ပဋိစ္စသမုပ္ပါဒ်နှင့်ပဋိစ္စသမုပ္ပန္န
အသံဖိုင်ခေါင်းစဉ် = သက်ဆိုးရှည်ဇာတ်သိမ်းရေးတရားတော်
စာအုပ်ထဲမှခေါင်းစဉ်= ပဋိစ္စသမုပ္ပါဒ်နှင့်ပဋိစ္စသမုပ္ပန္န
အလွန်ကောင်းမွန်သောစိတ္တာနုပဿနာ အလုပ်ပေးပါဝင်ပါသည်။ တရားခနနားပြီး ပြန်ဆက်ဟောသဖြင့် နှစ်ပိုင်းရှိပါသည်။
ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ပဋိစ္စသမုပ္ပါဒ်နှင့်ပဋိစ္စသမုပ္ပန္န
အလုပ်ပေးတရားတော်
(၃၁-၁၀-၁၉၆၁)
ဖြစ်ကြောင်းနဲ့ ဖြစ်ကျိုးပဲရှိတယ်
ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကိုယ့်ခန္ဓာထဲဖြစ်ကြောင်းကို ဆိုပါတယ်နော် (မှန်ပါ)။ ပဋိစ္စသမုပ္ပန္နဆိုတာက ကိုယ့်ခန္ဓာထဲ က ဖြစ်ကျိုးကို ဆိုပါတယ် (မှန်ပါ)။ ဒါဖြင့် ကိုယ့်ခန္ဓာထဲမှာ ဖြစ်ကြောင်းနဲ့ ဖြစ်ကျိုးပဲရှိတယ် (မှန်ပါ)။
ကိုယ့်ခန္ဓာထဲမှာ (ဖြစ်ကြောင်းနဲ့ ဖြစ်ကျိုးပဲရှိပါတယ်)၊ ဖြစ်ကြောင်းနဲ့ဖြစ်ကျိုးပဲရှိတယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ (မှန်ပါ)။
အဲဒီတော့ တစ်နေ့လုံးဟာ ဒကာ ဒကာမတွေမှာ ဖြစ်ကြောင်းနဲ့ ဖြစ်ကျိုးပဲ လှည့်နေတာဟာ ဒါ အသက်ရှင်နေ တယ် ခေါ်တာပဲ (မှန်ပါ)။
ဘုန်းကြီးပြောချင်တာက ဒကာ ဒကာမတွေကို သက်ဆိုးရှည်တစ်မျိုး၊ သက်ကောင်းရှည်တစ်မျိုး၊ သူနဲ့အသက် ရှင်နေတာကိုး (မှန်ပါ)။ ပဋိစ္စသမုပ္ပါဒ်က အကြောင်း၊ ပဋိစ္စသမုပ္ပန္နက အကျိုး။
ဒီအကြောင်းနဲ့ အကျိုးတွေလှည့်နေပြီးတော့ ဒီအကြောင်းနဲ့ ဒီအကျိုးထဲရှာလိုက်တော့ ဝေဒနာကလေး ပေါ်နေ တော့ ဝေဒနာနဲ့အသက်ရှင်နေတယ် (မှန်ပါ)၊ တဏှာပေါ်ပြန်တော့ (တဏှာနဲ့အသက်ရှင်ပါတယ်)။ ဟော သက်ဆိုးရှည် ပဲ (မှန်ပါ)။
တဏှာနဲ့အသက်ရှင်နေတော့ (သက်ဆိုးရှည်ပါ ဘုရား)။ တစ်ခါ တဏှာပြီးတော့ တဏှာပစ္စယာ ဥပါဒါနံဆို တော တဏှာက ပဋိစ္စသမုပ္ပါဒ်၊ ဥပါဒါန်က ပဋိစ္စသမုပ္ပန္န (မှန်ပါ)။
ဥပါဒါန်နဲ့ အသက်ရှင်နေတော့လည်း သက်ကောင်း၊ သက်ဆိုး ရွေးကြပါဦး(သက်ဆိုးရှည်ပါ ဘုရား)၊ သက်ဆိုး ရှည်ဆို သေချာပလား (သေချာပါပြီ ဘုရား)။
တစ်ခါ ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုတော့ ကာယကံ စေတနာတွေနဲ့ သွားလိုက်၊ လာလိုက် သက်ရှင်နေတော့ ကာယကံစေတနာနဲ့ ရှင်နေတယ် (မှန်ပါ)၊ ပြောလိုက် ဆိုက်လိုက် အသက်ရှင်နေပြန်တော့ကော ဝစီကံစေတနာနဲ့ အသက်ရှင်နေတယ် (မှန်ပါ)။
သက်ကောင်းရှည်၊ သက်ဆိုးရှည်
ဒါ ကောင်းတာပြောလို့ရှိရင်ဖြင့် သက်ကောင်းရှည်ပေါ့လေ (မှန်ပါ)၊ မကောင်းတာပြောရင်း ဆိုရင်းနဲ့ရှည်နေတာ က (သက်ဆိုးရှည်ပါ ဘုရား)။
ကဲ ပြောဆိုပြီး စကားရပ်သွားပြန်တော့ တစ်ခါလာပြန်တာပဲ၊ နားထဲမှာ ကြားစိတ်ကလေးပေါ်လာတယ်။ ကြားစိတ်ကလေးနဲ့ အသက်ရှင်နေတာ(မှန်ပါ)၊ ကြားပြီး သကာလ ဒကာ ဒကာမတွေနားက ခါးလိုက်တာဆိုတော့ ဒေါသကလေးပေါ်လာတယ်။ ကြားစိတ်ကလေးဟာ ဒေါသကို ကျေးဇူးပြုလိုက်တယ် (မှန်ပါ)။
ဒါကျတော့ ဘယ်နှယ့်ဆုံးဖြတ်ကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။ သက်ဆိုးရှည်၊ ဒီကြားစိတ်နဲ့ အသက်ရှင်နေတာ ကိုး (မှန်ပါ)။
ကောင်းပြီ၊ နားခါးလိုက်တာ၊ ဒေါသနေပြီး သကာလ သူတို့နဲ့ဖြင့် အိမ်နီးချင်းနေရတာကို စိုးရိမ်ပါတယ်။ သောက နဲ့ နေပြန်တာပဲ (မှန်ပါ)။ သောကနဲ့ပဲ ရှူလိုက်၊ ရှိုက်လိုက်နေပြန်တယ် (မှန်ပါ)။
ကဲ ဝေဖန်ပါဦး (သက်ဆိုးရှည်ပါ ဘုရား)။ သက်ဆိုးရှည်ဆိုတာ သောကနဲ့ အသက်ရှင်နေတာ (မှန်ပါ)။ သား စိုးရိမ်လိုက်၊ သမီး စိုးရိမ်လိုက်၊ ပစ္စည်းစိုးရိမ်လိုက်ဆိုတဲ့စိတ်နဲ့ အသက်ရှင်နေတာကိုး (မှန်ပါ)။
တော်တော်ကြာ သောကကနေပြီး သကာလ ပရိဒေဝဆိုတဲ့မျက်ရည်ကလေး လည်သလိုလို၊ ဘာလိုလို လာရပြန် တော့ ပရိဒေဝစိတ်နဲ့ အသက်ရှင်နေတာပဲ (မှန်ပါ)။ ဒါကျတော့ ဘယ်နှယ့််ဆိုမလဲ (သက်ဆိုးရှည်ပါ ဘုရား)။
တစ်ခါတလေကျတော့ ညောင်းလှတယ်လေဆိုပြီး သကာလ ညောင်းစိတ်ကလေးနဲ့၊ ဒုက္ခနဲ့ အသက်ရှင်နေတာ ကော မရှိဘူးလား (ရှိပါတယ်)။ ဒါကို ဝိပဿနာ မရှုမိတော့ ဘယ်နှယ့်ဆိုကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။
ဒေါမနဿနဲ့ အသက်ရှင်နေတာ
ဒုက္ခဖြစ်တာနှယ် ပျောက်ခဲလိုက်တာဆိုပြီး ဒေါမနဿနဲ့ နေပြန်လဲ ဘယ်နှယ့်ဆိုကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။ ဒီတစ်ခါ ဒေါမနဿနဲ့ အသက်ရှင်နေတာကိုးဗျ။ သက်ဆိုးရှည်ပဲ မကျဘူးလား (ကျပါတယ်)။
ဥပါယာသတဲ့ ပြင်းစွာ ပင်ပင်ပန်းပန်းကြီးနဲ့ နေရတဲ့အခါကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ ဆိုပါဦး ဒါကော (သက်ဆိုးရှည်ပါ ဘုရား)။ ဪ သက်ဆိုးရှည်ပဲ ဒကာ ဒကာမတို့။ ဘာကြောင့်တုံး၊ ဒီတရားတွေ မရှုမိတော့ အဝိဇ္ဇာနဲ့ရှည် နေတယ် (မှန်ပါ)။
ဘယ်နှယ့်ဆိုကြမလဲ (အဝိဇ္ဇာနဲ့ အသက်ရှည်နေကြပါတယ်)။ အဲဒါ ဆုံးဖြတ်ချက်ချပါဦး (သက်ဆိုးရှည်ပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို သတိပေးလိုတာ ဪ ငါသည် စိတ်ပေါ်တိုင်း ပေါ်တိုင်း ဒီတစ်စိတ်နဲ့ အသက်ရှည်နေတာဆိုတာ မှတ်မိကြပလား (မှတ်မိပါပြီ)။ စိတ်က သက်စောင့်ကိုးဗျ။ စိတ်မရှိရင် သေတယ်ဆိုတာ(မှန်ပါ)။
အဲဒီတော့ ဒီစိတ်ကလေး တစ်ခုနဲ့တစ်ခုနဲ့ အသက်ရှင်နေတော့ ပထမစိတ်နဲ့အသက်ရှင်နေတာ၊ ဒုတိယစိတ်နဲ့ အသက်ရှင်တော့ ပထမစိတ် ချုပ်သွားပြီ (မှန်ပါ)။ တစ်ခါ ဒုတိယစိတ်ချုပ်သွားပြန်ပြီ ဦးသန်းမောင်ကြီး။ ဘာနဲ့ရှင်တုန်း (တတိယစိတ်နဲ့ရှင်ပါတယ် ဘုရား)။
တတိယစိတ်ချုပ်သွားပြန်ပြီ၊ ဘာနဲ့ရှင်သတုံး (စတုတ္ထစိတ်နဲ့ ရှင်ပါတယ်)။ ဒီလိုနဲ့ရှင်တော့ အဲဒီရှင်တဲ့စိတ်တွေက သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတွေဖြစ်နေမယ်ဆိုရင်ဖြင့် တရားတစ်ပွဲလုံးက ဆုံးဖြတ်ချက်ချပါ။ ဘယ်လိုဆိုကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။
ဒါဖြင့် ဈေးထဲမှာ တစ်နေ့လုံးနေတဲ့အခါကျတော့ ဒကာ ဒကာမတွေ ရောင်းစိတ်ကလေးနဲ့ အသက်ရှင် နေတော့ လဲ ဘယ်နှယ့်ဆိုမလဲ (သက်ဆိုးရှည်ပါ ဘုရား)။ ကုန်သွားပြန်ပြီ။ ကုန်သွားတာကို စိုးရိမ်တဲ့စိတ်ကလေးနဲ့ ဒီနေ့ တစ်နေ့လုံးမှ မရောင်းလောက်ဘူး။ စိုးရိမ်စိတ်ကလေးနဲ့နေပြန်တော့ကော (သက်ဆိုးရှည်ပါ ဘုရား)။
သက်ကောင်းရှည်ကို မပါတော့ဘူး
ဟာ စိုးရိမ်နေလို့လဲမဖြစ်ဘူး။ သွားဝယ်မှဖြစ်မယ်ဆိုပြီးတော့ ဝယ်ချင်တဲ့လောဘနဲ့သွားပြန်တော့လဲ ဘာနဲ့ရှင်နေ တယ် (သက်ဆိုးရှည်ပါ ဘုရား)။ ခင်ဗျားတို့ဟာ သက်ကောင်းရှည်ကို မပါတော့ဘူး (မှန်ပါ့)။
အဲဒီတော့ ဒီစိတ်တွေဟာ ဘာတုံးလို့မေးတော့ ရှေ့စိတ်က ပဋိစ္စသမုပ္ပါဒ်၊ နောက်စိတ်က ပဋိစ္စသမုပ္ပန္န (မှန်ပါ)။
အဲဒီတော့ ရှေ့စိတ်ကလဲ အကောင်းမဟုတ်သလို သက်ဆိုးရှည်၊ နောက်စိတ်နဲ့ အသက်ရှင်ပြန်တော့လဲ (အကောင်း မဟုတ်လို့ သက်ဆိုးရှည်ပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဪ လူ့ဘဝရတာသည် မကောင်းစိတ်နဲ့အသက်ရှင်နေရပြန်တော့ ငါတို့သေလို့ရှိရင် ဘာများဖြစ်မှာတုံးလို့ မေးဖို့မလိုတော့ဘူး(မှန်ပါ ဘုရား)။ အပါယ်သွားဖို့ များနေတယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီအတိုင်းရောင်းရင်း ဝယ်ရင်းသေသွားကြပြီ ဒကာသစ်၊ ဦးသန်းမောင်တို့၊ ဒကာကြွယ်တို့၊ မောင်ဘသော်တို့ သေချင်းဆိုး သေသွားတာပဲ (ဆိုနိုင်ပါတယ် ဘုရား)။ ဘယ်လိုဆုံးဖြတ်ချက်ချကြလဲ (သေချင်းဆိုးသေသွားတာပါ)။
သူရှင်နေတဲ့ဥစ္စာက တစ်စိတ် တစ်စိတ်နဲ့ အသက်ရှင်နေတယ်ဆိုတော့ ဒကာကြွယ်၊ ဒါကို ဘုန်းကြီးပြောတာ သေသေချာချာမှတ်ပါ (မှန်ပါ)။ ဒီတစ်စိတ်ပြီး နောက်တစ်စိတ်မလာတော့ သေတယ်ပြောရတာကိုး (မှန်ပါ)။
အဲဒီတော့ လာတဲ့စိတ်နဲ့ အသက်ရှင်နေတယ်၊ စိတ်က စိတ်ကောင်းမဟုတ်လို့ရှိရင် မောင်ဘသော်တို့က ဆုံးဖြတ်ချက်ချ၊ ဘယ်လိုချကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ကျိုး၊ ပဲ့၊ ကန်းပြီး သကာလ တောင်းစားနေရတဲ့ ပုဂ္ဂိုလ်ကျတော့ သက်ဆိုးရှည်တဲ့။ ဒီလို ထင်နေကြတယ် (မှန်ပါ)။ ကိုယ့်ဟာကိုယ်တော့ ဦးလှဖူးတို့က စိတ်နဲ့ဝေဖန်ပြီး အသက်ရှင်၊ ရှင်နေတော့ ဒီရှင်နေတာကို အသက်ရှည်တယ် ခေါ်ကြတာကိုး (မှန်ပါ)။
အဲဒီတော့ ကိုယ့်မှာ သားစိတ်၊ မယားစိတ်၊ ရောင်းစိတ်၊ ဝယ်စိတ်၊ ပြောစိတ်၊ ဆိုစိတ်၊ စိုးရိမ်စိတ်၊ ပူဆွေးစိတ်၊ ဒါတွေနဲ့ အသက်ရှင်နေတော့ ဒကာသစ်တို့၊ ဦးသန်းမောင်တို့က ဆုံးဖြတ်ချက်ချပါ (သက်ဆိုးရှည်ပါ ဘုရား)။ သဘောပါ ကြသလား (ပါ ပါပြီ)။
သက်ဆိုးရှည်ကြီးကိုသွားပြီး ရှိခိုးမိလျက်ကြုံနေတယ်
အဲဒီအချိန်များ ခင်ဗျားတို့ လူတစ်ဦးတစ်ယောက်ကမှ သက်ကြီးဝါကြီးရယ်လို့ ဝတ်ချလိုက်မယ်ဆိုရင် ဒကာကြွယ်၊ လှံနဲ့ထိုးတာထက် နာသေးတယ် (မှန်ပါ)။ ကိုယ့်မှာ သီလ၊ သမာဓိ၊ ပညာက ပါသေးရဲ့လား (ကင်းနေပါတယ် ဘုရား)။
သက်ဆိုးရှည်ကြီးကိုသွားပြီး ရှိခိုးမိလျက်ကြုံနေတယ် (မှန်ပါ)။ ဘယ်လောက်ကြောက်စရာကောင်းတုံး (ကောင်းပါ တယ် ဘုရား)။ ဒကာသစ်၊ ပေါ်ပြီလား (ပေါ်ပါပြီ)။
ဒါလောက်ထိအောင် ဘုန်းကြီးက ဒကာ ဒကာမတွေကို သိအောင်ပြောထားတော့မှ ဪ ငါတို့သည် ကားလို့ ဆိုလို့ရှိရင် ငယ်ရာက ကြီးလာတဲ့ဥစ္စာ တကယ့်ဆန်ကုန်မြေလေး ကြီးလာပါကလား (မှန်ပါ)။ ဆိုထိုက် မဆိုထိုက် (မဆို ထိုက်ပါ ဘုရား)။ ဘယ်နှယ့်ကြောင့်တုံးမေးတော့ သက်ဆိုးရှည်ချည်းပဲ (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒီသက်ဆိုးရှည်ဇာတ်ကို ဆရာဘုန်းကြီးက သက်ဆိုးရှည်ဇာတ်သိမ်းမပေးလို့ရှိရင် ဒကာကြွယ်ရေ၊ သေရင်တောင် စိတ်ချနိုင်စရာမရှိဘူး (မှန်ပါ)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သေရင်တောင် စိတ်ချနိုင်စရာမရှိပါဘူး)၊ သေရင်တစ်လမ်းသွားဖို့က များနေပါလိမ့် မယ်။ လမ်းရွေးနေစရာမရှိပါဘူး (မှန်ပါ)။ အပါယ်လေးပါးမှတစ်ပါး တခြားသွားစရာမရှိပါဘူး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးကပြောတယ်၊ ဒကာ ဒကာမတွေ ရောင်းကြ၊ ဝယ်ကြတယ်ဆိုတဲ့ဥစ္စာလဲ ခင်ဗျားတို့ ပရိယေသန ကိစ္စကိုလဲ ဘုန်းကြီးများ သိလဲသိပါတယ် (မှန်ပါ)။
ရောင်းမှ ဝယ်မှပဲ စားရတယ် ဆိုတော့ ဉာဏ်က ကြားမတိုးတော့ဘူး (မှန်ပါ)။ ဉာဏ်ကလေး ကြားထိုးလိုက်တော့ အင်း ဒါကလေးဟာ ရောင်းတဲ့စိတ်ကလေးဟာလဲ ရောင်းပြီး ပျက်တာပဲ (မှန်ပါ)။
ဉာဏ်နဲ့ အသက်ရှင်နေတယ်
ဝယ်တဲ့စိတ်ကလေးဟာလဲ (ဝယ်ပြီးပျက်ပါတယ်)၊ ပျက်တာကလေးသိတဲ့ ဉာဏ်ကလေးနဲ့ ကျုပ်တို့နေပြန်တော့ သက်ကောင်းရှည် (မှန်ပါ)။ ဉာဏ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ)။
ဒီအချိန်ကျတော့ ဘယ်လိုဆိုကြမလဲ (သက်ကောင်းရှည်ပါ)။ ဘာနဲ့အသက်ရှင်လို့လဲ (ဉာဏ်နဲ့အသက်ရှင်လို့ပါ)။ အဲဒါကြောင့် ဒီဉာဏ်ကလေးကို နောက်ကသွင်းပေးပါ၊ သွင်းပေးပါဆိုတာ သက်ဆိုးရှည်ဇာတ်သိမ်းချင်လို့ (မှန်ပါ)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ဘာဇာတ်သိမ်းတာပါလိမ့် (သက်ဆိုးရှည်ဇာတ်သိမ်းတာပါ ဘုရား)။
အို တပည့်တော်တို့ကဘုရား နှလုံးမသွင်းမိဘူး၊ တပည့်တော်တို့က နားကလဲမလည်တော့ ဘယ်လို ဖြတ်ရမယ်၊ ပဋိစ္စသမုပ္ပါဒ်ကို ဘယ်လိုဖြတ်ရမယ်ဆိုတာ မသိဘူးဘုရားဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်း(မှန်ပါ)။
အကြောင်းဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဒကာသစ်က ဥပမာ-တဏှာက အကြောင်း၊ ဥပါဒါန်က အကျိုး မနေဘူးလား (နေပါတယ်)။ တဏှာက ပဋိစ္စသမုပ္ပါဒ်- အကြောင်းတရား၊ ဥပါဒါန်က ပဋိစ္စသမုပ္ပန္န- အကျိုးတရား(မှန်ပါ)။
အဲဒီတော့ အကြောင်းကို ဒကာသစ်ကဖြစ်စေ၊ မောင်ဘသော်ကဖြစ်စေ၊ ဦးသန်းမောင်ကဖြစ်စေ ဖြစ်ပျက်ရှုလိုက်ပါ (မှန်ပါ)။ ဖြစ်ပျက်ရှုလိုက်တော့ ဥပါဒါန် လာသေးရဲ့လား(မလာပါဘူး)။
မလာတော့ အကြောင်း သတ်လိုက်တယ် (မှန်ပါ)။ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အကြောင်းကို မဂ်နဲ့သတ် လိုက်တဲ့အတွက် မဂ်နဲ့အသက်ရှင်နေတယ်(မှန်ပါ)။
မဂ်နဲ့အသက်ရှင်နေတယ်
ဘယ်နှယ့်ဆိုမလဲ (မဂ်နဲ့အသက်ရှင်နေပါတယ် ဘုရား)။ အဲဒါကို ဆုံးဖြတ်ချက်ချလိုက်တော့ သက်ကောင်းရှည် (မှန်ပါ)။ သက်ကောင်းရှည်သွားပါတယ် (မှန်ပါ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေအတွက် ဪ ဝိပဿနာဉာဏ်ပေးရင်ဖြင့် သက်ကောင်းရှည်တို့ (မှန်ပါ)၊ ဝိပဿနာဉာဏ် မပေးတော့ဘူး၊ ပဋိစ္စသမုပ္ပါဒ်ကို သူတို့ဖြစ်ပျက်ရှုဉာဏ်နဲ့ မဖြတ်ပေးတော့ဘူး ဆိုရင် သက်ဆိုးရှည်နဲ့သွား လေရဲ့ (မှန်ပါ)။ ဦးသန်းမောင် ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။
ဒီလိုသိရတာလဲ မောင်ဘသော်တို့က အောက်မေ့ပါ၊ ဪ ဒီလိုရှင်ရတာကိုး (မှန်ပါ)၊ အသက်ရှင်နေတယ်ဆိုတာ စိတ်တစ်ခုနဲ့အသက်ရှင်နေတာကိုး (မှန်ပါ)၊ ဒီတစ်စိတ်ကလေးသာမကောင်းရင်၊ ဒါနဲ့အသက်ရှင်နေရင် သက်ဆိုးရှည်ပေါ့ (မှန်ပါ)၊ မပေါ်ကြဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒီတရားမျိုးကိုလဲ မနာဖူးဘူး ဦးသန်းမောင်ရေ၊ ဖြစ်စဉ်ကလဲ ကိုက်လိုက်တာ လွန်လို့။ အခု လောဘစိတ် ဖြစ်လာပြီ။ နောက် ဥပါဒါန် မလာတော့ဘူးဆိုရင်ပဲ သေပြီ (မှန်ပါ ဘုရား)။
မသေသေးဘူးလား (သေပါတယ် ဘုရား)။ ဒါဖြင့် သူသည် သက်ဆိုးရှည်နဲ့ သေသွားတယ် (မှန်ပါ)။ ဒကာသစ် ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီကျအောင် ခန္ဓာအစဉ်ကို ဉာဏ်အမြင်နဲ့ကိုက်မှ ဒကာကြွယ်ရေ အဖိုးတန်တာနော (မှန်လှပါ ဘုရား)။ နို့မဟုတ် လို့ရှိရင်ဖြင့် ဒကာကြွယ် အသက်ဘယ်လောက်ရပြီတုံး။ ဥပမာအားဖြင့် ၆၅နှစ်လောက်ရှိပါပြီ ဘုရား။ ဒါသာ သူပြောတတ် တယ် (မှန်ပါ)။
သက်ကောင်းရှည်က ဘယ်လောက်တုံးဗျ
သက်ကောင်းရှည်က ဘယ်လောက်တုံးဗျ။ သက်ဆိုးရှည်က ဘယ်လောက်တုံးဗျမေးတော့ နားကိုမလည်ဘူး (မလည်ပါဘူး ဘုရား)။ ကံကောင်းလို့အသက်ရှည်နေတာပါ ဘုရား။ လူသာဓုခေါ်၊ နတ်သာဓုခေါ် ပြောချင်ရာပြောမှာပဲ (မှန်ပါ)။
ဒီအထဲရွေးလိုက်တော့ ခင်ဗျားတို့သက်ကောင်းရှည်က ကျုပ်ဖြင့် ဗလာဖြစ်နေတယ်ထင်တယ်(မှန်ပါ)။ တွေးရမ လား၊ မတွေးရဘူးလား(တွေးရပါမယ် ဘုရား)။ ဒီဝိပဿနာမလုပ်ခင်ကလေး (မှန်ပါ)၊ မလုပ်ခင်ကတော့ ဒီအတိုင်းတွေးရတာ ပဲ (မှန်ပါ)။
ဒါက ဒကာကြွယ်ကို စောင်းပြောနေတယ်လို့ ဒီလိုမယူနဲ့ (မှန်ပါ)။ လူတိုင်းမှာစဉ်းစားကြည့်။ ဒီအဖြစ်ကလေး ပဋိစ္စသမုပ္ပါဒ်ကို ဖြစ်ပျက်မရှုမိလို့ရှိရင် ပဋိစ္စသမုပ္ပန္နဆိုတဲ့ အကျိုးတရားကလာမယ် (မှန်ပါ)။ လာခဲ့သော် မဂ်မဝင်နိုင်လို့ လာတာ (မှန်ပါ)။
အဲဒီတော့ အလျင်စိတ်ကသေ၊ နောက်စိတ်နဲ့ အသက်ရှင်။ ဒီလိုနဲ့သာ အသက်တမ်းသာ ၇၅နှစ်ပြည့်သွားတယ် ဆိုရင် သက်ဆိုးရှည်နဲ့ သူဟာ စခန်းသိမ်းသွားတယ် (မှန်ပါ)။ ဦးလှဖူး ဆိုထိုက် မဆိုထိုက်(ဆိုထိုက်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ယနေ့ ထူးထူးလည်လည်မှတ်ပါ၊ ဪ တပည့်တော်တို့ သူတော်ကောင်းရယ်လို့ အောက်မေ့ နေတာဘုရား၊ လှူလိုက်တန်းလိုက်၊ ပေးလိုက်ကမ်းလိုက်နဲ့ မနက်တိုင်ကျရင် သံဃာတော်တွေ ဆွမ်းနဲ့ကွမ်းနဲ့ နေလိုက်တော့ တပည့်တော်တို့ သက်ကောင်းရှည်လို့ အောက်မေ့နေတယ်။ ကိုယ့်စိတ်က စိတ်စဉ်တွေကို တစ်ခု တစ်ခု ဝေဖန်ကြည့်လိုက်တဲ့ အခါကျတော့ ဆွမ်းလောင်းတယ်၊ ဆွမ်းလောင်းတဲ့စိတ်ကလေးနဲ့ အသက်ရှင်နေတယ်။ ဆွမ်းလောင်းပြီး သကာလ ဆွမ်း လောင်းရတာလည်း ကြာလိုက်တာ၊ ကိုယ့်အလုပ်ကလေးတွေကလဲ အရေးကြီးနေတယ်ဆိုပြီး အရေးကြီးတဲ့ဘက်လှည့်လိုက် တော့ သက်ဆိုးရှည်(မှန်ပါ)။
သက်ဆိုးနဲ့သက်ကောင်း ဘယ်ဟာကများ
ဆွမ်းလောင်းနေတုန်းကတော့ (သက်ကောင်းရှည်ပါ ဘုရား)။ အရေးကြီးတယ်ဆိုတဲ့ဘက် ပြန်လိုက်လိုက်တော့ (သက်ဆိုးရှည်ပါ)။ ဒကာကြွယ် သက်ဆိုးနဲ့သက်ကောင်း ဘယ်ဟာကများသတုံး (သက်ဆိုးရှည်ကများပါတယ်)။
ဒီစိတ်ကလေးနဲ့သေတဲ့လူပေါင်း မောင်ဘသော်၊ မသာပေါင်း ဘယ်လောက်ပို့ဖူးသတုံး (အများကြီးပါ ဘုရား)။ ဘယ်များကြွကြပါလိမ့် (အပါယ်ဘုံသွားကြမှာကများပါတယ်)။ ဘာမှမေးနေစရာတောင် မလိုဘူး။ ဒီစိတ်အတိုင်းသွားရတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ သူတော်ကောင်းယောင်တော့ လုပ်မနေကြပါနဲ့၊ သက်ဆိုးရှည် သက်ကောင်းရှည်နဲ့ ဝေဖန်လိုက်တော့မှ သေချာသွားပါတယ် (မှန်ပါ ဘုရား)။
ကဲ ဒကာသစ်၊ ဝေဖန်တတ်ပလား (ဝေဖန်တတ်ပါသည် ဘုရား)။ ကိုယ့်အထဲဖြစ်တဲ့စိတ်နဲ့ ဝေဖန်လိုက်(မှန်ပါ ဘုရား)။ ဘာနဲ့ဝေဖန်ကြမလဲ (ကိုယ့်အထဲဖြစ်တဲ့စိတ်နဲ့ ဝေဖန်ကြရပါမယ်)။
ဖြစ်တဲ့စိတ်က မကောင်းတဲ့စိတ်တွေချည်းတန်းသွားနေလို့ရှိရင် ဘယ်နှယ့်ဆိုပါ့မလဲ (သက်ဆိုးရှည်ပါ ဘုရား)။
ကောင်းတဲ့စိတ်ကလေး တစ်ခါတလေမှဝင်လာတော့ ဒါကလေးကိုလဲ ဒကာ ဒကာမတွေက ပြောပလောက်အောင် အားထား စိတ်ချရလောက်တဲ့ ကုသိုလ်မျိုးကလဲ မဟုတ်သေးတော့ သက်ဆိုးရှည်တဲ့ ပြန်ဝင်ပြန်တယ် (မှန်ပါ)။
ဘုံဘဝတောင့်တလုပ်တဲ့ တဏှာနဲ့လုပ်တဲ့ကုသိုလ်မျိုးကတော့ ဒကာကြွယ်က ဘယ်နှယ့်ဆိုမလဲ (သက်ဆိုးရှည်ပဲ ဆိုရမှာပါ)၊ လာဦးမှာပဲ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဦးသန်းမောင်းကြီးတို့၊ ဒကာသစ်တို့ ဒါဟာ ဒကာရင်း၊ ဆရာရင်းတွေမို့ အကွက်ကျကျ ပြောလာတော့ မှ ကိုယ့်ကိုယ်ကို အသိဆုံး (မှန်လှပါ ဘုရား)။
ဘယ်လိုပေါ်လာတုံး (ကိုယ့်ကိုယ်ကိုအသိဆုံးပါ ဘုရား)။ ဒါ ကိုယ့်စိတ်ကိုယ်သိတာ(မှန်ပါ)၊ ကိုယ်စိတ် ကိုယ်သိတဲ့ အခါကျတော့ တစ်နေ့လုံးဟာကွာ လောဘနဲ့၊ ဒေါသနဲ့၊ မောဟနဲ့ အချိန်ကုန်သွားတာပဲ ဆိုတော့မှ ဒကာကြွယ်က ကိုယ့်ကိုယ် ကို ဝေဖန်လိုက်တော့ ငါဟာ ဘယ်လို အသက်ရှင်နေတာ ပါလိမ့်မလဲ (သက်ဆိုးရှည်နေတာပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ)။
ကျုပ်အိပ်မပျော်ဘူး၊ တစ်ညလုံးမကျေနပ်ဘူးတဲ့ (မှန်ပါ)၊ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခ ဖြစ်ကြတဲ့အခါ မရှိကြဘူးလား(ရှိပါတယ် ဘုရား)။ တစ်ညလုံးအိပ်မပျော်ဘူးဗျာ၊ ဒါချည်းပေါ်နေတာပဲတဲ့ (မှန်ပါ)။
ဘာချည်းပေါ်နေသတုံးဆိုလို့ရှိရင်ဖြင့် သူဟာ မကျေနပ်ပွဲသမား၊ ဒေါသတွေချည်းပေါ်နေတာပဲ (မှန်ပါ)။ အဲဒါကို ဒကာကြွယ်တို့က ဘယ်လိုဆုံးဖြတ်ချက်ချမလဲ(သက်ဆိုးရှည်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
သက်ဆိုးရှည်တွေက တန်းနေတယ်
ဒကာကြွယ်၊ သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။ ဒါနဲ့ဝေဖန်လိုက်တော့မှ ကိုယ့်ပဋိစ္စ သမုပ္ပါဒ်ထဲမှာ ကိုယ်ကြည့်လိုက်တော့မှ သက်ဆိုးရှည်တွေက တန်းနေတယ်။ သက်ကောင်းရှည်က ကြားမညှပ်ဘူး(မှန်ပါ)။
အဲဒါကို ဒကာ ဒကာမတွေ အရင်းအနှီးတွေဖြစ်ပြီး သကာလ နေကြတော့ ဪ ဒကာ ဒကာမတို့၊ မဂ်ကလေး ညှပ်လိုက်ကြနော်။ သဘောကျပလား (ကျပါပြီ)။ ဘာကလေးညှပ်ရမှာတုံး (မဂ်ကလေး ညှပ်ရမှာပါ ဘုရား)။
မဂ်ကလေးညှပ်လိုက်ဆိုတော့ ကုသိုလ်စိတ်ကလေးလာဦး ဖြစ်ပျက်ရှုလိုက်။ ကုသိုလ်စိတ်နဲ့အသက်ရှင်နေပြီး ကုသိုလ်စိတ်က ဖြစ်ပျက်သွားတော့ သူနဲ့အသက်အရှင်နိုင်ဘူး၊ ဖြစ်ပျက်ရှုတဲ့မဂ်ကလေးနဲ့ (အသက်ရှင်ပါတယ် ဘုရား)။
ဒါဖြင့် ခုနင်က ရှေ့ကဖြစ်ပျက်သွားတဲ့ အသက်ရှင်ဟာလည်း သက်ကောင်းရှည်ပါ။ အခု နောက်ရှုတဲ့ ဉာဏ်နဲ့ အသက်ရှင်တာကော (သက်ကောင်းရှည်ပါ ဘုရား)။ သက်ကောင်းရှည်ပဲဆိုတာ သေချာကြပလား (သေချာပါပြီ)။
သူတော်ကောင်း၊ သူယုတ်မာ ကိုယ့်ဟာကိုယ်ခွဲတော့
အဲဒီတော့ ဒီနည်းကို ဆရာဘုန်းကြီးက ပေးလိုက်သဖြင့် ဦးသန်းမောင်ရေ၊ သူတော်ကောင်း၊ သူယုတ်မာ ကိုယ့်ဟာ ကိုယ် ခွဲတော့ (ခွဲတတ်ပါပြီ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ငါ သူတော်ကောင်းလား၊ သူယုတ်မာလားဆိုတာ (ခွဲတတ်ပါပြီ ဘုရား)။ ပုတီးကြီးလည်ပင်းမှာစွပ်ပြီး ပိတ်ဖြူကြီး ဝတ်နေပေမယ့်လဲ ဒကာကြွယ်၊ အပေါ်ယံနော်။ အတွင်းက စိတ်အစဉ်အတိုင်းကမှ အမှန် (မှန်ပါ)။
ပုတီးလည်ပင်းစွပ်၊ ဆွမ်းတော်အုပ်ကြီးထမ်း၊ ပိတ်ဖြူကြီးတွေဝတ်၊ ဒီလိုပင်နေငြားသော်လည်း သူ့စိတ်ကူးက ဘာကူးသွားမှန်းမသိဘူး(မှန်ပါ)၊ ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား)။ အဲဒီတော့ သူ့ကိုဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သက်ဆိုးရှည် ပါ ဘုရား)။
အဲဒီတော့ ရမ်းပြီး သာဓုမခေါ်လိုက်နဲ့။ တော်လိုက်တာ ဒီလူကြီးလို့(မှန်ပါ)၊ အပြင်ဘက်ကတော်နေတာ၊ အတွင်းမှာ သက်ဆိုးရှည်ကြီးဖြစ်နေတယ်(မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒီနေ့ ဒီတရားကိုဟောရခြင်းသည် ဒကာသစ်၊ တခြားကြောင့်ဟောတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဪ အသက်ကလေးတိုတိုနေရတဲ့အထဲမှာ အကောင်းနဲ့အဆိုး ရွေးတတ်ကြပါစေတော့။ အပေါ်ယံနဲ့ဖြင့် မပြီးကြပါစေနဲ့(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အားလုံးလုပ်ကိုင်နေကြတဲ့ အလုပ်ဟူသရွေ့သည် အပေါ်ယံကဖုံးပြီး အတွင်းကနောက်ချေးခံဆိုတဲ့ ရှေးပုံပြင် အတိုင်း ဒကာ ဒကာမတို့အတွက် ကိလေသာတွေက ဆက်နေတယ်(မှန်ပါ)။ ဆက်နေတော့ ဦးသန်းမောင်၊ ဘယ်လိုဆုံးဖြတ်ချက်ချ မလဲ (သက်ဆိုးရှည်ပါ ဘုရား)။ ဒီတစ်စိတ်နဲ့အသက်ရှင်နေတာကိုး (မှန်လှပါ)၊ မကောင်းတဲ့လောဘစိတ်နဲ့ အသက်ရှင်ပြီး တော်တော်ကြာ ဒေါသစိတ်နဲ့ရှင်ပြန်ပြီ၊ တော်ကြာမောဟစိတ်နဲ့ (အသက်ရှင်ပါတယ် ဘုရား)။
ဣဿာစိတ်နဲ့ မစ္ဆရိယစိတ်နဲ့ ရှင်ပါတယ်
တော်တော်ကြာ ဟိုဆိုင်က ရောင်းရတယ်၊ တို့က ဘာမှမရောင်းရဘူးဆိုပြီး ဣဿာစိတ်နဲ့ ရှင်ပါတယ်။ မစ္ဆရိယစိတ် နဲ့ကော (အသက်ရှင်ပါတယ်)။
ကိုယ်ရတဲ့ပစ္စည်းကလေးကျတော့လဲ လူမြင် သူမြင်မှာစိုးလွန်းလို့ သေတ္တာကလေး သော့ခတ်ဝှက်ထား။ ဘာလုပ် တာတုံး ဒီဥစ္စာ (သက်ဆိုးရှည်ပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်၊ ခင်ဗျားတို့ဟာက ကြောက်စရာကြီးပါကလား(မှန်ပါ)၊ ကျုပ် ဒီဈေးနဲ့လျှော့ပေးလိုက်ပါတယ်နော်၊ ဟိုကိုလဲမပြောလိုက်ပါနဲ့၊ ဟာ ခင်ဗျားတို့ဟာက လာသေးတယ်(မှန်ပါ)၊ ဒါဟာ ရင်းနှီးတဲ့မိတ်ဆွေမို့နော် အစရှိသည်နဲ့ ကုန်သည်သဘောတွေက မလာဘူးလား(လာပါတယ်)။
ဒါ သိပ်ပျံ့နှံ့သွားလို့ရှိရင် ကျုပ်မှာ များများစားစားပေးစရာလဲ ရှိတာမဟုတ်ဘူး။ ကျုပ်သာ မုန်းဖတ်တင်စရာရှိ တယ် အစရှိသည်နဲ့ ဖုံးကာဖိကာတွေနဲ့ ဣဿာတွေနဲ့ မစ္ဆရိယတွေနဲ့၊ ဒကာကြွယ် ဘာနဲ့အသက်ရှင်နေသတုံး (သက်ဆိုးရှည် ပါ ဘုရား)။
ဒါဖြင့် ကုန်သည်တွေများသောအားဖြင့် ဘာနဲ့အသက်ရှင်တာများသတုံး (သက်ဆိုးရှည်ပါ ဘုရား)။ ပြီးတော့ ကျုပ်တို့က စိတ်ကောင်းနဲ့ရောင်းတာ၊ ဒါမျိုးက ပါလိုက်သေးတယ်၊ စိတ်ကောင်းနဲ့တဲ့။ ဟိုမှာ သက်ဆိုးရှည်က သေချာနေ တယ် (သေချာနေပါတယ် ဘုရား)။
ပြီးတော့ ဖုံးလိုက် ဖိလိုက်သေးတယ်။ ဖုံးဖိတာကလဲ မာယာလို့ခေါ်တယ် (မှန်ပါ)။ မာယာဆိုတာ ကိလေသာ၏ တန်ခိုး။ အဲဒါနဲ့ အသက်ရှင်နေပြန်တော့လဲ ဘယ်နှယ့်ဆိုမလဲ (သက်ဆိုးရှည်ပါ ဘုရား)။
ခင်ဗျားတို့က ဖုံးလိုက် ဖိလိုက်တာကလဲ နောက်လူအပေါ်၌လဲ ပြောချင်တာပြောရအောင်၊ အခုလူလဲပိသွားအောင် (မှန်ပါ)။
ဪ ငါ့အပေါ်မှာ စေတနာထူးခြားပြီး သကာလ နောက်လဲဝယ်ချင်အောင်ဆိုတဲ့ တဏှာကမျှော်လျှက် (မှန်ပါ)၊ ဘာနဲ့အသက်ရှင်တုံး (သက်ဆိုးရှည်ပါ ဘုရား)၊ သွားပြီ ဒါဖြင့်၊ သဘောကျပလား (ကျပါပြီ)။
အပါယ်ဇာတိရောက်သွားတာက များတယ်
ဒကာသစ်၊ မဂ်မဝင်ရင်တော့မရတော့ဘူး (မှန်ပါ)၊ မဂ်မဝင်လို့ရှိရင်ဖြင့် မွေးကတည်းက သက်ဆိုးရှည်တဲ့ ဥစ္စာ သေသည့်တိုင်အောင် သက်ဆိုးရှည်နဲ့ သွားပြီး သကာလ ဘယ်သူကယ်လို့၊ ဘယ်သူဆည်လို့မရတဲ့ ကမ္မပစ္စယော ဇာတိဆိုပြီး အပါယ်ဇာတိရောက်သွားတာက များတယ်(မှန်ပါ)။ သက်ဆိုးရှည်ကံကိုး (မှန်ပါ)။
ဒီကံနဲ့လာတော့ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။ ကဲ ဇာတိဆိုတော့ ဘယ်ဇာတိလဲ (အပါယ်ဇာတိများပါတယ်)၊ ရိုးရိုးဇာတိ မယူနဲ့နော် (မှန်ပါ)။
ဇာတိဆိုတာ ဘုရားက အားလုံးသိမ်းကျုံးပြီး ဟောထားတာ။ နတ်ဇာတိလည်း ဟောတယ်။ လူဇာတိလဲ ဟောတယ်။ ဗြဟ္မာဇာတိလဲ ဟောတယ်(မှန်ပါ)။ သို့သော် ကျုပ်တို့သက်ဆိုးရှည်သမားက ကမ္မဘဝပစ္စယာ (အပါယ်ဇာတိ ပါ ဘုရား)။
အဲဒီကျအောင်ယူပါ(မှန်ပါ)၊ ကိုင်း ခင်ဗျားတို့ကြွားခဲ့သရွေ့၊ မော်ခဲ့သရွေ့၊ ဖုံးခဲ့သရွေ့၊ လိမ္မာယဉ်ကျေး တယ်လို့ သူများကပြောတာတွေ သူက စကားပြောတတ်တယ်။ အဖိုးတန်အောင်လဲ ပြောတတ်တယ်။ ကိုယ့်ကုန်စွံအောင်လဲ ပြောတတ် တယ်။
ဒီပြင် ဖုံးကာ ဖိကာလဲ သူက မေတ္တာမရှိပေမယ့် ရှိအောင်လဲပြောတတ်တယ်(မှန်ပါ)၊ အင်း သက်ဆိုးရှည်တွေ လုပ်နေတာကိုး(မှန်ပါ)၊ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် မှန်ဆိုတာ ဘာလုပ်ဖို့ထားသတုံးလို့ ဘုရားကမေးလိုက်တယ်။ မှန်ဆိုတာ ဘုရား မကောင်းတာမြင်ဖို့ပါပဲ တဲ့(မှန်ပါ)။
ဒါဖြင့် ဆရာဘုန်းကြီးက ယနေ့ ဒကာ ဒကာမတွေကို သက်ဆိုးရှည်၊ သက်ကောင်းရှည် ဆိုတဲ့မှန်ကို ပေးထားတယ် (မှန်လှပါ)၊ ဘာလုပ်ဖို့ပါလိမ့် (မကောင်းတာမြင်ဖို့ပါ)။
မကောင်းတာကတော့ ထုတတ်နေပြီဗျာ(မှန်ပါ)၊ သဘောကျကြပလား(ကျပါပြီ)၊ ပြင်ဖြစ်အောင် ပြင်ပါ(မှန်ပါ)။
ကိုယ့်ကိုယ်ကိုသနားရင် ပြင်ဖြစ်အောင်ပြင်ပါ
ကိုယ့်ကိုယ်ကိုသနားရင် (ပြင်ဖြစ်အောင်ပြင်ရပါမယ်)၊ ပြင်ဖြစ်အောင်ပြင်ပါဆိုတော့ နောက်ကဖြစ်ပျက်ရှုတဲ့ မဂ်ကလေး လိုက် လိုက်ပေးပါ(မှန်ပါ)၊ မဂ်ကလေးလိုက်ပေးတော့ကို ရှေ့က ဖြစ်ပျက်ကလဲ သက်ကောင်းရှည်ပဲ(မှန်ပါ)။
နောက်ကမဂ်ကကော (သက်ကောင်းရှည်ပါ ဘုရား)၊ မဂ်ပုဂ္ဂိုလ်အဖြစ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ရှေ့ကဖြစ်ပျက်ကလဲ သက်ကောင်းရှည်၊ နောက်ကရှုတဲ့မဂ်နဲ့ အသက်ရှင်နေ ပြန်တော့ကော (သက်ကောင်း ရှည်ပါ ဘုရား)။
အဲဒီတော့ အရိယာများ ဘာနဲ့အသက်ရှင်နေတယ်၊ ပုထုဇဉ်များမှာ ဘာနဲ့အသက်ရှင်နေတယ်ဆိုတာ ဦးခင်မောင် ခွဲလိုက်ပါ(မှန်လှပါ ဘုရား)၊ ခွဲတတ်ပလား (ခွဲတတ်ပါပြီ)၊ ပုထုဇဉ်များမှာတော့ များသောအားဖြင့် ဘာနဲ့အသက်ရှင်နေ သလဲ (သက်ဆိုးရှည်ပါ ဘုရား)၊ သက်ဆိုးရှည်များတယ်နော်။
အခုပေါ်လာတဲ့စိတ်ကလေးနဲ့ ရှုရှိုက်လုပ်နေတာကိုးဗျ၊ လောဘလာရင် လောဘနဲ့ရှုရှိုက်လုပ်လိုက်။ ဒေါသလာရင် (ဒေါသနဲ့ရှုရှိုက်ပါတယ်)၊ ကြည့်စမ်းပါ၊ ငိုကြပြုကြတဲ့အခါ သက်ပြင်းကြီးများချကြတဲ့အခါ ဒေါသနဲ့ရှုရှိုက်နေတယ်(မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)။
တစ်ချို့ စည်းစိမ်ခံပြီး ရှုရှိုက်နေတာကျတော့ လောဘနဲ့ရှုရှိုက်နေတာ(မှန်ပါ)၊ လေညင်းကလေးခံ၊ ပန်ကာလေး အောက်မှာ အချိုအချဉ်ကလေး ကြိုက်ရာကလေး စားသောက်ပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်များကျတော့ ဘာနဲ့အသက်ရှင်နေပါ လိမ့်မတုံးဆိုတော့ လောဘနဲ့အသက်ရှင်နေတယ်(မှန်ပါ)၊ သာယာနှစ်သက်မှုနဲ့ အသက်ရှင်နေတယ်(မှန်ပါ)။
ဒါကိုလဲ ဘယ်နှယ့်ဆိုကြမလဲ (သက်ဆိုးရှည်ပါ ဘုရား)။
သက်ဆိုးရှည်ကြီးကို အတုခိုးတယ်
ဒါကို ဘေးကများနေကြည့်တော့ ဪ ကာမာဝစရရှိရှာတယ်။ ဒါကြောင့် သူတို့မှာတော့ ထင်သလိုနေ၊ ထင်သလို စားလို့ ကောင်းနိုးရာတွေကြားထဲ မွေးဖွားလာတယ်။ သူတို့လိုများဖြစ်ချင်လိုက်တာတဲ့။ ဟိုမှာ သက်ဆိုးရှည်ကြီးကို အတုခိုး တယ်(မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာကိုအတုခိုးသတုံး (သက်ဆိုးရှည်ကြီးကိုအတုခိုးပါတယ် ဘုရား)။ ဒီလိုဟာတွေမီအောင်လိုက်နေတဲ့ စီးပွားရေး သမားတွေက ရှိသေးတယ်(ရှိပါတယ် ဘုရား)။
သက်ဆိုးရှည်ကိုမီအောင်လိုက်ဖို့ရာ ဒကာကြွယ်၊ ကောင်းပါ့မလား(မကောင်းပါဘူး ဘုရား)၊ အတုခိုးစရာလားမေး ရင် ဘယ်နှယ့်ဖြေပါ့မလဲ (မဟုတ်ပါဘူး ဘုရား)။ ဒီအဖြစ်မျိုးကဖြင့် ဆန်ကုန်မြေလေးသာ မှတ်ကြပါ(မှန်ပါ)၊ သဘောပါကြ သလား (ပါပါပြီ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် ဒီနေ့ မှန်ကလေးတစ်ချပ်ပေးတယ်၊ ဒကာ ဒကာမတွေနော်(မှန်ပါ)၊ ငါသည် ဒီတစ်နာရီနဲ့ တစ်နာရီအတွင်း သက်ကောင်းရှည်လား၊ သက်ဆိုးရှည်လား မှန်ကလေးကြည့်လိုက်ပါ၊ စိတ်မှန်ကလေး ကြည့်လိုက်ပါ(မှန်ပါ ဘုရား)။
စိတ်မှန်ကလေး ကြည့်လိုက်တဲ့ အခါကျတော့ ဒေါသစိတ်တွေဟာ ငါ့မှာ ဟိုဘက်ကနည်းတာမဟုတ်ဘူး၊ လောဘ စိတ်တွေက နည်းတာမဟုတ်ဘူး၊ ငါ့မှာဖြင့် အညစ်အကြေးချည်းပဲဆိုလို့ရှိရင် ကိုယ်၊ စိတ်တည်းဟူသော မှန်ကို ကိုယ်ကြည့် လိုက်တဲ့အတွက် နောက်မဖြစ်အောင်ဟေ့ ကြိုးစားမဟဆိုပြီး သကာလ နောက်တော့ မင်းတို့ပေါ်လာတိုင်း ရှုမဟေ့(မှန်ပါ)။
မင်းတို့ပေါ်လာတိုင်း ရှုမဟေ့ဆိုသဖြင့် ဘယ်စိတ်ပေါ်လာပေါ်လာ ခင်ဗျားတို့က ရှုပေးလိုက်တဲ့အခါကျတော့ အရှုခံစိတ်နဲ့ရှင်နေလဲ သက်ကောင်းရှည်။ ရှုဉာဏ်နဲ့ရှင်နေကော (သက်ကောင်းရှည်ပါ ဘုရား)၊ သဘောပါသလား (ပါပါပြီ)၊ ဒကာကြွယ်၊ နေရာကျပြီနော် (ကျပါပြီ ဘုရား)။
ဒိဋ္ဌိကကွာသွားတယ်
ဒီလိုသက်ကောင်းရှည်၊ သက်ဆိုးရှည် ဝေဖန်လိုက်တာ ဒကာသစ်၊ ဦးသန်းမောင်တို့ နည်းနည်းနောနော အဓိပ္ပါယ် မဟုတ်ပါဘူး(မှန်ပါ ဘုရား)။ ဪ ဒီစိတ်နဲ့အသက်ရှင်နေတယ်၊ ဒီစိတ်နဲ့အသက်ရှင်နေတယ်၊ ဒီစိတ်နဲ့အသက်ရှင်နေတယ် ဆိုတော့ ပုဂ္ဂိုလ် သတ္တဝါ အကုန်ပျောက်တယ် (ပျောက်ပါတယ် ဘုရား)။
ပုဂ္ဂိုလ် သတ္တဝါ ဘယ်နှယ့်တုံး (ပျောက်ပါတယ် ဘုရား)။ ပျောက်ရင် ဒိဋ္ဌိကကွာသွားတယ်(မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့၊ ဘာကွာသွားသတုံး (ဒိဋ္ဌိကွာသွားပါတယ် ဘုရား)၊ ဒိဋ္ဌိကွာတဲ့ ဝိပဿနာ (မှန်ပါ)။
ဒိဋ္ဌိကွာတဲ့ ဝိပဿနာ ဆိုတော့ စိတ်ကလေးတွေသည် ဘယ်စိတ် ဘယ်စိတ်ဖြစ်တယ်လို့ စိတ်တွေကို မှန်ထားပြီး ကိုယ့်ဉာဏ်နဲ့ကြည့်လိုက်ပြီဆိုမှဖြင့်လဲ သက်ဆိုးရှည်လဲသိ၊ သက်ကောင်းရှည်လဲ သိခြင်းပင်လျှင် ဝိပဿနာအလုပ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။
ဘယ်နှယ့်ကြောင့်တုံးဆိုတော့ သက်ဆိုးရှည်တွေလဲ ပျက်စီးကုန်ပြီ။ သက်ကောင်းရှည်တွေကော (ပျက်စီးပါတယ် ဘုရား)။ ပျက်စီးတာပဲဆိုတော့ နောက်ဆုံးပိတ်ပျက်စီးတာချည်းမြင်တော့ သက်ကောင်းရှည်၊ သက်ဆိုးရှည်ရွေးခြင်းသည်ပင် လျှင် ဝိပဿနာဉာဏ် အလုပ်ပါ(မှန်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဪ ဒါကြောင့် ဆရာဘုန်းကြီး အပင်ပန်းခံပြီး အခုနာရီဝက်တိတိ သက်ကောင်းရှည်နဲ့ သက်ဆိုးရှည် ကိုယ့်မှန် ကိုယ်ကြည့်ပြီး ခွဲကြပါစေဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အလိုတော်ကျပြောရတယ် ဒကာကြွယ်(မှန်ပါ)၊ သဘောပါသလား (ပါပါပြီ ဘုရား)။
ဒီအတိုင်းသိကြပြီ၊ ဘုန်းကြီးကို ဒကာ ဒကာမတွေ သက်ကောင်းရှည် သက်ဆိုးရှည်ကိုရွေးနေကြပြီလို့ဆိုရင် ကိုယ့်စိတ် ကိုယ်သိပါ။ (မှန်ပါ)။
ကိုယ့်စိတ်က အနိစ္စ၊ သိတာက မဂ္ဂ
ဒါဖြင့် ကိုယ့်စိတ်က အနိစ္စ၊ သိတာက မဂ္ဂ (မှန်ပါ)၊ ဒီလိုမရွေးတဲ့ပုဂ္ဂိုလ်ကျတော့ တစ်နေ့လုံးဟာ ဝိပဿနာ ကြားညှပ်သေးရဲ့လား (မညှပ်ပါဘူး)။
ဒီတရားဘယ်လောက်အဖိုးတန်လဲဆိုတာ ဒကာကြွယ်၊ နိဂုံးချုပ်ကြည့်တော့မှ ဘယ်နှယ့်နေသတုံး (အဖိုးတန်ပါတယ် ဘုရား)၊ ကိုယ့်စိတ်တွေ ကိုယ်သိနေအောင်လုပ်နေတာ (မှန်ပါ)၊ သက်ကောင်းရှည် စိတ်ကလေးလဲ သူသိအောင်လုပ်တယ်၊ သက်ဆိုးရှည်စိတ်ကော (သိအောင်လုပ်ပါတယ် ဘုရား)၊ သိအောင်လုပ်နေတော့ အသိခံတာက အနိစ္စ၊ သိဉာဏ်က မဂ္ဂ (မှန်ပါ)။
ကိုင်း ဒကာကြွယ်၊ ကိုယ့်ကိုယ် မှန်ကြည့်လိုက်တဲ့ကျေးဇူးဟာ တစ်ခါတည်း ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ် (မှန်ပါ)။ မဂ္ဂလာရင် နောက်စိတ်တွေဘယ့်နှယ်တုံး၊ အဆိုးတွေလာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး)။
ဒါ ဘယ်နှယ့်ကြောင့်လိမ့်မတုံးလို့ မေးတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တတ်တဲ့ သဘောသတ္တိ ရှိလေသော ကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ဝိပဿနာဉာဏ် အစစ်ရသွားတယ် (မှန်ပါ ဘုရား)။
ဒကာကြွယ် ဘာအကဲခတ်တာပါလိမ့် (ကိုယ်စိတ်ကိုယ် အကဲခတ်တာပါ ဘုရား)၊ ဝိပဿနာဉာဏ်အစစ် မရဘူး လား (ရပါတယ်)။ ရမ်းမြင်တဲ့ အနိစ္စမဟုတ်တော့ဘူး။ ကိုယ့်စိတ်ကို ခုနင်က လောဘ ဖြစ်တယ်၊ အခုမရှိတော့ဘူး (မှန်ပါ)။ ခုနင်က ဒေါသဖြစ်တယ် (အခုမရှိတော့ဘူး)၊ အခုမရှိတော့ဘူးတဲ့။
အဲဒီလောဘ၊ အဲဒီဒေါသတွေက ဒကာ ဒကာမတွေ သူတို့ကို ဖြစ်ပျက်ရှုလိုက်တဲ့အတွက် ကျုပ်တို့မှာ သူတို့က ပဋိစ္စသမုပ္ပါဒ်တန်းမလို လာငြားသော်လဲ ကျုပ်တို့ရဲ့နောက်က ရှုတဲ့ဉာဏ်က ဖြတ်လိုက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
သူက ပဋိစ္စသမုပ္ပါဒ်တန်း မလို့လာတာ။ အကြောင်းအဖြစ်နဲ့ လာပြီးတန်းမလို့(မှန်ပါ)။ ကျုပ်တို့က ဖြတ်ချလိုက်တဲ့ အတွက် ကျုပ်တို့သံသရာကို ကျုပ်တို့ဖြတ်လိုက်တာ(မှန်ပါ)။
ဘာပါလိမ့် (တန်းမလို့လာတဲ့ သံသရာကို ဖြတ်ချလိုက်ပါတယ်)။
ဒါဖြင့် ကိုယ့်သံသရာ ကိုယ်ဖြတ်တဲ့တရား၊ သံသရာဖြတ်တယ် ဆိုတာသည် နောက်သံသရာ ဖြစ်မည့်တရား တွေကို သံသရာခန္ဓာကြီး ဖြစ်မည့်တရားတွေကို ဦးသန်းမောင်၊ ဖြတ်လိုက်တယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုယ့်စိတ်ကိုယ်ရှုတဲ့နည်း
ဒါဖြင့် ကိုယ့်စိတ်ကိုယ်ရှုတဲ့နည်းဟာဖြင့်၊ ဝေဖန်တဲ့နည်း ဉာဏ်မှန်နဲ့ကြည့်တဲ့နည်းဟာဖြင့် ဘုရားသခင် ကိုယ်တော် မြတ်ကြီး အကြိုက်ဆုံးပဲ(မှန်ပါ)၊ ဦးလှဖူး ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘယ်နှယ့်တုံး (ပေါ်ပါ ပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာဟာ တခြားရှာရမှာလား၊ ကိုယ့်စိတ်ကိုယ်ရှုနေရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား)၊ ရှုစရာလဲ ဒီနားမှာပဲ၊ သတိထားပြီးရှုရမည့်ဉာဏ်ကလဲ ကိုယ့်အတွင်းမှာပဲ (မှန်ပါ)။
ပေါ်မည့်တရားကလဲ (ကိုယ့်အတွင်းမှာပါပဲ)၊ ဒါဖြင့် ကိုယ့်အထုပ်ကိုယ်ဖြည်ကြည့်တာပါပဲဗျာ၊ ရှင်းနေရာပေါ့ (မှန်ပါ ဘုရား)။
ဒကာ ဒကာမတို့၊ ကိုယ့်လက်ဝတ်လက်စား ကလေးတွေကို သေတ္တာထဲ ထည့်ထားတာ ဖြည်ကြည့်တော့ မှားသေး သလား (မမှားပါဘူး)၊ ဟောဒါက လည်ဆွဲ၊ ဟောဒါက နားတောင်း အစရှိသည်နဲ့နော် (မှန်ပါ)။
ထို့အတူပဲ အဲဒီမှာအကုန်သိသလို၊ ကိုယ့်စိတ်ကို အကုန်သိလိုက်တဲ့အခါကျတော့ အပျက်သိ သွားဖြစ်တယ်(မှန်ပါ)၊ အဖိုးတန်ကြပလား(တန်ပါပြီ ဘုရား)။
ကိုယ့်စိတ်ကိုယ်သိလိုက်တော့ (အပျက်ဖြစ်သွားပါတယ်)၊ ဘာဖြစ်လို့တုန်း။ သိတဲ့စိတ် နောက်က လိုက်လာတော့ အလျင်စိတ်တွေက မောင်ဘသော်၊ ရှိသေးရဲ့လား(မရှိပါဘူး)၊ ဒါဖြင့် မရှိတာကို သိတာ(မှန်ပါ)၊ သဘောကျပလား (ကျပါ ပြီ)။
ဘယ်ဆိုကြပါ့မလဲ (မရှိတာကိုသိပါတယ် ဘုရား)၊ ဒါဖြင့် မရှိတာက အနိစ္စ။ သိတာက မဂ္ဂ သွားဖြစ်တယ်(မှန်ပါ)၊ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
နောက်ကမသိမှာကို ကြောက်ပါ
ဒါဖြင့် ဒကာ ဒကာမတို့၊ လောဘဖြစ်မှာကိုလဲ ကြောက်စရာထက် နောက်ကမသိမှာကို ကြောက်ပါ (မှန်ပါ)။ ဒေါသဖြစ်မှာထက် ဘာကပိုကြောက်စရာကောင်းသတုံး၊ နောက်ကမသိမိမှာကို ပိုကြောက်စမ်းပါ (မှန်ပါ)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သရာဂစိတ္တန္တ္တိ ပဇာနာတိ(မှန်ပါ)၊ ရာဂဖြစ်လာရင် နောက်ကအသိ ပေးရမယ်။ ဒေါသဖြစ်ရင် (နောက်ကအသိပေးရမယ်)၊ မောဟဖြစ်လာရင် (နောက်က အသိပေးရပါမယ်)။
မဖြစ်နဲ့ချည်းဆိုလို့တော့ လုံးဝရချင်မှရမယ်။ ပုထုဇဉ်ဆိုတာအာရုံနဲ့တွေ့ရင် ဖျတ်ခနဲပေါ်လိုက်တာပဲ(မှန်ပါ)၊ ပေါ်ပင် ပေါ်ငြားသော်လဲ သူက ပဋိစ္စသမုပ္ပါဒ်တန်းမလို့လာတာကို ကျုပ်တို့ကအသိနောက်က လိုက်လိုက်တော့ တန်းနိုင်သေးရဲ့လား (မတန်းနိုင်ပါဘူး ဘုရား)။
မတန်းလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်တန်းမှ သာလျှင် ဟိုဘက်မှာ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိဆိုတာ လာမှကိုး(မှန်ပါ)။ သူကမှ ကံကျအောင်မရောက်တော့ဘူးဆိုလျှင် ဒကာသစ်၊ ဘယ်နှယ့်လုပ် ဇာတိလာမလဲ(မလာနိုင်ပါဘူး ဘုရား)။
ဒါဖြင့် ဒီမဂ်ကျေးဇူးသည် ဒကာ ဒကာမတို့ လောဘဖြစ်လာအောင် သိလို့ရှိရင် အသုံးချလို့ရသေးတယ်။ ဒါကြောင့် မရှုမိမှာကိုကြောက်ပါ(မှန်ပါ)၊ ဒေါသဖြစ်ပြီး မရှုမိမှာကို(ကြောက်ရပါမယ်)၊ ဒီနေ့တရားဟာ ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တယ်လို့ ဆုံးဖြတ်ချက်ချပါ(မှန်ပါ)၊ အင်မတန် အဖိုးတန်ပါတယ်။
မဖြစ်နဲ့ဆိုတာက မဖြစ်ရင် သာပြီးကောင်းပါတယ်(မှန်ပါ ဘုရား)၊ သို့သော် ခင်ဗျားတို့ သားနဲ့တွေ့တဲ့ အခါလဲ ခင်စိတ်၊ စိုးရိမ်စိတ်၊ သမီးနဲ့တွေ့တဲ့အခါလဲ ခင်စိတ်၊ စိုးရိမ်စိတ် မလာပေဘူးလား(လာပါတယ် ဘုရား)။
အဲဒီစိုးရိမ်စိတ် လာပြီး ခင်ဗျားတို့က အိပ်မနေနဲ့(မှန်ပါ)၊ စိုးရိမ်စိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှု ရပါမယ် ဘုရား)၊ စိုးရိမ်စိတ်ကလေး မရှိဘူးဆိုတာ သိအောင်လုပ်ပါ(မှန်ပါ)၊ အဲဒါဝိပဿနာပဲ ဆိုတော့ စိုးရိမ်စေတဲ့စိတ်ကလေးဟာ သူက သောကကိုး။
အပါယ်ပို့ မလို့လာတာ
သောကက သူက ရည်ရွယ်ချက်နဲ့လာတာ၊ အပါယ်ပို့ မလို့လာတာ(မှန်ပါ)၊ စဉ်းစားကြည့်ပါလား။ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ ဟုတ်လား။ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်ဆိုတော့ ပဋိသန္ဓေဝိညာဏ်ပဲ (မှန်ပါ)၊ ကဲ သောကကလေး ဟာ စလာတာ(မှန်ပါ)။
အပါယ်ကျအောင် သွားသေးရဲ့လား(မသွားပါဘူး)၊ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်ကျအောင် သွားသေးရဲ့လား(မသွားပါ ဘူး)၊ ဒါကြောင့် သောကလာလဲ ရှု၊ ဒေါသလာလဲ ရှု(မှန်ပါ)၊ ရှင်းကြပလား(ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့က မရှုဘူး၊ ခုနစ်စဉ်တန်းပြီး သကာလ တစ်ခါတည်း သင်္ခါရရောက်အောင် သွားပစ်လိုက်တယ်(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။
အဲဒီတော့ ခင်ဗျားတို့မှာက ဆရာသမား ကင်းနေတော့ ပရမ်းပတာ ကိုယ်ဖြစ်ချင်တဲ့ဆီကို အပါယ်လေးပါး တစ်ခါ တည်း တောက်လျှောက်သွားပစ်လိုက်တာပဲ(မှန်ပါ)။
ပဋိစ္စသမုပ္ပါဒ်ကလဲ သူကအကြောင်း၊ သူကအကျိုး၊ သူကအကြောင်း၊ သူကအကျိုးနဲ့ ဒီဒယ်အိုးသာ ရောက်ဖို့တွေက များတယ်(မှန်ပါ)၊ မဆိုးရွားဘူးလား (ဆိုးရွာပါတယ် ဘုရား)၊ ပေါ်ကြပလား(ပေါ်ပါပြီ)။
ဒါဖြင့် ဘုရားက ဒေါသလာလဲ နောက်ကသိပေးပါ။ ဖြစ်ပျက်ရှုပေး(မှန်ပါ)၊ လောဘလာလဲ (ဖြစ်ပျက်ရှုပေးရပါ မယ်)၊ မောဟကလာကော(ဖြစ်ပျက်ရှုပေးရမယ်)၊ မောဟလာကော (ဖြစ်ပျက်ရှုပေးရပါမယ်)။
ဒါဖြင့် ဘုန်းကြီးပြောနေကျ အတိုင်းပြောရရင် ဒကာကြွယ်၊ ရိပ်မိပါလိမ့်မယ်(မှန်ပါ)၊ ဪ ရန်သူကို မိတ်ဆွေ လုပ်ပစ်လိုက်ပါ(မှန်ပါ)။
ရန်သူကို မိတ်ဆွေလုပ်ပစ်ရမယ်
ဘယ်လိုဆိုကြပါ့မယ် (ရန်သူကို မိတ်ဆွေလုပ်ပစ်ရပါမယ် ဘုရား)၊ ရန်သူဖြစ်မလို့ အပါယ်ကျအောင် ပို့မလို့ သောကကလာတာ(မှန်ပါ)။
ကျုပ်တို့က သောကကလာပေမယ့် မင်းနဲ့ငါ မဂ်ရအောင်လုပ်မယ်ဆိုပြီး သူ့ကိုရှုလိုက်တော့ မဂ်မရဘူးလား(ရပါ တယ် ဘုရား)၊ ကဲ ရန်သူကြောင့် ကျုပ်တို့သည် သံသရာကြီးဖြစ်တဲ့မဂ်ရတယ်(မှန်ပါ)၊ ရန်သူကို ဘာလုပ်ပစ်လိုက်သတုံး (မိတ်ဆွေလုပ်ပစ်လိုက်ပါတယ်)။
ကျုပ်ကိုကယ်တင်စမ်းပါဆိုပြီး သူ့ကိုပဲ ဖြစ်ပျက်ရှုလိုက်တော့၊ သောကဖြစ်ပျက်ရှုလိုက်တော့ မဂ်ကဝင်လာတယ် (မှန်ပါ)၊ ဝင်လာတော့ အပါယ်သွားမည့်ဟာတွေ သူက ဖြတ်ပစ်လိုက်တာ(မှန်ပါ)၊ ဖြတ်ပစ်လိုက်တော့ နိဗ္ဗာန်ကိုပို့တယ် (မှန်ပါ)၊ ဘယ့်နှယ်တုံး ဒကာကြွယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေမှာ ရှုစရာရှားသလားလို့ မေးဖို့စကားဟာ မလာတော့ဘူး(မှန်ပါ)၊ ပေါလိုက်တာဘုရား၊ တပည့်တော်တို့က လောဘသမားပဲ၊ တပည့်တော်တို့က ဒေါသသမားပဲ၊ တပည့်တော်က မဟုတ်မခံချင်တဲ့လူ။ အေး အဲဒါတွေလာရင် နောက်ကမိအောင်သာရှုဟေ့(မှန်ပါ)၊ ရိပ်မိပလား(ရိပ်မိပါပြီ)။
ဘာလုပ်ရမတုံး(မဟုတ်မခံချင်တဲ့ ဒေါသစိတ်ကလေးကို ဘာလုပ်ရမတုံး(ဖြစ်ပျက်ရှုရပါမယ်)၊ သူက သူများအပေါ် စီးလွန်းလို့ပါဗျ။ ဒါကြောင့် ကျုပ်က မဟုတ်မခံချင်တာဆိုတော့ အဲဒီမခံချင်တဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုချလိုက်ပါ(မှန်ပါ)။
သူကစီးနေတယ်ဆိုရင် စီးနေတာကို ဝမ်းထဲကတွေးမနေနဲ့တော့။ ဒီဟာလေးက အဆစ်လိုချင်၊ ဟိုဟာကလေးက နှိုက်သွားခံရတဲ့ ဈေးသည်မှာပေါ့ဗျာ(မှန်ပါ)၊ အဲဒါကလေး ဘာလုပ်ကြရမှာတုံး (ဖြစ်ပျက်ရှုရမှာပါ)။
ဒါဖြင့် ခင်ဗျားတို့ရန်သူက ဘာဖြစ်သတုံး(မိတ်ဆွေဖြစ်ပါတယ်)၊ ဒီလိုရှုနိုင်လောက်တော့ ဪ ရန်သူလား အောက်မေ့နေတယ်၊ ကယ်တင်မယ့်မဂ်ကို သူက ပေးသွားပါကလား၊ ကိုယ်ကရှုမိရင်နော်(မှန်ပါ)။
ကိုယ်ကရှုမိရင် ဘယ်နှယ့်တုံး
ကိုယ်ကရှုမိရင် ဘယ်နှယ့်တုံး(ကယ်တင်မယ့်မဂ်ကို ပေးသွားပါတယ်)၊ ကယ်တင်မယ့်မဂ်ကို ပေးသွားတယ်ဆိုတာ ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒုက္ခသစ္စာသိရင် မဂ်ရတယ်ဆိုတော၊့ ဪ ဖြစ်ပျက်က ဒုက္ခသစ္စာ(မှန်ပါ)၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ဒါကြောင့်ရတာ(မှန်ပါ)။
ဖြစ်ပျက်က (ဒုက္ခသစ္စာ)၊ ရှုတာက (မဂ္ဂသစ္စာပါ ဘုရား)၊ ဒီဘက်က သမုဒယတွေကို မဂ်က အကုန်သတ်ပစ်လိုက် တယ်(မှန်ပါ)၊ ကံတွေကော (သတ်ပစ်ပါတယ် ဘုရား)။
ကံတွေလဲ သတ်ပစ်လိုက်တော့ ဒကာ ဒကာမတို့ ဒီဥစ္စာ ရန်သူက မိတ်ဆွေဖြစ်လာပြီး သကာလ ကျုပ်တို့ကို အကျိုးဆောင်သွားလိုက်တော့ (မှန်ပါ)၊ ဒကာကြွယ်တို့ ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား)။
ဣဿာလာရင် မစ္ဆရိယဝန်တိုလာရင်
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားရှုစရာများ ရှားကြသလားလို့မေးရင် (မရှားပါဘူး ဘုရား)၊ လောဘ လာလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဒေါသလာလဲ (ဖြစ်ပျက်ရှုရပါမယ်)၊ ဣဿာလာရင် (ဖြစ်ပျက်ရှုရပါမယ်)၊ မစ္ဆရိယဝန်တိုလာ ရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒါကလေး မြန်မြန်သိမ်းထားစမ်းပါကွာ၊ လူမြင်သူမြင်မခံပါနဲ့ဆိုတာမျိုးက မစ္ဆရိယသဘော (မှန်ပါ)၊ အဲဒီမစ္ဆရိယ ကလေးလာရင်ပဲ ဖြစ်ပျက်ရှုပါ။
ဟာ ငါ့မှာ မစ္ဆရိယကလေးပေါ်ပဟ ဆိုပြီး ပြန်ပြန်ရှု(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ လူမမြင် သူမမြင်အောင် အုပ်ဆိုင်းထားတာလုပ်နေရင်တော့ မကောင်းဘူးနော်(မှန်ပါ)၊ ရိပ်မိပလား(မှန်ပါ)။
အဲဒါ အင်မတန်ဆိုးပါတယ်၊ ဒါကို နောက်သတိမထားပြီဆိုမှ လင်မယားရန်ဖြစ်၊ မောင်နှမရန်ဖြစ်၊ မင်းကိုက အထိန်းအသိမ်း သိပ်ညံ့တာကိုး စသည်နဲ့ ဒီဘက်သွားပြီ(မှန်ပါ)။
ဒါ ဘာဖြစ်လို့ပါလိမ့် (ဖြစ်ပျက်မရှုမိလို့ပါ)၊ မဂ်မလိုက်မိလို့ (မှန်ပါ)၊ ပေါ်ကြပလား(ပေါ်ပါပြီ)၊ ဘာမလိုက်မိ လို့ပါလိမ့် (မဂ်မလိုက်မိလို့ပါ)၊ အခုလိုက်တတ်ကြပလား (လိုက်တတ်ပါပြီ ဘုရား)။
ကဲ ခဏနားပါဦးစို့။
******
-တရား+နှလုံးသွင်းပါ
တရားနှလုံးသွင်းကြ၊ တရားနှလုံးသွင်းကြ၊ တရား+နှလုံးသွင်းပါ ဒကာ ဒကာမတို့။ စကားနှစ်လုံးနော်(မှန်ပါ)၊ တရားကို နှလုံးသွင်းပါ။
တရားကို နှလုံးသွင်းပါလို့ အခုစပြီး သတိပေးလိုက်တယ်(မှန်ပါ)၊ တရားကိုဆိုတာက ကိုယ့်သန္တာန်ပေါ်တဲ့စိတ် ကို ပြောတာ(မှန်ပါ)၊ နှလုံးသွင်းပါဆိုတာက နောက်ကနေပြီး ရှုပါ၊ သဘောကျပလား(ကျပါပြီ)။
တရားဆိုတာ ရှေ့ပိုင်းကပေါ်တဲ့စိတ်ကို ဆိုပါတယ်။ နှလုံးသွင်းပါဆိုတာက နောက်ကနေရှုဖြစ်အောင် ရှုပါ(မှန်ပါ)။ ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်ကရှုပါ။ အဲဒါ တရားနှလုံးသွင်းတာပဲ(မှန်ပါ)။
ကျုပ်တို့နှလုံးသွင်းပါတယ်။ ဒါကြောင့် ပါးစပ်မပြတ်ပါဘူး။ ရွတ်နေတာပါပဲဆိုတာက ခရီးရောက်သေးတာမဟုတ် ပါဘူး။ ကုသိုလ်တော့ရပါတယ်၊ ဝိပဿနာဉာဏ်အစစ်မဟုတ်သေးပါဘူး (မှန်ပါ)၊ ရိပ်မိပလား(ရိပ်မိပါပြီ)။
ရှေးအဘိုးကြီးတွေ၊ အဘွားကြီးတွေ ပြောလေ့ရှိကြတယ်။ ကျုပ်ဖြင့် ရွတ်စရာတွေကိုမနည်းဘူး ရထားတယ်တဲ့ (မှန်ပါ)၊ သူ့ဟာသူ ရွတ်စရာသာ ရထားတယ်။ ရှုစရာကို တစ်လုံးမှမပါဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ရွတ်စရာသာ ရထားတာပဲ။ ဘာဖြစ်လို့ ရွတ်နေတာတုံး၊ အို ကုသိုလ်ဖြစ်အောင်ရွတ်တာတဲ့(မှန်ပါ)၊ အဲဒီကုသိုလ်က ဒကာ ဒကာမတို့ တကယ့်ကို ဝိပဿနာလုပ်ငန်းမှာ ခရီးမရောက်သေးပါဘူး။ ပဋိစ္စသမုပ္ပါဒ် ပြတ်ရဲ့လားလို့ မေးလိုက်စမ်းပါ (မပြတ်ပါဘူး ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ပြတ်မှ နိဗ္ဗာန်ရောက်မှာ
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် မပြတ်လို့ရှိရင် ဘယ်ခရီးရောက်မလဲ။ ပဋိစ္စသမုပ္ပါဒ်ပြတ်မှ နိဗ္ဗာန်ရောက်မှာကိုး (မှန်ပါ)။ ပြတ်မှ၊ မပြတ်တဲ့အလုပ်ဆိုရင် ဒကာ ဒကာမတွေ အကောင်းကြီး မဟုတ်သေးဘူးပေါ့(မှန်ပါ)။
ဒါကြောင့် ဒကာ ဒကာမတွေ တရားကိုနှလုံးသွင်းသာ မှတ်ထားပါ(မှန်ပါ)၊ တရားဆိုတာ ရှေ့ကဖြစ်ပျက် သွားတဲ့ ဖြစ်ပျက်၊ နှလုံးသွင်းပါဆိုတာက နောက်မဂ်(မှန်ပါ)။
တရားကိုဆိုတာက (ရှေ့ကဖြစ်ပျက်ပါ)၊ ရှေ့ကဖြစ်တဲ့ဖြစ်ပျက်၊ ရှေ့စိတ်ဖြစ်ပျက်(မှန်ပါ)၊ နှလုံးသွင်းပါ ဆိုတာက (နောက်ကမဂ်ပါ)၊ နောက်ကရှုတဲ့မဂ်ကို ခေါ်တယ်(မှန်ပါ)။
ဒါကြောင့် ဒီစကားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ ဒကာမတို့ သေသေချာချာ မှာတော်မူတယ် (မှန်ပါ)၊
“သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနကာရော၊ အယံခေါ အမှာကံ အနုသာသနီ။”
ဘိက္ခဝေ ရဟန်းတို့၊ သတော ရှေ့ကဖြစ်တဲ့စိတ်ကို သတိရှိသည်ဖြစ်၍၊ သမ္ပဇာနကာရော နောက်က ပညာနဲ့ရှုသည်ဖြစ်၍၊ ဝိဟရေယျ နေပါတဲ့။
သေသေချာချာ မှာတော်မူတယ် ဒကာကြွယ် (မှန်ပါ)၊ ရှေ့စိတ်ဖြစ်ပျက်ကို နောက်စိတ်နဲ့နှလုံးသွင်း နေပါတဲ့။ ရှင်း ပလား (ရှင်းပါပြီ)။
ရှေ့ဖြစ်ပျက်၊ နောက်က မဂ်လိုက်ပါ
အယံ ဤသို့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုနေခြင်းသည်၊ ဝေါတုမှာကံ သင်ချစ်သားတို့အား၊ အမှာကံ ငါဘုရားတို့၏ အနုသာသနီ အကြီးဆုံး အဆုံးအမတော်ပဲတဲ့(မှန်ပါ ဘုရား)။
ပါဠိတော်များကို ဒါနတော်မူလိုက်တာ ဒကာကြွယ်၊ မနည်းပါဘူး(မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
သတိထားပြီး သကာလ ပညာနဲ့ရှုပါကွဆိုတာလဲ အတူတူပဲ(မှန်ပါ)၊ ပါဠိတော်ကတော့ သတော ဘိက္ခဝေ(ပ) အနုသာသနီ။ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတာ(မှန်ပါ)။
ကဲ ဒကာ ဒကာမတို့၊ ဉာဏ်ထဲမှာရှင်းအောင်၊ လင်းအောင်ဆိုတဲ့ ရှေ့ဖြစ်ပျက်၊ နောက်က မဂ်လိုက်ပါ (မှန်ပါ)၊ ရှေ့ကဖြစ်ပျက်၊ နောက်က မဂ်လိုက်ဖြစ်အောင် လိုက်ပါ။ ဒါကို ဟော်တော်မူတာပဲ ဆိုတာ သေချာပလာ(သေချာပါပြီ ဘုရား)။
အဲဒီတော့ ရှေ့က ဘယ်နှယ့်ကြောင့် ဖြစ်ပါလိမ့်မတုံး တွေးလိုက်၊ ရှေ့စိတ်က ဘယ့်နှယ်ကြောင့်ဖြစ်ပြီး ပျက်ရပါ လိမ့်မတုံး ဒကာသစ်၊ တွေးရတော့မယ် (မှန်ပါ)။
သင်္ခါရတရားတို့ ဆိုတာပျက်၏
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
“ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာ ဒေထ” (မှန်ပါ)၊ သင်္ခါရာ သူများပြုပြင်လို့ ပေါ်လာတဲ့တရားတို့သည် ဝယဓမ္မာ ဖြစ်ခြင်း သဘောရှိကုန်၏။ သင်္ခါရတရားတို့ ဆိုတာ ပျက်၏တဲ့(မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါက ရှေ့စိတ်က ခုနင်ကပြောခဲ့တဲ့ သောကကလေး မှတ်လိုက်တာပေါ့(မှန်ပါ)၊ ဒီသောက ကလေးဟာလဲ ဒကာ ဒကာမတို့၊ အလိုလို ပေါ်လာတာလား၊ သမီးကြောင့်ပေါ်လာတာလား (သမီးကြောင့်ပါ)။
ဟာ ဒါဖြင့် သမီးကလေးက ပြုပြင်လို့ပေါ်လာတဲ သင်္ခါရတရား(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ သမီးမရှိရင် သမီးသောက လာပါ့မလား(မလာပါဘူး)၊ ဒါဖြင့် သမီးကဖြစ်စေတဲ့ သောက၊ ဒါကြောင့် ဒီတရားဟာ သင်္ခါရတရား(မှန်ပါ)။
သူများပြုပြင်လို့ဖြစ်တဲ့တရားကို ဘယ်နှယ့်ဆိုကြမလဲ (သင်္ခါရတရားပါ ဘုရား)၊ ဝယဓမ္မာ သင်္ခါရာ ဟောတော်မူ တဲ့အတိုင်း သင်္ခါရတရားဟာ ပျက်ခြင်းအဆုံးရှိ၏(မှန်ပါ)။
ဪ ဘယ့်နှယ်ကြောင့်ပျက်တတ်ပါလိမ့်မတုံးလို့ ကိုယ့်သံသယရှိလာရင် သင်္ခါရတရားမို့ ပျက်သွားတာလို့ ဆုံးဖြတ်ချက်ချ(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ရှေ့က ဘယ့်နှယ့်ကြောင့် ဖြစ်ပျက်တွေဖြစ်ပါလိမ့် (သင်္ခါရတရားမို့ပါ ဘုရား)၊ သင်္ခါရတရားမို့ ပျက်သွားတယ် (မှန်ပါ)၊ ဒကာသစ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဟုတ်ကဲ့လား ဒကာ ဒကာမတို့၊ ဒါဟာ သူများပြုပြင်လို့ပေါ်တာမှ ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား)၊ သမီးဟူ သော အာရုံကြောင့်ပေါ်တာ(မှန်ပါ)၊ သားကြောင့်(ပေါ်တာပါ)၊ ပစ္စည်းကြောင့် (ပေါ်တာပါ)၊ သမီးကို စိုးရိမ်တယ်၊ ပစ္စည်း ကို စိုးရိမ်တယ်(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)
ပြုပြင်လို့ပေါ်လာတဲ့တရား သင်္ခါရ
ဒါဖြင့် ပြုပြင်လို့ပေါ်လာတဲ့တရား (မှန်ပါ)၊ သူ့ကို ဘာတရားခေါ်ကြမယ် (သင်္ခါရတရားပါ ဘုရား)။
ဒါကြောင့် ဘုရားက သင်္ခါရာ သင်္ခါရတရားတို့သည်၊ ဝယဓမ္မာ ပျက်ခြင်းသဘောရှိတယ်၊ ပျက်ဆုံးခြင်းသတဲ့ (မှန်ပါ)၊
ပြုပြင်လို့ပေါ်လာတဲ့တရား ဘယ်မှာဆုံးသလဲ (ပျက်စီးခြင်းမှာဆုံးပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာလဲ ရုပ်ရော နာမ်ရော ခန္ဓာငါးပါးစလုံးဟာ ပြုပြင်လို့ပေါ်လာတာ (မှန်ပါ)၊ သူတို့လဲ ဘယ်မှာဆုံးသလဲ (ပျက်ခြင်းမှာဆုံးပါတယ်)။
ဒါကြောင် ဝေဒနာပေါ်လဲပျက်မှာပဲ (မှန်ပါ)၊ ရုပ်ပေါ်လဲ(ပျက်မှာပဲ)၊ သညာပေါ်လဲ (ပျက်မှာပါပဲ)၊ သင်္ခါရပေါ်လဲ (ပျက်မှာပါပဲ)၊ စိတ်ပေါ်လဲ (ပျက်မှာပါ ဘုရား)၊ ဘယ်နှယ့်ကြောင့်ပျက်လိမ့်မလဲ မောင်ဘသော်တို့(သင်္ခါရတရားမို့ပါ ဘုရား)၊ ဟုတ်ပြီ၊ သူများပြုပြင်လို့ပေါ်တဲ့တရားတော့ ပျက်မှာပဲ (မှန်ပါ)။
ဒါဖြင့် ဒီလိုလုပ်ကြစို့တော့ ဒကာ ဒကာမတို့၊ သူများပြုပြင်လို့ပေါ်လာတဲ့ သင်္ခါရတရားဆိုတော့ ယခု ဒကာ ဒကာမတွေမှာ ကံက ပြုပြင်ထားတယ်(မှန်ပါ)။
ကံကပြုပြင်လိုက်တော့ သူများပဲမဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်)၊ ဘာဖြစ်ကြဦးမယ်ထင်သတုံး (ပျက်မှာပါ ဘုရား)၊ တော်ပြီကွာ သူများလက်အောက်ခံများ မဖြစ်ချင်ဘူး(မှန်ပါ)။
သူများလက်အောက်ခံ မဖြစ်ချင်ဘူး
ဦးသန်းမောင် ဘယ်နှယ့်ဆိုမလဲ(သူများလက်အောက်ခံ မဖြစ်ချင်ပါဘူး ဘုရား)၊ သူများလက်အောက်ခံဟာ ခဏ ခဏ ပျက်ရတယ်ပေါ့(မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သူများလက်အောက်ခံဟာ ခဏခဏ ပျက်ရပါတယ် ဘုရား)၊ တော်ပြီဟေ့ ဘယ်သူ့လက်အောက်မှမခံတဲ့၊ ကံတို့ စိတ်တို့လက်အောက်ခံဖြစ်ရာ ကံက ပြုပြင်တာလဲ မကောင်းဘူး(မှန်ပါ)။
စိတ်ကပြုပြင်တာလဲ စိတ်ကလက်အောက်ခံဖြစ်နေသောကြောင့် သင်္ခါရတရား ပျက်ဦးမှာပဲ(မှန်ပါ)၊ ဥတုကပြုပြင် ထားတာ သစ်ပင်ကလေးတွေပေါက်နေတာလဲ သင်္ခါရတရား၊ ဒါကလေးတွေလဲ ဘာတုံး (ပျက်ဦးမှာပါ ဘုရား)၊ အာဟာရက ပြုပြင်လိုက်လို့ဖြစ်တဲ့ ရုပ်ကလေးတွေလဲ တော်တော်ကြာဘာဖြစ်ဦးမယ်(ပျက်ဦးမှာပါ)။
ဒါဖြင့် သူများလက်အောက်ခံ ဖြစ်ရတာသည် (ပျက်ဦးမှာပါ ဘုရား)၊ အပျက်လွတ်တယ်လို့ ရှိကြရဲ့လား (မရှိပါဘူး)၊ ဒါဖြင့် သင်္ခါရနယ်ကလွတ်ပြီး အသင်္ခတနယ် ကူးကြပါ(မှန်ပါ)။
ဘယ်လိုသတိပေးပါလိမ့် (သင်္ခါရနယ်ကလွတ်ပြီး အသင်္ခတနယ် ကူးကြပါ)။
အသင်္ခတဆိုတာ
အသင်္ခတဆိုတာ ကံကပြုပြင်ထားတာမဟုတ်လို့လဲ မပျက်ဘူး(မှန်ပါ)၊ စိတ်ကပြုပြင်ထားတာမဟုတ်လို့လဲ (မပျက်ပါဘူး)၊ ဥတုကပြုပြင်ထားတာမဟုတ်လို့လဲ (မပျက်ပါဘူး)၊ အာဟာရပြုပြင်ထားတာ မဟုတ်လို့လဲ (မပျက်ပါဘူး)၊ အဲဒါ နိဗ္ဗာန်ပဲ(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ပြုပြင်ထားတဲ့ တရားကတော့ အပျက်မှာ လမ်းဆုံးတယ်(မှန်ပါ)။
ဒါဖြင့် ကျုပ်တို့ဘယ်သွားကြမတုံး (အသင်္ခတသို့သွားကြပါမယ် ဘုရား)၊ သူများမပြုပြင်တဲ့ နေရာကို သွားမယ် (မှန်ပါ)၊ ဒီကျတော့ သူများငဲ့ရတယ်၊ သူများစောင်းရတယ်၊ သူများမျက်နှာ ကြည့်ရတယ်၊ လာသေးရဲ့လား(မလာပါဘူး ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ အခုတော့ လူဖြစ်ရတယ်ဆိုတော့၊ ဒကာ ဒကာမတို့ ပစ္စည်းရှင်မျက်နှာလဲ ကြည့်ရတယ် (မှန်ပါ)၊ အိမ်နီးချင်းမျက်နှာကော (ကြည့်ရပါတယ်)၊ ဝယ်သူ့မျက်နှာကော (ကြည့်ရပါတယ်)၊ ရောင်းသူမျက်နှာကော (ကြည့်ရပါတယ်)၊ အောက်ကျလွန်းတယ်(မှန်ပါ)၊ မကျဘူးလား (ကျပါတယ်)၊ ပြုံးချိန်မှမပါဘဲ မဲ့ချိန်ချည်းဖြစ်နေတယ် (မှန်ပါ)။
ဘယ့်နှယ်ဆိုကြပါ့မယ် (မဲ့ချိန်ချည်းပါ ဘုရား)၊ ပြုံးချိန်များပါကြရဲ့လား(မပါပါဘူး)။
အဲဒီတော့ သူများနဲ့ဆက်သွယ်နေရတဲ့ သင်္ခါရတရားဖြစ်သောကြောင့် ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း ရပါတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂင်ရထားနဲ့သွား
ဒါဖြင့် မပြုပြင်တဲ့နေရာ ရောက်အောင် ကျုပ်တို့သွားပါ(မှန်ပါ)၊ ဘာနဲ့သွားမတုံးဆိုတော့ မဂ္ဂင်ရထားနဲ့သွား (မှန်ပါ)၊ ဒါဖြင့် ရှုတာသည် မဂ္ဂင်ပဲ(မှန်ပါ)၊ သူသည် ဒီသင်္ခါရတရားသည် ပေါ်သေးရဲ့လား(မပေါ်ပါဘူး)၊ ဒါဖြင့် သင်္ခါရဆုံးတဲ့ဆီကို သူပို့ပေးတယ် (မှန်ပါ)။
မဂ္ဂင်သည် ဘယ်ကိုပို့ပါလိမ့် (သင်္ခါရဆုံးတဲ့ဆီပို့ပါတယ်)၊ သင်္ခါရဆုံးတဲ့ဆီ သူပို့လိုက်တယ်ဆိုတော့ သူများ မပြုပြင်တဲ့နေရာဆိုတော့ ဘယ်သူ့မျက်နှာကြည့်ပြီး ဘယ်သူ့အောက်ကျသေးသတုံး (မကျပါဘူး ဘုရား)။
ဒါဖြင့် အဲဒါကို ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)၊ ဪ နိဗ္ဗာန်ဆိုတာ သင်္ခါရနယ်အဆုံးမှာ ရှိတာကိုး(မှန်ပါ)။
ဪ ဒါဖြင့် နိဗ္ဗာန်သည်ကား ဆိုရင် ကံပျက်လို့လဲ သူမပျက်ဘူး(မှန်ပါ)၊ စိတ်ပျက်သွားလို့လဲ (မပျက်ပါ ဘုရား)၊ ဥတုပျက်လို့လဲ(မပျက်ပါဘူး)၊ အာဟာရပျက်လို့လဲ(မပျက်ပါ ဘုရား)၊ ဘာ ဘယ်သူဖျက်လို့မှ (မပျက်ပါဘူး ဘုရား)။
အဲဒါကိုရောက်အောင် ဘယ်သူက ပို့ကြမယ်ထင်သတုံး (မဂ္ဂင်က ပို့မှာပါ ဘုရား)။
ဒါဖြင့် မဂ်ကလဲ အလိုလိုပေါ်သလား၊ သင်္ခါရကြည့်မှပေါ်သလား (သင်္ခါရကြည့်မှပေါ်ပါတယ်)၊ တော်တော်မိပြီ ဒီနေ့ (မှန်ပါ)၊ တော်တော်မိပြီ ဒကာ ဒကာမတို့၊ တော်တော်အဖိုးတန်သွားပြီ (မှန်ပါ)။
သင်္ခါရတရားပျက်တတ်တယ်ဆိုတာ မဂ်ကကြည့်ပေး(မှန်ပါ)၊ အဲဒီတော့ သင်္ခါရကို မုန်းလာလိမ့်မယ်(မှန်ပါ)၊ မမုန်းပေဘူးလား (မုန်းပါတယ်)၊ နောက်ကျတော့ သင်္ခါရတရားကို မလိုချင်တော့ သင်္ခါရတရားဆုံးပါလိမ့်မယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သင်္ခါရဆုံးတော့ အသင်္ခတ နိဗ္ဗာန်ရောက်တယ်
သင်္ခါရဆုံးတော့ အသင်္ခတ နိဗ္ဗာန်ရောက်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဘာဆုံးအောင်လိုက်ကြမယ် (သင်္ခါရဆုံးအောင်လိုက်ရပါမယ် ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်ဆုံးအောင်လိုက် (မှန်ပါ)၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သဘောပါသလား (ပါပါပြီ)။
ကိုယ့်စိတ်ကို ကိုယ်ရှုတတ်ပလား (ရှုတတ်ပါပြီ ဘုရား)၊ ကိုယ့်စိတ်က သင်္ခါရ၊ ရှုတတ်တာက မဂ္ဂ(မှန်ပါ)၊ သဘော ပါသလား (ပါပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကမ္မဋ္ဌာန်းကျောင်း ဘယ်များသွားရှုရမတုံး (ကိုယ့်ခန္ဓာ ကိုယ်ရှုရပါ မယ် ဘုရား)၊ နေရာကျပြီ၊ အဖြေထွက်လာပြီ (မှန်ပါ)။
ပထမခန္ဓာကို နောက်ခန္ဓာနဲ့ ရှုလေဗျာ (မှန်ပါ)၊ ပထမသင်္ခါရ ရက္ခခန္ဓာတစ်ခု မပေါ်လာဘူးလား(ပေါ်လာပါတယ်)၊ အဲဒါကို နောက်မဂ်ဆိုတဲ့ ခန္ဓာနဲ့ ရှုလိုက်ရင် မပြီးဘူးလား (ပြီးပါတယ်)။
အေး ဒါကြောင့် ငါသည် သက်ဆိုးရှည်လား၊ သက်ကောင်းရှည်လားဆိုတာ ပြန်ပြီးနိဂုံးချုပ်ကြစို့ (မှန်ပါ)၊ သက်ဆိုး ရှည်လား၊ သက်ကောင်းရှည်လားလို့ ကိုယ့်ဟာကိုယ် ဝေဖန်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့၊ မဂ်နဲ့အသက်ရှင်နေ တယ် (မှန်ပါ ဘုရား)၊ ဒီမဂ်သည် ရှုဖန်များလာလို့ မဂ်စစ်ဖြစ်လာတယ်ဆိုတော့ နောက်သင်္ခါရတွေ လာသေးရဲ့လား (မလာပါ ဘူး)။
ဒါဖြင့် သင်္ခါရနဲ့ အသက်ရှင်စရာကော ရှိသေးရဲ့လား (မရှိပါဘူး)၊ သင်္ခါရဆုံးသွားလို့ အင်္သခတရောက်သွားတော့ ဒုက္ခတွေ ငြိမ်းသွားတယ်။ သဘောကျပလား (ကျပါပြီ)။
အသင်္ခတရောက်ချင်ရင် သင်္ခတကို မုန်းရမယ်
ဒါဖြင့် အသင်္ခတရောက်ချင်ရင် သင်္ခတကို မုန်းရမယ်(မှန်ပါ)၊ သင်္ခတ ဖြစ်ပျက်ကိုမြင်၊ သင်္ခတ ဖြစ်ပျက်ကိုမုန်း၊ သင်္ခတ ဖြစ်ပျက်ဆုံးမှ သင်္ခတရောက်မယ်(မှန်ပါ)၊ နို့မဟုတ်ရင် ဆုတောင်းရုံနဲ့တော့ဖြင့် (မရောက်နိုင်ပါဘူး)၊ သေချာကြပ လား (သေချာပါပြီ)။
ကိုင်း ဒါဖြင့် ဒီတရားမှာဖြင့် တို့ကို ခန္ဓာထဲမှာ ဘုန်းကြီးက တရားပေးပြီ၊ ဘယ်မှတို့တရားရှာစရာ မလိုတော့ဘူး (မှန်ပါ)၊ ဒါ အားကိုးအားထားအစစ်ပဲ ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။
ငါသည် သက်ဆိုးရှည်လား၊ သက်ကောင်းရှည်လားဆိုတာလဲ နောက်မဂ်မလိုက်ရင် သက်ဆိုးရှည်ချည်းမှတ် (မှန်ပါ)၊ နောက်မဂ်လိုက်ရင် သက်ကောင်းရှည်ချည်းပဲမှတ် (မှန်ပါ)၊ သက်ကောင်းရှည်ဆိုတာ သေချာပလား(သေချာပါပြီ)။
ဒါဖြင့် ကိုယ့်ကိုယ်ကို အဖိုးတန်တဲ့ အချိန်နဲ့ အဖိုးမတန်တဲ့ အချိန်ကော ခွဲနိုင်ပလား (ခွဲနိုင်ပါပြီ ဘုရား)၊ မဂ်လိုက်တဲ့ အချိန် (အဖိုးတန်အချိန်ပါ ဘုရား)၊ မဂ်မလိုက်တဲ့အချိန် (အဖိုးမတန်တဲ့အချိန်ပါ ဘုရား)။
အဲဒါ မဂ်မလိုက်တဲ့အချိန်ကျတော့ အန္ဓအချိန်၊ မဂ်လိုက်တဲ့အချိန်ကျတော့ အရိယာအချိန် (မှန်ပါ ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
မဂ်စိတ်နဲ့ယှဉ်နေရင် အရိယာပဲ
ဪ အရိယာဆိုတာ တခြားလာမှတ်နေတယ်။ မဂ်စိတ်နဲ့ယှဉ်နေရင် အရိယာပဲဆိုတာ မသေချာဘူးလား (သေချာ ပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါနဲ့ ရှုပြီးနေမယ်ဆိုရင် ခင်ဗျားတို့ဝန်လေးစရာကော ရှိရဲ့လား (မရှိပါဘူး)။
အေး ဒီတရားဟောခြင်းက ဒကာ ဒကာမတွေလဲ ဘုန်းကြီး အင်မတန်ပင် ကယ်တင်ချင်ပါတယ် (မှန်ပါ)၊ ကယ်တင် ချင် ကယ်တင်ချင်ငြားသော်လဲ မလွှဲသာတဲ့ကိစ္စ နက်ဖြန်တစ်ခုရှိတယ်။
ဒါကြောင့် မိုးကုတ်ကို သွားဦးမယ်။ လကွယ် အဖိတ်လောက် လကွယ်နေ့လောက်ကို ပြန်ရောက် လိမ့်မယ်လို့ ရည်ရွယ်ချက်လဲရှိပါတယ် (မှန်ပါ)။
ကမ္မဋ္ဌာန်းလဲပေးခဲ့ပြီ
အဲဒါကြောင့် နက်ဖြန်ကစပြီးတော့ တရားနားကြဦးစို့၊ ကမ္မဋ္ဌာန်းကျောင်းရောက်၊ ကမ္မဋ္ဌာန်းလဲပေးခဲ့ပြီ၊ ကမ္မဋ္ဌာန်း ကျောင်းကော ကိုယ်ပိုင်ရှိပလား (ရှိပါပြီ ဘုရား)၊ ကမ္မဋ္ဌာန်းရှိတဲ့သဘောကော ရောက်ပလား (ရောက်ပါပြီ ဘုရား)။
ဒါဖြင့် အမွေပေးခဲ့တာ သေးသလား၊ ကြီးသလား (ကြီးပါတယ် ဘုရား)၊ ကြီးတယ်ဆိုကတည်းက သင်္ခါရနယ်က လွတ်အောင် ဘုန်းကြီးမလာခင် ရုန်းနှင့်ကြ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။