ဒိဋ္ဌိပြုတ်တရားတော် (၃)
သက္ကာယဒိဋ္ဌိပြုတ်မှုရှေ့ထားပါ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော
ဒိဋ္ဌိပြုတ်တရားတော် (၃)
သက္ကာယဒိဋ္ဌိပြုတ်မှုရှေ့ထားပါ
ဒိဋ္ဌိသုံးမျိုးရှိတယ်
ဒိဋ္ဌိသုံးမျိုးရှိတယ် – သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား) သေသေချာချာ မှတ်ထားစမ်းပါ၊
ဒိဋ္ဌိသုံးမျိုးရှိတဲ့အနက်ကလည်း ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိတစ်ခုဟာ ရေသောက်မြစ်ပါ၊ သူရှိလို့ သဿတ၊ ဥစ္ဆေဒဖြစ်လာရတယ်လို့မှတ်ကြပါ (မှန်ပါ) ဒါဖြင့် ဘယ်ဒိဋ္ဌိပြုတ်ရင် အကုန်ပြုတ်တာပဲလို့ ဆိုတာ ဒကာ ဒကာမ တွေသိပါပြီ၊ သက္ကယဒိဋ္ဌိပြုတ်ရင် (အကုန်ပြုတ်ပါတယ် ဘုရား)။
အဲဒီတော့ သက္ကာယဒိဋ္ဌိ ပြုတ်အောင် ဒကာ ဒကာမတွေ ဝိပဿနာနောက်ထား၊ ဝိပဿနာရှု့မှုကို (နောက်ထားရ မှာပါ ဘုရား) သက္ကာယဒိဋ္ဌိပြုတ်မှုကို (ရှေ့ထားရမှာပါ ဘုရား) ဒါကို ဘယ်တော့မှ မမေ့ကြပါနဲ့ ဝိပဿနာရှု့မှုကို နောက်ထားပါ၊ သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထားပါ၊
ဒါကို ဘယ်အခါကာလမှ ဒကာ ဒကာမတွေ မမေ့ကြပါနဲ့ဆိုတာကို သတိပေးလိုက်တယ်နော်၊ ကောင်းပြီ- ဒါဖြင့် ဝမ်းထဲမှာ သက္ကာယဒိဋ္ဌိရှိပြီး သကာလ နေတယ်၊ ဆရာသမားတွေက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရုပ်ပေါ်မှာ ရှု့ခိုင်းခိုင်း နာမ်ပေါ်မှာရှု့ခိုင်းခိုင်း၊ ကိုစောမောင် အာပေါက်အောင်ရှု့၊ မရဘူး (မှန်ပါ)။
ဘာကြောင့်မရတုန်း ဦးဘရှင်းတို့ မေးလို့ရှိရင် ဖြေတတ်ပါပြီ (မှန်ပါ) ဘာကြောင့်မရတုန်း (သက္ကာယဒိဋ္ဌိကြောင့် ပါ ဘုရား) သက္ကာယဒိဋ္ဌိကျန်နေရစ်တယ်၊ ဘုရားလက်ထက်က ကိုစံလှ ပြင်လိုက်ရတယ် ဒီလိပုဂ္ဂိုလ်တွေ၊ သူများဝိပဿနာ ရှုတယ် သူတို့လည်း သွားရှုတာပေါ့ဗျာ၊ ရှုတော့ဖြစ်ပျက်တွေအားလုံး ကိုပေါ်တို့ တွေ့တာပေါ့ (မှန်ပါ)။
သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထား
တွေ့ပေမဲ့ ဝမ်းထဲမှာ ဒီဖြစ်ပျက်တာ ပုဂ္ဂိုလ်ဖြစ်ပျက်လား သတ္တဝါဖြစ်ပျက်လားဆိုတဲ့ ဒိဋ္ဌိကခံပြီး သကာလ နေတဲ့ အတွက် ဦးဘရှင်းမရပါဘူး (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထား ဝိပဿနာရှုမှုနောက်ထား၊ ဒါကို ဘယ်ခါကာလမှ မမေ့ကြနဲ့ (မှန်ပါ)။
သို့သော် ဒီဥစ္စာ ရှု့ခါနီးဖြုတ်ရမှာလားလို့ မေးတော့ ဒီလိုမဟုတ်ပါဘူး၊ ခုလို တရားနာပြီး သကာလ ရှင်းလင်း နေလို့ရှိရင် ကိုယ်ထိုင်တဲ့ နေရာကျတော့ ကိုစောမောင် ဖြစ်မှုပျက်မှု လောက်ပဲ ရှုရတယ် (မှန်ပါ)၊ ရှင်းလင်းပြီးတဲ့ပုဂ္ဂိုလ် (မှန်ပါ)။
ဟိုနေရာကျမှ တစ်ခါထပ်ရှင်းနေရမယ်လို့ ဒီလိုဟောသည်မဟုတ်ပါဘူး (မှန်ပါ)၊ ဒီပင်ကို ဝမ်းထဲက ရှင်းပြီးလို့ရှိရင် ဖြင့် ရှုပါတော့ (မှန်ပါ) ပင်ကိုက ဝမ်းထဲက မရှင်းလင်းဘူး ဆိုလို့ရှိရင်ဖြင့် သူ့ကို ရှင်းအောင်အရင်လုပ်ပါ၊ သက္ကာယဒိဋ္ဌိရှင်း အောင် (အရင်လုပ်ရမှာပါ ဘုရား)၊ အရင်လုပ်ရမယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ ရှေ့နောက်လွဲနေလို့ ဘုရားလက်ထက်က ရဟန်းတွေ၊ ဪ ဖြစ်ပျက်တွေကိုလည်း သူတို့နားလည်သား၊ ဘယ်နှယ့်ကြောင့် ငါ၏တပည့်တော်မြေးတွေ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်မမြင်ပါလိမ့်မလဲလို့ ဘုရားက သဗ္ဗညုတဉာဏ်နဲ့ကြည့်တဲ့အခါ သူ့ဝမ်းထဲမှာ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတာ (မှန်ပါ)။
ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတော့
ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတော့ ဒကာ ဒကာမတို့ အင်မတန်မကြာဘူးလား (ကြာပါတယ် ဘုရား) ကြာပြီးတော့ ရမှာလား မရဘူလားလို့ တစ်ခါမေးကြဦး (မရပါ ဘုရား) မရနိုင်ဘူးတဲ့ ဒကာ ဒကာမတို့ ဒါ သေသေချာချာ မှတ်ရမယ် ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ရှင်းရှင်းလင်းလင်းနဲ့ ဒကာ ဒကာမတွေကို ပြောပါတယ်၊ ရှေးကအနိစ္စတွေ ပုတီးတွေ အပတ်တွေရအောင်စိပ်၊ ကိုစောမောင် အနိစ္စဘယ်နှစ်ပတ်- ဒုက္ခဘယ်နှစ်ပတ် ရတယ်၊ ရှေ့က လူကြီးသူမတွေလည်း သူတို့တတ်သရွေ့ မှတ်သရွေ့တော့ စိပ်ကြတာပဲ (မှန်ပါ)။
စိပ်ပင်စိပ်ငြား သော်လည်း အမြင်စိပ်လားလို့ မေးပြန်တော့၊ အမြင်စိပ်က မဟုတ်တာတစ်မျိုး၊ ဉာဏ်နဲ့မြင်ပြီး စိပ်တာလားလို့မေးတော့ ဉာဏ်နဲ့မြင်ပြီး စိပ်တာက ရှားလိမ့်မယ်၊ ကဲ စိပ်လိုက်တော့ဖြင့် သေသည်တိုင်အောင်ပဲတဲ့၊ ဥပုသ်နေ့ တိုင်းစိပ်တယ်ထားပါဦးတော့ ဘာရှေ့ထားရမယ်ဆိုတာ မသိပြန်ဘူး၊ မသိပြန်တော့ ထစ်ငေ့ါတာ တစ်ခုဖြစ်အုံးမယ်၊ ဟိုက မမြင်ဘဲနဲ့ စိပ်နေလို့ ထစ်ထစ်ငေါ့ငေါ့က တစ်မျိုးဆိုတော့ သူ့မှာကန့်ကွက်မဲ့သူ နှစ်မျိုးရှိတယ်
ဒါကြောင့် ဒကာ ဒကာမတွေ ဒီကန့်ကွက်မှု နှစ်မျိုးကိုဖြင့် ဒကာ ဒကာမတွေရဲ့ ရန်သူအကြီးဆုံး လို့ထားပြီး သကာလ အလုပ်လုပ်ကြမယ်ဆို လို့ရှိရင်၊ ညနေအားထုတ်ခင်ဗျားတို့ မနက်ရနိုင်တယ် (မှန်ပါ)။
မနက်အားထုတ်ရင် (ညနေရနိုင်ပါတယ် ဘုရား) ဒါက မြန်တဲ့ပုဂ္ဂိုလ်၊ မမြန်တဲ့ပုဂ္ဂိုလ်မှာ ခုနှစ်ရက်အားထုတ်လည်း ရပါတယ်၊ ဒီ ဒိဋ္ဌိသာဖြုတ်ပြီးလို့ရှိရင် (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား) ဒါဖြင့် ဒိဋ္ဌိဖြုတ်မှုသည် ဦးဘလေး ရှုမှုထက် ရှေ့ထားရမယ် (မှန်ပါ) ဒကာ ဒကာမတွေ ဘယ်လို အောက်မေ့ကြတုန်း (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ် ဘုရား)။
ဒိဋ္ဌိဖြုတ်မှုကို မြန်ပေးပါ
ရှုမှုထက် ရှေ့ထားရမယ်နော် (မှန်ပါ) အဲဒီတော့ ဒီဒိဋ္ဌိဆိုတာကလည်းတဲ့၊ ဘုရားကလည်း မနေ့က ပြောခဲ့တယ်၊ ရင်ဝလှံစူးတာကို အရေးကြီးတာထက် ဒိဋ္ဌိဖြုတ်မှုကို အရေးကြီးပါ၊ ဦးခေါင်းမီးလောင်တာ အမြန်ဆုံးငြိမ်းတာထက် ဒိဋ္ဌိဖြုတ်မှုကို မြန်ပေးပါဆိုတော့ အရေးကြီးလို့ပြောတဲ့စကားဆိုတာ သေချာပြီ (မှန်ပါ) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အရေးကြီးလို့ ပြောတဲ့စကားပဲ သေချာတယ်၊ နောက်တစ်ခါ ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက
** ဒိဋ္ဌိဗန္ဓန ဗန္ဓတေ၊
တဏှာသောတန ဝုယှရေ၊
တဏှာသောတန ဝုယှန္တာ၊
နတေဒုက္ခာ ပုမစ္စရေ၊
ဒီလိုဟောထားပြန်တော့ သူလည်း ဘုရား၏အာဘော်ကြည့်ပြီးရေးထားတဲ့ ဂါထာဖြစ်နေတော့ ဒိဋ္ဌိရှိလို့ရှိရင် တဏှာလိုက်တော့မယ် (မှန်ပါ) ငါရှိလို့ရှိရင် ငါ့ဥစ္စာဆိုတာလည်း (လာမှာပါ ဘုရား)။
ဪ ငါကဒိဋ္ဌိ၊ ငါ့ဥစ္စာ တဏှာ၊ သဘောကျပလား (ကျပါတယ် ဘုရား) ငါက ဘာတုန်း (ဒိဋ္ဌိပါ ဘုရား) ငါ့ဥစ္စာက (တဏှာပါ ဘုရား) ဒါဖြင့်တဲ့ ဒကာ ဒကာမတွေ ဒိဋ္ဌိရှိရင်တဏှာလိုက်လာတယ် (မှန်ပါ) သဘောကျကြလား (ကျပါတယ် ဘုရား)။
တဏှာလိုက်လာတယ်တဲ့၊ အဲတော့ ဒီ ဒိဋ္ဌိက ဘာလုပ်တတ်သတုန်း မေးတဲ့ အခါကျတော့မှ ကိုစောမောင် ဒီနေ့ အထူးမှတ်၊ ချည်တတ်နှောင်တတ် တုပ်တက်တယ် (မှန်ပါ) ဒိဋ္ဌိက ဘာလုပ်တုန်း (ချည်တတ် နှောင်တတ်တုပ်တတ်ပါတယ် ဘုရား)။
ဒိဋ္ဌိက ဘာလုပ်တတ်သတုန်း
ချည်တတ် နှောင်တတ် တုပ်တတ်တယ်၊ မှတ်ထားလိုက်ပါ၊ တဏှာက ဘာလုပ်တတ်သတုန်း မေးလို့ရှိရင်ဖြင့် ချည်ပြီးနှောင်ပြီး တုပ်ပြီးသား ပုဂ္ဂိုလ်ကို မျောအောင် မျှောတတ်တယ် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) အင်း ဒိဋ္ဌိက ဘာလုပ်တတ်ပါလိမ့် (ချည်တတ် နှောင်တတ် တုပ်တတ်ပါတယ် ဘုရား)။
တဏှာက ဘာလုပ်တယ် (မျှောတတ်ပါတယ် ဘုရား) ဪ ဒါဖြင့် ဒိဋ္ဌိက မြစ်တစ်ခုထဲမှာ ချည်ပြီးနှောင်ပြီး တုပ်ပြီး ရေထဲမျှောလိုက်ပြီဆိုမှဖြင့် ကမ်းတွေ့ငြားသော်လည်း ကိုစောမောင် ဘယ်နှယ့်တုန်း (မတက်နိုင်ပါ ဘုရား)
ခိုကိုး ရာတုန်းတွေတွေ့ငြားသော်လည်း ဖမ်းပြီးဆွဲနိုင်ပါ့မလား (မဆွဲနိုင်ပါ ဘုရား) ဘာကြောင့်တုန်း၊ ဒိဋ္ဌိကချည် (တဏှာက မျှော၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဘဝကနေ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် တခြားဘုံအပါယ်လေးပါး ငရဲဘုံရောက်သွား၊ တိရိစ္ဆာန်ဘုံရောက်သွားတယ်၊ ဘယ်သူ မျှောချလိုက်တုန်း မေးတော့မှ ကိုစောမောင်တဏှာမျှော ချလိုက်တာ (မှန်ပါ)။
ဟ ဒီနေရာ ရောက်လို့ရှိရင် ပြန်ပြေးပါလားဆိုတော့ ချည်ပြီးသားဖြစ်နေတယ် (မှန်ပါ) ပြန်လည်း မပြေးနိုင်ပါဘူး၊ ရှင်းကြပလား (ရှင်းပါပြီး ဘုရား)
ဒါဖြင့် ချည်ပြီးသားလည်းဖြစ်နေပြန်၊ တဏှာရေမျှောလို့လည်း ကိုစောမောင် တက်လမ်း မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါဖြင့် နောက်တုန်းက ဒီ ဒကာ ဒကာမတွေ ဘယ်လိုများနေခဲ့ကြရပါလိမ့်မလဲ လို့အားလုံးကမေးလို့ရှိရင်ဖြင့် ချည်ပြီးတုပ်ပြီး မျောချင်လို့ မျောပြီးနေခဲ့ရတယ် (မှန်ပါ) ကိုစောမောင် ချည်ပြီးတုပ်ပြီးမျောနေလို့ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) မျောတော့ကိုတဲ့ မျောပါများလို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ ဝဲတွေ့ရဦးမယ် (မှန်ပါ) ဝဲတွေ့ရဦးမယ်ဆိုတာ ရော သေချာပလား (သေချာပါပြီ ဘုရား)။
ဒိဋ္ဌိက ချည်သမား၊ တဏှာက မျောသမား
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိက ခန္ဓာငါးပါးကို ချည်သမား၊ တဏှာက ချည်ပြီးတုပ်ပြီး ရေထဲမှာ (မျောသမားပါ ဘုရား) မျောပါများလာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အခုဝဲနဲ့သွားတွေ့မယ် (မှန်ပါ) မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။
ဝဲနဲ့သွားတော့မယ်တဲ့၊ ဝဲဆိုတာက တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ ချည်ပြီးတော့ မျောလာတဲ့ ပုဂ္ဂိုလ်ဝဲထဲရောက်တာ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။
ချည်ပြီး မျောလာတဲ့ပုဂ္ဂိုလ် (ဝဲထဲရောက်ပါတယ် ဘုရား) ဝဲထဲရောက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဝဲစီမံသလို ခံရုံပဲ (မှန်ပါ) ဝဲက လက်ယာရစ်လှည့်နေရင်လည်း လက်ယာရစ်လည်ပဲ၊ လက်ဝဲရစ်လှည့်နေရင် ဝဲက၊ (လက်ဝဲရစ်လည်ရမှာ ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကိုစောမောင် ကျုပ်တို့သည်ကားဆိုလို့ရှိရင် ဒီဝဲကဘာတုန်းဆိုတော့ ဒကာ ဒကာမတို့ ရူပါရုံ-သဒ္ဒါရုံ-ရသာရုံ- ဖောဋ္ဌဗ္ဗါရုံ (မှန်ပါ) အာရုံငါးပါးထဲမှာ ခင်ဗျားတို့လည်နေတာ ဒိဋ္ဌိကချည်ပေးလိုက်တယ်နော်၊ မျောတဲ့အတွက် ဝဲထဲရောက်သွားတယ်၊ ရောက်သွားတဲ့အခါကျတော့ အာရုံငါးပါး တည်းဟူသော ဝဲပဲ (မှန်ပါ)။
တခါတလေ ကျတော့ မမြင်ရတာ ကြာပေါ့ဆိုပြီးသွားလိုက် မကြားရတာကြာပေါ့ဆိုပြီးသွားလိုက်၊ ဒီအနံ့လေး မနံရတာ ကြာပေါ့ဆိုပြီး (သွားပါတယ် ဘုရား) ဒီအစာလေး မစားရတာကြာပေါ့ဆိုပြီး (သွားပါတယ်) ဒီအထည်အလိပ် ကလေး မဝတ်ရတာကြာပြီပေါ့ဆိုပြီး (သွားပါတယ်) ဆိုတော့ ဒီငါးပါးထဲမှာလှည့်နေတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်သည်ကား ဆိုလို့ရှိရင် ကိုစောမောင် ချည်သမားရယ်- မျောသမားရယ်-လည်သမားရယ် လည်တဲ့ဝဲ ထဲကိုလည်း ရောက်သွားပြန်တော့ ဦးဘရှင်း မြုပ်မှမြုပ်ပါ့ပလား (မြုပ်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) အင်း မြုပ်အောင်ဘယ်သူက လုပ်ပါလိမ့်မတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
နေတိုင်းလှည့်နေတယ်
အင်း ဝဲလှည့်ရတဲ့ အခါကျလို့ရှိရင် ဒကာ ဒကာမတို့ဟော ဒီဘက်က သား၊ ဟောဒီဘက်က သမီး၊ ဒီဘက်က ပစ္စည်း ဒီဘက်က ဆွေမျိုးမိတ်သင်္ဂဟ ခင်ဗျားတို့ဒီထဲ နေတိုင်းလှည့်နေတယ် (မှန်ပါ) ဦးဘလေး သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
အို ခင်ဗျားတို့ အိမ်ထိုင်နေမှ ကိုစံလှတို့ သိသာလိုက်တာ၊ ဟိုဘက်ကိုလည်း ကြည့်ချင်သေးတယ်၊ ဒီဘက်ကိုလည်း နှုတ်ဆက်ချင်လိုက်သေးတယ်၊ ဒီဘက်ကလည်း ပေးလိုက်ချင်သေးတယ်၊ ဒီဘက်ကအသံကိုလည်း ဘာသံပါလိမ့်ဆိုတာ ကြားချင်လိုက်သေးတယ်ဆိုပြီး ထိုင်ရင်းများ လှည့်နေလိုက်တဲ့ဖြစ်ခြင်း၊ ကိုစောမောင် ဘယ်နှစ်ပတ်များရှိသတုန်း (မရေတွက်နိုင်ပါ ဘုရား)။
ဦးဘရှင်း ခင်ဗျားအိမ်ပေါ်ခင်ဗျားနေတာ ဘယ်နှစ်ပတ်ရှိမယ်ထင်တုန်း (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး ကိုပေါ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒီ ဒကာ ဒကာမတို့ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေဆီ ရှောက်ပြီး၊ အိမ်ပေါ်တင် တစ်နေ့အပတ်ပေါင်း ဘယ်လောက်တုန်း (မရေတွက်နိုင်ပါ ဘုရား)။
ဆိုလို့ရှိရင်ဖြင့် ထိုင်ရာကနေပြီး ပတ်နေတာ အပတ်ပေါင်းဘယ်လောက်တုန်း (မရေတွက်နိုင်ပါ ဘုရား) ရေတွက်နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား) ထိုင်ရာကကို ပတ်နေတာ မရေတွက်နိုင်ဘူး၊ ဒီ ပတ်ပြီး သကာလ နေတာက လည်း ဝဲထဲမှာ မရေတွက်သူ မလည်ချင်လို့ကို နေလို့ရရဲ့လား (မရပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီဝဲထဲ ဘယ်လောက် လှည့်နေပါလိမ့်မလဲလို့ ကိုစောမောင် မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ဝဲထဲလှည့်ချင်လို့ လှည့်ရတာမဟုတ်ဘူးတဲ့၊ ဒိဋ္ဌိကချည်ပြီးတုပ်ပြီးဖြစ်နေလို့ ဘယ်ကမ်းဘယ်သောင်မှလည်း ဆွဲစရာ ကိုင်စရာ ပစ္စည်းက အပြင်ထွက်လာတဲ့ပစ္စည်းမရှိဘူး၊ ခြေကလည်း မသန် လက်ကလည်းမသန် အဲဒီတော့ ဝဲလှည့်သလိုခံရုံပံ၊ ရှင်းပလား (ရှင်းပါပြီ)။
အဲ ကိုစောမောင်တို့အိမ်နေကြတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိမ်နေကြတယ်၊ ဪ ဘာများလုပ်နေကြ ပါလိမ့်မတုန်း၊ အိမ်ပေါ်မှာဆိုလို့ရှိရင် ဝိပဿနာ အလုပ်မလုပ်တဲ့အချိန်မှာ ဝဲလှည့်နေတယ်မှတ်ပါ၊ ဘယ်လိုမှတ်ကြမယ် (ဝဲလှည့်နေပါတယ် ဘုရား) ထိုင်ရင်းနဲ့ (ဝဲလှည့်နေပါတယ် ဘုရား)။
ဝဲလှည့်နေတာ
စိတ်ကလေးလည်း သားဘက်စိတ်ကူးလိုက်၊ သမီးဘက် စိတ်ကူးလိုက်၊ တွင်းဘက်စိတ်ကူးလိုက်၊ ဘာလုပ်နေတာ တုန်း ကိုမြင့် (ဝဲလှည့်နေတာပါ ဘုရား) ကိုစောမောင် ကိုပေါ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။
ဝဲလှည့်နေတာသည်ကား ဆိုလို့ရှိရင်ဖြင့် ငါဖြင့် မူးလှပါပြီ၊ ရပ်ချင်ပါတယ်ဆိုတာလည်း ရပ်စရာ လက်နက်က မပါဘူး၊ ချည်ပြီးတုပ်ပြီးဖြစ်နေတယ်၊ မျောလိုက်တာကလည်း ကိုစောမောင် ဒီဝဲထဲအရောက်ကို လှည့်ပြီး မျောပေးနေတယ်။
အဲဒီတော့ ကျုပ်တို့ ခင်ဗျားတို့မှာတဲ့၊ အိမ်မှာနေတဲ့ ပုဂ္ဂိုလ်များသည် အင်း ငါ့သားရှိတဲ့ဘက်လှည့်လိုက်၊ ငါ့သမီး ရှိတဲ့ဘက်ကို (လှည့်လိုက်ပါတယ် ဘုရား) ခင်တဲ့မင်တဲ့ဘက်ကို (လှည့်လိုက်ပါတယ် ဘုရား) လှည့်လိုက်လည်း ပဋိစ္စသမုပ္ပါဒ် ဟာ ဒီဘက်လှည့်လိုက်လည်း ပဋိစ္စသမုပ္ပါဒ်က ဇာတိဇရာ၊ မရဏထိအောင် သွားလိုက်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။
အင်း အသံဘက်လှည့်လိုက်ပြန်ရင်လည်း (ဇာတိ ဇရာ မရဏထိပါ ဘုရား)
အင်း သောတဉ္စ၊ ပဋိစ္စ၊ သဒ္ဒေစ၊ ဥပ္ပဇ္ဇတိ- သောတဝိညာဏံ တိဏ္ဏံသင်္ဂေတိဖဿော၊ သွားပြီ ဖဿပစ္စယာဝေဒနာ၊ ဝေဒနာပစ္စယာတဏှာကနေပြီး ဇာတိ၊ ဇရာ မရဏထိ သွားပြီ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီဝဲ သည်လှည့်ပါများလို့ရှိရင် ဇာတိ ဇရာ မရဏ ဆိုတဲ့ နေရာအရောက် မြုပ်ရလိမ့်မယ် (မှန်ပါ) မမြုပ်ရပေဘူး လား (မြုပ်ရပါတယ် ဘုရား) တစ်ခုတစ်ခုကနေပြီး သူက အိုသေဘက်ချည်း သွားပစ်လိုက်တယ် (မှန်ပါ)
ကိုစောမောင် ဝဲတစ်ခုကနေပြီး လှည့်လိုက်လို့ရှိရင် အို သေ ကျအောင်သွားရပါတယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ချည်ပြီးတုပ်ပြီးလည်း ဖြစ်နေပြန်၊ တဏှာကလည်း မျေှပြန်၊ ဝဲထဲလည်းရောက်ပြန်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ဝဲတစ်ခုတစ်ခုကလည်း ဒကာ ဒကာမတို့ အောက်မပို့ရလို့ရှိရင်ကျေနပ်ပါ့မလား (မကျေနပ်ပါ ဘုရား) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။
ဘုရားအဆူဆူနဲ့ လွဲခဲ့
အဲဒါကြောင့် ဘုရားအဆူဆူနဲ့ လွဲခဲ့၊ အင်း လွတ်လပ်ရေးဘယ်တော့မှ မရခဲ့ဘူး၊ ချောင်ချောင်ချိချိ ဘယ်တော့မှ မနေခဲ့ရဘူး၊ ဘဝင်အေးအေးနဲ့ ဘယ်တော့မှ မနေခဲ့ရတာ၊ ဪ မူလဘူတဒိဋ္ဌိမပြုတ်လို့ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိကချည်ပြီး တုပ်ပြီးဆိုတော့ တဏှာက ထင်သလိုမျှော၊ ဝဲက ထင်သလိုလှည့်၊ ပဋိစ္စသမုပ္ပါဒ် ထင်သလိုမြုပ်၊ ဒီအတိုင်း မသွားဘူးလား သွားပါတယ်၊ အဲဒီတော့ ကျုပ်တို့မှာ ဒီထဲမှာ အခု ပဋိစ္စသမုပ္ပါဒ် ကိုလည်း မကြောက်နဲ့၊ ကိုစောမောင် ဝဲလည်းမကြောက်နဲ့၊ တဏှာလည်းမကြောက်နဲ့၊ ဘယ်သူ ကြောက်ရမတုန်း (ချည်ပြီးတုပ်ပြီး ကြောက်ရမှာပါ ဘုရား)။
ချည်ပြီးတုတ်ပြီး ကြောက်ရမှာ၊ ယခင်နေ့အစက ဖော်ပြောလာတယ် ဒါကြောင့် ဒိဋ္ဌိအရေးကြီးတယ်ပြောတာပေါ့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က မြုပ်အောင်လုပ်တတ်ပါတယ်ဆိုတာလည်း ထင်ရှားပါတယ် (မှန်ပါ) ငါးပါးအာရုံကာမဂုဏ်က မူးအောင်လှည့်တတ်ပါတယ်၊ ပဋိသမုပ္ပါဒ်မြုပ်အောင်လုပ်၊ ငါးပါးလုပ်၊ ငါးပါးအာရုံ ကာမဂုဏ်က (မူးအောင်လှည့်ပါတယ် ဘုရား)။
မူးအောင်လှည့်တတ်တယ်တဲ့၊ တဏှာက ဒီအထဲမရောက် ရောက်အောင်ရော မျှောတတ်ပါတယ်၊ မျှောပေးတယ် ၊ မျှောတဲ့အခါ ကျလို့ရှိရင် ကိုယ်စွမ်းရည်သတ္တိတုံးအောင် လုပ်လိုက်တာက ဘယ်သူတုန်း (ဒိဋ္ဌိပါ ဘုရား) စွမ်းရည်သတ္တိ အကုန်တုံးအောင်လုပ်တာ ဒိဋ္ဌိပဲ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
စွမ်းရည်သတ္တိအကုန်တုံးအောင် လုပ်တာ (ဒိဋ္ဌိပါ ဘုရား) ဘယ်လောက်တုံးနေတယ်ဆိုတဲ့ဥစ္စာ၊ ခင်ဗျားတို့ ကိုယ်တိုင်ရှင်းပြီးပြပါမယ်၊
ဒိဋ္ဌိကချည်မထားဖူးလား
သားကဖြစ်စေ၊ သမီးကဖြစ်စေ၊ ဆွေမျိုးကဖြစ်စေ၊ ပစ္စည်းရှင်ကဖြစ်စေ၊ ကိုစောမောင်သားက လည်း မျက်စောင်းထိုးကြည့်လိုက်၊ သမီးကပြင်ဘက်ကနေပြီး သကာလ နှုတ်ခမ်းလေး စူပြလိုက်ငြား သော်လည်း အို ကိုယ့်ဟာတွေ ဖြစ်နေတော့ ပစ်လိုက်ရမှာကလည်း အခက်သားပဲ၊ သူတို့မကောင်းတာလည်း သိတန်သလောက်လည်း သိသားပဲဆိုပြီး သကာလ ဒိဋ္ဌိကချည်ထားတော့ ဟိုက နှုတ်ခမ်းစူလည်း ခံနေတာပဲ၊ မျက်စောင်းထိုးလည်း ခံနေတာပဲ၊ ဘယ့်နှယ်ကြောင့်တုန်းလို့ မေးကြည့်၊ သူကဒါတွေခွဲမှ မခွဲနိုင်တော့ ဒိဋ္ဌိကချည်မထားဖူးလား (ချည်ထားပါတယ် ဘုရား)။
ချည်ထားတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ် ဒကာ ဒကာမတို့ ဒီပြုံးပြုံးရွှင်ရွှင်နေချိန်များ ပါသေးရဲ့လား (မပါ ပါဘူး ဘုရား) သားတွေက ဆိုး သမီးတွေကဆိုး ဆွေမျိုးတွေကဆိုး၊ ဆိုးချင်သလောက်ဆိုး၊ ကိုယ်ကတော့ မပြတ်နိုင်တော့ ဒကာ ဒကာမတို့ခံရုံပဲ (မှန်ပါ)။
ကိုယ်ကမပြတ်နိုင်ဘူးဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိက မစွန့်နိုင်ဘူးလို့ပြောတာ (မှန်ပါ) ဒိဋ္ဌိက မစွန့်နိုင်တဲ့ အခါကျတော့၊ သားဆိုးနဲ့တွေလည်း အမေမိဘမျက်ရည်နဲ့မျက်ခွက်နေရုံပဲ၊ သမီးဆိုး တွေ့ပြန်လည်း အရှက်တကွဲ အကျိုးနည်းဖြစ်ရုံပဲ၊ ဒီပြင်ဘာရှိသေးတုန်း (မရှိပါဘူး)။
ဒါဖြင့် ပစ်လိုက်ပါတော့လား ဆိုတော့ တောင်းစုတ် ပလုံးစုတ်မဟုတ်ဘူး (မှန်ပါ) ဒိဋ္ဌိက ချည်ထားတာ ပစ်လိုက်ပါ တော့လားဆိုတော့ ခင်ဗျားတို့ရဲပါ့မလား (မရဲပါ ဘုရား) မရဲဘူးတဲ့၊ မကောင်းအစဉ် ပြင်ခဏ ဆိုတာနဲ့ တစ်ခါတည်း လွှတ်လိုက်ဖို့ အရေးကိုပါသေးရဲ့လား (မပါ ပါ ဘုရား) အဲဒီကျအောင် ချည်ထားတာ၊ ဒါဖြင့် ခင်ဗျားတို့ သူများမျက်စောင်း ထိုးခံရပြီ၊ ဘယ်သူကြောင့်တုန်း (ဒိဋ္ဌိကြောင့်ပါ ဘုရား)။
ပစ်လိုက်လို့ မတော်ပါလား
သူများ နှုတ်ခမ်းစူခံရတာ (ဒိဋ္ဌိကြောင့်ပါ ဘုရား) အရှက်တကွဲ အကျိုးနည်းတွေ ဖြစ်ပြီး သကာလ ဖုံးဖိပြီး မျိုသိပ် နေရတာရော (ဒိဋ္ဌိကြောင့်ပါ ဘုရား) ဪ ပစ်လိုက်လို့မတော်ပါလား မလာဘူးလား (လာပါတယ် ဘုရား) ဟ ဘယ်သူက ဒီပစ်လိုက်လို့ မတော်ပါလားဆိုတဲ့ စကားသုံးနေပါလိမ့်မတုန်း ဆိုတော့ “ဒိဋ္ဌိဗန္ဓနဗန္ဓာတေ” ဒိဋ္ဌိက ချည်ထားတာ၊ သားနဲ့ ချည်ထားလိုက်၊ သမီးနဲ့ချည်ထားလိုက် သဘောကျရဲ့လား (ကျပါပြီ ဘုရား)။
အဲတော့ ခင်ဗျားတို့ ကျုပ်တို့သည် အိမ်ကထွက်ရာမှာတောင်မှ အင်း သမီးကလည်း အချိန်အရွယ်ရောက်နေ တယ်ဆိုတော့ မသွားဖြစ်ဘူး ဘယ်သူချည်ထားတာတုန်း (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိက ငါ့သမီးခက်ချည်ရဲ့၊
အင်း သားလူပျိုလေး ရှိပြန်တော့ လူပျိုလေးကို ဒီလို ဒီလိုပဲနေကြတဲ့အခါကျလို့ရှိရင် သူတို့မျက်စိ ကွယ်ရာထားလို့ မတော်ဘူးဆိုပြီး သကာလ သူတော်ကောင်းတရားတွေ ဘုရားတွေပွင့်၊ တရားတွေမိုးလိုစွေ၊ ဒိဋ္ဌိချည်ထား မထွက်နိုင်ဘူး (မှန်ပါ့) ထွက်နိုင်ပါ့မလား (မထွက်နိုင်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တရားနဲ့လွဲတာ (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိပဲဆိုတော့ ပထမချည်းထား မိကတည်းက လွဲနေပေါ့၊ ဟိုကျအောင် တဏှာကမျှောလို့ ဝဲထဲရောက်လို့ အောင်မြုပ်၊ ပဋိစ္စသမုပ္ပါဒ်နဲ့ မြုပ်သွားပြီဆိုတော့ ကမ္မဘဝပစ္စယာဇာတိ ဆိုတော့ အပါယ်ဇာတိကျအောင် မြုပ်သွားတဲ့အခါကျတော့ ကိုစောမောင် ဘယ့်နှယ် လုပ်ပြီး သကာလ ဘုရားတွေက ဂင်္ဂါဝါဠုသဲစုမက ပွင့်ကြငြားသော်လည်း ကိုယ်က မြုပ်သမား ဖြစ်နေတယ် လည်သမား ဖြစ်နေ တယ်၊ မြုပ်တာရိုးရိုးလားဆိုတော့ တဏှာရေစီးသန်သန် ထဲမှာ မြုပ်နေတာ၊ တဏှာရေစီးကသန်တယ်၊ သဘောပါပလား (ပါ ပါတယ် ဘုရား)။
တဏှာရေစီးကသန်တယ်
တဏှာရေစီးက သိပ်သန်ငြားသော်လည်း ကိုယ်ခြေလက်တွေ အသန်အစွမ်းဆိုလို့ရှိရင်လည်း ကိုစောမောင် ရုန်းကန်ရသေးတယ်၊ ကူးနိုင်ခတ်နိုင်သေးတယ် (မှန်ပါ) အခုတော့ဒီလို (မဟုတ်ပါဘူး ဘုရား)၊ ဘယ်နှယ့်ဖြစ်နေတယ်၊ ကြိုးတုပ်ထားတယ်တဲ့၊ ဒါကြောင့် ဝိသုဒ္ဓိမဂ်က ဒိဋ္ဌိဗန္ဓနဗန္ဓာတေ တဏှာသောတနဝုယှရေ တဏှာသောတေနဝုယှန္တာ၊ နတေဒုက္ခာ ပမုစ္စရေ၊ သူ မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား) ကဲ သဘောပါကြပလား (ပါ ပါပြီး ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံမကောင်းအကြောင်းမသင့်တဲ့အခါကျလို့ရှိရင် သားကအလိုမကျအောင် လုပ်လို့သမီးက အလိုမကျအောင်လုပ်လို့ ပစ္စည်းကလည်း အချိုးမကျလိုက်တာ ကျုပ်ဖြင့် သေများသေချင်တာပဲ၊ တစ်ခါ တစ်ခါညည်းလုံထုတ်တယ်၊ မထုတ်ဘူးလား (ထုတ်ပါတယ် ဘုရား) ရှိတဲ့ပုဂ္ဂိုလ် ဘာဖြစ်လို့ညည်းလုံးထုတ်တာတုန်း၊ ပစ္စည်း တွေ ရှိရက်သားနဲ့ ဘယ့်နှယ်ကြောင့် မျက်စိမျက်နှာ မကောင်းတာတုန်း၊ အို မသိဘဲကိုး မသိဘဲကိုးဆိုတော့ သူ့ဒိဋ္ဌိသူ ဖော်ပြတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါတွေသည်ကားဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မရုန်းနိုင် မကန်နိုင်တဲ့အဓိပ္ပါယ်၊ တစ်ခါတစ်လေ စစ်ဖြစ်တုန်း က မှသာသောချာသေးတယ်၊ ကိုယ့်အိမ်ကိုယ့်ရာလေး ဒိဋ္ဌိကချည်ပြီးထားလိုက်တာနဲ့ ဗုံးကျတဲ့အခါ စက်သေနတ်ပြစ်တဲ့ အခါ ပါသွားတဲ့လူ မနည်းဘူး၊ ဒါ ဒိဋ္ဌိသတ်သာ (မှန်ပါ) နင့်အိမ် နင့်ရာ နင်ပစ်ထားလို့ တော်ပါ့မလားဆိုပြီး ဒိဋ္ဌိကချည်ထား လိုက်တာ၊ ကိုစံလှ ဒီလိုသေတဲ့လူတွေ မကြားဖူးဘူးလား (ကြားဖူးပါတယ် ဘုရား)။
ဒိဋ္ဌိကသတ်တာ
အဲဒါ ဗုံးကသတ်တာလား စက်သေနတ်က သတ်တာလား ဒိဋ္ဌိကသတ်တာလား (ဒိဋ္ဌိကသတ်တာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိက ချည်သမားနှောင်သမား (မှန်ပါ) တဏှာက မျောသမား၊ ငါးပါးအာရုံ ကာမဂုဏ်က (လှည့်သမားပါ ဘုရား) လှည့်ပေးသမား၊ ပဋိစ္စသမုပ္ပါဒ်က မြုပ်သမား၊ အဲ ဒုက္ခသစ္စာ ပဋိစ္စသမုပ္ပါဒ် က မြုပ်အောင်လုပ်တတ်တဲ့တရား၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ကျုပ်တို့မှာ ဒီနေ့သိရတဲ့အဓိပ္ပါယ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း ဒိဋ္ဌိတစ်လုံးပိုင်ရှင် မျှောနိုင်တဲ့ သတ္တိမရှိလို့ရင် (ဝဲထဲမရောက်တော့ပါ)။
ဝဲထဲလည်း ရောက်စရာမလိုတော့ဘူး၊ ဝဲထဲမှ မရောက်တဲ့ ပုဂ္ဂိုလ်ပဋိစ္စသမုပ္ပါဒ်က မြုပ်စရာရော (မရှိပါ ဘုရား) ဒါဖြင့် ကိုစောမောင် ဒိဋ္ဌိအလွန်အရေးကြီးတယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒကာ ဒကာမတို့ အရေးတကာ အရေးကြီး ဆုံးထဲမှာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိအရေးကြီးဆုံး ဆိုတာ တစ်နေ့တစ်မျိုး ပြောနေတယ်၊ ကိုစောမောင်၊ ကိုစံလှ၊ ဘယ်သူအရေးကြီးဆုံတုန်း (ဒိဋ္ဌိအရေးကြီးဆုံး) ကဲ မဂ်ဖိုလ်တားတာလည်း၊ အိမ်ပေါ်ကကို မဆင်းနဲ့လို့ ချည်ထားတာလည်း (ဒိဋ္ဌိပါ ဘုရား)။
အိမ်ပေါ်က ဘုရားလေးတောင်မှ နေ့စဉ်ရှိ မခိုးနိုင်ဘူးကလေးက နေမကောင်း ဘာကနေမကောင်းနဲ့ ဆိုပြီး သကာလ ဘုရားတောင် ရှိမခိုးလိုက်ရတဲ့နေ့တွေ ပါသေးတယ်၊ ဘယ်သူချည်ထားတာတုန်း (ဒိဋ္ဌိချည် ထားတာပါ) သဘောပါပလား (ပါ ပါပြီ ဘုရား)။
ဒိဋ္ဌိသည် အလုံးစုံကန့်ကွက်တယ်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိသည် အလုံးစုံကန့်ကွက်တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) သူတော်ကောင်းအလုပ်ဟူသရွေ့ (ကန့်ကွက်ပါတယ် ဘုရား) အလုံးစုံ ကန့်ကွက်တာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ရင်ဝလှံစူးတာထက် အရေးတကြီး ရှောင်တိမ်းရမယ်၊ ဦးခေါင်းမီးလောင်တာထက် ငြိမ်းမှုထက်မြန်ပြီး သူ့ကိုခွါရမယ်ဆိုတာ ဦးဘရှင်း ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား) အခု လေးရက်ရှိပြီ ကိုစောမောင် သူဆိုးပုံတွေချည်း ပြောနေတယ် (မှန်ပါ) ကိုစံလှရေ ဒိဋ္ဌိထက်ဆိုတာများ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ရှင်းကြပြီနော်။
ကောင်းပြီ ဒါဖြင့် ဒီ ဒိဋ္ဌိမပြုတ်သေးသမျှ ခင်ဗျားတို့က ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီသားလေးမာအောင် ကိုစောမောင် ဆွမ်းကျွေးဦးမယ်လာတာပဲ၊ ဒိဋ္ဌိမပြုတ်လို့ရှိရင် ကိုစံလှလာမယ် (မှန်ပါ) ဒီကလေးဟာ မမာဘူးဆိုပါစို့၊ မမာတဲ့အခါကျလို့ရှိရင်ဖြင့် အသက်ဆက်ရတယ်၊ မလုပ်တတ်ကြဘူးလား (လုပ်တတ်ကြပါတယ်) ဘယ်သူမာအောင်တုန်း မေးရင် င့ါသားလေးမာအောင်၊ ဟ ဘယ်သူ့ဆွမ်းပါလိမ့်မတုန်း မေးလို့ရှိရင် (သားလေးဆွမ်းပါ ဘုရား)။
ဒိဋ္ဌိဆွမ်းပါပဲ၊ ယဉ်အောင်လုပ်မနေပါနဲ့တော့ ဒိဋ္ဌိကကျွေးတဲ့ ဆွမ်းဗျ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒိဋ္ဌိက ကျွေးတဲ့ဆွမ်းမို့ ငါရှိလို့ ငါ့သားဖြစ်လာတာ၊ (မှန်ပါ) ငါ့သားလေးမှာလည်း အခုကံဇာတာက နိမ့်နေတယ်၊ အကြောင်းက လည်း မညီညွတ်ဘူး၊ အင်း ခေါင်းကိုက်ရင်နာကလည်း ထူနေတယ်ဆိုပြီး သကာလ ကိုစောမောင် မလာဘူးလား (လာပါ တယ် ဘုရား)။
ဆွမ်းကျွေးဦးမှ ငါးလေးသက်စေ့လွှတ်ဦးမှ
ဆွမ်းကျွေးဦးမှ ငါးလေးသက်စေ့လွှတ်ဦးမှ စာကလေးလွှတ်ဦးမှနဲ့ မလာလား (လာပါတယ် ဘုရား) ဒါ ဘယ်သူက လွှတ်ခိုင်းတာတုန်း (ဒိဋ္ဌိကပါ ဘုရား)
ဒါဖြင့် ဒီကုသိုလ်ထဲ ဒိဋ္ဌိရော မရော (ရောပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) နိဗ္ဗာန်ရောက်ပါ့မလား (မရောက်နိုင်ပါ ဘုရား) မရောက်နိုင်ဘူး ဦးဘလေး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)
ကဲ ကုသိုလ်ကို ပယ်တာလား ခင်ဗျားတို့မလုပ်နဲ့လို့ ဆိုတာလား (ဒိဋ္ဌိရောနေလို့ နိဗ္ဗာန်မရောက်ဘူး ပြောတာပါ ဘုရား) ဒိဋ္ဌိကို သောတာ ပတ္တိမဂ်ကပယ်ရမှာကို (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သောတာပတ္တိမဂ်က မပယ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပထမနိဗ္ဗာန် ဒိဋ္ဌိကြောင့် မမြင်ကြတာ၊ ပထမနိဗ္ဗာန် မမြင်တာဘာကြောင့်တုန်း (ဒိဋ္ဌိကြောင့်ပါ)။
ကိုစောမောင် ဒိဋ္ဌိဖုံးကွယ်နေလို့ မမြင်တာ၊ ဒကာ ဒကာမတွေကလည်း ဒိဋ္ဌိကို အရေးကြီးမှန်းမသိဘူး၊ ကျုပ်ဖြင့် သားအမှီပြုပြီး ကိုသိုလ်ပြုလိုက်သေးတယ်၊ သူသုံးများ သုံးလိုက်သေးတယ်၊ မသုံးဘူးလား (သုံးပါတယ် ဘုရား) သမီးလေး အမှီပြုပြီးများ ဘာလို့များသုံးတုန်း၊ ကုသိုလ်ဖြစ်တယ်လို့ သုံးတယ်၊ မဖြစ်ဘူး လို့ မဆိုမှမဆိုဘဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိရောနေတဲ့ ကုသိုလ်
ဖြစ်တယ်ကုသိုလ်၊ ကိုစံလှ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) သို့သော် ဘာရောနေတုန်း (ဒိဋ္ဌိရောနေပါတယ် ဘုရား) ဒိဋ္ဌိရောနေတဲ့ ကုသိုလ်-ဒိဋ္ဌိနယ်တွင် သူအကျိုးပေးမယ်၊ ဒိဋ္ဌိလွတ်တဲ့ နိဗ္ဗာန် (အကျိုးမပေးနိုင်ပါ ဘုရား) မပေးနိုင်ဘူး ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့ ဖြစ်ထွေနဲ့ တစ်လုံးလွှဲရင်ဘုန်းကြီးကို ဆိုကြတော့၊ ဒီဥစ္စာ ဒိဋ္ဌိမပြုတ်တဲ့ပုဂ္ဂိုလ်မှာ ဒီအယူရှိနေတယ်၊ မရှိဘူးလား (ရှိပါတယ်)။
စင်စင်ကြယ်ကြယ်သွားရဲ့လား (မသွားပါ ဘုရား) မသွားဘူး၊ သေချာပလား (သေချာပါတယ် ဘုရား) ဒါဖြင့် ပြုတဲ့ ကုသိုလ်တွေဟာ နိဗ္ဗာန်အကျိုးပေးချင်ပါရက်သားနဲ့ ခင်ဗျားတို့ ဒိဋ္ဌိမဖြုတ်မိတာနဲ့ ကန့်ကွက်လိုက်တယ် (မှန်ပါ) ကုသိုလ်ကိုက နိဗ္ဗာန်အကျိုးပေးနိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ခင်ဗျားတို့ မရောသင့်တာ ရောတာနဲ့ ကိုစံလှရေ ဘာဖြစ်သွားတုန်း နိဗ္ဗာန်မရောက်တော့ဘူး (မှန်ပါ ဘုရား) မရောက်တော့ဘူး နိဗ္ဗာန်ကို (မရောက်တော့ပါဘူး)။
ဘာဖြစ်လို့တုန်း ဒိဋ္ဌိက ကန့်ကွက်ထားလို့ ဒိဋ္ဌိပါရင် နိဗ္ဗာန် ပထမနိဗ္ဗာန်ကတောင် လက်မခံဘူး ကိုစောမောင်၊ ပထမနိဗ္ဗာန်က (လက်မခံပါဘူး ဘုရား) ဘယ်သူ့လက်မခံတာတုန်း (ဒိဋ္ဌိကို လက်မခံတာပါ ဘုရား) အဲ ကျုပ်တို့ ခင်ဗျားတို့ ပြုတဲ့ကုသိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင် ဒိဋ္ဌိရောပြီး သကာလ နေခဲ့လိုရှိရင်ဖြင့် ကုသိုလ်တော့ရပါတယ်၊ နတ်ရွာသုဂတိ အကျိုးပေးမှာပါပဲ၊ မပေးပေဘူးလား ဦးဘရှင်း (ပေးပါတယ် ဘုရား)။
သို့သော် နိဗ္ဗာန်ကျလာတဲ့အခါကျတော့ ဒီအရောကြီးလုပ်ထားတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်က လက်ခံပါ့မလား (လက်မခံ ပါ ဘုရား) ဘာကြောင့်တုန်း ကိုစံလှ (ဒိဋ္ဌိရှိနေလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပထမနိဗ္ဗာန်သည် ဘာပယ်မှ လက်ခံမတုန်း
ပထမနိဗ္ဗာန်သည် ဘာပယ်မှ လက်ခံမတုန်း (ဒိဋ္ဌိပယ်မှ လက်ခံမည် ဘုရား) ကဲ ဒါနဲ့သာ ကိုစောမောင်ရေမှတ်လိုက်တော့ (မှန်ပါ) ပထမနိဗ္ဗာန်က ဘာပယ်မှ လက်ခံတုန်း (ဒိဋ္ဌိပယ်မှ လက်ခံပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ) ဒီ တစ်လုံးဟာ အဖြေပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) ပထမနိဗ္ဗာန်က ဘာပယ်မှ လက်ခံတုန်း (ဒိဋ္ဌိပယ်မှ လက်ခံပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်ရည်မှန်းပြီး သကာလ လုပ်ရင် ဒိဋ္ဌိမရောစေနဲ့ (မှန်ပါ) နိဗ္ဗာန်ရည်မှန်းပြီး လုပ်လို့ရှိရင် (ဒိဋ္ဌိမရောရပါဘူး ဘုရား) ဒိဋ္ဌိမရောစေနဲ့ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် နေရာကျပါပြီ၊ ဒကာ ဒကာမတို့ ဒိဋ္ဌိက တယ်အရေးကြီးပါလား တယ်အရာကျပါလား တယ်ပြီး သကာလ ဆိုးဝါးပါလား ပေါ်လာတယ် (ပေါ်ပါ ပြီ ဘုရား)။
မပေါ်လာဘူးလား (ပေါ်ပါပြီ ဘုရား) အဲတော့ ဘုန်းကြီးတို့ ပြောတာမလွဲပါဘူး ကိုစောမောင်ရေ၊ မခံချင်ရင်သာ ရှိရမယ်၊ အလှူတစ်ရာမှာ သူ မချယ်လှယ်တာရှားလိမ့်မယ်၊ မရှားဘူးလား (ရှားပါတယ် ဘုရား) အဲတော့ သူသာ ချယ်လှယ် ရရင် ပထမ နိဗ္ဗာန်ကို ကိုစောမောင် (မရနိုင်ပါ ဘုရား) ရနိုင်ပါ့မလား (မရနိုင်ပါဘူး ဘုရား)။
မရနိုင်ပါဘူးတဲ့၊ ပါးစပ်ကတော့ဖြင့် ဆုတောင်းမှာပဲ (မှန်ပါ) သူကတော့ ပယ်ပြီးလုပ်လို့ရှိရင်ဖြင့် ကိုစောမောင် ရောက်မှာပဲ (မှန်ပါ) ပယ်ပြီး မလုပ်လို့ရှိရင် (မရောက်ပါဘူး ဘုရား) ဒါဖြင့် ဒါနက သံသရာရှည်တာလား ဒိဋ္ဌိကြောင့် ရှည်တာလား (ဒိဋ္ဌိကြောင့်ရှည်တာပါ ဘုရား)။
အဲဒီမှာ မဟောတတ်တဲ့ မပြောတတ်တဲ့ပုဂ္ဂိုလ်တွေကျတော့ ဒါနသံသရာရှည်တယ်၊ မဟုတ်ပါဘူး ဒါန သံသရာ မရှည်ပါဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဒါနဘာရောနေလို့ ရှည်တာတုန်း (ဒိဋ္ဌိရောနေလို့ရှည်တာပါ ဘုရား) ဒါဖြင့် ဒိဋ္ဌိဖြုတ်ပြီး ဒါနလုပ်လိုက်မယ်ဆိုလို့ရှိရင် ကိုစောမောင် ရှင်းလင်းလို့ပေါ့ဗျာ (မှန်ပါ) လိုရာခရီးရောက်ကြီး ရောက်မယ် ဆိုတာ ပြောဖိုလို့သေးလား (မလိုပါဘူး ဘုရား)။
ဘာအရေးကြီးဆုံး အရင်ဖြုတ်ရမယ်
ဒါဖြင့် ဒကာ ဒကာမတို့ အကုသိုလ်တွေ အများကြီးရှိတဲ့ အနက်က ဘာအရေးကြီးဆုံး အရင်ဖြုတ်ရမယ် (ဒိဋ္ဌိအရင်ဖြုတ်ရပါမယ် ဘုရား)။
ရှင်းပြီ ဒိဋ္ဌိမဖြုတ်ဘဲနဲ့ ဒါနလုပ်လည်း ကန့်ကွက်မှာပဲ (မှန်ပါ) နိဗ္ဗာန်ကို ကန့်ကွက်မှာ၊ သီလဆောက်တည်လည်း (ကန့်ကွက်မှာ) ဝိပဿနာလုပ်လည်း (ကန့်ကွက်မှာပါ) နိဗ္ဗာန်ကန့်ကွက်မယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒီဟာ ဘယ်မျှလောက် အရေးကြီးတယ်ဆိုတာကတော့ ကိုစောမောင် ယနေ့သာပြီးမပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါတယ် ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒိဋ္ဌိဖြုတ်ကြပါစို့ဆိုတာကြောင့် ဒကာ ဒကာမတို့ သဘောတူဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား) ကဲ ဒိဋ္ဌိဖြုတ်ပါစို့၊ ဒီ ဒိဋ္ဌိက ဘယ်ကပ်နေလို့တုန်း ကိုစောမောင်ရေ လုပ်ပါအုံး (ခန္ဓာငါးပါးကပ်နေလို့ ဘုရား) ခန္ဓာငါးပါးကပ် နေလို့နော်၊ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရူပံအတ္တတော သမနုပဿတိ၊ ရူပံ- ရုပ်ကို၊ အတ္တတော ငါဟူ၍၊ သမနုပဿတိ သူတို့က အမြဲထင်နေတယ်၊ ကဲ ကိုစောမောင် ဝေဒနာလည်း ငါထင်နေတာပဲ ရုပ်ရော (ငါထင် နေပါတယ် ဘုရား)။
ငါးပါးလုံး ဘာတုန်း (ငါထင်နေပါတယ်) ထင်ပြီး သကာလ နေတော့ ခက်ပြီကို စောမောင်ရ၊ မခက်သေးဘူးလား (ခက်ပါတယ် ဘုရား) ခက်ပြီတဲ့ ခန္ဓာငါးပါးလုံး၊ သူ ဘာထင်နေတုန်း (ငါထင်နေပါတယ် ဘုရား) ငါထင်နေတယ်၊
ဒီ ဒိဋ္ဌိက ဒကာ ဒကာမတို့ ပင်ကိုက သူတို့က ဘာတုန်းလို့ မေးလို့ရှိရင် ခန္ဓာငါးပါး၊ ချုံးလိုက်တော့ (ရုပ် နာမ်နှစ်ပါးပါ ဘုရား) ဒါကို ဘာထင်နေတုန်း (ငါထင်နေပါတယ် ဘုရား) ငါထင်နေတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့၊ ဪ သူသည် ကားဆိုလို့ရှိရင် ဖြင့် ငါထင်နေတယ်၊ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မသိတဲ့အတွက် ယောက်ျားလို့ထင်၊ ပုဂ္ဂိုလ်လို့လည်းထင်၊ ငါရယ်လို့လည်း ထင်၊ အားကိုးစရာကြီး တစ်ခုရယ်လို့ရော (ထင်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
စွဲငြိနေတာက ဒိဋ္ဌုပါဒါန်
ဒါဖြင့် ဒီလိုထင်နေတာသည် ကိုစောမောင် ဪ ဘာတဲ့တုန်းလို့ မေးတဲ့အခါကျတော့ ဒိဋ္ဌိကွ (မှန်ပါ ဘုရား) စွဲငြိနေတာက ဒိဋ္ဌုပါဒါန်ကွ (မှန်ပါ ဘုရား) စွဲငြိနေတာက ဒိဋ္ဌုပါဒါန်ကွ (မှန်ပါ ဘုရား) သူက ဒိဋ္ဌိလည်းဟုတ်တယ် အမြင်မှားသောကြောင့် ဒိဋ္ဌိ၊ ဒီ သွား သွားငြိနေလို့ ဥပါဒါန် (မှန်ပါ ဘုရား) ဒါဖြင့် ကိုစောမောင် ဒိဋ္ဌုပါဒါန် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်ပါပြီ ဘုရား) ဒိဋ္ဌိဆိုတာက သူက ခန္ဓာငါးပါးကို ငါထင်တာဘာတုန်း (ဒိဋ္ဌိပါ ဘုရား) ခန္ဓာငါးပါးငါထင်ရုံတော့ ဒိဋ္ဌိပဲရှိသေးတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒီခန္ဓာငါးပါးထိလို့ရှိရင် မချိအောင်နာတယ်လို့ ဆိုပြီး သကာလ ဒကာ ဒကာမတွေက အင်း ဒီခန္ဓာကိုဖြင့် နည်းနည်းမှ ကျုပ်အမွှေးတစ်ပင် အကျွတ်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးလို တစ်ခါတည်းချည်ပြီး နှောင်ပြီးထားတဲ့ အခါကျ တော့ ဒီခန္ဓာပေါ်မှာ အစွဲကြီး စွဲပြီးနေတယ်ဆိုရင်လည်း ကိုစောမောင် (ဒိဋ္ဌုပါဒါန်ပါ ဘုရား)။
ဒါဖြင့် အဲဒီကျတော့ ဥပါဒါန်ပါပြီ ပါတော့ ဒိဋ္ဌိတွင် မရပ်ဘဲနဲ့ ဒိဋ္ဌုပါဒါန်သွားဆက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) အမြင်မှားတာက ဒိဋ္ဌိ၊ သွားပြီ သကာလ ဖြုတ်မရအောင် ချည်တာက ဥပါဒါန်၊ ပေါင်းလိုက်တဲ့ အခါကျတော့ (ဒိဋ္ဌုပါဒါန်ပါ ဘုရား) သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်မှာဖြင့် အားလုံးတရားတစ်ပွဲလုံး အကိုက်ချည်းပဲ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အမြင်မှားတာ (ဒိဋ္ဌိပါ ဘုရား) ဒီခန္ဓာကို စွဲနေတာက (ဥပါဒါန်) ပေါင်းလိုက်ကိုစောမောင် (ဒိဋ္ဌိုပါဒါန်ပါ ဘုရား) အဲ နိဂိုကတော့ ဒိဋ္ဌုပါဒါန်တော့ စာလေးဘာလေး ဖတ်ဖူးလားတော့ တွေ့မှာပဲတဲ့၊ ခုလို ခရေစေ့တွင်းကျ စိပ်လာအောင် ကျတော့ ဦးဘရှင်းမပြောဘူး (မှန်ပါ ဘုရား) အမြင်မှားတာကဘာတုန်း (ဒိဋ္ဌိပါ ဘုရား)။
ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တဝါထင်ပြီး အထင်မှားနေတာ (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိ၊ အဟုတ်ကို ဒါ အထိမခံနိုင်ဘူး ဆိုတာ ကတော့ ဥပါဒါန်ဆိုတော့ ပေါင်းလိုက် (ဒိဋ္ဌုပါဒါန်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒိဋ္ဌုပါဒါန်ဟာ ကိုစောမောင် အင်မတန်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား) ဒါဖြင့် ဒီလိုလုပ်ကြစို့ သူက ဒိဋ္ဌိဗျနော်၊ သူ့နောက်က ဘာလိုက်တုန်း (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်လိုက်တယ်၊ ဥပါဒါန ပစ္စယာ (ကမ္မဘဝ) ကမ္မကဝေါလာပြီ၊ မလာဘူးလား (လာပါတယ် ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိ) ဟော ဒကာ ဒကာမတွေဒါ ခင်ဗျား တို့ အပြစ်သေးသလား (အပြစ်ကြီးပါတယ် ဘုရား)။
အလယ်ကနေ စ,တာ
ပဋိစ္စသမုပ္ပါဒ် ဆက်ပြလိုက်တဲ့အခါ ပိုရှင်းသွားပါတယ် (မှန်ပါ ဘုရား) ဒါ ပဋိစ္စသမုပ္ပါဒ် ခင်ဗျားတို့က အစက စတာလား၊ ခန္ဓာနောက်မှ လိုက်လာတဲ့ အလယ်ကနေ စတာလို့ သေသေချာချာမှတ် (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ပဋိစ္စသမုပ္ပါဒ် အဝိဇ္ဇာပစ္စယာက စတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒိဋ္ဌိကနေ စတာ (မှန်ပါ ဘုရား) မစဘူးလား (စပါတယ် ဘုရား) ဒိဋ္ဌိပြီးတော့မှ ဒိဋ္ဌုပါဒါန် သဘောကျပလား (ကျပါပြီ ဘုရား)။
ဥပါဒါန ပစ္စယာကျတော့မှ (ကမ္မဘဝပါဘုရာ) ကမ္မဘဝေါဆိုတော့ ဒိဋ္ဌုပါဒါန်နောက်ကမှ ကံဖြစ်တယ် (မှန်ပါ ဘုရား) ကံရှိနေတဲ့ ပုဂ္ဂိုလ်အပါယ်လေးပါးဇာတိဆိုတာ မလာဘူးလား (လာပါတယ် ဘုရား) ဒိဋ္ဌိအပြစ် ကိုစောမောင် သေးသလား (မသေးပါ ဘုရား) ဒကာ ဒကာမတွေ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီအပြစ်တွေ တယ်ကြီးပါလားဆိုတာ ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား) မပေါ်လာသေးဘူးလား (ပေါ်ပါပြီ ဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ ကမ္မဘဝပစ္စယာ အပါယ်လေးပါး ဇာတိတွေ အကုန်လာတာပဲဆိုတာ ကိုစောမောင် သူများပြောလား ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား)။
ဒါက ဘယ်နည်းနဲ့မှ ရှောင်လို့ တိမ်းလို့ကို မရဘူး၊ ဒိဋ္ဌိရှိရင် ဥပါဒါန်ကလာပြီ (မှန်ပါ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား) ဒိဋ္ဌုပါဒါန်ဖြစ်ပါပြီ၊ ဒိဋ္ဌိဥပါဒါန်ဖြစ်ရင် ဥပါဒါန ပစ္စယာ ကမ္မဘဝေါဆိုတာကလည်း ဘယ်လိုမှ ငြင်းလို့မရဘူး (မရပါဘူး ဘုရား) ရပါ့မလား (မရပါ ဘုရား) ကမ္မဘဝ ပစ္စယာဇာတိ၊ ဘယ့်နှယ်လုပ် ငြင်းစရာရော (မရှိပါ ဘူး ဘုရား)။
ဒိဋ္ဌိမပြုတ်ရင် အပါယ်လေးပါး မပြုတ်ဘူး
ကိုစောမောင် ဘုရားမပွင့်လည်း ဒီအစဉ်က (ရှိပါတယ် ဘုရား) ဘုရားလည်း ဒီပဋိစ္စသမုပ္ပါဒ်အစဉ်က ဒီအတိုင်း သွားနေတာပဲ၊ ဘုရားမရှိလည်း (ဒီအစဉ်အတိုင်းသွားနေတာပဲ ဘုရား) ဒါဖြင့် ဒီ ဒိဋ္ဌိမပြုတ်ရင် ဒီ အပါယ်လေးပါး မပြုတ်ဘူးဆိုတာ နိဂုံးချုပ်ကြစို့ (မှန်ပါ ဘုရား) ကိုစံလှ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။
ဒီ ဒိဋ္ဌိမပြုတ်ရင် (အပါယ်လေးပါး မလွတ်ပါဘူး ဘုရား) ဒီ အပါယ်လေးပါး မလွတ်ဘူးဆိုတဲ့ ဥစ္စာ၊ ဒိဋ္ဌိလည်း ပြုတ်ရော စတူဟာ ပါယေဟိစ ဝိပ္ပမုတ္တောလို့ ဘုရားကဟောတယ် (မှန်ပါ ဘုရား) ဒိဋ္ဌိပြုတ်ရင် အပါယ်လေးပါး လွတ်ပြီ၊ ပရိတ်ကြီးမှာ မလားဘူးလား ကိုစောမောင် (မပါပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီဘက် ပဋိစ္စသမုပ္ပါဒ်ဆက်ပြလိုက်တော့ ဟုတ်ပါပေတယ် မှန်ပါပေတယ် ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ပရိတ်ကြီး သုတ္တနိပါတ် နဲ့ပြောလိုက်လို့ရှိရင် အပါယ်လေးပါး လွှတ်ပြီကွ၊ ဘုရားဟော လိုက်ပြန်တော့လည်း ဦးဘရှင်း တို့က ကျေနပ်ဖို့ (ကျေနပ်ပါတယ် ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတို့ ဒိဋ္ဌိမဖြုတ်ရင် မဖြစ်ကိုမဖြစ်ဘူး (မှန်ပါ ဘုရား) ဒိဋ္ဌိမဖြုတ်ရင် (မဖြစ်ပါဘူး ဘုရား) ဝိပဿနာလည်းတားမယ် (မှန်ပါ ဘုရား) ဒါနလည်း (တားမှာပါ ဘုရား) နိဗ္ဗာန်ရောက်မဲ့ဒါန သွားတားတယ်၊ နိဗ္ဗာန်ရောက်မဲ့ သီလရော (တားပါတယ် ဘုရား) ဘယ်သူပါလိမ့်မတုန်း (ဒိဋ္ဌိပါ ဘုရား) ဪ တယ်ဆိုးပါ့လား (ဆိုးပါတယ် ဘုရား)။
ဒိဋ္ဌိက ချည်သမား တဏှာက မျှောသမား
ဒါကြောင့် မနေ့က ကိုစောမောင် ဆားငန်ရေနဲ့ ဇာတ်သိမ်းတယ်၊ ဒီနေ့တော့ မဟုတ်ဘူးတဲ့၊ ဒိဋ္ဌိက ချည်သမား တဏှာက မျှောသမား၊ ငါးပါးအာရုံကာမဂုဏ်က ဝဲ၊ ပဋိစ္စသမုပ္ပါဒ်က မြုပ်သမားဆိုတော့ မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအပြင်ဟာ နောက်ထား၊ ကိုစောမောင် ရာ ဘာရှေ့ထားရမတုန်း (ဒိဋ္ဌိပြုတ်ရှေ့ထားရပါ့မယ် ဘုရား)။
ဟေ့ ကိုစံလှ ဘုန်းကြီးက အပြောကောင်းလို့ အပြောတတ်လို့ဖြစ်စဉ်က ဒီအတိုင်းမဟုတ်လား (ဒီအတိုင်းပါ ဘုရား) ဒါ ခင်ဗျားတို့က ထောက်ခံချက်ပေးနေပြီတဲ့၊ ဖြစ်စဉ်က ဒီအတိုင်းဆိုတာ အခု ပဋိစ္စသမုပ္ပါဒ်နဲ့လည်း ရှင်းပြတယ် (မှန်ပါ) ကိုစောမောင် ဟန်ရပလား (ရပါပြီ ဘုရား)။
ဒါဖြင့် သူ့အရေးတကြီးပေါ့ဗျာ (မှန်ပါ) ဘုရားက မနေ့က သံယုတ်ပါဠိ တော်သံဂါထာ ဝဂ္ဂသံယုတ် ပါဠိတော်မှာ သူ့ထက်အရေးကြီးတဲ့ အလုပ်ရှိသေးတယ်တဲ့လား (မရှိပါ ဘုရား) မရှိဘူးလို့ ဘုရားကလည်း မနေ့က ထောက်ခံတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြုတ်ကြစို့ (မှန်ပါ) အဲတော့ကိုတဲ့ ခင်ဗျားတို့ မဖြုတ်နိုင်တာက ဘာကြောင့် မဖြုတ်နိုင်ပါ လိမ့်မတုန်း၊ ဖြုတ်နိုင်တာက ဘာကြောင့် ဖြုတ်နိုင်သတုန်းဆိုတဲ့ မေးခွန်းလေးတွေက ထွက်လာတယ်၊ တော်တော် အရေး ကြီးတဲ့စကား။ မဖြုတ်နိုင်တာ ဘာကြောင့်၊ ဖြုတ်နိုင်တာက ဘာကြောင့်၊
မဖြုတ်နိုင်တာ ဘာကြောင့်၊ ဖြုတ်နိုင်တာက ဘာကြောင့်
ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒါက တရားနာနေတဲ့ ဒကာ ဒကာမတွေက ခန္ဓာငါးပါး (မှန်ပါ) နော် ဒီခန္ဓာငါးပါးကို ဒကာ ဒကာမတွေက အမေ့ခန္ဓာငါးပါး (မှန်ပါ) အမေရင် လည်း သူလုပ်ထားတယ် (မှန်ပါ) ခင်ပွန်းသည်ရင်လည်း (လုပ်ထားပါလိမ့်မယ် ဘုရား)။
လုပ်ထားတော့ ခင်ပွန်းသည်နှင့် ခန္ဓာငါးပါးကို မခွဲခြားတတ်ဘူး (မှန်ပါ) ခင်ပွန်းမက သဘောကျပလား (ကျပါတယ် ဘုရား) ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်ကို (မခွဲခြားတတ်ပါဘူး ဘုရား) အဲဒီမှာ သွားရောနေတယ် (မှန်ပါ) ခန္ဓာငါးပါး လည်းရှိသား၊ သူ့ခင်ပွန်းသည်တဲ့၊ ဒီ ဒကာ ဒကာမကလည်း အစွဲကြီးစွဲထားတယ်၊ မစွဲဘူးလား (စွဲပါတယ် ဘုရား)။
စွဲတော့ သူခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ မကွဲပဲ ဖြစ်နေတယ် (မှန်ပါ) ခန္ဓာငါးပါးသည်ပင်လျှင် ခင်ပွန်းသည်၊ သဘောကျပလား (ကျပါပြီ ဘုရား) ခင်ပွန်းသည်ပင်လျှင် (ခန္ဓာငါးပါး ဘုရား) ဪ ဒါဖြင့် ရူပံအတ္တတော သမနုပဿတိ ဆိုတဲ့အတိုင်း ဒီဟာ ငါပဲ ငါ့ဥစ္စာပဲ၊ ခင်ဗျားတို့စွဲတော့တာပဲ (မှန်ပါ) ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ ကွဲသေးရဲ့လား (မကွဲပါဘူး ဘုရား)။
မယုံလို့ရှိရင်လည်းတဲ့၊ ဒီ ဒကာ ဒကာမတွေ သွားမေးကြည့်လိုက်တယ်တဲ့၊ ကိုစောမောင်၊ မေးကြည့်လိုက်တယ် နော် ဥပမာမှာ တစ်ယောက်သော မိန်းမမှာ၊ ခင်ပွန်းသည်က ပျက်စီးတယ်ဆိုကြပါစို့၊ မပျက်စီးပေဘူးလား (ပျက်စီးပါတယ် ဘုရား) အဲဒီလိုပျက်စီးတာတွေ တစ်ပုံကြီးပေ့ါဗျာ (မှန်ပါ)။
ဘာဖြစ်သလဲလို့ သွားမေးတဲ့အခါ ကိုစောမောင် သူဘယ်လိုဖြေမယ်ထင်သတုန်း (ခင်ပွန်းသည် ပျက်စီးလို့ ဘုရား) ခင်ပွန်းသည် ပျက်စီးလို့ပါဆိုတော့၊ ခင်ပွန်းသည် ပျက်စီးလို့ဆိုတော့ ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ သူ့စိတ်ထဲရောက်နေတယ်၊ မရောဘူးလား (ရောနေပါတယ် ဘုရား) အဲဒီပျက်စီးတဲ့ဥစ္စာ ဘယ်သွားတုန်းလို့ မေးတော့ ဘယ်နှစ်ရက် ရှိသွားပြီ၊ အသုဘ ကိစ္စတောင်ပြီးသွားပြီ။
အသုဘတောင် ပြီးသွားပြီ၊ မြေထဲမြှုပ်လိုက်ပြီ ဆိုတော့ အသုဘနဲ့ သူကကွဲရမှာ ကိုစောမောင် (မှန်ပါ ဘုရား) ခုကွဲသေးရဲ့လား (မကွဲပါဘူး ဘုရား) ဒါဖြင့် အသုဘမြှုပ်တယ်လို့ ဆိုတော့ ခန္ဓာငါးပါးက အသုဘကိုဗျ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မျက်ရည်ကျနေကတည်းက အသုဘ ပေါ်မလာဘူး
သို့သော် သူစိတ်ထဲမှာ ဒီမြှုပ်ပင်မြှုပ်ငြား သော်လည်း လူမျက်ရည်က ကျတယ် ဘာဖြစ်နေ (မျက်ရည်ကျပါတယ် ဘုရား) မျက်ရည်ကျနေကတည်းက အသုဘ ပေါ်မလာဘူးလား (မှန်ပါ) အသုဘသည်ပင် ခန္ဓာ ခင်ပွန်းသဘောကျပလား၊ အသုဘသည်ပင် ခင်ပွန်းပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရုပ်နာမ်သည်ပင်လျှင် (ခင်ပွန်းပါ ဘုရား) သဘောပါပလား (ပါ ပါပြီ ဘုရား)။
ဒါကြောင့် မျက်ရည်ကျလာတယ်၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) အသုဘပေါ်လာရင် မျက်ရည်မကျရဘူး၊ အနိစ္စပေါ်လာရင် (မကျရပါဘူး ဘုရား) ဒုက္ခပေါ်လာရင် (မကျရပါဘူး ဘုရား) ခန္ဓာငါးပါးပေါ်လာရင် (မကျရပါဘူး ဘုရား)။
ခု ခန္ဓာငါးပါးကို (ခု) သူ ဘာလုပ်ထားသတုန်း (ခင်ပွန်းသည်လုပ်ထားပါတယ် ဘုရား) ခင်ပွန်းသည် လုပ်ထားတော့ကို ဪ ဒိဋ္ဌိဟာ ဘယ်ကလာတာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ယောကျ်ားဟူ၍ သမုတ်ထားတာနဲ့၊ သမုတိသစ္စာ- ပရမတ္တသစ္စာ မကွဲရောကလာတာ (မှန်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်ကလာတာတုန်း (သမုတိစ္စာ ပရမတ္တသစ္စာ မကွဲရာက လာတာပါ ဘုရား) သေသေချာချာမှတ်ပါ။ ဒါ ဒီနေ့တစ်လုံးတိုးပေးပြန်တယ် (မှန်ပါ ဘုရား) သမုတိသစ္စာနဲ့ (ပရမတ္တသစ္စာ မကွဲရာက လာပါတယ်) ဒကာ ဒကာမတို့ သမုတိ သစ္စာက သူ့နဲ့ အိမ်ထောင်ကျလို့ရှိရင် သူအိမ်ရှင်ဖြစ်ရလိမ့်မယ် သူကာမပိုင်ဖြစ်ရလိမ့်မယ်၊ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ ဖြစ်တဲ့အခါကျလို့ရှိရင် သမုတိသစ္စာက ဒီခင်ပွန်းသည်နဲ့ အိမ်ထောင်ကျလို့ရှိရင်ဖြင့် သူခြေရင်း အလုပ်ကျွေးဖြစ်ရဆိုတော့ ပရမတ္တတရား လေးပါးထဲက စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဆိုတဲ့ အတိုင်းပဲတဲ့၊ ဒါ စိတ်၊ စေတသိက်၊ ရုပ်တွေပဲ (မှန်ပါ ဘုရား)။
သမုတိသစ္စာနဲ့ သူရောပစ်တယ်
ဒါ ပရမတ္တသစ္စာနဲ့ သူသည် ခင်ပွန်းသည်လို့ သူများပြောထားတဲ့ သမုတိသစ္စာနဲ့ သူရောပစ်တယ်၊ သဘော ပါကြပလား (ပါ ပါတယ် ဘုရား) ဘာဖြစ်သွားတုန်း သမုတိသစ္စာနဲ့ (ပရမတ္ထသစ္စာ ရောပါတယ် ဘုရား) အဲဒီ မကွဲရာက လာတာဗျ၊ ကိုစောမောင် သစ္စာနှစ်ပါးကို မကွဲလို့ (မှန်ပါ့ ဘုရား) သမုတိသစ္စာက ခင်ပွန်းသည်၊ ပရမတ္ထသစ္စာက ခန္ဓာ (ခန္ဓာငါးပါးပါ ဘုရား)။
အဲဒါကိုပင်လျှင် သူ့စိတ်ထဲမှာ ခန္ဓာငါးပါးပျောက်ပြီး သကာလ သမုတိသစ္စာက တစ်ခါတည်း လွှမ်းမိုးပစ်လိုက် တယ် (မှန်ပါ) မဟုတ်ဘူးလား၊ လွှမ်းမိုးသွားတဲ့ အခါကျတော့ အားကိုးပြီး သကာလ ဒီ သူ မရှိလို့ရှိရင်ပဲ အိမ်ဘာဖြစ်တော့ မလိုပဲ ကိုစောမောင်၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါ ဘာလွှမ်းမိုးသွားတာတုန်း (သမုတိသစ္စာပါ ဘုရား) သမုတိ သစ္စာလွှမ်းမိုးသွားတာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် သမုတိ သစ္စာကြောင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကွယ်ရတယ်၊ ခန္ဓာငါးပါးကွယ်ရတော့ကို သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာမကွဲတော့ ငါကိုယ်ကျိုးနည်းပြီဆိုတဲ့ ဒိဋ္ဌိနောက်က တစ်ခါတည်းလာတာ၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဘယ်ကလာတာတုန်း (သစ္စာမကွဲလို့) သမုတိနဲ့ ပရမတ္ထသစ္စာမကွဲရာကလာတာ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘယ်ကလာတာပါလိမ့် (သမ္မုတိပရမကွဲရာက လာပါတယ် ဘုရား) ကိုစောမောင် ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။
သမုတိသစ္စာနဲ့ (ပရမတ္ထသစ္စာမကွဲရာက လာပါတယ် ဘုရား) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား) အင်း သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာသူက လုံးပစ်လိုက်တာ၊ ခင်ဗျားပြောတဲ့ ခန္ဓာငါးပါးလည်း ပါပါတယ်၊ သို့သော် ဒီနေ့ တစ်လုံးတိုးလိုက်တော့ သမုတိသစ္စာလည်း သူမကွဲဘူး၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) ကိုပေါ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပရမတ္ထသစ္စာနဲ့ သမုတိသစ္စာမကွဲတာ
နောက်က ဒကာ ဒကာမတွေ (ရှင်းပါတယ် ဘုရား) ဘာမကွဲတာတုန်း (သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာမကွဲတာပါ ဘုရား) ပရမတ္ထသစ္စာနဲ့ သမုတိသစ္စာမကွဲတာ၊ ပရမတ္ထသစ္စာက ခန္ဓာငါးပါး၊ သမုတိသစ္စာက ခင်ပွန်းသည် (မှန်ပါ) အဲဒါ ကွဲသေးရဲ့လား (မကွဲပါဘူး ဘုရား)။
မကွဲတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ယောက်ျားရယ်လို့ဆိုရင် အားကိုးမှာပဲ၊ အားထားရမှာပဲဆိုပြီး သကာလ အားလုံးကို ဒိဋ္ဌိရော ဒိဋ္ဌုပါဒါန်ရော သွားစွဲတယ်၊ မစွဲဘူးလား (စွဲပါတယ် ဘုရား)။
စွဲလိုက်ကတည်းကိုက ဪ ဒီ ဒိဋ္ဌိဘယ်ကများ လာပါလိမ့်မတုန်းမေးတော့မှ ဒကာ ဒကာမတွေက ရှင်းသွား တယ် (မှန်ပါ ဘုရား) ဘယ်ကလာတာတုန်း (သမုတိသစ္စာ ပရမတ္ထသစ္စာ မကွဲရာက လာတာပါ ဘုရား) မကွဲရာက လာတာ (မှန်ပါ ဘုရား) ရှင်းပလာ (ရှင်းပါပြီ ဘုရား) ကိုမူကြီး ဘယ်ကလာတာတုန်း (မကွဲရာက လာတာပါ ဘုရား) ဘယ်သစ္စာလာပြီ မကွဲသတုန်း (သမုတိသစ္စာ ပရမတ္ထသစ္စာ မကွဲရာက လာတာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပြီ၊ ဪ ဒီ ဒိဋ္ဌိဘယ်က လာပါလိမ့်မတုန်းဆိုတာ ယနေ့လက်သည် တိုးပေးလိုက်ပြန်တော့ မကွဲရာကလာတာ (မှန်ပါ ဘုရား) ကိုစောမောင် ပေါ်ပြီ၊ ဘယ်သစ္စာ (သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ မကွရာကပါ ဘုရား) သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ မကွဲရာကလာတာ (မှန်ပါ ဘုရား) ကွဲ နေလို့ရှိရင်ဖြင့်၊ ဪ ယောက်ျား ဆိုတာက အပြော၊ ခန္ဓာငါးပါးဆိုတာက အရှိသဘောကျပလား (ကျပါတယ် ဘုရား)။
အဲတော့ ဒီလိုရှိပြီး သကာလ နေတော့ ဒီထဲမှာ မရောဘဲနဲ့ထားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ဪ ခင်ပွန်းဆိုတာက မရှိ၊ ခန္ဓာငါးပါးဆိုတာက (အရှိပါ ဘုရား) အဲဒီတော့ သူ့စိတ်ထဲမှာ နဂိုက ရောထားတော့ကိုတဲ့၊ ကျွန်ုပ် ခင်ပွန်း ဒီလိုဒီလိုဖြစ်သွားပါတယ် ဆိုတော့ သူသည်ငိုချင်းမချပေဘူးလား (ချပါတယ် ဘုရား)။
ဘယ်သစ္စာကြောင့် ငိုချင်းချပါလိမ့် (သမုတိသစ္စာကြောင့် ငိုချင်းချပါတယ် ဘုရား) ရှင်းပလား (ရှင်းပါတယ် ဘုရား) အရှိကြောင့် ငိုချင်းချတာလား မရှိကြောင့် ငိုချင်းချတာလား (မရှိကြောင့်ပါ ဘုရား) ပေါ်ပြီ ခင်ဗျားတို့ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
မရှိတာကြောင့် ငိုချင်းချတယ်
ရှိတာကြောင့် ငိုချင်းချတာလား မရှိတာကြောင့် ငိုချင်းချတာလား (မရှိတာကြောင့် ငိုချင်းချပါတယ် ဘုရား) သေသေချာချာကြည့်တော့ သမုတိသစ္စာထဲမှာ ခန္ဓာငါးပါးပါရဲ့လား (မပါ ပါ ဘုရား) ဆိုင်းဘုတ်- ဆိုင်းဘုတ်သက်သက်ပဲ၊ ပရမတ္ထသစ္စာထဲမှာတော့ ခန္ဓာငါးပါးရှိတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
သို့သော် သူ တသပြီး သကာလ ဒီ ဒကာမဟာ ဖွဲ့ကာ နွဲ့ကာနဲ့ ငိုနေတာ ထောက်လိုက်လို့ရှိရင်ဖြင့် ဘယ်သစ္စာစွဲ နေတုန်း (သမုတိသစ္စာစွဲနေပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် သက္ကာယုဒိဋ္ဌိ မလာဘူးလား (လာပါတယ် ဘုရား) အဲဒီ ဒိဋ္ဌိသည် ကားဆိုလို့ရှိရင် သမုတိသစ္စာ၊ ပရမတ္ထသစ္စာကွဲသေးရဲ့လား (မကွဲပါဘူး ဘုရား) ဒါဖြင့် ငိုတဲ့ပုဂ္ဂိုလ်မှာ မကွဲတာ ထင်ရှားလိုက်တာမှ ဒကာ ဒကာမတို့ အရှိကြောင့် ငိုတာလား မရှိတာစွဲပြီး ငိုတာလား (မရှိတာစွဲပြီး ငိုတာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ်တုန်း မရှိတာစွဲပြီး ငိုတာပါ၊ ဘာဖြစ်တာတုန်းမေးတော့ ခင်ပွန်းသည် ပျက်စီးတယ်၊ မပြောဘူးလား (ပြောပါတယ် ဘုရား) ဘယ့်နှယ်ပြောကြပါလိမ့် (ခင်ပွန်းသည် ပျက်စီးတယ်လို့ ပြောပါတယ် ဘုရား) ပျက်စီးလို့ရှိရင် ဘာဖြစ်သတုန်းလို့မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်မှ မတက်နိုင်တော့ဘူး၊ အားကိုးရာမဲ့သွားပြီ၊ ဘာဖြစ်လို့ ခိုကိုးရာမဲ့တာတုန်း ကိုစောမောင်မရှိတဲ့ ခင်ပွန်းသည် ပျောက်သွားလို့၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (မရှိတဲ့ခင်ပွန်းသည် ပျောက်သွားလို့ပါ ဘုရား) ဪ ဒါ အခက်ဆုံးပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်နှယ်ခက်ပါလိမ့် (မရှိတဲခင်ပွန်းသည် ပျောက်လို့ပါ ဘုရား) ကိုစံလှ အဖြေတောင် အတော်ခက်နေတယ်၊ သေသေချာချာ ဒီကခွဲပြတော့လေ (မှန်ပါ)။
ဒါဖြင့် ခင်ဗျားတို့ ငိုကြ၊ ရင်ထုကြ၊ ကြမ်းခုန်ကြ ဟဘယ်အတွက်တုန်း၊ မရှိတာကြောင့် ဖြစ်ရတာလား ရှိတာကြောင့် ဖြစ်ရတာလား (မရှိတာကြောင့် ဖြစ်ရတာပါ ဘုရား)။
ဒါဖြင့် ဒီလိုရေသောက်ပြီး သကာလ အဆိပ်လို့ပြောတာနဲ့ ဟိုလူသေတာပဲ၊ သောက်တာကတော့ ရေပဲ သို့သော် ဘေးကလူက သူ့သေစေချင်တာနဲ့ မင်းသောက်တာ အဆိပ်ကွ၊ နောက်တစ်နာရီလောက်ကျရင် မင်းရင်တွေ ပူလာလိမ့်မယ်ဆိုတော့ နောက် သူ့ဟာသူ သူ့စိတ်ပေါက်တာနဲ့ သူသေတာပဲ၊ မသေပေဘူးလား (သေပါတယ် ဘုရား)။
အဲဒီမှာ ခင်ဗျားတို့ ကျုပ်တို့သေကြတာဟာ၊ အားလုံး တစ်သံသရာလုံး သေကြတာ၊ မရှိတဲ့ခုနင်က ဥစ္စာအကြောင့် ပြုပြီးတော့ သေကြတာ၊ ကိုယ်ကျိုးနည်းကြတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မရှိတာက နှိပ်စက်တာ
ကိုစံလှ ရှိတာက နှိပ်စက်တာလား မရှိတာက နှိပ်စက်တာလား (မရှိတာက နှိပ်စက်တာပါ ဘုရား) ခက်နေပြီကိုစံလှရဲ့ မရှိတဲ့ တုတ်နဲ့ရိုက်လိုက်တာ သေရော၊ ဖြစ်နေတယ် (မှန်ပါ ဘုရား)။
ဖြစ်နိုင်မဖြစ်နိုင်၊ ခင်ဗျားတို့အတွက်တော့ ဖြစ်နိုင်တယ်ဆိုတာတဲ့ အဓိပ္ပါယ်ရတယ်၊ ပင်ကိုသဘာဝတ္ထကတော့ မရှိတဲ့ ဒုတ်နဲ့ ရိုက်တာသည် ဘယ်နည်းနဲ့မှ မသေနိုင်ဘူး၊ ကိုစောမောင် (မှန်ပါ ဘုရား) သို့သော်လည်း ကိုစောမောင်တို့ လူစုမှာ တော့ ဘယ်နှယ်ဖြစ်နေတုန်း (သေရပါတယ် ဘုရား) ဘယ့်နှယ်ကြောင့်တုန်း (မရှိတဲ့ တုတ်နဲ့အရိုက်ခံရလို့ပါ ဘုရား) သူက ဒဏ်ချက်သာ ပြင်းသေးတယ်၊ ကိုစံလှရေ သူကသာ ဒဏ်ချက်ပြင်းသေးတယ်၊ မပြင်းဘူးလား (ပြင်းပါတယ် ဘုရား)။
ကဲ ဒကာ ဒကာမတို့ ဘာသစ္စာမကွဲလို့တုန်း၊ ဒီ ငိုချင်းဟာ ဒိဋ္ဌိက လာတဲ့ငိုချင်းပဲ၊ ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါတယ်ပြီ ဘုရား) ဒါဖြင့် သမုတိသစ္စာလည်း ကွဲရလိမ့်မယ်၊ (မှန်ပါ ဘုရား)။
ကိုင်း နာမည်ကဘာသစ္စာတုန်း (သမုတိသစ္စာပါ ဘုရား) ခင်ပွန်းလို့ နာမည်တတ်လိုက်တာ (သမုတိသစ္စာပါ ဘုရား)။
ရှိတာက (ခန္ဓာငါးပါးပါ ဘုရား) ခန္ဓာငါးပါးက ပရမတ္ထသစ္စာ၊ ခင်ပွန်းဆိုတာက သမုတိသစ္စာ၊ ဒါဖြင့် မရောစေနဲ့ (မှန်ပါ) ဪ ဒါကအရပ်သုံး၊ ဒါကတော့ဖြင့် ကိုယ့်သုံး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
ဒါဖြင့် ဒီဥစ္စာက မရှိတာ၊ ဒီဘက်ကဟာက (ရှိတာပါ ဘုရား) အဲ ရှိတာကိုကြောင့်ဖြင့် ခင်ဗျားတို့ ဒိဋ္ဌိဒီလောက် မဖြစ်ပါဘူး၊ ဒိဋ္ဌိမဖြစ်ပါဘူးတဲ့ မရှိတဲ့အတွက်၊ သမုတိသစ္စာကို ခင်ဗျားတို့က တကယ်ခင်ပွန်း ထင်ပြီး သကာလ နေတဲ့အတွက် ငိုပွဲချည်းဆင်နေရတာ (မှန်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒီသမုတိသစ္စာနဲ့ ပရမတ္ထသစ္စာကို စောမောင် ကွဲသွားပြီ (မှန်ပါ) နာမည်ပညတ်ဟူသရွေ့က သမုတိသစ္စာ၊ နာမည်ပညတ်ဟူသရွေ့က သမ္မုတိသစ္စာ၊ အရှိဟူသရွေ့ ပရမတ္ထသစ္စာ၊ ဒါကို ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာ ရုပ်နာမ်တွင် ကွဲလို့မတော်ဘူး (မှန်ပါ) သမုတိသစ္စာနဲ့ (ပရမတ္ထကွဲရအုံးမှာပါ ဘုရား) ကွဲရအုံးမယ် (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် နှစ်ကွဲကွဲရမယ်
ဘယ်နှကွဲ ကွဲရမလဲ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် (နှစ်ကွဲကွဲရမှာပါ ဘုရား) ခန္ဓာငါးပါးလည်း ကွဲရမယ်၊ သမုတိနဲ့ပရမတ် လည်း (ကွဲရမှာပါ ဘုရား)။
အဲ အခုတော့ဖြင့် ရှင်းသွားပြီတဲ့ လေးရက်တောင်ရှိလာတဲ့အတွက် ဒီ ဒိဋ္ဌိမကွဲရာက လာတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) မကွဲတာရယ် မသိတာရယ်၊ ဒီနှစ်ခုကလာတာ (မှန်ပါ) မကွဲတာ သမုတိသစ္စာနဲ့ ပရတ္ထသစ္စာမကွဲ၊ ခွဲမသိလို့ (မှန်ပါ) ခွဲမသိရင်တော့ ဘာလာတုန်း (ဒိဋ္ဌိလာပါတယ် ဘုရား) ခန္ဓာငါးပါးလုံး ခွဲပြီးမသိပြန်လို့ ရှိရင်လည်း (ဒိဋ္ဌိလာပါတယ် ဘုရား)။
ခန္ဓာငါးပါးမကွဲမှုကြောင့်လည်းကောင်း၊ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာမခွဲမှုကြောင့်လည်းကောင်း၊ ဒီ ဒိဋ္ဌိလာတယ်၊
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဖြင့် ရှင်းသွားပြီ၊ ဒါဖြင့် ဒိဋ္ဌိခွဲချင်လို့ရှိရင်၊ ဒါဘယ်သူတုန်းလို့ မေးလို့ရှိရင်၊ ခန္ဓာငါးပါး ဒီလိုသိထားလို့ရှိရင် ကိုစောမောင် နေရာကျပြီ၊ ဒါ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်သေးရဲ့လား (မဖြစ်တော့ပါဘူး ဘုရား)။
သမုတိသစ္စာ သိပြန်တော့လည်း အို သမုတိသစ္စာ တကယ်ရှိတာမှ မဟုတ်ပဲ၊ တကယ်ရှိတာမဟုတ်တော့ သူ့အတွက် ကျုပ်တို့ထည့်စဉ်းစားဖို့မလိုပါဘူး၊ လိုသေးလား (မလိုတော့ပါ ဘုရား)။
ဒီကျတော့ရော ဒိဋ္ဌိက ဘယ့်နှယ့်နေတုန်း (မလာပါဘူး ဘုရား)။ ကောင်းပြီဒါဖြင့် ဒိဋ္ဌိခွါချင်ရင် ခန္ဓာချင်ရင် ခန္ဓာငါးပါးကွဲမှုနဲ့ သမုတိသစ္စာ ပရမတ္ထသစ္စာကွဲမှု အလွန်အရေးကြီးပါတယ်၊ အခု ဒီ ဘယ်လိုကျေးဇူးများသွားတုန်း မေးတဲ့အခါကျတော့ ဉာတပရိညာ-သိမှုအတွက်မှာတော့ ဖြင့် ယနေ့ကုန်ပြီ (မှန်ပါ ဘုရား) သဘာကျပလား (ကျပါပြီ ဘုရား) သိမှုအတွက်မှာ (ယနေ့ကုန်ပါပြီ ဘုရား) ကဲ ခန္ဓာငါးပါး ရော ကွဲကြရဲ့လား (ကွဲပါတယ် ဘုရား) သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာရော (ကွဲပါတယ် ဘုရား) ကွဲပြီ၊ သမုတိသစ္စာကိုလည်း ဘုရားက ဟောရတယ်ကိုစောမောင်ရဲ့။
သမုတိသစ္စာဟောရတာအကြောင်းရှစ်ပါးရှိတယ်
သူ ရှစ်ပါးတောင်၊ ဒါ နင့် အမေ သွားပြစ်မှားရင် ပဉ္စနန္တရိယကံထိုက်မယ်၊ မင့်အဖေဆိုရင်ရောပြစ်မှားရင် (ထိုက်ပါတယ် ဘုရား) သူ့လည်းဟောရတယ်၊ ပရမတ္ထသစ္စာလဲ (ဟောရမှာပါ ဘုရား) ဒါဖြင့် သမုတိသစ္စာဟောရတာသည် ကိုစောမောင်ရေ အကြောင်းရှစ်ပါးရှိတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ပရမတ္ထသစ္စာဟောရတာက အကြောင်း သုံးပါးရှိတယ်၊ သမုတိသစ္စာဟောရတာက (အကြောင်းရှစ်ပါး ရှိပါတယ် ဘုရား)၊ သူ့ လက္ခဏာရေးသုံးပါးမြင်ဖို့ ပရမတ္ထသစ္စာ ဟောရတယ် (မှန်ပါတယ်) သူ့ကျတော့(သမုတိသစ္စာကျတော့) ဟိရိဩတ္တပ္ပ အစရှိသည်လုံဖို့၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ဟိရိ ဩတ္တပ္ပဆိုတာ အမေ့ရှေ့မှာ ဒီလိုသွားလာနေလို့ မတော်ဘူး၊ အဖေ့ရှေ့မှာ ဒီလိုသွားလာနေလို့ မတော်ဘူးဆို တော့ ဟိရိဩတ္တပ္ပအတွက် မထားရဘူးလား (ထားရပါတယ် ဘုရား) အဖေအမေဆိုတာ သမုတ်ထားတာ၊ သားတွေ သမီးတွေက မိဘရှေ့ကုန်းသွားရမယ် (မှန်ပါ ဘုရား) ဒါ ဘာအတွက် (သမ္မုတိသစ္စာအတွက်ပါ ဘုရား)။
သမ္မုတိသစ္စာအတွက် ဟိရိဩတ္တပ္ပအစရှိသည် အကျိုးငှာ (မှန်ပါ ဘုရား) ရှစ်ပါးတောင်၊ ပြောနေလို့ရှိရင် တော်တော်နဲ့ ပြီးမှာ မဟုတ်ဘူးနော်၊ ဒါဖြင့် သူ့လဲရှိထိုက် မရှိထိုက်၊ ပရမတ္ထသစ္စာကတော့ (ရှိထိုက်ပါတယ် ဘုရား) ပရမတ္တသစ္စာက လက္ခဏာရေးသုံးပါး မြင်ဖို့ဟောပါတယ်၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။
သမ္မုတိသစ္စာက ဟိရိဩတ္တပ္ပ ရှိဘို့ဟောပါတယ်
သမ္မုတိသစ္စာက ဟိရိဩတ္တပ္ပ ရှိဘို့ဟောပါတယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ပရမတ္ထသစ္စာက လက္ခဏာရေး သုံးပါးမြင်ဖို့၊ လက္ခဏာရေးသုံးပါးသိဖို့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သမုတိ သစ္စာကတော့ (ဟိရိဩတ္တပ္ပအစရှိသည်ရှိဖို့ ပါ ဘုရား) ခင်ဗျားတို့ ကျုပ်တို့မှာ ဟိရိဩတ္တပ္ပ ကပ်လာအောင်လို့၊ သဘောကျပလား (သဘောကျပါပြီ ဘုရား)။
ဒါပဲတဲ့၊ ဥပမာမယ် ဗုဒ္ဓဂုဏော အနန္တော၊ ဗုဒ္ဓဆိုတာ ဘာတုန်းဘုရားရှိဆိုတယ်၊ ဘုရားဆိုတာ ဘယ်သူတုန်း ဥပမာ ဒီကျော်ဆင်းတုကိုယ်တော်မြတ်ကြီး၊ ထားပါတော့ ဒီရှေ့မှာ ခင်ဗျားတို့ မတောမလျော်သွားမလုပ်နဲ့၊ ဘုရားရယ်လို့ သမုတ်ထားတဲ့အတွက် (မှန်ပါ ဘုရား) ဟုတ်လား (ခင်ဗျားတို့အပြစ်၊ ဒီဘုရားကို လက်ကျိုးအောင် ချိုးလိုက်မယ်ဆိုရင် လောဟိတုပ္ပါဒက ကံမျိုးခံရမယ်၊ သမုတိက ဘုရားလုပ်ထားတာ၊ ဒါဖြင့် ဒကာ ဒကာမတို့ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာကွဲ သွားပြီ၊ မကွဲသေးဘူးလား (ကွဲပါပြီ ဘုရား)။
ကွဲခြင်းကြောင့်လည်း ဘာပြုတ်တုန်း (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား) ဪ ဒါဖြင့် လက္ခဏာရေးသုံးပါးသိရင်လည်း (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား) ခန္ဓာငါးပါးသိရင်လည်း (ဒိဋ္ဌိပြုတ်ပါတယ်) ဒိဋ္ဌိပြုတ်စရာတွေက လည်းတယ် (များပါတယ် ဘုရား) ကဲ ဒါဖြင့် ရှင်းရှင်းလင်းလင်း ပြုတ်ပါပြီလား (ပြုတ်ပါပြီ ဘုရား)။
ပိုင်းပိုင်းခြားခြား သိမှုက သုံးမျိုးရှိတယ်
ဒါ သိမှုနဲ့ပြုတ်တာ၊ ဘယ်လိုပါလိမ့် (သိမှုနဲ့ပြုတ်တာပါ ဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ တရားတွေ ရှည်နေလိမ့် မယ်၊ ခန္ဓာငါးပါးကိုတဲ့၊ ပိုင်းပိုင်းခြားခြား မသိသရွေ့ ကာလပတ်လုံး ဒိဋ္ဌိဘယ်တော့မှ မပြုတ်ဘူး (မှန်ပါ) ခန္ဓာငါးပါးကို (ပိုင်းပိုင်းခြားခြား မသိသရွေ့ ဒိဋ္ဌိမပြုတ်ပါ ဘုရား) ပိုင်းပိုင်းခြားခြား သိမှုက သုံးမျိုးရှိတယ် (မှန်ပါ) ခန္ဓာငါးပါးကို ပိုင်းပိုင်းခြား ခြားမသိ ဒိဋ္ဌိမပြုတ်ဘူး၊ ဒါကို တစ်နံပါတ်ချည်းထား၊ ခန္ဓာငါးပါးကို ပိုင်ပိုင်နိုင်နိုင် မသိရင် (ဒိဋ္ဌိမပြုတ်ပါ ဘုရား)။
ရှင်းရဲ့လား (ရှင်းပါပြီ ဘုရား) ပိုင်ပိုင်နိုင်နိုင်သိမှု ဘယ်နှမျိုးတုန်း (သုံးမျိုးပါ ဘုရား) ဆိုတော့ ဒကာ ဒကာမတို့
ဉာတပရိညာနှင့်သိမှု (မှန်ပါ) ပွားပြီးသိမှုက တစ်မျိုး၊ ပယ်ပြီးတော့ရော (သိမှုတစ်မျိုးပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့အတိုင်းတဲ့ သိမှုနဲ့ဖြင့် ဒိဋ္ဌိကွာပါပြီ သိမှုနဲ့တော့ကွာပါပြီ၊ ခန္ဓာငါးပါးသာရှိတယ်၊ သေချာပြီမဟုတ်လား၊ ပရမတ္တသစ္စာပဲရှိတယ်၊ ယောက်ျားဆိုတာက သမုတိသစ္စာ၊ အဲဒါက တကယ်ရှိတာ မဟုတ်ဘူးဆိုတော့ ရှင်းမနေဘူးလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် တစ်နံပါတ်သိမှုကိုဖြင့် ပိုင်ပြီ ပိုင်ပါပြီဆိုတော့ နှစ်နံပါတ်ပွားမှုလိုတယ် (မှန်ပါ) မလိုဘူးလား လိုတယ်တဲ့ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သိမှု၊ ပွားမှု၊ ပယ်မှု ဘယ်နှစ်မျိုးရှိတုန်း (သုံးမျိုးရှိပါတယ် ဘုရား)။
ရှေးဦးစွာ သိမှုနောက် ဒုတိယပွားမှု တတိယကပယ်မှု၊ ပယ်မှုဆိုတော့ ပွားမှုမလုပ်လို့၊ ခင်ဗျားတို့ ဝိပဿနာအလုပ် မလုပ်ဘဲနဲ့ ဒိဋ္ဌိက သိမှုနဲ့ ကွာတယ်လို့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေလည်း အောက်ပြည်မှာ ရှိတယ်၊ သေသေချာချာ လွဲတယ်လို့မှတ်ပါ။ ပရိညာသုံးပါး သူနားမလည်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂသစ္စာ၏ ဘာဝေတဗ္ဗကိစ္စ
ပြီးတော့ မဂ္ဂသစ္စာ၏ ဘာဝေတဗ္ဗကိစ္စလည်း သူနားမလည်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား) မဂ္ဂသစ္စာဆို တာ ဘာလုပ်ရမလဲ (ပွားရမှာပါ ဘုရား) လောကီလား လောကုတ္တရာလား (လောကီပါ ဘုရား)။
လောကီမှ ပွားရတာ သဘောကျပလား (ကျပါပြီ ဘုရား) လောကုတ္တရာကျတော့ တစ်ကြိမ်သာ ဖြစ်တာကို ဘာမှ စောဒကထုတ်စရာမလိုဘူး ကဲ ဒါဖြင့် လောကီမှာ ပွားရမယ်ဆိုတဲ့ သစ္စာကကိုလည်း သူမသိလို့ရှိရင်ဖြင့် ကိုစောမောင် ဒါ သံသရာမှာ ရှုံးသွားတာပဲ (မှန်ပါ ဘုရား) မရှုံးဘူးလား (ရှုံးပါတယ် ဘုရား) ကိုစံလှရှုံးပြီ၊ ဒါဖြင့် ခင်ဗျားတို့ သိမှုနဲ့ပဲ တော်ပလား ပွားမူဆက်ရအုံးမှာလား (ဆက်ရအုံးမှာပါ ဘုရား)။
နောက်ပွားမူ ဆက်ရအုံးမှာဖြင့်၊ ဟာ တစ်ပွားတည်းပွားနေရတော့မယ် ဒီလိုမဟုတ်ပါဘူး၊ ပွားပါများလို့ရှိရင် ပယ်မှုလိုက်ပါလိမ့်မယ်၊ ပွားပါများရင် (ပယ်မှု့လိုက်ပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
သိမှု ပွားမှု ပယ်မှု
ဒကာ ဒကာမတို့ တစ်နံပါတ်ဘာအရေးအကြီးတုန်း (သိမှုပါ ဘုရား) နှစ်နံပါတ်က (ပွားမှုပါ ဘုရား) သုံးနံပါတ်က ပယ်မှုအရေးကြီးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ တစ်မရှိဘဲနဲ့လည်း နှစ်မရှိနိုင်ဘူး၊ နှစ်မရှိဘဲနဲ့ (သုံးမရှိပါ)။
မဖြစ်နိုင်ဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ယနေ့တစ်မှာ ယနေ့စခန်းသိမ်းပြီ၊ မနက်ဖြန် နှစ်စမယ်၊ ရှင်းပြီနော်။