ဝေဒနာနုပဿနာကမ္မဋ္ဌာန်း
(ဆ ဆက္ကသုတ်တော်)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ဝေဒနာနုပဿနာကမ္မဋ္ဌာန်း
(၂၅-၈-၁၉၆၁)
ဝေဒနာကိုလဲခန္ဓာလို့ သူဆိုတယ်
ဝေဒနာနုပဿနာ ဆိုတဲ့ဥစ္စာက ဝေဒနာကို ဒါက ပဋိစ္စသမုပ္ပာဒ်၏ ယခုဘဝမှာ ခန္ဓာငါးပါးပေါ်တယ်ဆိုတာ သိပြီ (သိပါပြီ ဘုရား)၊ သိတော့ ခန္ဓာငါးပါးပဲ၊ အဝိဇ္ဇာသင်္ခါရကြောင့် ခန္ဓာငါးပါးပေါ်တယ်၊ ဒီခန္ဓာငါးပါးဟာ ဝေဒနာက္ခန္ဓာ တစ်ခုတည်း ဟောတော့ကို သူက ခန္ဓာဆိုတဲ့ဥစ္စာ ဝေဒနာကိုလဲခန္ဓာလို့ သူဆိုတယ် (မှန်ပါ)။
ဝေဒနာကိုလဲ ဘယ့်နှယ်ဆိုကြသလဲ (ခန္ဓာလို့ဆိုပါတယ်)။
ဝေဒနာကို ခန္ဓာလို့ဆိုတော့ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှတ်စရာက ဪ ခန္ဓာဆိုတာ ဘုရားက ပါဠိလိုဟောထားတာ မဂဓလို ဟောထားတာ၊ ခန္ဓာဆိုတာ မြန်မာလိုတော့ အစုကိုဆိုသည် (မှန်ပါ)၊
အစုဆိုတော့ ဘာတုံးလို့မေးတော့ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ။ ဒါတွေလဲ စုနေတယ်၊ အတိတ်၊ အနာဂတ် ပစ္စုပ္ပန်ဝေဒနာတွေလည်း စုနေတယ် (စုပါတယ် ဘုရား)၊ အဲဒါကြောင့် သူ့ကို ခန္ဓာလို့ခေါ်သည်။
အဲဒီတော့ ယခုဘဝမှာ ခန္ဓာကြီးဟာ တစ်ခါတလေဒုက္ခဝေဒနာနဲ့ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ နေပူတယ်၊ ဒါဒုက္ခဝေဒနာပဲ(မှန်ပါ)၊ နေပူရာကနေပြီး ဖျတ်ခနဲ အရိပ်ကလေးထိုးလာတယ်၊ အရိပ်တည်း ဟူသော အာရုံက ဒီကိုထိခိုက်တော့ ချမ်းသာတဲ့ သုခဝေဒနာကလေး ပေါ်တယ် (သုခဝေဒနာပေါ်ပါတယ် ဘုရား)၊
တစ်ခါတလေ ကျပြန်တော့လဲ ချမ်းသာတယ်လဲမဟုတ်ဘူး၊ ဆင်းရဲတယ်လဲ မဟုတ်ဘူး၊ ကြားချင်တဲ့ဝေဒနာ ပေါ်တတ်တယ် (ပေါ်ပါ တယ် ဘုရား)၊ ဒါက ဥပေက္ခာဝေဒနာလို့ မှတ်ကြပါနော်(မှန်ပါ)။
ဝေဒနာသုံးမျိုး လှည့်ပေါ်နေတယ်
အဲဒီတော့ ဒီခန္ဓာတစ်ခုလုံးမှာ ဝေဒနာသုံးမျိုး လှည့်ပေါ်နေတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)။
ခန္ဓာထဲမှာ ဝေဒနာ ဘယ်နှစ်မျိုး လှည့်ပေါ်နေသလဲ (သုံးမျိုးလှည့်ပေါ်နေပါတယ်)၊ သုံးမျိုးလှည့်ပေါ် နေတယ်လို့ မှတ်လိုက်ပါ (မှန်ပါ)။
သုံးမျိုးလှည့်ပေါ်တော့ကို ဒါက သုံးမျိုး ဘယ့်နှယ်ကြောင့်ပေါ်ရသတုံးလို့ ဦးလှတို့၊ ဦးမာဒင်တို့က မေးဖို့လိုတယ် နော် (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဘာမတူလို့ပါလိမ့် (ထိခိုက်တာချင်း မတူလို့ပါ ဘုရား) ထိခိုက်တာချင်း မတူလို့လို့ မှတ်ပါ (မှန်ပါ)။
ဒါက သုခဝေဒနာ၊ ဒါကျတော့ ခန္ဓာကိုယ်ပေါ်မှာ လေပြည်လေညင်းကလေးက တိုက်လိုက်တဲ့ အခါကျတော့ ခန္ဓာကိုယ်မှာ သုခဝေဒနာပေါ်တယ် (မှန်ပါ)။
တစ်ခါတလေကျတော့ ဒီခန္ဓာကြီးကို တစ်ခါတည်း နေပူ၊ လေပူကလေးက ထိုးလိုက်တဲ့အခါကျတော့ (ဒုက္ခဝေဒနာ ပေါ်ပါတယ်) ဒုက္ခဝေဒနာပေါ်တယ်။
တစ်ခါတလေကျတော့ မသိမသာ နေတဲ့အခါကျတော့ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်)။
ဪ ခန္ဓာထဲမှာ ဝေဒနာသုံးမျိုးရှိတယ်ဆိုတာ မှတ်ထားပါ (မှန်ပါ)။
ခန္ဓာထဲ ဘယ်နှစ်မျိုးရှိပါလိမ့် (သုံးမျိုးရှိပါတယ် ဘုရား)။ ဒါဖြင့် ဒါဟာ ဝေဒနာက္ခန္ဓာနော် (မှန်ပါ) ဝေဒနာသုံးပါး စုနေတယ် (မှန်ပါ)။
အမြဲတမ်းလားလို့ မေးတဲ့အခါကျတော့ သူထိခိုက်တဲ့အခါ သူဝေဒနာပေါ်တာပဲ(မှန်ပါ)၊ မထိခိုက်တဲ့အခါ (မပေါ်ပါဘူး ဘုရား)၊ မထိခိုက်တဲ့အခါကျတော့ တခြားဝေဒနာပေါ်တယ် (မှန်ပါ)၊ ဝေဒနာတော့ရှိတာပဲ (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ထိခိုက်တဲ့အခါ အာရုံကထိခိုက်လို့ ကြမ်းကြမ်းအာရုံက ထိခိုက်ရင် ဒုက္ခဝေဒနာ (မှန်ပါ)၊ နုနုအာရုံကထိခိုက်ရင်(သုခဝေဒနာပေါ်ပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ကြီးမှာ ဝေဒနာဘယ်နှစ်မျိုးရှိသလဲ (သုံးမျိုးရှိပါတယ်)။
သေသေချာချာမှတ်ကြပါ၊ ဝေဒနာသုံးမျိုးရှိတယ်လို့ မှတ်ထားလိုက်ပါ (မှန်ပါ)။
ဒါဖြင့် အခုတရားနာနေတာ ဘယ်သူတွေသုံးလို့မေးလို့ရှိရင် ဝေဒနာသည်တွေ ဘုရာ့ (မှန်ပါ)၊ ဘယ့်နှယ် ဖြေကြရမလဲ (ဝေဒနာသည်တွေကို ဖြေကြရပါမယ်)။
ဝေဒနာဟာ ကောင်းကင်နဲ့တူတယ်
ဒါဖြင့် ဒီဒကာ ဒကာမတွေအခု တရားနာနေကြတာ ဝေဒနာဟာ ဥပမာမယ် ကောင်းကင်နဲ့တူတယ် မှတ် လိုက်စမ်းပါ (မှန်ပါ)၊ ကောင်းကင်ဟာ ဘယ်နေရာပဲလက်ညှိုးထိုးထိုး အနောက်ထိုးလဲ ကောင်းကင်းနဲ့ တွေ့မှာပဲ (မှန်ပါ)၊ အရှေ့ထိုးလဲ (ကောင်းကင်နဲ့တွေ့ မှာပဲ)၊ ကောင်းကင်ကိုတော့ လွတ်အောင် လက်ညှိုးမထိုးနိုင်ပါဘူး (မထိုး နိုင်ပါဘူး)။
ထို့အတူပဲတဲ့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဉာဏ်နဲ့ ကြည့်တတ်ရင် ဘယ်အချိန်မဆို ဝေဒနာရှိတယ်၊ ကောင်းကင် လို မှတ်လိုက်စမ်းပါ (မှန်ပါ)။
ဘယ်အချိန် ဉာဏ်နဲ့ကြည့်ကြည့် ဘယ့်နှယ်ဆိုကြမယ် (ဝေဒနာရှိပါတယ်)၊ ဝေဒနာနဲ့ သွားသွားတိုးမိတယ်၊ တိုးမိပေမယ့်လဲ ဒကာ၊ ဒကာမတွေက ဪ ဝေဒနာသုံးမျိုးကို နဂိုကလဲရှိမှန်းကမသိ၊ ရှိတဲ့အခါမှာလဲ၊ ပေါ်တဲ့အချိန် မှာလဲ ခင်ဗျားတို့က ဉာဏ်ကမလှည့်တတ်တော့ ဆူးစူးမှ နေပူ လေပူတိုက်မှ သိတယ်၊ ကြမ်းမှသိတယ် (မှန်ပါ ဘုရား)၊ နုတဲ့အချိန်ကျတော့ (မသိပါဘူး ဘုရား)။
မသိဘူးဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ၊ သမာဓိညံ့လို့သာမှတ်ပါ (မှန်ပါ)။
သမာဓိညံ့လို့သာမှတ်ပါ
ဘယ်လိုမှတ်ကြမယ် (သမာဓိညံ့လို့ပါ ဘုရား)၊ သမာဓိညံ့လို့သာ မှတ်ကြစမ်းပါ၊ သမာဓိ ညံ့တဲ့အခါကျလို့ ရှိရင်ဖြင့် ဝေဒနာပေါ်တာတောင် မသိဘူး (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ ဘဝပေါင်းငါးရာတော်စပ်ခဲ့တဲ့ နကုလမာတာနဲ့ နကုလ ပိတာတို့ သခင်ကိုယ်တော်မြတ်ကြီးကို ဒီဝမ်းခေါင်းထဲမှာအောင်းပြီးတော့ သူတို့သားချည်းဖြစ်ခဲ့ရတယ်။ စုပြီး ရေတွက် လိုက်လို့ရှိရင် ဘဝပေါင်းငါးရာ (မှန်ပါ ဘုရား)။
အဘိုးကြီး အဘွားကြီး အဘွားကြီးက အမေ၊ အဘိုးကြီးက အဖ၊ ဒီအထဲမှာသူဝင်စားပြီး ပဋိသန္ဓေနေပြီး သူ၏သားဖြစ်ခဲ့ရတာ ဘဝပေါင်းငါးရာ (မှန်ပါ)နည်းသလား (မနည်းပါ ဘုရား)။
မနည်းဘူး၊ ဒီအဘိုးကြီးက တခြားသောဒကာမနဲ့ အိမ်ထောင်ကျလို့ ဘုရားအလောင်းက ပဋိသန္ဓေနေရတာက ငါးရာ၊ အဘွားကြီးက တစ်ပါးသောသူနဲ့အိမ်ထောင်ကျလို့ ဘုရားလောင်းက ပဋိသန္ဓေနေရတာက ငါးရာ (မှန်ပါ)၊ ထောင့်ငါးရာရှိသွားပြီနော် (မှန်ပါ)၊
သူတို့ဆီမှာ တိုက်ရိုက်မနေရဘဲနဲ့ သူတို့ကို အဘိုးအဖြစ်နဲ့ကလဲ ငါးရာ (မှန်ပါ) အဘွားအဖြစ်နဲ့ကလဲ (ငါးရာပါ)။
သံသရာဘယ်လောက်ရှည်တယ်ဆိုတာ
အိုး ဘုရားတစ်ယောက်တည်းတည်း သံသရာဘယ်လောက်ရှည်တယ်ဆိုတာ ခင်ဗျားတို့တွက်ကြည့်ပါ (ရှည်ပါတယ် ဘုရား)။
အဲဒီတော့ ဘုရားဖြစ်လို့ အဲဒီအဘိုးကြီး အဘွားကြီးနေတဲ့နေရာသို့ ဒီဘဝတော့ သုဒ္ဓေါဒန မယ်တော်မာယာ တို့သားပေါ့ဗျာ (မှန်ပါ)၊ ဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက နကုလမာတာ နဲ့ နကုလပိတာရှိတဲ့ဆီကို သွားတယ် (မှန်ပါ)။
သွားတော့ ဟိုက ဘဝပေါင်းကလဲ နည်းတာမှမဟုတ်ဘဲ ဘုရားအလောင်းနဲ့ ခုနကပြောခဲ့တဲ့ ဘဝတွေ ဆွေမျိုး တော်ခဲ့တဲ့ ဘဝတွေ (မှန်ပါ)၊ အဲဒီတွင် အဘိုးကြီး အဘွားကြီးက ဪ သားကြီး အဘိုးကြီး အဘွားကြီးတွေ အသက် အရွယ်ကြီးမှလာသကိုး အစရှိသည်နဲ့ ချေချေငံငံ စကားတွေ ပြောတယ် (မှန်ပါ)။
နောက်ကရဟန်းတွေက အို သုဒ္ဓေါဒနယ မယ်တော်မာယာကလဲ အမေ အဖေ၊ ဒီမှာလဲ အမေ အဖေ ပြန် ဖြစ်နေပြန်ပြီ၊ ဘယ်နှယ်ပါလိမ့်မတုံးဆိုမှ ခုနက ငါးရာတွေထုတ်ဟောရတယ် (မှန်ပါ)သံသရာ ဘယ်လောက်ရှည်ခဲ့တယ် ဆိုတာ ခင်ဗျားတို့ သိပြီ (မှန်ပါ)၊ သဘောပါပလား (ပါ,ပါပြီ)။
ကောင်းပြီ၊ ဒါနဲ့ အဘိုးကြီး လျှောက်တယ်၊ အရှင်ဘုရား၊ တပည့်တော်တို့ အရှင်ဘုရားရှိရာသို့လဲ မလာနိုင်ဘူးတဲ့၊ သူတို့နေတဲ့နေရာကတစ်နေရာကိုး၊ အဘိုးကြီး အဘွားကြီး မြင်လွယ်ထင်လွယ်တဲ့တရားကို ဟောတော်မူပါ၊ အသက် အရွယ်တွေလဲ ကြီးကုန်ပြီ၊
နို့ ရောဂါဥပါဒ်အန္တရာယ် ဘယ့်နှယ်နေသတုံး၊ ရှေးဦးစွာ ခရီးရောက်မဆိုက် မေးလိုက်တယ်။ ကိုယ့်အရိုးမှ ကိုယ်ချီဖို့ရာကလဲ တောင်သွားတယ်ဆိုရင် မြောက်ကို ယိုင်သွားတယ်။
ဝေဒနာကင်းတယ်လို့ထင်နေရင် မိုက်တာ
ဟုတ်တယ် ဒကာကြီး၊ ကိုယ့်ကိုယ်ကို ဝေဒနာကင်းတယ်လို့ထင်နေရင် မိုက်တာမှတစ်ပါး ဘာမှ အဓိပ္ပာယ် မရှိဘူးတဲ့ ပြောလိုက်တယ် (မှန်ပါ)။ ** ဝေဒနာကင်းတဲ့ပုဂ္ဂိုလ်လို့ ဘယ်သူမှမရှိဘူးတဲ့ ဒါ ဘုရားက ဒေဝနာဟောလိုက် တာ (မှန်ပါ)။
** ခန္ဓဝဂ္ဂသံယုတ်။ နကုလပိတုသုတ်ကိုကြည့်ပါ။
ဘယ်အချိန်မှ ဝေဒနာမကင်းဘူး (မှန်ပါ)၊ သဘောပါကြ ပလား (ပါ,ပါပြီ)၊ တစ်ခါတလေ သုခရှိတယ်၊ တစ်ခါတလေ (ဒုက္ခရှိပါတယ်)၊ တစ်ခါတလေ (ဥပေက္ခာရှိပါတယ်)၊ ဒီသုံးခုနဲ့ လှည့်နေတယ်(မှန်ပါ)။
ဘယ်အချိန်မှာ ဝေဒနာကင်းကြသတုံး၊ အခု တရားနာတဲ့ ဒကာ၊ ဒကာမတွေ (ဘယ်အချိန်မှ မကင်းပါဘူး)။
ဒါဖြင့် ဝေဒနာဟာ ရှာပြီးရှုနေရမှာလားတဲ့၊ ဉာဏ်နဲ့တည့်လိုက်တိုင်း တွေ့ရမှာလား (ဉာဏ်နဲ့တည့်လိုက်တိုင်း တွေ့ရမှာပါ) သဘောပါကြပလား (ပါ,ပါပြီ)။
ဝေဒနာဟာ ရှာပြီးရှုရမှာလား၊ ဉာဏ်နဲ့တည့်တိုင်း တွေ့ရမှာလား(ဉာဏ်နဲ့တည့်တိုင်း တွေ့ရမှာပါ ဘုရား)၊ ဘာဖြစ်လို့တုံး (ဝေဒနာဟာ အမြဲတမ်းရှိနေလို့ပါ ဘုရား)။
တစ်ခါတလေ သုခရှိတယ်၊ တစ်ခါတလေ (ဒုက္ခရှိပါတယ်)၊ တစ်ခါတလေ (ဥပေက္ခာရှိပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဝေဒနာကို ရှာပြီးရှုတဲ့အလုပ်ဟူသရွေ့ဟာ ကိုယ် ဉာဏ်တိမ်လို့ဖြစ်ရမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ဘယ်အခါမှ ဝေဒနာမကင်းဘူးတဲ့
ဉာဏ်တိမ်လို့ပဲ၊ ဘုရားက ဘယ်အခါမှ ဝေဒနာမကင်းဘူးတဲ့၊ လူမိုက်သာမသိတာ ကျန်တဲ့ပုဂ္ဂိုလ်မှာ ဘယ်ပုဂ္ဂိုလ် မှ ဝေဒနာကင်းတယ်လို့ ပြောတယ်ဆိုလို့ရှိရင် မိုက်တာမှတစ်ပါး ဘာမှမရှိဘူးတဲ့ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဝေဒနာ ဘယ်အချိန်ကင်းကြသတုံး (ဘယ်အချိန်မှ မကင်းပါဘူး)၊ ဘယ်အချိန်မှမကင်းဘူးလို့ သေသေ ချာချာမှတ်ပါ၊ ဒါဖြင့် ဘယ်အချိန်ရှုရှု တွေ့မယ် (မှန်ပါ)။
ဘယ်အချိန်ရှုရှု(တွေ့ပါမယ် ဘုရား)၊ တွေ့မယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)။
ကောင်းပြီ၊ ဒါဖြင့် ဝေဒနာသုံးမျိုးတော့သိပြီတဲ့ ပဋိစ္စသမုပ္ပာဒ်ကိုမလွှတ်နဲ့တဲ့ လွှတ်လို့ရှိရင် တရားမှန် မရောက် တော့ဘူး (မှန်ပါ)။
အဲဒီတော့ ဝေဒနာသုံးမျိုး၊ ဒါ သုခ, ဒုက္ခ, ဥပေက္ခာ ခန္ဓာထဲမှာရှိနေတယ် (ရှိပါတယ်) တစ်ပြိုင်နက်တော့ မရှိဘူး (မရှိပါဘူး) တစ်ခုစီ အလှည့်ကျနဲ့ရှိပါတယ်။
အဲဒီတော့ သုခဝေဒနာပစ္စယာ (တဏှာ)၊ ဥပါဒါန်ကံပေါ့ဗျာ၊ တဏှာ ဥပါဒါန် ကမ္မဘဝ၊ အဲ သုခဝေဒနာ နောက်ကလိုက်တဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်ပါ)။
ဒါ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာနောက်ကလိုက်တော့ ဒုက္ခနောက်က ဒေါသ, သောက, ပရိဒေဝ, ဥပါယာသ၊ ဟိုဘက် အဝိဇ္ဇာသွားတော့မယ် (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ဥပေက္ခာဝေဒနာကို ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာကြည့်တဲ့အခါ သူ့အလှည့်နဲ့သူ ပေါ်လာတယ် (မှန်ပါ) ပေါ်လာတာကို ဦးမာဒင်တို့ ဦးလှတို့က မသိဘူးဆိုလို့ရှိရင် သူ့ဟာသူသာဖြစ်ပြီး သူ့ဟာသူပျက်သွားတယ်၊ ခင်ဗျားတို့က မသိကြဘူး (မသိပါဘူး)၊ မသိလိုက်လို့ရှိရင် အဝိဇ္ဇာဟုတ်လား (မှန်ပါ)၊ သင်္ခါရ လာမယ် (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။
ဖြစ်ပျက်ကို မရှုမိဘူးဆိုလို့ရှိရင်
ဒါ ကြပ်ကြပ်မှတ်ကြပါ ဒကာ, ဒကာမတို့ ဒါက ခင်ဗျားတို့ခန္ဓာ၏ ဝေဒနာသုံးပါး (မှန်ပါ) သုခဝေဒနာ ပေါ်တယ် ဖြစ်ပျက်ကို မရှုမိဘူးဆိုလို့ရှိရင် တဏှာဥပါဒါန် ကံ ဒီဘက် ဇာတိဇရာ မရဏတို့လာမှာပဲ (လာပါတယ် ဘုရား)၊ သဘောပါပလား(ပါပါပြီ)။
ခင်ဗျားတို့ သန္တာန်မှာ ယားတယ်၊ ယံတယ်ဆိုတဲ့ ဒုက္ခဝေဒနာ မရှုဖြစ်ဘူး၊ မရှုဖြစ်လို့ရှိရင် ဒုက္ခနောက်က ဒေါသသောကပရိဒေဝ ဥပါယာသ အဝိဇ္ဇာကျအောင် သွားမယ် (မှန်ပါ)၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ဥပေက္ခာဝေဒနာတွေ ပေါ်နေတယ်၊ ဒကာ,ဒကာမတွေက မရှုဖြစ်ဘူး၊ ပေါ်မှန်းလဲမသိဘူး၊ မသိတာ အဝိဇ္ဇာ (မှန်ပါ)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)။
ဒါ ပဋိစ္စသမုပ္ပာဒ် သုံးမျိုးလာမယ် (မှန်ပါ)၊ သေသေချာချာ မှတ်ကြပါ၊ သေသေချာချာမှတ်ပါ၊ ခင်ဗျားတို့ ဒီဥစ္စာ ဆ ဆက္ကသုတ်မှာလာတယ်လို့ မှတ်ရမယ် (မှန်လှပါ)၊ ဥပရိပဏ္ဏာသပါဠိတော် ဆက္ကသုတ်မှာ လာတယ်။
ကိုင်း ခင်ဗျားတို့ သုခဝေဒနာကို ဘုန်းကြီးပြောခဲ့သလို ဘုရားဟောတော်မူခဲ့တဲ့အတိုင်း ခင်ဗျားတို့ ဝိပဿနာ မရှုဘူး(မှန်ပါ)၊ သုခဝေဒနာပစ္စယာတဏှာ၊ တဏှာပစ္စယာဥပါဒါနံ၊ ဥပဒါနပစ္စယာ ကမ္မဘဝေါ ဒါအမြဲတမ်းလာတယ်၊ မည်သူမဆို (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒုက္ခဝေဒနာ ခန္ဓာကိုယ်ထဲမှာပေါ်ပါတယ်၊ မရှုဖြစ်ဘူးတဲ့၊ တပည့်တော်တို့ကမရှုဖြစ်တော့ ဒုက္ခနောက်က ဒေါသ၊ သောက၊ ပရိဒေဝ၊ ဥပါယာသ၊ ဒီဘက် အဝိဇ္ဇာ၊ ပဋိစ္စသမုပ္ပာဒ်အဆုံးက ပြန်စတယ် (မှန်ပါ)။
ဥပေက္ခာဝေဒနာ
ဥပေက္ခာဝေဒနာ မျက်စိ, နား, နှာခေါင်း, လျှာမှာပေါ်ပါတယ်၊ ဝမ်းထဲမှာလဲ အားလုံး ဥပေက္ခာထားပါတယ် ဆိုပြီး ဥပေက္ခာပေါ်တာပါပဲ (မှန်ပါ)၊ အဲဒါ ပေါ်သာပေါ်တယ် ခင်ဗျားတို့က ဥပေက္ခာကို တွေ့ အောင်လဲမရှာနိုင်၊ ရှုလဲမရှုဘူးဆိုလို့ရှိရင် ဥပေက္ခာအကွက်ကဖြင့် ဥပေက္ခာဖြစ်မှုပျက်မှုကို မသိတော့ အဝိဇ္ဇာသင်္ခါရလာပါတယ် (မှန်ပါ) မလာပေဘူးလား (လာပါတယ်)။
ဒါဖြင့် ဝေဒနာသုံးပါးကို ခန္ဓာထဲမှာပေါ်တိုင်းပေါ်တိုင်း ရှုမိမှသာလျှင် ဒီ ပဋိစ္စသမုပ္ပာဒ် သုံးမျိုးပြတ်မယ် (မှန်ပါ)ရှင်းပလား (ရှင်းပါပြီ)။
ဝေဒနာသုံးပါးကို ပေါ်တိုင်းပေါ်တိုင်း ရှုမိမှသာလျှင် (ပဋိစ္စသမုပ္ပာဒ် ပြတ်ပါမယ်) ဘယ်နှစ်မျိုးပြတ်မလဲ (သုံးမျိုး ပြတ်ပါမယ်)။
သုံးမျိုးကို ရှင်းပြမယ် ဒါ အလယ်ကစတဲ့ ပဋိစ္စသမုပ္ပာဒ်၊ ဒါ အဆုံးကပြန်ပတ်တဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်ပါ)။ ဒါ အစကစတဲ့ ပဋိစ္စသမုပ္ပာဒ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ် ဘယ်နှစ်မျိုးတုံး (သုံးမျိုး ပါ ဘုရား)။
ခင်ဗျားတို့က တစ်မျိုးတည်းမှတ်နေမှာ စိုးလို့နော် (မှန်ပါ)၊ တစ်မျိုးတည်းမဟုတ်ဘူး ပဋိစ္စသမုပ္ပာဒ်က (မှန်ပါ) သူစချင်ရာက စတာ (မှန်ပါ)။
ပဋိစ္စသမုပ္ပာဒ်
ခင်ဗျားကို သုခဝေဒနာ ချမ်းသာတဲ့ဝေဒနာ၊ သောမနဿဝေဒနာ ဝမ်းမြောက်တဲ့ဝေဒနာ ဝမ်းသာနေတယ်၊ ဝမ်းသာတာကလေးကို ခင်ဗျားတို့က မရူဖြစ်လို့ရှိရင်ဖြင့် သုခဝေဒနာပစ္စယာတဏှာ ဥပါဒါန် ကံ၊ ဒါ မရှုလိုက်တဲ့ အတွက် (မှန်ပါ) မရှုလိုက်တဲ့အတွက် ဒါ လာတော့တာပဲ (လာပါတယ်)၊ သဘော ပါပလား (ပါ,ပါပြီ)။
ကဲ ဒုက္ခကလေး ပေါ်နေတယ်၊ ယားတယ်၊ ယံတယ်၊ နာတယ်၊ ဒကာ၊ ဒကာမတွေက ယားတဲ့၊ ယံတဲ့၊ နာတဲ့နေရာကို အနိစ္စမရှုမိဘူး၊ မရှုမိတော့ ဒုက္ခနောက်က ဒေါသလိုက်မယ် (မှန်ပါ)၊ ဒေါသ၊ သောက၊ ပရိဒေဝ၊ ဥပါယာသ ဟုတ်လား (မှန်ပါ)၊ ဒါတွေမသိလို့ဖြစ်တာ ဖြစ်လေသောကြောင့် အဝိဇ္ဇာက ဒီကစတယ် (မှန်ပါ)၊ အဝိဇ္ဇာ ပစ္စယာသင်္ခါရာဖြစ်၍ ဒီပြန်ပတ်မှာပဲ (မှန်ပါ)၊ မပတ်ပေဘူးလား (ပတ်ပါတယ်)။
ဪ ခင်ဗျားတို့ ဒီတရားမျိုးကိုမနာရတော့ဘူး၊ ကိုယ့်ဟာကိုယ်လဲ နားလည်အောင်လုပ်ပြီး မသိတော့ဘူး ဆိုလို့ရှိရင်ဖြင့် တစ်နေ့လုံး ခင်ဗျားတို့မှာ ပဋိစ္စသမုပ္ပာဒ်အလယ်က စလိုက်၊ အဆုံးကနေ ပြန်ပတ်လိုက် (မှန်ပါ) အစကနေ စလိုက် (မှန်ပါ) ဘာဖြစ်နေကြတာတုံး ပြောပါဦး ဦးလှရဲ့၊ ဘာဖြစ်နေကြတာတုံး (မရှမိလို့ပါ)။
မရှုမိတဲ့အတွက် ခင်ဗျားတို့သည် သံသရာထဲမှာ ဒိုင်းဒိုင်း ပြေးသွားနေတယ် (မှန်ပါ)။
သံသရာထဲမှာ (ဒိုင်းဒိုင်းပြေးသွားနေပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ)။
အပါယ်ချည်း သွားတာပဲ
ကြည့်စမ်း ဒကာ၊ ဒကာမတွေက ကျောင်းဆောက်တယ်၊ ဘုရားတည်တယ်၊ ဆွမ်းကျွေးတယ်၊ ကွမ်းကျွေးတယ်၊ သေပျော်ပြီတဲ့ (မှန်ပါ)၊ ဘယ်မှာသေပျော်ရမတုံး ဒီမှာကြည့်၊ တန်းနေတာပဲ (မှန်ပါ)၊ သူ့မရှုမိလဲ တန်းသွားတာပဲ (မှန်ပါ)၊ အပါယ်ချည်း သွားတာပဲ (မှန်ပါ)။
သူ့မရှုမိတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရာပစ္စယာ ဝိညာဏံဆိုတော့ ဒီဝိညာဏ်ဟာ အပါယ်ဝိညာဏ် ဖြစ်ရမယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်မှာ ထွက်ရပ်လမ်း (မရှိပါဘူး)။
သေသေချာချာ ခင်ဗျားတို့ဉာဏ်နားနဲ့နားထောင်ပါ (မှန်ပါ)၊ သူများပြောတာတွေ မယုံနဲ့ (မှန်ပါ)၊ ဘုန်းကြီး အခု ဘုရားဟောတော်မူတာကိုပြောပြမယ်၊ ပြန်ရှင်းပေးမယ်နော် (မှန်ပါ)၊ သူများပြောတာလား၊ ကိုယ်ဖြစ်တာလား ဆိုတာကို အကဲခတ် (မှန်ပါ)၊ သူများပြောတာက စာကြည့်ပြောတာ (မှန်ပါ) ကိုယ့်ဝမ်းထဲမှာက ဒီသဘောတွေက အဟုတ်ဖြစ်သလား မဖြစ်ဘူးလားဆိုတော့ သူများကစာရေးထားတာ၊ အတည်မပြုနဲ့၊ ကိုယ့်ဖြစ်စဉ်အတည်ပြု (မှန်ပါ)၊ သဘောပါ ပလား (ပါ,ပါပြီ)။
ဒါမှ ဒိဋ္ဌဓမ္မောဖြစ်မှာကိုး (မှန်ပါ) ဒိဋ္ဌဓမ္မော၊ ပတ္တဓမ္မော၊ ဝိဒိတဓမ္မောဖြစ်မယ် (မှန်ပါ)၊ နို့မဟုတ်ရင် မဖြစ်ဘူး (မှန်ပါ)။
သူများပြောတာလား ကိုယ့်ဖြစ်စဉ်လား
ကိုင်း ဒါဖြင့် သုခ သောမနဿပေါ်တတ်တဲ့ ဝမ်းထဲမှာ (မှန်ပါ)၊ ချမ်းသာတယ်ဆိုတော့ ချမ်းသာတာ ကလေးကို ခင်ဗျားတို့ကြိုက်သလား မကြိုက်ဘူးလား (ကြိုက်ပါတယ် ဘုရား)။
ဒါဖြင့် ချမ်းသာတာက သုခဝေဒနာ၊ ကြိုက်တာက တဏှာ (မှန်ပါ)၊ ဒါ သူများပြောတာလား ကိုယ့်ဖြစ်စဉ်လား (ကိုယ့်ဖြစ်စဉ် ပါ ဘုရား)။
ကြိုက်တာမှ နည်းနည်းကြိုက်တာလား စွဲစွဲလမ်းလမ်းကြိုက်တာလား (စွဲစွဲလမ်းလမ်းကြိုက်တာပါ)၊ ဒါဖြင့် ဥပါဒါန် လာဦးမှာပေါ့ (မှန်ပါ)။ ဒါ သူများပြောတာလား (ကိုယ့်ဖြစ်စဉ်ပါ ဘုရား)အဲ ကိုယ့်ဖြစ်စဉ် ယုံဗျ၊ သူများပြောကို မယုံနဲ့ (မှန်ပါ)၊ ရှင်း ပလား (ရှင်းပါပြီ)။
တစ်ခါ ဥပါဒါန်ဖြစ်လို့ စွဲစွဲလမ်းလမ်းကြိုက်တယ်ဆိုလို့ရှိရင်ဖြင့် နောက်ထပ် ဒါမျိုးရအောင် အားထုတ်ဦးမှာ လား၊ မထုတ်တော့ဘူးလား (ထုတ်မှာပါ ဘုရား)၊ ဒါဖြင့် ကမ္မဘဝပဲ၊ သူများပြောတာလား၊ ကိုယ်တိုင်အားထုတ်တာ လား (ကိုယ်တိုင်အားထုတ်တာပါ)၊ ဒါကိုယုံ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကဲ ဒါကိုယုံလို ဆရာဘုန်းကြီးက ပြောတော့ စာကိုဖတ်နေလို့ ဒါတွေ တွေ့မှာမဟုတ်ဘူး (မတွေ့ပါဘူး)၊ ခန္ဓာကိုယ်ဖြစ်စဉ်ကို စိုက်ကြည့်တော့မှ ဒီအတိုင်းပါပဲ (မှန်ပါ) သဘောပါ ပလား (ပါ,ပါပြီ)၊ စာက မှတ်တမ်းလို့ မှတ်ပါ (မှန်ပါ)
စာက (မှတ်တမ်းပါ ဘုရား) ခန္ဓာက (ဖြစ်စဉ်ပါ ဘုရား)၊ ဒါဖြင့် ဘယ်ဟာအမှန်ယူမတုံး (ဖြစ်စဉ်အမှန်ယူပါ မယ် ဘုရား)
အဲဒါ အမှန်ယူရမှာ၊ ခင်ဗျားတို့က တော်တော်ကြာ ဘာစာကဘာဆိုတာ လုပ်နေရင်တော့ ဂွကျမှာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ခန္ဓာက ပြောတာအမှန်ယူ
ဘယ်သူရေးတာက ဘယ်လိုဆိုနေတယ်ဘုရား၊ ခင်ဗျား စာကပြောတာတော့ ကျုပ်မပြောတတ်ဘူး၊ ခင်ဗျား ခန္ဓာက ပြောတာအမှန်ယူ (မှန်လှပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊
ကဲ ဒါဖြင့် သွားကြစို့တဲ့ ဟောဒါက ဒုက္ခဝေဒနာ နာတယ်၊ ကျင်တယ်၊ ကိုက်တယ်၊ ခဲတယ်၊ အောင့်တယ် (မှန်ပါ) အောင့်တာကလေးကို ဦးလှတို့၊ ဦးမာဒင်တို့က ဖြစ်ပျက်မရှုမိဘူး (မှန်ပါ)၊ မရှုမိတော့ အောင့်တယ်ဆိုတဲ့စိတ် ပျက်တယ်ကွာ၊ စိတ်ပျက်တာကဘာတုံး (ဒေါသပါ)၊ ဒေါသမလာဘူးလား (လာပါတယ်)၊
ဒါဖြင့် ဒီဝေဒနာနဲ့ကွာ ဒီတောင်က တက်နိုင်ပါ့မလားဆိုတဲ့ သောကကော (လာပါတယ်)၊ တစ်ခါတလေ ကိုယ့်ဟာကိုယ် ဝမ်းနည်းလုံးကလေး ကော (လာပါတယ်) ဒါက သူများပြောလား၊ ကိုယ့်ဖြစ်စဉ်လား (ကိုယ့်ဖြစ်စဉ်ပါ)၊ ဒါဖြင့် ဒါဟာ မရှုမိလို့လာတာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ်လိုကြောင့် လာတာတုံး (မရှုမိလို့ လာတာပါ)။
ခင်ဗျားတို့ တော်ပဲတော်သေးတယ်၊ ကျုပ်နဲ့လာတွေ့လို့ (မှန်ပါ)၊ နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ ခက်ပြီကော (မှန်ပါ)၊ ခက်ပြီကော ဒီပဋိစ္စသမုပ္ပာဒ် သုံးမျိုးနဲ့ အချိန်ကုန်ရမှာပဲ (မှန်ပါ)။
ပဋိစ္စသမုပ္ပာဒ်သုံးမျိုးနဲ့ အချိန်ကုန်ရမှာပဲ
ကိုင်း တစ်ခါ ဥပေက္ခာဝေဒနာပေါ်တယ်တဲ့၊ မျက်လုံးက တစ်ခုမြင်လိုက်လို့၊ ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ၊ မျက်လုံးက မြင်ကာမျှမတ္တ ဥပေက္ခာကိုးဗျ (မှန်ပါ)၊ အဲ့ဒီဥပေက္ခာကလေး မြင်တာကလေးကို ခင်ဗျားတို့က မြင်တတ်တဲ့ သဘောကလေးကို ဦးမာဒင်တို့၊ ဦးလှတို့က ဖြစ်ပျက်မရှုမိဘူး (မှန်လှပါ)။
မရှုမိတော့ ဘာဖြစ်လို့ မရှုမိတာတုံး၊ အို မသိလိုက်လို့ပေါ့ ဘုရား (မှန်လှပါ) မသိတာ ဘယ်သူတုံး (အဝိဇ္ဇာပါ)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)။ ကဲ ဥပေက္ခာ မရှုမိရင်လဲ ပဋိစ္စသမုပ္ပာဒ် အစက စတယ် (မှန်ပါ)၊ သွား အပါယ်ချည်းပဲ (မှန်ပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)၊
နေရာကျကြပလား (ကျပါပြီ)၊ ဒါ ဝေဒနာကို ဒီနေ့ကမ္မဋ္ဌာန်းပေးပြီ (မှန်ပါ)။
ကဲ ဦးလှ၊ တော်အောင်နေခဲ့ကြတာ ပေါ်ပလား (ပေါ်ပါပြီ)။
သုခမရှုမိရင် ပဋိစ္စသမုပ္ပာဒ် ဘယ်ကစသတုံး (တဏှာ,ဥပါဒါန်ယ ကံက စပါတယ်)၊ သဘောကျကြပလား (ကျပါပြီ)၊
သို့သော် ဒီလိုပြောလိုက်၊ အလယ်က စတယ် (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ်ကြီး တန်းလိုက်တဲ့အခါ သူ အလယ်က ပါလာတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒုက္ခမရှုမိလို့ရှိရင် (အဆုံးက စ,ပါတယ်)၊ အဆုံးက စတယ်။
ဥပေက္ခာ မရှုမိလို့ရှိရင် (အစက စ,ပါတယ်)၊ အဆုံးကစတယ်။
ဥပေက္ခာမရှုမိလို့ရှိရင် (အစက စပါတယ်)၊ အစကစတယ်။
ခင်ဗျားတို့ ဒီအဓိပ္ပာယ်ကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆဆက္ကသုတ်မှာဟောလို့ ဘုန်းကြီးက တစ်ခါ တစ်ဆင့်ခံပြောလို့ ဪ တို့သန္တာန် ဒီဝေဒနာသုံးမျိုးက တစ်ခုတစ်ခုလှည့်ပြီးပေါ်နေတာ (မှန်ပါ)၊ တို့ကလဲ ဒီကြားထဲမှာ မရှမိဘူး (မှန်ပါ)၊ မရှုမိလို့ တို့ ဘာဖြစ်ပါလိမ့်မတုံးလို့ မေးနေဖို့မလိုပါဘူး (မလိုပါဘူး)၊ တဏှာ၊ ဥပါဒါန်၊ ကံ အပါယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
အပါယ်ဇာတိပဲ
တဏှာ၊ ဥပါဒါန်၊ ကံ (အပါယ်ပါ ဘုရား)၊ အပါယ်ပဲ၊ ရိပ်မိပလား (မှန်ပါ)၊ ရှုပ်နေမှာစိုးလို့ပါ၊ ဇာတိဆိုရင် ခင်ဗျားတို့က ဘာဇာတိတုံးမေးနေဦးမှာ၊ အပါယ်ဇာတိပဲ (မှန်ပါ)။
ခင်ဗျားတို့ သန္တာန်မှာ ဝေဒနာကလေးတွေဟာ ဖြစ်ပြီးချုပ်၊ ဖြစ်ပြီးချုပ်နဲ့ အမြဲသေနေတယ်၊ ဒီဝေဒနာကလေး သေသွားတာမှ မသိလိုက်တော့ဘူးလို့ဆိုတော့ ကိုယ်သေတာတောင် ကိုယ်မသိလိုက်ဘူး (မှန်လှပါ)။
ဘာတုံး (ကိုယ်သေတာတောင် ကိုယ်မသိလိုက်ပါဘူး)။
ဖြစ်မှဖြစ်ရပလေ၊ ကိုယ်သေတာတောင်မှ ကိုယ်မသိလိုက်ဘူးဆိုတော့ ဖြစ်မှဖြစ်ရပလေ ပြောရတော့မှာပဲ (မှန်ပါ)၊ မပြောရင်ကော မရတော့ဘူး (မှန်ပါ)။
ကိုယ်သေတာတောင် ကိုယ်မသိလိုက်ဘူး၊ မသိလိုက်တော့ မသိတာ အဝိဇ္ဇာနဲ့နေလို့ (မှန်ပါ)၊ ဒါဖြင့် သူ အဝိဇ္ဇာနဲ့အသက်ရှင်နေတာ (မှန်ပါ)။
ဘယ်လိုဆိုကြမယ် (အဝိဇ္ဇာနဲ့ အသက်ရှင်နေပါတယ် ဘုရား)။
ဒါဖြင့် အဝိဇ္ဇာနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ် သင်္ခါရလုပ်လိမ့်မယ် (မှန်ပါ)၊ မလုပ်ပေဘူးလား (လုပ်ပါတယ်)၊ သင်္ခါရလုပ်လို့ရှိရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်ပဋိသန္ဓေဝိညာဏ်ကော (လာမှာပါ)၊ ပေါ်ပလား (ပေါ်ပါပြီ)။
ဆဆက္ကသုတ်မှာလာတဲ့ ပဋိစ္စသမုပ္ပာဒ်
ကိုင်း ခင်ဗျားတို့သိထားတဲ့ ပဋိစ္စသမုပ္ပာဒ်နဲ့ အခု ဘုရားဟောတော်မူတဲ့ ဆဆက္ကသုတ်မှာလာတဲ့ ပဋိစ္စသမုပ္ပာဒ် နဲ့ ဦးလှ ဦးမာဒင် သူက သာပြီးစိပ်တယ် (မှန်ပါ စိပ်ပါတယ်)၊ မစိပ်ဘူးလား (စိပ်ပါတယ်)၊ ကျုပ်တို့အဝိုင်းကြီးနဲ့ သူက သာပြီးစိပ်တယ် (မှန်ပါ)။
မစုံဘူးလား (စုံပါတယ် ဘုရား)၊ ကြားကို (မကြားဖူးပါဘူး)၊ သဘောကျတယ်နော် (ကျပါတယ်)၊ ဖြစ်စဉ်ကိုက် ရဲ့လား (ကိုက်ပါတယ်)၊ ဖြစ်စဉ်ကိုက်တယ်တဲ့။ ဒါ ဘယ်သူက ပြောတာတုံး ဆိုရင် ဘယ့်နှယ်ပြောမလဲ (ခန္ဓာက ပြောတာ)၊ နားလည်ကြ ပလား (နားလည်ပါပြီ)။
ဘယ်သူကပြောတာတုံး (ခန္ဓာကပြောတာပါ)၊ ခင်ဗျားတို့ခန္ဓာထဲမှာ ဖြစ်တာကပြောတာ (မှန်ပါ)၊ စာက ပြောတာကတော့ ပုံနှိပ်တိုက်က စာလုံးကျရင် လွဲရင်လွဲဦးမယ် မဟုတ်ဘူးလား (မှန်ပါ)၊
စာပုံနှိပ်တိုက်က စာလုံးကျရင် သော်လည်းကောင်း၊ စာရေးတဲ့ပုဂ္ဂိုလ်က ကျနေရစ်သော်လည်းကောင်း စေ့ချင်မှစေ့မယ် (မှန်ပါ)၊ ခန္ဓာကပြောတာက တော့ (စေ့ပါတယ် ဘုရား)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပာဒ်ပြတ်လဲ ခင်ဗျားတို့ ဒီဘက်မှာ နိဗ္ဗာန်ပဲ (မှန်ပါ)။
ဒီပဋိစ္စသမုပ္ပာဒ်ပြတ်ရင်ကော (နိဗ္ဗာန်ပါ)၊ ဒီဘက်ကနိဗ္ဗာန်၊ ဒီပဋိစ္စသမုပ္ပာဒ် ပြတ်ရင်ကော (နိဗ္ဗာန်ပါ)၊ ဒီဘက်ကနိဗ္ဗာန်ပဲ (မှန်ပါ) ဪ နိဗ္ဗာန်ဟာ အနီးကလေးပါလား (မှန်ပါ)။
နိဗ္ဗာန်ဟာ ဘာတဲ့တုန်း (အနီးကလေးပါ ဘုရား)။
နီးလျက်နဲ့ ဘယ့်နှယ်ကြောင့် ဝေးနေသတုံး
နို့ နီးလျက်နဲ့ ဘယ့်နှယ်ကြောင့် ဝေးနေသတုံး၊ အို မပြောနဲ့တော့ဘုရား၊ ဟောဒီဝေဒနာသုံးမျိုးပေါ်တာကို တပည့်တော်တို့ ဘယ်တော့မှ သတိမထားမိဘူး (မှန်ပါ ဘုရား) သတိမထားတော့ ဘာဖြစ်နေသတုံး သတိမထားတော့ ဒီလိုတန်းတာပေါ့ဘုရား (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊
ဒုက္ခဝေဒနာကြောင့် ဒီတန်း၊ ဥပေက္ခာဝေဒနာကြောင့် ဒီတန်း၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး ပြောတဲ့စကားဟာ ငါ နှစ်ခွန်းလဲ မပြောပါဘူးတဲ့၊ တစ်ခွန်းနဲ့ အမှန်ပြောတာတဲ့ (မှန်ပါ)၊ သူ့ဟာသူဝန်ခံတာ (မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ)။
ဟောဒီ သုခဝေဒနာနောက်က မင်းတို့ရှုတတ်တဲ့ မဂ္ဂင် မလိုက်ဘဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်လှပါ)၊ ရှင်းရောပေါ့ဗျာ (မှန်ပါ)။
နှစ်ခွန်းလဲမပြောဘူးတဲ့၊ တစ်ခွန်းတည်းပြောမယ်တဲ့၊ ဒီသုခဝေဒနာမရှုဘဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
တစ်ခါ ပြောပြန်တယ်၊ ဟောဒီဒုက္ခဝေဒနာကို ဖြစ်ပျက်မရှုဘဲနဲ့ မဂ်နဲ့မရှုဘဲနဲ့ပေါ့ဗျာ၊ ဝိပဿနာမဂ်နဲ့ မရှုဘဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါမဟောဘူးတဲ့ (မှန်လှပါ)၊ ရိပ်မိပလား (မှန်ပါ)
ဖြစ်ပျက်မရှုဘဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါမဟောဘူး
တစ်ခါ ဥပေက္ခာဝေဒနာရှိတယ်တဲ့၊ သူပေါ်တိုင်း ဖြစ်ပျက်မရှုဘဲနဲ့ နိဗ္ဗာန်ရလိမ့်မယ်လို့ ငါမဟောဘူးတဲ့ (မှန်ပါ)၊ မကုန်သေးဘူးလား (ကုန်ပါပြီ ဘုရား)။
နို့ သူကမဟောဘူးဆိုတော့ ကိုယ်တော်မြတ်ကြီးက ဇွတ်ပြောတာပဲလို့ ခင်ဗျားတို့ကလဲဆိုချင်ဆို၊ သို့သော် ခင်ဗျားတို့ဖြစ်စဉ်က သူ့မရှုရင် ဒါလာတာပဲ (မှန်ပါ)၊ သူ့မရှုရင် ဒီဘက်ကလာမယ် (မှန်ပါ)၊ သူ့မရှုရင် အစက လာမယ် (မှန်ပါ)၊ သဘောပါကြပလား (ပါ,ပါပြီ)။
ဒါ အခု ခင်ဗျားတို့ ဝေဒနာအရေးကြီးပုံပြောပါတယ် (မှန်ပါ)။
ကိုင်း ဒါဖြင့် ရှုရလိမ့်မယ် (မှန်ပါ)၊ မရှုရပေဘူးလား (ရှုရပါမယ်)၊ မရှုရင်တော့ဖြင့် နိဗ္ဗာန်မရဘူးတဲ့ (မှန်ပါ) ဘယ့်နှယ်ကြောင့်မရသတုံးလို့ ဒီနေရာ စကားကလေး ခင်ဗျားတို့မှတ်လိုက်ပါ၊
သုခဝေဒနာပေါ်တယ် ခန္ဓာထဲ မှာ ဘုန်းကြီးပြောတဲ့အတိုင်း သုခံ ဝါဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနတိ ဒါက ပါဠိတော် (မှန်ပါ)၊ သုခဝေဒနာ ဖြစ်တယ်ဆိုရင် သုခဝေဒနာ ဖြစ်တယ်ပျက်တယ်လို့သိရမယ် (မှန်ပါ) မသိပါဘူးဆိုလို့ရှိရင် မြင်တဲ့ အနုသယနဲ့ ပြောပြမယ်ဟော ကာမရာဂါနုသယ လာတယ်ကွာတဲ့ (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ)။
သူ့ကိုမရှုဘူး ဖြစ်ပေါ်လာတာ မရှုဘူးဆိုလို့ရှိရင် ဟော ပဋိဃာနုသယတဲ့ ဒေါသလာတယ် (မှန်ပါ)။
ဟော သူ့ကို မရှုဘူးကွာတဲ့ အဝိဇ္ဇာနုသယတဲ့၊ ဘယ်အနုသယ တို့မှမသေတော့ဘဲ (မှန်ပါ)၊ သေချာပလား ကဲ (မှန်လှပါ)၊ ဒါ သဘောချည်းပဲလို့ သေသေချာချာမှတ်လိုက်စမ်းပါ (မှန်ပါ)၊ မရှုလို့ရှိရင် အနုသယ သဘောမှ ပဋိယုဋ္ဌာန, ဝိတိက္ကမ သဘောထိအောင် ပေါ်ပေါ်လာတယ် (မှန်ပါ)။
ဒီတစ်လုံး သေသေချာချာ ပြောတော့ ဦးမြရေလွယ်သလားဗျာ (မလွယ်ပါဘူး)မလွယ်ဘူးတဲ့။
အိပ်နေရင်း ငှက်သင့်
ကဲ ဒါဖြင့် ကျုပ်တို့ ဪ ခန္ဓာထဲမှာတော့ ဝေဒနာသုံးမျိုးဟာ အချိုးကျ လှည့်ပတ်၍ပေါ်နေသည်။ ကျုပ်တို့ ကလဲ ဝေဒနာအပေါ်၌ သတိသမ္ပဇညမရှိဘူး (မရှိပါဘူး) မရှိတော့ ကျုပ်တို့သည် အိပ်နေရင်း ငှက်သင့်၊ ဟင် (မှန်ပါ သင့်ပါတယ် ဘုရား)။
အိပ်နေရင်း ငှက်သင့် ကိုယ်ကောင်းသော ရောင်းဝယ်ခြင်းနဲ့ စားသောက်နေတယ်၊ ပစ္စည်းတွေစားရင်းမတ္တနဲ့ ငှက်သင့်တယ် (သင့်ပါတယ် ဘုရား)၊ ငှက်က အလိုလိုနေရင်း သင့်တယ် (သင့်ပါတယ် ဘုရား)။
ခင်ဗျားတို့ ကဲ လျှာပေါ်မှာ စားလိုက်တယ်၊ ဥပေက္ခာသဟဂတံ ဇိဝှါ ဝိညာဏံ မပေါ်ဘူးလား လျှာပေါ်မှာ (ပေါ်ပါတယ်)၊ ဥပေက္ခာကလေး မပေါ်ဘူးလား (ပေါ်ပါတယ်)၊ ပေါ်တာကလေးကို ခင်ဗျားတို့က ဖြစ်ပျက်မရှုဘူး၊ ဖြစ်ပျက် မရှုမိတာမသိလို့ မရှုမိတာ (မှန်ပါ)၊ မသိတာ ဘာခေါ်မလဲ (အဝိဇ္ဇာခေါ်ပါတယ်)၊ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ)၊ ဟော အပါယ်ရောက်သွားပြီ (မှန်ပါ)။
ကိုယ့်ဟာကိုယ်စားပြီး အပါယ်ရောက်တာ (မှန်ပါ)၊ ခင်ဗျားတို့က ကိုယ့်လုပ်စာကိုယ်စားပြီး အပါယ်ရောက် သွားတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ဖြစ်မှဖြစ်ရပလေ၊ ဒကာ ဒကာမတွေက ကိုယ့်ပစ္စည်း ကိုယ်စားတာ၊ ခိုးစားတာမှ မဟုတ်ဘဲ၊ ဘာပူစရာရှိ သတုံး၊ ကျုပ်တို့ ဘာအပြစ်မှမရှိဘူး (မှန်လှပါ)။
မရှိတာထက် မသိတာခက်တယ်
ဘာမှမသိဘဲအပြစ်ရှိတာ သူမသိဘူး (မှန်ပါ)၊ အဲဒီတော့မရှိတာထက် မသိတာခက်တယ်ဆိုတာ မပေါ်သေး ဘူးလား (ပေါ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့အားလုံးမှာပဲ ဝေဒနာကို အခုချိုးလိုက်တော့ သုံးမျိုး၊ သုခ၊ ဒုက္ခ၊ ဥပေက္ခာ (မှန်ပါ)၊ သို့သော် ဒါလောက်နဲ့ မရသေးပါဘူး၊ ခင်ဗျားတို့က ဝေဖန်ဟောမှရမယ်၊ ဒါက ကျဉ်းဟောတာ ဘုရားက (မှန်ပါ)၊ ခင်ဗျားတို့က ဝိဋိတညူပုဂ္ဂိုလ်တွေ များပါတယ်တဲ့၊ ဝေဖန်ဟောရပါလိမ့်မယ် (မှန်ပါ)။
ဝေဖန်ဟောရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ ပြန်ပြီးမှတ်လိုက်၊ ဒါက တရားလို့မှတ်၊ အခုလာမှာက ရှုစရာလို့မှတ် နော်(မှန်လှပါ)။
ဒါ မျက်လုံးထဲမှာ ဘာမြင်မြင် ဥပေက္ခာဝေဒနာမှတ်၊ နားထဲမှာ ဘာကြားကြား (ဥပေက္ခာဝေဒနာပါ)၊ နှာခေါင်းထဲမှာ ဘာပဲနံလို့ ဘာပဲမွှေးမွှေး (ဥပေက္ခာဝေဒနာပါ)၊ လျှာပေါ်မှာ ချိုတာ ချဉ်တာ ဖန်တာ ငန်တာ စပ်တာ စားချင်ဘာစား (ဥပေက္ခာဝေဒနာပါ)၊ ဟော ဥပေက္ခာလေးမျိုးပေါ်တိုင်းပေါ်တိုင်း ခင်ဗျားတို့သိရမယ် (မှန်ပါ)၊ ဖြစ်ပျက်ရှုရမယ် (မှန်ပါ)။
ကိုယ်ပေါ်မှာ ယားတယ် ယံတယ် နံတယ် နာတယ်ဆိုတော့ တစ်ကိုယ်လုံး သူပေါ်ချင်တဲ့နေရာ ပေါ်လိမ့်မယ်၊ အဲဒီ ပေါ်တဲ့နေရာမှာ ဒုက္ခဝေဒနာ (မှန်ပါ)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ကိုယ်ပေါ်မှ လေတွေဘာတွေတိုက်လို့ တစ်ကိုယ်လုံး နေသာထိုင်သာ ရှိတဲ့အခါလဲ ပါပါတယ်၊
ဒီနေရာကလေး တွင်ကွက်ပြီး နေသာထိုင်သာ ရှိတာကော (ပါ,ပါတယ်)၊ ညာဘက်လက်မောင်းကတော့ အောင့်တယ်၊ ဘယ်ဘက်လက်မောင်းကတော့ ကိစ္စမရှိပါဘူး။ ဒီလိုလဲရှိ တယ် (ရှိပါတယ်)၊ အဲဒီကျတော့ ကိုယ်ပေါ်မှာသုခဝေဒနာပေါ်တယ် (မှန်ပါ)။
ဝေဒနာခြောက်ပါး ပေါ်တဲ့နေရာမှာ ရှုရမယ်
ဒါဖြင့် ဥပေက္ခာ ၄၊ သုခ ၁၊ ဒုက္ခ ၁ (မှန်ပါ)၊ ဝေဒနာခြောက်ပါး၊ ဒါဟာ ပေါ်တဲ့နေရာမှာ ရှုရမယ် (မှန်ပါ)။
ပေါ်တဲ့နေရာကို ပြနေတာ (မှန်ပါ)၊ ဒီနေရာတွေပေါ်တိုင်းပေါ်တိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှု၊ မရှုရင်မရဘူး (မှန်ပါ)။
မန္တလေးက ဒကာ၊ ဒကာမတွေ ဒါဟာ ဒီအတိုင်းရှုရမှာ (မှန်ပါ)၊ ပေးပြီကမ္မဋ္ဌာန်း၊ သူ့နေရာနဲ့သူပေးပြီ (မှန်ပါ)။
ဝမ်းထဲကျလာတဲ့အခါကျတော့ကို ခင်ဗျားတို့က တွေးပြီးများ ဝမ်းသာနေတဲ့အခါရှိတယ် (ရှိပါတယ် ဘုရား)၊ အဲဒါကျတော့ ဝမ်းထဲမှာ သောမနဿတဲ့ (မှန်ပါ)။
တစ်ခါတလေ ကျတော့ ကိုယ့်တွေးလုံးနဲ့ကိုယ် ဆင်းရဲနေတဲ့အခါကော (ဒေါမနဿပါ)၊ ကဲ ဒေါသမနဿတဲ့၊ ဝမ်းထဲမှာပဲ (မှန်ပါ)၊ တစ်ခါတလေကျတော့လဲ လက်လျှော့လိုက်တယ်၊ ကမ္မဿကာပဲဟေ့၊ မတတ်နိုင်ဘူး (မှန်ပါ)၊ ဒီကျတော့ ဥပေက္ခာ (မှန်ပါ)၊ ဥပေက္ခာပါ ရှင်းပလား (ရှင်းပါပြီ)။
အပြင်ဘက်ဧည့်သည်က ၆၊ အတွင်းဧည့်သည်က ၃၊ အိမ်သည် ၃၊
ဒါဖြင့် ဝမ်းထဲမှာတော့ ဘယ်နှစ်မျိုးပေါ်သတုံး (သုံးမျိုးပါ ဘုရား)၊ ဆိုစမ်း (သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာပါ ဘုရား)၊ ဒါ ပေါ်တိုင်းပေါ်တိုင်းရှု (မှန်ပါ)၊ မရှုရင် ခုနင်က ပဋိစ္စသမုပ္ပာဒ်သုံးမျိုး လာလိမ့်မယ် (မှန်ပါ)။
ဒါဖြင့် အပြင်ဘက် ဧည့်သည်က ၆၊ အတွင်းဧည့်သည်က ၃ (မှန်ပါ)၊
အိမ်သည်ကတော့ဖြင့် တစ်ခါတလေ ကျတော့ သက်ပြင်းကြီးများချပြီး ရှုနေတဲ့အခါရှိသေးတယ် (ရှုပါတယ်)၊ အဲဒါ ဒေါမနဿ (မှန်ပါ)၊ အမောဆိုက်ပြီး ရှုနေတဲ့အခါ မရှိဘူးလား (ရှိပါတယ်)၊ အဲဒါ ဒေါမနဿဝေဒနာ (မှန်ပါ)၊ ဒါကိုလဲ ရှုရမှာပဲ (မှန်ပါ)၊
တစ်ခါတလေ ကျတော့ ပြုံးရင်းရွှင်ရင်းနဲ့ ရှုနေတာကော မရှိဘူးလား (ရှိပါတယ်)၊ အဲဒါ သောမနဿနဲ့ရှုနေတာ (မှန်ပါ)၊ တစ်ခါတလေကျတော့ မှန်မှန်အသက်ရှူနေတဲ့အခါ မှန်မှန်ရှူ၊ မှန်မှန်ရှိုက် မရှိဘူးလား (ရှိပါတယ်)၊ အဲဒါကျတော့ ဥပေက္ခာဝေဒနာ (မှန်ပါ)။
ဒါဖြင့် ရှုတဲ့ရှိုက်တဲ့ သုံးခုကလဲ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ (မှန်ပါ)၊ သူတို့ကိုလဲပဲ ခင်ဗျားတို့ မဂ္ဂင်နဲ့ရှုပေး (မှန်ပါ)၊ ဆိုတော့ အပြင်ဧည့်သည် (ခြောက်ခုပါ)၊ အတွင်းဧည့်သည် (သုံးခုပါ)၊ အိမ်သည် (သုံးခုပါ)၊ ပေါင်းလိုက်တဲ့အခါ (ဆယ့်နှစ်ခုပါ)၊
ဘယ်ဝေဒနာပေါ်ပေါ် သူ့နေရာနဲ့သူ ရှုပါ
အဲဒါ ခင်ဗျားတို့ဝေဒနာဆယ့်နှစ်ခု၊ ဒါကို ခင်ဗျားတို့ ဘယ်ဝေဒနာပေါ်ပေါ် သူ့နေရာနဲ့သူ ရှုပါ (မှန်ပါ)၊ သဘောပါပလား (ပါ,ပါပြီ)။
ဘယ်ဝေဒနာပေါ်ပေါ် (သူ့နေရာနဲ့သူ ရှုရပါမယ်)၊ သူ့နေရာနဲ့သူရှု၊ ခင်ဗျားတို့က ဉာဏ်ကလဲတည့်ဦးမှ၊ မျက်လုံးထဲပေါ်တာခါးရှုနေလို့ မဖြစ်ဘူး (မဖြစ်ပါဘူး ဘုရား)၊ သဘောပါပလား (ပါ,ပါပြီ)။
မျက်လုံးထဲပေါ်တာကို (ခါးရှုနေလို့မဖြစ်ပါဘူး)၊ မရဘူး မရဘူး၊ အသုဘရှုသလို မှတ်ရမယ် (မှန်ပါ)၊ အသုဘရှုဆိုတာ အသုဘရှိတဲ့ နေရာကို ဉာဏ်ကလှည့်ရတယ် (မှန်ပါ)။
တချို့က ဖြစ်တဲ့နေရာကတခြား၊ သူရှုတာ တခြားဖြစ်နေတယ် (မှန်ပါ)၊ အဲဒီလိုဆိုရင် ဘယ်တော့မှ တရားမမှန်ဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် အပြင်ဧည့်သည် (ခြောက်ခုပါ ဘုရား)၊ ဘာဖြစ်လို့ ဧည့်သည်ပြောရသတုံး (ဗဟိဒ္ဓဖြစ်လို့ ပါ)၊ ဗဟိဒ္ဓလဲဖြစ်လို့၊ တစ်ခါတလေမှလဲ လာလို့ (မှန်ပါ)၊ အမြဲပေါ်သလား (အမြဲမပေါ်ပါဘူး)။
ဒါကြောင့် အပြင်ဧည့်သည် ဘယ်နှစ်ယောက်တုံး (ခြောက်ယောက်ပါ ဘုရား)၊ အတွင်းဧည့်သည်ကကော (သုံးယောက်ပါ ဘုရား)၊ အိမ်သည် (သုံးယောက်ပါ)။
အိမ်သည်ဆိုတာလဲ သူများထက် သူကခန္ဓာကိုယ်ထဲမှာ အကြိမ်များများဖြစ်တဲ့တရားမို့ အိမ်သည်လုပ်တာ (မှန်ပါ)၊ စင်စစ်တော့ အကုန်ဧည့်သည်ချည်းပဲ (မှန်ပါ)၊ ရှင်းပလား(ရှင်းပါပြီ)။
ကိုယ့်စိတ်နဲ့ကိုယ် အပါယ်သွားတာ
ဒါဖြင့် ဒီဟာတွေကို ခင်ဗျားတို့ ပေါ်တိုင်း ပေါ်တိုင်း မရှုဖြစ်လို့ရှိရင် ပဋိစ္စသမုပ္ပာဒ် အစရင်လဲ စမယ်၊ အလယ်ကရင်လဲ (စပါမယ်)၊ အဆုံးကရင်လဲ (စပါမယ်)။
စတာသည် ပဋိစ္စသမုပ္ပာဒ် စတာလား၊ ခင်ဗျားတို့ခန္ဓာက ခင်ဗျားတို့စိတ်နဲ့ခင်ဗျားတို့ အပါယ်သွားတာလား မေးရင် ဘယ့်နှယ်ဖြေမလဲ (ကိုယ့်စိတ်နဲ့ကိုယ် အပါယ်သွားတာပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုယ့်စိတ်နဲ့ကိုယ် သွားတာ၊ ဘယ်သူကမှ တွန်းချလို့ ဒယ်အိုးထဲရောက်တာ မဟုတ်ဘူး (မှန်ပါ)၊ သဘောပါ ပလား(ပါယပါပြီ ဘုရား)။
ဘယ်သူကတွန်းချလို့ ဒယ်အိုးထဲရောက်တာတုံး (ဘယ်သူတွန်းချလို့မှ မဟုတ်ပါဘူး)၊ ကိုယ့်စိတ်က ကိုယ့်ကိုပို့ လိုက်တာ (မှန်ပါ)။
ဒါ့ကြောင့် စိတ္တေန နီယတေ လောကော၊ လောကော လောကကြီးကို၊ စိတ္တေန စိတ်က၊ နီယတေ ဆောင်သွား၏ (မှန်ပါ)၊ မကိုက်ဘူးလား (ကိုက်ပါတယ်)၊ စိတ်ကဆောင်သွားတာ၊ နတ်ပြည်သွားတာလဲ (စိတ်ကဆောင်သွားတာပါ)၊ ခင်ဗျားတို့ ပဋိစ္စသမုပ္ပာဒ်စိတ်က ဆောင်သွားတာ၊ သဘောကျပလား (မှန်ပါ)၊ အပါယ် သွားတာကော (စိတ်ကဆောင်သွားတာပါ)။
ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်က ဆောင်တာပဲ (မှန်ပါ)၊ ပဋိစ္စသမုပ္ပာဒ်ဟာ စိတ်တွေမဟုတ်လား (မှန်ပါ)၊ စိတ် စေတသိက်တွေပေါ့ဗျာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
စိတ္တေန ပရိကဿတိ စိတ်ကပဲ ခုံတွေ၊ ဘာတွေ၊ ဟိုဓာတ်ပုံတွေ၊ ဟိုနေရာအနီ၊ ဟိုနေရာအဖြူ၊ စိတ်က ခြယ်လှယ်နေတာ(မှန်လှပါ)။
စိတ္တဿ ဧကဓမ္မဿ စိတ်တည်းဟူသော တစ်ခုတည်းသော တရား၏ ဝသံ အလိုနိုင်ငံသို့။ သဗ္ဗေဝ အန္ဓဂူ အလုံးစုံသော သတ္တဝါတို့ စိတ်နောက်အကုန်လိုက်ပြီးသော စိတ်စီမံရာ ခံကြရတယ် (မှန်ပါ)၊ သဘောပါပလား (ပါ,ပါပြီ)။
ပဋိစ္စသမုပ္ပာဒ်ပို့ရာ သွားကြရတာ
ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် စိတ်စီမံရာကို ခံကြရမယ်ဆိုတော့ ဒီလောကကြီးမှာ ဘယ်သူက ထောင်ခုနစ်နှစ် ကျစေဆိုလို့ ကျတာမဟုတ်ပါဘူး၊ ဟုတ်ပလား (မှန်လှပါ)၊ ထောင်တစ်သက်တစ်ကျွန်းကွ၊ ဒီဂရီချလို ကျတာ မဟုတ် ပါဘူး၊ ခင်ဗျားတို့၊ ကျုပ်တို့ အခုဖြစ်လာရတာ ပဋိစ္စသမုပ္ပာဒ်ပို့ရာ သွားကြရတာ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊
ဘယ်သူပို့ရာ သွားရသတုံး (ပဋိစ္စသမုပ္ပာဒ်ပို့ရာ သွားရပါတယ်)။
အဲ့ဒီတော့ ခင်ဗျားတို့က ပဋိစ္စသမုပ္ပာဒ်မှ မဖြတ်နိုင်ဘူးဆိုလို့ရှိရင် သုံးဆယ့်တစ်ဘုံလှည့်ပေါ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပာဒ် မဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ (သုံးဆယ့်တစ်ဘုံလှည့်ရပါမယ်)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နာရီက ပိုသွားပြီ၊ တော်ကြဦးစို့၊ နာရီဝက်မှန်းတာ ဆယ်မိနစ်ပိုသွားတယ်။
သာဓု သာဓု သာဓု။