မြုပ်လမ်း မျောလမ်းမှ ထွက်ကြရန်
(ဝီဏောပမသုတ်)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေ ဓမ္မာရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
မြုပ်လမ်း မျောလမ်းမှ ထွက်ကြရန်
(၂၅-၃-၆၁)
ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ တရားနာကြပါတယ်
ဒကာ ဒကာမတွေ ဘယ်အကျိုးငှာ တရားနာကြသတုန်းလို့ မေးလို့ရှိရင် တစ်နေ့ကဆရာဘုန်းကြီးက သင်ထား ပါတယ်၊ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ တရားနာကြပါတယ် (မှန်ပါ့)။
ဘယ်အကျိုးငှာ တရားနာကြပါလိမ့် (ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ တရားနာကြပါတယ်)။
တပည့်တော်တို့က ဘာဖြစ်နေလို့တုန်းလို့ မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိတည်းဟူသော တရားက ခန္ဓာကိုယ်ထဲမှာ ချုပ်ပြီး သကာလ ကြိုးတွေနဲ့တုပ်သလို တုပ်ထားတယ် (မှန်ပါ့)၊ ဒိဋ္ဌိက ခန္ဓာကြီးကို ကြိုးနဲ့တုပ်ထားတယ်၊
ဘယ့်နှယ်တုပ်ထား သတုန်းဆိုတော့ ခြေလဲငါ့ဟာ၊ လက်လဲ ငါ့ဟာဆိုပြီး ငါ့ဟာတွေကလျှောက်ပြီး တုပ်ထားတာပဲ (မှန်ပါ)၊ ဆံပင်တစ်ပင် ကလေးဟာ ဘယ်သူဟာတုန်း (ငါ့ဟာပါပဲ)၊ တစ်ကိုယ်လုံး ဒိဋ္ဌိကြိုးတုပ်ထားလိုက်တော့ ဒကာ ဒကာမတွေ မြင်တဲ့အတိုင်း ဘယ်နေရာများ ငါ့ဟာမဟုတ်တာ ပါသေးသတုန်း (မပါပါ ဘုရား)။
ဪ တစ်ကိုယ်လုံး ဒိဋ္ဌိကြိုးတုပ်ထားတာကိုလဲ တပည့်တော်တို့ဖြင့် “ ဒိဋ္ဌိဗန္ဓနဗဒ္ဓါ တေ”ဆိုတဲ့အတိုင်း ဒိဋ္ဌိ ကြိုးတုပ်ထားတာကိုလဲ တပည့်တော်တို့ သိပါပြီဘုရား၊ ဒိဋ္ဌိကြိုးတုပ်ထားပြီး သကာလ ထားငြားသော်လဲ ဒကာ ဒကာမတွေ ကို မောင်ကိုတို့ ဒကာဝတို့က စဉ်းစားရမယ်၊ ဒိဋ္ဌိကြိုးတုပ်ပြီး တဏှာရေထဲမှာ မျှောလိုက်သေးတယ် (မှန်ပါ့)။
ကြိုးတုပ်ထားတာ ဒိဋ္ဌိ၊ မျှောသမားက တဏှာရေ
ဒကာ ဒကာမတို့ ဘယ်လိုမျှောလိုက်ပါလိမ့် (တဏှာရေထဲ မျှောလိုက်ပါတယ် ဘုရား)၊ ကြိုးတုပ်ထားတာ ဒိဋ္ဌိ၊ မျှောသမားက တဏှာရေ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်လပ်သလား အောက်မေ့တယ်၊ ဒိဋ္ဌိကြိုးတွေက တုပ်ထား ပါကလားဆိုလို့ ရှိရင်လဲ မှန်ပါတယ်ဘုရားလို့ လျှောက်ရုံပါပဲ (မှန်ပါ့ ဘုရား)။
ဆံပင်ကလေးဟာ ဘာပါလိမ့် (ငါ့ဟာပါ ဘုရား)၊ သွားကလေး တစ်ချောင်းဟာရော (ငါ့ဟာပါ ဘုရား)၊ လက်သန်းကလေး တစ်ချောင်းဟာရော (ငါ့ဟာပါ ဘုရား)၊ ရော ဘယ်နေရာမှာများ ဒိဋ္ဌိဆိုတာသည် ကြိုးမတုပ်တဲ့နေရာ ရယ်လို့များ ပါသေးရဲ့လား (မပါပါ ဘုရား)၊ မပါဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။
ဪ-ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် ကယ်တင်ဆိုတာ အချုပ်ထဲကလွတ်မှာသာလျှင် ကယ်တင် ပြီးသား အဓိပ္ပာယ်ရောက်တယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတွေ ဘာတွေ ကြိုးတုပ်ထားပါလိမ့် (ဒိဋ္ဌိတွေက ကြိုးတုပ်ထားပါတယ်)၊ ဦးခင်မောင် သွားကလေး တစ်ချောင်းကိုတောင်မှ ငါ့ဟာပဲလို့လုပ်ထားတာပဲ (မှန်လှပါ ဘုရား)၊
ဤကဲ့သို့ ဒကာ ဒကာမတွေ ကြိုးက ငါ့ဟာ ငါ့ဟာနဲ့ တစ်ကိုယ်လုံးမှာ တုပ်ထားလိုက်တဲ့ ဥစ္စာ ကြိုးဆက်ချင်း ထိနေပြီဆိုရင်ရော လွဲပါ့မလား (မလွဲပါ ဘုရား)
ဒိဋ္ဌိတည်းဟူသော ကြိုးတွေက တုပ်ထားတော့ တဏှာကပဲ ဒကာ ဒကာမတွေ ဟိုသွားမှ ငွေရမယ်၊ ဒီသွားမှ ရွှေရမယ် ဆိုတော့ တဏှာကလဲ အသွားခိုင်းသေးတယ် (မှန်ပါ့)၊ ဒါဖြင့် ဒိဋ္ဌိကြိုးတုပ်ပြီး တဏှာတည်း ဟူသော ရေကမျှောတာပဲ (မှန်ပါ့)။
ဒိဋ္ဌိကြိုးကတုပ်ပြီး တဏှာရေကမျှော
ဒကာ ဒကာမတို့ ဘယ့်နှယ်များ ဖြစ်နေကြသတုန်း (ဒိဋ္ဌိကြိုးကတုပ်ပြီး တဏှာရေကမျှောပါတယ်)၊ ဪ- ကြိုးတုပ်ပြီးမျှောတဲ့ ဒကာ ဒကာမတွေဖြစ်ခဲ့လို့ရှိရင်ဖြင့် လွတ်ရေးကျွတ်ရေး မရှိတော့ဘူးဆိုတာဖြင့် ပေါ်ရောပေါ့ (မှန်ပါ့)၊ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။
ဪ ငါတို့ ဘယ်လိုများ ဖြစ်နေပါလိမ့်မတုန်းလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်ပိုင် တွေးတဲ့အခါကျတော့မှာ ကြိုးတုပ်ထားတဲ့ ပုဂ္ဂိုလ်ကို ရေထဲမျှောလိုက်တယ်ဟေ့ ဆိုလို့ရှိရင်ဖြင့် ဉာဏ်နဲ့ကြည့်မှ ဒကာဝတို့ မောင်ကိုတို့ အကြီးအကျယ်ဒုက္ခရောက်တာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ဉာဏ်နဲ့ကြည့်မှနော် (မှန်လှပါ ဘုရား)၊
ဉာဏ်နဲ့မကြည့်သေးလို့ ရှိရင်ဖြင့် တစ်ခါတလေများ ဒိဋ္ဌိက ကြိုးတုပ်ပြီး သကာလ ထားလိုက်တာ အိမ်ပေါ်ကကို ဆင်းလို့ မရဘူး (မှန်ပါ့ ဘုရား)၊ ဟိုဟာပျောက်မှာ စိုးရိမ်၊ ဒီဟာပျောက်မှာစိုးရိမ်နဲ့ မီးအခါမို့ မီးစိုးရိမ်ရတာက တစ်မျိုး (မှန်ပါ့)၊ တစ်ခါတည်း အိမ်ပေါ်တွင်ပဲ ခရီးရှည်သွားမယ်လို့ စိတ်ကူးရရဲ့လား (မရပါ ဘုရား)၊
ဘယ်သူကတုပ်ထားလို့ပါလိမ့် ဗျာ (ဒိဋ္ဌိကတုပ်ထားလို့ပါ ဘုရား)၊ အို ဒီလိုချည်းနေလို့မဖြစ်သေးဘူး၊ ကမ္မဿကာပဲဆိုပြီး သကာလ ဉာဏ်မပါတဲ့ ကမ္မဿသကာက ဒီလိုချည်းစောင့်နေလို့လဲ စားဖို့သောက်ဖို့က လိုသေးတယ်ဆိုပြီး သကာလ စားချင်သောက်ချင်တဲ့ တဏှာကနေပြီး သကာလ အရောင်းအဝယ်ရှိတဲ့ဆီ မျှောလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)။ မမျှောကြဘူးလား (မျှောပါတယ်)၊
ဒါဖြင့် ဒိဋ္ဌိကအချုပ်သမား၊ တဏှာက အမျှောသမားဆိုတော့ ဒကာ ဒကာမတွေ ကိုယ်ကျိုးတော့ လှလှကြီးနည်းပြီ (နည်းပါပြီ ဘုရား)။
ဉာဏ်နဲ့ကြည့်ပါ၊ ဉာဏ်နဲ့ကြည့်ပါဦး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဘာနဲ့ကြည့်ရမတုန်း (ဉာဏ်နဲ့ကြည့်ရပါမယ်)၊ ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မှ တုပ်ပြီးသား ရေမျှောခံရတယ် (မှန်ပါ့)။
ဒါဉာဏ်နဲ့ကြည့်ကြပါနော်
ဪ ဒါဉာဏ်နဲ့ကြည့်ကြပါနော် (မှန်ပါ့)၊ ဘာနဲ့ကြည့်ကြမတုန်း (ဉာဏ်နဲ့ကြည့်ကြရပါမယ်)၊ ဒိဋ္ဌိကြိုးတွေလဲ ဘယ်လောက်များပါလိမ့် (အများကြီးပါ ဘုရား)၊
ဒိဋ္ဌိကြိုးတွေကလဲ ဒကာ ဒကာမတွေသိတဲ့အတိုင်း ဆံဖျားကလေးတောင် ငါ့ဟာဖြစ်နေတော့ ကြိုးကိုစေ့နေတာပဲ (မှန်ပါ့)၊ ခြေဖျားလက်ဖျားကလေးဟာရော (ငါ့ဟာပါ ဘုရား)၊
အကုန်ငါ့ဟာတွေ လုပ်ပြီး သကာလ ထားလိုက်တော့ ဒိဋ္ဌိကြိုးကဖြင့် တစ်ကိုယ်လုံး အပ်သွားချစရာမရှိအောင် စေ့နေအောင် ရစ်ပြီး သကာလ ထားတော့တယ်ဆိုတာဖြင့် သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိကချည်ပြီး သကာလ ဒီနေရာတွင် တစ်ခါတည်း ချည်ထားတဲ့ပုဂ္ဂိုလ် မသွားနိုင် မလာနိုင်နေပါတော့ မလား ဆိုတော့လဲ တဏှာက မင်းဒီလိုချည်းနေလို့ မဖြစ်သေးဘူး၊ အစာရှာရလိမ့်မယ်၊ အဝတ်ရှာရလိမ့်မယ်၊ မင်း သား မယားတွေ ဘာဆင်လို့ ဘာပြင်မလဲ လိုက်ရှာဦးမှပေါ့ကွာ ရရာရကြောင်းကိုတဲ့ (မှန်ပါ့)၊ မောင်ကို ဘာလုပ်လိုက် ပြန်သတုန်း (မျှောချလိုက်ပါတယ် ဘုရား)၊ တဏှာရေက မျှောလိုက်ပြန်ပြီ မောင်မြရွှေတို့ (မှန်ပါ့)။
ဘယ်လိုများမျှောတာပါလိမ့်
ဪ ဒါဖြင့် ဘယ်လိုမျှောလိုက်တာပါလိမ့်မတုန်း၊ အကဲခတ်စမ်းပါဦး၊ ခြေလက်သန်သန်မာမာနဲ့ တွေ့လိုက်လို့ ရှိရင်ဖြင့် ကုန်းပေါ်ဆွဲတင်မယ်ဆိုတဲ့ ခြေထောက်တွေ လက်တွေကလဲ ကြိုးတုပ်ခံရပြီးသားဖြစ်နေတယ် (မှန်ပါ့)၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။
ခြေတွေ လက်တွေကလဲ ဘာဖြစ်သတုန်း (ကြိုးတုပ်ပြီးသားဖြစ်ပါတယ် ဘုရား)၊ ကြိုးတုပ်လျက်သားနဲ့ မျှောရ တာပေါ့ (မှန်ပါ့)၊
ဦးခင်မောင် ဘယ်လိုများမျှောတာပါလိမ့်၊ (ကြိုးတုပ်လျက်နဲ့မျှောရတာပါ ဘုရား)၊
ပေါင်တိုမျှောတာကမှ တော် သေးတယ်နော် (မှန်ပါ့)၊ ပဒုမမင်းသား ဇာတ်ထုပ်မှာလာတဲ့ ပေါင်တိုမျှောတာကမှ တော်ဦးမယ်၊ ခင်ဗျားမျှောပုံကို ဒီထက်ဆိုးတယ် အောက်မေ့ပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေက မျှောတာတော့ မျှောလို့ဟာ အစဉ်အတိုင်း မျှောရလို့ရှိရင်လဲ တော်သေးရဲ့ ဆိုတော့ တော်တော်ကြာကျတော့ ဘယ်အထဲရောက်သွားသတုန်းဆိုတော့ ဝဲထဲရောက်သွားတယ် (မှန်ပါ့)။
ဘယ်ရောက်သွားသတုန်း (ဝဲထဲရောက်သွားပါတယ် ဘုရား)၊ ခက်ပြန်ပြီ ခင်ဗျားတို့ ဥစ္စာ၊ တုပ်ပြီးတော့ မျှော၊ မျှောရာကနေပြီး ဝဲထဲရောက်တယ်ဆိုတော့ ဒကာ ဒကာမတို့ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဆိုတဲ့ အာရုံခြောက်ပါး ဝဲထဲမှာရောက်နေတယ် (မှန်ပါ့)။
အာရုံခြောက်ပါး ဝဲထဲရောက်သွားတယ်
ဒကာ ဒကာမတွေ ဘယ်အထဲရောက်သွားပါလိမ့် (အာရုံခြောက်ပါး ဝဲထဲရောက်သွားပါတယ် ဘုရား)။
ခက်ပြီ ခက်ပြီ ဒကာ ဒကာမတို့၊ သားကလေး မမြင်ရတာ ကြာပေါ့ဆိုတော့ ရူပါရုံဘက်ကို၊ သမီးအသံမကြားရ တာ ကြာပေါ့ဆိုပြီးတော့ သဒ္ဒါရုံဆီ လှည့်ပြန်တယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ အမွှေးနံ့သာ လိမ်းခြယ်ဦးမှပဲ ဆိုတော့ ဂန္ဓာရုံ၊ စားစရာသောက်စရာရှိတဲ့ဆီ၊ ငွေရစရာရာရှိတဲ့ဆီ သွားဦးမှပဲဆိုတော့ ရသာရုံ၊ ဓမ္မာရုံဘက်လှည့် လိုက်တယ် (မှန်ပါ့)၊ အထည်အလိပ်ကလေးတွေ ဝယ်လိုက်ဦးမှပဲဆိုတော့ ဖောဋ္ဌဗ္ဗာရုံဘက် လှည့်လိုက်တယ် (မှန်ပါ့)၊ ကိုယ့်ငွေနဲ့ကိုယ်သည်ကားလို့ဆိုလို့ရှိရင် သိဝယ်လို့လဲ မကောင်းသေးဘူး၊ ဒါလောက်တော့ ချန်ဦးမှပဲ၊ ဒါလောက်တော့ ဝယ်ပြီးပြီဆိုတော့လဲ ဓမ္မာရုံ ရှေ့ရေးလေးတွေးပြန်တယ်၊ ဓမ္မာရုံဘက်ကို လှည့်လာပြန်တယ် (လှည့်ပါတယ် ဘုရား)။
အဲဒီတော့ အာရုံခြောက်ပါးလုံးမှာ ခင်ဗျားတို့တုပ်ပြီးချည်ပြီးသား တဏှာရေထဲမျောလာတဲ့ ပုဂ္ဂိုလ်ဟာ ဝဲထဲ ရောက်နေတယ် (မှန်ပါ့)၊ ချည်ပြီးသားတုပ်ပြီးသားလူဟာ မျှောပြီးသည် မဟုတ်လား (မှန်ပါ့ ဘုရား)၊ ချည်တုပ်ထားတာက ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား)၊ မျှောတာက (တဏှာပါ ဘုရား)၊ အာရုံခြောက်ပါးကဝဲ (မှန်ပါ့) သွားပါပြီ ခင်ဗျားတို့အတွက် သွားပြီ၊ သွားပြီ ဒကာ ဒကာမတို့ကယ်မည့်သူ ယူမည့်သူသာ ရှာပါတော့၊ အတော်တော့ ခက်ကပြီ (မှန်ပါ့ ဘုရား)၊ မခက်သေးဘူးလား (ခက်ပါပြီ ဘုရား)။
မျှောလာတာ ဒကာ ဒကာမတို့ လွတ်လွတ်လပ်လပ်လား၊ ချည်ပြီးတုပ်ပြီးလား (ချည်ပြီးတုပ်ပြီးပါ ဘုရား)၊ မျောလာတာကလဲ ဒကာ ဒကာမတို့ သာမညရေလား၊ တဏှာရေးဆိုတာ အင်မတန်သန်ပါတယ်၊ မြန်မြန်ရောက်ချင် တာက သိပ်များတယ် (မှန်ပါ့ ဘုရား)၊ မြန်မြန်ပြောချင်တယ်၊ မြန်မြန်တွေ့ချင်တယ်၊ မြန်မြန်ဆုံချင်တယ်ဆိုတာ မလာပေ ဘူးလား (လာပါတယ်)၊ ဒါက ဘယ်သူပါလိမ့်ဗျာ (တဏှာပါ ဘုရား)။
ဝဲလှည့်နေပါတယ်
အဲဒီတော့ ဟိုကျတော့ မြန်မြန်တွေ့ချင်တော့ မြန်မြန်လှည့်တာကိုးဗျ (မှန်ပါ့)၊ သားဆီလဲသွားလိုက်၊ သမီးဆီလဲ သွားလိုက်၊ ပစ္စည်းရစရာရှိတဲ့ဆီသွားလိုက်၊ ပစ္စည်းပေးစရာရှိတဲ့ဆီရော (သွားပါတယ် ဘုရား)၊ ကြံစရာ ဖန်စရှာရှိတော့ အကြံပေးဉာဏ်ပေး ပုဂ္ဂိုလ်ဆီရော (သွားပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အာရုံခြောက်ပါးထဲမှာ သွားပြီးသကာလ ဘာလုပ်နေပြန်ပါလိမ့် ဝဲလှည့်နေပါတယ် (မှန်ပါ့)။
ဘာလုပ်နေကြပါလိမ့် (ဝဲလှည့်နေပါတယ် ဘုရား)၊ ခက်ပြီ ခက်ပြီ၊ တစ်ခါတည်း မြုပ်ရုံကျန်တော့တယ် (မှန်ပါ့) ဝဲလှည့်တယ်ဆိုတာ ဒကာ ဒကာမတွေ မြင်ပြီးသား ဖြစ်ပါလိမ့်မယ် (မှန်ပါ့)၊ ချည်ပြီးတုပ်ပြီး မဟုတ်ရင်လဲ တော်တော် အားကောင်းရင် ဝဲကိုဖြတ်ပြိး မျှောနိုင်သေးတယ်၊ အခုတော့ ချည်ပြီးတုပ်ပြီးဖြစ်တဲ့အတွက် ဝဲလှည့်သလိုခံရုံပါပဲ (မှန်ပါ့)။
ဘယ်လိုဆိုကြပါမယ် (ဝဲလှည့်သလိုခံရုံပါပဲ)၊ ဝဲလှည့်သလိုခံရုံပဲ ဦးဝ၊ ဘာမှ မစဉ်းစားနဲ့တော့ (မှန်ပါ့)၊ ဝဲလှည့် သလို ဦးခင်မောင် (ခံရုံပါပဲ ဘုရား)၊ ဘာ့ကြောင့်တုန်းလို့မေးတော့ “ ဒိဋ္ဌိဗန္ဓနဗဒ္ဓါ တေ”ကိုးဗျ၊ ဒိဋ္ဌိကြိုးတွေက အကုန်ရှိ နေတယ်၊ ထွက်ပေါက်ရယ်လို့ကိုမပါဘူး၊ (မပါပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
တဏှာရေက သိပ်မျှောတာ
ကဲ ဒီအထဲမှာ တဏှာရေကလဲ မြန်မြန်လုပ်ပါဟဲ့၊ မြန်မြန်ကိုင်ပါဟဲ့၊ နင့်သားသမီးတွေ အချိန်ကုန်လွန် တော့မယ်၊ မျက်စိအောက် မျက်နှာအောက် မဟုတ်လို့ရှိရင်ဖြစ်ချင်သလိုဖြစ်နေရော့မယ်လို့ တဏှာရေက သိပ်မျှောတာ (မှန်ပါ့)၊ မမျှောကြဘူးလား (မျှောပါတယ် ဘုရား)၊
ခင်ဗျားတို့ တရားပွဲလာတဲ့အခါတောင် လာတာကနှေးတယ်၊ ပြန်တာသိပ်မြန် တယ်၊ သဘောကျပြီလား (ကျပါပြီ) ဘယ့်နှယ့်ကြောင့် မြန်တာတုန်း တဏှာရေက မျှောသွားတယ်၊ မြန်မြန်မျှောတာ ရိပ်မိပြီလား (ရိပ်မိပါပြီ) ဘာ့ကြောင့်တုန်း၊ အိမ်ကျမှ ဝဲလှည့်ရမှာကိုး၊ သားရောက်ပြီလား၊ သမီးရောက်ပြီလား၊ စုံကြ ပြီလား စုံကြပြီလားဆိုတဲ့ ဥစ္စာစစ်ဆေးရဦးမှာ (မှန်ပါ့)၊ ဘယ့်နှယ့်ကြောင့် အမြန်ပြေးချင်ပါလိမ့်မတုန်းဆိုတော့ တဏှာ ရေအမျှောသန်လွန်းလို့ (မှန်ပါ့)၊ ဟိုရောက်တော့ ဘာဖြစ်မှာတုန်းဆိုတော့ ဝဲမလှည့်ရမှာစိုးလို့ (မှန်ပါ့)၊ သဘောပါကြ ပြီလား (ပါပါပြီ)။
စောင်းများဟောနေတယ် အောက်မေ့ကြသလား ဒကာ ဒကာမတို့၊ တည့်တည့်ကို ပြောနေတာ (မှန်ပါ့ ဘုရား)၊ စောင်းများဟောနေတာ မဟုတ်ပါဘူး ဒကာ ဒကာမတို့၊ တည့်တည့်ပြောနေတာဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒါနေ့တိုင်းအလုပ် နေ့အတိုင်းအလုပ်၊ ဒိဋ္ဌိက ချည်ပေး၊ တဏှာကမျှော၊ ဝဲကလှည့် (မှန်ပါ့)၊ ဒကာ ဒကာမတို့ မြစ်နားနေဖူးတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် သိကြပါတယ်၊ မြစ်ထဲမှာ ဝဲကလေးတွေက လှည့်နေကြတာတွေ မတွေ့ဖူးကြဘူးလား (တွေ့ဖူးပါတယ်)၊ အဲဒီအထဲမှာ ဒကာသစ်တို့ သစ်ရွက်ကလေးတစ်ခုခုချလိုက်တော့ ပထမတော့ဖြင့် ပတ်နေအောင်လည် တာပဲ၊ လည်နေရာကနေပြီး သကာလ ကျဉ်းကျဉ်းပြီး သကာလ နောက်ဆုံးပိတ်ကျတော့ မြုပ်တာပဲ (မှန်ပါ့)၊ သဘောကျ ပြီလား (ကျပါပြီ)။
ဪ ဒီ ဒကာ ဒကာမတွေ ဘာဖြစ်လို့များ အမြန်ပြန်ချင်ပါလိမ့်မတုန်း ဆိုတော့ ဝဲလှည့်နေမှာစိုးလို့ ဘုရား (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ဝဲလှည့်လိုက်တဲ့အခါကျလို့ ရှိရင် ပတ်ချာလည်ပြီး သကာလ နောက်ဆုံးပိတ် ဘာဖြစ်သတုန်း (မြုပ်ပါတယ် ဘုရား)၊ ဪ မြုပ်ချင်လို့ ဒါလောက် အမြန်သွက်တာပဲ (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ် မိပါပြီ)။
ခင်ဗျားတို့ကလဲ မြုပ်ချင်
မြုပ်ချင်လို့ပဲဆိုတော့ ဒကာ ဒကာမတို့ ဘုန်းကြီးကလဲ ကယ်ချင်လို့၊ ခင်ဗျားတို့ကလဲ (မြုပ်ချင်လို့ပါ)၊ ဘုန်းကြီးက ဘာတုန်း (ကယ်ချင်လို့ပါ)၊ ဒါများ ခင်ဗျားတို့ ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေ တည့်နေတာများ အံ့စရာကြီး၊ အတော့်ကို အံ့စရာကောင်းနေတာ မြုပ်ချင်တဲ့လူနဲ့ ကယ်တင်ချင်တဲ့လူနဲ့ဆိုတာ တော်တော့်ကိုခဲယဉ်းနေတာ၊ သဘောပါပြီလား (ပါပါပြီ)။
ကိုင်း-ဒီက ရှေ့တော့လဲ အရှင်ဘုရားတို့ကယ်တင်တဲ့အတိုင်း တပည့်တော်တို့ချည်းတုပ်မှုလဲ ဖြုတ်ပါတော့မယ် ဘုရား ကိုယ့်ဒိဋ္ဌိက ကိုယ့်ချုပ်လို့ ဒကာ ဒကာမတွေ ကိုယ့်ချည်တာနော် (မှန်ပါ့)၊ ကိုင်း တဏှာက ကိုယ့်မျှောတာ(မှန်ပါ့)၊ ကိုယ့်ဝဲက ကိုယ့်အာရုံတွေက ကိုယ့်လှည့်ပြီး သကာလ မြုပ်စေတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒီဝဲထဲမှာလဲ ငြိမ်ငြိမ်လှည့်နေတာလား တစ်ခါမေးဦး ဦးခင်မောင် (မှန်ပါ့)။ ဝဲထဲမှာ ငြိမ်ငြိမ်လှည့်နေ တာလား၊ လှံထိုးခံပြီး လှည့်နေရတာလားဆိုတာလဲ တစ်ခါတွေးပါဦး (လှံထိုးခံပြီး လှည့်နေရတာပါ)။
လာပြန်ပြီ ဒကာ ဒကာမတို့၊ ဝဲထဲမှာ ရိုးရိုးလှည့်နေရတာလား (လှံထိုးခံပြီး လှည့်နေရတာပါ)၊
လှံထိုးခံပြီး လှည့်နေရတာ
ဒါဖြင့် မျောနေတဲ့ ပုဂ္ဂိုလ်က လှည့်ပြေး၊ အာရုံတွေက ထိုးတာ၊ ရူပါရုံက ထိုးလိုက်တယ်ဆို၊ ကိုယ့်သမီးကလေးက မျက်နှာကလေးနီနေတယ် ဆိုရင် ဘာဖြစ်သတုန်းဆိုတော့ တစ်ခါတည်း ထိတ်ခနဲဆိုတဲ့ ရင်ဝလှံထိုးတာ (မှန်ပါ့)၊ ဘာဖြစ်သတုန်း ပြောစမ်းပါဦး၊ ပူရင်လဲ တူတူပူရအောင်တဲ့၊ လှံထိုးခံချင်လို့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊
မြုံမနေပါနဲ့၊ မြုံနေတာ ကောင်းတာမဟုတ်ဘူး၊ ဘာဖြစ်တယ်ဆို ချက်ချင်းပြော၊ သေအတူ ရှင်အတူပေါ့ဆိုတော့ ဒကာ ဒကာမတို့ လှံမထိုးဘဲမနေနဲ့၊ လှံထိုးပါဆိုတဲ့ အဓိပ္ပာယ် ပြော မပြော (ပြောပါတယ် ဘုရား)၊ ဖြစ်တာပြောလိုက်တော့ ထိတ်ခနဲမသွားဘူးလား (သွားပါတယ် ဘုရား)။
ဒါဖြင့် သမီးတည်းဟူသော လှံ၊ သားတည်းဟူသော လှံတွေကလဲ ဒကာ ဒကာမတို့ သားဘက် ကြည့်လိုက်လဲ သားကလေးကို စိတ်မချ လက်မချ မလာဘူးလား (လာပါတယ်)၊ ပစ္စည်းကလေး ကြည့်လိုက်ပြန်တော့ ဒါကလေးဟာ တို့ကုန်များသွားရင် အခက်သားပဲ မလာဘူးလား (လာပါတယ်)၊
အထည်အလိပ်တွေ ကြည့်လိုက်ပြန်လို့ရှိရင်လဲ အဟောင်း လွယ်တဲ့ပစ္စည်းတွေဖြစ်နေတယ်၊ နောက်ထပ်ဝယ်ဖို့ အတော်နီးနေပြီဆိုပြီး သကာလ ငွေကလဲမရှိရင် ဒါဟာထိတ်ခနဲ သွားပြန်တာပဲ (မှန်ပါ့)၊ မသွားဘူးလား (သွားပါတယ် ဘုရား)၊ အဲဒီတော့ ဒီအာရုံတွေဟာ လှံတွေပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ဒါဖြင့် လှံလှည့်ပြီးအထိုးခံပြီး လည်နေရတယ် (မှန်ပါ့)။
ဘယ်လိုပါလိမ့်ဗျာ (လှံလှည့်ပြီးအထိုးခံပြီး လည်နေရပါတယ် ဘုရား)၊ ရိုးရိုးလည်ရတာလား ဒကာ ဒကာမတို့၊ လှံထိုးခံပြီး လည်နေရတာလား (လှံထိုးခံပြီးလည်နေရတာပါ)၊ ဒီဘဝမျိုးများ ခင်ဗျားတို့ အခုဉာဏ်နဲ့ကြည့်တဲ့အခါကျ တော့မှ မလိုချင်စရာဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊
မျှောတုန်းကလဲ ကြိုးချည်ပြီးသား
မျှောတုန်းကလဲ ခင်ဗျားတို့ လွတ်လွတ်လပ်လပ်လား၊ ကြိုးချည်ပြီး သားလား (ကြိုးချည်ပြီးသားပါ ဘုရား)၊ ကြိုးချည်ပြီးတော့ နှေးနှေးမျှောသလား၊ ရေစီးသန်သလား (ရေစီးသန်ပါတယ်)၊ မြန်မြန်သွား မြန်မြန်သွားနဲ့၊ ဦးခင်မောင် ကားကလေးများ ပျက်နေလို့ရှိရင် အိမ်မှာကလေးတွေချည်း ထားပစ်ခဲ့ရတာ စိတ်မချဘူးဆိုတဲ့ဥစ္စာ ဆူကြပူကြနဲ့၊ ဒီလိုများမနေကြဘူးလား (နေပါတယ် ဘုရား)။
အဲဒါသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ မြန်မြန်ဘယ်သူမျှောတာပါလိမ့် (တဏှာက မျှောတာပါ)၊ အိမ်ရောက် တော့ ဘယ်သူနဲ့တွေ့သတုန်း (ဝဲနဲ့တွေ့ပါတယ်)၊ ဝဲနဲ့တွေ့တယ်၊ လှံနဲ့တွေ့တယ် (မှန်ပါ့)၊ ဝဲနဲ့လဲတွေ့တာပဲ၊ ရောက်ရာတွေ့ ပေါ့၊ တွေ့တဲ့နေရာလဲ ထိုးလွှတ်လိုက်တာပဲ (မှန်ပါ့)၊ လှည့်လဲ လှည့်တာပဲ၊ ရောက်ရာကလဲ (ထိုးပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အဖြစ်တွေ ဘယ်လောက်ဆိုးသတုန်း (ဆိုးပါတယ် ဘုရား)၊ လှံက ခြောက်ချက်တောင် ထိုးလွှတ်လိုက်တယ် (မှန်ပါ့)၊
ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မဆိုတဲ့ လှံခြောက်ချက် (မှန်ပါ့)၊ လှံခြောက်ချက်ကနေ ပြီးထိုးတော့ ဒကာ ဒကာမတွေ တုပ်ပြီးချည်ပြီးသားမို့လဲ ဒီလှံတွေကို ကိုယ်ကပြန်ပြီး သကာလ ဖယ်နိုင်ရှားနိုင်တဲ့ စွမ်းရည်သတ္တိကော ရှိရဲ့လား (မရှိပါ ဘုရား)၊
ဝဲကလဲ လည်ပတ်လိုက်တာ၊ မြန်မြန်နဲ့ ဒကာ ဒကာမတွေ ကျုပ်တို့မှာဖြင့် မူးကာမိုက်ကာနဲ့ပဲ နေရတော့မယ်၊ မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)၊ အဲဒီမူးမိုက်နေတုန်းမှာ ပင်လျှင် ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ ဆိုတဲ့ အာရုံလှံချက်တွေက ထိုးလိုက်တဲ့ဖြစ်ခြင်းလှည့်ပြီးခံနေရတာပဲ (မှန်ပါ့)၊ နောက်ကျတော့ လှံထိုးချက်နဲ့ ဒကာ ဒကာမတွေ အသက်သေပြီး သကာလ မြုပ်သွားတော့တယ်၊ မြုပ်သွားတော့ အပါယ်လေးပါးရောက် တယ် (မှန်ပါ့)။
မြုပ်သွားတော့ အပါယ်လေးပါးရောက်တယ်
ဘယ်ရောက်သွားပါလိမ့် (အပါယ်လေးပါး ရောက်သွားပါတယ် ဘုရား)၊ ဪ ဒကာ ဒကာမတွေ ကိုယ့် အကြောင်းကိုယ်သိကြပြီလား (သိပါပြီ ဘုရား)၊
ဉာဏ်နဲ့နားထောင်ကြပါ ဒကာ ဒကာမတို့၊ ဖြစ်စဉ်အမှန်ပြောနေပါတယ် (မှန်ပါ့)၊ ဒကာဝ ဖြစ်စဉ်ဘာတုန်း (အမှန်ပြောနေပါတယ်)၊ သေသေချာချာ ဉာဏ်နဲ့ကြည့်ရင် ဒီအတိုင်းဖြစ်နေတယ် (မှန်ပါ့)၊ မြုပ်တယ်ဆိုတာက သားတွေ သမီးတွေကိုစိတ်မချဘဲနဲ့ သေသွားတာကိုးဗျ၊ သေသွားတဲ့ အခါကျတော့ အောက် လမ်းသွားစရာသာရှိတော့တယ်၊ အထက်သွားစရာက ရှိသေးရဲ့လား (မရှိနိုင်ပါ ဘုရား)၊
ဒါဖြင့် ဝဲလှည့်ဖန်များ လှံချက်တွေမိပြီး ဘာဖြစ်သွားပါလိမ့် (မြုပ်သွားပါတယ်)၊ အပါယ်လေးပါး မြုပ်သွားတယ်၊ တော်တော်နဲ့ ပေါ်လာသေးရဲ့လား (မပေါ်လာပါ ဘုရား)၊ ဪ တို့ရန်သူတွေ တယ်များပါကလားဆိုတာပေါ်ပြီ (မှန်ပါ့)၊ ဒိဋ္ဌိတည်းဟူသော ကြိုးကလဲ ရန်သူနဲ့တွေ့ရင် တော်မလှန်နိုင်အောင် တုပ်ထားတာ၊ တဏှာရေကလဲ သူမျှောချင်တဲ့ဆီ ဝဲရှိတဲ့ဆီသာအတင်းမျှောနေတဲ့အတွက် သူလဲ ရန်သူတစ်ယောက်ပဲကွ (မှန်ပါ့)။
တဏှာရေကရော (ရန်သူပါ ဘုရား)၊ ဒိဋ္ဌိကရော (ရန်သူပါ ဘုရား)၊ ဝဲကရော ဒကာ ဒကာမတို့ (ရန်သူငါးပါး)၊ ငါးပါးအာရုံကာမဂုဏ် ဝဲတွေကလဲ ရန်သူပဲ၊
ဒီဝဲတွေက ရိုးရိုးဝဲလား၊ ရောက်ရာအရပ်မှာ ခြောက်နေရာက နေလှည့် ပြီး သကာလ လှည့်ရင်းမတ္တနဲ့ လှံချက်ခြောက်ချက်ကလဲ အထိုးခံရတယ် (မှန်ပါ့)၊ အထိုးခံရတော့ ဒီပုဂ္ဂိုလ်ဟာ တာရှည် အထိုးခံနိုင်ပါ့မလား ဒကာ ဒကာမတို့၊ အသေဖြစ်ရတော့မယ် (မှန်ပါ့)၊ အသေဖြစ်တဲ့အခါကျလို့ရှိရင် မြုပ်ရပါလိမ့် မယ် (မှန်ပါ့)။
မကျွတ်ခဲ့တာ ဘယ်အကြောင်းကြောင့်ပါလိမ့်
ကိုင်း-ဒါဖြင့် တပည့်တော်တို့ ဘုရားတွေ အဆူဆူပွင့်လျက်နဲ့ မကျွတ်ခဲ့တာ ဘယ်အကြောင်းကြောင့်ပါလိမ့် မတုန်းဘုရားလို့ ဒကာ ဒကာမတွေက မေးလျှောက်ခဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဘုရားအဆူဆူပွင့်လျက်နဲ့ မကျွတ်ခဲ့ တာ ခင်ဗျားတို့က ဒီအတိုင်းနေခဲ့လို့ပါ၊ ကြိုးချည် ရေမျှောခံပြီး သကာလ ဝဲထဲမှာ လှံချက်မိပြီးမြုပ်တဲ့ ဘဝချည်းဖြစ် နေလို့ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာဘဝချည်းဖြစ်နေသတုန်း (မြုပ်တဲ့ဘဝချည်းဖြစ်နေပါတယ် ဘုရား)၊ မြုပ်နေတဲ့ဘဝချည်းဖြစ်နေတယ်ဆိုတာ အားလုံးပဲ ကိုမြရွှေတို့ မောင်မြတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဟာ အခုပဲ ဘာလုပ်နေကြသတုန်း မေးပြန်တော့လဲ အခုလဲ ကြိုးအချည်ခံလျက်ပဲ၊ သဘောကျပြီလား (ကျပါပြီ)၊ တဏှာရေမျှောရာရော (မျောရပါတယ်)၊ ဝဲဩဃလှည့်ရာရော (လည်ပါတယ်)၊ လှံချက်ကရော မိသေးသလား (မိပါတယ် ဘုရား)၊ ဒီဝဲထဲမှာ မြုပ်မှမြုပ်ပါ့မလား (မြုပ်ပါတယ် ဘုရား)၊
သေချာပါတယ်၊ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး နိမိတ် ဖတ်ကြပြီး ဒီတရားပွဲမှာ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ အဲဒါ မသိ သိအောင် ပြောလာတော့မှ ပေါ်လာတာကိုး (မှန်ပါ့)၊
မသိသိအောင် ပြောလာတော့မှ ပေါ်လာတာနော် (မှန်ပါ့)၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ကတော့-
ဒိဋ္ဌိဗန္ဓနဗဒ္ဓါ တေ၊ တဏှာသောတေန ဝုယှရေ။
တဏှာသောတေန ဝုယှန္တာ၊ န တေ ဒုက္ခာ ပမုစ္စရေ။ (ဝိသုဒ္ဓိမဂ်။ ဒု၊၂၃၈)
ဒါလောက်ပဲ ညွှန်ပြပါတယ်၊ အကျယ်တဝင့် သိပ်မချဲ့လှ ဘူးပေါ့ (မှန်ပါ့)၊ သို့သော် ဘုန်းကြီးကတော့ ဒကာ ဒကာမတွေ သဘောပေါက်နားလည်အောင်လို့ ကျမ်းပေါင်းစုံကယူပြီး သကာလ ဒီအထဲ အကုန်သွင်းတဲ့ အတွက် ဒိဋ္ဌိက အချည်သမား အတုပ်သမား၊ တဏှာက အမျှောသမား၊ အာရုံခြောက် ပါးက ဝဲဩဃ၊ လှည့်တဲ့ပုဂ္ဂိုလ်ဟူသရွေ့ဖြင့် လှံချက်ထိုးလွှတ်လိုက်တာပဲ၊ အာရုံခြောက်ပါးက ဝဲတည်းဟူသော အာရုံ ခြောက်ပါးက လှံချက်ထိုးလွှတ်လိုက်တာပဲ၊ ဒါကြောင့်မြုပ်ရပါတယ်ဆိုတာ ဒကာ ဒကာမတွေရော သံသယရှိသေးသလား (မရှိပါ ဘုရား)။
ဒီအဖြစ်ဆိုးမှလွတ်အောင် ဘယ့်နှယ်လုပ်ကြမှာတုန်း
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအဖြစ်ဟာဖြင့် အဖြစ်ကောင်းပဲလား၊ အဖြစ်ဆိုးပဲလားဆိုတာ အကဲခတ်စမ်းပါ (အဖြစ်ဆိုးပါ ဘုရား)၊ ဒီအဖြစ်ဆိုးမှလွတ်အောင် ဘယ့်နှယ်လုပ်ကြမှာတုန်းလို့ မေးခွန်းရော မမေးရဘူးလား (မေးရပါ တယ် ဘုရား)။
ဒါဖြင့် ပထမချည်ထားတဲ့ဟာကို ဖြုတ်ရလိမ့်မယ် (မှန်ပါ့)၊ ပထမချည်တုပ်ထားတဲ့ ဒိဋ္ဌိကိုဖြုတ်လိုက်ပြီဆိုမှဖြင့် တဏှာရေက သူထင်သလိုမျှောနိုင်သေးရဲ့လား (မမျှောနိုင်ပါ ဘုရား)။ ကျုပ်တို့ ခြေလက်သန်စွမ်းလာတဲ့အခါကျတော့ ရေနားကို မသွားဘူးဟေ့၊ ရေနားကို မသွားပါဘူးဆိုတော့ မျှောနိုင်သေးရဲ့လား (မမျှောနိုင်ပါ ဘုရား)၊
မျှောမှ မမျှော နိုင်လို့ရှိရင် ဝဲကိုတွေ့စရာလိုသေးရဲ့လား (မလိုပါ ဘုရား)၊ ဝဲမှ မတွေ့လို့ရှိရင် ဝဲတည်းဟူသော လှံချက်ကြောင့် ကျုပ်တို့ အသက်ထွက်စရာရော (မလိုပါ ဘုရား)၊ သေချာပြီလား (သေချာပါပြီ ဘုရား)၊ ဒါဖြင့် ဒိဋ္ဌိဖြုတ်ရမည့် တရားပဲ ဒီနေ့တရား (မှန်ပါ့)။
ဦးခင်မောင် ဘာကိုဖြုတ်ရမှာတုန်း (ဒိဋ္ဌိဖြုတ်ရမည့်တရားပါ ဘုရား)၊ ကြိုးကိုဖြေပေးမည့်တရား (မှန်ပါ့)၊ ကြိုးဖြေပေးမည့်တရားဆိုလို့ရှိရင် ပထမလွတ်လပ်ရေးရတော့ ဒုတိယမျှောချင်တဲ့ လူကလဲ မျှောလို့ဘယ့်နှယ်တုန်း (မရပါ ဘုရား)၊ မမျှောနိုင်ပါဘူး၊ သူကလဲ (မှန်ပါ့)၊
ဝဲကလဲ မျောလာတဲ့ပုဂ္ဂိုလ်ကိုသာလှည့်ရမှာကိုးဗျ၊ ဝဲကလဲလှည့်နိုင် သေးရဲ့လား (မလှည့်နိုင်ပါ ဘုရား)၊ ဝဲမှမလှည့်လို့ရှိရင် ရောက်ရာကနေပြီး လှံချက်တွေရောထိုးမိဦးမှာလား (မထိုးမိပါ ဘုရား)၊ ရူပါရုံလှံချက်၊ သဒ္ဒါရုံလှံချက် စသည်တွေရော ထိုးမိဦးမှာလား (မထိုးမိပါ ဘုရား)။
ကြိုးဖြတ်တာကစပြီး ကယ်ယူတယ်
ဪ ဒါဖြင့် တို့ဆရာဘုန်းကြီးတို့ကို ကယ်ယူတာသည် ၁-နံပါတ်ကစပြီး ကယ်ယူတယ်၊ ကြိုးဖြတ်တာကစပြီး ကယ်ယူတယ် (မှန်ပါ့)၊ ကယ်တင်တယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သောတပတ္တိမဂ်လိုချင်လို့ရှိရင် ဘာဖြုတ်ရမှာတုန်း (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား)၊ ဟော ပေါ်လာပြီ (မှန်ပ့ါ)၊ အဲဒါနဲ့သွားတိုက်ပြီး မောင်ကို ဟောတာ (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘာလုပ်ကြရမယ် (ဒိဋ္ဌိဖြုတ်ရပါမယ် ဘုရား)၊ အဲ ဒိဋ္ဌိဖြုတ်ရလိမ့်မယ်ဆိုတာ သဘောကျကြပြီလား (ကျပါပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဒိဋ္ဌိကိုဖြုတ်ကြပါစို့ (မှန်ပါ့)၊ ဒိဋ္ဌိဖြုတ်ရတော့မယ်ဆိုတော့ အားလုံး ဒကာ ဒကာမတွေ တရားရေလဲ နာပါများလို့ တော်တော်ဝလာတယ်၊ မမေ့ကြမယ်ဆိုလို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေ သုတမယဉာဏ်နဲ့ ဒိဋ္ဌိဟာ ဦးခင်မောင် တော်တော်ဖြုတ်မိပြီနော် (မှန်ပါ)၊ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရလိမ့်မယ် (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်ချင်ရင် (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ရပါလိမ့်မယ် ဘုရား)၊ စာထဲမှာ နှုတ်ကရရုံ ပဋိစ္စသမုပ္ပါဒ် မဟုတ်ပါ ဘူး၊ တကယ်ဉာဏ်ထဲမှာ ထင်မြင်သဘောပေါက်လာရပါတယ် (မှန်ပါ့)။
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရင်
ဘာနားလည်ရမလဲ (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ရပါတယ်)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရင် ဘာပြုတ်မယ် ထင်ကြ သတုန်း (ဒိဋ္ဌိပြုတ်ပါလိမ့်မယ်)၊
ဒါဖြင့် ဘုန်းကြီးက ပဋိစ္စသမုပ္ပါဒ်ပြမပေးလို့ ရှိရင် ဒကာ ဒကာမတွေဘယ်နည်းနဲ့မှ ဒိဋ္ဌိက မကွာဘူး (မှန်ပါ့ ဘုရား)၊ ကွာပါ့မလား (မကွာပါ ဘုရား)။
အဲဒါတွေ ဉာဏ်လှည့်ပြီး သကာလ ဝေဖန်ကြည့်တော့မှ ဪ ဒိဋ္ဌိဖြုတ်ဆိုတာ ရုပ်နာမ် သာမန်ကွဲရုံနဲ့ မရသေး ဘူး (မှန်ပါ့)၊
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် (နားလည်ရပါမယ်)၊ ကိုယ့်ခန္ဓာဖြစ်စဉ်ကိုနားလည်မှသာလျှင် ဒကာ ဒကာမတို့ဖြုတ်နိုင် တယ်ဆိုတာရော သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို ရှေးဦးစွာပြပြီးမှဖြုတ်ကြစို့ ဦးခင်မောင် (မှန်ပါ့)။
ပထမပိုင်းသည် ဒကာ ဒကာမတို့ အင်မတန် မှတ်သားစရာကောင်းတဲ့ အပိုင်းလို့မှတ်ကြစမ်းပါ (မှန်ပါ့)၊ ဒိဋ္ဌိကြိုးချည်ပြီး တဏှာရေမှာ မျှောပြီး သကာလ ဝဲထဲမှာလည်ပြီး လှံချက်မိပြီး အမြုပ်ကြီးမြုပ်ရတယ် ဆိုတာ ကိုမြရွှေ နည်းတဲ့သတ္တိ မဟုတ်ဘူးနော် (မှန်ပါ့)၊
ကျုပ်တို့ အဖြစ်ဆိုးကြီးမသေချာဘူးလား (သေချာပါတယ်)၊ ဒီထက်ဆိုးတာများ ရှိသေးသလား (မရှိပါ ဘုရား)။
မျှောတာကလဲ ချည်ပြီးတုပ်ပြီးဗျာ
မျှောတာကလဲ ချည်ပြီးတုပ်ပြီးဗျာ (မှန်ပါ့)၊ မျှောတာကလဲ အမြန်လား အနှေးလား (အမြန်ပါ)၊ ခင်ဗျားတို့ လမ်းမှာများ ခလုတ်တွေများတိုက်တယ်ဗျ (မှန်ပါ့)၊
မျှောလိုက်တဲ့အခါများ ကျုပ်တို့မြန်မြန် သွားချင်တော့ စိတ်ကဟို ရောက်နေတာ (မှန်ပါ့)၊ လူက မရောက်နိုင်သေးဘူး ဆိုတော့ ရုပ်ကလေးနာပြီး နာမ်က မြန်နေတော့ ဆွဲတာကမြန်၊ ဆွဲရတဲ့ဝန်ကြီး ကလေးတော့ ခလုတ်တိုက်တယ် (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊
ဆွဲတာတော့ ဒကာ ဒကာမတို့ နာမ်တရားကဆွဲတယ်၊ နာမ်တရားက ရုပ်တရားကြီးကို ဆွဲတယ် (မှန်ပါ့)၊ နာမ်တရား အပေါ့သမားက ဆွဲတော့ အလေးတရားကြီးက နာမ်ပေါ့သလောက် သူမြန်နိုင်ပါ့မလား (မမြန်နိုင်ပါဘူး ဘုရား)၊
အဲဒီမှာ ခလုတ်တိုက်ပြီးလဲတာ (မှန်ပါ့)၊ ခလုတ်တိုက်လဲတဲ့ အဓိပ္ပါယ်ရော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အမြန်ဆိုတဲ့နာမ်ကဆွဲတယ်၊ အနှေးဆိုတဲ့ ရုပ်ကမီအောာင် မလိုက်နိုင်တာနဲ့ ခလုတ်တိုက်ပြီး လဲရရှာတယ် (မှန်ပါ့)။
အဲဒီတော့ လမ်းမှာခလုတ်တိုက်လို့ရှိရင် ဘာကြောင့်ပါလိမ့်မတုန်းဆိုတာ တွေးမနေနဲ့၊ ဥုံတွေဖွတွေ လုပ်မနေ နဲ့၊ ရိပ်မိကြပြီလား (မှန်ပါ့)။
လောဘတဏှာက သားသမီးနဲ့တွေ့ချင်တဲ့ နာမ်ဓမ္မက အတင်းဆွဲလို့၊ ရုပ်တရားကြီးကဆွဲသလောက်မလိုက်နိုင် လို့ အဲဒီမှာ ခလုတ်တိုက်တာ (မှန်ပါ့)၊ ကံများ မကောင်းလို့ချည်းလို့ သွားပြီးမအောက်မေ့ပါနဲ့ (မှန်ပါ့)၊ ကိုယ်ခလုတ်တိုက် တာတောင် ဘယ်အကြောင်းကြောင့်လို့မသိဘူး၊
ဒကာ ဒကာမတွေက ကံမကောင်းလို့ လမ်းမသွားရင် ခလုတ်ချည်း တိုက်နေတယ် အောက်မေ့နေတာ (မှန်ပါ့)၊ စင်စစ်တော့ ဒကာ ဒကာမတို့ ကံကြောင့် ခလုတ်တိုက်ရတာလား၊ အဆွဲ သမားကဆွဲတော့ ရုပ်သမားက နှေးလို့တိုက်ရတာလား (အဆွဲသမားကမြန်တော့ အလိုက်သမားက နှေးလို့မလိုက်နိုင်လို့ တိုက်ရတာပါ ဘုရား)။
တဏှာရေက အစီးသန် လွန်းလို့
နောက်များ ခလုတ်တိုက်တယ်လို့ သူများသွားမပြောနဲ့နော်၊ သွားပြောလို့ရှိရင် ဒီဥစ္စာ တဏှာရေက အစီးသန် လွန်းလို့ အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ တဏှာရေက အစီးသန်လွန်းတဲ့အခါကျလို့ရှိရင် တဏှာရေအစီးသန်သလောက် ဒီကခန္ဓာကြီးက မလိုက်နိုင်တဲ့အတွက် ခလုတ်တိုက်မိတာ (မှန်ပါ့)၊
ခလုတ်တိုက်ပြီး ဟိုလဲ ဒီလဲဆိုတာ ဒကာ ဒကာမတို့ ကံမကောင်းအကြောင်းမသင့်လို့ချည်းလား၊ ရုပ်နာမ်မမျှလို့လား (ရုပ်နာမ်မမျှလို့ ပါ ဘုရား) ထိုင်ချင်တဲ့စိတ်နဲ့ ထိုင်ချင်တဲ့ရုပ်နဲ့မျှနေရင် ဘယ်တော့မှမလဲဘူး၊ အခုတော့ဖြင့်သွားချင်တဲ့စိတ်ကလောပြီး လိုက်ရမည့်ရုပ်က လေးနေရင်တော့ လဲမှာပဲ ခင်ဗျားတို့၊ လဲမှာပဲ လဲမှာပဲ၊ စိတ်သာချ၊ ဒီကရှေ့ ဒီတရားအားမထုတ်လို့ ရှိရင် အလဲနဲ့ အကွဲချည်း ရမှာပဲ (မှန်ပါ့)။
ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဒီတရားသာ အားမထုတ်လို့ သတိပဋ္ဌာန်သာလွတ်မယ်ဆိုရင် အလဲ နဲ့အကွဲပဲရမယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းကြပြီလား (ရှင်းပါပြီ)၊ လဲရာကနေပြီး ခြေတွေလက်တွေ သွေးတွေ သံတွေ ထွက် ပြီး သကာလ သွားမည်ဆိုတဲ့ အဓိပ္ပာယ်ရှင်းလို့ဗျာ (မှန်ပါ့)။
ဒါဖြင့် ဒိဋ္ဌိက တုပ်ထားတော့ ဒကာ ဒကာမတို့ ဘာဖြေဖို့ အရေးကြီးတယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာ ပါတယ်)၊ ကြိုးဖြေမှ ဒကာ ဒကာမတို့၊ မျှောပဲ မျှောပါဦး၊ ကျုပ်တို့မှာ ဆွဲတက်နိုင်တဲ့ လက်ခြေက သန်သေးတယ် (မှန် ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊
ဒိဋ္ဌိကြိုးဖြေပြီးတယ်ဆိုရင်ဖြင့်
ဒါ့ကြောင့် ဒိဋ္ဌိကြိုးဖြေပြီးတယ်ဆိုရင်ဖြင့် အပါယ်မကျဘူးဆိုတာ မြုပ်တဲ့ဆီမသွားတာ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒိဋ္ဌိတည်းဟူသော ကြိုးကိုသာ ဖြေပြီးလို့ရှိရင် ဒကာဝ မောင်ကိုတို့ အပါယ်လေးပါးရောက်သေးရဲ့လား (မရောက်ပါဘူး)၊ မရောက်တော့ဘူး၊ မြုပ်သမားမှ မဟုတ်တော့ဘဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဪ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့အတိုင်း တို့ဆရာဘုန်းကြီးက ပြောတာကစပြီး အားထုတ် ရမှာ ဒိဋ္ဌိဖြုတ်ရမှာပါလား (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား)၊ ဒိဋ္ဌိဖြုတ်ရမည် ကြံတော့ တစ်ခါတည်း ခြေထောက်မှာ ဆူးစူးနေတာ အပ်နဲ့ထွင်သလို နုတ်လို့မရဘူး (မှန်ပါ့)၊ ဘာကို နားလည်မှ ဒိဋ္ဌိပြုတ်မှာတုန်း (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်မှ ပြုတ်မှာ ပါ ဘုရား)။
အို ဒီတစ်လုံးဟာ ခင်ဗျားတို့အင်မတန် အဖိုးတန်တယ် (မှန်ပါ့)၊ ဦးခင်မောင် ဒီတစ်လုံး မသေးဘူးနော် (မှန်ပါ့)၊ ဘာနားလည်မှတဲ့တုန်း (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရပါမယ် ဘုရား)၊ အဲ စာထဲရှိတဲ့အတိုင်း နှုတ်ကရနေရုံဆို ရင်လဲ ခင်ဗျားတို့ နေ့စဉ်ရွတ်ဖတ်ပူဇော်နေကြတာပဲ၊ သို့သော် ဉာဏ်က ကိုယ့်ခန္ဓာပေါ်မှ မရောက်ပဲ (မှန်ပါ့)၊ သဘော ပါပြီလား (ပါပါပြီ)။
ဒါဖြင့် ဘာနားလည်ရမလဲ (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်ရပါမယ်)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်မှ ဒကာ ဒကာမတို့ ဒိဋ္ဌိပြုတ်မယ် (မှန်ပါ့)၊
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြပါတော့မယ်
ကိုင်း ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြပါတော့မယ် ဒကာ ဒကာမတို့ (မှန်ပါ့)။
ကဲ ဒါဖြင့် အတိတ်က ပဋိစ္စသမုပ္ပါဒ်မပြဘဲနဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်တင်ပြမယ်၊ ဦးခင်မောင်ရေ အတိတ်မပြတော့ ဘူး၊ အဝိဇ္ဇာသင်္ခါရတွေ ယနေ့မထည့်တော့ဘူး (မှန်ပါ့)၊
ဒကာ ဒကာမတွေ ယခု ပဋိစ္စသမုပ္ပါဒ်ဟာ ယခု ဝိပဿနာရှု ရမှာ ဖြစ်သောကြောင့် ယခုဖြစ်ပေါ်နေတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ပြပါတော့မယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
ယခု ခန္ဓာကြီးထဲမှာ ယခုရှိနေတဲ့ ပဋိစ္စသမုပ္ပါဒ်ပြမယ် (မှန်ပါ့)၊ အဲဒိ ပဋိစ္စသမုပ္ပါဒ်နားလည်တော့မှ ငါမပါ မှန်းသိမယ်၊ သဘောကျပြီလား (ကျပါပြီ)၊ ငါမပါမှန်းသိရင် ဒိဋ္ဌိပြုတ်မယ် (မှန်ပါ့)။
ဦးခင်မောင် သိရင်ဘာတုန်း (ဒိဋ္ဌိပြုတ်ပါတယ်)၊ ဒိဋ္ဌိပြုတ်ပါတယ်၊ အသိနဲ့ပြုတ်ပြီးနော် အကျင့်နဲ့ ပြုတ်လိုက်ရင် ခရီးတော်တော် ရောက်ပါတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ပဋိစ္စက စွဲ၍၊ သမုပ္ပါဒ်ကဖြစ်တာ အကြောင်း တစ်ခုနဲ့မစွဲဘဲနဲ့ ပဋိစ္စသမုပ္ပါဒ် ဖြစ်ကို မဖြစ်ဘူး (မှန်ပါ့)။
ပဋိစ္စက စွဲတာ၊ သမုပ္ပါဒ်ကဖြစ်တာ အကြောင်းကိုစွဲဖြစ်တာ ဘာခေါ်ကြမယ် (ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)၊ အဲ အကြောင်းတစ်ခုခုနဲ့စွဲဖြစ်တာ ပဋိစ္စသမုပ္ပါဒ်လို့မှတ်ကြပါ (မှန်ပါ့)၊ ရှင်းပြီနော် (မှန်ပါ့)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီနေ့လို တရားထူး တရားမြတ်တွေကို ပဋိစ္စသမုပ္ပါဒ်ထဲမှာ ငါမပါပုံဖြင့် မေတ္တာရှေ့ထားပြီး ပြောနေပါတယ်၊ အရှင်းကြီးရှင်းတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချတော့ (မှန်ပါ့)။
မျက်လုံး စိတ်ကလေးတွေ ဖြစ်ပုံ
ဒကာ ဒကာမတွေ၏ မျက်လုံး စိတ်ကလေးတွေ ဖြစ်ပုံကစတယ်၊ ဟောဒီက သားသမီးကလေး၏ ဖြူနီကြောင် ကြား အဆင်းကလေးပေါ့ဗျာ၊ ဟောဒါက အဖေအမေ၏ မျက်လုံး (မှန်ပါ့)၊
ဒီအဆင်းနဲ့ ဒီမျက်လုံးက တစ်ခါတလေ သွားတည့်ချင်တည့်မယ်၊ မတည့်ပေဘူးလား (တည့်ပါတယ် ဘုရား)၊ ကိုယ့်သားသမီးကို ကိုယ်အရိပ်ကြည့်နေကြတာ (မှန်ပါ့)၊ တည့်တာပေါ့ဗျာ၊ မတည့်ရင် ခံနိုင်သေးရဲ့လား (မခံနိုင်ပါ ဘုရား)။
တည့်တော့ သားကလေး၏ ဖြူနီကြောင်ကြားအဆင်းနဲ့ အမေ့မျက်လုံး အဖေ့မျက်လုံးနဲ့ သွားပြီးတည့်တယ် (မှန်ပါ့)။
ဒါဖြင့် ဒါကစက္ခု၊ ဒါက အဆင်းပေါ့ဗျာ (မှန်ပါ့)၊ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဪ ဒီအပေါ်မှာ မြင်စိတ်ကလေးပေါ်တယ်၊ ဒကာ ဒကာမတို့ မျက်လုံးရုပ်ပေါ်မှာ မြင်တဲ့ နာမ်ပေါ်လာတယ်၊ မြင်ရုပ်ပေါ်မှာ မြင်တဲ့ နာမ်ပေါ်လာတယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
မြင်ရုပ်ပေါ်မှာ (မြင်တဲ့နာမ်ပေါ်လာပါတယ်)၊ မြင်နာမ်ပေါ်လာတယ်၊ ဒီရုပ်က မြင်တာမဟုတ်ဘူးနော် (မှန်ပါ့)၊ ပေါ်လာတဲ့နာမ်ကလေးက မြင်တာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ပါဠိတော်နဲ့ တိုက်လိုက်တော့ ဦးခင်မောင် ရှင်းသွားပြီ (မှန်ပါ့)။
ဟောဒါကလေးဟာ မြင်ရုပ်ဆိုတော့ စက္ခု၊ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတော့ ဟောဒီမှာ မြင်တဲ့ စိတ်ကလေးပေါ်လာတယ်၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့မြင်ရုပ်နဲ့ မြင်စရာနဲ့သွားပြီး တည့်မိတဲ့အတွက် မြင်စိတ်ပေါ်တယ် (မှန်ပါ့)၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။
လက်ဖဝါးနှစ်ခု ရိုက်လိုက်တဲ့အခါ
ဒါကလေးဟာ စာသံပါနေတယ်ဆိုတော့ ဒကာ ဒကာမတို့ လက်နှစ်ခုကို ယှက်ပြီးတော့ ရိုက်လိုက် တာပေါ့၊ လက်ဖဝါးနှစ်ခု ရိုက်လိုက်တဲ့အခါကျတော့ အသံထွက်လာတယ်၊ လက်ခုပ်သံ မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။
အဲဒါဟာ ဒကာ ဒကာမတို့ ညာဘက်လက်မှာလဲ ဒီအသံပါပါရဲ့လား (မပါပါ ဘုရား)၊ ဘယ်ဘက်ကလက်မှာ ရော (မပါပါဘူး)၊ သို့သော် သူတို့နှစ်ခုတိုက်ဆိုင်တဲ့အတွက် အသံဆိုတဲ့ထူးခြားတာ တစ်မျိုးထွက်လာတယ် (မှန်ပါ့ ဘုရား)။
ထို့အတူပဲ ဒီမှာလဲ သူတို့နှစ်ခုထိခိုက်လိုက်တဲ့အတွက် ထိခိုက်ချက်နာလို့ ဦးခင်မောင် မြင်ဆိုတဲ့ စိတ်ကလေးဟာ ခုနကအသံလိုပေါ်လာတယ် (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ထိခိုက်ချက်နာလို့ ဘာတဲ့ မောင်ကိုတို့ (မြင်စိတ်ပေါ်လာပါတယ်)၊ အဲ မျက်လုံးရုပ်နဲ့၊ ဒီကအဆင်းနဲ့ထိခိုက်ချက် က မနာဘူးလား (နာပါတယ် ဘုရား)။
ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ခင်ဗျားတို့က ပိုပြီးသိပါတယ်၊ ကျုပ်ကမြင်တာနဲ့ကို လန့်ခနဲသွားတယ်တဲ့၊ ဟော လန့်စိတ်ပေါ်လာတယ် (မှန်ပါ့)။
မျက်လုံးနဲ့ မကောင်းတဲ့အာရုံနဲ့လဲတည့်လိုက်ပါရော ဒကာ ဒကာမတို့၊ လန့်စိတ်ကလေး ဘယ့်နှယ်နေ သတုန်း၊ ဟော ညာလက်နဲ့ ဘယ်လက်ရိုက်လိုက်လို့ အသံဖြစ်လာတာနဲ့ မတူဘူးလား၊ သူတို့နှစ်ခု ထိခိုက်လိုက်တာ ဒီမှာတစ်ခါတည်း လန့်စိတ်ပေါ်လာတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊
ဟိုကသားလေးကပြေးလာတယ်၊ ဒီကမျက်လုံးနဲ့ ကြည့်လိုက်လို့ရှိရင်ဖြင့် ဟင်ဆိုတာလေးက ဒေါသလေးကဖြစ်ပေါ်လာတယ်၊ ဘယ့်နှယ်များဖြစ်လာပါလိမ့်၊ လန့်တဲ့ ဒေါသစိတ်လေးမလာဘူးလား (လာပါတယ် ဘုရား)၊ အဲ-ထိခိုက်မှုပေါ်တာ၊ ထိခိုက်ချက်သေးသလား၊ အလွန်ပြင်းထန် သလား၊ မယုံလို့ရှိရင် ခင်ဗျားတို့စဉ်းစားကြည့်ပါ၊
ထိခိုက်ချက်နာလို့ထွက်လာတာ
အင်မတန်ချစ်တဲ့ကလေး ကြည့်၊ ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် သူက ခပ်ကျယ်ကျယ် ငိုလိုက်လို့ ရှိရင်ဖြင့် ဘာတုန်းဆိုတဲ့ အသံကြီးကြီးထွက်လာတယ်၊ ထိခိုက်ချက်နာလို့လား၊ မနာလို့လား (နာလို့ပါ ဘုရား)၊
ဒါဖြင့် စက္ခုံစ (ပါ) စက္ခုဝိညာဏံဆိုတာ ထိခိုက်ချက်နာလို့ထွက်လာတာ၊ အဲမြင်စရာ အဆင်းရုပ်နဲ့ မြင်ရုပ်နဲ့ ထိခိုက်တဲ့အတွက် ဦးခင်မောင်တို့ မြင်စိတ်ပေါ်လာတယ် (မှန်ပါ့)။
ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့ အခုမှပေါ်တာပဲ (မှန်ပါ့)၊ အမေမွေးတုန်းကပါတာ မဟုတ်ဘူး၊ အခု ဒါမြင်မှ ဒါပေါ်တာပါ (မှန်ပါ့)။
ဒါဖြင့် ဒါဟာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်အစပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
မြင်စိတ်ကလေးဟာ ဘာတဲ့ (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်အစပါ ဘုရား)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်အစဆိုတာ တစ်ပွဲလုံးမှတ်စမ်း ပါ ဒကာ ဒကာမတို့ (မှန်ပါ့)။
ဒါဖြင့် မြင်စိတ်ပဲ မဟုတ်လား (မှန်ပါ့)၊ ငါပါရဲ့လား (မပါပါ ဘုရား)၊ သူပါရဲ့လား (မပါပါ ဘုရား)၊ ကိုယ့်ခန္ဓာ စပေါ်တာသိလို့ရှိရင် မြင်စိတ်ဟာ စိတ်ပဲ၊ ငါလဲမဟုတ်ပါဘူး၊ သူလဲမဟုတ်ပါဘူးဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကလေးသိလိုက်ခါ ရှိသေးတယ်၊ ငါ-သူ-ပြုတ်ပြီ (မှန်ပါ့)၊ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်အစကလေးပေါ်တာ သိလိုက်ခါ ရှိသေးတယ်၊ ဒါဟာ ငါလားသူလား မြင်စိတ်လား (မြင်စိတ်ပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီအထဲမှာ နဂိုကရော ငါပါရဲ့လား (မပါပါ ဘုရား)၊ ငါလုပ်ထားတာရော ဟုတ်လား (မဟုတ်ပါ ဘုရား)၊ ဘယ်ဟုတ်ရမတုန်း၊ သူတို့နှစ်ခုထိခိုက်လို့ပေါ်တာ (မှန်ပါ့)၊ ငါလုပ်ထားတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။
ဪ – သေချာလိုက်တာ၊ ဒါဖြင့် ဒီဟာကလေးက သူတို့နှစ်ခု ထိခိုက်လို့ဖြစ်သောကြောင့် ငါလုပ်ထားတာလဲ မဟုတ်ဘူး၊ ငါလဲမဟုတ်ဘူး၊ ဒီဥစ္စာကလေးဟာ မြင်စိတ်ပါ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
ငါလဲမဟုတ်၊ ငါ့ဥစ္စာလဲမဟုတ်
ဒါဖြင့် ငါမဟုတ်ဘူး၊ ငါ့ဥစ္စာလဲ (မဟုတ်ပါ ဘုရား)၊ ဒါကလေးဟာ မြင်စိတ်ကလေးသိသဖြင့် ငါမဟုတ်၊ ဒီနှစ်ခုကြောင့်ဖြစ် ဒီနှစ်ခုကလုပ်ထားတာမြင်သဖြင့် ငါ့ဥစ္စာလို့ရောဆိုကြမလား (မဆိုရပါ ဘုရား)၊ ဒါဖြင့် ဒီမြင်စိတ် ကလေးဟာ ငါလဲမဟုတ်၊ ငါ့ဥစ္စာလဲ (မဟုတ်ပါ ဘုရား)။
ဒီမြင်စိတ်ကလေးဘာပါလိမ့် ဒကာ ဒကာမတို့ (ငါလဲမဟုတ်၊ ငါ့ဥစ္စာလဲမဟုတ်ပါ ဘုရား)၊ ငါလဲမဟုတ်၊ ငါ့ ဥစ္စာလဲမဟုတ်ဆိုကတည်းက ကိုယ့်ခန္ဓာပေါ်တာ (မှန်ပါ့)၊ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ်လာတာ၊ ဒါခန္ဓာပဲ၊ ဒီမှာကြည့်၊ ဝိညာဏက္ခန္ဓာ (မှန်ပါ့)၊ ဒါ ကိုယ့်ခန္ဓာမဟုတ်ဘူးလား ဟုတ်သလား (ဟုတ်ပါတယ်) ရှင်းကြပြီလား (ရှင်းပါပြီ)။
အို ဒီလို တရားနာတဲ့ပုဂ္ဂိုလ်တွေ ဒကာ ဒကာမတွေ အစကစပြီး က-ကြီး ခ-ကွေးက သင်သလို ပြန်ပြီးသင် ပြန်တဲ့အတွက် ပိုမိုပြီး သကာလ ကောင်းပြန်တယ် (ကောင်းပါတယ် ဘုရား)၊ ဒိဋ္ဌိဖြုတ်ပုံလေ (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်ရတော့မယ်ဆိုတာကလဲ ခုနက မူလရှေ့ပိုင်းမှာ ပြောခဲ့ကတည်းက သူ့မဖြုတ်ရင် ရကိုမရဘူး၊ တုပ်လျက် ချည်လျက် မျှောမယ် (မှန်ပါ့)၊ တုပ်လျက် မျှောရင် ဝင်လဲလှည့်မယ်၊ လှည့်ရင် လှံထိုးမိမယ်၊ လှံထိုးမိရင် မြုပ်ရတော့မယ်ဆိုတော့ ကျုပ်တို့ ပထမရှေးဦးစွာ ဒိဋ္ဌိလွတ်ရေးကို အရင်ရှာရမယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာကို အရင်ရှာရမလဲ (ဒိဋ္ဌိလွတ်ရေးကို အရင်ရှာရပါမယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒီအထဲမှာ ငါပါပါရဲ့လား (မပါပါ ဘုရား)၊ မြင်စိတ်ကလေးမဟုတ်လား (မှန်ပါ့)၊ ငါလား မြင်စိတ် လား (မြင်စိတ်ပါ ဘုရား)၊ ခင်ဗျားတို့လုပ်ထားတာလား၊
အာရုံ ဒွါရက လုပ်ထားတာလား (အာရုံဒွါရက လုပ်ထားတာပါ)၊ ဒါက အာရုံ၊ ဒါက ဒွါရခေါ်တာ ပေါ့ဗျာ၊ စက္ခုပသာဒကို (မှန်ပါ့)၊ ဘယ်သူက လုပ်ထားတာတုန်း (အာရုံနဲ့ဒွါရက လုပ် ထားတာပါ)၊
အာရုံဒွါရလုပ်ထားတာ
အာရုံဒွါရလုပ်ထားတာ သိသဖြင့်လဲ ငါ့ဥစ္စာလို့ဆိုလို့ရပါ့မလား (မရပါ ဘုရား)၊ မရပါဘူး၊ မြင်စိတ်ကလေး သိသဖြင့်လဲ ငါပဲလို့ရောဆိုလို့ရပါရဲ့လား (မရပါ ဘုရား)၊ မရပါဘုရား၊ မြင်စိတ်ဟာ မြင်စိတ်ပဲပေါ့ (မှန်ပါ့)၊ ဒါဘယ်သူ့ ပဋိစ္စသမုပ္ပါဒ်ပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်)။
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဆိုသဖြင့် ပဋိစ္စသမုပ္ပါဒ် စပေါ်တဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဖြစ်လေ သောကြောင့် ဘာခန္ဓာတုန်းဆို တော့ ဝိညာဏက္ခန္ဓာ၊ ဟောဒါ ခင်ဗျားတို့ ခန္ဓာပေါ်လာတယ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။
ခင်ဗျားတို့ ခန္ဓာအစ တစ်ခုပေါ်လာပြီ၊ ဒါဟာအတိတ်ကပါလာတာလား ဒကာ ဒကာမတို့၊ ယခုပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်လား (ယခုပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)၊ အဲဒါမျိုးကို ဒိဋ္ဌိခွါရမယ် (မှန်ပါ့)၊ ဒါမျိုးကို ဝိပဿနာရှုရမယ် ဆိုတာရော သေချာပြီလား (သေချာပါပြီ)။
ဒါဖြင့် ပစ္စုပ္ပန်တည့်အောင်ရှု၊ ပစ္စုပ္ပန်တည့်အောင်ရှု ဆိုတာ ဒကာ ဒကာမတို့ အခုမှရှင်းတယ် (မှန်ပါ့) မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။
ဘယ်ဆရာသမားကပြောပြော ပစ္စုပ္ပန်တည့်အောင်ရှု၊ ပစ္စုပ္ပန်တည့်အောင် ရှုဟေ့ဆိုတော့ ပစ္စုပ္ပန်ပေါ်တာမှ မသိရင် ဘယ့်နှယ်လုပ်ပြီးတည့်နေမတုန်း (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)၊ သူကပစ္စုပ္ပန်ရော ကိုက်ရဲ့လား (ကိုက်ပါတယ်)၊ အခုမှပေါ်လာတာပဲ၊ ရှေးကပေါ်လာတာဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ အခုမှပေါ်လာတဲ့အတွက် ပစ္စုပ္ပန်ကလဲ တည့်နေပြီ (မှန်ပါ့)။
ကောင်းပြီ၊ ဒါဖြင့် မြင်စိတ်ကလေးဖြင့်ပေါ်ပြီ ဒကာ ဒကာမတို့၊ မြင်တဲ့အခါကျတော့ ခုနကမြင်လိုက်တဲ့ ဥစ္စာက သားကလေးတည်းဟူသော အဆင်းကို မျက်လုံးနဲ့တည့်လိုက်တဲ့ အခါကျတော့ မြင်တယ် (မှန်ပါ့)၊ မြင်တယ်ဆိုလို့ရှိ ရင်ခင်တယ်ကလာပြီ (မှန်ပါ့)၊
မြင်တာက ဝိညာဏ်၊ ခင်တာက တဏှာ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဒီအထဲမှာ မြင်တဲ့အထဲမှာလဲ ပုဂ္ဂိုလ်သတ္တဝါပါရဲ့လား (မပါပါ ဘုရား)၊ ခင်တဲ့အထဲမှာရော (မပါပါ ဘုရား)၊ ပုဂ္ဂိုလ်သတ္တဝါပါကြရဲ့ လား (မပါပါ ဘုရား)၊ ခင်တာကလဲ ဒကာ ဒကာမတို့ သင်္ခါရက္ခန္ဓာပဲ၊ လောဘကိုး၊ လောဘစေတသိက်ဆိုတော့ သင်္ခါရ က္ခန္ဓာပဲ (မှန်ပါ့)၊ ဒါဟာ ကိုယ့်ခန္ဓာပဲ (မှန်ပါ့)။
ဒိဋ္ဌိခွါချင်လို့ရှိရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိရတယ်
ဒါကြောင့် ဒိဋ္ဌိခွါချင်လို့ရှိရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိရတယ် (မှန်ပါ့)၊ ဒါလဲ ခင်ဗျားတို့ခန္ဓာပဲ၊ ဒီဘက်ကရော (တပည့်တော်တို့ ခန္ဓာပါ ဘုရား)၊ အဲ ဒီခန္ဓာသေပြီးမှ ဒီခန္ဓာပေါ်တာနော် (မှန်ပါ့)၊ မြင်ခန္ဓာပြီးမှ ခင်တဲ့ခန္ဓာလာတယ်၊ ခင်ဆိုတဲ့ တဏှာသင်္ခါရက္ခန္ဓာလာတာ (မှန်ပါ့)။
အဲဒါက ဒကာ ဒကာမတို့ တရားစစ်ဆိုတာ ဒါပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ)၊ တရားစစ်ဆိုတာက တရားမှာအစစ်ဆုံးပဲလို့ဆိုတာ၊ ကိုယ့်ခန္ဓာထဲ အခုပေါ်လာတာ၊ အခုတွေ့ရတော့ စစ်ကရောပေါ့၊ မစစ်သေးဘူးလား (စစ်ပါတယ် ဘုရား)၊ ကိုယ့်ခန္ဓာကိုယ်ရှုတော့ ပစ္စုပ္ပန်တည့် မတည့် (တည့်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ အင်မတန်အဖိုးတန်ပါတယ်၊ ဝတ္ထုသက်သေနောက်မှ ထုတ်ရမှာ ဦးခင်မောင်၊ လိုရင်းသိ ပြီးတော့မှ ဟိုကိုယ်တော် ဒီလိုရှုလို့ ဖြစ်သွားကြတယ်ဆိုတာ နောက်မှပြရမှာ၊ ခင်ဗျားတို့ ဒါကို နားလည်အောင် ဂရုစိုက်ပါ (မှန်ပါ့)။
ဒါကလေးက ဘာပါလိမ့် (မြင်ခန္ဓာပါ ဘုရား)၊ ဒါကလေးက ခင်တဲ့ခန္ဓာ တဏှာက (မှန်ပါ့)၊ မြင်လို့ခင်တယ်၊ ခင်ခန္ဓာက သင်္ခါရက္ခန္ဓာ၊ မြင်ခန္ဓာက ဝိညာဏက္ခန္ဓာ၊ သဘောကျပြီလား (ကျပါပြီ)၊ ဒါဟာ ခင်ဗျားတို့မှာ အစဉ်အတိုင်း ပေါ်တတ်တာ (မှန်ပါ့)၊ မယုံရင် အိမ်ရောက်တော့ ကြည့်ကြည့်၊ အခုဒီထဲမှာလဲ ကိုယ့်သားသမီးတွေပါတာပဲကြည့်ကြည့်၊ ဒီအတိုင်းလာမှာပဲ (မှန်ပါ့)၊ မလာပေဘူလား (လာပါတယ်)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ခန္ဓာပြီးလို့ရှိရင်ဖြင့် ခင်ခန္ဓာလဲ ချုပ်သွားရော စွဲလမ်းနေတဲ့ ဥစ္စာကလေး က ပေါ်လာတယ် (မှန်ပါ့)၊ ဒါကလေးဟာ ချုပ်သွားပြီနော်၊ အခုစွဲလမ်းတဲ့ ခန္ဓာကလေးနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာနဲ့အသက်ရှင်နေသလဲ (စွဲလမ်းတာကလေးနဲ့ အသက်ရှင်နေပါတယ်)၊ ခင်ဗျားတို့ပြော နေကြတယ်၊ ကျုပ်စိတ်ထဲမှာ စွဲနေတာပဲဆိုတော့ ပြောကြသားပဲ ခင်ဗျားတို့ (မှန်ပါ့)၊ အဲဒါသူနဲ့ အသက်ရှင်နေလို့ သူအသံထွက်လာတာပေါ့ (မှန်ပါ့)၊ ခင်တဲ့ခန္ဓာကလေး သေခဲ့ပြီ၊ စွဲလမ်းတဲ့ ခန္ဓာနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)။
ခန္ဓာစဉ်တွေတန်းနေတာ
ကဲ ဒါဖြင့် စွဲလမ်းခန္ဓာနဲ့ အသက်ရှင်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ဒီဟာ ခန္ဓာစဉ်တန်းပါကလား ပုဂ္ဂိုလ် သတ္တဝါ မပါပါလား (မှန်ပါ့)၊ ဘယ့်နှယ်တုန်း၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ ဘာတွေတန်းနေတာတုန်း (ခန္ဓာစဉ်တွေတန်းနေတာပါ ဘုရား)၊
ဒါသူများ ပဋိစ္စသမုပ္ပါဒ်လား၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်လား (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)၊ ဒါလဲ ခန္ဓာ၊ ဒါလဲ ခန္ဓာပဲရှိတယ်၊ ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါ ဘုရား)၊ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ခင်ခန္ဓာပြီးတဲ့အခါကျတော့ ဒကာ ဒကာမတွေက ဝိပဿနာမပါတော့ လက်စက မသတ်နိုင်ဘူး (မှန်ပါ့)၊
ဒါဖြင့် ပွေ့ဦးမှ ပိုက်ဦးမှပဲဆိုပြီး ကိုယ့်သားသမီးကလေးကို ကာယကံနဲ့ပွေ့လိုက်တယ်၊ လက်ကလေး ဆွဲလိုက်၊ ပါးကလေး နမ်းလိုက်၊ ကလေးငယ်ကလေးဖြစ်ခဲ့သော် (မှန်ပါ့)၊ ဒီလိုဟာ ဝစီကံတွေ ကာယကံတွေကရော မပါဘူးလား (ပါပါတယ် ဘုရား)၊
အဲဒီအချိန်ကတော့ ကံနဲ့အသက်ရှင်နေတယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ကံခန္ဓာဆိုတော့ သင်္ခါရ က္ခန္ဓာနဲ့အသက်ရှင်နေတယ်။
ဒါဖြင့် မြင်ခန္ဓာပြီးတော့ကို ခင်ခန္ဓာနဲ့အသက်ရှင်တယ်၊ ခင်ခန္ဓာပြီးတော့ စွဲလမ်းတဲ့ခန္ဓာနဲ့ (အသက်ရှင်တယ်)၊ စွဲလမ်းတဲ့ခန္ဓာပြီးတဲ့အခါ အားထုတ်တဲ့ခန္ဓာနဲ့ (အသက်ရှင်ပါတယ်)၊ အားထုတ်တာက စေတနာပေါ့ဗျာ (မှန်ပါ့)၊ သင်္ခါရ က္ခန္ဓာပါပဲ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့်မတုန်း
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ တစ်ခုခန္ဓာချုပ်ပြီး တစ်ခုခန္ဓာဖြစ်တာ (မှန်ပါ့)။
ဘယ်လိုဆိုကြပါမယ် (တစ်ခုခန္ဓာချုပ်ပြီး တစ်ခုခန္ဓာဖြစ်တာပါ ဘုရား)။
အို ပဋိစ္စသမုပ္ပါဒ်ကြီးက ကျယ်လိုက်တာလို့ဆိုကြမလား ခင်ဗျားတို့ စာသွားကြည့်ရင်တော့ ကျယ်တယ်ပြော လိမ့်မယ်၊ ကိုယ့်ခန္ဓာထဲကြည့်လိုက်တော့ ပဋိစ္စသမုပ္ပါဒ်တစ်ခုပဲရှိတယ်၊ ဒီခန္ဓာချုပ်ပြီး ဒီခန္ဓာနဲ့နေတာကိုးဗျ (မှန်ပါ့)၊ ဒီခန္ဓာချုပ်ပြီးတော့ရော (ဒီခန္ဓာနဲ့နေပါတယ်)၊ အေး ခင်ခန္ဓာချုပ်ပြီးတော့ စွဲလမ်းခန္ဓာနဲ့နေတယ်၊ စွဲလမ်းခန္ဓာချုပ်ပြီး တော့ (အားထုတ်တဲ့ခန္ဓာနဲ့နေပါတယ်)၊ အားထုတ်တဲ့ခန္ဓာနဲ့တော့ ပဋိစ္စသမုပ္ပါဒ်ကြီးကျယ်လိုက်တာလို့ ပြောပေမယ့် ခင်ဗျားတို့ ခန္ဓာကြည့်လိုက်တော့ တစ်ခုတွေ့တယ် (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါဆို ယနေ့ ဒကာ ဒကာမတွေ အားလုံး မိဘဆွေမျိုးဉာတကာ မတော်ဖူးသူ မည်သည်မရှိသောကြောင့် မေတ္တာရှေ့ထားပြီး ကြီးကြီးကျယ်ကျယ် အမှန်ပြောနေတာ၊ ဒါအင်မတန် အရေးကြီးတဲ့နေ့ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဘာလုပ်နေတာတုန်း၊ အရှင်ဘုရားက ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြနေတာဆိုတော့ ဒိဋ္ဌိကြိုးဖြတ်နေတာကွ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာလုပ်နေတာပါလိမ့် (ဒိဋ္ဌိကြိုးဖြတ်နေတာပါ ဘုရား)၊ အမယ်လေး ခင်ဗျားတို့က ကြိုးကြီးတုပ်ထားတာ၊ ဘုန်းကြီးက ကြိုးဖြတ်ပေးတာကို ခင်ဗျားတို့က ဒီဥစ္စာကို နားမလည်တော့ဘူးဆိုလို့ရှိရင် အားမထုတ်တော့ဘူး၊ ဒီ အကြောင်းကိုသိအောင် နားမထောင်တော့ဘူး ဆိုလို့ရှိရင် ကြိုးဖြတ်မခံချင်တဲ့ နွားလိုဖြစ်ဦးမယ် (မှန်ပါ့)၊ လွတ်လပ်ရေး ကိုမလိုချင်တဲ့ နွားလိုဖြစ်ဦးမယ် (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။
ဘာလုပ်ပေးတာပါလိမ့်
ဒါဖြင့် ဒီနေ့ ဘုန်းကြီးက ဘာလုပ်ပေးတာပါလိမ့် (ကြိုးဖြတ်ပေးတာပါ ဘုရား)၊ တပည့်တော်တို့က ဘာတွေမို့လို့ တုန်းဘုရား၊ အို ဘာတွေလို့ မပြောချင်တော့ပါဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ကြိုးတုပ်ခံနေရတာတွေပါ (မှန်ပါ့)၊ ကြိုးပေါင်းဘယ်လောက်တုန်း (မရေတွက်နိုင်ပါ ဘုရား)၊ အရင်ကတော့ ဆံပင်လဲငါ၊ စိတ်လဲငါ၊ ရုပ်လဲ (ငါပါပဲ)၊ တဏှာလဲ (ငါပါပဲ)၊ ငါအားထုတ်မယ်ပြောတာပဲ (မှန်ပါ့)၊ ဒီလိုချည်း မပြောဘူးလား (ပြောပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိဖြုတ်နည်းနိဿရည်း ဒါနားလည်မှအမှန်ဆိုက်ပါတယ်၊ သဘောပါကြပြီလား (ပါပါပြီ)။
ဒိဋ္ဌိဖြုတ်နည်း နိဿရည်း ဒါနားလည်မှနော် (မှန်ပါ့)၊ ဒါဆိုတာ ဘာပါလိမ့် (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)၊ ခန္ဓာ့ပဋိစ္စ သမုပ္ပါဒ်တန်းနေတယ်လို့ သူများကဆိုကြတယ်၊ ခင်ဗျားတို့တွေ့တော့ အတန်းကြီးတွေ့သလား၊ တစ်ခုတွေ့သလား (တစ်ခု တွေ့ပါတယ်)၊ ဘယ့်နှယ်ကြောင့် ဦးခင်မောင်တို့က တစ်ခုတွေ့သတုန်းဆိုတော့ အို ရှေ့ရောက်တာ တွေ့တာပေါ့ဘုရား၊ ချုပ်သွားတာက ဘယ်တွေ့တော့မတုန်း (မှန်ပါ့)၊ ချုပ်သွားတာကို မတွေ့နိုင်ဘူး၊ ရှေ့ရောက်တာပဲ တွေ့တယ်ဆိုသဖြင့် ဝိပဿနာဉာဏ်တောင် ဝင်လာတယ် (ဝင်လာပါတယ်)၊ သဘောပါပြီလား (ပါပါပြီ)။
ဘာဝင်လာသတုန်း (ဝိပဿနာဉာဏ်တောင် ဝင်လာပါတယ်)၊ ဝိပဿနာဉာဏ်တောင် ဝင်လာတယ်ဆိုတာ ဒါ့ကြောင့် ဘုရားကိုယ်တော်မြတ်ကြီး ပဋိစ္စသမုပ္ပါဒ် စဉ်းစားလိုက်တဲ့အခါ ဘုရားဖြစ်တယ်ဆိုတာ ဒါပဲ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘုရားဖြစ်တော် မူတာ
ဘုရားဖြစ်လာတယ်၊ ဒီပဋိစ္စသမုပ္ပါဒ်ကို အတည်စဉ်းစားနိုင်တဲ့အချိန်ကျမှ “ ဒုက္ခန္ဓဿ သမုဒယော ဟောတိ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဆိုတာ ပဋိစ္စသမုပ္ပါဒ်ကြီးလဲအဖြစ်လဲ မြင်ပြီး အချုပ်လဲမြင်ပြီးပါရော ဘုရားဖြစ်တော် မူတာပဲ (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)၊ အဖြစ်ကိုသိတော့ ဒုက္ခသစ္စာသိတယ်၊ အချုပ်မြင်တော့ နိရောဓသစ္စာ သိပြီး နိဗ္ဗာန်ရသွားတယ် (မှန်ပါ့)။
အဖြစ်မြင်တော့ ဘာသိတုန်း (ဒုက္ခသစ္စာသိပါတယ်)၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိပစ်လိုက်တယ် (မှန်ပါ့)၊ နောက် ဒုက္ခသစ္စာတွေ ချုပ်တာတွေ မြင်လိုက်တဲ့အခါ ဒီဒုက္ခတွေလဲ ချုပ်သွားပါရော၊ အချုပ်တွေမြင်တာနဲ့ပဲ ဪ ဒါတွေချုပ်မှ နိဗ္ဗာန်ပါကလား ဆိုပြီး နိဗ္ဗာန်ကို အာရုံပြုနိုင်တယ် (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။
တယ်လဲ အဖိုးတန်ပါတယ် ဒကာသစ် (မှန်ပါ့ ဘုရား)၊ အင်မတန်အဖိုးတန်တယ်လို့ မောင်ကိုတို့ သေသေချာချာ မှတ်ကွနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒိဋ္ဌိဖြုတ်ချင်ရင်ဘာကို နားလည်ရမတုန်း (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရပါမယ်)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဆိုပေမယ့် အတန်းကြီးနားလည်ရမှာလား၊ ယခုပေါ်တာ အခုမှသိရမှာလား (ယခုပေါ်တာ ယခုမှသိရမှာပါ)၊ အတန်း ကြီးကို နားလည်နေရုံနဲ့လဲ မဖြစ်သေးဘူး (မှန်ပါ့)၊
ပေါ်တာသိမှ ဖြစ်ပျက်တွေ့မှာ
ဥပမာ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဒီအဝိုင်းကြီးရေးထားတာ အမျိုးမျိုးအဖုံ ဖုံရှိတယ်၊ အဲဒါက သံသရာကြီးမှာ ဖြစ်စဉ် ဝိုင်းတာကို ပြတာ၊ ကိုယ့်ခန္ဓာထဲမှာ တစ်ခုစီပြတဲ့အခါကျတော့ ဒါပြရမယ် (မှန်ပါ့)၊ ကဲ ဖြစ်ပျက်ရှုချက်တော့လဲ ဒါတွေ ပေါ်တာသိမှ ဖြစ်ပျက်တွေ့မှာကိုး (မှန်ပါ့)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပေါ်တာမှ မသိလို့ရှိရင် အနိစ္စကိုတွေ့စရာ အကြောင်းရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေ့ထူးနေ့မြတ် မင်္ဂလာရှိတဲ့နေ့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
ကိုင်း ဒါဖြင့် ဒီဥစ္စာတွေဟာ ဪ တို့ဖြစ်စဉ်ပါလား၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်တာ မြင်တယ်-ခင်တယ်- စွဲလမ်းတယ်-အားထုတ်မယ်၊ ဦးခင်မောင် ဒီအတိုင်းလာတယ် (မှန်ပါ့)၊ ကြားပြန်တော့လဲ ဒီနေရာမှာ ကြားစိတ်ဝင်ဦး မှာပဲ၊ ကြားတယ်-ခင်တယ်-စွဲလမ်းတယ်-အားထုတ်မယ်၊ မလာပေဘူးလား (လာပါတယ်)၊
နံပြန်တော့လဲ နံတယ်- ခင်တယ်-စွဲလမ်းတယ်-အားထုတ်မယ် (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ်)၊
စားစိတ်ကလေးပေါ်လာတော့ရော စားချင်တယ်-စွဲလမ်းတယ်-အားထုတ်မယ်ဆိုရင်တော့ နောက်ဝယ်ဦးမယ်ဆိုတာ ပြောတာပေါ့ဗျာ (မှန်ပါ့)၊ ဒီအတိုင်း မလာပေဘူးလား (လာပါတယ်)၊
ကဲ ဒီကျတော့ မျိုစိတ်ကလေးပေါ်လာတဲ့အခါကျတော့ ကောင်းတယ်ဆိုတဲ့စိတ်ကလေး မပေါ်လာပေဘူးလား (လာပါတယ်)၊ ကဲ ကောင်းတယ်ဆိုပြီး သကာလ ဘာလုပ်မလဲ ကောင်းလို့ပဲ ကျုပ်ကြိုက်တယ်၊ ကြိုက်တာနဲ့ခင်တာ အတူတူပေါ့ (မှန်ပါ့)၊ ခင်တယ်-စွဲလမ်းတယ်-အားထုတ်မယ်ဆိုပြီး၊
ဒါကြောင့် ခင်ဗျားတို့ နေ့တိုင်း အားထုတ်နေတော့ ဟင်းကိုချက်လို့မပြီးဘူး (မှန်ပါ့)၊ ဘာဖြစ်လို့တုန်း ဆိုတော့ အားချည်းထုတ်နေတာကိုးဗျ (မှန်ပါ့)။
ဒီဟင်းကလေးကို လျှာပေါ်မှာ တွေ့တယ်ဆိုရင်ပဲ ကြိုက်တယ်-စွဲလမ်းတယ်-နောက်ထပ်စားဦးမယ်ဆိုတာ အားမထုတ်ဘူးလား (အားထုတ်ပါတယ်)၊ အဲဒီအားထုတ်မှု ဇာတ်မသိမ်းသရွှေ့ ကာလပတ်လုံး ဘယ်တော့မှ ချမ်းသူရမှာ မဟုတ်ဘူး (မှန်ပါ့)။
ဒီပဋိစ္စသမုပ္ပါဒ် မရပ်သရွေ့
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ် မရပ်သရွေ့ ဘယ့်နှယ်တုန်း (ချမ်းသာရာမရပါ ဘုရား)၊ နိဗ္ဗာန်တွေ့ပြီလား (မတွေ့ပါ ဘုရား)၊ အဲ တော်တော် အရေးကြီးပါကလားဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အေး ဒါကြောင့် ကံကောင်းအကြောင်းသင့်လို့ဆိုတာ ဒကာ ဒကာမတွေ ယနေ့တော့ဖြင့် ကောင်းကောင်း ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိခွါပြီးပြီတဲ့၊ ဒါဟာ ငါလား (မဟုတ်ပါ ဘုရား)၊ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ တွေးစိတ်၊ ကြံစိတ်ပေါ့ဗျာ (မှန်ပါ့)၊
ဒါပဲရှိမှာပဲ၊ ဒီတဏှာက ဘယ်ကလာသတုန်း၊ ဒီဥစ္စာစွဲလမ်းတာ ငါလား (မဟုတ်ပါ ဘုရား)၊ တဏှာပဲ၊ ဒီတဏှာက ဘယ်ကလာသတုန်း၊ ငါလုပ်တဲ့ တဏှာလားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် ဘယ်ဟုတ် မလဲ ဒကာ ဒကာမတို့၊ ဝေဒနာပစ္စယာတဏှာ၊ ဟောဒီမှာ ဝေဒနာတွေပါနေလို့ ဝေဒနာပစ္စယာတဏှာ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)၊
ခန္ဓာငါးပါးက ပါတာကိုး၊ ဝေဒနာမပါမနေဘူးလား (ပါပါတယ်)၊ အဲ ဝေဒနာပစ္စယာတဏှာ (မှန်ပါ့)၊ တဏှာ ပစ္စယာ (ဥပါဒါနံပါ)၊ အဲဒီတော့ စွဲလမ်းတာဟာ ငါလား ဥပါဒါန်လား (ဥပါဒါန်ပါ ဘုရား)၊ ငါလုပ်ထားတာ လားဆိုတော့ တဏှာကလုပ်ထားတာ (မှန်ပါ့)၊ ငါပါသေးရဲ့လား (မပါပါ ဘုရား)။
အဲဒီမှာ ဦးခင်မောင်၊ နောက်ဆုတ်လဲရှင်း၊ ရှေ့လဲရှင်း အမျိုးမျိုး ရှင်းရမယ်ပေါ့ဗျာ (မှန်ပါ့)၊ သဘောပါပြီလား (ပါပါပြီ)။
ကံဟာ သင်္ခါရက္ခန္ဓာကလေးပဲ
ကဲ ဒီကံကလေးဟာ ဒကာ ဒကာမတို့ ကံဟာ သင်္ခါရက္ခန္ဓာကလေးပဲ၊ ဒကာ ဒကာမတွေ သင်္ခါရက္ခန္ဓာကလေး ပဲဆိုတာ သေချာပြီလား (သေချာပါပြီ)၊ အဲဒီ သင်္ခါရက္ခန္ဓာလေးဟာ ငါလား သင်္ခါရက္ခန္ဓာလား (သင်္ခါရက္ခန္ဓာပါ)၊ ဒီသင်္ခါရက္ခန္ဓာကလေးဟာ ငါပိုင်သလား၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါလား (ဥပါဒါနပစ္စယာ ကမ္မဘဝေါပါ ဘုရား)၊ ဥပါဒါန်ကလုပ်ထားတာ (မှန်ပါ)၊ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
အဲဒီ သင်္ခါရက္ခန္ဓာကလေးဟာ ငါလား သင်္ခါရက္ခန္ဓာလား (သင်္ခါရက္ခန္ဓာပါ)၊ ဒီသင်္ခါရက္ခန္ဓာကလေးဟာ ငါပိုင် သလား၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါလား (ဥပါဒါနပစ္စယော ကမ္မဘဝေါပါ ဘုရား)၊ ဥပါဒါန်က လုပ်ထားတာ (မှန်ပါ)၊ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒီထဲမှာလဲ ငါ-ငါ့ဥစ္စာမပါ၊ မြင်စိတ်ထဲမှာလဲ (ငါ-ငါ့ဥစ္စာမပါပါ)၊ ခင်စိတ်ထဲမှာလဲ (ငါ-ငါ့ဥစ္စာမပါ) စွဲလမ်းတဲ့ဥပါဒါန်ထဲမှာလဲ (ငါ-ငါ့ဥစ္စာမပါပါ)၊ အားထုတ်တဲ့ စေတနာထဲမှာလဲ (ငါ-ငါ့ဥစ္စာမပါပါ)၊ ငါ-ငါ့ဥစ္စာ မပါပါဘူး ဆိုတော့ ဒိဋ္ဌိကပြုတ်ပြီ (မှန်ပါ့)၊ အဲဒါခန္ဓာကိုယ်ထဲမှာ ပေါ်တိုင်းပေါ်တိုင်းသာ ရှုပေးပါ (မှန်ပါ့)၊ ဒိဋ္ဌိပြုတ် သွားပြီနော် (မှန်ပါ့)၊ ဝိစိကိစ္ဆာက အလိုလိုပါသွားတယ် (မှန်ပါ့)။
ကြည့်လေ မြင်စိတ်ကလေးကလဲ ဒကာ ဒကာမတို့ သူတို့နှစ်ခုကြောင့် ဖြစ်တယ်ဆိုကတည်းက ဝိစိကိစ္ဆာစင် သွားပြီ၊ အကြောင်းသိသွားပြီရော (မှန်ပါ့)၊ ပေါ်တာလာကလေးသိလိုက်သဖြင့် ဒိဋ္ဌိစင်တယ် (မှန်ပါ့)၊ အကြောင်းသိလိုက် သဖြင့် ဝိစိကိစ္ဆာစင်တယ် (မှန်ပါ့)။
စူဠသောတာပန်ဖြစ်နေပြီ
တယ်လဲအဖိုးတန်ပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ဒိဋ္ဌိက ဝိစိကစ္ဆာသေသွားပါပြီ (မှန်ပါ့)၊ ဒိဋ္ဌိဝိစိကစ္ဆာ သေသွာရင် ကံမကောင်းအကြောင်းမသင့်လို့ သေလိုက်ဦး၊ နတ်ရွာသုဂတိ သေသေချာချာ ရောက်ပါတယ်၊ ရောက်ရင် ရောက်ချင်းပဲ ဟိုကျရင် သောတာပန်တည်နိုင်တယ် (မှန်ပါ့)၊ ဝိပဿနာဟာ ဒါလောက်ထိအောင် ကျေးဇူးများတယ် (မှန်ပါ့)၊ စူဠသောတာပန်ဖြစ်နေပြီ၊ အပါယ်တံခါးပိတ်နေပါပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာဖြစ်သွားသတုန်း (စူဠသောတာပန်ဖြစ်ပါတယ် ဘုရား)။
အကြောင်းသိတော့ ဝိစိကစ္ဆာပြုတ်ပြီ၊ ပေါ်လာတာသိတော့ ဒိဋ္ဌိပြုတ်ပြီ၊ ဒိဋ္ဌိ-ဝိစိကစ္ဆာပြုတ်နေပြီ၊ အသိဉာဏ်နဲ့ ပြုတ်တာ (မှန်ပါ့)၊ အဲဒီတော့ ဘာသောတာပန်ဖြစ်သတုန်း (စူဠသောတာပန်ဖြစ်ပါတယ် ဘုရား)၊ စူဠသောတာပန်အဖြစ်နဲ့ သေလိုက်ပါလားဆိုတော့ နတ်ရွာသုဂတိရောက်သွားတယ်၊ ရောက်သည်နှင့် တစ်ပြိုင်နက် ဒီက လေ့လာတာကလေးမှာ ဟိုမှာဉာဏ်ထဲပေါ်လာပြီး မဟာသောတာပန် အဖြစ်သို့ ကူးပြောင်းသွားနိုင်တယ် (မှန်ပါ့)၊
ဒါလောက်ကျေးဇူးများပါတယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်လာပါပြီ ဘုရား)၊ ဆုတောင်းနဲ့ဖြစ်တာလား၊ အသိဉာဏ်ကြောင့် ဖြစ်သွာတာလား (အသိဉာဏ် ကြောင့် ဖြစ်သွားတာပါ ဘုရား)
အသိဉာဏ်ကြောင့် ဖြစ်သွားတယ် ဆိုတာဖြင့် ဒကာ ဒကာမတို့ အလွန်ပေါ်လွင်ပါတယ် ဆိုတာ ရှင်းပါတယ်နော် (ရှင်းပါတယ် ဘုရား)။
ငါ-ငါ့ဥစ္စာပြုတ်ရင် ဝိပဿနာရှုတော့
ကိုင်း ဒါဖြင့် ဒီထဲမှာ ငါလဲ မပါဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာရှုကြတော့၊ ငါ-ငါ့ဥစ္စာပြုတ်ရင် ဝိပဿနာရှုတော့ ပစ္စုပ္ပန်လဲရှုတော့ ရပါပြီ (မှန်ပါ့)၊ ရှင်းပြီ လား (ရှင်းပါပြီ)၊ ငါ-ငါ့ဥစ္စာပြုတ်ပြီးမှ ရှုတော့ ပစ္စုပ္ပန်လဲ တည့်သေးတယ်၊ ငါ-ငါ့ဥစ္စာပြုတ်ပြီးမှဆိုတော့ သမ္မာဒိဋ္ဌိနဲ့ ရှုတာ (မှန်ပါ့)၊ သမ္မာသင်္ကပ္ပနဲ့ (ရှုတာပါ)၊ ကဲ- သဘောကျပြီလား (ကျပါပြီ)။
တရားကလဲ အင်မတန် ပြောစရာတွေရှိတယ်၊