ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာမရတာသည် အပြစ်အကင်းဆုံး
ဆန္ဒသုတ်၊ အမှတ် (၁)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်
ဟောကြားတော်မူသော
ဒီခန္ဓာစွန့်ပြီး နောက်ခန္ဓာမရတာသည် အပြစ်အကင်းဆုံး
ဆန္ဒသုတ်၊ အမှတ် (၁) အလုပ်ပေးတရားတော်
(၂-၁-၆၁)
မေတ္တာသုံးချက်ထားရတယ်
တရားဟောတဲ့ ဘုန်းကြီး၏ စိတ်ဆန္ဒဟာ တရားနာနိုင်ပါစေဆိုတဲ့ မေတ္တာရှေ့ထားတယ်။ (မှန်ပါ့)၊ နာပင် နာငြားသော်လည်း သိပါစေဆိုတာလဲ ရှင်းလင်းအောင်ပြောပြနေတယ် (မှန်ပါ့ ဘုရား)၊ သိရုံကလေးနဲ့မပြီးနိုင်တဲ့အတွက် ကျင့်နိုင်ပါစေဆိုတာလဲ မေတ္တာသုံးချက်ထားရတယ် (မှန်ပါ)၊ ဒီလိုဟောလို့ရှိရင်ဖြင့် ဒါတရားဟောတာဖြင့် ကောင်းသော ဟောခြင်းပဲလို့ဆိုတာ ဒကာ ဒကာမတွေ မှတ်ကြဖို့ပဲ (မှန်ပါ)။
ကိုယ်က ပြောလို့ရှိရင်လဲ တရားဓမ္မကိုမသိသေးတဲ့ပုဂ္ဂိုလ်ကို ပြောလို့ရှိရင်လဲ နားထောင်နိုင်ပါစေဆိုတာ ၁-နံပါတ်ပေါ့ဗျာ (မှန်ပါ)၊ နားထောင်ပြီး သကာလ သိပါစေဆိုတာက ၂-နံပါတ်၊ မသိလို့ စိတ်မဆိုးပါနဲ့တဲ့၊ မသိ သိအောင်ပြောပါ(မှန်ပါ)၊ သိပြီးသည်၏ အခြားမဲ့၌ သိရုံနဲ့ မင်းမပြီးသေးဘူး၊ ၃- နံပါတ် ကျင့်ပါဦးကွဆိုတာလဲ ပြော ပေးကြပါ (မှန်ပါ့)။
ဒါ့ကြောင့် အားလုံးသော ဒကာ ဒကာမတို့ ယနေ့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မနေ့က ပုဏ္ဏသုတ်ကို ဟောခဲ့ တယ်။ ဆက်ဟောလို့ရှိရင် ရပါတယ်၊ အလုပ်တရားတွေက မပါတော့ဘူး (မှန်ပါ)၊ ဒါ့ကြောင့် မန်းစက်တော်ခြေ တော်ရာပဲ ပြန်ပြောရမလိုဖြစ်နေလို့ ဆန္နသုတ်ကို ပြောင်းပါတယ်(မှန်ပါ့)။
အပြစ်ကင်းဆုံးသေနည်း
အဲဒီမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟောတာ တစ်လုံးတည်းနဲ့ ဒကာကြွယ် ဦးလှဖူးတို့ သိပ်မိတယ်နော် (မှန်ပါ)၊ သာရိပုတ္တရာ မင်းမှတ်ထားစမ်းပါကွာတဲ့၊ အရေးကြီးတဲ့ အချက်ကလေး တစ်ခုကို ဘုရားက ရှင်သာရိပုတ္တရာကို အမိန့်ရှိတယ် (မှန်ပါ ဘုရား)၊
သတ္တဝါတစ်ဦး တစ်ယောက် ခန္ဓာရလို့ရှိရင် သေရမှာပဲ၊ သတ္တဝါတစ်ဦးတစ်ယောက် ခန္ဓာရရင် (သေရမှာပါ ဘုရား)၊ သေရမှာ ဧကန်ပါပဲတဲ့၊ သေရမှာဧကန်ပါပဲ၊ သေပြီ သကာလ နောက်ခန္ဓာမရတဲ့ သေနည်းဟာ အပြစ်ကင်းဆုံးသေနည်းပဲ (မှန်ပါ)၊ သေတော့သေကြရမှာပဲ၊ သေပြီး နောက်ခန္ဓာမရတာ အပြစ်ကင်းဆုံးပဲ (မှန်ပါ)။
နောက်ခန္ဓာမရတာ အပြစ်ကင်းဆုံးပဲဆိုသဖြင့် ဒကာ ဒကာမတို့ ဘုရားက ဆန္နသုတ်မှာပဲ သေသေချာချာ ရှင်သာရိပုတ္တရာကို ဟောတော်မူတယ်၊ သာရိပုတ္တရာ သေနည်းအကောင်းဆုံးကို ငါဟောမယ်၊ ဒီခန္ဓာစွန့်ပြီး ဟိုခန္ဓာမရတာဟာ အပြစ်ကင်းတာပဲဟေ့ ဒီအဓိပ္ပာယ်ကို ဟောကြားတယ် (မှန်ပါ)။
အဲဒါက အကောင်းဆုံးသော သေခြင်းပဲဟေ့လို့ ဆိုတော့ ဒကာသစ်ရေ ဒါဟာ ဘုရားဟောပဲနော် (မှန်ပါ)။
ဘယ်လိုများ လွဲခဲ့ပါလိမ့်မတုံး
အဲဒီ ဘုရားဟောကို ဒကာ ဒကာမတွေက သိထားတော့မှာ ဪ ငါတို့ရှေးက လွဲခဲ့တယ်နော်၊ ဘယ်လိုများ လွဲခဲ့ပါလိမ့်မတုံးဆိုတော့ ဒီခန္ဓာကြီးစုတေမနေရလို့ သေလွန်ရလို့ရှိရင်ဖြင့် နောင်ဘဝ လူပြန်ဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင် ဆိုတာတွေက မလာကြပေဘူးလား (လာကြပါတယ် ဘုရား) အဲဒါ အပြစ်သင့်အောင် လုပ်တာ၊ ခန္ဓာ တစ်ခုကိုကပ်ငြိနေတာ(မှန်ပါ)။
အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှင်သာရိပုတ္တရာကိုဟောလိုက်တာကို နားထောင်ကြည့်ပါ၊ ဒီခန္ဓာပစ်ချ ပြီး နောက်ခန္ဓာမရတာဟာ အပြစ်သင့်တာပဲ ဒီခန္ဓာပစ်ချပြီးနောက် ခန္ဓာရတာဟာ အပြစ်သင့်တာပဲ၊ ဒီခန္ဓာပစ်ချပြီး နောက်ခန္ဓာမရတာဟာ အပြစ်အကင်းဆုံးပဲ (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီခန္ဓာရပြီး နောက်ခန္ဓာမရတဲ့ အလုပ်ဟာ ဘယ်လိုပါလိမ့်။ (အပြစ်အကင်းဆုံးပါ ဘုရား)၊ အပြစ်အကင်း ဆုံး အကောင်းဆုံး အလုပ်ပဲဆိုတာ ဒကာ ဒကာမတွေ ဉာဏ်မလွဲပါနဲ့နော် (မှန်ပါ)၊ ဉာဏ်မလွဲကြပါနဲ့ ဒကာကြွယ်ရ အထူးပဲ သတိပေးရတယ် (မှန်ပါ)၊ မပေးသင့်ဘူးလား (ပေးသင့်ပါတယ် ဘုရား) ဉာဏ်မလွဲကြပါနဲ့ဆိုတာ သတိပေးလိုက်ပါ တယ်၊ ဒီဉာဏ်လွဲသွားလို့ရှိရင် ကိုယ်ကျိုးနည်းပေါ့ဆိုတာ သေသေချာချာသာမှတ်ပါ (မှန်ပါ)။
ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရလို့ရှိရင်
အခု ဘုရားဟာတာကို ကြည့်ပါ၊ ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရလို့ရှိရင် ဒါအပြစ်ကင်းတာပဲ (မှန်ပါ)၊ ဒီခန္ဓာ စွန့်ပစ်ပြီး ဟိုခန္ဓာရရင် အကြီးဆုံး အပြစ်သင့်ပြန်တာပဲတဲ့(မှန်ပါ)၊ ဒီလိုဟောတာကို သေသေချာချာ နာရတော့မှ ဪ ခန္ဓာဆိုတဲ့ဥစ္စာ ဒုက္ခသစ္စာမို့ ဘုရားက ဒုက္ခရောက်မှာစိုးရှာတာကိုး (မှန်ပါ ဘုရား)၊ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)၊
ဒီခန္ဓာရပြီး နောက်ခန္ဓာရတော့ ဇာတိစပြီးရမှာကိုး၊ ဇာတိ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ-ဒုက္ခသစ္စာထဲကနေပြီး ဒုက္ခသစ္စာပြန်ရလို့ရှိရင် အမြတ်မရတဲ့အပြင် အရှုံးထွက်တယ်လို့ဆိုလိုက်ရင်လဲ မလွဲပါဘူး (မလွဲပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရတဲ့ အလုပ်ကိုဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ)၊ ဘယ်လိုမှာပါလိမ့်မလဲ (လုပ်ဖြစ်အောင် လုပ်ပါ)။
ဒကာ ဒကာမတို့ ဘယ်လိုပါလိမ့် (လုပ်ဖြစ်အောင် လုပ်ရမှာပါ)၊ လုပ်ဖြစ်အောင် လုပ်ပါဆိုတာ မသိတဲ့ပုဂ္ဂိုလ် များတော့ ဆရာပြောတာ မှတ်ရုံပဲ၊ ဘုရားဟောတာကို သဘောကျယုံကြည်ပြီး သကာလ ကဲ ဒါပဲပေးလိုက်တော့မယ်၊ ဒီခန္ဓာစွန့်ပစ်ပြီး နောက်ခန္ဓာမရတဲ့အလုပ်ကိုပဲ နိုးနိုးကြားကြားနဲ့ ကြိုးကြိုးစားစား လုပ်ပါတော့မယ်ဆိုတဲ့ စိတ်ကိုဖြင့် ဒကာ ဒကာမတို့ ကိုယ်မသိလို့နေငြားသော်လဲ ဘုရားဟောကို အမှန်ထားယုံကြည်ပြီး ဆုံးဖြတ်ချက်ချပြီး ဒကာသစ် မရ-ရအောင်သာ လုပ်တော့(မှန်ပါ)၊ ဒီခန္ဓာပစ်ချပြီး နောက်ခန္ဓာမရတဲ့ အလုပ်သာလုပ်တော့မယ်ဆိုပြီး လုပ်ကြဖို့ အားလုံးပြောလိုက်ပါတယ် (မှန်ပါ)။
ဒါဟာ ဘုရားရှင်က ရှင်သာရိပုတ္တရာကို ဟောတာ(မှန်ပါ)၊ ဆန္နသုတ်မှာ ဟောပါတယ်။ ဥပရိပဏ္ဏာသ ပါဠိတော် (ဆန္နောဝါဒသုတ်၊ နှာ-၃၀၇) မှာလဲလာတယ်၊ သံယုတ်ပါဠိတော် (ဆန္နသုတ်၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိ၊ နှာ-၂၈၁)မှာလဲလာတယ် (မှန်ပါ)၊ ပါဠိတော်နော်(မှန်ပါ)၊ ပါဠိတော်ဆိုတာ ကိုယ်တော်တိုင် နှုတ်တော်က မြွက်ဟဟော ကြားတာ(မှန်ပါ)။
တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော်ကြီး
အဲဒီတော့ တိမ်းစရာ၊ စောင်းစရာမရှိရင် နှစ်ခွန်းသောစကားကိုမပြောဘဲနဲ့ တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော်ကြီး (မှန်ပါ)၊ နှစ်ခွဖြစ်တဲ့စကားကို ဘယ်တော့မှမပြောဘူး။ တစ်ခွန်းတည်းနဲ့ အမှန်ပြောတဲ့ ကိုယ်တော်ကြီးက ဒီခန္ဓာမရလို့ရှိရင် အပြစ်အကင်းဆုံး၊ အကောင်းဆုံးသော သေခြင်းတဲ့ (မှန်ပါ)။
ဒကာကြွယ် မှတ်မိပြီလား (မှတ်ပါ မှတ်ပါပြီ ဘုရား)၊ ဘယ်လိုများ မှတ်မိကြပါလိမ့် (ဒီခန္ဓာပစ်ချပြီး နောက်ခန္ဓာ မရရင် အပြစ်အကင်းဆုံးသော အကောင်းဆုံးသော သေခြင်းပါ ဘုရား)၊ အကောင်းဆုံး အလုပ်ပဲဆိုတာကို ကျေကျေ နပ်နပ်သဘောကျကြပါ (မှန်ပါ)။
ကိုင်း-ဒါဖြင့် ဘုန်းကြီးများက ဘုရားအလိုတော်ကျဖြည့်စွက်ပါဦးမယ်ဆိုတော့ ဒကာကြွယ်တို့ ဒီအပေါ်မှာ ခွက်ကလေးနှစ်ခုချတယ်၊ ဒီဘဝမှာ နောက်ဆုံးပိတ်ဒုက္ခသစ္စာ ဘာပါလိမ့်မတုန်းဆိုတော့ စုတိစိတ် (မှန်ပါ)၊ စုတိစိတ် ဆိုတာ သေတဲ့စိတ်ပေါ့ဗျာ၊ ဒီစိတ်ပြီးရင် ဒီဘဝမှာဖြင့် ကုန်သွားပြီ (မှန်ပါ)။
အဲဒီတော့ “စုတိ စဝနတာ” ဆိုတဲ့ဥစ္စာ စုတိဆိုတာ သေတာ၊ စဝနတာဆိုတာက သေသည်၏ အဖြစ်ပါပဲ။ အဲဒါကို မရဏလို့ခေါ်လိုက် (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)၊ မရဏဆိုတော့ မရဏမ္ပိ ဒုက္ခံ(မှန်ပါ)။
ဒကာ ဒကာမတို့ ဘာတဲ့ (မရဏမ္ပိ ဒုက္ခံပါ)၊ ဪ ဒီဘဝနောက်ဆုံးပိတ် ဘာနဲ့ နိဂုံးချုပ်ရပါလိမ့်မတုံး ဆိုတော့ ဒုက္ခသစ္စာနဲ့ နိဂုံးချုပ်ရမယ် (မှန်ပါ)။
အခြားမရှိမှု၍ ကျေးဇူးပြုတယ်
ကိုင်း-ဒါဖြင့် စုတိက အနန္တရပစ္စယော၊ ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်၊ အနန္တရပစ္စယော- အခြားမရှိမှု၍ ကျေးဇူးပြုတယ်လို့ ပဋ္ဌာန်းပါဠိတော်များ လာထားပြန်တော့ စုတိပြီး ပဋိသန္ဓေမလာဘူးလား (လာပါတယ်) ပဋိသန္ဓေဆိုတာ – ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော။ အယံ ဝုစ္စတိ ဘိက္ခဝေဇာတိ၊ သတိပဋ္ဌာန်ပါဠိတော် (မူလပဏ္ဏသပါဠိတော်၊ နှာ-၈၂) မှာ မလာဘူးလား (လာပါတယ် ဘုရား)၊
အဲဒါတွေထောက်ပြန်တော့လဲ ပဋိသန္ဓေဟာ ဘာသစ္စာတဲ့တုန်း (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာပြီး ဒုက္ခသစ္စာပြန်ရမှာဘုရား သိပ်စိုးရိမ်ပါလား (မှန်ပါ)။
ဒုက္ခသစ္စာပြီးတော့ (ဒုက္ခသစ္စာပြန်ရမှာ သိပ်စိုးရိမ်ပါတယ်)၊ အဲဒါဟာ အကြီးဆုံးသော အပြစ်သင့်တယ် ဆိုတာ ဒကာသစ် မမှန်ဘူးလား (မှန်ပါ)။
ဒါ့ကြောင့် ဘုရားက ရှင်သာရိပုတ္တရာကို ဒီခန္ဓာပစ်ချပြီး ဟိုခန္ဓာမရတဲ့ သေခြင်းဟာ အကောင်းဆုံးပဲ ဆိုတော့ စုတိပြီး ပဋိသန္ဓေ မလာတာဟာ အကောင်းဆုံးပဲလို့ ဟောတော်မူလိုရင်းပဲ (မှန်ပါ)။
ဘယ်လိုဟောတာပါလိမ့် (စုတိပြီး ပဋိသန္ဓေ မလာတာ အကောင်းဆုံးပါ ဘုရား)၊ ဘယ့်နှယ်ကြောင့် ဟောတာပါလိမ့်မတုံး၊ ကျုပ်တို့က ဖွေရှာပြီး ဝေဖန်လိုက်တော့မှ စုတိနဲ့ ပဋိ သန္ဓေဟာလဲ အနန္တရပစ္စယော- အခြားမရှိမှု၍ ကျေးဇူးပြုပြီး သကာလ နေပြန်တော့ ဒီပဋိသန္ဓေကလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခပြီး ဒုက္ခဆက်တာကို ကိုယ်တော်မြတ်ကြီး များစွာမကြိုက်လို့ ဟောတာပဲ (မှန်ပါ)။
ဒုက္ခပြီး ဒုက္ခဆက်တာကို (များစွာမကြိုက်လို့ ဟောပါတယ် ဘုရား)။
သစ္စာကို မသိရင် သံသရာရှည်တယ်
ဒီလိုသစ္စာကို မသိရင် သံသရာရှည်တယ်ဆိုတော့ ဒီဘဝ စုတေမနေ သေလွန်ရသော် နောက်ဘဝ လူကောင်း နတ်ကောင်း ဖြစ်ရလို၏ဆိုတော့ ဟောဒီ ဇာတိဒုက္ခကြီး ကိုယ်ပိုင်ဖြစ်ရပါလို၏ပဲ (မှန်ပါ)၊ ဒုက္ခသစ္စာဆိုတာက ဒကာ ဒကာမတို့ နင်နေရစ်တော့လို့ဆိုရမှာပဲ (မှန်ပါ)၊ ကျုပ်တို့က သိမ်းပိုက်ရမှာ မဟုတ်ပါဘူး (မှန်ပါ)။
ဘယ်လိုပါလိမ့် (နင် နေရင်တော့လို့ဆိုရမှာပါ ဘုရား) နင်နေရစ်တော့လို့ဆိုရမှာ အခု ကျုပ်တို့က ဆုတောင်း နေကြမယ်၊ သာယာနေကြမယ်ဆိုရင် ဆုတောင်းယူကြတဲ့ ပုဂ္ဂိုလ်များ သိမ်းပိုက်ရာ မရောက်ဘူးလား (ရောက်ပါတယ ဘုရား)။
ဪ ဒါသည်ကားလို့ဆိုရင်ဖြင့် လူလိမ္မာလို့ဆိုကြမလား၊ လူမိုက်လို့ ဆိုကြမလား (လူမိုက်လို့ဆိုရမှာပဲ ဘုရား)၊ ဒုက္ခလွတ်ရာကိုသာ ရှာရမှာကိုးဗျ (မှန်ပါ)၊ ဒုက္ခပြန်ပြီးသိမ်းပိုက်ပြန်လို့ရှိရင် ဒကာသစ်လွဲပြီ (လွဲပါပြီ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရေးကြီးတဲ့ အချက်ကလေး အချက်ကလေးတွေကို နာရီဝက်လောက် ပြောဆိုနေကြတော့ ဒကာသစ် လေရှည်တယ်လို့များ မအောက်မေ့နဲ့နော် (မအောက်မေ့ပါ ဘုရား)၊ မအောက်မေ့ပါနဲ့တဲ့၊ ဒီဥစ္စာ သာမည အရေးကြီးလို့ရှိရင် ဘုန်းကြီး အပင်ပန်းခံ အမောခံပြီး သကာလ ဘယ်ပြောနေမလဲ ဒကာကြွယ်(မှန်ပါ)၊ ဒကာကြွယ် သွားကြစို့၊ ရှေ့သာတိုးပြီး မှတ်စရာရှိတာမှတ်ဆိုပြီး ရှေ့သွားမှာပေါ့ (မှန်ပါ)။
အခုတော့ ဒီလိုမဟုတ်သေးဘူးတဲ့၊ မသိတဲ့ ပုဂ္ဂိုလ်များက ဒီဘဝ စုတေမနေ သေလွန်ရလို့ရှိရင် နောက်ဘဝ လူကောင်း နတ်ကောင်းဖြစ်ရပါလို၏ဆိုပြီး ဇာတိကို သိမ်းပိုက်မိမှာစိုးလို့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဇာတိသိမ်းပိုက်မှာစိုးလို့ပါ
ဘာသိမ်းပိုက်မှာ စိုးလို့ပါလိမ့် (ဇာတိသိမ်းပိုက်မှာစိုးလို့ပါ ဘုရား)၊ ဇာတိက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုင်း ဒကာ ဒကာမတို့ ဘာကို သိမ်းပိုက်ရာ ရောက်သလဲ (ဒုက္ခကို သိမ်းပိုက်ရာ ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် အပြစ်သင့်-မသင့် (သင့်ပါတယ် ဘုရား)။
ဒါကြောင့် ဒီခန္ဓာစွန့်ပစ်ပြီး ဟိုခန္ဓာမရရင် မပြစ်ကင်းတာပဲဆိုတာ ဒကာကြွယ်ထိပ်ကို သံမှိုနဲ့စွဲသလိုမြဲအောင် မှတ်ရတော့မယ် (မှန်ပါ့ ဘုရား)၊ မမှတ်ရပေဘူးလား (မှတ်ရပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ အဝေးကြီးက လာကြရတယ်နော် (မှန်ပါ)၊ သေသေချာချာမှတ်ကြပါ။ ဒီခန္ဓာ စွန့်ပစ်ပြီး နောက်ခန္ဓာမရအောင် လုပ်နည်းကိုင်နည်းကိုတော့ နောက်ပြောပါလိမ့်မယ်(မှန်ပါ)၊
သို့သော် အပြစ်သင့် တာကလေး ကြီးကျယ်လွန်းလို့ ဒါကိုရှင်းသွားအောင် အနန္တရပစ္စည်းနှင့် အနန္တရပစ္စယုပ္ပန်လုပ်ပြီး သကာလ ပြ လိုက်ခြင်းကြောင့် ပဋ္ဌာန်းနည်းနဲ့ကြည့်လဲ မကောင်း။
ယခု ကိုယ်တော်မြတ်ကြီး မှာတော်မူပုံ ကြည့်လိုက်ပြန်တော့လဲ မကောင်းလို့ပယ်တယ်ဆိုတာ သေချာတယ် (မှန်ပါ ဘုရား)၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီဇာတိကို ရတယ်ဆိုတော့ ဒကာသစ် ဇရာကို မသိမ်းပိုက်ချင်ပါဘူးဆိုလို့ရော (မရပါ ဘုရား)၊ မရဏကို မသိမ်းပိုက်ချင်ပါဘူးဆိုလို့ (မရပါ ဘုရား)၊ ဗျာဓိကို မသိမ်းပိုက်ချင်ပါဘူးဆိုလို့။ (မရပါ ဘုရား)၊ ဪ-တစ်ချက်မှားလို့ ရှိရင်ဖြင့် လေးချက်ခံရပါလား (မှန်ပါ)၊ ဇာတိတစ်ချက် မှားလိုက်တာ ဇရာဗျာဓိ မရဏပါ လေးချက်ခံရတယ်(မှန်ပါ)။
ကိုင်း- ဒါဖြင့် ဒါလောက်တောင် ရှေ့သွားခေါင်းဆောင်တွေကလဲ ကောင်းပါလျက်သားနဲ့ နောက်လိုက် တွေဖြင့် နွံနှစ်ပြီး သကာလ ဗွက်ထဲမှာ မနေရစ်ပါစေနဲ့ဆိုတော့ ဒီခန္ဓာစွန့်ပစ်ပြီး ဟိုခန္ဓာမရတာဟာ အကောင်းဆုံးသော သေခြင်းပဲ (မှန်ပါ)။
အနန္တရပစ္စည်းနဲ့လဲ အခုရှင်းပြလိုက်တယ်
ကြိုးစားပြီး မှတ်ကြစမ်းပါ၊ ဒီဥစ္စာကို ဘုရားကလဲ ဟောတယ်၊ အနန္တရပစ္စည်းနဲ့လဲ အခုရှင်းပြလိုက်တယ် (မှန်ပါ)၊ စုတိက အနန္တရပစ္စည်း၊ ပဋိသန္ဓေက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်၊ စုတိကအကြောင်း၊ ပဋိသန္ဓေကကော (အကျိုးပါ ဘုရား)၊ စုတိက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊
ပဋိသန္ဓေက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အခြားများ ရှိသေးသလား (မရှိပါ ဘုရား)၊ ဒါကြောင့် ဘုရားက ဒီလောက်ရက်ရက်စက်စက် ပယ်တာကိုး (မှန်ပါ)၊ ဒီအပြစ် မသင့်စေချင်ဘူးဆိုတဲ့ဥစ္စာ ဒကာကြွယ် ဦးလှဖူးတို့ အင်မတန် လေးလေးစားစား မှတ်ရလိမ့်မယ်(မှန်ပါ့ ဘုရား)။
ကိုင်း- ဒါဖြင့် စုတိက ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ သစ္စာသိကြပြီ။ ပဋိသန္ဓေ ကကော (ဒုက္ခသစ္စာပါ ဘုရား)၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်များကတော့ ဒီသစ္စာကြီးဆုံး ပါရစေတော့လာမှာပေါ့ (မှန်ပါ)၊ နောက်ဒုက္ခသစ္စာ ဖြင့် မရပါစေနဲ့တော့ မလာပေဘူးလား (လာပါတယ် ဘုရား)။
ဒါဖြင့် သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒီဘဝစုတေမနေသေလွန်ရ ဆိုတာ ဒီစိတ်ပေါ်ပြီးတော့ပေါ့ဗျာ(မှန်ပါ)၊ လူကောင်းနတ်ကောင်း ဖြစ်ရပါလို၏ဆိုတာတော့ သူ့တို့ကသာ အကောင်းထင်တယ်၊ အမှန်တော့ ဒုက္ခသစ္စာချည်းပဲ (မှန်ပါ)၊ ဒုက္ခသစ္စာလေးချက် လိုက်လာတယ်။ အကောင်းလား အဆိုးလား ဒကာ ဒကာမတို့ (အဆိုးပါ ဘုရား)၊ ဝေဖန်နိုင်ကြပြီလား (ဝေဖန်နိုင်ပါပြီ)၊ ဇာတိပိ (ဒုက္ခာပါ ဘုရား)၊ ဇရာပိ (ဒုက္ခာပါ ဘုရား)၊ ဗျာဓိပိ(ဒုက္ခောပါ ဘုရား)၊ မရဏမ္ပိ (ဒုက္ခံပါ ဘုရား)။
လေးချက် ဒုက္ခကို ခံရတော့မယ်
ကိုင်း-ဒကာ ဒကာမတို့ ဒီဘဝက တစ်ချက်မှားလိုက်လို့ ဆုတောင်းကလေးတစ်ချက်မှားလိုက်လို့ လေးချက် ဒုက္ခကို ခံရတော့မယ်(မှန်ပါ)၊ မခံရပေဘူးလား (ခံရပါတယ် ဘုရား)။
ဒါတွေ ဝေဖန်ပြီး သေသေချာချာသိတော့မှ ဪ-တို့ တစ်သံသရာလုံးဟာ ဒီဆုတောင်းကလေး တဏှာနဲ့ တောင်းတဲ့ဆု နှိပ်စက်နေတာကိုးဆိုတာ ပေါ်ပြီလား (ပေါ်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ယခုပြောတဲ့ အကြောင်းကို ရှင်သာရိပုတ္တရာလျှောက်လို့ ဘုရားက ဖြေပါတယ်နော် (မှန်ပါ)၊ ကောင်းပြီ ဒါဖြင့် ဒကာသစ်-သစ္စာသိပြီလား (သိပါပြီ ဘုရား)၊ သစ္စာသိတော့ ဒကာ ဒကာမတွေ သစ္စာသိလို့ရှိရင်ဖြင့် စုတိဒုက္ခပြီးရင် ပဋိသန္ဓေဒုက္ခ လိုချင်ကြသေးသလား (မလိုချင်ပါ ဘုရား)၊ ဪ-ဒါဖြင့် ပြတ်သွားပြီ (မှန်ပါ)၊ ဘာသိလို့ ပြတ်ပါလိမ့်မတုန်းလို့ အမေးထုတ်ကြည့်စမ်း (သစ္စာသိလို့ပါ)၊ ကဲ-ဒါဖြင့် သစ္စာသိမှ သံသရာပြတ်မယ်(မှန်ပါ)၊ သစ္စာ မသိရင် (သံသရာရှည်ပါတယ် ဘုရား)၊ သံသရာရှည်တယ်ဆိုတာ ကောင်းကောင်းကြီးပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အဲဒီလိုပေါ်လာတာ ထောက်တော့မှ ဪ ရှေးတုန်းကတော့ သစ္စာမသိရင် သံသရာရှည်တယ်၊ သစ္စာသိမှ သံသရာပြတ်တယ်ဆိုတာ ဒီလိုလက်တွေ့မပြတော့ ပြောသံကြားလောက်နဲ့တော့ ဒကာကြွယ်တို့ နှစ်နှစ်ကာကာ ယုံသေးမှာ မဟုတ်ဘူး(မှန်ပါ့)၊
အခုတော့ အနန္တရပစ္စည်းကို ဆုပ်ကိုင်ပြီးပြလိုက်သဖြင့် စုတိက ဘာသစ္စာ(ဒုက္ခသစ္စာပါ)၊ အဲဒါက အနန္တရပစ္စည်း(မှန်ပါ့)။ ပစ္စည်းဆိုတာ အကြောင်းတရားပဲ (မှန်ပါ)၊ ပဋိသန္ဓေက ဘာပါလိမ့် (ပစ္စယုပ္ပန်)၊ အနန္တရပစ္စည်း ၏ ပစ္စယုပ္ပန်၊ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ)၊
တုတ်တစ်ချက်နဲ့ တုတ်တစ်ချက် ဝေးဖို့ရာ
ဪ- ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် တုတ်တစ်ချက်နဲ့ တုတ်တစ်ချက် ဝေးဖို့ရာတောင်မှ အရိုက်ခံ နေရတဲ့ ပုဂ္ဂိုလ်က ဆုတောင်းရသေးတာပဲ။ ယခု အရိုက်ခံရတာ မဝေးတာကြီးနဲ့တွေ့နေတော့ ဦးလှဖူး တယ်နာချက်ပြင်းတယ် (ပြင်းပါတယ် ဘုရား)၊ စုတိဒုက္ခ မဆံ့မပြဲခံပြီး သကာလ သေခါနီး ဝိညာဉ်ချုပ်ရတော့မယ်ဆိုတာ မနည်းဆင်းရဲတယ် (ဆင်းရဲပါတယ် ဘုရား)
အဲဒီဆင်းရဲပြီးတော့ ကျွတ်ကရောလားအောက်မေ့တယ်၊ ပဋိသန္ဓေအဖြစ်နဲ့ အမိဝမ်းခေါင်းထဲ သွားပြီး သကာလ ကလလရေကြည်သွားဖြစ်ရတဲ့ အဖြစ်ကဖြင့် ပိုးမျိုးရှစ်ဆယ်တို့၏ စားဖတ် ဝါးဖတ် သွားဖြစ်တယ် (မှန်ပါ) မနာဘူးလား (နာပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့သည် သစ္စာမသိသေးသည့် ကာလပတ်လုံးဖြင့် ကိုယ်ကျိုးနည်းရ ချည်ရဲ့ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ကြ(မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ)။
အင်မတန်အရေးကြီးတယ်၊ ဒီဥစ္စာကိုပဲ ပြောလာတာ ဒကာသစ် (၁၅)မိနစ်ရှိသွားပြီ (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ သစ္စာသိကြပြီလား (သိကြပါပြီ ဘုရား)၊ စုတိက (ဒုက္ခသစ္စာပါ)၊ နောက် ပဋိသန္ဓေပေါ်လာရင်ရော (ဒုက္ခသစ္စာပါပဲ) ပေါ်အောင်လုပ်တဲ့ ပုဂ္ဂိုလ်မို့ပေါ်တာပေါ့ (မှန်ပါ့)၊ ဘာသစ္စာပေါ်လာသတုံး (ဒုက္ခသစ္စာပေါ်လာပါတယ်)၊ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံး (ပေါ်အောင်လုပ်လို့ပါ ဘုရား)၊ ပေါ်အောင်လုပ်တယ်ဆိုတာ ဘယ်သူပါလိမ့်မတုံးဆို တော့ စုတိဒုက္ခကို မသိတဲ့ အဝိဇ္ဇာ တဏှာက ပေါ်အောင်လုပ်လို့ (မှန်ပါ့)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဝေဒနာခံစားကြည့်စမ်းပါ၊ ဗျာဓိခံစားကြည့်လိုရှိရင်ပဲ တော်ပေါ့၊ တန်ပေါ့ဆိုတာ လာလိမ့်မယ်(မှန်ပါ)၊ သို့သော် ဝေဒနာခံစားပြီး ဒီတောင်က မတက်လို့ သေရတဲ့အခါ ကျတော့ လုပ်ချိန်က ကင်းသွားတယ် (မှန်ပါ့)၊ လုပ်ချိန်က ရှိနေသလား (မရှိပါ ဘုရား)၊
မရှိတော့ ဒီကြားမှာပဲ ဒကာ ဒကာမတို့ အမှားမပြင်နိုင်တဲ့ အခြေအနေရောက်မှာစိုးသောကြောင့် ယခုလို လာနိုင်သွားနိုင်စဉ်အခါတုန်းက နားထောင်ပြီး သကာလ ပဋိသန္ဓေပြတ်တဲ့ အလုပ်ကိုလုပ်ရလိမ့်မယ် (မှန်ပါ)။
ဒကာကြွယ် ဘာလုပ်ရမှာတုံး (ပဋိသန္ဓေပြတ်တဲ့အလုပ်ကို လုပ်ရပါမယ် ဘုရား)။
ဒုက္ခသစ္စာ ပြတ်စေချင်လွန်းလို့
ဘယ့်နှယ်ကြောင့် ပဋိသန္ဓေပြတ်စေချင်ပါလိမ့်မလဲလို့ ဒကာကြွယ်တို့ ဒကာသစ်တို့ ဦးလှဘူးတို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခသစ္စာမို့ပါ ဘုရား)၊ ဪ-ဒုက္ခသစ္စာ ပြတ်စေချင်လွန်းလို့ (မှန်ပါ)၊ ပေါ်ကြပြီလား(ပေါ်ပါပြီ ဘုရား)။
ဘာပြတ်စေချင်လို့လဲ (ဒုက္ခသစ္စာ ပြတ်စေချင်လို့ပါ)၊ ဪ သူက ဘယ်ကများ လာလို့ပါလိမ့် (ဒုက္ခသစ္စာက လာပါတယ် ဘုရား)၊ ဒုက္ခသစ္စာက လာတာကို ဒုက္ခသစ္စာနဲ့ ပြန်တွေ့ရမယ်ဆိုတော့ ဒီကနေရိုက်လွှတ်လိုက်တယ်၊ ဟိုနားကျ တော့ ဓားနဲ့ခုတ်ခံရတယ်ဆိုတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ ရိုက်လွှတ်တာလဲ ဒုက္ခပဲ၊ ဟိုကျတော့ ဓားနဲ့ အခုတ်ခံရတာကော (ဒုက္ခပါပဲ ဘုရား)၊ ဘယ်ဟာ ကောင်းတာပါသေးသတုန်း (ဘယ်ဟာမှ မပါပါ ဘုရား)။
ဒီမှာလဲ စုတိက ရိုက်နှက်ပြီး သကာလ ထုတ်လိုက်လို့ ပဋိသန္ဓေဘက်ကူးပြန်တော့လဲ ပဋိသန္ဓေဘက်သို့ ကံကပစ်ချလိုက်ပြန်တော့လဲ ဓားခုတ်ခံရပြန်သလို ဒုက္ခသစ္စာနဲ့ သွားတွေ့ပြန်တော့လဲ ဒကာ ဒကာမတို့ သက်သာခွင့် ကြားမှာကို မပါဘူး (မပါပါ ဘုရား) ဒကာကြွယ် ပါသေးလား (မပါပါ ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ ဒကာ ဒကာမတွေကို သတိပေးရမယ်၊ မပျော်ကြပါနဲ့ဦး (မှန်ပါ)၊ ဒါကလေးလွတ်အေင် လုပ်လိုက်ပါဦး (မှန်ပါ)၊ စုတိပြီး ပဋိသန္ဓေ မလာတာကလေး လုပ်လိုက်စမ်းပါ (မှန်ပါ)၊ မပျော်လိုက်ကြပါနဲ့ဦး၊ သားနဲ့လဲ မပျော်လိုက်နဲ့ဦး၊ သမီးနဲ့လဲ မပျော်လိုက်ပါနဲ့ဦး၊ ဆွေမျိုးဉာတကာတွေနဲ့လဲ မပျော်လိုက်ပါနဲ့ဦး၊ ကိုယ့်ကိစ္စကလေးတွေ ကျန်နေသေးလို့ပါ (မှန်ပါ)။
ဒကာကြွယ် ဘယ်လိုသတိပေးပါလိမ့် (ကိုယ့်ကိစ္စကလေး ကျန်နေသေးပါတယ် ဘုရား)၊ ဘာကျန်နေပါလိမ့်မတုံး ဆိုတော့ စုတိပြီး ပဋိသန္ဓေမလာတဲ့ အလုပ်ကလေးဟာ မအောင်မြင်သေးလို့ (မှန်ပါ)။
ကိုယ့်အရေးမကုန်သေးလို့
ဘာပါလိမ့်ဗျာ (စုတိပြီး ပဋိသန္ဓေမလာတဲ့ အလုပ်ကလေးက မအောင်မြင်သေးလို့ပါ ဘုရား)။
ဒါကြောင့် မပြုံးနဲ့ဦးဆိုတော့ အခုတုတ်ရိုက်ခံရပြီး တော်တော်ကြာ ဓားခုတ်ခံရမည့် ပုဂ္ဂိုလ်ဟာ ပြုံးလို့ရှိရင်ဖြင့် အရူးပြုံး အနှမ်းပြုံးဖြစ်မှာ စိုးရမ်လို့ ကိုယ့်အရေးမကုန်သေးလို့ ဒါလောက်တိုက်တွန်းပါတယ် (မှန်ပါ ဘုရား)။
ကိုင်း-ဒါလောက်ပြောလို့ရှိရင်ဖြင့် ဒကာသစ် ကျေနပ်လောက်ပြီ (ကျေနပ်ပါပြီ ဘုရား)၊ မှားစရာများ ရှိကြသေး သလား (မရှိပါဘူး ဘုရား)၊ စုတိဒုက္ခသစ္စာပြီး နောက်ဘဝ လူကောင်းဖြစ်ရတယ်ဆိုတာလဲ အကောင်းက အပြောသာ ဖြစ်နေတာ၊ အစစ်ကတော့ ပဋိသန္ဓေ ဒုက္ခသစ္စာ(မှန်ပါ)၊
ဒါကြောင့် တစ်ချက်မှား လေးချက်နာဆိုတော့ ဦးလှဘူးတို့ ဒကာကြွယ်တို့ ကောင်းသေးရဲ့လားဗျာ (မကောင်းပါဘူး ဘုရား)၊ ကိုင်း ဒီအမှားမျိုးကိုဖြင့် ဒကာသစ် မကြုံအောင် ကြိုးစားရလိမ့်မယ် (မှန်ပါ့)၊ အားလုံး တရားတစ်ပွဲလုံး ဒီအမှားကို ဘယ်လိုစဉ်းစားရမလဲ (မကြုံအောင် ကြိုးစာရပါတယ်)။
ကဲ ဒါဖြင့် ရှင်သာရိပုတ္တရာကလျှောက်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဖြေကြားတဲ့- ဥပရိပဏ္ဏာသ ဆန္နောဝါဒသုတ်မှာ-ဒီခန္ဓာစွန့်ပစ်ပြီး ဟိုခန္ဓာမရတာဟာ အကောင်းဆုံးအဓိပ္ပါယ်ကို လာတယ် (မှန်ပါ) ဒကာကြွယ် ဟန်ကျပြီနော် (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ကျေနပ်သဘော ကျပြီလား (ကျပါပြီ ဘုရား)။
သစ္စာသိပြီးလှူတဲ့ အလှူ
ဒါကြောင့် ဘာလဲလှူလှူ ဘာပဲတန်းတန်း ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခတို့မှ မုချစင်စစ် ဧကန်လွတ် ရခြင်းဖြစ်ပါလို၏ဆိုပြီးတော့ လှူကြတန်းကြပေးကြ ကမ်းကြစမ်းပါ၊ အားထုတ်ကြစမ်းပါ ဆိုတာကိုပဲ တိုက်တွန်းပါတယ် (မှန်ပါ) မလှူနဲ့ မပေးနဲ့ မကမ်းနဲ့လို့ ဟောတာမဟုတ်ပါဘူး၊ လှူဒါန်းပေးကမ်းခြင်းကြောင့် ဒီဇာတိဒုက္ခ ဇီဇရာဒုက္ခ ဒီဗျာဓိဒုက္ခတို့၏ လွတ်ရေးကျွတ်ရေးရည်မှန်းပြီး သကာလ လှူဒါန်းပါတယ်ဆိုလို့ရှိရင် သစ္စာသိပြီးလှူတဲ့ အလှူ (မှန်ပါ)၊ ဝါ-ဝိပဿနာ ခြံရံပြီးလှူတဲ့ အလှူ(မှန်ပါ)၊ ဇာတိဒုက္ခ သူသိတာကိုး။
ဒကာ ဒကာမတို့သန္တာန်မှာ ဥပမာမယ် မြင်စိတ်ကလေး ဖြစ်တယ်နော် (မှန်ပါ)၊ မျက်လုံးဖွင့်ကြည့်လိုက်ရင် စိမ်းစိမ်းကလေးတွေ ဘာတွေ အားလုံးမြင်တယ်နော်(မှန်ပါ)၊ အဲဒီစိတ်ကလေးကိုပဲ ဒကာ ဒကာမတွက ရှိ မရှိ အကဲခတ်ကြည့်စမ်းပါ၊ နောက်က မဂ္ဂင် ၁-ကို ၂-နဲ့ အကဲခတ်ရတယ်၊ ၁-က မြင်စိတ်၊ ၂-က အကဲခတ်တဲ့စိတ် (မှန်ပါ့)။
ကဲ အကဲခတ်လိုက်တော့ ဒကာ ဒကာမတို့ ဘယ်လိုခတ်ပါလိမ့်မလဲဆိုတာ မေးဖို့လိုလာတယ်(မှန်ပါ)၊ မြင်စိတ်ကလေးဟာ မြင်လဲမြင်တယ်၊ ကိုယ်က အကဲခတ်တဲ့ အချိန်ကျတော့လဲ ရှာမတွေ့ဘူး (မတွေ့တော့ပါ ဘုရား)၊
မြင်သွားတာလဲ ဒီနေရာကပဲ(မှန်ပါ)၊ မြင်သွားတာလဲ မျက်လုံးထဲကပဲ၊ ဝမ်းထဲက ဉာဏ်က သူ့ကို လှမ်းပြီးကြည့်လိုက်တဲ့ အချိန်ကျတော့လဲ သူရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)။
ဒါဖြင့်-ချုပ်တာကလေး မြင်သွားတယ် (မှန်ပါ့)။
ဘာကလေး မြင်သွားပါလိမ့် (ချုပ်တာကလေး မြင်သွားပါတယ်)၊ ချုပ်တာကလေးမရှိတာကလေး မြင်သွားပါ တယ်(မှန်ပါ)။
မရှိတာ သိတာပါ
ဒါဖြင့် မြင်စိတ်ကို မြင်တာလား မရှိတာ သိတာလား (မရှိတာ သိတာပါ) သေသေချာချာ ဟောပြီ (မှန်ပါ့)။
ဒကာ ဒကာမတို့ သေသေချာချာ ဟောနေပြီ၊ မြင်စိတ်ကလေးဟာ တပည့်တော်နောက်ကနေကြည့်တော့ သူ့မြင်နေတာလဲ အသိသားပဲ သူပျက်သွားတာလဲ အသိသားပဲဆိုရင် လွဲပါသေးတယ်(မှန်ပါ)၊ လွဲတယ်တဲ့၊ ဒီအသိဟာ၊ စင်စစ်ဘယ်လို သိရမှာတုံးဆိုတော့ မရှိဘူးသိတာကမှ အမှန်တဲ့ (မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်ဟာမှ အမှန်တုန်း။ (မရှိဘူးလို့ သိတာမှ အမှန်ပါ ဘုရား)။
ဒါဖြင့်နာမ်ကို ဉာဏ်နဲ့ရှု၊ ရှေ့ကလဲနာမ်၊ နောက်ကလဲ ဉာဏ်၊ နာမ်ကို ဉာဏ်နဲ့ ရှုရင်ဖြင့် မရှိတာ သိရမှာပဲ (မှန်ပါ)။
အဲဒီသဘောကို ရှင်ဆန္နက ဖြေရှာတယ်(မှန်ပါ)၊ မင်းမြင်တာ ပြောစမ်းလို့ ရှင်သာရိပုတ္တရာ မေးတဲ့အခါကျ တော့ “နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ”လို့ဖြေတယ်၊
နိရောဓံ-ချုပ်သွားပြီးတာကို၊ ဒိသွာ၊ မြင်၍၊ ချုပ်သွားပြီ ဆိုတာကို မြင်လိုက်တယ် (မှန်ပါ)၊ နိရောဓံ-ချုပ်သွားပြီးတာကို၊ ဒိသွာ၊ မြင်၍၊ ချုပ်သွားပြီဆိုတာကို မြင်လိုက်တယ် (မှန်ပါ)၊ နိရောဓံ-ချုပ်သွားပြီဆိုတာကို၊ ဝါ-မရှိဘူးဆိုတာကို၊ အဘိညာယ၊ သိ၍၊ နောက်က သိနေတတ်၏။ ချုပ်ပေါက် သွားတာကိုသိရတယ်(မှန်ပါ)၊ ဖြစ်နေတာကလေးကို မြင်ရတော့ ဟုတ်ပါရဲ့။ မဟုတ်ပါဘူး၊ ဘာကိုသိရမလဲ (ချုပ်ပေါက် သွားတာကိုသိရမယ်)၊ ချုပ်ပေါက်သွားတာ သိရမယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ချုပ်ပျောက်သွားတာသည် အနိစ္စ(မှန်ပါ)၊ သိတာသည် (မဂ္ဂပါ ဘုရား)။
၁-နာမ်ကို ၂-ဉာဏ်နဲ့ရှုပါ
ဒါဖြင့် ဒကာ ဒကာမတို့ တိုတိုမှတ်ထားတာပေါ့။ ၁-နာမ်ကို ၂-ဉာဏ်နဲ့ရှုပါ (မှန်ပါ)၊ ဝိပဿနာဆိုတာ ဒါချည်းပဲလို့ မှတ်လိုက်ကြစမ်းပါ နာမ်တရားကို ရှုလိုက်လို့ရှိရင် (မှန်ပါ)။
များများလဲ မသင်တော့ပါဘူး၊ ဒကာ ဒကာမတို့ နားရှုပ်နေမှာစိုးလို့၊ ဘယ်လိုရှုကြမယ် (၁-နာမ်ကို ၂-ဉာဏ် နဲ့ရှုပါမယ် ဘုရား)၊ ရှုလိုက်တဲ့အခါကျတော့ ဒကာသစ် ဘာတွေ့မလဲ (မရှိတာ တွေ့ပါမယ်)၊ အားလုံး ဒကာ ဒကာမတွေ ဘာတွေ့မလဲ (မရှိတာ တွေ့ပါမယ် ဘုရား)၊ မရှိတာပဲတွေ့မယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)၊ ဒါဖြင့် မရှိတာက အနိစ္စ၊ သိတကာက မဂ္ဂ (မှန်ပါ)။
ဒီလိုဆိုတော့ ဒကာ ဒကာမတွေ ဝိပဿနာဉာဏ်အမြင်ဟာ ဪ ဒီလိုအမြင်ပါကလား (မှန်ပါ)၊ ကျေနပ် ပြီလား (ကျေနပါပါပြီ)၊မရှိတာက (အနိစ္စပါ ဘုရား)၊ သိတာက (မဂ္ဂပါ ဘုရား)၊ ချုပ်ပေါက်သွားတာက (အနိစ္စပါ)၊ ချုပ်ပေါက်သွားမှန်းသိတာက (မဂ္ဂပါ ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒကာသစ်တို့ ခန္ဓာကိုယ်ဉာဏ်လှည့်ပြီး သကာလ ဒီ့ပြင်ဟာတော့ မလှည့်နဲ့ပေါ့ဗျာ၊ ရုပ်ကိုမလှည့်ဘဲနဲ့ စိတ္တာနုပဿနာနဲ့ မြင်စိတ်ကလေးလှည့်၊ ကြားစိတ်ကလေးလှည့်၊ ဤကဲ့သို့ လှည့်ပြီး သကာလ နေတဲ့အခါကျလို့ရှိရင်ဖြင့် အပျက်က ရှေ့ကျပြီး သကာလ အမြင်က နောက်ကျတယ်(မှန်ပါ)။
အဲဒါကြောင့် အပျက်ကရှေ့ကျ၊ အမြင်က နောက်ကျပြီး သကာလ နေတော့ မရှိတာပဲသိမှာပဲ(မှန်ပါ)။
ဘာတွေဟပ်ထင်ကြမလဲ (မရှိတာပဲ တွေ့ပါတယ် ဘုရား)၊ မရှိတာပဲ တွေ့မှာပဲ (မှန်ပါ)၊ အပျက်က (ရှေ့ကျပါ တယ်)၊ အမြင်က (နောက်ကျပါတယ်)၊ ပေါ်ကြပြီ (ပေါ်ကြပါပြီ ဘုရား)။
ဒီနေ့ ဝိပဿနာတရားကြီးကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေအား အထူးတလည်ရှုပုံရှုနည်းကို ပြောပြရသဖြင့် ဘုန်းကြီးများက သိပါစေတော့ ဆန္ဒနဲ့ပြော၊ သိလဲသိတဲ့အသံတွေက ထွက်လာတော့ ဒကာကြွယ် သိပ်ဝမ်းမြောက်ပါတယ် (မှန်ပါ့ ဘုရား)၊
ဘယ့်နှယ်ကြောင့် ဒီဥစ္စာဝမ်းမြောက်ပါလိမ့်မလဲ
ဘယ့်နှယ်ကြောင့် ဒီဥစ္စာဝမ်းမြောက်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ တစ်သံသရာလုံး၊ ဒီအသိမျိုး သိပြီးရင် ခင်ဗျားတို့ သာသနာတွင်းသားဖြစ်လို့ အခုချိန်မှာ ရှာမတွေ့နိုင်တော့ပါဘူး (မှန်ပါ)၊ ဘယ်ဘုရားသာသနာမှာ မဆို ဒါကလေးကိုသာ တွေ့မယ်ဆိုရင် အဲဒီမြတ်စွာဘုရား လက်ထက်တော်မှာ ဒုက္ခဇာတ်သိမ်းရမယ် (မှန်ပါ့)။
အခုတော့ ဇာတ်မသိမ်းနိုင်ဘဲနဲ့ ကျုပ်တို့မှာ အခုထက်တိုင်တိုင် ခန္ဓာဝန်ထမ်းသမားအဖြစ်နဲ့ ခန္ဓာဝန်ကြီး ထမ်းပြီး သကာလ အရှက်တကွဲအကျိုးနည်းနဲ့ ကျုပ်အသုဘလိုက်ပို့ပါဦးဆိုတာကြီးကို တောင်းပန်နေရတယ် (မှန်ပါ)၊ မတောင်းပန်ရဘူးလား (တောင်းပန်ရပါတယ် ဘုရား)။
ဒကာသစ်က ကိုယ့်အသုဘလိုက်ပို့ပါဆိုတာ တောင်းပန်နေရတယ်ဆိုတာ မသိဘူးလား (မသိသေးပါ ဘုရား)၊ ရှင်းပြဦးမယ်။
မသာကလေး လာဖိတ်တယ်ဆိုလို့ရှိရင် မသွားရင် မကောင်းဘူးကွတဲ့၊ ကိုယ့်မှာလဲ ကိစ္စတွေနဲ့တဲ့ (မှန်ပါ)၊ လာပြီ ခင်ဗျားဟာက မသွားရင် ဘာတဲ့တုန်း(မတော်ပါ ဘုရား)၊ ကိုယ့်မှာကလဲ (ကိစ္စတွေနဲ့ပါ)၊ ဪ ကိုယ့်မှာလဲ မသာကိစ္စရှိလို့ပြောရတာ (မှန်လှပါ ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
မသွားရင် ဘာတဲ့တုန်း (မတော်ပါ ဘုရား)၊ ကိုယ့်မှာလဲ ဘာတုန်း (ကိစ္စရှိပါတယ်)၊ ဘာကိစ္စရှိသတုန်း(မသာကိစ္စ ရှိပါတယ် ဘုရား)၊ ပေါ်ပြီလား၊ ပေါ်လာပြီ-ပေါ်လာပြီ ခင်ဗျားတို့က မြို့သုံး သုံးနေတော့ မသွားရင် မကောင်းဘူးကွ၊ ကိုယ့်မှာလဲ သားနဲ့မယားနဲ့၊ ကိစ္စရှိရင်လာမှာတဲ့(မှန်ပါ)၊ ရှိရင်ရှိလာမှာလို့ မဟုတ်ပါဘူး၊ ရှိမှာတော့ သေချာပါတယ် (မှန်ပါ ဘုရား)။
အဲဒီလို သေချာတော့ သူများမသာတွေလိုက်ပို့ပြီး သကာလ နေရတာဟာ ပို့ချင်လို့ပို့ရတာလား၊ ကိုယ့်မသာကိစ္စ အတွက်ကြောင့် ငဲ့ရတာလား (ကိုယ့်မသာ့အတွက်ကြောင့် ငဲ့ရတာပါ ဘုရား)၊ ဒကာကြွယ် ပေါ်လာပါပြီ (ပေါ်လာပါပြီ ဘုရား)။
ဒီဖိတ်စာတော့ မသွားရင်မဖြစ်ဘူးတဲ့
ပေါ်ပြီ၊ ဟိုက ဖိတ်စာကလေးနဲ့ လာတဲ့အခါကျလို့ရှိရင် ဒီဖိတ်စာတော့ဟေ မသွားရင်မဖြစ်ဘူးတဲ့ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်မသွားရင် မဖြစ်ပါလိမ့်မလဲ (ကိုယ့်ကိစ္စက ရှိနေလို့ပါ ဘုရား)၊ ကိုယ့်ကိစ္စရှိနေတယ်၊ ကိုယ့်ကိစ္စက ဘာကိစ္စတဲ့တုန်း (မသာကိစ္စပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ပြောနေကြတာ သူသေ ငါပို့ပေါ့ကွာ။ ငါသေ သူပို့တဲ့ (မှန်ပါပြောပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဪ-ဒါကြောင့် ဖိတ်စာလာတိုင်း လာတိုင်းဟာ ခင်ဗျားတို့မှာဖြင့်-ခင်ဗျားတို့မှာဖြင့် မသွားမဖြစ်တဲ့ ကိစ္စတွေ ပေါ်တာ ဘာပါလိမ့်မတုံးဆိုတော့ ဒကာ ဒကာမတွေ ချုပ်တာကလေးတွေ မမြင်တဲ့ အတွက်ကြောင့် ခန္ဓာကြီးရတော့ မသွားရင် မဖြစ်ဘူး၊ ကိုယ့်မှာလဲ မသာရှိနေသေးတယ်လို့ ပြောတာ (မှန်ပါ့)။
နာနာပြောနေတယ်လို့ မအောက်မေ့ကြပါနဲ့(မှန်ပါ)၊ နာနာပြောနေတယ်လို့ မအောက်မေ့ပါနဲ့၊ သဘောသွား ကတော့ အကိုက်ပါ (မှန်ပါ့ ဘုရား)၊ ဒကာသစ် ငြင်းချင်သေးလား (မငြင်းချင်ပါ ဘုရား)၊ဟာ ဘုန်းကြီးက သူ့ပလ္လင်ပေါ် ရောက်တဲ့အခါ တို့ကို နင်းပြောနေတာပဲလို့ ဒီလိုများ ဒကာကြွယ် မအောက်မေ့လိုက်ပါနဲ့ (မအောက်မေ့ပါ ဘုရား)၊ ခင်ဗျားတို့ ငဲ့လုံးကိုသာ ထောက်ကြည့်ပါတော့၊ ဘာကြောင့် ဒီလောက်တောင် ငဲ့ရတယ်ဆိုတဲ့ ဥစ္စာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဒီဖိတ်စာ ရောက်လာတယ်ဟေ့ မသွားရင်တော့ မတော်ဘူး၊ ဘယ့်နှယ်ကြောင့် မတော်သတုံး ကိုယ့်အရေးက ရှိနေလို့ပါဘုရား ကိုယ့်ကိစ္စရှိတာက မခက်ဘူးလားလို့၊ ဘာကိစ္စတုန်း ဝေဖန်ကြည့်ပါ (မသာကိစ္စပါဘုရား၊)။
ကိုယ့်ကိစ္စရှိတာက မခက်ဘူးလား
ကိုယ့်ကိစ္စရှိတာက မခက်ဘူးလားလို့ ဘာကိစ္စတုံး ဝေဖန်ကြည့်ပါ (မသာကိစ္စပါ ဘုရား)၊ သာခန်း နာခန်းတဲ့၊ လာပြီ ခင်ဗျားတို့ဟာ (မှန်ပါ့)၊ နာခန်းဆိုကတည်းက ကိုယ်ပါနေပြီ (ပါပါတယ် ဘုရား)၊ သာခန်းဆိုရင်ရော (ပါပါတယ် ဘုရား)ပါနေတော့ ဒကာ ဒကာမတို့ ဒါဘယ့်နှယ်ကြောင့် ဒီစကားတွေ ဒီအသုံးတွေ ဒီအနှုန်းတွေ သုံးစွဲပြီး သကာလ နေရပါလိမ့်မလဲလို့ မေးစိစစ်လိုက်တော့ သာသနာတွင်း တရားကို အားမထုတ်ခဲ့တဲ့အတွက် ခင်ဗျားတို့ အချိန်ကုန်တယ် (ကုန်ပါတယ် ဘုရား)။
မန္တလေးတို့လို အမရပူရတို့လို မြို့ကြီးတွေကျလာပြီဆိုမှဖြင့် ဖိတ်စာတွေလဲ အချို့လဲ မတတ်သာလို့သာ ချောင်ထိုးလိုက်ရတယ်၊ တစ်ချို့တော့လဲ မမီ-အမီကားနဲ့ ပြေးလိုက်ရပါတယ်၊(မှန်ပါ)၊ မပြေးရဘူးလား ဒကာ ဒကာမတို့ (ပြေးရပါတယ် ဘုရား)၊ ဒကာကြွယ် အပြေးသန်လှချည်လား မသန်ရင်မဖြစ်ပါဘုရား ကိုယ့်မှာလဲ မသာရှိတယ် (မှန်ပါ့)။
ဘယ်လိုကြောင့်ပါလိမ့် (ကိုယ့်မှာလဲ မသာရှိနေလို့ပါ ဘုရား)၊ အဲဒါကိုယ့်မသာကျတော့ ဘယ့်နှယ်တုံး သူတို့ အကူအညီယူရလိမ့်မယ် (မှန်ပါ ဘုရား)။
ဦးလှဘူး ဘာယူရမှာတုန်း (သူတို့အကူအညီ ယူရမှာပါ ဘုရား)။
ဒါဖြင့် ယနေ့တော့ဖြင့် ဒီကိစ္စတွေဟူသရွေ့၊ မသွားမဖြစ်တဲ့ ကိစ္စတွေဟူသရွေ့ဟာ သူများအတွက်က ဒီလောက် အရေးမကြီးလှသေးဘူး၊ ကိုယ့်အတွက်ပါ ပါနေတာကလား ဆိုတာဖြင့် ရှင်းလို့-လင်းလို့ နေတော့တယ် (မှန်ပါ့ ဘုရား)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
မျက်နှာကြီးမသာမို့ သွားကြတယ်လို့
ခင်ဗျားတို့က လောကီအလိုတော့ဖြင့် မျက်နှာကြီးမသာမို့ သွားကြတယ်လို့ ထင်ချင်ထင်ကြလိမ့်မယ် (မှန်ပါ့)၊ မထင်ကြဘူးလား (ထင်ကြပါတယ် ဘုရား)၊ ကားတွေ စီတန်းနေတာပဲ၊ ကားက တစ်တန်းကြီးသွားတာပဲ (ထင်ကြပါတယ် ဘုရား)၊ ကားတွေ စီတန်းနေတာပဲ၊
ကားက တစ်တန်းကြီးသွားတာပဲ၊ မျက်နှာကြီးသကိုး ဆိုတဲ့ဥစ္စာက ခင်ဗျားတို့က မျက်နှာကြီးမသာလို့ ထင်ရှာကြတယ်၊ သွားတဲ့ပုဂ္ဂိုလ်တွေ စိတ်ကို မေးကြည့်တော့ ကိုယ့်မသာအတွက်ပါကလား (မှန်ပါ့) ဟာ ဘုန်းကြီးက ပြောင်းပြန်ပြောနေတာကိုးလို့များထင်သလား (မထင်ပါ ဘုရား)၊ ပြောင်းပြန်မဟုတ်ဘူး၊ တည့်တည့် ပြောနေတာ(မှန်ပါ)။
ဒကာကြွယ် ဒီမသာကလဲ ရှေ့သွားနောက်လိုက်လို့ ခင်ဗျားတို့က ယူထားတာ (မှန်ပါ့)။ မယူကြဘူးလား (ယူပါတယ် ဘုရား)၊ ရှေ့နောက်လိုက်ဆိုတာလဲမှန်တော့ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
ဒါဖြင့် တစ်သံသရာလုံးဟာ ကျုပ်တို့ လူရယ်လို့ဖြစ်၊ နတ်ရယ်လို့ဖြစ်တဲ့အခါကျလို့ရှိရင်ဖြင့် တစ်ခါတလေ သူတော်ကောင်း အလုပ်တွေများ မသာပို့နဲ့ အချိန်ကုန်နေတယ် (ကုန်နေပါတယ် ဘုရား)။
သူတော်ကောင်း အလုပ်တွေ မလုပ်ဖြစ်တာ ဒကာကြွယ် ဘာတဲ့ (မသာပို့နဲ့ အချိန်ကုန်နေပါတယ် ဘုရား)၊ တစ်ခါတလေ ဒကာသစ်တို့ ဒကာကြွယ်တို့ တရားနာများ မလာနိုင်ဘူူး။ ဘာဖြစ်နေကြပါလိမ့်မတုန်း (မသာပို့နဲ့အချိန်ကုန် နေပါတယ် ဘုရား)၊ သူများမသာအတွက် အချိန်ကုန်တာလား ကိုယ့်မသာငဲ့ပြီးအချိန်ကုန်တာလား (ကိုယ်မသာငဲ့ပြီး အချိန်ကုန်တာပါ ဘုရား)။
ဘယ်သူ့အတွက် အချိန်ကုန်နေတာတုန်း
အခုမှ ပေါ်ပေတော့တယ်(မှန်ပါ့)၊ ဒကာကြွယ် ဘုန်းကြီးစကားတတ်လို့ ပြောနေတာမဟုတ်ပါဘူး(မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ ဘယ်သူ့အတွက် အချိန်ကုန်နေတာတုန်း (ကိုယ့်မသာအတွက် အချိန်ကုန်တာပါ ဘုရား)။
ဒါဖြင့် မသာဇာတ်သိမ်းငြိမ်းတဲ့အလုပ်ကဖြင့် ဒကာ ဒကာမတို့ ကိုယ့်မသာ ကိုယ်မလိုချင်ရင်ဖြင့် မသာပို့ ငြိမ်းပါတယ် (မှန်ပါတယ်)။
ပေါ်ပြီ ပေါ်ပြီ ဒကာသစ် (ပေါ်ပါပြီ ဘုရား)၊ ကိုယ့်မသာ ကိုယ်မလိုချင်ရင် (မသာပို့ငြိမ်းပါတယ် ဘုရား)။
ဒါဖြင့် ဟောဒီ မြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့ သန္တာန်မှာ ဝိညာဏက္ခန္ဓာခေါ်ပါတယ် (မှန်ပါ့)၊ ဝိညာဏက္ခန္ဓာလို့ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)၊ အဲဒီ ဝိညာဏက္ခန္ဓာလေးဟာ ဖြစ်ပြီးမပျက်လားဗျာ (ပျက်ပါတယ် ဘုရား)၊ ဘယ်သူ့မသာတုန်း (ကိုယ့်မသာပါ ဘုရား)။
ဒါဖြင့် ကိုယ့်မသာကိုယ်မြင်ပြီး သကာလ ကိုယ့်မသာ ကိုယ်မုန်း၍ ကိုယ့်မသာ ကိုယ်မလိုချင်ရင်ဖြင့် ခုနကကိစ္စ ဇာတ်သိမ်းပါတယ် (မှန်ပါ့ ဘုရား)၊ ဘယ်သူက မသာလာဖိတ်စရာကော ရှိသေးသလား (မရှိပါ ဘုရား)၊ ကိုယ့်မသာမှ မရှိတော့ပဲ (မှန်ပါ့)။
ဒကာကြွယ် ဒီစကားကို သေးသေးသိမ်သိမ်ကလေး ဆရာဘုန်းကြီး ပြောနေတယ်လို့ ဒီလို မမှတ်လိုက်ပါနဲ့၊ မသာဇာတ်သိမ်းဆိုတာ နိဗ္ဗာန်ကို ပြောပါတယ် (မှန်ပါ)။
မသာဇာတ်သိမ်းဆိုတာ နိဗ္ဗာန်
မသာဇာတ်သိမ်းဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ အခုတော့ဖြင့် ဒကာ ဒကာမတွေက မလွှဲသာတာတွေက တယ်များသကိုး (မှန်ပါ့)။
ဒကာကြွယ် ဘာတွေသိပ်များနေကြသတုန်း (မလွှဲသာတာတွေက သိပ်များပါတယ် ဘုရား)၊ ဘယ်သူက မလွှဲသာတုံးဗျ၊ သူတို့က လွှဲသွားတော့လဲ၊ ကိုယ်က မလွှဲသာဘူးပြောနေပြီ (မှန်ပါ)၊ သူတို့က သုသာန်သွားတာ ကျုပ်တို့ကို လွှဲသွားတာ(မှန်ပါ)၊ ခင်ဗျားတို့က ဘာဖြစ်လို့ မလွှဲသာရတာတုံး (ကိုယ့်ကိစ္စရှိလို့ပါ ဘုရား) ရှင်းသွားပြီ ခင်ဗျားတို့(မှန်ပါ့)၊ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
မသာရှင်ကတော့ လွှဲသာလို့ လွှဲသွားပြီ၊ နောက်က ပို့တဲ့လူတွေက ဘာတဲ့ (မလွှဲသာလို့ပါ ဘုရား)၊ ဘယ့်နှယ် ကြောင့်မလွှဲသာတာတုန်းဗျ (ကိုယ့်ကိစ္စကလဲ ရှိသေးလို့ပါ ဘုရား)၊ နေရာကျလိုက်တာ၊ ဒကာ ဒကာမတို့ ဒီအကြောင်းကို ကောင်းကောင်းမသိကြဘူးနော်(မှန်ပါ့)၊
ယနေ့တော့ဖြင့် ရှင်းလို့ လင်းလို့ ဒကာကြွယ် သိပြီလား (သိပါပြီ ဘုရား)၊ ကားကလေးများနဲ့ အမြန်ပြေးလိုက်ရတဲ့အခါရော မပါဘူးလား (ပါပါတယ် ဘုရား)၊ မတော်လမ်းက ဖြတ်ပြီး သကာလ ကျုပ်တို့လိုက်ပါသေးတယ်လို့များ ခေါင်းပေါင်းစထောင်ပြလိုက်တာ ပါသေးတယ်(ပြခဲ့ရပါတယ် ဘုရား)၊
ဘယ့်နှယ့်ကြောင့် ပြရပါလိမ့်မတုံးလို့မေးလို့ရှိရင်ဖြင့် ဒကာသစ် အဓိပ္ပါယ်ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ ဘယ်လိုများ ပေါ်ပါလိမ့် (ကိုယ့်အရေးက ရှိသေးလို့ပါ ဘုရား) ကိုယ့်မသာကျတော့လဲ ဒီလိုပဲ ပို့ပါစေတော့ (မှန်ပါ့)။
ကိုယ်က မလွှဲသာဘူး
ဪ ဒကာ ဒကာမတို့ မလွှဲသာဆိုတာ ပေါ်ပါပြီ(ပေါ်ပါပြီ ဘုရား)၊ ဟိုလူက လွှဲသွားတာတောင် ကိုယ်က မလွှဲသာဘူး (မှန်ပါ့)၊ ဘယ်သူနဲ့ မလွှဲသာတုံးလို့ မေးတဲ့အခါကျတော့ သူကတော့ နောက်မသာမပို့တော့ပါဘူး၊ သူ့အမျိုး တွေက ကျုပ်ကို မသာပို့ဖို့ကျန်သေးတယ်(မှန်ပါ့)၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဟိုလူကတော့ လွှဲသွားတဲ့လူကတော့ ခင်ဗျားတို့ကို နောက်ထပ်လာပို့တော့မှာ မဟုတ်ဘူး၊ သူ့အမျိုးတွေက ခင်ဗျားတို့ကို ပို့ဖို့ရာအရေးကို ခင်ဗျားတို့က ဆွယ်တရားဟောဖို့(မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဦးလှဘူးတို့ကော ဒီအလုပ်မျိုးတွေ ဘယ်လောက်လုပ်ဖူးသတုံး (များပါတယ် ဘုရား)၊ နေ့တိုင်းလိုလို လုပ်နေရတာပဲဆိုပါတော့ (မှန်ပါ ဘုရား)၊ လွှဲသာတာကို လွှဲလိုက်ရတယ်၊ မလွှဲသာတာကို ကိုယ်တိုင် သွားပို့လိုက်ရတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
လွှဲသာတော့ လွှဲလိုက်ရတယ်၊ မလွှဲသာတော့ ကိုယ်တိုင်သွားပို့လိုက်ရတယ် ဆိုတော့ ကိုယ်တိုင်လဲ အစမ်းသွား ကြည့်လိုက်ရသေးတယ်၊ ဖြည်းဖြည်းလာခဲ့ပါမယ် (မှန်ပါ့)၊ ဒီအဓိပ္ပါယ်လဲ ရသေးတယ်(ရပါတယ် ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာ စဉ်းစားပြီး သကာလ ကြည့်မှ ဒကာကြွယ်တို့ လုပ်နေတဲ့ အလုပ်ဟာ ဪ သာသနာတွင်းတရား မနာဖူးခဲ့သော် ဒီငဲ့လုံးတွေနဲ့ ဒီမလွှဲသာ ကိစ္စတွေဟာ တို့မှာ ဘာကြောင့် တွေ့ပါလိမ့်မတုံးဆိုတော့ ချုပ်ပျောက်သွားတာ ကိုယ့်အသေ ကိုယ်မမြင်တော့ ကိုယ့်အသေကို ကိုယ်မမုန်း၊ ကိုယ်အသေကို ကိုယ်ပြန်လိုချင်နေသေး လို့ အသုဘတွေ ပြန်ပြန်တွေ့နေတော့ (မှန်ပါ)။
ကိုယ့်အသေကို ကိုယ်မလိုချင်လို့ရှိရင်
တရားလဲ သွင်းပြီပါပြီ ဒကာ ဒကာမတို့(မှန်ပါ)၊ ကိုယ့်အသေ ကိုယ်ပြန်ပြန်လိုချင်နေလို့ ဘာတွေ ပြန်တွေ့သတုံး (အသုဘတွေ ပြန်ပြန်တွေ့ပါတယ်)၊ ဝိပဿနာအလုပ်နဲ့ ကိုယ့်အသေတွေမြင်တော့ ကိုယ့်အသေကို ကိုယ်မလိုချင်လို့ရှိရင် နောက်ခန္ဓာ ဘယ့်နှယ်တုန်း (မရပါ ဘုရား)၊ အဲဒီတော့ မလွှဲသာတဲ့ ကိစ္စရယ်လို့လာပါဦးမလား (မလာပါ ဘုရား)၊ အခုတော့ ကိုယ့်မသာကိုပဲ ကိုယ်က နောက်ထပ်လိုချင်နေတော့ မလွှဲသာကိစ္စဟာ ဘယ်တော့မှပြီးတော့မှာ မဟုတ်ပါဘူူး (မပြီးပါ ဘုရား)။
ကဲ-တရားထဲ ရောက်ကြပြီလား (ရောက်ပါပြီ ဘုရား)၊ တရားထဲရောက်ဖို့ အရေးကြီးပါတယ်ဆိုတာ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ သာသနာတွင်းတရား တယ်အရေးကြီးတယ်ဆိုတာ ဒကာကြွယ် ပေါ်ပြီ လား (ပေါ်ပါပြီ ဘုရား)၊ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မလဲလို့ ဪ မသာဇာတ်သိမ်းတဲ့ အလုပ်ပါကလား (မှန်ပါ)။
မသာဟူသရွေ့ (ဇာတ်သိမ်းပါတယ် ဘုရား)၊ ကိုယ့်အသေကိုယ်မြင်တော့ ကိုယ့်အသေကိုယ် မမုန်းပေဘူးလား (မုန်းပါတယ် ဘုရား)၊ မုန်းရင် ကိုယ့်အသေ ကိုယ်လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊
မလိုချင်တော့ မလိုချင်တဲ့ဉာဏ် သာ ရလို့ရှိရင်လဲ နောက်ခန္ဓာပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)၊ မပေါ်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဘယ်က မသာဖိတ်စာ ကိုယ့်ဆီကို လာဦးမလဲ (မလာပါ ဘုရား)၊
ဘယ်မလဲသာကိစ္စကြောင့် အမြန်ပြေးဖို့ဝတ္တရားတွေ မကုန် သေးဘူးလား (ကုန်ပါတယ် ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဪ တော်တော်အရေးကြီးတဲ့စကားပါလားဆိုတဲ့ဥစ္စာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ဝိပဿနာလုပ်ခဲ့တဲ့ဖြစ်ထွေ ဟာ ငဲ့လုံးစောင်းလုံးတွေနဲ့ မသာရှာတဲ့အလုပ်ဆိုတဲ့ဥစ္စာ ပေါ်လာပြီ (ပေါ်ပါပြီ ဘုရား)။
ဝိပဿနာအမြင်သည်
ကဲ-ဒါဖြင့် ဝိပဿနာအမြင်သည် ဒကာ ဒကာမတို့ ဒီလောက်ဆိုရင် သိပြီ(မှန်ပါ့)၊
နိရောဓံ ဒိသွာ နိရောဓံ အဘိညာယ-ဆိုတဲ့အတိုင်းချုပ်တာကလေးတွေကို မရှိဘူး မရှိဘူးလို့သိတာဟာ ဘာအမြင်ပါလိမ့်ဗျာ (ဝိပဿနာအမြင်ပါ ဘုရား)၊ မှတ်မိကြပြီလား (မှတ်မိပါပြီ ဘုရား)။
၁-နံပါတ်ကို ၂-နံပါတ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ရှိတယ်ဆိုရင်လဲ ခင်ဗျားတို့ နှစ်စိတ်ပြိုင်နေလိမ့်မယ်(မှန်ပါ့)၊ တစ်စိတ်က ဆေးလိပ်သောက်ချင်တယ်၊ တစ်စိတ်က ရေသောက်ချင်တယ်၊ ဖြစ်ကောင်း ရဲ့လား (မဖြစ်ကောင်းပါ ဘုရား)၊ သတ္တဝါသန္တာန်မှာ တစ်စိတ်နဲ့ အသ်ကရှင်ရမှာကိုး၊ နှစ်စိတ်ဖြစ်ကောင်းပါရဲ့လား (မှန်ပါ)။
အဲဒါတွေ ထောက်ပြီးကြည့်တော့မှာ ဪ ဒါဖြင့် ၁-အသေကို ၂-အနေဖြင့် မြင်ရမှာပါကလား (မှန်ပါ)၊ ဒါဖြင့် အသေကို အရှင်က ကြည့်တဲ့အလုပ်သည် ဝိပဿနာအလုပ် (မှန်ပါ)။
အသေကို အရှင်က ကြည့်တဲ့အလုပ်
အသေကို အရှင်က ကြည့်တဲ့အလုပ်သည် (ဝိပဿနာအလုပ်ပါ ဘုရား)။
ဪ ဝိပဿနာဆိုတာ ဘာပါလိမ့်မလဲ အောက်မေ့တယ်၊ ယနေ့ ဆရာဘုန်းကြီး ရှင်းရှင်းလေး ပြောလိုက်တော့ မှ အသေကို အနေက ကြည့်တာကိုး (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အသေကို အသေက ကြည့်လို့တော့ မဖြစ်ဘူး(မှန်ပါ)၊ အသေကို အနေက ကြည့်ရင် (ဖြစ်ပါတယ် ဘုရား)၊ ဒါဖြင့် အသေက အနိစ္စ၊ အနေက မဂ္ဂ (မှန်ပါ)။
ဒီစကားတွေက ဒကာကြွယ်က အောက်မေ့လိမ့်မယ်၊ ဒကာကြွယ်က သိပ်ဆန်းဆန်းသုံးတာကိုးလို့ အောက်မေ့ လိမ့်မယ်၊ မှန်လိုက်တာမှလွန်လို့ (မှန်ပါ)။
ဆန်းဆန်းသုံးတာလား တကယ့် အဓိပ္ပာယ်ကျရောက်သလား (တကယ့်အဓိပ္ပာယ် ကျရောက်ပါတယ် ဘုရား) အဓိပ္ပာယ် အင်မတန်ကျရောက်လို့ ဒီ ဒကာ ဒကာမတွေကို အသင်ကြီးသင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒကာကြွယ်တို့ မှတ်ကြပါ-(မှန်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်အသေကို ကိုယ့်အနေနဲ့ ကြည့်တာ
ကောင်းပြီ-ဒါဖြင့် အသေကို အနေနဲ့ ကြည့်တာ ဝိပဿနာ(မှန်ပါ့)၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)၊ ဘယ်သူ့အသေတုန်းလို့ မေးတဲ့အခါကျတော့ ကိုယ့်အသေကို ကိုယ့်အနေနဲ့ ကြည့်တာ (မှန်ပါ)။
မမေ့စေနဲ့၊ ခင်ဗျားတို့ အိမ်ကျတော့ (မှန်ပါ)၊ ကိုယ့်အသေကို (ကိုယ့်အနေနဲ့ ကြည့်တာ ဝိပဿနာပါ)။
ကိုယ့်အသေကို ကိုယ့်အနေနဲ့ကြည့်တာကို ဝိပဿနာလို့ခေါ်တယ်၊ သေသွားတော့လဲကြည့်လို့မှ မဖြစ်တော့ဘဲကိုး (မှန်ပါ့)၊ အနေရှိလို့သာ ကြည့်ဖြစ်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်က ရှင်းနေပါတယ်၊ (ရှင်းပါတယ် ဘုရား)၊မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ဘာကိုမြင်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ချုပ်ပျောက်သွားတာကို မြင်တာကိုး(မှန်ပါ့)၊ အဲဒီလို မြင်တဲ့အခါကျတော့ ဒီဟာကလေးဟာ မြင်စိတ်ကလေးက အသေ၊ ရှိ-မရှိ သိတာက အနေ(မှန်ပါ့)၊ ဒါဖြင့် အသေကို အနေနဲ့ ကြည့်တာဟာ ဘာခေါ်ကြမလဲ (ဝိပဿနာပါ ဘုရား) ဒကာကြွယ် ပေါ်ပြီနော် (ပေါ်ပါပြီ ဘုရား)။
ကိုယ့်မသာကို ကိုယ်အကြည့်ခိုင်းတာ
အဲဒီတော့ ဒကာ ဒကာမတို့ ကိုယ့်မသာကို ကိုယ်အကြည့်ခိုင်းတာ(မှန်ပါ့)၊ ဘာတဲ့ဗျာ။ (ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာပါ ဘုရား)၊ ကိုယ့်မသာ ကိုယ်အကြည့်ခိုင်းတာဆိုတာ ဪ-အသုဘပါကလား ဪ-ဒုက္ခသစ္စာ ပါကလား-ဆိုတာ မပေါ်ပါနဲ့ဆိုလို့ ဒကာသစ်ရကို မရဘူး (မရပါ ဘုရား)၊ ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
အဲဒါကြောင့် အင်မတန် အဖိုးတန်တော့တယ်ဆိုတာ ယနေ့အလုပ်စခန်းချည်း ပြောနေတာ၊ ဝတ္ထုကို မစသေးဘူး ဒကာသစ် (မှန်ပါ့)။
ဒါဖြင့် ဘယ်စိတ်ပေါ်လာတာ ပေါ်တဲ့စိတ်ကို ရှုရင် ပေါ်ပြီးတဲ့စိတ်က အသေ၊ကြည့်တဲ့စိတ်က အနေ (မှန်ပါ့)။
ပေါ်တဲ့စိတ်က (အသေပါ ဘုရား)၊ ကြည့်တဲ့စိတ်က (အနေပါ ဘုရား)၊ အဲကြည့်တာက အနေနဲ့သာကြည့်လို့ရှိရင် ဒကာ ဒကာမတွေ အသေကို အနေနဲ့သာကြည့်လို့ရှိရင် ဒကာ ဒကာမတွေ အသေကို အနေနဲ့ကြည့်တဲ့အလုပ်သည် ဝိပဿနာဆိုတာ ဒကာကြွယ်မှတ်ပေတော့ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဆို အိမ်မှာရှုတဲ့အခါကျတော့ ဝိပဿနာဆိုတာ ဘယ်လိုထိုင်ရမှာတုံး-ကိုယ့်အသေကို အနေနဲ့ ထိုင်ရမှာ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ့်အသေဖြစ်သွားရင် ဘယ်မှာကြည့်လို့ ဖြစ်တော့မလဲ (မှန်ပါ)။
အသေကို အနေနဲ့ကြည့်တာ ဝိပဿနာ
ဒါကြောင့် အသေကို အနေနဲ့ကြည့်တာ ဝိပဿနာ(မှန်ပါ့)၊ အဲဒီတော့ ကြည့်လိုက်တဲ့ အခါကျတော့ အသေချည်း တွေ့နေမယ်(မှန်ပါ့)၊ အဲဒီမှာ ကြည့်ခြင်းကြောင့် ဒီကနေပြီးကြည့်လိုက်တယ်၊ အသေကို အနေနဲ့ ကြည့်လိုက်တယ်၊ ကြည့်လိုက်တဲ့အခါကျတော့ ချုပ်ပျောက်သွားတယ်၊ အသေကလေး မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)၊
မရှိဘူး မရှိဘူး မရှိဘူး ဆိုတာကလေး မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)၊ တွေ့ရတဲ့အခါကျတော့ ဧတံ မမ။ ဧတံ၊ ဤ သေသွားတာသည်။ မမ-ငါ၏။ သန္တကံ-ဥစ္စာတည်း စသည်ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ငါ့ဟာဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ငါ့ကိုယ်ရောဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ဧသော ဟမသ္မိ။ ဧသော-ဤတရားသည်။ အဟံ -ငါသည်။ အသ္မိ-ဖြစ်၏လို့ ဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ ဘုရား)၊ ဧသော မေ အတ္တာ။ ဧသော ဤတရားသည်။ မေ-ငါ၏။ အတ္တာ-အစိုးရစွာ ကိုယ်အတ္တတည်း လို့ကောဆိုနိုင်သေးရဲ့လား (မဆိုနိုင်ပါ ဘုရား)။
ငါ့ကိုယ့် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါလား
ဒါ့ကြောင့် ပါဠိတွေ ဘာတွေ ထည့်ပြောနေရင် ခင်ဗျားတို့ နားရှုပ်နေမှာစိုးလို့ ဒီအသေဟာ ငါ့ကိုယ့် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါလားလို့ သိသွားရင် ပြီးတာပဲ (မှန်ပါ့)၊ ငါ့ကိုယ်ကော (မဟုတ်ပါ ဘုရား)၊ ငါ့ဥစ္စာရော (မဟုတ်ပါ ဘုရား) ငါရော (မဟုတ်ပါ ဘုရား)၊ အဲဒါ တဏှာ မာန ဒိဋ္ဌိစင်တဲ့ အမြင်ပဲ (မှန်ပါ)။
ဦးလှဘူး ဘာစင်တဲ့အမြင်ပါလိမ့် (တဏှာမာနဒိဋ္ဌိစင်တဲ့အမြင်ပါ ဘုရား)။
ဒါ့ဖြင့် တဏှာ မာန ဒိဋ္ဌိဟာ ဒီဘက်နေပြီး သကာလ ဒကာ ဒကာမတို့ တဏှာရော မာနရော ဒိဋ္ဌိရော- ကိုယ့်အသေ ကိုယ့်အနေနဲ့ကြည့်လိုက်တာ ဘာများ ကျေးဇူးရှိပါလိမ့်မတုန်းဆိုလို့ရှိရင် တဏှာ မာန ဒိဋ္ဌိ သေပါတယ် (မှန်ပါ့)။
တဏှာ မာန ဒိဋ္ဌိ သေပါတယ်
ဘယ်လိုမှတ်ကြမလဲ (တဏှာ မာန ဒိဋ္ဌိ သေပါတယ် ဘုရား)၊ တဏှာပပဉ္စ၊ မာနလဲ ပပဉ္စ၊ ဒိဋ္ဌိလဲ ပပဉ္စ(မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။
တဏှာကော ဘာလဲ (ပပဉ္စပါ ဘုရား)၊ မာနကကော (ပပဉ္စပါပဲ)၊ ဒိဋ္ဌိကတော (ပပဉ္စပါပဲ)၊ သံသရာဖြန့်ပေးမလို့ သံသရာချဲ့မလို့ လာကြတာ(မှန်ပါ)။
ကြည့်စမ်း သံသရာချဲ့လိုက်တော့ တဏှာ ဥပါဒါန်ကံ၊ ဟိုဘက် ဇာတိ ဇရာ မရဏ ချဲ့လိုက်တယ် (မှန်ပါ့)၊ မာန ဥပါဒါန် ကံ၊ ဟိုဘက်က ဇာတိ ဇရာ မရဏ မလာပေဘူးလား (လာပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒိဋ္ဌိ ဥပါဒါန် ကံ၊ ဟိုဘက်က ဘာလာမလဲ (ဇာတိ ဇရာ မရဏ လာပါတယ်)၊ ဘယ်သူများ ချဲ့လိုက်ပါလိမ့် ဒကာသစ် (တဏှာ မာန ဒိဋ္ဌိပါ ဘုရား)၊ တဏှာ မာန ဒိဋ္ဌိရဲ့ စွမ်းရည်သတ္တိ (မှန်ပါ့)။
ဒါဖြင့် အသေကို အနေနဲ့ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် သေသေချာချာသာ မြင်ကြပါစေ၊ ငါ့ကိုယ့်၊ ငါ့ဟာ ငါ့ဥစ္စာဆိုတာ ရှိသေးသလား(မရှိပါ ဘုရား)၊ မရှိတော့ ဘာသေသွားသတုန်း (တဏှာ မာန ဒိဋ္ဌိသေသွားပါတယ်)၊ တဏှာ မာန ဒိဋ္ဌိသေသွားတယ်ဆိုတာ ရှင်းပြီလား(ရှင်းပါပြီ)။
သံသရာချဲ့တတ်တဲ့ တရားသုံးခု သေသွားပြီ
ဒါဖြင့် စုပြီးပေါင်းပြီးပြောလိုက်တော့ ပပဉ္စသေတယ်(မှန်ပါ့)၊ ပပဉ္စဆိုတာ မြန်မာလိုပြန်ပြောတော့ သံသရာချဲ့တတ်တဲ့ တရားသုံးခု သေသွားပြီ(မှန်ပါ့)၊ ဟိုဘက်မှာ မသာကောင် ပေါ်သေးသလား (မပေါ်ပါ ဘုရား)၊ ဒါဖြင့် ဒီအလုပ်ဟာ မသာဇာတ်သိမ်းတဲ့ အလုပ်ပါကလား (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (မသာဇာတ်သိမ်းတဲ့အလုပ်ပါ ဘုရား)။
ဒီလောက်သိရတာ ဒကာသစ် အင်မတန် ခရီးရောက်သွားပြီ(မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ဟာ သေစရိတ် ကလေး ထားကြဦးစိုးဟေ့၊ လာရပြီ (လာရပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဘာကလေး ပူပန်ကြသတုန်း (သေစရိတ်ကလေးထားဖို့ ပူပန်ပါတယ် ဘုရား)၊ ဖြစ်မှ ဖြစ်ရပါလေ၊ ဒီ့ပြင်ဟာ ဒါလောက်မပူဘူးနော် (မပူပါ ဘုရား)၊ အခုတော့ဖြင့် ခြိုးခြံစားကြနော်၊ သေတဲ့အခါကျလို့ရှိရင် ဖျာလိမ်နဲ့ပတ်ပစ်ရရင် မကောင်းဘူး(မှန်ပါ)၊
၅ိ/-တန်၊ ၁၀ိ/-တန်စသည် ခေါင်းကလေးနဲ့သွားရမှ တော်သေးတယ် (မှန်ပါ့)၊ ဘာအတွက်ပါလိမ့်(သေစရိတ်အတွက်ပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီ သေစရိတ်ကို ဒကာသစ်တို့ကလဲ ပဓာန ထားရပါလိမ့်မတုံးဆိုတော့ အသေဆုတောင်းမိလို့ (မှန်ပါ ဘုရား)။
အသေဆုတောင်းမိလို့ပါ
ဘယ်လိုမှတ်ကြမယ် (အသေဆုတောင်းမိလို့ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
မသိတဲ့ပုဂ္ဂိုလ်တွေကတော့ ဒါ့ကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါပြောတယ်၊ ဒီမသာလိုများ သေစမ်းချင်တယ်လို့ မသာကြီးချတာတွေများ ဒကာ ဒကာမတွေက လှမ်းပြီး အားကျပြီးအရူးများ ထလိုက်ကြသေးတယ် (ထပါတယ် ဘုရား)၊
ပိုက်ဆံတွေကြဲလို့ ရွှေထီးတွေမိုးလို့ ဟုတ်လား၊ ကားတွေက တန်းလို့ အလှူအတန်းတွေကလဲ မြိုင်လို့ဆိုလို့ရှိရင် အို ဒီလိုများတော့ သေပျော်ပါတယ်တဲ့(မှန်ပါ့)၊ ထပြီး ရူးလိုက်ကြသေးတယ် (မှန်ပါ ဘုရား)။
ဘာဖြစ်ကြတာပါလိမ့် (ထပြီးရူးလိုက်ကြသေးတယ် ဘုရား)၊ ထပြီးရူးလိုက်ကြသေးတယ်ဆိုတာ အသေထည် ဒီလမ်းနဲ့ ဒီစခန်းကို ဘာလို့များ ခင်ဗျားက သေချင်ရတာတုန်း၊ ဒီမသာပို့ရင်း ဘာဖြစ်လို့ ဒီစိတ်ပေါ်ရတာတုံးဆိုတော့ ကိုယ့်မသာရှိလို့ သူပေါ်တာကိုး (မှန်ပါ့)။
ဘာဖြစ်လို့ သူပေါ်တာတုန်း (ကိုယ့်မသာရှိလို့သူပေါ်တာပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ မသာကို အားကျစရာမလို ဘူး(မှန်ပါ့)၊ မသာဇာတ်သိမ်းငြိမ်းတဲ့တရားသာလျှင် အရေးကြီးတော့တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ကလေး ပေါ်လာလာ ချုပ်တာကလေးကို မြင်အောင်ကြည့်ရမယ် (မှန်ပါ့)၊ ချုပ်တာဆိုတာသည် ဒကာ ဒကာမတို့ ဖျတ်ခနဲ မီးလေးငြိမ်းသွားတာကို မြင်တာမဟုတ်ပါဘူး၊ ဪ-ခုနက ဒီနေရာမှာ အခု မရှိတော့ဘူးဆိုတာ သိတယ် (မှန်ပါ့)။
ခုနက ဒီနေရာမှာ (ရှိပါတယ်)၊ အခုကြည့်လိုက်တဲ့ အချိန်မှာ (မရှိပါ ဘုရား)၊ အဲဒါဟာ ချုပ်သွားတာလို့ မြင်တာပါပဲ(မှန်ပါ့)၊ ဒကာကြွယ်တို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ချုပ်သွားတာကို မြင်တယ်ဆိုတာ
ချုပ်သွားတာကို မြင်တယ်ဆိုတာ မီးကလေးဖျတ်ခနဲနဲ့ ငြိမ်းသွားတာကို မြင်သလို မျက်စိက မြင်ရတာလား (မဟုတ်ပါ ဘုရား)၊ ဘယ်လိုမြင်တာတုံး (မရှိတာကို သိတာပါ ဘုရား)၊ မရှိတာကို သိတော့ ခင်ဗျားတို့ ယနေ့တော့ ဗဟုသုတနှစ်လုံးတော့ ပေးလိုက်ရမယ်(မှန်ပါ့)၊
ပုရေဇာတပစ္စယောတဲ့ (မှန်ပါ့)၊ ပုရေဇာတဆိုတာ ပုရေက ရှေးဇာတက ဖြစ်တာ၊ သူက ရှေးကနေပြီးတော့ကာ ဖြစ်နှင့်ချုပ်နှင့်ပါပြီ၊ ခင်ဗျားတို့မြင်တဲ့စိတ်က နောက်မှမြင်တာ (မှန်ပါ)၊ မြင်တဲ့စိတ် က နောက်မကျဘူးလား (ကျပါတယ် ဘုရား)၊ အဲ-သူက ပုရေဇာတပစ္စည်း၊ သူက ပုရေဇာတပစ္စယုပ္ပန်(မှန်ပါ့)၊ ဘာပုရေဇာတတုန်းဆိုတော့ အာရမ္မဏပုရေဇာတ (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါတွေ သေသေချာချာဝေဖန်ပြီး ဆရာဘုန်းကြီး ပဋ္ဌာန်းနည်းတွေနဲ့ ဝေဖန်လိုက်တဲ့အခါကျတော့မှ ပုရေဇာတ ကောင်းကောင်းသဘောကျတော့ ပုရေ-ရှေး၌။ ဇာတော-ဖြစ်သည်တည်း၊ ပုရေဇာတော-ရှေးက ဖြစ်နှင့်ချုပ်နှင့်သည် (မှန်ပါ)၊ ကဲ-ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒီလိုကြည့်တဲ့အချိန်မှာ သူရှိသေးရဲ့လား (မရှိပါ ဘုရား)၊ မရှိတာသည် ပုရေဇာတပစ္စည်း၊ ရှိတာသည် ပုရေဇာတ ပစ္စယုပ္ပန်(မှန်ပါ့)၊ အဲဒီလိုပြောတာလဲ ပဋ္ဌာန်းနည်းနဲ့လဲ ကိုက်နေတယ် (မှန်ပါ့)၊ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
မရှိတာ အနိစ္စ၊ သိတာက မဂ္ဂ
ဒါဖြင့် အဲဒါတွေ လိုက်မနေပါနဲ့တော့ ဒကာ ဒကာမတို့၊ မရှိတာ အနိစ္စ၊ သိတာက (မဂ္ဂပါ ဘုရား)၊ အသေကို အနေနဲ့ ကြည့်တာက ဝိပဿနာ (မှန်ပါ့)။
မေ့မှာစိုးလို့ ဒကာကြွယ် ဒီလောက်ထပ်နေရတာ (မှန်ပါ့)၊ ဒါတောင်လမ်းမှာ ခလုတ်မတိုက်မိမှာ ခင်ဗျားတို့ဟာ၊ ခလုတ်တိုက်ရင် ခက်သေးထဲက ကျနေတယ်၊ ခလုတ်တိုက်ရင် ပါးစပ်က ထွက်ချင်တာ ထွက်တာ၊ ဒါကိုမထွက်ဘူး (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)၊ ဒါ့ကြောင့် ခလုတ်တိုက်လဲ ဒီဟာကလေးကို သတိရနေပါ (မှန်ပါ့)၊ အသေကို အနေနဲ့ကြည့်တာပဲ အသေကို အနေနဲ့ ကြည့်တာပဲဆိုတာကလေး မပျောက်ပါစေနဲ့ ထပ်ပြန်တလဲလဲ သတိပေးလိုက်ပါတယ် (မှန်ပါ့)။
ဒါဟာ ဘယ့်နှယ်ကြောင့် ဒီလောက်မှာပါလိမ့်မလဲလို့ ဒကာသစ်က မေးလို့ရှိရင်ဖြင့် သံသရာစခန်းသတ်လို့ (မှန်ပါ့)။
ဒီအမြင်မှန်သာ ရမယ်ဆိုရင် ဘာတုန်း (သံသရာစခန်းသတ်ပါတယ် ဘုရား)၊ ဒါအမြင်မှန်ပဲ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဒါဟာ ဘာတုန်း (အမြင်ပါ ဘုရား)၊ အမြင်မှန်ပဲဆိုတော့ ကြည့်ပါလား၊ သူက ရှေ့ကျတယ်၊ ရှုတာက (နောက်ပါ တယ် ဘုရား)၊ ပျက်တာက (ရှေ့ကျပါတယ်)၊ မြင်တာက (နောက်ကျပါတယ် ဘုရား)၊ (ဪ သူက ရှေ့က၊ သူက နောက်က ပါလား ဆိုတော့ ကျေနပ်သွားပြီ (မှန်ပါ)။
ရှေ့ဆိုသဖြင့် နှစ်စိတ်လဲ ပြိုင်ပြီးမပေါ်ကောင်းတာကို ဒကာ ဒကာမတွေက မှတ်ထားတော့ မရှိတာဟာ အနိစ္စကိုသွားပြီ ထောက်ခံချက်ပေးတယ်(မှန်ပါ့)၊ မရှိတာက (အနိစ္စပါ)၊ သိတာက (မဂ္ဂပါ ဘုရား)။
ရှုနည်းမှာဖြင့် အကောင်းဆုံးပြောတဲ့နေ့ပဲ
ကဲ ဒကာသစ် ဒီနေ့တော့ဖြင့် စုံလို့ပဲ၊ ရှုနည်းမှာဖြင့် ဒကာ ဒကာမတို့ ယနေ့ဟာ အကောင်းဆုံးပြောတဲ့နေ့ပဲ (မှန်ပါ့)၊ ကျေကျေနပ်နပ်နဲ့ ဒီဥစ္စာကို လုပ်ဖြစ်အောင်လဲလုပ်ပါ(မှန်ပါ့)၊
မလုပ်ချင်လို့ရှိရင်ဖြင့် မသာပေါ်ချင်လို့ပဲ (မှန်ပါ)၊ စကားကြမ်းသလား အဓိပ္ပာယ်က အင်မတန် ဟုတ်နေတယ်၊ မသာပေါ်ချင်လို့၊ ကလေးဖြစ်ချင်လို့ (မှန်ပါ့)။
လူကြီးက ဘာဖြစ်ချင်လို့လဲ (ကလေးဖြစ်ချင်လို့ပါ)၊ လူကြီးက ကလေးစကား မပြောစမ်းပါနဲ့ဆိုတော့ ခင်ဗျားတို့ အတော်နာတယ်၊ မနာဘူးလား (နာပါတယ် ဘုရား)။
ဒါမလုပ်လို့ရှိရင် လူကြီးက ကလေးစကားပြောရလိမ့်မယ် (မှန်ပါ့)၊ မရှက်ကြဘူးလား (ရှက်ပါတယ် ဘုရား)၊ ဒီတရားပွဲထဲတွင် ရှက်တာ၊ ခင်ဗျားတို့က အိမ်ကျတော့ တော်အောင်နေတော့ ခက်တယ် (မှန်ပါ့)၊
ဒီထဲတွင်သာ မရှက်ပါနဲ့၊ အိမ်ကျအောင်လဲ တစ်ရှက်တည်းရှက်နေစမ်းပါဆိုတာကိုလဲ မှာပါတယ်(မှန်ပါ့)၊ ဒီအလုပ်မလုပ်ရင် လူကြီးကနေ ကလေးဖြစ်ရတယ်ဆိုတော့ ဒကာကြွယ်တို့က ရမ်းပြောတယ်လို့ ထင်နေမှာစိုးတဲ့အတွက် ဒီအလုပ်မလုပ်လို့ရှိရင်တောင် ဒီမှာစုတိပြီးတော့ ဟောဒီမှာ ပဋိသန္ဓေကလေး လာဖြစ်တယ်(မှန်ပါ့)၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
လူကြီးက ဘာလာဖြစ်ရသလဲ
လူကြီးဘဝ စုတိလဲပြီးပါရော ကလေးဘဝ ပဋိသန္ဓေဆိုတာ လာပြီ၊ လူကြီးက ဘာလာဖြစ်ရသလဲ (ကလေးလာ ဖြစ်ပါတယ်)၊ ကလေးလာဖြစ်တော့ ကလေးသံပဲ ထွက်တော့မယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အရင်တုန်းကတော့ ခန္ဓာကိုယ်မှာ နှပ်တွေကို ကိုယ့်ဖာသာသိမ်းလို့ ကျင်ကြီးစွန့်ချင်တယ်ဆို ကျင်ကြီးရှိတဲ့နေရာ သွားစွန့်၊ ကျင်ငယ်စွန့်ချင်တယ်ဆို ကျင်ငယ်ရှိတဲ့နေရာ သွားစွန့်နဲ့ အရှက်ကလေးရှိကြတယ်(မှန်ပါ)၊ ကလေးဖြစ်ရပြန် တော့ (အရှက်မရှိပါ ဘုရား)၊ ဪ ဒီလူကြီးတွေဟာ တော်တော်ခက်ပါလား လူကြီးက ကလေးဖြစ်တဲ့အလုပ်ကို ပြန်လုပ်တာ အတော်နာတယ် (မှန်ပါ့ ဘုရား)။
လူကြီးက ကလေးဖြစ်တဲ့အလုပ်ကို လုပ်တယ်ဆိုတာ ဆုတောင်းရင်တော့ ဖြစ်လိမ့်မယ်နော် (မှန်ပါ့)။
ဘယ်လိုဆိုရင်ဖြစ်မှာပါလိမ့် (ဆုတောင်းရင် ဖြစ်မှာပါ ဘုရား)၊ လူကြီးက ကလေးဖြစ်သွားတော့ ခင်ဗျားတို့ အခုပြောဆိုတဲ့စကားနဲ့သာ အသုံးချတယ် ဦးလှဘူး (မှန်ပါ) ဟေ့ လူကြီးကို လူကြီးပီပီ ပြောစမ်းပါ၊ ကလေးစကား မပြောစမ်းပါနဲ့၊ မပြောကြဘူးလား (ပြောပါတယ် ဘုရား)၊ လူကြီးပီပီပြောစမ်းပါ၊ ကလေးစကား မသုံးစမ်းပါနဲ့ဆိုရင် တော်တော်နာတယ် (နာပါတယ် ဘုရား)၊ မနာဘူးလား (နာပါတယ် ဘုရား)။
လူကြီးက ကလေးဖြစ်ရတော့မယ်
ဒီအလုပ်မလုပ်ရင်တော့ လူကြီးက ကလေးဖြစ်ရတော့မယ်(မှန်ပါ့)၊ အခု အရှက်အကြောက်ရှိတယ်၊ သေပြီးလို့ ကလေးဖြစ်တော့ (အရှက်အကြောက် မရှိတော့ပါ ဘုရား)၊ ဟာ သွားပြီ၊ ဒီလူ ကျွမ်းပြန်ပြီ(မှန်ပါ့)၊ ကျွမ်းမပြန်ဘူးလား (ပြန်ပါပြီ)။
အဲဒီတော့ ဒကာ ဒကာမတို့ နာအောင်ပြောတာလား ၊ ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား)၊ ဖြစ်စဉ် ကိုက်ပါ ဒကာသစ် နာအောင်ပြောတာ မဟုတ်ပါဘူး(မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမယ်၊ လူကြီးက ကလေးဖြစ်တော့ဖြင့် မဖြစ်ပါရစေနဲ့ဆိုပြီး ကြိုးစားလုပ်ရမယ်(မှန်ပါ့)၊ ဝိပဿနာအလုပ် ကြိုးစားလုပ်ရလိမ့်မယ်(မှန်ပါ့)၊ မကြိုးစားလို့ရှိရင် (ကလေးဖြစ်ရဦးမှာပါ)၊ ကလေးဖြစ်ရလို့ရှိရင်ဖြင့် အရင်တုန်းက ကိုယ်က ချီခဲ့ရတယ်၊
အခုသည်ကားလို့ရှိရင် ပြောင်းပြန်ဖြစ်ပြီး သကာလ ဘတစ်ပြန် သားတစ်ပြန်ဖြစ်နေရင် သေသေချာချာ ဒုက္ခရောက်မယ်(မှန်ပါ့)၊ ဘတစ်ပြန်၊ သားတစ်ပြန်ဆိုလို့ရှိရင် ဦးလှဘူး နားထောင်လို့ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)၊ သဘောကျပြီလား (ကျပါပြီ)။
ကောင်းပြီ၊ အရင်းတုန်းကတော့ဖြင့် ကိုယ့်ကျင့်ကြီးကို သူများက ကျုံး၊ ယခုအခါ ကိုယ်က သူများကျင်ကြီးကို ပြန်ကျုံးဆိုတော့ ဒကာကြွယ် ဘယ်အလှည့်ကောင်းသတုန်း (မကောင်းပါ ဘုရား)၊ ဘယ်အလှည့်မှ မကောင်းပါဘူး(မှန်ပါ့)၊ အခုမသာပြီး နောက်မသာဖြစ်ရတာလဲ (မကောင်းပါ ဘုရား)၊ အခု လူကြီးဖြစ်ပြီး နောက်ကလေးဖြစ်ရတာလဲ (မကောင်း ပါ ဘုရား)၊ အခု လူမမာဖြစ်ပြီး နောက်လူမမာဖြစ်ရတာလဲ (မကောင်းပါ ဘုရား)၊ အခု လူပျိုဖြစ်ပြီး နောက်လူအိုဖြစ်ရတာ လဲ (မကောင်းပါ ဘုရား)။
ဒါဖြင့် အဲဒါ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒီအချက်အလက်တွေကို အလုံးစုံ မဖြစ်ချင်တော့ပါဘူး (မှန်ပါ့)၊ ဖြစ်ချင်သေးရဲ့လား (မဖြစ်ချင်ပါ ဘုရား)၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်မှာ ဒီအချက်တွေကဖြင့် ဒကာသစ် မလာပါနဲ့ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
ဘယ်စိတ်ပေါ်ပေါ် ချုပ်တာကို မြင်အောင်ကြည့်ပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်ပေါ်ပေါ် ချုပ်တာကို မြင်အောင်ကြည့်ပါ (မှန်ပါ့)၊ ချုပ်သွားတာက ရှေ့၊ မြင်တာက နောက် (မှန်ပါ့)။
အဲ-ရှေ့က ဖြစ်သွားတာကို နောက်ကသိတဲ့ဉာဏ်နဲ့ ကြည့်ရမယ်ဆိုကတည်းက အထည်ရော မြင်စရာရှိသေး ရဲ့လား (မရှိပါ ဘုရား)၊ အထည်တော့ မြင်စရာမရှိဘူး ဒကာ ဒကာမတို့၊ မရှိတာပဲသိမှာပဲ (မှန်ပါ့)။
ဘာသိမယ် ထင်ကြသတုံး (မရှိတာပဲ သိပါ့မယ် ဘုရား)။
မရှိတာပဲ သိရတဲ့အသိသည် အဲဒါ ရှင်ဆန္န၏အသိ၊ ရဟန္တာဖြစ်မည့် ရှင်ဆန္န၏အသိ (မှန်ပါ့)၊
သူ့ကို ကျယ်ကျယ်ဟောပြီး သကာလ ဆန္နဝတ္တုကို နက်ဖြန်မှဟောမှာပါ ဒကာကြွယ်၊ သူ့အသိကို ဪ-သူဒီလိုသိလို့ ရဟန္တာဖြစ်သွားတယ်ဆိုတာ နက်ဖြန်ကျတော့ ရုပ်လုံးပေါ်မယ် (မှန်ပါ့)၊ ဒီနေ့တော့ဖြင့် အလုပ်စခန်းယှဉ် ပြပြီး သကာလ ခင်ဗျားတို့ သံဝေဂသဘောနဲ့လဲ နာအောင်ပြောပြီ၊ အလုပ်စခန်းမလုပ်လို့ရှိရင် ကိုယ်ကျိုးနည်းတာတွေလဲ အမျိုးမျိုးအဖုံဖုံ ပြောခဲ့ပြီး ခုနင်က မသာပို့နည်း နိဿရည်းကိုလဲ ပြောခဲ့ပြီ (မှန်ပါ)၊ လူကြီးက ကလေးပြန်ဖြစ်တာရော (ပြောခဲ့ပါပြီ)၊ ဒီဘဝစုတေးပြီး ပဋိသန္ဓေနေရတဲ့ ဒုက္ခဟာလဲ အကြီးဆုံးဒုက္ခပဲလို့ ဘုရားကလဲ မဟောဘူးလား (ဟောပါ တယ် ဘုရား)။
အဲဒါတွေ ကျုပ်တို့ သေသေချာချာသိတော့မှ ကျုပ်တို့ ဘာမသိလို့ ဤဖြစ်ထွေထွေဖြစ်ရပါလိမ့်မယ် မလဲ (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိလို့ရှိရင်ဖြင့် အသေကိုရှာတတ်တာ ၁-နံပါတ်(မှန်ပါ့)၊ လူကြီးက ကလေးဖြစ်တာက (၂-နံပါတ်ပါ) မသာပို့ မအားတာက (၃-နံပါတ်ပါ ဘုရား)၊ ၃-နံပါတ်ပဲ၊ ဒါတွေ အကုန်လိုက်နေရတယ် (မှန်ပါ)။
သစ္စာမသိတဲ့ ဖြစ်ထွေဟာ
ဒါဖြင့် သစ္စာမသိတဲ့ ဖြစ်ထွေဟာ အားလုံး ဒကာ ဒကာမတို့ အတော်ကိုပဲ ကျုပ်တို့မှာ အလုပ်ရှုပ်တယ် (မှန်ပါ့ ဘုရား)၊ မကောင်းတဲ့အလုပ် အကုန်ပေါ်လာတာပဲ (ပေါ်ပါတယ် ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ကလေးဖြစ်တော့ ကိုယ့်ကျင်ကြီး ကိုယ့်တံတွေး ကိုယ့်ချွဲသလိပ်မှ သိမ်းနိုင်သေးရဲ့လား (မသိမ်းနိုင်ပါ ဘုရား)၊
အဲဒါဘာလဲ ဒကာ ဒကာမတို့၊ နောက်အသေပြီးတော့ အနေလာလို့ဖြစ်ရတာ (မှန်ပါ့)၊ မဖြစ်ရဘူးလား (ဖြစ်ရပါတယ်)၊ သူများက ထိပ်ပုတ် ခေါင်းရိုက်နဲ့ ခိုင်းလိုက်တာတွေရော (ဖြစ်ရပါတယ်)၊ အဲဒါ ဘာတုန်းလို့မေးတော့ သစ္စာမသိလို့တွေ့ရတဲ့ဖြစ်ထွေ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် လူလားမြောက်လာလို့ မသာတွေလဲပို့ပြီး ကိစ္စတွေ မအားတာကော (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိ တော့ နောက်ခန္ဓာရတယ် (မှန်ပါ့)၊ နောက်ခန္ဓာရတော့ နောက်ခန္ဓာအတွက်တွေက မငဲ့ရဘူးလား (ငဲ့ရပါတယ်)၊ အဲဒီငဲ့မှုတွေအတွက်နဲ့ပဲ ကိစ္စအချိန်ကုန်ပြီး သကာလ ဒကာ ဒကာမတို့ ကိုယ့်အရေးကိုယ်လုပ်ရချိန်ကို မပါတော့ဘူး(မှန်ပါ့)၊ အင်မတန် ကြောင်စရာမကောင်းဘူူးလား (ကောင်းပါတယ် ဘုရား)။
ဘယ်အသေ အကောင်းဆုံးတုန်း
ဒါဖြင့် တရားနိဂုံးချုပ်တော့မယ်၊ ဒကာ ဒကာမတို့ အသေမှာ ဘယ်အသေ အကောင်းဆုံးတုန်းမေးရင် ဒီခန္ဓာ ပစ်ချပြီး နောက်ခန္ဓာမရတာ အကောင်းဆုံး (မှန်ပါ့)။
အဲဒါ သစ္စာသိရင် မရတော့ဘူး (မှန်ပါ့)၊ သစ္စာမသိရင်ဖြင့် (ရနေမှာပဲ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ချုပ်တာကို မြင်အောင်ကြည့်နိုင်ရင် နောက်ခန္ဓာမရတော့ဘူး (မှန်ပါ ဘုရား)။