13713

မာတိကာသို့

ဘဝဂါမီကံကြောင့် ဒုက္ခတွေ့ရပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့မင်္ဂလာတိုက်၌ဟောကြားတော်မူသော

ဘဝဂါမီကံကြောင့် ဒုက္ခတွေ့ရပုံ

အလုပ်ပေးတရားတော်

(၃၀-၆-၁၉၆၀)

အာယုဟနဋ္ဌော

ဒီနေ့ သမုဒယသစ္စာအနက် လေးချက်ကို စ, တော့မယ်။ ဒုက္ခအနက်လေးချက်ပြီးပြီ။ ပြီးတယ်ဆိုပေမယ့်လဲ နောက်တစ်ခါပေါင်းပြီး ဒကာ ဒကာမတွေ ပြအုံးမယ်။

ဒီနေ့ သမုဒယသစ္စာလေးချက်မှာ ၁-နံပါတ် ပထမအချက်စ, တယ်။ ဘယ်လို ဟောသတုံးဆိုတော့ သမုဒယဿ- သမုဒယသစ္စာ၏(ဝါ) လောဘ၏ အာယုဟနဋ္ဌော-ဒုက္ခကို စုဆောင်းဆည်းပူးတတ်သောာ အနက်သဘော။ သမုဒယသာ ဝမ်းထဲရောက်လာလို့ရှိရင် ဒုက္ခဝတ္ထုဒုက္ခမှုတို့ကို စုဆောင်းမလို့ လာတာလို့ မှတ်ကြပါ။

ဝမ်းထဲမှာ လောဘကလေး ရောက်လာလို့ရှိရင် ဒုက္ခဝတ္ထုဒုက္ခမှုတို့ စုဆောင်းမလို့ လာတာဆိုတော့ လောဘဆို တဲ့ တရားကလေး ဝမ်းထဲရောက်လာလို့ရှိရင် ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးမလို့ လာတယ်လို့ မှတ်ထားပါ (မှန်ပါ)။

ဪ ရောက်လာတဲ့အချိန်ကစပြီး သူဟာ ဒကာ ဒကာမတွေ သိတဲ့ ပုဂ္ဂိုလ်အတွက်သာဖြင့် သိတဲ့ပုဂ္ဂိုလ်အတွက် စဉ်းစားလိုက်တော့ သူရောက်လာတာ တခြားကြောင့်မှ မဟုတ်ဘဲ ဒကာ ဒကာမတို့ ဒုက္ခဝတ္ထုကို စုဆောင်းခိုင်းမလို့၊ နေရာဝယ်ဟဲ့ သစ်တွေဝယ်ဟဲ့ သားတွေသမီးတွေစုတဲ့ စသည်နဲ့ ဒုက္ခဝတ္ထုတွေစုတယ် (မှန်ပါ)။

နောက်ကျတော့တစ်ခါ ဒုက္ခမှုတွေကို အလုပ်ခိုင်းတယ် (မှန်ပါ)။

ပထမရှေးဦးစွာ ဒုက္ခရောက်မယ် ဝတ္ထုတွေကို သယ်ဟယ်၊ ပိုးဟယ်၊ ဒါတွေ မင်းဖြစ်အောင်လုပ်ဟဲ့၊ ဒါတွေ အစုခိုင်းတာပဲ (မှန်ပါ)။

နောက်ကျတော့ ဒီဒုက္ခဝတ္ထုတွေရောက်လာတော့ ဒီဟာတွေပြင်ဟဲ့၊ ဆင်ဟဲ့၊ စိုးရိမ်တဲ့ ဒီဟာတွေ ကြောင့်ကြဟဲ့ဆိုတဲ့ ဒုက္ခမှုတွေကိုလဲ သူက စုဆောင်းပြန်တာပဲ (မှန်ပါ)။

ဒကာ ဒကာမတို့ လောဘကလေးတစ်ခု ဝမ်းထဲရောက်လာရင် ဒုက္ခဝတ္ထုတွေကို ရှေးဦးစွာ စုဆောင်းတယ် ပြီးတော့မှ ဒုက္ခမှုတွေကို သတ္တဝါမှာပေးလိုက်တယ်၊ အဲဒီဝတ္ထုတွေကို မင်းစောင့်ရှောက်၊ ပျက်ရင် မင်းစိုးရိမ် ဒါတွေနဲ့ မင်း အသေခံပြီး မိုက်လိုက်၊ ဒါတွေအတွက်နဲ့ မင်း စိတ်ချလက်ချမနေနဲ့ စိုးရိမ်သောက ဗျာပါဒနဲ့သေဟဲ့။ ဪ လောဘ ရောက်လာတာ ဒကာ ဒကာမတို့မှာ ကိုယ်ကျိုးနည်းပါပေါ့လား (မှန်ပါ)။

ဆင်းရဲမှုနဲ့ ဆင်းရဲအစုကို အကုန်ဆည်းပူးမလို့

လောဘဆိုတဲ့တရား ဝမ်းထဲရောက်တဲ့အချိန်ကစပြီး ဆင်းရဲမှုနဲ့ ဆင်းရဲအစုကို အကုန်ဆည်းပူးမလို့ လာတာပဲ (မှန်ပါ)။

ကြည့်စမ်း ဒကာ ဒကာမတို့။ လောဘကို ဒါလောက်ဆိုးမှန်း မသိသေးတော့ သမုဒယသစ္စာကိုပဲ စာလိုသုံးတော့ သမုဒယသစ္စာ၊ မြန်မာလို ပြောတဲ့အခါကျတော့ သူရောက်လာလို့ ဝမ်းထဲများ ရောက်လာလို့ရှိရင် ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးမလို့ လာတာပဲ (မှန်ပါ)။ ခင်ဗျားတို့ကို ကောင်းကျိုးပေးမလို့လာတာ မဟုတ်ပါဘူး (မဟုတ်ပါဘူး ဘုရား)။ မင်းတို့ ဒုက္ခဝတ္ထုတွေနဲ့ နေရအောင်ကွ၊ ဒုက္ခမှုတွေ ပွားအောင်ကွ။ ငါလာခဲ့တယ် ပြောသလိုပဲ (မှန်ပါ)။ ကောင်းကြသေးရဲ့လား (မကောင်းပါဘူး ဘုရား)။ အလွန်ဆိုးဝါးပါတယ် ဒကာ ဒကာမတွေ (မှန်ပါ)။

လောဘကလေး ဝမ်းထဲရောက်လာလို့ရှိရင် ငယ်တယ် ကြီးတယ် ပဓာနမထားပါနဲ့။ သူ့အလုပ်ကို သူလုပ်မယ် ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ)။ ဒုက္ခဝတ္ထုဒုက္ခမှုတွေကို စုဆောင်းဆည်းပူးမလို့ လာ တယ်လို့သာ မှတ်လိုက်ပါတော့ (မှန်ပါ)။

ဘာလုပ်မလို့ လာတာပါလိမ့် (ဒုက္ခဝတ္ထုဒုက္ခမှုတွေကို စုဆောင်းမလို့လာတာပါ ဘုရား)။ စုဆောင်းဆည်းပူးမလို့ လာတာဆိုတော့ ခင်ဗျားတို့ သေမယ့်သာ ပြင်ပေတော့။ သေမယ့်သာ ပြင်ပေတော့ အမောဆိုက်ပြီး သကာလ ဝိဉာာဏ် ချုပ်မည်သာ ပြင်ပေတော့ နည်းနည်းမှ အအားပေးတော့မှာ မဟုတ်တော့ဘူးဆိုတာလဲ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ)။

ဒကာ ဒကာမတို့ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။ ဉာဏ်နဲ့ကြည့်မှနော် ဉာဏ်နဲ့ကြည့်မှ ဒီကပြန်ပြီး တော့ နက်ဖြန် မိုးလင်းသည်နဲ့ တစ်ပြိုင်နက်တည်းသူရောက်တဲ့ အချိန်ကစပြီး သကာလ ဒကာ ဒကာမတို့ ဒုက္ခဝတ္ထု တွေကို သယ်သွားကြည့်လိုက် ဘယ်ပစ္စည်း သွားကြည့်လိုက်ပါဆိုတာ သူကဒုက္ခဝတ္ထုတွေကို အရင်လက်ညှိုးညွှန်လိမ့်မယ် (မှန်ပါ)။ လက်ညှိုးညွှန်ပြီး သကာလ နင်ကိုယ်တိုင် ထသွားဆိုတာကိုလဲ နှင်ထုတ်လိမ့်မယ်။ အိမ်ထဲကနေပြီး (မှန်ပါ)။ မထုတ်ပေဘူးလား (ထုတ်ပါတယ် ဘုရား)။

အဲဒီတော့ နှင်ထုတ်လို့ သွားရတာလဲ ဒုက္ခပဲတဲ့။ ကိုယ်တိုင်သွားပြီး သကာလ ကိုယ်က အေးအေးနေချင် ပါတယ်ဆိုတဲ့ ဥစ္စာ သူရောက်လာသည်နဲ့ တစ်ပြိုင်နက်တည်း ဟိုကပစ္စည်းတွေဆီသွားပြီး သကာလ ဒုက္ခဝတ္ထုတွေ ဘက်ကို သူကလှည့်လိုက်တယ် (မှန်ပါ)။ လှည့်လိုက်တော့ ဒီခန္ဓာကိုယ်ကြီးက လောဘဆိုတဲ့ သမုဒယ ခိုင်းရာကို မသွားဘူးလား (သွားပါတယ် ဘုရား)။ ပထမအလှည့်ခိုင်းတာကော (သူပါပဲ) နောက်အသွား ခိုင်းတာကော (သူပါပဲ) ကြည့်လဲကြည့်ကွာ သွားလဲသွားအုံးမှာပေါ့။ ကြည့်လဲကြည့်ကွာ ဆိုတာလဲ လောဘပဲ။ သွားလဲသွားအုံးမှပေါ့ဆိုတာကော (လောဘပါပဲ)။

လောဘဆိုတဲ့ သမုဒယသတ္တိ

အကြည့်ခိုင်းတာလဲ ဒုက္ခဝတ္ထုအကြည့်ခိုင်းတာ နောက်ကျတော့ ဒကာ ဒကာမတွေ ဒုက္ခမှုကိုပဲသွားပြီး ကြည့် ကွယ် ပြောလိုက်ကွ၊ ဆိုလိုက်ကွ ကိုယ်ကိုယ်တိုင်လဲလုပ်ကွ သူတစ်ပါး တိုက်တွန်းနှိုးဆော် တန်တာကိုလဲ နှိုးဆော်ကွ ဒါမှ မင်းသည်ကားလို့ဆိုရင် ဟိုလူစိတ်မချ၊ ဒီလူစိတ်မချနဲ့ အပူတွေ အကုန်ကပ်မယ်။ ဒါဘယ်သူ့ သတ္တိပါလိမ့် (လောဘ သမုဒယ သတ္တိပါ)။

လောဘဆိုတဲ့ သမုဒယသတ္တိဟာ ဒကာ ဒကာမတို့ ဘယ်လောက်များ ဆိုးသတုန်း (ဆိုးပါတယ် ဘုရား)။ ဒုက္ခဝတ္ထု ဒုက္ခမှုကို စုဆောင်းဆည်းပူးနဲ့နေရာမှာ ခင်ဗျားတို့ကို အေးအေးချမ်းချမ်း ဘဝင်ကျကျနဲ့ စားကောင်းသောက် ကောင်းနေဖို့ရာ ပေးတာမဟုတ်ပါဘူး။

အဲဒါကလေး ဝမ်းထဲရောက်လာရင်နော် (မှန်ပါ)။ စားကောင်းသောက်ကောင်း နဲ့ တစ်ခါတည်း ကျန်းမာရေးပြည့်စုံပြီး သကာလ ဘဝင်အေးအေးနဲ့ နေဖို့ ပေးမလို့ လာတာမဟုတ်ပါဘူး (မှန်ပါ)။ ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်းပေးဖို့လာတာမှတစ်ပါး သူ့သတ္တိ ဘာမှမရှိဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ ပေါ်ကြ ရဲ့လား (ပေါ်ပါတယ်)။

ဒါဖြင့် သူ့ကိုသတ်တဲ့နည်းကို ဆရာဘုန်းကြီးက ဘုရားဟောတဲ့အတိုင်း မပေးတော့ပါဘူးဆိုရင် ဒကာ ဒကာမတို့ သူကလဲ ပုထုဇဉ်သန္တာန်မှာ အနုသယသဘောနဲ့ ကိန်းနေတော့ ဘယ်အခါမှ ဒီဒကာ ဒကာမတွေ ဒုက္ခဝတ္ထုတွေနဲ့ခွဲလို့ ရမှာမဟုတ်ပါဘူး (မဟုတ်ပါဘူး ဘုရား)။ ဒုက္ခမှုတွေနဲ့လဲ အားမှာ မဟုတ်ဘူး (မှန်ပါ)။ ဒါလောက်ထိတောင် ဆိုးဝါးပြီး သကာလ ကျုပ်တို့ကို အနေဆိုးနဲ့ အသေဆိုးလမ်းပဲ သူသည် စီမံတော့မှာပဲဆိုတာဖြင့် အားလုံး ဒကာ ဒကာမတွေ ငြင်းဆန်စရာမရှိအောင် မှန်တယ်လို့ မှတ်လိုက်ပါ (မှန်ပါ)။ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာဖြစ်စဉ်နဲ့ ရှင်းပြမယ်

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခန္ဓာဖြစ်စဉ်နဲ့ ရှင်းပြမယ်၊ ဟောဒါက ခန္ဓာငါးပါး၊ ဒီဘဝတဲ့ ခန္ဓာငါးပါး ထားပါအုံးတော့နော် (မှန်ပါ)။ ဒီဘဝမှာ ခန္ဓာငါးပါးကြီး ရထားတယ်ဆိုကြပါစို့နော် (မှန်ပါ)။ ဒီခန္ဓာငါးပါး ကြီးထဲမှာ အိုစေတတ်တဲ့တရား မပါဘူးလား (ပါပါတယ်)။ နာစေတယ်တဲ့ တရားကော (ပါပါတယ် ဘုရား)။ သေစေတတ် တဲ့တရား (ပါပါတယ် ဘုရား)။

ခန္ဓာငါးပါးကြီးက ဒုက္ခသစ္စာကိုးဗျ (မှန်ပါ)။ အိုတဲ့တရား၊ နာတဲ့တရား၊ သေတတ်တဲ့တရား ဘယ်သူမှထည့်ပေး တာမဟုတ်ဘူး၊ သူယူလာတာ (မှန်ပါ)။ အဲဒီခန္ဓာငါးပါးထဲက ဒုက္ခသစ္စာတွေ ပေါက်ဖွားလာတယ်ဆိုတာ သဘောကျ ကြပါတော့ (ကျပါတယ် ဘုရား)။

သူ့ကို ပေါက်ဖွားအောင် ဘယ်သူက လုပ်သတုံးလို့ ဒီခန္ဓာငါးပါးကြီးကို ဘယ်သူက လုပ်သတုန်းလို့ မေးတဲ့အခါ ကျတော့မှ ပဋိစ္စသမုပ္ပာဒ် စေတနာလေးနဲ့ ခန္ဓာကြီးကို ကြည့်လိုက်တဲ့အခါ ကံကလုပ်တယ် (မှန်ပါ)။

ကောင်းပြီ ဒကာ ဒကာမတို့။ ကံက ဒီခန္ဓာကို လုပ်လိုက်တယ်နော်။ အခုရှိနေတဲ့ ဒီခန္ဓာကြီးကို ကံကလုပ်လိုက် တယ်ဆိုတာ ငြင်းဖို့မလိုပါဘူး (မှန်ပါ)။ ငြင်းဖို့မလိုပါဘူးတဲ့။ ကုသိုလ်ကံက လုပ်ရင် လူနတ်ဗြဟ္မာ၊ အကုသိုလ် ကံကလုပ်လို့ ရှိရင် ငရဲပြိတ္တာ တိရစ္ဆာန် အသူရကာယ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။ ဒါဖြင့် ကံကလုပ်တဲ့ ခန္ဓာကြီးပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။

အဲဒီတော့ ကံကလုပ်တဲ့ ခန္ဓာကြီးထဲမှာ အိုဘေးဆိုး နာဘေးဆိုး၊ သေဘေးဆိုးပါမပါ (ပါပါတယ် ဘုရား)။ ဘဝကို ရောက်စေတတ်တဲ့ ကံဟူသရွေ့ဖြင့် အားလုံး ဒကာ ဒကာမတွေ အကောင်းမဟုတ်သေးဘူးဆိုတာ မှတ်ကြပါ တော့။ ဒီဒုက္ခသစ္စာပဲ လာတာပဲ (မှန်ပါ)။

ခန္ဓာ့ဝဋ်မှ ကျွတ်ရပါ၏ လို့သာ လုပ်ကြစမ်းပါ

ဒါကြောင့် ဘာကံပဲလုပ်လုပ် ဒါနကံ၊ သီလကံ၊ လုပ်ချင်တဲ့ကံလုပ် ခန္ဓာဖြင့် မရပရစေနဲ့။ ခန္ဓာ့ဝဋ်မှ ကျွတ်ရပါ၏ လို့သာ လုပ်ကြစမ်းပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ခန္ဓဝဋ်ကျွတ်ရပါလို၏ဆိုတဲ့ ဉာဏ်သွားနဲ့ ခန္ဓာ ဒုက္ခသစ္စာ ကြီး မရချင်ပါဘူး သူ့ကို ရသည်နဲ့ တစ်ပြိုင်နက်တည်း အိုဘေးဆိုး၊ နာဘေးဆိုး၊ သေဘေးဆိုးနဲ့တွဲဝင်လာတယ် (မှန်ပါ)။ ကျုပ်တို့ စိတ်ချလက်ချ နေချိန်ရှိသေးရဲ့လား (မရှိပါဘူး)။ ဘယ်မှာ စိတ်ချရတာ ရှိသတုန်း နေပူလဲသူ့အတွက် စိတ်မချရ ဘူး။ မိုးရွာတော့ (စိတ်မချရပါဘူး)။

အစားအသောက်တွေ ပေါများလာပြန်ရင်ကော (စိတ်မချရပါဘူး)။ ဟေ့ ပေါတိုင်း သိပ်မစားနဲ့နော် ဒုက္ခရောက်လိမ့် (မှန်ပါ)။ ရှားသွားပြန်တော့လဲ ရှားသွားပြီ နောက် သူခက်လိမ့်မယ်တဲ့၊ ပေါလဲစိတ်မချရ ဘူး (မှန်ပါ)။ ရှားပြန်ကော (စိတ်မချရပါဘူး)။ နေပူပြန်ကော (စိတ်မချရပါဘူး)။ လေတိုက်ပြန်ကော (စိတ်မချရပါဘူး)။ ဘာဖြစ်လို့ စိတ်မချရတာတုံးလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ စိတ်မချရတာကြီး ရထားတာကိုး။ ဒုက္ခသစ္စာကြီးရထား တယ် (မှန်ပါ)။

သူ့အထဲက ပေါက်ဖွားလာလိမ့်မယ်။ သူက လေထိမခံ၊ နေထိမခံ (မှန်ပါ)။ လေထိ နေထိရင် သူ့အထဲကပဲ ပေါက်မှာပဲ ကိုစောမောင်၊ လေထဲ နေထဲကပါ လာတယ်လို့ချည့် အောက်မေ့မနေနဲ့ (မှန်ပါ)။သူ့အထဲက ပေါက်ဖွားလာတဲ့ ရောဂါ ဗုံးထဲက ပါလာတဲ့ ဗုံးဆန်က ပေါက်ဖွားတာလို့ မှတ်ပေတော့ (မှန်ပါ)။

ဗုံးပျက်စီးအောင် ဗုံးဆန်က လုပ်တယ်ပေါ့ဗျာ (မှန်ပါ)။ ခန္ဓာကြီး ပျက်စီးအောင် ခန္ဓာထဲမှာပါတဲ့ အိုဘေးဆိုး နာဘေးဆိုး၊ သေဘေးဆိုးဆိုတဲ့ အဆန်တွေက လုပ်တာ (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ)။

ခန္ဓာဇာတ်သိမ်းတဲ့ အလုပ်ကို လုပ်ကြ

အဲဒါကြောင့် ခန္ဓာရကြောင်း အလုပ်ကို မလုပ်ပဲ ခန္ဓာဇာတ်သိမ်းတဲ့ အလုပ်ကို လုပ်ကြဆိုတာ ဒါနလုပ်လုပ် သီလလုပ်လုပ် အားလုံးလုပ်ပါ၊ ဘယ်ဟာကိုမှ ဆရာဘုန်းကြီးတို့က မကန့်ကွက်ပါဘူး ခန္ဓာရကြောင်းလောက်တော့ မလုပ်ကြပါနဲ့ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာထဲမှာ ဗုံးကြီးကွဲတာ ဗုံးဆန်ကြောင့်ဆိုတဲ့ ဗုံးဆန်စံနက် တန်တွေကြောင့် အတွင်းမှာပါတဲ့ ယမ်းတွေကြောင့် ဗုံးကြီးပါတစ်ခါတည်း သံလုံးကြီးနဲ့ လုပ်ထားတာတောင်မှ ဖြန်းခနဲ ကွဲရတယ် (မှန်ပါ)။ ဒီမှာလဲ သူ့ထဲပါတဲ့ ဇရာ၊ မရဏ လက်ချက်နဲ့ ဒီခန္ဓာကြီးဟာ ဗရပွာကျဲရတယ်၊ မကျဲရဘူးလား (ကျဲရပါတယ် ဘုရား)။ အဲဒါ ခန္ဓာ ဆုတောင်းရင် ဒီကျဲမှုချည်းရမှာပဲ (မှန်ပါ)။

တခြားဘာရစရာ ရှိသေးသတုံး (ဘာမှမရှိပါ ဘူး)။ ဘာမှမရှိလို့ ခန္ဓာသည် သူများမနှိပ်စက်ရင် သူ့ဟာသူ နှိပ်စက်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာဘယ်သူလုပ်ပါလိမ့် (ကံကလုပ်တာပါ ဘုရား)။ ဒီကံက ဘယ်ကံမျိုးတုန်းလို့ မေးတော့မှ ဒါနကံ၊ သီလကံ၊ ဘာဝနာကံ ဆိုပေမယ့်လဲ ဒီကံက ဒုက္ခသစ္စာ မဖြစ်တဲ့ပုဂ္ဂိုလ်၏ ဒုက္ခသစ္စာရချင်တဲ့ ပုဂ္ဂိုလ်၏ကံ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဘယ်သူလုပ်တဲ့ ကံပါလိမ့် (ဒုက္ခသစ္စာရချင်တဲ့ ပုဂ္ဂိုလ်၏ ကံပါ)။ ဒုက္ခသစ္စာတိုရအောင် လုပ်ချင်တယ် လူ့ဘဝ နတ်ဘဝကိုသာ တောင်းတဲ့ ဘဝဂါမိကံလို့ မှတ်ကြစမ်းပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူဗုံးဆန်နဲ့သူကွဲရတော့မယ်

ဒါဖြင့် ကိုစံလှတို့နဲ့တကွ အားလုံးတရားတစ်ပွဲလုံး ဒီကံလုပ်လို့ရှိရင် ဒါမှ ရမှာပဲဆိုတာ မငြင်းမဆန်ပဲ မမှန်သေ ဘူးလား (မှန်ပါတယ် ဘုရား)။ ဒါဖြင့် သူဗုံးဆန်နဲ့သူကွဲရတော့မယ် (မှန်ပါ)။ ကောင်းကောင်းနေချိန်တော့ (မရပါဘူး)။ မရဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဆိုတဲ့ ဥစ္စာလဲ သူ့ကိုထည့်မပြောရင်မပြီးလို့ ပြောရတယ် လိုရင်းပြော ချင်တာက ယနေ့ သမုဒယသစ္စာ ၁- နံပါတ်ကို ပြောချင်တာပါပဲ။ သို့သော်လည်း သမုဒယသစ္စာဆိုပုံကို သူ့လက်ရာမြင်မှ သူမကောင်းတာကို သိမှာကိုး (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

သူ့လက်ရာမြင်မှ ဘာတုန်း (သူ့မကောင်းတာကို သိမှာပါ ဘုရား)။ သူမကောင်းတာ သိမှာဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ လေးလေးစားစားနာပါ၊ ဝိပဿနာနဲ့ ခင်ဗျားတို့ အလုပ်ဇာတ်သိမ်းပြရမှာဆိုတာကိုလဲ သေသေချာချာ မှတ်ပါ (မှန်ပါ)။

ဒါဖြင့် ဒီခန္ဓာငါးပါး အိုခြင်းဆိုး၊ နာခြင်းဆိုးနဲ့ သေပွဲဝင်ရတဲ့ ခန္ဓာကြီးရောဂါဝေဒနာ ထူထပ်တဲ့ခန္ဓာကြီး အပါယ်ခန္ဓာကြီး တိရစ္ဆာန်ခန္ဓာကြီး ဒီခန္ဓာကြီးဟာ (မှန်ပါ) ဘယ်သူတည်ထောင်လိုက်ပါလိမ့် (ကံကတည် ထောင်ပါ တယ်)။

ဪ-ဒီကံကလဲ ဘယ်ကံပါလိမ့်မတုန်းဆိုတော့ ဆုံးဖြတ်ချက်ချ ဘဝဂါမိကံ (မှန်ပါ)။

ဘာကံပါလိမ့် (ဘဝဂါမိကံပါ ဘုရား)။ ဘဝရောက်စေတတ်တဲ့ ကံကို ဘဝဂါမိကံခေါ်တယ် (မှန်ပါ) သဘော ကျပြီလား (ကျပါပြီ)။

ဘဝကို ခင်ဗျားတို့ မကောင်းပါဘူးဆိုရင် အတင်းမျက်လုံးမှိတ်ပြီး ကောင်းနေတဲ့ ပုဂ္ဂိုလ်မျိုး၏ကံ (မှန်ပါ)။ ကိုပေါ်သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘဝဂါမိကံဆိုတော့

ကိုင်း-ဒါဖြင့် ဘဝဂါမိကံဆိုတော့ ဘဝပြုလုပ်တဲ့ ကံလို့ဆိုရင်ပြီးရောပေါ့ (မှန်ပါ)။ ဒါနလုပ်လုပ်၊ သီလလုပ်လုပ် ခန္ဓာကိုယ်ရောင်းပြီး သကာလ လုပ် ဘဝကျွတ်လွတ်ရေးလုပ်တဲ့ ကံမျိုးဆိုရင် ကျောင်းဆောက်ဆောက် ဘုရားတည်တည် တတ်နိုင်တာလုပ်ကြပါ။ ရှင်းကြပြီလား (ရှင်းပါပြီ)။

အဲဒီတော့ ဒီဘဝဂါမိကံသာ လုပ်ရင်တော့ ခုနင်ကဗုံးကြီးသည် သူ့အဆန်နဲ့ ကွဲရမယ် ကိုစောမောင် (မှန်ပါ)။ ကိုယ့်ဟာကိုယ် ကွဲဖို့လုပ်လာတာ (မှန်ပါ)။

ဒါဖြင့် ကျုပ်တို့ လောကီစကားသုံးကြပါစို့ဆိုတော့ အားလုံး ဒကာ ဒကာမတွေ ကိုယ့်အတတ်နဲ့ ကိုယ်စူးတာပဲ ဆိုရင်တော့ (မလွဲပါဘူး)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်အတတ်နဲ့ ကိုယ့်စူးတာပဲဆိုတာ မောင်မြတို့ သေသေ ချာချာမှတ် (မှန်ပါ)။ သူများအတတ်နဲ့ စူးလို့ရှိရင်တော့ ဟုတ်သားပေါ့။ ကိုယ့်အတတ်နဲ့ ကိုယ်စူးတယ်ဆိုတာ ကျေနပ်ပြီ လား (ကျေနပ်ပါပြီ)။ ကိုယ့်အတတ်နဲ့ ဆိုတာ ဟောဒီ နှစ်ခုစူးတာ (မှန်ပါ)။

ကောင်းပြီ။ ဒါဖြင့် ဒီကံလုပ်တဲ့နှစ်ခုပဲ (မှန်ပါ)။အဘယ်ကြောင့်နည်းဆိုတော့ ဒုက္ခသစ္စာကိုဖြစ်အောင် လုပ်တဲ့ နှစ်ခုပဲ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘာမှ ငြင်းနေစရာမလိုဘူး။ ကမ္မဘဝပစ္စယာဇာတိပဲ။ ပါဠိတော်ထုတ်ရင်လဲ (မှန်ပါ)။

ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။ ဇာတိဆိုတော့ ဇာတိခန္ဓာ ငါးပါးကိုး။ သေချာကြပြီလား (သေချာပါပြီ)။

ဘဝလုပ်နေတာ ဒီကံတွေပဲ

အဲဒီတော့ ဘယ်သူက ဘာပြောနေနေ ဘုရားက ဟောထားတာ မဟုတ်လား (မှန်ပါ)။ ကျုပ်တို့ ခန္ဓာဖြစ်စဉ်နဲ့လဲ ဟုတ်မနေဘူးလား (ဟုတ်နေပါတယ် ဘုရား)။ အဲဒါကြောင့် ဘဝဂါမိ ဘဝလုပ်နေတာ ဒီကံတွေပဲ။ မသိရင်လဲ လုပ်လိမ့် မပေါ့ဗျာ။

မသိတာက ဘာမသိတာတုန်း ဇာတိဆိုတာ ဒုက္ခသစ္စာကို မသိတဲ့ ပုဂ္ဂိုလ်လုပ်လိမ့်မယ် (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။

ဒါဖြင့် ဘဝကို ရောက်စေတတ်တဲ့ ကံတွေလုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဘာမသိတာတုံး (သစ္စာမသိတာပါ)။ ဘာသစ္စာကို သူမသိသတုန်း (ဒုက္ခသစ္စာကို မသိပါဘူး)။ မသိလို့လုပ်တာတော့ ဘုန်းကြီးတို့ မတတ်နိုင်တော့ဘူး။ သဘောကျပြီလား (ကျပါပြီ)။ သာသနာပဆိုရင် ဒီကံမျိုးချည်းပဲ၊ သစ္စာကွယ်သွားပြီ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန် ရောက်ဖို့တွေလုပ်ရမယ်

အဲဒါကြောင့် ဒကာ ဒကာမတွေကို ရဲရဲတင်းတင်းပဲ ဘုန်းကြီးက ဆုံးဖြတ်ချက်ချပေးပါတယ်။ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့နော် သာသနာတွင်း သစ္စာရှိတုန်းလုပ်သွားဖို့ ခင်ဗျားတို့လူလား မြောက်ကြတယ်၊ ဒါကြောင့် နိဗ္ဗာန် ရောက်ဖို့တွေလုပ်ရမယ် (မှန်ပါ)။ သာသနာပဖြင့် ဘဝဂါမိ ကံတွေချည်းသာ ခင်ဗျားတို့ လုပ်ကြမယ် (မှန်ပါ)။ ဒီ့ပြင် ဘာတိုးတက်စရာ ရှိသေးသတုန်း (မရှိပါဘူး ဘုရား)။ မရှိပါဘူးဒုက္ခသစ္စာချည်း ကြိုးစားနေတယ်ဆိုရင်ကော (မလွဲပါဘူး)။ ကံပေါ်ကြပြီလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။

ဆိုးဝါးတဲ့အထဲမှာ ကန်းကုန်နေပါပေါ့လား (မှန်ပါ)။ ဒီကံဟာ ကုသိုလ်ကံလဲ ဘဝလုပ်မှာပဲ (မှန်ပါ)။ ဘဝဂါမိကံ ဘဝရောက်စေတတ်တဲ့ ကံဆိုလို့ရှိရင် ဘဝကိုသာ တောင့်တလုပ်တယ်ဆိုရင်ဖြင့် ကုသိုလ်ကလဲ ဘဝလာမှာပဲ။ အကုသိုလ် ကကော (ဘဝလာမှာပါ ဘုရား)။

အကြိမ်ကြိမ်အဖန်ဖန် စုန်ဆန်ခံစား၍ဆိုတဲ့ ဥစ္စာ မိုက်လုံးသန်ထားတဲ့ ဥစ္စာရှိ-မရှိ (ရှိပါတယ် ဘုရား)။ အစုန်အဆန်ခံစား၍ဆိုတာ မင်းဘာတွေ ခံစားမှာတုန်း ဒုက္ခတွေခံစားမယ် ပြောတာနဲ့ အတူတူပဲဆို တာ သဘောကျပြီလား (ကျပါပြီ)။ သစ္စာမသိတဲ့ဖြစ်တွေ ဘယ်လောက်များ အရုပ်ဆိုးသတုန်း (ဆိုးပါတယ် ဘုရား)။

ကိုစောမောင်-ဘုရားက ငါလဲကွာ၊ သစ္စာမသိခင်တုန်းတော့ သံသရာရှည်လမ်းကိုသာ ဒုက္ခဆက်လမ်းကိုသာ လုပ်နေတာပဲ၊ နောက်သစ္စာသိလာတော့မှ ဘဝသံသရာဆုံးပေတော့တယ် အဓိပ္ပာယ်မျိုး ဟောတာ၊ ဘဝဂါမိကံကို မလုပ်တော့ဘူးပြောတာ။ ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)။

ကိုင်းဒါဖြင့် ဒီကံကြောင့် ဒီဒုက္ခသစ္စာလုပ်တယ်၊ ဒီဘက်က တဏှာဥပါဒါန်ကံဆိုတော့ ဇာတိ ပဋိစ္စသမုပ္ပာဒ် ဟာ ကိုစောမောင် အမြဲတမ်း မဆက်ပေဘူးလား (ဆက်ပါတယ်)။

ကောင်းပြီ ဒီကံတွေဟာ ပြုပြီးအနိစ္စပဲ။ ကံဆိုတာ စေတနာပဲ။ ပြုပြီးရင် စေတနာကလေးဟာ ချုပ်သွားတယ်။ သဘောကျပြီလား (ကျပါပြီ)။ စေတနာကလေးချုပ်ပြီး သကာလ သွားတော့ စေတနာဟာ အဟောသိကံဖြစ်ပါတော့လား ချုပ်သွားပေါ့ပဲ၊ ဒီဒုက္ခသစ္စာကြီးပေါ်ဖို့ရာ လုပ်ဖို့လိုသေးသလား ဆိုတဲ့ မေးခွန်းကော မထွက်သင့်ဘူးလား (ထွက်သင့်ပါ တယ် ဘုရား)။

တဏှာ ဥပါဒါန်က စောင့်ရှောက်တယ်

မပျောက်ပျက်ရအောင် ငါတို့ စောင့်ရှောက်မယ်ဆိုပြီး တဏှာ ဥပါဒါန်က စောင့်ရှောက်တယ် (မှန်ပါ)။ သဘောကျပါလား (ကျပါပြီ)။

ဘယ်သူက စောင့်ရှောက်သတုန်း (တဏှာဥပါဒါန်က စောင့်ရှောက်ပါတယ်)။ ကံတွေ လေလွင့် မသွားရအောင် ငါတို့ စောင့်ရှောက်ထားမယ်ဆိုပြီး စောင့်ရှောက်ထားတဲ့အတွက် စေတနာတော့ ချုပ်ပါရဲ့၊ သတ္တိတွေ ကျန်နေရစ်လို့ ဟောဒီဒုက္ခသစ္စာပေါ်ရတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

စေတနာဆိုတဲ့ နာမ်ဓမ္မကတော့ ချုပ်သွားတယ်၊ သတ္တိက (ကျန်နေပါတယ် ဘုရား)။ အဲဒီသတ္တိတွေကို ဘယ်သူက သိမ်းဆည်းထားတာတုန်း (တဏှာဥပါဒါန်က သိမ်းဆည်းထားပါတယ်)။ တဏှာ ဥပါဒါန်က သိမ်းထားတော့ သူက သမုဒယသစ္စာ။ ဒါကြောင့် ဘယ်သူက ဘာပြောပြော ဒကာ ဒကာမတို့ သူ့လက်ချက်ပဲ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဘယ်သူ့လက်ချက်ပါလိမ့် (တဏှာ ဥပါဒါန်၏ လက်ချက်ပါ ဘုရား)။ တဏှာ- သမုဒယသစ္စာ၏ လက်ချက်။ဒါကြောင့် သမုဒယဿအာယုဟနဌော- ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို စုဆောင်း ဆည်းပူးထားတယ် ဆိုတော့ ဟောဒီဒုက္ခမှုတွေ ကိုပဲ သူက မပျောက်အောင် စုရမှာကိုး။ ဟောဒီ ဒုက္ခဝတ္ထုတွေကိုလဲ ဘယ်အခါမှ ခင်ဗျားတို့နဲ့ မခွဲရအောင် သူက စုဆောင်းထားတယ်(မှန်ပါ)။

ဟောဒီဒုက္ခမှုတွေ မပျောက်အောင်ကော (သူကစုဆောင်းထားပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။ ဒုက္ခဝတ္ထုဆိုတာက ခန္ဓာငါးပါးကြီး၊ ဒီပြင်လဲ အလုပ်အကိုင်တွေပေါ့ဗျာ (မှန်ပါ)။ အဲဒါတွေလဲ မပျောက် မပျက်ရအောင် ဒီဒုက္ခတွေနဲ့ ခန္ဓာနဲ့ မခွဲရအောင်လဲ သူက စုဆောင်းထားတယ် (မှန်ပါ)။ ပေါ်ကြပြီလား(ပေါ်ပါပြီ)။

ခုနင်က ပြောခဲ့တဲ့ဟာတွေ ရှင်းကြပါ၊ ဒီနေ့သဘောပါတယ်လို့သာ မှတ်ပေတော့၊ ကိုစောမောင် သဘောမပါတဲ့ နေ့ရယ်လို့တော့ ဘယ်နေ့မှ မရှိပါဘူး (မှန်ပါ)။ ဒီတဏှာ ဥပါဒါန်-ဥပါဒါန်နဲ့ တဏှာကတော့ တူတူပဲနော်၊ သမုဒသ သစ္စာချည်းပဲ သူတို့က (မှန်ပါ)။

ဘယ်သူက သိမ်းထားလို့တုံး

ကံ-ဇာတိ၊ ဇာတိဆိုတာက ခန္ဓာငါးပါးဖြစ်တော့ကို ဒီကံဟာ ပြုပြီးရင် ခင်ဗျားတို့လဲ ဥပမာ-မနက်ကျရင် ဆွမ်းကျွေးကြတော့မယ်၊ ဆွမ်းကျွေးပြီးရင် ပျောက်သွားတာပဲ။ ဒီစေတနာကလေးတွေက ဆွမ်းကျွေး ပြီးတာတောင် မစောင့်ပါဘူး-ရော့အင့်ဆိုပြီး ကပ်လှူပြီး ခဏချင်း ပျောက်ပျောက်သွားတာပါပဲ (မှန်ပါ)။

အဲဒီစေတနာ ပျောက်သွားလို့ရှိရင်ဖြင့် ဥပမာ ဘဝကိုဖြစ်စေတတ်တဲ့ ကံပဲ ထားပါအုံးတော့၊ စေတနာက ပျောက်သွားပြီ၊ နောက်ဘဝ ဇာတိက ပေါ်အုံးမှာကိုးဗျ (မှန်ပါ)။

အဲဒါဘယ်သူက သိမ်းဆည်းထားလို့ ဒါကြီးဟာ အဟောသိကံဖြစ်မသွားပါလိမ့်မလဲ လို့ မေးခွန်းထုတ်စရာ မလိုဘူးလား (လိုပါတယ်)။ ဘယ်သူက သိမ်းထားလို့တုံး၊ (တဏှာသမုဒယကပါ ဘုရား)။

တဏှာ သမုဒယက ဒုက္ခမှုတွေကို သိမ်းဆည်းထားတယ် (မှန်ပါ)။ တကာ တကာမတို့ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက သိမ်းဆည်းထားသတုံး (တဏှာသမုဒယက သိမ်းဆည်းထားပါတယ်)။ အဲ-တဏှာသမုဒယက ဒုက္ခမှုတွေ သိမ်းဆည်းထားတော့ ဒုက္ခမှုကြီးဟာ ပျောက်စရာမြင်သေးရဲ့လား (မမြင်ပါဘူး)။ ဒုက္ခဝတ္ထုဆိုတာ ခန္ဓာ ငါးပါးကြီးနော် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

၉၆ပါး ရောဂါဝေဒနာအမျိုးမျိုးပေါ့ဗျာ၊ ဒါတွေကို မပျောက်မပျက်ရ အောင် တစ်ခါတည်း ဘယ်သူကများ သိမ်းဆည်းထားပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)။ ဘယ်သူက သိမ်းဆည်းထားပါလိမ့် (တဏှာ သမုဒယက သိမ်းဆည်းထားပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခမှုတွေမပျောက်အောင် သိမ်းဆည်းထားတာလဲ တဏှာသမုဒယ (မှန်ပါ)။ ဒုက္ခဝတ္ထုတွေကို ခင်ဗျားတို့ လေလိုလွင့်မသွားရအောင်၊ ခင်ဗျားတို့နဲ့ ဒုက္ခနဲ့ မကွဲရအောင် ဘယ်သူက သိမ်းဆည်းထားပါလိမ့် (တဏှာ သမုဒယက ပါ ဘုရား)။ ဒါဖြင့် ပင်ရင်းလိုက်တော့ သမုဒယချည်းပဲ (မှန်ပါ)။ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ပင်ရင်းလိုက်တော့ သမုဒယချည်းပဲ

ပင်ရင်းလိုက်တော့ ဘာတွေတွေ့သလဲ (သမုဒယသစ္စာပါ ဘုရား)။

ခင်ဗျားတို့ကလဲ တော်တော်တော့ ဆိုးဝါးတဲ့ လူတွေ။ ကျုပ်က လူတွေ့ရင် ခင်တတ်တယ်လဲ ပြောတတ်တယ်၊ လူတွေ့ ခင်တတ်တယ်ဆိုတော့ ကျုပ်မှာ ဒါပေါ်တယ်ပြောတာ (မှန်ပါ)။ ဒါပေါ်ရင်တော့ ဒါလဲပေါ်ရတော့မယ် (မှန်ပါ)။

သမုဒယပေါ်ရင် ဒုက္ခဝတ္ထုလဲ ပေါ်ရမယ် ဒုက္ခမှုကော (ပေါ်ရပါတယ် ဘုရား)။ အဲဒါကို ခင်ဗျားတို့က မင်္ဂလာလုပ်ပြီး သုံးနေတာပဲ (မှန်ပါ)။ ကိုစောမောင်လူချင်းတွေ့ရင် ဒါမင်္ဂလာစကားထဲမှာ ပါဝင်ကြသလား (ပါဝင် ပါတယ် ဘုရား)။ မပါဘူးလား (ပါပါတယ် ဘုရား)။ ကျုပ်မျက်စိပျက် မျက်နှာပျက်တာ ခင်တတ်တယ် မင်တတ်တယ် အစရှိသည်နဲ့ပြောတာ ကျုပ်မှာ သမုဒယသစ္စာ ရှိတယ်ပြောတာ (မှန်ပါ)။ ကျုပ်ဟာ ဒုက္ခမှုကိုလဲ စုဆောင်းတတ်တယ်၊ အဓိပ္ပာယ်က ဒီမှာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒုက္ခဝတ္ထုတွေကိုလဲ ကျုပ်သည်ကားလို့ဆိုရင် စုဆောင်းတတ်တယ် မပြောသော်လည်း ပြောဘိသကဲ့သို့ မကျဘူး လား (ကျပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

ယသော်ဓရာထေရီမ

ဒီပြင်ဟာကိုမကြည့်ပါနဲ့၊ ယသော်ဓရာထေရီမကို ခင်ဗျားတို့ ကြည့်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ယသော်ဓရာ ဟာ အတိတ်ဘဝပေါင်းများစွာ အလောင်းတော် ငါးစိမ်းသည်မျိုးထဲ ဖြစ်စဉ်အခါတုန်းက ငါးတွေ အသေတွေ အရှင် ဖြစ်လာတဲ့အခါမှာ စိဉ္စမာဏနှင့် အကြင်လင်မယားဖြစ်တုန်းမှာ စိဉ္စမာဏက ငါးတွေကို ခုတ်ထစ်ပြီး ရောင်းချဖို့လာနေတဲ့ အချိန်မှာ အလောင်းတော်က ငါဘုရားဖြစ်မှာဖြင့် ငါးတွေ အရှင်ဖြစ်စေသတည်းလို့ အဓိဋ္ဌာန်လိုက်တော့ အသေတွေက မောင်နိုင် အကုန်အရှင်ဖြစ်တယ်။ ပင်လယ်ထဲ သွန်ခဲ့တယ်။

စိဉ္စမာဏနဲ့ ဘုရားအလောင်းနဲ့ အဲဒီအချိန်မှာ အိမ်ထောင်ကျတယ် (မှန်ပါ)။ စိဉ္စမာဏက ငါးလာခဲ့ လာခဲ့နဲ့ စောင့်ဆိုင်းနေတော့ ဟိုကထမ်းတောင်းချည်း ပြန်လာတဲ့အခါ ဒီက အလုပ်လုပ်မလို့ စောင့်နေတဲ့ စိဉ္စမာဏအလောင်းက စိတ်ဆိုးတယ် (မှန်ပါ)။

မင်းကွာ စောင့်ရတာလဲကြာပြီ၊ ငါးတစ်ကောင်မှလဲ မပါဘူး၊ မင်းဘာဖြစ်လာတာတုန်း မေးတာပဲ (မှန်ပါ)။ မင်းကွာ၊ သာဓုခေါ်တော့၊ ငါဘုရားဖြစ်မှာဖြင့် ငါးသေတွေ ရှင်ပါစေသတည်း။ ငါအဓိဋ္ဌာန်တော့ အရှင်တွေ ဖြစ်လို့ ငါလွှတ်ပစ်ခဲ့တယ်ဆိုတော့ စိဉ္စမာဏအလောင်းက စိတ်ဆိုးပြီး အို-မင်းဘုရားဖြစ်ရင် ငါမကျွတ်ဘူးကွ၊ စိတ်သာ ချတော့ (မှန်ပါ)။

စိတ်ဆိုးပြီး ပြောတာ။ မင်းဘုရားဖြစ်လို့ရှိရင် ငါသည်ကားလို့ဆိုရင် ကျွတ်တမ်းမဝင်ဘူး၊ စိတ်သာချတဲ့၊ သဘောကျပြီလား (ကျပါပြီ)။ မာနတွေ၊ ဒေါသတွေနဲ့ မပြောပေဘူးလား (ပြောပါတယ်)။

အဲ-ပြောခဲ့တော့ စိဉ္စမာဏ သည် အခု ဘုရားဖြစ်လာတော့ ကျွတ်တမ်းဝင်ရဲ့လား (မဝင်ပါဘူး)။ သူက မြေမျိုတဲ့ဘက်က နေတာကိုး(မှန်ပါ)။ အလောင်းတော်က ဘုရားဖြစ်ဖို့ နိဗ္ဗာန်သွားတော့ သူက မြေမျိုတဲ့ ဘက်က နေတယ်(မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

လောကွက်သွားချော်တယ်

အဲဒီမှာ ယသော်ဓရာအလောင်းက ဝင်ပြီးတော့ ဪ တကယ့်သူတော်ကောင်းကြီး၊ ဒီမိန်းမနှယ် ပြောရက်လိုက် ဆိုပြီး သူက ကြားထဲကနေပြီး လောကွက်သွားချော်တယ်။ သူသာ ဘုရားဖြစ်လို့ရှိရင် အလုပ်အကျွေး ဖြစ်ရပါလို၏။ သဘောကျပြီလား (ကျပါပြီ)။

သူဘုရားမဖြစ်မခြင်း အလုပ်အကျွေး ဖြစ်ရပါလို၏လို့ သူကကြားဝင်ခိုတယ်။ သူ့ပါရမီက သိပ်မကြာလှဘဲနဲ့ ပြည့်နိုင်တယ်။ ခုနက ငါးအရှင်တွေ လွှတ်ပစ်ခဲ့တဲ့အလောင်းတော်ကို ခင်မိတဲ့အတွက် လေးသင်္ချေ စောင့်ရတယ် (မှန်ပါ)။ လေးသင်္ချေ ဆိုတော့ ဘယ်လောက် သေရတယ်၊ ဘယ်လောက် ကျေခဲ့ရတယ် ဆိုတာကို အဲဒါဘယ်သူက အသေ အကျေခိုင်းတယ်ဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတော့၊ (တဏှာ သမုဒယက ခိုင်းတာပါ)။ သူဟာ တိုတိုနဲ့ပြီးရမယ့် ဥစ္စာ အရှည်ကြီးသွားဖြစ်တယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ကလဲ အကြင်လင်မယားတွေ ခင်ကြ မင်ကြပြီဆိုမှဖြင့် ဒီအသုံးနဲ့ ဒီအနှုန်းက ခင်ဗျားတို့က တော်တော်များတဲ့ ပုဂ္ဂိုလ်တွေ (မှန်ပါ)။ မများဘူးလား (များပါတယ် ဘုရား)။ များလို့ရှိရင်တောင် တစ်ယောက်က အဝီစိမှာ၊ တစ်ယောက်က ဗြဟ္မာပြည်မှာဆိုရင် ဘယ်တော့ဆုံမိအုံးမှာတုံး (မဆုံမိနိုင်ပါဘူး ဘုရား)။ ဆုံမိဖို့ မလွယ်လှ ကြဘူး၊ ငဲ့နေရင် နိဗ္ဗာန်မရဘဲ ဖြစ်နေမယ်၊ ကိုယ့်လမ်းသာ ကိုယ်သွားဖို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဝေးနေလိမ့်မယ်

ဆွမ်းကွမ်းဒါနစသည်တွေပြုရာမှာ ဟိုဆုတောင်း ဒီဆုတောင်းများ တောင်းမနေကြနဲ့အုံး (မှန်ပါ)။ ဟိုဆုတောင်း ဒီဆုတောင်းဆိုတာဟာ အတူတူ နိဗ္ဗာန်ဝင်ချင်တဲ့ အဓိပ္ပာယ်ရောက်မရောက် (ရောက်ပါတယ် ဘုရား)။ အဲဒီလိုဆိုရင် နိဗ္ဗာန်ဝေးနေလိမ့်မယ် (မှန်ပါ)။

ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်အလှူကိုယ်ရ သူလှူသူရပေါ့။ ဒီလိုမဟုတ်သေးဘူး၊ သမုဒယ က ဟိုဘက်ကမ်းလိုက်အုံး ဒီဘက်ကမ်းလိုက်အုံး အတူတူဖြစ်အောင် စသည်နဲ့ ရှုပ်ပွေကုန်ကြပြီ (မှန်ပါ)။ ရှုပ်တော့ စေတနာချင်းက တူပါ့မလား (မတူနိုင်ပါဘူး)။

ဥပမာ-ကိုယ့်သမီးကလေးက သူက အပျိုအရွယ်ကလေးဖြစ်တော့ သူက စားချင်သောက်ချင်၊ ဝတ်ချင်လှချင်ပချင်တဲ့ဘက်က များတယ်၊ လူကြီးပိုင်းကတော့လဲ ကြီးပွားချင်တဲ့ဘက်က၊ ချမ်းသာချင်တဲ့ဘက်က များတယ်၊ သူတို့ချင်းတူကြရဲ့လား (မတူပါဘူး)။

မတူတော့ စေတနာသဒ္ဓါချင်း အတိမ်အနက်ကွာ နေတော့ သူရောက်မှာက တစ်ဘုံ၊ ကိုယ်ရောက်မှာက တစ်ဘုံဆိုတော့ ဘယ်တော့ပေါင်းဆုံမိနိုင်မှာတုံး (မှန်ပါ)။ ဒီလူချင်းပေါင်းဆုံကြမှ နိဗ္ဗာန်ရောက်မယ်ဆိုရင် ပေါင်းဆုံဖို့ချင်း ခဲယဉ်းနေတာ ဘယ်တော့ နိဗ္ဗာန်ရောက်နိုင်မှာတုံး (မှန်ပါ ဘုရား)။

ရောက်စရာများ မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား)။ အဲဒါခင်ဗျားတို့ ယသော်ဓရာကြည့်ပါ။ ခရီးတိုတိုနဲ့ နိဗ္ဗာန်ရောက်နိုင်တာ လေးသင်္ချေစောင့်ရတယ် (မှန်ပါ)။

ကိုစောမောင် ဒီဟာ ဘယ်သူက လောကွက်ချော်တာနဲ့ ဒီလောက် ကြာသွားရသလဲ (တဏှာသမုဒယကပါ ဘုရား)။ တဏှာ သမုဒယက လောကွက်ချော်လိုက်လို့။ စိဉ္စမာဏကတော့ သူ့ဟာသူဒေါသနဲ့မို့ ထားပါတော့၊ သူက လောကွတ်ကြားက ဝင်ချော်လိုက်တာ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

ကိုစောမောင်တို့ကော လောကွက်များ ချော်ဖူးလားသလား (မချော်ဖူးပါဘူး ဘုရား)။ မချော်ကြနဲ့နော်။ အားလုံး ဒကာ ဒကာမတွေ၊ သားတွေ သမီးတွေ၊ ဆွေတွေမျိုးတွေနဲ့ဆိုတော့ ခင်ဗျားတို့က လောကွက်က အတော်ပေါတဲ့လူတွေ။ မပေါကြဘူးလား (ပေါပါတယ် ဘုရား)။ အဲဒီပေါသရွေ့ဟာ ဘာဖြစ်လို့ထင်ကြသလဲ (သမုဒယကြောင့်ပါ)။ ဒီလိုဆို လိုက်ပါတော့၊ ဒုက္ခရောက်ဖို့သာ ဆိုလိုက်ပါ။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လောကွက်ပေါ်သရွေ့ ဒုက္ခရောက်ဖို့

လောကွက်ပေါ်သရွေ့ ဘာဖြစ်သတုံး (ဒုက္ခရောက်ဖို့ပါ ဘုရား)။ ဒုက္ခသက်ရှည်ဖို့၊ ဒုက္ခရောက်ဖို့မှတစ်ပါး ဘာများပါသေးသလဲ (မပါပါဘူး)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးကို ဘယ်သူပြုပြင်လိုက်ပါလိမ့် (ကံက ပြုပြင်ပါတယ် ဘုရား)။ ဪ-ကံက ကုသိုလ်ကံ၊ အကုသိုလ်ကံ။ ဘဝလုပ်နေတဲ့ ကံက လုပ်နေတယ်(မှန်ပါ)။ ဘဝလွတ် စေတဲ့ ကံကတော့ မလုပ်ပါဘူး(မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီကံတွေ လေလို လွင့်မသွားဘဲနဲ့ ပျောက်ပျက်ရအောင် ဘယ်သူကများ စုဆောင်းဆည်းပူးထားပါလိမ့် (တဏှာ သမုဒယက ဆည်းပူးထားပါတယ်)။

ဒါဖြင့် ဒီကံတွေကို သူက ဘယ်တော့မှ မပျောက်အောင် စုဆောင်းထားတော့ ဒီခန္ဓာကြီးဟာ ဒီကံရှိသရွေ့ ဒီခန္ဓာပေါ်ရတာပဲ (မှန်ပါ)။ မပေါ်ပေးဘူးလား (ပေါ်ပါတယ် ဘုရား)။ ဒါဖြင့် ဒီခန္ဓာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ဒုက္ခသစ္စာကြီးဖြစ်နေတော့ ဒကာ ဒကာမတို့ ဒီဒုက္ခသစ္စာကြီးဟာ ဘယ့်တော့ကုန်နိုင်ပါ့မလဲ (မကုန်နိုင်ပါဘူး)။

သူက စုထားတာကံတွေ မနည်းတာ ဘုန်းကြီးရှင်းပြပါ့မယ်၊ မျက်စိတစ်မှိတ်ခင်ဗျားတို့ ဘုရားကိုရှိခိုး တယ်၊ မျက်စိတစ်မှိတ်ကလေး ဘုရားရှိခိုးတာကို ဘုံဘဝတောင်းတဲ့ စေတနာပေါင်းကလဲ ခင်ဗျားတို့ သန္တာန်မှာ အနည်းဆုံး ကုဋေငါးထောင်လောက်ဖြစ်ခဲ့တယ်။ (မှန်ပါ)။

အဲဒီတော့ စေတနာတစ်ခုက ဘဝတစ်ခု ပဋိသန္ဓေ အကျိုးပေး မယ်ဆိုရင် ကုဋေပေါင်းငါးထောင်လောက် ဖြစ်မယ်ဆိုတော့ ဘယ်မာတုံး မောင်နိုင်-နည်းသလား (မနည်းပါဘူး ဘုရား)။

အဲဒီလိုပဲ အကုသိုလ်တွေဖြစ်နေမယ်ဆိုတော့လဲ အပါယ်က တက်စရာရှိသေးရဲ့လား (မရှိပါဘူး)။ အဲဒီတော့ ဒီကံတွေကို မရောက်အောင်စောင့်ရှောက်သိမ်းဆည်းထားတာ ဘယ်သူတုံး (တဏှာသမုဒယပါ)။

ဒါဖြင့် သူက ဒီကကံက အကျိုးပေးပြီးလို့ရှိရင် သူစုထားတဲ့ ကံက တစ်ကံကို အကျိုးပေးပြန်တာပဲ။ ဒုက္ခဝတ္ထု ချည်းလွှတ်နေတာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကျွတ်လမ်း လွတ်လမ်းရယ်လို့ မြင်သေးရဲ့လား

ဒါဖြင့် ခင်ဗျားတို့ ကျွတ်လမ်း လွတ်လမ်းရယ်လို့ မြင်သေးရဲ့လား (မမြင်ပါဘူး)။ မမြင်ရင် သူ့ကိုသတ်၊ စုမဲ့ လူကိုသတ် (မှန်ပါ)။

ဒါကြောင့် ဘုရားက သမုဒယသစ္စာပယ်ရင် ဒါတွေပြီးတယ်လို့ ဟောတာ၊ မဟောထိုက်ဘူးလား (ဟောထိုက်ပါ တယ်)။ စုထားတဲ့ အစုသမားကိုသာ ကျုပ်တို့က မဂ်ဉာဏ်နဲ့သတ်ပစ်လိုက်ရလို့ရှိရင် မပြီးပေဘူးလား (ပြီးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့-လက်သည်အရင်းမကျဘဲနဲ့ အဖျားတွေ သတ်နေလို့ရှိရင် အညွန့်ပေါက်အုံးမှာပဲ (မှန်ပါ)။ ယခုအရင်းကျကျသတ်ဖို့ ယနေ့ပြပြီဆိုတာကော သဘောကျပြီလား (ကျပါပြီ)။

ဒီခန္ဓာဘယ်ကလာသတုံး (ကံကလာပါတယ်)။ ကံကို ဘယ်သူက စုဆောင်းထားသတုံး (တဏှာသမုဒယ စုဆောင်းထားပါတယ်)။ ဒါဖြင့် တဏှာ သမုဒယကို ကျုပ်တို့ သတ်လိုက်ရလို့ရှိရင် ကံကို နင်သွားတော့လို့ ဆိုဖို့လိုသေးရဲ့ လား (မလိုပါဘူး)။

ဒါကြောင့် နမက္ကာရ ပဏာမမှာရှိသားပဲ ဒကာ ဒကာမတို့၊ ကုသလာကုသလံဇတံ-ကုသိုလ် အကုသိုလ်ကို မဂ်နဲ့ဖြတ်ချလိုက်တယ် (မှန်ပါ)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဘုရားဖြစ်ပြီး နိဗ္ဗာန်သာသွားတော့ တယ်၊ ဘယ်ဘုံ ဘယ်ဌာနမှ မသွားတော့ဘူး။ ဒီကုသိုလ်ရော အကုသိုလ်ရော မဂ်က ဖြတ်ချလိုက်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ နောက်ခန္ဓာပေါ်သေးရဲ့လား (မပေါ်တော့ပါဘူး)။ သဘောပါကြပြီလား (ပါပါပြီ)။

ဒုက္ခပေးမှာ စိုးလို့စွန့်ရတာ

အဲဒီတော့ ကုသိုလ် အကုသိုလ်ကို စွန့်ချင်လို့ စွန့်ရတာလား တကာ တကာမတို့၊ ဘဝဂါမိကံတွေက ဒုက္ခပေးမှာ စိုးလို့စွန့်ရတာလား (ဘဝဂါမိကံတွေက ဒုက္ခပေးမှာစိုးလို့ စွန့်ရတာပါ)။ အဲ-ဘဝပေးမယ့်ကံတွေကတော့ မစွန့်ရင်ဖြစ်ကို မဖြစ်ဘူး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ဘဝဟာသစ္စာ (ဒုက္ခသစ္စာပါ)။ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ယနေ့အသိကြီးသိရတဲ့နေ့ပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ အင်မတန် အဖိုးတန်တဲ့နေ့ပဲ။ ဪ-ဒါဖြင့် ခန္ဓာကြီးက ဒုက္ခသစ္စာ။ ဒုက္ခသစ္စာကို ပေါက်ပွားအောင် လုပ်တာ ၁-နံပါတ်က ကံပဲ။

ကံတွေကို စုဆောင်းပြီး သကာလ အုပ်ချုပ်ထားတာက ဘယ်သူတုံး (တဏှာသမုဒယပါ ဘုရား)။ ဒါဖြင့် တဏှာသမုဒယ ကို ဖြတ်လိုက်ရလို့ရှိရင် ဒကာ ဒကာမတို့၊ ကံတွေဟာလဲ လေလိုလွင့်ပြီး ပျောက်ရုံရှိတော့တယ်။ ခန္ဓာဟာ ကံရှိမှ ပေါ်မှာမို့ ခန္ဓာဇာတ်သိမ်းသွားတယ်ဆိုတော့ ဟောဒီမှာ ကမ္မဝဋ်ကျွတ်၊ ဟာဒီဝိပါကဝဋ်ကျွတ်တယ်၊ ကိလေသဝဋ် ဖြတ်ချလိုက်တာ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ဒီဘက် ကိလေသဝဋ်ကို မဂ်နဲ့ဖြတ်လိုက်တဲ့အတွက် ကမ္မဝဋ်က (ကျွတ်သွားပါတယ်)။ ကံဆိုတာ ကမ္မဝဋ်ပဲကိုး (မှန်ပါ)။ ဝိပါကဝဋ်ဆိုတာက ဒုက္ခသစ္စာကြီးကိုဆိုတာ (မှန်ပါ)။ ဒါလဲ ဘယ့်နှယ်နေကြသတုံး (ကျွတ်သွားပါတယ် ဘုရား)။ ကျွတ်သွားမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

အဲဒီမှာ ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ဆိုတော့ သူတို့မှ မဖြတ်ဘဲနဲ့၊ အဲ-ဘယ့်နှယ်ဝဋ်ဘဝ တိုတိုဖြစ်ပါ့မလဲ။ ဝဋ်က ဒီအတိုင်းဖြစ်နေတာ၊ ဒါက ကိလေသဝဋ်၊ ဒါက ဝိပါကဝဋ်။ သဘောကျပြီလား (ကျပါပြီ)။

ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို

ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ ဆိုတော့ ဒီကိလေသာဝဋ်မှ မဖြတ်ဘဲနဲ့ ဒီကမ္မဝဋ်ကတော့ (မပြတ်ပါဘူး)။ ဒီကမ္မဝဋ်ရှိနေသရွေ့ ကာလပတ်လုံး ဒီဝိပါက ဝဋ်ကလဲ ဒကာ ဒကာမတို့ ဘယ်နည်းနဲ့ ကျွတ်မတုံး (မကျွတ်ပါဘူး ဘုရား)။ ဒီကံက တစ်ခုကုန်လိုက် ဝိပါကဝဋ်က တစ်ခုကျွတ်သွား။ ဒီဘက်ကတစ်ခုကံက အစားထိုးပြန်တာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အဲဒီတော့ ဘီးကြီး လည်နေတာ ရပ်စရာမြင်သေးရဲ့လား (မမြင်ပါဘူး)။

အဲဒါကြောင့် ဒီအထဲမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သမုဒယကို မဟာတဗ္ဗနဲ့ပယ်ကြလို့ ဟောတာ သဘောပါပြီလား (ပါပါပြီ)။ သူ့ပယ်လိုက်လို့ရှိရင် ဒီကံကိုလည်း ပယ်ပြီးသား ဖြစ်တယ်(မှန်ပါ)။ ဒီကံတွေဟာလဲ မလာဖို့ သေချာသွားတယ် (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သမုဒယသစ္စာကို ဘာလုပ်ရမတုံး ဘုရားက ဟောသတုံးဆိုလို့ရှိရင် သမုဒယသစ္စာ ကို ပယ်ရမယ်လို့ဟောတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

သမုဒယသစ္စာကို ဘယ်ဘက်က ထားရမှာတုံး (ပယ်ဘက်က ထားရပါမယ်)။ ပယ်ဘက်က ထားရမယ်ဆိုတဲ့ သဘောလဲ ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။ မပယ်ရင်တော့ဖြင့် ရကိုမရဘူး။ ကျင်ကြီးနည်းနည်း ကျန်ရင် နည်းနည်းနံမှာပဲ (မှန်ပါ)။ များများကျန်ရင် (များများနံမှာပါ ဘုရား)။ ဒီတော့ သူ့ကိုတော့ လုံးလုံးပယ်မှရမယ် (မှန်ပါ)။

တဏှာယောကျ်ားလက်သမား

ဒါကြောင့် ဒကာ ဒကာမတို့၊ ခန္ဓာအိမ်ဆောက်လေသမျှ တဏှာယောကျ်ားလက်သမားလို့ ခင်ဗျားတို့ အနေကဇာ တင်တော့ ဒီပါဠိတော်ပါတာချည်းပဲ (မှန်ပါ)။

တဏှာ ယောကျ်ားလက်သမားက ဘာလုပ်ပါလိမ့် (ခန္ဓာအိမ်ကို ဆောက်ပါတယ်)။ အဲ-ခင်ဗျားတို့က ကံက ဆောက်တယ်လို့ထင်နေလို့ ဘုရားကဟောတယ်။ အရင်းကျကျကတော့ တဏှာယောကျ်ားလက်သမားက ဆောက်တာပဲ။ ဒီခန္ဓာအိမ်ကို (မှန်ပါ)။ ကံက နီးစပ်လို့သာ သူ့ခမျာ ဩဇာခံဖြစ်နေလို့သာ သူက မျက်နှာပြအဖြစ်နဲ့ လုပ်နေတာ။ အရင်းကျကျ လုပ်နေတာက တဏှာအိမ်ရှင်ပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

အိမ်ကို လက်သမားဆောက်တာဟာ အိမ်ရှင်ကငွေပေးခိုင်းလို့ဆောက်ရတာ (မှန်ပါ)။ ထို့အတူပဲ ကံက ခန္ဓာအိမ်ကို ဆောက်တယ်ဆိုပေမယ့် အိမ်ရှင်နဲ့ တူတဲ့တဏှာကခိုင်းလို့ ဆောက်ရတာ (မှန်ပါ)။ ဒီတော့ အရင်းကျကျ ပြောရင် တဏှာဟာ လက်သမားအစစ်ပဲ၊ ဒါကြောင့် တဏှာခန္ဓာအိမ်ဆောက်တဲ့ လက်သမားလို့ လက်သမားအစစ်ကို အမိဖမ်းလိုက်တာ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

လက်သမားက ဆောက်တာလား၊ အိမ်ရှင်ကငွေပေး ခိုင်းတာလား (အိမ်ရှင်က ငွေပေးခိုင်းတာပါ)။ အိမ်ရှင်က ငွေပေးတော့ လက်သမားက မိုးစိုစို၊ နေပူပူ လုပ်ရရှာတာပေါ့ (မှန်ပါ)။ ခင်ဗျား ဒီအိမ် ဆောက်နေသလား-ဟုတ်တယ် ကျုပ်ဒီအိမ်ဆောက်နေတယ်လို့ပြောမှာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

မင်းဘယ့်နှယ်ကြောင့် ဆောက်သတုံးလို့ အရင်းကျကျလိုက်တော့ အိမ်ရှင်ကြောင့် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒီခန္ဓာအိမ်ကို ဘယ်သူဆောက်တာပါလိမ့် (တဏှာဆောက်တာပါ ဘုရား)။ တဏှာဆောက်တာချည်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အိုကွဲ၊ နာကွဲ၊ သေကွဲ၊ မွဲကွဲ၊

ခန္ဓာအိမ်ကို ဘယ်သူဆောက်သတုန်း (တဏှာဆောက်ပါတယ် ဘုရား)။ ဒါဖြင့် တဏှာကဆောက်သရွေ့ ကာလ ပတ်လုံး ခုနကပြောတဲ့ ဗုံးဆန်နဲ့ ဗုံးကြီးသည်ကားလို့ဆိုရင် တစ်ကွဲတည်း ကွဲနေမှာပဲ (မှန်ပါ)။ အိုကွဲ၊ နာကွဲ၊ သေကွဲ၊ မွဲကွဲ၊ မျက်ရည်ကြီးငယ်ကျကွဲချည်း အကုန်ဖြစ်မှာပဲ ဒါကြီးက (မှန်ပါ)။ မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်းလဲ ခင်ဗျားတို့ လူဖြစ်တဲ့အချိန်ကစပြီး သိကြပါပြီ။ ဘယ်အချိန်များ တစ်နေ့လုံး ခင်ဗျားတို့သည်ကားလို့ဆိုရင် အလုပ်လုပ်မဲ့နေရတဲ့အချိန်များရှိသေးသလား (မရှိပါဘူး ဘုရား)။ ဘာမှအလုပ် မရှိရင် ကိုယ့်ခန္ဓာကိုယ်ကို ဟိုပြောင်း ဒီပြောင်း ပြောင်းနေရတယ် (မှန်ပါ)။ ဟိုပြောင်း ဒီပြောင်း ပြောင်းရကတည်းက ချမ်းသာလို့ ပြောင်းတာလား၊ ဆင်းရဲလို့ ပြောင်းတာလား (ဆင်းရဲလို့ ပြောင်းတာပါ ဘုရား)။ ဘယ်သူထည့်လိုက်တဲ့ ဆင်းရဲလဲ သူထဲကပေါက်ပွားလာတာ။ ခန္ဓာထဲက ပေါက်ပွားလာတာ (မှန်ပါ)။

ဆင်းရဲဟူသရွေ့ ဘယ်ကလာသတုံး (ခန္ဓာထဲက ပေါက်ပွားလာတာပါ ဘုရား)။ ဒါဟာ ဒုက္ခသစ္စာမဟုတ်လို့ ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒီဆင်းရဲက ဟိုပြောင်းဒီပြောင်း ဆင်းရဲတဲ့အထဲမှာ ကျင်ကြီးဆင်းရဲ၊ ကျင်ငယ်ဆင်းရဲ ကကော (ပါပါတယ် ဘုရား)။ ရှုမှုရှိုက်မှု ဆင်းရဲကကော (ပါပါတယ် ဘုရား)။ မလာဘူးလား (လာပါတယ် ဘုရား)။ ဆာမှု လောင်မှု ဆင်းရဲကကော (လာပါတယ် ဘုရား)။ ဒကာ ဒကာမတို့၊ ဘယ်နေ့များ ဒီဥစ္စာတွေ ကင်းခဲ့ကြသတုံး မေးကြည့်စမ်း (ဘယ်နေ့မှ မကင်းခဲ့ပါဘူး ဘုရား)။

သို့သော် ခင်ဗျားတို့ အရိယာမျက်လုံးမရတော့ ဒါဟာ ဓမ္မာတာပဲလို့ သွင်းပစ်လိုက်တယ် (မှန်ပါ)။ သဘောပါပြီ လား (ကျပါပြီ)။ ဓမ္မာတာပဲလို့ သွင်းပစ်လိုက်ကတည်းက သူ့တို့စိတ်ထဲမှာ ဒီဥစ္စာချမ်းသာတဲ့ စိတ်ကပါသွားလိုက်သေး တယ် (မှန်ပါ)။ ရှင်းသွားလား (ရှင်းပါပြီ ဘုရား)။

ဒါချမ်းသာတာလား ဆင်းရဲတာလား (ဆင်းရဲတာပါ ဘုရား)။ ကိုစောမောင်ပေါ်ပြီလား (ပေါ်ပါပြီ)။ အဲဒီတော့ ဘယ်နေ့များ အားခဲ့ဖူးသလဲ (မအားခဲ့ပါဘူး)။ ဒါဖြင့် ခန္ဓာရတဲ့အချိန် ကစ၍ ဆင်းရဲလား (မအားပါ)။ ဒါဖြင့် ခန္ဓာရကတည်းက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

နောက်သူကြီးပွား လေလေ ဘာသစ္စာပွားလေလေတုန်း (ဒုက္ခသစ္စာ ပွားလေလေပါ ဘုရား)။ဒီခန္ဓာကြီးလေလေ ဒုက္ခကြီးလေလေမှတ်ပါ (မှန်ပါ)။ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာအိမ် ဆောက်တာ သူပဲတဲ့

ကောင်းပြီ-ဒါဖြင့် အရင်းကျကျဟောတော့ ဒကာ ဒကာမတို့၊ ခန္ဓာအိမ်ကို ဘယ်သူဆောက်သလဲ (တဏှာ ဆောက်ပါတယ် ဘုရား)။ တဏှာယောကျ်ားလက်သမားက ဆောက်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါကြောင့် –

အနေကဇာကိ သံသာရံ၊ သန္ဓာဝိဿံ အနိမ္မိဿံ၊

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိပုနပ္ပုနံ။

ဂဟကာရံ-တဏှာ ယောကျ်ားလက်သမားကို၊ ဂဝေသန္တော-ရှာမှီးသော ငါဘုရားသည်ဆိုတော့ ခန္ဓာအိမ် ဆောက်တာ သူပဲတဲ့ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ)။

ခန္ဓာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။ ဒီတဏှာသာ မစွန့်ဘူးဆိုရင် ဘာတွေချည်း ဆောက်နေမယ် ထင်ကြသတုံး (ဒုက္ခတွေချည်း ဆောက်မှာပါ)။

ဒုက္ခခန္ဓာကြီး တည်ဆောက်မယ်ဆိုတော့ ငရဲခန္ဓာကြီး ဆောက်လိုက်တာကော (သူပါပဲ)။ နတ်ခန္ဓာကြီး-မသာကြီး ချပို့လိုက်တာလဲ (သူပါပဲ ဘုရား)။ ဗြဟ္မာ ခန္ဓာကြီး မသာကြီး ချလုပ်လိုက်တာလဲ (တဏှာပါပဲ ဘုရား)။ သဘောကျပြီလား (ကျပါပြီ)။

ရေထဲမှာမွေး ရေထဲမှာသေတဲ့ ငါးဖြစ်အောင် လုပ်လိုက်တာကော (တဏှာပါ ဘုရား)။ ကိုင်း-ဘယ်မှာတုံး ဒကာ ဒကာမတို့၊ သူလုပ်တဲ့ လက်ချက်ကဖြင့် တစ်ခါတည်းအကောင်းဆို၍ ပြစရာပါသေး ရဲ့လား (မပါပါဘူး)။ ခန္ဓာအိမ်ကိုဘယ်သူဆောက်တာပါလိမ့် (တဏှာပါ ဘုရား)။ တဏှာယောကျ်ား လက်သမား ချည်းပဲ။ လောဘတဲ့။ ရှင်းပြီလား (ရှင်းပါပြီ)။

ကျင့်နည်းကလေးတစ်ခုပြောပါ့မယ်

ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကျင့်နည်းကလေးတစ်ခု သံယုတ်ပါဠိတော်မှာ လာတာကိုး နည်းနည်းကြားဖောက် ၍ ပြောပါ့မယ် (မှန်ပါ)။

သူဟာ ပထမတုန်းကတော့ ခင်ဗျားတို့ ဝမ်းထဲကို လောဘဆိုတဲ့ တရားဟာ ကျွတ်တော် လာပါရစေဆိုပြီး တပည့်အဖြစ်နဲ့ ခိုလာတာ (မှန်ပါ)။

ဝမ်းထဲမှာ ဒကာ ဒကာမတို့၊ တဏှာဟာ မွေးကတည်းက ပါတာမဟုတ်ဘူးနော် (မှန်ပါ)။ နောက်မှအကြောင်း တိုက်ဆိုင်တိုက်ဆိုင်ပြီး ပေါ်လာကြတာ (မှန်ပါ)။ သားခင်တဲ့စိတ်ဟာ သားမရှိခင်ပေါ်တာလား၊ သားရောက်လာမှ ပေါ်တာလား (သားရောက်မှပေါ်တာပါ)။ ဒါဖြင့် အကြောင်းတိုက်ဆိုင်မှ ပေါ်တာပေါ့ (မှန်ပါ)။ သမီးမရှိခင်က သမီးခင် တဲ့စိတ် (မပေါ်ပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့၊ သူဟာ ခန္ဓာကိုယ်ထဲကို ပထမ ဝင်လာတာကတော့ဖြင့် တစ်မျိုးနော် (မှန်ပါ)။ ဝင်လာပြီးလို့ သူသည်ကားလို့ဆိုရင် စီမံပုံက တစ်မျိုးလို့၊ နှစ်မျိုး မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပထမဝင်လာပုံက တစ်မျိုး။ နောက်ဝင်လာလို့ အရာကျယ်ပုံက (တစ်မျိုးပါ ဘုရား)။

အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး တဏှာသတ်နည်း နိဿရည်းကို တိုတိုကလေးနည်းပေးတာ လာသေးတယ် (မှန်ပါ)။ ဘယ်လိုတုံးဆိုတော့ ဆရာမရှိ၊ တပည့်မရှိတဲ့နည်းကို ကျင့်ရင်ပြီးတာပါပဲတဲ့ (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

ဆရာမရှိ၊ တပည့်မရှိတဲ့နည်း

ဘာတဲ့တုံး (ဆရာမရှိ၊ တပည့်မရှိတဲ့နည်းကို ကျင့်ရပါမယ်)။ အဲ-ဆရာမရှိ၊ တပည့်မရှိတဲ့ နည်းကို ကျင့်လိုက် လို့ရှိရင် ကောင်းတယ်လို့ သံယုတ်ပါဠိတော်မှာ သေသေချာချာလာပါတယ် (မှန်ပါ)။

ဆရာမရှိ၊ တပည့်မရှိဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ပထမတော့ဖြင့် လောဘဟာ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ မှာ အောင်းပါရစေဆိုပြီး ရောက်လာတာပဲ (မှန်ပါ)။ တပည့်အဖြစ်နဲ့ ခိုပါရစေပေါ့ဗျာ (မှန်ပါ)။

ကိုစောမောင် လောဘဟာ ခန္ဓာကိုယ်ထဲမှာ ပထမရောက်လာတာကတော့ ခိုကိုးဖို့ရောက်လာတာ။ ကျုပ်ဒီ အထဲနေပါရစေဆိုတဲ့ သဘောနဲ့လာခဲ့တာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အဲဒီအခါတုန်းကတော့ သူဟာဘာတုံး (တပည့်ပါ ဘုရား)။

ရောက်လာသည်နဲ့ တစ်ပြိုင်နက်တည်း မင်းသွားစရာရှိတာ သွားစမ်း၊ လာစရာရှိတာ လာစမ်း၊ ပူစရာရှိတာပူစမ်း၊ လုပ်စရာရှိတာလုပ်ဆိုပြီး ဘယ်သူက ခိုင်းသတုံး (တဏှာကခိုင်းပါတယ်)။ ပထမတုန်းကသာ တပည့်ခံကာ။ နောက်ဩဇာပေးလာတော့ (ဆရာပါ ဘုရား)။

အဲဒါကြောင့် မင်းတို့ အခိုလဲမခံကြနဲ့၊ အခိုင်းလဲမခံနဲ့။ ဆရာလဲ မရှိစေနဲ့၊ တပည့်လဲမရှိအောင် ကျင့်ရင် မင်းတို့ပြီးတယ်ဆိုတော့ အတော်မိတဲ့စကား (မိပါတယ် ဘုရား)။ ဘုရားသခင် ကိုယ်တော်မြတ် ကြီးဟောတဲ့ စကားဟာ ဒကာ ဒကာမတို့ အတော်အဖိုးတန်တယ်ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဘယ်လိုကျင့်ရမတဲ့တုံး (ဆရာလဲမရှိစေနဲ့၊ တပည့်လဲမရှိစေနဲ့)။ ဆရာမရှိ တပည့်မရှိ ကျင့်ရမယ်ဆိုတဲ့ အသွား ကလေးဟာ သိပ်ပေါ်တာပဲ (မှန်ပါ)။ ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခိုကိုးဖို့ရောက်လာလိမ့်မယ်

မိုးလင်းသည်နဲ့ တစ်ပြိုင်နက်တည်း ခင်ဗျားတို့ဆီ ခိုကိုးဖို့ရောက်လာလိမ့်မယ် (မှန်ပါ)။ မိုးလင်းရင် တဏှာ သမုဒယတွေ ခင်ဗျားတို့ဆီ ခိုပါရစေလို့ ရောက်လာလိမ့်မယ် (မှန်ပါ)။ ဝမ်းထဲ၊ ဟဒယဝတ္ထုထဲကိန်းပါရစေပေါ့ဗျာ (မှန်ပါ)။ လာရင်ခင်ဗျားတို့ ဒုက္ခရလိမ့်မယ်လို့ အောက်မေ့မနေနဲ့၊ ပြေးမယ့်သာပြင်ပေတော့ (မှန်ပါ)။

ပြေးတာက ဘယ်ထိအောင် ပြေးရမှာလဲ-အို-နေပူလဲပြေး၊ မိုးရွာလဲပြေးကွ၊ တွင်းပြိုကျမယ်ထင်ရင် ပြေးကွ (မှန်ပါ)။ လမ်းမှာ သူခိုးဓားပြက စောင့်နေလဲ ပြေးသာပြေးကွ (မှန်ပါ)။ ကိုစောမောင် ဆရာဖြစ်ကုန်ပြီ (မှန်ပါ)။

ပထမလာတုန်းကဖြင့် (တပည့်ပါ ဘုရား)။ တပည့်ပဲ။ သူက နဂိုက ဝမ်းထဲမှာ မရှိမှမရှိဘဲ၊ နောက်မှ ကျုပ်တို့ ဝမ်းထဲလာခိုတာကိုးဗျ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ပထမလာခိုတုန်းက တပည့်နော်။ နောက်တော့လဲ စီမံလာတယ်၊ မစီမံဘူးလား (စီမံပါတယ်)။ စီမံလာတဲ့ အခါကျတော့ အကောင်းစီမံသလား-အဆိုးစီမံသလား (အဆိုးစီမံပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ တပည့်မွေးတဲ့ ပုဂ္ဂိုလ်က တော်တော်ကြာ တပည့်ကနေ ဆရာဖြစ်သွားတော့ ကိန်းရာ ပုဂ္ဂိုလ်မှာ ကိုယ်ကျိုးနည်းတယ် (မှန်ပါ)။

ကိန်းရာ ပုဂ္ဂိုလ်မှာ ကိုယ်ကျိုးနည်းတယ်

ကိန်းရာပုဂ္ဂိုလ်မှာ ဘာဖြစ်ပါလိမ့် (ကိုယ်ကျိုးနည်းပါတယ် ဘုရား)။ ကိုယ်ကျိုးနည်းတယ်ဆိုတာ သဘောပါပြီလား (ပါပါပြီ ဘုရား)။

အဲဒါဘုန်းကြီးပြောတဲ့ စကားဟာ ခင်ဗျားတို့ နက်ဖြန်မိုးလင်းလို့ရှိရင် သူအရင်လာလိမ့်မယ် (မှန်ပါ)။ သူသာ ဝင်လာရင် မပေါ့နဲ့တော့ ဒကာ ဒကာမတို့၊ ခင်ဗျားတို့က ပြေးမယ်သာပြင်။ မပြေးရပေဘူးလား (ပြေးရပါတယ်)။ ဒီနေရာတော့ မထိုင်ရတော့ဘူး စိတ်သာချ။ ဒီအိမ်မှာ ထမင်းကျက်တာ၊ မကျက်တာ မစောင့်နိုင်ဘူး (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ)။

ဒီအိမ်မှာ ဘာဟင်းကောင်းချက်ထားထား စောင့်နိုင်ပါ့မလား (မစောင့်နိုင်ပါဘူူး)။ သူရောက်လာသည် နဲ့ တစ်ပြိုင်နက်တည်း အတင်းခိုင်းလိမ့်မယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အတင်းခိုင်းတော့ ဘယ်နေရာ ခိုင်းမှာတုံး အမောဆိုက်တဲ့နေရာ ခိုင်းလိမ့်မယ်(မှန်ပါ)။

ကိုစောမောင် ဘယ်ခိုင်းမယ်ထင်သတုံး (အမောဆိုက်တဲ့နေရာခိုင်းမှာပါ)။ ကိုစံလှ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒကာ ဒကာမတွေ၊ ထမင်းဟင်းစောင့်မနေနိုင်ဘူး။ ဟိုမှာ ငါ့သမီးက နေမကောင်းဘူးတဲ့၊ ငါအဲဒီကို ပြေးလိုက် အုံးမယ်ဆိုတော့ ပထမ ခင်စိတ်ကလေး ရောက်လာတယ်။ ခင်စိတ်ကလေးက ရောက်လာပြီးမှ အပြေးခိုင်းလိုက်တယ် (မှန်ပါ)။ မခိုင်းဘူးလား (ခိုင်းပါတယ်)။ ထမင်းတွေ ချက်ထားတယ်၊ စားစရာ သောက်စရာတွေ အများကြီးပဲ စားသောက် ပြီးမှ သွားပါလား-အို-မနေနိုင်ဘူးကွယ်။ အငတ်ခံပြေးမယ် (မှန်ပါ)။ မပြေးရပေဘူးလား၊ ပြေးရသလား (ပြေးရပါတယ် ဘုရား)။

မမာရင် နေမကောင်းဘူး၊ ခေါင်းကိုက်တယ်။ အို-ကိုက်ချင်ကိုယ်၊ လမ်းမှာပဲသေသေ၊ ပြေး(မှန်ပါ)။ ဘယ်သူက ခိုင်းတာတုန်း (တဏှာကခိုင်းတာပါ ဘုရား)။ ဒါဖြင့် သူက ဆရာလုပ်သွားတယ် (မှန်ပါ)။ ဝင်လာတုန်းကတော့ (တပည့် အဖြစ်နဲ့ ဝင်လာပါတယ်)။

နဂိုကရှိနှင့်တာ မဟုတ်ဘူး

ခင်ဗျားတို့ဆီ ကိန်းပါရစေ အောင်းပါရစေဆိုပြီး ဝမ်းထဲရောက်လာတယ်။ နဂိုကရှိနှင့်တာ မဟုတ်ဘူး ကိုစောမောင် (မှန်ပါ)။ သူလဲ လက်ခံမိပါရော ကိုစောမောင် ကျုပ်တို့ ဗလချာရမ်းဖို့ သေချာလိုက်တာ (မှန်ပါ)။ မနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား)။ ဟိုခိုင်းဒီခိုင်း၊ ဟိုပြေးဒီပြေး၊ ရှေ့လဲအပြေးခိုင်းသေးတယ်၊ နောက်လဲ စိတ်မချလို့ ပြောသေးတယ်ဆိုတော့ လမ်းမှာ ဟပ်ထိုးလဲ မသေတာ ကံကောင်းလို့မှတ် (မှန်ပါ)။

တချို့ ဒကာ ဒကာမတွေ-သွားကြ လာကြတဲ့အခါ ရှေ့လဲ မသွားမပြီးလို့ သွားရမှာပဲ။ နောက်ကော စိတ်ချရရဲ့ လား (မချရပါဘူး)။ ရှေ့လဲ မသွားဘဲ နေလို့ရရဲ့လား (မရပါဘူး)။ ဘယ်လောက်ထိအောင် ဒုက္ခပေးသတုံး (ပေးပါတယ် ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဘယ်လောက်ထိအောင် ဒုက္ခပေးတယ်ဆိုတာ ခင်ဗျားတို့ ကိုယ်တွေ့ပါ ဒကာ ဒကာမတို့၊ ဘုန်းကြီးက ပြောတာ မဟုတ်ပါဘူး။ ရှေ့လဲမသွားမပြီး။

နောက်လဲ သားတွေသမီးတွေ စီးပွားရေးကလဲ ပြောစရာ ဆိုစရာတွေကရှိလို့ စိတ်မချ လက်မချနဲ့ ကာလဒေသနဲ့မိုး ဆိုပြီး သကာလ နောက်လဲ စိတ်ချရဲ့လား (မချပါဘူး)။ လွန်လှချည့်လား ကိုစောမောင်၊ (လွန်ပါတယ် ဘုရား)။ အပြေးခိုင်းတာလဲသူပဲ-နောက်ပြန်ပြီး အပူခိုင်းတာကော (သူပါပဲ ဘုရား)။ ဒါလောက်ဆိုးတဲ့ မိတ်ဆွေများ ခင်ဗျားတို့ တွေ့ဖူးကြရဲ့လား (မတွေ့ဖူးပါဘူး ဘုရား)။ ဒါကိုခင်ဗျားတို့ တစ်သံသရာလုံး ပေါင်းလာတာဟာ သူ့ကြောင့်ကောင်းကောင်းမသိလို့ (မှန်ပါ)။

ခန္ဓာငနွားဆိုတာ ခိုင်းတာလုပ်နေရလို့

တစ်သံသရာလုံး ပေါင်းလာတာ ဘာဖြစ်လို့ပါလိမ့် (သူ့အကြောင်း ကောင်းကောင်း မသိလို့ပါဘုရား၊ ဒီအထဲ ဆရာဘုန်းကြီး အကူအညီနဲ့ ခင်ဗျားတို့သိလာပြီ (မှန်ပါ)။ ရှေ့ကပြေးခိုင်းတာလဲ (သူပါ ဘုရား)။ နောက်ပြန်ပြီး စိတ်မချ ခိုင်းတာကော (သူပါ ဘုရား)။

သွားလဲအသွားခိုင်းသေးတယ်၊ သွားခိုင်းလို့ရှိရင်လဲ အသွားချည်းခိုင်းပါက တစ်လုပ်ထဲ လုပ်ရလို့ ဒီခန္ဓာ ငနွားဟာ တော်သေးတယ် (မှန်ပါ)။ ခန္ဓာငနွားဆိုတာ သဘောကျပြီလား (ကျပါပြီ)။ ခန္ဓာငနွားဆိုတာ ခိုင်းတာလုပ်နေရလို့ (မှန်ပါ)။

ရှေ့အပြေးခိုင်းတာလဲ ဘယ်သူလဲ၊ တဏှာပဲ။ နောက်စိတ်မချနဲ့လို့ဆိုပြန်တာကော (တဏှာပါ ဘုရား)။ တဏှာ ပဲဆိုတော့ ဒီခန္ဓာငနွားက ဒကာ ဒကာမတို့ ဘာများတော်လှန်နိုင်သေးသတုံး (ဘာမှမတော်လှန်နိုင်ပါဘူး)။ ဘယ်သူစီမံရာ လိုက်နေရသတုံး) (တဏှာ စီမံရာလိုက်နေရပါတယ် ဘုရား)။ ဆရာစီမံရာကို လိုက်နေရတယ်။ သဘောပါပြီလား (ပါပါပြီ)။

ဪ-ခင်ဗျားတို့ ဒီဆရာသာ ပေါင်းမိရင်တော့ဖြင့် သွားပါပြီ၊ ခင်ဗျားတို့ သုံးဆယ့်တစ်ဘုံမှာ ခြေရာချင်း ထပ်တော့မယ်။ အလောင်းချင်း ထပ်တော့မယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။ ဒီဆရာကင်းရင်ဖြင့် ခင်ဗျားတို့ လွတ်လပ်ရေးရပြီ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုစံလှ-သမုဒယဆရာကင်းရင် (လွတ်လပ်ရေး ရပါပြီ ဘုရား)။ သူ မကင်းသရွေ့ကာလပတ်လုံး (လွတ်လပ်ရေး မရပါဘူး ဘုရား)။

ပြောနေလိုက်ကြတာ ဟိုအိမ်များရောက်တဲ့အခါ ဟိုအိမ်မှာ ပြောတာကတစ်ဖုံ၊ ဒီအိမ်မှာ ပြောတာက တခြား၊ မအားကြတာတွေ ကိုစောမောင် (မှန်ပါ)။ ဘာတွေ စုပြောနေတယ်ဆိုတာ ခင်ဗျားတို့ အထူး မပါပါဘူး။ မအားကြတာ ပြောနေကြတာပဲ (မှန်ပါ ဘုရား)။

တဏှာလက်ချက်ဆိုတာ ပေါ်ပြီလား

ကျောက်ဈေးမကောင်းဘူးလား- မကောင်းလို့ဘဲ ပိုလုပ်နေရတယ်။ ကောင်းပြန်တော့လဲ ကောင်းလို့ရတုန်း ရခိုက်မို့ ပိုလုပ်ရတယ် (မှန်ပါ)။ ဒီလိုနဲ့ အားသေးရဲ့လား (မအားပါဘူး)။ ဒါဖြင့် ရှားလဲမအားဘူး၊ ပေါ်လဲ (မအားပါဘူး)။ ဘယ်သူလက်ချက်လဲ (တဏှာ လက်ချက်ပါ ဘုရား)။ တဏှာလက်ချက်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။ ဒါဖြင့် သူ မသေသရွေ့ကျုပ်တို့ နွားအဖြစ်မှ လွတ်မှာ မဟုတ်ပါဘူး (မလွတ်ပါဘူး)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဘယ့်နှယ်လုပ်မလဲ ဦးမူးကြီးတို့၊ ခေါင်းဖြူအရွယ်ကြီးတွေ ခိုင်းပြန်တုန်းပဲလားလို့ မေးချင်သေးတယ် (ခိုင်းပြန် တုန်းပါ ဘုရား) ခိုင်းပြန်တုန်းပဲဆိုလို့ရှိရင် ခင်ဗျားတို့သည်ကား ကိုယ့်စိုးကိုယ်ပိုင်နေနိုင်တဲ့ သဘောကော ပါပါရဲ့လား (မပါပါဘူး)။ ဘယ်လောက် ဆိုးဝါးတယ်ဆိုတာ ရှင်းပြီလား (ရှင်းပါပြီ)။ ဒါဖြင့် ကိုယ့်စိုး ကိုယ်ပိုင်မနေနိုင်တာသည် ဘယ်သူ့အုပ်ချုပ်ရေးအောက်မှာ နေရလို့လဲ (တဏှာ့အုပ်ချုပ်ရေးအောက်မှာ နေရလို့ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ကိုင်း-ဒကာ ဒကာမတို့၊ ဒီဥစ္စာသည်ကားလို့ဆိုရင် နိုင်ဝန်လား၊ မနိုင်ဝန်လား (မနိုင်ဝန်ပါ ဘုရား)။ ခင်ဗျားတို့ ဘေးကနေကြည့်ပါ။ နွားကလေးနှစ်ကောင်က ပိန်ပိန်၊ လှည်းပေါ်မှာ တင်ထားတာက အချိန်သုံးရာကျော်ထားပါ တော့။

ခင်ဗျားတို့ ဘေးကနေ ကြည့်မယ်ဆိုရင်ကွာ- နွားမှအားမနာဘဲ လှည်းသမား မိုက်လိုက်တာကွ-ဆိုပြီး ဘေးကနေ ကြည့်ရင်သိပါတယ်။ နွားသမားကို ခင်ဗျားတို့ အပြစ်မတင်ချင်ဘူးလား (တင်ချင်ပါတယ်)။ နွားကပိန်ပိန် ကုန်ချိန်က သုံးရာ- သုံးရာ့ငါးဆယ်လောက် တင်ထားတယ်ဆိုတော့ လွန်မနေဘူးလား (လွန်ပါတယ်)။ ဒါက မြူနီစီပယ်မျာဆိုရင်သ သုံးရာတောင်မှ တင်ရတာမဟုတ်ဘူး၊ ဖမ်းတယ် မဟုတ်လား (မှန်ပါ)။

နွားပိန်ထက် ဆိုးသေးတယ်

ဒီမှာလဲ ခင်ဗျားတို့က အဲဒီနွားပိန်ထက် ဆိုးသေးတယ်၊ သားဝန်ကလဲ (ကိုယ့်အပေါ်တင်လိုက်)။ ခင်ပွန်းတာဝန် ကတော့ (ကိုယ့်အပေါ်တင်လိုက်)။ အိမ်ဆောက်ဖို့တာဝန်ကော (ကိုယ့်အပေါ် တင်လိုက်ပါပဲ)။ တွင်းတွေတာဝန်ကော (ကိုယ့်အပေါ်တင်လိုက်ပါပဲ)။ ဟာ ခင်ဗျားတို့ နွားပိန်ထက်ဆိုးတယ် (မှန်ပါ ဘုရား)။ မဆိုးဘူးလား ဆိုးသလား (ဆိုးပါတယ် ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ၊ ဒါတောင်မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလဲ ဟေ-ရှိပါသေးတယ်ကွာ၊ ငါ့တာဝန်ချည်းပဲ ဆိုပြီး သကာလ တစ်ခါတလေကျတော့လဲ အိပ်ရာထဲမှာ အသက်ရှုသံအတော်ပြင်းတယ် (မှန်ပါ)။ အိပ်ရာထဲမှ အသက်ရှူ သံသိပ်ပြင်းတယ် မပြင်းကြဘူးလား (ပြင်းပါတယ်)။ ဘာဖြစ်လို့တုံးဆိုတော့ မနိုင်ဝန်ကြီးထမ်းနေရတော့ ရှေ့တွေးလဲ မနိုင်တော့ဘူး၊ နောက်ကထမ်းနေရတာလဲ (မနိုင်ဝန်ပါ ဘုရား)။ အဲဒီမှာ သက်ပြင်းကြီးများချလိုက်တဲ့အခါ ဘေးကလူက တော့ သိတယ်၊ ဪ-တော်တော်ဆိုးနေပြီ-အိပ်ရာထဲမှာ ရုန်းနေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်မှာ ရုန်းနေတာတုံး (အိပ်ရာထဲမှာ ရုန်းနေတာပါ)။ ကြောက်စရာကြီးပါလား ဒကာ ဒကာမတု့ိ။ ပေါ်ကြပြီ လား (ပေါ်ပါပြီ ဘုရား)။

ဒီဥစ္စာ တဏှာတင်ပေးတဲ့အတိုင်း အကုန်တာဝန်ခံထမ်းတာ ကိုစောမောင် (မှန်ပါ)။ ပထမတုန်းကတော့ အိမ်ထောင်ကျစတုန်းကတော့ ကိုယ့်တစ်ယောက်နဲ့ တစ်ယောက်ဝန်ပဲ ထမ်းပါတော့မယ်ဆိုတုန်းကတော့ တော်တော် ပေါ့သေးတယ်၊ နောက်ကျတော့ သားတွေ သမီးတွေတိုးလာတော့ (လေးလာပါတယ်)။ မြေးတွေ မြစ်တွေတိုးလာတာ့ ကော (ပိုလေးပါတယ် ဘုရား)။ သေခါနီးလေ ဝန်လေးလေပဲ (မှန်ပါ)။

ဘယ်လိုဆိုကြမလဲ (သေခါနီးလေ ဝန်လေးလေပါ ဘုရား)။ ဒီဝန်တွေကိုချပြီး မသေနိုင်လို့ရှိရင် သေခြင်းကောင်း လား၊ သေခြင်းဆိုးလား (သေခြင်းဆိုးပါ ဘုရား)။

တဏှာအရှင်သခင်ကြီးကို

အဲ-တဏှာအရှင်သခင်ကြီးကို ခင်ဗျားတို့က ဪ-နှိပ်စက်ပါပေရဲ့လို့ ညည်းမိရဲ့လား (မညည်းမိပါဘူး ဘုရား)။ ကံမကောင်းလို့ပြောသေးတယ်၊ ကံနဲ့ချည်းဆိုင်နေတာ မဟုတ်သေးဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ကံနဲ့ ဘာဆိုင် သတုန်း၊ ဒီမှာကြည့်ပါအုံး ဒကာ ဒကာမတို့၊ ကံက လက်သည်ရင်း မဟုတ်သေးပါဘူး။ တဏှာဆောက်ထားတဲ့ ခန္ဓာလို့ ဘုရားကဟောထားပြီး မဟုတ်လား (မှန်ပါ)။

ကျုပ်တို့ သန္တာန်ထဲမှာ ကြည့်ရင်လဲ ဟုတ်နေပြီမဟုတ်လား (မှန်ပါ)။ ဒီအထဲမှာ သေချာနေလျက်သားနဲ့ မရောင်ရာ ဆေးလိမ်းတဲ့ ဒကာ ဒကာမတွေမို့ ကံမကောင်းတော့ ကျုပ်မှာ ကြည့်ပါဗျာ-ထမ်းလိုက်ရတဲ့ ဝန်ထုပ်ကြီး။

ကျုပ်အဘိုးကြီးဗျ၊ ဒီအချိန်ဆိုရင် ကျောင်းနဲ့၊ ကံနဲ့၊ ဘုရားနဲ့၊ ဝတ်ဖြူစင်ကြယ်နဲ့၊ ညောင်ရေအိုး နဲ့ အချိန်ရောက်ပြီဗျ။ ကံမကောင်းလို့တဲ့။ ဘယ်မှာကံကိုသွားပြီး အပြစ်ချနေတာတုံး တဏှာက ကိုယ့်ကျောပေါ် အကုန်တင်ထားလို့ အကုန်ဒုက္ခရောက်နေတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုယ်ကကျောပေါ်တင်ထားတာ

သားသမီးတွေကလဲ မလိမ္မာဘူးဗျ၊ ဘယ်သူကမှလဲ-တစ်ခါတည်း သေကံကလေးရလောက်အောင် တစ်ခါတည်း ကိုယ့်ချည်းမှီနေကြတာပဲတဲ့- ကိုယ့်ချည်းမှီနေတာ မဟုတ်ဘူး၊ ကိုယ်ကကျောပေါ် တင်ထားတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ့်ချည်းမှီတာလား- ကိုယ်ကကျောပေါ်တင်တာလား (ကိုယ်က ကျောပေါ်တင်တာပါ)။

ကင်းမြီးကောက်များ မြင်ဖူးရဲ့လား မောင်နိုင်(မြင်ဖူးပါတယ် ဘုရား)။ ကင်းမြီးဥဆိုလို့ရှိရင် ကင်းမြီးကောက် ကလေးတွေဟာ မနည်းဘူး။ အဲဒါကလေးတွေ ကင်းမြီးကောက်ကလေးတွေကို ကျောပေါ်တင်ပြီး သကာလ ကိုစောမောင် ပြေးရရှာတယ်။

တစ်ကောင်ကျရင် အမြီးကလေးနဲ့ ပြန်ကောက်ပြီး ကျောပေါ်တင်တာပဲ။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ တစ်ကောင်မှ အပျောက်မခံနိုင်ဘူး၊ သူကျောပေါ်တင်ပြေးရမှ သူကျေနပ်တယ်(မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဘာဖြစ်လို့တုံးဆိုတော့ ခင်လွန်းလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။ သူ့မှာ မလေးဘူးလား လေးသလား၊ (လေးပါတယ်)။ လေးပေမယ့် ဝန်ထုပ်အကျခံနိုင်ရဲ့လား (မခံနိုင်ပါဘူး)။

ဒီမှာလဲ ညည်းသာညည်းနေတာ၊ ဒကာ ဒကာမတွေက ခွဲပါဆိုတော့ (မခွဲနိုင်ပါဘူး ဘုရား)။ ကင်းမြီးကောက် ဖြစ်နေပြီပဲ-ကျောပေါ်ချည်းတင်နေတယ် (မှန်ပါ)။ ရိပ်မိပြီလား(ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ခင်ဗျားတို့ဟာ သူများပေးတဲ့ ဝဋ်လား၊ သမုဒယပေးတဲ့ ဝဋ်လား (သမုဒယပေးတဲ့ ဝဋ်ပါ ဘုရား)။

ဒါဖြင့် လူတွေ သေတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဒီဟာပေါ် သမုဒယသစ္စာမသတ်နိုင်ဘဲနဲ့ သေမယ့် ပုဂ္ဂိုလ်ဟူသရွေ့သည် ဝန်ပိသေချည်းမှတ်ပါ(မှန်ပါ)။

ဝန်ပိသေချည်းပါ

ဘယ်လိုမှတ်ကြမယ် (ဝန်ပိသေချည်းပါ ဘုရား)။ သားဝန်လဲသူ့အပေါ်တင်၊ သမီးဝန်လဲသူ့အပေါ်တင်၊ မြေးဝန် တွေ (သူ့ပေါ်တင်ပါတယ်)။ ဆွေဝန်မျိုးဝန်တွေ (သူ့အပေါ်တင်ပါတယ် ဘုရား)။ သူအဲဒီဝန်တွေကို ကျေနပ်လောက် အောင်လုပ်ပြီး သေတာလား။

ဒါတွေ စိတ်မချလက်မချနဲ့ သေတာလား (စိတ်မချလက်မချနဲ့ သေတာပါ ဘုရား)။ ဒါဖြင့် ဝန်ပိသေတာပေါ့(မှန်ပါ)။ ဒီမသာ ဘာမသာခေါ်မလဲ စဉ်းစားကြစမ်းပါ၊ များသောအားဖြင့် အပါယ်သွားမယ့် မသာ။ မသာဆိုးလို့သာမှတ် (မှတ်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘာမသာလို့ဆိုမလဲ (မသာဆိုးပါ ဘုရား)။ အိုသေခြင်းဆိုးမသာလို့ဆိုလိုက် (မှန်ပါ)။ ရှင်းသွားပြီလား (ရှင်းသွားပါ ပြီ)။ ဝန်ပိသေတဲ့ မသာကိုး။ တခြားမသာများ ရှိသေးရဲ့လား (မရှိပါဘူး)။

အဲဒါ ခင်ဗျားတို့ သူ့အလောင်းကြည့်ပြီး လှလိုက်တာလို့များ လုပ်မနေနဲ့၊ ဟိုမှာ ဝန်ပိသေနေပြီ (မှန်ပါ)။ အတော်ဆိုးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီသမုဒယမသေသရွေ့ ကင်းမြီးကောက်လို အကုန်ကျောပေါ်ချည်းတင်နေမှာပဲ ခင်ဗျားတို့ (မှန်ပါ)။ ကင်းမြီးကောက်ဟာ တစ်ရာနှစ်ရာမွေးတာ ကိုစောမောင် တစ်ကောင်မှ ကျောပေါ်က အကျမခံနိုင်ဘူး။ သူ့ကျောပေါ်တင်ပြီးပြေးတာပဲ (မှန်ပါ)။

ကဲ-မောင်နိုင်ရေ သမုဒယဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား)။ ကိုင်း ဒကာ ဒကာမတို့၊ သူ့လက်အောက်မှာ ကျုပ်တို့ သေခြင်းဆိုးနဲ့ သေခဲ့ရတာ ဘဝပေါင်း ဘယ်လောက်ရှိသလဲ (မရေတွက် နိုင်ပါဘူး ဘုရား)။ ဒီတစ်ခါတော့ဖြင့် မင်းလောက်ဆိုးတဲ့လူ တစ်ယောက်မှ မရှိဘူး။ မင်းကို သပိတ်မှောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးကို မရောက်လို့ရှိရင် ခင်ဗျားတို့သွားပြီ (မှန်ပါ)။ မသွားပေဘူးလား (သွားပါတယ်)။

သူ့သတ်နည်းကလေး

အဲဒီတော့ ဒကာ ဒကာမတို့၊ သူ့သတ်နည်းကလေးကိုပဲ သူ့အပြစ်တွေကဖြင့် ကြီးတာသေချာပါပေါ့။ မသေချာ ဘူးလား (သေချာပါတယ် ဘုရား)။ ကိုင်း ဒါဖြင့် သူ့ကို သတ်နည်းကလေး လုပ်လိုက်ပြန်လို့ရှိရင်ပဲ ဟောဒီကံဟာလဲ သူအုပ်ချုပ်တဲ့ကံဖြစ်သောကြောင့် သူ့အဖော်ပဲ (မှန်ပါ)။ သဘောကျပြီလား(ကျပါပြီ)။

တဏှာ၏ အဖော်တွေဟာ ထောင့်ငါးရာ ကိလေသာဆိုတာ တဏှာကတော့ သူတစ်ခုပါပဲ၊ အဖော်တွေက များနေတာ (မှန်ပါ)။ ဒီမာနဟာလဲ သူ့အဖော်ပဲ။ ဒိဋ္ဌိဟာကော (သူ့အဖော်ပါ ဘုရား)။ သူ့အဖော်ပေါင်း ဘယ်လောက်ရှိသတုံး (ထောင့်ငါးရာရှိပါတယ်)။

အဲဒီထောင့်ငါးရာအဖော်တွေနဲ့တကွ ကျုပ်တို့အပေါ်မှာ အုပ်ချုပ်တယ်(မှန်ပါ)။ ဒကာ ဒကာမတို့ တစ်ယောက်တည်း အုပ်ချုပ်နေတယ်များ အောက်မေ့မနေပါနဲ့ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လောက်များ အုပ်ချုပ်နေတာတုံး (ထောင့်ငါးရာ အုပ်ချုပ်နေတာပါ)။ ထောင့်ငါးရာ အစေအပါးတွေနဲ့ တကွ အုပ်ချုပ်ပြီးခံနေရတဲ့ ကျုပ်တို့ ကျွန်ခန္ဓာအစစ်ပါ (မှန်ပါ)။

ဘာခန္ဓာပါလိမ့် (ကျွန်ခန္ဓာပါ)။ သူက တစ်ယောက်တည်း နှိပ်စက်နေတာလား အဆွယ်အပါးနဲ့တကွခိုင်းပြီး နှိပ်စက်တာလား (အဆွယ်အပွားနဲ့တကွခိုင်းပြီး နှိပ်စက်တာပါ)။ အဆွယ်အပွားနဲ့တကွ ခိုင်းပြီး နှိပ်စက်တယ်ဆိုတာကော သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ အဆွယ်အပွားလဲ-ဖြစ်ပျက်ရှု၊ မာနလာလဲ ဖြစ်ပျက်ရှု၊ ဣဿာလာလဲ (ဖြစ်ပျက်ရှုရ ပါမယ်)။ လောဘလာမှသာ ရှုမယ်လို့မဆိုနဲ့၊ မာနလာရင်လဲရှု၊ ဣဿာလာရင်လဲရှု- စိတ်ပျံ့လွင့်တဲ့ ဥဒ္ဓစ္စလာရင်ကော (ရှုရမှာပါ ဘုရား)။ ဒေါသလာရင်လဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။ သူ့စေအပါးတွေပဲ အကုန်သာရှု (မှန်ပါ)။ သူ့လက် အောက်က သူက ကျေးဇူးပြုလိုက်တာ သူက လုပ်လွှတ်လိုက်တာချည်းကိုးဗျ (မှန်ပါ)။ လိုချင်လို့ရထားတဲ့ မာနတက်တာ ကိုးဗျ။ သူ့အဖော်အပေါင်း ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒီအဖော်တွေကိုလဲ ဘာလုပ်ကြရမလဲ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီအဖော်တွေကိုလဲ ဘာလုပ်ကြရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။ ပင်ရင်းလာရင်လဲ (ဖြစ်ပျက်ရှုရပါမယ်)။

ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ မဂ်ဉာဏ်က ဘယ်နေရာ ဝင်လာသတုန်းလို့ မေးတဲ့အခါ ကျတော့ ဒကာ ဒကာမတွေ-နေ့တိုင်းပြနေကျအတိုင်းပြတော့၊ ဒါက တဏှာ ဥပါဒါန်။ ဒီကနေပြီး ကြားဖြတ်လိုက်တော့ ဒီကံက အဟောသိကံဖြစ်တယ်(မှန်ပါ)။ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒီခန္ဓာပေါ်သေးရဲ့လား (မပေါ်ပါဘူး)။ မပေါ်တော့ ဘူး။ သူက ဖြစ်ပျက်ဖြစ်သွားတော့ တဏှာသဘောစွန့်သွားပြီ (မှန်ပါ)။ မစွန့်သေးဘူးလား (စွန့်ပါတယ် ဘုရား)။ သူ ဘယ်သဘောရောက်သွားသတုံးဆိုတော့ ဖြစ်ပျက်ဒုက္ခသစ္စာဘက် ရောက်သွားတယ် (မှန်ပါ)။ သူ့ကို ဖြစ်ပျက်ဒုက္ခသစ္စာ ဘက် ရောက်သွားတယ် (မှန်ပါ)။

သူ့ကို ဖြစ်ပျက်ဒုက္ခသစ္စာလို့သာရှု (မှန်ပါ)။ ရှုလိုက်တော့ကို သူကဖြစ်ပျက်၊ သူက မဂ်ဖြစ်သွားတယ် (မှန်ပါ)။ မဂ်ဖြစ်တော့ ဒီဘက်ကကံတွေဖြတ်ချလိုက်တယ် (မှန်ပါ)။ ကံဖြတ်တော့ ဒီကခန္ဓာက ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား)။ ပြတ်သွားတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ဟောဒီကံ သမုဒယလဲဆုံးပေါ့၊ ဒုက္ခခန္ဓာကြီးလဲဆုံးပေါ့ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

အကုန်လာသမျှ ရှု

ဒါဖြင့် ဒကာ ဒကာမတို့၊ တဏှာတင်ဖြစ်ပျက်မရှုနဲ့၊ ဣဿာ မာနစသည် အကုန်လာသမျှ ရှု (မှန်ပါ)။ မရှုလို့ ရှိရင် သူ့ခေါင်းဆောင်ကြီးက ကွယ်ပုန်းပြီး တစ်ခါတလေ မာနကို သူကခိုင်းချင်ခိုင်းထားတာ (မှန်ပါ)။

ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်မှုကိုကော (ခိုင်းပါတယ်)။ ထိနနမိဒ္ဓလာလဲ သူ့အဖော်ပဲနော် (မှန်ပါ)။ သူတို့ကလဲ သံသရာရှည်အောင် လုပ်တာပဲ။ ကုသိုလ်တွေအကုန်နားလိုက်ကွာ (မှန်ပါ)။ ထိနမိဒ္ဓကလဲ ကုသိုလ်တွေ အကုန်နားလိုက်ကွာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

မာနကလဲ ဒကာ ဒကာမတို့၊ လောဘရှိတဲ့ပုဂ္ဂိုလ်ဟာ မာနမရှိဘူးလား (ရှိပါတယ်)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒေါသဆိုတာလဲ ဒကာ ဒကာမတို့။ လိုချင်မှုအကြောင်းရင်းခံပြီး ဒေါသဖြစ်တာပဲရှိတယ် (မှန်ပါ)။ လိုချင်ထား တာကလေး ကိုယ်ယူထားတော့ကို ကိုယ့်နေရာလာပြီး ကျယ်ကတ်ကတ်လုပ်တော့ ဒေါသက မလားဘူးလား (လာပါ တယ်)။ သို့သော် လောဘက အစကိုးဗျ။ ဒီတော့ သူ့အဆွယ်အပွားတွေဆိုတာ ကျေနပ်ပြီလား (ကျေနပါပြီ)။

ဒကာ ဒကာမတို့၊ ဒိပြင် ပျင်းရိတာကလေးလာလဲ ဘယ့်နှယ်ကြောင့် ပျင်းရိတာတုံးဆိုတော့ ခန္ဓာကိုယ်ခင်တဲ့ လောဘကြောင့်လဲ ပျင်းရိတယ်(မှန်ပါ)။ ခန္ဓာကိုယ်ကြီး သိပ်ပင်ပန်းကုန်တော့မယ် ဆိုပြီး သကာလ ပျင်းရိတဲ့အဓိပ္ပာယ် ကောမပေါ်ဘူးလား (ပေါ်ပါတယ်)။

သူ့အဆွယ် အပွားပေါင်း ဘယ်လောက်ရှိသတုံး

ဒါဖြင့် ဘယ်သူ့အဆွယ်အပွားဆိုကြမလဲ (လောဘရဲ့အဆွယ်အပွားပါ)။ သူ့အဆွယ် အပွားပေါင်း ဘယ်လောက်ရှိသတုံး (ထောင့်ငါးရာပါ ဘုရား)။

အဲ-ထောင့်ငါးရာလာသရွေ့၊ မကောင်းတဲ့ စိတ်လာသရွေ့ အကုန်ဖြစ်ပျက်ရှု။ ရှုလိုက်တော့ဖြစ်ပျက် မဂ်ဆိုတော့ ဒီဘက်မှာ ကံလာသေးရဲ့လား (မလာပါဘူး)။

ကံမလာတော့ ဒီကခန္ဓာကော (မလာပါဘူး)။ ခန္ဓာမလာတော့ ဒီပုဂ္ဂိုလ်သည်ကားလို့ဆိုရင် သမုဒယငြိမ်း၍ ဒုက္ခငြိမ်းတယ် (မှန်ပါ)။ ဒီဘက်က ဒုက္ခသစ္စာတွေကော (ငြိမ်းပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

ကဲယနေ့ ဒီတွင် တော်ပါအုံး။

သာဓု…သာဓု…သာဓု