မတင်းတိမ်ကောင်းသော တရားငါးပါး
(ဆပ္ပါဏကောမသုတ်)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
မတင်းတိမ်ကောင်းသော တရားငါးပါး
(၂၈-၃-၆၁)
မတင်းတိမ်ကောင်းတဲ့ တရားငါးပါး
ဒကာ ဒကာမတွေ တင်းတိမ်နေကြမှာစိုးလို့ မတင်းတိမ်ကောင်းတဲ့ တရားငါးပါးလို့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးက ဆုံးမသွန်သင်တယ်လို့မှတ်ကြပါ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သေသေချာချာမှတ်ပါနော် (မှန်ပ့ါ)။
ဒကာ ဒကာမတွေ မတင်းတိမ်ကောင်းတဲ့တရား ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က ရဟန်းတွေက စုဝေးပြီးစကားပြောနေတယ်၊ ရဟန်းတစ်ပါး ကတော့သူ့မှာ သီလဖြူစင်ပါတယ်၊ ပါတိမောက္ခသံဝရ သီလ အစရှိသည်တို့ ဖြူစင်တဲ့အတွက် နိဗ္ဗာန်ကိုလိုချင်တဲ့အချိန် ရနိုင်ပါတယ်၊ သီလလုံခြုံနေပါတယ်၊
ဒါကြောင့် တပည့်တော် သီလဖြူစင်တာနဲ့ပဲ နိဗ္ဗာန်လိုချင်တဲ့အချိန်ရတယ်ဆိုပြီး သကာလ သီလနဲ့ပဲ တင်းတိမ်နေပါတယ်လို့ ရဟန်းတစ်ပါးက ပြောလိုက်တယ် (မှန်ပါ့)၊ ဘေးကထိုင်နေတဲ့ ရဟန်းတွေ ကလည်း ကိုယ်သန်ရာ ကိုယ်သန်ရာ ပြောကြတာပေါ့ဗျာ (မှန်ပ့ါ)။
တပည့်တော်ကတော့ ပဋိကတ်ကျမ်းဂန်တွေကို နှံ့အောင်မွှေနှောက်ပြီး သကာလ နေရတော့ အသိဉာဏ် ဗဟုသုတတွေက သိပ်များနေတဲ့အတွက် နိဗ္ဗာန်ကိုလိုချင်တဲ့အချိန် အရနိုင်ပါတယ်၊ ဗဟုသုတနဲ့ ပွားလိုက်ရင် ရပါတယ် ဆိုပြီး တပည့်တော်ကတော့ ဗဟုသုတကိုပဲ အကြီးဆုံးကိစ္စထားပြီး တင်းတိမ်နေပါတယ်လို့ ဒုတိယရဟန်းကပြောတယ် (မှန်ပါ)၊ ဒါဟာ ရဟန်းတွေစုပြောနေကြတာနော် (မှန်ပါ)။
တပည့်တော်ကတော့ သမာဓိကို တစ်ခုသောအာရုံ စိုက်လိုက်တယ်ဆိုရင် သမာဓိဟာ အင်မတန် ရလွယ်ပါတယ်၊ အဲဒီတော့ ဒီသမာဓိရလို့ရှိရင် ပညာစခန်းကူးလိုက်လို့ရှိရင် အလွယ်ကလေးပဲ၊ ဒါကြောင့် တပည့်တော်က လိုချင်တဲ့ အချိန်ရနိုင်တယ်ဆိုပြီး သကာလ သမာဓိနဲ့ပဲ တပည့်တော်တင်းတိမ် နေပါတယ်လို့ တတိယရဟန်းကပြောလိုက်တယ် (မှန်ပါ)၊ ဘယ်နှစ်ပါးရှိသွားပလဲ (သုံးပါးရှိသွားပါပြီ)။
ဆိတ်ငြိမ်ရာမှာနေနိုင် တဲ့အတွက်
တစ်ပါးသော ရဟန်းကတော့ တပည့်တော်ကတော့ တောကျောင်း တောင်ကျောင်းလို ဆိတ်ငြိမ်ရာမှာနေနိုင် တဲ့အတွက်၊ အာရုံတွေဖြတ်နိုင်တဲ့အတွက်၊ တပည့်တော် နိဗ္ဗာန်ယူမယ်ဆိုလို့ရှိရင် ရနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်နေ သောကြောင့် အလုပ်လုပ်ရင် ခဏနဲ့ပဲ ကိစ္စပြီးသွားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊
နဂိုကဆိတ်ငြိမ်တဲ့ နေရာမှာ အာရုံတွေဖြတ်ပြီး သကာလ နေနိုင်တဲ့ပုဂ္ဂိုလ်ဖြစ် သောကြောင့် နိဗ္ဗာန်ကို တပည့်တော် အလွယ်တကူနဲ့ ရလိမ့်မယ် ဆိုတာ ယုံကြည်ပြီးသားဖြစ်ပါတယ် ဆိတ်ငြိမ်တဲ့ အရပ်မှာ နေနိုင်တာနဲ့ တပည့်တော်ကလည်း တင်းတိမ်နေပါတယ်ဘုရား လို့ပြောတယ် (မှန်ပါ)၊ ဘယ်နှစ် ပါးရှိသွားပလဲ (လေးပါးရှိသွားပါပြီ)။
နောက်တစ်ပါးကတော့ သူက သောတာပန် သကဒါဂါမ် အနာဂါမ်တောင် တည်နေပြီ၊ ဒီတော့ အို ရဟန္တာဖြစ် တယ်ဆိုတာက အလွယ်ပဲ ကျန်ပါတော့တယ်ဆိုပြီး အနာဂါမ်တည်တာနဲ့ပဲ ဒကာဝတို့ မောင်ကိုတို့ တင်းတိမ်နေတယ် (မှန်ပါ)၊
ဒီလိုပြောဆိုနေကြတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကြွလာတယ်၊ ဒီရဟန်းတော်ငါးပါး စကားပြော နေတဲ့နေရာဌာန ကြွလာတဲ့အခါကျတော့ မင်းတို့ငါလာတဲ့အချိန်မှာ ဘာများ ဆွေးနွေးတိုင်ပင်နှီးနှော နေကြသတုန်း လို့မေးတယ်၊ ဘုရားကတော့ သိပြီးသားပေါ့ဗျာ (မှန်ပါ)၊ သိပြီးသား ကိုပဲ ထပ်ပြီး သကာလ မေးတယ်၊ သူတို့ဆီက အပြော အဆိုစကားတွေ ပေါ်လာအောင်လို့ မေးလိုက်ပါတယ် (မှန်ပါ)။
နိဗ္ဗာန်ကိုမယူသေးဘဲ တင်းတိမ်နေပါတယ်
အဲဒီတော့ ပထမရဟန်းကစပြီးလျှောက်တယ်၊ တပည့်တော်ဟာဘုရား စတုပါရိသုဒ္ဓိသီလဆိုတဲ့ သီလတွေလုံခြုံပြီး သကာလ နေတော့ “သီလဝတော စေတောပဏိဓိဝိသုဒ္ဓတ္တာ” ဆိုတဲ့အတိုင်း သီလလုံခြုံပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်အား နိဗ္ဗာန်လိုချင်ရင် အလွယ်ကလေးနဲ့ရပါတယ်၊ ဒါကြောင့် တပည့်တော်ဟာ နိဗ္ဗာန်ကိုမယူသေးဘဲ တင်းတိမ်နေပါတယ်လို့ လျှောက်လိုက်တယ် (မှန်ပ့ါ)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့တင်းတိမ်နေတဲ့ငါးပါးစလုံး ဆိုကြပါစို့နော် လိုသေးတယ်လို့ ဖြေတော်မူလိုက်ပါတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်လိုဖြေပါလိမ့် (လိုသေးတယ်လို့ ဖြေပါတယ် ဘုရား)။
ဓမ္မပဒပါဠိတော်မှာ နသီလဗ္ဗတမတ္တေန- သီလလုံခြုံကာမျှနဲ့ တင်းတိမ်မနေနဲ့ကွ (မှန်လှပါ)၊ ဗာဟုသစ္စေနဝါပန တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဗဟုသုတများရုံနဲ့လည်း တင်းတိမ်မနေနဲ့ကွ (မှန်ပ့ါ)၊ ဘယ်နှစ်ခုရှိသွားပလဲ (နှစ်ခုရှိသွားပါပြီ)၊
အထဝါ သမာဓိလာဘေန သမာဓိတည်ကြည်တယ်လို့ ဆိုပြီး သကာလ ဒီသမာဓိကလေးရနေတော့ အားကိုးတရားမှ မကုန်သေးတဲ့အဖြစ် ဒါလဲတင်းတိမ်နေဖို့ ဝတ္တရားမဟုတ်သေးဘူးကွတဲ့ (မှန်ပ့ါ)၊ သမာဓိနဲ့လည်း တင်းတိမ်မနေနဲ့တဲ့ (မှန်ပါ)၊ ဦးခင်မောင် ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဝိဝိတ္တသယနေနေဝါ-ဆိုတာ ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်း၊ တောတွင်းကမ္မဋ္ဌာန်းကျောင်းမှာ နေနိုင်တာနဲ့လည်း မင်းတို့တင်းတိင်ပြီးမနေကြပါနဲ့လို့ ဟောလိုက်တယ် (မှန်ပါ)၊ ဆိတ်ငြိမ်ရာ နေနိုင်တာနဲ့လည်း တင်းတိမ် မနေလိုက်ပါနဲ့။
နောက်ဆုံးပိတ်ရဟန်းကို တစ်ခါဆုံးမချင်တော့ အနာဂါမ်တည်ပြီးလို့ စိတ်ချပြီး သကာလ မင်းက မနေပါနဲ့အုံးတဲ့ ဟိုဘက်မှာ ပဋိသန္ဓေဒုက္ခ၊ အိုဒုက္ခ၊ နာဒုက္ခ၊ သေတဲ့ဒုက္ခတွေ မကျန်လားဗျာ (ကျန်ပါတယ် ဘုရား)၊ ကျန်သေးတယ်၊ ရဟန္တာမှ မဖြစ်သေးဘဲ (မှန်ပါ)၊
အဲဒါတောင် မတင်းတိမ်ပါနဲ့ကွာဆိုပြီး မတင်းတိမ်ရမည့်တရားငါးပါးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ် (မှန်ပါ)။
ကျင်ကြီးပုံ ငါးပုံရှိတယ်
လောကီဥပမာပြောပြမယ်၊ ကျင်ကြီးပုံ ငါးပုံရှိတယ်၊ ကျင်ကြီးငါးပုံရှိတော့ တစ်ပုံကို ဆေးပစ်တယ် ထားပါအုံးတဲ့၊ ကျန်တဲ့လေးပုံကို ဘာအသုံးချမတုန်း (ဘာမှအသုံးချလို့မရပါ ဘုရား)၊ ဘယ့်နှယ်ဖြေကြမတုန်း၊ ကျန်တဲ့လေးပုံ ဘာအသုံးချ ကြမတုန်း (အသုံးချလို့မရပါ ဘုရား)၊ ဆေးပစ်မှတော်မှပဲ (မှန်ပါ)။
ဒကာ ဒကာမတွေ ဘာလုပ်မှတော်မတုန်း (ဆေးပစ်မှတော်မှာပါ ဘုရား)၊ ဆေးပစ်မှတော်မယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာဖြစ်လို့တုန်း မကောင်းလို့ပဲ (မှန်ပါ)၊ မကောင်းသေး ပါဘူး၊ ကိသေသာကျန်တာလည်း ကျင်ကြီးကျန်တာချည်းမှတ်လိုက်ပါ (မှန်ပါ)။
ကိလေသာကျန်တာဟူသရွေ့ (ကျင်ကြီးကျန်တာပါ ဘုရား)၊ ကျင်ကြီးကျန်တော့ ဒါတွေဟာ ဆေးမှတော်မယ်၊ မဆေးဘဲနဲ့ထားတာ အိမ်ကျက်သရေ၊ ရွာကျက်သရေ၊ မြို့ကျက်သရေဖြစ်နိုင်ပါ့မလား ဒကာ ဒကာမတို့ (မဖြစ်နိုင်ပါ ဘုရား)၊ ဆေးမှတော်မှာချည်းပဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါးပုံစလုံး ဆေးပစ်ရင်ကောင်းသဟေ့၊ အဓိပ္ပါယ်နဲ့ ဒါတွေကို မင်းတို့ တင်းတိမ်နေ ကောင်းတဲ့တရားမဟုတ်သေးဘူး၊ အာသဝေါတရားကုန်မှ အေးသကွ (မှန်ပါ)။
အာသဝေါတရားကုန်မှအေးတယ်
ဒကာ ဒကာမတို့ ဘာမှအေးသတဲ့တုန်း (အာသဝေါတရားကုန်မှအေးပါတယ်)၊
အာသဝေါတရားကုန်မှ အေးတယ်ဆိုတော့ ကျင်ကြီးဟာ နှစ်ပုံဆေးပြီးပြီ၊ ဒီဘက်သုံးပုံကျန်နေတယ် ဒကာ ဒကာမတို့၊ ဘာအသုံးချကြမလဲ (အသုံးချလို့မရပါ ဘုရား)၊ သုံးပုံဆေးပြီးပြီ၊ နှစ်ပုံကျန်နေသေးတယ်ဆိုရင်ရော (အသုံးချလို့မရပါ ဘုရား)၊ ဟာ လေးပုံဆေး ကြောပစ်လိုပါပြီ၊ တစ်ပုံကျန်နေသေးတယ် (ဘာမှအသုံးချလို့မရပါ ဘုရား)၊
အဲ ငါးပုံစလုံး ဆေးလိုက်မှသာလျှင် ဒကာ ဒကာမတို့ အိမ်ကျက်သရေ၊ ရွာကျက်သရေ၊ မြို့ကျက်သရေ ဆိုတဲ့ဥစ္စာ၊ အထမြောက်သွားတော့တယ်ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဓမ္မပဒပါဠိတော်ကြီးမှာ သေသေချာချာ ဟောပါတယ်နော် (မှန်ပါ)။
သမထဝိပဿနာကူးကြပါ
ဒါ့ကြောင့် အခုတန်ခူးလကလည်း သင်္ကြန်ကျဖို့ ကနီးတော့ ဒကာ ဒကာမတွေက သင်္ကြန်သုံးရက်တော့ဖြင့် ကြိုးစားပြီး ဥပုသ်စောင့်ရမှာပဲဆိုပြီး ဒီသီလကလေးနဲ့ တင်းတိမ်နေမှာစိုးလို့ (မှန်ပါ ဘုရား)၊
မတင်းတိမ်ကြပါနဲ့ ဒကာ ဒကာမတို့၊ သမထဝိပဿနာကူးကြပါ (မှန်ပါ)၊ ရအောင်လုပ်နိုင်လို့ရှိရန် မဂ်ဉာဏ်ဖိုလ်ဉာဏ်ပါ အရကြိုးစားလိုက်ပါ (မှန်ပါ)၊
ဒါမှသာလျှင် ကျင်ကြီးဆေးရာ ရောက်တော့မပေါ့၊ သီလကလေး တစ်ခုတည်းနဲ့ဆိုတော့ လေးပုံက ကျန်နေအုံးမယ် (မှန်ပါ)၊ သီလကလေး တစ်ခုတည်းနဲ့ဆိုတော့ လေးပုံက ကျန်နေအုံးမယ် (မှန်ပါ)၊ သဘောပါကြပလား (ပါပါတယ် ဘုရား)။
လေးပုံကို မဆေးပဲလို့ (မစင်ပါ ဘုရား)၊ မယုံရင် စဉ်းစားကြည့်တာပေ့ါ၊ နဗာဟုသစ္စေနတဲ့၊ ဗဟုသုတရှိရုံနဲ့လည်း ဝမ်းထဲမှာ ကိလေသာအညစ်အကြေးကုန်ပါရဲ့လား (မကုန်ပါ ဘုရား)၊ သမာဓိကိုရရုံနဲ့လည်း ဝမ်းထဲမှာ ကိလေသာအညစ် အကြေးက (မကုန်ပါ ဘုရား)၊ အနာဂါမ် တည်တာနဲ့ရော ဒကာ ဒကာမတို့ ကိလေသာတွေ အားလုံးကုန်ပလား (မကုန်သေး ပါ ဘုရား)၊ လေးပုံရှိတဲ့ အနက်က တစ်စုံကျန်နေသေးတယ် (မှန်ပါ)၊ မကျန်ဘူးလား (ကျန်ပါတယ်)၊ ကျန်သေးလို့လည်း ရဟန္တာမဖြစ်သေးတာပေ့ါ (မှန်ပ့ါ)။
ဥပုသ်ကလေးနဲ့ တင်းတိမ်မနေပါနဲ့
အဲဒါတွေ ထောက်ကြည့်တော့ ဒကာ ဒကာမတွေဪ ငါတို့တန်ခူးလ သင်္ကြန်တွင်းမှာ ဥပုသ်စောင့်ရမယ် ဆိုတာ ဥပုသ်ကလေးနဲ့ တင်းတိမ်မနေပါနဲ့ (မှန်ပါ)၊ ဥပုသ်စောင့်ရင်းနဲ့ စာအုပ်ကလေးကြည့်ပြီး ဗဟုသုတကလေးဖြစ်ရုံနဲ့ ရော (တင်းတိမ်မနေပါနဲ့)၊ တင်းတိမ်မနေပါနဲ့ဆိုတာ ဘုရားကဟောခဲ့တယ် (မှန်ပါ)၊ ဟာ သမာဓိကလေးတော့ဖြင့် ယနေ့ တော်တော်ရပြီဟေ့ စိတ်က ဘယ်မှမပြေးတော့ဘူးဆိုရုံနဲ့ရော (တင်းတိမ်မနေပါနဲ့)၊ ကျုပ်ဖြင့် ယနေ့ကိုယ့်ဟာကိုယ် ဘယ်အာရုံမှမလာဘူး၊ ဆိတ်ဆိတ်နေတဲ့နေရာကလေးမှာ နေနိုင်ပါတယ်ဆိုရုံနဲ့ကော (တင်းတိမ်မနေပါနဲ့)၊ ယုတ်စွအဆုံး သောတာပန် သကဒါဂါမ် အနာဂါမ်တည်ပြီးတာတောင်မှ ကိလေသာ လေးပုံပုံရင် တစ်ပုံကျန်ပါသေးတယ်ဆိုတာတောင် မှ ဘုရားက တင်းတိမ်မနေပါနဲ့အုံးတဲ့ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ တန်ခူးလသင်္ကြန်ကလည်း နီးပြီး သကာလ လာကြေတော့ ကိုယ့်အရေး ကဖြင့် သီလလည်းဆောက်တည်ရလိမ့်မယ်၊ ဆိတ်ငြိမ်ရာလည်း နေထိုက်တာပေါ့ (မှန်ပါ)၊
သီလဆောက်တည်ပြီး ဗဟုသုတဖြစ်အောင် စာအုပ်ကလေးဘာလေးလည်း အသင့်အတင့်ကြည့်တာပေါ့၊ သို့သော် မဂ်ဉာဏ်ဖိုလ်ဉာဏ်အဆုံး ရောက်ကြောင်း အလုပ်ကို မလုပ်ဘဲ မနေပါနဲ့လို့ ဘုရားက မှာတယ် (မှန်ပ့ါ)၊ ကျင်ကြီးရှိသရွေ့ ဘာလုပ်ကြမတုန်း (ဆေးကြောရမှာပါ)၊
အကုန်ဆေး အကုန်ပြောင်မှ သာလျှင် ဒကာ ဒကာမတွေ လိုရာခနီးအပြီးအပိုင် ရောက်မယ်ဆိုတဲ့ ဥစ္စာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် ကျင်ကြီးရှိသရွေ့ဖြင့်နံမှာပဲ၊ စော်မှာပဲ၊ အသုံးချလို့ မဖြစ်ပါဘူးဆိုတဲ့ဥစ္စာ ဒကာသစ်တို့ မောင်မြတို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
“သီလ၌ဝယ် လုံခြုံတယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်”
ဒါကြောင့် ဘုန်းကြီးများက “သီလ၌ဝယ် လုံခြုံတယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်” ဒါကို ရှေးဦးစွာမှတ်လိုက်ပါ (မှန်ပါ)၊ သီလလုံခြုံပြီဆိုပြီး တင်းတိမ်နေလို့တော်ပါ့မလား (မတော်ပါ ဘုရား)၊ သဘောကျပြီ နော် (သဘောကျပါပြီ)၊ သီလလုံခြုံတယ်လို့ တင်းတိမ်မနေလိုက်ပါနဲ့၊ သဘောပါကြပလား (ပါပါပြီ)။
”သီလ၌ဝယ် လုံခြုံတယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်းမနေနှင့်” ဒကာ ဒကာမတို့အားလုံး ဆုံးမပါတယ် (မှန်)၊ လိုသေးတယ်၊ မလိုဘူးလား (လိုပါတယ်)။
တိဿရဟန်းကြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးနှင့် ဇေတဝန်ကျောင်းတော်မှာနေပြီး သကာလ သီလတော့ လုံခြုံပါရဲ့၊ သမထဝိပဿနာ ဉာဏ်တွေ ဗလချာဖြစ်တာနဲ့ ဒကာ ဒကာမတို့ ဝိပဿနာ ဉာဏ်တွေ ဗလချာဖြစ်တာနဲ့ သေသည်၏ အခြားမဲ့၌ ကိလေသာက သန်းဖြစ်အောင်လုပ်လိုက်တာ၊ သီလကတော့ လုံသားပဲ (မှန်ပါ)၊ သန်းသွားဖြစ်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဒါကြောင့် “သီလ၌ဝယ် လုံခြုံတယ်လို့ တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်းမနေနှင့်” သဘောပါကြပလား (ပါပါပြီ)။
ဒါဟာ ခင်ဗျားတို့ကို တန်ခူးလနီးလို့သတိပေးတာ (မှန်ပါ)၊ ကျုပ်တို့တော့ဖြင့် ဥပုသ်စောင့်ရမယ်၊ အခါတွင်း သုံးရက်တော့ဖြင့် ဆိုင်တွေကနားတွေ အကုန်ပိတ်၊ ဒီအချိန်တော့ဖြင့် သီလကြိုးစားရမှာပဲလို့ ဆိုတော့ ဒီသီလတရား ကလေးဆောက်တည်ပြီး ဒီအတိုင်းတော့မနေကြပါနဲ့၊
ဝိပဿနာအလုပ်ကို ထည့်လုပ်ပြီး မဂ်ဆိုက်ဖိုလ်ဆိုက်ရောက်အောင်၊ ကိုယ့်ပါမီမရောက် ရောက်အောင်၊ ကိုယ့်ဝီရိယပညာ ထက်သလောက် ခရီးပေါက်အောင်လုပ်ကြပါ၊
သီလနဲ့ တင်းတိမ် မနေပါနဲ့၊ သီလဆောက်တည့်ပြီး ဒီအတိုင်းပဲ စားကာ သောက်ကာ ပျော်ရွှင်ကာနဲ့ အနေဘဲနဲ့ ဝိပဿနာအလုပ်ကို ထည့်ပြီးလုပ်ပါဆိုတာကို ဘုရားဟောတဲ့အတိုင်း ဆရာဘုန်းကြီးက တိုက်တွန်းပါတယ် (မှန်ပါ)၊ ဘုရားကလည်း ဒါလောက် နဲ့ တင်းတိမ်မနေကြပါနဲ့ ဦးလိုမှာတော်မူတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ကိလေသာ ဗွက်ပေါက်နေတယ်
”သီလ၌ဝယ် လုံခြုံတယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်းမနေနှင့်” ဆိုတာ သီလကလေး လောက်နဲ့လည်း ဒကာ ဒကာမတို့ ကိလေသာ အညစ်အကြေးကုန်ပလား (မကုန်သေးပါ ဘုရား)၊ ကာယကံ ဝစီကံသာလုံ၍ မနောကံမှာ ကိလေသာ ဗွက်ပေါက်နေတယ် (မှန်ပါ)။
ကာယကံ ဝစီကံတော့ သီလထဲမှာပါပါရဲ့၊ မနောကံက ဘယ့်နှယ်နေသတုန်း (ဗွက်ပေါက်နေပါတယ် ဘုရား)၊ အဲဒါကြောင့် တင်းတိမ်ပြီးမနေလိုက်ပါနဲ့အုံးဆိုတာ ဆရာဘုန်းကြီးများက သတိပေးရတယ် (မှန်ပါ)။
ဒါဟာ ဆရာဘုန်းကြီးက ပေးချင်လို့ပေးရတာလားဆိုတော့ ဘုရားက နသီလဗ္ဗတ မတ္တေန- သီလကလေးမျှနဲ့ တင်းတိမ်မနေနဲ့ကွတဲ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊
ဒီဥစ္စာကလည်း ဒကာ ဒကာမတွေက တစ်ချို့က ဗဟုသုတတွေရှိပြီး သကာလ နေတော့ ဗဟုသုတပဲ ရှာနေမယ်၊ ဗဟုသုတတွေပဲ ပြည့်စုံပြီး သကာလ နေမယ်၊ အလုပ်က အလုပ်ဘူးဆိုရင်တော့ ဦးဝ တော်ပါမလား (မတော်ပါ ဘုရား)။
ဒါကြောင့် ဗဟုသုတကလည်း ဗဟုသုတရှိရုံပဲရှိတယ်၊ ကိလေသာရန်သူ ပဋိစ္စသမုပ္ပါုဒ်စက်ရဟက်ကြီးကို ပြတ်အောင်လုပ်နိုင်ပါ့မလား (မလုပ်နိုင်ပါ ဘုရား)၊ သူသိထားတာပဲ ရှိတာပဲ၊ လုပ်မှပြတ်မည့်ကိစ္စကိုလည်း လုပ်မှပြတ်မှာပဲ ဆိုတာကိုလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မမှတ်သင့်ဘူးလား (မှတ်သင့်ပါတယ်)၊ ဦးခင်မောင်ရေ မှတ်သင့်တယ် နော် (မှန်ပါ)။
ဗာဟုသစ္စေနဝါပန- ဗဟုသုတပြည့်စုံကာမျှနဲ့လည်း ဒကာ ဒကာမတို့လုပ်မှ မလုပ်သေးလို့ရှိရင် ကိလေသာ ရန်သူက ကုန်ပါ့မလား (မကုန်ပါ ဘုရား)။
ဗဟုသုတဝယ်ပြည့်စုံတယ်ဟု
ဒါကြောင့် “ဗဟုသုတဝယ်ပြည့်စုံတယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်” တဲ့၊ ဗဟုသုတလောက် နဲ့ တင်းတိမ်မနေပါနဲ့တဲ့ (မှန်ပါ)၊ တော်လောက်ပြီဆိုတဲ့ဥစ္စာများ ဘယ်တော့မှ မင်းတို့စိတ်မကူးပါနဲ့တဲ့၊
ဗဟုသုတနဲ့ တော်လောက်ပြီကွာ၊ သေပျော်ပြီကွာဆိုတာ မင်းတို့စိတ်မကူးပါနဲ့တဲ့၊ ဗဟုသုတနဲ့ တော်လောက်ပြီကွာ၊ သေပျော်ပြီကွာ ဆိုတာ မလုပ်လိုက်ပါနဲ့ (မှန်ပါ)၊ အပ္ပတ္တော အာသဝက္ခယံ – အာသဝေါတရား မကုန်သေးလို့ရှိရင် ဒကာဝတို့ စိတ်ချရပါ့ မလား (စိတ်မချရပါ ဘုရား)၊ သဘောကျပြီနော် (မှန်ပါ)။
ဒါဘုန်းကြီးက ဟောတာလား၊ ဘုရာကဟောတာလား ဒကာ ဒကာမတို့ (ဘုရားဟောတာပါ ဘုရား)၊ ဗဟုသုတ နဲ့ နိဗ္ဗာန်ရောက်ရမယ်ဆိုရင် ခက်ကရောပေါ့ဗျာ ဦးဝတို့ (မှန်ပါ့)။ မောင်ကို မခက်ဘူးလားကွာ (ခက်ပါတယ် ဘုရား)၊ ဗဟုသုတနဲ့သာ နိဗ္ဗာန်ရောက်မယ်ဆို အရှင်ပေါဋ္ဌိလ မထေရ်ဟာ ကျင့်နေဖို့တောင် လိုသေးသလား (မလိုပါ ဘုရား)၊
အရှင်ပေါဋ္ဌိလမထေရ်
အရှင်ပေါဋ္ဌိလမထေရ်ဟာ ပိဋိကသုံးပုံဆောင် တပည့်ပေါင်းများစွာကို ပိဋိကတ်တတ်မြောက်အောင် သင်ကြားပေးနေတဲ့ ပုဂ္ဂိုလ်ကြီးပဲ၊ ဒါပေမယ့် ကျင့်ဖို့အတွက် သာမဏေကလေးထံမှ နည်းယူရတယ် (မှန်ပါ)၊
အေး ဗဟုတနည်းမှီပြီး သကာလ ရတဲ့ဗဟုသုတနည်းမှီပြီး သကာလ ကျင့်ကြံကြိုးကုတ် အားထုတ်အုံးမှ သာလျှင် ကိစ္စပြီးနိုင်တယ်ဆိုတာ ထင်ရှားနေတော့ ဗဟုသုတနဲ့ တင်းတိမ်မနေပါနဲ့ ဆိုတာကိုလည်း ဒကာ ဒကာမတွေကို သတိပေးရပြန်တယ် (မှန်ပါ)။
ကိုမြရွှေတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဦးဇံရင်တို့ (ကျေနပါပါပြီ)၊ ကျေနပ်ကြပြီနော် (မှန်ပါ့)၊ ဒါဖြင့် ဗဟုသုတနဲ့ ပြည့်စုံပြီဆိုပြီး သကာလ တင်းတိမ်မနေဘဲနဲ့ ဒကာ ဒကာမတွေ အလုပ်လုပ်ကြပါနော် (မှန်ပါ)၊
မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင် ကြိုးစားကြပါနော် (မှန်ပါ)၊ ဗဟုသုတ မရှိဘဲနဲ့လည်း ကြိုးစားလို့ မဖြစ်ဘူးပေါ့၊ သို့သော်လည်း သူနဲ့လည်း တင်းတိမ်မနေကြပါနဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဗဟုသုတမရှိပြန်ရင်လည်း လိုရာခရီးအပြီးတိုင် ရောက်ပါ့မလား (မရောက်ပါ ဘုရား)၊ သို့သော် သူမပါရင်လည်း မပြီးဘူး၊ သူ့တွင်ရပ်နေရင်လည်း မပြီးဘူး (မှန်ပ့ါ)၊ သဘောကျပလား (ကျပါပြီ)၊ အဲ ဘယ်နှစ်ခုရှိသွားပလဲ (သုံးခုရှိသွားပါပြီ)။
ဘုရားက မတင်းတိမ်ကောင်းတဲ့တရား ဘယ်နှစ်ပါးတဲ့တုန်း (ငါးပါးပါ ဘုရား)။
သမာဓိဝယ် တည်ကြတယ်ဟု
သမာဓိတည်တာနဲ့ ဒကာ ဒကာမတို့ အာရုံတစ်ခုကို ဒီနေရာမှာထားလိုတယ်၊ အသုဘ အာရုံတွေ့လိုက်တယ်၊ အသုဘမှတစ်ပါး စိတ်ဟာ ဘယ်မှမထွက်တော့ဘူးဆိုတဲ့ ဥပစာရသမာဓိ အပ္ပနာသမာဓိတွေ တည်တယ်ပဲထားလိုက်ပါ တော့၊
သို့သော်လည်း သမာဓိက ဝိက္ခမ္တနပ္ပဟာန်အားဖြင့်သာ ကိလေသာကို ပယ်နိုင်တာ၊ ကိလေသာ အမြစ်ပြတ်အောင် ပယ်နိုင်ကြရဲ့လား (မပယ်နိုင်ပါ ဘုရား)၊ မယ်နိုင်တော့ သူနဲ့တင်းတိမ်နေလို့ရော (မဖြစ်နိုင်ပါ ဘုရား)၊
ဒါကြောင့် ဘုရားက သမာဓိနဲ့ တင်းတိမ်မနေပါနဲ့ဆိုတဲ့ အဓိပ္ပါယ်လဲဟောခဲ့ပြီ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဒါကြောင့် “သမာဓိဝယ် တည်ကြတယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်း မနေနှင့်”၊ အင်မတန် အဖိုးတန်တဲ့ စကားတွေနော် (မှန်ပါ)၊ ကဲ ဆိုကြစမ်းပါအုံး သုံးခေါက်လောက် (သုံးခေါက်ဆို)။
သမာဓိတွင် တင်းတိမ်မနေပါနဲ့ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အင်မတန် စိုးရိမ် ကြောင့်ကြတော် မူသောကြောင့် ဒကာ ဒကာမတွေ အထက်တန်းရောက်ပါစေဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူ ခဲ့တယ် (မှန်ပါ)၊
ဘုန်းကြီးတို့ ကတစ်ဆင့်သယ်ယူပြီး သကာလ ဒကာ မောင်ကို၊ မောင်ထွန်းလှိုင်တို့ကိုပြောရတယ် (မှန်ပါ)၊ ဒါပါဠိတော်မှာလာတာ၊ ပါဠိတော်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တာလို့ မှတ်ထားကြပါ (မှန်ပါ)၊ ကိုင်း ဘယ်နှစ်ခု ပြီးသွားပလဲ (လေးခုပြီးသွားပါပြီ)။
ဟောမှာက ဆပ္ပါဏရောပမသုတ်ကိုဟောမှာ၊ ဒါဆို ရှေ့ပိုင်းကနေပြီး သကာလ သင်္ကြန်တွင်းနီးလို့၊ ဒကာ ဒကမတွေ တင်းတိမ်နေမှာစိုးလို့ ဟောလိုက်တာနော် (မှန်ပါ)။
ဆိတ်ငြိမ်ရာဝယ် နေနိုင်တယ်ဟု
ဆိတ်ဆိတ်ငြိမ်ငြိမ် တောကျောင်း၊ တောင်ကျောင်း ကမ္မဋ္ဌာန်းကျောင်းတွေကို ဒကာ ဒကာမတွေ နေနိုင်တာနဲ့ လည်း ဪ ကျုပ်တို့တော့ဖြင့် အာရုံတွေဖြတ်ပြီး ဆိတ်ဆိတ်ငြိမ်ငြိမ်နေနိုင်တယ်၊
တောကျောင်း တောင်ကျောင်း ကမ္မဋ္ဌာန်းကျောင်းတွေမှာပဲ ဘယ်စိတ်မှ ကျုပ်တို့မသွားဘဲနဲ့ ဒီနေရာနေနိုင်မှပဲ အတော်ခရီးပေါက်ပြီ၊ နိဗ္ဗာန်လိုချင် တယ်ဆိုလို့ရှိရင်ဖြင့် ဆိတ်ငြိမ်ရာ ဆည်းကပ်နိုင်တယ် ဆိုကတည်းက ဟိုဘက် တယ်မဝေးတော့ဘူးဆိုပြီး တင်းတိမ်နေမယ် ဆိုလို့ရှိရင် ဒကာဝ မောင်ကိုတို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
ဒါလောက်နဲ့ တင်းတိမ်နေဖို့ ဘုရားက ခွင့်မပြုသေးလို့ ဦးခင်မောင်ရေ ပြင်ရအုံးမှာပဲ (မှန်ပါ)၊ တင်းတိမ်ရမှာ လား၊ မတင်းတိမ်ရဘူးလား (မတင်းတိမ်ရပါ ဘုရား)၊
ဒါဖြင့် “ဆိတ်ငြိမ်ရာဝယ် နေနိုင်တယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်းမနေနှင့်”
ဆိတ်ငြိမ်ရာနေတော့ ဒကာ ဒကာမတွေ ရာဂ ဒေါသ မောဟတွေ ပေါ်မလာနိုင်တာရှိတာပဲ၊ အတွင်းမှာ အနုသယ သဘောတွေက ကိန်းနေတယ် (မှန်ပါ)၊
အနုသယ သဘောနဲ့ကိန်းနေတော့ ဒါတွေက တော်တော်ကြာရုံကြမ်း တွေနဲ့ တွေ့တဲ့အခါကျတော့ ဦးခင်မောင်ထကြွသောင်းကျန်းလာအုံးမှာပဲ (မှန်ပါ)၊ အမြစ်ပြတ်တာဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)၊ အဲဒီကဲ့သို့ အမြစ်ပြတ်တာ မဟုတ်တဲ့အတွက် ဒကာ ဒကာမတွေ ဆိတ်ငြိမ်ရာ ကျုပ်တို့ဖြင့် နေချင်တော့ တာပဲ၊
ဒီနေရာနေရလို့ရှိရင်ဖြင့် တော်ပါပြီ ဆိုပြီး သကာလ ဒကာ ဒကာမတွေက ဆိတ်ငြိမ်ရာနေရုံမျှနဲ့လည်း စိတ်ချ လက်ချ တင်းတိမ်မနေပါနဲ့တဲ့ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ စိတ်မချထိုက်သေး၍ ဘုရားက စိတ်မချနဲ့ဟောတာပဲ (မှန်ပါ)။
အနာဂါမ်ဝယ် တည်ပြီကွယ်ဟု
နောက်ဆုံးပိတ် ဘုရားက အစွမ်းကုန်ဟောလိုက်တဲ့ နေရာဌာနမှာ ပဉ္စမရဟန်းက တပည့်တော်တို့ အနာဂါမ် တည်ပြီး ရဟန္တာဖြစ်ဖို့ ဘာမှမဝေးတော့ပါဘူး၊ ဒါကြောင့် တပည့်တော်ကျေနပ်ပါပြီ၊ လိုချင်တဲ့အချိန် ရဟန္တာဖြစ်မှာပဲ ဆိုပြီး သူသည်ကားလို့ဆိုရင် ကျေနပ်နေပါတယ်ဆိုတဲ့ စကားမျိုးပြောတော့ ဒကာဝ တော်ပါ့မလား (မတော်ပါ ဘုရား)၊
ကိလေသာကျန်နေသေးတယ် (မှန်ပါ)၊ မကျန်ဘူးလားဗျာ (ကျန်ပါတယ် ဘုရား)၊ ရူပရာဂ၊ အရူပရာဂ တွေကျန်ပြန်တော့ ဒကာ ဒကာမတွေ ဒီကိလေသာ သူ့ကိုမနှိပ်စက်နိုင်ဘူးလား (နှိပ်စက်နိုင်ပါတယ်)၊ ဒါကြောင့်-
”အနာဂါမ်ဝယ် တည်ပြီကွယ်ဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်းမနေနှင့်”
ဒါတောင်မှ စိတ်မချနဲ့အုံး၊ ကိလေသာရန်သူ ကျန်သေးတယ်ကွတဲ့ (မှန်ပါ)။
ဒါဖြင့် ဒကာဝ မောင်ကိုတို့ ဦးခင်မောင်တို့ စိတ်မချရတဲ့တရား၊ တင်းတိမ်၍ မနေသင့်တဲ့တရား ဘယ်နှစ်ပါး ပါလိမ့် (ငါးပါးပါ ဘုရား)၊
စိတ်မချရတဲ့ တရားငါးပါး
စိတ်မချရတဲ့ တရားငါးပါး ရှိနေတော့ သူ့အထက်တက်တက် တက်တက်သွားတာတောင်မှ လမ်းမဆုံးသေးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စိတ်မချနဲ့အုံးဟေ့လို့ ဟောလိုက်တယ်နော် (မှန်ပါ)၊ ကဲ ဒကာ ဒကာမတို့ စိတ်ချသင့်ပလား (မချသင့်သေးပါ ဘုရား)၊
၁-နံပါတ်က သီလကလေးနဲ့လည်းဘာတဲ့ (တင်းတိမ် မနေပါနဲ့)၊
၂-နံပါတ်က ဗဟုသုတများရုံနဲ့လည်း (တင်းတိမ်မနေပါနဲ့)၊
၃-နံပါတ်က သမာဓိရရုံနဲ့လည်း (တင်းတိမ် မနေပါနဲ့)၊
၄-နံပါတ်က ဆိတ်ငြိမ်တဲ့အရပ်ကို နေနိုင်ထိုင်နိုင်တာနဲ့ရော (တင်းတိမ်မနေပါနဲ့)၊
၅-နံပါတ်က အနာဂါမ်တည် ပြီးတာတောင်မှ (စိတ်ချ၍မနေပါနဲ့)၊ စိတ်မချရသေးဘူး၊
ကိလေသာ ကျန်သေးတယ်ကွတဲ့ (မှန်ပါ)၊ ကျင်ကြီးပါးပုံရှိတဲ့ အနက်က လေးပုံဆေးရင် တစ်ပုံကျန်သေးတယ် (မှန်ပါ)၊ တစ်ပုံကို ဘာအသုံးချကြမယ် (ဘာမှအသုံးချလို့ မရပါ ဘုရား)၊ ဆေးပစ်မှတော်မယ့်အလုပ်ပဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာလုပ်ရမတုန်း (ဆေးပစ်ရပါမယ်)၊ ဆေးပစ်ရမယ်ဆိုတော့ ဒါလောက်တောင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ ကိလေသာကို စက်ဆုပ်တော်မူတယ်ဆိုတာ ရန်သူကြီးမို့ စက်ဆုပ်တာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
အဲဒါကြောင့် ဒီလုပ်ငန်းမျိုးကို ဒကာ ဒကာမတို့ မတင်းတိမ်ကောင်းတဲ့တရား ငါးပါးဆိုတာ ဦးခင်မောင် တို့ မှတ်မိပလား (မှတ်မိပါပြီ)။
ဦးစံရင် ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)၊ ငါးပါးဆိုတော့ (သီလနဲ့ တင်းတိမ်မနေပါနဲ့)၊ ဗာဟုသုသစ္စ- ဗဟုသုတများရုံနဲ့ကော (တင်းတိမ်မနေပါနဲ့)၊ သမာဓိရရုံနဲ့ရော (တင်းတိမ်မနေပါနဲ့)၊ ဆိတ်ငြိမ်ရာအရပ်မှာ နေနိုင်ထိုင်နိုင် တာနဲ့ရော (တင်းတိမ်မနေပါနဲ့)၊ ယုတ်စွအဆုံး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်ပြီးတာတောင်မှ (တင်းတိမ် မနေပါနဲ့)၊ တင်းတိမ်မနေပါနဲ့ ဆိုတာ ကိလေသာ ရန်သူရှိသေးလို့ဆိုတဲ့ အဓိပ္ပါယ်ကိုရှင်းလင်းပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဓမ္မပဒပါဠိတော်မှာ သေသေချာချာ လာသောကြောင့်-
“နသီလဗ္ဗတမတ္ထေန”ဆိုပြီး သီလနဲ့လည်း တင်းတိမ်မနေနဲ့တဲ့ (မှန်ပါ)၊
“ဗာဟုသစ္စေနဝါပန” တစ်နည်းငါပြောမယ်၊ ဗဟုသုတများရုံနဲ့လည်း မတင်းတိမ်နဲ့ (မှန်ပါ) ကိလေသာ မကုန်သေးဘူးကွတဲ့ (မှန်ပါ)
“အထဝါ သမာဓိ လာဘေန” ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ရတာတောင်မှ လဲ မတင်းတိမ်ပါနဲ့ (မှန်ပါ) ဣသိသိင်္ဂတို့ သမာဓိတွေ ကောင်းကင်ပျံ မြေလျှိုးပြီးနေနိုင်တာတောင် နောက်ဆုံးပိတ် ပြုတ်ကျရတယ် (မှန်ပါ) ကိလေသာကျန်လို့ ပြုတ်ကျရတယ် (မှန်ပါ) မကျဘူးလား ဒကာ ဒကာမတို့ (ပြုတ်ကျပါတယ်)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ ဒီသုံးခုနဲ့လဲ မတင်းတိမ်နဲ့၊ “ဝိဝိတ္တသယနေနဝါ” ဆိတ်ငြိမ်ရာ အရပ်မှာ ကိလေသာတွေနဲ့ဝေးကွာပြီး နေနိုင်တယ်ဆိုတာတောင်မှ (တင်းမတိတ်ရပါ ဘုရား) တင်းမတိမ်ရဘူးနော် (မှန်ပါ)။
အနာဂါမ်တည်ပြီး တာတောင်မှ
အယုတ်ဆုံး ငါဘုရားဟောပြမယ်ကွာ “အပ္ပတ္တော အာဝက္ခယ” သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်ပြီး တာတောင်မှ (မတင်းတိမ်ရပါ ဘုရား) မတင်းတိမ်ရဘူး၊ ဒါကိလေသာကျန်တယ် (မှန်ပါ) ကိလေသာကျန်လို့ သူရဟန္တာ မဖြစ်တာပေါ့ (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတို့ဪ-မတင်းတိမ်ကောင်းတဲ့တရား ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က လောကွတ်တွေ ဘာတွေနဲ့ဪ-ကျုပ်တို့တော့ သင်္ကြန်တွင်းဖြင့် သီလကလေးတော့ လုပ်လိုက်ရမှာပဲ၊ ကိုယ့်ရေးကိုယ့်ရာကလေးဆိုပြီး ဒါလောက်နဲ့ တင်းတိမ်နေမှာ ဘုန်းကြီးစိုးရိမ်နေလို့ (မှန်ပါ)
ဟာ-အဲဒီနေ့ကျမှ ကျုပ်သည်ကား ဆရာတော်ရေးတဲ့စာဖြစ်စေ၊ ဆရာတော်ကြီးတွေ ရေးတဲ့စာဖြစ်စေ ကြည့်ပြီး အဲဒီမှာ ဗဟုသုတများများကြီး ရှာလိုက်ဦးမယ်၊ အခု သုံးလေးရက် အားနေတယ်၊ ဒါလောက်နဲ့ တင်းတိမ်မနေပါနဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
”အထဝါ သမာဓိလာဘေန” နဲ့၊ သမာဓိကိုရပြီး ဥပစာရ သမာဓိ၊ အပ္ပနာသမာဓိကို ရရုံနဲ့လဲ တင်းတိမ်မနေပါနဲ့ ဆိုပြီး ဦးခင်မောင် လိုသေးလို့ ဟောတော်မူတာ (မှန်ပါ)။
”ဝိဝိတ္တသယနေနဝါ” တဲ့၊ တောကျောင်း၊ တောင်ကျောင်း ယောဂီကျောင်းမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်တာနဲ့လဲ တင်းတိမ်မနေပါနဲ့တဲ့ (မှန်ပါ) ကိလေသာရန်သူကမှ မကုန်သေးဘဲ (မှန်ပါ) ဝါ ပဋိစ္စသမုပ္ပါဒ်မှ မပြတ်သေးဘဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နောက်ဆုံးပိတ် “ဘိက္ခုဝိဿာသ မာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ” အနာဂါမ် တည်ပြီးတာတောင်မှ တော် လောက်ပြီဆိုတဲ့စိတ်ကို မထားပါနဲ့ကွ ဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောသောကြောင့် ဒကာ ဒကာမတို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်ပြီးတာတောင်မှ ဘုရားက တင်းတိမ်ကြလို့ ဟောသလး၊ မတင်းတိမ်နဲ့လို့ ဟောသလား (မတင်းတိမ်နဲ့လို့ ဟောပါတယ်)။
ကိလေသာက ပင်ပန်းအောင်လုပ်ဦးမယ်
ဒါဖြင့် ကိုယ်တော်မြတ်ကြီး အများဆုံး အလိုရှိတာက အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ၊ ကိလေသာ ရန်သူကို အလုံးစုံအောင်ပွဲမှ ကျေနပ်တယ် (မှန်ပါ)။
မင်းတို့ ဒီကိလေသာရန်သူကို အလုံးစုံအောင်ပွဲ မယူနိုင်သမျှ ကာလပတ်လုံး “ကိလိဿတီတိ ကိလေသော” ဆိုတဲ့အတိုင်း မင်းတို့ကို ကိလေသာက ပင်ပန်းအောင်လုပ်ဦးမယ်ဆိုတဲ့ ဥစ္စာကို သနားတော်မူပါ (မှန်ပါ) အဲဒီသနားတော်မူသောကြောင့် ဒကာ ဒကာမတွေ ကိလေသာချွင်းချက်မရှိ ချုပ်ငြိမ်း ရုပ်သိမ်းတာဟာ အကောင်းဆုံးပဲ (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။
ကိုင်း-ဒါဖြင့် ရှေ့ပိုင်းက ဒါဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အဆုံးအမကို ဆရာသမားက ထပ်ပြန်တလဲလဲ သတိပေးမှုလို့ မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ)။
အခု တရားသားကို ဟောပါတော့မယ်၊ ယခု ပြောပြီးခဲ့တာက မတင်းတိမ် ကောင်းတဲ့တရားငါးခု ရှင်းသွားတဲ့အတွက် ဒကာ ဒကာမတွေ ဒါကို ဘယ်အခါမှ မမေ့ရဘူးနော် (မှန်ပါ)၊ ရေးချွတ်မှတ် သားထားပြီး သကာလ တင်းတိမ်မယ်ကြံရင် ဒါကလေးရွတ်ကြည့်လိုက်၊ ဓမ္မပဒပါဠိတော်မှာ လာတယ်လို့လဲ သေသေ ချာချာ မှတ်ထားပါ (မှန်ပါ)။
ပါဠိတော်ဆိုတဲ့ဥစ္စာက ဦးခင်မောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး နှုတ်တော်ကထွက်တာ နော် (မှန်ပါ) ရဟန္တာတွေ ဟောတာတောင် မဟုတ်ဘူး၊ နောက် အဋ္ဌကထာဆရာတွေရေးတဲ့ စကားမျိုးလဲမဟုတ်ဘူး (မှန်ပါ) ဒါဆိုတော့ တိမ်းစရာ စောင်းစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
အေး-ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘုရားမရှိငြားသော်လည်း ဘုရားဟောတဲ့အတိုင်း အဓိပ္ပါယ် တွေကို ကြားရသိရ မှတ်ရတဲ့အတွက် လိုတာလိုမှန်းသိတယ်၊ ဖြည့်စရာရှိတာကို ရှိမှန်းသိတယ် (မှန်ပါ) အင်မတန် အဖိုးတန်သွားတော့တယ်ဆိုတာဖြင့် ယနေ့ကောင်းကောင်းကြီး သဘောကျတဲ့နေ့ပါ (မှန်ပါ)။
သတ္တဝါခြောက်ကောင်ရှိတယ်
ကဲ-တရားသား ပြောကြစို့ ဒကာ ဒကာမတို့ ဆပ္ပါဏ ကောပမသုတ်တော် အဓိပ္ပါယ်ကို ဟောမယ်၊ ဆက-ခြောက်ခု၊ ပါဏက-က သတ္တဝါ၊ ဥပမ-က ဥပမာ၊ သတ္တဝါခြောက်ကောင်ရှိတယ်၊ အဲဒီသတ္တဝါခြောက်ကောင်ကို ဥပမာပြပြီး သကာလ ထွက်ရပ်လမ်းပြ ဟောတဲ့သုတ်တော်ပဲ (မှန်ပါ့) အဲဒါ သဠာယတနသံယုတ် ပါဠိတော်မှာ လာတယ် (မှန်ပါ)။
ဆပ္ပါဏကောပမသုတ် ဆိုတာ ဒကာ ဒကာမတို့ အလွန်အဖိုးတန်တယ်ဆိုတဲ့ အဓိပ္ပါယ် ရှင်းလင်းပါလိမ့်မယ်နော် (မှန်ပါ)။
သို့သော် တစ်ရက်တည်းနဲ့ ပြီးအောင် ဒီသုတ်ကြီးကို ပြောဖို့ဆိုတော့ မောင်ကို ပြီးနိုင်မယ်မဟုတ်ပါဘူး (မှန်ပါ) အဲဒီတော့ စ-တန်သလောက် စ-ထားပြီး ဒီအထဲမှာ အဖိုးတန်တာတွေ မှတ်မှတ်-မှတ်မှတ်ပြီး သကာလ ကိုမြရွှေတို့ ဒီအတိုင်းသွားရမှာပေါ့ဗျာ (မှန်ပါ)။
ခင်ဗျားတို့က နားကလေးက ကျဉ်းကျဉ်းဆိုတော့ အဓိပ္ပါယ်များများကြီး ထည့်ပြန်လဲ ပြန်ထွက်မှာပဲ (မှန်ပါ)။
လျှံကျမှာစိုးလို့ လျှော့ဈေးနဲ့ ဟောတယ်
ရေထည့်စရာအိုးကလေးက အိုးပေါက်ကလေး ကျဉ်းကျဉ်းကလေး၊ အပေါ်က လောင်းတဲ့ရေတွေက များနေရင် အိုးထဲအကုန်ဝင်သလား၊ လျှံကျကုန်မလား (လျှံကျကုန်မှာပါ ဘုရား) အဲ-လျှံကျမှာစိုးလို့ လျှော့ဈေးနဲ့ ဟော တယ်မှတ်ကြပေတော့ (မှန်ပါ) လျှံကျမှာစိုးလို့ ငါ့မှာဟောလဲ ဟောရသေးရဲ့ နားထဲလဲ မရောက်ဘူးဆိုရင်တော့ အလကား ပဲ (မှန်ပါ)။
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့ သန္တာန်တွေမှာ သီလတွေကပျက်ပြီး သကာလ နေတာ မုသား ကလေးက မတတ်သာလို့ သုံးလိုက်ပါတယ်၊ သမ္ဖပ္ပလာပ အဖျင်းကလေးလဲ ပြောလိုက်ရတယ်၊ ဘာကြောင့်တုန်းလို့ ဆိုရင် ကိုယ်ကမှ မျက်နှာမချိုလို့ရှိရင် ကိုယ့်အိမ်လာတဲ့ပုဂ္ဂိုလ်က တယ်လဲ မာန်မာနကြီး ပါကလား၊
ဘာကြောင့်များ ဘဝင်မြင့် နေပါလိမ့်မတုန်းဆိုတဲ့ ဒီလိုအပြောအဆိုလေးတွေ လာမှာစိုးလို့ ရယ်စရာမောစရာ သမ္ဖပ္ပလာပ အဖျင်းကလေးလဲ ပြောဆိုလိုက်ရသေးတယ် (မှန်ပါ) အင်း သီလကတော့ ညှိုးနွမ်းကုန်ပြီ၊ ခင်ဗျားတို့ကသာ လောကွတ်ချော်နေ သီလက ဘယ့်နှယ်နေသတုန်း (ပျက်နေပါပြီ ဘုရား)။
ဦးခင်မောင် ခင်ဗျားတို့ လောကွတ်ဆိုးလှချည်လား (မှန်ပါ) မောင်ကိုတို့လဲ အိမ်ကနေပြီး ရယ်စရာ မောစရာ စတဲ့ စကားအဖျင်းကလေးမှ မပြောလိုက်လို့ရှိရင် ဟိုဧည့်သည်လုပ်တဲ့ပုဂ္ဂိုလ်က အမြင်လွဲအထင်လွဲတွေက လာချင်လာ မှာစိုးတာကိုးဗျ (မှန်ပါ)၊
သမ္ဖပ္ပလာပ သိမ်ဖျင်းတဲ့စကား
အဲဒီတော့ ရယ်စရာတစ်လှည့် မောစရာတစ်လှည့်ဆိုသလိုပဲ အဖျင်းကလေးတွေ မပြောလိုက်ရ ပေဘူးလား (ပြောပါတယ်) အဲဒါ ဘာဆိုကြမလဲ (သီလပျက်တာပါ ဘုရား) သမ္ဖပ္ပလာပ သိမ်ဖျင်းတဲ့စကား ပြောတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတွေမှာ ဒီလို လူ့စရိုက်တွေကို လိုက်နေရတာတွေက လူပုံအလယ်မှာနေရတော့ လူ့ အလိုက် လူ့သဘာဝ လိုက်နေရတဲ့အတွက် သီလပျက်တာကလေးတွေကလဲ နည်းလှမယ်မဟုတ်ဘူး (မနည်းလှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒါ ဘယ့်နှယ်ကြောင့် ပျက်တာတုန်းလို့မေးတော့မှဪ အခင်ပျက်သွားမှာစိုးလို့၊ မုန်းသွားမှာစိုးလို့ ကြောင့်ကြတောင့်တမှု တဏှာကြောင့်ပျက်သွားတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ကိလေသာကြောင့် ပျက်တာပေါ့ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ဝမ်းထဲမှာ ဒီကိလေသာဟာ ဘယ်တုန်းက အောင်းနေတာတုန်းလို့မေးတော့ အနုသယသဘော နဲ့ ပြောရလို့ရှိရင် ဒကာ ဒကာမတွေ ပဋိသန္ဓေနေကတည်းက အောင်းလာတာ (မှန်ပါ) ဘယ်ဘဝကမှလဲ မစွန့်ခဲ့ရဘူး (မှန်ပါ) ဒါဖြင့် ကိလေသာအနာတွေ ဝမ်းထဲမှာ အမြဲရှိနေတယ် (မှန်ပါ)။
ကိလေသာတွေ ဝမ်းထဲမှာ အမြဲရှိပါတယ်
ဦးခင်မောင် ဘာတဲ့ဗျာ (ကိလေသာတွေ ဝမ်းထဲမှာ အမြဲရှိပါတယ်)။
အားလုံး ဒီဘက်က ဒကာ ဒကာမတွေရော၊ အတွင်းက ဒကာ ဒကာမတွေကော ခင်ဗျားတို့ဝမ်းထဲမှာ ကိလေသာ မျိုးစေ့ အနုသယသဘောနဲ့ ကိန်းနေပါတယ်၊
ဘယ်အခါကာလမှ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ မပယ်ရသေးတဲ့အတွက် ဒါတွေဟာ အကြောင်းမရှိသေးလို့ သာလျှင် ဒကာ ဒကာမတွေ မထကြွ မသောင်းကျန်းတာ (မှန်ပါ)
ဝမ်းထဲမှာ ဝပ်နေတဲ့သဘော ကိန်းနေတဲ့သဘော ဒကာဝရှိတယ် (မှန်ပါ) ဦးခင်မောင် ဘယ့်နှယ်တုန်း (ရှိပါတယ် ဘုရား) အကြောင်းကိစ္စရှိလာပြီဆိုမှ ဖြင့် ကြောင်လက်သည်းဝှက် ဆိုတာမျိုးလို နဂိုကတော့ လက်သည်းမမြင်ရဘူး၊ ကြွက်မြင်မှ လက်သည်းက ထွက်လာတာ (မှန်ပါ) နဂိုက ငုပ်နေလို့ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ဒီမှာလဲ ဘုန်းကြီးနဲ့တကွ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အားလုံးပါပဲ ကြောင်လက်သည်းဝှက်ဖြစ်တဲ့ ကိလေသာတွေ ဝမ်းထဲမှာ အနုသယသဘောနဲ့ ကိန်းနေပါတယ်(မှန်ပါ)
ဘာ့ကြောင့် ကိန်းနေတယ်လို့ ဆရာဘုန်းကြီး ဟောရသတုန်းလို့ မေးတဲ့အခါကျတော့ မဂ်က တစ်ခါမှ မပေါ်ဖူးကြဘူး (မှန်ပါ) ဒါဖြင့် မဂ်ဖြင့် မပယ်သေးသရွေ့ သူက ဖယ်ရှားသွားတဲ့ တရားမျိုးလို့လဲ ဆိုလို့ရရဲ့လား (မရပါ ဘုရား)။
အနုသယလို့ခေါ်ပါတယ်
အဲဒါကြောင့် အနုသယလို့ခေါ်ပါတယ်၊ “အနုသေတိ အနုရူပံ ကာရဏံ လဘိတွာ ဥပ္ပဇ္ဇတီတိ အတ္ထော” လို့ ကျမ်းဂန်များမှာ ဖွင့်တဲ့အတွက် ဒကာ ဒကာမတို့ လျောက်ပတ်တဲ့ အကြောင်းကိုရရင် တစ်ခါတည်း ပေါ်လာတာပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။
အဲဒီ အနုသယကိလေသာတွေ ဝမ်းထဲမှာရှိလျက်နဲ့ ဝမ်းထဲမှာ ကိလေသာတွေ အပြည့်ရှိနေတယ်၊ ဒိဋ္ဌိကိလေသာ၊ မာနကိလေသာ၊ လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာ စသည်တွေ အကုန်ရှိတယ် (မှန်ပါ) အဲဒီ ကိလေသာအနာတွေက ရှိနေတယ်ဗျ (မှန်ပါ) ဝမ်းထဲမှာ မရှိဘူးလား (ရှိပါတယ်)။
အဲဒီ ကိလေသာအနာတွေကလဲ ဒကာ ဒကာမတို့ သာမညများ အောက်မေ့မနေနဲ့၊ ငန်းတွေ မန်းတွေလိုကြွနေ တယ် (မှန်ပါ့) ငန်းတွေ မန်းတွေကြွပြီး တစ်ကိုယ်လုံးမှာ လက်ပြလိုက်ရင်ပဲ မောင်ကိုတို့ ငယ်ငယ်တုန်းက သိပါတယ်၊ဪ မာနနဲ့ ခေါ်တာကိုး (မှန်ပါ)
လက်ကြည်လိုက်တာနဲ့ သိတယ် (မှန်ပါ) ခေါင်းညိတ်ခေါ်လိုက်လို့ရှိရင်လဲ သူမျက်ရိပ် မျက်ခြည်ပြတာ ကြည့်လိုက်လို့ရှိရင်လဲ အင်း တဏှာနဲ့ခေါ်တာ၊ မာနနဲ့ခေါ်တာ၊ ဒိဋ္ဌိနဲ့ခေါ်တာလို့ မသိဘူးလား (သိပါ တယ်)။
ဒါဖြင့် ဦးခင်မောင် အကဲခတ်စရာလေးက အလွတ်ကလေးပါ (မှန်ပါ) ဘိနပ်ကလေး ဆောင့်နင်း လိုက်တယ် ဆိုရင်ပဲ ခြေထောက်ထဲမှာ ဘာပါပြီဆိုတာသိတယ် (မှန်ပါ) မသိပေဘူးလား (သိပါတယ်) ဒါဖြင့် ကိလေသာတွေက နှံ့နေတာတွေပေါ့ (မှန်ပါ နှံ့ပါတယ်) သဘောပါကြပလား (ပါပါပြီ)။
ကိုယ့်ဆံပင်ကလေး ကိုယ်သ,နေတာလဲ
ကိလေသာ သိစရာတွေက နှံ့နေတာပဲ ဒကာ ဒကာမတို့ ကိုယ့်ဆံပင်ကလေး ကိုယ်သ,နေတာလဲ စဉ်းစားကြည့်စမ်း၊ ဒီဆံပင်ကလေးကိုခင်လွန်းလို့၊ မင်လွန်းလို့ သ-နေတာဆိုတော့ ဒီထဲလဲ ကိလေသာပါနေတာပဲ (မှန်ပါ) မပါဘူးလား (ပါပါတယ်)
ချွေးကလေး ဘာကလေး သိပ်လိုက်တယ်ဆိုတဲ့အခါကျလို့ရှိရင်လဲ ဒကာ ဒကာမတွေ လှလို့ပလို့ လူမြင် ကောင်းအောင်ဆိုတာကလေးဟာကော (ပါပါတယ်) ဒါဖြင့် မျက်နှာတစ်ခုလုံးမှာ ကိလေသာ နေရာဌာန ဆိုတာ ဟုတ်ရဲ့ လား (ဟုတ်ပါတယ်) ဦးခင်မောင် တစ်ကိုယ်လုံး ကိလေသာတော ထနေပါပေါ့လား (ထပါတယ် ဘုရား) တစ်ကိုယ်လုံး အပျံ့အနှံ့ရှိတယ် (မှန်ပါ)။
ဒိဋ္ဌိကလဲ ဆံတစ်ပင် အကျွတ်မခံဘူးဟေ့နော် ငါ့ဟာများဆိုတော့ ရှိသရွေ့ ဒိဋ္ဌိကပ်နေတာပဲ (မှန်ပါ) တစ်ကိုယ် လုံးမှာ ဒိဋ္ဌိတွေနှံ့ပါရဲ့လား (နှံ့ပါတယ် ဘုရား)၊ တယ်လဲပေါပါကလား (ပေါပါတယ် ဘုရား)။
အဲဒီလို တစ်ကိုယ်လုံးမှာ ဝမ်းထဲမှာ အနုသယအနာ၊ ပြင်ဘက် ပျံ့နှံ့နေတဲ့ အနာတွေက ရှိလျက်နဲ့ ဒကာ ဒကာမ တွေက အနာရှိလျက်နဲ့ ဆူးချုံထဲကို ဖိနပ်မပါဘဲနဲ့သွားလို့ရှိရင် ဆူးက ခြေထောက်လဲ ဆူးမှာပဲ။
ကျောလဲဆူးတွေက ခြစ်ကြမှာပဲ (မှန်ပါ) အနာပေါ်အနာ ဆင့်တဲ့ကိစ္စ မရပေဘူးလား (ရပါတယ်) သဘောပါကြပလား (ပါ-ပါပြီ)။
အတွင်းနာ၊ အပြင်နာ
ကဲ-တစ်ကိုယ်လုံးမှာ အတွင်းနာ၊ အပြင်နာတွေရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် တောထဲကို တိုးလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဖိနပ်မပါဘဲ တိုးတဲ့အတွက် ခြေထောက်လဲ ဆူးတွေစူး၊ သစ်ရွက်သစ်ခက်တွေကလဲ ကိုယ်ပေါ်မှာ ခြစ်မိကြပြီဆိုတော့ ဒီအနာကြီးဟာ အရင်ထက် ဆိုးတဲ့အနာကြီး မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)
အရင်တော့ ကိုယ်ပေါ် တွင် နာနေတာ၊ ကိုယ်ပေါ်မှာလဲ နှိပ်စက်တတ်တဲ့ တရားတွေက ပြန်နှိပ်စက် ပြန်တော့ ဦးခင်မောင်ရေ အနာပေါ်မှာ အနာရောက်ပြန်ပြီ (မှန်ပါ)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (အနာပေါ်မှာ အနာရောက်ပြန်ပါတယ် ဘုရား)။
ဪ-ဒါဖြင့် ဒီဒကာ ဒကာမတွေ နေကြထိုင်ကြတာဟာလဲ ဘယ်လိုများ နေကြထိုင်ကြတာပါလိမ့် မတုန်းမေး တော့ အနာအပေါ်မှာ အနာရောက်တဲ့လမ်းကို သွားလျက်ရှိကြတယ် (မှန်ပါ)။
ဝမ်းထဲမှာ ကိလေသာတွေရှိတော့ ဟိုမှာ သားဆီမယားဆီ သွားလိုက်တယ်၊ အရောင်းအဝယ်ရှိတဲ့ဆီ သွားလိုက်တယ်ဆိုတော့ ဒကာ ဒကာမတွေ ဟိုက အာရုံတွေကလဲ ကိုယ့်ကို လာမထိခိုက်ဘူးလား (ထိခိုက်ပါတယ်) ကိုယ်ထဲကလဲ အနာတွေနဲ့ဗျာ (မှန်ပါ)
ဒါဖြင့် အနာရှိတဲ့ ပုဂ္ဂိုလ် ဆူးထဲတိုးသလို ကိလေသာနာတွေရှိတဲ့ပုဂ္ဂိုလ်က ငါးပါးအာရုံ ကာမဂုဏ်ထဲ တိုးလိုက်ခြင်းသည် အနာထကြွချင် လို့ဆိုတဲ့ အဓိပ္ပါယ်ကို ဘုရားက ဟောလိုက်တယ် (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။
မင်းတို့ မောင်ကိုတို့လူစု ဦးမြရွှေတို့လူစု ကိလေသာနာတွေက တစ်ကိုယ်လုံးမှာ ပျံ့နှံ့မနေဘူးလား (ပျံ့နှံ့နေပါ တယ်)။
နဂိုအနာပေါ်မှာ ဆူးထိုးမိတာ
ဒါဖြင့် ကိုယ့်ကိုယ်ထဲ အနာအပြည့်အစုံရှိလျက်နဲ့ သားရှိတဲ့ဆီ၊ သမီးရှိတဲ့ဆီ သွားလာလိုက်ကြပြန်တော့ သား တည်းဟူသော အာရုံ၊ သမီးတည်းဟူသော အာရုံက ထိခိုက်ပြန်တော့ ခန္ဓာထဲမှာ တစ်ခါတည်း ဆူးစူးသလို ဒကာ ဒကာမ တွေ အမျိုးမျိုး ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ်) ဖြစ်မှဖြစ်ရလေကွာ၊ စိတ်မချမ်းသာဘူးကွာ-နဲ့၊
တစ်ခါတည်း အနာငန်းမန်းတွေကို သားတည်းဟူသော အာရုံဆူးတွေစူး၊ သမီးတည်းဟူသော အာရုံဆူး တွေက စူးလိုက်ပြန်တော့ ဒကာ ဒကာမတွေ စိတ်ထဲမှာ ကျေကျေနပ်နပ်ပဲလား၊ မကျေနပ်တာတွေ ပိုလာသလား (မကျေနပ်တာတွေ ပိုလာပါတယ်) နဂိုအနာပေါ်မှာ ဒကာ ဒကာမတွေ ဆူးထိုးမိတာ ပါကလား (မှန်ပါ)။
နဂိုအနာရှိလျက်နဲ့ မောင်ကို ဘာဖြစ်တာတုန်း (ဆူးထိုးမိတာပါ ဘုရား) ဆူးထိုးပစ်လိုက်တော့ တစ်ခါတည်း အရင်အနာတွေဟာ တစ်ခါတည်း ငန်းမန်းတွေ ကြွပြီး သကာလ အမျိုးမျိုး အနာကြီးသင့်နာတွေရလာတယ် (မှန်ပါ)။
ဦးခင်မောင်ရေ အနာသေးက ဘာဖြစ်လာသတုန်း (အနာကြီးသင့်လာပါတယ်) နဂိုက တစ်ကိုယ်လုံး မှာလဲ အနာတွေက အပြည့်အစုံကွာ၊
အဲဒီအပြည့်အစုံထဲက သားအာရုံ၊ သမီးအာရုံ၊ ပစ္စည်းအာရုံတွေနဲ့ တွေ့လိုက်ကြဦးမယ် ဆိုတော့ ပစ္စည်းကလဲ ရှုံးသွားလဲ ထိခိုက်၊ မြတ်သွားလဲ ဝမ်းသာလို့ထိခိုက် (မှန်ပါ) မထိခိုက်ပေဘူးလား (ထိခိုက်ပါတယ် ဘုရား) မထိခိုက်တဲ့အခါလို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အနာတွေရှိလျက်နဲ့ ဆူးချုံထဲသွားတိုး
ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ အနာတွေရှိလျက်နဲ့ ဆူးချုံထဲသွားတိုးတော့ ဒကာ ဒကာမတွေ ထိခိုက်တာချည်းလာ မှာပဲ (မှန်ပါ) တစ်ခါတစ်လေများ ထိခိုက်တဲ့အခါ ပါးစပ်ကလေးကျဉ်းပြီး နာလာလိုက်သေးတယ်၊ ထိခိုက်တဲ့အခါ မနာဘူးလား (နာပါတယ်)
တခါတလေကျတော့ ဘယ့်နှယ်နေသတုန်းဟေ့ ဆိုလို့ရှိရင် ဟာ ဒီဥစ္စာ အတော်ကိုပဲ နစ်နာသွားပြီဆိုရင် ဟာ-ခနဲ ဖြစ်သွားတဲ့အခါ မလာဘူးလား (လာပါတယ်) ဘယ့်နှယ်ဖြစ်တာတုန်းဆိုရင် အနာရှိလျက်နဲ့ ဆူးတောတိုးလို့ အနာပိုရတာ (မှန်ပါ)။
ဒါလဲ မောင်ကိုတို့လူစု၊ ဦးခင်မောင်တို့လူစုက မပြေလည်ရင် မနေနိုင်ဘူး (မှန်ပါ) ဘယ့်နှယ်ဖြစ်နေကြတာတုန်း (အနာပိုရချင်လို့ပါ) အနာပိုရချင်လို့ ဖြေရုံပဲရှိမယ် (မှန်ပါ)။
မောင်သစ်တို့ မောင်မြတို့ မင်းတို့ ဈေးချိုသွားကြတာ ဘာကိစ္စတုန်း (အနာပိုရချင်လို့ပါ ဘုရား) အံမာလေး ဆုတောင်းလို့ပြည့်မှာ နှေးမှာစိုးတာနဲ့ ကိုယ်တိုင်ပဲ သွားတိုးတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဆုတောင်းတော့ ပြည့်ချင်မှပြည့်မယ်၊ တပည့်တော် အနာရ-ရပါလို၏။ တိုတိုဆုတောင်းလိုက်လို့ရှိရင် ကိုယ့် မေတ္တာတွေက အနာကာကွယ်လိုက်လို့ရှိရင် အနာရချင်မှရမယ်၊ တိုးလိုက်တာ အေးပါတယ်ဆိုပြီး သကာလ ဈေးချိုထဲ တိုးလိုက်တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာ့ကြောင့် တိုးမိပါလိမ့်
ဘာ့ကြောင့် တိုးမိပါလိမ့် (အနာပိုရချင်လို့ပါ) ကိုယ်ထဲမှာလဲ ကိလေသာနာတွေ ဘယ်လောက် များသတုန်း (ပြည့်လို့ပါ) အဲဒီဆူးတောနဲ့တူတဲ့ ဈေးချိုတော်ကြီး တိုးလိုက်၊ သားရေး၊ သမီးရေး၊ စီးပွားရေးလဲ တိုးလိုက်ပြီဆိုမှဖြင့် ဘယ့်နှယ်နေကြသတုန်း (အနာပိုရပါတယ်)
အနာရှိတဲ့လူ အနာပိုပြန်ရတယ် (မှန်ပါ) ငန်းတွေ မန်းတွေ ကြွနေတဲ့ပုဂ္ဂိုလ်ဟာ တစ်ခါတည်း ဟိုကဆူးတွေနဲ့ ထိမိလို့ ဆူးတွေက ဖောက်ပစ်လိုက်ဆိုရင် ပြည်တွေမန်းတွေ ကြွလာပြီး အောက်ကျလာ တာကိုး (မှန်ပါ) သဘောကျပလား (ကျပါပြီ)
အဲဒီမှာ မျက်ရည်ကြီးငယ်များ ကျလာလိုက်သေးတယ် (မှန်ပါ) နှပ်တွေများ ထွက်လာလိုက်သေးတယ် (မှန်ပါ) ဘာဖြစ်လို့တုန်းလို့ မေးတဲ့အခါကျတော့ အနာပိုရလာတာ (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာဖြစ်လာသတုန်း (အနာပိုရလာတာပါ) အဲဒါကိုပဲ ခင်ဗျားတို့က ဒီနေရာမသွားဘဲ နေနိုင်ကြ သလား၊ တစ်သွားထဲသွားနေကြသလား (တစ်သွားထဲ သွားနေကြပါတယ် ဘုရား)။
ဦးခင်မောင် ခက်ပြီ၊ ခင်ဗျားတို့ဥစ္စာက အနာပျောက်ချင်တဲ့လူ တစ်ယောက်မှ ပါပုံမရပါဘူး (မှန်ပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အနာပျောက်ချင်တဲ့လူနဲ့ အနာပေါက်ချင်တဲ့လူ
တရားတစ်ပွဲလုံး မေးပါတယ်၊ အနာပျောက်ချင်တဲ့လူနဲ့ အနာပေါက်ချင်တဲ့လူ ဘယ်ဟာက များသတုန်း (အနာ ပေါက်ချင်တဲ့လူများပါတယ်)။
မယုံအကဲခတ်ကြည့်ပါ၊ ဘယ်တော့ ဒီအနာပေါက်ပါမတုန်းဆိုတဲ့လူ ဒီအထဲမှာ အများကြီး ပါတယ် (မှန်ပါ) ဘာဖြစ်လို့တုန်း အနာပေါက်ချင်သကိုး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီလောက်တောင် ဆိုးဝါးပြီး သကာလ နေတော့တယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြလင်းကြပါပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် ခန္ဓာကိုယ်က အနာရှိတဲ့အထဲမှာ ဆူးထဲချည်း တိုးကြတာဟာ လဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးအကြိုက် ဖြစ်ပါရဲ့လား၊ လူမိုက်တို့၏ အကြိုက်ပဲလားလို့ ဆိုကြမလားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (လူမိုက်တို့၏ အကြိုက်ပါ ဘုရား)။
ဦးခင်မောင် ကိုယ့်ဟာကိုယ် အဖြေထွက်လာပြီ (မှန်ပါ) သူများမေးရသလား (မဟုတ်ပါ ဘုရား) နက်ဖြန်မနက် သွားကြမယ်ဆိုတော့ ငါဘာလုပ်သွားမှာတုန်း မေးကြည့်နော် (မှန်ပါ့)။
နက်ဖြန်ကျတော့ အရောင်းရှိတဲ့ဆီ၊ အဝယ်ရှိတဲ့ဆီ ရွှေရ ငွေရမည့်ဆီ သွားကြမည့်ပုဂ္ဂိုလ်တွေကျတော့ ငါ ဘာလုပ်မလို့ပါလိမ့်မတုန်း၊ ကိုယ့်ကိုကိုယ် အမေးထုတ်ကြပါဦး၊ မောင်ကို ဘယ့်နှယ်ထွက်မတုန်း (ဆူးတောတိုးမလို့ပါ ဘုရား) ဘာဖြစ်လို့တုန်း၊ ပင်ကိုအနာပျောက်လို့လား (မပျောက် သေးပါ ဘုရား) အနာပိုရအောင်လို့ပေါ့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။
မသိလုံးကြီးထွားနေလိုက်တဲ့ဖြစ်ခြင်း
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဆပ္ပါဏကောပမသုတ် မဟောခင် ဒါ ဟောတယ် (မှန်ပါ)။
အဲဒီကဲ့သို့ ဒကာ ဒကာမတွေမှာ မသိလုံးကြီးထွားနေလိုက်တဲ့ဖြစ်ခြင်းဖြင့် ဦးခင်မောင်တို့ ကိုမြရွှေတို့ ပေါ်ကြပလား (ပေါ်ပါပြီ)။
မနက်မိုးလင်းသွားတာသည် ကိုယ့်မှာ အနာတွေ အပြည့်အစုံရှိလျက်နဲ့ အနာရှိတဲ့ပုဂ္ဂိုလ်ဟာ ဆူးရှောင်၊ အညှော်ရှောင်ရမှာပဲ (မှန်ပါ)။
နို့-ဒီဒကာ ဒကာမတွေကတော့ အနာရှိတာလဲ သိပါရဲ့၊ အခု ဆရာဘုန်းကြီးဟောလို့ (သိပါပြီ ဘုရား)၊ ကိလေသာ အနာတွေက တောထနေတာလဲ ခန္ဓာထဲ ငန်းမန်းတွေကြွနေတာဟာ ပြည့်လို့၊ သို့သော် မသင့်တဲ့အစာနဲ့ မသင့်တဲ့တော ထဲ တိုးရဦးမယ်ဘုရား၊ အမျှသာယူပေတော့လား (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) အင်မတန်မဆိုးဘူးလား (ဆိုးပါတယ်)။
အဲဒီတော့ အသွားမတော် တစ်လှမ်းဆိုတာကတော့ မင်းတို့ပြောနေတာကတော့ လှေကားကလေးက လှေကား ထစ်ချော်ကျမှ အသွားမတော် တစ်လှမ်းဖြစ်နေတာကိုး (မှန်ပါ)။
မတော်တဲ့လမ်းချည်း သွားနေတာ
သို့သော် အမှန်ကတော့ မင်းတို့နေ့တိုင်း သွားနေတာက တော့ မတော်တဲ့လမ်းချည်း သွားနေတာပဲ (မှန်ပါ)။
ဘယ်များသွားကြပါလိမ့် (မတော်တဲ့လမ်းချည်း သွားနေပါတယ်) အနာရှိတဲ့ပုဂ္ဂိုလ်က အနာတွေကို ငန်းမန်းတွေ ကို ခွဲပေးမည့်ဆူးတွေ၊ မြက်တွေ ဓားတမျှထက်တဲ့ မြက်တွေက ခွဲပေးမည့်ဆီသွားတာပဲ (မှန်ပါ) ကဲ ဘယ်လောက် ဆိုးသတုန်းဗျ (ဆိုးပါတယ် ဘုရား)။
ကိုင်း-ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အနာရှိတဲ့ပုဂ္ဂိုလ် အနာနဲ့ဆူးကို ရှောင်ရမယ် (မှန်ပါ) ဒီလိုရှောင်ကြ သလား၊ အနာနဲ့ဆူးထဲပဲ တိုးကြသလား၊ ဘယ့်နှယ်ဖြေကြမယ် (တိုးကြပါတယ် ဘုရား)။
မောင်ကို မကောင်းတော့ပါဘူးကွာ (မှန်ပါ) ဒီတရားတစ်ပွဲလုံး မကောင်းတော့ပါဘူး (မှန်ပါ) ဒီလိုသာ တိုးနေကြတော့မယ်ဆိုရင် ဘယ်မှာ ကျွတ်တမ်းဝင်နိုင်စရာရှိတော့သတုန်း လူမိုက်ချည်းဖြစ်နေတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
နဂိုက အနာရှိတာ၊ ကိလေသာနာတွေကလဲ တောထနေတယ်၊ ခန္ဓာကိုယ်ထဲမှာ အနုသယသဘောနဲ့ ကိန်းနေ လိုက်တာတွေ နည်းသလား (မနည်းပါ ဘုရား) အနာတွေကလဲ ငန်းတွေမန်းတွေ ကြွနေတဲ့အထဲမှာ ဒကာ၊ ဒကာမတွေ ဆူးတော၊ အညှော်တော တိုးဦးမယ်ဆိုတော့ အနာပျောက်ချင်လို့လား၊ အနာတစ်မျိုး ပိုရချင်လို့လား (အနာတစ်မျိုး ပိုရချင်လို့ပါ) မတိုးဘဲနေနိုင်ကြသလားလို့မေးတော့ ဘယ့်နှယ်ဖြေမလဲ (မနေနိုင်ပါ ဘုရား) ဘာ့ကြောင့်တုန်းလို့မေးတော့ အို အနာရူးထတာဘုရား၊ ဒါပဲဖြေရုံရှိတော့တယ် (မှန်ပါ) ဒီပြင် ဘာဖြေစရာ ရှိသေးသတုန်း (မရှိပါ ဘုရား)။
ကိလေသာရူးကနေပြီး သကာလ အနာတွေပေါက်၊ အနာတွေပေါက်ရာကနေပြီး သကာလ အနာတွေပွားမှာ ကြိုက်ကြတယ်၊ ဒကာ ဒကာမတွေ (မှန်ပါ)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ အနာကင်း စေချင်လိုက်တာ (မှန်ပါ) ခင်ဗျားတို့ကလဲ အနာရှာချင်လိုက်တာ လွန်လို့ (မှန်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဘုရားကတော့ အနာကင်းစေချင်တယ်
ဘုရားကတော့ ဘယ့်နှယ်တုန်း (အနာကင်းစေချင်ပါတယ် ဘုရား) အေး ခန္ဓာကိုယ်ကြီးဟာ ရောဂတောကွ ဒါကြီးကို အရိယာမျက်လုံးတပ်ကြည့်တော့ ရောဂါတွေမြင်တော့ ရောဂါကင်းပြီး မာပါစေဆိုပြီး ဝိပဿနာတရားတွေ မဟောခဲ့ဘူးလား (ဟောခဲ့ပါတယ် ဘုရား)။
ဒကာ ဒကာမတွေမှာ ဒီအနာတွေရှိနေတာ မသင့်တဲ့အစာ စားဦးမယ်ဆိုတော့ အနာကြီးသည်ထက် ကြီးအောင် (မှန်ပါ)။
ဆူးတွေနဲ့ တိုးဝှေ့ပြီး သကာလ တပည့်တော်တို့ အနာတွေ ပြည်တွေ ယိုကျအောင် တိုးလိုက်ဦးမယ် ဘုရား၊ ဈေးထဲ ဟုတ်လား၊ သားမယားများထံ သွားလိုက်ဦးမယ်ဘုရား၊ စိုးရိမ်ကြောင့်ကြစရာ ရှိတဲ့ဆီကို မြန်မြန် သွားလိုက်ဦးမယ်ဘုရာ့ဆို ထိတ်ခနဲ လန့်ခနဲ တစ်ခါတည်း မလာဘူးလား (လာပါတယ် ဘုရား)။
ဒါဟာ ဆူးက လာတာလား ကိုယ်ကတိုးတာလား (ကိုယ်က တိုးတာပါ) အနာမရှိတဲ့လူက တိုးတာလား အနာရှိတဲ့ လူကတိုးတာလား (အနာရှိတဲ့လူက တိုးတာပါ)ဪ- ဖြစ်မှဖြစ်ရလေ မောင်ကိုပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အနာရှိတဲ့လူက အနာတွေ ဆက်ရှာနေလို့
ဖြစ်မှဖြစ်ရပလေဆိုတာများ ဘုန်းကြီးက ဝမ်းနည်းသံနဲ့များသုံးလိုက်တာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုန်းဆို တော့ ဦးခင်မောင် အဖြေထွက်နိုင်မလား၊ အနာရှိတဲ့လူက အနာတွေ ဆက်ရှာနေလို့ (မှန်ပါ)။
ဒကာ ဒကာမတွေ ဘယ်လိုပါလိမ့် (အနာရှိတဲ့လူက အနာတွေ ဆက်ရှာနေလို့ပါ)။
အနာရှိတဲ့ပုဂ္ဂိုလ်က အနာတွေ ဆက်ရှာနေတယ်၊ ဘုရားကဪ ပုထုဇဉ်များ တယ်မိုက်ပါလား၊ အနာရှိရင်ဖြင့် အနာငန်းမန်းတွေ မကြွရအောင် ပြည်တွေဘာတွေ အပြင်မထွက်ရအောင် ဒီပြည်တွေဟာ တစ်ခါတည်း ခန်းခြောက် သွားလောက်အောင် ဆေးတွေနဲ့အုံပြီး သကာလ ငြိမ်ငြိမ်နေလိုက်ရလို့ရှိရင် ကောင်းမှာ၊ အခုတော့ဖြင့် ဆူးလဲတိုး၊ ညှော်လဲတိုး မိုက်လိုက်လေခြင်းဆိုတဲ့ အဓိပ္ပါယ်မရဘူးလား (ရပါတယ် ဘုရား) ဦးခင်မောင် ဒါဟာ မှန်ကော မမှန်ဘူးလား (မှန်ပါတယ်)။
ဒါဖြင့် နက်ဖြန်ဘယ်လမ်း ဘယ်ခရီးသွားကြမယ်လို့ စိတ်ကူးရှိသတုန်းလို့ မေးလို့ရှိရင်ဖြင့် စဉ်းစားကြည့်ကြပါ၊ ဘုရားဖူးထွက်မှာ အတော်နည်းတယ် (မှန်ပါ)။
ဒကာ ဒကာမတွေ ဒီအထဲမှာ ဘုရားဖူးထွက်မည့်လူက (အတော်နည်းပါ တယ်) ဘာဖြစ်လို့တုန်းဆိုတော့ ဆူးမငြိရလို့ (မှန်ပါ) သမန်းမြက်တွေမရှရလို့ (မှန်ပါ) ကဲ ရှရတဲ့နေရာ၊ ဆူးရှိတဲ့နေရာ တပည့်တော်တို့ သင်္ကြန်မတိုင်ခင် ကလေးတော့ သွားလိုက်ဦးမယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ) အနာပေါ်အနာဆင့် ချင်လို့ဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မင်းဘယ်သွားမတုန်း မေးကြစမ်းပါ
ဒါဖြင့် နက်ဖြန် ကိုယ့်ဟာကိုယ် သွားမယ်ကြံလို့ရှိရင် မင်းဘယ်သွားမတုန်း မေးကြစမ်းပါ ကိုယ့်ကိုကိုယ် မေးပါနော် (မှန်ပါ)။
ဦးခင်မောင် ဘယ်သူ့မေးရမှာတုန်း (ကိုယ့်ကိုကိုယ် မေးရမှာပါ) မင်းအနာကင်းလို့ သွားမှာလား၊ အနာတွေနဲ့ သွားမှာလားမေးပါ၊ အနာတွေနဲ့ သွားမှာလို့ သူပြောလိမ့်မယ် (မှန်ပါ)။
အနာတွေနဲ့သွားလို့ရှိရင် ညှော်မရှိ၊ ဆူးမရှိတဲ့နေရာကို သွားလေကွာ၊ ဒီလိုပြောလား (မှန်ပါ)။
အဲဒီတော့ ခန္ဓာအတွင်းရှိတဲ့ ကိလေသာတွေက ဟ-ဒီနေရာတွေသွားလို့ ခင်တဲ့ပုဂ္ဂိုလ်နဲ့ ဘယ်တွေ့ရမတုန်း၊ နေရာလမ်း ဘယ်ဟုတ် လိမ့်မတုန်း၊ ဟို ဆူးရှိတဲ့နေရာ၊ သမန်းမြက်ရှမယ့်နေရာမှ သွားပါ (မှန်ပါ) တစ်ခါတည်း တွန်းလွှတ်လိုက်တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
တချို့ ဒကာ ဒကာမတွေက ဒီနေ့ နာရီနောက်ကျသွားတယ်၊ ခပ်သွက်သွက် တိုးရအောင်လို့ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီနေ့ ဘာဖြစ်သွားသတုန်း၊ အိပ်ရာထကလဲ နောက်ကျသွားတယ်၊ ထမင်းချက်ကလဲ နောက်ကျသွားတယ်၊ အစားအသောက်နဲ့အချိန်ကုန်ပြီး သကာလ ပြင်ဆင်နေရတာနဲ့ နာရီက အတော်နောက်ကျသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမ တို့ ဘယ်လိုများ သွားကသတုန်း (အပြေးသွားပါတယ် ဘုရား)။
ဘယ်တောထဲသွားသတုန်း (ဆူးတောထဲသွားတာပါ) အံမယ်လေး ဆူးတောထဲ အပြေးသွားရတယ်ဆိုတော့ ဦးခင်မောင်ရေ ကိုမြရွှေတို့ အတော်ခက်နေတယ် (မှန်ပါ) ဆူးတောဆိုတာ ကြည့်ရှောင်ပြီး ဖြည်းဖြည်းကလေး တစ်လှမ်းချင်းနင်းဖို့ပဲ (မှန်ပါ)။
သေမှ သေပါ့မလား
အခုတော့ တစ်လှမ်းချင်း နင်းနေကြပါ သလား၊ အပြေးဝင်ကြပါသလား (အပြေးဝင်ကြပါတယ်) သေမှသေကြပါ့မလားကွာ၊ ဒါပဲမေးရုံပဲရှိတော့တယ် (မှန်ပါ) သေမှ သေပါ့မလားဆိုတာ ဦးခင်မောင် ဘယ့်နှယ်ဖြေပါ့မတုန်း (သေပါတယ် ဘုရား)။
သေပါလိမ့်မယ်၊ သို့သော်လည်း ခင်ဗျားတို့က သက်ဆိုရှည်သမား အပါယ်လွတ်အောင်တော့ မသေသေးဘူး (မှန်ပါ) ဆူးပုံများများ အနင်းခိုင်းချင်သေး တယ် (မှန်ပါ) ရိပ်မိပလား (မှန်ပါ) အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ်)။
အဲဒါကြောင့် ဒါဟာ ဆင်ခြင်လုံးတွေလို့ သတိပေးလိုက်ပါတယ်၊ ဘုရားက ဆပ္ပါဏကောပမသုတ်မှာ ဒါကို မူတည်ဟောတာပဲ (မှန်ပါ့)။
ကဲ-ဦးခင်မောင် ဘယ်လောက်အဖိုးတန်သတုန်းဗျာ (တန်ပါတယ်)၊ အနာတွေ ဘယ်လောက်များများရှိပါလိမ့် (အများကြီးပါ ဘုရား) ထောင့်ငါးရာ ကိလေသာနာတွေ ရှိတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ထောင့်ငါးရာ ကိလေသာတွေက မဂ်နဲ့ မပယ်သေးသရွေ့ ဘယ့်နှယ်နေကြမတုန်း (အပြည့်ပါ ဘုရား) ဒါဖြင့် ကိလေသာနာတွေက ဒကာ ဒကာမတွေ တစ်ကိုယ်လုံး အပြည့်အနှံ့ပါကလား(မှန်ပါ)။
ဒါဖြင့် ကိလေသာ ထ-မည့်နေရာ၊ ကြွမည့်နေရာသွားရင် တော်ပါ့မလား (မတော်ပါ ဘုရား)။
ရောင်းစရာ၊ ဝယ်စရာရှိတဲ့ဆီ သွားတဲ့အခါကျတော့ လိုချင်တာနဲ့ ဈေးမကိုက်တာနဲ့၊ စိတ်ပျက်တာနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ထ-မည့်နေရာ သွားလိုက်တဲ့အခါကျလို့ရှိရင်၊ စိတ်ပျက် တာနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ ထ-မည့်နေရာ သွားလိုက်တဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ အနာရှိတဲ့ ပုဂ္ဂိုလ်ဟာ ဟိုနေရာမှာ ငန်းတွေ မန်းတွေ ပြည်တွေ ယိုလောက်အောင်ဖြစ်တဲ့ကိစ္စ သွားလုပ်တာပဲဆိုရင်လဲ လွဲပါ့မလား (မလွဲပါ ဘုရား)။
သတိသမ္ပဇဉ်ဆိုပြီး ဘုရားက ဟောလိုက်တယ်
အဲဒါကြောင့် သွားမယ်ကြံရင်လဲ သွားတာကို ဆင်ခြင်ပါဦးဆိုပြီး သတိသမ္ပဇဉ်ဆိုပြီး ဘုရားက ဟောလိုက်တယ် (မှန်ပါ) မဟောသင့်ဘူးလား (ဟောသင့်ပါတယ်)။
ဒီလမ်းသွားလို့ရှိရင် ဖြစ်မှာလား၊ ကိလေသာရန်သူက ထကြွမှာလား ကိလေသာရန်သူ ငြိမ်းမှာလား ဆင်ခြင်ပြီး သွားဖို့ကောင်းပါတယ် (မှန်ပါ)။
တပည့်တော်တို့က အရိယာရဟန္တာမှ မဟုတ်သေးဘဲ ဘုရားလို့ သူတို့က ဆင်ခြေလဲဦးမှာကိုး၊ မလဲပေဘူးလား (လဲပါတယ်) အရိယာရဟန္တာမှ မဟုတ်သေးတဲ့ အတွက် ခင်ဗျားတို့ ငရဲ သွားကြတော့မှာလားလို့ မေးရုံပဲ ရှိတော့တယ် (မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတွေက အားလုံး ဆင်ခြေလဲ မလဲပါနဲ့တော့၊ အသွားမှားဆိုတာ သေချာပလား (သေချာပါပြီ) အနာရှိတဲ့ပုဂ္ဂိုလ် ဆူးရှောင်ရလိမ့်မယ် (မှန်ပါ) အညှော်ကော (ရှောင်ရမှာပဲ)။
အခု ဒကာ ဒကာမတွေဖြစ်စဉ်က အနာကော (ရှိပါတယ်) ဆူးညှောင့်ကော (ရှိပါတယ်) ဪ- သေခြင်းဆိုး သေချင်တာက လွန်လွန်းနေပြီ (မှန်ပါ)။
ဦးခင်မောင် ဘာတဲ့ (သေခြင်းဆိုးသေချင်တာက လွန်လွန်းနေပါပြီ)။
ဒါဟာ ဝိပဿနာဉာဏ်တွေသာ မအုပ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့် မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ သွားပြီ (သွားပါပြီ) ဒါသေဖို့ မဟုတ်လား ဒကာ ဒကာမတွေ (မှန်ပါ)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ဒီလိုလုပ်ကြပါစို့ ဆပ္ပါဏကောပမသုတ်မှာ သံဝရ အသံဝရ စောင့်စည်းမှု မစောင့်စည်းမှု နှစ်မျိုးကို ဝေဖန်ပြတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာဝေဖန်ပြသတုန်း (စောင့်စည်းမှု မစောင့်စည်းနှစ်ခုကို ဝေဖန်ပြပါတယ်)။
ဒကာ ဒကာမတွေ ဒါဖြင့် ပိုးကောင်ခြောက်ကောင် စ-ကြပါစို့ (မှန်ပါ) ဆပ္ပါဏကောပမသုတ်ဆိုပြီး ဘုရား သခင် ကိုယ်တော်မြတ်ကြီး သဠာယတန သံယုတ်ပါဠိတော်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဆည်းပူး လို့ရတဲ့ဉာဏ်တော်ကြီးနဲ့ ဟောပြထားခဲ့တယ် (မှန်ပါ)။
မြွေ၊ မိကျောင်း၊ ငှက်၊ အိမ်ခွေး၊ တောခွေး၊ မျောက်
ဟောဒီဘက်က မြွေတဲ့ ဒကာ ဒကာမတို့ (မှန်ပါ) မြွေဆိုတော့ သတ္တဝါပဲ မဟုတ်လား (မှန်ပါ) ဒီဘက်ကဟာ မိကျောင်းတဲ့ ဒကာ ဒကာမတို့ (မှန်ပါ) ဒီဘက်ကတော့ ငှက်တဲ့ ဒကာ ဒကာမတို့ ကောင်းကင်ပျံတဲ့ငှက်ပေါ့ဗျာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဒီဟာကတော့ အိမ်ခွေးတဲ့ ဒကာ ဒကာမတို့၊ ဒီဟာက တောခွေး၊ ဟောဒါကတော့ မျောက်တဲ့ (မှန်ပါ) ဥပမာပြတာ၊ ဒွါရ ခြောက်ပေါက်ပြတာ (မှန်ပါ) ဒွါရခြောက်ပေါက်နဲ့ ဟပ်ပြရလိမ့်မယ် (မှန်ပါ)။
ဒါကလေး အရင်မှတ်ထားကြပါဦး၊ ၁-နံပါတ် အကောင်က ဘာပါလိမ့် (မြွေ)၊ ၂-နံပါတ်က (မိကျောင်း)၊ ၃-နံပါတ်က (ငှက်)၊ ၄-နံပါတ်က (အိမ်ခွေး)၊ ၅-နံပါတ်က (တောခွေး)၊ ၆-နံပါတ်က (မျောက်ပါ)။
ဒကာ ဒကာမတို့ သူတို့ခြောက်ကောင်ဟာ နေရာ ထိုင်ရာ အကြိုက်ချင်း တူကြသလားလို့မေးရင် ဘယ့်နှယ်ဖြေ ပါ့မလဲ (မတူပါ ဘုရား)၊ မြွေက တွင်းကြိုက်တယ်၊ မိကျောင်းက (ရေကြိုက်ပါတယ်)၊ ငှက်က (ကောင်းကင်ကြိုက်ပါတယ်)၊ အိမ်ခွေးကတော့ ပြာပုံကြိုက်တယ် (မှန်ပါ)၊ တောခွေးက သုဿာန်ကြိုက်တယ်၊ လူသားတွေ ဖော်ဖော်ပြီး စားရတာကိုး (မှန်ပါ) မျောက်ကတော့ သစ်ပင်အမြင့်တက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်ရတဲ့ အမြင့်ကြိုက်တယ် (မှန်ပါ)။
ကိုင်း-ဒကာ ဒကာမတို့ ခင်ဗျားတို့ မျက်လုံးက ဘာနဲ့တူတယ် (မြွေနဲ့တူပါတယ်) နားက ဘာနဲ့တူတယ် (မိကျောင်းနဲ့ တူပါတယ်) နှာခေါင်းက ဘာနဲ့တူသတုန်း (ငှက်နဲ့တူပါတယ်) လျှာက ဘာနဲ့တူတယ် (အိမ်ခွေးနဲ့တူပါတယ်) ကိုယ်က ဘာနဲ့တူသတုန်း (တောခွေးက တူပါတယ်) မနောက ဘာနဲ့တူသလဲ (မျောက်နဲ့တူပါတယ်) မနောကတော့ ကြံစည်နေရမှ အမြင့်ကြီးတက်ပြီး ကြံစည်နေရမှာ သူက (မှန်ပါ) အခုနေ တစ်သောင်းရရင် ဘယ်လောက်များ ဟုတ် သွားမတုန်း စသည်နဲ့ သူက အမြင့်ချည်းတက်နေရတာပဲ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တစ်ယောက်တည်းက ထိန်းကျောင်းနေရတယ်
အဲဒီတော့ ဒကာ ဒကာမတွေမှာလဲ ဒီသားကောင် ခြောက်ကောင်လဲ လူတိုင်းမှာ ရှိပါတယ် (မှန်ပါ) သားကောင် ခြောက်ကောင်ကို ဒကာ ဒကာမတွေ တစ်ယောက်တည်းက ထိန်းကျောင်းနေရတယ် (မှန်ပါ)၊
သူ့ကိုလဲ ကြိုးချည်ပြီး တဏှာကြိုးနဲ့ ငါ့မျက်လုံးဆိုပြီး တဏှာကချည်လျက်ပဲလေ (မှန်ပါ) ဒီကလဲ ငါ့နားဆိုပြီး တဏှာကြိုးနဲ့ တန်းလျက်ပဲ၊ မသိလို့ပေါ့ (မှန်ပါ) တဏှာကြိုးနဲ့ ခြောက်ကောင်စလုံးကြိုးနဲ့ ချည်ပြီး သကာလ တစ်ယောက်တည်းသာ ထိန်းနေရတယ် (မှန်ပါ)။
ကိုင်း- ဒကာ ဒကာမတို့ ခြောက်ကောင်ကြိုးချည်ပြီး သကာလ (တစ်ယောက်တည်းက ထိန်းကျောင်း နေရတယ်) မောင်ထွန်းနိုင်တို့ ကျေနပ်ပလား (မှန်ပါ)။
မင်းတို့ ဒွါရခြောက်ခုရှိနေတာ တစ်ယောက်တည်းက ထိန်းထားရတာပဲ မဟုတ်လား (မှန်ပါ) တစ်ယောက်တည်းက ထိန်းထားတော့ သူတို့က အကြိုက်တူကြရဲ့လား (မတူပါ ဘုရား) မြွေက တွင်းကြိုက်တယ်ဆိုတော့ ဆွဲထားရတာက ခြောက်ကောင်ဆိုတော့ မြွေက သန်တယ်ဆိုရင် ဦးခင်မောင်တို့ မောင်ကိုတို့ ပါ တွင်းထဲရောက်မယ် (မှန်ပါ)။
မြွေက သန်သန်ဆွဲသွားရင် တစ်ယောက်ထဲက ခြောက်ကောင်တစ်ကြိုးထဲနဲ့ ထိန်းထားတာ၊ ထုံးပြီးတော့မှ တစ်ခါထဲထိန်းထားတော့ ဒကာ ဒကာမတွေ ဒီခြောက်ကောင်က ခင်ဗျားတို့ အကြိုက်ကောတူပါရဲ့လား (မတူပါ ဘုရား)။
နို့-ဒါတွေကလဲ ကိုယ့်အကောင်ချည်းဆိုရင်ကော လွဲပါ့မလား၊ ကိုယ့်သန္တာန် ရှိတာချည်းပဲ၊ သဘောပါကြရဲ့လား (ပါပါ တယ် ဘုရား)၊
အင်း-ဒါတွေ ဒကာ ဒကာမတို့ ရေထဲ သေရတာချည်း မအောက်မေ့နဲ့၊ တွင်းထဲ သေရတာကော သူတို့ ဆွဲကြတာလေဗျာ (မှန်ပါ)၊ အသီးသီး ဒီကောင်ကလဲ ကောင်းကင်မှာပျံတာပဲ၊ သဘောကျပလား၊ ဒီကောင်က အိမ်ခွေး၊ အိမ်ထဲကကို မထွက်ချင်ဘူး၊
အားသာတဲ့အကောင်က ဆွဲသွားတာ
ဒီဥစ္စာက တောခွေးတဲ့ ဒီနေရာမှာ မပျော်ဘူး၊ တောထဲ ပြေးချင်တယ်ဆိုပါတော့ ဟိုမျောက် ကလဲ ဒကာ ဒကာမတို့ အမြင့်တက်ချင်ပါတယ်ဆိုတော့ မောင်ထွန်းလှိုင်က တစ်ယောက်ထဲ ကြိုးကနေကိုင်ထားတော့ အားသာတဲ့အကောင်က ဆွဲသွားတယ်၊ အားသာတဲ့အကောင်က ဆွဲသွားတော့ ဒကာ ဒကာမတို့ လူပါသွားတယ်၊ ဟို တိရစ္ဆာန်တွေကော အားသာတဲ့အကောင်က ဆွဲသွားတာ၊
ဒါကြောင့် မင်းတို့ တစ်နေ့တစ်နေ့ အလုပ်လုပ်နေတာ အားသာတဲ့အကောင်က ဆွဲတာလုပ်နေတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊
တစ်ခါတစ်လေ မြွေက မြွေတည်းဟူသော တွင်းကြိုက်က သွားတဲ့အခါကျတော့ မျက်လုံးပေါက်က ဆွဲတဲ့ဆီ လိုက်သွားတယ်၊ တစ်ခါတစ်လေကျတော့ ဦးခင်မောင် ဘယ်သူက ဆွဲသွားတုန်း၊ နားပေါက်က ဆွဲသွားတဲ့အခါကျတော့ ဟာ အတီးအမှုတ် ဟိုမှာ ကောင်းတယ်ဆိုပြီး သူဆွဲတဲ့ဆီ ပါသွားတယ်၊ မိကျောင်းဆွဲတဲ့ဆီ ပါသွားတယ်၊ သဘောပါပလား။
တစ်ခါတစ်လေကျတော့ ကောင်းကင်များ ပါသွားလိုက်တယ်ဆိုပြီး သကာလ အသက်များမော့ရှူပြီး သကာလ ဒကာ ဒကာမတွေ နေတဲ့အခါကော နှာခေါင်းနဲ့ လေရှူလေရှိုက်ပွားဦးမကွာ၊ ကျန်းမာရေးကို မရှိတော့ဘူး၊ မြို့ထဲ ချဉ်ပုပ်စော်တွေက နံနေတာပဲ၊ လေကောင်းလေသန့် သွားရှူဦးမယ်ဆိုပြီး သူကများ ကောင်းကင်မော့ပြီး ရှူနေလိုက်တာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နှာခေါင်းက ကောင်းကင်ကြိုက်
နှာခေါင်းက ကောင်းကင်ကြိုက်၊ မသွားကြရပေဘူးလား (သွားရပါတယ် ဘုရား) ကောင်းကင်ကြိုက်နော် (မှန်ပါ ဘုရား)။
အိမ်ခွေးဆိုတဲ့လျှာက အစားအသောက်ရှိတဲ့ မီးဖိုချောင်ဘက် သူကသွားတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်သွားပါလိမ့် (မီးဖိုချောင်ဘက် သွားပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) သူက မီးဖိုချောင်ဘက်ချည်း ဆွဲတာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ်ပေါက်က ဒကာ ဒကာမတို့ လဲလျောင်းအိပ်ချင်တဲ့ စိတ်၊ သူက အိပ်ရာဘက်ချည်း လှည့်နေတာပဲ၊ ဘယ်ဆွဲ သွားသတုန်း (အိပ်ရာဘက်ဆွဲသွားပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ မျောက်ကတော့ ကြံကောင်းစည် ကောင်း၊ အမြင့်တက်ပြီး ဟိုကြည့်ဒီကြည့် ကြည့်ရမယ်ဆိုတော့ အိပ်နေလို့လဲ မဖြစ်ဘူး၊ ကြံစည်ဦးမှဆိုတော့ မနောပေါက် က ကြံတဲ့စည်တဲ့ဆီ ဆွဲသွားတယ်။
ထိန်းတဲ့သူ ဘယ်နှစ်ယောက်ပါလိမ့် (တစ်ယောက်ပါ ဘုရား)၊ ဆွဲတဲ့သူက ဘယ်နှစ်ယောက်ပါလိမ့် (ခြောက် ယောက်ပါ ဘုရား)။
ဪ-သေခြင်းဆိုးမသေရင် ကံကောင်းပဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုန်း (သေခြင်းဆိုး မသေရင် ကံကောင်းပဲ)။
အဲ နက်ဖြန်ကျမှ ဆွဲပုံရော၊ ဖြတ်ပုံရော၊ ထိန်းပုံရော ဟောမယ်၊