13913

မာတိကာသို့

ဖွားဖက်တော် ရှင်ဆန္နမထေရ် (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာ ဓမ္မရုံပေါ်၌

ဟောကြားတော်မူသော

ဖွားဖက်တော် ရှင်ဆန္နမထေရ် (၂)

အလုပ်ပေးတရားတော်

သက္ကာယဒိဋ္ဌိကို အရင်ဖြုတ်ပါ

အားလုံး ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကို ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်တာကို ဖြည်းဖြည်းမှ ဖြေချင်ဖြေလိုက်ပါလို့ မောင်နိုင်တို့ကို ခဏခဏ ပြောခဲ့တယ်နော် (မှန်ပါ)၊ သက္ကာယဒိဋ္ဌိကို အရင်ဖြုတ်ပါလို့ ဘုရားက သံယုတ်ပါဠိတော်ကြီးမှာ ကိုယ်တော်တိုင် ဟောတော်မူတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သက္ကာယဒိဋ္ဌိ ဖြုတ်တာကို ပေါ့ပေါ့တန်တန်နှင့် မလုပ်ကြနဲ့ဆိုတဲ့ ဥစ္စာကို နေ့တိုင်းလိုလိုပဲ သတိပေးတယ် (မှန်ပါ)။

ကိုင်း ဒါဖြင့် သက္ကာယဒိဋ္ဌိမဖြုတ်ဘဲနဲ့ ဒီ့ပြင်ဒိဋ္ဌိတွေလည်း မပြုတ်ခဲ့ မပြုတ်ခဲ့သည်ရှိသော် ပထမမင်္ဂဖြစ်တဲ့ သောတာပန်တည်နိုင်ကြပါ့မလား (မတည်နိုင်ပါ ဘုရား)၊ ဒိဋ္ဌိမဖြုတ်ဘဲနဲ့တော့ မတည်နိုင်ဘူး၊ တဏှာကျန်ချင်တဲ့စာ ကျန်နေပါစေတည်နိုင်ပါတယ်၊ ဒိဋ္ဌိပြုတ်ရင် ပြီးတာပါပဲဆိုတာ ဒကာ ဒကာမတွေက မှတ်ထားတာပေါ့။

အဲဒီတော့ကို ဒါ ဒိဋ္ဌိဖြုတ်တဲ့နည်းက ပထမရှေးဦးစွာ မိမိတို့သန္တာန်မှာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပေါ်လာတာကို သိရမယ်၊ ဒါမမေ့ရဘူးနော် (မှန်ပါ)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပေါ်လာတာကို သိရမယ်တဲ့။

ယခု ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဘယ်ဝိညာဏ်က စ,တယ်၊ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်လည်း ဝေဒနာက စ, ရှုတာပေါ့၊ စိတ်ဝိညာဏ်ကြိုက်တဲ့ ပုဂ္ဂိုလ်က ဝိညာဏ်က စ,ရှု၊ အဲ့ဒီ စ,တာကလေးတွေကို သိလိုက် သိလိုက်ပြီ ဆိုမှဖြင့် အဆုံးဖြတ်ပဲ၊ ပဋိစ္စသမုပ္ပါဒ် အစဉ်အတန်းကြီးဟာ မောင်နိုင် မသိစရာမရှိပါဘူး (မှန်ပါ)။

အဲဒါ ဒိဋ္ဌိပြုတ်တာပဲ

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သိတာသည် ကားလို့ဆိုလို့ရှိရင်ဖြင့် သိတယ်ဆိုလို့ရှိရင်ဖြင့် ဒါ ဝိပဿနာ ဉာဏ်ဆိုက်လာပြီလို့မှတ်ရမယ် (မှန်ပါ)၊ ဘာကြောင့်တုန်းဆိုတော့ ဘာမှ အထူးမစဉ်းစားပါနဲ့၊ မိမိသန္တာန်မှာ မြင်ရင်မြင်စိတ်ပေါ်တယ်၊ ကြားရင် ကြားစိတ်ပေါ်တယ်၊ ဒီကနေစပြီး သိလိုက်တယ်ဆိုလို့ရှိရင် ဝိပဿနာ မဂ်ဉာဏ်နဲ့ တားပြီးသား တားပြီးသားဖြစ်နေလို့ အဲဒါ ဒိဋ္ဌိပြုတ်တာပဲ သဘောကျပလား (ကျပါပြီ)၊

မိမိသဏ္ဌာန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်အစကလေး အစကလေးကို ဥပမာ-မြင်စိတ်လာတယ်၊ ကြားစိတ်လာတယ်၊ နံစိတ်လာတယ်၊ လာချင်ရာလာ၊ အားလုံး ဒကာ ဒကာမတွေ ဉာဏ်နဲ့တွေ့လိုက်လို့ရှိရင်ဖြင့် ဪ- ဒါကလေးတွေ ပေါ်ပေါ် ပေါ်ပေါ်ပြီး သကာလ လာတာပါကလားလို့ ဒီလိုဉာဏ်နဲ့တွေးလိုက်တယ် ဆိုလို့ရှိရင် ဝိပဿနာဉာဏ်အစလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ ဘာကြောင့် စသတုန်းဆိုတော့ ဒိဋ္ဌိမပါလို့ စတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ)။

စိတ်ကလေး ပေါ်လာတယ်ဆိုတာ ဒကာ ဒကာမတွေက ဒါကလေးကတစ်မျိုး၊ ဒါကလေးကတစ်မျိုး၊ ဒါကလေး က တစ်မျိုး၊ ဒီလိုပေါ်ပေါ် ပေါ်ပေါ်လာတာ ကလေးတွေကို နှလုံးသွင်းနိုင်လို့ရှိရင် ဝိပဿနာဉာဏ် စတာပဲ မှတ်လိုက်ပါ (မှန်ပါ)၊

အဖြစ်သိတဲ့ပုဂ္ဂိုလ်

ဘယ့်နှယ်ကြောင့် ဝိပဿနာဉာဏ်စ တာပဲလို့ ဆရာဘုန်းကြီးက ဆုံးမရသတုန်း၊ အဋ္ဌကထာ ဆရာများက ဒီအကြောင်းကို ပြောရပါလိမ့်မတုန်း ဆိုလို့ရှိရင် အို အဖြစ်အသိလို့ရှိရင် အပျက်ကပါသွားပြီး (မှန်ပါ) သဘောကျပလား (ကျပါပြီ)၊ အဖြစ်သိလိုက်ရင် (အပျက်က ပါသွားပြီ)၊

အပျက်က ပါသွားတယ် ဆိုကတည်းက အဖြစ်သိတဲ့ပုဂ္ဂိုလ် အပျက်ပါသွားတယ် ဆိုကတည်းက ဖြစ်ပျက်သိတဲ့ ဝိပဿနာမဂ်က လိုက်လာတယ် (မှန်ပါ)၊ ကိုစောမောင် မလိုက်ပါနဲ့ ဆိုလို့ (မရပါ ဘုရား)။

ဒါကြောင့် နောက်ပိုင်းကလာတဲ့ ဒကာ ဒကာမတွေ မိုးစိုထဲမှာ လာကြရသောကြောင့် သေသေချာချာ မှတ်ကြပါ၊ အပါယ်လေးပါး တံခါးပိတ်ချင်လို့ရှိရင် မိမိသန္တာန်ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် ဓမ္မလေးတွေကို သိလိုက်၊ မိလိုက်၊ မိသွားပြီ ဆိုရင်ဖြင့် ဖြစ်တာသိရင် ပျက်တာ သိသောကြောင့် ဝိပဿနာဉာဏ် စပေါ်တယ်လို့မှတ်ပါနော် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာသမ္မာဒိဋ္ဌိ

အဲဒါကြောင့် အဋ္ဌကထာဆရာက ဝိပဿနာသမ္မာဒိဋ္ဌိဟာ ဖြစ်တာသိလို့ရှိရင် ပျက်တာသိလို့ရှိရင် ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်ပါပြီတဲ့ (မှန်ပါ)။

ဥပမာမယ် မိမိသန္တာန်မှာ ကြားစိတ်ကလေး ပေါ်လာတယ်၊ ဪ ပေါ်လာပြီလို့ သိလိုက်လို့ရှိရင်ဖြင့် သိတဲ့စိတ်က နောက်ကျတယ်၊ ဒကာ ဒကာမတို့ သတ္တဝါတို့ သန္တာန်မှာ နှစ်စိတ်က မပြိုင်နိုင်၊ “ဧကစိတ္တသမာယုတ္တာ” တစ်ခုသောစိတ်နဲ့ အသက်ရှင်ရမယ်လို့ မဆိုလား (ဆိုပါတယ် ဘုရား)၊

အဲဒီတော့ နောက်စိတ်က သိနေပါတယ်ဆိုကတည်း က ဒကာ ဒကာမတွေပဲ စဉ်းစားကြည့် ကြပါတော့၊ ဪ ပထမစိတ်ချုပ်ပြီးတာ သိတဲ့အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊

ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ နောက်ကနေပြီး ပထမကြားတဲ့ စိတ်ကလေးကို နောက်ကနေ သိနေတယ်ဆိုလို့ရှိရင်ဖြင့် အဖြစ်ရော အပျက်ရောသိပါတယ် (မှန်ပါ)၊

ဘာဖြစ်လို့တုန်းဆိုတော့ ကိုစောမောင်တို့ သေသေချာချာမှတ်၊ ၁-ပြီးမှ၊ ၂-လာတာကိုးဗျ(မှန်ပါ)၊ ၁-က ရှုစရာ၊ အရှုခံတရား၊ ၂-က ရှုဉာဏ်တရား(မှန်ပါ)၊ ဦးဘကလေး ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

၁-က ကဘာပါလိမ့် (အရှုခံတရားပါ ဘုရား)၊ ၂-က အရှုဉာဏ်တရားပါ ဒကာ ဒကာမတို့ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

၁-ကအရှုခံ၊ ၂-ကအရှုဉာဏ်

အဲဒီတော့ ၁-ကို ဒကာ ဒကာမတို့ ၁-ပေါ်နေတုန်းတော့ ၁-ကို၊ ၁-ချင်းတော့မသိဘူး၊ ၂-ကနေ သိတာပဲမှတ်ပါ (မှန်ပါ)၊ ၂-ကနေသိလိုက်တဲ့အခါကျတော့ ၁-ဟာ ရှိတာ သိတာလား၊ မရှိတာ မသိတာလား(မရှိတာ သိတာပါ ဘုရား) ဪ-မရှိတာကို သိတယ်ဆိုတော့ အပျက်ပါသွားပြီ(မှန်ပါ)၊ ဦးစောမောင် အပျက်ပါသွားပြီနော် (မှန်ပါ)၊ အပါသေး ဘူးလား၊ နောက်က ဒကာ ဒကာမတွေ (ပါပါပြီ ဘုရား)။

ဒီလိုဆိုလို့ရှိရင်ဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်နေပြီ(မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိဟာ ဘာတုန်းလို့ မေးတဲ့အခါကျတော့မှ ဝိပဿနာသမ္မာဒိဋ္ဌိဟာ –

“အနိစ္စာဒိဝသေန ခန္ဓာဒီသု သောဓိတေသု (သဂါထာဝဂ္ဂအဋ္ဌကထာ။၈၃)”၊ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ဖြစ်ပေါ်လာတဲ့ စိတ်ကလေး ဝိညာဏက္ခန္ဓာကလေး စသည်ကို သူဟာသုတ်သင်တာပဲ(မှန်ပါ)၊ ဘာသုတ်သင်သတုန်းဆိုတော့ “ဝိသောဓိတေသု”ဆိုတဲ့ အဓိပ္ပါယ်က ငါ ငါထင်တဲ့ သက္ကာယဒိဋ္ဌိတရားကို သူ သုတ်သင်တာတဲ့၊ ဝိပဿနာ သမ္မာဒိဋ္ဌိ(မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ)၊

ငါ ငါထင်တဲ့ သက္ကာယ ဒိဋ္ဌိကို ဘာလုပ်သတုန်း(သုတ်သင်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စ, ပေါ်တာသိတဲ့ပုဂ္ဂိုလ် များ သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသားပါလား ဆိုတာ မှတ်လိုက်တာပေါ့(မှန်ပါ)။

၁-မရှိတာကို ၂-က သိတာပဲ

ပြီးတော့ အဲဒါ သိတဲ့အချိန်မှာလဲ ဒကာ ဒကာမတို့ အဖြစ်သိလား၊ အပျက်သိလားလို့ မေးတဲ့အခါကျတော့ အို ၁-နဲ့ ၂-ပြိုင်မှ မပြိုင်ကောင်းပဲ၊ ၁-မရှိတာကို ၂-က သိတာပဲဆိုကတည်းကိုကလဲ ဒကာ ဒကာမတို့မှာ သက္ကာယ ဒိဋ္ဌိပြုတ်ပြီး သိတဲ့အသိပါ (မှန်ပါ)။

ဒါကြောင့် ဝိပဿနာ သမ္မာဒိဋ္ဌိဟာ “အနိစ္စဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု” ဖြစ်ပျက်အနိစ္စ အစရှိသည် ဖြင့် သုတ်သင်တယ် ဆိုလာကတည်းက ဘာသုတ်သင်တာတုန်းလို့ မေးနေစရာ မလိုပါဘူးတဲ့၊ ငါ ငါထင်တဲ့ သက္ကာယ ဒိဋ္ဌိကြီးကို သုတ်သင်တာပါပဲ (မှန်ပါ)၊ ဖြစ်ပျက်ရှုနေတဲ့ ပုဂ္ဂိုလ်များ သက္ကာယဒိဋ္ဌိသုတ်သင်ပြီးသား ရှိနေတာပဲ၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ရှုနေတဲ့ ဒကာ ဒကာမတွေမှာ သက္ကာယဒိဋ္ဌိနဲ့ ရှင်းပြီးသား လင်းပြီးသား ဖြစ်ပါတယ် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

မြင်စိတ်ကလေး မြင်တယ်၊ ပေါ်တာနဲ့ ပျက်တာကလေးကို နောက်က အရှုခံတရားကို ရှုဉာဏ်တရားနဲ့သာ မိလိုက်ပြီဆိုမှ မောင်နိုင် သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား (မှန်ပါ)၊ ကိုစောမောင် တယ်အဖိုးတန် ပါကလား (တန်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ကြိုးစားလိုက်စမ်းပါ၊ သက္ကာယဒိဋ္ဌိ ဆိုတာက တခြားလားမှတ်နေတယ်၊ ပဋိစ္စသမုပ္ပါဒ် စ ပေါ်တာရယ်၊ ၎င်းပေါ်တာကလေး၏ ပျောက်ကွယ်သွားတာကို သိလိုက်လို့ရှိရင် ပြုတ်တာပါပဲ(မှန်ပါ)၊ သက္ကာယဒိဋ္ဌိကို ခါးတောင်းကျိုက် ခေါင်းခုပင့်ပြီး သကာလ သုတ်သင်နေရမှာ မဟုတ်ပါဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သေသေချာချာ မှတ်လိုက်တာပေါ့(မှန်ပါ့)၊

ဒိဋ္ဌုမ္မတ္တက ဆိုတာ

ကိုယ်သန္တာန်မှာပေါ်နေတာ ကိုယ်သိပြီး သကာလ နေတော့ ဒိဋ္ဌုမ္မတ္တကဆိုတာက မသိတဲ့လူမှ ဒိဋ္ဌုမ္မတ္တကကိုး (မှန်ပါ)၊ ဒိဋ္ဌုမ္မတ္တက ဆိုတာ ဒိဋ္ဌိ+ဥမ္မတ္တကပါပဲ၊ ဒိဋ္ဌိရူး-ရူးနေတာကို ခေါ်တယ်၊ ကိုယ့်သန္တာန် ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဓမ္မကို မသိတဲ့ပုဂ္ဂိုလ်များ ဒိဋ္ဌိရူး-ရူးနေတဲ့အတွက် ဒိဋ္ဌုမ္မတ္တကထဲ သွင်းရပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ကိုယ်သန္တာန်ပေါ်တဲ့ စိတ်ကလေးတွေကို ကိုယ်သိလိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိရှင်းပြီးသိတဲ့အသိကို မှတ်လိုက်စမ်းပါ (မှန်ပါ)။

တပည့်တော်တို့ ဖြစ်ပျက်ရှုတော့ သက္ကာယဒိဋ္ဌိ အထူးသုတ်သင်ရဦးမှာလား ဆိုတော့ ဖြစ်ပျက်ရှုနေတဲ့အချိန် ကျတော့ ပဋိစ္စသမုပ္ပါဒ် ခန္ဓာအစက မိခဲ့ ပေါ်ခဲ့ ပေါ်တဲ့အစလေးရှုတာပဲ၊ အဲဒီအချိန်ကျတော့ သက္ကာယဒိဋ္ဌိ ဘယ်မှာ သုတ်သင်စရာရှိတော့မတုန်း၊ ဥဒယဗ္ဗယ ဉာဏ်အချိန်၌ သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်နေပေသည် ဆိုတာလဲ သေသေချာချာမှတ်ပါ (မှန်ပါ)။

ဒါ-နို့ မဟုတ်လို့ရှိရင် အို သက္ကာယဒိဋ္ဌိ အရင်သုတ်သင်ရဦးမှာ (မှန်ပါ) မသုတ်သင်ပဲရှိနေတယ်လို့ အောက်မေ့ မနေနဲ့၊ ပေါ်လာတာသိကတည်းက သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်နေတယ်(မှန်ပါ)။

သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသား

ကိုစောမောင် ပေါ်လာတဲ့ ဓမ္မကလေးကိုသိလိုက်ရင် (သက္ကာယဒိဋ္ဌိ သုတ်သင်ပြီးသားဖြစ်နေပါတယ် ဘုရား) သုတ်သင်ပြီးသားမကျဘူးလား (ကျပါတယ်)၊ ပုဂ္ဂိုလ်ပေါ်တာလား၊ ဓမ္မပေါ်တာလား (ဓမ္မပေါ်တာပါ)၊ ဓမ္မပေါ်ရင် သက္ကာ ယဒိဋ္ဌိ သုတ်သင်ပြီးသား ဖြစ်သွားတာပေါ့၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အဋ္ဌကထာဆရာ ပြောတဲ့အတိုင်း၊ စကားအတိုင်း ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်နေကတည်းက ဒီအထဲမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ငါ-ငါထင်ချက် မိစ္ဆာဒိဋ္ဌိဟာ ဝင်လို့ကိုမရပါဘူး (မှန်ပါ)၊ ဖြစ်ပျက်မိနေတဲ့ ဒကာ ဒကာမတွေဖြင့် ဘာမှမပူပါနဲ့၊ ငါ့အပါယ်ကျလိမ့်မယ် ဆိုတာ လုံးဝမပူပါနဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ငါ အပါယ်ကျလိမ့်မယ်ဆိုတာ လုံးဝမပူပါနဲ့တော့၊ ဘာကြောင့်တုန်းဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကို ဆရာဘုန်းကြီး ကလဲ လည်လည်ပတ်ပတ် ဟောသွားပြန်တယ်၊ သူ့ကို ရှေ့ထားပြီး သကာလ ပေါ်တာ သိတာ ပဋိစ္စသမုပ္ပါဒ်သိတာ ကိုစောမောင်(မှန်ပါ)။

ပေါ်တာသိတာ ဘာပါလိမ့်(ပဋိစ္စသမုပ္ပါဒ်သိတာပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်သိတယ် ဆိုကတည်းက ပေါ်တာ သိတော့လဲ ၁-က အရှုခံတရား၊ ၂-က အရှုဉာဏ်တရားဆိုကတည်းက အပျက်ကလဲ သိပြီးသား ဖြစ်နေတော့ ဪ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ ဓမ္မကလေးပေါ်လာတယ်၊ ဓမ္မကလေးပျောက်သွားတာ ဆိုတာ ကိုစောမောင်တို့ ကိုစံလှတို့ ရှင်းသွားတယ် (ရှင်းသွားပါပြီ ဘုရား)။

ဓမ္မကလေးပေါ်လာပြီး ဘာတုန်း(ဓမ္မကလေး ပျောက်သွားပါတယ်)၊ အဲဒီတော့ ၂-က မသိလိုက်ဘူးလား (သိလိုက် ပါတယ်)၊ သိလိုက်တော့ သက္ကာယဒိဋ္ဌိက ငါ-ငါထင်ချက်က ပါသေးသလား (မပါပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပေါ်တာသိကတည်းက

ဒါဖြင့် ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်ရှုနိုင်တဲ့ ဒကာ ဒကာမတွေဖြင့် သက္ကာယဒိဋ္ဌိ သုတ်သင်နေစရာတောင် အထူးမလိုပါဘူး၊ ပဋိစ္စသမုပ္ပါဒ်ပေါ်တာသိကတည်းက သက္ကာယဒိဋ္ဌိပြုတ်တဲ့ အပြင်မှာ ဖြစ်ပျက်ကို တစ်ခါတွေ့ပြန်တယ် လို့ ဆိုသောကြောင့်လည်း ဝိပဿနာသမ္မာဒိဋ္ဌိ သုတ်သင်ပြီးသားဖြစ်ပါတယ်(မှန်ပါ) ၂-နံပါတ်က သုတ်သင်ပြီးသား ဖြစ်နေတယ်(မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)။

ဒါဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိဟာ “အနိစ္စဒိဝသေန ခန္ဓာဒီသု ဝိသောဓိတေသု”၊ အနိစ္စာဒိဝသေန-အနိစ္စအစ ရှိသည်တို့၏ အစွမ်းအားဖြင့်၊ ခန္ဓာဒီသု-ခန္ဓာအစရှိသည်တို့၌၊ ဝိသောဓိတေသု-ငါ-ငါထင်ချက် သုတ်သင်ပြီးသည်ရှိ သော် ဆိုတဲ့အတိုင်း သူကဖြစ်ပျက်မြင်ရင် သက္ကာယဒိဋ္ဌိသုတ်သင်ပြီးသားဖြစ်သွားပါပြီလို့ မှတ်လိုက်စမ်းပါ(မှန်ပါ) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ဆိုတာ ဒကာ ဒကာမတို့ ပေါ်တာသိလို့ ပျောက်တာ သိတာ မဟုတ်လား (မှန်ပါ)၊ ပေါ်တာသိလို့ ပျောက်တာသိတယ် ဆိုကတည်းက ပေါ်တာလဲ ဓမ္မ၊ ပျောက်တာလဲ ဓမ္မကို သိနေကတည်းက ကိုယ်ပေါ် ဘယ်ကလာပြီး သကာလ ဒိဋ္ဌိဝင်ပူးဦးမလဲ (မပူးနိုင်ပါ ဘုရား)၊ ပူးစရာအကြောင်း ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ဖြစ်ပျက်မိအောင် ကြည့်

ဪ ဒါဖြင့်တို့လို ဆရာဘုန်းကြီးက ဖြစ်ပျက်မိအောင် ကြည့်၊ ဖြစ်ပျက်မိအောင်ကြည့်၊ ဓမ္မကလေးတစ်ခု ပေါ်လာရင် အပျက်မမိရင် အပျက်မိအောင်ကြည့်၊ ဖြစ်လို့လဲ ပျက်တာပဲလို့ သိပေးပြီး သကာလ နေကြလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိ အထူးစွဲစရာမရှိတော့ပါဘူး၊ ပဋိစ္စသမုပ္ပါဒ်မှန်လို့ ပေါ်တာသိလို့ ဖြစ်ပျက် မိခဲ့သော် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိ ကွာပြီးသား(မှန်ပါ)။

ဒါဖြင့် တီရဏပရိညာနဲ့-ပွားများတဲ့ ပရိညာနဲ့ သက္ကာယဒိဋ္ဌိပယ်ပြီးသား ဖြစ်ပါတယ်(မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်အစ ပေါ်တာ သိတာက ဉာတပရိညာနဲ့ သိတာ(မှန်ပါ)၊ ၎င်းအပျက်ကလေး ပျက်သွားပြီလို့ သိတဲ့ အခါကျလို့ရှိရင် တီရဏပရိညာနဲ့ သက္ကာယဒိဋ္ဌိပြုတ်တာလို့ မှတ်ကြစမ်းပါ(မှန်ပါ)၊ ဒါဖြင့် သိမှုနဲ့ဖြုတ်- ပွားမှုနဲ့ ဖြုတ်ဆို တာပဲပါသွားပြီ (ပါသွားပါပြီ ဘုရား) မပါသေးဘူးလား (ပါ ပါပြီ)။

စ လာတာကလေးသိရင် သိမှုနဲ့ ဖြုတ်တယ်(မှန်ပါ)၊ အပျက်ကလေးသိလို့ရှိရင် ပွားမှုနဲ့ဖြုတ်တယ် (မှန်ပါ)၊ မှတ်လိုက်ကြစမ်းပါ၊ ဒီဥစ္စာ တော်တော် အရေးကြီးတယ်လို့မှတ်ပါ(မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ် စလာတာကလေး နောက်ဉာဏ်နဲ့ သိလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သိမှုနဲ့ဖြုတ်တာလို့ မှတ်လိုက်ကြစမ်းပါ(မှန်ပါ)၊ နောက်ကျတော့ ဖြစ်ပျက်တွေရှုပြီး သကာလ နေတဲ့ ဒကာ ဒကာမတွေကျတော့ ပွားမှုနဲ့ ဖြုတ်တယ်၊ တီရဏပရိညာနဲ့ ဖြုတ်ချက်လိုက်ပါတယ်(မှန်ပါ)။

ခန္ဓာဒီသု ဝိသောဓိတေသု-ပစ္ဆာ၊ ပစ္ဆာဆိုတာနောက်မှာ၊ ဝိပဿနာဉာဏ်ပြီးရင် ဘာလာမလဲဆိုတဲ့ အဓိပ္ပါယ် ကိုပြောတယ်၊ ပစ္ဆာ-ဝိပဿနာဉာဏ် သက္ကာယဒိဋ္ဌိဖြုတ်ပြီးသည့်နောက်မှ၊ ဘူမိလဒ္ဓံ၊ ဉာဏ်၏ တည်ရာကို ရရှိသောတဲ့၊ ဉာဏ်၏တည်ရာကို ရပါတယ်(မှန်ပါ)။

ဉာဏ်၏တည်ရာဆိုတာ

ဉာဏ်၏တည်ရာဆိုတာ ဘာတုန်း၊ ဝိပဿနာဉာဏ်က သက္ကာယဒိဋ္ဌိရှင်းသွားတော့ မဂ်ကအထူးဖြုတ်စရာ မလိုတော့ဘူး၊ ပေါ်ဖို့သက်သက်ပဲရှိတော့တယ်(မှန်ပါ)၊

မဂ်ဉာဏ်ပေါ်ဖို့ သက်သက်ပဲရှိတော့တယ်တဲ့၊ ဒီက တီရဏပညာ နဲ့ ဖြုတ်ထားတော့ နဂိုကိုက ရှင်းလင်းပြီး သကာလ နေတော့ ဒကာ ဒကာမတို့ အမှိုက်တွေစုပုံထားတဲ့ဥစ္စာ မီးရှို့တာဟာ ဒကာ ဒကာမတို့ အထူးပင်ပန်းသလား၊ အမှိုက်ပုံထားတဲ့သူက ပင်ပန်းသလားမေးရင် ဘယ်နှယ့်ပြောကြမလဲ (အမှိုက် ပုံရတဲ့လူက ပင်ပန်းပါတယ်)၊ မီးရှို့တဲ့သူက (မပင်ပန်းပါ ဘုရား)။

အဲဒီတော့ မဂ်ကျတော့ မီးရှို့တာနဲ့တူတယ်၊ ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ ဒိဋ္ဌိတွေပုံပြီး သကာလ စုထားတာနဲ့ တူပါတယ်၊ ဒီလိုမှတ်ကြပါနော် (မှန်ပါ)။

ဘူမိလဒ္ဓံ-ဉာဏ်၏ တည်ရာကိုရသော၊ ဝဋ္ဋံ-သံသရာ၌ ချာချာလည်နေတဲ့ စိတ်စဉ်ရုပ်စဉ်ကြီးကို ဒီဟာတွေဟာ ချာချာလည်နေတာပဲ မောင်နိုင်(မှန်ပါ)၊

ဝိပဿနာဉာဏ်နဲ့ပြည့်နေတော့ ဖြစ်ပျက်တွေဟာ တစ်ခါတည်း ချာချာလည် နေတာပဲ(မှန်ပါ)၊ ဒီဖြစ်ပျက်ပြီး ဟိုဖြစ်ပျက်တွေ့လိုက်၊ ဟိုဖြစ်ပျက်ပြီး ဒီဖြစ်ပျက်တွေ့လိုက်နဲ့ တစ်ခါတည်း ချာချာလည် မနေပေဘူးလား (လည်နေပါတယ် ဘုရား) ဖြစ်ပျက်တွေ ရှေ့ပိုင်းမှာ ပုံလို့မနေပေဘူးလား (နေပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်နေတယ်

ဘူမိလဒ္ဓံ-ဉာဏ်၏တည်ရာကိုရသော၊ ဝဋ္ဋံ-ဝဋ်တရားကို၊ ပရိစ္စဇမာနာ၊ ပထမဉာဏ်က ဒကာ ဒကာမတို့ အကုန် ဖြစ်ပျက် ဖြစ်ပျက်နဲ့ ရှုပြီး သကာလ နေကတည်းက ဒိဋ္ဌိတွေက ဝင်နေတယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ဘယ်နှယ့်နေသတုန်း (ပြတ်နေပါတယ်)၊

နောက်ပဋိစ္စသမုပ္ပါဒ်ကလဲ ဘယ်နှယ့်နေသတုန်း (ပြတ် နေပါတယ်)၊ ရှေ့ပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက်ရှုနေကြ ကတည်းက နောက်ပဋိစ္စသမုပ္ပါဒ် ဘယ်နှယ့်နေကြသတုန်း (ပြတ်နေပါ တယ်) မသေချာဘူးလား (သေချာပါတယ်)၊

ရှေ့ပဋိစ္စသမုပ္ပါဒ် မမိလိုက်ရင်သာ နောက်ပဋိစ္စသမုပ္ပါဒ်ဆက်ရမှာကိုး (မှန်ပါ)၊ အခု ဉာဏ်ကြားခိုလိုက်တဲ့ အတွက် ကိုစောမောင် ဘယ်နှယ့်နေသွားသတုန်း၊ နောက်လာမည့် အဆက်တွေ ဘယ်နှယ့်နေသတုန်း (ပြုတ်ပါတယ်)။

ရှေ့ပိုင်းဒိဋ္ဌိပြုတ်ပြီး နောက်ပိုင်းကတဏှာဥပါဒါန်သတ်နေတာ

နောင်လာမည့် အဆက်တွေပြတ်တာ သေချာနေတော့ ဪ ဒီဉာဏ်သည်ကားလို့ဆိုရင် ဦးပဲ့ထမ်းနေတာပါ လား (မှန်ပါ)၊ ရှေ့ပိုင်းဒိဋ္ဌိပြုတ်ပြီး နောက်ပိုင်းက တဏှာဥပါဒါန် သတ်နေတာလို့ မှတ်လိုက်ပါ (မှန်ပါ)။

ဝိပဿနာဉာဏ်က ရှေ့ပိုင်းက ဒိဋ္ဌိကိုဖြိုခွင်းတယ်၊ နောက်ပိုင်းက တဏှာဥပါဒါန်ကို (သတ်ပါတယ်)၊ ဒါဖြင့် ဝိပဿနာဉာဏ်ဟာ ဒကာ ဒကာမတို့ တယ်အရေးကြီးပါကလား (မှန်ပါ) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ရှေ့ပိုင်းက ဖြစ်ပျက်ရှုနေတော့ ဒိဋ္ဌိဘယ်နေတယ်၊ နောက်ပိုင်းက မလာအောင် တားထာတာလဲ ဒီဉာဏ်ဝင် လိုက်လို့ဆိုတော့ ပခုံးထမ်းတဲ့လူလိုပေါ့၊ ဟိုဘက်တောင်းလဲ သူ့တာဝန်၊ ဒီဘက်တောင်းလဲ သူ့တာဝန် ဆိုသလို ကိုစောမောင် မရှိပေဘူးလား(ရှိပါတယ်)၊

ဒီမှာလဲ ဝိပဿနာဉာဏ်က ပခုံးထမ်းသလိုပဲ၊ ရှေ့ပိုင်းက ဒိဋ္ဌိဖြုတ်တာလဲ သူပဲ၊ နောက်ပိုင်းက ပဋိစ္စသမုပ္ပါဒ် မဆက်နိုင်တာလား (သူပါပဲ ဘုရား)၊ ဪ ဒါဖြင့် ဝိပဿနာဉာဏ်သည် ဒကာ ဒကာမတို့ အလွန်အရေးကြီးပါကလား၊ ဒိဋ္ဌိဖြုတ်လဲ သူပဲ၊ သံသရာဖြတ်နေတာလဲ သူပဲ(မှန်ပါ)။

ဒိဋ္ဌိဖြုတ်တာလဲ (သူပါပဲ)၊ သံသရာဆက်မည့်တရားတွေ ဖြတ်လိုက်တာလဲ (သူပါပဲ ဘုရား)တော်တော့ကို ခရီး ပေါက်ပါလား(ပေါက်ပါတယ်)၊ ကောင်းကောင်း ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဆန္နမလာခင် ဒီသစ္စာ ရှင်းလင်းနေ အောင် ပြောပါမယ်။

ရှေ့ပိုင်းက စတဲ့ ပဋိစ္စသမုပ္ပါဒ်ကလဲ ဒိဋ္ဌိပြုတ်တယ်နော်(မှန်ပါ)၊ နောက်ပိုင်းက သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် လာနေကျဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် နိယာမတရားကြီးကိုလဲ မဂ်ဝင်တားလိုက်တဲ့အတွက် အကုသလံ ဇဟံ သွားဖြစ်တယ် (မှန်ပါ)၊ နောက်ပိုင်းကလာမည့် အကုသိုလ်တွေ ဘယ်နှယ့်နေသတုန်း(ဖြတ်ပါတယ် ဘုရား)၊ အကုသိုလ်တွေလဲ စွန့်ပစ် လိုက်တယ်ဆိုတာ သဘောကျပလား(ကျပါပြီ)။

ဝိပဿနာဉာဏ်ဟာ ဦးပဲ့ထမ်းခြင်းကိစ္စရှိတယ်

ကိုင်း ဒါဖြင့် ဝိပဿနာဉာဏ်ဟာ ဦးပဲ့ထမ်းခြင်းကိစ္စရှိတယ်နော် (မှန်ပါ)၊ ဦးပဲ့နှစ်ခုစလုံးကို ကိုစောမောင် ထမ်းပြီး သကာလ ရွက်ဆောင်နိုင်ခြင်းကိစ္စရှိတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဘူမိလဒ္ဓံ-ဉာဏ်၏ တည်ရာကိုရ၍၊ ဝဋ္ဋံ-ချာချာလည်နေတဲ့ ရှေ့ပိုင်းကဖြစ်ပျက် ပဋိစ္စသမုပ္ပါဒ် ကြီးကို၊ ပရိစ္စဇမာနာ – စွန့်လိုက်သည်၊

ဝိပဿနာ ဉာဏ်ရင့်ပြီး သကာလ လာတယ်၊ ရှေ့ပိုင်းက ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်တွေကို တစ်ခါတည်း ဝိပဿနာဉာဏ်က ရှေ့ပိုင်းကလဲ ဒိဋ္ဌိဖြုတ်၊ နောက်ပိုင်းကလဲ ပဋိစ္စသမုပ္ပါဒ်ပြတ်တာတွေက ကြာပြီကော ကိုစောမောင်(မှန်ပါ)၊ ထိုကဲ့သို့ ကြာတဲ့အခါကျလို့ရှိရင်ဖြင့် ဘာဖြစ်ပါလိမ့်မတုန်းဆိုတော့ မဂ်သမ္မာဒိဋ္ဌိက တစ်ခါတည်း ရှေ့ပိုင်းက ဖြစ်ပျက်ကိုစွန့်တော့တာပါပဲ(မှန်ပါ)။

မဂ်သမ္မာဒိဋ္ဌိဝင်လာတာ

ဒကာ ဒကာမတွေ ရှေ့ပိုင်းက ဘာတဲ့(ဖြစ်ပျက်တွေစွန့်ပါတယ်)၊ ရှေ့ပိုင်းက ဖြစ်ပျက်တွေစွန့်လိုက်တယ်၊ စွန့်မှာပဲတဲ့၊ ဒါဟာ မဂ်သမ္မာဒိဋ္ဌိဝင်လာတာကိုး (မှန်ပါ)၊ ခုနင်က ဝိပဿနာသမ္မာဒိဋ္ဌိ ဦးပဲ့ထမ်းပြီး အကျိုးဆောင်သွား တဲ့အတွက် မဂ်သမ္မာဒိဋ္ဌိဝင်လာတယ်၊ ရှေ့ပိုင်းက ဖြစ်ပျက် ချာချာလည်နေတာတွေကို ပရိစ္စဇမာန-စွန့်လျက် သဘော ကျပလား (ကျပါပြီ ဘုရား)။

အဲ မဂ်သမ္မာဒိဋ္ဌိသည်-ဒိဋ္ဌိကို အမြစ်နဲ့တကွ ပယ်နိုင်တဲ့ အနုသယနဲ့တကွ ပယ်နိုင်တဲ့ မဂ်သမ္မာဒိဋ္ဌိသည် ဖြစ်ပြီလို့ ဆိုတော့ ရှေ့ပိုင်းက ဖြစ်ပျက်ချုပ်သွားလို့ရှိရင် မဂ်သမ္မာဒိဋ္ဌိဖြစ်ပြီလို့ သေသေချာချာ မှတ်(မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။

ရှေ့ပိုင်းက ဖြစ်ပျက်တွေ တွေ့နေတုန်းကတော့ ဪ-ဝိပဿနာဉာဏ် ဦးပဲ့ထမ်းနေပါကလား မှတ်လိုက်၊ ဒိဋ္ဌိခွါ တယ်၊ သံသရာစခန်းကို ဖြတ်နေတယ်(မှန်ပါ)၊ ဖြစ်ပျက်မြင်နေတော့ ရှေ့ပိုင်းက ဘာတုန်း (ဒိဋ္ဌိခွါနေပါတယ်)၊ နောက်ပိုင်းက (သံသရာစခန်း ဖြတ်နေပါတယ်)၊ အဲဒီသံသရာဖြတ်နေတယ်ဆိုတာ တဏှာဥပါဒါန် ကံ မလာအောင် လုပ်နေတယ်(မှန်ပါ) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

ဝိပဿနာဉာဏ်က နှစ်ကိစ္စထမ်းထားတယ်၊ ရှေ့ပိုင်းက ဒိဋ္ဌိခွါ၍ နောက်ပိုင်းက သံသရာဆက်မည့်တရား တွေကို ဖြတ်နေတယ်(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှေ့ပိုင်းက ချာချာလည်ပြီး ပေါ်နေတဲ့ ဖြစ်ပျက် တွေသည်ကားလို့ဆိုလို့ရှိရင် ဒိဋ္ဌိခွါပြီးတော့ ဖြစ်တာတွေ ပျက်တာတွေကို မြင်လာတော့၊ မဂ်သမ္မာဒိဋ္ဌိပေါ်ချင်တော့ ကိုစောမောင်၊ ဖြစ်ပျက်တွေ စိပ်စိပ်-စိပ်စိပ် လာပြီး ဉာဏ်ရင့်လာတော့ ဖြတ်ဆို ပျောက်ကွယ်သွားတယ်(မှန်ပါ)၊ ဒါပျောက်ရင် နောက်ဟာမဂ်သမ္မာဒိဋ္ဌိသာမှတ် ပေတော့(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နောက်ကဟာကို ဘာဆိုကြမယ် (မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊ သူက ဒကာ ဒကာမတို့ မဂ်သမ္မာဒိဋ္ဌိဖြစ်တာလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချစမ်းပါ(မှန်ပါ့)။

ဖြစ်ပျက်ချုပ်တာ ဘာဖြစ်ပါလိမ့်

ဖြစ်ပျက်ချုပ်တာ ဘာဖြစ်ပါလိမ့်(မဂ်သမ္မာဒိဋ္ဌိပါ ဘုရား)၊ မဂ်သမ္မာဒိဋ္ဌိဖြစ်တာ မဂ်ရပြီးသား ပုဂ္ဂိုလ်များကျ တော့ ဒကာ ဒကာမတို့ ဖိုလ်သမ္မာဒိဋ္ဌိဖြစ်တာလို့မှတ်ပါ၊ စပြီးရတဲ့ ပုဂ္ဂိုလ်များတော့ မဂ်သမ္မာဒိဋ္ဌိဖြစ်တာ(မှန်ပါ)။

ရှေ့ပိုင်းက ဖြစ်ပျက်ပျောက်တာ အခုမှစပြီးအားထုတ်တဲ့ ပုဂ္ဂိုလ်များကျတော့ ဘာသမ္မာဒိဋ္ဌိတုန်း (မဂ်သမ္မာ ဒိဋ္ဌိပါ ဘုရား)၊ ရပြီးသားတွေကတော့ ဖြစ်ပျက်တွေမြင်ပြီး ချုပ်ဆုံးပြီး သကာလ သွားတာကိုသိတဲ့ ဥစ္စာကတော့၊ ဖိုလ် သမ္မာဒိဋ္ဌိလို့ မှတ်လိုက်စမ်းပါ(မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မဂ်သမ္မာဒိဋ္ဌိနဲ့ ဖိုလ်သမ္မာဒိဋ္ဌိ နှစ်ခုသည် ဒကာ ဒကာမတို့ အခြားနားကြီးပဲ(မှန်ပါ)၊ မခြားနားဘူးလား (ခြားနားပါတယ်)၊ အဲဒီအဓိပ္ပါယ်တွေ အဋ္ဌကထာဆရာ သေသေချာချာ ဖော်ပြတဲ့ စကားတွေလို့ မှတ်ကြပါ (မှန်ပါ)။

ဒါဖြင့် “ဘူမိလဒ္ဓံ ဝဋ္ဋံ ပရိစ္စဇမာနာ” ဟိုမှာ ချာချာလည်နေတဲ့ ဖြစ်ပျက်တွေကို ကိုယ်ဘုံနဲ့ကိုယ်ရတဲ့ စိတ်တွေ က ချာချာလည်ပြီး သကာလ တစ်ခုပြီးတစ်ခု ပေါ်နေတာပဲတဲ့ ကိုစောမောင်(မှန်ပါ)၊ မောင်နိုင် မပါဘူးလား (ပေါ်ပါ တယ်)၊ မဂ်သမ္မာဒိဋ္ဌိ ပေါ်လာတဲ့အခါကျတော့ ဒါတွေစွန့်ပစ် လိုက်တယ်(မှန်ပါ)၊ ဒါတွေ မရှိတော့ဘူးတဲ့(မှန်ပါ)။

ဖြစ်ပျက်ဆုံးသွားတယ်ဆိုတဲ့ဥစ္စာ

ဒါဖြင့် ဘုန်းကြီးတို့က ဒကာ ဒကာမတွေကို သင်ထားတယ်၊ ဖြစ်ပျက်ဆုံးပလားဟေ့ ဆိုတာကတော့ သဘော ကျပလား(ကျပါပြီ)၊ ဖြစ်ပျက်ဆုံးသွားတယ်ဆိုတဲ့ဥစ္စာ ရှုရှင်းမတ္တနဲ့ ဒကာ ဒကာမတို့ ဖြစ်ပျက် ပျောက်ကွယ်သွားတော့ တယ်၊

ဖြစ်ပျက်ဆိုတာ ဘာတုန်းလို့မေးတော့ ရှေ့ပိုင်းပေါ်နေတဲ့ ခန္ဓာတွေ(မှန်ပါ)။

ဘာတွေပါလိမ့် (ရှေ့ပိုင်းပေါ်နေတဲ့ ခန္ဓာတွေပါ ဘုရား)၊ ရှေ့ပိုင်းပေါ်လာတော့ မိမိစိတ်ရှုလဲ စိတ်ခန္ဓာပေါ့၊ စိတ်ခန္ဓာရှုရင် နာမက္ခန္ဓာလေးပါးပါတယ်။

နာမက္ခန္ဓာလေးပါး ပါပြန်တော့လဲ ရူပက္ခန္ဓာပါ ပါတာပဲ (မှန်ပါ)။

ယမကံ နာမရူပဉ္စ-ဥဘော အညောညနိဿိတာ၊

ဧကသ္မိံ၊ ဘိဇ္ဈမာနသ္မိံ၊ ဥဘော ဘိဇ္ဈန္တိ ပစ္စယာ-တဲ့။

ဒီလိုရှုတော့ ချုပ်သွားတော့ နာမ်ရောရုပ်ရော ချုပ်သွားတာပဲ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဘာတဲ့တုန်း (နာမ်ရော ရုပ်ရော ချုပ်သွားတာပါ)၊ နာမ်ရော ရုပ်ရော ချုပ်သွားတာဆိုတော့ ရှိတာကလဲ ဒကာ ဒကာမတွေမှာ ရုပ်နဲ့နာမ်ပဲရှိတာကိုး နာမ်ဖြစ်ပျက်ကို ရှုလိုက်သဖြင့် သူတို့က အညမည ဖြစ်နေတော့ တစ်ခုချုပ် တော့ ရောချုပ်သွားတယ်ကွာတဲ့(မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ကိုစောမောင် တစ်ခုရှုလို့ရှိရင် အကုန်ပါတယ်ဆိုတာ သဘောကျပလား(ကျပါပြီ)။

တစ်ခုပျက်ရင် အကုန်ပျက်တယ်

အေး-အဲဒါကြောင့် အဲဒါ ပါဠိလို ဒါ ဝိသုဒ္ဓိမဂ်မှာ လာတာနော်၊

“ယမကံ နာမရူပဉ္စ၊ ဥဘော အညောည နိဿိတာ၊ ဧကသ္မိံ ဘိဇ္ဈမာနသ္မိ” တစ်ခုပျက်ရင် အကုန်ပျက်တယ် (မှန်ပါ)

“ဥဘော အညောညနိဿိတာ” ဆိုတာ တစ်ခုကို တစ်ခုမှီနေကြတယ်၊ နာမ်နဲ့ရုပ်က(မှန်ပါ)၊ “ဧကသ္မိံ ဘိဇ္ဈမာနသ္မိံ ဥဘော ဘိဇ္ဈန္တိ” ဆိုတာ တစ်ခုပျက်ရင် အကုန်ပျက်တာပဲတဲ့ (မှန်ပါ) ဒကာ ဒကာမတွေ ဘာမှ သံသယရှိမနေနဲ့၊ နာမ်ရော ရုပ်ရော ချုပ်သွားတာပဲတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

မဂ်သမ္မာဒိဋ္ဌိဝင်လာတော့ မောင်နိုင် ရှေ့ပိုင်းမှာ ဘာတွေများ တွေ့ရသေးသလဲ (မတွေ့ပါ ဘုရား) နာမ်ချုပ် တော့ နာမ်ရုပ် ဖြစ်ပျက်မရှိတော့ဘူးတဲ့(မှန်ပါ)၊ နာမ်ရော ရုပ်ရောချုပ်တော့ ဘယ်လိုများ ဆုံးဖြတ်ချက် ချရပါ့မတုန်း ဆိုတော့ နာမ်ရော ရုပ်ရော ချုပ်တာသည် နာမ်ရော ရုပ်ရောဖြစ်လို့ နာမ်ရော ရုပ်ရော ချုပ်တာပဲ(မှန်ပါ)၊ ဆိုထိုက်ကြ ပလား (ဆိုထိုက်ပါတယ်)။

ဘယ်လိုဆိုကြပါ့မလဲ (နာမ်ရော ရုပ်ရောဖြစ်လို့ နာမ်ရောရုပ်ရော ချုပ်တာပါ ဘုရား) နာမ်ရုပ်သဘော ဖြစ်နေလို့ နာမ်ရုပ်ချုပ်တာပဲလို့ သေသေချာချာ မှတ်ပါဆိုတော့ သံယုတ်ပါဠိတော် ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာကောဋ္ဌိက အမေး၊ အဖြေမှာတော့ ကျူးစည်း ဥပမာ မပြောဘူးလား (ပြောပါတယ်)၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဝိညာဏံ-တဲ့၊ သဘောကျပလား(ကျပါပြီ)၊

ကျူးစည်း ဥပမာ

သူတို့ အချင်းချင်းဟာ ဒီအတိုင်းပဲလို့ ရှင်မဟာကောဋ္ဌိကကို ရှင်သာရိပုတ္တရာက ဟောတယ်နော်(မှန်ပါ)။

အဲ-တစ်ခါ ဒီပါဠိတော် ဝိညာဏနိရောဓာဆိုလျှင် ဘယ်နှယ့်ဆိုကြပါ့မလဲ၊ (နာမရူပနိရောဓော) နာမ ရူပနိရောဓာ(ဝိညာဏနိရောဓော) အဲ အကုန်ချုပ်တာပဲ၊ ဒါက ပါဠိတော်လာတဲ့နည်းကို ယူပြီး ပြောတာ(မှန်ပါ)၊ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာ အမေးအဖြေမှာ တခုချုပ်ရင် အကုန်ပါသွားတယ် ဆိုတာ ဒီလိုပါဠိတော်တွေ ယူပြီးတော့ အဋ္ဌကထာ ဆရာများက –

ယမကံ နာမရူပဉ္စ၊ ဥဘော အညောညနိဿိတာ။

ဧကသ္မိံ ဘိဇ္ဈမာနသ္မိံ ၊ ဥဘော ဘိဇ္ဈန္တိ ပစ္စယာ လို့ ရေးခဲ့တာဟာ ဟိုပါဠိတော်ကြီးများကို ရှုပြီးတော့ ဒါ ဂါထာကို ရေးခဲ့ကြတာနော် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မဂ်သမ္မာဒိဋ္ဌိပေါ်လာရင် ဘာချုပ်မလဲလို့မေးလို့ရှိရင် ဒကာ ဒကာမတို့ ရိပ်မိကြပလား (ရိပ်မိပါပြီ) နာမ်ရော ရုပ်ရော ချုပ်တယ်၊ သဘောကျပလား (ကျပါပြီ)။

ဒါကြောင့် တစ်ခုသာရှု၊ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ဖဿကြိုက်ရင် ဖဿရှု၊ ပေါ်တာ သာရှု၊ သူတို့က နဂိုကအချင်းချင်း အညမညသဘောနဲ့ ထောက်ကန်နေကြတယ်(မှန်ပါ)၊

“ဥပမာယ မိဓေကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ” ဆိုတဲ့အတိုင်း ဥပမာပြသည်ရှိသော် အနက်အဓိပ္ပါယ်ကို နားလည်လွယ်ကြတယ် ဆိုတဲ့အတိုင်း ရှင်သာရိပုတ္တရာက ရှင်မဟာကောဋ္ဌိကကို ဥပမာဖြင့်ပြတယ်၊ ကျူးစည်းနှစ်ခုကို ထောင်ပြီး ထိပ်ချင်းတိုက်၍ ထောင်ထား ပါတဲ့-တစ်ခုဆွဲလိုက်လို့ရှိရင် တစ်ခုလဲပြိုကျပါတယ် ဆိုတာကို ရှင်သာရိပုတ္တရာက ဥပမာနဲ့ပြလိုက်တယ် (မှန်ပါ)။

ထိပ်ချင်းတိုက်ပြီး ထောင်ထားရင်တော့ ကိုစောမောင် လဲရမှာပဲ(မှန်ပါ) တစ်စည်းလဲတာနဲ့ အလိုလို လဲရမယ် ဆိုတဲ့ အဓိပ္ပါယ် မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)၊

ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်တယ်

ထို့အတူပဲ နာမက္ခန္ဓာလေးပါးလဲရင် ရူပက္ခန္ဓာလဲ လဲတာပါပဲတဲ့ (မှန်ပါ)၊ ရူပက္ခန္ဓာလဲရင်လဲ (နာမက္ခန္ဓာလဲ လဲပါတယ် ဘုရား)၊ အဲဒါကြောင့် ပါဠိတော်မှာ သေသေချာချာထုတ်ပြထား တယ်၊ ဝိညာဏနိရောဓာ နာမရူပ နိရောဓော ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်တယ်၊

နာမရူပနိရောဓာ ဝိညာဏ နိရောဓော နာမ်ရုပ်ချုပ်ရင် ဝိညာဏ်ချုပ်တယ်(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒီတော့မှ အရှင်ဘုရားဟောမှ တပည့်တော်တို့ သိပေတယ်လို့ ရှင်မဟာကောဋ္ဌိက ရဟန္တာကြီးကတောင်မှ ချီးကျူး အံ့ဩတော်မူတယ်၊ ဘုရားကလဲ ဒီပါဠိကို ဟောတာပါပဲ သဘောကျပလား(ကျပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မဂ်သမ္မာဒိဋ္ဌိဖြစ်တဲ့အခါကျတော့ ချာချာလည်နေတဲ့ ဖြစ်ပျက်ကြီး ဘာဖြစ် သွားသတုန်း (ချုပ်သွားပါတယ်) ချုပ်သွားတာ ရုပ်လား နာမ်လားလို့ မေးရင်(ရုပ်ရောနာမ်ရောပါ ဘုရား)၊ ရုပ်ရော နာမ်ရောချုပ်တော့ ဒကာ ဒကာမတို့ “**ခန္ဓာနိရောဓော နိဗ္ဗာနံ” (မှန်ပါ)။

** ပဉ္စာန္နံ ခန္ဓာနံ နိရောဓော နိဗ္ဗာနံ (ပဋိသမ္ဘိဒါမဂ်ပါဠိ၊ ၄၁၁)။ ပါဠိတော်၌ ခန္ဓာငါးပါးရှိ၍ အများကိန်း ဗဟုဝုစ်ဖြင့် “ပဉ္စာန္နံ ခန္ဓာနံ” ဟူ၍ပါဌ် ရှိပါသည်။ မိုးကုတ်ဆရာတော်မှ လူဝတ်ကြောင်များ နားလည်လွယ်စေရန် “ခန္ဓာနိရောဓော”- ဟူ၍ ဟောပါသည်။ ခန္ဓာငါးပါးချုပ်တာ နိဗ္ဗာန်၊ ခန္ဓာချုပ်တာနိဗ္ဗာန် အဓိပ္ပါယ်အားဖြင့် အတူတူပင်ဖြစ်ပါသည်။

သေသေချာချာ မှတ်ကြပါ၊ ဒါလ ပါဠိတော်ပါပဲ၊ “ခန္ဓာနိရောဓော နိဗ္ဗာနံ” ဆိုတော့ ဘယ်ခန္ဓာကြွင်းသေး သတုန်း(မကြွင်းပါ ဘုရား)၊ ဘယ်ခန္ဓာမှ မကြွင်းတော့ “ခန္ဓာနိရောဓော နိဗ္ဗာနံ” ဆိုတော့ အင်မတန် သေချာမသွားသေး ဘူးလား (သေချာပါတယ် ဘုရား)။

သေချာသွားပြီ၊ ဒါဟာ ဝိပဿနာ သမ္မာဒိဋ္ဌိပြီးတော့ မဂ်သမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိက နှစ်ဖက်ထမ်း၊ မဂ်သမ္မာဒိဋ္ဌိက ရှေ့ကဖြစ်ပျက် ပျောက်သွားတယ်(မှန်ပါ)၊ ကိုစောမောင် မရရအောင် ကြိုးစားကြပါလို့ ဆိုတာဟာ အထူးတိုက်တွန်းပါတယ်(မှန်ပါ)။

ဖြစ်ပျက်အဆုံးကို မြင်လေ၏

အဲဒီတော့ မဂ်သမ္မာဒိဋ္ဌိက ဒကာ ဒကာမတို့ ရှေ့ကဖြစ်ပျက်တွေ မမြင်တော့ ချုပ်မသွားဘူးလား (ချုပ်သွား ပါတယ်)၊ မဂ်သမ္မာဒိဋ္ဌိဖြစ်ပျက်တွေ့ဖြင့်ဆုံးပေါ့ ဆိုတဲ့ဥစ္စာ ဖြစ်ပျက်အဆုံးကို သူမမြင်ဘူးလား (မြင်ပါတယ်)

မြင်တဲ့ အခါကျတော့ ဪ သူသည် ဖြစ်ပျက်အဆုံးကို မြင်လေ၏ ဖြစ်ပျက်အဆုံးကိုသာ မြင်လေရော့သလား၊ နောက်က ဝမ်းထဲကိန်းနေတဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ဆိုတာတွေများလဲ လာခွင့် ပေးသေးသလားလို့ မေးတော့ ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိက ရှင်းသွားတော့ သူက ဒါနှစ်ခုကို မီးရှို့ပစ်လိုက်တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဝိပဿနာသမ္မာဒိဋ္ဌိက ရှင်းလင်းပေးခဲ့တယ်၊ စုပုံထားပေးခဲ့တယ်၊ မဂ်သမ္မာဒိဋ္ဌိလာတော့ သူက ဒုက္ခသစ္စာလဲ မြင်တာတစ်မျိုး၊ နောက်က ဒိဋ္ဌိဝိစိကိစ္ဆာဆိုတဲ့ အပါယ်ကျစေတတ်တဲ့ ကိလေသာကိုလဲ ဖြတ်တောက် မီးရှို့ပစ်လိုက်တာလဲ သူ့ကိစ္စပဲ(မှန်ပါ)၊ ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိကိစ္စနဲ့ မဂ်သမ္မာဒိဋ္ဌိ ကိစ္စတွေ အခြားနားကြီးပါကလား ဆိုတာ ဒီနေ့ သဘောသမားတွေ သေသေချာချာမှတ်ပါ(မှန်ပါ)။

ဝိပဿနာသမ္မာဒိဋ္ဌိက ရှေ့က ဒိဋ္ဌိဝိစိကိစ္ဆာကိုသတ်၍ နောက်က သံသရာစခန်းကို ဖြတ်တယ်(မှန်ပါ)၊ မဂ်သမ္မာဒိဋ္ဌိက နိဗ္ဗာန်ကိုမြင်၍ နောက်ပေါက်မည့် သံသရာအမြစ်တွေကို တူးပစ်တယ်(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဟိုက စုပုံထားတယ်၊ သူက အမြစ်နဲ့တကွတူးပြီး မီးရှို့ပစ်လိုက်တယ်(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။

အပါယ်ကျစရာ ကြောက်စရာ ရှိသေးသလား

ဒီလိုဆိုတော့ ကျုပ်တို့ ဘာများ အပါယ်ကျစရာ ကြောက်စရာ ရှိသေးသလား၊ (မရှိပါ ဘုရား)၊ ဒီစခန်းနဲ့ ဒီလမ်းတော့ ရောက်အောင် လုပ်ရလိမ့်မယ်၊ ဒီအဓိပ္ပါယ်တွေ ပါဠိတော်မှာလဲလာ၊ အဋ္ဌကထာမှာလဲ လာတယ်(မှန်ပါ)၊

သို့သော် တစ်ခုတော့ သတိပေးချင်တာက ဒီရှေ့ကဖြစ်ပျက်တွေ ဆုံးသွားတာကို မဂ်ကလဲ သိလိုက်တာပဲ၊ မဂ်နောက်က နေပြီး သကာလ အကာလိကော ဆိုပြီး မဂ်ချုပ်ပြီး ဖိုလ်ကပေါ်လာတော့လဲ ချုပ်တာ မြင်တာပဲ (မှန်ပါ)၊ စိတ်စဉ်က ဖြစ် သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ မဂ်ကလဲ ချုပ်တာမြင်တာပဲ၊ ဖိုလ်ကလဲ (ချုပ်တာပဲ မြင်ပါတယ်)။

မဂ်ဖိုလ်ပြီးတဲ့အခါကျတော့ နောက်ကျတော့ ဘာတွေများလာသတုန်း ဆိုတော့ ပစ္စဝေက္ခဏာ ဆင်ခြင်တာတွေ များလာတယ်၊ ဖြစ်ပျက်တွေ လုံးဝမရှိတော့ ဆိုတာပါကလားဆိုတဲ့ ပစ္စဝေက္ခဏာဇော ကလဲ ကျလိုက်သေးတယ်၊ ဆင်ခြင် တာပေါ့(မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဝိပဿနာသမ္မာဒိဋ္ဌိကို ပြင်းပြင်းထန်ထန် အားထုတ်ရင် မဂ်သမ္မာဒိဋ္ဌိအလိုလို လိုက်တယ်လို့ သေသေချာချာ ဘုရားဟောပါတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာသမ္မာဒိဋ္ဌိက ခင်ဗျားတို့ ဒိဋ္ဌိနဲ့ သံသရာစခန်းကို တဒင်္ဂသတ်ပြီ ဆိုမှဖြင့် မဂ်သမ္မာဒိဋ္ဌိရှိသည့် နိဗ္ဗာန်ကို မြင်၍ သမုစ္ဆေဒအားဖြင့်လည်း ဖြတ်ချလိုက်ပါတယ်၊ ဒိဋ္ဌိဝိစိကိစ္ဆာ တွေကိုနော်(မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘာများအားငယ်စရာရှိသေးသတုန်း(မရှိပါ ဘုရား)၊ သဘောကျပလား(ကျပါပြီ)။

ပဋိစ္စသမုပ္ပါဒ်မသိဘဲနဲ့

သို့သော် ဒီအဓိပ္ပါယ်ကို သိမှသာလျှင် ဒီအဖြစ်မျိုးရောက်ပါလိမ့်မယ် ဆိုတော့ ကိုယ့်သန္တာန်ပေါ်တဲ့ ပဋိစ္စသမု ပ္ပါဒ်မသိဘဲနဲ့ ဒိဋ္ဌိကို ဝိပဿနာဉာဏ်က ရှင်းကိုမရှင်းနိုင်ဘူး(မှန်ပါ)၊ ရှင်းနိုင်ပါ့မလား(မရှင်းနိုင်ပါ ဘုရား)၊

ကိုယ့် သန္တာန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ် အဖြစ်နဲ့ အပျက်ကို သိပါမှ ဒကာ ဒကာမတို့ ဝိပဿနာသမ္မာဒိဋ္ဌိကို သတ်နိုင်တယ်ဆိုတာ ကော ပေါ်ကြပလား (ပေါ်ပါပြီ)။

ကောင်းပြီ၊ ဒါက “ပရိစ္စဇမာနာ ပစ္ဆာ မဂ္ဂသမ္မာဒိဋ္ဌိ ဥပ္ပဇ္ဇတိ” ဆိုတဲ့အတိုင်း မဂ်သမ္မာဒိဋ္ဌိဖြစ်သည့် တိုင်အောင် လဲ ရှေ့ပိုင်းမှာ ပြောပြီးပြီ(မှန်ပါ) အဲဒီတော့ မနေ့ကဝတ္ထုကို ပြန်ပြီးတော့ စစ်ဆေးကြပါဦးစို့(မှန်ပါ)။

ရှင်အာနန္ဒာက ကောသမ္ဗီပြည်မှာနေ၍ ရှင်ဆန္နသည် ဟိုကိုယ်တော်တွေ ဟောတာကို မကျေနပ်တာနဲ့ ကိုစောမောင် ကောသမ္ဗီပြည်ကို မသွားရရှာဘူးလား(သွားရပါတယ် ဘုရား)၊ သွားရပြီး သကာလ ရှင်အာနန္ဒာနဲ့တွေ့တဲ့ အခါမှာ ရှင်အာနန္ဒာက စဉ်းစားလုံးလဲ ဒကာ ဒကာမတွေ နှစ်ရက်တိုင်တိုင် ပြောလို့သိပါပြီနော် (မှန်ပါ)၊

ဒိဋ္ဌိမကွာဘဲနဲ့ အားထုတ်နေတယ်

ဒီပုဂ္ဂိုလ်ဟာ ဒိဋ္ဌိမကွာဘဲနဲ့ဘာတဲ့ (အားထုတ်နေပါတယ်)၊ အဲဒီတော့ ဒီပုဂ္ဂိုလ်ဟာ ဒီပဋိစ္စသမုပ္ပါဒ် မကွာတော့ ဒိဋ္ဌိမကွာဘူး၊ ဒိဋ္ဌိ မကွာဘဲနဲ့ အားထုတ်နေတဲ့အတွက် အနိစ္စ အနတ္တတွေ သူကြိုးစားပြီး သကာလ နေငြားသော်လည်း အတ္တဒိဋ္ဌိပြန်ပြန် ကပ်နေတယ်ဆိုတာတော့ သဘောကျပလား(ကျပါပြီ)။

အတ္တဒိဋ္ဌိပြန်ပြန်ကပ်နေတော့ မရနိုင်ဘူး၊ ဒါနဲ့ရှင်အာနန္ဒာကို အရှင်ဘုရားတပည့်တော်ဖြင့် ကိုးစားအားထား စရာမရှိလို့ အရှင်ဘုရားဆီပဲ လာခဲ့ပါတယ်၊ ဟိုကိုယ်တော်တွေ ပြောတဲ့အတိုင်း တပည့်တော် အားထုတ်တာဖြင့် မရပါဘူးတဲ့၊ သဘောပါပလား (ပါပါပြီ)။

ဒါကြောင့် အတ္တဒိဋ္ဌိဘက် ပြန်ကူးကူးနေတော့ ဖြစ်ပျက်ကို ဘယ်လိုပင် မြင်ငြားသော်လည်း နဂိုက ရှင်းလင်း ထားတဲ့ ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောကို မသိတော့ ကိုစောမောင် သိပ်ပြီး ခက်နေတယ်(မှန်ပါ) ဓမ္မ ကလေးတွေပေါ်တာ မသိတော့ မခက်ဘူးလား(ခက်ပါတယ် ဘုရား) ဒိဋ္ဌိမကွာပဲနဲ့ သူရှုနေတဲ့ အဓိပ္ပါယ် သေချာသွား တယ်နော် (မှန်ပါ)။

ဒါနဲ့ ရှင်အာနန္ဒာက ဒီလောက်ဆန္ဒပြင်းပြနေတဲ့ ပုဂ္ဂိုလ်ဖြင့် မရနိုင်စရာမရှိပါဘူး ဆိုပြီး ပိဋကတ်သုံးပုံးမှာ ရှာလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဟောပြီး ဒိဋ္ဌိခွါတဲ့ ပါဠိတော်ကို သူရှာတော့ ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဘုရားကိုယ် တော်တိုင် ဟောထားတာတွေ့တယ်၊ ရှင်အာနန္ဒာ ရှာလိုက်တဲ့အခါမှာနော် (မှန်ပါ)၊

ဒိဋ္ဌိခွါထားတဲ့ ဒေသနာတော်ရှိတယ်

အဲဒီတွင်မှ ငါ့ရှင် ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ပဋိစ္စသမုပ္ပါဒ်ဟောပြီး ဒိဋ္ဌိခွါထားတဲ့ ဒေသနာတော် ရှိတယ်၊ အဲဒီတရားဟာ ငါ့ရှင်နဲ့ အသင့်တော်ဆုံးပဲ၊ င့ါရှင် သေသေချာချာ နာပေတော့ဆိုပြီး ရှင်အာနန္ဒာက ဟောလိုက်တယ်(မှန်ပါ)။

ကဲ ဒါဖြင့် အခုရွတ်မည့်ပါဠိဟာ ဘုရားကိုယ်တော်တိုင် ဟောပြီးသား ဆိုတာရော သိကြပလား (သိပါပြီ ဘုရား)၊ ဘုရားပရိနိဗ္ဗာန်စံတော့မှ ရှင်ဆန္နကို ဒကာ ဒကာမတွေ ရှင်အာနန္ဒာက ဒီပါဠိကို ပြန်ဟောပြီး ရှင်ဆန္န ကျွတ်တန်းဝင် အောင်လုပ်ရပြန်တယ် (မှန်ပါ) အဲဒီတွင် ရှင်အာနန္ဒာ ပါဠိတော် ရွတ်တယ်။

”ဒွယ နဿိတော ခွါယံ ကစ္စာန လောကော ယေဘုယျေန အတ္ထိတဉ္စေဝ နတ္ထိတဉ္စ”။

လောကကြီးထဲမှာ နှစ်ပါးသာ ဒိဋ္ဌိရှိတယ်တဲ့၊ ဘယ်ဒိဋ္ဌိတုန်းဆိုတော့ အတ္ထိတဉ္စေဝဆိုတာ သဿတဒိဋ္ဌိ၊ နတ္ထိတဉ္စဝဆိုတာ သဿတဒိဋ္ဌိ၊ နတ္ထိတဉ္စဒိဋ္ဌိတဲ့၊ လောကကြီးထဲမှာ များသောအားဖြင့် သဿတဥစ္ဆေဒ အများဆုံးရှိတယ်၊ သဿတနဲ့ ဥစ္ဆေဒ တစ်ခုခုကိုစွဲယူထားကြတယ်တဲ့၊ သဘောကျပလား(ကျပါပြီ)။

လောကကကြီးထဲမှာ ဘယ်ဒိဋ္ဌိရှိနေကြပါလိမ့် (သဿတနဲ့ ဥစ္ဆေဒ တစ်ခုခုရှိနေကြပါတယ်)။

လောကဆိုတာက သင်္ခါရလောက

ဘယ်နှယ့်ကြောင့် ရှိနေပါလိမ့်မတုန်းဆိုလို့ရှိရင် “လောကသမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နိတ္ထိတာ၊ သာ န ဟောတိ”တဲ့။

ဒီနေရာမှာ လောကဆိုတာက သင်္ခါရလောကကို ဆိုလိုပါ တယ်၊ သတ္တလောကကို မယူကြပါနဲ့(မှန်ပါ)၊ ဝိပဿနာပညာ၊ မဂ်ပညာနဲ့ လောကကြီး၏ ဖြစ်ပုံကို သိနေမယ်ဆိုလို့ရှိရင် “ယာ လောကေ နတ္ထိတာ သာ န ဟောတိ”တဲ့၊ ဥစ္ဆေဒဒိဋ္ဌိ မဖြစ်နိုင်ပါဘူး(မှန်ပါ) လောကကြီး၏ ဖြစ်ပုံကိုသာမြင်လို့ရှိရင် ဘယ်နည်းနဲ့မှ ဥစ္ဆေဒဒိဋ္ဌိ မရှိနိုင်ပါဘူးတဲ့(မှန်ပါ)၊ သဘောကျပါလား(ကျပါပြီ)။

ခန္ဓာထဲမှာ ပဋိစ္စသမုပ္ပါဒ် တရားပေါ်တာကို သိတိုင်း သိတိုင်း ဘာမရှိဘူးတဲ့တုန်း (ဥစ္ဆေဒဒိဋ္ဌိမရှိပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ ဘုရားဟောပါဠိ ဒကာ ဒကာမတို့၊ ဒါဖြင့် “အဖြစ်ကလေး သိတယ်ဆိုလို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူး” ပြတ်တယ်ဆိုတာ လာသေးရဲ့လား (မလာပါ ဘုရား) တစ်ခုဖြစ်ပြီး နောက်တစ်ခု ဖြစ်ပြန်တာပဲ၊ ဝိညာဏ်ဖြစ်ပြီး သကာလ လိုချင်တာဖြစ်ပြန်တာပဲ၊ စွဲလမ်းတာဖြစ်ပြီး အားထုတ်တာကော(ဖြစ်ပါတယ် ဘုရား)၊ ဒီလိုချည်း ဆက်မနေဘူးလား (ဆက်နေပါတယ် ဘုရား)၊

ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူး

နောက်တစ်ခါ တစ်ဒွါရက စပြန်တာပဲဆိုတော့ အဲဒါ သင်္ခါရလောကကြီးဖြစ်နေတာ၊ အဲဒီ ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်တာကလေးကို သိနေမယ်ဆိုရင် “ယာ လောကေနတ္ထိတာ၊ သာ န ဟောတိ” ဥစ္ဆေဒဒိဋ္ဌိ မရှိပါဘူးတဲ့၊ “ပဋိစ္စသမုပ္ပါဒ် ဖြစ်တာကလေးတွေသာ မြင်နေရင် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်”တဲ့(မှန်ပါ)၊ ဘုရားက ကစ္စာနဂေါတ္တ ရဟန်းကို ဟောတာနော်၊ ရှင်ဆန္နကိုရွတ်ပြီး ထပ်ဟောနေတာကတော့ ရှင်အာနန္ဒာပဲ မှတ်ပါတော့(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အဖြစ်မြင်ရင် ဘယ်ဒိဋ္ဌိစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) အဲ တကယ့်ဒိဋ္ဌိအကြီးစား စင်သွားတယ်နော် (မှန်ပါ)။

ကဲ တစ်ခါ လောကနိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတောယာ လောကေ အတ္ထိတာ၊ သာ န ဟောတိတဲ့။

သဿတဒိဋ္ဌိမရှိပါ

”အပျက်မြင်ပြန်လို့ရှိရင်လဲ သဿတဒိဋ္ဌိမရှိပါဘူး”တဲ့(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် အပျက်ကလေးတွေ မြင်လိုက်ပြန်တော့ (သဿတဒိဋ္ဌိမရှိပါဘူး ဘုရား)၊

အဲ နေရာကျလိုက်တာ ဒကာ ဒကာမတို့၊ ဒါကြောင့် ဒိဋ္ဌိကင်းလွတ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို နာနာဟောရတယ်ဆိုတဲ့ဥစ္စာ ဘုရားကိုယ်တော်တိုင်က ဒီမှာ ဟောထားခဲ့တာကြည့်ရင် အင်မတန် ရှင်းနေပါတယ်(မှန်ပါ)၊ ကိုစောမောင် သေချာပလား (သေချာပါပြီ)။

ဒါကြောင့် ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောမပါပဲနဲ့၊ မသိပဲနဲ့ ဒိဋ္ဌိမကွာဘူးဆိုတဲ့ဥစ္စာ မှတ်ကြပါ (မှန်ပါ)၊ အဖြစ်မြင်ရင် (ဥစ္ဆေဒဒိဋ္ဌိ ကွာပါတယ်)၊ အပျက်မြင်ရင် သဿတဒိဋ္ဌိ ကွာပါတယ်(မှန်ပါ)၊

ကွာတော့ ဒိဋ္ဌိနှစ်ခုမှ မရှိတော့ဘူးဆိုရင် သက္ကာယဒိဋ္ဌိက ဘယ်မှာရှိနိုင်တော့မလဲ (မရှိနိုင်ပါ ဘုရား)၊ မရှိနိုင်ဘူး၊ သူတို့ကွာသွားရင် သက္ကာယ ဒိဋ္ဌိမရှိပါဘူး(မှန်ပါ)။

ဒိဋ္ဌုပါဒါန်ဟာ လာနေတာပဲ

ဒီတော့ ဒီနှစ်ခုကို မမြင်လို့ရှိရင် ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဘုရားက ဒီလိုဟောပါတယ်တဲ့(မှန်ပါ)၊ အကြောင်းကို မသိပဲနဲ့ နေတဲ့ပုဂ္ဂိုလ် ဟူသရွေ့သည် ဖြစ်ကြောင်းကိုလဲမသိ၊ ဖြစ်တာကိုလဲမသိ၊ ချုပ်တာကိုလဲ မသိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် ဒိဋ္ဌုပါဒါန်ဟာ လာနေတာပဲ (မှန်ပါ)။

ဖြစ်တာကိုလဲ မသိ၊ ပျက်တာကိုလဲ မသိရင် ဘာဥပါဒါန်လာသတုန်း (ဒိဋ္ဌုပါဒါန် လာပါတယ် ဘုရား) အခုတော့ ဖြစ်တာပျက်တာကိုပါ သိတော့ ဒိဋ္ဌုပါဒါန်ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ သဿတ ဒိဋ္ဌိဥပါဒါန်ကော ရှိသေးရဲ့လား(မရှိပါ ဘုရား)၊ သဿတ ဒိဋ္ဌိဥပါဒါန်ကော ရှိသေးရဲ့လား(မရှိပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိပါဒါန်ကော (မရှိပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဖြစ်တာနဲ့ ပျက်တာကလေးကို သိနေတဲ့ ဒကာ ဒကာမတို့မှာ ဪ ဒိဋ္ဌိရှင်းပြီး သိနေ တာကိုးဆိုတာ ကိုစောမောင် ဒီဒါဠိတော်က ထောက်ခံတယ်(မှန်ပါ)၊ မသေချာကြဘူးလား (သေချာပါတယ်)။

ဖြစ်ပျက်ဒုက္ခကို မသိရင်

ဒါဖြင့် ဖြစ်ပျက်ဒုက္ခကို မသိရင်ဖြင့် ခန္ဓာငါးပါးကို “ဥပယုပါဒါနာဘိနိဝေသ ဝိနိဗန္ဓော” တဲ့၊ ဥပယဥပါဒါန အဘိနိဝေသဆိုတဲ့ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းမှု နှလုံးသွင်းမှုတွေဟာ ဖြစ်နေတာပဲတဲ့(မှန်ပါ) ဖြစ်ပျက်ကို သိလိုက်လို့ရှိရင် ဒိဋ္ဌိ ဥပါဒါန်တို့ဟာ မဖြစ်တော့ပါဘူးတဲ့ (မှန်ပါ)။

မဖြစ်တော့ ဘာဖြစ်သတုန်းဆိုတော့ သူ့ဉာဏ်ထဲမှာ ဪ ဘယ်လိုများ ဖြစ်လာသတုန်းဆိုတော့ “ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈတိ” ဒုက္ခပဲဖြစ်၍ ဒုက္ခပဲ ချုပ်တာပဲလို့ သူ့ဉာဏ်ထဲမှာ သစ္စာဝင်လာမယ်တဲ့(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။

သူ့ဉာဏ်ထဲ ဘာဝင်လာသတုန်း(သစ္စာဝင်လာပါတယ်)၊ ဒုက္ခပဲဖြစ်၍ ဒုက္ခပဲချုပ်တာပဲဆိုတာကလေးဟာ သူများပြော မဟုတ်ဘဲနဲ့ သူ့ဟာသူ ဒိဋ္ဌိပြုတ်တာနဲ့ “နကင်္ခတိ နဝိစိကိစ္ဆတိ” ဖြစ်တာနဲ့ ပျက်တာ ကလေးဟာ ဒါကလေး နှစ်ခု ဒုက္ခသာ ရှိတာပဲဆိုသဖြင့် ဝိစိကိစ္ဆာပါ ပြုတ်သွားတယ်(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။

ဒိဋ္ဌိတင်ပြုတ်တာလား ဒကာ ဒကာမတို့ (ဝိစိကိစ္ဆာပါပြုတ်ပါတယ် ဘုရား)၊ နကင်္ခတိ၊ နဝိစိကိစ္ဆတိ အပရပ္ပစ္စယာ တဲ့၊ ဒါ သူ့ပါဠိတော်တွေပဲ(မှန်ပါ)၊ တစ်ပါးသော ပုဂ္ဂိုလ်ကပြောလို့ သိတဲ့အကြောင်း မဟုတ်ဘဲ ကိုယ်တိုင်ဉာဏ်ဖြစ်သွား သတဲ့၊ ကိုယ်ပိုင်မဂ်ဉာဏ် ဖြစ်သွားတယ်လို့ ပြောလိုက်တယ်(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဘုရားဟောပါဠိတော်တွေနော်၊ အပရပ္ပစ္စယာ တစ်ပါးသောသူ ပြောလို့ မဟုတ်ပါဘူးတဲ့၊ ကိုယ်တိုင်သိတာ ပါတဲ့၊ ဒုက္ခဖြစ်တာနဲ့ ဒုက္ခချုပ်တာပဲ၊ ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးဟာ ဒါပဲရှိတယ်လို့ သူဉာဏ်ထဲမှာ ဝိစိကိစ္ဆာလဲ မရှိဘူးတဲ့၊ သတ္တဝါဖြစ်တယ်၊ ပျက်တယ်မဟုတ်တော့ဘူး၊ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲလို့သာ ထင်လာတော့တာပဲတဲ့၊ သဘောကျပလား (ကျပါပြီ)။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာ

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာ ထင်လာတော့ “ဉာဏမေဝဿ ဧတ္ထဟောတိ” ဘာမှ သုခဆိုတာ မရှိပါဘူးဆိုတဲ့ ဒုက္ခပိုင်းခြားတဲ့ ဉာဏ်ဟာ ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်ပြီး ပုဂ္ဂိုလ်မှာ ဝင်လာတာပဲ (မှန်ပါ)၊ တယ်အဖိုးတန်တယ်နော် ဒကာ ဒကာမတို့၊ တန်ပါတယ်ဘုရား။

ဖြစ်တာနဲ့ ပျက်တာကလေးကို သိလိုက်ခြင်းသည် ဒကာ ဒကာမတို့ စွဲလမ်းတဲ့ ဒိဋ္ဌိလဲ သေသွားတယ်၊ ဖြစ်တာနဲ့ ပျက်တာ ဒုက္ခချည်းပဲ၊ ဘာမှ ပုဂ္ဂိုလ်သတ္တဝါ ဖြစ်တာပျက်တာ မဟုတ်ဘူးဆိုတဲ့ သံသယ ဝိစိကိစ္ဆာလဲ သေသွားတယ်၊ သဘောကျပလား (ကျပါပြီ)။

ဒီလိုသေသွားတော့ “ဧတ္တာဝတာခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတိ” ဖြစ်တာနဲ့ ပျက်တာဟာ ဒါ ဒုက္ခချည်းပဲလို့ သိလို့ရှိရင် ဒါဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်လာပါပြီတဲ့(မှန်ပါ)၊ ဖြစ်တာလဲဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲကိုးလို့ ဧကန်ပိုင်ပိုင် နိုင်နိုင်သိလိုက်တဲ့အခါမှာ သမ္မာဒိဋ္ဌိ မဂ္ဂင်ရှစ်ပါးဟာ အကုန်ဝင်လာတာပဲ (မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီလို ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဟောပါတယ်၊ ရှင်အာနန္ဒာက ရှင်ဆန္နကို တစ်ဆင့်ပြောပြနေတာ (မှန်ပါ)။

အလယ်လမ်းချည်းမှတ်လိုက်စမ်းပါ၊

သဗ္ဗမတ္ထီတိခေါကစ္စန အယမေကော အန္တော၊ သဗ္ဗံနတ္ထီတိ- အယံ ဒုတိယောအန္တောဆိုတဲ့ ဥစ္စာသဿတနဲ့ ဥစ္ဆေဒ အစွန်းနှစ်ပါးရှိပါတယ်၊ အလယ်လမ်းကနေပြီး ဟောနေတဲ့ပါဠိတော်ပါပဲ၊ ဖြစ်တာနဲ့ ပျက်တာဟာ သဿတ ဥစ္ဆေဒလွတ်တဲ့ အလယ်လမ်းချည်းမှတ်လိုက်စမ်းပါ၊ သဘောကျပလား (ကျပါပြီ) ဖြစ်တာကို မြင်လိုက်သဖြင့်လဲ ဒကာ ဒကာမတို့ ဥစ္ဆေဒဒိဋ္ဌိပယ်ပြီးသား (မှန်ပါ)၊ ပျက်တာ မြင်လိုက်သဖြင့်လည်း (သဿတဒိဋ္ဌိပယ်ပြီးသားပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဒုက္ခမှတစ်ပါး ဘာမှမရှိတော့ဘူးဆိုတော့ ဒကာ ဒကာမတို့ နည်းနည်းမှ ကျုပ်တို့ သံသယ ဝိစိကိစ္ဆာက ဝင်စရာ အကြောင်းရှိသေးရဲ့လား (မရှိပါ ဘုရား)၊

ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် ပိုင်းခြားပြီး မသိဘူးလား (သိပါတယ်) ဖြစ်တာကို ခိုင်တယ်-ခိုင်တယ်လို့ မယူ၊ ပျက်တာကိုလည်း ပျက်သွားတယ်လို့ ယူတာမဟုတ်ဘူးတဲ့၊ ခန္ဓာကိုယ် ထဲမှာ ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက်ဆိုတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ ရှိနေပါတယ်ဆိုပြီးတော့ ဒကာ ဒကာမတို့ ဖြစ်တာကိုလဲ အခိုင်မယူ၊ သဘောကျပလား (ကျပါပြီ)။

ဒီတော့ သဿတဒိဋ္ဌိက မပြုတ်ဘူးလား (ပြုတ်ပါတယ်) ပျက်တာကိုလဲ အပျက်မယူဘူးဆိုတော့ ဥစ္ဆေဒိဋ္ဌိကော (လွတ်ပါတယ် ဘုရား) လွတ်သွားတော့ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတပါး ဘာမှမရှိဘူးလို့ ယူလိုက်တဲ့အယူသည်လဲ အလယ်လမ်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒါ ရှင်အာနန္ဒာ ကစ္စာနဂေါတ္တသုတ်တော်ကို ရှင်ဆန္နအားဟောနေတဲ့ အဓိပ္ပါယ်တွေ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဘယ်လမ်းပါလိမ့်၊ ဒီလမ်းဟာ (အလယ်လမ်းပါ ဘုရား)။

မဂ္ဂင်မပေါ်ပေဘူးလား

ဖြစ်တာကိုလဲ ခိုင်တယ်လို့ ယူသေးရဲ့လား (မယူပါ ဘုရား) ပျက်တာကိုလဲ ပျက်တယ်လို့ ယူသေးရဲ့လား (မယူပါ ဘုရား) ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ ဆက်စပ်နေတာလဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခတွေ မပြတ်ဖြစ်နေတာပဲလို့ ဒီလိုမယူပေဘူးလား (ယူပါတယ် ဘုရား) ယူတော့ ဒီဥစ္စာ ဒုက္ခသစ္စာ ပိုင်းခြားတဲ့ အလယ်လမ်းဖြစ်တဲ့ မဂ္ဂင်မပေါ်ပေဘူးလား (ပေါ်လာပါတယ်)။

ကိုစောမောင် ဒါဟာ ဖြစ်ပျက် ဘယ်လောက် ကျေးဇူးများတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်သိတာ ဘယ်လမ်းလိုက်ကြပါလိမ့် (အလယ်လမ်းလိုက်ပါတယ်) သိပ်အဖိုးတန်ပါကလား (မှန်ပါ)။

အဲဒီတွင်မှ ရှင်ဆန္နက ကိုယ့်သန္တာန် ပေါ်တာကလေးကိုလဲ မိအောင်လိုက်၊ ပျက်တာကိုလဲ မိအောင်လိုက်ပြီး ရှင်အာနန္ဒာဟောတုန်းပဲ ခန္ဓာကိုယ် ဉာဏ်စိုက်ပါတယ် (မှန်ပါ)။

ခန္ဓာကိုယ်ဉာဏ်စိုက်လိုက်တယ် ဒကာ ဒကာမတို့၊ စိတ်ကလေးတွေဘက် လှည့်ပြီး စိုက်လိုက်တဲ့ အခါကျတော့ ဖြစ်တာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ သူခိုင်းတာ မဟုတ်ဘူး၊ ဖြစ်တာဟာ ဖြစ်ကာမတ္တပဲ၊ ဖြစ်ပြီးတဲ့ တရားသည်ကား ဆိုလို့ရှိရင် ပျက်ရမှာပဲဆိုတဲ့ ဝိပဿနာဉာဏ်က ရှေ့မှာ မလာပေဘူးလား (လာပါတယ်)။

လာကတည်းက ဒိဋ္ဌိကကွာနေပြီ (မှန်ပါ) မကွာသေးဘူးလား (ကွာပါတယ်) သဿတပါသေးရဲ့လား (မပါပါ ဘုရား) ဥစ္ဆေဒရော (မပါပါ ဘုရား) မပါတော့ဘူး ဆိုတော့ သူ့ထက်ကြီးတာတွေတောင် ပြုတ်တော့ သက္ကာယဒိဋ္ဌိက အလိုလိုပါသွားပြီ (မှန်ပါ) မပါဘူးလား (ပါပါတယ် ဘုရား)။

ဖြစ်ဒုက္ခ ပျက်ဒုက္ခ နှစ်ခုမှတစ်ပါး

အဲဒီလိုပါသွားတော့ သူရှုရင်းမတ္တနဲ့ ခန္ဓာကိုယ်ထဲမှာ ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီး ဖြစ်ဒုက္ခ ပျက်ဒုက္ခ နှစ်ခုမှတစ်ပါး ဘာမှမရှိပါကလား ဆိုတော့ ဒုက္ခကို “ပရိညာဘိသမယေန အဘိသမေတိ” ဆိုတဲ့အတိုင်း ဒုက္ခကို သူပိုင်ပိုင်နိုင်နိုင်သိပြီ (မှန်ပါ)။

ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအချိန် ကြည့်လိုက်ကြည့်လိုက် ကိုစောမောင် ဒုက္ခသစ္စာ နှစ်ခုပဲရှိမယ် (မှန်ပါ) ဖြစ်ဒုက္ခရယ်၊ ပျက်ဒုက္ခရယ်၊ ဒါပဲရှိတယ်ဆိုတာ သိတဲ့အခါကျတော့ အဖြစ်ဒုက္ခနဲ့ အပျက်ဒုက္ခသာရှိတယ်လို့ သိတာဟာ မဂ်သမ္မာဒိဋ္ဌိဝင်လာလို့ သိတာဖြစ်လေသောကြောင့် ဒီဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကို မလိုချင်တဲ့ဥစ္စာ ဒကာ ဒကာမတို့ မဂ်ပါပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဖြစ်ဒုက္ခ ပိုင်းခြားတဲ့ မဂ်သည်ပင်လျှင် မလိုချင်တဲ့မဂ်၊ ဒီမဂ်က (မှန်ပါ) ရှင်းပလား (ရှင်းပလား)။

အဲဒီမှာ ဒုက္ခပိုင်းခြားတဲ့အတွက် နောက်က ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမသက မသေဘူးလား (သေပါတယ်) ဒုက္ခပိုင်းခြားတာနဲ့ ဒုက္ခချုပ်သွားတာနဲ့ တစ်ချက်တည်းလို့သာ မှတ်လိုက်ပါတော့ (မှန်ပါ) အဲဒီမှာ ဒုက္ခတွေ ပျောက်မသွား ဘူးလား (ပျောက်သွားပါတယ်)။

ပိုင်းခြားသိသည်နှင့် တစ်ပြိုင်နက်တည်း

ပိုင်းခြားသိသည်နှင့် တစ်ပြိုင်နက်တည်း ပျောက်သွားတော့ “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဆိုတဲ့အတိုင်းလဲ ဒိဋ္ဌိတဏှာတွေကလဲ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)။

တဏှာဆိုပေမယ့် ဒိဋ္ဌိတဏှာတွေနဲ့ ဝိစိကိစ္ဆာတွေပါဆိုတာ (မှန်ပါ) သူနဲ့ဆိုင်ရာတွေ သွားရမှာကိုး (မှန်ပါ)၊ မဆိုင်တာကို ပယ်နိုင်သေးတာမှ မဟုတ်ဘဲကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒီနေရာကျတော့ ဒကာ ဒကာမတို့ ရှေ့က “ဒုက္ခနိရောဓော နိဗ္ဗာနံ” မရှိဘူးလား (ရှိပါတယ်) နောက်က တဏှာနိရောဓေါ နိဗ္ဗာနံကော (ရှိပါတယ် ဘုရား)။

ဒါဖြင့် ရှေ့က ဒုက္ခ နိရောဓော နိဗ္ဗာနံ နောက်က တဏှာနိရောဓော နိဗ္ဗာနံ ဆိုတာ ပါဠိမှာသာ ပြားနေတာ၊ တစ်ပြိုင်နက်ပါပဲ (မှန်ပါ) ရှေ့က ချုပ်တာနဲ့၊ နောက်က ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တာနဲ့ (တစ်ပြိုင်နက်ပါ ဘုရား) တစ်ပြိုင်နက်ဖြစ်ပြီး သကာလ ချုပ်သည်နဲ့တစ်ပြိုင်နက် နိရောဓဆိုတာကလဲ ဘာမျှ ကျုပ်တို့က သံသယမရှိနဲ့၊ ဒုက္ခတွေချုပ်သွားတာလဲ ချုပ်သွားသည်နဲ့ တစ်ပြိုင်နက် ချုပ်တာဖြစ်ရတာပဲ (မှန်ပါ)။

ချုပ်သွားတာက ဉာဏ်ထဲမှာ အထည်နဲ့တကွ ပျောက်သွားတာက ဒုက္ခသစ္စာ၊ အထည်မရှိဘဲ ဒုက္ခငြိမ်းတာချည်း ပေါ်လာတာက (နိရောဓ သစ္စာ) နောက်ကဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ သေတာက သမုဒယသေတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) အလယ်ဟာတွေက မဂ္ဂသစ္စာ၊ ဘာဝေတဗ္ဗကိစ္စနဲ့ ပွားနေတယ်ဆိုတာလဲ မဂ္ဂင်တစ်ပါးတည်း အလုပ်လုပ်နေသလား ရှစ်ပါးအလုပ် လုပ်နေသလား (ရှစ်ပါးလုပ်ပါတယ် ဘုရား) သူ့ဆိုင်ရာ သူ့ဆိုင်ရာကို အလုပ်လုပ်နေကြတဲ့အတွက် အကုန်ဝိုင်းပြီး ပွားနေကြတာပဲ (မှန်ပါ)။

ရှစ်ခုဝိုင်းပြီး အလုပ်လုပ်တာ

ဒါကြောင့် ဘာဝေတဗ္ဗကိစ္စ- ဘာဝေတဗ္ဗကိစ္စ ဆိုတာ မဂ်ဟာ တစ်ကြိမ်တည်းဖြစ်တာ၊ ဘာကြောင့် ဘာဝေတဗ္ဗ ကိစ္စလို့ ဆိုနေရသတုန်းလို့ မေးဖို့မလိုပေဘူးလား (လိုပါတယ် ဘုရား) ဘာဝေတဗ္ဗ ပွားများတယ်ဆိုတော့ မဂ်ကတစ်ကြိမ် တည်း ဘယ်မှာပွားများတယ် ဆိုရသတုန်း အို ရှစ်ခုဝိုင်းပြီး အလုပ်လုပ်တာကို ပွားများတယ်ဆိုတာ (မှန်ပါ)။

သေသေချာချာမှတ်ပါ၊ ဒီဥစ္စာ ခင်ဗျားတို့သိနေကြတာက မဂ်ဟာ ဘာဝေတဗ္ဗကိစ္စရှိတယ်ဆိုတော့ ဝိပဿနာ မဂ်ကတော့ ထားပါတော့၊ ပွားများတယ်ဆိုတာ အဲဒီမဂ်ကိုလဲဆိုတာ မဟုတ်ဘူး၊ ပါဠိတော်က လောကုတ္တရာမဂ်ကို ဆိုနေတာ (မှန်ပါ)။

ဘာဝေတဗ္ဗကိစ္စရှိတယ်ဆိုတော့ မဂ္ဂါဘိညာ သကိံမတာဆိုတဲ့အတိုင်း မဂ်ဟာတစ်ကြိမ်သာ ဖြစ်ရတယ် (မှန်ပါ) အဘိညာဏ်လဲ တစ်ကြိမ်သာဖြစ်တာ၊ ပွားတယ်လို့ဆိုတော့ ဘယ်လိုပွားတာတုန်းဆိုတော့ ဝိုင်းပြီး အလုပ်လုပ်ကြတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ရှစ်ခုဝိုင်းပြီး အလုပ်လုပ်တဲ့အခါကျတော့ တစ်ပြုံကြီး အလုပ်လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ် မရပေဘူးလား (ရပါတယ်) သမ္မာဒိဋ္ဌိကလဲ မိစ္ဆာဒိဋ္ဌိပယ်ရတယ်၊ သမ္မာသင်္ကပ မိစ္ဆာသင်္ကပ ပယ်ရတယ်၊ သမ္မာသတိက မိစ္ဆာသတိကို ပယ်ရတယ်၊ သမ္မာသမာဓိက မိစ္ဆာသမာဓိကို သမ္မာဝါယမက မိစ္ဆာဝါယမကို ပယ်ရတယ် (ပယ်ရပါတယ်)၊ သမ္မာဝါစာက မိစ္ဆာဝါစာကို (ပယ်ရပါတယ်) သမ္မာကမန္တက မိစ္ဆာကမ္မန္တကို (ပယ်ရတယ်) သမ္မာအာဇီဝ က မိစ္ဆာအာဇီဝကို (ပယ်ရတယ်) အသီးသီးလုပ်ကြလို့ ပွားတယ်ဆိုတဲ့ အဓိပ္ပါယ် ထွက်လာတယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။

တစ်ကြိမ်တည်းပွားတယ်ဆိုတဲ့ အဓိပ္ပါယ်

ဒါဖြင့် ခင်ဗျားတို့က မဂ်ဆိုတာ ပွားယူမှရတယ်ဆိုတော့ မဂ်ဘယ်နှစ်ကြိမ် ဖြစ်တာပါလိမ့် (တစ်ကြိမ်ပါ) တစ်ကြိမ်တည်းပွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုတော့ ဒကာ ဒကာမတို့ ဒါကို အယူအဆ သိပ်ပြီးလိုပါတယ်၊ ခင်ဗျားတို့ နားလည်ထားတဲ့ အဓိပ္ပါယ်ကတော့ မဂ်ဆိုတာ ပွားရတယ်ကွဆိုတော့ ဝိပဿနာမဂ်ဖြစ်နေတယ် (မှန်ပါ) ဟိုဟာက မဂ္ဂသစ္စာ၊ ဘာဝေတဗ္ဗကိစ္စဆိုတာက လောကုတ္တရာမဂ်ကို ဆိုနေတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဘယ်မဂ်ကို ဆိုတာပါလိမ့် (လောကုတ္တရာမဂ်ကို ဆိုတာပါ) လောကုတ္တရာမဂ်ဖြင့် ဘယ်နှစ်ကြိမ် ဖြစ်ရမှာတုန်းဆို တော့ မဂ်ဟာ အကြိမ်ကြိမ်ဖြစ်တယ်လို့ ဘယ်တော့မှ ထုံးစံမရှိဘူး၊ အကြိမ်ကြိမ်ဖြစ်လို့ ရှိရင်တော့ ဒကာ ဒကာမတို့ ကိလေသာကို မနိုင်သေးလို့ အကြိမ်ကြိမ် သတ်နေရသေးတဲ့ အဓိပ္ပါယ် ရောက်နေတယ် (မှန်ပါ)။

တစ်ကြိမ်တည်းနဲ့ သတ်တဲ့ အဓိပ္ပါယ် ရောက်သေးရဲ့လား (မရောက်ပါ ဘုရား) မရောက်လို့ရှိရင်ဖြင့် ဪ သူ့ကိစ္စနဲ့သူ ရှစ်ခုစလုံး တစ်ပြိုင်နက် အလုပ်လုပ်ကြတာကို ပွားတယ်ဆိုတာကိုးလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့ဆိုင်ရာနဲ့ ပယ်နေရတာပါကလား

သူ့ကိစ္စနဲ့သူ အလုပ်လုပ်ကြတာကို (ပွားတယ်ဆိုပါတယ်) ရှစ်ခုစလုံးဟာ အလုပ်တူကြရဲ့လား (မတူပါ ဘုရား) သမ္မာဒိဋ္ဌိကဘာပယ်ရသတုန်း (မိစ္ဆာဒိဋ္ဌိပယ်ရပါတယ်) မိစ္ဆာဒိဋ္ဌိပယ်မှုကို အလုပ်လုပ်ရတယ်၊ သမ္မာသင်္ကပ္ပက (မိစ္ဆာ သင်္ကပ္ပပယ်ရပါတယ်) အဲဒီအတိုင်း သွားလိုက်တဲ့အခါကျတော့ မိစ္ဆာချုပ်ပယ်ရာ မရောက်ဘူးလား (ရောက်ပါတယ်) သမ္မာဒိဋ္ဌိက မိစ္ဆာသင်္ကပ္ပ ပယ်ချင်လို့မရဘူး (မှန်ပါ) သမ္မာသမာဓိက မိစ္ဆာဒိဋ္ဌိပယ်ချင်လို့ကော (မရပါ ဘုရား) ဒါဖြင့် သူ့ဆိုင်ရာနဲ့၊ သူ့ဆိုင်ရာနဲ့ ပယ်နေရတာပါကလား (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် လောကကြီးထဲမှာ တစ်ချို့အန်အောင် တိုက်ရတဲ့ဆေးများလဲ ရှိသေးတယ် (မှန်ပါ) လူမမာမှာ ပယောဂအပင်းတွေ ဘာတွေ ဝင်နေတဲ့အခါကျတော့ ပယောဂဆရာတွေက အန်ဆေးတွေ ဘာတွေ တိုက်ရတဲ့အခါကော မရှိဘူးလား (ရှိပါတယ်) အန်ဆေးတွေကို တိုက်ရတာသည်ကားလို့ ဆိုလို့ရှိရင် ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ရောဂါရှင်းစေချင်လို့ဆိုတဲ့ အဓိပ္ပါယ်ဟာ အရှင်းသားပဲ (ရှင်းပါတယ် ဘုရား)။

ဒီမှာလဲ သမ္မာဒိဋ္ဌိက မိစ္ဆာဒိဋ္ဌိကိုသာ အန်နိုင်တာပဲ (မှန်ပါ) သမ္မာသင်္ကပ္ပတ (မိစ္ဆာသင်္ကပ္ပကို အန်စေနိုင်ပါတယ်) အဲဒါကြောင့် အန်ဆေးရှစ်ခွက်ကို တိုက်ရလို့ပွားတယ်ဆိုတဲ့အဓိပ္ပါယ်ယူတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

အန်ဆေးက ဘယ်နှစ်မျိုးတိုက်ရသတုန်း

အန်ဆေးက ဘယ်နှစ်မျိုးတိုက်ရသတုန်း(ရှစ်မျိုးတိုက်ရပါတယ်)၊ ရှစ်မျိုးတိုက်ရတာ ထပ်ပြန်တလဲလဲ သောက် နေတဲ့ အဓိပ္ပါယ်မျိုး စကားတော့ ရောက်ပါတယ်၊ ဆေးကောင်းဖြစ်နေတဲ့အတွက် တစ်ခွက်သောက်တာနဲ့ ရှစ်မျိုးအန်တယ် သာမှတ်ပါတော့(မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တော်တော်ဉာဏ်ပါ ပါရဲ့လား(ပါပါတယ်) လောကုတ္တရာမဂ်မှာ ဘာကိစ္စရှိပါသတုန်း၊ “ဘာဝနာဘိသမယေန” ဆိုတော့၊ ဘာဝနာပွားများရမယ်တဲ့နော်(မှန်ပါ)၊

ရှစ်ခုတစ်ပြိုင်နက် အလုပ်လုပ်တာကို မောင်နိုင် ဘာဆိုကြပါလိမ့်မလဲ(ပွားများရပါတယ် ဘုရား)၊ ပွားများတဲ့အဓိပ္ပါယ် ခုနင်က အန်ဆေးတိုက်သလိုပဲနော် (မှန်ပါ)၊ အပင်းဟူသရွေ့ အကုန်အန်တာပဲ၊ တစ်ခုစီကျန်နေသေးသလား (မကျန်ပါ ဘုရား)၊

အကုန်အန်ထုတ်တာကို ရှစ်ခုစလုံး အလုပ်လုပ်ရတဲ့ အဓိပ္ပါယ်ကို မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ အဲဒီသဘောဟာ ဘာဝေတဗ္ဗ ကိစ္စပါပဲတဲ့၊ တစ်ကြိမ်နဲ့ ပြီးတာပဲ၊ ပြီးတာကတော့(မှန်ပါ) အပေါင်း ရှုလိုက်တဲ့အခါ တစ်ကြိမ်တည်းပြီးတယ်၊ အလုပ်လုပ်တော့ ရှစ်ခုစလုံး အလုပ်လုပ်ကြတယ်(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ရှစ်ခုစလုံး အလုပ်လုပ်ကြတယ်

ဖြစ်တာက တစ်ကြိမ်တည်း၊ အလုပ်လုပ်တော့ ရှစ်ခုလုပ်တယ်၊ အဲဒါကိုဘာဆိုကြမလဲ (ပွားတယ်ဆိုပါတယ် ဘုရား) ပွားတယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်(မှန်ပါ)။

အဲဒါတွေကို သေသေချာချာသိမှ ခင်ဗျားတို့ အားလုံး သင်ကြားပို့ချနေတာ၊ အို မဂ်ဆိုတာ ပွားနိုင်မှရတာ (မှန်ပါ)၊ ဒီလို မသုံးကြဘူးလား (သုံးပါတယ် ဘုရား) အဲဒါဟာ ဒကာ ဒကာမတို့ “မဂ္ဂဿ ဧကစိတ္တက္ခဏိကဿ”ဆို ထားတာပဲ၊ တစ်ကြိမ်ပဲ ဖြစ်တာပဲ၊ အကြိမ်ကြိမ်မှ မဖြစ်ပဲ၊ ဖိုလ်သာလျှင် နှစ်ကြိမ် သုံးကြိမ်ဖြစ်ရတယ်၊ အကြိမ်များစွာ ဖြစ်ရပါတယ်နော်(မှန်ပါ) မဂ်မှာတော့ တစ်ကြိမ်တည်း ဖြစ်ရပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ခုနင်က အင်္ဂုတ္တိုရ်ပါဠိတော်လာတဲ့ အဓိပ္ပါယ်ကိုယူပြီးပြောလိုက်တော့ အကုန်အန်ထုတ်ရတာဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား(ရှင်းပါပြီ)။ မိစ္ဆာဒိဋ္ဌိ အန်ထုတ်ရတာလဲ သူပဲ၊ မိစ္ဆာသင်္ကပ္ပအန်ထုတ်နေရတာပဲ၊ ကိုစောမောင် မိစ္ဆာမဂ္ဂင် တွေကို အန်ထုတ်နေရတာပဲ(မှန်ပါ) မထုတ်ရသေးဘူးလား(ထုတ်ရပါတယ် ဘုရား)။

အဲဒီလို ထုတ်လိုက်တဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ရှင်းလင်းပြီး သကာလ အပါယ်ချစေတဲ့ ရောဂါတွေ အကုန်မရှိတော့ဘူး (မှန်ပါ) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခန္ဓာကိုယ်ဉာဏ်စိုက်ပါတယ်

အဲဒါ ရှင်ဆန္နဟာ ရှင်အာနန္ဒာဟောရင်း မဂ္ဂနဲ့ခန္ဓာကိုယ်ဉာဏ်စိုက်ပါတယ်၊ သဘောကျပလား(ကျပါပြီ)၊ ဉာဏ်စိုက်လာတယ်၊ နဂိုက ဒိဋ္ဌိမခွါနိုင်ခဲ့လို့သာ မရတာ၊ ဖြစ်ပျက်ကတော့ မြင်ပြီးသား(မှန်ပါ) သဘောကျပလား (ကျပါပြီ)။

သူဟာ အနိစ္စလဲ အားထုတ်ကြည့်ပါတယ်၊ အနတ္တလဲ အားထုတ်ကြည့်ပါတယ်၊ မြင်တော့မြင်ပါတယ်၊ မြင်ပင်မြင် ငြားသော်လဲ အတ္တဒိဋ္ဌိ ပြန်ပြန်လာတယ်(မှန်ပါ)၊ သူကိုယ်တိုင်က မပြောဘူးလား (ပြောပါတယ်) အဲဒီတော့ ရုပ်နာမ် ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောကို နားမလည်လို့ ဖြစ်ရတယ်လို့ ရှင်အာနန္ဒာက အကဲခတ်တာကော သေချာပလား (သေချာပါပြီ)။

ဒါကြောင့် ဒိဋ္ဌိကို ရှင်းလင်းနိုင်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဟောထားတဲ့ ကစ္စာနဂေါတ္တသုတ်ကို ဟောရတယ် ဆိုတာလဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။

ရှင်အာနန္ဒာ ဟောလိုက်တဲ့ ဒိဋ္ဌိခွါနည်း

ကိုင်း ဒါနဲ့ပဲသူသည် “ဒေသနာဉာဏာနုသာရေန ဉာဏံ ပေသေန္တဿ” ဆိုတဲ့အတိုင်း ရှင်အာနန္ဒာ ဟောလိုက်တဲ့ ဒိဋ္ဌိခွါနည်းကို သူ့ဉာဏ်ထဲမှာ အစဉ်လျှောက်တယ်၊ ဟိုကဟောလိုက်တဲ့ တရားတွေကို ဪ ဒီလိုခွါရမှာပါကလား၊ ဪ ဒီလိုခွါရမှာပါကလားလို့ ကိုစောမောင် မလာပေဘူးလား(လာပါတယ်)။

ဟောလိုက်တဲ့ ဒေသနာဉာဏ်ကို သူ့ဝမ်းထဲမှာ အစဉ်လျှောက်လာတယ်၊ နားထဲက ကြားပြီးစ နားထဲအစဉ် လျှောက်မလာဘူးလား(လျှောက်လာပါတယ် ဘုရား) ဉာဏံ ပေသေန္တဿဆိုတာ ဟိုက ဉာဏ်လဲရပါရော သူက သူ့ခန္ဓာ ကိုယ်ထဲက ဉာဏ်ကိုတစ်ခါတည်း သူပေးတဲ့ဉာဏ်ကို အသင့်ယူလိုက်ပြီး ကိုယ့်ဉာဏ်နဲ့ ခန္ဓာကိုယ် လှည့်လိုက်ပါတယ် (မှန်ပါ) သဘောကျပလား(ကျပါပြီ)၊

ရှင်အာနန္ဒာပေးတဲ့ဉာဏ်ကို ယူပြီး သကာလ ကိုယ့်ဉာဏ်နဲ့ ခန္ဓာကိုယ်လှည့်လိုက်တယ်၊ သဘောပါကြပလား(ပါပါပြီ)။

ရှင်အာနန္ဒာပေးတဲ့ ဉာဏ်ကိုမယူဘူးလား(ယူပါတယ်) ယူပြီးတော့ အဲဒီ ရှင်အာနန္ဒာပေးတဲ့ဉာဏ်က သူ့သန္တာန် မှာရှိတဲ့ ဒိဋ္ဌိကိုတော့မဖျက်နိုင်ဘူး(မှန်ပါ)၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ သတ်နိုင်ပါ့မလား(မသတ်နိုင်ပါ ဘုရား)၊

ကိုယ့်ဉာဏ်ကမှ ကိုယ့်ကိလေသာ ဖြတ်ကြရတာ

ရှင်အာနန္ဒာပေးတဲ့ ဉာဏ်က ရှင်အာနန္ဒာသန္တာန်မှာ ရှိတာကိုသာ ဖြတ်နိုင်တာကိုး(မှန်ပါ) ကိုယ့်ဉာဏ်ကမှ ကိုယ့်ကိလေသာ ဖြတ်ကြရတာ (မှန်ပါ) သူများဉာဏ်က တခြားသောသန္တာန်မှာရှိတဲ့ ကိလေသာကို မဖြတ်နိုင်ဘူးဆိုတာကော သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် အဋ္ဌကထာများက ဒေသနာဉာဏာနုသာရေန ဟောကြားလိုက်တဲ့ ဒေသနာဉာဏ်စဉ်လျှောက် သဖြင့် စသည်ဖြင့် ဖော်ပြကြတာ(မှန်ပါ) အသစ်ပေါ်လာတဲ့ မိမိဉာဏ်နဲ့ ရှုရတယ်(မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒီမှာလဲ သူ့ဉာဏ်နဲ့ ခန္ဓာကိုယ်ထဲမှာ အဖြစ်နဲ့အပျက်ကို ရှုရပြန်တယ်တဲ့၊ အဲဒီကျတော့မှ ဉာဏ်ထက်မြက်တဲ့ လောကုတ္တရာမဂ်ဉာဏ် ပေါ်လာတာ(မှန်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဒီတော့ ရှင်ဆန္နသည် ဒကာ ဒကာမတို့ ရှင်အာနန္ဒာလို နည်းပေးလမ်းကောင်း မတွေ့ဘူးဆိုရင် ကိုယ်ကျိုး မနည်းပေဘူးလား(နည်းပါတယ်) နှစ်ပေါင်းများစွာ တရားမရခဲ့တာလဲ ဒီ ဒိဋ္ဌိမခွါနိုင်လို့ဆိုတာ မပေါ်ဘူလား (ပေါ်ပါ တယ် ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လောက်များကြောက်စရာ ကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

ဦးဘကလေး သာမညဆိုရင် မလွယ်ဘူးနော်(မလွယ်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကို သိမှသာလျှင် ဒိဋ္ဌိခွါပြီးသား

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်မှာပဲ အားထုတ် အားထုတ် ကိုယ့်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကို သိမှသာလျှင် ဒိဋ္ဌိခွါ ပြီးသားဖြစ်ပြီး သကာလ ကြိုးစားရမယ်ဆိုတဲ့ ဥစ္စာလဲ ရှင်ဆန္နမှာ ဒိဋ္ဌိမခွါပဲနဲ့ ရှုနေလို့ ဒီခွါတဲ့သုတ်ကို ရှာပြီး ရှင်အာနန္ဒာက ဟောရပြောရတာလဲ အသေအချာ ဖြစ်နေပြန်တော့ ကိုစောမောင် ဒီဥစ္စာနည်းယူဖို့ တရားပဲဆိုတာပေါ်လာပြီး (ပေါ်လာ ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

အားလုံးသော ဒကာ ဒကာမတွေ ကွာပြီးသားဖြစ်နေရင်လဲ ဒိဋ္ဌိကို အထူးခွါစရာမလိုပါဘူး၊ ကိုယ့်သန္တာန်ပေါ် တာကိုဖြင့် မသိသိအောင် လုပ်ပြီး သကာလ ဪ ဒါဟာအကြောင်းကြောင့် အကျိုးဖြစ်နေတာပဲ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲ ဆိုတာကိုသိပြီး ဉာဏ်လှည့်လှည့်ပြီး ရှုနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘာမှ ပူစရာမလိုဘူး၊ မဂ်ဖိုလ် မရ ထိုက်ရထိုက် တွေးပြီး သကာလ မနေနဲ့(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခါနီးမှာ ကောင်းစွာ ကျင့်ကြံကြလို့ရှိရင်ဖြင့် ဘယ်အခါမှ ရဟန္တာ ဆိတ်သုဉ်းသွားလိမ့်မယ်လို့ မရှိဘူးဆိုတာ တာဝန်ခံသွားတာပဲ(မှန်ပါ)၊ တာဝန်မခံဘူးလား (ခံပါတယ် ဘုရား)။

အဲဒီတော့ ညံ့ဖျင်းတဲ့ပုဂ္ဂိုလ် ဒုတိယဘဝရနိုင်တယ်ဗျ သဘောကျပလား(ကျပါပြီ) မညံ့ဖျင်းတဲ့ ပုဂ္ဂိုလ် ဒီဘဝ ရနိုင်တယ် နည်းကျအောင် ကြိုးစားအားထုတ်ခဲ့ပါလျှင်(မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ကဲ ယနေ့ တော်ကြဦးစို့။

သာဓု သာဓု သာဓု။