13711

မာတိကာသို့

သမုဒယသစ္စာ၏ နိဒါနဋ္ဌသဘော (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌

ဟောကြားတော်မူသော

သမုဒယသစ္စာ၏ နိဒါနဋ္ဌသဘော (၁)

အလုပ်ပေးတရားတော်

(၂၈-၆-၁၉၆၀)

သံသရာဆိုတာ

မနေ့ကဟောပြီးလို့ ဒကာ ဒကာမတို့လဲ သိပါပြီ။ ဇာတိသံသရာ၊ ဗျာဓိသံသရာ၊ မရဏသံသရာ ဒီလေးခု မှတ်ထားလိုက်လို့ရှိရင် ဪ -သံသရာဆိုတာ ဇာတိကစပြီး ဇရာသွားတာကိုး။ ဇရာကနေပြီး ဗျာဓိအနာနှိပ်စက် တဲ့ဆီ သွားတာကို သံသရာခေါ်တာကိုး။

အနာနှိပ်စက်တဲ့ဆီကသွားပြန်တော့လဲ အသေဆီသွားပြန်တော့ ဪ အသေ ဘက်လှည့်ပြန်ပြီ၊ အသေသံသရာ ပေါက်ကနေပြီး သူဘက်ထွက်သွားပါလိမ့်မတုန်း ဆိုတော့ အနေသံသရာဆိုတဲ့ ဇာတိပြန် ပြန်လှည့်တယ် (မှန်ပါ)။ မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား)။ အဲဒါဘာခေါ်ကြမလဲ (သံသရာပါ ဘုရား)။

ဪ-ဒါဖြင့် သံသရာတော့သိပြီ ဒကာ ဒကာမတို့။ ဒီသံသရာထဲကို ကျုပ်တို့ ဒုက္ခစက်ကြီး မပြတ်လည်နေ လောက်အောင် ဘယ်သူများ လုပ်ပါလိမ့်မလဲလို့ လက်သည်ကို ရှာလိုက်တဲ့အခါကျတော့မှ ဒကာ-ဒကာမတွေ သမုဒယ သစ္စာသွားပြီး တွေ့တယ် (မှန်ပါ)။

နိဒါနဋ္ဌော ဆိုတာ

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်လိုဟောသတုန်းဆိုတော့ သမုဒယဿ နိဒါနဋ္ဌောတဲ့။ နိဒါနဋ္ဌော ဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ ဒုက္ခဝတ္ထု ဒုက္ခအစုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ်ဆောင်းနှင်းစေ တတ်တဲ့ အနက်သဘောသည် လည်းကောင်းတဲ့ (မှန်ပါ)။

သမုဒယသစ္စာက မင်းဒီဒုက္ခပြီး ဒီဒုက္ခကို ငါပေးမယ်၊ ဒီဒုက္ခပြီးရင် ဒီဒုက္ခပေးပါမယ်ဆိုပြီး သကာလ သူ့စွမ်းရည် သတ္တိဟာ ဒါပဲလို့ ဒကာ ဒကာမတွေက မှတ်ထားလိုက်စမ်းပါ (မှန်ပါ)။

ဪ- သမုဒယသစ္စာသည် ဘာများလုပ်တတ်ပါလိမ့်မတုန်းဆိုတော့ တစ်ခုသော ဒုက္ခပေးပြီး တစ်ခုသော ဒုက္ခ သတ်ဖို့ပဲ။ ဒုက္ခစက်ကြီးကိုလည်အောင်၊ ပတ်အောင်လုပ်နိုင်တာ ဘယ်သူပါလိမ့်မလဲလို့ ဒကာ- ဒကာမတွေ လက်သည် ရှာ (သမုဒယသစ္စာပါ ဘုရား)။

အဲဒီတော့ သမုဒယ လက်သည်အစစ်ပါပဲဆိုတာ ဒကာ-ဒကာမတွေ လောဘဆိုတဲ့ သမုဒယဟာ လက်သည် အစစ်ပါပဲဆိုတာ မှတ်ထားလိုက်တာပေါ့။ သို့သော် သူသည် ဘယ်ပုဂ္ဂိုလ်မျိုးကို ပေးပါလိမ့်မလဲ-ဘယ်ပုဂ္ဂိုလ်မျိုးကိုပေးပါ လိမ့်မလဲဆိုတဲ့ ဥစ္စာ ဒီစကားနှစ်ခွန်းကို ဒကာ-ဒကာမတွေ မှတ်ရလိမ့်မယ် (မှန်ပါ)။

ဒုက္ခစက်ကြီးကို လည်အောင် ဘယ်ပုဂ္ဂိုလ်က ဒုက္ခစက်လည်အောင် ပေးနိုင်တယ်၊ ဘယ်ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက် လည်အောင်မပေးနိုင်ဘူး ဆိုတာလဲ နှစ်မျိုး ရှိသေးတယ်လို့ မှတ်ရမယ် (မှန်ပါ)။

ဒုက္ခစက်ကို လည်အောင် ပေးနိုင်တယ် ဆိုပေမယ့် လူတိုင်းကိုလည်အောင် ပေးသလားကွလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့် သူ့ကို အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကို ဒုက္ခစက်လည်အောင် ပေးတယ်(မှန်ပါ)၊ သူ့ကို မကောင်းမှန်းသိတဲ့ပုဂ္ဂိုလ် ကျတော့ ဒုက္ခစက်လည်အောင် မပေးနိုင်တော့ဘူး (မှန်ပါ ဘုရား)။ ရှင်းပြီးလား (ရှင်းပါပြီ)။

ဒုက္ခပေးလေ့၊ အပ်နှင်းလေ့ရှိ

သမုဒယသစ္စာတဏှာ လောဘကို အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာပေးလေ့၊ အပ်နှင်းလေ့ရှိတုန်း (ဒုက္ခပေးလေ့၊ အပ်နှင်းလေ့ ရှိပါတယ်)။

ကောင်းပြီ-သမုဒယကို ဪ -မင်းသည်ကားလို့ဆိုရင် မကောင်းတဲ့တရားပဲလို့သိတဲ့ ပုဂ္ဂိုလ်ကျပြန်တော့လဲ သူ့ကို ပယ်လိုက်တဲ့အတွက် ဒုက္ခစက်ကြီးလည်ဖို့ အရေးကို၊ ဒုက္ခပေးတဲ့အရာကို ဇာတ်သိမ်းပစ်လိုက်တယ် (မှန်ပါ)။ ထူးခြားကြပြီလား (ထူးခြားပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ မှတ်ပါ၊ တနေ့ သူ့စွမ်းရည်သတ္တိကျယ်လွန်းလို့ တော်တော်နဲ့ မကုန်နိုင်ဘူး၊ သူ့စွမ်းရည်သတ္တိနော် (မှန်ပါ)။

ကိုင်း-သမုဒယသစ္စာသည် ဒုက္ခသစ္စာကိုလည်အောင် လုပ်နိုင်တဲ့စွမ်းရည်သတ္တိတွေသိကြတော့ သူ့စွမ်းရည် သတ္တိပဲဆိုတာ ဒကာ-ဒကာမတွေ သိကြတော့ ဒီလူတိုင်းပဲ သူလုပ်နိုင်သလားလို့မေးလျှင် ဘယ့်နှယ်ဖြေကြမလဲ (လူတိုင်း တော့ မလုပ်နိုင်ပါဘူး ဘုရား)။ လူတိုင်းတော့ မလုပ်နိုင်ဘူးလို့ ဒကာ ဒကာမတွေက မှတ်ပါ။

ဘယ်သူ့ကို လုပ်နိုင်တယ်၊ ဘယ်သူ့ကိုမလုပ်နိုင်ဘူးဆိုတာကလေး ထူးထူးခြားခြားမှတ်ပါ (မှန်ပါ)၊ အဲ-သူ့ကိုအကောင်းမှတ်ပြီး ပေါင်းသင်းတဲ့ပုဂ္ဂိုလ်၊ မိတ်ဆွေကောင်းမှတ်ပြီး ပေါင်းသင်းတဲ့ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက်လည်အောင် လုပ်ပေးတယ်။ သူ့ကိုအကောင်းမဟုတ်ဘူး လို့သိတဲ့ ပုဂ္ဂိုလ်ကျတော့လဲ (ဒုက္ခစက်လည်အောင် လုပ်မပေးဘူး)။

အထင်လွဲတဲ့ပုဂ္ဂိုလ်မှာ ဒုက္ခပေး

ဒါဖြင့် ဒကာ ဒကာမတို့ အပေါင်းလွဲတဲ့ပုဂ္ဂိုလ်ကို ဒုက္ခပေးတယ် (မှန်ပါ)။ အထင်လွဲတဲ့ပုဂ္ဂိုလ်မှာ ဒုက္ခပေးတယ်။ အထင်မှန်တဲ့ ပုဂ္ဂိုလ်ကျတော့ (ဒုက္ခမပေးပါဘူး)။

အဲဒါကြောင့် ဒကာ- ဒကာမတို့ သမုဒယသစ္စာတဏှာ လောဘဆိုးတယ် ဆိုးတယ်ဆိုပေမယ့်လဲ အားလုံး အပေါ် မှာ ဆိုးနိုင်ပါသလားဆိုတဲ့ မေးခွန်းဟာ ထွက်လာတယ်။ အားလုံးအပေါ်မှာ မဆိုးနိုင်ဘူးနော် (မှန်ပါ)။

ဒကာ-ဒကာမတို့ ဘယ်လိုမှန်ကြမယ်(အားလုံးအပေါ်မှာ မဆိုးနိုင်ပါဘူး ဘုရား)။ သူ့ကိုမကောင်းထင်တဲ့ လူ အတွက်မှာဖြင့် (မဆိုးနိုင်ပါဘူး)။ ဟာ-မင်း-မကောင်းဘူးလို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ (မဆိုးနိုင်ပါဘူး)။

ဒါဖြင့် သူ့ကို သမုဒယသစ္စာလို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက်လည်အောင် လုပ်မပေးနိုင်တော့ဘူး။ သူ့ကို သမုဒယသစ္စာမဟုတ်ဘူး။ သူရှိလို့ ကျုပ်တို့သည်ကားလို့ဆိုရင်ဖြင့် ပျော်ပျော်ပါးပါးနဲ့၊ စားစား သောက်သောက်နဲ့ အိမ်ထောင်တွေကျ။ အမျိုးမျိုးအဖုံဖုံတွေ ပျော်ရပါးရ။ သူရှိနေသေးလို့ တော်ပဲတော်သေးတယ် ဆိုပြီး သူနဲ့ပျော်နေတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက်လည်အောင် လုပ်ပေးတယ်(မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကိုယ့်ကိုယ်အကဲခတ်နိုင်တဲ့နည်း

ကောင်းပြီ၊ ဒါဖြင့် ဒကာ-ဒကာမတို့ ကိုယ့်ကိုယ်အကဲခတ်နိုင်တဲ့နည်းကို ယနေ့ခင်ဗျားတို့ ထူးထူးခြားခြား ပြော ပါတယ် (မှန်ပါ)။ ကိုစံလှ ကိုယ့်ကိုယ် အကဲခတ်နိုင်တဲ့နည်းပြောတယ် (မှန်ပါ)။

ဒီလောဘကို အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျ တော့ ကျုပ်ဒါကလေးကို ဒီပုဂ္ဂိုလ်ကိုဖြင့် ခင်တယ် မင်တယ်ဆိုပြီး သကာလ ဒီအလုပ်ကိုဖြင့် ခင်တယ်၊ မင်တယ်၊ ဒီဘဝတွေဖြင့် ခင်တယ်မင်တယ်ဆိုတဲ့ ဒီလောဘကို သူရှိပေလို့ အခုလူဖြစ်လာခဲ့ရတယ်၊ သူရှိပေလို့ပဲ စီးပွားကလေး ရပါတယ်၊ သူရှိပေလို့ပဲ အိမ်ထောင်ကောင်း တည်ထောင်မိသလိုလို၊ ဒီလို သူ့ကို အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက်ကို လည်စေတယ် (မှန်ပါ)။

သေသေချာချာမှတ်ပါ ဒကာ-ဒကာမတို့၊ သူ့ကိုမကောင်းဘူးလို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက်ကို လည်အောင် သူမလုပ်နိုင်တော့ဘူး။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဖြင့် သူ့ကို သမုဒယသစ္စာလို့ ဒီကနေပြီး ဆရာဘုန်းကြီးက ဘုရားဟောတဲ့အတိုင်း သင်ပေးလို့ ဒကာ- ဒကာမတွေက- မင်းဟာ ဒုက္ခစက်လည်ခြင်း၏ အကြောင်း-သမုဒယသစ္စာလို့ ဝိပဿနာမဂ်ဉာဏ်ကပေး ဘုန်းကြီးက ဒီကနေ ပေးလိုက်မယ်။ ပေးလိုက်တဲ့ပုဂ္ဂိုလ်ကျတော့ ဒါဟာလည်အောင် သူလုပ်မပေးဘူး။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒီလိုတရားထူး တရားမြတ်တွေကို မနာတဲ့ ပုဂ္ဂိုလ်ကျတော့ ဪ -တို့မှာ လောဘကလေးရှိလို့ တော်တော်ကလေး နေရာကျပြီးတော့ သွားသေးတယ်။ သူ့ကို အကောင်းထင်တာက မပါဘူးလား (ပါပါတယ်)။ အဲဒီလို အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် အခုနေခြင်းဆိုးပြီး သေခြင်းဆိုးပေးဖို့ပဲ။ သဘောကျပြီလား (ကျပါပြီ)။

သမုဒယသစ္စာလို့ သိသေးရဲ့လား

ဒါဖြင့် ဒကာ-ဒကာမတို့၊ ဪ -သစ္စာသိတာနဲ့ မသိတာပိုမိုပြီး ရှင်းအောင်ပြောပြန်တယ် မှတ်ကြရမယ် (မှန်ပါ)။ ကိုစောမောင် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။ သူ့ကိုအကောင်းထင်တဲ့ပုဂ္ဂိုလ်ကျတော့ သမုဒယသစ္စာလို့ သိသေးရဲ့လား (မသိပါဘူး)။ မသိတဲ့ပုဂ္ဂိုလ်ကျတော့ သူဘယ်လိုလုပ်ပါလိမ့် (ဒုက္ခစက်လည်စေပါတယ်)။ ဒုက္ခစက်ကို လည်အောင် လုပ်ပေးနေတယ်လို့ မှတ်ကြရမယ်။

မင်းကြောင့် တစ်သံသရာလုံးတို့သည်ကားလို့ဆိုရင် ကျွမ်းထိုးမှောက်ခုံဖြစ်နေတာပဲကွ၊ အခုလဲကျွမ်းထိုးမှောက်ခုံ ဖြစ်ဆဲဟာ မင်းကြောင့်ပဲ။ ဒီတစ်ခါတော့ မင်းကို ကောင်းကောင်းသိပြီ ဆိုတဲ့ပုဂ္ဂိုလ်မျိုး ကျတော့ ကိုစောမောင် လည်အောင် လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး)။ ကဲ-ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီအဓိပ္ပာယ်သည် ဘာကိုဆရာဘုန်းကြီးသည် ရွယ်ကိုးပြီး သကာလ ပြောဆိုဟောကြား နေလိမ့်မလဲလို့ ဒကာ-ဒကာမတွေက မေးလို့ရှိရင် သစ္စာသိတဲ့ပုဂ္ဂိုလ်နဲ့ မသိတဲ့ပုဂ္ဂိုလ် ကွားခြားတယ်(မှန်ပါ)။ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

သစ္စာသိတဲ့ပုဂ္ဂိုလ်- သူ့ကို သမုဒယသစ္စာလို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ ဒုက္ခစက်ရပ်သွားတယ်(မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။ ဒုက္ခစက်ရပ်ပြီး သကာလ ဒုက္ခချုပ်ငြိမ်းသွားတော့ ဒီနိဗ္ဗာန်ရတယ် (မှန်ပါ)။ သူ့ကိုသိတော့ နိဗ္ဗာန်ရတယ်။ သဘောကျပြီလား (ကျပါပြီ)။

သူ့ကိုအကောင်းထင်နေတဲ့ ပုဂ္ဂိုလ်ကျတော့ သူ့ကဘယ်လိုများလုပ်ပါလိမ့် (ဒုက္ခစက်လည်စေပါတယ် ဘုရား)။ ဒုက္ခစက်ကိုလည်စေတယ်။ ကြည့်ပါလားဗျာ-ကျုပ်လောဘကလေးနဲ့ရှာနေလို့ တစ်အိမ်လုံးဟာ မကြောင့်မကြဘဲနဲ့ သူများ နဲ့တန်းတူ စားကြရ၊ ဝတ်ကြရတာ ကျုပ်လောဘရှိလို့သာပေါ့။ ကျုပ်လောဘမရှိရင် ဒီတစ်အိမ်သား မခက်ဘူးလားဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်မှာအနားပေးတော့မတုန်း။ သူက (မှန်ပါ)။ ပေးသေးရဲ့လား (မပေးပါဘူး ဘုရား)။

ဘာတွေများ ပေးချလိုက်ပါလိမ့်

ဒကာ-ဒကာမတွေ၊ လောဘက အနားပေးသလား (မပေးပါဘူး)။ ဘာတွေများ ပေးချလိုက်ပါလိမ့် (ဒုက္ခတွေ ပေးပါတယ် ဘုရား)။ ပစ္စုပ္ပန်မှာ ခိုင်းနိုင်သမျှခိုင်းပြီး သကာလ သေတော့ အပါယ်လေးပါး တွန်းချလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ် သဘောပါကြပြီလား (ပါပါပြီ)။

ဘယ်ပုဂ္ဂိုလ်ကို ခိုင်နိုင်သလောက်ခိုင်းပြီး ဆင်းရဲတွင်းထဲ တွန်းချလိုက်ပါလိမ့်မလဲလို့ ဒကာ-ဒကာမတွေက မေးလို့ရှိရင် ဘယ်ပုဂ္ဂိုလ်ကို တွန်းချလိုက်ပါလိမ့် (သူ့ကို အကောင်းထင်တဲ့ပုဂ္ဂိုလ်ကို တွန်းချလိုက် ပါတယ်)။ သေသေချာချာ စဉ်းစားပါ။ သူ့ကိုအကောင်းထင်တဲ့ ပုဂ္ဂိုလ်မှ ပုဂ္ဂိုလ်ကိုဖြင့် ဘာတုန်း (နှိပ်စက်ပါတယ်)။

မင်းဟာ အဆိုးကြီးပဲဆိုပြီး အဆိုးပဲလို့ သိလိုက်တာက မဂ်နဲ့ သိလိုက်တာ (မှန်ပါ)။ အဲဒီသိတဲ့ပုဂ္ဂိုလ်ကျတော့ သံသရာစက်ရဟတ်ကြီး ရပ်ပြီး သကာလ သူကိုယ်တိုင်က မလုပ်လေတော့ သံသရာစက်ရပ်သွားတာ သိတဲ့ပုဂ္ဂိုလ်ကျတော့ ရပ်တဲ့အဓိပ္ပာယ်မရဘူးလား (ရပါတယ်)။ မသိတဲ့ပုဂ္ဂိုလ်ကျတော့ လည်စေတယ်(မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

အဲဒီတော့ ဒကာ-ဒကာမတွေ၊ ဒီနေ့အလုပ်ပဲပြောမယ်လို့ မနေ့ကလဲ တာဝန်ခံလိုက်တယ်၊ သို့သော်လည်း အလုပ်မပြောမိ သူ့သတ္တိရှိတာကို ကိုစောမောင် ပြောပါရစေအုံး(မှန်ပါ)။ သူ့သတ္တိပေါ်ကြပြီလား (ပေါ်ပါပြီ)။ အကောင်း ထင်တဲ့ပုဂ္ဂိုလ်ကျတော့ (ဒုက္ခစက်ရဟတ် လည်စေပါတယ်)။ မောင်နိုင်-ရှင်းပြီလား(ရှင်းပါပြီ)။

ဟာ-သူဟာ အင်မတန်ဆိုးတဲ့တရားပဲ။ သမုဒယသစ္စာဟာ ဒုက္ခပေးလေသမျှ မင်းကချည်းပဲလို့ မလာနဲ့သိတဲ့ ပုဂ္ဂိုလ်များကျတော့ (ဒုက္ခမပေးနိုင်ပါဘူး ဘုရား)။

ဒါဖြင့် မဂ္ဂသစ္စာထိုးထွင်းအောင်လုပ်ဖို့ ပြောပေးနိုင်တဲ့ ဆရာသမားများနဲ့ မကြုံသရွေ့ ခင်ဗျားတို့ ဒုက္ခစက် လည်ရတော့မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အားလုံးကျေကျေနပ်နပ် သဘောကျမှနော်။ ဒကာ-ဒကာမတို့၊ ဒါဟာ မနေ့ကတရားနဲ့ မတူဘူးဆိုတာမှတ်ပါ။ (မှန်ပါ ဘုရား)။

အပေါင်းအသင်းလွဲမှု၊ မလွဲမှုကိုရှင်းပြမယ်

အပေါင်းအသင်းလွဲမှု၊ မလွဲမှုကို ကိုစောမောင် ရှင်းပြမယ် (မှန်ပါ)။ သဘောပါကြပြီလား -(ပါပါပြီ)။

ကိုင်း-ဒါဖြင့် သူကလဲ ဒကာ-ဒကာမတို့ အင်မတန်အချော့ကောင်း အမော့ကောင်း၊ လူပေါင်းချင်အောင် ပေါ့ဗျာ(မှန်ပါ)။ အင်း-မင်းမှာကျောက်ကလေးရတယ် မဟုတ်လား၊ မင်းဝယ်လိုက်လို့ပဲ အမြတ်စွန်းကလေး ထွက်လာတာ မဟုတ်လား၊ အဲဒါကြောင့် မင်းသားသမီးတွေ မစားရဘူးလား။ ဒီတော့ ဒီသံသရာခရီးသည် စုံလုံးကန်းက ဟုတ်တယ်။ ဒါပဲဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ လည်ပေးလိုက်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဟုတ်ပေသားပဲဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ (လည်ပေးပါတယ် ဘုရား)၊ လည်ပေးလိုက်တာပဲ။ ဒီထက်ပိုလုပ်ကွ၊ ဒီထက်ပိုလုပ်ကွဆိုပြီးတော့ ဒုက္ခတွေ မပေးဘူးလား (ပေးပါတယ်)။

ဒါဖြင့် ဒကာ-ဒကာမတို့ ကိုယ့်မိုက်ပြစ်တွေတော့ဖြင့် သစ္စာမသိတဲ့မိုက်ပြစ်တွေ ယနေ့ကောင်းကောင်း ပေါ်သွား ပြီ (ပေါ်သွားပါပြီ ဘုရား)။ ကိုပေါ်ကြီးဘယ့်နှယ်နေသတုန်း(ပေါ်ပါပြီ)။ ဘာမသိတဲ့မိုက်ပြစ်တွေသုံး(သစ္စာမသိတဲ့ မိုက်ပြစ် တွေပါ ဘုရား)။

သမုဒယသစ္စာကို ဒုက္ခဖြစ်ကြောင်းရယ်လို့ မသိတဲ့ပုဂ္ဂိုလ်ကျတော့ လည်စေတယ်၊ ကျုပ်တို့ကလဲ သူ့ကို ပေါင်းနေတာကိုး (မှန်ပါ)။ အဲ-မင်းဟာ ပေါင်းလို့သင်းလို့ မကောင်းဘူးလို့ မဂ်ဉာဏ်ပေါ်လာတဲ့ ပုဂ္ဂိုလ်ကျတော့ ဝိပဿနာ မဂ် ဖြုန်းခနဲပေါ်နိုင်တာမဟုတ်ဘူး၊ အခုပြောတဲ့ဆရာဘုန်းကြီးပေးတဲ့ အသိဉာဏ်ပေါ်လာလို့ရှိရင်ပဲ ခင်ဗျားတို့ သက်သာ ခွင့်ရပြီလို့ အောက်မေ့ပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အားထုတ်တတ်ရင် လောကုတ္တရာမဂ်

အားထုတ်တတ်ရင် လောကုတ္တရာမဂ်။ အားမထုတ်ရင် အသိသည် ဝိပဿနာမဂ်။ ရှင်းပြီလား (ရှင်းပါပြီ)။ ဝိပဿနာမဂ်ပေါ်လာရင်ပဲ ဒကာ-ဒကာမတွေ မစိုးရိမ်နဲ့တော့၊ ဪ-တယ်ဆိုးတဲ့တရား ပါကလားလို့ သိလိုက်တယ်ဆိုရင် ဝိပဿနာမဂ် (မှန်ပါ)။

ဒီတရားဟာ တယ်ဆိုးတဲ့ တရားပါကလားလို့ သိလိုက်လို့ရှိရင် ဘာမဂ်ဖြစ်လာမလဲ (ဝိပဿနာမဂ်ဖြစ်လာ ပါတယ်)။ အဲဒီပုဂ္ဂိုလ်ကိုတောင်မှ သူသည်ဆုံလည်နွားကဲ့သို့လည်အောင် တာရှည်မလုပ်နိုင်တော့ဘူူး (မှန်ပါ)။ တကယ့် မဂ်စစ်နဲ့ သိတဲ့ပုဂ္ဂိုလ်ကျတော့ သူချုပ်တယ်(မှန်ပါ)။

သူပျောက်ထွက် သွားတဲ့အတွက် အကြောင်းချုပ် သောကြောင့် အကျိုးဒုက္ခစက်ကြီးဟာ လည်ပါ ဆိုလို့ရသေးရဲ့လား (မရပါဘူး)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘုန်းကြီးတို့ ဒကာ-ဒကာမတွေ မနက်ဖြန်စပြီးတော့ အကဲခတ်နော်။ မနက်ဖြန်စပြီး အကဲခတ်။ ငါသမုဒယသစ္စာ သိပြီလား၊ ငါသည် သမုဒယသစ္စာကို မသိသေးဘူးလားလို့ဆိုတော့ မနက်ဖြန်ခင်ဗျားတို့ အလုပ်တွေပြင်ကြရမယ်နော်။ သွားစရာ၊ လာစရာ၊ ပြောစရာ၊ ဆိုစရာတွေ အမျိုးမျိုး၊ စီးပွားရေးနဲ့ ပတ်သက်တာတွေ သူ့ကို အကောင်းထင်နေတဲ့ ပုဂ္ဂိုလ်ဆိုရင် သူခိုင်းရာ အကုန်လုပ်ချမယ် (မှန်ပါ)။

သူ့ကို အကောင်းထင်တဲ့ပုဂ္ဂိုလ်ကျတော့ (သူခိုင်းရာအကုန်လုပ်ပါတယ်)။ သူဟာရန်သူပဲဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ ဝိပဿနာနဲ့ သူ့ကိုသတ်တယ်။ မသတ်ဘူးလား (သတ်ပါတယ် ဘုရား)။

အဲ-ကိုယ့်ကိုယ်ကို အကဲခတ်ပါတော့။ ဆရာဘုန်းကြီးတော့ဖြင့် အာပေါက်အောင် ပြောနေတာပဲ။ ငါတို့အကျိုးပဲ။ ငါသိပြီလား-မသိသေးဘူးလား ဆိုတာကို အလုပ်ခွင် ဝင်ကြည့်လိုက်တဲ့ အခါကျတော့ လောကီ အလုပ်ခွင်ဝင်ကြည့်တဲ့ အခါမှာလဲ ဪ -ငါမသိလို့ ဒီနေရာ အမောဆိုက်ပြန်ပြီဆိုတာ ပေါ်လာတယ်၊ မပေါ်သေးဘူးလား (ပေါ်ပါတယ်)။

မင်းရန်သူပဲလို့ သိတဲ့တစ်နေ့ကျတော့

မင်းရန်သူပဲလို့ သိတဲ့တစ်နေ့ကျတော့ သိတဲ့အချိန်ကစပြီး အမောရပ်တယ်။ ပျာပျာသလဲ လာသေးရဲ့လား (မလာပါဘူး)။ သဘောပါပြီလား (ပါပါပြီ)။

ဒါဖြင့် မိတ်ဆွေအဖြစ်နဲ့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်မှာ ညှဉ်းဆဲခံရလိမ့်မယ်။ ရန်သူမှန်းမသိတဲ့ ပုဂ္ဂိုလ်ကျတော့ ညှင်းဆဲခံရမှု လွတ်လိမ့်မယ် (မှန်ပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒကာ-ဒကာမတွေ ဒီစကားကို သာမညစကားလို့မယူဆကြပါနဲ့ ဘုရားဟောတော်မူသော အင်မတန်ကြီး တယ်နော်။ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

မနေ့က ပြောခဲ့တာကတော့ ဒီလိုမပြောခဲ့ဘူး၊ ပေးလိုသမျှဒုက္ခကို မလွတ်တမ်း ဆုပ်ထားတာသူပဲ။ မနေ့က ဒီတစ်လုံးတည်း ဟောတယ် (မှန်ပါ)။ ဒုက္ခပေးလေသမျှဟာ ဘယ်သူကတုံး (သမုဒယကပါ)။ ပေးတဲ့ ဒုက္ခကိုမလွတ်တမ်း ပွေ့ပိုက်သိမ်းဆည်းထားပါလို့ ဆက်ခိုင်းတာကကော (သမုဒယကပါပဲ)။ အဲ-မနေ့က အဲဒါကို အသားယူပြောတယ်။

ဒီနေ့ အသားယူပြီးပြောလိုက်တာက သူ့ကိုအကောင်းထင်ပြီး ပေါင်းသင်းတဲ့ပုဂ္ဂိုလ်ကို (ဒုက္ခစက် ပေးပါတယ်)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဟာ-မင်းဟာဆိုးတယ်လို့ သိတဲ့ပုဂ္ဂိုလ်မျိုးကျတော့ ဒုက္ခပေးသေးရဲ့လား(မပေးတော့ပါဘူး)။ အဲ-အဲဒါကို မနက်ဖြန်ကစပြီး ငါသည်ကားလို့ဆိုရင် သူ့ကို အကောင်းထင်သေးသလား၊ မထင်ဘူးလားဆိုတာ ခင်ဗျားတို့ လောကီ အလုပ်တွေကိုလုပ်နေတဲ့ အချိန်ကျလို့ရှိရင်ဖြင့် သူဩဇာပေးနေတာ မသေချာဘူးလား (သေချာပါတယ်)။ အဲဒါ သူ့ကို အကောင်းထင်နေတဲ့အချိန်ပဲ။

သိပြီဟေ့။ မင်းခိုင်းတိုင်းဖြင့် ငါမလုပ်နိုင်ဘူးဆိုတဲ့အချိန်မှာ သူဝင်လာတာ ရပ်သွားတယ်၊ မရပ်ဘူးလား (ရပ်ပါ တယ် ဘုရား)။ အလုပ်ကို ဝင်ခိုင်းတတ်သေးတယ် (မှန်ပါ)။

အဲဒါခင်ဗျားတို့က ပါ-မပါ ခင်ဗျားတို့ အသိဆုံးပဲဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။ မရှင်းဘူး လား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ပါတယ်-မပါဘူးဆိုတာကလေး ခင်ဗျားတို့ လောကီအလုပ်တွေ သူခိုင်းတိုင်း လုပ်နေလို့ အမောဆိုက် နေလို့ရှိရင်ဖြင့် ဒကာ-ဒကာမတို့ အကောင်းထင်နေလို့မှတ် (မှန်ပါ)။ အပေါင်းလွဲနေတယ်-ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ ဘုရား)။

သေတွင်း တွန်းချလိုက်တာပဲ သူပဲ

ဟာ-သူဟာဖြင့် တကယ့်ကိုပဲ ဒုက္ခပေးလေသမျှ ပစ္စုပ္ပန်အမောဆိုက်အောင် ဒုက္ခပေးလေသမျှ သူပဲ။ သေတွင်း တွန်းချလိုက်တာပဲ သူပဲ။ သေသည်၏ အခြားမဲ့၌ နောက်သံသရာ အဖန်ဖန်လည်အောင် လုပ်တာလဲ (သူပါပဲ ဘုရား)။

သူပဲလို့ ဒီလိုသိနေတဲ့ ပုဂ္ဂိုလ်ကျလာတော့ သိတဲ့အချိန်ကလေးကစပြီး မောင်နိုင်-ကိစ္စနည်းသွားတယ်၊ အမောသက်သာ သွားတယ်၊ စိတ်ချမ်းသာ သွားတယ်(မှန်ပါ)။ မချမ်းသာဘူးလား (ချမ်းသာပါတယ် ဘုရား)။ မဂ်ဝင်လာတာဗျ၊ သိတဲ့ မဂ်ကလေး ဝမ်းထဲမှာ ဝင်လာတယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျပြီလား(ကျပါပြီ)။ ဪ – တယ်လဲ ထူးခြားပါ လားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်)။

ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)၊ ကိုင်း-ဒကာ ဒကာမတို့ကို စကားတစ်လုံးတည်းပဲ ဟောပါသေးတယ်နော်။ သူ့ကိုအကောင်းထင် ပေါင်းတဲ့လူတစ်မျိုး၊ မကောင်းဘူးလို့သိတဲ့ ပုဂ္ဂိုလ်တစ်မျိုး။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အကောင်း ထင်ပေါင်းတဲ့ ပုဂ္ဂိုလ်က သစ္စာမသိဘူး (မှန်ပါ)။ မကောင်းဘူးလို့ သိတဲ့ပုဂ္ဂိုလ်က (သစ္စာသိတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါဖြင့် သစ္စာသိမှု ယဉ်ကျေးဇူးများပါကလားဆိုတာ ဒကာ-ဒကာမတွေ ပစ္စုပ္ပန်ကစပြီးတော့ ထင်ရှားပါတယ် (မှန်ပါ)။ သံသရာ လည်ဖို့ဆိုတာလဲ ခင်ဗျားတို့ သိပြီးသားအတိုင်းပဲ ထားပါတော့။ အင်မတန် ဒုက္ခရောက်နေတယ်ဆိုတာ-အဲဒီဒုက္ခကြီးရပ်စဲ ရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ-ဒကာတို့၊ စကားနှစ်လုံးတည်းမှတ်မိတာတောင် အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျတော့ (ဒုက္ခလည်စေ ပါတယ်)။ သစ္စာမသိသေးလို့ ပေးလိုက်တာပဲ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ပေးလိုက်ပါလိမ့် (သစ္စာမသိသေးလို့ ပေးလိုက်ပါတယ် ဘုရား)။ သစ္စာမသိသေးလို့ ပေးလိုက် တာပဲ။

ကောင်းပြီ-မင်းသည်ကား လို့ဆိုရင် အလွန်ဆိုးဝါးတဲ့ တရားပဲ ဝမ်းထဲရောက်လာတယ်-သွားလို့ တိုက်တွန်းတယ်၊ ဝယ်လို့တိုက်တွန်းတယ်။ သူရောက်လာတယ်ဆိုရင်ဖြင့် သူခိုင်းတာကို ကဲ-မင်းဒုက္ခ ပေးမလို့ လာတဲ့လူပဲ၊ ဒုက္ခပေးမလို့ လာတာဘဲလို့ ဖျက်ဆိုသိလိုက်တာနဲ့ တစ်ပြိုင်နက်တည်း အရောင်း၊ အဝယ်ကိစ္စတစ်ခါတည်း ရပ်ထွက်သွားတယ် (မှန်ပါ)။ မရပ်ဘူးလား (ရပ်ပါတယ် ဘုရား)။

သူပေါ်လာတာဟာ သမုဒယသစ္စာ

ဒါဘာ သစ္စာသိလို့လဲ (သမုဒယသစ္စာသိလို့ပါ)။ သူပေါ်လာတာကိုလဲ- သူပေါ်လာတာကိုလဲ သိလိုက်တယ်။ သူပေါ်လာတာဟာ သမုဒယသစ္စာ။ သိလိုက်တာက (မဂ္ဂသစ္စာပါ)။

အဲဒီမှာတစ်ခါတည်း သူ့ကိုသိလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း သူကရော့-အင့် ပေးမယ်၊ ခုနက အမောဆိုက် အောင်ပေးမယ်၊ သွားဟဲ့၊ လာဟဲ့၊ ရုန်းဟဲ့၊ ကန်ဟဲ့ ဆိုတဲ့ ဒုက္ခတွေ သူသိတဲ့ လူကျတော့ ရပ်ပစ်လိုက်တယ်။ သူ့ကိုမတွေ့တဲ့ ပုဂ္ဂိုလ်ကျတော့ ဆက်ပြီး သကာလ တစ်ခါတည်း ဒီနေ့ကွာ ထမင်း နှစ်ထပ်တောင် မစားပါနဲ့တော့၊ တစ်ထပ်တည်းစားပြီး ကြိုးစားပါတော့၊ မုန့်ကလေးနဲ့ ပြီးလိုက်ပါတော့ မင်းဒါလောက် အရေးကြီးနေတဲ့ ကိစ္စကြီးပဲဆိုပြီး သကာလ အဲဒီကျတော့ အငတ်ထားပြီးတော့ ဒုက္ခပေးတယ်(မှန်ပါ)။

ကိုစံလှ-ဘယ်လိုများ ဒုက္ခပေးသတုန်း (အငတ်ထားပြီးတော့ ဒုက္ခပေးပါတယ်)။ အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျ တော့ အငတ်ထားပြီး ဒုက္ခပေးတယ်၊ ခင်ဗျားတို့က မသိဘူး၊ ခက်လိုက်တာ၊ သဘောပါကြပြီလား၊ (ပါပါပြီ)။

ဘယ်လောက်ဆိုးတဲ့ တရားလဲ (ဆိုးပါတယ်)။ တစ်ခါတလေများ ပျာပျာသလဲ သွားရ လုပ်ရတဲ့ ခလုတ်မှန်းမသိ၊ ဓားမှန်းမသိ၊ ဆူးနင်းချင်းနင်း၊ ကျောက်ခဲကြီးပေါ်မှောက်လျက်လဲချင်လဲ။ အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကျတော့လဲ ဟဲ့ကွဲဟဲ့။ အနေဆိုးနေတဲ့၊ အသေဆိုးသေဟဲ့နဲ့ သူ့ကို အကောင်းထင်တဲ့ ပုဂ္ဂိုလ်ကို သူညှဉ်းဆဲတာပဲ (မှန်ပါ)။ ဒါဖြင့် ပေါင်းထိုက်- မပေါင်းထိုက် (မပေါင်းထိုက်ပါဘူး ဘုရား)။ မပေါင်းထိုက်ဘူးလို့ သိတာဟာ မဂ္ဂသစ္စာ။

သောတာပန်အငယ်စားဖြစ်နိုင်

ဪ-ခင်ဗျားတို့ ဒီဟာဆိုးမှန်းသိရင်ပဲ သောတာပန်အငယ်စားဖြစ်နိုင်နေပါပြီ (မှန်ပါ)။ သူ့ကိုဖြတ်နိုင်အောင် ဖြတ်ပြီး သကာလ ကဲ-မင်း မကောင်းဘူးလို့ သေသေချာချာသိတယ်၊ မင်းကိုတော့ဖြင့် ဘယ်တော့မှ မပေါင်းဘူးဆိုတဲ့ မဂ်ဉာဏ်စစ်များ ထွက်ပေါ်လာမယ်ဆိုရင် ဒုက္ခတွေ အကုန်ရပ်တာပဲ(မှန်ပါ)။ ပစ္စုပ္ပန်ဒုက္ခ၊ သံသရာဒုက္ခ အလုံးစုံအကုန် ရပ်စဲပါတယ်ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ဒါဖြင့် သစ္စာသိ-မသိ တယ်ခြားနားပါလားဆိုတဲ့ ဥစ္စာ ယနေ့ပေါ်လာပြီ (ပေါ်လာပြီ)။ မသိရင် ဒုက္ခ၊ သိရင်သုခ (မှန်ပါ)။ မပေါ်ဘူး (ပေါ်ပါပြီ)။

ဒါ က-ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ရှင်သာရိပုတ္တရာက ဘုရားဟောမှီးပြီး ဟောထားတာ (မှန်ပါ)။ ဘုရား ကိုယ်တိုင်ဟောတာ ထုတ်ပြပါအုံးမယ်။ မင်းတို့ကွာတဲ့ သမုဒယသစ္စာဟာ လူသတ်သမားတဲ့ (မှန်ပါ)။

သမုဒယသစ္စာဆိုတာ ဘာတုန်း(လူသတ်သမားပါ)။ လူသတ်သမားဆိုတော့ နှစ်ချက်ဟောချလိုက်တယ်။ လူသတ်သမား၊ ပညာသတ်သမားနှစ်ချက်မှတ်ပါ (မှန်ပါ)။

သမုဒယသစ္စာဟာ လူကိုပဲသတ်တယ်။ ပညာကိုလဲ သတ်တယ်၊ ဒကာ-ဒကာမတို့။ သူလဲတစ်မျိုးပဲ မှတ်ရမယ် (မှန်ပါ)။

လူသတ်သမား၊ ပညာသတ်သမား

သမုဒယသစ္စာဟာ ဘာတဲ့ (လူသတ်သမား၊ ပညာသတ်သမားပါ ဘုရား)။ လူလဲသတ်တယ်၊ ပညာလဲသတ်တယ်။

”ဆဋ္ဌော အန္တရစရော ဝဓကော ဥက္ခိတ္တာသိကော” တိခေါ ဘိက္ခဝေ နန္ဒီရာဂဿေသံ အဓိဝဓနံ၊ (သံ-၂-၃၈၃) သံယုတ်ပါဠိတော် အာသီဝိသောပမသုတ်မှာ ဘုရားက ဟောပါတယ်။ ဒီလောဘဆိုတဲ့တရားဟာကွာတဲ့ ရှေးဦးစွာ ပညာကို သတ်တယ်၊ ပြီးတော့မှ လူကိုသတ်တယ်၊ နှစ်ချက်။ ဒကာ-ဒကာမတို့ ဘယ်လောက်များဆိုးသတုန်း (ဆိုးပါတယ် ဘုရား)။

လူသတ်တယ်ဆိုတာ ဥပမာ-ဒီလမ်းသွားလို့ရှိရင်ဖြင့် ငှက်သင့်မယ်၊ တွင်းပြိုကျမယ်၊ တောင်ပြိုကျမယ်ဆိုရင် အို- သွား-ဘာဖြစ်သလဲဆိုတဲ့ဥစ္စာကတော့ ကိုယ်မှာ ဆင်ခြင်တဲ့ပညာတွေ အကုန်သတ်ပြီး သကာလ သူက လွှမ်းမိုးသွား တယ်။

အဲဒီတော့ ဟိုပုဂ္ဂိုလ်မှာ မောင်နိုင် မတရားသဖြင့် သေခြင်းဆိုးသေရတဲ့ကိစ္စ၊ နာခြင်းဆိုးနာရတဲ့ ကိစ္စတွေ မတွေ့ပေဘူးလား (တွေ့ပါတယ်)။ အဲဒါဘာကိုသတ်တာတုန်း (ပညာသတ်တာပါ)။ ရှေးဦးစွာ အိမ်မှာတော့-ပညာကို သတ်တယ်၊ ဟိုမှာ တွေ့ရမယ့်နေရာကျတော့ ခန္ဓာကိုသတ်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

အိမ်မှာကျတော့ မထွက်ခင် စဉ်းစားအုံးတွေကိုလဲ မစဉ်းစားနဲ့၊ မင်းသွားစရာရှိတာသွားကွဆိုပြီး သကာလ စဉ်းစားမှုနဲ့ ခုနက ကြံလုံးစည်းလုံး ပညာစခန်းတွေကို အကုန်ပိတ်သတ်တယ်(မှန်ပါ)။

ရှေးဦးစွာ ဘာသတ်ပါလဲ

ရှေးဦးစွာ ဘာသတ်ပါလဲ (ပညာသတ်ပါတယ်)။ နောက်ကျတော့ ဘာသတ်ပါလိမ့်(လူသတ်ပါတယ်)။ နောက်ကျ တော့ လူကိုသတ်တယ်။ ဒီလောက်ဆိုးပါကလား ဒကာ-ဒကာမတို့၊ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

ရှေးဦးစွာ ဘာတုန်း (ပညာသတ်ပါတယ်)။ သူသာပေါ်လာလို့ရှိရင် လောဘဆိုတဲ့ သမုဒယသစ္စာ ခန္ဓာထဲ ရောက်လာလို့ရှိရင် ရှေးဦးစွာ ပညာကို အရင်သတ်ပစ်လိုက်တယ်၊ နောက်ဘာသတ်သတုန်း (လူသတ်ပါတယ်)။ လူသတ် တယ်ဆိုတဲ့ဥစ္စာကတော့ ဒကာ ဒကာမတို့ထင်ရှားပါတယ်။ လူသေတယ်ဆိုလို့ရှိရင် သူ့ကြောင့်ဖြစ်တယ်ဆိုလို့ရှိရင် သူသတ်တာပေါ့ဗျ (မှန်ပါ့)၊ နတ်သေတယ်ဆိုလို့ရှိရင်ကော သူ့ကြောင့် ဖြစ်တယ်ဆိုလို့ရှိရင် သူပဲ သတ်တာပဲ။

သူက နတ်ပြည်သွား-သေချေဆိုလိုက်တာကိုး (မှန်ပါ)။ လူ့ပြည်သွားသေချေကွာ၊ ဗြဟ္မာပြည်သွား သေချေကွာဆိုတော့ သူသတ် တာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ အဲဒါဒုတိယအချက်လို့မှတ်လိုက်တာပေါ့။ သူက နှစ်ကိစ္စရှိတယ် လို့ ဒကာ-ဒကာမတွေ ထူးထူးခြားခြားပဲ မှတ်လိုက်ပါ။ အင်မတန်ကြားရခဲတယ်။ ဒီစကားဟာ(မှန်ပါ)။ ရှေးဦးစွာ ဘာသတ်ပါလိမ့် (ပညာသတ်ပါတယ်)။ ပြီးတော့ ဘာသတ်ပါလိမ့်(လူကိုသတ်ပါတယ်)။ ကိုင်း-ဒကာ-ဒကာမတို့ အတွင်း အပြင်သတ်တာသူပဲ (မှန်ပါ)။

ရှေးဦးစွာ ပညာသတ်တယ်ဆိုတာဖြင့် သူ့ကို သမုဒယသစ္စာလို့ သိတတ်တဲ့မဂ်ပညာကို သတ်ချလိုက်တယ် (မှန်ပါ)။ ဘယ်လောက်များဆိုးသလဲ (ဆိုးပါတယ် ဘုရား)။ ရှင်းကြပြီးလား (ရှင်းပါပြီ ဘုရား)။

ရှေးဦးစွာ ဘာသတ်လိုက်သတုန်း (ပညာသတ်ပါတယ်)။ ပညာဆိုတာက သူ့ကိုဆိုးတဲ့သစ္စာလို့သိမယ့် ပညာကို သူကအရင်သတ်တယ် (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

သူကသေဆိုတဲ့ နေရာမှာသေရုံပဲ

ပြီးတော့မှ ဘာသတ်ပါလိမ့် (လူကိုသတ်ပါတယ်)။ ပညာသတ်ပြီးရင်တော့ ဒီလူတော့ သေမယ့်သာ ပြင်တော့။ ပညာမပါတော့ဘဲ သူခိုင်းတာလုပ်ပြီး သကာလ သူကသေဆိုတဲ့ နေရာမှာသေရုံပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဘယ်လောက်ဆိုးတဲ့ တရားလဲဆိုတာ ဒကာ-ဒကာမတွေ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

ဒါဟာ မောင်နိုင် ဂုဏ်ယူပြီး ပြောတယ်များမထင်နဲ့။ အင်မတန်နားကြီးတဲ့ပုဂ္ဂိုလ်တွေ။ ရှင်းအောင်လဲ ပြောနေတဲ့ ဆရာသမားများနဲ့တွေ့လို့လဲ ဒါကိုသိရတယ် (မှန်ပါ)။ နို့မဟုတ်ရင် သမုဒယသစ္စာကဟာ ဒုက္ခပေးတယ်၊ ဒီလောက်ပဲသိ တယ် (မှန်ပါ)။ ဒီလိုခွဲခြမ်းဝေဖန်ပြီး သကာလ သိပါ့မလား(မသိပါဘူး)။

အခုတော့ သိပြီတဲ့။ ခုနက ပြောတဲ့စကားကလဲ နှစ်ချက်။ အခုဒုတိယပြောပြန်တာကကော (နှစ်ချက်ပါ ဘုရား)။ ရှေးဦးစွာ သမုဒယသစ္စာသာ ခန္ဓာကိုယ်ထဲရောက်လာလို့ရှိရင် ပညာကိုသတ်တော့မယ်ဆိုတဲ့ဥစ္စာ ၁-နံပါတ် ပညာကို အရင်သတ်ပစ်လိုက်တယ် (မှန်ပါ)။ ခန္ဓာထဲမှာ ပညာကိုပေါ်ခွင့်ပေးသေးရဲ့လား (မပေးပါဘူး)။ မဂ်ပေါ်ခွင့် မပေးတော့ပါဘူး။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဉာဏ်ပညာတွေ အကုန်တုန်းအောင်လုပ်ပစ်လိုက်တာ ဘယ်သူပါလိမ့် (သမုဒယပါ ဘုရား)။ နောက်ခန္ဓာတုန်းအောင်လုပ်ပစ်လိုက်တာကော (သမုဒယပါ ဘုရား)။ ကြီးကျယ်လှချည့်ကလား- ဒကာကြီးလှိုင်ရေ (မှန်ပါ ဘုရား)။ သိပ်ကြီးကျယ်တဲ့တရားပါကလား ဒီထက်ဆိုးတဲ့တရား ခင်ဗျားတို့ရှာအုံး၊ မရှိတော့ ဘူး (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

မပေါင်းသင့်တဲ့ တရား

ဒါဖြင့် ဒကာ-ဒကာမတို့ အင်မတန်မပေါင်းသင့်တဲ့ တရားဆိုတဲ့ဥစ္စာ ကျုပ်တို့ခင်ဗျားတို့ အထူးတလည်ပဲ သူ့အတွက်လာတိုင်းစဉ်းစားဖို့ကောင်းတယ် (မှန်ပါ)။ လာတိုင်း သူ့ကိုတစ်ခါတည်းမပေါင်းဘူးကွာ၊မင်း သမုဒယသစ္စာပဲ၊ မင်းသမုဒယသစ္စာပဲလို့ ဟော့ဒီ ဉာဏ်ကလေးသွင်း သွင်းပေးရမယ်(မှန်ပါ)။

လောဘလာတိုင်းလာတိုင်း မင်း သမုဒယ သစ္စာ ပဲဆိုတော့ လောဘကချုပ် ဒီဉာဏ်ကလေးက ဝမ်းထဲရောက်တယ် (မှန်ပါ)။ တစ်ခါလာပြန်ပြီ၊ မင်းသမုဒယသစ္စာပဲ သိလိုက်ပြန်တော့ လောဘချုပ်ပြီး ဘာလာပြန်လာသတုန်း (မဂ်လာပါတယ်)။ မဂ်က ဝမ်းထဲရောက်တယ်။ အဲဒါဝိပဿနာ အလုပ် (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း-ဒီလိုဆိုတော့သိတဲ့ပုဂ္ဂိုလ်ကျတော့ မဂ်ရတယ်-(မှန်ပါ)။ မသိတဲ့ပုဂ္ဂိုလ်ကျတော့ မဂ်ကိုသူကသတ်တယ်။ ဉာဏ်ပညာမဂ်ကိုဘာလုပ်သလဲ (သတ်ပါတယ်)။ သတ်ပြီး သကာလ ဒီအတိုင်းထားသလား လို့ဆိုတော့ ဉာဏ်တုန်းပြီဆိုတဲ့ တစ်နေ့ကျတော့ ဒကာ ဒကာမတို့ သူထင်သလို စီမံတော့မယ်။ ခန္ဓာပါသတ်ချလိုက်တာပဲ(မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ရှေးဦးစွာဘာသတ်သတုန်း (ပညာသတ်ပါတယ်)။ ဉာဏ်ပညာသတ်တယ်နော် (မှန်ပါ)။

ကောင်းပြီ။ သေခြင်းဆိုးသေကြတယ်၊ ကြိုးဆွဲချသေတယ်၊ ရေထဲဆင်းသေတယ်၊ အမျိုးမျိုးသေကြတယ် သစ်ပင် ပေါ်က ကျသေကြတယ်။ သားကောင်ကလေးတွေလဲ သူတို့သည်ကားလို့ဆိုရင်ဖြင့် ကျော့ကွင်းမိပြီး သကာလ သေကြတာရှိ တယ်။

တစ်ကောင်က ချောင်းနေတာကို တစ်ကောင်က မသိလို့သေရတာကော (ရှိပါတယ်)။ အဲဒါရှေးဦးစွာ ဘာသတ် တာတုန်း (ပညာသတ်ပါတယ်)။ ပညာအဆင်ခြင်ကို အကုန်သတ်ပစ်လိုက်တယ်။ လောဘက (မှန်ပါ)။ အစာကို သာ သွားမြင်တာကိုး။ ပညာအဆင်ခြင်ကိုသူက သတ်ပြီးပြီဆိုတော့ မသေချာဘူးလား (သေချာပါတယ်)။

လည်ပင်း ကျော့ကွင်းမိလိမ့်မယ်

အဲဒီတော့ကို အစာသွားပြီးမြင်တော့ မစားကောင်းဘူး၊ စားရင် မင်းမှာလည်ပင်း ကျော့ကွင်းမိလိမ့်မယ်၊ တစ်နည်းအားဖြင့် ချောင်းသတ်လိမ့်မယ်ဆိုတာကို ပညာကိုအရင်သတ်လိုက်တာပါပဲ၊ ခုနက သားကောင်က ဟိုထဲသွားတိုး တာပဲ (မှန်ပါ)။ မတိုးဘူးလား(တိုးပါတယ် ဘုရား)။ တိုးတော့သူလဲ ဘာဖြစ်ရသတုန်း (သေရပါတယ်)။

ဒါဖြင့် လောဘဆိုတဲ့တရားသည် ဒကာ-ဒကာမတို့ ပညာသတ်ပြီးမှ လူကိုသတ်တယ်(မှန်တယ်)။ ပညာသတ်ပြီး မှ ပုဂ္ဂိုလ်သတ္တဝါ အသတ်ခံရတယ်။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ကောင်းကျိုးလား၊ ဆိုးကျိုးလား အကဲခတ်ကြ ပေတော့ (ဆိုးကျိုးပါ ဘုရား)။

အားလုံး ဒကာ-ဒကာမတွေ၊ ခင်ဗျားတို့မနက်ဖြန်တွေ့မယ်ကိစ္စလို့သာ မှတ်လိုက်ကြပါတော့ (မှန်ပါ)။ တချို့မှာလဲ ဒီကပြန်ရင်အိမ်မှာတွေ့ရမယ့် ကိစ္စလို့သာမှတ်ပေတော့-(မှန်ပါ့)။ ရှေးဦးစွာ သူပေါ်လာရင် လာသတ်မယ် (ပညာသတ်ပါ မယ်)။ ဒုတိယ သူဘာကိုသတ်မယ် (လူကိုသတ်ပါမယ်)။ ဒုတိယ ခန္ဓာကိုသတ်မယ်။ ခန္ဓာကိုယ်ဆိုတော့ အများဆက်ဆံ သွားတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ကိုင်း-ဒါဖြင့် သားကောင်သည် ကျော့ကွင်းမိပြီး သကာလ ပိုက်ကွန်ထဲမှာ သေမှာ သေချာတယ်နော် (မှန်ပါ)။ ကြွက်တွေ ကြောင်ရဲ့ပါးစပ်ထဲမှာ အသက်ဆုံးရတယ်ဆိုတာ ဒကာ-ဒကာမတွေ ရှေးဦးစွာ ဘာကိုသတ်လိုက်ပါလိမ့် (ဉာဏ်သတ်ပါတယ်)။ ပြီးတော့မှ (ခန္ဓာကို သတ်ပါတယ်)။ ခန္ဓာကိုသတ်တယ်ဆိုတော့ သူ့သတ္တိလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ)။

တယ်ဆိုးတဲ့တရားပါကလား ဒကာ-ဒကာမတို့-(မှန်ပါ)။ အင်မတန်ဆိုးတယ်ဆိုတာဖြင့် ဆိုးတာက သမုဒယ သစ္စာ၊ ဆိုးမှန်းသိတာက (မဂ္ဂသစ္စာပါ)။

ဒါကြောင့်လာလို့ရှိရင် သူ့ကိုဖြစ်ပျက်မရှုရင် တယ်ဆိုးတဲ့တရားပါကလား- ထပ်နှိပ်စက်မယ့်တရားပါကလား -ဆိုတာ သူကနှိပ်စက်မယ့်တရားမှန်း သိတော့ ဒီဒုက္ခကိုဆက်ပေးရမယ့်ဥစ္စာ ဒုက္ခကြားကို မဂ်ဝင်ဖြတ်ချလိုက်တယ်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူ့ကိုဖြစ်ပျက်ရှုချင်ရှု

ဒီမှာခန္ဓာပါသတ်မလို့ သူကပေါ်လာတဲ့ဥစ္စာကို တယ်ဆိုးပါလားကလားဆိုပြီး သူ့ကိုဖြစ်ပျက်ရှုချင်ရှု၊ မရှုချင်လဲ တယ်ဆိုးတဲ့တရားပါကလားလို့သိသာပေးလိုက်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ သိပေးတဲ့အခါကျတော့ သူလဲ ချုပ်သွားပြီ၊ ကျုပ်တို့မှာ အသိဉာဏ်နဲ့ယှဉ်တယ် (မှန်ပါ)။ သေရသေးရဲ့လား (မသေရပါဘူး)။ ကျုပ်တို့က သူ့ကိုပြန်သတ် လိုက်တယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒကာ-ဒကာမတို့၊ သူကကျုပ်တို့ကို ပညာကို ရှေးဦးစွာ သတ်မလို့လာတာ ပညာက သူ့ကိုသတ်လိုက်တော့ သူသေသွားတဲ့အတွက် သူ့အကျိုးပေးတွေကော ကျုပ်တို့ရအုံးမလား (မရပါဘူး)။ ဪ -ဒါကြောင့် ဝိပဿနာ အရေးကြီး တယ်ဆိုတာ ဒါကိုးလို့ဆိုတာ ရှင်းရှင်းလင်းလင်းပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ-ဒကာမတို့ နားကြီးကြီးနဲ့ ထောင်ပြီး သကာလ တယ်အရေးကြီးတယ်ဆိုတာ ပေါ်လာတယ်။ သူဟာဘယ်လောက်ဆိုးတယ် မဆိုးတယ်ဆိုတာ ဘုရားသွားကျောင်းတက် မေတ္တာပို့တဲ့နေရာများတောင် သူက ဝင်ပြီးလိုက်လာသေးတယ် (မှန်ပါ)။ ဘုရားသွားကျောင်းတက် မေတ္တာပို့တဲ့နေရာများမှာ ဆိုရင်ဖြင့် တို့အိမ်သားလေး ကျန်းမာဖို့၊ တို့သားသမီးကလေးကျန်းမားဖို့ မဝင်သေးဘူးလား (ဝင်ပါတယ် ဘုရား)။

ဝင်လာတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူက တို့အိမ်သားငဲ့လာတယ်၊ တခြားဒါလောက်မှ မငဲ့တော့ဘူးလားဆိုတဲ့ သမုဒယဝင်လာတာ မသေချာဘူး လား (သေချာပါတယ်)။ သေချာသည်နှင့် တစ်ပြိုင်နက်တည်း ဒကာ-ဒကာမတို့ အင်း-မင်းဝင်လာလို့ ဒီအသံထွက်တာပဲ-မင်း-ဝင်လာလို့ ဒီစိတ်ကူးထွက်လာတာပဲလို့ ဒီကမဂ်နဲ့အသိပေး (မှန်ပါ)။ သိတော့ချုပ်တယ်-မချုပ်ဘူးလား (ချုပ်ပါ တယ်)။ ကျုပ်တို့ဘာနဲ့ အသက်ရှင်နေသလဲ (မဂ်ဉာဏ်နဲ့ အသက်ရှင်ပါတယ်)။

လောဘစိတ်ဖြစ်တာကို

ဒါကြောင့် သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ-ရာဂစိတ်ဝင်လာရင် ရာဂစိတ်ဝင်လာတယ်လို့သိအောင်လုပ်၊ ဝိပဿနာရှုပေးပါ ဆိုတာရှင်းပြီလား (ရှင်းပါပြီ)။ လောဘစိတ်ဖြစ်တာကို လောဘစိတ်ဖြစ်တယ်လို့ သိပေးလိုက်တော့ သူချုပ်မသွားဘူးလား (ချုပ်သွားပါတယ်)။

သူကပညာသတ်မလို့လာတာ ကျုပ်တို့ကသူ့ကိုပညာနဲ့ သတ်ပစ်လိုက်တယ်။ မသတ်လိုက်ဘူလား (သတ်လိုက်ပါတယ်)။ သတ်လိုက်တော့ သူသေသွားတဲ့အတွက် ကျုပ်တို့ကို ပညာသတ်မယ်။ ပညာသတ်ပြီးမှ ဒုက္ခပေးမလို့လာတာ ကျုပ်တို့ပညာက သူ့ကို သတ်ပစ်လိုက်ပါတယ် (မှန်ပါ)။

သူ့ကိုသတ်ပစ်လိုက်တဲ့ အတွက် သူသေတော့ သူပေးမယ့်ဒုက္ခက လာသေးရဲ့လား (မလာပါဘူး)။ ကိုစံလှ သဘောပါရဲ့လား (ပါပါတယ် ဘုရား)။ နောက်က ဒကာ-ဒကာမတွေကော သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

သူသေတာပဲ ဒကာ ဒကာမတို့၊ အခုဘုရားသခင် ကိုယ်တော်မြတ်ကြီး တိုက်ရိုက်ဟောပြန်တောပဲနော်၊ (မှန်ပါ)။ ပြောခဲ့တဲ့နှစ်ချက်က အပေါင်းမှား၊အပေါင်းတည့်ဆိုတာက ရှင်သာရိပုတ္တရာဟောတာ။ သဘောကျပြီလား (ကျပါပြီ)။ အခုနောက်ပြောတာက ဘုရားကိုယ်တော်တိုင်ဟောတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အင်မတန် အရေးကြီးပါတယ် ဒကာ-ဒကာမတို့၊ (ကြီးပါတယ် ဘုရား)။ ဒါဖြင့် လောဘလာလို့ရှိရင် ခင်ဗျားတို့ မင်းပညာသတ်မလို့လာတာပဲလို့ သိပေးပါ။ မသိထိုက်ဘူးလား (သိထိုက်ပါတယ်)။ သိတဲ့အခါကျတော့ သူက ချုပ်သွား တယ်၊ ကျုပ်တို့ သိတဲ့ဉာဏ်လေးက ကျန်နေရစ်တယ် (မှန်ပါ)။ ဒါဖြင့် သူလာတိုင်း ကျုပ်တို့က သိသိနေရင် သူချည့်သေနေ တယ် (မှန်ပါ)။ မသေဘူးလား (သေပါတယ် ဘုရား)။

ကိလေသာ သတ်တတ်တဲ့ မဂ်နဲ့ချည်းနေတယ်

သူချည့်သေတော့ ကျုပ်တို့မှာ ကိလေသာ သတ်တတ်တဲ့ မဂ်နဲ့ ချည်း နေတယ်ဆိုရင်ကော လွဲပါ့မလား-(မလွဲပါဘူး)။ ဒါအလုပ်ပဲ။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာ-ဒကာမတို့၊ ခင်ဗျားတို့အားလုံးဖြစ်ပြီး သကာလ လာကြတယ်၊ ဆရာသမားကောင်း များနဲ့ မကိုးကွယ် မဆည်းကပ်ကြရဘူး၊ နည်းနာနိဿယ ကောင်းပေးမယ့် ဆရာကောင်း သမားကောင်းများနဲ့ မတွေ့လို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘယ်လိုဖြစ်နေမတုန်း ဆိုတော့ သူလာတာတောင် ကိုယ်လဲမသိတော့ဘူး၊

ပညာကတုန်းနေတယ်၊ ပညာကတုန်းသွားတော့ သူ့ရည်ရွယ်ချက်က ပညာက ရှေးဦးစွာ တုန်းပြီးတော့မှ လူကိုသတ်မှာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အဲဒီတော့ သူ့ကို နှစ်ချက် အထ မမြောက်ဘူးလား (မြောက်ပါတယ်)၊ ဪ -ခင်ဗျားတို့ ခန္ဓာဖြစ်နေတာ ခန္ဓာကြီးဟာ သေရတော့ မယ်ဆိုတာ လူတိုင်းသိတယ်နော် (မှန်ပါ)။ တစ်နေ့နေ့ သေရတော့မှာဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါဘူး)။

ခန္ဓာ သတ်ဖို့ကိစ္စဟာလဲ ဘယ်သူလုပ်တာတုန်းဆိုတာ စဉ်းစားကြည့်ပါ (သမုဒယ လုပ်တာပါ ဘုရား)။ နောက်ဘဝတွေက ပညာပါ အသတ်ခံရတဲ့အတွက် ကျုပ်တို့ ဒီဘဝမှာ ခန္ဓာပါ အသတ်ခံရတော့မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

နောက်ဘဝက သူဘာသတ်ခဲ့သတုန်း

နောက်ဘဝက သူဘာသတ်ခဲ့သတုန်း (ပညာသတ်ခဲ့ပါတယ်)။ ပညာကို သတ်ခဲ့ပြီးပြီတဲ့။ အခုတစ်ခါ ဘာသတ်ဖို့ ကျန်သေးသတုန်း (ခန္ဓာသတ်ဖို့ ကျန်ပါသေးတယ်)။

ကိုင်း-ကျုပ်တို့အပေါ် အမာရွတ် မပျောက်သေးပါဘူးဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ)။ ဒီတစ်ခါ ဆရာသမားများနဲ့တွေ့လို့မှ ခင်ဗျားတို့က သူ့ကိုပြန်ပြီး မသတ်တော့ပါဘူးဆိုလို့ရှိရင် ရှေ့ကို လာလတ္တံ့ ဖြစ်တဲ့ အညွန့်ပေါက်မယ့် ပညာကိုလဲ သူသတ်အုံးမယ်။ ပေါ်တဲ့ ခန္ဓာတွေကော (သူ သတ်အုံးမှာပါ ဘုရား)။ ဒါဖြင့် သူ့လက်ချက်နဲ့ အသက်ချည့် ထွက်ရမှာပဲဆိုတာဖြင့် ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် အင်မတန် ဆိုးဝါးယုတ်မာတဲ့ တရားမို့ပဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပယ်ရမယ်ကွ၊ ပယ်ရမယ်ကွလို့ မဟောဘူးလား (ဟောပါတယ်)။ သမုဒယသစ္စာကို ပဟာတဗ္ဗကိစ္စနဲ့ ပယ်ရမယ်လို့ သေသေချာချာ ဟောတော်မူတယ် (မှန်ပါ)။

အဲဒါပယ်ဆိုတော့ ခင်ဗျားတို့က ဘယ်လိုများလုပ်ရမှာပါလိမ့်မတုန်းလို့ မေးဖို့လိုလာတယ် (မှန်ပါ)။ ပယ်ဆိုတာ ဒကာ-ဒကာမတို့ တခြားမဟုတ်ပါဘူး။ လာလို့ပယ်တာ-(မှန်ပါ)။

တစ်ခုပြောပြန်ပြီ နားထောင်ပါ။ တစ်နေ့ကို နှစ်ခုနှစ်ခုပြောပါမယ်။ လာလို့ပယ်တာ (မှန်ပါ)။ လာတဲ့အခါမှာ သူ့ကို ပြစ်ပျက်ရှုလိုက်တော့ သမုဒယသစ္စာက ချုပ်သွားတယ် (မှန်ပါ)။ ဒါက လာလို့ပယ်တာ။

ကဲ-သူ့ကိုမလာအောင် ပယ်နေပါတော့ဆိုတဲ့နည်းက ရှိသေးတယ်။ မလာအောင်ပယ်နေမယ့်ဆိုတော့ ဒကာ ဒကာမတွေ ရှုနေကျ ခန္ဓာထဲကပေါ်ရာကိုရှု (မှန်ပါ)။ အဲဒါက သူဝင်ခွင့်ရသေးရဲ့လား (မရပါဘူး)။ အဲဒါကတော့ မလာအောင်ကို ပယ်နေတဲ့နည်း (မှန်ပါ)။

အဲဒါလဲဝိပဿနာပဲ

အဲဒီတော့ လာရင်ပယ်တဲ့နည်း- အဲဒါလဲဝိပဿနာပဲ။ မလာအောင်ပယ်နေတဲ့နည်းဟာလဲ (ဝိပဿနာပါပဲ)။ ဒါနှစ်ခုစလုံးလုပ်ရမှာပဲ။ ရှင်းပြီလား (ရှင်းသွားပါပြီ)။

လာလို့ရှိရင် သူ့ကိုပယ်ပစ်ရမယ်။ လာလို့ရှိရင် မင်းသည်ကား-လို့ဆိုရင် သမုဒယပဲလို့ ဒီမဂ်နဲ့သိပေးပါ၊ အဲဒါလာလို့ ပယ်တဲ့နည်း (မှန်ပါ)။

လာလို့ပယ်တဲ့နည်းကို လိုက်ပြန်တော့လဲ ဒကာ-ဒကာမတို့ ကျုပ်တို့က ပညာအညွန့်ပေါက်ပြီး သကာလ သူ့ကို သတ်ပစ်လိုက်တာပဲ (မှန်ပါ)။ ပညာဓားထက်လာလို့ သေသွားတယ်။ ဒါကြောင့်သူသည် ဆက်လက်ပြီး အလုပ်လုပ်နိုင် သေးရဲ့လား (မလုပ်နိုင်ပါဘူး)။

မလုပ်နိုင်တော့ ခန္ဓာသတ်ဖို့ အလုပ်တွေသံသရာစခန်းသတ်သွားတယ် (မှန်ပါ)။ မသတ်သေးဘူးလား (သတ်ပါတယ်)။

ကိုင်း-ဒါဖြင့် ဘုရားတပည့်တော်တို့ သူ့ကိုလာခွင့်မပေးတဲ့နည်းကို ပေးစမ်းပါအုံးဆိုတော့ ခင်ဗျားတို့ခန္ဓာပေါ် လာတဲ့စိတ်တွေကို ရှုတဲ့စိတ်လာလာ၊ ရှိုက်တဲ့စိတ်လာလာ၊ စားချင်တဲ့စိတ်လာလာ၊ အိပ်ချင်တဲ့စိတ်လာလာ၊ စားနေတဲ့ စိတ်လာလာ ဒါတွေကို ဖြစ်ပျက် ဖြစ်ပျက်သာရှုပေး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

မလာဘဲနဲ့ ချုပ်အောင်လုပ်တဲ့ နည်းတစ်မျိုး

ဖြစ်ပျက်ရှုနေတော့ မလာဘဲနဲ့ဘာဖြစ်သွားသတုန်း (ချုပ်သွားပါတယ်)။ မလာဘဲနဲ့ ချုပ်အောင်လုပ်တဲ့ နည်းတစ်မျိုး၊ လာလို့ချုပ်အောင်လုပ်တဲ့ နည်းတစ်မျိုး။ သဘောကျပြီလား (ကျပါပြီ)။ အဲဒါဘာတုန်းလို့ မေးတော့ လာလို့ ချုပ်အောင် လုပ်တာလဲ ဝိပဿနာရှုတာ ပဲ။ ဪ -သူ ပျက်သွားပြီလို့ သိလိုက်တာပဲ (မှန်ပါ)။

မလာဘဲနဲ့ ဒီပြင်အပျက်အတွေ ကြည့်နေပြန်တော့လဲ သူလာခွင့်ရသေးရဲ့လား (မရပါဘူူး)။ လာခွင့်မရတာ ကြောင့် သူသည် ပညာအညွန့်ကိုလဲ တုန်းအောင်မလုပ်နိုင်ဘူးလား။ ခန္ဓာကိုယ်ကိုလဲ သတ်တဲ့ကိစ္စ လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါဘူး)။ ဪ -ဒါဖြင့် ဝိပဿနာဉာဏ်ဟာ တယ်ကျေးဇူးများပါကလား (များပါတယ် ဘုရား)။

ဒကာ-ဒကာမတို့ ဝိပဿနာဉာဏ်ဟာ အလွန်ကျေးဇူးများတယ်ဆိုတာဖြင့် ရှင်းရှင်းကြီး ပေါ်လာပြီး (ပေါ်လာပါ ပြီ ဘုရား)။

ဒီတရားမျိုးကို ဒကာ-ဒကာမတို့အိမ်ရောက်လဲ ပြောကြစမ်းပါ၊ အင်မတန်ရှားပါးတယ်ဆိုတာ မပေါ်ဘူးလား (ပေါ်လာပါပြီ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ-ဒကာမတွေက မအားလို့ဆိုပြီး ဆင်ခြေပေးကြတယ်၊ မအားတော့ ဘာလုပ်နေသတုန်း မေးဖို့မလိုဘူးလား (လိုပါတယ်)။ မအားတော့ ဘာလုပ်နေသတုန်း။

အို- သူခိုင်းတာချည့် လုပ်နေတယ် ဆိုကတည်းက ဒကာ-ဒကာမတို့မအားတော့ တရားမရှိတော့ဘူးမေးတော့ ရှုစရာတရားကို မရှုဘဲနဲ့ အမိုက်ခံနေတာ (မှန်ပါ)။

မရှုဘဲနဲ့ သူ့ကျွန်ခံနေလို့ မအားတာ

မအားတာကော သိပြီလား (သိပါပြီ ဘုရား)။ ဘယ့်နှယ်ကြောင့် မအားပါလိမ့် (မရှုဘဲ နေလို့ပါ)။ မရှုဘဲနဲ့ သူ့ကျွန်ခံနေလို့ မအားတာ (မှန်ပါ)။ ဒါကြောင့် ဝိပဿနာရှုတာ အားတဲ့အချိန်ကျမှ ရှုရမှာပဲလို့ ဆင်ခြေပေးလိုက်တော့ သွားပြီ သွားပြီ၊ အားတဲ့အချိန်ကို ရှိနိုင်တော့မှာ မဟုတ်ဘူး (မှန်ပါ)။ သဘောပါပြီလား(ပါပါပြီ)။

အားတဲ့အချိန်မှ ရှုရမှာပဲဆိုတဲ့စိတ်တွေကော မလာဘူးလား (လာပါတယ်)။ အဲဒီကဲ့သို့လာခဲ့သည်ရှိသော် ဒကာ-ဒကာမတို့ ဒီဥစ္စာပညာလဲတုန်းပြီ၊ ခန္ဓာလဲသတ်ဖို့ရာ သူစီမံတော့မှာပဲ (မှန်ပါ)။

ကိုစံလှ ဘယ့်နှယ်နေသတုန်း(ပညာလဲတုန်း၊ ခန္ဓာလဲသတ်ဖို့ရာ စီမံတော့မှာပါ ဘုရား)။ ပညာကိုလဲ သတ်ပြီးပြီ၊ ခန္ဓာသတ်ဖို့ကော (စီမံပြီးပါပြီ)။ ခန္ခာသတ်ဖို့ပဲ အဆင့်သင့်လုပ်ပြီးပြီ (မှန်ပါ)။

ကဲ-ကျုပ်တို့က မအားလို့ မရှုနိုင်တာနဲ့ သူကတော့ဖြင့် စီမံပြီးပြီ။ သူ့ကြောင့် မအားရတာကို ခင်ဗျားတို့က (မှန်ပါ)။

ကိုင်း-ဒါဖြင့် ကျုပ်တို့ထူတာ-အတာတွေကဖြင့် ဒီဟာ အဟုတ်တကယ် လမ်းကျကျ ပြောလာလို့ ခင်ဗျားတို့ အင်မတန်ပေါ်လာတာနော (မှန်ပါ)။ နို့မဟုတ်ရင် ဒီဥစ္စာဝိပဿနာဆိုတာ အားမှလုပ်ရတယ် အောက်မေ့နေမယ် (မှန်ပါ)။ မအားတာ ဘယ်သူ ခိုင်းနေတာတုန်း (သမုဒယ ခိုင်းနေတာပါ)။

ဒါဖြင့် ဒကာ-ဒကာမတို့၊ သူတို့ ဘုန်းကြီးက ပြောထားတယ်၊ လာလို့ရှုနည်းတစ်မျိုး၊ မလာဘဲရှုနည်းတစ်မျိုး ဆိုတော့ ရှုလိုက်တော့ မဂ်ရမသွားဘူးလား (ရပါတယ်)။

လုပ်မစားနဲ့တော့လို့ ဟောတာလား

ဒါဖြင့် ဘုန်းကြီးက လုပ်မစားနဲ့တော့လို့ ဟောတာလား အားလုံးက ဆိုချင်လဲဆိုမယ်။ မဆိုပေဘူးလား (ဆိုမှာပါ ဘုရား)။ လုပ်စားတာကို ကန့်ကွက်နေတဲ့ အဓိပ္ပာယ်လဲကိုပေါ်- ရောက်နေတယ် (မှန်ပါ)။ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါက ခင်ဗျားတို့ ဘာမှမစဉ်းစားနဲ့။ ဒီဆင်ခြေလဲလာလို့ရှိရင် သူ့ဩဇာလို့မှတ်။ သူခဏ ဝင်လာတဲ့ဩဇာ။ သူဝင်လာလို့ ဆင်ခြင်လဲတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်သူဝင်လာတာတုန်း (သမုဒယဝင်လာတာပါ ဘုရား)။ သမုဒယဝင်လာလို့ ဒီအသံထွက်လာတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူဝင်လာသတုန်း (သမုဒယဝင်လာပါတယ်)။ အဲဒါကို ခင်ဗျားတို့က အကောင်းထင်ပြီး ပေါင်းပြန်ပြီနော်- (မှန်ပါ)။

ဘယ်လိုဆုံးဖြတ်ချက် ချမလဲ (အကောင်းထင်ပြီးပေါင်းပြန်ပါပြီ ဘုရား)။ ဒါဖြင့် ချင်ဗျားတို့ပေါင်းလို့ ရှိရင်ဖြင့် ရှေးဦးစွာ ပညာသတ်မလို့။ ပြီးတော့ကော (ခန္ဓာသတ်မလို့ပါ ဘုရား)။ ခန္ဓာသတ်မယ် ဆိုတာကိုဖြင့် သေချာပြီလား-(သေချာပါပြီ ဘုရား)။

ဘုရားဖြစ်သွားတယ်ဆိုတာ

ကဲ-ဒါဖြင့် ဒကာ-ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဘုရားဖြစ်သွား တယ်ဆိုတာ ကိုစောမောင်တို့ ကြားဖူးပါလိမ့်။ သိပ်လဲမကြာသေးပါဘူး။ နှစ်ပေါင်း ၂၅၀၀ ကျော်ရှိပါသေးတယ်။

ဘယ့်နှယ်ကြောင့် မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး သကာလ သဗ္ဗညုတဉာဏ်တော် ဆိုတာကြီး ရသွားပါလိမ့်လဲလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ ဘယ့်နှယ့်ကြောင့် သံသရာစခန်း အသေလမ်းတွေကိုလဲ ဇာတ်သိမ်းသွားပါလိမ့် မလဲ၊ နောက်သေစရာတွေ ဇာတ်မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား)။ နောက်ပိတ်ဆုံးဇာတ်သိမ်း သွားတယ်နော် (မှန်ပါ)။ အဲဒါ-ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သမုဒယလာတာ သတ်ချလိုက်တယ် (မှန်ပါ)။

အဲဒီမှာ ကြည့်ပါလား၊ တဏှာယောကျ်ားလက်သမားဆိုပြီး ဥဒါန်းကျူးတော်မူတာ ကိုစောမောင် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ကိုစောမောင်- ကိုယ်တော်မြတ်ကြီးဟာ ပစ္စုပ္ပန်မှာလဲဉာဏ်ညွန့်မကျိုးလို့ ချမ်းသာသွားတော် မူတယ်။ သားပူ၊ ဆွေပူ၊ မျိုးပူ စသည်တွေ အဲဒီဗောဓီပင်နဲ့ ရွှေပလ္လင်မှာ အကုန်ရုပ်သိမ်း တော်မူတယ်။ သူလာလာလို့ သတ်ပစ်လိုက် တာနဲ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ နောက်သေစရာ တဏှာကော လာသေးရဲ့လား (မလာပါဘူး)။

ဪ-ဒါဖြင့် ဒကာ-ဒကာမတို့ မအားလို့ မသတ်ဘူးဆိုရင် သူစီမံတော့မယ်၊ သမုဒယက စီမံလိမ့်မယ် (မှန်ပါ)။ အဲဒါ မအားတာ ဘယ်သူ့ကြောင့်တုန်း (သမုဒယကြောင့်ပါ)။ ဒါဖြင့် မအားတာသည် ခင်ဗျားတို့ ဉာဏ်ညွန့် ကျိုးပေါ့လို့ ဆုံးဖြတ်ချက်။ ခန္ဓာလဲ နောက် သေပွဲမဆုံးတော့ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အတော်ကျပ်တဲ့ တရားပါကလားလို့ ဒကာ-ဒကာမတွေက ဘုန်းကြီးအပေါ်မှာလဲ ဆိုချင်ကြလိမ့်မယ်နော် (မှန်ပါ)။ ဘာ့ကြောင့်တုန်းလို့မေးတဲ့အခါကျတော့ ဘုန်းကြီးကိုလဲ အပြစ်မဆိုနဲ့။ ဘုရားကိုလဲ အပြစ်မဆိုနဲ့။ ခင်ဗျားတို့ သန္တာန်မှာ ဝါသနာထုံထားတာက တဏှာကျွန်က အတော့်ကို ထုံထားတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

တဏှာ့ကျွန်က ထုံထားတာ

ဘယ်သူ့ကျွန်လဲ (တဏှာ့ကျွန်ပါ ဘုရား)။ တဏှာ့ကျွန်က ထုံထားတာက ခင်ဗျားတို့ထုံထားတာက အများကြီး ထည့်ထားတယ်ပြောတာ (မှန်ပါ)။ အဲဒါကြောင့် ဖြုန်းခနဲခွဲလိုက်ရလို့ရှိရင်ဖြင့် အစား ဘယ့်နှယ့်လုပ်မတုန်းဆိုတဲ့ တဏှာက အစားလဲ ညွှန်ပြတယ်၊ အဝတ်လဲ ညွှန်ပြတယ်-(မှန်ပါ)။

အဲဒီမှာ တဏှာကနေပြီး သကာလ ဟုတ်သားပဲဆိုရင် ဉာဏ်ညွန့်ကကျိုးသွားရော (မှန်ပါ)၊ ဉာဏ်ညွန့်ကျိုးရင် ခန္ဓာသေမယ့်သာ ပြင်တော့ (မှန်ပါ)။ သဘောပါပြီလား (ပါပါပြီ)။

ဉာဏ်ညွန့်ကျိုးရင် (ခန္ဓာသေမယ့်သာပြင်တော့)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဒကာ-ဒကာမတို့ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ သူ့ကိုပဲ ကိုစောမောင် သတ်ပစ်လိုက်တယ် (မှန်ပါ)။ ရှင်းပြီလား-(ရှင်းပါပြီ)။

သူ့သတ်ပစ်လိုက်တဲ့အတွက် သူ့အကျိုးဆက်တွေ ကော မလာဘူး ဆိုတာ ဒကာ-ဒကာမတွေ ကောင်းကောင်းရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်းဒါဖြင့် ဒကာ-ဒကာမတွေ ဒီလိုချည်းတရားလုပ်နေလို့ရှိရင် ဘာစားမလဲ၊ ဘာဝတ်မလဲဆိုတဲ့ ဆင်ခြေလဲဖို့ လိုသေးသလား (မလိုပါဘူး)။ ဆင်ခြေလဲရင် ဘယ်သူ့သတ္တိလဲ (သမုဒယသတ္တိပါ) သူ့ကို အကောင်းထင်ပြီး ပေါင်းပြန် ပြီ (မှန်ပါ)။

ကိုစံလှ ဘယ့်နှယ်တုန်း (သူ့ကို အကောင်းထင်ပြီးပေါင်းပါတယ်)။ အကောင်းထင်ပြီး ပေါင်းလို့ရှိရင်ဖြင့် အကောင်းထင်ပြီး ပေါင်းတဲ့ပုဂ္ဂိုလ်ကို သူသည် ဒုက္ခပေးမယ် (မှန်ပါ)။

အကောင်းထင်တဲ့ပုဂ္ဂိုလ်ကို ဒုက္ခပေးမှာ

ဘာတဲ့တုန်း (အကောင်းထင်တဲ့ပုဂ္ဂိုလ်ကို ဒုက္ခပေးမှာပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကိုင်း-ဒါဖြင့် ဒကာ-ဒကာမတို့၊ ကိုယ့်ဟာကိုယ်တဏှာကျွန်က ခံခဲ့ရတာ များလွန်းလို့ သူကအစားနဲ့ လက်ညှိုး ထိုးပြလိုက်၊ အဝတ်နဲ့ လက်ညှိုးထိုးပြလိုက်၊ သားသမီးတွေကို လက်ညှိုးထိုးပြလိုက်နဲ့ မင်းတရား အလုပ်ချည်း လုပ်နေလို့ရှိရင် မင်း သားသမီးကလေးတွေ အကုန် လူ့အောက်ကျ ကုန်တော့မျာပေါ့ကွ၊ မင်းလဲ လူပုံအလယ်မှာ တင့်တင့်တယ်တယ် နေနိုင်တော့မှာမဟုတ်ဘူးဆိုပြီးတော့ သူကလက်ညှိုးချလိုက်တယ် (မှန်ပါ)။

ဘယ်သူက လက်ညှိုးညွှန်ချလိုက်တယ် (မှန်ပါ)။ ဘယ်သူက လက်ညှိုးညွှန်ချလိုက်သတုန်း (တဏှာကပါ ဘုရား)။ အဲဒီတွင် ခင်ဗျားတို့လဲ ကျွန်ပီပီ ဟုတ်သားပဲလေ၊ ညကျမှပဲလုပ်တော့မယ် နေ့လယ်တော့သူခိုင်းတာလုပ်ပါအုံးမယ်ဆိုလို့ရှိရင် အဲဒါ ဉာဏ်ညွန့်ကျိုးလို့ သေပွဲဝင်ပြီးသားပဲလို့ ဆုံးဖြတ်ချက်ချပေတော့ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ဘာဖြစ်သွားသတုန်း (ဉာဏ်ညွန့်ကျိုးပါတယ်)။ ဉာဏ်ညွန့်ကျိုးတော့ သေပွဲဝင်ဖို့ ရှိတော့တယ် ဒကာ ဒကာမတို့ (မှန်ပါ)။

သားကောင်ကလေး ဟိုမှာ ထောင်ထားတဲ့ မုဆိုးက ကျော့ကွင်းနဲ့ထောင်ထားတယ်၊ ဒီကသွားပြီ အစာသာမြင်၍ ကျော့ကွင်းမမြင်တော့ ဉာဏ်ညွန့်က ကျိုးပြီး (မှန်ပါ)။ မကျိုးသေးပါဘူးလား (ကျိုးပါတယ် ဘုရား)။ ဒီသားကောင်ကလေး ဘာကျိုးသတုန်း (ဉာဏ်ညွန့်ကျိုးပါတယ်)။ ဉာဏ်ညွန့်ကျိုးရင် ခန္ဓာသွားတော့မယ် ကိုစောမောင် (မှန်ပါ)။ သွားရင် သေရုံပဲရှိတော့တယ် (မှန်ပါ) ဒီ့ပြင်ဘာရှိသေးသတုန်း (ဘာမှမရှိပါဘူး)။

ဉာဏ်ညွန့်ကျိုးပြီ

ဒါဖြင့် ခင်ဗျားတို့သူခိုင်းတာကို လုပ်အုံးမှပဲဆိုတော့ ဉာဏ်ညွန့်ကျိုးပြီ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ လုပ်လို့ရှိရင်ဖြင့် ဒကာ-ဒကာမတို့ အမောဆိုက်တဲ့ ပစ္စုပ္ပန်ဒုက္ခရပြီး သံသရာမှာတော့ ဒုက္ခပြောဖို့မလိုတော့ဘူး အများကြီး ရတော့မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နည်းနည်းနောနော သတ္တိမဟုတ်ဘူးနော် (ဒါ-အင်မတန် နားကြီးကြီးနဲ့ထောင်မှ။ ဟုတ်ပါကလား လိုက်ကြမှာ၊ နို့မဟုတ်လို့ရှိရင်ဖြင့် ဒီတဏှာအရှိန်အစော် ကြီးနေတဲ့ပုဂ္ဂိုလ်များ သူကခိုင်းလို့ ကျွန်သပေါက်ဖြစ်နေတဲ့ ပုဂ္ဂိုလ်များဆိုရင် ဘုန်းကြီးတရားနာရတာ လုပ်စားချိန်မရှိဘူးလို့ ခင်ဗျားတို့ ချက်ချင်းတဏှာက ဒီအထဲတွင် ဆင်ခြေလဲမယ်-(မှန်ပါ)။ မလဲဘူးလား-လဲမလား (လဲပါမယ် ဘုရား)။ သဘောပါကြပြီလား (ပါပါတယ်)။

ကိုင်း-ဒါဖြင့် ဒီနေ့ တရားနာသွားတော့မယ်။ တရားသွားပြီအားထုတ်တော့မယ်လို့ရှိရင် အို-တရားနာတယ် ဆိုတာ နာတာတော့လွယ်ပါရဲ့၊ နာရင်းစားဖု့ိဘယ့်နှယ်လုပ်မလဲဆိုပြီး သူကကန့်ကွက်ချလိုက်တယ် (မှန်ပါ)။ ဒီလိုချည်း လုပ်နေတယ် (မှန်ပါ)။

အဲဒါ ခင်ဗျားတို့က အပေါင်းလွဲချင်တော့ ကဲ-ရှိပါစေတော့၊ ဟုတ်သားပဲလေ၊ စားဖို့သောက်ဖို့ကလေး ရှာလိုက် ပါအုံးမယ်ဆိုပြီး သူနဲ့ပေါင်းသွားပြီ၊ မပေါင်းသေးဘူးလား -(ပေါင်းပါတယ်)။ ပေါင်းလို့ရှိရင် ဉာဏ်ညွန့်ကျိုးရင် ခန္ဓာပါ ကျိုးမယ် စိတ်ကူးပေတော့ (မှန်ပါ)။

ကိုစောမောင် ဉာဏ်ညွန့်ကျိုးပြီးရင်ဖြင့် (ခန္ဓာပါကျိုးတော့မှာပါ)၊ ခန္ဓာပါသေဖို့ စိတ်ကူးပေတော့ဆိုတဲ့ ဥစ္စာ သည် ဗေဒင်မမေးနဲ့တော့ ဆန်ကုန်ရုံပဲ။ ဒီအတိုင်းသွားရမယ်။ သဘောပါကြပြီလား (ပါပါပြီ)။

အဲဒါ သေသေချာချာတွေးမှ သေသေချာချာပေါ်တယ်၊ မနက်ဖြန်ပေါ်မယ့်ကိစ္စတွေကို ယနေ့လှမ်း ပြောနေတယ် (မှန်ပါ)။

သမုဒယသစ္စာဆိုတာငယ်ပေါင်း

ဘယ်နေ့လာမယ့်ကိစ္စတွေတုန်း (မနက်ဖြန်လာမယ့် ကိစ္စတွေပါ)။ မနက်ဖြန်လာမယ့်ကိစ္စတွေကို ခင်ဗျားတို့ ယနေ့ အပါထုတ်ပါစေတော့လို့၊ ဉာဏ်ရပါစေတော့လို့ပြောနေတာ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

မနက်ဖြန်တွေ့ရမယ့်ကိစ္စတွေဟာ ခင်ဗျားတို့ဉာဏ်ညွန့်ကျိုးရမယ့် ကိစ္စတွေ၊ ခန္ဓာသေပွဲဝင်ရမယ့် ကိစ္စတွေ၊ အဖန်ဖန်သေပွဲဝင်ရမယ့်ကိစ္စရယ်-အဖန်ဖန်သေပွဲဝင်ပေါ့ဗျာ (မှန်ပါ)။ ယခုဘဝဒုက္ခအမျိုးမျိုးရမှုရယ်- ဒါဟာမနက်ဖြန် တွေ့ရတော့မယ် လာတော့မယ်(မှန်ပါ)။ မလာပေဘူးလား (လာပါတယ်)။ ငယ်ပေါင်းကိုဗျ။

ဒကာ-ဒကာမတို့ ဘယ့်နှယ် နေကြသလဲ (ငယ်ပေါင်းပါ ဘုရား)။ ငယ်ပေါင်းဗျ သမုဒယသစ္စာဆိုတာ (မှန်ပါ)။ မင်းတို့ ဟောဒါနှင်ချလို့ ပြောမယ့်သူ ဘယ်သူမှ ရှိတာမဟုတ်ဘူး၊ ဘုရားတစ်ဆူ တစ်ဆူပွင့်တော်မူလာပါမှ တစ်ခါတစ်ခါကလေး နှင်ချခိုင်း သူပေါ်ပေါ်လာ တာ (မှန်ပါ)။ အခုလဲ သာသနာတော် ကျန်နေရစ်သေးလို့ ဘုန်းကြီးတို့က ပြောနိုင်ဟောနိုင်သေးတာ (မှန်ပါ)။ နို့မဟုတ် လို့ရှိရင် ခင်ဗျားတို့ သူ့လက်ထဲမှာမွေးပြီး သူ့လက်ထဲသေရမယ် (မှန်ပါ)။ နောက်တစ်ခါ သူ့လက်ထဲပဲ မွေးပြန်တာပဲ။ သူ့လက်ထဲပဲ (သေပြန်တာပါပဲ)။ ကျုပ်တို့စွမ်းရည်သတ္တိ ဘာပါသေးသတုန်း (ဘာမှမပါပါဘူး)။

တဏှာ့လက်ထဲမှာ ခိုင်းတာလုပ်၊ သူသေလိုက်ဆိုတော့- (သေရပါတယ်)။ သဘောပါပြီလား (ပါပါပြီ)။

ကိုင်း-ဒါဖြင့် ဒီ့ထက်ရှင်းအောင် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်ကလေးပဲ ပါသွားပြီဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

သူလာရင်-လာတိုင်းလာတိုင်း မင်းသမုဒယသစ္စာပဲလို့သိရင် အလုပ်ဖြစ်ပါတယ်(မှန်ပါ)။ ဟာ-သူ့ကို လာခွင့်မပေးချင်ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ သန္တာန်မှာရှိတဲ့-စိတ္တာနုပဿနာကြိုက်ရင် လာတဲ့စိတ်ကို ဖြစ်ပျက်မှု-(မှန်ပါ)။

ဝေဒနာတွေ ကြိုက်လို့ရှိရင်လဲ ဝေဒနာကို ဖြစ်ပျက်ရှုချလိုက်ပါ (မှန်ပါ)။ ရုပ်တွေရှုချင်ရင်လဲ ပူတာ၊ အေးတာ၊ တောင့်တာ တင်းတာတွေ လာနေရင်ကော (ရုပ်ကိုဖြစ်ပျက် ရှုရပါမယ်)။ အဲဒါက သမုဒယမလာအောင် တားတဲ့နည်း။ ရှင်းကြပြီလား (ရှင်းပါပြီ)။

အလုပ်ပါပြီလား (ပါသွားပါပြီ)။ မလုပ်တတ်စရာကောရှိသေးရဲ့လား (မရှိပါဘူး)။ မလုပ်တတ်ရင် လာမေးကြပါ။ ခင်ဗျားတို့- အားလုံးပဲ ဖိတ်ထားပါတယ် (မှန်ပါ)။

သုသာန်ဘယ်နေရာမှာ ရှိသတုန်း

ကောင်းပြီ ဒါဖြင့် ဒကာ-ဒကာမတို့၊ သူ့စွမ်းရည်သတ္တိကို ဘုန်းကြီးရှင်းပြီးတော့ ကျယ်ကျယ်ပြောပါအုံးမယ်။

မောင်နိုင်-မိုးကုတ်မြို့မှာ သုသာန်ဘယ်နေရာမှာ ရှိသတုန်းလို့မေးတော့ သုသာန်တွေ ရှိတယ်မဟုတ်လား (မှန်ပါ)။ အဲဒီသုသာန်သေလေသမျှ-ကျုပ်တို့သည်ကားလို့ဆိုရင် မြို့ရွာမတည်ရသေးဘူး၊ သုသာန်ကိုထည့်ပြီး စဉ်းစားရ တယ် (မှန်ပါ)။

ရွာမတည်ခင်ဘာတုန်း ကိုစောမောင် (သုသာန်ထည့်ပြီး စဉ်းစားရပါတယ်)။ ရွာတော့ထားပါအုံး သုသာန်အရင် စဉ်းစားရပြီ။ ရွာနှင့်သုသာန်ဆိုတာကတော့ မကင်းနိုင်ဘူးလို့မပြောကြဘူးလား (ပြောပါတယ်)။ မကင်းနိုင်တော့ ကိုစောမောင် ရွာမတည်ခင် ဘာစဉ်းစားရသတုန်း (သုသာန် စဉ်းစားရပါတယ်)။

သုသာန်ကို ခင်ဗျားတို့က ဝေးလဲဝေးချင် တာကိုးဗျ။ ဝေးလဲဝေးချင်တော့ ရွာနှင့်လဲ ဝေးချင်တဲ့စိတ်က သဘောကတော့ တစ်ရွာလုံးက တူတယ်ဆိုကြပါစို့။ ကိုစောမောင်-မတူပေဘူးလား (တူပါတယ်)။ သုသာန် မစဉ်းစားဘဲနဲ့ကို ဒကာ ဒကာမတွေ ရွာတည်လို့ ဖြစ်ပါရဲ့လား (မဖြစ်ပါဘူး)။ ဘာကြောင့်တုန်းဆိုတော့ သေစရာပါနေလို့ (မှန်ပါ)။

ဘယ့်နှယ်ဆုံးဖြတ်ချက်ချကြမလဲ (သေစရာပါနေလို့ပါ ဘုရား)။ သေစရာပါနေတော့ ဒကာ-ဒကာမတွေ ရွာတည်လျှင် ဘာကိုစဉ်းစားရသလဲ (သုသာန်ကို စဉ်းစားရပါတယ်)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ထို့အတူပဲတဲ့-ခင်ဗျားတို့ သူ့ကိုသာ လက်ခံလို့ရှိရင် သုသာန်အမြဲစဉ်းစားထားပါ။ ထိုရွာသာ တည်မိလို့ရှိရင် (မှန်ပါ)။ သမုဒယရွာတည်မိလို့ရှိရင် သမုဒယဝမ်းထဲရောက်ရင် သုသာန်သာ စဉ်းစားပေတော့ (မှန်ပါ)။

သမုဒယဆိုတာဝမ်းထဲ လောဘ

ဘယ်လိုဆိုကြမလဲ (သမုဒယရွာတည်မိရင် သုသာန်သာစဉ်းစားထားပါ)။ သမုဒယဆိုတာဝမ်းထဲ လောဘ။ တော်တော်နေရင်း လောဘ၊ တော်တော်နေရင်း လောဘဆိုလို့ရှိရင်ဖြင့် အင်း-တော်တော်ကြာ လူသုသာန်၊ တော်တော် ကြာ နတ်သုသာန်၊ တော်တော်ကြာ ဗြဟ္မာသုသာန်ပဲ။ သူက သုသာန်တော့ပို့မယ်ဆိုတာ သေချာပြီးသားနော် (မှန်ပါ)။ သူ့ကိုသာ စဉ်းစားမယ်ဆို သုသာန်ပို့မှာပဲလို့သာ ဆုံးဖြတ်ချက်ချကြပါတော့ (မှန်ပါ)။

သူ့သာ လက်ခံဖြစ်ကြမယ်၊ သူနဲ့သာပေါင်းနေကြမယ်ဆိုရင် ဘာစဉ်းစားထားရမတုံး (သုသာန်စဉ်းစားထား ရပါမယ်)။ အဲ-သမုဒယရွာတည်မိလို့ရှိရင် သုသာန်စဉ်းစားပါတော့ (မှန်ပါ)။ ဘယ်သူ့အတွက်လဲ ကိုယ့်အတွက်လို့ မှတ်လိုက် (မှန်ပါ)။ သမုဒယကိုလက်ခံရင် ကိုယ့်သုသာန်ကို စဉ်းစားတာနဲ့အတူတူပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူ့ကို လက်ခံမိလို့ရှိရင် သူက တဏှာ-ဥပါဒါန်-ကံ-ဇာတိ-ဇရာ-မရဏ ပို့တော့မှာကိုး (မှန်ပါ)။ ပဋိစ္စသမုပ္ပာဒ် နည်းနှင့်တခြား ဘာပို့စရာလိုသေးသတုန်း(မလိုပါဘူး ဘုရား)။ အဲ-သမုဒယသာများတဲ့ပုဂ္ဂိုလ်ဟာ-သုသာန်စဉ်းစားများ တာပဲ(မှန်ပါ)။ သုသာန်များများ ရောက်ဖို့ ကြိုးစားတယ် (မှန်ပါ)။

ဒီဥစ္စာ တစ်ခါတည်း နားရှိလို့သာ ကြားရတာနော်-မလွယ်ဘူးနော်(မှန်ပါ)။ ခင်ဗျားတို့က အင်မတန်မှ ထူးတဲ့ ပုဂ္ဂိုလ်တွေ။ ဘယ်လိုထူးသတုန်းမေးဖို့လာတော့ သမုဒယများတယ်ဆိုတာကို ဂုဏ်ယူနေကြတယ် (မှန်ပါ)။

ကျုပ်သုသာန်တွေ အများကြီးလို့ပြောတာ

ဘယ်လိုများဂုဏ်ယူကြပါလိမ့် (သမုဒယများတယ်ဆိုတာ ဂုဏ်ယူကြပါတယ်)။ ကျုပ်က သူများနဲ့ မတူဘူးဗျ။ ဥတစ်လုံး တစ်ကောင်ကြွက်က မဟုတ်ဘူး-ကျုပ်မှာ သမုဒယတွေက နည်းတာတွေ မဟုတ်ဘူး။ မပြောကြဘူးလား (ပြောပါတယ်)။ ကျုပ်သုသာန်တွေ အများကြီးလို့ပြောတာ-(မှန်ပါ)။ ကျုပ်သေမည့်သုသာန်တွေ အများကြီးလို့ ပြောတာ လွဲသလား-မလွဲဘူးလား (မလွဲပါဘူး)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ရွာတည်မယ်ဆိုလို့ရှိရင် ဘာကိုထည့်စဉ်းစားရသတုန်း (သုသာန်ထည့်စဉ်းစားရပါတယ် ဘုရား)။ ဒီမှာလဲ သမုဒယများတယ်ဆိုလို့ရှိရင် သုသာန်ထည့်ပြီးစဉ်းစားတဲ့၊ အစဉ်စားလို့သာ မှတ်လိုက်- ကိုယ့်ဟာကိုယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အဲ-ကျုပ်တော့ သမုဒယများလွန်းလို့ နောက်တော့ ဂုဏ်မယူကြနဲ့၊ ခင်ဗျားတို့က မြို့ထဲမှာ လက်ဖျား ကလေး ခါခါ ခါခါနဲ့ လုပ်မနေကြနဲ့-နော် (မှန်ပါ)။ မျက်နှာကလေး ညှိုးငယ်စွာနဲ့ ကြည့်စမ်းပါလား- သမုဒယကြောင့်တရားတွေလဲ လက်လွတ်ကုန်ပြီ။ အဲဒါသုသာန် ရှာနေတဲ့ဥစ္စာကြီး-(မှန်ပါ)။

ဘယ့်နှယ်ဆိုကြမလဲ (သုသာန်ရှာနေတာပါ)။ ကိုစောမောင် ငြင်းချင်သေးသလား (မငြင်းချင်ပါဘူး)။ သဘော ကျပြီနော် (ကျပါပြီ)။

ရွာတည်မယ့်ကြံရင် ဘာထည့်စဉ်းစားရမလဲ

ကိုင်း-ဒါဖြင့် ခင်ဗျားတို့ ဒီအကြောင်းကောင်းကောင်းသိဖို့ ရွာတည်မယ့်ကြံရင် ဘာထည့်စဉ်းစားရမလဲ (သုသာန်ထည့်စဉ်းစားရပါတယ်)။ ဘာကြောင့်တုန်း။ သေစရာအထည်ရှိလို့ (မှန်ပါ)။

သေအောင်လုပ်မယ့်တရားတွေကလဲ ဝမ်းထဲမှာပြည့်နေတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ သေစရာအထည်ရှိလို့ စဉ်းစားရတာ တစ်မျိုး၊ သေစရာ အထည်ကို ပေးတတ်တဲ့တရားကို မစွန့်နိုင်လို့ သူသတ်ယောကျ်ားပါနေလို့ စဉ်းစားရတာကလဲ တစ်မျိုး-ဒီအတိုင်း မနေဘူးလား (နေပါတယ် ဘုရား)။ ဘယ်လောက်များဆိုးတယ် ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ)။

ထို့အတူပါပဲ၊ ခင်ဗျားတို့ သမုဒယများတယ်ဆိုလို့ရှိရင် သုသာန်စဉ်းစားတာသာမှတ်ပေတော့ (မှန်ပါ)။ သုသာန် ပေါင်း ဘယ်လောက်ရမယ်ထင်သတုံး (မရေတွက်နိုင်ပါဘူး ဘုရား)။ အများကြီးရမယ်။

ဒါကြောင့် လောကီ ဥပမာ ကလေးမှတ်သွားလိုက်စမ်းပါ-ဘုန်းကြီးတို့မန္တလေးမှာ ၅ရက် တစ်ပတ်၊ ၆ ရက်တစ်ပတ်လောက် နွားရိုးတွေ သကြားစက် ကို တင်ပို့ရတာရှိတယ် (မှန်ပါ)။ သကြားဆိုတာက တင်ပို့ရတာရှိတယ် (မှန်ပါ)။

သကြားစက်ကို ပို့ရတယ်

သကြားဆိုတာက ဒီနွားရိုးတွေထောင်းပြီး သကာလ ဒီဥစ္စာတွေနဲ့သကြားကို ခတ်ရတာကိုး၊ ဒီတော့မှဖြူစင်တယ်။ ကြံတွေက အညစ်အကြေးတွေပါတယ်၊ အနီပါ တယ်၊ အဖြူပါတယ်၊ ကြံတွေထဲမှာပေါ့လေ။ အဲဒါတွေ ဖြူအောင်လုပ်ချင်တော့ နွားရိုးဟာ အတော်အရေးကြီးတယ်။ နွားရိုးတွေခတ်တော့ သကြားဟာ ဖြူထွက်သွားတယ် (မှန်ပါ)။

မန္တလေးကနေပြီး သကာလ နွားရိုးတွေကို ၅-ရက် တစ်ပတ်လောက် ၆-ရက်တစ်ပတ်လောက် ၆-တန်တွဲဆိုတဲ့ တွဲတွေနဲ့ကို ၁၅-တွဲ၊ တွဲ-၂၀ အဲဒီသကြားစက်ကို ပို့ရတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်က- (မှန်ပါ)။

အဲဒီနွားရိုးတွေမြင်တော့မှ ဒကာ-ဒကာမတွေက စဉ်းစားဖို့ကောင်းတယ်၊ ဒီနွားတွေ ဒါလောက် အသေသတ် တဲ့ သူဟာ ဘယ်သူတုန်းလို့မေးလို့ရှိရင် နွားသတ်ကုလားတော့ သွားတော့မှာပဲ(မှန်ပါ)။ မတွေ့ပေဘူးလား (တွေ့ပါတယ်)။ နွားကို တစ်နေ့တစ်ကောင်တစ်ရာလောက် တစ်ရာလောက် မြို့ကြီတွေမှာ သတ်ကြရတာကိုးဗျ (မှန်ပါ)။

အဲဒီတော့ ဒီအရိုးတွေဟာ ခုနက ၆-တန်တွဲနဲ့ ၁၅-တွဲ-တွဲ-၂၀ ဟာပါမှာပဲ-ရောင်းစားတာကိုး (မှန်ပါ)။ အဲဒီတော့ အဲဒီအရိုးတွေကို ခင်ဗျားတို့က လမ်းကနေကြည့်လိုက်တော့ များလိုက်တာကွာ၊ နွားရိုးတွေကို ကိုစောမောင် မမြင်ပေဘူးလား-မြင်သလား-(မြင်ပါတယ် ဘုရား)။ ဆက်စဉ်းစား လိုက်တော့ဘာတွေ့သလဲ (နွားသတ်ကုလား တွေ့ တယ်)။ သူတစ်ယောက်တည်း သတ်တာပဲ၊ ဒါတွေ နွားရိုးတွေဟာ- မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်)။

ဒီမှာလဲသုသာန်မြင်တိုင်း မြင်တိုင်းဟာ ဘယ်ရွာမှာ သွားသွား သုသာန်ရှိတယ်၊ မြေပုံတွေ မြင်တိုင်းမြင်တိုင်း သမုဒယသတ်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

သူက အသေခိုင်းလို့သေရတာ

ဘယ်သူသတ်တာတုန်း (သမုဒယသတ်တာပါ)။ သူက အသေခိုင်းလို့သေရတာ (မှန်ပါ)။ သူက ဆုတောင်းခိုင်း လိုက် လူဖြစ်ပါရစေဆိုရင် ဟိုကျသေအုံးပဲ (မှန်ပါ)။ ကဲ-သူသတ်တာချည်းမဟုတ်လား (မှန်ပါ)။ ကိုင်း ၃၁ဘုံ၏ သူသတ်ယောကျ်ားဟာ ဘယ်သူပါလိမ့်-(သမုဒယပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။ အဲဒါ သံယုတ်ပါဠိတော်လာတဲ့ အဓိပ္ပာယ်ဟောတာ သဘောပါကြပြီလား- (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ဒကာ-ဒကာမတွေ သူမသေသရွေ့ဖြင့် ကျုပ်တို့မှာဖြင့် နွားရိုးများသလိုပဲ ကိုစောမောင်များ ရမှာပဲ (မှန်ပါ ဘုရား)။ ဒါကြောင့် ၃-ရက်တက် ၃-ရက်ဆင်း၊ ၄-ရက်တက် ၄-ရက်ဆင်းတောင်ပုံလောက် ဘုရားတစ်ဆူ တစ်ဆူကြားမှာ ဖြစ်ရတဲ့ အရိုးပုံဆိုတာကော ယုံပြီလား-(ယုံပါပြီ)။

အဲဒါ ဘယ်သူ့လက်ချက်ပါလိမ့် (သမုဒယ လက်ချက်ပါ ဘုရား)။ ဒါဖြင့် အလုပ်သာ လုပ်ကြပေတော့။ မလုပ်ရင် ခင်ဗျားတို့ သေမယ့်သာပြင်-(မှန်ပါ)။ လာလို့ရှိရင်ဖြင့် လာပြန်ပြီလို့သိပေး။ သိရင်သိတာက မဂ္ဂသစ္စာ၊ သမုဒယကချုပ်သွားပြီ။ လာပြီးတော့ ချုပ်ရတာကိုး (မှန်ပါ)။

သိတဲ့မဂ် ဉာဏ်မလာရင်သာ ဒီဘက်ဒုက္ခပေးမှာကိုး။ သိသည်နှင့်တစ်ပြိုင်နက်တည်း သူသည်ချုပ်ရမယ် (ချုပ်ရပါမယ် ဘုရား)။ ချုပ်တော့ သမုဒယချုပ်တာ၊ ချုပ်သွားပြီလို့ သိတာက (မဂ္ဂသစ္စာ)။

သိတာကမဂ္ဂသစ္စာ

ချုပ်သွားတာက သမုဒယချုပ်တာ။ သိတာက (မဂ္ဂသစ္စာပါ)။ မဂ္ဂသစ္စာပေါ်တာဆိုတာ သဘောကျပြီလား- (ကျပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် သူသတ်ယောကျ်ားကို ကျုပ်တို့က ပြန်သတ်တယ်၊ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကဲ-မင်းကိုလာခွင့်မပေးဘူးကွာ၊ မင်းလဲလာခွင့် မပေးတော့ပါဘူးကွာ၊ မင်းတို့လိုပုဂ္ဂိုလ်တွေ ရှောင်ပါတော့မယ်- ရှားပါတော့မယ်ဆိုတော့ စိတ္တာနုပဿနာရှုရှု၊ ဝေဒနာနုပဿနရှုရှု၊ ကာယနုပဿနာရှုရှု-ကြိုက်တာရှု-လာသေးရဲ့လား (မလာပါဘူး)။

ဒါဖြင့် သူသတ် ယောကျ်ားမျိုးမပြတ်ဘူးလား (ပြတ်ပါတယ်)။ အဲ-သူသေတဲ့ တစ်နေ့ကျလို့ရှိရင် သူလေးပိုင်းတစ်ပိုင်း သေရင်ပဲ ကျုပ်တို့ အပါယ်သေပွဲတွေ အကုန်ငြိမ်းတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ရလိမ့်မယ်ဆိုတာကော သဘောပါပြီလား (ပါပါပြီ ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ-ယနေ့ဒီတွင် တော်ပါအုံး။

သာဓု သာဓု သာဓု။