ကိုယ့်အကြောင်း ကိုယ် သိရမည်
(ကိံသုကောပမသုတ် – ၁)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသော
ကိုယ့်အကြောင်း ကိုယ် သိရမည်
(၂၁-၃-၆၁)
ကိုယ့်အရေးလို့မှတ်ကြပါ
တရားကြိုးစားနာကြဖို့ မြတ်စွာဘုရားက တိုက်တွန်းတယ်၊ ဆရာသမားကလဲ တိုက်တွန်းတာ ကိုယ့်အရေးလို့ မှတ်ကြပါ (မှန်ပါ)။
ဘယ်သူ့အရေးပါလိမ့် (ကိုယ့်အရေးပါ ဘုရား)၊ ကိုယ့်အရေးလို့မှတ်ကြပါဆိုတာကိုလဲ သတိပေးပါတယ် (မှန်ပါ) အရေးကိုလဲ တစ်ခါစဉ်းစားရပြန်တော့ ဒီအရေးက မလွှဲသာတဲ့ အရေးလား၊ လွှဲသာတဲ့ အရေးလား ဆိုတာကိုလဲ ဝေဖန် ကြည့်ကြပါဦး၊ ဝေဖန်တဲ့အခါကျလို့ရှိရင်ဖြင့် အိုနာသေဘေးဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း မလွတ်တမ်း တွေ့ရမည့် အရေးဖြစ်နေတော့ ဒါတွေရှောင်တာ နိဗ္ဗာန်ရှာတဲ့အလုပ်ပဲ (မှန်ပါ့)၊
အိုနာသေဘေး ဒုက္ခကင်းဝေးတဲ့ နိဗ္ဗာန်ကိုရဖို့ ရောက်ဖို့အလုပ်ကို ရှာကြတော့ ဪ – ဒါဟာ ကိုယ့်အရေးပေမယ့်လဲ ဒီ့ပြင်အရေးထက် မရှောင်သာတဲ့ အရေးမို့ အကြီးဆုံးထားရမယ်လို့လဲ မှတ်ရမယ် (မှန်ပါ)။
ကိုယ်အရေးထဲမှာလဲ ဒီအရေးကို ဘယ်လိုမှတ်ကြမယ် (မရှောင်သာတဲ့ အကြီးဆုံး အရေးပါ ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ရှင်သာရိပုတ္တရာမေးလို့ ဖြေထားတာ ဥပရိပဏ္ဏသပါဠိတော် ဆန္ဒောဝါဒသုတ်မှာ လာတာကရှိတော့
“ယော ခေါ သာရိပုတ္တ ဣမဉ္စ ကာယံ နိက္ခိပတိ၊ အညဉ္စ ကာယံ ဥပါဒိယတိ၊ တမဟံ သဥပဝဇ္ဇောတိ ဝဒါမိ” လို့ ဟောထားခဲ့တယ် (မှန်ပ့ါ)၊
အပြစ် သင့်ပုံကို ငါပြောပြချင်တယ်
ဒါက ဘာပါလိမ့်မလဲဆိုတော့ သာရိပုတ္တရာ အပြစ် သင့်ပုံကို ငါပြောပြချင်တယ်၊ အပြစ်အကြီးဆုံးကို မင်းသိအောင် နားထောင်စမ်းပါဆိုပြီး ပြောတဲ့နေရာများမှာ ယခုရ ထားတဲ့ ခန္ဓာကိုယ်ကြီးကိုတော့ ပစ်ကြမှာပဲတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတွေ ယခုရထားတဲ့ ခန္ဓာကြီးကို ဘာလုပ်ကြမတုန်း (ပစ်ကြရပါမယ်) ပစ်ကြရမှာပဲ၊ ဒကာ ဒကာမတွေ ဒီခန္ဓာကြီးကို ဒကာ ဒကာမတွေ ဘယ်သူမှ သိမ်းဆည်းထားလို့လဲ မရဘူး၊ သိမ်းဆည်းထားလို့လဲ သူကနေ မှာလဲမဟုတ်ဘူး (မှန်ပါ့)၊ မအိုပါနဲ့ဦးတားလို့ရော ရပါ့မလား (မရပါ ဘုရား)၊ မနာပါနဲ့ဦး တားလို့ရော (မရပါ ဘုရား)။ မသေပါနဲ့ဦးတားလို့ရော (မရပါ ဘုရား)၊ မရတော့ သူသည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ပစ်ရမှာပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာကြီး ရထားတဲ့ပုဂ္ဂိုလ်များဟာ အမွှမ်းတင်မလို့လား၊ နောက်ဆုံးပိတ်ပစ်လိုက်ဖို့လားလို့မေးလို့ရှိရင် ဘယ့် နှယ်ဖြေပါ့မလဲ၊ ဒကာ ဒကာမတွေ တရားတစ်ပွဲလုံး ဘယ့်နှယ်ဖြေပါ့မလဲ (ပစ်လိုက်ဖို့ပါ ဘုရား)၊ ဦးခင်မောင် ပစ်လိုက် ဖို့ရထားတာ (မှန်ပါ့ ဘုရား)။
ပစ်ဖို့ရတာကတော့ ထုံးစံပါပဲ၊ လူတိုင်းမှာပဲ ပစ်ဖို့ရထားတာပဲ၊ ဆရာတော်သမားတော် အလုံးစုံအကုန် လူပညာ ရှိ ပညာမဲ့တွေရော တရားနာတဲ့ ဒကာ ဒကာမတွေရောအကုန်လုံးပဲ ပစ်ဖို့ရကြတာပဲ (မှန်ပါ့)၊ သို့သော်လဲ “အညဉ္စ ကာယံ ဥပါဒိယတိ” တစ်ပါးသော ခန္ဓာကိုယ်ကို (ဝါ) နောက်ထပ်ခန္ဓာကိုယ်ကို စွဲလမ်းပြီး ရနေမယ်ဆိုပြန်လို့ရှိရင်လဲ ထိုပုဂ္ဂိုလ်ဟာ အပြစ်ကပ်ရောက်တာပဲတဲ့ (မှန်ပါ့)၊ နောက်ခန္ဓာပြန်ရပြန်လို့ရှိရင်လဲ ကပ်ငြိမှုရှိတယ်၊ အပြစ်သင့်ပြန်တယ် လို့ ငါဘုရားက ဟောတယ်တဲ့ (မှန်ပါ့)။
ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရရင်
ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရရင် ဘာတဲ့ ဒကာ ဒကာမတို့ (အပြစ်သင့်ပါတယ် ဘုရား)။
စဉ်းစားပါ စဉ်းစားပါ ဒကာ ဒကာမတို့၊ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာတစ်ဖန်ရပြန်ဦးတော့မယ်ဆိုရင်ဖြင့် အပြစ် သင့်တယ်ဆိုလိုတာပေါ့ဗျာ (မှန်ပါ့)။
ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အရေးတကြီးပြောတဲ့စကား ဖြစ်နေပါကလား၊ ရှင်သာရိ ပုတ္တရာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာရိပုတ္တရာ ဤခန္ဓာကို စွန့်ပြီး တစ်ပါးသော ခန္ဓာကိုစွဲလန်း လို့ရခဲ့လို့ ရှိရင်လဲ အပြစ်သင့်တာပဲလို့ ဟောသောကြောင့် ဒကာ ဒကာမတွေ ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာအပြစ် သင့်တဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အခု ဒကာ ဒကာမတွေ ဒီခန္ဓာငါးပါးကြီးနဲ့ တရားနာနေကြတယ်၊ ဒီခန္ဓာကြီးစွန့်ပစ်ပြီး နောက်ခန္ဓာငါးပါး ရတယ်ဆိုရင်ဖြင့် ကပ်ငြိမှုအပြစ်သင့်ပြန်တာပဲ (မှန်ပါ့)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စဉ်းစားရမှာက နောက်ခန္ဓာရတာ ဘာဖြစ်တာပါလိမ့် (အပြစ်သင့်တာပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နောက်ခန္ဓာရတာဟာ အပြစ်သင့်တာပဲ
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဘုရားသည် ဤမျှလောက် ကြီးကြီးကျယ်ကျယ် တခမ်းတနား ဤခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ အပြစ်သင့်တာပဲလို့ ဟောတော်မူရသလဲလို့ ဒကာမတို့ မောင်ကိုတို့ ဦးခင်မောင် တို့က အမေးထုတ်လို့ရှိရင်ဖြင့် နောက်ခန္ဓာ စ,ရတယ်ဆိုတာလဲ “ ဇာတိပိ ဒုက္ခာ”ဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခ သစ္စာရတယ်)၊ ဒုက္ခသစ္စာကြီး ပြန်မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီခန္ဓာကြီးပစ်လိုက်ရတာဟာလဲ ဒီခန္ဓာကြီးက “မရဏမ္ပိဒုက္ခံ” ဆိုတော့ မရဏဒုက္ခကြီးကိုလဲ ကျုပ်တို့ ပခုံးပေါ်ကနေပြီး ချလိုက်ရပါရော၊ “ ဇာတိပိဒုက္ခာ”ဆိုတာကြီး ပခုံးပေါ်ပြန်ရောက်ပြန်တာပဲ (မှန်ပါ့)၊ ဒီအဓိပ္ပာယ် မသက်ရောက်ဘူးလား (သက်ရောက်ပါတယ် ဘုရား)၊
ဪ ဒါဖြင့် အပြစ်သင့်တယ်ဆိုတာ ဒကာ ဒကာမတွေ ယုံကြ ပြီလား (ယုံပါပြီ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တိုက်ရိုက်ဟောထားတော်မူ တော့ ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာကိုစွဲလမ်းပြီး ရခဲ့လို့ရှိရင်ဖြင့် အပြစ်သင့်တာပဲလို့ ရှင်သာရိပုတ္တရာကို ဟော်တော် မူသောကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာမရတာဟာ အကောင်းဆုံးပဲဆိုတဲ့ အဓိပ္ပာယ်ထွက်လာပြီ (ထွက်လာပါပြီ ဘုရား)။
ဦးခင်မောင် ဘာထွက်လာသတုန်း (ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာမရတာဟာ အကောင်းဆုံးပါ ဘုရား)၊ ဒါ ဆန္နောဝါဒသုတ် ဥပရိပဏ္ဏာသပါဠိတော်နှင့် ခန္ဓဝဂ္ဂသံယုတ် ထေရဝဂ် ဆန္နသုတ်တော်မှာ သေသေချာချာဟောထား ပါတယ် (မှန်ပါ့)။
ရှင်သာရိပုတ္တရာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ယောခေါ သာရိပုတ္တ (ပ) သဥပဝဇ္ဇောတိ ဝဒါမိ “ လို့သေသေချာချာ ဟောပြီး သကာလ ထားသောကြောင့် ဒကာ ဒကာမတို့ ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာရတာဟာ အပြစ်သင့်တာပါပဲ (မှန်ပါ့)။
တရားကို ကြိုးစားကြပါဆိုတာ
ဒါကြောင့် ခင်ဗျားတို့ တရားကို ကြိုးစားကြပါဆိုတာ တိုက်တွန်းပါတယ်နော် (မှန်ပါ့)၊ တရားကြိုးစားလို့ ရှိရင် ဖြင့် ဒကာ ဒကာမတို့ ကိုယ့်ပါရမီ ကိုယ့်ဉာဏ်အလိုက် ဒီဘဝမရလဲ နောက်ဘဝရမှာပဲ၊
ဒီဘဝတွင်လဲ ရနိုင်သေးတာပဲ ဆိုတာလဲရှိတာပဲ၊ အဲဒီတော့ နောက်ခန္ဓမရတာဟာ အပြစ်လွတ်တာပဲဆိုတာ သေသေချာချာမျတ်ထားတော့မှ ဒကာ ဒကာမတို့ နောက်ခန္ဓာရမှုကို ဘုရားကအပြစ်သင့်တာမျိုးပဲလို့ ဟောထားသဖြင့် ခင်ဗျားတို့ နောက်ဘဝကူး ကောင်းအောင် ဒီလောက်တင် စိတ်ထဲမှာထားပြီး မကျင့်ဘဲနဲ့ ဘဝကို ကျွတ်လွတ်အောင်ဟေ့ဆိုပြီး သကာလ စိတ္တုပ္ပါဒ်ကို ပြင်းပြင်းထန်ထန် ထားပြီးတော့ ကျင့်ကြံပါဆိုတဲ့အကြောင်းကို တိုက်တွန်းပါတယ် (မှန်ပါ့)။
ဒီလိုတရားတွေနာ၊ ဒီလိုတရားတွေ အားထုတ်တော့ နောက်ဘဝကောင်းစားအောင် ဘဝကူး ကောင်းစားအောင် ဆိုတဲ့ဥစ္စာသည် ဒကာ ဒကာမတို့ ဘုရားအကြိုက်အစစ်ကြီး မကျသေးဘူးဆိုတဲ့ဥစ္စာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)
ဘဝကူးကောင်းရုံဆိုတာ ဘုရားအကြိုက်တော် အစစ်ဖြစ်ပါပြီလား (မဖြစ်သေးပါ ဘုရား)။ မတတ်သာလို့ ရှိရင်လဲ ကူးချင် ကူးပေစေပေါ့ဗျာ၊ ကိုယ်ဟာ သဒ္ဓါတွေညံ့၊ ဝီရိယတွေညံ့လို့ ကူးချင် ကူးပါစေပေါ့၊ ကိုယ့်စိတ်ထားကတော့ ဒီမျှလောက်တင် မထားပါနဲ့၊ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာမရတဲ့အလုပ်ကိုဖြင့် ကြိုးစားပါတော့မယ်ဆိုတာ အကောင်းဆုံးပါပဲ (မှန်ပါ့)။
ဘဝမလာအောင် ကြိုးစားကြမယ်
ဘယ်လိုပါလိမ့် (ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာမရတာ အကောင်းဆုံးပါ ဘုရား)၊
အဲ ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာ မရတာကို ကြိုးစားမှပဲ၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် နှစ်ခွန်းသော စကားကို မပြောဘဲနဲ့ တစ်ခွန်းသောစကား ကို အမှန်သုံးပြီး သကာလ နေတဲ့ ကိုယ်တော် မြတ်ကြီး ဖြစ်ပြီး သကာလ နေသောကြောင့် ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာဟာ အပြစ်နှင့်တကွဖြစ်တာလို့ ဟောတော်မူသောကြောင့် ကျုပ်တို့ ဝီရိယက ဘဝကူးကောင်းအောင်ဟဲ့ဆိုတာလေးကို ထားခဲလို့ရှိရင်ဖြင့် ကျုပ်တို့ ဝီရိယ ဆန္ဒပျောက်ပြီး သကာလ ကျုပ်တို့လဲ အပြစ်ကင်းရာရောက်မယ်ဆိုတဲ့အကြောင်း ဟာ ဦးခင်မောင် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတို့ ဒါဖြင့် ဘဝကူးကောင်းရုံပဲလား ဘဝမလာအောင် ကြိုးစားကြမလားလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ဘဝမလာအောင် ကြိုးစားကြမယ် ဘုရား) စိတ်ထားကလဲ ဒါလောက်ထိအောင်ထားရမယ် (မှန်ပါ့)။
စိတ်ထားကလဲ ဒီလောက်ထိအောင် ပြင်းပြင်းထန်ထန်ထားပါ၊ ကြိုးလဲ ကြိုးစားပါဆိုတဲ့ ဥစ္စာကိုဖြင့် ဒကာ ဒကာမတို့ ဘုရားဟောကိုတော့ မလေးမစား မယုံမကြည်နဲ့မှတ်ဖို့တော့ မလိုတော့ဘူး (မှန်ပါ့)၊ လေးလေးစားစားနဲ့ ဦးဘရင်တို့ မှတ်ကြပါ (မှန်ပါ့)၊
ဘုရားဟောတော်မူတာ ကိုသာ အမှန်ထားကြရမှားကိုးဗျ၊ ကိုယ့်ဉာဏ်ကတော့ အဝိဇ္ဇာတွေကဖုံး၊ တဏှာတွေက ငြိကပ်နေတော့ ကိုယ့်ဉာဏ်ကတော့ ဒကာဝတို့ မောင်ကိုတို့ အမှန်မဆိုက်သေးဘူးနော် (မှန်ပါ့)၊ သူပြော တာကို အားတက်ပြီး လိုက်မှသာလျှင် ကျုပ်တို့သည် အင်မတန်ကောင်းတဲ့ ဝီရိယဆိုတဲ့ အဓိပ္ပာယ်မျိုး ရောက်ပါလိမ့် မယ် (မှန်ပါ့)။
ကိုင်း- ဒါဖြင့် ဒီဘဝ ဒီခန္ဓာစွန့်ပြီးရင် နောက်ခန္ဓာရရင် ဘာတဲ့ (အပြစ်သင့်တာပါ ဘုရား) အပြစ်သင့်တာ၊ နောက်ခန္ဓာရတာ ဘာတဲ့ (အပြစ်သင့်တာပါ ဘုရား)၊
စိတ်ထားကဖြင့် မလျှော့ကြပါနဲ့
အဲဒီတော့ ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာ လျှောက်ထားလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဥပရိပဏ္ဏာသပါဠိတော် ဆန္နောဝါဒသုတ်မှာ ဟောတော်မူတယ်၊ ဒကာ ဒကာမတွေ စိတ်ထားကဖြင့် မလျှော့ကြပါနဲ့၊ ဘဝကို မတွေ့ချင်ဘူးကွာ၊ နောက်ဘဝဆိုလို့ရှိရင် ဒကာ ဒကာမတို့သိတဲ့အတိုင်း ဒီဘဝက စုတေမနေသေလွန်လို့ ဘဝတစ်ခုလာမယ်ဆိုရင် ဇာတိလာပြီ (မှန်ပါ့)၊ မလာပေးဘူးလား (လာပါတယ် ဘုရား)၊ ဇာတိ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။
ကဲ ဒီဒုက္ခသစ္စာ အပင်မျိုးစေ့ချမိပြီဆိုမှဖြင့် ဇရာဆိုတဲ့ အပင်တွေ၊ ဗျာဓိဆိုတဲ့အပင်တွေ၊ မရဏဆိုတဲ့အပင်တွေ ဟာ ဒကာ ဒကာမတို့ အညွှန့်တွေ အခက်တွေ ဝေမလာပေဘူးလား (ဝေလာပါတယ် ဘုရား)၊ ဝေလာတာဟူသရွှေ့လဲ ဘာသစ္စာလို့ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊
ဒုက္ခသစ္စာလို့ဆိုကြမှာဖြစ်နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကတော့ သစ္စာမြင်တော်မူတာနဲ့ ဟောတော်မူပါကလားဆိုတာ လေးစားစွာနဲ့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ နောက်ကို ဒကာ ဒကာမတွေ “ဇာတိပိ ဒုက္ခာ”တွေ မလာပါနဲ့ဆိုလို့မဖြစ်နိုင်ဘူး၊ နောက်ခန္ဓာရတယ်ဆိုရင် ဇာတိပဲ (မှန်ပါ့)၊
နောက်ခန္ဓာရတယ်ဆိုရင် ဇရာကော (လာပါတယ် ဘုရား)၊ နောက်ခန္ဓာရတယ်ဆိုရင် ဗျာဓိကရော (လာပါတယ် ဘုရား)၊ နောက်ခန္ဓာရတယ်ဆိုရင် မရဏရော (လာပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒုက္ခဆက်ရမှာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အမြင်ကျယ်ကျယ်နဲ့ မြင်တော်မူ သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဘုရား၏တပည့်သားတွေဖြစ်တဲ့ အတွက် ဘုရားစိုးရိမ်တော်မူတာလဲ ပေါ်လာတယ် (မှန်ပါ့)၊ ဒီခန္ဓာရပြီး နောက်ခန္ဓာရမယ်ဆိုရင် အပြစ်သင့်တာပဲကွ ဆိုတော့ ဒီအပြစ်တော့ မသင့်စေနဲ့ဆိုတဲ့ အဓိပ္ပါယ်မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
သေနည်းကလေးကို သင်ပေးပါဦးမယ်
ဒါက ဥပရိပဏ္ဏာသပါဠိတော်နှင့် သံယုတ်ပါဠိတော်မှာလာတဲ့ အစိတ်အပိုင်းကိုဟောလိုက်ပါတယ်။ အဲဒီတော့ ဒီအထဲမှာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ဟောထားတဲ့ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်မှာလာတဲ့ သေနည်းကလေးကို ဒကာ ဒကာမတွေ သင်ပေးပါဦးမယ် (မှန်ပါ့)။
ဘယ်လိုသေမှကောင်းမှာပါလိမ့်မလဲဆိုတော့ ဒကာ ဒကာမတွေ သေရမည့် ချည်းပဲဖြစ်နေတော့ မလွှဲသာမရှောင်သာကိုလဲ ဒကာဝ၊ မောင်ကိုတို့သိပြီးသားနော် (မှန်ပါ့)။
ဘယ်လိုသေရမတုန်း ဆိုတော့ ရှင်အာနန္ဒာကို ဘုရားဟောထားတာက ရှိသေးတယ်၊ အဲဒါကလေး သေသေချာ ချာမှတ်ရမယ် ဒကာ ဒကာမတို့ (မှန်ပါ့)၊ ခုနက ဟောခဲ့တဲ့ ဒေသနာတော်နည်းကိုလဲ သိကြပြီနော် (မှန်ပါ့)။
အဲဒီအပြစ် ကို ရှောင်တဲ့နည်းကလေး ဦးခင်မောင်ပေးချင်တယ် (မှန်ပါ့) ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ ဪ ဒါက နောက်ခန္ဓာရရင်ဖြင့် အပြစ်သင့်တာပဲ၊
ဒီအပြစ်ကို ရှောင်ချင်လို့ရှိရင်ဖြင့် ဘယ်လိုလုပ်လို့ ဘယ်လိုကိုင်ပြီးရှောင်ရမှာ ပါလိမ့်မလဲဆိုတဲ့ အမေးကို ဘုန်းကြီးများက အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဘုရားကိုယ်တော်တိုင် ဟောပြီး သကာလ ထားတာ ဒီအဖြေ ကလေးနဲ့ ခင်ဗျားတို့ အသုံးချ လိုက်စမ်းပါ (မှန်ပါ့)။
ဒီအဖြေက ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ခန္ဓာကိုယ်ကြီးကို ယခုလဲ လက္ခဏာ ရေးသုံးပါးထင်အောင် ဖြစ်ပျက်အနိစ္စတွေလဲ ကြိုးစားကြပေါ့ဗျာ (မှန်ပါ့)၊ ကြိုးစားကြပြီး သကာလ တပည့်တော်တို့ ယခုအချိန်ဖြင့် သားရေးသမီးရေး စီးပွားရေးကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့မရဘူး၊ ဝိပဿနာဉာဏ်လောက်ပဲ ရတယ်လို့ထားပါဦးတော့ (မှန်ပါ့)၊
ဝိပဿနာဉာဏ်လောက် ရတဲ့အခါကျလို့ရှိရင်
ဝိပဿနာဉာဏ်လောက် ရတဲ့အခါကျလို့ရှိရင်၊ သေနည်းအကောင်းဆုံးကို ငါပြောရလို့ ရှိရင်ဖြင့် ဝိပဿနာဉာဏ်တွေ အားထုတ်ထားပြီး ငါဘုရားတရားကိုနာရပြီး သေသွားတဲ့ သေခါနီးမှာ သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်သေးတယ်တဲ့ (မှန်ပါ့)၊
သေခါနီးမှာ တရားထူးတွေ တရားမြတ် တွေနာရလို့ (မှန်ပါ)၊ ရှေးကလဲ ဝိပဿနာကိုလုပ်ထားမှနော် (မှန်ပါ့)။
ဒီလိုမှမနာရလို့ရင် ငါဘုရား၏တပည့်သား ယခုလို သံဃာတော်တွေပေါ့ဗျာ၊ သံဃာတော်တွေဟောတဲ့တရား၊ ဒီတရားနာပြီး သေရလို့ရှိရင်လဲ သေခါနီးမှာ သောတာပန်သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်သေးတဲ့ကွတဲ့ (မှန်ပါ့)၊ နဂိုတုန်း တော့ ပုထုဇဉ်ကိုးဗျ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။
ဟာ ဒီလိုမှ မဟုတ်ဘူး၊ ဘုရားကလဲ ပရိနိဗ္ဗာန်စံသွားပြီ၊ သံဃာတွေကလဲ ဝေးနေတယ်၊ ကိုယ်ကအသေက စောမှာစိုးတယ်ဆိုလို့ရှိရင်လဲ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပြီး သကာလ ဒကာ ဒကာမတွေ ရှင်တုန်းက ဆင်ခြင်တဲ့အတိုင်း ဆင်ခြင်ပြီး သကာလ သေလိုက်စမ်းပါ (မှန်ပါ့)၊
ဪ ခန္ဓာကြီးဟာ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စတွေပါကလား ဖြစ်ပြီးပျက် နေတဲ့အနတ္တတွေပါ ကလားဆိုပြီး သကာလ ကိုယ့်ခန္ဓာကိုယ်ဆင်ခြင်ပြီး သေလိုက်လို့ရှိရင်လဲ ဒကာ ဒကာမတို့ သေခါ နီးမှာ သောတာပန်သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်သေးတယ် (မှန်ပါ့)။
ဖြစ်ပျက်တွေကို ဆင်ခြင်ပြီး သေလိုက်စမ်းပါ
ဒီလိုသေနည်းမျိုးက မကောင်းလားဗျာ (ကောင်းပါတယ် ဘုရား)၊ ဒါဖြင့် သံဃာတွေပင့်ရလို့ သံဃာတွေထံမှ တရားဓမ္မတွေနာပြီးသေရင် ဖြစ်နိုင်တာပေါ့ဗျာ၊ ဘုရားကတော့ မရှိတော့ဘူး (မှန်ပါ့)၊
နောက်ဆုံးပိတ် ဘုရားကဟောခဲ့ တာက ငါဘုရားလဲမရှိ၊ ငါဘုရား၏တပည့်သာဝကတွေကိုလဲ ရှာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့် မင်းတို့ကိုယ်တိုင် မင်းတို့ ဆင်ခြင်ပြီး သေလိုက်စမ်းပါတဲ့ (မှန်ပါ့)၊ ဖြစ်ပျက်တွေကို ဆင်ခြင်ပြီး သေလိုက်စမ်းပါနော် (မှန်ပါ့)၊
ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာကို ဝိပဿရှုပြီး သေလိုက်စမ်းပါလို့ ဟောတာပါပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုမြရွှေတို့ သဘောပါကြပြီလား (ပါပါပြီ ဘုရား) ဤကဲ့သို့သေလိုက်တော့ သေခါနီးမှာ ဘာဖြစ်နိုင်သတဲ့တုန်း (သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်ပါတယ် ဘုရား)၊
အနာဂါမ်ကျအောင် ဖြစ်နိုင်တယ် ဆိုကတည်းကိုကလဲ ဪ တစ်ပါးသောခန္ဓာ ရတော့ရသေးတာပဲ၊ ရပင်ရငြားသော်လည်း အရုပ်ဆိုးခန္ဓာ အကျည်းတန်ခန္ဓာတွေတော့ ဒကာဝ မောင်ကိုမရတော့ဘူး (မှန်ပါ့)၊ အနာဂါမ်ကို တည်သွားပေါ့ကိုး (မှန်ပါ့)။
သေခါနီး ရဟန္တာဖြစ်နိုင်တယ်
ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောပါမယ်ဆိုပြီး ဖဂ္ဂုနသုတ်မှာ ဟောတာက ဒကာဒကာမတို့ အကယ်၍ အနာဂါမ်တည်ပြီးနေတဲ့ ပုဂ္ဂိုလ်က သေသွားမယ်ဆိုရင် သေခါနီးကျမှ ကိုယ့်ဟာကို ဆင်ခြင်သေလို့ရှိရင်လဲ နောက်ခန္ဓာမရ တော့ဘဲ တစ်ခါတည်း သေခါနီး ရဟန္တာဖြစ်နိုင်တယ် (မှန်ပါ့)။
ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ နောက်ခန္ဓာရတာဟာ အပြစ်သင့်တယ်လို့ ၁-နံပါတ်ဟောခဲ့တယ် (မှန်ပါ့)၊ နှစ်လုံးရှိပြီနော် (မှန်ပါ့)၊
တရားတော့ မများသေးပါဘူး၊ ဒကာ ဒကာမတို့ ၊ နာရီဝက်နီးနီးရှိပြီနော် (မှန်ပါ့)၊ တရားက မများသေးပါဘူး၊
၁-နံပါတ်က ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရတာ အပြစ်သင့်တာပဲလို့ ဘုရားကမဟောဘူးလား၊ (ဟောပါတယ်)၊ ဒါဖြင့် နောက်ခန္ဓာမရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဥစ္စာကို ဒကာ ဒကာမတို့ ဆက္ကနိပါတ်အင်္ဂုတ္တိုရ်က ယူပြီး ဘုရားက ဒီလိုဟောပြန်တယ်လို့ ဘုန်းကြီးကတစ်ဆင့် တင်ပြပြန်တယ် (မှန်ပါ့)၊
ဘုရားတရား နာရသည်ဖြစ်စေ၊ ဘုရား၏တပည့်သား တရားကို နာရသည်ဖြစ်စေ၊ ဒီနှစ်ခုမှ မကြုံလို့ ရှိရင်လဲ ကိုယ့်ခန္ဓာကို ကိုယ်ဆင်ခြင်ပြီး သေလိုက် လို့ရှိရင် ပုထုဇဉ်ဖြစ်စေကာမူ သေခါနီးကျမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်နိုင်သေးတယ်လို့ ဟောထားတယ် (မှန်ပါ့)၊ ဒီတော့ ကျုပ်တို့ အရမ်းမသေကြပါနဲ့၊ ဆင်ခြင်သေပါ (မှန်ပါ့)။
အရမ်းမသေကြပါနဲ့၊ ဆင်ခြင်သေပါ
ဘယ်လိုမှာပါလိမ့် (အရမ်းမသေပါနဲ့၊ ဆင်ခြင်ပြီးသေပါ)၊ ဘယ်သူ့ကိုဆင်ခြင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင် ရမယ်၊
အဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး သကာလ ဪ ဒီခန္ဓာကြီးဟာ ဥပမာမယ် ရှင်းရှင်းလင်းလင်း ပြောပြပါ့မယ်၊
ဒကာ ဒကာမတို့သိတဲ့အတိုင်း သေတဲ့အခါကျလို့ရှိရင် ဝေဒနာတော့ ဒကာဝ၊ မောင်ကိုတို့ တစ်ခုခုတော့ ရောက်လိမ့် မယ်နော် (မှန်ပါ့)၊ ဝေဒနာက္ခန္ဓာတစ်ခုခုတော့ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီဝေဒနာက္ခန္ဓာလာလို့ရှိရင် ဝေဒနာက္ခန္ဓာကလေးကို ဘုန်းကြီးက သင်ထားတယ်၊
ဒကာ ဒကာမတို့၊ ဝေဒနာ ပစ္စယာ တဏှာလဲရှိတယ်၊ ဝေဒနာပစ္စယာ ဒေါသောလဲရှိတယ်၊ ဝေဒနာပစ္စယာ မောဟောလဲရှိတယ်၊
အဲဒါရှိတော့ သေခါနီး တစ်ခုခုဝေဒနာလာလို့ရှိရင် ဝေဒနာကလေးကို ဒကာ ဒကာမတွေက ကျော်လွန်ပြီး သကာလ ဖြစ်ပျက်မြင် အောင်သာ ရှုလိုက်ပါ (မှန်ပါ)၊ ဝေဒနာမဟုတ်ပါဘူး၊ ဒါဟာ အနိစ္စကလေး တွေပါလား၊ အနိစ္စကလေးတွေပါလားလို့ ဒကာ ဒကာမတွေက ရှုပေးပါ (မှန်ပါ့)၊ ရှုလိုက်တဲ့ အခါကျတော့ ဝေဒနာနဲ့ သမ္ပယုတ္တ ဓမ္မ သဟဇာတဖြစ်တဲ့ သညာ သင်္ခါရဝိညာဏ်တွေလဲ ချုပ်ပါလိမ့်မယ် (မှန်ပါ့)။
ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်
ချုပ်သွားတဲ့အချကျတော့ တစ်ခါစဉ်းစားဦး၊ သံယုတ်ပါဋိတော် နဠကလာပီသုတ်မှာ ဟောတာကိုထည့်ဦး၊ နဠကလာပီသုတ်မှာတော့ ဒကာ ဒကာမတို့ ဝေဒနာသည် သင်္ခါရတွေချုပ်လို့ရှိရင်ဖြင့် ဒီထဲမှာ ဝိညာဏ်ကပါနေတော့ “ဝိညာဏနိရောဓာ နာမရူပနိရောဓော “ လို့ဆိုသောကြောင့် ရုပ်တွေလဲ ချုပ်သွားတာပဲ (မှန်ပါ့)၊
ထိုကဲ့သို့ရုပ်နာမ်တွေ ချုပ်သည့်တိုင်အောင် ဒကာ ဒကာမတွေ ရှုပေးလိုက်မယ်ဆိုလို့ရှိရင် ချက်ချင်း “ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်” (မှန်ပါ့)။
ဒီလိုရှုပြီး သကာလ ကိုယ့်ခန္ဓာကြီးချုပ်ဆုံးသွားသည်အထိ ရှုလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်ခါရှုလဲ ဆုံး၊ နှစ်ခါရှုလဲဆုံး၊ သုံးခါရှုလဲဆုံးလို့ရှိရင်ဖြင့် သေခါနီးကျလာတော့ ဒီအဆုံးကို လိုချင်တဲ့ပုဂ္ဂိုလ်လဲ များကြပါလိမ့်မယ် (မှန်ပါ့)၊
ဘယ့်နှယ့်ကြောင့် များမတုန်းလို့ မေးတော့ ဒကာ ဒကာမတို့သည် သေဆိုတာကို စဉ်းစားကြည့်ပါ၊ နောက်ဆုံးပိတ် အလုပ်ပါလား (မှန်ပါ့)။
သေဆိုတာ နောက်ဆုံးပိတ်အလုပ်တွေ ဖြစ်ပြီး သကာလ နေတော့ ဒီတောင်မှ တက်တော့မှာ မဟုတ်ဘူး၊ ငါဖြင့် ကောင်းရာကိုရောက်ဖို့ ကြိုးစားမှပဲဆိုတဲ့၊ ဒီအချိန်မှာ ဒကာ ဒကာမတို့ မတွေဝေသေးဘဲ ပုဂ္ဂိုလ်များကျတော့ အားရှိသလောက် ကြိုးစားမယ်ဆိုတာလဲ ငြင်းဖို့လိုကြသေးသလား (မလိုပါ ဘုရား)၊
ကိစ္စမှာ ဒီထက်ကြီးတဲ့ကိစ္စရှိသေး ရဲ့လား (မရှိပါ ဘုရား)၊ ဒီအချိန်မှာ အရေးကြီးဆုံးကိစ္စဆိုတာကရော သေချာပြီလား (သေချာပါပြီ)။
သေခါနီးမှာ ကိုယ်အားကုန်လုပ်နိုင်တဲ့ အချိန်ကရှိသေးတယ်
အဲဒီတော့ ယခုကကျင့်သားရထားတဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်စစ်မရသေးဘဲ ဝိပဿနာ ဉာဏ်လောက်နဲ့ပဲ အချိန်ကုန်စေကာမူ မစိုးရိမ်ပါနဲ့၊ သေခါနီးမှာ ကိုယ်အားကုန်လုပ်နိုင်တဲ့ အချိန်က ရှိသေးတယ် (မှန်ပါ့)၊
ဦးခင်မောင် လုပ်မလား မလုပ်ဘူးလားဗျာ၊ အဲဒီအချိန်မှာ (လုပ်မှာပါ ဘုရား)၊ အားကိုးရာက အဲဒီအချိန်ကျတော့ မကုန်သေးဘူးလားဗျာ (ကုန်ပါပြီ ဘုရား)၊
ဒီလူနာ ဒီတောင်ကဖြင့် မတက်တော့ဘူး၊ ဧကန်မုချသေရတော့မှာပဲ၊ ဘုရား ကလဲ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာရတာ အပြစ်သင့်တယ်လို့ ဟောထားတဲ့တရားလဲ နာထားရတယ် (မှန်ပါ့)၊
ဒီတော့ကိုယ့် ကိုယ်ကိုယ် ဆင်ခြင်သေလို့ ရှိရင်လဲ သေခါနီးမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်သေးတယ်လို့ ဟောထားပြန် တော့ နှစ်ချက်မိထားတယ် (မှန်ပါ့)၊ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ကဲ ဒီနှစ်လုံးကလေးဟာ ဒကာ ဒကာမတို အခုနာရီဝက်ရှိသွားပါပြီတဲ့၊ အင်မတန်အဖိုးတန်လွန်းလို့ ဒီနှစ်လုံး ဟာဖြင့် အားလုံးနဲ့ဆက်ဆံပြီး အရေးကြီးတဲ့ စကားနှစ်လုံး (မှန်ပ့ါ)။
အားလုံးနဲ့ဆက်ဆံပြီး အရေးကြီးတယ်ဆိုတော့ ဒီအထဲမှာ ဘယ်သူပေါ့လို့မှတော့ မတော်ဘူးဆိုတာလဲ သေချာပြီ (မှန်ပါ့)၊ ဟောတဲ့ဘုန်းကြီးကလဲ ပေါ့လို့မတော်ဘူး (မှန်ပါ့)၊ နာနေတဲ့ ဒကာ ဒကာမတွေကလဲ (ပေါ့လို့တောင်မတော်ပါဘူး)၊ ဘယ်သူပေါ့လို့မှမတော်ဘူး (မှန်ပါ့)၊
ဖဂ္ဂုန အကြောင်းပြုပြီး ဟောထားတာ ရှိတယ်
အပြစ် မသင့်အောင် ငါဘယ်လိုလုပ်ရမတုန်းဆိုတာ သိထားပြန်တော့လဲ သေခါနီးမှာ ဘုရားတရားတော် နာရသည်ဖြစ်စေ၊ တပည့်သာဝကတို့ တရားနာရသည်ဖြစ်စေ၊ သို့မဟုတ် ဘယ်သူမှမကြုံလို့ မတွေ့လို့ရှိရင် ကိုယ့်ကိုယ်ကိုယ် ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သေလိုက်လို့ရှိရင် သေခါနီးမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်သေးတယ်ဆိုတာ ဖဂ္ဂုန အကြောင်းပြုပြီး ဟောထားတာ ရှိတယ် (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် အခုတရားဟောတာ နာရီဝက်ရှိသွားပြီး ဒကာ ဒကာမတို့၊ ဘယ်နှစ်လုံးမှတ်မိပြီလဲ (နှစ်လုံးမှတ်မိပါပြီ)၊ ဪ နှစ်လုံးတည်း ရှိသေးတယ်၊ သိပ်မများသေးဘူး (မှန်ပါ့ ဘုရား)၊
စကားသာ ပြောနေတာ၊ ဒကာ ဒကာမတွေ အရေးကြီးတဲ့အလုံးက နှစ်လုံးတည်းရှိသေးတယ်၊ ဒီနှစ်လုံးကို တန်ဆာဆင်တဲ့ စကားတွေများနေတာပါ (မှန်ပါ့)။
နှစ်လုံးတည်း ပထမစကားတစ်လုံးက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာက ဒီခန္ဓာစွန့်ပစ်ပြီး တစ်ပါး သောခန္ဓာရရင် ဘာတဲ့ (အပြစ်သင့်ပါတယ်)၊ ဒါက တစ်လုံး၊ ဪ တစ်ပါးသော ခန္ဓာကိုယ် ဘုရားသခင် ကိုယ်တော် မြတ်ကြီး မရစေချင်ဘူး ဘာကြောင့်တုန်း၊
ဒုက္ခသစ္စာတွေမို့ဆိုတော့ ရှင်းမနေဘူးလား (ရှင်းပါပြီ ဘုရား)၊ သဘောပါ ကြပြီလား (ပါပါပြီ ဘုရား)။
လုပ်နည်းလုပ်ကွက်ကို ရှင်းပါဦး
ကိုင်း ဒါဖြင့် တပည့်တော်တို့ဘုရား နောက်ခန္ဓာမရစေချင်ရင် လုပ်နည်းလုပ်ကွက်ကို ရှင်းပါဦး လင်းပါဦး ဆို တော့မှ ဘုန်းကြီးပြောလိုတာက ယခုလိုရှင်းတုန်းက သေခါနီးမရောက်ခင် ဝိပဿနာဉာဏ် မဂ်ဉာဏ်ကူးအောင် လုပ်နိုင် ရင်လဲ ကိစ္စမရှိဘူး (မှန်ပါ့)၊
ဟာ တပည့်တော်တို့က သားရေး သမီးရေး စီးပွားရေးကြောင့် အင်မတန် မေ့လျော့ပေါ့ဆ တဲ့ လူတွေဖြစ်ပြီး သကာလ နေပါတယ် ဘုရားလို့ ဆိုတာတောင်မှ ခင်ဗျားတို့ နေ့တိုင်းတော့ ရှုပေးပါ၊ အားလပ်တဲ့အချိန် တိုင်းပေါ့ဗျာ (မှန်ပါ့)၊
ရှုပြီး သကာလ မှ ဒကာ ဒကာမတွေက ကိုင်း ငါဖြင့် သေရတော့မယ်၊ ဒီတောင်က မတက်တော့ဘူး၊ ကိုယ့်ခန္ဓာအတွက် ကိုယ့်စိတ်ကလဲ ရမယ်မထင်တော့ဘူး၊ ဆရာတွေကလဲ လက်လွှတ်ကုန်ပြီဆိုတော့ အဲဒီအချိန်မှာ ဘယ့်နှယ်လုပ်ကြမတုန်း (ဖြစ်ပျက်ဆင်ခြင်ရပါမယ်)၊
ဘယ်သူ့ကို ဆင်ခြင်မလဲ (ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရပါတယ်)၊ ကိုယ့်ကိုယ်ကို လက္ခဏာရေးသုံးပါး ဆင်ခြင်ပေါ့ဗျာ (မှန်ပါ့)။
ကိုယ့်ကိုယ် ကိုယ်ဆင်ခြင်ပြီး နေလိုက်လို့ရှိရင်ဖြင့် သူက ရှင်တုန်းကလုပ်ခဲ့တဲ့ အာစိဏ္ဏကံနဲ့ သေခါနီး အာသန္နံကံ လုပ်လိုက်ပြန်တော့ အာစိဏ္ဏကံ ယခုလို မပြတ်နေ့စဉ်ပွားများ လေ့ကျက်ထားတာပေါ့ဗျာ (မှန်ပါ့)၊ အခု ညတိုင်း ညတိုင်း ဝိပဿနာဉာဏ်လေးတွေနဲ့ ကြိုးစားပြီး သကာလ ထားလိုက်တဲ့ ဉာဏ်ကလေးကလဲ အာစိဏ္ဏကံဖြစ်ပြီး သကာလ နေတော့ သူကလဲ ကျေးဇူးပြုတယ် (မှန်ပါ့)၊
သေခါနီးကျတော့ ဒကာ ဒကာမတွေက ငါတော့ ဒီတောင်က မတက်ဘူး၊ ဆရာတွေကလဲ လက်လွှတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ်လဲ မထင်တော့ဘူးဆိုလို့ရှိရင် ငါတော့ဖြင့် အစွမ်းကုန် ကြိုးစားလိုက်မှပဲ ဆိုတဲ့ စိတ်ဟာ မပေါ်ပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်လိုက်ကြပါ
အဲဒီအချိန်ကျလာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်လိုက်ကြပါ၊ ဆင်ခြင်လိုက် ဆိုတာက ဝေဒနာတွေ့ရင် ဝေဒနာကို ဖြစ်ပျက်ရှုချပါ (မှန်ပါ့)။ စိတ်ကလေးတွေပေါ်နေရင်ရော (စိတ်ကလေးတွေ ဖြစ်ပျက်ရှုရပါတယ်)၊
အဲ ပေါရာတစ်ခုခုကို ဖြစ်ပျက်ရှုပြီး သကာလ ဒကာ ဒကာမတွေက သွားလိုက်ရင်ဖြင့် ရှင်စဉ်တုန်း ကလဲ မပြတ်လေ့ကျက်ထားတာ မပါဘူးလားဗျာ (ပါပါတယ်)၊ သေခါနီးတော့ အစွမ်းကုန်ကြိုးစားတဲ့ ကိစ္စကြီးကတော့ ဒကာ ဒကာမတို့မှာ မကြိုးစားပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)၊
ခိုကိုးရာတော့ အားလုံးမဲ့ပြီဆိုတာ သေချာ ကြပြီလား (သေချာပါပြီ)။
အဲဒီအချိန်မှာ နင်းကန်ပြီး သကာလ လုံ့လဝီရိယဉာဏ်ရှိသလောက် ကြိုးစားလိုက်လို့ရှိရင်ဖြင့် ရှင်တုန်းက ပုထုဇဉ်ပင်ဖြစ်စေကာမူ သေခါနီးသောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်နိုင်ပါသေးတယ်ဆိုတာ ဘုရားက သေသေချာချာ ဟောခဲ့တယ် (မှန်ပါ့)၊ အဲဒီတော့ သေခါနီးဆင်ခြင်သေမှုက ၂-နံပါတ် (မှန်လှပါ ဘုရား) နှစ်လုံးပြည့် သွားပြီ (မှန်လှပါ)။
ကိုင်း ဒကာဝတို့ မောင်ကိုတို့ ဘယ်နှစ်လုံးတုန်းဟေ့ ဘုန်းကြီးဟောနေတာ (နှစ်လုံးတည်းပါ ဘုရား)၊ အားလုံး ဒကာ ဒကာမတွေများသလားဗျာ (မများပါဘူး ဘုရား)၊ မများသေးပါဘူးတဲ့၊
နေစာ သေစာပဲဆိုတာ မှတ်လိုက်
ဒါလေးဖြင့် ဪ ဒါသည်ကားလို့ဆိုရင် တို့ နေစာသေစာပဲဆိုတဲ့ အဓိပ္ပာယ်မှတ်ရမယ် (မှန်လှပါ ဘုရား)၊ အိုစာ မင်းစာဆိုသလိုပေါ့ဗျာ၊ ဒီမှာတော့ နေစာ သေစာပဲဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ နေတဲ့အခါ ဝိပဿနာဉာဏ်လေး မလွှတ်နဲ့ (မှန်ပါ့) သေတဲ့အခါရော (မလွှတ်ရပါ ဘုရား) သေတဲ့အခါ ရောမလွှတ်ကြပါနဲ့ဆိုတဲ့ အဓိပ္ပာယ်ရော ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် အင်မတန်အဖိုးတန်တဲ့ အဓိပ္ပာယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီး ဒါဖြင့် ဒကာ ဒကာမတို့ မှတ်မိအောင် ဟောတဲ့တရားဖြစ်နေတယ်တဲ့၊ ခင်ဗျားတို့ လုပ်တတ် ကိုင်တတ် မှတ်မိအောင်လို့ ဟောတဲ့တရားဖြစ်ပြီး သကာလ နေတော့ တရားဘယ်နှစ်လုံးပြီးသွားပြီလဲ (နှစ်လုံးပါ ဘုရား)၊ ဒီဘက် ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓရတာဘာတဲ့ (အပြစ်သင့်တာပါ ဘုရား)၊ အပြစ်သင့်တာ ဘာအပြစ်တွေပါလိမ့်ဗျာ (ဒုက္ခသစ္စာအပြစ်သင့်ပါတယ် ဘုရား)၊ ဒုက္ခသစ္စာတွေ ပြန်ရတာ (မှန်လှပါ ဘုရား)၊ ဘာအပြစ်သင့်ပါလိမ့် (ဒုက္ခသစ္စာ အပြစ်သင့်ပါတယ် ဘုရား) ဒုက္ခသစ္စာတွေပြန်ရတယ်ဆိုတော့ သေရတာလဲ ဒုက္ခ၊ ဟိုဘက်ရောက်ပြန်တော့ ရောက်ရ တာလဲ (ဒုက္ခပါ ဘုရား)။
ဪ ဒကာ ဒကာမတွေ ဆန်အိတ်က ကျောပေါ်တစ်လုံးပိုးထားတယ်၊ နောက်တစ်လုံး ပိုးလိုက်ရင် ပိုလေးတော့ မယ် (လေးပါတယ် ဘုရား) ဒီဒုက္ခစွန့်ပြီး ဟိုမှ သုခရတယ်ဆိုရင်လဲ တော်သေးရဲ့ဗျာ (မှန်လှပါ ဘုရား)။
အခုတော့ ဒီလိုမှ မရဘဲနဲ့ ဒီခန္ဓာဝန်ကြီး ဒုက္ခသစ္စာကြီးချပြီး ဟိုခန္ဓာဝန် ဒုက္ခသစ္စာပြန်ထမ်းရပါတယ် ဆိုတော့ ဘယ်မှာသာလျှင် ကောင်းနိုင်စရာရှိမလဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဘယ်နှစ် လုံးပြီးသွားပြီလဲ (နှစ်လုံးပြီးသွားပါပြီ ဘုရား)။
ကိံသုကောပမသုတ်
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ အလုပ်စဉ်နဲ့တကွ မနေ့ကပြောခဲ့တဲ့ ကိံသုကောပမသုတ် (သဠာယတနဝဂ္ဂသံ ယုတ်၊ ပါ၊ နှာ-၃၉၆)ကို ဦးခင်မောင်စကြစို့တော့ (မှန်ပါ့)။
ဒကာ ဒကာမတွေ ဒီလေးခု ရှေ့ကပြထားတာ ရဟန္တာကြီးလေးပါးလို့မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)၊ ရှေ့က ပြထားတာ ဘာပါလိမ့် (ရဟန္တကြီးလေးပါးပါ ဘုရား)၊
ပုထုဇဉ်ရဟန်းတစ်ပါးက သူများမြင်တဲ့ နိဗ္ဗာန်ကြီးကို သူမြင်ချင် တယ် (မှန်ပါ့)၊ ဒီတော့ ရဟန္တာတွေ ဖြစ်ကြတယ်ဆိုတာ နိဗ္ဗာန်ကိုမြင်တာပဲ ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး (မှန်ပါ့)၊ အဲဒီ နိဗ္ဗာန်မြင်တဲ့ အမြင်ကို ပုထုဇဉ်ရဟန်းတစ်ပါးကလဲ သူလဲနိဗ္ဗာန်လိုချင်တော့ ပထမ ၁-နံပါတ် ရဟန္တာ ပုဂ္ဂိုလ်ကြီးကို သွားပြီးလျှောက်လိုက်တယ် (မှန်ပ့ါ)၊
အရှင်ဘုရားတဲ့ တပည့်တော်လဲ နောက်ပဋိသန္ဓေမနေရတဲ့ နိဗ္ဗာန်ကို တပည့်တော်မြင်ချင်ပါတယ် (မှန်ပါ့) အဇာတိဆိုတဲ့ ပဋိသန္ဓေနေခြင်းမရှိတဲ့ နိဗ္ဗာန်၊ အဇရာဆိုတဲ့အိုခြင်းမရှိတဲ့ နိဗ္ဗာန်၊ အဗျာဓိ ဆိုတဲ့ နာခြင်းမရှိတဲ့နိဗ္ဗာန်ကို တပည့်တော်မြင်ချင်ပါတယ်ဘုရား၊ အရှင်ဘုရားတို့က တပည့်တော်ကိုသင်ပေးပါ၊ ပြပေးပါဆိုတဲ့ အဓိပ္ပာယ်မျိုး သွားပြီးတောင်းပန်တယ် (မှန်ပါ့)။
ဘယ်သူကသွားပြီးတောင်းပါန်တာပါလိမ့် (ပုထုဇဉ်ရဟန်းကတောင်းပန်တာပါ)၊ ဘယ်သူ့ဆီတောင်းပန်ပါလိမ့် (၁)နံပါတ် ရဟန္တာကြီးဆီကို တောင်းပန်ပါတယ်)။
အမြင်မှန်ကို ရချင်ပါတယ်တဲ့
အရှင်ဘုရားတဲ့ တပည့်တော်လဲ နိဗ္ဗာန်မြင်ချင်ပါတယ်၊ အမြင်မှန်ကို ရချင်ပါတယ်တဲ့ (မှန်ပါ့)၊ ဝိပဿနာ ဉာဏ်မြင်လို့ရှိရင်လဲ အမြင်မှန်ပဲနော် (မှန်ပါ့)၊ အနိစ္စကလေးတွေမြင်ရင်လဲ အမြင်မှန် (မှန်ပါ့)၊ နိဗ္ဗာန်မြင်ရင်ရော (အမြင်မှန်ပါ ဘုရား)၊
အဲဒီတော့ တပည့်တော်အမြင်မှန်ကို ရချင်ပါတယ်ဘုရား၊ ဒီအမြင်မှန်ကို အရှင်ဘုရားများကတော့ ရပြီးသားရောက်ပြီးသား တွေ့ပြီးသား ကြုံပြီးသားဆိုတော့ တပည့်တော်ကို နည်းပေးတော်မူပါဘုရားလို့ ဦးခင်မောင် ပုထုဇဉ်ရဟန်းက သွားပြီးလျှောက်တယ်နော် (မှန်ပါ့)။
ပါဠိလိုကတော့ “ ကိတ္တာဝတာ နုခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံဟောတိ” တဲ့၊ အရှင်ဘုရားတို့ အမြင်စင်ကြယ်တယ်ဆိုတာ တပည့်တော်ကို ပြောပါဆိုတော့ ပထမရဟန္တာကြီးက “ယတောခေါ အာဝုသော ဘိက္ခု ဆန္နံ ဖဿာယတနာနံ” စသည်နဲ့ ဒီလိုဟောလိုက်ပါတယ် (မှန်ပါ့)။
ဘာတုန်းဆိုတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း အာယတန ခြောက်ပါးတို့၏ “သမုဒယဉ္စအတ္ထင်္ဂမဉ္စ ယဘာ ဘူတံ ပဇာနာတိ၊ ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံဟောတိ” အဖြစ်နဲ့အပျက်ကို အမှန်အတိုင်း မြင်ရင် ဒီအမြင်ဟာ အမြင်မှန်ပဲဆိုတော့ ဝိပဿနာအမြင်မှန်လမ်းကို ပြတယ် (မှန်ပါ့)။
နိဗ္ဗာန်ကို မပြသေးဘူး ဒကာ ဒကာမတို့၊ ဘာပြပါလိမ့် (ဝိပဿနာအမြင်မှန်ပြပါတယ်)၊
အာယာတနခြောက်ခုကို ဖြစ်ပျက်မြင်ပါတယ်
စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဆိုတဲ့ စက္ခုဆိုတာ မျက်လုံးရုပ်ပေါ့ဗျာ (မှန်ပါ့)၊
မျက်လုံးရုပ်ဆိုတာ မျက်လုံးထဲမှာရှိတဲ့ စက္ခု ဒသက ကလာပ်ကို ဆိုပါတယ်၊
သောတဒသက ကလာပ်ဆိုတာ နားထဲမှာရှိတဲ့ ကြားရုပ်ကလေးပေါ့ဗျာ (မှန်ပါ့)၊
နှာခေါင်းထဲမှာကော နံတတ် မွှေးတတ်တဲ့ ရုပ်ကလေးရော မရှိဘူးလား (ရှိပါတယ်)၊ အဲဒါတွေဟာ လူသေကျတော့ ပျက်သွားပါတယ်၊ မရှိဘူး၊ သူတို့က ကမ္မဇရုပ်တွေကိုးနော် (မှန်ပါ့)၊
လျှာလယ်မှာရှိတဲ့ ဇိဝှာဒသက ကလာပ်ရောမရှိ ဘူးလား (ရှိပါတယ်)၊ ချိုတယ်၊ ဖန်တယ်၊ ငန်တယ်ဆိုတာ သူကလေးက ကျေးဇူးပြုမှသိတယ်၊ သူကလေးက ကျေးဇူးမပြုရင် သိကိုမသိနိုင်ဘူးဆိုတာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)၊
ကာယပသာဒဆိုတာ လူရှင်မှာသာ ရှိပါတယ်၊ လူသေကျတော့ ကြိုးနဲ့ချည်ချည် အပ်နဲ့ထိုးထိုး ဒကာ ဒကာမတို့ အော်ခြင်း၊ ဟစ်ခြင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲဒါကံကြောင့် ဖြစ်တဲ့၊ ကာယဒယက ကလာပ်မရှိတော့ဘူး (မှန်ပါ့)၊
အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှာ ကာယဆိုတာ ငါးခုမရှိ ဘူးလား (ရှိပါတယ်)၊ အဲ ပသာဒရုပ်အာယတန ငါးခု၊ ပြီးတော့ စိတ်ဆိုတဲ့ မနကိုလဲထည့်လိုက်ပါဦး၊ ခြောက်ခု မနေဘူးလား (နေပါတယ်)၊
အဲဒီအာယာတန ခြောက်ခုကို ငါသည်ဖြစ်ပျက်မြင်ပါတယ်ကွာတဲ့ (မှန်ပါ့)၊ အဲဒီခြောက်ခု ကို ဖြစ်ပျက်ရှုစမ်းပါပြောတာ (မှန်ပါ့)။
”ဧတ္တာဝတာခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံဟောတိ” အဲဒီခြောက်ခု ဖြစ်ပျက်မြင်လို့ ရှိရင်ဖြင့် အမြင်မှန်ရပြီဆိုတာ မှတ်ထားပါတဲ့ (မှန်ပါ့)။
အမြင်မှန်ရပြီဆိုတာ မှတ်ထား
ဒကာ ဒကာမတို့ ဒါဖြင့် မြင်ရုပ်ကလေးကိုလဲ ဘာလုပ်ကြမယ် ခင်ဗျားတို့ (ဖြစ်ပျက်ရှုပါမယ်)၊ မြင်တယ်ဆိုတာ ကတော့ မြင်စိတ်ကမြင်တာပါပဲ၊ သို့သော် မြင်တဲ့ရုပ်ကလေးမပါဘဲနဲ့ မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား)၊
အဲဒီတော့ ရုပ်ကြိုက်တဲ့ပုဂ္ဂိုလ်က မြင်ရုပ်ကလေးဖြစ်ပျက်ရှုတာပေါ့၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကတော့ မြင်စိတ်ကို ဖြစ်ပျက်ရှုတာပေါ့ (မှန်ပါ့)၊ ဟာ- ဝေဒနာရှုချင်ပါတယ် ဆိုတော့ မြင်စိတ်ကလေးဟာ “ဥက္ခောသဟဂတံ စက္ခုဝိညာဏံ” ဆိုတာကြောင့် မြင်တဲ့စိတ်ကလေးဟာ ဥပေက္ခာဝေဒနာကလေးပဲ ဆိုပြီး ဝေဒနာကိုဖြစ်ပျက်ရှုချလိုက်ပါ (မှန်ပါ့)၊ ကြိုက်ရာ ရှုပါနော် (မှန်ပါ့)။
ဒကာ ဒကာမတို့ ကြိုက်ရာရှု၊ မြင်တယ်ဆိုရင် မြင်ရုပ် ရှုချင်ရှု၊ မြင်စိတ်ကို ရှုချင်ရှု၊ ဝေဒနာကို ရှုချင်ရှု၊ မြင်ပြီးမှတ်တဲ့ သညာကလေး ရှုချင်တယ်ဆိုရင်လဲ ရှုသာရှု၊ သို့သော် တစ်ခုပျက်ရင် အကုန်ပျက် ကြမှာပါပဲ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ မြင်တယ်ဆိုရင်ဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ လွယ်လွယ်ပြောပါရစေဆိုရင်ဖြင့် မြင်တာဟာ၊ လူသေမှာတော့ မြင်စိတ်ကလေး မရှိတော့မြင်ကြရဲ့လား (မမြင်ပါ ဘုရား)၊ ဒကာ ဒကာမတွေကျတော့ ဟိုဟာကလေး ကြည့်လိုက်လဲ ဟိုဘက်က ပန်ကာ၊ ဒီဘက်က မီးချောင်းတွေဆိုတော့ မမြင်ကြဘူးလား (မြင်ပါတယ် ဘုရား)၊ အဲဒီမြင် စိတ်ကလေးဟာ မြင်ပြီးပျက်တာပဲ ဒကာ ဒကာမတို့ (မှန်ပါ့)။
အဲဒီတော့ မြင်စိတ်ကလေးဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါတယ်)၊ ဖြစ်ပျက်ရှုလိုက်ဆိုတော့ ဪ-ဒါဟာ စက္ခာယတနကိုရှုတာပဲ၊ မြင်ရုပ်ဆိုရင် စက္ခာယတန၊ မြင်စိတ်ဆိုရင် မနာယတနရှုတာပဲ (မှန်ပါ့)။
ဖြစ်တာကိုလဲရှုတယ်၊ ပျက်တာကိုလဲရှုတယ်
”ဆန္နံဖဿာယတနာနံ သမုဒယဉ္စ အတ္ထမင်္ဂမဉ္စ” ဆိုတဲ့အတိုင်း ဖြစ်တာကိုလဲရှုတယ်၊ ပျက်တာကိုလဲရှုတယ်၊ ဖြစ်လို့ပျက်တာပဲဆိုတာကို ကျုပ်တို့က ရှုရှုပေးတော့ မြင်တယ်ဆိုရင် မြင်ပြီးပျက်တာပဲ၊ ကြားတယ်ဆိုရင် (ကြားပြီး ပျက်တာပဲ)၊
နံတယ်ဆိုရင်ရော (နံပြီးပျက်တာပါပဲ)၊ စားတယ်ဆိုရင်ရော (စားပြီးပျက်တာပါပဲ)၊ စားတဲ့စိတ် ကလေးဟာ လျှာပေါ်မှာ ဖြစ် လျှာပေါ်မှာပျက်တာပဲ (မှန်ပါ့)။
ပထမ ရဟန္တာကြီးက ပုထုဇဉ်ရဟန်းကို ဟောနေတဲ့ အဓိပ္ပာယ်ကို ဦးခင်မောင် ဘုန်းကြီးက တစ်ဆင့်ဖြေရှင်း ပေးနေပါတယ်၊ ဒကာ ဒကာမတွေကို (မှန်ပါ့ ဘုရား)၊
ဘုန်းကြီးကဟောတဲ့တရားလို့ ကောက်မနေပါနဲ့၊ ပထမရဟန္တာကြီး ကဟောတဲ့တရားကို ဖြေရှင်းပေးနေတာပါ (မှန်ပါ့)၊ ပထမရဟန္တာကြီးက ပုထုဇဉ်ရဟန်းကို ဒီလိုရှုကွလို့ဟောနေတယ်၊ သမုဒယနဲ့ အတ္ထင်္ဂမကို ရှုပါလို့ပြောသောကြောင့် ပထမရဟန္တာကြီးက သင်နေတယ်ဆိုတဲ့ အဓိပ္ပာယ် မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကဲ ဒါဖြင့် မြင်တယ်ဆိုရင် မြင်စိတ်ကို ဘာလုပ်ကြရမယ်(ဖြစ်ပျက်ရှုရပါမယ်)၊ မြင်စိတ်ရှုရှု၊ မြင်ရုပ်ရှုရှု ကြိုက်ရာကိုရှုနော် (မှန်ပါ့)။
ကဲ တစ်ခါသွားလိုက်ပါဦး၊ နားထဲမှာ ဒကာ ဒကာမတွေ ကြားတယ်ဆိုရင် ကြားစိတ်ကလေး ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါတယ်)၊ အဲဒါ စိတ္တာနုပဿနာ ဖြစ်သွားတာပဲ (မှန်ပါ့)။
စိတ္တာနုပဿနာ ဖြစ်သွားတာပဲ
နံတယ်ဆိုတော့ နှာခေါင်းအတွင်းမှာဖြစ်တဲ့ ဃာနဒသက ကလာပ် ဃာနဝိညာဏ်တွေက မရှိဘူးလား (ရှိပါ တယ်)၊ အဲဒါကို ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါတယ်)၊ စိတ်ကြိုက်တဲ့သူက နံတဲ့စိတ်ကို ဖြစ်ပျက်ရှုလိုက်တာပေါ့ (မှန်ပါ့)၊
စားတဲ့ပုဂ္ဂိုလ်ကတော့ စားစိတ်ကလေးကို (ဖြစ်ပျက်ရှုလိုက်ရပါမယ်)၊ ခန္ဓာကိုယ်မှာ ယားတယ် ယံတယ် ကောင်းတယ်ဆိုတဲ့ စိတ်ကလေးကိုရော (ဖြစ်ပျက်ရှုရပါမယ်)၊ အဲဒါ သေခါနီးလဲ ဒီလိုပဲရှုကြ (မှန်ပါ့)၊ ရှုပေးလို့ရှိရင် လဲ သေခါနီးမှာ ဘာဖြစ်နိုင်သေးသလဲတဲ့ (သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်သေးပါတယ် ဘုရား)၊
အဲ ပုထုဇဉ်အဖြစ်ကဆိုရင် သောတာပန် သကဒါဂါမ် အနာဂါမ် ဖြစ်နိုင်သေးတယ်ဆိုတော့ မှတ်ပြီးတော့ တွဲယူလိုက်ပါ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပထမရဟန္တာကြီးက ဟောလိုက်တာသည်ရုပ်က ငါးခု၊ စိတ်ကတစ်ခုဟောလိုက် တယ် (မှန်ပါ့)၊
ဘုန်းကြီးက ဒကာ ဒကာမတွေ ဒီနေရာမှာ စိတ်ကို အဓိကထားပြီး ဟောလိုက်ပါတယ် (မှန်ပါ့)၊ မြင် စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားယံစိတ်၊ တွေးတောစိတ်တွေရော အကုန်ရှုပေါ့ဗျာ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ပုထုဇဉ်သန္တာန် ပေါ်တဲ့စိတ် ပုထုဇဉ်ရှုပေတော့ဆိုတော့ စိတ်အထူးရှာစရာ လိုသေးသလား (မလိုတော့ပါ ဘုရား)၊ ပုထုဇဉ်သန္တာန်မှာ ဒကာဒကာမတို့ အရိယာစိတ် ဘယ်မှာ ပေါ်မတုန်း (မပေါ်ပါ ဘုရား)၊
ပေါ်တဲ့စိတ်ကို ရှုရုံပဲ
ဘာပေါ်မယ်ထင်ကြသတုန်း (ပုထုဇဉ်စိတ်ပဲပေါ်ပါတယ် ဘုရား)၊ ပုထုဇဉ်စိတ်ပဲပေါ်မယ်ဆိုတော့ ပေါ်တဲ့စိတ် ကို ရှုရုံပဲ ရှိတယ် (မှန်ပါ့)၊ ပေါ်ရင် ၁-စိတ်ကို ၂-ဉာဏ်က ရှုရုံပဲ (မှန်ပါ့)၊ ၁-နာမ်ကို ၂-ဉာဏ်နဲ့ ရှုရုံပဲ (မှန်ပါ့)။
ဦးစံရင်တို့ ဘာရှုကြမယ် (၁-နာမ်ကို ၂-ဉာဏ်နဲ့ရှုရပါတယ်)၊ ၁-နာမ်ဆိုတာ ကြိုက်ရာနာမ်ပဲ (မှန်ပါ့)၊ အဲ ၁-နာမ်ကို ၂-ဉာဏ်နဲ့ ရှုလိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်တွေ့မှာပဲ (မှန်ပါ့)။
အဲဒီလိုဆိုတော့ ပုထုဇဉ်ရဟန်းကို ပထမရဟန္တာန်ကြီးက ရှုနည်းပါ သင်လိုက်ပါတယ်ဆိုပါတော့ (မှန်ပါ့)၊ သင်လုက်ပေမယ့်လဲ သူ့စိတ်ထဲက မကျေနပ်ဘူး၊
ဪ ဒီကိုယ်တော်က ရုပ်ကိုတော့ငါးမျိုးဟောတယ်၊ နာမ်ကိုတော့ တစ်မျိုးဟောတယ်ဆိုတော့ ရုပ်နာမ်မကုန်ဘူး၊ ခန္ဓာငါးပါးမစုံဘူးလို့ ထင်မှတ်စရာပေါ့ဗျာ (မှန်ပါ့)၊
သူ့စိတ်ထဲမှာ ကျေနပ်ပါရဲ့လား
ဒီတော့ သူ့စိတ်ထဲမှာ ကျေနပ်ပါရဲ့လား (မကျေနပ်ပါ ဘုရား) သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကတော့ ကျေနပ်လိုက်ပါတော့၊ ဒါနဲ့လဲ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)၊
ပထမရဟန္တာကြီးက ဒါတွေရှုပြီးတော့ နိဗ္ဗာန်ရောက်သွားတာ (မှန်ပါ့)၊ သူရောက်တာ သေချာနေတယ်၊ ပုထုဇဉ်ရဟန်းကတော့ မကျေနပ်သေးတာနဲ့ ဒီ့ပြင် ရဟန္တာများဆီကို သွားသေးတယ်၊ သွားတဲ့နည်းလဲ ဘုန်းကြီးဟောရမှာပဲ (မှန်ပါ့)
သို့သော် ဒကာ ဒကာမတွေကတော့ ဪ ပထမရဟန္တာကြီးကလဲ အမှန်ပဲလို့ ဆုံးဖြတ် ချက်ချပြီး စိတ္တာနုပဿနာရှုပါ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးကနေ့တိုင်းပဲ ဒကာ ဒကာမတွေကို ဝိပဿနာရှုမှုကို သင်နေတယ်ဆိုတာလဲ အားလုံးပဲ သိကြပါပြီ (မှန်ပါ့)၊
သိတော့ ဒကာ ဒကာမတွေ ဘာဖြစ်လို့ ဒီလောက်သင်ရပါလိမ့်မတုန်းလို့ မေးတဲ့အခါကျ တော့ ဒကာ ဒကာမတို့ ဥပမာမယ် စိတ်ခြောက်မျိုး မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်တွေနဲ့ မနောစိတ်တွေပါ ရှုလိုက်တယ်၊ ခြောက်စိတ်ကို ရှုလိုက်တယ်ဆိုတော့ မဂ္ဂင်ငါးပါး မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်တယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ်)။
မဂ္ဂင်ငါးပါးက မဂ်
သေချာတော့ကို “ဖြစ်ပျက်ရှုတဲ့ မဂ္ဂင်ငါးပါးက မဂ်” ပြောနေကျအတိုင်းဆိုတာ့ ဒါမလာပေဘူးလား (လာပါ တယ်)၊ ကဲ ဒီတော့ သူ့ကို ငါထင်တဲ့ တဏှာ ဥပါဒါန်ကံတွေလာသေးရဲ့လား (မလာပါ ဘုရား)၊ ဟာ ဒါဖြင့် ဒီလိုသေ သွားရင် ဘဝကူးရှိသေးရဲ့လား (မရှိပါ ဘုရား)၊ နောက်ခန္ဓာပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)၊ ဪ ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာရရင် ဘာတဲ့ (အပြစ်သင့်တာပါ ဘုရား)၊ ရှုလိုက်တဲ့ပုဂ္ဂိုလ် နောက်ခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)
ဪ ဒါကြောင့် ဟိုစကားတွေနဲ့ဆက်စပ်ပြီး အလုပ်စဉ်ပြနေတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဒါနည်းတဲ့ တရားအဓိပ္ပာယ် မဟုတ်ပါဘူးဆိုတာ မှတ်ကြပါ၊
ဒါက သံယုတ်ပါဠိတော်က လာတာ၊ ခုနကဟာက ပဏ္ဏာ သပါဠိတော်က လာတာ (မှန်ပါ့)၊ အလယ်မှာပြောခဲ့တဲ့ ကိုယ့်ဟာကိုယ်ရှုပေးပါဆိုတာ အင်္ဂုတ္တိုရ်က လာတာ (မှန်ပါ့)၊
သေတတ်အောင် နေတတ်အောင်
အားလုံးညှိပြီး သကာလ ဒကာ ဒကာမတွေအား ကျေးဇူးများသည်ထက် များအောင်၊ သေတတ်အောင် နေတတ်အောင် အကုန်သင်တာပဲ (မှန်ပါ့)၊ နေတော့ ရှုနေကြဖို့ သင်လိုက်တယ်၊ သေတော့ ရှုသေလို့ သင်လိုက်တယ် (မှန်ပါ့)၊
ဒီတော့ နေတယ်၊ သေတယ်ဆိုတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။ ဒီထက်သင်တာတော့ဖြင့် ကုန်ပြီ၊ ခင်ဗျားတို့သန္တာန်မှာအနေနဲ့ အသေပဲ ရှိတာပဲ (မှန်ပါ့) ဒီ့အပြင် ဘာများရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။
အေး ဘာမှမရှိဘူး၊ အနေနဲ့အသေပဲရှိတယ်ဆိုတာ သေချာတော့ ဒီလိုရှုဖန်များလာတော့ မဂ္ဂင်ရှစ်ပါးဖြစ်သွား တဲ့အခါကျတော့ ဒိဋ္ဌိတို့ ဒိဋ္ဌုပါဒါန်တို့ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတို့ လာသေးရဲ့လား (မလာပါ ဘုရား)၊
အကယ်၍ မဂ်လေးတန်များ ဆိုက်သွားမယ်ဆိုရင်နောက်ခန္ဓာလာပါဦးမလား (မလာပါ ဘုရား)၊ နောက်ခန္ဓာမလာတာဟာ အပြစ်လွတ်သွားတာပဲ (မှန်ပါ့)၊ ဒီလိုလုပ်မှ လွတ်တယ်ဆိုတာလဲ သေချာနေပြီ (မှန်ပါ့)။
အဲဒါကြောင့် တပည့်တော်တို့ မလုပ်တတ်သေးဘူးလို့ ခင်ဗျားတို့က ပြောမယ်ဆိုရင် ကိုယ့်အသေကိုလဲ မသေ တတ်သေးပါဘူးပြောတာနဲ့ အတူတူပဲ (မှန်ပါ့)၊ မနေတတ်သေးဘူး ပြောတာနဲ့ရော (အတူတူပါပဲ ဘုရား)။
အဲဒါကြောင့် အခုလုပ်တတ်အောင်လို့ပဲ အခုတရားကို တစ်ပုဒ်ဆိုလို့ရှိရင် ၃-၄ရက်အလုပ်က ရှေ့သွင်းနေတာ၊ ဦးခင်မောင် မများဘူးလားဗျာ (များပါတယ် ဘုရား)၊
လိုရင်းကတော့ ဒါပဲမဟုတ်လား (မှန်ပါ့)၊ ဟိုဟာက သက်သေ သာဓက လုံလောက်အောင် ပြတာပါ (မှန်ပါ)၊ သူများရတဲ့ နိဗ္ဗာန်ဟာ သူများသာဆိုင်ပါတယ်၊ ကျုပ်တို့နဲ့မဆိုင်ပါဘူး။
ကိုယ်ရဖို့ နိဗ္ဗာန်ဟာ ကိုယ်ဆိုင်ပါလိမ့်မယ်
ကိုယ်ရဖို့ နိဗ္ဗာန်ဟာ ကိုယ်ဆိုင်ပါလိမ့်မယ် (မှန်ပါ့)၊
အဲဒါကြောင့် သူများရတာ ကျုပ်တို့က သူတို့ရတဲ့လမ်းကိုသာ လိုက်ဖို့ အရေးကြီးပါတယ် (မှန်ပါ့)၊ သူများရသွားလို့ ငါရလိမ့်မယ်လို့ ဒီလိုယူလို့မဖြစ်ပါဘူး၊
ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာ သာ အမှန်ထားရပါလိမ့်မယ် (မှန်ပါ့)၊ သဘောပါကြပြီလား (ပါပါပြီ)။
ကောင်းပြီ၊ အခုလုပ်လိုက်ခြင်းကြောင့် နောက်ခန္ဓာမရဘူး ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)၊ ဒါဖြင့် ခန္ဓာအပြစ်လွတ်တာပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ရဟန္တာကြီးလေးပါး အကြောင်း ပြန်လှည့်ရဦးမယ်၊ ခင်ဗျားတို့ ဥစ္စာနားလည်စေဖို့ ဟိုဟာထည့်ပြောရ၊ ဒီဟာထည့်ပြောရနဲ့၊ အားကိုမအားဘူး (မှန်ပါ့)၊ အရင်ပြောခဲ့တာနဲ့ ကိုက်ရအောင်လဲ ပြန်ပြီးစေ့စပ် ရသေးတယ် ဦးခင်မောင် (မှန်ပါ့)။
ကဲ ဒါဖြင့် ပုထုဇဉ်ရဟန်းက “ဆန္နံ ဖဿာယတနာနံ (ပ) သုဝိသုဒ္ဓံ ဟောတိ” ဒီလိုရဟန္တာကြီးက ရှင်းရှင်း ပြောလိုက်ငြားသော်လဲ ပုထုဇဉ်ရဟန်းက ခန္ဓာငါးပါးလဲ မစုံသေးဘူး၊ ကိုယ်တော်ကြီး ဟောတာလ ချွင်းချက်နဲ့ ဟောနေ တယ်လို့ သူမယူဘူးလား (ယူပါတယ် ဘုရား) သူကျေနပ်ရဲ့လား (မကျေနပ်ပါ ဘုရား)၊ ခန္ဓာငါးပါးလုံးက မစုံသေးဘဲ ဖြစ်နေတာကိုးဗျ (မှန်ပါ့)၊ သူကသာ မစုံတာ၊ ဖြစ်စဉ်ကတော့ စုံတယ် (မှန်ပါ့)။
ဒုတိယရဟန္တာကြီးဆီကို သွားတယ်
ဒါနဲ့ သူမကျေနပ်သေးတာနဲ့ ဦးခင်မောင် ဘယ်သွားပြန်ပါလိမ့် (ဒုတိယရဟန္တာကြီးဆီကို သွားပါတယ် ဘုရား)၊ ဒုတိယရဟန္တာကြီးဆီ ရောက်သွားပြန်တော့ အရှင်ဘုရား တပည့်တော် အမြင်မှန်ကို အင်မတန်ရချင်ပါတယ် ဘုရား၊ အရှင်ဘုရားများတော့ မြင်ပြီးသား ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ တပည့်တော် အမြင်မှန်ကလေး မရသေးလို့ အမြင် မှန်ကလေး အမိန့်ရှိတော်မူပါလို့ သူကလျှောက်လိုက်တယ်နော် (မှန်ပါ့)။
ထိုကဲ့သို့ လျှောက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ နားထောင်ပါ၊ “ပဉ္စန္နံ ဥပါဒါနက္ခန္ဓာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဥပါဒါနက္ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်မြင်လို့ရှိရင် အမြင်မှန်ပါပဲတဲ့ (မှန်ပါ့)။
အင်း ဒီကိုယ်တော်ကတော့ ငါးပါးလို့ဟောတယ်တဲ့၊ ငါးပါးလို့သာ သင်္ချာကိုသာသူကကြည့်နေတာ၊ ဖြစ်ပျက်ကို မတွေ့ဘူး၊ သူ့ဟာက (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။
ငါးပါးစုံတာလဲ နောက်ဆုံးပိတ်တစ်နေ့မှာ ဦးခင်မောင်တို့ ဒကာဝတို့ စဉ်းစားပါ၊ “သမုဒယဉ္စ အတ္ထင်္ဂမဉ္စ” ဆိုတော့ ဖြစ်ပျက်မပါဘူးလား (ပါပါတယ် ဘုရား)။
သူက အဲဒါလိုက်တာလား၊ အရင်ကိုယ်တော်က ခြောက်ပါးဟောတယ်၊ ဒီကိုယ်တော်က ငါးပါးဟောတယ်၊ ဒီကိုယ်တော်က ခန္ဓာငါးပါးစုံတယ်၊ အရင်ကိုယ်တော်က ခန္ဓာငါးပါးမစုံဘူးဆိုပြီး သူက ဒါလိုက်နေတာ (မှန်ပါ့)။
တကယ်ရှိတာက ဖြစ်ပျက်ဘဲရှိတယ်
ဒကာ ဒကာမတို့ ခန္ဓာငါးပါးကလဲ တကယ်ရှိတာမဟုတ်ဘူး၊ တကယ်ရှိတာက ဖြစ်ပျက်ဘဲရှိတယ် (မှန်ပါ့)၊ ဝိပဿနာဉာဏ်နဲ့သာ ခရီးပေါက်ပေါက်ပြီး ကြည့်လိုက်ရင် အနိစ္စတွေပဲတွေ့မယ် (မှန်ပါ့)၊
အာယတန ခြောက်ပါးကြည့် လိုက်ပြန်လဲ ဝိပဿနာနဲ့သာ ကြည့်လိုက်မယ်ဆိုရင် ဘာတွေ့မယ် ထင်သတုန်း (ဖြစ်ပျက်ပဲတွေ့ပါတယ် ဘုရား)၊ ကဲ အနိစ္စတွေ တွေ့ဖို့အရေးကြီးပါတယ် (မှန်ပါ့)။
ဒါတွေကလဲ ဒကာဒကာမတွေ အကျယ်တဝင့် အနိစ္စနဲ့ဆ ုံးပုံကလေးလဲ ရှင်းပြပါဦးမယ်တဲ့၊ စကားဆိုတာ တစ်လုံးတည်းနဲ့လဲ မပြီးတော့ ခင်ဗျားတို့ လုပ်တတ်ကိုင်တတ်အောင် ပြောပြနေရတယ် (မှန်ပါ့)၊
ကိုင်း ဒါဖြင့် ဒီကိုယ်တော် ကတော့ ခန္ဓာငါးပါးဖြစ်ပျက်မြင်ရင် ဘာတဲ့တုန်း (အမြင်မှန်ပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဪ -ဒီကိုယ်တော်ကတော့ ခန္ဓာငါးပါးစုံတယ်၊ ဟိုကိုယ်တော်ကတော့ ခြောက်ပါးလို့ဆိုတယ်ဆိုပြီး သူ့စိတ်ထဲမှာ သံသယလာနေတယ် (မှန်ပါ့)၊ လာစရာလား ကိုမြရွှေတို့ မလာစရာလား (မလာစရာပါ ဘုရား)၊ မလာစရာပါဘဲတဲ့၊ သို့သော် သူကလာတာကတော့လဲ မတတ်နိုင်ဘူး (မှန်ပါ့)။
အဲဒီတော့ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအထဲက ခန္ဓာငါးပါး ဖြစ်ပျက်တရားကို မြင်လို့ရှိရင် ဒကာ ဒကာမတို့ အမြင်မှန်ပဲ၊ ဒီကနေပြီး နိဗ္ဗာန်မြင်တော့တာပဲ၊ ဆက်ပြီးတော့ (မှန်ပါ့)။
ကဲ ဒါဖြင့် ကျုပ်တို့သိစရာက ဝေဒနာဟာ ဒီအထဲမှာ မပါဘူးလား (ပါပါတယ်)၊ အဲ ဝေဒနာအစအဆုံးလိုက် လိုက်လို့ ဝေဒနာတွေ ဖြစ်ပျက်မြင်လဲ ကျုပ်တို့ ဘယ့်နှယ်ဆိုကြပါ့မလဲ (အမြင်မှန်ပါ ဘုရား)၊ ဒီအထဲမှာ ခန္ဓာငါးပါးထဲ ကစိတ်တစ်လုံးကိုပဲ ဒကာ ဒကာမတွေ ရှုလိုက်ပြန်လို့ ဖြစ်ပျက်မြင်ပြန်ရင်တော့ (အမြင်မှန်ပါ ဘုရား) အမြင်မှန်ပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။
သူ့စိတ်ကတော့ ၆-နဲ့၅-ရှုပ်နေတယ်
အဲဒီတော့ ဒီဒုတိယ ရဟန္တာကြီး ဟောတာရော မမှန်ဘူလား (မှန်ပါတယ်)၊ မှန်တာပဲ၊ ဖြစ်ပျက်မြင်လို့ရှိရင် ကိစ္စပြီးတာပါပဲ၊ ဒါပေမယ့် သူ့စိတ်ကတော့ ၆-နဲ့၅-ရှုပ်နေတယ် (မှန်ပါ့)။
ဦးခင်မောင် ဘာရှုနေသလဲ (၆-နဲ့၅-ရှုပ်နေပါတယ်)။
အဲဒါကြောင့် ခင်ဗျားတို့လဲ အိမ်ကျတော့ ၆-နဲ့ ၅-န ရှုပ်မနေကြပါနဲ့၊ စိတ်ကြိုက်ရင် စိတ်တစ်လုံးထည့်ပြီးရှု၊
ဝေဒနာကြိုက်ရင် (ဝေဒနာတစ်လုံးထဲထည့်ပေးပြီး ရှုရပါတယ်) ဝေဒနာကို ပေပြီးရှုပေးပါ၊ “ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော” တဲ့၊ ဝေဒနာကုန်အောင်လုပ်ရင် နိဗ္ဗာန်ရောက်တာပဲလို့ ဘုရားက ဟောထားတဲ့ ပါဠိတော်တွေ ရှိနေပါတယ် (မှန်ပါ့)။
ဝိညာဏ်တစ်ခုတည်း ရှုလို့ စိတ္တာနုပဿနာနဲ့ နိဗ္ဗာန်ဝင်သွားတာတွေလဲရှိနေတာပဲ (မှန်ပါ့)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)၊
ဒါကြောင့် ကျုပ်တို့မှာတော့ “ ဧကော ဓမ္မော”ကို ကိုင်ထားလိုက်တာပေါ့ဗျာ၊ ဖြစ်ပျက်ကိုလဲ ကိုင်ထားလိုက်တာပေါ့ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒုတိယရဟန္တာ ဟောတာရော မှားသလား၊ မှန်သလား (မှန်ပါတယ် ဘုရား)၊ ဒုတိယရဟန္တာဟောတဲ့ အထဲမှာလဲ စိတ်ပါတယ်၊ ပထမရဟန္တာဟောတဲ့အထဲမှာလဲ စိတ်ပါတယ်၊ ကျုပ်တို့က စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် စိတ်သာ ရှုပါ၊ ရောက်မှာပါပဲ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒါနဲ့ ပုထုဇဉ်ရဟန်းကတော့ တွေးလိုက်တယ်၊ အရင်ပုဂ္ဂိုလ်က ၆-ပါးတဲ့၊ နောက်ပုဂ္ဂိုလ်ကတော့ ၅-ပါးတဲ့ (မှန်ပါ့)၊ အရင်ပုဂ္ဂိုလ်ကတော့ ခြွင်းချက်နဲ့ဟောတယ်၊ နောက်ပုဂ္ဂိုလ်ကတော့ ခြွင်းချက်မရှိဟောတယ်၊ အမြင်မှန်ရတဲ့ ကိုယ်တော်ချင်းတူငြားသော်လဲ ဟောပုံချင်းက ခြားနားတယ်ဆိုပြီး သူ့စိတ်ထဲမှာ ဒကာဝ ကျေနပ်ရဲ့လား(မကျေနပ် ပါ ဘုရား)၊
တတိယရဟန္တာဆီသွား ပြန်တယ်
မကျေနပ်တော့ ဘယ်သွားဦးမယ်ထင်သတုန်း (တတိယရဟန္တာဆီ သွားပါဦးမယ်)၊ တတိယရဟန္တာဆီသွား ပြန်တယ် ဦးခင်မောင် (မှန်ပါ့)၊
ဘုရားကတော့ဖြင့် ဒီနေရာမှာ သူတို့ကိလေသာရောဂါပျောက်ကြတာ ဒီဆေးသောက်လို့ ပျောက်ကြတာပဲ ဆိုတာ အဖြေထွက်ဦးမယ် (မှန်ပါ့) အရင်ပုဂ္ဂိုလ်က ၆-ပါးဆေးနဲ့ပျောက်သွားတယ် (မှန်ပါ့)၊ နောက်ပုဂ္ဂိုလ်က ၅ပါးဆေး နဲ့ ကိလေသာရောဂါတွေ အကုန်ပျောက်တယ်၊ ပျောက်တဲ့ဆေးချည်းပါပဲ (မှန်ပါ့)။
ကဲ တတိယရဟန္တာထံသွားပြီး အရှင်ဘုရားတပည့်တော် အမြင်မှန်ကလေး သိပါရစေဘုရား အမြင်မှန်ကလေး တပည့်တော်ရချင်ပါတယ်ဆိုတော့
“စတုန္နံ မဟာဘူတာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ၊ ဧတ္တာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံ ဟောတိ” လို့ ဒီလိုဟောလိုက်ပြန်တယ်၊
မဟာဘုတ်လေးပါးရဲ့ ဖြစ်ပျက်ကို အမှန်အတိုင်းမြင်ရင် အမြင်မှန်ဖြစ်ပါတယ်တဲ့ (မှန်ပါ့)၊ မဟာဘုတ်လေးပါး ဆိုတော့ ပထဝီ အာပေါ တေဇော ဝါယောပေါ့၊ မြေ ရေ လေ မီး ဓာတ်ကြီးလေးပါးပေါ့ဗျာ (မှန်ပါ့)၊
ခန္ဓာကိုယ်ထဲမှာ မြေ ရေ လေ မီး ရှိတယ်၊ အဲဒါကို ဖြစ်တာနဲ့ ပျက်တာကို မြင်တာဟာ အမြင်မှန်ပါပဲ ငါ့ရှင်တို့ တတိယ ရဟန္တာ မထေရ်မြတ်က ဖြေလိုက်တယ် (မှန်ပါ့)။
ပုထုဇဉ်ရဟန်းက ကျေနပ်ရဲ့လား (မကျေနပ်သေးပါ ဘုရား)၊ အရင်ပုဂ္ဂိုလ်က ခြွင်းချက်နဲ့ဟောတယ်၊ ဒီပုဂ္ဂိုလ်က ဒီ့ထက်အောင် ခြွင်းချက်နဲ့ဟောပြန်တော့ အတော်ခက်နေပြီ၊ ဒကာ ဒကာမတို့ ကျေနပ်ပါရဲ့လား (မကျေနပ်ပါ ဘုရား)၊ တယ်လဲခက်ပါလား။
တတိယပုဂ္ဂိုလ်ကျတော့ ၄-ပါးပဲဟောတယ်
ဦးခင်မောင် ဘာခက်နေသတုန်း (ပုထုဇဉ်ရဟန်းခက်နေပါတယ်)၊ အရင်ပုဂ္ဂိုလ်က ၆-ပါးဟောတယ်၊ ဒုတိယ ပုဂ္ဂိုလ်က ၅-ပါးဟောတယ်၊ အခု တတိယပုဂ္ဂိုလ်ကျတော့ ၄-ပါးပဲဟောတယ်၊ ခြွင်းချက်နဲ့ ဟောတယ်ဆိုပြီး သူကဝေဖန် နေမှာပေါ့ (မှန်ပါ့)၊
အဲဒါကြောင့် ဒကာ ဒကာမတို့ ဝေဖန်တာများလို့ ရှိရင်လဲ မရနိုင်ဘူးနော် (မှန်ပါ့)၊ ပါဠိတော်က လာတာတွေကို ဆရာသမားက ပြောလို့ ဒကာ ဒကာမတွေက တစ်ခုခုမှတ်ပြီး ရှုလို့ရှိရင် ဒါဟာ အမြန်တက်သွားမှာပဲ (မှန်ပါ့)၊
နို့မဟုတ်လို့ရှိရင် ဝေဖန်ပြီး သကာလ နေကြတော့မယ်၊ မဝေဖန်နဲ့လို့တော့ မဆိုလိုပါဘူး၊ တည့်ပြီးသားကို အထူးဝေဖန် မနေကြနဲ့တော့ (မှန်ပါ့)၊
မတည့်သေးရင်တော့ ဘာလုပ်ရမလဲ ဝေဖန်ရမယ်တဲ့၊ ပါဠိတော်နဲ့လဲ မကိုက်သေး ဘူးဆိုရင် ဝေဖန်တာပေါ့ဗျာ (မှန်ပါ့)။
အခုတော့ဖြင့် ပုထုဇဉ်က ခဲယဉ်းနေတာ၊ ဒီကိုယ်တော်ကြီးတွေကဖြင့် ကိလေသာပျောက်တဲ့ဆေးချည်း ဟောနေ တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဒီပါဠိတော်ထဲမှာပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဖြေပေးလိမ့်မယ် (မှန်ပါ့)၊ မရှင်းသေး ဘူးလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ဘုရားဟောထားတဲ့ စိတ်တစ်လုံးပိုင်ပိုင်ရှု၊ ဝေဒနာတစ်လုံးပိုင်ပိုင်ရှု၊ မဖြစ်ကြ ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား)၊ ဦးခင်မောင် ဗျာများနေဖို့လိုသေးသလား (မလိုပါ ဘုရား)။
သို့သော် ဒါဟာ ရှေးကဗျာများပုံကလေးကို စုံအောင်တော့ ပြောပြရမှာပဲဆိုတာတော့ သဘောကျကြပေါ့ (မှန်ပါ့)။
စတုတ္ထရဟန္တာဆီကို မသွားဘူးလား
ကဲ ဒါနဲ့ ဒကာဝ တတိယရဟန္တာဟောတာကို မကျေနပ်သေးတာနဲ့ ဒကာ ဒကာမတို့ စတုတ္ထရဟန္တာဆီကို မသွားဘူးလား (သွားပါတယ် ဘုရား)၊ စတုတ္ထရဟန္တာကို အရှင်ဘုရား တပည့်တော် အမြင်မှန်ကလေး တစ်ခုဖြင့်ရပါရစေ၊
အရှင်ဘုရားတို့ကတော့ အမြင်မှန်ရပြီးသား ဖြစ်ပါတယ်ဆိုပြီး သွားလျှောက်တော့ စတုတ္ထရဟန္တာက
“ ယတော ခေါ အာဝုသော ဘိက္ခု ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ ယထာဘူတံ ပဇာနာတိ”တဲ့၊ တိုတိုပြောတော့ အဖြစ်နဲ့အပျက်ချည်းပဲဖြေလိုက်တယ် (မှန်ပါ့)။
ဘယ့်နှယ်ဟောလိုက်ပါလိမ့် (အဖြစ်နဲ့အပျက်ချည်းပဲလို့ ဟောလိုက်ပါတယ် ဘုရား) ဒကာ ဒကာမတွေ ဒါလိုရင်း ဆိုတာ မပါသေးဘူးလား (ပါပါတယ်)၊ ယံကိဉ္စိ-အလုံးစုံသော၊ သမုဒယဓမ္မံ ဖြစ်တတ်တဲ့သဘောတရားသည်။ အတ္ထိ ရှိ၏ သဗ္ဗံ-အလုံးစုံသော၊ တံ-ထိုဖြစ်တတ်တဲ့ သဘောတရားသည်။ နိရောဓဓမ္မံ-ချုပ်ခြင်း၊ ပျက်ခြင်းမှာ လမ်းဆုံး၏ ဦးခင်မောင် ဒါချည်းပဲ (မှန်ပါ ဘုရား)။
ဖြစ်ပျက်မှာလမ်းဆုံးသွားတယ်
ဒါဖြင့် ကျုပ်တို့သုံးနေတဲ့ အခု ဒကာဒကာမတွေ သုံးနေကြတာ နှုတ်တက်နေကြတာ ဘယ်မှာ လမ်းဆုံးသွားပါ လိမ့်၊ (ဖြစ်ပျက်မှာလမ်းဆုံးသွားပါတယ် ဘုရား)၊
ပုထုဇဉ် ရဟန်းမှာတော့ အတော်အကြံရခက် သွားတာပေါ့၊ စတုတ္ထ ရဟန္တာဟောတာက ၆-လဲ မထည့်ဘူး၊ ၅-လဲမထည့်ဘူး၊ ၄-လဲမထည့်ဘူး၊ ဦးခင်မောင် (မှန်ပါ့)၊ မောင်ကို ထည့်သေးသလား (မထည့်ပါ ဘုရား)၊ ကွာ ဖြစ်တာနဲ့ ပျက်တာပဲရှိပါတယ်လို့ ပြောလိုက်တယ် (မှန်ပါ့)။
ဪ ဒါဖြင့် ဒကာ ဒကာမတွေကလဲ သေသေချာချာ ရှင်းကြပါတော့၊ ခန္ဓာကြည့်လိုက်တဲ့အခါ ဝေဒနာ ကြည့်လဲ ဖြစ်ပျက်တွေ့ဖို့အရေးကြီးပါတယ်၊ စိတ်ကြည့်လဲ (ဖြစ်ပျက်တွေ့ဖို့အရေးကြီးပါတယ်)၊ ရုပ်ကြည့်ပြန်တော့လဲ (ဖြစ်ပျက်တွေ့ဖို့အရေးကြီးပါတယ်)၊
“ယတော ခေါ အာဝုသော ဘိက္ခု ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ ယထာဘူတံ ပဇာနာတိ၊ ဇတ္တာဝတာ ခေါ အာဝုသော ဘိက္ခုနော ဒဿနံ သုဝိသုဒ္ဓံဟောတိ”
ဖြစ်ပျက်မြင်ရင် အမြင်မှန် တဲ့ (မှန်ပါ့)။
ဖြစ်ပျက်မြင်ရင် အမြင်မှန်
ဖြစ်ပျက်မြင်ရင် အမြင်မှန်ကွာလို့ ဟောလိုက်တော့ ဒကာ ဒကာမတို့သန္တာန်မှာ ဘာရယ်လို့ အောက်မေ့မနေနဲ့၊ ဝေဒနာရှုလဲ ဖြစ်ပျက်တွေ့ဖို့ပဲ (မှန်ပါ့)၊ စိတ်ရှုတော့ (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား)၊ သညာသင်္ခါရတွေ ရှုကော (ဖြစ်ပျက် တွေဖို့ပါ ဘုရား)၊ ရုပ်တွေရှုပြန်တော့ရော (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား)၊ ဖြစ်ပျက်တွေ့လို့ရှိရင် ဘယ်နှယ့်ဆိုကြပါ့မလဲ (အမြင်မှန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တစ်လုံးကို တွေ့ဖို့ရာဟာ ကျုပ်တို့အရေးကြီးဆုံး အချက်ပါပဲဆိုတာ မပေါ် သေးဘူးလား (ပေါ်လာပါပြီ ဘုရား)၊ ဘာတွေ့ဖို့ပါလိမ့်ဗျာ (ဖြစ်ပျက်တွေ့ဖို့ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီကစိတ်ကလေးက ဒကာ ဒကာမတွေသန္တာန်ပေါ်လာတဲ့ စားချင်တဲ့စိတ်ကလေး ထားပါတော့ နော် (မှန်ပါ့)၊ စားချင်စိတ်ကလေးကို ဒီက ရှိ မရှိတွေးစမ်း (မရှိပါ ဘုရား)၊ စားချင်တဲ့စိတ်ကလေးဟာ တွေးစိတ်လာရင် သူရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘယ်မှာရှိလိမ့်မလဲ ဒကာ ဒကာမတွေ၊
ပထမစားချင်တဲ့စိတ်နဲ့ လူတစ်ယောက်အသက် ရှင်နေတယ်၊ နောက်တွေးစိတ်နဲ့ အသက်ရှင်နေတယ်၊ နောက်တွေးစိတ်နဲ့ အသက်ရှင်နေတယ်ဆိုတော့ ဒကာ ဒကာမ တို့စိတ်တစ်ခုနဲ့သာ အသက်ရှင်ရမှာမို့ ဒီစိတ်သေပြီးမှ နောက်စိတ်နဲ့ အသက်ရှင်ရမှာပေါ့ (မှန်ပါ့)၊
“ ဧကစိတ္တသမာ ယုတ္တာ “ ကိုးဗျ၊ တစ်ခုသောစိတ်နဲ့ အသက်ရှင်ရမယ်ဆိုတဲ့ဥစ္စာ နတ်လဲအတူတူ၊ ဗြဟ္မာလဲအတူတူပဲ၊ တစ်ခုသော စိတ်နဲ့အသက်ရှင်ရမယ်ဆိုတော့ ဒီစိတ်ချုပ်ပြီးမှ ကျုပ်တို့ ဒီစိတ်နဲ့အသက်ရှင်ရမယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါ ပြီ)။
ရှိ မရှိ တွေးလိုက်စမ်း
စားချင်တဲ့စိတ်ကလေး ချုပ်သွားပြီးတော့မှ စားချင်တဲ့စိတ်ကလေး ရှိ မရှိ တွေးလိုက်စမ်း (မရှိပါ ဘုရား)၊ မရှိတာကို ဘယ့်နှယ်ဆိုမယ် (အနိစ္စပါ)၊ မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား)။
ဪ ဒီလိုလာလိုက်တဲ့အခါကျလို့ရှိရင် စားချင်တဲ့စိတ်ကလေးဟာ တဏှာကိုးဗျ၊ တဏှာမလာတော့ ဒီဘက်က ဥပါဒါန်က လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊ ကံကောလိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊ နောက်ဘဝ ဇာတိ ဇရာ မရဏကော (မလိုက်ပါ ဘုရား)။
အဲ တကယ့်ခရီးပေါက်သွားလို့ အထွဋ်အထိပ်မဂ်ရမယ်ဆိုရင် နောက်ဘဝပေါ်မလာ တော့ဘူး (မှန်ပါ့)၊ ဒါဖြင့် အသေကောင်းပဲဆိုတာရော သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီအသေကောင်းဖြစ်ရပါလိမ့်မတုန်းဆိုတော့ ရှင်တုန်းက အနေကောင်းမို့ (မှန်ပါ့)၊ ၁-ကို ၂-နဲ့ကြည့်တုန်းက အနေကောင်းလို့ (မှန်ပါ့)၊ ဒီဘက်မှာ ဇာတိ ဇရာ မရဏ မလာတာက အသေကောင်းလို့ (မှန်ပါ့)။
ဒါဖြင့် အနေကောင်းဖြစ်အောင် ရှုနေရမယ် (မှန်ပါ့)၊ ရှုနေမှ အသေကောင်းဖြစ်တယ် (မှန်ပါ့)။
အနေကောင်းက ဘာပါလိမ့် (ရှုနေရပါမယ် ဘုရား)၊ အဲ ရှုနေမှ အနေကောင်းဖြစ်တော့ကို သေတဲ့အခါကျတော့ ခန္ဓာမလာနိုင်အောင် မဂ်စစ်ဆိုက်အောင်သာ လုပ်ကြမယ်ဆိုရင် အသေကောင်း ဖြစ် မဖြစ် (ဖြစ်ပါတယ် ဘုရား)၊
နိစ္စနိဗ္ဗာန် ဓုဝနိဗ္ဗာန်ဆိုတာ
နိစ္စနိဗ္ဗာန် ဓုဝနိဗ္ဗာန်ဆိုတာ မြဲတဲ့နိဗ္ဗာန်၊ အဲဒီရောက်မှာကိုး ကျုပ်တို့က (မှန်ပါ့) နိစ္စနိဗ္ဗာန် ခိုင်မြဲတယ်၊ သုခနိဗ္ဗာန် ချမ်းသာတယ် (မှန်ပါ့)။
ဪ ဒါဖြင့် ခန္ဓာမလာတော့ သူလာသကိုးဆိုတာ မပေါ်ပေဘူးလား (ပေါ်လာပါတယ်)။ ခန္ဓာမလာတော့ ချမ်းသာလာတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ နောက်ဆုံးပိတ် ရဟန္တာဟောလိုက်တဲ့ စကားဟာ ဒကာ ဒကာမတို့ တယ်မိသနော် (မိပါတယ် ဘုရား)၊ သူကနောက်ဆုံးပိတ် ဘယ့်နှယ်ဟောလိုက်သတုန်း၊ ဒကာ ဒကာမတို့ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ အရှင်ဘုရား အမြင်မှန်ကို ပြောစမ်းပါဆိုတော့ ဖြစ်ပျက်ပဲ ရှိတယ်လို့ ပြောလိုက်တယ် (မှန်ပါ့)။
ခန္ဓာကိုယ်ကို ကြည့်ပါ၊ ဖြစ်ပျက်မြင်ရင် အမြင်မှန်ပါပဲဆိုတော့ အနိစ္စမြင်ရင် အမြင်မှန်ပဲလို့ ပြောလိုက်တယ် (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
အဲဒီတော့ တရားကလဲ နာရီကစေ့နေတော့ ဒီအမြင်မှန်ဆိုတာ ဖြစ်ပျက်လို့ပဲ စတုတ္ထရဟန္တပြောတာကို မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ)။