13709

မာတိကာသို့

အဝိဇ္ဇာဖုံးမှု ငါးချက် (၃)

အသံဖိုင်ခေါင်းစဉ်= အမှောင်းငါးစင်း အလင်းငါးချက် အမှတ်(၄)

စာအုပ်ထဲမှခေါင်းစဉ်= အဝိဇ္ဇာဖုံးမှု ငါးချက် (၃)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့မင်္ဂလာတိုက်၌ဟောကြားတော်မူသော

အဝိဇ္ဇာဖုံးမှု ငါးချက် (၃)

အလုပ်ပေးတရားတော်

(၇-၅-၁၉၆၁)

အဝိဇ္ဇာရဲ့ စွမ်းရည်သတ္တိ

ဒကာ ဒကာမတွေကိုပြောထားပါတယ်။ အဝိဇ္ဇာရဲ့ စွမ်းရည်သတ္တိအင်မတန်ထက်ပါတယ် (မှန်ပါ)။ သူ့စွမ်းရည် သတ္တိထက်တာကို ဘယ်လိုသိရမတုန်းလို့ -ဒကာ ဒကာမတွေကို မေးလို့ရှိရင် ဒီဘက် ဘုံ ၃၁ မှတ်ထားလိုက်တာပေါ့ (မှန်ပါ)။

အားလုံး ဒကာ ဒကာမတွေ ဘုံဟာ ဝေဖန်လိုက်လို့ရှိရင် ၃၁ ပဲရှိတယ်နော် (မှန်ပါ)၊ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် အကုန်ပေါင်း၊ အပါယ်လေးဘုံနဲ့ ပေါင်းလိုက်တဲ့အခါ ၃၁ ပဲ ရှိတယ်လို့ မှတ်ထားလိုက်ကြစမ်းပါ (မှန်ပါ)။

အဲဒီဘုံ ၃၁ ဟာ ဒကာ ဒကာမတွေ မှတ်ထားစရာက အဝိဇ္ဇာသည်ကားလို့ဆိုရင် ဘုံ ၃၁ တည်းဟူသော သုဿာန်မြေတွေမှာဖြင့် သူကနေပြီး ခြယ်လှယ်ပြီး သကာလထားတဲ့ ပုဂ္ဂိုလ်တွေကို အလောင်းမြှုပ်ဖို့ သူဆင်ထား တာပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊

အလောင်းမြှုပ်ရာ ဌာန ၃၁-ဌာန ရှိတယ်လို့ မှတ်ပါ (မှန်ပါ)၊ အဲဒီ ၃၁ ဌာနအားလုံး ဟာ ဒကာ ဒကာမတွေမှတ်ထားပါ။ အဝိဇ္ဇာက စီစဉ်ထားတာ (မှန်ပါ)၊ နည်းနည်းလိမ်မာတဲ့ လူကို အထက်တန်းမြှုပ်တယ်၊ အလယ်စားလူကို လူ့ပြည်လောက် မြှုပ်မယ် (မှန်ပါ)။

လိမ်မာတဲ့လူကို ဗြဟ္မာပြည် လောက် သွားမြှုပ်မယ်၊ တော်တော် အလတ်စားလိမ်မာတဲ့လူကိုတော့ လူ့ပြည် နတ်ပြည်ခြောက်ထပ်ဆိုတော့ ခုနှစ်ဘုံလောက်မှာ သူမြှုပ်မယ် (မှန်ပါ)၊

လူမိုက်တွေကျတော့ အပါယ်လေးဘုံကို သူမြှုပ်တယ် (မှန်ပါ)၊ ဒါဖြင့် သူ့နယ်ချည်းကျနေတာပေါ့ (မှန်ပါ)။

လိမ်မာတဲ့လူကျတော့ သူကဗြဟ္မာပြည်မှာမြှုပ်မယ်၊ အလတ်စားကလေးလိမ်မာတဲ့ ပုဂ္ဂိုလ်ကျတော့ လူ့ပြည်နဲ့ နတ်ပြည်ခြောက်ထပ်မှာ မြှုပ်မယ်၊ လူမိုက်တွေကျတော့ အပါယ်လေးဘုံမြှုပ်မယ်ဆိုပြီး သူဆင်ထားတဲ့ အလောင်းမြှုပ်ရာ သုသာန်တွေလို့မှတ်လိုက်စမ်းပါ (မှန်ပါ)။

၃၁-ဘုံဟာဘာပါလိမ့်

၃၁- ဘုံဟာဘာပါလိမ့် (အလောင်းမြှုပ်ရာ သုသာန်တွေပါ)၊ အဝိဇ္ဇာ၏ အလောင်းမြှုပ်ရာ စီစဉ်ထားတဲ့ သုသာန်တွေလို့မှတ်လိုက်ပါ (မှန်ပါ)၊ ဒကာ ဒကာမတို့ ဒါလောက်ဆိုရင် ရိပ်မိလောက်ပါပြီ (မှန်ပါ ဘုရား)။

ဪ- ၃၁ဘုံထဲမှာဖြင့် ဘယ်ဘုံသည် အဝိဇ္ဇာ၏ စွမ်းရည်သတ္တိမရှိတဲ့ ဘုံရယ်လို့ သူမခြယ်လှယ်နိုင်တဲ့ ဘုံရယ် လို့ရှိသေးရဲ့လား (မရှိပါဘူး)၊ လူလိမ်မာကို ဗြဟ္မာပြည်မြှုပ်မကွ-တော်တော်လိမ်မာရင် ဗြဟ္မာပြည်မြှုပ်မယ် (မှန်ပါ)။အလတ်စားလိမ်မာရင် လူ့ပြည်နဲ့ နတ်ပြည်မြှုပ်မယ်ကွာ။ သဘောကျပါလား (ကျပါပြီ)၊ လူမိုက်တွေဟူသ၍ အပါယ် လေးဘုံမြှုပ်မယ်ကွာ၊ ဒီလိုထင်ထားတာ (မှန်ပါ)။

ဒီအထဲမှာ ကိုယ့်ကိုယ်ကို မိုက်တယ်၊ အလတ်စားလိမ်မာတယ်၊ တော်တော်လိမ်မာတယ်ဆိုတာ ကိုစောမောင် ခွဲနိုင်ပြီ (မှန်ပါ)၊ ဒကာ ဒကာမတွေ မခွဲနိုင်သေးဘူးလား (ခွဲနိုင်ပါတယ်)၊ ကိုစံလှခွဲနိုင်ပါလား (ခွဲနိုင်ပါတယ် ဘုရား)။

ဒီအထဲမှာ တော်တော်လိမ်မာတဲ့ လူဆိုရင် ဘယ်ကိုသူပို့ထားသလဲ (ဗြဟ္မာပြည်ပို့ထားပါတယ်)။ ဗြဟ္မာပြည် သင်္ချိုင်းကို ပို့လိုက်တယ် (မှန်ပါ)၊ သဘောကျပါလား (ကျပါပြီ)၊ အလတ်စား လိမ်မာတဲ့ပုဂ္ဂိုလ်ကျတော့ လူ့ပြည်နဲ့နတ်ပြည် ခြောက်ထပ်ကို ပို့ထားလိုက်တယ်။

အဲဒီမှာ မင်းအလောင်းမြှုပ်ရမယ်။ သဘောကျပါလား (ကျပါပြီ)၊ လူမိုက်တွေဟူသ၍ တော့ ဘယ်မှာမြှုပ်ဖို့စီစဉ်ထားပါလိမ့် (အပါယ်လေးဘုံမြှုပ်ဖို့စီစဉ်ပါတယ်)၊ ပေါင်းလိုက်တဲ့ အခါကျတော့ ၃၁ဘုံ မပြည့်သေးဘူးလား (ပြည့်ပါတယ် ဘုရား)။

ဪ-ဒါဖြင့် ဘယ်သူချယ်လှယ်ထားတဲ့ သုသာန်တွေပါလိမ့်မလဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မေးရင် ဘယ့်နှယ်ဖြေမလဲ (အဝိဇ္ဇချယ်လှယ်ထားတဲ့ သုဿာန်တွေပါ ဘုရား)။

ဘယ်လောက်ထိအောင် ချယ်လှယ်နေသလဲ

ဒကာ ဒကာမတို့ ဘယ်လောက်ထိအောင်များ ခင်ဗျားတို့ ကျုပ်တို့ကိုချယ်လှယ်နေသလဲဆိုတာ လူလိမ်မာ မျက်လုံးနည်းနည်း ပွင့်လာတဲ့ ပုဂ္ဂိုလ်ကျတော့ ဗြဟ္မာပြည်မှာ အမြှုပ်ခိုင်းမယ်-ဗြဟ္မာပြည်မှာ သွားသေလိုက်တော့ ကိုစောမောင် ဒီလိုပါလား (မှန်ပါ)၊

သာမညလိမ်မာတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဟေ့ လူ့ပြည်နဲ့ နတ်ပြည်သွားပြီးသေလိုက်ကွ။ ခင်ဗျားတို့လုပ်တဲ့ကုသိုလ်တွေလေ (မှန်ပါ)၊

လူမိုက်တွေကျတော့ အပါယ်လေးပါးသွားပြီး သကာလ မြှုပ်ချေဟေ့ ဒီလို ခိုင်းတာဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ တယ်လဲအရာကျယ်ပါကလား၊ ဒကာ ဒကာမတို့ (ကျယ်ပါတယ် ဘုရား)၊

ကိုစောမောင်တို့ မောင်နိုင်တို့ နဂိုက အဝိဇ္ဇာဒါလောက်ထိအောင် စွမ်းရည်သတ္တိရှိတယ်လို့ မထင်ဘူးနော် (မှန်ပါ့)၊ အခုတော့ဖြင့် ဒကာ ဒကာမတို့ လိမ်မာတဲ့သူကို ဗြဟ္မာပြည် အမြှုပ်ခိုင်းပါတယ်ဆိုတာလဲ အဝိဇ္ဇာရဲ့ စွမ်းရည်သတ္တိ (မှန်ပါ)၊ အလတ်စားလိမ်မာတဲ့ ပုဂ္ဂိုလ်ကို လူ့ပြည်နဲ့နတ်ပြည်ကို အမြှုပ်ခိုင်းတယ်ဆိုတာတော့ (အဝိဇ္ဇာ၏ စွမ်းရည်သတ္တိပါ ဘုရား)။ လူမိုက်တွေကျတော့ အပါယ်လေးဘုံမှာ မင်းသုသာန်ရှိတယ်ဆိုပြီး၊ အဲဒီကို အမြှုပ်ခိုင်းတာကော ဘယ်သူ့ သတ္တိတုန်း (အဝိဇ္ဇာသတ္တိပါ ဘုရား)။

၃၁ ဘုံ၏ လူသတ်ဘုရင်ကြီး

ဒကာ ဒကာမတို့ ၃၁ ဘုံ၏ ဘုရင်ကြီးတွေ့ပါပြီ (မှန်ပါ့)၊ ၃၁ ဘုံ၏ လူသတ်ဘုရင်ကြီး မတွေ့သေးဘူးလား (တွေ့ပါပြီ ဘုရား)။ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ လိမ်မာတဲ့လူကို ဘယ်သွားပြီး အမြှုပ်ခိုင်းသတုန်း (ဗြဟ္မာပြည် ပါ ဘုရား)၊ အလတ်စားကလေးရိပ်မိတဲ့ ပုဂ္ဂိုလ်ကျတော့ (လူ့ပြည် နတ်ပြည်ပါ ဘုရား)၊ လူမိုက်တွေဟူသ၍ကျတော့ (အပါယ်လေးပါးပါ ဘုရား)။

ကိုင်း အသေကျတော့-လွတ်ကြရဲ့လား (မလွတ်ပါဘူး ဘုရား) ကိုစောမောင်ရေ ဒါကြောင့် ခင်ဗျားတို့ ရွတ်ချင် သ၍ရွတ် အဝိဇ္ဇာပစ္စယာသာ စလို့ ရှိရင်ဖြင့် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဒုက္ခန္ဓဿ သမုဒယော ဟောတိကျအောင် အဝိဇ္ဇာကသာစ အဲဒီမှာဆုံးတာပဲ (မှန်ပါ)၊ မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ အဝိဇ္ဇာဘယ်လောက်ထိအောင် ကျယ်ဝန်းတယ်ဆိုတာ ယနေ့ပြပေးပါတယ်။ တစ်နေ့ တစ်မျိုး တစ်မျိုး ကိုစောမောင် အထူးပြပေးတယ် (မှန်ပါ)၊ အဝိဇ္ဇာမကျယ်ဘူးလား (ကျယ်ပါတယ် ဘုရား)။

ဗြဟ္မာတွေဖြစ်တော့ ဒကာ ဒကာမတွေ တစ်ချို့ဘာသာ အယူဝါဒတွေက ဗြဟ္မာတောင် ကိုးကွယ် လိုက်သေးတယ် (မှန်ပါ)၊ အပြီးသတ်ကျတော့ အဝိဇ္ဇာ၏ လိမ်ချက်မိထားတာ (မှန်ပါ)၊

မင်းအဲဒီသွားပြီး အလောင်းမြှုပ်လိုက်- အဲဒီ သွားပြီးသေလိုက်။ ရှင်းကြပါလား (ရှင်းပါပြီ)။

အလတ်စားလောက် လိမ်မာတဲ့ ပုဂ္ဂိုလ်ကိုတော့ လူ့ပြည်နဲ့ နတ်ပြည်ကိုသေချည်ကွာ။ နည်းနည်းလေးကုသိုလ် လုပ်မယ့် ပုဂ္ဂိုလ်ကျတော့ အဲဒီကို အသေခိုင်းလိုက်တယ် (မှန်ပါ့)၊

သင်္ချိုင်းတွေပဲ ညွှန်နိုင်ရမယ်

သူကနိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကိုသိတဲ့ အဝိဇ္ဇာ ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး)။ အဲဒီလိုမဟုတ်သောကြောင့် နိဗ္ဗာန်ကိုတော့ ဖြင့် သူကဘယ်နည်းနဲ့မှ ပြလဲမပြနိုင်ဘူး၊ ညွှန်လဲ မညွှန်နိုင်ဘူး။ သူညွှန်နိုင်တာကဖြင့် သင်္ချိုင်းတွေပဲ ညွှန်နိုင်ရမယ် (မှန်ပါ)။

အဝိဇ္ဇာလမ်းညွှန်နိုင်တာက ဘယ်နေရာပါလိမ် (သင်္ချိုင်းပါ ဘုရား)၊ ဗြဟ္မာပြည်သင်္ချိုင်း၊ နတ်ပြည်သင်္ချိုင်း လူ့ပြည်သင်္ချိုင်း၊ အပါယ်လေးဘုံသင်္ချိုင်း။ ဒီသင်္ချိုင်းပဲ ညွှန်တတ်တယ်နော် (မှန်ပါ)။

အဲ ဒီဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆရာသမားကဖြင့် သေသေချာချာပြပြီး၊ တို့မသိခင်တုန်းကတော့ လူ့ပြည်ဆိုတာ ရောက်လာရင်တော်လှပြီ အောက်မေ့တယ်၊ ဪ-အဝိဇ္ဇာ၏ စွမ်းရည်သတ္တိပါကလား လူ့ပြည်ကို အလောင်းမြှုပ်ခိုင်းတာပါလား (မှန်ပါ)၊ လူ့ပြည်သင်္ချိုင်းကို သူ့ပို့လိုက်တယ် (မှန်ပါ)၊ ဘယ်သူ့သတ္တိပါလိမ့် (အဝိဇ္ဇာ သတ္တိပါ ဘုရား) ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။

ဟာ – လူပြည်ဆိုတာ စားဖို့သောက်ဖို့ ရှာရဖွေရနဲ့ စစ်ဘေး စစ်ဒဏ် ဒုက္ခတွေလဲတယ်များတယ်၊ စုတေမနေ သေလွန်လို့ရှိရင် နတ်ပြည်ရောက်အောင် နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေလုပ်မှပဲဆိုပြီး ကုသိုလ်တွေလုပ်လိုက်ကြ ပြန်တယ်။ အဲဒါနည်းနည်းလိမ်မာတဲ့ ပုဂ္ဂိုလ်ပေါ့နော် (မှန်ပါ)၊ အဲဒါကျတော့ အဝိဇ္ဇာက လုပ်သာလုပ်ဟေ့ မင်းလူ့ပြည် မှာထက် နတ်ပြည်ကသာတယ်ကွ၊ လုပ်သာလုပ်ဟေ့ဆိုပြီး သကာလ ခိုင်းလိုက်တော့ သူပိုင်တဲ့ သင်္ချိုင်းထဲက ထွက်ရရဲ့ လား (မထွက်ရပါ ဘုရား)၊ နတ်ပြည် သင်္ချိုင်းသွားပြီး သေလိုက်ကွ၊ ဒါပဲခိုင်းတာပဲ (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ ဘုရား)။

သင်္ချိုင်းမျိုးစုံ အစုံစုံခံစားချင်ကြတယ်

ဒီထက်လိမ်မာတဲ့ပုဂ္ဂိုလ်ကျတော့ မင်းကွာ-သမထကလေး ဘာကလေး ကြိုးစားတာပေါ့။ ဒီဈာန်နဲ့သေရင် ဗြဟ္မာပြည်ရောက်ပါတယ်ဆိုတော့ ဒကာ-ဒကာမတို့ ဒါလဲဗြဟ္မာပြည်သင်္ချိုင်းကို သူလက်ညှိုး ညွှန်လိုက်တာပဲ (မှန်ပါ့) ဘယ်သူကညွှန်ပါလိမ့် (အဝိဇ္ဇာက ညွှန်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ၃၁ ဘုံမှာဖြင့် သူ့လက်အောက်မှာပဲ ကျုပ်တို့ အသက်ပျောက်ကြရတယ်ဆိုတာဖြင့် ငြင်းဖို့ မလိုပါဘူး။ (မလိုပါဘူး ဘုရား)။

ဒါလောက်ထိအောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နဂိုရ်က ဪ-လူ့ပြည်လဲသင်္ချိုင်း၊ နတ်ပြည်လဲ သင်္ချိုင်း၊ ဗြဟ္မာပြည်လဲ သင်္ချိုင်းပါကလား ဆိုတာမသိခဲ့ကြဘူး (မှန်ပါ)၊ ဘယ်နေရာ ဌာနမဆို ကိုစောမောင် သင်္ချိုင်းဆိုတာ နိမိတ်ဩဘာ မင်္ဂလာမရှိတာ ကိုစောမောင် သေချာတယ် (သေချာပါတယ် ဘုရား)

အဲဒါ သင်္ချိုင်းမှန်းမသိတော့ ဒကာ ဒကာမတွေက သင်္ချိုင်းမျိုးစုံ အစုံစုံခံစားချင်ကြတယ် (မှန်ပါ)။

ဘယ့်နှယ်တုန်း (သင်္ချိုင်းမျိုးစုံ အစုံစုံခံစားချင်ပါတယ် ဘုရား)၊ လူဘုံ နတ်ဘုံ အစုန်အဆန်ခံစား၍ ဆိုတော့ သင်္ချိုင်းမျိုးစုံ အစုံသွား၍ ဒီ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ)၊ မိုက်ချက်သန်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ)။

ဘယ့်နှယ်ဆိုကြပါ့မလဲ (မိုက်ချက်သန်ပါတယ် ဘုရား)၊ ဘယ်သူကမိုက်တာတုန်း (အဝိဇ္ဇာကမိုက်တာပါ)၊ အဝိဇ္ဇာကမိုက်တာဆိုတာ ဒကာ ဒကာမတွေ ကောင်းကောင်းကြီး ပေါ်ကြပါလား (ပေါ်ပါပြီ ဘုရား)။

အဲဒါဒီကရှေ့ဖြင့် ဘယ်သင်္ချိုင်းမှ မကြိုက်ကြပါနဲ့တော့ ဆိုတာ ဒီကပဲလေးစားစွာနဲ့ မေတ္တာရပ်ခံပေးပါတယ် (မှန်ပါ)။

ဘယ်သင်္ချိုင်းမှ မကြိုက်ကြပါနဲ့

အားလုံး တရားနာတဲ့ ဒကာ ဒကာမတွေ ဘယ်သင်္ချိုင်းမှ မကြိုက်ကြပါနဲ့။ အလောင်းမြှုပ်ရာ ဌာနဟာ ဘယ်သင်္ချိုင်းမှ မင်္ဂလာရှိတယ်လို့ မယူပါနဲ့ (မှန်ပါ)။

ဦးပြန့် ဘယ်သင်္ချိုင်းများ မင်္ဂလာရှိသတုန်း (မရှိပါဘူး ဘုရား)၊ ဒါဖြင့် ဘယ်သင်္ချိုင်းကို ဘာလှူပြီး မြှုပ်ချင်သေး သတုံး (မမြှုပ်ချင်ပါဘူး ဘုရား)၊ လှူတော့ လှူကြပါ၊ သင်္ချိုင်းလွတ်ရာရောက်ရပါလို၏၊ လုပ်ကြပါလား (မှန်ပါ)။

လှူတော့ လှူကြပါ၊ ပေးတော့ပေးကြပါ၊ ကမ်းတော့ ကမ်းကြပါ၊ သင်္ချိုင်းလွတ်ရာ ရောက်ရပါလို၏ ဟုတ်လား (မှန်ပါ)၊ ဒီလို သင်္ချိုင်းဆိုတာက တခြားမဟုတ်ဘူး ခင်ဗျားတို့ ထိတ်လန့်အောင်ပြောတာ မရဏလွတ်ရာ၊ ရောက်ရပါလို၏ ဆိုတော့ အမတနိဗ္ဗာန် ရောက်တာပေါ့ (မှန်ပါ)၊ ရှင်းကြပါလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လှူကြ ပေးကြ ကမ်းကြ တန်းကြ လို့ရှိရင်ဖြင့် မရဏဒုက္ခ၏လွတ်ရာ ကျွတ်ရာကိုသာ ရောက်ရပါလို၏ ဒီလိုသာလုပ်ကြပါနော် (မှန်ပါ့)၊ သင်္ချိုင်းတော့ ရွေးမနေကြပါနဲ့တော့လို့ ကိုစောမောင် သတိပေးပါတယ် (မှန်ပါ)။

ဒကာ ဒကာမတွေ ဘုန်းကြီးက ဘယ်လိုသတိပေးပါလိမ့် (သင်္ချိုင်းရွေးမနေပါနဲ့)၊ သင်္ချိုင်းတော့ ရွေးမနေပါနဲ့၊ ဘယ်သင်္ချိုင်းမှ မင်္ဂလာမရှိဘူးချည်း မှတ်လိုက်ပါ (မှန်ပါ့)၊ ဗြဟ္မာပြည်သင်္ချိုင်း မင်္ဂလာရှိရဲ့လား (မရှိပါဘူး)၊ နတ်ပြည် သင်္ချိုင်းကော (မရှိပါဘူး)၊ ဒါဖြင့် ဒါတွေဟာ နတ်ပြည် ရောက်လို့ရှိရင် နတ်ပြည်သင်္ချိုင်း၊ မမြှုပ်ရင်ဘယ်မှာ မြှုပ်ရမှာတုန်း (နတ်ပြည်ပဲမြှုပ်ရမှာပါ ဘုရား)၊ အဲဒါဘယ်သူ၏ စွမ်းရည်သတ္တိပါလိမ့်(အဝိဇ္ဇာ၏ စွမ်းရည်သတ္တိပါ ဘုရား)။

ကျယ်လိုက်တာ မောင်နိုင် အဝိဇ္ဇာရဲ့နယ်ကျယ်လိုက်တာ (မှန်ပါ့)၊ ကိုစောမောင် (မှန်ပါ့၊ ကျယ်ပါတယ် ဘုရား) ၃၁ ဘုံ လုံးဟာ တစ်ခါတည်း သူကလက်ဝါးကြီးအုပ်ထားတယ် (မှန်ပါ့)၊ အဲဒီတော့ ဒကာ ဒကာမတွေကလဲ သူ့လက် အောက်မှာ မွေးလာတော့ ဒီထဲကပဲ အကောင်းရွေးတော့တာပဲ (မှန်ပါ)၊ ၃၁ ဘုံဘဲက အကောင်းရွေးတယ် (မှန်ပါ)။

ဘယ်ထဲကအကောင်းရွေးကြသတုန်း

ဘယ်ထဲကအကောင်းရွေးကြသတုန်း (၃၁ဘုံထဲက အကောင်းရွေးပါတယ် ဘုရား)၊ မပါတဲ့အထဲ ရွေးရင်မရပါဘူး (မှန်ပါ့)၊ ရိပ်မိကြပါလား (ရိပ်မိပါပြီ)။

ဘာတဲ့တုန်း (မပါတဲ့အထဲရွေးရင် မရပါဘူး ဘုရား)။ မပါတဲ့အထဲမှာရွေးရင် မပါဘူးလို့ ယနေ့ဆုံးဖြတ်ချက် ချပါ(မှန်ပါ)။ အကောင်းမပါတဲ့အထဲ အကောင်းရွေးရင် (မရပါဘူး)။

ဒါ့ကြောင့် ဘယ်သူပြောတာမှနားမယောင်နဲ့ ဘုရားဟောတော်မူတဲ့ မရဏမ္မိဒုက္ခံ လို့ဟောထားတော့ နတ်ပြည်မှာလဲ မရဏမ္မိဒုက္ခံ လို့ဟောထားတော့ နတ်ပြည်မှာလဲ မရဏရှိတယ်၊ ဗြဟ္မာပြည်မှာကော (မရဏရှိပါတယ်)။

အဲဒီတော့ ဒုက္ခသစ္စာရှိတဲ့နေရာချည်း သိလျက်သားနဲ့ အကောင်းတော့ဖြင့် ရွေးမနေနဲ့တော့ (မှန်ပါ)။

သဘောကျကြပြီလား (ကျပါပြီ ဘုရား)၊ ဒုက္ခသစ္စာမှ တစ်ပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါဘူး)။

ဒီအထဲက ကိုစောမောင်ကြီးက အကောင်းများ ရွေးချယ်သေးသလား (မရွေးချင်ပါဘူး ဘုရား)၊ ဉာဏ်ပါလာပြီ နော် (မှန်ပါ)။ ဒါဆရာသမားကောင်းတွေ တွေ့လို့မောင်နိုင် (မှန်ပါ)။ ဦးမူ-နို့မဟုတ်ရင် ခင်ဗျားတို့ ရွေးတယ် (မှန်ပါ ဘုရား)။ လူ့ပြည်တော့ တွင်းတူးရ- ရေဆေးရနဲ့ နတ်ပြည်သွားနေရ ကောင်းမှာပဲလို့ ဒီလိုများသွားပြီး မညွတ်လိုက်ပါနဲ့ သင်္ချိုင်းရွေးတာပဲမှတ်ပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဘာရွေးတာတုန်း (သင်္ချိုင်းရွေးတာပါ ဘုရား)။ ဘယ်သင်္ချိုင်းက မင်္ဂလာရှိသတုန်း (ဘယ်သင်္ချိုင်းမှ မင်္ဂလာ မရှိပါဘူး)။ ဆိုင်းဘုတ်တစ်မျိုးတည်းပါ (မှန်ပါ)။ ဆိုင်းဘုတ်တစ်မျိုးတည်းပါ ဒကာ ဒကာမတို့ အကုန် သင်္ချိုင်းချည်းပါ ဆိုတာ သတိထားလိုက်စမ်းပါ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ အဲဒါဘယ်သူ၏ စွမ်းရည်သတ္တိပါလိမ့် (အဝိဇ္ဇာ၏စွမ်းရည်သတ္တိပါ ဘုရား)။ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိဆိုတာ ယနေ့ခင်ဗျားတို့ ရှင်းရှင်းလင်းပဲ ပြလိုက်ပါတယ် (မှန်ပါ)။

အကုသိုလ်တွေဟူသရွေ့ သူ့စွမ်းရည်သတ္တိ

ကိုင်း ဒါဖြင့် ၃၁ ဘုံမှာ ရောက်စေတတ်တဲ့ကုသိုလ်ဟူသရွေ့၊ သမထတွေဟူသရွေ့ အကုသိုလ်တွေဟူသရွေ့ သူ့စွမ်းရည်သတ္တိဆိုတာ ပေါ်ကတည်းက ကိုစောမောင် အဝိဇ္ဇာအုပ်ထားတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)။

၃၁ ဘုံကိုသာ ရောက်စေတတ်တဲ့ ပြုလိုက်တဲ့ကုသိုလ်ဟူသရွေ့ ဘယ်သူအုပ်ချုပ်ထားသတုန်း (အဝိဇ္ဇာ အုပ်ချုပ် ထားပါတယ်)။ ဗြဟ္မာပြည်ရောက်ကြောင်း ကုသိုလ်ဟူသရွေ့ ဘယ်သူအုပ်ချုပ်ထားသတုန်း (အဝိဇ္ဇာ အုပ်ချုပ်ထားပါ တယ်)။ အပါယ်ဆိုတာတော့ အထူးပြောစရာ မရှိတော့ပါဘူး။ သူ့နင်းဖတ်ဖြစ်နေလို့ မပြောတော့ပါဘူး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အဝိဇ္ဇာ၏ နင်းဖတ်ဖြစ်နေလို့ ပြောစရာလိုသေးသလား (မလိုပါဘူး)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၃၁ဘုံဟာ သင်္ချိုင်းဘုံကြီးဆိုတဲ့ဥစ္စာ ကိုစောမောင်တို့၊ မောင်နိုင်တို့ သေချာပြီလား (သေချာပါပြီ)။

ဒါဖြင့် အားလုံးဒကာ ဒကာမတွေ အကောင်းမရွေးနဲ့တော့နော် (မှန်ပါ)။ ၃၁-ဘုံထဲမှာ အကောင်းမရွေး ပါနဲ့တော့လို့ သတိပေးလိုက်တယ် (မှန်ပါ)။ ဒီထဲမှာ အကောင်းရွေးလို့ရှိရင်ဖြင့် ၃၁ ဘုံထဲက ဘယ်ဟာပဲ ကြိုက်ကြိုက် ကြိုက်ချင်တာကြိုက် မိုက်လို့သာမှတ်၊ ဒီအဝိဇ္ဇာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

၃၁ ဘုံများ တစ်ခုခုဝမ်းထဲကနေပြီး ကြိုက်လို့ရှိရင်ဖြင့် ဟာ မိုက်စိတ်ပေါ်ပြီ။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ ပါ(မှန်ပါ)။

မိုက်စိတ်ပေါ်တယ်မှတ်ပါ

၃၁ ဘုံထဲက တစ်ဘုံဘုံကို တရားဟောသံကြား၍ ကြိုက်ကြိုက် စာအုပ်နဲ့ ရေးထားတာများ တွေ့လို့ကြိုက် ကြိုက် ကြိုက်တဲ့အချိန်ဟာ မိုက်စိတ်ပေါ်တယ်မှတ်ပါ (မှန်ပါ)။

ဘာကိုမှတ်ကြမယ် (ကြိုက်တဲ့အချိန်ဟာ မိုက်စိတ်ပေါ်ပါတယ် ဘုရား)။ ဒါကိုယ့်ဟာကိုယ် သတိထားဖို့နော် (မှန်ပါ)။ ကိုယ့်ဟာကိုယ် သတိထားဖို့ ဒကာ ဒကာမတွေ ဒါကို လေးလေးစားစား ပြောနေပါတယ်၊ သတိထားစမ်းပါ (မှန်ပါ)။

ခင်ဗျားတို့သာမညအနေနဲ့ ကြည့်လိုက်တော့ ဪ-ဘယ်သူဖြင့် နတ်သမီးတွေက ငါးရာတစ်ထောင်နဲ့ ပျော်ပါးခံစားရပြီး၊ နတ်သက်ကလဲရှည်လိုက်တာ၊ ဒါတွေကို တွေ့ကြလိမ့်မယ် (မှန်ပါ)။ မဟုတ်ဘူးလား၊ ဟုတ်သလား ဆိုတော့ ဟုတ်ပါတယ်။ ဟုတ်ပေမယ် လမ်းမဆုံးလို့ နောက်ဆုံးပိတ်တော့ ဒကာ ဒကာမတို့ ခန္ဓာဒုက္ခကြီးနဲ့ ခန္ဓာမြှုပ်ရာ သင်္ချိုင်း ဒါပဲသွားတွေ့ရတာပဲ (မှန်ပါ)။

ခန္ဓာရတော့ ခန္ဓာဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာ၏ မြှုပ်ရာဌာနကိုတော့ သင်္ချိုင်း။ ဒီတော့ ခန္ဓာရတာက ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ မြှုပ်လိုက်ရတာကကော (ဒုက္ခသစ္စာပါပဲ)။ ဒါဖြင့် ဒကာ ဒကာမတွေ အကောင်းရွေးနေလို့ တော်ပါ့ မလား (မတော်ပါဘူး)။ ဉာဏ်ရောက်ကြပြီလား (ရောက်ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ခုနက ပြောတဲ့စကားကလေးတစ်လုံးကို မောင်နိုင် လေးလေးစားစား မှတ်စမ်းပါ (မှန်ပါ)။ ပုထုဇဉ်စိတ်ဟာ တယ်ဖောက်တယ်နော် နိဗ္ဗာန်ကလဲဗြုန်းကနဲရမှာ မဟုတ်သေးဘူးတဲ့ လာပြီ (မှန်ပါ)။ ကိုပေါ် နိဗ္ဗာန်ကလဲဗြုန်းကနဲ ရမှာမဟုတ်သေးဘူးတဲ့။ အဲဒီတော့ နိဗ္ဗာန်မရမီစပ်ကြားမှာ ဆင်းရဲနဲ့အမွဲနဲ့များ နေရလို့ရှိရင် မခက်ဘူးလားတဲ့။ ခင်ဗျားတို့အတွေးခင်ဗျားတို့အတွေးပြောတာ (မှန်ပါ)။ မတွေးပေဘူးလား (တွေးပါတယ် ဘုရား)။

တွေးလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဲဒီတော့ နိဗ္ဗာန်မရမီစပ်ကြား ထည့်အုံးမှပဲဆိုလို့ရှိရင် မိုက်စိတ်ဝင် လာတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

နိဗ္ဗာန်မရမီစပ်ကြား

ဘာဝင်လာတာတုန်း (မိုက်စိတ်ဝင်လာတာပါ)။ မိုက်စိတ်ဝင်လာတာဆိုတော့ နိဗ္ဗာန်မရမီစပ်ကြား ဘယ်နေရာ မိုက်တော့မလို့တုန်းဆိုတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အကြိမ်ကြိမ်ခံစား၍ဆိုတော့ မိုက်ပြီ။ သင်္ချိုင်းဆုတောင်းယူပြီ (မှန်ပါ့)။

ဘယ်လိုဆိုကြပါ့မယ် (သင်္ချိုင်းဆုတောင်းယူပါတယ် ဘုရား)၊ ဒီထက်အရုပ်ဆိုးများရှိသေးသလား (မရှိပါဘူး) ဒါတွေကို နားလည်အောင် ဆရာဘုန်းကြီးက ပြောနေရတော့ သစ္စာနဲ့ကြည့်ပြီးပြောနေရတော့ အမှန်ဆုံးကိုလဲ ပြောနေရ တော့ ခင်ဗျားတို့ နားထဲများ ကန့်လန့်ကြီးလဲဖြစ်ချင်ဖြစ်သွားနိုင်တယ် (မှန်ပါ)။ အခုတော့ ဖြစ်ကြသေးရဲ့လား (မဖြစ် ကြပါဘူး ဘုရား)၊ မဖြစ်တော့ပါဘူး၊ အမှန်သိပါပြီဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ကြပါတော့ (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မိမိဒုက္ခဝဋ်မှကျွတ်ရပါလို၏။ ခန္ဓာဇာတ်သိမ်းငြိမ်းရပါလို၏။ လောင်ဇာတ်သိမ်း ၍ မီးငြိမ်းရပါလို၏။ ဒါလောက်ဆိုရင် တော်ပြီနော် (မှန်ပါ)။ ရှေ့ကိုမရှည်ပါနဲ့။ ရှည်ရင် ခင်ဗျားတို့ အဝိဇ္ဇာဒဏ်ချက် မိတော့မယ် (မှန်ပါ)။ မမိပေဘူးလား (မိပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာသည် ပိုက်ကွန်ကြီးဘယ်နှစ်ခုနဲ့ ထောင်ထားသတုံးဆိုတော့ ကာမရူပ အရူပဆိုတဲ့ ပိုက်ကွန်သုံးခုနဲ့ ထောင်ထားတယ် (မှန်ပါ)။ ဒကာ ဒကာမတို့ အဝိဇ္ဇာတည်းဟူသော မုဆိုးမိုက်က ပိုက်ကွန်သုံးခုနဲ့ထောင်ထားတယ်။ ကာမပိုက်ကွန်၊ ရူပပိုက်ကွန်၊ အရူပပိုက်ကွန်ဆိုတဲ့ ပိုက်ကွန် သုံးခုရှိတယ်။ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ကာမပိုက်ကွန် ရူပပိုက်ကွန် အရူပပိုက်ကွန်

ပိုက်ကွန်ဆိုတာ ဒကာ ဒကာမတို့ မြစ်နားသွားတော့ သိပါလိမ့်မယ်။ မောင်နိုင်တို့ မြင်ဘူးတယ်မဟုတ်လား (မြင်ဖူးပါတယ် ဘုရား)။ အဲဒီငါးဖမ်းတဲ့ ပိုက်ကွန်ဟာ ကိုစောမောင် ဘယ်နှစ်ခုတုန်း (သုံးခုပါ ဘုရား)။ ကာမ ပိုက်ကွန်၊ ရူပပိုက်ကွန် အရူပပိုက်ကွန် (မှန်ပါ)။

အဲဒီမှာ ခင်ဗျားတို့ ကာမဘုံရောက်ရပါလို၏ဆိုရင် ကာမဘုံပိုက်ကွန်ထဲမိတာပဲ (မှန်ပါ)။ ခင်ဗျားတို့ သေခြင်း ဆိုးသေပေတော့ (မှန်ပါ)။ ရူပဘုံရောက်ရပါလို၏ဆိုရင်ဖြင့် (ရူပဘုံပိုက်ကွန်ထဲမိတာပဲ)။ သေခြင်းဆိုးသေပေအုံးတော့ပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

အရူပဘုံရောက်ရပါလို၏ဆိုရင်ကော (အရူပဘုံပိုက်ကွန်ထဲမိတာပါ ဘုရား)။ သေခြင်း ဆိုးသေရပါလို၏ဆိုတဲ့ အဓိပ္ပာယ်ပါသွား-မသွား (ပါသွားပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတည်းဟူသော မုဆိုးကြီးသည် ဒကာ ဒကာမတို့ ပိုက်ဘယ်နှစ်ခုနဲ့ ထောင်ထားသတုန်း (သုံးခုနဲ့ ထောင်ထားပါတယ်)။ ဘာတွေပါလိမ့် (ကာမ ပိုက်ကွန်၊ ရူပပိုက်ကွန်၊ အရူပပိုက်ကွန်ပါ ဘုရား)။ အဲဒါဆုတောင်းတဲ့ ပုဂ္ဂိုလ်အတွက် ဒီထဲသွားတိုးတယ် (မှန်ပါ)။

တိုးလိုက်တော့ အဝိဇ္ဇာဆိုတဲ့တရားက သူတောင်းထားတဲ့အထဲ တိုးပြီဆိုမှဖြင့် သူနဲ့တစ်စပ်တည်းဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ဖြစ်ဖော် ဖြစ်ဘက်ဖြစ်တဲ့ ဇရာမရဏတို့က အဲဒီပိုက်ကွန်ထဲတိုးတဲ့လူတွေ အကုန်ရိုက်သတ်တာပဲ (မှန်ပါ)။

ဇရာကရိုက်၊ မရဏကသတ်ပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဘယ်ပိုက်ကွန်ကို ခင်ဗျားတို့ တွေးရကောင်းမလဲဆိုတာတွေးစမ်း (ဘယ်ဟာမှ မကောင်းပါဘူး)။ ပေါ်ပါပြီ ဒကာ ဒကာမတို့ အဝိဇ္ဇာစွမ်းရည် သတ္တိ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ထောင်ထားတဲ့သူ ဘယ်သူပါလိမ့်

ပိုက်ကွန်ဘယ်နှစ်မျိုးနဲ့ ထောင်ထားသလဲ (သုံးမျိုးနဲ့ထောင်ထားပါတယ်)။ ထောင်ထားတဲ့သူ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

အဝိဇ္ဇာက တစ်ခါတည်း မင်းတို့သည်ကားလို့ဆိုရင်ဖြင့် မသိအောင် ကာမဘုံပိုက်ကွန်ကပဲ လှအောင် လုပ်ထားသလိုလို၊ ရူပဘုံ ပိုက်ကွန်က လှသလိုလိုလုပ်ထားတော့ သူမျက်စိလှည့်ထားတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အရူပပိုက်ကွန်ကပဲ လှအောင်လိုလိုလုပ်ထားတာလဲ သူမျက်စိလှည့်ထားတာ (မှန်ပါ)။

ငါးနဲ့တူတဲ့ ကျုပ်တို့ ပုထုဇဉ်မိုက်က တိုးတော့တာပဲ (မှန်ပါ)။ တိုးရင်တော့ဖြင့် ဇရာ မရဏဆိုတဲ့ တံငါသည်ရဲ့ လက်တွင်းမှာ ခေါင်းစင်းပြီး သကာလ အသေခံပေတော့ (မှန်ပါ)။ ပြေးမှ မပြေးနိုင်တော့ဘဲ။ ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါဘူး)။ သဘော ပါကြပြီလား (ပါပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကာမပိုက်ကွန် ရူပပိုက်ကွန် အရူပပိုက်ကွန်ဆိုတဲ့ ပိုက်ကွန်သုံးချပ်ဟာ ဘယ်သူထောင်ထားတာတုန်း (အဝိဇ္ဇာထောင်ထားတာပါ)။ ဝင်တဲ့ငါးကို သတ်ဖု့ိ အစောင့်ဘယ်သူ့ကို ထားသတုန်း ဆိုတော့ ဇရာ မရဏထားတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ကျုပ်တို့ကလဲဆုတောင်းရင် တိုးပါတယ် (မှန်ပါ)။

ဆုတောင်းရင် ဘယ့်နှယ်တုန်း (တိုးပါတယ် ဘုရား) ကာမဘုံတောင်းလိုက်ရင် (ကာမဘုံ ပိုက်ကွန်တိုးတယ်)။ရူပဘုံတောင်းလိုက်ရင် (ရူပပိုက်ကွန်တိုးပါတယ်)။ အရူပဘုံ တောင်းလိုက်ရင် (အရူပပိုက်ကွန်တိုးပါတယ်)။ ကိုင်း သေချာလို့တောင်းတာသာ မှတ်ပေတော့ (မှန်ပါ)။

ပါးစပ်က သူတောင်းစားမျိုး

ဒါဖြင့် ဘယ်တောင်းရမှာတုန်းဘုရား၊ ဆုကလေးက တောင်းတာကလဲ ပါးစပ်က သူတောင်းစားမျိုး ဖြစ်နေတော့ အတောင်းကဝါသနာပါတယ် (မှန်ပါ)။ ခင်ဗျားတို့နာအောင်ပြောနေတယ် သတိထားပါ (မှန်ပါ)။ နာအောင် ပြောနေတာိ၊ ရှင်းကြပြီလား (ရှင်းပါပြီ)။ ဘုရားရှိခိုးတာက နည်းနည်း အတောင်းကများများ ဒီလိုဖြစ်နေဘူးလား (ဖြစ်နေပါတယ်)။

ဘုရားရှိခိုးတာက ကိုစောမောင် မယုံခိုးကြည့်ပါ တိုးတိုးကလေးရယ် (မှန်ပါ)။ ကာယကံ ဝစီကံ မနောကံ တို့ဖြင့်ရှိခိုးပါ၏။ ပြီးပြီဘုရားရှိခိုးက (မှန်ပါ)။ ရှိခိုးပါ၏ဆိုရင် ဘုရားရှိခိုးဆုံးနေပြီ (မှန်ပါ)။ နောက်-ရှိခိုးရသော အကျိုးအားကြောင့်ဆိုရင် ဘာချည်းပါမယ် ထင်သတုန်း အတောင်းအကန်းတွေလာတာပဲ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာတန်းလာတာတုန်း (အတောင်းတန်းလာတာပါ ဘုရား)။ အတောင်းကလဲရှည်ပါ့ဗျာ ကိုစောမောင် (မှန်ပါ) ဘုရားရှိခိုးနဲ့ အတောင်းနဲ့ဘယ်ဟာကရှည်သတုန်း (အတောင်းက ရှည်ပါတယ်)။ မောင်နှံလာတာ ရွှေကလေးက ၁ိ/-သား လိုချင်တာက တစ်ထောင်လိုဖြစ်နေတယ် (မှန်ပါ)။

ပေါင်လာတာက သူ့လက်ထဲကိုင်လာတာက ၁ိ/- သား၊ ၁ိ/-သားဖြင့် သုံးရာလေးရာတန်တော့မပေါ့ ကိုစောမောင် (မှန်ပါ)။ တစ်ထောင်နဲ့ ကျုပ်ကိုထားပေးပါ ကိုရင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါဘူး ဘုရား)။ ဒီထဲမှာလဲ ခင်ဗျားတို့လဲ နိဗ္ဗာန်တောင် ထည့်တောင်းလိုက်သေးတယ် (မှန်ပါ)။ နိဗ္ဗာန်ဟာ လုပ်ယူရတာ ဒကာ ဒကာမတို့ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

မပွားများဘဲနဲ့ ဘယ်သူနိဗ္ဗာန်ကို မြင်သတုန်း

နိဗ္ဗာန်ဟာဘာတုန်း (လုပ်ယူရတာပါ ဘုရား)။ လုပ်ယူရတာတဲ့ ဒကာ ဒကာမတို့ မဂ္ဂသစ္စာပွားများမှ နိဗ္ဗာန် ပေါ်တာ (မှန်ပါ)။ မပွားများဘဲနဲ့ ဘယ်သူနိဗ္ဗာန်ကို မြင်သတုန်း (မမြင်ပါဘူး ဘုရား)။ သဘောပါပြီလား (ပါပါပြီ)။ တောင်းရုံနဲ့သာရမယ်ဆိုရင် လူတိုင်းလိုလို ရနေမှာပေါ့ ပါးစပ်ရှိ တောင်းတတ်တာပဲ (မှန်ပါ)။

နိဗ္ဗာန်သည် ဒကာ ဒကာမတို့ ဘာဝေကဗ္ဗကိစ္စရှိတဲ့ ပုဂ္ဂိုလ်မှရတယ်လို့မှတ်ကြပါ (မှန်ပါ)။ မဂ်ဉာဏ် မပွားရင် (မရပါဘူး ဘုရား)။ မဂ်ဉာဏ်မပွားရင် ဘယ်နည်းနဲ့မှ မရဘူးဆိုတာ သဘောတူ ကြပြီလား (ကျပါပြီ)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ပိုက်ကွန်သုံးခုလဲ သိပါပြီနော် (မှန်ပါ)။ ငါးအဖြစ်နဲ့ အဝိဇ္ဇာတည်းဟူသော တံငါသည်ကြီးထောင်ထားတဲ့ ပိုက်ကွန်သုံးခုထဲမှာ ငါးအဖြစ်နဲ့ဖြင့် မတိုးပါနဲ့၊ ဇရာ မရဏဆိုတဲ့ တံငါသည် လက်တွင်းမှာ ခင်ဗျားတို့သေချင်းဆိုးသေရပါလိမ့်မယ် (မှန်ပါ)။ ကိုမြင့် သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ တစ်သံသရာလုံးမှာဖြင့် ဒီပိုက်ကွန်သုံးခု လှည့်နေတာပဲ (မှန်ပါ)။ ကိုစောမောင် စဉ်းစားကြည့် (လှည့်နေပါတယ်)။ နောက်က ဒကာ ဒကာမတွေ (လှည့်နေပါတယ် ဘုရား)။ ဒီတစ်ခါ ပိုက်ကွန်ပြင်ဘက်မှာ လွတ်ရေးရှိသေးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။ ဒါဖြင့်ယနေ့ညတော့ ပိုက်ကွန်ပြင်ဘက် မရောက်ရောက်တဲ့တရားကို ခင်ဗျားတို့အားထုတ်ရမယ် (မှန်ပါ)။ အားမထုတ်ပဲနေတော့ ပုဂ္ဂိုလ်တော့ဖြင့် ကိုမြင့် ပိုက်ကွန်တွင်းကလွတ်ကင်းတဲ့သဘော ဘယ်သူမှ မတတ်နိုင်ဘူး (မှန်ပါ)။ တတ်နိုင်ပါ့မလား (မတတ်နိုင်ပါဘူး)။ မတတ်နိုင်ဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။

ပြင်ကြစို့ဆင်ကြစို့ဆိုတော့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပြင်ကြစို့ဆင်ကြစို့ ဆိုတော့ ၃၁ ဘုံမှာ အဝိဇ္ဇာနယ်ဆိုတာ ပေါ်ပြီနော် (ပေါ်ပါပြီ)။ ဒါကြောင့် ၃၁-ဘုံထဲမှာ အဝိဇ္ဇာနယ်ကျယ်တဲ့ဥစ္စာ ကိုစောမောင် ယနေ့တော်တော်ရှင်းသွားပါပြီ (ရှင်းပါပြီ ဘုရား)။ သူတောင်းထားတဲ့ ပိုက်ကွန်သာမှတ်လိုက် (မှန်ပါ)။ အဲဒီလိုဆိုတော့ မရှင်းသေးဘူးလား (ရှင်းပါပြီ)။

ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ သူ့ကိုခွါကြစို့ဆိုတော့။ ခွါမယ်ဆိုတော့ သူက ၃၁ဘုံလုံးမှာ အုပ်ထားတော့ မောင်နိုင် တစ်ရွေ့တစ်ရွေ့ခွါရမယ်နော် (မှန်ပါ) တစ်ခါတည်း အကုန်လှန်ပစ် လိုက်လို့တော့ (မရပါဘူး ဘုရား)။မရဘူး၊ မရဘူး သူအုပ်ထားတာက ကြာပြီ ဒကာ ဒကာမတို့ (မှန်ပါ)။

အဲဒီတော့ ကျုပ်တို့မှာ သူ့လက်အောက်မှာ နေခဲ့ရတာကြာတော့ ဗြုန်းကနဲ တွန်းမယ်လှန်မယ် ဆိုလို့ရှိရင် အလွယ်တကူနဲ့ ရလိမ့်မယ်ဆိုတာကို မအောက်မေ့ပါနဲ့ဆိုတော့ သတိပေးလိုက်ပါတယ် (မှန်ပါ)။

ဒီဘက်က အနီငါးခုက ဘာပါလိမ့် ဒကာ ဒကာမတို့ (အမှောင်ငါးခုပါ ဘုရား)။

အမှောင်ငါးစင်းဆိုတာ

အမှောင်ငါးစင်းဆိုတာ အဝိဇ္ဇာငါးစင်းကို ဆိုတာပါပဲ (မှန်ပါ)။ အမှောင်ငါးစင်းဖြင့် အလင်းငါးချက်ကို အုပ်လိမ့်မယ် (မှန်ပါ)။

ဟောဒါက ကမ္မဿကတာဉာဏ်။ ပေးကမ်းလှူတန်းရင် အကျိုးရလိမ့်မယ်လု့ိ ယုံကြည်တဲ့ ကမ္မဿကတာဉာဏ် (မှန်ပါ)။

ဟောဒါက မိမိတို့ သန္တာန် နာမ်ရုပ်ကိုသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်။ ဒါတွေဟာ အလင်း -၁၊ အလင်း-၂ လို့မှတ်။ ဉာဏ်ဆိုတာ အလင်းချည်းပဲ (မှန်ပါ)။

ဒီဘက်ကတော့ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို သိတဲ့ဉာဏ်ဆိုတော့ ပစ္စယပရိဂ္ဂဟဉာဏ် (မှန်ပါ)။ ဒါလဲအလင်းတစ်ခု နော် (မှန်ပါ)။

ဒီဘက်ကဖြစ်တာပျက်တာကလေးတွေ ခန္ဓာကိုယ်ထဲမှာ အနိစ္စရှိ၍-အနိစ္စကိုသိတဲ့ ဉာဏ်ကလေးဟာလဲ လက္ခဏဉာဏ်ဆိုတဲ့ဥစ္စာလဲ ၄- နံပါတ်အလင်းပါပဲ (မှန်ပါ)။

ဒီဘက်က နိဗ္ဗာန်မြင်တဲ့ဉာဏ်ဟာလဲ ၅- နံပါတ်အလင်းပါပဲ (မှန်ပါ)။

အလင်းဘယ်နှစ်မျိုးရှိသတုန်း (ငါမျိုးပါ ဘုရား)။

အလင်းငါးမျိုးကို အမှောင်ငါးစင်းက အမြဲအုပ်ထားတယ် (မှန်ပါ)။ ဒကာ ဒကာမတို့ တစ်သံသရာလုံး အုပ် ထားတယ်(မှန်ပါ)။

အမှောင်ငါးစင်းက အလင်းငါးချက်ကို (တစ်သံသရာလုံးအုပ်ထားပါတယ်)။ တစ်သံသရာလုံး အုပ်ထားတယ် ဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အမှောင်ငါးစင်းက အလင်းငါးချက်ကို

အမှောင်ငါးစင်းက အလင်းငါးချက်ကို တစ်သံသရာလုံးအုပ်ထားတော့ အဲဒါကို ဘုန်းကြီးတို့က ကိုင်း မဂ်ဉာဏ် ယူတော့လို့ ပေးနိုင်ရဲ့လား ဘုရားတောင် မတတ်နိုင်ဘူး စိတ်သာချ။ နည်းသာပေးနိုင်တယ်။ ကိုယ့်ဟာကိုယ် လုပ်ယူရမှာ (မှန်ပါ)။ အုပ်ထားတာကို ကြည့်လေဗျာ (မှန်ပါ)။

ဒီ ၁-ကိုလှန်ပြီးမှ ၂-ကိုတွေ့ရမယ် (မှန်ပါ)။ ၂-ကိုလှန်ပြီးမှ ၃-ကို တွေ့ရပါမယ်။ ၃- ကိုလှန်ပြီးမှ (၄ကိုတွေကရမှာပါ)။ ၄-ကိုလှန်ပြီးမှ (၅-ကိုတွေကရမှာပါ)

အဲဒီလိုလှန်သွားရမယ့်ဥစ္စာ ခင်ဗျားတို့ဆုတောင်းရုံနဲ့တော့ ဝေးပါသေးရဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဆုတောင်းရုံတောင်းနေတာနဲ့တော့ (ဝေးပါသေးတယ်)။ ဝေးပါသေးတယ်ဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ)။ ဒါအလင်းလှန်ရအုံးမှာ ကိုစောမောင်ရ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။

အမှောင်ငါးစင်းက အလင်းငါးချက်ကို အုပ်လျက်ပဲနေတယ်ဆိုတာကိုဖြင့် တစ်သံသရာလုံးကလို့ မှတ်လိုက်စမ်း ပါ (မှန်ပါ)။

ဒကာ ဒကာမတို့ ဒါ့ကြောင့် တစ်သံသရာလုံးအုပ်ထားတယ်ဆိုတော့ ဗြဟ္မာပြည် ရောက်သွားတာလဲ အုပ်လျက်မို့ သူ့ပိုက်တွင်းမှာ သေရတာကိုးဗျ (မှန်ပါ)။ နတ်ပြည်ရောက်သွားလဲ သေပွဲမှမလွတ်လို့ ရှိရင် သူအုပ်ထားလို့ပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

လူ့ပြည်မှာလဲ လူချမ်းသာကြီးဖြစ်ပြီးသကာလ လူချမ်းသာ မသာဟဲ့ဆိုပြီး ကြားရပြန်ပြီ (မှန်ပါ)။ ဒါဘယ်သူ့ကြောင့် ဒီသေပွဲဝင်ရပါလိမ့် (သူ့ပိုက်ကွန်မိလို့ပါ)။ သူတောင်းထားတဲ့ ပိုက်ကွန် သွားပြီးမိထားတော့ ဇရာ မရဏလက်တွင်း ခေါင်းစင်းပြီးသကာလ သေလိုက်ရတာပဲဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။

သူ့ဟာနဲ့သူ လှန်မှရမယ်

ဒါဖြင့် ဒကာ ဒကာမတို့လှန်ကြပါစို့တဲ့ သူ့ဟာနဲ့သူ လှန်မှရမယ်ဆိုတာ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကိုင်း-အခုလို ဆရာကောင်းသမားကောင်းတွေက ကံကံ၏အကျိုးကို ယုံကြည်တဲ့ဉာဏ်ကလေး အောင်နိုင် တည်ပေးတော့ ရှိရဲ့လားဟေ့ (ရှိပါတယ် ဘုရား)။ ဒါဖြင့် ကံကံ၏အကျိုးတောင် မသိအောင်ဖုံးထားတဲ့ အဝိဇ္ဇာဟာ ကျုပ်တို့မှာတစ်ထပ်ကွာတယ် (မှန်ပါ)။

ဘယ်လိုဆိုကြပါမယ် (ကံကံ၏ အကျိုးတောင်မသိအောင်ဖုံးထားတဲ့ အဝိဇ္ဇာတစ်ထပ်ကွာပါတယ်)။

ကမ္ဘာပေါ်မှာကြည့်စမ်းပါ။ အာရှ-အာဖရိက-ဥရောပဆိုသလိုပဲ တစ်ချို့နေရာဌာန အစိတ်အပိုင်းတွေမှာ ကံကံ၏အကျိုးယုံကြည်မှု ပါသေးသလား (မရှိတော့ပါဘူး)။ ကမ္မဿကတာဉာဏ်ကို ရှိသေးရဲ့လား (မရှိပါဘူး)။

ဣဿရနိမ္မာနဝါဒ

တစ်ချို့ ဣဿရနိမ္မာနဝါဒကြီးက လွှမ်းမိုးထားတော့ တစ်ဦးဦးသောတန်ခိုးရှင် ဣဒ္ဓိရှင်က ပေးထားတယ် ကမ်းထားတယ်၊ ထမင်းစားတာတောင် ဣဒ္ဓိရှင် တန်ခိုးရှင်က ပေးထားလို့စားရတယ်၊ သေတာတောင် တန်ခိုးရှင် ဣဒ္ဓိရှင်က ခေါ်သွား တယ်လို့တောင် စွဲလမ်းနေကြတာပဲ။

အဲဒါ ဣဿရနိမ္မာနဝါဒ ခေါ်တယ် (မှန်ပါ)။ နို့ ဘယ်မှာတုံး အကြောင်းအကျိုးစွဲ၍ ဖြစ်ပေါ်လာတာ မဟုတ်ဘဲနဲ့ တစ်ဦးဦးသော တစ်ခိုးရှင်က ဖန်ဆင်းပြုပြင်လိုက်ပြန်ပြီလို့ ဆိုပြန်တော့ ကံကံ၏အကျိုး သိတတ်တဲ့ ကမ္မဿကတာ ဉာဏ်ကလေးတောင် စင်စင်ကြယ်ကြယ် ဖြူဖြူသန့်သန့် ဟုတ်ကြသေးရဲ့လား (မဟုတ်ပါဘူး)။ ဖုံးထားတယ်ဆိုပါတော့ (မှန်ပါ)။

ကိုင်း-အဲဒီဖုံးထားတဲ့ပုဂ္ဂိုလ်တွေကြတော့၊ အယူမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကျတော့ အဝိဇ္ဇာဘယ်နှစ်ချက်အုပ် ပါလိမ့် (ငါးချက်အုပ်ပါတယ် ဘုရား)။

ကိုင်း-ကျုပ်တို့မိုးကုတ်က ဒကာ ဒကာမတွေ ဗုဒ္ဓဘာသာတွေဖြစ် ဆရာကောင်း သမားကောင်းတွေနဲ့ နေကြတော့ ဒကာ ဒကာမတို့ ကံကံ၏ အကျိုးတော့ ယုံကြ ပေးကြ ကမ်းကြ လှူကြပါ။ ကောင်းတာလုပ် ကောင်းကျိုးပေးတာပဲ။ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးတာပဲဆိုတဲ့ သိတဲ့ဉာဏ်ကလေးမရှိဘူးလား (ရှိပါတယ်)။ ရှိလို့ပဲ လှူကြ တန်းကြ ပေးကြ ကမ်းကြတယ်ဆိုတာလဲ အထင်အရှားပါပဲ (မှန်ပါ)။ အဲဒီတော့ အခုတရားပွဲမှာ ဒကာ ဒကာမတွေ ၁-နံပါတ် ကံကံ၏အကျိုးမှ မယုံကြည်နိုင်အောင်၊ မသိအောင်ဖုံးလွှမ်းထားတဲ့ အဝိဇ္ဇာဖြင့်ကွာပေါ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကိုစောမောင် ကမ္မဿကတာဉာဏ် ဖုံးထားတဲ့ အဝိဇ္ဇာ (ကွာသွားပါပြီ ဘုရား)။ ဒါဖြင့် ဒီအဝိဇ္ဇာကွာသွားတော့ ကို ဉာဏ်ကလေးတစ်ခုဖြင့် ကျုပ်တို့ပထမအလင်းကလေးဖြင့်ရပေါ့ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြပါမလဲ (ပထမအလင်းကလေးရပါပြီ ဘုရား)။ ဒီအလင်းမှာ အမှောင်ဘယ်နှစ်ချက် လွှမ်းနေ သလဲ (လေးချက်လွှမ်းနေပါတယ် ဘုရား)။ ဒီအလင်းကလေးထဲမှာ အမှောင်လေးချက် သန်းပြန်တယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။

ဝိဇ္ဇာဥဒပါဒိဖြစ်ပြီလား

ကမ္မဿကတာဉာဏ်ကလေးပေါ်မှာ အဝိဇ္ဇာ ဘယ်နှချက်သန်းနေသတုန်း ဒကာ ဒကာမတို့ (လေးချက်သန်း နေပါတယ်)။ အဝိဇ္ဇာလေးချက်သန်းတယ်ဆိုကတည်းက ဝိဇ္ဇာဥဒပါဒိဖြစ်ပြီလား (မဖြစ်သေးပါဘူး ဘုရား)။

မဖြစ်သေးရင် မဂ်မရသေးဘူး (မှန်ပါ)။ ဝိဇ္ဇာဥဒပါဒိဆိုတာ မဂ်ကိုဆိုတာ (မှန်ပါ)။ အာလောကော ဥဒပါဒိဆိုတာကော (မဂ်ဉာဏ်ကို ဆိုတာပါ)။ ပဉ္စမဉာဏ်ကိုဆိုတာ (မှန်ပါ)။ စက္ခုံ ဥဒပါဒိဆိုတာလဲ ကိုစောမောင် ဒီပဉ္စမကိုဆိုတာနော် (မှန်ပါ)။

ခင်ဗျားတို့ ဓမ္မစကြာပါဠိတော်ကို ရွတ်ဆိုကြတော့ စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကောဥဒပါဒိ ဆိုတာ ဒါကလေးကို ဆိုနေတာ (မှန်ပါ)။

ကိုင်း ဒကာ ဒကာမတို့ ဒါကလေးရမှ သောတာပတ္တိမဂ်ကိုး (မှန်ပါ)။ ကိုင်းဒီဉာဏ်ကလေး ဉာဏ်ညွန့် ဉာဏ် ညှောင့်ပေါက်မှာ ဝေးလို့ ဒကာ ဒကာမတို့ အထက်လေးချက်က အုပ်ထားတယ်။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဿကတာဉာဏ်ကလေးလောက်နဲ့ ဝိဇ္ဇာဥဒပါဒိ၊ ဉာဏံဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ စက္ခုံဥဒပါဒိဖြစ်-မဖြစ် (မဖြစ်ပါဘူး ဘုရား)။ အဘယ့်ကြောင့်မဖြစ်သတုန်း (အထက်လေးချက်က အုပ်ထား ပါတယ်)။ အမှောင်လေးချက်နဲ့ အုပ်ထားတယ်ဆိုတာ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။ အမှောင်လေးစင်းက ဘယ်သူပါလိမ့်(အဝိဇ္ဇာပါ ဘုရား)။

အမှောင်လေးစင်းက ဘယ်သူပါလိမ့်

ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာချည်းနေပြီ ဇာတိဇာရာ မရဏချည်းသွားတယ် (မှန်ပါ)။ မသွားဘူးလား သွားမလား (သွားပါမယ် ဘုရား)။ ဒါဘယ်သူပြင်လို့ ရသတုန်း (မရပါဘူး ဘုရား)။ ကမ္ဘာ့နိယာမ၊ ဓမ္မနိယာမနော် (မှန်ပါ)။ ဘယ်သူပြင်လို့မှမရဘူး။ အဝိဇ္ဇာရှိရင် ဇာတိဇရာ မရဏပို့မှာပဲ (မှန်ပါ)။ ကိုစောမောင်သေချာပြီလား (သေချာပါပြီ ဘုရား)။

ဪ-ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ထူးထူးလည်လည်ကြားပြီး ထူးထူးလည်လည် သိရတဲ့အတွက် ဘုန်းကြီး များဖြင့် ခင်ဗျားတို့သိတာလဲ သိသလောက်ဝမ်းသာပါတယ်။

ဘုန်းကြီးကလဲ သိစေချင်တာကို သိစေချင် သလောက်ပဲ သိသွားလို့ရှိရင် ပိုပြီးဝမ်းသာတယ် အောက်မေ့ပါ (မှန်ပါ)။

ဘယ်အဝိဇ္ဇာရှိရှိ မောင်နိုင် ရွတ်ပါကွ အဝိဇ္ဇာ ပစ္စယာသင်္ခါရာ သာရွတ် (မှန်ပါ)။

ကိုမြင့် ဘယ့်နှယ်ရွတ်မလဲ (အဝိဇ္ဇာပစ္စယာသင်္ခါရာ ရွတ်ပါ့မယ်)။ ရှိနေတဲ့ အဝိဇ္ဇာက ၂- နံပါတ်ရှိနေ ရင်လဲ အဝိဇ္ဇာပစ္စယာသင်္ခါရာလုပ်မှာပဲ (မှန်ပါ)။ ၃- နံပါတ်ရှိနေရင်ကော (အဝိဇ္ဇာပစ္စယာသင်္ခါရာ လုပ်မှာပါပဲ)။ ၄- နံပါတ်ရှိနေရင်ကော (အဝိဇ္ဇာပစ္စယာသင်္ခါရာ လုပ်မှာပါပဲ)။ ဒါဘယ်သူ ပြင်လို့ရသတုန်း (မရပါဘူး)။ ဓမ္မဋ္ဌိကတာ ဓမ္မနိယမတာလို့ဆိုထားတယ် (မှန်ပါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့အရင်နေခဲ့ထိုင်ခဲ့ကြတာတွေ ဥပုသ်နေ့ရေကလေးနဲ့ ဆွမ်းတော်ပွဲကလေး နဲ့သွား၊ ပန်းတွေနဲ့သွား၊ အိပ်ရာလိပ်ကလေးတွေနဲ့ သွားကြတယ်ဆိုတဲ့ လူတွေဟာ ကမ္မဿကတာဉာဏ် အတော်သေချာတဲ့ လူတွေ (မှန်ပါ)။ မင်းတို့ ကောင်းတာလုပ်ကောင်းကျိုး ပေးတာပေါ့ကွ။ မင်းတို့ဥစ္စာတွေ ရှေးထုံး မပျက်နဲ့ကွ ဒီလိုပဲလုပ်ကြ ရတယ်ကွ ဆိုတော့ ဒါန သီလအတွက်မှာ ကမ္မဿကတာဉာဏ်ကို သူမယုံဘူးလား ယုံသလား (ယုံပါတယ် ဘုရား)။

ငါးချက်က ဘယ်နှစ်ချက်လွင့်သလဲ

ဒါဖြင့် ကမ္မဿကတာဉာဏ်မှ မသိတဲ့ အဝိဇ္ဇာလွတ်မသွားဘူးလား (လွတ်သွားပါတယ် ဘုရား)။ အဝိဇ္ဇာ ငါးချက်က ဘယ်နှစ်ချက်လွင့်သလဲ (တစ်ချက် လွင့်ပါတယ်)။ တစ်ချက်လွင့်သွားတော့ ဘယ်နှစ်ချက်က အုပ်လျက်ဖြစ်နေ သလဲ (လေးချက်ကအုပ်လျက် ဖြစ်နေပါတယ်)။ လေးချက်ကအုပ်နေသေးတော့ အဲဒါတွေက အဝိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ သွားတော့ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ)။ ရောက်ပါ့မလား (မရောက်ပါဘူး)။ သေချာကြပြီလား (သေချာပါပြီ)။

ဒါက ခင်ဗျားတို့မြင်နိုင်တဲ့သဘောကို ပြောနေတာ စာပြောပြောနေရင် ခင်ဗျားတို့ နားရှုပ်နေမှာစိုးလို့ (မှန်ပါ)။ အခုဟာက အမြင်ပဲမဟုတ်လား (မှန်ပါ)။ ကိုစောမောင်ကောင်းကောင်းကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

ဒါဖြင့် အဲဒီကမ္မဿကတာဉာဏ် အလင်းကလေး တစ်ချက်လောက်သာရတယ် ကိုစောမောင် (မှန်ပါ)။ များသော အားဖြင့် ဘာတုန်း (အလင်းတစ်ချက်လောက်သာရပါတယ်)။ အမှောင်ကဘယ်နှစ်ချက် အုပ်နေသေးသလဲ (လေးချက် အုပ်ပါတယ်)။

လေးချက်အုပ်နေရင် အုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ သူတို့ယခုအခါဖြင့် နိဗ္ဗာန်မှာ ရောက်နေကြရော့မယ်လို့ သွားပြီးများ မထင်လိုက်ကြပါနဲ့ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ထင်လို့တော့ရပါ့မလား (မရပါဘူး)။ ဘယ့်နှယ် ကြောင့် မရနိုင်သတုန်းဆိုတော့ အကိုးထုတ်နိုင်ကြပြီလား (ထုတ်နိုင်ပါပြီ)။ အားလုံး (အမှောင်လေးချက်အုပ် နေလို့ပါ)။

အမှောင် လေးချက်က ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)။ နောက်ဆုံး ဆောင်ရွက်လိုက် ဇာတိ ဇရာ မရဏ (မှန်ပါ)။ မလာရပေဘူးလား (လာရပါတယ်)။ ကိုစောမောင် ကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။

တစ်ချို့ သံဝေဂဖြစ်ကြတယ်

ဒါကြောင့် သစ္စာတရားဟောလို့နာရတဲ့ ဒကာ ဒကာမတွေအစက ဒါလောက်ကို နားမလည်ခဲ့တော့ တစ်ချို့ သံဝေဂဖြစ်ကြတယ်။ ဪ တို့ဘိုးတွေဘွားတွေဟာ ဒါလောက်သိမသွားရတဲ့အတွက် အလင်းတစ်ချက် တည်းနဲ့ အမှောင် လေးချက်နဲ့ သေပွဲဝင်သွားကြလေရဲ့ ဆိုတာ သူတို့ သိလာကြတယ် (မှန်ပါ)။

သိကောမသိကြဘူးလား (သိပါတယ် ဘုရား)။ အခုဒကာ ဒကာမတွေ အင်မတန် ကံကောင်း အကြောင်း သင့်တယ် ဆိုတာ မောင်နိုင် ပေါ်ပါပြီနော် (ပေါ်ပါပြီ ဘုရား)။

အဲ ကိုစောမောင် ဒါလောက်ဆိုရင် အတော်ခရီးရောက် မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)။ ဒါကြောင့် ကျောင်းဆောက် ဘုရားတည် ပန်းတင်တာကလေးလောက်နဲ့ မသေပျော်သေးဘူးဆိုတာ ကမ္မဿကတာဉာဏ်ကို ဆိုနေ တာ (မှန်ပါ)။ ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ၂-နံပါတ်ကိုလဲ နေ့တိုင်းပဲ လှန်နေကြလို့ ခပ်သုတ်သုတ်ပဲ လှန်ကြပါလို့ဆိုတော့ ၂-နံပါတ်က နာမ်ရုပ်မသိအောင် ဖုံးတဲ့ဥစ္စာ-အဝိဇ္ဇာ (မှန်ပါ)။

ခန္ဓာကိုယ်ထဲမှာ နာမ်ရုပ်ပဲရှိတယ်။ အဲဒါကို ငါလုပ်နေတယ်ဆိုကတည်းက သိသေးရဲ့လား (မသိပါဘူး)။ ဘယ်သူအုပ်ထားသတုန်း (အဝိဇ္ဇာ အုပ်ထားပါတယ်)။

ဒါဖြင့် နာမ်ရုပ်မသိအောင်ဖုံးထားတာ နာမ်ရုပ်သိတတ်တဲ့ ဉာဏ်ကလေးတောင် ပေါ်ခွင့်မပြုတာ ဒုတိယ အဝိဇ္ဇာ (မှန်ပါ)။

နာမ်ရုပ်ကလေးရှိနေတာ

နာမ်ရုပ်ကလေးရှိနေတာ နာမ်ရုပ်မသိအောင် အုပ်ထားတာ ဘယ်သူတုံး (ဒုတိယအဝိဇ္ဇာပါ ဘုရား)။

ကဲဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့ သွားချင်တာကလေးဟာ ဘာခေါ်ကြမတုန်း (နာမ်ပါ ဘုရား)။ သွားတာ က (ရုပ်ပါ ဘုရား)။ စားချင်တာကလေးက (နာမ်ပါ ဘုရား)။ စားနေတာက (ရုပ်ပါ ဘုရား)။ ကြည့်ချင်တာ ကလေးက (နာမ်ပါ ဘုရား)။ ကြည့်တာက (ရုပ်ပါ ဘုရား)။ ဒီလိုဆိုတော့ ဒကာ ဒကာမတွေ ဪ-တို့မှာ နာမ်ကခိုင်း၍ ရုပ်က အလုပ်သမားပါကလား (မှန်ပါ)။

နာမ်ကအခိုင်းသမား အရှင်သခင်၊ ရုပ်ကအလုပ်သမား ကျွန်သပေါက် (မှန်ပါ)။ ဒါပဲရှိတယ် ခန္ဓာကိုယ်ထဲမှာ (မှန်ပါ)။ ဒီပြင်များ ဘာရှိသေးတုန်း (မရှိပါဘူး ဘုရား)။ အခိုင်းသမားရယ်၊ အလုပ်သမားရယ် ဒါပဲရှိတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။ ပုဂ္ဂိုလ်သတ္တဝါ (မရှိပါဘူး ဘုရား)။ ပုဂ္ဂိုလ်သတ္တဝါ မရှိပါဘူး၊ အခိုင်းသမားနဲ့ အလုပ်သမားသာရှိတယ်၊ နာမ်နဲ့ရုပ်ပဲရှိတယ်၊ လှေနဲ့လူပဲ ရှိတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။

လှေသည်လူနဲ့ကင်း၍ ဟိုဘက်ကမ်း ရောက်ပါ့မလား (မရောက်ပါဘူး)။ လူသည် လှေနဲ့ကင်း၍ (မရောက် ပါဘူး)။ မြစ်ကကျယ်ရင် ဘယ်နည်းနဲ့မှ မရောက်ဘူးဆိုတာက သဘောကျပြီလား (ကျပါပြီ)။

အဲဒီကဲ့သို့ သိနေတော့ လှေနဲ့လူဟာ ကွဲပြီးသကာလ လှော်ကြမှ နှစ်ယောက်စလုံး ရောက်ကြမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ နှစ်ယောက်စလုံး ရောက်တာသည် မတွဲမိဘဲနဲ့တော့ဖြင့် (မရောက်ပါဘူး ဘုရား)။ ဒါဖြင့် လူနဲ့နာမ်နဲ့တူတယ်။ လှေနဲ့ရုပ်နဲ့ တူတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

တရားနာနေကြတာ ဘယ်သူတွေတုံး

ဒါဖြင့် ခင်ဗျားတို့ အခုတရားနာနေကြတာ ဘယ်သူတွေတုံးလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (ရုပ်နာမ်တွေ ပါ ဘုရား)။ နာမ်ကခိုင်း၍ ရုပ်ကထိုင်နေတာပဲ (မှန်ပါ)။ နာမ်ကလျှောက်လိုက်ကွာ၊ မေးတာဖြေလိုက်ပါလို့ နာမ်က ခိုင်းတာနဲ့ အသံရုပ်ကဖြေတာပဲ (မှန်ပါ)။ မဖြေကြဘူးလား (ဖြေပါတယ် ဘုရား)။

ဒီထဲမှာ ယောက်ျားတွေလား၊ မိန်းမတွေလား နာမ်ရုပ်တွေလား အကဲခတ်စမ်းပါ (နာမ်ရုပ်တွေပါ ဘုရား) ဘာသာလျှင်ရှိသတုန်း (နာမ်ရုပ်သာရှိပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် နာမ်ရုပ်သိတဲ့ဉာဏ်မရသေးဘူးလား (ရပါတယ် ဘုရား)။ ဒီလိုမသိအောင် ရှေးက ဘယ်သူ ဖုံးထားသတုန်း (အဝိဇ္ဇာကဖုံးထားပါတယ် ဘုရား)။ အဝိဇ္ဇာကဖုံးထားတော့ ဒီနေ့တော့ဖြင့် ဒုတိယအဖုံးကြီးတော့ ပွင့်ပြီလို့ ဆိုရင် ဒကာ ဒကာမတွေ ကျေနပ်ပါတယ် (ကျေနပ်ပါတယ် ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဝိဇ္ဇာဥဒပါဒိဖြစ်ပြီလား (မဖြစ်သေးပါဘူး)။ အမှောင်ဘယ်နှစ်ချက်ဖုံးနေသတုန်း (လေးချက် ဖုံးနေပါတယ်)။ ဝိဇ္ဇာဥဒပါဒိ ဖြစ်ဖို့ကိုဖြင့် မလွယ်ဘူးနော် (မှန်ပါ ဘုရား)။ လွယ်ပါတယ် (မလွယ်ပါဘူး ဘုရား)။ စက္ခုံဥဒ ပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ၊ ဉာဏံဥဒပါဒိနဲ့ ဘုရားကဟောလိုက်တာ၊ ဒီမဂ်ကလေး တစ်လုံးကို ပရိယာယ် နဲ့ ဟောနေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

စက္ခုံဆိုတာလဲ မဂ်ဉာဏ်ကို ဆိုတာပဲ (မှန်ပါ)။ အာလောကော ဆိုတာကော (မဂ်ဉာဏ်ဆိုတာပါ)။ ဝိဇ္ဇာဆိုတာကော (မဂ်ဉာဏ်ဆိုတာပါ)။ အေး ဒါကြောင့် စက္ခု ဆိုတာလဲ သူပဲ၊ ဝိဇ္ဇာဆိုတာလဲသူပဲ၊ အာလောကောဆိုတာလဲသူပဲ ဉာဏံဆိုတာကော (သူပါပဲ ဘုရား)။ သူတစ်လုံးတည်း ပရိယာယ်နဲ့ ဟောနေတာ၊ ဉာဏ်၏ကိစ္စတွေ ဒါလောက် ကျယ်ဝန်းတယ်ဆိုတာ သိအောင်လို့ဟောတော်မူသည် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နာမ်ရုပ်ကွဲတာနဲ့ပဲ သေပျော်မလား

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ နာမ်ရုပ်ကွဲတာနဲ့ပဲ သေပျော်မလားလို့ (မသေပျော်သေးပါဘူး ဘုရား)။ ဘာကြောင့်ပါလိမ့် မောင်နိုင် (အမှောင်သုံးချက် ဖုံးနေပါသေးတယ်)။ အမှောင်သုံးချက် ဘယ်သူပါလိမ့် မောင်နိုင် (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာရှိနေရင် အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)။ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။ အဆုံးရွတ် လိုက်ကြစမ်းပါ (ဇာတိ ဇရာ မရဏ) ဇာတိ ဇရာ မရဏချည်းသွားမယ်။ မသွားဘူးလား (သွားပါတယ် ဘုရား)။ ဒါဖြင့် သေပျော်ပေါ့လား (မသေပျော် သေးပါဘူး ဘုရား)။

မသေပျော်ကြနဲ့အုံး ကိုစံလှတို့ (မှန်ပါ)။ ဒီမှာ ဘယ်နှစ်ခုကျန်နေသေးသတုန်း (သုံးခုကျန်နေပါ သေးတယ်)။ သုံးခုကျန်တာ ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာရှိရင် ဘာလုပ်မိမယ် ထင်သတုန်း(သင်္ခါရ လုပ်မိပါတယ်)။

သင်္ခါရ လုပ်မလား ဇရာ မရဏကိုပါ လုပ်မလား (ဇရာ မရဏပါလုပ်မှာပါ ဘုရား)။ ကိုင်း ဒါဖြင့် အဝိဇ္ဇာ ပစ္စယာသင်္ခါရာ အဝိဇ္ဇာပစ္စယာ ဇာရာ မရဏ (မှန်ပါ)။ ကောင်းသေးရဲ့လား (မကောင်းပါဘူး ဘုရား)။ အိုပွဲ သေပွဲချည်း (အမြဲနွှဲမနေရပေ ဘူးလား (နွှဲရပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နာမ်ရုပ်ကွဲရုံနဲ့ သေပျော်ပြီလား (မသေပျော်သေးပါဘူး)။ သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာဖြင့် အလင်းဘယ်နှစ်ချက်ရပြီလဲ (နှစ်ချက်ရပါပြီ)။ ကမ္မဿကတာဉာဏ် အလင်းတစ်ချက် ကိုယ်ပိုင်ရပြီ။ နာမ်ရုပ်သိတဲ့ ဉာဏ်အလင်းတစ်ချက်ကော (ကိုယ်ပိုင်ရပါပြီ)။

တတိယအမှောင်ကိုလှန်ကြအုံးစို့

ကဲ ဒါဖြင့် တတိယအမှောင်ကိုလှန်ကြအုံးစို့နော် (မှန်ပါ)။ တတိယကကော ဒကာ ဒကာမတို့ ဒီတရားက ဒကာ ဒကာမတွေမှာ တရားရေဝနေတယ် (မှန်ပါ)။ ခန္ဓာပဋိစ္စသမုပ္ပါဒ် သိလို့ရှိရင် တတိယအဝိဇ္ဇာ ဝင်ပါတယ် (မှန်ပါ)။

ဘာသိရင် စင်သလဲ (နာမ်ရုပ်သိရင် တတိယအဝိဇ္ဇာ စင်ပါတယ် ဘုရား)။ ခန္ဓာပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒကာ ဒကာမတို့ အခုပေါ်လာတာပဲ။ ဟောဒီမှာ မီးကလေးကြည့်လိုက်တော့ မမြင်ကြဘူးလား (မြင်ပါတယ် ဘုရား)။

မြင်တာ သည် မြင်စိတ်ပေါ့ဗျာ (မှန်ပါ)။ စက္ခုံ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿ ပစ္စယာဝေဒနာ ဆိုတာတွေဟာ ဒီကလာတာပဲ (မှန်ပါ)။ စက္ခုနဲ့ ရူပါရုံစွဲပြီး စက္ခုဝိညာဏ်ပေါ်တာပဲ (မှန်ပါ)။သူပေါ်ရင် ဖဿပါပြီ (မှန်ပါ)။ ဝေဒနာကော (ပါပါတယ်)။ ဝေဒနာပေါ်လို့ရှိရင် နောက်က (တဏှာပေါ်လာပါတယ်) တဏှာလာလို့ရှိရင် (ဥပါဒါန်လာပါတယ်)။ ဥပါဒါန်လာလို့ရှိရင် (ကမ္မဘဝ လာပါတယ်)။

ဪ ဒီလိုစင်စစ် စင်စင်ပြီး မျက်လုံးပေါက်ကလဲ အခုမြင်စိတ် ပြီးတော့ကို တဏှာဥပါဒါန် ကံလာတယ်၊ ဒါဟာကိုယ့်သန္တာန်မှာ မြင်စိတ်-၁၊ တဏှာ-၂၊ ဥပါဒါန်-၃၊ ကံ-၄ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)။

တော်တော်ကြာကျတော့ ဒကာ ဒကာမတွေက ကြည့်မနေဘူးလေ ဟိုဘက်ကဘာသံကြားပြန်ပြီဆိုတော့ ကြားစိတ်-၁၊ ခင်စိတ်က-၂၊ စွဲလမ်းစိတ်က (၃-ပါ ဘုရား)။ အားထုတ်စိတ်က (၄-ပါ ဘုရား)။ ဒါသူ့ပဋိစ္စသမုပ္ပါဒ်ပဲ မဟုတ်လား (မှန်ပါ ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း သိနေလို့ရှိရင်ဖြင့်

အဲဒီပဋိစ္စသမုပ္ပါဒ်တွေပေါ်တိုင်း ဒကာ ဒကာမတွေက ဪ ဒါသည် ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါလား ဓမ္မနိယာ မအစဉ်အတိုင်း ပေါ်နေတာပါလား ဘယ်ဓမ္မ၊ ဘယ်ဓမ္မပေါ်နေတာပါလားလို့ ပေါ်တိုင်း ပေါ်တိုင်း သိနေလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါပျောက်တယ်၊ အကြောင်းနဲ့အကျိုးပဲ ရှိတယ်ဆိုတာ သိသွားတယ် (မှန်ပါ ဘုရား)။ ဝိစိကိစ္ဆာစင်သွားတယ် (မှန်ပါ)။ မစင်ဘူးလား (စင်ပါတယ် ဘုရား)။

ခန္ဓာပဋိစ္စသမုပ္ပါဒ် ပေါ်တိုင်း ပေါ်တိုင်း သိလို့ရှိရင် ဘာစင်သတုန်း (ဝိစိကိစ္ဆာစင်ပါတယ် ဘုရား)။ ဝိစိကိစ္ဆာစင် တယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ကိုစောမောင် နေရာကျပြီ (ကျပါပြီ ဘုရား)။ ကောင်းပြီ – ဝိစိကိစ္ဆာစင်သွားတော့ ဝိစိကိစ္ဆာဆိုတာ မောဟပဲ မဟုတ်လား၊ ဒကာ ဒကာမတို့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီလိုကိုယ်ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပေါ်တိုင်း ပေါ်တိုင်း မြင်စိတ်ပေါ်ပြီး ဟောလိုချင်တဲ့စိတ်ကလေးလာပြန် ပြီ ဟောစွဲလမ်းတဲ့စိတ်ကလေးလာပြန်ပြီ ဟောအားထုတ်တဲ့ စိတ်ကလေးလာပြန်ပြီလို့ ဒကာ ဒကာမတွေက ခန္ဓာကိုယ် ထဲမှာ ပေါ်တိုင်းပေါ်တိုင်း ဪဒီအကြောင်းနဲ့ ဒီအကျိုးတွေချည်းပါလား အကြောင်း အကျိုးဆက်နေတာပါလားလို့ သိတဲ့ဉာဏ်ကလေးရောက်မလားဘူးလား (ရောက်လာပါတယ်)။

ဒီဉာဏ်ကလေး ရောက်လာတယ်၊ ဒီဉာဏ်ကလေးဟာ ဒကာ ဒကာမတို့ အဝိဇ္ဇာမရှိလို့ပေါ်လာတာ (မှန်ပါ ဘုရား)။ ၃-နံပါတ် အဝိဇ္ဇာမရှိလို့ ဒီဉာဏ်အလင်းပေါ်တာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းသွားပါပြီ ဘုရား)။

ဒါဖြင့် အလင်းဘယ်နှစ်ချက်ရပြီလဲ (သုံးချက်ရပါပြီ ဘုရား)။ ဒကာ ဒကာမတို့ အလင်းသုံးချက်တော့ဖြင့် ကိုယ်ပိုင်ရပြီ (မှန်ပါ)။ အမှောင်ကုန်ပြီလား (မကုန်သေးပါဘူး ဘုရား)။ အမှောင်မကုန်သေးဘူးဆိုတော့ ဒီအမှောင် မကုန်သေးသရွေ့ ကာလပတ်လုံး အမှောင်ဆိုတာ မောင်နိုင်တော်တော်ကြာအကူအညီနဲ့တက်လာတာ(မှန်ပါ)။ မတက် လာဘူးလား (တတ်လာပါတယ် ဘုရား)။

အမှောင်ဆိုတာ ဒကာ ဒကာမတို့ လကွယ်နေ့ဆိုရင် ပိုပြီးမှောင်တယ် (မှန်ပါ)။ သန်းခေါင်ချိန်ကျတော့ ပိုတက်လာတယ် (မှန်ပါ)။ တော်တော်ကြာ မိုးမှောင်ကလေးက ကူလိုက်ပြန်ပြီ (မှန်ပါ)။ အမှောင်ဘက်က အကူအညီ မရှိဘူးလား (မှန်ပါတယ် ဘုရား)။ အဲ ဒါလောက်နဲ့ သေသွားအုံးမယ် ဆိုရင် အမှောင်ကျန်အုံးမယ် (မှန်ပါ)။ ဒါက စူဠ သောတာပန်တင်ဖြစ်သေးတာကိုး (မှန်ပါ)။

စူဠသောတာပန်ဆိုတော့

စူဠသောတာပန်ဆိုတော့ နတ်ပြည် ခံစားလိုက်ခံစားလိုက်။ တော်တော်ကြာကျတော့ အဲဒီက ကိလေသာထကြွ သောင်းကျန်းလာတော့ ကမ္မဿကတာဉာဏ်မှ မသိတဲ့ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားနိုင်တယ် (မှန်ပါ)။ ဒါမျိုးကျတော့ ဘယ့်နှယ်တုန်း အမှောင်ပြန်တက်လာတယ် (မှန်ပါ)။ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ဒါမျိုး စူဠသောတာပန်လောက်နဲ့ ကိုစောမောင် မသေလိုက်ပါနဲ့အုံး (မှန်ပါ)။ မဟောထိုက်ဘူးလား (ဟော ထိုက်ပါတယ် ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာဘယ်နှစ် ချက်ကျန်နေသတုန်း (နှစ်ချက်ကျန်ပါတယ်)။ ဒီအဝိဇ္ဇာ နှစ်ချက်ဟာ ကိုစံလှ တော်လောက်ပြီလား (မတော်လောက်သေးပါဘူး ဘုရား)။ မတော်လောက်သေးဘူးနော် ဘာကြောင့် တုန်း အမှောင်ကနှစ်ချက်ကိုး (မှန်ပါ)။ တာရှည်ရင် ဒီအမှောင်က တိုးလာမလား ဆုတ်သွားမလား (တိုးလာပါမယ် ဘုရား)

အခုဟိုဘက်က ဉာဏ်သုံးချက် ကမ္မဿကတာ ဉာဏ်နဲ့ နတ်ပြည်ရောက်ပြီ၊ နာမရူပ ပရိစ္ဆေဒဉာဏ်ဆိုတဲ့ ဒုတိယဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ တတိယဉာဏ် ဒီနှစ်ခုကြောင့်လဲ စူဠသောတာပန်ဖြစ်သွားပြီ။ ဪ – လူ့ပြည် နတ်ပြည်မှာ ခံစားချင်တဲ့သဘောတွေ မလာပေဘူးလား (လာပါတယ် ဘုရား)။ ရောက်လဲရောက်မှာပဲ ဒီဉာဏ်တွေက ပို့မှာပဲ (မှန်ပါ)။ ပို့လိုက်လို့ရှိရင် ဒကာ ဒကာမတို့ ဟိုကျတော့ ပျော်စရာပါးစရာ မေးစရာတွေကများတယ် (မှန်ပါ)။ များလို့ရှိရင် အကျိုးပေးမကုန်ခင် အမှောင်က သန်းလာလိမ့်မယ် (မှန်ပါ)။ သန်းမလား မသန်းဘူးလား (သန်းပါတယ် ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ)။

အမှောင်ဘယ်နှစ်ချက် ပြန်သန်းလာမယ်ထင်သတုန်း

အမှောင်ဘယ်နှစ်ချက် ပြန်သန်းလာမယ် ထင်သတုန်း (ငါးချက်သန်းနိုင်ပါတယ်)။ အခုရထားတဲ့ အလင်း ကလေးဟာ အကူအညီအမှောင်တွေလာပြီး ကွယ်ပျောက်လိမ့်အုံးမယ်ဆိုတာသေချာနေပြီ (သေချာနေပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သုဗြဟ္မနတ်သားကြည့်ပါ၊ နတ်ပြည်ကျမှ အမှောင်ကျလိုက်တာ (မှန်ပါ)။ နတ်ပြည်တက်သွားတုန်း ကတော့ ကမ္မဿကတာဉာဏ် အလင်းနဲ့ တက်သွားတာ (မှန်ပါ)။ ဖျပ်ဆိုကြည့်လိုက်တော့ နောက်ခုနှစ်ရက် ရှိရင် ငရဲသွားရတော့ မယ်ဆိုတော့ ဘယ်နှက်ကြောင့် ဒီငရဲရောက်ဖို့ သွားဖြစ်ပါလိမ့်မတုန်း ငရဲရောက်ရမှာပါလိမတုန်းဆိုတော့ နတ်ပြည်ကျမှ အမှောင်တွေများလာလို့ အဝိဇ္ဇာ ပစ္စယာသင်္ခါရာတွေလုပ်လို့ အပါယ်ဇာတိ ဇရာ မရဏဆိုတာပေါ်လာမှာ ဦးမြင့် (မှန်ပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကမ္မဿကတာဉာဏ်နဲ့ စိတ်မချနဲ့ဆိုတာ ပေါ်လာပြီ (ပေါ်လာပြီ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ) နာမရူပ ပရိစ္ဆေဒဉာဏ်နဲ့ကော (စိတ်မချ ရသေးပါဘူး)။ အမှောင်ကျန်တာကြည့်။ ဒါက သက်သေခံနေတယ် (မှန်ပါ)။ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကိုသိကာမျှမတ္တနဲ့ကော (စိတ်မချရသေးပါဘူး ဘုရား)။ ဘာဖြစ်လို့တုန်း (အမှောင်ကျန်ပါသေးတယ် ဘုရား)။ ဘယ်နှစ်ချက် ကျန်နေသတုန်း (နှစ်ချက်ကျန်ပါတယ်)။

အမှောင်ကျန်တာဘယ်သူပါလိမ့်

အမှောင်ကျန်တာဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ရွတ်ပါ အဝိဇ္ဇာရှိရင်ဘာတုံး (အဝိဇ္ဇာပစ္စယာ သင်္ခါရာပါ)။ အဆုံးရွတ်လိုက်စမ်းပါ (အဝိဇ္ဇာပစ္စယာ ဇရာ မရဏပါ)။ အဲ သူ့သတ္တိကမောင်နိုင် ကင်းမှမကင်းဘဲ (မကင်းပါဘူး ဘုရား)။ ဒါကြောင့် အဝိဇ္ဇာ ပစ္စယာသင်္ခါရာ အဝိဇ္ဇာပစ္စယာ ဇရာ မရဏ ဆိုတော့ ဒကာ ဒကာမတို့ အိုမှုကင်းတဲ့နိဗ္ဗာန်ပါပြီလား (မပါပါဘူး) သေမှုကင်းတဲ့ နိဗ္ဗာန် (မပါပါဘူး)။ ဒါဖြင့် အဝိဇ္ဇာရှိနေရင် နိဗ္ဗာန် မရောက်သေးဘူး (မှန်ပါ)။ ရှင်းပြီလား(ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ငါဟာသုံးခုသွားတော့ကွာလို့ လှန်လို့ဖြစ်တဲ့လား (မဖြစ်ပါဘူး)။ ကိုစောမောင်စဉ်းစား ကြည့်ပါ။ အခုဘုန်းကြီးက သုံးမျိုးတည်းပဲ လှန်သေးတယ်နော် (မှန်ပါ)။ ကိုင်း-ဆုတောင်းရုံတောင်းနေတဲ့လူများနဲ့တော့ မောင်နိုင် ဘယ်လိုများ စဉ်းစားမတုန်း (ဝေးပါသေးတယ် ဘုရား)။

အခု နေ့တိုင်းပဲ ဒကာ ဒကာမတွေ ကမ္မဿကတာ ဉာဏ်ဖုံးထားတဲ့ အဝိဇ္ဇာလှန်ရတာကတစ်မျိုး ဘုန်းကြီးက လျှာရှည်လု့ိ ဆိုမနေနဲ့ ဘုန်းကြီးက လျှာမရှည်ပါဘူး။ ခင်ဗျားတို့ မသိတာရှည်နေလို့ (မှန်ပါ ဘုရား)။ သဘောပါပြီလား (ပါပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် မောင်နိုင်ကျန်တဲ့ အဝိဇ္ဇာတွေလဲ မကောင်းဘူးနော် (မှန်ပါ)။ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)။ ရွတ်လိုက်စမ်း အဝိဇ္ဇာ (ဇရာ မရဏပါ ဘုရား)။ ကဲ ဘယ်မှာ ကောင်းသတုန်း (မှန်ပါ)။ ဇရာ မရဏဆိုတော့ ဘယ် ဇရာနဲ့ ဘယ်မရဏတုန်းမေးတော့ မပြောတတ်ပါဘူး ခွေးဇရာလဲဖြစ်နိုင်တယ်။ ခွေးမရဏတော့ (ဖြစ်နိုင်ပါတယ် ဘုရား)။

အဲဒီတော့ အဝိဇ္ဇာကျန်လို့ရှိရင် ဘယ်ဇရာ ဘယ်မရဏရယ်လို့ ဒကာ ဒကာမတို့ ဆုံးဖြတ်ချက်ချလို့ ရရဲ့လား (မရပါဘူး)။ ကုဋီ-အိမ်သာတွေထဲက ပိုးလောက်တွေ၏ ဇရာကော (ဖြစ်နိုင်ပါတယ်)။ ပိုးလောက်၏ မရဏကော (ဖြစ်နိုင်ပါတယ် ဘုရား) ဖြစ်နိုင်တာပဲ။ ဗြဟ္မာပြည်ကတောင် ပြန်လာပြီး ဖြစ်နိုင်သေးတယ်ဆိုတော့ ကိုစောမောင် ကမ်းကုန်ရောပေါ့ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာမကျန်မှ ကောင်းမယ်ဆိုတာကောရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

၄-နံပါတ်အဝိဇ္ဇာကို ယခုခွါတော့မယ်

ကိုင်းဒါဖြင့် ၄-နံပါတ်အဝိဇ္ဇာကို ယခုခွါတော့မယ် ဒကာ ဒကာမတို့ သတိထားကြပါ။ ၄-နံပါတ်အဝိဇ္ဇာက အနိစ္စတို့၊ ဒုက္ခတို့၊ အနန္တတို့ကို မသိအောင် ဖုံးတာ(မှန်ပါ)။ ခန္ဓာမှာ အနိစ္စ ဒုက္ခ အနတ္တရှိတယ် ကိုစောမောင် (ရှိပါ တယ် ဘုရား)။ ရှိပေမယ့် ကြည့်လိုက်တဲ့အခါ မမြင်ဘူး (မှန်ပါ)။ ဖြစ်ပျက်ကလေးတွေ မမြင်ဘူး။ ဖြစ်ပျက်တာ အနိစ္စပဲ။ ဖြစ်ပျက်တာ (ဒုက္ခပါ)။ ဖြစ်ပျက်တာ (အနတ္တပါ)။

အဲဒါကိုကြည့်ပါ။ ဒကာ ဒကာမတွေ ဘုန်းကြီးက အကြည့်ခိုင်းခိုင်း ဒီပြင်ဆရာသမားများက အကြည့်ခိုင်း ခိုင်းကြည့်ပါ။ စိုက်ပြီး သကာလ သမာဓိကလေးထားပြီး ကြည့်စမ်းပါ။ မတွေ့ပါဘူး ဘုရားတဲ့ ကိုစောမောင် (မှန်ပါ)။

ဒကာ ဒကာမတို့ မလျှောက်ကြပေဘူးလား (လျှောက်ပါမယ် ဘုရား)။ ဘယ်လိုလျှောက်ပါလိမ့် (မတွေ့ပါဘူး ဘုရား)။ မတွေ့တာဟာ အဖုံးရှိလို့ မတွေ့တာပဲ (မှန်ပါ)။ ဘယ်သူဖုံးထားသတုန်း (အဝိဇ္ဇာဖုံးထားပါတယ် ဘုရား)။ ဘယ်နှစ်နံပါတ်ပါလိမ့် (၄-နံပါတ်ပါ ဘုရား)။

ဪ-ဒကာ ဒကာမတို့ ခင်ဗျားတို့ ယနေ့ဖြင့် ဖြစ်ပျက်မတွေ့ဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ်ပြီ (ပေါ်ပါပြီ)။ ကိုစောမောင်ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။ ဘယ်နှစ်နံပါတ်အဝိဇ္ဇာ ဖုံးသတုန်း (၄-နံပါတ်အဝိဇ္ဇာ ဖုံးပါတယ်)။

ကြပ်ကြပ်စဉ်းစားပါ ဒကာ ဒကာမတို့ ဖြစ်ပျက်များ မတွေ့တဲ့နေ့မှာ ဘာမှမဖြစ်ဘူး ကံမကောင်း အကြောင်း မသင့်လို့လဲမတွေးနဲ့ သဘောကျပြီလား (ကျပါပြီ)။ ဘယ့်နှယ်ကြောင့်မတွေ့ပါလိမ့် (ဪ ၄-နံပါတ် အဝိဇ္ဇာကို မတွန်း လှန်နိုင်လို့ဖြစ်ရလေခြင်းသာမှတ်ပေတော့ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် ( ၄ နံပါတ်အဝိဇ္ဇာကို မတွန်းလှန်နိုင်လု့ိဖြစ်ရပါတယ် ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ)။

လက္ခဏာရေးသုံးပါးမှ မမြင်တော့ပါဘူးဆိုရင်

၄- နံပါတ်အဝိဇ္ဇာ ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား) ဒီလက္ခဏာရေးသုံးပါးမှ မမြင်တော့ပါဘူးဆိုရင် ကိုမြင့် ဘယ်သူနိဗ္ဗာန်ရမတုန်း (မရနိုင်ပါဘူး)။ ကြားဖူးရဲ့လား (မကြားဖူးပါဘူး) ဘုရားကလဲ မဟောပါဘူး ရလိမ့်မယ်လို့ (မှန်ပါ)။ ဒါမမြင်ဘဲနဲ့လဲဘုရားမဖြစ်နိုင်ပါဘူး (မှန်ပါ)။ ဖြစ်ကြရဲ့လား (မဖြစ်ပါဘူး ဘုရား)။

ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၄ နံပါတ်အဝိဇ္ဇက ဖြစ်ပျက်ကိုဖုံးထားသည် (မှန်ပါ)။

ဒါဖြင့် ဒီအထဲမှာ ဖြစ်ပျက်မြင်တဲ့ ဒကာ ဒကာမတွေက များပါလိမ့်မယ် (မှန်ပါ) ဒီတော့ ဪ တို့အဝိဇ္ဇာ တစ်ချက်တည်းကျန်တော့တယ်နော် (မှန်ပါ)။ ဖြစ်ပျက်မြင်ရင် ၄ နံပါတ် အဝိဇ္ဇာမရှိဘူး (မှန်ပါ)။

ဖြစ်ပျက်မြင်ရင် (၄ နံပါတ်အဝိဇ္ဇာမရှိတော့ပါဘူး)။ မရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သေပျော် ပြီလား (မသေပျော်သေးပါဘူး ဘုရား)။ မသေပျော် သေးဘူးကျန်နေသေးတယ် (မှန်ပါ)။

ကျန်တဲ့ အဝိဇ္ဇာက ဘာလုပ်အုံး မယ်ထင်သတုန်း (အဝိဇ္ဇာပစ္စယာသင်္ခါရာလုပ်အုံးမှာပါ ဘုရား)။ သင်္ခါရပစ္စယာ (ဝိညာဏံ)။ ဇရာ မရဏထိအောင် မသွားပေဘူးလား (သွားပါတယ် ဘုရား)။ ဪ ဒါဖြင့် အဲဒီအမှောင်ကလဲ ပြန်တက်အုံးမယ် (မှန်ပါ)။ မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဆရာသမားကလဲနေထိုင်ကောင်းတုန်း ခင်ဗျာတို့ကလဲကျောင်းကိုလာပြီး ကြိုးစား နိုင်တုန်း ကိုယ့်အရေးကိုယ်ချီနိုင်တုန်းဆိုကြပါစို့ (မှန်ပါ)။ ဒီအချိန်မှာ ဒီအဝိဇ္ဇာကို စင်အောင် လုပ်လိုက်ကြပါ (မှန်ပါ)။ ဒီအချိန်မှာ ဒီအဝိဇ္ဇာကို စင်အောင် လုပ်လိုက်ကြပါ (မှန်ပါ)။ နောင်ကိုတစ်ခုကျန်နေသေးရင်လဲ စိတ်မချနဲ့အုံး တစ်ခုကျန် နေရင် ငါးခုပြန်ဖြစ်မယ် (မှန်ပါ)။

တစ်ခုကျန် နေရင် ငါးခုပြန်ဖြစ်မယ်

ကိုစောမောင် (တစ်ခုကျန်နေရင် ငါးခုပြန် ဖြစ်ပါမယ် ဘုရား)။ မဖြစ်ပေဘူးလား ဒကာ ဒကာမတို့ (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့က တွင်းအရေးကြီးနေတာနဲ့ မဆေးရသေးတာအရေးကြီးနေတာနဲ့ ရှိတဲ့ကျောက်ကလေး မရောင်းရသေးတာ အရေးကြီးနေတာနဲ့ မှောင်ကြီးအတိကျမှာ ကျွမ်းထိုး မှောက်ခုံ သေမှာတော့ မသနားဘဲနဲ့ ယခုလက်ရှိ အရေးကလေး ဘာမဟုတ်တာကို ကြီးနေတာ တော်တော် အရပ်ဆိုးတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ခင်ဗျားတို့ပြောတဲ့ ဆင်ခြေဟူသရွေ့လဲ မနေ့က ရှင်းပေးခဲ့ပါပြီ (မှန်ပါ)။ ဘယ်သူကဆင်ခြေလဲတာတုန်းဆိုတာ ကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဘယ်သူကလဲ (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာကအလဲခိုင်းတာကို ခင်ဗျားတို့က တစ်ခါတည်းလဲနေတာပဲ။ ဒီတရားဟာ အင်မတန်ကောင်းတာပဲ။ ငါသည်ကြိုးစားလို့ အင်မတန်ကောင်းတာပဲ။ ကိစ္စတွေ က များလွန်းလို့ဆိုရင် အဝိဇ္ဇာက သူဖုံးလိုက်တယ် (မှန်ပါ)။ ကိစ္စဟူသရွေ့ဟာ အဝိဇ္ဇာ၏ကိစ္စ (မှန်ပါ)။ အဝိဇ္ဇာ၏ကိစ္စ ဆိုတော့အဝိဇ္ဇာပေါ်လာတယ်ဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် အဝိဇ္ဇာက ဘာလုပ်မလို့ သူဟာ ဒီကိစ္စတွေပေါ်အောင် လုပ်နေပါလိမ့်မတုန်းမေးရင် သင်္ခါရလုပ်မလို့ (မှန်ပါ)။ တော်တော်ကြာ အိုပွဲ သေပွဲကိုဆွဲချမလို့ (မှန်ပါ) ဒါကြောင့် သူကကိစ္စတွေနဲ့ ခင်ဗျားတို့ကို သူကကန့်ကွက်တာ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဝိဇ္ဇာ၏ကိစ္စတွေ

ပေါ်တဲ့ကိစ္စဟူသရွေ့ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ ဝိပဿနာအလုပ်ကိစ္စမှ တစ်ပါးကျန်တဲ့ ကိစ္စ တွေဟာ အဝိဇ္ဇာ၏ကိစ္စတွေလို့မှတ်ကြပါ (မှန်ပါ)။

ဘယ့်နှယ်ကြောင့် ဒီအဝိဇ္ဇာက ဒါလောက်တောင်ပဲ ဒကာ ဒကာမတွေ ကို ချယ်လှယ်နေပါလိမ့်မလဲမေးရင် အိုပွဲသေပွဲကလွတ်သွားမှာ သိပ်စိုးရိမ်တယ် (မှန်ပါ)။

ဒီပိုက်ထဲတိုးပြီး ဇရာ မရဏ လက်တွင်းမှာ သေပွဲဝင်တာကို သူက သိပ်ပြီး ကြည့်ချင်တဲ့သူ (မှန်ပါ)။ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိစ္စကလေးလို့ မဆိုနဲ့နော် (မှန်ပါ)။ မြို့သုံး မသုံးလိုက်နဲ့ (မှန်ပါ)။ ဒီနေ့ ဒကာကြီး ဘယ့်နှယ်ကြောင့် မလာသတုန်း။

ဒကာမကြီး ဘယ့်နှယ်ကြောင့်မလာသတုန်း ဘုန်းကြီးက ပြောလို့ရှိရင် ခင်ဗျားတို့ ကလဲမြို့သူမြို့သားတွေ ဖြစ်နေကြတော့ အတော်ခက်တယ်။ “ကိစ္စကလေးက မလွှဲသာလို့” ကိုစောမောင် ဒီလိုမလာဘူး လား (လာပါတယ် ဘုရား)။ ကိစ္စတောင်မှ ကြီးကြီးလို့မပြောဘူး။ ကိစ္စကလေးတဲ့။ မလွှဲသာတဲ့ကိစ္စ ကလေးရှိနေတယ် ဆိုတော့ သူကတော့ နှုတ်ကချိုပြီး ပြောတာပဲ။

အဲဒီကိစ္စ၏ လက်သည်ကို ရှာလိုက်တော့ ဘယ်သူတုန်း (အဝိဇ္ဇာပါ ဘုရား)။ အဝိဇ္ဇာဆိုတာ ဘာကိုမသိတာတုန်း (သစ္စာလေးပါးမသိတာပါ)။ သစ္စာလေးပါးကို မသိတာရဲရဲပြောပါ (မှန်ပါ)။ သစ္စာလေးပါး မသိလို့ ပျက်သွားတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ အပြစ်က ဘယ်လောက် ကြီးသတုန်း (ကြီးပါတယ် ဘုရား)။ အင်မတန်ကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိစ္စကလေးလား၊ ကိစ္စကြီးလား

ခင်ဗျားတို့ ကိစ္စကလေးလား၊ ကိစ္စကြီးလား (ကိစ္စကြီးပါ ဘုရား)။ မြို့သုံးရှောင်စမ်းပါဆိုတာ မပြောသင့်ဘူး လား ပြောသင့်သလား (ပြောသင့်ပါတယ် ဘုရား)။ သဘောပါပြီလား (ပါပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ၄-နံပါတ်အဝိဇ္ဇဟာမြင်မှကွာမယ်ဆိုတာကော ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ခန္ဓာကိုယ်ထဲက ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဝေဒနာဖြစ်ပျက်မြင်ရင် ကွာပြီ (မှန်ပါ)။ စိတ်ရှုတဲ့ပုဂ္ဂိုလ် (စိတ်ဖြစ်ပျက်မြင်ရင် ကွာပါပြီ)။ ရုပ်ရှုတဲ့ပုဂ္ဂိုလ် (ရုပ်ဖြစ်ပျက် မြင်ရင်ကွာပါပြီ)။ ဖြစ်ပျက်မှ မသိအောင် ဖုံးထားတာ ဘယ်သူတုန်း (အဝိဇ္ဇာပါ ဘုရား)။ အဲ သူပါလို့ မမြင်တာ။ သူ မပါလို့ရှိရင် (မြင်ပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ အခုဘယ်နှစ်ချက်ကွာမလဲ (လေးချက်ကွာပါပြီ)။ အဲဒါက အခုဆရာဘုန်းကြီး ဟောတာ ကွာတာက ဒါလောက်အရေးမကြီးသေးဘူး (မှန်ပါ)။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ဖြစ်ပျက်မြင်သည် ကျအောင် မြင်ပါပြီဘုရားဆိုလို့ရှိရင် တို့သည်အလင်းလေးချက်ရပြီ (မှန်ပါ)။

ဘယ်လိုတုန်း (အလင်း လေးချက်ရပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ခင်ဗျားတို့ကိုယ်တိုင် အလင်း ဘယ်နှစ်ချက်ရပြီလဲ (လေးချက်ရပါပြီ)။ အလင်းငါးချက် ပြည့်ရင် မဂ်ပုဂ္ဂိုလ်သောတာပန်တည်ပြီ (မှန်ပါ)။

အလင်းငါးချက်ပြည့်ရင်

အလင်းငါးချက်ပြည့်ရင် (မဂ်ပုဂ္ဂိုလ်သောတာပန်တည်ပါပြီ)။ မဂ်ပုဂ္ဂိုလ်ဖြစ်ပါပြီဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ မဂ်လာပြီးရင် ဖိုလ်လာတာပဲဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဒါကြောင့် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ။ ယနေ့သည်ဖြစ်ပျက်ကျ အောင်မြင်လို့ရှိရင် ကမ္မဿကတာဉာဏ် လဲပြီးခဲ့ပြီ။ နာမရူပ ပရိစ္ဆေဒဉာဏ်ကော (ပြီးခဲ့ပါပြီ)။ ပစ္စယပရိဂ္ဂဟဉာဏ်ကော (ပြီးသွားပါပြီ ဘုရား)။ လေးချက်မြင် ကတည်းကိုက ဒကာ ဒကာမတွေ အဝိဇ္ဇာ ဘယ်နှစ်ချက် တွန်းလှန်နိုင်တဲ့အတွက် အလင်းလေးချက်ဆိုတော့ ငါးချက်ထိ အောင် သိပ်မဝေးတော့ဘူး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဖြစ်ပျက်မြင်ရင်

ဒါကြောင့် ဖြစ်ပျက်မြင်ရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုန်းကြီးက အင်မတန်ဝမ်းသာသွားတယ်၊ ဘာဖြစ်လို့ဝမ်းသာပါလိမ့် အို ဒကာ ဒကာမတွေ နေရာကျပြီ၊ ဒီဖြစ်ပျက်မြင်ပြီးလို့ရှိရင် အလင်းကလေး အရင်လို မှောင် အတိကျနေတာမဟုတ်ဘူး၊ မှောင်ရိပ်ကလေးသန်းရုံရှိတော့တယ် (မှန်ပါ)။

ကိုစောမောင် ဒီမှောင်ရိပ်ကလေးကို ငါကြိုးစား ကာကွယ်လိုက်ရလို့ရှိရင် ဒီဒကာ ဒကာမတွေဖြင့် ဉာဏ်မျက်စိနှစ်ကွင်း အလင်းရတဲ့အတွက် အပါယ် လေးပါးတည်းဟူ သော ချောက်လမ်းတွေ ၃၁ ဘုံတည်းဟူသော ပိုက်ကွန်တွေ မတိုးတော့ဘူးဟဆိုပြီး ဝမ်းသာတယ်။ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့တော့ဖြင့် ဒီတွင်တော်ကြအုံး။

သာဓု သာဓု သာဓု။