14002

မာတိကာသို့

ဒိဋ္ဌိပြုတ်တရားတော် (၂)

အရေးကြီးတဲ့အလုပ်၊ ကြီးသလိုလုပ်ပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

ဒိဋ္ဌိပြုတ်တရားတော် (၂)

အရေးကြီးတဲ့အလုပ်၊ ကြီးသလိုလုပ်ပါ

အရေးကြီးတဲ့အလုပ်

အရေးကြီးတဲ့အလုပ်ကို ဒကာ ဒကာမတွေက နှေးနှေးလုပ်လို့ရှိရင်ဖြင့် အပြစ်တစ်ခုခုတော့ တွေ့မှာပဲဆိုတာ မှတ်ထားရမယ်နော် (မှန်ပါ့) အရေးကြီးတဲ့အလုပ်ကို နှေးနှေးမှ လုပ်ကြလို့ရှိရင် အပြစ်သင့်မှာပေါ့ (မှန်ပါ့) အရေးကြီးတဲ့ အလုပ်မလုပ်ဘဲ နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးမှ ခေါင်းပြူပြီး အပေါ်တက်နိုင်ဖို့ မမြင်ပါဘူး (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း ဟောပါတယ်၊ အရေးကြီးတဲ့အလုပ်ကို အရေးကြီးသလို လုပ်ကြ စမ်းပါ၊ အရေးမကြီးတဲ့အလုပ်ကို အသာချိတ်ထားပါလို့ ဦးဘရှင်းတို့ကို ဆုံးမရတယ်၊ အရေးကြီးသောအလုပ် ဘာတုန်းလို့ ဆိုရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ငရဲမျိုးစေ့ဖြုတ်လိုက်၊ ကိုစောမောင် ဘာဖြုတ်ရမတုန်း (ငရဲမျိုးစေ့ ဖြုတ်ရမှာပါ ဘုရား)။

ကိုစံလှတို့ မှတ်မိပါလိမ့်ဦးမယ်၊ ငရဲမျိုးစေ့ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) သက္ကာယဒိဋ္ဌိ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ငရဲမျိုးစေ့ ဘယ်သူပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ကောင်းပြီ ဒီသက္ကာယဒိဋ္ဌိလည်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူပါတယ်၊ သံယုတ်ပါဠိတော်မှာ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ

သတ္တိယာဝိယဩမဋ္ဌော

ဒယှမာနောဝ မတ္ထကေ

သက္ကာယဒိဋ္ဌိပ္ပဟာနာယ

သတော ဘိက္ခုပရိဗ္ဗဇေ လို့ ဟောလိုက်တယ်၊ ပါဠိရွတ်နေ အပိုပါပဲ၊

မြန်မာလိုပြောလိုက်ပါဆိုတော့ ကိုစောမောင်ကို တစ်ယောက်သောပုဂ္ဂိုလ်က အသွားမြမြထက်တဲ့ လှံကြီးနဲ့ ထိုးလိုက်တယ်နော် (မှန်ပါ)။

ရင်ဝလှံစူး ဦးခေါင်းမီးလောင်

လှံအဝေးကနေ ပစ်လိုက်တယ်၊ ပစ်ထိုး ထိုးလိုက်တဲ့အခါကျတော့ ကိုစောမောင်က အစွမ်းကုန်တော့ဖြင့် တိမ်းမှာပဲ (မှန်ပါ) ဒီထက်မြန်တဲ့အလုပ်ရှိရင် ဒီထက်မြန်သလိုပဲ တိမ်းရမှာပဲ ဆိုတဲ့ဥစ္စာ အရှင်းသားပဲ (မှန်ပါ့) ဒါ အမြန်ဆုံးလုပ်ရမယ့်ကိစ္စပဲဆိုတာ အားလုံး ဒကာ ဒကာမတွေ သိကြမှာပေါ့ (မှန်ပါ့)။

ဦးခေါင်းကို မီးဖွားလေးတစ်ခု တခြားကလွင့်လာပြီး ဒီအုန်းဆီ တို့လိမ်းထားတဲ့ ခေါင်းပေါ်မှာ မီးဖွားလွင့်ပြီး မီးလေးက ဖျတ်ဖျတ်နဲ့ မြန်မြန်လောင်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီထက်ပျာပျာသလဲ လုပ်စရာကိစ္စ ရှိသေးရဲ့ လား (မရှိပါ ဘုရား) ထမင်းစားဖိတ်လည်း မသွားနိုင်ပါဘူး၊ ကလေးငိုနေလဲ (မသွားနိုင်ပါ ဘုရား) ဘာကြောင့်တုန်း၊ ဒါအရင်ငြှိမ်းရမှာကိုးဗျ (မှန်ပါ့) ဦးဘရှင်း ဒါ အရင်ငြှိမ်းရမှာပဲ (မှန်ပါ့)။

ငါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပါတယ်ကွာ-တဲ့၊ဪ -သက္ကာယဒိဋ္ဌိကို ဒီလိုအမြန် ဖြုတ်ပစ်လိုက်၊ ဒီ-မီးငြိမ်းတဲ့အမြန်မျိုးနဲ့ ဉာဏ်နဲ့နှုတ်ပစ်၊ ဒီလှံကို ရှောင်သလို အမြန်ရှောင်ပစ် လိုက်ပါ (မှန်ပါ)။

အဲလောက် အမြန်ဟောတယ်လို့ သံယုတ်ပါဠိတော်မှာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီထက်မြန်စရာကော ရှိသေးရဲ့လား (မရှိတော့ပါဘူး) ဘုရားက အရေးကြီးတဲ့အလုပ် ဖြည်းဖြည်း မလုပ်ပါနဲ့လို့ စကားခင်း ခဲ့တယ် (မှန်ပါ့)။

ဖြည်းဖြည်းလုပ်ရင် အပါယ်ရောက် သွားလိမ့်မယ်

အရေးကြီးတဲ့အလုပ်ကို (မြန်မြန်လုပ်ရမှာပါ ဘုရား) ဖြည်းဖြည်းလုပ်လို့ရှိရင် အပါယ်ရောက် သွားလိမ့်မယ် (မှန်ပါ) ဦးဘရှင်း ဖြည်းဖြည်းလုပ်ရင် (အပါယ်ရောက်သွားမှာပါ ဘုရား) အရေးကြီးတဲ့ အလုပ်ကို အရေးကြီးသလို မြန်မြန်လုပ်လိုက် ပါလို့ဆိုတာ အမြင်သေးတဲ့ပုဂ္ဂိုလ်က ပြောတာလား အမြင်ကျယ်ဆုံး ပုဂ္ဂိုလ်ကပြောတာလား အကဲခတ်ကြည့်ပါ (အမြင် အကျယ်ဆုံးပုဂ္ဂိုလ်က ပြောတာပါ ဘုရား)။

အဲဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တစတစလုပ်ရမှာပဲဆိုတော့ ဦးဘရှင်း အရူးလုပ်ရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဦးဘကလေး ဘာခေါ်ကြမယ် (အရူးရင်လဲ ဖြစ်ပါလိမ့်မယ် ဘုရား) အရူးရင်လဲ ဖြစ်ပါလိမ့်မယ်၊

ဒကာ ဒကာမတို့ လောကတ္ထစရိယံ=လောကကြီးကို ငါ ကယ်မယ်လို့ အသားလှူ အသွေးလှူပြီး ခန္ဓာကိုယ်ပါလှူ၊ တိုင်းပြည်ပါလှူ၊ သားတွေ မယားတွေပါလှူ၊ ဒီအမြင်ရချင်လို့ ငါသည်ကားဆိုလို့ရှိရင် လှူခဲ့တာ ဒီအမြင်ရတယ်၊ အမြင်မှန်ရတယ်၊

အမြင်မှန်ရတဲ့ အထဲမှာမှ အရေးကြီးဆုံး သတ္တဝါတွေ ကယ်တင်ဖို့ ငါရှာလိုက်တဲ့အခါ ဒိဋ္ဌိအရင်ဖြုတ် ဖို့ရာသည် သတ္တဝါတို့၏ တပည့် သားမြေးတွေ အတွက်မှာဖြင့် အရေးကြီးဆုံး အလုပ်ပဲဆိုပြီးတော့ ကိုယ်တော်မြတ်ကြီးသည် အင်မတန်ကြီးကျယ်တဲ့ ဉာဏ်နဲ့ အမှန်ကိုကြည့်လိုက်တော့ ဒါ အရင်ဖြုတ်ရမယ် (မှန်ပါ့) ကိုပေါ် သဘောကျပလား (ကျပါတယ် ဘုရား)။

ဘာအရင်ဖြုတ်ကြမယ်

ကိုင်း-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘာအရင်ဖြုတ်ကြမယ် (သက္ကာယဒိဋ္ဌိအရင်ဖြုတ်ရပါမယ် ဘုရား) ရှင်းကြပါ ရှင်းကြပါ ဒါ-တကယ်ဘုရားလည်း မရှိတော့ပါဘူး၊ ဘုရား၏ကိုယ်စား ဓမ္မက္ခန္ဓာတွေရှိတယ်၊ ဓမ္မက္ခန္ဓာတွေကိုမှ တစ်ခါ ဘုန်းကြီးများက ကြည့်ပြီးဟောရတော့ ငါဘုရားမရှိရင် ဒီဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် မင်းတို့ရဲ့ဆရာ ဖြစ်ရစ် လိမ့်မယ်လို့ ပြောလို့ ဒီဆရာပြောတာ ပြောနေတာပဲ (မှန်ပါ့)။

ဦးဘကလေး ဘုရားမရှိတော့ရင် ဓမ္မက္ခန္ဓာတွေက ဆရာပဲ (မှန်ပါ့) ဒီ ဘုရားဟောအတိုင်း ဘုန်းကြီးက သူ့ပါဠိ တော်ရွတ်ပြီး သကာလ သူ့အတိုင်း ပြောနေတော့ ကိုစောမောင် အရေးကြီးတဲ့အလုပ် အရေးကြီးသလိုပဲ လုပ်ရမယ် (မှန်ပါ့)။

အရေးကြီးတဲ့အလုပ် ဖြည်းဖြည်းလုပ်လို့ရှိရင်ဖြင့် မှားကြပါလိမ့်မယ် (မှန်ပါ့) မမှားပေဘူးလား (မှားပါတယ် ဘုရား) အဲဒီတော့ ဒီလောက် ပြောနေလို့ရှိရင်ပဲ ဦးဘရှင်းတို့ကဪ -တကယ် အရေးကြီးပါလား၊ ခုနင်က ပြောသလိုပဲ ဦးခေါင်းမီးလောင်တာ မြန်မြန်ငြိမ်းသလို၊ ရင်ဝလှံစူးနဲ့ ထိုးလိုက်တာကို အမြန်ဆုံး တိမ်းရှောင်သလို၊ ကိုစောမောင်ရေ အရေးကြီးလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒီလောက်ထိအောင် အရေးကြီးအောင် ပြောတယ်ဆိုတည်းက သာမညကရုဏာလား အလွန်ကြီးကျယ်တဲ့ ကရုဏာလားဆိုတာ အလွန်ကြီးကျယ်တဲ့ ကရုဏာလားဆိုတာ ဆုံးဖြတ်ချက်ချ (အလွန်ကြီးကျယ်တဲ့ ကရုဏာပါ) ယုတ်စွ အဆုံး ဘုန်းကြီးရိုးရိုးပဲပြောမယ်၊ လှူမှာဒါန်းမှာ ပေးမှာကမ်းမှာတောင် နောက်ထားလိုက်ပါဦး၊ သူ့အရင်ဖြုတ်လိုက်ပါ (မှန်ပါ့ ဘုရား) လှူမှာဒါန်းမှာ ပေးမှာကမ်းမှာတောင် (နောက်ထားရမှာပါ) သူ့အရင်ဖြုတ်ပြီးမှ လှူလိုက်လို့ရှိရင်ဖြင့် ဝိဝဋ္ဋဒါနဖြစ်တယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန်ရောက်တယ်။

သူပါနေတဲ့ ဒါနဆိုရင်ဖြင့် သံသရာထဲမှာ မြုပ်ချည်ပေါ်ချည် စုန်ချည်ဆန်ချည် နေဦးမှာပဲ (မှန်ပါ့ ဘုရား) ဆိုတော့ ဘယ်လောက်အရေးကြီးလို့ သူပြောတယ်ဆိုတာလဲ၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှေ့ထားရမှာ ဘယ်သူတုန်း

ဒါဖြင့် ဒါနထက်ရှေ့ထားရမှာ ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိဖြုတ်မှုပါ ဘုရား) သီလထက် ရှေ့ထားရမှာ (သက္ကာယ ဒိဋ္ဌိဖြုတ်မှုပါ ဘုရား) သမထထက် ရှေ့ထားရမှာ (သက္ကာယဒိဋ္ဌိဖြုတ်မှုပါ ဘုရား) သားရေး သမီးရေးထက် ရှေ့ထားရမှာ (သက္ကာယဒိဋ္ဌိဖြုတ်မှုပါ ဘုရား)။

ကိုင်း-ပေါ်ကြပါပြီ၊ဪ -ဒါဖြင့် ဒီအလုပ်ဟာ အလွန်အရေးကြီးတဲ့အလုပ်ဆိုတာ အမြင်ကျယ်တဲ့ ကိုယ်တော် မြတ်ကြီးကပြောလို့ အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်က ဆင်ခြေလဲနေဖို့ ဝတ္တရားရှိဘူး (မှန်ပါ့ ဘုရား) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ပြောလို့ရှိရင် အမြင်ကျဉ်းတဲ့ ပုဂ္ဂိုလ်က ဆင်ခြေလဲလို့ရှိရင်ဖြင့် ကိုယ်လွဲချင်လို့၊ ကိုယ်မှား ချင်လို့ ကိုယ်အပါယ်ချောက်ကျချင်လို့ လဲတာပဲလို့ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါတွေ ယခုယနေ့ကစပြီး ပြောရတော့မှ ဒကာ ဒကာမတို့ ခင်ဗျားတို့ သားရေး၊ သမီးရေး စီးပွားရေး အသာ ချိတ်ထားလိုက်စမ်းပါ။ သဘောကျပလား (ကျပါပြီ ဘုရား) ဒါလေး နားလည်အောင် ခွါလိုက်စမ်းပါ (မှန်ပါ့ ဘုရား) ပယ်ပြီး ခွါလိုက်စမ်းပါ (မှန်ပါ့ ဘုရား) ကိုစောမောင် ဒီသုံးချက်ဆုံးမတယ် (မှန်ပါ့ ဘုရား)။

သိမှုနဲ့ခွါလိုက်စမ်းပါ တစ်မျိုး၊ ပွားမှုနဲ့ (ခွါရမှာက တစ်မျိုး) ပယ်မှုနဲ့ (ခွါရမှာပါ ဘုရား)ဪ -ဒါဖြင့် မကောင်းတဲ့ အနာတာရှည်လို့ရှိရင်ဖြင့် အနာသာကြီးထွားစရာရှိတယ်၊ လူသာ သေဘက် ကူးစရာရှိတယ် (မှန်ပါ့) ဦးစောမောင် သူ့လုံးလုံး ဖယ်ထုတ်ပစ်ရမယ် (မှန်ပါ)။

ဒကာ ဒကာမတွေ သဘောပါပလား (ပါ-ပါတယ် ဘုရား) ကောင်းပြီ၊ ဒါ-သံယုတ်ပါဠိတော် လာတာတွေကို ရှင်းပြီး ပြောတော့မှ ဖယ်ပါတော့မယ် ဘုရား၊ ရှဲလ်ပါတော့မယ်ဘုရား၊ ခွါပါတော့မယ် ရှင်းပါတော့မယ်ဘုရား အလုံးစုံတို့၏ရှေ့ ထားပြီး သူ့အလုပ် လုပ်ပါတော့မယ်ဆိုတာ ခင်ဗျားတို့တစ်ပွဲလုံး သဘောတူကြပါ (မှန်ပါ့) မတူရင်ကိုမဖြစ်ဘူး (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိရှေ့ထားရာ အဓိပ္ပါယ် မရောက်ဘူးလား

အခု ဒကာ ဒကာမတွေ ဖြစ်နေတဲ့ဖြစ်စဉ်က ဘုန်းကြီးဟောသည်လောက်၊ ဘုရားဟောသည်လောက် အရေးမကြီး တော့ သားလေးရှင်ပြုပြီးမှ တရားအားထုတ်တော့မလိုလို၊ ကိုစောမောင် ဘယ့်နှယ်နေတုန်း၊ ဒိဋ္ဌိရှေ့ထားရာ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သားရှင်ပြုတာကို ရှေ့ထားလိုက်ကတည်းကိုက ဒိဋ္ဌိရှေ့ထားတာ၊ ဒိဋ္ဌိဖြုတ်တာကို ဒကာ ဒကာမတွေ အရေးကြီးမှန်းမသိလို့ (မှန်ပါ့) ကိုမြင့်သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘယ်ဟာရှေ့ထားကြ မယ် (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ် ဘုရား) ဘာကြောင့်တုန်း၊ သူပါနေလို့ရှိရင် ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတာ၊ ဆွမ်းဆန်ထဲကြွက်ချေးရော မျက်လုံးမွဲတဲ့ လူချက်လို့ရှိရင် ဦးဘလေး ဒီဥစ္စာခင်ဗျားလည်း မစားချင်ဘူး ဘုရားလည်း ဘုန်းပေးမှာမဟုတ်ပါဘူး (မှန်ပါ့)။

ဘာဖြစ်လို့တုန်း၊ ကြွက်ချေးရောနေလို့ (မှန်ပါ့) သဘောပါပလား (ပါပါတယ် ဘုရား) ဒီမှာလည်း ဒိဋ္ဌိသာ မဖြုတ်ဘဲ နဲ့ ခင်ဗျားတို့ လုပ်ချင်တာလုပ်၊ မဂ်ဖိုလ်ရတာအမှန်၊ အပါယ်လေးပါးတံခါးမပိတ်တာအမှန်ပါ၊ အမှန်ပဲဆိုတာ အတိအလင်း တစ်ခါတည်းဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘာဖြုတ်ကြမလဲ (သက္ကာယဒိဋ္ဌိဖြုတ်ရပါမယ် ဘုရား) သက္ကာယဒိဋ္ဌိဖြုတ်ရမယ်၊ ဒါဖြင့် ဒကာ ဒကာမတွေ ကျေအောင် မွန်အောင်လည်း နေ့တိုင်းပဲ ပြောပါတယ်၊ နေ့တိုင်းလိုလိုပဲ ပြောပါတယ်၊ အထူးပဲ ဂရုစိုက်မှတ်တော့၊ ဒကာ ဒကာမတွေ သန္တာန်မှာ မဂ်နဲ့ မပယ်သေးတဲ့ ဒိဋ္ဌိ ဘယ်နှစ်မျိုး ရှိသတုန်း (သုံးမျိုးရှိပါတယ် ဘုရား)။

ဒိဋ္ဌိသုံးမျိုး

သုံးမျိုးမှာ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား) ဒိဋ္ဌိဘယ်နှစ်မျိုး ရှိပါလိမ့် (သုံးမျိုးရှိပါတယ် ဘုရား)။

မဂ်နဲ့မပယ်သေးလို့ရှိရင် ကိုစောမောင် ဒီဥစ္စာ ဝမ်းထဲမှာ အကြောင်းမရှိရင် မပေါ်လာ ဘူး (မှန်ပါ့) အကြောင်းရှိရင် (ပေါ်လာပါတယ် ဘုရား)။

ဥပမာမယ် ဒကာ ဒကာမတို့ အကြောင်းမရှိရင် မပေါ်လာဘူး၊ အကြောင်းရှိရင် ပေါ်လာတယ်ဆိုတဲ့ဥစ္စာက ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှတဲ့၊ ဒီ ကိုစောမောင် ရှေ့မှာထိုင်နေတဲ့ကလေးဟာ ဘာတော်သတုန်းမေးတော့ ဒါ ကျုပ်သားပဲ၊ သမီးပဲ မေးတဲ့သူရှိမှ သူက ပေါ်လာတယ် (မှန်ပါ့)။

တကယ်ပဲလားဗျ၊ ဟုတ်တယ်ဗျ ဘယ်နှစ်ခုနှစ်က မွေးဖွားထားတာ၊ ခင်ဗျားနဲ့မတူပါဘူးဗျာ၊ ပုံသဏ္ဍာန်ဟန်ပန်က အို-ခင်ဗျား မိုးကြိုးပစ်ရစေရဲ့ ကျိန်ပြောမယ် (ဒိဋ္ဌိလာတာပါ ဘုရား) ကိုစောမောင် နဂိုကမရှိဘူး (မှန်ပါ့) အကြောင်းရှိလာ တော့မှ (ပေါ်လာတာပါ ဘုရား)။

ခင်ဗျား တော်တော်ဖျင်းတဲ့လူပဲ၊ ခင်ဗျားသည်ကားလို့ ဆိုလို့ရှိရင် တော်တော်ခက်တဲ့လူပဲ၊ သားအရင်းပါလို့ ပြောတဲ့ဥစ္စာ ခင်ဗျားသံသယရှိစရာ မလိုပါဘူး၊ မမေးစေချင်ဘူး၊ ဒီဟာမျိုးက သက္ကာယဒိဋ္ဌိရှိတဲ့လူနဲ့က မေးတဲ့လူနဲ့ ရန်ဖြစ် တယ် (မှန်ပါ့) မဖြစ်ကြဘူးလား (ဖြစ်ကြပါတယ် ဘုရား)။

တချို့ ဒီ မွေးစားတာလေးတောင်မှ သက္ကာယဒိဋ္ဌိက စွဲနေတော့ ဒါလေးဟာ အရင်းပဲလား မေးလိုက်ရင် ဟိုက ရင်များပုတ်ပြတယ် (မှန်ပါ့) ဒီလောက်ထိအောင်ပဲ သူတို့သည် သက္ကာယဒိဋ္ဌိက မစွဲဘူးလား (စွဲပါတယ် ဘုရား) ကဲ ဒါ အကြောင်းရှိမှ ပေါ်တာလား အကြောင်းမရှိဘဲ ပေါ်လာတာလား (အကြောင်းရှိမှ ပေါ်လာတာပါ ဘုရား)။

ဝမ်းထဲကိန်းနေတယ်

သက္ကာယဒိဋ္ဌိကို ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့် ဝမ်းထဲကိန်းနေတယ်၊ အကြောင်းမရှိသေးလို့ သူမထသေး တာ မကြွသေးတာပဲ မှတ်ဖို့ပဲ (မှန်ပါ့) အကြောင်းမရှိသေးလို့ လူမထသေးတာ- မကြွသေးတာပဲ မှတ်ဖို့ပဲ (မှန်ပါ့) အကြောင်း ရှိလာတဲ့ တစ်နေ့ကျတော့ (ပေါ်လာပါတယ် ဘုရား) ပေါ်လာတာပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒီဥစ္စာ ကျုပ်တို့မှာ ဒီငရဲမျိုးစေ့၊ ငရဲပင်ပေါက်ရမယ့်မျိုးစေ့၊ ဒါရှိနေတယ်ဆိုတာတော့ ကိုယ်တိုင်သိပြီ (သိပါပြီ ဘုရား) ကိုယ်တိုင်သိတဲ့အခါကျတော့ ဘုရားသခင်က နှေးနှေးတဲ့လား မြန်မြန်တဲ့လား (မြန်မြန်ပါတဲ့ ဘုရား) ဘုန်းကြီးပြောလိုက်တော့ ဒကာ ဒကာမတွေ ပိုရှင်းသွားပြီး ဒါနနောက်ထား သူ့ (ရှေ့ထားရပါမယ် ဘုရား) သီလနောက်ထား ကိုစောမောင် (သူ့ရှေ့ထားရမှာပါ ဘုရား)။

သမထ နောက်ထားဗျာ (သူ့ရှေ့ထားရမှာပါ ဘုရား) ဘာကြောင့်တုန်း၊ ဟိုထဲ သူရောနေလို့ရှိရင်လည်း ကိုစောမောင် သူသည် နှောင့်ယှက်နိုင်သလား မနှောင့်ယှက်နိုင်ဘူးလား (နှောင့်ယှက်နိုင်ပါတယ် ဘုရား) မနှောင့်ယှက်ပေ ဘူးလား (နှောင့်ယှက်ပါတယ် ဘုရား)။

အဲတော့ ဦးဘရှင်းတို့က သူ့အရင် လုပ်ရလိမ့်မယ်ဆိုတဲ့ စကားကိုလည်း မြဲမြဲစွဲစွဲမှတ်ဖို့ပဲဆိုတာ ပေါ်ကြပါပြီ (ပေါ်ပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒီလိုလုပ်ကြဖို့ ဥစ္ဆေဒဒိဋ္ဌိက ဗုဒ္ဓဘာသာမှာမရှိဘူး (မှန်ပါ့)။

သေရင်ပြတ်တာပဲဆိုတဲ့ အယူကမရှိဘူး (မရှိပါ ဘုရား) ငါ-ငါ့ဥစ္စာဆိုတာတော့ (ရှိပါတယ်) ငါ-ငါ့ဥစ္စာဆိုတာက (သက္ကာယဒိဋ္ဌိ) (မှန်ပါ့)။

ငါဆိုတာ ဒီခန္ဓာကိုယ်ကြီးကို ငါထင်နေတာ (မှန်ပါ့) ငါ့ဥစ္စာ ဆိုတော့လဲ၊ အိမ်ထောင် ပရိဘောဂတွေ၊ သားတွေ၊ သမီးတွေကို ငါ့ဥစ္စာထင်နေတယ်၊ ဒါဘယ်သူက ထင်တာတုန်းလို့ မေးတဲ့အခါကျတော့ (သက္ကာယဒိဋ္ဌိက ထင်တာပါ) ဟော သူရှိတယ်ဆိုတော့ သေချာပြီ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိမပြုတ်ပါဘူး

ဪ-သက္ကာယဒိဋ္ဌိ ရှိတာတော့ သေချာပြီ၊ သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိမပြုတ်ပါဘူး၊ သက္ကာယဒိဋ္ဌိ ရှိရင် သဿတဒိဋ္ဌိက (မပြုတ်ပါဘူး ဘုရား) မပြုတ်ဘူးတဲ့၊

ငါ့သားလေးတွေ အန္တရာယ်ကင်း ဘေးရှင်းအောင် ငါပရိတ်နာဦးမယ်၊ အင်း-လာပြီ ငါလဲ နောင်ဘဝကူး ကောင်းတာပေါ့၊ ဒီသားလေးတွေလည်း ကျန်းမာတာပေါ့၊ ငါ့သားလေးတွေ ငါ့သမီးလေး တွေ ကျန်းမာဖို့ ဆိုတာက သက္ကာယဒိဋ္ဌိကလာတာ (မှန်ပါ့)။

နောက်ဘဝကူးလည်း ကောင်းတာပေါ့၊ ဒီပရိတ်တရား နာရတယ် ဆိုတာ သေတောင်မှ ဖားတောင် နတ်သားဖြစ် သေးတာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား) သဿတဒိဋ္ဌိဘက်ကူးသွားတယ် (မှန်ပါ့) မကူးဘူးလား (ကူးပါတယ် ဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိရှိရင် သဿတဒိဋ္ဌိ (ရှိပါတယ် ဘုရား) ရှိတယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ကိုစောမောင်သန္တာန်မှာ ဒိဋ္ဌိဘယ်နှစ်မျိုးရှိသတုန်း မေးရှိရင် ဘယ့်နှယ်ဖြေပေါ့ (နှစ်မျိုးရှိပါတယ် ဘုရား) ဘယ်သူတွေပါလိမ့်မတုန်း (သက္ကာယဒိဋ္ဌိနဲ့ သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ရှိလို့ သဿတဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

ဒါဖြင့် သက္ကာယဒိဋ္ဌိရှိလို့ ကိုစောမောင် သဿတဒိဋ္ဌိမလာတာ (မှန်ပါ့) ဒါဖြင့် သက္ကာယဖြုတ်လိုက်ရင် (သဿတ ဒိဋ္ဌိ မလာတော့ပါဘူး ဘုရား) ဒါကြောင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ဖြုတ်လိုက်လို့ ရှိရင် သဿတဒိဋ္ဌိ ပြုတ်ပါတယ် (မှန်ပါ့) ဆိုတော့ ၎င်းသက္ကာယဒိဋ္ဌိသည် သဿတဒိဋ္ဌိ ကိုလည်း ထားလိုက်တော့၊ဪ -တစ်လုံးတည်း အရေးကြီးတာကို (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဘယ်နှစ်လုံးအရေးကြီးပါလိမ့်

ဘယ်နှစ်လုံးအရေးကြီးပါလိမ့် (တစ်လုံးတည်း အရေးကြီးပါတယ် ဘုရား) တစ်လုံးတည်း အရေးကြီးတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ ရှင်းသွားတော့မှာ ဒီတစ်လုံးဖြင့် ရင်ဝလှံစူးတဲ့အခါ လှံထိုးတဲ့အခါ ရှောင်သလို အမြန်ဆုံး သူ့ကို ထုတ်ပါ (မှန်ပါ့) အမြန်ဆုံးသူ့ထုတ်မယ်၊ အမြန်ဆုံး သူ့ပယ်မယ်ဟ ရှင်းမယ်ဟ (မှန်ပါ့)။

ဦးခေါင်းမီးလောင်တဲ့အခါ အမြန်ဆုံးငြှိမ်းသလို သူ့ကို အမြန်ဆုံး ဘုရားက ရှင်းလင်းလိုက်ပါလို့ မှာတဲ့အတိုင်း ငါတို့သည် သူ့ကိုဖြင့် ရှင်းတော့မယ်ဆိုတဲ့ဥစ္စာ၊ အပါယ်လေးပါး၏ ရေသောက်ဖြစ်ဖြစ်လို့ မရှင်းလေ ဒီအမြစ် ကြီးထွားလေ ပဲဆိုတာ လာလိမ့်မယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ကိုစံလှ ဘယ်သူ့ရှေ့ထားမယ် (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ် ဘုရား) ဒါ ဆရာသမား အဖိုး တန်အောင်ပြောနေလို့ ဒီလောက်အရေးကြီးတာလား ဘုရားကကိုက အမြန်ဆုံးတဲ့လား (ဘုရားကိုက အမြန်ဆုံးလုပ်ပါတဲ့ ဘုရား)။

အဲဒါကြောင့် ဘုရားက အမြန်ဆုံးရထားတဲ့ဥစ္စာ ကျုပ်တို့က အင်းအရွယ်လေးစောင့်ဦးမယ်၊ အင်း ဘယ်လို-ညာလိုနဲ့ ခင်ဗျားတို့မှာ သားပြပြီးဆင်ခြေလဲ၊ သမီးပြပြီး ဆင်ခြေလဲ၊ အမျိုးမျိုးစီးပွားပြပြီး ဆင်ခြေလဲ၊ လဲရမယ့်အလုပ်လား ကိုစောမောင်၊ အမြန်လုပ်ရမယ့်အလုပ်ကို ဆင်ခြေလဲပြီး ရှောင်နေရမှာလား (မဟုတ်ပါဘူး အမြန်လုပ်ရမှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် အမြန်လုပ်ကြပါ ဆိုတာကိုလည်း မသိသေးတဲ့ ပုဂ္ဂိုလ်ကို တိုက်တွန်း၍ သိပြီးသား ပုဂ္ဂိုလ်များက အမြန်လုပ် ပါဆိုတာကိုလည်း ဒီတရားပွဲမှာ တိုက်တွန်းလိုက်ပါတယ် (မှန်ပါ့) ရှင်းသွားပြီနော် (ရှင်းသွားပါပြီ ဘုရား)။

ဖြုတ်တတ်တဲ့နည်းကို ပြောပါ

ကောင်းပြီ ဒါဖြင့် မဖြုတ်တတ်လို့ရှိရင် ဖြုတ်တတ်တဲ့နည်းကို ပြောပါဆိုတော့၊ မဖြုတ်တတ်လို့ရှိရင် ဖြုတ်တတ်တဲ့နည်းကို ဆရာဘုန်းကြီး က ပြောရတော့မယ် ဒကာ ဒကာမတို့ ဖြုတ်ဆိုတာ တစ်ခုခုနဲ့ချည် ငြိနေလို့ ဖြုတ်ပြောတာ၊ ဖြုတ်ပြောတာ၊

ဖြုတ်ဆိုတဲ့ စကား ဒကာ ဒကာမတို့ ဘာတုန်း (တစ်ခုခုနဲ့ ငြိနေလို့ပါ ဘုရား) တစ်ခုခုနဲ့ ငြိနေလို့ ဖြုတ်ပါလို့ ပြောတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတစ်ခုခုကို ကိုယ်မှမသိဘဲနဲ့ ဖြုတ်ဆိုတာလည်း ဘယ့်နှယ်မှ ဒီစကားမဖြစ်နိုင်ဘူး (မှန်ပါ့) ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား) ဒါ ကြံဖန်ပြောနေတာလား၊ ဘုန်းကြီးက စကားသွားကိုက အဓိပ္ပါယ်က ဒီဟာပဲလားဆိုတာ ခင်ဗျားတို့ပဲ ရှင်းကြည့်ပါ (ငြိနေလို့ပါ ဘုရား) သက္ကာယဒိဋ္ဌိ ဖြုတ်ပါဟေ့ ဆိုရင် သူငြိနေလို့ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ပါ ဆိုတော့ (ငြိနေလို့ပါ ဘုရား) ငြိနေလို့ပဲဆိုတာ ဒကာ ဒကာမတွေ သေချာပါပြီ (မှန်ပါ) ဟာ-ဒါဖြင့် သူငြိပြီ (မှန်ပါ့) ဦးဘရှင်း ငြိပြီဗျ၊ ငြိတာက ဘယ်မှာငြိသတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးမှာ ငြိနေတယ် (မှန်ပါ့)။

ကျုပ်တို့မှာ ဒီတရားနာနေတဲ့ ရူပက္ခန္ဓာကြီး၊ တရားလေး ကောင်းတယ်၊ မကောင်းတယ် ရွေးနေတဲ့ ဝေဒနာက္ခန္ဓာ ကြီး၊ တရားတွေမှတ်နေတဲ့ သညာက္ခန္ဓာကြီး၊ သဘောကျပလား (ကျပါတယ် ဘုရား) ကောင်းပြီ တရားတွေသိနေတဲ့ ဝိညာဏက္ခန္ဓာကြီး၊ အခုတရားနာနေတယ်ဆိုတော့ ဒီငါးပါးမပါဘူးလား၊ ဒီငါးပါးမှာ ငြိနေတယ် (မှန်ပါ)။

သက္ကာယဒိဋ္ဌိက ဘယ်သွားငြိနေတုန်း

သက္ကာယဒိဋ္ဌိက ဘယ်သွားငြိနေတုန်း (ခန္ဓာငါးပါးမှာ သွားငြိနေပါတယ် ဘုရား) ဒါဖြင့် ဒီအငြိကို ဖြုတ်ရလိမ့်မယ် (မှန်ပါ့) ဒီအငြိကို ဖြုတ်ရလိမ့်မယ်ဆိုတာဖြင့် သေချာကြပလား (သေချာပါပြီ ဘုရား) ငြိတယ်မငြိတယ် နည်းနည်းလေး ဝေဖန်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒါခန္ဓာငါးပါး၊ တရားနာနေတဲ့ ပုဂ္ဂိုလ်က ဒီငါးပါးပဲရှိတယ် (မှန်ပါ့)။

ဒီမှာ ငြိနေတာပဲ၊ ဘယ်လိုငြိနေတုန်းဆိုတော့ ကိုယ့်ခန္ဓာကိုယ်လေး နေပူထဲက ပြန်လာလို့ နေပူမိလို့ စမ်းလိုက်တဲ့ အခါကျတော့ ဟ-ငါဘာဖြစ်တယ် မသိဘူး၊ ငါ ဘာဖြစ်တယ်မသိဘူး အသားတွေ တရှိန်ရှိန်ဖြစ်လာတယ်၊ အင်း ရူပက္ခန္ဓာ ပေါ် သွားငြိနေတယ် (မှန်ပါ)။

ငါဘာဖြစ်တယ် မသိဘူးတဲ့၊ သူက ဒီရုပ်ကို တစ်ခါတည်း ငါမထင်လိုက်ဘူးလား (ထင်လိုက်ပါတယ် ဘုရား) ဟာ-ဒါဖြင့် ရုပ်ပျောက်ပြီး ငါဒီထဲ သွားငြိနေတယ်၊ ရုပ်ပျောက်ပြီးတော့ (ငါသွားငြိနေပါတယ် ဘုရား) ဒါကြောင့် ဖြုတ်ပါ ပြောတာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ငါ ထမင်းစားကောင်းလိုက်တာကွာ၊ ထမင်းစားကောင်းတာ ဝေဒနာကောင်းတာ (မှန်ပါ) သို့သော် ဝေဒနာ ပျောက်ပြီး သကာလ ဝေဒနာဟာ ငါထမင်းစားကောင်းတယ်ဆိုပြီး သကာလ ဝေဒနာကို အဲဝေဒနာကို သွားငြိနေတယ်၊ ဝေဒနာဟာ ငါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မင်း ဒီနေရာမှာ ငါမှတ်ထားတဲ့နေရာ မင်းက ဘယ့်နှယ်ကြောင့် ဒီနေရာ တူးရွင်းပေါက်ပြားတွေနဲ့လာပြီး ဘောင် လုပ်ချင်ရတာတုန်း (မှန်ပါ့) ငါ မှတ်ထားတဲ့နေရာ သညာက္ခန္ဓာနဲ့ ငါနဲ့ သွားငြိနေတယ် (မှန်ပါ့) မငြိဘူးလား (ငြိပါတယ် ဘုရား)။

ငါစေတနာကောင်းကောင်းနဲ့ ပေးကမ်းနေတာ၊ ဒကာကြီး ပေးတာယူသွား၊ ငါစေတနာကောင်းကောင်းနဲ့ ပေးနေ တာတဲ့ ပေးတာယူသွားပါတဲ့၊ သင်္ခါရက္ခန္ဓာနဲ့ သွားငြိနေတယ် (မှန်ပါ့) စေတနာက သင်္ခါရက္ခန္ဓာ ကိုဗျ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ငါစေတနာကောင်းနဲ့ ပေးနေတာတဲ့ ဦးဘရှင်းတို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ဘယ်ပေါ်သွားငြိနေ သတုန်း (သင်္ခါရက္ခန္ဓာပေါ် သွားငြိနေပါတယ် ဘုရား)။

ငါ့စိတ်မစမ်းနဲ့နော် လာတယ် ကိုစောမောင်ရဲ့ (မှန်ပါ) ငါ့စိတ်မစမ်းနဲ့ စိတ်ထဲ ငါသွားမရောဘူးလား (ရောပါတယ် ဘုရား) ဘယ်မှာ သွားငြိနေတုန်း (ဝိညာဏက္ခန္ဓာပေါ် သွားငြိနေပါတယ် ဘုရား)။

ဝိညာဏက္ခန္ဓာနဲ့ငြိပြီ၊ ကိုစံလှသဘောပါရဲ့လား (ပါ-ပါတယ် ဘုရား) ဖြုတ်ပါဆိုတာက အငြိရှိလို့လဲ (မှန်ပါ့) ဖြုတ်ပါဆိုတာသည် (အငြိရှိလို့ပါ ဘုရား) အငြိရှိလို့ပဲဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ဒကာ ဒကာမတွေ ရှင်းသွားပြီ (မှန်ပါ့) ရှင်းသွားတဲ့အခါကျတော့ကိုတဲ့ –

ခန္ဓာငါးပါးမှာ ငြိနေပါတယ်

ဪ-ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သက္ကာယဒိဋ္ဌိပ္ပဟာနာယ သတောဘိက္ခု ပရိဗ္ဗဇေ၊ သတော-သတိရှိ သော ဘိက္ခု၊ အပါယ်ဘေးကြောက်တဲ့ပုဂ္ဂိုလ်သည်၊ ပရိဗ္ဗဇေ=တစ်ခါတည်း အမြန်ဆုံး ကျင့်ကြံအားထုတ်လိုက်ပါ၊ မမှာဘူး လား (မှာပါတယ် ဘုရား) ဒါဖြင့် ဘယ်ငြိနေတုန်း ကိုစောမောင် (ခန္ဓာငါးပါးမှာ ငြိနေပါတယ် ဘုရား) ခန္ဓာငါးပါး တစ်ပါးထဲ မှာ ငြိတာမဟုတ်ဘူး အကုန်ငြိနေတယ် (မှန်ပါ)။

ဒကာ ဒကာမတွေ ဘယ့်နှယ်တုန်း (ခန္ဓာငါးပါးမှာ အကုန်ငြိနေပါတယ် ဘုရား) အကုန်ငြိတယ်နော် (မှန်ပါ့)။

ဪ -ဒါဖြင့် ကိုစောမောင် ဆံတစ်ပင် အကျွတ်မခံနိုင်ဘူးဆိုတာ ဆံပင်က သုံးကုဋေခြောက်သန်း တောင်ရှိတယ် (မှန်ပါ) ဆံပင်နုတဲ့ပုဂ္ဂိုလ်မှာ သုံးကုဋေနဲ့ ခြောက်သန်းရှိတယ်၊ အပင်လေးတွေ ရေတွက်လို့ရှိရင် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) ဆံတစ်ပင် အကျွတ်မခံနိုင်ဘူးတဲ့၊ ငါ အပင်တိုင်းမှာ သက္ကာယဒိဋ္ဌိ ရှိနေတယ် (မှန်ပါ့)။

မရှိဘူးလား-ရှိသလား (ရှိပါတယ် ဘုရား) သေသေချာချာ ရှိတယ်မဟုတ်လား၊ ငါက ဇာမဏီငှက်မျိုး အမွေး တစ်ပင် အကျွတ်မခံနိုင်ဘူး (မှန်ပါ) ကိုးသောင်းကိုးထောင် ရှိတယ်၊ ဒီအမွှေးလေးတွေက ခန္ဓာကိုယ်ထဲမှာ အမွှေးနုလေးတွေ က ဘယ်လောက်ရှိတုန်း (ကိုးသောင်းကိုးထောင်ရှိပါတယ် ဘုရား)။

အဲဒါ တစ်ပင်အကျွတ်မခံနိုင်ဘူးတဲ့ (မှန်ပါ့) ငါ့မှာ ကိုစံလှမှာ မစွဲဘူးလား (စွဲပါတယ် ဘုရား) ကဲ ဘယ့်နှယ်တုန်း အကုန်စွဲနေတယ် (စွဲနေပါတယ် ဘုရား) တစ်ကိုယ်လုံးမှာပဲ သူလွတ်တဲ့နေရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မြေကောင်းက မြေပျက်ဖြစ်သွားတယ်

အဲ သူဟာ ကျုပ်တို့ပင်လယ်က ဒီရေတက်သလိုပဲတဲ့၊ ကိုစောမောင် ဒီရေတက်တဲ့နေရာမှာ မြေတွေပေါ် အကုန်လျှောက်တတ်လို့ရှိရင် အငန်တွေ အကုန်ဖြစ်ကုန်တယ် (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီရေတက်တဲ့နေရာ မြေတွေဟာ ပင်ကိုက မြေကောင်းမြေမှန်တွေပဲ၊ သို့သော်လည်း ဒီရေတက်လိုက်ပြီ ဆိုမှဖြင့် ဒီမြေတွေဟာ အငန်မြေတွေဖြစ်သွားတယ် (မှန်ပါ့) ဘာဖြစ်သွားတုန်း (အငန်မြေတွေ ဖြစ်သွားပါတယ် ဘုရား) ဘာဖြစ်လို့ တုန်းမေးလို့ရှိရင် (ဒီရေတက်သွားလို့ပါ ဘုရား) ကဲ ဒါဖြင့် ရှိပါစေတော့ မြေကောင်းက မြေပျက်ဖြစ်သွားတယ် (မှန်ပါ့)။

မြေကောင်းဟာ မြေဆိုးဖြစ်သွားပြီ အဲဒီအပေါ်ပေါက်တဲ့ အပင်တွေကကောတဲ့၊ အုန်းပင်စိုက်လည်း ငန်ချိုသရက် ပင် စိုက်ကော ငန်ချိုပါ၊ ရောနှောကုန်တယ်၊ အကောင်းကိုမဖြစ်နိုင်ဘူး (မှန်ပါ) ဘယ့်နှယ်ကြောင့် အကောင်းမဖြစ်ပါလိမ့် မတုန်း မေးလိုက်တဲ့အခါကျတော့ ရောငြိနေတာကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငန်ချိုသာဖြစ်တော့တယ်

ဒါဖြင့် ဒါနလည်း ငန်ချိုပဲ (မှန်ပါ့) သီလလုပ်လဲ (ငန်ချိုပါ ဘုရား) သမထလုပ်လဲ (ငန်ချိုပါ ဘုရား) အဲဒါ ခင်ဗျားတို့က မသိဘူး၊ စားမကောင်းတာတော့ မသိတတ်ဘူး၊ မဖြုတ်ချင်တာသာ ခင်ဗျားတို့က ခက်နေတာ (မှန်ပါ့) ငန်ချိုကြီးပါလို့ဆိုကတည်းက အကုန်ပျက်တာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘယ်လောက် အရေးကြီးတယ် ဆိုတာ သိပလား (သိသွားပါပြီ ဘုရား)။

ဘာလုပ်လုပ် ဒီရေတက်တဲ့ မြေပေါ်မှာ ပေါက်တဲ့သစ်ပင်တွေ အချိုဟူသရွေ့ အကုန်ပျက်ပြီး သကာလ သူ့ပင်ကို အချိုလေးက ငန်ချိုသာဖြစ်တော့တယ် (မှန်ပါ့) အရသာ ကောင်းသေးရဲ့လား (မကောင်းတော့ပါ ဘုရား) မကောင်းတော့ ဘူးကိုစောမောင်ရဲ့ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား) အုန်းပင်လေးချလိုက် အုန်းသီးစား ငန်ဆိမ့် (မှန်ပါ့) ဦးဘလေး ဘယ် ဒီ-အုန်းသီးဟာ အဖိုးတန်ပါဦးမလား (မတန်တော့ပါဘူး ဘုရား) ဘာကြောင့်တုန်း အငန်ရောလို့ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီမှာလည်း သူရောနေတဲ့ဒါန သူရောနေတဲ့ သီလ ကိုစောမောင် အကုန်အငန်ဖြစ်တယ် (မှန်ပါ့) ကောင်းသေးရဲ့ လား (မကောင်းတော့ပါဘူး ဘုရား) ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီမျှလောက် ကျယ်တဲ့ဉာဏ်နဲ့ ဝေဖန်ပြီး သကာလ မင်းတို့ အကုန်ပျက်စီးကုန်မှာစိုးလို့ ငါအရေးတကြီး ဖြုတ်ခိုင်းတာ ဆိုတာ ပေါ်လာတယ် (ပေါ်ပါပြီ ဘုရား) အကုန်ပျက်စီး ကုန်မယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိက ရောပေးနေတာ

နတ်ပြည် ရောက်ပြန်တော့လည်း ကိုစောမောင် အို, သေနဲ့ ရောရောပေးတယ် ဗြဟ္မာပြည် ရောက်ပြန်တော့လည်း (အို, သေ-နဲ့ ရောပေးနေတယ်) ဘယ်သူက ရောပေးနေတုန်း (သက္ကာယဒိဋ္ဌိက ရောပေးနေတာပါ ဘုရား) သက္ကာယဒိဋ္ဌိက ရောပေးနေတာ (မှန်ပါ) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိသာ ဖြုတ်ကြည့်စမ်းပါလား ကိုစောမောင်ရ အပါယ်လေးပါးတံခါးလည်း ပိတ်ပြီးသားဗျာ၊ အင်း အောက်သံသရာကြီးမှာ အို, သေရှိသေးရဲ့လား (မရှိတော့ပါဘူး ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့်တုန်း ဆိုတော့ အငန်ရေမတက် လို့ (မှန်ပါ့) သက္ကာယဒိဋ္ဌိတည်းဟူသော အငန်ရေမတက်လို့ပေါက်တဲ့ သစ်ပင်ဟူသရွေ့ အကောင်းချည်းဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အနုရာဓဟောဖို့ရာ ကိုစောမောင်ရ သုံးရက်ရှိပြီး မဟောနိုင်သေး ဘူး၊ ခင်ဗျားတု့ိ ရှင်းနေရတာနဲ့၊ ကိုစံလှရေ ကြာနေတာ ငန်ချို ဒီနေ့ရှင်းပြန်တယ်၊ သဘောကျပလား (ကျပါတယ် ဘုရား) သရက်ပင်ထဲ ဒီအငန်ရေဝင်သွားရင် (ငန်ချိုဖြစ်မှာပါ ဘုရား) သက္ကာယဒိဋ္ဌိပါလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဒါနလုပ်လည်း အပျက်ပဲ (မှန်ပါ့) အကောင်းစစ်ကြီး (မရပါဘူး ဘုရား)။

သီလဆောက်တည်လဲ (အပျက်ပါ ဘုရား) သမထလုပ်ပြန်ကော (အပျက်ပါပဲ ဘုရား) ဒါကြောင့် သက္ကာယဒိဋ္ဌိ ရှိလျက်နဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ဟာဖြင့် လိုချင်တာက အကောင်း၊ ရတာက အရော (မှန်ပါ့) အရောကလဲ ကောင်း သွားတာရောတာလား၊ မကောင်းတာရောတာလား (မကောင်းတာရောတာပါ ဘုရား) မကောင်းတာရောတာကိုသိတော့ ကျုပ်တို့ဖြင့် စိတ်ချမ်းသာ၊ လက်ချမ်းသာနဲ့ နေချင်တာပါပဲ ကိုစောမောင် (မှန်ပါ့)။

သက္ကာယဒိဋ္ဌိမရောစေနဲ့

စိတ်ချမ်းသာ၊ လက်ချမ်းသာနဲ့ နေချင်တယ်ဆိုလို့ရှိရင်ဖြင့် အင်း မရောနဲ့ (မှန်ပါ့) သက္ကာယဒိဋ္ဌိ မရောစေနဲ့ (မှန်ပါ့) သက္ကာယဒိဋ္ဌိမရောစေနဲ့၊ ရောလို့ရှိရင်ဖြင့် စိတ်ချမ်းသာလက်ချမ်းသာ မဖြစ်ရဘူး (မှန်ပါ့) ဘယ့်နှယ်ကြောင့် မဖြစ်ရတုန်းဆိုတော့ ငါ့သားငါ့သမီးတွေက မွဲတဲ့လူနဲ့ ဒီအနာပေါက်တဲ့သူနဲ့ ရှုပ်လာမှာပဲ၊ မရှုပ်ပေဘူးလား (ရှုပ်လာမှာပါ ဘုရား) ရှုပ်လို့ရှိရင် ကျုပ်ဖြင့် သားတွေသမီးတွေနဲ့ ပြုံးပြုံးပဲ နေချင်ပါတယ်လို့ ဆိုဦးတော့ ဒီရောထားတာနဲ့ပဲ ပြုံးကွက်ပေါ် ရဲ့လား (မပေါ်ပါဘူး ဘုရား)။

အဲတော့ ဘာကြောင့် ကံမကောင်းအကြောင်းမသင့်လို့ ပြုံးကွက်မပေါ်တာလား၊ ကိုယ်က နဂိုက ဖြုတ်သင့်တာ မဖြုတ်လို့၊ ငန်ချိုဖြစ်အောင် ရောလို့လားလို့သာ မေးဖို့လိုတော့တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သားလေးကြည့် လိုက်ပြန်တော့ ထော်လော်ကန့်လန့်၊ သမီးလေးကြည့်လိုက်ပြန် ချူချာတယ်၊ ကျုပ်တို့အိမ် ဂြိုဟ်ဝင်တယ်ထင်ပါရဲ့၊ မဟုတ်ဘူး လုပ်တုန်းက ဂြိုဟ်ဝင်ခဲ့တာ (မှန်ပါ) အခုမှ ဝင်တာမဟုတ်ပါဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခုဂြိုဟ်ဝင်တာလား ကိုစံလှ၊ ဟို ဒါန၊ သီလတွေ လုပ်ခဲ့တုန်းကလား (ဒါန, သီလတွေ လုပ်ခဲ့တုန်းကပါ ဘုရား) ဒါဖြင့် အစကမကောင်းခဲ့လို့ အကျိုးပေးမှာလဲ (မကောင်းပါဘူး ဘုရား) ကဲ မကောင်းတာ ဘယ်သူ့ကြောင့်တုန်း (သက္ကာယ ဒိဋ္ဌိကြောင့်ပါ ဘုရား) အကုန်ရောပစ်တာ (မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ ဘုရား)။

တစ်ပြုံကြီး ဖြစ်ရပါလို၏

ဒီထဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ခက်လိုက်တဲ့ဖြစ်ခြင်းကတော့ဖြင့် သက္ကာယဒိဋ္ဌိက မပြုတ်သေးတော့ ဒီသား ဒီသမီး ဒီမြေး ဒီမြစ်တွေနဲ့ဟုတ်လား၊ ရောက်ရာခရီးမှာ တစ်ပြုံကြီး ဖြစ်ရပါလို၏။ ဘယ်သူက တောင်းတဲ့ဆုပါလိမ့် (သက္ကာယဒိဋ္ဌိက လုပ်တာပါ ဘုရား)။

ဒါဖြင့် ဒီထဲမှာ အကုန်သံတုန်းသံခဲ ရွှေတုန်းရွှေခဲကြီး မွေးဖွားလာမယ်လို့ ဒီလိုရှိပါ့မလား (မရှိပါဘူး ဘုရား) မမာတဲ့လူရယ်၊ အင်း-ဆွံ့တဲ့လူရယ်၊ အ,တဲ့ပုဂ္ဂိုလ်၊ ချောတဲ့ပုဂ္ဂိုလ်၊ ရုပ်ဆိုးတဲ့ပုဂ္ဂိုလ်၊ စိတ်ကောင်းတဲ့ပုဂ္ဂိုလ်၊ စိတ်မကောင်း တဲ့စိတ်ကြမ်းတဲ့ ပုဂ္ဂိုလ်လာမလား မလာဘူးလား (လာမှာပါ ဘုရား)။

ဪ-ဒီကျမှ တစ်အိမ်လုံးဟာ ညီညွတ်တယ်လို့ မရှိဘူး၊ ဘယ်တော့မှလဲ မျက်ရည်နဲ့ မျက်ခွက်ပြတ်ရတယ် မရှိဘူး၊ ဘာများ ဖြစ်ခဲ့ပါလိမ့်၊ ခုတော့သိပြီ (သိပါပြီ ဘုရား) ဘာများဖြစ်ခဲ့ပါလိမ့် (ရောခဲ့လို့ပါ ဘုရား) ရောလို့ဗျ၊ ဦးဘရှင်း ဘာဖြစ်ခဲ့တုန်း (ရောခဲ့ပါတယ် ဘုရား) ရောတော့ အခု ခင်ဗျားတို့ သူ့အကျိုးပေးများတော့ဖြင့် လိုချင်သေးရဲ့လား အခု (မလိုချင်ပါဘူး ဘုရား) မလိုချင် သူ့ အရင်ဖြုတ်ပါလား (မှန်ပါ့) ဒကာ ဒကာမတို့ သူ့အရင်ဖြုတ်ရမှာ မဟုတ်လား (မှန်ပါ့) သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ရမှာ၊ ခင်ဗျားတို့ဟာက သူ့မဖြုတ်ဘဲနဲ့ သူရှိရက်နဲ့ တန်းလန်းလုပ်နေတော့ ငန်ချိုချည်း ဖြစ်နေ တယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား) ဘယ်လိုဖြစ်နေတုန်း (ငန်ချိုဖြစ်နေပါတယ် ဘုရား)။

ငန်ချိုဖြစ်နေတယ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ကဲ-ခင်ဗျားတို့ကိုက အကောင်းကြိုက်မဟုတ်ဘူး (မှန်ပါ့) ဘယ်လို ဆုံးဖြတ်ချက်ချမတုန်း (အကောင်းကြိုက်မဟုတ်လို့ပါ ဘုရား) ကြိုက်တာတော့ အကောင်းကြိုက်ပါတယ်တဲ့ (မှန်ပါ့) ကြိုက်တာကတော့ (အကောင်းကြိုက်ပါ ဘုရား) လုပ်တာက (မတတ်ပါဘူး ဘုရား) မတတ်ဘူးတဲ့၊ ချဉ်ဖတ်တည်တော့ အမြှုပ်တွေ ထနေတော့မှ လက်ဆိတ်မရှိဘူး လုပ်ချင်လုပ်နေတာ၊ မဟုတ်ဘူး ခင်ဗျားတို့က အချိုမကျလို့ ဒီချဉ်ဖတ်ဖြစ်တာ ပါ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတွေက တောင်ပြော-မြောက်ပြောနဲ့ လက်ဆိတ်မရှိလို့ မချဉ်ဘူးလိုလို၊ ခက်ကောင်း ခက်ရချည်ရဲ့၊ ခုချဉ်လို ချဉ်တာပေါ့ဗျ၊ လက်ဆိတ်မရှိလို့ မဟုတ်ပါဘူး၊ ကိုယ်မလုပ်တတ်လို့ (မှန်ပါ) သဘောကျပလား (ကျပါတယ် ဘုရား)။

သောကပရိဒေဝ မလွန်နိုင်တာ ဘယ်သူကြောင့်ပါလိမ့်

အခု ဒကာ ဒကာမတွေမှာ သောက ပရိဒေဝါနံ သမတိက္ကမာယ၊ သောကပရိဒေဝ မလွန်နိုင်တာ ဘယ်သူ့ကြောင့်ပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)။

တစ်အိမ်ကြည့်လိုက်ပြန်လည်း မအေးရပါဘူး၊ သားလင်၊ ခင်ပွန်းအတွက်နဲ့ မအေးရပါဘူး၊ သောကနဲ့၊ ဟင်-ဒကာ ဒကာမတွေ မပြန်လာလို့ မျက်ရည်နဲ့မျက်ခွက်နဲ့ နေရတဲ့အခါ (ရှိပါတယ် ဘုရား) ခက်လိုက်တာ လွန်လို့ဆိုတော့၊ ဟ ဘယ့်နှယ်ကြောင့် ဘာဖြစ်နေတာတုန်း၊ အို လင်ဆိုးသားဆိုးနဲ့တွေ့လို့ ဒီလိုဖြစ်ရတယ် သားဆိုးသမီးဆိုးနဲ့ တွေ့ရလို့ (ဒီလိုဖြစ်ရတယ် ဘုရား)။

ဒီလိုဖြစ်ရတယ်လို့ သူတို့ပြောတော့ ကိုယ်က သက္ကာယဒိဋ္ဌိ (မှန်ပါ့) သားဆိုးသမီးဆိုးက ဆိုးတာလား ကိုယ်က သက္ကာယဒိဋ္ဌိ ငန်ချိုလုပ်ထားတာလားသာမေး (ကိုယ်က သက္ကာယဒိဋ္ဌိ ငန်ချိုလုပ်ထားတာပါ ဘုရား) ငန်ချိုအပြစ်သင့်တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာအပြစ်သင့်တာတုန်း (ငန်ချို အပြစ်သင့်တာပါ ဘုရား)။

ငန်ချိုအပြစ်သင့်နေတဲ့ဥစ္စာ၊ သူက အကုန်ခန္ဓာငါးပါးပျံ့နှံ့နေတာ၊ နောက်တုန်းက သူ-ဒါနလုပ်တုန်းကလည်း ဒီခန္ဓာငါးပါးနဲ့လုပ်တာ၊ သူကလည်း အကုန်ပျံ့နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) စေတနာထဲလည်း သူက ရောနေတယ်၊ ကံထဲမှာလည်း (ရောနေပါတယ် ဘုရား) စိတ်ထဲမှာလည်း (ရောနေပါတယ် ဘုရား) ကာယကံထဲမှာ ရော (ရောနေပါတယ် ဘုရား)။

ဝစီကံထဲမှာရော (ရောနေပါတယ် ဘုရား) သူမပါတာ ရှိသေးလား (မရှိပါဘူး ဘုရား) သမုဒ္ဒရာ ဒီရေလို၊ ခင်ဗျားတို့ ခန္ဓာငါးပါးမှာ အကုန်ပျံ့နေတယ် (မှန်ပါ့) ပျံ့နှံ့ပြီး ဒီခန္ဓာငါးပါးနဲ့ လုပ်တဲ့အလုပ် ဟူသရွေ့၊ သူပျံ့ပြီးလုပ်တဲ့ အလုပ်ဟူသရွေ့ ကတော့ဖြင့် နောက်အကျိုးပေးဟာ ဘယ်လိုနေမယ်ဆိုတာ ကိုစံလှ ရိပ်မိပါရဲ့လား (ရိပ်မိပါတယ် ဘုရား) ငန်ချိုချည်းပဲ (မှန်ပါ့)။

ဒါကံလား သက္ကာယဒိဋ္ဌိလား

အချိုသက်သက်ကတော့ မလာတော့ဘူး ဆိုတော့ ဪ ကံမကောင်း အကြောင်းမသင့်တာလားဆိုတော့ ကံနဲ့ မဆိုင်ဘူး၊ ဒီကြည့် ဒါကံလား သက္ကာယဒိဋ္ဌိလား၊ ဒါဖြင့် ခန္ဓာငါးပါးမှာ သူမှီနေတော့ ဒိဋ္ဌိက ဟိုဘက်ပိုပွားနေတယ်၊ မပွားဘူးလား (ပွားပါတယ် ဘုရား) ဒီဘက်က အိမ်တို့ ကားတို့ကိုလဲ ဒါဘယ်သူ့ဟာတုန်းမေးတော့ (ငါ့ဟာပါတဲ့ ဘုရား) ငါ့ဥစ္စာတွေ လာပြန်တာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ဒီဟာတွေဖြင့် ကိုစောမောင် မြေကောင်းဟုတ်သေးရဲ့လား (မဟုတ်တော့ပါဘူး ဘုရား) သက္ကာယ ဒိဋ္ဌိအငန်ပျံ့သွားပြီ (ပျံ့သွားပါပြီ ဘုရား) ကိုစံလှရေ ဘာပျံ့သွားတုန်း (သက္ကာယဒိဋ္ဌိ ပျံ့သွားပါတယ် ဘုရား) ဒီပေါ်မှာ ပေါက်တဲ့ဒါန၊ ဒီပေါ်မှာ ဆောက်တဲ့သီလ၊ ဒီပေါ်မှာ အားထုတ်နေတဲ့ သမထဖြင့် ငန်ချိုပဲ၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီလောက်ထိအောင် ရှင်းရှင်းလင်းလင်းပြောဆိုဆုံးမမည့်လူ မရှိလို့ရှိရင် ဦးဘရှင်း၊ ကိုယ်ကျိုးနည်းတော့မယ် (မှန်ပါ့) ကိုယ်ကျိုးနည်းတာပဲ၊ မနည်းကြဘူးလား (နည်းပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဒီလောက်ထိအောင် သူရှုပ်နိုင်တယ်ဆိုတာလည်း ပေါ်ပြီဗျ (ပေါ်ပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိဖြုတ်ပါ

ဒါဖြင့်သူသည် သက္ကာယဒိဋ္ဌိဖြုတ်ပါ ဖြုတ်ပါဆိုတဲ့ဥစ္စာ, ခန္ဓာကို ဖြုတ်လိုက်ရင် ခန္ဓာပေါ်ကဟာ ပြုတ်ပြီးသားဖြစ် သွားတယ်၊ ပြုတ်ပါတယ်၊ ငါဖြုတ်လိုက်လို့ရှိရင် – ငါ့ဥစ္စာပြုတ်ပါတယ် (မှန်ပါ့)။

ခုတော့ ငါကိုလည်းမဖြုတ်တော့ ငါ့ဥစ္စာလဲ (မပြုတ်ပါ ဘုရား) ငါ့ဥစ္စာဆိုတဲ့ ငါ့သား ငါ့သမီးဆိုတာက လာပြန် တော့၊ ဟိုဘက်မှာ ကိုစောမောင်က စဉ်းစားပါအုံး၊ င့ါမြေး ငါ့မြစ်ထိအောင်ကလာဦးမှာ (မှန်ပါ့) တကယ်ရေငန်က အတော်ပျံ့နေတယ် (မှန်ပါ့) မပျံ့ဘူးလား (ပျံ့ပါတယ် ဘုရား)။

ဒီတင်မကဘူး ဟိုဘက်ဘယ်သူတွေတုံး၊ အို-င့ါအမျိုးတွေ သား နဲ့ စပ်လာတာ – သမီးနဲ့စပ်လာတာ၊ မလာဘူးလား (လာပါတယ် ဘုရား) ဘယ်လောက်နယ်ကျယ်သွားတုန်း (ကျယ်သွားပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့က ဂုဏ်ယူနေတယ်၊ အမျိုးလက် ညှိုးထိုးလို့ မလွဲဘူး (မှန်ပ့ါ) အံမာ- နည်းတာ မဟုတ်ဘူး၊ တော်တော်ယူတဲ့ဂုဏ် (မှန်ပါ့)။

ဒီမြို့ပေါ်မှာ ဆွေမျိုးလက်ညှိုးထိုးလို့မလွဲဘူး ကိုစောမောင် ကြားဖူူးပါလိမ့်မယ် (ကြားဖူးပါတယ် ဘုရား) အခြံအရံ အချွေအရံ ဒီလောက်ထိအောင် အကျိုးပေးတယ်၊ သူယူထားတာ (မှန်ပါ့) အဟုတ်အမျိုးတွေလားလို့ မေးတဲ့အခါကျတော့ ဘယ်နှယ်ပြောတုံး၊ အဟုတ်ကိုပြောတာ၊ ဘယ်လောက်ပျံ့နှံ့ထားတယ်ဆိုတာ (ပျံ့ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါတွေဟာ သူ့ပူစရာချည်းပဲ၊ သူဆွေးစရာချည်းပဲ၊ ရှင်းပလား ကိုစောမောင်ရဲ့၊ ငိုစရာဆွေးစရာငန်ချိုတွေ ပေါက်နေပေါ့ (မှန်ပါ့) စားကောင်းတာပါသေးရဲ့လား (မပါဘူး ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) အံ့မလေး ဒီလောက်ထိအောင် သက္ကာယဒိဋ္ဌိကို၊ ကွာ-ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ရှင်းရှင်းပြောမယ်တဲ့, သူဟာ ဘယ်လောက် ထိအောင် နယ်ပျံ့တယ်ဆိုတာ ဒီအငန်ရေပျံ့တယ်ဆိုတာ အကနိဋ္ဌဗြဟ္မာပြည်ကျအောင် ပျံ့တယ် (မှန်ပါ့)။

မဖြတ်ရင် မဖြုတ်ရင် အကနိဋ္ဌဗြဟ္မာပြည်ကျအောင် ပျံ့တယ် (မှန်ပါ့) ဘယ်လောက်နယ်ကျယ်တုန်း (ကျယ်ပါ တယ် ဘုရား) ဒီသုံးဆယ့်တစ်ဘုံ အကနိဋ္ဌဗြဟ္မာပြည် ကျအောင် ဘုံအားဖြင့် ဘဝဂ်တိုင်အောင်ပျံ့တယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

မဂ်မပေါ် မချင်းလိုက်မှာ

ဒါဖြင့် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်ကျအောင် လိုက်မှာတုန်းဆိုတော့ ဒကာ ဒကာမတို့ မဂ်မပေါ် မချင်းလိုက်မှာ (မှန်ပါ့) ကိုင်း-မဂ်မပေါ်မချင်း (လိုက်မှာပါ ဘုရား)

ဘုံအားဖြင့်တော့ ဘာတုန်းဘဝဂ်တိုင်အောင်၊ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ (မဂ်မပေါ်မချင်း လိုက်ပါတယ် ဘုရား)။

မဂ်မပေါ်မချင်း သူ, ဒါ-ကျုပ်နယ်တဲ့ (မှန်ပါ့) ခင်ဗျားတို့ ဘာလုပ်နေနေ၊ ငန်ချိုချည်း ဖြစ်ရမယ် (မှန်ပါ့) ဒီလောက် ထိအောင် သတ္တိထက်တယ်၊ အဲတော့ ဦးဘရှင်းတို့ ကိုစံလှတို့ စဉ်းစားကြပါ၊ ခက်ပါလား (ခက်ပါတယ် ဘုရား) မပေါ်လာဘူး လား (ပေါ်လာပါတယ် ဘုရား) ဒီအတိုင်းထားလို့ကော (မရပါဘူး ဘုရား) မတော်ဘူး၊ ဖြာလိုက်တဲ့ အညွန့်အခက်တွေက တော့ (များပါတယ် ဘုရား)။

ဖြာလိုက်တဲ့ အညွန့်အခက်တွေကလည်း အချိုကိုပါရဲ့လား (မပါပါဘူး ဘုရား) အငန်ရောချည်းပဲ (မှန်ပါ့) ဦးဘကလေး ဘယ့်နှယ်နေတုန်း (ငန်ချိုချည်းပါ ဘုရား) ဒကာကြီးလှိုင် ရိပ်မိပါရဲ့လား (ရိပ်မိပါတယ် ဘုရား) တယ်လည်း ကျယ်၊

ခင်ဗျားတို့က နဂိုတုန်းကတော့ ဘုံအားဖြင့် ဘဝဂ်တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် လိုက်သတဲ့ဆိုတော့ သာမညအောက်မေ့တယ်၊ ဒီလောက် ပျံ့နှံ့တယ်လို့ အခုလို ပျံ့ပြလိုက်တော့မှ ဒီရေရောက်သရွေ့ အပင်ပေါက်သရွေ့ ဆေးပင်တောင် အကုန်ပျက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဆေးဟူသရွေ့ သတ္တိတွေ ပျက်ကုန်တာပဲ

ဒီရေက ဒီနေရာရောက်သွားပြီးဆိုရင် မြေကငန်နေရစ်ပြီ ကိုစောမောင်၊ မြေထဲက ဩဇာယူပြီး ဒီအပင်ကပေါက်ရ မှာကိုး (မှန်ပါ့) ကဲ ခင်ဗျားတို့က ဇာတိပ္ဖိုလ်စိုက်လည်း ဇာတိပ္ဖိုလ်ပျက်မှာပဲ (မှန်ပါ့) လေးညှင်းစိုက်လည်း လေးညှင်းပျက် (လေးညှင်းပျက်မှာပါ ဘုရား) သူ့အရသာ ဆေးဟူသရွေ့ သတ္တိတွေ ဘယ့်နှယ်နေတုန်း ပျက်ကုန်တာပဲ၊ ကိုစံလှရေ တယ် ပြင်းပါလား (မှန်ပါ့) နယ်ကကော (ကျယ်ပါတယ် ဘုရား)။

ကိုင်း-ဦးဘရှင်း ဒီဥစ္စာ ဖြုတ်သင့်မဖြုတ်သင့် (ဖြုတ်သင့်ပါတယ် ဘုရား) ကိုစံလှတို့ဪ -ဒါကြောင့် သက္ကာယ ဒိဋ္ဌိတစ်လုံးတည်း ဟောနေတာ ကိုစောမောင်က မပြီးနိုင်ဘူးများ အောက်မေ့မနေနဲ့၊ ပြီးနိုင်စရာတောင်မရှိဘူး၊ ကျယ်သွား တာက –

ကဲ-ကြည့်စမ်း မနေ့ကတစ်မျိုး ဒီနေ့တစ်မျိုး ပြောတဲ့အခါကျတော့မှ ဆွေမျိုးလက်ညှိုးထိုး မလွဲဘူး ဆိုတာများ ဘယ်သူက ထွက်လာတဲ့အသံပါလိမ့် (သက္ကာယဒိဋ္ဌိက ထွက်လာတဲ့ အသံပါ ဘုရား) အဲဒီ ဆွေမျိုးတွေဟာ အကုန်လုံး လူကျန်းမာနဲ့ လူချမ်းသာချည်းပဲလားလို့ မေးတဲ့အခါ (မဟုတ်ပါဘူး ဘုရား)။

လက်ညှိုးထိုးလို့ မလွတ်သလို သူ့မှာ မျက်ရည်မလွတ်အောင် ဖြစ်နေတယ်၊ နေ့တိုင်း မျက်ရည်မထွက် ရပေဘူးလား (ထွက်ရပါတယ် ဘုရား) ဘယ်သူဖြန့်တာတုန်း (သက္ကာယဒိဋ္ဌိ ဖြန့်ထားတာပါ) ဘယ်လောက် ကျယ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိက ပြောခိုင်းတာ

ဒါ-ခင်ဗျားတို့က ကြွားပြီး ကျုပ်တို့က ဆွေကြီးမျိုးကြီး အင်း-တော်တော် ကြွားလိုက်တာပဲ၊ ဒါ-ဂုဏ်ရှိတယ်လို့ ယူတာပဲ (မှန်ပါ့) သက္ကာယဒိဋ္ဌိက ပြောခိုင်းတာ (မှန်ပါ့) အဲဒါ မင်းငိုစရာတွေလို့ ပြောမယ့်လူက တစ်ယောက်မှမရှိဘူး (မရှိပါဘူး ဘုရား) ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

သမ္မာဒိဋ္ဌိသမားက တစ်ယောက်မှ မဝင်လာဘူး (မှန်ပါ့) ဝင်လာသေးရဲ့လား (မဝင်လာပါဘူး ဘုရား) အဲတော့ ဒကာ ဒကာမတွေ သူက ပြုံးခိုင်းရင် ပြုံးလိုက်၊ သူက မဲ့ခိုင်းရင် (မဲ့လိုက်ပါ ဘုရား) ဘယ်လောက်ထိအောင် ခင်ဗျားတို့အပေါ် မှာ ငလုံးဂျင် နိုင်သလို နိုင်နေတယ် (မှန်ပါ့) မနိုင်ဘူးလား (နိုင်ပါတယ် ဘုရား)။

ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား) ငိုဆို-ငိုလိုက်ပါတယ် ပြုံးဆိုရင် (ပြုံးလိုက်ပါတယ် ဘုရား) မဲ့ဆိုရင် (မဲ့လိုက် ပါတယ် ဘုရား) ဂျွမ်းထိုးမှောက်ခုံ သေလိုက်ဆိုရင် (သေရပါတယ် ဘုရား) အပါယ်သွားလိုက်ဆိုရင် (သွားရပါတယ် ဘုရား)။

ဒါဖြင့် သူ့ကို ဒီအတိုင်းထားလို့ ကိုစောမောင် ဘယ်တော့မှ မတော်ဘူး (မှန်ပါ့) ဒကာ ဒကာမတို့ မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား) အမယ်လေး ဒကာ ဒကာမတွေကလည်း သူ့ကို သေးသေးကွေးကွေးမှတ်လိုက်တာ၊ သူကလည်း ကျယ်လိုက်တာ (မှန်ပါ့) သမုဒ္ဒရာပင်လယ်ထဲက ဒီရေဆိုတဲ့ဥစ္စာ ကိုစောမောင် မိုင်ပေါင်းများစွာသွားတာ (မှန်ပါ့)။

အောက်ပြည်မှာနေဖူးတဲ့ ပုဂ္ဂိုလ် ဒီရေတက်သတဲ့ဆိုရင် အို-မောင်လမြိုင်ကနေတက်တာ ပဲခူးရောက်နေတာပဲ၊ နည်းတာမှ မဟုတ်တာဘဲ၊ အဲဒီပေါက်တဲ့သစ်ပင်တွေ ဟူသရွေ့လည်း ကိုပေါ် ငန်ချိုချည်းပဲ၊ ခါးတဲ့အပင်လဲ (ငန်ခါးပါ ဘုရား) အခါးနဲ့မှ လေနိုင်တဲ့ဆေး အခါး လိုချင်ပါတယ်၊ အဲဒီနေရာ သွားပေါက်တဲ့ဆေးဆိုရင်ဖြင့် ပျက်ပြီ (မှန်ပါ့) ငန်ခါးဖြစ်နေလို့ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငါ-ဝိပဿနာရှုနေတယ်

ဒါဖြင့် ဒကာ ဒကာမတို့ သူ့ဘယ်လိုလုပ်ကြမယ် (ဖြုတ်ရမှာပါ ဘုရား) မဖြုတ်ရင် အကုန်ပျက်လိမ့်မယ် (မှန်ပါ့) သုံးဆယ့်တစ်ဘုံမှာ ကျုပ်တို့သွားမယ့်နေရာတိုင်းမှာ သူနှံ့နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘုံအားဖြင့် ဘဝဂ်တိုင် အောင် သူပျံ့ပါတယ်၊ ကိုစံလှသဘောပါလား (ပါ-ပါတယ် ဘုရား) ဓမ္မအနေအားဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်ဆုံးခါနီးမှ သောတာပတ္တိမဂ် ရှေ့ ဂေါတြဘူထိ၊ ဝိပဿနာဉာဏ်ထဲတောင် ငါ-ပါအုံးမယ်တဲ့၊ ကဲ-မဂ်ထဲကျမှ နေရစ်ပေတော့တယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်ထဲများ (ငါ-ပါဦးမယ်တဲ့ ဘုရား) ငါ-ပါနေတယ်၊ ငါ-ဝိပဿနာရှုနေတယ်၊ ငါ-ဒီနေ့ တယ်ရှုကောင်း တယ်၊ ဝိပဿနာဉာဏ်လောက်များတော့ သူက ငါ၊ မဖြုံသေးဘူးဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မဂ်ဉာဏ်ကျတော့ သူကိုယ်ကျိုးနည်းပြီ၊ ကျုပ်ဖြင့် ကိုယ်ကျိုးနည်းပြီဆိုပြီး ဘယ်တော့မှ မလာဘဲနေတယ် (မှန်ပါ့) ကိုစောမောင် ဘယ်လောက် ဆိုးတုန်း (ဆိုးပါတယ် ဘုရား)။

နိဗ္ဗာန်ရခါနီးမှာ ဒကာ ဒကာမတို့ မာရ်နတ်အဖြစ်နဲ့ အမှုထမ်းတာ ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား) သုံးဆယ့် တစ်ဘုံမှာ ခင်ဗျားတို့ကို တစ်ခါတည်းအပြုံးနဲ့ အမဲ့မှာ အမဲ့များအောင် လုပ်နေတာ ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား) သူ့ထက်ဆိုးများ ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား) ခင်ဗျားတို့က၊ အင်း-ကံကိုသာထည့်ပြီး စကားပြောနေတယ်၊ လက်သည်က သူ-ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကံကိုထည့်ပြီး ဦးဘရှင်းတို့ ဘာမသိ ညာမသိနဲ့ ကံမကောင်း အကြောင်းမသင့်လို့ဘုရား၊ မနေ့ကမြင်တယ် ယနေ့သွားပေါ့၊ အစရှိသည်နဲ့ မနေ့က အကောင်းကြီး ယနေ့ လက်ကျိုးသတဲ့ ကံများခေရှာတယ်၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား) ဘယ်ဟုတ်လိမ့်မတုန်း သူလုပ်တာ၊ ဘယ်သူလုပ်တာပါလိမ့် (သက္ကာယဒိဋ္ဌိပါ ဘုရား)။

သက္ကာယဒိဋ္ဌိလုပ်တယ်

သက္ကာယဒိဋ္ဌိလုပ်တယ်-မလုပ်တယ် စဉ်းစားကြည့်ပါတဲ့၊ ငါစားဖို့ ငါသွားဝယ်တာနဲ့ဟုတ်လား၊ ငါစားဖို့ ငါ အရောင်းအဝယ် သွားတာနဲ့၊ ကိုစောမောင်ရ လမ်းကားမှောက်လို့ လက်ကျိုးရတယ် (မှန်ပါ့) လက်ဘယ်သူချိုးတာတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား) ငါစားဖို့သွားတာလေ၊ ဘယ်သူက ချိုးတယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်း-ဘယ်သူသည်ကားဆိုရင်ဖြင့် အပြေးသွားတာနဲ့ ခလုတ်တိုက်သတဲ့၊ လမ်းမှာလဲလိုက်တာမှ သွားတွေကျိုး ထွက်ကုန်သတဲ့၊ ဟ-ဘယ်သွားလို့တုန်း သွားပုံပြောစမ်းပါ၊ အို-သူ့အမျိုးရှိလို့ သူရစရာရှိတာနဲ့ သူပြောတာ ငါပြောလို့ ငါလဲတာ (မှန်ပါ့) ဘယ်သူက သွားကျိုးခိုင်းတုန်း (သက္ကာယဒိဋ္ဌိကပါ ဘုရား) ကဲ လုပ်သရွေ့ ကိုစောမောင်ရာ (သက္ကာယဒိဋ္ဌိ ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) လုပ်သရွေ့ကိုင်သရွေ့ဟာဖြင့် (သက္ကာယဒိဋ္ဌိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငရဲတွေ ဘယ်သူတည်ဆောက် (သက္ကာယဒိဋ္ဌိ တည်ဆောက်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သုံးဆယ့်တစ်ဘုံ အိုပွဲ, နာပွဲ, သေပွဲတွေ ခင်းထားလိုက်တာ (သက္ကာယဒိဋ္ဌိပါ ဘုရား) ပေါ်ပြီဗျ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဒါဖြင့် လုပ်ကြစို့ဆိုတော့ ကိုစောမောင် ဒါ-မခွါမဖြစ်ဘူး (မှန်ပါ့) အမလေး သူ့ခွါစရာလို့မသိတော့ အတော်ပြောနေရတယ် (မှန်ပါ့) ကိုစံလှ သိပလား (သိပါပြီ ဘုရား)။

သူ့ထက် အရုပ်ဆိုးများ ရှိသေးလား (မရှိပါ ဘုရား) ခင်ဗျားတို့ရဲ့ ရန်သူအကြီးဆုံးကော ဘယ်သူတုန်း (သက္ကာယ ဒိဋ္ဌိပါ ဘုရား) ဘုရားကလည်း ဒီပြင်ဟာ ဒါလောက်မှ မဟောဘဲ၊ ဒီပြင်က ဒါလောက်မဟောဘူး၊ လှံကြီးလာရင် မြန်မြန် ရှောင်သလို ဦးခေါင်း မီးလောင်ရင် မီးမြန်မြန်ငြိမ်းသလို၊ သူ့ကိုမြန်မြန်ငြိမ်းပါ ဆိုတာ ဒီပြင်တရားကို မဟောခဲ့ဘူး၊ ဘာဟောတုန်း (သက္ကာယဒိဋ္ဌိကို ဟောပါတယ် ဘုရား)။

ဒါဖြင့် အရေးကြီးလို့ပြောတာ၊ ကျုပ်တို့က ဖြည်းဖြည်းဆေးဆေး လုပ်နေလို့ တော်ပါ့မလား (မတော်ပါဘူး ဘုရား) ရှင်းပြီနော် (မှန်ပါ့) ကောင်းပြီ၊ ဒါဖြင့် ဘယ်ငြိနေတုန်း ကိုစောမောင်ရေ ငြိပုံလေး ပျောက်သွားဦးမယ် (ခန္ဓာငါးပါး ဘုရား) အေး-ဒါလေး မပျောက်စေနဲ့ (မှန်ပါ့) ဒါဖြင့် ခန္ဓာငါးပါးမှ မသိတဲ့ပုဂ္ဂိုလ်များမှာဖြင့် အကုန်ငြိနေတယ်၊ သဘောကျရဲ့ လား (ကျပါတယ် ဘုရား)။

ခန္ဓာငါးပါးမှ မသိတဲ့ပုဂ္ဂိုလ်မှာ

ခန္ဓာငါးပါးမှ မသိတဲ့ပုဂ္ဂိုလ်မှာဖြင့် (အကုန်ငြိပါတယ်) အကုန်ငြိပဲဆိုတော့ ကိုစောမောင် အကုန်ဖြုတ်ရမယ် (မှန်ပါ့) အကုန်ငြိနေရင် အကုန်ဖြုတ်ရမယ်ဆိုတာ ဒီဘက်က ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ ခင်ဗျားတို့ အခု အင်-တွင်းတွေလည်း ထောင်ကြ ကျောက်တွေလည်း အရောင်းအဝယ် လုပ်ကြ၊ ဘယ့်နှယ်တုန်း ခင်ဗျားတို့က အနားကို မရှိပါဘူး၊ မနှစ်ကလည်းရတယ်၊ အဲဒါလေးနဲ့ ထိုင်ပြီးများ အေးအေးဆေးဆေး အသက်ကလေး မှန်မှန်ရှူနေပါဦးတော့၊ အို-ကိုယ်တော်တို့ ပြောတော့ အလွယ်လေး၊ သက္ကာယဒိဋ္ဌိက မပြောသေးဘူးလား ပြောပါတယ်၊ သူက ဆင်ခြေလဲတယ်၊ ဒီကိုယ့်တစ်ဝမ်း တစ်ခါးတည်းမှ မဟုတ်ဘဲဘုရား၊ အရှင်ဘုရားတို့လိုမှမဟုတ်ဘဲ၊ ငါတွေရှိနေတော့ ငါ့ဥစ္စာတွေက နည်းတာမှမဟုတ်ဘဲ၊ အင်း-သူက တရားဝင် တရားဟောပြီ (မှန်ပါ့)။

အင်း-တော်တော့ ဘုန်းကြီးများ ဆိုလို့ရှိရင် အင်း-ဟုတ်တယ် ဟုတ်တယ်၊ ခင်ဗျားတို့ ကျုပ်တို့လိုမဟုတ်ဘူး လို့ လျှော့လာခဲ့ရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)

သက္ကာယဒိဋ္ဌိက ဝင်ပြီး ပူးတဲ့ပြီးပြောလိုက်တော့ အိုလည်း အိုပါပြီ၊ ငါးဆယ်-ခြောက်ဆယ်ရှိကုန်ပြီ ရပ်ပါတော့လား အစရှိသည်နဲ့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘယ့်နှယ်လုပ်မလဲ သူက ထွက်လာတာ၊ သူက ဘယ်လို ထွက်လာတုန်း (ဘယ့်နှယ်လုပ်မလဲတဲ့ ဘုရား) သူ ဘယ့်နှယ်လုပ်မလဲဆိုတာ ခင်ဗျားတို့က နားမလည်လိုက်ဘူး၊ ဘယ့်နှယ်လုပ်မလဲလို့ သူက ပြောလိုက်တာက ငါ့ကိုမှီနေတာ တွေ နည်းတာမဟုတ်ဘူး၊ ဒါလက်ညှိုးညွှန်ချလိုက်တယ် (မှန်ပါ့)။

ငါ့ဥစ္စာတွေ နည်းတာတွေမဟုတ်ဘူး၊ ဘယ်သူက ပြောလိုက်တာတုန်း (သက္ကာယဒိဋ္ဌိက ပြောလိုက်တာပါ ဘုရား) ဒါဖြင့် ဒီ ငါ့ဥစ္စာတွေ နည်းတာတွေမဟုတ်ဘူးဆိုပြီး သက္ကာယဒိဋ္ဌိက ညွှန်ပြလိုက်တဲ့အခါကျတော့ ကိုစောမောင်တို့လူစုက မသိတဲ့လူက ဟုတ်ပေလိမ့်မယ်၊ ဘယ့်နှယ်ဆိုကြမတုန်း (ဟုတ်ပေလိမ့်မယ်လို့ ဆိုကြပါတယ် ဘုရား)။

သက္ကာယဒိဋ္ဌိက ထောက်ခံချက်ပေးတယ်

အမယ်လေး သက္ကာယဒိဋ္ဌိက ထောက်ခံချက်များ ပေးလိုက်သေးတယ်၊ မပေးလိုက်ဘူးလား (ပေးပါတယ် ဘုရား) ကိုစံလှတို့လူစုက ပေးဖူးလှပြီနော် (မှန်ပါ့) ခင်ဗျားအဖိုးကြီး ကြီးလှပြီ တော်ပါတော့လား၊ မင်းတို့မသိဘူးကွ အကုန် ငါ့မှီနေတာ၊ ဟုတ်ပေလိမ့်မယ်လေ၊ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)

ဦးဘရှင်း ခင်ဗျား ဘယ်နှစ်ခါ လိုက်ဖူးသတုန်း မရေတွက်နိုင်ဘူး၊ ရိပ်မိကြပလား (မှန်ပါ့) ဒကာ ဒကာမတို့ အဲဒါ ခင်ဗျားတို့ကလည်း ပြီးတော့မှ ဆုများ တောင်းလိုက်သေး တယ်၊ အင်း-ပေးနိုင်ကျွေးနိုင် ဘဝမျိုး ဖြစ်ပါရစေ၊ အံမာ လာသေးတယ်၊ ဘယ်လိုများ လာကြတုန်း (ပေးနိုင်ကျွေးနိုင်တဲ့ ဘဝမျိုး ဖြစ်ရပါစေတဲ့ ဘုရား)။

အင်း-ဒီထဲက သူတို့က ငြိမ်ငြိမ်လေးနဲ့ သင့်သင့်မျှမျှနဲ့ စားရလို့ရှိရင် ကျုပ်တို့က ခပ်ပြုံးပြုံးနဲ့၊ နောက်လှည့်ပြုံးရ- ပြုံးရ ကျုပ်တို့က ကျေနပ်တယ်၊ အံမယ် အတော်အဟောကောင်းတယ်၊ ဒီဒါနမသေးဘူးလို့ ပြောလိုက်သေးတယ်၊ ပြီးတော့ သူရောနေတယ်၊ မရောဘူးလား ရောလား (ရောပါတယ် ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အမယ်လေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ စကားတတ်လို့ ပြောတာလား သူ့နယ်ဒီလောက်ကျယ်တာ ပြောတာလား (သူ့နယ်ကျယ်တာ ပြောတာပါ ဘုရား) ဟုတ်ပလား ကိုစောမောင် (ဟုတ်ပါတယ် ဘုရား) ကိုင်း-ဒါဖြင့် အခု အမောဆိုက်နေတဲ့ ဒကာ ဒကာမတွေ၊ ဟိုပြေးလိုက်-ဒီပြေးလိုက် ကိုစောမောင် (မှန်ပါ့)။

ဘယ်သူပြေးခိုင်းတာတုန်း

အင်း-စစ်တွေကြားပြေးလိုက်၊ ဘယ်သူပြေးခိုင်းတာတုန်းဗျ (သက္ကာယဒိဋ္ဌိပြေးခိုင်းတာပါ ဘုရား) သူက အပြေးခိုင်း နေတာ ငါရှိနေတော့ ငါ့ဥစ္စာဖြစ်ဖို့ ကိုစံလှ မပြေးခဲ့ရဘူးလား (ပြေးခဲ့ရပါတယ် ဘုရား) ရန်သူထဲ တွန်းထုတ်နေတာရော (သက္ကာယဒိဋ္ဌိပါ ဘုရား)။

မသေမချင်း တွန်းထုတ်နေတာ (မှန်ပါ့) သေတဲ့အခါကျတော့ ကိုစောမောင်တို့ကဪ -ကံမကောင်း အကြောင်း မသင့်လို့ ကျုပ်ဖြင့်သေခဲ့ရတယ်၊ လုပ်တာက သူက၊ စွဲချက်တင်လိုက်တော့ ကံပေါ်သွားတင်တယ်၊ သူက ဘေးကနေပြုံး တယ်၊ လုပ်တာငါက စွဲချက်တင်တာက တခြားဆိုတော့ ကိုပေါ်၊ သက္ကာယဒိဋ္ဌိဘယ့်နှယ် ထင်တုန်း (ပြုံးပါတယ် ဘုရား)။

အဲလောက်ကျအောင် ခင်ဗျားတို့ကို လှည့်နိုင်တာ (မှန်ပါ့) မလှည့်နိုင်ဘူးလား (လှည့်နိုင်ပါတယ် ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) အဲဒါကြောင့် ခင်ဗျားတို့ စကားလေးများ ပြောမယ်ကြံရင် သက္ကာယဒိဋ္ဌိက ပြောတဲ့အသံလား ဉာဏ်က ပြောတဲ့အသံလားဆိုတာလဲ ရှင်းကြပါဦး၊ ရှင်းကိုမရှင်းဘူး (မှန်ပါ့)။

ဘယ့်နှယ်လုပ်မတုန်းဘုရား ဒီသားတွေ၊ သမီးတွေ၊ ဒီမြေးတွေ၊ ဒီမြစ်တွေနဲ့ အရှင်ဘုရားတို့လို သပိတ်တစ်လုံးနဲ့ မနက်ထွက် ပြည့်စုံတာ မဟုတ်တော့ တပည့်တော်တို့ မခက်ဘူးလား၊ တပည့်တော်မှီနေကြတာ၊ တပည့်တော်ဆိုတာငါပဲ သဘောကျပလား (ကျပါတယ် ဘုရား)။

ဘုန်းကြီးမို့ တပည့်တော်သုံးလိုက်တာ၊ ပြောတော့ (ငါ-ပါ ဘုရား) ငါ့မှီနေကြတာတွေ ဘယ်လောက်များတုန်း၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) အဲတော့ ငါရုန်းမယ်ဆိုတဲ့ အဓိပ္ပါယ်ကော မသေချာဘူးလား (သေချာပါတယ် ဘုရား) ဘယ်သူက အရုန်းခိုင်းသတုန်း (သက္ကာယဒိဋ္ဌိက အရုန်းခိုင်းပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သက္ကာယဒိဋ္ဌိက အရုန်းခိုင်းလို့

ဒါဖြင့် သိပ်ပြီးအပင်ပန်းခံနေတဲ့သူတွေ ကိုစောမောင် တွေးလိုက်တာပေါ့၊ ဘယ့်နှယ်ကြောင့် ဒီလောက်ရုန်းနိုင်ပါ လိမ့် (သက္ကာယဒိဋ္ဌိက အရုန်းခိုင်းလို့ပါ ဘုရား) ဒါဖြင့် အရုန်းခိုင်းတာလည်း သူပဲ၊ ရုန်းပြီး သကာလ တစ်ခါတည်း၊ အပါယ် ပို့လိုက်တာလဲ (သူပါ ဘုရား) နွားခိုင်းလည်းခိုင်းတယ်၊ နွားသတ်ရုံပို့တာ ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား)။

ခိုင်းတာလည်း ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား) အပါယ်ချတာလည်း သူပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဆိုးမှန်းသိလို့ရှိရင် ခင်ဗျားတို့ တစ်စက္ကန့်တောင် ပေါင်းသင့်-မပေါင်းသင့် (မပေါင်းသင့်ပါဘူး ဘုရား) ရိပ်မိလာပြီ၊ ဒကာ ဒကာမတို့ ပေါင်းသင့်မပေါင်းသင့် (မပေါင်းသင့်ပါဘူး ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဪ-ဆိုတဲ့လေပြေကိုမလာစေနဲ့ (မှန်ပါ့)ဪ -တပည့်တော်ကလည်း ကြီးပြီ၊ ဒါနဲ့ပဲ ပေးတန်တာပေး ကျွေးပြီး သကာလ သူ့မှီနေတာလေးတွေလည်း မျက်နှာငယ်နဲ့နေမှာစိုးရိမ်ရတော့ အိုကြီးအိုမမှ မရှက်နိုင်ဘူး၊ လုပ်နေရတာပဲ (မှန်ပါ့) အံမာ ဒီလိုများ လာလိုက်သေးတယ်၊ မကြားဖူးဘူးလား (ကြားဖူးပါတယ် ဘုရား)။

မရှက်နိုင်ဘူးတဲ့ အိုကြီး အိုမ,ပေမယ့်လည်း ခေါင်းဖြူစွယ်ကျိုးတွေ၊ ဦးမူ စောင်းပြောတာမဟုတ်ဘူးနော်၊ လုပ်နေ ရတာပဲ (မှန်ပါ့) မလာဘူးလား လာလား (လာပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူက ခိုင်းနေတာတုန်း (သက္ကာယဒိဋ္ဌိက ခိုင်းနေတာပါ ဘုရား)။

အမယ်လေး ဘယ်သူများ သနားညှာသေးတုန်း (မညှာပါဘူး ဘုရား) ဘယ်သူမှ မညှာဘူးဆိုတော့ တောင်ဝှေး ထောက်ခိုင်းတာလဲ (သက္ကာယဒိဋ္ဌိပါ ဘုရား) မျက်မှန်စွပ်ပြီး သကာလ ဝယ်ခိုင်းနေတာကော (သက္ကာယဒိဋ္ဌိပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဦးမူ ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား) ဒါ ဘယ်သူ့သတ္တိ (သက္ကာယဒိဋ္ဌိ သတ္တိပါ ဘုရား) အင်း-သူမပြုတ်ဘဲနဲ့ သေတော့ ဘယ်သွားကြရတုန်း (အပါယ်သွားကြရတယ် ဘုရား) ဒကာ ဒကာမတွေ နွားခိုင်းလည်းခိုင်း၊ သတ်လည်းစားဆို တော့ ဦးဘရှင်း၊ နှစ်ဘက်ရှုံး (မှန်ပါ့) ခိုင်းလည်းခိုင်းတာလဲ ဘယ်သူတုန်း (သက္ကာယဒိဋ္ဌိပါ ဘုရား) နွားရှင် သက္ကာယဒိဋ္ဌိပ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နွားသတ်သမားလည်းသူ၊ နွားခိုင်းသမားလည်းသူ

အင်း-သတ်ပြီး သကာလ တစ်ခါတည်း အရေတွေခွါ၊ အရေဖိုးယူတာလဲ ကိုစောမောင် ဘယ်သူတုန်း (သက္ကာယ ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် နွားသတ်သမားလည်းသူ၊ နွားခိုင်းသမားလည်း (သူပါပဲ ဘုရား) ဒီလောက်ထိအောင် ကျုပ်တို့အပေါ်မှာ ညှင်းဆဲပါတယ် (မှန်ပါ့) ဒါဖြင့် သူရှေးဦးစွာ ဖြုတ်ရမှာလား မဖြုတ်ရဘူးလား (ဖြုတ်ရမှာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာလုပ်ကြရမယ် (ရှေးဦးစွာဖြုတ်ရပါမယ် ဘုရား) ရှေးဦးစွာဖြုတ်ရမယ် (မှန်ပါ့) ဒါကြောင့် ဘုန်းကြီးပြောတဲ့ စကား ကြီးသလားဆိုရင် ဦးဘရှင်း ဒါနနောက်ထားစမ်းပါ သီလ (နောက်ထားရမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သမထကော (နောက်ထားရမှာပါ ဘုရား)။

ငန်ချိုဖြစ်မှာစိုးလို့ သူပျံ့မှဆို အပျက်ချည်းပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဦးမူတို့ ကောင်းကောင်းရှင်းပြီ၊ ဒီဘက် ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် သူ့ကိုအရင်ဖြုတ်လိုက် (မှန်ပါ့) ကဲ-ကိုစောမောင် ဘယ်ငြိတုန်း (ခန္ဓာငါးပါးမှာ ငြိပါတယ် ဘုရား) အခုမှ ပေါ်လာပြန်ပြီ၊ ခန္ဓာငါးပါးပဲ ငြိနေတယ်ဆိုတာ သေချာကြပါပြီ၊ ဒကာ ဒကာမတို့နော်၊ ကဲ-ဒါဖြင့် ခန္ဓာငါးပါးပါးဆိုတာက အခု ဘုန်းကြီးကပြောလို့ ခန္ဓာငါးပါး (မှန်ပါ့) ခန္ဓာငါးပါးဆိုရင် သူကွာချင်တဲ့အသံ ငြိတာ ပြုတ်တဲ့အသံထွက်လာတယ် (မှန်ပါ့)။

သို့သော် ခင်ဗျားတို့က ခန္ဓာငါးပါးသာဆိုတာကို ယောက်ျားမိန်းမက သွားဖုံးနေတယ် (မှန်ပါ) မဖုံးဘူးလား (ဖုံးပါတယ် ဘုရား)

ခန္ဓာငါးပါးဘယ်သူက လာဖုံးတုန်း (ယောက်ျားမိန်းမက ဖုံးပါတယ် ဘုရား) ငါယောက်ျားပဲ၊ ဖုံးသွားပြီ ခန္ဓာငါးပါးဖုံးသွားပြီ၊ ငါမိန်းမပဲ၊ မိန်းမပေမယ့်လည်း မိန်းမစွမ်းကောင်းထဲက အစရှိသည်နဲ့ မလာဘူးလား (လာပါတယ် ဘုရား)။

ခန္ဓာငါးပါး ပျောက်ကိုထွက်သွားတယ်၊

ဘယ်သူဖုံးသွားလို့တုန်း (ခန္ဓာငါးပါးကို ဖုံးသွားပါတယ် ဘုရား) ခန္ဓာငါးပါး ပျောက်ကိုထွက်သွားတယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) ဒါဖြင့် ခန္ဓာငါးပါးဆိုတဲ့အသံဟာ ဘုရားပွင့်မှ ပေါ်တဲ့အသံ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (ဘုရားပွင့်မှ ပေါ်တဲ့အသံပါ ဘုရား) အဲဒီအသံလေးကိုက ကိုစောမောင် တော်တော်အဖိုးတန်တဲ့အသံ (မှန်ပါ့)။

ကဲ-ခန္ဓာငါးပါးကို ဒကာ ဒကာမတွေက ချုံးလိုက်ကြတော့ ဘာတုန်း (ရုပ်နဲ့နာမ်ပါ ဘုရား) ဒါလည်း ဘုရားပွင့်လို့ ပေါ်တဲ့အသံ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးဆိုတာ ဘုရားပွင့်မှ ပေါ်တဲ့အသံ၊ ရုပ်နာမ်ဆိုတာကော (ဘုရားပွင့်မှ ပေါ်တဲ့အသံပါ ဘုရား) ဒါ-ခင်ဗျားတို့မှာ ဘုရားပွင့်ဆိုတာ ဘာပါလိမ့်မတုန်း အောက်မေ့နေတယ်၊ ဒီအသိရောက်တာကို ဆိုတာ၊ ရှင်းပလား (ရှင်းပါတယ် ဘုရား)။

ဘုရားပွင့်ဆိုတာ ဘာပါလိမ့် (ခန္ဓာငါးပါးသိတဲ့ အသိရောက်တာပါ ဘုရား) ခန္ဓာငါးပါးသိတဲ့ အသိရောက်တာကို ဆိုတာ (မှန်ပါ့) ရုပ်နာမ်သိတဲ့အသိဉာဏ်ရောက်တာ၊ အဲဒါ ဘာဆိုကြမယ် (ဘုရားပွင့်တာပါ ဘုရား) ဘုရားလက်ထက်က တိတ္ထိကြီးတွေမှာ ဒါမရှိဘူး၊ သူတို့ ဘုရားပွင့်ရဲ့လား (မပွင့်ပါဘူး ဘုရား) မပွင့်ပါဘူး၊ သေတော့ အပါယ်ချည်းသွားကြတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ခင်ဗျားတို့က ခက်နေတာက ရောင်ခြည်တော်တွေ လွှတ်တာမှ ဘုရားပွင့်တယ်လို့ဆိုတာ အမြင်တွေပါတဲ့ ခင်ဗျားဝမ်းထဲမှာ ဘုရားပွင့်တာက သူပြုတ်တာ၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ခင်ဗျားဝမ်းထဲ ဘုရားပွင့်တာ (ရုပ်နာမ် သိတာပါ ဘုရား) အဲဒါလုပ်ကြစမ်းပါ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်နာမ်က သက္ကာယ

ဒါဖြင့် ဘာလုပ်ကြရမယ် သက္ကာယဒိဋ္ဌိဖြုတ်ရပါမယ်၊ ဘယ်ငြိနေတုန်း (ခန္ဓာငါးပါးမှာ ငြိနေပါတယ် ဘုရား) ကဲ ရှင်းလိုက်တော့ ဘယ်ငြိနေတုန်း (ခန္ဓာငါးပါးမှာ ငြိပါတယ် ဘုရား) ရုပ်နာမ်မှာ ငြိနေတယ်ဆိုတော့ ငြိလည်းငြိပေမှာပဲတဲ့၊ ခင်ဗျားတို့က ရုပ်နာမ်က သက္ကာယကိုး (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

အဲဒီ ရုပ်နာမ်သက္ကာယကို ခင်ဗျားတို့က သူ့ဘာသာနေတော့ သက္ကာယ၊ ခင်ဗျားတို့က ရုပ်ကု ငါထင်လိုက်တော့မှ ဒိဋ္ဌိ (မှန်ပါ့) နာမ်ကို ငါထင်လိုက်တော့မှ (ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် သက္ကာယကြောင့် ဒိဋ္ဌိဖြစ်တာလား ဒိဋ္ဌိကြောင့် သက္ကာဒိဋ္ဌိ ဖြစ်တာလား၊ ကိုစောမောင် မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား) သက္ကာယကြောင့်တော့ ဒိဋ္ဌိမဖြစ်ဘူး၊ ဒိဋ္ဌိကြောင့် (သက္ကာယဒိဋ္ဌိဖြစ်ရပါတယ် ဘုရား) သက္ကာယဒိဋ္ဌိသွားဖြစ်နေတယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကောင်းပြီ-ဒါဖြင့် သက္ကာယဒိဋ္ဌိဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ သေသေချာချာ ရှင်းလိုက်တဲ့ အခါကျတော့ဪ -အစွဲမှားလို့ ဖြစ်ရတာ (မှန်ပါ့) ဘယ်လိုဆိုကြမယ် (အစွဲမှားလို့ ဖြစ်ရတာပါ ဘုရား) ရုပ်နာမ်မသိလို့ (မှန်ပါ့) ဖြစ်ရတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရုပ်နာမ်မသိရလို့ ဖြစ်နေတာဆိုရင်ဖြင့် ဒီ-ဒိဋ္ဌိ၊ ကိုစောမောင် ရုပ်နာမ်သိတာ ဘုရားပွင့်မှလို့ ခုနင်က ပြောခဲ့ပါတယ် (မှန်ပါ့) ကဲ-ဒါဖြင့် ခင်ဗျားသန္တာန်ဘုရားပွင့်ပလား (ပွင့်ပါပြီ ဘုရား) ရုပ်နာမ်သိပလား (သိပါပြီ ဘုရား) လှမ်းချင်တာက နာမ်၊ လှမ်းတာရုပ်၊ အိပ်ချင်တာက နာမ်၊ အိပ်တာက ရုပ်၊ ဒါလေးကို ခင်ဗျားတို့က သိနေဖို့ အင်မတန် အရေးကြီးပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ကောင်းပြီ ဒီလိုသိထားတဲ့အခါကျတော့မှတဲ့၊ ဝိပဿနာ ဒီလိုသိပြီးမှ အားထုတ်တော့မှ အသိဉာဏ်နဲ့က သက္ကာယ ဒိဋ္ဌိက ပြုတ်တယ်၊ ဒကာ ဒကာမတွေ ဒီနေရာမှာ သမ္မာဒိဋ္ဌိပြန်ရောက်တယ်၊ ရှင်းပလား (ရှင်းပါတယ် ဘုရား) သက္ကာယဒိဋ္ဌိ က ပြုတ်သွားတယ်၊ အမြစ်ပါပြုတ်တယ်လို့တော့ မယူနဲ့ (မှန်ပါ့) သဘောကျရဲ့လား (ကျပါပြီ ဘုရား)။

အသိနဲ့ပြုတ်တာ

အမြစ်ပါပြုတ်တယ်လို့ မယူပါနဲ့၊ အသိနဲ့ပြုတ်တာ (မှန်ပါ့) ဘယ်လိုဆိုကြမယ် (အသိနဲ့ပြုတ်တာပါ ဘုရား) အသိနဲ့ ပြုတ်တာဆိုတာ သေချာပလား (သေချာပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် အသိနဲ့ပြုတ်လို့ရှိရင်ဖြင့် ကိုစောမောင် ရေ ဒီဥစ္စာ အကျင့်နဲ့ပြုတ်ရလိမ့်ဦးမယ် (မှန်ပါ့)။

ဪ-ဒီလောက်နဲ့တော့ သူက တော်တော်ခက်တဲ့တရားဆိုတော့ အို-ခင်ဗျားတို့ အသိလောက်နဲ့ အကျင့်လောက် နဲ့များတော့ ကျုပ်ကဘေးက ရှောင်ရက်ပါပဲ ဆိုသလိုပဲ (မှန်ပါ့) အပယ်နဲ့မှ သူပြုတ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် အသိနဲ့လည်းမပြုတ်နိုင် ဘေးရှောင်တာပဲရှိတယ်၊ အပွားနဲ့ကော (မပြုတ်ပါဘူး ဘုရား) အပယ်နဲ့မှ (ပြုတ်ပါ တယ် ဘုရား) ဒကာ ဒကာမတို့ ဒီလောက်အရုပ်ဆိုးနေတဲ့တရားကို ဒီလှေခါးသုံးထစ် နင်းမိရင် ပြီးပါတယ်ဆိုသလို အသိတစ် ထစ်ပေါ့ဗျာ (မှန်ပါ့) ရှင်းပါပြီ အပွားက (တထစ်ပါ ဘုရား) အရောက်က (တထစ်ပါ ဘုရား) သုံးထစ်မနေဘူးလား (နေပါ တယ် ဘုရား)။

ဒီ သုံးထစ်တက်လိုက်လို့ အပေါ်ထစ်ရောက်တယ်ဆိုရင် ဦးဘရှင်း၊ ပြီးသွားတယ်၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ၊ ဒီသုံးလုပ်ဟာဖြင့် အသိမရှိဘဲနဲ့တော့ အပွားမဖြစ်နိုင်ဘူး၊ အပွားမရှိဘဲနဲ့ အပယ်မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ခင်ဗျားတို့ အရိုးစွဲအောင် မှတ်ပါတဲ့။

အသိနဲ့ရပ်မှာ ဘုန်းကြီးက စိုးရိမ်တယ်၊ ကိုစောမောင် မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား) အဲတော့ မနေ့က ပြောခဲ့တယ်၊ မဟာဝေဒလ္လသုတ်က အသိနဲ့ တခဏပဲဟေ့၊ ခယဝယမြင်လို့ ပယ်တာခဏပဲ၊ ခယဝယမြင်တယ် ဆိုပါတော့ဗျာ၊ ကုန်တာပျက်တာတွေ၊ အဲဒါတောင်မှ ဝိပဿနာမဂ်မှာ ဖြစ်သေးတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။

လောကုတ္တရာမဂ်ကျမှ သူ့ပယ်နိုင်တာ

ဒါဖြင့် လောကုတ္တရာမဂ်ကျမှ သူ့ပယ်နိုင်တာပေါ့ (မှန်ပါ့) လောကုတ္တရာမဂ်ကမှ သက္ကာယဒိဋ္ဌိကို ပယ်နိုင်တယ် မဟုတ်လား (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိမှ သူသွားမယ်၊ သဘောကျရဲ့လား (ကျပါတယ် ဘုရား) သစ္စာမသိ သေးရင် သူမသွားသေးဘူး၊ သေချာပလား (သေချာပါတယ် ဘုရား)။

ဒကာ ဒကာမတို့ သစ္စာသိဖို့အလုပ်ဟာ ကျုပ်တို့အရေးကြီးဆုံးအလုပ် (မှန်ပါ့) ဘယ်လိုဆိုကြမတုန်း (သစ္စာသိဖို့ အလုပ်ဟာ အရေးကြီးဆုံးအလုပ်ပါ)။

ဒါဖြင့် ဘုရားကဟောတယ်-တဲ့၊ သစ္စာသံယုတ်မှာ ငါသည် သစ္စာမသိဘဲနဲ့ကွာ ဘုရားဖြစ်ခဲ့တယ် ဆိုလို့ရှိရင်ဖြင့် ကိုစောမောင် ဇီးဖြူရွက်နဲ့ မင်း မောရင်သောက်ဖို့ရာ ငါရေထုတ်လာတယ်၊ သောက်ပါလို့ ပြောရင်ယုံရမလား (မယုံရပါ ဘုရား) သစ္စာမသိဘဲနဲ့ ဘယ်သူမှ မပြုတ်ဘူးဟေ့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာမသိဘဲနဲ့ (သက္ကာယဒိဋ္ဌိမပြုတ်ပါဘူး ဘုရား) ရှင်းပြီနော် သစ္စာသိအောင် မနက်ဖြန်ကျ အလုပ်ပေးမယ်။

ကဲ ဒီနေ့ဒီတွင် တော်ကြစို့။

သာဓု…သာဓု…သာဓု