ခန္ဓာကိုယ်အတွင်းသား သုံးသပ်နည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ခန္ဓာကိုယ်အတွင်းသား သုံးသပ်နည်း
အလုပ်ပေးတရားတော်
(၃၁-၈-၁၉၆၁)
ရဟန်းတို့ အတွင်းများ သုံးသပ်ကြရဲ့လား
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ကုရုတိုင်း ကမ္မာသဒမ္မ အမည်ရှိတဲ့ရွာမှာ သီတင်းသုံးနေတဲ့အခါမှာ မည်သူမျှ မလျှောက်ထားဘဲနဲ့ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်ကို အဆုံးက အစကို သိစေလိုသောကြောင့် အနားနားမှာ စည်းဝေးနေတဲ့ရဟန်းတွေကို “ရဟန်းတို့ အတွင်းများ သုံးသပ်ကြရဲ့လား”လို့ မေးလိုက်တယ်။ ခန္ဓာကိုယ်အတွင်းသားကို သုံးသပ်ကြရဲ့လား လို့ မေးလိုက်တယ် (မှန်ပါ)။
ထိုကဲ့သို့ မေးလိုက်တဲ့အခါ ရဟန်းတစ်ပါးကထပြီးတော့ “တပည့်တော်များ အတွင်းသား သုံးသပ်ပါတယ် ဘုရား” လို့ ဖြေလိုက်တယ်။
ထိုကဲ့သို့ဖြေတော့ မင်း ဘာသုံးသပ်သတုံးလို့မေးတဲ့အခါ တပည့်တော်ခန္ဓာကိုယ်ထဲမှာ သုံးဆယ့်နှစ် ကောဋ္ဌာသသာ ရှိ၍ သုံးဆယ့်နှစ်ကောဋ္ဌာသကို သုံးသပ်ပါတယ်လို့ ဖြေလိုက်တယ် (မှန်ပါ)။
သစ္စာဝိပဿနာကို ဟောချင်တယ်
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာကို ဟောချင်တယ်၊ သစ္စာဝိပဿနာကို ဟောချင်တယ်၊ သူက သမထကို အဖြေထုတ်လို့ ဘုရားက သူ့အဖြေကိုသဘောမကျဘူး (မှန်ပါ)။
ဒီလို သဘောမကျတာနဲ့ မြတ်စွာဘုရား အလိုတော်မကျကြောင်း အနားမှာ ရှင်အာနန္ဒာကလဲ ရှိပြီးနေတော့ သိတယ်၊ အရှင်ဘုရားတဲ့ (ရှင်အာနန္ဒာက) ဒီသာသနာတော်မှာ အရှင်ဘုရားက အစ အလုံးစုံ အကုန် အသိဉာဏ် ပေးတာ ဖြစ်ပါတယ်၊ အဲဒီတော့ ဒီအသိဉာဏ်တွေကို အရှင်ဘုရားဟောမှ ပြောမှ ဆုံးမမှသွန်သင်မှ ဘယ်လို သုံးသပ်ရ မယ်ဆိုတာ သိရမည့်အခါကာလဖြစ်ပါတယ်။
ဒါ့ကြောင့် အရှင်ဘုရားပဲ ဘယ်လိုသုံးသပ်ရမယ်ဆိုတဲ့ဥစ္စာ ဟောတော်မူ ပါ၊ ဆုံးမတော်မူပါ၊ သွန်သင်တော်မူပါလို့ လျှောက်တဲ့အခါ ဒါဖြင့် မင်းတို့ ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နာကြကွဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောကြားတယ်၊ ရဟန်းတွေနာကြတယ်။
ဇရာ မရဏကို သုံးသပ်စေချင်တယ်
”မင်းတို့ခန္ဓာကိုယ်ထဲမှာတဲ့ ဇရာနဲ့ မရဏဆိုတာရှိတယ်၊ အဲဒီ ဇရာ မရဏဟာ ဘယ်ဘဝမဆို ဇရာ မရဏက ရှိတယ်၊ ဘဝရှိရင် ဇရာ မရဏရှိတယ်၊ ဒီ ဇရာ မရဏကို မင်းတို့သုံးသပ်ကြရဲ့လား” တဲ့ ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဇရာ မရဏကို သုံးသပ်စေချင်တယ်ဆိုတာ ဒီဒကာ၊ ဒကာမတွေ သိရောပေါ့နော် (မှန်ပါ)။
ဒါဖြင့် ဒီဇရာ မရဏကို ခင်ဗျားတို့ ယနေ့ကစပြီး သုံးသပ်ရမယ် (မှန်ပါ)၊ အခု တရားနာတဲ့ ပုဂ္ဂိုလ်တွေက နော် (မှန်ပါ)။
ယနေ့ကစပြီး သုံးသပ်ရမယ်၊ ဘာဖြစ်လို့ ဒီသုံးသပ်မှုကိုခိုင်းပါသတုံးလို့ အမေးထုတ်လို့ရှိရင် ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာအိုမင်း သေမင်းဆိုတာ နှစ်ခုရှိတယ်လို့ မှတ်ရမယ် (မှန်ပါ)။
အိုအောင်လုပ်နေတဲ့ မင်းလဲရှိတယ်၊ သေအောင်လုပ်နေတဲ့မင်းလဲရှိတယ် (မှန်ပါ)၊ အိုအောင်လုပ်နေတဲ့မင်း ဟာလဲ တေဇောပဲလို့မှတ်ပါ (မှန်ပါ)၊ ဘာတုံးလို့မေးလို့ရှိရင် ဇိရဏတေဇော ရင့်အောင်လုပ်တဲ့ ဆာဇောလို့သာ မှတ်လိုက်(မှန်ပါ)၊ သေအောင်လုပ်နေတာလဲ ဒီတေဇောပဲလို့မှတ်လိုက် (မှန်ပါ)၊ ဥဏှတေဇောက ရင့်အောင်လုပ်ပြီး သီတတေဇောက သတ်တာပါပဲ (မှန်ပါ)။
ဒါကြောင့် သတ္တဝါတွေ သေတဲ့အခါကြည့်လိုက်ရင် အေးစက်သွားတယ်ဆိုတာ ဥဏှတေဇောက သူ့အလုပ် ရုပ်သိမ်းပြီး သီတတေဇောက သတ်ပစ်လိုက်တာပဲ (မှန်ပါ)။
ဒါ့ကြောင့် ခင်ဗျားတို့ တရားနာတဲ့ခန္ဓာကိုယ်ထဲမှာလဲ မပြုံးပါနဲ့ဦး၊ စမ်းကြည့်ပါဦး၊ ငါ့မှာ အိုမင်း သေမင်း ရှိသလားဆိုတာ အကဲခတ်ပါဦး (မှန်လှပါ ဘုရား)၊ ခတ်မိကြရဲ့လား (ခတ်မိပါတယ် ဘုရား)၊ ဘာရှိသတုံး (အိုမင်း သေမင်း ရှိပါတယ် ဘုရား)၊ ခွဲလို့ရကြရဲ့လား (မရပါဘူး)၊ ခွဲလို့လဲ မရပါဘူး။
ဘာဖြစ်လို့ ခွဲလို့မရပါလိမ့်မတုံး
ဘာဖြစ်လို့ ခွဲလို့မရသတုံးလို့ ခင်ဗျားတို့ကမေးဖို့လိုတယ်နော်–(မှန်ပါ)၊ ဘာဖြစ်လို့ ခွဲလို့မရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့တောင်းထားတဲ့ဆုက ပြည့်မှပြည့်ပါ့မလားဆိုပြီး သကာလ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို ၏၊ ဗြဟ္မာဖြစ်ရပါလို၏ဆိုတော့ ဒီ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါဆိုတာလဲ ဓာတ်လေးပါးပဲ (မှန်ပါ)၊ ဒီ ဓာတ်လေးပါးဆိုတော့ အိုမင်း သေမင်းကပါနေတယ် (မှန်ပါ)၊
အဲဒါ ခင်ဗျားတို့ကလဲ ဪဇရာကလဲ ဒုက္ခသစ္စာ၊ ပိဠနဋ္ဌော -ညှာတာမဖက် အမြဲနှိပ်စက်တယ်၊ မရဏကလဲ ဒုက္ခသစ္စာပဲ။ ညှာတာမဖက် အမြဲနှိပ်စက်တယ်၊ အဲ့ဒီနှိပ်စက်မှုနှစ်ခုဟာ ဇရာကလဲ နှိပ်စက်နေတာပဲ၊ မရဏကလဲ နှိပ်စက်နေတာပဲ၊ ဇရာ မရဏ ဆိုတာကတော့ အတည်မရှိပါဘူး။ တေဇောပါပဲ (မှန်ပါ)၊ သူလုပ်နေတာပါပဲ (မှန်ပါ)။
အဲဒါကို ခင်ဗျားတို့က လူဖြစ်ချင် နတ်ဖြစ်ချင် ဗြဟ္မာဖြစ်ချင်ဆိုပြီး သကာလ သေမင်းနဲ့ အတူနေချင်တဲ့စိတ်က ခင်ဗျားတို့မှာသစ္စာမသိတော့ အများကြီးပေါများနေတယ်လို့ ဆုံးဖြတ်ချက်ချရမယ် (မှန်ပါ)။
ဘာနဲ့အတူနေချင်တဲ့စိတ်ပါလိမ့် (သေမင်းနဲ့ အတူနေချင်တဲ့စိတ်ပါ ဘုရား)၊ သေမင်းနဲ့ အတူနေချင်တဲ့စိတ် (မှန်ပါ)၊ ဖျင်း,ဖျင်းလွန်းလှတယ်၊ မြည်ရတော့မှာပဲ ခင်ဗျားတို့နော် (မှန်ပါ)။
မမြည်ရင်လဲ ဖြစ်ကိုမဖြစ်ပါဘူး၊ ခင်ဗျားတို့ဟာ သေမင်းနဲ့အတူနေချင်တဲ့စိတ်ဆိုတာ တယ်မခက်ပါလားတဲ့ ခင်ဗျားတို့ သေမင်းဆိုတာလဲ ဒီ ဇရာ မရဏပဲဇရာ မရဏလက်သည် ရှာလိုက်တော့ တေဇော၊ တေဇောက သတ်တာပဲ (မှန်ပါ)။
ဒါကြောင့် ရူပဿ ဥပ္ပတ္တိယာ နိရောဓဿ စ တေဇော ယော၊ ရုပ်ကိုဖြစ်စေတာလဲ တေဇောပဲကွ၊ ရင့်အောင် ဖြစ်စေတာလဲ တေဇောပဲကွ၊ သေအောင်လုပ်တာလဲ တေဇောပဲကွ။
ငါ၏မိတ်ဆွေလား၊ ငါ၏ရန်သူလားဆိုတာ မခွဲတတ်ဘူး
အဲဒီ တေဇော၏ ဒုက္ခသစ္စာကို ခင်ဗျားတို့က ပိုင်ပိုင်နိုင်နိုင် မသိတော့ ဘာဖြစ်ဖြစ် ဒီဓာတ်လေးပါး တေဇော တွေဟာ ဘာကောင်ဖြစ်ဖြစ် ဘာထည်ဖြစ်ဖြစ် ဦးလှတို့၊ ဦးမာဒင်တို့ပါမှာပဲ (ပါ,ပါတယ် ဘုရား)။
ပါတာ ခင်ဗျားတို့က ဪ ငါ၏မိတ်ဆွေလား၊ ငါ၏ရန်သူလားဆိုတာ မခွဲတတ်ဘူး (မှန်ပါ ဘုရား)၊ စင်စစ်တော့ဖြင့် ရန်သူပဲ( ရန်သူပါ ဘုရား)။
ရန်သူကို ခင်ဗျားတို့က မိတ်ဆွေထင်ပြီး သကာလ ပေါင်းသင်းကြမယ် (မှန်ပါ)၊ ပေါင်းသင်းတာမှ နည်းနည်း နောနော ပေါင်းသင်းတာ မဟုတ်ပါဘူး၊ မပေါင်းသင်းရမှာစိုးလို့တောင်မှ ငိုပွဲများ ဝင်လိုက်သေးတယ် (မှန်ပါ့ ဘုရား)။
မပေါင်းသင်းရမှာစိုးလို့ ငိုပွဲများဝင်လိုက်သေးတယ်။ တောင်းတဲ့ဆု ပြည့်မပြည့်ပါ့မလား (မှန်ပါ)၊ အတော် အရုပ်ဆိုးနေပြီဆိုတာမှတ်စမ်းပါ (မှန်လှပါ)၊ အတော်အရုပ်ဆိုးနေပြီဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဒါဟာ ဘာမသိတာတုံး (သစ္စာမသိတာပါ ဘုရား)၊ သစ္စာမသိတာ (မှန်ပါ)။
ဇရာပိ ဒုက္ခသစ္စာ၊ မရဏမ္ပိ ဒုက္ခသစ္စံ (မှန်ပါ)၊ တစ်ခါ သစ္စာကို ဒါလောက်သိရုံနဲ့ မပြီးသေးတော့ ဒုက္ခဿ ပိဠနဋ္ဌော နှိပ်စက်လိမ့်ဦးမယ်တဲ့၊ မဟုတ်ဘူးလား (မှန်ပါ)၊ နှိပ်စက်သေးတယ်လို့ကော မဟောဘူးလား (ဟောပါတယ် ဘုရား)၊ ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တယ် (မှန်ပါ ဘုရား)။
ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တာ
အဲဒီ ကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်တာကို ခင်ဗျားတို့ကမသိတော့ ဒါကိုပဲ မိတ်ဆွေကြီးဖြစ်ပြီး သကာလ ဒါနဲ့ နေရတာပဲ ပျော်သလိုလို ဖြစ်ပြီး သကာလ နေရတော့ ဦးလှတို့၊ ဦးမာဒင်တို့က တော်တော်ကလေး အသိဉာဏ် နုံနှေး နေတယ်လို့ ဆိုရမှာပဲ (မှန်ပါ ဘုရား)၊ သစ္စာကို မသိဘူး၊ မသိတော့ ကိုယ်ကျိုးနည်းချည်းနေတာပဲ (မှန်ပါ)၊ ရှင်းရဲ့နော် (မှန်ပါ)။
ကဲ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒါအတွင်းသုံးသပ်ခိုင်းလို့ ခင်ဗျားတို့ ယနေ့ကစပြီး သုံးသပ်လိုက် တော့ စမ်းများကြည့်ပါ၊ ရင်ပတ်တို့၊ နဖူးတို့ကိုနော် (မှန်ပါ)၊ ပူနေသလား၊ နွေးနေသလား၊ အေးနေသလား စမ်းကြည့်ပါ (မှန်ပါ ဘုရား)၊
စမ်းကြည့်တော့ တစ်ခုခုတော့ သူတွေ့ရမယ် (မှန်ပါ)၊ တွေ့သည်နဲ့တစ်ပြိုင်နက်တည်း ဪ ပူနေလို့ရှိရင်လဲ အိုအောင်လုပ်နေတယ်(မှန်ပါ)၊ အအေးဒီဂရီအောက်ကျသွားလို့ရှိရင် အင်း သေအောင်လုပ်တော့မှာပဲ၊ ဒါပဲ ဆုံးဖြတ်ချက် ချပါ (မှန်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
နေ့တိုင်း စမ်းကြည့်ကြပါ
အဲဒါ နေ့တိုင်း စမ်းကြည့်ကြပါ (မှန်ပါ)၊ နေ့တိုင်း စမ်းကြည့်ပါ၊ နဖူးစမ်းကြည့်၊ ရင်စမ်းကြည့်၊ စမ်းကြည့်တော့ သိပ်ပူနေပြန်လို့ရှိရင်လဲ ခင်ဗျားတို့ကို ရင့်သည်ထက်ရင့်အောင် ရော်သည်ထက်ရော်အောင် (မှန်ပါ)၊ သရက်သီးများ လိုပဲ ရင့်သည်ထက်ရင့် ရော်သည်ထက်ရော်ရင် ကြွေဖို့လုပ်တာ (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)၊ အဲဒါ ခွဲလို့ကောရရဲ့လား(ရပါတယ် ဘုရား)။
သို့သော်လဲ ခင်ဗျားတို့ အိုမင်း သေမင်းရှိပေမယ့် ခေါင်းပေါင်း,ပေါင်းလို့ နောက်ပိတ်ကလေး ဘာကလေး စီးလို့ ပွဲလမ်းသဘင်လဲ တိုးလိုက်ချင်သေးကယ် (မှန်ပါ)၊ ဘာနဲ့ရောတိုးနေတာတုံး၊ သေခါနီးက ဘာလုပ်တာတုံး မေးဖို့ပဲလိုတယ် (မှန်ပါ)၊ ဒီ့ပြင် ဘာလိုသေးသတုံး (မလိုပါဘူး ဘုရား)၊ သဘောပါပလား (ပါ,ပါပြီ)။
စမ်းကြည့်တော့လဲ ကိုယ်အထဲမှာ စိတ်ချစရာတစ်ကွက်ပါရဲ့လား (မပါ,ပါဘူး)၊ စိတ်ချစရာ တစ်ကွက်မှ မပါဘူး၊ အဲဒီ မပါတာကိုပင်လျှင် ခင်ဗျားတို့ကလဲ လည်ပင်း၊ ခါး၊ ကုတ်ပေါ်ဝဲနေတဲ့ဥစ္စာကို ငါ့ကို အလှပြနေတယ် ထင်ရင်တော့ ခက်ပါသေးတယ် (မှန်ပါ)၊ အတော်အရုပ်ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။
နောက်ကို နေ့တိုင်း စမ်းကြည့်ပါ (မှန်ပါ)၊ စမ်းကြည့်လို့ရှိရင် (သစ္စာတွေ ပါမယ်)၊ ဘာသစ္စာတွေ့မလဲ (ဒုက္ခသစ္စာ တွေ့ပါမယ်)။
ဒုက္ခသစ္စာဆိုတာ ဘာလုပ်မှာတုံး၊ နှိပ်စက်မှာ (မှန်ပါ)၊ အိုအောင်နှိပ်စက်မယ် (မှန်ပါ)၊ သေအောင် (နှိပ်စက်ပါမယ်)။
ဆုတောင်းတွေဟူသရွေ့ အကုန်လွဲကုန်ပြီ
အဲဒါတွေ့တော့မှ ဪ အတူနေတာတော့ ငါးပါးမှောက်ပြီဟေ့ ဆုတောင်းတွေဟူသရွေ့ အကုန်လွဲကုန်ပြီ (မှန်ပါ)၊ ဆုတောင်းတွေဟူသရွေ့ အကုန်လွဲကုန်ပြီ၊ ကိုယ့်သေမင်းကိုယ်ရှာထားပြီ (မှန်ပါ)။
ရှာတာက နည်းနည်းနောနောရှာတာမဟုတ်ဘူး (မှန်ပါ)၊ ခင်ဗျားတို့ ဖြစ်တွေကလဲ တော်တော်ဆိုးတယ် (ဆိုးပါတယ် ဘုရား)၊ ကျုပ်ကို မြန်မြန်သေအောင် ဘဝတိုင်းလဲသတ်ပေးစမ်းပါဦး၊ ကျုပ်ဟာ လှူလဲလှူပါ့မယ်၊ တန်းလဲတန်း ပါ့မယ်။
ဒီဆုတောင်းလဲပြည့်ပါရစေ (မှန်ပါ)၊ ဒီကျအောင် ဆိုးရွားတယ် (မှန်ပါ)၊ ဝဋ္ဋဒါနလုပ်ထားတာ ဆိုပါတယ် (မှန်ပါ)၊ ဝိဝဋ္ဋဒါနကို မဆိုလိုပါဘူး (မှန်လှပါ ဘုရား)။
ဝဋ္ဋဒါနကတော့ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏ဆိုရင် အနှိပ်စက်ခံရပါလို၏။ မပါသေးဘူးလား (ပါ,ပါတယ် ဘုရား)၊ အဲဒီကျအောင် ခင်ဗျားတို့အရုပ်ဆိုးနေတာ သစ္စာမသိမှု (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် ဘုရားက သစ္စာမသိရင် သံသရာရှည်တယ်ကွ၊ ငါလဲ ရှည်ခဲ့တယ်၊ မင်းတို့လဲ ရှည်မှာပဲလို့ မဟာ ဝဂ္ဂသံယုတ်တို့၊ သုတ်မဟာဝါ မဟာနိဒါန သုတ်တော် စသည်တို့မှာ သေသေချာချာ ဟောထားတယ်နော် (မှန်ပါ)။
သေမင်းဘယ်ကလာပါလိမ့်
ကဲ တစ်ခါသွားပါဦးတဲ့၊ ဒီသစ္စာ အိုမင်း သေမင်းဘယ်ကလာပါလိမ့်မလဲ၊ မိုးပေါ်ကျ၊ ရွှေကိုယ်လားလို့ မေးဖို့ လိုတယ် (မှန်ပါ)၊ ခင်ဗျားတို့ သန္တာန်ရှိတဲ့ အိုမင်း သေမင်းတွေဟာနော် (မှန်ပါ)။
မဟုတ်ပါဘူးတဲ့၊ ခန္ဓာငါးပါးက လာတာပါ၊ ခန္ဓာငါးပါးထဲက အိုမင်း သေမင်း ပေါ်လာတယ် (မှန်ပါ)။
ဘယ်က ပေါ်လာသတုံး (ခန္ဓာငါးပါးထဲကပါ ဘုရား)၊ ခန္ဓာငါးပါးက လာတယ်၊ ရိပ်မိပြီ။
ဪ ဒါဖြင့် ဦးလှ၊ ဘယ်ခန္ဓာများရရင် ကောင်းပါ့မလဲ (ဘယ်ခန္ဓာမှ မကောင်းပါဘူး)။
ဘယ်ခန္ဓာမှရပေမယ့် မကောင်းဘူးဆိုပေမယ့် ခင်ဗျားတို့က ကိုယ့်ခန္ဓာကိုလဲ ခင်ဗျားတို့က ဒီလိုနေရထိုင်ရ ဒီလိုအကျိုးပေးနဲ့ဆိုတော်သေးရဲ့တဲ့။
အံမာ တဏှာကများ ချော့လိုက်သေးတယ် (မှန်လှပါ)၊ ချော့တော့ ခင်ဗျားတို့က ပြုံးများ နေလိုက်သေးတယ် (မှန်ပါ)၊ သေမင်းလက်ရှိနဲ့ ပြုံးများနေလိုက်သေးတယ် (မှန်ပါ)၊ တော်တော်ထူသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဘာမှပြောဖို့မလိုပါဘူး (မလိုပါ ဘူး ဘုရား)။
ဘာထူတာတုံးဆိုတော့ သစ္စဉာဏ်ထူနေတာ၊ သစ္စဉာဏ်မထူဘူး (မှန်ပါ)။
ဒါ့ကြောင့် ခင်ဗျားတို့ ကမ္မဿကတဉာဏ်လောက်ဟာဖြင့် အများကြီး လိုသေးတယ်လို့ အောက်မေ့ပါ (မှန်ပါ)၊ နော် (မှန်ပါ)။
ကမ္မဿကတဉာဏ်လောက် ဘာမှမဟုတ်သေးဘူး (မှန်ပါ)၊ ကမ္မဿကတဉာဏ်လောက်ဟာ အများကြီး လိုသေးတဲ့ဉာဏ်ပဲဆိုတာ သဘောပါပလား (ပါ,ပါပြီ)။
ကဲ ဒါဖြင့် ဘာဉာဏ်ရောက်မှ အဖိုးတန်ကြမတုံးဆိုတော့ သစ္စာသိတဲ့ဉာဏ်ရောက်မှ၊ သစ္စဉာဏ်ရောက်မှ နော် (မှန်ပါ)၊ သစ္စဉာဏ်နဲ့ ကိစ္စဉာဏ်ရောက်မှ ခင်ဗျားတို့ အဖိုးတန်မယ်ဆိုတာခင်ဗျားတို့ ပေါ်ပြီ (ပေါ်ပါပြီ)။
အိုမင်းသေမင်းက ဒုက္ခသစ္စာ
ဒါဖြင့် ဒီလိုသွားကြစို့၊ အိုမင်း သေမင်းဟာ ဘယ်ကလာသတုံး (ခန္ဓာငါးပါးက လာပါတယ်)။
ဒါဖြင့် ခန္ဓာငါးပါးက သမုဒယသစ္စာ၊ အိုမင်း၊ သေမင်းက (ဒုက္ခသစ္စာပါ ဘုရား) အင်း သူက အကြောင်း၊ သူကအကျိုး (မှန်ပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
သူတို့နှစ်ခုချုပ်ရင် ဒီတစ်ခု ချုပ်ပါဦး၊ ဘာသစ္စာခေါ်ကြမလဲ (နိရောဓသစ္စာ ခေါ်ပါတယ်)၊ ဒီတစ်ခု ချုပ် အောင်လဲ မကျင့်ဘဲနဲ့ ချုပ်မှာမဟုတ်ဘူး (မှန်ပါ)၊ ကျင့်ကြံမှပဲ ချုပ်မယ် (မှန်ပါ)၊ အဲဒီကျင့်ကြံတာကိုလဲ ခင်ဗျားတို့ အခုသိပြီ၊ ဪ -မဂ်နဲ့ပွားမှရမှာပဲလို့ မသိသေးဘူးလား (သိပါတယ်)၊ အဲဒါက ဘာသစ္စာသိတာတုံး (မဂ္ဂသစ္စာ သိတာပါ)၊ အေး -ဒါကြောင့် သစ္စာလေးပါး နားလည် သိရှိသွားပြီ (မှန်ပါ)၊ ဒီလူဟာ သံသရာပြတ်တော့မယ် (မှန်ပါ)။
ပြန်ပြောပါဦးမယ် တစ်ခေါက်၊ ဒီ အိုမင်း၊ သေမင်းဟာ ဘယ်ကလာတာတုံး (ခန္ဓာငါးပါးက လာပါတယ်)၊ ခန္ဓာငါးပါးက လာတယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ)။
ဒါဖြင့် ခန္ဓာငါးပါးက အကြောင်း၊ အိုမင်း၊ သေမင်းက (အကျိုးပါ ဘုရား)၊ သူက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ)၊ သူက အကြောင်းကိုးဗျ (မှန်ပါ)၊ သူကကော (ဒုက္ခသစ္စာပါ)၊ သူ မရှိရင် (နိရောဓသစ္စာပါ)။
သိထားတာက ဘာသစ္စာသိတာတုံး
သူ မရှိအောင်ဟာ ကျုပ်တို့ ဒီအတိုင်းနဲ့တော့ သူမရှိဘဲသွားမှာမဟုတ်ဘူး (မသွားပါဘူး)၊ ကျုပ်တို့ ကျင့်ကြံကြိုးကုတ်တဲ့ မဂ္ဂင်ရှစ်ပါးပွားများမှရမှာ (မှန်ပါ)၊ မဂ္ဂင်ရှစ်ပါးမပွားရင် (မရပါဘူး)၊ အဲဒီလို သိထားတာက ဘာသစ္စာသိတာတုံး (မဂ္ဂသစ္စာသိတာပါ)။
အဲဒီတော့ သစ္စာလေးပါး သိသွားပြီ (မှန်ပါ)၊ ဒီလိုသိသွားလို့ရှိရင်ဖြင့် သံသရာတိုတော့မယ် (မှန်ပါ)၊ ဒီလို သိမှ မသိသေးဘူး၊ ခင်ဗျားတို့က ဟော အနိစ္စ၊ ဟော ဒုက္ခ လုပ်နေရုံနဲ့တော့မရသေးပါဘူး (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ မရသေးပါဘူးတဲ့၊ ဒီဥစ္စာ သစ္စာသိမှတဲ့၊
အဲဒါဖြင့် သစ္စာလေးပါးကို ယနေ့ သိရှိနားလည်သွားပြီတဲ့။ ဆက်ပြီးတွေးပါဦးကွတဲ့ ဘုရားက၊ မင်းတို့ အတွင်း ကျကျ မရောက်သေးပါဘူးတဲ့။ အပြင်ဘက်ကနေပြီး နွယ်ကြိုးကိုအဖျားကနေ မသလို မတုန်းပါတဲ့။ အရင်း မတွေ့ သေးပါဘူးတဲ့။ မင်းတို့ (မှန်ပါ)၊ အရင်းတွေ့ပလား (မတွေ့သေးပါဘူး)၊ မတွေ့သေးဘူး။
ကဲ ဒါဖြင့် သွားပါဦးတဲ့၊ ဒီခန္ဓာငါးပါးက မိုးပေါ်ကျလား၊ ဘယ်ကလာတာတုံး၊ တွေးပါဦး (မှန်ပါ)၊ တွေး လိုက်တော့ဘာတွေ့ကြသတုံး (တဏှာပါ ဘုရား)၊ တဏှာတွေ့တယ်၊ တဏှာကြောင့် ဒီခန္ဓာရတာ၊ တဏှာဆုတောင်း မရှိရင် (မရပါဘူး)။
တဏှာက သမုဒယသစ္စာ
ဒါဖြင့် တဏှာက သမုဒယသစ္စာ (မှန်ပါ)၊ ခန္ဓာက (ဒုက္ခသစ္စာပါ)၊ ဒီတဏှာချုပ်ရင် ဘာဆိုကြမယ် (ခန္ဓာချုပ်ပါတယ်)၊ နိရောဓ လာမယ်မဟုတ်ဘူးလား၊ တဏှာနိရောဓေါ နိဗ္ဗာနံကိုး (မှန်ပါ)၊ တဏှာချုပ်ရင် (နိရောဓသစ္စာ)။
ကောင်းပြီ၊ ဒီတဏှာက အလိုလိုချုပ်ပျောက်သွားမယ် မဟုတ်ပါဘူး၊ ခင်ဗျားတို့ မဂ္ဂင်အလုပ် လုပ်မှရမယ် (မှန်ပါ)၊ မသိဘူးလား (သိပါတယ်)။
အဲဒီတော့ မဂ္ဂင်အလုပ်ပါ ခင်ဗျားတို့ ဝမ်းထဲမှာပေါ်လာတဲ့အတွက် ဒါက မဂ္ဂသစ္စာသိတာ (မှန်ပါ)၊ သစ္စာလေးပါးပေါ်သွားတယ်၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ကဲ ယနေ့ ဒီတွင်နားကြစို့။
သာဓု သာဓု သာဓု။