13809

မာတိကာသို့

ဉာဏ်အမြင်နှင့် မျက်လုံးအမြင်

(ခန္ဓာငါးပါးဝိပဿနာရှုပုံ)

ကျေးဇူးတော်ရှင်-အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော

ဉာဏ်အမြင်နှင့် မျက်လုံးအမြင်

(ခန္ဓာငါးပါးဝိပဿနာရှုပုံ)အလုပ်ပေးတရားတော်

(၁၄-၁၀-၁၉၆၁)

ရူပက္ခန္ဓာ ရုပ်တရား

ခန္ဓာငါးပါးရှိတယ်လို့ မှတ်ထားရမယ်။ ခန္ဓာငါးပါးက တခြားမဟုတ်ပါဘူး။ ဒီလိုကိုင်တွယ်လို့ရတာအားလုံး မှတ်ကြပါ။ ရူပက္ခန္ဓာ ရုပ်တရားချည်းလို့ မှတ်ပါ။

သူ့သဘောသတ္တိ ပြောစမ်းပါဆိုလို့ရှိရင် ပူလိုက်၊ အေးလိုက်၊ ပိန်လိုက်၊ ဖောင်းလိုက်၊ ဖွဲလိုက်၊ တော်တော်ကြာကျ တော့ ကျဲလိုက်၊ သလိပ်များကို ဖွဲလိုက်၊ ကျဲလိုက်(မှန်ပါ)။

ရူပက္ခန္ဓာသဘော ကတော့ဖြင့် ပူလိုက်၊ အေးလိုက်၊ တစ်ခါတည်း တောင့်လိုက်၊ တင်းလိုက်၊ အမျိုးမျိုး အဖုံဖုံ ဖြစ်ပါတယ် (မှန်ပါ)။

အဲဒါကလေးတွေကို ခင်ဗျားတို့ကကြည့်တဲ့အခါကျလို့ရှိရင် ဒါ ဖောက်ပြန်ပျက်စီးနေတာလို့သာမြင်လို့ရှိရင် မြင်တာ ပဲ (မှန်ပါ)။

ဖောက်ပြန်နေတာပါလား

ပူတာကလေး ပူလာပြီ၊ အေးသွားပြန်ပြီ။ ဪ ဖောက်ပြန်နေတာပါလား၊ ပျက်စီးနေတာပါလားလို့ ဉာဏ်ထဲက သိနေလို့ရှိရင် ဒါ မြင်တာပဲလို့မှတ်ပါ။ ဒါ ရူပက္ခန္ဓာ (မှန်ပါ)။

ဝေဒနာက္ခန္ဓာကလေးကတော့ နာမ်တရားဖြစ်နေတော့ ယားလိုက်၊ ပျောက်သွားလိုက်၊ ဒါ ဝေဒနာက္ခန္ဓာ၏ဖြစ်ပျက်ပဲ (မှန်ပါ)၊ တစ်ခါတလေ စိတ်ထဲချမ်းသာလာလိုက်၊ ချမ်းသာတာကလေး ပျောက်သွားလိုက်၊ ဝေဒနာက္ခန္ဓာဆိုတာလဲ ဒါပဲ။ ဖြစ်ပြီးပျက်နေတာ(မှန်ပါ)။

ဥပေက္ခဝေဒနာကလေးဟာလဲ ဖြစ်ပြီးပျက်သွားပြန်တာပဲ၊ ကြားပြီးပျက်သွားပြန်ပြီ။ ဒါလဲ ဥပေက္ခဝေဒနာကလေး၏ ဖြစ်မှု၊ ပျက်မှုပဲလို့၊ သူပေါ်လာတာကို ဉာဏ်ထဲက ဖြစ်မှု၊ ပျက်မှု လိုက်နေရမယ်။

ဒါ ဖြစ်မှု၊ ပျက်မှုပဲလို့ အောက်မေ့နေရမယ်(မှန်ပါ)၊ ထိုကဲ့သို့ အောက်မေ့တာသည်ပင်လျှင် ဒါဟာ ဉာဏ်အမြင် ပါပဲ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဉာဏ်အမြင်ပဲ။ ယားလိုက်၊ ပျောက်လိုက်၊ အောင့်လိုက်၊ ပျောက်သွားလိုက်၊ ကောင်းလိုက်၊ ပျောက်သွားလိုက်၊ မြင်လိုက်၊ ပျောက်သွားလိုက်၊ ဒါ ဝေဒနာကလေးတွေ သူ့ဟာသူဖြစ်ပြီး သူ့ဟာသူ ပျောက်သွားတာ။ ခင်ဗျားတို့ကတော့ စောင့်ကြည့်နေရုံပဲ (မှန်ပါ)။

ရေဆိပ်မှာထိုင်နေပြီးတော့

ခင်ဗျားတို့ကြည့်နည်းက ဥပမာ ဘုန်းကြီးရှင်းပြပါ့မယ်။ ရေဆိပ်မှာထိုင်နေပြီးတော့ လူက ဒီကနေထိုင်၊ ရေက အထက်ကစီးလာတယ်၊ ကိုယ်က ဒီနားကလေးတွင် ကြည့်။

အထက်ကစီးတဲ့ရေလဲ မကြည့်နဲ့၊ အောက်က စီးသွားတဲ့ရေလဲ မကြည့်နဲ့။ ဒီနားက ရေမရှိဘူး။ အလျင်ရေ မဟုတ်ဘူး၊ အလျင်ရေ မဟုတ်ဘူးလို့ သိနေရင် ပြီးတာပဲ (မှန်ပါ)။

အလျင်ရေမဟုတ်ဘူးလို့ သိနေသလို အလျင်ရုပ်မဟုတ်ဘူး၊ အလျင်နာမ်မဟုတ်ဘူးလိုသိနေရင် ဒါ ဝိပဿဉာဏ်ပဲ (မှန်ပါ)။

အခုပြောတာ သေသေချာချာနားထောင်ပါ။ ရေစီးလာတယ် အထက်က၊ ကိုယ်က ဒီနားကလေးတွေကြည့်နေတယ်၊ ကိုယ်ကြည့်နေတာကတော့ ဥပမာမယ် မှတ်တိုင်ကလေးတစ်ခုထားပေါ့။ ၅ နံပါတ်မှတ်တိုင်ကလေး ဒီဘက်ကထား။

၅ နံပါတ်မှတ်တိုင်မှတပါး ငါ မရှုဘူး

၅ နံပါတ်မှတ်တိုင်မှတပါး ငါ မရှုဘူး။ ၅ နံပါတ်မှတ်တိုင်နား ရောက်လာတဲ့ရေသာကြည့်။ အထက်က စီးလာတာ တွေကိုလဲ မကြည့်နဲ့။ အောက်က စီးသွားတာတွေလဲ မကြည့်နဲ့။ ဒီ ၅ နံပါတ်မှာ အလျင်ရေ (ပထမရေ)မဟုတ်တာသိရင် ပြီးတာပဲ (မှန်ပါ)၊ ဒါ ဝိပဿနာရှုနည်းပဲ (မှန်ပါ)။

အဲဒီအတိုင်းပဲ ဒီနေရာမှာ ဒီအသားတော့ ရှိတော့ရှိတာပဲ။ ရှိပေမယ့်လဲ အလျင်ဝေဒနာမဟုတ်ဘူး။ အလျင်ဝေဒနာ မဟုတ်ဘူးလို့ ခင်ဗျားတို့ ဉာဏ်ထဲမှာသိနေရင် ဒါဝိပဿဉာဏ်လို့ မှတ်ပါ(မှန်ပါ)။

ဉာဏ်အမြင်နဲ့ မျက်လုံးအမြင်နဲ့ မရောစေနဲ့(မှန်ပါ)၊ မျက်လုံးအမြင်ကတော့ မီးကလေးတောက်လာတယ်၊ သေသွား တယ်၊ သူကတော့ လင်းတာနဲ့မှောင်တာကို သူမြင်တာကိုးဗျ။ ဒါ မျက်လုံးအမြင်ပါ (မှန်ပါ)။

ဉာဏ်အမြင်က ဒီလိုမဟုတ်ဘူး။ ဉာဏ်အမြင် ဒီတရားမရှိတာကို အဆင်တူမရှိတာကို သိရမယ်(မှန်ပါ)၊ ဟိုက အဆင်ကွဲမရှိတာကို သိတယ်(မှန်ပါ)။

မျက်လုံးကတော့ (အဆင်ကွဲမရှိတာကိုသိပါတယ်)၊ သူလင်းတာသိတယ်၊ မှောင်တာသိတယ်၊ အဲဒါဉာဏ်အမြင် မုန်ပါဘူး၊ မျက်လုံးအမြင်ပါ(မှန်ပါ)၊ မျက်လုံးအမြင်က နိဗ္ဗာန်မရောက်နိုင်ဘူး(မှန်ပါ)။

ဉာဏ်အမြင်ကတော့

ဉာဏ်အမြင်ကတော့ အဆင်တူမရှိတာသိရမယ်။ အဆင်တူမရှိတာဆိုတာ ဒီနေရာမှာ နဂိုရေက ရေစိမ်းပဲ၊ ရေကြည် တယ်။ ဒီရေကြည်ကလေးမရှိ ဘူး။ ဒါ နောက်ရေပဲ။ အလျင်ရေကြည် မရှိဘူး။ နောက်ရေကြည်ပဲဆိုတော့ သူက ဆင်တူ မရှိတာ သိရမယ်(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

မျက်လုံးအမြင်ကတော့ ဆင်တူမရှိတာ မဟုတ်ဘူး။ ဆင်ကွဲမရှိတာမှ သူသိတယ်(မှန်ပါ)၊ ဉာဏ်အမြင် ကတော့ ဆင်တူမရှိတာ သိရမယ်(မှန်ပါ)။

ဒါ သေသေချာချာ ခြားခြားနားနား မှတ်ပါ(မှန်ပါ)၊ သဘောပါကြရဲ့လား (ပါပါတယ်)၊ ဆင်တူ မရှိတာက ဘာတုံး (ဉာဏ်အမြင်ပါ)၊ ဆင်ကွဲမရှိတာ မျက်လုံးအမြင်၊ နားအမြင်၊ သဘောကျပလား (မှန်ပါ)။

အဲဒီတော့ ဘယ်အမြင်ကို ဘုရားနှစ်သက်ပါလိမ့်မလဲလို့ ဆိုတော့ ခင်ဗျားတို့ နိဗ္ဗာန်ရောက်တဲ့ အမြင်ကတော့ ဆင်တူ မရှိတာ အမြင်(မှန်ပါ)။

အလျင်တရား မရှိဘူး၊ နောက်တရား တစ်မျိုး။ အလျင်တရား မရှိဘူး၊ နောက်တရားတစ်မျိုး။ အလျင်တရား မရှိဘူး၊ နောက်တရားတစ်မျိုး။ ဒါကိုသိဖို့ အရေးကြီးပါတယ် (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒီခန္ဓာကြီးကတော့ မျက်လုံးသာ ဖွင့်ရှုနေရင်ရှိတာပဲ၊ ရှိပင်ရှိငြားသော်လဲ ခုနင်က ယားတာကလေးနဲ့ ယားတာ ကလေးပျောက်တာကတော့ ယားတာလဲ ဉာဏ်ထဲကသိတာ(မှန်ပါ)၊ ယားတာမရှိတာလဲ (ဉာဏ်ထဲကပဲ သိရပါတယ်)။

အသားကတော့ ဒီအသားပဲ၊ မျက်လုံးက မြင်မယ်၊ သို့သော် ယားတာကလေးက ဥပမာ လက်မောင်းမှာ၊ လက် ကောက်ဝတ်မှာ ယားတယ်၊ ယားနေတယ်လို့ ပထမသိ၊ နောက် ယားတာကလေးပျောက်သွားတော့ ယားတာကလေးမရှိဘူး လို့ သိတော့ သူဟာ ဆင်တူမရှိတာ သိမယ်၊ ဉာဏ်က(မှန်ပါ)၊ သဘော ပါကြသလား (မှန်ပါ)။

ဆင်တူမရှိတာ သိတာ ဉာဏ်အမြင်

ဆင်တူမရှိတာ သိတာ ဉာဏ်အမြင်၊ ဆင်ကွဲမရှိတာသိတာက ဉာဏ်အမြင်မဟုတ်ဘူး(မှန်ပါ)။

ဒါဖြင့် ဉာဏ်အမြင်နဲ့ မျက်လုံး၊ နား၊ နှာခေါင်းတို့၏အမြင်နဲ့ တခြားစီ(မှန်ပါ)၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် ဒီအမြင်တွေက နိဗ္ဗာန်မရောက်ဘူး (မှန်ပါ)။ ဉာဏ်အမြင်တစ်ခုကမှ (နိဗ္ဗာန်ရောက်ပါတယ်)။ နိဗ္ဗာန်ရောက်တယ်ဆို တော့ အခု သေသေချာချာ ယနေ့ရှင်းပြတော့ ဆင်တူမရှိတာမြင်မှ ဉာဏ်အမြင် ဆင်ကွဲမရှိတာ မြင်လို့ရှိရင်ဖြင့် ပဉ္စဒွာရ အမြင်(မှန်ပါ)၊ ပဉ္စဒွာရဆိုတာ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၏အမြင်။ ဒီအမြင်တွေမကြိုက်ဘူး။ သဘောပါပလား (မှန်ပါ)။

ဒီဉာဏ်အမြင်၊ မနောအမြင်သာ အမှန်(မှန်ပါ)။

တစ်နေ့ကပဲပြခဲ့တယ် ဘုန်းကြီးက၊ ဖရဲသီးရင့်တာကို အပြင်ဘက်ကနေကြည့်တော့ ဦးသန်းမောင်တို့က ဟာ ဖရဲသီးအပြင်ဘက်က ရင့်ပြီကွ၊ အတွင်းရှိ အစေ့မည်းတယ်ဆိုတာကို မြင်ရမှာလား၊ မမြင်ရဘူးလား၊ ဉာဏ်အမြင်ကတော့ (မြင်ရမှာပါ)။

ခွဲကြည့်နေဖို့ လိုသေလား(မလိုတော့ပါဘူး)၊ ခွဲကြည့်ဖို့မလိုဘူး၊ ခွဲမကြည့်ဘဲ မြင်နေရတယ်(မှန်ပါ)။ အတွင်းမှာ အစေ့မည်းနေတယ် မသိပေဘူးလား (သိပါတယ်)။

အဲဒါ ဘယ်အမြင်လို့ဆိုကြမလဲ၊ အပေါ်ကသာ အခွံတွေဖုံးနေတာပဲ (ဉာဏ်အမြင်ပါ)။ အဲဒီအမြင်မျိုးကို လိုချင်တာ (မှန်ပါ)၊ ရှင်းပလား (မှန်ပါ)။

ဘယ်အမြင်မျိုး လိုချင်ကြသလဲ (ဉာဏ်အမြင်လိုချင်ပါတယ်)။

ဉာဏ်အမြင်နဲ့သိအောင်လုပ်ရမယ်

အဲဒီဉာဏ်အမြင်တစ်ခုဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပဇာနာတိ ဉာဏ်အမြင်နဲ့သိအောင် လုပ်ရမယ်ဆို တာ ဉာဏ်အမြင်ဟောတာ(မှန်ပါ)။

သုခံ ဝါ ဝေဒနံ ဝေဒိယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ(မှန်ပါ)၊ ပဇာနာတိ သိအောင် လုပ်ရမယ်၊ ပဇာနာတိကို ပညာနဲ့သိအောင်လုပ် (ဝါ) ဉာဏ်နဲ့ သိအောင်လုပ်ဆိုတော့ ဉာဏ်အသိကို လိုချင်တာ(မှန်ပါ)၊ ဒီ့ပြင်အသိကို မလိုချင်ဘူး(မှန်လှပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘာအသိကို လိုချင်သတုံး (ဉာဏ်အသိကို လိုချင်ပါတယ်)။

ဉာဏ်အသိ အရေးကြီးတယ်လို့ မှတ်တော့ ဒီခန္ဓာကြီးကို ခင်ဗျားတို့ ဒီကနေ သိပါ။ ဘုန်းကြီးက ကြည့်ခိုင်းတဲ့ဉာဏ်နဲ့ ပဲ ကြည့်တယ်ပဲ ထားပါတော့။ ဒီခန္ဓာငါးပါးကို ဉာဏ်နဲ့ပဲကြည့်တယ်ထားပါတယ်(မှန်ပါ)။

ဉာဏ်နဲ့ကြည့်လို့ရှိရင် အဆင်းကိုလဲမမြင်ပါဘူး၊ အသံကိုလဲ မမြင်ပါဘူး၊ ဒီခန္ဓာငါးပါးဟာ ဘယ်ဟာမှ သူသည် ကားလို့ ဆိုလို့ရှိရင် ငါရယ်၊ သူရယ်လို့ မမြင်ပါဘူးတဲ့။

ဒီအတိုင်း မျက်လုံးနဲ့ကြည့်မယ်ဆိုရင် ဒါဟာ တစ်တန်းတည်း။ လူဖြင့် လူဖြစ်နေပဲ။ လူကိုမြင်နေလို့ရှိရင် ဒါ မျက်လုံးအမြင်မှတ်ပါ (မှန်ပါ)၊ သဘောကျပလား (မှန်ပါ)။

ဒီအထဲက ယားတာကလေး ပျောက်သွားတာ မြင်လိုက်လို့ရှိရင် ဉာဏ်အမြင်(မှန်ပါ)၊ ကောင်းတာကလေး ပျောက် သွားတာ မြင်လိုက်ရင် (ဉာဏ်အမြင်ပါ)၊ သဘောကျပလား (မှန်ပါ)။

ခန္ဓာတို့၏ ဖြစ်မှု၊ ပျက်မှုကို မြင်တယ်

ဒါဖြင့် လူကိုမြင်တာက မျက်လုံး၊ နှာခေါင်းတို့၏အမြင် (မှန်ပါ)၊ ဉာဏ်အမြင်က ခန္ဓာတို့၏ ဖြစ်မှု၊ ပျက်မှုကို မြင်တယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

လူကတော့ဖြင့် တစ်နေ့သော်လဲ ခြောက်ပေရှိတဲ့လူဟာ ခြောက်ပေပဲ။ ခြောက်ပေခွဲရှိတဲ့လူလဲ ခြောက်ပေခွဲရှိမှာပဲ (မှန်ပါ)၊ အဲဒါကတော့ မျက်လုံးအမြင်သာမှတ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဉာဏ်အမြင်ကတော့ ဒီလိုမဟုတ်ဘူး၊ ဒီပုဂ္ဂိုလ်သည်ပင်လျှင် သူဟာ ဘာစားချင်တယ်၊ ဘယ်ဟာဝတ်ချင်တယ်၊ အခု သူ့မှာ ဘာစိတ်ဖြစ်နေတယ်၊ အခု သူ ဘယ်သွားချင်တဲ့စိတ်ဖြစ်နေတယ်လို့ ဒီကနေ အကဲခတ်ကြည့်လိုက်လို့၊ ဟုတ် နေလို့ရှိရင် ဉာဏ်အမြင်ပေါ့ဗျာ(မှန်ပါ)။

ဒါကြောင့် ခင်ဗျားတို့ ရှုရမှာက ဉာဏ်အမြင်နဲ့ ရှုရမယ်လို့မှတ်ပါ (မှန်ပါ)။

ဘာအမြင်နဲ့ ရှုရမှာလဲ (ဉာဏ်အမြင်နဲ့ ရှုရပါမယ်)။

ကဲ ဉာဏ်အမြင်နဲ့ရှုရမယ် ဆိုတော့ လက်မောင်းကို လက်သည်းကလေးနဲ့ခြစ်လိုက်တယ်။ ခြစ်လိုက်တော့ နာပြီး ပျောက်သွားတာပဲ၊ လက်မောင်းကရှိနေတယ်(မှန်ပါ)။

ဉာဏ်အမြင်ကတော့ အင်း ခုနင်က နာတာကလေးဟာ မရှိဘူးဆိုတာ မသိဘူးလား (သိပါတယ်)။ ဒါ ဘာအမြင်လို့ ဆိုကြမလဲ (ဉာဏ်အမြင်ပါ ဘုရား)။ အဲဒီအမြင်ကို ဂရုစိုက်(မှန်ပါ)၊ မျက်လုံးအမြင်ကို လိုကိုမလိုချင်ဘူး(မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။

သမ္မာဒိဋ္ဌိဟာ ဉာဏ်

အဲဒီတော့ နိဗ္ဗာန်ဆိုတာ နိဗ္ဗာန်ရောက်မည့်တရားအမြင်က သမ္မာဒိဋ္ဌိဆိုထားတယ်။ သမ္မာဒိဋ္ဌိဟာ ဉာဏ် (မှန်ပါ)၊ သမ္မာသင်္ကပ္ပ ဉာဏ်၏အဖော်(မှန်ပါ)၊ ဉာဏ်၏အဖော်ဆိုတာ မြင်ဖို့ရာအတွက် ဖော်ပေးတာပဲ။ ဒါ သမ္မာသင်္ကပ္ပ (မှန်ပါ)။

သမ္မာသတိကလဲ ဉာဏ်အမြင်ကို ခင်ဗျားသည်ကားလို့ ဆိုလို့ရှိရင် သတိထားပါ။ သူက သတိပေးနေတယ်(မှန်ပါ)၊ သမ္မာသမာဓိကလဲ ဉာဏ်အမြင် မြင်ရအောင် အဲဒီနေရာတည့်ထားပါ။ သမ္မာသမာဓိကလဲ (မှန်ပါ)။

ဝီရိယကလဲ ဉာဏ်ကိုပဲ တစ်ခါတည်း ခင်ဗျားသည်ကားလို့ဆိုရင် ဘယ်မှမပြေးပါနဲ့။ ခင်ဗျားအမြင်ကို ခင်ဗျား ကြိုးစားဂရုစိုက်ပါဆိုပြီး နောက်ကနေတွန်းပို့ပေးနေတယ်(မှန်ပါ)၊ ဒီပြင်ဟာတွေက ဉာဏ်၏ အခြံအရံ၊ စင်စစ်မြင်ရမှာက ဉာဏ်က မြင်ရမှာ(မှန်ပါ)။

ဒါဖြင့် သမ္မာဒိဋ္ဌိ အမြင်ကို ဘာဖြစ်လို့ မဂ္ဂင်ငါးပါး ကွဲရသတုံးဆိုတော့ ဒါ သူ့အကူအညီတွေလေ(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူ့အကူအညီတွေတုံး (ဉာဏ်၏အကူအညီတွေပါ)၊ သဘောပါပလား (ပါပါပြီ)၊ ဉာဏ်၏ အကူအညီ ဆိုတော့ အဲထဲမှာ ခန္ဓာကို ကြည့်လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက ဉာဏ်အမြင် ကို ဂရုစိုက်ပါ(မှန်ပါ)၊ သဘောပါပလား (ပါ ပါပြီ)။

ဘာနဲ့ကြည့်မလဲ

ဘာနဲ့ကြည့်မလဲ (ဉာဏ်နဲ့ကြည့်ပါမယ်)၊ ဉာဏ်နဲ့ကြည့်တော့ အကူအညီဘယ်နှစ်ပါးပါလာသတုံး (လေးပါး ပါပါတယ်)၊ ဉာဏ်က ရှေ့ကသွား၊ သတိ၊ ဝီရိယ၊ သမာဓိ၊ သမ္မာသင်္ကပ္ပ ဒီလေးခုက ဉာဏ်ကို အကူအညီပေးကြတဲ့ တရားတွေလို့ အားလုံးမှတ်ထားကြစမ်းပါ(မှန်ပါ)။

ကဲ ဒါဖြင့် ဉာဏ်က ရှေ့သွား၊ ဉာဏ် အကူအညီပေးတာက ဘယ်နှစ်ပါးတုံး(လေးပါးပါ ဘုရား)၊ အဲဒါကို မဂ္ဂင် ငါးပါးခေါ်တယ်(မှန်ပါ)။

ဒီက ခုနင်က ခြစ်လိုက်တော့၊ ဦးသန်းမောင် ဒီအတိုင်းကြည့်ရင် လက်မောင်းပဲမြင်မှာပဲ(မှန်ပါ)၊ ဉာဏ်အမြင်နဲ့ ကြည့်လိုက်တော့ ခုနင်က ကိုယ့်လက်မောင်း ကိုယ်ကြည့်လိုက်တဲ့အခါကျတော့ ဉာဏ်အမြင်နဲ့တော့ နာလဲနာသဟေ့၊ ရှိလဲ မရှိဘူးဟေ့ဆိုတာ မမြင်ရဘူးလား (မြင်ရပါတယ်)။ နာလဲ မနာဘူးလား(နာပါတယ်)၊ ရှိကော(မရှိပါဘူး)၊ ရှိလဲမရှိ ဘူး၊ နာပြီးပျောက်သွားတာပဲ(မှန်ပါ)။

အဲဒါဖြင့် မျက်လုံးအမြင်နဲ့ ဉာဏ်အမြင်သည် မျက်လုံးအမြင်က နာတာ သူမြင်သလားလို့မေးရင် မမြင်ဘူး။ နာတာပျောက်တာ ပျောက်တာကောမြင်သလားလို့ မျက်လုံးမေးကြည့်ရင်တော့ (မမြင်ပါဘူး)။ သူက ဒါကြောင့် ထိုးထွင်းတဲ့ သဘော သတ္တိမရှိလို့ သူ့အမြင်က နိဗ္ဗာန်မရောက်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ထိုးထွင်းပြီးမြင်လို့ နိဗ္ဗာန်ရောက်မယ်

ဉာဏ်အမြင်ကတော့ ထိုးထွင်းပြီးမြင်လို့ နိဗ္ဗာန်ရောက်မယ် (မှန်ပါ)၊ ဒါဖြင့် ဘယ်အမြင်ကို ခင်ဗျားတို့ဂရုစိုက်ကြရ မလဲ (ဉာဏ်အမြင်ကို ဂရုစိုက်ပါမယ်)။

အဲဒီတော့ ဘုရားက စက္ခုံဥဒပါဒိဆိုတာ ဉာဏ်က္ခုကို ဆိုတာပါ။ ပကတိမျက်လုံးကိုဆိုတာ မဟုတ်ပါဘူး(မှန်ပါ)။ အဲဒါကိုမသိမှာစိုးတာနဲ့ ဉာဏံဥဒပါဒိ(မှန်ပါ)၊ ကဲ မဟောဘူးလား(ဟောပါတယ်)။

စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ ဆိုတာ စက္ခုံ ဆိုပေမယ့် ခင်ဗျားတို့မျက်လုံးကို မယူပါနဲ့တဲ့။ ဒီအမြင် ငါမဟောပါဘူး တဲ့(မှန်ပါ)၊ အဲဒါ သိအောင်လို့ ဉာဏံ ဥဒပါဒိလို့ ထပ်ဟောတယ်(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။

ဒါဖြင့် ဝိပဿနာအမြင်ဟာ ဘာအမြင်တုံး(ဉာဏ်အမြင်ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ဟာ မီးကလေးတွေထွန်းထားလိုက်၊ ဖျတ်ခနဲဆို ငြိမ်းသွားလိုက်၊ ဒါ မျက်လုံး အမြင်ချည်းပဲ (မှန်ပါ)၊ ဒါ နိဗ္ဗာန်မရောက်ပါဘူး (မရောက်ပါဘူး)။ ထိုးထိုးထွင်းထွင်းမြင်တာ မဟုတ်ပါဘူးတဲ့။ ထင်ထင်ရှားရှားမို့ သူမြင်တာ(မှန်ပါ)။

ဒါဖြင့် ဘယ်အမြင်အရေးကြီးသတုံး (ဉာဏ်အမြင်အရေးကြီးပါတယ် ဘုရား)။

ဉာဏ်အမြင် အရေးကြီးတယ် ဆိုတော့ ခန္ဓာကိုယ်ကို ဉာဏ်စိုက်(မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ခန္ဓာကိုယ်ကို ဉာဏ်နဲ့စိုက်ရမယ်ဆိုတာ ခင်ဗျားတို့ရပြီးသားပဲ။

ခန္ဓာကိုယ်ကို ဉာဏ်နဲ့စိုက်ရမယ်

ဓမ္မစကြာ ပါဠိတော်မှာ ကြည့်၊ စက္ခုံ ဉာဏ်စက္ခု သည်၊ ဥဒပါဒိ ဖြစ်လာ၏။ ဉာဏံ ဉာဏ်သည်၊ ဥဒပါတိ ဖြစ်လာ၏။ ဝိဇ္ဇာဆိုတဲ့ ဉာဏ်သည်၊ ဥဒပါဒိ ဖြစ်လာ၏။ ဒါ ပရိယာယ်တွေပဲ။ စင်စစ်တော့ ဉာဏ်တစ်မျိုးဟောတာ (မှန်ပါ)။ အာလောကော ဉာဏ်၏အလင်းသည် ဥဒပါဒိ ဖြစ်လာ၏။ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခန္ဓာကိုယ်ကို ဘာနဲ့ကြည့်ကြမလဲ(ဉာဏ်နဲ့ ကြည့်ရပါမယ်)၊ မျက်လုံးနဲ့ကြည့်ရင် လူကိုမြင်ပါ လိမ့်မယ်၊ အဆင်းကို မြင်ပါလိမ့်မယ်(မှန်ပါ)၊ ဉာဏ်နဲ့ကြည့်ရင်ဖြင့် ဉာဏ်ထဲမှာ ထူးထူးခြားခြား ဖြစ်ပေါ်တာတွေ၊ ထူးထူးခြားခြား ပျက်စီးတာတွေကိုတော့ ဉာဏ်နဲ့မှပဲ မြင်မှာပဲ(မှန်ပါ)။

ဒါကြောင် ဝိပဿနာရှုတဲ့အခါ ခင်ဗျားတို့က မျက်လုံးကိုမှိတ်ထား(မှန်ပါ)၊ မျက်လုံးကို မှိတ်ထားပြီး သကာလ မှ ဥပမာမယ် စိတ်ဘက်လှည့်ချင်လို့ရှိရင် ခုနင်က ကောင်းတဲ့စိတ်ကလေး ပေါ်လာတယ်၊ ကောင်းတဲ့စိတ်ကလေး မရှိပြန်ဘူး၊ သိအောင် ဉာဏ်နဲ့ပဲကြည့်ပါ(မှန်ပါ)၊

မြင်တဲ့စိတ်ကလေးပေါ်လာတယ်၊ ဒါကလေး မရှိတာကိုလဲ ဉာဏ်နဲ့ကြည့်၊ သဘောကျ ပလား (ကျပါပြီ)။

ကြားတဲ့စိတ်ကလေး ပေါ်လာလဲ ပေါ်လာတာလဲသိ၊ ပျက်တာလဲသိဆိုရင် ဒါ ဘာသိလို့ဆိုကြမလဲ (ဉာဏ်သိပါ ဘုရား)။

အဲဒီဉာဏ်သိဟာ သိပ်အရေးကြီးတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။ ဒါဖြင့် ဘာနဲ့ကြည့်ကြမယ်(ဉာဏ်နဲ့ကြည့် ရပါမယ်)။

ဒါဖြင့် ဉာဏ်ဖြင့် ခန္ဓာကိုကြည့်ပါ။ ကြည့်တော့ ခင်ဗျားတို့ မသိမှာကို ဘုန်းကြီးကလဲ သိပ်စိုးရိမ်တယ်။ အလာကြီး လာရပြီး သကာလ တကယ့်ဉာဏ်အတွေ့ မတွေ့မှာကိုလဲ အလွန်စိုးရိမ်တယ်(မှန်ပါ)။

ဉာဏ်အတွေ့ မတွေ့မှာကို အလွန်စိုးရိမ်ပါတယ်တဲ့(မှန်ပါ)၊ အဲဒီတော့ မောဠိယ သီဝလိဆိုတဲ့ ရဟန်းတစ်ပါး ရှိတယ်။ အင်္ဂုတ္တိုရ်မှာလာတယ်(မှန်ပါ)။

ဉာဏ်အမြင်ပြောစမ်းပါတဲ့

အရှင်ဘုရား တပည့်တော်ကို ဉာဏ်အမြင်ပြောစမ်းပါတဲ့၊ ဉာဏ်အမြင်ပဲလိုချင်တယ်တဲ့။ ဉာဏ်အမြင်မှလဲ သူများက ပြောတဲ့ ဉာဏ်အမြင်မလိုချင်ဘူး။ ကိုယ့်ဉာဏ်နဲ့မြင်ချင်တယ်(မှန်ပါ)၊ သူလျှောက်ပုံ သိပ်ကောင်းတယ်(မှန်ပါ)။

ဘုရားကိုလျှောက်ထားပုံ သိပ်ကောင်းတယ် ဒကာသစ်၊ ဉာဏ်အမြင်လဲ သိချင်ပါတယ်တဲ့(မှန်ပါ)၊ သူများဉာဏ်နဲ့ ပေးတာကိုလဲ သူမကြည့်ချင်ဘူးတဲ့(မှန်ပါ)၊ သူ့ဉာဏ်နဲ့ကို သူတွေ့ချင်တယ်(မှန်ပါ)။

မောဠိယ သီဝလီ၊ ငါ သေသေချာချာ ရှင်းပြမယ်၊ မင်း သေသေချာချာမှတ်ဆိုပြီး သကာလ ဘုရားက ကဲ မင်း သန္တာန်မှာ၊ ခန္ဓာကိုယ်ထဲမှာ လောဘကလေးဖြစ်ချင်တယ်ကွာ၊ စားချင်တဲ့လောဘ၊ ဝတ်ချင်တဲ့လောဘ၊ ခင်ချင်တဲ့လောဘ ပေါ်လာတယ်(မှန်ပါ)၊ အဲဒါ မင်းဝေဖန်သိရမယ်တဲ့(မှန်ပါ)။

ကဲ ဦးသန်းမောင်ကော မသိဘူးလား။ စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်၊ ငါ ထမင်းစားချင်တယ်လို့ သူပြော လာတယ်၊ မသိဘူးလား သိသလား (သိပါတယ်)။

အဲဒီအသိဟာ စားချင်တဲ့စိတ်ကလေး ပေါ်တယ်လို့ သိတော့ စားချင်တဲ့စိတ်ကလေး အရွယ် ဘယ်လောက်တုံး၊ အရောင်အဆင်းက ဘယ်လိုနေတုံး၊ မပြောတတ်ဘူး၊ စားချင်တဲ့စိတ်တော့ ပေါ်တာအမှန်ပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဘယ်အရောင်နဲ့ပေါ်နေသတုံး၊ အရွယ်ဘယ်လောက်တုံးမေးရင် (မပြောနိုင်ပါဘူး)။ မပြောနိုင်ဘူး၊ ပေါ်တော့ ပေါ်တာပဲ၊ စားချင်တာတော့ ပေါ်တာပဲ(မှန်ပါ)။

နောက်တစ်ခါ စားချင်တဲ့စိတ်ကလေးဟာ မရှိပြန်ဘူး။ မရှိတာကို ဦးဗထွေးတို့၊ ဦးသန်းမောင်တို့က မသိဘူးလား သိသလား (သိပါတယ်)၊ မစားချင်တော့ဘူးကွ၊ အင်း မစားချင်တဲ့စိတ် ပေါ်ပြန်ပြီ(မှန်ပါ)။

ဒါဖြင့် စားချင်တဲ့စိတ်ကလေးမရှိတာလဲ ခင်ဗျားတို့သိပြီ(မှန်ပါ)၊ မစားချင်တဲ့စိတ်ပေါ်တာကော (သိပါပြီ ဘုရား)၊ အဲဒါ ဉာဏ်အမြင်(မှန်ပါ)၊ ရှင်းပါလား (ရှင်းပါပြီ)။

ဒါ ဉာဏ်အမြင်ပဲ

ဒါ ဉာဏ်အမြင်ကွ သီဝလိရ တဲ့။ ဒါ ဉာဏ်အမြင်ပဲ (မှန်ပါ)။

ဒါဖြင့် စားချင်တဲ့စိတ်ပေါ်တာလဲ ခင်ဗျားတို့ သိပေးပါ(မှန်ပါ)၊ စားချင်တဲ့စိတ်ကလေး ပျောက်သွား ရင်ကော (သိပေး ရပါမယ်)၊ သိပေးတော့ ဒါ ဘာအမြင်တုံးလို့မေးရင် ဘယ်နှယ့်ပြောကြမလဲ (ဉာဏ်အမြင်ပါ ဘုရား)။

ဉာဏ်အမြင်မှ သေချာလိုက်တော့ အရွယ်အဆင်းလဲ သူပြောနိုင်တာမဟုတ်ဘူး (မှန်ပါ)၊ ပုံသဏ္ဍာန်ကိုလဲ မပြော နိုင်ဘူး(မှန်ပါ)၊ ပေါ်လဲပေါ်တယ်၊ ရှိလဲမရှိဘူး(မှန်ပါ)၊ အဲဒါ ဘာခေါ်ကြမယ်(ဉာဏ်အမြင်ပါ ဘုရား)။

ဒါက ဒီဉာဏ်ပဲ၊ ဒီငါးပါးက မြင်တာ(မှန်ပါ)၊ ဒီငါးပါးတောင်မှ တစ်ပါးတည်းကမြင်တာ၊ ဒါတွေက အောင်မြင်လို့ အကူအညီ အခြံအရံပေးတာ၊ မဂ္ဂင်လေးပါးက မဂ္ဂင်တစ်ပါးသာဖြစ်တယ် (မှန်ပါ)။

ကျန်လေးပါးက ဘာတုံး (အခြံအရံပေးပါတယ်)၊ မြင်မှုကို ကူညီတယ်(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။ ဒီသမ္မာဒိဋ္ဌိ (မြင်တာပါ)၊ ကျန်လေးပါးက (အကူအညီပါ)၊ အကူအညီ အခြံအရံ၊ သူတို့ကင်းလို့လဲမမြင်နိုင်ဘူး(မှန်ပါ)၊ မြင်ပါ့မလား(မမြင်ပါဘူး)။

ကဲ ဒါဖြင့် ထမင်းဆာတော့ ထမင်းစားတဲ့စိတ်ကိုသိပြီ၊ ချက်တဲ့ပြုတ်တဲ့သူတွေက မပြီးမပြတ်သေးတော့ ကိုယ့်စိတ် ထဲ မကျေမနပ်တဲ့ ဒေါသကလေး ပေါ်လာတာတော့အမှန်ပဲ(မှန်ပါ)၊ မပေါ်ဘူးလား (ပေါ်ပါတယ်)။

ဒါ ဘယ့်နှယ် မသိဘူးလား(သိပါတယ်)၊ သိလို့ပဲ ဒေါသထွက်လာပြီကွာ မင်းတို့လုပ်ပုံဆိုတာသိလို့ ပြောတာ (မှန်ပါ)၊ မပြောဘူးလား(ပြောပါတယ်)၊ ဒါ ဘာအမြင်လို့ဆိုကြမလဲ (ဉာဏ်အမြင်ပါ ဘုရား)။

ဒီဒေါသစိတ်ကလေးဟာ ဪ ဆရာဘုန်းကြီးက ဘုရားဟောထားတဲ့အတိုင်း ဟောထားတယ်။ ဒီဒေါသဟာ မဖြစ်ကောင်းဘူး ဆိုတော့ ဒေါသကလေး မရှိတာကော ကိုယ်မသိလိုက်ဘူးလား (သိလိုက်ပါတယ်)။ အဲဒါ ဘာအမြင်တုံး (ဉာဏ်အမြင်ပါ ဘုရား)။

ဉာဏ်နဲ့ချည်း သိအောင်လုပ်ရမယ်

ဉာဏ်အမြင်ပဲဆိုတော့ ဒီဉာဏ်အမြင်တွေဟာ ဘုရားက သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ၊ ဒါနဲ့ချည်း ပဇာနာတိ လုပ်ရမယ်တဲ့(မှန်ပါ)၊ ဉာဏ်နဲ့ချည်း သိအောင်လုပ်ရမယ်(မှန်ပါ)။

ဒါဖြင့် လောဘစိတ်လာလဲ သိအောင်လုပ်၊ ဒေါသစိတ်လာလဲ (သိအောင်လုပ်ရပါမယ်)၊ သံသယဖြစ်ရင် ဝိစိကိစ္ဆာ စိတ်လာရင်ကော (သိအောင်လုပ်ရပါမယ်)၊ စိတ်ကလေးက ထွက်ပြေးတယ်လို့ ထင်ရင်ကော (သိအောင်လုပ်ရပါမယ်)၊ သတိတာ ဉာဏ်ချည်းပဲမှတ်ပါ(မှန်ပါ)၊ သဘောကျပလား(ကျပါပြီ)။

သိတာက ဉာဏ်ချည်းပဲတဲ့၊ ခုနင်က ပေါ် ပျောက်သွားတာကလေးတွေဟာ အနိစ္စပဲလို့ မှတ်ပါ(မှန်ပါ)။

ပေါ်ပျောက်သွားတာက (အနိစ္စချည်းပါ)၊ သိတာက(ဉာဏ်ပါ)၊ ဒါဖြင့် အနိစ္စဉာဏ် ပေါ်ပြီ(မှန်ပါ)။

ဒါဖြင့် ဦးဘထွေးတို့၊ မောင်သစ်တို့ လူစုတွေက ဉာဏ်အမြင်ဆိုတာ ဒါပဲလို့ ဘုရားက မောဠိယသီဝလိကို ဟောတယ်။ သူများအမြင်လား၊ ကိုယ့်အမြင်လား (ကိုယ့်အမြင်ပါ)၊ အဲဒါ သန္ဒိဋ္ဌိကောကွတဲ့ (မှန်ပါ)။

ခင်ဗျားတို့ရထားတဲ့ ပါဠိပဲ။ ဘာတဲ့တုံး (သန္ဒိဋ္ဌိကောပါ)။ သန္ဒိဋ္ဌိကော ဆိုတာက ကိုယ်တိုင်မြင်တာ (မှန်ပါ)၊ ကိုယ့် ကိုယ်ထဲမှာ မြင်သွားတာကို ကိုယ်တိုင်မြင်ရမှ ဒါ ကိုယ်တိုင်မြင်တာ (မှန်ပါ)။

ဒါလဲ ကိုယ့်ကိုယ်ထဲမြင်တာ၊ ဒီကနေပြီး ဝမ်းထဲကနေ မဂ္ဂင်နဲ့ကြည့်လိုက်တဲ့ အခါကျတော့ ကိုယ်မြင်ရမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားကို ဝိပဿနာပေးနေတယ်။ ဉာဏ်အမြင်ကိုယူပါ(မှန်ပါ)၊ ဉာဏ်အမြင်ကိုလဲ သူများပြောတဲ့ အမြင်ကို မယူဘဲနဲ့ ကိုယ်ကိုယ်တိုင် သမ္မာဒိဋ္ဌိနဲ့ မြင်တာကို ယူပါ၊ ဒါ သေသေချာချာ ပြောနေတာပဲ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒါက ကိုယ့်ကိုယ်ထဲဖြစ်တဲ့ လောဘဖြစ်စေ၊ မောဟဖြစ်စေ၊ ဣဿာဖြစ်စေ၊ မစ္ဆရိယဖြစ်စေ မြင်ချင်တာမြင်၊ ဉာဏ်အမြင်နဲ့ မြင်တာသိရင် ပျက်တာသိပါတယ်(မှန်ပါ)။

မြင်တာသိရင် ပျက်တာသိပါတယ်

ဘာဖြစ်လို့တုံးဆိုတော့ အို မြင်တာသိကတည်းက တပည့်တော်တို့ကဘုရား ပျက်တာလဲသိတာပေါ့။ ဖြစ်တာဟာ ခဏကလေးပဲ၊ တပည့်တော်တို့သိတဲ့အချိန်မှာ ဖြစ်မှုဟာ ပျက်ပြီးပြီ(မှန်လှပါ)။

ဖြစ်မှုဟာ (ပျက်ပြီးပြီ)၊ ပျက်ပြီးမှ ကျုပ်တို့ကသိတာကိုး(မှန်ပါ)၊ ဒါကြောင့် အမြင်သိရင် အပျက်သိတယ်(မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာဖြစ်လို့တုံးဆိုတော့ အသိကနောက်ကိုဗျ(မှန်ပါ)၊ ဖြစ်ပျက်က ရှေ့က(မှန်ပါ)၊ သဘောပါပလား (ပါပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်ရှုတဲ့စိတ်ပေါ်လာလဲ ဒါနဲ့သိပေးပါ။ ရှိုက်တဲ့စိတ်ပေါ်လာရင်လဲ (ဒါနဲ့သိပေးပါ)၊ ဉာဏ် အမြင်နဲ့ သိပေးပါ။ စားချင်တဲ့စိတ်ပေါ်လာရင်ကော (ဉာဏ်အမြင်နဲ့သိပေးရပါမယ်)။

ဒေါသစိတ်ကလေးပေါ်လာရင်လဲ (ဉာဏ်အမြင်နဲ့သိပေးရပါမယ်)၊ သူတစ်ပါးကို ငြူစူတဲ့စိတ်ကလေးပေါ်လာရင် (ဉာဏ်အမြင်နဲ့သိပေးရပါမယ်)။

ဉာဏ်အမြင်နဲ့သိပေးဆိုတော့ ငြူစူတဲ့စိတ်သည် ဖြစ်ပြီး ပျက်သွားလေပြီလို့ ဒီကနေ ဉာဏ်နဲ့သိသိပေးပါ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဖြစ်ပြီး ပျက်သွားလေသည်ကို သိသွားတော့ကို ဒီအသိဟာ သန္ဒိဋ္ဌိကော အသိ၊ ကိုယ်တိုင်မြင်တဲ့ အသိ(မှန်ပါ)။

သန္ဒိဋ္ဌိကောဆိုတာ ဘာတုံး(ကိုယ်တိုင်မြင်တဲ့အသိပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘာအသိလဲ (ကိုယ်တိုင်မြင်တဲ့အသိပါ)၊ သူများပြောလား (မဟုတ်ပါဘူး)၊ သူများပြောမဟုတ်ဘူး၊ ကိုယ်တိုင်သိ တာပါ (မှန်ပါ)။

ဒါဖြင့် ကိုယ်တိုင်သိတယ် ဆိုလို့ရှိရင်ဖြင့် ကိုယ်တိုင်အသိတစ်ခုဟာ ခင်ဗျားတို့ကို ကျေးဇူးများတဲ့အသိလို့ မှတ်လိုက် စမ်းပါ(မှန်ပါ)၊ မောဠိယသီဝလိကို ဟောနေတဲ့ တရား(မှန်ပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ကိုယ့်န္တာန်ဖြစ်တဲ့ စိတ်ကလေးတွေကို သူများပြောလို့သိတာ မလိုချင်၊ ကိုယ်တိုင်သိတာ ကို လိုချင်သည်(မှန်ပါ)၊ ကိုယ်တိုင်သိတာသည် ဝိပဿနာမှတ်(မှန်ပါ)၊ သူများပြောလို့ သိတာက တရားနာမှတ်(မှန်ပါ)။

ကိုယ်တိုင်သိတာက (ဝိပဿနာ)၊ သူများပြောလို့သိတာက (တရားနာပါ)။

တရားနာအသိနဲ့ ဝိပဿနာအသိနဲ့ အခြားနားကြီး

အဲ တရားနာအသိနဲ့ ဝိပဿနာအသိနဲ့ အခြားနားကြီး (ခြားနားပါတယ် ဘုရား)၊ ဒါကြောင့် တရားနာရုံနဲ့ နိဗ္ဗာန် မရောက်နိုင်၊ ခန္ဓာဉာဏ်ဆိုက်ပြီး ကိုယ်တိုင်သိရောက်မှ နိဗ္ဗာန်ရောက်နိုင်တယ် ဆိုတော့ တရားမနာဘဲနဲ့လဲ ကိုယ်တိုင်သိကို မရောက်နိုင်ဘူး(မှန်ပါ)၊ နာမည်ဖော်ပေးမည့်သူ၊ လမ်းပြပေးမည့် သူမရှိဘူး(မှန်ပါ)။

လမ်းပြပေးမည့်သူမရှိဘဲနဲ့လဲ လမ်းပေါ်ကိုမရောက်နိုင်ဘူး(မှန်ပါ)။ ဒါကြောင့် တရားလဲနာ ကိုယ်တိုင်လဲ သိဖြစ် အောင် လုပ်ပါ(မှန်ပါ)။

ဒါကြောင့် ဘုန်းကြီး ဒီအချိန် ခင်ဗျားတို့ကို သေသေချာချာ ပြောနေတာ၊ တော်တော်ကြာ ၄နာရီဆို တစ်ချိန်ပေးထား တယ်၊ အဲဒါ တရားလဲနာ၊ မပြတ်မလပ်အားထုတ်ကြဟေ့ဆိုတော့ ကိုယ်၊ စိတ်ကလေး ကိုယ်တိုင်သိအောင် လုပ်ပါ၊ သဘော ကျပလား (ကျပါပြီ)။

ဒါဖြင့် ကိုယ်တိုင်သိရောက်တော့ ကိုယ်တိုင်သိဆိုတာ ဘုရားက ဘယ်လိုတဲ့တုံး၊ ပါဠိတော်မှာ (သန္ဒိဋ္ဌိကောပါ)၊ မှတ်ထားပါ၊ သန္ဒိဋ္ဌိကောဟာ ဘုရားရှိခိုးဖိုးလောက်သာ မဟုတ်ဘူး၊ ကိုယ်တိုင်သိ ဖြစ်အောင် လုပ်ရမယ်(မှန်ပါ)။

ကိုယ်တိုင်သိ ဖြစ်အောင်လုပ်လို့ပြောတာ

ဘယ့်နှယ်တုံး (ကိုယ်တိုင်သိ ဖြစ်အောင် လုပ်ရမယ်)၊ ကိုယ်တိုင်သိ ဖြစ်အောင်လုပ်လို့ပြောတာ(မှန်ပါ)၊ ခင်ဗျားတို့က တော့ ဘုရားရှိခိုးရုံလောက်သာလုပ်နေကြတယ်၊ သန္ဒိဋ္ဌိကော အကာလိကော စသည်နဲ့ (မှန်ပါ)၊ မရှိခိုးကြဘူးလား(ခိုး ပါတယ်)။

အဲ ကိုယ်တိုင်သိဖြစ်အောင် လုပ်ပါလို့ ဘုရားက မဟောဘူးလား (ဟောပါတယ်)။

အဲ ကိုယ်တိုင်သိဖြစ်အောင် လုပ်ရင် ဝိပဿနာ၊ ဘုရားရှိခိုးနေရုံဆိုရင် သမထ(မှန်ပါ)၊ ရှင်းပလား (မှန်ပါ)။

ကိုယ့်စိတ်ဖြစ်တာကို ကိုယ်တိုင်သလို့ရှိရင် သန္ဒိဋ္ဌိကောဆိုတာ သိလို့ရှိရင် ဝိပဿနာဖြစ်တယ်(မှန်ပါ)၊ သန္ဒိဋ္ဌိကော အကာလိကော စသည်နဲ့ ဘုရားရှေ့သွားပြီး ရှိခိုးလက်အုပ်ချီရုံ ဆိုရင် အဲဒါ ဓမ္မာနုဿတိ ခေါ်ပါတယ်၊ သမထပဲ သူက(မှန်ပါ)။

ကဲ ဒါဖြင့် အဲဒီသမထနဲ့ ဝိပဿနာ ဘာထူးသတုံးလို့ ဦးမာဒင်က မေးဖို့အရေးကြီးတယ်(မှန်ပါ)၊ အရေးကြီးလာ တော့ လောဘစိတ်ကလေးက ထမင်းဆာတဲ့ လောဘစိတ်ကလေးဖြစ်လာတယ်၊ ဒီက ကိုယ်တိုင်သိလိုက်တယ်(မှန်ပါ)။

မသိလိုက်ဘူးလား (သိပါတယ်)။ ထမင်းစားတဲ့စိတ်ကလေးဟာ ပေါ်လာတယ်ဟေ့လို့ မသိလိုက်ဘူးလား (သိပါ တယ်)၊ ပေါ်လာတယ်လို့သိရင် ပျက်တာလဲပါတယ်(မှန်ပါ)။

ကဲ ယနေ့ ဒီတွင်နားကြဦးစို့။

သာဓု သာဓု သာဓု။