13814

မာတိကာသို့

လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရောက်အလုပ်ပေးတရားတော်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော

လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရောက်

အလုပ်ပေးတရားတော်

(၂၄-၇-၁၉၆၂)

သူများအရေးထက် ကိုယ့်အရေးကြီးပါ

အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတွေ၊ သူများအရေးထက် ကိုယ့်အရေးကြီးပါဆိုတဲ့ ဥစ္စာ သတိပေး လိုက်တယ် (မှန်ပါ)။

ဪ ဘယ့်နှယ်ကြောင့် သူများအရေးထက် ကိုယ့်အရေးကြီးရသတုံး မေးတဲ့အခါကျတော့ ကိုယ့်အရေးထဲက ဝမ်းထဲမှာပေါ်တဲ့စိတ်တွေဟာ ပထမရှေးဦး အာရုံတစ်ခုကိုသွားမြင်လိုက်တယ်ဆို မြင်စိတ်ကလေး ပေါ်တယ်နော်(မှန်ပါ)၊ မြင်စိတ်ကလေးပေါ်ပြီး သကာလ မြင်တယ်ဆိုရင် ဒကာ ဒကာမတွေက ဒီသားကလေးကို မြင်သည်နဲ့တစ်ပြိုင်နက်တည်း ခင်တယ်ဆိုတာ နောက်က လိုက်လာတယ်(မှန်ပါ)။

ခင်တယ်ဆိုတာ နောက်ကမလိုက်လာဘူးလား (လိုက်ပါတယ်)။ ခင်တယ်ဆိုလို့ရှိရင် သာမည ခင်တာလား၊ ဪ မမြင်ရ မနေနိုင်အောင် စွဲစွဲမြဲမြဲခင်တာလားလို့ မေးလိုက်ရင် ဘယ့်နှယ်ဖြေမလဲ (စွဲစွဲမြဲမြဲခင်တာပါ)၊ ဒါဖြင့် တဏှာကခင်တာ နည်းတယ်၊ ဥပါဒါန်ကခင်တာ စွဲလန်းတာများတယ်(မှန်ပါ)။

ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်

အဲဒီတော့ သူ့အတွက်ဆိုပြီး သကာလ တို့ဝဋ်တရားပဲလို့ ဆုံးဖြတ်ချက်ချကြ(မှန်ပါ)၊ ဝဋ်တရားမို့လို့ ဆုံးဖြတ်ချက် ချတော့ ဘာတုံးလို့မေးတဲ့အခါကျတော့ တဏှာ ဥပါဒါန်က ကိလေသဝဋ်(မှန်ပါ)၊ ကာယကံ ဝစီကံနဲ့ ပြောလား၊ ဆိုလား၊ ပွေ့လား၊ ချီလား၊ ပိုးလား၊ ယူလားဆိုတာတွေက ကံ၏အလုပ်တွေဖြစ်သောကြောင့် ကမ္မဝဋ်(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒီကမ္မဝဋ်လာလို့ရှိရင်ဖြင့် စုတေမနေ သေလွန်သွားတဲ့အခါကျတော့ ဇာတိဆိုတဲ့ ဝိပါကဝဋ် မလာပေဘူးလား (လာပါတယ်)၊ ဝိပါကဝဋ်လာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ ကိုယ့်အရေးထက် သူများအရေးကြီးလို့ ဝဋ်သင့်ပေါ့ဆိုရင် လွဲပါ့မလား (မလွဲပါဘူး)။

ဇာတိက ဒကာ ဒကာမတို့ အပါယ်ပဋိသန္ဓေ ငရဲဇာတိဆိုရင် ငရဲကောင်ကြီးသွားဖြစ်တယ်(မှန်ပါ)၊ တိရိစ္ဆာန်ဇာတိ ဆိုရင် ခွေးဖြစ်လဲ ခွေးဝမ်းထဲသွားပြီး ပဋိသန္ဓေနေလိုက်၊ ကြောင်ဖြစ် ကြောင်ဝမ်းထဲ သွားပြီး ပဋိသန္ဓေနေလိုက်ဆိုတော့ ဇာတိဟာ ကောင်းသေးရဲ့လား(မကောင်းပါဘူး)။ ဒါဖြင့် ဒါဟာ ဝဋ်သင့်တာဆိုရင် လွဲသလား (မလွဲပါဘူး)။

သူများအရေးကြီးလို့ ဝဋ်သင့်တာ

အဲဒီလိုပုဂ္ဂိုလ်တွေဟာ ဘယ့်နှယ်ကြောင့်ဖြစ်ရပါလိ့မ်မလဲလို့ မေးတဲ့အခါကျတော့ ကိုယ့်အရေးထက် သူများအရေး ကြီးတဲ့အတွက် ဝဋ်သင့်တာ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာတဲ့တုံး (ကိုယ့်အရေးထက် သူများအရေးကြီးလို့ ဝဋ်သင့်တာပါ)။

သေသေချာချာမှတ်ပါ ဒကာ ဒကာမတွေ၊ ကိုယ့်အရေးထက် သူများအရေးကြီးမိတာနဲ့ ဝဋ်သင့်တာ (မှန်ပါ)။

ဝဋ်သင့်တော့ ဘုန်းကြီးက ပြောလိုက်ပါတယ်၊ ဒကာ ဒကာမတွေ၊ ဥပမာ အပါယ်ကျတယ်၊ တိရိစ္ဆာန်ဝမ်းထဲ ပဋိသန္ဓေနေတယ်၊ သားတွေ သမီးတွေက တို့အမေ အဖေတွေဟာ ဟေ့ တို့ကို အင်မတန်ကြောင့်ကြတယ်၊

တို့ကို အင်မတန် ခင်ရှာတယ်၊ အဲဒီတော့ တို့ ဆွမ်းကလေး ဘာကလေးကျွေးပြီး အမျှကလေး ဘာကလေး ဝေကြဦးစို့ဆိုပြီးတော့ သူတို့က ဝဋ်သင့်တဲ့ ပုဂ္ဂိုလ်ကြွေးဆပ်တာပေါ့ဗျာ(မှန်ပါ)။

ဝဋ်သင့်တဲ့ပုဂ္ဂိုလ်ကြွေးဆပ်တော့ တိရိစ္ဆာန်ရောက်တဲ့ပုဂ္ဂိုလ်က သာဓုမခေါ်နိုင်ဘူး(မှန်ပါ)၊ ငရဲရောက်နေတဲ့ ပုဂ္ဂိုလ် ကကော (မခေါ်နိုင်ပါဘူး)၊ ဒါဖြင့် သူတို့ကြွေးဆပ်တာကော ခံစားရရဲ့လားလို့မေးရင် ဘယ့်နှယ်ဖြေမလဲ (မခံစားရပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတွေ၊ ကိုယ့်အရေးထက် သူများအရေးကြီးမိတာနဲ့ အမျှဝေလို့မရတဲ့ နေရာဌာနတောင် ရောက်ပေါ့(မှန်ပါ)၊ မနာဘူးလား (နာပါတယ်)၊ အင်မတန်နာတယ်ဆိုတာ ဒကာ ဒကာမတွေ ပေါ်ကြပလား(ပေါ်ပါပြီ)။

မသိလို့ဖော်ပြောနေရတယ်

ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မသိလို့ဖော်ပြောနေရတယ်၊ ခင်ဗျားတို့ကတော့ အိမ်နီးချင်းကို အားကျပြီးသား၊ သူတို့အိမ်ကလဲ ဒီလိုနေတာပဲ၊ တို့အိမ်ကလဲ ဒီလိုနေတာပဲဆိုပြီး သကာလ အိမ်နီးချင်းသင်တာသာ ခင်ဗျား တို့က သဘောပေါက်ပြီးနေကြတော့ ကိုယ့်အရေးကြီး၍ သူများအရေးကို ဘေးချိတ်ထားရမည့် အလုပ်ကိုတော့ ဆရာဘုန်းကြီး ပြောမှ သိတော့ကို၊ ဒကာ ဒကာမတွေ လွဲနေပေါ့လို့ ဆိုထိုက်ပါတယ် (မှန်ပါ)။

အဲဒါ အားလုံးသော ပုဂ္ဂိုလ်တို့ကို အမေ၊ မိဘဆွေမျိုး ဉာတကာ မတော်ဖူးသူမည်သည်မရှိလို့ ကိုယ့်အရေး ကိုယ်ကြီးကြပါ၊ သူများအရေး ဘေးချိတ်ထားပါ၊ ဝတ္တရားမကင်းသလောက်သာ ခင်ဗျားတို့ ကြိုးစားကြပါဆိုတာကိုလဲ သတိပေးလိုက်တယ် (မှန်ပါ)။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ၁၇၉၂ ကြိမ်တိုင်တိုင်မှာတာ ဒကာသစ်တို့၊ ဒကာကြွယ်တို့ သိပါပြီနော် (သိပါပြီ ဘုရား)၊ ဝိပဿနာရှုကြဟေ့တဲ့ (မှန်ပါ)။

ဘယ်လိုမှာပါလိမ့် (ဝိပဿနာရှုကြပါ)၊ ဘယ်နှစ်ကြိမ်မှာပါလိမ့် (၁၇၉၂ကြိမ်ပါ ဘုရား)၊ ၁၇၉၂ကြိမ် ဝိပဿနာရှုကြ ဟေ့လို့ မှာတော်မူတယ် (မှန်ပါ)။

၁၇၉၂ကြိမ် မှာတော်မူတယ်

ဘုရားဖြစ်တာရော၊ ဘုရား ပရိနိဗ္ဗာန်စံတာရော နှစ်ခုကိုတွက်မယ်ဆိုရင်ဖြင့် (၄၅)နှစ် ရှိပါတယ်။ မှာတာက ဘယ်လောက်မှာတုံး (၁၇၉၂ ကြိမ်ပါ ဘုရား)။

ဪ ဒါဖြင့် ဒီစကားအရေးကြီးပြီဆိုတာ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ(မှန်ပါ)၊ ဒီစကားအရေးကြီးပြီဆို တာ သဘောပါကြပလား (ပါပါပြီ)၊ အဲဒီစကားက ဘာတုံးဆိုတော့ ဝိပဿနာရှုကြတဲ့ (မှန်ပါ)။

မရှုဘဲနေလို့ရှိရင် ဒိဋ္ဌိဓမ္မ အကျိုးပေးလိမ့်မယ်(မှန်ပါ)၊ ဒိဋ္ဌိဓမ္မ အကျိုးပေးလိမ့်မယ်ဆိုတော့ ယခုသေမည့် ဝေဒနာ ရောက်၊ ဒီတောင်ကလဲ မတက်တော့ဘူးဆိုပါတော့ဗျာ (မှန်ပါ)၊ ဒီတောင်ကလဲမတက်တော့ဘူးဆိုတော့ ခဏနေလဲ နောက် တစ်စက္ကန့်လောက်နေ၊ နှစ်စက္ကန့်လောက်နေရင် ဒီဘဝဇာတ်သိမ်းရတော့မယ်(မှန်ပါ)။

အဲဒီအချိန်ကတော့ ဆေးသမားတွေက အနားရှိ သားတွေ၊ သမီးတွေကလဲ အနားရှိ၊ ရှိလျက်နဲ့ ကိုယ်စိတ်ထဲမှာ မြင်နေရတယ်၊ ကိုယ့်အရေးမကြီးဘဲနဲ့ သူများအရေးကြီးတဲ့ပုဂ္ဂိုလ်များအတွက်မှာလေ (မှန်ပါ)။

သေခါနီးပုဂ္ဂိုလ်က မြင်ရတယ်

ဘယ်လိုမြင်ရသတုံးဆိုတော့ ခွေးနက်ကြီးတွေကလာဆွဲတာ မြင်ရတယ်(မှန်ပါ)၊ ထောင်ချောက်ကြား ကြီတွေ မြင်ရပြန်တယ်(မှန်ပါ)၊ ငရဲမီးလျှံတွေတောက်နေတာ မြင်ရပြန်တယ်၊ ဘယ်သူမြင်ရသတုံး ဆိုတော့ သေခါနီးပုဂ္ဂိုလ်က မြင်ရတယ် (မှန်ပါ)။

သေခါနီးက ဘယ်လိုသေခါနီးလဲလို့ ဒကာကြွယ်တို့မေးတော့မှ ကိုယ့်အရေးမကြီးဘဲနဲ့ သူများအရေးကြီးတဲ့ ပုဂ္ဂိုလ် လို့ မှတ်လိုက်ပါ(မှန်ပါ)။

ဒီထဲ ဒကာ ဒကာမတွေ၊ ဗွေတွေက သိပ်ပါတာ(မှန်ပါ)၊ ကိုယ့်အရေးထက သူများအရေးကြီးတာက သိပ်ပါတာ။ ဒါကြောင့် သတိပေးရပါတယ်(မှန်ပါ)။

ဘုန်းကြီးတို့လို ပုဂ္ဂိုလ်ကမှ တည့်တည့်မှန်မှန်မပြောရင် ခင်ဗျားတို့ ဘယ်လိုဆရာတွေနဲ့ ဘယ်လို အဆုံးအမတွေနဲ့ တွေ့မလဲ။ ဟာ နင်မွေးတဲ့သားသမီး နင်မှမစောင့်ရှောက်ရင် ဘယ်သူစောင့်ရှောက်မတုံး ဆိုလို့ရှိရင် အရူးကို ဗုံတီးမြှောက် တဲ့ ပုဂ္ဂိုလ်နဲ့သွားတူနေမယ်(မှန်ပါ)။

အဲဒါကြောင့် အဲဒီလိုမဖြစ်ရအောင် ဆရာသမားက ဘုရားသခင် ကိုယ်တော်မြတ်ကြီး ၁၇၉၂ ကြိမ်မှာတဲ့ အရေး တကြီးမှာတမ်းကိုသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဂရုစိုက်ရမယ်(မှန်ပါ)၊ ဘုရားထက် မြော်မြင်ပြီး အသိဉာဏ် ကျယ်တာရှိသေးသလား (မရှိပါဘူး)။

ဘုရားပြောတာ ယုံကြပါ

ဘုရားပြောတာ ယုံကြပါ။ အိမ်နီးချင်းပြောတာတွေ မယုံကြပါနဲ့ (မှန်ပါ)၊ မသိတဲ့ပုဂ္ဂိုလ်ကပြောတာကို မလိမ္မာတဲ့ ပုဂ္ဂိုလ်က နားထောင်ရာရောက်ပါလိမ့်မယ် (မှန်ပါ)။ သိပ်မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အေး ဒါကြောင့် သေခါနီးကျလာတော့ ခုနင်က ပြောသလို ကိုယ့်အရေးမကြီးဘဲနဲ့ သူများအရေးကြီးပြီး သကာလ ဝိပဿနာအလုပ်တွေမေ့နေတဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျာ (မှန်ပါ)။

ဒါတွေဟာ ဒီဘဝမှာ မသေသေးဘူးနော်(မှန်ပါ)၊ မသေခင်ကမြင်ရတော့ နောက်တစ်ခါဘာဖြစ်လာပြန်သတုံးဆို တော့ တချို့ပုဂ္ဂိုလ်တွေကျတော့ တောင်ကြီးတွေ၊ ချောက်ကြီးတွေ၊ ကျားကြီးတွေ မြင်လာတယ်။ အဲဒါ ပြိတ္တဘုံသွားမည့် ပုဂ္ဂိုလ်တွေ (မှန်ပါ)။

တချို့ကတော့ ငရဲမီးလျှံတွေမြင်လာတယ်။ သေပလား ဒကာ ဒကာမတို့ (မသေသေးပါဘူး)၊ မသေခင်မြင်ရတယ်။ မြင်သာမြင်ရတယ်၊ ကိုယ့်သား လင် ခင်ပွန်းကလဲ အနားမှာရှိတယ် ထားပါတော့၊ ရှာထားတဲ့ ရွှေတွေ၊ ငွေတွေကလဲ အနားမှာရှိတယ် ထားပါတော့။ ရှာထားတဲ့ ရွှေတွေ ငွေတွေကလဲ အနားမှာရှိတယ် ထားပါတော့၊ ဒကာကြွယ်(မှန်ပါ)၊ ဘာမှကယ်မည့်သူ၊ ယူမည့်သူ ရသေးရဲ့လား (မရပါဘူး)။

သေခါနီးမှာမျက်ရည်တွေ စီးကျတယ်

မရတော့ အဲဒီအချိန်တွေ မျက်ရည်တွေ နှစ်ဖက်စလုံး ခေါင်းဦးပေါ်မှာစီးကျတယ်။ သေခါနီးမှာ (မှန်ပါ)၊ စီးကျလာ တာက တခြားမဟုတ်ဘူး၊ ဪ ငါတော့ဖြင့် သူများစကား၊ အိမ်နီးချင်းစကား နားထောင်မိတာနဲ့ ကိုယ်ကျိုးကြီးလှလှ နည်းပြီ (မှန်ပါ)။

ဆရာသမားက ဝိပဿနာရှုကြဆိုတာ မရှုခဲ့မိတဲ့အတွက် ငါ့မှာဖြင့် ကိုယ်ကျိုးကြီးနည်းပြီဆိုပြီး ဝမ်းနည်းပြီး မျက်ရည်ကျတယ်(မှန်ပါ)၊ ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဝမ်းနည်းပြီး မျက်ရည်ကျပြီး သကာလ ဒကာ ဒကာမတို့၊ ဪ ငါဖြင့် အနေမှားခဲ့လို့ အသေမှားတော့ဖြင့် ကြုံ ပါ (မှန်ပါ)။

ဘယ့်နှယ်တုံး (အနေမှားခဲ့လို့ အသေမှား ကြုံပါတယ် ဘုရား)၊ အနေမှားလို့ အသေမှားကြုံပေါ့ဆိုတဲ့ဥစ္စာ သူ့ဟာ သူ ဝမ်းနည်းတယ်(မှန်ပါ)၊ ဒကာကြွယ် ဘယ်လောက်ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ဒီအချိန်မှာ သားတွေ သမီးတွေ ဆွေတွေမျိုးတွေက အကူအညီရသေးသလား (မရတော့ပါဘူး)၊ ခင်ဗျားတို့အရေး စိုက်ထားတာတွေက ဘာများအကူအညီပေးသေးသတုံး (ဘာမှမပေးပါဘူး)၊ ဘာမှအကူအညီမပေးနိုင်ဘူးဆိုတာ သဘောကျ ပလား (ကျပါပြီ)။

အဲဒီကဲ့သို့ မျက်ရည်ကျပြီး ဝိညာဏ်ချုပ်တယ်၊ ချုပ်သည်နဲ့ တပြိုင်နက်တည်း ခွေးနက်ကြီးမြင်ရတဲ့ ပုဂ္ဂိုလ်က တစ်ခါတည်း ငရဲပြည်သွားတယ်၊ တောင်တွေ ချောက်တွေ ကျားတွေ မြင်ရတဲ့ပုဂ္ဂိုလ် ပြိတ္တာဘုံသွာဖြစ်တယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ပြိတ္တာဖြစ်ရတယ်ဆိုတာ ဘုန်းကြီး ဘုရားဟောတော်မူတဲ့အတိုင်း ပြောပါ့မယ်နော် (မှန်ပါ)၊

ပြိတ္တာဖြစ်ရတယ်ဆိုတာ

ပြိတ္တာဆိုတဲ့ ဥစ္စာ လူ့ပြည်မှာရှိတဲ့ ပြိတ္တာက ဒကာ ဒကာမတွေ ညှစ်ပစ်ထားတဲ့ နှပ်တို့ ဘာတို့ ရှာစားနေတယ်။ မကောင်းတဲ့ အညစ်အကြေး ကျင်ကြီးပုံတွေ လျက်စားနေတယ် (မှန်ပါ)။ ဒကာ ဒကာမတို့ ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

ကဲ ဒီလိုဖြစ်ချင်တဲ့ပုဂ္ဂိုလ် ဒီအထဲမှာ တစ်ယောက်ပါပါသလားလို့ မေးတဲ့အခါကျတော့ မပါပါဘူးလို့ တစ်ဖွဲ့လုံးက ဖြေမှာပဲ(မှန်ပါ)၊ မဖြေကြပေဘူးလား (ဖြေမှာပါ ဘုရား)။

ကိုယ့်အရေးကို ကြီးကြီးထားပြီး လုပ်စမ်းပါ၊ ဝိပဿနာအလုပ်ဆိုတော့ ဪ သားကလေးက လူလားမမြောက်သေး ဘူး၊ သမီးလေးကလဲ အရွယ်ရောက်နေလို့ စောင့်နေရသေးတယ်ဘုရား၊ ထိန်းရသေးတယ်ဘုရား။

ပြီးတော့ သူတို့ကျွေးဖို့မွေးဖို့ကလဲ ရှာရသေးတယ်ဘုရားဆိုပြီး ဆင်ခြေလဲတော့ သူများအရေးနဲ့ လဲတယ်(မှန်ပါ)၊ ကိုယ့်အရေးမလုံလောက်လို့ ပြိတ္တာဖြစ်တော့ ဒကာ ဒကာမတွေက မဖြစ်ချင်ဘူးတဲ့ ဆိုတော့ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ်)။

ဒါ မျက်ရည်ကျအောင်ဟောတာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတွေ မရောက်ခင်ကာကွယ်တဲ့နည်းကို ပြောနေတာ (မှန်ပါ)၊ အခုအချိန်မှာ ကာကွယ်ဖို့၊ ဒကာသစ် ရောက်ပြီ(မှန်ပါ)။

နောက် မျက်ရည်ကြီးငယ်ကျပြီး သားလဲမနှုတ်ဆက်နိုင်၊ သမီးလဲ လက်မတို့နိုင်တဲ့ အခြေအနေ ရောက်တော့မှ မျက်ရည်တွေတွေစီးပြီး သကာလ ငါဖြင့် နေခြင်းဆိုးနေခဲ့တဲ့အတွက် သေခြင်းဆိုးဟာ ငါပါပဲဆိုပြီး ချုပ်သွားတယ်(မှန်ပါ)၊ သိပ်မနစ်နာဘူးလား (နစ်နာပါတယ်)။

ဝိပဿနာရှုကြလို့ ဘယ်နှစ်ကြိမ်မှာခဲ့ သတုံး

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့၊ အဲဒီလိုမသေရအောင် ဘုရားက ဝိပဿနာရှုကြလို့ ဘယ်နှစ်ကြိမ်မှာခဲ့ သတုံး (၁၇၉၂ ကြိမ်ပါ ဘုရား)၊ ဦးလှဖူးတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာဖြစ်လို့ ဘုရား ဒါလောက်မှာရပါလိမ့်မတုံးဆိုတော့ ဒီလမ်း၊ ဒီစခန်းက သေရမည့်လမ်း နိမိတ်ထင်ပြီးတော့ သေရလို့ရှိရင် ဒီအသေမျိုးတွေကို ဒကာ ဒကာမတွေကို မဖြစ်စေချင်ပါဘူး၊ ရင်ဝယ်သားကဲ့သို့ သနားလွန်းလို့ ၁၇၉၂ကြိမ် မှာတယ် (မှန်ပါ)။

ဒကာ ဒကာမတွေ ပေါ့ပေါ့တန်တန်နဲ့ ဒီတရားကို မနာပါနဲ့၊ သေသေချာချာ မှတ်ကြစမ်းပါ(မှန်ပါ)၊ ခင်ဗျားတို့က မှားပြီးသားတွေ ပြင်ရအောင်လို့ အခု သတိပေးနေပါတယ်၊ မှားထားတာကတော့ ကျွမ်းနေကြပြီ (မှန်ပါ)။

မှားထားတာကတော့ ဒကာ ဒကာမတွေ၊ သားလဲမခေါ်နိုင်၊ သမီးလဲမစွန့်နိုင်၊ ခင်ပွန်းသည်လဲ လင့်မျက်နှာကြည့် ပြီး အလိုလိုက်နေရပုံ၊ ကိုယ့်ဝေဒနာကလဲ မသက်သာလို့ ထလုပ်ပေးနေရတဲ့ပုံတွေ ခင်ဗျားတို့မှာ ကျွန်စာရင်းကတော့ဖြင့် ဒီ့ထက်ကြီးကျယ်တာ ရှိသေးရဲ့လား (မရှိပါဘူး)။

တစ်ခါတလေများ အိပ်ရာထဲ မအိပ်ပျော်ဘဲနဲ့ မျက်ရည်များကျလိုက်သေးတယ်၊ ကျွန်ပူထတာ (မှန်ပါ)။

ဘာပူထတာ ထင်ကြသတုံး (ကျွန်ပူထတာပါ ဘုရား)။

ကျွန်ပူထတာ

အမလေး ဒါတောင်မှ ဟိုက သခင်လုပ်တဲ့ပုဂ္ဂိုလ်က နိုးလာလို့ရှိရင် ဘာအလိုရှိသတုံး ကောက်မေး လိုက်ရသေး တယ် (မှန်ပါ)၊ ဆိုးရွားလိုက်တဲ့ဖြစ်ခြင်းမှ ဒကာ ဒကာမတွေ စောင်းဟောနေတာလား၊ ဖြစ်စဉ်ကိုက်လား၊ သတိထားပါ (ဖြစ်စဉ်ကိုက်ပါ ဘုရား)။

ဖြစ်စဉ်ကိုက်ပါ၊ ဒကာတွေကလဲ ထို့နည်းတူပဲ ဒီသားများ၏မျက်နှာကြည်သာမှုကို လိမ်ဟယ်၊ ကောက်ဟယ်၊ ကျစ်ဟယ်၊ မရရကြောင်းရှာဟယ်၊ နေ့အရောင်းအဝယ်မဖြစ်၊ ညအရောင်းအဝယ်ဖြစ်အောင် မလာကြဘူးလား(လာပါတယ်)။

ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အဲဒါလောက်ထိအောင် ခင်ဗျားတို့လဲ သားမယား၏ မျက်နှာ ကြည်သာမှု ကိုသာ သူများအရေးသာ ဂရုစိုက်ပြီး ကိုယ့်အရေးဂရုမစိုက်တော့ ခုနင်က ခေါင်းဦးပေါ်က သေခါနီးမျက်ရည်စီးကျ တော့ ကောင်းသေးရဲ့လား (မကောင်းပါဘူး)။

ဒါဖြင့် ပြင်ကြဆင်ကြမလားလို့ ဆရာဘုန်းကြီးက မေးတယ်(ပြင်ပါဆင်ပါမယ် ဘုရား)၊ ပြင်ကြဆင်ကြတော့နော် (မှန်ပါ)၊ မပြင်မဆင်လို့ရှိရင် ခင်ဗျားတို့ အပါယ်လေးပါးဆိုတဲ့ ငရဲ၊ ပြိတ္တာ၊ တိရိစ္ဆာန်၊ အသူရကာယ်ဆိုတာကဖြင့် မြေကြီး လက်ခတ်မလွဲ ရောက်ရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ပြန်တက်ဖို့ အင်မတန်ခဲယဉ်းတယ်

ရောက်သွားလို့ရှိရင်လဲ ဘုန်းကြီးက သတိပေးလိုက်ပါတယ်။ ပြန်တက်ဖို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ မှတ်လိုက် ပါ(မှန်ပါ)။

ခင်ဗျားတို့က ဘယ်သူကနှုတ်ချိုသွေးပြီး ပြောနေတာ ဒကာကြီးတို့က ပြုံးကာရွှင်ကာနဲ့ လုပ်သရွေ့ အယုံအကြည် တွေ အကုန်သိမ်းပါ(မှန်ပါ)၊ မဟုတ်ပါဘူးဗျ၊ လောကွတ်တွေပါ ဒီဥစ္စာ(မှန်ပါ)။

နေကောင်းပါလျက်သားနဲ့ နေကောင်းပါရဲ့လားလို့ ကောက်မေးတာ ခင်ဗျားတို့က ဪ ကြင်နာရှာတယ်လို့ လုပ်မနေနဲ့၊ ဘာမှမဆိုင်ဘူး(မှန်ပါ)၊ ဗြောင်ဟောနေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒါ ခင်ဗျားတို့ချင်းလောကွတ်လုပ်လို့ ဝေဒနာကကော သက်သာရဲ့လား (မသက်သာပါဘူး)၊ ပစ္စည်းကကော တက်လာသလား (မတက်ပါဘူး)၊ သမုဒယက ပိုငြိမသွားဘူးလား(ငြိပါတယ်)။

အဲငြိတဲ့ဥစ္စာက ဘာသစ္စာတုံး(သမုဒယသစ္စာပါ)၊ ငြိလို့ပြန်ပြီး သကာလ အလျင်ရုန်းတာထက် ပိုမိုပြီး သကာလ သူတို့အတွက် ရုန်းချင်တဲ့စိတ်က ဘာသစ္စာတုံး(ဒုက္ခသစ္စာပါ)။

အဲဒါတွေ သိပြီး သကာလ ဪ တစ်ယောက်နဲ့တစ်ယောက် လောကွတ်လုပ်နေတာတို့ချင်းမို့ အရူးပြုံးပြုံးနေတာ ကိုဆိုတာ ဆုံးဖြတ်ချက်ချစမ်းပါ(မှန်ပါ)၊ ယောက်ျားကငဲ့လို့ မိန်းမကပြုံး လိုက်ရင်ကော (အရူးပြုံးပါ)၊ မိန်းမက ငဲ့လုံးကလေး နဲ့ ပြောလိုက်လို့ ယောက်ျားက ကွယ်ရာလှည့်ပြုံးတာကော (အရူးပြုံးပါ ဘုရား)။

မိန်းမရဲ့အိုမှု၊ နာမှုကို ယောက်ျားက တတ်နိုင်သလား(မတတ်နိုင်ပါဘူး)၊ ယောက်ျားရဲ့အိုမှု နာမှုကိုကော မိန်းမက တတ်နိုင်ရဲ့လား (မတတ်နိုင်ပါဘူး)၊ မတတ်နိုင်တဲ့လူက ဟုတ်၊ သားတော်ရှာတယ်၊ ငဲ့ရှာတယ်ဆိုပြီး အရူးပြုံးမှ ဟုတ်ကဲ့ (ဟုတ်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ)။

အရူးပြုံး အရူးမသာကြီး

အမလေး ဒကာ ဒကာမတွေ၊ ခင်ဗျားတို့အိမ်တွင်းအကြောင်းကို ကျောင်းကနေပြောနေရတာ အတော်နာတယ် (မှန်ပါ)၊ အတော်ဆိုးတာ၊ အတော်ဆိုးတာ(မှန်ပါ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားတို့ကတော့ အိမ်ထဲမှာနေကြထိုင်ကြငြားသော်လဲ တစ်ယောက်ခင်ပွန်းကလဲ အရူး၊ ခင်ပွန်းသည်ကကော (အရူးပါပဲ ဘုရား)။

အဲဒီအရူးပုဂ္ဂိုလ်တွေကို အကောင်းပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ ဖွင့်ပြတဲ့သဘောနဲ့ မပြောတော့ မဆိုတော့ဘူးဆိုရင် အရူးမသာကြီး အကုန်ဖြစ်သွားမယ် (မှန်ပါ ဘုရား)။

အရူးမသာတွေဖြစ်သွားတော့ ခုနင်ကပြောခဲ့တဲ့ အပါယ်လေးပါးစာတွေ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

အဲဒါတွေ သတိပေးပြီး သကာလ ဟာ တို့ဆရာဘုန်းကြီးက ဘုရားဟောတဲ့အတိုင်းပြောတာ၊ ဒါကိုသာ အမှန်ယူမှ၊ အိမ်ရောက်လာလို့ရှိရင် ဘယ်သူကဘာပြောပြော လောကွတ်လို့သာ မှတ်တော့မယ်(မှန်ပါ)။

ဒကာကြွယ် နေရဲပါ့မလား (မှန်ပါ)၊ ခပ်ပြုံးပြုံးလုပ်မနေနဲ့၊ ခင်ဗျားရှော်တော်တော်လုပ်မနေနဲ့၊ ဒီဥစ္စာ တော်တော်ဆိုး တယ်(မှန်ပါ ဘုရား)၊ ဘာမှပြုံးမနေနဲ့၊ သူတို့ကတော့ ပြောရှာတာပဲ၊ ပြောပေမယ့်လို့ မသိပြောပဲ။ တို့အိုမှု နာမှု မတတ်နိုင် ပါလားလို့ ဝမ်းထဲကဆုံးဖြတ်ချက်ချပါ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ယောက်ျားကလဲ မင်း ဘယ့်နှယ်နေသတုံး၊ မသွားပါနဲ့ကွာ၊ ဒီအရောင်းအဝယ်ကလေး၊ တို့ အသင့်အတင့်ပဲ၊ ရက်ပျက်လဲ ဘာကိစ္စရှိသတုံးဆိုတော့ ငဲ့သလိုလိုနဲ့ မိန်းမက ပြုံးမိပြန်လို့ရှိရင်လဲ ဘာအပြုံးပါလိမ့် (အရူးပြုံးပါ ဘုရား)။

အဲ အရူး အရူးချင်းဆိုတော့ ပြင်ပေးမည့်လူက ပါသေးရဲ့လား(မပါပါဘူး)၊ ကျောင်းလာတော့ ပြင်ပေးမည့်သူရှိ တယ်၊ တော်သေးတယ်(မှန်ပါ)၊ သဘောပါပလား(ပါပါပြီ)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အရူးထဲကြီးပြီး အရူးထဲသေမှာစိုးလို့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက ၁၇၉၂ ကြိမ်တိုင်တိုင် ဝိပဿနာ မင်းတို့ရှုကြဟေ့၊ မရှုရင် မင်းတို့သွားပေါ့ ဆိုတာ သေသေချာချာဟောတယ် (မှန်ပါ)။

ဒကာကြွယ်၊ မရှုရင် ဘာတုံး (သွားပါတယ် ဘုရား)၊ သွားတာက ဘယ်သွားရမှာတုံး (အပါယ်သွား ရပါတယ်)။

ဒကာ ဒကာမတွေ အပါယ်သွားတဲ့ဥစ္စာ ဘုန်းကြီးရှင်းပြမယ်နော် (မှန်ပါ)။

လိပ်ကန်းကြီးနဲ့ ထွန်တုံးပေါက်

ပင်လယ်ထဲမှာ ထွန်တုံးကြီးတစ်ခုကို တစ်ပေါက်တည်းဖောက်ပြီး မျှောလိုက်ပါ(မှန်ပါ)၊ မျှောလိုက်တော့ မြောက် လေလာ တောင်ပြေး၊ တောင်လေလာ မြောက်ပြေးနဲ့ ဒီထွန်တုံးကြီးဟာ ဟိုရောက်ဒီရောက် မရောက်ပေဘူးလား(ရောက်ပါ တယ်)။

အနှစ်တစ်ရာမှ တစ်ကြိမ်ပေါ်တဲ့ လိပ်ကန်းကြီးက ပင်လယ်ထဲမှာရှိတယ်၊ အဲဒီလိပ်ကန်းကြီးနဲ့ ခုနင်က တောင် ရောက် မြောက်ရောက်ဆိုတဲ့ ထွန်တုံးကြီးနဲ့ လိပ်ကန်းကြီးက ခေါင်းနဲ့လျှိုမိပါ့မလား (ခဲယဉ်းပါတယ်)၊ လျှိုမိနိုင်စရာ ဒကာ ဒကာမတွေ မြင်သေးရဲ့လား(မမြင်ပါဘူး)။

အဲ အပါယ်လေးပါးရောက်သွားလို့ရှိရင် အဲဒီဟာကမှ လျှိုမိလိမ့်ဦးမယ်၊ လူ့ပြည်သုဂတိရောက်ဖို့က ဒီထက် ပိုခဲယဉ်းတယ်(မှန်ပါ)၊ ကိုင်း ဒကာ ဒကာမတို့၊ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ(ကောင်းပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က စက္ကူကလေးများများရရင် ပြုံးကာရွှင်ကာနဲ့၊ ဘာမှမက်မောစရာမရှိဘူး၊ ခင်ဗျားတို့ ငွေက (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အဲဒီတော့ ဒကာ ဒကာမတွေ လိပ်ကန်းထမ်းပိုးလျှိုမိဖို့ဆိုတာ အင်မတန် မခဲယဉ်းဘူးလား (ခဲယဉ်းပါတယ်)၊ အဲ သေခါနီး မျက်ရည်ကြီးငယ်ကျပြီး အပါယ်လေးပါးသို့ ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာ နောင် လူ့ပြည်ပြန်ဖြစ်ဖို့ဟာ လိပ်ကန်း ခေါင်းသည် တစ်ပေါက်တည်းသော ထမ်းပိုးသို့ လျှိုမိစရာ ရှိသေးသကွ၊ မင်းတို့ လူ့ပြည့်ရောက်ဖို့က ဒီထက်ခဲယဉ်းသေး တယ်(မှန်ပါ)။

ကိုင်း ဒကာ ဒကာမတို့၊ သူများအရေးကြီးတဲ့ပုဂ္ဂိုလ် ဘယ်လောက်ဆိုးရွားသတုံး (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

ဝိပဿနာမလုပ်ရသေးရင် ဘာမှအရင်းမပါသေးဘူး

အဲဒီတော့ မောင်ဘသော်ရေ ဟောရတယ်ကွ၊ ဆရာသမားဆိုတာတော့ အကုန်ဆုံးမရတယ်(မှန်ပါ)၊ မင်းတို့က အလကားနေရင်း သားကြောင့်ပြုံး၊ သမီးကြောင့်ပြုံး၊ ပစ္စည်းကြောင့်ပြုံး အကြောင်းကလေး ညီညွတ်လာရင် ကံကလေး ထောက်မသေးလို့ တော်ပဲတော်သေးရဲ့ကွာလို့ လုပ်မနေနဲ့၊ ဝိပဿနာ မလုပ်ရသေးရင် ဘာမှအရင်းမပါသေးဘူးသာမှတ် (မှန်ပါ)။

ဝိပဿနာ မလုပ်ရသေးရင် (ဘာမှအရင်းမပါသေးဘူး ဘုရား)၊ ဘာမှအရင်းမပါသေးဘူးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဪ တို့ကျောင်းလဲဆောက်ရ၊ ဘုရားလဲတည်ရ၊ ရွှေချရနဲ့မို့ ဒကာကြွယ်ရေ၊ ဟုတ်လှပြီလို့များ လုပ်မနေကြနဲ့ ဦးနော်(မှန်ပါ)၊ ဒါလောက်မဟုတ်သေးဘူး၊ ဝမ်းထဲမှာ ပဋိစ္စသမုပ္ပါဒ်က ပြတ်ရဲ့လား (မပြတ်ပါဘူး)၊ မဂ်မပါရင် ပြတ်နိုင်ပါ့ မလား(မပြတ်နိုင်ပါဘူး)။

အဲဒီတော့ ဒကာ ဒကာမတို့၊ အရေးကြီးတာက ပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့ အရေးကြီးပါတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ဒါကို အရေးတကြီးထားပြီး သကာလ ပြတ်ဆိုတာကလဲ ဝိပဿနာရှုမှ ပြတ်ပါတယ်။ ဝိပဿနာမရှုရင် (မပြတ်ပါဘူး)။

အဲဒါကြောင့် ဒကာ ဒကာမတွေ၊ ဘိက္ခဝေ ချစ်သားတို့၊ ဈာယထ ဝိပဿနာရှုကြပါတဲ့ (မှန်ပါ)၊ ယခုပြောတဲ့ စကားဟာ ၁၇၉၂ ကြိမ်နော်(မှန်ပါ)၊ မာပမာဒတ္ထ သားရေး သမီးရေး စီးပွားရေးကြောင့် မေ့မနေကြပါနဲ့(မှန်ပါ)။

ဘာမမေ့နဲ့လဲ (သားရေး သမီးရေး စီးပွားရေးကြောင့် ဝိပဿနာရှုဖို့မေ့မနေပါနဲ့)။

သေရာညောင်စောင်း လျောင်းစက်တဲ့အခါ

ပစ္ဆာ သေရာညောင်စောင်း လျောင်းစက်တဲ့အခါကာလ၌၊ ဝိပ္ပဋိသာရိနော ဪ ငါနေခြင်းဆိုးနေခဲ့လို့ သေခြင်း ဆိုးဖြင့်ကြုံလို့ပေါ့လို့ နှလုံးမသာယာခြင်းရှိကြကုန်သည်။ မာအဟုဝတ္ထ မဖြစ်ကြကုန်လင့်တဲ့ (မှန်ပါ ဘုရား)။

သေခါနီးမှ မင်းဖြင့် ကိုယ်ကျိုးနည်းပေါ့လို့ ကိုယ့်ဟာကိုယ် ဝမ်းနည်းပက်လက် အမောဆိုက်ပြီး သကာလ ဦးလှဖူး၊ နေတတ်တယ်(မှန်ပါ)။

ဟိုမှာမြင်ရတဲ့နိမိတ်တွေက ဆိုးရွားလွန်းလို့ နေခြင်းဆိုးကြောင့် သေခြင်းဆိုးပဟဆိုပြီး ကိုယ့်ဟာကိုယ် ကြောက် ကြောက်လန့်လန့်နဲ့ မောနေတာလဲရှိတယ်(မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘာဖြစ်လို့မောပါလိမ့်မတုံး (ကြောက်လန့်လို့ပါ ဘုရား)၊ အဲဒါ ဆေးသမားက ရွှေထည့်တဲ့သွေးဆေးတွေများတိုက် လို့၊ အဲဒါ အမောပြေလိမ့်မယ်ထင်သလား (မပြေနိုင်ပါဘူး ဘုရား)၊ မပြေနိုင်ဘူး၊ သူ့ဟာသူကြောက်လွန်း လန့်လွန်းလို့ မောနေတာ(မှန်ပါ)။

ဒကာ ဒကာမတို့၊ ဘယ်လောက်ဆိုးရွားတဲ့အဖြစ်ဆိုတာ သေချာပလား (သေချာပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ကို နေခြင်းဆိုးမနေပါနဲ့၊ သေခြင်းဆိုးလာပါလိမ့်မယ်ဆိုတာ ဧကန်ပြောပြတယ်(မှန်ပါ ဘုရား)။

နေခြင်းဆိုး မနေပါနဲ့ဆိုတာ ဝိပဿနာမရှုဘဲနေရင် နေခြင်းဆိုး(မှန်ပါ)၊ သေခါနီးမှ မျက်ရည်ကြီးငယ် ကျတာက နေခြင်းဆိုး(မှန်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

သေခြင်းဆိုးလမ်းက လွဲပါ့မလား

အဲဒီတော့ နေခြင်းဆိုးနေမိလို့ရှိရင် သေခြင်းဆိုးလမ်းက လွဲပါ့မလား(မလွဲပါဘူး)၊ နောင်တစ်ဖန် ပြန်ရောက်ဖို့ကော (ခဲယဉ်းပါတယ်)၊ ကိုင်း ဒကာ ဒကာမတွေ၊ ဒီထက်အရှုံးများ ရှိသေးသလား (မရှိပါဘူး)။

ဒကာ ဒကာမတို့၊ သနားစရာမကောင်းဘူးလား(ကောင်းပါတယ်)၊ ဒါ ဘုန်းကြီး အင်မတန်အရေးတကြီး ပြောနေ တာဟာ နည်းပါသေးတယ်(မှန်ပါ)၊ ဘုရားက ၁၇၉၂ ကြိမ်တောင် ပြောပါတယ်(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဝိပဿနာရှု၊ နေခြင်းဆိုး မနေနဲ့ဟ၊ သေခြင်းဆိုး ခေါင်းအုံးပေါ် မျက်ရည်စီးကျပြီး သကာလ ၊ အမောဆိုက်ပြီး သကာလ ၊ ငါအနေမှားလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းပေါ့ဆိုတဲ့ မျက်ရည်ကျပြီး မသေစေနဲ့ကွ၊ မှာလိုရင်းပဲ(မှန်ပါ)၊ ဒါကို သေသေချာချာမှာတယ်(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ကိုင်း ဒကာ ဒကာမတို့၊ ခင်ဗျားတို့ကတော့ ဒီနေ့ ဘယ်သွားခဲ့တာက အတော်ကလေး အကြောင်း ညီညွတ်ခဲ့တယ်။ နောက် ဒီလမ်းလိုက်ရဦးမယ်၊ သားစာ သမီးစာပေါ့ဗျာ(မှန်ပါ)၊ ကယ်ဖော်များ ရလို့လား(မရပါဘူး)၊ ဒကာကြွယ် မေ့မနေနဲ့ နော်(မှန်ပါ)၊ ဦးလှဖူးတို့ (မမေ့ပါဘူး ဘုရား)။

သူများအရေးထက် ဘယ်အရေးကြီးရမတုံး (ကိုယ့်အရေးကြီးရပါမယ်)၊ ကိုယ့်အရေးက ဘယ်အရေးပါလိမ့်မတုံး (ဝိပဿနာလုပ်ဖို့ပါအရေးပါ ဘုရား)။

ဝိပဿနာလုပ်ရမယ်၊ ဈာယထ လို့ပါတယ်၊ “ဈာယထ ဘိက္ခဝေ မာပမာဒတ္ထ” (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာရှုပွားကြ

ဘိက္ခဝေ ချစ်သားတို့၊ ဈာယထ ဝိပဿနာရှုပွားကြကုန်၊ မာပမာဒတ္ထ မေ့မနေကြကုန်လင့်(မှန်ပါ)၊ ပစ္ဆာ သေခါနီးအခါကာလ မှ၊ ဝိပ္ပဋိသာရိနော မျက်ရည်ကြီးငယ်ကျ၍ နှလုံးမသာယာခြင်း ရှိကြကုန်သည်။ မာအဟုဝတ္ထ မဖြစ်ကြကုန်လင့် (မှန်ပါ)၊ ဧကံ ဤသို့မှာခြင်းသည်၊ ဝေါတုမှာကံ သင်ချစ်သားတို့အား၊ အမှာကံ ငါဘုရားတို့၏၊ အနုသာသနီ ဆုံးမမှာကြားခြင်းပါ ပေတည်း ဆိုတဲ့ ဥစ္စာ ဟောတော်မူတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (ကိုယ့်အရေးကြီးပါတယ်)၊ အရေးကြီးတော့ ဘာလုပ်ရမလဲ (ဝိပဿနာအလုပ် လုပ်ရပါမယ်)။

ကိုင်း ဒကာ ဒကာမတို့၊ ဝိပဿနာအလုပ် လုပ်တော့မယ်ဆိုရင် ဘုန်းကြီး ဝတ္ထုကလေး နည်းနည်း ထုတ်ပြမယ်၊ ဝိပဿနာ အရေးကြီးပုံနော် (မှန်ပါ)။

ဒါနနဲ့သီလတို့သည် ဒုက္ခကို တိုက်ရိုက်မသိမ်း (မှန်ပါ)၊ ဝိပဿနာသည် (ဒုက္ခကို သိမ်းပါတယ်)၊ ဟော ကွာမနေ ဘူးလား (ကွာနေပါတယ် ဘုရား)။

ကိုင်း ကွာတဲ့ဥစ္စာ ဘုန်းကြီးကလဲ ရှင်းပြပါမယ်၊ ပုဏ္ဏားကမေးလို့ ဘုရားကိုယ်တိုင်ဟောကြားတာပါ၊ ပြီးတော့မှ အလုပ်တရားကို သင်ပေးပါမယ်(မှန်ပါ)။

မပျင်းကြနဲ့နော်၊ ဟောရတဲ့ပုဂ္ဂိုလ်လဲ လွယ်လှလို့မဟုတ်ဘူး(မှန်ပါ)၊ ကျန်းမာတုန်းပြောနိုင်တာ(မှန်ပါ)၊ ခင်ဗျားတို့ က ကြိုးကြိုးစားစားနဲ့ နာလဲနာ၊ မှတ်လဲမှတ်ပါ။ လုပ်လဲလုပ်ကြပါ(မှန်ပါ)။

တေဝိဇ္ဇဝစ္ဆ ပရိဗိုဇ်ဆိုတာရှိတယ်

တေဝိဇ္ဇဝစ္ဆ ပရိဗိုဇ်ဆိုတာရှိတယ်၊ သူက ဧကပုဏ္ဍရိကဆိုတဲ့ သရက်ဖြူပင်ကျောင်းမှာနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဝေသာလီပြည် ဆွမ်းခံဝင်မလို့ စိတ်ကူးလိုက်တော့ စောသေးတာနဲ့ သရက်ဖြူပင်ကျောင်းကို ဝစ္ဆ ပရိဗိုဇ်ရှိရာ ဝင်ပါဦးမယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွသွားတယ်(မှန်ပါ)။

ကြွလာတော့ ပရိဗိုဇ်က အရှင်ဘုရား မကြွလာတာကြာပြီ၊ ဒီနေရာမှာပဲ သီတင်းသုံးပါဆိုပြီး လောကပျူငှာတွေ၊ ဝေယျာဝစ္စအလုပ်တွေ အကုန်လုပ်ပြီး ဘုရားက ထိုင်တော်မူတယ်(မှန်ပါ)။

ရှင်ကြီးဂေါတမတဲ့၊ လောကကြီးထဲမှာ ရှင်ကြီးဂေါတမဂုဏ်တွေက တယ်လွှမ်းမိုးပါတယ်၊ ရှင်ကြီးဂေါတမဟာ အိပ်နေလဲ အကုန်သိတာပဲ၊ သွားနေလဲအကုန်သိတာပဲ၊ စားနေလဲ အကုန်သိတာပဲလို့ ဂုဏ်သတင်းတွေက တယ်ပြန့်ပါတယ်၊ မသိတာ ဘာမှမရှိဘူးတဲ့။ သွားနေလဲသိ၊ အိပ်နေလဲသိ၊ စားနေလဲသိတာပဲလို့ ရှင်ကြီးဂေါတမကို အများကပြောကြတော့ ပြောတဲ့အတိုင်းပဲ မှန်ပါရဲ့လား(မှန်ပါ)။

ဟ ပရိဗိုဇ် မမှန်ဘူးကွတဲ့၊ ငါ အိပ်နေရင်မသိပါဘူး၊ သွားနေလဲ အကုန်မသိပါဘူး၊ ငါ့ကို အလကားပြောနေကြ တာပါတဲ့(မှန်ပါ)။

တေဝိဇ္ဇာပုဂ္ဂိုလ်

ဘုရားက အဖြေထုတ်လိုက်ပြီနော်(မှန်ပါ)၊ ဘုရားက အကုန်သိတယ်ဆိုပေမယ့် အိပ်နေတုန်းသိရဲ့လား (မသိပါ ဘူး)၊ သွားနေတုန်းကော (မသိပါဘူး)၊ စားနေတုန်းကော (မသိပါဘူး)၊ ရပ်နေတုန်းကော (မသိပါဘူး)၊ ဒီတစ်ယောက်တွက် ကို တွေးမှ၊ ဆင်ခြင်မှသိတာ(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒီတော့ ပရိဗိုဇ်က ဒါဖြင့် ရှင်ကြီးဂေါတမတဲ့၊ ရှင်ကြီးဂေါတမပြောတာကိုသာ ကျုပ်တို့ အမှန်ယူပါတော့မယ်၊ အများပြောတာ အမှန်မယူတော့ပါဘူး ဆိုပြီး ဝန်ချတယ်(မှန်ပါ)။

နို့ ရှင်ကြီးဂေါတမ သိတယ်ဆိုတာ ပြောစမ်းပါဦးဆိုတော့၊ ငါသည် ပုဗ္ဗေနိဝါသာနုဿတိ အသိဉာဏ်နဲ့၊ ပုဗ္ဗက ရှေး၊ နိဝါသာက နေဖူးတာ၊ နုဿတိက အောက်မေ့တာ၊ ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ဒီဘဝက အတိတ်ကိုတွေးလိုက်ရင် ဘာဖြစ်ခဲ့တယ်၊ ဆင်းရဲခဲ့တယ်၊ ချမ်းသာခဲ့တယ်၊ အပါယ်ကျခဲ့တယ်၊ တိရိစ္ဆာန်ဖြစ်ခဲ့တယ်ဆိုတာ အကုန်သိတယ်(မှန်ပါ)၊ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်နဲ့တွေးလိုက်ရင် အကုန်သိတယ်နော် (မှန်ပါ)။

ဒိဗ္ဗစက္ခုဉာဏ်နဲ့တွေးလိုက်ရင် အနာဂတ်မှာ ဘာဖြစ်လိမ့်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာတွေ အကုန်သိတယ်(မှန်ပါ)။

အာသဝေါတရားကုန်ရာ နိဗ္ဗာန်ကိုလဲ ငါအကုန်သိပါတယ်ကွာတဲ့၊ အဲဒီတော့ သုံးခုသိတဲ့အတွက် တေဝိဇ္ဇာပုဂ္ဂိုလ် ဆိုပြီး ငါ့ကိုချီးမွမ်းရင်တော့ မှန်တယ်တဲ့(မှန်ပါ)။

လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလား

တေဝိဇ္ဇာပုဂ္ဂိုလ်ဆိုရင်ဖြင့် (မှန်ပါတယ်)၊ မှန်တယ်လို့ ဘုရားက ဝန်ခံတော်မူတယ်။

ဒါဖြင့် ဘုရား၊ အရှင်ဘုရား တပည့်တော်မသိလို့မေးပါရစေတဲ့၊ အေး မေးတာပေါ့ကွာတဲ့ (မှန်ပါ)။

လူများဟာ ဘုရား၊ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားတဲ့၊ မေးပြီ ဒကာ ဒကာမတို့ (မှန်ပါ)။

မေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ၊ ခင်ဗျားတို့မှာ သားနဲ့ သမီးနဲ့၊ ဆွေနဲ့မျိုးနဲ့ဆိုတော့ သံယောဇဉ်က များလွန်းလို့ဆိုတာ ခင်ဗျားတို့ လူလာတိုင်းဧည့်ခံနေတယ်(မှန်ပါ)၊ လူလာတဲ့အခါ ဒါနဲ့ဧည့်မခံကြဘူးလား (ခံပါတယ်)၊ ဖြစ်မှဖြစ်ရလေ၊ နိဗ္ဗာန်မရတာနဲ့ကို ဧည့်ခံတယ်(မှန်ပါ)။

ဘာနဲ့ဧည့်ခံသတုံး (နိဗ္ဗာန်မရတာနဲ့ဧည့်ခံပါတယ်)။

နိဗ္ဗာန်မရတဲ့စကားနဲ့ ဧည့်ခံတယ်၊ မြင်တဲ့အတိုင်းပဲ သားကမွေးထားတာတွေကလဲ ပုစုခရုကလေးတွေကလဲ နည်း တာမဟုတ်ဘူး၊ သမီးက မွေးထားတာတွေကလဲ အိမ်ကကိုမခွါတော့၊ ဒါ အဘိုးဘွားတွေတာဝန်တွေ အလွန်ကြီးနေတာ ပဲ (မှန်ပါ)၊ အင်း ဒကာကြွယ်များ စောင်းဟောနေသလိုဖြစ်နေမလား မပြောတတ်ပါဘူး(မှန်ပါ)၊ အတော်ဆိုးနေတာ(ဆိုး ပါတယ်)၊ ဒါ သံယောဇဉ်ကလေးတွေဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒီတော့ ဒီထဲမှာလဲ ဒကာ ဒကာမတွေ၊ ကိုယ့်ဟာကလေးနဲ့ ကိုယ့်သံယောဇဉ်ကလေးတွေနဲ့ကို အသီးသီးတော့ မရှိကြဘူးလား (ရှိပါတယ်)။

အဲ လူဟာ လူ့သံယောဇဉ်ကိုမစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားလို့ ပရိဗိုဇ်ကမေးတော့ ဘုရားက မရဘူးတဲ့(မှန်ပါ)။

ကိုင်း ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ ဘယ်အထဲကတုံး၊ ရတဲ့အထဲကလား မရတဲ့အထဲကလား (မရတဲ့အထဲကပါ)။

နိဗ္ဗာန် ရရပါလို့၏ဘုရားတဲ့

ဒါဖြင့် ခင်ဗျားတို့ဟာ ဘုရားနဲ့တွေ့မြင်လို့ရှိရင်လဲ ရှိခိုးပါ၏ဘုရား၊ ပူဇော်ပါ၏ဘုရား၊ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန် ရရပါလို့၏ဘုရားတဲ့။ လူ့သံယောဇဉ်ကတော့ မစွန့်ဘူး။ ရနိုင်ပါ့မလား(ခဲယဉ်းပါတယ် ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။ ခင်ဗျားတို့က ဘာမစွန့်တာတုံး (သံယောဇဉ်မစွန့်တာပါ)။

လူ့သံယောဇဉ် စွန့်မှမစွန့်ဘဲ(မှန်ပါ)၊ ဘုန်းကြီးကျောင်းခေါ်ပြီးကျွေးတာလဲ ကျွေးပါမယ်၊ နေရာလဲပေးပါမယ် ဆိုတာတောင် ဘုန်းကြီးပြောတာက လွယ်တယ်ပြောသေးတယ်(မှန်ပါ ဘုရား)၊ ကိုယ့်ဟာက ပိုခက်နေတယ်(မှန်ပါ)၊ ဟိုမှာ အငတ်တောထဲမှာပျော်တယ်(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဘယ်အထဲပျော်သတုံး (အငတ်တောထဲပျော်ပါတယ်)။

အငတ်တောထဲ ပျော်တယ်ဆိုတော့ ဒီထဲမှာ စားနိုင်သောက်နိုင်တဲ့ ဒကာ ဒကာမတွေပါတော့ ငါတို့ကို ဆိုရက်လေ ခြင်းလို့ အောက်မေ့မယ်(မှန်ပါ)၊ ဒါကိုဆိုတာမဟုတ်ဘူးတဲ့၊ ခင်ဗျားတို့ငတ်ပုံက အတော်ဆန်းတယ်၊ သားခင်တာ ဝပလားလို့ မေးတယ်(မဝပါဘူး)၊ သမီးခင်တာကော (မဝပါဘူး)၊ ပစ္စည်းရှာရတာကော (မဝပါဘူး)၊ ဒါဖြင့် ဘယ်တော့အငတ်ပြေသတုံး (ဘယ်တော့မှမပြေပါဘူး)။

ဒါကြောင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အငတ်သဘောနဲ့ သေသွားကြလို့ရှိရင်ဖြင့် ငတ်ဆိုတာသည် ဒကာ ဒကာမတို့စိတ်ထဲ ခင်မှုကျေနပ်ပြီး သေသွားတာလား၊ ကြည့်မှုကျေနပ်ပြီး သေသွားတာလား၊ မကျေနပ်ဘဲနဲ့ သေတာ လား(မကျေနပ်ဘဲနဲ့ သေတာပါ ဘုရား)၊ ဒါဖြင့် ငတ်ပြီးသေတာပေါ့(မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အငတ်ပျောက်ပလား

ဒါဖြင့် ဒကာကြွယ်၊ အငတ်ပျောက်ပလား (မပျောက်သေးပါဘူး)၊ တယ်ဧည့်ခံကောင်းပါကလား (မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ အင်မတန်ကြောက်စရာကောင်းလွန်းလို့ ခင်ဗျားတို့မှာ မြေးကလေးတွေ၊ မြစ်ကလေး တွေ၊ သားကလေးတွေ၊ သမီးကလေးတွေ၊ ဒါကလေးတွေကို ခင်လို့လဲမဝနိုင်၊ မြင်လို့လဲ မဝနိုင်၊ ကြည့်လို့ကော(မဝနိုင်ပါဘူး ဘုရား)၊ ပေးလို့ကမ်းလို့ကော(မဝနိုင်ပါဘူး)၊ စိတ်ဆိုး သယောင်ယောင်နဲ့ နင်တို့ရှာတာက တစ်စလယ်တောင်မရှိဘူး၊ ရော့ ယူသွားက ပါလိုက်သေးတယ်(မှန်ပါ)၊ ပြီးတော့လဲ ရော့ယူသွားက ပါတာပဲ၊ ဘာထူးတာမှတ်လို့(မှန်ပါ)၊ အတော်မဆိုးရွားဘူး လား (ဆိုးရွားပါတယ် ဘုရား)။

အဲဒါလောက်တောင် ဒကာ ဒကာမတွေ၊ သံယောဇဉ်တွေက ကြီးနေတော့ ပရိဗိုဇ်မေးတာ မှားသလား(မမှားပါဘူး)၊ ပရိဗိုဇ်က ဘယ်နှယ့်မေးပါလိမ့် (လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားတဲ့)။

လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားလို့ မေးလိုက်တဲ့အခါကျတော့ ဘုရားက မရဘူးတဲ့(မှန်ပါ)၊ ဒါဖြင့် အပါယ်သွားဖို့တွေက များနေတယ်(မှန်ပါ)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ်)။

ဘုန်းကြီးက နည်းပေးမယ်

အဲဒီတော့ ဘုန်းကြီးက နည်းပေးမယ်၊ ဒကာ ဒကာမတို့၊ နည်းပေးမယ်၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရ ပါ့မလားဆိုတော့ မရဘူးလို့ ဘုရားကဖြေလိုက်တယ်(မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ လူ့သံယောဇဉ်စွန့်တဲ့အချိန်ကို ဘုန်းကြီးက ပေးပြမယ်(မှန်ပါ)၊ လူ့သံယောဇဉ် စွန့်တဲ့ အချိန်ပေးပြတော့ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း မဖြစ်ပေဘူးလား(ဖြစ်ပါတယ်)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဝမ်းထဲမှာ လောဘကလေးပေါ်လာတယ်(မှန်ပါ)၊ ခင်တဲ့လောဘစိတ်ကလေးဟာ သံယောဇဉ်ပဲမဟုတ်လား (မှန်ပါ)၊ အဲဒါကလေးကို တစ်ခါတည်း ဒီစိတ်ကလေးဟာ ဖြစ်ပြီးပျက်တာပဲ၊ အနိစ္စသဘောပဲလို့ ရှုလိုက်စမ်းပါ(မှန်ပါ)၊ ရှုလိုက်တော့ သူက သံယောဇဉ်က အနိစ္စ၊ ရှုတာက မဂ္ဂ(မှန်ပါ)။

သံံယောဇဉ်ဟာ (အနိစ္စပါ)၊ ရှုတာက (မဂ္ဂပါ)၊ ကိုင်း သံယောဇဉ်ဟာ လောဘအဖြစ်နဲ့ရှိသေးရဲ့လား(မရှိတော့ပါ ဘူး)၊ သံယောဇဉ်က ဘာဖြစ်သွားသတုံး (အနိစ္စပါ)၊ ရှုတာက ဘာဖြစ်သွားသတုံး (မဂ္ဂပါ)၊ အဲဒီတော့ သံယောဇဉ်စွန့်တဲ့ မဂ္ဂ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါသာ ရှုတတ်မယ်ဆိုရင် ကမ္မဋ္ဌာန်းတောင် မရှာရတော့ဘူး(မှန်ပါ)၊ ရှာရပါ့မလား (မရှာရပါဘူး)၊ ဘယ်ရှာရပါ့ မလဲ၊ သားကလေးကိုခင်တယ်၊ ခင်ရင် ရှုလိုက်ဟေ့ (မှန်ပါ)။ သမီးလေးကိုခင်ရင်ကော (ခင်ရင်ရှုလိုက်ရုံပါပဲ)၊ ခင်တဲ့စိတ် ကလေး ဖြစ်ပျက်ရှုလိုက်(မှန်ပါ)၊ ဟဒယဝတ္ထုပေါ် ဉာဏ်တည့်ပြီး သကာလ ခင်တဲ့စိတ် ဖြစ်ပျက်ရှုလိုက်ဆိုတော့ သံယောဇဉ် လား ဖြစ်ပျက်လား(ဖြစ်ပျက်ပါ ဘုရား)၊ ရှုတာက ဘာခေါ်မတုံး (မဂ်ပါ ဘုရား)။

သံယောဇဉ်စွန့်ပြီးသား မကျဘူးလား

အဲ သံယောဇဉ်ဖြစ်ပျက်ရှုတာက မဂ်လို့ဆိုတော့ ဒကာ ဒကာမတို့၊ သံယောဇဉ်စွန့်ပြီးသား မကျဘူးလား(ကျပါ တယ်)၊ ဒီလိုလုပ်နေရင်တော့ နိဗ္ဗာန်ရနိုင်ပြီ၊ သံယောဇဉ်စွန့်လိုက်ပြီ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခုနင်က သံယောဇဉ်နဲ့ တစ်ခါတည်း ခင်တယ်၊ စွဲလန်းတယ်၊ သူတို့ပဲလုပ်ဦးမယ် ကိုင်ဦးမယ်ဆိုတဲ့ သဘောနဲ့ သူတို့ခင်တဲ့စိတ် ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မရှုဘဲနဲ့ ခင်ရင် စွဲလန်းတယ်၊ စွဲလန်းရင် သူတို့ရရာရကြောင်းကို အားထုတ်ပေး မယ်ဆိုတဲ့ စိတ်တွေသာများနေကြမယ်ဆိုလို့ရှိရင်ဖြင့် နိဗ္ဗာန်မရနိုင်ပါဘူး(မှန်ပါ)၊ ရပါ့မလား (မရပါဘူး)၊ ဘာကြောင့် ဒကာကြွယ် မရလိမ့်မတုံး (သံယောဇဉ်မစွန့်လို့ပါ ဘုရား)။

လူဟာ လူ့သံယောဇဉ်ကို မစွန့်လို့မရဘူးဆိုတော့ ဒကာ ဒကာမတွေ ယနေ့ပြောတဲ့ တရားကလေးတစ်လုံး ခင်တဲ့ စိတ်ကလေးပေါ်လာရင် ဘာလုပ်ရမလဲ(ဖြစ်ပျက်ရှုရပါမယ်)၊ ခင်တဲ့စိတ်ကလေးဟာ နှလုံးထဲမှာ ကိုယ်ခင်တာကို ကိုယ်မသိ ဘူးလား(သိပါတယ်)၊ ဝမ်းထဲက လှိုက်လှိုက် လှိုက်လှိုက်ဖြစ်လာတာပဲ။ သူတို့ဟာ လူလားမမြောက်သေး၊ ခက်သေးတယ် ဆိုတဲ့ သူတို့ခင်တဲ့စိတ်ကလေး ပေါ်လာတိုင်း ပေါ်လာတိုင်း ဘာလုပ်ရမတုံး(ဖြစ်ပျက်ရှုရပါမယ်)။

ခင်တဲ့စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်

အဲ ခင်တဲ့စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်ဆိုတော့ ဒကာ ဒကာမတွေ၊ အနိစ္စနဲ့ မဂ္ဂနဲ့ မကိုက်ဘူးလား (ကိုက်ပါတယ်)၊ ကိုက်တဲ့အခါကျတော့ ဥပါဒါန်ကံတွေ လာသေးသလား (မလာပါဘူး)။

မလာလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ပဲ ပြတ်သွားတဲ့ပုဂ္ဂိုလ်ဟာ ဒကာကြွယ်၊ ဦးလှဖူးတို့ နောက်ပဋိသန္ဓေ လာသေးရဲ့ လား(မလာပါဘူး)၊ ပဋိသန္ဓေ ဒုက္ခသစ္စာ မလာရင် နိရောဂါသစ္စာပဲ လာဖို့ရှိတော့မယ်(မှန်ပါ)၊ တခြားလာစရာ မြင်သေးရဲ့ လား(မမြင်ပါဘူး)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကလေးကလေးပွေ့ပြီး ခင်တယ်ဆိုလို့ရှိရင် သွားပြီ၊ ပါးကလေး ဘာကလေး နမ်းရှုပ်မနေနဲ့။ ခင်တဲ့စိတ်လာရင် ဖြစ်ပျက်ရှု(မှန်ပါ)၊ ဒီကလေးကလေး သနားတဲ့စိတ် လာရင်ကော (ဖြစ်ပျက်ရှု ရပါမယ်)၊ သူ့အတွက် စိတ်မချရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်သာရှုလို့ရှိရင်ဖြင့် ဖြစ်ပျက်မဂ်ဆိုလို့ရှိရင် သံယောဇဉ် စွန့်တယ်၊ သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်မဂ်ဆိုရင် (သံယောဇဉ်စွန့်ပါတယ်)၊ သံယောဇဉ်ကို ဟုတ်သေးရဲ့လား၊ အနိစ္စဖြစ်မသွားသေးဘူးလား (ဖြစ်သွားပါတယ်)၊ အနိစ္စဖြစ်သွားတယ်ဆိုရင် ဒကာ ဒကာမတွေ ဘာပူစရာရှိသေးသတုံး (မရှိပါဘူး)။

ဝိပဿနာရှုရင် နိဗ္ဗာန်ရတယ်

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ လူဟာ လူ့သံယောဇဉ်စွန့်ရင် နိဗ္ဗာန်ရတယ်ဆိုတော့ ဝိပဿနာရှု ရင် နိဗ္ဗာန်ရတယ်(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာတဲ့တုံး (ဝိပဿနာရှုရင် နိဗ္ဗာန်ရပါတယ် ဘုရား)။

ဝိသာခါကိုကြည့်ပါ၊ နိဗ္ဗာန်ရတယ် ဒကာ ဒကာမတို့၊ နိဗ္ဗာန်ရသွားတာလဲ ထင်ရှားပါတယ်(မှန်ပါ)၊ သံယောဇဉ် ဟာ နောက်မှတွယ်တဲ့သံယောဇဉ်၊ ဒိဋ္ဌိဝီစိကိစ္ဆာ သံယောဇဉ်ကို ကျန်နေတော့ အပါယ်မကျဘူး(မှန်ပါ)၊ ဒိဋ္ဌိသံယောဇဉ်ကျန် ရင်တော့ အပါယ်ကျတယ်(မှန်ပါ)။

အဲဒီတော့ ဘုန်းကြီးက ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အာဘော်ကို ရှင်းပြောလိုက်တော့ ဒိဋ္ဌိသံယောဇဉ်ပြတ် ရင် အပါယ်မကျဘူး(မှန်ပါ)၊ တဏှာသံယောဇဉ် မဖြတ်ချင်တောင်မှ အပါယ်စိတ်ချရပြီ(မှန်ပါ)၊ ဒါ သေသေချာချာမှတ်ပါ (မှန်ပါ)၊ ဒကာကြွယ် ဒါဟာ တရားသားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒိဋ္ဌိသံယောဇဉ်ပြတ်ရင် (အပါယ်မကျပါဘူး)၊ ဒိဋ္ဌိပြတ်ရင် တဏှာသံယောဇဉ် ကျန်ချင်ကျန်ပါစေဦး၊ အပါယ်တော့ မကျတော့ဘူး(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ဒိဋ္ဌိနဲ့တဏှာ ဘယ်ဟာကြောက်စရာကောင်းပါလိမ့် (ဒိဋ္ဌိက ကြောက်စရာကောင်းပါတယ် ဘုရား)၊ သေသေ ချာချာမှတ်ပါ၊ ဒီတရားမှာ သိပ်အရေးကြီးပါတယ် (မှန်ပါ)၊ ခင်ဗျားတို့က သံယောဇဉ် ဆိုလို့ရှိရင် အကုန်ပဲလို့မှတ်နေလိမ့် မယ်(မှန်ပါ)၊ ငါ့သား ငါ့သမီးဟူ၍ ပြောတာသာပြောပါ၊ ငါ့သား ငါ့သမီး မဟုတ်ကြောင်း ဒါတွေကို သေသေချာချာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ဒိဋ္ဌိသံယောဇဉ် ပြတ်တယ်(မှန်ပါ)၊ တဏှာသံယောဇဉ်က ကျန်ရစ်တယ်(မှန်ပါ)၊ သဘောကျပလား (ကျပါ ပြီ)။

ဝိသာခါ ခုနှစ်နှစ်အရွယ်က

ဝိသာခါ ခုနှစ်နှစ်အရွယ်က ဒိဋ္ဌိသံယောဇဉ်ပြတ်တယ်၊ တဏှာသံယောဇဉ်ကြောင့် အိမ်ထောင်ကျတယ် (မှန်ပါ)၊ မကျဘူးလား (ကျပါတယ်)၊ အပါယ်တော့ ကျသေးရဲ့လား(မကျပါဘူး)၊ ဘယ်သံယောဇဉ် ပြတ်သွားပါလိမ့် (ဒိဋ္ဌိသံယောဇဉ် ပြတ်သွားပါတယ်)။

နောက် အိမ်ထောင်ကျမှုနဲ့ မြေးတွေသေမှုနဲ့ ငိုမှုတွေကျတော့ ဘာသံယောဇဉ်ကျန်နေသလဲ (တဏှာနဲ့ ဒေါသ သံယောဇဉ်ကျန်နေပါတယ်)၊ အဲဒီတော့ တဏှာထက် ဒိဋ္ဌိကိုကြောက်ပါ(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီနေ့ ဒီတစ်လုံးတည်းကို ဒကာ ဒကာမတွေ မှတ်မှတ်သားသားနဲ့ရှိအောင် ပြောနေတယ်၊ ပြီးတော့ ဘုန်းကြီးက အလုပ်နဲ့ပြဦးမယ်။ ဒီဒိဋ္ဌိဖြတ်နည်းကိုနော်(မှန်ပါ)၊ အလုပ်နဲ့ပြလိုက်တဲ့အခါကျတော့ ဪ တို့သေပျော်တဲ့တရားပါလား (မှန်ပါ)၊ တို့မှာ ဒိဋ္ဌိသံယောဇဉ်ကလဲရှိ၊ တဏှာသံယောဇဉ်ကလဲရှိတော့ သံယောဇဉ်ဆို အကုန်ပြတ်မှ သောတာပန်ဖြစ်မယ် ထင်နေကြတာ(မှန်ပါ)၊ အခု ဆရာဘုန်းကြီးက ဘုရားဟောတဲ့အတိုင်း ဟောလိုက်တော့ ဒကာ ဒကာမတို့၊ ဒိဋ္ဌိသံယောဇဉ် ကို ပိုမိုပြီးကြောက်ပါ(မှန်ပါ)၊ တဏှာသံယောဇဉ်ကို ဒါလောက်စိုးရိမ်စရာမရှိသေးဘူး(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါကလေး ဒကာ ဒကာမတို့ ဒီတရားပွဲထဲမှာဖြင့် ဒါကို အရေးတကြီးပြောချင်တာကလေး အရေးတကြီး မှတ်ချင် တာ ကလေးကိုဖြင့် အိမ်ပြန်ရင် ပါကြပါစေ(မှန်ပါ)။

အင်မတန်ပင်ပန်းခံပြီး လူတွေက ကျပ်ပါဘိနဲ့၊ နေကလဲ နောက်က ပူပါဘိနဲ့၊ ပန်ကာတွေကလဲ မတိုးနိုင်ဘူး၊ ဒီလူအုပ်ထဲကို(မှန်ပါ)၊ ဒီအငွေ့တွေကုန်အောင် မလုပ်နိုင်ဘူး(မှန်ပါ)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိသံယောဇဉ်နဲ့ တဏှာသံယောဇဉ် ဘယ်ဟာက ပိုပြီးကြောက်စရာ ကောင်းသတုံး (ဒိဋ္ဌိသံယောဇဉ်က ပိုပြီးကြောက်စရာကောင်းပါတယ်)။

ဒိဋ္ဌိမပြုတ်ရင် အပါယ်ကျတယ်

ဒိဋ္ဌိမပြုတ်ရင် အပါယ်ကျတယ်(မှန်ပါ)၊ ဒိဋ္ဌိပြုတ်ပြီးလို့ တဏှာကျန်နေဦး အဲဒီပုဂ္ဂိုလ်ကျတော့ အပါယ်မကျဘူး (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။

ဒိဋ္ဌိနဲ့တဏှာ ဘယ်ဟာက ပိုကြောက်စရာကောင်းသတုံး (ဒိဋ္ဌိက ပိုပြီးကြောက်စရာကောင်းပါတယ်)။ ဒိဋ္ဌိက ပို ကြောက်စရာကောင်းတယ်ဆိုတော့ ယနေ့ဥပုသ်နေ့ကစပြီး ဒကာ ဒကာမတွေ တရားပြောတယ်နော်(မှန်ပါ)။

တရားပြောတော့ ဒကာ ဒကာမတွေ၊ ဒိဋ္ဌိနဲ့တဏှာ ဘယ်ဟာကို ရှေးဦးစွာဖြုတ်ရမှာလဲဆိုတာကိုလဲ ယနေ့တရားပွဲမှာ ပေါ်သွားပြီ(မှန်ပါ)၊ ဘယ်ဟာအလျင်ဖြုတ်ရမလဲ (ဒိဋ္ဌိအလျင်ဖြုတ်ရပါမယ်)။

သံယောဇဉ်က ဒိဋ္ဌိကလဲတစ်မျိုး၊ သံယောဇဉ် တဏှာကလဲတစ်မျိုးကိုး(မှန်ပါ)၊ ဘယ်ဟာပိုကြောက်စရာ ကောင်းမ တုံး (ဒိဋ္ဌိကို ပိုကြောက်ရပါမယ်)၊ ဒိဋ္ဌိသံယောဇဉ်ရှိမှ အပါယ်ကျတယ်(မှန်ပါ)၊ ဒိဋ္ဌိမရှိတော့ရင် တဏှာသံယောဇဉ်ချည်းဆိုရင် အပါယ်မကြောက်ရတော့ဘူး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ အရင်းထားပြီးပြောရတော့ ဒိဋ္ဌိသံယောဇဉ်ကိုဖြင့် တို့ဆရာဘုန်းကြီး နည်းပေးတဲ့အတိုင်း ဖြတ်မလား(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒိဋ္ဌိနဲ့ တဏှာဆိုရင် ဒိဋ္ဌိသံယောဇဉ်က ငရဲမျိုးစေ့၊ တဏှာသံယောဇဉ်က သုဂတိမျိုးစေ့(မှန်ပါ)။ သုဂတိမျိုးစေ့** ကိုတော့ နောက်မှဖြုတ်ပါ(မှန်ပါ)။ ငရဲမျိုးစေ့ကို (အလျင်ဖြုတ်ရပါမယ်)။

** ဘဝတဏှာကြောင့် သုဂတိရောက်ကြောင်း ကုသိုလ်တွေပြုကြသည်။ ထို့ကြောင့် ဘဝတဏှာက သုဂတိကို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုနေသည်။ သုဂတိဂါမိနော ပန ကမ္မဿ ဝိသေသဟေတု ဘဝတဏှာ (ဝိသုဒ္ဓိမဂ် ဒုတိယအပ် ၁၅၆၊ သမ္မောဟ အဋ္ဌကထာ ၁၂၆)

ဒိဋ္ဌိသံယောဇဉ်မပြတ်ရင်တော့ဖြင့်

အဲဒါကြောင့် ဒကာ ဒကာမတို့၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရပါ့မလားလို့ ပရိဗိုဇ်က မေးလိုက်တယ် နော် (မှန်ပါ)၊ ဘုရားက ဘယ်လိုဖြေသတုံး (မရပါဘူး)။

ဒိဋ္ဌိသံယောဇဉ်မပြတ်ရင်တော့ဖြင့် ဒကာ ဒကာမတို့၊ နိဗ္ဗာန်လဲမရောက်ဘူး၊ အပါယ်လဲကျမယ်(မှန်ပါ)၊ တဏှာ သံယောဇဉ် ကျန်နေတယ်၊ တဏှာသံယောဇဉ်ကျန်နေပေမယ့် နိဗ္ဗာန်မြင်ထားပြီးရင် ကိစ္စမရှိဘူး၊ အပါယ်တော့ ကျသေးရဲ့ လား(မကျပါဘူး)၊

မကျတော့ တို့ရှေ့ပိုင်းမှာ အရေးကြီးနေတာ ပေါ်ကြပလား(ပေါ်ပါပြီ)၊ ဘာအရေးကြီးပါလိမ့်(ရှေ့ပိုင်း အရေးကြီးနေပါတယ်)။

ဒကာ ဒကာမတို့၊ ဒါ တရားသားနော်(မှန်ပါ)၊ ဒါဖြင့် ဒိဋ္ဌိသံယောဇဉ်ဖြတ်ကြပါစို့ဆိုတော့ ဒကာ ဒကာမတို့၊ သေသေချာချာပြောပြီနော်(မှန်ပါ)၊ ဒကာ ဒကာမတို့ သန္တာန်မှာ ငါ့စိတ်မစမ်းနဲ့(မှန်ပါ)၊ အံမာ တချို့ဒကာ ဒကာမတွေက ငါ့စိတ်မစမ်းနဲ့တဲ့၊ မသုံးကြဘူးလား(သုံးပါတယ်)။

ဘာတဲ့တုံး (ငါ့စိတ်မစမ်းနဲ့တဲ့)၊ ကြောက်စရာကြီးပါလား(မှန်ပါ)၊ ဒါဖြင့် စိတ်ပေါ်မှာငါစွဲနေတယ်(မှန်ပါ)။

ငါ့မျက်လုံးနဲ့ငါ ဧကန်မြင်တာဆိုတော့ မြင်စိတ်ပေါ်မှာလဲ သူငါစွဲတယ်(မှန်ပါ)။

ငါကိုယ်တိုင်ကြားတာ မလိမ်နဲ့တဲ့၊ ကြားစိတ်က ငါစွဲနေတယ်(မှန်ပါ)။

ငါကိုယ်တိုင် နမ်းရှုပ်ကြည့်ခဲ့သေးတယ်၊ ဒီဥစ္စာမကောင်းလို့ မယူခဲ့ဘူး(မှန်ပါ)၊ နှာခေါင်းစိတ်ပေါ်လဲ ဘာစွဲသတုံး (ငါစွဲပါတယ်)။

ငါယားလိုက်တာ၊ ငါ အခုမှ အယားပျောက်သွားတယ်ဆိုတော့ သုခစိတ်ကိုလဲ ငါစွဲတယ်(မှန်ပါ)။

ငါ့လောဘနဲ့ ငါရခဲ့တာတဲ့၊ လောဘစိတ်ကို ငါမစွဲဘူးလား (စွဲပါတယ်)။

ငါက ဟန်ကလေး ပန်ကလေးနဲ့ ချောက်သလို လှန့်သလိုလုပ်ခဲ့လို့ ဒီပစ္စည်းလေး သူထုတ်ပေးလိုက်တာ၊ ငါ့ဒေါသ ကြောင့် ငါရခဲ့တာ၊ ငါ့မာနကြောင့် ငါရခဲ့တာဆိုတော့ ဒကာ ဒကာမတို့၊ ဒေါသစိတ်ပေါ်မှာ ငါမစွဲဘူးလား(စွဲပါတယ်)။

စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး

ဒါကြောင့် ဒကာ ဒကာမတွေက ဟန်ကိုယ့်ဖို့(မှန်ပါ)၊ မာန်ကတော့ သူများဖို့၊ ဟန်နဲ့ပန်နဲ့ သွားရတယ်၊ ဒါမှလဲ အထင်ကလေးကြီးတဲ့အခါကျတော့ လိုချင်တဲ့ပစ္စည်းလဲ အလွယ်တကူနဲ့ဆိုသလို ဟိုကလေးက အထင်အမြင်ကြီးပြီး သကာလ အလေးပြုတဲ့သဘောလိုလို ဒကာ ဒကာမတွေ၊ ဒီစိတ်ပေါ်မှာ ဒိဋ္ဌိက သိပ်ပြီးတော့ ပြင်းထန်ပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။ ဒါဖြင့် စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံး(မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒိဋ္ဌိသံယောဇဉ်ပြတ်တော့မယ်ဆိုတော့ ဪ ဘယ်အပေါ်မှာ ဝိပဿနာရှုမှ ပြတ်မှာပါ လိမ့်မလဲဆိုတာ ယနေ့ပေါ်လာပြီ(ပေါ်ပါပြီ)။

ကဲ ဘယ်အပေါ်ရှုကြမလဲ(စိတ်အပေါ်ရှုကြရပါမယ်)၊ စိတ်ပေါ်မှာ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဝိပဿနာ အရှုခိုင်းပါလိမ့်မတုံးဆိုတဲ့ အဓိပ္ပါယ်ကော ပေါ်ပလား (ပေါ်ပါပြီ)။ ဘာအများဆုံးလဲ (ဒိဋ္ဌိအများဆုံးပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ၊ ဘာတဲ့(စိတ်ပေါ်မှာ ဒိဋ္ဌိအများဆုံးပါ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိ၊ တဏှာသတ်ရင် အပါယ်ကျရဲ့လား(မကျပါဘူး)။ ဒါဖြင့် စိတ်ကို ဝိပဿနာရှုကြစို့(မှန်ပါ)၊ စိတ်ကို ဝိပဿနာရှုလိုက်တော့ ဒကာ ဒကာမတို့ ဒိဋ္ဌိကွာသွားမယ်၊ မကွာသေးဘူးလား(ကွာပါတယ်)၊ ဒိဋ္ဌိ တဏှာကွာရင် အပါယ် ကျပါဦးမလား (မကျပါဘူး)၊ မကျဘူးဆိုတာ သေချာပလား(သေချာပါပြီ)။

စိတ်ကို ဝိပဿနာရှုဖို့

အဲဒါကြောင့် စိတ်ကို ဝိပဿနာရှုဖို့က ဒကာ ဒကာမတို့ သန္တာန်မှာ ဒီအထဲမှာ ပုထုဇဉ်တွေဆိုတာ ခင်ဗျားတို့ ဧည့်ခံတဲ့စကားထဲ ပါပါတယ်(မှန်ပါ)၊ ကျုပ်ကို ဗွေမယူပါနဲ့တဲ့၊ ပုထုဇဉ်ဆိုတာ မှားသည်ရှိ၊ မှန်သည်ရှိပေါ။ ဒကာကြွယ်၊ ဒီလိုပြောလေ့မရှိဘူးလား (ရှိပါတယ်)။

ပုထုဇဉ်ဆိုတာ ဒီလိုပဲကွ၊ မှားတတ်တယ်ကွ၊ သည်းခံပါကွာ၊ ဒီလိုမပြောဘူးလား(ပြောပါတယ်)၊ ဒါဖြင့် ပုထုဇဉ် ဆိုတဲ့ စကားလုံး ခင်ဗျားတို့ဧည့်ခံနေတာပေါ့(မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ပုထုဇဉ်သန္တာန်မှာ ဖြစ်တဲ့စိတ်ဟာ စိတ် ၈၉ ခုဟု သူများ ပြောသံကြား ကတော့ ကြားဖူးကြလိမ့်မယ်နော်(ကြားဖူးပါတယ်)၊ အကျယ်ချဲ့လိုက်လို့ရှိရင် ၁၂၁ပါးတဲ့ (မှန်ပါ)။

အကျဉ်းကတော့ ဘယ်လောက် (၈၉ ပါးပါ)၊ လောကစိတ်က ၈၁ ပေါ့ဗျာ၊ လောကုတ္တရာ ၈ပါးပါ ထည့်လိုက်တော့ ၈၉ ပါးပေါ့ (မှန်ပါ)။

အမလေး ကျုပ်တို့သန္တာန်မှာဖြစ်တာ စိတ်တွေက (၈၉) လို့များ အောက်မေ့မနေနဲ့(မှန်ပါ)၊ ခင်ဗျားတို့သန္တာန် ရှုနိုင်တာက (၃၇)ပါးပဲရှိတယ် (မှန်ပါ)။

ပုထုဇဉ်သန္တာန်ဖြစ်တဲ့ စိတ်က-၃၇ ပါး

ပုထုဇဉ်သန္တာန်ဖြစ်တဲ့ ဝိပဿနာရှုဖို့စိတ်က (၃၇ ပါးပါ)၊ (၃၇)ပါးရှိတယ်၊ သေသေချာချာမှတ်သွားပါ၊ အိမ်ကျ တော့မှ တစ်ခုလောက်လျော့နေရင်ခက်တယ် (မှန်ပါ)။

(၃၇)ပါးပဲရှိတယ်ဆိုတာ အပေါင်းအားဖြင့်တော့ ဆရာဘုန်းကြီးပြောပါပြီ၊ အစိတ်အားဖြင့်ပြောရမယ်ဆိုတော့ ခင်ဗျားတို့ သေသေချာချာမှတ်ပါ၊ မျက်လုံးကမြင်တယ်ဆိုရင် မြင်စိတ်မပေါ်ဘူးလား(ပေါ်ပါတယ်)၊ ကြားတယ်ဆိုရင် (ကြားစိတ်ပေါ်ပါတယ်)၊ နံတယ်ဆိုရင် (နံစိတ်ပေါ်ပါတယ်)။

အဲဒီစိတ်တွေဟာ ခင်ဗျားတို့သန္တာန်မှာဖြစ်နိုင်တဲ့စိတ်တွေပဲ(မှန်ပါ)၊ စားတယ်ဆိုရင်ကော (စားစိတ်ပေါ်ပါတယ်)၊ ယားတယ်ဆိုရင်ကော (ယားစိတ်ပေါ်ပါတယ်)၊ ကောင်းတယ်ဆိုရင်ကော(ကောင်းတဲ့စိတ်ပေါ်ပါတယ်)၊ အဲဒီစိတ်တွေက တစ်ဆယ်ပြည့်သွားပြီ** (မှန်ပါ)။

** ဒွေး ပဉ္စဝိညာဏ်တစ်ဆယ်ကို ဆိုလိုသည်။

ကဲ တစ်ခါ ဒကာ ဒကာမတို့သန္တာန်မှာ လောဘကလေးကော ပေါ်တဲ့အခါမရှိဘူးလား(ရှိပါတယ်)၊ တစ်ခါတလေ ဒေါသကလေးဖြစ်တဲ့အခါကော(ရှိပါတယ်)၊ တစ်ခါတလေကျတော့ ကျုပ်စိတ်ထဲ သံသယမကင်းဘူးဆိုတဲ့ မောဟကော (ရှိပါတယ်)။

တစ်ခါတလေကျတော့ ဒကာ ဒကာမတို့၊ ပေးချင် ကမ်းချင် လှူချင်တဲ့ အလောဘစိတ်ကလေးကော(ရှိပါတယ်)၊ တစ်ခါတလေကျတော့ အို သနားစရာကောင်းလိုက်တာဆိုတဲ့ မေတ္တာစိတ်ကလေးကော ပေါ်ဘူးလား(ပေါ်ပါတယ်)။

အဲဒါတွေ ရှုရမယ်၊ အဲဒီဟာတွေရှုဖို့ပဲ(မှန်ပါ)၊ အဲဒါရယ် လေထုတ်တဲ့စိတ်၊ လေပြန်ရှိုက်တဲ့စိတ်၊ ဒီနှစ်ခုလုံး ထည့်လိုက်တော့(မှန်ပါ)။

ဒီတော့ ခင်ဗျားတို့မတွေ့တဲ့ပစ္စည်းလား (တွေ့တဲ့ပစ္စည်းပါ)၊ အဲ ခင်ဗျားတို့သန္တာန်မှာတွေ့တဲ့စိတ်ကိုသာ ဖြစ်ပျက် ရှုပါ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဖြစ်ပျက်ရှုရပါမယ်

မြင်တဲ့စိတ်လာရင် ဘာလုပ်မယ်(ဖြစ်ပျက်ရှုရပါမယ်)၊ ကြားစိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ နံစိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ စားစိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ယားစိတ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။

ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေးလာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဝမ်းထဲ လောဘကလေးပေါ်လာရင် (ဖြစ်ပျက် ရှုရပါမယ်)၊ ဒေါသကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ဝမ်းထဲမှာ သံသယကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ရှုချင်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ ရှိုက်ချင်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။

အဲဒီတော့ အဲဒါပေါင်းလိုက်လို့ရှိရင် (၃၇) ပြည့်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ (၃၇)တွေ ဘာတွေ ခင်ဗျားတို့ရေးမနေနဲ့တော့၊ မြင်စိတ်လဲ ရှုရမှာပဲ၊ ကြားစိတ်လဲ ရှုရမှာပဲ၊ နံစိတ်လဲ ရှုရမှာပဲ၊ စားစိတ်လဲ ရှုရမှာပဲ၊ ဒေါသလာရင်ကော (ရှုရမှာပါပဲ)၊ မောဟလာရင်ကော (ရှုရမှာပါပဲ)။

ကုသိုလ်ပြုချင်တဲ့စိတ်ကလေးလာရင်ကော (ရှုရမှာပါ)၊ ဖြစ်ပျက်ရှုရမယ်နော်(မှန်ပါ)၊ ကုသိုလ်ပြုချင်တဲ့စိတ်ကလေး ပေမယ့် ဒကာကြွယ်ရ၊ ကုသိုလ်မပြုလိုက်ရလို့ရှိရင် ကုက္ကုစ္စ ဖြစ်ချင်ဖြစ်သွားမှာ၊ ဒါကြောင့် ဖြစ်ပျက်တော့ရှုရမယ်(မှန်ပါ)။

တစ်ခါတလေ သူတစ်ပါး သနားတဲ့စိတ်ကလေးပေါ်လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်)၊ ဘာမှမပေါ်လာရင် ဝမ်းထဲ မှာ ရှုတဲ့စိတ်ကလေး ဖြစ်ပြီးပျက်တယ်(မှန်ပါ)၊ ရှိုက်တဲ့စိတ်ကလေးကော (ဖြစ်ပြီးပျက်ပါတယ်)။

ဉာဏ်ကလေးနဲ့ မျက်စိမှိတ်ပြီးတော့သာရှု၊ အဲဒါ ခင်ဗျားတို့ ရှုနိုင်တဲ့စိတ်ဆိုရင် လွဲပါ့မလား(မလွဲပါဘူး)၊ အဲဒီ စိတ်တွေကိုသာ ရှု၊ အဲဒီစိတ်တွေဟာ အရေအတွက်ပေါင်းလိုက်ရင် (၃၇)ပါးရှိတယ်** (မှန်ပါ)။

** ပုထုဇဉ်တို့သန္တာန်မှာရနိုင်တဲ့ ကုသိုလ်စိတ် ၁၂ပါး၊ ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇၊ မဟာကုသိုလ်စိတ် ၈ပါး၊ ပေါင်း ၃၇ပါးကို ဆိုလိုသည်။

(၃၇) ပါးဆိုတော့

(၃၇) ပါးဆိုတော့ တစ်ခုစီရေတွက်နေရတာ ဒကာ ဒကာမတွေ မရှုတတ်ဘဲနေမှာစိုးလို့၊

မြင်စိတ်ရှု၊ ကြားစိတ်ရှု (မှန်ပါ)၊ မြင်စိတ်ဆိုရင် မျက်လုံးထဲမြင်ပြီး ပျက်တာပဲ(မှန်ပါ)၊ ကြားစိတ်ကလေးဟာ နားထဲမှာပေါ်တယ်၊ ကြားပြီးတော့ (ပျက်ပါတယ် ဘုရား)၊

နံစိတ်ကလေးဟာ နှာခေါင်းအဆုံမှာပေါ်တယ်၊ နံပြီးတော့ (ပျက်ပါတယ်)၊ စားစိတ်ကလေးဟာ လျှာအလယ်မှာပေါ်တယ်၊ ပေါ်ပြီး မပျက်ဘူးလား (ပျက်ပါတယ်)၊ ကိုယ်ပေါ်မှာ ယားတဲ့စိတ်ကလေး ပေါ်တယ်၊ ယားတဲ့ စိတ်ကလေး ဖြစ်ပျက်ရှု(မှန်ပါ)၊ ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်)။

ဝမ်းထဲမှာ တစ်ခါတည်း ဘာကလေးရချင်လိုက်တာဆိုရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။ အဲဒါ လောဘပဲ။ ဒါဖြင့် မရလို့စိတ်ပျက်နေတယ်ဆိုရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။

ဒါကလေးဟာ ကျုပ်ဖြင့် ရမှရပါ့မလားလို့ သံသယရှိတယ်ဆိုရင်ကော (ဖြစ်ပျက်ရှုရပါမယ်)။ အဲဒါမောဟစိတ် ဖြစ်ပျက်ရှုတာပဲ (မှန်ပါ)။

ကုသိုလ်ကလေးပြုချင်တယ်ဆိုတာကော (ဖြစ်ပျက်ရှုရပါမယ်)၊ ကျုပ်ဖြင့် ဟိုပုဂ္ဂိုလ်ကို မေတ္တာထားနေတယ်ဆိုရင် ကော (ဖြစ်ပျက်ရှုရပါမယ်)။

ဘာမှမပေါ်ဘူးဆိုရင် လေထုတ်တဲ့စိတ်နဲ့ လေရှိုက်တဲ့စိတ်ကလေးနှစ်ခုကို လှည့်ရှုပါ(မှန်ပါ)၊ ပေါ်လာရင်တော့ ခုနင်ကဟာတွေ ပြန်လိုက်ပါ(မှန်ပါ)၊ မြင်စိတ်လာရင် မြင်စိတ်လိုက်၊ လောဘလာရင် လောဘလိုက်ဆိုတော့ အားသေးရဲ့ လား(မအားပါဘူး)။

အဲဒီလိုရှုနေတော့ ဖြစ်ပျက်ရှုတာက မဂ်၊ ဖြစ်ပျက်ဆိုတာ ငါဟုတ်သေးရဲ့လား၊ အနိစ္စဖြစ်မသွားဘူးလား(ဖြစ်သွား ပါတယ်)၊ ဒါဖြင့် အနိစ္စနောက်ကမြင်တာက မဂ္ဂမဖြစ်ဘူးလား (ဖြစ်ပါတယ်)။

အနိစ္စနဲ့မဂ္ဂတွဲတော့ ဒိဋ္ဌိရှိသေးရဲ့လား

ဒါဖြင့် အနိစ္စနဲ့မဂ္ဂတွဲတော့ ဒိဋ္ဌိရှိသေးရဲ့လား (မရှိပါဘူး)၊ ငါမြင်တယ်ဆိုတာ ရှိသေးရဲ့လား (မရှိပါဘူး)၊ မြင်ပြီး ပျက်သွားတာပဲဆိုတော့ ဪ အနိစ္စသဘောကလေးပဲလို့ သိမသွားဘူးလား (သိသွားပါတယ်)။

အဲဒီလိုသိသွားတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒါဟာ ဒိဋ္ဌိခွါလိုက်ပါပြီ (မှန်ပါ)၊ ဒိဋ္ဌိခွါလိုက်တော့ ဒီဖြစ်ပျက်တွေ မြင်အောင်ကြည့်ကြ(မှန်ပါ)။

သတ္တဝါတို့ သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မြင်စိတ်ကလေးပေါ်တယ်ဆိုတော့ မြင်စိတ်ကလေးနဲ့ အသက်ရှင်နေတာ ဒကာ ဒကာမတို့(မှန်ပါ)၊ ကြားစိတ်ပေါ်ရင် (ကြားစိတ်နဲ့အသက်ရှင်နေပါတယ်)၊ ကြားစိတ်နဲ့ အသက်ရှင်နေတာ သေချာ ပလား (သေချာပါပြီ)။

အဲဒီတော့ ကိုယ့်အသေကို ကိုယ်မြင်တော့ မုန်းလာလိမ့်မယ်(မှန်ပါ)၊ မြင်စိတ်ကလေးနဲ့ အသက်ရှင်နေတာ၊ မြင်စိတ် ကလေးပျောက်သွားတော့ ဒကာကြွယ်တစ်ယောက် သေပြီ(မှန်ပါ)၊ ဒကာဦးလှဖူးတစ်ယောက် (သေပါပြီ ဘုရား)။

ကြားစိတ်ကလေးကြားတော့ ကြားစိတ်ကလေးနဲ့အသက်ရှင်မနေဘူးလား (ရှင်နေပါတယ်)၊ တော်တော်ကြာကျ တော့ ကြားစိတ်ကလေး ပျက်စီးသွားတော့ ဦးလှဖူးတစ်ယောက် ဘယ့်နှယ်နေသတုံး (သေပါတယ် ဘုရား)။

ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တော့ မမုန်းပေဘူးလား (မုန်းပါတယ်)၊ မုန်းတဲ့အခါကျတော့ ဒီအသေကြီးကို လိုချင်ပါတယ် လာမလား၊ နောက်ကို မလိုချင်တော့ဘူး လာမလား(မလိုချင်တော့ဘူး လာပါမယ်)။

မဂ်ဆိုက်သွားတဲ့အခါကျတော့

မလိုချင်တော့ဘူးလို့လာရင် အဲဒါမဂ်ဆိုက်တာပဲ(မှန်ပါ)၊ အဲဒီမဂ်ဆိုက်သွားတဲ့အခါကျတော့ အပါယ်လေးပါး တံခါးလုံးလုံးပိတ်တယ်(မှန်ပါ)၊ ဘာဖြစ်လို့ပိတ်သတုံးဆိုတော့ ဒိဋ္ဌိသံယောဇဉ်ပြတ်သွားလို့ (မှန်ပါ)။

ဘာကြောင့်ပါလိမ့် (ဒိဋ္ဌိသံယောဇဉ်ပြတ်သွားလို့ပါ ဘုရား)၊

ဒိဋ္ဌိသံယောဇဉ်ပြတ်သွားတဲ့အတွက် မဂ်ဆိုက်သွားပြီဆို တော့ သေချာပလား (သေချာပါပြီ)။

အဲ ဒိဋ္ဌိသံယောဇဉ်တစ်လုံးကို ခင်ဗျားတို့က ရှုပေး၊ အိမ်မှာ ဟုတ်လား (မှန်ပါ)၊

နောက်သီတင်းကျတော့ တဏှာ သံယောဇဉ်ပြတ်ပုံ ခင်ဗျားတို့ကိုပြောမယ်၊ ပြောတဲ့အခါကျလို့ရှိရင် အဲဒါက သကဒါဂါမ်၊ အနာဂါမ်ဖြစ်နိုင်တဲ့တက်လမ်း (မှန်ပါ)၊ ဒိဋ္ဌိသံယောဇဉ်ပြတ်တဲ့လမ်းကို ခင်ဗျားတို့ကြိုးစားနေကြရင် သောတာပန်တည်နိုင်တယ်(မှန်ပါ)။

ရှင်းပလား (ရှင်းပါပြီ)။

ကဲ ယနေ့ သည်တွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု

ဤတွင် အမှတ်စဉ် (၃၈) ပြီးပြီ။