13904

မာတိကာသို့

သေ၊ မွဲ ၊ ကွဲ ၊ ဒုက္ခသစ္စာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားတော်မူသော

သေ၊ မွဲ ၊ ကွဲ ၊ ဒုက္ခသစ္စာ

အလုပ်ပေးတရားတော်

(၂၀-၁-၆၁)

သေ-မွဲ-ကွဲဆိုတာ

ဒီနေ့ မနေ့က ကျန်တာကလေးကို ဖြည့်စွက်ပြီး အလုပ်တရားသတ်မှတ်မှာပဲ (မှန်ပါ့)၊ သေ-မွဲ-ကွဲဆိုတာ ဒကာ ဒကာမတွေ လူတိုင်းသိနေပြီ။

သေ-မွဲ-ကွဲ ဘယ်က လာသတုန်းလို့မေးလို့ရှိရင် သေ-မွဲ-ကွဲဟာ ဒုက္ခသစ္စာချည်းပဲလို့ ဆရာဘုန်းကြီး ရှင်းပြီးပြီ၊ သေမွဲ ကွဲဟာ ဒုက္ခသစ္စာချည်းပဲလို့ ရှင်းပြီးတော့ သေတာ ဘယ်ကလာသတုန်းလို့ မေးလို့ရှိရင် ပဋိသန္ဓေက လာတယ်လို့မှတ်၊ ပဋိသန္ဓေနေမိလို့ တွေ့ရ ကြုံရ ဆုံရတယ်ဆိုတာ ဒကာ ဒကာမ တွေ ငြင်းစရာမရှိဘူးလို့ မှတ်ထားရမယ် (မှန်ပါ့)၊ သို့သော်လဲ အကြောင်းအကျိုးကို ကိုယ်က မဆက်တတ်လို့ရှိရင် ဒီနေရာမှာ ဝိစိကိစ္ဆာလာမှာစိုးလို့ ဇာတိပစ္စယာ ဇရာမရဏသောက ပရိဒေဝ အစရှိသည်နဲ့လာတော့ ဒါတွေဟာ အကြောင်းအကျိုး ဆက်သွယ်နေလို့ရှိရင် ဦးဘအုန်းတို့က ဥပနိဿယချည်းမှတ်ပါ (မှန်ပါ့)။

အကြောင်းနဲ့အကျိုးဝေးနေရင် ဘာလို့မှတ်ကြမလဲ (ဥပနိဿယလို့မှတ်ရပါတယ်)

“ဥပနိဿယပစ္စယော အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရားလည်းကောင်း” ဆိုတော့ သူက အားကြီးသော အကြောင်း ဖြစ်သောကြောင့် ဒီအားကြီးသော အကျိုးတွေ အပေးခံရတာပဲဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒါတွေရှင်းပြီး သကာလ နေတော့ ဒုက္ခသစ္စာအကြောင်း၊ ဒုက္ခသစ္စာအကျိုးပဲလို့ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)။

ဒုက္ခ ဒုက္ခချင်း ကျေးဇူးပြုတယ်

ဒုက္ခသစ္စာကလဲ ဘာပါလိမ့် (အကြောင်းပါ)၊ အကျိုးကလဲ ဘာရသတုံး ( ဒုက္ခသစ္စာပဲရပါတယ်) အကျိုးကလဲ ဒုက္ခသစ္စာပဲ၊ အကြောင်းကလဲ ဒုက္ခသစ္စာပဲဆိုသဖြင့် ဒုက္ခ ဒုက္ခချင်း ကျေးဇူးပြုတယ်လို့ ဒကာ ဒကာမတွေက မှတ်ထားရ မယ်။

ဘယ်လိုမှတ်ကြမယ် (ဒုက္ခ ဒုက္ခချင်းကျေးဇူးပြုပါတယ်) ဒုက္ခ ဒုက္ခချင်း ကျေးဇူးပြုတယ်ဆိုတာ မှတ်ထားတာ့မှ ရှင်းပြီး သကာလ သွားတယ်လို့မှတ်ကြပါ။

ကောင်းပြီ၊ ဒီဒုက္ခ ဘယ်က လာသတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကုသိုလ်အကုသိုလ်က လာတယ်လို့ မနေ့က မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်)။

ကုသိုလ် အကုသိုလ်ကလာတယ်လို့ပြောခဲ့တယ်၊ ကုသိုလ်က ဘယ်လို ကုသိုလ်မျိုးတုန်းဆိုလို့ရှိရင်ဖြင့် အာသဝအရိပ်မလွတ်တဲ့ ကုသိုလ်၊ အာသဝနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ အကုသိုလ်၊ ဒီနှစ်ခုကြောင့်လာတာ ဦးဘအုန်း (မှန်ပါ့)၊ အခြား အကြောင်းကြောင့် ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ကုသိုလ်ပြုတယ် တဏှာခြံရံတယ် ဆိုကြပါစို့။ လှချင် ပချင်လို့၊ နောက်ဘဝဘုံဘဝရချင်လို့ ဘုံဘဝတွေ ကိုလဲ ဆုတွေ ဘာတွေ တောင်းပြီး သကာလ နေမယ်ဆိုရင်ဖြင့် တဏှာကလဲ ပါတယ်ဆိုတာကို အထူးငြင်းနေဖို့ မလို တော့ဘူး၊ အာရုံကိုက တဏှာအာရုံမဟုတ်ဘူးလား (မှန်ပါ့)၊

တဏှာခြံရံတယ်၊ တဏှာနဲ့ တွဲဖက်လုပ်တယ်လို့ ဆိုတဲ့ ဥစ္စာမှန်မနေဘူးလား (မှန်နေပါတယ်)။ မှန်နေတဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သင်္ခါရ ပစ္စယာ ဝိညာဏံ” လို့ဟောလိုက်တယ်၊

သင်္ခါရ ပစ္စယာ ဝိညာဏံ

သင်္ခါရပစ္စယာ၊ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ အကြောင်းကြောင့်၊ ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ် သည်၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏ဆိုတာတော့ဖြင့် အားလုံး ဒကာ ဒကာမတွေ မှတ်ဖို့ပဲ (မှန်ပါ့) ပါဠိတော်နဲ့လဲ ကိုက်တယ် မဟုတ်လား (မှန်ပါ့ ဘုရား)၊ ကိုက်တဲ့အခါကျလို့ရှိရင် ဒီသင်္ခါရဟာ ဒီက ပုညာဘိသင်္ခါရဒီက အပုညာဘိသင်္ခါရတွဲနေ တယ်၊ ဘယ်အခါ တွဲသတုန်းဆိုလို့ရှိရင် လုပ်စဉ်အခါတုန်းက ခွဲမလုပ်ခဲ့ဘူးတဲ့ (မှန်ပါ့)။

ဘုရားဟောတာက “ပုညံ ဘိက္ခဝေ မာဘာယိတ္ထ” ၊ ဘိက္ခဝေ=ရဟန်းတို့၊ ပုညံ= ကောင်းမှုကုသိုလ် လုပ်တာကို၊ မာဘာယိတ္ထ=ကြောက်မနေကြပါနဲ့။

အကုသိုလ်တော့ ကြောက်ပါတဲ့၊ ကုသိုလ်တော့ (မကြောက်ရပါဘူး) ကုသိုလ်တော့ မကြောက်ဘဲနဲ့ လုပ်ရမည့် တရား (မှန်ပါ)။

အကုသိုလ်တော့ ကြောက်ရမယ်လို့ဆိုထားတော့ ဒကာ ဒကာမတွေက အတင့်ရဲပြီး သကာလ ဘုံဘဝ လိုချင်တဲ့ တဏှာတွဲဖက်လိုက်ပါတယ်၊ ဦးဘအုန်း မတင့်ရဲလို့ပေါ့ဗျာ(မှန်ပါ့) အတင့်ရဲလို့ပေါ့၊ ကုသိုလ်ပြုပြီး သကာလ ဘုံဘဝလိုချင် တဲ့ တဏှာတွဲဖက်လိုက်ပါတယ်၊ ဦးဘအုန်း အတင့်ရဲလို့ပေါ့ဗျာ (မှန်ပါ)

အတင့်ရဲလို့ပေါ့၊ ကုသိုလ်ပြုပြီး သကာလ ဘုံဘဝ ဆုတောင်းလိုက်တယ်၊ ဘဝတွေဆုတောင်းလိုက်တယ်၊ ဘုံတွေ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဆုတောင်းလိုက်တယ် ဆိုတော့ ဒီကုသိုလ်ဟာ စင်ကြယ်တဲ့ ကုသိုလ်မဖြစ်တော့ဘူး၊

သူနဲ့တွဲပြီး သကာလ အကျိုးပေးရမယ်ဆိုရင်ဖြင့် ဇာတိဒုက္ခ ပေးရမှာပဲ (မှန်ပါ့) တခြားပေးစရာ လိုသေးသလား (မလိုပါ ဘုရား) ဒါဖြင့် ဇာတိဒုက္ခပဲ ပေးရတော့မယ်ဆိုတာ ထင်ရှားပါတယ်။

ကုသိုလ်ကို နှစ်မျိုးထားဟောတယ်

ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ ကုသိုလ်ကို နှစ်မျိုးထားဟောတယ်၊ မနေ့က ဒါကလေးကျန်ပြီး သကာလ နေတဲ့အတွက် ဒီနေ့ဖြည့်စွက်တယ်နော် (မှန်ပါ့)။

ဒါဖြင့် ကုသိုလ်သည် ကောင်းတာလုပ် ကောင်းကျိုးပေးတယ်လို့ ကံကံ၏အကျိုးယုံကြည်လုပ်တဲ့ ကုသိုလ်က တစ်မျိုး၊ ပွားများတဲ့ ကုသိုလ်က တစ်မျိုး၊ ဘယ်နှစ်မျိုးလဲ (နှစ်မျိုးပါ ဘုရား)၊ ကံ ကံ၏အကျိုး ယုံကြည်တဲ့ကုသိုလ်က တစ်မျိုး၊ ပွားများတဲ့ ကုသိုလ်ကတစ်မျိုးလို့ ဒါကလေးကိုပဲ မှတ်ထားလိုက်တာပေါ့၊ ကုသိုလ်နှစ်မျိုးလို့ (မှန်ပါ့)၊ ဒါက ကမ္မဿကတဉာဏ် အုပ်ချုပ်တဲ့ ကုသိုလ်၊ ဒါက ဘာဝနာမယဉာဏ် အုပ်ချုပ်တဲ့ကုသိုလ် (မှန်ပါ့)။

ကုသိုလ် ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား)၊ ကမ္မဿကတဉာဏ် အုပ်ချုပ်တဲ့ကုသိုလ်က တစ်မျိုး ဘာဝနာ မယဉာဏ်အုပ်ချုပ်တဲ့ ကုသိုလ်က (တစ်မျိုးပါ ဘုရား)။

ဉာဏ်တော့ ဉာဏ်တွေချည်းပဲ၊ သို့သော်လဲ ဝဋ်ကို ကျေးဇူးပြုတဲ့ဉာဏ်က တစ်မျိုး၊ ဝဋ်ကျွတ်ရာကို ကျေးဇူးပြုတဲ့ ဉာဏ်က တစ်မျိုးဆိုပြီးတော့ သမ္မာဒိဋ္ဌိဆိုတာ အားလုံး ဒကာ ဒကာမတွေမှတ်ပါ၊ ဉာဏ်ကို ဟောနေတာ (မှန်ပါ)။

သမ္မာဒိဋ္ဌိဆိုတာ ဘာကိုဟောနေတာတုန်း

သမ္မာဒိဋ္ဌိဆိုတာ ဘာကိုဟောနေတာတုန်း (ဉာဏ်ကိုဟောနေတာပါ) အဲ သမ္မာဒိဋ္ဌိဆိုတာ ဉာဏ်ကို ဟောတာ ပါပဲ၊ ဉာဏ်သည် ဘယ်နှစ်မျိုးရှိသလဲဆိုတော့ မဟာစတ္တာရီသကသုတ် (ဥပရိပဏ္ဏသပါဠိတော်၊ နှာ-၁၁၆) မှာ ဉာဏ်ဟာ နှစ်မျိုးရှိတယ်တဲ့ (မှန်ပါ)။

တစ်ခုသောဉာဏ်ကတော့ (သာသဝါ) အာသဝေါတရား၏ အာရုံဖြစ်တယ်တဲ့၊ ပုညဘာဂိယာတဲ့ ကောင်းမှုအဖို့ တော့ ဟုတ်တာပဲတဲ့၊ ဟောဒီ ဇာတိလဲ ဖြစ်စေနိုင်တယ်၊ “ဥပဓိဝေပက္ကာ” ခန္ဓုပဓိကို ဖြစ်စေနိုင်တယ် (မှန်ပါ့)၊ ဒါပဋ္ဌမ သမ္မာဒိဋ္ဌိဦးစီးတဲ့ ကုသိုလ်။

သာသဝလဲဖြစ်တယ်၊ သာသဝဖြစ်တယ်ဆိုတော့ သူကိုယ်တိုင် ဘာသဝဖြစ်တာလား ဆိုတော့ မဟုတ်ဘူးတဲ့၊ အာသဝေါတရားက အာရုံပြုနိုင်တယ် (မှန်ပါ့)၊ ဒါဖြင့် အာသဝေါတရား၏ အရိပ်မလွတ်ဘူးပေါ့ (မှန်ပါ့)။

ကောင်းပြီ ဒကာ ဒကာမတွေ ဒီဥစ္စာဟာ သဘောဖြစ်နေတဲ့အတွက် ဂရုစိုက်ပြီး သကာလ မှတ်ကြပါ၊ ဒါဟာ ဘုရားက ခွဲဟောလို့ ဘုန်းကြီးများကလဲ ခွဲရတာ (မှန်ပါ့)။

အဲဒီတော့ ဒီကုသိုလ်ကတော့ ဟော ဟောဒီအဝိဇ္ဇာသဝ အစရှိသည်တို့၏ အာရုံပြုနိုင်တဲ့ နယ်ထဲမှာ သူနေရ တယ်၊ ဒါဖြင့် အာသဝေါတရား လောင်းရိပ်လွတ်တဲ့လား (မလွတ်ပါ ဘုရား)၊ အာသဝေါတရား အရိပ် မလွတ်တော့ ကုသိုလ်လို့ဆိုမလား အကုသိုလ်လို့ ဆိုမလားဆိုတော့ ကုသိုလ်ပါပဲတဲ့ (မှန်ပါ့) ဒါဖြင့် အာသဝေါတရား အာရုံပြုတဲ့ နယ်ထဲမှာဖြစ်တဲ့ ကုသိုလ် (မှန်ပါ့)။

ခန္ဓာကိုယ်ဖြစ်အောင် အကျိုးပေးတယ်

ဒီကုသိုလ် အကျိုးမပေးဘူးလားမေးတော့ မနေ့ကလဲဟောခဲ့တယ်၊ အကျိုးပေးတယ်တဲ့ အကျိုးပေးတော့ ဘာအကျိုးပေးသတုန်းဆိုတော့ ခန္ဓာကိုယ်ဖြစ်အောင် အကျိုးပေးတယ်။

ဦးဘကြည် ရှင်းပလား (ရှင်းပါပြီ) ဘာဖြစ်အောင် အကျိုးပေးသလဲ (ခန္ဓာဖြစ်အောင်အကျိုးပေးပါတယ်)။

ဘယ့်နှယ်ကြောင့် ခန္ဓာဖြစ်အောင် သူအကျိုးပေးလိမ့်မတုန်း၊ ခန္ဓာဟာ ဒုက္ခသစ္စာ၊ ဇာတိပိ ဒုက္ခာဆိုတာလဲ ဟုတ်တာပဲ၊

ခန္ဓာငါးပါးစလုံးဟာ လောကီခန္ဓာ ဖြစ်နေသောကြောင့် လောကိယာဓမ္မလို့ ဆိုသောကြောင့် ဒုက္ခသစ္စာတဲ့ (မှန်ပါ့) သူ့ကို လောကုတ္တရာဓမ္မာလို့ မဟောတော့ပဲ လောကိယာ ဓမ္မာကိုး၊ လောကိယာဓမ္မာ ဆိုကတည်းက သူ့ကို ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စပါ ဘုရား)။

ဒါဖြင့် ဒီကံသည် ဒီထဲမှာပါတဲ့ သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့ ဘာအကျိုးပေးသလဲဆိုရင် ဘယ့်နှယ် ပြောကြ မလဲ (ဒုက္ခသစ္စာ အကျိုးပေးတယ်လို့ ဖြေပါတယ်)၊ ဘယ့်နှယ်ကြောင့် တပည့်တော်တို့ ကောင်းမှုလုပ်တာ ဒုက္ခသစ္စာ အကျိုးပေးရပါလိမ့်မလဲလို့ မေးခွန်းထုတ်တော့ အာသဝ၏ အာရုံဖြစ်တဲ့ တရား၊ အာသဝနဲ့ စပ်နေတယ်တဲ့ အကြောင်း အကျိုး (မှန်ပါ)၊ စပ်နေတော့ ဦးဘကြည်တို့ မနေ့က ပြောခဲ့တယ်၊ သူက ဥပနိဿယပစ္စည်း၊ သူက ဥပနိဿယပစ္စည်း၏ ပစ္စယုပ္ပန်၊ အာသဝနယ်က လွတ်ရဲ့လား (မလွတ်ပါ ဘုရား) မလွတ်တဲ့ ကုသိုလ်ဖြစ်နေသောကြောင့် အာသဝနယ်ထဲပဲ အကျိုးပေးရတယ် (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘယ်ထဲအကျိုးပေးရသလဲ

ဘယ်ထဲအကျိုးပေးရသလဲ (အာသဝနယ်ထဲ အကျိုးပေးရပါတယ်) အာသဝနယ်ထဲအကျိုးပေးရတယ်လို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်တော့ ဪ ဒါဟာ အာသဝေါတရား အာရုံပြုနိုင်တဲ့ ကုသိုလ်ဖြစ်လေ သောကြောင့် အာသဝနယ်ထဲပဲ အကျိုးပေးရတယ်၊

အပြင်ဘက်မထွက်နိုင်တော့ဘူး ဆိုတော့ အာသဝနယ်ထဲပဲ အကျိုးပေးတဲ့ ဥပဓိခန္ဓာ ငါးပါးကြီးပေါ်လာတော့ ဒုက္ခသစ္စာပဲ ပြန်ရတယ် (မှန်ပါ) ဒုက္ခသစ္စပဲပြန်ရတော့ ဦးဘကြည် ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ကမ္မဿကတဉာဏ်လောက်နဲ့ ကြည့်ရင်တော့ ကောင်းတယ်ထင်မယ် (မှန်ပါ)၊ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ပုဂ္ဂိုလ်ကလုပ်တဲ့ သဘောမို့ ကမ္မဿကတဉာဏ်နဲ့ ကြည့်လိုက်တော့ ဒါဟာ အကောင်းပဲ၊ သစ္စဉာဏ်နဲ့ကြည့်လိုက်တော့ (မကောင်းပါ ဘုရား)။

ကောင်း မကောင်းဆိုတာလဲ ဉာဏ်ပေါ်မှာ မှီနေတယ်လို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ) ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတာပဲ၊ ဒါက ကမ္မဿကတဉာဏ် (မှန်ပါ)။

အဲဒီတော့ ကမ္မဿကတဉာဏ်နဲ့ ကြည့်လိုက်တော့ ဒါကောင်းကျိုးပေးတယ်လို့ပဲယူကြပါတယ်၊ သစ္စဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဟာ ဒါဟာဒုက္ခသစ္စာကြီးပါကလားလို့ ဘယ်သူမှ မငြင်းနိုင်အောင်ဘဲ စွဲရလိမ့်မယ်(မှန်ပါ) မစွဲနိုင်ဘူးလား (စွဲနိုင်ပါတယ်)၊ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓပိ ဒုက္ခာ” လို့ ဟောတာလဲ ရှင်းနေတာပဲ (မှန်ပါ)။

သစ္စာဉာဏ်နဲ့ကြည့်လို့ ဒုက္ခရောက်မှန်းသိတာ

အဲဒီတော့ ဪ တို့ ကုသိုလ်လဲ လုပ်ရသေးတယ်၊ သစ္စာဉာဏ်နဲ့ ကြည့်လိုက်တော့ ဒုက္ခလဲ ရောက်သေးတယ် (မှန်ပါ) ကုသိုလ်လဲ ပြုရတာပဲနော် (မှန်ပါ)၊ ဒုက္ခတော့ (ရောက်ပါတယ်) ကုသိုလ်ပြုလျက်နဲ့ ဒုက္ခရောက်တယ် ဆိုတာ ဒါသစ္စာဉာဏ်နဲ့ကြည့်လို့ ဒုက္ခရောက်မှန်းသိတာ ဒကာ ဒကာမတို့၊ ဉာဏ်ပြောင်းကြည့်တာ (မှန်ပါ) ဉာဏ်မပြောင်းဘဲနဲ့ ဆိုလို့ရှိရင်ဖြင့် ဒါ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား) ဆိုထိုက်တယ်တဲ့၊ သစ္စာမှ မသိဘဲ (မှန်ပါ)။

သစ္စာနဲ့ ကြည့်လို့ရှိရင် လူဒုက္ခသစ္စာ၊ နတ်ဒုက္ခသစ္စာ၊ ဗြဟ္မာဒုက္ခသစ္စာ၊ ဇာတိဒုက္ခသစ္စာ၊ ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ၊ ဒုက္ခသစ္စာချည်းပဲ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် သစ္စာမသိဘဲနဲ့လုပ်တဲ့ ကုသိုလ်ဟူသရွေ့သည် ဒုက္ခသစ္စာပဲ၊ (မှန်ပါ)၊ ဒုက္ခသစ္စာရယ်လို့ မသိတော့ ဒီဒုက္ခကို သုခထင်ပြီး လိုချင်မှာကိုးဗျ (မှန်ပါ) ရှင်းကြပြီလား (ရှင်းကြပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ငါသစ္စာမသိခဲ့လို့ ငါလဲ ပဋိသန္ဓေသံသရာ၊ အိုသံသရာ၊ နာသံသရာ၊ သေသံသရာ လည်ခဲ့ရတယ်၊ ငါသစ္စာသိတဲ့ တနေ့မှာ ကျွတ်လွတ်တော့တယ် ဆိုတဲ့ဥစ္စာ နိဂုံးချုပ်စကား၊ ဦးသံဒိုင် နိဂုံးချုပ်တဲ့စကား (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယခု အချိန်မှာ ဘာဟောဖို့သင့်သတုန်း ဆိုတဲ့အခါကျလို့ ရှိရင်ဖြင့် သစ္စာကွယ်ရင် သံသရာထဲမှာပဲ လည်ဖို့ပဲ (မှန်ပါ)၊ သစ္စာကိုသိထားတဲ့ ပုဂ္ဂိုလ်ကဖြင့် ကုသိုလ်ပြုတိုင်းပြုတိုင်း ဒီဒုက္ခ သစ္စာမှ ကျွတ်ရပါလို၏။

ဒုက္ခသစ္စာမှ ကျွတ်ရပါလို၏

ဒီဒုက္ခသစ္စာမှ ကျွတ်ရပါလို၏။ လွတ်ရပါလို၏။ ဒါတွေ ဒုက္ခသစ္စာလို့ ဒီကနေပြီး သကာလ သိလို့ရှိရင်ဖြင့် ဒုက္ခသစ္စာမှ ကျွတ်မှာပဲ (မှန်ပါ)၊ ဒီခန္ဓာ ဦစံရင် ရနိုင်ပါတော့မလား (မရနိုင်ပါ ဘုရား)။

ဒါဖြင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ သမ္မာဒိဋ္ဌိ တစ်မျိုး၊ မဂ္ဂသမ္မာဒိဋ္ဌိတစ်မျိုးဟု ကုသိုလ်ကို နှစ်မျိုး မှတ်ထားကြပါ၊ ကုသိုလ်လုပ်တဲ့နေရာမှာ သမ္မာဒိဋ္ဌိကတော့ ပါတာချည်းပဲ (မှန်ပါ)။

သမ္မာဒိဋ္ဌိဆိုတာ ဘာပါလိမ့် ဒကာ ဒကာမတို့ (ဉာဏ်ပါ ဘုရား) ဉာဏ်တဲ့၊ ကုသိုလ်လုပ်တဲ့နေရာမှာ ဉာဏ်ကို နှစ်မျိုးထားပြီး သုံးကြရလိမ့်မယ်လို့ ဦးဘအုန်းတို့ မှတ်ရမှာပဲ (မှန်ပါ)။

ဉာဏ်နှစ်မျိုးထားတော့ တစ်မျိုးတည်းကိုသာ ဒကာ ဒကာမတွေက တစ်သံသရာလုံး လုပ်နေကြမယ် ဆိုလို့ရှိရင် ဖြင့် ဒီသံသရာထဲက ထွက်မှာမဟုတ်တော့ဘူး (မှန်ပါ)၊ ထွက်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ လည်နေကြမှာပါပဲ၊ အဲဒါကြောင့် ဘုရားကိုယ်တိုင်က မဟာစတ္တာရီသကသုတ်မှာ နှစ်မျိုးထားပြီးဟောခဲ့တယ်၊

အတ္ထိ ဒိန္နံ

ဟောဒီ ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ ကုသိုလ်ကတော့ ဒိန္နံ၊ အလှူ၏ အကျိုးသည်။ အတ္ထိ၊ ရှိ၏။ အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံဝိပါကော ဒီလိုလုပ်ပြီးတဲ့ ကုသိုလ် အကုသုလ် အကျိုးရှိတယ် ဆိုတာတော့ သူသိပါတယ်တဲ့၊

ကုသိုလ်ပြုတာတော့ အကျိုးရှိတယ်၊ အကျိုးရှိတာတော့ သူ သိတယ်၊ ဉာဏ်နဲ့သိတာပဲ (မှန်ပါ)

“အတ္ထိ မာတာ၊ အတ္ထိ ပိတာ” မိဘကို လုပ်ကျွေးပြုစုခြင်းသည် အကျိုးရှိတယ်၊ အကျိုးရှိတယ်လို့လဲ သိတာပဲတဲ့ “အတ္ထိအယံလောကော၊ အတ္ထိပရောလောကော” ပစ္စုပ္ပန်လောကလဲ ရှိတယ်၊ တမလွန် လောကလဲ ရှိတယ်လို့ သိတယ်၊ ဒါဟာ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ပဲ (မှန်ပါ)။

ကမ္မဿကတာသမ္မာဒိဋ္ဌိဆိုတာနဲ့ သိပြီး သကာလ နေတော့ အဲဒီအသိဟာ “သာသဝါ” ပါပဲတဲ့၊ အာသဝေါ တရား၏အာရုံဖြစ်တဲ့ ကုသိုလ်လို့သာမှတ်လိုက်ကြပါ (မှန်ပါ)၊ “ပုညဘာဂိယာ ဥပဓိဝေပက္ကာ” ခန္ဓာကြီးပွားရေးသာ ရှိတာပဲ၊ ဒုက္ခသစ္စာပြန်ရဖို့ပဲ ရှိတာပဲ (မှန်ပါ)။

ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတာနဲ့ သိပြီး သကာလ နေတော့ အဲဒီအသိဟာ “သာသဝါ” ပါပဲတဲ့ အာသဝေါ တရား၏ အာရုံဖြစ်တဲ့ ကုသိုလ်လို့သာမှတ်လိုက်ကြပါ (မှန်ပါ) “ပုညဘာဂိယာ ဥပဓိဝေပက္ကာ” ခန္ဓာကြီးပွားရေးသာ ရှိတာပဲ၊ ဒုက္ခသစ္စာပြန်ရဖို့ပဲ ရှိတာပဲ (မှန်ပါ)။

ဒါဖြင့် ဆရာသမားကို ပူဇော်ကြတယ်၊ မပူဇော်ရဘူးလို့ မဆိုဘူး၊ ပူဇော်ပုံပြောင်းရလိမ့်မယ်၊ ဘုရားပူဇော်တာလဲ ပူဇော်ပုံ ပြောင်းရလိမ့်မယ် (မှန်ပါ)၊ ခန္ဓာရဖို့လောက်မှန်းပြီး မပူဇော်ထိုက်ဘူး (မှန်ပါ) စင်စစ်လိုချင်တဲ့ပုဂ္ဂိုလ်ဖြင့် ခန္ဓာရဖို့လောက် မပူဇော်ထိုက်ဘူး၊ သဘောကျပြီလား (ကျပါပြီ)။

အာသဝေါတရားရဲ့ အာရုံဖြစ်သောကြောင့်

ဒါဖြင့် ဒီဥစ္စာက အာသဝေါတရားရဲ့ အာရုံဖြစ်သောကြောင့် သာသဝါတဲ့၊ ဦးဘအုန်းဆက်သွယ်ပြီ၊ အာသဝေါ တရားနဲ့ မဆက်သွယ်ဘူးလား (ဆက်သွယ်ပါတယ်)၊ အာသဝေါတရားနဲ့ ဘာဖြစ်လို့ ဆက်သွယ်ရတုန်း ဆိုလို့ရှိရင်ဖြင့် သူက အာသဝေါတရားရဲ့ အရိပ်မိပြီး သကာလ နေတယ်၊

ဘယ်လို အရိပ်မိသတုံးဆိုတာ အာသဝေါ၏ ဥပနိဿယ မလွတ်ဘူး (မှန်ပါ)၊ ဟောဒါ ဒုက္ခသစ္စာလို့ မသိတာ သူအုပ်ချုပ်ထားလို့၊ အဝိဇ္ဇာအုပ်ချုပ်ထားတဲ့အတွက် ဒီကမ္မဿကတ ကုသိုလ်က ဒုက္ခသစ္စာလို့ သိသေးရဲ့လား (မသိပါ ဘုရား)၊ ဒီတော့ အာသဝေါ၏ အရိပ်က လွတ်ရဲ့လား (မလွတ်ပါ ဘုရား)၊

အာသဝေါ၏ အရိပ်က ဒီအပေါ်မှာ မိုးနေတော့ ဒါတွေတော့ မဖြစ်ဘူးဟေ့ ၊ ကုသိုလ်ကို သူက လှမ်းပြီးအုပ်ချုပ်နေတယ် (မှန်ပါ)၊ သူ့နယ် အပြင်ဘက်က ဒကာ ဒကာမတွေကို အကျိုးပေးနိုင်ရဲ့လား (မပေးနိုင်ပါ ဘုရား)။

မသိတဲ့ ပုဂ္ဂိုလ်မှာတော့ ဒါဟာ အတော်ကောင်းတဲ့ ကုသိုလ်ပဲ၊ သိတဲ့ ပုဂ္ဂိုလ်မှာဖြင့်ဒါဟာ ဒုက္ခသစ္စာလို့ သိထားတဲ့ပုဂ္ဂိုလ်မှာဖြင့် ဒီကုသိုလ်ဟာ အာသဝေါနဲ့ ဆက်သွယ်တဲ့ ကုသိုလ်ပဲလို့ ခင်ဗျားတို့ အစိမ်းမှတ် ထားပါ (မှန်ပါ)၊ အသိအမှတ်ပြုပါ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုနေတယ်

ကောင်းပြီ၊ ဒါဖြင့် ဒီဘက်က ရှင်းပြီးထားပါ၊ သူနဲ့သာလုပ်ရင် သူရမှာပဲ (မှန်ပါ)၊ ဘာကြောင့်တုန်း ဆိုတော့ သူက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုနေတယ်၊ ပုညာဘိသင်္ခါရကိုး (မှန်ပါ) ကျေးဇူးပြုထိုက်တော့ သူနဲ့သူ အကြောင်းအကျိုး ဆက်နေသေးတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ အကြောင်းအကျိုးဆက်နေသေးလို့ရှင်ရင်ဖြင့် ဘယ်နည်းနဲ့ မဆို သူ့ကိုကျော်လှမ်းပြီး သကာလ ဒီဘက်က ဒုက္ခတို့၏ချုပ်ရာကို ပေးနိုင်ပါ့မလား (မပေးနိုင်ပါ ဘုရား)၊ မပေးနိုင်ဘူး ဆိုတာ ဒကာ ဒကာမတွေ မှတ်ထားနော် (မှန်ပါ)။

ဤကဲ့သို့ ရှင်းရှင်းလင်းလင်း ဉာဏ်ထဲမှာ အရှုပ်အထွေးမရှိအောင် သိကြတဲ့အခါကျလို့ရှိရင် ခုနက ဟောခဲ့တဲ့ ပါဠိတော်တွေနဲ့ မိဘလုပ်ကျွေးလို့ ကံ၊ ကံ၏အကျိုး ယုံကြည်မှုအကြောင်းလုပ်သဖြင့် အကျိုးရှိတယ်လို့ ယုံကြည်တဲ့ ဉာဏ်တွေသည်ကားလို့ဆိုရင် အာသဝနယ်က မလွတ်သေးဘူး (မှန်ပါ)၊ ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ်)၊ ဆာသဝနယ်က လွတ်ပြီလား ဦးခင်မောင် (မလွတ်သေးပါ ဘုရား)။

ဒါဖြင့် ဦးဘကြည်က ဒီဘက်ကတော့ ဘာတုန်းဆိုလို့ရှိရင် သမ္မာဒိဋ္ဌိအရိယာ “အနာသဝါ လောကုတ္တရာ မဂ္ဂင်္ဂါ” တဲ့။

ဒီကုသိုလ်ကတော့ လောကုတ္တရာမဂ္ဂင်၊ ဒီဟာက မဂ္ဂင် ဖြစ်သွားပြီ (မှန်ပါ)၊ လောကုတ္တရာမဂ္ဂင် ဆိုတာက ဘာတုန်းလို့ မရှင်းမှာစိုးလို့ ဘုရားက ရှင်းသည်ထက်ရှင်းအောင် “အရိယစိတ္တဿ အနာသဝစိတ္တဿ အရိယမဂ္ဂသမင်္ဂိ နော အရိယမဂ္ဂံ ဘာဝယတော ပညာ ပညိန္ဒြိယံ ပညာဗလံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ သမ္မာဒိဋ္ဌိမဂ္င်္ဂံ” တဲ့ ဥပရိပဏ္ဏာသ ပါဠိတော်၊ မဟာစတ္တာရိသကသုတ်မှာ လာတယ် (မှန်ပါ)။

အရိယာသမ္မာဒိဋ္ဌိ နဲ့ လုပ်လို့ရှိရင်

ခန္ဓာလုပ်ဖို့ မလာတော့ဘူး၊ အရိယာသမ္မာဒိဋ္ဌိ နဲ့ လုပ်လို့ရှိရင် ခန္ဓာအကျိုးမပေးဘူး (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကံ၊ ကံ၏အကျိုး ယုံကြည်တဲ့ သမ္မာဒိဋ္ဌိနဲ့ လုပ်လို့ရှိရင်တော့ (ခန္ဓာအကျိုး ပေးပါတယ် ဘုရား)။

အရိယာမဂ်ဦးစီးပြီး “အရိယမဂ္ဂံ ဘာဝယတော” လို့ဆိုသောကြောင့် အရိယာမဂ်ကို ပွားများပြီးနေတဲ့ ပုဂ္ဂိုလ်ကျ လာပြီဆိုမှဖြင့် ဒီအကျိုးပေးတွေ လာပါဦးမလား (မလာပါ ဘုရား)၊ ဒါဖြင့် ဒီဒုက္ခသစ္စာတွေ မလာဘူးပေါ့ (မှန်ပါ)၊ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ဒါဖြင့် အရိယမဂ်နဲ့ ပွားများရမယ်ဆိုတော့ တပည့်တော်တို့မှာ အရိယာမဂ်ကလဲ မရသေးတော့ ဒါချည်းဖြစ် ရတော့မလားလို့ မမေးသင့်ဘူးလား (မှန်ပါ)၊

လုပ်တိုင်းလုပ်တိုင်း ဒါချည်းဖြစ်နေလို့ရှင်ရင် ဒါချည်းပဲ၊ တပည့်တော်တို့ ထွက်ရပ်လမ်းမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးရောက်နေတယ် (မှန်ပါ) ဒါချည်း ဇာတိ ဘာသစ္စာလို့ ခင်ဗျားတို့ပြော ကြသလဲ (ဒုက္ခသစ္စာပါ)၊ အိုနာသေတွေရော (ဒုက္ခသစ္စာပါ ဘုရား) ဒီဒုက္ခသစ္စာမှ ကျွတ်ချင်တဲ့ ဉာဏ်ကလေးနဲ့ ခင်ဗျားတို့ လုပ်စမ်းပါ (မှန်ပါ)၊ ဒီဒုက္ခသစ္စာမှ လွတ်ချင်တဲ့ ဉာဏ်နဲ့လုပ်တော့ ဒုက္ခသစ္စာကို သိတယ် (မှန်ပါ)။

ဒုက္ခသစ္စာသိတဲ့အတွက် ဒုက္ခသစ္စာကို ရချင်လို့လုပ်တဲ့ ကုသိုလ်မဟုတ်ဘူးဆိုတော့ ဒုက္ခသစ္စာကို ရှောင်ချင်ရှား ချင်တဲ့ ဒုက္ခသစ္စာကို မလိုချင်တဲ့ဉာဏ်နဲ့ လုပ်တာဆိုတော့ သစ္စာသိပြီးမှ သူလုပ်တယ် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ဒီဒုက္ခသစ္စာ မရချင်လို့လုပ်တဲ့ ကုသိုလ်

သစ္စာသိပြီးမှ ဒီထဲမှာ ဉာဏ်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒီဒုက္ခသစ္စာပဲ အကျိုးပေးလိမ့်မယ်လို့ မဆိုနဲ့တော့ (မှန်ပါ) ဒီဒုက္ခသစ္စာ မရချင်လို့လုပ်တဲ့ ကုသိုလ် (မှန်ပါ)၊ ဦဘအုန်းကျေနပ်ပြီလား (ကျေနပ်ပါပြီ)၊ မရချင်လို့ ဒုက္ခသစ္စာ မှန်းသိလို့ ဒါတွေတော့ ဘယ်နည်းနဲ့သဘောကျတဲ့ သဘောကောရှိဦးမလား (မရှိပါ ဘုရား)၊

မရှိတော့ဘူးဆိုသဖြင့် ကုသိုလ်စည်းကမ်းသိထားရင် ဒကာ ဒကာမတွေ ဒုက္ခကြောက်လို့ ကုသိုလ်ဖြစ်ရင် ဒုက္ခရဦးမလား (မရပါ ဘုရား) ဒါဖြင့် ဒီဥစ္စာက ဒုက္ခဝဋ်မှကျွတ်လိုတဲ့ သမ္မာဒိဋ္ဌိပါတယ် (မှန်ပါ)၊ ဒီဟာက ဒုက္ခဝဋ်ကျွတ်လိုတဲ့ သမ္မာဒိဋ္ဌိ မပါဘူး၊ ကမ္မဿကတသမ္မာဒိဋ္ဌိ ရိုးရိုးသာ ဖြစ်နေတယ် (မှန်ပါ)။

ဒါကြောင့် ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ မဂ်သမ္မဒိဋ္ဌိနဲ့ဟာ အတော်ခြားနားတယ် (မှန်ပါ)၊ အကျိုးပေးကျတော့ ဘယ့်နှယ်တုန်း (ခြားနားပါတယ်)၊ အကျိုးပေးကျတော့ ခြားနားတယ်။

မဂ်သမ္မာဒိဋ္ဌိကို ဘယ်နှစ်မျိုးထားကြမတုန်း

မဂ်သမ္မာဒိဋ္ဌိကို ဘယ်နှစ်မျိုးထားကြမတုန်းဆိုတော့ နှစ်မျိုးထား၊ ပုရေစာရိကမဂ်၊ လောကုတ္တရာမဂ် (မှန်ပါ)၊ မဂ်ချည်းဆိုရမှာပဲ၊ ပုရေစာရိကကလဲ ပုရေစာရိကမဂ်၊ ငါးပါးကရင့်လာလို့ရှိရင် ရှစ်ပါးပြည့်တဲ့မဂ်ကတော့ (လောကုတ္တရာ မဂ်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒီလိုရှင်းလိုက်တော့ ဘာဖြစ်သွားသတုန်းဆိုတော့ သူက ဒီတစ်ဘဝနဲ့ သစ္စာမြင်ပြီး သကာလ ကျုပ်တို့သည် အလုပ်ကို လုပ်လိုက်တယ်၊ လှူမှု တန်းမှု ပေးမှု ကမ်းမှု လုပ်တယ်၊ ဘာဝနာမယ ကုသိုလ်ပွားဖြစ်တယ် (မှန်ပါ) ရှင်းပြီနော် (မှန်ပါ)။

ဒါ ဒုက္ခသစ္စာလို့ သူ့ဟာသူပဲ သိပြီး သူ့ကို ရှေ့ထားပြီးပွားများပါ၊ ဒုက္ခရောက်နေတာ ဒုက္ခရောက်နေတာ ဆိုတာ မလာသေးဘူးလား (လာပါတယ်) သူ့ကို နည်းနည်းမှ မရိပ်မိခဲ့ဘဲနဲ့ ပွားများပါက (မှန်ပါ)၊

နို့ ဒီဟာတွေက အဝိဇ္ဇာ အကျိုးဆက်တွေ မဟုတ်ဘူးလား (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ဒီဘက်ကဟာတွေ ဘယ်သူ့အကျိုးဆက် တွေတုန်း (အဝိဇ္ဇာ အကျိုးဆက်တွေပါ) အဝိဇ္ဇာက ဆက်ဆက်ပေးသွားတဲ့ အကျိုးဆက် မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါ တယ်)။

အဲဒီကဲ့သို့ ဆိုနိုင်တော့ ဝိဇ္ဇာဉာဏ်သက်ဝင်ပြီး သကာလ နေသဖြင့် သူကတော့ အဝိဇ္ဇာနယ်ကို စက်ဆုပ်ပြီး လုပ်တဲ့ အလုပ် (မှန်ပါ)၊

အဝိဇ္ဇာ၏ အကျိုးဆက်ကို စက်ဆုပ်ပြီး တခါတည်းလုံးဝ မလိုချင်တဲ့ သဘောနဲ့ “အရိယမဂ္ဂံ ဘာဝယ တော” ဆိုတော့ အရိယာမဂ်ကို ပွားများပြီး သကာလ လုပ်တဲ့ သမ္မာဒိဋ္ဌိ (မှန်ပါ)၊ ဒီဟာတွေကို ပွားများပြီးလုပ်တဲ့ သမ္မာဒိဋ္ဌိ (မှန်ပါ) ဒုက္ခသစ္စာမြင်ပြီးတော့ လုပ်တာ၊ မြင်တယ်ဆိုတာ ပွားများတာပဲ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။

သူ့ကျတော့ ဘယ်လိုလုပ်ရသတုံးဆိုတော့ “အရိယမဂ္ဂံ ဘာဝယတော” ဆိုတဲ့အတိုင်း အရိယာမဂ်ကို ဒါ ဒုက္ခသစ္စာ ဒုက္ခသစ္စာ ဒုက္ခသစ္စာလို့ ဉာဏ်က သိနေတဲ့အတွက် ပါသေးရဲ့လား (မပါပါ ဘုရား)၊

သူဟာ ဝိဇ္ဇာသက်သက်

ဒါဖြင့် သူဟာ ဝိဇ္ဇာ သက်သက် ကျမနေဘူးလား (ကျပါတယ်)၊ ဒီဘက်က ဝိဇ္ဇာဖြစ်ပြီး ဒီမဂ်က ဖြတ်ချလိုက်တယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒီမဂ် ဘာတုန်း သူရောက်လာကတည်းက အမှန်အကန် ဝိဇ္ဇာဖြစ်နေတယ် (မှန်ပါ) ဝိဇ္ဇာလာလို့ ဒီအဝိဇ္ဇာက မချုပ်ပါနဲ့ဆိုလို့ ဒကာ ဒကာမတွေ ရပါ့မလား (မရပါ ဘုရား) မချုပ်ပါနဲ့ဆိုလို့ ရကိုမရဘူးတဲ့။

ခင်ဗျားတို့ ဘာဝနာမယနဲ့ ပြုပြု၊ ဒါနမယနဲ့ပြုပြု၊ သီလမယနဲ့ပြုပြု၊ ပြုတော့ဖြင့် ဒါန သီလ ဘာဝနာပြုကြတာပဲ၊ ဒါနလဲ ပြုတာပဲ၊ သီလလဲ ဆောက်တည်ကြတာပဲ၊ သို့သော် ဒီဘာဝနာမယကို လက်လွှတ်လိုက်လို့ရှိရင် ဇာတိ ဇရာ မရဏတွေ လာဦးမှာပဲ (မှန်ပါ)၊

ဒီဇာတိ ဇရာ မရဏတွေမှ ကျွတ်ချင်တဲ့သဘောနဲ့ ဉာဏ်နဲ့သာလုပ်မယ်ဆိုရင် ဦးမောင်ကလေး ဒါဟာ လာဦးမလား (မလာပါ ဘုရား)။

အကျိုးပေးတဲ့ကံက လေးမျိုးရှိမယ်

ဦးဘအုန်း အကျိုးပေးတဲ့ကံက လေးမျိုးရှိမယ်လို့ ခွဲရဦးမယ် (မှန်ပါ) ကံလေးမျိုးက အမည်းကံ၊ အဖြူကံ၊ အမည်း အဖြူရောတဲ့ကံ၊ အမည်းအဖြူ မရောတဲ့ကံရယ်လို့ လေးမျိုးရှိတယ် (မှန်ပါ)။

ဒီနေရာမှ စကားဖြတ်ပြီး နည်းနည်းပြောပေးရဦးမှာပေါ့ဗျာ (မှန်ပါ) အမည်းကံဆိုတာက ခင်ဗျားတို့ အကုသိုလ် လုပ်ရင် အကုသိုလ်အကျိုးပေးတာက အမည်းကံပဲ (မှန်ပါ)

အဖြူုလုပ်ရင် အဖြူအကျိုးပေးတယ် ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့ ကာမာဝစရ ကုသိုလ်တွေလုပ်ပြီး သကာလ အမျိုးမျိုအဖုံဖုံနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဖြူစင်တဲ့ကုသိုလ်ပဲ၊ ခင်ဗျားတို့ လှူဒါန်းပေးကမ်း နေတာပေါ့ဗျာ (မှန်ပါ) ဖြူစင်တဲ့ ကုသိုလ်ဆိုလို့ရှိရင်ဖြင့် ဖြူစင်တဲ့ကုသိုလ် အကျိုးကိုပဲ မပေးပေဘူးလား (ပေးပါတယ်)။

ကောင်းပြီထားလိုက်ပါတော့၊ အမည်းအဖြူရောတယ် ဆိုတာကတော့ ကုသိုလ်နဲ့အကုသိုလ် ရောတာပဲတဲ့(မှန်ပါ) အဲဒီတော့ အမည်းအဖြူရောတဲ့ အကျိုးကိုပဲ မပေးပေဘူးလား (ပေးပါတယ်)၊

မင်္ဂလာဆင်တော်၊ မင်္ဂလာမြင်းတော် အစရှိသည်တို့ဟာ နန်းတော်အိမ်တော်ထဲမှာ ကောင်းကောင်း မွန်မွန်တော့ စားရတာပဲ၊ သို့ပေမယ့် အမည်းအဖြူရော နေတယ်၊ အကျိုးပေးက တော်တော်ကလေးလဲ အထက်တန်းကျနေတယ်၊ တိရစ္ဆာန်ဘဝဆိုတဲ့ ဥစ္စာကလဲ ပါနေတယ် (မှန်ပါ)၊

ရွှေနဂါးကြီးတွေ၊ နဂါးမင်းကြီးတွေ စသည်ပေါ့ဗျာ (မှန်ပါ)၊ ဒါတွေဟာ အမျိုးမျိုအဖုံဖုံ နဂါးပြည်မှာ နတ်နဂါးတွေ မရှိဘူးလား (ရှိပါတယ်)၊ အဲဒါတွေဟာ အမည်းအဖြူ ရောလုပ်ထားတာ (မှန်ပါ)။

အမည်း အဖြူမရောတဲ့ ကုသိုလ်

ခုနက ဒီဘက်ကပြောတဲ့ ဥစ္စာတွေကတော့ အမည်းအဖြူ မဟုတ်တော့ဘူး။ ဒီမဂ်တရားကတော့ဖြင့် အမည်း အဖြူမရောတဲ့ ကုသိုလ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ)၊

ခင်ဗျားတို့ ဒီဒုက္ခကို နားလည်ပြီး ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ သစ္စာမြင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်က (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သစ္စာမြင်ပြီးလုပ်တဲ့ ပုဂ္ဂိုလ်က ဘာတဲ့တုန်း (အမည်းအဖြူမရောတဲ့ကံပါ ဘုရား)၊ အမည်းအဖြူမရောတဲ့ ကုသိုလ် တရားလို့ ဦးစံရီ ဆိုလိုက်စမ်းပါ (မှန်ပါ) ပါဠိတော်တွေမှာ ဒီအတိုင်းလာပါတယ်။

အမည်းအဖြူမရောတဲ့ တရားကို ဘယ်လိုတရားလို့ ခေါ်ရမတုန်းဆိုတော့ ကံဖြတ်တရားလို့ခေါ်ရမယ် (မှန်ပါ)။

အမည်းအဖြူမရောတဲ့တရားကို ဦးဘကြည် ဘာဆိုမယ် (ကံဖြတ်တရားပါ ဘုရား)၊ ကံဆိုရင် အကျိုးပေးနေရ ဦးမှာပဲ ဟုတ်လား (မှန်ပါ) ကံဆိုရင် အကျိုးပေးနေရမှာပဲဆိုတော့ သူက အမည်းအဖြူမရောဘဲနဲ့ ဒါတွေ ဒုက္ခဒုက္ခပဲ၊ ဒီဒုက္ခတွေမှ ကျွတ်ချင်ပါတယ်၊ လွတ်ချင်ပါတယ်ဆိုတဲ့ ဥစ္စာ၊ ဒီဒုက္ခကို သူမြင်လို့သူက အာရုံ, သူက အာရမ္မဏိက ဖြစ်နေတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)၊

သေချာနေတော့ သူ့မှာ အမည်းအဖြူရော သေးသလား (မရောပါ ဘုရား)၊ မရောတော့ သူဘယ်လို အကျိုးပေးမတုန်းဆိုတဲ့ အခါကျတော့ ကံဖြတ်တယ်လေ (မှန်ပါ)။

ဦးဘအုန်း နောက်ကပါလာတဲ့ကံကိုလဲ (ဖြတ်ပါတယ်)၊ ဒီဘဝမှာ ကျူးလွန်ထားတဲ့ ကံတွေရော (ဖြတ်ပါတယ်)။

ပုရေစာရိကမဂ်တို့ လောကုတ္တရာမဂ်တို့

ဒါဖြင့် အဖြူအမည်းမရောတဲ့ ကံဆိုတာက ပုရေစာရိက မဂ်တို့ လောကုတ္တရာမဂ်တို့ပေါ့ဗျာ (မှန်ပါ) ရိပ်မိပြီ လား (ရိပ်မိပါပြီ)။

ဒါဖြင့် အဖြူအမည်းမရောတဲ့ ကံသည်သာလျှင် ဒကာ ဒကာမတို့ ကံဖြတ်သည်ဖြစ်လေသောကြောင့် အကျိုးပေး ပါပြတ်ရတယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

အကြောင်းပြတ်သွားလို့ ကိုထွန်းကြီး အကျိုးဘယ့်နှယ်နေသတုန်း (ပြတ်ပါတယ်)။

ဒါဖြင့် အမည်းအဖြူမရောတဲ့ ကုသိုလ်ဟာ ကျုပ်တို့မှာဖြင့် အကောင်းဆုံးကုသိုလ်လို့ ဘုရားက သေသေချာချာ ဟောတာပဲ (မှန်ပါ)၊ ဦးဘအုန်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

အမည်းအဖြူမရောဘဲ ကုသိုလ်ဟာ ဘယ်သူတုန်းဆိုလို့ရှိရင် ဟောဒီကိုယ်က ပွားများတဲ့မဂ္ဂင်ရှစ်ပါးကို ကောက်ယူရမယ် (မှန်ပါ) တရားကိုယ်ကျတော့ မဂ္ဂင်ရှစ်ပါးကုသိုလ်ပဲ ကောက်ရတယ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။

ဒုက္ခသစ္စာက အာရုံ၊ မဂ္ဂင်ရှစ်ပါးက အာရမ္မဏိက

မဂ္ဂင်ရှစ်ပါးဆိုတာက အာရမ္မဏိကတရားက အာရုံမရှိဘဲနဲ့ အာရမ္မဏိက ပေါ်နိုင်ပါ့မလား ဦးဘကြည် (မပေါ်နိုင်ပါ ဘုရား)၊ ဟိုက လှပတဲ့အာရုံ မမြင်ဘဲနဲ့ ဒီက လှတာကလေးတွေ ကြိုက်တယ်ဆိုတဲ့ အသံရော (မပေါ်ပါ ဘုရား)၊ ဒါကြောင့် အာရုံကြောင့်အာရမ္မဏိက ဖြစ်တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဟောဒီ ဒုက္ခသစ္စာတွေကိုမြင်လို့ သူ့မှာ ဒုက္ခသစ္စာမှန်း သေသေချာချာသိလို့ ဒီဒုက္ခသစ္စာ တော့ဖြင့်ကွာ မင်းနေရာနဲ့မင်း နေရစ်ပါတော့ဆိုပြီး ပိုင်းခြားတဲ့ သဘောပါတယ်။ (မှန်ပါ)၊ ဒုက္ခသစ္စာက အာရုံ၊ မဂ္ဂင်ရှစ်ပါးက အာရမ္မဏိက (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီလိုလုပ်တော့ ဒါတွေဟာ အကဏှာ အသုက္ကဖြစ်ပါတယ်၊ မမည်းလဲ မမည်းဘူး၊ ဖြူလဲ မဖြူဘူး၊ မည်းရင်လဲ အကုသိုလ်ဆိုဦးမှာပဲ (မှန်ပါ)၊ ဖြူရင်လဲ ကာမာဝစရ ကုသိုလ်ရိုးရိုးဖြစ်နေဦးမှာပဲ (မှန်ပါသုံးဆယ့်တစ်ဘုံက မလွတ်ပါ ဘုရား)၊ အဲ သုံးဆယ့်တစ်ဘုံက မလွတ်နိုင်ဘူး၊ ကာမာဝစရကုသိုလ် ဆိုတော့ ကာမာဝစရထဲ လာမှာပေါ့ဗျာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကုသိုလ်ဟာ ဘယ်နှစ်မျိုးရှိသတုန်းလို့မေးလို့ရှိရင် အခုနောက်ထပ် အင်္ဂုတ္တိုရ်စသည်မှာ ဟောတဲ့ ကံလေးမျိုးထဲက ကုသိုလ်မျိုးပါထည့်လိုက်တော့ ကုသိုလ်သုံးမျိုး သွားဖြစ်တယ်၊ အဖြူကုသိုလ်၊ အမည်းအဖြူ ရောက်တဲ့ကုသိုလ်၊ အမည်းအဖြူ မရောတဲ့ကုသိုလ်၊ သဘောကျပြီလား (ကျပါပြီ)။

သစ္စာကလေး သိသိပြီးလုပ်ပေးပါ

ကုသိုလ်ဘယ်နှစ်မျိုး ပြားသွားသတုံး (သုံးမျိုးပြားပါတယ်) ပဏ္ဏသမှာနှစ်မျိုးပြတယ်၊ အင်္ဂုတ္တိုရ်မှာ သုံးမျိုးပြတယ်၊ အင်မတန်ခိုင်လုံတဲ့တရားနော် မခိုင်လုံဘူးလား ဦးဘအုန်း (ခိုင်လုံပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်တို့ အဓိကထားပြီးတော့ ဒီထဲမှာ ကောက်နုတ်ချက်ထုတ်လို့ရှိရင် အကောင်းဆုံး တပည့်တော်တို့ ကြိုက်ပါတယ်ဆိုလို့ရှိရင် အမည်းအဖြူ မရောတဲ့ ကုသိုလ်ဟာ အကောင်းဆုံးပဲ (မှန်ပါ) လှူဒါန်း ပေးကမ်းဆိုတာ မလုပ်နဲ့ဆိုတာ မဟုတ်ဘူးနော်၊ တတ်အားသမျှလုပ်ကြပါ၊

သို့သော် ဘာဝနာမယကလေး ထည့်ထည့်ပေးပါ (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)၊ သစ္စာကလေး သိသိပြီး သကာလ လုပ်ပေးပါ၊ ဒီလိုဆိုတော့ မကောင်းဘူးလားဗျာ (ကောင်းပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ နဂိုတုန်းက လုပ်တာက နတ်ပြည်ရှိလို့ နတ်ပြည်ကိုလိုချင်တဲ့ကုသိုလ်လုပ်တာကိုးဗျ၊ မဟုတ်ဘူးလား (မှန်ပါ)၊

နတ်ပြည်တည်းဟူသော အာရုံမရှိဘဲနဲ့ နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကို လုပ်ဖြစ်ပါ့မလား (မလုပ်ဖြစ်ပါ ဘုရား)၊ ဒီမှာလဲဒုက္ခရှိသောကြောင့် ဒုက္ခကျွတ်ကြောင်း ကုသိုလ်တော့ မလုပ်ဖြစ်ဘူးလား၊ လုပ်ဖြစ်မလား (လုပ်ဖြစ်ပါတယ်)၊ ဒုက္ခရှိရင်ပျောက်တဲ့ ကုသိုလ်တော့ လုပ်မှာပဲ၊ ဒုက္ခလွတ်ကြောင်း ကုသိုလ်တော့ မလုပ်ပေဘူးလား (လုပ်ပါတယ်)၊

ဒုက္ခလွတ်ကြောင်း ကုသိုလ်

ဒါဖြင့် ဒုက္ခလွတ်ကြောင်း ကုသိုလ်သည် ဘယ်သူပါလိမ့်မတုံးဆိုတော့ ဒီမဂ္ဂင်ပဲ ရှိတယ် (မှန်ပါ)၊ ဒါကို ပွားများလိုက်တဲ့အတွက် မဂ္ဂင်မဖြစ်ပေဘူးလာ (ဖြစ်ပါတယ်) ဒုက္ခလွတ်ကြောင်း ဆိုကတည်းက ဒုက္ခကအာရုံ ဖြစ်နေပြီ လွတ်ကြောင်းတရားက (အာရမ္မဏိကပါ)၊ အာရမ္မဏိကဖြစ်တာ သေချာမနေဘူးလား (သေချာပါတယ်)။

သေချာနေတော့ အာရမ္မဏိကသည် ဘယ်လိုလုပ်တာပါလိမ့်မတုန်း ဘယ်လိုကြောင့်ပေါ်တာပါ လိမ့်မတုန်း ဆိုတော့ ဟောဒီဒုက္ခမြင်လို့ သူပေါ်တာပဲ (မှန်ပါ) ဒုက္ခကို သူမြင်ပုံက ဘယ်လိုမြင် သတုန်း ဒုက္ခကို ဒုက္ခမှန်းသိပြီး မြင်တာ (မှန်ပါ)၊ ဒီအဖြစ်မျိုး ကြိုက်ပါတယ်ကွာ၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာလို့ ဒီလိုလာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ သူသည် ဒီအထဲမှာပဲ စေတနာ ၊ စေတနာဟာ သဟဇာအဖြစ်နဲ့တော့ ပါတာပဲ (မှန်ပါ)၊ ပါပင် ပါငြားသော်လည်းတဲ့ သူတို့ ခေါင်းမဆောင်နိုင်တော့ဘူး (မှန်ပါ)၊ ကံကို ဖြတ်လိုက်တယ်၊ ကံဖြတ်တဲ့ ကုသိုလ်ဖြစ် နေတယ် ဦးဘကြည် (မှန်ပါ)။

ကံဖြတ်တဲ့ ကုသိုလ်ဟာ ဘယ်သူပါလိမ့်

ကံဖြတ်တဲ့ ကုသိုလ်ဟာ ဘယ်သူပါလိမ့် (မဂ္ဂင်ပါ ဘုရား) ၊ အဲဒီတော့ ဒီကံကလဲကဲကွာ မင်းမြင်တာကလဲ ဒုက္ခကျွတ်ချင်တဲ့ ဥစ္စာဖြစ်နေတော့ သူက ခေါင်းမဆောင်နိုင်တော့ဘူးတဲ့၊ ဒီမဂ္ဂင်ရှစ်ပါးကိုပဲ ဒီစေတနာက မဖြစ်ဖြစ် အောင် တွန်းတော့တာပဲ (မှန်ပါ)၊

စေတနာက တိုက်တွန်းပစ်တာကိုးဗျ (မှန်ပါ)၊ စေတနာဆိုတာ မကောင်းတာလုပ် ရင် မကောင်းတဲ့နေရာ တွန်းတာ စေတနာပဲ၊ ကောင်းတဲ့ နေရာတွန်းပြန်ရင်ကော (စေတနာပါပဲ)၊ ဒီစေတနာသည် နောက်က အတွန်းသမားသာ သက်သက်ဖြစ်ပြီး သကာလ အကူအညီသဘောသာ ရှိတဲ့အတွက် ငါက ဝင်ပြီး အကျိုးပေး မယ်လို့ မလုပ်နဲ့တော့၊

မဂ္ဂင်မှာတော့ “ ကုသလံ ကမ္မံ ဝိပါကဿ” လို့မလုပ်နဲ့တော့ (မှန်ပါ့)၊ ‘ဒီဘက်ကအဖြူကံ တွေ ကတော “ကုသလံ ကမ္မံ ဝိပါကဿ” ဖြစ်တယ်မဟုတ်လား (မှန်ပါ)၊ ကုသိုလ်ကြောင့် ဝိပါကဆိုတဲ့ အကျိုးကို ပေးရတယ် (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။

အကျိုးပေးတော့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒီဘက်ကုသိုလ်ကတော့ သူသည် ဒုက္ခတော့ အကျိုးမပေး တော့ဘူး၊ မဂ္ဂင်နဲ့ ပွားများ လုပ်လိုက်တာကိုးဗျ၊ ဒီဒုက္ခတွေ အကျိုးပေးသေးရဲ့လား (မပေးပါ ဘုရား)၊ ဒီဒုက္ခ အကျိုးမပေး တော့သူဟာ ဒုက္ခကို အကျိုးမပေးရလို့ရှင်ရင်ဖြင့် သုခပဲ အကျိုးပေးရမယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒုက္ခအကျိုးမပေးတဲ့ ကုသိုလ်

ဒုက္ခအကျိုးမပေးတဲ့ ကုသိုလ်သည် ဦးမောင်ကလေး ဘာကို အကျိုးပေးရမလဲ (သုခပဲ အကျိုးပေး ရပါမယ်) သုခအကျိုးပေးရတဲ့ အခါကျလို့ရှိရင်ဖြင့် ရုပ်နာမ်ပေါ်ခွင့် မပေးအောင် ကျေးဇူးပြုလိုက်တယ် (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီကုသိုလ်သည်ကားလို့ဆိုရင်ဖြင့် အဖြူကုသိုလ်၊ အမည်းအဖြူရောတဲ့ကုသိုလ် အမည်းအဖြူ မရောတဲ့ ကုသိုလ်လို့ အဂုၤတ္ထိုရ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သေသေချာချာ ဟောထားတဲ့ အတွက် ကုသိုလ်သုံးမျိုးရှိတဲ့ အနက်က ဘယ်ကုသိုလ်အကောင်းဆုံးလဲ (အမည်းအဖြူ မရောတဲ့ ကုသိုလ်ဟာ အကောင်းဆုံးပါ)

ဒါကတော့ ဝိပဋ္ဋ အစစ်ပဲ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒီနေ့ည မှတ်စရာက ဦးစံရီတို့ ဘုရားဟာ ကမ္မဿကသကုသိုလ်နဲ့ မဂ္ဂသမ္မာဒိဋ္ဌိဦးစီးတဲ့ ကုသိုလ်လို့ ပဏ္ဏာသမှာနှစ်မျိုးဟောတယ် (မှန်ပါ)၊ နောက် အင်္ဂုတ္တိုရ်မှာ ကိုယ်တော်မြတ်ကြီးသည် တိတ္တိတွေကို ဟောတဲ့အခါကျတော့ ကုသိုလ် သုံးမျိုးထားပြီး ဟောသွားတယ် (မှန်ပါ)။

ကုသိုလ်သုံးမျိုးထား ဟောတဲ့အနက်ကလဲ အမည်းအဖြူ မရောတဲ့ ကုသိုလ်က မဂ္ဂင်သွားပြီး မဆိုက်ဘူးလား (ဆိုက်ပါတယ်) အရင်နှစ်မျိုးမှာလဲ မဂ္ဂသမ္မာဒိဋ္ဌိဦးစီးတဲ့ ကုသိုလ်ဟာ မဂ္ဂင်သွား ဆိုက်တယ်၊ မဆိုက်ဘူးလား (ဆိုက်ပါတယ်)။

မဂ္ဂင်ကုသိုလ်သည် လက်ကိုင်ပြုဖို့ကုသိုလ်ပဲ

ဒါဖြင့် မဂ္ဂင်ကုသိုလ်သည် ဒကာ ဒကာမတွေမှာ လက်ကိုင်ပြုဖို့ကုသိုလ်ပဲ (မှန်ပါ)။

နိဂုံးချုပ်လိုက်တော့ လက်ကိုင်ပြုတဲ့ ကုသိုလ်သည်ကားလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဘယ်ကုသိုလ်ကို လက်ကိုင် ပြုဖို့ အကောင်းဆုံးလဲ (မဂ္ဂင်ကုသိုလ်ပါ)၊ မဂ္ဂင်ကုသိုလ်လက်ကိုင်ပြုဖို့ အကောင်းဆုံးပဲ၊ ဦးမောင်ကလေး ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် မဂ္ဂင်ကုသိုလ်ဆိုတာ “မဂ္ဂံ ဘာဝနာဘိသမယေန အဘိသမေတိ”ဆိုတော့ မဂ်ဆိုတာ ပွားများမှာတဲ့၊ မလာဘူးလား (လာပါတယ်)။

ဒါဖြင့် အလုပ်ကုသိုလ် လုပ်ရမယ်၊ အလုပ်ကလေးပိုလာတယ်လို့ ဦးခင်မောင်မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)၊ ဦးစံရီတို့ (ဆိုထိုက်ပါတယ် ဘုရား) ဆိုထိုက်တယ်ဆိုတော့ မရှင်းသေးဘူးလားဗျာ (ရှင်းပါပြီ)။

ဒီကုသိုလ်ဟာ ဘာလုပ်လုပ် အလုပ်ကလေး ထည့်ထည့်လုပ်၊ ဘာလှူလှူ အလုပ်ကလေးထည့်ထည့်ပေးပါ (မှန်ပါ)။

ဦးမောင်ကလေး ဘာလှူလှူ ဘာလုပ်ပေးရမတုံး (အလုပ်ကလေး ထည့်ထည့်ပေးရပါမယ်)၊ သစ္စာသိတဲ့ အလုပ် ကလေး၊ ဒီ့ပြင် အလုပ်မဟုတ်ပါဘူး၊ ဒုက္ခသစ္စာကို ပွားများတဲ့အလုပ်ကလေး ရှင်းပြီလား (ရှင်းပါပြီ)။

အဲဒီမှာ ဒုက္ခသစ္စာကလေး သိသိ သိသိပြီး သကာလ နေကြမယ်ဆိုလို့ရှိရင်ဖြင့် သူသည် ဘာဝနာမယ ကုသိုလ်ထဲ လဲ သွင်းလိုက်တယ်၊ ထည့်ပြီလား (ထည့်ပါပြီ)၊ ဘာဝနာမယကုသိုလ်ထဲလဲ သွင်းလိုက်တယ်၊ ဘာဝနာပြုပြီးလှူတဲ့ကုသိုလ် မဟုတ်လား (မှန်ပါ)။

အဲဒီတော့ လှူတာကတော့ ပစ္စည်းကို၊ ပစ္စည်းအသာထားတာပေါ့၊ ခန္ဓာကို ဘာဝနာမယလုပ်လိုက်ပါ (မှန်ပါ)၊ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်)၊ ဒီခန္ဓာမပါဘဲနဲ့တော့ လှူလို့တန်းလို့ ပေးလို့ကမ်းလို့ ဖြစ်တဲ့လား (မဖြစ်ပါ ဘုရား) မဖြစ်ဘူးတဲ့၊

သို့သော် ဘာဝနာဆိုက်အောင် လုပ်လိုက်တဲ့အခါကျတော့ မဂ်ကုသိုလ်မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊ မဂ်ကုသိုလ်ဖြစ်ရင် ကံကို ဖြတ်တယ် (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

မဂ်ကုသိုလ်ဖြစ်ရင် ကံကို ဖြတ်တယ်

မဂ်ကုသိုလ်ဖြစ်ရင် ဘာကျေးဇူးများသတုန်း (ကံဖြတ်ပါတယ် ဘုရား)၊ ကံဖြတ်တယ်ဆိုတော့ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ကံဖြတ်တော့ကို တို့ဘယ်လိုများ ကျေးဇူးရှိပါလိမ့်မတုန်းဆိုတော့ ရှင်းပြဦးမယ်၊

ကံသည် ခင်ဗျားတို့ မဖြတ်တော့ဘူးဆိုလို့ရှိရင် ဒီကံတွေဟာ “ကမ္မံ ဝိပါကဿ” ဆိုတဲ့ ပဋ္ဌာန်းအကြောင်းနဲ့ ပဋ္ဌာန်းအကျိုးက မလွတ်တော့ အကြောင်းနဲ့အကျိုးချည်းပဲ တွေ့နေမှာပဲ (မှန်ပါ)၊ အကုန်ခန္ဓာတွေ ရနေမှာပဲ (မှန်ပါ)၊ မရပေဘူးလား ရမလား (ရပါ တယ် ဘုရား)၊

ရတိုင်းရတိုင်း ဘာသစ္စာတွေပါလိမ့် (ဒုက္ခသစ္စာတွေပါ ဘုရား)၊ ဒုက္ခသစ္စာတွေချည်း ရနေမယ်ဆို လို့ရှိရင် ခင်ဗျားတို့ ဒီဘာဝနာတရားကို မျက်လုံးမှိတ်ပြီး ကြိုက်၊ ဝမ်းထဲက တဏှာကတော့ ကြိုက်ချင်မှ ကြိုက်မှာ၊ ဟုတ်ပြီလား (မှန်ပါ)၊

တဏှာကတော့ သူကြိုက်ချင်မှ ကြိုက်မှာ၊ မျက်လုံးမှိတ်ပြီး တရားဟောတော်မူတဲ့ ပဏ္ဏာသနဲ့ အင်္ဂုတ္တိုရ် ကြီးကို ယုံကြည်သဖြင့် လည်းကောင်း၊ ဆရားသမားကို ယုံကြည်သဖြင့်လည်းကောင်း မျက်လုံးမှိတ်ပြီး ကြိုက်၊ သဘောကျပြီလား (ကျပါပြီ)။

ဘယ်လိုကြိုက်ရမှာပါလိမ့် (မျက်လုံးမှိတ်ကြိုက်ရမှာပါ ဘုရား)၊ မျက်လုံးမှိတ်ပြီး ကြိုက်ရမှာ ဒီအတိုင်း တဏှာက တော့ဖြင့် ကံပြတ်သွားဆိုရင် ကံကုန်ရင် ခက်ရချေရဲ့ဆိုပြီး ကံကုန်မှာပဲ ကြောက်နေတယ် (မှန်ပါ)၊ မကြောက်ဘူးလား (ကြောက်ပါတယ် ဘုရား)၊ ဘယ်သူဖြင့် ကံကုန်တယ်၊ ဖြစ်မှဖြစ်ရ လေကွာတဲ့၊ ကံကုန်မှာ ကြောက်နေတာ ခင်ဗျားတို့ (မှန်ပါ)၊ ကံကုန်မှာ ကြောက်ကတည်းက ဒုက္ခကုန်မှာ ကြောက်နေတာနဲ့ အတူတူပဲ (မှန်ပါ)။

ကံကုန်မှာ ကြောက်တဲ့ပုဂ္ဂိုလ်

ကံကုန်မှာ ကြောက်တဲ့ပုဂ္ဂိုလ်သည် ဦးဘအုန်း ဘာကြောက်တာနဲ့တူသလဲ (ဒုက္ခကုန်မှာ ကြောက်တာနဲ့တူ ပါတယ်)၊ ဒုက္ခကုန်မှာ ကြောက်တာပဲတဲ့၊ ဦးဘကြည် ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ကံဖြတ်ကုသိုလ်အကောင်းဆုံးလို့ မဟောဘူးလား (ဟောပါတယ်)၊ ခင်ဗျားတို့ကလဲ ကံဖြတ်ကုသိုလ် မကြိုက်ဆုံး (မှန်ပါ)၊ ဒီတော့ အတော်ကလေးကို ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား (ဖြစ်ပါတယ်)၊

အတော်ကလေး ဆန့်ကျင်ဘက်ဖြစ်နေတော့ ဒကာ ဒကာမတွေ ဒီဘက်က ဒုက္ခသစ္စာမသိသရွေ့ ကံကုန်မှာ ကိုကြောက်တဲ့ပုဂ္ဂိုလ်ချည်းမှတ် (မှန်ပါ)။

ဒီဘက်က ဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်တွေက ကံကုန်ရင် ကောင်းမကွ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ဦးဘကြည် ဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်က ဘာတုန်း (ကံကုန်ရင် ကောင်းပါတယ်) ဒုက္ခသစ္စာ မသိသေးတဲ့ ပုဂ္ဂိုလ်က (ကံကုန်မှာ ကြောက်ပါတယ်)၊ ကံကုန်မှာ ကြောက်တယ်၊ မကယ်နိုင်ကြတော့ဘူးလား မယူနိုင်ကြတော့ဘူးလားလို့ တစ်ခါတည်းလာတာပဲ (မှန်ပါ)။

ဒါဖြင့် ကံကုန်မှာကြောက်တဲ့ ပုဂ္ဂိုလ်နဲ့ ကံပြတ်တာကောင်းအောင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စီမံထား တာနဲ့ဆိုတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတာတော့ သေချာနေတယ် (မှန်ပါ)။

ကံကုန်တာ ကံပြတ်တာကို ကြိုက်ကြပါ

အဲဒီတော့ အတင်းအဓမ္မ ကံကုန်တာ ကံပြတ်တာကို ကြိုက်ကြပါလို့ တိုက်တွန်းပေးတယ် (မှန်ပါ)၊ မဆိုထိုက်ဘူး လား (ဆိုထိုက်ပါတယ်)၊ ကံကုန်မှာကို ကြိုက်ကြပါ၊ ခင်ဗျားတို့ ကံမကုန်ရင် ဘယ်အဓိပ္ပါယ် ဆိုက်မှာကြောင့်တုန်းလို့ ဆရာဘုန်းကြီးကို မေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘဝများစွာက မိုက်လာတဲ့ လောဘ ဒေါသ မောဟ အကုသိုလ်ကံတွေ အပရာပရိယဝေဒနိယ အဖြစ်နဲ့ဟာတွေက ဘုရားကိုယ်တော်တိုင် ရေတွက်လို့မရဘူး၊

ဦးခင်မောင် တစ်ယောက် တစ်ယောက်ရဲ့ကံဟာ ရေတွက်လို့ရပါ့မလား (မရပါ ဘုရား)၊ မရတော့ အဲဒီကံတွေက ခင်ဗျားတို့ အခု အကျိုးမပေးသေး လို့ရှိရင်လဲ အခုကုသိုလ်က ဝင်ပြီးအကျိုးပေးတယ်၊ နောက်အကုသိုလ်ကလဲ ဝင်ပြီး (အကျိုးပေးဦးမှာပါပဲ)၊ အဲဒီလိုပေးမည့် ကံတွေက ဘယ်လောက်တုံး မေးရင် ဘယ့်နှယ်ပြောမလဲ (မရေတွက်နိုင်ပါ ဘုရား)၊

ဘုရားဖြစ်တဲ့နေ့ကစပြီး ဘုရား ပရိနိဗ္ဗာန် စံသည့်တိုင်အောင် ဟောပါ၊ ကျုပ်တို့ ကံမကုန်သေးဘူး (မှန်ပါ)၊ ကုန်ပါ့မလား (မကုန်ပါ ဘုရား)။

မကုန်နိုင်တော့ အဲဒီကံတွေ အကျိုးပေးမှာကလဲ ဘာတွေ ပေးမှာတုန်းလို့သာ မေးလိုက်ကြပါတော့ (ဒုက္ခတွေ ပေးမှာပါ)၊ ဪ-ဒါဖြင့် ဒုက္ခတွေ ဒီလောက်များများ အကျိုးပေးမည့် ကံတွေ ဖြစ်ခဲ့လို့ရှိရင်ဖြင့် ကံကုန်တာ ကောင်းတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကံကလေး စစ်ဆေးပေးပါဦး

ခင်ဗျားတို့ကတော့ ဗေဒင်မေးလဲ ကံအခြေအနေ ဘယ့်နှယ်နေသတုန်းတဲ့ (မှန်ပါ)၊ ကံကလေး စစ်ဆေးပေးပါဦး တဲ့၊ လာသေးတာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ကံကလေး စစ်ဆေးပေးပါဦး၊ ကံဟာ နိမ့်များနေသလား မြင့်ပြီးတက်လာရင် ဒီ့ထက်များကောင်းမလားလို့(မှန်ပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကံသည်ကား ဆိုလို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ “ကုသလာ ကုသလံ ဇဟံ” ဆိုတဲ့အတိုင်း ကံနှစ်ခုစလုံးကို စွန့်တယ် (မှန်ပါ့ ကုသိုလ်ရော အကုသိုလ်ရောပါ စွန့်ပါတယ်)၊

ကုသိုလ်ရော အကုသိုလ်ပါ စွန့်ပစ်လိုက်တယ်၊ ကုသိုလ် အကုသိုလ်စွန့်ပစ်လိုက်တဲ့ အဓိပ္ပါယ်သည် ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျ တော့ “ကမ္မံ ဝိပါကဿ” ကြောက်တော်မူလို့ပဲ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)၊

မစွန့်ရင်ဖြင့် အကုသိုလ်ကံကလဲ “အကုသလံ ကမ္မံ အကုသလဿ ဝိပါကဿ”အနေဖြင့်ပဲ လာမှာပါ ကုသိုလ်ကံကလဲ တော်အောင်လုပ်ထားရင် “ကုသလံ ကမ္မံ ကုသလဿ ဝိပါကဿ” အနေဖြင့်ပဲ မလာပေဘူးလား (လာပါတယ်)၊

လာတော့ ကုသိုလ်က တစ်လှည့် အကျိုး ပေးလိုက်၊ ပေးတဲ့ကုသလိုက်ကလဲ ပုညာဘိ သင်္ခါရဖြစ်ရင် ဒုက္ခသစ္စာပဲရမှာပဲ (မှန်ပါ့) အကုသိုလ်က အကျိုးပေးလိုက် ပြန်တော့လဲ သူကိုယ်တိုင်က အမည်းကံမို့ အမည်းအကျိုးချည်းပဲ မရဘူးလား (ရပါတယ်)။

ထိုကဲ့သို့ရတော့ ဒီကံနှစ်ခုကို ခင်ဗျားတို့ နှမြောစရာကောင်းသလားလို့ မေးရမယ် (စွန့်စရာကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့က အကျိုးပေးကို ကြိုက်ကြတယ်

ခင်ဗျားတို့နဂိုက မှန်းတဲ့ သဘောနဲ့တော့ ကန့်လန့်ဖြစ်နေကြပြီ၊ ဦးမောင်ကလေးတို့ နဂိုကထင်တဲ့ သဘောနဲ့တော့ ကန့်လန့်ဖြစ်နေကြပြီ၊ ဘာဖြစ်လို့တုန်းဆိုတော့ ခင်ဗျားတို့က အကျိုးပေးကို ကြိုက်ကြတယ် (မှန်ပါ့)၊

အကျိုးပေးက တစ်ချက်ချက်တော့ လာဦးမှာကွဆိုပြီး မျှော်လင့်ချက်က ရှိနေကြတယ် (မှန်ပါ့)၊ မျှော်လင့််ချက်ထားပြီးအကျိုးပေးကို မျှော်မျှော်နေတယ်၊ မမျှော်ဘူးလား (မျှော်ပါတယ်) မျှော်နေတော့ အဲဒါကံကုန်မှာ ကြောက်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့)။

အကျိုးပေးမျှော်တဲ့ပုဂ္ဂိုလ်သည် ဘာကုန်မှာကြောက်တဲ့ပုဂ္ဂိုလ်လဲ (ကံကုန်မှာကြောက်တဲ့ ပုဂ္ဂိုလ်ပါ)။ ဘုရား ကတော့ ကံပြတ်ကို အရေးကြီးဟောတယ် ဦးဘကြည် (မှန်ပါ)၊

ဘုရားက ကံပြတ်အရေးကြီးတယ်၊ ခင်ဗျားတို့က ကံကုန်မှာ အရေးကြီးတယ်ဆိုတော့ ဘုရား ရည်ရွယ်ချက်နဲ့ ခင်ဗျားတို့ ရည်ရွယ်ချက်ချင်း မတည့်ဘူး (မှန်ပါ့၊ ပြောင်း ပြန်ဖြစ်နေပါတယ် ဘုရား)၊ မတည့်တဲ့အဓိပ္ပာယ် ရှင်းမနေဘူးလား (ရှင်းနေပါတယ် ဘုရား)။

ဒီကံတွေဟာ အဟောသိကံဖြစ်ရတယ်

အဲဒါကြောင့် ဒကာ ဒကာမတို့ အခုသေသေချာချာ စဉ်းစားလိုက်တော့ ခင်ဗျားတို့ ဟောဒီကံကို အထမြောက် သည်နှင့်တစ်ပြိုင်နက်တည်း မဂ္ဂင်အထမြောက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီကံတွေဟာ အဟောသိကံဖြစ်ရတယ် (မှန်ပါ့)၊ နောက်ဘဝများစွာက မိုက်ခဲ့တူးခဲ့ တေခဲ့တာတွေ ဘာဖြစ်မတုန်း (အဟောသိကံဖြစ်ပါတယ်) ဆုံးရမှာပဲ၊

ဘာကြောင့်တုန်းဆိုတော့ ကံဖြတ်တဲ့တရားကပေါ်လာတယ် (မှန်ပ့ါ)၊ ဦးဘကြည် ကံဖြတ်တဲ့တရား မပေါ်လာသေးလို့ ရှိရင် ဘုရားတောင် မဖြစ်သေးဘူးလို့ မှတ်ပါ (မှန်ပါ့)၊ တိုတိုပြောမယ် ဦးစံရီ၊ ဘုရားဖြစ်တာဟာ ဒီကံတွေကုန်လို့ဘုရား ဖြစ်ရတာ (မှန်ပါ့)။

ဒီကံဖြတ်တဲ့ အလုပ်ကိုလုပ်လို့ ဘာဖြစ်ရတာတုန်း (ဘုရားဖြစ်ရတာပါ)၊ သဘောကျပြီလား (မှန်ပါ့)။

ကိုယ်တော်မြတ်ကြီးက ကံကိုသာဖြတ်တာ၊ ကံကို တိုက်ရိုက်တော့ ကိုယ်တော်ဖြတ်တယ်၊ သို့သော်လဲ ကိုယ် တော့်ကို ထိုက်တန်သလောက် အကျိုးပေးဦးမယ်ဆိုပြီး ဝိပါကဝဋ်တော်ဟောင်းများက အကျိုးပေးသေးတယ်၊ ပဋိသန္ဓေ အကျိုးကိုသာ ဖြတ်တာကိုး၊ ပဝတ္တိအကျိုးက နောက်ကဟာတွေ မဖြတ်နိုင်လို့ တစ်ချို့လိုက်ပြိး ပေးသေးတယ် (မှန်ပါ့)၊ သဘောကျပြီလား (မှန်ပါ့)။

မတွေ့ရမှာစိုးတာလို့ နှုတ်ဆက်တာလို ဖြစ်နေတယ်

ပဋိသန္ဓေ ဖြစ်သည့်အကျိုးတော့ နောက်ဘဝတော့ ပဋိသန္ဓေမနေတာတော့ အမှန်ပဲ၊ သို့သော် နောက်ဆုံးပိတ် မပေးရဘဲ နေမှာစိုးတာနဲ့ ခုနက ခါးတော်နာပြီးတော့ စတဲ့အကျိုးတွေက (မှန်ပါ့၊ တစ်ချို့ ဝိပါကဝဋ်တွေက အကျိုးပေး ပါသေးတယ်)၊ လာသေးတာပဲဗျ၊ သဘောကျပြီလား (မှန်ပါ့) အဲဒီနောက်ကို မတွေ့ရမှာစိုးတာလို့ နှုတ်ဆက်တာလို ဖြစ်နေတယ် (မှန်ပါ့)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ သူဒီဘဝပြီးလို့ရှိရင် အထည်ကိုဖြစ်ဦးမလား (မဖြစ်ပါ ဘုရား)၊ ခန္ဓာဝန်မျိုး စေ့ကသတ်ပြီးပြီပဲ (မှန်ပါ့)၊ ခန္ဓာဝန်ကြောက်စရာလိုသေးသလား (မလိုပါ ဘုရား)၊

အဲဒီတော့ ခန္ဓာဝန်တော်ရှိတုန်းကို ဒါကလေးတော့ လက်ခံပါဦးဆိုသလိုကျနေတာပဲ။ ဝိပါကဝဋ်တော်တွေက လိုက်သေးတယ် (မှန်ပါ့)၊ ကံ၏အဆက်ကလေး အနွယ်ကလေးမဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ ပဋိသန္ဓေတော့လဲ သူအကျိုးမပေးနိုင်တော့ဘူး၊ သာမည ခါးနာ ဝမ်းလျှောကလေး လောက်ကိုလဲ ပေးလိုက်ချင် သေးတယ်၊

ကိုယ်တော် ပဋိသန္ဓေတော့ ဇာတ်သိမ်းသွားပြီ၊ နောက်ပဋိသန္ဓေ မလာတော့ဘူး၊ နောက်ဒုက္ခသစ္စာတော့ ကိုယ်တော့်မှာ ခန္ဓာမရှိတော့ဘူး၊ ဒါကြောင့် ယခုရှိတဲ့ ခန္ဓာတော်ကပဲထိုက်တန် သလောက်တော့ အလှူခံပါဦးထဲက ကျနေတာ (မှန်ပါ့)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ)၊ အဲဒါ ကံဖြတ်ပြီးသား ပုဂ္ဂိုလ်ကို လိုက်ပေးတာ (မှန်ပါ့ ပဝတ္တိလိုက်ပေးပါတယ်)။

ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး

နို့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ခိုးသားတွေရိုက်လို့ ပရိနိဗ္ဗာန်ပြုတော်မူရတောကောဗျာ ရိပ်မိကြပြီ လား (ရိပ်မိပါပြီ ဘုရား)၊ ကံဖြတ်ပြီးသား ပုဂ္ဂိုလ်ပဲ မဟုတ်လား (မှန်ပါ့)၊

မဂ်နဲ့လေးခါလောက် ဖြတ်လိုက်တော့ ကံတွေ ရှိသမျှ ပြတ်သွားတာပဲ (မှန်ပါ့)၊ အဲဒါ ခိုးသားရိုက်ပြီး ပရိနိဗ္ဗာန်ပြုရတယ်ဆိုတော့ ပဋိသန္ဓေဖြစ်လောက်အောင်တော့ သူတို့ကမပေးနိုင်တော့ဘူး၊ နာအောင် ကျင်အောင် သေခြင်းဆိုး သေအောင်တော့လုပ်ကြသေးတယ် (မှန်ပါ့)၊

အဲဒီအကျိုး ပေးကလေး ခံရသေးတယ် (မှန်ပါ့)၊ ပထမတော့ တန်ခိုးတော်နဲ့ ကြွကြွသွားသေးတာ၊ ကောင်းကင်ပျံသွားသေးတာ၊ သူခိုးတွေလာလို့ရှိရင် (မှန်ပါ့)၊ နောက်တော့ သူကံကိုကြည့်တော့ ပဋိသန္ဓေအကျိုးကတော့ ပေးပြီးပြီ၊ ပဝတ္တိအကျိုးပေး က ကျန်နေသေးပါကလား၊

အခု ဒီဝဋ်ကြီး ဆိုက်လာပါပေါ့လားဆိုပြီး ဒီအတိုင်း စင်းခံရတယ် (မှန်ပါ့)၊ ဝတ္ထုသက် သေ သာဓကတွေ ဒီအတိုင်းမရှိဘူးလား (ရှိပါတယ်)။

အဲဒီတော့ ကံကိုဖြတ်ပြီးသား ပုဂ္ဂိုလ်မှာတောင်မှ ကံအစွန်းထွက်ကလေးက လိုက်နေသေးတော့ ကံများမဖြတ် သေးတဲ့ ပုဂ္ဂိုလ်ကျတော့ အကုန်လိုက်ချေရဲ့ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆိုနိုင်ပါတယ်)။

ကံပြတ်အလုပ်အကောင်းဆုံး

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အလုပ် အကောင်းဆုံးလဲဆိုတာ ယနေ့ညမှာ ပေါ်ပါတယ် (မှန်ပါ့)၊ ဦးသံဒိုင် မပေါ်သေးဘူးလား (ပေါ်ပါတယ်)၊ ဘယ်အလုပ်အကောင်းဆုံးလဲ (ကံပြတ်အလုပ် အကောင်းဆုံးပါ ဘုရား)၊ ဒကာ ဒကာမတွေ ဘာအကောင်းဆုံးလဲ (ကံပြတ်အလုပ် အကောင်းဆုံးပါ)။

ကံပြတ်အလုပ်ဆိုတာ ခင်ဗျားတို့ မင်းတို့ သွားတော့၊ တို့ကို နောက်ပဋိသန္ဓေ အိုမှု နာမှု သေမှုတွေ မပေးနဲ့တော့ လို့ ခင်ဗျားတို့က ဘာနဲ့တားတားမရဘူး၊ ရပါ့မလား (မရပါ ဘုရား)၊

မဂ္ဂင်ဆိုက်အောင် လုပ်ကြလို့ရှိရင် ဦးဘကြည်ရမယ် (မှန်ပါ့)၊ မဂ္ဂင်ဆိုက်အောင် မလုပ်နိုင်ရင်တော့ (မရပါ ဘုရား)၊ ဒီကံတွေက ခင်ဗျားတို့ကို အကုန်အကျိုးပေးမှာပဲ၊ မပေးပေဘူးလား ပေးမလား (ပေးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးနေတာ မဂ္ဂင်ဆိုက်ဖို့အရေးကြီးတယ် (မှန်ပါ့)၊ မဂ္ဂင်ဆိုက်လိုက်ရင် ဘာဖြစ် မယ်ထင်ကြသလဲ (ကံပြတ်ပါတယ် ဘုရား)၊ ဒီဘဝ မိုက်ထားတာ တွေကော (ပြတ်ပါတယ် ဘုရား)၊ နောက်ကဘဝများစွာ သံသရာက မိုက်တဲ့ စေတနာတွေကကော (ပြတ်ပါတယ် ဘုရား)၊ အပရာပရိယတွေပြတ်မယ် (မှန်ပါ့)။

ဒါဖြင့် ကံပြတ်တဲ့အလုပ်သည် ဘုရားသခင် ကိုယ်တော်မြတ်ကြီး အကြိုက်ဆုံးအလုပ် (မှန်ပါ့)။

ဘုရားကဘာကြိုက်သတုန်း

ဘုရားကဘာကြိုက်သတုန်း (ကံပြတ်တဲ့အလုပ် ကြိုက်ပါတယ်) ဦးစံရီ ဘာတဲ့တုန်း (ကံပြတ်တဲ့အလုပ် ကြိုက် ပါတယ်)၊ ကံမပြတ်ရင် ဘုရားတောင် မဖြစ်ဘူး (မှန်ပါ့)။

ဦးဘအုန်း ကံမပြတ်ရင် ဘုရားဖြစ်-မဖြစ် (မဖြစ်ပါ ဘုရား)၊ ကံသာမပြတ်ရင် ဘုရားမဖြစ်ပါဘူး (မှန်ပါ့)၊ ဗောဓိပင်နှင့် ရွှေပလ္လင်ပေါ်မှာ သောတာပတ္တိမဂ်ကစပြီး မရပေဘူးလား (ရပါတယ် ဘုရား)၊ အဲဒီကတည်းက အပါယ် ပဋိသန္ဓေကံတွေ ဖြတ်တယ် (မှန်ပါ့)၊

သကဒါဂါမိမဂ်လောက်ကျတော့ ရုန့်ရင်းတဲ့ကံတွေ ဖြတ်တယ်၊ အနာဂါမိမဂ်ကျ တော့ ကာမနဲ့ ပတ်သက်တဲ့ကံတွေ (ဖြတ်ပါတယ်)၊ အရဟတ္တမဂ်ကျတော့ ကျန်တဲ့ ရူပနဲ့ အရူပနဲ့ ကံတွေပါဖြတ်တယ် (မှန်ပါ့)။

ဒါဖြင့် အလုပ်လုပ်မှပဲ ကံပြတ်မှာပဲ၊ ဒီ့ပြင်ဟာက ကံဆက်ချည်း ဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဒါနလုပ်လဲ ဝိပဿနာပါဦးမှ၊ သီလလုပ်ရော (ဝိပဿနာပါဦးမှပါ ဘုရား)၊ ဘာဝနာကတော့ အထူးပြောစရာမလိုတော့ ပါဘူး။

ကိုင်း ဒါဖြင့် ဘုန်းကြီး အမြွက်မျှပဲ ဒီနေ့ပြောပြမယ်၊ နာရီကလဲ စေ့နေပြီ၊ ဘာဝနာမယ ကံပြတ်အလုပ်ကို ဪ ဒီလိုလုပ်ရင် ကံပြတ်တယ်လို့ဆိုတာ ဒကာ ဒကာမတွေက မှတ်ပေတော့ (မှန်ပါ့)၊ ကံပြတ်တဲ့ဥစ္စာကိုရှင်းပြပါ့ မယ်။

ပွားများတဲ့ အလုပ်ပေါ်မှာ မှီတယ်

ကံပြတ်သည် ဘယ်အပေါ်မှာ မှီပါသတုန်းဆိုတော့ ပွားများတဲ့ အလုပ်ပေါ်မှာ မှီတယ် ကိုထွန်းကြီး (မှန်ပါ့)။

ဘယ်မှာမှီကြသတုန်း (ပွားများတဲ့အလုပ်ပေါ်မှာ မှီပါတယ်)။

ပွားများတဲ့ အလုပ်ပေါ်မှာ မှီသဖြင့် မဂ္ဂင်ငါးပါး၊ မဂ္ဂင်ရှစ်ပါးပဲ ခိုကိုးရာရှိတော့တယ်ဆိုတာ ဆုံးဖြတ်ချက် ချပါ (မှန်ပါ့)၊ မဂ္ဂင်ငါးပါးက ပုဗ္ဗဘာမဂ်၊ မဂ္ဂင်ရှစ်ပါးက ဧကန်ရတဲ့ လောကုတ္တရာမဂ် (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် မဂ္ဂင်ငါးပါးက မစဘဲနဲ့လဲ မဂ္ဂင်ရှစ်ပါးဆိုတာ (မပေါ်နိုင်ပါဘူး) မပေါ်နိုင်ဘူးတဲ့၊ ဉာဏ် အလိုက် တက်ရတာကိုးဗျ (မှန်ပါ့)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဝတ္ထုနှင့်ပြောပြမှသာလျှင် ဝတ္ထုကလဲ ဘုရားက အလုပ်ခိုင်းတဲ့ ဝတ္ထု (မှန်ပါ့)၊ အခြားဝတ္ထု (မှန်ပါ့)၊ ဘုရားက ဒီလိုလုပ်ဆိုတဲ့ ဥစ္စာပြောတာ (မှန်ပါ့)၊ ဘုရားက ဒီလိုပြောတဲ့ အလုပ်ဆိုရင်ဖြင့် ကံဖြတ်အလုပ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

သေချာတာကတော့ ဒကာ ဒကာမတွေ နာရီစေ့နေလို့ တိုတိုကလေး ရှင်းပြီးတော့ နက်ဖြန်ကျမှာပဲ ပွားများပုံ ကျယ်ကျယ်ပြမယ် (မှန်ပါ့)၊ ကိုယ်တိုင်လုပ်တတ်အောင် ကိုယ်တိုင်လုပ်ပြီး သကာလ ကိုယ်တိုင် ဒီကံတွေကိုဖြတ်မှရမယ်၊ သူတစ်ပါးလာဖြတ်လို့လဲ ဦးအောင်ကြီး ရပါ့မလား (မရပါ ဘုရား)၊ ကိုယ်လုပ်ထားတဲ့ကံ ကိုယ်ဖြတ်ရမှာပဲ (မှန်ပါ့)။

နကုလမာတာနဲ့ နကုလပိတာ၊

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် နကုလမာတာနဲ့ နကုလပိတာ၊ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်အစပဲ (မှန်ပါ့)၊ အဲဒီနာကုလမာတာ နကုလပိတာတို့ အမိဝမ်းခေါင်းထဲ ဇာတိဖြစ်ခဲ့ဖူးတယ်၊ မိဘဖြစ်ခဲ့ဖူးတယ် (မှန်ပါ့)။

ဘဝပေါင်း ဘယ်လောက်လဲ (ဘဝပေါင်းငါးရာပါ ဘုရား)၊ ဘဝပေါင်းငါးရာ၊ ဒီအမေနဲ့ ဒီအဖေပဲ (မှန်ပါ့)၊ ဒီအမေနဲ့ ဒီအဖေဝမ်းထဲမှာ ဘုရားလောင်းသည် ဘဝပေါင်း ငါးရာဖြစ်ခဲ့တယ်၊ သုဒ္ဓေါဓန မယ်တော်မာယာမဟုတ် ဘူးနော် (မှန်ပါ့)၊ နာကုလမာတာနဲ့ နကုလပိတာ (မှန်ပါ့)။

ကြည့်စမ်းပါဥိး ဒီဒကာကြီးနဲ့ ဒီဒကာမကြီးတို့ အိမ်ထောင်ကျဖို့ရာလဲ တော်တော်ခဲယဉ်းပါတယ်၊ ဒီဘဝ အိမ်ထောင်ကျတယ်ဆိုတာ နောက်ဘဝ ဆက်လက်ပြီး အိမ်ထောင်ကျဖို့ရာတယ်ပြီး မလွယ်ပါဘူး၊ တစ်ယောက်တစ်လမ်း သွား၊ တစ်ယောက်က တစ်လမ်းသွားကြမှာကိုး၊ ဒီတော့ တွေ့ဖို့ ဆုံဖို့ လွယ်ပါ့မလား (မလွယ်ပါဘုရား၊ အလွန်တွေ့ခဲ ပါတယ်)၊ ထိုသို့ တွေ့ခဲ့တဲ့ဥစ္စာ တွေ့တဲ့ဘဝကလေးတွေ တွက်လိုက်တာ (မှန်ပါ့)။

ဒီဒကာကြီးက အဖေဖြစ်ပြီး ဒီဒကာမကြီးက အမေမဖြစ်ဘဲနဲ့ တစ်ခြားသော အမေထဲမှာ မထည့်သေးဘူး၊ သူတို့အကြိမ်ကို ဘဝငါးရာကိုးဗျ (မှန်ပါ့)။

ဒီဒကာကြီးနဲ့ ဒီဒကာမကြီး ပေါင်းသင်းတဲ့ ဝမ်းခေါင်းထဲမှာ ဘုရားအလောင်းတော့ ဘယ်လောက် ပဋိသန္ဓေ နေဖူးသတုန်း (ဘဝငါးရာပါ ဘုရား)။ ဒါဟာ အမေကွဲ အဖေကွဲ မထည့်သေးဘူး (မှန်ပါ့)။

ဒုက္ခသစ္စာ ဇာတိအကြိမ်ပေါင်း ငါးရာ

ဒါဖြင့် ဒီအထဲမှာ ဒုက္ခသစ္စာ ဇာတိအကြိမ်ပေါင်း ငါးရာ၊ သူတို့လက်အောက်မှာပဲ အိုရတဲ့ ဇရာဒုက္ခ အကြိမ်ပေါင်း ငါးရာ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခပေါင်းကော ဦးဘကြည် အကြိမ်ပေါင်းငါးရာစီပဲ (မှန်ပါ့)။

ကောင်းပြီ၊ ဒါက စုံညီတဲ့အချိန်၊ ဒီအဖေကြီးနဲ့ အတူပြုခဲ့တဲ့ ကုသိုလ်တွေကြောင့် ဒီအဖေကြီးနဲ့ တိုင်ပင်လုပ်လို့ တစ်ခါတလေ ဒီအဖေကြီးနဲ့ တိုင်ပင်လုပ်ခဲ့တဲ့ ကုသိုလ်တွေကြောင့် ကွဲသွားတဲ့ ဘဝတွေမှာတော့ အဲဒါတွေမထည့်တော့ဘူး၊ ဟိုဟာတွေကလဲ နည်းတာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)၊ ဘယ်လောက်များ များခဲ့သလဲဆိုတာ တွေးကြည့် ကြပါ (များပါတယ် ဘုရား)။

ငါးရာက အစုံကိုပြောတာ၊ အမေကွဲ အဖေကွဲရှိသေးတယ်တဲ့၊ အမေကတော့မတူ၊ အဖေကတော့ တူတာတွေလဲ ရှိသေးတယ်၊ အဲဒါတွေ မထည့်သေးဘူးတဲ့၊ သံသရာဘယ်လောက်ရှည်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

အဲဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘဂ္ဂတိုင်းကြွလာတယ်၊ အဘိုးကြီး အဘွားကြီးကလဲ ၆၀ကျော်၊ ၇၀အရွယ်တွေ ဖြစ်နေတယ် ဦးဘကြည် (မှန်ပါ့)၊ ဒီတော့ ဪ-သားကြီး အခုမှကြွလာတယ်၊ အဖေ အမေတွေလဲ အိုကုန်ပြီ၊ အိုမှပဲ သတိရတယ်ထင်ပါရဲ့၊ တို့သားကြီးက အခုမှ ကြွလာတယ် စသည်နဲ့ ပြောတယ် (မှန်ပါ့)။

သားသားခေါ်နေပြန်တော့ ဘယ်အဓိပ္ပာယ်ပါလိမ့်

နောက်ကပါလာတဲ့ ရဟန်းတွေက စဉ်းစားကြတယ်၊ ဘယ့်နှယ်တုန်း သုဒ္ဓေါဓန မယ်တော်မာယာသားဆိုတာ တို့သေသေချာချာ သိလျက်သားနဲ့၊ ဒီအဘိုးကြီးနဲ့ အဘွားကြီးကလဲ သားသားခေါ်နေပြန်တော့ ဘယ်အဓိပ္ပာယ်ပါလိမ့် မတုန်းဆိုတော့ အာသေဝနတဲ့ (မှန်ပါ့)၊

ဘဝငါးရာ သူတို့နဲ့ အဖေအမေတော်ခဲ့လို့ မြင်မြင်ချင်းသားဟု မှတ်ကြပါတယ်၊ သားဟူသော အမှတ် တစ်ခါတည်း အတိအလင်းပေါ်လာတယ် (မှန်ပါ့)၊ ပုဗ္ဗေဝသန္နိဝါသခေါ်တယ်၊ ရှေးကပေါင်းဖက်ခဲ့ တဲ့ ခင်မင်တဲ့ အာသေဝနတဲ့ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အာသေဝနကြောင့် ခေါ်လိုက်တယ်ဆိုတာလဲ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါက သံသရာရှည်ပုံကို သိစေချင်လို့ သူတို့ဖြစ်စဉ်ကို ပြလိုက်ရတာပါ (မှန်ပါ့)။

ဒါနဲ့ အဘိုးကြီး အဘွားကြီးက အဖေ အမေတွေလဲ အင်မတန်ကြီးကုန်ပြီ၊ သူများလို ခက်ခက်ခဲခဲတရား၊ မမှတ်သားမိနိုင်မည့်တရား၊ အဲဒီလိုမျိုး မဟောဘဲနဲ့ မှတ်မိနိုင်မည့်တရားကို ဟောပါတဲ့ (မှန်ပါ့)၊

များများကျင့်ရမည့် တရားတွေဆိုရင်လဲ သေမှာနဲ့ တရားကျင့်ရမှာနဲ့ သေမှာက ဦးချင်ဦးသွားလိမ့်မယ် (မှန်ပါ့)၊ အဲဒီတော့ ဒီအဘိုးကြီး အဘွားကြီးနဲ့ အံကိုက်တရားကို ဘုရားကဟောတယ် (မှန်ပါ့)၊ သေခါနီးနေတဲ့အတွက် အသေမဦးတဲ့တရားကို ဟောတာ (မှန်ပါ့)။

သူတို့တရားတောင်းပုံက တယ်ကောင်းတယ်

သူတို့တရားတောင်းပုံက တယ်ကောင်းတယ်၊ အဘိုးကြီး အဘွားကြီးလဲ မှတ်နိုင်ရမယ်၊ အသေလဲ မကြုံဆုံခင် ကလေး ဒီအဓိပ္ပာယ်ဆိုက်အောင် (မှန်ပါ့) များနေရင်လဲ သူတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ် မိပါပြီ)။

အဲဒါကြောင့် တပည့်တော်တို့ အဘိုးကြီး အဘွားကြီးကို တရားထူးတရားမြတ်ကို ကျင့်ကြံဖို့ လိုက်လျောအောင် သာ အရှင်ဘုရားဉာဏ်နဲ့ ပေးတော်မူပါဆိုတာ သူတို့ကတောင်းပန်တယ် (မှန်ပါ့)။

ဒီလိုတရားတောင်းတယ် (မှန်ပါ့)၊ တရားတောင်းတော့ မြတ်စွာဘုရားတို့ဆိုတာ သတ္တဝါစရိုက်နဲ့ ဓမ္မသဘော ကို အကုန်ချိန်တွယ် သိမြင်တော်မူပြီးလို့မှတ်ကြပါ (မှန်ပါ့)၊

စရိုက်ကိုလဲ သိတယ်၊ ဝါသနာအထုံကိုလဲသိတယ်၊ ကိလေသာ အနုသယဓာတ်ကိုလည်းသိတယ်၊ တိဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်ပဲဆိုတာလဲသိမြင်တယ်၊ ဝေနေယျ၏ ဉာဏ်ရင့်ကျက်သည် မရင့်ကျက်သည်ကိုရော (သိပါတယ် ဘုရား)။

အဲဒီတော့ အလုံးစုံမြင်ပြီးတဲ့ပုဂ္ဂိုလ်က ချိန်ဆပြီး သကာလ ပေးတဲ့ပုဂ္ဂိုလ်ဖြစ်နေသောကြောင့် ဒီတရားသည်ကား လို့ဆိုရင်ဖြင့် ကျေးဇူးများမည့်တရားပဲ၊ ချက်ချင်း ဒိဋ္ဌိဓမ္မအကျိုးပေးနိုင်စွမ်း ရှိတာပဲဆိုတာ ကလေးလဲပါတယ် (မှန်ပါ့)၊ မပါဘူးလား (ပါပါတယ်)။

အဲဒီတော့ တပည့်တော်တို့မှာ အိုလဲအိုပါပြီဘုရား၊ အရေပါးကလေးပဲ အုပ်နေတော့တယ်၊ အသားကလဲအတွင်း မှာ မရှိလှတော့ဘူး၊ ထိုင်တယ် ထတယ်ဆိုလို့ရှိရင်လဲ အရိုးစူးတာနဲ့ပဲ မတတ်နိုင်ဘူး စသည်လျှောက်တော့ ဒကာကြီး ဒီလိုပဲ ဒီလိုပဲ၊ ဖြစ်စဉ်အတိုင်း ဖြစ်နေတာ၊ အဲဒီတော့အားမထုတ်ခင် ဉာဏ်ကလေးရှေ့ပြေးရအောင် အသိဉာဏ်ကို ပေးတယ် (မှန်ပါ့)။

ပထမအသိကလေးပေါ့ဗျာ၊ နောက်မှာ အားထုတ် (မှန်ပါ့)၊ အဲဒီအသိကလေးကို အရင်ဟောတယ်၊ အားထုတ်မှု နောက်မှဟောတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အသိကလေးကို အရင်ဟောတယ်

ယော ဟိ ဂဟပတိ ဣမံ ကာယံ ပရိဟရန္တော မုဟုတ္တမ္ပိ အာရောဂျံ ပဋိဇာနေယျ၊ ကိမညတြ ဗာလျာ။ (နကု လပိသုတ်၊ သံယုတ်ပါဠိတော်၊ ဒု၊ နှာ-၁)

ဒကာကြီး ဤခန္ဓာဝန်ကြီး ဆောင်ထားပါလျက် (မိမိကိုယ်ကို) တစ်ခဏမျှလည်း အနာကင်းတယ်၊ ကျန်းမာတယ် လို့ ဝန်ခံငြားအံ့၊ မိုက်မဲတာမှ တစ်ပါးအခြားဘာမှ အဓိပ္ပါယ် မရှိတော့ဘူးတဲ့ (မှန်ပါ့)။

ခန္ဓာကိုယ်ကို သွားလိုက် လာလိုက် ကွေးလိုက် ဆန့်လိုက်တဲ့ ဆောင်ထားရတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်အခါကာလမှ အနာမကင်းဘူးတဲ့၊ လူမိုက်များဖြင့် ကိုယ်ကျန်းမာတယ်လို့ ဝန်ခံမှာပဲတဲ့ (မှန်ပါ့)၊ ခင်ဗျားတို့ နောက်ကို ကျန်းမာလို့ လာတယ်လို့ တွင်တွင်သုံးမနေကြပါနဲ့ဦး (မှန်ပါ့)၊ လူမိုက်မို့ပြောတာတဲ့၊ ဒီလိုပြောတာ (မှန်ပါ့)။

ကျန်းမာလို့ ကျုပ်တရားလာနာနိုင်တာပေါ့ဗျာလို့ ဆရာဘုန်းကြီးထံလာတဲ့အခါ တပည့်တော်လို့ ကျန်းမာလို့ လာနိုင်တာပေါ့၊ တော်ပဲတော်သေးတယ်ဘုရား၊ ကံကလေးကောင်းသေးတယ်လို့ သုံးမနေကြပါနဲ့ဦး (မှန်ပါ့)။

အနာကင်းတယ်လို့ထင်တဲ့ ပုဂ္ဂိုလ်ဟာ လူမိုက်

အဲဒီတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကို ဆောင်ချည်းနေရတဲ့ ပုဂ္ဂိုလ်ဟူသရွေ့မှာဖြင့် တစ်ထစ်ချသာ မှတ်ပါတော့၊ ဘယ်အခါ ကာလမှ အနာမကင်းဘူးတဲ့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ)၊

အနာကင်းတယ်လို့ထင်တဲ့ ပုဂ္ဂိုလ်ဟာ လူမိုက်ဖြစ်လို့ အနာကင်းတယ်လို့ ထင်ပြီးပြောမှာပဲတဲ့ (မှန်ပါ့)၊ လူလိမ္မာဖြစ်ခဲ့လို့ရှိရင်ဖြင့် ဘယ်အချိန်မှ အနာမကင်းဘူးလို့သာ မြင်နေမှာပဲတဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဲဒါတော့ ဒကာမကြီး ဘယ်တော့မှ အနာမကင်းဘူးဆိုတာ ရှေးဦးစွာ နှလုံးသွင်းပါတဲ့။

အတော်မိတဲ့စကားဗျ (မှန်ပါ့)၊ လူမိုက်ဖြင့် မပြောတတ်ဘူး၊ လူလိမ္မာကတော့ ဒီလိုပြောမှာ မဟုတ်ဘူးဆိုတာ မှတ်ကြပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြစို့။

သာဓု ….သာဓု ….သာဓု။