ကုသိုလ်ခွေးနှင့် အကုသိုလ်ခွေး ရွေးချယ်ရန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
ကုသိုလ်ခွေးနှင့် အကုသိုလ်ခွေး ရွေးချယ်ရန်
အလုပ်ပေးတရားတော်
(၂၁-၃-၆၀)
ဒီဘဝဟာ ဘာဘဝပါလိမ့်မတုံး
ဒီဘဝမှာ အခု ဆရာသမားတွေနဲ့ တွေ့ရ၊ သစ္စာလေးပါးတို့ နာရ၊ ဆရာကောင်း သမားကောင်းကို မှီခိုရတဲ့ အတွက် သစ္စာတရားတွေ နာရလို့ရှိရင် ဒီဘဝဟာ ဘာဘဝပါလိမ့်မတုံးလို့ ကိုယ့်ကိုယ်ကိုယ် သံသယ မရှိကြပါနဲ့၊
ဪ -ဒီဘဝဟာ တို့တကယ်လုပ်လို့ ရှိရင်ဖြင့် နောက်ကပါခဲ့တဲ့ ဒုက္ခအကြောင်းတွေလဲ ဇာတ်သိမ်း နိုင်တာပဲ၊ ရှေ့ကို မိုက်လတ္တံ့ မဲလတ္တံ့ဖြစ်တဲ့ အကြောင်းတွေလဲ ဇာတ်သိမ်းတော့မှာပဲ၊ အခုလို အကြုံကြီး ကြုံပြီး သကာလ နေတဲ့ ဥစ္စာ ဇာတ်သိမ်းဖို့ ကြုံတာလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချကြပါ (မှန်ပါ)။
ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချကြပါ၊ ဘာကြောင့်တုံးဆိုတော့ သစ္စာတရားဆိုတဲ့ ဥစ္စာက ဦးခင်မောင်တို့ ဦးဘတင်တို့ သိပြီးသားအတိုင်း လမ်းဆုံးတရားနော် (မှန်ပါ)၊ သူမပါရင် ပြီးကိုမပြီးဘူး (မပြီးပါ ဘုရား)၊
အဲဒီ တရားကြီးကို ဒကာ ဒကာမတွေက ကိုယ်ပိုင် ကိုယ်ဆိုင်အဖြစ်နဲ့ရပြီးနေတော့ နောက်တုန်းက ဒကာ ဒကာမတွေ အပါယ်သွားဖို့ ကံတွေ ဝမ်းထဲမှာ အများကြီးရှိနေခဲ့ကြတယ် (မှန်ပါ)၊
သစ္စာသိတဲ့ဉာဏ်က ဖြတ်ပေးပါလိမ့်မယ်
အဲဒီကံတွေကိုလဲ သစ္စာသိတဲ့ဉာဏ်က ဖြတ်ပေးပါလိမ့်မယ် (မှန်ပါ)၊ ဒီဘဝမှာလဲ ဆရာကောင်း သမားကောင်းနဲ့ မတွေ့ခင်တုန်းက မသိ မလိမ္မာလို့ မိုက်မဲထားတဲ့ အကုသိုလ်ကံတွေလဲ မရေတွက် နိုင်အောင်ပဲ ရှိပါတယ် (မှန်ပါ)၊ အဲဒီကံတွေလဲ အလုံးစုံ အဟောသိကံဖြစ်ပြီး သကာလ သွားအောင် သစ္စာသိတဲ့ ဉာဏ်က ဖြတ်ပေးရမယ် (မှန်ပါ)။
အဲဒါကြောင့် အခုဟာ နောက်တုန်းက ပြုထားတဲ့ ကံတွေလဲ ဒီသစ္စာသိတဲ့ ဉာဏ်ကဖြတ်ပေးမှာပဲ (မှန်ပါ)၊ ဒီဘဝကျမှ မသိ မလိမ္မာလို့ မိုက်မဲထားတာတွေ အကုသိုလ် ကံတွေကိုလဲ သစ္စာသိတဲ့ ဉာဏ်ကပဲ ဖြတ်ပေးမှာပဲ (မှန်ပါ)။
ဒါဖြင့် ဒကာဝတို့ လူစုသည် တို့ဖြင့် မကြုံစဖူး အကြုံထူးတာပဲ၊ သံသရာ စခန်းသတ်ဖို့ရာဖြင့် သေသေချာချာ တွေ့တာပဲဆိုပြီး သကာလ တရားလဲနာပါ၊ သစ္စာဆိုက်အောင်လဲ ခန္ဓာထဲကြည့်ပါ (မှန်ပါ)၊
ဒီလိုဆိုရင် ဒကာ ဒကာမတွေ နောက်က ကံတွေအတွက်လဲ မပူပါနဲ့၊ အခုဘဝ မိုက်မဲထားတဲ့ ကံတွေအတွက်လဲ (မပူပါနဲ့)၊ တစ်ခါဝဋ်ကိုတောင့်တပြီး လုပ်ထားတဲ့ ကုသိုလ်ကံတွေအတွက်လဲ (မပူပါနဲ့)၊ မပူရပါဘူး၊ ဒါတွေကိုလဲ သစ္စာသိတဲ့ဉာဏ်က အကုန်ဖြတ်ပေးပါတယ် (မှန်ပါ)။
အားထုတ်မှုတစ်ခုသာ လိုတော့တယ်
အဲဒါကြောင့် အလုံးစုံအမှားကို တစ်ခါတည်းနဲ့ အကုန်ပြင်ဆင်ထားပြီး သကာလ ချမ်းသာအစစ် နိဗ္ဗာန်ဆိုတဲ့ သဘောကိုဖြင့် တို့ ဒီတစ်ခါ မရမရှိဘူး ရမှာပဲ၊
အားထုတ်မှုတစ်ခုသာ လိုတော့တယ်၊ ဆရာဘုန်းကြီးနည်းပေးတာလဲ နေ့တိုင်းနည်းပေးနေတယ်၊ တို့ကလဲ အားထုတ်လိုက်မယ် ဆိုရင်ဖြင့် ၅-မိနစ်၊ ၁၀-မိနစ်လောက် ကြိုးစားပြီးလုပ်လိုက်လဲ ရသွားတာပဲ (မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတို့ ဒီလို ဆရာကောင်း သမားကောင်းတွေ့မယ်ဆိုလို့ရှိရင် ဘုရားသခင် ကိုယ်တော် မြတ်ကြီးက တိုတိုဟောပါမယ်တဲ့၊
သစ္စာဟောတတ်တဲ့ ဆရာနဲ့တွေ့လို့ မင်းတို့က နောက်ကနေပြီး ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို အကြည့်တည့်သွားပြီး ပဓာနိယင်္ဂတရား ငါးပါးနှင့်လည်း ပြည့်စုံမယ်ဆိုလို့ရှိရင် ညနေ အားထုတ် မနက်ရနိုင်ပါတယ် (မှန်ပါ)၊ မနက်အားထုတ်ရင်လဲ ညနေရနိုင်ပါတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာတဲ့တုံး (ညနေအားထုတ် မနက်ရနိုင်ပါတယ်)၊ ညနေအားထုတ် မနက်ရသွားတယ် ဆိုရင်ပဲ ဟိုကံတွေ ဘဝပေါင်းများစွာက အပါယ်တွန်းချမလို့ စုထားတဲ့ကံတွေ အကုန် အဟောသိကံဖြစ် (မှန်ပါ)၊ ဒီဘဝမှာ မသိမလိမ္မာမှုတွေကကော (အဟောသိကံ ဖြစ်ပါတယ် ဘုရား)၊
တစ်ခါ ဝဋ်တောင့်တပြီး သကာလ လှူဒါန်းပေးကမ်းထား တဲ့ ကုသိုလ်ကံတွေကော (အဟောသိကံ ဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် အဟောသိကံ ဖြစ်ရတော့မယ်ဆိုတာ သေချာပါတယ် (သေချာပါတယ်)။
ရှင်းအောင်ပြောပေးမှုဟာ ဆရာသမား၏ တာဝန်
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးတာဝန်က ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီးကို ဒုက္ခသစ္စာကြီးလို့ မသိကြ သေးလို့ အဲဒီ ဒုက္ခသစ္စာကြီးကို ဘုန်းကြီးမရှင်း ရှင်းအောင်ပြောပေးမှုဟာ ဒါဆရာသမား၏ တာဝန်လို့မှတ်ပါ (မှန်ပါ့)၊
ဒကာ ဒကာမတွေကတော့ မှတ်ထားတဲ့အတိုင်း ဪ ဆရာသမားကတော့ ဒီလိုဟောထားတယ်၊ ငါတို့က ကိုယ်ပိုင် ဉာဏ်နဲ့ ကြည့်လိုက်မယ်ဆိုပြီး ဖြုန်းဆိုကြည့်လိုက်တဲ့အခါကျတော့ ဪ ဆရာသမားပြောတာနဲ့ ကိုယ့်အမြင်နဲ့ဖြင့် တစ်ချက်တည်း တစ်ထပ်တည်း ဖြစ်သွားတယ်လို့ဆိုရင်ဖြင့် ဒါမဂ်ဉာဏ်လို့ခေါ်တာပဲ (မှန်ပါ့)၊ ဒါကြောင့် ဘာမှ အားမငယ် ပါနဲ့လို့ သတိပေးလိုက်တယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဘာမှပူစရာမရှိဘူး၊ လမ်းကောင်းပြမယ့် ခေါင်းဆောင်သာ ဦးခင်မောင်လိုတယ်နော် (မှန်ပါ့)၊ လမ်းကောင်းပြနိုင်တဲ့ ပုဂ္ဂိုလ်ရှိလို့ ကိုယ်ကလဲ ပြတာကို မြင်အောင် အားထုတ်နိုင်မယ် ဆိုလို့ရှိရင် ကိစ္စပြီးနိုင်တာ ပဲ၊
တစ်သံသရာလုံးမိုက်လာတဲ့ အင်္ဂုလိမာလ ခိုးသူကြီးတို့တောင် လမ်းကောင်းပြမယ့် ပုဂ္ဂိုလ်နဲ့တွေ့တော့ ချက်ချင်းကျွတ် တမ်းဝင်တာပါပဲ (မှန်ပါ့)၊ တစ်သက်လုံး မုဆိုးလုပ်လာတဲ့ ပုဂ္ဂိုလ်လဲ လမ်းကောင်းပြပေးလိုက်ရင်ဖြစ်သွားတာပဲ (မှန်ပါ့)၊ ဒုက္ခတွေ သိမ်းတာပဲဆိုတာ ဦးဘတင် ငြင်းဖို့လိုသေးသလား(မလိုပါ ဘုရား)။
အဲဒီတော့ ဘာလိုသတုန်းလို့ မေးတော့ သစ္စာပြတတ်တဲ့ ဆရာအရေးကြီးပါတယ်။ (မှန်ပါ့)၊ ဒကာ ဒကာမတွေ လဲ ဒီသစ္စာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဟုတ်ပါကလားလို့ ဆုံးဖြတ်ချက်ချနိုင်အောင် ကြည့်နိုင်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)၊ ဒီနှစ်ချက်ကိစ္စပြီးရင်ဖြင့် ဦးဘအုန်းကြီးတို့ ဘာမှမပူပါနဲ့တော့ (မှန်ပါ့ ဘုရား)၊ သဘောပါကြပြီလား (ပါပါပြီ)။
ဒီနှစ်ချက်ပြီးလို့ရှိရင်
ဒါဖြင့် ဒီနေ့ည ဒကာ ဒကာမတို့ သစ္စာကို ဒကာ ဒကာမတို့ ခန္ဓာသိအောင် ပြောရလိမ့်မယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေက ဪ -ဟုတ်ပါလားဆိုတဲ့ ဆုံးဖြတ်ချက်ကျအောင် ကျင့်ကြရပါလိမ့်မယ် (မှန်ပါ့)၊
ဒီနှစ်ချက်ပြီးလို့ရှိရင် ဘာမှ မလိုတော့ပါဘူးဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)၊ အင်မတန် အားရှိစရာကောင်းပါ တယ် (အားရှိပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဆရာကောင်း၏ လမ်းညွှန်ချက်ကိုလည်းရ၊ ပဓာနိယင်္ဂတရားငါးပါးနှင့်လည်း ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် ညနေအားထုတ် မနက်ရနိုင်တယ်လို့ ဟောထားတော့ ဒကာ ဒကာမတို့ကလဲ ကြိုးစားလို့ရှိရင်ဖြင့် မရမရှိနိုင်ဘူးဆိုတာလဲ သိနေကြတော့ ဒီခေတ် ဒီအခါမျိုးကိုလဲ ဦးခင်မောင်တို့ ဦးဘတင်တို့ မှတ်စရာက ကြုံဖို့မလွယ်တော့ဘူးလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)၊ ကြုံဖို့မလွယ်တော့ဘူး ဒကာ ဒကာမတို့၊ ဒီအချိန်ကိုသာမိ အောင်ဖမ်းကြပေတော့ (မှန်ပါ့)၊
ဒီအချိန်မိအောင် ဖမ်းလိုက်လို့ရှိရင်ဖြင့် ဪ တော်သေးရဲ့ဟ တော်သေးရဲ့ဟ နောက်ပိုင်းချိတ်မိ ဆွဲမိသေးရဲ့၊ အသက်ငယ်တဲ့ ပုဂ္ဂိုလ်ကလဲ ချိတ်မိဆွဲမိ ဦးခင်မောင် အဖိုးတန်တာချည်းပဲလို့မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးက ဒီစကားကို ဒကာ ဒကာမတွေ ဒီနေ့ နှစ်လုံးပဲပြောပါတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့၏ ခန္ဓာကို သစ္စာထင်မြင်အောင် ဟောမှု၊ သစ္စာရှိလို့ သစ္စာကို မသိသိအောင် ပြောမှုဟာ ဆရာသမား၏တာဝန် (မှန်လှ ပါ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊
ကိုယ်ပိုင်ဉာဏ်နဲ့ စိုက်ကြည့်ပါ
ဒကာ ဒကာမတွေက ပြောတဲ့အတိုင်း ခန္ဓာကို ကိုယ်ပိုင်ဉာဏ်နဲ့ မနေ့ကပြောသလို စိုက်ကြည့်ပါ၊
စိုက်ကြည့်လိုက်တဲ့အခါကျတော့ ဆရာသမားပြောတာနဲ့ ဘုရားဟောတာနဲ့ ဪ ကိုယ့်ခန္ဓာကြီးကလဲ ဖြစ်နေတာဟာ ဒုက္ခမှတစ်ပါး ဘာမှမရှိဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ရင် ကိစ္စပြီးရော ဦးဝရေ (မှန်လှပါ ဘုရား)၊ အင်မတန် ကျေးဇူးများပါတယ်နော် (များပါတယ် ဘုရား)။
ကိုင်း – ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားပွင့်လာတာကိုသာ အကဲခတ်လိုက်ပေတော့ (မှန်ပါ့)၊ ဘုရားသည် ဘယ်အကျိုးငှာပွင့်သတုန်း ဒါနပြုစေဖို့ဆိုတာလဲ ဒကာ ဒကာမတို့ဒါနဟာ ဘုရားမပွင့်လဲ အထိုက်အလျောက် ရှိနေတာ ပဲ (မှန်ပါ့)၊
သီလဆိုတာလဲ ရှိတာပဲ (မှန်ပါ့) သီလဆိုတာ ဆောက်တည်လဲ ရှိတာပဲ၊ မဆောက်တည်လဲ ရှိတာပဲ၊ ငါးပါး သီလဆိုတာမျိုးဟာ ဆောက်တည်လဲ ရှိတာပဲ ဦးခင်မောင်၊ မဆောက်တည်လဲ (ရှိပါတယ် ဘုရား)၊
သမထဆိုတာလဲ ရှိတာပဲ၊ ဘုရားမပွင့်ခင်က နန်းတော်ထဲ ဆွမ်းစားနေတဲ့ ဒေဝီလရသေ့ကြီးသာ ကြည့်ကြပေတော့၊ သမထဟာ ဘုရားမပွင့် ခင်ထဲက ပေါ်နေတယ်ဆိုတော့ ကြာလှပြီ (မှန်ပါ့)။
နို့ ဒါဖြင့် ဘုရားသည် ဘယ်အကျိုးငှာပွင့်သတုန်းဆိုတော့ ဝိပဿနာသစ္စာအကျိုးငှာ ပွင့်လာတော်မူရတယ် (မှန်ပါ့)။
ဝိပဿနာသစ္စာအကျိုးငှာ ပွင့်လာတော်မူရတယ်
ဘယ်လိုမှတ်ကြမယ် (ဝိပဿနာသစ္စာ အကျိုးငှာ ပွင့်လာပါတယ် ဘုရား)၊ ဝိပဿနာသစ္စာ အကျိုးငှာ ပွင့်လာ တယ်ဆိုတော့ ဒကာ ဒကာမတွေ ဘုရားနဲ့လဲ တွေ့လိုက်ရပြီဆိုပါတော့ (မှန်ပါ့)၊ နောက်က တွေ့ချင်လဲတွေ့ခဲ့မယ်၊ တွေ့ခဲ့သော်လဲ မကျွတ်ခဲ့ဘူးဆိုတာတော့ သေချာသပေါ့ဗျာ (မှန်ပါ့)။
အဲဒီတော့ တစ်နေ့က တစ်ခါပြောခဲ့တယ်၊ ခင်ဗျားတို့ ဘုရားဝေနေယျမဟုတ်ပါဘူး၊ သူ့ဆိုင်ရာ ဆိုင်ရာ ဆရာသမားနဲ့ ချွတ်မှရမယ်ဆိုတာလဲ တစ်နေ့က ပိုင်းခြားပြောခဲ့ပြီ (မှန်ပါ့)၊ သာဝကဝေနေယျသာ ဖြစ်ခွင့်ရှိတော့တာ ကိုးဗျ (မှန်ပါ့)၊
ဗုဒ္ဓဝေနေယျက ပဉ္စဝဂ္ဂီအစ သုဘဒ္ဒပရိဗိုဇ်ထိအောင် ကုန်ခဲ့ပြီမဟုတ်လား (မှန်ပါ့)၊အခုကျန်တဲ့ ဒကာ ဒကာမတွေက ဘုရား၏ တပည့်သာဝကများနဲ့ပဲ ကိစ္စပြီးရမှာဆိုပါတော့ (မှန်ပါ့)၊
တို့ဘုရားကို မမီလိုက်ဘူး၊ မမီလိုက် ပေမယ့်လဲ ဘာမှဝမ်းနည်းမနေနဲ့ (မှန်ပါ့)၊ ဗုဒ္ဓဝေနေယျသာဖြစ်ခဲ့ရင် ဒီဆရာသမားတွေနဲ့ ဒီဒကာမတွေနဲ့ ဘယ်နည်း နဲ့မှ မတွေ့ပါဘူး (မှန်ပါ့)။
အဲဒီတော့ရှင်းလင်းပြီး သကာလ အကိုးအကားနဲ့တကွ ပြခဲ့တယ်နော် (မှန်ပါ့)၊ ဘုရားမရှိသည့်နောက် မိလိန္ဒ မင်းကြီးဆိုတာသည် အင်မတန်ပညာတတ်ပါတယ်၊ သူမေးလိုက်မယ်ဆိုရင်ဖြင့် ရဟန္တာတောင်မှ မဖြေနိုင်ဘူးဆိုတော့ ဦးခင်မောင်တို့ ဦးဘအုန်းတို့ ကမ်းကုန်ရောပေါ့ဗျာ (မှန်ပါ့ ဘုရား) မကုန်သေဘူးလား (ကုန်ပါတယ် ဘုရား)၊ တစ်ခါတည်း ဟိမဝန္တာတောထဲ အကုန်လိုလိုသွားပြီး သီတင်းသုံးတော်မူကြရတယ် (မှန်ပါ့)။
အဲဒီ သူက လူပညာရှိဖြစ်ပြီး သကာလ နေတော့ ရဟန္တာတွေကို သူကတစ်ချက် နှစ်ချက် သုံးချက်စသည်ဖြင့် စောဒက အဆင့်ဆင့်တက်ပြီး မေးလိုက်မယ်ဆိုလို့ရှိရင် ဦးခင်မောင် မဖြေနိုင်ကြတာ များတယ် (မှန်ပါ)။
လူတိုင်းပဲ နိဗ္ဗာန်ကို ရပါသလားတဲ့
နောက်တော့ ရှင်နာဂသိန်ဆိုတဲ့ ပုဂ္ဂိုလ်ကျတော့မှ သူ့ကိုနိုင်တော့တယ်၊ ရှင်နာဂသိန်က ရဟန္တာမို့ ပဋိသမ္ဘိဒါ ပတ္တလဲဖြစ်လို့ ဘဝဆုတောင်းချင်းကလဲ အင်မတန်တိုက်ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အဖြေထွက်တဲ့နေရာမှာ မိလိန္ဒမင်းကြီးက မေးလိုက်တယ်၊ အရှင်ဘုရား လူတိုင်းပဲ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရပါသလားတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုမေးလိုက်ပါလိမ့် (လူတိုင်းနိဗ္ဗာန်ရသလားလို့ မေးပါတယ် ဘုရား)၊ လူတိုင်းပဲ ဒုက္ခခပ် သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရနိုင်ရောက်နိုင်ကြသလားဘုရားလို့မေးတယ် (မှန်ပါ့)၊ ဒကာတော်မင်းမြတ် လူတိုင်းမရောက် ဘူးတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုဖြေပါလိမ့် (လူတိုင်းမရောက်ဘူးလို့ ဖြေပါတယ် ဘုရား)။
ဒါဖြင့် ဘယ်လိုပုဂ္ဂိုလ်မှ ရောက်မှတုန်းဘုရားတဲ့ (မှန်ပါ့)၊
လူတိုင်းမရောက်လို့ရှိရင် ရောက်တဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ မရောက်တဲ့ ပုဂ္ဂိုလ်တစ်မျိုးရှိတယ်ဆိုတာတော့ တပည့်တော် သဘောကျပြီဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့ (မှန်ပါ့)။
ရောက်တဲ့ ပုဂ္ဂိုလ်က ဆရာသမားလဲ သစ္စာကိုဟော၊ သူကလဲ ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာတစ်ပါးဘာမှ မရှိတော့ဘူးလို့ ဆုံးဖြတ်ချက် ကျတဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဒကာတော်မင်းမြတ် သေသေချာချာ ရောက်ပါတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်ကိုယ်ကို ခန္ဓာ ဒုက္ခသစ္စာလို့ သေသေချာချာ ဆုံးဖြတ်ချက်ကျလို့ရှိရင် ဒီလိုပုဂ္ဂိုလ်ရောက်ပါတယ် (မှန်ပါ့)၊ ကျန်တဲ့ဒုက္ခကို မပိုင်းခြားနိုင်တဲ့ ပုဂ္ဂိုလ် ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်မကျနိုင်တဲ့ ပုဂ္ဂိုလ် ဦးဘတင် ဘယ်တော့မှ မရောက်ဘူး (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်
ဒါဖြင့် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်အချိန်မဆို ရတယ် (မှန်ပါ့)၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် မသိသေးတဲ့ပုဂ္ဂိုလ် ဟူသရွေ့သည် ဘယ်တော့မှ နိဗ္ဗာန်မရောက်သေးဘူးလို့ မှတ်ကြပါ (မှန်ပါ့)၊ ဦးခင်မောင် ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒီနှစ်လုံးသည် ခုနက ဒကာ ဒကာမတွေကို ဘုန်းကြီးများပြောခဲ့ ဆုံးမခဲ့တဲ့အတိုင်း ဒီတရားဟာ အင်မတန်အရေးကြီးတယ်၊
သစ္စာသိတဲ့တရားဟာ နာဖို့ရာလဲ ခဲယဉ်းပါတယ်၊ ကိုယ်တိုင်သိပြီး ကိုယ်တိုင်မြင်ဖို့ရာလဲ ခဲယဉ်းပါတယ်၊ အခုအခါမှာတော့ ဟောတဲ့ ပုဂ္ဂိုလ်များကလဲ ဟောကြတယ်၊ နာတဲ့ပုဂ္ဂိုလ်များကလဲ ဪ ဒါကဒုက္ခ မှတစ်ပါး ဘာမှမရှိဘူးလို့ဆိုတာ သိတဲ့ဉာဏ်ကလဲ ရကြတော့ ဪ တို့ နောက်ဆုံးပိတ် ဘဝဖြစ်အောင် လုပ်မယ်ဟေ့ ခရီးဆုံးအောင် လုပ်မဟေ့လို့ဆုံးဖြတ်ချက်ချပြီး အားထုတ်ကြပါ (မှန်ပါ့)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ခရီးဆုံးအောင် လုပ်မယ်ဟလို့ ဆုံးဖြတ်ချက်ချပြီးလုပ်ရပါမယ်)၊
ခရီးမဆုံးတဲ့ ပုဂ္ဂိုလ်ကတော့ ယခုသေရင် ယခုစုတိဒုက္ခ၊ ပြီးတော့ စုတိပြီး ပဋိသန္ဓေလာတာပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ စုတိဒုက္ခ ပြီးတော့ ဘာဒုက္ခလာသတုန်း (ပဋိသန္ဓေဒုက္ခလာပါတယ်)၊ ဒါဟာ ခရီးမဆုံးတဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ ဦးခင်မောင် ခရီးမဆုံး တဲ့ပုဂ္ဂိုလ်က တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)၊ ဒီဒုက္ခပြီးရင် ဟိုဒုက္ခပြန်ရတယ် (မှန်ပါ့)။
သစ္စာတရားနာရပြီး သစ္စာပိုင်ပိုင်နိုင်နိုင်သိတဲ့ပုဂ္ဂိုလ်ကတော့ စုတိဒုက္ခပြီးရင် နောက်ပဋိသန္ဓေ ဒုက္ခမရှိသေးဘူး (မှန်ပါ့)၊ ပဋိသန္ဓေဒုက္ခမရှိတော့ ဘာဖြစ်သွားသတုန်း အို ဒီပုဂ္ဂိုလ်ဟာ ဒုက္ခဟူသရွေ့ အကုန်သိမ်းသွားပြီ (မှန်ပါ့)၊ ချမ်းသာသက်သက်ရောက်သွားပေါ့လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဘာမှအားငယ်စရာ အကြောင်းမရှိပါဘူးဆိုတာကို လေးလေးနက်နက် အကိုးအကား လုံလောက်အောင်ပဲ ဦးဘတင် ပြပါတယ် (မှန်ပါ့)။
ဒါကြောင့် ခင်ဗျားတို့က သာမညပြောတဲ့ စကားတွေ၊ သာမညပေါ်လွင်အောင် ရေးမထားတဲ့စာတွေ ကြည့်ပြီး သကာလ သူများပါးစပ်က ပြောသံကြားတွေနဲ့ မင်းတို့က အခုမှ စ-ကာရှိသေးတာကိုးကွ၊ နိဗ္ဗာန်ဆိုတာ တစ်စတစ်စ သွားရတာမျိုး၊ မင်းတို့တော့ စပါပြီကွာ (မှန်ပါ့)၊
သူတို့က အခုမှ စ-ကာရှိသေးတယ်လို့ ပြောနေတာ၊ ခင်ဗျားတို့က ဟုတ်တယ်ထင်ပါရဲ့လို့ လိုက်မနေနဲ့၊ ဦးဘအုန်း လိုက်လို့တော်ပါ့မလား (မတော်ပါ ဘုရား)။
သူတို့ကတော့ ဘာအကိုးအကားထားပြောတာတုန်း ဆိုတော့ အကိုးအကားထားလို့ ပြောတာမဟုတ်ပါဘူး၊ ရှေးလူကြီးတွေ ပြောတာနဲ့ ပြောတာပဲဆိုတော့ ပြောသံကြားနဲ့ သူပြောနေတာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ပြောသံကြားနဲ့ ပြောတာနဲ့ယုံရမှလား (မယုံရပါ ဘုရား)။
နိဗ္ဗာန်ဆိုတာ လူတိုင်းတော့မရောက်ဘူး
အဲ အခုဟာကတော့ ဒကာ ဒကာမတွေ မြင်တဲ့အတိုင်း အင်မတန်ပညာရှိတဲ့ မိလိန္ဒမင်းကြီးကမေးလို့ ရဟန္တာ ရှင်နာဂသိန်မထေရ်က ဖြေတာ (မှန်ပါ့)၊ ဒကာတော်မင်းမြတ် နိဗ္ဗာန်ဆိုတာ လူတိုင်းတော့မရောက်ဘူး၊ ဒုက္ခကို ပိုင်ပိုင် နိုင်နိုင်သိတဲ့ပုဂ္ဂိုလ် ရောက်တာပဲ (မှန်ပါ့)၊ ဒီတော့ အဓိပ္ပာယ်ရှင်းနေပြီ (မှန်ပါ့)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတွေ ဒုက္ခမပိုင်သေးလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်နိဗ္ဗာန်မရေသေးတာကို ဘုရားဟောစဉ် ကြည့်ပါ (မှန်ပါ့)၊ ဘုရားဟောစဉ်ကြည့်ပြီးတော့ ဦးခင်မောင် သေသေချာချာမှတ်စမ်းပါ၊ ဝေနေယျသတ္တဝါတစ်ဦးအား တရားဟောတော့မယ်၊ ဒီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ရောက်တော့မယ်ဆိုတာ သိမြင်တော်မူတယ်၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာဖြစ်တော့ မှာပဲ၊ သို့သော်လဲ ဒီပုဂ္ဂိုလ်ကို ရှေးဦးစွာ ဒါနကထာက စဟောတယ်၊ ဒါန အကျိုးကြီးပုံကိုဟောတယ် (မှန်ပါ့)။
ဘာစပြီး ဟောပါလိမ့် (ဒါနက စပြီးဟောပါတယ်)၊ ဒါနကစပြီး ဟောတယ်၊ ဒါနဆိုတာ အင်မတန်အကျိုးကြီး တယ်၊ သံသရာရိက္ခာပဲ လူသွားရာ အရိပ်ပါသလိုပဲ သံသရာမှာလိုက်နေတာပဲ၊ ရောက်ရမှာလဲ ချမ်းသာသုခကို ပေးတာပဲ စသည်နဲ့ ဘုရားက ဒါနအကျိုးတွေကို ဟောလိုက်တယ် (မှန်ပါ့)။
ဒါနကထာ ဟောလိုက်တော့ ဦးခင်မောင် တော်တော်ကလေးဝမ်းမြောက်သွားပြီပေါ့၊ သူချမ်းသာမှာကို သူသိသွာ ပြီးကောဗျာ (မှန်ပါ့)။
နောက်တစ်ခါ ဒါနကထာဟောပြီးတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သီလကထာဆိုပြီး ဟောပြန်တယ်၊ သီလရှိမှ အသက်ကရှည်နိုင်တယ်၊ သီလရှိမှ သုဂတိကို သွားနိုင်တယ်ဆိုပြီး ဦးခင်မောင် ဟောပြန်တယ် (မှန်ပါ့)၊ ဘယ်နှစ်မျိုးရှိသွားပြီလဲ (နှစ်မျိုးရှိသွားပါပြီ)။
နောက်ကျတော့ အဲဒီဒါနသီလတွေကြောင့် နတ်ရွာသုဂတိရောက်တယ်ဆိုပြီးတော့ သဂ္ဂကထာကို ဟောလိုက် တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါနကထာ သီလကထာ သဂ္ဂကထာ
တရားသုံးမျိုးပြီးသွားပြီနော်၊ ဒါဟာ တရားဟောစဉ်လို့ သေသေချာချာမှတ်ကြစမ်းပါ (မှန်ပါ့)၊ ဘုရားဟာ ဒီအတိုင်းပဲ ဒါနကထာကို မဟောလား (ဟောပါတယ်)၊ သီလကထာရော (ဟောပါတယ်)၊ နတ်ပြည်ရောက်ကြောင်း သဂ္ဂကထာရော (ဟောပါတယ်)၊
အဲ သုံးနံပါတ်ကျအောင် ဟောပြီးတော့မှ ဒါတွေကို တရားနာတဲ့ ပုဂ္ဂိုလ်စိတ်ထဲမှာ နေရာကျလိုက်တာ၊ ဒါတွေ ဒါနလုပ်လို့ ငါ့မှာပေါများတော့မယ်၊ သီလဆောက်တည်လို့ အသက်ကလဲရှည်တော့မယ်၊ နတ်ပြည်လဲ ရောက်ရတော့မယ်၊
နတ်ပြည်ကျတော့လဲ ငါးပါးအာရုံ ကာမဂုဏ်တွေနဲ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ နေရတော့မယ့်အဖြစ်ကို ငါတော့ဖြင့် ရောက်တော့မှာပဲဆိုပြီး သူ့စိတ်ထဲမှာ အင်မတန်ဝမ်းသာတယ် (မှန်ပါ့)၊ နာရတဲ့ ပုဂ္ဂိုလ်မှာ သိပ်ဝမ်းသာနေတယ် (မှန်ပါ့)။
ပြီးတော့မှ နတ်ပြည်ဆိုတာရော ငါးပါးအာရုံ ကာမဂုဏ်တွေ၊ ခြွေရံသင်းပင်း ရွှေနဲ့မြနဲ့ စိန်နဲ့ကျောက်နဲ့ ဥယျာဉ် ဗိမာန် ပဒေသာပင်တွေနဲ့ လိုတရဆိုတဲ့ ပြည်ပဲဟေ့၊ သို့သော်လဲ ဒါတွေသည်ကားလို့ဆိုရင် ဒီအာရုံတွေသည်ကားဆိုလို့ ရှိရင် အဆိပ်သဖွယ်စားသောက်ပြီး သေခြင်းဆိုးသေရမည့် ပစ္စည်းတွေကွဆိုပြီး ဖျက်ချလိုက်တယ် (မှန်ပါ့) “ ကာမာနံ အာဒီနဝကထာ “ ကို ဟောလိုက်တယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
ကာမာနံ အာဒီနဝကထာ
ဖျက်ချလိုက်ပြီ ဒကာ ဒကာမတို့၊ နို့မဟုတ်ရင် ဘုံဘဝထဲ တပ်နှစ်သက်နေမှာစိုးလို့ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဘုံဘဝထဲမျောမှာစိုးတာနဲ့ ဘာလုပ်လိုက်သတုန်း (ဖျက်ချလိုက်ပါတယ် ဘုရား)၊
အဲဒီလိုဖျက်လိုက်တော့မှ ခုနက တရားနာတဲ့ပုဂ္ဂိုလ်က ခုနက သာယာလာခဲ့တာတွေဟာ ဘာနဲ့တူသတုန်း ဆိုလို့ရှိရင် ငါးပါးအာရုံကာမဂုဏ်တွေ ဟာအဆိပ်သီးနဲ့တူတယ်၊ စားတဲ့လူအပေါင်း အကုန်သေခြင်းဆိုးနဲ့ သေတာချည်းပဲ၊
မီးရှူးကိုင်တဲ့ ပုဂ္ဂိုလ်နဲ့လဲတူတယ်၊ မီးရှူးကိုင်တဲ့ ပုဂ္ဂိုလ်ဟာ လက်ကလွှတ်ရင်လွှတ်၊ မလွှတ်ရင် ကိုယ့်လက်လောင်တာပဲ (မှန်ပါ့)၊ ဦးခင်မောင် ကာမဂုဏ်တွေ ဟာ ဒီအတိုင်းချည်းပေါ့ဗျာ (မှန်ပါ့)။
အဲဒီတော့ ဘုရားက ဟောပါတယ်၊ ဘုန်းကြီးကလဲ ဒကာ ဒကာမတွေ နားလည်အောင်ပြောပါဦးမယ်၊ ရှေ့ ဆက်ပြီးတော့ (မှန်ပါ့)၊ ခင်ဗျားတို့ အခုသားကလေး လက်ရှိ၊ သမီးကလေးလက်ရှိ၊ မြေးကလေးလက်ရှိ၊ ဆွေမျိုးကလေး လက်ရှိနဲ့ မနေကြဘူးလားဗျာ (နေပါတယ် ဘုရား)၊
ဒါကလေးဟာရှိနေတဲ့အချိန်ကစပြီး သားရှိတဲ့ပုဂ္ဂိုလ်ဟာ သားပူ ဘယ်တော့မှ မအေးတော့ဘူး (မှန်ပါ့)၊ သမီးရှိတဲ့ လူက (သမီးပူမအေးပါ ဘုရား)၊ ပစ္စည်းရှိတဲ့လူက (ပစ္စည်းပူမအေးပါ ဘုရား)၊ ဪ ဒကာ ဒကာမတို့ လွှတ်ပစ်လိုက်စမ်းပါလားဆိုတော့ လွှတ်သေးရဲ့လား (မလွှတ်ပါ ဘုရား)၊ ဒီတော့ သူက မီးဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ဘာဖြစ်လို့ပါလိမ့် (အလောင်ခံချင်လို့ပါ ဘုရား)၊ အလောင်ခံချင်လို့ဆိုတော့။
ခင်ဗျားတို့မှာလဲ လွှတ်ပစ်ဖို့ရာ မလွယ်ဘူး ဘုရားလို့ ဦးခင်မောင်တို့ကလာချင်လာမယ် (မှန်ပါ့)၊ လွှင့်ပစ်ဖို့ရာ မလွယ်ဘူးဘုရား၊ တပည့်တော်တို့က ဘယ့်အတွက်ကြောင့် လွှင့်မပစ်ချင်တာတုန်း၊ အို အလောင်ခံချင်လို့ဘုရား (မှန်ပါ့) သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
ဘာဖြစ်လို့ပါလိမ့် (အလောင်ခံချင်လို့ပါ ဘုရား)၊ အလောင်ခံချင်လို့ဆိုတော့ ဒကာ ဒကာမတွေမလွှတ်တဲ့ ပုဂ္ဂိုလ်ဟာလောင်တာပဲ (မှန်ပါ့)။
မလွှတ်တဲ့ ပုဂ္ဂိုလ်ဟာလောင်တာပဲ
ကောင်းပြီ ဒါဖြင့် သားရှိရင် သားသည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတွေ ရှင်လဲ ရှင်ပူပူ ရမှာပဲ၊ သေရင်လဲ (သေပူပူရမှာပါ)၊ နေရင်ရော (နေပူပူရမှာပါ)၊ ဒါဖြင့် ရှင်ပူ နေပူ သေပူဟာဖြင့် အမေမိဘလုပ်သူ မှာ ရှိမှာပဲ (မှန်ပါ့)၊ မရှိပါနဲ့ဆိုလို့ (မရပါ ဘုရား)၊ မရဘူးဆိုတော့ ဪ ဒါဟာ မီးရှူးကို ကိုင်မိတာပဲ (မှန်ပါ့)၊ မရှိပါနဲ့ဆိုလို့ (မရပါ ဘုရား)
မီးရှူးတောက်ကလေးကို ကိုယ်ကလက်မလွှတ်နိုင်ဘဲ လေလာတဲ့ဘက်သာသွားမယ်ဆိုလို့ ရှိရင်ဖြင့် ကြာလေလေ လက်နဲ့နီးပြီး လက်ကိုဟပ်ပြီး လောင်လေလေဆိုတာဖြင့် ငြင်းစရာလိုသေးသလား (မလိုပါ ဘုရား)၊ ဒီမှာလဲ ခင်ဗျားတို့ ခင်တွယ်တဲ့ပစ္စည်းကို ဆုပ်ကိုင်သာထားပါ၊ မလောင်ဘူးဆိုတော့ ဘုန်းကြီးကို ဆိုင်ချင်တိုင်းဆိုပေါ့ဗျာ (မှန်ပါ့)၊ မလောင်ပေဘူးလား (လောင်ပါတယ် ဘုရား)။
မင်းပူကလဲ မင်းမှာ ဒီပစ္စည်းရှိတယ်၊ ငါပေးရမယ်၊ သူခိုးဓာပြကလဲ မင်းမှာပစ္စည်းရှိတယ်၊ ငါ့ကိုပေးရမယ် လာမှာပဲ (မှန်ပါ့)၊ အကုန်မလာပေဘူးလား (လာပါတယ်)၊ လွှတ်ပစ်လိုက်ပါ၊ ဒီဥစ္စာကို လက်ထဲကအကုန်လွှတ်ပြီး သကာလ နိဗ္ဗာနပစ္စယော ဟောတုဆိုပြီး ပေးလိုပေး ကမ်းလိုကမ်း၊ ကိုယ့်လက်ထဲမှာသာ မရှိစေနဲ့ဆိုတော့ အဲဒီ မရှိတဲ့အချိန်က စပြီး သူ့အပူတော့ဖြင့် ဦးဝရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အခုသားသမီးဆွေမျိုး ဉာတကာ ပစ္စည်းတွေ ဆုပ်ကိုင်ထားတာဟာ ဘယ်အကျိုးငှာ တုန်းလို့ဆိုလို့ရှိရင်ဖြင့် လောင်ချင်သမျှလောင်ပြီး တပည့်တော်တို့ သေခြင်းဆိုး သေရအောင်လို့ ဆုပ်ကိုင်ထားတာ (မှန်ပါ့ ဘုရား)၊ အဓိပ္ပာယ်က ဒီရောက်တယ် (မှန်ပါ့ ရောက်ပါတယ် ဘုရား)။
အိုစာမင်းစာ မဟုတ်ဘူး
ကိုင်း ဒါဖြင့် ခင်ဗျားတို့ကတော့ အိုစာ မင်းစာဆိုတယ် (မှန်ပါ့)၊ ဘုရားကတော့ဖြင့် အိုစာမင်းစာ မဟုတ်ဘူး၊ မင်းတို့ကို လောင်မယ့်မီးတဲ့ (မှန်ပါ့)။
ခင်ဗျားတို့က အိုစာ မင်းစာလို့ထင်တယ်၊ ဘုရားက ကိုယ့်လောင်မယ့်မီးလို့ ဟောတော့ သေသေချာချာ နဖူးပေါ်လက်တင်စဉ်းစားကြည့်တော့မှ၊ ကိုယ့်လောင်မယ့်မီးက သေချာတယ် (မှန်ပါ့)၊
အိုစာ မင်းစာကတော့ ဒကာ ဒကာမတွေ ဟုတ်ချင်လဲ ဟုတ်မယ်၊ နို့မဟုတ်ရင် ဒီပစ္စည်းဟာလက်ထဲက မလွှတ်သေးလို့ရှိရင်ဖြင့် သေချင်လဲသေသွား လို့ရှိရင် အိုစာမင်းစာ မဖြစ်နိုင်တော့ဘူး (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ ဖြစ်နိုင်ကြသေးရဲ့လား (မဖြစ် နိုင်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒါတွေဟာ မီးတွေဆိုတာဖြင့် သဘောကျပြီလား (ကျပါပြီ)၊ အဲဒါကြောင့် ဘုရားက “ ကာမာနံ အာဒီနဝကထာ”ဆိုတဲ့ စတုတ္ထမြောက်အချက်ကို ဟောချလိုက်တာ (မှန်ပါ့)၊ ဦးခင်မောင် မဟောသင့်ဘူးလား(ဟောသင့်ပါတယ်)။
ဒါတွေဟောတော့မှ ခုနက တရားနာနေတဲ့ ပုဂ္ဂိုလ်စိတ်ထဲမှာ ဪ ဒီလောက ဒေါသ မောဟာ ဆိုတာတွေဟာ ဒါနဲ့သာ လုပ်ကိုင်နေကြမယ်ဆိုရင် ဒီမီးတွေက လောင်ပြီးသေပွဲဝင်ရမှာပဲဆိုပြီး တယ်ဆိုးတဲ့ မီးတွေပါကလားဆိုတာ စိတ်ထဲမှာ လောဘ ဒေါသ မောတွေကို မထားစေချင်တဲ့စိတ်၊ ဖြူစင်နေတဲ့ စိတ်မလာပေဘူးလား (လာပါတယ်)၊ စိတ်ထဲမှာ ဖြူသွားပြီနော် (မှန်ပါ့)။
စိတ်ထဲမှာ ဖြူသွားပြီ
အရင်တုန်းကတော့ ဒါနကထာ စသည်တွေ ဟောတုန်းကတော့ ဝမ်းသာတဲ့ တဏှာတွေ လာနေတယ် (မှန်ပါ့)၊ သီလကထာတွေ ဟောပြန်တော့ အသက်ရှည်မှုကြိုက်တဲ့ ပုဂ္ဂိုလ်မို့ အသက်ရှည်တာကို ကြိုက်တဲ့ တဏှာတွေ လာနေတယ် (မှန်ပါ့)၊
နတ်ပြည်အကြောင်း ဟောလိုက်ပြန်တော့လဲ နတ်ပြည်ကျရင် ခံစားဦးမယ် ခံစားဦးမယ်ဆိုတဲ့ လောဘ တဏှာ တွေကလဲ မိုးမွှန်သွားတယ် (မှန်ပါ့)။
ဘုရားက တစ်ခါ ကာမာနံ အာဒီနဝကထာဆိုပြီး နတ်ပြည်ဆိုတာ ဘာမှအသုံးမကျပါဘူး၊ မီးတွေသာ ရှိတယ်၊ မင်းကလောင်စာ ဖြစ်မှာပဲလို့ ဟောလိုက်တဲ့အခါကတော့ ခုနကတရားနာနေတဲ့ ပုဂ္ဂိုလ်က တော်တော်ဖြူစင်သွားတယ် (မှန်ပါ့)၊ မဖြူစင်ဘူးလား (ဖြူစင်ပါတယ် ဘုရား)။
အဲဒီဖြူစင်သွားတော့ ဒကာ ဒကာမတို့ ဖြူစင်တဲ့အချိန်ဆိုတော့ ဝမ်းထဲမှာ လောဘလဲမရှိ ဒေါသလဲမရှိဘူး၊ မောဟလဲမရှိဘူး၊ ဣသာလဲမရှိဘူး၊ မာနလဲမရှိဘူးဆိုတော့ ဦးခင်မောင် ကိလေသာတွေ ဘာဖြစ်နေတယ်၊ အင်း ခေတ္တဖြူစင်နေတယ်ဆိုကြပါစို့ (မှန်ပါ့ ဘုရား)၊ အဲဒီဖြူစင်နေတဲ့ အခါကျတော့မှ ခုနက ဒကာ ဒကာမတို့ မင်းတို့ ခန္ဓာဖြစ်ပျက် ဒုက္ခသစ္စာကို ဟောချလိုက်တယ် (မှန်ပါ့)၊ အဲဒီ ဖြစ်ပျက်ဒုက္ခသစ္စာကွလို့ ဟောလိုက်တဲ့အချိန် သစ္စာကို ဘုရားက စဟောလိုက်တယ်၊ ဖြူစင်မှ ဟောလို့ရတယ်။
သစ္စာ ဒီအတိုင်းဟောလို့မရဘူး
ဖြူစင်တဲ့အချိန်မှာ သူသွင်းရတယ်၊ သစ္စာ ဒီအတိုင်းဟောလို့မရဘူး၊
ခင်ဗျားတို့စိတ်ထဲမှာ ဒါတွေ အပြစ်တွေ မြင်ပြီး သကာလ ဟုတ်ပါတယ်၊ ဒီဟာတွေဟာ အလကားဟာတွေပါလား၊ အမောပမ်းခံပြီး ရှာထားတာတွေဟာ ကိုယ့်လောင်စာတွေ ကိုယ့်လောင်မယ့်မီးတွေ ရှာထားတာပါလားလို့ သံဝေဂတွေဝင်ပြီး ဉာဏ်လေးက ဖြူစင်နေတဲ့အချိန် စိတ်ကလေးဖြူစင်နေတဲ့ အချိန်ကျမှ မင်းခန္ဓာ ဒုက္ခသစ္စာလို့ ဘုရားကဟောချလိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီလိုဟောချတော့ ဒကာ ဒကာမတွေ သစ္စာကိုကြည့်စမ်းပါ၊ ငါးခုမြောက်ကျတော့မှ ဟောတော်မူတယ် (မျန်ပါ့)၊ ဒီ့အပြင် အခါ ဟောလိုက်ပါတော့လား ဆိုတော့ အညစ်အကြေးမဖြူစင်သေးလို့ မဟောရသေးဘူး (မှန်ပါ့)။
နို့ ဘာဖြစ်လို့ အညစ်အကြေးဖြစ်တဲ့တရားကို ရှေ့ထားပြီး ဟောရသတုန်းဆိုလို့ရှိရင် ဒီလိုမှ မဟောလို့ရှိရင် သစ္စာထင်နိုင်မှာမဟုတ်ဘူး (မှန်ပါ့)၊ ဘုရားနားတောင် ကပ်ချင်မှကပ်ဦးမယ် (မှန်ပါ့)၊ သူတို့ကြိုက်တတ်တာကလေး မျိုးကို ပထမဟောပြီးတော့မှ ကာမာနီ အာဒီနဝကထာနဲ့ အပြစ်ကိုပြရတယ် (မှန်ပါ့)၊
ကာမဂုဏ်အပြစ်တွေ ပြလို့ကြောက် တဲ့အချိန်ကျတော့မှ ဘာကိုကြောက်တာတုန်းဆိုတော့ သူ့ပစ္စည်းရော သူ့ခန္ဓာရော အလုံးစုံ အကုန်ကြောက်တယ် (မှန်ပါ့)၊ သူ့ခန္ဓာလဲ သူခင်သေးရဲ့လား (မခင်ပါ ဘုရား)၊ သူ့ပစ္စည်း၊ သူ့သားသမီးရော (မခင်ပါ ဘုရား)၊ အဲဒီအချိန်မှာ သစ္စာကို ကောက်ဟောတယ် (မှန်ပါ့)၊ သစ္စာဟောစဉ်ပဲ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်အချိန်ကျမှ သစ္စာဟောရသတုန်း (ဖြူစင်နေမှ သစ္စာဟောပါတယ် ဘုရား)၊
ဆေးဆိုးမည့်အထည်
အဲ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဥပမာပြတယ်၊ ဆေးဆိုးမည့်အထည် ဖြူစင်နေတုန်းလို့ ဆိုးလို့ရှိရင်ဖြင့် ဆိုးလိုက်တဲ့ ဆေးအရောင်တွေဟာ စွဲမှာပဲ (မှန်ပါ့)၊ နဂိုက အညစ်အကြေးတွေနဲ့ သွားပြီးဆေးဆိုးမယ်ဆိုလို့ရှိရင် ကောင်းမွန်စွာ စွဲမှာ မဟုတ်ဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
နဂိုကတည်းက ဒါလဲကိလေသာ၊ ဒါလဲ ကိလေသာ ဒါလဲ ကိလေသာဆိုတော့ ဘယ်နည်းနဲ့မှ ငါဟောတဲ့ သစ္စာတည်း ဟူသော ဆိုးဆေးဟာ သူတို့ ဟဒယဝတ္ထုပေါ်စွဲလမ်းသွားမှာ မဟုတ်ဘူး၊ သစ္စာဉာဏ်ကို ရမယ်မဟုတ် ဘူးတဲ့ (မှန်ပ့ါ)၊
အဲ အခုလို ကိလေသာတွေ ဖြူစင်ပြီးနေတဲ့အချိန်ကျတော့ သစ္စာကို ကောက်ပြီးဟောလိုက်ရတယ်ကွာတဲ့၊ အဲဒီအချိန်ကျတော့မှာ သူတို့ဝမ်းထဲမှာ ကိလေသာမရှိတုန်းကို သစ္စာဉာဏ်သွင်းလိုက်တော့မှ ဝမ်းထဲမှ သစ္စာဉာဏ်ရောက် သွားတယ် (မှန်ပါ့)၊ ဦးခင်မောင် သဘောကျပြီလား (ကျပါပြီ)။
ဝမ်းထဲမှာ သစ္စာဉာဏ်ရောက်သွားတယ်၊ မင်းခန္ဓာကြီးကြည့်ကွ၊ ဒုက္ခသစ္စာချည်းပဲရှိလိမ့်ဆိုတာ သစ္စာဉာဏ် ဟောလိုက်တော့မှ ဖြူစင်နေတော့ ဒီ့ပြင်ကိလေသာတွေ ဘာမှမပေါ်တဲ့အချိန်ဆိုတော့ ဒီဉာဏ်ကလေး တစ်လုံးတည်း ဝမ်းထဲရောက်တယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊
ဒီဉာဏ်ရောက်သည်နှင့် တစ်ပြိုင်နက် သစ္စာဉာဏ်ရောက် သည်နှင့် တစ်ပြိုင်နက် သမုဒယသစ္စာချုပ်ပြီး ဒါ ဒုက္ခသစ္စာလို့ ပိုင်းခြားနိုင်ပြီး နိရောဓကို မျက်မှောက်ပြုတော့တာပဲ (မှန်ပါ့)၊
သစ္စာဟာ အချိန် နဲ့ဟောရတယ်
ဒီဉာဏ်ရောက်သည်နှင့် တစ်ပြိုင်နက် သောတာပန်တည်မည့် ပုဂ္ဂိုလ်ဟာ ဒီအချိန်မှာ ဟောရတယ် (မှန်ပါ့)၊ သကဒါဂါမ်တည်ဖို့လဲ အချိန်အနာဂါမ်တည်ဖို့လဲ (ဒီအချိန်ပါပဲ)၊ ဒီအချိန်ချည်း ဟောရတယ်ဆိုတာ သစ္စာဟာ အချိန် နဲ့ဟောရတယ်၊ သစ္စာကို ဟောချင်တိုင်း ဟောလို့မရဘူး (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သစ္စာဟောတာ ဟောချင်တိုင်း ဟောလို့ရသလား၊ သူ့အချိန်ကန့်သတ်အချက်ရှိသလား (ကန့်သတ်ချက်ရှိပါ တယ် ဘုရား)၊ ဒါနကထာဟောတုန်းကလဲ သူ့ကိုထည့်လို့မရဘူး၊ သီလကထာ ဟောတုန်းလဲ (သူ့ကိုထည့်လို့မရဘူး)၊ နတ်ပြည်၊ ဗြဟ္မာပြည်ကောင်းကြောင်း ဟောနေတုန်းလဲ (ထည့်လို့မရဘူး)၊
အဲဒီနတ်ပြည်၊ ဗြဟ္မာပြည်တွေဟာကွာ မီးရှူး၊ မီးပန်းနဲ့တူတယ်၊ မင်းတို့ကိုလောင်နေတဲ့ပစ္စည်းတွေလို့ ဆိုလိုက်တဲ့အခါကျတော့ အပြစ်ပြလိုက်ရတယ် (မှန်ပါ့)၊
အဲဒီအပြစ်ပြလိုက်တဲ့အခါကျတော့မှ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ကို ကြောက်လန့်ပြီး သကာလ မလိုချင်တဲ့ သဘော ရောက်တယ် (မှန်ပါ့)၊ အဲဒီလို မလိုချင်တဲ့သဘောရောက်တဲ့အချိန်ကျမှ ဦးခင်မောင်ဘာကိုဟောရသလဲ (သစ္စာကို ဟောရပါတယ်)၊ ကိုင်း အကုန်ဖြူနေမှ ဟောရတယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
သစ္စာတရားလဲ ဟောပါရော ဒကာ ဒကာမတွေ တစ်ခါတည်း သောတာပန်တည်မည့် ပုဂ္ဂိုလ်ဟာ သောတာပန် တစ်ခါတည်းတည်တယ် (မှန်ပါ့)၊ ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်ကလဲ သကဒါဂါမ် အနာဂါမ် ရဟန္တာထိအောင် အဆီးအတား မရှိ တက်သွားတာပဲဦးခင်မောင် (မှန်ပါ့ ဘုရား)၊ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။
သစ္စာတရားဟာ လမ်းဆုံး
ဒါဖြင့်သစ္စာတရားဟာ လမ်းဆုံးဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါတွေ ဖျက်တောင် ချနေရသေးတယ်၊ ဦးခင်မောင် မဖျက်ဘူးလား၊ ဖျက်ရသလား (ဖျက်ရပါတယ် ဘုရား)။
ကောင်းပြီ၊ ဒါတွေ မဟောဘဲနဲ့ သစ္စာကိုကောက်ပြီး ဟောပါလားဘုရားကဆိုတော့ ကိလေသာ တောထနေတဲ့ အညစ်အကြေးတွေထဲမှာ အကုန်အမည်းတွေရော၊ အပြောက်တွေရောရှိတဲ့အထဲမှာ ဆေးဆိုးပေးမယ်ဆိုလို့ရှိရင်ဖြင့် ဒီအထည်ဟာ ဆေးဆိုးလေ အရုပ်ဆိုးလေနေမှာပဲ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဆေးဆိုးလေ အရုပ်ဆိုးလေနေမှာစိုးတဲ့အတွက် ဟဒယဝတ္ထုဖြူစင်နေတဲ့အချိန်ကျမှ သစ္စာဒေသနာကို ကောက် ပြီးဟောတယ် (မှန်ပါ့)၊ ဟဒယဝတ္ထုပေါ်မှာ လောဘကိန်းတယ်၊ ဒေါသကိန်းတယ်၊ မောဟကိန်းတယ်၊ ဣသာမစ္ဆရိယတွေ ကိန်းနေတာပဲ၊ မဟောရသေးဘူး (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ဒကာ ဒကာမတွေကို ဆရာဘုန်းကြီးကတော့ တစ်နေ့လဲ သစ္စာဟောတယ်၊ ဒါကတော့ ဒကာ ဒကာမတွေ က လာကတည်းကိုက ဒီကျတော့ တရားထိုင်ကြတယ်၊ သစ္စာချည်းနာနေရတော့ ဒီနေ့လဲ ဘာကိုဟောမှာပါလိမ့်မတုန်း ဪ သစ္စာတရားနဲ့ ပဋိစ္စသမုပ္ပါဒ်ဖြတ်ပြီး သစ္စာတရားပြမှာပဲ (မှန်ပါ့)၊ ဒါပဲ ဦးခင်မောင် (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်ကိုဖြတ်ပြီးတော့ သစ္စာပြမှာ
ပဋိစ္စသမုပ္ပါဒ်ကို (ဖြတ်ပြီးတော့ သစ္စာပြမှာပါ)၊ သစ္စာပြရတာပဲဆိုတာ ဒကာ ဒကာမတွေက ဒီကျတော့ တရားကလေးထိုက်တန်သလောက်ထိုင်ကျတော့ ဖြူစင်ပြီးသားတွေဖြစ်နေလို့ သစ္စာပဲထပ်ထပ်ဟောတာ (မှန်ပါ့)၊ ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ရောက်လာတယ်ဆိုရင် သူများကိစ္စတွေ ဘာတွေပြောမနေကြနဲ့၊ ကိုယ့်ဟာကိုယ်ကလေး ကြိုးစားပြီး နှလုံးသွင်းကြ (မှန်ပါ)၊ ဒီက သစ္စာဒေသနာကို ဟောလိုက်သည်နဲ့တစ်ပြိုင်နက်တည်း ဦးခင်မောင် ဟဒယဝတ္ထုပေါ်စွဲ သွားတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ လူတိုင်းနိဗ္ဗာန်ရသလားလို့ မေးတဲ့အခါကျတော့ ဦးဘတင်တို့ ဦးခင်မောင် တို့ ဘယ်လိုဖြေကြပါ့မတုန်း (လူတိုင်းနိဗ္ဗာန်မရပါ ဘုရား)၊ ရတဲ့ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ပါလိမ့် (သစ္စာပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ကျတဲ့ ပုဂ္ဂိုလ်ဖြစ်မှသာရပါတယ်)၊
အဲ သစ္စာကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်ဖြစ်ရင် ရတယ် (မှန်ပါ့)၊ရှင်းကြ ပြီလား (ရှင်းပါပြီ)။
ဘယ်လိုပုဂ္ဂိုလ်မှာ ရပါလိမ့် (သစ္စာပိုင်ပိုင်နိုင်နိုင်သိတဲ့ပုဂ္ဂိုလ်မှ ရပါတယ်)၊ အဲသစ္စာပိုင်ပိုင်နိုင်နိုင် သိတဲ့ပုဂ္ဂိုလ် ဖြစ်လို့ ရှိရင်ရပါတယ် ဒကာမင်းမြတ်လို့ ရှင်နာဂသိန်ကဖြေတယ်၊ အားထုတ်မိအောင်သာ အားထုတ်သွားလို့ သစ္စာ မြင်နိုင်စွမ်းရှိရင် ကိစ္စပြီးနိုင်ပါတယ် (မှန်ပါ့)။
အဲဒီတော့ သူများပါးစပ် လမ်းဆုံးမနေနဲ့တော့၊ သစ္စာတရားကို နာရပြီး သကာလ သစ္စာကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ရင် နောက်ကပါခဲ့တဲ့ အပါယ်သံသရကြွေးတွေလဲ အကုန်ကျေ၊ အခုတင်တဲ့ ကြွေးတွေလဲ (ကျေပါတယ်)။
အဲဒီတော့ ကြွေးကတော့ဖြင့် ဒကာ ဒကာမတို့လူတိုင်းမှာရှိတယ်၊ သဘောကျပြီလား (ကျပါပြီ)။
ကြွေးက ဘာတဲ့ (လူတိုင်းမှာရှိပါတယ်)၊ ဒကာ ဒကာမတွေ ကြွေးရှိပုံကလေး ဘုန်းကြီးရှင်းပြပါဦးမယ်၊ ဒီနေ့ အလုပ်စခန်းလဲပြမှပါပဲ (မှန်ပါ့)။
ကုသိုလ်ခွေးတစ်ကောင်၊ အကုသိုလ်ခွေးတစ်ကောင်
ဒကာ ဒကာမတွေနောက်က ခွေးနှစ်ကောင်လိုက်နေတယ်ု၊ ကုသိုလ်ခွေးတစ်ကောင်၊ အကုသိုလ် ခွေးတစ်ကောင် (မှန်ပါ့)၊
အကုသိုလ်ခွေးကလဲ ဒကာ ဒကာမတွေက ဘယ်သွားနေနေလိုက်လျက်ပဲ၊ ကုသိုလ်ခွေးကလဲ လိုက်လျက်ပဲ ကူညီမလို့ (မှန်ပါ့)၊ အကုသိုလ်ခွေးကလဲ ဒကာ ဒကာမတို့ ဘယ်နေရာမဆိုမိတဲ့တရားမှာ ကိုက်သတ်မလို့ သူကလဲ လိုက်လျက်ပဲ (မှန်ပါ့)၊ အဲဒီတော့ ခင်ဗျားတို့ကသာ ရှေ့ကသွားနေတာ၊ ခွေးနှစ်ကောင်ကတော့ အပြိုင်လိုက်လျက်ပဲ (မှန်ပါ့လိုက်လျက်ပါ ဘုရား)။
ဪ ဒကာ ဒကာမတွေဖြင့် နောက်တော့လှည့်မကြည့်ဘူး၊ ရှေ့သာလောကြီးနေတာပဲ (မှန်ပါ့)၊ ရှေ့ဘာပေါ် လို့ရှိရင် ဘာလုပ်ဦးတော့မည့်ပုံပေါ့ဗျာ၊ ရှုပ်မနေဘူးလား (ရှုပ်နေပါတယ်)၊ သူ့စိတ်ကူးကတော့ ရှေ့သာလောကြီးနေတာ၊ နောက်များလဲ ဦးခင်မောင်လှည့်ကြည့်ဖို့ကောင်းတယ် (မှန်ပါ့)၊ နောက်လှည့်ကြည့်တော့ ခွေးဘယ်နှစ်ကောင်လိုက်သတုန်း (နှစ်ကောင်လိုက်နေပါတယ်)၊ ဘယ်တော့မှ နားသတုန်း (မနားပါ ဘုရား)။
ဒါဖြင့် မိတဲ့နေရာမှာ ကိုက်သတ်မလို့ (မှန်ပါ့)၊ တစ်ကောင်သောခွေးကတော့လဲ ရောက်တဲ့နေရာမှာ မီတဲ့နေရာ မှာ ချီးမြှောက်မလို့ (မှန်ပါ့)၊ တစ်ကောင်သောခွေးကတော့ (ရောက်တဲ့နေရာကိုက်သတ်မလို့ပါ)။
အဲဒါနှစ်ကောင်တော့ဖြင့် စုံပြေးနေတာပဲ၊ တစ်ခါတလေကျလို့ရှိရင် ကိုယ့်သတ်မည့်ခွေးက ရှေ့ကျတယ် (မှန်ပါ့)၊ တစ်ခါတလေတော့လဲ ထောက်ပံ့ကူညီမည့်ခွေးက ရှေ့ကျတယ် (မှန်လှပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
ကံ၏သတ္တိတွေလိုက်နေတာ
အဲဒီလို ကံ၏တန်ခိုးတွေ၊ ကံ၏သတ္တိတွေလိုက်နေတာ၊ ခွေးသဖွယ် ဥပမာနဲ့ဆောင်ပြီး ပြောတားထာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ချလက်ချနေချိန်ရှိကြပါရဲ့လား (မရှိပါ ဘုရား)က၊ ဒါဖြင့် ယနေ့ကစပြီး နောက်လဲ လှည့်ကြည့်ကြပါဦး၊ ဘယ်ခွေးက အမီလိုက်နေသတုန်း (အကုသိုလ်ခွေးက အမီလိုက်ပါတယ် ဘုရား)၊ သေချာ ပြီလား (သေချာပါပြီ)၊
ကုသိုလ်ခွေးတော့ ဒီခေတ်မှာ ဒါလောက်အကျိုးမပေးနိုင်ဘူး၊ သူက ဒီအခါမှာ အားပျော့တဲ့ အခါ (မှန်ပါ့)၊ အကုသိုလ်ခွေးကတော့ဖြင့် ရောက်ရာမီရာ ကိုက်သတ်မလို့၊ ကိုက်သတ်ပြီး သကာလ အပါယ်ပို့လိုက်မဟေ့ အစရှိသည်နဲ့ သူကတော့ဖြင့် အမြဲတမ်း နောက်ကလိုက်နေတော့ ဒကာ ဒကာမတွေ ကိုယ်ကရှေ့က ဘယ်လိုပင်ဖြီးကာ လိမ်းကာ ပြင်ဆင်ကာနဲ့ သွားနေပေမယ့် ခွေးလဲကြည့်ကြပါဦး (မှန်ပါ့)၊ တော်တော်ကြာ အကုန်ဟန်ပျက်ကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ခင်ဗျားတို့ ဟန်ပျက်မှာစိုးလို့ပါ၊ အရှက်တကွဲအကျိုးနည်းဖြစ်မှာစိုးလို့ပါ၊ ချောက်ကျမှာစိုးလို့ပါ၊ လိုက်နေတာ ကတော့ဖြင့် သေချာပါတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကုသိုလ်ခွေးက ခင်ဗျားတို့ကို အကူအညီပေးပြန်ရင်လဲ ခင်ဗျားတို့က ဘဝင်မြင့်သွားတယ် (မှန်ပါ့)၊ ဒါလဲကြီးကြီး ချောက်ထဲပိုကျချင်လို့ပဲ (မှန်ပါ့)၊ အကုသိုလ်ခွေးက လိုက်လာပြန်ရင်လဲ ခင်ဗျားတို့က ဝမ်းနည်းပြီး ဖြစ်မှ ဖြစ်ရလေခြင်း ဆိုပြီး ဒေါသဇောနဲ့သေမယ် (မှန်ပါ့)၊
ကုသိုလ်ခွေးက မြှောက်လိုက်ပြန်တော့ မာနနဲ့ ခင်ဗျားတို့က အပါယ်ရောက်သွားမယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ကုသိုလ်ခွေးကိုက်လဲ မသက်သာဘူး (မှန်ပါ့)၊ အကုသိုလ်ခွေးကိုက်ရင်ရော (မသက်သာပါ ဘုရား)၊ သူကကိုက်ပြီး အပါယ်ပို့လိုက်မယ် (မှန်ပါ့)၊ ကုသိုလ်ခွေးကတော့ ထောက်ပံ့မလိုလိုနဲ့ မြင့်ရာကနေ တွန်းချမယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
ဘယ်ခွေးမှမွေးဖို့မကောင်းပါ
ဒါဖြင့် ခင်ဗျားတို့ ဘယ်ခွေးကို လက်သပ်မွေးဖို့ကောင်းပါလိမ့် (ဘယ်ခွေးမှမွေးဖို့မကောင်းပါ ဘုရား)၊ ခွေးဆိုး ချည်းပဲ (မှန်ပါ့)၊ ဦးခင်မောင်ပေါ်ပြီလား (ပေါ်ပါပြီ)၊ အဲဒါနောက်ကလူတိုင်းမှာရှိတယ်လို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ့)။
ဒါဖြင့် ဒကာဒကာမတို့ ဘယ်ခွေးကိုက်တာ ကြိုက်သတုန်းမေးရင် (ဘယ်ခွေးကိုက်တာမှ မကြိုက်ပါ ဘုရား)၊ တော်ပဲတော်သေး၊ ဒါဖြင့် ခင်ဗျားတို့ခွေးတော့ ပါးနပ်သွားပြီ (မှန်ပါ့)။
အဲဒါကို တစ်ချို့ ဒကာ ဒကာမတွေက မသိတဲ့အခါကျတော့ ကုသိုလ်ခွေးကို ကိုက်စေချင်တဲ့ အခါကျတော့ အသက်ဆက်ရတာနဲ့၊ ဗေဒင်မေးရတာနဲ့ အမျိုးမျိုးသော အကူအညီတွေ တောင်းတာတွေဟာ နီးမှပဲ ကျချင်တယ်ပေါ့ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (နီးမှပဲကျချင်ပါတယ်)၊ ချက်ချင်းမသေချင်ဘူးပေါ့ဗျာ (မှန်ပါ့)၊ နည်းနည်းအကျနာချင်တယ်၊ ဒီအဓိပ္ပာယ်ရောမပါဘူးလား (ပါပါတယ်)၊ သဘောကရော ကျကြရဲ့လား (ကျပါတယ်)။
ဒါဖြင့် ဒီနေ့ညတရားမှာ ဘယ်ခွေးကိုက်ပြီးသေရမှာလဲဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ဒီသစ္စာကိုသာမလုပ်တော့ဘူး ဆိုရင် ဒီခွေးနှစ်ကောင် တစ်ကောင်ကောင်ကိုက်လို့ သေပွဲဝင်ရမယ် (မှန်ပါ့ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
ကုသိုလ်ခွေးကလဲ ဝဋ်ကိုတောင့်ထားတဲ့ ကုသိုလ်ဖြစ်သောကြောင့် ခွေးကောင်းလို့မဆိုနဲ့ (မှန်ပါ့)၊ အကုသိုလ်ခွေး ကလဲ သေဖို့ကိုက်မည့်ခွေးပဲ (မှန်ပါ့)၊ ဒါဖြင့် ဘယ်ခွေးကိုက်ပြီးသေပွဲဝင်ချင်သလဲ (ဘယ်ခွေးကိုက်လို့မှ မသေချင်ပါ ဘုရား)။
ဒီခွေးတွေဟာ ခန္ဓာရှိလို့လိုက်နေကြတာ
ဒါဖြင့် ဒကာ ဒကာမတွေ ဒီခွေးတွေဟာ ခန္ဓာရှိလို့လိုက်နေကြတာ (မှန်ပါ့)။
ဦးဘတင့်ဘာတဲ့တုန်း (ခန္ဓာရှိလို့လိုက်နေတာပါ)၊ သူကိုက်စရာအထည်ရှိလို့ လိုက်နေတာ (မှန်ပါ့)၊ ကျုပ်တို့က သူကိုက်စရာ အထည်မရှိအောင် လုပ်ပါတော့မယ်ဆိုပြီး သစ္စာကိုနှလုံးသွင်းလိုက်တော့ နောင်ကို ဒုက္ခသစ္စာခန္ဓာပေါ်နိုင် သေးရဲ့လား (မပေါ်နိုင်ပါ ဘုရား)၊
ဒုက္ခသစ္စာ ခန္ဓာမပေါ်တော့ သူတို့ကမော့ပြီး ကျန်နေရစ်ခဲ့တယ်၊ ကိုက်စရာခန္ဓာကို မရှိတော့ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် ခန္ဓာသိမ်းမှ အကိုက်ငြိမ်းမယ် (မှန်ပါ့)၊ ခန္ဓာရှိလို့ရှိရင်ဖြင့် ဒီနှစ်ကောာင်လက်တွင်းမှာ ခေါင်းစင်းပြီး သေမည်သာပြင် (မှန်ပါ့)၊ သေမည်သာပြင်၊ တစ်ကောင်ကောင်ကတော့ဖြင့် ရှေ့သွားနောက်လိုက်က အမြဲလိုက်နေမှာ ပဲ (မှန်ပါ့)၊
နတ်ပြည်သွားရင် နတ်ပြည်လိုက်တာပဲ၊ ဗြဟ္မာ့ပြည်သွားရင်ရော (ဗြဟ္မာ့ပြည်လိုက်ပါတယ်)၊ ဒီခွေးတွေက ခွေးစွမ်းကောင်းတွေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဦးခင်မောင် ဗြဟ္မာ့ပြည်တက်ပြီး ကိုက်တဲ့ခွေးက ရှိသေးတယ်နော် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
အရူးမှန်းလူသိပါလိမ့်မယ်
အဲဒါကြောင့် ခင်ဗျားတို့က ခွေးကိုက်တောထဲမှာဖြင့် ဟိုပြေးဒီပြေးနဲ့ မပြေးချင်ပါနဲ့၊ အရူးမှန်းလူသိပါလိမ့် မယ် (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
တာဝတိံသာမှာ မကောင်းလှသေးလို့ ယာမာဘုံပြောင်းတယ်၊ ဟိုမှာလဲကိုက်ပြီးသေချင်သေးတာကိုး (မှန်ပါ့)၊ ပထမဈာန်မကောင်းသေးလို့ ဒုတိယဈာန်ဘုံပြောင်းချင်လဲ ဦးဘတင် ဘယ့်နှယ်တုန်း (ဒုတိယဈာန်ဘုံမှာ ကိုက်သေ ချင်သေးလို့ပါ ဘုရား)၊ ဟာ ဒါဖြင့် ခွေးကိုက်ခံရတာ နေရာရွေး ကိုက်ခံသေချင်သေးတာက တယ်ဆိုးသကိုးဆိုတဲ့ အဓိပ္ပာယ် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဦးဝ ဘယ်ဘုံမှာ ကိုက်ပြီးသေချင်သတုန်း (ဘယ်ဘုံမှာမှ ကိုက်ပြီးမသေချင်ပါ ဘုရား)၊ နေရာကျပြီ၊ ဒါဖြင့် သုံးဆယ့်တစ်ဘုံမှာ ခင်ဗျားတို့ကျင်လည်နေရာမှာဆိုရင် ခွေးကိုက်တဲ့ဘုံချည်းပဲလို့ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ဘုံဘဝဆိုတာ အာသဝနယ်တွေချည်း ဥစ္စာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ ဘုံအားဖြင့် ဘဝဂ်တိုင်အောင် လိုက်ပါတယ် ဆိုကတည်းက ခွေးကိုက်တတ်တဲ့ဘုံဆိုတာ မသေချာပေဘူးလား (သေချာပါတယ် ဘုရား)။
ဒါက နားကြီးကြီးနဲ့ထောင်မှ ရမယ်နော်၊ ဒါက အပြစ်ပြနေတယ်လို့မှတ်ပါ၊ ပြီးတော့ သစ္စာဟောမလို့ (မှန်ပါ့ ဘုရား)၊ အပြစ်ပြနေတာ သုံးဆယ့်တစ်ဘုံဟာ ခွေးကိုက်သေတဲ့ဘုံချည်းပဲလို့ ဦးဘတင် ဆုံးဖြတ်ချက်ချလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သုံးဆယ်တစ်ဘုံဟာ ခွေးကိုက်သေတဲ့ဘုံချည်းပါ ဘုရား)။
ဥပစ္ဆေဒက၊ ဥပဃာတကကံတွေ ဥပပီဠကကံတွေဆိုတာလဲ ဒါတွေက ခွေးတွေပဲ ဦးခင်မောင် (မှန်ပါ့ ဘုရား) ဦးဇံရင်တို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခွေးဆိုးချည်းပဲဆိုတာ
နောက်က ဒကာ ဒကာမတွေ ခွေးဆိုးချည်းပဲဆိုတာဖြင့် ခင်ဗျားတို့ လှည့်ပြီးမကြည့်တတ်လို့ ဘုန်းကြီးက ဒီနေ့လှည့်ကြစမ်းပါဦး၊ ခင်ဗျားတို့က ရှေ့ကနေပြီး ဟန်လုပ်မနေနဲ့ပြောရတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊
ခင်ဗျားတို့က ရှေ့က ဘယ်နှစ်ကျတော့ ဘာလုပ်ဦးမယ်၊ ဘယ်သားကလေးကြီးလားရင် ဘယ်လိုရှင်ပြုလိုက်ဦးမယ် ဘယ်သမီးကလေး ကြီးတဲ့အခါ ဘယ်လိုနေရာချထားဦးမယ်၊ အမယ်လေး ရှေ့ကိုသာကြည့်နေတာပဲ၊ ကိုယ့်နောက်ကခွေးက သူတို့ကြီးအောင် စောင့်ပါ့မလား၊ ကိုယ့်ပဲအရင်လှည့်လိုက်မလားဆိုတဲ့ဥစ္စာ ဦးခင်မောင်တို့က တွေးဖို့ကောင်းတယ် (မှန်ပါ့ ဘုရား)၊ သဘော ကျပြီလား (ကျပါပြီ)။
တစ်ချို့ သားကလေးရှင်ပြုချင်လျက်နဲ့ အမေက အသေစောသွားတာဟာ ခွေးကိုက်ကစောသွားတာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ သားကလေးအရင်ကိုက်သွားပြန်တော့လဲ ရှင်ကိုမပြုလိုက်ရဘူး၊ ပရိက္ခရာတွေက ဒီအတိုင်း တန်းလန်းနဲ့ ဒီလိုလဲမရှိတတ်ကြဘူးလား (ရှိပါတယ် ဘုရား)၊ အကုန်ခွေးကိုက်တတ်တဲ့တောထဲနေရတာ၊ သားကလဲ (ခွေးတောထဲနေရတာပါ)၊ သမီးကလဲ (ခွေးတောထဲနေရတာပါ)၊ မိမိကလဲ (ခွေးတောထဲနေရတာပါ)၊ အဲ ခွေးတောလွတ် မှ ခင်ဗျားတို့နေရာကျမယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ်တော့နေရာကျတုန်း (ခွေးတောထဲကလွတ်မှ နေရာကျမှာပါ)၊ သုံးဆယ့်တစ်ဘုံဟာ ဘာတော ဆိုကြမလဲ (ခွေးတောပါ ဘုရား)။
ဘယ်ဟာများကြိုက်သေးသတုန်း
ကဲ ဦးခင်မောင် ဘယ်ဟာများကြိုက်သေးသတုန်း (ဘယ်ဟာမှမကြိုက်ပါ ဘုရား)၊ အဲဒါ ကာမဂုဏ်ရဲ့အပြစ်ပြ နေတာ (မှန်ပါ့)၊ သစ္စာဟောမလို့ ဒကာ ဒကာမတွေ၊ ဒါကာမဂုဏ်ရဲ့ အပြစ်ကိုပြနေတာ (မှန်ပါ့)။
ခင်ဗျားတို့က ကုသိုလ်ကံကလေးများ လိုက်လာမယ်ဆိုရင်ဖြင့် ဝမ်းသာပါရဲ့ဆိုတဲ့ဥစ္စာ ကုသိုလ်ခွေး ကိုက်တာကို သူကကြိုက်နေလို့ (မှန်ပါ့)။
ဒါကြောင့် ခွေးဘယ်နှယ့်ကြောင့် အကိုက်ခံရသတုန်း ခန္ဓာရှိလို့ အကိုက်ခံရတယ် (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါတယ် ဘုရား)။
ခွေးဘယ့်နှယ့်ကြောင့် အကိုက်ခံရသလဲ (ခန္ဓာရှိလို့ အကိုက်ခံရပါတယ်)၊ ကောင်းပြီ၊ ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်ဟူသရွေ့ မှာ ဒီခွေးနှစ်ကောင်သည်ကားဆိုရင်ဖြင့် အလုအယက် လိုက်နေကြတာပဲဆိုတာ မှတ်ရမယ် (မှန်ပါ့)၊
လုပြီးလိုက်နေကြ တယ်၊ တစ်ခါတလေလဲ ကုသိုလ်ခွေးက ရှေ့ကနေပြီး အကျိုးပေးအောင် လုပ်လိုက်၊ သူကလဲ အမြင့်ကနေတွန်းချမယ် လို့ စိတ်ကူးလိုက်၊ ဟိုခွေးကလဲ အနိမ့်ဆွဲချမလို့ စိတ်ကူးလိုက်ဆိုတော့ ကျုပ်တို့မှာ အန္တရာယ်ကင်းလို့ ဘေးရှင်းတဲ့အချိန် နောက်လဲမရှိဘူး၊ ယခုလဲမရှိသေးဘူး (မှန်ပါ့)၊ သစ္စာရပြီးရင်၊ သစ္စာမြင်ပြီးရင်တော့ (ရှိပါတယ်)။
ဒီခွေးနှစ်ကောင်လိုက်နေတာ
ကဲ-ဦးဘတင်တို့ ကိုမြရွှေတို့ကျေနပ်ပြီလား (ကျေနပ်ပါပြီ)၊ ဒီခွေးနှစ်ကောင်ဟာ ခင်ဗျားတို့၊ ကျုပ်တို့မှာ “ဟီနပဏီတာဘာဝါယ” အယုတ်အမြတ်ဆိုတာ ဒီခွေးနှစ်ကောင်လိုက်နေတာ (မှန်ပါ့)၊
“ကမ္မံသတ္တေ ဝိဘဇ္ဇတိ” ဆိုတာလဲ ဒီခွေးနှစ်ကောင်ကို ဆိုနေတာ (မှန်ပါ့)၊ ဦးခင်မောင်ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီကရှေ့ စိတ်ကူးကလေးများ ရှည်မည်ကြံရင် ကောင်းပြီ၊ မင်းက စိတ်ကူးရှည်တာ ကိစ္စမရှိဘူး ကိုယ့်ကိုယ်ကိုယ်ပေါ့ဗျာ၊ ခွေးနှစ်ကောင်ဟာ ဘယ်သူကများ၊ ရှေ့ရောက်နေတယ်လို့ မင်းသိရဲ့လားလို့ မေးကြည့်ဦး (မှန်ပါ့)။
ဦးဘအုန်း ဘာလုပ်ကြည့်ရမှာတုန်း (မေးကြည့်ရပါမယ်)၊ မေးကြည့်ပါဦးဆိုတော့ မပြောတတ်ပါဘူးလေလို့ ကိုယ့်ဟာကိုယ် အဖြေထွက်လာမယ် (မှန်ပါ့)၊ မပြောတတ်ဘူးဆိုလို့ရှိရင် ခွေးနှစ်ကောင်အနက် ဘယ်သူက အရင်ကိုက် မယ်လို့ မသိဘူးဆိုလို့ရှိရင်ကိုက်မှာတော့ မသေချာလား သေချာလား (သေချာပါတယ် ဘုရား)၊ သေချာမည့်အတူတူဖြင့် အကိုက်လွတ်ရာ အရင်ပြေးတာအေးပါတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုလုပ်ကြမယ် (အကိုက်လွတ်ရာ အရင်ပြေးတာ အေးပါတယ် ဘုရား)၊ ခွေးနက်ကလဲ ရှေ့ရောက်နေသလား၊ ခွေးဖြူကပဲ ရှေ့ရောက်နေသလားဆိုတာလဲ မသိဘူး (မှန်ပါ့)၊
လိုက်တာတော့ သိတယ် (မှန်ပါ့)၊ ဘယ်သူက ရှေ့ရောက် နေတယ်ဆိုတာတော့ (မသိပါ ဘုရား)၊ ပြီးတော့ ဒီခွေးတွေက ခွေးဆိုးချည်းပဲဆိုတာရော ငြင်းဖိုလိုသေးသလား (မလိုပါ ဘုရား)။
အဲဒီလို လိုက်နေတဲ့အဖြစ်ကို ဦးခင်မောင်တို့ သိတော့မှ ကိုင်း ခွေးကိုက်သေတဲ့မသာလောက် အရုပ်ဆိုးတာ တော့မရှိဘူး (မှန်ပါ့)၊ ရှိသေးသလား (မရှိပါ ဘုရား)။
ခွေးကောင်းလား၊ ခွေးရူးလား
ခွေးကလဲ ဦးခင်မောင် ခွေးကောင်းလား၊ ခွေးရူးလားမေးကြည့်တော့ ကုသိုလ်ကလဲ ကုသိုလ်ရူးဗျ၊ ဝဋ္ဋကုသိုလ်က လဲ အရူးပဲ (မှန်ပါ ဘုရား)၊ အကုသိုလ်ဆိုတာကတော့ ရူးတာ မပြောနဲ့တော့ သွက်သွက်ခါနေတယ်၊ ပြောဖို့လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခွေးရူးကိုက် သေချင်ကြသကားလို့ မေးချင်တယ် (မသေချင်ပါ ဘုရား)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သုံးဆယ့်တစ်ဘုံမှာ တပည့်တော်တို့ ဘယ်လိုများနေခဲ့ရသတုန်းဆိုတော့ ဒီ့ပြင်ဟာတော့ မပြောတတ်ဘူး၊ ခွေးကိုက်တဲ့ မသာချည်းဖြစ်ခဲ့တယ်ဆိုတာတော့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
တပည့်တော်တို့ သုံးဆယ့်တစ်ဘုံမှာ နောက်တုန်းကများ စကြဝတေးမန္ဓာတ် သိကြားမင်း ဗြဟ္မာမင်းများဖြစ် ခဲ့လေသလား၊
အို ဖြစ်တော့ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် နောက်သေပွဲဝင်တော့ဖြင့် ခွေးကိုက်သေတာပဲ (မှန်ပါ့)၊ ရိပ်မိပြီ လား (ရိပ်မိပါပြီ)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခွေးဘယ့်နှယ့်ကြောင့်ကိုက်၊ ခန္ဓာရှိလို့ကိုက် (မှန်ပါ့)၊ အခုခင်ဗျားတို့ကို ကိုက် စားနေပြီ (မှန်ပါ့)၊ ကျောအောင့်အောင်၊ ရင်အောင့်အောင့်၊ လေခံအောင်ကိုက်တော့ ကိုက်နေပြီ၊ သို့သော် အသေတော့ မကိုက်သေးဘူး (မှန်ပါ့)၊
မင်းတို့နည်းနည်းကလေးကွာ ဒီ့ထက်ပိုပြီး မိုက်ချင်လဲ မိုက်ရအောင်ဆိုပြီး အသာထားလိုက် သေးတယ် (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဆရာဘုန်းကြီးကတော့ လိမ္မာစေချင်တော့ပြောတာ၊ ခင်ဗျားတို့က အိမ်ရောက်လာရင် ဖောက်ပြန်ကုန်လို့ ပြောတာ (မှန်ပါ့)။
ခွေးကိုက်မသာအဖြစ်မှ လွတ်ချင်လို့ရှိရင်
ကဲ ဒါဖြင့် ဒကာ ဒကာမတွေ၊ ခွေးကိုက်မသာအဖြစ်မှ လွတ်ချင်လို့ရှိရင် ဘာလုပ်ရမှာတုန်းသာ မေးကြစို့ သစ္စာပိုင်ပိုင်နိုင်နိုင်သိရမယ် (မှန်ပါ့)။
ဦးခင်မောင်သဘောကျပြီလား (ကျပါပြီ)၊ နောက်တုန်းက ဘာမသာဖြစ်ခဲ့သတုန်း (ခွေးကိုက်မသာဖြစ်ခဲ့ပါတယ်) ခွေးရူးကိုက်သေခဲ့တာလား၊ ခွေးကောင်းကိုက်ပြီးသေခဲ့တာလား (ခွေးရူးကိုက်ပြီးသေခဲ့တာပါ ဘုရား)၊ ကိုက်ခဲ့ဖူးလှပြီ ဒကာ ဒကာမတို့၊ သေသေချာချာတွေးမှနော် (မှန်ပါ့)၊ ဒီကံနှစ်ကံဟာ ခွေးရူးချည်းပဲ၊ ကံရူးတွေမို့ ဟိုပို့လိုက် ဒီပို့လိုက်နဲ့ ဦးခင်မောင် (မှန်ပါ့)၊ ဟိုကိုက်လိုက် ဒီကိုက်လိုက်ဆိုတော့ လွတ်ဖို့ကိုပါရဲ့လား (မပါပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာမသိသရွေ့ ကာလပတ်လုံး ခွေးကိုက်သေဖို့ရာမှ လွတ်စရာမမြင်တော့ပါ ဘူး (မမြင်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နောက်ကျတော့ ခင်ဗျားတို့ အသုဘလာဖိတ်လို့ရှိရင်ဖြင့် ဘာရောဂါနဲ့သေတာတုန်း မေးမနေနဲ့တော့နော် (မှန်ပါ့)၊ မမေးနဲ့တော့ ဦးဘတင်၊ အဖြေကထွက်နေပြီ၊ အင်း ခွေးတော့ကိုက်ပြီ သေပြီဟေ့ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ကုသိုလ်ကံလဲခွေး၊ အကုသိုလ်ကံလဲ ခွေးလို့ဆိုထားတာကိုး (မှန်ပါ့)၊ ဟုတ်လဲဟုတ်တာပဲ၊ ကံကုန်လို့သေ၊ ကံစီမံ သလိုခံရတာချည်းပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒီအထဲမှာ ဒကာ ဒကာမတွေ နတ်များဖြစ်ချင်ရင်လဲ ခင်ဗျားတို့ဆိုင်းဘုတ်တော့ နတ်ပဲ၊ သေတော့ခွေးကိုက် သေရမှာပဲ (မှန်ပါ့)၊ ဗြဟ္မာဖြစ်ချင်ရင်လဲ ဆိုင်းဘုတ်ကတော့ (ဗြဟ္မာပါ ဘုရား)၊ သေတော့ခွေးကိုက်သေရမှာပါဘုရား၊ ခွေးကိုက်သေရမှာပဲဆိုတော့ တန်းတူသွားပြီ (မှန်ပါ့)၊
သုံးဆယ့်တစ်ဘုံထဲမှာ ထူးခြားတာများပါသေးသလား
သုံးဆယ့်တစ်ဘုံထဲမှာ ထူးခြားတာများပါသေးသလား (မပါပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာရှိရင် မထူးခြား (မထူးခြားပါ ဘုရား)၊ ခန္ဓာဇာတ်သိမ်းရင် (ထူးခြားပါတယ် ဘုရား)၊ ခန္ဓာဇာတ်သိမ်းရင်တော့ ခွေးကိုက်လဲမခံရ၊ အသေလဲမရှိတော့ ဒါဟာ အန္တရာယ်ကင်းလို့ ဘေးရှင်းပေါ့ (မှန်ပါ့)၊ ဆိုနိုင်ကြမလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာဒကာမတို့ သစ္စာသိဖို့ပဲ ကြိုးစားကြည့်ကြပါစို့ဆိုတော့ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီး နာရီသုံးမတ်တိုင်တိုင် ဒီဥစ္စာကို အရေးတကြီးပြောနေပါလိမ့်မတုန်းလို့ မေးတော့မှ ခင်ဗျားတို့ဝမ်းထဲမှာ ကိလေသာဖြူစင် အောင်လို့ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အခုတော့ ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေက စဉ်းစားကြည့်စမ်းပါလား နောက်ထပ်များရချင်သေးသလား (မရချင်ပါ ဘုရား)၊ ခန္ဓာခင်တဲ့ တဏှာသေသွားပြီ၊ ဖြူသွားပြီ (မှန်ပါ့)၊
လူ့ပြည်၊ နတ်ပြည် ဒကာ ဒကာမတွေ ဘာမသာတွေများပါလိမ့် (ခွေးကိုက်တဲ့ မသာတွေများပါတယ် ဘုရား)၊ အဲဒီများတက်ပြီး မသာကြီးချများလုပ်လိုက်ရရင် ဘယ့်နှယ်နေပါ့မတုန်း (မလုပ်ချင်ပါ ဘုရား)၊ မလုပ်ချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)၊
ဖြူနေတဲ့အချိန်မှာ ဘာလုပ်ရမှာတုန်း
ဒါဖြင့် ဟိုဘုံဘဝတွေ တွယ်တာတဲ့ တဏှာရောရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အခုခန္ဓာကိုတွယ်တာတဲ့ တဏှာရော (မရှိပါ ဘုရား)၊ ရှေ့ကိုလဲ ဘာဖြစ်ချင် ညာဖြစ်ချင်တွယ်တာတဲ့ တဏှာရော (မရှိပါ ဘုရား)၊ ဒါဖြင့် ဦးခင်မောင်ဝမ်းထဲမှာ ဖြူ မဖြူ (ဖြူပါတယ် ဘုရား)၊ ဖြူနေတဲ့အချိန်မှာ ဘာလုပ်ရမှာတုန်း (သစ္စာဟောရပါတယ်) အဲ ဖြူတဲ့အချိန်မှာ သစ္စာဟောမှစွဲတယ် (မှန်ပါ့)။
အဝတ်ကို ခင်ဗျားတို့ဖြူနေအောင် ဆော်ဒါတွေ၊ အက်စစ်တွေနဲ့ချွတ်ပေါ့ဗျာ၊ ချွတ်ပြီးတော့မှ ဆိုးချင်တဲ့ ဆေးရည်ဆေးရောင်နဲ့ဆိုးပါ၊ ဦးခင်မောင် စွဲ မစွဲ (စွဲပါတယ် ဘုရား)၊ နဂိုကိုက ဆီသည်မလက်သုတ်ပဝါဖြစ်နေတာ ဆိုးလိုက်ရင်တော့ ဘာဆိုးဆိုး စွဲမှာမဟုတ်ပါဘူး (မစွဲပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အခုအချိန်ဖြင့် ဘယ့်နှယ်နေကြသတုန်း (ဖြူစင်ပါတယ်)၊ ဖြူဝင်နေပါတယ်၊ ဝမ်းတွင်းမှာ ၊အိမ်ပြန် မနေကြနဲ့ဦး (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ကဲ ဒါဖြင့် သစ္စာပြစို့၊ ဦးခင်မောင် သစ္စာပြကြစို့နော် (မှန်ပါ့)၊ သစ္စာဆိုတာက ဒကာ ဒကာမတို့ ဘာပါလိမ့် မတုန်းဆိုတော့ ဒုက္ခသစ္စာ (မှန်ပါ့)၊
ခန္ဓာကြီးက သုံးနာမည်စပ်ခေါ်ထားတာ
ခင်ဗျားတို့ ခန္ဓာကြီးက သုံးနာမည်စပ်ခေါ်ထားတာ၊ ဒု-ရယ်၊ ခ-ရယ်၊ သစ္စာရယ် (မှန်ပါ့)၊ ဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။
ဒု-က ဒကာဒကာမတို့ မြန်မာလိုပြန်ပေးလိုက်လို့ရှိရင်ဖြင့် စက်ဆုပ်စရာလို့မှတ်စမ်းပါ (မှန်ပါ)။ ခ-ဆိုတာ အသုံးမကျတာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊ သစ္စာဆိုတာက မှန်တာ (မှန်ပါ့)၊ ပေါင်းလိုက်တဲ့အခါကျတော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာတဲ့တုန်း (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)၊ အဲ ခင်ဗျားတု့ိ ခန္ဓာကြီးဟာ ရူပက္ခန္ဓာကလဲ စက်ဆုပ်စရာ အသုံးမကျတာအမှန်၊ ဝေဒနာကရော (စက်ဆုပ်စရာ အသုံးမကျတာအမှန်ပါ)၊ စိတ်တွေကရော (စက်ဆုပ် စရာ အသုံးမကျတာအမှန်ပါ ဘုရား)၊ ကဲ-ဦးခင်မောင်ပေါ်လာပြီ၊ ဦးဝ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် သူ့နာမည်နဲ့သူ့ခန္ဓာကြီးဖြစ်စဉ်နဲ့ ကျုပ်တို့တိုက်ကြဦးစို့နော် (မှန်ပါ့) နာမည်ကဖြင့် ဒီ့ထက်ဆိုးတာတော့ မရှိဘူး (မရှိပါ ဘုရား)၊ ဒကာဒကာမတို့ဘာတဲ့ (စက်ဆုပ်စရာအသုံးမကျတာ အမှန်ပါ ဘုရား)။
စက်ဆုပ်စရာအသုံးမကျတာအမှန်ပဲ
အဲဒါ ခင်ဗျားတို့ခန္ဓာထဲမှာ ငါးပါးရှိတဲ့အနက်က တစ်ပါးတစ်ပါးဟာ ဒီသုံးနာမည်သုံးနာမည် ပေါင်းစပ်ထားတာ ရတယ် (မှန်ပါ့)၊ ရူပက္ခန္ဓာမှာလဲ ဒီသုံးနာမည်ရတာပဲ (မှန်ပါ့)၊ စက်ဆုပ်စရာအသုံးမကျတာအမှန်ပဲ (မှန်ပါ့)၊
ဦးခင်မောင် ဝေဒနာက္ခန္ဓာမှာရော (စက်ဆုပ်စရာ အသုံးမကျတာအမှန်ပါ ဘုရား)၊ စက်ဆုပ်စရာ၊ အသုံးမကျတာဆိုတဲ့ ဥစ္စာခင်ဗျားတို့ ခန္ဓာ၏ နာမည်ရင်း (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့ အမေ အဖေက လက်ဖက် ကွမ်း ဆေးတွေ ကျွေးမွေးပြီး သကာလ ပေးတဲ့နာမည်နဲ့တော့ တခြားစီလို့မှတ်ပါ (မှန်ပါ့)၊ အညွှန့်တပ်ပြီးပေးတာက ရှိသေးတယ် (မှန်ပါ့)၊ သူ့ဟာသူ အရူးကပေးတော့ အနှမ်းတွေ ဝိုင်းခေါ်ကြတာပဲ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ အရူးက သူ့ဟာသူ ဆိုင်းဘုတ်ဆွဲထားတယ်၊ ဒါကလေးဟာ အညွှန့်၊ ဒါကလေးဟာ အရင်းနဲ့ (မှန်ပါ့)။
ပင်ကိုနာမည်ရင်း သိကြပြီလား
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ပင်ကိုနာမည်ရင်း သိကြပြီလား (သိကြပါပြီ)၊ နာမည်ရင်းက ဘာတဲ့ (စက်ဆုပ်စရာ အသုံးမကျတာအမှန်ပါ ဘုရား)၊ ပါဠိလိုတော့ ဘယ်လိုခေါ်ကြသတုန်း (ဒုက္ခသစ္စာပါ)၊ ပါဠိလိုတော့ဒုက္ခ သစ္စာ၊ ကျုပ်တို့ မြန်မာလို ပြန်လိုက်တော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတော့ ဒကာ ဒကာမတွေ သေသေချာချာ ရှင်းသွားပါပြီ (မှန်ပါ့)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဆိုတဲ့ဥစ္စာဟာ ဦးခင်မောင်ခန္ဓာကိုဆိုတာ (မှန်ပါ့)။
ဦးခင်မောင် ဘာကိုဆိုတာပါလိမ့် (ခန္ဓာကိုဆိုလိုတာပါ ဘုရား) ဪ ဒါဖြင့် နတ်ပြည်များ ဆုတောင်းချင်တဲ့ ပုဂ္ဂိုလ် ဒါကို ရ၊ ရပါလို၏ (မှန်ပါ့)၊ ဗြဟ္မာ့ပြည်များ ဆုတောင်းတဲ့ ပုဂ္ဂိုလ်ရော (ဒါကို ရ၊ ရပါလို၏)၊ ဒါဆိုတာဘာပါလိမ့် (စက်ဆုပ်စရာအသုံးမကျတာအမှန်ပါ ဘုရား)၊
စက်ဆုပ်စရာ အသုံးမကျတာအမှန်ကြီးကို တပည့်တော်ဖြင့်ဘုရား များများ ကြီးရ၊ ရပါလို၏ဆိုတော့ ရူးပဲရူးလွန်းလှတယ် (မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
စက်ဆုပ်စရာ၊ အသုံးမကျတာ အမှန်ကြီးကို အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတာ့ ဦးခင်မောင်ပါးစပ်က ထွက်ရဲ တာကို အံ့ဩစရာဖြစ်နေတယ် (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)၊ နောက်များ ဒီလိုမထွက်ကြနဲ့နော် (မှန်ပါ့) မထွက်နဲ့တဲ့၊ ဘုရားက ခင်ဗျားတို့ခန္ဓာကို ဘာသစ္စာလို့ ဟောသတုန်း (ဒုက္ခသစ္စာလို့ဟောပါတယ် ဘုရား)၊
အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတော့
အဲဒါကို ဘုရားရှေ့သွားပြီး တပည့်တော်ဟာ ဘုရား ဒါကြီးကို အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတော့ ဘုရားအလိုတော့ဆန္ဒနဲ့ ကိုက်ပါဦးမလား (မကိုက်ပါ ဘုရား)၊ ဒါကြီးများများ ဖြစ်ရပါလို၏ဆိုတော့ ဦးခင်မောင် အတော်ယုတ်မာနေပြီဗျ (မှန်ပါ့ ဘုရား)၊
ဒီ့အပြင်နေရာ ယုတ်မာတော့ ကိစ္စရှိပါဘူး၊ ဘုရားအရှေ့တော်သွားပြီး မယုတ်မာပါနဲ့လို့ပြောရတယ် (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)၊ ဆိုးရွားလွန်းလို့ပါ ဒကာ ဒကာမတို့၊ သစ္စာနဲ့ဟောမှသာဆိုး တယ် (မှန်ပါ့)၊
ဒီ့ပြင်ဟာနဲ့ဆိုတော့ ဦးခင်မောင် ယဉ်ကျေးတယ်လို့တောင် ထင်ရသေးတယ် (မှန်ပါ့)၊ သစ္စာနဲ့ဟောလိုက် တော့ (မယဉ်ကျေးပါ ဘုရား)။
ဒါဖြင့် ဘယ်ခန္ဓာဖြစ်ဖြစ် စက်ဆုပ်စရာ အသုံးမကျတာအမှန် (မှန်ပါ့)၊ နည်းနည်းမှ မကွေ့မကောက် ပါဘူးတဲ့၊ အမှန်တောင်ပါလိုက်သေးတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ စက်ဆုပ်စရာ အသုံးမကျတာအမှန်ဟာ ခင်ဗျားတို့ ခန္ဓာငါးပါးပါပဲတဲ့၊ အဲဒီခန္ဓာငါးပါး တစ်ပါးပါးကို စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဖြစ်တယ်လို့ သေသေချာချာသိလို့ရှိရင် ဒါဟာ သစ္စာပိုင်ပြီ (မှန်ပါ့)။
ဦးခင်မောင် တစ်ပါးပါးကို (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဖြစ်လို့သိရင် ပိုင်ပါပြီ)၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ဖြစ်ဖို့ အရေးကြီးတယ် (မှန်ပါ့)။
စိတ်ဆိုတဲ့တရားပဲ ထားလိုက်စမ်းပါဦး
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးထဲမှာပဲ စိတ်ဆိုတဲ့တရားပဲ ထားလိုက်စမ်းပါဦး၊ စိတ်ဟာလဲ သူ့နာ မည်ကတော့ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပေါ့ဗျာ (မှန်ပါ့)၊ ခင်ဗျားတို့က စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ ထမင်းစားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ ထမင်းစားချင်တဲ့ စိတ်ကလေး ပေါ်လာတော့ ဪ ဒါကလေးဟာ ဘာသစ္စာ ပါလိမ့်မတုန်းလို့ဆိုတော့ ဒုက္ခသစ္စာပဲ ပေါ်လာတာပဲ (မှန်ပါ့)၊
ဘယ့်နှယ့်ကြောင့် ဒုက္ခ သစ္စာအဖြစ်နဲ့ပေါ်လာ ပါလိမ့် မတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)၊ အို ဒီဥစ္စာက ဒကာ ဒကာမတို့ ခင်ဗျားတို့ ကို နှိပ်စက်မလို့လာတာ(မှန်ပါ့)၊ ထမင်းစားချင်တဲ့စိတ် ရောက်လာတဲ့အချိန်ကစပြီး သကာလ ဒေါသကြီးတဲ့ပုဂ္ဂိုလ်မှာ ရှူးခနဲတောင် ထွက်လိုက်သေးတယ် (မှန်ပါ့)၊ မကျက်သေးဘူးလား မပြီးကြသေးဘူးလားကွာ စသည်နဲ့ တစ်ခါတည်းကိုပဲ ဘုရားသံ တရားသံဆိုရင် အကုန်ဝေး (မှန်ပါ့)၊ မဝေးကြဘူးလား (ဝေးပါတယ် ဘုရား)၊
ဝေးပြီး သကာလ တစ်ခါတည်း ဒေါသစိတ်လာတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ်လဲ တစ်ခါတည်း မျက်နှာထားတွေ ဘာတွေ မူ ပြောင်းကုန်တယ် (မှန်ပါ့)၊ ကိုယ့်ကိုယ် ကိုယ်လဲ ရုပ်ပျက်အောင်လုပ်တာလဲသူပဲ (မှန်ပါ့)၊ အိမ်သားတွေ အငြိမ်မနေရ အောင် ပျာယာ ခတ်အောင် လုပ်တာလဲ (သူပါပဲ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာလဲသူပဲ
ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာလဲ (သူပါပဲ)၊ သူတစ်ပါးနှိပ်စက်တာလဲ (သူပါပဲ ဘုရား)၊ ဒါဖြင့် ဒီတရားကို နှိပ်စက်တတ်တဲ့ တရားကို ခင်ဗျားတို့က ဪ -ဒီတရားမျိုး ဘယ်တော့မှ မကိန်းပါရစေနဲ့ စက်ဆုပ်စရာပဲ (မှန်ပါ့)၊
သား – လင် – ခင်ပွန်းမှာ ကိန်းလို့ရှိရင်လဲ (မကိန်းပါစေနဲ့)၊ ခင်ပွန်းမှာ ကိန်းရင်ရော (မကိန်းပါစေနဲ့)၊ ဘာကြောင့် တုန်း (စက်ဆုပ်စရာပါ)၊ ဒါဟာ သူ့ကိုယ်သူလဲ နှိပ်စက်တယ်ဗျာ၊ သူတစ်ပါးရော (နှိပ်စက်ပါတယ် ဘုရား)။
သူ့ကိုလဲနှိပ်စက်တယ်၊ သူတစ်ပါးကိုလဲ နှိပ်စက်တယ်ဆိုတော့ ဒကာ ဒကာမတို့ ဒါလောက်ဆိုးတဲ့ တရားတော့ ခင်ဗျားတို့ရှာမှ ရှားပါလိမ့်မယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ရှာမှ မရှားပေဘူးလား (ရှားပါတယ် ဘုရား)၊ ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ထမင်းဆာတဲ့စိတ်လာရင် သူတစ်ပါးနှိပ်စက်သလား ကိုယ့်ကို အရင်နှိပ်စက်သလား (ကိုယ့်ကို အရင်နှိပ်စက်ပါ တယ် ဘုရား)၊ ကိုယ့်နှိပ်စက်ပြီးတော့ ငြိမ်ငြိမ်နေရဲ့လား (မနေပါ ဘုရား) ၊ တစ်အိမ်လုံးကို ပွက်လောရိုက်အောင်ဆူလိုက်တာ (မှန်ပါ့)၊ မလာဘူးလား (လာပါတယ်) အဲ ခင်ဗျားတို့က ကိုယ်တွေ့ပါ၊ ကိုယ်ဆာလာလဲ သူတစ်ပါးကို ဆူချင်တာပဲ၊ သူတစ်ပါးဆာလာလဲ ကိုယ့်အဆူခံရတာဖြင့် အပါယ်လေးပါးဖြင့် ဝလောက်ပါပြီ(မှန်ပါ့)။
ကိုယ့်ကိုယ်ကိုယ်လဲ နှိပ်စက်ခြင်းကြောင့်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ စက်ဆုပ်စရာ အသုံးမကျတာ ကိုယ့်ကိုယ်ကိုယ်လဲ နှိပ်စက်ခြင်းကြောင့်၊ လောဘစိတ်ကလေးသည် စက်ဆုပ်စရာလဲ မှန်တာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)၊
သူတစ်ပါးကိုလဲ နှိပ်စက် ခြင်းကြောင့် စက်ဆုပ်စရာအသုံးမကျတာ အမှန်ပဲ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သောကြောင့် (စက်ဆုပ်စရာအသုံး မကျတာ အမှန်ပါ ဘုရား)၊ အိမ်နီးချင်းလဲ ခင်တဲ့ပုဂ္ဂိုလ် မင်တဲ့ပုဂ္ဂိုလ်တွေကို တစ်ပြုံကြီးနှိပ်စက်ခြင်းကြောင့် (စက်ဆုပ် စရာ အသုံးမကျတာ အမှန်ပါ)။
ကိုင်း ဒကာ ဒကာမတို့ သူကိန်းရာပုဂ္ဂိုလ်ကိုလဲ နှိပ်စက်တယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ နီးရာပုဂ္ဂိုလ်ကိုတော့ (နှိပ်စက်ပါတယ် ဘုရား)၊ ဝေးရာပုဂ္ဂိုလ်ကိုလဲ ရမ်းလိုက်သေးတာပဲ (မှန်ပါ့)၊ နီးတဲ့ပုဂ္ဂိုလ်ကိုလဲနှိပ်စက် လိုက်သေးတာပဲ (မှန်ပါ့)။
ငှက်ပျောပင်ကို ဘယ်သူသတ်သတုန်း
အဲဒီတော့ သူဟာ ဘာနဲ့တူသတုန်းလို့မေးတဲ့အခါကျတော့ “ ဖလံ ဟဝေ ကဒလိ ံဟန္တိ” ဆိုတဲ့အတိုင်းပဲ၊ ငှက်ပျောပင်ကို ဘယ်သူသတ်သတုန်းမေးရင် ဘယ်သူမှ ဓားနဲ့ လာမခုတ်နဲ့၊ ဘယ်သူကမှလဲ တူရွင်းပေါက်ပြားတွေနဲ့ အပင်ကိုတူးမယူနဲ့၊ ဒီအတိုင်းသာထားပါ ဒကာ ဒကာမတု့ိနော် (မှန်ပါ့)၊ သူ့ဟာသူ ငှက်ပျောသီးကလေးထွက်ပြီး ငှက်ပျောသီးက သက်လိုက်တာပဲ (မှန်ပါ့)။
ငှက်ပျောပင် ဘယ်သူက သတ်ပါလိမ့် (ငှက်ပျောသီးက သတ်ပါတယ် ဘုရား) ငှက်ပျောသီးဆိုတာလဲ ဒကာ ဒကာမတို့သူများကလာပြီး ထည့်တာလား၊ သူ့အထဲက ပေါက်ပွားလာတာလား (သူ့အထဲကပေါက်ပွားလာတာပါ ဘုရား)၊ ဦးခင်မောင်ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဦးဘအုန်း ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။
ဪ ဒီအပင်ထဲမှာလဲ သူ သီးသေးရဲ့၊ ဒီအပင်ကိုလဲ သတ်သေးတယ် (မှန်ပါ့)။ ဒီလိုပါပဲ၊ ကဲ ခင်ဗျားတို့ သန္တာန်ပေါ်လာတဲ့ လောဘစိတ်ကလေးဟာ ဒီပုဂ္ဂိုလ်ကိုပဲ အရင်သတ်တယ် (မှန်ပါ့)၊ ပြီးတော့မှ ဘေးက ပုဂ္ဂိုလ်ကို (သတ်ပါတယ် ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒုက္ခဿ ပီဠနဋ္ဌောဆိုတဲ့အတိုင်း ဒုက္ခသစ္စာ ဟုတ်မဟုတ် စဉ်စားကြည့်စမ်း (ဟုတ်ပါတယ် ဘုရား)၊ နှိပ်စက်တတ်တဲ့ တရား (မှန်ပါ့) နှိပ်စက်တာမှ ဒကာ ဒကာမတို့ ကမ်းကုန်အောင် နှိပ်စက်တာပဲ (မှန်ပါ့) ဒီဘဝမှာ ရုပ်ရည်အဆင်းပျက်အောင် လုပ်လိုက်သေးတယ်၊ နောက်ဘဝလဲ အပါယ်ကောင်ကြီးဖြစ်အောင် လုပ်လိုက်သေးတယ် (မှန်ပါ့)၊ ဦးခင်မောင် ဘယ်နှစ်ချက်နှိပ်စက်သတုန်း (နှစ်ချက်နှိပ်စက်ပါတယ် ဘုရား)၊ နှစ်ချက် နှိပ်စက်တယ်ဆိုတာ အကောင်းကိုပါကြရဲ့လား (မပါပါ ဘုရား)။
နှစ်ချက် နှိပ်စက်တယ်
ကောင်းပြီ၊ ဒါဖြင့် သူဟာ နှိပ်စက်တတ်သောကြောင့်လဲ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ (မှန်ပါ့ ဘုရား)၊ သူ့ကို လက်သပ်မွေးထားလို့ရော ဘယ်နေရာ အသုံးချကြမယ် (ဘယ်နေရာမှချလို့ မရပါ ဘုရား)၊ ဒါဖြင့် သူ့ကိုနာမည် ပေးကြဗျာ (စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ ဘုရား)၊ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် သူ့ကိုနာမည်ရင်းက ဆိုးသလောက်ပဲ ဆိုးပါပေတယ်လို့ဆိုရင်လဲ လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဘယ်လောက်ကြာပြီလဲ၊ ဒီကဲ့သို့ အဆိုးအပေတွေ ကျုပ်တို့ခံခဲ့ရာ ဘယ်လောက် အကြာကြီးကြာပြီလဲလို့ မေးလို့ရှိရင် မဂ်နဲ့မပယ်သေးရင် အမြဲရှိနေတာပဲ (မှန်ပါ့)။
ဘယ့်နှယ်ဆိုပါ့မလဲ (မဂ်နဲ့မပယ်သေးရင် အမြဲရှိနေပါတယ် ဘုရား)၊ ဒါဖြင့် ကျုပ်တို့မှာဖြင့် သက်ဆိုးရှည်နဲ့ပဲ နောက်ကအချိန်ကုန်ခံခဲ့ရတယ် (မှန်ပါ့)၊ ရှေ့ကိုလဲ သူ့ကို ဒုက္ခသစ္စာအဖြစ်မှန်း မသိသေးလို့ မပယ်နိုင်ကြသေးရင် သက်ဆိုးရှည်အဖြစ်နဲ့ သွားကြပေဦးတော့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နောက်တုန်းက ဘယ်လိုနေခဲ့ရသတုန်း (သက်ဆိုးရှည်ဘဝနဲ့ နေခဲ့ရပါတယ်)၊ ရှေ့ကို သူ့ကိုမပယ်နိုင်သေး ရင်ရော (သက်ဆိုးရှည်နဲ့ပဲသွားရဦးမှာပါ ဘုရား)၊ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သူဟာ သူ့နာမည်ရင်းကို ကြည့်လိုက်တဲ့အခါကျတော့ စက်ဆုပ်စရာ အသုံးမကျ တာ အမှန် (မှန်ပါ)။
ဘယ်စိတ်လာလာ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ
ဒါဖြင့် သူတစ်လုံးကို ဟောချင်ရင် ဘယ်စိတ်လာလာ ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (စက်ဆုပ် စရာ အသုံးမကျတာအမှန်ပါ)၊ အဲ လောကီစိတ်ဟူသရွေ့သည် ဦးဘတင် သေသေချာချာမှတ်ပေတော့၊ စက်ဆုပ်စရာ အသုံးမကျတာ အမှန်ပါ (မှန်ပါ့)။
ဒါကြောင့် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတော့ ဥပါဒါနက္ခန္ဓာဆိုတာ လောကီကိုဆိုလိုက်တာနော် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်လာလာ ခင်ဗျားတို့က စက်ဆုပ်စရာ အသုံးမကျတာ အမှန်ချည်း ဖြစ်အောင် ရှုပေးပါ (မှန်ပါ့)၊ လောဘလာလာ၊ ဒေါသလာလာ၊ လာချင်တဲ့စိတ်လာ၊ ဦးခင်မောင် ဘယ်လိုရှုရပါမတုန်း (စက်ဆုပ်စရာ အသုံးမကျတာ အမှန်လို့ရှုရပါတယ်)။
စက်ဆုပ်စရာ အသုံးမကျတော့ အမှန်ချည်းပဲလို့ ရှုလိုက်တော့ ဒကာ ဒကာမတို့သည်ကားလို့ဆိုရင်ဖြင့် ကိုယ့် သန္တာန်မှာ စိတ်စဉ်ကလဲပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)၊
မပြတ်တာတွေဟာ အကုန်စက်ဆုပ်စရာ အသုံးမကျတာ တွေ အမှန်ချည်းပဲ၊ ဒါတွေဟာ သေသေချာချာ နှိပ်စက်တတ်တဲ့ တရားတွေပဲဆိုပြီး သစ္စဉာဏ် ကိစ္စနဲ့ဉာဏ်သာ ရှုလိုက်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် သူဟာ ဒုက္ခသစ္စာဆိုသဖြင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာလဲ စိတ်တွေကအပြည့် အနှံ့ရှိနေတော့ ပေါ်တဲ့စိတ်ကိုလဲ ဒကာ ဒကာမတွေဟာ မျက်လုံးပေါ်တဲ့ စိတ်လဲ စက်ဆုပ်စရာ အသုံးမကျတာအမှန် ဆိုတော့ ကိုယ်ပေါ်ပေါ်တဲ့စိတ်တွေရော (စက်ဆုပ်စရာအသုံးမကျတာ အမှန်ပါ ဘုရား)၊
ဒုက္ခဖြစ်၍ ဒုက္ခပျက်သည်သာ ဆိုက်နေပါ
ဝမ်းထဲမှာပေါ်တဲ့ စိတ်တွေရော (စက်ဆုပ်စရာ အသုံးမကျတာအမှန်ပါ ဘုရား)၊ အဲဒီတော့ ဒကာ ဒကာမတို့၊ ဪ -ဒုက္ခသစ္စာ၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်သည် သာ ဆိုက်နေပါ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒုက္ခဖြစ်၍ (ဒုက္ခပျက်တာပါ ဘုရား)၊ ဘယ်စိတ်ပေါ်ပေါ်နော် (မှန်ပါ့)၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်နေတာပဲ။ ဒုက္ခဖြစ်၍ ဒုက္ခပျက်နေတာပဲဆိုတော့ ဪ -ဘာမှ မရှိပါကလား၊ ဒုက္ခသစ္စာသက်သက်ကြီးသာရှိပါကလားလို့ ခင်ဗျားတို့ဉာဏ်ဟာ တိုးတက်လာမလား မလာဘူးလား (လာပါတယ် ဘုရား)၊ လာလို့ရှိရင် အဲဒါ သစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အခါကျတော့ ဒီဒုက္ခသစ္စာ ချုပ်သွားမှာပဲ ဦးခင်မောင်ရေ (မှန်ပါ့၊ ချုပ်သွားတယ်ဆိုကတည်းက နိရောဓပဲ၊ ဒါဟာ (မှန်ပါ့)၊ ဒုက္ခ နိရောဓ (နိဗ္ဗာနံပါ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ်စိတ်လာလာ ရှုပါ
ဒါဖြင့် စိတ္တာနုပဿနာကို ခင်ဗျားတို့ ဖြစ်ပျက်ဒုက္ခနဲ့ ဘယ်စိတ်လာလာ ရှုပါ (မှန်ပါ့)။ အဲဒါကိုရှုလို့ရှိရင် ဉာဏ်ရင့်ကျက်ပြီး ဆရာကောင်းတို့၏လမ်းညွှန်ချက်လည်းရ၊ ပဓာနိယင်္ဂတရာငါးပါးနှင့် ပြည့်စုံ၍ အဆုံးအမအတိုင်း လိုက်နာအားထုတ်ရင် ညနေအားထုတ် မနက်ကျရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တတည်နိုင်ပါတယ် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာတရားလဲ နာကြရပြီ (မှန်ပါ့)၊ သစ္စာကိုလဲ ခင်ဗျားတို့ နှလုံးသွင်းလို့ ရှိရင်ဖြင့် ကိစ္စပြီးနိုင်ပါတယ်လို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။