အဝိဇ္ဇာဖုံးမှု ငါးချက် (၂)
အသံဖိုင်ခေါင်းစဉ်= အမှောင်ငါးစင်း အလင်းငါးချက် အမှတ်(၃)
စာအုပ်ထဲမှခေါင်းစဉ်=အဝိဇ္ဇာဖုံးမှု ငါးချက် (၂)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့၊ မင်္ဂလာတိုက်၌ဟောကြားတော်မူသော
အဝိဇ္ဇာဖုံးမှု ငါးချက် (၂)
အလုပ်ပေးတရားတော်
(၆-၅-၁၉၆၁)
ဇရာ မရဏဆိုတာ
ဒီနှစ်ခုချပြီးထားတဲ့ဟာကို ဒကာ ဒကာမတို့ ဇရာမရဏလို့မှတ်ထားလိုက်စမ်းပါ (မှန်ပါ)။
ဇရာ မရဏဆိုတာ သတ္တဝါတွေကို ခန္ဓာရတဲ့ပုဂ္ဂိုလ်ကို အိုအောင်လုပ်တတ်တဲ့ တရား၊ ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေကို အိုအောင်လုပ်တတ်တဲ့ တရား၊ ခန္ဓာရတဲ့ပုဂ္ဂိုလ်တွေကို သေအောင်လုပ်တတ်တဲ့ တရား-တဲ့၊
ဪ – ဒီတရားနှစ်ခုဟာ တရားဆိုးနှစ်ခုပါကလား (မှန်ပါ)။ ခန္ဓာရတဲ့ပုဂ္ဂိုလ်ကို အိုအောင်လုပ်တာက ဇရာ။ ခန္ဓာရတဲ့ပုဂ္ဂိုလ်ကို အိုအောင်လုပ်တာက ဇရာ။ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ကို သေအောင်သတ်တာကမရဏ။
ဒကာ ဒကာမတို့ တစ်သံသရာလုံး ကျုပ်တို့သည်ကားလို့ဆိုရင် ကုသိုလ်တွေပြုပြီး သကာလ လူကောင်းနတ် ကောင်းတွေဖြစ်ပြီး သကာလ အမျိုးမျိုးအဖုံဖုံ ကြိုးစားခဲ့သမျှဟာ ဇရာမရဏကြီးပွားရေး၊ သူတို့၏ စားဖတ်ဝါးဖတ် ဖြစ်ရေးမှတစ်ပါး ကိုယ့်အတွက် ဘာမှကျေးဇူးမရှိဘူး။ ဇရာမရဏမှာသာ ကျေးဇူး ရှိနေတယ်လို့ မှတ်ရမယ် (မှန်ပါ)
ဇရာ မရဏက ဒကာ ဒကာမတို့ လာချင်တဲ့ခန္ဓာလာခဲ့ပါ။ မင်းတို့တောင်းချင်တဲ့ဆုတောင်း မသိလို့တောင်းတဲ့ ခန္ဓာဖြစ်ရမှာပဲ။
သိပြီး သကာလ ဝဋ်ကိုမမြင်ဘဲနဲ့ တောင်းလဲ ခန္ဓာဖြစ်ရမှာပဲ ဆိုတာကဖြင့် ကိုစောမောင် ငြင်းဖို့ မလိုတော့ဘူး (မလိုပါဘူး ဘုရား)။ ဘယ်သူ့ ကြီးပွားရေးများ ဘယ်သူဘာလုပ် နေပါလိမ့်မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ်)။
ဇရာ မရဏ၏ စားဖို့ရာ
ဪ-ဇရာ မရဏတို့၏ စားရာ စားရာကို ကိုယ်ကနေပြီး သကာလ ဒါန သီလတွေလုပ်ပြီး သကာလ ဇရာ မရဏ၏ စားဖို့ စားဖို့ရာ အထည်လုပ်ပေးပြီး သကာလ နေတယ်ဆိုလို့ ရှိရင် လွဲပါ့မလား (မလွဲပါဘူး)
ဪ- ဒကာ ဒကာမတွေ မသိခင်တော့ ဘယ်လိုများဖြစ်နေကြသတုံး ဆိုတော့ ဘာဖြစ်ရကောင်း နိုးညာဖြစ် ရကောင်းနိုးနဲ့ ဘာမှမကောင်းဘူးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ဇရာ မရဏတို့ကြီးပွားရေး ဇရာမရဏတို့ကို ခန္ဓာကိုယ် အပ်ရေး ဇရာ မရဏမီးနှစ်ပုံထဲမှာ ထိုးဆင်းရေး ကိုစောမောင် ဒါပဲရှိတော့တယ် (မှန်ပါ)။ သဘောပါ ကြပြီလား (ပါပါပြီ)။
တစ်သံသရာလုံး ကျုပ်တို့သည်ကားပြုခဲ့တဲ့ကုသိုလ် ချစ်ခင်တဲ့တဏှာတွေနဲ့ အမျိုးမျိုး အဖုံဖုံခန္ဓာစုံရပြီး သကာလ လာခဲ့တာ ဘယ်သူ့ကိုအခွန်ဆက်၍ အသက်ထွက်ခဲ့ရသတုံးလို့ မေးဖို့မလိုတဲ့အခါ ဇရာ မရဏအခွန်ဆက်ပြီး သကာလ အချိန်ကုန်ခဲ့ရတယ်လို့ မှတ်စမ်းပါ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ)။
ကဲ-ဒကာ ဒကာမတို့ ဘာတွေပဲလုပ်နေနေ ခင်ဗျားတို့လုပ်သရွေ့ လောကီတွေကဖြင့် ဘာပဲလုပ်နေနေ လောကီအလုပ်ကို မောင်နိုင်လုပ်ချင်တာလုပ်နေ ဘဝကူး ကောင်းအောင်လုပ်လုပ်၊ ဘဝကူးမကောင်းအောင် လုပ်တော့လဲ အပါယ်ခန္ဓာသွားရမှာပဲ (မှန်ပါ)။
ဘဝကူးကောင်းအောင် လုပ်ပြန်တော့လဲ
ဘဝကူးကောင်းအောင် လုပ်ပြန်တော့လဲ လူနတ်ခန္ဓာပေါ်ရမှာပဲ (မှန်ပါ)။ ဘာပဲပေါ်ပေါ် ဒကာ ဒကာမတို့ ဇရာ မရဏတို့၏ မီးပုံထဲခုန်ဆင်းရမှာပဲ (မှန်ပါ)။ ဇရာ မရဏမီးပုံ ထဲခုန်ဆင်းဖို့မှတစ်ပါး ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
ကိုင်း- ဒီမြတ်စွာဘုရား လက်ထက်မှာ အသာထား ဘုရားပေါင်းများစွာ ပွင့်တော်မူပြီး နိဗ္ဗာန် ကြွသွားကြတာ အလွဲ ကြီးလွဲပြီး သကာလ တစ်တိုတစ်စတစ်ပိုင်း တစ်ထစ်မှရှာမတွေ့ခဲ့တာ ဇရာ မရဏမီးပုံနှစ်ပုံထဲမှာပဲ ကျုပ်တို့ ပြာဖြစ်ပြီး သကာလ အကုန်ပျောက်ခဲ့ကြရလို့ ဘာမှရှာမတွေ့ခဲ့ဘူး ဆိုတာလဲ နောက်လှည့်ကြည့်တော့ ဘာမှမတွေ့တော့ဘူး (မှန်ပါ)။ တွေ့သေးသလား (မတွေ့ပါဘူး ဘုရား)။ ကိုယ့်ခန္ဓာနဲ့ ပတ်သက်တာတွေ ကိုစံလှ ဘာများတွေ့သေးသတုံး (ဘာမှမတွေ့ပါ ဘူး ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီအဖြစ်မျိုး အကြုံကြီး ကြုံ၍အဆုံကြီးဆုံရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဪ- အဝိဇ္ဇာကဖုံးထားတော့ ဇရာ မရဏတွေ၏ ဒုက္ခပေးလေသမျှဇရာ မရဏဆိုတဲ့ အိုခြင်းတရား၊ သေခြင်းတရား ဒီတရား နှစ်ခုကို ကျုပ်တို့ မသိခဲ့တဲ့အတွက် သူတို့ချည်း အခွန်ဆက်ဖို့အလုပ်လုပ်လာခဲ့ကြတယ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါ ပြီ ဘုရား)။
တစ်သံသရာလုံး ဘာတွေများ အလုပ်-လုပ်ပြီး သကာလ ခန္ဓာတွေဖြစ်ခဲ့ကြပါလိမ့်မတုံး ဆိုတော့ ဘာဖြစ်ခဲ့တယ်၊ ညာဖြစ်တဲ့တယ်ဖြင့် ဘုန်းကြီးဖြင့် ပြောနိုင်ပါဘူး။
ဒကာ ဒကာမတို့ ဇရာ မရဏ အခွန်ဆက်တဲ့ အလုပ်ကဖြင့် သေသွားခဲ့ တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဇရာမရဏမီးပုံနှစ်ခု၏ လောင်စာ
တစ်သံသရာလုံး ကိုစောမောင်ရဲ့ ဘာမှရှာမတွေ့ဘူး နောက်လှည့်ကြည့်လဲ ဘာများရှာတွေ့သေးလဲ (မတွေ့ပါဘူး ဘုရား)။ ဇရာ မရဏမီးပုံနှစ်ခု၏ လောင်စာ အဖြစ်နဲ့ပဲ ကျုပ်တို့သည် အချိန်ကုန်ခဲ့ရတယ် ဆိုလို့ ရှိရင်ဖြင့် မလွဲပါဘူး (မလွဲပါဘူး ဘုရား)။ ရှင်းကြပြီလား (ရှင်းကြပါပြီ ဘုရား)။
ဪ-တစ်သံသရာလုံး ဘာများဖြစ်ခဲ့သတုံးဘုရား၊ ဘာမှမဖြစ်ခဲ့ဘူး။ မီးစာဖြစ်ခဲ့တယ်။ သဘောပါပြီလား (ပါ-ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ မီးစာဖြစ်တဲ့ အလုပ်ကိုသာ ကျုပ်တို့လုပ်ခဲ့လို့ အခုထက်တိုင် မီးစာကြီးဟာ အဆက် မပြတ်သေးဘူး။ ကိုစောမောင် ဆိုထိုက်မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။ မီးစာဖြစ်တဲ့ အလုပ်ကို လုပ်ခဲ့သောကြောင့် နောက်တုန်းကလဲ တစ်တိုတစ်စမှ ရှာမတွေ့အောင် ပြာဖြစ်ပြီး သကာလ ကုန်ခဲ့ကြတယ်နော် (မှန်ပါ)။
ယခုလဲဒီခန္ဓာကြီး ရထားတာ ဘာများပူဇော်ကြမတုံးဆိုလို့ရှိရင် ဇရာမရဏ မီးပုံကြီးထဲမှာ တပည့်တော်တို့ ထင်းအဖြစ်နဲ့ ပူဇော်ဖို့ပါပဲဘုရား (မှန်ပါ)။ ဒါပဲရှိတယ် မောင်နိုင် (မှန်ပါ)။ ဒီအပြင် ဘာရှိသေးသတုံး (ဘာမှမရှိပါဘူး)။
ဒီမီးပုံကြီး ထင်းအဖြစ်နဲ့ အမှုထမ်းဖို့
ပြင်ကြဆင်ကြစုကြဆောင်းကြ ဒကာ ဒကာမတတွေကဖြင့် လှလှပပ လုပ်ကြကိုင်ကြ အမျိုးမျိုးအဖုံဖုံ ဒီခန္ဓာကြီး ခင်ကြမင်ကြ ကျွေးကြမွေးကြ ယုယကြသေး ဆေးအမျိုးမျိုး ဝါးအမျိုးမျိုးနဲ့ ပြုပြင်လေ သမျှဟာ ဒကာ ဒကာမတို့ ဒီမီးပုံကြီး ထင်းအဖြစ်နဲ့ အမှုထမ်းဖို့ လုပ်ကြရတဲ့သဘောမှတစ်ပါး ဘာမရှိဘူး (မှန်ပါ ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
တယ်လဲ ကြောက်စရာကောင်းပါကလား ဒကာ ဒကာမတို့၊ မလုပ်တတ်ပြီဆိုမှဖြင့် ထင်းဆိုတာ ဒကာ ဒကာမတို့ ခန္ဓာဟာ ထင်းပါပဲ (မှန်ပါ)။ ဇရာ မရဏမီးပါပဲ (မှန်ပါ)။ မီးဆိုတာက သူ့ကို အခွန်ဆက်လို့ရှိရင် ဘယ်ဟာကို မလောင်ဘူးလို့ ကိုစောမောင် ရှိရဲ့လား (မရှိပါဘူး)။
အဲဒီတော့ ကျုပ်တို့ ဒါနတွေပြု သီလတွေဆောက်တည်ပြီး ဝဋ်ဒါန၊ ဝဋ်သီလ တွေလုပ်ပြီး သကာလ ဘာများ ဖြစ်ချင်လို့ပါလိမ့်မတုံးလို့မေးလို့ရှိရင် ခင်ဗျားတို့ ဖြစ်ချင်တာကတော့ဖြင့် လူနတ်လို့ဆိုတာပဲ။
လူနတ်သည်ကားလို့ဆိုရင် ဖြင့် ထင်းပဲ။ ထင်းသည်ကားလို့ဆိုရင် မီးပုံထဲဆင်းဖို့ပဲ (မှန်ပါ)။ ဇရာမရဏမီးပုံထဲ ဆင်းပြီး သကာလ ပြာကျပြီး ချုပ်ငြိမ်း ရုပ်သိမ်းရရှာတယ်ဆိုတော့ အဆိုသေလား- အကောင်းသေလားသာ အကဲခတ်ကြပါတော့ (အဆိုးသေပါ ဘုရား)။ အဆိုးသေဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဇရာမရဏတည်းဟူသော မီးပုံတွင်းမှာပဲ
သေသေချာချာစဉ်းစားကြပါ။ ဘဝသံသရာကြီးက လာခဲ့တဲ့ဥစ္စာသည် စကြဝတေးမင်းခန္ဓာလဲ ဘယ်မှာ ပျောက်ခဲ့တယ်ဆိုတာ၊ ဗြဟ္မာမင်းကြီးဖြစ်ခဲ့တဲ့ ခန္ဓာတွေ ဘယ်မှာပျောက်ခဲ့တယ်၊ သူဌေးသူကြွယ်တွေ ဖြစ်ခဲ့တဲ့ ခန္ဓာတွေ ဘယ်မှာ ပျောက်ခဲ့တယ်ဆိုတာ လက်သည် အစစ်ကိုရှာလိုက်တော့ ဇရာ မရဏတည်းဟူသော မီးပုံတွင်းမှာပဲ စင်းစင်း ကြီးပျောက်ခဲ့ရတယ်ဆိုတာဖြင့် ဘုန်ကြီးတို့ ဒကာ ဒကာမတွေ ငြင်းဖို့မလိုပါဘူး (မလိုပါဘူး ဘုရား)။
အဲဒါလောက်တောင် အရုပ်ဆိုး အကျဉ်းတန်ပြီး သကာလ လာခဲ့ရတာဟာ ဒီဇရာ မရဏလက်တွင်းက ဘယ်လို လွတ်ခြင်းကြီး လွတ်ရပါ့မလဲဆိုတဲ့ ကြံလုံးဖန်လုံးတစ်ခါမှ ပေါ်ခဲ့ပုံမရခဲ့ပါဘူး(မှန်ပါ)။
ဒီဇရာမရဏလက်တွင်းက ဘယ်လို လွတ်ကင်းပြီး သကာလ ဘယ်လိုရှောင်ကွင်းရမယ်ဆိုတဲ့ ကြံလုံးဖန်လုံး မလာခဲ့တဲ့အတွက် တစ်ဘဝလဲ ဇရာ မရဏ မီးပုံထဲဆင်းသေလိုက်-ကိုစောမောင် (မှန်ပါ)။ နောက်ဘဝကျ ပြန်တော့လဲ (ဇရာ မရဏမီးပုံထဲ ဆင်းသေလိုက်ပါ ဘုရား)။
ဒီဘဝသူဌေးကြီးဖြစ်လို့ ဘယ်များရောက်မှာပါ လိမ့်မတုံး မေးလိုက်ပြန်တော့ (ဇရာ မရဏ မီးပုံထဲဆင်း သေရမှာပါ)။ ဂုဏ်ရှိသရေရှိကြီးဖြစ်ပြီး လူပုံအလယ်မှာ ဦးတိုက်ခံပြီး အမျိုးမျိုးအဖုံဖုံနဲ့ သူ့အကြောင်းချည်း ပြောနေကြတဲ့ ပုဂ္ဂိုလ် သူ့ဂုဏ်ကို မမေ့နိုင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာတောင်မှ အဲဒီ မမေ့နိုင်တဲ့ ပုဂ္ဂိုလ်ကြီးဟာ ဘယ်များ သူသည်ကားလို့ဆိုရင် ဆင်းပြီး သကာလ သွားရှာပါလိမ့်မတုန်းလို့ မေးတဲ့အခါကော ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဇရာမရဏဦးတိုက်ရမှာပါ
ဇရာ မရဏ မီးပုံအတွင်းမှာ ထင်းအဖြစ်နဲ့ ဆင်းပြီး သကာလ ပြာဖြစ်ရရှာတယ် (မှန်ပါ)။ တစ်ခြား အဖြေဘာမှ မထွက်နိုင်ဘူး (မှန်ပါ)။ ထွက်နိုင်စရာ များ မြင်ကြသေးရဲ့လား (မမြင်ပါဘူး)။
ကိုင်း-ဒကာ ဒကာမတွေ ကျွေးလေသမျှ၊ ဆင်လေသမျှ၊ ပြင်လေသမျှ၊ စရိတ်အကုန်အကျ ခံလေသမျှဟာ ဘယ်မှာဦးတိုက်ရမှာပါလိမ့်မလဲဆိုတာ ခန္ဓာအကြောင်းမေးကြည့်လိုက်တော့ သိပါလိမ့်မယ် (သိပါတယ် ဘုရား)။ ဘယ်မှာ ဦးတိုက်ကြမှာလဲ (ဇရာ မရဏဦးတိုက်ရမှာပါ)။
ဇရာ မရဏဦးတိုက်ပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီမှာပဲ အလုံးစုံအကုန် ဇာတ်သိမ်းကြရတယ်- (မှန်ပါ)။
ဒါဟာ ဘယ့်နှယ်ကြောင့် ဒီမှာချည်း မောင်နိုင်ဇာတ်သိမ်းပါလိမ့် မတုံးလို့မေးတော့ ဇရာ မရဏ လွတ်ရေးအတွေးမှ မပေါ်ဘူးလို့ပေါ့ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြပါ့မလဲ (ဇရာ မရဏလွတ်ရေးအတွေး မပေါ်ဘူးလို့ပါ ဘုရား)။ ဇရာ မရဏလွတ်ရေးကို အတွေးမှ မပေါ်ဖူးဘူးဆိုတော့ ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ကြားဖူးပုံတောင်မရအောင် ဖြစ်နေတယ်လို့ ကိုပေါ်တို့ ကိုစံလှတို့ အကဲခတ်ပါ ကိုယ့်အကြောင်းကို (မှန်ပါ)။
နောက်က ဒကာ ဒကာမတွေအားလုံး မိတ်ဆွေသင်္ဂဟတွေ အကြောင်းကို မစဉ်းစားပါနဲ့အုံး။
ကိုယ့်အကြောင်းကိုပဲ စဉ်းစားလိုက်လို့ရှိရင် ငါသည်ဘဝများစွာ သံသရာက ခန္ဓာ မဖြစ်တဲ့ အခါရယ်လို့မရှိဘူး၊ ဖြစ်တဲ့ခန္ဓာဘယ်များဦးတိုက်ပြီး သကာလ ရောက်သွားရပါလိမ့်မတုံးလို့ မေးလိုက်လို့ရှိရင် ဇရာ မရဏဦးတိုက်ပြီး သကာလ လောင်ကျွမ်းပြီး ဇာတ်သိမ်းရတယ်ဆိုတာဖြင့် ငြင်းနေဖို့များလိုသေး သလား (မလိုပါဘူး ဘုရား)။ အခုလဲ ခန္ဓာကြီးဟာ ဘယ်ကိုဦးတိုက်ပြီး သွားနေပါလိမ့်မလဲ (ဇရာ မရဏကို ဦးတိုက်သွားနေပါတယ်)။
မသိတဲ့လူသွားတယ်
ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် အသွားကြီးသွားပါလိမ့်မတုံး အို-မသိတဲ့လူသွားတာကို ကိုစောမောင် (မှန်ပါ)။
ဒါဖြင့် မသိတဲ့လူသွားတယ်ဆိုတာ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ မသိတဲ့အဝိဇ္ဇာပဲ (မှန်ပါ)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ထဲမှာ မသိလုံးကလေးက အနုသယသဘောနဲ့အမြဲရှိနေတယ် (မှန်ပါ)။ မသိလုံး ကလေးတည်းဟူသော တရားက ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ ခန္ဓာပဲဆိုတော့ အဝိဇ္ဇာသည် ဒကာ ဒကာမတို့၏ ခန္ဓာပဲ (မှန်ပါ)။ ကိုစောမောင်ရိပ်မိပြီနော် (ရိပ်မိပါပြီ)။
သူကနေပြီး သကာလ မသိအောင်လုပ်ပြီး ထားလိုက်တော့ ဒကာ ဒကာမတွေ သည်ကား လို့ဆိုလို့ရှိရင် မသိတဲ့သဘောနဲ့ ခန္ဓာဖြစ်ကြောင်းတွေ ကြိုးစားကြပေါ့ဗျာ (မှန်ပါ)။ မကြိုးစားကြဘူးလား (ကြိုးစားကြပါတယ်)။
ခန္ဓာဖြစ်ကြောင်းတွေ ကြိုးစားကြတဲ့အခါကျတော့ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရဆိုတာကို ကြိုးစား လိုက်တယ် (မှန်ပါ)။
ဪ-ကြိုးစားတဲ့အခါ တုန်းကများ ကိုစောမောင်လွယ်လွယ်နဲ့များ ဖြစ်တယ်မထင်နဲ့နော် (မှန်ပါ)။ ရှာလိုက်ရတာ ဖွေလိုက်ရတာ မနည်းပါဘူး၊ အပုညာဘိ သင်္ခါရဖြစ်ဖို့ ဆိုတာက လောဘကလေး အလိုပြည့်ဖို့ ရှာလိုက်ရ တာလဲ ဒကာ ဒကာမတို့ နေ့မအား ညမအားဘူး (မှန်ပါ)။
နေ့လဲမအားဘူး ညလဲမအားဘူး
လောဘ အလိုပြည့်ဖို့ရှာရတာ နေ့မအားညမအား (မှန်ပါ)။ မောင်နိုင်ရိပ်မိပြီ (ရိပ်မိပါပြီ)။ လောဘကလေးက လိုလိုနေတာကိုး။ နေ့လဲ မအားဘူး ညလဲမအားဘူး ဒကာ ဒကာမတို့။ ညလဲစိတ်ကူးနဲ့မအားဘူး။ နေ့လဲ အလုပ်နဲ့မအားဘူး။ အားသေးရဲ့လား။ (မအားပါဘူး)။ အဲဒါ အပုညာဘိသင်္ခါရ။ သဘောကျပြီလား (ကျပါပြီ)။
ဒီလိုချည်း နေလို့လဲမဖြစ်သေးဘူး။ ဒီလိုချည်းစီးပွားရေး လိုက်နေလို့ချည်းလဲမဖြစ်သေးဘူး၊ ဘဝကောင်း စားရေးလဲ နောက်သံသရာခရီးမှာလဲ ဆင်းရဲကြီးနဲ့ ကြုံနေလို့ရှိရင် ခက်သေးတယ်ဆိုပြီး သကာလ ရှိတာကလေး လှူပြန် တန်းပြန် ပေးပြန် ကမ်းပြန်တော့လဲ မလှူတတ်၊ မတန်းတတ်တော့ သစ္စာမသိဘဲနဲ့ လှူလိုက်တန်းလိုက်တာနဲ့ ခန္ဓာဆိုတဲ့ ထင်းကြီးဟာ ပေါ်လာတယ် (မှန်ပါ)။
ဘာပေါ်လာသလဲ (ခန္ဓာထင်းကြီး ပေါ်လာပါတယ်)။ ခန္ဓာငါးပါးထင်းကြီး ပေါ်လာပါတယ်ဆိုတာ သင်္ခါရ ပစ္စယာ ဝိညာဏံဆိုတဲ့ ခန္ဓာငါးပါးထင်းကြီးကိုစောမောင်-ပေါ်လာတယ် (မှန်ပါ)။ မပေါ်လာဘူးလား (ပေါ်လာပါတယ်)။
ဒီထင်းကြီးက ဒကာ ဒကာမတို့ ဇရာ မရဏဆီမရောက်ခင်လဲ ငါ့ကိုဝအောင်ကျွေး ငါ့ကိုလှအောင်ဆေးဆိုတဲ့ အသွားတွေကလဲ သူကလဲ နှိပ်စက်လိုက်တဲ့ ဖြစ်ခြင်းမနည်းပါဘူး (မနည်းပါဘူး ဘုရား)။ ငါ့ကို ဝအောင်ကျွေးပါဆိုတာလဲ အချိန်တိုင်းပြောနေတာပဲ။ ငါ့ကိုလှတဲ့အရေးကို လုပ်ပါဆိုတာကော (အချိန်တိုင်း ပြောနေပါတယ်)။
ငါ၏ ကျန်းမာရေး ဂရုစိုက်ပေးပါဆိုတာကော (အချိန်တိုင်းပြောနေပါတယ်)။ စိုက်ကျိုးများနပ်သလားလို့ မေးတဲ့အခါ ကျတော့ သူက ဘယ်မှာဦးတိုက်နေသတုန်း (ဇရာ မရဏကို ဦးတိုက်နေပါတယ်)။ ဇရာ မရဏကို ဦးတိုက်ပြီး သကာလ သူဟာ ထင်းအဖြစ်နဲ့ပဲ အမှုထမ်းမယ်လို့ပြောတာပဲ (မှန်ပါ)။ ဇရာ မရဏ မီးပုံနှစ်ခုကြားထဲမှာ သူသည် ထင်းအဖြစ်နဲ့ အမှု ထမ်းမယ်လို့ပဲ၊ ဒါပဲ သူပြောလေ့ရှိတယ် (မှန်ပါ)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
တစ်သံသရာလုံးဟာ မမြင်လို့
အဲဒါလောက်တောင် ခင်ဗျားတို့ ကျုပ်တို့သည် တစ်သံသရာလုံးဟာ မမြင်လို့ အဝိဇ္ဇာဆိုတဲ့တရားက မသိအောင် လုပ်ပြီး သကာလ ထားလိုက်ပြန်တော့ သင်္ခါရတွေက ပြုချင်သလိုပြုပြီး ခန္ဓာငါးပါးတည်း ဟူသော ဝိညာဏ်တွေက ပေါ်ချင်သလိုပေါ်ပြီး ဇရာ မရဏမီးပုံထဲချည်း ခုံဆင်းခဲ့ရတဲ့ဘဝဟာ ကိုစောမောင်ဘဝပေါင်း ဘယ်လောက်ပါလိမ့် (မရေမတွက်နိုင်ပါဘူး)။
ဒီတစ်ခါလဲ ဒကာ ဒကာမတို့ ဆရာဘုန်းကြီးကဖြင့် အဇရံ-မအိုရာဖြစ်သော၊ အမတံ-မသေရာဖြစ်သော နိဗ္ဗာန်ဆိုတာ ရှိပါတယ်ဆိုတာ ပြောပါတယ် (မှန်ပါ)။ အသံနဲ့ ပြောငြားသော်လဲ ခင်ဗျားတို့က အသွားတတ်အုံးမှဖြစ်မှာ (မှန်ပါ)။ အသံနဲ့ မအိုရာရှိတယ်၊ မသေရာရှိတယ်လို့ပြော ငြားသော်လဲ အသွားက မတတ်ပြန်လို့ရှိရင်လဲ မီးပုံထဲပြန် ရောက်မှာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
အသွား မတတ်ရင်ဘယ်ရောက်မလဲ (မီးပုံထဲပြန်ရောက်ပါမယ်)။ သူကဖြင့် ဘယ်ခန္ဓာမျိုး ရှောင်သေးသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ဖြေကြစမ်းပါအုံး (ဘယ်ခန္ဓာမှ မရှောင်ပါဘူး)။
သဗ္ဗညုတဉာဏ်တော် တည်ရာ ခန္ဓာကြီး- လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံးဖြည့်ဆည်း ပူးလို့ရတဲ့ဘုရားဆိုတဲ့ ခန္ဓာကြီးဖြင့် လွတ်ကောင်း လွတ်မလားလို့ မေးလိုက်တဲ့အခါကျတော့ အင်ကြင်းပင်ပျိုကြား သူတို့ဆီပဲသွားရတယ် (မှန်ပါ)။ ဇရာ မရဏဆီ သွားရ တယ် (မှန်ပါ)။
ဘယ်ကို ကြွသွားရရှာပါလိမ့်
အတုမရှိ ကိုယ်တော်ကြီး ဘုန်းတော်အနန္တ၊ ဉာဏ်တော် အနန္တ၊ ကံတောအနန္တနဲ့ ကိုယ်တော်ကြီးဟာလဲ ဘယ်ကို ကြွသွားရရှာပါလိမ့် (ဇရာ မရဏဆီကြွရတာပါပဲ)။ ကိုစောမောင် ခန္ဓာရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဘယ်မှဦးမတိုက်ရဘူး၊ ဒီပဲဦးတိုက်ရမှာပဲ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းရှင်းနဲ့ လင်းလင်းပြောနေတော့ ဒကာ ဒကာမတို့ ဦးတိုက်စရာ ရှားရှားပါးပါး တစ်ဘဝလဲ ဒီလာပြီးဦးတိုက်ရတယ်။ နောက်ဘဝကျတော့လဲ (ဒီလာပြီး ဦးတိုက်ရပါတယ်)။ ဒီလာဦးတိုက် တော့ သေခြင်းဆိုးချည်းသေရတယ် (မှန်ပါ)။
ဒီလာပြီး ဦးတိုက်တော့ ဦးဘကလေး ဘယ်လိုသေရပါလိမ့် (သေခြင်းဆိုးချည်းသေရပါတယ် ဘုရား)။ သေခြင်း ဆိုးချည်း သေရတယ်ဆိုတော့ မီးလောင်ပြီး သေရတာကိုး ကိုစောမောင်ရ (မှန်ပါ)။
ဇရာမီး မရဏမီးလို့ သေသေချာချာ ဟောပြီး သကာလ ထားတဲ့ဥစ္စာ ဒီမီးလောင်ခံပြီး သကာလ သေရတဲ့ဘဝမျိုး ချည်းဆိုတော့ ခင်ဗျားတို့က လိပ်ပြာကလေး ပိုးကောင်ကလေး ဓာတ်မီးနားသွားလို့ ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့ အလောင်းထမ်းတော့ ဪ-တိရစ္ဆာန်မို့ အသေရရှာတယ်လို့ အောင်မေ့ရှာတယ်၊ ကျုပ်တို့လဲ ဆုတောင်း အပြည့်အစုံပြည့်တော့မယ်ဆိုရင် မီးလောင်သေတာပဲ (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။
လွတ်အောင် ရှောင်တဲ့နည်း ကိုလဲပေးနေပါတယ်
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဒီတစ်ခါ လွတ်ရင်လွတ်ကြပါတော့ လွတ်အောင် ရှောင်တဲ့နည်း ကိုလဲပေးနေပါတယ်။ ရှောင်နိုင်ရင်ရှောင်ပါတော့၊ မရှောင်နိုင်ရင် ခင်ဗျားတို့ သားရေးသမီးရေး စီးပွားရေးနဲ့ ဒါနဲ့ပဲ အချိန်ကုန်မယ်ဆိုလို့ရှိရင် ဒီမီးပုံထဲဆင်းသေဖို့ဖြင့် ငါသေချာပေါ့ (မှန်ပါ)။ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါ တယ် ဘုရား)။ ကိုစောမောင်တို့ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ အခု ကရုဏာမေတ္တာနဲ့ဟောနေတဲ့ တရားလို့ သေသေချာချာမှတ်ပါနော်- (မှန်ပါ)။
ကိုယ့်ဖြစ်စဉ်ကော ဒီအတိုင်းပဲ မနေဘူးလား (နေပါတယ် ဘုရား)။ ဒီအတိုင်းနေတော့ ဒကာ ဒကာမတို့ ဒီအဝိဇ္ဇာကို မတွန်းလှန်လို့ အဝိဇ္ဇာကလဲ ငါးချက်တောင်အုပ်ထားတာမို့ မတွန်းလှန်နိုင်ဘူးဆိုရင် ဒီချည်းဦးတိုက်တယ် (မှန်ပါ)။
ဇရာ-မရဏချည်း ဦးတိုက်ပြီး သကာလ ဒကာ ဒကာမတို့ ထင်းအဖြစ်နဲ့အမှုထမ်း၊ နတ်ဘဝဖြစ်ပြန်တော့ နတ်ထင်းအဖြစ်နဲ့ မီးလောင်ခံလိုက်၊ ဗြဟ္မာဖြစ်ပြန်တော့ ကိုစောမောင် (ဗြဟ္မာထင်းအဖြစ်နဲ့ မီးလောင်ခံလိုက်)။ ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ)။
ဒီလိုချည်းပဲ လာခဲ့ရတဲ့ဥစ္စာ ခင်ဗျားတို့ အရိုး တောင်လိုပုံတယ် ဆိုတဲ့ဥစ္စာ ပုံထားရင် ပုံနိုင်တယ်ပြောတာပါ ပုံစရာကိုမရှိဘူး သူတို့လောက်ပစ်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)၊ ဇရာ မရဏလောင်ပစ် လိုက်တာ ပုံစရာကိုရှိသေးရဲ့လား (မရှိပါဘူး)။
အဖြစ်ကောင်းကိုမပါဘူး
ဦးဘကလေး ကျုပ်တို့နောက်တုန်းက အဖြစ်ကောင်းခဲ့လေသလား၊ အဖြစ်ဆိုးခဲ့လေသလားဆိုတာ ဘာမှမတွေးနဲ့ တော့ သစ္စဉာဏ်နဲ့သာ ကိုစောမောင် တွေးလိုက်တော့။ အဖြစ်ဆိုးမှတစ်ပါး အဖြစ်ကောင်းကိုမပါဘူး (မှန်ပါ)။ ရိပ်မိကြ ပါပြီ (ရိပ်မိပါပြီ ဘုရား)။
ဘာတွေသာလျှင် အားကြီးနေတယ်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ လူ့ဘဝရောက်ပြန်ပြီ အင်မတန် တက်ခဲ့ ရတယ်ဘုရား-ငရဲကတက်ခဲ့ရတာဘုရား၊ လူ့ဘဝဆိုတာ လွယ်လွယ်ကူကူ မဟုတ်ဘူးဘုရား။ အေး- တက်ခဲ့ရတာတော့ အတက်ကြီး တက်ခဲ့ရတာတော့ဟုတ်တာပဲ။ ဘယ်ကိုဦးတိုက်ပြီး မင်းလမ်းဆုံးမှာလဲ မေးတော့ (ဇရာ မရဏဦးတိုက်ပြီး လမ်းဆုံးရမှာပဲ)။
ဒါဖြင့် လူ့ပြည်မှာ ဇရာ မရဏရှိတယ်ဆိုပြီး အဝိဇ္ဇာကမသိအောင် ဖုံးထားပြန်တော့လဲ နတ်ပြည်ဆု တောင်းတဲ့ ကမ္မဿကတာဉာဏ်ကလေးလောက်နဲ့ လုပ်ပြန်တော့လဲ ဘယ်ကိုဦးတိုက်ရမှာတုန်း (ဇရာ မရဏဦးတိုက် ရမှာပါ)။ ကမ္မဿကတာဉာဏ်ဟာ အဲဒီကိုဦးတိုက်ရတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ)။
ကောင်းတာလုပ် ကောင်းကျိုးပေးတဲ့ခန္ဓာကြီး ပေါ်လာပြီး သကာလ ဦးတိုက်ရတဲ့အခြေအနေကျအောင် သစ္စာနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဇရာ-မရဏလက်တွင်း ခေါင်းစင်းပြီး သကာလ သေပွဲဝင်ခဲ့ရတယ်ဆိုတာ ငြင်းနေဖို့လို သေးသလား (မလိုပါဘူး)။ ဦးမူတို့သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဦးပြန့်ကြီးတို့စဉ်းစားပါ၊ စဉ်းစားပါ။ ဘဝပေါင်းများစွာက တပည့်တော်တို့ဘယ်လိုများ ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ဆုံးရှုံးပုံကိုလဲ ယနေ့ရှင်းပြလိုက်ပါတယ် (မှန်ပါ) သဘောပါကြပြီလား (ပါပါပြီ)။
ဆရာကောင်းမတွေ့လို့လဲ မသွားတတ်
ဒီက ရှေ့ဒကာ ဒကာမတို့ ဒီလမ်းမှတစ်ပါးလွဲစရာများ မရှိတော့ဘူးလားဆိုတာ ခင်ဗျားတို့တစ်ပွဲလုံးက ထမေးဖို့ကောင်းတယ် (မှန်ပါ)။ ရှိလျက်သားနဲ့ ဒကာ ဒကာမတွေ ဆရာကောင်းမတွေ့လို့လဲ မသွားတတ် (မှန်ပါ)။
တွေ့ပြန်တော့ ကိုယ်ကိုယ်တိုင်လုံ့လဝီရိယ လျှော့လို့လဲ ကိုစောမောင် (မရောက်ပါဘူး ဘုရား)။ မရောက်ဘဲဖြစ်ပြီး သကာလ နေတော့ အဲဒီမှာမီးလောင်တော့မှ အလိုလေးအမေလေးတပြီး သကာလ ဒီလိုများဖြစ်လိမ့်မယ်မထင်ဘူး (မှန်ပါ)။
ဒီကျမှ အငိုကြီးငို၊ အတကြီးတပြီး အလွဲကြီးလွဲ ပြင်ချိန် ဆင်ချိန်မရှိတော့မှ ကိုယ်ကျိုးနည်းပေါ့ ဆိုတာတော့ဖြင့် နောက်မှအကြံရဆိုတဲ့ စကားဟာတော့ဖြင့် ဦးပြန့်အတော်ဆိုးတယ် (မှန်ပါ)။ မဆိုးဘူးလား (ဆိုးပါတယ်)။ ဦးမူမဆိုးလား ဗျာ (ဆိုးပါတယ် ဘုရား)။
အဲဒါကြောင့် ယခုအချိန်ပိုင်းကလေး နည်းနည်းကလေးကျန်သေးတယ် (မှန်ပါ)။ ဦးဘကလေး အချိန်ပိုင်း ဘယ်လောက်ကျန်သေးသတုန်း (နည်းနည်းကျန်ပါသေးတယ်)။
နေပြီးသားကတော့ သေချာသနော် ရှင်နေတယ်ဆိုတာ (မှန်ပါ)။ နက်ဖြန်အတွက်ကတော့ ကိုစောမောင် မသေချာဘူး(မသေချာပါဘူး)။ ညအတွက်ကကော (မသေချာပါဘူး ဘုရား)။ မသေချာတဲ့ အထဲမှာ ခင်ဗျားတို့က ဒီမီးပုံလွတ်ရေးကို မကြိုးစားတာဟာ အတော်ကလေးပဲ ခင်ဗျားတို့သန္တာန် မှာ အဝိဇ္ဇာတည်းဟူသောတရားက ဖုံးထားလို့ ဉာဏ်ညွန့်ကလေးဟာ မပြုသာဘူးထင်ရတယ် (မှန်ပါ)။ သဘောပါကြ ပြီလား (ပါပါပြီ)။
ဉာဏ်ညွန့်ကို မပေါက်နိုင်ဘူး
အဝိဇ္ဇာတည်းဟူသော တရားက ဖုံးထားတော့ ဉာဏ်ညွန့်ကလေးဟာ ပြုသေးရဲ့လား (မပြုပါဘူး)။ တစ်ခါ တစ်လေများ တရားအားထုတ်မယ်လို့ဘုန်းကြီးတို့ ဒကာ ဒကာမတွေ စိတ်ကူးလိုက်တာ ရက်အတော်ကြာသွားတယ်။ ကျောင်း မရောက်လာဘူး (မှန်ပါ)။ ဘယ့်နှယ်ဖြစ်နေတာတုန်းဆိုတော့ ဉာဏ်ညွန့်ကို မပေါက်နိုင်ဘူး (မှန်ပါ)။
မှောင်မဲ နေအောင် အဝိဇ္ဇာမီးက တစ်ခါတည်း တောက်လောင်ထားလိုက်ပြန်တော့ ဉာဏ်ညွန့်ကလေးဟာ ပေါက်သေးရဲ့ လား (မပေါက်ပါဘူး)။ တစ်ခါတစ်လေ အိမ်ကဗြုန်းကနဲ ထွက်မယ်လို့ စိတ်ကူးလိုက် တာတောင် ထွက်ဖြစ်တဲ့လား (မထွက်ဖြစ်ပါဘူး)။
ဉာဏ်ညွန့်ကလေးဟာ-ဘယ့်နှယ်ဖြစ်နေသတုန်း (မပေါက်ပါဘူး)။ မပေါက်ပါဘူးဆိုတဲ့ အဓိပ္ပာယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မြက်တွေပေါက်ပြီး သကာလ နေတာ ကိုစောမောင် ဖျာအုပ်ထားတယ်ဆိုတော့ ဒီမြက်ကလေးတွေဟာ ဝါပြီးသာ သွားတော့တယ်၊ စိမ်းစိမ်းနဲ့သန်သန်ထွားထွားကြီးလာသေးရဲ့လား (မလာပါဘူး)။ ဘာဖြစ်လို့မလာသတုန်းလို့ မေးတဲ့အခါ အပေါ်ကအအုပ်ရှိလို့ (မှန်ပါ)။ ရိမ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒီမှာလဲ သူတော်ကောင်း အလုပ်ကလေးလုပ်မယ်လို့ စိတ်ကူးလိုက်လို့ရှိရင် ဟိုကိစ္စကလေးကလဲ မပြီးသေးဆိုရင် ဖျာကလာအုပ်ပြန်တာပဲ (မှန်ပါ)။
ဒီကိစ္စကလေးက မပြီးသေးဘူးဆိုရင်ကော (ဖျာအုပ်တာပါ ဘုရား)။ ကဲ-အညွန့် ကလေးဟာ ဒကာ ဒကာမတို့ သန်ထွားလာသလား တုန်းသွားသလား (တုန်းသွားပါတယ် ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အားခဲနေတယ်ဆိုရင် ဖုံးတုန်း
ခင်ဗျားတို့အားလုံး ကာကွယ်နေတာတွေ ဟူသရွေ့ဟာဖြင့် ဉာဏ်ညွန့်ဖုံးချည်း မှတ်လိုက်စမ်းပါ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။
အားလုံး ဒကာ ဒကာမတွေ တပည့်တော်တို့ရည်ရွယ်ချက်တော့ရှိတယ်ဘုရားနော်။ ဇရာ မရဏမီးပုံ တွင်းတော့ မဆင်းချင်တော့ဘူးဘုရား။ ဒါကြောင့် တပည့်တော် အားခဲနေတယ်ဆိုရင် ဖုံးတုန်းသာ မှတ်ပေတော့ (မှန်ပါ)။
အားခဲနေတယ်ဆိုရင် (ဖုံးတုန်းပါ ဘုရား)။ ဒါကြားကောင်းအောင်သာ ပြောတယ်၊ ဉာဏ်ညွန့်ကတော့ ဖုံးနေတယ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေ ခင်ဗျားတို့ ရည်ရွယ်ချက် ကောင်းကြသော်လဲ အဝိဇ္ဇာကိုမနိုင်ဘူး (မှန်ပါ)။
ဘယ်လိုဆိုကြမလဲ (ရည်ရွယ်ချက်ကောင်းငြား သော်လဲ အဝိဇ္ဇာကိုမနိုင်ပါဘူး)။ မနိုင်ဘူး-မနိုင်ဘူး ဒကာ ဒကာမတို့ ဖြုန်းကနဲတစ်ခါတည်းစိတ်ကူးလိုက်။ ဟိုဟာကလေးကပေါ်လာလိုက်၊ ပေါ်လာတာဟူသရွေ့ဟာလဲ ဉာဏ်ညွန့် ကိုလာပြီး ချိုးတာပဲ (မှန်ပါ)။
အဲဒါကြောင့် ခင်ဗျားတို့က ကိစ္စတွေများလွန်းလို့ဘုရား။ အရှင်ဘုရားဟောတဲ့တရားတွေ ဇရာ မရဏမီးပုံထဲကို ဘဝပေါင်းများစွာက ဆင်းခဲ့ရတဲ့အတွက် ဒီအဖြစ်လဲ ကြောက်လှပါပြီ။
ဒါကြောင့် လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ ဝိပဿနာမဂ်ဉာဏ်နဲ့ မအိုရာပို့တဲ့ မဂ္ဂင်ဖောင်ကြီးစီးပြီးသွားမယ်လို့ စိတ်ကူးလိုက်တာ အထမမြောက်နိုင်ဘူး ဘုရားဆိုရင် အဝိဇ္ဇာကပြုံးတယ် (မှန်ပါ)။
အဝိဇ္ဇာကပြုံးတယ်
အဝိဇ္ဇာဘယ့်နှယ်နေမလဲ (ပြုံးပါတယ် ဘုရား)။ အို – မင်း အထမမြောက်တာ ငါ့ဒဏ်ချက်ပဲဆိုပြီး သကာလ တစ်ခါတည်း ဉာဏ်ညွန့်ကလေး ပေါ်လာလိုက် ကိုစောမောင် (မှန်ပါ)။ ဒါဟာလဲ ဆရာဘုန်းကြီးတို့ ပြောတုန်း ပေါ်တာနော် (မှန်ပါ)။
ပေါ်လာပြီး တစ်ခါတည်း မိမိတို့အိမ်ရာသို့ ရောက်တဲ့အခါ ကျလို့ရှိရင် ကိစ္စတည်းဟူသော အဝိဇ္ဇာတွေက ဘယ့်နှယ်တုန်း (ဖုံးသွားပါတယ် ဘုရား)။ ဖုံးသွားတော့ ဉာဏ်ညွန့်ကလေးဟာ ဘယ့်နှယ်များနေပါလိမ့် (ကျိုးသွားပါ တယ် ဘုရား)။ ကျိုးသွားတယ်။
ကဲ- ဒီတစ်ခါ ကျိုးသွားရင်ရှိပေစေတော့ ဆိုပြီး ဆရာဘုန်းကြီးက တရားဟောပြန်လို့ တရားနာတဲ့အခါ တက်လာပြန်တာပဲ ဉာဏ်ကလေးက (မှန်ပါ)။ မတက်ဘူးလား (တက်ပါတယ် ဘုရား) တက်လာပြန်လို့ တကယ် ပျောက်လိုက်ပြန်တဲ့ အခါကျတော့ ဒီထက်ကြီးတဲ့ အဝိဇ္ဇာကနေပြီး အုပ်လိုက်ပြန်တာပဲ (မှန်ပါ)။ သဘောပါပြီ လား (ပါပါပြီ)။
ဒီလိုချည်း နေခဲ့ရတဲ့အတွက်ဉာဏ်ဟာ ဒကာ ဒကာမတို့ သဒ္ဓိန္ဒြေ၊ ဝိရီယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ပညိန္ဒြေဆိုတဲ့ ဣန္ဒြေတွေဟာ လုံးလုံးပျောက်သွားရတယ် (မှန်ပါ)။ ဉာဏ်ဟာ အဓိပတိ မထိုက်တော့ဘဲနဲ့လဲ လုံးလုံးပျောက်ရတယ် (မှန်ပါ)။ ဣန္ဒြေမထိုက်ဘဲနဲ့လဲ (လုံးလုံးပျောက် ရပါတယ်)။
ဪ-ခင်ဗျားတို့ဖြစ်တွေကဖြင့် မလွယ်ပါလား ကိုစောမောင် (မလွယ်ပါ ဘုရား)။ ဇရာ မရဏ ဥိးတိုက်တဲ့ လမ်းကိုပဲ အဝိဇ္ဇာက ဘယ်နည်းနဲ့မှမင်းမထွက်ရဘူး။ အဲဒီပဲ ဦးတိုက်ရမယ် ဆိုပြီး ဉာဏ်ညွန့်ပေါက်လိုက် သူကအုပ်ထားလိုက်၊ ဉာဏ်ညွန့်ပေါက်လိုက် သူကအုပ်ထားလိုက်။ ဒီလိုနဲ့ အုပ်ရင်း မတ္တနဲ့ဇရာ မရဏမီးပုံထဲသာ ဆင်းလိုက်ရတော့တာပဲ (မှန်ပါ)။
ကိုစောမောင် ဉာဏ်ညွန့်ပေါက်ပြီး သကာလ မဂ်ဖိုလ်ဉာဏ်ကြီးနဲ့ ကဲ-နိဗ္ဗာန်မြင်ပေါ့ဆိုပြီး ဒီလိုများဟိန်း ချလိုက်ရတဲ့အခါ လွတ်ပေပေါ့၊ ကျွတ်ပေပေ့ါ ဆိုတာများလာရဲ့လား-(မလာပါဘူး ဘုရား)။ ဘယ်လောက်များ ဆိုးတယ် ထင်သတုန်း၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
ဉာဏ်ညွန့်ပေါ်မှာ အဝိဇ္ဇာအုပ်တာပဲ
ဒါဖြင့်အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့မှာ ကိစ္စတွေများလွန်းလို့ဆိုတာဟာ ဉာဏ်ညွန့်ပေါ်မှာ ဒကာ ဒကာမတို့ အဝိဇ္ဇာများ အုပ်တာပဲသာမှတ်ပေတော့ (မှန်ပါ)။ ဟိုကလေးတွေက မကြီးသေးလို့ဆိုရင် ကိုစောမောင် အုပ်ပြန်ပြီ (မှန်ပါ)။ ဒီအိမ်ကလူကြီးက မမာလို့ဆိုရင် (အုပ်ပြန်ပါပြီ ဘုရား)။ စားရေးသောက်ရေး နေရေးထိုင်ရေးက မလွယ်လို့ဆိုပြန်ရင်ကော (အုပ်ပြန်ပါပြီ ဘုရား)။
တစ်အုပ်တည်း အုပ်နေတာဘယ်တော့ ဒါကလေးဟာ ကိုစောမောင် စိမ်းစိမ်းစိုစို သန်သန်ထွားထွား ဖြစ်ဖို့လာသေးရဲ့လား (မလာပါဘူး)။ မလာသာ မလာတယ် ခန္ဓာကဘယ်ဦးတိုက်နေ သတုန်း (ဇရာ မရဏဦးတိုက်နေပါတယ်)။ ဇရာ မရဏဦးတိုက်နေတော့ အုပ်ရင်းမတ္တနဲ့မှောင်ထဲမှာ ဇရာ မရဏ မီးပုံတွင်းကို ထိုးဆင်းလိုက်ရတယ် (မှန်ပါ)။ ဘဝတိုင်း ဘဝတိုင်း ဒီအတိုင်းလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဘုန်းကြီးသည် ဘာလုပ်ပေးနေသတုန်းလို့အားလုံးက ဒကာ ဒကာမတွေက မေးလို့ရှိရင် တစ်နေ့ပြောတာလဲ ဉာဏ်ညွန့်ပေါက်အောင်ပြောတာ (မှန်ပါ)။ နောက်တစ်နေ့ပြောပြန်တာကော (ဉာဏ်ညွန့်ပေါက်အောင် ပြောတာပါ)။
ဉာဏ်ညွန့်ပေါက်အောင်ပြောပြီး သကာလ နေငြားသော်လဲ ကိုယ့်အိမ်ကိုယ့်ရာသို့ ရောက်တဲ့အခါကျလို့ရှိရင် အဝိဇ္ဇာဖျာ တွေက ကိုစောမောင်-ဒီဉာဏ်ညွန့်ကလေးပေါ်မှာ ဖုံးချလိုက်တဲ့ဖြစ်ခြင်းဟာ မအားလိုက်တာ မိုးလင်းက နေပြီး ဖုံးလိုက်တဲ့ဖြစ်ခြင်း၊ တစ်ခါတစ်လေ နေဝင်တောင်မပြီးသေးဘူး- (မှန်ပါ)။ ကိစ္စတွေပြီးကြရဲ့လား (မပြီးပါဘူး)။
မပြီးတော့ အဲဒါတစ်ကိစ္စပြီးတစ်ကိစ္စ၊ တစ်ကိစ္စပြီးတစ်ကိစ္စနဲ့ အဲဒါတွေ ဉာဏ်ညွန့်ချည်း လာအုပ်နေတာလို့ ဖုံးနေတာလို့ ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ကိုစောမောင် ဒီလိုနဲ့ပဲ ဉာဏ်ညွန့်မပေါက်ဘဲနဲ့ ခန္ဓာကအိုခြင်းဆိုး မီးပုံထဲထိုးဆင်းလိုက်တယ် (မှန်ပါ)။ သေခြင်းဆိုးမီးပုံထဲကော (ထိုးဆင်းပါတယ် ဘုရား)။
ပြောပေးမယ့် ဆရာနဲ့မတွေ့တော့ဘူး
ဒါနဲ့သာ အချိန်ကုန်ပြီး သကာလ သွားတော့ နောက်တော့ ဉာဏ်ညွန့် ကလေးတောင်မှ ပေါ်အောင် ပြောပေးမယ့် ဆရာနဲ့မတွေ့တော့ဘူး(မှန်ပါ)။ တွေ့နိုင်ပါအုံးမလား (မတွေ့နိုင်ပါဘူး ဘုရား)။ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။
ဉာဏ်ညွန့်ဆိုတာ ဇရာ မရဏနော်-တို့ကို ဒုက္ခပေးလေသမျှ ဇရာ မရဏက။ မင်းကိုရှောင်မယ်ဆိုတာ ဉာဏ် ညွန့်ကလေးပေါ်လာတာ (မှန်ပါ)။
မင်းကိုရှောင်မယ် ရှားမယ်ဆိုတာ ဘာပါလိမ့် (ဉာဏ်ညွန့်ကလေးပေါ်လာတာပါ ဘုရား)။ ရှောင်မယ်ရှားမယ် ဆိုရင်း မတ္တနဲ့ ကိစ္စတွေကများပြီး သကာလ ကိုစောမောင် မရှောင်နိုင်မရှားနိုင်ဘဲနဲ့ မဂ္ဂင်ဉာဏ်ညွန့်မပေါက်လာဘဲနဲ့ ဇရာ မရဏမီးပုံထဲ ခန္ဓာတွေ အစဉ်အတိုင်းသွားပြီး ထိုးဆင်းလိုက်တယ် (မှန်ပါ)။ ဘယ်လောက်များ ဆိုးသတုန်း (ဆိုးပါတယ်)။
အဲဒါကြောင့် ခင်ဗျားတို့စကား သိုင်းဝိုင်းပြီး နားလည်အောင် ပြောနိုင်တဲ့ ပုဂ္ဂိုလ်မို့ ခင်ဗျားတို့ကိစ္စတွေ ဟူသရွေ့ ဉာဏ်ညွန့်ဖုံးချည်းမှတ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီး)။
တွင်းကိစ္စဟာလဲ ဘာပါလိမ့် (ဉာဏ်ညွန့်ဖုံးပါဘုရာ)။ အရောင်းအဝယ်ကိစ္စ (ဉာဏ်ညွန့်ဖုံးပါ)။ ဉာဏ်ညွန့်ဖုံး တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ)။
တကယ်ထွက်ရပ်လမ်း ဉာဏ်ညွန့်ကလေးပေါက်ဖို့ ကိုစောမောင် လာသေးရဲ့ လား (မလာပါဘူး)။ မလာတော့ဘူးဆိုတော့ အဲဒါခင်ဗျားတို့ ဂုဏ်ယူသရွေ့ မီးပုံထဲဆင်းဖို့လို့မှတ်ပါ (မှန်ပါ)။
ကိစ္စများပြီးပဲမပြီးနိုင်ဘူးတဲ့
ကိစ္စများပြီးပဲမပြီးနိုင်ဘူးတဲ့။ မပြီးနိုင်တဲ့ကိစ္စတွေကို လုပ်ထားပြီး သကာလ ကိုစောမောင်မပြီးဘူး ပြောနေတယ် (မှန်ပါ)။ ဦးပြန့် ဘယ့်နှယ်ပြောသတုန်း (ကိစ္စမပြီးဘူးပြောပါတယ်)။ မပြီးမယ့်ကိစ္စကိုလဲ ဆင်ထားတယ်။
ပြီးတော့ သူက ပါးစပ်ကဘယ်လိုညည်းပြန်ပါလိမ့် (ကိစ္စမပြီးနိုင်ပါဘူး)။ မပြီးနိုင်ဘူးလဲဆိုတော့ ဒီအရူးခက်သေးတယ်ဆိုတာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ)။
ဆင်ထားတာဟာ အပ်နားဖား ထိုးလိုက်တယ် ကိုစောမောင် ပြန်နုတ်လိုက်တယ်၊ အပ်နားဖားထဲအပ် ချည်ဝင်တဲ့ အခါ။ တော်တော်ကြာ အပ်ချည်ထိုးလို့ကို မပြီးနိုင်ဘူးလို့ပြောနေတယ် (မှန်ပါ)။ ဒီအရူး ဘယ့်နှယ်လုပ်ပါ့မလဲ ဘယ့်နှယ်မှ မတတ်နိုင်ဘူး (မှန်ပါ)။ ရှင်းပြီးလား (ရှင်းပါပြီ)။
ဒီမှာလဲမပြီးနိုင်တဲ့ ကိစ္စတွေကို ရှေ့ရေးကော နောက်ရေးကော ဒါက နက်ဖြန်အလုပ်၊ ဒါက သဘက်ခါ အလုပ်ဆိုပြီး သကာလ ဆင်ထားပါလျက်သားနဲ့ ကိစ္စမပြီးနိုင်ဘူးဆိုတော့ ဘယ့်နှယ် လုပ်ကြမလဲ။ ဉာဏ်ညွန့်ဖုံးရုံတင် မကဘူး။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။
မပြီးနိုင်ဘူးလဲပြောရဲ့ လုပ်ထားတာ ဆင်ထားတာတွေကလဲ ကိုစောမောင် ဘယ်လိုဆင်ထားသတုန်း (မပြီးနိုင် အောင်ဆင်ထားပါတယ်)။
မပြီးနိုင်အောင်ဆင်ထားတယ်ဆိုတော့ ဥပမာမယ် မျောတစ်ခု စလိုက်တယ်ဆိုလို့ရှိရင် ဘယ်တော့မှပြီးမှာတုန်း ဒီတောင်ကြီးကလဲ ဘယ်တော့ကုန်မှာတုန်းမေးရင် ဘယ့်နှယ်ပြောကြမလဲ (မကုန်နိုင်ပါဘူး ဘုရား)။ ဒီရေပေါက် ဘယ်တော့ ရပ်မှာတုန်းဆိုရင် (မရပ်ပါဘူး)။
မရပ်တော့ဘူး၊ ရေကလဲ ကမ္ဘာပျက်မှပဲ ရေပျောက် မှာပဲ။ ဒီတောင်ကြီးကလဲ ကမ္ဘာမီးလောင်မှပြောင်မှာပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ အဲဒါကို မပြီးသေးလို့ ဒီကိစ္စက ကျန်သေးတယ်ဆိုရင် မပြီးပါဘူး ကိုစောမောင် (မှန်ပါ)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါလောက်တောင် ဒကာ ဒကာမတွေမှာ ဉာဏ်ညွန့်ဖုံးတွေက များနေတယ်ဆိုတာ သဘောပေါက်ကြပြီလား (ပေါက်ပါပြီ)။ ဒါငယ်တုန်းကဖုံးတာ မဟုတ်ဘူးနော် (မှန်ပါ)။ ငယ်တုန်းကဆိုတာ ကတော့ဖြင့် လုံးလုံးကို သူ့အောက်မှာ ပျောက်နေတာ ကိုစောမောင် (မှန်ပါ)။
နဂိုကတော့ ဉာဏ်ကို မပါသေးဘူး
အခုဆရာဘုန်းကြီးနဲ့တွေ့လို့ အညွန့်ကလေးထွက်လာတဲ့ အချိန်ပြောတာ (မှန်ပါ) နဂိုကတော့ ဉာဏ်ကို မပါသေးဘူး (မှန်ပါ)။ အညွန့်ပေါက်ဖို့ဝေးပါသေးရဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ ဒကာ ဒကာမတို့ ပြောလိုက်ရတာခင်ဗျားတို့ ဉာဏ်ညွန့်တော့ပေါက်ကြပါတော့ဆိုတာသတိပေးပါတယ် (မှန်ပါ)။ ဘယ်မှာ ဉာဏ်ညွန့်ပေါက်နိုင်မတုံး ကိစ္စတွေဟူသရွေ့ဟာ ဒကာ ဒကာမတို့မြို့သုံးသုံးပြီး သကာလ အယဉ်ကလေးတော့ သုံးစွဲမနေ ပါနဲ့၊ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိသာမှတ်လိုက် (မှန်ပါ)။
ကိစ္စတွေဟူသရွေ့ (အဝိဇ္ဇာ၏ စွမ်းရည်သတ္တိပါ ဘုရား)။ ဒါဖြင့်ဘာကိစ္စမဆိုဘုန်းကြီးပေးထားတဲ့ ဉာဏ်ညွန့် ကလေးပေါ်၌ ဖုံးဖို့ ဖိဖို့ ကာဖို့ ကွယ်ဖို့လာတာပဲ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် အဝိဇ္ဇာတစ်ထပ်တည်းဖြုတ်လို့တော်ပါ့မလား (မတော်ပါဘူး)။ သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဪ-တပည့်တော်တို့ အခုအခါ နောက်ပိုင်းမှာတော့ဘုရား-တွင်းတွေကလဲရှိနေ တယ်ဟုတ်လား-ရေကလဲမလာသေးဘူး။ လာတဲ့ ရေကလေးကလဲ ကပ်ကပ်သတ်သတ် ဖြစ်နေတယ်။
အဲဒါကလေးက မပြီးဘူး ဘယ်တော့မှမပြီးဘူး။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ဘယ်တော့ပြီးမှာတုန်း (ဘယ်တော့မှမပြီးပါဘူး)။ ဘယ်တော့မှ မပြီးပါဘူး နောက် (၂)ရက်လောက်ဆိုရင် မိုးကလေးစိုစိုဆိုရင် ဒီတွင်းပြန်တူးအုံးမှာပဲ ကိုစောမောင် (မှန်ပါ)။ ပြီးနိုင်ပါ့ မလား (မပြီးနိုင်ပါဘူး)။
ဘာဖြစ်လို့မပြီးနိုင်အောင် လုပ်နေသတုန်း
မပြီးနိုင်တာက ဘာဖြစ်လို့မပြီးနိုင်အောင် လုပ်နေသတုန်းလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ တဏှာက မင်း ဒီလို ဒီလိုဖြစ်အောင် လုပ်ကွ၊ ဒါမှ မီးပုံထဲဆင်းသေရမှာလို့ သူကဟောနေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
အဝိဇ္ဇာကလဲ မင်းသည်ကားလို့ ဆိုရင်ကွာ အများကလဲ ဒီလိုလုပ်နေတာပဲ။ မင်းက ထူးချွန်ပြီး သကာလ ဘာဖြစ်ချင်သေးသတုန်း။ အများလုပ်ရတာ အများ သဘောပေါ့ကွဆိုပြီး ဖုံးအုပ်လိုက်တာပဲ (မှန်ပါ)။ ဒကာ ဒကာမတွေ ခေါင်းဆောင် အဝိဇ္ဇာပဲလို့မှတ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဆင်ခြေလွှဲမယ် ကြံတိုင်း ကြံတိုင်း- ကိုင်း- ဝိပဿနာမဂ်ဉာဏ်ကလေးဖြင့် မရအောင် လုပ်ပါတော့ဆိုရင် ထလုပ်ရင်လုပ် မလုပ်လို့ကိစ္စပေါ်လာရင် ဖုံးသွားပြီလို့မှတ် (မှန်ပါ)။ အညွန့်တုန်းသွား ပြီလို့မှတ်ပါ (မှန်ပါ)။
အညွန့်တုန်းရင် ကိုစောမောင် ဘာဖြစ်မယ် ထင်ရသတုန်း ဇရာမရဏမီးပုံထဲ မျက်ရည်စက်လက်နဲ့ ဆင်းရမယ် (မှန်ပါ)။ ပြုံးပြုံးဆင်းရမှာလား မျက်ရည်စက်လက်နဲ့လား (မျက်ရည်စက်လက်နဲ့ပါ)။ မကယ်နိုင်ကြတော့ဘူးလား မယူနိုင် ကြတော့ဘူးလား ဆိုတာ သေခါနီးမှာ လာအုံးမယ် (မှန်ပါ)။ ကိုစောမောင် ဘေးကလဲ မျက်ရည်ကျ၊ ကိုယ့်ကိုယ်တိုင် ကကော (မျက်ရည်ကျမှာပါ ဘုရား)။
ဉာဏ်ညွန့်ဖုံးပြီး သေတဲ့သေနည်း
အဲဒါဉာဏ်ညွန့်ဖုံးပြီး သကာလ သေတဲ့သေနည်း ကတော့ မျက်ရည်ပွဲနဲ့ နွှဲပြီးမှ အလောင်ခံရတာချည်းပဲ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဘယ်လောက်ဆိုးသတုန်း (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ နားလည်ကြရဲ့လား (နားလည်ပါတယ် ဘုရား) အဲဒါ ဇရာ မရဏကို ဒုက္ခသစ္စာလို့မသိတဲ့ အတွက် ကိုစောမောင် သူ့ဆီမှာ ခေါင်းဆိုက်ပြီး အသက်ပျောက်ရတယ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ-ဒါဖြင့် ဇရာ မရဏ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) အဲဒါ ဉာဏ်ညွန့်ကလေး ပေါက်လာတာ (မှန်ပါ)။ လွှတ်အောင် ရုန်းမယ်ဆိုတော့ မဂ္ဂသစ္စာပါရလိမ့်မယ် (မှန်ပါ)။ မဂ္ဂသစ္စာသာ မလာရင် လွတ်နိုင်ပါ့မလား (မလွတ်နိုင်ပါ ဘူး)။
ဘယ်နည်းနဲ့မှ မလွတ်နိုင်တော့ ဇရာ မရဏ ဘာသစ္စာ (ဒုက္ခသစ္စာပါ)။ဟုတ်ပြီ ဟုတ်ပြီ၊ ဒကာ ဒကာမတို့ ဒါကလေးဟာ ဘယ်တော့မှ မကြားဖူးတာကလေးနော် (မှန်ပါ)။ ဒါဉာဏ်ညွန့်ကလေးပေါက်လာတာ သေချာပြီလား (သေချာပါပြီ)။ သူလွတ်တဲ့ လမ်းကောမရှိဘူးလား (ရှိပါတယ် ဘုရား)။
ရှိတော့ ဒုက္ခသစ္စာကို ခင်ဗျားတို့ တကယ်တမ်း သစ္စာဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် သိလို့ရှိရင်ဖြင့် ကဲ- ဒီလမ်းမသွားတော့ ဘူးလား ဇရာ မရဏချုပ်တဲ့လမ်းသာ သွားပါတော့ မယ်ဆိုလို့ရှိရင်လဲ မဂ္ဂင်အလုပ်ကို ဖြိုင်ဖြိုင်ကြီး လုပ်ပေးပါ (မှန်ပါ)။ မလုပ်လို့ရှိရင်ဖြင့် လမ်းသာသိ၍၊ မသွားသေးလို့ရှိ ရင်လဲ ဒီလမ်းပြန်ရောက်မယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။
အဝိဇ္ဇာဒဏ်ချက် ဘယ်လောက်ပြင်းတယ်
ကိုင်း-ဒါဖြင့် အဝိဇ္ဇာဒဏ်ချက် ဘယ်လောက်ပြင်းတယ်ဆိုတာ ပေါ်လာပြီလား (ပေါ်ပါပြီ)။ အဝိဇ္ဇာဒဏ်ချက်က ဖြစ်လာတဲ့ ဇရာ မရဏဟာ ဘုရားတောင် မရှောင်ဘူးနော် (မှန်ပါ)။ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဆိုရင် ဇရာ မရဏက ဘုရား တောင်မရှောင်ဘူး (မှန်ပါ)။ ရှောင်ရဲ့လား မရှောင်ပါဘူး) ဘုရားသခင် ကိုယ်တော်မြတ်ကြီး အင်ကြင်း ပင်ပျိုတွေကြားမှာ ဇရာ မရဏမီးလောင်ပြီး သကာလ ပရိနိဗ္ဗာန်ပြုရတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။ ပရိနိဗ္ဗာန်စံရတယ် ဆိုတာ ဂုဏ်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးမို့ နိဗ္ဗာန်နဲ့ စပ်ပြီး သုံးစွဲထားတာ စင်စစ်တော့ ဇရာ မရဏမီးလောင် တာပဲ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီမီးလောင်ခံရတာအကြိမ်ပေါင်းဘယ်လောက်ပါလိမ့် (မရေတွက်နိုင်ပါဘူး ဘုရား)။ ဘယ့်နှယ်ကြောင့် မရေတွက်နိုင်လောက်အောင်ရပါလိမ့်မတုန်းဆိုတော့ ဉာဏ်ညွန့်က မပေါက်ခဲ့လို့ (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။
မဂ္ဂင်ဉာဏ်ညွန့် ကလေးက (မပေါက်ခဲ့ရပါဘူး)။ မပေါက်ခဲ့ရတော့ ဒကာ ဒကာမတို့ ကိုယ်ကျိုးချည်း နည်းခဲ့ရ တယ် (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။
ကိုင်း – ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာသည် စွမ်းရည်သတ္တိ ဘယ်လောက်ထိအောင် ဖုံးနိုင်တယ် ဖိနိုင်တယ် ဆိုတာ ကိုစောမောင် ဖျာငါးချပ် ထပ်အုပ်သလိုပဲ ဒီမြက်ပင်ကလေး အညွန့်ပေါက်သေးရဲ့လား (မပေါက်ပါဘူး)။
ဘယ်နှစ်ချပ်တောင် အုပ်ထားသတုန်း
ဖျာတစ်ချပ်တည်းတောင် မြက်ဟာဝါနေသေးတယ် ကိုစောမောင် (မှန်ပါ)။ နှစ်ချပ်အုပ်ရင်သေပြီ (မှန်ပါ)။ သုံးချပ်ဆိုရင် ရှာတွေ့ပါအုံးမလား (မတွေ့ပါဘူး)။ အခုတော့ ဘယ်နှစ်ချပ်တောင် အုပ်ထားသတုန်း (ငါးချပ် အုပ်ပါတယ်) သွားပါပြီ ဗျာ။ တစ်သံသရာလုံးနေခဲ့ရတာ ငါးချပ်အုပ်တွေနေခဲ့ရတယ် (မှန်ပါ)။
ဘယ်တော့မှ မဂ္ဂင်ဉာဏ်ညွန့်ကလေး ကိုစောမောင် မပေါက်ခဲ့ရပါဘူး (မပေါက်ခဲ့ရပါဘူး ဘုရား)။ မပေါက်ခဲ့ရတော့ သူ့အုပ်ရင်းမတ္တနဲ့ပဲ ခန္ဓာကရတယ်၊ ခန္ဓာရလို့ရှိရင် မီးပုံထဲထိုးဆင်းလိုက်။ အဝိဇ္ဇာကတော့ ပြုံးလိုက်ပေါ့လေ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
အဝိဇ္ဇာကတော့ ပြုံးချက် အင်မတန်သန်ပေါ့ဗျာ။ ငါက ကိစ္စတွေနဲ့ ဖုံးတဲ့ဥစ္စာ ဒီလိုသေစေချင်လို့ ဖုံးတဲ့ဥစ္စာ ငါ့ဆုတောင်းပြည့်လေရဲ့ဆိုပြီး အဝိဇ္ဇာကတော့ပြုံး။ ခင်ဗျားတို့ကတော့ မျက်ရည်စက်လက်နဲ့ (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။
ဇရာ မရဏမီးလောင်ခံရတဲ့ ပုဂ္ဂိုလ်ကတော့ ဘာတဲ့ (မျက်ရည် စက်လက်ပါ)။ အဝိဇ္ဇာကတော့ (ပြုံးလျက်ပါ ဘုရား)။ ပြုံးလျက်ပဲ ငါ့အလိုကျချည်း ဖြစ်ရတယ်ဆိုတဲ့သဘော သေသေချာချာသက်ရောက်ပါတယ် (သက်ရောက်ပါ တယ် ဘုရား)။ ဉာဏ်ပါကြရဲ့လား (မပါပါဘူး)။
ဖွင့်ပေးမယ့်သူလဲရှိပါပြီ
ကိုင်း ဒီတခါဖြင့် လမ်းလဲ ဖွင့်ပေးမယ့်သူလဲရှိပါပြီ။ ဒီနေရာမှ တစ်ခြားသောနေရာ ရှိပါသေးတယ် ဆိုတာကိုလဲ ဧကန်ညွှန်ပြပြီး သကာလ နေတဲ့အတွက်ခင်ဗျားတို့ အင်မတန် သံဝေဂရဖို့ကောင်းပါတယ် (မှန်ပါ)။ ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်လဲ ဒီထဲမှာ သေရရှာတယ်။ ကိုယ်ကိုယ်တိုင်ကော (ဒီထဲမှာသေရမှာပါ)။ ကိုယ့်အောက်က ဖူးဖူးမှုတ်ထားတဲ့ သားငယ် သမီးငယ်ကလေးတွေကော (ဒီထဲ သေရမှာ ပါပဲ)။
ဪ – တို့အမျိုးက မီးလောင်ခံရတဲ့အမျိုးပါလားဆိုပြီး သကာလ ခင်ဗျားတို့ ဘယ်အခါကာလမှ မီးလောင်ခံရတဲ့ အမျိုးမှ လွတ်တဲ့အမျိုးများ မရှိတော့ဘူးလားဆိုတဲ့ တွေးလုံးဟာ လာကိုမလာဘူး (မလာပါဘူး ဘုရား)။ လာကိုမလာတာ သိပ်ခက်နေတယ် (မှန်ပါ)။
အဲဒါ ဉာဏ်ညွန့်မပေါက်တာ ဆိုတာ သေချာပြီလား (သေချာပါပြီ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဉာဏ်ညွန့် မပေါက်နိုင်အောင် ဘယ်နှစ်ချက်အုပ်ထားသတုန်း (ငါးချက်အုပ်ထားပါတယ်)။
ငါးချက်ကို မြန်မြန်ဖွင့်ပါ
ဒါဖြင့် ငါးချက်ကို စကြပါစို့ ဒကာ ဒကာမတို့ ငါးချက်ကို မြန်မြန်လုပ်ပါ။ မြန်မြန်ဖွင့်ပါ။ ဖွင့်နိုင်မှသာလျှင် ကိုစောမောင် ဉာဏ်ညွန့်ပေါက်ပြီး သကာလ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားမှာကိုး (မှန်ပါ)။ ဉာဏ်ညွန့်ပေါက်တယ်ဆိုတာ အဝိဇ္ဇာပဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါက အမှောင်ငါးစင်း ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ မနေ့က ပြခဲ့ပါတယ်နော် (မှန်ပါ)။ ဒီဘက်ကဟာက အလင်း ငါးခုဆိုတာကော ဒကာ ဒကာမတွေနားလည်ပြီလား (နားလည်ပါပြီ ဘုရား)။
အဲဒီတော့ အဝိဇ္ဇာကို ခင်ဗျားတို့ သာမညအားဖြင့် သိပြီးတော့ အဝိဇ္ဇာကို တစ်မျိုးတည်း ထင်ကြတယ်။ အခုဘယ်နှစ်မျိုးပြသတုန်း (ငါးမျိုးပြပါတယ်)။
အဝိဇ္ဇာကတော့ ဘယ်နှစ်မျိုးတုန်း (ငါးမျိုးပါ ဘုရား)။ ဒီဘက်က ကမ္မဿကတာ သိတဲ့ဉာဏ်၊ ဒီဘက်က နာမ်ရုပ်ပိုင်းခြားသိတဲ့ဉာဏ်၊ ဒီဘက်က အကြောင်းအကျိုးသိတဲ့ဉာဏ်၊ ဒီဘက်က ဝိပဿနာရှုတဲ့ ဉာဏ်၊ ဒီဘက်က နိဗ္ဗာန်မြင်တဲ့ဉာဏ် (မှန်ပါ့)။
၁-နံပါတ်က ကမ္မဿကတာဉာဏ်။
၂- နံပါတ်က နာမရူပ ပရိစ္ဆေဒဉာဏ်၊
၃- နံပါတ်က ပစ္စယပရိဂ္ဂဟဉာဏ်၊
၄- နံပါတ်က ဝိပဿနာဉာဏ်၊
၅-နံပါတ်က မဂ်ဉာဏ်။ ဘယ်နှစ်မျိုးတုန်း (ငါးမျိုးပါ ဘုရား)။ အဲဒီ ဉာဏ်ငါးမျိုးကို အဝိဇ္ဇာက ဖုံးထားတယ် (မှန်ပါ)။ ဒီမဂ်ဉာဏ်ရမှ ကိုစောမောင် မီးပုံထဲဆင်းတာလွတ်မှာ (မှန်ပါ)။
မဂ်ဉာဏ်ရမှ မီးပုံထဲဆင်းတာ လွတ်ရမှာ
ဘယ်လိုပါလိမ့် (မဂ်ဉာဏ်ရမှ မီးပုံထဲဆင်းတာ လွတ်ရမှာပါ ဘုရား)။ ဒါကလေး အညှောင့်တည်ဖို့ရာ ဒီဉာဏ်ကလေးက အကြီးဆုံးဉာဏ် (မှန်ပါ)။ ဒီဟာကလေးအညှောင့်တည်ဖို့ရာ ခုနက အဝိဇ္ဇာက ဥခွံက ဘယ်နှစ်ထပ် အုပ်ထားသတုန်း (ငါးထပ် အုပ်ထားပါတယ်)။ ကိုစောမောင် တော်တော်လူမရဘူး (မရပါဘူး)။ စိတ်သာချတော့ ဒကာ ဒကာမတို့၊ တော်တော်လူရပါ့မလား။ (မရပါဘူး ဘုရား)။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အခုလို သာသနာနဲ့တွေ့ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့အခါကျတော့ လှူလိုက် အုံးမယ်။ တန်းလိုက်အုံးမယ်ကွာ-ဒီဘဝဖြင့် နည်းနည်းဆင်းရဲတယ်ဟေ့။ နောက်ဘဝ သူဌေး သူကြွယ်ဖြစ်အောင် လုပ်လိုက်မယ်ဟေ့ဆိုတဲ့ ကမ္မဿကတာဉာဏ် ကလေးတော့ မရှိဘူးလား (ရှိပါတယ် ဘုရား)။ အဲဒီလို လှူလိုက်တန်းလိုက် ပေးလိုက် ကမ်းလိုက်တဲ့အခါကျတော့ ပထမ အဝိဇ္ဇာကွာသွားတယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ကမ္မဿကတာဉာဏ်ပေါ်မှာ အုပ်နေတဲ့ ပထမ အဝိဇ္ဇာဘာဖြစ်သွားသတုန်း (ကွာသွားပါ တယ်)။ ကွာသွားတော့ ကွာသွားတယ်။ ဒီပုဂ္ဂိုလ်ဟာ လူနတ်ဗြဟ္မာတော့ဖြင့် ဖြစ်သွားပြီ ဆိုကြပါစို့။ စုတေမနေ သေလွန်လို့ရှိရင်။ သို့သော် ဇရာ မရဏမီးပုံတွင်းကတော့ဖြင့် ဆင်းရတုန်းပဲ (မှန်ပါ)။
ဘယ့်နှယ်ဆိုကြပါ့မယ် (ဇရာ မရဏမီးပုံတွင်း ဆင်းရတုန်းပါ ဘုရား)။ နတ်ပြည်လဲ ဇရာ မရဏ ရှိနေတာကိုး။ ဗြဟ္မာပြည်မှာကော (ရှိပါတယ် ဘုရား)။
ဪ- ဒါဟာ အဝိဇ္ဇာက ဒီပုဂ္ဂိုလ်မှာ နည်းနည်းကလေးကွာပြီး သိတဲ့ဉာဏ်ရှိတော့ ရှိလာတယ်၊ ရှိပင်ရှိငြား သော်လဲ မင်းသည် ငါ့နယ်က မလွတ်သေးပါဘူး ဆိုပြီးကြိမ်းလျက် ဝါးလျက်ပါပဲ (မှန်ပါ)။ ကိုစောမောင် လွတ်ပြီလား (မလွတ်သေးပါဘူး ဘုရား)။
ဟုတ်မလိုလိုရှိတာလဲ စိတ်ချရရဲ့လား
သစ္စာမသိသေးတော့ ဇရာပိဒုက္ခာ မရဏမ္ပိ ဒုက္ခံ ဆိုတဲ့ ဇရာလဲဒုက္ခသစ္စာ၊ မရဏလဲဒုက္ခ သစ္စာဆိုတာကို မသိသေးတော့ ကမ္မဿကတာ ဉာဏ်ကလေး လုပ်တဲ့ပြီး နောက်ဘဝ ကောင်းစားရေးဆိုပြီး လုပ်လိုက်တာ ကိုစောမောင် ဇရာ မရဏမီးပုံတွင်း ခုန်ဆင်းချလိုက်တယ် (မှန်ပါ)။ မချဖူးဘူးလား ချသလား (ချပါတယ် ဘုရား)။ သဘောကျပြီလား (ပါပါပြီ)။
ကောင်းပြီ၊ ဒါဖြင့် ၁-နံပါတ် အတွက်ကဖြင့် ဒကာ ဒကာမတို့ ဟုတ်မလိုလိုရှိတာလဲ စိတ်ချရရဲ့လား (မချရပါ ဘူး)။ မချရသေးပါဘူး ဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ပေါ်မှာ ဘယ်နှစ်ခု အုပ်နေသေးသတုန်း (လေးခုအုပ်ပါတယ်)။ လေးခုတောင် အုပ်နေသေးလို့ရှိရင် ကိုစောမောင် ဝိပဿနာအားထုတ်မှာ ဉာဏ်က တစ်ဉာဏ်တည်းရယ် အဝိဇ္ဇာကအားထုတ်မှာ အဝိဇ္ဇာက မလွှဲသာတဲ့ လေးကိစ္စနဲ့ အုပ်ချလိုက်တော့ ဘယ့်နှယ် နေပါ့မလဲ ဝိပဿနာဉာဏ်ညွန့်ကလေးပေါက်ပါ့မလား (မပေါက်ပါဘူး)။
မဂ်ဉာဏ်ညွန့်ကလေး (မပေါက်ပါဘူး) ကျုပ်သွားမလို့ဗျ။ တရားအားထုတ်မလို့ ကိစ္စက လေးမျိုးတောင် ပေါ်နေတယ်ဆိုရင် သွားဖြစ်မသွားဖြစ် (မသွားဖြစ်ပါဘူး ဘုရား)။
ဖျက်ဆီးတဲ့ဘက်ကလေးခု
ကိစ္စကဘာတဲ့ (လေးမျိုးပါ)။ သွားမှာက တစ်ခုတည်း (မှန်ပါ)။ ဉာဏ်ဘက်က ကိုစောမောင် တစ်ခုတည်း (မှန်ပါ)။ ဖျက်ဆီးတဲ့ဘက်က (လေးခုပါ ဘုရား)။ ဒါလောက်တောင် ဖျက်ဆီးနေတော့လဲ သွားရမှာမလွယ်ဘူးဗျ (မှန်ပါ)။
တရားအားထုတ်ရမှာ မလွယ်ဘူးဗျ။ သာမညဆိုရင် ကျုပ်ခြေကန် ပါတယ်။ အခုတော့ ကိစ္စက လေးကိစ္စ။ မလွှဲသာတာ တွေချည်း ဖြစ်နေတယ်။ ကိုစောမောင် ဒီလိုရှုပ်သွားတယ် (မှန်ပါ)။ မရှုပ်ဘူးလား ရှုပ်သလား (ရှုပ်ပါတယ် ဘုရား)။ သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတို့တွေ ကမ္မဿကတာဉာဏ် မလုပ်ဖူးလို့ မဆိုနဲ့ (မှန်ပါ)။ လှူခဲ့တန်းခဲ့ ပေးခဲ့ကြပြီဆိုတာ မသေချာဘူးလား (သေချာပါတယ်)။ အခုခန္ဓာကိုစဉ်းစားလိုက်။ အခုခန္ဓာဖြစ်နေတာသာ ကြည့်လိုက် ကိုစောမောင် လုပ်ခဲ့ မလုပ်ခဲ့ (လုပ်ခဲ့ပါတယ် ဘုရား)။
ဒီ ခန္ဓာကြီး အခု ဘယ်သွားနေသတုန်း (ဇရာမရဏဘက် သွားနေပါတယ်)။ ဇရာ မရဏမီးပုံထဲ သွားနေတယ် ဆိုတာ သူ့လဲလုပ်ခဲ့တယ်။ အသွားလဲ လွတ်ကဲ့လား (မလွယ်ပါဘူး)။
သူမပါဘဲနဲ့လဲ လူ့ဘဝက မရနိုင်ဘူး (မှန်ပါ)။ ရပါမလား (မရပါဘူး) သို့သော် ရတာကိုတော့ဖြင့် ခင်ဗျားတို့ သာမည တရားသစ္စာနဲ့ မဆိုက်သေးလို့ရှိရင် အရတော် တယ်လို့ ဆိုချင်လဲဆိုလိမ့်မယ် ကိုစောမောင် (မှန်ပါ)။ သစ္စာနဲ့ ဝေဖန်လိုက်တော့ ဘယ့်နှယ်နေသတုန်း (မတော်ပါဘူး ဘုရား)။ ဇရာ မရဏကို သူရှောင်နိုင်ရဲ့လား (မရှောင်နိုင်ပါဘူး)။
ဒါဖြင့် နောက်ဘဝ ကမ္မဿကတာဉာဏ်တော့ဖြင့် တပည့်တော်တို့ ထိုက်တန်တာ လုပ်ခဲ့လို့ လူ့ဘဝရ တာပဲဘုရား အင်္ဂါကြီးငယ်လဲစုံသေးတယ်။ ဒီအထဲကနေပြီး အခု ခန္ဓာကြီး ဘယ်သွားနေတယ်ဆိုတာ သိရောပေါ့ (သိပါတယ် ဘုရား)။ ဘယ်သွားနေသတုန်း (ဇရာ မရဏဘက်သွားနေပါတယ်)
ဪ-ဒါဖြင့် ကမ္မဿကတာဉာဏ် လောက်နဲ့ တပည့်တော်တို့ လာခဲ့တဲ့အဖြစ်ဟာ ဇရာ မရဏ မီးပုံတွင်း ဆင်းဖို့လုပ်တာပဲ (မှန်ပါ)။ ပေါ်ကြပြီလား (ပေါ်သွားပါပြီ ဘုရား) ဒါဖြင့် သူဟာလဲ စိတ်မချရသေးဘူး (မှန်ပါ)။
လွတ်ရာကိုဖြင့် မတွေ့သေးတာ အမှန်ပဲ
ကဲ-ဒါဖြင့် ၁-နံပါတ်က ကွာသွားပေမယ့် ၂-နံပါတ်၊ ၃-နံပါတ်၊ ၄-နံပါတ်၊ ၅-နံပါတ်တွေက အုပ်လျက်ဖြစ်ပြီး သကာလ နေတော့ လွတ်ရာကိုဖြင့် မတွေ့သေးတာ အမှန်ပဲ (မှန်ပါ ဘုရား)။
ဇရာ မရဏ လွတ်ရာကို (မတွေ့သေးတာအမှန်ပါ ဘုရား)။ မတွေ့သေးတာအမှန်ဆိုတာ ဒကာ ဒကာမတို့ ကျေနပ်ပြီလား (ကျေနပ်ပါပြီ)။
ကိုင်း-ဘုန်းကြီးကပဲ ဒကာ ဒကာမတို့ ကမ္မဿကတာဉာဏ်လောက်နဲ့ မနေကြပါနဲ့ နာမ်ရုပ်သိတဲ့ဉာဏ်ကလေး ဖြင့် လုပ်ပါအုံး တိုက်တွန်းလိုက်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ဒီ ခန္ဓာထဲ ဘာသာလျှင်ရှိသလဲ (နာမ်ရုပ်ပဲရှိပါတယ်)။ အဲ-ဒကာ ဒကာမတို့ အထည်ကြီးရုပ်ပေါ့ဗျာ (မှန်ပါ) အတွင်းမှာရှိတဲ့ မံသစက္ခုဖြင့် မမြင်ရအောင်ကောင်းတဲ့ ဝေဒနာ သညာ သင်္ခါရ ဝိဉာဏ်တွေက (နာမ်ပါ ဘုရား)။ ဒီဟာကလေးရှိတယ်ဆိုတော့ ဪ နာမ်နဲ့ ရုပ်ပဲရှိတာပဲ ယောက်ျား မိန်းမတွေများရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ ယောကျ်ားမိန်းမ မရှိတော့ ဒကာ ဒကာမတို့ နာမ်နဲ့ ရုပ်ပဲဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
အဲဒီ နာမ်ရုပ်ကို ဒကာ ဒကာမတွေ သိတဲ့အခါကျတော့ အသိနဲ့ ဒိဋ္ဌိပြုတ်တယ်။ အပွားနဲ့ ပြုတ်တာ မဟုတ်သေး ဘူး ကိုစောမောင် (မှန်ပါ)။ အသိနဲ့ ပြုတ်တဲ့ ဒိဋ္ဌိဖြစ်နေတော့ ဒိဋ္ဌိဝိသုဒ္ဓိတော့ ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နာမရူပ ပရိစ္ဆေဒဉာဏ်ကလေးတော့ဖြင့် မနေ့ကလဲပြောလို့ ထိုက်တန်သလောက် ရပြီဆိုတော့ အရင်လိုတော့ မဟုတ်တော့ဘူး၊ နည်းနည်းထွက်လာတဲ့ ဉာဏ်ကလေးတော့ ရမလား (ရပါတယ် ဘုရား)။ ရတဲ့အခါကျတော့ နာမရူပ ပရိစ္ဆေဒဉာဏ်တောင်မသိအောင် အုပ်ထားလိုက်တာက ခင်ဗျားတို့ မွေးကတည်းက အခုပဲ သိတယ်ဆိုကြပါစို့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါတောင်မှ ကိစ္စကြီးငယ် ကြုံတဲ့အခါ မပေါ်လာဘဲ ဖြစ်နေတယ် (မှန်ပါ ဘုရား)။ မပေါ်လာတော့ ဒီဟာ သားပဲ၊ ဒီဟာ သမီးပဲ တကယ်ငါနာတယ် အစရှိသည်နဲ့ ကိုစောမောင်မလာဘူးလား (လာပါတယ် ဘုရား)။ ဘယ်သူက အုပ်ထားပါလိမ့် (အဝိဇ္ဇာကပဲ အုပ်ထားပါတယ်)။ ဘယ်အထပ်ပါလိမ့် (၂-နံပါတ်အဝိဇ္ဇာပါ ဘုရား)။၂-နံပါတ်က အုပ်ထားတယ် ဒကာ ဒကာမတို့ တော်တော်နဲ့ မလှန်နိုင်ဘူးနော် (မှန်ပါ)။
ကျောင်းမှာနေတဲ့အခါ လှန်နိုင်သလိုလိုနဲ့
ဒီအတိုင်း ကျောင်းမှာ လာနေတဲ့အခါ ကျောင်းမှာနေတဲ့အခါ လှန်နိုင်သလိုလိုနဲ့ အိမ်မှာ သားနဲ့သမီးနဲ့ ပက်ပင်းတွေ့ပြီး သကာလ ပူစရာရှိတော့မယ်၊ ပျော်စရာရှိတော့မယ် ဆိုရင် အကုန်ပျောက်သွားတာပဲ (မှန်ပါ)။ မပျောက် ဘူးလား (ပျောက်ပါတယ် ဘုရား)။ ပူစရာရှိရင်ကော (ပျောက်ပါတယ်)။ ပျော်စရာရှိရင်ကော (ပျော်ပါတယ်) အဲဒါကျ တော့ အဝိဇ္ဇာကဖုံးလျက်ပဲ (မှန်ပါ)။ ဒီလိုမနေဘူးလား(နေပါတယ် ဘုရား)။ သဘောကျပြီလား (ကျပါပြီ)။
ဒါဖြင့် အဝိဇ္ဇာဖုံးနေလို့ရှိရင် ဘာမှ ခင်ဗျားတို့ စဉ်းစားမနေနဲ့တော့ အဝိဇ္ဇာ ပစ္စယာသင်္ခါရာ သူလုပ်တော့မယ် (မှန်ပါ)။ သင်္ခါရပစ္စယာ (ဝိညာဏပါ ဘုရား)။ ဝိညာဏပစ္စယာ (နာမရူပပါ ဘုရား)။ ကဲ-ချုံးလိုက်ကြစို့ ဝိညာဏပစ္စယာ ဇာတိ ဇရာ မရဏမီးပုံဆင်းမယ် (မှန်ပါ)။ ဒီ အဝိဇ္ဇာက လာမှာကိုး (မှန်ပါ)။ ကဲ-ပဋိစ္စသမုပ္ပါဒ်နဲ့ပြတော့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဪ- ၄-နံပါတ်အဝိဇ္ဇာကို မဖယ်နိုင်လို့ရှိရင် ဇာတိ ဇရာ မရဏလက်တွင်းမှာ ထင်းအဖြစ်နဲ့ ထိုးအပ်ပေတော့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ဇာတိ ဇရာ မရဏလက်ထဲမှာ ခန္ဓာထင်းအဖြစ်နဲ့ ဘာလုပ်ရမလဲ (ထိုးအပ်ရပါမယ်)။ ကိုစောမောင် အဝိဇ္ဇာ ဆိုလို့ရှိရင်ဖြင့် ဇရာ မရဏလက်တွင်းမှာ ခန္ဓာထင်းဖြစ်အောင် သူလုပ်တော့မယ် (မှန်ပါ)။ မသေချာဘူးလား (သေချာပါ တယ်)။ သဘောပါကြပြီလား (ပါပါပြီ)။
ကိုင်း ဒါဖြင့် နာမ်ရုပ်ကလေးကို ပိုင်ပိုင်နိုင်နိုင်သိပြီ။ သွားချင်တာက နာမ်၊ သွားတာကရုပ်၊ စားချင်တာကနာမ်၊ စားတာကရုပ်၊ ကြည့်ချင်တာက နာမ်၊ ကြည့်တာကရုပ် အစရှိတဲ့ ဒွါရ ခြောက်ပေါက်မှာ ဒါလောက်တော့ သိထားလို့ရှိရင် ဖြင့် နာမ်ရုပ်မှ မသိတဲ့ အဝိဇ္ဇာကတော့ဖြင့် ကွာသွားလို့ သိတာပဲဆိုတော့ ၂-နံပါတ်မကွာလား (ကွာပါတယ် ဘုရား)။
အဝိဇ္ဇာဘယ်နှစ်ထပ်ကျန်သေးလဲ
အဝိဇ္ဇာဘယ်နှစ်ထပ်ကျန်သေးလဲ (သုံးထပ်ကျန်ပါသေးတယ် ဘုရား)။ မဂ်ဉာဏ်ပေါ်အုပ်နေတာ ဘယ်နှစ်ထပ်ကျန်သေး သတုန်း (သုံးထပ် ကျန်ပါသေးတယ် ဘုရား)။ သုံးထပ်ကျန်သေးတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)။
ကိုင်း-သုံးထပ်ကျန်တော့ ဒီအဝိဇ္ဇာတွေက ဘာများလုပ်မှာတုန်း အို ခန္ဓာထင်းဖြစ်အောင် လုပ်အုံးမယ် (မှန်ပါ)။ ခန္ဓာထင်းဖြစ်အောင် လုပ်လို့ရှိရင် ဘယ့်နှယ်တုန်း ဇရာ မရဏမီးက လျှော့ပေးမှာလား (မလျှော့ပါဘူး ဘုရား) မလျှော့ဘူး ဒကာ ဒကာမတို့ လောင်အုံးမှာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
အဲဒါတွေ စဉ်းစားတော့မှ ဪ-သူကလဲအဝိဇ္ဇာပစ္စယာမလွတ်သေးဘူး။ အဝိဇ္ဇာပစ္စယာ သင်္ခါရာနယ်ပဲ ကိုစောမောင် (မှန်ပါ)။ ခုနက ၄-နံပါတ်ကကော အဝိဇ္ဇနယ်ကလွတ်ပြီလား (မလွတ်သေးပါဘူး)၅-နံပါတ်ကကော (အဝိဇ္ဇာပစ္စယာ သင်္ခါရာနယ်ပါပဲ)။ ဇာတိ ဇရာ မရဏလမ်းဆုံးမယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ်)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးဆီ သေသေချာချာ တစ်ခုချင်းဖွင့်ဟပြီး သကာလ ဖွင့်ပြနေတဲ့ အတွက် ဪ-ငါတို့ မကျေနပ်ထိုက်သေးဘူး ဆိုတာ ဒီတရားက ထောက်ခံချက်ပေးတယ် (မှန်ပါ)။ မပေးဘူးလား (ပေးပါတယ်)။
ငါတို့သည်ကားလို့ ဆိုရင်ဖြင့် နာမ်ရုပ်သိရုံနဲ့လဲ မကျေနပ်ထိုက်သေးဘူး အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကျန်သေးတယ် (မှန်ပါ)။ ဇာတိ ဇရာ မရဏကျအောင် သူပို့လိမ့်အုံးမယ်ဆိုတာ ဒကာ ဒကာမတွေ ဘာများငြင်းဖို့လိုသေးသတုန်း (မလိုပါဘူး)။ သဘောပါကြပြီလား (ပါပါပြီ)။
အဝိဇ္ဇာပစ္စယာသင်္ခါရာ ကျန်သရွေ့ ကိုစောမောင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ(လ) ဇာတိ ဇရာ မရဏပို့- မပို့ (ပို့ပါတယ် ဘုရား)။ အဝိဇ္ဇာ ကျန်သရွေ့ ကျုပ်တို့ ခန္ဓာကိုယ်ထင်းလုပ်မယ်(မှန်ပါ)။ ထင်းလုပ်သရွေ့ ဇရာ မရဏက လောင်မယ် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် အဝိဇ္ဇာမကျန်မှ နေရာကျမယ်ဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
၃-နံပါတ်ကို ဒီနေ့ဖွင့်ပြပါ့မယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ၃-နံပါတ်ကို ဒီနေ့ဖွင့်ပြပါ့မယ် ဒကာ ဒကာမတို့။ ၃- နံပါတ်က ဘာကိုမသိတာ တုန်းလို့မေးတဲ့အခါ ပဋိစ္စသမုပ္ပါဒ် ခန္ဓာထဲမှာဖြစ်နေတာကို မသိဘူး (မှန်ပါ) အဲဒီ မသိတာသည်ကားလို့ဆိုရင်ကော ဒကာ ဒကာမတို့ အဝိဇ္ဇာပဲ (မှန်ပါ)။
ခန္ဓာထဲမှာ ဖြစ်ပေါ်နေတာ ပဋိစ္စသမုပ္ပါဒ် ဟာ တန်းတန်း တန်းတန်းကြီး မျက်လုံးပေါက်ကလဲမြင်တယ် လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ ဒါတွေပေါ်တိုင်း ပေါ်တိုင်းမသိလိုက်ဘူး (မှန်ပါ)။
နားပေါက်ကလဲ ကြားတယ်၊ ခင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်ဆိုတာကော (မသိလိုက်ပါဘူး)။ မသိလိုက်ဘူး။ ပဋိစ္စသမုပ္ပါဒ်မှန်းမသိတော့ ငါချည်းဖြစ်နေတယ် (မှန်ပါ)။ ငါချည်း ဖြစ်နေတော့ ဒိဋ္ဌိကကွာသေးရဲ့လား (မကွာပါဘူး)။ မကွာအောင်ဖုံးထားတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ပေါ်တိုင်းပေါ်တိုင်း ခန္ဓာကိုယ်ထဲမှာပဲ ပဋိစ္စသမုပ္ပာဒ် ခန္ဓာကြီးဖြစ်ပါ လျက်သားနဲ့ ကိုစောမောင်မသိဘူး (မှန်ပါ)။
ခန္ဓာကဘာခန္ဓာတုန်း (ပဋိစ္စသမုပ္ပါဒ်ခန္ဓာပါ)။ ပဋိစ္စသမုပ္ပါဒ် ခန္ဓာဟာ အစစ်ပဲမဟုတ်လား(အစစ်ပါ ဘုရား)။ အဲဒါကို မသိတဲ့ ကိုစောမောင်ရဲ့ အတူနေပြီးတော့ (မှန်ပါ)။
ဘယ်သူကများ ဖုံးထားပါလိမ့် (အဝိဇ္ဇာကဖုံးထားပါတယ်) ဘယ်နံပါတ်ပါလိမ့် (၃-နံပါတ်ပါ ဘုရား)။ ၃-နံပါတ်အဝိဇ္ဇာက ဖုံးထားတော့ ဒကာ ဒကာမတို့ ဘာကလေးပေါ်လာ ပေါ်လာလောဘပေါ်လဲ မသိမြင်စိတ်ပေါ်လာလဲမသိ (မှန်ပါ)။
ကြားစိတ်ပေါ်လာလဲ (မသိပါ ဘုရား)။ မသိတာဟူသရွေ့ သည်ကား လို့ဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ် ပေါ်တဲ့တရားကို မသိတယ်ဆိုကတည်းက ကိုစောမောင် ငါဆိုတဲ့ ဒိဋ္ဌိလာ တော့မယ် (မှန်ပါ)။ မလာပေဘူးလား (လာပါတယ် ဘုရား)။
ငါမြင်တယ်၊ ငါကြားတယ်၊ ငါ့နားနဲ့ ငါထောင်တာ ငါ့ကိုလာပြီး မရှုပ်လာနဲ့၊ ကွယ်ဝှက်ပြီး မနေနဲ့ ငါကိုယ်တိုင် မြင်တာ အစရှိသည်နဲ့ ကိုစောမောင် မလာပေဘူးလား (လာပါတယ်)။ လာတာက၊ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ) သိသေးရဲ့ လား (မသိပါဘူး)။ မသိပါဘူး၊ ငါလုပ်ပစ်တဲ့ ဥစ္စာ ဘယ့်နှယ်ကြောင့် ငါလုပ်နိုင်ပါလိမ့် မတုန်းလို့ မေးတဲ့အခါကျတော့ အဝိဇ္ဇာကဖုံးထားလို့ ငါဖြစ်သွားတာ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ဘယ်သူကဖုံးထားပါလိမ့် အဝိဇ္ဇာက ဖုံးထားပါတယ်)။ ဘယ်နံပါတ်ပါလိမ့် (၃-နံပါတ်ပါ ဘုရား)။ ၃-နံပါတ်က အဝိဇ္ဇာက ဖုံးထားလိုက်တော့ ဘယ်ဝေဒနာပေါ်တာလဲမသိဘူး ဘယ်စိတ်ပေါ်တာလဲမသိဘူး။ ပုဂ္ဂိုလ်သတ္တဝါချည်း အားလုံးဖြစ်ရတယ် (မှန်ပါ)။ မနာဘူးလား (နာပါတယ်)။
အပါယ်မျိုးစေ့ဟာ ဘယ်မှမပြတ်ဘူး
ပုဂ္ဂိုလ် သတ္တဝါချည်း အားလုံး ဒကာ ဒကာမတို့ ဒိဋ္ဌိတည်းဟူသော တရားက လွှမ်းမိုးပြီး သကာလ နေတော့ ဒီဒိဋ္ဌိရှိသရွေ့ ကာလပတ်လုံး အပါယ်မျိုးစေ့ဟာ ဘယ်မှမပြတ်ဘူး (မှန်ပါ)။ ပြတ်သေးရဲ့လား (မပြတ်ပါဘူး)။
အဲဒါတွေထောက်ကြည့်တော့မှ ဪ-မသိအောင်ဖုံးထားတာ-အဝိဇ္ဇာပါလား ဖုံးတဲ့အပြင်မှာ သူ့အဖော် ဒိဋ္ဌိကို ဆရာအတင်ခိုင်းထားပြန်တော့ ကိုစောမောင်အပါယ်လေးပါး စာချည်းဖြစ်နေတယ် (မှန်ပါ)။ ကိုင်း-ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်သိမှ ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ ဓမ္မတွေကို ဖြစ်ပျက်မသိရင်တောင် ပဋိစ္စသမုပ္ပါဒ်ကလေးကိုတော့ သိမှ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
ခန္ဓာကိုယ်ထဲမှာ ဘာပေါ်တယ် ညာပေါ်တယ်ဆိုတဲ့ ဥစ္စာကလေးဟာ စာချင်းတဲ့စိတ်ပေါ်တယ်၊ အိပ်ချင်တဲ့စိတ် ပေါ်တယ်၊ တဏှာပေါ်တယ်၊ ဥပါဒါန်ပေါ်တယ်၊ ကံပေါ်လာပြီလို့ ဒီလိုသိနေသေးလို့ရှိရင် တော်ပါသေးတယ် (မှန်ပါ) အခုတော့ ဒီလိုကိုမသိဘူး ငါချည်းအကုန်စွဲချလိုက်တော့ ကိုစောမောင်ရေ အဝိဇ္ဇာဒဏ်ချက်ဟာ ပိလျက် ပိလျက်ပဲ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။
ဒါဖြင့် ဒကာ ဒကာတို့ အကြောင်းအကျိုးကလေး မှမသိအောင် ဖုံးထားတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ တတိယ အဝိဇ္ဇာသည် ဒကာ ဒကာမတို့အကြောင်း အကျိုးတောာင်မသိဘူးဆိုတော့ ဒိဋ္ဌိကလဲမပြုတ် ဝိစိကိစ္ဆာကလဲ (မပြုတ်ပါဘူး ဘုရား)။
ဒိဋ္ဌိ ဝိစိကိစ္ဆာ မပြုတ်သရွေ့ ကာလပတ်လုံးလဲ အပါယ်မျိုးစေ့ ဝမ်းထဲမှာ ဘယ်အခါကာလမှ ခြောက်ခန်း သွားလိမ့်မယ်လို့ မအောက်မေ့ပါနဲ့ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။ အင်မတန် ကြောက်စရာ မကောင်းဘူး လား (ကောင်းပါတယ် ဘုရား)။
ဒါကြောင့် ဒီနေရာမှာ ဘုန်းကြီးတို့ ဟောရမှာက ဒကာ ဒကာမတို့ ၃-နံပါတ် အဝိဇ္ဇာကွာစေချင်လို့ရှိရင် ကိုယ့်သန္တာန် ပေါ်တဲ့စိတ်တိုင်း စိတ်တိုင်းကို သိသွားပါ (မှန်ပါ)။
ဘယ်လိုလုပ်ကြမယ် (ကိုယ့်သန္တာန်ပေါ်တဲ့ စိတ်တိုင်း စိတ်တိုင်းကို သိသိသွားရပါမယ်)။ စိတ်တိုင်း စိတ်တိုင်း သိသွားစမ်းပါ၊ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သိသိသွားစမ်းပါ (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီကဲ့သို့ပေါ်တိုင်း ပေါ်တိုင်း သိသိ^သိသိပြီး သကာလ သွားကြမယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ဪ-၃-နံပါတ်အဝိဇ္ဇာတော့ဖြင့်ကွာပေါ့ (မှန်ပါ)။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။ အဲ-အခုမှ စူဠ သောတာပန်ဖြစ်သေးတယ် (မှန်ပါ)။
အခုမှ ဘာဖြစ်သတုန်း (စူဠသောတာပန်ဖြစ်ပါတယ်)။
စူဠသောတာပန်ဖြစ်ပါတယ်
၂-နံပါတ်နဲ့ ၃-နံပါတ်ကွာမှာ မောင်နိုင် ဘာသောတာပန်တုန်း (စူဠသောတာပန်ပါ)။ ကိုင်းမဟာသောတာပန် မဖြစ်သေးတာသေချာပြီလား (သေချာပါပြီ ဘုရား)။ မဟာသောတာပန် မဖြစ်အောင် ဒကာ ဒကာမတို့ အဝိဇ္ဇာ ဘယ်နှချက်ကျန်သေးသတုန်း (နှစ်ချက် ကျန်ပါသေးတယ်)။
ဒကာ ဒကာမတို့ ကျုပ်တို့သည်ကားလို့ ဆိုရင်ကျန်တဲ့ အဝိဇ္ဇာကိုဘယ်လို အသုံးချကြမလဲလို့ မေးလိုက်လို့ရှိရင် ဖြင့် ကျန်တဲ့ အဝိဇ္ဇာပစ္စယာသင်္ခါရာ သင်္ခါရပစ္စယာ ဝိညာဏံ ဝိညာဏပစ္စယာ (ပ) ဇာတိ ဇရာ မရဏဆီပဲ သူတွန်းပြီး ပို့မယ် (မှန်ပါ)။ မီးပုံကြားထဲတွန်းပို့မယ် (မှန်ပါ)။
ဒကာ ဒကာမတို့ ဘယ်သူကပို့မှာပါလိမ့် (အဝိဇ္ဇာကပါ ဘုရား)။ ကျန်တဲ့အဝိဇ္ဇာက မီးပုံထဲထည့်မယ် (မှန်ပါ)။
အဲဒါကြောင့် စူဠသောတာပန်ဟာ တစ်ဘဝ နှစ်ဘဝသာ အပါယ်တံခါးပိတ်ပြီး နတ်ရွာသုဂတိ သွားတယ်ဆိုတော့ အဲဒီကျန်တဲ့အဝိဇ္ဇာက အပါယ်မီးထဲတော့မထည့်ဘူး ဇရာ မရဏ မီးထဲထည့်ပြီးရမယ် ဆိုပြီး ကိုစောမောင်ထည့်လိုက် တာပဲ (မှန်ပါ)။
ဒါကြောင့် စူဠသောတာပန်လောက်နဲ့ တင်းတိမ်ပြီး သကာလ မနေပါနဲ့ အပါယ်မီးနဲ့ ဇရာ မရဏမီးနဲ့ ဒါလောက်ပဲ ခြားပါသေးတယ်၊ ပြောင်အောင်တော့ လောင်တာချည်းပဲ (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ်ဟာ အရေးကြီးတယ်ဆိုတာ ပေါ်လာပြီ (ပေါ်လာပါပြီ)။
ဒကာ ဒကာမတို့ ဘာအရေးကြီးပါလိမ့် (ပဋိစ္စသမုပ္ပါဒ် အရေးကြီးပါတယ် ဘုရား)။ ပဋိစ္စသမုပ္ပါဒ်အရေးကြီး တယ်ဆိုတော့ ဪ-ပဋိစ္စသမုပ္ပါဒ်သည် စာပေါ်မှာ အရေးကြီးတာလား ခန္ဓာဖြစ်စဉ်ပေါ်မှာ အရေးကြီးတာလား (ခန္ဓာပေါ်မှာ အရေးကြီးတာပါ)။
ခန္ဓာပေါ်မှာ နားလည်အောင်လဲ လုပ်ကြပါ
အဲဒီတော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ စာရွတ်ရုံလောက်လုပ်မနေကြပါနဲ့။ ခန္ဓာပေါ်မှာ နားလည်အောင်လဲ လုပ်ကြပါ (မှန်ပါ)။ ရွတ်ရုံရွတ်နေတော့ ခင်ဗျားတို့ ရထားတာက အဝိဇ္ဇာပစ္စယာ သင်္ခါရာကချည်း စနေတယ် ခင်ဗျားတို့ ရထားတာက။ အဲဒါ ဒေသနာစဉ်ဖြစ်ပါတယ် (မှန်ပါ)။
ဒီကနေကြည့်လိုက်တော့ မြင်ကြရဲ့လား ဒကာ ဒကာမတို့ဆိုရင် ဘယ့်နှယ်ပြောမလဲ (မြင်ပါတယ် ဘုရား)။ မြင်ရင်မြင်စိတ်ကစတာပါပဲ (မှန်ပါ)။ သဘောကျ ပြီလား (ကျပါပြီ)။
မြင်ရင် ဘယ်ကစသတုန်း (မြင်စိတ်ကစပါတယ်)။ ကြားရင်ဘယ်ကစသတုန်း (ကြားစိတ်ကစပါတယ်)။ အဲဒီ စတာက သိကြစမ်းပါ။ အဲဒီဟာက ကိုယ့်သန္တာန်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ပဲ။ ခန္ဓာပဋိစ္စသမုပ္ပါဒ်ပေါ့ (မှန်ပါ)။ ဟိုဟာက ဒေသနာတော်စဉ် ပဋိစ္စသမုပ္ပါဒ် (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒါကြောင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ့်အစကိုမှ ကိုယ်မသိတဲ့အကြောင်းဟာလဲ အဝိဇ္ဇာပဲဆိုတာ ကိုစော မောင် ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။ သဘောပါကြပြီလား (ပါပါပြီ)။
ကဲ ဒကာ ဒကာတို့ ချိုတယ် ချဉ်တယ် ဖန်တယ် ငန်တာကလေး စားတဲ့အခါကျလို့ရှိရင် စားစိတ်ကနေပြီး ခန္ဓာမှာစပြီး မပေါ်ဘူးလား (ပေါ်ပါတယ်)။ စားစိတ်က စပေါ်တော့ ဪ စားတဲ့စိတ်ကလေးပါလား-စားပြီးလဲကောင်း တယ်ဆိုလို့ရှိရင် တဏှာလာပေါ့ပဲ (မှန်ပါ)။ ဒီဟာ ကလေးနောက်ထပ်စားချင်တယ်ဆို ဥပါဒါန်လာပေါ့ပဲ။ စားချင်လို့ ကြိုးစား လုပ်မှပဲဆိုရင် ကာယကံ ဝစီကံလာပေါ့ပဲ (မှန်ပါ)။ ကံလာရင်လဲ ဇာတိဆိုတဲ့ နောက်ဘဝလာပေါ့ပဲ (မှန်ပါ)။
၃-နံပါတ်ပဲကွာသေးတယ်
ဒီလိုသိသွားပြန်လို့ရှိရင် ဪ ခန္ဓာကိုယ်ထဲမှာ ယောကျာ်း လဲမရှိဘူး၊ မိန်းမလဲမရှိဘူး။ အကြောင်းနဲ့ အကျိုးချည်း ဆက်နေတာကိုး။ ဒီလိုမသိပေဘူးလား (သိပါတယ်)။ ဒီလိုသိတဲ့ အခါကျတော့ ကိုစောမောင် ဘယ်အဝိဇ္ဇာကွာပါလိမ့် (၃-နံပါတ်အဝိဇ္ဇာကွာပါတယ်) ၃-နံပါတ်ပဲကွာသေးတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ)။ အဲ ၃-နံပါတ်ကွာသွား တော့ အဝိဇ္ဇာဘယ်နှစ်ခုကျန်နေသလဲ (နှစ်ခုကျန်ပါတယ်)။
အဲဒီနှစ်ခု မင်းတို့ဖြင့်ကွာ ငါကထင်းအဖြစ်မလုပ်တော့ပါဘူးလို့ တာဝန်ယူရဲ့လား (မယူပါဘူး)။ မယူတဲ့ပြင် သူက အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ)။ သင်္ခါရပစ္စယာ (ဝိညာဏံပါ)။ ဝိညာဏ်ဆိုတော့ ခန္ဓာငါးပါးပေါ်တော့ ဇာတိ ဇရာ မရဏကိုပို့မှာလား မပို့ပေဘူးလား (ပို့မှာပါ ဘုရား)။ ဒါဖြင့် ဘယ်အဝိဇ္ဇာကျန်ကျန် ခင်ဗျားတို့ သေပွဲဝင်ရလိမ့် ဦးမယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ဒီတော့ ကျန်တဲ့ အဝိဇ္ဇာတွေ အထက်တန်းသေပွဲနဲ့ အောက်တန်းသေပွဲ ဘယ်ဟာကြိုက်သတုန်း (ဘယ်ဟာမှ မကြိုက်ပါဘူး)။ တော်တော်သေးတယ်။ အဝိဇ္ဇာပါလာလို့ (မှန်ပါ)။ နို့မဟုတ်ရင် အထက်တန်းစားဖြစ်ရင် တော်သေးရဲ့ မသာကြီးဖြစ်ချင်တယ်ဆိုရင် ခက်သေး (မှန်ပါ)။ သဘောပါကြပြီလား (ပါပါ ပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ နတ်မသာနဲ့ လူမသာ ဘယ်ဟာ ကြိုက်သတုန်း (ဘယ်ဟာကိုမှ မကြိုက်ပါဘူး)။ မီးလောင်ခံသေတာချင်း ဘာထူးသတုန်း (ဘာမှမထူးပါဘူး)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဗြဟ္မာမသာရော (တူတူ ပါပဲ ဘုရား)။ နောက်ဆုံးပိတ် ဘယ်မှာ လမ်းဆုံးသတုန်း (မီးလောင်ခံရတာ လမ်းဆုံးပါတယ်)။ မီးလောင်တဲ့ဆီမှတစ် ပါး တစ်ခြားသွားရသေးသလား (မသွားရပါဘူး ဘုရား)။ အဲဒါ အဝိဇ္ဇာကျန်ရင် ဘယ်ဟာမှ မကောင်းဘူး (မှန်ပါ)။
သုံးပုံတော့ ဆေးပြီးပြီ
ကျင်ကြီး တစ်ပုံကို ငါးပိုင်း-ပိုင်း။ သုံးပိုင်းတော့ ဆေးပြီးပြီ ဒကာ ဒကာတို့။ သုံးပုံတော့ ဆေးပြီးပြီ။ နှစ်ပုံ ကျန်တာကို ခင်ဗျားတို့ ဘယ်ဈေးနဲ့ အသုံးချပြီး ရောင်းဝယ်ကြမလဲ (ရောင်းလို့ မရပါဘူး)။ ဘာမှ အသုံးချလို့ မရ ဘူး၊ ရေဆေးဖို့ပဲသင့်တယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။
ဘာလုပ်ဖို့သင့်ပါလိမ့် (ရေဆေးဖို့ပဲသင့်ပါတယ်)။ ရေမဆေးရင် ကိုစောမောင် သူ့ကိုဘာသုံးမလဲ (ဘာမှမသုံး ရပါဘူး)။ ဒါဖြင့် ကျန်တာဟူသရွေ့ သည်ဒကာ ဒကာမတို့ အနံအစော်လွတ်ရဲ့လား (မလွတ်ပါဘူး)။
သိမ်းထားလို့ရော ဖြစ်ရဲ့လား (မဖြစ်ပါဘူး) ဒါဖြင့် သူ့ကို သုံးပုံဆေးပြီးလို့ရှိရင်ဖြင့် ကျန်တဲ့နှစ်ပုံကို လက်လျှော့လို့ သင်ပါ့မလား (မသင့် ပါဘူး)။ ဘာလုပ်ရမလဲ (ဆေးရပါမယ်)။ မြန်မြန်ဆေးရမယ်ဆိုတာ ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ)။
အဲဒါကြောင့် ဆေးနည်း နိဿရည်းကိုလဲ ခင်ဗျားတို့ သေသေချာချာ ဟောမယ်၊ နက်ဖြန်ခါကျတော့ အလုပ် စတော့မယ်။ သေသေချာချာ ဒီတရားကို ဂရုစိုက်ပါလို့ သတိပေးပါတယ် (မှန်ပါ)။