တိတ္ထိအမေးပုစ္ဆာ၊ လေးချက် (၁)
ရှင်အနုရာဓမထေရ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
တိတ္ထိအမေးပုစ္ဆာ၊ လေးချက် (၁)
ရှင်အနုရာဓမထေရ်
ဒိဋ္ဌိပယ်ခြင်း သုံးမျိုး
ဒိဋ္ဌိကိုပယ်ခြင်းသည် ဒကာ ဒကာမတို့ သိမှုနှင့် ပယ်ခြင်းတစ်မျိုးနော်၊ ကျင့်မှုနဲ့ပယ်ခြင်းတစ်မျိုး၊ သဘောကျပြီး (မှန်ပါ့) ပယ်မှုနဲ့တစ်မျိုး၊ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) ဒါဖြင့် သိမှုနှင့် ဒိဋ္ဌိပယ်ရတာ တစ်မျိုး၊ ပွားများပြီး ပယ်ရ တာကကော (တစ်မျိုးပါ ဘုရား)အမြစ်ပြတ်အောင် မဂ်နဲ့ပယ်ရတာကလည်း (တစ်မျိုးပါ ဘုရား) စာလိုသုံးတော့ ဉာတ ပရိညာ, တီရဏပရိညာ, ပဟာနပရိညာ, ပရိညာသုံးပါးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သိမှုနဲ့ ပယ်လာတာ အခု ငါးရက်ရှိပြီ (မှန်ပါ့ ဘုရား) သိမှုနဲ့ ပယ်လာပြီးတော့ ဒကာ ဒကာမတို့ ခန္ဓာမှာ ရှင်းလောက်ပြီလို့ ဘုန်းကြီးတို့ စိတ်ထဲမှာ ထားတယ် (မှန်ပါ ဘုရား) ကိုပေါ် မရှင်းသေးဘူးလား၊
ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ ပုဂ္ဂိုလ်-သတ္တဝါရှိသလား၊ ဘာတွင်ရှိပါလိမ့် (ခန္ဓာငါးပါးသာ ရှိပါတယ်) ချုံးလိုက်တော့ ဘာရှိ တော့တုန်း (ရုပ်-နာမ်သာ ရှိပါတယ် ဘုရား) ရုပ်-နာမ်ပဲရှိတယ် ဆိုတော့ သိပြီး သကာလ နေတော့ရုပ်-နာမ်ကို တစ်ခါချုံး လိုက်ပြန်တော့ ဖြစ်-ပျက်ရှိတယ်ဆိုတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။
ရုပ်-နာမ် ချုံးလိုက်တဲ့အခါကျတော့ (ဖြစ်-ပျက်သာရှိပါတယ် ဘုရား) ဖြစ်-ပျက်သာ ရှိတယ်ဆိုတာ သိတော့ ခင်ဗျားတို့မှာ ဒိဋ္ဌိစင်တယ် မစင်တယ် ဒကာ ဒကာမတွေ မေးကြည့်၊
ကဲ ဒါဖြင့် အနုရာဓဝတ္ထုပဲ ထုတ်ကြစို့ဆိုတော့ သူဟာ ရှင်းရှင်းလေး ဒကာ ဒကာမတို့နော်၊ အရှင်အနုရာဓဟာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ် (မှန်ပါ ဘုရား) အနုရာဓဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်မယ် (ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်ပါ ဘုရား)။
အရှင်အနုရာဓဟာ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်
ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်မှာ ဆိုတော့ အားထုတ်နေလိုက်တာလည်း ကိုပေါ်တို့၊ ကိုစံလှတို့၊ ဦးဘရှင်းတို့ ဖြစ်-ပျက်တွေက အကုန်မြင်တာပဲ (မှန်ပါ ဘုရား)။
အနိစ္စ-ဒုက္ခ-အနတ္တတွေဟာ အကုန်မြင်တာပဲ အားလည်း အင်မတန် ထုတ်တာပဲ၊ အားထုတ်ပင် အားထုတ်ငြား သော်လည်း သူ့စိတ်ထဲမှာ အားသာထုတ်နေရတယ် အရင်လုပ်ရမယ့်အလုပ်- မလုပ်လိုက်မိဘဲ ဖြစ်နေတယ် (မှန်ပါ ဘုရား) အရင်လုပ်ရမဲ့အလုပ်က ဘာပါလိမ့် (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား) မလုပ်လိုက်မိဘဲ ဖြစ်နေတယ်ဆိုတာ ဘာပါလိမ့်မလဲ၊
ဪ -ဒိဋ္ဌိမခွါမိဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်လိုကြောင့်ပါလိမ့်မလဲ (ဒိဋ္ဌိမခွါမိပါဘူး ဘုရား) ဒါဖြင့် သူ ဦးဘရှင်တို့ တွေးတာပေါ့ ရှေ့-နောက်လွဲနေတယ်၊ ရှေ့နောက်လွဲနေတယ် (မှန်ပါ ဘုရား) ဘယ်နှယ့်ဆိုကြပါ့ (ရှေ့နောက် လွဲနေပါတယ် ဘုရား) ရှေ့-နောက်လွဲနေပြီလို့ ဒကာ ဒကာမတွေက မှတ်ဖို့ပါ၊ ဒိဋ္ဌိခွါရမှာက (ရှေ့ပါ ဘုရား)။
ဝိပဿနာရှုရမှာက နောက်ထား
ဝိပဿနာရှုရမှာက (နောက်ပါ ဘုရား) ဖြစ်-ပျက်ဝိပဿနာရှုရမှာက နောက်ထားရမယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲလိုသိပြီး သကာလ နေတော့ ဒီ-အနုရာဓမှာတော့ ဒကာ ဒကာမတို့ ဖြစ်-ပျက်ရှုတာက ရှေ့ကျတယ်၊ ဒိဋ္ဌိက ဝမ်းထဲက မကွာဘဲ ဖြစ်နေတယ်၊ အဲဒါနဲ့ သူအားထုတ်ပြီး သကာလ နေပါတယ်၊ အားထုတ်ပြီးနေငြားသော်လည်း ဦးဘရှင်း တို့ ထူးထူးလည်လည် မရရှာဘူး၊ နိဗ္ဗာန်မရဘူး (မှန်ပါ့)။
ဒကာ ဒကာမတို့ နိဗ္ဗာန်ရရဲ့လား (မရပါ ဘုရား) နိဗ္ဗာန်မရဘူးတဲ့၊ အားတော့ ထုတ်ပင်ထုတ်ငြား သော်လည်း နိဗ္ဗာန်ဘယ့်နှယတုန်း (မရပါ ဘုရား) ဒါ-ခင်ဗျားတို့ အပြစ်သိပြီ၊ အပြစ်မသိသေးဘူးလား (သိပါပြီ ဘုရား) ဘာကြောင့်ပါလိမ့်၊ ဒိဋ္ဌိမကွာဘဲနဲ့ ဖြစ်-ပျက် အားထုတ်နေလို့ (မှန်ပါ့) ပေါ်ကြးပြီလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိမကွာဘဲနဲ့ ဖြစ်-ပျက် အားထုတ်နေတဲ့အတွက် ဆိုတော့၊ ဪ – ရှေ့နောက်လွဲနေရှာပြီဆိုတာဖြင့် ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါ (မှန်ပါ)။
အဲတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း မဂ်ဖိုလ်ရထိုက်ရက်သားနဲ့ မရကြဘူးဆိုတဲ့ဥစ္စာ အစီအစဉ်မတည့်လို့ဆိုတာလည်း ပြောထိုက်တယ် (မှန်ပါ) ကိုစောမောင် မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
အစီအစဉ် ဆိုတာကလည်း
အစီအစဉ်မတည့်လို့ မပြောထိုက်ဖူးလား (ပြောထိုက်ပါတယ် ဘုရား) အစီအစဉ် ဆိုတာကလည်း ကိုယ့်ဘာသာ ကိုယ်စီစဉ်လို့ ဖြစ်တာမှမဟုတ်ဘဲ (မှန်ပါ) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပွင့်ဦးမှလည်း ကိုစောမောင် စီစဉ်လို့ဖြစ်တယ် (မှန်ပါ) ဘုရားပွင့်ပြီးသည့် အခြားမဲ့၌လည်း ဒကာ ဒကာမတို့ ဘုရားက မရှိပြန်တော့၊ ဘုရားဓမ္မက္ခန္ဓာတွေ ရှိပြီးတော့ ကြည့်နိုင်တဲ့ပုဂ္ဂိုလ်က စီစဉ်ဦးမှ ဖြစ်မယ် (မှန်ပါ့)။
ကိုယ် ကိုယ်တိုင်ကတော့ဖြင့် အရွယ်ကသာကြီးလာတယ် ဘုရားဒေသနာတော်တွေ ကြည့်ဖို့ရှုဖို့ဆိုတာလည်း ဦးဘရှင်းအတော်ခဲယဉ်းတယ်၊ ဪ – ခုတော့ ဒကာ ဒကာမတို့ အစီအစဉ်တွေ အခု ဆရာဘုန်းကြီးက ဘုရားဟောတဲ့ ဒေသနာတော်အတိုင်းဟောပါတယ်၊ ဒိဋ္ဌိအရင်ခွါကြ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲတော့ ဒိဋ္ဌိအရင်ခွါတော့ကို ဪ – သိမှုနဲ့ခွါခြင်းတစ်မျိုးပွားမှုနဲ့ ခွါခြင်းတစ်မျိုး, ပယ်မှုနဲ့ခွါခြင်းတစ်မျိုး, သုံးမျိုးမှတ်ထားလိုက်တာပေါ့၊ ဦးဘလေး ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီအလုပ်သုံးလုပ်ပါရင် မပြီးဘူးမှတ်ဖို့ပါ၊ အဲဒါသိမှုနဲ့ခွါလာတာကတော့ ကိုစံလှရေ လေးရက်ရှိပြီ (မှန်ပါ ဘုရား) ဘယ်နှရက်ရှိသွားပြီ (လေးရက် ရှိသွားပါပြီ ဘုရား) ကောင်းပြီး – သို့သော် ကိုယ့်အထဲမှာ ကွာတယ် – မကွာတယ် သိရအောင် ဘုန်းကြီးက စစ်ဆေးရမယ်နော်။
သို့သော် သက်သေသာဓက ကတော့ အနုရာဓကို ထုတ်ကြဦးစို့။ ဝေသာလီပြည်မှ ဘုရားသခင် ကိုယ်တော် မြတ်ကြီးမဟာဝုန်ကျောင်းမှာ သီတင်းသုံးတော်မူပါတယ်၊ ဝေသာလီပြည် မဟာဝုန်ကျောင်းမှာ သီတင်းသုံးနေတုန်း အနုရာဓ ဆိုတဲ့ ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတဲ့ ကိုယ်တော်လေးကလဲ မဟာဝုန် တောထဲမှာပဲ သစ်ရွက်မိုးကျောင်းလေးနဲ့ တရားအား ထုတ်နေတုန်း ဘုရားလက်ထက်က ဘုရားမပွင့်ခင်က ဘုရားလုပ်နေတဲ့ တိတ္ထိကြီးတွေရှိတယ်။
အဲဒီ တိတ္ထိကြီးတွေက ဘုရားဆီတော့ မသွားဘဲနဲ့ အနုရာဓရှိရာလာပြီး သကာလ မေးကြ-မြန်းကြ တယ်တဲ့၊
သူတို့လေးချက် မေးလိမ့်မယ်နော်
ရှင်အနုရာဓ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ပါရမီတွေနဲ့ အလုံးစုံပြည့်စုံတယ်၊ ဘုန်းကံပါရမီတွေ ပြည့်စုံတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်ပါတယ်၊ အဲဒီပုဂ္ဂိုလ်ကြီးက ဆိုလို့ရှိရင်ဖြင့် ယောကျ်ားမြတ် ယောကျ်ားချွန်လို့ ဆိုလည်းမလွဲပါဘူး၊ ယောကျ်ားတန်ခိုးကြီးဆိုလည်း မလွဲနိုင်ဘူး၊ အဲဒီ-ဒီလောက်တောင် ဂုဏ်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးက ဒီ-ကျွန်ုပ်တို့မေးချင်တဲ့ လေးချက်ကို ရှင်အနုရာဓရဲ့ ဘယ်လိုများ ပြောလေ့-ဟောလေ့ရှိပါလိမ့်မလဲ၊ သူတို့လေးချက် မေးလိမ့်မယ်နော်။
ဘယ် လေးချက်ပေးပါသလဲဆိုရင် သတ္တဝါသေရင် နောက်ဖြစ်သေးလား – တစ်နံပါတ် မေးလိုက်တယ်၊ နှစ်နံပါတ်က သတ္တဝါသေရင် နောက်မဖြစ်တော့ဖူးလား၊ ဘယ်နှစ်ချက်ရှိသားတုန်း (နှစ်ချက်ရှိသွားပါပြီ ဘုရား) သတ္တဝါ သေလို့ရှိရင် ဖြစ်ချည်တလည့် – မဖြစ်ချည်တလှည့်လား၊ ဘယ်နှစ်ချက်ရှိသွားတုန်း (သုံးချက်ရှိသွားပါပြီ ဘုရား) သတ္တဝါ သေရင် မဖြစ်သည်မဟုတ် ဖြစ်သေးသလား၊ သဘောကျပလား (သဘောကျပါပြီ ဘုရား) ဘယ်နှစ်ချက်ရှိသွားတုန်း (လေးချက်ရှိသွားပါပြီ ဘုရား) ရှင်အနုရာဓက ဖြေလိုက်တယ်။
ဒီလေးပါးကြဉ်ပြီး ဟောတာပဲ
ဘယ်လိုဖြေလိုက်သတုန်းဆိုတော့၊ မပိုင်တဲ့ပုဂ္ဂိုလ်ကိုဗျ မပိုင်တဲ့ပုဂ္ဂိုလ် ဖြေလိုက်သည်က ဘုရားတော့ဖြင့် ဒီလေးပါးကြဉ်ပြီး သကာလ ဟောတာပါပဲ၊ ကိုစောမောင် ဘာတဲ့ (ဒီလေးပါးကြဉ်ပြီး သကာလ ဟောတာပါပဲတဲ့ ဘုရား)။
သေသေချာချာမှတ်ကြပါ၊ ဒီဥစ္စာအရေးကြီးလို့၊ သူဖြေတာကိုက ဘုရားကဖြင့် ဒီလေးပါးကြဉ်ပြီး သကာလ ဟောလေ့ပြော လေ့ရှိပါတယ်၊ ဒီလေးပါး မဟောဘူးပေါ့လေ၊ ဒီလေးပါးကြဉ်ပြီး သကာလ ဟောလေ့ ပြောလေ့ ရှိတယ်လို့ သူက ဒီလိုဖြေတယ်။
အဲဒီတော့ ဒကာ ဒကာမတွေ စဉ်းစားကြတာပေါ့နော်၊ သူ-ပိုင်တဲ့အဖြေလား? မပိုင်တဲ့အဖြေလား? (မပိုင်တဲ့အဖြေ ပါ ဘုရား)
သူကိုယ်က သတ္တဝါရှိနေတယ်၊ ကျုပ်တို့ တရားပွဲက ဒကာ ဒကာမတွေက ဒါ-ရုပ်နဲ့နာမ်ပဲရှိတယ်၊ သတ္တဝါပါရဲ့လား (မပါပါဘူး ဘုရား) ကျုပ်တို့က ရှင်းနေတယ်၊ ကျုပ်တို့က ရှင်းပြီး သကာလ နေတယ်၊ ဒကာ ဒကာမတွေ ဒါ-အထူးသတိထားပါ၊
သတ္တဝါသေလို့ရှိရင် သူ့စိတ်ထဲ သံသယရှိတယ်
ကျုပ်တို့က ရှင်းပြီး သကာလ နေတော့ အနုရာဓက ဘယ်နှယ့်ဖြစ်နေတုန်း မရှင်းဘူးတဲ့၊ ဘုရားကတော့ ဒီလေးချက်မှတစ်ပါးသာ ပြောလေ့ဆိုလေ့ ရှိပါတယ်၊ ဒီလေးချက်တော့ မပြောပါဘူးတဲ့၊ တခြားဟာသာ ပြောပါတယ်ဆိုတော့ သူသည် ဒကာ ဒကာမတို့ သူ့စိတ်ထဲမှာက သတ္တဝါသေလို့ရှိရင် သူ့စိတ်ထဲ သံသယရှိတယ်၊ ဖြစ်သေးသလား – သတ္တဝါသေရင် မဖြစ်တော့ဘူးလား၊ သတ္တဝါပဲ နိဗ္ဗာန်သွားသလား သူကသံသယရှိတယ်၊ အနုရာဓမှာ သံသယရှိတယ်။
သို့သော် သူဖြစ်-ပျက်တွေ အားထုတ်တာကြာလှပြီ၊ ဒကာ ဒကာမတွေ အနိစ္စ-ဒုက္ခ-အနတ္တ အားထုတ်နေတာ တော့ (ကြာပါပြီ ဘုရား) ကြာပင် ကြာငြား သော်လည်း ဟိုက မေးလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သူ့ဝမ်းထဲ ဦးဘရှင်း ဒိဋ္ဌိခံနေတယ်ဆိုတာ သေချာတယ်၊ သတ္တဝါပဲရှိသလား သတ္တဝါသေရင် နိဗ္ဗာန်ပဲသွားသလားဆိုတဲ့ အယူ သူ့စိတ်ထဲ ပေါ်ပေါက်လာတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သတ္တဝါပဲ ရှိသလား – သတ္တဝါသေလို့ရှိရင် နိဗ္ဗာန်သွားသလားဆိုတော့ သူဟာ ဖြစ်-ပျက် အနိစ္စတွေ၊ အနိစ္စ, ဒုက္ခ, အနတ္တတွေလုပ်ပြီးနေငြားသော်လည်း သူ့ဝမ်းထဲမှာ ကိုစောမောင် ဒိဋ္ဌိရှိနေတယ်၊ သတ္တဝါ ထင်သေးတယ် (မှန်ပါ့) သတ္တဝါသေရင် နိဗ္ဗာန်သွားသလားဆိုတဲ့ သူ့သံသယလည်း (ရှိပါတယ် ဘုရား)။
ဖြစ်-ပျက်တွေလုပ်နေတာ ကြာလှပြီ
အဲဒါတွေ ကြည့်လိုက်တော့မှ ဪ -ဒီ အနုရာဓ ဦးဘရှင်း မဂ်ဖိုလ်မဆိုက်တာ သူ့ဝမ်းထဲမှာ ဒါ-ခံနေတယ်၊ ဖြစ်-ပျက်တွေလုပ်နေတာ ကြာလှပြီ၊ ဖြစ်ပျက်တွေလုပ်နေတာ (ကြာလှပါပြီ ဘုရား)
သို့သော် အခုသေသေချာချာ တိတ္ထိတွေက လာမေးလိုက်တဲ့ အခါကျတော့ ဘုရားကတော့ ဒီလို မဟောပါဘူး၊ ဒီလေးပါးကြဉ်ပြီး သကာလ ဟောလေ့ပြောလေ့ရှိပါတယ်ဆိုတော့ ဘယ်အဓိပ္ပာယ်ရယ်လို့ သူ့မှာပါရဲ့လား (မပါ-ပါဘူး ဘုရား)။
မပါကတည်းက သူ့အဖြေက အင်း-သိတဲ့အဖြေမျိုးလား၊ ဒိဋ္ဌိကွာတဲ့ အဖြေမျိုးလား- ဒိဋ္ဌိလက်ရှိနဲ့ ဖြေတဲ့အဖြေမျိုး လား (ဒိဋ္ဌိလက်ရှိနဲ့ဖြေတဲ့အဖြေမျိုးပါ ဘုရား) ဒိဋ္ဌိလက်ရှိနဲ့ ဖြေတဲ့အဖြေမျိုးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကိုစောမောင်တို့ ကိုစံလှတို့က ရိပ်မိပြီ၊ ဪ – အနုရာဓကိုက ဘယ့်နှယ် (ဒိဋ္ဌိမကွာပါဘူး ဘုရား) ဒကာ ဒကာမတို့ အနုရာဓ ရဟန်းလေးကိုက (ဒိဋ္ဌိမကွာပါဘူး ဘုရား) ဒိဋ္ဌိမကွာဘူး၊ ဘုရားကတော့ဖြင့် ဒီလိုမဖြေပါဘူး တခြား နည်းနဲ့ပဲပြောလေ့ဆိုလေ့ ရှိပါတယ်ဆိုတော့ သူ-ပိုင်ပိုင်နိုင်နိုင် အသိကလာရဲ့လား (မလာပါဘူး) နောက်-ရှင်းပါလိမ့်မယ်။
ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတာ
ဪ -ဒါဖြင့် ကိုစောမောင်က တွေးတော့မယ်၊ အနုရာဓအပေါ်မှာ တွေးလိုက်မယ်၊ ဘယ့်နှယ်တွေးကြမယ် – ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိမကွာဘဲနဲ့ (အားထုတ်နေတာပါ ဘုရား) ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတယ်ဆိုတာ ကျုပ်တို့က တရားပွဲက တွေးနိုင်တယ် (မှန်ပါ ဘုရား) နားလည်ပြီးသားတွေကိုဗျ၊ နားလည်ပြီးသား တွေပဲ၊
သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာမဖြစ်တာ အသာထား၊ ဒကာ ဒကာမတွေ၊ ကိုယ်ကရှေ့ပိုင်းရှင်း ထားတာ၊ သူက ရှေ့ပိုင်းကို မရှင်းဘူး၊ ရှင်းရဲ့လား (မရှင်းပါ ဘုရား) ကဲ-ဦးဘရှင်း မကွာဘူးလား (ကွာပါတယ် ဘုရား)။
ကဲ-ဒါနဲ့ပဲ သတ္တဝါသေရင် ဖြစ်သေးသလား – တိတ္ထိတွေက မေးတယ်၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလားဆို တော့ ဒါကို သတ္တဝါယူနေတယ် (မှန်ပါ) သတ္တဝါပါရဲ့လား (မပါပါ ဘုရား) သတ္တဝါသေရင် ဖြစ်သေးသလား – သတ္တဝါသေ ရင် မဖြစ်တော့ဘူးလား၊ သတ္တဝါသေရင် ဖြစ်ချည်တစ်လှည့် -မဖြစ်ချည်တစ်လှည့်လား၊ နောက်ဘဝပေါ့ဗျာ၊ သတ္တဝါသေရင် မဖြစ်သည်မဟုတ် ဖြစ်သေးသလား၊ ဒါတွေ မေးနေတယ် (မှန်ပါ ဘုရား)။
ဘုရားဒီလိုမဟောတန်ပါဘူး
အဲတော့ – သူဘယ်နှယ့်ဖြေတုန်းဆိုတော့ – ဘုရားဒီလိုမဟောတန်ပါဘူး ဟုတ်လား၊ ဒါကြဉ်ပြီး သကာလ ဒါကြဉ်ဖယ်ပြီး သကာလ ပြောလေ့ဟောလေ့ ရှိပါတယ် ဆိုတော့ သူအဖြေပေးနေတဲ့ အဓိပ္ပာယ်။
အဖြေတော့ ပေးတယ်၊ သူစိတ်ထဲမှာ ရှင်းပြီးပေးတဲ့ အဖြေလား ဒကာ ဒကာမတွေက အကဲခက်စမ်း (မရှင်းဘဲပေးတဲ့ အဖြေပါ ဘုရား) မရှင်းတာ သည် သူဘာမရှင်းတာတုန်းလို့ သေသေချာချာ စိစစ်လိုက်တဲ့အခါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒိဋ္ဌိမကွာဘူး (မှန်ပါ ဘုရား)။
သူ့ဝမ်းထဲ သံသယက ဘယ်လိုလာတုန်းမေးတဲ့ အခါကျတော့မှ သတ္တဝါပဲရှိလေရော့လား – သတ္တဝါသေရင် သတ္တဝါပဲ နိဗ္ဗာန်သွားလေရောလား၊ ဝိစိကိစ္ဆာဖြစ်တယ်၊ ဒိဋ္ဌိရှိရင် ဝိစိကိစ္ဆာရှိတာပဲ ကိုစောမောင်၊ အဲဒါ သူ့တွေးလုံးအခု ပေါ်ပြီမဟုတ်လား (ပေါ်ပါတယ် ဘုရား)။
သတ္တဝါပဲ ရှိလေသလား- သတ္တဝါသေလို့ရှိရင် သတ္တဝါပဲ နိဗ္ဗာန်သွားလေရော့ သလား၊ ဒါ-သူ့တွေးလုံး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူဖြေတဲ့အထဲမှာ အဋ္ဌကထာဆရာက အဖြေကို ဖော်လိုက်တဲ့အခါ ကျတော့ ဒီအဓိပ္ပာယ်ရတယ်။
ဒိဋ္ဌိ, ဝိစိကိစ္ဆာမကွာဘူး
သတ္တဝါရှိသလား – သတ္တဝါပဲ နိဗ္ဗာန်သွားသလားလို့ဆိုတဲ့ သံသယအနုရာဓဝမ်းထဲမှာ ရှိမနေဘူးလား (ရှိပါတယ် ဘုရား) ဒီကတည်းက ကိုစောမောင်တို့ အကဲခတ် အနုရာဓမှာ ဒိဋ္ဌိ, ဝိစိကိစ္ဆာမကွာဘူး၊ မရှင်းဘဲနဲ့ အားထုတ်နေတာ၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) မရှင်းဘဲနဲ့ ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတယ် ဆိုတဲ့ဥစ္စာ သေချာသွားပြီ (မှန်ပါ ဘုရား)။
အဲတော့ ဘုရားက ဒီလိုမဟောတန်ပါဘူးလို့ဆိုပြီး သူဒီလိုဖြေလိုက်တော့ တိတ္ထိတွေက ကိုစောမောင်အပြစ်တင် သွားတယ်၊ ဒီကိုယ်တော်ဟာ ဝါလည်းမမေးဘူး သူတို့က ဒီကိုယ်တော် မေးရတဲ့ဥစ္စာတဲ့ ဒီအဓိပ္ပာယ်တွေ သူ-မဖြေနိုင်လို့ရှိ ရင် အင်း-လူငယ်ကလေး ရင်လည်း ဖြစ်ရမယ်၊ တိတ္ထိတွေက မဖြေနိုင်လို့ပေါ့ဗျာ အပြစ်တင်ကြတယ်၊ လူငယ်လေးရင်လည်း ဖြစ်ရမယ် သို့မဟုတ်လို့ ရှိရင်လည်း – ကြီးလို့ရှိရင်လည်း လူမိုက်ကြီးရင်လည်း ဖြစ်ရမယ်၊
ဒါကြောင့် မဖြေနိုင်တာ၊ ကိုပေါ်စွဲချက်တင်လိုက်တယ်၊ လူငယ်လေးရင်လည်း ဖြစ်ရမယ် လူကြီးဖြစ်ခဲ့လို့ရှိရင်လည်း မလိမ္မာသေးတဲ့သူပဲ (ဖြစ်ရမယ် တဲ့ ဘုရား)
ဒါကြောင့် သူမဖြေနိုင်တာဆိုပြီး ဒကာ ဒကာမတို့ တိတ္ထိတွေကထွက်သွားတယ် (မှန်ပါ့) တိတ္ထိတွေက ဘောက်ပြောသွားတယ်၊ အခုမေးတာ မဖြေနိုင်တဲ့အတွက် ရှင်းရှင်းလင်းလင်း မဖြေနိုင်တဲ့အတွက် လူငယ်လေးရင်လည်း ဖြစ်ရမယ်၊
သာသနာဘောင်ဝင်တာ မကြာသေးတဲ့ပုဂ္ဂိုလ်ရင်လည်း ဖြစ်ရမယ်၊ သာသနာဘောင်ကြာတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ ရှိရင်လည်း မလိမ္မာ မိုက်သေးတဲ့ ပုဂ္ဂိုလ်ရင်လည်း ဖြစ်ရမယ် (မှန်ပါ)။
ပိုမေးလို့ရှိရင် ငါဖြေစရာမရှိဘူး
ဒီလိုပြောဆိုပြီး ဦးဘရှင်း၊ အနုရာဓဆီက ထွက်သွားကြတယ် (မှန်ပါ) ဒကာ ဒကာမတို့ အပြောအဆိုခံရပြီ ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) ဘယ်သူခံရပါလိမ့် (အနုရာဓပါ ဘုရား) အဲ-အနုရာဓ ကိုယ်တော်မှာ ခံရရှာတယ်၊ ခံလည်း ခံရမှာပဲနော် (မှန်ပါ)။
အဲဒီတော့ သူသည်ကားဆိုလို့ရှိရင်ဖြင့် တိတ္ထိတွေလည်း သွားရော၊ ငါအခုတော့ ဖြေတော့ ဖြေလိုက်တာပဲ၊ အနုရာဓက သူ့ဟာသူ တွေးလုံးထုတ်တယ်၊ ဖြေလိုက်တာပဲ၊ ဘုရားတော့ ဒီလိုဟောတာ မဟုတ်ပါဘူး တခြားနည်းနဲ့ ဟောတာပဲ၊ ဒီထက်များ ပိုမေးလို့ရှိရင် ငါဖြေစရာမရှိဘူး (မှန်ပါ)။
ကိုစောမောင် သံသယ ဘယ်နှယ့်တုန်း သံသယလာပြီ၊ ဒီထက်များ ငါ့ကို တိတ္ထိတွေက မေးလိုက်လို့ရှိရင်ဖြင့် ငါ့မှာဖြင့် ဖြေတော့ ဖြေရမှာပဲ၊ ဘုရားအလိုတော်ကျ ဖြစ်မှဖြစ်ပါ့မလား၊ အဖြေကောင်းမှ ဖြစ်ပါ့မလား – အဖြေမှန်မှ ဖြစ်ပါ့မလားဆိုတည်းက သူ့မှာ ဘာရှိနေလို့တုန်း – သံသယဒိဋ္ဌိ ရှိပြီ၊ ဒိဋ္ဌိကော – သံသယကော ရှိနေပြီ၊
ကဲ-ဒကာ ဒကာမတို့ အနုရာဓမှာကိုပဲ နောက်ထပ် တွေးလုံးထုတ်လိုက်တဲ့ အခါကျတော့ ဒီထက်များ ပိုမေးရင် မသိပေမဲ့ ဖြေတော့ဖြေရမှာပဲ၊ တကယ်ဘုရားအကြိုက် ဘုရားအလိုတော်ကျ ဖြစ်ပါ့မလားဆိုတဲ့ဥစ္စ သူ့သံသယနှလုံးသွင်း ဝင်လာတယ် (မှန်ပါ)။
ဒီတည်းက ကိုစောမောင်တို့ပဲ စဉ်းစားကြ ကိုစံလှတို့က စဉ်းစားကြ၊ ဒိဋ္ဌိရှိနေတယ် – ဝိစိကိစ္ဆာ (ရှိနေပါတယ် ဘုရား)။
ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေတယ်
ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေတယ်၊ ဖြစ်-ပျက်တွေတော့မြင်နေပြီ၊ ဒီပုဂ္ဂိုလ်ဖြစ်-ပျက်တွေတော့ မြင်ပါတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တတွေတော့ မြင်ပါတယ်၊ မြင်ပင်မြင်သော်လည်း ဒကာ ဒကာမတို့ ဒိဋ္ဌိမကွာပဲ အားထုတ်နေတာဖြစ်တော့ နိဗ္ဗာန်ဘက် မကူးဘူးပေါ့ဗျာ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အနုရာဓဘုရားက ဖော်လိမ့်ဦးမယ် ဒကာ ဒကာမတို့၊ အဲတော့ကိုဘုန်းကြီး ဒကာ ဒကာမတွေ ဘာပြောတုန်း၊ သမုတိသစ္စာအားဖြင့် ပြောငြားသော်လည်း ခင်ဗျားတို့ တစ်နေ့က မေးသလိုပဲ မေးကြည့်လိုက်လို့ရှိရင် ရှင်းပါလိမ့်မယ် (မှန်ပါ) ဒါ, သတ္တဝါဟုတ်ကြရဲ့လား (မဟုတ်ပါဘူး) အခု တရားနာနေတာ သတ္တဝါတွေကိုပါရဲ့လား (မပါ ပါဘူး ဘုရား) ဘာသာပါနေတုန်း (ရုပ် – နာမ်သာ ပါနေပါတယ် ဘုရား)။
ဒါဖြင့် ဒီအနုရာဓဟာတဲ့ အဋ္ဌကထာဆရာက ဘုရားအာဘော်ကြည့်ပြီး လိုက်တယ်၊ မဖြေဘဲ နေရမှာ ဖြေနေတာ ဒီတည်းက သူ့မှာ သံသယရှိတယ်တဲ့ ကိုစောမောင်၊ မဖြေဘဲနေရမှာကို ဖြေလုံးထုတ်နေတယ် ဆိုတော့ ကိုစောမောင် ကိုက်ပါ့မလား (မကိုက်ပါဘူး ဘုရား) စကားဆိုတာ နဂိုကမှ ဘာမှမရှိတဲ့ဥစ္စာ၊ မရှိဘူးလို့ဆို- မရှိမှန်းသိနေတဲ့ ဥစ္စာကို ဘာဖြေစရာလိုသေးလဲ (မလိုပါဘူး ဘုရား)။
သူကိုက သတ္တဝါခပ်ရှိရှိ မဖြစ်ဘူးလား
အခုလည်း နဂိုက မရှိတဲ့ဥစ္စာကိုဘဲ အကယ်၍ ဒီထက်ပိုပြီး မေးလို့ရှိရင်ဖြင့် ခက်ချည်ရဲ့ဆိုတော့ သူ့ကိုကခပ်ရှိရှိ (မှန်ပါ ဘုရား) ဘယ့်နှယ်ဆိုကြမယ် သူကိုက သတ္တဝါခပ်ရှိရှိ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သတ္တဝါသေ နိဗ္ဗာန်သွား သလား- သတ္တဝါရှိသလားဆိုတဲ့ အဓိပ္ပာယ်၊ ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါ။
စကားက နည်းနည်းငုတ်နေလို့ ဖော်ပြောနေရတယ် ကိုစောမောင် (မှန်ပါ) ကဲ အခုတော့ဖြင့် သူ့မှာကို မရှင်းဖူးဆိုတာ ပေါ်သွားပြီ (မှန်ပါ)။
ဒါကြောင့် အားထုတ်နေတာ ကြာပြီတဲ့၊ ဒကာ ဒကာမတို့ ဖြစ်ပျက်အနိစ္စတွေ အားထုတ်နေတာကြာပြီ နိဗ္ဗာန်မရဘူး၊ သဘောပါပလား (ပါပါပြီ ဘုရား) နိဗ္ဗာန်မရဘူးနော် (မှန်ပါ့ ဘုရား) ဘာခံနေလို့တုန်း (ဒိဋ္ဌိခံနေပါတယ်) ဒိဋ္ဌိခံနေတာ၊ ဝိစိကိစ္ဆာခံနေတာ (မှန်ပါ)။
အဲဒါကြောင့် မရဘဲဖြစ်နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ သူသွားတာပဲ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မဟာဝုန်ကျောင်းမှာ သီတင်းသုံးနေတော့၊ အရှင်ဘုရား တပည့်တော်မှာ ကိစ္စတစ်ခု ကြုံနေပါတယ်၊ ဘာတုန်းတိတ္ထိတွေက လာကြတယ်ဘုရား။
လာပြီး တပည့်တော်ကို မေးတယ်၊ ဘယ့်နှယ်မေးသတုန်းကွ ပြောစမ်းပါအုန်း၊ သတ္တဝါသေရင် ဖြစ်သေးသလား -သတ္တဝါသေရင်မဖြစ်တော့ဘူးလား၊ သတ္တဝါသေရင် ဖြစ်ချည်တလှည့်- မဖြစ်ချည်တလှည့်လား၊ သတ္တဝါသေရင် မဖြစ်သည် မဟုတ် – ဖြစ်သေးသလားလို့ လေးချက်မေးတယ် ဘုရား။
မင်းက ဘယ့်နှယ်ဖြေသတုန်း၊
ဒါဖြင့် မင်းက ဘယ့်နှယ်ဖြေသတုန်း၊ တပည့်တော်ဘုရားတော့ ဒီလိုမဟောပါဘူး၊ တခြားနည်းပဲ ဟောလေ့ပြော လေ့ ရှိပါတယ်လို့ ဖြေလိုက်တယ်ဆိုတော့ ဘုရားက ရိပ်မိတယ်၊
အင်း-ဒီကိုယ်တော်ဟာ သူကိုယ်တိုင် ဒိဋ္ဌိမကွာလို့ မဖြေကောင်းတာ ဖြေနေတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား)။
သူကိုယ်တိုင်ဘာတုန်း (ဒိဋ္ဌိမကွာလို့) ဒိဋ္ဌိမကွလို့ဘာလုပ်နေတုန်း (မဖြေကောင်းတာ ဖြေနေပါတယ် ဘုရား) ပုစ္ဆာဆိုတာ မဖြေရမဲ့ပုစ္ဆာ ဖြေကိုဖြေစရာမလိုဘူး (မှန်ပါ ဘုရား)။ ကဲဘုရားက အကဲခက်လိုက်တာ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုအကဲခက်လိုက်တုန်း (မဖြေကောင်းတာတွေဖြေနေလို့ပါ ဘုရား) သူ-သူ့သန္တာန်ကို မရှင်းမလင်း ဖြစ်နေ တယ် (ဖြစ်ပါတယ် ဘုရား) ကိုပေါ်ဘာတုန်း (သူ-မရှင်းမလင်းဖြစ်နေပါတယ် ဘုရား)ကဲ – ကိုစံလှတို့ပဲ သေသေချာချာ ရှင်းမနေဘူးလား (ရှင်းပါပြီ ဘုရား) ဒါ,ဖြေရမှာလား မဖြေရမှာလား (မဖြေရမှာပါ ဘုရား) နဂိုကမှ သတ္တဝါပါရဲ့လား၊ သတ္တဝါမှ မရှိဘဲနဲ့ သတ္တဝါသေ ဆိုတာကော (မရှိပါဘူး ဘုရား)။
သူ-ဒါဖြင့် မဖြေရမဲ့ အဖြေပေါ့၊ အဲဒီတွင် ဘုရားက ရိပ်မိတယ်၊ ဪ -ငါ၏ တပည့်သား အနုရာဓတော့ ခတ်လိုက်တာ၊ သူကိုယ်တိုင် ဒိဋ္ဌိက မသေတော့ မဖြေကောင်းတာတွေ၊ သူက ဘုရား ဒီလိုမဟောပါဘူး တခြားနည်းသာ ဟောလေ့ရှိပါတယ်၊ သူမဖြေကောင်းတာ ဖြေလိုက်တာ (မှန်ပါ) ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား) ဘယ်လိုပါလိမ့် (မဖြေကောင်း တာ ဖြေပါတယ် ဘုရား)။
သူ့အယူလည် သူမသိဘူး
ဒါဖြင့် သူ့မှာကိုပဲ သူဟာ သူ့အယူလည် သူမသိဘူး၊ သူများမေးတဲ့အယူလည်း သူမသိဘူးတဲ့၊ သူဟာ တော်တော် ခတ်နေပြီ၊ တွေးတယ်ဘုရား တွေးလိုက်တော့ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) သူ့အယူလည်း (သူမသိပါဘူး) သူများအယူလည်း (မသိပါ ဘုရား) သူ့မှာ ဒိဋ္ဌိကပ်နေတယ်လို့ တစ်ခါတည်းတွေးလိုက်တယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
သူ့မှာ ဘာကပ်နေတုန်း (ဒိဋ္ဌိကပ်နေပါတယ် ဘုရား) သူဟာတဲ့ သူ့အယူလည်း သူမသိဘူးတဲ့၊ တိတ္ထိတွေပေးတဲ့ အယူလည်း (မသိပါ ဘုရား) ဒါဖြင့် ကိုစောမောင် သူ့ဘယ်လိုစွဲချက်တင်မတုန်း (ဒိဋ္ဌိမကွာပါဘူး ဘုရား) သူ့ကို မရှင်းမလင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ဒကာ ဒကာမတွေပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီး-ဒါဖြင့် အားထုတ်နေတာကြာပါပြီ၊ အနိစ္စ, ဒုက္ခ, အနတ္တတွေ မြင်ပါတယ်၊ ဝေဒနာလေးတွေ ဖြစ်-ပျက်၊ စိတ်ကလေးတွေရှိတာလည်း စိတ်ဖြစ်-ပျက် မြင်ပါတယ်၊ ရုပ်ကလေးတွေ ရှုလည်းဖြစ်ပျက် မြင်ပါတယ်၊ မြင်ပင်မြင်ငြားသော်လည်း သူ-နိဗ္ဗာန်ကို မမြင်ဘူး (မှန်ပါ)။
ကိုစောမောင် နိဗ္ဗာန်မမြင်ဘူး (မှန်ပါ့) ဘာဖြစ်နေတာတဲ့၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) သူဝမ်းထဲ ဘာခံနေတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေပါတယ် ဘုရား) ဒိဋ္ဌိရော, ဝိစိကိစ္ဆာရော၊ အဲ-ဒိဋ္ဌိဝိစိကိစ္ဆာ ခံနေတယ်တဲ့၊
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးတယ်၊ ဒီအနုရာဓဟာ ကွာတဲ့၊ သူ့အယူလည်း သူမသိပါဘူး၊ သူတစ်ပါး အယူလည်း သူမသိဘဲ ဖြစ်နေတယ်၊ ဘုရားက တွေးလိုက်တယ်ဦးဘကလေး၊ မတွေးသင့်ဘူးလား (တွေးသင့်ပါတယ် ဘုရား)။
သူ့မှာလည်း မရှင်းမလင်းဘူး၊ ဟိုကလူတွေကလည်း မရှင်းမလင်း မေးတာပဲ၊ သူကလည်း မရှင်းဘူး (မှန်ပါ) သဘောပါရဲ့လား (သဘောပါ ပါတယ် ဘုရား)။
မေးတဲ့လူလည်း မရှင်းဘူး
မေးတဲ့လူလည်း မရှင်းဘူး၊ ဖြေတဲ့ပုဂ္ဂိုလ်ကလည်း (မရှင်းပါ ဘုရား) ကဲ-ခင်ဗျားတို့ ကျုပ်တို့က ဒီဥစ္စာကို သေသေချာချာ စစ်ကြည့်တော့ ခုတရားနာနေတာ ဘယ်သူတွေတုန်း (ရုပ် – နာမ်ပါ ဘုရား) သတ္တဝါဆိုတာ ပညတ်နော် (မှန်ပါ) တကယ်အစစ်ရှာကြည့်တော့ ရှိရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် သတ္တဝါမှ မရှိဘဲနဲ့ ဒီဟာကို သူတို့က ဒကာ ဒကာမတို့ သတ္တဝါသေလို့ရှိရင်ဖြင့် ဖြစ်သေးသလား မေးလို့ရှိရင် ခင်ဗျားတို့က ဘယ့်နှယ်ဖြေမတုန်း (ဖြေစရာမရှိပါ ဘုရား) မဖြေဘဲနေရမယ်၊ သတ္တဝါမရှိလို့ မဖြေပေါင်၊ သဘောကျပလား (ကျပါတယ် ဘုရား) သတ္တဝါမှ မရှိတာ၊ သဘောပါပလား (ပါ ပါတယ် ဘုရား) ဉာဏ်ထဲမှာကို ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
အို-နဂိုကမှ သတ္တဝါမရှိတာ သူက လာမေးနေတဲ့ဥစ္စာပဲ၊ သတ္တဝါသေရင်ဆိုတဲ့ စကားထဲမှာ ကျုပ်တို့နားထဲ ဝင်စရာမလိုဘူး (မှန်ပါ ဘုရား) ဖြစ်သေးသလား ဆိုတာလည်း – ကိုစောမောင် (ဝင်စရာမလိုပါ ဘုရား) ဝင်စရာရှိရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့မှာ ရှေ့ပိုင်းက ရှင်းထားတော့၊ ခင်ဗျားတို့ပဲ မေးပါသေးတယ်၊ သတ္တဝါသေရင် ဖြစ်သေးသလား (ဖြေစရာမရှိပါဘူး ဘုရား) ဖြေစရာမလိုဘူး၊ ကိုစံလှ ဘယ့်နှယ်ကြောင့် မလိုတုန်း-နဂိုက ခင်ဗျားခန္ဓာထဲရှိရဲ့လား (မရှိပါ ဘုရား)။
ဖြေစရာ မလိုဘူး
သူမေးတဲ့ဥစ္စာ ကျုပ်တို့က ဖြေနေ လေကုန်ရုံရှိမယ် (မှန်ပါ) မေးတာဖြေနေရင် (လေကုန်ရုံပါပဲ ဘုရား) နောက်က ဒကာ ဒကာမတွေ သတ္တဝါသေရင် ဖြစ်သေးသလား မေးလို့ရှိရင် ဘယ့်နှယ့်ဖြေမတုန်း (ဖြေစရာ မလိုပါဘူး ဘုရား)။
ဖြေစရာ မလိုဘူး – ဘာကြောင့်မလို့တုန်း (သတ္တဝါမရှိလို့ပါ ဘုရား) နဂိုက ဘာရှိတုန်း – ရုပ်နာမ်ပဲရှိတယ်၊ အနိစ္စ, ဒုက္ခ, အနတ္တပဲရှိတယ် (မှန်ပါ) အကျယ်ပြောလို့ရှိရင် ကျယ်ကျယ်ဝန်းဝန်း ပြောလို့ရှိရင် ဒါပဲရှိတယ်၊ ဒီပြင်ဘာရှိသေးတုန်း (မရှိပါဘူး ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။
ပထမမေးခွန်းတော့ မဖြေဘဲ နေလိုက်တဲ့အတွက် ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းသွားတယ် (မှန်ပါ ဘုရား) ခင်ဗျားတို့ ဉာဏ်ထဲရှင်းကာကို ဘုန်းကြီးကပဲ ဆုံးဖြတ်ချက်ချပေးပါတယ်၊
ဒီ ဒကာ ဒကာမတွေ ဝိပဿနာအားထုတ်ရင် ရတော့မယ်၊ ဒိဋ္ဌိက ကွာပြီးနေပြီ (မှန်ပါ) အသိနဲ့ ကွာနေတယ် (မှန်ပါ) ဒကာ ဒကာမတွေ ဝိပဿနာ အားထုတ်လို့ရှိရင် (ရပါတယ် ဘုရား)။
နိဗ္ဗာန်, မဂ်, ဖိုလ်ရ, ရမယ်၊ ဘာကြောင့်တုန်းလို့ဆိုလို့ရှိရင် အနုရာဓ မရတာက ဒါ-မရှင်းတာ၊ ပေါ်ကြပြီလား၊ အနုရာဓမရ တာက ဒိဋ္ဌိဝိစိကိစ္ဆာခံနေလို့ မဖြေကောင်းတာတွေ ဖြေနေလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သူ့မှာ သံသယဝိစိကိစ္ဆာသေလို့လား
မဖြေကောင်းတာ ဖြေနေတယ် ဆိုတည်းကိုက သူ့မှာ သံသယဝိစိကိစ္ဆာသေလို့လား (မသေပါဘူး ဘုရား) နားလည်ပါးလည် ထောင်ကြစမ်းပါ၊ ဒကာ ဒကာမတို့နော်၊ အင်မတန်မှ ခင်ဗျားတို့ ဒီဥစ္စာ ဪ -အလုပ်သမားတွေအတွက် မှာဖြင့် အနိစ္စ, ဒုက္ခ, အနတ္တတွေ လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဟူသရွေ့ဖြင့် မရသေးတာ ဧကန်အမှန်ပါပဲ၊ ဘာဖြစ်နေလို့တုန်း ကိုစံလှ ဒိဋ္ဌိဝမ်းထဲမှာရှိနေလို့၊ ရှင်းမထားဘူးဗျ (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားလုံးပြောရတယ်၊ သူ့ကိုရှေ့ထားပါ၊ သူ့ကိုရှေ့ထားပါဆိုတာ၊ မသုံးထိုက်ဘူးလား (သုံးထိုက်ပါတယ် ဘုရား)။
ကဲ-အခု ခင်ဗျားတို့ကို ရှေ့ထားပြီး၊ ဘုန်းကြီးက လေးရက် – ငါးရက် ဟောပြီးထားတော့ ဪ -တိတ္ထိတွေ မေးတာ ဘုန်းကြီးကပဲ တိတ္ထိလုပ်ပြီး မေးပါမယ်။
သတ္တဝါသေရင် ဖြစ်သေးသလားလို့ဆိုရင် ဘယ်လိုဖြေမတုန်း (ဖြေစရာမရှိပါဘူး ဘုရား) ဘယ့်နှယ်ကြောင့်တုန်း (သတ္တဝါမရှိလို့ပါ ဘုရား) ခင်ဗျားတို့ဟာ ခင်ဗျားတို့ တည့်နေတာကိုဗျ၊ ဒိဋ္ဌိကွာတဲ့ အသံကိုဗျ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိမကွာဘူးလား ကွာလား၊ ကွာပါတယ် မရှိလို့ မဖြေတာ (မှန်ပါ) သတ္တဝါသေရင် ဖြစ်သေးသလား မေးရင် (ဖြေစရာ မရှိပါဘူး ဘုရား)။
အရင်းလည်းမရှိ အဖျားလည်း မရှိတဲ့ပုစ္ဆာ
ဖြေစရာမရှိဘူး၊ ဘယ့်နှယ်ပုစ္ဆာမေးတိုင်း ဦးဘရှင်းဖြေရမှာလား (မဖြေရပါ ဘုရား) အရင်းလည်းမရှိ အဖျားလည်း မရှိတဲ့ပုစ္ဆာကြီးကို ရမယ်ဖွဲ့ပြီး သကာလ ဖြေလို့ရှိရင် မှားမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒါတရားတစ်ပွဲ လုံး သေသေချာချာမှတ်၊ နောက်ကလေးငါးရက် ရှင်းလာတဲ့ဥစ္စာ ဒီမှာ သတ္တုချပြီး ဟောတော့မှ ဘုရားက ဟောတော့မှ၊ ကဲ-ကိုစောမောင် သတ္တဝါသေရင် ဖြစ်သေးသလား (ဖြေစရာမရှိပါဘူးဆရာ)။
ဘာကြောင့်ပါလိမ့် (သတ္တဝါနဂိုက မရှိလို့ပါ ဘုရား) ဒါ- အားလုံးတရားတစ်ပွဲလုံး မှတ်ပါ။ မရှိလို့ဖြေစရာမလိုဘူး၊ အဲ-နောက် ပုစ္ဆာတွေလဲ မေးချင်တာမေး၊ သတ္တဝါနဲ့မေး ဒီအတိုင်းလာတော့မှာပဲ (မှန်ပါ) သတ္တဝါသေရင် မဖြစ်တော့ဘူး လားမေးရင် (ဖြေစရာမလိုပါဘူး ဘုရား) ဘယ်နှယ့်ကြောင့်တုန်း သတ္တဝါမရှိလို့၊ ဘာရှိတုန်း (ရုပ်နာမ်ပဲရှိပါတယ် ဘုရား)။
ရုပ်နဲ့နာမ်ပဲရှိတယ်၊ ခင်ဗျားတို့ နိဗ္ဗာန်မရောက်သေးသမျှ ရုပ်, နာမ်ပဲရှိမှာပဲ (မှန်ပါ) ကိုင်း – တတိယ ပုစ္ဆာမေးလိုက် ပါမယ်၊ သတ္တဝါသေရင် ဖြစ်ချည်တလှည့် မဖြစ်ချည်တလှည့်လား (ဖြေစရာမရှိပါ ဘုရား) သတ္တဝါမရှိဘူး ဦးမူကြီး သေသေ ချာချာမှတ်နော်၊
အနိစ္စ, ဒုက္ခ, အနတ္တ အားထုတ်ကြဟေ့
ဘာဖြစ်လို့တုန်းဆိုတော့ ဒီတရားမျိုးက ဟောခဲ့တယ်၊ မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ် ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တ အားထုတ်ကြဟေ့ ဆိုတာကတော့ နှုတ်ကိုတက်နေကြတယ် (မှန်ပါ) ဘယ်သူဖြစ်ဖြစ် ဟောနေတာပဲ (မှန်ပါ)။
သူ့ကို အင်း, ဖြေစရာမရှိအောင် လုပ်ထားနှင့်မှ အနိစ္စ, ဒုက္ခ, အနတ္တရှုရင် နိဗ္ဗာန်ရမယ် (မှန်ပါ) သူ့ကို ဖြေချင်သေး တယ်ဆိုရင် ဒိဋ္ဌိရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒိဋ္ဌိ ရှိ – မရှိ စမ်းတဲ့ ဘုရားက စမ်းလိုက်တဲ့စကားမေးခွန်း တွေပဲ၊ သေချာကြပလား (သေချာပါပြီ ဘုရား) ကဲ-ဒါဖြင့် သုံးနံပါတ်မေးပါအုံးမယ် သတ္တဝါသေရင် ဖြစ်ချည်တလှည့်၊ မဖြစ်ချည်တလှည့်လား (ဖြေစရာမရှိပါ ဘုရား)။
ဘာဖြစ်လို့တုန်း (သတ္တဝါမရှိလို့ပါ ဘုရား) ဪ -သတ္တဝါမရှိလို့။ ဘာရှိတုန်း (ရုပ်, နာမ်ပဲ ရှိပါတယ် ဘုရား)။
ခင်ဗျားအတွက် ကတော့ဖြင့် အနုရာဓလောက်တော့ မဆိုးတော့ဘူး (မှန်ပါ) အနုရာဓက သူသံသယ ရှိတယ် မရှိတယ် ဆိုတာ ကိုစောမောင် ဘုရားက ဒီလိုမဟောတန်ပါဘူး၊ ဒါလောက်နဲ့ပြီးနေတယ်၊
ပြီးတော့မှ သူ့ဟာသူ တွေးလုံးပေါ် နေတယ်၊ ဒီထက်ပိုမေးခက်ချည်သေး ဆိုတော့ သူ့စိတ်ထဲမှာ သူရှင်းရဲ့လား၊ မရှင်းဘူးဆိုတည်းက ဝိစိကိစ္ဆာရှိနေတယ်၊ ဝိစိကိစ္ဆာရှိရင် ဒိဋ္ဌိရှိနေပြီ (မှန်ပါ) သေချာပလား (သေချာပါတယ်ုဘရား)။
ကဲ-စတုတ္ထမေးခွန်းလေးမေးရဦးမယ်၊ ဒကာ ဒကာမတို့ သတ္တဝါသေလို့ရှိရင်ဖြင့် မဖြစ်သည်မဟုတ် ဖြစ်သေး သလား (ဖြေစရာမရှိပါ ဘုရား) ဘာကြောင့်ပါလိမ့် သတ္တဝါမရှိလို့၊ ဒါ-ဘုန်းကြီးက တရားသာဟောနေပါတယ်တဲ့၊
ဒိဋ္ဌိရှိ မရှိကို ဒါနဲ့စစ်ဆေးနေတယ်
ဒကာ ဒကာမတို့ သန္တာန်၌ ဒိဋ္ဌိရှိမရှိကို ဒါနဲ့စစ်ဆေးနေတယ် (မှန်ပါ) ငါဟောထားတာ လေးငါးရက်ရှိပြီ အသိနဲ့ ဒိဋ္ဌိကွာပါရဲ့ လားဆိုတာ၊ ဖြေစရာမရှိဘူးဆိုမှ ကိုက်တယ် (မှန်ပါ) သဘောပါပလား (ပါ-ပါပြီ ဘုရား) ရှင်းပါပြီလား (ရှင်းပါပြီ ဘုရား)။
ဖြေစရာမရှိတာ ဖြေလို့ရှိရင် ကိုစောမောင်မှားပြီ၊ ဖြေစရာမရှိတာ ဖြေရင် (မှားပါပြီ ဘုရား) သေသေချာချာ နားထောင်ကြပါ ဒကာ ဒကာမတို့၊ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကြီး ရောက်ချင်ပါရက်သားနဲ့ အိုဘေး နာဘေး သေဘေး ကြီးတွေနဲ့ အမြဲတွဲနေရပြီး သကာလ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ စိုးရိမ်ပူဆွေးမှုကြီးနဲ့ နေရတာ သူခံနေတာ၊ ဘယ်သူခံနေတာတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာခံနေတာပါ) သူခံနေတဲ့အတွက် ကျုပ်တို့မှာတဲ့ အိုဘေး နာဘေး သေဘေးကြီးနဲ့ မနေချင်လည်း (နေရပါတယ် ဘုရား)။
မတွေ့ချင်လည်း (တွေ့နေရပါတယ် ဘုရား) သေဘေးကြီးနဲ့မကြုံချင်လည်း (ကြုံနေရပါတယ် ဘုရား) သောက, ပရိဒေဝတွေနဲ့ မဆုံချင်လည်း (ဆုံရပါတယ် ဘုရား) ဘယ်သူ့လက်ချက်ပါလိမ့်မလဲ (ဒိဋ္ဌိဝိစိကိစ္ဆာ လက်ချက်ပါ ဘုရား) ရှင်းပြီ ဒကာ ဒကာမတို့။
ဒိဋ္ဌိခွါမှုက ရှေ့ပါ
ဪ -ဒါဖြင့် ကဲ, ဒီလိုနဲ့ ဝေဖန်ကြည့်တော့မှ ဪ -တို့ဟာ ဝိပဿနာအလုပ်ဟာ နောက်ပါလား၊ ဒိဋ္ဌိခွါမှုက (ရှေ့ပါ ဘုရား) ရှေ့ပိုင်းပါလားဆိုတော့ ပိုရှင်းသွားတယ်၊ အနုရာဓက ဖြစ်-ပျက်တွေ မြင်တယ်ဗျ၊ ဒါခံနေတာ ကိုစောမောင် ဘယ်လောက်ဆိုးတုန်း၊
ဒါနဲ့ ဘုရားက စဉ်းစားတယ် ဒီလိုပဲ တိတ္ထိတွေကလာမေးတော့ တပည့်တော်က ဘုရားကတော့ဖြင့် ဒီလိုမဟောပါဘူးလို့ ဖြေရှင်းလိုက်တယ်ဘုရား၊ ဘုရားက ရိပ်မိပါတယ် ဒီကိုယ်တော် မဖြေကောင်းတာ ဖြေနေတယ် ကိုစောမောင်၊ မဖြေကောင်းတာ (ဖြေနေပါတယ် ဘုရား)။
ဖြေနေတည်းက သူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာရှိပြီလို့ ဘုရားက သိနေတယ်၊ ပြီးတော့ ဒီ့ပြင်လည်း ဘုရားက ဪ – အနုရာဓတရားလည်း အားထုတ်နေတဲ့ ပုဂ္ဂိုလ်ပဲ- ဖြစ်ပျက်ရမဲ့ ပုစ္ဆာ သူမသိတော့ကိုတဲ့ သူ့ဝမ်းထဲမှာ ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေ တယ်၊
ဘုရားက စွပ်စွဲချက်တင်လိုက်တယ်၊ ရိပ်မိကြပလား၊ မဖြေရမဲ့ဟာကို ဖြေနေတည်းက သူ- ဝမ်းထဲမှာ ဘာရှိနေတုန်း (ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေပါတယ် ဘုရား) သူ့ ဒိဋ္ဌိဝိစိကိစ္ဆာကို အဋ္ဌကထာဆရာက ဖော်ပြလိုက်တော့မှ သတ္တဝါပဲ ရှိသလား သတ္တဝါမရှိသလား၊ သတ္တဝါသေရင် နိဗ္ဗာန်ပဲသွားသလားဆိုတဲ့ သူ့တွေးလုံး ဝမ်းထဲမှာရှိနေတယ်။
ဒီတည်းက ကိုပေါ်က တွေးလိုက်တော့ အနုရာဓ အတော်မရှင်းတဲ့ ကိုယ်တော်ပဲ၊ သူ့ဝမ်းထဲမှာ ဘာတွေရှိနေတုန်း (ဒိဋ္ဌိ, ဝိစိကိစ္ဆာ ရှိနေပါတယ် ဘုရား) ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိတယ် ဦးမူရ၊ ပေါ်ကြပလား (ပေါ်ပါတယ် ဘုရား) သူ့ဝမ်းထဲမှာ ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိတာဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
မဖြေကောင်းတာ ဖြေတာက တစ်ပြစ်
အဲဒါဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါ့တပည့်က မဖြေကောင်းတာ ဖြေတာက တစ်ပြစ်၊ မပြောကောင်းတာ ကတစ်ပြစ်၊ ကိုစောမောင် မဖြေကောင်းတာ ဖြေနေတည်းကိုက အပြစ်သင့်နေတယ်တဲ့၊ မဖြေရမဲ့ ပုစ္ဆာကို သူဖြေတဲ့အတွက် ဘာမှမရှိတာကို ဘာမှဖြေဖို့ မလိုတဲ့အဓိပ္ပာယ်၊ ဘာမှ ဖြေစရာမရှိ၊ ရှိရဲ့လား (မရှိပါဘူး ဘုရား)။
သတ္တဝါမှ မရှိဘဲနဲ့ သေဆိုတာကော ထည့်ရဦးမှာလား (မထည့်ရပါဘူး ဘုရား) နောက်ထပ် ဖြစ်သေးသလားဆို တာကော (မရှိပါ ဘုရား) ဒီစကားတွေဟာ (အလကားစကားတွေပါ ဘုရား) အလကားစကားတွေဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒါကြောင့် အားလုံး တရားနာနေတဲ့ ဒကာ ဒကာမတွေ တိုက်တွန်းတာများတယ်လို့ မအောက်မေ့နဲ့၊ အင်မတန် အရေးကြီးတဲ့စကား၊ ကိုစောမောင် အရေးကြီး-မကြီး (ကြီးပါတယ် ဘုရား) ကြီးတယ်တဲ့ ရှေ့ပိုင်းက ဒါကိုမှ လည်လည်ပက်ပက် မရှင်ရင် အနုရာဓ အားထုတ်နေတာ ဘယ်လောက်ကြာပတုန်း (ကြာပါပြီ ဘုရား) ရရဲ့လားမေးရင် (မရပါ ဘုရား) ဘုရားက ရိပ်မိတယ်။
ဪ -ဒါဖြင့် သူဟာ ဒိဋ္ဌိဝိစိကစ္ဆာ ခံနေတာကို၊ မဖြေကောင်းတာ ဖြေကတည်းကိုက ဒီ-သူကိုယ်တိုင်က ဒိဋ္ဌိမကွာ တာ ဝိစိကိစ္ဆာ မကွာတာ၊ ဒကာ ဒကာမတို့ အနုရာဓသဘောကို သိပလား (သိပါပြီ ဘုရား) သူရဟန္တာဖြစ်မှာနော် မကြာချင် ရဟန္တာဖြစ်မှာ၊ ဒကာ ဒကာမတို့ မေးရင်းနဲ့ပဲ ဘုရားက ဟောလိမ့်မယ်၊ ဟောရင် သူရဟန္တာဖြစ်မယ်၊ ရှေ့က ဘာကြောင့် မဖြစ်ခဲ့သတုန်းလို့မေးတော့ ကိုစောမောင် ရှင်းသွားပါတယ်၊ ဘာပါလိမ့်မတုန်း (ဒိဋ္ဌိ, ဝိစိကိစ္ဆာခံနေလို့ပါ ဘုရား)။
ဒိဋ္ဌိ, ဝိစိကိစ္ဆာခံနေလို့ ဆိုတာကဖြင့် ဘာမှသံသယမရှိနဲ့တော့ ကိုစောမောင်၊ အဲတော့ ဒီဝတ္ထုမျိုးကို နာရ ကြားရ အရေးကြီးတဲ့စကားတွေကို နားထောင်ရတဲ့အတွက် ဪ -ဆရာသမားကောင်း သိပ်လိုပါလား (မှန်ပါ ဘုရား) ဦးဘရှင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)
ကိုစံလှ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ရှေ့နောက်အစဉ်လွဲရင် မဖြစ်ပါလား (မှန်ပါ ဘုရား) မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဝိစိကိစ္ဆာ ချက်ချင်းလာတယ်
အခုဟာတော့ ရှေးဦးစွာ လုပ်ရမဲ့အလုပ် ကိုစံလှ ဘယ်လိုဖြစ်နေတုန်း (မဖြစ်ပါဘုရာ) မလုပ်ကို မလုပ်ရသေးဘူး ဖြစ်နေတယ် (မှန်ပါ) ဒါကြောင့် သူ့မှာကြည့်စမ်း နောက်တစ်ခါ တိတ္ထိတွေမေးရင် သူ့မှာ ခက်တယ်တဲ့၊ ဘုရားအလိုကျ သူဖြေတော့ ဖြေမှာပဲ၊ ဖြေပေမဲ့ အလိုကျဟုတ်မှဟုတ်ပါ့မလား၊ ဘုရားကိုလည်း ကိုယ်ကစွပ်စွဲတဲ့ အဓိပ္ပာယ်ရောက်မလား၊ ဝိစိကိစ္ဆာ ချက်ချင်းလာတယ် (မှန်ပါ) မလာဘူးလား ဘာလာတုန်း ဒကာ ဒကာမတို့ (ဝိစိကိစ္ဆာလာပါတယ် ဘုရား)။
ဝိစိကိစ္ဆာလာတယ်ဆိုတည်းကိုက ဒိဋ္ဌိရှိနေပြီ၊ ဝိစိကိစ္ဆာရှိရင် ဒိဋ္ဌိရှိနေပြီ (မှန်ပါ) သဘောကျပြီနော် (ကျပါပြီ ဘုရား) ဒိဋ္ဌိပယ်ပြီးရင် ဝိစိကိစ္ဆာပယ်ပြီး (မှန်ပါ) အဲဒါလေးလဲ အထူးမှတ်လိုက်၊ ဝိစိကိစ္ဆာရှိနေရင် (ဒိဋ္ဌိရှိနေပါတယ် ဘုရား) ဒိဋ္ဌိပယ်ပြီးရင်တော့ (ဝိစိကိစ္ဆာပယ်ပြီးသားပါ ဘုရား) အဲ-သူ့မှာတော့ ဒိဋ္ဌိရော ဝိစိကိစ္ဆာရော ရှိနေတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အဲတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊ ဪ -ငါ့ အနုရာဓ တိတ္ထိတွေကမေးတာ သူ- ငါ့ဆီလျှောက်နေတယ်၊ သူကိုယ်က သူ့အယူလည်း သူမသိဘူး၊ သူများအယူလည်း သူမသိဘူး၊ ဟော, ဘုရားက သူ့အယူကော မသိပါဘူး -သူများအယူကော မသိပါဘူး၊ ဒါကြောင့် မဖြေကောင်းတာတွေ မဖြေဘဲ နေရမှာတွေ ဖြစ်နေတယ် ကိုစံလှ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
မပြောမဆိုရမယ့် အလုပ်
သူ့အယူကော (မသိပါ ဘုရား) တိတ္ထိတွေ မေးတဲ့အယူကော မသိပါဘူးတဲ့၊ အဲတော့ သူမဖြေကောင်းတာတွေကို ဖြေနေပါတယ်၊ ဒါကြောင့် အဗျာကတသံယုတ်ဆိုတာ ရှိတယ်၊ အဗျာကတ-အ က မြစ်တာ၊ ဗျာကတက ဆိုမှု အလုပ်ပေါ့ ဗျာ၊ မပြောမဆိုရမယ့် အလုပ်ကို သူကပြောဆိုနေတယ်၊ အဗျာကတသံယုတ်ဆိုတာ ဒီဟာမျိုးချည်းမေးတာ ဒါကြောင့် အဖြေကို ဘယ်တော့မှ မပေးရဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဖြေမပေးရတာကို အဖြေပေးရင် ကိုယ်မရှင်းလို့မှတ် (မှန်ပါ) အဖြေမပေးရတာကို အဖြေပေးရင် (ကိုယ်မရှင်း တာပါ ဘုရား) ကိုယ်မရှင်းလို့ဘဲ ကိုယ်မရှင်းရင် ကိုစောမောင် ဒိဋ္ဌိ, ဝိစိကိစ္ဆာ ရှိ -မရှိ (ရှိပါတယ် ဘုရား) ဒါဖြင့် အနုရာဓ အဖြေမပေးရမှာ ဘာလုပ်တာပါလိမ့် (အဖြေပေးပါတယ် ဘုရား) အဖြေပေးနေတည်းက သူကိုယ်တိုင်လည်း မရှင်း-သူများစိတ်လည်း (မသိပါ ဘုရား) သူများစိတ်လည်းမသိ၊ သဘောကျပလား (ကျပ်ပါတယ် ဘုရား)။
အဲဒါ ဘုရားက တွေးလိုက်တယ်၊ အင်း-ငါ့လူကတော့ ခက်ပါသေးတယ် သူကိုယ်တိုင်ကိုကလည်း မရှင်၊ သူများ မေးတာကိုလည်း သူနားမလည်၊ ပုဂ္ဂိုလ် ဝတ္တဝါတွေနဲ့ မေးနေတာ သူ-နားမလည်လို့ပေါ့ဗျာ (မှန်ပါ ဘုရား)။
ပုဂ္ဂိုလ်, သတ္တဝါမရှိပါဘူးကွ
ပုဂ္ဂိုလ်, သတ္တဝါမရှိပါဘူးကွလို့ ဖြေရမဲ့ဥစ္စာ သူက အင်း-ဘုရားကတော့ အင်း-ဒီလိုမဟောတန်ရာပါဘူး၊ ဒါကြဉ်ပြီး ဟောပါလိမ့် မယ်ဆိုတော့ သူဟာ-မတင်မကျဖြေတဲ့ အဓိပ္ပာယ်၊ ဖြေကောင်း-မဖြေကောင်း (မဖြေကောင်းပါ ဘုရား) မဖြေကောင်းဘူး ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
အဲဒီလိုဖြစ်ပြီး သကာလ နေတော့ ဒါ ကိုင်း, အနုရာဓဒီလိုထားလို့တော့ မတော်တော့ဘူး၊ သူ့ကိုပဲ ငါသည် ဒိဋ္ဌိခွါ ပေးမှ တော်တော့မယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) သူ့ဘာလုပ်ပေးရမလဲ (ဒိဋ္ဌိခွါပေးမှာပါ ဘုရား) ကိုင်း-ကိုဘရှင်း သွားပြီ၊ အရင်လုပ်တာတွေ လျှောက်လိုက်တော့ ကိုစောမောင် သုံးနှစ်လုပ်လာလာ- လေးနှစ်လုပ်လာလာ၊ ဘာလုပ်ရမယ် (လျှော်ပစ်ရပါမယ် ဘုရား)။
ဘာဖြစ်လို့ လျှောက်ပစ်ရပါလိမ့်မတုန်း (ဒိဋ္ဌိမခွါရသေးလို့ ဘုရား) ဒါဖြင့် ရှေ့-နောက်လွဲနေပြီ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အင်း, ရှေ့-နောက်က ဘယ်လိုလွဲတာပါလိမ့် (အရင်ဒိဋ္ဌိခွါရမှာပါ ဘုရား) ဒိဋ္ဌိအရင်ခွါပြီးမှ အလုပ်လုပ်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဒိဋ္ဌိကို အရင်ခွါရမှာပါ ပြီးတော့မှ ဝိပဿနာရှုရမှာ၊ ပြီးတော့မှ (ဝိပဿနာရှုရမှာပါ ဘုရား) သဘောပါပလား (ပါ-ပါတယ် ဘုရား)။
ဒီလိုလုပ်ရမဲ့ဥစ္စာ ခင်ဗျားတို့ အဲဒါကြောင့် ခက်တယ်လို့ဆိုတဲ့ဥစ္စာ ဒီလိုပါဠိတော်ကြီးတွေ မတွေ့ပြီဆိုမှဖြင့် ကိုစောမောင် သိပ်ခက်ပါလား (ခက်ပါတယ် ဘုရား) ဆရာလုပ်နေပြန်လည်း ခက်တယ်၊ တပည့်တွေက ယောင်လိုက်နေပြန် လည်း (ခက်ပါတယ် ဘုရား) နှစ်ဦးနှစ်ဝ ကျေးဇူးမရှိဘူး၊ ကိုစောမောင် ဘယ်လိုတုန်း (နှစ်ဦးနှစ်ဝ ကျေးဇူးမရှိဘူး ဘုရား) အဲဒါကြောင့် ခင်ဗျားတို့ အခုသုံးလေးရက်တိုင်တိုင် ရှိပါပြီ။
ရုပ်,နဲ့ နာမ်သာ ရှိပါတယ် သတ္တဝါမရှိဘူး၊ သတ္တဝါဆိုတာ ပညတ်၊ ယောကျ်ားဆိုတာ ပညတ်၊ မိန်းမဆိုတာ ပညတ်ပါ တကယ်မရှိပါဘူး၊ တကယ်မရှိတာက သေရင် ဘယ့်နှယ်တုန်းဆိုတော့- ဘယ့်နှယ်လုပ်မတုန်း၊ ကိုစောမောင် မေးဖို့ကို သင့်သေးရဲ့လား (မသင့်ပါ ဘုရား)။
မရှိတဲ့ တရားသေသေးသလား
မရှိတဲ့ တရားသေသေးသလား မေးတော့ ဘယ့်နှယ်လုပ်မတုန်း ဖြေဖို့လိုသေးလား၊ မရှိတဲ့တရားသေသေးသလား၊ မေးရင် ဘယ့်နှယ်ဖြေကြမယ်၊ မရှိတဲ့တရားကို သူက မရိပ်မိရှာဘူး၊ ရိပ်မိရဲ့လား (မရိပ်မိပါ ဘုရား)။
မရိပ်မိတော့ ဘုရားက တော့ ဒီလိုမဟောတန်ပါဘူး၊ တခြားနည်း ဟောပါလိမ့်မယ်၊ ဒါလောက်တင် မနေသေးဘဲ ဒီ့ထက်ပိုမေးခက်သေးတယ်ဆိုတဲ့ သံသယကကော၊ ဒီတည်းကသူ့မှာ ဒိဋ္ဌိဝိစိကိစ္ဆာ ရှိ မရှိ (ရှိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဪ – အနုရာဓ ဒကာ ဒကာမတို့ အားထုတ်နေတာ ကြာသား၊ ဘယ့်နှယ်ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရပါလိမ့်မတုန်းဆိုတာ ကော ယနေ့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒိဋ္ဌိ, ဝိစိကိစ္ဆာ မကွာလို့ပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ မကွာလို့၊
ဒါဖြင့် သူဖြစ်ပျက်တွေ လုပ်လိုက်တာ အာပေါက်လို့၊ ဒိဋ္ဌိဝိစိကိစ္ဆာကဖြင့် အနုသယသဘောနဲ့ ကိန်းမနေဘူးလား (ကိန်းနေပါတယ် ဘုရား)
ကဲ-ဒါဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ရထိုက် မရထိုက် (မရထိုက်ပါ ဘုရား) မရလို့ ကိုစောမောင်ရတဲ့ နည်းဟောရတော့မယ်၊ ကဲ-ဒါဖြင့် ဘုရားတွေလိုက်တယ်၊ ငါ့လူ ကိုက ဒိဋ္ဌိ, ဝိစိကိစ္ဆာ မကွာတော့ သူများအယူလည်း သူမသိ၊ သူ့ အယူလည်း သူမသိ၊ သူ့အယူမှာလည်း သူမသိဖြစ်နေတယ်၊ ဒီတော့ သူဘာနဲ့နေသတုန်း (ဒိဋ္ဌိ ဝိစိကိစ္ဆာနဲ့ပါ ဘုရား)။
သူတစ်ပါး အယူမသိ ကိုယ့်အယူလည်းမသိဘူး
ဒိဋ္ဌိ, ဝိစိကိစ္ဆာနဲ့ သူ့ဝမ်းထဲမှာ အပြည့်အစုံဖြစ်နေတာ ဘုရားက ရိပ်မိတယ်၊ ဪ -မင်းက တိတ္ထိတွေက ပြောတော့ ငါ့ဆီလာမေးပြီး သကာလ နေတယ်၊ မေးလိုက်တည်းကိုက မင်း ဘယ်လိုဖြေတယ် ဆိုတော့ သူဖြေပုံတွေ ဘုရားလျှောက်နေ တည်းက ဦးဘရှင်း၊ ငါ့လူကိုက သူတစ်ပါး အယူမသိ ကိုယ့်အယူလည်းမသိဘူး (မှန်ပါ) နှစ်ဘက်မှားကြီး (မှန်ပါ) ကိုစံလှ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တိတ္ထိက မှားတာတော့ ပင်ကိုက တိတ္ထိမှား။ ဘာအရေးကြီးတုန်း၊ ကိုယ်မှားနေတာက အရေးကြီးတယ် (မှန်ပါ) သတ္တဝါပဲရှိသေးသလား၊ သတ္တဝါပဲ နိဗ္ဗာန်သွားလေသလား သူ့ဝမ်းထဲရှိနေတယ်၊ ကိုစောမောင် ဘယ်လောက်နစ်နာတုန်း၊ မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား) အဲတော့ ဘုရားက အင်း-ငါ၏တပည့်ကဖြင့် ကိုယ့်အယူလည်း မသိဘူးတဲ့၊ သူများအယူလည်း သူမသိဘူးတဲ့၊ ပေါ်ကြပလား (ပေးကြပါပြီ ဘုရား) သူ့အယူကော မသိပါ ဘုရား)။
သူများအယူလည်း မသိ၊ မသိတော့ကိုတဲ့ သူသည် မဖြေကောင်းတာတွေချည်း ဖြေနေတာ၊ သဘောပါကြပလား (ပါပါပြီ ဘုရား) မဖြေကောင်းတာတွေ (ဖြေနေပါတယ် ဘုရား) ခင်ဗျားတို့ အခုလေးချက် မေးလိုက်တော့ ခင်ဗျားတို့က ရှင်းနေတယ် (မှန်ပါ)။
သတ္တဝါသေရင် ဖြစ်သေးသလား
ဆရာကောင်း သမားကောင်းနဲ့ ကြုံတဲ့အခါ ဖြစ်တော့၊ ဪ -နဂိုက မရှိတာ ဖြေစရာမရှိတာကြီး သိကြားမင်းက ဆင်းမေးလည်း ဖြေစရာ မရှိဘူး၊ ဗြဟ္မာမင်းက ဆင်းမေးလည်း (ဖြေစရာမရှိပါဘူး ဘုရား) သတ္တဝါသေရင် ဖြစ်သေးသလားဆိုတော့ ပထမစကားလုံးက သတ္တဝါမရှိဘဲနဲ့ ဖြေစရာတော့ (မရှိပါဘူး ဘုရား)။
အင်း-ကျုပ်တို့က ဖြေစရာကို ဖြေခွင့်ကို ကျုပ်တို့ပါးစပ်က ဖြေဖို့လိုသေးလား (မလိုပါ ဘုရား) မလိုဘူးဆိုတာ ဝမ်းထဲကျအောင် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
ဝမ်းထဲရှင်းလို့ရှိရင် ခင်ဗျားတို့ သိမှုနဲ့ ဒိဋ္ဌိကွာပြီး (မှန်ပါ) ဝမ်းထဲရှင်းရင် သိမှုနဲ့ဒိဋ္ဌိကွာပြီ ခင်ဗျားတို့က မဂ်-ဖိုလ်ရအောင်သာ အားထုတ်ရင် (မှန်ပါ ဘာဖြစ်လို့တုန်း (သိမှုနဲ့ဒိဋ္ဌိ ကွာလို့ပါ ဘုရား) ပွားမှုနဲ့လုပ်လိုက်ရင် ရတော့မယ်၊ မရဘူးလား (ရပါတယ် ဘုရား)။
အဲဒါကြောင့်တဲ့ ကဲ-ဒါဖြင့် ကျုပ်တို့ ဒီတရားကို အသာထားပြီး သကာလ စကားမေးကြစိုပ၊ စကားက ဘာတုန်းဆို တော့ မဂ်ဖိုလ်မရကြတာ ဒကာ ဒကာမတွေ လုပ်တိုင်းမရကြတာ အဓိပ္ပာယ်တွေဖြင့် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ဘယ့်နှယ်ကြောင့်ပါလိမ့် (ဒိဋ္ဌိ, ဝိစိကိစ္ဆာမကွာလို့ပါ ဘုရား) ရှေ့နောက်က သိပ်လွဲတယ်၊ ဥပုသ်နေ့ ပုတီးစိပ်ရမယ်ကွာ၊ အနိစ္စ, ဒုက္ခ, အနတ္တရှေ့က ဒီအတိုင်းလာမှာပဲ (မှန်ပါ) သဘောပေါက်ကြရဲ့လား (ပေါက်ပါတယ် ဘုရား)။
ဥပုသ်နေ့ ဘာလုပ်မှာပါလိမ့်
အင်း- ဥပုသ်နေ့ ဘာလုပ်မှာပါလိမ့် (ပုတီးစိပ်မှာပါ ဘုရား) ဘာစိပ်မှာတုန်း (အနိစ္စ, ဒုက္ခ, အနတ္တ) အနိစ္စ, ဒုက္ခ, အနတ္တမြင် စိတ်လား-ရစိတ်လား (ရစိပ်ပါ ဘုရား) ဒိဋ္ဌိက ခွါပြီးပလား (မခွါရသေးပါ ဘုရား) အနိစ္စ, ဒုက္ခ, အနတ္တ မြင်တောင် မဂ်, ဖိုလ် မရထိုက်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမ နိဗ္ဗာန်ဆိုတာ ဘာဖြုတ်မှ ရသတဲ့တုန်း (ဒိဋ္ဌိဖြုတ်မှ ရမှာပါ ဘုရား) ဒိဋ္ဌိအယူ ဝမ်းထဲ တန်းလန်းနဲ့ ကိုစံလှ ဘယ်လိုပဲဆုတောင်းပြည့်ဘုရား တစ်ထောင်ဆီသွား တောင်းမရဘူး (မှန်ပါ) ကိုစောမောင် ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
မရနိုင်ဘူးတဲ့ ဒီဥစ္စာ ကိုယ့်ဝမ်းတည်းက အပင်းမှမကျဘဲ အပါယ်ဝေဒနာကြီး ပျောက်ပါ့မလား (မပျောက်ပါဘူး ဘုရား) အပါယ်ကျစေတတ်တဲ့ ဝေဒနာက ဒိဋ္ဌိအပင်းမှ မဖြုတ်ဘဲနဲ့ အပါယ်ကျ စေတတ်တဲ့ သတ္တိတွေ ချုပ်ပါ့မလား (မချုပ်ပါ ဘုရား) မချုပ်ဆိုတည်းက သောတာပတ္တိမဂ် မဟုတ်လို့ဘဲ၊ ကိုစောမောင် သောတာပတ္တိမဂ်သာ ဟုတ်ခဲ့လို့ရှိရင် (ဒိဋ္ဌိချုပ်ပါတယ် ဘုရား) ဒိဋ္ဌိပြုတ်ပြီး အပါယ်လေးပါးတံခါးကကော (ပိတ်ပါမယ် ဘုရား) ပိတ်ရမယ်တဲ့ ဆိုတော့ ဒကာ ဒကာမတွေ ရှင်းလောက်ပါတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ-ဒါဖြင့် ဒီကရှေ့ဖြင့် အားလုံးဒကာ ဒကာမတွေ ဘာပဲလုပ်လုပ် ဘယ်မှာပဲ အားထုတ်ကြ- အားထုတ်ကြ၊ ဪ -ရှေ့ထားရမှာ ရှေ့ပဲထား (မှန်ပါ) နောက်ထားရမှာက (နောက်ထားရမှာပါ ဘုရား) ရှေ့-နောက်ဖြင့် မလွဲစေနဲ့၊ ဒါ-ခင်ဗျားတို့မှာဖြင့် ရှေ့-နောက် မလွဲစေဖို့ဟာဖြင့် တို့အရေးလို့မှတ်ပါ (မှန်ပါ) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) တစ်နဲ့ နှစ်ကို လွဲပြီဆိုမှဖြင့် ကိုစံလှရေ အင်မတန်နစ်နာတယ်နော် (မှန်ပါ) အခုဟာက နှစ်ကရှေ့ဖြစ်နေတယ် တစ်က – နောက်ကျနေတယ် (မှန်ပါ)။
တစ်နည်းအားဖြင့်လည်း -တစ်ကို ထည့်မစဉ်းစားဘူး ဖြစ်နေကြတယ် (မှန်ပါ) ဆိုတော့ မနာဘူးလား (နာပါတယ် ဘုရား) တစ်နဲ့ နှစ်ကို ကိုစောမောင် ဘယ်ဟာက ရှေ့ထားရမယ် (တစ်ကိုရှေ့ထားရပါမယ် ဘုရား) အခုဟာ သူတို့ ဘာကို ရှေ့ထားနေတုန်း (နှစ်ရှေ့ထားနေပါတယ် ဘုရား) တစ် စဉ်းစားမိရဲ့လား (မစဉ်းမစားမိပါ ဘုရား) ဆိုတော့ ရပါ့မလား (မရနိုင်ပါ ဘုရား)။
လုပ်ရမဲ့ အလုပ်စဉ်လွဲနေလို့
မရနိုင်ဘူးဆိုတော့ ဘယ့်နှယ်ကြောင့် မရပါသတုန်းဆိုတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာတယ်၊ ဪ -ဒါကွာတဲ့ကိရိယ ပရိဟာနိ၊ ကိရိယ ပရိဟာနိဆိုတာ ပါဠိလိုဖြစ်နေလို့ ဒါက ဒီလိုတဲ့ လုပ်ရမဲ့ အလုပ်စဉ်လွဲနေလို့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) လုပ်ရမဲ့ အလုပ်စဉ် (လွဲနေပါတယ် ဘုရား) သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား)။
လုပ်ရမဲ့ အလုပ်စဉ် (လွဲနေပါတယ် ဘုရား) သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား) လုပ်ရမဲ့အလုပ် (လွဲနေလို့ပါ ဘုရား) ဒီလိုဆိုလည်း မဂ်ဖိုလ်မရနိုင်ဘူးကွတဲ့၊ မဂ်ဖိုလ် မရခြင်း၏ အကြောင်းဟာ ကံကြီးထိုက်လို့လည်း မဟုတ်ဘူးကိုစောမောင်၊ ဒီအလုပ်စဉ် လွဲနေလို့ (မရတာပါ ဘုရား)။
အားလုံးလုပ်နေကြတာ များသောအားဖြင့် ဆိုလို့ရှိရင်ဖြင့် ဦးဘရှင်း-ဦးစံလှတို့ပဲ ဆုံးဖြတ်ချက်ချတဲ့ လွဲနေတာ အများ ရှေ့-နောက်က (လွဲပါတယ် ဘုရား) မများဘူးလား (များပါတယ် ဘုရား) ပိုမိုပြီးစဉ်းစားလိုက်တော့ ဒါပဲ၊ အရင်လုပ် မှုက ပါရဲ့လား (မပါ,ပါ ဘုရား)။
များသောအားဖြင့် ဦးဘကလေးတို့ ရှေ့မီနောက်မီဆိုတော့ အင်မတန်ဘဲ အလုပ်စဉ်လွဲမှု တယ်လည်း နစ်နာပါလား၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဘယ်သူ့သက်သေသာဓက ထောက်မတုန်းဆိုတော့ အနုရာဓထားလိုက်၊ အနုရာဓမှာ ဝိပဿနာရှုပြီး တိရဏပရိညာ ရှေ့ထားပြီး ဉာတိပရိညာ နောက်ထားတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)
ပွားများမှုကို ရှေ့ထားပြီး သိမှုကိုနောက်ထားနေတဲ့အတွက် ရရဲ့လား (မရပါ ဘုရား) မရတော့၊ ကဲ-ဘုရားအပြောနဲ့ပဲ ပြောကြစို့ရဲ့ (မှန်ပါ)။
အလုပ်နဲ့ဒိဋ္ဌိ ခွါလိုက်မယ်တဲ့
ဪ -ငါ့အနုရာဓဟာ သူများအယူလည်း သူမသိဘူး သူ့အယူမှားနေတာလည်း သူမသိဘူး (မှန်ပါ) မဖြေရမှာတွေ ဖြစ်နေတယ် သို့သော်လည်း ရှိပါစေလေ၊ ငါသူ့ကို ဒီ့ပြင်ဟာနဲ့ဖြင့် သူမေးတာတွေ ဖြေမနေတော့ပါဘူး၊ အလုပ်ပဲ ပြပါတော့မယ်၊ အလုပ်ထဲကနေပြီး ကွာစေရမယ်၊ ကိုစောမောင် အလုပ်စဉ်ကို အရင်ပြတယ်၊ အလုပ်နဲ့ဒိဋ္ဌိ ခွါလိုက်မယ်တဲ့ (မှန်ပါ)။
ဘယ့်နှယ်ကြောင့်တုန်း ဆိုတော့ ဝိပဿနာလုပ်နေတာလည်း ကြာပြီတဲ့၊ ဒိဋ္ဌိတော့ သူ့ဝမ်းထဲမှာ မရှင်းဘဲဖြစ်ပြီး သကာလ နေတော့ အလုပ်နဲ့ပဲ ရှင်းစေတဲ့နည်း ပြရမှာပဲ၊ ဘုရားက ဆုံးဖြတ်ချက်ချတယ် ဘာတဲ့တုန်း (အလုပ်နဲ့ ရှင်းစေတဲ့ နည်း ပြရမှာပါတဲ့ ဘုရား) ကွာပုံပြတော့မယ်နော်၊
ဒကာ ဒကာမတွေ ဘာနဲ့ပြမယ်တဲ့တုန်း၊ အလုပ်နဲ့ ဒိဋ္ဌိကွာပုံပြမယ်တဲ့ ဥစ္စာ ဘုရားသခင် ဆုံးဖြတ်ချက်ချတော်မူပါတယ်၊ ငါ့လူဒိဋ္ဌိမကွာဘူး အလုပ်နဲ့ပြပြီး သကာလ ခွါခိုင်းရတော့မှာပဲ (မှန်ပါ) ကိုင်း-ဒါ-ဘယ်သူပြောတဲ့စကားတုန်း (ဘုရားပြောတဲ့စကားပါ ဘုရား)။
ခန္ဓာငါးပါးမရှိလားကွ
ဘုရားပြောတဲ့ ခန္ဓာဝဂ္ဂသံယုတ်ထေရဝဂ်မှာ ဒီအတိုင်းလာတယ်၊ ပါဠိတော်ပဲဆိုတော့ ကိုယ်တော်တိုင် ဟောတာ (မှန်ပါ) ကိုယ်တော်တိုင်ဟောတာ ဆိုတော့ ခိုင်လုံတာပေါ့၊ ခိုင်လုံပြီတဲ့ ကိုင်း-ဒါနဲ့-အေး အနုရာဓ ခန္ဓာငါးပါးမရှိလားကွ, သူ့မေးတယ်၊ ခန္ဓာငါးပါးမရှိဘူးလားကွာ မေးလိုက်တော့ သူဘယ့်နှယ်ဖြေမတုန်း (ရှိပါတယ် ဘုရား)။
ခန္ဓာငါးပါးရှိတယ်ဆို တည်းက ကဲ-ခန္ဓာငါးပါးရေကြည့်စမ်းပါဦးဆိုတော့ ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ ကိုစောမောင်ရေ ပြတာပေါ့ဗျာ၊ ကိုစံလှရေ ပြတဲ့အခါကျတော့မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဲဒီတရားဟာကွာ- မင်းသည်ကားဆိုလို့ရှိရင်ဖြင့် ဘယ်သူ့ကို ပုဂ္ဂိုလ်ဆိုမတုန်း-ဘယ်ဟာကို သတ္တဝါဆိုမတုန်း၊ ကိုစောမောင်ဆိုစရာပါရဲ့လား (မပါ, ပါဘူး ဘုရား)။
ရူပက္ခန္ဓာကို သတ္တဝါဆိုမလား (မဆိုရပါဘူး ဘုရား) ဝေဒနာက္ခန္ဓာ သတ္တဝါဆိုမလား (မဆိုရပါဘူး ဘုရား) အလုပ်နဲ့ ပြလာပြီ ကိုစောမောင်၊ အင်း-ဝိညာဏက္ခန္ဓာကို သတ္တဝါဆိုမလား (မဆိုရပါဘူး ဘုရား) ဒါဖြင့်ကွာ ရှိပါစေတော့ မင့်- ဒါဖြင့်ကွာ သူတို့မှတစ်ပါး သတ္တဝါဆိုမလား (မဆိုရပါဘူး ဘုရား) သူတို့မှ တစ်ပါးလည်း သတ္တဝါရှိရဲ့လား (မရှိပါဘူး ဘုရား)။
ရုပ်ကို မင်းသတ္တဝါဆိုမလား
သူတို့ကိုပေါင်းစုပြီး သမုတ်လိုက်လို့ သတ္တဝါဖြစ်လာတာ (မှန်ပါ) မေးပုံလေး သတိထားပါ၊ ဘုရားမေးနေတာ တစ်နံပတ်ပြန်မေးလိုက်တယ်၊ ဒကာ ဒကာမတွေ ကြပ်ကြပ်သတိထားပါ၊ အနုရာဓတဲ့ ဟောဒီခန္ဓာငါးပါးရှိတယ်တဲ့၊ ရုပ်ကို မင်းသတ္တဝါဆိုမလား (မဆိုပါဘူး ဘုရား) အနုရာဓ မဆိုပါဘူးတဲ့၊ ဝေဒနာကောတဲ့ (မဆိုပါ ဘုရား) သညာကောတဲ့ (မဆိုနိုင်ပါဘူး ဘုရား) သင်္ခါရကော (မဆိုနိုင်ပါဘူး ဘုရား) ဝိညာဏ်ကော (မဆိုနိုင်ပါဘူး ဘုရား)။
ကဲ-မဆိုတာရှိပါစေတော့ကွာ၊ ဒါဖြင့် သူတို့မှတစ်ပါးကော သတ္တဝါဆိုမလားလို့ မေးတော့ (မဆိုနိုင်ပါ ဘုရား) သူတို့မှတစ်ပါးကော သတ္တဝါရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိဘူးတဲ့၊ သူတို့ပေါင်းစုပြီး သမုတ်လိုက်ရင် သတ္တဝါဖြစ်မှာ (မှန်ပါ) ဟုတ်လား-အခုတော့ သတ္တဝါကောရှိရဲ့လား (မရှိပါ ဘုရား) ဒါဖြင့် သူတို့မှတစ်ပါးကို မင်းသတ္တဝါဆိုမလားလို့ မေးပြန်တော့ကော ကိုစောမောင် ဘယ့်နှယ်ဖြေမတုန်း (မရှိပါ ဘုရား)။
ဒိဋ္ဌိခွါပေးနေတာ ကိုစောမောင် ဖြစ်ပျက်မပါသေးဘူးဗျ (မှန်ပါ) ဒကာ ဒကာမတို့ဖြစ်-ပျက်ပါပြီလား (မပါသေးပါ ဘုရား) ဝိပဿနာဉာဏ်ပါပြီလား၊ မပါပါဘူး၊ ဘာလုပ်နေတာတုန်း ဘုရားက (ဒိဋ္ဌိခွါပေးနေတာပါ ဘုရား) ဒိဋ္ဌိခွါပေးနေတာ၊ ကဲ-ရှိပါစေတော့ဦးကွာ ဆိုတော့-အခုပုစ္ဆာနှစ်ခု ပြေသွားပြီနော်၊ နောက်ကပြန်မေးတယ်၊ တစ်နံပတ်ကစ၊ မှတ်မိသည်ထက်မှတ်မိအောင်လို့၊ ရုပ်ကိုသတ္တဝါဆိုမလား-ဝေဒနာကို သတ္တဝါဆိုမလား၊ ခန္ဓာငါးပါးလှည့်မေးတယ် (ဆိုလို့မရပါဘူး ဘုရား)။
-ဒါ-ဘာခွါနေတာတုန်း
ဆိုလို့မရပါဘူး၊ တစ်ခါ ဒါမှ တစ်ပါးကော ဒီခန္ဓာငါးပါးမှတစ်ပါး ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်မှ တစ်ပါးကော မင်းသတ္တဝါဆိုမလား ဆိုတော့ (မဆိုနိုင်ပါ ဘုရား) ဒါ-ဘာခွါနေတာတုန်း (ဒိဋ္ဌိခွါနေတာပါ ဘုရား) ခင်ဗျားတို့ ကျုပ်တို့ ဒီအတိုင်းသိနေရမယ် (မှန်ပါ) ဒါက ဒကာ ဒကာမတို့ကို နှစ်နံပတ်ပုစ္ဆာ၊ ဘုရားက ဒိဋ္ဌိခွါပေးနေပုံပြတာ၊ ဒါဖြင့် အနုရာဓ ရာအပေါင်းကိုကော မင်းသတ္တဝါဆိုမလား-မေးလိုက်တော့ (မဆိုနိုင်ပါ ဘုရား)။
အပေါင်းဆိုတာ ခန္ဓာငါးပါး အစုရှိတာ၊ အပေါင်းကိုသတ္တဝါဆိုမလားမေးတော့ ဘယ့်နှယ်ဆို ဖြေမတုန်း (မဆိုနိုင် ပါဘူး ဘုရား) ခင်ဗျားတို့ကကော (မဆိုနိုင်ပါဘူး ဘုရား) ခင်ဗျားတို့က ကွာလို့၊ ကြည့်စမ်း ဒကာ ဒကာမတို့ ဖြစ်ပျက်ဟော သလား- ဒိဋ္ဌိအရင်ခွါပေးနေသလား (ဒိဋ္ဌိအရင် ခွါပေးနေတယ် ဘုရား) ဒိဋ္ဌိအရင်ခွါပေးနေတယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ဒါနဲ့ မေးပြန်တယ်။
အနုရာဓတဲ့ အပေါင်းလည်း မဆိုဘူးဆိုလို့ရှိရင်ဖြင့်တဲ့ ဒါဖြင့် ဒီလိုလုပ်ပါဦးလားကွာ၊ ရုပ်မှတစ်ပါးကို သတ္တဝါဆို မလား (မဆိုပါဘူး ဘုရား) ဝေဒနာမှတစ်ပါးကော (မဆိုနိုင်ပါဘူး ဘုရား) သညာမှတစ်ပါးကော (မဆိုနိုင်ပါဘူး ဘုရား) သတ္တဝါရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ရှိမှမရှိဘဲဗျ၊ သင်္ခါရဆိုတဲ့ စေတနာမှတစ်ပါးကော (မရှိပါဘူး ဘုရား) စိတ်မှတစ်ပါး ကော (သတ္တဝါမရှိပါဘူး ဘုရား)။
ဒါဖြင့်ကွာတဲ့ မင်းဟာ ဘုရားက ဒိဋ္ဌိကွာမှန်းသိပြီ-သိပြီ-သိပြီ၊ သတ္တဝါမရှိတာ သေချာတာ ကိုစောမောင် ဒါသူမေးလိုက်တည်းက သတ္တဝါပါသေးရဲ့လား (မပါဘူး ဘုရား) အဲ-သတ္တဝါမပါဘူး ဆိုတည်းက ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဘာအဓိကထားဟောနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိခွါမှုကို တစ်နံပတ်ထားနေတယ်
ဘာအဓိကထား (ဒိဋ္ဌိခွါမှုအဓိကထားပါတယ် ဘုရား) ဒိဋ္ဌိခွါမှုကို တစ်နံပတ်ထားနေတယ် (မှန်ပါ) ဆိုတဲ့ဥစ္စာ သေချာနေတယ်၊ အဲဒါခင်ဗျားတို့မှာတော့ဖြင့် ရှင်းလင်းပြီး ဖြစ်နေလို့ အနုရာဓမှာတော့ ကိုစောမောင် အတော်ကို အခက်တွေ့နေတယ် (မှန်ပါ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ဖြစ်-ပျက်ရှေ့ထားဟောသလား- ဒိဋ္ဌိခွါမှုကို ရှေ့ထားဟောသလား ဆိုတဲ့ဥစ္စာ ဒီပါဠိတော်ပဲ အကဲခတ်ကြည့်၊ သူမေးပုံနဲ့ ဟင်-အခုမေးပုံနဲ့ အကဲခတ်လိုက် တော့ ဘာရှေ့ထားရမှာတုန်း (ဒိဋ္ဌိခွါမှု ရှေ့ထားရပါမယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့အလုပ် လုပ်တဲ့အခါကျလို့ရှိရင် ဒိဋ္ဌိခွါမှုဟာ ရှေ့ထားရမှာပါပဲ၊ ရှေ့ထားပြီးအလုပ်က ဒုတိယလုပ်ရမှာ သို့သော် ဒီတရားပွဲထဲမှာ အင်း-ဒကာ ဒကာမတွေကျတော့ ဒီလိုမလုပ်တော့ဘူး၊ တရားပွဲထဲမှာ ခွါပြီးပြီ၊ ဟိုကျတော့ လုပ်သာလုပ်တော့ (မှန်ပါ) နှစ်ခါခွါနေဖို့ မလိုဘူး- မလိုပါဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟို-အလုပ်ထိုင်တဲ့အချိန်မှာ ခွါဦးမှ ထင်ပါရဲ့ဆိုတဲ့စိတ် ဘယ်တော့မှမလာနဲ့ ခွါဖို့ကို မလိုတော့ဘူး (မှန်ပါ)။
ဒီမှာသိမှုနဲ့ အကုန်ခွါပြီးပြီ၊ ဟိုမှာ ဖြစ်-ပျက်ဟာ ဪ -သတ္တဝါမဟုတ်လို့ဖြစ်တာပဲ သတ္တဝါမဟုတ်လို့ ပျက်တာပဲ၊ ခင်ဗျားတို့ဉာဏ်ထဲပိုင်သွားပြီ၊ မပိုင်သေးဘူးလား (ပိုင်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တရားထိုင်တဲ့နေရာ အထူးခွါဖို့လိုသေးလား
ဒါနဲ့တရားထိုင်တဲ့နေရာ အထူးခွါဖို့လိုသေးလား (မလိုပါဘူး ဘုရား) ဒါဖြင့် တရားနာတဲ့ နေရာမှာကွာဖို့ အရေးကြီးတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်အချိန်ကွာဖို့ (တရားနာနေတဲ့အချိန်ပါ ဘုရား) ဒါဖြင့် တရားမနာဘဲ သောတာပန် မတည်နိုင်ဘူး ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
တရားမနာဘဲနဲ့ မတည်နိုင်ပါ၊ ဘယ်တည်နိုင်ပါ့မလဲ ဦးဘရှင်း ရှင်းနေပြီ၊ တရားမနာဘဲနဲ့ (သောတာပန် မတည်နိုင်ပါ ဘုရား) တရားမနာဘဲနဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်တာ လောကကြီးထဲမှာ နှစ်ယောက်ရှိတယ်ကွ၊
ငါဘုရားရယ်- ပစ္စေကဗုဒ္ဓရယ် ဒါပဲရှိတယ် ကျန်တာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်ကစ တရားနာမှ ရတယ်နော် (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
တရားနာမှ ဒိဋ္ဌိကွာတယ်
ကျန်တာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန်မှစပြီးတော့ အားလုံးပေါ့ဗျာ၊ အားလုံးပုဂ္ဂိုလ်တွေဟာ ဘာတဲ့ (တရားနာမှ ဒိဋ္ဌိကွာပါတယ် ဘုရား) တရားနာမှ ဒိဋ္ဌိကွာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တရားနာတယ်ဆိုတာလည်း အင်း-ခုနင်က သုတ္တန်တရားတွေကို ဆိုတာမဟုတ်ဘူး၊ ဒိဋ္ဌိကွာတဲ့တရားကို ဆိုတာ (မှန်ပါ) သစ္စာဆိုက်တဲ့ တရားကို ဆိုတာပါ၊ ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့ တရားကို (ဆိုတာပါ ဘုရား) ဒါကိုဆိုတာ-ဒီပြင် ဥပမာ ဘာလှူလို့ ဘာရောက်ဟောတာကတော့ ဘယ်-ဒိဋ္ဌိကွာလိမ့်မတုန်း။
ကမ္မဿကတာဉာဏ် ဟောထားတာ၊ ကမ္မဿကတာဉာဏ် ဒိဋ္ဌိနဲ့တွဲရက်ကြီး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အဲဒီတရားကို ဆိုလိုတာကလည်း မဟုတ်ဘူး၊ ဘယ်တရားတုန်းလို့ မေးလိုက်တဲ့အခါကျတော့မှ ပဋိစ္စသမုပ္ပါဒ်တရား, သစ္စာတရား, သဘောကျပလား (ကျပါပြီ ဘုရား)
ခန္ဓာတရား, အာယတနတရား, ဓာတ်တရား ဒါပဲရှိတယ် (မှန်ပါ) ဒါသုညတ တရားတွေပဲ။
သုညတ တရားဆိုတာ ပုဂ္ဂိုလ်သတ္တဝါဆိုက်တာ၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား) သုညတ တရားနာရမှ မဂ်ဖိုလ်ဆိုက်တာ (မှန်ပါ)။
သုညတ တရားမနာရလျှင်
သုညတ တရားမနာရလျှင် (မဂ်ဖိုလ်မဆိုက်ပါ ဘုရား) သုညတဆိုတာ ဒီထဲမှာ ပုဂ္ဂိုလ်, သတ္တဝါမရှိ ဘူးလို့သိနေတဲ့မရှိအောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်က ဟောလို့ ခင်ဗျားတို့က မရှိမှန်းသိတဲ့တရားဟာ သုညတတရား (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သုညတတရားဆိုတာ ဘာတရားပါလိမ့်-ပုဂ္ဂိုလ် သတ္တဝါမပါအောင် ဟောနိုင်တဲ့တရား၊ ကိုစောမောင် သုညတ တရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) နန္ဒိယကျောင်းဆောက်လို့ ဘုံပေါက်တယ်ဆိုတာ သုညတမဟုတ်ဘူး၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ကိုစောမောင် နန္ဒိယကျောင်းဆောက်လို့ တာဝတိံသာမှာ ဘုံပေါက်တယ်ဆိုတဲ့တရားက နန္ဒိယဆိုတဲ့ ပုဂ္ဂိုလ်ရှိနေတယ် (ရှိပါတယ် ဘုရား)။
သူ့အတွက် ဘုံပေါက်နေတယ်ဆိုတည်းက သူသွားလိမ့်ဦးမယ်၊ နေလိမ့်ဦးမယ်ဆိုတဲ့ဒိဋ္ဌိက ပြုတ်ပါ့မလား၊ သူလုပ်လို့ သူရတယ်ဆိုတဲ့ ဒိဋ္ဌိကတော့ (မပြုတ်ပါ ဘုရား) အကျိုးကော မပေးဘူးလား (ပေးပါတယ် ဘုရား) ကံက အကျိုးကော မပေးဘူးလား (ပေးပါတယ် ဘုရား) ကံက အကျိုးပေးငြားသော်လည်း ဒိဋ္ဌိတန်းလန်းနဲ့၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် သုညတတရားဆိုတာ ခန္ဓာတရား, အာယတနတရား, ဓါတ်တရား, သစ္စာတရား, ပဋိစ္စသမုပ္ပါဒ်တရား (မှန်ပါ) ဒီဟာကို နာရမှ ဘာဖြစ်မှာတုန်း (ဒါမှ သုညတဖြစ်မယ် ဘုရား)။
သုညတဖြစ်တော့မှ ဒိဋ္ဌိကွာမယ်၊ ဒိဋ္ဌိကွာပြီး အားထုတ်မှဖြစ်ပျက်မြင်တဲ့ဥစ္စာသည် နဂိုက ဘယ်လိုမြင်မြင် ဒိဋ္ဌိမကွာဘဲနဲ့မြင်ရင် အလကား၊ ကုသိုလ်တော့ရပါရဲ့ နိဗ္ဗာန်တော့မရပါဘူး၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ကုသိုလ်တော့ (ရပါတယ် ဘုရား) နိဗ္ဗာန် (မရပါဘူး ဘုရား) မရနိုင်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
ကဲ-ဒါဖြင့် ဒကာ ဒကာမတွေသိတဲ့အတိုင်း အနုရာဓသည် ဘယ်လိုများ ဘုရားဟောနေပါလိမ့်မတုန်းဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
သုညတ တရားဆိုတာ
ဘာတရားသူဟောနေပါလိမ့် (သုညတတရားပါ ဘုရား) ကဲ-တိုတိုသုံးကြစို့ သုညတတရား၊ သုညတ တရားဆိုတာ ဒီထဲမှာ ပုဂ္ဂိုလ်သတ္တဝါမပါဘူး သိအောင်ဟောတဲ့တရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သုညတတရားဆိုတာ ဘာပါလိမ့် (ပုဂ္ဂိုလ်, သတ္တဝါဆိတ်သုဉ်းအောင် ဟောတဲ့တရားပါ ဘုရား)။
ပုဂ္ဂိုလ်, သတ္တဝါမပါတဲ့တရားဆိုတော့မှ နဂိုကမှ ဒိဋ္ဌိ သူ့ဝမ်းထဲမှာဟောတဲ့ပုဂ္ဂိုလ်ကလည်း ကွာအောင်ဟော နာတဲ့ပုဂ္ဂိုလ်ကလည်း ကွာအောင်နာတယ်၊ တရားနာရင်းဖြစ်-ပျက်လိုက်ပေး၊ ဒါမှ ဖြစ်-ပျက်ဆုံးတဲ့ နိဗ္ဗာန်ရောက်မယ်၊ နို့မိုရင် ရပါ့မလား (မရနိုင်ပါ ဘုရား)
ဒါဖြင့် သုညတတရားလောက် အရေးကြီးတဲ့တရား ဦးဘရှင်း ရှိသေးရဲ့လား (မရှိပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါ-မပြီးသေးဘူး၊ ဒီအနုရာဓ နောက်တစ်ရက်- နှစ်ရက်ပြောရလိမ့်ဦးမယ် (မှန်ပါ)။