13806

မာတိကာသို့

ယာယီအိမ်နှင့် အမြဲနေအိမ်

(အိမ်တွင်း ပဋိစ္စသမုပ္ပာဒ်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော

ယာယီအိမ်နှင့် အမြဲနေအိမ်

(အိမ်တွင်း ပဋိစ္စသမုပ္ပာဒ်)အလုပ်ပေးတရားတော်

(၃၀-၁၀-၁၉၆၁)

အမြဲနေတဲ့အိမ်၊ ယာယီနေတဲ့အိမ်

ဒကာ, ဒကာမတွေ အမြဲနေတဲ့အိမ်၊ ယာယီနေတဲ့အိမ်ဆိုတဲ့ဥစ္စာကတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီး အနေနဲ့ဟောထားတော့ အမြဲနေတဲ့အိမ်က အပါယ်လေးပါး (မှန်ပါ)၊ လူ့ပြည် နတ်ပြည် ခဏလာကြတာက ယာယီ အိမ်လို့ မှတ်ထားပါ (မှန်ပါ)။

အဲဒီတော့ အားလုံး ဒကာ, ဒကာမတွေ ဒါ ဘုရားက အင်မတန် အမြင်ကျယ်ကျယ်နဲ့ ဟောတော်မူထားတော့ ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းတိမ်မနေကြနဲ့ဆိုတာကို သတိပေးလိုက်တယ် (မှန်ပါ)။

တချို့ကတော့လဲ ကိုယ့်အကျိုးပေးကလေးနဲ့ကိုယ် တော်လောက်ပါပြီလို့ ဒကာကြွယ်၊ ထင်ချင် ထင်တတ်တယ် (မှန်လှပါ)၊ ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဆုံးဖြတ်ချက် အချခိုင်းရပါလိမ့်မတုံးမေးတော့ အို လူ့ပြည် နတ်ပြည်ဆိုတာ ယာယီအိမ်မှာလာပြီး တည်းခိုကြတာ (မှန်ပါ)၊ ကိုယ် အမြဲနေတာက အပါယ်လေးပါးမှာ နေကြတာ (မှန်ပါ)၊ ငရဲ,ပြိတ္တာ,အသူရကာယ်ဆိုတဲ့ အပါယ်လေးပါးမှာနေကြတာ (မှန်ပါ)။

မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေကြမယ်

အဲဒီတော့ အခု ရောက်ရာဘဝကလေးမှာ ကိုယ့်ဟာနဲ့ကိုယ် မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေကြမယ်၊ ကိုယ့်စီးပွားရေးကလေး၊ ကိုယ့်သားသမီးကလေး၊ ကိုယ့်စက်ကလေး၊ ကိုယ့်အလုပ်အကိုင်လေး စရှိသည်နဲ့ တင်းတိမ်နေကြ မယ် ဆိုလို့ရှိရင်ဖြင့် ကလေး မုန့်ဝယ်ပေးတာနဲ့ တင်းတိမ်နေသလို ကလေးစိတ် မပျောက်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊

ကလေးစိတ်မပျောက်လို့၊ ကလေး ငိုပါများတော့ မုန့်ကျွေးလိုက်တဲ့ အခါ ငြိမ်းအေးသွားတယ်ဆိုတာ ဒကာကြွယ်တို့ အသိသားပဲ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ဒီကလေး အဖိုးမတန်တာနဲ့ အငိုတိတ်သွားရပါလိမ့်မတုံး မေးတဲ့အခါကျလို့ရှိရင်ဖြင့် မသိ တော့ ဒါနဲ့သာကျေနပ်နေတယ် (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (မသိတော့ ဒါနဲ့သာ ကျေနပ်နေပါတယ်)။

ဒီမှာလဲ လူ့ပြည်မှာ ဒကာ ဒကာမတွေက ကိုယ့်စီးပွားရေးကလေးနဲ့၊ ကိုယ့်သားသမီးကလေးနဲ့၊ ကိုယ့်တိုက်၊ ကိုယ့်တာ၊ ကိုယ့်ကားကလေးနဲ့၊ ကိုယ့်စိန်ကိုယ့်ရွှေ၊ ကိုယ့်ငွေကလေးနဲ့ တော်သေးရဲ့ဆိုတော့ ကလေးမုန့်ပေးပြီး တင်းတိမ် နေတာနဲ့အတူတူပဲ (မှန်လှပါ) သွားတော့ အပါယ်သွားရမှာ(မှန်ပါ)။

ခဏအလည်လာတာ၊ ခဏကလေးနဲ့ တင်းတိမ်ပြီး သကာလ မတင်းတိမ်ကောင်းတာနဲ့ တင်းတိမ်နေကြ လို့ရှိရင်ဖြင့် ကလေးစိတ်မပျောက်သေးတဲ့ ဒကာ ဒကာမတွေပဲလို့ ဦးမာဒင် ဆုံးဖြတ်ချက်ချရမယ် (မှန်လှပါ ဘုရား)၊ ဒကာကြွယ် သဘောကျပလား (ကျသွားပါပြီ)။

စတ္တာရော အပါယာ သကဂေဟ သဒိသာ။ စတ္တာရော အပါယာ အပါယ်လေးဘုံတို့သည်၊ သကဂေဟသဒိသာ အမြဲနေရာ မိမိအိမ်ဂေဟာကြီးနဲ့ တူလှပါပေကုန်၏ (မှန်ပါ)၊ ဪ အပါယ်လေးပါးဟာ အမြဲနေရာ (မှန်ပါ)။

ကောင်းကင်မြှောက်တဲ့တုတ်

မြတ်စွာဘုရားက ငါဘုရားဉာဏ်နဲ့ ချိန်ပြောမယ်ဟေ့တဲ့။ ဘယ်လိုချိန်လိုက်သတုံးဆိုတော့ ဒကာ,ဒကာမတို့ ကောင်းကင်သို့ ခဲကလေးတစ်ခု၊ တုတ်ကလေးတစ်ခုကို ဒကာသစ်၊ မြှောက်ပစ်တင်လိုက်တာပေါ့ (မှန်ပါ)။

မြေပေါ်ကတုတ်ကိုကောက်ပြီး မြှောက်လိုက်ပါတယ်။ အရှိန်ရှိတုန်းပဲ တက်သွားတယ်။ တက်တဲ့အချိန်ကလဲ မကြာလှပါဘူး။ အပေါ်မှာ ခဏကလေး အရှိန်သတ်တာပေါ့ (မှန်လှပါ)၊ တက်ရှိန်သတ်ပြီး ကျချိန်ကလေးနဲ့ ဆိုတော့ ဖြစ်လောက်ကဲ့လား (မဖြစ်လောက်ပါဘူး)၊

နောက်ကျတော့ မြေပေါ်ပဲပြန်ကျတယ် (မှန်ပါ)၊ မကျဘူးလား (ကျရပါတယ်)။

ဪ ဒါဖြင့် မြေပေါ်စေတဲ့အချိန်နဲ့ ကောင်းကင်မှာ အရှိန်သတ်တဲ့အချိန်နဲ့ ပြောပလောက်ကဲ့လား (မပြောပလောက်ပါဘူး)၊ သဘောကျပြီနော် (ကျပါပြီ ဘုရား)။

ထို့အတူပဲတဲ့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ လူ့ပြည်မှာလာကြတာ ငရဲမှာနေတာနဲ့စာလို့ရှိရင်ဖြင့် ငရဲ၊ အပါယ်လေးပါးမှာ နေကြရတာတို့ အမြဲနေတဲ့နေရာနဲ့အတူတူပဲ (မှန်ပါ)၊ လူ့ပြည်လာပြီး ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းတိမ်နေကြတာက ကောင်းကင် အရှိန်သတ်သလောက်ပဲရှိတယ်ကွာတဲ့ (မှန်ပါ)၊ ဒီတော့ ဒကာ၊ ဒကာမတွေ အရမ်းများ တင်းတိမ်နေမှာစိုးလွန်းလို့ပြောပါတယ် (မှန်ပါ)။

တင်းတိမ်နေမှာစိုးလွန်းလို့

ကိုယ့်ဟာကလေးနဲ့ကိုယ် အရမ်းတင်းတိမ်ပြီး ဒကာကြွယ်တို့က ပြုံးကာရွှင်ကာနဲ့ ဒီလိုနေလိုက်မှာ၊ အမှားကြီး သွားမှာကို ဦးမာဒင်၊ စိုးရိမ်လို့ပြောပါတယ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဦးလှဖူး ဘယ့်နှယ်ကြောင့် ပြောပါလိမ့် (အမှားကြီးသွားမှာစိုးလို့ ပြောပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားတို့က ကလေးမုန့်ပေးပြီး ကျေနပ်တာမျိုးနဲ့ မသိဘဲနဲ့ကျေနပ်နေတော့ ကလေး စိတ်မပျောက်သေးလို့ ကျေနပ်နေတာပဲလို့ ဦးမာဒင်၊ ဆိုထိုက်,မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါလောက် ကျေနပ်နေတော့ ငါတို့မှာ ဒါနကလေးလဲလုပ်ရပြီ၊ သီလကလေးလဲ ထိုက်တန်သလောက် ဆောက်တည်ရပြီ၊ ပေးတာကမ်းတာလဲ ရွှေလာမျိုးဝတ်ဆိုတာလဲ မနည်းလှပါဘူးဆိုပြီး သကာလ ခင်ဗျားတို့က ဒါလောက် ကလေးနဲ့တင်းတိမ်ပြီး တစ်နေ့လုံး အကုသိုလ်တွေ ဗွက်ပေါက်နေတာတော့ ထည့်မပြောဘူး (မှန်ပါ)။

ထည့်ပြောရဲ့လား (မပြောပါဘူး ဘုရား)၊ ထမင်းစားတာလဲ အကုသိုလ်နဲ့ပဲ။ ရေချိုးတာလဲ အကုသိုလ်နဲ့ပဲ (မှန်ပါ)၊ ဒကာသစ်၊ ရောင်းဝယ်နေရတော့ကောဗျာ (အကုသိုလ်နဲ့ပါ ဘုရား)၊ အကုသိုလ်တွေနဲ့ပဲ လှည့်ပတ်နေတယ် (မှန်ပါ)။

ဒီအတိုင်းဆိုတော့ ခုနင်က သူတို့ကွက်ထားတဲ့အတွက် ကလေးဟာကော ပြောပလောက်ရဲ့လား (မပြောပ လောက်ပါဘူး)။

ငရဲမျိုးစေ့က အညှောင့် အညွန့်ပေါက်လာရင်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ သေသေချာချာမှတ်ပါ၊ ဝမ်းထဲမှာ ငရဲမျိုးစေ့က ခဏကလေး အညှောင့် အညွန့် မပေါက်သေးတာကလေး အချိန်မှာ လူ့ပြည်ရောက်လာတာ (မှန်ပါ)၊ ငရဲမျိုးစေ့က အညှောင့် အညွန့်ပေါက်လာရင် အခုစုတေ အခု အပါယ်လေးပါး ရောက်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။

အဲဒါကြောင့် ငရဲမျိုးစေ့ဖြစ်တဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ကို ဒကာ, ဒကာမတို့ ဒီနေရာမှာ သတ်နိုင်တယ်နော် (မှန်ပါ)၊ တခြားနေရာမှာ၊ နတ်ပြည်မှာသတ်ဖို့ အတော်ခဲယဉ်းပါတယ်။ ဗြဟ္မာပြည်မှာသတ်ဖို့ဆိုတာကော (ခဲယဉ်း ပါတယ် ဘုရား)၊ လူ့ပြည်မှာသာလျှင် ဒီတရားတွေ၊ သစ္စာတရားတွေ၊ ပဋိစ္စသမုပ္ပာဒ် တရားတွေသတ်ဖို့ ဖြစ်နိုင်ပါတယ်၊ ဒါလဲ အင်မတန်ရှားပါပြီ (မှန်ပါ)။

အဲဒါကလေး ကြုံတုန်းကို ဒီဉာဏ်တွေနဲ့ ဪ ဒါ ပဋိစ္စသမုပ္ပာဒ် ဒုက္ခသစ္စာပါလား၊ ဒီခန္ဓာကြီးကလဲ ဒုက္ခ သစ္စာပါလားလို့ မှန်မှန်ကန်ကန် ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်ဖြင့်လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ ဘုရား)၊ ခန္ဓာအရှိနဲ့ ဉာဏ်အရှိ ကိုက်အောင် လုပ်ဖြစ်အောင်လုပ်ပါလို့ သတိပေးလိုက်တယ်နော် (မှန်ပါ)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ရှိရင်

ဒါကလေး မလုပ်ဖြစ်တော့ဘူးဆိုတော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ရှိရင်ဖြင့် ဒိဋ္ဌိသိနဲ့ ဦးမာဒင် နေလိမ့်မယ် (မှန်ပါ ဘုရား)။

ဒိဋ္ဌိသိနဲ့နေတော့ ဒိဋ္ဌိဆိုပြီး သကာလ ဒိဋ္ဌပါဒါန်ဆိုပြီး ပဋိစ္စသမုပ္ပာဒ် မတန်းပေဘူးလား (တန်းပါတယ် ဘုရား)၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုပြီးတော့ကော (တန်းပါတယ်)၊ ကမ္မဘဝပစ္စယာအပါယ်ဇာတိဆိုပြီး မလာပေဘူးလား (လာပါတယ်)၊ ဒါဖြင့်ဆယ်လို့ ကယ်လို့ ရသေးရဲ့ကား (မရပါဘူး)။

အဲ့ဒါကြောင့် ဒီဒိဋ္ဌိ မပြုတ်သရွေ့ သူက ပဋိစ္စသမုပ္ပာဒ်တန်းပြီး ဒီခန္ဓာအစဉ်ကြီးကို အပါယ်ရောက်အောင် ပို့ပစ်မှာစိုးတဲ့အတွက် ခင်ဗျားတို့ အခုနေတဲ့ အဝတ်အစားနဲ့ ကျောက်သံ ရွှေငွေပတ္တမြားနဲ့ တင်းတိမ်မနေလိုက်ပါနဲ့ (မှန်ပါ)။

မလ္လိကာမိဖုရားကြီး

ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရင်းတွေမို့ပဲ ဆုံးမရတယ် (မှန်ပါ)၊ မလ္လိကာမိဖုရားကြီးဟာဖြင့် ဦးမာဒင်၊ သူများမပြိုင်နိုင်တဲ့ အသဒိသဒါန အလှူကြီး မလှူဘူးလား (လှူပါတယ် ဘုရား)၊ ဒိဋ္ဌိက မပြုတ်တော့ အပါယ်ကျတယ် (မှန်ပါ)၊ ဘယ်လောက် ကြောက်စရာကောင်းသတုံး– ကောင်းပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ လှူဒါန်းပေးကမ်းထားတာကလေးတွေက ဘာပြောပလောက်သလဲလို့ မေးတော့ ဒကာကြွယ် (မပြောပလောက်ပါဘူး)၊ ဟိုက တိုင်းပြည်နဲ့ပြိုင်ပြီးတာ (မှန်ပါ)၊ ရဟန္တာတွေချည်းလှူတာ (မှန်ပါ)၊ ဒီအထဲကတောင်မှ ဒိဋ္ဌိမပြုတ်တော့ ဦးမာဒင် အပါယ်ရောက်သွားတယ် (ရောက်သွားပါတယ် ဘုရား)၊ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါကြောင့် ခုနင်က ပြောခဲ့ပါတယ်။ အပါယ်လေးဘုံဟာ မိမိတို့ အမြဲနေတဲ့ဘုံပါ။ လူ့ပြည်မှာ ကောင်းကင်က တုတ်အရှိန် သတ်သလောက် လာကြတာပါ (မှန်ပါ)။ ဒီအချိန်ကလေးမှာ အခု ဆရာကောင်း၊ သမားကောင်းနဲ့တွေ့တုန်း နောက်မကျရအောင် ကိုယ့်ဝမ်းထဲရှိတဲ့ ငရဲမျိုးစေ့ ဒီကနေ ဖြုတ်လိုက်လို့ရှိရင်ဖြင့် အပါယ်ပင် ပေါက်စရာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ မြန်မြန်လုပ်ပါဆိုတာ သတိပေးလိုက်တယ် (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်က သေမည့်ဘက်ချည်း သွားနေလို့ပြောတာ

ဦးမာဒင် မြန်မြန်လုပ်လို့ သတိပေးတာကော ရိပ်မိပလား (ရိပ်မိပါပြီ)၊ ခန္ဓာကိုယ်က သေမည့်ဘက်ချည်း သွားနေလို့ပြောတာ (မှန်ပါ)။

ခန္ဓာကိုယ်က ဘယ်အသွားမှန်သတုံး (သေမည့်ဘက် အသွားမှန်ပါတယ်)၊ ရှင်မည့်ဘက် ပြန်သေးသလား (မပြန်ပါဘူး)၊ တစ်နေ့ထက် တစ်နေ့သာ ငါ သုသာန် အရောက်သွားမယ်ဆိုပြီး ရည်ရွယ်ချက်ကြီးနဲ့လာတဲ့ ခန္ဓာကိုယ်ပါ (မှန်ပါ)။

ဒီခန္ဓာကိုယ်ကြီးက တစ်ရှူနဲ့တစ်ရှိုက်၊ ဒီတစ်ခါရှူတာနဲ့ နောက်တစ်ခါရှိုက်တာ၊ ဒီတစ်ခါတာနဲ့ နောက်တစ်ခါ ရိုက်တာနဲ့ ဘယ်သူက သုသာန်နီးသတုံးမေးကြည့်ပါ၊ နောက်တစ်ခါရှူတာ ရှိုက်တာက နီးတယ်ဆိုတာ မည်သူကမှ မငြင်းနိုင်ဘူး (မှန်ပါ)။

အဲဒီတော့ ခန္ဓာကိုယ်လမ်းစဉ်က မင်းတို့ ဘာလုပ်နေနေငါ သုသာန်သွားမယ်ပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီခန္ဓာကြီး ရသရွေ့ သုသာန်သွားတဲ့အလုပ် အမြဲတမ်း အလုပ်လုပ်မှာ ဖြစ်နေသောကြောင့် ဒကာကြွယ်၊ ဦးမာဒင်တို့၊ ဒီခန္ဓာ၏အကြောင်း ကောင်းကောင်းသိပါတော့ (မှန်ပါ)။

သူ့အလုပ်က ဘယ်သွားတဲ့အလုပ်လဲ (သုသာန်သွားတဲ့အလုပ်ပါ ဘုရား)၊ သေမည်သေမည်ချည်း ဆိုပြီး သွားနေတဲ့အလုပ် (မှန်ပါ)၊ နောက်ဆုံးပိတ်လဲ တားမရအောင်ဘဲ သေလိုက်တာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာကိုယ့်လမ်းစဉ် အလုပ်မှန်

အဲ့ဒီတော့ ခန္ဓာကိုယ့်လမ်းစဉ် အလုပ်မှန်ကိုဖြင့် ဒကာကြွယ်၊ သိပြီနော် (သိပါပြီ ဘုရား)၊ သူ့ဆုတောင်း မိတဲ့လူဟာ ဒီခန္ဓာရတာပဲ (မှန်ပါ)၊ ရလို့ရှိရင်ဖြင့် သူ့တောင်းတဲ့ပုဂ္ဂိုလ် အလိုလိုက်သလား၊ သူသွားချင်တဲ့လမ်း အရောက်သွားသလား (သူသွားချင်တဲ့လမ်း အရောက်သွားပါတယ် ဘုရား)။

အဲဒါ စဉ်းစားရမယ် ဦးမာဒင်၊ တောင်း တော့ ကျုပ်တို့က သူ ကောင်းစားမလားလို့တောင်းတာ၊ ခန္ဓာကိုယ်ကြီးကို ကျုပ်တို့က လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါ လို၏လို့ တောင်းလိုက်တယ်နော် (မှန်ပါ)။

တောင်းတဲ့ပုဂ္ဂိုလ်ကတော့ အကောင်းရယ်လို့ တောင်းလိုက်တာပဲ (မှန်ပါ)၊ သူ့လမ်းစဉ်က မင်းတောင်းတဲ့ဆု ပြည့်မပြည့်ကို ငါ ဂရုမစိုက်နိုင်ဘူး၊ ငါသွားနေကျ သွားမယ်ဆိုပြီး သူကသုသာန်ပဲသွားတယ် (မှန်ပါ)၊ တောင်းတဲ့ပုဂ္ဂိုလ် များ ငဲ့သေးသလား (မငဲ့ပါဘူး)။

အခုလက်ရှိ ခန္ဓာကြီးက ဘယ်သွားနေကြသလဲ (သုသာန်သွားနေပါတယ်)၊ ခင်ဗျားတို့က လူ့ပြည်လာပြီး သကာလ လူဖြစ်အောင်တောင်းတာ၊ သူက အမြဲတမ်း တောင်းတဲ့ပုဂ္ဂိုလ်မငဲ့မူ၍ သုသာန်သွားတဲ့အလုပ်ကို အမြဲလုပ် တယ် (မှန်ပါ ဘုရား)၊ နောက်များ တောင်းချင်စရာ ဒကာကြွယ်၊ ရှိသေးသလား (မရှိပါဘူး)။

ဉာဏ်နားနဲ့ ထောင်ကြည့်ပါ၊ ဉာဏ်နားနဲ့ ထောင်ကြည့်ပါ၊ သူ့အသွားက ဒါပဲရှိတယ် (မှန်ပါ)၊ သူ ၊အသွားက ဘယ်သွားပါလိမ့် (သုသာန်သွားပါတယ် ဘုရား)။

တဏှာခြံရံတဲ့ ကုသိုလ်

ခင်ဗျားတို့ကတော့ဖြင့် တဏှာက မြှောက်လာတာနဲ့ ဦးမာဒင်တို့၊ ဒကာကြွယ်တို့၊ ဒကာသစ်တို့က လူဖြစ်ရပါ လို၏ လူချမ်းသာဖြစ်ရပါလို၏ အစရှိသည်နဲ့ ဘုရားရှေ့ ဆုတောင်းကြတယ်၊ ဆွမ်း၊ ကွမ်း၊ လှူဒါန်းပြီး ဆုတောင်းကြတယ်၊ တောင်းတဲ့အတိုင်းပဲ ကုသိုလ်က ပို့လိုက်တဲ့အခါ တဏှာခြံရံတဲ့ ကုသိုလ်ကိုးဗျ (မှန်ပါ)။

တဏှာခြံရံတယ် ဆိုတော့ ဖြုန်းခနဲ မသိဘူး (မှန်ပါ)၊ ကုသိုလ်ကတော့ ကုသိုလ်ပဲ၊ လူဖြစ်ချင်တာက တဏှာ၊ ကုသိုလ်နဲ့ တဏှာနဲ့ တွဲလုပ်တယ် (မှန်ပါ ဘုရား)၊ တွဲလုပ်လိုက်လို့ ဒီခန္ဒာကြီးပေါ်လာတော့ သမုဒယသစ္စာက လုပ် လိုက်တဲ့ခန္ဓာဖြစ်တော့ ဒုက္ခသစ္စာလမ်းကို သူပြေးမြဲတိုင်း ပြောတာပဲ (မှန်ပါ)၊ မပြေးဘူးလား (ပြေးပါတယ် ဘုရား)။

ဒါဖြင့် လူ့ဘဝဆုတောင်း လူဖြစ်ရပါလို၏ဆိုလို့ရှိရင် နောက်ကိုဖြင့် ဒကာ၊ ဒကာမတွေ စကားများထည့်မည် ကြံလို့ရှိရင် တောင်းမည့်ကြံလို့ ရှိရင်ဖြင့် လူဖြစ်ပြီး သုသာန်ပြေးရပါလို၏ဆိုပြီး ထည့်လိုက်စမ်းပါ (မှန်ပါ)၊ ဒီလိုဆိုရင် မတောင်းဖြစ်တော့ဘူး (မှန်ပါ)၊ ဦးမာဒင်၊ တောင်းဖြစ်ပါဦးမလား (မတောင်းဖြစ်ပါဘူး)၊ ဘာဖြစ်လို့တုံးဗျ (သုသာန်ပါ နေလို့ပါ)။

လူလဲဖြစ်ရပါလို၏၊ ရောက်ရောက်ချင်းလဲ သုသာန်ပြေးရပါလို၏ဆိုရင် ဒကာ၊ ဒကာမတို့ ဘယ်သူများ တောင်း ဦးမလဲ (မတောင်းပါဘူး ဘုရား)၊ မတောင်းသာ မတောင်းတယ်၊ လူဖြစ်ရပါလို၏ဆိုရင်ဖြင့် ဝမ်းထဲက ထွက်တဲ့နေ့က စပြီး ဒီကလေးဘယ်သွားသတုံး မေးလို့ရှိရင်ဖြင့် သုသာန်ပဲသွားတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆုတစ်ဝက် ဖြတ်တောင်းတာကိုး

ဒါဖြင့် ဒကာ၊ ဒကာမတွေက ဆုတစ်ဝက် ဖြတ်တောင်းတာကိုး အပြည့်အစုံတောင်းလို့ရှိရင်လဲ မတောင်းဖြစ် ပါဘူး (မှန်ပါ)၊ အခုတော့ ကွက်ပြီး သကာလ ဦးမာဒင် တောင်းထားလို့ ဒုက္ခရောက်နေတာ (မှန်ပါ)။

ဒကာကြွယ်က ဘယ်လိုများ တောင်းထားသတုံး (ကွက်ပြီးတောင်းထားတာပါ ဘုရား)။

ဖြစ်မှဖြစ်ရလေဗျာ၊ ငှက်ပျောပင်တစ်ပင်လုံးလဲ ဒကာ၊ ဒကာမတို့ အမြစ်ကလေးသာ ဖြစ်ရပါလို၏ ဆိုလို့ရှိရင် အပင်က မပါဘဲတော့နေမှာမဟုတ်ပါဘူး (မနေပါဘူး ဘုရား)၊ သဘောပါပလား (ပါ,ပါပြီ)။

အဲဒါကြောင့် အားလုံး ဒကာ၊ ဒကာမတွေ၊ ခင်ဗျားတို့ နောက် လူကောင်းနတ်ကောင်း ဖြစ်ရပါလို၏လို့ တောင်းပြီးရင် ဘယ်အခါကာလမှ ခင်ဗျားတို့သည် အဖြည့်အစွက်ကို မထည့်ဘဲမထားပါနဲ့ (မှန်ပါ)၊

လူကောင်း နတ်ကောင်းလဲ ဖြစ်ရပါလို၏။ ဖြစ်တဲ့နေကစပြီးတော့လဲ သုသာန်ပြေးရပါလို၏ (မှန်လှပါ)။

ဒကာကြွယ်၊ တောင်းရဲပါ့မလား (မတောင်းရဲပါဘူး ဘုရား)၊ ဟာ ဘာဖြစ်လို့ မတောင်းရဲသတုံး၊ ဒီကျတော့ (သုသာန်ပါနေလို့ပါ ဘုရား)။

သုသာန်သွားရမှာတော့ ကြောက်တယ် (မှန်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ နို့ သွားဘဲကော နေရဲ့လား (မနေပါဘူး ဘုရား)၊ သူငယ်နာနဲ့ သေတာကော တွေ့ဖူးရဲ့လား (တွေ့ဖူးပါတယ်)၊ သူသွားလို့ရောက်တာလား၊ မသွားဘဲရောက်တာလား (သွားလို့ရောက်တာပါ)၊ လူလတ် မသာကလေးလဲ ရှိတယ် ဒကာ၊ ဒကာမတို့၊ အဲဒါ သူသွားလို့ရောက်တာလား၊ မသွားဘဲရောက်တာလား (သွားလို့ရောက်တာပါ)၊ သွားလို့သုသာန်ရောက်တာ၊ ရှင်းပလား (ရှင်းပါပြီ)။

သစ္စာမသိလို့တောင်းတာ

အဲဒါတွေထောက်ကြည့်တော့မှ ဪ ဖြစ်ရပါလို၏ဆိုရင် ဖြစ်တဲ့နေ့ကစ သုသာန်သွားရပါလို၏လို့ သစ္စာ ထည့်လိုက်ရဦးမှာ (မှန်ပါ)၊ မရဏမ္ပိ ဒုက္ခံ ထည့်လိုက်ဦး တောင်းဖြစ်ပါ့မလား (မတောင်းဖြစ်ပါဘူး)၊ ဒါဖြင့် သစ္စာမသိလို့တောင်းတာ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဪ ခင်ဗျားတို့ ပါးစပ်များ ရှက်စရာကောင်းလိုက်တာ၊ ဒကာကြွယ် ရှက်စရာကြီးပါလား (ရှက်စရာပါ ဘုရား)။

သစ္စာမသိတာက ဦးမာဒင်၊ အဝိဇ္ဇာ (မှန်ပါ)၊ ဒါဖြင့် ဘာနဲ့တောင်းလိုက်သဘုံး (အဝိဇ္ဇာနဲ့ တောင်းပါ တယ်)။

အောင်မလေး၊ ကြောက်စရာကြီးပါလား၊ အဝိဇ္ဇာနဲ့ တောင်းလိုက်တယ် (မှန်ပါ)၊ သစ္စာမသိဘဲကိုးဗျ (မှန်ပါ)၊ မသိတာကဘယ်သူတုံး (အဝိဇ္ဇာပါ ဘုရား)။ ဒါဖြင့် လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏ဆိုတာ ဘာနဲ့တောင်းတာ တုံး (အဝိဇ္ဇာနဲ့တောင်းတာပါ)၊ ဪ မသိတဲ့လူ တောင်းတာကိုး (မှန်ပါ)၊

ဒါကြောင့် မသိသလိုဖြစ်ရရှာကြတယ် (မှန်ပါ)၊ မသိသလို သုသာန်ပြေးတဲ့ကိစ္စကြီး ဖြစ်ရရှာကြတယ် (မှန်ပါ)၊ ဘယ့်နှယ်ကြောင့်ဖြစ်ပါလိမ့်မတုံး (အဝိဇ္ဇာ ကြောင့်ပါ)၊ မသိသလိုလုပ်လို့ပေါ့ဗျာ (မှန်ပါ)။

ဒါ နားကြီးကြီးနဲ့ နားထောင်ပြီး သစ္စာဆိုတော့မှ ဒကာကြွယ်၊ ဦးမာဒင်တို့၊ ဪ ဟုတ်ပါလား ပေါ်လာတယ် (မှန်ပါ)။

မသိတာ ဘာပါလိမ့်

မသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ လူခန္ဓာ ဒုက္ခသစ္စာ သေရာသွားပါတယ်လို့ မသိတာက ဘာတုံး (အဝိဇ္ဇာပါ)၊ အဝိဇ္ဇာက ဘာမသိတာတုံး (ဒုက္ခသစ္စာကို မသိတာပါ)၊ လူခန္ဓာဟာ ဒုက္ခသစ္စာ၊ သေရာပြေးတတ်တဲ့ ဒုက္ခသစ္စာ (မှန်ပါ)။

အဲဒါ မသိလိုက်တာနဲ့ဘဲ ခင်ဗျားတို့တစ်ခါတည်း အလှူဒါနကို နိဗ္ဗာနပစ္စယောဟောတု မလုပ်ဘဲနဲ့ လူဖြစ်ရ ပါလို၏၊ နတ်ဖြစ်ရပါလို၏ အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတော့ သုသာန်ပြေးလို့အားမရ,ရပါလို၏ (မှန်ပါ)၊ ဦးမာဒင် ဒီအဓိပ္ပာယ် ပါ,မပါ စဉ်းစားပါ(ပါယပါတယ် ဘုရား)၊ ပါသွားတယ်။ မနာဘူးလားဗျာ (နာပါတယ်)၊ တောင်းရင် ရှက်စရာကြီး (မှန်လှပါ)။

အခုမှရှက်တယ် (မှန်ပါ ရှက်ပါပြီ ဘုရား)၊ အခုတော့ရှက်လာပြီ ခင်ဗျားတို့ အဝတ်ကလေး ဝတ်တတ်လာကြပြီ(မှန်ပါ ဘုရား)၊ နဂိုက အရှက်ကိုမရှိဘူး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)

အဲဒါ ဘယ်အချိန်မှာတောင်းလို့ ဘယ်နေရာမှာ သွားတောင်းသတုံး မေးတဲ့အခါကျတော့ အရှက်မရှိတဲ့ အလုပ်ကို ဘုရားရှေ့မှာ သွားတောင်းတာ (မှန်ပါ) ဦးလှဖူး မှန်၊ မမှန် အကဲခတ်စမ်း (မှန်ပါတယ် ဘုရား)၊ ဒကာကြွယ်၊ တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား)၊ အဝတ်မပါတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ်)၊ ဘယ်ရှေ့မှာတုံး (ဘုရားရှေ့မှာပါ)။

ဟာ ဘုရားရှေ့မှာ ကိုယ်ကိုယ်တိုင်က ဒီအဝိဇ္ဇာနဲ့ ဆုတောင်းနေတာ ဦးမာဒင် တော်တော်ဆိုးတယ် (ဆိုး ပါတယ် ဘုရား)၊ ဦးလှဖူး၊ ဘယ့်နှယ်ကြမလဲ (တော်တော်ဆိုးပါတယ် ဘုရား)။

ဆိုးချက်လဲမသေးပါကလား

ဒကာ၊ ဒကာမတွေ၊ သစ္စာသိတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့မှ ဪ ဆိုးချက်လဲမသေးပါကလား (မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (တပည့်တော်တို့ ဆိုးချက် မသေးပါဘူး ဘုရား)၊ အတော်ကြီးတယ် (မှန်ပါ)၊ ဘယ် ရှေ့သွားဆိုးတာတုံး (ဘုရားရှေ့မှာပါ ဘုရား)၊ ဟာ လွန်ကုန်ပြီ (မှန်ပါ)။

ဒကာကြွယ်၊ ဘယ့်နှယ်ဆိုမတုံး (လွန်ကုန်ပါပြီ ဘုရား)၊ လွန်ကုန်ပြီ။ ဖဲထီး အိုးမည်းထပ်သုတ်သလို ဖြစ်ကုန်ပြီ (မှန်ပါ)၊ ဒီလို မကျသေးဘူးလား (ကျပါတယ် ဘုရား)၊ ဖဲထီးမှာ နဂိုက မည်းမည်း အိုးမည်းထပ်သုတ်တော့ ဘယ်မှာ ကောင်းနိုင်စရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။

အဲဒါကြောင့် ဘုရားက သစ္စာကို သိအောင်လုပ်ပါလို့ ဟောတော်မူတာ (မှန်ပါ)၊ သစ္စာမသိသည်နဲ့ တစ်ပြိုင်နက်တည်း သေရာပြေးတဲ့ကိစ္စကို မရ,အရများ ဆုတောင်းပြည့်အောင်လုပ်နေလို့ရှိရင် ဒီထက်မိုက်တာတော့ မရှိဘူး (မှန်ပါ)၊

မသေရာ ရှိလျက်သားနဲ့ သေရာပြေးတဲ့ဥစ္စာကိုတောင်းတာ သစ္စာမသိလို့ (မှန်ပါ)

သေရာမသိတာ ဒုက္ခသစ္စာမသိတာ(မှန်ပါ)၊ မသေရာမသိတာက နိရောဓသစ္စာ မသိတာ (မှန်ပါ)၊ ဒါကြောင့် မသိမှုနဲ့တောင်းချလိုက်တာ တစ်ခါတည်း အခုတော့ဖြင့် ကိုယ်တွေ့ပါပဲ (မှန်ပါ)။

ဦးမာဒင်ဘာတဲ့တုံး (ကိုယ်တွေ့ပါ ဘုရား)၊ နေ့လား၊ ညလားဟေ့ (မှန်ပါ)၊ အင်း ကိုယ့်ဟာကိုယ် သိပြီ (မှန်ပါ)၊ ခေါင်းကလေးကိုက်လာရင် နေ့လားညလားဟေ့ လေကလေးထိုးလာရင် (နေ့လား ညလားပါ ဘုရား)။

ဟာ နဂိုက ဒီလိုနေ့လားညလားသိရင်တော့ ခင်ဗျားတို့ လူ့ပြည်ရောက်ရပါလို၏ လုပ်မှာမဟုတ်ပါဘူး (မှန်ပါ)၊ ဗျာဓိဒုက္ခသစ္စာကို သိလိုက်တာကိုးဗျ (မှန်ပါ)၊ အဲဒီ သစ္စာကလေး တစ်လုံးသိလိုက်ရင်ပဲ တောင်းဖြစ်ပါဦး မလား (မတောင်းဖြစ်ပါဘူး)၊ ဪ ခင်ဗျားတို့ အရမ်းလုပ်လာတဲ့လူတွေကိုး (မှန်ပါ)။

ကြီးကြီးကျယ်ကျယ် ရမ်းတာလား

ဒကာသစ်၊ ဘယ့်နှယ်ဆိုမလဲ (အရမ်းလုပ်လာတဲ့လူတွေပါ ဘုရား)၊ သေးသေးသွယ်သွယ် ရမ်းတာလား၊ ကြီးကြီးကျယ်ကျယ် ရမ်းတာလား (ကြီးကြီးကျယ်ကျယ် ရမ်းတာပါ ဘုရား)၊ ဒကာကြွယ် ရှေ့ရမ်းချင်သေးသလား (မရမ်းချင်ပါဘူး)။

အံမာလေး၊ ဦးမာဒင်ရေ၊ တော်ပဲတော်သေးတယ်၊ အသက် ခြောက်ဆယ်ကျော်မှ မရမ်းချင်တဲ့စိတ် ပေါ်လာလို့ (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့ တစ်နည်း ဥပမာပြောပါမယ်၊ ဒီရမ်းချင်တဲ့စိတ်ဟာ တခြားကြောင့် ပေါ်လာတာ မဟုတ်ပါဘူး (မှန်ပါ) ရမ်းချင်တဲ့စိတ်ဟာ တခြားကြောင့်ပေါ်လာတာမဟုတ်ဘူးဆိုတာ ဦးမာဒင် လက်သည်ဖမ်းလိုက် စမ်းပါ၊ နှလုံးသွင်းမှာလို့ (မှန်ပါ ဘုရား)။

ဒကာ၊ ဒကာမတို့ ဒီနေ့ တရားတစ်မျိုး မှတ်ထားလိုက်စမ်းပါ (မှန်ပါ)၊ ဒီရမ်းပြီး သကာလ ဒုက္ခသစ္စာကြီး ဆုတောင်းယူတာ ဘယ့်နှယ်ကြောင့်တုံးဆိုရင် (နှလုံးသွင်းမှားလို့ပါ ဘုရား)။

မှားတာက လူခန္ဓာကို သုခသစ္စာလို့ ထင်လိုက်တယ် (မှန်ပါ)၊ ဒုက္ခသစ္စာရှိနေတာကို သုခသစ္စာလို့ နှလုံးသွင်း မှားလိုက်တာ ဦးမာဒင် လူဖြစ်ရပါလို၏ဆုတောင်းတယ် (မှန်ပါ)၊ နှလုံးသွင်း မှား၊ မမှား အကဲခတ်စမ်း (မှားပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တော်သေးတယ်၊ တော်သေးတယ်၊ တရားအားထုတ်တဲ့ ဒကာ၊ ဒကာမတွေ၊ တရားအားထုတ်တဲ့ ဒကာ၊ ဒကာ မတွေ ဪ ပင်ရင်း သိရပေသေးတယ် (မှန်ပါ)။

ဦးမာဒင် ဘာသိရသတုံး (ပင်ရင်း သိရပါတယ် ဘုရား)၊ ပင်ရင်း သိရပေသေးတယ်။ တော်သေးတယ် (မှန်ပါ)၊ ပြင်ချိန်ကလေး မီလိုက်သေးတယ် (မီပါတယ် ဘုရား)။

ပြင်ချိန်ကလေး မီလိုက်သေးတယ်

ပြင်ချိန်ကလေးဘာတုံး (မှီလိုက်သေးပါတယ် ဘုရား)၊ မိရုံကလေးရှိတယ် (မှန်ပါ)၊ အသေစောတဲ့ပုဂ္ဂိုလ် တွေ သွားကုန်ပြီ၊ မှီကို မမှီလိုက်သေးဘူး (မှန်ပါ)။

ကဲ ဒါဖြင့် ဒကာ၊ ဒကာမတို့၊ လူခန္ဓာဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဘုရားက ဘာသစ္စာဟောသတုံး (ဒုက္ခ သစ္စာလို့ဟောပါတယ်)၊ ခင်ဗျားတို့က လူဖြစ်ရပါလို၏ဆိုတော့ နှလုံးသွင်းမှား၊ မမှား ကြည့်တော့ (မှားပါတယ်)၊ ဦးမာဒင်အကဲခတ်စမ်းကိုယ့်ဟာကိုယ် (မှားပါတယ် ဘုရား)၊ ဘာမှားတာတုံး (နှလုံးသွင်းမှားတာပါ ဘုရား)၊ ဒါဖြင့် အယောနိသော မနသိကာရပေါ့ (မှန်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာဆိုကြမလဲ (အယောနိသော နသိကာရပါ ဘုရား) မြန်မာလိုပြန်လိုက်တော့ နှလုံးသွင်းမှား (မှန်ပါ)။

ဒကာသစ်ရေ၊ ဒါဟာ အတော်ပြင်ရတယ်နော် (မှန်ပါ)၊ ဦးမာဒင် အတော်ပြင်ရတယ် (ပြင်ရပါတယ် ဘုရား)၊ မပြင်ရင်တော်ပါ့မလား (မတော်ပါ ဘုရား)။

မပြင်ရင် ခင်ဗျားကို ကျွမ်းထိုးမှောက်ခုံနဲ့ပဲ အလောင်းချင်းထပ်တဲ့အလုပ်ကို လုပ်ရဦးမှာ (လုပ်ရဦးမှာပါ ဘုရား)၊ ဒကာသစ်၊ သဘောကျပလား (ကျပါပြီ)။

ကောင်းပြီ။ ဒါဖြင့် နှလုံးသွင်းမှားမှုကြောင့်ဖြစ်တယ်ဆိုတော့ ဒါ့ကြောင့် နှလုံးသွင်းမှားတာသည် မြေနဲ့တူတယ်၊ အဝိဇ္ဇာက ဒီအပေါ်မှာပေါက်တဲ့ မျိုးစေ့နဲ့တူတယ် (မှန်လှပါ ဘုရား)။

နှလုံးသွင်းမှား ဘာနဲ့တူသတုံး

နှလုံးသွင်းမှား ဘာနဲ့တူသတုံး (မြေနဲ့တူပါတယ် ဘုရား)။ အဝိဇ္ဇာက ဘာနဲ့တူသတုံး (မျိုးစေ့နဲ့တူပါတယ်)။

ဪ ဒါဖြင့် ဒကာဒကာမတို့၊ မြေကလဲ မြေကြမ်း၊ မျိုးစေ့ကလဲ အဆိပ် (မှန်ပါ)။ ခင်ဗျားတို့ကလဲ ခက်လိုက်တဲ့လူတွေက မပြောပါနဲ့တော့၊ ဒီအထဲမှာ တဏှာဆိုတဲ့ ခင်မင်မှု၊ ကြင်မှု၊ ကြင်နာမူကလဲ ခင်ဗျားတို့က ရှိကြတယ် (မှန်ပါ)၊ တဏှာရေကို ဒီအဝိဇ္ဇာမျိုးစေ့လောင်းပြန်တယ် (မှန်ပါ)၊ ဒီအပင်ကြီးတော့ဖြင့် ပေါက်ဦးတော့မှာ ပဲ (မှန်ပါ)။

မြေကလဲ ဘာမြေလဲဗျာ (မြေကြမ်းပါ ဘုရား)၊ အယောနိသော မနသိကာရ မြေဆိုကတည်းက ဘုမ္မိနက်သန် မမှန်တဲ့မြေ (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)၊

ကျက်သရေမင်္ဂလာမရှိတဲ့မြေ (မှန်ပါ)၊ အဲဒီမြေပေါ်မှာ မသိတဲ့ အဝိဇ္ဇာမျိုးစေ့ စိုက်ပြန်တယ်ဦးမာဒင်ရဲ့ (မှန်ပါ)၊ ပြီးတော့မှ ခင်ဗျားတို့က တဏှာတည်းဟူသော ရေတွေကို လောင်း ကြပြန်တယ် (မှန်ပါ)၊ သားခင်မှု၊ သမီးခင်မှုဆိုတာမသိလို့ ခင်ကိုးဗျ (မှန်ပါ)၊ မသိတဲ့အပေါ် ခင်မှုတွေ ထပ်မနေ ဘူးလား (ထပ်နေပါတယ် ဘုရား)။

ဒါဖြင့် ဒီမျိုးစေ့ ပြန်ပြီးလောင်းရာ မရောက်ဘူးလား (ရောက်ပါတယ်)၊ ဘယ့်နှယ်ကြောင့် မသိသတုံး ဆိုလို့ရှိရင် နှလုံးသွင်းမှားလိုဆိုတော့ သူက မြေဖြစ်နေတယ် (မှန်ပါ)။

ကြပ်ကြပ်စဉ်းစားပါ ဒကာ၊ ဒကာမတို့။ ဤတရားဟာ တော်တော်နက်တယ်လို့လဲ အောက်မေ့ပါ (မှန်ပါ ဘုရား)၊ ဒကာကြွယ် တစ်ခါမှမကြားဖူးသေးဘူး (မကြားဖူးပါဘူး)၊ ဦးမာဒင်တစ်ခါမှ မကြားဖူးသေးဘူး (မကြားဖူး ပါ ဘုရား)။

မသိတဲ့ အဝိဇ္ဇာမျိုးစေ့စိုက်ခဲ့ကြတယ်

နှလုံးသွင်းမှားတည်းဟူသောမြေပေါ်၌ မသိတဲ့ အဝိဇ္ဇာမျိုးစေ့စိုက်ခဲ့ကြတယ် (မှန်ပါ)၊ သားခင်၊ သမီးခင်၊ ဆွေခင်၊ မျိုးခင်ဆိုတဲ့ တဏှာ ရေတွက်ကိုမသိလို့ လောင်းကြတယ် (မှန်ပါ)။

လောင်းပြန်တော့ ခန္ဓာပင် ဒုက္ခသစ္စာကြီး ပေါက်လာတယ် (မှန်ပါ)၊ ခန္ဓာပင် ဒုက္ခသစ္စာကြီး မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား)၊ ဒါကြောင့် အဝိဇ္ဇာ တဏှာကြောင့် သတ္တဝါတွေ ရေသောက်မြစ် ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြွယ်၊ ဒါဖြင့် နှလုံးသွင်းမှားတဲ့မြေပေါ်မှာ အဝိဇ္ဇာမျိုးစေ့စိုက်ပြီး တဏှာရေလောင်းလို့ ဒုက္ခသစ္စာပင် ပေါက်ပါတယ် (မှန်ပါ ဘုရား)၊ ဒီအပင်ကြီးက ပေါက်ပြီး သကာလ ၊ ဒီခန္ဓာကနေပြီး သကာလ သားရေး၊ သမီးရေး၊ စီးပွားရေးဆိုတဲ့အလုပ်တွေ လုပ်ပြန်တော့လဲ ခုနင်ကပြောခဲ့တဲ့ နှလုံးသွင်းမှားတဲ့ အသီးတွေပဲ ပြန်သီးပြန်တယ် (မှန်ပါ)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အဆိပ်ပင်ကြီးက ပေါက်ပြန်တယ်

နှလုံးသွင်းမှားက အသီးအပွင့်တွေပဲ မလာဘူးလား (လာပါတယ်)၊ ဒါတွေက ပြန်ပြီး သကာလ နှလုံးသွင်းမှား တဲ့ မြေပေါ်ပြန်ကျပြန်တော့ အဝိဇ္ဇာမျိုးစေ့ ကျပြန်တာပဲ (မှန်ပါ)၊ တဏှာရေက (လောင်းပါတယ်)၊ အဆိပ်ပင်ကြီးက ပေါက်ပြန်တယ် (မှန်ပါ)။

သီးပြန်၊ ပွင့်ပြန်ပြီး ဆက်ပေါက်နေမယ်ဆိုရင်ဖြင့် ဒီခန္ဓာကြီးဟာ ဒုက္ခစက်လည်နေတဲ့ ပဋိစ္စသမုပ္ပာဒ်စက် မှတ်လိုက်က(မှန်ပါ)၊ ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ)။

ဒကာကြွယ်၊ ဉာဏ်နဲ့နားထောင်ကြည့်မှ ဒီဥစ္စာ အရေးတကြီးကြောက်စရာဖြစ်တယ် (မှန်ပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

အိမ်ရောက်ရင် ဒီမြေကို ခင်ဗျားတို့ပြင်ကြတော့မယ် (မှန်လှပါ ဘုရား)၊ ဒီက တရားပွဲက ပြန်လို့ရှိရင်ဖြင့် ဒါ ငါ့သားကလေးပဲ၊ ငါ့သမီးကလေးပဲဆိုကတည်းက ဒကာသစ်ရေ၊ သွားပြီ (သွားပါပြီ ဘုရား)၊ နှလုံးသွင်းမှားတဲ့မြေကို တည်လိုက်ပြန်ပြီ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

သိလို့လား၊ မသိလို့လား မေးပြန်တော့ (မသိလို့ပါ ဘုရား)၊ မသိတော့ အဲ့ဒီမြေပေါ်မှာ အဝိဇ္ဇာမျိုးစေ့က ကျပြန်တယ် (မှန်ပါ)။

ဒါဖြင့် ဒီသားသမီးကလေးတွေ ခင်ကြရဲ့လား၊ မင်ကြရဲ့လားလို့မေးပြန်တော့ (ခင်ပါတယ် ဘုရား)၊ ဟာ တဏှာရေကလောင်းပြန်ပြီ၊ အဝိဇ္ဇာမျိုးစေ့ကို (မှန်ပါ)၊ ဒါဖြင့် နောက်ခန္ဓာပေါက်မှ ပေါက်ပါ့မလား (ပေါက်ပါတယ် ဘုရား)။

အဲဒါ ဘာပင်တုံးလို့မေးလို့ရှိရင် ဒုက္ခသစ္စာ အဆိပ်ပင်ကြီးပေါက်မှာပဲ (မှန်ပါ)၊ တစ်ခြား ဘာပေါက်စရာ ရှိသေးသတုံး (မရှိပါဘူး)၊ ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ)၊ တော်တော်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

နှလုံးသွင်းမှန်ဖို့ရာ သိပ်အရေးကြီးပါလား

ကိုင်း ဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ့သည် နှလုံးသွင်းမှန်ဖို့ရာ ဒကာကြွယ် သိပ်အရေးကြီးပါလား (ကြီးပါတယ် ဘုရား)၊ အဝိဇ္ဇာမျိုးစေ့က ဝိဇ္ဇာဖြစ်ဖို့ရာလဲ သိပ်အရေးကြီးတယ် (မှန်ပါ)၊ တဏှာရေကို မလောင်းမိ အောင်လဲ အလွန်ပဲရှောင်ရလိမ့်မယ် (မှန်ပါ)၊ ဒါမှသာလျှင် ဒီအဆိပ်ပင်ကြီးဟာမပေါက်ဘဲ ရပ်သွားမယ် (မှန်ပါ)၊ နို့မဟုတ်ရင် ခန္ဓာအဆိပ်ပင်ကြီးလည်း ဆက်ပေါက်နေမှာပဲ (မှန်ပါ)။

ဦးမာဒင်၊ မပေါက်ပေဘူးလား (ပေါက်ပါတယ်)၊ သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ်)၊ ဉာဏ်ကြီးကြီးနဲ့ နားထောင်တော့မှ ဪ တော်တော် အရေးကြီးပါပေါ့လားဆိုတာ ပေါ်လာကြတယ် (မှန်ပါ)၊

ဒကာ၊ ဒကာမတို့ ဘာနဲ့နားထောင်ရမလဲ (ဉာဏ်ကြီးကြီးနဲ့နားထောင်ရပါမယ်)။ သစ္စာဉာဏ်နဲ့ နားထောင် ကြ (မှန်ပါ)၊ သစ္စာဉာဏ်နားနဲ့ထောင်တော့မှ ဪ ဒီသမုဒယတွေသာရှိရင် ဒီဒုက္ခပင်ပေါက်မှာပဲ (မှန်ပါ)။

ဒီ အယောနိသော မနသိကာရဆိုတဲ့ နှလုံးသွင်းမှားမှု၊ ဒီအဝိဇ္ဇာတည်းဟူသော မျိုးစေ့စိုက်၊ ဒီတဏှာရေ လောင်းဆိုတော့ ဒီသမုဒယတွေကြောင့် ဒီခန္ဓာကြီးတွေပေါက်ဦးတော့မှာပဲ (မှန်ပါ)၊ အိုမှု၊ နာမှု၊ သေမှု အပြည့်ရှိတဲ့ ခန္ဓာကြီး မပေါက်ပေဘူးလား (ပေါက်ပါတယ်)။

သူက တစ်ခါ လောကီရေးရာတွေ လုပ်ပြန်ကိုင်ပြန်တော့ အသီးအပွင့်တွေက လာမလား၊ မလာဘူးလား (လာပါတယ်)၊ လာရင် မျိုးစေ့တွေဆက်ကျပြီး ဒကာကြွယ်၊ ဒီအပင် စခန်းသတ်သွားပါ့မလား (မသတ်ပါဘူး)၊ ရှင်း ပလား (ရှင်းပါပြီ)။

ဒါဖြင့် တစ်သံသရာလုံးနေခဲ့တာ ဦးမာဒင် ဒီအတိုင်းပဲ (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဒီအရေးဟာဖြင့် နှလုံးသွင်းမှန်ဖို့အရေးဟာ အတော်ကြီးသွားတယ် (မှန်ပါ)၊ သဘောကျပြီနော် (ကျပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒီခန္ဓာကြီး ဇာတ်မသိမ်းသရွေ့ ကာလပတ်လုံးဖြင့်၊ အဆိပ်ပင်ကြီး ဇာတ်မသိမ်းသရွေ့ ကာလပတ်လုံးဖြင့်၊ အဆိပ်မျိုးစေ့တွေကျပြီး အဆိပ်ပင်တွေပေါက်ပြီး သကာလ သေပွဲချည်း ဝင်ရဦးမှာပဲ (ဝင်ရမှာပါ ဘုရား)၊ မဝင်ကြရပေဘူးလား (ဝင်ကြရမှာပါ)။

မြေကလဲ မကောင်း၊ မျိုးစေ့ကလဲမကောင်း

အဲဒါတွေ ဉာဏ်ထဲ သေသေချာချာ စဉ်းစားကြည့်တော့မှ ဪ ငါတို့မူတည်ကဖြင့် လွဲခဲ့ပြီ–(မှန်ပါ)၊ မြေကလဲ မကောင်း၊ မျိုးစေ့ကလဲမကောင်း၊ မျိုးစေ့ကလဲမကောင်း ရေလောင်းကလဲမှား၊ ပေါက်တဲ့အပင်ကြီးကလဲ ခန္ဓာပင်ကြီး ကိုးဗျ (မှန်ပါ)၊ ခန္ဓာပင်ကြီးကလဲ အိုဘေး၊ နာဘေး၊ သေဘေးအပြည့်နဲ့ ဒကာကြွယ်၊ ကောင်းသေးရဲ့လား (မကောင်းပါဘူး)။

အဲဒါတွေ ဦးမာဒင်တို့၊ ဉာဏ်ရောက်ကြည့်တော့မှ ဪ တို့ဖြစ်တဲ့ဟာ အဖြစ်ဆိုးကြီးပါလား (မှန်ပါ)၊ ဒါ့ကြောင့် ကိုယ့်ဟာကလေးနဲ့ကိုယ် တင်းမတိမ်နဲ့လို့ ပထမပြောခဲ့တာ ဒကာသစ်၊ ရိပ်မိပြီ (ရိပ်မိပါပြီ)။

ဒီတရားမျိုးကို မနာရပြီဆိုမှဖြင့် သူပြောလူပြောနဲ့ ခင်ဗျားတို့က ပြုံးနေလိမ့်မယ် (မှန်ပါ)၊ သူပြောလူပြောနဲ့ ဦးမာဒင်တို့က ပြုံးနေလိမ့်မယ် (ပြုံးနေပါတယ် ဘုရား)၊

ဪ ခင်ဗျားတို့ ဘယ်ဘဝက အကြောင်းကောင်းတယ်၊ နေနိုင်ထိုင်နိုင်၊ အသင့်အတင့် စားနိုင်သောက်နိုင်နဲ့ မကြောင့်မကျ ကတောင့်မတနဲ့ တော်သေးတယ်၊ တော်သေးတယ်ဆိုတာကို ကိုယ့်ဟာကိုယ် ရောပြီးများ ပြုံးလိုက်ချင် သေးတယ် (မှန်ပါ ဘုရား)။

မြေကဘာမြေတုံး (မြေကြမ်းပါ)၊ မြေညံ့ပဲ၊ မျိုးစေ့ကကော (အဆိပ်မျိုးစေ့ပါ)၊ ရေတွေကလဲ တဏှာ အဆိပ်ရေတွေပဲလောင်းတယ် (မှန်ပါ)၊ ပေါက်တဲ့ ခန္ဓာပင်ကြီးကလဲ အဆိပ်ပင်ကြီး ခဏခဏ သူ့အဆိပ်နဲ့သူ သေ တာပဲ (မှန်ပါ)၊

သူ့အဆိပ်နဲ့သူ သေတာပဲ

သူ့ပထဝီဓာတ်က သူ့သတ်ရင် သူသေပြန်တာပဲ၊ သူ့အာပေါဓာတ်က သူ့သတ်ပြန်ကော (သေပါတယ်)၊ အဲ အဆိပ်ပင်ကြီးပေါက်လို့ သူ့အဆိပ်နဲ့သူသေရတဲ့အဖြစ်မျိုးဟာ တော်သေးရဲ့လို့ပြောတဲ့ပုဂ္ဂိုလ်များ ဟာ ဒကာကြွယ်တို့က ယောင်ချင်သေးတယ်၊ မသိပြောပြောရှာတယ် (မှန်ပါ ဘုရား)။

ဒကာသစ် ဘာတုံး (မသိပြော ပြောလိုက်ပါတယ် ဘုရား)၊ မသိပြော ပြောတာကို ခင်ဗျားတို့က ပြုံးများ ပြုံးလိုက်မယ်ဆိုရင်ဖြင့် ပြောတဲ့လူထက် ဆိုးတယ် (ဆိုးပါတယ်ဘရား)၊ ရိပ်မိကြရဲ့လား(ရိပ်မိပါတယ်)၊ နောက်ကို မပြုံးကြပါနဲ့။ ပြုံးချိန်ရောက်တော့ ဘုန်းကြီးကပြောပါ့မယ် (မှန်ပါ)။

ပြုံးချိန်ရောက်တော့ ဟော အပါယ်တံခါးဖြင့်ပိတ်ပြီ၊ ဒိဋ္ဌိဝိစိကိစ္ဆာသေပြီ၊ ဟာ ဒကာသစ်၊ ပြုံးတော့ စိတ်ချရပြီ ဆိုတော့ ဒကာကြွယ်၊ ပြုံးမကလို့ ရယ်ပဲနေနေပေါ့ဗျာ (မှန်ပါ)။

အခုအချိန်ကတော့ သေရင် အပါယ်သွားနိုင်တဲ့မျိုးစေ့က ဝမ်းထဲမှာရှိနေသေးတော့ မပြုံးနဲ့ဦးလို့ ဦးမာဒင်တို့ ရေ၊ အားလုံးဒကာ၊ ဒကာမတွေ မှာရတယ် (မှာရပါတယ် ဘုရား)၊ ပြုံးရင် အရူးပြုံး ဖြစ်သွားမယ် (မှန်ပါ ဘုရား)၊ အကျိုးပေးကာနီး ပြုံးတဲ့အပြုံးဟာ အလကားအပြုံး (မှန်ပါ)၊ မဟုတ်ဘူးလား (မှန်ပါ)၊

မသိပြုံးဖြင့် မပြုံးလိုက်ပါနဲ့

အဲဒီလိုဖြစ်မှာစိုးလို့ မသိပြုံးဖြင့် မပြုံးလိုက်ပါနဲ့ဆိုတာ ဒကာကြွယ်သတိပေးရတယ် (မှန်ပါ ဘုရား)၊ ပေးထိုက်၊ မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဝိပဿနာအလုပ် မလုပ်ရသေးလို့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကြီး မမြင်ရသေးလို့ရှိရင် ဒကာကြွယ်၊ မပြုံးနဲ့ဦး (မှန်ပါ)၊ ဦးမာဒင်း ဘာတဲ့တုံး (မပြုံးဦး)၊ ဘာဖြစ်လို့ ဘုန်းကြီး ဒါလောက်မှာပါလိမ့်မတုံး၊ အို ဝမ်းထဲမှာ ငရဲမျိုးစေ့ကရှိတယ်၊ ဖျတ်ဆို စုတေမနေသေလွန်ရင် ဟိုမှာ ငရဲကောင်အပင်ပေါက်ရမှာ (မှန်ပါ)၊ ကဲ ပြုံးသင့် မပြုံးသင့် (မပြုံးသင့်ပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဝိပဿနာလုပ်ပါ (မှန်ပါ)၊ လုပ်ရုံကလေး လုပ်မနေနဲ့၊ အဆုံးလဲလိုက်လိုက်ပါ (မှန်ပါ)၊ ကဲ ဒကာသစ်၊ တိုက်တွန်းထိုက် မတိုက်တွန်းထိုက် (တိုက်တွန်းထိုက်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အေး၊ ဒါကြောင့် အားလုံး ဒကာ၊ ဒကာမတွေ အရေးကြီးတဲ့တရားကို ဟောနေလို့ရှိရင် အရေးအကြီးဆုံး စိတ်ထဲက ထားပြီးနာရလိမ့်မယ် (မှန်ပါ)၊ ဦးမာဒင်၊ နို့မဟုတ်ရင် တော်ပါ့မလား (မတော်ပါဘူး ဘုရား)။

မတော်ဘူးတဲ့၊ ကိုယ့်ဟာကိုယ် မသိပြုံး ပြုံးပြီး သကာလ အရပ်ထဲမှာ မသိတဲ့လူကမြှောက်ပြီး မလိမ္မာတဲ့လူက ပြုံးတဲ့သဘောဟာဖြင့် ဒါဟာ မသိတဲ့လူတွေ စုပြီး သကာလ နေလို့ အဝိဇ္ဇာနယ်ထဲကလူချင်းစုပြီး စကားပြောနေကြတာ ကို ကျုပ်တို့က ဘုရားသခင် ကိုယ်တော်မြတ်ကြီးပေးတဲ့ ဉာဏ်မျက်လုံးနဲ့ ကြည့်တော့ ဦးမာဒင်၊ အရူးတွေဟေ့၊ တစ်ယောက်နဲ့ တစ်ယောက်မြှောက်နေကြတာ (မှန်ပါ)၊ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒီကျအောင် ဒီ ဒကာ၊ ဒကာမတွေ စိတ်ထားပြင်ကြပါဆိုတာ သတိပေးလိုက်တယ် (မှန်ပါ ဘုရား)။

မသိပြုံး ပြုံးပြီး သကာလ မသိနေ,နေတဲ့ပုဂ္ဂိုလ်နဲ့ ဘာမှခင်ဗျားတို့ မယှဉ်ပြိုင်ပါနဲ့ (မှန်လှပါ ဘုရား)၊ သစ္စာမသိကြရှာဘူး (မှန်ပါ)။

သုသာန်သွားရင်း ပြုံးနေတာ

သုသာန်သွားရင်း ပြုံးနေတာကိုပင်လျှင် သူက အဖိုးတန်တယ်လို့ထင်ချင်နေတာ (မှန်ပါ)၊ လမ်းသွားရင်း ပြုံးတော့ သူလမ်းသွားတာ တစ်လမ်းနဲ့တစ်လှမ်း သုသာန်ကို ဘယ်ဟာကနီးသတုံး (နောက်ခြေလှမ်းက နီးပါတယ်)၊ ပထမအလှမ်းထက် ဒုတိယအလှမ်းက (နီးပါတယ်)၊ ဒုတိယအလှမ်းထက် တတိယအလှမ်းက (နီးပါတယ်)၊ ပိုပြီး စီးသွားတယ် (မှန်ပါ)။

အဲဒီအချိန် ပြုံးလိုက်တော့ ဒကာသစ်က ဘယ့်နှယ်ဆိုမလဲ၊ ဘယ်သွားရင်း ပြုံးတာပါလိမ့် (သုသာန်သွားရင်း ပြုံးတာပါ ဘုရား)။

ဒါဖြင့် ဒါလောက်မသိတဲ့လူတွေက ခင်ဗျားတို့ကိုပြောလို့ ခင်ဗျားတို့ကပြုံးမိမယ်ဆိုရင် ငရဲမျိုးစေ့ကလဲ ဝမ်းထဲ မှာ ရှိတုန်း၊ ကိုယ်ကလဲပြုံးမိမယ်ဆိုရင်ဖြင့် ဟိုမြှောက်တဲ့လူထက် ပြုံးတဲ့လူကပိုမိုက်တယ် (မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အေး ဒါကြောင့် ကြပ်ကြပ်စဉ်းစားပြီး ဒီတရားကို လိုတာတွေဖြည့်နေပါလား (မှန်ပါ)၊ အရေးကြီးတဲ့ အချက်တွေကို ပယ်ထုတ်နေပါလား (မှန်ပါ)၊ မသိတဲ့လူနဲ့ရောလို့ဖြင့် အလကားပါပဲဆိုတဲ့ အဓိပ္ပာယ်တွေဟာ ရှင်းသွား ပြီ (ရှင်းပါပြီ ဘုရား)၊ သဘောပါပလား (ပါပါပြီ)။

နှလုံးသွင်းမှန်အောင်လုပ်ကြပါစို့

ကိုင်း ဒါဖြင့် ဒကာသစ်ရေ၊ နှလုံးသွင်းမှန်အောင်လုပ်ကြပါစို့ (မှန်ပါ)၊ နှလုံးသွင်းသာ မှန်သွားလို့ရှိရင်ဖြင့် ဒီမြေပေါ်မှာ အဝိဇ္ဇာမျိုးစေ့ စိုက်သေးရဲ့လား (မစိုက်ပါဘူး)၊ တဏှာရေကော လောင်းသေးရဲ့လား (မလောင်းပါဘူး)၊ ခန္ဓာပင် အဆိပ်ပင်ကြီးကော ပေါက်ဦးမှာလား (မပေါက်ပါဘူး)၊ သန်စရာ၊ ထွားစရာရှိသေးရဲ့လား (မရှိပါဘူး)။

အဝိဇ္ဇာမျိုးစေ့က ခန္ဓာကြီးတည်တောင်လိုက်လို့ တဏှာရေလဲ မလောင်းတော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒကာ၊ ဒကာမတို့ နှလုံးသွင်းမှန်တဲ့မြေပေါ်မှာ ဝိဇ္ဇာမျိုးစေ့စိုက်ပြီး သဒ္ဓါရေလောင်းရလိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါမှ ဒုက္ခပေးတဲ့အဆိပ်ပင်ပျောက်မယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဒကာကြွယ်ရေး တော်တော်အရေးကြီးပေါ့ဆိုတာ သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။

အဲဒီတော့ အခုပြောနေတဲ့ တရားသည် ဦးမာဒင်တို့၊ သေသေချာချာမှတ်ပါ။ ဪ တို့ နဂိုက သိထားတဲ့အသိ နဲ့ အခု ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားညွှန်ပြမည့်အသိနဲ့ အများကြီးခြားနားနေပါလား၊ တို့ဟာ ကလေး စိတ်နဲ့ ကလေးပျော်ပဲ ပျော်နေတဲ့အဓိပ္ပာယ်လဲ ရှိပါသေးလားဆိုတာပေါ်လာတယ် (ပေါ်လာကြပါတယ်)။

ခင်ဗျား အလှူဒကာကြီးပဲ၊ ကျောင်းဒကာကြီးပဲ၊ ဘုရားဒကာကြီးပဲဆိုရင် ဒကာကြွယ်ကပြုံးချင်လဲ ပြုံးပစ် လိုက်လိမ့်မယ် (ပြုံးပါတယ် ဘုရား)၊ ဒိဋ္ဌိကမပြတ်သေးတော့ နတ်ရွာသုဂတိဘက်သွားလဲ ခဏပေါ့ဗျ (မှန်ပါ)၊ ဒိဋ္ဌိက ပြန်ပြီး ဆွဲမချပေးဘူးလား (ချပါတယ် ဘုရား)။

ဒါဖြင့် ဦးမာဒင်က အကဲခတ်တော့ အလကားပြုံးပါကွာ (မှန်ပါ)၊ ယာယီပြုံးပါ(မှန်ပါ)၊ ခေတ္တနားတာပဲ၊ ခဲကလေးမြှောက်တာ အရှိန်သတ်သလောက်ပါ (မှန်ပါ)၊ နောက်ဆုံးပိတ်ပြန်ကျရမှာပဲ (မှန်ပါ)၊ အလကားပြုံးတာပါ (မှန်ပါ)။

ဖြစ်ပျက်ဆုံးတဲ့နိဗ္ဗာန်ကြီး မြင်ရတဲ့အခါ

ဒါကြောင့် ပြုံးချိန်ရောက်တော့ ဆရာဘုန်းကြီးက ပြောပါ့မယ်လို့ပြောတာ (မှန်ပါ)၊ ဖြစ်ပျက်တွေ ရှုကြည့်ပါဦး (မှန်ပါ)၊ ရှုကြည့်လို့ ဖြစ်ပျက်ဆုံးတဲ့နိဗ္ဗာန်ကြီး မြင်ရတဲ့အခါကျတော့ ဦးမာဒင်ပြုံးလိုက်တော့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အခုအချိန်မှာဖြင့် ငရဲမျိုးစေ့ ဝမ်းထဲမှာရှိလျက်သားနဲ့ အဆိပ်သောက်ထားတဲ့ပုဂ္ဂိုလ်က ပြုံးလို့ရှိရင်ဖြင့် သေခါနီးပြုံးဖြစ်ပါလိမ့်မယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် အိမ်တွင်းပဋိစ္စသမုပ္ပာဒ်ကို ပြန်လှည့်ကြစို့၊ နှလုံးသွင်းမှန်ရအောင်နော် (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ် ဟာ ဘယ်မှာရှိသတုံးလို့မေးရင် စာထဲမှာရှိတယ်လို့ ဖြေကြလိမ့်မယ် (မှန်ပါ)၊ အဲဒါက လိုရင်းမဟုတ်သေးပါဘူး၊ ခန္ဓာမှာရှိတာကို စာကမှတ်တမ်းလုပ်ထားတားပါ (မှန်ပါ)

ခန္ဓာမှာရှိတာကို စာက မှတ်တမ်းလုပ်တော့ အရှိကဘယ်မှာတုံး (ခန္ဓာမှာပါ ဘုရား)၊ ခန္ဓာအရှိ ရေးထားတဲ့ စက်ဝိုင်းကြီးလို့မှတ်ထားလိုက်စမ်းပါ (မှန်ပါ)။

ဘယ်သူရေးထားတာတုံး (ခန္ဓာအရှိရေးထားတာပါ)၊ ခန္ဓာမှာ ဒီလိုရှိတယ်လိုပြတာ သဘောကျပလား (ကျပါပြီ)။ အဲဒီစက်ဝိုင်းကြီးကြည့်လိုက်တော့ ခန္ဓာကိုလုပ်တဲ့ လက်သည်ရယ်၊ ခန္ဓာကပေါက်ဖွားတာရယ် အကုန်ရှင်း လာမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အိမ်ထဲတွင်လှည့်တဲ့ ပဋိစ္စသမုပ္ပာဒ်

ဒါကြောင့် ဒကာ၊ ဒကာမတို့ အဲဒီ ပဋိစ္စသမုပ္ပာဒ်အသာထားပြီး ကိုယ့်မှာ နေ့တိုင်း အိမ်ထဲတွင်လှည့်တဲ့ ပဋိစ္စသမုပ္ပာဒ်ကိုပြောမယ်(မှန်ပါ)။

ဘယ်လှည့်တဲ့ ပဋိစ္စသမုပ္ပာဒ်လဲ (အိမ်တွင်းလှည့်တဲ့ ပဋိစ္စသမုပ္ပာဒ်ပါ)၊ သံသရာကြီးလှည့်တာ အသာထားဦး၊ အိမ်ထဲလှည့်တာ စပြီးစမ်းလိုက်ဦးမယ် (မှန်ပါ)၊ ဖြစ်မှဖြစ်ရလေထဲကကျနေပြီ (မှန်ပါ)။

ဒကာကြွယ်ရေ၊ သံသရာတော့ သေမှလှည့်ရမယ် မဟုတ်ဘူးလား (မှန်ပါ)၊ အခု ဘယ်တွင် လှည့်စမ်းမလဲ (အိမ်တွင်းလှည့်စမ်းပါမယ်)။

ဒီဥစ္စာ မဟာနိဒါနသုတ်၊ သုတ်မဟာဝါ ပါဠိတော်မှာကိုယ်တော်တိုင် ဟောတော်မူတာ (မှန်ပါ)၊ ဘုန်းကြီးက နာမည်ပေးတော့သာ ခင်ဗျားတို့ အိမ်တွင်းပဋိစ္စသမုပ္ပာဒ်လို့ ပေးရခြင်းဖြစ်ပါတယ်၊ ဒီအိမ်ထဲတွင် မသေခင်လှည့်နေတဲ့ ပဋိစ္စသမုပ္ပာဒ်ဖြစ်နေလို့ (မှန်ပါ)၊ အိမ်ထဲတွင်ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပာဒ်ကိုအိမ်တွင်း ပဋိစ္စသမုပ္ပာဒ်လို့ နာမည်ပေး ရတယ် (မှန်ပါ)။

ဒီအကြောင်းက ဘာတုံးမေးလို့ရှိရင် ရှင်အာနန္ဒာက သောတာပန်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟော တော်မူတဲ့ ပဋိစ္စသမုပ္ပာဒ်ကို သူကျတွေးကြည့်လိုက်တယ်။ အဝိဇ္ဇာပစ္စယာသင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံတွေ လျှောက်ပြီးတွေးတော့ သူ့စိတ်ထဲမှာအကုန်တော့မပေါ်ဘူး၊ ပေါ်တန်သလောက်တော့ပေါ်တယ် (မှန်ပါ)။

ပေါ်တန်သလောက်ပေါ်ပြီးတော့ ဪ ခန္ဓာကြီးဟာ ဒီလိုအကြောင်းအကျိုးတွေ ဆက်ပြီး သကာလ နေပါ ကလား၊ ဒီလိုဒုက္ခဆုံးပါလားဆိုပြီး နှလုံးသွင်းကြည့်လိုက်တော့ သူ့စိတ်ထဲမှာတော်တော်ကလေး ဝမ်းမြောက်နေတယ် (မှန်ပါ)။

လွယ်သယောင်ယောင် ရှိပါတယ်ဘုရားလို့လျှောက်တယ်

ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီကို သူသွားတယ်၊ သွားပြီး သကာလ အရှင်ဘုရား ပဋိစ္စသမုပ္ပာဒ် ခက်တယ်ဆိုပေမယ့် တပည့်တော်တွေးကြည့်တော့ လွယ်သယောင်ယောင် ရှိပါတယ်ဘုရားလို့ လျှောက်တယ် (မှန်ပါ)။

ဒီတော့ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပာဒ်ကို လွယ်သယောင်ယောင်ရှိတယ်လို့ မထင်အပ်ကြောင်း ရှင်အာနန္ဒာ ကို တားမြစ်ပြီး၊ ဒီ ပဋိစ္စသမုပ္ပာဒ်ကို နားမလည်ကြလို့ သံသရာကမထွက်နိုင်ဘဲ ရှိခဲ့ကြရသည်ဟု မိန့်တော်မူတယ် (မှန်ပါ)၊ လူ့ပြည်နတ်ပြည် အလည်လာလိုက်၊ အပါယ်ရောက်လိုက်၊ လူ့ပြည်နတ်ပြည်မှာခဏတစ်ဖြုတ် တုတ်ကလေး အရှိန်သတ် သလောက်နေလိုက် အပါယ်ရောက်လိုက်ဆိုတာ ပဋိစ္စသမုပ္ပာဒ်နားမလည်လို့ ဖြစ်နေကြတာ (မှန်ပါ)။

ဒီတော့ မြတ်စွာဘုရားက သံသရာ ပဋိစ္စသမုပ္ပာဒ်မဟောဘဲ အိမ်တွင်းပဋိစ္စသမုပ္ပာဒ်ကို ဟောတော်မူတယ် (မှန်ပါ)၊ ရိပ်မိစား (ရိပ်မိပါပြီ)။

အိမ်တွင်းပဋိစ္စသမုပ္ပာဒ်ဆိုတာသည် ဒကာ၊ ဒကာမတို့ အိမ်ထဲကနေပြီး သကာလ အပါယ်သွားတဲ့ ပဋိစ္စ သမုပ္ပာဒ်မျိုးပြောတာ (မှန်ပါ)၊ ကျောင်းပေါ်နေပြီး (အပါယ်သွားနိုင်ပါတယ်)၊ အဲဒီထဲကနေပြီး သွားနိုင်တယ်လို့ ပြောတာ (မှန်ပါ)၊ ရိပ်မိပလား(ရိပ်မိပါပြီ)။

ဒုက္ခအစုကြီးပဲရှိတယ်

ပဋိစ္စသမုပ္ပာဒ် အဆုံးကျတော့ ကေဝလဿ ဒုက္ခက္ခန္ဓဿသမုဒယော ဟောတိ ဒုက္ခအစုကြီးပဲရှိတယ်လို့ မဆိုဘူးလား (ဆိုပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့၊ ခင်ဗျားတို့ ခန္ဓာကြီးဟာက ဝေဒနာက္ခန္ဓာကိုးဗျ (မှန်ပါ)၊ အခု နေကောင်း ရဲ့လားလို့မေးတော့ ဘယ့်နှယ်ဖြေကြပါ့မလဲ (နေကောင်းပါတယ် ဘုရား)၊ နေကောင်းတယ်လို့ဖြေတော့ ဪ နေကောင်းတာ သုခဝေဒနာပဲ (မှန်ပါ)၊ ဒါကြောင့် ခင်ဗျားတို့ အခုနေကောင်းလို့လာနိုင်ကြတာ၊ နေမကောင်းရင် (မလာနိုင်ပါဘူး ဘုရား)။

ဒါဖြင့် နေကောင်းလို့လာနိုင်ကြတော့ အခု နေကောင်းတဲ့ဝေဒနာနဲ့ ခင်ဗျားတို့ အသက်ရှင်နေတယ် (မှန်လှပါ)၊ ဒါဖြင့် အခု တရားနာနေတာ ာတွေတုံး (သုခဝေဒနာတွေပါ)၊ သုခဝေဒနာဆိုတဲ့ ဝေဒနာက္ခန္ဓာ (မှန်ပါ)။

တရားနာနေတာ ဘယ်သူပါလိမ့် (သုခဝေဒနာဆိုတဲ့ ဝေဒနာက္ခန္ဓာပါ )၊ ပေါ်ပြီ၊ ဪ ဝေဒနာက္ခန္ဓာဆိုတာ တခြားလား အောက်မေ့တယ်၊ ဟို တရားနာနေတာ နေကောင်းလို့နာနိုင်တာပဲဆိုတော့ နေကောင်းတဲ့သဘောကလေး ကို ဝေဒနာက္ခန္ဓာ ဆိုတာပါလား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘာဆိုပါလိမ့် (နေကောင်းတဲ့ သဘောကလေးကို ဝေဒနာက္ခန္ဓာ ဆိုပါတယ်)၊ ဒကာကြွယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဪ ဝေဒနာက္ခန္ဓာဆိုတာ ဒါတွေပဲ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီဘက်ကဒကာကြီး ကြည့်လိုက်ပြန်လဲ နည်းနည်းကလေးချောင်းဆိုးတယ်ဗျ၊ ဪ သူလဲ ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတာပဲ ဒုက္ခဝေဒနာနဲ့ (မှန်လှပါ ဘုရား)၊ မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်)၊ ဒါဖြင့် ဝေဒနာက္ခန္ဓာချည်းပဲ နေမယ်(မှန်ပါ)။

တချို့ တရားနာရင်းမတ္တနဲ့ ညောင်းကြ နာကြ၊ ကိုက်ကြ ခဲကြ။ ဒါလဲ ဒီအတိုင်းနာနေတော့ ဒုက္ခ ဝေဒနာက္ခန္ဓာနဲ့ နာနေတယ် (မှန်ပါ ဘုရား)၊ ဒုက္ခဝေဒနာဆိုတဲ့ ဝေဒနာက္ခန္ဓာနဲ့ နာနေတယ်၊ ဒီအထဲမှာ ဒကာ၊ ဒကာမတို့ တရားနာနေတာ ဘယ်သူတွေတုံး (ဝေဒနာက္ခန္ဓာတွေပါ ဘုရား)။

တရားနာနေတာ အကုန် ဝေဒနာက္ခန္ဓာချည်းပဲ

ပေါ်ပါပြီ၊ ဪ တရားနာနေတာ အကုန် ဝေဒနာက္ခန္ဓာချည်းပဲနော် (မှန်ပါ)၊ တချို့လဲ နေကောင်းလို့ နာကြတယ်၊ တချို့လဲ နေမကောင်းဘဲနဲ့နာနေကြတယ် (မှန်ပါ)၊ နေမကောင်းဘဲနာလဲ ဒုက္ခဝေဒနာဖြစ်တဲ့ ဝေဒနာ က္ခန္ဓာပဲ (မှန်ပါ)၊ နေကောင်းလျက်နာလဲ သုခဝေဒနာဆိုတဲ့ (ဝေဒနာက္ခန္ဓာပါပဲ ဘုရား)၊

ဟာ မြို့သုံး သုံးကြပါဦးစို့၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေပဲ (မှန်ပါ)၊ အခုရွှေ၊ အခုငွေပဲ (မှန်လှပါ)၊ အသက်အရွယ်ကလေးကြီးလာ မဟန်ဘူးဗျ (မှန်ပါ)၊ သူ ကျပြန်တော့လဲ ရွှေတစ်လှည့် ငွေတစ်လှည့် ဆိုတော့ သုခတစ်လှည့်၊ ဒုက္ခတစ်လှည့်နဲ့ တရားနာနေ့တာ (မှန်ပါ)၊ ဝေဒနာက္ခန္ဓာပဲ ပြန်ရောက်တာပဲ (ရောက်ပါတယ် ဘုရား)၊ ဒါဖြင့် အခုတရားနာနေကြတာ ဘယ်သူတွေတုံး (ဝေဒနာက္ခန္ဓာတွေပါ ဘုရား)။

ဦးမာဒင် ဘယ်သူတွေပါလိမ့်ဗျာ (ဝေဒနာက္ခန္ဓာတွေပါ ဘုရား)၊ အင်း ဝေဒနာက္ခန္ဓာဟာ အဝေးကြီးလား အောက်မေ့တယ် မိမိကိုဆိုနေတာပဲ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

နားကကော ဘုန်းကြီးပြောတာ ကြားကြရဲ့လား (ကြားပါတယ် ဘုရား)၊ ဝေဒနာက္ခန္ဓာနဲ့ပဲ ကြားတယ်၊ ဥပေက္ခာဝေဒနာနဲ့ကြားတယ် (မှန်ပါ)။

ဒါဖြင့် နားကြားကလဲ ဝေဒနာက္ခန္ဓာ (မှန်ပါ)၊ ထိုင်လို့ကောင်းတာကော (ဝေဒနာက္ခန္ဓာပါပဲ ဘုရား)၊ ထိုင်လို့မကောင်းတာကော (ဝေဒနာက္ခန္ဓာပါပဲ)၊ သဘောကျပလား (ကျပါပြီ)။

ဘုန်းကြီးထိုင်နေတာလဲ မြင်ကြရဲ့လား (မြင်ပါတယ် ဘုရား)၊ ဘာနဲ့မြင်သတုံး (ဝေဒနာက္ခန္ဓာနဲ့ မြင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် အားလုံးဝေဒနာက္ခန္ဓာချည်းပါလားဆိုတဲ့ဥစ္စာ ဒကာသစ်၊ ငြင်းဖို့မလိုဘူး (မလိုပါဘူး ဘုရား)။

ဒကာ၊ ဒကာမတို့၊ ဒါဟာ ချက်ချင်း ခန္ဓာဉာဏ်ရောက်ပြောနေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ အဝေးသွားရသေးသလား (မသွားရပါဘူး)၊

ဉာဏ်က ခန္ဓာကိုယ် လှည့်လိုက်တာနဲ့

ဉာဏ်က ခန္ဓာကိုယ် လှည့်လိုက်တာနဲ့ပဲ နေကောင်းတာက ဝေဒနာက္ခန္ဓာ။ မကောင်းလို့ နာလာပြန်လဲ ဒါလည်း ဝေဒနာက္ခန္ဓာပဲ၊ ဒုက္ခဝေဒနာက္ခန္ဓာ (မှန်ပါ)၊ ကောင်းတစ်လှည့်၊ မကောင်း တစ်လှည့်ရှိပြန်လဲ သုခနဲ့ ဒုက္ခနဲ့လှည့်ပြီး နာနေရတာပဲ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

သို့သော်လဲ နားကလေးက ကြားပါသေးရဲ့ဘုရားဆိုလို့ရှိရင် ဝေဒနာက္ခန္ဓာနဲ့ ကြားတာ (မှန်ပါ)၊ မျက်လုံး ကလေးက မြင်ပါသေးရဲ့ ဆိုရင်ကော (ဝေဒနာက္ခန္ဓာနဲ့ မြင်တာပါ)၊ ဒါဖြင့်ခင်ဗျားတို့ တရားတစ်ပွဲလုံး ဘယ်သူတွေတုံး လို့ မေးရင်ဘယ့်နှယ်ဖြေပါ့မလဲ (ဝေဒနာက္ခန္ဓာတွေပါ ဘုရား)။

အခုမှ ရှင်းပေတော့တယ် (မှန်ပါ ဘုရား)၊ ဘယ်သူတွေတရားနာနေသလဲ (ဝေဒနာက္ခန္ဓာတွေ တရားနာ နေပါတယ်)၊ ကိုယ့်ဟာကိုယ်ကော ဉာဏ်စိုက်မိကြရဲ့လား (စိုက်မိကြပါတယ် ဘုရား)။

ဘယ်သူနဲ့ တရားနာနေသလဲ (ဝေဒနာက္ခန္ဓာနဲ့ တရားနာနေပါတယ်)၊ ဒကာသစ်၊ ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။

အခု ပြန်ဖြေနိုင်တာလဲ ကြားလို့ဖြေနိုင်တာ (မှန်ပါ)၊ ဒါ ဝေဒနာက္ခန္ဓာက ဖြေနေတာ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ)။ အဲဒီတော့ဘုရားလက်ထက်က တရားနာကြတာက ဦးမာဒင် ဒီလိုမေးပြီး ဒီလိုဉာဏ်လှည့်လို့ ချက်ချင်းသောတာပန်တည်တာ (မှန်ပါ)၊

တရားကဘယ်မှာရှိသလဲ

ခင်ဗျားတို့က တရားချည်း နာနေတာပဲ၊ တရားက ဘုန်းကြီးဆီမှာရှိတယ်ချည်းမှတ်ရင် ခက်တယ် (မှန်ပါ)၊ တရားကဘယ်မှာရှိသလဲ (ခန္ဓာမှာ ရှိပါတယ် ဘုရား)၊ အခု ဘယ်သူနဲ့တရားနာနေသလဲ (ဝေဒနာက္ခန္ဓာနဲ့ နာနေပါတယ်)၊ ဒါဖြင့် ဝေဒနာက္ခန္ဓာတရား ဘယ်မှာရှိသတုံး (ခန္ဓာမှာရှိပါတယ်)၊ ဝေဒနာက္ခန္ဓာပျက်တော့ ရွှေ့များပျက်မှာလား၊ ဒီနေရာတွင်လား (ဒီနေရာတွင် ပါ ဘုရား)၊ ဒီနေရာတွင် အနိစ္စပေါ့ဗျာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးဆီမှာ တရားရှိသလား၊ ခင်ဗျားတို့ဆီမှာရှိသလား (တပည့်တော်တို့ဆီမှာ ရှိပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးဆီမှာက တရားမှတ်တမ်းတွေ လျှောက်ပြောနေတာပါ။ တရားအစစ်က ခင်ဗျားတို့ဆီမှာရှိတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အဲဒါကြောင့် ခင်ဗျားတို့ တရားကို နားကနာပါ။ ဉာဏ်က ခန္ဓာလှည့်ကြည့်ပါဆိုတာ ဒကာသစ် ပြောလိုက်၊ မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)၊ တရားရှိတာက ခင်ဗျားတို့ဆီမှာရှိတာ (မှန်ပါ)၊ သဘောပါပလား (ပါ,ပါပြီ)။

ဒါဖြင့် ဒကာ၊ ဒကာမတွေ၏ခန္ဓာမှာ အခု ဝေဒနာက္ခန္ဓာကြီးဆိုတာ ရှိတယ်နော် (မှန်ပါ)၊ ဪ ဒါဖြင့် ဒီဝေဒနာက္ခန္ဓာကြီးနေကောင်းပြန်လဲ စားဖို့၊ သောက်ဖို့လိုသေးတယ် (မှန်ပါ)၊ နေမကောင်းပြန်တော့လဲ ဆေးဖိုးဝါးခ (လိုပါတယ်)။

လိုချင်တဲ့တဏှာ ပေါ်လာတယ

ဒါဖြင့် ဝေဒနံ ပဋိစ္စတဏှာ၊ လိုချင်တဲ့တဏှာ ပေါ်လာတယ် (မှန်ပါ)

ဒီဝေဒနာတွေ အကြောင်းရင်းခံပြီး ဘာပေါ်လာသတုံး (တဏှာပေါ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ရှင်းပြီ ရှင်းပြီ ဒကာ၊ ဒကာမတို့၊ ပဋိစ္စသမုပ္ပာဒ် အလယ်ကဖောက်ပြီးစတာ (မှန်ပါ)။

ဒီခန္ဓာကြီးအကြောင်းရင်းခံပြီး ဒီခန္ဓာချမ်းသာပြန်တော့လဲ ကျန်းမာချမ်းသာတုံး ရှာရတယ်ဟေ့ဆိုတဲ့ ရှာ တဏှာလာတယ် (မှန်ပါ)၊ ဒါကြောင့် ဝေဒနာအကြောင်းရင်း ခံပြီးတော့ တဏှာလာတယ်။

တစ်ခါ ဒကာကြွယ်က နေမကောင်းထိုင်မသာ ရှိပြန်တော့လဲ ဪ ဆေးဖိုးဝါးခဆိုတာ ကိုယ့်ရှိမှ ကိုယ် ပေးနိုင်တာဆိုပြီး နာစာ ရှာပြန်တယ် (မှန်ပါ)။

အဲဒါလဲ ဝေဒနာတည်းဟူသော နာတဲ့အတွက် ဝေဒနာက္ခန္ဓာက ဒုက္ခဝေဒနာ ဖြစ်လာတဲ့အတွက် ရှာတဲ့ တဏှာလာတယ်(မှန်ပါ)။

ဒါဖြင့် ဦးမာဒင်တို့ရှာနေတာ အိုနာစာကိုးဗျ (မှန်ပါ)၊ အိုနာစာဆိုတော့ အိုတာလဲ ဒကာ၊ ဒကာမတို့ ဝေဒနာကြောင့်ပဲ (မှန်ပါ)၊ နာတာလဲ (ဝေဒနာကြောင့်ပါ)၊ ဒါကြောင့် ဘာလုပ်ကြသတုံး၊ အိုနာစာရှာတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အိုနာစာကြောင့် အရှာထွက်လာတယ် (မှန်ပါ)၊ အိုနာဆိုတာက ဝေဒနာက္ခန္ဓာ၊ ရှာဆိုတာက တဏှာ (မှန်ပါ)၊ ခင်ဗျားတို့က မရိပ်မိဘူး၊ ကိုယ့်အထဲတွင် ကိုယ်လည်တာ(မှန်ပါ)။

သူများထဲ လည်တာလား (မဟုတ်ပါဘူး)၊ ကိုယ့်ခန္ဓာထဲမှာ အိုနာစာရှာတယ်ဆိုတော့ အိုနာဆိုတာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ)၊ ရှာရတာက (တဏှာပါ ဘုရား)၊ ဒါဖြင့်ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ဒါ ခင်ဗျားတို့ ခန္ဓာထဲမှာ ဖြစ်နေတာ မသိဘူး (မှန်ပါ)၊ ခန္ဓာထဲမှာဖြစ်နေတာ မသိဘူး၊ ဒကာကြွယ်တို့က (မသိပါဘူး ဘုရား)၊ ဦးမာဒင်၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဘာရှာကြတာတုံး၊ ခင်ဗျားတို့၊ အိုနာစာပေါ့ဘုရား၊ ဟုတ်လား (မှန်ပါ)၊ အိုတာလဲ ဒကာ၊ ဒကာမတို့ ဝေဒနာက္ခန္ဓာပဲ၊ နာတာလဲ ဝေဒနာ ပေါ်တာပဲ(မှန်ပါ)။

သေစာရှင်စာပေါ့

တစ်နည်းအားဖြင့် သေစာရှင်စာပေါ့ (မှန်ပါ)၊ လာပြန်တာပဲ သူ့ဟာ (မှန်ပါ)။

ဘယ်လိုဆိုကြမယ် (သေစာရှင်စာပါ ဘုရား)၊ ရှင်တဲ့အခါကျတော့လဲ ဝေဒနာနဲ့ ရှင်နေတာပဲ (မှန်ပါ)၊ ရှာတာက တဏှာပဲ (မှန်ပါ)၊ သေစာရှင်စာ ရှာရတယ်၊ သေစာဆိုတော့လဲ ဒီခန္ဓာကြီးက မရဏမ္ပိ ဒုက္ခဆိုတော့ ဒုက္ခဝေဒနာပဲ–(မှန်ပါ)၊ ဒုက္ခဝေဒနာသတ်လို့ သေတာပဲ (မှန်ပါ)၊ အဲဒီ သေစာရှာပြန်တော့ ဒုက္ခဝေဒနာကြောင့်လဲ တဏှာကဖြစ်ပြန်တာပဲ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဪ ကိုယ်ပြောနေရတဲ့အထဲက ဘာမှန်းမသိလို့ ပြောနေရတာနဲ့တယ်တူတယ် (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ်တို့ကလဲ ခက်လိုက်တာ ကောင်းကင်က ငှက်က ဇီးကွက်ဇီးကွက် မြည်နေတာ ဘုန်းကြီး ဘာငှက် တုန်း မေးရင်တော့ခက်ပြီ (မှန်လှပါ ဘုရား)၊ အခု အိမ်ထဲတွင်လှည့်နေတာ မသိဘူး (မသိပါ ဘုရား)။

အိုနာစာ ရှာကြတယ်ဆိုတာ ပဋိစ္စသမုပ္ပာဒ်လုပ်နေတာ (မှန်ပါ)၊ သေစာရှင်စာ ရှာကြတယ်ဆိုတာ (ပဋိစ္စသမုပ္ပာဒ်လုပ်နေတာပါ)၊ သို့သော် မသိပါဘူး ဒီဥစ္စာကို၊ ပဋိစ္စသမုပ္ပာဒ်ဆိုတာ ဟိုဘက်အဝိုင်းကြီးဘုရာ့ (မှန်ပါ)၊ အံမာလေး ဒီမှာဝိုင်းတာ၊ ဝိုင်းတာက ခန္ဓာထဲမှာ ဝိုင်းနေတာ (မှန်ပါ)။

ဘယ်မှာဝိုင်းပါလိမ့် (ခန္ဓာထဲမှာ ဝိုင်းတာပါ)၊ ရိပ်မိပလား(ရိပ်မိပါပြီ)။

ဒါဖြင့် အိုနာစာရှာဆိုတာ အိုနာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ)၊ ရှာတာက (တဏှာပါ ဘုရား)၊ ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ)။

သေစာရှာတယ် ရှင်စာရှာတယ်ဆိုတော့ ရှင်တာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါ)၊ ရှာတာက (တဏှာပါ)၊ ဝေဒနာပစ္စယာက (တဏှာပါ ဘုရား)။

ကောင်းပြီ၊ သေစာရှာပြန်တယ်ဆိုတော့ သေတာကလဲ ဒုက္ခဝေဒနာနဲ့ သေရတယ် (မှန်ပါ)၊ ရှာတာက တဏှာ (မှန်ပါ)၊ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

ဝေဒနာပစ္စယာ တဏှာလုပ်နေကြတာ

ဪ ခင်ဗျားတို့ရှာနေကြတာ ဘာပါလိမ့်မတုံး အောက်မေ့တယ်၊ ဝေဒနာပစ္စယာ တဏှာလုပ်နေကြတာ ကိုး (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

အိုစာရှာလဲ ဝေဒနာပစ္စယာ တဏှာပဲ (မှန်ပါ)၊ ရှင်စာရှာကော (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)၊ နာစာရှာကော (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)။

ဒါဟာ ဒုက္ခက္ခန္ဓဿဆိုတဲ့ ဒုက္ခအစုကြီး ဖြစ်မှာပါကလားလို့ ဦးမာဒင် လာဖူးရဲ့လား (မလာဖူးပါဘူး)၊ ဪ ခက်လိုက်တဲ့ဖြစ်ခြင်း လုပ်ပြီးမသိရှာဘူး (မှန်ပါ)၊ လုပ်တော့ ကိုယ်တိုင်လုပ်တာနော် (မှန်ပါ)၊ မသိတာကလဲ ကိုယ်တိုင်မသိတာ (မှန်ပါ)၊ ဪ မသိသလိုလုပ်နေတာ လမ်းမှန်တော့မရောက်ပါဘူး (မှန်ပါ)၊ ရောက်စရာကော မြင်သေးရဲ့လား (မမြင်ပါဘူး)၊ ဟာ ဒကာသစ်၊ သိပ်ဆိုးနေပါပေါ့လား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ၊ ဒကာမတို့၊ ပစ္စည်းရှာတာသည် ဘယ်အတွက်တုံး မေးလိုက်ပါတယ် (အိုနာစာအတွက်ပါ)၊ သေစာ၊ ရှင်စာဗျာ (မှန်ပါ)၊ ဒါ ဝေဒနာချည်းပဲ သဘောကျပလား (ကျပါပြီ)။

ဒကာကြွယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ အဲ ခန္ဓာကိုယ်က ဝေဒနာရှာတာက တဏှာ၊ ဒါဖြင့် ဝေဒနံ ပဋိစ္စ တဏှာပေါ့ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဝေဒနာကြောင့် တဏှာပေါ်လာတယ် (မှန်ပါ)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။

ဒီခန္ဓာကြီးကိုလဲ ခင်သကိုးဗျ

တဏှာပေါ်လာတဲ့အခါကျတော့ ဪ ဒီခန္ဓာကြီး၏ ဝတ်ရေးကလဲရှိသေး၊ နေရေးကလဲရှိသေးတယ် (မှန်ပါ)၊ ဒီခန္ဓာကြီးအတွက်ဆိုတော့ ဒီခန္ဓာကြီးကိုလဲ ခင်သကိုးဗျ (မှန်ပါ)၊ ခင်တော့ ဝေဒနာပစ္စယာ တဏှာ မလာဘူးလား (လာပါတယ်)။

တဏှာလာတဲ့အခါကျတော့ ဒီအတိုင်းနေလို့တော့ ငွေတွေ၊ ရွှေတွေဟာ အိမ်ပေါ်တက်လာမယ် မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ် ကျွေးဖို့၊ မွေးဖို့ဆိုတော့ ကိုယ်ရှာရလိမ့်မယ်၊ မလာဘူးလား (လာပါတယ်)။

ဒါဖြင့် ဝေဒနာက္ခန္ဓာကြောင့် တဏှာဖြစ်တယ် (မှန်ပါ)၊ တဏှာဖြစ်လို့ ရှာမှီးမှုလာတယ် (မှန်ပါ)၊ တဏံ ပဋိစ္စ ပရိယေသနာ (မှန်ပါ)၊ တဏှာအကြောင်းရင်းခံပြီးတော့ (ပရိယေသနာလာပါတယ်)၊ ပရိယေသနဆိုတဲ့ တဏှာ လာပြန်ပြီ ဒကာ၊ ဒကာမတွေ၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒီဥစ္စာ တခြားမှာဖြစ်တာလား၊အိမ်တွင်းမှာပဲလား (အိမ်တွင်းမှာပါ ဘုရား)၊ ဒါကြောင့် ဝေဒနံ ပဋိစ္စ တဏှာ၊ တဏံ ပဋိစ္စ (ပရိယေသနပါ)။

အားလုံး ဒကာ၊ ဒကာမတွေ သေသေချာချာမှတ်စမ်းပါ (မှန်ပါ)၊ ခန္ဓာကိုယ်ကြီးက ဝေဒနာက္ခန္ဓာ (မှန်ပါ)၊ နေကောင်းလဲ ဝေဒနာက္ခန္ဓာပဲ၊ နေကောင်းလဲ နေကောင်းလို့ပဲ ခန္ဓာကိုယ်ကြီးကိုခင်တာပဲ (မှန်လှပါ)၊ နေမကောင်းပြန် လို့ရှိရင်လဲ နေမကောင်းလို့ဘဲ ဒီခန္ဓာကိုယ်ကြီးကို ကောင်းစေချင်တဲ့သဘောနဲ့ သူ့အတွက်ခင်နေတာပဲ (မှန်ပါ)၊ ဒါဖြင့် ဝေဒနာ ပဋိစ္စ (တဏှာပါ)၊ တဏှ ပဋိစ္စ (ပရိယေသနာပါ)။

ကိုင်း နေကောင်းတယ်၊ နေကောင်းလို့ရှိရင် ဒကာသစ်၊ ဆိုင်သွားပေတော့ (မှန်ပါ)၊ ဆိုင်သွားရမယ်ဆိုတော့ ဘာလုပ်သွားတာတုံးမေးတော့ ပရိယေသနဘုရား (မှန်ပါ)။

ဦးမာဒင်၊ ဘာတဲ့တုံး (ပရိယေသနပါ ဘုရား)၊ ရှင်းပလားက (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနံ ပဋိစ္စ–(တဏှာပါ)၊ တဏှံ ပဋိစ္စ (ပရိယေသနာပါ)၊ ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ခန္ဓာက မူတည်လိုက်တယ်နော်

ခန္ဓာက မူတည်လိုက်တယ်နော် (မှန်ပါ)၊ ဝေဒနာက္ခန္ဓာကြောင့် တဏှာဖြစ်တယ် (မှန်ပါ)၊ တဏှာကြောင့် (ပရိယေသနာဖြစ်ပါတယ်)၊ ပရိယေသနကိစ္စတွေ ပေါ်လာတယ်၊ မပေါ်လာကြဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒကာ၊ ဒကာမတို့၊ တောင်ကလူက မြောက်၊ မြောက်ကလူကတောင် ဆိုသလို မိမိကုန်နဲ့ ပတ်သက်တာတွေ ဝယ်လိုက်၊ ခြမ်းလိုက်၊ ရောင်းလိုက် ဝယ်လိုက် ဒါဟာ ပရိယေသနကိစ္စတွေပဲ (မှန်ပါ ဘုရား)၊ ဘယ်သူ့ကြောင့် ဖြစ် တာပါလိမ့်၊ ဒီပရိယေသနကိစ္စဟာ (တဏှာကြောင့် ဖြစ်တာပါ)၊ ဒီတဏှာကလဲ ဒကာ၊ ဒကာမတို့ အလိုလို လာတာလားလို့မေးတော့ ခန္ဓာတည်းဟူသော ဝေဒနာက္ခန္ဓာကြီး အတွက်ဘုရာ့ (မှန်လှပါ)။

ချမ်းသာရင် ချမ်းသာသည်ထက် ချမ်းသာချင်တဲ့တဏှာကြောင့် လုပ်ဖြစ်ရတယ် (မှန်ပါ)၊ ဆင်းရဲလို့လဲ ဆေးဖိုးဝါးဖိုးဆိုသလို ဆင်းရဲတဲ့ခန္ဓာကြီးချမ်းသာအောင် ရှာရပါတယ်(မှန်ပါ)။

ချမ်းသာတဲ့ခန္ဓာကိုလဲ ချမ်းသာသည်ထက် ချမ်းသာစေချင်တဲ့ ခင်မှုရှိသောကြောင့်လဲ ဘာလုပ်ရသလဲ (ရှာရ ပါတယ် ဘုရား)၊

ဒါ အိမ်တွင်းမှာဖြစ်တာ

ဒါဖြင့် ဝေဒနံ ပဋိစ္စ (တဏှာပါ ဘုရား)၊ တဏှံ ပဋိစ္စ (ပရိယေသနပါ)၊ ဟော ရှာမူကိစ္စတွေ လာရတယ် (မှန်ပါ ဘုရား)၊ ဦးမာဒင်၊ ရပ်လို့ရသေးရဲ့လား (မရပါဘူး)၊ ဒကာကြွယ်ကော၊ ရပ်လို့ရရဲ့လား (မရပါဘူး)။

ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒါ အိမ်တွင်းမှာဖြစ်တာ (မှန်ပါ)၊ မြို့ထဲမှာဖြစ်တာလား၊ ခန္ဓာထဲတွင်ဖြစ်နေ တာလား (ခန္ဓာထဲတွင်ဖြစ်နေတာပါ ဘုရား)၊ ဝေဒနာက္ခန္ဓာကလဲ ခန္ဓာထဲမှာ (မှန်ပါ)၊ တဏှာကလဲ ခန္ဓာထဲမှာ (မှန်ပါ)၊ ရှာမှီးချင်တဲ့တဏှာကကော (ခန္ဓာထဲမှာပါ ဘုရား)၊ ဒါကြောင့် အိမ်တွင်းပဋိစ္စသမုပ္ပာဒ်လို့ ဘုရားဟောတာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။