13811

မာတိကာသို့

ကလျာဏမိတ္တကြောင့် လုံးလုံးနိဗ္ဗာန်ရကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော

ကလျာဏမိတ္တကြောင့် လုံးလုံးနိဗ္ဗာန်ရကြောင်း

အလုပ်ပေးတရားတော်

(၁၀-၁၁-၁၉၆၁)

အတိတ်ကြောင်းခြင်းရာငါးပါးဆိုတာ

အတိတ်ကြောင်းခြင်းရာ ငါးပါးဆိုတာ သိကြရဲ့လား(မှန်ပါ)၊ အတိတ်ကြောင်းခြင်းရာငါးပါး တွေ့ပလား (တွေ့ပါ ပြီ)။

အတိတ်ကဖြစ်ခဲ့တဲ့ အကြောင်းခြင်းရာ ငါးပါး၊ ဘယ်သူပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ အောက်က အကြောင်း ကို ကြည့်လိုက်။ အဝိဇ္ဇာရယ်၊ သင်္ခါရရယ်၊ တဏှာရယ်၊ ဥပါဒါန်ရယ်၊ ဘဝရယ် ဘယ်နှစ်ခုပြသတုံး (ငါးပါးပါ ဘုရား)။

သေသေချာချာ ကြည့်ပါ။ သေသေချာချာကြည့်ပါ။ အဲဒါ ယခုဘဝပေါ်တဲ့တရား မဟုတ်ဘူး။ လွန်ခဲ့တဲ့ဘဝများစွာ က ခင်ဗျားတို့ သန္တာန်မှာ ကိန်းအောင်းတဲ့တရားလို့ မှတ်ပါ(မှန်ပါ)။

အဲဒီမှာ အဝိဇ္ဇာဆိုတာ ဘာတုံးလို့မေးတဲ့ အခါကျတော့ သစ္စာမသိတာလို့ မှတ်လိုက်စမ်းပါ(မှန်ပါ)၊ ဒုက္ခသစ္စာကို လဲ ပိုင်းခြားရမယ်လို့ မသိပါဘူး။ သမုဒယသစ္စာလဲ ပယ်ရမယ်လို့ မသိပါဘူး။ နိရောဓသစ္စာကိုလဲ မျက်မှောက်ပြုမှ အေးမှာပဲလို့ မသိပါဘူး။ မဂ္ဂသစ္စာကိုလဲ ကိုယ့်သန္တာန်မှာ ပွားများရမည့်တရားလို့ မသိပါဘူး။

ဒါ ဘယ်သူ့သတ္တိပါလိမ့် (အဝိဇ္ဇာသတ္တိပါ ဘုရား)၊ ဦးသန်းမောင်တို့ ရှင်းပြီ၊ ဦးသံဒိုင်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မသိတော့ကို ခင်ဗျားတို့ ၂ နံပါတ်ကူးလိုက်၊ အဝိဇ္ဇာနောက်က သင်္ခါရကို ကူးလိုက်နော်(မှန်ပါ)။

သင်္ခါရဆိုတာ ပြုပြင်တဲ့တရား၊ ပြုပြင်တာ သင်္ခါရဆိုတာ တရားကိုယ် ကောက်လိုက်ပါဦးဆိုလို့ရှိရင် ကုသိုလ်၊ အကုသိုလ် စေတနာလို့ မှတ်လိုက်(မှန်ပါ)။

အဲဒီတော့ အကုသိုလ်တွေကိုလဲ ခင်ဗျားတို့က လောဘ၊ ဒေါသ၊ မောဟ၊ စေတနာတွေကိုလဲ လုပ်တာပဲ။ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မဘုံရောက်ကြောင်း ဖြစ်တဲ့ ကုသိုလ် စေတနာတွေကိုလဲ လုပ်တာပဲ (မှန်ပါ)၊ အဲဒါတွေကို သင်္ခါရခေါ်ပါတယ် (မှန်ပါ)။

အကုသိုလ်စေတနာတွေကိုလဲ ဘာခေါ်ကြမယ်(သင်္ခါရပါ ဘုရား)၊ ဘုံဘဝရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်တွေလုပ် နေတဲ့ ကာမကုသိုလ်လုပ်လုပ်၊ ရူပကုသိုလ်လုပ်လုပ်၊ အရူပကုသိုလ်လုပ်လုပ် ဘာခေါ်ကြမယ် (သင်္ခါရပါ ဘုရား)။

မသိလို့လုပ်တာ

ဒီနှစ်ခုကို ပြန်လှည့်လိုက်ပါ၊ မသိလို့လုပ်တာ၊ မသိတာက ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)၊ လုပ်တာက (သင်္ခါရပါ ဘုရား)။

ဒါဟာ အတိတ်ကလုပ်ခဲ့တာနော်(မှန်ပါ)၊ မသိလို့လုပ်တာတွေ၊ မသိလို့လုပ်ပြီး ခင်ဗျားတို့က သာယာပါသေးတယ်၊ တဏှာဖြစ်သေးတယ် (မှန်ပါ)၊ ကိုယ်လုပ်ထားတာလေးကတော့ ကိုယ်ရမှာ၊ သိပ်ဟန်ကျမှာပဲဆိုတဲ့ တဏှာက လာသေး တယ်(မှန်ပါ ဘုရား)၊ တဏှာလာရုံတင်မဟုတ်ဘူး၊ ဥပါဒါန်က စွဲလန်းသေးတယ် (မှန်ပါ)။

ဘဝဆိုတာ ကမ္မဘဝကို ယူလိုက်စမ်းပါ(မှန်ပါ)၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ယူလိုက်စမ်းပါ (မှန်ပါ)၊ အဲဒီ ကံကို ကံလို့ဆိုတယ်၊ ဘဝဖြစ်ကြောင်းဖြစ်သောကြောင့် ကမ္မဘဝလို့မှတ်လိုက်စမ်းပါ (မှန်ပါ)။

အဲဒီတော့ အတိတ်အကြောင်း ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)၊ ပါသားပဲ ဒီမှာ၊ အတိတ်အကြောင်း ခြင်းရာငါးပါးလို့(မှန်ပါ)။

အတိတ်အကြောင်း ခြင်းရာငါးပါးလို့ ပါခဲ့တော့ အထက်မှာ မြားနှစ်ချက်ပြထားတာ ကြည့်လိုက်တော့ ကိလေသဝဋ်နဲ့ ကမ္မဝဋ်နှစ်ပါးကို လုပ်ပြတာကိုး(မှန်ပါ)။

ကိလေသဝဋ်က သုံးပါး၊ ကမ္မဝဋ်က နှစ်ပါး(မှန်ပါ)၊ အဝိဇ္ဇာ၊ တဏှာ ဥပါဒါန်တွေကို ကိလေသဝဋ်ကို မှတ်လိုက် တာပေါ့(မှန်ပါ)၊ သင်္ခါရနဲ့ဘဝကို ကမ္မဝဋ်လို့ မှတ်လိုက်တာပေါ့(မှန်ပါ)၊ ကံချည်းပဲ သူတို့နှစ်ပါးက နော်(မှန်ပါ)။

ကဲ ဦးသံဒိုင်တို့ တွေ့ရဲ့လား(တွေ့ပါတယ် ဘုရား)၊ ကိလေသဝဋ်က ဘယ်နှစ်ပါးတွေ့သလဲ(သုံးပါးပါ)၊ အဲဒါ အဝိဇ္ဇာ၊ တဏှာ ဥပါဒါန်ကို ယူလိုက်ပါ(မှန်ပါ)၊ ကမ္မဝဋ်နှစ်ပါးက သင်္ခါရရယ်၊ ဘဝရယ် ယူလိုက်စမ်းပါ(မှန်ပါ)။

ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပဲ ကြိုးစားခဲ့ကြတယ်

ဪ ဒါဖြင့် ခင်ဗျားတို့ ဝဋ်နှစ်ပါးက ခင်ဗျားတို့အတိတ်ဘဝက ကြိုးစားခဲ့တယ်(မှန်ပါ)၊ ဘယ်နှယ့်တုံး၊ သဘော ကျကြရဲ့လား (ကျပါတယ်)၊ ဘာများ ကြိုးစားခဲ့ကြသတုံး (ဝဋ်နှစ်ပါးကိုကြိုးစား ခဲ့ကြပါတယ်)၊ ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပဲ ကြိုးစားခဲ့ကြတယ်(မှန်ပါ)။

ဪ ဒီဒကာ ဒကာမတွေ အတိတ်ဘဝတွေတုန်းက ဘာတွေများဆည်းပူးခဲ့ပါလိမ့်မတုံးဆိုတော့ ဝဋ်ဖြစ်ကြောင်း နှစ်ပါး ဘုရား။ ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကို ဆည်းပူးခဲ့ကြတယ်(မှန်ပါ)။

ဒီနှစ်ပါးပေါင်းလိုက်တော့ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝပါပဲ (မှန်ပါ)၊ ကိလေသဝဋ်နဲ့ ကမ္မဝဋ်ဖြန့်လိုက် တော့ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ လာဖြစ်တယ်(မှန်ပါ)၊ ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒီဝဋ်နှစ်ပါးဖြန့်လိုက်စမ်းပါ (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ လာဖြစ်ပါတယ် ဘုရား)၊ ဦးသန်းမောင်တို့ သေချာပြီ(မှန်ပါ)၊ ဦးသံဒိုင်ကော သေချာရဲ့လား(သေချာပါတယ်)။

ဒါ ပွင့်ပွင့်လင်းလင်း လျှောက်ရမယ်။ ဒါနားလည်မှ အလုပ်ကိုပေးလို့ဖြစ်မယ်(မှန်ပါ)၊ ကိုယ်လည်နေတဲ့ အကြောင်း ကိုယ်သိမှသာလျှင် ကိုယ်ဖြစ်ချင်တဲ့အကြောင်း ပေါ်ပေါက်လာမယ် ဆိုတာမှတ်ပါ(မှန်ပါ ဘုရား)။

ကိုယ်တိုင်ဖြတ်မယ်လို့ ရည်ရွယ်ထားပါ

နောက်က ဒကာ ဒကာမတွေလဲ အိပ်နေလို့မဖြစ်သေးဘူးနော်၊ နားလည်အောင်ကြိုးစားကြရမယ်(မှန်ပါ)၊ သူများ ပြောသံကြားနဲ့ ကြိုးစားဖို့မဟုတ်ဘူး၊ ကိုယ်တိုင်ဖြစ်အောင်လုပ်ပြီး ကိုယ်တိုင်ဖြတ်မယ်လို့ ရည်ရွယ်ထားပါတယ်ဆိုပြီး စိတ်ထဲမှာ ဆုံးဖြတ်ချက်ချပါ(မှန်ပါ ဘုရား)။

ဒါဟာ ကိုယ့်ခန္ဓာတွေပဲ။ အဝိဇ္ဇာလဲ ကိုယ့်ခန္ဓာ၊ သင်္ခါရလဲ ကိုယ့်ခန္ဓာပဲ။ တဏှာကော (ကိုယ့်ခန္ဓာပါ ဘုရား)၊ အတိတ်ဘဝက ကိုယ့်ခန္ဓာပဲ(မှန်ပါ)၊ ဥပါဒါန်ကော (ကိုယ့်ခန္ဓာပါပဲ ဘုရား)၊ ဘဝဟာကော(ကိုယ့်ခန္ဓာပါပဲ)။

ဪ အတိတ်ဘဝက ဒီခန္ဓာတွေ ကြိုးစားခဲ့တဲ့အတွက်၊ အတိတ်အကြောင်းခြင်းရာငါးပါး ကြိုးစားခဲ့တဲ့ အတွက်၊ တစ်နည်း ဝဋ်နှစ်ပါး ကြိုးစားခဲ့တဲ့အတွက်ဆိုရင်ရော လွဲသလား(မလွဲပါဘူး)။

အတိတ်အကြောင်း ငါးပါး ကြိုးစားခဲ့တဲ့အတွက်ဆိုလဲ မှန်တာပဲ(မှန်ပါ)၊ ဝဋ်နှစ်ပါး ကြိုးစားခဲ့တဲ့အတွက် ဆိုရင်ရော (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ စပ်ဆိုတဲ့အထက်နားက စုတိကလေးတစ်ခု အဲဒီအတိတ်ဘဝမှာ ကံကုန်လို့သေပါပြီ ဆိုတော့ ဘာတွေဖြစ်သတုံးလို့ မေးတဲ့အခါကျတော့ ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး ခင်ဗျားတို့ ဖြစ်ကြသည်။ နံပါတ် ၂ ကြည့်၊ တွေ့တယ် မဟုတ်လား (တွေ့ပါတယ် ဘုရား)။

ဘယ်သူတုံးဆိုတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား)။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ အခု ဦးသံဒိုင်ကြီးတို့ ကိုယ်ရထားတာ ဒါပဲလို့မှတ်လိုက်စမ်းပါ(မှန်ပါ ဘုရား)။

ဘာတွေရထားသတုံး (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတွေ ရထားပါတယ် ဘုရား)၊ အင်း ခန္ဓာလို ဖွဲ့လိုက်ရင် အဲ့ဒါ ငါးပါးလို့မှတ်လိုက်စမ်းပါ။ ခန္ဓာငါးပါးပါပဲ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာနည်းနဲ့ ဝေဖန်တော့ ငါးပါးရတယ်

ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ ဝေဖန်တော့သာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ ခန္ဓာနည်းနဲ့ ဝေဖန်တော့ ငါးပါးရတယ်(မှန်ပါ)။

ဝိညာဏ်ဆိုတာ ပဋိသန္ဓေဝိညာဏ်၊ နာမ်ရုပ်ဆိုတာသည် ရုပ်က ၂၈ ခု၊ စေတသိက်က ၅၂၊ သဠာယတန ဆိုတာ သည် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန ကလေးထည့်လိုက်တော့၊ မနဆိုတာ စိတ်ပါပဲနော်(မှန်ပါ)။

နောက်ပြီး ဖဿရယ်၊ ဝေဒနာရယ် ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါးတုံး (ငါးပါးပါ ဘုရား)၊ ရှေ့နားကကြည့် လိုက်ပါ။ ပစ္စုပ္ပန်အကျိုးအခြင်းအရာ (ငါးပါးပါ ဘုရား)။

ဪ ပစ္စုပ္ပန်ဘဝ ခင်ဗျားတို့ ပုဂ္ဂိုလ်သတ္တဝါ မပေါ်ပါဘူး ဦးသန်းမောင်တို့၊ ဦးသံဒိုင်တို့ (မှန်ပါ)၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါ်လာတယ်(မှန်ပါ)။

ယောက်ျားတွေပေါ်လာသလား၊ မိန်းမတွေပေါ်လာသလား (မပေါ်ပါဘူး ဘုရား)၊ ခန္ဓာငါးပါးပါပဲ၊ ပဋိစ္စသမုပ္ပါဒ် နည်းနဲ့ ပြောလိုက်တယ် (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာပါ)။

အဲ အဲဒီ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါ်လာတယ်ဆိုတာဖြင့် ကျုပ်တို့ ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။

ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ရပြီးသားပုဂ္ဂိုလ်များ ရွတ်ကြည့်ပါ၊ ဘဝပစ္စယာ ဇာတိ ဆိုတာ ဝိညာဏ် စသည်ပဲဗျ နော်(မှန်ပါ)၊ သဘောကျပြီ (ကျပါပြီ ဘုရား)။

ကောင်းပြီ၊ မြားကလေးနဲ့ ပြလိုက်တယ်။ စပ်ဆိုတာကလေး မပါဘူးလား(ပါပါတယ်)၊ ဪ အတိတ်နဲ့ ပစ္စုပ္ပန် ဖြင့် ခင်ဗျားတို့စပ်သွားပြီ(မှန်ပါ)။

အတိတ်နဲ့ပစ္စုပ္ပန်ဖြင့် ခင်ဗျားတို့စပ်သွားပြီ

အတိတ်နဲ့ပစ္စုပ္ပန်ဖြင့် ခင်ဗျားတို့စပ်သွားပြီ(မှန်ပါ)၊ အတိတ်အကြောင်းငါးပါးနဲ့ ပစ္စုပ္ပန်အကျိုးငါးပါး ဘာဖြစ်သွား သတုံး(စပ်သွားပါတယ်)၊ ဆက်စပ်သွားပြီ ပြောတာ(မှန်ပါ)၊ ဦးသံဒိုင် တွေ့လိုက်ရဲ့လား(တွေ့ပါတယ် ဘုရား)။

ဘာဖြစ်လို့ ခင်ဗျားတို့ဆက်စပ်အောင်လုပ်ပါလိမ့်မလဲတဲ့၊ အခုဆက်စပ်သွားပြီဆိုတော့ အဝိုင်းတစ်ခြမ်း ဖြစ်သွား ပြီ(မှန်ပါ)၊ ဒီအဝိုင်းကြီးဟာ ဝိုင်းတော့မယ်ဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။

ခင်ဗျားတို့အတိတ်က ကိုလေသဝဋ်၊ ကမ္မဝဋ်တွေ လုပ်ခဲ့တဲ့အတွက် ယခုဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ဥစ္စာကို ဝိပါကဝဋ်လို့ မှတ်လိုက်ပါတော့(မှန်ပါ)။

ဝဋ်အားဖြင့် ဘာပါလိမ့် (ဝိပါကဝဋ်ပါ ဘုရား)၊ လုံးထွေးတဲ့အကျိုးကြီးတော့ ရပြီ(မှန်ပါ)၊ လုံးတဲ့ဝိုင်းတဲ့ အကျိုး ကြီးတော့ ရပြီလို့ဆိုလိုရင်း(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

သေသေချာချာ ဉာဏ်နဲ့ကြည့်ပါ၊ ဒါ ကိုယ့်ခန္ဓာ တန်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြပါတယ် (မှန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် နောက်ပြန်လှည့်လိုက်ပါ၊ ၁ နံပါတ် ပြန်ပြီးလှည့်လိုက်တော့ သမုဒယသစ္စာလို့ အောက်ပိုင်းမှာ တွေ့လိမ့်မယ်(မှန်ပါ)၊ မတွေ့ဘူးလား (တွေ့ပါတယ်)၊ ကိုထွန်းရင် တွေ့ရဲ့လား (မတွေ့သေးပါဘူး ဘုရား)။

မတွေ့သေးဘူး သေသေချာချာလုပ်၊ အောက်ဆုံးမှာ သမုဒယသစ္စာ(မှန်ပါ)၊ အဲဒါမပါရင် မရှင်းဘူး (မှန်ပါ)၊ ဒါ နားမလည်လို့ရှိရင် ဦးသံဒိုင် ဖြတ်ခန်းမပြနိုင်ဘူး(မှန်ပါ)။

အတိတ် အကြောင်းဆိုတော့

ကိုင်း ၁ နံပါတ်မှာ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတွေဟာ လွန်ခဲ့ပြီးသော အတိတ်ကာလ၊ အတိတ် အကြောင်းဆိုတော့ သမုဒယသစ္စာပါပဲ(မှန်ပါ)။

ခင်ဗျားတို့ ကြိုးစားခဲ့သရွေ့ အတိတ်ကကြိုးစားခဲ့တဲ့ ဝဋ်နှစ်ပါးရယ်၊ အခြင်းအရာငါးပါးရယ်၊ အဲဒီထဲပါတဲ့ အဝိဇ္ဇာ၊ သင်္ခါရတွေရယ်။ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ဘာမှတွေးမနေနဲ့၊ သမုဒယသစ္စာချည်း လုပ်ခဲ့တာပဲ(မှန်ပါ)၊ တွေ့ကြ ပလား (တွေ့ပါပြီ ဘုရား)၊ ဘာသစ္စာတုံး (သမုဒယသစ္စာပါ)။

ကိုင်း ဒါဖြင့်မေးပြီ၊ ဦးညွန့်တို့လဲ သမုဒယသစ္စာလုပ်တဲ့ပုဂ္ဂိုလ်ဟာဖြင့် ဒုက္ခကျွတ်ရေး မမြင်သေးပါဘူး (မမြင် ပါဘူး)။

ဒါကြောင့် ကြည့်ပါ၊ ပစ္စုပ္ပန်အကျိုးအခြင်းရာငါးပါးဆိုပြီး ၂ နံပါတ်မှာ တွေ့ကြရဲ့လား(တွေ့ပါတယ်)၊ ဘာတွေ ပေါ်လာသတုံးဆိုတော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးပေါ်လာတယ်(မှန်ပါ)၊ သစ္စာနဲ့ ကြည့်လိုက်တော့ ဘာသစ္စာပေါ်လာတုံး (ဒုက္ခသစ္စာပေါ်တာပါ)။

ဖြစ်မှဖြစ်ရလေ ဦးသန်းမောင် ဟင်(မှန်ပါ)၊ အတိတ်က သမုဒယသစ္စာကြိုးစားခဲ့တဲ့အတွက် ယခုဘဝ ဒုက္ခသစ္စာ ကြီးတော့ လှလှကြီးရနေပြီ (မှန်ပါ)။

ကိုထွန်းရင် ဘာရသလဲ (ဒုက္ခသစ္စာ ရပါတယ်)၊ ဘာတွေကြိုးစားခဲ့ကြသတုံး (သမုဒယသစ္စာ ကြိုးစားခဲ့ပါတယ်)၊ အတိတ်ဘဝက သမုဒယသစ္စာကြိုးစားခဲ့တဲ့အတွက် ယခုဘဝမှာဖြင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ပစ္စုပ္ပန်အကျိုးအခြင်းရာငါးပါး

ဒါကြောင့် ပစ္စုပ္ပန်အကျိုးအခြင်းရာငါးပါးဖြင့် ခင်ဗျားတို့ ပြေးလို့လွတ်ပါ့မလား (မလွတ်ပါဘူး ဘုရား)၊ ယခု ဦးသံဒိုင်ကြီးတို့၊ ဦးသန်းမောင်တို့၊ ဦးညွန့်တို့ ဘာသစ္စာထဲမှာ ခင်ဗျားတို့နေရပါလိမ့် (ဒုက္ခသစ္စာထဲမှာ နေရပါတယ်)။

ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ယခုရှုရမှာက ရထားတာက ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာပဲ ဘုန်းကြီးက အရှုခိုင်းရမှာပဲ (မှန်ပါ)။ ရထားတာက (ဒုက္ခသစ္စာပါ ဘုရား)၊ အရှုခိုင်းရင်(ရှုခိုင်းရမှာပဲ)၊ ဒုက္ခသစ္စာပဲအရှုခိုင်းရမယ်ဆိုတာ ဒီမှာ အဝိုင်း အတွင်းမှာ ပေါ်လာတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါ ယီးတီးယားတား လုပ်လို့တော့ မရဘူး(မှန်ပါ)၊ ကိုယ့်ခန္ဓာလည်တာ ကိုယ်သိမှ ကိုယ့်ခန္ဓာ ဖြတ်ချင်မယ်(မှန်ပါ)၊ ဒါ တော်တော်အရေးကြီးတယ်ဆိုတဲ့ အဓိပ္ပါယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဦးသံဒိုင် ပေါ်ရဲ့လား(ပေါ်ပါတယ်)။

ဦးသံဒိုင်တို့ နောက်ဘဝက ဘယ်သစ္စာတွေများ ခင်ဗျားတို့ ကြိုးစားခဲ့ပါလိမ့် (သမုဒယသစ္စာ ကြိုးစားခဲ့ပါတယ်)၊ ယခု ဘာတွေအမြတ်ထွက်နေပါလိမ့် (ဒုက္ခသစ္စာတွေ ထွက်နေပါတယ်)၊ သမုဒယရင်းလို့ ဒုက္ခအမြတ်ထွက် နေပါပေါ့လား (မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။

နောက်ကလဲ လူမိုက်၊ အခုလဲ မလိမ္မာ ဟင်(မှန်ပါ)၊ နောက်ကလဲ သမုဒယသစ္စာကြိုးစားခဲ့တဲ့လူမို့ လူမိုက်(မှန်ပါ)၊ သမုဒယသစ္စာဆိုတာ ပယ်ရမည့်တရားမဟုတ်လား (မှန်ပါ)၊ အဲဒါကြိုးစားခဲ့တဲ့အတွက် ဘယ်နှယ့်ဆိုကြမလဲ (လူမိုက်ပါ ဘုရား)။

ယခုလဲ ကိုယ်ရထားတဲ့ဒုက္ခသစ္စာကြီးကိုပဲ ကိုယ်က ဒုက္ခသစ္စာလို့မသိတော့ ထပ်မိုက်ပြန်ပြီ(မှန်ပါ)၊ ဘယ့်နှယ် ဆိုကြမလဲ (ထပ်မိုက်ပြန်ပါပြီ)။

မိုက်ပုံက နှစ်ချက်ထပ်နေပြီ

မိုက်ပုံက နှစ်ချက်ထပ်နေပြီ (မှန်လှပါ)၊ ဒုက္ခရောက်လို့လဲ ဒုက္ခရောက်မှန်းမသိလို့ တစ်မိုက်၊ ဒုက္ခရောက်ကြောင်း အတိတ်ကလုပ်ခဲ့လို့ တစ်မိုက်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်နှစ်မိုက်ဖြစ်သလဲ(နှစ်မိုက်ဖြစ်ပါတယ်)၊ ဪ တစ်မိုက် က အကြောင်း၊ တစ်မိုက်က အကျိုး(မှန်ပါ)။

ဒါက သူများပြောလို့ မဆိုကြပါနဲ့၊ ဦးသံဒိုင် သူများပြောလား၊ မြတ်စွာဘုရားဟောတာလား (မြတ်စွာဘုရားဟော တာပါ ဘုရား)၊ ကိုယ့်ခန္ဓာဖြစ်စဉ် ဟုတ်ပါရဲ့လား၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)၊ အဲဒါ အမှန်ပါ(မှန်ပါ)။

ဘုရားဟောထားတာကို ဘုရားက ပရိနိဗ္ဗာန်စံသွားတော့ နောက်ပုဂ္ဂိုလ်တွေကဝင်ပြီးနှောထားတာလို့ ခင်ဗျားတို့ ဆိုချင်ဆိုလိမ့်ဦးမယ်။ ဆိုနေကြတဲ့ ပုဂ္ဂိုလ်တွေအချို့လဲ ရှိနေကြတာပဲ(မှန်ပါ)။

ဒီလိုမဆိုရအောင် ကိုယ့်ခန္ဓာကြီးအတိုင်း ဆက်စပ်နေတယ်ဆိုတာ ယုံကြည်ပလား (ယုံကြည့်ပါပြီ ဘုရား)၊ အခု ဘာသစ္စာနဲ့ ခင်ဗျားတို့နေရတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ)။

နာမ်ရုပ်ဆိုတော့ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာပိ ဒုက္ခာ လို့ ဆိုသောကြောင့် ဒီနာမ်ရုပ်ကို ဘာသစ္စာဖွဲ့မတုံး (ဒုက္ခသစ္စာဖွဲ့ပါမယ်)၊ သဠာယတနာဆိုတာလဲ စက္ခု၊ သောတ၊ ဃာန၊ ဇိတ၊ ကာယ၊ မန ဆိုသဖြင့် ရုပ်နဲ့နာမ်ပဲ(မှန်ပါ)၊ ဒါလဲ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)၊ ဖဿကကော (ဒုက္ခသစ္စာပါပဲ)၊ ဝေဒနာကကော (ဒုက္ခသစ္စာပါပဲ)။

ဒါဖြင့် ဖောက်ပြန်တာချည်းပဲ၊ မဖောက်ပြန်တဲ့တရားကို ဒီအထဲပါရဲ့လား (မပါပါဘူး)၊ ဒါဖြင့် ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

အဲဒါတွေကြည့်လိုက်တော့မှ ဪ ဦးသံဒိုင်ကြီးတို့ အတိတ်ကမိုက်မိတာ အခု မိုက်ကျိုးဖြင့်ခံစားနေရပြီ (မှန်ပါ ဘုရား)။ မိုက်မှုမိုက်ကြောင်းတွေ ကြိုးစားခဲ့တဲ့အတွက် မိုက်ကျိုးကြီးတွေဖြင့် သွားလို့မလွတ်၊ လာလို့မလွတ်၊ ထိုင်လို့လဲ မလွတ်၊ အိပ်နေလို့လဲ (မလွတ်ပါဘူး)။

ဖောက်ပြန်ပျက်စီးတတ်တဲ့ တရားချည်းပဲ

ဖောက်ပြန်ပျက်စီးတတ်တဲ့ တရားချည်းပဲ။ ဒါနဲ့ချည်းပဲနေရတာပဲ (မှန်ပါ)။ တစ်ပါးသောတရား နှောသေးသလား (မနှောပါဘူး)။

ဪ တို့ဖြစ်စဉ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မိုက်ကျိုးတွေဖြင့် ဒါနဲ့အဖော်လုပ်နေပါတယ်ဆိုတာ လွဲကြသေးရဲ့ လား (မလွဲပါဘူး ဘုရား)။ ဦးသန်းမောင် ကျေနပ်ရဲ့လား (ကျေနပ်ပါပြီ)။ ဘယ်တုန်းက ခင်ဗျားတို့က မိုက်ကြောင်းတွေ ခင်ဗျားတို့က ကြိုးစားခဲ့ပါလိမ့် (အတိတ်ဘဝကပါ ဘုရား)။

ယခုတော့ဖြင့် ခင်ဗျားတို့ ဘာတွေအဖော်လုပ်နေရသတုံးလို့ ဆရာဘုန်းကြီးကမေးရင် မိုက်ကျိုးကြီးတွေနဲ့ အဖော် လုပ်နေရပါတယ်ဘုရား(မှန်ပါ)၊ ကြည့်လေ ဝိညာဏ်နဲ့ အဖော်လုပ်နေရတယ်၊ နာမ်ရုပ်နဲ့ကော (အဖော်လုပ်နေရပါတယ်)၊ သဠာယတနာနဲ့ကော (အဖော်လုပ်နေရပါတယ်)၊ ဖဿနဲ့ကော (အဖော်လုပ်နေရပါတယ်)၊ ဝေဒနာနဲ့ကော (အဖော်လုပ်နေရ ပါတယ်)၊ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာတွေပါ ဘုရား)။

အောက်သွားကြည့်ပါ၊ ဒုက္ခသစ္စာလို့ ပါပါလိမ့်မယ် (မှန်ပါ)၊ ဘယ်ကာလမှာ ရနေတာတုံးဆိုတော့ ပစ္စုပ္ပန်အကျိုး တစ်လွှာလို့ပြထားတော့ ပစ္စုပ္ပန်အကျိုးကွ တဲ့(မှန်ပါ)၊ ကာလဖြင့် ပစ္စုပ္ပန်ကာလတဲ့။ ဖြစ်ပေါ်နေတာက အကျိုးတရား(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါကြောင့် ပစ္စုပ္ပန်အကျိုးတစ်လွှာ ဆိုတာကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပစ္စုပ္ပန်အကျိုးတစ်လွှာ

ဪ ဒါဖြင့် ဒီဟာ စာမှာမပါငြားသော်လဲ ဘုန်းကြီးက ထည့်ပေးလိုက်ပါတယ်။ ဒီငါးခုစလုံး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ။ ဦးသန်းမောင်တို့ ဝိပါကဝဋ်ပဲ(မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သူက အကျိုးပေးထားတာ(မှန်ပါ)၊ အကျိုးပေးတော့ ခင်ဗျားတို့ အခု ဝဋ်ကောင်ကြီးဆိုရင်လဲ လွဲပါ့မလား (မလွဲ ပါဘူး)။ ကျွတ်ပလားမေးရင် (မကျွတ်သေးပါဘူး)။

ဦးသန်းမောင် ကျွတ်ပလား (မကျွတ်သေးပါဘူး ဘုရား)။ တစ်နေ့လဲ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ၊ နောက်တစ်နေ့နေပြန်တော့လဲ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ(မှန်ပါ)၊ နောက်တစ်နာရီလဲ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ၊ နောက်တစ်နာရီလဲ (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာပါ)။

ဟာ ဒုက္ခတွေသာ လှည့်နေတာပဲဆိုရင် လွဲပါ့မလား (မလွဲပါဘူး)၊ မသေသရွေ့ ခင်ဗျားတို့ ဒီငါးခုနဲ့ နေရမှာပဲ (မှန်ပါ)။

ဒုက္ခငါးခုနဲ့နေရမယ်ဆိုသောကြောင့် ခင်ဗျားတို့သည် ဒီဥစ္စာ စာမှာမပါငြားသော်လဲ စာက အနာဂတ်ကျမှ ဝိပါကဝဋ် မှ ထည့်လိမ့်မယ်နော်(မှန်ပါ)၊ အဲဒါလဲ ဝိပါကဝဋ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဘယ်လိုဆိုကြမယ် (ဝိပါကဝဋ်ပါ ဘုရား)၊ ဝိပါကဝဋ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

မောင်ချစ်စိန်၊ သေသေချာချာမှတ်ပါ (မှန်ပါ)၊ ဘယ်အချိန်သင့်သတုံးဆိုတော့ ပစ္စုပ္ပန်ဘုရား၊ အခုသင့်နေတာပေါ့ (မှန်ပါ)၊ ပစ္စုပ္ပန်အကျိုးခြင်းရာ ငါးပါးက အခုသင့်နေတာလို့ မင်းတို့ကသာ အခု ဉာဏ်မျက်လုံးမပါလို့မသိတာ။ အခု သင့်နေတာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘယ်အခါမှသင့်နေတာတုံး (အခုသင့်နေတာပါ)၊ ပစ္စုပ္ပန်လို့ ပါနေပေါ့ပဲ(မှန်ပါ)၊ အင်း တစ်ပတ်တော့ တစ်ခြမ်း ပြည့်သွားပြီ(မှန်ပါ)၊ နောက်က ဒကာ ဒကာမတွေကော တွေ့ကြရဲ့လား (တွေ့ပါတယ် ဘုရား)၊ အေး တွေ့ကြအောင်ကြည့် ပါ(မှန်ပါ)၊ တစ်ခြမ်းပြည့်သွားပြီနော် (မှန်ပါ)။

အဲဒီတော့ ဒီဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာဆိုတာ ဖွဲ့လိုက်တော့ ခန္ဓာငါးပါး(မှန်ပါ)၊ ဘယ်လို များဖြစ်လို့ ပေါ်လာပါလိမ့်မတုံးဆိုတော့ မြားကလေးကြည့်လိုက်။ စပ်ဆိုတဲ့မြားကလေးဟာ ဟိုဘက်နဲ့ ဒီဘက်စပ်တာ (မှန်ပါ)။

အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုးစပ်တာ

အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုးစပ်တာ (မှန်ပါ)၊ မြားကလေးလဲတွေ့ကြရဲ့လား (တွေ့ပါတယ်)၊ ဘာနဲ့ဘာ စပ်သတဲ့ (အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုးစပ်ပါတယ် ဘုရား)၊ အတိတ်အကြောင်းနဲ့ ပစ္စုပ္ပန်အကျိုးစပ်တယ်ဆိုတာ ဦးသန်းမောင် မြားကလေးက ပြတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒကာ ဒကာမတို့၊ အတိတ်အကြောင်းလဲ သမုဒယသစ္စာ၊ ပစ္စုပ္ပန်အကျိုးက (ဒုက္ခသစ္စာပါ)၊ စပ်လိုက်တော့လဲ မီးနဲ့ထင်း သွားစပ်တယ်(မှန်ပါ)၊ သမုဒယသစ္စာက မီးပေါ့ဗျာ၊ ဒုက္ခသစ္စာက ထင်းပေါ့ဗျာ(မှန်ပါ)၊ မီးနဲ့ထင်းနဲ့ တွေ့နေပြီ ဦးသန်းမောင်၊ လောင်မှလောင်ပါ့မလား (လောင်ပါတယ် ဘုရား)။

ဦးညွန့် ဘာနဲ့ဘာတွေ့နေသလဲ (မီးနဲ့ထင်း တွေ့နေပါတယ် ဘုရား)၊ မီးက သမုဒယသစ္စာ၊ ထင်းက ဒုက္ခသစ္စာ (မှန်ပါ ဘုရား)။ သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ဒီဒကာ ဒကာမတွေ ဒီအတိုင်း ဆရာသမားကပစ်ထားတော့မယ်ဆိုလို့ရှိရင် ဝိုင်းတော့မှာပဲဆိုတာ သေချာတယ် (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဆရာသမား မကူသေးဘူး၊ ခင်ဗျားတို့ကို ပစ်ထားဦးမယ်နော် (မှန်ပါ)၊ ပစ်ထားရင် ဘယ်အခြေစိုက် မတုံး မေးတဲ့အခါ သမုဒယသစ္စာအထက်မှာ ၃မှာ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလဆိုတာ တန်းမပြဘူးလား(ပြပါတယ်)၊ တွေ့တယ် မဟုတ်လား (တွေ့ပါတယ် ဘုရား)၊ ဖတ်ပြစမ်းပါ (ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလပါ)။

အဲဒါနှစ်ခု ဆက်ပြထားတယ်(မှန်ပါ)၊ နှစ်ခုဆက်ပြီး ပြထားတော့ ခင်ဗျားတို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာထဲမှာ ခင်ဗျားတို့ ဘာတွေလုပ်နေသတုံး၊ ဒီခန္ဓာငါးပါးကြီးက ဘာတွေများသီးလို့ ဘာတွေများပွင့်နေပါလိမ့် မတုံးဆိုတော့ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရကို ပြန်လုပ်ပြန်တယ်(မှန်ပါ)။

ပစ္စုပ္ပန်ခန္ဓာကြီးက ဘာတွေများ သီးပွင့်လာပါလိမ့်

ပစ္စုပ္ပန်ခန္ဓာကြီးက ဘာတွေများ သီးပွင့်လာပါလိမ့် (တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရပါ ဘုရား)၊ ဟုတ်ပါ တယ်၊ အခုလဲ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာရှိနေတယ်။

ပြုချင်သလိုပြုတဲ့ သင်္ခါရအလုပ်တွေကော (ရှိပါတယ် ဘုရား)၊ ခင်ချင်သလိုခင်တဲ့ တဏှာတွေကော (ရှိပါတယ်)၊ စွဲလမ်းချင်သလို စွဲလမ်းတဲ့ ဥပါဒါန်တွေ (ရှိပါတယ်)၊ ကာယကံ၊ ဝစီကံဆိုတဲ့ ကမ္မဘဝတွေကော (ရှိပါတယ်)။

အခု ဘာလုပ်နေကြပါလိမ့်မတုံး၊ ယခု ခန္ဓာကြီးက ဘာတွေများ ပေါက်ဖွားနေကြပါလိမ့်မတုံး (တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရတွေ ပေါက်ဖွားပါတယ်)၊ နံပါတ် ၃ ဖြစ်လာတယ်။ တွေ့တယ်မဟုတ်လား (မှန်ပါ)။

ကိုထွန်းရင်၊ ခန္ဓာကြီးက ဘာတွေများသီးလို့ ဘာတွေများပွင့်လာပါလိမ့်။ ဦးသံဒိုင်ကြီး ခန္ဓာကြီးက ဘာတွေသီး၍ ဘာတွေပွင့်လာပါလိမ့် ကြည့်စမ်းပါ (တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရပါ)။

အဲဒါတွေလုပ်နေတာပဲ။ သစ္စာမှ ခင်ဗျားတို့မသိသေးဘဲကိုး(မှန်ပါ)။ သစ္စာမသိတော့ အဝိဇ္ဇာမနေဘူးလား (နေပါ တယ်)၊ ပြုပြင်သလိုပြုပြီး သကာလ နေတဲ့ အကုသိုလ်တွေ၊ ပူပင်သောကတွေ၊ သစ္စာမသိဘဲနဲ့ လှူနေတဲ့ သင်္ခါရတွေကော မရှိဘူးလား(ရှိပါတယ်)၊ ဒါ ဘယ်ခန္ဓာထဲက ပွားလာတာတုံး (ပစ္စုပ္ပန်ခန္ဓာထဲက ပွားလာတာပါ ဘုရား)။

အို ခင်ဗျားတို့ ခက်ပြီကော(မှန်ပါ)၊ ခက်ပြီတဲ့။ ပစ္စုပ္ပန်ခန္ဓာကြီးက ဘာသစ္စာတွေ ပေါက်ဖွား လာပါလိမ့် မတုံးဆို လို့ ကြည့်လိုက် (သမုဒယပဲ ပေါက်ဖွားလာပါတယ် ဘုရား)၊ ဟော တွေ့ပြီ၊ အောက်ဆုံး မျဉ်းကြောင်းမှာနော် (မှန်ပါ)။

သမုဒယသစ္စာတွေ သီးပွင့်လာတယ်

ပစ္စုပ္ပန်ခန္ဓာကြီးက ဘာတွေများ သီးပွင့်လာပါလိမ့် (သမုဒယသစ္စာတွေ သီးပွင့်လာပါတယ်)၊ သမုဒယသစ္စာဆိုတဲ့ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ အသီးအပွင့်တွေ ပွင့်လာတယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

အကြောင်းအကျိုးကော ဆက်ပါရဲ့လား(ဆက်ပါတယ် ဘုရား)၊ ဆက်လို့ရှိရင်ပြန်ကြည့်၊ ဝေဒနာပစ္စယာ တဏှာ တွေ့တယ်မဟုတ်လား (တွေ့ပါတယ်)၊ တဏှာပစ္စ (ဥပါဒါန်)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ)၊ ကမ္မဘဝဆိုရင် မဆက်သေး ဘူးလား (ဆက်ပါပြီ ဘုရား)။

ဒါတွေ ဘယ်နှယ့်ကြောင့် ပေါ်ပေါက်လာပါလိမ့်မတုံးဆိုတော့ အဝိဇ္ဇာသင်္ခါရ မချုပ်လို့ ပေါ်တာပေါ့(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ အဝိဇ္ဇာသင်္ခါရ မချုပ်လို့ပေါ်တာပေါ့လို့ သိအောင်လို့ နှစ်ခုထည့်လိုက်တယ်(မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ဒုက္ခသစ္စာကြီးရတဲ့အထဲက သမုဒယအသီးတွေ သီးပြန်တာပဲ(မှန်ပါ)။

ဦးသန်မောင်၊ ဘာတွေသီးသတုံး (သမုဒယအသီးတွေ သီးပါတယ်)၊ ငါးခုတောင်သီးတယ် ဟင်(မှန်ပါ)၊ ဘယ် အထဲက သီးပွင့်လာပါလိမ့်၊ (ပစ္စုပ္ပန်ခန္ဓာထဲကပါ)၊ ဒုက္ခသစ္စာ ပစ္စုပ္ပန်ခန္ဓာထဲက သီးပွင့်လာတယ် (မှန်ပါ)။

အမလေး ဒကာ ဒကာမတွေ၊ ခင်ဗျားတို့ကတော့ အနေကောင်းလို့ ထင်နေကြတယ်၊ ဦးသံဒိုင်ကြီးတို့ လူစုတွေ ဟင်(မှန်ပါ)၊ တို့အနေကောင်းကွ၊ ခိုးစားတာမဟုတ်ဘူး၊ ဝှက်စားတာ မဟုတ်ဘူးနဲ့ ခင်ဗျားတို့က အနေကောင်း ထင်နေတယ်။

အခုသီးလာတာ မြင်ပလား(မြင်ပါပြီ ဘုရား)၊ ဘာတွေသီးလာသတုံး (သမုဒယသစ္စာတွေ သီးလာပါတယ်)။ ဒါ သမုဒယသစ္စာ အသီးအပွင့်တွေ ထွက်လာတယ် (မှန်ပါ)၊ ဘယ်ကသီးပွင့် လာသတုံး မေးတော့ (ဒုက္ခသစ္စာ အပင်ထဲက ထွက်လာတာပါ)။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာအပင်ကြီးက တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရဆိုတဲ့ အသီးတွေ ထပ်သီးလာတယ်(မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဦးညွန့်ကော (ပေါ်ပါပြီ)၊ ဦးသန်းမောင် ကော (ပေါ်ပါပြီ)။

ခန္ဓာကြီးရပြီး အငြိမ်နေတဲ့လူတွေမဟုတ်ဘူး

ခင်ဗျားတို့က အငြိမ်မှမနေတဲ့ လူတွေကိုးဗျ၊ ခန္ဓာကြီးရပြီး အငြိမ်နေတဲ့လူတွေမဟုတ်ဘူး (မှန်ပါ)၊ တော်တော် ဆော့တဲ့လူတွေ(မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့က ဝေဒနာကလေး ခံစားရလို့ရှိရင်ပဲ စိန်ကလေး၊ မြကလေးဝတ်ပြီး ကားကောင်းကလေး စီးရလို့ရှိရင်ပဲ ဝေဒနာပစ္စယာ တဏှာလာပြီ။ ဒီကားဟာ ဇိမ်ရှိတယ်ကွ(မှန်ပါ)၊ ဟော ဝေဒနာပစ္စယာ တဏှာလာပြီ (မှန်ပါ)။

ဒါ ဆော့တာ မဟုတ်ဘူးလား (မှန်ပါ)၊ ငါ ဒီဟာကိုမှ စွဲစွဲမြဲမြဲ ကြိုက်တယ်ကွ၊ ဒီပြင်ဟာ မလာဘူးဆိုတဲ့ ဥပါဒါန် လာပြီ (မှန်ပါ)၊ ဥပါဒါန်လာလို့ရှိရင် ကမ္မဘဝနဲ့ တစ်ခါတည်း ကာယာကံ၊ ဝစီကံနဲ့ သူများလဲဝယ်စေ၊ ကိုယ်လဲဝယ်ဖြစ် အောင် ကာယကံနဲ့သွား၊ ဝစီကံနဲ့ပြော၊ ကမ္မဘဝ မလာဘူးလား(လာပါတယ်)။

ဒါ ဘယ့်နှယ့်ကြောင့် ခင်ဗျားတို့ ဒီအလုပ်ကြီး လုပ်နေပါလိမ့်မတုံးဆိုတော့ မသိလို့ပြုတာပေါ့ဗျာ(မှန်ပါ)၊ မသိတာ က အဝိဇ္ဇာ၊ ပြုတာက သင်္ခါရ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဪ ခင်ဗျားတို့ အငြိမ်မနေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မလှုပ်ပါနဲ့ကွ၊ လှုပ်ရင် မြုပ်ပါလိမ့်မယ်ဆို တာ ခင်ဗျားတို့ကလဲ မလှုပ်ဘဲမနေနိုင်တော့ ငါးခုသောအသီးတွေ သီးလာတယ် (မှန်ပါ)၊ မသီးဘူးလား (သီးပါတယ် ဘုရား)။

ဘယ်ခန္ဓာကြီးက သီးတာပါလိမ့် (ဒုက္ခသစ္စာခန္ဓာကြီးက သီးတာပါ)၊ အဲ ဒုက္ခသစ္စာ ပစ္စုပ္ပန်ခန္ဓာက ပေါက်ဖွားထွက် လာတယ် (မှန်ပါ)၊ ဒါ အငြိမ်နေလို့လား၊ အငြိမ်မနေလို့ဖြစ်ရတာလား (အငြိမ်မနေလို့ ဖြစ်ရတာပါ)။

ကာမသုခလ္လိကာနုယောဂလမ်းပဲ

မဇ္ဈိမပဋိပဒါလမ်းကို လိုက်လို့လား၊ မလိုက်ဘဲနေလို့လား (မလိုက်ဘဲနေလို့ပါ)၊ အဲဒါ ကာမသုခလ္လိကာ နုယောဂ လမ်းပဲ(မှန်ပါ)၊ သဘောပါသလား (ပါပါပြီ)။

ကာမသုခလ္လိကာနုယောဂလမ်းကို ခင်ဗျားတို့လိုက်တယ်။ ဝေဒနာပစ္စယာ တဏှာ (မှန်ပါ)၊ ရှင်းပါလား(ရှင်းပါပြီ)။

ကိုထွန်းရင် အေးစက်စက်လုပ်မနေနဲ့၊ ဒီ့ပြင်နေရာ သိပ်သွက်ပြီး ဒီနေရာမှာအေးမနေနဲ့ (မှန်ပါ)၊ လုပ်စမ်းပါဦး (မှန်ပါ ဘုရား)၊ မိတ်ဆွေတွေ မတွေ့သေးဘူးတော့ မျက်စိမျက်နှာ မမှတ်မိသလို ဖြစ်နေတယ်(မှန်ပါ)၊ ကြိုးစားပါ။

ဒီမဟာမသိလို့ရှိရင် ကိုယ့်ခန္ဓာဖြစ်စဉ်ကိုလဲ မသိပါဘူး (မှန်ပါ)၊ ကိုယ့်ခန္ဓာဖြစ်စဉ်ကို မသိလို့ရှိရင် အကန်းအရူး ဟေ့ ဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး)။

အဲဒါ အကန်းအရူးဖြစ်မှာကို ဘုန်းကြီးက စိုးရိမ်လို့ ဒကာ ဒကာမတို့ ကြည့်ကြပါ။ ခင်ဗျားတို့ခန္ဓာလုံးတာ၊ ဝိုင်းတာပါ၊ သူများခန္ဓာ လုံးတာ၊ ဝိုင်းတာ မဟုတ်ပါဘူးလို့ ဦးသန်းမောင်၊ ပြောသင့် မပြောသင့် (ပြောသင့်ပါတယ် ဘုရား)။

ဒီအတိုင်းနေလို့ရှိရင် ဒီခန္ဓာကြီးဟာ ဒီလိုလှည့်နေလိမ့်မယ်လို့ ဦးသံဒိုင်၊ ဘယ်သူမှယုံမှာမဟုတ်ဘူး (မှန်ပါ)၊ အခုတော့ ယုံပြီလား (ယုံပါပြီ ဘုရား)။

အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်တယ်။ ပစ္စုပ္ပန်အကျိုးထဲက ဘာတွေ ပွားလာပြန်သတုံး ဆိုလို့ရှိရင် ပစ္စုပ္ပန်အကြောင်း၊ တစ်နည်း အနာဂတ် အကြောင်းတွေ ပွားတယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ်)၊ ဆိုနိုင်တယ်။

အနာဂတ်ဘဝ သူလာတော့မယ်

အနာဂတ်ဘဝ သူလာတော့မယ်။ နံပါတ် ၃ ကို ခင်ဗျားတို့က သီးပွင့်ထားပြန်ပြီ(မှန်ပါ)။ နံပါတ် ၃ သီးပွင့်ထား တော့ ဘာသစ္စာတွေ သီးပွင့်ထားပါလိမ့် (သမုဒယသစ္စာတွေ သီးပွင့်ထားပါတယ် ဘုရား)၊ ဘယ်ကာလများ သီးပွင့်ကြပါ လိမ့် (ပစ္စုပ္ပန်ကာလပါ ဘုရား)။

ဟော ပစ္စုပ္ပန်အကြောင်းတစ်လွှာဆိုတာ ခင်ဗျားတို့ အခုသီးပွင့်လာကြတာ မပါဘူးလား (ပါပါတယ် ဘုရား)၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလတဲ့၊ မသေချာမှာစိုးလို့၊ သဘောကျပလား (ကျပါပြီ)။

အဲဒါတွေသည် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလဆိုသဖြင့် ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါးဖြစ်လာတော့ ဟိုဘက်မှာ မြားကလေး ပြလိုက်တယ်။ စပ်ပြန်ပြီတဲ့၊ ဒီငါးပါးလုပ်လို့ စပ်ရဦးတော့မှာပဲ (မှန်ပါ)။

စပ်ရဦးမှာပဲဆိုတော့ ကြည့်လိုက်၊ အနာဂတ်အကျိုးခြင်းရာငါးပါးဆိုပြီး ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ ပေါ်လာတယ်။ နံပါတ် ၄ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ပေါ်သင့်သလား (ပေါ်သင့်ပါတယ် ဘုရား)၊ ဆော့သကိုးဗျ၊ ဆော့လို့ပေါ်တာ။ ဦးသန်းမောင်၊ ငြိမ်မနေလို့ပေါ်တာ (မှန်ပါ)၊ အငြိမ်မနေလို့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ ပေါ်လာတယ် (မှန်ပါ)။

အောက်နားကြည့်လိုက်ပါ။ ဘာနဲ့စပ်သတုံးဆိုတော့ အို ကမ္မဘဝပစ္စယာ ဇာတိ ဇရာ မရဏ ဥပပတ္တိ ဘဝတွေ ပေါ့တဲ့(မှန်ပါ)၊ မတွေ့ဘူးလာ (တွေ့ပါတယ်)၊ အဲဒါ နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလတဲ့၊ အနာဂတ် ဘာဖြစ်မှာတုံး၊ တွေးမနေနဲ့၊ အောက်နားကြည့်ပါ၊ အနာဂတ်အကျိုးတစ်လွှာ ဒုက္ခသစ္စာ (မှန်ပါ ဘုရား)။

ဘာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အနာဂတ်အကျိုးလဲဟုတ်တယ်။ ဒုက္ခသစ္စာကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ်)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝိုင်းမိပလားလို့ မေးလိုက်တယ် (ဝိုင်းမိပါပြီ)။

ကဲ ဒါဖြင့် အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး၊ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုး(မှန်ပါ)။

အဲဒီအနာဂတ်အကျိုးထဲကတစ်ခါ ခင်ဗျားတို့က အသီးအပွင့်လာဦးမှာဗျ (မှန်ပါ)၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ လှည့်လိုက်။ မလာဘူးလား (လာပါတယ်)၊ ပတ်မိပလား (ပတ်မိပါပြီ)။

ဟော တစ်ထပ်တောင် ထပ်မိပြီဘုရား၊ ပတ်မိရုံမကသေးဘူး(မှန်ပါ)၊ ခုနင်က ဒီက စတာ၊ အခု ဒီပေါ်ပြန်ထပ်ပြီ (မှန်ပါ)၊ မထပ်ဘူးလား(ထပ်ပါတယ်)။

အဝိုင်းပြေးသမားမှ ဟုတ်ပါရဲ့လား

ဒါဖြင့် ကိုထွန်းရင်၊ အဝိုင်းပြေးသမားမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာသစ္စာတွေ လှည့်နေတာတုံးဆိုတော့ ၁ကစပြီး ကြည့်။ သမုဒယသစ္စ ဒုက္ခသစ္စာ၊ သမုဒယသစ္စ ဒုက္ခသစ္စာ (မှန်ပါ ဘုရား)၊ ကဲ ခင်ဗျားတို့ သန္တာန်မှာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာဆိုတာ ဘုရားမြတ်စွာတွေ ဂင်္ဂါဝါဠု သဲစုမက ပွင့်သွား တော်မူကြငြားသော်လဲ တစ်ခါမှမပေါ်ဘူးဟေ့ (မှန်ပါ)။

ဘယ်နှယ့်တုံး (မပေါ်ဖူးပါဘူး ဘုရား)၊ ဘုရားတွေ ဂင်္ဂါဝါဠု သဲစုမက ပွင့်ငြားသော်လဲ ခင်ဗျားတို့ သန္တာန်မှာ ကြည့်၊ ဒီအဝိုင်းကြည့်ပါ၊ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာပါရဲ့လား (မပါပါဘူး)၊

ဪ ဒါဖြင့် လွတ်မြောက်ကြောင်းလဲ မပါ၊ လွတ်မြောက်ကျိုးလဲမရ၊ သဘောကျပလား (ကျပါပြီ)။

လွတ်မြောက်ကြောင်းဆိုတာ မဂ္ဂသစ္စာ၊ လွတ်မြောက်ကျိုးဆိုတာ နိရောဓသစ္စာ (မှန်ပါ)။

ဒါဖြင့် ကောင်းသောအကြောင်းလဲ ဘယ်တော့မှမပေါ်ဘူး၊ ကောင်းသောအကျိုးလဲ ဘယ်တော့မှ မရခဲ့ဘူး(မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ကောင်းကြောင်းအစစ်လဲ ဘယ်တော့ကမှ မလုပ်ခဲ့ဖူးဘူး(မှန်ပါ)၊ ကောင်းကျိုးအစစ်ဆိုတာက ကောင်းကြောင်းမှ မလုပ်ခဲ့လို့ ကောင်းကျိုးဘယ်ရမတုံး (မရခဲ့ပါဘူး)။

ဆီဆုံနွား ရဟတ်ခြားသို့ဆိုတာ

ကြည့် ခင်ဗျားတို့ အဝိုင်းကြီးကိုကြည့်ပါနော် (မှန်ပါ)။ ဒကာ ဒကာမတို့ ဆီဆုံနွား ရဟတ်ခြားသို့ဆိုတာ ပေါ် ပါပြီ(မှန်ပါ)၊ ဆီဆုံနွားကော ဟုတ်ရဲ့လား(ဟုတ်ပါတယ်)၊ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဆိုတဲ့ ဦးသံဒိုင်၊ ကြီး သည် သေသည်၏ အခြားမဲ့၌ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ ဖြစ်ပါတယ်(မှန်ပါ)၊ ပေါ်ပလား (ပေါ် ပါပြီ)။

ဦးသံဒိုင်ကြီးတစ်ယောက်၊ ဦးသန်းမောင်ကြီး တစ်ယောက် ငြိမ်ငြိမ်မနေပါနဲ့၊ ဒီပစ္စုပ္ပန်ခန္ဓာငါးပါးထဲကနေပြီး တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ အသီးအပွင့်တွေ ပွင့်ရတယ် (မှန်ပါ)။

အဲဒီအသီးအပွင့်တွေကြောင့် အနာဂတ် သေသည်၏ အခြားမဲ့၌ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏဆိုတာ လာ မလာ (လာပါတယ် ဘုရား)၊ ဒီဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ ထဲကနေပြီး ခင်ဗျားတို့ ရှေ့ကို ဘာတွေများ ပေါက်ဖွားဦးမှာတုံးလို့ မေးလို့ရှိရင် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတွေ ၁ ကို ပြန်လှည့်တယ် (မှန်ပါ)၊ မလှည့်ဘူးလား (လှည့်ပါတယ်)၊ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ်)၊

ဒါပဲ လှည့်နေကြတာပဲ(မှန်ပါ)၊ ဘုရားလဲ ဘယ်နေရာမှာပွင့်သတုံး၊ ဘုရားပွင့်နိုင်တဲ့နေရာကို မပါဘူး(မပါပါဘူး)၊ ဒီပဋိစ္စသမုပ္ပါဒ် အစဉ်ကြားထဲမှာ ဘုရားပွင့်နိုင်တဲ့နေရာ ပါကြရဲ့လား (မပါပါဘူး ဘုရား)။

ဝဋ်လည်ပုံလဲသိတယ်၊ ဒိဋ္ဌိပြုတ်တာလဲသိတယ်

ဒါဖြင့် ဒီအဝိုင်းကြီးကို ဆရာဘုန်းကြီး ရေရေလည်လည်ပြပြီး သကာလ ပေးနေခြင်းသည် ဘာပါလိမ့်မတုံး မေး တဲ့အခါကျတော့ ဪ နောက်ဘဝကလဲ အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝဆိုတော့ ပုဂ္ဂိုလ် သတ္တဝါပါတာ ပြော စမ်းပါ (မပါပါဘူး)၊ ငါဝင်စရာ တစ်ချက်မြင်သေးရဲ့လား (မမြင်ပါဘူး)။

ဒါဖြင့် ဒီဟာကြီး နားလည်လိုက်ရသဖြင့် ဝဋ်လည်ပုံလဲသိတယ်၊ ဒိဋ္ဌိပြုတ်တာလဲသိတယ်(မှန်ပါ)၊ အကြောင်းနဲ့ အကျိုး ဆက်စပ်မှုတွေသာဖြစ်နေခြင်း ဖြစ်လေတော့ သိကြား ဗြဟ္မာ ဘုရားလာ၍ ဖန်းဆင်းသလောဆိုတဲ့ ဝိစိကိစ္ဆာတွေ လဲ ပြုတ်ပါတယ်(မှန်ပါ ဘုရား)။

အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝကြောင့်သာလျှင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ ဖြစ်တယ်(မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဒီလိုဆိုတော့ ဝိစိကိစ္ဆာ ရှိသေးရဲ့လား(မရှိပါဘူး)။

ဒိဋ္ဌိပြုတ်၍ ဝိစိကိစ္ဆာ ပယ်နိုင်ပါတယ်

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီအဝိုင်းကြီးကို ယနေ့ပြလိုက်ရခြင်းသည် ဒိဋ္ဌိပြုတ်၍ ဝိစိကိစ္ဆာ ပယ်နိုင်ပါတယ်(မှန်ပါ)။

ဒါဖြင့် တရားစသင့်ပြီ(မှန်ပါ)၊ ဒါ တရားအစပဲ၊ ဒီကမစရင် ဒိဋ္ဌိမကွာဘဲ ဖြစ်နေလိမ့်မယ်(မှန်ပါ)၊ ဒီကမစရင် နိဗ္ဗာန်ရောက်ကြောင်း တရားမှာဖြင့် လမ်းစဉ်ကို မပြောင်းသေးဘူး(မှန်ပါ)၊ ဒီကစမှ လမ်းစဉ်ကျတယ်(မှန်ပါ)။

တရားအစ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်တာကစမှ (လမ်းစဉ်မှန်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

တရားစချင်ရင် ဘယ်ကစရမယ်၊ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပြုတ်တာက စရမယ်(မှန်ပါ)၊ အဲ ဒိဋ္ဌိပြုတ်တာက စရမယ်၊ ဝိစိကိစ္ဆာပြုတ်တာက စမှသာလျှင် နိဗ္ဗာန်ရောက်ကြောင်း တရားလမ်းစဉ်ကျတယ်လို့ မှတ်ပါ(မှန်ပါ)။

ကိုထွန်းရင်၊ ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။ ဒါကို သေသေချာချာမှတ်ပါ(မှန်ပါ)၊ ဒါကြောင့် တစ်သံသရာ လုံးမှာ ခန္ဓာလည်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ကြည့်စမ်း ဒီအထဲမှာ ပုဂ္ဂိုလ်လည်တာ ပါရဲ့လား၊ ခန္ဓာလည်တာ ပဲ (မှန်ပါ)။

ခန္ဓာတွေလည်နေတယ်

အဲဒီခန္ဓာလည်တာ သဘောကျလို့ရှိရင် ဒိဋ္ဌိပြုတ်ပါတယ်(မှန်ပါ)၊ ခန္ဓာတွေလည်နေတယ်၊ ကြည့် ၁ နံပါတ်က အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝအကြောင်း၊ သမုဒယကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ၊ ခန္ဓာလည်တာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

တစ်ခါ ၃နံပါတ်ကျတော့ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာဆိုတော့ ခန္ဓာလည်တယ်(မှန်ပါ)၊ ခန္ဓာကြီးသာ မပြတ် ဆက်စပ်ပြီးလည်နေတော့တာပဲ၊ ဒါကြောင့် ခန္ဓာတို့ ၏ မပြတ်လည်ရာ သံသရာ(မှန်ပါ)။

** ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဟု ဝိသုဒ္ဓိလမ်းစဉ်ကို ကြည့်သည်လျှင်ပင် အင်မတန် ထင်ရှားလှပါသည်။

ဘာတဲ့တုံး (ခန္ဓာတို့၏မပြတ်လည်ရာ သံသရာပါ ဘုရား)၊ အာယတနတို့၏မပြတ်လည်ရာ သံသရာ(မှန်ပါ)၊ ဓါတ်တို့၏မပြတ်လည်ရာ (သံသရာပါ ဘုရား)၊ ပေါ်နေပြီ၊ အကုန်ပေါ်သွားပြီ(မှန်ပါ)၊ မပေါ်သေးဘူးလာ (ပေါ်သွားပါပြီ)။

ဦးသံဒိုင်၊ သေပျော်ပလား (သေပျော်ပါပြီ ဘုရား)၊ ဒိဋ္ဌိပြုတ်ရင် သေပျော်ပါပြီ(မှန်ပါ)၊ ဒိဋ္ဌိပြုတ်ပြီ၊ ဝိစိကိစ္ဆာကော (ပြုတ်ပါပြီ ဘုရား)၊ ဦးသန်းမောင်တစ်ယောက်၊ ဦးသံဒိုင်တစ်ယောက် ပါသေးရဲ့လား (မပါပါဘူး)။

အတိတ်ကလဲ မပါခဲ့ဘူး(မှန်ပါ)၊ ယခု ပစ္စုပ္ပန်လဲ ဦးသံဒိုင်ဆိုတာ သူများကပေးထားတာပါ၊ ခင်ဗျားတို့အရှိက တော့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ (မှန်ပါ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

လည်ကြောင်း လည်ကျိုးခန္ဓာ

ကောင်းပြီ၊ ဒီဘဝမှာ ဆရာကောင်း သမားကောင်းနဲ့မတွေ့လို့ ဖြတ်လမ်းမပေးလို့ရှိရင်ဖြင့် ဒီခန္ဓာကြီးထဲမှာ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ပြန်လာမယ်၊ ခင်ဗျားတို့ (မှန်ပါ)၊ ဒါလဲ ခန္ဓာလည်တာပဲ၊ လည်ကြောင်း ခန္ဓာပေါ်တာပဲ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမယ် (လည်ကြောင်းခန္ဓာ ပေါ်တာပါ ဘုရား)။

ဒါဖြင့် လည်ကြောင်းခန္ဓာပေါ်ရင် လည်ကျိုးခန္ဓာ သေသည်၏အခြားမဲ့၌ ရရမှာပေါ့(မှန်ပါ)၊ မရပေဘူးလား (ရပါတယ်)၊ ဘာလည်ရမတုံးဆိုတော့ အနာဂတ်အကျိုးဖြစ်တဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ။ ဒါပဲ ရမယ်(မှန်ပါ)၊ ဒီ့ပြင်ပိုရစရာရှိသေးရဲ့လား (မရှိပါဘူး)၊ အဲဒါ ဘာသစ္စာလို့ ဆိုကြသတုံး (ဒုက္ခသစ္စာပါ)။

ခင်ဗျားတို့ နဂိုငြိမ်နေတုံးက သမုဒယသစ္စာလုပ်လို့ရပြန်တော့ ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလဲ အငြိမ်မနေ ပြန်တော့ သမုဒယသစ္စာက ပေါ်ပေါက်(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

သမုဒယသစ္စာပေါ်ပေါက်လာပြန်တော့ အနာဂတ်ဒုက္ခသစ္စာပြန်ရ(မှန်ပါ)၊ အနာဂတ်ဒုက္ခသစ္စာလဲ အငြိမ်မနေပြန် လို့ရှိရင် ခုနင်ကပြောခဲ့တဲ့ အတိတ်အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန် ပြန်လာမယ်(မှန်ပါ)၊ မလာပေဘူးလား(လာပါတယ်)။

ကိုထွန်းရင် ကျေနပ်ပါလား (ကျေနပ်ပါပြီ)၊ ဝိုင်းဖြစ်ပလား(ဝိုင်းဖြစ်ပါပြီ)။ တပည့်တော်တို့ နောက်တုန်းကနေပုံ ကလေး အမိန့်ရှိစမ်းပါဘုရားလို့ ဦးသံဒိုင်ကလျှောက်၊ ဦးသန်းမောင်က လျှောက်၊ ဦးညွန့်ကလဲ လျှောက်ပေါ့ဗျာ(မှန်ပါ)။

နောက်တုန်းက ဘာများဖြစ်ခဲ့သတုံး

တပည့်တော်တို့ နောက်တုန်းက ဘာများဖြစ်ခဲ့သတုံး၊ သိကြားများဖြစ်ခဲ့သလား၊ ဗြဟ္မာများ ဖြစ်ခဲ့သလား(မှန်ပါ)၊ သူများပြောတဲ့ဆိုင်းဘုတ်ကတော့ ဟုတ် မဟုတ် မသေချာဘူး၊ ဒီဟာကတော့ အဟုတ်ပဲ(မှန်ပါ)၊

အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝကြောင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာဖြစ်တယ်၊ အဲဒီဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာ ခန္ဓာငါးပါးထဲက တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ ဟော သွားပြီဟေ့ (မှန်ပါ)။

အဲဒီတော့ပေါက်ပွားလို့ မင်းတို့အနာဂတ် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတနာ၊ ဖဿ၊ ဝေဒနာတွေ ပေါ်ပေါက်တယ်၊ ဒီ့ပြင်တော့ ခင်ဗျားတို့ သူများပြောသံကြားတော့ စကြာဝတေးတွေ၊ မန္ဓာတ်တွေ ပြောလိမ့်မယ်။ ဖြစ်စဉ်ကတော့ ဒါပဲ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဖြစ်စဉ်ကတော့ ဒါပဲ၊ ဒီအဝိုင်းပြေးပဲ(မှန်ပါ)။

နောက်က ဒကာ ဒကာမတွေ ဖြစ်စဉ်က ဘာတုံး(အဝိုင်းပြေးပါ ဘုရား)။

ကဲ ဦးသန်းမောင်တို့ဖြစ်စေ၊ ကိုထွန်းရင်တို့ဖြစ်စေ ကောင်းကင်ကနေကြည့်တော့ သတ္တဝါတွေ သွားနေတယ်၊ ထွက်ပေါက်မပါဘူး၊ ကောင်းကင်ကနေ ကြည့်တာကိုးဗျ(မှန်ပါ)။

ဦးသန်းမောင်၊ ကောင်းကင်ကနေပြီး ဒီအဝိုင်းကြည့်တော့ ဒီအထဲမှာ ကျုပ်တို့ခန္ဓာကြီးလှည့်နေတာ မတွေ့ရဘူး လား (တွေ့ရပါတယ်)၊ ထွက်ပေါက် (မပါပါဘူး ဘုရား)၊ ဘယ်နှစ်ပတ်လှည့်လှည့် ထွက်ပေါက်ပါကြရဲ့လား(မပါပါဘူး)။

ကဲ ဦးညွန့်တို့ ဒီကိုရောက်လာတော့ ကံကောင်းသလား(ကောင်းပါတယ် ဘုရား)၊ ပြလိမ့်မယ် ထွက်ပေါက်ကို(မှန် ပါ)၊ ထွက်ပေါက်ပြလိမ့်မယ်၊ မနေ့ကတည်းကပဲ လူမစုံသေးလို့ ထွက်ပေါက်မပြရတာ ဦးသန်းမောင်ရေ (မှန်ပါ)။

ထွက်ပေါက်ပြဖို့အချိန်ရောက်ပြီ

ကဲ ကိုထွန်းရင် ဘာပြဖို့အချိန်ရောက်ပလဲ (ထွက်ပေါက်ပြဖို့အချိန်ရောက်ပါပြီ ဘုရား)၊ ထွက်ပေါက်ပြရင် ဘုရား ပွင့်တာ တစ်မျိုးပဲလို့ အောက်မေ့ပါ(မှန်ပါ)။

ဒါလဲ ခင်ဗျားတို့ထောင်တတ်တဲ့နားပါဦးမှ(မှန်ပါ)၊ လူဖြစ်ကာမျှနဲ့ မရသေးဘူး(မှန်ပါ)၊ လူဖြစ်ကာမျှနဲ့ မရဘူး၊ ဆရာ သာမညနဲ့လဲမရဘူး(မှန်ပါ)၊ ထောင်တတ်တဲ့နားလဲ ပါဦးမှဗျ၊ ပြောတတ်တဲ့ ကလျာဏမိတ္တကလဲ မှန်ပါမှ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့က ဘာလိုသတုံး(ထောင်တတ်တဲ့နား ရှိဖို့လို့ပါတယ်)၊ ပြောတတတ်တဲ့ ကလျာဏမိတ္တကလဲ မှန်ရမယ်၊ ကိုထွန်းရင် ဒီနှစ်ခု စုံရဦးမယ်တဲ့၊ ထွက်ပေါက်ပြမယ်ကြံရင် (မှန်ပါ)။

လည်တဲ့လမ်းကတော့ ခင်ဗျားတို့က ကစုန်ချပြေးနေတာပဲ၊ ဘယ်သူကမှမသင်ရဘူး။ ဘယ်သူကမှ မသင်ရပါဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဖြတ်လမ်းကတော့ ဘုရားပွင့်မှပဲ ရနိုင်တယ်

လည်တာကတော့ ဘယ်သူသင်ဖို့ လိုသေးသတုံး (မလိုပါဘူး)၊ ဖြတ်လမ်းကတော့ ဘုရားပွင့်မှပဲ ရနိုင်တယ်၊ သဘောကျပလား (ကျပါတယ်)။

အဲဒီတော့ ဘုရားမရှိရင် ဘုရားပရိနိဗ္ဗာန်စံသွားရင် ဘုရားဟောအတိုင်း ပြသဟောကြားတဲ့ ကလျာဏမိတ္တနဲ့ တွေ့ဦးမှ၊ ပေါ်ပလား (ပေါ်ပါပြီ)၊ သတ္တဝါအစက အဝိဇ္ဇာက၊ သတ္တဝါအဆုံး ကလျာဏမိတ္တနဲ့ကြုံမှ ဆုံး(မှန်ပါ)၊ ပေါ်ပြီ (မှန်ပါ)။

သတ္တဝါအစက (အဝိဇ္ဇာကပါ ဘုရား)၊ အဝိဇ္ဇာတဏှာကပဲ ဆိုလိုက်ပါတော့(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

သတ္တဝါအဆုံးကတော့ (ကလျာဏမိတ္တနဲ့တွေ့မှ)၊ ဘုရားနဲ့ဖြစ်စေ၊ ကလျာဏမိတ္တနဲ့ဖြစ်စေ တွေ့မှ ဆုံးတယ်(မှန်ပါ)၊ ဘုရားကတော့ ပွင့်တော်မူပြီး ပရိနိဗ္ဗာန်စံသွားတယ်၊ နောက် ကလျာဏမိတ္တတွေ့မှ ကျွတ်တမ်းဝင်တာတွေကလဲ ရှိသေးတာ ကိုး(မှန်ပါ)၊

ဘုရားကိုယ်တော်တိုင်ကလဲ ကလျာဏမိတ္တနဲ့ပေါင်းမှ ဘုရားဖြစ်တာ(မှန်ပါ)၊ ကလျာဏမိတ္တနဲ့မတွေ့လို့ရှိရင် ဘုရားတောင်မှ ဘုရားမဖြစ်နိုင်ပါဘူး၊ သာဝကတွေ အသာထားလိုက်ပါဦး(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ရှင်အာနန္ဒာမေးတာ ကြည့်ပါ၊ ကလျာဏမိတ္တ ဘယ်လောက်ကျေးဇူးများသတုံး၊ ရှင်အာနန္ဒာက ထက်ဝက်တော့ ဘုရားနိဗ္ဗာန် ရောက်တဲ့နေရာက သူက အကျိုးဆောင်သွားတာပဲလို့ လျှောက်တယ်။

အဲဒါ သာဝကဉာဏ်နဲ့ပြောတာ(မှန်ပါ)၊ မဟုတ်သေးဘူး၊ ကလျာဏမိတ္တကြောင့် လုံးလုံးပဲ နိဗ္ဗာန်ရတယ်လို့ ဘုရားကဟောတာ (မှန်ပါ)။

ကလျာဏမိတ္တကြောင့် လုံးလုံးပဲ နိဗ္ဗာန်ရတယ်

ကလျာဏမိတ္တကြောင့် လုံးလုံးပဲ နိဗ္ဗာန်ရတယ်။ ခင်ဗျားတို့ နဂိုကလာခဲ့တာ အကန်းချည်းပဲ(မှန်ပါ)။

ကြည့်လေ၊ လျှောက်ပြေးနေတာကြည့်ပါ၊ ဘာသစ္စာတွေ လျှောက်ပြေးနေသလဲ (သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ လျှောက်ပြေးနေပါတယ်)၊ သမုဒယ+ဒုက္ခ၊ ဒုက္ခ+သမုဒယ၊ သမုဒယ+ဒုက္ခ။ လောင်စာနဲ့မီးချည်း ပြေးနေတာပဲ(မှန်ပါ)။

ဘာနဲ့ပြေးနေကြသလဲ (လောင်စာနဲ့မီးချည်းပဲ ပြေးနေပါတယ်)၊ မီးမွှေးလိုက်၊ လောင်စာထည့်ပေးလိုက်။ မီး မွှေးလိုက်၊ လောင်စာထည့်ပေးလိုက်(မှန်ပါ)။ ဒါကိုပဲ ခင်ဗျားတို့က အမျိုးမျိုး အလုပ် ဖြစ်နေတယ်(မှန်ပါ)။

ဘယ်နှယ့်ဖြစ်နေသလဲ (အမျိုးမျိုး အလုပ် ဖြစ်နေတယ်)၊ မီးမွှေးပြီး လောင်စာထည့်တဲ့ အလုပ်ဟာလေ အမျိုးမျိုး အလုပ်ဖြစ်နေတယ် (မှန်ပါ)။

ဘုန်းကြီးက ဒီဥစ္စာ စကားကြီးစကားကျယ် ခမ်းနားအောင်ပြောတယ်လို့ မယူပါနဲ့။ ခင်ဗျားတို့က ကိလေသာမီးနဲ့ ဘုံဘဝ ဆုတောင်းခဲ့တယ်။ ဟိုဘက်ထင်းမီးပေါ်တယ်။ လူထင်း၊ နတ်ထင်း၊ ဗြဟ္မာထင်း ပေါ်တယ်(မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)၊ ထင်းထဲကနေပြီး သကာလ ဦးသန်းမောင်၊ တစ်ခါ မီးကို ပြန်ပြီးတော့တောင်းပြန်တယ်၊ တဏှာ၊ ဥပါဒါန်တွေ မလာဘူးလား (လာပါတယ်)၊ ထင်းထဲကမီးပဲ။ မဟုတ်ဘူးလား (ဟုတ်ပါတယ်)၊ အဲဒီမီးကြောင့် တစ်ခါ ထင်းဖြစ်ပြန်တယ်၊ မဖြစ်ဘူးလာ (ဖြစ်ပါတယ် ဘုရား)။

ထင်းအဖြစ် မီးအဖြစ်နဲ့ လှည့်နေရတယ်

ဒါဖြင့် ခင်ဗျားတို့ တစ်သံသရာလုံး ထင်းအဖြစ် မီးအဖြစ်နဲ့ လှည့်နေရတယ်ဆိုရင် လွဲပါ့မလား (မလွဲပါဘူး)၊ ဘယ်တော့မီးငြိမ်းပါလို့ပြောတဲ့ပုဂ္ဂိုလ်၊ မီးငြှိမ်းပေးတဲ့ပုဂ္ဂိုလ် တွေ့ရသလား (မတွေ့ရပါဘူး)၊ ဟာ ထင်းမထည့်နဲ့ပြောမည့် ပုဂ္ဂိုလ်လဲ သံသရာတစ်ခွင် မတွေ့ခဲ့ကြရဘူး။ ထင်းပဲထည့်နေတာပဲ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ဟာလဲ ဒီတစ်ခါကလျာဏမိတ္တတွေ့လို့မှ ကျွတ်အောင်မလုပ်ကြတော့ဘူးဆိုရင်ဖြင့် ကိုထွန်းရင် တို့၊ ဦးသံဒိုင်တို့၊ သွားပြီ (မှန်ပါ)၊ သွားပြီ သွားပြီ၊ ဒီအဝိုင်းအပြင်ဘက်ကို ရောက်စရာမြင်သေးသလား (မမြင်ပါဘူး)၊ ဒီအဝိုင်းထဲပဲ လှည့်ပြေးနေမှာပဲ (မှန်ပါ ဘုရား)၊ တာပတ်မြင်းလိုပေါ့ကွာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာတဲ့တုံး (တာပတ်မြင်းပါ ဘုရား)၊ တာပတ်မြင်းဟာ အပြင်ထွက်နိုင်သလား၊ ဝိုင်းထားတာထဲပဲ ပြေးရတယ် မဟုတ်လား (မှန်ပါ)၊ အတင်းမောင်းရင်း အတင်းပြေးပဲ၊ ဖြည်းဖြည်းမောင်းရင် ဖြည်းဖြည်းပြေးပါတယ်(မှန်ပါ)၊ အဝိဇ္ဇာ တဏှာက ဖြည်းဖြည်းမောင်းရင် မင်းတို့ ဖြည်းဖြည်းပြေးမယ်၊ အဝိဇ္ဇာ တဏှာက မြန်မြန်မောင်းရင် (မြန်မြန်ပြေးပါမယ်)။

ဟောဟိုနေရာသွားလို့ရှိရင် မင်း တစ်သိန်းလောက်ရလိမ့်မယ်ဆိုပြီး အဝိဇ္ဇာက မသိအောင်ဖုံးလွှမ်းပြီး ရှေ့ဒုက္ခကို မသိအောင်ဖုံးလွှမ်းပြီး တဏှာက တွန်းခိုင်းလိုက်တဲ့အခါကျတော့ ကစုန်ချပြီး ဒုန်းစိုင်းပြေးတာပဲ(မှန်ပါ)၊ ဘာတွေများ ရလာသတုံးမေးတော့ (ဒုက္ခသစ္စာရခဲ့ပါတယ်)၊

လောင်မှလောင်ရဲ့လားဟေ့

ရတဲ့အချိန်က စပြီး လောင်မှလောင်ရဲ့လားဟေ့ဆိုတော့ ငွေတစ်သိန်းရတယ် ဆို တစ်သိန်း ပူလောင်တာပဲ(မှန်ပါ)၊ မလောင်ဘူးလား(လောင်ပါတယ်)၊ နှစ်သိန်းရရင် (နှစ်သိန်းပူလောင်ပါတယ်)။

သို့သော် ခင်ဗျားတို့သည် ဦးသန်းမောင်တို့သည်၊ ဦးသံဒိုင်တို့သည်၊ ဦးညွန့်တို့သည် မီးသေးကြိုက်သလား၊ မီးကြီးကြိုက်သလားလို့မေးရင် ခင်ဗျားတို့ ဘယ့်နှယ်ဖြေမလဲ(မီးကြီးကြိုက်ပါတယ်)၊ မီးကြီးမှကြိုက်တယ်(မှန်ပါ)၊ ရှင်း ကြပလား(ရှင်းပါပြီ ဘုရား)။

တစ်ရာတော့ ခင်ဗျားတို့ မပူပါဘူးကွာ၊ တစ်ရာ ဘာအရေးကြီးတာမှတ်လို့။ ဆယ်သိန်း ကိုးသိန်း တစ်ရာကျတော့ ဒါတော့ ထိခိုက်တယ်ဗျာ၊ လောင်ပေါ့(မှန်ပါ)၊ မလောင်သေးဘူးလား(လောင်ပါတယ် ဘုရား)၊ ဦးညွန့် ရိပ်မိပလား (ရိပ်မိ ပါပြီ)။

သို့သော် ခင်ဗျားတို့လိုက်ရှာနေတာက မီးကြီးရှာသလား၊ မီးသေးရှာသလားဆိုတာ ပြောကြစမ်းပါဦး (မီးကြီးရှာ ပါတယ် ဘုရား)၊ လောင်တော့ ခင်ဗျားတို့ခံနိုင်ရှည်ရှိရဲ့လား (မရှိပါဘူး)၊ မီးကြီးရလို့ မီးကြီးတွေ အထွေထွေစရိတ်တွေနဲ့ ကုန်ပြီ၊ ဆုံးပါးကုန်ပြီဆိုပါတော့၊ ဟာ ကိုယ်ကျိုးနည်းပြီ မလာဘူးလား(လာပါတယ်)၊ ဦးသန်းမောင် ဘာတွေလျှောက်ရှာ နေသလဲ (မီးကြီးလျှောက်ရှာနေပါတယ်)၊ မီးကြီးရှာတော့ မီးသေးနဲ့မီးကြီး ဘယ်သူကပူသတုံး (မီးကြီးကပူပါတယ်)။

ဪ ဒါဖြင့် ခင်ဗျားတို့သည်ကားဆိုရင် ဝိညာဏ်ချုပ်အောင် အလောင်ခံချင်တဲ့ သဘောရှိတယ်(မှန်ပါ)၊ မီးကြီး ကြိုက်တယ်။ ပေါ်ပလား (ပေါ်ပါပြီ)။

အဝိဇ္ဇာကြောင့် မီးကြီးကြိုက်တယ်

ဘာကြိုက်သလဲ (မီးကြီးကြိုက်နေပါတယ် ဘုရား)၊ မျက်စိလည်နေတယ်၊ မျက်စိမှောက်နေတယ် (မှန်ပါ)၊ ဘာတုံး မေးတဲ့အခါကျတော့မှ မသိတဲ့ အဝိဇ္ဇာကြောင့် မီးကြီးကြိုက်တယ်(မှန်ပါ)။

ကောင်းပြီ၊ ဒါဖြင့် ၂ နံပါတ်ကိုပြန်ပြီး ဖြတ်လမ်းပြမယ်(မှန်ပါ)၊ နောက်က ဒကာ ဒကာမတွေ ဂဏန်းကောတိုးကြ ရဲ့လား။ ၁ တို့၊ ၂ တို့၊ ၃ တို့၊ ၄ တို့ ကလေးမလေးတွေလေ (မှန်ပါ၊ တိုးပါတယ် ဘုရား)၊ အေး အေး ဟန်ကျပြီ။

ကဲ ၂ နံပါတ်ကြည့်ပါ၊ ၂ နံပါတ်မှာ ပြင်ဘက်မြားကလေးနှစ်ခု ကြည့်လိုက်စမ်း။ တစ်ခုသောမြားက ဒကာ ဒကာမတို့ ဝေဒနာနိရောဓာ တဏှာနိရောဓာ၊ ဟော ပဋိစ္စသမုပ္ပါဒ်ထွက်လမ်းပဲ၊ တွေ့ရဲ့လား (တွေ့ပါတယ်)။ ဟို တစ်ခုသော မြားကတော့ ဘာတဲ့၊ ကြည့်စမ်း (ဝေဒနာပစ္စယာ တဏှာ၊ ပဋိစ္စသမုပ္ပါဒ်လည်လမ်းပါ ဘုရား)။

ဒီဟာကလေးနှစ်ခုဟာ ပြောရတော့မည့် အဓိပ္ပါယ်ပဲ (မှန်ပါ)၊ ဝေဒနာနိရောဓာ တဏှာနိရောဓာက ပဋိစ္စသမုပ္ပါဒ် ထွက်လမ်း။ ဝေဒနာချုပ်အောင် ရှုနိုင်လို့ရှိရင်ဖြင့် တဏှာချုပ်ပါတယ်။ တဏှာချုပ်လို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်က ပြတ်သွား လို့ ထွက်သွားပါပြီတဲ့။ ဒီဘက် မဆက်တော့ဘူး။ ၃ နံပါတ်ကို မဆက်တော့ပါဘူး(မှန်ပါ)။

ဒကာ ဒကာမတို့ ဝေဒနာချုပ်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်၊ ဝေဒနာချုပ်လို့ ဝေဒနာဖြစ်ပျက်ရှုလို့ တဏှာချုပ်သွားတဲ့ ပုဂ္ဂိုလ်များမှာဖြင့် ၃ နံပါတ်ကို မဆက်တော့ပါဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အခုပြောလာတာ နှစ်ရက်ပြောတာက လည်လမ်းကိုပြောပါတယ်၊ အခု တစ်လုံးတည်းစပြောတာက ထွက်လမ်းကို ပြပါတယ် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်ထွက်လမ်း

ဖတ်ပြစမ်းပါ(ဝေဒနာနိရောဓာ တဏှာနိရောဓာက ပဋိစ္စသမုပ္ပါဒ်ထွက်လမ်း)၊ ရှေ့ကိုမသွားတော့ဘူးပေါ့ဗျာ၊ ၃ထိ အောင် မသွားတော့ဘူး(မှန်ပါ)၊ ၂ နဲ့ပဲ စခန်းသိမ်းတော့မယ်တဲ့၊ ၂ ကနေပြီး နိဗ္ဗာန်ကူးပါတော့မယ်လို့ပြောတာ၊ သဘောပါ ကြရဲ့လား (ပါပါတယ်)။

ဝေဒနာနိရောဓါ ဝေဒနာကိုချုပ်အောင် ရှုနိုင်လို့ရှိရင် တဏှာနိရောဓေါတဲ့။ တဏှာချုပ်လိမ့်မယ်တဲ့(မှန်ပါ)၊ ဒီလို ဆိုရင် ပဋိစ္စသမုပ္ပါဒ် ၃ ကို မသွားတော့ဘူးတဲ့။ ၂ ကနေပြီး တစ်ခါတည်းထွက်တော့တာပဲ(မှန်ပါ)၊ ၂ ကနေ နိဗ္ဗာန်ထွက် တယ်(မှန်ပါ)။

အဲဒီတော့ ဒီထဲမှာ ဝေဒနာကို ဖြစ်ပျက်ရှုရလိမ့်မယ်။ သွားလိုက်ပါ၊ ဖဿကော (ဖြစ်ပျက်ရှုရပါမယ်)၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ မန ဆိုတဲ့စိတ်တွေကော (ဖြစ်ပျက်ရှုရပါမယ်)၊ နာမ် စေတသိက်တွေကော (ဖြစ်ပျက်ရှု ရပါမယ်)၊ ရုပ်ကိုကော(ဖြစ်ပျက်ရှုရပါမယ်)၊ ဝိညာဏ် ပဋိသန္ဓေစိတ်ကိုကော (ဖြစ်ပျက်ရှုရပါမယ်)။

အဲ အခု ပဝတ္တိအခါတော့ ပဋိသန္ဓေမရှိဘူး။ ဘဝင်စိတ်ပဲရှိတယ်(မှန်ပါ)၊ ပဋိသန္ဓေစိတ်က ကျုပ်တို့ကုန်ခဲ့ပြီ။ အခု ဘဝအဖြစ်နဲ့ အမှုထမ်းနေတယ်(မှန်ပါ)၊ စိတ်တစ်ခုနဲ့တစ်ခုကြားမှာ ဘဝင်ဆိုတာ ကြားဖူးတယ်မဟုတ်လား(ကြားဖူး ပါတယ်)၊ အဲဒီဘဝကို ရှုတတ်ရင်လဲ ရနိုင်တယ်(မှန်ပါ)။

သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တဲ့အခါ

သို့သော် ဒီဥစ္စာတွေပြောနေရင် ရှုပ်နေမှာစိုးလို့ သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တဲ့အခါကျတော့ ဝေဒနာက ဝေဒနာ နုပဿနာ။ ဖဿက ဓမ္မာနုပဿနာ။ သဠာယတနထဲမှာပါတဲ့ နောက်ဆုံးဖြစ်တဲ့ မနာယတန ဆိုတာက စိတ္တာနုပဿနာ။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယက ကာယာနုပဿနာ။ ဒီထဲမှာ နာမ်ဆိုတာကတော့ ဓမ္မာနုပဿနာဆိုတာပါပဲ(မှန်ပါ)၊ ရုပ်ဆိုတာ ကာယာနုပဿနာ၊ ရှင်းပလား (မှန်ပါ)။

ဝိညာဏ်ဆိုတာလဲ စိတ်ဖြစ်လေသောကြောင့် စိတ္တာနုပဿနာ(မှန်ပါ)၊ ဒါဖြင့် သတိပဋ္ဌာန်လေးပါးပဲ ရှိတယ်(မှန်ပါ)။

ခန္ဓာငါးပါးကို ဝေဖန်လိုက်တော့ သတိပဋ္ဌာန် ဘယ်နှစ်ပါးရသတုံး (လေးပါးရပါတယ် ဘုရား)၊ လေးပါးပဲရတယ် ဆိုတာ သေချာပလား (သေချာပါပြီ)။

ဘုရားက သတိပဋ္ဌာန်လေးပါးကို တစ်ပါးပါးကြိုးစား နိဗ္ဗာန်ရောက်တယ်၊ ဟောတော့ ကျုပ်တို့ ဒီလေးပါးထဲက တစ်ပါးကြိုးစားရုံပဲရှိတယ်(မှန်ပါ)။

စိတ်တွေပေါ်တာကို ဥပမာ ဥထုဇဉ်စိတ်၊ မောင်သစ်မင်း၊ ပုထုဇဉ်လား၊ အရိယာလား မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (ပုထုဇဉ်ပါ ဘုရား)။

ပုထုဇဉ်စိတ်ဖြင့်(၃၇) ပဲရှိတယ်

ဒါဖြင့် ပုထုဇဉ်စိတ်ဖြင့်ကွာ မင်း (၃၇) ပဲရှိတယ်။ ပုဂ္ဂိုလ်စိတ်ရ(မှန်ပါ)၊ စိတ် (၃၇) ပဲရှိတယ်။ အကုသိုလ်စိတ်က (၁၂) ခု မင်းရမယ်။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

အဟိတ်စိတ်တွေကလဲ (၁၇)ရလိမ့်မယ်ဟေ့(မှန်ပါ)၊ မဟာကုသိုလ်ထဲကလ (၈)ခုရလိမ့်မယ်ဟေ့။ ဒါပဲရှိတယ် (မှန်ပါ)။ မဟာဝိပါတ်ထဲကလဲ တိဟိတ်ဖြစ်ခဲ့လို့ရှိရင် (၈)ခုရမှာပဲ။ အားလုံးပေါင်းလိုက်လို့ရှိရင်ဖြင့် (၃၇)ပဲရမယ်ဆိုတော့ (၃၇)ကို တပည့်တော်တို့ မရေတွက်တတ်ပါဘူးဘုရား ဆိုတော့ဖြင့် လောဘလာလဲ လောဘစိတ်ရှု၊ ဒေါသလာ ဒေါသရှု၊ မောဟလာ မောဟရှု၊ ဣဿာလာ ဣဿာရှု၊ မစ္ဆရိယလာ မစ္ဆရိယရှုရုံပဲ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ကိုယ့်သန္တာန်ပေါ်ရာ ရှုဆိုရင် ကိုယ့်သန္တာန်မထိုက်တဲ့စိတ် ပေါ်ပါ့မလား (မပေါ်ပါဘူး)၊ ပုထုဇဉ်စိတ်ပဲ မထိုက်တဲ့စိတ် ပေါ်ပါ့မလား (မပေါ်ပါဘူး၊ ပုထုဇဉ်စိတ်ပဲပေါ်ပါမယ်)၊ ပုထုဇဉ်စိတ်ပဲပေါ်တာဖြင့် ပုထုဇဉ်စိတ်ပေါ်တိုင်း ရှုလို့ရရင်ဖြင့် ပုထုဇဉ်စိတ်က ဖြစ်ပျက်၊ ရှုတာကမဂ်ဆိုတော့ ဒီအစပ်ပြတ်ထွက်သွားတယ်(မှန်ပါ)၊ ၃ နဲ့ ၂နဲ့ အစပ်ပြတ်ထွက် သွားတယ်(မှန်ပါ)။

၃ နဲ့ ၂ နဲ့ အခုစပ်ထားတယ်၊ မစပ်ဘူးလား (စပ်ပါတယ်)၊ ကိုင်း စိတ်ရှု ရှု၊ ဝေဒနာရှု ရှု၊ ဒီအစပ်လေး ဘာဖြစ် သွားမယ်ထင်သတုံး (ပြတ်သွားပါတယ်)၊ ပြတ်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ ပစ္စုပ္ပန်ဟာ အကြောင်းခြင်းရာငါးပါး ပေါ်သေးရဲ့လား (မပေါ်ပါဘူး)၊ အနာဂတ်အကျိုးခြင်းရာငါးပါးကော (မပေါ်ပါဘူး)။

အရှုခံက အနိစ္စ၊ ရှုဉာဏ်က မဂ္ဂ

ဒါဖြင့် ဒကာ ဒကာမတို့၊ ဝေဒနာသုံးပါး လှည့်ရှုချင်ရှု၊ ကိုယ့်သန္တာန်ဖြစ်တဲ့ ပုဂ္ဂိုလ်စိတ်ရအတိုင်း ကိုယ့်စိတ် ကိုယ်ပြန်ရှုချင် ရှု(မှန်ပါ)၊ ရှုလိုက်ရင် အရှုခံက အနိစ္စ၊ ရှုဉာဏ်က မဂ္ဂ(မှန်ပါ)။

အရှုခံက (အနိစ္စပါ)၊ ရှုဉာဏ်က (မဂ္ဂပါ ဘုရား)၊ မဂ္ဂဟာ ဘာဖြစ်သတုံးမေးတော့ ဟောဒီ ဟိုဘက်မြားနဲ့ ဒီဘက် မြားနဲ့ ပြထားတဲ့ စပ်ဆိုတာကလေးက မစပ်ရတော့ဘူး(မှန်ပါ)၊ စပ်သေးရဲ့လား (မစပ်ရပါဘူး)။

ဒါဖြင့် ဝေဒနာနဲ့တဏှာ အဆက်ဖြတ်ပေးလိုက်တယ်(မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဝေဒနာနဲ့တဏှာ (အဆက်ဖြတ်ပါတယ်)၊ စိတ်နဲ့တဏှာကော (အဆက်ဖြတ်ပါတယ်)၊ ဆက်စပ်နေတဲ့ စိတ်နဲ့ ဝေဒနာဟာ ပြောသာပြောနေရတယ်၊ တွဲလျက်ပဲ (မှန်ပါ)။

အဲဒီတော့ ဝေဒနာရှုလဲ စိတ်ပါလာတာပဲ၊ စိတ်ရှုကော(ဝေဒနာပါပါတယ်)၊ ဝေဒနာပါတော့ ဘုရားက ဒါလောက် မရှင်းတော့ဘဲ စကားကျယ်သွားမှာစိုးလို့ ဝေဒနာနိရောဓါ တဏှာနိရောဓါလို့ ဟောတော်မူတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါ ပြီ)။

ဝေဒနာ ဖြစ်ပျက်ဆိုတော့ ဝေဒနာချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)၊ တဏှာနိရောဓါဆိုတော့ ရှုတဲ့မဂ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ဒါဖြင့် အဲဒီမဂ်သည် ဒီအစပ်ကို ဘာလုပ်သတုံး(ဖြတ်ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။

မဂ်က ဒီအစပ်ဖြတ်တာပဲ

ကောင်းပြီ၊ ဒါဖြင့် ဝေဒနာရှုလဲ မဂ်က ဖြတ်တာပဲ၊ ဒီအစပ်ဖြတ်တာပဲ၊ စိတ်ရှုကော (ဒီအစပ် ဖြတ်ပါတယ်)၊ မဂ်က ဒီအစပ်ဖြတ်တာပဲ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဝေဒနာကုန်အောင်သာ ရှုလို့ရှိရင်ဖြင့် တဏှာကောမကုန်ဘူးလား (ကုန်ပါတယ်)၊ ဒါဖြင့် ဝေဒနာနိရောဓါ တဏှာနိရောဓေါ ပဋိစ္စသမုပ္ပါဒ်ထွက်လမ်းဆိုတာ ရှင်းသွားပြီ(ရှင်းပါပြီ ဘုရား)၊ မရှင်းဘူးလား (ရှင်းပါတယ်)။

ဟာ ဒီလိုဝေဒနာတို့ စိတ်တို့ကို တပည့်တော်တို့မရှုပါဘူးဆိုရင် ဒီမြားအတိုင်းသွားကြ၊ ပြန်စပ်မှာပဲ (စပ်မှာပါ ဘုရား)၊ တဏှာ ဥပါဒါန် ဘဝ မသွားပေဘူးလား(သွားပါတယ်)၊ သွားလို့ရှိရင်ဖြင့် ဟိုဘက်အနာဂတ်အကျိုးရှစ်ပါးဆိုတာ ရမှာလား မရပေဘူးလား (ရမှာပါ ဘုရား)၊ လွတ်နိုင်သေးရဲ့လား (မလွတ်နိုင်ပါဘူး)။

အနာဂတ်အကျိုးရှစ်ပါးထဲက ဘယ်ဟာတွေ ပေါက်ပွားဦးမလဲဆိုတော့ ခုနင်က အတိတ်အကြောင်းငါးပါး ပြန် ပွားမယ်၊ ၁ ပြန်လှည့်မယ်(မှန်ပါ)၊ မလှည့်ပေဘူးလား (လှည့်ပါတယ်)၊ ၁ ပြန်လှည့်ရင် ၂ မကူးချင်ပါဘူးလို့ ငြင်းလို့ (မရပါဘူး)၊ ၂ ကို မဂ်နဲ့မဖြတ်ဘူးဆိုလို့ရှိရင် ၃ ပေါ်မှာပေါ့(မှန်ပါ)၊ ၃ သာပေါ်ရင် ၄ဟာ ဖြစ်မြောက်မယ်၊ မဖြစ်မြောက် မယ်၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ဖြစ်မြောက်မှာပါ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့သည် ဝေဒနာပစ္စယာ တဏှာ ပဋိစ္စသမုပ္ပါဒ်လည်လမ်းဆိုတာ ဒီအစပ်ကလေးကို မဖြတ်နိုင် လို့ရှိရင် သွားပေါ့ (သွားပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

အလုပ်ကလုပ်ရမှာပဲ

ဒါကြောင့် အလုပ်ကလုပ်ရမှာပဲ၊ မောင်သစ်က ဦးညွန့်တို့ အာနာပါန မိနစ်အစိတ် သုံးဆယ်ရအောင် လုပ်ခိုင်းပါ နော်၊ ဦးသံဒိုင်တို့ကတော့ အလျင်စိတ်တွေဟောထားလို့ စိတ်ကြိုက် စိတ်ရှု၊ ဝေဒနာကြိုက် ဝေဒနာရှု(မှန်ပါ)။

ကိုယ်ထွန်းရှိန်ကတော့ ဘာကြိုက်သတုံး (ဝေဒနာကြိုက်ပါတယ်)၊ ဝေဒနာကြိုက်ရင် ဝေဒနာသုံးပါး လှည့်ရှုပါ၊ ဝေဒနာတစ်ပါးတည်း တွေ့မနေစေနဲ့၊ ကြားတာလဲ ဝေဒနာ၊ စားတာလဲ ဝေဒနာ၊ အကုန်စိတ်ပေါ်သရွေ့ ဝေဒနာချည်းမှတ်၊ ဝေဒနာဟာ စိတ်တစ်ခု ယုတ်ကိုးဆယ်မှာ ယှဉ်ပါတယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ကဲ ဒီတွင် ယနေ့တော်ကြဦးစို့။

သာဓု သာဓု သာဓု