော့ ကိုစောမောင် စဉ်းစားတယ် မဖြေရမယ့်တရား-ဖြေရမယ့်တရား သူမသိဘူး (မှန်ပါ့) မဖြေရမဲ့တရား (သူမသိပါ ဘုရား) ဖြေရမဲ့တရားကော (မသိပါ ဘုရား)။
သတ္တဝါနဲ့မေးရင် မဖြေနဲ့
ဖြေရမဲ့တရားက ရုပ်, နာမ် (မှန်ပါ့) မဖြေရတဲ့တရားက သတ္တဝါနဲ့မေးရင် မဖြေနဲ့ (မှန်ပါ့) ရုပ်, နာမ်နဲ့ဖြေရင် ဖြေ (မှန်ပါ့) အခုတော့ ဒကာ ဒကာမတို့ ရုပ်, နာမ်နဲ့လည်း မဖြေဘူး၊ သတ္တဝါနဲ့လည်း မဖြေဘူး (မှန်ပါ့) တော်အောင်ပဲ သူစိတ်ထဲမှာ ဘုရားဖြင့် ဒီလိုမဟောတန်ပါဘူး၊ ဒီတစ်လုံးနဲ့ပြီးပြီဆိုတော့ ဖြေရမဲ့အဖြေကိုလည်း ကိုစောမောင် (မဖြေတတ် ပါ ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။
မဖြေရမဲ့အဖြေကိုလဲ (မရှင်းပါ ဘုရား) အဲ-မဖြေရမဲ့အဖြေကို သူဖြေနေတည်းကိုက သူမရှင်းဘူး (မှန်ပါ့) ဘယ်သူမရှင်းတာပါလိမ့် (အနုရာဓမရှင်းတာပါ ဘုရား) ကောင်းပြီ အနုရာဓမရှင်းတာ သေချာတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုင်း-ဪ တိတ္ထိတွေ အပြစ်ဆိုစရာမရှိဘူး (မှန်ပါ့) ငါ့လူအပြစ်ဆိုစရာသာရှိတယ် (မှန်ပါ့)။
တိတ္ထိတွေလာမေးတဲ့ အမေးကို အပြစ်ဆိုစရာမရှိဘူး (မှန်ပါ့) ကိုယ့်လူက မဟန်လို့ သူ့ကိုယ်တိုင်မှာ ဒိဋ္ဌိမပြုတ်တာ ကသာ ဆိုးတယ် (မှန်ပ့ါ) ဟိုပုဂ္ဂိုလ်က ဘုရားဆီတရားအားထုတ်တာမှ မဟုတ်ဘဲ၊ ဒီအနုရာဓက ဘုရားဆီ လက္ခဏာရေးသုံးပါး အားထုတ်နေတာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဘုရားက ဘယ်သူ့ကို အရေးတကြီး ပြောရမှာတုန်း (အနုရာဓကို အရေးတကြီး ပြောရမှာပါ ဘုရား)။
ခန္ဓာဘယ်နှပါးရှိတုန်း
အဲ-အနုရာဓကို အရေးတကြီး ပြောတော့မှ ဒကာ ဒကာမတို့ ဘုရားက ရှင်းပေးရရှာတယ် (မှန်ပ့ါ) ပြီးတော့မှ သူအားထုတ်ရမှာကိုး (မှန်ပါ့) အနုရာဓတဲ့၊ ခန္ဓာဘယ်နှပါးရှိတုန်း ငါးပါးရှိပါတယ်ဘုရားတဲ့၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါးအခု သေသေချာချာသိပြီနော် (မှန်ပ့ါ) ခင်ဗျားတို့ ဖောက်ပြန်ပျက်စီး တာကြီးက ရုပ်-ရူပက္ခန္ဓာ (မှန်ပါ) ကောင်းတာဆိုးတာ ခံစားတာက ဝေဒနာက္ခန္ဓာ၊ မှတ်တာဟူသရွေ့က (သညာက္ခန္ဓာပါ ဘုရား)။
နှိုးဆော်တိုက်တွန်းတာ ဟူသရွေ့က (သင်္ခါရက္ခန္ဓာပါ ဘုရား) သိတာဟူသရွေ့က (ဝိညာဏက္ခန္ဓာပါ ဘုရား) ဝိညာဏက္ခန္ဓာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှတ်ပါ (မှန်ပါ့) ဪ ဒါပဲရှိတာပဲ၊ သတ္တဝါဒီထဲမပါဘူး-မရှိဘူးဆိုတာ ရှင်းနေတယ် (မှန်ပါ့) မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား) အဲဒီကဲ့သို့ ရှင်းနေတော့ ဒါပဲ-ကျုပ်တို့မှာ ရှင်းနေတာကိုး။
အနုရာဓကိုဘုရားက ရှင်းစေချင်တာနဲ့ အားလုံး ဒကာ ဒကာမတို့ကို မေးလိုက်ပါတယ်၊ အနုရာဓကို တစ်နံပါတ် မေးတယ်နော် (မှန်ပါ့) ရုပ်တရားကို သတ္တဝါဆိုမလား (မဆိုရပါဘူး ဘုရား) ဝေဒနာတရားကော သတ္တဝါဆိုမလား (မဆိုနိုင်ပါ ဘုရား) သညာတရားကော (မဆိုနိုင်ပါ ဘုရား) မဆိုနိုင်တာချည်းပဲ သဘောကျပလား (ကျပါတယ် ဘုရား)။
ဒါနဲ့ အနုရာဓကို ဘုရားက ဘာလုပ်ပေးနေတာတုန်း ကိုစောမောင် ပြောစမ်း (ရှင်းပေးနေတာပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ (ရှင်းပေးနေတာပါ ဘုရား) အဲ-ခင်ဗျားတို့ခန္ဓာကိုယ်ကို ကြည့်ပြီး ခင်ဗျားတို့လည်း ရှင်းအောင် ခွါချလိုက်ပြီးတာပါပဲ၊
ပူတာ အေးတာက ဘာပါလိမ့်
ဪ -တို့ခန္ဓာ ပူတာ အေးတာက ဘာပါလိမ့် (ရူပက္ခန္ဓာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ကောင်းတယ်ဆိုးတယ်လို့ ပါးစပ်ပြောပြီး သကာလ ကောင်းတာလေးခံစား၊ ဒါလေးက ဘာပါလိမ့် (ဝေဒနက္ခန္ဓာပါ ဘုရား) အင်း-ဒါ သမီးလေး သားလေးရယ်လို့ မှတ်တာက (သညက္ခန္ဓာ ဘုရား)။
သွားဦးမှတော်မှာ၊ လာဦးမှ တော်မှာလို့ တိုက်တွန်းတဲ့တရားလေးက (သင်္ခါရက္ခန္ဓာပါ ဘုရား) ဟိုဟာသိ ဒီဟာသိတာက (ဝိညာဏက္ခန္ဓာပါ ဘုရား) ဘာမှမရှိဘူးဆိုတာ ရှင်းလင်းနေပါပြီ (မှန်ပါ့) အဲဒီကဲ့သို့ ရှင်းလင်းနေတော့ကို ကျုပ်တို့ ခင်ဗျားတို့အတွက်ကတော့ အေးချမ်းနေငြားသော်လည်း အနုရာဓ အတွက်ကတော့ အကုန်မေးရလိမ့်မယ် (မှန်ပါ့) ကဲ-ဒါဖြင့်ကွာတဲ့ အနုရာဓ ရုပ်တရားကိုကြဉ်ပြီး သတ္တဝါဆိုမလား (မဆိုနိုင်ပါ ဘုရား)။
သဘောကျပလား (ကျပါတယ် ဘုရား) ဝေဒနာတရားကို ကြဉ်ပြီးတော့ကော (မဆိုနိုင်ပါ ဘုရား) ဝိညာဏက္ခန္ဓာကို ကြဉ်ပြီးတော့ကော (မဆိုနိုင်ပါ ဘုရား) မဆိုနိုင်ဘူးလို့ အနုရာဓက ဒီအတိုင်းဖြေတယ်၊ အင်း-ဒီလိုဖြေပြီး သကာလ ဒါဖြင့် ကွာတဲ့ ဘုရားက အခုနှစ်မျိုးရှိသွားပြီ (မှန်ပါ့) ရုပ်တရားကို သတ္တဝါဆိုမလားက တစ်နံပါတ်မေးလုံး (မှန်ပါ့) ခန္ဓာငါးပါး တစ်ခုတစ်ခုစီ မေးတာက တစ်နံပါတ် (မှန်ပါ့)။
ငါးပါးစလုံးကို သတ္တဝါဆိုမလား
နောက်သူ့ကို ကြဉ်ပြီး သကာလ သတ္တဝါဆိုမလားက နှစ်နံပါတ် မေးခွန်း၊ ဒါလည်း ဖြေစရာမရှိဘူး မဟုတ်လား၊ ရုပ်, နာမ်မှတစ်ပါးကော သတ္တဝါရှိရဲ့လား (မရှိပါ ဘုရား)။
မရှိဘူး၊ သုံးနံပါတ် တစ်ခါပြန်မေးတယ်၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးရှိပါတယ်တဲ့၊ ငါးပါးစလုံးကို သတ္တဝါဆိုမလားလို့ မေးလိုက်တယ် (မဆိုနိုင်ပါ ဘုရား)။
ခင်ဗျားတို့က မဆိုနိုင်ဘူးဆိုသလို သူလည်း မဆိုနိုင်ပါဘူးပဲ ဖြေလိုက်တယ်၊ ဒါက ဒိဋ္ဌိခွါပေးနေတယ်၊ ဒါဖြင့်ကွာတဲ့ မင်းငါးပါးကို မဆိုလို့ရှိရင်ဖြင့် ရုပ်မဟုတ်တာကို ဆိုမလား ဝေဒနာမဟုတ်တာကို ဆိုမလား (လ) စိတ်မဟုတ်တာကို ဆိုမလားလို့ ဆက်မေးတယ် (မှန်ပါ့) ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါဘူး ဘုရား) အဲဒါကော သတ္တဝါရှိရဲ့လား (မရှိပါ ဘုရား)။
မရှိဘူးဆိုတော့မှ ကိုင်း- အနုရာဓမင်းသည်ကား ဆိုလို့ရှိရင် သတ္တဝါရှင်းပြီမဟုတ်လား နဂိုကမှ သတ္တဝါမပါဘူး (မှန်ပါ့) မင်းမှတ်ထားတဲ့ (မှန်ပါ့) ကိုစောမောင် မင်းမှတ်ထားဆိုတော့ ဘာမှတ်ခိုင်းတုန်းဆိုတော့ အခုဖြစ်ပေါ်နေတာဟာ ဥပမာ ရုပ်ကလေးဖြစ်နေတယ်၊ ဒါဒုက္ခသစ္စာဖြစ်နေတယ် (မှန်ပါ့) ဝေဒနာဖြစ်တာကော (ဒုက္ခသစ္စာဖြစ်နေတာပါ ဘုရား)။
သညာလေးပေါ်လာတော့ကော (ဒုက္ခသစ္စာဖြစ်နေတာပါ ဘုရား) အင်း-ဒုက္ခသစ္စာ ဖြစ်နေတာပဲတဲ့၊ ဖြစ်ပေါ်လာ တာဟူသရွေ့က ဒုက္ခသစ္စာ (မှန်ပါ့) စိတ်ကလေးပေါ်လာတော့ကော (ဒုက္ခသစ္စာပါ ဘုရား) ဒါလေးတွေ ငါးပါးစလုံး မပေါ်လာတော့ဘူးဆိုရင် (ဒုက္ခသစ္စာမပေါ်တာပါ ဘုရား) နိရောဓသစ္စာ၊ ချုပ်ပေါ့ပဲကိုမြင့်ရ ငါးပါးစလုံးချုပ်ရင် (နိရောဓသစ္စာပါ ဘုရား)။
ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ
မင်းတို့သန္တာန်မှာ-တဲ့ ဒုက္ခသစ္စာရှိတယ်ကွာ-တဲ့၊ အားလုံးမလာတော့ဘူးဆိုရင် နိရောဓသစ္စာဖြစ်တာပဲ ဒီသစ္စာ နှစ်ပါးရှိတယ် ဘုရားက (မှန်ပါ့) ဘယ်သူ့ဟောနေတာတုန်း (အနုရာဓ ဟောနေတာပါ ဘုရား)။
အဲတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတဲ့၊ ဒါ-ခန္ဓာငါးပါးဟာ ပေါ်လိုက်-ပျောက်လိုက် ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အင်း-ဘာသစ္စာ တွေတုန်း (ဒုက္ခသစ္စာတွေပါ ဘုရား)။
အင်း-လုံးလုံးပျောက်သွားတဲ့အခါကျတော့ (နိရောဓသစ္စာပါ ဘုရား) ခန္ဓာကိုယ်ထဲမှာ ဝဋ်သစ္စာ-ဝဋ်ကျွတ်တဲ့သစ္စာ ဒါပဲရှိတယ် (မှန်ပါ့) ဝဋ်ကြိုက်တဲ့ပုဂ္ဂိုလ်က ဝဋ်သစ္စာဆုတောင်းတယ်၊ ဝဋ်မကြိုက်တဲ့ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ ဒီဝဋ်ကို မလိုချင်တဲ့ဉာဏ်လာအောင် လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဝဋ်ကြိုက်တဲ့ပုဂ္ဂိုလ်က ဝဋ်ဆုတောင်းယူတာပဲ၊ လူဖြစ်ရပါလို၏ဆိုတော့ ဒီခန္ဓာငါးပါးလာမယ်၊ ဒုက္ခသစ္စာလာမယ် (မှန်ပါ)။
နတ်ဖြစ်ရပါလို၏ဆိုရင် (ဒုက္ခသစ္စာလာမှာပါ ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်ကော (ဒုက္ခသစ္စာလာပါတယ် ဘုရား) ဝဋ်ကြိုက်တဲ့ပုဂ္ဂိုလ်က ဝဋ်ဆုတောင်းယူတယ် (မှန်ပါ့)
ဝဋ်မကြိုက်တဲ့ပုဂ္ဂိုလ်က ဝဋ်ကို မလိုချင်တဲ့ဉာဏ် ပေါ်အောင် လုပ်ပါ၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ဝဋ်ကို (မလိုချင်တဲ့ဉာဏ် ပေါ်အောင်လုပ်ရမှာပါ ဘုရား) ဒါက ဝိပါကဝဋ်ကြီးကို (မှန်ပါ့)။
ဝဋ်ကို မလိုချင်တဲ့ဉာဏ်ပေါ်အောင် လုပ်
ဝဋ်ကို မလိုချင်တဲ့ဉာဏ်ပေါ်အောင် လုပ်ဆိုတော့ သူ-ပွားရတော့မယ်၊ မပွားရပေဘူးလား (ပွားရပါမယ် ဘုရား)။
အဲဒီတော့ ဘုရားက မင်း အနုရာဓတဲ့ သစ္စာ ၂-ပါးထဲ ပါကို မပါဘူး သတ္တဝါသေရင် မဖြစ်တော့ဘူးလား ဆိုတာလည်း သစ္စာနှစ်ပါးတည်း မပါဘူး၊
သတ္တဝါသေရင် ဖြစ်ချည်တလှည့် မဖြစ်ချည်တလှည့်လား ဆိုရင်ကော သစ္စာနှစ်ပါးတည်း မပါပါဘူး၊
သတ္တဝါသေရင် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် ဖြစ်သေးတယ်ဆိုတာကော (သစ္စာနှစ်ပါးထဲ မပါ- ပါ ဘုရား)
မပါ-ပါဘူး သစ္စာနှစ်ပါးထဲမှာ မင်းတစ်သက်လုံးမှတ်တဲ့၊ ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာ ချုပ်တာပဲရှိပါတယ် (မှန်ပါ့) ဆိုတော့ ရှင်းသွားတယ်၊ ဒုက္ခသစ္စာချုပ်တာပဲ ရှိတယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်အချိန်မှာပဲကြည့်ကြည့် ဖြစ်တာနဲ့ပျက်တာပဲ ရှိတယ် (မှန်ပါ့)။
ဖြစ်တာသည် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ပျက်သွားတာသည် (နိရောဓသစ္စာပါ ဘုရား) အဲဒုက္ခသစ္စာချုပ်တာပဲ သဘောကျပလား (ကျပါတယ် ဘုရား)။
နောက်မလာရင် နိရောဓသစ္စာပဲ
ဘယ်အချိန်ကြည့်ကြည့် ဘာတွေ့ရမတုန်း (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာပဲ တွေ့ရပါမယ် ဘုရား) ဒုက္ခ သစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာ (မှန်ပါ့) အလုံးစုံချုပ်သွားရင် နောက်မလာရင် နိရောဓသစ္စာပဲ၊ အခုကြည့်နေလို့ရှိရင်ဖြင့် ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဒီပြင်ပုဂ္ဂိုလ်သတ္တဝါ ငါသူတစ်ပါး ယောက်ျားမိန်းမ (မရှိပါ ဘုရား)။
အမှန်ဉာဏ်နဲ့ လိုက်တော့ ဒါပဲတွေ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ကောင်းပြီ ဒီလိုသိထားတော့ ကဲ ဒါဖြင့် အနုရာဓဒိဋ္ဌိခွါပြီးတော့ သစ္စာနှစ်ပါးပဲ ရှိတယ်ဆိုတာ မှတ်ရတော့မယ်လို့ ဘုရားက နိဂုံးချုပ်လိုက်တယ် (မှန်ပါ့) ဒါကြောင့် ဘယ်လိုပင် ဝိပဿနာလုပ်ငြားသော်လည်း သစ္စာမဆိုက်ရင် မရပြန်ဘူး (မှန်ပါ့)။
ရှင်းပလား (ရှင်းပါပြီ ဘုရား) ဖြစ်ပျက်တွေ ဘယ်လိုပင် အားထုတ်သော်လည်း ဉာဏ်က သစ္စာမဆိုက်လို့ရှိရင် (မရပါ ဘုရား) လမ်းမဆုံးဘူး၊ ဉာဏ်က သစ္စာသိအောင် မဆိုက်လို့ရှိရင် ဘယ့်နှယ်တုန်း (လမ်းမဆုံးပါဘူး ဘုရား) လမ်းမဆုံး ဘူးဆိုတာ ကိုစံလှ ဒါကြောင့် အချက်ကလေးတွေ-အချက်ကလေးတွေဟာ တယ်လိုပါလား (မှန်ပါ့) ပဋ္ဌမဒိဋ္ဌိခွါဖို့လိုတယ် နောက် ဝိပဿနာရှုဖို့ကော (လိုပါတယ် ဘုရား)။
သစ္စာဖြစ်လာ အောင် ဉာဏ်ရင့်လာမှ
နောက် ဝိပဿနာရှုတဲ့တရားတွေကို သစ္စာဖြစ်အောင် ဉာဏ်ထဲရင့်ဖို့ကော (လိုပါတယ် ဘုရား) အဲဒီသစ္စာဖြစ်လာ အောင် ဉာဏ်ရင့်လာမှ ကိုပေါ်တို့ ကိုစံလှတို့က ကိစ္စပြီးမယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) အဲဒီတင်မှ ကဲ-ဒိဋ္ဌိခွါမှန်း လည်း သိပြီ၊ သစ္စာနှစ်ပါးသာရှိတယ်လို့လည်း ဘုရားကပြောထားပြီ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ပြောတဲ့အခါကျ တော့မှ ဘုရားက ဝိပဿနာရှုခိုင်းတာ (မှန်ပါ့)။
ဒကာ ဒကာမတို့ ခုနင်က အပြောရှိသေးတယ်၊ သူ သောတာပန်၊ သက္ကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာမဖြစ်သေးဘူး (မှန်ပါ့) အနုရာဓဖြစ်ပလား (မဖြစ်သေးပါ ဘုရား) ဒကာ ဒကာမတို့ အနုရာဓ ဘာမှမဖြစ်သေးဘူး၊ အခုပြောလိုက်တဲ့ စကားလုံးသည် ဒိဋ္ဌိကွာလုံးပဲ သူပြောလိုက်တယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ခန္ဓာငါးပါးတွေ လှည့်မေးလိုက်၊ အင်း-သတ္တဝါဟုတ်သေးလား၊ ဘာဟုတ်သေးလား မေးတာတွေလည်း ကိုစောမောင် ဒိဋ္ဌိခွါပေးတာလို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သစ္စာနှစ်ပါးပဲရှိတယ်ဆိုတာ ဘာခွါနေတာတုန်း (ဒိဋ္ဌိခွါနေတာပါ ဘုရား) ဒိဋ္ဌိခွါတုန်းပဲ ရှိသေးတယ်၊ သူ မရှုရသေးဘူး၊ ရှုကိုမရှုရသေးဘူး (မှန်ပါ့)။
ဝိပဿနာအရှုခိုင်းတယ်
အဲဒီတင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓဆိုပြီး သကာလ ဝိပဿနာအရှုခိုင်းတယ် ကိုစောမောင် (မှန်ပါ့) ဒကာ ဒကာမတို့ ရှုခိုင်းတဲ့ အလုပ်ဟာက ခုနင်က သိမှုကုန်လို့ ပွားမှုခိုင်းတာ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား)
သိမှုကုန်လို့ (ပွားမှုခိုင်းတာပါ ဘုရား) ပွားမှုခိုင်းပြီဆိုတော့ ဒါ ခိုင်းသင့်တဲ့အချိန်ရောက်နေပြီ ကိုစံလှ ဘယ်လို ဆုံးဖြတ်ချက် ချမတုန်း (ခိုင်းသင့်တဲ့အချိန် ရောက်ပါပြီ ဘုရား)။
ခိုင်းသင့်တဲ့အချိန် မဟုတ်တုန်းက ဘုရားခိုင်းရဲ့လား (မခိုင်းပါ ဘုရား) မခိုင်းဘူးတဲ့၊ ဒိဋ္ဌိပဲ ခွါပေး နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ခိုင်းသင့်တဲ့အချိန်မရောက်ခင်တုန်းက (ဒိဋ္ဌိခွါပေးနေပါတယ် ဘုရား) မခိုင်းပါဘူးတဲ့၊ ဒိဋ္ဌိပဲ ခွါပေးနေတယ်၊
ကိုင်း-ခိုင်းသင့်တဲ့ အချိန်ရောက်တော့ (ခိုင်းပါတယ် ဘုရား) ခိုင်းပြီးဆိုတော့ အားလုံးတရားတစ်ပွဲလုံးက ဆုံးဖြတ်ချက်ချ၊ ဪ -ဒိဋ္ဌိခွါပြီးမှ တရားအားထုတ်ခိုင်းတယ် (မှန်ပါ့)။
မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒိဋ္ဌိခွါပြီးမှ တရားအားထုတ်ခိုင်းတယ်၊ ဖြစ်-ပျက် အားထုတ်ခိုင်းတယ် (မှန်ပါ့) ဪ -တော်တော် အရေးကြီးပါတယ်ဆိုတဲ့ဥစ္စာ ဘုန်းကြီးက အပြောကောင်းလို့ အရေးကြီးတယ်လို့ ဦးဘရှင်း မယူနဲ့ (မှန်ပါ့)။
ဘုရားအစဉ်ကိုက ဒီအတိုင်း (မှန်ပါ့) ခုနင်က ဘုရား ညည်းလုံးကို သိပြီမဟုတ်လား ကိုစောမောင် (မှန်ပါ့) အင်း ငါ့လူကိုက နေရာမကျတာ၊ ကိုယ့်အယူကိုလည်း ကိုယ်မသိ၊ မေးတဲ့လူရဲ့ အယူကိုလည်း မသိတဲ့၊ ကိုင်း- ဒါဖြင့် ဝိပဿနာရှုနည်း သင်တော့မယ်ဆိုတော့ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်ရလိမ့်မယ်။
သတိပဋ္ဌာန်လေးပါး
ကာယာနုပဿနာဆိုတာ ရုပ်ကိုရှုတယ်၊ ဝေဒနာနုပဿနာဆိုတာက (ဝေဒနာကို ရှုတာပါ ဘုရား) အေး-စိတ္တာ နုပဿနာဆိုတာက (စိတ်ကို ရှုတာပါ ဘုရား) ဓမ္မာနုပဿနာဆိုတာက သညာ၊ သင်္ခါရ၊ နှစ်ခုကို (ရှုတာပါ ဘုရား)။
သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးက လေးပါးဖြစ်တယ် (မှန်ပါ့) ခန္ဓာငါးပါးက ဘယ်နှစ်ပါးဖြစ်သွားလဲ (လေးပါးဖြစ်သွားပါတယ် ဘုရား) ရုပ်ကိုရှုရင် (ကာယာနုပဿနာပါ ဘုရား) ဝေဒနာကိုရှုရင် (ဝေဒနာနုပဿနာပါ ဘုရား)။
သညာနဲ့ သင်္ခါရတွဲနေတာရှုရင် (ဓမ္မာနုပဿနာပါ ဘုရား) ကဲ-စိတ်ဆိုတဲ့ ဝိညာဏ်ကိုရှုရင် (ဓမ္မာနုပဿနာပါ ဘုရား) သတိပဋ္ဌာန်ထဲ ဝင်သွားပြန်ပြီ ကိုစောမောင်၊ ဪ -သတိပဋ္ဌာန်ဆိုတော့ တခြားလား အောက်မေ့နေတယ်၊ ခန္ဓာငါးပါး လေးပုံ-ပုံတာကို (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သတိပဋ္ဌာန်ဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးကို လေးပုံ- ပုံပါ ဘုရား)။
ကိုပေါ်၊ ကိုစောမောင်ရေ လေးပုံ-ပုံရလိမ့်မယ် (မှန်ပါ့) ပုံချင်လို့ ပုံတာ မဟုတ်ဘူး၊ ဦးဘရှင်းက သေသေချာချာ မှတ်၊
လောဘအားကြီးတဲ့ပုဂ္ဂိုလ် ဝေဒနာသူပေးမယ်
ဘဝများစွာ သံသရာထဲက လောဘအားကြီးတဲ့ပုဂ္ဂိုလ် ဝေဒနာသူပေးမယ်၊ ဘုရားကဆိုတော့ မပုံရပေဘူးလား (ပုံရပါတယ် ဘုရား) ပုံရလိမ့်မယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ဒိဋ္ဌိအားကြီးတဲ့ပုဂ္ဂိုလ် ဘဝများစွာ သံသရာက ဒိဋ္ဌိအစွဲ သန်တဲ့ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာ သူ့ပေးရလိမ့်မယ် (မှန်ပါ့)။
သဘောကျပလား (ကျပါတယ် ဘုရား) ဉာဏ်နုံ့တဲ့ပုဂ္ဂိုလ်ကျရင်တော့ဖြင့် ရုပ်ကို ပေးရလိမ့်မယ် (မှန်ပါ့) ဉာဏ် အထက်ဆုံးပုဂ္ဂိုလ် ကျလို့ရှိရင်ဖြင့် ဒီဓမ္မာနုပဿနာ ပေးရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါတယ် ဘုရား) အဲတော့ သတိပဋ္ဌာန်က ဘယ်နှစ်မျိုးပုံမတုန်းဆိုတော့ (လေးမျိုးပုံမှပါ ဘုရား) ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ လောဘများတဲ့ပုဂ္ဂိုလ်ကျ တော့ ဘာပေးရမယ် (ဝေဒနာနုပဿနာပါ ဘုရား)။
ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ (စိတ္တာနုပဿနာပေးရပါမယ် ဘုရား) ဉာဏ်နုံ့တဲ့ပုဂ္ဂိုလ်ကျတော့ (ကာယာနုပဿနာ ပေးရပါမယ် ဘုရား) ကာယာနုပဿနာပေးရမယ်တဲ့ (မှန်ပါ့) ဘာကြောင့်တုန်းဆိုတော့ အစိုင်အခဲရှိနေလို့ သူက မြင်လွယ် တယ် (မှန်ပါ့) သဘောကျပလား (ကျပါ ဘုရား) ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ကျတော့ သူများနဲ့တန်းမတူတဲ့ ပုဂ္ဂိုလ် ဓမ္မာနုပဿနာ ပေးရမယ် (မှန်ပါ့)။
ရှင်းကြပလား (ရှင်းပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါ ဘုရား) ဪ -ဒါဖြင့် ခန္ဓာငါးပါးချုံ့လိုက်ပြန်တော့ ကိုစံလှ ဘယ်နှစ်မျိုးတွေ့တုန်း (လေးမျိုးတွေ့ပါတယ် ဘုရား) လေးမျိုးက မျိုးချင်လို့ မျိုးရတာလားလို့ မေးတဲ့အခါကျတော့ သတ္တဝါ တွေ စရိုက်မတူလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုပါလိမ့် (သတ္တဝါတွေ စရိုက်မတူလို့ပါ ဘုရား)။
စရိုက်မတူတာနဲ့ လေးမျိုးပြားရတယ်
သတ္တဝါစရိုက်မတူတာနဲ့ လေးမျိုးပြားလိုက်ရတယ် (မှန်ပါ့) တရားဟာ အားလုံးပဲ ကိုစောမောင်တို့ သိပြီးသား ရမ်းပေးလို့မဖြစ်ဘူး (မှန်ပါ့) မဟုတ်ဘူးလား၊
တချို့ယောဂီတွေ အမျိုးမျိုးအဖုံဖုံ ရှိကြပါတယ်၊ သူတို့ဆီရောက်ရင် သူတို့ဟာ ပေးတာပါပဲ၊ ဘာစရိုက်၊ ဘာစရိုက်ရွေးသလား (မရွေးပါ ဘုရား) ဒါဖြင့် ကိုက်ပါ့မလား (မကိုက်နိုင်ပါ ဘုရား)။
မကိုက်ဘူးတဲ့၊ ဒါတွေကိုလည်း ခင်ဗျားတို့က စဉ်းစား ရှေ့နောက်အစဉ်လွဲလို့ မှားတာကတစ်မျိုး၊ ကမ္မဋ္ဌာန်း အပေးလွဲလို့ (မှားတာက တစ်မျိုးပါ ဘုရား) ဒါဖြင့် မှားစရာအချက်တွေက ဘယ်လောက်များတုန်း (များပါတယ် ဘုရား) အင်မတန်များတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား)။
ကဲ-ဒါဖြင့် ဉာဏ်နဲ့ ကြပ်ကြပ်စဉ်းစားပြီး သကာလ ဪ – တို့နိဗ္ဗာန် လိုချင်ငြားသော်လည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို လိုချင်ငြားသော်လည်း ခေါင်းဆောင်ကောင်း တော် တော် အရေးကြီးတယ်၊ (မှန်ပါ့) ကိုစောမောင် ကိုစံလှတို့ သိသွားပြီ (မှန်ပါ့) မသိဘူးလား (သိပါပြီ ဘုရား)။
အခုဘယ်လို သိရတုန်းဆိုတော့၊ ဒိဋ္ဌိမခွါဘဲနဲ့ ဝိပဿနာရှုနေသော်လည်း အလကားဝိပဿနာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) စရိုက်မသိဘဲနဲ့ ကမ္မဋ္ဌာန်းပေးနေလို့ရှိရင်လဲ အလကားဆရာ ဖြစ်ရမယ်။
ဘာဖြစ်လို့ အလကားဆရာဖြစ်ရမတုန်းဆိုတော့၊ ဒီအားထုတ်တဲ့ ပုဂ္ဂိုလ်ပန်းရုံပဲ (မှန်ပါ့) ကိုစောမောင် ဘယ်လို ဆိုကြမယ် (အားထုတ်တဲ့ပုဂ္ဂိုလ် ပန်းရုံပါပဲ ဘုရား) ပင်ပန်းရုံပဲတဲ့၊ ဘုရားက သတိပဋ္ဌာန်လေးပါး ဘာဖြစ်လို့ ဝေဖန်ရသတုန်း ဆိုတော့ စရိုက်နဲ့ ဝေဖန်တာ (မှန်ပါ့) စရိုက်နဲ့ ဉာဏ်အနုံ့အထက်နဲ့ ဝေဖန်တာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
တရားပေးတဲ့အခါ မတူဘူး
တရားပေးတဲ့အခါ မတူဘူးဆိုတဲ့ သတ္တဝါစရိုက်တွေ မတူဘူးဆိုတာသိပြီး ဝေဖန်တဲ့အဓိပ္ပါယ်ပဲ (မှန်ပါ့) ရှင်းပြီ နော် (ရှင်းပါ ဘုရား) အဲဒါဘုန်းကြီးတို့ ဒီမှာ တစ်ခါတစ်လေ တချို့ ဝေဒနာပေးတယ်၊ တစ်ချို့ကျတော့ စိတ်ပေးတယ်၊ သူ့စရိုက်ကို အကဲခတ်ရတာကို (မှန်ပါ့) ကိုစောမောင် မပေးရဘူးလား (ပေးရပါတယ် ဘုရား)
အင်း-တချို့ကျတော့လည်း ရုပ်ကိုပေးရတယ်၊ တစ်ချို့ကြတော့လည်း သစ္စာပိုင်းကချည်းပေးရတယ်၊ ဓမ္မာနုပဿနာကသစ္စာ၊ ရှင်းပလား (ရှင်းပါ ဘုရား)။
အင်း-မင်းဒုက္ခသစ္စာကြီး ရှုစမ်း ဒီလိုလည်း ပေးရတာရှိတယ် သဘောပါပလား (ပါ-ပါပြီ ဘုရား) အဲ-ကိုစောမောင် ရမ်းလို့တော်ပါ့မလား (မတော်ပါဘူး ဘုရား)။
အဲတော့ ခင်ဗျားတို့ကတော့ကိုတဲ့ ဘယ်လိုဖြစ်နေတုန်းဆိုတော့၊ အင်း-အသက်က ငယ်ရာကကြီးပြီး သကာလ လာကြ၊ ပြန်တော့လည်း ကိုယ်က ဘာမှမပါပြန်၊ လောကုတ္တရာ မျက်လုံးဆိုရင် ကိုစောမောင် မပါတာပေါ့ဗျာ (မှန်ပါ့)။
မပါလာတော့ သားရေးသမီးရေး ကြီးပွားရေးတို့နဲ့ အချိန်ကုန်ပြီး သကာလ နေတော့ ရှေ့က တုတ်ဆွဲတဲ့ပုဂ္ဂိုလ်က အင်း-တစ်ဖက်တန်းက ဆွဲလို့ရှိရင်ဖြင့် ကိုစောမောင် မကောင်းဘူး၊ စုံလုံးကန်းက ဆွဲလို့ရှိရင် ဒီထက်ဆိုးမယ်၊ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
အဲဒါကြောင့် တောင်ဝှေးဆွဲသမားကလည်းတဲ့ ကိုစံလှ သိပ်အရေးကြီးပါတယ်၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
တောင်ဝှေးဆွဲသမားအရေးကြီးတယ်
တောင်ဝှေးဆွဲသမား ဘယ့်နှယ်တုန်း (အရေးကြီးပါတယ် ဘုရား) သိပ်အရေးကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ကောင်းပြီ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက-
၁။ ယထာပိနာမ ဇစ္စန္ဓော၊ နရော အပရိနာဃကော၊ ဧကဒါ ယာတိ မဂ္ဂေန၊ ဥမ္မဂ္ဂေနာပိ စေကဒါ၊ သံသာရေ သံသရံ ဗာလော၊ တထာ အပရိနာဃကော။ (၁-ဝိသုဒ္ဓိ-၂-၁၇၇)။
သူ့မှာ ခေါင်းဆောင်ကောင်းမတွေ့လို့ ရှိရင်ကွာ၊ ဥပမာ-အမေပြောတာ လိုက်မယ်ဆိုရင် အမေက ဒိဋ္ဌိဆိုလို့ရှိရင် လည်း ကိုစောမောင် ဒိဋ္ဌိဘက်လိုက်သွား အပါယ်ချောက်ထဲကျမှာပဲ၊ အမေက ကမ္မဿကတာဉာဏ် လေးလောက် နားလည် တာဆိုလို့ရှိရင်လည်း သုဂတိလေးရောက်သွားတာပဲ၊ နိဗ္ဗာန်တော့ မရောက်ဘူး (မရောက်ပါဘူး ဘုရား)။
အဲတော့ ကျုပ်တို့မှာ ပုထုဇဉ်အကန်းက ဖြစ်နေတော့ကိုတဲ့၊ တောင်ဝှေးဆွဲ မကောင်းလို့ရှိရင် တစ်ခါတစ်လေ ချောက်ထဲ၊ တစ်ခါတစ်လေ ကျင်းထဲ၊ တစ်ခါတစ်လေ ဗွက်ထဲ ဒီ-ရောက်ရောက် နေကြတာပဲ (မှန်ပါ့)။
ဒါကြောင့် ခေါင်းဆောင်ကောင်း မရှိပြန်လို့ရှိရင်လည်း ကိုစံလှရေ ကျချင်သလို ကျတတ်တယ်လို့ ခုနင်က ပါဠိ တော် ထုတ်လာတယ်၊ အင်း-သဘောပါပလား (ပါ-ပါတယ် ဘုရား) ဒါဖြင့် ကိုစောမောင်ရေ ကျုပ်တို့ အတွက်တော့ဖြင့် တော်တော်အရေးကြီးပါလား၊ ဒီဒကာ ဒကာမတွေအတွက်မှာဖြင့် အလွန်အရေးကြီး နေပါလား ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါ ပြီ ဘုရား)။
မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ကိုယ်က ဘာမှမပါဘူး (မှန်ပါ့) လောကုတ္တရာမျက်လုံးက စုံလုံးကန်း (မှန်ပါ့) အမေကဆွဲ အမေနောက်ပါ၊ အဖေကဆွဲ (အဖေနောက်ပါ) ကြည့်လေ အခု အိမ်ထောင်ကျတော့ အမေကဆွဲရင် အမေနောက်ပါ၊ အဖေကဆွဲရင် အဖေ့နောက်ပါသွားတာရှိတယ်၊ ဒါ-ဘာဖြစ်တာတုန်းမေးတော့ ဦးဘရှင်း ဘယ့်နှယ်ဖြေ မတုန်း (ကန်းနေလို့ပါ ဘုရား)။
ကန်းနေတယ်တဲ့
ကန်းနေတယ်တဲ့၊ တောင်ဝှေးဆွဲရာပါသွားတာ၊ အမေက မွတ်စလင် အဖေက ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဘက် ပါချင်ပါလာတာ၊ အမေကဆွဲပြန်လည်း မွတ်စလင်ဘက် ပါချင်ပါသွားတာ၊ သူပါချင်သလို ပါတာပါပဲ (မှန်ပါ) ဘယ့်နှယ် ကြောင့်တုန်းမေးတဲ့အခါကျတော့ ဒီသားလေးဟာ စုံလုံးကန်းပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကျုပ်တို့ကလည်း သားအဖြစ်ကနေ တက်ခဲ့ရပြန်တော့ ကျုပ်တို့လည်း ခေါင်းဆောင်ကလည်း စုံလုံးကန်းက တောင်ဝှေးဆွဲဦးမှာ၊ ဒါဖြင့် အမေဘက်လိုက်သွားတော့ အမေက စုံလုံးကန်းကဆွဲလို့ ချောက်ကျရတယ် (မှန်ပါ့) မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)
အဖေဘက် လိုက်သွားပြန်တော့လည်း အဖေက တစ်ဖက်ကန်းမို့ တစ်ဖက်ချောက်သာ လွတ်တယ်၊ တစ်ဖက်ချောက်မလွတ်ဘူး၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ ဘုရား)။
အဲတော့ ဦးဘလေး သေသေချာချာ စဉ်းစားပေတော့ သံသရာကျင်လည်ရတယ်ဆိုတာ ခေါင်းဆောင်ကောင်း မတွေ့သမျှ ကာလပတ်လုံးဖြင့် ကိုယ်ကျိုးနည်းဖို့မှတ်လိုက် (မှန်ပါ့) သံသရာ ကျင်လည်ရလို့ ခေါင်းဆောင်ကောင်း မတွေ့ လို့ရှိရင် (ကိုယ်ကျိုးနည်းပါတယ် ဘုရား)။
ဒါကြေင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တာဒေဝမနုဿာနံ နတ်လူတို့၏ဆရာ ငါခေါင်းဆောင် ကောင်းကွာ-တဲ့၊ သဘောကျပလား (ကျပါတယ် ဘုရား) နတ်လူတို့၏ဆရာ ငါခေါင်းဆောင်ကောင်းလို့ သူ့ကိုယ်သူ ဘွဲ့ထူး ဂုဏ်ထူးမယူဘူးလား (ရောက်လာပါတယ်) ရောက်လာတဲ့ဘွဲ့ ယူတော်မူတယ်။
သတ္တာဒေဝမနုဿာနံ
ဘာတဲ့တုန်း (သတ္တာဒေဝမနုဿာနံပါ ဘုရား) သတ္တာက ဆရာ၊ ဒေဝမနုဿာနံက နတ်လူ၊ ငါ-နတ်လူတို့ကို ငါခေါင်းဆောင်အဖြစ်ဖြင့် ဆွဲတဲ့၊ လှည်းမှူးကြီးသဖွယ် ငါခေါင်းဆောင်ကြီးပါကွာဆိုတဲ့ဥစ္စာ ဘုရားမပွင့်ခင်က ဘယ်သူ ကျွတ်သတုန်းဆိုတော့ ကိုစံလှဖြေတတ်ပြီ၊ ဘယ်သူမှမကျွတ်ဘူး ခေါင်းဆောင်ကောင်းမရှိလို့၊ သဘောပါပလား (ပါ-ပါပြီ ဘုရား) ဘုရားမပွင့်ခင်က ဘယ်သူများ ကျွတ်တမ်းဝင်သတုန်း မေးလိုက်တော့ (ဘယ်သူမှ မဝင်ပါ ဘုရား)။
ဘာဖြစ်လို့တုန်း (ခေါင်းဆောင်ကောင်းမရှိလို့ပါ ဘုရား) နောက်ဘုရားပွင့်လာတော့ ဓမ္မစကြာလေးပဲ ဟောရသေး တယ်၊ ဟောလိုက်ရင်လည်း ဗြဟ္မာပေါင်းက တစ်ဆယ့်ရှစ်ကုဋေလောက် လူဘက်က တစ်ယောက်ဆိုတော့ ကိုစောမောင် ခေါင်းဆောင်ကောင်း တစ်ခေါက်လာလိုက်ရင် လာလိုက်တယ်ဆိုရင်ပဲတဲ့ နည်းတာမှမဟုတ်ဘဲ ပါသွာတာ (မှန်ပါ့) နိဗ္ဗာန်ပို့တင်လိုက်တာ (မှန်ပါ့)။
သဘောကျပလား (ကျပါပြီ ဘုရား) ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာလိုနေတုန်းဆိုတဲ့ အဓိပ္ပါယ် ဖြင့် ကောင်းကောင်းရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) ဘာလိုနေတုန်း (ခေါင်းဆောင်ကောင်း လိုနေပါတယ် ဘုရား) ကိုင်း-အခု ခေါင်းဆောင်ကောင်း လိုတယ်ဆိုမှတော့ အခုနင်ကဟာနဲ့ ဝေဖန်လိုက်တော့မှ ကိုစောမောင် ဒိဋ္ဌိမကွာဘဲနဲ့ ဝိပဿနာရှုခိုင်းရင် ခေါင်းဆောင်ညံ့တယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။
သတိပဋ္ဌာန်လေးပါး စရိုက်မရွေးဘဲနဲ့ ပေးနေပြန်လည်း (ခေါင်းဆောင်ညံ့ပါတယ် ဘုရား) ခေါင်းဆောင်များ အင်မတန် အရေးကြီးတယ်ဆိုပြီး သကာလ ပြောတာ ပြောသင့်တယ် (မှန်ပါ့) ဦးဘရှင်း မပြောသင့်ဘူးလား (ပြောသင့်ပါ တယ် ဘုရား)။
ရှင်သာရိပုတ္တရာ တပည့်လေး ဝါတွင်းသုံးလပတ်လုံး တစ်ခါတည်း ပန်းတိမ်သည် အသုဘကမ္မဋ္ဌာန်းပေးထား လို့၊ ကာယာနုပဿနာ ပေးထားလို့၊ ကိုစောမောင် ရကိုမရဘူး (မှန်ပါ့) ဘုရားဆီပို့ထားတော့မှ မနက်ပို့ ညနေ ရဟန္တာ ဖြစ်တယ်။
ဒါ ဘာလိုသွားတာတုန်းမေးမှ (ခေါင်းဆောင်လိုတာပါ ဘုရား) ဟိုမှာ ပညာအရာ ဧတဒဂ်ရ ကိုယ်တော်ကြီး တောင်မှ ခြေချော်သေးတယ် (မှန်ပါ့) လွယ်ပါ့မလား၊ အဲဒါကြောင့် ခင်ဗျားတို့ သံသရာရှည်ခဲ့တာလည်း ယခုအခါ အကြောင်းတစ်မျိုး တွေ့ပြန်ပြီ။
ခေါင်းဆောင်ကောင်း မတွေ့လို့ပါ
ဘာကြောင့်ပါလိမ့် (ခေါင်းဆောင်ကောင်း မတွေ့လို့ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သံသရာရှည်ခဲ့ ကြတာ (ခေါင်းဆောင်ကောင်း မတွေ့လို့ပါ ဘုရား) တစ်ဖက်ကန်းနဲ့ တွေ့ခဲ့လို့ရှိရင်လည်း တစ်ချောက်ကျခဲ့ပြီ၊ နှစ်ဖက်ကန်း နဲ့ တွေ့ပြန်လည်း ချောက်ဟူသရွေ့ ကိုယ့်ပစ္စည်း (မှန်ပါ့) ကျင်းဟူသရွေ့ ကိုယ့်ပစ္စည်းဆိုတော့ အင်မတန် မနစ်နာပေ ဘူးလား (နစ်နာပါတယ် ဘုရား)။
အေး-ဒါကြောင့် ကိုစောမောင်ရေ ဘုရားဒေသနာ မကွယ်ခင် မြန်မြန်လုပ်ယူလိုက် (မှန်ပါ့) စရိုက်ရွေးနည်းကို လည်း ထားခဲ့တယ်၊ ရှေ့နောက်စဉ်နည်းကိုလည်း (ထားခဲ့ပါတယ် ဘုရား) သူကွယ်သွားလို့ရှိရင်ဖြင့် ကျုပ်တို့ ဗြောက်သောက် ဖြစ်တော့မယ် (မှန်ပါ့)။
ကိုယ်ထင်သလို လုပ်မှာကိုး (မှန်ပါ့) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။
ဒါဖြင့် ဒါလေးမကွယ်ခင်ဟာ လသာတုန်းလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒါလေး ပျောက်ရင်ဖြင့် အမှောင်ရောက်တော့မယ် (မှန်ပါ့) ဆိုထိုက်ကြပလား (ဆိုထိုက်ပါတယ် ဘုရား) အဲဒါကြောင့် ပေါ့ပေါ့တန်တန်မနာဘဲနဲ့ ဒီအတိုင်း မှတ်မှတ်သားသားနဲ့နာပြီး။
မှတ်မှတ်သားသားနဲ့လုပ်ဖို့ အရေးဟာ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အရေး (မှန်ပါ့) ဘယ်လိုဆိုကြမယ် (ကိုယ့်ကိုယ် ကို ကယ်တင်တဲ့အရေးပါ ဘုရား) တရားနာလည်း သေသေချာချာနာ (မှန်ပါ့) တရားနာတဲ့အခါလည်း သေသေချာချာ မှတ်ရလိမ့်မယ် အားထုတ်တဲ့အခါကျတော့လို့ရှိရင်လည်း ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်မို့ နက်ဖြန်မှ ဆေးသောက်မယ်၊ သန်ဘက်ခါမှ ဆေးသောက်မယ်ဆိုတဲ့ လူနာမိုက်လိုလည်း မဖြစ်စေနဲ့-တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
လူနာက မိုက်ပြီဆိုမှဖြင့်
လူနာက မိုက်ပြီဆိုမှဖြင့် ဆေးကို သူတည့်တဲ့ဆေးကို ပေးတာတောင်မှ ရက်ရွှေ့တယ်၊ ဒါ ကိုစောမောင် ဘယ်လို စွဲချက်တင်မတုန်း (လူနာမိုက်လို့ တင်ရပါမယ် ဘုရား) လူနာလည်း ဖြစ်သေးတယ်၊ မိုက်ကော (မိုက်ပါတယ် ဘုရား) သူ့အနာနဲ့ တည့်တဲ့ဆေး ဆရာကပေးတယ်၊ ရက်ရွှေ့သောက်တယ်ဆိုရင် ဘယ့်နှယ်ဆိုကြမယ် (လူနာမိုက်ပါ ဘုရား)
အဲဒါ ခင်ဗျားတို့ ကျုပ်တို့လည်း ကိလေသာနူနာတွေက ရှိတဲ့အထဲမှာ ရက်ရွှေ့ပြီး သကာလ ဘယ်နေ့မှ အားထုတ်မယ်၊ ဘယ်တော့မှ ဆိုလို့ရှိရင်ဖြင့် ကိုစောမောင် ဘယ်လိုဆုံးဖြတ်ချက်ချမတုန်း (လူနာမိုက်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုများ ဆိုကြမတုန်း (လူနာမိုက်ပါ ဘုရား)။
နာလည်းနာသေးတယ်၊ မိုက်လည်းမိုက်သေးတယ် ဆိုကတည်းက ကိုစောမောင် သူ့အတွက်ဟာ အတော်စဉ်းစား ရလိမ့်မယ် (မှန်ပါ့) ကိုစံလှ ဘယ့်နှယ်တုန်း (အတော်စဉ်းစားရပါမယ် ဘုရား) စဉ်းစားဆိုတာ ခင်ဗျားတို့က စာလိုမို့လို့ ပြောတာပါ သူ့အတွက်ထည့်ပြီး မစဉ်းစားပါနဲ့တော့ကွာလို့ ပြောဖို့လိုပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
စုံလုံးကန်း သူများကြိုးဆွဲရာ တောင်ဝှေးဆွဲရာကို လိုက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်၊ ခေါင်းဆောင်ကောင်း မတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ခဲ့တယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)
အခုတော့ ဘုရားသာသနာတွင်းမို့ ဘုရားကတော့ ဟောခဲ့တယ် အရှင်ဘုရားတဲ့ ညီတော် အာနန္ဒာ ငိုတာတွေ ထောက်ကြည့်တော့ ညီတော်အာနန္ဒာငိုတာ အရှင်ဘုရားမရှိတဲ့နောက် တပည့်တော်တို့ အခက်ကြီးခက်တော့မယ်။
တပည့်တော် တို့ အခက်ကြီးခက်တော့မယ်
ဖွဲ့ကာနွဲ့ကာ ငိုတာပေါ့ဗျာ၊ မြတ်စွာဘုရားကလည်း ပရိနိဗ္ဗာန်စံဖို့က သုံးလပဲလိုတော့တယ် (မှန်ပါ) သူကလည်း သောတာပန်ကိုဗျ ငိုပြီးလျှောက်တာပေါ့ဗျာ၊ ဒေါသမကုန်သေးတော့ ငိုတာပေါ့ဗျာ၊ အရှင်ဘုရားမရှိတဲ့နောက် တပည့်တော် တို့ အခက်ကြီးခက်တော့မယ်လို့ လျှောက်တော့ မြတ်စွာဘုရားက ငါမရှိသည့်နောက်ကွာ-တဲ့။
ယော ဝေါ အာနန္ဒ မယာဓမ္မောစ ဝိနယောစ
ပညတ္တော၊ သောဝေါမ မစ္စယေန သတ္ထာ။ (၂-ဒီ-၂-၁၂၆)
ဆိုပြီး သကာလ ဘုရားက ငါဘုရားမရှိလို့ရှိရင် မင်းတို့ကြည့်စမ်းပါဦးကွာ၊ ငါလေးဆယ့်ငါးဝါ ဟောထားတဲ့ ဓမ္မက္ခန္ဓာတွေ ရှိသားပဲ ဒါတွေ မင်းတို့နှုတ်ထဲအပြည့်ပဲ၊ ဒါတွေဟာ ဘုရားတွေ မဟုတ်ဘူးလားကွ အာနန္ဒရ-လို့ ကိုစောမောင် မမေးဘူးလား (မေးပါတယ်)။
အဲဒါ အခု ဒီဆရာတွေ ကွယ်ပလားလို့ မေးတဲ့အခါကျလို့ရှိရင် ကွယ်လွန်သလောက်တော့ ကွယ်သွားပြီ (မှန်ပါ့) သိပ်ကျန်တာမဟုတ်ဘူး၊ ခင်ဗျားတို့ကတော့ နဂိုကမှ ဘယ်လောက်ရှိမှန်းမသိတော့ ကွယ်တယ်မကွယ်တယ်ဆိုတာ မသိဘူး၊
ဘုန်းကြီးတို့ကတော့ နဂိုက ဘယ်လောက်ရှိတယ်ဆိုတာ သိတော့ အခု ဘယ်ဟာတွေ ဘယ်ဟာတွေ ပျောက်ကုန် ပြီဆိုတာ သိတော့တယ်။
သာသနာရှိသေးတယ်
သဘောကျပလား (ကျပါတယ် ဘုရား) အဲ ခင်ဗျားတို့ကတော့ဖြင့် သာသနာရှိသေးတယ် ဆိုတယ်ပဲ ဆိုပါတယ်၊ နဂိုကမှ ဘယ်လောက်ထားတယ် ဆိုတာ မသိသေးဘဲနဲ့ ရှိတာလေးရှိသေးတယ် ပြောနေကြတာ၊ နဂိုဘယ်လောက်ထား တယ်လို့ (မသိပါ ဘုရား) မသိတော့ ရှိတာလေးကိုပဲ အရှိလုပ်နေ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဘုန်းကြီး တို့က နဂိုကထားတာက အများကြီးမှန်းသိတယ် (မှန်ပါ့)။
အခုရှိနေတာလေးကို ကြည့်လိုက်တော့ နည်းသွားပြီဆိုတာလည်း သိတယ် (မှန်ပါ့) ဒါဖြင့် ကွယ်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က နောက်ပိုင်းလည်း ကျလာသေးတယ် ဆိုတာလည်း ခင်ဗျားတို့အတွက် စဉ်းစားပါ၊ ဘယ်လိုပါလိမ့် (နောက်ပိုင်းကျနေပါပြီ ဘုရား) နောက်ပိုင်းကျရတဲ့အထဲမှာ ကွယ်တဲ့အထဲက နည်းနည်းပဲကျန်၊ နည်းနည်းကျန်တဲ့အထဲက နောက်ပိုင်းကလည်း ကျဆိုတော့ –
နောက်ပိုင်းကျတဲ့အထဲက အပျင်းနဲ့အဖျင်းက ရှုပ်နေသေးတယ်၊ ရှုပ်နေဦးမယ်ဆိုရင် (သွားပါပြီ ဘုရား) မသွား သေးဘူးလား (သွားပါပြီ ဘုရား) ဒါ တိုက်တွန်းတာမဟုတ်ဘူး ဖြစ်စဉ်ကိုက် ပြောနေတာ (မှန်ပါ့) ခင်ဗျားတို့ကတော့ ပြောကြမှာပေါ့ ကျောက်သွေးကောင်းရင် ဘယ်လို၊ ကျောက်သွေး မကောင်းရင် ဘယ်လိုတော့ ပြောကြမှာပဲ၊ မပြောဘူးလား (ပြောပါ)။
ဒါ ဆင်ခြေ ကိုစောမောင်ရ (မှန်ပါ) ကိုယ့်ကိုယ်ကို မသနားတဲ့ ဆင်ခြေဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) အဲဒီတော့ နောက်ပိုင်းမှာလည်း နည်းနည်းကျန်တော့တယ်၊ နည်းနည်းထဲက နှုတ်ဦးမယ်ဆိုရင် ကိုစံလှ ဗလာဖြစ်နေမယ် (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါ ဘုရား) (ပေါ်ပါ ဘုရား)။
အလုပ်က သုတ်မှ ဖြစ်မှာ
ကဲ-ဒါဖြင့် နှေးနှေးလား သုတ်သုတ်လား (သုတ်သုတ်ပါ ဘုရား) ပါးစပ်က သုတ်လို့မဖြစဘူး၊ အလုပ်က သုတ်မှ ဖြစ်မှာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခန္ဓာကိုယ်ကြီးက သေလမ်းသွားတဲ့ အလုပ်က လျှော့ပါရဲ့လား (မလျှော့ပါ ဘုရား) မလျှော့တဲ့အထဲမှာ ကိုယ်က ကွေ့ကောက်နေပြန်လို့ ရှိရင်လည်း သေလမ်းက ခင်ဗျားတို့က ကွေ့ကောက်လည်း သေလမ်းပဲပြတာ၊ ကွေ့ကောက်ပြီးသွားနေလဲ (သေလမ်းပြတာပါပဲ ဘုရား)။
ကွေ့ကောက်ပြီး သွားနေတယ်ဆိုတာ လောဘက မသေနိုင်သေးပါဘူးကွာ၊ နက်ဖြန်သန်ဘက်တော့ နေနိုင်ပါ သေးတယ်၊ သူက အကွေ့ခိုင်းတယ်၊ ငယ်ပါသေးတယ်ကွာ ခုမှ ကံစလေးက တက်တုန်းရှိသေးတာပဲဆိုတော့ သူက ကွေ့ကောက်ပေးထားတာ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ကွေ့ကောက်ပေမယ့်လည်း လမ်းကသာကွေ့ ကောက်တယ် သေခါနီးက မလျှော့ဘူး (မှန်ပါ ဘုရား)။
ကွေ့သွားလည်း နာရီကသာ နည်းနည်းနောက်ကျတယ် ဆိုရမှာလား ဒီလမ်းသွားနေတာလား (ဒီလမ်းသွားနေ တာပါ ဘုရား) သေလမ်းပဲသွားနေတာပဲ ကွေ့သွားလည်း မလျှော့ပါ ရောက်တာပဲ၊ ကွေ့သလောက် နာရီကြာတယ်၊ နာရီကြာသလောက် နီးတာပဲ ကိုစောမောင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေက ကွေ့တဲ့ကောက်တဲ့ ဉာဏ်က တော်တော်များတယ်၊ မများဘူးလား (များပါတယ် ဘုရား)။
တဏှာ ခိုင်းတာပါ
ဟ-ဘာဖြစ်လို့ ကွေ့ကောက်နေပါလိမ့်မတုန်းလို့ ဆိုရင်ဖြင့် အသေလျှော့လို့လား တဏှာခိုင်းတာလား (တဏှာ ခိုင်းတာပါ ဘုရား) အဲ-ခင်ဗျားတို့ ကိုယ့်ဟာကိုယ်စဉ်းစား နက်ဖြန်ရွှေ့လိုက်၊ သန်ဘက်ခါရွှေ့လိုက်၊ ဘာရွှေ့တာတုန်း၊ ဘယ်သူက ကွေ့ကောက်ခိုင်းနေလဲ၊ တဏှာက ကွေ့ကောက်ခိုင်း၊ တဏှာက ကောက်ခိုင်းတာက သေခါနီး ဘက်တိုးပေး လိုက်တာ၊ ဦးဘရှင်း ဘယ်ဘက် တိုးပေးလိုက် တာတုန်း (သေခါနီ ဘက်တိုးပေးတာပါ ဘုရား)။
သဘောကျပလား (ကျပါ ဘုရား) ဉာဏ်တုံးတဲ့ဘက်ကို ခင်ဗျားတို့ကို တိုးပေးလိုက်တာ၊ ဦးဘရှင်း ဘယ်ဘက်ကို တိုးပေးလိုက်တာတုန်း (ဉာဏ်တုံးတဲ့ဘက် တိုးပေးလိုက်ပါတယ် ဘုရား)
အသက်ကြီးတော့ ဘာဖြစ်ကြတုန်း (ဉာဏ်တုံးပါ ဘုရား) ဉာဏ်တုံးပါတယ်၊ ဉာဏ်တုံးတဲ့ဘက် တိုးပေးလိုက်တော့ ကိလေသာ မာရ်နတ်လို့ ခေါ်ပါတယ်၊ ဝဿဝတ္တီနတ်ပြည် က လာတဲ့မာရ်နတ်လို့ မထင်ပါနဲ့၊ ဘယ်မာရ်နတ်လို့ မှတ်ကြမတုန်း (ကိလေသာ မာရ်နတ်ပါ ဘုရား) အဲ-ကိလေသာထဲက မာရ်နတ်သာ ကြောက်စရာကောင်းတယ်။
ဟိုက မာရ်နတ်ကြီးက ခင်ဗျားတို့ကို ဂရုမစိုက်ပါဘူး၊ ဘုရားကိုသာ ဂရုစိုက်ပါတယ် (မှန်ပါ ဘုရား) ဘုရားကတော့ သူတစ်ပါးကို ချွတ်သွားမယ်ဆိုရင် သူ့နယ်ထဲက ကုဋေရှစ်ဆယ် ဗိုလ်ချေတစ်သိန်း ပါသွားမာ စိုးရိမ်တယ် (မှန်ပါ) ခင်ဗျားတို့ကို မာရ်နတ်ဝင်နေတယ်လို့ သံသယမရှိပါနဲ့၊ ကိလေသာ မာရ်နတ်ကိုသာ ကြောက်ပါ၊ ဝဿဝတ္တီနတ်ပြည်က မာရ်နတ်ကြီးကတော့ မလာပါဘူး (မှန်ပါ)။
မာရ်နတ်က ဖျက်နေတယ်
ခင်ဗျားတို့ကို ထည့်ပြီးစာရင်းထဲမသွင်းပါဘူး (မှန်ပါ) ရှင်းပလား၊ အဲတော့ ခင်ဗျားတို့ ညည်းလုံး ထုတ်နေတယ်၊ ဘာလေးလုပ်မယ်ကြံ မာရ်နတ်က ဖျက်နေတယ်၊ ကောင်းကင်ကများလာရော့လား၊ ခင်ဗျားတို့ လူ့အဖိုးတန်တွေ ဆိုလာမှာ ပေါ့ မဟုတ်ဘူးလား အခု လူ့အဖိုးတန်တွေလား လူ့ပါမွှားတွေလား (လူ့ပါမွှားတွေပါ ဘုရား)။
ပါမွှားတွေများ ဝဿဝတ္တီ နတ်ပြည်က ဟိုမှာ နတ်ပြည်ဥယျာဉ် ဗိမာန်တွေ ပဒေသာပင်တွေ စွန့်ပြီး လာပါ့မလား (မလာပါ ဘုရား)။
မလာတဲ့ဥစ္စာ ကိုယ့်ကိလေသာက နှောင့်ယှက်နေတာလို့မှတ် (မှန်ပါ) ဘယ်လိုမှတ်ကြမတုန်း (ကိုယ့်ကိလေသာက နှောင့်ယှက်တာလို့ မှတ်ရမှာပါ ဘုရား) ကိုယ့်ကိလေသာက နှောင့်ယှက်တာကို ဒကာ ဒကာမတွေက ကံမကောင်း အကြောင်းမသင့်ပြီဆိုမှဖြင့် အမျိုးမျိုးပဲ၊ ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ် မကူညီကြဘူးထင်ပါရဲ့။
တစ်နည်းအားဖြင့် သူတို့ကိုက အနှောင့်အယှက်များ ပေးနေရော့လား၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူနှောင့်ယှက်နေတုန်း (ကိလေသာနှောင့်ယှက်တာပါ ဘုရား) ကိလေသာက ဘယ်မှာရှိနေတာ တုန်း (ကိုယ့်ခန္ဓာမှာရှိနေပါတယ် ဘုရား) ဒါဖြင့် ဘယ်ကမှလာတဲ့ နတ် ဘယ်ကမှ လာတဲ့ဂြိုဟ်လည်း မဟုတ်ဘူး ဝမ်းထဲက ကိုယ်ဟာကိုယ် နှောင့်ယှက်နေတာ။
ဦးဘကလေး ရှင်းပလား (ရှင်းပါပြီ ဘုရား) ကဲ-ပေါ်ပလား (ပေါ်ပါ ဘုရား) ကဲ-ဒါ စကားစပ်မိလို့ သံဝေဂလည်းရ အောင် ကိုယ့်ဆင်ခြေလဲတာလဲ ဘယ်သူကလဲတယ်ဆိုတာလည်း လက်သည် ပေါ်လာအောင်လို့ ပြောနေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခု ခင်ဗျားတို့ ကိုစောမောင်တို့ဆို ခြောက်ဆယ်ရှိပြီ၊ ဦးဘရှင်းကလည်း ခြောက်ဆယ်ရှိပြီ ဟုတ်လား ခြောက်ဆယ်ကျော်ထားပါ။
ကိလေသာမာရ်နတ်က တားလိုက်တဲ့အတွက်
ကိလေသာမာရ်နတ်က ကွေ့ကောက်ပြီးတားလိုက်တဲ့အတွက် ကျောင်းနားလည်း မရောက်နိုင် ကန်နားလည်း မရောက်နိုင် တရားဓမ္မအားထုတ်ဖို့ရာ ဝေး၊ ဆိုတာ လွန်ခဲ့တဲ့ဥစ္စာ ကိုစောမောင် ဘယ်လောက်များပြီတုန်း (မရေတွက်နိုင် ပါ ဘုရား)။
ကျန်တာက ဘယ်လောက်များသေးတုန်း (နည်းနည်းပဲ ကျန်ပါတော့တယ် ဘုရား) အဲဒီလွန်တာများပြီး ကျန်တဲ့ အထဲက နှုန်ဦးမယ်ဆိုရင် (ဘာမှမရှိတော့ပါ ဘုရား)။
ဗလာပဲ စိတ်သာချ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ကိုစံလှ လွန်တာများပြီး ကျန်တဲ့အထဲက နှုတ်ဦးမယ်ဆိုရင်တော့ (ဗလာပါ ဘုရား) ခုနှစ်ဆယ့်ငါးနှစ် ထားပါဦး ကိုစောမောင်ရာ ခြောက်ဆယ် ဆိုတော့ ဘယ်လောက်ကျန်တော့တုန်း (ဆယ့်ငါးနှစ်ပါ ဘုရား) ဆယ့်ငါးနှစ်ထဲက နှုတ်ဦးမယ် (ဗလာပါ ဘုရား) ဗလာကြွင်းမှာပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ။
ခင်ဗျားတို့ပြောတဲ့ စကားကို ခင်ဗျားတို့က ပြောတယ်လို့ ဘုန်းကြီးတို့က အယူမရှိပါဘူး၊ ဪ -သူ့အထဲမှာ ကိလေသာ ကွေ့ကောက်နေတာ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ဘယ်သူကပြောတာတုန်း (ကိလေသာက ပါ ဘုရား) အဲဒီကိလေသာကို ခင်ဗျားတို့ ဉာဏ်က မနိုင်ဘူး၊ သဘောပါပလား (ပါ-ပါတယ် ဘုရား) ကိလေသာကို (ဉာဏ်က မနိုင်ပါ ဘုရား)။
ကိုယ့်ဉာဏ်က မနိုင်တာ
ဉာဏ်က မနိုင်တဲ့အခါကျတော့ ခင်ဗျားတို့က ဘယ်လိုဖြစ်နေတုန်းဆိုတော့တယ် အနှောင့်အယှက်က တယ်များ၊ အင်း-ကိုယ့်ဉာဏ်က မနိုင်တာတော့ မသိဘူး အနှောင့်အယှက်ကတယ်များ၊ ကိုစံလှ သူ့ညည်းလုံး မှန်ရဲ့လား (မမှန်ပါ ဘုရား) နှောင့်ယှက်နေတာက ဘယ်သူတုန်း (ကိလေသာပါ ဘုရား) သူ့ဉာဏ်က ကိလေသာကို နိုင်ရဲ့လား (မနိုင်ပါ ဘုရား)။
အနှောင့်အယှက်က တယ်များတယ်ဆိုတော့ ကိုယ့်ဉာဏ်ဖျင်းတာကို ထည့်မပြောဘူး (မှန်ပါ) ထည့်ပြောရဲ့လား (မပြောပါ ဘုရား) အဲတော့ ဉာဏ်နဲ့ ကိလေသာနဲ့ စစ်တိုက်လို့ရှိရင် ရက်ရွှေ့ အချိန်ရွှေ့ရင် ကိလေသာကနိုင်၍ ဉာဏ်က ရှုံးပြီမှတ်ပါ၊ ဘယ့်နှယ်မှတ်မတုန်း (ဉာဏ်ရှုံးပြီမှတ်ရမှာပါ ဘုရား) အခုရှုံးတာလည်း အတော်များခဲ့ပြီ ရှုံးတဲ့အထဲက ရှုံးချင် သေးလား (မရှုံးချင်တော့ပါ ဘုရား)။
ဒကာ ဒကာမတွေ ရှုံးတဲ့အထဲက နောက်ထပ်များ ရှေ့ဆက်ပြီး ထပ်ရှုံးချင်သေးလား မေးရင် (မရှုံးချင်တော့ပါ ဘုရား) ဦးဘရှင်း ဘယ်လိုဆုံးဖြတ်ချက်ချမတုန်း (မရှုံးချင်တော့ပါ ဘုရား) တော်တော်နေရာကျပြီ၊ ကဲ-ဒါဖြင့် ဒကာ ဒကာမ တို့ သတိပဋ္ဌာန်လေးပါး ပြန်ကောက်ကြဦးစို့နော်၊ ဘယ့်နှယ်ကြောင့် လေးပါးဝေဖန်ရပါလိမ့် (သတ္တဝါတို့၏ စရိုက်ကြောင့်ပါ ဘုရား)။
သတ္တဝါတို့၏ စရိုက်ကြောင့်နော်။ ဒါဖြင့်-သတ္တဝါစရိုက် သူ့စရိုက်နဲ့ တော်တဲ့ကမ္မဋ္ဌာန်း သူ့ပေး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူ့စရိုက်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကို (သူ့ပေးရမှာပါ ဘုရား) သူ့စရိုက်နဲ့မတော်တဲ့ ကမ္မဋ္ဌာန်း သူ့ပေးမိလို့ရှိရင် ဖြင့် မျောက်အုန်းသီးရ ဖြစ်လိမ့်မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) မျောက်အုန်းသီးရတော့ ကိုစံလှ ဘယ့်နှယ်တုန်း (မခွဲစားတတ်ပါ ဘုရား)။
ပါးစပ်နဲ့ကိုက်ရမှာလည်း ခက်၊ သဘောကျပလား (ကျပါပြီ ဘုရား) ပေါက်ခွဲလို့ရှိရင်ကော ရပါ့မလား (မရပါ ဘုရား) အဲ သူ့စရိုက်နဲ့ မတော်တဲ့ ကမ္မဋ္ဌာန်းဆရာက ပေးမိလို့ရှိရင် ခင်ဗျားတို့ မျောက်အုန်းသီးရ ဖြစ်မယ်ဆိုတာ ပေါ် ပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဒါဖြင့် ကိုစောမောင်ရေ ဟောတဲ့ ဆရာဘုန်းကြီးက အစုံဟောလိမ့် မယ် (မှန်ပါ)။
ဆရာဘုန်းကြီးက အစုံဟောလိမ့်မယ်
အစုံဟောမယ်၊ ကာယာနုပဿနာလည်း ဟော၊ ဝေဒနာနုပဿနာလည်း ဟော၊ စိတ္တာနုပဿနာလည်း ဟော၊ ဓမ္မာနုပဿနာလည်း ဟော၊ အကုန်ဟောလိမ့်မယ် (မှန်ပါ) ဟောတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့က အချဉ်ကြိုက်လို့ရှိရင် ဒေါသသမားလို့ မှတ်၊ သဘောကျပလား (ကျပါပြီ ဘုရား) အချိုကြိုက်လို့ရှိရင် လောဘသမား (မှန်ပါ့) အချိုကြိုက်ရင် (လောဘသမားပါ ဘုရား)။
အချိုများများကြိုက်ရင် (လောဘသမားပါ ဘုရား) အဆိမ့်ကြိုက်ရင် မောဟသမားပါ၊ သဘောကျပလား (ကျပါပြီ ဘုရား) အခါးတို့ အဆိမ့်တို့ကြိုက်ရင် (မောဟသမားပါ ဘုရား) အဲဒါ ကိုယ့်အစာနဲ့ ကိုယ်အကဲခတ်၊ အိမ်ကျတော့မှ အကဲခတ် ဒီဥစ္စာကို ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အေး အိမ်ကျတော့ ကဲ-အချဉ်ကြိုက်ရင် ဘာပါလိမ့် (ဒေါသသမားပါ ဘုရား)။
အချိုကြိုက်ရင် (လောဘသမားပါ ဘုရား) အင်း အခါးတို့ အဆိမ့်တို့ကြိုက်ရင် (မောဟသမားပါ ဘုရား) လောဘ၊ ဒေါသ၊ မောဟတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါ သူ့စရိုက်နဲ့ သူစားတယ် သူ့စရိုက်နဲ့သူစားတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲ လောဘသမားဖြစ်ခဲ့လို့ရှိရင် ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း သူကိုင်ရမယ်။
ကိုင်း-ဒေါသသမားသည် ဉာဏ်နဲ့နီးတယ်၊ ဒေါသသမားဆိုရင် ဓမ္မာနုပဿနာ ပေးရမယ်၊ သူက ငါမလုပ်တော့ဘူး ဆိုလို့ရှိရင် ဒေါသသမားက မလုပ်တော့ဘူး၊ ပျော့နွဲ့ပြီး သကာလ ဟိုကပ် ဒီကပ်လုပ်မနေတော့ဘူး၊ မလုပ်ဆိုမလုပ်ဘူးဟေ့၊ ဒါ-ဒေါသသမား အဲ-ဒေါသဖြုတ်လိုက်လို့ရှိရင် ဉာဏ်ဘက်လှည့်သွားတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ကောင်းပြီ-ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ချိန်တဲ့အခါကျလို့ရှိရင် ဒါတစ်ချို့ကျတော့လည်း အလုပ်တစ်ခုလုပ်မယ် ကြံလို့ရှိရင် ကြံလုံးဖန်လုံး ရှိနေသေးတယ်၊ ဖြုန်းကနဲ အလုပ်မသွားသေးဘူး၊ အဲဒီဥစ္စာကျတော့ ဝိတက်သမား ဝိတက် စရိုက်ရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဝိတက်စရိုက် ရှိတဲ့အခါကျတော့ ကာယနုပဿနာဖြစ်တဲ့ အာနာပါန စလုပ် (မှန်ပါ့) ဒါမှရမယ်၊ နို့မို့လို့ရှိရင် ကမ္မဋ္ဌာန်းလွဲမယ်။
အထုံက ဘယ်နည်းနဲ့မှ မစွန့်ဘူး
သဘောပါပလား (ပါပါ့ ဘုရား) ဒါဖြင့် ကမ္မဋ္ဌာန်းနဲ့ လူဟာလည်း လူနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ စရိုက်နဲ့၊ စရိုက်ဆို တာက သေသေချာချာမှတ်ပါ၊ ဘဝများစွာက အမြဲတမ်းအထုံပါလာတယ် ဘယ်လိုဆိုကြမယ် (ဘဝများစွာက အထုံပါလာ တာပါ ဘုရား) အထုံက ဘယ်နည်းနဲ့မှ မစွန့်ဘူး၊ ရှင်သာရိပုတ္တရာ ချောင်းခုန်သလို မှတ်ပါ၊ ရဟန္တာဖြစ်တာတောင် (ချောင်းခုန်ကူးပါတယ် ဘုရား)။
မျောက်ဖြစ်ခဲ့တာ များလွန်းလို့ဆိုတော့ သေချာမနေဘူးလား (သေချာပါတယ် ဘုရား) သဘောပါကြပလား (ပါပါ့ ဘုရား)။
အရေးကြီးတဲ့ ရွေးနည်း
အဲတော့ ဒကာ ဒကာမတို့တဲ့ အင်မတန်အရေးကြီးတဲ့ ရွေးနည်းပါပဲ၊ ကိုစောမောင် ရွေးတတ်ပလား (ရွေး တတ်ပါပြီ ဘုရား) ရွေးတတ်လို့ရှိရင် ဒီဥစ္စာဘုန်းကြီးက အစုံပေးငြားသော်လည်း တရားဟောတဲ့ဘုန်းကြီးက အစုံပေးငြား သော်လည်း ခင်ဗျားတို့က ကိုယ့်စရိုက်နဲ့ကိုယ် ကိုယ်ကြိုက်တဲ့၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ၊ ကိုယ့်စရိုက်နဲ့ လိုက်တာရှု (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း-ဒိဋ္ဌိများလို့ရှိရင် စိတ္တာနုပဿနာရှုရလိမ့်မယ်၊ ပညာစရိုက်များတဲ့ ပုဂ္ဂိုလ် သစ္စာရှု (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဉာဏ်နုံတဲ့ပုဂ္ဂိုလ် ရုပ်ရှု၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကဲ ရှုပုံရှုနည်း နက်ဖြန်မှ ဆက်ကြစို့။